အမှတ်တရရက်စွဲများ ၆
တခုသောနှစ်သစ် နှစ်သစ်ကူးဖို့ ဘာမှ မလိုတော့ဘူးဆိုတော့ တခုသော နှစ်သစ်ကူးအချိန်လေးကို သတိရမိတယ်။ ကျမတို့က ငယ်ငယ်ကလေးဘဝတည်းက ၃၁ ရက်နေ့ဆိုရင် ညလယ် ဝတ်ပြုစည်းဝေး အမြဲတက်ရလေ့ ရှိပါတယ်။ ညဦးပိုင်းမှာ ဘုရားကျောင်းထဲက ခုံတွေကို ဘေးကပ်ပြီး အဖွဲ့တွေခွဲ ကစားနည်းပေါင်းစုံအောင် ကစားကြ .. ။ ကစားလို့ပြီးရင် အဲဒီနှစ်အတွက် မဲခွဲပြီး ကင်းနဲ့ကွင်းရွေး၊ ပြီးရင် အမျိုးသမီးအသင်းက ပြင်ဆင် ပေးထားတဲ့ ကောက်ညှင်းပဲပေါင်းနဲ့ လက်ဖက်ရည်ကို တဝကြီးစား .. ၁၁ နာရီ ထိုးပြီ ဆိုတာနဲ့ ခုံတွေပြန်စီပြီး ဝတ်ပြုစည်းဝေး စပါပြီ။ ကလေးဘဝကတည်းက တောက်လျှောက်အဲလိုပုံစံနဲ့ပဲ နှစ်သစ်တွေကို ကျော်လွန်ဖြတ်သမ်းခဲ့တာ အကျင့်ပါ ခဲ့တယ်။ ကျမတို့ ဘုရားကျောင်းရဲ့ လက်ထောက် သင်းအုပ်ဆရာက စာရေးဆရာ သန်လျင်ဖေသွင်ပါ။ ဆရာက တရားဟော ကောင်းသလို နှစ်သစ်ဝင်ခါနီးအချိန်မှာ သူက ဦးဆောင် ဆုတောင်းပါတယ်။ ၁၂ နာရီ ထိုးခါနီး ၅ မိနစ်လောက်အလိုမှာ ဆုစတောင်းပြီး ၁၂ နာရီတိတိ ခေါင်းလောင်းလည်းထိုး သူ့ဆုတောင်းချက် လည်း ပြီး ... ။ ကျမက အဲဒီအချိန်လေးကို သိပ်စွဲမက်ပါတယ်။ ခုတော့ ဆရာလည်း ကွယ်လွန် ခဲ့ပါပြီ။ ကလေးတုန်းက ညဦးပိုင်း ကစားတဲ့အချိန်တွေဆို သိပ်ပျော်ပါတယ်။ ကလေးတွေနဲ့ဆိုင်တဲ့ ကစားနည်းတိုင်း ဝင်ပါခွင့်ရတယ်လေ။ နောက် လူငယ်ဘဝရောက်တော့ ကျမတို့က ဦးဆောင်ကစားရတဲ့ အနေအထား ရောက်လာပြန်တယ်။ လူငယ်တွေ ကလေးတွေကို အဖွဲ့တွေခွဲ .. ကစားနည်းပေါင်းစုံကို ဦးနှောက်ခြောက် အောင်စဉ်းစား .. မမောမပမ်းနဲ့ ကစားခဲ့ပြန်ပါတယ်။ ကျမတို့ ဦးမဆောင်ရတဲ့ နှစ်တွေဆိုရင် သူငယ်ချင်းတွေ စု .. လမ်းဟိုဘက်က တခြား ဘုရားကျောင်းတွေလျှောက်လည်ရတာလည်း ပျော်စရာ သိပ်ကောင်းပါတယ်။ ဘုရားကျောင်းတိုင်းက လူငယ်တွေက ကျမတို့ရဲ့ သူငယ်ချင်းတွေချည်းပဲကိုး။ တယောက်နဲ့တယောက် စကြ နောက်ကြ၊ အော်ဟစ်နှုတ်ဆက်ကြနဲ့ .. ဒီဇင်ဘာ ၃၁ ရက်ညတွေကို ကျမတို့ စွဲလမ်းခဲ့ကြတယ်။ တချို့ ခရစ် ယာန် မဟုတ်တဲ့ သူငယ်ချင်းတွေလည်း ကျမတို့ကိုခင်တော့ ကျမတို့နဲ့အတူ ပါဝင်ဆင်နွှဲကြတယ်။ ကျမ မှတ်မိသလောက် အဲလိုပုံစံနဲ့ နှစ်သစ်ကို ကူးခဲ့တာ တောက်လျှောက် တနှစ်မှ မပျက်ခဲ့ရာက ကျမ ဂျီတီအိုင် ပထမနှစ် တက်တဲ့နှစ်မှာ အဲဒီအစဉ်အလာ ပျက်ရတော့မယ့် အနေအထားဖြစ်သွားခဲ့တယ်။ အဲဒီနှစ်က ကျမက ဂျီတီအိုင် ပထမနှစ်၊ ကျမရဲ့ အခင်ဆုံးသူငယ်ချင်း မမိုးစည်က ဂျီတီအိုင် တတိယနှစ်။ ကျမတို့ နှစ်ယောက်စလုံး အင်းစိန် ဂျီတီအိုင်မှာ ကျောင်းဖွင့်ရက်၊ ကြားရက်ကြီးနဲ့ ဆုံနေတော့ အိမ်ပြန်လို့မရဘဲ ဖြစ်နေကြတယ်။ ပထမနှစ်မှာ ကျမက ကျောင်းဆောင်မရသေးဘူး။ ကျောင်းနားကအပြင်ဆောင်တဆောင်မှာ ငှားနေရတယ်။ မမိုးစည်ကတော့ ကျောင်းဆောင်ရနေပြီ။ အဲဒီအချိန်က ရန်ကုန် - သန်လျင်တံတားကြီးလည်း မပြီးသေးတဲ့ သင်္ဘောခေတ်။ ကျမတို့နေတဲ့ သန်လျင်နဲ့ ကျောင်းနဲ့က အဝေးကြီး .. အိမ်ကနေတက်လို့ ဘယ်လိုမှ အဆင် မပြေတဲ့ အနေအထား။ အဆောင်နေမှ အဆင်ပြေတဲ့ အခြေအနေ။ ဂျီတီအိုင်က ကျောင်းပျက်လို့လည်း မဖြစ်တဲ့ ကျောင်းလေ။ တရက်ပျက်ရင် စာက လိုက်လို့မဆုံးတော့ဘူး ဆိုတော့ ဒီဇင်ဘာ ၃၁ ရက်ရဲ့ အစဉ်အလာကို ကျမတို့ စိတ်ညစ်ညစ်နဲ့ ဖျက်ရမလိုဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျမကော မမိုးစည်ပါ နှယ်နှယ်ရရတွေမဟုတ်ဘူးလေ။ သူများထက်ထူးလိုက်ရမှ .. ကဲလိုက်ရမှ ဆိုတဲ့ အစားထဲကဆိုတော့ .. မမိုးစည်က စပါတယ်။ “တူး .. ငါတို့ ညကျ Mid Night ဘုရားကျောင်းတက်ရအောင်” “ဟင် ဘယ်လိုလုပ်တက်မလဲဟ။ တို့က အပြင်ဆောင်မို့လို့ ရတယ်ထားပါဦး။ မမိုးစည်က ဘယ်လိုလုပ်မလဲ” ကျမမေးတာလည်း မမှားဘူးလေ။ ကျောင်းဆောင်က ညနေ ၆ နာရီဆိုရင် တံခါးပိတ် ဂျိတ် .. လူစစ်တာ မဟုတ်လား။ သူက လုံးဝမလျှော့ဘူး ..။ “ရတယ် .. ဒီလိုလုပ်ဟာ .. နင်က ၁၀ နာရီကျော်လောက်မှာ စောင့်နေလိုက်။ နင့်ကို မြင့်ထွန်းဝင်းနဲ့ မြင့်ဇော် လာခေါ်လိမ့်မယ်။ သူတို့နဲ့လိုက်ခဲ့ပြီး ငါ့အဆောင်ကို လာခဲ့ကြ” “ဖြစ်ပါ့မလားဟ ဘယ်လိုထွက်မှာလဲ” “ဖြစ်တယ်ဟာ ငါပြောသလိုသာလုပ်” ဒီလိုနဲ့ ကျမတို့ရဲ့ ဘုရားကျောင်းတက်ရေး စီမံကိန်းကြီး စတင်ပါတော့တယ်။ ညကျတော့ ကျမအဆောင်ကို မမိုးစည်ရဲ့ သူငယ်ချင်း ကိုမြင့်ထွန်းဝင်းနဲ့ ကိုမြင့်ဇော်က လာခေါ်တယ်။ ကျမအဆောင်က ကျောင်းရှေ့တင် ပဲလေ။ မမိုးစည်နေတဲ့ သပြေဆောင်က ကျောင်းဝင်းထဲမှာ။ ကျောင်းရောက်ပြီးမှ ညဘက် တခါမှ မထွက်ဘူးလို့လား မသိဘူး စိတ်ထဲမှာ ပျော်လည်းပျော် ကြောက်လည်းကြောက်။ မမိုးစည် ဘယ်လိုလုပ်မလဲ ဆိုတာလည်း စိတ်ဝင်စားပေါ့ ..။ ကျမတို့ သပြေဆောင်ရှေ့ရောက်တော့ အဆောင်ရှေ့မှာ ကျောင်းသားတွေ တန်းစီနေတာပဲ ...။ သီချင်းဆို နေကြတာလေ ..။ အောင်နိုင်ရဲ့ “ယု” သီချင်းကို ဆိုနေကြတာ။ အဆောင်ထဲမှာက ကျမတို့နှစ်၊ ကျမတို့ မေဂျာက မကွေးသူ ယုယုကြိုင်နဲ့ ထားဝယ်သူ ယုယုနွဲ့ရှိလို့ “ယု” သီချင်းကို ဆိုကြတာ။ နောက်ဆုံးအပိုင်း “အချစ်ဆုံး .. ယု .. ယု .. ရယ် .. အကြင်နာဆုံး .. ယု .. ယု ရယ် ..” ဆိုတဲ့နေရာမှာ “အချစ်ဆုံး ယု .. ယု နွဲ့ .. အကြင်နာဆုံး ယု .. ယု ကြိုင်” ဆိုပြီး အဲဒါကိုပဲ ပတ်ဆိုနေကြတယ်။ ကျမက နည်းနည်းတော့ လန့်သွားတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက ယောက်ျားလေးတွေချည်းလေ။ ကျမ တယောက်ထဲ မိန်းကလေးပါလာတာဆိုတော့ လန့်တာ အမှန်ပဲ။ ဒါပေမယ့် ကျမ ပါလာတာကို သီချင်းဆိုနေတဲ့ သူတွေ တယောက်မှ မအံ့သြကြဘူး။ သူတို့က အဲဒီအစီအစဉ်ကို သိပြီးသားကိုး။ ကိုမြင့်ဇော်နဲ့ ကိုမြင့်ထွန်းဝင်း တို့က ပြောထားခဲ့ပြီးသား။ သူတို့အားလုံး သီချင်းဆိုချင်ယောင် ဆောင်ပြီး စောင့်နေကြတာ။ အဲဒီအုပ်ထဲမှာ ကျမရဲ့ အခင်ဆုံးသယ်ယင်း ဂျပိန်ကောင်တောင် ပါနေသေး ..။ ကျမတို့ရောက်ပြီး ခဏနေတော့ မမိုးစည်နဲ့ နောက်အစ်မကြီး ၃ ယောက် အဆောင်ထဲက ထွက်လာတယ်။ အဆောင်က တထပ်တိုက်ပုအရှည်လေး။ ရှေ့မှာကပါလာ .. ပါလာနဲ့ကပ်ရပ်က အုတ်တံတိုင်းပေါ့။ အပြင်က ဂစ်တာတီးတဲ့ကောင်တွေ ကြားမှာ ယောက်ျားစီး စက်ဘီးတစီး ထောင်ထားတယ်။ မမိုးစီကို အထဲကနေ အစ်မကြီး ၃ ယောက်က ခွေးခြေကနေတဆင့် အုတ်တံတိုင်းကို ကျော်နိုင်အောင် ပင့်ပေးကြတယ်။ တကယ်တော့ တော်တော်မလွယ်တဲ့ကိစ္စ။ မမိုးစည်ဆိုတာ နည်းတဲ့ ခန္တာကိုယ်ကြီး မဟုတ်ဘူး။ ဝတာတင်မဟုတ်ဘူး .. သူက ထွားကြိုင်းတာ။ အရပ်ကလည်းရှည် .. ခန္တာကိုယ်ကလည်း ထွားဆိုတော့ အထဲက သူ့ကိုပင့်ပေးရတဲ့ အစ်မတွေ တော်တော် ဒုက္ခရောက်ကြတယ်။ အပြင်ဘက်က ယောက်ျားလေးတွေက စက်ဘီးပေါ်တက်ပြီး သူ့ကို ဆွဲချရတယ်။ အောက်ကတော့ စက်ဘီးကို သေချာထိန်းထားကြတာပေါ့။ ဒီလိုနဲ့ မမိုးစည် အပြင်ရောက်လာ ပါတော့တယ်။ အဲဒီအချိန်မှာ ၁၁ နာရီ ထိုးခါနီးနေပြီ။ ကျမတို့ ၂ ယောက်ကို ကိုမြင့်ဇော်တို့က ရွာမ ဘုရားကျောင်းထိ လိုက်ပို့တယ်။ အဲဒီနှစ်က ကျမတို့ ဘုရားကျောင်းတက်လိုက်ရတယ် ဆိုပါတော့လေ။ ဘာရယ်မဟုတ်ဘူး .. ကျမတို့ ၂ ယောက်စလုံးက တခုခု လုပ်ချင်ရင် လုပ်လိုက်ရမှ။ မဖြစ်ဖြစ်အောင် ထလုပ်ချင်တာကို မမိုးစည်ရဲ့ သူငယ်ချင်းတွေကလည်း ဝိုင်းကူပေးခဲ့တာ။ ဘုရားကျောင်းတက်ပြီး အပြန်ကျတော့ တခါ မမိုးစည်ကို ဒီဘက်က ပြန်ပင့်ပေး၊ ဟိုဘက်က မအိပ်ဘဲ စောင့်နေတဲ့ အစ်မတွေက ခွေးခြေလေး ခုပြီး ပြန်ခေါ်နဲ့ .. အဲဒီအချိန်မှာ ယောက်ျားလေးတွေက သီချင်းကို အဆက် မပြတ် ဆိုပေးနေပါတယ်။ ခါတိုင်းညတွေလည်း သီချင်းလာဆိုနေကျ ဆိုတော့ ဆရာမအတွက် မထူးဆန်းတော့ဘူးပေါ့။ အဲဒီညက မမိုးစည် အဆောင်က ခိုးထွက်ပြီး ကျမတို့ ဘုရားကျောင်း သွားတက် ကြတာကို အဆောင်မှူး ဆရာမ ဒီနေ့ထိမသိခဲ့ဘူး။ အဲဒီတခါသာပါပဲ .. နောက် တခြား ဘယ်သူမှ အဆောင်က ကျော်ထွက်တာမျိုး မကြားဖူးခဲ့ပါဘူး။ မိရင်လည်း တော်တော် မလွယ်မယ့် ကိစ္စလေ။ နောက်ပြီး ဟိုးလေး တကျော်ကျော်ဖြစ်မှာလေ။ အဲဒီညကတော့ ကျမတို့ကို ယောက်ျားလေး သူငယ်ချင်းတွေကလည်း ကူညီဖုံးဖိပေးခဲ့တာပါ။ ညလယ် ဝတ်ပြုစည်းဝေးအပြီး ရွာမဘုရားကျောင်းက ပြန်လာတော့ ကျမတို့ သူငယ်ချင်းနှစ်ယောက် ကျမတို့ သန်လျင် ဘုရားကျောင်းမှာ နှစ်သစ် ဝတ်ပြုစည်းဝေးပြီးတိုင်း ဂစ်တာနဲ့ဆိုကြတဲ့ သီချင်းလေးကို တိုးတိုး ညည်းခဲ့ကြပါတယ်။ အဲဒီသီချင်းက ကျမ ငယ်ငယ်ကတည်းက ကြားဖူး၊ ဆိုဖူးတဲ့ သီချင်းလေးပါ . ... .. လွမ်းလို့ အမှတ်တရ စာသားလေးတွေ ပြန်ရေးပေးလိုက်ပါမယ် ... ၃၁ ရက်ညလယ် ဝတ်ပြုစည်းဝေး ပြီးချိန်မှာ ကျမ သူငယ်ချင်းတွေ အဲဒီသီချင်းလေးကို ဆိုနေကြလိမ့်မယ် .. ဘုရားကျောင်းဝန်းကျင်က အိမ်တွေ ရှေ့မှာလိုက်ပြီး Happy New Year အော်ရင်းပေါ့ .. ကျမလည်း တယောက်တည်း အဲဒီ သီချင်းလေးကို ညည်းနေမှာပါ ..။ {ကျွန်ုပ်တို့အတွက် ကျေးဇူးတော်နှစ်သည် .. ပြီးဆုံးလုပြီ .. ကျေးဇူးတော်ကို ချီးမွမ်းကြကုန် ...။ နောင်လာမည့် အသစ်သောနှစ်အား .. ကိုယ်တော်အတွက် .. ဆပ်ကပ်လျှက် ကျွန်ုပ်တို့၏ အသက်တာ ပူဇော်မည် ..။ အပြစ်၌ ပျော်မွေ့ခဲ့သော စိတ်အတွက် ဝမ်းနည်းလျှက်ရှိပါ .. နောင်တနှင့်ဆိုင်သော ဆုကို ပေးမူပါ .. } နှစ်သစ်ကို ကြိုဆိုရတိုင်း စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရတဲ့ အဲဒီ တခုသော နှစ်သစ်ကို ကျမပြန်ပြန် လွမ်းနေ မိတယ်။ အစွန်းအထင်းတွေ အတော်လေးနည်းသေးတဲ့ အချိန်တွေပေါ့ .. အဲဒီတုန်းက အပြစ်တွေ ကျူးလွန်ခဲ့ မိလို့ ဝမ်းနည်းတယ် ဆိုတာ ခုချိန်၊ ခုအသက်အရွယ်နဲ့ယှဉ်ရင် ဘာမှ မဟုတ်တော့ပါလား ဆိုတာကို တွေးမိတယ် ..။ အဲဒီကာလတွေတုန်းက ဘယ်သူ့ကိုမဆို ခွင့်လွှတ်နိုင်၊ လက်ဆွဲနှုတ်ဆက်နိုင်ခဲ့ပေမယ့် ခုအချိန်မှာ လုံးဝ ခွင့်မလွှတ်၊ လက်ဆွဲ မနှုတ်ဆက် နိုင်ဘူး ဆိုတဲ့သူ နည်းနည်းတော့ ရှိနေပါလားလို့ သတိရမိတော့ တုန်လှုပ်မိတယ်။ ဘာပဲဖြစ်ဖြစ် ဟိုးတုန်းက ချစ်စရာ အတိတ်ကလေးတွေကို တွေးလိုက်ရတာ ကျမရဲ့စိတ်ကို ပေါ့ပါး ပျော်ရွှင်စေတာ အမှန်ပဲ။ အဲဒီအတိတ်တွေကို ပြန်ပြန်တွေးရင်း အနည်းဆုံးတော့ နှစ်သစ်မှာ ကျမကပဲဖြစ်ဖြစ် ကျမကိုပဲဖြစ်ဖြစ် အထင်လွဲမှုတွေ နည်းနိုင်သလောက်နည်းအောင် ကြိုးစားပြီး မုန်းတဲ့သူ နည်းနိုင်သလောက် နည်းအောင် နေဖြစ်လိမ့်မယ် ထင်ပါရဲ့။ |
Wednesday, December 31, 2008 | Labels: အမှတ်တရ | 9 Comments
tag 7
ခုတလောမှာ အလုပ်တွေ မတရားပိနေတာနဲ့ ကျမဘလော့လေးကို လွမ်းလွမ်းနဲ့ ပစ်ထားလိုက်ရတယ်။ ပို့စ်အသစ်တွေ မတင်နိုင်သေးတဲ့အချိန်မှာ ဖိုးဂျယ်က ကျမကို တက်ပါတယ်တဲ့။ ဖတ်ကြည့်လိုက်တော့ စိတ်ကူးယဉ်ခြင်း ဆိုပါလား။ ခင်မင်မှုနဲ့ တက် တာဆိုတော့ ရေးရမှာပေါ့နော်။ စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်ဘဲ ရဲရဲသာယဉ်လို့ ပြောပေမယ့် စိတ်ကူးထဲမှာတောင် ထဲ့ပြီး မယဉ်ရဲတဲ့ ကိစ္စမျိုးတွေ ဘယ်သူမဆို ရှိတတ်ကြမှာပါ။ အသက်ကြီးလာလေ အဲလို စိတ်ကူး မယဉ်ရဲတာမျိုးတွေ များလာလေဖြစ်မယ် ထင်တယ်။ ဒါပေမယ့် ကျမကတော့ ခုထိ စိတ်ကူးတွေ ယဉ်နေတုန်းပဲ။ ရေငတ်တုန်း ရေတွင်းထဲ ကျ ဆိုသလိုပေါ့။ ဖိုးဂျယ်ရေ ... အတတ်နိုင်ဆုံး ယဉ်ပြီး ရေးပြီဟေ့ ..။ စိတ်ကူးယဉ်ခြင်း ကျမတည်ဆောက်ချင်တဲ့ မြို့ကလေးတမြို့ပေါ့ ...။ အဲဒီမြို့ကလေးမှာ ကျမချစ်တဲ့သူတွေ အားလုံးရှိမယ် ..။ ကျမ မချစ်တဲ့သူတွေ မရှိဘူး။ ပြီးတော့ အဲဒီမြို့ ကလေးမှာ နေတဲ့သူတွေအားလုံးက တယောက်ကို တယောက် ချစ်ကြတယ်။ အမုန်းတွေ မရှိဘူး ..။ မနာလိုတာ ငြူစူတာ မရှိဘူး။ ပြီးတော့ အဲဒီမှာ နေတဲ့သူတွေအားလုံး သဘာဝကို ချစ်ရမယ်၊ အနုပညာကို ချစ်ရမယ်၊ မြို့လေးက သိပ်ခေတ်မီတိုးတက်လှတယ် မဟုတ်ပေမယ့် .. လျှပ်စစ်မီးတော့ မှန်ရမယ်။ တယ်လီဖုန်းတော့ရှိ တယ်။ အင်တာနက်တော့ ရှိချင်မှရှိမယ်။ ဘာလို့ ဆိုတော့ လိုမှမလိုဘဲ။ မြို့လေးက ကျဉ်းတော့ ကိုယ်တွေ့ချင်တဲ့ သူကို လမ်းလျှောက်ပြီး သွားတွေ့လိုက်ရုံပဲ။ ဒါမှမဟုတ် မြင်းလှည်းလေးနဲ့ဖြစ်ဖြစ် စက်ဘီးနဲ့ဖြစ်ဖြစ် သွားတွေပေါ့။ လမ်းတွေကတော့ ကောင်းမှာပါ။ အင်တာနက်ပေါ်မှာ ခု စိတ်ကူးယဉ် တည်ဆောက် ဖန်တီးထားတဲ့ ကမ္ဘာကို အပြင်မှာ ဖန်တီးလို့ရနေတာဆိုတော့ အင်တာနက်မရှိလည်း ရတာပေါ့။ မြို့လေးရဲ့ရာသီဥတုက နည်းနည်းအေးမယ်။ ကလောလိုပုံစံမျိုးပေါ့ ..။ အဲဒီတော့ အိမ်တွေကိုလည်း အေးတဲ့ ရာသီဥတုနဲ့ လိုက်ဖက်အောင် တိုက်ပုလေးတွေ ဆောက်မယ်။ လိုအပ်ရင် မီးလင်းဖိုလေးတွေပါ ထည့်မယ်။ မပူဘူး ဆိုတော့ အဲယားကွန်းတော့ မလိုပါဘူး။ မြို့ကလေးမှာ ပန်းတွေက နေရာတိုင်းပွင့်နေမယ်။ မြို့လယ်မှာ စမ်းချောင်းလေး စီးနေမယ်။ ကားကတော့ ရှိချင်လည်း ရှိကြပေါ့။ တကယ်တော့ ကားတောင်မလိုဘူး။ စက်ဘီးလေးနဲ့တင် အလုပ်ဖြစ်တဲ့ မြို့လေး။ အိမ်တွေက ခြံဝင်းတွေလည်း ကျယ်ကြတယ်။ ကိုယ့်ခြံထဲမှာ ကိုယ့်ဘာသာ သီးပင်စားပင် ပန်းပင်တွေ စိုက်ကြတယ်။ တချို့က မွေးမြူရေးလုပ်ကြတယ်။ မြို့လယ်မှာ စူပါမားကတ်ကြီးတခုတော့ရှိတယ်။ အဲဒီမှာ လိုချင်တာအကုန်ရတယ်။ ဒီစူပါမားကတ်ကိုလည်း ဒီမြို့က လူတွေပိုင်တာပဲ။ ဒီစူပါမားကတ်ကို ပစ္စည်းတွေ လာချတဲ့တချိန်ပဲ ကားကြီးတွေ မြင်ရမယ်။ မြို့ကလေးက လူတွေက တယောက်မှ စက်ရုပ်မဆန်ဘူး။ မနက်ကို အေးအေး ဆေးဆေး အိပ်ရာထ။ အလုပ်ကို အေးအေး ဆေးဆေး သွား။ ဒီလောက်ပဲ။ တယောက်ကို တယောက် ချစ်ကြတော့ အမြတ်ကြီးစားတာတွေ၊ ကတုံးပေါ် ထိပ်ကွက်တာတွေ မရှိဘူး။ ပွဲစားလည်း မရှိဘူး။ တယောက်က လိုအပ်ရင် တယောက်က လုပ်ပေးလိုက်တာပဲ။ မြို့လေးကို အုပ်ချုပ်တဲ့သူကလည်း ကောင်းတာကိုး။ ဘက်မလိုက်ဘူး၊ လာဘ်မစားဘူး။ ကျောသားရင်သား မခွဲခြားဘူး။ သူက အားလုံးကိုချစ်ပြီး သူ့ကိုလည်းအားလုံးက ချစ်ကြတယ်။ သူကဘာလို့ အုပ်ချုပ်တဲ့သူ ဖြစ်နေတာလဲဆိုတော့ သူ့မှာ စိတ်ပုပ်တဲ့သူ၊ စိတ်ကောင်းမရှိတဲ့သူ၊ ယုတ်မာတဲ့သူတွေကို အလိုလိုသိတဲ့ ဥာဏ်ရှိတယ် (ဟီဟိ - အရသာရှိလိုက်တာ ဖိုးဂျယ်ရာ) အားလုံးက ရတဲ့ ပိုက်ဆံနဲ့ လောက်တယ်။ ပိုတောင်ပိုသေးတယ်။ အဲဒီတော့ အေးအေးဆေးဆေးပဲ နေနိုင်ကြ တယ်။ အနုပညာကို ချစ်ကြတော့ စာတွေရေးကြတယ်၊ စာအုပ်တွေထုတ်ကြတယ်၊ ကဗျာတွေရေးကြတယ် (စာပေ စိစစ်ရေးမရှိဘူးနော်)၊ သီချင်းတွေ ရေးကြ၊ ဆိုကြ၊ စီးရီးတွေ ထုတ်ကြတယ် (ခိုးကူးမယ့်သူတွေ မရှိဘူး)။ ပန်းချီတွေ ဆွဲကြတယ်။ ပန်းချီပြခန်းတွေ၊ ပြတိုက်တွေလည်း ဒီမြို့လေးမှာရှိတယ်။ တချို့က လက်မှုပစ္စည်းတွေ လုပ်ကြတယ်။ ဒီမြို့လေးက လူတွေက တခြားဒေသတွေ သိပ်မသွားကြဘူး။ ကိုယ့်ဘာသာကိုယ်ပဲ အေးအေး ဆေးဆေး နေကြတယ်။ ဒီမြို့လေးမှာ အရက်သမားတော့ နည်းနည်းပါးပါးရှိတာပေါ့ (စိတ်ကောင်းရှိတဲ့ အရက်သမားတွေ၊ သူများတွေကို ဒုက္ခမပေးတဲ့ အရက်သမားတွေပေါ့) ဝိုင်တွေဘာတွေလည်း အိမ်တိုင်း ကိုယ့်ဟာကို စိမ်ကြတာပဲ။ စားချင်တဲ့ မုန့်တွေလည်း ကိုယ့်ဘာသာလတ်လတ်ဆတ်ဆတ် လုပ်စားကြတာပဲ။ ဝက်အူချောင်းတို့၊ ဝက်ပေါင်ခြောက်တို့ မုန်ညင်းချဉ်တို့ အကုန်ကိုယ့်ဘာသာလုပ်စားကြတာ။ အိမ်တွေ ဆောက်တော့လည်း ဒီမြို့လေးရဲ့ အပြင်ဘက်မှာရှိတဲ့ မြေကြီးကို ကိုယ့်ဘာသာသွားတူး၊ အုတ်ဖုတ်ပြီး ကိုယ့်ဘာသာ ဆောက်ကြ တာပဲ။ တိုက်အမြင့်ကြီးတွေလည်း မရှိဘူး။ မြို့လေးက သန့်ရှင်းပြီးသပ်ရပ်တယ်။ အဲဒီမြို့လေးရဲ့ အနီးတဝိုက်မှာ လယ်တွေရှိတယ်။ အဲဒီလယ်တွေက ထွက်တဲ့စပါးတွေကို ဒီမြို့ကလေးမှာ စားတယ်။ ခေတ်မီပစ္စည်းတွေ ရှိမှ နေတတ်တဲ့သူတွေကတော့ သိပ်အဆင်မပြေဘူးပေါ့။ ရေခဲသေတ္တာတောင် မလိုဘူးလေ။ စားချင်တာကို စားခါနီးမှ လတ်လတ်ဆတ်ဆတ် ဝယ်ချက်ရုံပဲ။ တပတ်စာ သိုလှောင်ထားဖို့မှ မလိုဘဲ။ အဲဒီမြို့လေးကို လာချင်တဲ့သူတွေက ဒီတိုင်းလာလို့မရဘူး။ ဗီဇာလိုတယ်။ ဗီဇာက တခြားတော့ မဟုတ်ပါဘူး။ မြို့လေးကို အုပ်ချုပ်တဲ့သူက မေးခွန်း တခွန်း၊ ၂ ခွန်းမေးတာကို ဖြေရတာပါ။ သူမေးတဲ့မေးခွန်းကို ဖြေပြီးရင် ဒီလူက စိတ်ကောင်းရှိတဲ့သူလား စိတ်ယုတ်မာတဲ့သူလားဆိုတာ သိပြီ ..။ လျှောက်လွှာမှာတော့ သင့်အနေနဲ့ အနုပညာချစ်သူ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူဖြစ်တယ် ဆိုတာ ထည့်ဖြည့်ရမယ်နော်။ စိတ်ကောင်း ရှိတဲ့သူ ဗီဇာရမှာပေါ့။ အဲဒီမြို့မှာနေခွင့်ရတဲ့သူအားလုံး ခြံတကွက်စီ အလကားပေးတယ်။ အိမ်ဆောက်တာကလည်း ပိုက်ဆံ သိပ်မကုန်ဘူးလေ။ ဒီမြို့မှာ နေတဲ့သူတွေအားလုံး မဆင်းရဲကြဘူး။ သိပ်မချမ်းသာပေမယ့် အားလုံး အေးဆေးပဲ။ ပြီးတော့ အားလုံးက ရောင့်ရဲတယ်။ အဲဒီမြို့လေးမှ သူခိုး၊ ဓားပြလည်း မရှိ၊ ရမ်းကားဆိုးသွမ်းသူတွေလည်း မရှိတော့ ရဲတွေ၊ စစ်သားတွေရှိဖို့လည်း မလိုဘူး။ ဘယ်နိုင်ငံနဲ့မှ မဆိုင်တဲ့ မြို့လေးပေါ့ ..။ သူ့ဘာသာသူ လုံခြုံနေတဲ့ မြို့လေးပဲ။ အားလုံးက သိပ်လည်း ချမ်းသာလှတာမဟုတ်တော့ တခြားက လူတွေကလည်း သိပ်စိတ်မဝင်စားကြဘူး။ အန္တရာယ်ကင်းတာပေါ့။ ကျမဘော်ဘော် ဘလော်ဂါတွေလည်း ဒီမြို့လေးမှာ တကယ့်အိမ်တွေ လာဆောက်နေကြတယ် (ဗီဇာရတဲ့သူတွေ၊ နေခွင့်ရတဲ့သူတွေပေါ့)။ သူတို့ရဲ့ ဘလော့လေးတွေကို အလှဆင်သလိုပဲ သူတို့အိမ်ကလေးတွေကို ဆင်ကြတယ်။ တချို့အိမ်လေးတွေက အလှသက်သက်ပဲ။ တချို့ကျတော့ သီးပင်စားပင်တွေနဲ့၊ တချို့ကပန်းတွေနဲ့။ တချို့အိမ်တွေကျတော့ သွားလိုက်တာနဲ့ မုန့်တခုခုလုပ်နေတဲ့ အနံ့ရတယ် .. မွှေးလို့ .. လာသမျှလူတွေကို ကျွေးမယ် ဆိုတာချည်းပဲ ..။ ကျမလည်း ဘလော့တွေဆီ လျှောက်သွားသလို သူငယ်ချင်းတွေဆီလျှောက်လည် ... သူတို့ကလည်း ကျမအိမ်ကို လာလည်ပေါ့ ..။ ပြီးတော့ စားကြသောက်ကြ ဆိုကြတီးကြပေါ့ .. ရန်တော့မဖြစ်ကြဘူး။ တယောက်နဲ့ တယောက် စိတ်လည်း မကွက်ကြဘူး။ တယောက်ကို တယောက် တင်စီးတာတွေ၊ ချိုးတာဖဲ့တာတွေမှ မရှိတာဘဲ။ အထအန ကောက်တာမျိုးလည်း မရှိဘူးလေ ...။ ကျမအိမ်လာရင်တော့ သောက်တတ်တဲ့သူကို ကျမကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်ဖြစ်ဖြစ်၊ ဘီယာဖြစ်ဖြစ်နဲ့ ဧည့်ခံမယ်။ မသောက်တတ်တဲ့သူကိုတော့ ကျမရဲ့လက်ဖြစ် ဖရုကိတ်နဲ့ ကိုယ်တိုင်ကြိတ်ပြီး နှပ်ဖျော်ထားတဲ့ ကော်ဖီနဲ့ ဧည့်ခံမယ်။ ကလေးတွေဆိုရင်တော့ အိုက်စခရင်မ် ကျွေးမယ်။ ကျမတို့ မြို့ကလေးမှာ ဘယ်သူတွေ လာနေကြမှာပါလိမ့် .....။ ကဲ .. ဖိုးဂျယ်ရေ .. စိတ်ကူးယဉ်ရတာ ကောင်းလိုက်တာဟာ ..။ အစ်မရဲ့ မြို့လေးတည်တဲ့အခါကျ ဖိုးဂျယ်လည်း လာနေပေါ့ ..။ ကဲ ဖိုးဂျယ်တက်ထားတဲ့သူတွေက နည်းတာမဟုတ်ဘူး ဆိုတော့ အစ်မ ဆက်မတက်တော့ဘူး ..။ ကျေနပ်မယ်ထင်ပါရဲ့ ..။ |
Sunday, December 28, 2008 | Labels: tag | 8 Comments
MERRY CHRISTMAS
တိတ်ဆိတ်ည သန့်ရှင်းည သူငယ်တော် အိပ်စဉ်ခါ ကောင်းကင်မှာ ကြယ် လင်းရောင်ခြည် သူငယ်တော် ပေါ်ထွန်းတောက်သည် ကောင်းကင် ငြိမ်သက်ခြင်းသည် သူငယ်ပေါ်မှာတည်၏။ တိတ်တဆိတ် လွမ်းရင်း အဲဒီသီချင်းလေးကို ညည်းနေမိတယ်။ သူငယ်တော်က ကောက်ရိုးတွေကြားမှာ၊ နွားစားခွက်ထဲမှာ၊ နွေးထွေးမှု သိပ်မရှိပါဘဲ အိပ်စက်လို့ ...။ ကောင်းကင်မှာ ကြယ်တစင်းလင်းလက် ... ပညာရှိတွေက အဲဒီကြယ်ကတဆင့် မင်းလောင်းကိုရှာ .. ဒဏ္ဍာရီပဲဖြစ်ဖြစ် တကယ်ပဲ ဆိုဆို ... သူကြွလာခြင်းက လူသားတွေအတွက်တဲ့ .. နွားစားခွက်ထဲက ခရစ္စမတ်မှသည် ဟိုတယ်ပေါ်က ခရစ္စမတ်ထိ အဓိပ္ပာယ်က ဒါပါပဲ ...။ ကျမကတော့ ကျမ ရေးခဲ့တဲ့ သီချင်းလေးတပုဒ်ကို ရွတ်နေမိတယ် ...။ ဘယ်သူတွေကို မစကြမယ် စာရင်းလုပ်ထားလိုက်ဦး ညီညီညာညာ တေးဖွဲ့ကြဖို့ သီချင်းသစ်တို့ရှာဦး မွေးဖွားတော့မယ့် ခရစ်တော်ရှင်အတွက် သီချင်းသစ်များနဲ့တို့ကြိုဆိုစို့ အတွေးဆိုးများ ဖယ်ထားလိုက်ကြဟေ့ .. ကာရံညီကဗျာလေးများရွတ်ဆို လက်တွဲလို့သွားပါစို့ ဟိုမှာ ဟိုမှာ ချမ်းလွန်းလို့တဲ့ နွေးထွေးမှုများဝေဦး ဆာငတ်မွတ်သိပ်လို့ သူတို့တွေနေစရာမရှိလို့အားနည်းစိတ်ငယ်သူကို ဖေးမကြဖို့တို့တတွေသွားစို့ ကယ်တင်ရှင် ကြွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျှမယ် ကယ်တင်ရှင် ကြွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျှမယ် နှင်းများဖွေးဖွေးကျနေပါစေ ချမ်းအေးလွန်းလို့တုန်းခိုက်နေပါစေ လက်ခုပ်တီးလို့တို့တတွေသွားစို့ ကယ်တင်ရှင် ကြွလာတော့မယ် ....... ။ ။ (သီချင်းသံစဉ်ကိုတော့ ကြုံကြိုက်ရင် တင်ပေးပါ့မယ်) ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ ချစ်ခင်စွာဖြင့် တူးတူးသာ |
Thursday, December 25, 2008 | Labels: အထူး | 8 Comments
အမှတ်တရရက်စွဲများ ၅
ဘယ်သူ့အီးအမွှေးဆုံးလဲ
“ကမ္ဘာပေါ်မှာ ရှိရှိသမျှ အီးတွေထဲမှာ ဘယ်သူ့အီး အမွှေးဆုံးလဲ”
“ဗိုလ်ချုပ်အောင်ဆန်းအီး”
အပေါ်က မေးခွန်းကို မေးလိုက်တဲ့သူက အသက် ၁၂ နှစ်အရွယ်ကောင်လေးတယောက် ဖြစ်ပြီး အောက်က အဖြေဖြေတဲ့သူက ၈ နှစ်အရွယ် ကလေးမလေး တယောက်ပဲဖြစ်ပါတယ်။ အဲဒီကလေးမ လေးက ကျမပါ။ ကျမကို ကျမအစ်ကိုက မေးခွန်းထုတ်တာပါ။ မောင်နှမနှစ်ယောက်က ဒီလိုပဲ အပြင်မှာ ကိုယ်ကြားလာခဲ့တာကို ဆရာပြန်လုပ်နေကျ။ အများသောအားဖြင့်ကတော့ ကျမ အစ်ကိုက ကျမကို ဆရာလုပ်နေကျပါ။
ဒီမေးခွန်းရဲ့အဖြေကိုကြားလိုက်ရတော့ သူ ဘာပြန်ပြောရမှန်းမသိအောင် ကြောင်သွားတယ်။ တကယ်က သူဖြစ်စေချင်တာက ဘယ်သူ့အီးအမွှေးဆုံးလဲဆိုရင် ကိုယ့်အီးကိုယ် အမွှေးဆုံးပေါ့ လို့ ဖြေစေချင်တာလေ။ ကျမရဲ့အဖြေကို ကြားလိုက်ရတော့ သူတောင် ဇဝေ ဇဝါဖြစ်သွားခဲ့တယ်။ တကယ်ပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့အီးက မွှေးသလားပေါ့။ ကျမတို့မောင်နှမ ပြောသမျှကို နားစွင့်နေတဲ့ အဖေကတော့ အားရပါးရအော်ရီပါတယ်။
အစ်ကိုက “ဟင် ဘာဆိုင်လို့လဲဟ။ ကိုယ့်အီးကိုယ် အမွှေးဆုံးပေါ့။ နင်က ဗိုလ်ချုပ်အောင်ဆန်း အီး ရှူဖူးလို့လား” လို့ ပြန်ပြောတော့ “မသိဘူးလေ ဗိုလ်ချုပ်အောင်ဆန်းလုပ်တာ အားလုံးကောင်းတာ ဆိုတော့ သူ့အီးလည်း မွှေးမယ်ထင်တာပေါ့” လို့ ကြောင်တောင်ပြန်ဖြေခဲ့တာ။
ကျမငယ်ငယ်က အဲလိုပါ။ ကိုယ်အထင်ကြီးလေးစားတဲ့သူဆိုရင် အီးတောင် မွှေးတယ်ထင်ခဲ့တာပါ။
ကျမတို့ မောင်နှမက အနီးကပ်ဆုံး၊ တကျက်ကျက်လည်း အဖြစ်ဆုံး၊ ပြီးတော့ တယောက်မရှိရင်လည်း တယောက် မနေတတ်ပြန်ဘူး။ အိမ်ကိုပတ်ပြီးလိုက်ရှာနေကြတာ။
နွေကျောင်းပိတ်ရက်တွေမှာ ကျမတို့ မောင်နှမ ၂ ယောက်ထဲ အိမ်စောင့်နေရစ်ခဲ့ရတယ်။ တယောက် ကို မုန့်ဖိုး တမတ်စီမေမေက ပေးခဲ့တယ်။ ဝန်ထမ်းမိဘတွေ ဆိုတော့ ဟင်းကိုချက်ပြီး ဝေပုံကျထားခဲ့ တယ်။ ဥပမာ ဘဲဥဟင်းချက်ရင် တယောက် တခြမ်းစီပေါ့။ မေမေတို့သွားပြီ ဆိုတာနဲ့ ကျမတို့ ၂ ယောက် ကစားနည်းပေါင်းစုံကို မထပ်ရအောင်ဆော့ပါတယ်။
များသောအားဖြင့်တော့ ယောက်ျားလေးကစားနည်းတွေပါ။ ကျမတို့မောင်နှမ အကြိုက်ဆုံး ကစားနည်းက ခေါင်းအုံးရိုက်တမ်းပဲ။ ခုံတန်းရှည်ပေါ်ထိုင်ပြီး ခွခေါင်းအုံးတယောက်တလုံးစီနဲ့ ခုံပေါ်က ပြုတ်ကျတဲ့အထိ ရိုက်ရတာ။ နောက်တော့ ကျမက ဟိုတယ်လုပ်တမ်းကစားမယ် ဆိုတော့ အစ်ကိုက “နင်က ဟိုတယ်ဖွင့် ငါက ဟိုတယ်ကိုလာတည်းမယ်” တဲ့။ ကျမက ဟိုတယ်ကို သေချာပြင်ဆင်ရ ပါတယ်။ မေမေတို့အိပ်ရာတွေကို ပြင်ပေးရတာပေါ့။ အစ်ကိုက ဟိုတယ်မှာ ထမင်းမှာစားတယ်။
ကျမက ထမင်းတွေဟင်းတွေ ပြင်ပေးရတယ်။ ပြင်ပေးရင်းနဲ့ ဟင်းက ကျမရှယ်ယာတွေထဲကပါ ပါကုန်ရော။ ကျမစားတော့ ဟင်းမလောက်လို့ မောင်နှမ ရန်တွေဖြစ်ကြကော။ ပြီးတော့လည်း ခန ပါပဲ။
နွေကျောင်းပိတ်ရက်မှာ ကျမတို့ တရက်မပြတ်လုပ်တာက ကျမတို့အိမ်နားမှာရှိတဲ့ “ဓညင်းမြိုင်” လို့ခေါ်တဲ့ စာအုပ်ဆိုင်ကြီးကို ချီတက်ကြတာပါ။ အဲဒီဆိုင်မှာ ရှိသမျှ ကာတွန်းစာအုပ်တွေကို တနေ့ ၂ အုပ်နှုန်းနဲ့ ဝါးစားသလိုဖတ်ကြတာပေါ့။ စာအုပ်က ၂ အုပ်ကို တမတ် ဆိုတော့ တမတ်ဖိုး စာအုပ်ဖတ် .. ကျန်တဲ့ တမတ်ကို မုန့်ဝယ်ပြီး တဝက်စီခွဲစားပေါ့။
ကျမအကြိုက်ဆုံးကတော့ ကာတွန်းဦးသန်းကြွယ်ပါ။ သူ့ရဲ့ ဗလကြီး ဗလလေး၊ အင်္ဂါဂြိုဟ်၊ မြားနတ်မောင်၊ ဖိုးဝ၊ ပန်ကာ၊ ပန်ချာ ... စတဲ့ ဇာတ်ကောင်တွေက ကျမနဲ့ အရင်းနှီးဆုံးတွေပေါ့။ ဦးသန်းကြွယ်ရဲ့ ကာတွန်းစာအုပ်တွေက ထူလည်းထူ ဇာတ်အိမ်ကလည်း အကြီးကြီးတွေ။ လျှို့ဝှက် သည်းဖိုတွေများတယ်။ နောက်တော့ ဦးအောင်ရှိန်ရဲ့ ဖိုးဆိတ်ဖြူ၊ ဦးကပ်စေး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး၊ စံပ၊ မယ်ခ၊ ဦးစိတ်တို၊ မျောက်ညို၊ နောက် မောင်ဏ္ဏရဲ့ သမိန်ပေါသွပ်၊ ရှင်ဂွမ်းဂွိ၊ အလကား ကျော်စွာ၊ ဗညားပိစိ၊ အာတာလွတ်မြို့စားကြီး ဦးအာလူး၊ တောင်ပုလုမြို့စားကြီး ထင်ရာစိုင်း၊ ဆေးဆရာဦးတုတ်ကြီး။ ငွေကြည်ရဲ့ ကမ္ဘာရှား။ သစ်ထွဏ်းရဲ့ မောင်တီထွင်။ ပိုးဇာရဲ့ လေးမွန်ထွေးမွန်၊ လေးလေးဇာ၊ ရွှေအိ၊ ရွှေဘုတ်။ ကာတွန်းအောင်အောင်ရဲ့ ရွှေခေါင်းပြောင် ... အဲဒီစာအုပ်တွေ ထဲက မဖတ်ရသေးတာကို သေချာရွေး ပြီးရင် မောင်နှမ ၂ ယောက် မုန့် တခုခုဝယ်ပြီး ချောင်တချောင်စီမှာ ငြိမ်ပြီး ဖတ်။ ပြီးသွားရင် လဲဖတ်ကြ ..။
ကာတွန်းဦးသန်းကြွယ်သေတုန်းက ငိုတဲ့အကြောင်းလေး ပို့စ်တခုမှာ ရေးခဲ့ဖူးပါတယ်။
ဒါကျမတို့ မောင်နှမ နှစ်ယောက် ဖြတ်သမ်းရတဲ့ နွေကျောင်းပိတ်ရက်တွေပါ။ တခါတလေ ကိုနောင်ကြီးရဲ့ သူငယ်ချင်း ကျမအစ်ကိုလိုပဲဖြစ်နေတဲ့ ကိုရိုးရောက်လာတတ်တယ်။ များသောအားဖြင့် ကတော့ ကျမတို့မောင်နှမ နှစ်ယောက်ထဲပါ။
ကျမတို့ခြံကြီးရဲ့ဘေးက အိမ်မှာ ကျမတို့ရဲ့ အဘိုးအရင်းအဘွားအရင်းလိုပဲ ဖြစ်နေတဲ့ ဖိုးဥာဏ်နဲ့ ဖွားစိန် ဆိုတဲ့ အဘိုးအဘွားလင်မယား ၂ ယောက်ရှိတယ်။ သူတို့က တခါတလေ ကျမတို့ဘာလုပ် နေလဲ လာလာကြည့်ပေးတယ်။
နွေကျောင်းပိတ်ရက် ကုန်ခါနီးအချိန်တွေက မိုးရွာပြီဆိုတော့ နေ့ခင်းမိုးသည်းချိန် ကျမတို့ မိုးရေထွက်ချိုးကြတယ်။ ခြံထဲမှာ မိုးရေတဝချိုးပြီးရင် ကျမတို့မောင်နှမ ခြံထဲ သင်္ဘောပင်က သင်္ဘောသီးကို ခူးပြီး စပ်စပ် သုတ်စားကြတယ်။ အစ်ကိုက သုတ်တာပါ။ သူက အသုတ် သုတ်တာ တော်တော်ကောင်းတယ်။
အဲဒီအချိန်ထိ အစ်ကိုက ညနေစာ ထမင်းချက်ထားရတယ်။ ကျမတာဝန်က အိမ်ရှင်းပေါ့။ တနေ့လုံး မောင်နှမ ၂ ယောက်ဖွထားသမျှ အဖေ၊ အမေ ပြန်မလာခင်မှာ သေချာ ရှင်းလင်းသိမ်းဆည်းရတယ်။ ဖုန်တွေသုတ် တံမြက်စည်းလှဲရတယ်။ ခက်တာက ကျမက အဲဒါတွေလုံးဝ မလုပ်ချင်ဘူး။ ကျမ လုပ်ချင်တာက ထမင်းဟင်း ချက်ချင်တာ။ မေမေက ကျမငယ်သေးတယ် ဆိုပြီး ပေးမချက်ဘူး။
အဲဒီ ပြဿနာကို ကျမအစ်ကိုက ဖြေရှင်းပေးလိုက်တယ်။ ကျမကို သူက မီးမွှေးနည်း၊ ထမင်းတည် နည်း၊ ငှဲ့နည်း၊ နှပ်နည်းတွေကို ဆရာစားမချန် အမေတို့ မသိအောင် သင်ပေးပါတော့တယ်။ မေမေ သိရင် ဆူမှာလေ။ အဲ့တုန်းက ကျမက ၁၀ နှစ်တောင်မပြည့်ချင်သေးဘူး။ ကျမကလည်း အသစ် အဆန်းတခု အနေနဲ့ အရမ်းလုပ်ချင်တော့ ကြိုးစားပမ်းစား သင်ပါတယ်။ ထမင်းချက်တတ်တော့ ဟင်းချက်နည်းတွေပါသင်တယ်။
ညနေတွေမှာ ကျမက ထမင်းဟင်းချက်၊ အစ်ကိုက ဘောလုံးသွားကန် ... အစတော့ ဟုတ်နေ သေးတာ။ နောက်တော့ မောင်နှမနှစ်ယောက် မတည့်ကြပြန်ဘူး။ ထုံးစံအတိုင်း အစ်ကိုက အစ သန်တော့ ကျမ မခံနိုင်အောင်စရာကနေ ထ ရန်ဖြစ်ကြကော။ အဲ့မှာ ကျမက မေမေတို့ကို အကုန် ပြန်တိုင်ရော။ အဲဒီအချိန်မှာ ကျမက ထမင်းဟင်းကို တဘက်ကမ်းခပ် ချက်တတ်နေပြီလေ။
အဲဒီမှာ အမေက ဆုံးဖြတ်ချက်ချလိုက်တယ်။ “သမီးက မိန်းကလေးပဲ .. ချက်တတ်ပြီ ဆိုတော့လည်း ကောင်းတာပေါ့။ သမီးပဲ ဆက်ချက်တော့” တဲ့။ ကျမမှာကိုယ့်ရှူးကိုယ်ပတ် အဲဒီကစပြီး ထန်းပင်တက် လက်မှတ် ရသွားလိုက်တာ ... ။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း အီးကို မွှေးတယ်လို့ ကြောင်တောင်တောင်ပြောဖူးတဲ့ ကောင်မလေးက စိတ်ကူးသိပ်ယဉ်ပါတယ်၊ တခါတခါ အတွေးလည်းလွန်ပါတယ်။ လက်တွေ့စမ်းသပ်ချက်တွေလည်း သိပ်လုပ်ပါတယ်။
အတွေးလွန်ပြီး ထမင်းအိုးပျော့တာ၊ တူးတာ ခနခနဖြစ်ပါတယ်။ ကျမရဲ့ လက်တွေ့စမ်းသပ်ချက် တွေကလည်း တော်တော်ပြောင်မြောက်ပါတယ်။ မရိုးပင် အကိုင်းကို နွားနို့ကျိုတဲ့ထဲ ထည့်မွှေရင် မလိုင်ဖြစ်တယ်လို့ ကြားဖူးတော့ အငယ်လေးသောက်ဖို့ ကျိုထားတဲ့ နွားနို့အိုးထဲ မရိုးကိုင်းထည့် မွှေတာ မလိုင်မဖြစ်ဘဲ နို့ပျက်သလို ရေသတ်သတ် နို့ဖတ်တွေသတ်သတ် ဖြစ်ကုန်လို့ အရိုက်ခံ ထိပါတယ်။
သီဟိုဆံဆိုတာ သီဟိုစေ့ကို မီးဖုတ်ပြီး ရတာပဲလို့ ကိုယ့်ဘာသာစဉ်းစားပြီး သီဟိုစေ့ အစိုကြီးကို မီးဖိုထဲ ထည့်ဖုတ်တာ အုန်းခနဲ ထပေါက်တော့ .. ကံကောင်းလို့ မျက်စေ့တွေဘာတွေ မထိခိုက်တယ်။
နောက် ဒီ့ထက် နည်းနည်း ကြီးလာမှ စမ်းသပ်တာတွေ ရှိသေးတယ်။ ကိတ်မုန့်ဖုတ်ရင်း မီးသွေး တုံးဖြစ်သွားတာတို့၊ စိန်ပန်းပင်ကို ဘွန်ဇိုင်းလုပ်ကြည့်တာ ထင်းဖြစ်သွားတာတို့၊ စထရော် ဗယ်ရီသီးကို ယိုထိုးတာ ကျောက်ခဲလို မာသွားတာတို့ ... ဒါ အမြည်းပဲရှိပါသေးတယ်။ နောက်မှ ဆက်လက်ဖော်ပြပါဦး မယ်။
Monday, December 22, 2008 | Labels: အမှတ်တရ | 10 Comments
အမှတ်တရရက်စွဲများ ၎
ဘိုနာတာလီ
ဒီအချိန် ဒီရာသီက ကျမအတွက် အရမ်းကို အလုပ်ရှုပ်ခဲ့တဲ့ အချိန်တွေပေါ့။ အငယ်ကောင် ကိုရဲ စကားနဲ့ ပြောရင် Very Busy not for money အချိန်တွေပေါ့လေ။ ကျမက ဘုရားကျောင်းမှာ လူငယ့်ခေါင်းဆောင် ဆိုပါတော့ ဟဲဟဲ။ ပြောသာပြောရတာ တချိန်လုံး ပေါက်ကရတွေချည်း လုပ်လုပ်နေတာနဲ့ ဘယ်လိုမှ ခေါင်းဆောင်မဖြစ်ထိုက်ပါဘူး။ သို့သော် သီချင်းနဲ့ ပတ်သက်လာရင်တော့ မရဘူး ခေါင်းဆောင်ပဲ။ ကိုယ့်ဘာသာကို ခေါင်းဆောင်ပစ်လိုက်တာ:P
ဒီဇင်ဘာ ပထမပတ် တနင်္ဂနွေကနေစပြီး ခရစ္စမတ်ကွာယာတွေ ဘုရားကျောင်းမှာ ဆိုကြပါတယ်။ အဲဒီမှာ ကျမက Leading parts လို့ခေါ်တဲ့ စပရန်နို ဆိုပါတယ်။ သီချင်းနားလည်တဲ့ သူတွေတော့ သိမှာပေါ့နော်။ ရိုးရိုးပြောရရင် လေးသံရှိတဲ့ထဲမှာ ပထမအသံပေါ့။ ကျန်တဲ့ သုံးသံက ဟာမိုနီ သဘောပါ။ တကယ်က ကျမက ကျန်တဲ့ထဲက အယ်လ်ထိုကို ဆိုချင်တာ။ ဒါပေမယ့် ကျမတို့ရဲ့ ကွာယာ ဆရာ၊ ဆရာမတွေက ကျမကို အဲဒီပထမသံပဲ ဆိုစေချင်တယ်။ သူက ကီးအမြင့်ဆုံး၊ အပင်ပမ်းဆုံးကိုး။ ကျမအသံက စပရန်နိုနဲ့ပဲလိုက်တယ်တဲ့။
~~ Oh come let us adore him ~~ Oh come let us a dore him ~~~
ကွာယာ တပုဒ်ဆိုပြီးတိုင်း သိပ်မောတာပဲ။ ဒါပေမယ့် သိပ်ပျော်တာပဲလေ။ နောက်ပြီး ကျမရဲ့ဆရာ ဦးပီရယ် ကျမရယ်၊ ကျမရဲ့ အချစ်ဆုံးသူငယ်ချင်း မမိုးစီရယ် အငယ်ကောင်ရယ် လေးယောက် ပေါင်းပြီး ကွာ့တက်တွေ ကျင့်ရတာလည်း အမော။ ကျမတို့ကျင့်တဲ့ကွာ့တက်တွေက တကယ့် သီချင်းအခက် ကြီးတွေ၊ တော်ရုံလူ မဆိုနိုင်ဘူး (ဟီဟိ)။ ကျမက ထုံးစံအတိုင်း ပထမသံ စပရန်နို၊ ကျမ သူငယ်ချင်းက ဘယ်သံဆိုတော့ အယ်လ်ထိုဆိုတယ်။ ဦးပီက တန်နာလို့ခေါ်တဲ့ ကီးအမြင့် ဆိုတယ်၊ ကိုရဲက ဘေ့စ်။ အဲဒီကွာ့တက်ကို ခရစ္စမတ်နေ့ ဘုရားကျောင်း ဝတ်ပြုစည်းဝေးမှာ ဆိုတာ။
ကျမတို့ လေးယောက်သား ဦးပီရဲ့ တထပ်တိုက်အိမ်လေး ထဲမှာ ချမ်းချမ်းစီးစီး သီချင်းတွေကျင့်လိုက်၊ ဦးပီ ကိုယ်တိုင်ဖုတ်ထားတဲ့ ကိတ်မုန့်တွေစားလိုက်နဲ့ ကိုယ့်ဘာသာကိုယ် ကျေနပ်နေခဲ့ကြတာပေါ့ .. သိပ်လွမ်းစရာကောင်းတာပဲ။ ကျမတို့က အစွဲလည်းကြီးတယ် တယောက်ယောက်ကို အစားထိုးပြီး ဘယ်တော့မှ မဆိုဘူး။ ဦးပီက ခု ခရစ္စမတ် စင်ကာပူရောက်နေတယ်၊ ကျမက ချင်းမိုင်မှာ၊ မမိုးစီရယ်၊ ကိုရဲရယ်ပဲ ရှိမှာ။ သေချာတာက အယ်လ်ထိုနဲ့ ဘေ့စ်တွဲပြီး သီချင်းတပုဒ်ဆိုလို့မဖြစ်ဘူးလေ။ သူတို့ဘာတွေ လုပ်နေကြမှာပါလိမ့် ...။
ဒီဇင်ဘာ ၁၈၊ ၁၉ လောက်ဆိုရင်တော့ ကျမတို့ မအားကြတော့ဘူး။ ခရစ္စမတ်စ် ကယ်ရယ် စ ထွက်ကြပြီ။ အဲဒီတုန်းက ကျမအသက်က ၂၃၊ ၂၄ လောက်ပေါ့။ ကျမတို့ ဘုရားကျောင်းအတွက် ခရစ္စမတ် သီချင်းတွေကို ကျမကိုယ်တိုင်ရေးပါတယ်။ ကျမရေးတဲ့ “ကမ္ဘာကြီးကို ပြောပြ လိုက်တော့ မယ်” ဆိုတဲ့ သီချင်းလေးက ကျမတို့ မြို့ကလေးမှာတော့ နာမည်ကြီးပေါ့ :P ပြီးတော့ လူငယ်တွေကို သီချင်းကျင့်ပေးရင် ကျမကဂစ်တာတီးတယ်၊ မမိုးစီက သီချင်းတွေကို သေချာ သင်ပေးတယ်။ သင်ပေးတဲ့ အလုပ်မှာတော့ ကျမက မကျွမ်းကျင်ဘူး။ ကျမတို့ ၂ ယောက်ပေါင်းမှပဲ အလုပ်ဖြစ်တယ်လေ။
နှင်းတွေဝေနေတဲ့ ညဘက်တွေမှာ ကျမတို့ရဲ့ အသံတွေကုန်အောင်၊ လည်ချောင်းတွေ ကွဲအောင် ဆိုခဲ့ကြတယ်။ မမောတမ်း လမ်းတွေ လျှောက်ခဲ့တယ်။ ကျမလက်တွေဆိုတာ အသားမာတွေ ဘယ်လောက်တက်တက် လုံးဝ မနားဘူး။ ပြီးတော့ ကျမတို့က ဘုရားကျောင်းက အန်တီကြီးတွေကို ပူစာထားပြီးသား ... ဒီနေ့အတွက် နောက်ဆုံးအိမ်ကို အန်တီတို့အိမ်ကိုသတ်မှတ်မယ် .. ကြာဆန်ချက်ကလေး စားချင်ပါတယ် ... :) .. ။ ဒါက ဘုရားကျောင်းက လူငယ်တွေနဲ့ပေါ့။
ကျမတို့ မောင်နှမသုံးယောက်အပါအဝင် ကျမတို့ သူငယ်ချင်းတသိုက် (တခြား ဘာသာဝင်တွေလည်း ပါတယ်) က တခြားအချိန်မှာ ဘယ်လို ပေါက်တက်ကရတွေပဲ လုပ်ခဲ့လုပ်ခဲ့ ဒီဇင်ဘာလထဲက တရက်ရက်မှာ သိပ်ကို ပျော်စရာ၊ ကြည်နူးစရာကောင်းတဲ့ အလုပ်ကလေးတခုကို မထင်မရှား လုပ်လေ့ ရှိကြပါတယ်။
အဲဒါကတော့ ကျမတို့ သန်လျင်ကနေ ကားနဲ့ နာရီဝက်လောက်ပဲ မောင်းရတဲ့ ကျောက်ရေတွင်း ကျေးရွာလေးက ကလေးလေးတွေကို ခရစ္စမတ် သွားလုပ်ပေးတာပါ။ အဲလိုသွားလုပ်တာ ဆက်တိုက် ၁၃ နှစ်လောက် ရှိလိမ့်မယ်။ လူမစုံလို့ မလုပ်နိုင်တော့တာ မှတ်မှတ်ရရ ၂ နှစ်ပဲရှိပါသေးတယ်။
အဲဒီရွာမှာ ကျမတို့ ဘုရားကျောင်းက အန်တီကြီးနဲ့ အန်ကယ်လ်ကြီးနေပါတယ်။ အဲဒီမှာ ခုဆိုရင် နှစ် ၁၀၀ ပြည့်ပြီးတဲ့ ကျောက်ရေတွင်း ဘုရားကျောင်းသေးသေးလေးလည်း ရှိပါတယ်။ အန်တီကြီးတို့ အိမ်က ရွာထဲက ကလေးတွေအားလုံးကို လူမျိုးဘာသာ မခွဲခြားဘဲ စာရင်းကောက် .. စုပေးထားတယ်။ ကျမတို့က အန်တီကြီးတို့ အိမ်မှာ ညကတည်းက သွားအိပ်ပြီး ချက်ပြုတ်ကြတာ။
အဲဒီအတွက် လိုအပ်တဲ့ ငွေကိုတော့ ကျမတို့ကိုယ်စီ အလုပ်တွေ မလုပ်ကြသေးခင်က ကိုယ့်ဘာသာ တတ်နိုင်တဲ့ နည်းနဲ့ ရှာပါတယ်။ ကျမအစ်ကိုကြီးရဲ့ မူကြိုကတည်းက သူငယ်ချင်း ... ကိုရိုးက တံဆိပ်ရိုက် တာတွေ၊ ဒီဇိုင်းဆွဲတာတွေ လုပ်တတ်တော့ အင်္ကျီတွေမှာ တံဆိပ်ရိုက်ပြီး လိုက်ရောင်းတယ်။ ပိုက်ဆံမပြည့်ရင် ကိုယ့်မုန့်ဖိုးထဲက ကိုယ့်ဘာသာစုပြီးထည့်တယ်။
နောက်ပိုင်းနှစ်တွေကျတော့ ကျမရဲ့သီချင်းတွေရယ် ခရစ္စမတ်စ်အိုးလ်ဒီးစ် သီချင်းတွေရယ်ကို သေချာ ကျင့်ပြီး ကယ်ရယ်ထွက် အလှူခံပါတယ်။ အဲလိုထွက်တာ အလှူခံတာသတ်သတ်မို့ ချမ်းသာတဲ့အိမ် ၂၀ လောက်ကိုပဲ ကျမတို့လုပ်မယ့်အလုပ်ကိုသေချာရှင်းပြပြီး သီချင်းလိုက်ဆိုတာပါ။ သူတို့တွေကလည်း လက်ခံပါတယ်။ နှစ်တိုင်းသွားဆိုနေကျမို့ တနှစ်လောက်မရောက်ဖြစ်ရင် လာနေကျအိမ်တွေက “မိုးစီတို့ တူးတူးတို့ ဒီနှစ်မလာကြဘူးလား” ဆိုပြီး မေးကြတယ်။
ကျမတို့အဖွဲ့ထဲမှာ မမိုးစီရယ်၊ ဝေါဝေါရယ် ကျမရယ်ပဲ မိန်းကလေးပါတယ်။ နောက် မမိုးစီရဲ့ အစ်မ မမျိုးပါတယ်။ မမျိုးက အသိအကျွမ်းပေါတော့ သူပဲဦးဆောင်ပြီး ခေါ်သွားလေ့ရှိတယ်။ လိုတဲ့ကားကိုလည်း မမိုးစီရဲ့ နောက်ထပ် အစ်မကြီးတယောက်စီမှာ အလှူခံတာပါ။ ရယ်စရာကောင်းတာက ကျမတို့ အဖွဲ့ထဲမှာ အသံမတည်တဲ့သူတော်တော်များတယ်။ အဲဒီတော့ သန်လျင်မှာရှိတဲ့ ဘုရားကျောင်းပေါင်းစုံက အသံကောင်းတဲ့ လေးငါးယောက်လောက်ကို ကျမတို့နဲ့လိုက်ခဲ့ဖို့ ဆွယ်ရတယ်။ သူတို့ကလည်း သိပ် မဆွယ်ရပါဘူး .. ကျမတို့နဲ့ဆို ပျော်တော့ လိုက်ကြတာပါပဲ။
ကိုရဲကတယောထိုး ကျမနဲ့ မောင်ရဲဆိုတဲ့ ကျမသူငယ်ချင်းက ဂစ်တာတီး။ ဒီလိုနဲ့ ကျမတို့ ကယ်ရယ် အဖွဲ့လေးက မြိုင်ဆိုင်သွားတာ။ အဲဒီလို ကယ်ရယ်ထွက်တဲ့နေ့မှာတော့ အဆုံးသတ်အိမ်က ကျမတို့နဲ့ သိပ်ခင်တဲ့၊ ကျမတို့က ဆရာကျားလို့ ခေါ်တဲ့ သုဝဏ္ဏ နှစ်ချင်းသင်းအုပ်ဆရာ ဦးမောင်မောင်ကျားရဲ့ အိမ်ပါ။ ဆရာကျားက သန်လျင်ဇာတိ၊ ပြီးတော့ ကျမတို့ လူဆိုးအဖွဲ့ကိုသိပ်ခင်တယ်။ ဆရာ့အိမ်မှာတော့ ... ကျမတို့ တီးတာ၊ ဆိုတာကိုချည်း အကြာကြီးလုပ်ကြတယ်။ ဆရာက ဘင်ဂျိုလေးလိုက်တီးလိုက်၊ တချို့သီချင်းတွေမှာ အကော်ဒီယံလိုက်တီးလိုက်နဲ့ပေါ့။ ဆရာကတော် မချိုလေးနဲ့ ဆရာ့သမီးတွေက ကျမတို့အတွက် မုန့်တွေပြင်ပေးတယ်။
နောက်ရက်တွေမှာတော့ ကျမတို့အဖွဲ့ ဈေးဝယ်ထွက်ပါတယ်။ ပေးရမယ့် ကလေးစာရင်းက ရပြီးသား ဆိုတော့ စာရင်းနဲ့ကိုက်ပြီး လက်ဆောင်တွေဝယ်ရုံပဲ။ အဲဒီမှာတော့ ဝေါဝေါက ဆရာမကြီး ... သူက ကဂျီကဂျောင် ကလည်းကျ၊ ဆယ်တန်းအောင်ပြီးကတည်းက အီကိုနဲ့ညားတဲ့သူဆိုတော့ စည်းစနစ်က လည်းကျ။ အဲဒီမှာ နောက်ကလိုက်ရတဲ့ ကျမတို့ သေပြီသာမှတ်တော့။ ငါးပြား၊ ဆယ်ပြားကအစ ကွာနေရင် ဘယ်လောက်ဝေးဝေး အရင်ဆိုင်ကို ပြန်သွားတာ။ ကျမတို့မှာ မျက်နှာပူစရာတွေလည်း ကြုံရ .. တခါတလေ ဈေးဆစ်ပြီး ဆစ်တဲ့ဈေးနဲ့ ပေးတာတောင် မယူဘဲ ထွက်ချင်ထွက်သွား ... အဲလိုတွေ လုပ်တာလေ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပျော်တယ်။
ကျမတို့က ကျမတို့ငယ်ငယ်က မရခဲ့ဖူးတဲ့ လက်ဆောင်မျိုးတွေ ပေးချင်တာ။ အဲလို ပေးနိုင်အောင်ထိ ငွေရှာကြတယ်။ ဥပမာ - အနွေးထည် ကောင်းကောင်းလိုမျိုး၊ ကျောပိုးအိတ်လိုမျိုး .. တနှစ်ဆို စတီးချိုင့်တွေပါ ပေးတာ။ နောက်တော့ မုန့်တွေ .. မုန့်တွေဆိုရင်လည်း အဲဒီကလေးလေးတွေနဲ့ အလှမ်း တော်တော် ဝေးတဲ့ ချော့ကလက်တွေ၊ ချိုချဉ်တွေ၊ ပန်းသီး လိမ္မော်သီးတွေ အောတိုက်ပဲ။
ညဘက်ကတော့ ကျမတို့သူငယ်ချင်းတသိုက်ရဲ့ပွဲပေါ့။ မနက် ကလေးတွေကို ကြာဆံချက်ကျွေးမယ် ဆိုရင် ကြာဆံချက်ချက်မယ့်ထဲက ပိုတဲ့ အရိုးလေးအရင်းလေးကို တောင်းရတယ်။ တောင်းရတယ်ဆိုတာ တကယ်။ ဘာလို့ဆို မမိုးစီနဲ့ ဝေါဝေါက အိုးသူကြီးလေ။ သူတို့ မပေးရင် စားလို့မရဘူး။ အရိုးအရင်းလေးတွေ၊ အူတွေ ဘာတွေကို သုတ်တာတိုဘာတို့ကတော့ မမျိုးကကျွမ်းတယ်။ နောက် မမျိုးက သူ့အိတ်စိုက်အမြည်းသေချာ လုပ်ပေးတတ်သေးတယ်။ ထုံးစံအတိုင်း သောက်ကြ၊ အော်ကြပေါ့။ မောင်ရဲက ထူးအိမ်သင်သီချင်းတွေ အဆိုကောင်းပေါ့ ..။ ကျမကတော့ သူဘာဆိုဆို ဟာမိုနီလိုက်တာပဲ။ အန်တီကြီးတို့အိမ်က လယ်ကွင်းကြီးထဲမှာ တခြားအိမ်တွေနဲ့ အဝေးကြီး ဆိုတော့ ကျမတို့တသိုက် အော်ချင်တိုင်းအော်၊ ဟစ်ချင်တိုင်းဟစ်။ အိမ်ရှင်တွေကတော့ အဲဒီတရက်ကို ဒုက္ခခံပေးရှာပါတယ်။
မနက်လင်းလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တကယ့်လယ်ကွင်းကြီးက မျက်စိတဆုံး။ နှင်းတွေဝေလို့ သိပ်လှတာ။ ကျမဝတ္ထုတွေထဲမှာပါတဲ့ ကိုစီတုတ်ဆိုတဲ့ ဇာတ်ကောင်က အဲ့ရွာကလေ။ သူ့နာမည်ကို သဘောကျလို့ ယူသုံးတာပါ။ ခုတော့ ဆုံးရှာပြီ။
ကျမအစ်ကိုမှာ အချစ်ဆုံးသူငယ်ချင်း ၂ ယောက်ရှိတယ်။ တကယ့် မူကြိုထဲက ခုထိတွဲနေတဲ့သူငယ်ချင်းတွေ။ ကျမရဲ့ အစ်ကိုတွေပဲပေါ့။ ကိုရိုးနဲ့ ကိုချင်းမြင့်တဲ့။ သူတို့အသက်တွေ ဘယ်လောက်ပဲ ကြီးလာ ကြီးလာ သူတို့ သုံးယောက်ပြန်ဆုံရင် တကယ့် ကလေးလေးတွေလိုဖြစ်သွားတာ။ သိပ်ပျော်စရာ ကောင်းတာပဲ။ အလုပ်ကိုယ်စီနဲ့ မအားတော့တဲ့ အချိန်ဖြစ်သွားရင်လည်း တနှစ်လုံး ဘယ်လိုပဲ မဆုံပစေ ... ဒီဇင်ဘာ ... အဲဒီ ကာလလေးမှာ ကျမတို့သူငယ်ချင်းတသိုက် ဆုံကြပြီး ကလေးတွေ ပြန်ဖြစ်သွားကြတာပါပဲ။
ကျမတို့ မောင်နှမသုံးယောက်က တယောက်နဲ့တယောက် သူငယ်ချင်းတွေလို ပေါင်းတာဆိုတော့ ကျမတို့ သုံးယောက်ရဲ့ သူငယ်ချင်းတွေကလည်း သူငယ်ချင်းတွေ ပြန်ဖြစ်သွားကြတာ။ အားလုံးက တကယ့် မောင်နှမတွေလိုပဲ။ ပြဿနာတွေ မရှိဘူးလားဆိုတော့ ဘယ်နေလိမ့်မလဲ။ လူတွေပဲဟာ ရှိတာပေါ့။ ဒါပေမယ့် ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကြပဲ။ ဒီစာရေးရင်းနဲ့ လွမ်းလိုက်တာ။
ကိုချင်းမြင့်အကျင့်က သူအိပ်ချင်ပြီဆိုမရဘူး။ ရအောင် အိပ်စရာနေရာရှာအိပ်တယ်။ အဲဒါကိုသိတဲ့ ကိုရိုးနဲ့ ကျမအစ်ကို ကိုနောင်ကြီးတို့ကလည်း မရရအောင် နှောင့်ယှက်တယ် (ကျမတို့က ဖောင်ဖျက် တယ်လို့ သုံးတယ်)။ ကိုချင်းမြင့်ကလည်း မရရအောင် အိပ်တယ်။ သူအိပ်ရမယ့် နေရာကို သူက အစောကြီးကတည်းက ရှာပြီးသား။ ပြီးရင် ဘယ်သူမှမသိအောင် တိတ်တိတ်လေး ကိုယ်ယောင်ဖျောက်ပြီး သွားအိပ်ရော။ (ဥပမာ - ကျမတို့အိမ်မှာစုအိပ်ပြီဆိုရင် သူ့ရဲ့ဘိက ကုတင်အောက်လို နေရာမျိုး။ ကြည့်လိုက်ရင် ရုတ်တရက် မမြင်ရအောင် ကိုယ်ကိုကျုံ့ပြီး အမှောင်လေးထဲ အိပ်တာ) အဲလိုဆို ကိုရိုးနဲ့ ကိုနောင်ကြီးက တူတူပုန်းတန်း ရှာသလို ရအောင်လိုက်ရှာ၊ တွေ့လို့ကတော့ ဖောင်ဖျက်ပြီ။ အဲလိုနဲ့ သူတို့သုံးယောက် တညလုံး မအိပ်ကြတော့ဘူး။ သွားအိပ်လိုက် လိုက်ရှာပြီး နှောင့်ယှက်လိုက်နဲ့ သံသရာလည်နေတာလေ။
ကိုချင်းမြင့်က သူမအိပ်ရတော့ဘူးဆိုရင် ဘယ်သူမှမအိပ်ရအောင်လုပ်ရော။ နောက်ဆုံး ကျမတို့တွေကိုပါ ရအောင်လိုက်နှိုး၊ လိုက်နှောက်ယှက် ...။
တနှစ်မှာ ကလေးတွေကို ကြာဆန်ချက်ကျွေးဖို့ ညကတည်းကလုပ်စရာရှိတာ အဆင်သင့်လုပ်ထား၊ မမိုးစီက ကြက်သားဆီသတ်ထားပြီး သန်းခေါင်ကျော်လောက် ကျမတို့ မိန်းကလေးတွေ အိမ်ပေါ် တက်အိပ်ကြတယ်။ မမိုးစီက မနက် ၅ နာရီ သူ့ကိုနှိုးဖို့ ကိုချင်းမြင့်ကိုမှာထားတယ်။ အစောကြီးနိုးတတ် တာ သူတယောက်ပဲ ရှိတာကိုး။ မနှိုးခင် ရေနွေးအရင်တည်ထားဖို့လည်း မှာထားသေးတယ်။
အဲဒီနှစ်ကတော့ ကိုချင်းမြင့် အောင်မြင်သွားတယ်ပြောရမယ်။ သူ့အိပ်ရာကို ဘယ်သူမှ ရှာမတွေ့လိုက်ဘူး။ သူကောင်းကောင်းအိပ်ရတော့ ကျန်တဲ့သူတွေကိုလည်း မနှောင့်ယှက်ဘဲ မမိုးစီမှာသလို ရေနွေးအိုး တည်တယ် .. ရေနွေးဆူတဲ့ထိ ၅ နာရီမထိုးသေးတော့ မနှိုးချင်သေးတာနဲ့ ဘာလုပ်လဲဆိုတော့ ကြာဆံချက်ထဲထည့်ချက်ရမယ့် ပဲလိပ်တွေကို ခပ်တည်တည်နဲ့ ပြုတ်ပါတယ်။ ပဲလိပ်ဆိုတာက အားလုံးတည်ပြီး အိုးဆူပြီးမှထည့်ရတာမျိုးလေ။ သူက သေချာကိုပြုတ်တာ။ အဲဒီတော့ ပဲလိပ်တွေဆိုတာ ပျော့ပြဲရုံတင်မကဘူး အရည်ပျော်ကုန်တာ။ မမိုးစီလည်းနိုးရော ... ဘာပြောကောင်းမလဲ ဆူခံထိ တာပေါ့။ ဒါပေမယ့်လည်း ကြာကြာ မဆူနိုင်ပါဘူး။ ကလေးတွေ မလာခင် အပြီးကျက်အောင်ချက်ရမှာလေ။ ပဲလိပ်အပျော်လေးတွေနဲ့လည်း ကောင်းတာပါပဲ :P
ကျမတို့နိုးရင်တော့ လက်ဘက်ရည်ဖြစ်ဖြစ် ကော်ဖီဖြစ်ဖြစ် တအိုးကြီးဖျော်၊ ရွာထဲကကောက်ညှင်းပေါင်းနဲ့ .. မီးလှုံရင်းစားကြ။ ပြီးတာနဲ့ ပူပေါင်းတွေ မှုတ်ကြ၊ ကလေးတွေအတွက် လက်ဆောင်တွေကို အိတ်တွေထဲ ထည့်ကြနဲ့ အားလုံးပြီးတဲ့အချိန် ၇ နာရီ ခွဲမှာ ကလေးတွေရောက်လာပါလေရော။
ကလေးဆိုတာမျိုးက သိပ်သန့်စင်တာနော်။ ကျမတို့ ချက်ထားသမျှကို ဘာဝေဖန်ချက်မှ မပေးဘူး။ စားလိုက်ကြတာဆိုတာ။ တကယ်လည်း မမိုးစီက အချက်အပြုတ် တော်တော် တော်တာပါ။
ရွာထဲက ကလေးတွေထဲမှာ ခရစ်ယာန်ကလေးတွေကလွဲရင် ခရစ္စမတ်ဆိုတာ မသိကြဘူး၊ ပြီးတော့ ခရစ္စမတ် လတ်ဆောင် မရဖူးကြဘူး မဟုတ်လား။ ပြီးတော့ အားလုံးက နွမ်းပါးကြတယ်။ သူတို့ဝတ်လာတဲ့ သူတို့မှာရှိသမျှ အကောင်းဆုံးအဝတ်အစား လေးတွေကပဲ တော်တော့ကို မှေးမှိန်နေပါတယ်။
စားသောက်ပြီးရင် အားလုံးကို ဘုရားကျောင်းလေးထဲ ခေါ်သွားပြီး ကျမကသီချင်းသင်ပေးတယ်။ နောက် တယောက်ယောက်က ပုံပြောတယ်။ ကလေးတွေနဲ့အတူ သီချင်းတွေ ဆိုကြတယ်။ ကလေးတွေက ကျမတို့ကို နှစ်တိုင်းမျှော်တာ။ ကျမတို့သင်ပေးတဲ့ သီချင်းတွေ၊ ပုံပြင်တွေကို နောက်နှစ် တွေမှာ ပြန်မေးရင် ... အားလုံး ပြောနိုင်ကြတယ်။ ပြီးရင်တော့ လက်ဆောင်တွေ ဝေ၊ ဓာတ်ပုံတွေ ရိုက်ကြ ..။ တနှစ်မှာ ကလေးအားလုံးကို မျက်နှာဖုံးလေးတွေ ဝေတယ်။ ကျမတို့အားလုံးလည်း မျက်နှာဖုံးလေးတွေစွပ်တယ်။ ပြီးတော့ ဓာတ်ပုံရိုက်ကြတယ် (အဲဒီပုံကို ကိုရိုးက နောက်တနှစ် တီရှပ်မှာရိုက်ပြီး ဆင်တူဝတ်ကြတယ်)
ကလေးတွေပြန်သွားရင်တော့ ပစ္စည်းတွေ သိမ်းဆည်းရပြီ။ အဲဒီမှာ ကျမတို့ကဏ္ဍ ပြန်ရောက်လာပြီ။ လူဆိုတာ ကောင်းတာနဲ့ဆိုးတာ အမြဲဒွန်တွဲနေတတ်တာမျိုးတဲ့ .. သိပ်မှန်တာပဲ (ဟီဟိ) ရွာထဲက ထန်းရည်က အရမ်းကောင်းတာလေ။ ကိုစီတုတ်က ကျည်တောက်တွေနဲ့ အဆင်သင့် စောင့်နေတာ။ ထန်းရည်မော့လိုက်၊ အိုးတိုက် ပန်းကန်ဆေးလိုက် ... ။ ရန်တွေထဖြစ်လိုက် ... ။ မခေါ်မပြောတွေ ဖြစ်လိုက်ကြ။ နောက်တော့လည်း မေ့သွား၊ နောက်တနှစ်မှာ စကြမယ်ဟေ့ဆို ရောက်လာကြတာပါပဲ။
ဒီပို့စ်လေးရဲ့ ခေါင်းစဉ် “ဘိုနာတာလီ” ဆိုတာ အီတလီလို မယ်ရီခရစ္စမတ်လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီသီချင်း လေးကို ကျမ ယူကျုမှာရှာတာ မတွေ့ဘူး ... တွေ့ရင် တင်ပေးမလို့ပါ။ ကျမတို့အဖွဲ့ရဲ့ ဖေးဘရိတ် သီချင်းလေးပေါ့။ အထူးသဖြင့် ကျမနဲ့ မမိုးစီ ဂျူးအက် ဆိုလေ့ရှိတယ်။
ခရစ္စမတ်ဆိုတာ တကယ်တော့ ကိုယ်ရယူဖို့မဟုတ်ဘူး ... သူများကို ပေးဖို့လို့ ကျမတို့ သူငယ်ချင်း တသိုက် ယူဆခဲ့တဲ့အတွက် အဲဒီအစီအစဉ်လေးကို ဘာပရောဂမှမပါဘဲ ၁၀ နှစ်ကျော် ဆင်နွှဲခဲ့ဖူးပါတယ်။ ကျမတို့ လက်ဆောင်တွေ ဝေခဲ့ဖူးတဲ့ ကလေးတွေ တချို့ အိမ်ထောင်တွေကျပြီး သားသမီးတွေ ရနေပါပြီ။ သူတို့ရဲ့ ကလေးတွေကို သူတို့ ပြန်ပြောပြကောင်း ပြောပြလိမ့်မယ်ထင်ပါရဲ့။ ဆိုးသွမ်း သောင်းကျန်းပေမယ့် ချစ်စရာကောင်းတဲ့ သူငယ်ချင်းတသိုက် သူတို့ဆီလာပြီး ခရစ္စမတ်ဆိုတာ ကျင်းပပေးခဲ့တဲ့ အကြောင်းကိုပေါ့။ ကျမတို့ သူငယ်ချင်းတွေ တနေရာထဲမှာ ပြန်ဆုံခွင့်ရပါဦးမလား ... ။ မပြောတတ်ဘူး ...။
ခုလောလောဆယ်တော့ ... Bonatali in Italy .. means a merry X’mas to you.... လို့ ကျမ တယောက်တည်း ဆိုနေပါတယ် ... ။
Saturday, December 13, 2008 | Labels: အမှတ်တရ | 8 Comments
အရေးပေါ်အခြေအနေ
ခရီးတခုသွားပါသည်။ သွားမယ်လို့စီစဉ်ပြီးကာမှ ပျက် ... ပြီးမှ အစီအစဉ်ပြန်ဖြစ်။ အဲလို ကမောက်ကမ နိုင်တဲ့ ခရီးဆိုတော့လည်း အူကြောင်ကြောင်နဲ့ တကယ်မှ သွားမှ သွားရပါ့မလား ဆိုပြီးမှ ခုတော့ သွားရမတဲ့။ အဲတော့လည်း သွားရုံပေါ့။ သွားပြီနော် ..။ အားလုံးပဲ တာ့တာ။ ခရီးသွားတုန်းမှာ ထုံးစံအတိုင်း ဘလော့နားပါမယ် ... အဟိ ပျော်စရာကြီး။ ပြန်လာရင် ရေးစရာတွေ အများကြီးရလာမှာ .... ။ တာ့တာ :P
Wednesday, December 03, 2008 | Labels: ခရီးသွားခြင်း | 6 Comments
ဝတ္ထုတို ၁၉
ငါ ဘာလုပ်လို့လဲ
အစကတည်းက သေချာပြောတယ်။ ဒါမျိုးလုပ်ရင် ဒါမျိုးဖြစ်မယ်ဆိုတာ ...။ ဘယ်လိုပြောပြော မရဘူး။ ရပါတယ် အေးဆေးပါ ဆိုတာချည်းပဲ။ သူ့အကြောင်းလည်း အားလုံးသိတယ်၊ အားလုံး အကြောင်းလည်း သူသိတယ်၊ ပြီးတော့ အားလုံးအကြောင်းလည်း အားလုံးသိတယ်လေ။
ရှုပ်ကုန်ပြီလား .. မရှုပ်ပါဘူး။ သူဆိုတာ ဝဏ္ဏလေ။ ညဘက်မှာလုပ်ချင်တာ လုပ်ထားသမျှ ... မိုးလင်းလို့ ပြန်ပြောရင် အမြဲ “ငါဘာလုပ်လို့လဲ” လို့ ပြောနေကျ။ သူတင်ပဲလား ... မဟုတ်သေး ... တရုတ်ကြီးကောပဲ။ အတူတူပဲ “ငါဘာလုပ်လို့လဲ” ဆိုတဲ့ထဲ သူလည်း ထိပ်ဆုံးက။
စင်ကာပူ ဆိုတဲ့ နိုင်ငံရပ်ခြားမှာ အင်ဂျင်နီယာ အလုပ်သွားလုပ်ပြီး ပြန်လာလို့ .. အကျင့်ပြောင်း သွားမယ် ထင်လို့လား။ အင်း .. ထင်မိတယ်ဆိုရမလားဘဲ။ သူ့သူငယ်ချင်းတွေကလည်း အမှတ် သည်းခြေက ခပ်နည်း နည်းရယ်။
တနေ့ကပဲ တရုပ်ကြီးယောက္ခမသစ်စက်မှာ သွားသောက်ကြပြီး ရန်တွေဖြစ် ... အင်္ကျီချွတ်ကြီး နဲ့ သစ်စက် ကနေ ၂ မိုင်လောက်လျှောက်ရတဲ့ ကိုဆုတို့အိမ်ကို တယောက်ထဲ ရောက်လာလို့ ကိုဆုက သူ့ကို အိမ်ပြန်ဖို့ မြင်းလှည်း စင်းလုံးငှားပေးလိုက်ရသေးတယ်လေ။
အဲဒီနေ့မှာပဲ ဆိုက်ကားခေါင်းခန်းမှာ “သားမှားပြီအမေရဲ့” လို့အော်ရင်း ပါသွားတဲ့သူ့ကို လပ်ကီး လက်ဖက်ရည် ဆိုင်ကနေ လှမ်းတွေ့တဲ့ ဆင်ကြီးတို့အုပ်စုက မခေါ်ရဲလို့ အသာလေး ကြည့်နေလိုက်ရတာတဲ့။ ဘယ်ဟုတ်မလဲ အဲဒီဆိုက်ကားနောက်ကနေ သူ့အမေက တုတ်တချောင်းနဲ့ လိုက်လာတာဆိုပဲ။ သူတို့သားအမိ အဲဒီပုံစံအတိုင်း လပ်ကီးရှေ့ကနေ ခေါက်တုံ့ခေါက်ပြန် သွားနေကြတာတဲ့။
နောက်တနေ့မနက်ကျတော့ သူမဟုတ်သလို ..။ လက်ဖက်ရည်ဆိုင်ကိုရောက်လာပြီး ဟီးဟီး ဟားဟားနဲ့။ ဒီလိုနဲ့ ဒီအစီအစဉ်ကို ထပ်ဆွဲဖြစ်သွားတာ။
ဒီတခါတော့ သူ့အမေနဲ့အဘွားက ဘယ်မှ သွားမနေနဲ့ အိမ်မှာပဲ ကြိုက်တာလုပ်ကြတဲ့။ အရွယ် တွေကလည်း ကြီးကောင်ကြီးမားတွေ ဖြစ်နေပြီ။ လူမြင်လို့ မသင့်တော်ဘူးတဲ့။ သူတို့ထဲမှာ ကျူရှင်ဆရာ တကောင်လည်းပါတာဆိုတော့ မတော် သူ့တပည့်တွေတွေ့ရင် အရိုအသေ တန်မှာလည်း စိုးရသေးတယ်လေ။ သူ့အမေနဲ့ အဘွားက အမြည်းတွေ စိတ်ကြိုက်လုပ်ပေး မယ်တဲ့။
သူ့အမေနဲ့ အဘွားခမျာလည်း သားယောက်ျားလေး ငပွေးသုံးယောက်ရဲ့ အမေနဲ့ အဘွား ဖြစ်နေလေတော့ တော်တော်လေး နားလည်ပါတယ်။ တခုတော့ရှိတယ် သူတို့အဖေတော့ အိမ်မှာမရှိဘူးပေါ့။ နောက် ၂ ရက်လောက်ဆို ခွင့်စေ့လို့ စလုံးကို ပြန်ရတော့မှာမို့လည်း အမေနဲ့ အဘွားက ခွင့်ပြုတာပါ။
အစပိုင်းကတော့ ဟုတ်လို့ပဲ ...။ ရွာထဲက ထန်းရည်ကို ပလတ်စတစ်ပုံးကြီးနဲ့ တပုံးမှာထား တာ။ ထန်းရေလေးသောက်လိုက်၊ ဖဲလေးရိုက်လိုက်နဲ့ ... ဂစ်တာတီးတဲ့သူကတီးပေါ့။ ဟုတ်နေတာလေ ..။
တရုတ်ကြီးတို့ လင်မယားက နောက်ကျမယ်လို့ ပြောထားပြီးသား။ ကျူရှင်ဆရာကလည်း အတန်းပြီးမှ လာနိုင်မယ်တဲ့။ နောက်ပြီး သူ့မိန်းမက ကလေးမွေးထားတာ ၃ လပဲရှိသေးတာ ဆိုတော့ သူ တယောက်ထဲပဲလာမယ်တဲ့။ ရောက်နေကြတာက ရခိုင်ကြီးရယ်၊ နှဲတို့လင်မယား ရယ်၊ တိုးကြီးရယ်၊ ဖိုးသိုက်တို့လင်မယားရယ်ပေါ့၊ အိမ်ကြီးရှင် ဝဏ္ဏကတော့ အပေါ်ထပ်က သူ့အမေနဲ့ အဘွားလုပ်ပေးသမျှ အမြည်းတွေကို အောက်ချပေးရင်း သူ့ ချစ်မမ အလာကို တမျှော်မျှော်ပေါ့။
ရခိုင်ကြီးကတော့ ဒိုင်ခံ ဂစ်တာတီးသီချင်းဆိုပဲ။ ကျန်တဲ့သူတွေက အလှည့်ကျ ပိုကာဝိုင်းကို ဝင်ထိုင်နေကြတာ။ တိုးကြီးနဲ့ နှဲကြီးရယ် ဖိုးသိုက်မိန်းမ ဗိုက်ကြီးရယ်ကတော့ ဖဲဝိုင်းက မထတမ်းပဲ။ ဖဲဝိုင်းဖြစ်ရတာက အဲဒီဗိုက်ကြီးသည်ကြောင့်ပါ။ ကြံကြံဖန်ဖန် ချဉ်ချင်းတပ်တယ် ဆိုလားပဲ။
နှဲကြီးမိန်းမ နပ်စ်မကတော့ ထန်းရည်တွေ တခွက်ပြီးတခွက်မော့ပြီး တဟားဟားရယ်နေပြီ။ အချိန်က ကုန်လို့ ကုန်မှန်းမသိဘူး။ ထန်းရည်ကလည်း ကုန်လို့ ကုန်မှန်းမသိဘူး ဆိုရမယ်။ အဲဒီအချိန်မှာ ဝဏ္ဏရဲ့ မမရောက်လာတယ်။ သူတို့အားလုံး မူးလို့မူးမှန်းမသိဘဲ မူးနေကြပြီ။ ဆိုးတာက ဝဏ္ဏ ဘယ်လောက်မူးနေပြီလဲဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ကြဘူး။ မပြောနိုင်ဆို အားလုံးလည်း မူးနေတာကိုး။ ဝဏ္ဏမမ ဘယ်အချိန်ပြန်သွားလဲတောင် မသိ လိုက်ကြဘူး။
နောက်တော့ တရုတ်ကြီးတို့ လင်မယားရောက်လာတယ်။ ကျူရှင်ဆရာလည်း ရောက်လာ တယ်။ တရုတ်ကြီးက ရောက်လာတာနဲ့ ထန်းရည်ပုံးကိုအရင်ကြည့်တယ်။ ကျူရှင်ဆရာ ကတော့ စားစရာ အရင်ရှာတယ်။ သူက အစားသမား။
ထန်းရည်က မကျန်တော့သလောက်ပဲ။ တရုတ်ကြီးက သိပ်စိတ်ညစ်ခံတဲ့သူမှမဟုတ်တာ။ ရွာဝကို စက်ဘီးလေးနဲ့ ပြန်ထွက်ပြီး အဖြူ တလုံးသွားဆွဲလိုက်တာပဲ။ တလုံးနဲ့ မလောက်တော့ လည်း နောက်တလုံးပေါ့။ အချိန်က တော်တော်လေး နှောင်းလာပြီ။ မနက် ၁၀ နာရီလောက် က စလိုက်တဲ့ဇာတ်လမ်းက ညနေ ၄ နာရီဆိုတော့ အရှိန်ကဘယ်သေးတော့မလဲ။ တရုတ်ကြီး က အားလုံးကို အမီလိုက်ဖို့ အသည်း အသန်ကြိုးစားနေတယ်။ သူ့ဖာသာကြိုးစားရုံတင် မကဘူး သူ့မိန်းမကိုပါ တိုက်လိုက်သေးတယ်။ သူ့မိန်းမက တခွက်ဝင်တာနဲ့ စရစ်ပြီ။ အဲဒါကို အားလုံး သဘောတွေကျပြီး ဝိုင်းရီနေကြတာ။
အားလုံး အေးအေးဆေးဆေးပါပဲ။ ပြီးတော့ ပျော်ပျော်ပါးပါးပဲ။ ဖဲဝိုင်းကလည်း တော်တော်လေး အရှိန်ရနေပြီ။ နောက်တော့ ရခိုင်ကြီးက တီးပြီးဆို ... ဝဏ္ဏရယ် နှဲကြီးမိန်းမ နပ်စ်မရယ်က မြနန္ဒာနဲ့ ကလို့ အဆင်ပြေနေတာ။ အားလုံးမူးနေကြတော့ ဘာက ဘယ်လိုဘယ်လို စဖြစ်တယ်ဆိုတာ မသိဘူးလေ။ တကယ်ကို မသိလိုက်တာပါ။
သိတဲ့အချိန်မှာတော့ ဝုန်းဆိုတဲ့အသံကြီးပဲကြားလိုက်ရတယ်။ အားလုံး မင်တက်မိနေတဲ့အချိန် ရုတ်တရက် တလောကလုံးရှုပ်ထွေးသွားတော့တယ်။
ခုနကပြောတယ်နော်။ ဘာကဘယ်လိုစဖြစ်တယ် မသိဘူးလို့။ ထပ်ပြောဦးမယ် တကယ်ကို ဘာက ဘယ်လိုစဖြစ်လိုက်မှန်း ဘယ်သူမှ မသိလိုက်ကြဘူး။
သိတဲ့အချိန်မှာ ... ဝဏ္ဏက အိမ်ပေါ်ထပ်မှာ သူ့အမေနဲ့ အဘွားကိုကောင်းကောင်း ပြဿနာ ရှာနေပြီ။ မျိုးစုံ တွေအော်ဟစ်သောင်းကျန်းနေပြီ။ အဲဒီမှာ အောက်ကကောင်တွေ အေးအေး ဆေးဆေး ဒီတိုင်းပဲနေလိုက်ရင် ပြီးပြီပေါ့။ မပြီးဘူး ... ဒါမျိုးဆိုရင် တရုတ်ကြီးတို့ကလုံးဝ မရဘူး။ လူကြီးတွေကို စော်ကားတဲ့ကောင်ကို ဆုံးမ ရမယ် ... ဒီလိုမျိုး။
ဘယ်သူမှ ဆွဲချိန်မရလိုက်ဘူး ပေါင် ၂၀၀ လောက်လေးတဲ့ ခန္တာကိုယ် ထွားထွားကြိုင်းကြိုင်း ကြီးက အိမ်ပေါ်ထပ်ကို စွေ့ကနဲ ရောက်သွားပြီး ဝဏ္ဏကို တရစပ် ဆွဲထိုးတော့တာပဲ။ အဲဒီ အချိန်မှာ တရုတ်ကြီးနဲ့ ဝိတ်တူ၊ ဂိုက်တူ ဆိုက်တူ ကျူရှင်ဆရာက နောက်က ပြေးလိုက်သွား ပြီး တရုတ်ကြီးကိုဆွဲပေမယ့် ပိန်ညောင်ရိုးဝဏ္ဏက မရှုမလှ ခံနေရပြီ။
အဲဒီမှာပဲ မထင်မှတ်တာတွေ ဆက်တိုက်ဖြစ်သွားလိုက်တာဆိုတာ။
ဝဏ္ဏမရှုမလှခံနေရတော့ ဝဏ္ဏရဲ့ ချစ်မေမေနဲ့ အဘွားက အလန့်တကြားတွေအော်၊ အဲဒါကို တရုတ်ကြီးကမသိဘဲ ဝဏ္ဏလုပ်လို့အော်တယ်မှတ်ပြီး ဝဏ္ဏကို ပိုနှိပ်စက်၊ တရုတ်ကြီးမိန်းမက အဲဒါကိုနားလည်တော့ သူ့ယောက်ျားကို အတင်းသွားဆွဲ ...။
တရုတ်ကြီးမိန်းမ အေးခိုင်ဆိုတာလည်း ကြည့်ဦး ပေါင် ၉၀ လောက်ပဲရှိတာ။ ဖြူဖြူသေးသေး လေး။ တရုတ်ကြီးကို ဘယ်လိုလုပ်ဆွဲလို့ရမှာလဲ။
အဲဒီအချိန်မှာ ဘုမသိဘမသိ အပြင်ကမူးပြီးပြန်လာတဲ့ ဝဏ္ဏအစ်ကို သူရက ဘာဖြစ်မှန်း သေချာမသိဘဲ ဝဏ္ဏကို ဝင်ဆူသေးတယ်။ သူ့ညီက ပြန်အော်တော့ ဝမ်းတွေနည်းပြီး ငိုရင်း အိမ်နံရံမှာ မြေဖြူတခဲနဲ့ ဘာတွေမှန်းမသိဘူး ထိုင်ရေးနေတော့တယ်။
အောက်ထပ်က ကွပ်ပျစ်မှာ မဗိုက်က ပက်လက်လန်နေပြီ (ဗိုက်နဲ့ဆိုတော့ မှောက်လို့မရဘဲ ပက်လက်ပဲလန်တာ)။ ဝဏ္ဏက တရုတ်ကြီးလက်ထဲက လွတ်တာနဲ့ အောက်ထပ်ကို အမော တကောပြေးဆင်းလာတဲ့အချိန် တရုတ်ကြီးက အောက်ကို လိုက်လာပြန်ရော။ မဗိုက်လည်း ရှောင်နိုင်မှ လွတ်မဟဲ့ဆိုတဲ့အတွေးနဲ့ ဝေးရာထပြေးရတာပါပဲ။
အောက်ထပ်က ကွပ်ပျစ်မှာ တခါ ထပ်ပြီး ဝရုန်းသုန်းကားဖြစ်ကြပြန်ရောလေ။ ကွပ်ပျစ်ပေါ်မှာ ပက်လက်လန်သွားတဲ့ဝဏ္ဏကို တရုတ်ကြီးကဝင်လုံးတာ။ အဲဒီအချိန်မှာ ဖိုးသိုက်လည်း ဝဏ္ဏပေါ်က တက်ဖိပြီး ပေါင်ခြံကို ဝင်ထိုး၊ တရုတ်ကြီးကိုလည်း အတင်းဝင်ထိုး လုပ်ပါလေ ရော။ တကယ်က ပုံမှန်ဆိုရင် ဖိုးသိုက်က ပေါင် ၁၁၀ တောင်ရှိတာမဟုတ်ဘူး တရုတ်ကြီးကို ဘယ်နိုင်လိမ့်မလဲ။ သူလည်း အခြေအနေရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး ဝင်ကြိတ်ရ တာ။
ရခိုင်ကြီး ကိုအောင်ကျော်ဇံက ငိုနေပြီ။ ဝမ်းနည်းလွန်းလို့တဲ့။ အဲဒီအချိန်မှာ ဧည့်သည် တယောက် ရောက်လာတယ်။ ပဲခူးက ... ဝဏ္ဏနဲ့စင်ကာပူမှာခင်ခဲ့တဲ့ သူငယ်ချင်း။ သူက ဝဏ္ဏဆီ ဘာလာလုပ်တယ် မသိဘူး။ ဧည့်သည်လည်း ဝရုန်းသုန်းကား ဇာတ်လမ်းတွေကြား ဘာလုပ်ရမှန်းမသိ ဖြစ်ပြီး ကျောပိုးအိတ်ကလေး ဘေးချ ငူငူလေးရပ်နေရှာတယ်။
အဖြစ်အပျက်က မြန်ဆန်လွန်းပါ့။ ဝဏ္ဏပေါ် တက်ဖိလုံးနေတဲ့ တရုတ်ကြီးရဲ့ ခြေထောက်ကို အေးခိုင်က အတင်းဝင်ဆွဲတဲ့အချိန်မှာ တရုတ်ကြီးက ရုန်းလိုက်တော့ အေးခိုင်ရဲ့ရင်ဗတ်ကို ဆောင့်ကန်လိုက်သလို ဖြစ်သွားပြီး အေးခိုင် ကြမ်းပေါ်ကို ခွေခွေလေး ပြုတ်ကျ သတိလစ် သွားပါတော့တယ်။
အဲဒီမှာ အားလုံး မီးကိုရေနဲ့ငြိမ်းလိုက်သလို ခဏငြိမ်သွားတယ်။ တရုတ်ကြီးကို ကျူရှင်ဆရာက ခြံပြင်ဆွဲခေါ်ထုတ်သွားတယ်။ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ နပ်စ်မက အဲဒီအချိန်မှာ ရုတ်တ ရက် သူ့ရဲ့ ကဏ္ဍရောက်လာပြီဆိုတာ သိပြီး အလုပ်စတယ်။ သူ့ယောက်ျားနဲ့ ဖိုးသိုက်ကို အေးခိုင်ကို အိမ်ပေါ်မတင်ဖို့ ညွှန်ကြားချက်ပေးတယ်။
အိမ်ပေါ်ရောက်တော့ ဘယ်သူ့ကိုခိုင်းရမလဲ ကြည့်တဲ့အချိန်မှာ အားလုံးထဲမှာ လုံးဝမမူးတာ ဆိုလို့ ဝဏ္ဏရဲ့ ညီအငယ်နန္ဒပဲရှိတာတွေ့ရတော့ စာရွက်နဲ့ဘောပင်တောင်းပြီး ခပ်သွက်သွက် ဘာတွေမှန်းမသိ ချရေးတယ်။ ပြီးတာနဲ့ နန္ဒကို “သွား ဆေးဆိုင်မှာ အဲဒါသွားဝယ်ချေ” လို့ ခိုင်းလိုက်တယ်။
စက်ဘီးနဲ့ အပြင်က ကမန်းကတန်းပြန်ရောက်လာတဲ့ နန္ဒဆီက အထုပ်ကို ဖြေပြီး နပ်စ်မက နပ်စ်မ အလုပ်စတင်ပါတော့တယ်။ သွက်လိုက်မြန်လိုက်တာမှ ... မူးနေတယ်လို့ကို မထင်ရ တာ။ ဆေးထိုးအပ် ပြင်ဆင်တာက အစ ဆေးစုပ်ယူတာအဆုံးပေါ့။ အေးခိုင်တင်ပါးထဲ ဆေးကို ထိုးထည့်ပေးလိုက်တာနဲ့ ကောင်မလေး သတိပြန်လည်လာတာပါပဲ။
အေးခိုင် သတိပြန်လည်လာတော့ တရုတ်ကြီးက ကြမ်းပြင်ပေါ်မှာ စန့်စန့်ကြီး အိပ်ပျော်နေပြန် ကော။ ဟောက်များတောင် ဟောက်လို့။ ဝဏ္ဏကလည်း ခုတော့ သူမဟုတ်သလို ဝါတော် ရှစ်ဆယ်ရ ဆရာတော်ကြီးစတိုင်နဲ့ သူ့အမေခူးခပ်ကျွေးတဲ့ ထမင်းကို အေးရာအေးကြောင်း စားနေပြီ။
သူ့ဧည့်သည်ကို ကိုအောင်ကျော်ဇံကဧည့်ထောက်ခံ စကားပြောထားရတယ်။ အဲဒီဧည့်သည်က ညအိပ်မှာလေ။
အိပ်ပျော်နေတဲ့ တရုတ်ကြီးကို ဖိုးသိုက်က ကန်နှိုးတာတောင် မနိုးဘူး။ နှဲကြီးပါဝိုင်းကန်မှ နိုးတာ။ အားလုံးငြိမ်သွားမှ သူတို့ တိုးကြီးကို သတိရတော့တယ်။ ဖဲသမားလေ ... ဝရုန်း သုန်းကား စဖြစ်ကတည်းက ဝိုင်းက ပိုက်ဆံတွေယူပြီး ထပြေးပြီ။ နောက်မှပြောတယ်။ အကျင့်ပါနေလို့တဲ့။ ပြီးတော့ စိတ်မချလို့တဲ့ ပုဆိုးကွင်းသိုင်းပြီး ပြန်ရောက်လာတယ်။
ဖဲဝိုင်းက ဘယ်သူနိုင်လို့ ဘယ်သူရှုံးမှန်းမသိတဲ့ ပိုက်ဆံတွေနဲ့ သူတို့တသိုက် ညလုံးပေါက် ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်သွားစားတော့ ည ၁၀ နာရီတောင် ထိုးလုပြီ။
ဝဏ္ဏကိုတော့ ဧည့်သည်ရှိလို့ပါဆိုပြီး အတင်းဖျောင်းဖျ ထားခဲ့ရတယ်။ လမ်းမှာ တရုတ်ကြီးနဲ့ အေးခိုင်တို့ ရန်သတ်ကြသေးတာပေါ့။ ကွဲမယ်ကွာမယ် ဘာညာတောင် ဖြစ်သေးရဲ့။ ဟုတ်တာ လည်း မဟုတ်ဘူး။ ဒီလိုပါပဲ။
မဗိုက်ကတော့ ဒီလူတွေကြား ကန့်လန့်ကန့်လန့်ပေါ့။
အဲဒီနေ့က ဝရုန်းသုန်းကားဖြစ်နေတဲ့ ဝဏ္ဏတို့အိမ်ရှေ့ကနေ နှဲကြီးအဖေ ဦးမြဟန် ဖြတ်သွား သေးတယ်တဲ့။ သူလည်း ထွေနေတာ။ အဲဒီအိမ်ထဲ သူ့သားနဲ့ချွေးမ သောင်းကျန်းနေတာ မသိရှာဘူး။ အိမ်ရောက်တော့ သူ့သားကိုမေးသတဲ့ ...
“ဟေ့ကောင်သားကြီး ဝဏ္ဏတို့အိမ်မှာ ဘာပွဲလည်းမသိဘူးလုပ်နေတယ်ကွ။ မင်းတို့ မသွားဘူးလား” တဲ့။ နှဲကတော့ ခပ်တည်တည်ပဲ “ဟုတ်လား မသိဘူးအဖေ” လို့ ပြန်ပြောလိုက်တယ်။
နောက်တနေ့မနက် လက်ဖက်ရည်ဆိုင်မှာ ဆုံကြတော့ ထုံးစံအတိုင်း ညကအကြောင်း စမြုံ့ပြန်ကြတာပေါ့။ ကျူရှင်ဆရာက တရုတ်ကြီးကို ဆုံးမတော့ တရုတ်ကြီးက “ငါ ဘာလုပ်လို့လဲ ကွ” တဲ့။
ခဏနေတော့ ဝဏ္ဏရောက်လာတယ်။ လမ်းလျှောက်မလာဘူး။ ဆိုက်ကားနဲ့။ ဆိုက်ကား ပေါ်က ဆင်းတော့ ထော့နင်းထော့နင်းဖြစ်နေတယ်။
“ညတုန်းက ဘာတွေဖြစ်လဲ မသိပါဘူးကွာ။ ငါ့ပေါင်ခြံက တော်တော်အောင့်နေတာ” တဲ့။
အကွက်ပဲဆိုပြီး တွယ်ခဲ့တဲ့ ဖိုးသိုက်က မသိချင်ယောင်ဆောင်နေတယ်။ ကျူရှင်ဆရာက ထပ် ဆုံးမရပြန်တယ်။ ဝဏ္ဏရာ မင်းလည်း ငယ်တော့တာမဟုတ်ဘူး။ အမေနဲ့အဘွားကို သနား သင့်ပြီ ... ဘာညာ ပေါ့လေ။ ဝဏ္ဏက ဘလက်ကော်ဖီတခွက် လို့လှမ်းမှာပြီး ကျူရှင်ဆရာကို အူကြောင်ကြောင် ကြည့်တယ်။ အရမ်းကို ဖြူစင်ရှင်းသန့်တဲ့ သူတော်စင် အကြည့်လေးနဲ့ပေါ့ ပြီးတော့ မေးလိုက်တယ် “ငါဘာလုပ်မိလို့လဲကွ” တဲ့။
တရုတ်ကြီးကော ဝဏ္ဏကော မေးတဲ့ပုံစံက တပုံစံထဲ။ သူတို့တကယ်ကို ဘာမှမသိလို့ မေးတဲ့ပုံ။ ဆုံးမမိတဲ့သူကပဲ ပြန်တောင်းပန်ရမလို .... ။ ပြောသားပဲ အစကတည်းက။ ဒါမျိုးလုပ်ရင် ဒါမျိုး ဖြစ်မှာပဲ လို့ ... ။
Thursday, November 27, 2008 | Labels: ဝတ္ထုတို | 8 Comments
tag 6
တက်ဂ်များ အဖော်နဲ့အပေါင်းနဲ့များလာတတ်သလား မသိပါဘူး။ တနေ့ကပဲ ကာတွန်းကားနဲ့ ပတ်သက်တဲ့ တက်ဂ် ရေးပြီးတယ်။ ဒီနေ့ တစက်မှမငြိမ်တဲ့ ဟန်သစ်ငြိမ်က တက်ဂ်တယ်တဲ့ စီပုံးမှာလာအော်တာလေ ... အကြောင်းအရာကြည့်လိုက်တော့ တော်တော်စိတ်ညစ်သွား တယ်။ ဟိုတခါရေးရတဲ့ မသေခင် ၁၀ ရက်အလိုထက်တောင် ညစ်သေး ..။ ကြည့်ပါဦး ကိုယ့်ကိုယ်ကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက်တဲ့။ ကိုယ့်ကိုယ်ကိုယ် မုန်းတာတွေ ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် တချို့အချက်တွေက ပြန်တွေးဖို့ ... ချပြဖို့ တော်တော်ခက်တာ တွေ ... အင်း ဘာပဲဖြစ်ဖြစ် အမေးရှိပြီဆိုတော့ အဖြေ ရှိရတော့မပေါ့ ...။
၁။ လူလည်အရမ်းကျတတ်လို့
မှတ်ချက်။ ။ လည်ပေမယ့် ကတုံးပေါ်တော့ ထိပ်မကွက်ပါ။ သူငယ်ချင်းအရင်းခေါက်ခေါက် တယောက်ကတော့ ကျမလူလည်ကျတာ တော်တော်သိတယ်။ နင်က တုံးချင်ယောင်ဆောင်နေတဲ့ လူလည်မတဲ့ ဟီးဟီး။
၂။ ဟန်ဆောင်ကောင်းလို့မုန်းတယ်။
လက်ထဲမှာ လကုန်ထိသုံးစရာ ကျပ် တထောင်တောင် မပြည့်တော့တဲ့ အနေအထား ...လကုန်ဖို့က ၁၀ ရက်လောက်လိုသေးတာကို လကုန်ထိသုံးဖို့ တသောင်းကျော်ပဲကျန်တော့လို့ လာညည်းတဲ့သူငယ်ချင်းကို သူညည်းသမျှ နားထောင်ပေးပြီး လက်ဖက်ရည်တောင် တိုက်လွှတ်လိုက်သေးတာ။ ဟဲဟဲ ချေးကြပါဦး။
၃။ တော်ရုံတန်ရုံလူကြီးတွေကို အပေါင်းအသင်းမလုပ်ချင်လို့။
အဆင့်အတန်း ခွဲခြားတယ် ဆိုပါတော့ :P (ကိုယ့်ထက်ငယ်တဲ့ ကလေးတွေကိုတော့ ဘယ်သူဖြစ်ဖြစ် ပေါင်းပါတယ်) အဲဒီတော့ ကျမပေါင်းတဲ့လူကြီးတွေက တော်တော် ခင်လို့လို့သာ မှတ်ပေတော့။ ပြီးတော့ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းပြီး အိုင်ကျူနိမ့်တယ်ထင်တဲ့သူတွေကိုလည်း ဟန်ဆောင်ပြီးတောင် စကား မပြောချင်ဘူး (အညင်ကတ်စရာကြီးနော်) အဲလို ခဏခဏ ဖြစ်တတ်လို့ ကိုယ့်ကိုယ်ကိုယ် မုန်းပါတယ်။
၎။ တွေဝေတတ်လို့။
လမ်း ၂ လမ်းတွေ့ပြီဆိုပါတော့ ... ဘယ်လမ်းကိုသွားမယ်ဆိုတာ နောက်ဆုံးအချိန် ရောက်တဲ့ထိ မဝေ ခွဲနိုင်ဘူး။ အချိန်စေ့တဲ့အခါ ကြုံရာတခုကို မှားမှားမှန်မှန် အမြန်ရွေးလိုက်ရရော။
၅။ အစကြမ်းလို့။
ခင်မိရင် အစသန်တယ်။ တဖက်လူက ကြိုက်လား မကြိုက်လားမသိ လွှတ်ကနဲ ပါးစပ်က စ မိပြီး ဘရိတ်အုပ်ဖို့ အမြဲနောက်ကျ။ ပြန်တောင်းပန်ရတာ အခါခါ။ ကိုယ့်ကိုယ်ကိုယ်သိတယ် သို့သော် ပြင်လို့မရ။
၆။ အပျင်းကြီးပြီး အလုပ်အကြွေးထားတတ်လို့
ပြင်ဖို့ကြိုးစားတာ ၁၀ တန်းမဖြေခင် ကတည်းကပဲ။ အင်းခုဆို အနှစ် ၂၀ ရှိပြီပေါ့လေ။ အသားက တော်တော်ကျနေပြီ။ ရတော့ဘူး :P လုပ်စရာရှိတာကို နောက်ဆုံးအချိန်ရောက်မှ အမြဲလုပ်လေ့ရှိတယ်။ အလုပ်ကိုရွှေ့တာပေါ့။ စာမူတောင်းရင် ဖောင်ပိတ်ခါနီး တနာရီလောက် အလိုကျမှ အသည်း အသန်ရေးပေးတာ။ မျက်နှာတော့အပျက်မခံဘူး။ သို့သော် တောင်းတဲ့သူက ၂ ယောက်လောက် တပြိုင်ထဲဖြစ်ရင် တေပြီ။ (အမေ့လေနဲ့ပြောရရင် နင်ကတော့လေ မိတူး ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာ သိလား)
၇။ အားနာပြီး ကတိပေးလွယ်တတ်လို့
အပေါ်မှာပြောသလိုပေါ့ ကိုယ့်ဝန်နဲ့အား မျှလား မမျှလားမသိ ... သူများက တခုခုလုပ်ခိုင်းရင် ရမယ် ဆိုတာချည်းပဲ (သဘောကောင်းတယ်လို့ကလည်း အထင်ခံချင်သေးတာ)။ ပြီးတော့ အလုပ်ကိုရွှေ့ ... အချိန်ကပ်မှလုပ်ပေး ... မအိပ်မစားတွေဖြစ်။ ပင်ပမ်း။ အဲဒီအချိန်ဆို သိပ်မုန်းတာပဲ ကိုယ့်ကိုယ်ကိုယ်။ သို့သော် အားနာတော့လည်း လုပ်ပေးမယ်ဆိုတဲ့ကတိက အမြဲပေးမိပြန်ရော။ ဒါနဲ့ပဲ သံသရာကလည်နေတာ။
၈။ မကြည်ရင်မကြည်သလို ပြဿနာလုပ်တတ်လို့
အားနာတတ်ပေမယ့် မကြည်ရင်တော့ ကပ်ဖဲ့ပြီး ဂျစ်နေတတ်လို့ .. ခင်တဲ့သယ်ယင်းတွေဆို စိတ်ညစ်တယ်။ ဥပမာ - ကျမ မနေချင်တဲ့ နေရာတခုမှာ တယောက်ယောက်က ပေရှည်နေလို့ နေရပြီဆိုရင် အားမနာတမ်း ဂျီကျတာ။ ရစ်တာပေါ့လေ။ တချို့ဆို နင်က သဘောကောင်း သလိုလိုနဲ့ အကြောင်းသိမှ တော်တော် ပြဿနာရှာတာပါလားလို့ အမြဲပြောတယ်။ ဘယ်လောက် ရစ်လဲဆိုတာကတော့ သူများငိုချင်လာအောင်ကို ရစ်တာပါ (ဒါကလည်း ခင်မှပါ ဟီဟိ)
၉။ မျက်ရည်လွယ်တတ်လို့
လူများရှေ့မှာ မျက်ရည်ကျရမှာ ရှက်သလောက် လွယ်လိုက်တဲ့မျက်ရည်ဆိုတာ။ ထစ်ခနဲရှိ ကျပြီ ... ။ မုန်းတယ်။
၁၀။ နှာခေါင်းပွလို့
မရှိတော့ဘူး ဟန်သစ်မငြိမ်ရဲ့။ ဘာဆက်ပြောရမှန်းမသိတော့လို့ ကိုယ့်နှာခေါင်းပဲ ကိုယ် ရမယ် ရှာလိုက်ရတော့တယ်။ တကတည်း .. ကျုပ်အကြောင်းတော့ လူသိကုန်ပါပြီ။ ကဲ ဆက်တက်ဂ်မယ် ... မရဘူး ဒီတခါတော့ အလွမ်းဓာတ်ခံလေးတွေ ရှိမယ်ထင်ရတဲ့ အစ်ကိုကြီး အစ်မကြီးတွေ မောင် ညီမလေးတွေကို တက်ဂ်ပစ်မယ် လာထား ၁။ အစ်ကိုကြီးအောင်သာငယ် ၂။ အစ်မခင်မင်းဇော် ၃။ အစ်မမေငြိမ်း ၄။ ကိုဇာနည် ၅။ မောင်လေးကောင်းကင်ကို ၆။ ညီမလေးပန်ဒိုရာ .၇။ မောင်လေး ဖြိုး.. ဒန်တန့်ဒန် .. အားတာနဲ့ ရေးပေးပါဗျို့။
Tuesday, November 25, 2008 | Labels: tag | 7 Comments
အမှတ်တရရက်စွဲများ ၃
သူငယ်တန်း စတက်တက်ချင်း အမှတ်တရတခုကတော့ ကျမတို့အိမ်မှာ လာနေတဲ့ မနာယော ဆိုတဲ့ အစ်မကြီး ရွာပြန်သွားတာပါ။ သူက လားဟူလူမျိုး နာ ဆိုတာ လားဟူလို မ ပေါ့။ သူ့နာ မည်က မယော.. သို့သော် ကျမတို့က မနာယောလို့ခေါ်တယ်။ သူက ကျမ မမွေးခင်ကတည်း က အိမ်မှာလာနေပြီး ကျောင်းတက်တာပါ။ သူပြန်တဲ့အချိန်မှာ ဆယ်တန်းလည်း အောင်ပြီးပြီ၊ အလုပ်တောင် ဝင်နေပါပြီ။ သူ့အိမ်က လူမျိုးကွဲတွေနဲ့ ရသွားမှာစိုးလို့ ဆိုပြီး ပြန်လာခေါ်သွား တာ။ မေမေတို့လည်း စိတ်မကောင်းကြသလို သူလည်း မပြန်ချင်ပါဘူး။ ဒါပေမယ့် သူ့မိဘတွေ ရဲ့ သဘောထားကို မလွန်ဆန်နိုင်လို့ ပြန်သွားတယ်။
ပြန်ခါနီးမှာ ကျမကျောင်းတက်ဖို့ လွယ်အိတ်ကလေး တလုံး လက်ဆောင်ဝယ်ပေးသွားတယ်။ အစိမ်းရောင်လေးပါ။ ပြန်ခါနီးမှာ ကျမကို သူဖက်ငိုတယ်။ ကျမလည်း ကောင်းကောင်း နားမလည်ပေမယ့် သူ့ကိုဖက်ပြီး ငိုခဲ့ပါတယ်။ သူနဲ့ကျမ နောက်ပိုင်း တောက်လျှောက် စာ အဆက်အသွယ် ရှိခဲ့တယ်။ တကယ့်ညီအစ်မ အရင်းတွေလိုပဲ။
သူ ရွာပြန်ရောက်တာနဲ့ သူ့အိမ်က သူတို့ရွာသား မူလတန်းကျောင်းဆရာလေး တယောက်နဲ့ ပေးစားလိုက်ပါတယ်။ နောက်တော့ သူလည်း ရွာမှာ မူလတန်းပြလုပ်နေတယ်။ သိပ်သနား စရာ ကောင်းတဲ့ မနာယောပါ။ သူ့ခမျာ အလယ်တန်းပြတွေ အထက်တန်းပြတွေ ဖြစ်အောင် ဆရာဖြစ်သင်တန်းတွေတက် စာမေးပွဲတွေဖြေ ... အဲလိုလုပ်ချင်တယ်လို့ ကျမကို ရေးတဲ့ စာတိုင်းမှာ ထည့်ရေးပါတယ်။ ဒါပေမယ့် သူစာမေးပွဲဖြေမယ့်အချိန်တိုင်းဟာ သူ ကလေးမွေး ရမယ့် အချိန်တွေနဲ့ တိုက်တိုက်နေတယ်။
သူက တနှစ်တယောက် ကလေးမွေးပါတယ်။ သားဆက်ခြားဖို့တို့ ဘာတို့ ဒီခေတ်မှာလို ပညာ ပေးမယ့်သူလည်း မရှိသေးပါဘူး။ သူ့စာထဲမှာ စာမေးပွဲလာဖြေရင်း ကျမတို့ဆီလာလည်မယ် လို့ ရေးပေမယ့် သူနဲ့ကျမတို့ ပြန်တွေ့ခွင့် မကြုံခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ငါးယောက် မြောက် သမီးမိန်းကလေး မွေးရင်း မီးတွင်းထဲမှာ ကွယ်လွန်သွားလို့ပါ။ ကျမရဲ့ ငယ်ဘဝ အချိန်တွေထဲမှာ မမေ့နိုင်စရာ လူတယောက်အဖြစ် ပါဝင်နေလို့ မနာယော အကြောင်းလေး ထည့်ပြောရတာပါ။
နောက်ထပ် ငယ်ဘဝမှာ မမေ့နိုင်စရာ တဦးကတော့ ကျမကို ထိမ်းခဲ့တဲ့.. ကျမတို့က အန်တီကြီး လို့ခေါ်တဲ့ ကုလားမ အပျိုကြီးပါ။ သူက ကျမကိုသိပ်ချစ်တယ်။ ဆာရီအမြဲဝတ်တဲ့ အန်တီကြီးရဲ့ မျက်နှာက သိပ်ကိုကြည်လင်တာပဲ။ သူကအိန္ဒိယလူမျိုး ခရစ်ယာန် ဘာသာဝင် (အာရ်စီ ပေါ့)။
ကျမသိပ်ငယ်သေးတဲ့ သူငယ်တန်း၊ တတန်း နွေကျောင်းပိတ်ရက်တွေမှာ မေမေတို့ အလုပ် သွားတဲ့အချိန် အန်တီကြီးနဲ့ နေခဲ့ရပါတယ်။ အန်တီကြီးက ကုလားလေးတွေကို ကုလားစာ သင်တဲ့ အလုပ်လည်း လုပ်တယ်လေ။
အိမ်တွေမှာ လိုက်သင်တာပါ။ အဲလိုတွေ သူ စာသွားသင်ရင် ကျမက သူ့နောက်က တ ကောက်ကောက် ဆာရီစဆွဲပြီး လိုက်တာပဲ။ သန်လျင်မြို့မှာ ကုလားတွေ စုနေတဲ့ ရပ်ကွက် တွေရှိတယ်။ ဟိန္ဒူတွေ၊ ခရစ်ယာန်တွေပေါ့။ အဲဒီရပ်ကွက်တွေက မြို့ထဲနဲ့ တော်တော်လှမ်း ပါတယ်။ ပြီးတော့ သူတို့အိမ်ကလေးတွေက မြေကြီးအိမ်လေးတွေလေ ... သိပ်အေးတာပဲ။ ဓနိမိုး ထရံကာပြီး ရွှံနဲ့နွားချေးမံထားတဲ့ အခင်းက ပြောင်လက်နေတာ။
အန်တီကြီးကစာသင် ... ကျမက တရေးတမောအိပ်။ တခါတလေ ... အနီးအနားမှာ လျှောက် ကစား။ ညောင်သုံးပင်လို့ ခေါ်တဲ့ ခရစ်ယာန်သင်္ချိုင်းနားမှာ သွားသင်ရတဲ့ နေ့တွေဆို သိပ်ပျော် စရာကောင်းတယ်။ သူစာသင်နေတုန်း အနီးအနားက မြယာပင်လေးတွေမှာ ချဉ်ဖြုန်းဖြုန်း မြယာသီးမှည့်လေးတွေ ခူးစား၊ ပြီးတော့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကုလားမလေးတွေနဲ့ လျှောက်ပြေးဆော့၊ မောရင် အေးစိမ့်နေတဲ့အိမ်ကလေးထဲ ဝင်အိပ်။ ညနေစောင်းမှ အန်တီကြီးနဲ့အတူ တောကားကြီးစီးပြီးပြန်ပေါ့။
တခါတလေ ကျမက သူသင်တဲ့နားသွားထိုင် ငေးမော ... ကုလားစာတွေ လိုက်ရွတ် .. ကုလား ကကြီး ခခွေးတွေ လိုက်ရေး ... “အာရီး၊ စစ်သရီး၊ နာနား၊ မောဝနား ...” “ရီးနာ့ကရီး .. ဘာဟင်းချက်လဲ” “ပါးရပူးကရီး ... ပဲဟင်းပေါ့” “မြီးနိကရီး ... ငါးဟင်း” နောက် ကျမ သေသေချာချာ မှတ်မိနေတာ တခုက “ဆက်သနာ့ရိ .. သေသောခွေး” တဲ့။ ကျန်တာတွေ တော့ မမှတ်မိတော့ဘူးလေ။
ဒေပါဝါလီနေ့လို ... ဟိန္ဒူတွေရဲ့ နေ့ထူးနေ့မြတ်တွေမှာဆို သိပ်ပျော်စရာကောင်းတယ်။ မုန့်အချိုတွေ ဆိုတာအောတိုက်ပဲ။ အဝစားယုံတင်မကဘူး အိမ်ကိုပါ အများကြီးထည့် ပေးလိုက် သေးတာ။ နောက်တော့ အန်တီကြီးတို့ အာရ်စီ ဘုရားကျောင်းမှာ ပွဲနေ့တွေဆိုရင် လည်း သိပ်ပျော်တယ်။ ထမင်းရုံကြီးတွေနဲ့ ထမင်းကျွေးတာလေ။ အဲဒီမှာ ကျမ ငှက်ပျောဖက်နဲ့ ထမင်းကောင်းကောင်းစားတတ်သွားတာပေါ့။
ရေစင်အောင်ဆေးထားတဲ့ ငှက်ပျော်ဖက် စိမ်းစိမ်းကို ရှေ့မှာလာချ ... ပြီးရင် ထမင်းပူပူကို သံပုဂံပြားနဲ့ကော်ပြီး ပုံပေး၊ တယောက်က ငှက်ပျောဖက်ထောင့်လေးမှာ ဆားပုံလေးလိုက်ပုံ၊ နောက်တယောက်က ဘာလီပုံးကြီးနဲ့ထည့်ထားတဲ့ ပဲဟင်းပူပူကို လာဆမ်း (မဆလာနံ့လေး ခုတောင် သင်းနေသေးသလိုပဲ)၊ နောက်တယောက်က ဘာဂျီကြော်လို့ခေါ်တဲ့ ဂေါ်ဖီနဲ့အာလူး ကြော်ထားတာလေးပုံ၊ နောက်တယောက်ကတော့ ခရမ်းချဉ်သီးချက်ဖြစ်ဖြစ် မန်ကျည်းမှည့် ထောင်းဖြစ်ဖြစ် လိုက်ပုံပေး ... အဲဒါကို လက်နဲ့ အားရပါးရ စားပေတော့။ ကျမအကြိုက်ဆုံး ကတော့ ချဉ်တင်တင်နဲ့ မလုပ်တံနီ ဟင်းချိုပါ။ အဲဒါကို စတီးခွက်လေးနဲ့ လာချပေးတာလေ။
ပြီးသွားရင် အဲဒီငှက်ပျောဖက်ပေါ်မှာပဲ သာကူပြစ်ပြစ်ကို အချိုပွဲအနေနဲ့ လိုက်တင်ပေး သေးတာ၊ ပါပရာကြော် ကြွပ်ကြွပ်နဲ့တွဲစားရတာလေ။ အမယ် ... ငှက်ပျော်ဖက် ပြန့်ပြန့်ကြီးနဲ့ သာကူကို ဘေးကျမသွားအောင် လက်နဲ့စားတာကိုက ပညာနော်။ တော်တော်ခက်တာ :P
မယ်တော်မာရီ ရုပ်တုလှည့်တဲ့ နေ့တွေမှာဆို ဘုရားကျောင်းဝင်းထဲမှာ ကော်ဖီတိုက် သေးတယ်။ ကော်ဖီဆိုတာက ကော်ဖီကြမ်းလို့ ကျမတို့ခေါ်တဲ့ ဘလက်ကော်ဖီကို ချင်းရယ် ထန်းလျှက်ရယ်နဲ့ဖျော်တာပါ။ ပူပူ မွှေးမွှေး ချိုချို ခါးခါးလေးပေါ့။
အန်တီကြီးက တခါတလေ ကျမတို့အိမ်မှာ ဟင်းတွေဝင်ချက်ပေးတယ်။ အထူးသဖြင့် သူချက် ပေးတဲ့ ဂဏန်းဟင်းကို ကျမခုထိမမေ့ဘူး။ မေမေက ဂဏန်းဟင်း ဘယ်တော့မှ မချက် ဘူးလေ။ အရှင်တွေကိုင်ရလို့တဲ့။ အန်တီကြီးချက်ကျွေးမှ ကျမတို့စားရတာ။ အန်တီကြီး တပည့်တွေနေတဲ့ ကမ်းနားပိုင်းမှာကလည်း ဂဏန်းတွေ အလွန်ပေါဆိုတော့ ကျမတို့ မောင်နှမ ကြိုက်မှန်းသိတော့ အန်တီကြီးက ဝယ်ဝယ်လာခဲ့တာ ... ကျမတို့ကြီးတဲ့ အထိပါပဲ။
အန်တီကြီးက ကျမအဘွားရဲ့ ခြံဝင်းထဲမှာ အိမ်သေးသေးလေးဆောက်ပြီးနေတာလေ။ ကျမတို့ မောင်နှမတွေက ကြီးတဲ့ထိ အားရင် သူ့ဆီသွားလည်တာပဲ။ ကျမကို ထိန်းခဲ့သလို ကျမမောင် ကိုရဲလေးကိုလည်း တခါတလေ ထိန်းပါတယ်။ ခုတော့ အန်တီကြီး မရှိတော့ပါဘူး။ ၈၈ အရေး အခင်းအပြီး ညမထွက်ရအမိန့်တွေ ထုတ်ထားတဲ့ကာလမှာ သူ့ရဲ့ တဦးတည်းသော တူရဲ့ လက်ထဲ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကို ကျမအဘွားက အန်ထော်နီမာကြီးလို့ခေါ်တယ်။ အဘွားက ကုလားစကားလည်းတတ်တော့ အန်တီကြီးကို တော်တော်ချစ်ပါတယ်။
ကျမအဘွားမှာ အဲလိုပဲ ခေါ်ယူမွေးစားထားတဲ့ မွေးစားသားသမီးတွေ တော်တော်များပါတယ်။ အများသောအားဖြင့်တော့ အိန္ဒိယလူမျိုးတွေပါ။ အဘွားကို ကျမတို့မြေးတွေက မာမီကြီးလို့ ခေါ်တယ်။ မာမီကြီးက ကျမှတ်မိတဲ့အချိန်မှာ တခေါင်းလုံးဖြူဖွေးနေပြီလေ။ ဒါပေမယ့် သိပ်လှတယ်။ အသက် ၈၀ လောက်အရွယ်မှာ လုံးဝ ခါးမကုံးဘူး။
မာမီကြီးက အပြင်သွားခါနီးမှာ အမြဲတမ်း မြေးတယောက်ယောက်ကိုခေါ်ပြီး သူဝတ်ထားတဲ့ ထမီနဲ့ အင်္ကျီလိုက်ရဲ့လားလို့ မေးတတ်တယ်။ ပြီးတော့ အပြင်ထွက်ပြီဆို ရေမွှေးနံ့လေး တသင်းသင်းနဲ့။ ကျမမှတ်မိတဲ့ အရွယ်ထိ မာမီကြီးက သိုးမွှေးထိုးတုန်း။ မြေးတွေအတွက် အင်္ကျီလေးတွေ ဦးထုပ်လေးတွေပေါ့။
ပြီးတော့ ခရစ္စမတ်စ်ဆိုရင် မုန့်တွေသူ့ဖာသာသူ လုပ်တယ်။ ကာရ်ကာရ် လို့ခေါ်တဲ့ဂျုံကျော် တွေ၊ ဒိုဒိုးလို့ခေါ်တဲ့ မုန့်ကလားမတွေ နောက် ... ရွှေကြည်ဆနွင်းမကင်းပေါ့။ ကျမ လက်ဆင့်ကမ်း လုပ်တတ်တာ တခုက ပန်းဂေါ်ဖီသနပ်ပါ။ ကြိုက်လွန်းလို့ သင်ထားတာ။
ခရစ္စမတ်လို၊ မာမီကြီးမွေးနေ့လို၊ ဒယ်ဒီကြီးသေတဲ့ နှစ်ပတ်လည်နေ့လိုဆို မာမီကြီးတို့ အိမ်မှာ အမျိုးတွေကော မာမီကြီးရဲ့ မွေးစားသားသမီး တွေကော စုံလို့။ ကျမတို့ကလေးတွေ သိပ်ပျော် ခဲ့ရတဲ့ အချိန်တွေပေါ့။
မှတ်မှတ်ရရ မာမီကြီး ၈၅ နှစ်ပြည့်တဲ့နှစ်မှာ ကျမဦးဆောင်ပြီး ဗမာပြည်မှာရှိတဲ့ မြေးတွေ အားလုံးဆီက တယောက် တကျပ်ကောက် ... မွေးနေ့ကိတ်ကြီးတခု လက်ဆောင် ပေးပါတယ်။ မြေးဘယ်လောက် များသလဲ ဆိုရင် တယောက် တကျပ်နဲ့တင် မွေးနေ့ကိတ် အကြီးကြီး ရပါတယ်။ အဲဒါ နိုင်ငံခြား ရောက်နေတဲ့ မြေးတွေ မပါသေးဘူး ...။
အမျိုးတွေ စုံပြီဆိုရင် ပျော်ကြတဲ့ ကျမတို့မောင်နှမတွေကတော့ ကစားနည်းပေါင်းစုံကို ကစားရင်း .... အိမ်ဘေးက ငုပင်ပေါ်က ရွှေပိုးကောင်လေးတွေကို ဖမ်းရင်း ... လူကြီးတွေ လုပ်သမျှ မှတ်သားရင်း အချိန်ကုန်ကြရ တာပါပဲ။
အဲဒီတုန်းက အိပ်မက်တွေသိပ်လှတယ် ..။ အပူအပင်ကင်းခဲ့တယ် ... အညှိုးအတေး မရှိဘူး .. အာဃာတ ဆိုတာလည်း မရှိ ... ။
ကျမတို့ ဆိုးတေ သမျှ ခွင့်လွှတ်ပြုံးကလေးပြုံးရင်း ကြည့်နေတတ်တဲ့ အန်တီကြီးရဲ့ တဲငယ်လေးထဲ အမောဝင်ဖြေရင်း... အန်တီကြီးကျွေးတဲ့ မုန့်တွေစားရင်း... ရယ်မော ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေ ... သတိရမိပါရဲ့ ....။ ဆက် ရေုးပါမယ် .... ။ ။
Monday, November 24, 2008 | Labels: အမှတ်တရ | 9 Comments
tag 5
ကာတွန်းကားထဲမှာတော့ မကြိုက်တဲ့ကားက ခပ်ရှားရှားပါ။ ကျမက သရီးဒီထက် တူးဒီကာတွန်း ကားလေးတွေကို ပိုကြိုက်တယ်။ ဝေါ့လ်ဒစ္စနေရဲ့ ကာတွန်းတွေဆို အကုန်ကြိုက်ပဲ။ လိုင်းယင်းကင်း ဆိုရင် ခဏခဏ ပြန်ပြန်ကြည့်လည်း မရိုးဘူး။ ကာတွန်းကားတွေကို အဓိက ကြိုက်ရခြင်းက အဲဒီထဲက ဇာတ်ဝင်သီချင်းတွေ ကောင်းလွန်းတာလည်း တကြောင်းပေါ့။
ပိုကာဟွန်းတက်စ် ဇာတ်လမ်းကလေးက အင်္ဂလိပ် ပုံပြင်တပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ ချစ်စရာ ကာတွန်းကားလေးပါ။ ၁၉၉၅ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။ ပိုကာဟွန်းတက်စ် ဆိုတဲ့ အင်ဒီးယန်း မလေးနဲ့ သင်္ဘော ကက်ပတိန် ကောင်လေး ဂျွန်စမစ်သ်တို့ရဲ့ ရိုးရိုးအချစ်ဇာတ်လမ်းလေး.. တပုဒ်ပါပဲ။
ပိုဟွာတန် အင်ဒီးယန်းလူမျိုးစုတွေ သဘာဝအတိုင်း အမဲလိုက်၊ ငါးရှာ ... စိုက်ပျိုးရေးလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေတဲ့ နေရာကို ရွှေတူးတဲ့ဗြိတိန်လူဖြူတသိုက် ရောက်လာပါတယ်။ အဲဒီလူဖြူတွေ စီးလာတဲ့ သင်္ဘောရဲ့ ကက်ပတိန်လေးက ဂျွန်စမစ်သ်ပါ။
ပိုကာဟွန်းတက်စ် ဆိုတဲ့ အသားညိုညို၊ နက်မှောင်ဖြောင့်စင်းတဲ့ ဆံပင်ရှည်ကြီးတွေရဲ့ ပိုင်ရှင်၊ မျက်နှာကျ လှလှ ကောင်မလေးက ပိုဟွာတန် အကြီးအကဲရဲ့ သမီးပေါ့။ သူ့အဖေက သူတို့ လူမျိုးစုထဲက စစ်သူကြီးကောင်လေးတယောက်နဲ့ ထိမ်းမြားပေးဖို့ သဘောတူထားပြီးပြီ။
သဘာဝတောတောင် အလှတွေရဲ့ကြားမှာ ကြမ်းကြမ်းတမ်းတမ်း ကြီးပျင်းလာရတဲ့ ပိုကာဟွန်းတက်စ် ဟာ အပြေးမြန်သလောက် ရေကူးလည်းတော်၊ လှေလှော်လည်း ကျွမ်းကျင်ပါတယ်။ ဇာတ်လမ်းအရ ပိုကာဟွန်းတက်စ်နဲ့ ဂျွန်စမစ်တို့ ချစ်ကြိုးသွယ်မိပြီး ... နောက်မှာ အဲဒီကိစ္စကို ပိုကာဟွန်းတက်စ်ရဲ့ အဖေကြီးသိသွားပါတယ်။
သူတို့မြေပေါ်မှာ ရွှေလာရှာတဲ့အဖြူတွေကို ကြည့်မရတဲ့ကြားထဲ သူတို့ရဲ့ကွမ်းတောင်ကိုင် အလှပဂေးကိုပါ သိမ်းပိုက်မယ့် အဖြူတွေကို အင်ဒီယန်းတွေက ရန်ပြုရာက တဖက်က ပြန်လည် တိုက်ခိုက်တာကြောင့် အင်ဒီယန်းစစ်သူကြီးလေး ဒဏ်ရာရသွားသလို ဂျွန်စမစ်ကိုလည်း အင်ဒီးယန်း တွေဘက်က ဖမ်းဆီးလိုက်ပါတယ်။
အဲလို ရှုပ်ထွေးမှုတွေကြောင့် တဘက်နဲ့တဘက် စစ်ကြေညာတဲ့အထိ ဖြစ်ကုန်ကြတယ်။ ရွှေရှာဖို့ သင်္ဘောငှားလာတဲ့ သူဌေးက အဆင်အခြင်နည်းပါးသလောက် သူတို့မှာပါတဲ့ သေနတ်တွေကို အားကိုးသလို သူ့အလုပ်သမားတွေရဲ့ အင်အားနဲ့ အင်ဒီယန်းတွေကို မိုက်မိုက်မဲမဲ စိန်ခေါ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ပိုကာဟွန်းတက်စ်က သူတို့ရိုးရာရုံကြည်အားထားကြတဲ့ ဖွားဖွား သစ်ပင်ဆီ ရောက်နေပါတယ်။ ဖွားဖွားရဲ့ ညွှန်ကြားချက်နဲ့ ဒီစစ်ကို သူတားတော့မယ်။ တကယ်လို့သာ တဘက်နဲ့တဘက် စစ်ဖြစ်ကြရင် သူတို့အားလုံး သေကြဖို့ပဲ။ သူ့အဖေရဲ့ ဒေါသ ...၊ သူတို့ဘက် ဆိုပေမယ့် ရန်သူ့လက်လို့ ဆိုနိုင်တဲ့သူတွေ လက်ထဲရောက်နေတဲ့ ချစ်သူ ... တဘက်က သူတို့လူမျိုးတွေ ချစ်တဲ့မြေကြီး ... ဒါတွေကို သူ ဆုံးရှုံးရတော့မယ်။
နောက်ဆုံးမှာ ပိုကာဟွန်းတက်စ်ဟာ စစ်ကိုတားနိုင်ခဲ့သလို ... သူတို့နှစ်ယောက်ရဲ့ ချစ်ချင်းမေတ္တာကို စစ်ဆာ နေတဲ့သူတွေ မလွန်ဆန်နိုင်တော့အောင် ဖြစ်သွားခဲ့ပါတယ်။
ဇာတ်လမ်းက သာမာန်အချစ်ဇာတ်လမ်းဆိုပေမယ့် အဓိက ကျမနှစ်ခြိုက်မိတာက ဇာတ်ပို့တွေရဲ့ အင်အားရယ်၊ နောက်တော့ ဇာတ်ဝင်သီချင်းတွေရယ်ပါ။ ပိုကာဟွန်းတက်စ်ရဲ့ အရိုင်းဆန်တဲ့ ဘဝနဲ့ အလှကို ပြနေတဲ့အချိန်ဟာ ဇာတ်ဝင်တေးကြောင့် ပိုပြီးရုပ်လုံးကြွလာတယ်။ နောက်တနေရာကတော့ နှစ်ဘက် စစ်ပြင်နေတဲ့အချိန် မြူးကြွတဲ့ သီချင်းပါ Savages ဆိုတဲ့ သီချင်းပေါ့။ အဲဒီသီချင်းသံနဲ့အတူ လူတွေကိုမပြဘဲ အရိပ်တွေကိုပဲ ပြနေတာကိုက တကယ်စစ်တိုက်ကြတော့မလားလို့ အသည်းတယားယား ဖြစ်စေပါတယ်။
အင်ဒီယန်းတွေဘက်က ဂျွန်စမစ်ကို ရှေ့ဆုံးကနေ ဓားစာခံအဖြစ် ကြိုးနဲ့တုတ်ပြီးထွက်လာ ... ပိုကာဟွန်းတက်စ်က တောထဲကနေ ဖြတ်လမ်းက မီအောင်ပြေးပြီး နှစ်ဘက်ကြားကိုရောက်နေတဲ့ ချစ်သူရဲ့အပေါ်က ကာကွယ်ပြီးမှောက်လိုက်တဲ့ အချိန် ... နှစ်ဘက်စလုံး မင်သက်နေတုန်း အဖြူတွေဘက်က အဆင်ခြင်မဲ့တဲ့ သူဌေးက သေနတ်ကို ပိုကာဟွန်းတက်စ်ရဲ့ အဖေဆီ ချိန်ပြီး ခလုပ်ဆွဲချလိုက်ပါတော့တယ်။
အဲဒီမှာပဲ အဖိုးကြီးရှေ့ကနေ ဂျွန်စမစ်သ်က ဝင်ခံပေးလိုက်တဲ့အတွက် ဂျွန်စမစ်သ်ကိုချစ်တဲ့ ရွှေတူး အလုပ်သမားတွေအားလုံးရဲ့ ဒေါသဟာ သူဌေးဆီကို မြားဦးပြန်လှည့်ခဲ့ပါတယ်။
ချစ်ချင်းမေတ္တာကြောင့် စစ်မဖြစ်တော့သလို ... မတရားတဲ့သူကို သူ့ဘက်သားတွေကအစ မလိုလားဘူး ဆိုတာ လေး ကျမခံစားမိပါရဲ့ (ရုပ်ရှင်ဆိုတော့လည်း အဲ ပေါ့လေ)
ဇာတ်ပို့တွေထဲမှာ တိရိစ္ဆာန်ကလေးတွေလည်း ပါတဲ့အတွက် ချစ်စရာ သိပ်ကောင်းတာပဲ။ ကာတွန်း ရုပ်တွေဖြစ်တဲ့အတွက် တကယ့်လူ့ဇာတ်လမ်းမှာ မဖြစ်နိုင်တာတွေကိုပါ ထည့်ရေးလို့ရတာ အားသာ ချက်ပေါ့နော်။
နောက်တခုက ဟောလီးဝုဒ် ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ကာတွန်းရုပ်ကလေးတွေနေရာမှာ စကားပြောတဲ့သူတွေက တကယ့်ဟောလီးဝုဒ် သရုပ်ဆောင်ကြီးတွေလေ ...။ ဂျွန်စမစ်သ် နေရာမှာ မင်းသားကြီး မဲလ်ဂစ်ဘ်ဆင်က သရုပ်ဆောင်ထားပြီး ပိုကာဟွန်းတက်စ်အဖြစ်ကတော့ အိုင်ရင်းဘတ်ဒတ်က သရုပ်ဆောင်ပါတယ်။
“ရွှေ ... ဟုတ်လား အဲဒီရွှေက ဒီပြောင်းဖူးလို စားလို့ရလား။ ပြောင်းဖူးလောက် တန်ဖိုးရှိလို့လား” ဆိုတဲ့ ပိုကာဟွန်းတက်စ်ကလေးကို မကြည့်ရသေးရင် ကြည့်လိုက်ပါဦးနော်။ နန်းညီနဲ့ ဗီဗီတော့ ကျေနပ်မယ် ထင်ပါရဲ့။
ကဲ တာဝန်နဲ့ဝတ္တရားအရ ဆက်တက်ဂ်တော့မယ်။ သိပ်များများမတက်ဂ်ဘူး တကယ် ရေးမယ်ထင်တဲ့ ၃ ယောက်ပဲတက်ဂ်မှာ.. ၁။ ဘေးတိုက်သွားတဲ့ ဂဏန်းကောင်လေး ဂျူလိုင်ဒရင်းမ် ၂။ ကာတွန်း ကားတွေကို ကြီးတဲ့ထိကြည့်တုန်းဆိုတဲ့ ယောနသံဇင်ယော် ၃။ ဒီတယောက်ကတော့ ကိုယ့်ရဲ့ ချစ်ရတဲ့ အစ်မ မမိုးချို (ဟီဟိ အစ်မက ကာတွန်းကားကြည့်တဲ့ရုပ်ပေါက်လို့ တက်ဂ်တာနော်) ကဲ ... ရေးပေးကြပါဦး။
Saturday, November 22, 2008 | Labels: tag | 7 Comments
အမှတ်တရရက်စွဲများ ၂
ကြင်နာသူနှစ်ဦး ဆုံနိုင်ရင်
ကျမအသက် ၆ နှစ်ပြည့်ပြီးချိန်မှ အဲဒီကောင်ကိုမွေးတာ။ ကျမမှတ်မိသလောက် အရင်က ကျမတို့ အိမ်မှာ လက်ဖက် အကြော်စုံ ရောင်းပါတယ်။ မေမေက လက်ဖက်တွေကို ဇောင်းလျားသီးနဲ့ သိပ်လို့ ချဉ်စပ်လက်ဖက်ရယ် ... အကြော်စုံရယ် .. နာမည်က ဖွားမိ လက်ဖက်အကြော်စုံတဲ့။ ကျမပါပါက ခဲ တံဆိပ် တုံးလေးလုပ်ပြီး လက်ဖက်အသားနဲ့ အကြော်ထုပ်လေးတွေမှာ ကပ်ပါတယ်။ တော်တော်လေး အောင်မြင်တယ် ဆိုပါတော့။
ဒါပေမယ့် အမေက ဗိုက်ကြီးလာတော့ အဲဒီအလုပ်ကို နားလိုက်တယ်။ ကျမက ၆ နှစ်သမီး ဥာဏ်လေးနဲ့ အမေ့ကို မေးတော့ အမေက “ကလေးလေးမွေးလာရင် အမေတို့ လုပ်နေတာတွေကို နှောင့်ယှက်မှာလေ။ ပြီးတော့ မြေပဲတွေ ပဲကြော်တွေကို နှိုက်စားရင် ဘယ်လိုလုပ်မလဲ” လို့ပြောတယ်။ အဲဒီမှာ ကျမရဲ့ ၆ နှစ်သမီး အတွေးထဲ မွေးလာမယ့်ကောင်က လက်ဖက်အကြော်တွေ နှိုက်စားမယ့် ကောင်ပဲ လို့ စွဲနေခဲ့ပါတယ်။
အဲဒီကောင်လေးရဲ့ မွေးနေ့က နိုဝင်ဘာ ၁၆ ရက်။ လာမယ့် တနင်္ဂနွေနေ့မှာ ဒီကောင့်အသက် ၃၁ နှစ် တင်းတင်းပြည့်ပြီပေါ့။ ၃၁ နှစ်ဆိုတဲ့ အသက်အရွယ်က အိမ်ထောင်ပြုဖို့ လွန်တောင် လွန်နေပြီလို့ ပြောကြပေမယ့် ကျမအတွက်ကတော့ တကယ့်ပီဘိ အဖြူထည် မောင်ငယ်လေးပါ။ ဒါကတော့ အစ်မတိုင်း ဖြစ်တတ်ပါတယ်လို့ ပြောကြဦးမယ်။ ဟင့်အင်း .. ကျမမောင်က တခြားသူတွေနဲ့ တူကို မတူတာ ... သူ့ကို ကျမက အိမ်ထောင်ပြုမယ့်သူလို့ကို ထင်မထားတာလေ ..။ ဒီကောင် ရည်းစားတွေ ထားချင်ထားမယ် ... ပွေချင်ပွေမယ်။ ဒါပေမယ့် အိမ်ထောင်ပြုမယ့်ကောင်လို့ ကျမထင်မထားဘူး။ (သူ့သူငယ်ချင်းတချို့လည်း အဲလိုပဲ ထင်ထားကြတယ်)
ကျမက ... ရဲ လို့ ခေါ်တဲ့ ဒီကောင်က ငယ်ငယ်ကတည်း ပိုက်ဆံစကား တခါမှ မပြောဖူးခဲ့တာ။ ပိုက်ဆံ လိုတယ် ... ပိုက်ဆံကြောင့် စိတ်ညစ်တယ် ဆိုတာ သူ့ဘဝမှာ တခါမှ မရှိဖူးတာ။ တယောလေး ထိုးလိုက်၊ သီချင်းလေးဆိုလိုက်၊ ပန်းချီလေးဆွဲလိုက် နေတဲ့ကောင်လေ။ အဲဒီကောင်က ခု ပိုက်ဆံလို တယ်ဟာတဲ့။ ကျမ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ပြီးတော့ ဒီကောင် အိမ်ထောင့် တာဝန်ဆိုတာကို သိပါ့မလား။ သူ့ကောင်မလေးတော့ ဒုက္ခပဲ ဆိုပြီး တသီတတန်းကြီး စဉ်းစားနေ မိကော။
သူ့ကိုမွေးတုန်းက ပါပါက ရဲနောင်ဆိုတဲ့နာမည်ပေးမလို့တဲ့။ အဲဒီအချိန်က ကျမပါပါရဲ့ ညီ ဦးလေး ဦးအောင်ပြည့်က ထောင်ထဲမှာပါ။ ဦးလေးရဲ့ မိန်းမ ဒေါ်ဒေါ်နွယ်ကလည်း တချိန်တည်း လပဲခြားပြီး ယောက်ျားလေးမွေးတော့ ဦးလေးက ထောင်ထဲကနေပြီးနာမည် လှမ်းပေးတယ် “ရဲနောင်ဖွေး” တဲ့။ အဲဒါနဲ့ ပါပါက သူ့သားအငယ်ကို “ရဲနှောင်း” လို့ ပေးလိုက်ပါတယ်။ ကျမတို့က သူ့ကို ရဲ၊ ကိုရဲ၊ ရဲလေး လို့ ခေါ်ကြသလို ဦးအောင်ပြည့်ရဲ့ သားငယ်ကိုလည်း ရဲ၊ ကိုရဲ၊ ရဲလေးလို့ ခေါ်ကြတာ ခုထိပါပဲ။
ဒီကောင် ငယ်ငယ်က ၁၁ လသားမှာ ဆုံဆို့နာဖြစ်တာ သေကောင်ပေါင်းလဲပဲ။ အဲဒီတုန်းက မေမေက ကန်တော်လေး ကူးစက်ဆေးရုံမှာ သွားတက်ပြီး ကုခဲ့ရပါတယ်။ သေကံမရောက်လို့ သက်မပျောက်ခဲ့ ဘူးပေါ့။ သူ မူကြိုကျောင်းထားရမယ့် အရွယ်မှာ ဘယ်မူကြိုမှာမှ အဆင်မပြေဘူး။ သူက မနေချင်ဘူး လေ။ ကျမတို့ အကြီးနှစ်ယောက်က မူကြိုကျောင်းတွေနဲ့ အကျွမ်းတဝင် ရှိခဲ့သလောက် သူကတော့ အဖွား (မေမေ့အမေ) နဲ့ ကြီးခဲ့ရတာပါ။
ကျမတို့က မာမီကြီးလို့ ခေါ်တဲ့အဖွားက တကယ့်ဘိုမကြီးအတိုင်းပဲ။ သူက အိုင်းရစ်ခ်ျသွေး ငါးမူးဖိုး ပါတော့ စကားပြောရင် ဘိုလိုက လေးပုံ သုံးပုံလောက်ပါတာ။ သူ့ကိုထိန်းရင်း အဖွားက ဘိုလိုတွေ ပြောတယ်ထင်ပါရဲ့ ဒီကောင်က ငယ်ငယ်လေးနဲ့ ဘိုလိုတွေ ပြောတယ် “Yes .. No A B C D” “My name is on the table” ... အဲလိုတွေ ပြောတာ။ ပြီးတော့ “Senta Clause is coming to town” ဆိုတဲ့ သီချင်းကိုလည်း သူက “Senta Clause is ကော်ရုပ် ကော်ဖိနပ် အပြတ်တွေဝယ်တယ်” လို့ ဆိုချင် ဆိုနေပြန်ရော။ နောက်တော့ ခရစ္စမတ်သီချင်း “Joy to the world the Lord is come” ကို သူက “Joy to the world ဘုရားကြွလာ” ဆိုပြီး တပိုင်းစီဆိုတာ။
အဲဒီကောင်က ကျမထက် ၆ နှစ် ငယ်တယ်။ အစ်ကိုကြီးထက် ၁၀ နှစ်တိတိငယ်တယ်လေ။ ကျမတို့ အကြီး ၂ ယောက်က တတွဲတွဲ။ သူက သင်းကွဲမျောက်ပေါ့။ ကျမက သူ့ကို အမြဲတမ်း “သင်းကွဲ တေလေမျောက်” လို့ စလေ့ရှိတယ်။
သူက ကလေးတုန်းက မိန်းကလေးတယောက်လိုကို ချောတာ။ ကျမတို့အိမ်နဲ့ ကျောချင်းကပ်အိမ်က ခိုင်ခိုင်ဗိုလ် ဆိုတဲ့ ကောင်မလေးက သူနဲ့ရွယ်တူ ... သူနဲ့ မျက်နှာပေါက်ချင်း တော်တော်လေး ဆင်တာ ဆိုတော့ .. တရက် အဲ့ကောင်မလေး အိမ်ကိုရောက်နေတုန်း ကျမ ဘကြီးတယောက်လည်း လာရော ကျမအမေကို ဆူပါလေရော ... ကလေးကို ဂါဝန် ဆင်ရပါ့မလား ဆိုပြီးလေ။ မနည်းကို ရှင်းပြရတာ။
ငယ်ငယ်က ကျမတို့ အကြီး ၂ ယောက်က တကယ့် ငဆိုးတွေ။ ၂ ယောက်ပေါင်းလောင်းကျော်။ မေမေနဲ့ ပါပါက အစိုးရဝန်ထမ်းတွေဆိုတော့ ကျမတို့ကို ဒီတိုင်းထားခဲ့ရတာပဲလေ။ နွေရာသီ ကျောင်းပိတ်ရက်ဆို ပိုဆိုးပေါ့။ မေမေတို့သွားတာနဲ့ ကျမတို့မောင်နှမ ဆော့နည်းပေါင်း တထောင် မကုန်မချင်းဆော့ကြ၊ ကာတွန်းတွေ ငှားဖတ်ကြ .. လုပ်ကြတော့တာလေ။ တရက်တော့ ကိုရဲလေးကို ဘာလို့လည်းမသိဘူး ကျမတို့ အကြီး ၂ ယောက်နဲ့ ထားခဲ့ရော။ ကျမက ၁၀ နှစ်ကျော်ကျော် ... အစ်ကိုက ၁၄ နှစ်လောက် ဒီကောင်က ၄ နှစ်ပဲ ရှိဦးမယ်။
အဲဒီမှာ ကျမက ဒီကောင့်ကို စမ်းသပ်ချက်တွေ လုပ်တော့တာ ... ။ အချိုမှုန့်တွေကို သကြားဆိုပြီး ကျွေးလို ကျွေး ... ထန်းလျှက်စိုစိုလေးကို လေးထောင့်တုံးလေးလုပ်ပြီး ချောကလက်ဆို ညာကျွေး ... အဲဒါက တော်သေးတယ်နော် ... ပဲငံပြာရည် (ကြာညို့) ကိုကျတော့ ထန်းလျှက်ရည်ဆိုပြီး လျှက်ခိုင်း။ နောက်ဆုံး မာမီကြီး ရောက်လာပြီး ခေါ်သွားမှပဲ ဒီကောင် ဝဋ်ကျွတ်ရှာတာ။ သူ ခုထိ ပြောလို့မဆုံးဘူး ... မတူးတို့ ဒုက္ခပေး ပုံများ ဆိုပြီးတော့ပေါ့။
သူမူလတန်းစတက်တော့ ကျမတို့ ရပ်ကွက် ဘေးကပ်ရပ် ဒါရ်ဂါဆိုတဲ့ ကုလားရပ်ကွက်က မူလတန်း ကျောင်းလေးမှာထားတယ်။ မာမီကြီးအိမ်နဲ့ ကျောင်းလေးနဲ့က ဖင်ချင်းပေါက်မို့လို့ စိတ်ချရအောင် ထားတာပါ။ အဲဒီကျောင်းမှာ သူက အနူတော လူချောပဲ။ သူငယ်တန်းကနေ လေးတန်းထိ ကုလားလေးတွေကြားမှာ ပထမ၊ ဒုတိယကို ခုဏပြောတဲ့ ခိုင်ခိုင်ဗိုလ်နဲ့သူ တလှည့်စီ ယူကြတာလေ။
သူ့အကြောင်းတွေက ပြောမယ်ဆိုရင် ပြောစရာအများကြီးပဲ။ သူက မောင်နှမထဲမှာ အငယ်ဆုံး ဖြစ်သလို မေမေ့အသည်းကျော်ပေါ့။ ပါပါ ဆုံးတော့ ဝမ်းနည်းမှတ်တမ်း စာအုပ်မှာ သူက တလုံးထဲ ရေးတယ် ... “တောက်” ဆိုပြီး။ အဲဒီတုန်းက သူ ၈ တန်းပဲရှိဦးမယ်။
သူ ၁၀ တန်းအောင်တော့ ယဉ်ကျေးမှု တက္ကသိုလ်တက်ပါတယ်။ ပန်းချီမေဂျာနဲ့လေ။ အဲဒီမှာ သူ့သူငယ်ချင်းတွေ အားလုံးက ကျမရဲ့ မောင်တွေ ဖြစ်ကုန်တော့တာပဲ။
အဲဒီတုန်းက ကျမက ဆမ်ဆောင်းအီလက်ထရောနစ်စင်တာမှာ ဆားဗစ် အင်ဂျင်နီယာဆိုတော့ ဝင်ငွေ လေးက နည်းနည်းကောင်းတဲ့အချိန်။ ကျမရဲ့ ပိုက်ဆံတော်တော်များများက ပန်းဆိုးတန်းစာအုပ်ဆိုင် တွေကို ရောက်ပြီး ကျန်တာတွေက ဒီကောင်တွေကို သွားပြုစုလို့ ကုန်တာပဲ။
ထုံးစံအတိုင်း အဆောင်နေ ငပွေးတွေ ဆိုတော့ ငတ်တလှည့် ပြတ်တလှည့်ကောင်တွေလေ။ ကျမက အားတာနဲ့ သူတို့ကျောင်းသွား လက်ဖက်ရည်တိုက်၊ စနေတနင်္ဂနွေတွေဆို ကျမတို့ သန်လျင်အိမ်ကို တပျော်တပါးကြီး လိုက်လာ ... ကျမချက်ကျွေးတဲ့ဟင်းတွေစား ... လက်ဖက်ရည်ဆိုင်ထိုင်ကြနဲ့ တကယ့်ကို ပျော်စရာ။( အဲဒီအကြောင်းတွေက သီးသန့် အသေးစိတ်ရေးမှ လုံလောက်မှာပါ)
လောလောဆည်တော့ မနက်ဖြနှ်မှာ ကျင်းပမယ့် သူ့မင်္ဂလာပွဲလေးကို စဉ်းစားကြည့်နေမိတယ်။ ကျမကတော့ ယောင်းမတော်ရမယ့် ညီမလေးကိုပဲ သနားတာပါ။ သူ့ခမျာကိုရဲကို တော်တော်လေး ချစ်ရှာလွန်းလို့ ယူတာနေမယ်လို့ စဉ်းစားမိတယ်။ ဘာအတွက်မှ စိတ်ရှုပ်၊ ခေါင်းရှုပ်မခံတဲ့ ကောင် ဘယ်လိုများ အိမ်ထောင့်တာဝန်ဆိုတဲ့ ဝန်ထုပ်ကြီးကို ထမ်းမှာပါလိမ့်။
တခုတော့ရှိတယ် ... ကျမမောင်လေးက စိတ်ထားနူးညံ့ပြီး တဖက်လူကို သနားတတ်တယ် ... စိတ်ကောင်း ရှိတယ် ... လိမ်မာရေးခြားတော့မရှိဘူး။ ... ငယ်ငယ်ကတည်းက လေးဘက်နာဖြစ်ဖူးပြီး ကားစီးရင်တောင် မူးတတ်ပေမယ့် အရက်ကျ အလွန်ကြိုက်တဲ့ကောင်လေး :P
အရက်ကို အရသာခံပြီးသောက်တဲ့ကောင် ...။ ခါးတဲ့အရသာကို ကြိုက်လို့ဆိုပြီး တပြတ်ပြတ်နဲ့ ကလေးတွေ ချောကလတ်စားနေသလိုလေ ... အဲလိုကို သောက်တာ ...။
ကျမနဲ့က မောင်နှမလိုထက် သူငယ်ချင်းလိုပေါင်းကြတာပေါ့။ လက်ဖက်ရည်ဆိုင် အတူထိုင် ...။ သီချင်းအတူဆို ... ဂစ်တာအတူတွဲတီး ... စာအုပ်တွေဆို ကိုယ်ဖတ်ပြီး သူ့ပေးဖတ် ... သူဖတ်ပြီး ကိုယ့်ပေးဖတ် အဲလို နေကြတာ။ ပြီးတော့ ကျမက အစ်ကိုနဲ့ မောင်နဲ့ မဟုတ်တာလုပ်သမျှ လုံးဝ အိမ်ပြန်တိုင်တဲ့သူ မဟုတ်။ မေမေဆို ဒီနေ့ထိ သူ့သားငယ် အရက်အရမ်းကြိုက်တယ်ဆိုတာ လုံးဝ မသိ။
ခု ဒီစာကို ကျမရေးနေတဲ့အချိန် သူတို့ ဘာလုပ်နေမှာပါလိမ့် ...။ သူ့သူငယ်ချင်း ရဲမာန် (ကာတွန်းဝလုံး) ကတော့ ကျမကို လိုင်းပေါ်ကနေ လှမ်းပြောတယ်။ သူသွားမယ်တဲ့။ ဘတ်ချလာနိုက် သွားကျင်းပမယ်တဲ့။ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း သူတို့တွေ သောက်နေကြရောပေါ့။ သိန်းစွန်ဆိုတဲ့ မွန်လေးကတော့ လှမ်းပြောတယ် ... မတူးမောင်ကို မပြောတော့ဘူးလားတဲ့။ သူမို့မကြောက်မရွံ့တဲ့။ ကျမက ဟ ငါပြောလို့ ရမလား သူ့ဟာသူ ရွေးချယ်တာလေ လို့ ပြန်ပြောလိုက်တယ်။ အဲဒီ သိန်းစွန်ဆိုတဲ့ မောင်တကောင်လည်း ရုပ် ချောချောလေးနဲ့ မိန်းမယူဖို့ စိတ်ကူးရှိပုံမရဘူး ... (ဟိုတလောကတော့ အိန္ဒြာကျော်ဇင်နဲ့ ချိန်းထားတယ်ဗျ တဲ့ :P) ကိုရဲ မိန်းမယူတော့ သူ ဘက်ပဲ့ပြီလေ ... အဲဒါကြောင့် ရူးချင်သလို ဖြစ်နေတာ။
မက်သဒစ် ဘုရားကျောင်းဝင်းထဲမှာ တောမင်္ဂလာဆောင်လေးလို ... ပျိုးပျိုးပြက်ပြက် ပကာသနတွေ မပါ ... ဒါပေမယ့် ဆရာစောနဲ့ အဖွဲ့ရဲ့ တရောသံတွေတော့ ပါလိမ့်မယ် ... ။ ဦးပီက Wedding March တီးမယ် ထင်ရဲ့ .. ။ မက်သဒစ် ဘုရားကျောင်းလေး ညွတ်သွားတဲ့ထိ ပရိသတ်တွေ လာကြမှာပေါ့။ ကလေးတွေက ဖုန်ထူထူမှာ ကစားကြ။ ဒန်ပေါက်နံ့က တသင်းသင်း ... ။
လက်မှတ်ထိုးအပြီးမှာ အဖြူရောင် ဝတ်စုံလေးနဲ့ သတို့သမီးရဲ့ မျက်နှာကိုအုပ်ထားတဲ့ ပုဝါလေး လှန်ပေးလိုက်တဲ့အချိန် ... ရဲရေ .. ရင်ခုန်နေမှာလား။ အဲဒါ ဘဝတခု စတာနော် ... ။ ကျွံပစ်လိုက်မယ့် ခြေတလှမ်းအတွက် နောင်တမရဘူးလို့ မတူးမျှော်လင့်နေမယ် ... သိလား။
သတို့သမီးရဲ့လက်ကိုတွဲထွက်လာရင်း တခြားတနေရာမှာ တယောက်တည်း အိပ်ပျော်ချင် ပျော်နေမယ့် .. ဒါမှမဟုတ် မြင်ကွင်းတွေကို ပုံဖော်ရင်း သတိရနေမယ့် မတူးကို တချက်ကလေး သတိရလိုက်ပေါ့ ဟာ။
ညီမလေး ခိုင်ခိုင်အေး ခေါ် ပူတူး ခေါ် ကျောင်းအုပ်ကြီးရေ အဲ့ကောင်ကို နှိပ်ကွပ်ဖို့သာ ပြင်ထားဟေ့။ ။
Saturday, November 15, 2008 | Labels: အမှတ်တရ | 12 Comments
ဝတ္ထုတို ၁၈
ယောင်ဝါးဝါး အရိပ်
ဖြစ်ချင်တော့ သူငယ်ချင်းတယောက်က ၂၀၀၇ ထဲမှာ ထုတ်တဲ့ ပိတောက်ပွင့်သစ်မှာ ပါဖူးတဲ့ ဝတ္ထုတိုလေးတပုဒ်ကို မေးလ်နဲ့ ပို့ပေးပါတယ်။ စာရိုက်ဖို့ပျင်းတာနဲ့ အတော်ပဲဆိုတော့ ဒီဝထ္တုလေးကိုပဲ တင်ပေးလိုက်ပါပြီ။ လူတွေက ကိုယ်စိတ်ကုန်တဲ့ အရာဖြစ်နေဦးတော့ လုပ်နေကျအကျင့်လို ဖြစ်သွားရင် မလုပ်ရတော့တဲ့ နေ့မှာ ယောင်ချာချာ ဖြစ်သွားကြတာချည်းပဲ … ကျမနဲ့ အမြင်ချင်းတော့တူချင်မှ တူမယ်ပေါ့လေ .. ဖတ်ကြည့်ပေးပါဦးနော်။ (ကျေးဇူးပြုပြီး တချက်စီ ကလစ်လုပ် ဖတ်ပါနော်။ အားရင် ပြန်ရိုက်ပြီး တင်ပေးပါမယ် :)
Thursday, November 13, 2008 | Labels: ဝတ္ထုတို | 3 Comments
စာနယ်ဇင်းသမားဘဝကမောက်ကမ ၅
*
အဲဒီအချိန်မှာ အင်တာဗျူးဂျာနယ်မှာ ကိုဟန်ထက်မောင်ကော သူ့ဇနီးပါ မရှိတော့ပါဘူး။ ဘာကြောင့်ထွက်တယ်။ ဘယ်လိုထွက်တယ် ဆိုတာက ကျမတို့နဲ့ မဆိုင်၊ သိလည်းမသိပါဘူး။ တကယ်တော့ ကိုဟန်ထက်မောင်ရဲ့ အင်တာဗျူးဂျာနယ် အယ်ဒီတာချုပ် သက်တမ်းက တော်တော်လေး တိုပါတယ်။ သုံးလလောက်တောင် မရှိလိုက်ဘူးထင်တယ်။ သူ့နေရာကို ကျမတို့က ဆရာမျိုးလို့ခေါ်တဲ့ ဦးမျိုးမြတ်သူ ရောက်လာပါတယ်။
*
*
*
*
*
*
*
*
Tuesday, November 11, 2008 | Labels: ဖြတ်သန်းမှုစာစု | 8 Comments
ဝတ္ထုတို ၁၇
သေတ္တာထဲမှာပဲ နေမယ်
သားနာမည်က ဖြူဖွေး။ တကယ်က ဖြူဖွေးဆိုတာ မေမေခေါ်တာပါ။ ကျောင်းနာမည်ကတော့ အောင်ကိုဝင်းပေါ့။ ဒါပေမယ့် သူငယ်ချင်းတွေကလည်း ဖြူဖွေးလို့ပဲခေါ်ကြတယ်။ သားရဲ့ အသားက ဖြူဖွေးနေလို့တဲ့။ ဖိုးဖိုးက သားကိုသိပ်ချစ်တာ။ ဖိုးဖိုးမှာက သူများဖိုးဖိုးတွေလို မြေးတွေ အများကြီး မရှိဘူးလေ။ သားရယ် ညီလေးရယ် နှစ်ယောက်ပဲရှိတာ ဆိုတော့ သားကိုချစ်တာပေါ့။ ဖိုးဖိုးက သားကို မုန့်ဖိုးအမြဲပေးတယ်။ မေမေက ပေးပြီးသားဆိုလည်း သားကိုပေးတာပါပဲ။
ညီလေးက ခုမှ မွေးခါစလေးပဲရှိသေးတာလေ။ အဲဒီတော့ မုန့်တွေဘာတွေ ဘယ်စား တတ်ဦးမလဲ။ တကယ်လို့ ကြီးလာမယ်ဆိုရင်တော့ သားက မုန့်တွေ ဝယ်ကျွေးမှာပါ။ သားမှာက ဖိုးဖိုးပေးတဲ့ မုန့်ဖိုးတွေ အများကြီးရှိတယ်။ ဒီစုဗူးလေးထဲမှာ သားစုထားတယ်။ သားက မေမေ့ကိုလည်း ချစ်ပါတယ်။ သားမှာက မေမေရယ်၊ ညီလေးရယ်၊ ဖိုးဖိုးရယ် ဒါပဲရှိတာကို။ ဖေဖေလား။ ဖေဖေက မရှိဘူးတဲ့ အိမ်ကထွက်သွားပြီ။ မေမေ့ကို မေးရင် မေမေက ငိုတယ်လေ။ အဲဒါကြောင့် သား မမေးတော့ဘူး။ ဖိုးဖိုးကတော့ သားအဲလို ဖေဖေ့အကြောင်းမေးရင် အကျယ်ကြီး တောက်ခေါက်တာပဲ။ ဒါနဲ့ သားလည်း မမေးတော့ဘူး။
ဆရာမကိုလည်း သားချစ်ပါတယ်။ သားဆရာမကလည်း သားကိုသိပ်ချစ်တာ။ စာတော်လို့တဲ့။ ဟုတ်တယ် သားက အတန်းထဲမှာ အမြဲပထမပဲ။ သင်္ချာတွက်ခိုင်းရင်လည်း အရင်ဆုံးပြီးတာပဲ။ ဆရာမက တခြားသူတွေကို အမြဲပြောတယ် ဖြူဖွေးလိုတော်အောင်လုပ်တဲ့။ အဲလိုပြောရင် သားရှက်သလိုပဲ။ ဒါပေမယ့် ပျော်တယ်။ အိမ်ပြန်ရောက်လို့ ဖိုးဖိုးကို အဲဒီအကြောင်းပြောပြရင် ဖိုးဖိုးက မုန့်ဖိုးတွေ ထပ်ပေးပြန်ကော။ ဖိုးဖိုးက သူဌေးလားမသိပါဘူး။ ဖိုးဖိုးဆီမှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ သားကို ဘယ်လောက်ပေးပေး ဖိုးဖိုးမှာက ဘယ်တော့မှမကုန်ဘူး။ ဖိုးဖိုးရဲ့ အိတ်ထောင်ထဲမှာ ၂၀၀ တန် အသစ်ကလေးတွေ အမြဲရှိတယ်။ ပြီးတော့ ဖိုးဖိုးကပြောတယ် ငါ့မြေးဖြူဖွေး စာကြိုးစားတဲ့ .. ဖိုးဖိုး ပိုက်ဆံတွေအားလုံးငါ့မြေးဖို့ပဲကွတဲ့။ ဖိုးဖိုးပါးစပ်မှာ ကွမ်းနံ့ လေးက မွှေးနေတာပဲ။ သားက ဖိုးဖိုးကို ဖက်နမ်းပစ်လိုက်တာပေါ့။
သားကသူငယ်ချင်းထဲမှာတော့ ပေစိနဲ့ မိဂွက်ကို အခင်ဆုံးပဲ။ သူတို့ကိုဆို သား မုန့်အမြဲ ဝယ်ကျွေးတယ်။ သူတို့ဆီကတော့ ပြန်မစားရပါဘူး။ ဒါပေမယ့် သူတို့အိမ်မှာ သား တခါတလေ ထမင်းသွားစားတယ် သိပ်စားကောင်းတာပဲ။ ငါးဟင်းနဲ့လေ။ မိဂွက်က သားကို သူ့ခြံထဲက မာလကာသီးကျွေးတယ်။ ပေစိကကျတော့ လောက်စာလုံးတွေပေးတယ်။ သူတို့ကိုသားက သင်္ချာတွက်ပေးရတယ်။ ဒါပေမယ့် ဆရာမကဆူလို့ နောက်တော့ မတွက်ပေးရဲတော့ဘူး။ သူတို့ ၂ ယောက် အမြဲ အရိုက်ခံရတာပဲ။ စာမပြီးလို့လေ။ ဒါပေမယ့် သူတို့ ၂ ယောက်က ကစားတဲ့နေရာမှာတော့ သားထက်တော်တယ်။ ပေစိဆို ဂွပစ်တာ သိပ်လက်ဖြောင့်တာပဲ။ မိဂွက်ကကျတော့ မိန်းကလေးဖြစ်ပြီး သစ်ပင်တက်တာ အရမ်းတော်တယ်။ သားကလား သားကတော့ ဂွလည်း မပစ်တတ်ဘူး၊ သစ်ပင်တက်ရမှာလည်း အရမ်းကြောက်တာ။ သူတို့ ၂ ယောက်ကို မုန့်တွေဝယ်ကျွေးပြီး သူတို့ကစားတာပဲ ထိုင်ကြည့်ရတာပဲ။ ဒါပေမယ့် သူတို့က သားပုံဆွဲပြရင်တော့ ငြိမ်နေတာပဲ။ သားက ကားပုံတို့ သင်္ဘောပုံတို့ လေယာဉ်ပျံပုံတို့ ဆွဲဆွဲပြ ရင် သူတို့က ဖြူဖွေးက သိပ်တော်တာပဲလို့ ပြောတယ်။ ဒါပေမယ့် ဒီ ၂ ယောက်ကကြာကြာ အငြိမ်မနေနိုင်ပါဘူး။ ခဏပဲငြိမ်တာ။ ခဏပဲသားနားမှာနေပြီး ထွက်ပြေးကြတာပဲ။ သားမုန့်တွေ လည်း ကုန်အောင်စားသွားကြတာပဲ။
သားကလား … သားက ၇ နှစ်ရှိပြီ။ တတန်းအောင်တယ်လေ။ ဒါပေမယ့် သား ကျောင်းမတက် ချင်တော့ဘူး။ ကျောင်းတက်ရင် ဒီသေတ္တာထဲကထွက်ရမှာပေါ့။ ဒီသေတ္တာထဲကထွက်ရင် သား သေသွားမှာ။ ဟုတ်တယ်။ သေတ္တာထဲမှာ မနေလို့ ပေစိကော မိဂွက်ကော သေသွားတယ် လေ။
သားကို ဖိုးဖိုးက သေချာပြောတာ။ သားလေးတဲ့ ဒီသေတ္တာကြီးထဲက မထွက်နဲ့နော်တဲ့။ ပြီးတော့ အဖုံးပိတ်ပေးလိုက်တယ်။ သား အစကမကြောက်ပါဘူး။ လေတွေအရမ်းတိုက်ပြီး ရေတွေအိမ်ထဲ ဝင်လာတော့ သားသိသားပဲ။ သားတို့ အိမ်ကြီးက ခိုင်တာပဲ၊ ရပါတယ်လို့ ဖိုးဖိုးကို ပြောတော့ ဖိုးဖိုးက မရဘူးသားလေးတဲ့။ ဒီသေတ္တာထဲဝင်နေတဲ့။ မဝင်ရင် သားသေ သွားမယ် တဲ့။ အဲဒီတော့မှ သားကြောက်တာ။ ငိုလည်း ငိုတယ်။ ပြီးတော့ သား မောပြီး အိပ်ပျော်သွားတာပဲ။ နိုးလာတော့ သားသေတ္တာက လှေလိုပဲ ရေထဲမှာ မျောနေတယ် ထင်တယ်။ သားလဲ အော်ပြီး ထပ်ငိုပြန်ရော။
နောက်တော့ သားပြန်အိပ်ပျော်သွားတာလားမသိဘူး။ နိုးလာတော့ သားကို လူတွေဝိုင်းကြည့် နေကြတယ်။ ဒီသေတ္တာထဲက ထွက်ခိုင်းတယ်။ သားဘယ်သူ့ကိုမှ မသိဘူး။ မထွက်တော့ဘူး လေ။ နောက်တော့မှ မိဂွက်အမေကို သားတွေ့တယ်။ မိဂွက်အမေက ပြောတယ်။ မိဂွက် သေသွားပြီ ဖြူဖွေးရေတဲ့။ သားက သေတ္တာထဲမှာနေလို့ မသေဘူးတဲ့။
နောက်တော့ သားကို ဦးအောင်ကြီးက ခေါ်သွားတယ်။ လှေလေးနဲ့လိုက်သွားရတာ။ ဒါပေမယ့် သား ဒီသေတ္တာထဲကတော့ မထွက်ဘူး။ ဦးအောင်ကြီးက ဖိုးဖိုးတပည့်ပဲလေ။ သားတို့အိမ် ခဏ ခဏ လာနေကျ။ သားသိတယ်။ သူ့ရွာကဘာမှ မဖြစ်ဘူးတဲ့။ သားပထမတော့ မလိုက်ချင်ဘူး။ နောက်တော့ ဒီနေရာကိုလည်း သားမသိဘူး။ ဖိုးဖိုးလည်း သေသွားပြီတဲ့။ မေမေနဲ့ ညီလေးလည်း သေသွားပြီတဲ့။ ပေစိလည်းသေပြီတဲ့။ အဲဒါနဲ့ သားလည်း လိုက်မယ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် ဒီသေတ္တာထဲက မထွက်ဘဲ လိုက်မှာလေ။ သား ဒီသေတ္တာထဲက ထွက်ရင် သေသွားမှာစိုးလို့။
ဖိုးဖိုးလို၊ မေမေနဲ့ ညီလေးလို ပြီးတော့ မိဂွက်တို့ ပေစိတို့လိုပေါ့။ သားမှာ ခု ဖိုးဖိုးပေးထားတဲ့ စုဗူးလေးရှိတယ်။ ဒီစုဗူးလေးကို သေတ္တာထဲ ဝင်ခါနီးမှာ သားယူခဲ့တာလေ။ ဖိုးဖိုးကသေပြီ ဆိုတော့ သားကို မုန့်ဖိုးပေးတော့မှာ မဟုတ်ဘူး။ မနေ့က ဆရာမလာတယ်။ သားကို လာကြည့်တာလေ။ ဖြူဖွေးလေး ကျောင်းတွေဖွင့်ပြီ။ ကျောင်းတက်ရမယ်နော်တဲ့။ ဟင့်အင်း သား ကျောင်းမတက်ချင်ဘူး။ ကျောင်းတက်ရင် ဒီသေတ္တာထဲကထွက်ရမှာ။ အဲဒီလိုဆို သား သေသွားလိမ့်မယ်။
သားကို ဒီသေတ္တာထဲက မထုတ်ကြပါနဲ့။ ရေတွေက အများကြီးပဲ။ သေတ္တာကြီးက လှုပ်နေ တယ်။ ဘာတွေနဲ့လည်း မသိဘူး ဝင်တိုက်တယ်။ ညီလေးကြီးရင် သားက ဒီစုဗူးလေး ဖောက်ပြီး မုန့်ဝယ်ကျွေးမှာလေ။ သား ဒီသေတ္တာထဲကထွက်လိုက်လို့ သေသွားရင် ညီလေးကို မုန့်ဝယ်ကျွေးလို့မရတော့ဘူးပေါ့။ မဟုတ်ဘူး။ ညီလေးက သေပြီတဲ့။ သေပြီဆိုရင် လူကြီး မဖြစ်တော့ဘူးပေါ့။ သားက လူကြီးဖြစ်ဦးမှာ။ အဲဒီအခါကျ ဒီသေတ္တာနဲ့ဆံ့ပါမလား မသိဘူး။ ဖိုးဖိုးကတော့ သားလေးနဲ့ ဒီသေတ္တာနဲ့ အံကိုက်ပဲတဲ့။ လုံးဝမထွက်နဲ့ သေသွားလိမ့်မယ်တဲ့။
ဟုတ်တယ်။ သားမထွက်ဘူး။ ဒီသေတ္တာထဲကထွက်ရင် သား … သေ … သွား … မှာ …။ ။
Saturday, November 08, 2008 | Labels: ဝတ္ထုတို | 12 Comments
ဝတ္ထုတို ၁၆
*
ဒီဇာတ်လမ်းကို စတဲ့သူက ကျော်ကြီးလေ .... ။
ကိုစီတုတ်အိမ်မှာ ဝိုင်းဖွဲ့တိုင်း သူတို့ တခုမဟုတ် တခု ပြောနေကျ ဆိုပေမယ့် ဒီခေါင်းစဉ်မျိုးကတော့ တော်တော်လေးကို ပြောခဲပါတယ်။ ပြောခဲဆို လုံးဝကို မပြောသလောက်ဘဲ။
ကိုစီတုတ်ကလွဲရင် အားလုံး လူပျိုတွေချည်းဆိုတော့ သူတို့သောက်ကြတဲ့အခါ ... ချစ်ရေး ချစ်ရာ ကိစ္စလေးတွေ ပြောချင်ပြောမယ် ... ဒါလည်း ပြောမယ့်သာပြောရတာ လူပျိုတွေ ဆိုပေမယ့် လူပျိုကြီး တွေလို့ ပြောရမယ်။ ကိုရဲကလွဲရင် ကျန်တဲ့ကောင်တွေက ဂေါ်မစွံ လူပျိုသိုးကြီးတွေချည်းပဲ။ ချစ်ရေး ချစ်ရာ ကိစ္စဆိုတာကလည်း ကိုရဲကိစ္စကို ဝိုင်းဝန်း အကြံပေး ဘာညာပါ။ ဒီလောက်ပါ။
ဒါမှမဟုတ် အလုပ်ကိစ္စပြောမယ် ...။ များသောအားဖြင့်ကတော့ အနုပညာအကြောင်း၊ စာအကြောင်း ပေအကြောင်း၊ ဂီတအကြောင်းလေးတွေ ပြောနေကျ ... ။ တခါတလေတော့လည်း ကမ္ဘာ့အရေး မြန်မာ့အရေးလေးတွေ ဆွေးနွေးတတ်ပါတယ်။ ဒါပေမယ့် ဒါမျိုးတော့ တခါမှ မပြောဘူးတာ သေချာတယ်။ ပြောရင်းအရှိန်ရလာတဲ့ အခါမှာတော့ (အရှိန်ဆိုတာ က စကားကော ရေချိန်ကော ပြောတာပါ) ဟိန်းလတ်က ကျော်ကြီးကို ဆုံးမလေ့ရှိတယ်။
ကျော်ကြီးကလည်း ကျော်ကြီး ... အရက်လုံးဝမဝင်ထားရင်တောင် သူစကားပြောရင် ဘာပြောလို့ ပြောနေမှန်း မသိအောင် ပြောတတ်တာ။ အလယ်ကဖောက်ပြောလိုပြော။ အဆုံးကနေ ဗလုံးဗထွေး ပြောလိုပြော ... ကြည့်ရတာ သူပြောသမျှ အားလုံးက အန်ဒါစတွတ်နားလည်တယ်လို့များ မှတ်နေလား မသိပါဘူး။
“အဲဒါလေ ... သိတယ်မဟုတ်လား ... မိုက်တယ်ကွာ ... အရမ်းပဲ ... ငါ .. တကယ်ပြောတာကွ”
အဲလိုမျိုး .. ကျော်ကြီး။ သူ့စကားသာဆုံးသွားရော ဘာကို ဆိုလိုလဲဆိုတာ လုံးဝ မသိလိုက်စေရအောင် ပြောတာ။ ဒါကြောင့် ဟိန်းလတ်က အမြဲဆုံးမရတယ်။
“ကျော်ကြီးရာ မင်းအသက်လည်း မငယ်တော့ဘူး။ အဲဒီအကျင့်တွေ ဖျောက်စမ်းပါ”
“ငါက ဘာဖြစ်နေလို့လဲကွာ။ မင်းသိပါတယ်။ အဲဒါ မင်းပြောတာ ငါသိတော့သိတယ်ကွ”
အဲလိုပဲ လုံးလည်လိုက်နေကျ။
အဲဒီနေ့ကတော့ ကျော်ကြီးတယောက် ဘာစိတ်ကူးပေါက်တယ် မသိဘူး လက်ထဲမှာလည်း ဂျာနယ် တစောင်ကို ကိုင်လို့။ အရက်ဝိုင်းစတယ်ဆိုတာနဲ့ ဂျာနယ်ကို ဖျာပေါ်မှာ ဖြန့်ခင်းပြီး အားလုံးကို သေချာ ကြည့်ခိုင်းတယ်။ ကျော်ကြီးပြတဲ့ ဆောင်းပါးက သဘာဝပတ်ဝန်းကျင်အကြောင်း ရေးထားတဲ့ ဆောင်းပါး။
အယ်လ်ဂိုးရဲ့ အန်အင်ကွန်ဗီးနီးယန့် ထရုကို ကိုးကားပြီး တဖွဲ့တနွဲ့ရေးထားတဲ့ ဆောင်းပါး ...။ ကမ္ဘာကြီးမှာ ဇီဝမျိုးစုံနဲ့ မျိုးကွဲတွေ ပျောက်ကွယ်ကုန်ပြီ ဆိုတဲ့အကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ကမ္ဘာ့လေထုထဲမှာ ထူထပ်နေပြီဆိုတဲ့အကြောင်း၊ သစ်တောပြုန်းတီးတာတွေ၊ မြစ်ကောတာတွေ၊ လူတွေလုပ်လို့ သဘာဝ အရင်းအမြစ်တွေ ပျောက်ကွယ်ကုန်တာတွေ ... နောက် ကမ္ဘာ့ ရေခဲတုံးကြီး ၂ တုံးဖြစ်တဲ့ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းက ရေခဲတွေ အရှိန်နဲ့ ပျော်ကျကုန်ပြီ ဆိုတဲ့အကြောင်း .. အဲဒါတွေကို ဆောင်းပါးရှင်က လှလှပပလေး ရေးပြထားတဲ့အပေါ်မှာ ကျော်ကြီး အရမ်းကို ခံစား လိုက်ရတယ်။ အဲဒီမှာ ဒီဆောင်းပါးကို သူ့သူငယ်ချင်းတွေကို ပြမှ ဖြစ်မယ်လို့ စဉ်းစားပြီး ဒီနေ့ အရက်ဝိုင်းကို ဂျာနယ်ပါ ယူလာခဲ့တာ။
အဲဒီဆောင်းပါးကို သူတို့တွေ တယောက်တလှည့် ဖတ်ကြပြီး ... အားလုံး တိတ်ဆိတ် ငြိမ်သက် သွားတယ်။ သူတို့အရက်ဝိုင်းမှာ အရက်ငှဲ့သံ၊ ရေထည့်သံလောက်ပဲ ကြားရပြီး အားလုံး ငြိမ်သွားတာ လေ။ ခဏနေမှ ကိုရဲဆီက အသံထွက်လာတယ်။
“ဟုတ်တယ်ကွာ ... အရမ်းဝမ်းနည်းစရာကောင်းတယ် ... ကမ္ဘာကြီးကို ငါတို့တွေက ဖျက်ဆီးနေကြ တာပဲကွ”
ကိုရဲက ဖီလင်သမား ... တခုခုဆို သူက အရမ်းကာရောခံစားတာ။ ခုလည်း ကမ္ဘာကြီးအတွက် ခံစားနေရပြီ။ အဲဒီမှာ ကျော်ကြီးက ဝင်ပြောတယ် ..
“အဲဒါ ငါပြောတာကွ ... ငါသိတယ် ... အဲဒါပဲကွာ”
ကျော်ကြီးရဲ့ဆိုလိုရင်းကို ဘယ်သူမှ နားမလည်နိုင်ပေမယ့် .. သူ့အသံကလည်း တကယ့်ကို ကြေကွဲ ဝမ်းနည်းသံစွက်နေတော့ ဟိန်းလတ်တောင် သူ့ကို ခါတိုင်းလို မငေါက်နိုင်ဘဲဖြစ်သွားတယ်။
“မှန်းစမ်း ကြည့်ရအောင်” ဆိုပြီး ကိုစီတုတ်မိန်းမ မသွယ်ပါ စကားဝိုင်းထဲ ဝင်လာတယ်။ မသွယ်လည်း အဲဒီဆောင်းပါးကို ဖတ်ကြည့်နေပြီ။
“ငါတို့က ဒီကမ္ဘာကြီးပေါ်မှာ နေနေတဲ့လူတွေ။ ငါတို့မှာ လုံးဝတာဝန်ရှိတယ်ကွ။ ဒါ ... လုပ်ကို လုပ်ရမယ့် တာဝန်တရပ် ဟေ့ကောင်တွေ” လို့ ကိုစီတုတ်က အားတက်သရော ဝင်ပြောတယ်။
“ဒီပုံအတိုင်းဆို ငါတို့ တခုခု လုပ်ကိုလုပ်မှ ဖြစ်တော့မယ်ကွ။ မလုပ်လို့ကတော့ ကြာရင် ကမ္ဘာကြီးက ငါတို့ကို ဒဏ်ခတ်တော့မယ်” ဆိုတဲ့ ဟိန်းလတ်ရဲ့ စကားအဆုံးမှာ သူတို့ရဲ့ ဆွေးနွေးဝိုင်းက တကယ်ကို ကြီးကျယ်ခန်းနားတဲ့ အန်ဗရိုမန်တယ် အစ်ရှူးဆီ ရောက်သွားတယ်။
ကိုစီတုတ်ရဲ့တဲပုတ်ကလေးထဲမှာ ဖျာလေးခင်းပြီး ထိုင်နေတယ်ဆိုတာ သူတို့အားလုံး မေ့သွားကြ တယ်။ ကောင်းကင်က ကြယ်တွေ တဖျပ်ဖျပ်လက်နေတာကို မလုံတဲ့ ဓနိမိုး အကြိုအကြားကနေ မြင်နေရတယ်။ ဖရောင်းတိုင်မီးရဲ့ အလင်းရောင်က လပြည့်ညကို အံမတုနိုင်ဘူးဖြစ်နေတယ်။
ကိုရဲကပြောရင်း အံကိုကြိတ်တယ်။ သစ်ပင်တွေကို ခုတ်နေတာမြင်ရရင် သူ့အသည်းနှလုံးကို ဓားနဲ့ မွှန်းနေသလိုပဲလို့လည်း ပြောရဲ့။ ထုံးစံအတိုင်း အနုပညာပိုးက ရှိထားရတဲ့အထဲ အရက်ဝင်ပြီဆိုတော့ အလွန်အကျွံတွေဖြစ်ကုန်တာ။ ဟိန်းလတ်ကလည်း သူတို့မှ ဝင်မကယ်ရင် မနက်ဖြန်ပဲ ကမ္ဘာကြီး ပျက်တော့မလို ပြောနေပြန်ရော။ ကျော်ကြီးကတော့ စကားကထစ်နေ၊ လိုရင်းမရောက် ဖြစ်နေတာနဲ့ပဲ သူပြောမယ့် စကားတွေကို ကိုရဲပြောလိုက် ဟိန်းလတ်က ပြောလိုက်နဲ့ .. အင်း ... အဲ ကနေ မတက်နိုင်ဘူး ဖြစ်နေလေရဲ့။
အဲဒီအချိန်မှာ မသွယ်က သတင်းတပုဒ်ကို ပြရင်း ပြောလိုက်တယ် “ဒီမှာ ကြည့်ပါဦး။ သဘာဝ ပတ်ဝန်းကျင် အဖွဲ့တဲ့။ နာမည်တွေကတော့ အင်္ဂလိပ်လိုတွေ ..နားတော့မလည်ဘူး။ ဒီလောက်တောင် ဖြစ်နေကြတာ ရှင်တို့လည်း အဲလို အဖွဲ့ဖွဲ့ပါလား” တဲ့။
အားလုံးရဲ့စိတ်ထဲ လင်းကနဲဖြစ်သွားတယ်။ ကိုစီတုတ်က ငါ့မိန်းမကွ ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး .. “မှန်တယ်ကွ။ ငါလည်း အဲဒါတော့ စဉ်းစားမိတယ်။ ငါတို့တွေလည်း ဒီလို တနိုင်တပိုင် အဖွဲ့ဖွဲ့ပြီး ကမ္ဘာကြီးကို ကယ်တင်ကြမယ်ကွာ” တဲ့။ မသွယ်က ခါတိုင်းဆိုရင်တော့ အဲလို သူပြောမှ သိတဲ့ ကိစ္စ ကိုစီတုတ် ဝင်အသားယူရင် ပြဿနာ ရှာလိုက်ပြီ။ ဒါပေမယ့် ဒီနေ့ကတော့ သူတို့အားလုံး ကမ္ဘာကြီး ကောင်းကျိုးအတွက် လုပ်ကြမှာဆိုတော့ စိတ်အားထက်သန်နေတာနဲ့ပဲ ကိုစီတုတ်ကို မျက်စောင်း ထိုးရုံ ထိုးလိုက်နိုင်တယ်။
“အဖွဲ့ဖွဲ့တာတော့ ဟုတ်ပါပြီ ငါတို့က ဘာလုပ်ကြမှာလဲ” လို့ ဟိန်းလတ်ကမေးတော့ ကျော်ကြီးက ရုတ်တရက်ဝင်ပြောတယ် “ဟာ သစ်ပင်စိုက်မှာပေါ့ကွ” တဲ့။ တခွန်းဆို ဆိုသလောက် ထိသွားတယ်။ ဟိန်းလတ်က “စိုက်ရုံတင်မဟုတ်ဘူး ခုတ်တဲ့သူတွေကိုပါ တားရမယ်” လို့ပြောတော့ ကိုရဲ တွန့်ခနဲ ဖြစ်သွားတယ်။ သူ့ယောက္ခမလောင်းကြီးက သူ့ခြံထဲက သစ်ပင်တွေ ကို တပင်ပြီး တပင် ခုတ်နေတာ လေ။
အားလုံးရဲ့ မျက်လုံးတွေက ကိုရဲဆီကို စုပြုံရောက်သွားတယ်။ အဲဒီမှာ မသွယ်ကပဲ
“သြော် ကိုရဲရယ်။ နင်ကလည်းနင့်ကောင်မလေးကို သေချာ ရှင်းပြပေါ့ဟ။ သူက သူ့အဖေကို ပြန်ရှင်းပြမှာပေါ့။ နင်ပြောရင်ရမှာပါ။ သူ့ကိုလည်း ငါတို့ဆီခေါ်ခဲ့လေ။ ငါတို့လည်း ဝိုင်းရှင်းပြမှာပေါ့” ဆိုပြီး ချက်ချင်းကို သဘာဝပတ်ဝန်းကျင် ပညာရှင်ကြီးဖြစ်သွားတော့တယ်။
“ဟေ့ကောင်ကျော်ကြီး ... မင်းကလည်း မင်းအမေကို ထင်းတွေ၊ မီးသွေးတွေ မသုံးဖို့ ပြောပြဦး” လို့ ဟိန်းလတ်ကပြောတော့ ကျော်ကြီးက “အေးပါကွာ” လို့ပဲ ပြန်ပြောတယ်။ သူတို့ရဲ့စကားဝိုင်းမှာ မသွယ်ကလွဲရင် အားလုံး ၂ မျိုးစလုံးမှာ အရှိန်ရလာပြီ။
ကိုစီတုတ်က “ငါတို့တွေ တပတ်ကို တရက်တော့ သက်သက်မှတ်မှတ် အပင်စိုက်ကြမယ်ကွာ။ ကိုချင်းမြင့်တို့ ကိုနောင်ကြီးတို့ကိုလည်း ပြောမယ်။ သူတို့ပါ ပါလာရင် ငါတို့အဖွဲ့က လူမနည်းဘူးကွ။ တယောက်ကို တပင်ပဲစိုက်ဦး အများကြီး စိုက်ဖြစ်မှာ။ ငါတို့စိုက်တဲ့ သစ်ပင်တွေက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူမှာပဲ။ ဟုတ်တယ်မဟုတ်လား” လို့ ပြောလိုက်တဲ့ အချိန်မှာ ပုလင်းထဲမှာ လက်လေးလုံးလောက်ပဲ ကျန်တော့တယ်။ ဒီနေ့တော့ မသွယ်က စိတ်လိုလက်ရ ပဲခြမ်းကြော်တွေ ထသုတ်ပေးလို့ ...။
“ဟုတ်တယ် ... လုပ်ရမယ် ... လုပ်ကိုလုပ်ရမယ်” ဆိုပြီး ကျော်ကြီး တတွတ်တွတ် ရွတ်နေတဲ့ အချိန်မှာ ဟိန်းလတ်က နောက်ဆုံးလက်ကျန်ကို ခွက်လေးခွက်ထဲ မျှထည့်ပေးတယ်။ အဲဒီ အချိန်မှာ ကိုစီတုတ်က “ဟာ ငါအကြံရပြီဟေ့” လို့ ထအော်တယ်။ အိပ်ခန်းထဲမှာ အိပ်နေတဲ့ သားတော်မောင် နိုးသွားမှာစိုးလို့ မသွယ်လန့်သွားပေမယ့် ခါတိုင်းလို ကိုစီတုတ်ကို ဟန့်တောင်မဟန့်ဘူး။ သူကိုယ်တိုင် လည်း ဒီသဘာဝပတ်ဝန်းကျင် ဆိုတာကြီးကို စိတ်ဝင်စားနေပြီလေ။
“ငါတို့အဖွဲ့ကို နာမည်ပေးမယ် FOREST လို့”
“သစ်တောပေါ့ ဟုတ်လား။ ကောင်းပါတယ်” လို့ ဟိန်းလတ်က ထောက်ခံတယ်။
“အေး သစ်တော ဆိုတဲ့ အဓိပ္ပာယ်ရသလို အသံထွက်ကို ခွဲပြီး ဖတ်လိုက်ရင် FOR REST ဖော် ရက်စ် ဆိုတဲ့ အသံရတယ် မလား။ ဖော် ရက်စ် ဆိုတာ ဘာလဲ။ နားစရာ ... နားခိုရာပေါ့ကွ” ဆိုပြီး ကိုစီတုတ်က သူ့ဟာသူမေး သူ့ဟာသူ ဖြေရှင်းနေတယ်။ အားလုံး ဖိုးသိုက်ရဲ့အပြောကို ခိုက် သွားကြတယ်။ အားလုံး သဘောတူတယ်။ ဒီလောက်ကောင်းတဲ့ အကြံဥာဏ် ထွက်တဲ့ ဖိုးသိုက်ကို ဝိုင်းပြီး ချီးကျူးကြတယ်။ မသွယ်ကလည်း သူ့ယောက်ျားအတွက် ဂုဏ်ယူလို့ပေါ့။
အဲဒီနေ့က သူတို့ပုလင်းကိုသူတို့ အသေသတ်ပြီးသွားချိန်မှာ လူငါးယောက်ပါတဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့တဖွဲ့ကို နာမည်နဲ့ တကွ ဖွဲ့စည်းပြီးသွားပြီ။ တနင်္လာနေ့ညတိုင်း ဆုံပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်မယ် ဆိုတာ ဆွေးနွေးဖို့ သဘောတူကြ တယ်။ ပြီးတော့ တနင်္ဂနွေနေ့တိုင်း သစ်ပင်တပင်စိုက်ဖို့၊ သစ်ပင်ခုတ်နေတဲ့ သူတွေကို ဖြစ်တဲ့နည်းနဲ့ တားဖို့ သဘောတူပြီး စည်းဝေးကို ရုတ်သိမ်းလိုက်ကြတယ်။
အဲဒီနေ့က ကျော်ကြီးတယောက် ပြောသမျှကို စိတ်အားထက်ထက်သန်သန်နဲ့ ထောက်ခံပေမယ့် သူကိုယ်တိုင် သိပ်ပြီး ဝင်မဆွေးနွေးဘူး။ ငြိမ်နေတယ်လို့ ပြောလို့ရတယ်။
တကယ်က သူတို့အားလုံး ဂျာနယ်တစောင်က ဆောင်းပါးတပုဒ်ကို ဖတ်ပြီး စိတ်ဓာတ်တွေသာ တက်ကြွလာတာ။ ဘာမှ သေချာသိတာ မဟုတ်ဘူးလေ။ နောက်နေ့ကစပြီး သတင်းတွေ ကြားရတော့တာပဲ။ ကိုရဲကို သူ့ယောက္ခမလောင်းကြီးက ဓားကြိမ်းကြိမ်းတယ်တဲ့။ သစ်ပင်ခုတ်တာ လူသတ်မှုထက်ကြီးလေးတဲ့ ပစ်မှုမြောက်တယ် ဆိုပြီး သွားပြောလို့လို့ ကြားတာပဲ။ သူ့ကောင်မလေး ကလည်း သူ့ကို လုံးဝ အတွေ့မခံဘူးဆိုလို့ အသည်းကွဲနေတယ်။
ဟိန်းလတ်ကတော့ သူ့အမေကို ထင်း၊ မီးသွေးမသုံးဖို့ သွားတရားဟောတာ ဘယ်လို ဟောတယ် မသိဘူး ... သူ့အမေက ထင်းချောင်းနဲ့ ကောက်ပေါက်လိုက်လို့တဲ့။ သေချာတာက သူ့အမေက ညတိုင်း မြဝတီကလာတဲ့ တရုတ်သိုင်းကားတွေ ကြည့်နေကြ ဆိုတော့ ဘယ်ပြောကောင်းမလဲ ဟိန်းလတ် နဖူးကြီး ဟက်တက်ပဲ။
ကိုစီတုတ်နဲ့ မသွယ်ကျတော့ တမျိုး ... သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့ အနေနဲ့ ထင်းတွေ မီးသွေးတွေ သုံးဖို့ မသင့်တော်ဘူးဆိုတော့ ... လျှပ်စစ်သုံးမလား ... သူတို့ ဆွေးနွေးကြတယ်။ မဖြစ်နိုင်ဘူး။ မီးကနပ်မှန်အောင်လာတာ မဟုတ်ဘူးလေ။ ဂတ်စ်သုံးဖို့ကျ သူတို့ မတတ်နိုင်ဘူး။ ဒီတော့ မသွယ်က အကြံပြုတယ်။ အပြင်မှာ ဝယ်စားမယ်တဲ့။ ပြီးတော့ ဆိုင်ကယ် တက္ကစီဆွဲတာ သဘာဝ ပတ်ဝန်းကျင်နဲ့ မလျှော်ညီဘူး ဆိုပြီး ကိုစီတုတ်က ဆိုက်ကားပြန်နင်းတယ်။ အဲဒီမှာ ၃ ရက်မပြည့် သေးဘူး အိမ်တွင်း စီးပွားရေး ခရိုက်စစ်တွေဖြစ်ပြီး လင်မယား ရန်ထဖြစ်တာ အကြီးအကျယ်။ ဒီတခါလောက် ကြီးကျယ်တဲ့ ရန်ပွဲ မမြင်ဖူးဘူးလို့ အိမ်နီးနားချင်းတွေက ပြောတာပဲ။
ကျော်ကြီးကတော့ တရက်မြို့ထဲကို လမ်းလျှောက်ပြီး ထွက်အလာ .. လမ်းမှာ ကုက္ကိုပင်တပင်ပေါ်မှာ လူတယောက် တက်ခုတ်နေတာ တွေ့တော့ သစ်ပင်ပေါ်ကလူကို ဆင်းခဲ့ဖို့ပြောတာမှာ ဟိုလူလည်း ကျော်ကြီး ပုံစံကိုကြည့်ပြီး အကောင်တကောင်ကောင် ထင်လားမသိပါဘူး ဆင်းလာသတဲ့။ အဲဒီမှာ ကျော်ကြီးက လူနားမလည်တဲ့ သူ့ရဲ့ ဘာသာစကားနဲ့ သစ်ပင်မခုတ်ဖို့ ပြောရာကနေ အဲဒီလူနဲ့ စကားထများတယ်။ စကားများတော့လည်း ထုံးစံအတိုင်း သူ့စကားကို ဟိုလူတွေက နားမလည်တော့ တောင်းပန်တာက ဆဲသလို ဖြစ်နေမှာပေါ့။
အဲဒီလူက စည်ပင်က ဝန်ထမ်း။ တခြားလူတွေလည်း ပါသေးတာ။ သစ်ပင်နဲ့တယ်လီဖုန်းကြိုး မလွတ်လို့ အကိုင်းကို ချိုင်နေ ကြတာ။ ဇာတ်လမ်းက ဘယ်ပြီးလိမ့်မလဲ။ ကျော်ကြီးတို့ ဝတ္တရားဖောက်ဖျက်မှုနဲ့ အဖမ်းခံရ ပါလေရော။ သူ့အမေခမျာ မရှိမယ့်ရှိမယ့်လေး ပေါင်နှံပြီး သွားရွေးထုတ်လိုက်ရတယ်။ ဒါပေမယ့် အချုပ်ထဲမှာ ၁ ပတ်လောက် နေလိုက်ရသေးရဲ့။
သူတို့တွေ ... တနင်္လာနေ့တိုင်း ကိုစီတုတ်အိမ်မှာ ဆုံဖြစ် ... သောက်ဖြစ်ကြပါတယ်။ အားလုံးက ခံစား ချက်တွေ ကိုယ်စီနဲ့ဆိုတော့ ခါတိုင်းထက်တောင် ပိုသောက်ဖြစ်ကြသလိုပဲ။ မသွယ်ကတော့ သူတို့ဟာ သူတို့ မြည်းချင်ရာမြည်း ဘာမှမလုပ်ပေးတော့ဘူး။
ထူးဆန်းတာက တနင်္လာနေ့ဆိုရင် ဘယ်သူမှ အထွေအထူးချိန်းစရာမလိုဘဲ ကိုစီတုတ်အိမ်မှာ လူစုံ စုံ နေတတ်တာပဲ။ ဒါပေမယ့် သူတို့ အားလုံး သဘာဝပတ်ဝန်းကျင်အကြောင်းကို ယောင်လို့တောင် မဟ တော့ဘူး။ သစ်ပင်ကတော့ ကိုစီတုတ် တယောက်ပဲ ကုက္ကိုပင်ပေါက်တပင် စိုက်ဖြစ်လိုက်တယ်။ ဒါပေမယ့် ဘာမှ အကာအရံမရှိတော့ ဟိုဘက်အိမ်က ကိုပီတာမွေးထားတဲ့ ဆိတ်က နည်းတယ်တောင် ပြောသွားသေးတယ် ထင်တယ်။
ကျော်ကြီးကတော့ ဘာမှ သိပ်မပြောပေမယ့် ကိုစီတုတ်ကို သိပ်မကျေနပ်ချင်ဘူး။ စဉ်းစားကြည့်လေ .. ဒီနာမည်ကို သူပေးတာပဲ။ ဖော် ရက်စ် တဲ့။ နားခိုရာတဲ့။ ဒီနာမည်က ကျော်ကြီးအတွက် တမင်ပေး သလို ဖြစ်မနေဘူးလား။ သူ ... အချုပ်ခန်းထဲမှာ ၇ ရက်တိတိကို နားခိုခဲ့ရတာလေ။ ။
Thursday, November 06, 2008 | Labels: ဝတ္ထုတို | 4 Comments