Showing posts with label စိတ်ကူးတည့်ရာ. Show all posts
Showing posts with label စိတ်ကူးတည့်ရာ. Show all posts

ဗျူးတီးဖူးလ် မြန်မာ .. ပလန်းတီးဖူးလ် မြန်မာ ..

စိတ်ကူးတည့်ရာ

တကယ်တော့ ဂလိုအကြောင်းအရာမျိုးတွေ တူးတူးသာ ရေးခဲပါတယ်။ သို့သော် ဒီနေ့တော့ မနေနိုင်လို့ လက်နည်းနည်း ဆော့လိုက်ဦးမယ်။

အဖြစ်က ဒီလို .. ရန်ကုန်က သူငယ်ချင်းတယောက်နဲ့ ဒီနေ့ ဖုန်းပြောဖြစ်တယ်။ ဂျီတီအိုင်တုန်းက ၇ ရက်သားသမီးထဲမှာ ပါတဲ့သူငယ်ချင်းပါ။ သူက တနင်္လာသားပေါ့။ အဲဒီ သူငယ်ချင်းက ကျမနဲ့ တော်တော်လေး ခင်တယ်။ အင်္ဂါသား အထွန်းဖွားလေးအကြောင်း ရေးတုန်းကလည်း သူပါတယ်လေ။ သြော် စာဖတ်သူတွေကို ပြန်မိတ်ဆက်ပေးရရင် မျက်ခုံး ရိပ်သူများ ထဲက ဇာတ်လိုက်ကျော် တိုးဂိုက်ကြီးလို့လည်း ဆိုနိုင်ရဲ့။ ဂျီတီအိုင်က သူငယ်ချင်း ဆိုပေမယ့် ကျမရဲ့ မိသားစုဝင်တွေ၊ သန်လျင်ကငယ်သူငယ်ချင်းတွေနဲ့ပါ ခင်တာ။

ဒီနေ့ သူ့ကို ဖုန်းဆက်ဖြစ်တဲ့ အကြောင်းကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ သူ့လုပ်ငန်းအကြောင်း မေးရင်း ပုဂံက ဘုရားဟောင်းတွေ သစ်ကုန်တာ၊ မြောက်ဦးက ဘုရားဟောင်းတွေ မဟောင်းတော့တာ .. အဲ့အကြောင်း တွေ လေပစ်ပါတယ်။

အဲလိုလေပစ်ရင်း တခြားသူငယ်ချင်းတယောက်နဲ့ သူဆုံတဲ့အကြောင်း ရောက်သွားတယ်။ အဲ့သူငယ်ချင်းက တကယ်တော့ သူ့သူငယ်ချင်း အရင်းမဟုတ်ဘူး။ ကျမနဲ့ ပတ်သက်ပြီးမှ သူနဲ့သိသွားတာ။ ကျမရဲ့ အစ်ကိုဆို လည်း ဟုတ် .. ဘော်ဒါဆိုလည်းဟုတ်တဲ့သူတယောက်ပါ..။ သူ့နာမည်လည်း ကျမ ဝတ္ထုတွေထဲ မကြာခဏ ပါတတ်ပါတယ်။

အဲဒီနှစ်ယောက်ဆုံကြတော့ အလာပ သလာပ ပြောကြရင်း ကျမရဲ့ သူငယ်ချင်း တနင်္လာသားကို အစ်ကိုတော် ကြာသပတေးသားက ပြောသတဲ့။

ဘာလဲဆိုတော့ကာ အဲဒီနေ့က သူတို့ ရုံး နေ့တဝက်ပိတ်လိုက်ရတယ် ဆိုတဲ့အကြောင်း .. ဘာကြောင့်ပိတ်ရ သလဲဆိုတော့ .. အိမ်သာထဲမှာ ကပ်ထားတဲ့ ကြွေပြားတွေဟာ ဘယ်သူမှ ဘာမှလည်း မလုပ်ရသေးဘဲ .. တုတ်တုတ်တောင် မလှုပ်ရသေးဘဲ .. ဝေါခနဲ အချပ်လိုက်ကွာပြီး ပြုတ်ကျခဲ့လို့ အားလုံး အံ့အားတွေသင့်ကုန်ရ တယ် ဆိုတဲ့အကြောင်း ..။

သူတို့ရုံးက နိုင်ငံခြားသားတွေနဲ့ အတူတူ လုပ်ရတဲ့ အန်ဂျီအို ရုံးဖြစ်တာကြောင့် နိုင်ငံတကာမှာ မြန်မာ့ဆောက် လုပ် ရေးဟဲ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားနေရမှာ ကြောက်တာရယ် .. ဝန်ထမ်းတွေ ရဲ့ အသက်အန္တရာယ်တွေ ဘာတွေ အထိ စဉ်းစားမိတာရယ်ကြောင့် အဲဒီနေ့က .. ရုံးကို နေ့တဝက် ပိတ်ပေးလိုက်ရတယ် ဆိုတဲ့ အကြောင်း .. ပြောသတဲ့။

ဟုတ်တော့လည်း ဟုတ်တယ်လေ .. ကိုယ်က ဘုမသိဘမသိ အိမ်သာထဲဝင်တုန်း .. အပေါ်က ကြွေပြားက ငယ်ထိပ်ပေါ်ပြုတ်ကျ .. သေရတယ် ဆိုရင် ကျော်မကောင်း ကြားမကောင်း .. အမငေး စဉ်းစားတာနဲ့ ရင်တောင် တုန်ပါရဲ့။

အင်း ကျမတို့ ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့ဖူးတဲ့သာဓက တခုရှိတယ်။ တောင်ကြီးက ဟိုတယ်တခုမှာပေါ့။ ကျမ အစ်မလို ခင်ရတဲ့ ဆရာဝန်မလေး တယောက် .. ရေချိုးခန်းထဲက ဘေဇင်ကြီး ပြုတ်ကျလို့ .. လက်တဘက် အကျောတွေပြတ်သွားခဲ့တယ်.. အဲဒီလက်က အကျောတွေ ဆိုင်းသွားတာဆိုတော့ အဲဒီအစ်မဟာ ဒီဘဝမှာ ခွဲစိတ်ပါရဂူတော့ မဖြစ်နိုင်တော့ဘူး ..။

ကမ္ဘာမှာ မကြုံဖူးတဲ့ ဖြစ်ရပ်ဆန်းတွေပေါ့ ..။ မောင်လေး အန်ဒီကောင်နဲ့ ကျမ အမြဲရွတ်နေကျ သီချင်းလေးကို ပြန်ရွတ်ရမယ် ထင်ပါရဲ့ ..။

ဗျူးတီးဖူးလ် မြန်မာ .. ပလန်းတီးဖူးလ်မြန်မာ .. ဂစ်ဂစ်ဂစ် မြန်မာ .. ဂိ ဂိ ဂိ မြန်မာ ..

သြော် ဘာမဆိုင်ညာမဆိုင် တနေ့သားက သတင်းစာထဲက သတင်းတပုဒ်ကို သတိရလိုက်မိသေး .. ဘာတဲ့ .. ဓနုတ်ဘုရားကြီးပြိုရတာ ဆောက်လုပ်ရေးအပိုင်းမှာ ညံ့ဖျင်းလို့ ဆိုလား။ ဘယ်သူတွေ ပြောကြတာလဲ .. သတင်းစာက အမှားတွေချည်းဆို .. ။ မှားပါဘူးနော် .. ဟုတ်တာရေးထားတာပဲဟာ .. ။ ဆောက်လုပ်ရေး ကလည်း သိပ်တော့ မှားတာမဖြစ်နိုင်ပါဘူး .. ဘိလပ်မြေ ၂ ဆ သဲ ၁ ဆအစား ဘိလပ်မြေ ၁ဆ သဲ ၂ ဆ ထည့်မိတာ ဖြစ်မှာပါ ..။ ဒါမှမဟုတ် .. အမြန်ပြီးချင်ဇောနဲ့ ဘိလပ်မြေလာတာကို မစောင့်နိုင်ဘဲ သဲနဲ့ ဆောက်လိုက်တာ ဖြစ်မှာပါ .. အဲ ဂလို အကောင်းဘက်က လှည့်တွေးသင့်တာပေါ့ ဟုတ်ဘူးလား ..။

ဗျူးတီးဖူးလ်မြန်မာ .. ပလန်းတီးဖူးလ်မြန်မာ .. ကျန်သေးတယ် ဂိုးလ်ဒင်းလန်းမြန်မာ ..။ ဟုတ်တယ်။ ခုနောက်ပိုင်း ထုံးဖြူဖြူ စေတီလေးတွေ မြင်ရဖို့ စိတ်မကူးနဲ့တော့ .. ခေတ်မီကုန်ပြီ .. ခု ထုံးအစား ရွှေမင်ပြောင်းသုတ်ကြပြီ .. ရွှေရောင် တခေတ်ဆန်းပြီ .. ဟဲဟဲ .. ။ ရွာဦးထိပ်က ထုံးဖြူဖြူ စေတီ .. ဘာညာနဲ့ သီချင်းစပ်ထားတာရှိရင် ပြင်လိုက်ကြဦး။ ဂိုးလ် ဒင်းလန်းမြန်မာ .. ဗျူးတီးဖူးလ် မြန်မာ .. ဂစ်ဂစ်ဂစ် မြန်မာ .. ဂိ ဂိ ဂိ မြန်မာ ..။



ကိုယ်တိုင်ဖျက်ကဗျာ

ဂျီတော့မက်ဆေ့ခ်ျမှာ ကျမက စိတ်ထဲပေါ်လာသမျှ သီချင်းလေး၊ ကဗျာလေး ရေးလေ့ရှိပါတယ်။ အဲ့မှာ ခုတလော ရှေးကဗျာလေးတွေကို လျှောက်ဖျက်ပြီး ရေးတင်ပါတယ်။ အဲဒါကလည်း ကျမက ရှေးက ကဗျာဆရာကြီးတွေကို ပြောင်လှောင်ချင်တဲ့ သဘောမဟုတ်ပါဘူး။ တကယ်က အဲဒီမူရင်း ကဗျာ လေးတွေကို ကျမ သိပ်ကို ချစ်ပါတယ်။ အဲဒီကဗျာလေးတွေကို ချစ်လွန်းလို့ သတိတရ ရွတ်ဆိုမိနေတာနဲ့ ကိုယ့်ဘာသာ လျှောက်လုပ်မိတာပါ။

အဲဒါတွေကို ဂျီတော့ မက်ဆေ့ခ်ျ (ကိုယ့်ပိုင်နက်ထဲ) တင်မိတော့ သဘောကျတဲ့သူတွေက ယူရေးကြပါတယ်။ တကယ်က ဒါ တခုတ်တရ ပြောရမယ့်ကိစ္စမဟုတ်ပါဘူး။ သို့သော် ဒီမနက်မှာတော့ ကျမရဲ့အရင်ပို့စ်က ကွန်မန့်ထဲမှာ “အန်တီချမ်း” က ဝင်ရေးထားတာလေး တွေ့လို့ စိတ်ကူးပေါ်ပြီး ဒီစာကိုရေးဖြစ်တာပါ။

ကျမက ဆရာကြီး မင်းသုဝဏ်ရဲ့ လယ်တောကအပြန် ကဗျာကို ဖျက်ပြီး ရေးထားမိတယ်။


လယ်တောကအပြန်

စားချင်တယ် ကျော်စံကေး ဆိုလို့

မောင်ရိုက်ကာပေး

မနက်တုန်းဆီက

ကျော့ဆုံးကို မောင်မြင်တော့

သူ့စားပွဲမှာ ဟမ်ဘာဂါနဲ့

ဂုဏ်တင့်တယ်လေး .. ။ ။ ဆိုပြီး ရေးတင်ထားတာပါ။

အဲဒါကို ညီမတော် ဆုမွန်ကတွေ့ပြီးသဘောကျတယ်နဲ့ တူပါရဲ့ .. သူ့မက်ဆေ့ခ်ျမှာ တင်ထားပြန်ရော။ အဲဒါကို ခုနင်က အန်တီချမ်းက တွေ့ပြီး သဘောထပ်ကျပြန်တယ်။ အဲဒါသူက ကျမဘာသာ စပ်ထားတာ ထင်ပြီး သူ့စာ မျက်နှာပေါ်တင်ဖို့ လာခွင့်တောင်းပါတယ်။

အပေါဂိုဏ်းချုပ်ထိပ်ခေါင် မမတူးတူးသာ ခင်ဗျား
ဒီနေ့ နေ့လယ်က မဆုမွန် က သူ့ဂျီတော့ခ် ရဲ့ မက်စေ့ခ်ျ မှာ အမ ရေးထားတယ်ဆိုတဲ့ စာလေး တပိုင်းတစ ကိုတင်ထားပါတယ် အဲဒါလေးကို ကျတော် က မြင်ပြီးသကာလ ဘာမှန်းမသိ ညာမှန်းမသိ နဲ့ ကောက်ပြီးလက်တန်းလေး ဒီလိုဆက်စပ်ထားပါတယ် အစကတော့ ဦးမွန် (မဆုမွန် ကိုကျတော်ခေါ်တာပါ) ရေးတာထင်လို့ပါ ပြီးတော့ ဆက်စပ်ပြီးမှ ဦးမွန်က မဟုတ်ဘူးအမ ရေးထားတာ လို့ပြောပြပါတယ် အဲဒါလေး ကျတော် ပေ့ဂ်ျ မှာတင်ချင်တာ အမ ရဲ့ ခွင့်ပြုချက်လိုချင်လို့ပါ ကဗျာ က ဒွေးချိုးလိုလို ဘာလိုလို ဖြစ်သွားပါတယ် အမ သဘောမတူရင်တော့ မတင်ပါဘူးခင်ဗျာ...
(ဒါက သူရေးထားခဲ့တဲ့အတိုင်း မူရင်းပါ)

အဲဒီမှာ ကျမတခုစဉ်းစားမိတယ်။ သူတို့ ဒီကဗျာ မူရင်းလေးကို မသိဘူး ထင်တယ် … သိချင်လည်း သိကြမယ်။ ဒါပေမယ့် မသိတဲ့ မောင်ညီမလေးတွေပါ သိရအောင် ကျမ တင်ပေးသင့်တယ်ဆိုတဲ့ အတွေးပါ။


လယ်တောကအပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး

မနက်တုန်းဆီက

ကျော့ဆုံးကို မောင်မြင်တော့

သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင်တယ်လေး .. ။ ။ ဆိုတဲ့ အချစ်ကဗျာလေးပါ။ တူတော်မောင် ထူးမြတ်စကားနဲ့ ပြောမယ် ဆိုရင် ဓနရှင် ဘက်ကို အလေးသာသွားတဲ့ ချစ်သူကို ထေ့တာပေါ့။

အင်း .. အဲဒါနဲ့ မပြီးဘူး .. ကျမဘာရေးရေး ဘာလုပ်လုပ် အမြဲကောင်းတယ် ဆိုပြီး မြှောက်ပေးနေကျ မောင်လေး သင်ကာကလည်း (ဒင်းက ရီဆာ့ချာ လုပ်ချင်သူထင်ပါ့ .. ဘာမေးမေးရတဲ့ ဗဟုသုတ ဟင်းလေးအိုးပေါ့) ကျမဆီ ဒီကဗျာနဲ့သက်ဆိုင်တဲ့ ကဗျာလေး တပုဒ်ပို့ပေးပြန်တယ်။ အဲသဟာကတော့ ကျမလည်း လုံးဝမသိပါဘူး။ ကျမ အလွန့်အလွန်လေးစားအတုယူ ချစ်ခင်ရတဲ့ ဆရာကြီး သွေတာဆော် (သော်တာဆွေ) က ကျမမမွေးခင် ကတည်းက ဒီကဗျာကို ဖျက်ပြီးနေတာပါ။ အဲဒါကို သင်ကာကောင်ပြောမှပဲ ကျမသိတယ်။ အဲဒီ ကဗျာလေး ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လယ်တောကပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး
မနက်တုန်းဆီက
ချက်ကြီးကယ်မြင်တော့
ဝက်နံကင်ရယ်နှင့်
မြည်းလိုက်ချင်သေး
။ ။

ဆရာကြီးကလည်း အဲဂလို ကဗျာတွေကို အတော်များများ ဖျက်ဖူးတယ်လို့ ဆိုပါတယ်။ ကျမနဲ့ စိတ်ကူးတူနေလို့ အရမ်းကို ဂုဏ်ယူရပါတယ်။ ကျမကလည်း သူများပဲဖျက်ဖျက် ကိုယ့်ဘာသာပဲဖျက်ဖျက် .. ဖျက်ရရင်ကို ကြိုက်တာ ဆိုတော့လေ .. ။ အဲလိုလုပ်လို့ ကဗျာဆရာတွေကို စော်ကားခြင်း ပြောင်လှောင်လိုခြင်း အလျင်း မရှိဘူး ဆိုတာ ကြိမ်တွယ်ပြောရဲပါတယ်။ တကယ်လို့ အဲဒီစကားမှန်ခဲ့ရင် သော်တာဆွေလောက် စာရေး ကောင်းပါစေ :P နောက်လည်း ထပ်ဖျက်ဖို့ စီစဉ်ထားတာတွေရှိလို့ ကြိုပြောထားတာပါ။ ရေးရင်းနဲ့တောင် တခုသတိရသွားပြီ ....။

ချိုးနှစ်ကောင်

ထနောင်းပင်ညီနောင်က လွမ်းအောင် ကူချွဲ

ဂွကိုရှာ

မဆလာနိုင်နိုင်အုပ်ပါလို့

ဘီယာနဲ့ ဟဲ ..။ ။

စကားကြုံလို့ ပြာလောင်ကာတွန်းထဲက ရှာဖွေတွေ့ရှိတဲ့၊ ဖျက်ထားတဲ့ ကဗျာလေးတပုဒ်ပါ အဆစ်ထည့် ပေးလိုက်ပါတယ်။ ဒီကဗျာလေးက သူငယ်တန်း သင်ရိုးထဲက ကဗျာလေးပါ။ ဘယ်သူရေးလည်းတော့ မသိပါ။

တောင်တောရယ်သာ

မာလာက နုထွတ်

တပင်ကိုနှစ်ပင်ရွှတ်တယ်

ငှက်တွေက ပြွတ် .. ။

အဲဒီကဗျာလေးဆိုရင် ကြိုက်လွန်းလို့ မူရင်းတောင်မေ့နေပြီ :P

စိတ်ကူးတည့်ရာ ၃

ငပေါများဂေဟာအတွက် အတည်ပေါက်ပို့စ်

ကျမရင်ထဲက လှိုက်လှိုက်လှဲလှဲ ရေးချင်မိတာနဲ့ ဒီပို့စ်လေးကိုရေးမိတာပါ။ အစကတော့ ဘာရယ်မဟုတ်ဘဲ အပျော်ပေါ့ ဆိုပြီး စခဲ့မိတဲ့ဇာတ်လမ်းလေးတခုပေါ့။

ပြောရရင် ဟိုး ကနဦးကို အစချီရမယ်ထင်ပါရဲ့။ ဘလော့ဂါထဲမှာ လုံးဝမသိဘဲ စခင်သွားတဲ့ .. ကျမက ဖိုးတေလို့ ခေါ်တဲ့ မောင်လေးတယောက်ရှိတယ်။ သူက ရော့ကာဆိုတော့ သူ့ဘလော့မှာ ရော့ခ် သီချင်းနဲ့ ပတ်သက်တာတွေ၊ တပ်ပ် တွေပဲရေးပါတယ်။ ကျမက ရော့ခ်သီချင်းတွေ စိတ်ဝင်စားတဲ့သူဖြစ်တော့ သီချင်းတွေ နောက်လိုက်ရင်း ဝါသနာတူ အဲဒီမောင်လေးနဲ့ ခင်သွားတာပါ။ နောက်တော့ မိဘဝေး၊ မောင်နှမဝေးနေသူချင်း တော်တော်လေး ရင်းနှီးသွားပါတယ်။ သူ့ကောင်မလေး အကြောင်းတွေကစလို့ ကျမနဲ့သူ ခေါင်းစဉ်ပေါင်းများစွာ ပြောဖြစ်ခဲ့တယ်။ နောက်တော့ သူကြည့်မရတဲ့ ကျမရဲ့ ဘလော့လေးကိုလည်း အချိန်ကုန်ခံပြီး ပြင်ပေးခဲ့ပါတယ်။ သူ့ဘလော့မှာ သီချင်းတွေကို ခံစားပြထားတာ ကျမက သဘောကျမိတော့ အဲဒါတွေက သူ့သူငယ်ချင်း တယောက် ရေးပေးတာလို့ ဆိုပါတယ်။

သူက မိတ် ဆက်ပေးတာနဲ့ အဲဒီသူ့သူငယ်ချင်းဆိုသူနဲ့ ခင်ခွင့်ရခဲ့တယ်။ အဲဒါကတော့ ခုချိန်မှာ ကျမနဲ့ တော်တော်လေး ရင်းနှီးပြီး ကျမကိုလည်း အစ်မကြီးတယောက်လို သဘောထားခင်မင်တဲ့ မောင်လေး အန်ဒီခေါ် ဖိုးအောင်ပါ။ ကျမက သူ့ဘလော့ကစာတွေကို သဘောကျမိတယ်။ ကွန်ပျူတာ တက္ကသိုလ်တက်တုန်းက ဖြစ်ခဲ့တာတွေကို ပေါ့ပေါ့ပါးပါးလေးတွေ ရေးပြထားတာ (ဖိုးတေစကားနဲ့ပြောရရင်) သူတို့ရဲ့အကြိုက် သွေတာဆော်ကြီး စတိုင်ပေါ့။ စာဖတ်တာချင်း၊ ရုပ်ရှင်ကြိုက်တာ၊ သီချင်းတွေ ကြိုက်တာချင်းတူတဲ့ အဲဒီဖိုးအောင်နဲ့ ကျမတို့ တကယ့်မောင်နှမရင်းတွေလို ခင်သွားကြပါတယ်။

နောက်တော့ ဖိုးအောင်ရဲ့ဘလော့မှာလာလာအော်တဲ့ သူတယောက်ကို စိတ်ဝင်စားမိရင်း သူ့ဘလော့ကို သွားလည်မိပြန်ရော။ ဖိုးအောင်ကို ပေါက်ကရတွေလာလာအော်နေတဲ့ နန်းညီ ဆိုတဲ့တယောက်ပေါ့။ အဲဒီဘလော့လေး ရောက်တော့ “မနန်းညီပါ ကိုနန်းညီမဟုတ်ပါဘူး .. ငွေမက်ပါတယ်” အစချီတဲ့ သူ့ အကြောင်း ရေးထားပုံလေးကို သဘောကျမိပြီး သူ့ဘလော့ကို မွှေနှောက်ကြည့်မိတော့ သူက ယဉ်ကျေးမှုတက္ကသိုလ်က ဆင်းတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီမှာ ကျမသူ့ကို ပိုစိတ်ဝင်စားသွားတယ်။ လတ်စသတ်တော့ သူက သူ့ရဲ့စီနီယာ ကျမမောင်တွေ အုပ်စုကို သိရုံမကဘူး .. သူ့အဖေက ကျမ မောင်တွေရဲ့ ပန်းချီဌာနမှူးဖြစ်နေခဲ့တာကိုး။

ဖိုးအောင်ရဲ့ မိတ်ဆက်ပေးမှုနဲ့ နန်းညီနဲ့ပါခင်သွားပြီး နောက်ပိုင်းမှာ ကျမတို့တွေ မောင်နှမတွေ ဖြစ်သမျှတွေ တိုင်ပင်ကြ၊ ဂျီတော့ချက်တင်မှာ အားရင်သီချင်းတွေဆိုကြ၊ ပေါက်ကရတွေ ပြောကြနဲ့ အလုပ်ပင်ပမ်းချိန်မှာ တော်တော်လေး စိတ်အမောပြေရပါတယ်။

နန်းညီကလည်း စာတော်တော်ဖတ်၊ ရုပ်ရှင်တော်တော်ကြည့်တဲ့ ကောင်မလေးဆိုတော့ ကျမနဲ့ တော်တော်လေး လေပေးဖြောင့်ပါတယ်။ ဖိုးအောင်နဲ့သူနဲ့က ခင်တာမကြာသေးပေမယ့် တကယ့်ငယ်သူငယ်ချင်းတွေလိုပဲ အပြင်မှာပါ ဆုံကြ၊ လက်ဘက်ရည်ဆိုင်ထိုင်ကြတယ်တဲ့။

တရက်မှာတော့ ကျမရုံးမှာ ပင်ပမ်းလွန်းလို့ ဘာမှမလုပ်ချင်ဘဲ ငုတ်တုတ်ခဏ ထိုင်နေမိတုန်း ဖိုးအောင် ရောက်ချလာပါတယ် (ဂျီတော့ကနေပြောပါတယ်)။ ထုံးစံအတိုင်း “ဂါးးးးးးးးးးးးးးးးး” လို့အော်ပြီး ဝင်လာတာ။
ပြီးတော့ ...

“အစ်မ ကျနော်ရယ် ညီရယ် ရူးပေါဂိုဏ်းဖွဲ့ကြမလို့ ပါမလား”
“ဟေ .. စိတ်ဝင်စားတယ်။ ဒါပေမယ့် ဥက္ကဌလုပ်ရမှပါမယ် ငှင်းငှင်း”
“ဟာ အဲဒါတော့ မရတော့ဘူး၊ ဥက္ကဌရာထူးကို ကျနော်ယူလိုက်ပြီဗျ ငှဲငှဲ”
“သြော် ဂလိုလား .. ဒါဆိုရင်တော့ နာယကလောက်ရလည်း ဖြစ်ပါတယ်”
“အဲဒါတော့ရသဗျ”

အဲလိုအပြန်အလှန်ပြောပြီးသည်အထိ ကျမစိတ်ထဲ ဘာမှမရှိဘူး။ သူတို့ ၂ ကောင်က ဂလိုပဲ ပေါတောတော လာလုပ်နေကျကိုး။ ဖိုးအောင်ငြိမ်နေပြီး ခဏနေတော့ ညီ (နန်းညီ) ရောက်ချလာပါလေရော။ သူ့ဘလော့ သွားဖတ်ချည်တဲ့။ အဲဒီမှာမှ ဟိုက်ရှားလပတ်ရည်လို့ အော်လိုက်မိလားမသိဘူး .. ဒင်းလေးက သူ့ဘလော့မှာ ရူးပေါဂိုဏ်း ဖွဲ့ပြီးတဲ့အကြောင်း အန်ဒီက ဥက္ကဌဖြစ်ပြီး မတူးတူးသာက နာယကဖြစ်ပါကြောင်း၊ သူကတော့ စည်းရုံးရေးအမှုဆောင် တာဝန်ကိုယူမှာဖြစ်တယ် ဆိုတဲ့အကြောင်း ရေးထားပါတယ်။ မကြာဘူး ခဏလည်း နေရော အဖွဲ့ဝင် ၂ ယောက်ထပ်တိုးပြီတဲ့ .. အဲဒါကတော့ အတွင်းရေးမှူး ၂ ရာထူးယူမယ့် ဗီလိန်ရယ်၊ သဘာပတိ ဂျဲဂျယ်ရယ် ဆိုပဲ။

ဝင်တော့လည်းဝင်ကြပေါ့။ အဲဒီအထိ ကျမခပ်ပေါ့ပေါ့ပဲ။ အေးအေးဆေးဆေးပဲပေါ့။ အဲဒီမှာ ဟို ၂ ကောင်ကလည်း ဂျီတော့ကို ဝင်လာကြပြီ။ စည်းကမ်းချက်တွေဘာတွေ ထုတ်နေပြီ .. စည်းကမ်းချက်ကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ရူးပေါဂိုဏ်းဝင်ချင်ရင် ပေါရမယ် .. ပြီးတော့ ဘလော့တခုပိုင်ဆိုင်ရမယ်၊ ကိုယ့်ဘလော့မှာ အလျှင်းသင့်သလို ပေါတဲ့ပို့စ်တွေတင်ရမယ်တဲ့ .. အဲဒီထိလည်း ကျမက ဟုတ်ပြီ .. (ကိုယ်တင်ချင်မှဖြစ်တာကိုး ဟီးဟီး)

ဒါပေမယ့် ကျမက ဗီလိန်တို့ ဂျဲဂျယ်တို့ တကယ်ပေါမပေါ စမ်းချင်သေးတော့ သူတို့ဘလော့တွေ သွားကြည့်မိ တယ်။ လားလား ပေါချက်ကတော့ ပြောမနေနဲ့ .. လေးစားလောက်အောင် ပေါပါပေတယ်..။ နောက်ပိုင်းမှာ အစ်မမရှိတဲ့ ဂျဲဂျယ်က ကျမကို တော်တော်ခင်သွားပြန်တာနဲ့ ကျမက ခင်မင်တဲ့ မောင်လေးတွေကို ခေါ်တဲ့ လေအတိုင်း သူ့ကို ဖိုးဂျယ်လို့ ခေါ်တယ်။ သူက အဲဒီလိုခေါ်တာကိုသဘောကျပြီး သူ့ဘလော့ကိုပါ ဖိုးဂျယ်ရဲ့ ဘလော့ လုပ်လိုက်တယ်။

အဲဒီမှာ ဖိုးဂျယ်နဲ့ ဗီလိန်တို့ တိုင်ပင်လိုက်ကြပြီး ရူးပေါဂိုဏ်းကြီးပိုင်ဆိုင်တဲ့ ဘလော့တခုလုပ်မယ် ဖြစ်ပါလေရော။ အဲဒါတော့ ကျမစဉ်းစားရပြီ .. ဟုတ်တယ်လေ ကိုယ်ပိုင်ဘလော့တောင် နပ်မှန်အောင် တင်ဖို့ ကြိုးစားနေရတဲ့ဟာ နောက်ထပ် ဘလော့တခုဆိုတော့ ဖြစ်ပါ့မလားပေါ့ ... ဒါပေမယ့် အဲ့ကောင်တွေက အရမ်းတက်ကြွနေကြပြီ။ ပန်းချီဆရာမ နန်းညီကလည်း ဘန်နာပြင်ဖို့ တကဲကဲလုပ်နေပြီ .. အများညီနေပြီဆိုတော့လည်း ကဲ ချကွာပေါ့ .. သို့သော် ငါမရေးနိုင်ရင် မပြောကြနဲ့နော်ဆိုတော့ ဒင်းတို့က အစ်မ ဘာမှမလုပ်ချင်လည်းနေ၊ ကျနော်တို့ လုပ်မယ် တဲ့။ အဲဒီတော့ ကျမက ကောင်းလှောင့်တေးပေါ့။ ဒီတိုင်း အလကားနေရင်း နာယကကြီးလုပ်ရမှာပဲဟာ ဟီး။

သို့သော် ကျမက အသက်ကကြီးပြီ။ ကလေးတွေနဲ့ အပြိုင်ပေါရမှာဆိုတော့ နည်းနည်းတော့ရှက်သလို ဖြစ်မိတယ်။ ဒါနဲ့ နာမည်အရင်းမသုံးနဲ့နော်လို့ ပြောရပြန်တယ်။ သူတို့ကအစတော့ လက်ခံကြပါတယ်။ နောက်တော့ မေ့မေ့ပြီးကျမနာမည်ကို နာယကဂျီး ဆိုတာနဲ့တွဲသုံးကြတာပါပဲ။ ကျမလည်းမပြောတော့ဘူး ဒီတိုင်းထား လိုက်တယ်။ ဘလော့ဖွင့်ဖွင့်ချင်းမှာ နာယကကြီးရဲ ဥယောဇဉ်ဆိုပြီး တပုဒ်ရေးပေးဖြစ်တယ်။ နောက် မရေးဖြစ်ပြန်ဘူး။

နောက်တော့ ကျမက ဖိုးအောင်ကိုပြောဖြစ်တယ် ရူးပေါဂိုဏ်းကို ငပေါဂေဟာလို့ ပြောင်းရအောင်လို့။ ဘာလို့လဲ ဆိုတော့ ဆရာမောင်ထွန်းသူက ဂျွန်စတိန်းဘတ်ရဲ့ ကင်နရီရိုးလ်ကို ငပေါများဂေဟာလို့ နာမည်ပေးထားတာ ကြိုက်လို့ပါ။ တကယ့်ဗယုတ်သုတ်ခတွေလေ ..။ ကျမ ဘာပြောပြော ထောက်ခံတဲ့ ဖိုးအောင်က အားလုံးကို အသိပေးပြီး ညီက ဘန်နာလေးကို ပြောင်းလိုက်ပါတယ်။

ဘလော့လုပ်ပြီးနောက်မှာ ထပ်ဝင်လာတာကတော့ အသင်းသားချုပ်ကြီး ခေါင်ခေါင်ပါ။ နောက်မကြာဘူး အသင်းဝင်တွေ များလာတော့တယ်။ အားလုံးက ဝန်ကြီးတွေချည်းပဲ .. မွေးမြူရေးဝန်ကြီး ဆုမွန်၊ ပညာရေးဝန်ကြီး မမေ၊ နိုင်ငံခြားရေးဝန်ကြီး ကဗျာမွှေ၊ ဆည်မြောင်းဝန်ကြီး သံလွင်ဟီးရိုး ... အားလုံးက လျှောက်လွှာနဲ့တကွ ပေါကြရပါတယ်။ ပေါနိုင်မှ ဝန်ကြီးဖြစ်မှာကိုး (ငပေါဝန်ကြီးတွေပြောပါတယ်)

အဲဒီမှာ နောက်တော့ တဦးတည်းသော အသင်းသား ကေလာလည်း ဝင်လာတယ် (တော်သေးတယ် နို့မို့ဆို ဝန်ကြီးတွေချည်းပဲဆိုတော့ ပြောစရာဖြစ်နေမှာ သူ့ကြောင့် အသင်းသားတယောက်ရတာ) အားလုံး ပျော် ပျော်ပါးပါး အုတ်မြစ်ချ အဲ ပေါကြရင်း နိုဝင်ဘာလကုန်ပိုင်းမှာ စင်ကာပူကို ခဏသွားဖို့ဖြစ်လာတယ်။ အဲဒီမှာ ဖိုးဂျယ်၊ ဗီဗီနဲ့ ခေါင်တို့ကို ဆက်သွယ်တော့ သူတို့က အရမ်းဝမ်းသာကြတယ်။

စင်ကာပူရောက် ငပေါအဖွဲ့နဲ့ တွေ့ဖြစ်တော့မှ အားလုံးဟာ တော်တော့်ကို ချစ်စရာကောင်းပါလားလို့ သေချာ သိလိုက်ရပါတယ်။ တချို့က ချက်တင်မှာ ဘယ်လောက်ပဲ အဆင်ချောနေပေမယ့် အပြင်မှာ ဟုတ်ချင်မှဟုတ်တာလေ။ ဒါပေမယ့် ကျမတွေ့လိုက်ရတဲ့ ငပေါလေးတွေကတော့ အပြင်မှာ တကယ့်ကို ချစ်ဖို့ကောင်းနေပါတယ်။ ခေါင်ခေါင့်ကိုဆို ကျမ မြင်တာနဲ့ ညီမလေးတယောက်လိုကို ချစ်သွားတာ။ သူကလည်း ကျမကို အဲလိုပဲပြောပါတယ်။ စင်ကာပူက ပြန်လာတော့ “နာယကဂျီးရဲ့ စေ့စပ်ဖြန်ဖြေရေး ခရီးစဉ်အီလည်စွာပြီးစီး” ဆိုပြီး ပို့စ်တခု ရေးဖြစ်တယ်။

ဗီဗီနဲ့ ဖိုးဂျယ်တို့ ၂ ယောက်က ငပေါဂေဟာကို သူတို့ရဲ့ဂေဟာ အစစ်တွေထက် တကယ့်ကို သံယောဇဉ်ကြီးကြ သူတွေပါ။ ဖိုးဂျယ်ဆို အသင်းဝင်ချင်တဲ့သူရှိရင် ဒိုင်ခံ မေးလ်ပို့ ထောက်ခံချက်တောင်း၊ ကျမတို့က ထောက်ခံရင် (ကျမတို့ကလည်း ဘယ်တော့မှမကန့်ကွက်) ဝန်ကြီးရာထူးတခု စဉ်းစားပေး (ဟီဟိ) လျှောက်လွှာက ကောင်းနေရင် ပို့စ်အဖြစ်တင်။ ဒီကြားထဲ ကျမက ပတ်စ်ဝါ့လည်းသိရဲ့သားနဲ့ ကိုယ့်ဘာသာရေးတာ သူ့ကိုသွား တင်ခိုင်းသေးတာ။

အားလုံးက ဘယ်သူ့ဘယ်သူကိုမှ စိတ်မဆိုးဘဲ .. ပေါက်ကရပြောသမျှ သည်းခံကြတာ တွေ့ရတယ်။ ၂၀၀၈ အောက်တိုဘာ ၃၀ ကမှ စခဲ့ကြပေမယ့် ခုဆိုရင် ဝန်ကြီးပေါင်းများစွာနဲ့အတူ ငပေါဂေဟာမှာ အတူပေါကြသူ ၂၃ ယောက်ရှိနေပါပြီ။ ခပ်တည်တည်နဲ့ ဘလော့ အကယ်ဒမီရွေးပွဲမှာလည်း သူများတွေကို အကျောပေးပြီး ဝင်ပြိုင်ထားပြီ ဟဲဟဲ (ရမှာမဟုတ်ပေမယ့် အပျော်ဝင်ရှုပ်ကြတာပါ)။ ကျမတော့ အဲဒီဂေဟာလေးကို တော်တော်လေး သံယောဇဉ်ဖြစ်မိပြီ။

အစက ကလေးတွေကြား နာယကဂျီးလုပ်ရတာ တမျိုးဖြစ်ပြီး ခိုးကြောင်ခိုးဝှက်ပေါခဲ့ပေမယ့် ခုတော့ တရားဝင်ပဲ ပေါဖို့ ဆုံးဖြတ်လိုက်ပါပြီ ..။ ကျမထက်အသက်ကြီးတဲ့ မမေတောင် ပြင်ညာရေးဝန်ကြီးဆိုပြီး ဝင်ပေါသေးတာပဲ ..ဟီဟိ။ ပေါတယ်ဆိုတာ ရှားတာထက် စာရင်တော့ ကောင်းတယ်မဟုတ်လား။

အဓိကကတော့ အဲဒီဂေဟာလေးမှာ ကျမတို့ရဲ့ စိတ်ထွက်ပေါက်တွေ ပေးနိုင်တယ်။ တယောက်နဲ့တယောက် ရင်းနှီးချစ်ခင်ကြတယ် (ဘာပြောပြောစိတ်မဆိုးဘူး)။ အားလုံးဟာ ဂေဟာရဲ့ ဝန်ကြီးတွေ၊ လူကြီးတွေချည်းပဲ မို့လို့ ဂေဟာမှာတော့ ဘာလုပ်လုပ်တင့်တယ်တယ်။ ပြီးတော့ ကိုယ့်ဘာသာ ဆုတွေဘာတွေပေး ကိုယ့်ဘာသာ ယူချင်သလို ယူလို့လည်းရသေးတယ် (ဦးသူယူတာပဲ) စိတ်မဆိုးဘူး။ လုပ်ချင်တာတွေ လုပ်နိုင်နေတဲ့ ဒီနေရာလေးမှာ တယောက်နဲ့တယောက် စိတ်မကွက်စတမ်းပေါ့။ လူဆိုတာ တနည်းနည်းနဲ့ ရူးကြတာပဲ ဆိုတော့ ကျမတို့က လိုင်စင်ယူပြီး ရူးတယ်ဆိုရမှာပေါ့လေ။ တခုရှိတာက ဒီငပေါတွေအားလုံး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ကိုယ့်ဘာသာပေါကြတာပါ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင်း အချင်းချင်းလည်း စိတ်မကွက်စတမ်း ထောင်းကြတာပါ။
ငပေါဂေဟာလေးကို ဝင်မွှေကြည့်တော့မှ ၂ လတာအတွင်း ပို့စ်တွေ မနည်းပါလားဆိုတာ တွေ့လိုက်ရတယ်။ ကောင်းတာကော၊ သိပ်မကောင်းတာကော၊ အရမ်းကောင်းတာကော၊ အရမ်းအရမ်းကို ကောင်းတာလေးတွေကော၊ လုံးလုံး မကောင်းတာတွေကောပေါ့။ တချို့ဆို ကျမ သေချာ တောင်မဖတ်ဖြစ်ခဲ့ဘူး။ ခုပြန်ဖတ်တော့ တော်တော်လေးကောင်းနေတာ တွေ့ရတယ်။ ဒါပါပဲ တယောက်နဲ့တယောက် ချစ်ခင်ရင်းနှီးခွင့်ရတဲ့ ဒီဘလော့လေးအတွက် ကျမ ကျေနပ်တယ်။ ဖိုးအောင်က ကျမကို ခေတ်ဆွေး ငပေါကြီးဆိုပဲ။ သူ့စကားအတိုင်းဆို ခေတ်ဆွေးငပေါကြီး ကျေနပ်ပါတယ် ပေါ့လေ :
မနေ့ညကတော့ နောက်ဆုံးမှဝင်လာတဲ့ ဆက်သွယ်ရေးဝန်ကြီး ညီမလေးက ပို့စ်တခုရေးချင်တယ် ကူညီပါလို့ ပြောလာတယ်။ သူက ကြိုးစားပမ်းစား ရေးထားတာလေ။ ကျမလည်း ဝမ်းသာအားရ ကူညီပေးမိတယ်။ သူ့ကို မမြင်ဖူးပါဘူး။ ဒါပေမယ့် သူ့ပုံစံက တကယ့်ကိုစိတ်ပါလက်ပါမို့ ကျမလည်း ညည့်နက်ပေမယ့် သေသေချာချာ ကူညီ ရေးပေးလိုက်တယ်။

ပြီးမှ ကျမစဉ်းစားမိတယ် .. ငါတကယ့်ကိုစိတ်ဝင်တစား ဖြစ်နေမိပါပေါ့လားလို့ .. ။ တကယ်ပါ အစက ဘာရယ် မဟုတ်ဘဲ ခပ်ပေါ့ပေါ့လေး အပျော်ပေါ့ဆိုပြီး စခဲ့မိလိုက်တာ .. ခုတော့ တော်တော်လေးကို သံယောဇဉ် တွယ်နေမိပြီ။ လေးဖြူဆိုတဲ့ သံယောဇဉ် ... သံယောဇဉ် ဆိုတာ ဂလိုလားမသိ .. :P





မိုကထ စာမျက်နှာများ

ခု တရက် နှစ်ရက် စာတွေပဲ ဖတ်နေချင်မိတယ်။ မရေးချင်ဘူး။ ဒါပေမယ့် တဘက်ကလည်း စက်နဲ့ လှည့်ထုတ်သလို တချောက်ချောက်နဲ့ ရေးနေရတဲ့ ကိစ္စတွေက ရှိနေပြန်ရော။ အဲလိုတွေ ရေးနေရလေ စာက မရေးချင်လေ ...။ စာတွေပဲ ဖတ်ချင်လေ ...ဖြစ်နေပြန်ရော။ ပျင်းခွေခေါက်ပြီး စာအုပ်တအုပ်နဲ့ ငြိမ့်ရတာ မဟုတ်ပေမယ့် ဘလော့တွေမှာ စာတွေ လိုက်ဖတ်ရတာလည်း အရသာ ရှိတာပဲ။

ဘာနဲ့တူလဲဆိုတော့ ထိုင်းမှာ မိုကထ စားနေရသလိုပဲ။ ထိုင်းမှာနေတဲ့သူတွေကတော့ မိုကထ သိပြီးသားပါ။ မသိတဲ့သူတွေကို ပြောပြမယ် ..။ သူက အသားတွေ၊ ငါးတွေ၊ ပင်လယ်စာတွေ၊ အသီးအရွက်တွေကို အစိမ်းကော၊ အကင်ကော၊ အသုတ်ကော၊ အကြော်ကော မျိုးစုံ ပြင်ဆင် ပေးထားတာ။ အဲဒါကို ကိုယ့်စားပွဲပေါ်က မီး မြိုက်ထားတဲ့ အိုးလေးနဲ့ ကြိုက်သလို လုပ်စားရတာပါ။ ကင်ချင်ကင်၊ ပြုတ်ချင်ပြုတ်။ ကြော်တာ သုတ်တာကတော့ အဆင်သင့် ရှိပြီးသား ယူစားရုံပဲ။ ပုစွန်ထုပ်ကြီးတွေ ကင်စားချင်ရင်တော့ မီးကို လူတွေနဲ့ ဝေးရာမှာ သပ်သပ် ဖိုပေးထားတယ်။ အဲဒီမှာသွားကင်ပြီး ကိုယ့်စားပွဲ ယူလာစားပေါ့။

အချိုပွဲ ဆိုလည်း သစ်သီးစုံ။ ထိုင်းရိုးရာ မုန့်အချိုစုံ၊ ကိတ်မုန့်၊ ပူတင်း၊ အိုက်စကရင်မ် စုံပလုံနေအောင် ထား ပေးထားတယ်။ အဲဒါတွေကို ကြိုက်သလို ယူစား၊ စားနိုင်သလောက်စား၊ စားပိုးနင့်အောင်စား ... တယောက် ဘယ်လောက် ဆိုပြီး ရှင်းရုံပဲ။ ဘီယာ၊ အရက်၊ အချိုရည်တွေ အတွက်ကတော့ သပ်သပ် ရှင်းရတယ်။ အင်း စာအကြောင်းရေးရင်းနဲ့ ဝါးတီးကို ရောက်သွားပြီ :P (တူးတူးသာ ဆိုတာ အဲလိုလည်း ချော်တောငေါ့ပါတယ်)

ပြောချင်တာက စာတွေလိုက်ဖတ်ရတာ မိုကထ စားနေရသလိုပဲ အရသာစုံ၊ အတွေ့အကြုံဆုံ၊ အံ့မခန်း အရေးအသားစုံ၊ စိတ်ကူးစုံ ရှိတယ်၊ အဲဒါတွေထဲက ကိုယ်ကြိုက်ရာကို ယူဖတ်ရုံပဲ ဆိုတာပါ။

မနေ့ကတော့ ရုံးပိတ်တာနဲ့ ကျမဘလော့လေးကို ဟိုသည် ကလိရင်း ကျမဝင်ချင်တဲ့ ဘလော့တွေဆီ အလွယ်တကူ သွားချင်စိတ်ဖြစ်မိတယ်။ ကျမက ကျမရဲ့ ဘလော့လစ်စ် ခေါင်းစဉ်ကို ဘော်ဘော် ဘလော့ဂါ တွေလို့ ပေးထားတဲ့အတိုင်း ပထမတော့ ကျမနဲ့ (အွန်လိုင်းမှာ၊ အပြင်မှာ သို့မဟုတ် ၂ ခုလုံး မှာ) တကယ်ရင်းနှီးတဲ့ ဘလော့ဂါ မိတ်ဆွေတွေ စာရင်းကို ချိတ်ထားတာကိုး (အဲဒီဘလော့တွေက ကျမ တကယ်လည်း သေသေချာချာဝင်ဖတ်တဲ့၊ ကြိုက်လည်း ကြိုက်တဲ့ စာမျက်နှာတွေပါ)

ကျမထပ်ဖြည့်ချင်တဲ့ ဘလော့တွေရဲ့ ပိုင်ရှင်တွေက ကျမနဲ့ မရင်းနှီးသူတွေ ပါတယ်ဆိုတော့ စိတ်ထဲ ဘော်ဘော်ဘလော့ဂါတွေ ဆိုတဲ့စာရင်းအောက် ဖြည့်လို့ဖြစ်ပါ့မလား ဆိုပြီး အလုပ်မရှိ အလုပ်ရှာ စဉ်းစားလိုက်သေးတယ်။ ဒီတော့ တခြားခေါင်းစဉ်နဲ့ လင့်ခ်လေးပဲ လုပ်မလားပေါ့ ...။ အဲလိုကျတော့ လည်း မလုပ်ချင်ပြန်ဘူး။ ဘလော့လစ်မှာမှ ဘယ်သူက အသစ်တင်နေပြီ၊ ဘယ်သူဟာဖြင့် အရင် တပတ်ကျော်က ပို့စ်ကြီးပါလား ... အဲလိုတွေ့နိုင်တာကိုး (အဲဒီတော့ အသစ်ဗျို့ အသစ် ဆိုပြီး သွား သွားအော်လို့ ရတာပေါ့ အဟဲ။ မရေးလို့ကတော့ တွေ့ပြီသာမှတ်)

ဥပမာ - အစ်မ မေငြိမ်းစီဘောက်စ်ကို သွားပြီး ဖတ်ရတာ မဝဘူးဗျို့ (သူ့မြသီလာက ကောင်းခန်းတွေ မှာ ဖြတ်ဖြတ်ထားလို့) ဆိုပြီးအော်။ ကိုအောင်သာငယ်ရေ ခေါင်းကိုက် မြန်မြန် ပျောက်ပါစေ (ပျောက်စေ ချင်တာက နည်းနည်း သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံတွေ မြန်မြန်ဆက်ရေးပါလို့ ပြောချင် တာ)။ ထူးမြတ်တကောင်တော့ သူ့ကိုယ်သူ ကလေးဆိုပြီး လူကြီးတွေ နားမလည်တဲ့ စာတွေ ရေးနေပါလား၊ နားမလည်ဘူးပြောရင် ညံ့ရာကျမယ် လာဖတ်တယ်နော် တခွန်းပဲ မိတ်မပျက်ရုံ အော်ခဲ့ဦးမှ။ အဲလိုတွေပေါ့လေ။

ကျမဖတ်ချင်တဲ့ ဘလော့တွေကို ဘလော့လစ်ထဲပဲ ထည့်ချင်တယ်လို့ ပြောချင်တာပါ။ အဲဒီမှာ မနေ့က ကိုယ့်ဘာသာ အားတင်းပြီး ချိတ်ပြီကွ ဆိုပြီး ချိတ်လိုက်ရော။ ပန်ဒိုရာ၊ ကောင်းကင်ကို၊ ကလိုဆေးထူး၊ ကိုနဗန၊ ကိုတောကျောင်း တို့ကို ထပ်ချိတ်လိုက်တာ။ သူတို့ကို အသိလည်း မပေးဘဲ ငါ့ရဲ့ သယ်ရင်း တွေလို လုပ်လိုက်လို့ ကောင်းပါ့မလား ... စဉ်းစားပြန်ရော။ စိတ်ကိုရှုပ်နေရောပဲ။

ဒါပေမယ့် ကျမက စာချင်းသိရင် လူချင်းသိတယ်လို့ ထင်တာလေ ..(ဦးမိုးဒီကြီးကို အပြင်မှာတွေ့ တော့ ငါနဲ့သိဖူးတဲ့လူကြီးထင်တယ်ဆိုပြီး ပြုံးပြမိသလိုပေါ့ :P) စာတွေကို အရမ်း သဘောကျတော့ကား ဒါလည်း သယ်ယင်း ဖြစ်နိုင်တာပဲလေ ဆိုပြီး စိတ်ကို ဒုံးဒုံး ချလိုက်ပါတယ်။ ပြီးမှ သူရို့စီပုံးလေး တွေသွားပြီး အကြောင်းမကြားဘဲ ဘော်ဒါစာရင်းသွင်းလိုက်မိလို့ တောင်းပန်ပါတယ် ဆိုပြီး သွားလေး ဖြီးပြခဲ့ပါတယ်။

ခုတော့ အေးဆေးပဲ စာဖတ်ချင်ရင် ကျမဘလော့ကို အရင်ဖွင့်လိုက်တယ် ကျက်သရေမရှိတဲ့ ကိုယ့်စာတွေကို လုံးဝမကြည့်ဘဲ စီပုံးလေးကို တချက်ကြည့် ပြီးရင် ဘယ်သူအသစ်တက်နေလဲ ကြည့်။ အဲဒီမှာ ဟဲတော့ ကိုနဗနက မခင်ဥာဏ်ရဲ့ တည်ကြက်လည်း ကြည့်ဦး ဆိုပါလား။ ဟာ မမေငြိမ်းက “မြသီလာ ၉” တဲ့ဟေ့။ ဟင် ထူးမြတ်ကြီးက အောင်ချိမ့်ရဲ့ ဂန္ထဝင်မမ ကို ခပ်တည်တည်နဲ့ တင်ထား ပါလား (သူ့ဟာသူ စာရေးရမှာ ပျင်းလို့ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ပွတာပဲ)။ သြ .. ဂစ်တာနဲ့ဂီတ ပိုင်ရှင် သွားတိုက်ဆေး တယောက် အရင် အပတ်က နယူးတပ် ဆိုတဲ့ အိုးလ်တပ်ကြီးက မတက်သေးဘဲကိုး၊ သွားအော်လည်း အိပ်ချင်ယောင် ဆောင်နေဦးမှာ။ အမယ် ပန်ဒိုရာက မြို့ပြ၏ တောထဲတောင်ထဲ တိုးကြည့်ခြင်းတဲ့၊ ဝတ္ထုအသစ်ထင်တယ် (သွားကြည့်တော့ သူ တောတကယ်တိုးတဲ့ အကြောင်း ဖြစ်နေပါရော :P)

ဟ ဂျူလိုင်အိပ်မက်က ညနေထဲက မထွက်သေးပါလား သွားအော်မယ် (တကယ်တော့ သူက အသစ် တက်နေပြီ၊ ကိုယ့်စာမျက်နှာက အပ်ဒိတ်မလုပ်တာလေ ဟီးဟီး မအော်တော့ဘဲ ဖတ်ပြီးတော့ ခပ်ကုပ် ကုပ် ပြန်လာခဲ့တယ်)။ ဟိုက်ရှားပါး ကိုတောကျောင်းက ဧပရာယ်တမနက်ခင်း ဖူးစာရှင်ကောင်မလေး နှင့် တွေ့ဆုံခြင်း ဆိုပါလား (တွေ့တဲ့အချိန်မှာ အလုပ်မတရားရှုပ်နေလို့ ချက်ချင်း မဖတ်ရဘူး။ ခုဏကမှ ဖတ်လိုက်ရ။ ကောင်းလိုက်တာ)။ သြော် တို့အစ်မ မမိုးချိုတယောက် မေတ္တာနဲ့ ဆောက်တဲ့ အိမ်လေးထဲ ပျော်နေထင်ပါ့ (အိပ်ပျော်နေတယ် ပြောတာ :P)

အာယဲဖေ ဆုမွန်လည်း တူးဒေးအဂိုးမှာ စပျစ်သီးတွေစားတုန်း (သွားတွေကျိန်းမယ် ညီမလေး)။ ဟန်သစ်ငြိမ်တယောက်တော့ ပါးစပ် တပေါက်နဲ့ အလုပ်ရှုပ်ရင်း ကဗျာတွေ၊ ဝတ္ထုတွေ၊ အက်ဆေးတွေ တပုဒ်ပြီးတပုဒ် အိုင်ဒီယာ ရနေပုံ ရတယ်။ သင်ကာကတော့ အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား တဲ့ (အသစ်တော့ အသစ်ပဲ ဒါပေမယ့် ကြောက်တာနဲ့ သွားမဖတ်ရဲသေးဘူး)။ တို့ မမ ခင်မင်းဇော်လည်း ရေတိုက်ပွဲဝင်ပြီးတဲ့နောက် မအားရှာ လို့ထင်ပါရဲ့ သူ့ ထောင်ဇာတ်လမ်းတွေကလည်း ဖတ်လို့ မရိုး ဆိုတော့ ဆက်ဖတ်ချင်နေပြီ (အင်း အော်ရမှာလည်း အားနာတယ် ဘယ်လိုလုပ်ရပါ့)

ဟဲဟဲ ပျော်စရာကြီးနော် ... စာတွေမှ တဝကြီးဖတ်စမ်းပဲ။ အဲဒီလူတွေကနေတဆင့် သူတို့ ပြန်လင့်ခ် ထားတဲ့ သူတွေဆီဆက်သွား ...။ ကြိုက်တဲ့စာဆို သေချာဖတ်။ ကြိုက်တယ် မကြိုက်ဘူးဆိုတာက ကျမ တယောက်ထဲနဲ့ပဲဆိုင်ပါတယ်။ ကျမက အိုက်စကရင်မ် ကြိုက်ပေမယ့် တခြားတယောက်က ကြိုက်ချင်မှကြိုက်မှာကိုး။ သူက ကျမကို ကြက်ခြေထောက်သုပ်ကလေး စားကြည့်ပါလား ကောင်း တယ် လို့ ပြောပေမယ့် ကျမက မကြိုက်တာလည်း ဖြစ်နိုင်တာပဲ။ အဲဒါကို တခြားတယောက်က အရမ်းကြိုက်ချင် ကြိုက်နေမှာပေါ့လေ။

အဲဒီထဲမှာ စတော့ခ် (စတော့ပ် မဟုတ်ပါ) လုပ်ထားတာက ရှိသေးတာ။ ကိုနဗနရဲ့ ဘလော့လေ။ သူ့စာတွေကို အရမ်းကြိုက်တော့ ကုန်သွားမှာ စိုးလို့ ဖြည်းဖြည်းချင်းဖတ်တာ။ သူက တကဏ္ဍခြင်း ဖတ်လို့ရတော့ အဆင်ပြေတယ်။ ကဏ္ဍတခုပြီးသွားလိုက် တခွိခွိနဲ့ ရယ်လိုက် ရပ်ထားလိုက်။ ဟို အမတ်ကြီး ကြံစုတ်သလိုပေါ့ ဟီးဟီး။ အဲဒီတော့ တခြားလူတွေ အသစ်မတင်ရင် သူ့ဆီသွားလိုက်တာပဲ မပိုင်လား။

အင်း .... မရေးဘူး မရေးဘူးနဲ့ အတော်ကို ရေးဖြစ်သွားပြီ။ တကယ်က ဝတ္ထုတို တပုဒ် ထပ်ရေးမလို့။ ကျမရဲ့ ထုံးစံအတိုင်း ဟိုလှည့် ဒီလှည့်နဲ့ ရေးရမှာ ကြောက်နေတာနဲ့ပဲ ... ခု ဒီ ဘာမှန်းမသိတဲ့ စာကို ရေးဖြစ်သွားတာ။

ကဲ မိုကထ ဆိုင်ထဲတော့ ဝင်လိုက်ပြီ ...ကျမဘလော့လေးကတော့ အဲဒီမှာ ခင်းကျင်းထားတဲ့ထဲက တတုံး တလေလောက်ပဲ နှိုက်ယူရတဲ့ ဝက်အဆီခဲဖြစ်နေမလားဘဲ။ သူက စားဖို့မဟုတ်ဘူးလေ ... ကင်တဲ့ အိုးကင်း မကပ်ဖို့ ဆီထွက်နေအောင် တင်ထားရတာ :(



စိတ်ကူးတည့်ရာ ၁

အမေ..

ဒီတပတ်လုံး နာဂစ်ဆိုင်ကလုံး မြန်မာပြည်ကို ဝင်မွှေတဲ့ကိစ္စနဲ့ ရင်ထဲမှာ နာကျင်နေရတယ်။ ကျမတို့ မြန်မာပြည်သူတွေ ဒီလို တလုံးတခဲထဲ ဒုက္ခရောက်တာ၊ ဒီလိုအစုလိုက်အပြုံလိုက် သေကြေပျက်စီးရတာ မျက်ဝါးထင်ထင် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျမရဲ့ဆွေမျိုးတွေ ကျမရဲ့မိသားစုတွေ အဲဒီလို ဆိုးရွားစွာ ဒုက္ခရောက်ရတဲ့ထဲမှာ မပါပေမယ့် ကျမအရမ်းခံစားရတယ်။ သူတို့နဲ့ထပ်တူ ဝမ်းနည်းရပါတယ်။

ကလေးငယ်လေးတွေ အတုံးအရုံး သေဆုံးနေတာကို ကြည့်ရင်း ကျမမျက်ရည်ကျရတယ်။ အဲဒီကလေးတို့ရဲ့ အမေတွေ အသက်ရှင်နေသေးတယ် ဆိုရင်တောင် ရူးကုန်မလား။ ကျမလည်း အမေတယောက်ဖြစ်လေတော့ မခံစားနိုင်ဘူး။ ကျမရဲ့ သားတွေ ဒီမုန်တိုင်းကြားမှာ ဖျားနေတယ်လို့ သတင်းကြားရုံနဲ့တင် အဝေးက ကျမ ဖျပ်ဖျပ်လူးချင်နေတာလေ။

ခု ကျမဒီပို့စ်လေးရေးနေချိန်က မေ ၁၁ ရက်နေ့ မနက် ၁ နာရီခွဲပြီ။ တနင်္ဂနွေနေ့၊ ဒုတိယအပတ် ဆိုတော့ အမေနေ့များနေ့ပေါ့။ ကျမအမေကိုလည်း သိပ်သတိရနေမိတယ်။ အမေကလည်း ကျမကို သတိရမှာပဲ။ အမေ့အိမ်က တချမ်းပြိုကျသွားခဲ့တယ်..။ မောင်လေးပို့လိုက်တဲ့ ဓာတ်ပုံထဲမှာ အမေ့အိမ်လေးက အမှိုက်ပုံ တပုံလိုပဲ.......။

အမေ ကျမကို သိပ်သတိရနေမှာ။ တဦးတည်းသော သမီးဖြစ်လို့ အမေက ကျမကို အားလည်းကိုး ချစ်လည်းချစ်တယ်ဆိုတာ ကျမသိတယ်။ အမေက ကျမကို ပွတ်သီးပွတ်သပ် နေစေချင်ပေမယ့် ကျမက ဘယ်တော့မှ အမေ့နား မကပ်ဘူး။ ဖာသိဖာသာ ခပ်စိမ်းစိမ်းနေတတ်တယ်။ အများရှေ့မှာ အမြဲမာကျောချင်ယောင် ဆောင်တတ်ပေမယ့် ကျမစိတ်ပျော့တာ မျက်ရည်လွယ်တာ ခံစားလွယ်တာကို အမေက သိနေတာဆိုတော့ ကျမ ခံစားနေရမယ်ဆိုတာ အမေမသိဘဲနေမှာတော့ မဟုတ်ဘူး။

ခုအချိန်မှာ ဖြစ်နိုင်ရင် အမေ့ရင်ခွင်ထဲမှာ ခေါင်းထိုးပြီး ငိုလိုက်ချင်တာ။ အမေတို့အိမ်လေးက နေလို့မဖြစ်တော့လို့ ကျမအဒေါ်အိမ်မှာ နေနေရတယ်လို့ ကျမမောင်လေးက ပြောပြတယ်။ အဲဒီအိမ်ကလည်း ကျမတို့အိမ်လောက် အဖြစ်မဆိုးပေမယ့် မိုးရွာရင် မလွယ်ဘူးတဲ့။ အမေက တဆင့်စကားနဲ့ ကျမကို အားကိုးတဲ့ စကားတွေ ပို့လွှတ်ပေမယ့် ကျမက ခေါင်းမာမာနဲ့ပဲ တဆင့်စကားနဲ့ ပြန်ပြီး အမေတို့ထက် ဆိုးရွားတဲ့ ဒုက္ခသည်တွေ၊ ရေငတ်နေတဲ့သူတွေ၊ ဗိုက်ဆာနေတဲ့သူတွေ အများကြီးရှိနေသေးတယ်လို့ အကြောင်းပြန်ခဲ့တာ။

အမေ့အိမ် အရေးထက် ကျမသူငယ်ချင်းပြောပြတဲ့ ကျမတို့ မြို့ကလေးက အိမ်မဲ့ယာမဲ့ ဒုက္ခသည်တွေကို ပိုစိတ်ဝင်စား၊ ကူညီဖို့ ကြိုးစားနေပေမယ့် တကယ်က ကျမ ဟန်ဆောင်နေတာပါ...။ ကျမရင်ထဲမှာ သားတွေ နေမကောင်းတာရယ် အမေ စိတ်ညစ်ပြီး အားငယ်နေမှာရယ်ကို တချိန်လုံး စဉ်းစားမိနေတာ။ ကျမကိုယ်ကျမ မှန်သလား မှားသလားလည်း မသိတော့ဘူး၊ အမေ ကျမကို စိတ်များနာနေမလား....။ အဲလိုတော့ အမေကစိတ်နာမယ် မထင်ပါဘူးလေ။ ကျမအမေက သိပ်မတော်ပေမယ့် သတ္တိရှိတယ်ဆိုတာ ယုံတယ်။ တကယ်ကို ဆိုးရွားတဲ့ အမေတွေ။ ကျမ သားတွေထက်ဆိုးဆိုးရွားရွား ခံစားနေရတဲ့ သားသမီးတွေ ရှိနေတယ် အမေရေ..။

သားသမီးတွေ ဆုံးရှုံးသွားရတဲ့အမေတွေ၊ အမေတွေ ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေထက်စာရင် ကျမတို့ဘဝက အများကြီးတော်ပါသေးတယ်။ အဲဒီလို ကျမကိုယ်ကျမ ဖြေနိုင်တယ်တွေးလိုက်..၊ အမေတို့ကို သတိရလိုက်..။ ကိုယ့်ကိုယ်ကိုယ် ညာနေတာလေ..။

ကျမက အမေ့ရင်ခွင်ကို လွမ်းနေသလို ကျမရဲ့ အရွယ်မရောက်သေးတဲ့ သားတွေကလည်း သူတို့ အဖွားရင်ခွင်ကနေ သူတို့အမေ ကျမကို တမ်းတနေမလား...။ အဲလိုစဉ်းစားမိတော့ ကျမ နောက်ထပ်အမေတယောက်ကို သတိရသွားတယ်။ သူ့ကိုတွေးမိတော့ ကျမကိုယ်ကျမ တော်တော်လေး ရှက်သွားမိပါရဲ့။ ကျမက ဘာမှလည်း မဟုတ်ဘဲ၊ သူ့ခြေဖဝါးအောက်က ခြေမှုန်လေးလောက်တောင် အဆင့်မရှိဘဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးနေတာလေ။ ဒေါ်အောင်ဆန်းစုကြည်..၊ မနီလာသိန်း..၊ ပြီးတော့ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ရဲ့ အမေတွေ....။ အဲဒီအမေတွေနဲ့ နှိုင်းရင် ကျမအမေက ဘာမှမဟုတ်တော့သလို ကျမကပိုတောင် ဘာမှမဟုတ်သေး...။ ပါမွှား..၊ သေးသေးလေး၊ ပိစိကွေးပါ..။

အမေတွေကို သူတို့ရဲ့ သားသမီးတွေနဲ့ မခွဲခွာစေချင်တော့ဘူး။

တကယ်တော့ ကျမ ပင်ပမ်းလှပါပြီ။ ဟန်ဆောင်ရတာလည်း မောလှပြီ။ အမှန်အတိုင်းပြောရရင် ကျမအိမ်ရှိရာကို အပြေးသွားလိုက်ချင်ပြီ။ အမေ့ရင်ခွင်ထဲမှာ ချုံးပွဲချပြီး ငိုလိုက်ချင်ပြီ။ ပြီးတော့ အမေ့ကို အားပေး နှစ်သိမ့် ချင်တယ်။ အဲဒါကတော့ စိတ်ကူးသက်သက်ပါ။ ဘာလို့လဲဆိုတော့ ကျမက အမေ့ကို အားပေးစကား ပြောဖို့တောင် ရှက်နေတတ်တဲ့ မိန်းမလေ..။

အဖြစ်မှန်က ကျမ အိမ်ပြန်လို့မရဘူး..၊ ပြီးတော့ ကျမအိမ်ထက် အရေးကြီးတဲ့ အရေးပေါ် မကူညီမဖြစ်တဲ့ သူတွေကို ကူညီရမယ် (ကျမက တတ်နိုင်လို့ မဟုတ်ပေမယ့် တတ်နိုင်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းရမယ်)၊ ပြီးတော့ လူမဆန်တဲ့ အစိုးရကြောင့် အကူအညီ ပေးမယ့်သူရှိပါလျှက်ကယ်နဲ့ အကူအညီမရတဲ့ ဒုက္ခသည်တွေအတွက် ကျမတတ်နိုင်သလောက် စာတွေရေးရအုံးမယ်..။ မီဒီယာမှာ လုပ်ခွင့်ရနေသရွေ့ ကျမတို့လို ကြားခံ သတင်းသမားတွေကတဆင့် လူတွေသိအောင် ပြောပြရဦးမယ်။ (မဆီမဆိုင် ဘီလ်ဂိတ်ကတောင် ကျမတို့ မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေအတွက် ရာဟူးကိုဝယ်မယ့်ဟာ မဝယ်တော့ဘဲ ဖောင်ဒေးရှင်းတခု ထူထောင်ပေးသေးတာ ကျမက သူ့လက်သည်းထိပ်ဖျားစာ ကလေးလောက်ပဲ ဖြစ်ဖြစ် လုပ်လို့ရသလောက်တော့ လုပ်ရမှာပဲ)

စိတ်ပျော့သလောက် ခေါင်းမာတဲ့ ကျမကို အမေကော သားလေးတွေပါ ခွင့်လွှတ်မယ် ထင်ပါရဲ့။ ။