ဝတ္ထုတို ၎
သူ ဒီလုပ်ငန်းကို စလုပ်ကိုင်စဉ်ကကြုံဖူး၏။ စက်တခုလုံးကို ပြန်ဆင်ပြီး (သူတို့အခေါ်တော့ ပြန်လုံးပြီး) ချိန်မှာ သူ့ထံတွင် မူလီ ၁ လုံး ၂ လုံး ပိုနေတတ်သည်။ ဘယ်နေရာ မူလီမှန်းလည်း မသိတော့..။ သူ့ဆရာမသိအောင် မူလီအပိုတွေကို ဖျောက်ဖျက် ပစ်ရသည်။ အခုတော့ သူသိသွားပြီ။ မူလီ ၁ လုံးမှ မပိုအောင် မှတ်ထားတတ်ပြီ။ သူ့ဆရာလည်း မရှိမှ မရှိတော့ပဲလေ။
မူလီအားလုံး ဖြုတ်ပြီးတော့ အဖုံးကို ဆွဲဖွင့်လိုက်သည်။ အသာတကြည် ပါလာသည်။ တချို့အဖုံးတွေ အသာတကြည် မပွင့်တတ်။ ပုန်းနေသည့်မူလီများကြောင့် ထစ်နေတတ်၏။ အဖုံးပွင့်သွားတော့ စက်ကို မျက်စေ့ဖြင့် အရင်လေ့လာလိုက်သည်။ အိုကေ သူထင်သည့်အတိုင်းပဲ ဖစ်လ်တာ (Filter) ပွင့်သွားတာ..။
ဒိုမက်စတစ် ပစ္စည်းတွေကို သူကိုင်လာတာ ကြာပြီဆိုတော့ အတွေ့အကြုံက မသေးတော့..။ အကြမ်းဖျင်း ဘာဖြစ်ရင် ဘာဆိုတာလောက်တော့ ခန့်မှန်းတတ်ပြီ။ ဝမ်းတန်း (110 Volt) လို့ အလွယ်ခေါ်သော ဒိုမက်စတစ် တီဗီနှင့် အောက်စက် ပစ္စည်းများမှာ ဈေးချိုပြီး ဆူလွယ်နပ်လွယ်သော ပစ္စည်းများ ဖြစ်သောကြောင့် အခြေခံ လူတန်းစားများအတွက်၊ အသစ်မဝယ်နိုင် သူများအတွက်.. အသုံးဝင်ပြီး ဈေးကွက်တခု ဖြစ်နေသည်။
စက်အသစ်များ ပျက်လျင် ဆားဗစ်စင်တာများ ရှိပြီး စပယ်ယာပစ္စည်းများကလည်း ထိုဆားဗစ် စင်တာ များတွင်ပင် ရှိနေပြီးသား ဆိုတော့ သူတို့လို စက်ပြင်များနှင့် အလှမ်းဝေးလွန်းသည်။ ပြီးတော့ သူ့လို အိမ်ခန်း သေးသေးလေးထဲမှာ ပစ္စည်းပျက်တွေ ပုံနေအောင် ချထားပြီး ရှုပ်ပွနေတဲ့ နေရာမျိုးမှာ ပစ္စည်းအသစ် အကောင်းစားများ လာမပြင်ကြပါ။
သူကလည်း ပစ္စည်းအသစ် အကောင်းစားများကို သိပ်မပြင်ချင်ပါ။ အခု နောက်ပေါ်တဲ့ စက်တွေက ဖြစ်လာရင် ဘာမှ ရှာမနေနဲ့ ကတ်ပြားလိုက်သာ လဲလိုက်ပေတော့ ဆိုတာမျိုး။ သူ့အတွက်က ပညာသား သိပ်မပါလှ။ အခု သူ့ဆီလာတဲ့ ဝမ်းတန်းတွေက အမြင့်ဆုံး ၉၈ မော်ဒယ်လောက်သာ လာသည်။
ဆိုင်ဖွင့်လာတာ ကြာပြီ၊ စက်ပြင်လာတာ ကြာပြီဆိုတော့လည်း စက်တွေအကြောင်း ကောင်းကောင်း သိလာသလို လူတွေ အကြောင်းလည်း ကောင်းကောင်း နောကျေနေပြီ။ သူ ဆိုင်ဖွင့်ခါစ ကပေါ့.... လူတယောက် တီဗီ တလုံး လာအပ်သည်။ ထုံးစံအတိုင်း ဝမ်းတန်းစက်ပါပဲ။ ၂၁ လက်မ တိုရှီဘာ အမျိုးအစား ဖြစ်သည်။ ထုံးစံအတိုင်း ဝမ်းတန်းနှင့် တူးတွမ်တိ (220 Volt) မှားထိုးမိသည်တဲ့။ ဝမ်းတန်းစက် များမှာ အဲဒီ ပြဿနာနှင့် မကြာခဏ ကြုံရတတ်သည်။
သတိထားနေသည့် ကြားမှ ဝမ်းတန်းဗို့နှင့် အသေမတွဲထားလျင် မှားတတ်ကြသည်။ စက်ကိုဖွင့်ပြီးတော့ မျက်စိနှင့် အရင်လေ့လာ လိုက်သည်။ ဖျူးစ်မပျက်..။ ဖျူးစ်မပျက်ဘူး ဆိုကတည်းက သူ နည်းနည်း စိုးရိမ်သွားသည်။ သူလုပ်သနေသမျှကို စက်ပိုင်ရှင်က ထိုင်ကြည့်နေသည်။ မျက်စိအမြင် အားဖြင့် အားလုံးကောင်းသည်။ ဒါဆို ပါဝါလမ်းကြောင်း တလျှောက် သေသေချာချာ စစ်ရတော့မည်။ အမှားကို အေးအေးဆေးဆေး ရှာရမှာဆိုတော့ စက်ပိုင်ရှင်ကို ပြန်ခိုင်းလိုက်သည်။ ထိုစက်ပိုင်ရှင်က သူ့ကို စိတ်မချသလို.. မယုံကြည်သလို တချက်ကြည့်ပြီး တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြန်သွား၏။
သုံးရက်နေမှ ပြန်လာရန် ချိန်းလိုက်သည်။ ဖျူးစ် ပျက်လျင် အကြောင်းမဟုတ်။ ဖျူးစ်နောက်မှာ တခြား ပျက်စရာ သိပ်မရှိတော့။ ခုဟာက ဖျူးစ်မပျက်ဘူး ဆိုတော့ မီးက ဖျူးစ်ကိုဖြတ်ပြီး အတွင်မှာ ဘယ်လောက်တောင် မွှေသွားလည်း မသိနိုင်။ ကတ်ကိုဖြုတ်ပြီး သူ သေသေချာချာ စစ်ဆေးသည်။ ပါဝါလမ်းကြောင်းကို အဝင်မှနေ၍ တခုချင်း စစ်ဆေးသည်။ ဖစ်လ်တာ မပွင့်။ အိတ်ခ်ျအောက် (H-out) ခေါ် ထရန်စ္စတာ အကြီးကြီးကို ဖြုတ်တိုင်းသည်။ ဒါလည်း ကောင်းနေသည်။ ဒါဆိုရင် ပစ္စည်း အကြီးထဲက သိပ်မကျန်တော့.. ပစ္စည်း သေးသေးလေးတွေ....။
ပစ္စည်းပေါက်စ လေးတွေက မွနေ၏။ ဒိုင်အုတ်လေးတွေ..၊ ရက်စ္စတာလေးတွေ၊ ထရန်စ္စတာလေးတွေ၊ ကွန်ဒင်ဆာတွေကတော့ မဖြစ်နိုင်။ တလုံးချင်း ဖြုတ်စစ်ရရင် သေရချည်ရဲ့။ ဒါပေမယ့် မတတ်နိုင်တော့... လောလောဆယ် ဒီတနည်းပဲ ရှိသည်။ တလုံးချင်းကို သေသေချာချာ ကြည့်ရင်းမှ ရက်စစ္စတာလေးတလုံး အနည်းငယ် မည်းနေတာ တွေ့သည်။ ကဲ.... ဒီအမည်းကို ဖြုတ်စမ်း။
ခဲဖျော်စက်ကို အပူပေး..၊ စက်ကာ (sucker) ခေါ် ခဲစုပ်သည့် ပစ္စည်းနှင့်တေ့၊ အပူပေးလို့ ပျော်လာတဲ့ ခဲအဟောင်းတွေကို စက်ကာနဲ့ ဖွတ်ကနဲ စုပ်ယူလိုက်သည်။ အစွန်းနှစ်ဘက်လုံး ခဲဖြုတ်ပြီးတော့ ကွေးနေတဲ့ ခြေထောက်လေးများကို မိုင်းနပ်စ်လို့ ခေါ်တဲ့ ဝက်အူလည့် ထိပ်ပြားနှင့် ကော်လိုက်တော့ ရက်စစ္စတာ ပိစိလေး ပြုတ်ကျလာသည်။ ရက်စစ္စတာပေါ်က အရောင်များနှင့် တိုက်ဖတ်ကြည့်ပြီး အုန်း (Ohn) ကို သေသေချာချာမှတ်။
ဒီရက်စစ္စတာ ကတော့ လဲကိုလဲရမည်။ ဒါပေမယ့် ဒီ တခုတည်း ကချင်မှ ကမည်။ သူနှင့် စပ်ဆက်နေတာ ဘာရှိမလဲ။ ကြည့်လိုက်တော့ အဲဒီနားမှာ ဒိုင်အုပ်ကလေး တလုံး၊ ဆားကစ်ပေါ်မှာ (In circuit) မဖြုတ်ဘဲ တိုင်းကြည့်တော့ ပွင့်နေသည်။ ဒါပေမယ့် ဒိုင်အုပ်တွေက လှည့်စားတတ်သည်။ မဖြုတ်ဘဲတိုင်းတာ မကောင်းဘူးဆိုပေမယ့် ဖြုတ်တိုင်းတော့ ကောင်းချင် ကောင်းနေတတ်သည်။ ဒီတော့ မသင်္ကာဘူး ဆိုရင် ဖြုတ်တိုင်းတာ အကောင်းဆုံးပဲ မဟုတ်လား။
ဖြုတ်လိုက်စမ်း။ ရက်စစ္စတာ ဖြုတ်တဲ့ နည်းအတိုင်း။ ဒိုင်အုပ်က ရက်စစ္စတာထက်ပင် သေးသေးသည်။ ဒိုင်အုပ်ပေါ်က နံပတ်များကို သာမာန်မျက်စိဖြင့် မြင်ဖို့ ခဲယဉ်းသည်။ မှန်ဘီလူးဖြင့် ကြည့်ရသည်။ ဒိုင်အုပ်လေးကို တိုင်းကြည့်လိုက်တော့ ဒိုင်အုပ်လည်း ပွင့်နေသည်။ ဒိုင်အုပ်တိုင်းရတာ လွယ်သည်။ မီတာကို ချိန်ပြီး တိုင်းကြည့်လိုက် မီတာ ဒိုင်ခွက်ပေါ်မှာ တဖက်ပြပြီး တဖက်လှည့်တိုင်းကြည့်လို့ မပြရင် အကောင်း။ နှစ်ဖက်လုံး ပြနေရင် ဒိုင်အုပ် ပွင့်နေပြီမှတ်တော့။
ဒီအလုပ်က မျက်လုံးကို ကောင်းကောင်း အသုံးချမှ။ တိုင်းပြီးမှ သိရတာရှိသလို မျက်မြင်ဖြင့် ဆုံးဖြတ်ရတာ တွေလည်း ရှိသည်။ အနားမှာ သူ့မိန်းမ လာချပေးတဲ့ ကော်ဖီခွက်ကို ကောက်မော့လိုက်သည်။ အား...ကောင်းလိုက်တာ။ နာရီကိုမော့ကြည့်လိုက်တော့ သူ ဒီစက်ကို ကိုင်နေတာ သုံးနာရီလောက် ကြာသွားပြီ။ ဒီလောက်ဆို တော်ပြီပေါ့။ သူ့ဆီမှာက ဒီလောက်အသေးအဖွဲ စပယ်ယာ ပစ္စည်းလေးတွေ အဆင်သင့် ရှိနေလို့ တော်သေး၏။
ဒိုင်အုပ်နဲ့ ရက်စစ္စတာကို သူ့နံပတ်အတိုင်း သေသေချာချာ ပြန်တပ်သည်။ ရက်စစ္စတာက အကြောင်းမဟုတ်။ ဘယ်လိုတပ်တပ်။ ဒိုင်အုပ်က အပေါင်းအနုတ် သင်္ကေတရှိသည်။ မှားတပ်မိလျင် အမှုက ပိုပြီး ပွေလာနိုင်သည်လေ။ ပစ္စည်းနှစ်ခုကို လဲတပ်ပြီး ဆားကစ်နှင့် မီးလုံး (Tube) တီဗီဖန်သားကို မတွဲရဲသေး။ တော်ကြာ ဆားကစ်ပေါ်က အမှားကြောင့် မီးလုံးကို ထိခိုက်သွားနိုင်သည်။
ကတ်ပြားချည်းပဲကို အရင်စမ်းသည်။ ရှူး... ကနဲ အသံမြည်ပြီး မီးစိမ်းကလေး လင်းလာသည်။ အိုကေ သူလည်း သက်ပြင်းကို ဟင်းကနဲ ချလိုက်မိသည်။ “ကို.... မအိပ်သေးဘူးလား” အနားမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော မိန်းမကြောင့် သူ့ဇက်ကြောတွေ ဘယ်လောက် တက်နေတယ်ဆိုတာ သတိထားလိုက် မိသည်။ ခေါင်းကို ဘယ်ညာစောင်းပြီး ချိုးလိုက်တော့ ဂျွတ်ခနဲ၊ ဂျွတ်ခနဲ။ အရသာရှိလိုက်ပါဘိချင်း။
ဒီထက် အရသာရှိတာက ဒီစက် ပြန်ကောင်းသွားလို့လေ။ မဟုတ်လို့ကတော့ ဒီည သူ အိပ်ပျော်မှာ မဟုတ်။ “အေးကွာ.. ဒီ စက်ကလေး ပြန်လုံးပြီး တချက် အွန်ကြည့်လိုက်ဦးမယ်။ ပြီးတော့ အိပ်တာပေါ့” နာရီကို မော့ကြည့်လိုက်တော့ ဆယ့်နှစ်နာရီ ကျော်ပြီ။ သန်းခေါင်ကျော်ပြီပေါ့။ ညရဲ့လေအေးက ဖွင့်ထားတဲ့ တံခါးကတဆင့် သုတ်ခနဲ ဝင်လာသည်။ လက်ကျန် ကော်ဖီကို ဂွပ် ခနဲ မော့လိုက်ပြီးတော့ သူ့စိတ်တို့ လန်းဆန်း တက်ကြွ လာပြန်သည်။
ဒီစက်တွေက သူ့ဘဝလေ။ ဒီစက်တွေမှ မရှိရင် သူသေသွားမလား မသိ။ စက်တခုခုနဲ့ ယှဉ်ပြိုင်ရင်း သူ့ရဲ့ပါဝါတွေ တဖြည်းဖြည်း တက်လာသည် ထင်၏။ ဆားကစ် ပုံစံတွေပါတဲ့ စာအုပ်ကို လှန်လိုက်။ စက်တွေကို ကြည့်လိုက်နဲ့ သူ့ဘဝ အလုံးစုံ ပြည့်စုံနေသည်။ သူကိုင် နေတဲ့ စက်တလုံး ပြန်ကောင်းချိန်ကတော့ သူ့အတွက် နှိုင်းယှဉ်လို့ မရသော ပျော်ရွှင်မှု ခံစားရချိန်ပင်။
ယခုလည်း ဒီစက် ပြန်ကောင်းသွားလို့။ မကောင်းရင် မကောင်းမချင်း သူအိပ်မှာမဟုတ်။ အိပ်ရာထဲ မဖြစ်မနေ ဝင်ရရင်လည်း ဆားကစ်တွေက သူ့ခေါင်းထဲမှာ ပါလာပြီး သူ့ကို အနိုင်ယူတော့သည်။ အဲဒီအခါ သူက အရှုံးပေး လိုက်ရပြီး ငေါက်ခနဲ ထထိုင်လိုက်ရမြဲ။ ပြီးတော့ မပြီးစီးသေးတဲ့ ဆားကစ်တွေဆီ ပြန်ရမြဲ။ ခုတော့ ဒီစက်ကလေး ပြန်ကောင်းသွားလို့ တော်ပါသေးသည်။
စက်ကလေးကို သေသေချာချာ ပြန်လုံးသည်။ မူလီတွေ သေချာ ပြန်စစ်၊ အဓိကက ဖလိုင်းဘက် ပြန်တပ်တာပဲ။ မီးလုံးရဲ့ ကျောဘက်က အပေါက်ကလေး ထဲမှာ စုပ်ခွက်ထဲက ချိတ်ကလေးကို ဝင်အောင် ထည့်၊ ဝင်ပြီဆိုမှ စုပ်ခွက်ကလေးကို ဖတ် ဆိုလွှတ်လိုက်။ ပြီးတော့ ဖြုတ်ထားသမျှ ကြိုးတွေကို မှန်အောင် တခုချင်း ပြန်တပ်။ အဖုံးပြန်အုပ်တဲ့ အချိန်မှာ ဂွပ်ကနဲ အံဝင် ခွင်ကျ ဖြစ်မှ..။ မဟုတ်ရင် တခုခုခံနေသလို ဖြစ်ပြီး အဖုံးပိတ်မရ ဖြစ်တတ်သည်။ ဒီကိစ္စတွေမှာ သူက သေသပ်ပြီးသား။
အားလုံး ပြန်တပ်ပြီး မူလီ စုပ်ပြီးတော့မှ ဝမ်းတန်း နဲ့ဆက်ပြီး ခလုပ်ကို နှိပ်။ ကျွိ...ခနဲ မြည်လိုက်တဲ့ အသံက သူ့အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံပေါ့။ ဒါဆို ကောင်းပြီ.... ဒီညတော့ သူ စိတ်ချ လက်ချ အိပ်ပျော်ပြီ။
ချိန်းထားတဲ့ နေ့ရောက်တော့ စက်ပိုင်ရှင် ရောက်လာသည်။ ကောင်းသွားပြီ။ သူဝံ့ကြွားစွာ ပြုံးလိုက်သည်။ “ဘယ်လောက် ကျလဲ” ဆိုတဲ့ မေးခွန်း အတွက် သူ့မှာ အဖြေ အဆင်သင့် ရှိပြီးသား။
“သုံးထောင် ကျပါတယ်”
“ဗျာ.. သုံးထောင် ဟုတ်လား။ ဘာတွေ ပျက်သွားလို့လဲ” ပျက်သွားသည့် ပစ္စည်း နှစ်မျိုးကို ပြလိုက်သည်။
“ဟာ... ဒါလေးတွေလား။ ခင်ဗျားဟာက လွန်တာပေါ့ဗျာ။ ဒီပစ္စည်းလေးတွေ ဘယ်လောက် တန်တယ် ဆိုတာ ကျုပ်သိတယ်ဗျ။ တခုကို တဆယ်၊ ဆယ့်ငါးကျပ်လောက်ပဲ ကျတာ” သူ့ဒေါသများ ရုတ်ခနဲ ရုန်းကြွလာသည်။ ခုဟာက သူ့ရဲ့ ပညာကြေးကို တောင်းတာ။ ပစ္စည်းဖိုးတောင်းတာမှ မဟုတ်တာ။
“ခင်ဗျား မပေးချင်လည်း နေဗျာ။ ကျုပ် ရှည်ရှည် ဝေးဝေး မပြောချင်ဘူး။ ကျုပ်ရဲ့ ပညာကြေးကို တောင်းတာ။ ဒါပဲ” သူ့ရဲ့ အသံများ မာကျောနေသည်။ စားသုံးသူ အမြဲမှန် ဆိုတဲ့စကားကို သူ နားမလည်။ ဟိုလူကလည်း မလျှော့။ “ခင်ဗျား သိပ်ကြီးကျယ် မနေနဲ့။ သုံးထောင် မပေးနိုင်လို့ ပြောနေတာ မဟုတ်ဘူး။ ရော့ ဟောဒီမှာ ခင်ဗျားတို့ စက်ပြင်တွေ ဒီလို ချည်းပဲ။ ဘာမဟုတ်တာလေးကို ငွေတောင်းတော့ တော်တော် ကြမ်းတယ်”
သူ့အသားများ တဆတ်ဆတ် တုန်ယင်လာသည်။ သူက ဒီလိုပဲ ဒေါသထွက်လာရင် ဘာသံမှ ထွက်မလာတော့။ သူ့ရဲ့စိတ်နဲ့ သူ့ရဲ့ကိုယ် ပြန်ကပ်ချိန်မှာ...သူ့လက်ထဲမှာ ဟိုလူ ထိုးထည့်သွားတဲ့ ငွေသုံးထောင်။ သူ့ရှေ့မှာ ဟိုလူ မရှိတော့....။ သူ ကုလားထိုင်ပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
“ကိုကလည်းလေ... သိပ်ကို ရိုးလွန်း အလွန်းတာပဲ” မှိတ်ထားသော မျက်စိများကို သူ့မိန်းမ အသံကြောင့် ဖွင့်ကြည့် မိလိုက်သည်။
“ဘာတုန်းကွ မင်းဟာက”
“ကို စဉ်းစားကြည့်လေ...ကို ပြတဲ့ ပစ္စည်းတွေက တဆယ် ဆယ့်ငါးကျပ်တန်လေးတွေ၊ သူက ငွေ သုံးထောင် ဘယ် ပေးချင် ပါ့မလဲ”
“ဟ.. ငါ့ရဲ့ ပညာကိုကော ထည့်မတွက် ဘူးလား။ ဒီဟာလေးတွေ ပျက်နေတယ် ဆိုတာ သိရအောင် ငါ အချိန်ဘယ်လောက် ကုန်သလဲ ဆိုတာကော”
“ဒါတွေ သူတို့က ဘယ်သိမှာတဲ့လဲ။ ဒါတွေက ပြောချင်သလို ပြောလို့ ရတာပဲဟာ”
“ဟာကွာ မဟုတ်သေးပါဘူး”
“ကို ဆိုင်ဖွင့်ထားတဲ့ နေရာကိုလည်း ပြန်ကြည့်ဦးလေ။ ဒီလို မြို့လေးရဲ့ ဆင်ခြေဖုံး နေရာက။ ဟိုမရောက် ဒီမရောက် တွေက ပစ္စည်းဖိုးလောက်ပဲ သိတာရှင့်။ ပညာခလို့ မပြောနဲ့ မသိဘူး။ လက်ခပဲ သိတာ”
“ဒါဆို ကိုယ်တို့က ဘာ ဆက်လုပ်ရမှာလဲ”
“လွယ်ပါတယ်။ စက်ကောင်းသွားရင် ကျမ တာဝန်ထားလိုက်”
“ဟေ”.....
သူ တော်တော် အံ့သြသွားသည်။ သူ့လို အေဂျီတီအိုင် အီလက်ထရောနစ် သမားပင် မဖြေရှင်းနိုင်သော ကိစ္စကို ရှစ်တန်းတောင် မအောင်တဲ့ သူ့မိန်းမက ဖြေရှင်းဦးမတဲ့။
အဲဒီနေ့က စလို့ သူစက်ပြင်နေချိန်မှာ သူ့မိန်းမက ဘာသိဘာသာ မနေတော့။ အလုံးစုံ ဝင်ရောက် စပ်စုတော့သည်။ ဒီစက်က ဘာဖြစ်တာလဲ၊ ဟိုပစ္စည်းနာမည်က ဘယ်လိုခေါ်လဲ၊ အဲဒါ ဘယ်လောက် တန်လဲ၊ စုံတကာစေ့နေအောင် မေးတော့၏။ သူက အင်္ဂလိပ်လို ပြောလျင် ဗလာစာအုပ် တအုပ်နှင့် မြန်မာလို အသံထွက် များကို ချရေးထားပြန်သည်။
တပတ်လောက် ကြာတော့....
“ကိုရေ.. ပန်နာဆိုးနစ် ၁၄ လက်မလေးက အိတ်ခ်ျအောက် ကြွသွားတာ ကောင်းသွားပြီ မဟုတ်လား။ ဟိုစက်ကြီးထဲက ဖလိုင်းဘက်ကို ဘာဖြစ်လို့ ဖြုတ်ထားတာလဲ။ ဆိုနီ ၂၁ က ဟိုင်းဗိုးတေ့ခ်ျ မိသွားတာဆို။ ဗေရစ္စတာ ပေါက်သွားတာ မဟုတ်လား” ဆိုတဲ့ စကားများကို ဝေဝေ ဆာဆာ ပြောတတ်နေပြီ။ နှစ်ပတ်လောက် အကြာမှာတော့....
“ကာစတန်မာနဲ့ စကားပြောတဲ့ အလုပ်ကို မလုပ်နဲ့တော့။ ကျမတာဝန်ထားလိုက်” ဟု ရဲရဲကြီး အာမခံ တော့သည်။
“အကိုကြီးရဲ့ စက်က ဆားဗစ် ချားချက်စ် တထောင်ပဲ ယူထားတယ်။ ပစ္စည်း တန်ဖိုးက နှစ်ထောင့်ငါးရာ ကျတယ်။ တော်သေးတာပေါ့ အကိုကြီးရယ်။ မီးမှားထိုးတယ် ဆိုတာ ဒီထက်မကကို ဖြစ်နိုင်တယ်။ တခြားဟာတွေ ပါမသွားလို့ ဒီလောက်ပဲ ကျတာ။ ဖစ်လ်တာ ပွင့် သွားတာလေ။ ကျမပြမယ်။ ဒီမှာတွေ့လား” ဆိုပြီး တခြား စက်က ဖစ်လ်တာ အပွင့်ကြီးကို ပြကာ ပစ္စည်းဖိုး ဆိုပြီး တောင်းလားတောင်းရဲ့။
တခါတလေ ကျတော့လည်း.... “အိုင်စီ ထိသွားတယ် အစ်မရေ။ ပစ္စည်းက ရှားတော့ ဝယ်ရခက်တယ်။ အဲဒါ နှစ်ရက်လောက် စောင့်နော်” ဆိုပြီး ကောင်းသွားတဲ့ စက်ကို မကောင်းသေးသယောင် အဖုံးဖွင့်လျှက် ထားပြီး ရက်ပြန်ချိန်းတတ်သည်။ အမယ်....ဒီလို ကျတော့ သူ့မိန်းမနှင့် အဆင်ကိုပြေလို့။
“မင်းကွာ.. ဒီလို မဟုတ်တာတွေ ပြောပြီး ပိုက်ဆံ တောင်းရတာ မကောင်းပါဘူး” လို့ မဝံ့မရဲပြောတော့ မိန်းမက မျက်စောင်းထိုးပြီး...
“ရှင်ဘာနားလည်လို့လဲ..ဒါ စီးပွားရေး မတရားတောင်းတာ မဟုတ်ဘူး။ ပညာခလို့ ပြောရင် ဘယ်သူကမှ ပေးချင်မှာ မဟုတ်ဘူး။ မှတ်ထား။ အဲဒါကြောင့် လက်ခ ငါးရာ၊ တထောင် ပဲယူတယ်ဆိုပြီး ပစ္စည်း အကြီးကြီးတွေ ပြ... ဈေးတင်လိုက်တော့ ယုံကော။ ယူတဲ့ဈေးက တကယ်တော့ ရှင်တောင်းမယ်လို့ စိတ်ကူးထားတဲ့ ပညာခပဲ မဟုတ်ဘူးလား” သူ့မိန်းမက ရှင်တွေ ဘာတွေ ဖြစ်လာပြီ။ သူလည်း အသာလေး ငြိမ်ကုပ် နေလိုက်၏။
ယုတ္တိတန်စွာ စက်တလုံးနှင့် တလုံး မရိုးနိုင်အောင် ပြောနိုင်သော သူ့မိန်းမကိုပဲ ချီးကျူးရမလား၊ သူ့ကိုယ်သူပဲ အပြစ်တင်ရမလား တော့မသိ။ အခုအတိုင်းကတော့ တော်တော်လေး အဆင်ပြေသည်။
စက်တွေက စိတ်ဝင်စားဖို့ ကောင်းသည်လေ။ ဆားကစ် ဒိုင်ယာဂရမ်ကို ကြည့်လိုက်.... တကယ့် ဆားကစ်ပြားကို ကြည့်လိုက်.... မိန်းမ ဖျော်ပေးထားတဲ့ ကော်ဖီလေး တကျိုက်ကျိုက်လိုက်....။ ခဲဂေါက် အပူပေးလို့ ထွက်လာတဲ့ ညှော်နံ့က သူ့အတွက် ကမ္ဘာကျော် ရေမွှေးနံ့အလား..။ အိုင်စီ ခြေထောက် တခုချင်းစီရဲ့ ဗို့အဝင်အထွက်ကို တိုင်းရတာကိုက ရင်ခုန်စရာ။
“သြော်....အစ်မရယ်။ သူက ဝါသနာ ပါလွန်းလို့သာ ဒီအလုပ်ကို လုပ်ပါစေ ဆိုပြီး ခွင့်ပြုထားရတာ။ တကယ်က ပိုက်ဆံ ဘယ်လောက်မှလည်း ရတာမဟုတ်ဘူး။ ရှုံးတယ် အစ်မရဲ့။ ကျမတို့က လက်ခလေး စားရတာ” အိုင်စီကို တိုင်းနေတဲ့ သူ့လက်များ ချော်ထွက် သွားသည်။
တော်ပါသေးရဲ့ မီးမဖွင့်ထားလို့။ သူ့မိန်းမရဲ့ စကားကို ပြန်ပြောလိုက်တဲ့ တဖက် အမျိုးသမီးရဲ့ စကားကြောင့် သူ့လက်တို့ ပိုမို ချော်ထွက်သွားရပြန်သည်။ “အင်း... ညီမလေးက ညီမလေးယောက်ျားထက်တောင် ပိုပြီး ကျွမ်းသေးတယ်နော်။ စက်တွေအကြောင်း အင်္ဂလိပ်လို ပြောလိုက်တာများ ရွှတ်ရှက် ဒွတ်ဒက်နဲ့ကို နေတာပဲ”
“အဟင်း ... ဟုတ်တယ် အစ်မရဲ့ ကျမပဲ ကြီးကြပ်နေရတာလေ” သူ့မိန်းမ ပြန်ပြောလိုက်တဲ့ စကားကိုတော့ သူလက်ခံပါသည်။ သူ့မိန်းမ ကြီးကြပ်နေလို့သာ သူတို့ ထမင်းနပ်မှန် နေတာမဟုတ်လား။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ပြီးတော့ သူ့ရဲ့စက်တွေနဲ့ စကားပြောသည်။ စက်တွေရဲ့ လျှို့ဝှက်ချက် တွေကို တိတ်တဆိတ် ဖော်ထုတ်မည်။
စက်တွေ ဘာပြောမလဲ ဆိုတာ သူနားထောင်မည်။ ကိစ္စမရှိ.... လူတွေနှင့် စကားပြောဖို့ကို သူ့မိန်းမက တာဝန်ယူပါလိမ့်မည်။ ။
Monday, May 19, 2008 | Labels: ၀တ္ထုတို | 8 Comments
စိတ်ကူးတည့်ရာ ၁
ဒီတပတ်လုံး နာဂစ်ဆိုင်ကလုံး မြန်မာပြည်ကို ဝင်မွှေတဲ့ကိစ္စနဲ့ ရင်ထဲမှာ နာကျင်နေရတယ်။ ကျမတို့ မြန်မာပြည်သူတွေ ဒီလို တလုံးတခဲထဲ ဒုက္ခရောက်တာ၊ ဒီလိုအစုလိုက်အပြုံလိုက် သေကြေပျက်စီးရတာ မျက်ဝါးထင်ထင် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျမရဲ့ဆွေမျိုးတွေ ကျမရဲ့မိသားစုတွေ အဲဒီလို ဆိုးရွားစွာ ဒုက္ခရောက်ရတဲ့ထဲမှာ မပါပေမယ့် ကျမအရမ်းခံစားရတယ်။ သူတို့နဲ့ထပ်တူ ဝမ်းနည်းရပါတယ်။
ကလေးငယ်လေးတွေ အတုံးအရုံး သေဆုံးနေတာကို ကြည့်ရင်း ကျမမျက်ရည်ကျရတယ်။ အဲဒီကလေးတို့ရဲ့ အမေတွေ အသက်ရှင်နေသေးတယ် ဆိုရင်တောင် ရူးကုန်မလား။ ကျမလည်း အမေတယောက်ဖြစ်လေတော့ မခံစားနိုင်ဘူး။ ကျမရဲ့ သားတွေ ဒီမုန်တိုင်းကြားမှာ ဖျားနေတယ်လို့ သတင်းကြားရုံနဲ့တင် အဝေးက ကျမ ဖျပ်ဖျပ်လူးချင်နေတာလေ။
ခု ကျမဒီပို့စ်လေးရေးနေချိန်က မေ ၁၁ ရက်နေ့ မနက် ၁ နာရီခွဲပြီ။ တနင်္ဂနွေနေ့၊ ဒုတိယအပတ် ဆိုတော့ အမေနေ့များနေ့ပေါ့။ ကျမအမေကိုလည်း သိပ်သတိရနေမိတယ်။ အမေကလည်း ကျမကို သတိရမှာပဲ။ အမေ့အိမ်က တချမ်းပြိုကျသွားခဲ့တယ်..။ မောင်လေးပို့လိုက်တဲ့ ဓာတ်ပုံထဲမှာ အမေ့အိမ်လေးက အမှိုက်ပုံ တပုံလိုပဲ.......။
အမေ ကျမကို သိပ်သတိရနေမှာ။ တဦးတည်းသော သမီးဖြစ်လို့ အမေက ကျမကို အားလည်းကိုး ချစ်လည်းချစ်တယ်ဆိုတာ ကျမသိတယ်။ အမေက ကျမကို ပွတ်သီးပွတ်သပ် နေစေချင်ပေမယ့် ကျမက ဘယ်တော့မှ အမေ့နား မကပ်ဘူး။ ဖာသိဖာသာ ခပ်စိမ်းစိမ်းနေတတ်တယ်။ အများရှေ့မှာ အမြဲမာကျောချင်ယောင် ဆောင်တတ်ပေမယ့် ကျမစိတ်ပျော့တာ မျက်ရည်လွယ်တာ ခံစားလွယ်တာကို အမေက သိနေတာဆိုတော့ ကျမ ခံစားနေရမယ်ဆိုတာ အမေမသိဘဲနေမှာတော့ မဟုတ်ဘူး။
ခုအချိန်မှာ ဖြစ်နိုင်ရင် အမေ့ရင်ခွင်ထဲမှာ ခေါင်းထိုးပြီး ငိုလိုက်ချင်တာ။ အမေတို့အိမ်လေးက နေလို့မဖြစ်တော့လို့ ကျမအဒေါ်အိမ်မှာ နေနေရတယ်လို့ ကျမမောင်လေးက ပြောပြတယ်။ အဲဒီအိမ်ကလည်း ကျမတို့အိမ်လောက် အဖြစ်မဆိုးပေမယ့် မိုးရွာရင် မလွယ်ဘူးတဲ့။ အမေက တဆင့်စကားနဲ့ ကျမကို အားကိုးတဲ့ စကားတွေ ပို့လွှတ်ပေမယ့် ကျမက ခေါင်းမာမာနဲ့ပဲ တဆင့်စကားနဲ့ ပြန်ပြီး အမေတို့ထက် ဆိုးရွားတဲ့ ဒုက္ခသည်တွေ၊ ရေငတ်နေတဲ့သူတွေ၊ ဗိုက်ဆာနေတဲ့သူတွေ အများကြီးရှိနေသေးတယ်လို့ အကြောင်းပြန်ခဲ့တာ။
အမေ့အိမ် အရေးထက် ကျမသူငယ်ချင်းပြောပြတဲ့ ကျမတို့ မြို့ကလေးက အိမ်မဲ့ယာမဲ့ ဒုက္ခသည်တွေကို ပိုစိတ်ဝင်စား၊ ကူညီဖို့ ကြိုးစားနေပေမယ့် တကယ်က ကျမ ဟန်ဆောင်နေတာပါ...။ ကျမရင်ထဲမှာ သားတွေ နေမကောင်းတာရယ် အမေ စိတ်ညစ်ပြီး အားငယ်နေမှာရယ်ကို တချိန်လုံး စဉ်းစားမိနေတာ။ ကျမကိုယ်ကျမ မှန်သလား မှားသလားလည်း မသိတော့ဘူး၊ အမေ ကျမကို စိတ်များနာနေမလား....။ အဲလိုတော့ အမေကစိတ်နာမယ် မထင်ပါဘူးလေ။ ကျမအမေက သိပ်မတော်ပေမယ့် သတ္တိရှိတယ်ဆိုတာ ယုံတယ်။ တကယ်ကို ဆိုးရွားတဲ့ အမေတွေ။ ကျမ သားတွေထက်ဆိုးဆိုးရွားရွား ခံစားနေရတဲ့ သားသမီးတွေ ရှိနေတယ် အမေရေ..။
သားသမီးတွေ ဆုံးရှုံးသွားရတဲ့အမေတွေ၊ အမေတွေ ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေထက်စာရင် ကျမတို့ဘဝက အများကြီးတော်ပါသေးတယ်။ အဲဒီလို ကျမကိုယ်ကျမ ဖြေနိုင်တယ်တွေးလိုက်..၊ အမေတို့ကို သတိရလိုက်..။ ကိုယ့်ကိုယ်ကိုယ် ညာနေတာလေ..။
ကျမက အမေ့ရင်ခွင်ကို လွမ်းနေသလို ကျမရဲ့ အရွယ်မရောက်သေးတဲ့ သားတွေကလည်း သူတို့ အဖွားရင်ခွင်ကနေ သူတို့အမေ ကျမကို တမ်းတနေမလား...။ အဲလိုစဉ်းစားမိတော့ ကျမ နောက်ထပ်အမေတယောက်ကို သတိရသွားတယ်။ သူ့ကိုတွေးမိတော့ ကျမကိုယ်ကျမ တော်တော်လေး ရှက်သွားမိပါရဲ့။ ကျမက ဘာမှလည်း မဟုတ်ဘဲ၊ သူ့ခြေဖဝါးအောက်က ခြေမှုန်လေးလောက်တောင် အဆင့်မရှိဘဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးနေတာလေ။ ဒေါ်အောင်ဆန်းစုကြည်..၊ မနီလာသိန်း..၊ ပြီးတော့ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ရဲ့ အမေတွေ....။ အဲဒီအမေတွေနဲ့ နှိုင်းရင် ကျမအမေက ဘာမှမဟုတ်တော့သလို ကျမကပိုတောင် ဘာမှမဟုတ်သေး...။ ပါမွှား..၊ သေးသေးလေး၊ ပိစိကွေးပါ..။
အမေတွေကို သူတို့ရဲ့ သားသမီးတွေနဲ့ မခွဲခွာစေချင်တော့ဘူး။
တကယ်တော့ ကျမ ပင်ပမ်းလှပါပြီ။ ဟန်ဆောင်ရတာလည်း မောလှပြီ။ အမှန်အတိုင်းပြောရရင် ကျမအိမ်ရှိရာကို အပြေးသွားလိုက်ချင်ပြီ။ အမေ့ရင်ခွင်ထဲမှာ ချုံးပွဲချပြီး ငိုလိုက်ချင်ပြီ။ ပြီးတော့ အမေ့ကို အားပေး နှစ်သိမ့် ချင်တယ်။ အဲဒါကတော့ စိတ်ကူးသက်သက်ပါ။ ဘာလို့လဲဆိုတော့ ကျမက အမေ့ကို အားပေးစကား ပြောဖို့တောင် ရှက်နေတတ်တဲ့ မိန်းမလေ..။
အဖြစ်မှန်က ကျမ အိမ်ပြန်လို့မရဘူး..၊ ပြီးတော့ ကျမအိမ်ထက် အရေးကြီးတဲ့ အရေးပေါ် မကူညီမဖြစ်တဲ့ သူတွေကို ကူညီရမယ် (ကျမက တတ်နိုင်လို့ မဟုတ်ပေမယ့် တတ်နိုင်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းရမယ်)၊ ပြီးတော့ လူမဆန်တဲ့ အစိုးရကြောင့် အကူအညီ ပေးမယ့်သူရှိပါလျှက်ကယ်နဲ့ အကူအညီမရတဲ့ ဒုက္ခသည်တွေအတွက် ကျမတတ်နိုင်သလောက် စာတွေရေးရအုံးမယ်..။ မီဒီယာမှာ လုပ်ခွင့်ရနေသရွေ့ ကျမတို့လို ကြားခံ သတင်းသမားတွေကတဆင့် လူတွေသိအောင် ပြောပြရဦးမယ်။ (မဆီမဆိုင် ဘီလ်ဂိတ်ကတောင် ကျမတို့ မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေအတွက် ရာဟူးကိုဝယ်မယ့်ဟာ မဝယ်တော့ဘဲ ဖောင်ဒေးရှင်းတခု ထူထောင်ပေးသေးတာ ကျမက သူ့လက်သည်းထိပ်ဖျားစာ ကလေးလောက်ပဲ ဖြစ်ဖြစ် လုပ်လို့ရသလောက်တော့ လုပ်ရမှာပဲ)
စိတ်ပျော့သလောက် ခေါင်းမာတဲ့ ကျမကို အမေကော သားလေးတွေပါ ခွင့်လွှတ်မယ် ထင်ပါရဲ့။ ။
Sunday, May 11, 2008 | Labels: စိတ်ကူးတည့်ရာ | 2 Comments
ဝတ္ထုတို ၃
ဒီခရီးကို ကျမ ပထမတခေါက် သွားခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် အခြေအနေချင်းက လုံးကကွဲပြားတယ်။ ပထမတခေါက်က ကိုယ်ပိုင်ကားသေးလေးပေါ်မှာ စကားပြောဖော် လေးယောက်နဲ့ ရပ်ချင်ရာရပ်၊ သွားချင်သလိုသွား၊ သီချင်းတွေဖွင့်၊ ကိုယ်တိုင်လည်း လိုက်အော်ဆိုနဲ့။ ပြင်ပကအခြေအနေကလည်း ခြောက်သွေ့ပြီး ကြည့်လေရာ သစ်ပင်တိုင်းက အရိုးအပြိုင်းပြိုင်း၊ တချို့နေရာတွေမှာ မြေသားပြောင်ပြောင် ဂတုံးသက်သက်။ မွဲခြောက်ခြောက် မြင်ကွင်းက နေရာတိုင်းကို ကြီးစိုးလို့။ လှတာဆိုလို့ ကျမအရမ်း သဘောကျတဲ့ ဘာပန်းလို့နာမည် မခေါ်တတ်တဲ့ ခရမ်းရောင်ပန်းတွေ နေရာတိုင်းမှာ ဝေနေတာလေး တခုပဲ တွေ့ရတယ်။
နှင်းနဲ့နေခြည်
တခုတော့ ကိုယ်သိချင်တယ်နေခြည် မင်းကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်လား ဆိုတာကိုပေါ့။ ဒါလည်း မမျှော်လင့်သင့်တဲ့အရာ ဆိုတာ ကိုယ်သိပါတမယ်။ ဒါမေပမယ့် ကိုယ် သိချင်ရုံလေး သိချင်တာပါ..။ မင်းကကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်တယ်ဆိုရင် ကိုယ့်လောက်ပျော်တဲ့သူ ဒီလောကမှာရှိမယ်မထင်ဘူး နေခြည်..။ နောက်ဆုံး မင်းက စနောက်လို့ပဲဖြစ်ဖြစ်..ကွယ်ရာမှာ ဟားတိုက်ရယ်မောဖို့ပဲဖြစ်ဖြစ် ကိုယ့်ကို ချစ်တယ်ဆိုရင်တောင် ကိုယ်ပျော်ရွှင်လှပါပြီ။
Sunday, May 04, 2008 | Labels: ၀တ္ထုတို | 0 Comments