tag4

tag ဂိမ်းလေးတွေမှာ ဝင်ပါရတာ ပျော်တော့ပျော်ဖို့ကောင်းသား။ တနေ့က စီပုံးကိုကြည့်လိုက်တဲ့ အချိန်မှာ ကုအောင်သာငယရဲ့ တက်ထားတယ်နော်ဆိုတဲ့ စာတိုလေးတွေ့လိုက်ရတယ်။ ဘာများတက်ပါလိမ့် ဆိုပြီး သွားကြည့်မိတော့ လားလား “အချစ်ဆိုသည်မှာ” ဆိုပါကလား။ သူရေးထားလိုက်တာ ကျမ ဘာမှရေးစရာ မကျန်အောင်ဘဲ (အဲလိုဦးအောင်ပြောထားမှ။ မရေးနိုင်ဘူးလို့တော့ ဝန်မခံဘူးကွ:P)။ သူတက်ထားတဲ့ သူထဲက တချို့ကလည်း ရေးပြီးပြီ။ တချို့များ ရေးထားလိုက်တာ ကြောက်ခမန်းလိလိ။ ဆိုတော့ကာ ကျမလည်း ရေးမှတော်တော့မယ်လို့ စဉ်းစားကြည့်လိုက်တော့ အဲသဟာ ကြီးက လွယ်သလောက် တော်တော်ခက်ပြီး ရှင်းသလောက် တော်တော့ကို ရှုပ်ထွေးတဲ့ကိစ္စဖြစ်နေပါတယ်။ ဆိုတော့ အတက်နိုင်ဆုံး သူများတွေဆီက ခိုးချပြီး ရေးကြည့်လိုက်တယ် (အမယ် ခိုးချတယ်ဆိုတာ လွယ်တယ်မထင်နဲ့ နော် ဘယ်ကခိုးချရမယ်ဆိုတာ သေချာသိမှ ခိုးချတတ်တယ်မှတ်ပါ :P)။ ကဲ အစ်ကိုကြီး ရေ ... ရေးပြီဗျို့ .. နောက်မှ tag မိတာ မှားပါပြီ မပြောကြေး ...။

အချစ်ဆိုသည်မှာ

အိမ်ရှာတွေ့ခြင်းတဲ့ ပြီးတော့ မနက်တိုင်း သူဖျော်ပေးတဲ့ နို့များများနဲ့ ကော်ဖီတခွက်ကို သောက်ချင်နေတာ
အချစ်ပါ။

ဝမှာစိုးလို့ အဆီအဆိမ့်တွေကို လျှော့စားနေပေမယ့် သူလုပ်ကျွေးတဲ့ စီနမင်ရိုးလ်ကို တနေ့တလုံး စားချင် နေတာမျိုးကိုလည်း အချစ်လို့ ဆိုနိုင်ရဲ့။

ကိုယ်ကြိုက်တဲ့ ဂျော်ဒါးနိုး တံဆိပ်အင်္ကျီကို သူက အမြဲဝတ်ချင်နေတာလည်း အချစ်တဲ့။

အသက်၇၅ နှစ်အရွယ် ဖွားဖွားကို အသက် ၈၀ အရွယ်ဖိုးဖိုးက လက်ထပ်ခွင့်တောင်းတာလည်း အချစ်ပဲ။ အချစ်မှာ အသက်အရွယ် အပိုင်းအခြား မရှိ။

ကီးမြင့်မြင့် သီချင်းတပုဒ်ကို အတူတူ ဆိုဖို့ကြိုးစားကြတာလည်း အချစ်ပါ။

အချိန်ပြည့် အသက်ရှူလို့ မဝတာလည်း အချစ်လို့ ဆိုရဲ့။ ပြီးတော့ ကိုယ်သိပ်ကြိုက်တဲ့အဖိုးရဲ့အမွေ သံလိုက်အိမ်မြှောင်ကိုတောင် (ရဲရဲဝံ့ဝံ့) လက်ဆောင်ပေးလိုက်တာဟာလည်း အချစ်ပါပဲကွယ် ...။

အကောင်းဆုံးတွေကိုပဲ ပေးချင်နေပြီး အမြင့်ဆုံးထိ တွန်းတင်ပေးချင်တာ၊ ပြီးတော့ဟက်ဟက်ပက်ပက် ရယ်မောပြီး မကြာဘူး ပက်ပက်စက်စက် ငိုကျွေး ထိခိုက်ရတာ ... အချစ်ပေါ့။

အချစ်ဆိုတာ သစ်သီးတလုံးဆိုရင် ပင်လယ်သီးဖြစ်မယ်။

သနပ်ခါးနဲ့ ရောလိမ်းဖို့ ကံ့ကော်ဝတ်ဆံလေးတွေကို ခြွေပေးတာလည်း .....။

အချစ်ကကြံတချောင်းနဲ့လည်း တူသေးရဲ့။ ချိုမြိန်တဲ့အရည်တွေ စစ်ထုတ်ယူထားပြီး အသုံးမကျတဲ့ ကြိတ်ဖတ်တွေကို အမှိုက်တောင်းထဲ ထည့်လိုက်ပါ။ (ဂျစ်ကတော့ ဘယ်တော့မှမကုန်မယ့် ကြံ အရှည်ကြီးတချောင်း လိုချင်သတဲ့)

တချို့အတွက်ကတော့ အချစ်ဆိုတာ ကြောင်တကောင်ကို လည်ပင်းညှစ်တာတဲ့(မယုံမရှိနဲ့ သိချင်ရင် တူးတူးသာ ရေးတဲ့ မဆလာနံ့သင်းသောညများ ဝတ္ထုတို - ၅ ပို့စ်ကို ဖတ်ကြည့် :P)

ကဲကိုအောင်သာငယ်ရေ ကိုယ်ပိုင် ခံစားချက်နဲ့ သူများတွေဆီက ခိုးချတာတွေ ပေါင်းလိုက်တာ တပုဒ်တော့ ရပြီ။ ဆက် tag မယ်ဗျို့။ မျက်ခုံးလှုပ်ဖို့သာပြင်ထားကြ။ ငါဟာ ငါမဟုတ်ဘူး ဆိုတဲ့ တူကြီး ထူးမြတ်၊ ပန်းဂေါ်ဖီ ကြိုက်တဲ့ မောင်လေး ဂျူလိုင်အိပ်မက်၊ ယောက်ျားနာမည်နဲ့ ညီမလေး နန်းညီ၊ တခါမှ မငြိမ်ဘူးဆိုတဲ့ မောင်လေး ဟန်သစ်ငြိမ် ၊ နိုင်ငံကျော်အယ်ဒီတာကြီးတယောက်ရဲ့နာမယ်နဲ့တူတဲ့ မောင်လူအေး တို့ရေ အကြွေးလို့ မမှတ်ဘူး အားရင်ရေးလိုက်ကြပေတော့။ တို့ကတော့ လွတ်ပြီ ကျွတ်ပြီ :D









2 comments:

ATN said...

စိတ်ဝင်စားစရာကောင်းတဲ့ ဖွင့်ဆိုချက်တွေပါပဲ။

ကီးမြင့်မြင့် သီချင်းတပုဒ်ကို အတူတူဆိုဖို့ ကြိုးစားကြတဲ့ အချစ်ကိုတော့ သဘောအကျဆုံးပဲဗျ။

မဂျစ်ရဲ့ ကြံအရှည်ကြီးကိုတော့ လူတိုင်းပဲ လိုချင်မယ် ထင်ပါ့ဗျာ။

ကြောင်ကိုလည်ပင်းညှစ်တဲ့ အချစ်ကတော့ ကြောက်စရာကြီးဗျး)

ရေးပေးတာ ကျေးဇူးပါဗျာ။

Kaung Kin Ko said...

အချစ်အကြောင်းတွေ ဖွင့်ဆိုထားတာ လှတယ်ဗျာ။