အမှတ်တရရက်စွဲများ ၆

တခုသောနှစ်သစ်

နှစ်သစ်ကူးဖို့ ဘာမှ မလိုတော့ဘူးဆိုတော့ တခုသော နှစ်သစ်ကူးအချိန်လေးကို သတိရမိတယ်။

ကျမတို့က ငယ်ငယ်ကလေးဘဝတည်းက ၃၁ ရက်နေ့ဆိုရင် ညလယ် ဝတ်ပြုစည်းဝေး အမြဲတက်ရလေ့ ရှိပါတယ်။ ညဦးပိုင်းမှာ ဘုရားကျောင်းထဲက ခုံတွေကို ဘေးကပ်ပြီး အဖွဲ့တွေခွဲ ကစားနည်းပေါင်းစုံအောင် ကစားကြ .. ။ ကစားလို့ပြီးရင် အဲဒီနှစ်အတွက် မဲခွဲပြီး ကင်းနဲ့ကွင်းရွေး၊ ပြီးရင် အမျိုးသမီးအသင်းက ပြင်ဆင် ပေးထားတဲ့ ကောက်ညှင်းပဲပေါင်းနဲ့ လက်ဖက်ရည်ကို တဝကြီးစား .. ၁၁ နာရီ ထိုးပြီ ဆိုတာနဲ့ ခုံတွေပြန်စီပြီး ဝတ်ပြုစည်းဝေး စပါပြီ။

ကလေးဘဝကတည်းက တောက်လျှောက်အဲလိုပုံစံနဲ့ပဲ နှစ်သစ်တွေကို ကျော်လွန်ဖြတ်သမ်းခဲ့တာ အကျင့်ပါ ခဲ့တယ်။ ကျမတို့ ဘုရားကျောင်းရဲ့ လက်ထောက် သင်းအုပ်ဆရာက စာရေးဆရာ သန်လျင်ဖေသွင်ပါ။ ဆရာက တရားဟော ကောင်းသလို နှစ်သစ်ဝင်ခါနီးအချိန်မှာ သူက ဦးဆောင် ဆုတောင်းပါတယ်။ ၁၂ နာရီ ထိုးခါနီး ၅ မိနစ်လောက်အလိုမှာ ဆုစတောင်းပြီး ၁၂ နာရီတိတိ ခေါင်းလောင်းလည်းထိုး သူ့ဆုတောင်းချက် လည်း ပြီး ... ။ ကျမက အဲဒီအချိန်လေးကို သိပ်စွဲမက်ပါတယ်။ ခုတော့ ဆရာလည်း ကွယ်လွန် ခဲ့ပါပြီ။

ကလေးတုန်းက ညဦးပိုင်း ကစားတဲ့အချိန်တွေဆို သိပ်ပျော်ပါတယ်။ ကလေးတွေနဲ့ဆိုင်တဲ့ ကစားနည်းတိုင်း ဝင်ပါခွင့်ရတယ်လေ။ နောက် လူငယ်ဘဝရောက်တော့ ကျမတို့က ဦးဆောင်ကစားရတဲ့ အနေအထား ရောက်လာပြန်တယ်။ လူငယ်တွေ ကလေးတွေကို အဖွဲ့တွေခွဲ .. ကစားနည်းပေါင်းစုံကို ဦးနှောက်ခြောက် အောင်စဉ်းစား .. မမောမပမ်းနဲ့ ကစားခဲ့ပြန်ပါတယ်။ ကျမတို့ ဦးမဆောင်ရတဲ့ နှစ်တွေဆိုရင် သူငယ်ချင်းတွေ စု .. လမ်းဟိုဘက်က တခြား ဘုရားကျောင်းတွေလျှောက်လည်ရတာလည်း ပျော်စရာ သိပ်ကောင်းပါတယ်။ ဘုရားကျောင်းတိုင်းက လူငယ်တွေက ကျမတို့ရဲ့ သူငယ်ချင်းတွေချည်းပဲကိုး။ တယောက်နဲ့တယောက် စကြ နောက်ကြ၊ အော်ဟစ်နှုတ်ဆက်ကြနဲ့ .. ဒီဇင်ဘာ ၃၁ ရက်ညတွေကို ကျမတို့ စွဲလမ်းခဲ့ကြတယ်။ တချို့ ခရစ် ယာန် မဟုတ်တဲ့ သူငယ်ချင်းတွေလည်း ကျမတို့ကိုခင်တော့ ကျမတို့နဲ့အတူ ပါဝင်ဆင်နွှဲကြတယ်။

ကျမ မှတ်မိသလောက် အဲလိုပုံစံနဲ့ နှစ်သစ်ကို ကူးခဲ့တာ တောက်လျှောက် တနှစ်မှ မပျက်ခဲ့ရာက ကျမ ဂျီတီအိုင် ပထမနှစ် တက်တဲ့နှစ်မှာ အဲဒီအစဉ်အလာ ပျက်ရတော့မယ့် အနေအထားဖြစ်သွားခဲ့တယ်။ အဲဒီနှစ်က ကျမက ဂျီတီအိုင် ပထမနှစ်၊ ကျမရဲ့ အခင်ဆုံးသူငယ်ချင်း မမိုးစည်က ဂျီတီအိုင် တတိယနှစ်။ ကျမတို့ နှစ်ယောက်စလုံး အင်းစိန် ဂျီတီအိုင်မှာ ကျောင်းဖွင့်ရက်၊ ကြားရက်ကြီးနဲ့ ဆုံနေတော့ အိမ်ပြန်လို့မရဘဲ ဖြစ်နေကြတယ်။

ပထမနှစ်မှာ ကျမက ကျောင်းဆောင်မရသေးဘူး။ ကျောင်းနားကအပြင်ဆောင်တဆောင်မှာ ငှားနေရတယ်။ မမိုးစည်ကတော့ ကျောင်းဆောင်ရနေပြီ။ အဲဒီအချိန်က ရန်ကုန် - သန်လျင်တံတားကြီးလည်း မပြီးသေးတဲ့ သင်္ဘောခေတ်။ ကျမတို့နေတဲ့ သန်လျင်နဲ့ ကျောင်းနဲ့က အဝေးကြီး .. အိမ်ကနေတက်လို့ ဘယ်လိုမှ အဆင် မပြေတဲ့ အနေအထား။ အဆောင်နေမှ အဆင်ပြေတဲ့ အခြေအနေ။ ဂျီတီအိုင်က ကျောင်းပျက်လို့လည်း မဖြစ်တဲ့ ကျောင်းလေ။ တရက်ပျက်ရင် စာက လိုက်လို့မဆုံးတော့ဘူး ဆိုတော့ ဒီဇင်ဘာ ၃၁ ရက်ရဲ့ အစဉ်အလာကို ကျမတို့ စိတ်ညစ်ညစ်နဲ့ ဖျက်ရမလိုဖြစ်ခဲ့တယ်။

ဒါပေမယ့် ကျမကော မမိုးစည်ပါ နှယ်နှယ်ရရတွေမဟုတ်ဘူးလေ။ သူများထက်ထူးလိုက်ရမှ .. ကဲလိုက်ရမှ ဆိုတဲ့ အစားထဲကဆိုတော့ .. မမိုးစည်က စပါတယ်။

“တူး .. ငါတို့ ညကျ Mid Night ဘုရားကျောင်းတက်ရအောင်”
“ဟင် ဘယ်လိုလုပ်တက်မလဲဟ။ တို့က အပြင်ဆောင်မို့လို့ ရတယ်ထားပါဦး။ မမိုးစည်က ဘယ်လိုလုပ်မလဲ”

ကျမမေးတာလည်း မမှားဘူးလေ။ ကျောင်းဆောင်က ညနေ ၆ နာရီဆိုရင် တံခါးပိတ် ဂျိတ် .. လူစစ်တာ မဟုတ်လား။ သူက လုံးဝမလျှော့ဘူး ..။

“ရတယ် .. ဒီလိုလုပ်ဟာ .. နင်က ၁၀ နာရီကျော်လောက်မှာ စောင့်နေလိုက်။ နင့်ကို မြင့်ထွန်းဝင်းနဲ့ မြင့်ဇော် လာခေါ်လိမ့်မယ်။ သူတို့နဲ့လိုက်ခဲ့ပြီး ငါ့အဆောင်ကို လာခဲ့ကြ”
“ဖြစ်ပါ့မလားဟ ဘယ်လိုထွက်မှာလဲ”
“ဖြစ်တယ်ဟာ ငါပြောသလိုသာလုပ်”

ဒီလိုနဲ့ ကျမတို့ရဲ့ ဘုရားကျောင်းတက်ရေး စီမံကိန်းကြီး စတင်ပါတော့တယ်။ ညကျတော့ ကျမအဆောင်ကို မမိုးစည်ရဲ့ သူငယ်ချင်း ကိုမြင့်ထွန်းဝင်းနဲ့ ကိုမြင့်ဇော်က လာခေါ်တယ်။ ကျမအဆောင်က ကျောင်းရှေ့တင် ပဲလေ။ မမိုးစည်နေတဲ့ သပြေဆောင်က ကျောင်းဝင်းထဲမှာ။ ကျောင်းရောက်ပြီးမှ ညဘက် တခါမှ မထွက်ဘူးလို့လား မသိဘူး စိတ်ထဲမှာ ပျော်လည်းပျော် ကြောက်လည်းကြောက်။ မမိုးစည် ဘယ်လိုလုပ်မလဲ ဆိုတာလည်း စိတ်ဝင်စားပေါ့ ..။

ကျမတို့ သပြေဆောင်ရှေ့ရောက်တော့ အဆောင်ရှေ့မှာ ကျောင်းသားတွေ တန်းစီနေတာပဲ ...။ သီချင်းဆို နေကြတာလေ ..။ အောင်နိုင်ရဲ့ “ယု” သီချင်းကို ဆိုနေကြတာ။ အဆောင်ထဲမှာက ကျမတို့နှစ်၊ ကျမတို့ မေဂျာက မကွေးသူ ယုယုကြိုင်နဲ့ ထားဝယ်သူ ယုယုနွဲ့ရှိလို့ “ယု” သီချင်းကို ဆိုကြတာ။ နောက်ဆုံးအပိုင်း “အချစ်ဆုံး .. ယု .. ယု .. ရယ် .. အကြင်နာဆုံး .. ယု .. ယု ရယ် ..” ဆိုတဲ့နေရာမှာ “အချစ်ဆုံး ယု .. ယု နွဲ့ .. အကြင်နာဆုံး ယု .. ယု ကြိုင်” ဆိုပြီး အဲဒါကိုပဲ ပတ်ဆိုနေကြတယ်။

ကျမက နည်းနည်းတော့ လန့်သွားတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက ယောက်ျားလေးတွေချည်းလေ။ ကျမ တယောက်ထဲ မိန်းကလေးပါလာတာဆိုတော့ လန့်တာ အမှန်ပဲ။ ဒါပေမယ့် ကျမ ပါလာတာကို သီချင်းဆိုနေတဲ့ သူတွေ တယောက်မှ မအံ့သြကြဘူး။ သူတို့က အဲဒီအစီအစဉ်ကို သိပြီးသားကိုး။ ကိုမြင့်ဇော်နဲ့ ကိုမြင့်ထွန်းဝင်း တို့က ပြောထားခဲ့ပြီးသား။ သူတို့အားလုံး သီချင်းဆိုချင်ယောင် ဆောင်ပြီး စောင့်နေကြတာ။ အဲဒီအုပ်ထဲမှာ ကျမရဲ့ အခင်ဆုံးသယ်ယင်း ဂျပိန်ကောင်တောင် ပါနေသေး ..။

ကျမတို့ရောက်ပြီး ခဏနေတော့ မမိုးစည်နဲ့ နောက်အစ်မကြီး ၃ ယောက် အဆောင်ထဲက ထွက်လာတယ်။ အဆောင်က တထပ်တိုက်ပုအရှည်လေး။ ရှေ့မှာကပါလာ .. ပါလာနဲ့ကပ်ရပ်က အုတ်တံတိုင်းပေါ့။ အပြင်က ဂစ်တာတီးတဲ့ကောင်တွေ ကြားမှာ ယောက်ျားစီး စက်ဘီးတစီး ထောင်ထားတယ်။ မမိုးစီကို အထဲကနေ အစ်မကြီး ၃ ယောက်က ခွေးခြေကနေတဆင့် အုတ်တံတိုင်းကို ကျော်နိုင်အောင် ပင့်ပေးကြတယ်။ တကယ်တော့ တော်တော်မလွယ်တဲ့ကိစ္စ။ မမိုးစည်ဆိုတာ နည်းတဲ့ ခန္တာကိုယ်ကြီး မဟုတ်ဘူး။ ဝတာတင်မဟုတ်ဘူး .. သူက ထွားကြိုင်းတာ။ အရပ်ကလည်းရှည် .. ခန္တာကိုယ်ကလည်း ထွားဆိုတော့ အထဲက သူ့ကိုပင့်ပေးရတဲ့ အစ်မတွေ တော်တော် ဒုက္ခရောက်ကြတယ်။ အပြင်ဘက်က ယောက်ျားလေးတွေက စက်ဘီးပေါ်တက်ပြီး သူ့ကို ဆွဲချရတယ်။ အောက်ကတော့ စက်ဘီးကို သေချာထိန်းထားကြတာပေါ့။ ဒီလိုနဲ့ မမိုးစည် အပြင်ရောက်လာ ပါတော့တယ်။

အဲဒီအချိန်မှာ ၁၁ နာရီ ထိုးခါနီးနေပြီ။ ကျမတို့ ၂ ယောက်ကို ကိုမြင့်ဇော်တို့က ရွာမ ဘုရားကျောင်းထိ လိုက်ပို့တယ်။ အဲဒီနှစ်က ကျမတို့ ဘုရားကျောင်းတက်လိုက်ရတယ် ဆိုပါတော့လေ။ ဘာရယ်မဟုတ်ဘူး .. ကျမတို့ ၂ ယောက်စလုံးက တခုခု လုပ်ချင်ရင် လုပ်လိုက်ရမှ။ မဖြစ်ဖြစ်အောင် ထလုပ်ချင်တာကို မမိုးစည်ရဲ့ သူငယ်ချင်းတွေကလည်း ဝိုင်းကူပေးခဲ့တာ။

ဘုရားကျောင်းတက်ပြီး အပြန်ကျတော့ တခါ မမိုးစည်ကို ဒီဘက်က ပြန်ပင့်ပေး၊ ဟိုဘက်က မအိပ်ဘဲ စောင့်နေတဲ့ အစ်မတွေက ခွေးခြေလေး ခုပြီး ပြန်ခေါ်နဲ့ .. အဲဒီအချိန်မှာ ယောက်ျားလေးတွေက သီချင်းကို အဆက် မပြတ် ဆိုပေးနေပါတယ်။ ခါတိုင်းညတွေလည်း သီချင်းလာဆိုနေကျ ဆိုတော့ ဆရာမအတွက် မထူးဆန်းတော့ဘူးပေါ့။ အဲဒီညက မမိုးစည် အဆောင်က ခိုးထွက်ပြီး ကျမတို့ ဘုရားကျောင်း သွားတက် ကြတာကို အဆောင်မှူး ဆရာမ ဒီနေ့ထိမသိခဲ့ဘူး။

အဲဒီတခါသာပါပဲ .. နောက် တခြား ဘယ်သူမှ အဆောင်က ကျော်ထွက်တာမျိုး မကြားဖူးခဲ့ပါဘူး။ မိရင်လည်း တော်တော် မလွယ်မယ့် ကိစ္စလေ။ နောက်ပြီး ဟိုးလေး တကျော်ကျော်ဖြစ်မှာလေ။ အဲဒီညကတော့ ကျမတို့ကို ယောက်ျားလေး သူငယ်ချင်းတွေကလည်း ကူညီဖုံးဖိပေးခဲ့တာပါ။

ညလယ် ဝတ်ပြုစည်းဝေးအပြီး ရွာမဘုရားကျောင်းက ပြန်လာတော့ ကျမတို့ သူငယ်ချင်းနှစ်ယောက် ကျမတို့ သန်လျင် ဘုရားကျောင်းမှာ နှစ်သစ် ဝတ်ပြုစည်းဝေးပြီးတိုင်း ဂစ်တာနဲ့ဆိုကြတဲ့ သီချင်းလေးကို တိုးတိုး ညည်းခဲ့ကြပါတယ်။ အဲဒီသီချင်းက ကျမ ငယ်ငယ်ကတည်းက ကြားဖူး၊ ဆိုဖူးတဲ့ သီချင်းလေးပါ . ... .. လွမ်းလို့ အမှတ်တရ စာသားလေးတွေ ပြန်ရေးပေးလိုက်ပါမယ် ... ၃၁ ရက်ညလယ် ဝတ်ပြုစည်းဝေး ပြီးချိန်မှာ ကျမ သူငယ်ချင်းတွေ အဲဒီသီချင်းလေးကို ဆိုနေကြလိမ့်မယ် .. ဘုရားကျောင်းဝန်းကျင်က အိမ်တွေ ရှေ့မှာလိုက်ပြီး Happy New Year အော်ရင်းပေါ့ .. ကျမလည်း တယောက်တည်း အဲဒီ သီချင်းလေးကို ညည်းနေမှာပါ ..။

{ကျွန်ုပ်တို့အတွက် ကျေးဇူးတော်နှစ်သည် .. ပြီးဆုံးလုပြီ .. ကျေးဇူးတော်ကို ချီးမွမ်းကြကုန် ...။ နောင်လာမည့် အသစ်သောနှစ်အား .. ကိုယ်တော်အတွက် .. ဆပ်ကပ်လျှက် ကျွန်ုပ်တို့၏ အသက်တာ ပူဇော်မည် ..။ အပြစ်၌ ပျော်မွေ့ခဲ့သော စိတ်အတွက် ဝမ်းနည်းလျှက်ရှိပါ .. နောင်တနှင့်ဆိုင်သော ဆုကို ပေးမူပါ .. }

နှစ်သစ်ကို ကြိုဆိုရတိုင်း စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရတဲ့ အဲဒီ တခုသော နှစ်သစ်ကို ကျမပြန်ပြန် လွမ်းနေ မိတယ်။ အစွန်းအထင်းတွေ အတော်လေးနည်းသေးတဲ့ အချိန်တွေပေါ့ .. အဲဒီတုန်းက အပြစ်တွေ ကျူးလွန်ခဲ့ မိလို့ ဝမ်းနည်းတယ် ဆိုတာ ခုချိန်၊ ခုအသက်အရွယ်နဲ့ယှဉ်ရင် ဘာမှ မဟုတ်တော့ပါလား ဆိုတာကို တွေးမိတယ် ..။ အဲဒီကာလတွေတုန်းက ဘယ်သူ့ကိုမဆို ခွင့်လွှတ်နိုင်၊ လက်ဆွဲနှုတ်ဆက်နိုင်ခဲ့ပေမယ့် ခုအချိန်မှာ လုံးဝ ခွင့်မလွှတ်၊ လက်ဆွဲ မနှုတ်ဆက် နိုင်ဘူး ဆိုတဲ့သူ နည်းနည်းတော့ ရှိနေပါလားလို့ သတိရမိတော့ တုန်လှုပ်မိတယ်။

ဘာပဲဖြစ်ဖြစ် ဟိုးတုန်းက ချစ်စရာ အတိတ်ကလေးတွေကို တွေးလိုက်ရတာ ကျမရဲ့စိတ်ကို ပေါ့ပါး ပျော်ရွှင်စေတာ အမှန်ပဲ။ အဲဒီအတိတ်တွေကို ပြန်ပြန်တွေးရင်း အနည်းဆုံးတော့ နှစ်သစ်မှာ ကျမကပဲဖြစ်ဖြစ် ကျမကိုပဲဖြစ်ဖြစ် အထင်လွဲမှုတွေ နည်းနိုင်သလောက်နည်းအောင် ကြိုးစားပြီး မုန်းတဲ့သူ နည်းနိုင်သလောက် နည်းအောင် နေဖြစ်လိမ့်မယ် ထင်ပါရဲ့။






tag 7

ခုတလောမှာ အလုပ်တွေ မတရားပိနေတာနဲ့ ကျမဘလော့လေးကို လွမ်းလွမ်းနဲ့ ပစ်ထားလိုက်ရတယ်။ ပို့စ်အသစ်တွေ မတင်နိုင်သေးတဲ့အချိန်မှာ ဖိုးဂျယ်က ကျမကို တက်ပါတယ်တဲ့။ ဖတ်ကြည့်လိုက်တော့ စိတ်ကူးယဉ်ခြင်း ဆိုပါလား။ ခင်မင်မှုနဲ့ တက် တာဆိုတော့ ရေးရမှာပေါ့နော်။ စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်ဘဲ ရဲရဲသာယဉ်လို့ ပြောပေမယ့် စိတ်ကူးထဲမှာတောင် ထဲ့ပြီး မယဉ်ရဲတဲ့ ကိစ္စမျိုးတွေ ဘယ်သူမဆို ရှိတတ်ကြမှာပါ။ အသက်ကြီးလာလေ အဲလို စိတ်ကူး မယဉ်ရဲတာမျိုးတွေ များလာလေဖြစ်မယ် ထင်တယ်။ ဒါပေမယ့် ကျမကတော့ ခုထိ စိတ်ကူးတွေ ယဉ်နေတုန်းပဲ။ ရေငတ်တုန်း ရေတွင်းထဲ ကျ ဆိုသလိုပေါ့။ ဖိုးဂျယ်ရေ ... အတတ်နိုင်ဆုံး ယဉ်ပြီး ရေးပြီဟေ့ ..။

စိတ်ကူးယဉ်ခြင်း

ကျမတည်ဆောက်ချင်တဲ့ မြို့ကလေးတမြို့ပေါ့ ...။

အဲဒီမြို့ကလေးမှာ ကျမချစ်တဲ့သူတွေ အားလုံးရှိမယ် ..။ ကျမ မချစ်တဲ့သူတွေ မရှိဘူး။ ပြီးတော့ အဲဒီမြို့ ကလေးမှာ နေတဲ့သူတွေအားလုံးက တယောက်ကို တယောက် ချစ်ကြတယ်။ အမုန်းတွေ မရှိဘူး ..။ မနာလိုတာ ငြူစူတာ မရှိဘူး။ ပြီးတော့ အဲဒီမှာ နေတဲ့သူတွေအားလုံး သဘာဝကို ချစ်ရမယ်၊ အနုပညာကို ချစ်ရမယ်၊ မြို့လေးက သိပ်ခေတ်မီတိုးတက်လှတယ် မဟုတ်ပေမယ့် .. လျှပ်စစ်မီးတော့ မှန်ရမယ်။ တယ်လီဖုန်းတော့ရှိ တယ်။ အင်တာနက်တော့ ရှိချင်မှရှိမယ်။ ဘာလို့ ဆိုတော့ လိုမှမလိုဘဲ။ မြို့လေးက ကျဉ်းတော့ ကိုယ်တွေ့ချင်တဲ့ သူကို လမ်းလျှောက်ပြီး သွားတွေ့လိုက်ရုံပဲ။ ဒါမှမဟုတ် မြင်းလှည်းလေးနဲ့ဖြစ်ဖြစ် စက်ဘီးနဲ့ဖြစ်ဖြစ် သွားတွေပေါ့။ လမ်းတွေကတော့ ကောင်းမှာပါ။ အင်တာနက်ပေါ်မှာ ခု စိတ်ကူးယဉ် တည်ဆောက် ဖန်တီးထားတဲ့ ကမ္ဘာကို အပြင်မှာ ဖန်တီးလို့ရနေတာဆိုတော့ အင်တာနက်မရှိလည်း ရတာပေါ့။

မြို့လေးရဲ့ရာသီဥတုက နည်းနည်းအေးမယ်။ ကလောလိုပုံစံမျိုးပေါ့ ..။ အဲဒီတော့ အိမ်တွေကိုလည်း အေးတဲ့ ရာသီဥတုနဲ့ လိုက်ဖက်အောင် တိုက်ပုလေးတွေ ဆောက်မယ်။ လိုအပ်ရင် မီးလင်းဖိုလေးတွေပါ ထည့်မယ်။ မပူဘူး ဆိုတော့ အဲယားကွန်းတော့ မလိုပါဘူး။ မြို့ကလေးမှာ ပန်းတွေက နေရာတိုင်းပွင့်နေမယ်။ မြို့လယ်မှာ စမ်းချောင်းလေး စီးနေမယ်။ ကားကတော့ ရှိချင်လည်း ရှိကြပေါ့။ တကယ်တော့ ကားတောင်မလိုဘူး။ စက်ဘီးလေးနဲ့တင် အလုပ်ဖြစ်တဲ့ မြို့လေး။ အိမ်တွေက ခြံဝင်းတွေလည်း ကျယ်ကြတယ်။ ကိုယ့်ခြံထဲမှာ ကိုယ့်ဘာသာ သီးပင်စားပင် ပန်းပင်တွေ စိုက်ကြတယ်။ တချို့က မွေးမြူရေးလုပ်ကြတယ်။

မြို့လယ်မှာ စူပါမားကတ်ကြီးတခုတော့ရှိတယ်။ အဲဒီမှာ လိုချင်တာအကုန်ရတယ်။ ဒီစူပါမားကတ်ကိုလည်း ဒီမြို့က လူတွေပိုင်တာပဲ။ ဒီစူပါမားကတ်ကို ပစ္စည်းတွေ လာချတဲ့တချိန်ပဲ ကားကြီးတွေ မြင်ရမယ်။ မြို့ကလေးက လူတွေက တယောက်မှ စက်ရုပ်မဆန်ဘူး။ မနက်ကို အေးအေး ဆေးဆေး အိပ်ရာထ။ အလုပ်ကို အေးအေး ဆေးဆေး သွား။ ဒီလောက်ပဲ။ တယောက်ကို တယောက် ချစ်ကြတော့ အမြတ်ကြီးစားတာတွေ၊ ကတုံးပေါ် ထိပ်ကွက်တာတွေ မရှိဘူး။ ပွဲစားလည်း မရှိဘူး။ တယောက်က လိုအပ်ရင် တယောက်က လုပ်ပေးလိုက်တာပဲ။ မြို့လေးကို အုပ်ချုပ်တဲ့သူကလည်း ကောင်းတာကိုး။ ဘက်မလိုက်ဘူး၊ လာဘ်မစားဘူး။ ကျောသားရင်သား မခွဲခြားဘူး။ သူက အားလုံးကိုချစ်ပြီး သူ့ကိုလည်းအားလုံးက ချစ်ကြတယ်။ သူကဘာလို့ အုပ်ချုပ်တဲ့သူ ဖြစ်နေတာလဲဆိုတော့ သူ့မှာ စိတ်ပုပ်တဲ့သူ၊ စိတ်ကောင်းမရှိတဲ့သူ၊ ယုတ်မာတဲ့သူတွေကို အလိုလိုသိတဲ့ ဥာဏ်ရှိတယ် (ဟီဟိ - အရသာရှိလိုက်တာ ဖိုးဂျယ်ရာ)

အားလုံးက ရတဲ့ ပိုက်ဆံနဲ့ လောက်တယ်။ ပိုတောင်ပိုသေးတယ်။ အဲဒီတော့ အေးအေးဆေးဆေးပဲ နေနိုင်ကြ တယ်။ အနုပညာကို ချစ်ကြတော့ စာတွေရေးကြတယ်၊ စာအုပ်တွေထုတ်ကြတယ်၊ ကဗျာတွေရေးကြတယ် (စာပေ စိစစ်ရေးမရှိဘူးနော်)၊ သီချင်းတွေ ရေးကြ၊ ဆိုကြ၊ စီးရီးတွေ ထုတ်ကြတယ် (ခိုးကူးမယ့်သူတွေ မရှိဘူး)။ ပန်းချီတွေ ဆွဲကြတယ်။ ပန်းချီပြခန်းတွေ၊ ပြတိုက်တွေလည်း ဒီမြို့လေးမှာရှိတယ်။ တချို့က လက်မှုပစ္စည်းတွေ လုပ်ကြတယ်။

ဒီမြို့လေးက လူတွေက တခြားဒေသတွေ သိပ်မသွားကြဘူး။ ကိုယ့်ဘာသာကိုယ်ပဲ အေးအေး ဆေးဆေး နေကြတယ်။ ဒီမြို့လေးမှာ အရက်သမားတော့ နည်းနည်းပါးပါးရှိတာပေါ့ (စိတ်ကောင်းရှိတဲ့ အရက်သမားတွေ၊ သူများတွေကို ဒုက္ခမပေးတဲ့ အရက်သမားတွေပေါ့) ဝိုင်တွေဘာတွေလည်း အိမ်တိုင်း ကိုယ့်ဟာကို စိမ်ကြတာပဲ။ စားချင်တဲ့ မုန့်တွေလည်း ကိုယ့်ဘာသာလတ်လတ်ဆတ်ဆတ် လုပ်စားကြတာပဲ။ ဝက်အူချောင်းတို့၊ ဝက်ပေါင်ခြောက်တို့ မုန်ညင်းချဉ်တို့ အကုန်ကိုယ့်ဘာသာလုပ်စားကြတာ။ အိမ်တွေ ဆောက်တော့လည်း ဒီမြို့လေးရဲ့ အပြင်ဘက်မှာရှိတဲ့ မြေကြီးကို ကိုယ့်ဘာသာသွားတူး၊ အုတ်ဖုတ်ပြီး ကိုယ့်ဘာသာ ဆောက်ကြ တာပဲ။

တိုက်အမြင့်ကြီးတွေလည်း မရှိဘူး။ မြို့လေးက သန့်ရှင်းပြီးသပ်ရပ်တယ်။ အဲဒီမြို့လေးရဲ့ အနီးတဝိုက်မှာ လယ်တွေရှိတယ်။ အဲဒီလယ်တွေက ထွက်တဲ့စပါးတွေကို ဒီမြို့ကလေးမှာ စားတယ်။ ခေတ်မီပစ္စည်းတွေ ရှိမှ နေတတ်တဲ့သူတွေကတော့ သိပ်အဆင်မပြေဘူးပေါ့။ ရေခဲသေတ္တာတောင် မလိုဘူးလေ။ စားချင်တာကို စားခါနီးမှ လတ်လတ်ဆတ်ဆတ် ဝယ်ချက်ရုံပဲ။ တပတ်စာ သိုလှောင်ထားဖို့မှ မလိုဘဲ။

အဲဒီမြို့လေးကို လာချင်တဲ့သူတွေက ဒီတိုင်းလာလို့မရဘူး။ ဗီဇာလိုတယ်။ ဗီဇာက တခြားတော့ မဟုတ်ပါဘူး။ မြို့လေးကို အုပ်ချုပ်တဲ့သူက မေးခွန်း တခွန်း၊ ၂ ခွန်းမေးတာကို ဖြေရတာပါ။ သူမေးတဲ့မေးခွန်းကို ဖြေပြီးရင် ဒီလူက စိတ်ကောင်းရှိတဲ့သူလား စိတ်ယုတ်မာတဲ့သူလားဆိုတာ သိပြီ ..။ လျှောက်လွှာမှာတော့ သင့်အနေနဲ့ အနုပညာချစ်သူ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူဖြစ်တယ် ဆိုတာ ထည့်ဖြည့်ရမယ်နော်။ စိတ်ကောင်း ရှိတဲ့သူ ဗီဇာရမှာပေါ့။

အဲဒီမြို့မှာနေခွင့်ရတဲ့သူအားလုံး ခြံတကွက်စီ အလကားပေးတယ်။ အိမ်ဆောက်တာကလည်း ပိုက်ဆံ သိပ်မကုန်ဘူးလေ။ ဒီမြို့မှာ နေတဲ့သူတွေအားလုံး မဆင်းရဲကြဘူး။ သိပ်မချမ်းသာပေမယ့် အားလုံး အေးဆေးပဲ။ ပြီးတော့ အားလုံးက ရောင့်ရဲတယ်။ အဲဒီမြို့လေးမှ သူခိုး၊ ဓားပြလည်း မရှိ၊ ရမ်းကားဆိုးသွမ်းသူတွေလည်း မရှိတော့ ရဲတွေ၊ စစ်သားတွေရှိဖို့လည်း မလိုဘူး။ ဘယ်နိုင်ငံနဲ့မှ မဆိုင်တဲ့ မြို့လေးပေါ့ ..။ သူ့ဘာသာသူ လုံခြုံနေတဲ့ မြို့လေးပဲ။ အားလုံးက သိပ်လည်း ချမ်းသာလှတာမဟုတ်တော့ တခြားက လူတွေကလည်း သိပ်စိတ်မဝင်စားကြဘူး။ အန္တရာယ်ကင်းတာပေါ့။

ကျမဘော်ဘော် ဘလော်ဂါတွေလည်း ဒီမြို့လေးမှာ တကယ့်အိမ်တွေ လာဆောက်နေကြတယ် (ဗီဇာရတဲ့သူတွေ၊ နေခွင့်ရတဲ့သူတွေပေါ့)။ သူတို့ရဲ့ ဘလော့လေးတွေကို အလှဆင်သလိုပဲ သူတို့အိမ်ကလေးတွေကို ဆင်ကြတယ်။ တချို့အိမ်လေးတွေက အလှသက်သက်ပဲ။ တချို့ကျတော့ သီးပင်စားပင်တွေနဲ့၊ တချို့ကပန်းတွေနဲ့။ တချို့အိမ်တွေကျတော့ သွားလိုက်တာနဲ့ မုန့်တခုခုလုပ်နေတဲ့ အနံ့ရတယ် .. မွှေးလို့ .. လာသမျှလူတွေကို ကျွေးမယ် ဆိုတာချည်းပဲ ..။ ကျမလည်း ဘလော့တွေဆီ လျှောက်သွားသလို သူငယ်ချင်းတွေဆီလျှောက်လည် ... သူတို့ကလည်း ကျမအိမ်ကို လာလည်ပေါ့ ..။ ပြီးတော့ စားကြသောက်ကြ ဆိုကြတီးကြပေါ့ .. ရန်တော့မဖြစ်ကြဘူး။ တယောက်နဲ့ တယောက် စိတ်လည်း မကွက်ကြဘူး။ တယောက်ကို တယောက် တင်စီးတာတွေ၊ ချိုးတာဖဲ့တာတွေမှ မရှိတာဘဲ။ အထအန ကောက်တာမျိုးလည်း မရှိဘူးလေ ...။

ကျမအိမ်လာရင်တော့ သောက်တတ်တဲ့သူကို ကျမကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်ဖြစ်ဖြစ်၊ ဘီယာဖြစ်ဖြစ်နဲ့ ဧည့်ခံမယ်။ မသောက်တတ်တဲ့သူကိုတော့ ကျမရဲ့လက်ဖြစ် ဖရုကိတ်နဲ့ ကိုယ်တိုင်ကြိတ်ပြီး နှပ်ဖျော်ထားတဲ့ ကော်ဖီနဲ့ ဧည့်ခံမယ်။ ကလေးတွေဆိုရင်တော့ အိုက်စခရင်မ် ကျွေးမယ်။

ကျမတို့ မြို့ကလေးမှာ ဘယ်သူတွေ လာနေကြမှာပါလိမ့် .....။

ကဲ .. ဖိုးဂျယ်ရေ .. စိတ်ကူးယဉ်ရတာ ကောင်းလိုက်တာဟာ ..။ အစ်မရဲ့ မြို့လေးတည်တဲ့အခါကျ ဖိုးဂျယ်လည်း လာနေပေါ့ ..။ ကဲ ဖိုးဂျယ်တက်ထားတဲ့သူတွေက နည်းတာမဟုတ်ဘူး ဆိုတော့ အစ်မ ဆက်မတက်တော့ဘူး ..။ ကျေနပ်မယ်ထင်ပါရဲ့ ..။







MERRY CHRISTMAS

တိတ်ဆိတ်ည
သန့်ရှင်းည
သူငယ်တော် အိပ်စဉ်ခါ
ကောင်းကင်မှာ ကြယ် လင်းရောင်ခြည်
သူငယ်တော် ပေါ်ထွန်းတောက်သည်
ကောင်းကင် ငြိမ်သက်ခြင်းသည်
သူငယ်ပေါ်မှာတည်၏။

တိတ်တဆိတ် လွမ်းရင်း အဲဒီသီချင်းလေးကို ညည်းနေမိတယ်။
သူငယ်တော်က ကောက်ရိုးတွေကြားမှာ၊ နွားစားခွက်ထဲမှာ၊ နွေးထွေးမှု သိပ်မရှိပါဘဲ အိပ်စက်လို့ ...။ ကောင်းကင်မှာ ကြယ်တစင်းလင်းလက် ... ပညာရှိတွေက အဲဒီကြယ်ကတဆင့် မင်းလောင်းကိုရှာ .. ဒဏ္ဍာရီပဲဖြစ်ဖြစ် တကယ်ပဲ ဆိုဆို ... သူကြွလာခြင်းက လူသားတွေအတွက်တဲ့ .. နွားစားခွက်ထဲက ခရစ္စမတ်မှသည် ဟိုတယ်ပေါ်က ခရစ္စမတ်ထိ အဓိပ္ပာယ်က ဒါပါပဲ ...။ ကျမကတော့ ကျမ ရေးခဲ့တဲ့ သီချင်းလေးတပုဒ်ကို ရွတ်နေမိတယ် ...။

ဘယ်သူတွေကို မစကြမယ် စာရင်းလုပ်ထားလိုက်ဦး
ညီညီညာညာ တေးဖွဲ့ကြဖို့ သီချင်းသစ်တို့ရှာဦး
မွေးဖွားတော့မယ့် ခရစ်တော်ရှင်အတွက် သီချင်းသစ်များနဲ့တို့ကြိုဆိုစို့
အတွေးဆိုးများ ဖယ်ထားလိုက်ကြဟေ့ ..

ကာရံညီကဗျာလေးများရွတ်ဆို လက်တွဲလို့သွားပါစို့
ဟိုမှာ ဟိုမှာ ချမ်းလွန်းလို့တဲ့ နွေးထွေးမှုများဝေဦး
ဆာငတ်မွတ်သိပ်လို့ သူတို့တွေနေစရာမရှိလို့အားနည်းစိတ်ငယ်သူကို
ဖေးမကြဖို့တို့တတွေသွားစို့

ကယ်တင်ရှင် ကြွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျှမယ်
ကယ်တင်ရှင် ကြွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျှမယ်
နှင်းများဖွေးဖွေးကျနေပါစေ ချမ်းအေးလွန်းလို့တုန်းခိုက်နေပါစေ လက်ခုပ်တီးလို့တို့တတွေသွားစို့
ကယ်တင်ရှင် ကြွလာတော့မယ် ....... ။ ။
(သီချင်းသံစဉ်ကိုတော့ ကြုံကြိုက်ရင် တင်ပေးပါ့မယ်)
ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ
ချစ်ခင်စွာဖြင့်
တူးတူးသာ

အမှတ်တရရက်စွဲများ ၅

ပြန်ကောက်ရရင်တော့ စိုင်းထီးဆိုင်သီချင်းကိုပဲ ပြန်ပြန်ရောက်သွားရတာပါ။ လူတိုင်းက အပူအပင် ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီးရောက်ချင်သေးတယ် ဆိုတဲ့ တေးသံကြားရင် လိုက်မညည်း ဘဲ မဆွေးမြေ့ဘဲ မနေနိုင်ကြပါဘူး။ ကလေးဆိုတာက သူတို့ရဲ့ အိတ်စ်ပရက်ရှင်းကို ဟန်ဆောင်မှုတွေ မပါဘဲ ဖော်ပြတတ်ကြတယ် .. စကားနဲ့ပဲဖြစ်ဖြစ်၊ ရုပ်ပုံနဲ့ပဲဖြစ်ဖြစ်ပေါ့။ လူကြီးတိုင်း ကလေးဖြစ်ခဲ့ကြဖူး မှာပါ။ ဒီတော့ လူကြီးတိုင်း ကိုယ်ထင်ရာပြောခဲ့ လုပ်ခဲ့ဖူးတဲ့ ကိုယ့်ရဲ့ကလေးဘဝကို ပြန်လှည့်ကြည့်ပြီး ပြုံးမိကြဖူးမှာပါ။ အဲလို လှည့်ကြည့်ပြီး မပြုံးဖူးသေးဘူး ဆိုရင်လည်း တခါလောက် စဉ်းစားပြီး ပြန်ပြုံးကြည့်ကြပါလား ... ။

ဘယ်သူ့အီးအမွှေးဆုံးလဲ

“ကမ္ဘာပေါ်မှာ ရှိရှိသမျှ အီးတွေထဲမှာ ဘယ်သူ့အီး အမွှေးဆုံးလဲ”
“ဗိုလ်ချုပ်အောင်ဆန်းအီး”

အပေါ်က မေးခွန်းကို မေးလိုက်တဲ့သူက အသက် ၁၂ နှစ်အရွယ်ကောင်လေးတယောက် ဖြစ်ပြီး အောက်က အဖြေဖြေတဲ့သူက ၈ နှစ်အရွယ် ကလေးမလေး တယောက်ပဲဖြစ်ပါတယ်။ အဲဒီကလေးမ လေးက ကျမပါ။ ကျမကို ကျမအစ်ကိုက မေးခွန်းထုတ်တာပါ။ မောင်နှမနှစ်ယောက်က ဒီလိုပဲ အပြင်မှာ ကိုယ်ကြားလာခဲ့တာကို ဆရာပြန်လုပ်နေကျ။ အများသောအားဖြင့်ကတော့ ကျမ အစ်ကိုက ကျမကို ဆရာလုပ်နေကျပါ။

ဒီမေးခွန်းရဲ့အဖြေကိုကြားလိုက်ရတော့ သူ ဘာပြန်ပြောရမှန်းမသိအောင် ကြောင်သွားတယ်။ တကယ်က သူဖြစ်စေချင်တာက ဘယ်သူ့အီးအမွှေးဆုံးလဲဆိုရင် ကိုယ့်အီးကိုယ် အမွှေးဆုံးပေါ့ လို့ ဖြေစေချင်တာလေ။ ကျမရဲ့အဖြေကို ကြားလိုက်ရတော့ သူတောင် ဇဝေ ဇဝါဖြစ်သွားခဲ့တယ်။ တကယ်ပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့အီးက မွှေးသလားပေါ့။ ကျမတို့မောင်နှမ ပြောသမျှကို နားစွင့်နေတဲ့ အဖေကတော့ အားရပါးရအော်ရီပါတယ်။

အစ်ကိုက “ဟင် ဘာဆိုင်လို့လဲဟ။ ကိုယ့်အီးကိုယ် အမွှေးဆုံးပေါ့။ နင်က ဗိုလ်ချုပ်အောင်ဆန်း အီး ရှူဖူးလို့လား” လို့ ပြန်ပြောတော့ “မသိဘူးလေ ဗိုလ်ချုပ်အောင်ဆန်းလုပ်တာ အားလုံးကောင်းတာ ဆိုတော့ သူ့အီးလည်း မွှေးမယ်ထင်တာပေါ့” လို့ ကြောင်တောင်ပြန်ဖြေခဲ့တာ။

ကျမငယ်ငယ်က အဲလိုပါ။ ကိုယ်အထင်ကြီးလေးစားတဲ့သူဆိုရင် အီးတောင် မွှေးတယ်ထင်ခဲ့တာပါ။

ကျမတို့ မောင်နှမက အနီးကပ်ဆုံး၊ တကျက်ကျက်လည်း အဖြစ်ဆုံး၊ ပြီးတော့ တယောက်မရှိရင်လည်း တယောက် မနေတတ်ပြန်ဘူး။ အိမ်ကိုပတ်ပြီးလိုက်ရှာနေကြတာ။

နွေကျောင်းပိတ်ရက်တွေမှာ ကျမတို့ မောင်နှမ ၂ ယောက်ထဲ အိမ်စောင့်နေရစ်ခဲ့ရတယ်။ တယောက် ကို မုန့်ဖိုး တမတ်စီမေမေက ပေးခဲ့တယ်။ ဝန်ထမ်းမိဘတွေ ဆိုတော့ ဟင်းကိုချက်ပြီး ဝေပုံကျထားခဲ့ တယ်။ ဥပမာ ဘဲဥဟင်းချက်ရင် တယောက် တခြမ်းစီပေါ့။ မေမေတို့သွားပြီ ဆိုတာနဲ့ ကျမတို့ ၂ ယောက် ကစားနည်းပေါင်းစုံကို မထပ်ရအောင်ဆော့ပါတယ်။

များသောအားဖြင့်တော့ ယောက်ျားလေးကစားနည်းတွေပါ။ ကျမတို့မောင်နှမ အကြိုက်ဆုံး ကစားနည်းက ခေါင်းအုံးရိုက်တမ်းပဲ။ ခုံတန်းရှည်ပေါ်ထိုင်ပြီး ခွခေါင်းအုံးတယောက်တလုံးစီနဲ့ ခုံပေါ်က ပြုတ်ကျတဲ့အထိ ရိုက်ရတာ။ နောက်တော့ ကျမက ဟိုတယ်လုပ်တမ်းကစားမယ် ဆိုတော့ အစ်ကိုက “နင်က ဟိုတယ်ဖွင့် ငါက ဟိုတယ်ကိုလာတည်းမယ်” တဲ့။ ကျမက ဟိုတယ်ကို သေချာပြင်ဆင်ရ ပါတယ်။ မေမေတို့အိပ်ရာတွေကို ပြင်ပေးရတာပေါ့။ အစ်ကိုက ဟိုတယ်မှာ ထမင်းမှာစားတယ်။

ကျမက ထမင်းတွေဟင်းတွေ ပြင်ပေးရတယ်။ ပြင်ပေးရင်းနဲ့ ဟင်းက ကျမရှယ်ယာတွေထဲကပါ ပါကုန်ရော။ ကျမစားတော့ ဟင်းမလောက်လို့ မောင်နှမ ရန်တွေဖြစ်ကြကော။ ပြီးတော့လည်း ခန ပါပဲ။

နွေကျောင်းပိတ်ရက်မှာ ကျမတို့ တရက်မပြတ်လုပ်တာက ကျမတို့အိမ်နားမှာရှိတဲ့ “ဓညင်းမြိုင်” လို့ခေါ်တဲ့ စာအုပ်ဆိုင်ကြီးကို ချီတက်ကြတာပါ။ အဲဒီဆိုင်မှာ ရှိသမျှ ကာတွန်းစာအုပ်တွေကို တနေ့ ၂ အုပ်နှုန်းနဲ့ ဝါးစားသလိုဖတ်ကြတာပေါ့။ စာအုပ်က ၂ အုပ်ကို တမတ် ဆိုတော့ တမတ်ဖိုး စာအုပ်ဖတ် .. ကျန်တဲ့ တမတ်ကို မုန့်ဝယ်ပြီး တဝက်စီခွဲစားပေါ့။

ကျမအကြိုက်ဆုံးကတော့ ကာတွန်းဦးသန်းကြွယ်ပါ။ သူ့ရဲ့ ဗလကြီး ဗလလေး၊ အင်္ဂါဂြိုဟ်၊ မြားနတ်မောင်၊ ဖိုးဝ၊ ပန်ကာ၊ ပန်ချာ ... စတဲ့ ဇာတ်ကောင်တွေက ကျမနဲ့ အရင်းနှီးဆုံးတွေပေါ့။ ဦးသန်းကြွယ်ရဲ့ ကာတွန်းစာအုပ်တွေက ထူလည်းထူ ဇာတ်အိမ်ကလည်း အကြီးကြီးတွေ။ လျှို့ဝှက် သည်းဖိုတွေများတယ်။ နောက်တော့ ဦးအောင်ရှိန်ရဲ့ ဖိုးဆိတ်ဖြူ၊ ဦးကပ်စေး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး၊ စံပ၊ မယ်ခ၊ ဦးစိတ်တို၊ မျောက်ညို၊ နောက် မောင်ဏ္ဏရဲ့ သမိန်ပေါသွပ်၊ ရှင်ဂွမ်းဂွိ၊ အလကား ကျော်စွာ၊ ဗညားပိစိ၊ အာတာလွတ်မြို့စားကြီး ဦးအာလူး၊ တောင်ပုလုမြို့စားကြီး ထင်ရာစိုင်း၊ ဆေးဆရာဦးတုတ်ကြီး။ ငွေကြည်ရဲ့ ကမ္ဘာရှား။ သစ်ထွဏ်းရဲ့ မောင်တီထွင်။ ပိုးဇာရဲ့ လေးမွန်ထွေးမွန်၊ လေးလေးဇာ၊ ရွှေအိ၊ ရွှေဘုတ်။ ကာတွန်းအောင်အောင်ရဲ့ ရွှေခေါင်းပြောင် ... အဲဒီစာအုပ်တွေ ထဲက မဖတ်ရသေးတာကို သေချာရွေး ပြီးရင် မောင်နှမ ၂ ယောက် မုန့် တခုခုဝယ်ပြီး ချောင်တချောင်စီမှာ ငြိမ်ပြီး ဖတ်။ ပြီးသွားရင် လဲဖတ်ကြ ..။

ကာတွန်းဦးသန်းကြွယ်သေတုန်းက ငိုတဲ့အကြောင်းလေး ပို့စ်တခုမှာ ရေးခဲ့ဖူးပါတယ်။

ဒါကျမတို့ မောင်နှမ နှစ်ယောက် ဖြတ်သမ်းရတဲ့ နွေကျောင်းပိတ်ရက်တွေပါ။ တခါတလေ ကိုနောင်ကြီးရဲ့ သူငယ်ချင်း ကျမအစ်ကိုလိုပဲဖြစ်နေတဲ့ ကိုရိုးရောက်လာတတ်တယ်။ များသောအားဖြင့် ကတော့ ကျမတို့မောင်နှမ နှစ်ယောက်ထဲပါ။

ကျမတို့ခြံကြီးရဲ့ဘေးက အိမ်မှာ ကျမတို့ရဲ့ အဘိုးအရင်းအဘွားအရင်းလိုပဲ ဖြစ်နေတဲ့ ဖိုးဥာဏ်နဲ့ ဖွားစိန် ဆိုတဲ့ အဘိုးအဘွားလင်မယား ၂ ယောက်ရှိတယ်။ သူတို့က တခါတလေ ကျမတို့ဘာလုပ် နေလဲ လာလာကြည့်ပေးတယ်။

နွေကျောင်းပိတ်ရက် ကုန်ခါနီးအချိန်တွေက မိုးရွာပြီဆိုတော့ နေ့ခင်းမိုးသည်းချိန် ကျမတို့ မိုးရေထွက်ချိုးကြတယ်။ ခြံထဲမှာ မိုးရေတဝချိုးပြီးရင် ကျမတို့မောင်နှမ ခြံထဲ သင်္ဘောပင်က သင်္ဘောသီးကို ခူးပြီး စပ်စပ် သုတ်စားကြတယ်။ အစ်ကိုက သုတ်တာပါ။ သူက အသုတ် သုတ်တာ တော်တော်ကောင်းတယ်။

အဲဒီအချိန်ထိ အစ်ကိုက ညနေစာ ထမင်းချက်ထားရတယ်။ ကျမတာဝန်က အိမ်ရှင်းပေါ့။ တနေ့လုံး မောင်နှမ ၂ ယောက်ဖွထားသမျှ အဖေ၊ အမေ ပြန်မလာခင်မှာ သေချာ ရှင်းလင်းသိမ်းဆည်းရတယ်။ ဖုန်တွေသုတ် တံမြက်စည်းလှဲရတယ်။ ခက်တာက ကျမက အဲဒါတွေလုံးဝ မလုပ်ချင်ဘူး။ ကျမ လုပ်ချင်တာက ထမင်းဟင်း ချက်ချင်တာ။ မေမေက ကျမငယ်သေးတယ် ဆိုပြီး ပေးမချက်ဘူး။

အဲဒီ ပြဿနာကို ကျမအစ်ကိုက ဖြေရှင်းပေးလိုက်တယ်။ ကျမကို သူက မီးမွှေးနည်း၊ ထမင်းတည် နည်း၊ ငှဲ့နည်း၊ နှပ်နည်းတွေကို ဆရာစားမချန် အမေတို့ မသိအောင် သင်ပေးပါတော့တယ်။ မေမေ သိရင် ဆူမှာလေ။ အဲ့တုန်းက ကျမက ၁၀ နှစ်တောင်မပြည့်ချင်သေးဘူး။ ကျမကလည်း အသစ် အဆန်းတခု အနေနဲ့ အရမ်းလုပ်ချင်တော့ ကြိုးစားပမ်းစား သင်ပါတယ်။ ထမင်းချက်တတ်တော့ ဟင်းချက်နည်းတွေပါသင်တယ်။

ညနေတွေမှာ ကျမက ထမင်းဟင်းချက်၊ အစ်ကိုက ဘောလုံးသွားကန် ... အစတော့ ဟုတ်နေ သေးတာ။ နောက်တော့ မောင်နှမနှစ်ယောက် မတည့်ကြပြန်ဘူး။ ထုံးစံအတိုင်း အစ်ကိုက အစ သန်တော့ ကျမ မခံနိုင်အောင်စရာကနေ ထ ရန်ဖြစ်ကြကော။ အဲ့မှာ ကျမက မေမေတို့ကို အကုန် ပြန်တိုင်ရော။ အဲဒီအချိန်မှာ ကျမက ထမင်းဟင်းကို တဘက်ကမ်းခပ် ချက်တတ်နေပြီလေ။

အဲဒီမှာ အမေက ဆုံးဖြတ်ချက်ချလိုက်တယ်။ “သမီးက မိန်းကလေးပဲ .. ချက်တတ်ပြီ ဆိုတော့လည်း ကောင်းတာပေါ့။ သမီးပဲ ဆက်ချက်တော့” တဲ့။ ကျမမှာကိုယ့်ရှူးကိုယ်ပတ် အဲဒီကစပြီး ထန်းပင်တက် လက်မှတ် ရသွားလိုက်တာ ... ။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း အီးကို မွှေးတယ်လို့ ကြောင်တောင်တောင်ပြောဖူးတဲ့ ကောင်မလေးက စိတ်ကူးသိပ်ယဉ်ပါတယ်၊ တခါတခါ အတွေးလည်းလွန်ပါတယ်။ လက်တွေ့စမ်းသပ်ချက်တွေလည်း သိပ်လုပ်ပါတယ်။

အတွေးလွန်ပြီး ထမင်းအိုးပျော့တာ၊ တူးတာ ခနခနဖြစ်ပါတယ်။ ကျမရဲ့ လက်တွေ့စမ်းသပ်ချက် တွေကလည်း တော်တော်ပြောင်မြောက်ပါတယ်။ မရိုးပင် အကိုင်းကို နွားနို့ကျိုတဲ့ထဲ ထည့်မွှေရင် မလိုင်ဖြစ်တယ်လို့ ကြားဖူးတော့ အငယ်လေးသောက်ဖို့ ကျိုထားတဲ့ နွားနို့အိုးထဲ မရိုးကိုင်းထည့် မွှေတာ မလိုင်မဖြစ်ဘဲ နို့ပျက်သလို ရေသတ်သတ် နို့ဖတ်တွေသတ်သတ် ဖြစ်ကုန်လို့ အရိုက်ခံ ထိပါတယ်။

သီဟိုဆံဆိုတာ သီဟိုစေ့ကို မီးဖုတ်ပြီး ရတာပဲလို့ ကိုယ့်ဘာသာစဉ်းစားပြီး သီဟိုစေ့ အစိုကြီးကို မီးဖိုထဲ ထည့်ဖုတ်တာ အုန်းခနဲ ထပေါက်တော့ .. ကံကောင်းလို့ မျက်စေ့တွေဘာတွေ မထိခိုက်တယ်။

နောက် ဒီ့ထက် နည်းနည်း ကြီးလာမှ စမ်းသပ်တာတွေ ရှိသေးတယ်။ ကိတ်မုန့်ဖုတ်ရင်း မီးသွေး တုံးဖြစ်သွားတာတို့၊ စိန်ပန်းပင်ကို ဘွန်ဇိုင်းလုပ်ကြည့်တာ ထင်းဖြစ်သွားတာတို့၊ စထရော် ဗယ်ရီသီးကို ယိုထိုးတာ ကျောက်ခဲလို မာသွားတာတို့ ... ဒါ အမြည်းပဲရှိပါသေးတယ်။ နောက်မှ ဆက်လက်ဖော်ပြပါဦး မယ်။
ဘာပဲဖြစ်ဖြစ် ကျမကတော့ အဲလို လွတ်လွတ်လပ်လပ် ကြောင်တောင်တောင် ပြောခဲ့၊ လုပ်ခဲ့ဖူးတဲ့ ငယ်ဘဝကို အရမ်းလွမ်းဆွတ်တယ်။ ခုချိန်မှာ ကျမကို “ကမ္ဘာပေါ်မှာ ဘယ်သူ့အီးအမွှေးဆုံးလဲ” လို့ လာမေးရင် ရဲရဲဝံ့ဝံ့ ဇိုးကနဲ ဇတ်ကနဲ ပြန်ဖြေနိုင်တော့မှာ မဟုတ်တာ သေချာတယ်။ ငယ်ငယ်ကလို ကိုယ်မှန်တယ်ထင်တာကို ထင်တဲ့အတိုင်း ပြောခဲ့ဖူးတဲ့ ဘဝလေး ပြန်မရနိုင်တော့တာကို စဉ်းစားမိရင် ဝမ်းနည်းမိပါရဲ့ ... ။

အမှတ်တရရက်စွဲများ ၎

စာမရေးတာကြာတော့ တော်တော်ပျင်းသွားတာ။ ဒါပေမယ့် ကျမစိတ်ထဲ ဖြစ်နေတာလေးကိုတော့ ရေးချင်မိသား။ အဲဒီအချိန်မှာ ကိုတောကျောင်းရဲ့ ဘလော့ထဲသွားဝင်ကြည့်လိုက်မိတော့ ကျမကို ဒီပို့စ်လေးရေးဖြစ်အောင် တွန်းပို့သလို ခံစားလိုက်ရတယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်က ကျမတို့ သူငယ်ချင်း တစု အမှတ်မထင် စဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးက ကျမစိတ်ထဲ ဝင်လာတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ် ...။

ဘိုနာတာလီ

ဒီအချိန် ဒီရာသီက ကျမအတွက် အရမ်းကို အလုပ်ရှုပ်ခဲ့တဲ့ အချိန်တွေပေါ့။ အငယ်ကောင် ကိုရဲ စကားနဲ့ ပြောရင် Very Busy not for money အချိန်တွေပေါ့လေ။ ကျမက ဘုရားကျောင်းမှာ လူငယ့်ခေါင်းဆောင် ဆိုပါတော့ ဟဲဟဲ။ ပြောသာပြောရတာ တချိန်လုံး ပေါက်ကရတွေချည်း လုပ်လုပ်နေတာနဲ့ ဘယ်လိုမှ ခေါင်းဆောင်မဖြစ်ထိုက်ပါဘူး။ သို့သော် သီချင်းနဲ့ ပတ်သက်လာရင်တော့ မရဘူး ခေါင်းဆောင်ပဲ။ ကိုယ့်ဘာသာကို ခေါင်းဆောင်ပစ်လိုက်တာ:P

ဒီဇင်ဘာ ပထမပတ် တနင်္ဂနွေကနေစပြီး ခရစ္စမတ်ကွာယာတွေ ဘုရားကျောင်းမှာ ဆိုကြပါတယ်။ အဲဒီမှာ ကျမက Leading parts လို့ခေါ်တဲ့ စပရန်နို ဆိုပါတယ်။ သီချင်းနားလည်တဲ့ သူတွေတော့ သိမှာပေါ့နော်။ ရိုးရိုးပြောရရင် လေးသံရှိတဲ့ထဲမှာ ပထမအသံပေါ့။ ကျန်တဲ့ သုံးသံက ဟာမိုနီ သဘောပါ။ တကယ်က ကျမက ကျန်တဲ့ထဲက အယ်လ်ထိုကို ဆိုချင်တာ။ ဒါပေမယ့် ကျမတို့ရဲ့ ကွာယာ ဆရာ၊ ဆရာမတွေက ကျမကို အဲဒီပထမသံပဲ ဆိုစေချင်တယ်။ သူက ကီးအမြင့်ဆုံး၊ အပင်ပမ်းဆုံးကိုး။ ကျမအသံက စပရန်နိုနဲ့ပဲလိုက်တယ်တဲ့။

~~ Oh come let us adore him ~~ Oh come let us a dore him ~~~

ကွာယာ တပုဒ်ဆိုပြီးတိုင်း သိပ်မောတာပဲ။ ဒါပေမယ့် သိပ်ပျော်တာပဲလေ။ နောက်ပြီး ကျမရဲ့ဆရာ ဦးပီရယ် ကျမရယ်၊ ကျမရဲ့ အချစ်ဆုံးသူငယ်ချင်း မမိုးစီရယ် အငယ်ကောင်ရယ် လေးယောက် ပေါင်းပြီး ကွာ့တက်တွေ ကျင့်ရတာလည်း အမော။ ကျမတို့ကျင့်တဲ့ကွာ့တက်တွေက တကယ့် သီချင်းအခက် ကြီးတွေ၊ တော်ရုံလူ မဆိုနိုင်ဘူး (ဟီဟိ)။ ကျမက ထုံးစံအတိုင်း ပထမသံ စပရန်နို၊ ကျမ သူငယ်ချင်းက ဘယ်သံဆိုတော့ အယ်လ်ထိုဆိုတယ်။ ဦးပီက တန်နာလို့ခေါ်တဲ့ ကီးအမြင့် ဆိုတယ်၊ ကိုရဲက ဘေ့စ်။ အဲဒီကွာ့တက်ကို ခရစ္စမတ်နေ့ ဘုရားကျောင်း ဝတ်ပြုစည်းဝေးမှာ ဆိုတာ။

ကျမတို့ လေးယောက်သား ဦးပီရဲ့ တထပ်တိုက်အိမ်လေး ထဲမှာ ချမ်းချမ်းစီးစီး သီချင်းတွေကျင့်လိုက်၊ ဦးပီ ကိုယ်တိုင်ဖုတ်ထားတဲ့ ကိတ်မုန့်တွေစားလိုက်နဲ့ ကိုယ့်ဘာသာကိုယ် ကျေနပ်နေခဲ့ကြတာပေါ့ .. သိပ်လွမ်းစရာကောင်းတာပဲ။ ကျမတို့က အစွဲလည်းကြီးတယ် တယောက်ယောက်ကို အစားထိုးပြီး ဘယ်တော့မှ မဆိုဘူး။ ဦးပီက ခု ခရစ္စမတ် စင်ကာပူရောက်နေတယ်၊ ကျမက ချင်းမိုင်မှာ၊ မမိုးစီရယ်၊ ကိုရဲရယ်ပဲ ရှိမှာ။ သေချာတာက အယ်လ်ထိုနဲ့ ဘေ့စ်တွဲပြီး သီချင်းတပုဒ်ဆိုလို့မဖြစ်ဘူးလေ။ သူတို့ဘာတွေ လုပ်နေကြမှာပါလိမ့် ...။

ဒီဇင်ဘာ ၁၈၊ ၁၉ လောက်ဆိုရင်တော့ ကျမတို့ မအားကြတော့ဘူး။ ခရစ္စမတ်စ် ကယ်ရယ် စ ထွက်ကြပြီ။ အဲဒီတုန်းက ကျမအသက်က ၂၃၊ ၂၄ လောက်ပေါ့။ ကျမတို့ ဘုရားကျောင်းအတွက် ခရစ္စမတ် သီချင်းတွေကို ကျမကိုယ်တိုင်ရေးပါတယ်။ ကျမရေးတဲ့ “ကမ္ဘာကြီးကို ပြောပြ လိုက်တော့ မယ်” ဆိုတဲ့ သီချင်းလေးက ကျမတို့ မြို့ကလေးမှာတော့ နာမည်ကြီးပေါ့ :P ပြီးတော့ လူငယ်တွေကို သီချင်းကျင့်ပေးရင် ကျမကဂစ်တာတီးတယ်၊ မမိုးစီက သီချင်းတွေကို သေချာ သင်ပေးတယ်။ သင်ပေးတဲ့ အလုပ်မှာတော့ ကျမက မကျွမ်းကျင်ဘူး။ ကျမတို့ ၂ ယောက်ပေါင်းမှပဲ အလုပ်ဖြစ်တယ်လေ။

နှင်းတွေဝေနေတဲ့ ညဘက်တွေမှာ ကျမတို့ရဲ့ အသံတွေကုန်အောင်၊ လည်ချောင်းတွေ ကွဲအောင် ဆိုခဲ့ကြတယ်။ မမောတမ်း လမ်းတွေ လျှောက်ခဲ့တယ်။ ကျမလက်တွေဆိုတာ အသားမာတွေ ဘယ်လောက်တက်တက် လုံးဝ မနားဘူး။ ပြီးတော့ ကျမတို့က ဘုရားကျောင်းက အန်တီကြီးတွေကို ပူစာထားပြီးသား ... ဒီနေ့အတွက် နောက်ဆုံးအိမ်ကို အန်တီတို့အိမ်ကိုသတ်မှတ်မယ် .. ကြာဆန်ချက်ကလေး စားချင်ပါတယ် ... :) .. ။ ဒါက ဘုရားကျောင်းက လူငယ်တွေနဲ့ပေါ့။

ကျမတို့ မောင်နှမသုံးယောက်အပါအဝင် ကျမတို့ သူငယ်ချင်းတသိုက် (တခြား ဘာသာဝင်တွေလည်း ပါတယ်) က တခြားအချိန်မှာ ဘယ်လို ပေါက်တက်ကရတွေပဲ လုပ်ခဲ့လုပ်ခဲ့ ဒီဇင်ဘာလထဲက တရက်ရက်မှာ သိပ်ကို ပျော်စရာ၊ ကြည်နူးစရာကောင်းတဲ့ အလုပ်ကလေးတခုကို မထင်မရှား လုပ်လေ့ ရှိကြပါတယ်။

အဲဒါကတော့ ကျမတို့ သန်လျင်ကနေ ကားနဲ့ နာရီဝက်လောက်ပဲ မောင်းရတဲ့ ကျောက်ရေတွင်း ကျေးရွာလေးက ကလေးလေးတွေကို ခရစ္စမတ် သွားလုပ်ပေးတာပါ။ အဲလိုသွားလုပ်တာ ဆက်တိုက် ၁၃ နှစ်လောက် ရှိလိမ့်မယ်။ လူမစုံလို့ မလုပ်နိုင်တော့တာ မှတ်မှတ်ရရ ၂ နှစ်ပဲရှိပါသေးတယ်။

အဲဒီရွာမှာ ကျမတို့ ဘုရားကျောင်းက အန်တီကြီးနဲ့ အန်ကယ်လ်ကြီးနေပါတယ်။ အဲဒီမှာ ခုဆိုရင် နှစ် ၁၀၀ ပြည့်ပြီးတဲ့ ကျောက်ရေတွင်း ဘုရားကျောင်းသေးသေးလေးလည်း ရှိပါတယ်။ အန်တီကြီးတို့ အိမ်က ရွာထဲက ကလေးတွေအားလုံးကို လူမျိုးဘာသာ မခွဲခြားဘဲ စာရင်းကောက် .. စုပေးထားတယ်။ ကျမတို့က အန်တီကြီးတို့ အိမ်မှာ ညကတည်းက သွားအိပ်ပြီး ချက်ပြုတ်ကြတာ။

အဲဒီအတွက် လိုအပ်တဲ့ ငွေကိုတော့ ကျမတို့ကိုယ်စီ အလုပ်တွေ မလုပ်ကြသေးခင်က ကိုယ့်ဘာသာ တတ်နိုင်တဲ့ နည်းနဲ့ ရှာပါတယ်။ ကျမအစ်ကိုကြီးရဲ့ မူကြိုကတည်းက သူငယ်ချင်း ... ကိုရိုးက တံဆိပ်ရိုက် တာတွေ၊ ဒီဇိုင်းဆွဲတာတွေ လုပ်တတ်တော့ အင်္ကျီတွေမှာ တံဆိပ်ရိုက်ပြီး လိုက်ရောင်းတယ်။ ပိုက်ဆံမပြည့်ရင် ကိုယ့်မုန့်ဖိုးထဲက ကိုယ့်ဘာသာစုပြီးထည့်တယ်။

နောက်ပိုင်းနှစ်တွေကျတော့ ကျမရဲ့သီချင်းတွေရယ် ခရစ္စမတ်စ်အိုးလ်ဒီးစ် သီချင်းတွေရယ်ကို သေချာ ကျင့်ပြီး ကယ်ရယ်ထွက် အလှူခံပါတယ်။ အဲလိုထွက်တာ အလှူခံတာသတ်သတ်မို့ ချမ်းသာတဲ့အိမ် ၂၀ လောက်ကိုပဲ ကျမတို့လုပ်မယ့်အလုပ်ကိုသေချာရှင်းပြပြီး သီချင်းလိုက်ဆိုတာပါ။ သူတို့တွေကလည်း လက်ခံပါတယ်။ နှစ်တိုင်းသွားဆိုနေကျမို့ တနှစ်လောက်မရောက်ဖြစ်ရင် လာနေကျအိမ်တွေက “မိုးစီတို့ တူးတူးတို့ ဒီနှစ်မလာကြဘူးလား” ဆိုပြီး မေးကြတယ်။

ကျမတို့အဖွဲ့ထဲမှာ မမိုးစီရယ်၊ ဝေါဝေါရယ် ကျမရယ်ပဲ မိန်းကလေးပါတယ်။ နောက် မမိုးစီရဲ့ အစ်မ မမျိုးပါတယ်။ မမျိုးက အသိအကျွမ်းပေါတော့ သူပဲဦးဆောင်ပြီး ခေါ်သွားလေ့ရှိတယ်။ လိုတဲ့ကားကိုလည်း မမိုးစီရဲ့ နောက်ထပ် အစ်မကြီးတယောက်စီမှာ အလှူခံတာပါ။ ရယ်စရာကောင်းတာက ကျမတို့ အဖွဲ့ထဲမှာ အသံမတည်တဲ့သူတော်တော်များတယ်။ အဲဒီတော့ သန်လျင်မှာရှိတဲ့ ဘုရားကျောင်းပေါင်းစုံက အသံကောင်းတဲ့ လေးငါးယောက်လောက်ကို ကျမတို့နဲ့လိုက်ခဲ့ဖို့ ဆွယ်ရတယ်။ သူတို့ကလည်း သိပ် မဆွယ်ရပါဘူး .. ကျမတို့နဲ့ဆို ပျော်တော့ လိုက်ကြတာပါပဲ။

ကိုရဲကတယောထိုး ကျမနဲ့ မောင်ရဲဆိုတဲ့ ကျမသူငယ်ချင်းက ဂစ်တာတီး။ ဒီလိုနဲ့ ကျမတို့ ကယ်ရယ် အဖွဲ့လေးက မြိုင်ဆိုင်သွားတာ။ အဲဒီလို ကယ်ရယ်ထွက်တဲ့နေ့မှာတော့ အဆုံးသတ်အိမ်က ကျမတို့နဲ့ သိပ်ခင်တဲ့၊ ကျမတို့က ဆရာကျားလို့ ခေါ်တဲ့ သုဝဏ္ဏ နှစ်ချင်းသင်းအုပ်ဆရာ ဦးမောင်မောင်ကျားရဲ့ အိမ်ပါ။ ဆရာကျားက သန်လျင်ဇာတိ၊ ပြီးတော့ ကျမတို့ လူဆိုးအဖွဲ့ကိုသိပ်ခင်တယ်။ ဆရာ့အိမ်မှာတော့ ... ကျမတို့ တီးတာ၊ ဆိုတာကိုချည်း အကြာကြီးလုပ်ကြတယ်။ ဆရာက ဘင်ဂျိုလေးလိုက်တီးလိုက်၊ တချို့သီချင်းတွေမှာ အကော်ဒီယံလိုက်တီးလိုက်နဲ့ပေါ့။ ဆရာကတော် မချိုလေးနဲ့ ဆရာ့သမီးတွေက ကျမတို့အတွက် မုန့်တွေပြင်ပေးတယ်။

နောက်ရက်တွေမှာတော့ ကျမတို့အဖွဲ့ ဈေးဝယ်ထွက်ပါတယ်။ ပေးရမယ့် ကလေးစာရင်းက ရပြီးသား ဆိုတော့ စာရင်းနဲ့ကိုက်ပြီး လက်ဆောင်တွေဝယ်ရုံပဲ။ အဲဒီမှာတော့ ဝေါဝေါက ဆရာမကြီး ... သူက ကဂျီကဂျောင် ကလည်းကျ၊ ဆယ်တန်းအောင်ပြီးကတည်းက အီကိုနဲ့ညားတဲ့သူဆိုတော့ စည်းစနစ်က လည်းကျ။ အဲဒီမှာ နောက်ကလိုက်ရတဲ့ ကျမတို့ သေပြီသာမှတ်တော့။ ငါးပြား၊ ဆယ်ပြားကအစ ကွာနေရင် ဘယ်လောက်ဝေးဝေး အရင်ဆိုင်ကို ပြန်သွားတာ။ ကျမတို့မှာ မျက်နှာပူစရာတွေလည်း ကြုံရ .. တခါတလေ ဈေးဆစ်ပြီး ဆစ်တဲ့ဈေးနဲ့ ပေးတာတောင် မယူဘဲ ထွက်ချင်ထွက်သွား ... အဲလိုတွေ လုပ်တာလေ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပျော်တယ်။

ကျမတို့က ကျမတို့ငယ်ငယ်က မရခဲ့ဖူးတဲ့ လက်ဆောင်မျိုးတွေ ပေးချင်တာ။ အဲလို ပေးနိုင်အောင်ထိ ငွေရှာကြတယ်။ ဥပမာ - အနွေးထည် ကောင်းကောင်းလိုမျိုး၊ ကျောပိုးအိတ်လိုမျိုး .. တနှစ်ဆို စတီးချိုင့်တွေပါ ပေးတာ။ နောက်တော့ မုန့်တွေ .. မုန့်တွေဆိုရင်လည်း အဲဒီကလေးလေးတွေနဲ့ အလှမ်း တော်တော် ဝေးတဲ့ ချော့ကလက်တွေ၊ ချိုချဉ်တွေ၊ ပန်းသီး လိမ္မော်သီးတွေ အောတိုက်ပဲ။

ညဘက်ကတော့ ကျမတို့သူငယ်ချင်းတသိုက်ရဲ့ပွဲပေါ့။ မနက် ကလေးတွေကို ကြာဆံချက်ကျွေးမယ် ဆိုရင် ကြာဆံချက်ချက်မယ့်ထဲက ပိုတဲ့ အရိုးလေးအရင်းလေးကို တောင်းရတယ်။ တောင်းရတယ်ဆိုတာ တကယ်။ ဘာလို့ဆို မမိုးစီနဲ့ ဝေါဝေါက အိုးသူကြီးလေ။ သူတို့ မပေးရင် စားလို့မရဘူး။ အရိုးအရင်းလေးတွေ၊ အူတွေ ဘာတွေကို သုတ်တာတိုဘာတို့ကတော့ မမျိုးကကျွမ်းတယ်။ နောက် မမျိုးက သူ့အိတ်စိုက်အမြည်းသေချာ လုပ်ပေးတတ်သေးတယ်။ ထုံးစံအတိုင်း သောက်ကြ၊ အော်ကြပေါ့။ မောင်ရဲက ထူးအိမ်သင်သီချင်းတွေ အဆိုကောင်းပေါ့ ..။ ကျမကတော့ သူဘာဆိုဆို ဟာမိုနီလိုက်တာပဲ။ အန်တီကြီးတို့အိမ်က လယ်ကွင်းကြီးထဲမှာ တခြားအိမ်တွေနဲ့ အဝေးကြီး ဆိုတော့ ကျမတို့တသိုက် အော်ချင်တိုင်းအော်၊ ဟစ်ချင်တိုင်းဟစ်။ အိမ်ရှင်တွေကတော့ အဲဒီတရက်ကို ဒုက္ခခံပေးရှာပါတယ်။

မနက်လင်းလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တကယ့်လယ်ကွင်းကြီးက မျက်စိတဆုံး။ နှင်းတွေဝေလို့ သိပ်လှတာ။ ကျမဝတ္ထုတွေထဲမှာပါတဲ့ ကိုစီတုတ်ဆိုတဲ့ ဇာတ်ကောင်က အဲ့ရွာကလေ။ သူ့နာမည်ကို သဘောကျလို့ ယူသုံးတာပါ။ ခုတော့ ဆုံးရှာပြီ။

ကျမအစ်ကိုမှာ အချစ်ဆုံးသူငယ်ချင်း ၂ ယောက်ရှိတယ်။ တကယ့် မူကြိုထဲက ခုထိတွဲနေတဲ့သူငယ်ချင်းတွေ။ ကျမရဲ့ အစ်ကိုတွေပဲပေါ့။ ကိုရိုးနဲ့ ကိုချင်းမြင့်တဲ့။ သူတို့အသက်တွေ ဘယ်လောက်ပဲ ကြီးလာ ကြီးလာ သူတို့ သုံးယောက်ပြန်ဆုံရင် တကယ့် ကလေးလေးတွေလိုဖြစ်သွားတာ။ သိပ်ပျော်စရာ ကောင်းတာပဲ။ အလုပ်ကိုယ်စီနဲ့ မအားတော့တဲ့ အချိန်ဖြစ်သွားရင်လည်း တနှစ်လုံး ဘယ်လိုပဲ မဆုံပစေ ... ဒီဇင်ဘာ ... အဲဒီ ကာလလေးမှာ ကျမတို့သူငယ်ချင်းတသိုက် ဆုံကြပြီး ကလေးတွေ ပြန်ဖြစ်သွားကြတာပါပဲ။

ကျမတို့ မောင်နှမသုံးယောက်က တယောက်နဲ့တယောက် သူငယ်ချင်းတွေလို ပေါင်းတာဆိုတော့ ကျမတို့ သုံးယောက်ရဲ့ သူငယ်ချင်းတွေကလည်း သူငယ်ချင်းတွေ ပြန်ဖြစ်သွားကြတာ။ အားလုံးက တကယ့် မောင်နှမတွေလိုပဲ။ ပြဿနာတွေ မရှိဘူးလားဆိုတော့ ဘယ်နေလိမ့်မလဲ။ လူတွေပဲဟာ ရှိတာပေါ့။ ဒါပေမယ့် ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကြပဲ။ ဒီစာရေးရင်းနဲ့ လွမ်းလိုက်တာ။

ကိုချင်းမြင့်အကျင့်က သူအိပ်ချင်ပြီဆိုမရဘူး။ ရအောင် အိပ်စရာနေရာရှာအိပ်တယ်။ အဲဒါကိုသိတဲ့ ကိုရိုးနဲ့ ကျမအစ်ကို ကိုနောင်ကြီးတို့ကလည်း မရရအောင် နှောင့်ယှက်တယ် (ကျမတို့က ဖောင်ဖျက် တယ်လို့ သုံးတယ်)။ ကိုချင်းမြင့်ကလည်း မရရအောင် အိပ်တယ်။ သူအိပ်ရမယ့် နေရာကို သူက အစောကြီးကတည်းက ရှာပြီးသား။ ပြီးရင် ဘယ်သူမှမသိအောင် တိတ်တိတ်လေး ကိုယ်ယောင်ဖျောက်ပြီး သွားအိပ်ရော။ (ဥပမာ - ကျမတို့အိမ်မှာစုအိပ်ပြီဆိုရင် သူ့ရဲ့ဘိက ကုတင်အောက်လို နေရာမျိုး။ ကြည့်လိုက်ရင် ရုတ်တရက် မမြင်ရအောင် ကိုယ်ကိုကျုံ့ပြီး အမှောင်လေးထဲ အိပ်တာ) အဲလိုဆို ကိုရိုးနဲ့ ကိုနောင်ကြီးက တူတူပုန်းတန်း ရှာသလို ရအောင်လိုက်ရှာ၊ တွေ့လို့ကတော့ ဖောင်ဖျက်ပြီ။ အဲလိုနဲ့ သူတို့သုံးယောက် တညလုံး မအိပ်ကြတော့ဘူး။ သွားအိပ်လိုက် လိုက်ရှာပြီး နှောင့်ယှက်လိုက်နဲ့ သံသရာလည်နေတာလေ။

ကိုချင်းမြင့်က သူမအိပ်ရတော့ဘူးဆိုရင် ဘယ်သူမှမအိပ်ရအောင်လုပ်ရော။ နောက်ဆုံး ကျမတို့တွေကိုပါ ရအောင်လိုက်နှိုး၊ လိုက်နှောက်ယှက် ...။

တနှစ်မှာ ကလေးတွေကို ကြာဆန်ချက်ကျွေးဖို့ ညကတည်းကလုပ်စရာရှိတာ အဆင်သင့်လုပ်ထား၊ မမိုးစီက ကြက်သားဆီသတ်ထားပြီး သန်းခေါင်ကျော်လောက် ကျမတို့ မိန်းကလေးတွေ အိမ်ပေါ် တက်အိပ်ကြတယ်။ မမိုးစီက မနက် ၅ နာရီ သူ့ကိုနှိုးဖို့ ကိုချင်းမြင့်ကိုမှာထားတယ်။ အစောကြီးနိုးတတ် တာ သူတယောက်ပဲ ရှိတာကိုး။ မနှိုးခင် ရေနွေးအရင်တည်ထားဖို့လည်း မှာထားသေးတယ်။

အဲဒီနှစ်ကတော့ ကိုချင်းမြင့် အောင်မြင်သွားတယ်ပြောရမယ်။ သူ့အိပ်ရာကို ဘယ်သူမှ ရှာမတွေ့လိုက်ဘူး။ သူကောင်းကောင်းအိပ်ရတော့ ကျန်တဲ့သူတွေကိုလည်း မနှောင့်ယှက်ဘဲ မမိုးစီမှာသလို ရေနွေးအိုး တည်တယ် .. ရေနွေးဆူတဲ့ထိ ၅ နာရီမထိုးသေးတော့ မနှိုးချင်သေးတာနဲ့ ဘာလုပ်လဲဆိုတော့ ကြာဆံချက်ထဲထည့်ချက်ရမယ့် ပဲလိပ်တွေကို ခပ်တည်တည်နဲ့ ပြုတ်ပါတယ်။ ပဲလိပ်ဆိုတာက အားလုံးတည်ပြီး အိုးဆူပြီးမှထည့်ရတာမျိုးလေ။ သူက သေချာကိုပြုတ်တာ။ အဲဒီတော့ ပဲလိပ်တွေဆိုတာ ပျော့ပြဲရုံတင်မကဘူး အရည်ပျော်ကုန်တာ။ မမိုးစီလည်းနိုးရော ... ဘာပြောကောင်းမလဲ ဆူခံထိ တာပေါ့။ ဒါပေမယ့်လည်း ကြာကြာ မဆူနိုင်ပါဘူး။ ကလေးတွေ မလာခင် အပြီးကျက်အောင်ချက်ရမှာလေ။ ပဲလိပ်အပျော်လေးတွေနဲ့လည်း ကောင်းတာပါပဲ :P

ကျမတို့နိုးရင်တော့ လက်ဘက်ရည်ဖြစ်ဖြစ် ကော်ဖီဖြစ်ဖြစ် တအိုးကြီးဖျော်၊ ရွာထဲကကောက်ညှင်းပေါင်းနဲ့ .. မီးလှုံရင်းစားကြ။ ပြီးတာနဲ့ ပူပေါင်းတွေ မှုတ်ကြ၊ ကလေးတွေအတွက် လက်ဆောင်တွေကို အိတ်တွေထဲ ထည့်ကြနဲ့ အားလုံးပြီးတဲ့အချိန် ၇ နာရီ ခွဲမှာ ကလေးတွေရောက်လာပါလေရော။

ကလေးဆိုတာမျိုးက သိပ်သန့်စင်တာနော်။ ကျမတို့ ချက်ထားသမျှကို ဘာဝေဖန်ချက်မှ မပေးဘူး။ စားလိုက်ကြတာဆိုတာ။ တကယ်လည်း မမိုးစီက အချက်အပြုတ် တော်တော် တော်တာပါ။

ရွာထဲက ကလေးတွေထဲမှာ ခရစ်ယာန်ကလေးတွေကလွဲရင် ခရစ္စမတ်ဆိုတာ မသိကြဘူး၊ ပြီးတော့ ခရစ္စမတ် လတ်ဆောင် မရဖူးကြဘူး မဟုတ်လား။ ပြီးတော့ အားလုံးက နွမ်းပါးကြတယ်။ သူတို့ဝတ်လာတဲ့ သူတို့မှာရှိသမျှ အကောင်းဆုံးအဝတ်အစား လေးတွေကပဲ တော်တော့ကို မှေးမှိန်နေပါတယ်။

စားသောက်ပြီးရင် အားလုံးကို ဘုရားကျောင်းလေးထဲ ခေါ်သွားပြီး ကျမကသီချင်းသင်ပေးတယ်။ နောက် တယောက်ယောက်က ပုံပြောတယ်။ ကလေးတွေနဲ့အတူ သီချင်းတွေ ဆိုကြတယ်။ ကလေးတွေက ကျမတို့ကို နှစ်တိုင်းမျှော်တာ။ ကျမတို့သင်ပေးတဲ့ သီချင်းတွေ၊ ပုံပြင်တွေကို နောက်နှစ် တွေမှာ ပြန်မေးရင် ... အားလုံး ပြောနိုင်ကြတယ်။ ပြီးရင်တော့ လက်ဆောင်တွေ ဝေ၊ ဓာတ်ပုံတွေ ရိုက်ကြ ..။ တနှစ်မှာ ကလေးအားလုံးကို မျက်နှာဖုံးလေးတွေ ဝေတယ်။ ကျမတို့အားလုံးလည်း မျက်နှာဖုံးလေးတွေစွပ်တယ်။ ပြီးတော့ ဓာတ်ပုံရိုက်ကြတယ် (အဲဒီပုံကို ကိုရိုးက နောက်တနှစ် တီရှပ်မှာရိုက်ပြီး ဆင်တူဝတ်ကြတယ်)

ကလေးတွေပြန်သွားရင်တော့ ပစ္စည်းတွေ သိမ်းဆည်းရပြီ။ အဲဒီမှာ ကျမတို့ကဏ္ဍ ပြန်ရောက်လာပြီ။ လူဆိုတာ ကောင်းတာနဲ့ဆိုးတာ အမြဲဒွန်တွဲနေတတ်တာမျိုးတဲ့ .. သိပ်မှန်တာပဲ (ဟီဟိ) ရွာထဲက ထန်းရည်က အရမ်းကောင်းတာလေ။ ကိုစီတုတ်က ကျည်တောက်တွေနဲ့ အဆင်သင့် စောင့်နေတာ။ ထန်းရည်မော့လိုက်၊ အိုးတိုက် ပန်းကန်ဆေးလိုက် ... ။ ရန်တွေထဖြစ်လိုက် ... ။ မခေါ်မပြောတွေ ဖြစ်လိုက်ကြ။ နောက်တော့လည်း မေ့သွား၊ နောက်တနှစ်မှာ စကြမယ်ဟေ့ဆို ရောက်လာကြတာပါပဲ။

ဒီပို့စ်လေးရဲ့ ခေါင်းစဉ် “ဘိုနာတာလီ” ဆိုတာ အီတလီလို မယ်ရီခရစ္စမတ်လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီသီချင်း လေးကို ကျမ ယူကျုမှာရှာတာ မတွေ့ဘူး ... တွေ့ရင် တင်ပေးမလို့ပါ။ ကျမတို့အဖွဲ့ရဲ့ ဖေးဘရိတ် သီချင်းလေးပေါ့။ အထူးသဖြင့် ကျမနဲ့ မမိုးစီ ဂျူးအက် ဆိုလေ့ရှိတယ်။

ခရစ္စမတ်ဆိုတာ တကယ်တော့ ကိုယ်ရယူဖို့မဟုတ်ဘူး ... သူများကို ပေးဖို့လို့ ကျမတို့ သူငယ်ချင်း တသိုက် ယူဆခဲ့တဲ့အတွက် အဲဒီအစီအစဉ်လေးကို ဘာပရောဂမှမပါဘဲ ၁၀ နှစ်ကျော် ဆင်နွှဲခဲ့ဖူးပါတယ်။ ကျမတို့ လက်ဆောင်တွေ ဝေခဲ့ဖူးတဲ့ ကလေးတွေ တချို့ အိမ်ထောင်တွေကျပြီး သားသမီးတွေ ရနေပါပြီ။ သူတို့ရဲ့ ကလေးတွေကို သူတို့ ပြန်ပြောပြကောင်း ပြောပြလိမ့်မယ်ထင်ပါရဲ့။ ဆိုးသွမ်း သောင်းကျန်းပေမယ့် ချစ်စရာကောင်းတဲ့ သူငယ်ချင်းတသိုက် သူတို့ဆီလာပြီး ခရစ္စမတ်ဆိုတာ ကျင်းပပေးခဲ့တဲ့ အကြောင်းကိုပေါ့။ ကျမတို့ သူငယ်ချင်းတွေ တနေရာထဲမှာ ပြန်ဆုံခွင့်ရပါဦးမလား ... ။ မပြောတတ်ဘူး ...။

ခုလောလောဆယ်တော့ ... Bonatali in Italy .. means a merry X’mas to you.... လို့ ကျမ တယောက်တည်း ဆိုနေပါတယ် ... ။

အရေးပေါ်အခြေအနေ

ခရီးတခုသွားပါသည်။ သွားမယ်လို့စီစဉ်ပြီးကာမှ ပျက် ... ပြီးမှ အစီအစဉ်ပြန်ဖြစ်။ အဲလို ကမောက်ကမ နိုင်တဲ့ ခရီးဆိုတော့လည်း အူကြောင်ကြောင်နဲ့ တကယ်မှ သွားမှ သွားရပါ့မလား ဆိုပြီးမှ ခုတော့ သွားရမတဲ့။ အဲတော့လည်း သွားရုံပေါ့။ သွားပြီနော် ..။ အားလုံးပဲ တာ့တာ။ ခရီးသွားတုန်းမှာ ထုံးစံအတိုင်း ဘလော့နားပါမယ် ... အဟိ ပျော်စရာကြီး။ ပြန်လာရင် ရေးစရာတွေ အများကြီးရလာမှာ .... ။ တာ့တာ :P