ရင်းစားစာ
ဝတ္ထုတို ၂၄
ဖိုးချစ်က လူစောင့်ပေးနေသည်။ ဇင်မျိုးဆက်က ရူးနီပုခုံးပေါ်မှ တဆင့် ငှက်ပျောဖီးကို ခဲတံချွန်သည့် ဓားနှင့် ရအောင်လှီးဖြတ်နေသည်။ သူတို့ သုံးဦးက မူကြိုကတည်းက တူတူ .. မျောက်ရှုံးအောင်ဆော့ကာ ခု သူငယ်တန်း တက်တော့လည်း တူတူ ဆော့မြဲ .. ။ သုံးယောက်လုံး စာတော့ တော်သည်။
“ဖိုးချစ် … မင်းက သေချာစောင့်ကြည့်ထား .. ဘယ်သူလာလာ ငါ့တို့ကိုပြောနော်”
“ဟေ့ ဇင်မျိုးဆက် .. မင်းကိုထမ်းထားရတာ ငါ သေတော့မယ် .. မြန်မြန်လုပ်လေ”
“အေးပါ .. ဒီမှာ ရတော့မယ်။ ခဏလေးပါ ရူးနီရာ”
“ရပြီကွ ရပြီ .. ရော့ ဖိုးချစ် လှမ်းယူ .. အောက်မကျစေနဲ့ဦး”
တိုးတိုး .. တိုးတိုးနှင့် ကြိတ်လုပ်ပြီး .. ရလာသည့် ငှက်ပျောဖီးကို အတန်းထဲမှာ သေချာဖွက်ထားသည်။ အဲဒါကို အာကျယ်မ .. စန္ဒီက တွေ့သွားပြီး ဆရာမနှင့် တိုင်လိုက်သည်။
“ဇင်မျိုးဆက် .. မှန်မှန်ပြောစမ်း .. သားတို့ ဒီငှက်ပျောဖီးကို ဘယ်လိုရအောင် ခူးယူတာလဲ ..”
“ဖိုးချစ်က စောင့်တယ် .. ရူးနီက သားကိုထမ်းတယ်။ သားက ခဲတံချွန်တဲ့ဓားနဲ့ လှီးပါတယ် ဖေဖေ”
“အေး .. ဒါဆို မင်းမှာ အပြစ်ရှိလား .. မရှိဘူးလား..”
“မရှိပါဘူး ဖေဖေ ..”
“ဘာကွ .. မှတ်ထား … ကျောင်းဝင်းထဲက ငှက်ပျောဖီးကို ဘယ်သူမှမသိအောင် ကိုယ့်သဘောနဲ့ ကိုယ် ခူးယူတာ .. ခိုးတာနဲ့တူတူပဲ .. မင်းမှာ အပြစ်ရှိတယ်”
“ဟုတ်ကဲ့ပါ ဖေဖေ”
“အေး မင်းမှာအပြစ်ရှိတဲ့အတွက် .. မင်းကိုရိုက်မယ် .. လက်ပိုက် .. ဟိုဘက်ကိုလှည့်”
“ခဏလေးဖေဖေ .. ခဏလောက်”
“ဘာလုပ်ဦးမလို့လဲ”
“ဖေဖေပဲ ပြောထားတယ်လေ .. သား .. လပတ်စာမေးပွဲမှာ ပထမရရင် ကြိုက်တာ တောင်းဆို”
“အေးလေ”
“ဒီမှာ သားရီပို့ကဒ် .. သား .. ပထမရတယ် .. သားကို မရိုက်ပါနဲ့”
“အောင်မာ ဘာဆိုင်လို့တုန်း”
“သားကြိုက်တာတောင်းတာလေ .. သားကိုမရိုက်ဖို့ တောင်းတယ်”
“တောက် .. မင်းကွာ .. ဇင်မျိုးဆက်”
“ခင်ဗျာ .. ဖေဖေ”
“ခု မင်းအသက် ဘယ်လောက်လဲ၊ မင်းဘယ်နှတန်းလဲ ပြောစမ်း”
“သားအသက် ၅ နှစ်နဲ့ ၅ လ .. သူငယ်တန်းပါ ဖေဖေ ..”
“အေး .. ဖေဖေ မင်းအရွယ်တုန်းက ………”
“ဖေဖေ သားအရွယ်တုန်းက သားထက် ဆိုးတယ်လို့ ဘွားဘွားက ပြောပါတယ် ဖေဖေ …”
“တောက် .. သွားတော့ ..”
“ဒါဆို သား ကိုကိုနဲ့ သွားကစားလိုက်ပါဦးမယ် ဖေဖေ”
ဇင်မျိုးဆက် စာမေးပွဲကောင်းကောင်းဖြေနိုင်လာသည်။ ဖေဖေက ဆိုင်ကယ်ဖြင့်လာကြိုသည်။ အိမ်ရောက်လျှင် တဝကြီး ကစားမည် ..။ ကိုကိုက မနက်ပိုင်းဖြေရတာ ဆိုတော့ အရင်ပြီးပြီ .. ။ အိမ်နားက သူငယ်ချင်းတွေကို ခုလောက်ဆို စုထားလောက်ပြီ .. တနွေလုံး ကစားပစ်လိုက်လို့ရတော့ကွာ .. ဇင်မျိုးဆက် အတွေးမဆုံးခင် အိမ်ပြန် ရောက်လာသည်။ ကိုကိုက ဆီးကြိုနေ၏။
“ညီညီ .. စာမေးပွဲ ဖြေနိုင်လား”
“အင်း ဖြေနိုင်တယ် ကိုကို .. ပျော်စရာကြီး .. စာမေးပွဲပြီးပြီကွ .. ဟေး………….”
“အေး မင်းကို ကိုကိုစောင့်နေတာ .. ရော့ .. ကိုကို့ ၁ တန်းစာအုပ်တွေ .. ညီညီ့အတွက် ကိုကို သေချာ စုပြီး ဖယ်ထားတယ်”
“ဟင် .. ကိုကို .. ကိုကို .. မင်း တောက်ကျင့်ယုတ်တယ်ကွာ”
“ဘာလို့လဲကွ.. မင်းအတွက် စာအုပ်တွေ ..”
“မင်း … တော်တော် အကျင့်ယုတ်တဲ့ကောင် .. ငါက အခုမှ စာမေးပွဲပြီးလို့ .. ပျော်နေတာကို .. အီး .. ဟီး .. ကိုကို တောက်ကျင့်ယုတ်တယ်”
“ဟဲ့ .. ဇင်မျိုးဆက် .. သားလေး .. ဘာလို့ ဒီလောက်ငိုနေတာလဲ .. ဟဲ့ ထွန်းပုရေ .. မင်းသား ဘာလို့ ငိုနေတာလဲ .. မေးဦးလေ”
“အမေ့မြေးလား .. ဘာမှ မဟုတ်ဘူး .. သူစာမေးပွဲပြီးပြီးချင်း သူ့အစ်ကို ၁ တန်းစာအုပ်တွေ ပေးလိုက်လို့ .. သူ့အပျော်တွေ ပျောက်ကုန်လို့ အမေရေ .. သိပြီလား .. အလကား ကောင် .. ဟားဟား”
“သားက စိတ်ကူးထဲမှာကတည်းက ကစားလာတာ ကိုကိုလုပ်လို့ မပျော်တော့ဘူး .. ကိုကို့ကို ရိုက်ပါ .. အီး .. ဟီး .. ကိုကို့ကိုရိုက်ပါ ..”
“ဟေ့ကောင် ရူးနီ .. အဲဒီကောင်မလေးနာမည်သိခဲ့ပြီ .. သီတာခင်ချိုအေး တဲ့ … မြို့ဟောင်းကျောင်းကနေ ငါတို့ ကျောင်းကို ပြောင်းလာတာ ၁ လပဲ ရှိသေးတယ်”
“ဇင်မျိုးဆက် .. သူ့ကို ငါကြိုက်တယ်ကွာ.. ချောတယ်နော်”
“ဟာ .. နွေးနွေးလောက် မလှပါဘူး .. ငါက နွေးနွေးပဲကြိုက်တာ”
“ဒါပေမယ့် .. ငါက သူ့ကိုကြိုက်တယ်ကွာ .. ဟေ့ကောင် ဇင်မျိုးဆက် .. ငါဘယ်လိုလုပ်ရင်ကောင်းမလဲ”
“ငါ ရည်းစားစာ ရေးပေးမယ်”
“ဒါဆို ငါက သွားပေးပေးမယ်” ဟု ဖိုးချစ်က ဝင်ပြောသည် …
“ဟေ့ကောင် ဖိုးချစ် တကယ်ပြောတာလား”
“တကယ်ပြောတာ ရူးနီရ .. ငါပေးရဲတယ် .. သူ့အဖေနဲ့ ငါ့အဖေက သူငယ်ချင်း”
“ပြီးရော .. ဒါဆို ရေးပေးကွာ .. ဇင်မျိုးဆက်”
“ဆရာမ ဆရာမ .. အဟင့် အဟင့် .. သမီးကို ဖိုးချစ်က စာပေးတယ် .. အဟင့်ဟင့်”
“ဘာ .. ဒီအရွယ် လက်တောက်လောက်လေးတွေက .. ဒီလိုလုပ်စရာလား ဟင် .. ပြစမ်း အဲဒီစာ”
စာရွက်ပေါ်တွင် မညီမညာရေးထားသော စာလုံးသုံးလုံးကို မြင်လိုက်ရာ .. ဆရာမ မရယ်မိအောင် မနည်း အောင့်ထားလိုက်ရသည်။ ဒီကောင်တွေကို မှတ်လောက်အောင် ဆုံးမရဦးမှာ မဟုတ်လား ….
‘ရင်း စား စာ’
“လာခဲ့စမ်း ဖိုးချစ် .. မင်းက သီတာခင်ချိုအေးကို ဒီစာပေးတယ်ဆို”
“ဟုတ်ပါတယ် ဆရာမ ဇင်မျိုးဆက်က ရေးပြီး သားက ပေးတာပါ .. ရူးနီက သူ့ကိုကြိုက်လို့ပါ .. ဒါပေမယ့် သူက ရူးနီကို မကြိုက်ဘူး ဇင်မျိုးဆက်ကိုပဲ ကြိုက်တယ်လို့ ပြောပါတယ်”
“နင်တို့ ရှုပ်နေတာပဲ .. ခေါ်စမ်းအဲဒီနှစ်ကောင် .. လာ လာ မြန်မြန်လာစမ်း .. ကဲ ဆိုစမ်းပါဦး .. ဇင်မျိုးဆက် .. ဘာတွေ ရေးထားတာလဲ”
“ရည်းစားစာပါ ဆရာမ ..”
“သြော .. ရည်းစားစာကို ဒီလိုရေးရတယ် ဟုတ်လား”
“သားက စာလုံးပေါင်းမှားနေတယ်လို့ ပြောပါသေးတယ် .. ဒါပေမယ့် ရူးနီက မှန်တယ်ဆိုလို့ ဒီအတိုင်းပေးလိုက် တာပါ ..”
“တော်တော့ .. ကဲ အားလုံး မှန်မှန်ဖြေစမ်း .. နင်တို့အားလုံးထဲမှာ ဆရာကြီးက ဘယ်သူလဲ”
ဖိုးချစ် .. ရူးနီနှင့် ဇင်မျိုးဆက်တို့ သုံးဦး လက်ပိုက်ကာ တပြိုင်နက်တည်း ဖြေသည်။
“ဦးသိန်းထွန်းပါ ဆရာမ”
ဘာပဲဖြစ်ဖြစ် .. ကလေးဆိုတာ .. အမှန်တရားကိုပဲ အမြဲပြောတတ်တယ်လို့ ဆရာမ သိပြီးသားပဲလေ .. သူတို့ သန်လျှင် ဗဟို အမကရဲ့ ကျောင်းအုပ်ဆရာကြီးနာမည်က ဦးသိန်းထွန်းပဲဟာ .. မှန်နေတာပဲ။
Thursday, June 11, 2009 | Labels: ဝတ္ထုတို | 10 Comments
ဗျူးတီးဖူးလ် မြန်မာ .. ပလန်းတီးဖူးလ် မြန်မာ ..
တကယ်တော့ ဂလိုအကြောင်းအရာမျိုးတွေ တူးတူးသာ ရေးခဲပါတယ်။ သို့သော် ဒီနေ့တော့ မနေနိုင်လို့ လက်နည်းနည်း ဆော့လိုက်ဦးမယ်။
အဖြစ်က ဒီလို .. ရန်ကုန်က သူငယ်ချင်းတယောက်နဲ့ ဒီနေ့ ဖုန်းပြောဖြစ်တယ်။ ဂျီတီအိုင်တုန်းက ၇ ရက်သားသမီးထဲမှာ ပါတဲ့သူငယ်ချင်းပါ။ သူက တနင်္လာသားပေါ့။ အဲဒီ သူငယ်ချင်းက ကျမနဲ့ တော်တော်လေး ခင်တယ်။ အင်္ဂါသား အထွန်းဖွားလေးအကြောင်း ရေးတုန်းကလည်း သူပါတယ်လေ။ သြော် စာဖတ်သူတွေကို ပြန်မိတ်ဆက်ပေးရရင် မျက်ခုံး ရိပ်သူများ ထဲက ဇာတ်လိုက်ကျော် တိုးဂိုက်ကြီးလို့လည်း ဆိုနိုင်ရဲ့။ ဂျီတီအိုင်က သူငယ်ချင်း ဆိုပေမယ့် ကျမရဲ့ မိသားစုဝင်တွေ၊ သန်လျင်ကငယ်သူငယ်ချင်းတွေနဲ့ပါ ခင်တာ။
ဒီနေ့ သူ့ကို ဖုန်းဆက်ဖြစ်တဲ့ အကြောင်းကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ သူ့လုပ်ငန်းအကြောင်း မေးရင်း ပုဂံက ဘုရားဟောင်းတွေ သစ်ကုန်တာ၊ မြောက်ဦးက ဘုရားဟောင်းတွေ မဟောင်းတော့တာ .. အဲ့အကြောင်း တွေ လေပစ်ပါတယ်။
အဲလိုလေပစ်ရင်း တခြားသူငယ်ချင်းတယောက်နဲ့ သူဆုံတဲ့အကြောင်း ရောက်သွားတယ်။ အဲ့သူငယ်ချင်းက တကယ်တော့ သူ့သူငယ်ချင်း အရင်းမဟုတ်ဘူး။ ကျမနဲ့ ပတ်သက်ပြီးမှ သူနဲ့သိသွားတာ။ ကျမရဲ့ အစ်ကိုဆို လည်း ဟုတ် .. ဘော်ဒါဆိုလည်းဟုတ်တဲ့သူတယောက်ပါ..။ သူ့နာမည်လည်း ကျမ ဝတ္ထုတွေထဲ မကြာခဏ ပါတတ်ပါတယ်။
အဲဒီနှစ်ယောက်ဆုံကြတော့ အလာပ သလာပ ပြောကြရင်း ကျမရဲ့ သူငယ်ချင်း တနင်္လာသားကို အစ်ကိုတော် ကြာသပတေးသားက ပြောသတဲ့။
ဘာလဲဆိုတော့ကာ အဲဒီနေ့က သူတို့ ရုံး နေ့တဝက်ပိတ်လိုက်ရတယ် ဆိုတဲ့အကြောင်း .. ဘာကြောင့်ပိတ်ရ သလဲဆိုတော့ .. အိမ်သာထဲမှာ ကပ်ထားတဲ့ ကြွေပြားတွေဟာ ဘယ်သူမှ ဘာမှလည်း မလုပ်ရသေးဘဲ .. တုတ်တုတ်တောင် မလှုပ်ရသေးဘဲ .. ဝေါခနဲ အချပ်လိုက်ကွာပြီး ပြုတ်ကျခဲ့လို့ အားလုံး အံ့အားတွေသင့်ကုန်ရ တယ် ဆိုတဲ့အကြောင်း ..။
သူတို့ရုံးက နိုင်ငံခြားသားတွေနဲ့ အတူတူ လုပ်ရတဲ့ အန်ဂျီအို ရုံးဖြစ်တာကြောင့် နိုင်ငံတကာမှာ မြန်မာ့ဆောက် လုပ် ရေးဟဲ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားနေရမှာ ကြောက်တာရယ် .. ဝန်ထမ်းတွေ ရဲ့ အသက်အန္တရာယ်တွေ ဘာတွေ အထိ စဉ်းစားမိတာရယ်ကြောင့် အဲဒီနေ့က .. ရုံးကို နေ့တဝက် ပိတ်ပေးလိုက်ရတယ် ဆိုတဲ့ အကြောင်း .. ပြောသတဲ့။
ဟုတ်တော့လည်း ဟုတ်တယ်လေ .. ကိုယ်က ဘုမသိဘမသိ အိမ်သာထဲဝင်တုန်း .. အပေါ်က ကြွေပြားက ငယ်ထိပ်ပေါ်ပြုတ်ကျ .. သေရတယ် ဆိုရင် ကျော်မကောင်း ကြားမကောင်း .. အမငေး စဉ်းစားတာနဲ့ ရင်တောင် တုန်ပါရဲ့။
အင်း ကျမတို့ ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့ဖူးတဲ့သာဓက တခုရှိတယ်။ တောင်ကြီးက ဟိုတယ်တခုမှာပေါ့။ ကျမ အစ်မလို ခင်ရတဲ့ ဆရာဝန်မလေး တယောက် .. ရေချိုးခန်းထဲက ဘေဇင်ကြီး ပြုတ်ကျလို့ .. လက်တဘက် အကျောတွေပြတ်သွားခဲ့တယ်.. အဲဒီလက်က အကျောတွေ ဆိုင်းသွားတာဆိုတော့ အဲဒီအစ်မဟာ ဒီဘဝမှာ ခွဲစိတ်ပါရဂူတော့ မဖြစ်နိုင်တော့ဘူး ..။
ကမ္ဘာမှာ မကြုံဖူးတဲ့ ဖြစ်ရပ်ဆန်းတွေပေါ့ ..။ မောင်လေး အန်ဒီကောင်နဲ့ ကျမ အမြဲရွတ်နေကျ သီချင်းလေးကို ပြန်ရွတ်ရမယ် ထင်ပါရဲ့ ..။
ဗျူးတီးဖူးလ် မြန်မာ .. ပလန်းတီးဖူးလ်မြန်မာ .. ဂစ်ဂစ်ဂစ် မြန်မာ .. ဂိ ဂိ ဂိ မြန်မာ ..
သြော် ဘာမဆိုင်ညာမဆိုင် တနေ့သားက သတင်းစာထဲက သတင်းတပုဒ်ကို သတိရလိုက်မိသေး .. ဘာတဲ့ .. ဓနုတ်ဘုရားကြီးပြိုရတာ ဆောက်လုပ်ရေးအပိုင်းမှာ ညံ့ဖျင်းလို့ ဆိုလား။ ဘယ်သူတွေ ပြောကြတာလဲ .. သတင်းစာက အမှားတွေချည်းဆို .. ။ မှားပါဘူးနော် .. ဟုတ်တာရေးထားတာပဲဟာ .. ။ ဆောက်လုပ်ရေး ကလည်း သိပ်တော့ မှားတာမဖြစ်နိုင်ပါဘူး .. ဘိလပ်မြေ ၂ ဆ သဲ ၁ ဆအစား ဘိလပ်မြေ ၁ဆ သဲ ၂ ဆ ထည့်မိတာ ဖြစ်မှာပါ ..။ ဒါမှမဟုတ် .. အမြန်ပြီးချင်ဇောနဲ့ ဘိလပ်မြေလာတာကို မစောင့်နိုင်ဘဲ သဲနဲ့ ဆောက်လိုက်တာ ဖြစ်မှာပါ .. အဲ ဂလို အကောင်းဘက်က လှည့်တွေးသင့်တာပေါ့ ဟုတ်ဘူးလား ..။
ဗျူးတီးဖူးလ်မြန်မာ .. ပလန်းတီးဖူးလ်မြန်မာ .. ကျန်သေးတယ် ဂိုးလ်ဒင်းလန်းမြန်မာ ..။ ဟုတ်တယ်။ ခုနောက်ပိုင်း ထုံးဖြူဖြူ စေတီလေးတွေ မြင်ရဖို့ စိတ်မကူးနဲ့တော့ .. ခေတ်မီကုန်ပြီ .. ခု ထုံးအစား ရွှေမင်ပြောင်းသုတ်ကြပြီ .. ရွှေရောင် တခေတ်ဆန်းပြီ .. ဟဲဟဲ .. ။ ရွာဦးထိပ်က ထုံးဖြူဖြူ စေတီ .. ဘာညာနဲ့ သီချင်းစပ်ထားတာရှိရင် ပြင်လိုက်ကြဦး။ ဂိုးလ် ဒင်းလန်းမြန်မာ .. ဗျူးတီးဖူးလ် မြန်မာ .. ဂစ်ဂစ်ဂစ် မြန်မာ .. ဂိ ဂိ ဂိ မြန်မာ ..။
Monday, June 08, 2009 | Labels: စိတ်ကူးတည့်ရာ | 6 Comments
အဲဒီတခါပဲ စွံဖူးတာ
စဉ်းစားကြည့်တော့ အတော်လေး လွမ်းစရာကောင်းသား .. ဘာမှ မဟုတ်ဘူးလို့ ထင်မယ့်သူတွေအတွက် ကတော့ ဘာမှမဟုတ်ဘူးပေါ့လေ။ ကျမပါပါ (အဖေ) ဆုံးတဲ့အချိန် ၁၉၉၂ ဇူလိုင်လဆန်း ပါပါ့ရက်လည်တောင် မလုပ်ရသေးချိန်မှာ အဲဒီအိတ်ပိတ်စာတစောင် ရောက်လာတာပါ။
ဒါပေမယ့် အဲဒီ တောကျောင်းကလေးဟာ ကျမကို အရမ်းဖမ်းစားခဲ့တဲ့ .. တက္ကသိုလ်ဆိုတာနဲ့ မလဲနိုင်တဲ့ .. ကျမကို အတွေ့အကြုံသစ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့၊ ကျမအတွက် ရင်ခုန်လှိုက်မောစရာတွေ လှစ်ဟ ပြခဲ့တဲ့၊ အဆောင်နေကျောင်းသူဘဝဆိုတာ ဘာလဲလို့ ပြောပြခဲ့တဲ့၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ချစ်စရာ ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပေးတွေ့ခဲ့တဲ့၊ ကိုယ့်တာဝန်ကိုယ်ယူတတ်ရမယ် ဆိုတာကို သင်ပြပေးခဲ့တဲ့ .. ရင့်ကျက်ပြီး ကျွမ်းကျင် နွေးထွေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရင်ခွင်မှ ခိုလှုံခွင့်ပေးခဲ့တဲ့ ကျမအတွက် အလှ ပ ဆုံး .. ချစ်စရာအကောင်းဆုံး .. အနွေးဆုံး ရပ်ဝန်းလေးလို့ ပြောရင် ကျမ ပိုရာကျမယ်ထင်ပါရဲ့ .. ဒါပေမယ့် မယုံရင် ကျမသူငယ်ချင်းတွေကို မေးကြည့် .. ဟုတ်တယ်လို့ပြောမှာ :P
၂၁ နှစ်ဆိုတဲ့အရွယ်ဟာ ခုခေတ် ခုအခါမှာတော့ တော်တော်လေး နှံ့နှံ့စပ်စပ် သိနေတဲ့ လူကြီးလေးတွေ ဖြစ်နေ ကြပြီ ဆိုပေမယ့် အဲဒီအချိန်က ကျမကိုယ်ကျမ ပြန်ဆန်းစစ်ကြည့်လိုက်တော့ တကယ့် ပီဘိ ကလေးလေး တယောက်၊ ဥခွံထဲက ထွက်ခါစ ငှက်ပေါက်စလေးလိုပဲ .. ကျည်းကြည့် ကြောင်ကြည့်ပေါ့ ..။
ကျောင်းသား ၅၀ နီးပါး ရှိတဲ့ အခန်းထဲမှာ မိန်းကလေးက ၉ ယောက်တည်း။ တယောက်ကို တယောက် အကဲ ခပ်လို့ .. ဟိုတယောက်က ပိုးဒါလီသိန်းတန်နဲ့တူတယ်ဟ .. ချစ်စရာလေး .. ဟယ် ဒီတယောက်ကျတော့ ဆံပင်ရှည်ရှည် လေးနဲ့ အသားဖြူဖြူ အရပ်ရှည်ရှည်လေး .. လှလိုက်တာ၊ ဟိုကောင်မလေးကျတော့ ဝဝကစ်ကစ်နဲ့ သူ့ကို မသေးမျှင်လို့ခေါ်ရကောင်းမလား .. အင်း နောက်တယောက်က ခပ်ရိုးရိုး ပုံလေး .. ငါကကော .. ။ ရှပ်အင်္ကျီ အကွက်ကျဲကျဲနဲ့ .. ထဘီပြောင်နဲ့ .. ဆံပင်ကတိုတို .. ထောင့်မကျိုးတဲ့ ရုပ် .. ပါးမှာ သနပ်ခါး ပါးကွက်ကျားနဲ့ .. လက်မှာက ဂျီတီအိုင်ရဲ့ အမှတ်အသား “တီ” ကြီး ကိုင်လို့ ..။
“ညီမလေး နာမည် ဘယ်လိုခေါ်လဲ”
“ဟင် .. တူးတူးသာပါ”
အဲဒီ အထက်ပါ စကားစုကို စာရှုသူတို့ နားလည်ချင်မှလည်ပါလိမ့်မယ်။ ကျမကို ကျောင်းသားကြီး တယောက် က ကူညီမလိုလိုနဲ့ အင်တာဗျူးနေတာကို .. ကျမရဲ့ သယ်ယင်းလည်းဖြစ် အစ်မလည်းဖြစ်တဲ့ မမိုးစည်က အကြောင်းသိချင်းမို့ ဝင်ပါတာ။ အဲဒီကျောင်းသားကြီးက သူ့သယ်ယင်းပေါ့။
ငှဲငှဲ .. ပထမနှစ် ကျောင်းရောက်ခါစ စွံပုံများကတော့ .. ကျမတို့က အူကြောင်ကြောင် လေးတွေကိုး .. သူတို့ ကျောင်းသားကြီးတွေရဲ့ မျက်လုံးထဲမှာ .. သစ်ဆန်းနေတာကိုး .. အတန်းကြီးက အစ်မကြီးတွေ .. သူတို့နဲ့ အတန်း တူတွေက သူတို့မျက်စိထဲ စပါးမွှေးစူးစရာ ဖြစ်နေပြီလေ။ မိန်းကလေးတန်မဲ့ ယောက်ျားလေးကို အော် စလို စ၊ လက်သီးလက်မောင်းတန်း စကားပြောလိုပြော .. အဆောင်နဲ့ ကျောင်းက ကပ်လျက်ဆိုတော့ အင်္ကျီ အဟောင်းနဲ့ပဲ ကျောင်းလာလိုလာ၊ ဝေါ့ရှော့ထဲ ဝင်ရတာဆိုတော့ သနပ်ခါး ထူပိန်းကြီးတွေလိမ်းပြီး အလှလည်း မပြင် .. နေချင်သလို နေတဲ့ သူတွေပဲ တွေ့နေရာက ဖရက်ရှာလေးတွေ လာတာဆိုတော့ သူတို့လည်း ပျော် သပေါ့လေ ..သို့သော် ..
နောက်မှပဲ ၇ ရက်သားသမီး အကြောင်းရယ် .. မေလတ် အကြောင်းရယ် ဆက်ရေးတော့မယ် ခုတော့ တော်သေးပြီ :)
Thursday, June 04, 2009 | Labels: အမှတ်တရ | 9 Comments