မောင်လင်းရိပ်နဲ့ လဲ့ဝင်းကြည်ချို ... သို့
ဆရာဦးဌေးဝင်း (ကဗျာဆရာ မောင်လင်းရိပ်) နဲ့ သူငယ်ချင်း လဲ့ဝင်းကြည်ချို တို့ ရွှေအမြုတေ စာပေဆုတွေ အသီးသီး ဆွတ်ခူးတယ် ဆိုတဲ့သတင်း ဒီမနက်ခင်းမှာ စောစောစီးစီး မင်္ဂလာ သတင်းအနေနဲ့ ကြားလိုက်ရတော့ အရမ်းကို ဝမ်းသာမိပါတယ်။ ဆရာဦးဌေးဝင်းနဲ့ ဆုံဖြစ်တဲ့အကြောင်းကို စာနယ်သမားဘဝ ကမောက်ကမ ကဏ္ဍမှာ ရေးဖို့ ပြင်တုန်းပဲ ရှိသေးတယ် ခုလို ကြားလိုက်ရတာပါ။
ကျမရဲ့ စာနယ်ဇင်းသမားဘဝ ထဲမှာ ဆရာဦးဌေးဝင်းကလည်း အခန်းကဏ္ဍ တခုကပါပါတယ်။ သူငယ်ချင်း စာရေး ဆရာမ ကြည်မွေ့အိမ်ကို ဒီမနက် ဖုန်းဆက်ကြည့်တော့ “မနေ့ကပဲ ဆရာနဲ့ ဆုပေးပွဲမှာဆုံလို့ တူး အကြောင်း ပြောနေကြသေးတယ်” လို့ပြောပါတယ်။ ကျမကို သူတို့ သတိရနေမယ် ဆိုတာ တပ်အပ်သေချာ သိပါတယ်။ ကျမ မိတ်ဆက်ပေးလို့ပဲ ကြည်မွေ့နဲ့ချိုက ဆရာနဲ့ သိကြတာ ....။
၄၃ လမ်းနဲ့ ကုန်သည်လမ်းထိပ်က လပ်ကီးဝမ်း လက်ဘက်ရည်ဆိုင် လေးကို လွမ်းမိတယ်။ ကျမတို့ ဘာ အစွန်း အထင်းမှ မပါဘဲ စာအကြောင်း၊ ပေအကြောင်း သန့်သန့်လေး ဆွေးနွေးခဲ့ကြ၊ ရင်ခုန်ခဲ့ကြတာ။ အစ်မခက်မာ၊ အစ်မ မေငြိမ်း၊ အစ်မ သန်းမြင့်အောင်အပါအဝင် စာပေ အစ်မတွေနဲ့ အဲဒီမှာ ညီအစ်မရင်းတွေလို ချစ်ခွင့် ရခဲ့တာ။ လက်ဘက်ရည် ကျဆိမ့်ကို တနေ့ ဘယ်နှခွက် မှန်းမသိ သောက်ရင်း စကားတွေ ဖောင်ဖွဲ့ခဲ့ကြတာ။ အဲဒီလပ်ကီးဝမ်း ဟာ အဲဒီ ၂၀၀၃ တုန်းက စာရေးဆရာ ပေါင်းစုံ ဝင်ချည်ထွက်ချည် မပြတ်ခဲ့တဲ့နေရာ။
အဲဒီလို မပြတ်တဲ့ထဲမှာ ကျမကတော့ ဒိုင်ခံပေါ့။ ၄ ထပ်မှာရှိတဲ့ ရုံးခန်းကို ဖုန်းဆက်ခေါ်လိုက်တာနဲ့ ဆင်းတွေ့၊ လက်ဘက်ရည်ဆိုင်မှာ ထိုင်ပွား၊ အလုပ်ကိုက စာရေးဆရာတွေနဲ့ စကားပြောရတဲ့ အလုပ်ဖြစ်လို့ ကျမ သိပ် ပျော်တယ်။ ပြီးတော့ အဲဒီတုန်းက ဝတ္ထုတိုတွေ အများကြီးရေးဖြစ်တယ်။ ကျမ အဲဒီမှာ လုပ်နေတုန်း ဥတ္တရလမင်း က ကျမရဲ့ စက်နဲ့လူဝတ္ထုကို ရွေးခဲ့တာ။ ရွှေအမြုတေမှာ ပါခွင့်ရခဲ့တဲ့ “တံငါနားနီး” ဆိုတဲ့ဝတ္ထုလေးလည်း အဲဒီမှာ ရေးတာ။ ခု ဆုရတဲ့ လဲ့ဝင်းကြည်နဲ့ ကျမကို ကြည်မွေ့က အဲဒီမှာပဲ မိတ်ဆက်ပေးခဲ့တာ။ ပြီးတော့ ကျမရယ်၊ ချိုရယ်၊ ကြည်မွေ့ရယ် အပြစ်ကင်းစင်စွာ ရယ်မော၊ စကားဖောင်ဖွဲ့နိုင်ခဲ့ကြတယ်။
ကြည်မွေ့နဲ့ ကျမ ငြင်းကြပြီဆိုရင်တော့ ချိုက အလယ်က ရယ်ပဲ ရယ်နေတတ်တဲ့သူ။ ကြည်မွေ့က နေရာတကာ လေးလေးနက်နက် ခံစားပြီး စကားကို ချက်ကျကျ ပြောဆိုဝေဖန်တတ်သူ၊ ကျမက ကျမရေးတဲ့ စာတွေလိုပဲ ပေါ့ပေါ့ပါးပါး၊ အရာရာကို ရယ်စရာအဖြစ် မြင်တတ်သူ ဆိုတော့ ကျမတို့ ၂ ယောက် တခါတလေ ငြင်းကြတယ်။ ချိုကတော့ ခပ်ပြုံးပြုံး နားထောင်သမား။ သူ့ရုံးရှိရာ လသာမှာသိပ်မနေဘဲ ကျမနဲ့ ကြည်မွေ့ရှိတဲ့ လမ်း ၄၀ တဝိုက်မှာ သူပျော်တယ်။
ကျမတို့က တယောက်ရေးတဲ့စာတွေ တယောက်ကိုပေးဖတ် ဝေဖန်နေကျ။ ကြည်မွေ့က ကျမ စာတွေကို နောက် တောက်တောက် ရေးရင်တော့ အမြဲ ချီးကျူးတယ် (သူငယ်ချင်းမို့လို့ အပြစ်မမြင်တာ ဖြစ်ပါလိမ့်မယ်) ကျမကလည်း သူ့ရဲ့ လွမ်းဆွတ်ကြေကွဲမှုတွေ ရောယှက်နေတဲ့ ဝတ္ထုတွေကို ကြိုက်ပါတယ်။ သူက ဝတ္ထုရှည် အရေး ကောင်းသူ၊ ကျမက အပျင်းတစ်တာနဲ့ ဝတ္ထုဆို ဘယ်တော့မှ အရှည်မရေးသူ၊ ချိုကလည်း အတိုသမား။ ချို့ဝတ္ထုတွေက ဟော ဟောဒိုင်းဒိုင်း သိပ်ရှင်းတယ်။
အစိုးရ အလုပ်လုပ်နေတဲ့ ကြည်မွေ့နဲ့ချိုက အမြဲတမ်း ကျမဆီ လာတတ်တယ်။ ကျမက လက်ဘက်ရည်ဆိုင် ဆင်းတိုင်း ဆရာဦးဌေးဝင်းကို ဂျီကျပြီး အပါခေါ်နေကျ။ ဆရာက ကျမကို သမီးတယောက်လို ချစ်ခင်တယ်။ ဆုံးမ စရာရှိလည်း အားမနာ။ ဆရာက “သမီး” လို့ခေါ်လိုက်တိုင်း ကွယ်လွန်သူ ပါပါ့ကိုပဲ သတိရမိတယ်။ ဆရာက ပြွန်တံဆာသား ဖြစ်တော့ ဦးမြင့် (ဦးအောင်ပြည့်) အပါအဝင် ကျမပါပါရဲ့ ညီအစ်ကို မောင်နှမတွေကို ရင်းနှီး တယ်။ သံယောဇဉ်လည်း ကြီးတယ်။ ကျမ ဦးလေး၊ အဒေါ်တွေအကြောင်း အမြဲမေး၊ အမြဲပြောတတ်တယ်။
နောက် ဆရာ့ကို ပိုရင်းနှီးမိတာကတော့ ဆရာကိုယ်တိုင် ဂျီတီအိုင်ဆင်း၊ စက်မှုကျောင်းမှာ ဆရာ၊ ဆရာ့ မိန်းမ ကလည်း ဂျီတီအိုင်ဆင်း၊ ဂျီတီအိုင်ကျောင်းတကျောင်းမှာ (အဲဒီ အချိန်တုန်းက) ဆရာမ ဖြစ်နေ လို့လည်း ပါပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကျမအတွက်တော့ ဆိုင်သလိုပဲ။
အဲဒီတုန်းက ဦးမြင့်နဲ့ ဆရာဥာဏ် (ဆရာမင်းလူ) တို့လည်း ကျမဆီ မကြာခဏ ပေါက်၊ ပေါက်လာတတ်တယ်။
သူတို့ကတော့ ကျမကို လက်ဘက်ရည်တိုက်သူများပါ။
တကယ်တော့ သူတို့လာကြတာ ကိုစန်းဦးရဲ့ စာအုပ်ဆိုင်ကြီးဆီကိုလည်းပါတယ်။ ကိုဆန်းဦးက တလတခါ လောက် စာအုပ်ထွက်တဲ့အထိမ်းအမှတ် စာရေးဆရာလက်မှတ်ထိုးပွဲ လုပ်လေ့ရှိတယ်။ အဲဒီအခါ သူတိုက်တဲ့ ကော်ဖီနဲ့ မုန့်ကို ကျမတို့ ဆင်းစားကြ၊ ပြီးရင် အားမရသေးဘဲ လပ်ကီးဝမ်းမှာ သွားထိုင်ကြတာ။ စာရေးဆရာတွေ တပြုံတမကြီးပေါ့၊ တစုတဝေးကြီးပေါ့။ ဦးအောင်ဝေးလည်းပါရဲ့။
အဲဒီကာလတွေက ပျော်ရွှင်မှုမျိုး ပြန်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ကိုစန်းဦးရဲ့ “စိတ်ကူးချိုချို” စာအုပ်ဆိုင်ကြီးကို ကျမ သိပ်သဘောကျတယ်။ နောက်မှာ ပန်းချီပြခန်းသေးသေးလေးနဲ့။ စာအုပ်တွေကစုံ၊ သိပ်ကို ခန်းနားတော့ ကျမက သက်တမ်းရှည်စေချင်မိတယ်။ နောက်တော့ အဲဒီနေရာကို လပ်ကီးဝမ်း လက်ဘက်ရည် ဆိုင်က ယူလိုက်ပါပြီ။ အခုတော့ မပြောတတ်ဘူး။ ကျမ ထွက်လာတဲ့ ၂၀၀၇ ဒီဇင်ဘာအထိ ကတော့ အဲဒီမှာ လပ်ကီးဝမ်း လက်ဘက်ရည်ဆိုင်ရှိတယ်။
ကျမ ရေးချင်တာက ကျမရဲ့စာနယ်ဇင်းသမား ဘဝကဏ္ဍ အတွက်မဟုတ်ပါဘူး။ ကျမနဲ့ ရင်းနှီးချစ်ခင်ခဲ့ရတဲ့ စာရေးဆရာ၊ ဆရာမတွေကိုလွမ်းဆွတ်တာရယ်၊ ကျမနဲ့ ရင်းနှီးတဲ့ သူနှစ်ယောက် ရွှေအမြုတေ စာပေဆု ရတာကို ဝမ်းသာပီတီဖြစ်တာရယ်ကြောင့် ဒီစာကို ရေးဖြစ်တာပါ။
ဆရာဦးဌေးဝင်းကို ကျမက ကဗျာကော စကားပြေပါ ကြိုက်တယ်။ အထူးသဖြင့်တော့ ဆရာ့ အက်ဆေးလေးတွေ သိပ်ချစ်စရာကောင်းတယ်။ ချိုကတော့ သူနဲ့ မရင်းနှီးခင်ကတည်းက ကျမ သူ့ပရိသတ်ဖြစ်ခဲ့တာ ဆိုတော့ အထူး ပြောစရာမရှိပါဘူး။ ဝတ္ထုတိုရေးရာမှာ သူက ကျမ ဆရာမပါ။
ကျမတို့ရွယ်တူမတိမ်းမယိမ်း စာရေးဆရာမတွေနဲ့လည်း အဲဒီကာလက ရင်းနှီးခွင့်ရ၊ ပြီးတော့ တတွဲတွဲ ဖြစ်ခဲ့ကြ ပါတယ်။ မသင်းသင်းသာ၊ သွန်းနှင်းအိမ်၊ ကြည်မွေ့၊ ချို၊ သွေး (စစ်ကိုင်း)၊ မစုမီအောင် ... တို့ပေါ့။ မသင်းသင်း သာနဲ့ သွန်းနှင်းက အဲဒီတုန်းက မဟေသီမှာ။ ဆရာမြင့် (ဦးခင်မောင်မြင့်) လည်း အဲဒီတုန်းက မဟေသီ အယ်ဒီတာချုပ် ... မဟေသီတိုက်က ကျမအတွက် ပျော်စရာကောင်းတဲ့ နေရာလေးတခုပါ။ ဆရာမြင့်ကလည်း သိပ်ခင်ဖို့ကောင်းတယ်။ အမြဲတမ်း ပြုံးနေတတ်တဲ့ ဆရာမြင့်နဲ့ အချိန်တိုလေးပဲ သိခွင့်ရလိုက်တယ်။ ဆရာက လောကကြီးထဲက စောစောစီးစီးထွက်ခွာသွားတယ်။ သူနဲ့အတူ အောင်မြင့်မှုသရဖူ ဆောင်းထားတဲ့ မဟေသီ ကိုပါ ယူသွားခဲ့တယ်။ မဟေသီ က မဟေသီ အဖြစ် ကျန်ခဲ့ပေမယ့် အောင်မြင်တဲ့ မဟေသီတော့ မဟုတ်ရှာ တော့ဘူး။ မသင်းသင်းသာနဲ့ သွန်းနှင်းတို့လည်း တနေရာစီ ရောက်နေကြပြီ။
ဘာပဲဖြစ်ဖြစ် လက်ဘက်ရည်ဆိုင် တဆိုင်ပြီး တဆိုင် ပြောင်းထိုင်ခဲ့တဲ့ ... အဲဒီဘဝလေးတွေကို ကျမ လွမ်းတယ်။ အဲဒီတုန်းက မြန်မာပြည်မှာ ပထမဆုံး မြေစမ်း ခရမ်းပျိုးတဲ့ အီးဘုခ်လုပ်ငန်းမှာ ကျမ အယ်ဒီတာအဖြစ် အလုပ်ဝင် နေတဲ့ အချိန်ပေါ့ ...။ အဲဒီ အီးဘုခ်ဟာ ကျမရဲ့ စာနယ်ဇင်းသမားဘဝမှာ အရေးကြီးတဲ့ ကဏ္ဍ တခု၊ တကယ့် ကမောက်ကမ တခု ဖြစ်ခဲ့လို့ စာနယ်ဇင်း သမားဘဝ ကမောက်ကမ ကဏ္ဍမှာ သီးသန့်ရေးပါမယ်။ အခုကတော့ ဆရာနဲ့ ချိုတို့ ဆုရတဲ့ဓာတ်ပုံတွေကို ကြည့်ရင်း သူတို့နဲ့ စတွေ့ခဲ့တဲ့ အချိန်လေးကို သတိရတာနဲ့ အမှတ်တရ အဖြစ် ရေးလိုက်ရပါတယ်။ ဆရာနဲ့ ချို ... ဒီထက်၊ ဒီထက် ပိုလို့ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
ချို့ကို ဒီနေ့ အိပ်မက်စိမ်းမှာ ဂုဏ်ပြုကြမယ်လို့ ကြည့်မွေ့ကပြောတယ်။ အဲဒီမှာ ကျမ ရှိနေချင်လိုက်တာ။ ။

Monday, May 31, 2010 | Labels: အမှတ်တရ | 0 Comments
ထက်ထက်မိုးဦး မှန်တယ်
ခေါင်းစဉ်တွေ့တာနဲ့ တူးတူးသာကို ဝိုင်းဆဲဖို့ပဲဖြစ်ဖြစ် ... စာနယ်ဇင်းသမား အချင်းချင်းတွေက တူးတူးသာကို ခေါင်းမဖော်နိုင်အောင် တီးမယ် ဆိုပြီးပဲဖြစ်ဖြစ် ရောက်လာကြတော့မယ် ... ။ ပရင့် ဂျာနယ်ဆိုရင်တော့ စောင်ရေတက်ပြီပေါ့။ ဘလော့ ဆိုတော့ ဖတ်သူတိုးပြီပေါ့။ ဖွတာ ဖွတာ။ တူးတူးသာတို့ ဖွလိုက်တာပါ။ အဟဲ။
တကယ်ပြောတာပါ။ ထက်ထက်မိုးဦး တယောက်တည်းအတွက်၊ သူ့အတွက် ... သူ့ဘက်ကကြည့်ရင် မှန်လိုက်တာမှ နဖူးမှာ ဘုထွက်အောင်ပဲ ဆိုတာလို ပြောရမယ်ထင်တယ်။ ကျမ ဒီစကားတွေကို ဒီတိုင်း ရမ်းပြောတာ မဟုတ်ပါဘူး စီပုံးက ဂတ်စ်က ဆရာမကြီးဒီဇိုင်းတွေ ပြင်ကြပေါ့ ဆိုတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျမ ဖြတ်သမ်းလာတဲ့ ပေါ့ပ်ဂျာနယ်လစ်၊ သတင်းဂျာနယ်လစ် ၂ လစ်ပေါင်း ၈ နှစ်ကျော် ၉ နှစ်နီးပါးပေါ်မှာ အခြေခံပြီးပြောတယ်လို့ မှတ် ပေးပါ (ဒါကလည်း ပြောချင်လွန်းလို့တော့ မဟုတ်ဘူး။ ပြောဖို့ လိုလာလို့ ထည့်ပြောတာပါ) မှားတာရှိ၊ ထိခိုက်မိတာရှိ ကြိုပြီးတောင်းပန်ပါတယ်။
မြန်မာပြည်စာနယ်ဇင်း လောကက တကယ်ကို ဝင်္ကပါ အလား ရှုပ်ထွေးလှပါတယ်။ အဲသဟာကို သေချာ မသိဘဲ ဟိုလူမှန်တယ် ဒီလူမှန်တယ်။ ဘာညာသာရကာ ဝေဖန်ကြတာကလည်း ဝေဖန်စရာနေရာ ရှိလို့ရယ်၊ အချိန် အားနေကြလို့ရယ် ဆိုတော့ကာ ပြောစရာမရှိပါဘူး။ ဒီတော့ ခေါင်းစဉ်ကို ပြန်ဆက်ရရင် ထက်ထက်မိုးဦး မှန်တယ် လို့ပဲ ကျမက ရဲရဲကြီး ပြောပါမယ်။ ဘာကြောင့်လဲ .... ရုပ်ရှင်မှာ ဆိုရင်တော့ ဒန်တန့်ဒန် ... ဆိုပြီး အခန်း ကူးပြီပေါ့လေ။
၁။ ထက်ထက်မိုးဦးဆိုတာ နာမည်ကျနေပြီ ...
ဒီကိစ္စကို ကျမရဲ့ အတွေ့အကြုံအရ သွေးရိုးသားရိုးလို့ မထင်ပါဘူး။ ထက်ထက်မိုးဦး နာမည်ပြန်ကြီးအောင် တမင် ခွင်ဆင်တာလို့ ထင်ပါတယ် (ထက်ထက်မိုးဦး ပရိသတ်တွေ ကျမကို ပြောချင်ရာ ပြောနိုင်ပါတယ်) ကျမလည်း ထက်ထက်မိုးဦးကို ကြိုက်ခဲ့ပါတယ်။ ဇီးထုပ်ကြော်ငြာကနေ စပြီး ရွှေဆိုင်ကြော်ငြာအထိ သူ့ကို ကြိုက်ပါတယ်။ သူ့ကြော်ငြာကို မလွတ်တမ်းအားပေးပါတယ်။ ဒါပေမယ့် ခုကိစ္စကတော့ သူနာမည် ပြန်ကြီးအောင် တမင်ခွင်ဆင်တာလို့ ထပ်ပြောပါမယ်။ ပါဝင်ပတ်သက်နိုင်သူတွေကတော့ ပေါ့ပ် ဂျာနယ်လစ် ဂျိုင်းယန့်ကြီးတွေ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ သိလား။ ဒီကိစ္စကို အဲဒီ ဂျိုင်းယန့်ကြီးတွေ နှာစေးနေပါတယ်။ မသိသေးတဲ့ သူတွေကို ပြောပြရ ပါဦးမယ်။
မြန်မာပြည် ပေါ့ပ် ဂျာနယ် တခေတ်ဆန်းစဉ်က အခြေအနေကို မှတ်မိကြမလားမပြောတတ်ဘူး။ ၁၉၉၀ ကျော်ကာလတွေကနေ ၁၀ စုနှစ် တခုလောက်ထိ မြန်မာပြည်မှာ ပေါ့ပ်ဂျာနယ်စောင်ရေဟာ အားကစား ဂျာနယ်နဲ့ တန်းတူ၊ တခါတလေ သာပါတယ်။ အဲဒီတုန်းက ထိပ်ဆုံးမှာပြေးနေတာက မြတ်ခိုင်၊ ဇေယျာမြတ်ခိုင်၊ မောင်နွယ်အောင် ဒဂုံဆောင်တို့ ဖွချင်တိုင်း ဖွကြတဲ့ “အချစ်” ဂျာနယ်နဲ့ အလင်းတန်း၊ ပေါ်ပြူလာတို့ပါ။
အဲဒီထဲမှာ အချစ်ကတော့ ထိပ်ပေါ့။ ဘာကြောင့်ထိပ်လဲဆိုတော့ “ကြာသပတေးနာမ် မင်းသမီးလေးနဲ့ ရာဟုနာမ် အဆိုတော်လေးတို့ ဘာညာသာရကာ” ဆိုတာမျိုး ဂေါ့ဆစ်ကို သူတို့ဂျာနယ်မှာပဲ တွေ့ရပါတယ်။ နောက်တော့ အချစ်တယ်လီဖုန်းပေါ့ ...“ခင်ဗျာ .. အဲဒီကိစ္စကတော့ အဲဒီမင်းသမီးလေးကိုပဲ တိုက်ရိုက် မေးကြည့်ပါ။ ဟုတ်ကဲ့ ... သူ ဘယ်ဟိုတယ်မှာ ဘယ် မင်းသားနဲ့ သွားအိပ်တယ်ဆိုတာကတော့ ... ဟုတ်ကဲ့ ... အဲလိုကြီးတော့ မပြောနဲ့ပေါ့ ဗျာ” အစ ရှိသဖြင့်ပေါ့။ အရမ်း၊ အရမ်းကို ပေါက်ပါတယ်။ အဲဒီတော့ မင်းသား၊ မင်းသမီး၊ အဆိုတော်နဲ့ အနုပညာ နယ်ကလို့ခေါ်ရမယ့် စီလီဘရစ်တီတွေကလည်း အဲဒီ ပေါ့ပ် ဂျာနယ်လစ်ကြီးတွေကို အရမ်းကြောက်ပါတယ်။ ဖွ မှာကိုး ... သူတို့ နာမည်တက်အောင် လုပ်ပေးနိုင်သလို၊ သူတို့ နာမည် ဦးစိုက် ထိုးဆင်းသွားအောင်လည်း လုပ်ပေး နိုင်တဲ့ ပဉ္စလက် အောက်လမ်း (အောက်လမ်းလို့ပဲ သုံးပါမယ်) ပညာရှင်တွေကိုး။
အဲဒီ မင်းသား မင်းသမီးတွေက အဲဒီ ဂျာနယ်လစ်ကြီးတွေကို တချို့ကို ချစ်ကြောက၊် မရိုသေ၊ တချို့ကို ကြောက၊် ကြောက် ရိုသေချင်ယောင်ဆောင်၊ တချို့ကို မချစ၊် ကြောက် ရွံ ဆိုတဲ့ ပုံစံမျိုးတွေ တကယ်ကို ရှိခဲ့ပြီး အခုထိ လည်း အကြွင်းအကျန် ရှိနေဆဲပါ ဆိုရင် စာဖတ်သူတို့ ယုံချင်ယုံ မယုံချင် ပုံပြင်သာ မှတ်ပါလေတော့
နောက်တော့ စာနယ်ဇင်းတခေတ်ပြောင်းလို့ သတင်းဂျာနယ် ခေတ်ကို မြေစမ်းခရမ်းပျိုး လာပါတယ်။ ၂၀၀၀ ပြည့်နှစ်လွန် ကာလတွေမှာပေါ့။ အဲဒီနောက်ပိုင်းကစလို့ လူတွေက သတင်းကို တကယ်ငတ်လာပါတယ်။ ပေါ့ပ် ဂေါ့ဆစ်တွေထက် တကယ့်သတင်းတွေ ဖတ်ချင်လာကြတယ်။ သတင်းတွေကိုလည်း သတင်းဂျာနယ်တွေက စာပေစိစစ်ရေး ရှိနေတဲ့ ကြားက၊ ဌာနဆိုင်ရာတွေမှာ သတင်းယူရတာ ခက်တဲ့ကြားက ဆိုင်ရာပိုင်ရာတွေနဲ့ ပေါင်းလို့ပဲဖြစ်ဖြစ် ပြည်သူတွေဆီ ပေးပို့လာနိုင်ပါတယ်။ အဲဒီအချိန်မှာ ခုဏပြောတဲ့ ပေါ့ပ်ဂျာနယ်တွေ ကျဆင်း လာပါတယ်။(အခုကိစ္စကြောင့် အဲဒီ ပေါ့ပ်ဂျာနယ် မဂ္ဂဇင်းတွေ စောင်ရေ ပြန်တက်ဦးမယ်။ မယုံကြည့် ထက်ထက်က သူတို့ကို အင်တာဗျူးပေးဦးမှာပါ) ပေါ့ပ်တွေကို ဂေါ့ဆစ်တွေထက် တကယ် မှန်တဲ့သတင်းတွေ ပေးပို့နိုင်ဖို့ သတင်းဂျာနယ်တွေ ကလည်း ပေါ့ပ်လိုင်းတွေ ထည့်လာပါတယ်။ အချစ်၊ အလင်းတန်း၊ ပေါ်ပြူလာ စတဲ့ အရင်က တောက်ပခဲ့တဲ့ ဂျာနယ်တွေရဲ့ စောင်ရေတွေဟာ ဈေးကွက်မှာ သတင်းဂျာနယ်တွေနဲ့ ရှယ်ပြီး ခွဲယူရသလိုဖြစ်လာတယ်။ အရင်ထက် စောင်ရေကျလာတယ် ဆိုပါတော့။ ဒါပေမယ့် ပေါ့ပ် ဂျာနယ်လစ် ဂျိုင်းယန့်ကြီးတွေက စီလီဘရစ်တီ လို့ခေါ်တဲ့ အနုပညာသမားတွေကို စီး ထားဆဲပါပဲ၊ အုပ်ထားဆဲပါပဲ၊ စေလိုရာ စေနိုင်ဆဲပါပဲ။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဆိုတာ တခြားဂျာနယ်လစ်တွေ မပါပါဘူး။ ပေါ့ပ်ဂျာနယ်လစ်တွေနဲ့ စီလီ ဘရစ်တီတွေကို ပြောတာပါ။
မယုံမရှိနဲ့ ထက်ထက်မိုးဦးအပါအဝင် အနုပညာသမား အားလုံး နီးပါးဟာ ဦးမြတ်ခိုင်ဟေ့ ... မီးသေ၊ ဦးဝင်းငြိမ်း ဟေ့ မီးသေ ... ပါ။ အခု ဖြစ်တဲ့ ဆဲဗင်းဒေးသတင်းထောက်နဲ့ ထက်ထက်ကိစ္စကြောင့် ရန်ကုန် အခြေစိုက် သတင်း ထောက် အတော်များများက ထက်ထက်သတင်း မရေးရေး ကမ်ပိန်းလုပ်ကြတယ် ကြားပါတယ်။ အဲဒီထဲမှာ ပေါ့ပ် ဂျာနယ် သတင်းသမားတွေ ပါသလား မေးကြည့်လိုက်ပါ။ အကုန် နှာစေးနေတာပါ။ ဒီလို ဖြစ်တဲ့အတွက် သူတို့က ကျိတ်ဝမ်းသာနေတာပါ။ ကျမ သတင်းထောက်ဘက်က လိုက်မပြောပါဘူး။ ထက်ထက် မိုးဦးကိုလည်း သူ့ အနုပညာပြနိုင်သေးရင် ဝမ်းမြောက်ဝမ်းသာ အားပေးဦးမှာပါ။ သို့သော် အခုကိစ္စကတော့ အောက်လမ်းနည်းပါ။
သတင်းထောက်အေးသူစံက ထောင်ချောက်ထဲကို တန်းကနဲ ဝင်မိတာပါ။ မယုံမရှိပါနဲ့ ထက်ထက်မိုးဦးကို ခုဏ ကျမပြောထားတဲ့ ပေါ့ပ် ဂျိုင်းယန့်ကြီး တယောက်ယောက်ကဖြစ်စေ၊ သူတို့စေလွှတ်တဲ့ သတင်းထောက်များက ဖြစ်စေ အေးသူစံ မေးတဲ့ မေးခွန်းအတိုင်းပဲ မေးကြည့် အခုလို လုံး ............... ဝ မဖြစ်ဘူးဆိုတာ ကျမ အတွေ့ အကြုံအရ ယုံကြည်ပါတယ်။ အဲဒီထောင်ချောက်က အေးသူစံကို ထောင်တဲ့ ထောင်ချောက် ဟုတ်ချင်မှ ဟုတ်ပါ လိမ့်မယ်။ ဒီနေရာမှာတော့ (မြန်မာပြည်က) စီလီဘရစ်တီတွေကို ဆက်ဆံမယ့် သတင်းသမားတွေ သတိ ထားစရာ ပါလာပါပြီ။ ဒီကိစ္စကို အရင်းပြုပြီး သင်္ခန်းစာ ယူရမှာပါ။
၂။ ထက်ထက်မိုးဦးက ဆံပင်ဆွဲ ပါးရိုက် လည်ပင်းညှစ်တော့ ဘာဖြစ်လဲ။
တခွန်းထဲ ပြောရရင် သူ နာမည် ကြီးတာပေါ့။ မင်းသမီးလေးဆိုရင် သနားချင်ချင် ဖြစ်နေသူတွေ ဆီက သနား တာတောင် ခံရဦးမယ်။ သိပ်ကို လှပတဲ့ နာမည်ကြီးနည်း ပါပဲ။ နာမည်ကြီးချင်ရင် ပါးရိုက်သင် ဆိုပြီးတောင် စာအုပ်ရေးလို့ရပါတယ်။ သူများ ကိုလည်း ပါးရိုက်ရသေး၊ နာမည်လည်းကြီးသေး ... မယုံမရှိပါနဲ့။ မြန်မာပြည်က စီလီဘရစ်တီတွေအတွက် ပါးရိုက်တတ်ရင် နာမည်ကြီးနိုင်ပါတယ်။ ဘာမဆို ဖြစ်နိုင်တဲ့ နိုင်ငံကြီး မဟုတ်လား။
၃။ သူ့စားရိတ်နဲ့သူ တရား ရင်ဆိုင်ရမှာပေါ့
သိပ်ဟုတ်တာပဲ။ တရားရင်ဆိုင်ရမှာပါ။ မြန်မာပြည်က တရားစီရင်ရေးက ............... အင်း ရေများရေနိုင် .... လို့ မပြောချင်ပါဘူး။ အရမ်းအရမ်းကို ချိန်ခွင်လျှာ ညီမျှတယ် ဆိုတာ ကျမက ပြောနေရဦးမှာလား။
၎။ စာပေစိစစ်ရေးကကော
တဆိတ်ရှိ ဂျာနယ်ပိတ်ဖို့ပဲ တတ်တာမဟုတ်ဘူးလား။ စာပေသမားနဲ့ အနုညာရှင် ဘယ်ဘက်ကရပ်ပါသလဲ။ ဘက်မလိုက်ရှာပါဘူး။ သူကလည်း များများ ပေးကျွေးနိုင်သူဘက်က ရပ်ရှာတာပါ။ ထောက်လှမ်းရေး ခေတ်က လည်း ထောက်ခေတ်မို့လို့ ... ခု ခေတ်လည်း ခုခေတ်မို့လို့ ... အနုပညာရှင်ဘက်ကပဲ ရပ်တာလို့ မပြောချင်ဘူး ... ဘာလို့လဲ ဆိုတော့ အနုပညာရှင်ဘက်က ရပ်တာ မဟုတ်ဘူးလေ။ သူတို့ကြောက်တဲ့သူကို အပိုင်ကပ်ထား နိုင်တဲ့သူ ဘက်ကရပ်တာပါ။
ဒီတော့ ချုပ်ရရင် ကျမက ထက်ထက်မိုးဦး မှန်တယ်၊ သူ နာမည်ကြီးဖို့ လုပ်တာလို့ပဲ ပြောချင်ပါတယ်။ ထောင်ချောက်ထဲကို ဘုမသိ ဘမသိ ဝင်လိုက်တဲ့ အေးသူစံကို ကျမ အပြစ်တင်ချင်တယ်။ စာနယ်ဇင်းသမားနဲ့ အနုပညာရှင် ပြဿနာက ခုမှ တက်တာ မဟုတ်ပါဘူး။ ကျမ ကိုယ်တိုင် စာနဲ့ပေနဲ့ ပါဝင်ပတ်သက်ရတာ ဆိုရင် ဒါနဲ့ပါဆို ၂ ခါပါ။
အဆိုတော် လေးဖြူနဲ့ .... ဒီမှာ ကျမ ရေးခဲ့ပါတယ်။ အဲဒီတုန်းက ကျမ မှန်တဲ့သူဘက်က မရပ်ဘဲ မနေနိုင် ခဲ့တာကို တွေ့မှာပါ။
ထက်ထက်မိုးဦးနဲ့လည်း အင်တာဗျူးခဲ့ဖူးပါတယ်။ အဲဒီအကြောင်း ဒီမှာ ရေးထားပါတယ်။ သူဘယ်လို အဖြေ မတော်ဘူး ဆိုတာ သိရင် လူတွေ အမြင်ကတ်မှာစိုးလို့ နာမည်တောင် ထည့်မရေးထားဘူး။
အချုပ်ပြောရရင်တော့ (ဆရာကြီးလုပ်တယ် ထင်လည်းခံရမှာပါ) သတင်းသမားတွေကို အနုပညာသမားတွေရဲ့ ထောင်ချောက်ထဲ မဝင်စေချင်ဘူး။ သူတို့ကို အင်တာဗျူးပါ၊ သူတို့သတင်းတွေ ရေးပါ။ ဒါပေမယ့် ကိုယ့်ဘက်က အမှားမခံပါနဲ့။ ထက်ထက်မိုးဦး စိတ်ထိခိုက်ရတယ် ဆိုတဲ့ မေးခွန်းမျိုးကိုပဲ သူ ... ဖြေချင်လာအောင် ... ရင်ဖွင့်ချင် လာအောင် ... မေးတတ်စေချင်ပါတယ်။ မေးတတ်ရင် ထက်ထက်မိုးဦးအကြောင်း စာအုပ်တောင် ထုတ်လို့ ရနိုင် ပါတယ်။ ဒါပေမယ့် တခု သတိချပ်စေချင်တာကတော့ မြန်မာပြည်က အနုပညာရှင် အတော်များများ (အကုန်လုံးကို ရမ်းမပြောပါ) ဆီက သိပ် မမျှော်လင့် ပါနဲ့ ................... လို့။
လူအချင်းချင်း ပါးရိုက်ခြင်း ကင်းဝေးကြပါစေ။

Friday, May 28, 2010 | Labels: ဖြတ်သန်းမှုစာစု | 2 Comments
ကြွေပြန်ပေါ့ ကြယ်တပွင့်
ကျမ၏ ဘလော့ပရိသတ် လက်တဆုပ်စာလေး အတွက် နာရေး ပို့စ် ၂ ခုကို ဆက်တိုက်ရေးရမည်ဟု ထင်မထား ခဲ့ ...။ ခုတော့ တပတ်ပဲခြားကာ ရင်းနှီးသူ ၂ ဦး၏ နာရေးကို ရေးနေရသည်။
ကျမတို့က သူ့ကို ဦးဗလ ဟု ခေါ်ကြသည်။ အမှန်တော့ ကျမက သူ့ထက် သူ၏ညီ ဆရာဥာဏ် (မင်းလူ) နှင့် ပို ရင်းနှီးသည်။ ကျမက ဆရာဥာဏ်နှင့် ပိုရင်းနှီးပြီး ကျန်သည့် ကျမတို့ ဝမ်းကွဲ မောင်၊ ညီမ၊ အစ်မများက ဦးဗလနှင့် ပိုရင်းကြသည်။
ကျမက သူနှင့် ရင်းသည့် ဆရာပြည့်ခေါ် ဦးအောင်ပြည့်၏ တူမ ဖြစ်သော်လည်း၊ သူ ခင်မင်သည့် ကိုကြီး နောင် ခေါ် ကာတွန်းအနောင်၏ သမီး ဖြစ်သော်လည်း၊ သူ့အစ်ကို မောင်ဝဏ္ဏခေါ် မောင်စိန်သောင်း၏ ချစ်ဇနီး ဒေါ်ချိုရည်၏ တူမ ဖြစ်သော်လည်း သူ့ကို ကျမက တခြားသော ဝမ်းကွဲ မောင်နှမများ ကဲ့သို့ ဦးလေးတယောက်လို မရင်းနှီးခဲ့။ သူ့ကို ဦးလေးသားချင်းလိုထက် စာရေးဆရာ တယောက်၊ အနုပညာသမား တယောက်အဖြစ် ပို အမှတ်ထားသည်။
သူက ကျမကို သိပင် သိလိမ့်မည် မဟုတ်ဟူ၍ ထင်မှတ်ပြီး သာဓုခြံသို့ သွားတိုင်း ဆရာဥာဏ်နှင့်သာ လက်ဘက်ရည် အတူသောက်၊ ထွေရာလေးပါး စကားစမြီပြောပြီး ပြန်လာဖြစ်သည်။ ဦးဗလနှင့် မတွေ့ဖြစ်။ နောက်တခု သူက ဆရာဥာဏ်လို စာရေးဆရာ သက်သက်မဟုတ်ဘဲ ရုပ်ရှင်မင်းသား၊ အဆိုတော် ဆိုသည့် ဂုဏ်ပုဒ်ဖြင့် ကာထားသလို ဖြစ်နေသောကြောင့်လည်း သူ့ကို သိပ်မရင်းတာဖြစ်မည်။
ကျမတို့ ဆွေမျိုးများ၏ နာရေး၊ သာရေးကိစ္စများသို့ သူ လာလေ့ရှိသော်လည်း ကျမနှင့် ဆုံသော်လည်း သူ့ကို ထူးထူး ထွေထွေ နှုတ်မဆက်ဖြစ်။ ငါ့လို ပါမွှားကို သူက သတိထားမိမှာ မဟုတ်ပါဘူးလေ၊ ငါက နှုတ်မဆက်လည်း သူ ဘာမှမဖြစ်ပါဘူး ဟူသည့် အထင်နှင့်သာ မသိလိုက်ဘာသာ နေဖြစ်သည်။ နောက်တခု သူက လူကြီး ကျမက ကလေး ဖြစ်တာလည်းပါမည်။
ကျမအထင် နည်းနည်းလွဲပါသည်။ သူက ကျမကို သိသည်။ သိတာက သူရင်းသည့် ဆရာပြည့်တူမ၊ ကိုကြီးနောင် သမီး အဖြစ် မဟုတ်ဘဲ စာပေနယ်က စာရေးသူတယောက်၊ စာနယ်ဇင်းသမား တယောက်အဖြစ် သိနေသည်။ ကျမ နည်းနည်းလည်း အံ့သြမိသည်။ ကျမတို့ စကား မပြောဖြစ်ကြသော်လည်း ... သိပ်မတွေ့ဖြစ် ကြသော်လည်း သူ ကျမကို မှတ်မှတ်ထင်ထင်ရှိကြောင်း ဂျာနယ်တစောင် ဖွင့်ပွဲတခုတွင် ဆုံကြတော့ သိလိုက်ရသည်။
အဲဒီအချိန်က အခုလို ခြစ်ခြစ်တောက်ပူပြင်းသည့် ရာသီ ... ၂၀၀၅ ခုနှစ်၏ တခုသော နွေလယ်ပဲဖြစ်သည်။ ကျမ ဦးလေး ဦးအောင်ပြည့် (ဦးမြင့်) အသည်းအသန် ဝေဒနာ ခံစားနေရချိန်လည်း ဖြစ်သည်။
ကျမက ဂျာနယ်ဖွင့်ပွဲသို့ တိုက်ကလွှတ်သောကြောင့်သွားရသည်။ အဲဒီဂျာနယ်၏ အယ်ဒီတာဖြစ်သူ ကလည်း ကျမနှင့် ရင်းနှီးသည့် ကဗျာဆရာတယောက် ဖြစ်တာပါသည်။ လူလည်း သိပ်ဖိတ်မထား၊ ဂျာနယ်က သိပ် ထည်ထည် ဝါဝါလည်း မဟုတ်၊ သို့သော် ထို ဂျာနယ်ဖွင့်ပွဲတွင် ဦးဗလ ခေါ် ထို သုမောင်နှင့် ဆုံသည်။ ဂျာနယ်တိုက် တည်ရာက သင်္ဃန်းကျွန်း မြို့နယ်ထဲမှာဆိုတော့ တမြို့နယ်တည်းသားချင်းများ အနေနှင့် အားပေး သည့်သဘောနှင့် ရောက်နေတာလည်း ဖြစ်နိုင်သည်။ ကျမက နောက်နား ခပ်ကျကျမှာ ထိုင်ဖြစ်သည်။ သူက ဂျာနယ်ဖွင့်ပွဲတွင် အထူးအားပေးစကား ပြောကြားသည်။ ကျမက နားထောင်သူ။ ပွဲပြီးတော့ လက်ဘက်ရည်၊ မုန့် တည်ခင်းဧည့်ခံသည်။ ကျမက ထုံးစံအတိုင်း မသိလိုက်ဘာသာ နေပြီး မုန့်စားနေသည်။ အဲဒီမှာ သူက ကျမကို လာနှုတ်ဆက်သည်။
“တူးတူးသာ ... သမီး ... နေကောင်းလား။ သမီးစာတွေ တွေ့တယ်၊ ကောင်းတယ်၊ ဆက်ရေးလေ။ ဖတ်စရာ ဂျာနယ်က စာလေးတွေ ကောင်းတယ်” ဆိုသည့် သူ့စကားကို ကြားတော့ ကျမ တော်တော်လေး အံ့သြ သွားသည်။
ကျမလိုပါမွှား၏ စာလေး မဖြစ်ညစ်ကျယ်ကို သူသိသည်တဲ့။ နောက်တော့ သူကပဲ စကားတွေ ဆက်ပြောသည်။ သူ့ကားနှင့် အသင်းတိုက်ထိ လိုက်ခဲ့ဖို့ ခေါ်သည်။ ကျမကလည်း ဒေါ်ချိုရည့်အိမ်တွင် ရောက်နေသော ဦးမြင့်ကို ဝင်ကြည့်ရင်း ဂျာနယ်များ ပေးရန်ရှိသောကြောင့် လိုက်သွားဖြစ်သည်။ ကားပေါ်တွင်လည်း သူ စကားများ ပြောသည်။ ကျမက ဦးမြင့်ဆီ လိုက်ခဲ့ဖို့ခေါ်တော့ “နောက်မှပဲ သွားကြည့်တော့မယ်” ဟု ပြောသည်။ သူမလိုက်။ သူနှင့် အဲဒီကစပြီး ကျမနှင့် ရင်းနှီးသွားသည်။ အဲဒီနောက်ပိုင်းမှာ သူ့ကို ဦးလေးသားချင်းလို ပို ခင်မင်မိ သွားသည်။ ကျမကို သူကလည်း ကလေး တယောက်လို ဆက်ဆံသည်ကိုး။
နောက်မှ ဦးမြင့်ပြောလို့ သိရသည်က ဦးဗလက အရက်ကို ဖြတ်လိုက် ပြန်သောက်လိုက် လုပ်နေသောကြောင့် သူ့ထံ မလာဖို့ စိတ်ဆိုးဆိုးနှင့် အော်ထားသည်တဲ့။
ကျမ စိတ်မကောင်း ...။ သူက ဦးမြင့်ကို တော်တော်လေး ခင်သည်။ ပြောမနာဆိုမနာဖြစ်သောကြောင့် ဦးမြင့် ကလည်း သူ့ဆို အော်စရာရှိအော်၊ ဆူစရာရှိဆူသည်။ ဦးမြင့် ဆူထားသည့်အချိန်ဆို သူက တကယ့် ကလေး တယောက်လို ... မျက်နှာငယ်လေးနှင့်။
ဦးမြင့် ကွယ်လွန်တော့ ရေဝေးမှာ သူနှင့်ဆုံသည်။ သူ ငိုနေသောကြောင့် ကျမ စကား သွားမပြောဖြစ်။ ကျမ လည်း ငိုနေရသည်ကိုး ...။ အဲဒီနောက်တော့ ကျမနှင့်သူ အတွေ့ကျဲပါးသွားသည်။ သူ့သတင်းတွေတော့ မပြတ် ကြားနေရသည်။ အဓိက ကြားရတာကတော့ သူ သောက်နေဆဲ ဆိုတာပင်။
ကျမ ပြည်ပရောက်သွားတော့လည်း သူတို့သတင်း အမြဲ မေးမိသည်။ အထူးသဖြင့် ကျမအဒေါ် ဒေါ်ချိုရည်နှင့် ဖုန်းပြောဖြစ်တိုင်း “ဦးဗလကြီးတယောက် ဘယ်လိုလဲ” မေးဖြစ်သည်။ ထိုအခါ အဒေါ်က “အရင်အတိုင်းပဲ ပေါ့ဟယ်။ သောက်တာပါပဲ” ဟုသာ ပြန်ဖြေမြဲ။ စိတ်မကောင်းသော်လည်း ဘာမှမတတ်နိုင်။ လူကြီးများ ကို ဘယ်ကလေးက ပြောလို့ ရဖူးလို့လဲ။ ကျမ၏ တဦးတည်း ကျန်ခဲ့သော ဦးလေး အငယ်လည်း ဖုန်းတခါဆက်လျင် သောက်တုန်း၊ နောက်တခါဆက်တော့ ဖြတ်ထားသည်၊ နောက်တခါ ဆက်ပြန်တော့ မူးသံနှင့် ... ဆိုတော့ ကျမအတွက် မထူးဆန်းလှ။
တလောက ဦးဗလ၏ တူနှင့် တူမတော်တို့ ကျမထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ဆွေမျိုး၊ မိသားစု များအကြောင်း ပြောဖြစ်သည်။ ထူးထူးခြားခြား သီးသန့်ဆိုသလို ဦးဗလအကြောင်း ကျမတို့ ပြောဖြစ်ကြသည်။ သူတို့ စကားများထဲမှ ကောက်ချက်ဆွဲရလျှင် ဦးဗလတယောက် စိတ်လည်းကျနေသည်ဟု တွက်မိသည်။ အသက်ကြောင့်လား၊ အရက်ကြောင့်ပဲ ဖြစ်ဖို့များမည်။ ဘာကြောင့်ဆို အသက်အရွယ်ကြောင့် သူ့ အနုပညာများ ကျမှ မကျသွားသေးဘဲ။
ဆေးရုံနှင့် အိမ်ကို အိမ်ဦးကြမ်းပြင်လို သဘောထားကာ သွားလိုက် ပြန်လိုက် လုပ်နေသည့်၊ အရက်ကိုလည်း ဖြတ်လိုက် သောက်လိုက် လုပ်နေသည့် သူ့ကို စိတ်ပူမိသည်။
ရန်ကုန်မှာ အပူချိန်မြင့်တက်သည့်ကာလ ကြားရသည့်သတင်းအရ ဦးဝဏ္ဏ နေမကောင်း ဟူ၍ ဖြစ်သည်။ ဆေးရုံလည်း တက်ရသည်။ အရမ်းပူနေသည့် ကာလ ဆိုတော့ အနေခက်မည်ကို စိုးရိမ်မိသည်။ ဦးဝဏ္ဏက ဆေးလိပ်လည်း ဖြတ်လိုက်ရသောကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေသည်ဟု ကျမ အဒေါ်က ပြောလာ သည်။ ဦးဗလကတော့ ပုံမှန်ပဲဟု ဆိုသည်။
နေသိပ်ပူသည့်အချိန် ဖြစ်သောကြောင့် အရက် ကြိုက်သူများကို စိုးရိမ်သည်။ ကျမ မောင်ငယ်ကို အရက် မသောက်ဖို့ လှမ်းပြောတော့ “ဘီယာပဲ သောက်တယ်” ဟု ဆိုသည်။ သူက နောက်သလို ပြောင်သလိုဖြင့် “ဘီယာတွေ ရောင်းအားတက်တယ်၊ အရက် ရောင်းအားကျတယ်” ဟု ပြောသည်။ သို့သော် အရက်ကြိုက်သူ များက အရက်ကိုသာ သောက်ချင်တတ်မှန်းသိသောကြောင့် ကျမ စိတ်ပူမိပြန်သည်။
ဦးဗလတို့ လေးစားချစ်ခင် အားကျသော ဆရာကြီး သော်တာဆွေလည်း ကွယ်လွန်ခါနီးအထိ သောက်သူ ဖြစ်သည်။ ဆရာကြီး ရွှေဥဒေါင်းလည်း အရက်ကြိုက်သည်။ ဆရာကြီး မဟာဆွေကတော့ အရက်သောက်ရင်းပင် စာရေးသည်ဟု ဆိုသည်။ ဆရာကြီး မြသန်းတင့်လည်း သောက်သည်။ စာရေးဆရာဆိုသည်မှာ အရက်နှင့် တွဲနေသည်ဟုပင် တချို့က ထင်မြင်ယူဆကြသည်။ တကယ်တော့ စာမရေးသူများလည်း အရက်သောက်ကြ သည်ပင်။ ထားတော့ ....။
ရှေးရှေးက ဆရာ့ ဆရာကြီးများ အရက်သောက်ကြသဖြင့် လိုက်သောက်ရင်း ကြိုက်သွားသူများ၊ လူငယ်ဘဝ အတတ်စမ်းရင် ကြိုက်သွားသူများ၊ သူများမြှောက်ပေးသောကြောင့် သောက်ရင်း ကြိုက်သွားသူများ ... ထိုသို့ ထိုသို့ များစွာ ရှိပေလိမ့်မည်။
အရက်ကြိုက်သူခြင်း တူတူ ... အသက်အရွယ်၊ ကိုယ်ခံအား၊ သောက်သည့်အရက်၊ သောက်နှုန်း၊ သောက်ချိန် စသည်ဖြင့် ကွဲပြားနိုင်သည်။ သူက အသက် ၈၀ ထိ နေရလို့ ငါလည်း နေရလိမ့်မည်ဟု တိုင်းထွာ၍ မရနိုင်။ ကျမ ထုံးစံ စာရေးရင်း ချော်တောငေါ့ခြေပြီ။ ဦးဗလ နာရေးကို ရေးရင်းက အရက်ဋိကာ ချဲ့မိချေပြီ။ မတတ်နိုင်တော့။ အသက်ကို ဥာဏ်စောင့် ဆိုသော စကားက ရှေးလူကြီးများ အလကား ထားခဲ့ခြင်း မဖြစ်နိုင်။
အရက်ကြောင့်ပဲ သေသေ၊ ရောဂါကြောင့်ပဲသေသေ၊ မေလလယ် ဆိုသောအချိန်က ... တော်ရုံရောဂါအခံ ရှိသူတို့အတွက် တော်တော် မလွယ်သည့် ကာလ မဟုတ်လား။ မီးမလာ၊ ရေမလာဘဲ အပူချိန်ယခင်ထက် မြင့်တက်သည့် ယခုနှစ်တွင် ပို ဆိုးတော့မပေါ့။
ဦးဗလက ဆေးရုံတင်ရသည်။ တကယ်တော့ သူဆေးရုံတင်ခြင်းက အဆန်းမဟုတ်၊ ခါတိုင်းလည်း တင်နေကျ ဆိုတော့ ဆွေမျိုး မိသင်္ဂဟများက “သြော် ဟုတ်လား” လောက်နှင့်ပင် ပြီးကြသည်။ သို့သော် အခုက ခါတိုင်းလို မဟုတ် ... အပူရှပ်ပြီး ဖျားသည်၊ ဖျားပြီး အသဲယောင် အသားဝါ ဝင်လာသည် ... ထို့နောက် ... ငြိမ်သက်စွာ လောကထဲမှ ထွက်ခွာသွားတော့သည်။
သူ့ဂုဏ်ပုဒ်များကို ထူးစွာ ဖော်စရာလိုမည်မထင်ပါ။ ဝမ်းနည်းသည်၊ နှမျောသည် ဆိုသည်ကိုလည်း ထူးစွာ ပြောဖို့ လိုမည် မထင်ပါ။ သူက နိုင်ငံတော် အဆိုတော်၊ နိုင်ငံတော်မင်းသား၊ နိုင်ငံတော် စာရေးဆရာ ... ထိုသို့ ဆိုသည် နှင့်ပင် လုံလောက်ပြီ။ ကျမလို ပမွှားက သူ့နာရေးအကြောင်း ရေးတာပင် လွန်လှပြီ။
ဦးလေးသားချင်း တယောက်အတွက် ပြောခွင့်ရှိလျင်တော့ မချိတင်ကဲ ပြောချင်သည်။ “တရက်ကလေးများ စောင့်လိုက်ပါလား ဦးဗလရယ်” ဟူ၍သာ။ အပူထဲတွင် နည်းနည်းလေးတောင် အေးခွင့်မရဘဲ သေခဲ့ရသည့် အတွက် ဖြစ်သည်။
မေလ ၁၆ ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီး ... နောက်တနေ့ကျတော့ ရန်ကုန်မှာ မိုးတွေ သည်းသည်ဟု ဆိုကြ သည်ကိုး ....။

Tuesday, May 18, 2010 | Labels: ကြွေလွင့်သူ | 0 Comments
အစ်မသန်းမြင့်အောင်မဟုတ်တဲ့ အစ်ကိုသန်းမြင့်အောင် ဆုံးပြီ
ကိုသန်းမြင့်အောင် ဆုံးပြီ ဆိုသည့်သတင်း ကြားလိုက်ရတော့ ရုတ်တရက် အံ့သြသွားမိသည်။ လူပုံဝဝ၊ မျက်နှာ ချိုချိုနှင့် ခပ်ရိုးရိုးပုံစံ သူ့ကို မျက်စိထဲ မြင်ယောင်လာသည်။ စာနယ်ဇင်းသမားနှင့် သရုပ်ဖော်ပုံရေးသူ၊ ပန်းချီကား ရေးသည့် ပန်းချီဆရာဆိုတာကတော့ ဆက်စပ်နေမြဲ။ ကျမ စိတ်မကောင်းဖြစ်မိသည်။ အသက်လည်း သိပ် မကြီးသေး၊ ဘီယာ၊ အရက်၊ ဆေးလိပ်လည်း မသောက်သူ။ ဘယ်လိုဖြစ်တာပါလိမ့်။ ကိုစိုးဝင်းငြိမ်းကတော့ သူ့မှာ ငှက်ဖျားအခံရှိသည်ဟု ဆိုသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အနုပညာရှင် တယောက်အနေနှင့် ငယ်လွန်း သေးသည်။ သူ့မှာ လုပ်စရာတွေ အများကြီးရှိနေဦးမှာ ကျမ ယုံသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီး နောက်ပိုင်းမှာ ပန်းချီဆရာ၊ ကာတွန်းဆရာတွေ ပြပွဲတွေ လုပ်ကြတော့ ကိုသန်းမြင့်အောင်ကိုယ်တိုင် ဦးဆောင်သူများထဲတွင်ပါဝင်ပြီး ပြပွဲတွေလုပ်ခဲ့သည်။ မကြာခင်မှာလည်း ပွဲတပွဲ လုပ်ဖို့ စီစဉ်နေသည်ဟု သိရသည်။
သရုပ်မှန်ပန်းချီဆရာတယောက် ကြွေလွင့်ပြန်ပြီပေါ့။ ဒီမနက် ၁၀ နာရီ ရေဝေးမှာ စည်ကားခဲ့လိမ့်မည်။ မစည်ကားအပ်သော အရပ်မှာ စည်ကားသည်ကို ဝမ်းနည်းသည်။
ကိုသန်းမြင့်အောင်ကို အစ်မသန်းမြင့်အောင်၏ စာအုပ်အဖုံးများမှစတင် ရင်းနှီးခွင့်ရသည်။ အဲဒီတုန်းက ရယ်မိ သေးသည်။ သန်းမြင့်အောင် ၂ ယောက် ... ဆုံလည်း ဆုံဆည်းတတ်ပါပေ့ ...။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စား စရာတော့ ကောင်းသည်။
လူခြင်း ခင်မင်သည်ကတော့ ဘယ်အချိန်က စလည်း မမှတ်မိတော့ပါ။ သို့သော် သူနှင့် ရင်းရင်းနှီးနှီးခင်မင် နုတ်ဆက်မိနေတာတော့ သိသည်။ ကျမ မောင် သူငယ်ချင်း ပန်းချီဆရာများမှ တဆင့်လား၊ ဖြစ်နိုင်တာတော့ ကာတွန်းဝလုံးနှင့် ပတ်သက်၍ပဲဖြစ်မည်။ လက်ဘက်ရည်ဆိုင် တူတူထိုင်ဖူးကြသည်။ ပန်းချီခန်းများတွင် ဆုံဖူးသည်၊ ပြပွဲများတွင် တွေ့ဖြစ်သည်။
နောက်ဆုံးသူနှင့်တွေ့သည့် အချိန်ကတော့ မှတ်မှတ်ရရ ရွှေဝါရောင် တော်လှန်ရေး ကာလ ... ၂၀၀၇ စက်တင်ဘာလထဲတွင် ဖြစ်သည်။ မိုးရွာနေသည့် တနေ့တွင် ကျမတို့ ရုံးအောက်နားက လက်ဘက်ရည် ဆိုင် တဆိုင်မှာ ထိုင်နေတုန်း သူနှင့် ကျမ အစ်မကဲ့သို့ခင်မင်ရသည့် စာရေးဆရာမတဦးတို့ ရောက်လာသည်။ သူတို့က သံဃာများ နောက်လိုက်ကြဖို့ ... မသွားခင် လက်ဘက်ရည် ဝင်သောက်ကြခြင်း ဖြစ်သည်။
ကျမတို့လည်း သွားဖို့ တိုင်ပင်ထားပြီးသား ဖြစ်သည်။ သို့သော် အဲဒီနေ့က မသွားဖြစ်ခဲ့။ ကိုသန်းမြင့်အောင် တို့နှင့် စကားကောင်းနေခဲ့သည်။
“အက်ဆေး စာအုပ်တအုပ် လုပ်ဖို့ တိုင်ပင်နေကြတာ။ အဲဒါ တူးတူးသာရဲ့ ... ဟန်သစ်ထဲမှာ ပါခဲ့ဖူးတဲ့ ... တိမ် ဆိုတဲ့ အက်ဆေးလေး သုံးချင်တယ် ရမလား” ဟု ကိုသန်းမြင့်အောင်က ကျမကို ပြောသည်။
ကျမလည်း ပျော်သွားခဲ့သည်။ ဒီအက်ဆေးလေးက ကျမရဲ့ ရှားရှားပါးပါး အက်ဆေး တပုဒ်၊ ၂ ပုဒ်ထဲက ပထမဆုံး ရေးဖြစ်ပြီး ဖော်ပြခံရသည့် အက်ဆေးလေးဖြစ်သောကြောင့် ကျမ သံယောဇဉ်ရှိသည်။ ဒါပေမယ့် ကျမရဲ့ ထုံးစံ အတိုင်း ကော်ပီမရှိတော့။ အဲဒီစာအုပ် ဘယ်ရောက်နေမှန်းလည်း မသိတော့ ...။
“သုံးလို့ရပါတယ် အစ်ကို ... ဒါပေမယ့် ကိုစန်းဦးဆီ ပြန်သွားရှာရမယ် ထင်တယ်” ဟု ကျမ သူ့ကို ပြောဖြစ်သည်။ သူက သွားရှာလိုက်မည်ဟု ဆိုသည်။ အဲဒီနောက်တော့ ကျမတို့ စာပေအကြောင်း၊ ပန်းချီအကြောင်း၊ လက်တလော ဖြစ်နေသည့် သံဃာအရေးအခင်းအကြောင်းကို လက်ဘက်ရည်နှင့် မြည်းကြသည်။ မိုးစဲ သွားတော့ သူတို့ ထထွက်သွားသည်။ ကျမတို့က အလုပ်မပြတ်သေးသောကြောင့် ရုံးပေါ်ပြန် တက်ကြသည်။
အဲဒါ သူနှင့် နောက်ဆုံး ဆုံဖြစ်ခြင်းသာ ...။
နောက်တော့ ကျမ ပြည်ပ ထွက်လာခဲ့သည်။ ကျမ အက်ဆေးလေး ကိစ္စလည်း မသိတော့။ ကိုသန်းမြင့်အောင် အကြောင်းကတော့ စာရေးဆရာ ... ပန်းချီဆရာ ကာတွန်းဆရာ သူငယ်ချင်းမိတ်ဆွေများက တဆင့် ပြောဖြစ်သည်။
မကြာသေးခင်ကမှ ပြည်တွင်းစာနယ်ဇင်းလောကက မိတ်ဆွေတယောက်နှင့်ဆုံတော့ ပြောဖြစ်သေးသည်။ သူက “ကိုသန်းမြင့်အောင် ပန်းချီကားတွေ တော်တော်ရောင်းနေရသည်” ဟု ဆိုတော့ ဝမ်းသာမိသေးသည်။ ခုတော့ သူ ဆုံးပြီတဲ့။
ကာတွန်းဝလုံးက အွန်လိုင်းကနေ “မြန်လိုက်တာ အစ်မရယ်” ဟုဆိုသည်။ ကိုသန်းမြင့်အောင်ကို အစ်မ သန်းမြင့်အောင်လောက် လူသိမများပေမယ့် ... အနုပညာလောကတခုလုံးကတော့ ကောင်းကောင်း သိကြသည်။ သူလည်း အစ်မသန်းမြင့်အောင်လို လူမှုရေး လုပ်ငန်းများတွင် စေတနာထက်သန်သူ ဖြစ်သည်။
“ငါနဲ့ မင်းထက်မောင်တောင် သူ့ကို သွားဒီညနေ သွားကြည့်မယ် ပြောနေတာ။ ပြောလို့ မဆုံးသေးဘူး သေပြီ ဆိုတဲ့သတင်း ကြားတာပဲ” ဟု ကိုစိုးဝင်းငြိမ်းက ကျမကို ပြောပြသည်။ သူတို့အတူတူ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေကြ ဦးမှာ သေချာသည်။
ကျမကတော့ လွယ်အိတ်အနီကျားကြီးလွယ်ထားသည့် လူပုံဝဝ မျက်နှာချိုချု သူ့ပုံစံကိုသာ မြင်ယောင် နေမိသည်။ ဟိုလူတွေ ပြောသည့် ပျော်ရွှင်ခြင်းနိုင်ငံ ဆိုတာ ပျော်စရာ လုံးဝ မကောင်းမှန်း သူ ရိပ်မိသွားသည် ထင်၏။ စောစီးစွာ သူ ထွက်သွားခဲ့ပြီ။ ဒါမှမဟုတ် ... သူ့လို စောစောထွက်သွားကြသည့် အနုပညာသမားများ၏ ဆုံရပ်တခုကို သူ ... သိများ သိလေသည်လား ....။ ဒါမှ မဟုတ်လည်း ... လူ သေပေမယ့် နာမည် မသေဘူး ဆိုတာကို ... သက်သေ ပြချင်လို့များလား ....။
ဘာပဲဖြစ်ဖြစ် ကျမတို့အတွက် အနုပညာအစ်ကို တဦး ဆုံးရှုံးရ ပြန်လေပြီ ...။ ။

Wednesday, May 12, 2010 | Labels: ကြွေလွင့်သူ | 1 Comments
Subscribe to:
Posts (Atom)