Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

ဝတ္ထုတို ၎

အခုတင်မယ့် ဝတ္ထုတိုလေးကို ဘာကြောင့် ရေးဖြစ်တယ်ဆိုတာက စလို့ ပြောချင်ပါတယ်။ ဆရာဝန် စာရေးဆရာတွေ အရမ်းများပြီး သူတို့ဆေးလောကအကြောင်း၊ ဆေးရုံအကြောင်း၊ ဆေးပညာအကြောင်း တွေကို ဝတ္ထုတွေထဲမှာ ထည့်ရေးကြတာ တော်တော်များများ တွေ့လာရတယ်။ တချို့ဆို ကျမ တော်တော်ကို သဘောကျမိ ပါတယ်။ ဥပမာ- ဆရာမ ဝင်းဝင်းလတ်ရဲ့ အချစ်ရဲ့နောက်ဆက်တွဲ စာမျက်နှာများ ပေါ့...။ ခွဲစိတ်ခန်းထဲက ပုံရိပ်တွေကို ဆရာမ ခြယ်သထားလိုက်တာများ ကျမကိုယ်တိုင် ခွဲစိတ်နေတာကို ကြည့်နေရသလိုကို ပီပြင်တာ တွေ့ရတယ်။ ကျမ သိပ်ကိုအားကျမိတယ်။ အဲဒီလို ကိုယ်ကျွမ်းကျင်တဲ့ နေရာ သို့မဟုတ် အခြေအနေ တခုခုကို အခြေခံပြီး သိပ်ကို ရေးချင်တယ်။ အင်ဂျင်နီယာ စာရေးဆရာတွေ ရှိပေမဲ့ အလုပ်ခွင်လောက်ကို ပဲ အခြေခံရေးတာ တွေ့ရပါတယ်။ ကိုယ်ကိုင်တွယ်ရတဲ့ စက်တွေအကြောင်း အသေးစိတ် ရေးတာ မတွေ့ရ သလောက်ပဲ။ ကျမ မတွေ့ဖူးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က ဂျီတီအိုင်ဆင်း ဖြစ်ပြီး၊ စက်တွေနဲ့ ရင်းနှီးခဲ့လေတော့ အဲဒီအတွေ့အကြုံကို ဝတ္ထုရေးဖို့ စိတ်ကူးရမိတယ်။ နောက်တကြောင်းကတော့ လူတွေရဲ့ ကမောက်ကမ နိုင်မှုပေါ့။ အဲဒီမှာပဲ ဒီ စက်နှင့်လူ ဆိုတဲ့ ဝတ္ထုတိုလေး ရေးဖို့ ဖြစ်လာပါတော့တယ်။ ဒီဝတ္ထုလေးက ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတာပါ။ ပြီးတော့ ဥတ္တရလမင်း စာပေက ထုတ်တဲ့ ၂၀၀၅ ခုနှစ် ဝတ္ထုတို စုစည်းမှုမှာလည်း ပါခွင့်ရခဲ့တဲ့ ဝတ္ထုတိုလေး ဖြစ်ပါတယ်...။

စက်နှင့်လူ

ပထမဦးဆုံး မူလီများကို စတားဟုခေါ်သော ဝက်အူလှည့်နှင့် ဖြုတ်သည်။ တခု၊ နှစ်ခု၊ သုံးခု....စုစုပေါင်း..မူလီ အကြီးက ခြောက်ခု။ အရစ်ရှည်သော သူများကို ဂျပန် မူလီဟု ခေါ်တာ သူသတိရပြီး ပြုံးချင်၏။ ဟုတ်သားပဲ.. တကယ်ကို အရစ်ရှည်သော မူလီများ။ ဟိုး... တွင်းနက်နက်ထဲမှာ... စတားရဲ့ထိပ်က သံလိုက်ဖြင့် ကပ်ပြီး အောက်ပြုတ်မကျအောင် မနည်း သတိထားကာ အပြင်ကို ထုတ်ရသည်။ ပြီးတော့မှ ခွက်ထဲကို သေသေချာချာထည့်။

သူ ဒီလုပ်ငန်းကို စလုပ်ကိုင်စဉ်ကကြုံဖူး၏။ စက်တခုလုံးကို ပြန်ဆင်ပြီး (သူတို့အခေါ်တော့ ပြန်လုံးပြီး) ချိန်မှာ သူ့ထံတွင် မူလီ ၁ လုံး ၂ လုံး ပိုနေတတ်သည်။ ဘယ်နေရာ မူလီမှန်းလည်း မသိတော့..။ သူ့ဆရာမသိအောင် မူလီအပိုတွေကို ဖျောက်ဖျက် ပစ်ရသည်။ အခုတော့ သူသိသွားပြီ။ မူလီ ၁ လုံးမှ မပိုအောင် မှတ်ထားတတ်ပြီ။ သူ့ဆရာလည်း မရှိမှ မရှိတော့ပဲလေ။

မူလီအားလုံး ဖြုတ်ပြီးတော့ အဖုံးကို ဆွဲဖွင့်လိုက်သည်။ အသာတကြည် ပါလာသည်။ တချို့အဖုံးတွေ အသာတကြည် မပွင့်တတ်။ ပုန်းနေသည့်မူလီများကြောင့် ထစ်နေတတ်၏။ အဖုံးပွင့်သွားတော့ စက်ကို မျက်စေ့ဖြင့် အရင်လေ့လာလိုက်သည်။ အိုကေ သူထင်သည့်အတိုင်းပဲ ဖစ်လ်တာ (Filter) ပွင့်သွားတာ..။

*********

ဒိုမက်စတစ် ပစ္စည်းတွေကို သူကိုင်လာတာ ကြာပြီဆိုတော့ အတွေ့အကြုံက မသေးတော့..။ အကြမ်းဖျင်း ဘာဖြစ်ရင် ဘာဆိုတာလောက်တော့ ခန့်မှန်းတတ်ပြီ။ ဝမ်းတန်း (110 Volt) လို့ အလွယ်ခေါ်သော ဒိုမက်စတစ် တီဗီနှင့် အောက်စက် ပစ္စည်းများမှာ ဈေးချိုပြီး ဆူလွယ်နပ်လွယ်သော ပစ္စည်းများ ဖြစ်သောကြောင့် အခြေခံ လူတန်းစားများအတွက်၊ အသစ်မဝယ်နိုင် သူများအတွက်.. အသုံးဝင်ပြီး ဈေးကွက်တခု ဖြစ်နေသည်။

စက်အသစ်များ ပျက်လျင် ဆားဗစ်စင်တာများ ရှိပြီး စပယ်ယာပစ္စည်းများကလည်း ထိုဆားဗစ် စင်တာ များတွင်ပင် ရှိနေပြီးသား ဆိုတော့ သူတို့လို စက်ပြင်များနှင့် အလှမ်းဝေးလွန်းသည်။ ပြီးတော့ သူ့လို အိမ်ခန်း သေးသေးလေးထဲမှာ ပစ္စည်းပျက်တွေ ပုံနေအောင် ချထားပြီး ရှုပ်ပွနေတဲ့ နေရာမျိုးမှာ ပစ္စည်းအသစ် အကောင်းစားများ လာမပြင်ကြပါ။

သူကလည်း ပစ္စည်းအသစ် အကောင်းစားများကို သိပ်မပြင်ချင်ပါ။ အခု နောက်ပေါ်တဲ့ စက်တွေက ဖြစ်လာရင် ဘာမှ ရှာမနေနဲ့ ကတ်ပြားလိုက်သာ လဲလိုက်ပေတော့ ဆိုတာမျိုး။ သူ့အတွက်က ပညာသား သိပ်မပါလှ။ အခု သူ့ဆီလာတဲ့ ဝမ်းတန်းတွေက အမြင့်ဆုံး ၉၈ မော်ဒယ်လောက်သာ လာသည်။

ဆိုင်ဖွင့်လာတာ ကြာပြီ၊ စက်ပြင်လာတာ ကြာပြီဆိုတော့လည်း စက်တွေအကြောင်း ကောင်းကောင်း သိလာသလို လူတွေ အကြောင်းလည်း ကောင်းကောင်း နောကျေနေပြီ။ သူ ဆိုင်ဖွင့်ခါစ ကပေါ့.... လူတယောက် တီဗီ တလုံး လာအပ်သည်။ ထုံးစံအတိုင်း ဝမ်းတန်းစက်ပါပဲ။ ၂၁ လက်မ တိုရှီဘာ အမျိုးအစား ဖြစ်သည်။ ထုံးစံအတိုင်း ဝမ်းတန်းနှင့် တူးတွမ်တိ (220 Volt) မှားထိုးမိသည်တဲ့။ ဝမ်းတန်းစက် များမှာ အဲဒီ ပြဿနာနှင့် မကြာခဏ ကြုံရတတ်သည်။

သတိထားနေသည့် ကြားမှ ဝမ်းတန်းဗို့နှင့် အသေမတွဲထားလျင် မှားတတ်ကြသည်။ စက်ကိုဖွင့်ပြီးတော့ မျက်စိနှင့် အရင်လေ့လာ လိုက်သည်။ ဖျူးစ်မပျက်..။ ဖျူးစ်မပျက်ဘူး ဆိုကတည်းက သူ နည်းနည်း စိုးရိမ်သွားသည်။ သူလုပ်သနေသမျှကို စက်ပိုင်ရှင်က ထိုင်ကြည့်နေသည်။ မျက်စိအမြင် အားဖြင့် အားလုံးကောင်းသည်။ ဒါဆို ပါဝါလမ်းကြောင်း တလျှောက် သေသေချာချာ စစ်ရတော့မည်။ အမှားကို အေးအေးဆေးဆေး ရှာရမှာဆိုတော့ စက်ပိုင်ရှင်ကို ပြန်ခိုင်းလိုက်သည်။ ထိုစက်ပိုင်ရှင်က သူ့ကို စိတ်မချသလို.. မယုံကြည်သလို တချက်ကြည့်ပြီး တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြန်သွား၏။

သုံးရက်နေမှ ပြန်လာရန် ချိန်းလိုက်သည်။ ဖျူးစ် ပျက်လျင် အကြောင်းမဟုတ်။ ဖျူးစ်နောက်မှာ တခြား ပျက်စရာ သိပ်မရှိတော့။ ခုဟာက ဖျူးစ်မပျက်ဘူး ဆိုတော့ မီးက ဖျူးစ်ကိုဖြတ်ပြီး အတွင်မှာ ဘယ်လောက်တောင် မွှေသွားလည်း မသိနိုင်။ ကတ်ကိုဖြုတ်ပြီး သူ သေသေချာချာ စစ်ဆေးသည်။ ပါဝါလမ်းကြောင်းကို အဝင်မှနေ၍ တခုချင်း စစ်ဆေးသည်။ ဖစ်လ်တာ မပွင့်။ အိတ်ခ်ျအောက် (H-out) ခေါ် ထရန်စ္စတာ အကြီးကြီးကို ဖြုတ်တိုင်းသည်။ ဒါလည်း ကောင်းနေသည်။ ဒါဆိုရင် ပစ္စည်း အကြီးထဲက သိပ်မကျန်တော့.. ပစ္စည်း သေးသေးလေးတွေ....။

ပစ္စည်းပေါက်စ လေးတွေက မွနေ၏။ ဒိုင်အုတ်လေးတွေ..၊ ရက်စ္စတာလေးတွေ၊ ထရန်စ္စတာလေးတွေ၊ ကွန်ဒင်ဆာတွေကတော့ မဖြစ်နိုင်။ တလုံးချင်း ဖြုတ်စစ်ရရင် သေရချည်ရဲ့။ ဒါပေမယ့် မတတ်နိုင်တော့... လောလောဆယ် ဒီတနည်းပဲ ရှိသည်။ တလုံးချင်းကို သေသေချာချာ ကြည့်ရင်းမှ ရက်စစ္စတာလေးတလုံး အနည်းငယ် မည်းနေတာ တွေ့သည်။ ကဲ.... ဒီအမည်းကို ဖြုတ်စမ်း။

ခဲဖျော်စက်ကို အပူပေး..၊ စက်ကာ (sucker) ခေါ် ခဲစုပ်သည့် ပစ္စည်းနှင့်တေ့၊ အပူပေးလို့ ပျော်လာတဲ့ ခဲအဟောင်းတွေကို စက်ကာနဲ့ ဖွတ်ကနဲ စုပ်ယူလိုက်သည်။ အစွန်းနှစ်ဘက်လုံး ခဲဖြုတ်ပြီးတော့ ကွေးနေတဲ့ ခြေထောက်လေးများကို မိုင်းနပ်စ်လို့ ခေါ်တဲ့ ဝက်အူလည့် ထိပ်ပြားနှင့် ကော်လိုက်တော့ ရက်စစ္စတာ ပိစိလေး ပြုတ်ကျလာသည်။ ရက်စစ္စတာပေါ်က အရောင်များနှင့် တိုက်ဖတ်ကြည့်ပြီး အုန်း (Ohn) ကို သေသေချာချာမှတ်။

ဒီရက်စစ္စတာ ကတော့ လဲကိုလဲရမည်။ ဒါပေမယ့် ဒီ တခုတည်း ကချင်မှ ကမည်။ သူနှင့် စပ်ဆက်နေတာ ဘာရှိမလဲ။ ကြည့်လိုက်တော့ အဲဒီနားမှာ ဒိုင်အုပ်ကလေး တလုံး၊ ဆားကစ်ပေါ်မှာ (In circuit) မဖြုတ်ဘဲ တိုင်းကြည့်တော့ ပွင့်နေသည်။ ဒါပေမယ့် ဒိုင်အုပ်တွေက လှည့်စားတတ်သည်။ မဖြုတ်ဘဲတိုင်းတာ မကောင်းဘူးဆိုပေမယ့် ဖြုတ်တိုင်းတော့ ကောင်းချင် ကောင်းနေတတ်သည်။ ဒီတော့ မသင်္ကာဘူး ဆိုရင် ဖြုတ်တိုင်းတာ အကောင်းဆုံးပဲ မဟုတ်လား။

ဖြုတ်လိုက်စမ်း။ ရက်စစ္စတာ ဖြုတ်တဲ့ နည်းအတိုင်း။ ဒိုင်အုပ်က ရက်စစ္စတာထက်ပင် သေးသေးသည်။ ဒိုင်အုပ်ပေါ်က နံပတ်များကို သာမာန်မျက်စိဖြင့် မြင်ဖို့ ခဲယဉ်းသည်။ မှန်ဘီလူးဖြင့် ကြည့်ရသည်။ ဒိုင်အုပ်လေးကို တိုင်းကြည့်လိုက်တော့ ဒိုင်အုပ်လည်း ပွင့်နေသည်။ ဒိုင်အုပ်တိုင်းရတာ လွယ်သည်။ မီတာကို ချိန်ပြီး တိုင်းကြည့်လိုက် မီတာ ဒိုင်ခွက်ပေါ်မှာ တဖက်ပြပြီး တဖက်လှည့်တိုင်းကြည့်လို့ မပြရင် အကောင်း။ နှစ်ဖက်လုံး ပြနေရင် ဒိုင်အုပ် ပွင့်နေပြီမှတ်တော့။

ဒီအလုပ်က မျက်လုံးကို ကောင်းကောင်း အသုံးချမှ။ တိုင်းပြီးမှ သိရတာရှိသလို မျက်မြင်ဖြင့် ဆုံးဖြတ်ရတာ တွေလည်း ရှိသည်။ အနားမှာ သူ့မိန်းမ လာချပေးတဲ့ ကော်ဖီခွက်ကို ကောက်မော့လိုက်သည်။ အား...ကောင်းလိုက်တာ။ နာရီကိုမော့ကြည့်လိုက်တော့ သူ ဒီစက်ကို ကိုင်နေတာ သုံးနာရီလောက် ကြာသွားပြီ။ ဒီလောက်ဆို တော်ပြီပေါ့။ သူ့ဆီမှာက ဒီလောက်အသေးအဖွဲ စပယ်ယာ ပစ္စည်းလေးတွေ အဆင်သင့် ရှိနေလို့ တော်သေး၏။

ဒိုင်အုပ်နဲ့ ရက်စစ္စတာကို သူ့နံပတ်အတိုင်း သေသေချာချာ ပြန်တပ်သည်။ ရက်စစ္စတာက အကြောင်းမဟုတ်။ ဘယ်လိုတပ်တပ်။ ဒိုင်အုပ်က အပေါင်းအနုတ် သင်္ကေတရှိသည်။ မှားတပ်မိလျင် အမှုက ပိုပြီး ပွေလာနိုင်သည်လေ။ ပစ္စည်းနှစ်ခုကို လဲတပ်ပြီး ဆားကစ်နှင့် မီးလုံး (Tube) တီဗီဖန်သားကို မတွဲရဲသေး။ တော်ကြာ ဆားကစ်ပေါ်က အမှားကြောင့် မီးလုံးကို ထိခိုက်သွားနိုင်သည်။

ကတ်ပြားချည်းပဲကို အရင်စမ်းသည်။ ရှူး... ကနဲ အသံမြည်ပြီး မီးစိမ်းကလေး လင်းလာသည်။ အိုကေ သူလည်း သက်ပြင်းကို ဟင်းကနဲ ချလိုက်မိသည်။ “ကို.... မအိပ်သေးဘူးလား” အနားမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော မိန်းမကြောင့် သူ့ဇက်ကြောတွေ ဘယ်လောက် တက်နေတယ်ဆိုတာ သတိထားလိုက် မိသည်။ ခေါင်းကို ဘယ်ညာစောင်းပြီး ချိုးလိုက်တော့ ဂျွတ်ခနဲ၊ ဂျွတ်ခနဲ။ အရသာရှိလိုက်ပါဘိချင်း။

ဒီထက် အရသာရှိတာက ဒီစက် ပြန်ကောင်းသွားလို့လေ။ မဟုတ်လို့ကတော့ ဒီည သူ အိပ်ပျော်မှာ မဟုတ်။ “အေးကွာ.. ဒီ စက်ကလေး ပြန်လုံးပြီး တချက် အွန်ကြည့်လိုက်ဦးမယ်။ ပြီးတော့ အိပ်တာပေါ့” နာရီကို မော့ကြည့်လိုက်တော့ ဆယ့်နှစ်နာရီ ကျော်ပြီ။ သန်းခေါင်ကျော်ပြီပေါ့။ ညရဲ့လေအေးက ဖွင့်ထားတဲ့ တံခါးကတဆင့် သုတ်ခနဲ ဝင်လာသည်။ လက်ကျန် ကော်ဖီကို ဂွပ် ခနဲ မော့လိုက်ပြီးတော့ သူ့စိတ်တို့ လန်းဆန်း တက်ကြွ လာပြန်သည်။

ဒီစက်တွေက သူ့ဘဝလေ။ ဒီစက်တွေမှ မရှိရင် သူသေသွားမလား မသိ။ စက်တခုခုနဲ့ ယှဉ်ပြိုင်ရင်း သူ့ရဲ့ပါဝါတွေ တဖြည်းဖြည်း တက်လာသည် ထင်၏။ ဆားကစ် ပုံစံတွေပါတဲ့ စာအုပ်ကို လှန်လိုက်။ စက်တွေကို ကြည့်လိုက်နဲ့ သူ့ဘဝ အလုံးစုံ ပြည့်စုံနေသည်။ သူကိုင် နေတဲ့ စက်တလုံး ပြန်ကောင်းချိန်ကတော့ သူ့အတွက် နှိုင်းယှဉ်လို့ မရသော ပျော်ရွှင်မှု ခံစားရချိန်ပင်။

(ဒီကပုံပါ)

ယခုလည်း ဒီစက် ပြန်ကောင်းသွားလို့။ မကောင်းရင် မကောင်းမချင်း သူအိပ်မှာမဟုတ်။ အိပ်ရာထဲ မဖြစ်မနေ ဝင်ရရင်လည်း ဆားကစ်တွေက သူ့ခေါင်းထဲမှာ ပါလာပြီး သူ့ကို အနိုင်ယူတော့သည်။ အဲဒီအခါ သူက အရှုံးပေး လိုက်ရပြီး ငေါက်ခနဲ ထထိုင်လိုက်ရမြဲ။ ပြီးတော့ မပြီးစီးသေးတဲ့ ဆားကစ်တွေဆီ ပြန်ရမြဲ။ ခုတော့ ဒီစက်ကလေး ပြန်ကောင်းသွားလို့ တော်ပါသေးသည်။

စက်ကလေးကို သေသေချာချာ ပြန်လုံးသည်။ မူလီတွေ သေချာ ပြန်စစ်၊ အဓိကက ဖလိုင်းဘက် ပြန်တပ်တာပဲ။ မီးလုံးရဲ့ ကျောဘက်က အပေါက်ကလေး ထဲမှာ စုပ်ခွက်ထဲက ချိတ်ကလေးကို ဝင်အောင် ထည့်၊ ဝင်ပြီဆိုမှ စုပ်ခွက်ကလေးကို ဖတ် ဆိုလွှတ်လိုက်။ ပြီးတော့ ဖြုတ်ထားသမျှ ကြိုးတွေကို မှန်အောင် တခုချင်း ပြန်တပ်။ အဖုံးပြန်အုပ်တဲ့ အချိန်မှာ ဂွပ်ကနဲ အံဝင် ခွင်ကျ ဖြစ်မှ..။ မဟုတ်ရင် တခုခုခံနေသလို ဖြစ်ပြီး အဖုံးပိတ်မရ ဖြစ်တတ်သည်။ ဒီကိစ္စတွေမှာ သူက သေသပ်ပြီးသား။

အားလုံး ပြန်တပ်ပြီး မူလီ စုပ်ပြီးတော့မှ ဝမ်းတန်း နဲ့ဆက်ပြီး ခလုပ်ကို နှိပ်။ ကျွိ...ခနဲ မြည်လိုက်တဲ့ အသံက သူ့အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံပေါ့။ ဒါဆို ကောင်းပြီ.... ဒီညတော့ သူ စိတ်ချ လက်ချ အိပ်ပျော်ပြီ။

***********

ချိန်းထားတဲ့ နေ့ရောက်တော့ စက်ပိုင်ရှင် ရောက်လာသည်။ ကောင်းသွားပြီ။ သူဝံ့ကြွားစွာ ပြုံးလိုက်သည်။ “ဘယ်လောက် ကျလဲ” ဆိုတဲ့ မေးခွန်း အတွက် သူ့မှာ အဖြေ အဆင်သင့် ရှိပြီးသား။

“သုံးထောင် ကျပါတယ်”
“ဗျာ.. သုံးထောင် ဟုတ်လား။ ဘာတွေ ပျက်သွားလို့လဲ” ပျက်သွားသည့် ပစ္စည်း နှစ်မျိုးကို ပြလိုက်သည်။
“ဟာ... ဒါလေးတွေလား။ ခင်ဗျားဟာက လွန်တာပေါ့ဗျာ။ ဒီပစ္စည်းလေးတွေ ဘယ်လောက် တန်တယ် ဆိုတာ ကျုပ်သိတယ်ဗျ။ တခုကို တဆယ်၊ ဆယ့်ငါးကျပ်လောက်ပဲ ကျတာ” သူ့ဒေါသများ ရုတ်ခနဲ ရုန်းကြွလာသည်။ ခုဟာက သူ့ရဲ့ ပညာကြေးကို တောင်းတာ။ ပစ္စည်းဖိုးတောင်းတာမှ မဟုတ်တာ။

“ခင်ဗျား မပေးချင်လည်း နေဗျာ။ ကျုပ် ရှည်ရှည် ဝေးဝေး မပြောချင်ဘူး။ ကျုပ်ရဲ့ ပညာကြေးကို တောင်းတာ။ ဒါပဲ” သူ့ရဲ့ အသံများ မာကျောနေသည်။ စားသုံးသူ အမြဲမှန် ဆိုတဲ့စကားကို သူ နားမလည်။ ဟိုလူကလည်း မလျှော့။ “ခင်ဗျား သိပ်ကြီးကျယ် မနေနဲ့။ သုံးထောင် မပေးနိုင်လို့ ပြောနေတာ မဟုတ်ဘူး။ ရော့ ဟောဒီမှာ ခင်ဗျားတို့ စက်ပြင်တွေ ဒီလို ချည်းပဲ။ ဘာမဟုတ်တာလေးကို ငွေတောင်းတော့ တော်တော် ကြမ်းတယ်”

သူ့အသားများ တဆတ်ဆတ် တုန်ယင်လာသည်။ သူက ဒီလိုပဲ ဒေါသထွက်လာရင် ဘာသံမှ ထွက်မလာတော့။ သူ့ရဲ့စိတ်နဲ့ သူ့ရဲ့ကိုယ် ပြန်ကပ်ချိန်မှာ...သူ့လက်ထဲမှာ ဟိုလူ ထိုးထည့်သွားတဲ့ ငွေသုံးထောင်။ သူ့ရှေ့မှာ ဟိုလူ မရှိတော့....။ သူ ကုလားထိုင်ပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

“ကိုကလည်းလေ... သိပ်ကို ရိုးလွန်း အလွန်းတာပဲ” မှိတ်ထားသော မျက်စိများကို သူ့မိန်းမ အသံကြောင့် ဖွင့်ကြည့် မိလိုက်သည်။
“ဘာတုန်းကွ မင်းဟာက”
“ကို စဉ်းစားကြည့်လေ...ကို ပြတဲ့ ပစ္စည်းတွေက တဆယ် ဆယ့်ငါးကျပ်တန်လေးတွေ၊ သူက ငွေ သုံးထောင် ဘယ် ပေးချင် ပါ့မလဲ”
“ဟ.. ငါ့ရဲ့ ပညာကိုကော ထည့်မတွက် ဘူးလား။ ဒီဟာလေးတွေ ပျက်နေတယ် ဆိုတာ သိရအောင် ငါ အချိန်ဘယ်လောက် ကုန်သလဲ ဆိုတာကော”
“ဒါတွေ သူတို့က ဘယ်သိမှာတဲ့လဲ။ ဒါတွေက ပြောချင်သလို ပြောလို့ ရတာပဲဟာ”
“ဟာကွာ မဟုတ်သေးပါဘူး”
“ကို ဆိုင်ဖွင့်ထားတဲ့ နေရာကိုလည်း ပြန်ကြည့်ဦးလေ။ ဒီလို မြို့လေးရဲ့ ဆင်ခြေဖုံး နေရာက။ ဟိုမရောက် ဒီမရောက် တွေက ပစ္စည်းဖိုးလောက်ပဲ သိတာရှင့်။ ပညာခလို့ မပြောနဲ့ မသိဘူး။ လက်ခပဲ သိတာ”
“ဒါဆို ကိုယ်တို့က ဘာ ဆက်လုပ်ရမှာလဲ”
“လွယ်ပါတယ်။ စက်ကောင်းသွားရင် ကျမ တာဝန်ထားလိုက်”
“ဟေ”.....

သူ တော်တော် အံ့သြသွားသည်။ သူ့လို အေဂျီတီအိုင် အီလက်ထရောနစ် သမားပင် မဖြေရှင်းနိုင်သော ကိစ္စကို ရှစ်တန်းတောင် မအောင်တဲ့ သူ့မိန်းမက ဖြေရှင်းဦးမတဲ့။

အဲဒီနေ့က စလို့ သူစက်ပြင်နေချိန်မှာ သူ့မိန်းမက ဘာသိဘာသာ မနေတော့။ အလုံးစုံ ဝင်ရောက် စပ်စုတော့သည်။ ဒီစက်က ဘာဖြစ်တာလဲ၊ ဟိုပစ္စည်းနာမည်က ဘယ်လိုခေါ်လဲ၊ အဲဒါ ဘယ်လောက် တန်လဲ၊ စုံတကာစေ့နေအောင် မေးတော့၏။ သူက အင်္ဂလိပ်လို ပြောလျင် ဗလာစာအုပ် တအုပ်နှင့် မြန်မာလို အသံထွက် များကို ချရေးထားပြန်သည်။

တပတ်လောက် ကြာတော့....

“ကိုရေ.. ပန်နာဆိုးနစ် ၁၄ လက်မလေးက အိတ်ခ်ျအောက် ကြွသွားတာ ကောင်းသွားပြီ မဟုတ်လား။ ဟိုစက်ကြီးထဲက ဖလိုင်းဘက်ကို ဘာဖြစ်လို့ ဖြုတ်ထားတာလဲ။ ဆိုနီ ၂၁ က ဟိုင်းဗိုးတေ့ခ်ျ မိသွားတာဆို။ ဗေရစ္စတာ ပေါက်သွားတာ မဟုတ်လား” ဆိုတဲ့ စကားများကို ဝေဝေ ဆာဆာ ပြောတတ်နေပြီ။ နှစ်ပတ်လောက် အကြာမှာတော့....

“ကာစတန်မာနဲ့ စကားပြောတဲ့ အလုပ်ကို မလုပ်နဲ့တော့။ ကျမတာဝန်ထားလိုက်” ဟု ရဲရဲကြီး အာမခံ တော့သည်။

**********

“အကိုကြီးရဲ့ စက်က ဆားဗစ် ချားချက်စ် တထောင်ပဲ ယူထားတယ်။ ပစ္စည်း တန်ဖိုးက နှစ်ထောင့်ငါးရာ ကျတယ်။ တော်သေးတာပေါ့ အကိုကြီးရယ်။ မီးမှားထိုးတယ် ဆိုတာ ဒီထက်မကကို ဖြစ်နိုင်တယ်။ တခြားဟာတွေ ပါမသွားလို့ ဒီလောက်ပဲ ကျတာ။ ဖစ်လ်တာ ပွင့် သွားတာလေ။ ကျမပြမယ်။ ဒီမှာတွေ့လား” ဆိုပြီး တခြား စက်က ဖစ်လ်တာ အပွင့်ကြီးကို ပြကာ ပစ္စည်းဖိုး ဆိုပြီး တောင်းလားတောင်းရဲ့။

တခါတလေ ကျတော့လည်း.... “အိုင်စီ ထိသွားတယ် အစ်မရေ။ ပစ္စည်းက ရှားတော့ ဝယ်ရခက်တယ်။ အဲဒါ နှစ်ရက်လောက် စောင့်နော်” ဆိုပြီး ကောင်းသွားတဲ့ စက်ကို မကောင်းသေးသယောင် အဖုံးဖွင့်လျှက် ထားပြီး ရက်ပြန်ချိန်းတတ်သည်။ အမယ်....ဒီလို ကျတော့ သူ့မိန်းမနှင့် အဆင်ကိုပြေလို့။

“မင်းကွာ.. ဒီလို မဟုတ်တာတွေ ပြောပြီး ပိုက်ဆံ တောင်းရတာ မကောင်းပါဘူး” လို့ မဝံ့မရဲပြောတော့ မိန်းမက မျက်စောင်းထိုးပြီး...

“ရှင်ဘာနားလည်လို့လဲ..ဒါ စီးပွားရေး မတရားတောင်းတာ မဟုတ်ဘူး။ ပညာခလို့ ပြောရင် ဘယ်သူကမှ ပေးချင်မှာ မဟုတ်ဘူး။ မှတ်ထား။ အဲဒါကြောင့် လက်ခ ငါးရာ၊ တထောင် ပဲယူတယ်ဆိုပြီး ပစ္စည်း အကြီးကြီးတွေ ပြ... ဈေးတင်လိုက်တော့ ယုံကော။ ယူတဲ့ဈေးက တကယ်တော့ ရှင်တောင်းမယ်လို့ စိတ်ကူးထားတဲ့ ပညာခပဲ မဟုတ်ဘူးလား” သူ့မိန်းမက ရှင်တွေ ဘာတွေ ဖြစ်လာပြီ။ သူလည်း အသာလေး ငြိမ်ကုပ် နေလိုက်၏။

ယုတ္တိတန်စွာ စက်တလုံးနှင့် တလုံး မရိုးနိုင်အောင် ပြောနိုင်သော သူ့မိန်းမကိုပဲ ချီးကျူးရမလား၊ သူ့ကိုယ်သူပဲ အပြစ်တင်ရမလား တော့မသိ။ အခုအတိုင်းကတော့ တော်တော်လေး အဆင်ပြေသည်။

***********

စက်တွေက စိတ်ဝင်စားဖို့ ကောင်းသည်လေ။ ဆားကစ် ဒိုင်ယာဂရမ်ကို ကြည့်လိုက်.... တကယ့် ဆားကစ်ပြားကို ကြည့်လိုက်.... မိန်းမ ဖျော်ပေးထားတဲ့ ကော်ဖီလေး တကျိုက်ကျိုက်လိုက်....။ ခဲဂေါက် အပူပေးလို့ ထွက်လာတဲ့ ညှော်နံ့က သူ့အတွက် ကမ္ဘာကျော် ရေမွှေးနံ့အလား..။ အိုင်စီ ခြေထောက် တခုချင်းစီရဲ့ ဗို့အဝင်အထွက်ကို တိုင်းရတာကိုက ရင်ခုန်စရာ။

“သြော်....အစ်မရယ်။ သူက ဝါသနာ ပါလွန်းလို့သာ ဒီအလုပ်ကို လုပ်ပါစေ ဆိုပြီး ခွင့်ပြုထားရတာ။ တကယ်က ပိုက်ဆံ ဘယ်လောက်မှလည်း ရတာမဟုတ်ဘူး။ ရှုံးတယ် အစ်မရဲ့။ ကျမတို့က လက်ခလေး စားရတာ” အိုင်စီကို တိုင်းနေတဲ့ သူ့လက်များ ချော်ထွက် သွားသည်။

တော်ပါသေးရဲ့ မီးမဖွင့်ထားလို့။ သူ့မိန်းမရဲ့ စကားကို ပြန်ပြောလိုက်တဲ့ တဖက် အမျိုးသမီးရဲ့ စကားကြောင့် သူ့လက်တို့ ပိုမို ချော်ထွက်သွားရပြန်သည်။ “အင်း... ညီမလေးက ညီမလေးယောက်ျားထက်တောင် ပိုပြီး ကျွမ်းသေးတယ်နော်။ စက်တွေအကြောင်း အင်္ဂလိပ်လို ပြောလိုက်တာများ ရွှတ်ရှက် ဒွတ်ဒက်နဲ့ကို နေတာပဲ”

“အဟင်း ... ဟုတ်တယ် အစ်မရဲ့ ကျမပဲ ကြီးကြပ်နေရတာလေ” သူ့မိန်းမ ပြန်ပြောလိုက်တဲ့ စကားကိုတော့ သူလက်ခံပါသည်။ သူ့မိန်းမ ကြီးကြပ်နေလို့သာ သူတို့ ထမင်းနပ်မှန် နေတာမဟုတ်လား။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ပြီးတော့ သူ့ရဲ့စက်တွေနဲ့ စကားပြောသည်။ စက်တွေရဲ့ လျှို့ဝှက်ချက် တွေကို တိတ်တဆိတ် ဖော်ထုတ်မည်။

စက်တွေ ဘာပြောမလဲ ဆိုတာ သူနားထောင်မည်။ ကိစ္စမရှိ.... လူတွေနှင့် စကားပြောဖို့ကို သူ့မိန်းမက တာဝန်ယူပါလိမ့်မည်။ ။

ဝတ္ထုတို ၃

ဒီခရီးကို ကျမ ပထမတခေါက် သွားခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် အခြေအနေချင်းက လုံးကကွဲပြားတယ်။ ပထမတခေါက်က ကိုယ်ပိုင်ကားသေးလေးပေါ်မှာ စကားပြောဖော် လေးယောက်နဲ့ ရပ်ချင်ရာရပ်၊ သွားချင်သလိုသွား၊ သီချင်းတွေဖွင့်၊ ကိုယ်တိုင်လည်း လိုက်အော်ဆိုနဲ့။ ပြင်ပကအခြေအနေကလည်း ခြောက်သွေ့ပြီး ကြည့်လေရာ သစ်ပင်တိုင်းက အရိုးအပြိုင်းပြိုင်း၊ တချို့နေရာတွေမှာ မြေသားပြောင်ပြောင် ဂတုံးသက်သက်။ မွဲခြောက်ခြောက် မြင်ကွင်းက နေရာတိုင်းကို ကြီးစိုးလို့။ လှတာဆိုလို့ ကျမအရမ်း သဘောကျတဲ့ ဘာပန်းလို့နာမည် မခေါ်တတ်တဲ့ ခရမ်းရောင်ပန်းတွေ နေရာတိုင်းမှာ ဝေနေတာလေး တခုပဲ တွေ့ရတယ်။

ခုတခေါက်ကကျတော့ နွေခေါင်ခေါင်ဆိုပေမယ့် မုန်တိုင်းကြောင့်လားမသိ မိုးက အုံ့မှိုင်းလို့၊ ဘတ်စ်ကားကြီးပေါ်မှာ လူတွေအပြည့်ပါပေမယ့် ကျမနဲ့စကားပြောဖော် တယောက်မှမပါ၊ အပြင်ကိုငေးလိုက် ပါလာတဲ့စာအုပ်ကိုဖတ်လိုက်နဲ့ ဘေးပတ်ဝန်းကျင် မြင်ကွင်းက အစိမ်းရောင် ခပ်များများ။ သစ်တော ခပ်စိပ်စိပ်က မျက်စိကို အေးလို့။ တောင်တက်လမ်း ရောက်တော့ မိုးကသည်းလာ…။ ကျမသွားရမယ့် ခရီးဆုံးနဲ့ နီးလာလေ ညနေမတိုင်သေးပဲ မှောင်လာလေမို့ ကျမ စာအုပ်ဖတ်မရတော့ဘူး။ အပြင်ကိုပဲ ငေးမောမိတယ်။ မှောင်တာက သစ်ပင်ကြီးတွေ အုပ်မိုးလာလို့လေ…။ ရဲရဲတောက် စိန်ပန်းနီနီ တွေကို ကြိုကြားကြိုကြား တွေ့ရသေးတယ်။ တောင်ပေါ်ရောက်တော့ ကျမကို ပါးစပ်အဟောင်းသားဖြစ်အောင် မြင်ကွင်းတခုက ဆီးကြိုနေတော့တယ်။ တိမ်တွေ……… အဆုပ်လိုက် အဆုပ်လိုက်…….ကျမဘေးမှာ..ပြီးတော့ ကျမတို့ ကားကြီးရဲ့ တဖက်အောက် ချောက်ထဲမှာ သစ်ပင်တွေကို ချိတ်တွယ်နေတဲ့ တိမ်တွေ…၊ တောင်ချွန်း တောင်ဖျားကို ကွေ့ဝှိုက်နေတဲ့ တိမ်တွေလေ…။ ပန်းချီကားတွေထဲမှာတွေ့ဖူးတဲ့ နတ်ပြည်လိုမျိုးပဲ.. ဘုံတွေ ပြာဿာဒ်တွေ မပါတာကလွဲရင်… ကိုယ့်ကိုယ်ကိုယ် နတ်ပြည်ရောက်နေသလားတောင် ထင်မိတယ်…။

ပြီးတော့ ကျမတို့ ကားကြီးက နှင်းတောထဲ တိုးဝင်ဖို့ ကြိုးစားနေပါလေရော..။ တကယ်ပါ..။ အချိန်အားဖြင့်တော့နွေ…။ အခြေအနေက မိုးတွေသည်းလို့…။ ဒါပေမယ့် ကားမှန်ကို ဖြတ်ပြီး ကျမမြင်တာက ဆောင်းတွင်း မနက်ခင်း နှင်းတွေ ဝေနေသလိုပဲ။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ဆောင်းတွင်းကြီးမှာ မနက်စောစော ကျမတို့မြို့လေးရဲ့ နှင်းမှုံတွေဝေနေတဲ့ လမ်းတွေကို ဖြတ်ပြီး ကျမတယောက်ထဲ စက်ဘီးတစီးနဲ့ ကလေးမလေးတယောက်ကို စာသွားသွား ပြပေးခဲ့ရတယ်။ အဲဒီတုန်းက ကျမ “နှင်းနဲ့ နေခြည်” ဆိုပြီး ဝတ္ထုတိုလေး တပုဒ်ရေးဖူးတယ်။ အဲဒီဝတ္ထုတိုလေးကို ဘယ်မဂ္ဂဇင်းကိုမှ မပို့လိုက်ရဘဲ ပျောက်သွားခဲ့တယ်။ တနှစ်ကတော့ ကျမတို့မြို့က လူငယ်လေးတွေ ချစ်သူများနေ့အတွက် ကဗျာစာအုပ်ကလေး ထုတ်ဖို့ ကျမဆီက ကဗျာတပုဒ်တောင်းတာနဲ့ ကျမက “နှင်းနဲ့ နေခြည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာလေး တပုဒ် ရေးပေးလိုက်တယ်။ အဲဒီကဗျာလေးက ကျမရဲ့ ဝတ္ထုတိုလေးနဲ့ အကြောင်းအရာ အတူတူပါပဲ။ အခုလည်း ကျမ “နှင်းနဲ့နေခြည်” ဆိုတဲ့ ဝတ္ထုလေးတပုဒ် ရေးပါမယ်။ အကြောင်း အရာတူ ခံစားချက်တူ စကားလုံးတွေပဲ ကွဲမှာပါ။ အခု ဒီဝတ္ထုကိုရေးနေချိန် အပြင်ဘက်မှာ မိုးတွေသည်းနေတယ်။ ဧပြီအကုန် မေအကူး နွေ နော်။ ဒါပေမယ့် တကယ်ကိုကျမ ညနေက နှင်းတောထဲ ဖြတ်ခဲ့ရတာပါ……။

နှင်းနဲ့နေခြည်

မင်းကို ကိုယ် ဝံ့ဝံ့စားစား မကြည့်ရဲဘူးနေခြည်။ မင်းက သိပ်တောက်ပလွန်းတယ်။ သိပ်လှပ လွန်းတယ်။ ကိုယ်က သစ်ရွက်ကြို သစ်ရွက်ကြားကနေ မင်းကို ချောင်းကြည့်တဲ့အခါ မင်းက ဟက်ဟက်ပက်ပက်ရယ်မောလို့။ ကိုယ့်ကို လှောင်ပြောင်မယ်မဟုတ်လား။ ကိုယ့်ကို စနောက် ပြီး ပန်းပွင့်လေးတွေပေါ် မြက်ခင်းတွေပေါ်မှာ မင်း ကခုန်ပြေးလွှားသွားတဲ့အခါ ကိုယ်က ရင်သပ်ရှုမော ဖြစ်ရပြန်တယ်။ အဲဒီလို ကိုယ့်ရဲ့ မဝံ့မရဲမှုတွေကို ကြည့်ရင်း မင်းပျော်ရွှင်တဲ့ အခါ ကိုယ်ကပါ ရောပြီးပျော်ရွှင်ရတယ် နေခြည်။

မင်းရောက်မလာခင် မနက်စောစောမှာသာ ကိုယ်က ရဲရဲတင်းတင်း နေရဲတာပါ နေခြည်ရယ်။ သစ်ရွက်ကလေးတွေ ပန်းပွင့်လေးတွေက ကိုယ့်ကို အလိုရှိတယ်လို့ ကိုယ်ထင်တယ်လေ..။ သူတို့က ကိုယ့်ကို မျှော်သလို မင်းကိုလည်း မျှော်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ မင်းကို ကြောက်တယ်။

မင်းက သိပ်ကိုခမ်းနားလွန်းတယ်လေ။ မင်းလာမယ့်လမ်းကို လင်းလက်မှုတွေနဲ့ ရှေ့တော်ပြေး ခင်းကျင်းပေးကြရတယ် မဟုတ်လား။ အဲဒီမင်းရဲ့ရှေ့တော်ပြေး အရောင်အဝါတွေက ကိုယ့်ကို ပါ ရောရောင်တောက်ပ စေခဲ့တယ်နေခြည်။ ကိုယ်ကတော့ အဲဒီလိုအချိန်ဆို ပျော်ရွှင်မှုတဝက် ထိတ်လန့်မှု တဝက်နဲ့ ငြိမ်ငြိမ်သက်သက်ကို မနေရဲတော့ဘူး။ ကိုယ့်ကို မင်းကဖမ်းစား တော့မယ်။ ပြီးတော့ ကိုယ်က မင်းရဲ့ခြေရင်းမှာ လုံးဝဝပ်စင်း ပျောက်ကွယ်ရတော့မယ် ဆိုတာ သိသိကြီးနဲ့ပဲ ကိုယ်ပျော်ရွှင်ရတာပါ။

အစပိုင်းမှာတော့ မင်းကငြင်သာပါရဲ့…။ ကိုယ့်ကို ကလူမလို ကျည်ဆယ်မလိုနဲ့ မင်းရဲ့နွေးထွေးတဲ့ လက်တံတွေနဲ့ ပွေ့ဖက်လို့ ကိုယ့်ကို ကျေနပ်နှစ်သိမ့်စေတယ်လေ။ ဒါပေမယ့် ထူးဆန်းတယ် နေခြည်…မင်းဟာ ကိုယ့်ကို အနိုင်ယူမယ်၊ ရက်စက်မယ် ဆိုတာ သိသိကြီးနဲ့ကိုပဲ ကိုယ်က မင်းကို ချစ်နေမိတာပါ။ မင်းရဲ့နွေးထွေးမှုတွေက ကိုယ့်အတွက် ခဏသာပဲဆိုတာ သိလျက်သားနဲ့ကိုပဲ မင်းကိုကိုယ် စောင့်မျှော်မိခဲ့တာပါ။

မင်းဟာ အချိန်မရွေး အပြောင်းအလဲတွေနဲ့ ပျော်မွေ့နေတယ်ဆိုတာကို နားလည်လျက်သား နဲ့ပဲ ကိုယ်က ကြည်နူးနေမိတာပါ။ အစပိုင်းမှာ ငြင်သာသလောက် တဖြည်းဖြည်းနဲ့ မင်းအစ ကြမ်းလာတဲ့အချိန်မှာ ကိုယ်က တဖြည်းဖြည်း အငွေ့ပျံ ပျောက်ကွယ်လုနီး ဖြစ်နေရပြီလေ။ မင်းက သိပ်လှတယ်။ ပြီးတော့မင်းကိုယ်မင်း တန်ဖိုးရှိတယ်ဆိုတာကို သိတယ်။ ကိုယ်ကတော့ ဘာတန်ဖိုးမှမရှိတဲ့ကောင်ပါ..။ အေးစက်စက် မှုန်မှိုင်းမှိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးတဲ့သူ တယောက်ပါ နေခြည်ရယ်။

ဒါပေမယ့် ကိုယ် မင်းကိုချစ်တယ်…။ ကိုယ်ကချည်း ဆုံးရှုံးရမယ် ဆိုတာ သိသိကြီးနဲ့ ကိုယ်ချစ်တာပါ။ ကိုယ့်ကို မင်းရဲ့ အကြည့်လေးတချက်လောက် ပို့လွှတ်ရုံနဲ့တင် သေပျော်ပြီလို့ ထင်နေတဲ့သူတယောက်ပါ နေခြည်။ ကိုယ့်ကို မြက်ပင်လေးတွေက ကောင်းကောင်း သိပါတယ်။ သစ်ရွက်ကလေးတွေကလည်း ကိုယ့်ဘက်မှာနေပေးချင်ကြပါတယ်။ ပန်းပွင့်လေးတွေကဆို ကိုယ်မလာတဲ့နေ့တွေမှာ မှိုင်တွေငေးငိုင်လို့… သူတို့ရဲ့ ပင်ကိုယ်အလှ တွေကိုတောင် သူတို့ သတိမရတော့တဲ့ထိပါ။ သူတို့က ကိုယ့်ကိုတွေ့မှ ပျော်မယ်ဆိုသလို ကိုယ်ကလည်း မင်းနဲ့ တွေ့ရမှ ပျော်တဲ့သူပါနေခြည်။

တကယ်ပါ....။ ကိုယ့်ကို ပိုးအိမ်လေးတွေကတောင် သတိထားမိတယ်။ သူတို့လည်း မင်းကိုမျှော်တဲ့သူတွေပါပဲ။ ဒါပေမယ့် သူတို့က မင်းကြောင့် ကိုယ် ခံစားနေရတာ မကြည့်ရက်ကြဘူးတဲ့..။ တတ်သလောက်မှတ်သလောက် သူတို့ ကိုယ့်ကို ကာကွယ်ပေးဖို့ ကြိုးစားကြပါရဲ့.. ဒါပေမယ့်လဲ ကိုယ်လိုကောင်က အမှတ်မှမရှိဘဲ နေခြည်ရယ်..။ မင်းရဲ့မျက်ဝန်းတွေနဲ့ ဆုံဖို့ အလူးအလဲ ကြိုးစားရင်း ဆုံခွင့်ရတိုင်း အလဲအကွဲပါပဲ။

ကိုယ်ကြေကွဲတတ်တာ သိပေမယ့် မင်းက ရယ်မောချင်တယ် မဟုတ်လား..။ ကိုယ်ခံစားရတာကိုပဲ မင်းက ပြက်ရယ်ပြုချင်တယ်ဆိုတာ ကိုယ်သိပါတယ်။ နေခြည်.. ကိုယ်ဟာ မင်းရယ်မောပျော်ရွှင်ဖို့ ခဏလေးပဲဖြစ်ဖြစ် အသက်ရှင်ပေးချင်တဲ့သူပါ။ ခဏလေးပါ နေခြည်ရယ်..။ အဲဒီခဏလေး အသက်ရှင်ရရုံ၊ မင်းကို မြင်တွေ့ခွင့်ရရုံ၊ မင်းနားမှာနေခွင့်ရရုံ နဲ့တင် ကိုယ့်အတွက်က လုံလောက်နေပါပြီ။

တကယ်တော့ အစပိုင်းမှာ ကိုယ်ကပဲ ကြီးစိုးနေသလို ဘာလိုလိုနဲ့ တဒင်္ဂတော့ ကိုယ်က အားလုံးကို ဖုံးလွှမ်းထားနိုင်ခဲ့ပါရဲ့ ဒါပေမယ့် အဆုံးသတ်မှာတော့ မင်းကို အားလုံး အရှုံးပေးရတာပါ..။ မင်းရေးတဲ့ ဇာတ်ညွှန်းကိုပဲ ကိုယ်က ကရတာပါ။ တခါတခါမှာ ကိုယ့်ရင်ထဲ နာကျင်ရလွန်းလို့ ငိုကြွေးမိတယ်။ ကိုယ့်မျက်ရည်တွေကို မြက်ပင်လေးတွေ သိပါတယ်။ ကိုယ့်ငိုသံတွေ မင်းဆီမရောက်အောင် ပန်းကလေးတွေ တချို့က သိမ်းဆည်း ပေးထားကြတယ်။

မနက်ခင်းမှာ စိမ်းစိုနေတဲ့ မြက်ပင်ကလေးတွေ၊ လန်းလတ်နေတဲ့ ပန်းပွင့်ကလေးတွေဟာ မင်းကြောင့် ကိုယ်ငိုကြွေးရကြောင်း ပြတဲ့ သက်သေတွေပါ။ မင်းရဲ့ ဒေါသမျက်စောင်းတွေကို တော့ ကိုယ်အကြောက်ဆုံးပါပဲ။ ကိုယ့်ကို နေစရာမရှိအောင် လုပ်တဲ့နေရာမှာတော့ မင်းက တော်ပါပေတယ်။ ကိုယ့်မှာ မင်းကိုချစ်လွန်းလို့ မင်းနဲ့တွေ့ရဖို့ အချိန်တွေကို လက်ချိုးရေရင်း စောင့်ရတယ်။ မင်းက ကိုယ့်ကို လျှစ်လျှူရှုမယ်…၊ မင်းကြောင့် ကိုယ် ငိုကြွေးရမယ် ဆိုတာ သိသိကြီးနဲ့ပေါ့။ မင်းရောက်လာပြန်တော့လည်း တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်ရတာ ကိုယ်ပါ။

အဲဒါပါပဲ နေခြည် ကိုယ်လို မှုန်မွှားမွှား အေးစက်စက် ကောင်တကောင်က မင်းလို တလောကလုံးကို အပေါ်စီးက ဝင့်ဝင့်စားစား ကြည့်တတ်တဲ့ သူကို ချစ်တယ် ဆိုတာ ဆန်းပြားကောင်း ဆန်းပြားနေနိုင်ပါတယ်။ ဟုတ်တယ် ကိုယ်တို့ နှစ်ယောက်က ဆန့်ကျင်ဖက် တယောက် ရောက်လာရင် တယောက်ကပျောက်ကွယ်ရတာ… ဟင့်အင်း အဲလိုတော့မဟုတ်ဘူး မင်းလာရင်သာ ကိုယ်က ဘေးဖယ် ပျောက်ကွယ်ရပေမယ့် မင်းက ကိုယ်လာလို့ ပျောက်ကွယ်တာမဟုတ်ဘူးလေ။ ကိုယ်ကသာ မင်းမရှိတော့လို့ လာရဲတာပါ။

တခုတော့ ကိုယ်သိချင်တယ်နေခြည် မင်းကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်လား ဆိုတာကိုပေါ့။ ဒါလည်း မမျှော်လင့်သင့်တဲ့အရာ ဆိုတာ ကိုယ်သိပါတမယ်။ ဒါမေပမယ့် ကိုယ် သိချင်ရုံလေး သိချင်တာပါ..။ မင်းကကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်တယ်ဆိုရင် ကိုယ့်လောက်ပျော်တဲ့သူ ဒီလောကမှာရှိမယ်မထင်ဘူး နေခြည်..။ နောက်ဆုံး မင်းက စနောက်လို့ပဲဖြစ်ဖြစ်..ကွယ်ရာမှာ ဟားတိုက်ရယ်မောဖို့ပဲဖြစ်ဖြစ် ကိုယ့်ကို ချစ်တယ်ဆိုရင်တောင် ကိုယ်ပျော်ရွှင်လှပါပြီ။

ဒါပေမယ့် နေခြည်..။ မင်းက ကိုယ့်ကို ချစ်ချစ်မချစ်ချစ် ကိုယ်မင်းကိုသိပ်ချစ်ပါတယ်…။ ကိုယ်ဟာ နှင်းပါ………….။


ဝတ္ထုတို ၂

ကျမတို့ ငယ်ငယ်ကတည်းက အရမ်းကို ချစ်ခင်ရတဲ့ ဆရာတယောက် ရှိပါတယ်။ သူက ကျမတို့ သူငယ်ချင်း တစုကို အင်္ဂလိပ်စာ သင်ပေးတယ်၊ သီချင်းဆို သင်ပေးတယ်၊ တချို့ကို စန္ဒရား သင်ပေးတယ်၊ တချို့ကို ဇာထိုး ပန်းထိုး သင်ပေးတယ်၊ တချို့ကို ပန်းအိုး အလှပြင် နည်း သင်ပေးတယ်၊ ကျမကျတော့ သူ့ဆီက ၀ိုင်ဖောက်နည်းတွေ ဘီယာ ချက်နည်းတွေ၊ ကိတ်မုန့်တို့ ပေါင်မုန့်တို့ လုပ်နည်းတွေ အစားအသောက် ချက်ပြုတ်နည်းတွေ သင်တယ်။ သူက စန္ဒရားတီး အရမ်းကောင်းသလို သီချင်းဆို အရမ်းကောင်းတယ်။ ပြီးတော့ သူက ကျမတို့ကို သဘာဝကို ချစ်တတ်အောင် သင်ပေးတယ်။ လူပီပီသသ အသက်ရှင်တတ်အောင် သင်ပေးတယ်။ ကျမတို့ သူနဲ့အတူ သီချင်းတွေ ဆိုကြတယ်။ သူဖောက်တဲ့ ၀ိုင်တွေကို အတူသောက်ကြတယ်။ သူဖုတ်တဲ့ ကိတ်တွေကို အတူစားကြတယ်။ သူဖန်တီးတဲ့ အနုပညာ လက်ရာတွေကို ကြည့်ပြီး တတ်သလောက် မှတ်သလောက် ဝေဖန်ကြတယ်။ (သူက ဇာထိုး ပန်းထိုး ထိုးရင်တောင် သူများတွေလို အဆင်တဆင်ကို ၂ခါ ဘယ်တော့မှ ပြန်မထိုးဘူး)။

တဖြည်းဖြည်းနဲ့ ကျမတို့ကသာ ကြီးသွားတယ်။ သူကတော့ ဒီပုံက ဒီပုံစံပဲ။ ကျမတို့က ဘ၀အမောတွေကြားမှာ ရှုပ်ထွေး နေပေမယ့် သူက ကျမတို့ထက် ငယ်တဲ့ ကလေးတွေကို ကျမတို့ကို သင်ပေးခဲ့ ဖူးတာတွေ ဆက်သင်ပေးနေတယ်။ ကျမအထင်တော့ သူ့ဆီက သင်ယူသူတိုင်း သူသင်သမျှ အကုန်မရ ပါဘူး။ ကျမက အစပေါ့။ သူက ခုထိ သန်လျင်မြို့ရဲ့ တနေရာမှာ တကိုယ်တည်း နေထိုင်ဆဲ။ ကျမတို့က သူ့အကြောင်း တခြား တယောက်ယောက်ကို ပြောပြရင် အများစုက မယုံကြည်သလို၊ ဒီလိုလူမျိုး တကယ်ရှိတယ် ဆိုတာ ဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ သူ့နာမည်က ဦးပီတာတင်မောင်။ သူ့ကို အားလုံးက ဦးပီလို့ပဲ ချစ်စနိုး ခေါ်ကြတယ်။ ကျမကို အထက ၂ လှိုင် (ဒေါ်သာထက်ကျောင်း) ရွှေရတု အထိမ်းအမှတ် မဂ္ဂဇင်း အတွက် ၀တ္ထုတိုတောင်းတော့ အဆင်သင့်ရေးထားပြီး ဖြစ်တဲ့ ဦးပီအကြောင်း ၀တ္ထုလေးကို ပေးဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အခု ဖော်ပြမယ့် “လူသေးသေးလေး ဖြစ်ချင်တယ်” ဆိုတဲ့ ၀တ္ထုလေးပါ။ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေက အပြင်မှာ တကယ် ရှိပါတယ်။ ဒီဇာတ်လမ်းထဲက ပိုးကောင် ဆိုတဲ့ကောင်မလေးဆို အခု အပျိုကြီးဖားဖားတောင် ဖြစ်နေပါပြီ။ ကျမတို့ရဲ့ ဦးပီကတော့ အရင်အတိုင်းပါပဲ…သူ့ဖာသာ ဖန်တီးတဲ့ အနုပညာ လက်ရာ ပစ္စည်းလေးတွေနဲ့ သူစိုက်ထားတဲ့ ဘွန်ဇိုင်းသက်ကြီးပု ပင်လေးတွေနဲ့ ပတ်ဝန်းကျင်က ကလေးငယ်လေးတွေနဲ့ စိတ်ချမ်းသာ ပျော်ရွှင်စွာ သီချင်းတွေဆိုလိုက် မုန့်တွေ လုပ်စားလိုက်…..။ သူ့ကိုသိတဲ့ သူ့တပည့် ဖြစ်ဖူးသူတွေ ကမ္ဘာအရပ်ရပ်မှာ ရှိနေပါတယ်။ သူကတော့ သန်လျင်မြို့အပြင် ရန်ကုန်ကိုတောင် တနှစ်နေလို့မှ တခါမသွားပါဘူး။ သူက နာမည်ကြီး အနုပညာရှင်ကြီး မဟုတ်လို့ အထုပ္ပတ္တိ တွေဘာတွေ ရေးနေစရာမလိုပေမယ့် ကျမတို့အတွက်ကတော့ တကယ့် ဟီးရိုးကြီးပါ။ ဒါကြောင့် သူ့အကြောင်းလေးကို အဖွင့်မှာ နည်းနည်း ရေးပြတာပါ။ သူက သာမန်လူ တဦးသာ ဖြစ်တဲ့အတွက် တခြားလူတွေလိုပဲ သူ့မှာလည်း မကောင်းတဲ့ အချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျမကတော့ သူ့ကို ချစ်တဲ့အတွက် မကောင်းတဲ့ အချက်တွေကို ဖယ်ပြီး မြင်ပါတယ်။ တူမလေး ကျဲကျဲ ဆွဲပေးတဲ့ ပန်းချီကားလေးကို ဒီဝတ္ထုမှာ သရုပ်ဖော်ပုံအဖြစ် သုံးခွင့် ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

လူသေးသေးလေး ဖြစ်ချင်တယ်

ကိုတင်မောင်က လူပျိုကြီး။ သူ့လိုပဲ လူပျိုကြီး ဖြစ်တဲ့ ဘကြီး တယောက်နဲ့နေတာ။ အေးအေး ဆေးဆေးပဲ။ သူ့ဝါသနာအလျောက် စိုက်ပျိုးထားတဲ့ ပန်းလေးတွေ အပင်လေးတွေ ရောင်းရငွေ၊ အင်္ဂလိပ်စာ စကားပြော သင်လို့ရတဲ့ငွေ၊ နောက်ပြီး သူ့မှာရှိတဲ့ စန္ဒရားကြီးနဲ့ သင်တန်းပေးလို့ ရတဲ့ငွေ အဲဒီငွေတွေက သူတို့ တူဝရီးအဖို့ လောက်ငရုံ အပြင် တခါတလေ ပိုတောင် ပိုသေးတယ်။

အိမ်မှာ သူ့ဖာသာသူ ဝါသနာပါလို့ ပန်းချီဆွဲတာ၊ ပန်းပုထုတာလေးတွေ လုပ်ချင်လည်း လုပ်နေတာ။ တခါတလေ သူ့ဘာသာ မုန့်တွေလုပ်၊ ကိတ်တွေဖုတ်၊ အသီးအနှံလေးတွေနဲ့ ဝိုင်စိမ်ချင် စိမ် ပြီးရင် သူ့ကိုချစ်တဲ့ တပည့်တွေ၊ အိမ်နားက ကလေးတွေကို ခေါ်ကျွေးမွေး အဲဒီလိုနေလာလိုက်တာ သူ့အသက်တောင် ငါးဆယ်နား ကပ်နေပြီ။

တချို့ကတော့ စိတ်ပူသလိုလို၊ စပ်စုသလိုလိုနဲ့ “ကိုတင်မောင် ခုချိန်ထိ ဘာမှ မလုပ်ဘူးလား” ဆိုပြီးမေးတတ်ကြတယ်။ သူကတော့ အဲဒီလို မေးလာရင် ခပ်ပြုံးပြုံးပါပဲ။ တချို့ကျတော့လည်း “ဘာမှမလုပ်ဘဲ ဘာနဲ့သွားစားနေလဲ” ဆိုပြီး ပေါ်ပေါ်ထင်ထင် စပ်စုတာတွေ ရှိတယ်။ အဲဒီအခါမှာလည်း ကိုတင်မောင်က ခပ်ပြုံးပြုံးပါပဲ “ဒီလိုပဲပေါ့ဗျာ” လို့ မရေမရာ ဖြေလိုက်လေ့ ရှိတယ်။

တနေ့..။ အဲဒီတနေ့ကတော့ တော်တော် ထူးခြားတယ်လို့ ဆိုရမယ်။ သူ့ကိုယ်သူ ပိုသိပြီး လူတွေကို ပိုနားလည် လာတဲ့နေ့လို့တောင် အမည်တပ်ရမယ့် ပုံပဲ။

အဲဒီနေ့က သူဈေးသွားတယ်။ ခါတိုင်းလိုပါပဲ။ ကြက်တကောင် ဝယ်ပြီး ပြန်လာတယ်။ အပြန်လမ်းမှာ လမ်းထဲက ဒေါ်ဗိုက်နဲ့ တွေ့တာနဲ့ ဒေါ်ဗိုက်က စမေးတယ်။

“ကိုတင်မောင် ဈေးကပြန်လာတာလား၊ ဘာတွေဝယ်ခဲ့တာလဲ”

“အော် ဒေါ်ဗိုက်....ဒီမှာ ကြက်တကောင် ဝယ်လာတယ်ဗျ”

“အံမယ်.. ကိုတင်မောင်က လာနောက်နေပြန်ပြီ။ ကောင်းကောင်းပြောစမ်းပါ”

“ဗျာ.. ကျနော် ကြက်တကောင် ဝယ်လာတယ်လို့ ပြောတာလေ။ ဘယ်မှာနောက်လို့လဲ”

“ကိုတင်မောင်နော်။ ဒီလူပျိုကြီး တော်တော် နောက်တယ်။ ဘာလဲ မခေါန်ဂျာ မှာလိုက်တာလား”

“မဟုတ်ဘူးဗျ.. တကယ် ကျနော်တို့အိမ်ဖို့ ဝယ်လာတာပါ”

“ကဲ ကိုတင်မောင်.. ရှင်ဟာလေ.. ကလေးတွေနဲ့ပေါင်းပြီး စကားကို အတည်ကို မပြောဘူး။ သွားမယ်.. ဒီကြက်ကလေးတကောင် ဘယ်သူမှာတာလဲလို့ ပြောဖို့ကိုပဲ မပြောနိုင်ဘူး တကတဲ”

အဲဒီတော့မှ ကိုတင်မောင် နည်းနည်း သဘောပေါက်သလို ဖြစ်သွားတယ်။ ရယ်လည်း ရယ်ချင်လာတယ်။

“အလကားစတာ ဒေါ်ဗိုက်ရေ.. ဒီဟာ ဟိုဘက်အိမ်က မီးမီး မှာလိုက်လို့ဗျို့..ကျနော်တို့လို လူက ဘယ်မှာ ကြက်တကောင်လုံး ဝယ်စားနိုင်မှာလဲဗျာ။ ဟီးဟီး”

“အဲလိုလုပ်ပါတော်.. ရှင်က တကယ့် လူနောက်ပဲ” ဆိုပြီး ဒေါ်ဗိုက်တယောက် ကျေကျေနပ်နပ်ကြီး ထွက်သွားလေရဲ့။

ကိုတင်မောင် အိမ်ပြန်ရောက်လို့ ကြက်ကိုကိုင်မယ် လုပ်နေတုန်း အိမ်ရှေ့က “ဧည့်သည်ဟေ့” ဆိုတဲ့ အသံနဲ့အတူ တံခါးဖွင့် ၀င်သံပါ ကြားလိုက်ရတယ်။ ကိုတင်မောင်ရဲ့ အစ်မ တ၀မ်းကွဲ မမဘေဘီ။ ကိုတင်မောင် နည်းနည်း ပျော်သွားတယ်။ သူနဲ့ သူ့အစ်မနဲ့က မတွေ့တာ တော်တော် ကြာပြီလေ။ ပြီးတော့ မောင်နှမ ၀မ်းကွဲတွေထဲမှာ သူက ဒီအစ်မကို အချစ်ဆုံး။ ဘာလို့လဲဆိုတော့ သူတို့မောင်နှမ နှစ်ယောက်က ၀ါသနာတူကြတယ်။ ငယ်ငယ်ကတည်းက လက်မှု ပစ္စည်းကလေးတွေ အတူတူ လုပ်ဖော်လုပ်ဘက်ပေါ့။ ခုတော့ ဒီအစ်မက လက်မှုကျောင်း တကျောင်းမှာ ဆရာမကြီးဖြစ်နေပြီ။

“တင်မောင်ရေ ငါလည်း မအား မအားနဲ့ နင့်ဆီတောင် မရောက်ဖြစ်ဘူး။ ကြည့်စမ်း နင်က အရင်အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ ကဲ.. ပြပါဦး ငါ့မောင်ရဲ့ လက်ရာတွေ။ ဘာတွေ လုပ်ဖြစ်သေးလဲ”

ကိုတင်မောင် ပျော်သွားတယ်။ သူ့လက်ရာတွေကို ကြည့်မယ့်သူ လာပြီလေ…

“မမ .. ဒီဟာ ကျနော် ဆွဲထားတဲ့ ပန်းချီကား။ ဆေးနဲ့ ဆွဲထားတာ မဟုတ်ဘူး။ ချည်နဲ့ ထိုးထားတာ။ ကြည့်ပါဦး ဘာလိုလဲလို့”

ကိုတင်မောင်က သုံးပေ၊ လေးပေ ပန်းချီကားကြီး တချပ်ကို ပြလိုက်တယ်။ ဒေါ်ဘေဘီက ပန်းချီကားကိုတလှည့်၊ ကိုတင်မောင်ကိုတလှည့် တအံ့တသြနဲ့ ကြည့်နေတယ်။ ပြီးမှ..

“ဟဲ့ တင်မောင်။ ဒါနောက်စရာ မဟုတ်ဘူးနော်။ အစ်မလုပ်တဲ့သူက မတွေ့တာကြာလို့ လာတယ်။ သူက လာနောက်နေတယ်”

“မနောက်ပါဘူး မမရဲ့။ ဘယ်မှာနောက်လို့လဲ”

“ဒီမှာ… ငါ ဒီလောက် မတုံးဘူးနော်။ ဒီပန်းချီကား နင်ဆွဲတယ်ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာ လောက်တော့ သိတယ်”

ကိုတင်မောင် အံ့သြသွားတယ်။ ဒီနေ့ ဘာတွေ ဖြစ်နေပါလိမ့် ပေါ့။

“မမ.. ကျနော် မလိမ်ပါဘူး.. မမရဲ့။ လာ… နောက်တခု ပြဦးမယ်”

အိမ်ရှေ့မှာ ချထားတဲ့ အင်္ဂတေ ပန်းပုရုပ်ကလေးတွေဆိုကို ခေါ်သွားပြီး ပြလိုက်တယ်။ ပန်းပု ရုပ်ကလေးတွေက အသက်ဝင်လွန်းလို့ ကောင်းကင်ကို ပျံတက်တော့မယ့် အတိုင်းပဲ။ ကောင်းကင်တမန် ရုပ်ကလေးတွေပါ။ အတောင်ပံကလေးတွေ ဖြန့်လို့။ အဲဒါကို ပြတော့မှ ပိုဆိုးသွားတော့တယ်။

“ဒီမှာ တင်မောင်… နင်ဟာလေ အဲဒီလို သူများလုပ်ထားတဲ့ လက်ရာကို ကိုယ့်လက်ရာလို့ ပြောရတာ မရှက်ဘူးလား… ဟင်”

ပြဿနာပဲ။ ကိုတင်မောင် မရှင်းတတ်တော့ဘူး ဆိုတာထက် ရှင်းကို မပြချင်တော့ဘူး။ ဒေါ်ဘေဘီကတော့ ကိုတင်မောင့် တအိမ်လုံး အနှံ့ လျှောက်ကြည့်ပြီး တနေရာရောက်တော့ ရပ်သွားတယ်။

“ဟော တွေ့ပြီ.. ဒါမှ နင့်လက်ရာ ဟုတ်တယ်မဟုတ်လား”

ဝမ်းသာအားရ ကိုတင်မောင်ကို လှမ်းပြောတယ်။ သူပြောနေတာကို လှမ်းကြည့်လိုက်တော့ ဘာမှ မဟုတ်ဘူး။ ပလတ်စတစ် အအေးပိုက်တွေကို ဖြတ်ပြီး အလှထားတဲ့ ပစ္စည်းလေးတွေ လုပ်ထားတာ။ အဲဒါ ကိုတင်မောင့် လက်ရာလည်း မဟုတ်ဘူး။ ကိုတင်မောင့်ကို သူ့တပည့်လေး တယောက် ပေးထားတာ။

မဟုတ်ဘူး ဆိုပြီးလည်း မငြင်းတော့ဘူး ဟီးဟီးလို့ သွားဖြီးပြီး ရူးပြလိုက်တယ်။ အဲဒီတော့မှ ဒေါ်ဘေဘီတယောက် ကျေနပ်ပြီး ပြန်သွားတော့တယ်။

ခဏနေတော့ ပိုးကောင် ရောက်လာတယ်။ ပိုးကောင် ဆိုတာက ကိုတင်မောင်တို့ မျက်စောင်းထိုး အိမ်က ကလေးမလေး။ အခုမှ ငါးနှစ်။ သူငယ်တန်းပဲ ရှိသေးတယ်။ ပိုးကောင် ဆိုတဲ့ နာမည်ကလည်း ကိုတင်မောင် ပေးထားတာပါ။

“ဦးမောင် ဘာလုပ်နေလဲ”

“ပိုးကောင် လာ၊ လာ နင့်ကို ငါ ပြစရာရှိတယ်”

ပိုးကောင်ရဲ့ မျက်လုံးလေးတွေ ၀ိုင်းပြီး တောက်ပသွားတယ်။ ကိုတင်မောင်က ပိုးကောင်ကို ခြံထဲက တနေရာကို ခေါ်သွားပြီး.. ပြလိုက်တယ်။ သူလုပ်ထားတဲ့ ကျောက်တောင် သေးသေးလေး၊ လူသေးသေးလေးတွေလည်း ပါတယ်။ သူလုပ်နေတာတော့ သုံးလလောက် ရှိပြီ။ ဒီနေ့မှ လတ်စသတ်တာ။

ပိုးကောင်က မျက်လုံးလေးဝိုင်းပြီး ကျောက်တောင်လေးကို ကြည့်နေတယ်။ ကြည့်ရင်း ကြည့်ရင်း ခြေထောက်ကပါ ခုန်ဆွ ခုန်ဆွ ဖြစ်လာတယ်။ ကျောက်တောင်လေးက တကယ့် ကျောက်တောင် အကြီးကြီး အတိုင်းပဲ။ အပေါ်မှာရေညှိတွေ တက်လို့။ ခြောက်လက်မ လောက်ပဲရှိတဲ့ ဂူသေးသေး လေးတွေကလည်း ပြေးဝင်ပြီး ဆော့ချင်စရာ။ ဒါပေမယ့် ဘယ်လိုလုပ် ၀င်ဆော့လို့ ရမလဲ။ ဒါအလှ သက်သက်ပဲ။ ပိုးကောင်လည်း သိပါတယ်။

“ဦးမောင်..”

“ဟေ..”

“ဦးမောင်က သိပ်တော်တာပဲ”

“ဟုတ်လား”

ကိုတင်မောင် အံ့သြသွားတယ်။ ဟုတ်တယ်လေ..ဒီနေ့အဖို့ ပိုးကောင်က ပထမဆုံး သူ့ကို ချီးမြှောက်လိုက်တာပဲ။

“ပိုးကောင်လေ…ပိုးကောင်လေ.. လူသေးသေးလေး ဖြစ်ချင်လိုက်တာ.. ပြီးရင် ဒီဂူထဲ ၀င်ဆော့မယ်”

ကိုတင်မောင့် ရင်ထဲမှာ ပီတိတွေ ဖိတ်လျှံကျလာတယ်။ ခုနက ကိစ္စတွေ အကုန်မေ့သွားတယ်။ ပြီးတော့ ပိုးကောင်ကို ပြန်ပြောလိုက်တယ်။

“အေး ဦးမောင်လည်း လူသေးသေးလေး ဖြစ်ချင်တယ်။ ပြီးရင် ပိုးကောင်နဲ့ တူတူ ဆော့မယ်” ။

(၇-၈-၀၃)

ရယ်တတ်အောင်သင်

လူတွေကို ငိုအောင်လုပ်ရတာ လွယ်သလောက် ရယ်အောင်လုပ်ရတာ တော်တော် ခက်ပါတယ်။ ကျမကတော့ ရယ်တယ်ဆိုတာကို အတတ်ပညာတခုလို့ကို ထင်ပါတယ်။ တချို့က မရယ်တတ်ကြဘူးလေ။ တယောက် ယောက်က ရယ်စရာပြောလို့မှ တခြားသူတွေက ရယ်ပြီး ကိုယ်က ဝင်မရယ်နိုင်ဘူးဆိုတဲ့သူကို ကျမ တော်တော်လေး သနားမိပါတယ်။ သူ့ခမျာ ရယ်ခြင်းအတတ်ကို မတတ်ရှာပါလားလို့ တွေးပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ကျမတို့ကတော့ ရယ်တဲ့အတတ်ကို ငယ်ငယ်ကတည်းက တတ်ခဲ့တာလို့ ထင်ပါတယ်။ ကျမတို့ကို ရယ်တတ်အောင် သင်ပေးခဲ့တဲ့သူကတော့ ကျမအဖေပါပဲ။ ကျမအဖေကို သတိရလိုက်တိုင်း အဖေ့ရဲ့ ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ ပုံရိပ်ကိုပဲ မှတ်မိပါတယ်။ ခုဆို ကျမအဖေဆုံးတာ ၁၆ နှစ် ရှိရော့မယ်။ အဖေ့အတွက် မှတ်မှတ်ရရ ကျမ ဝတ္ထုလေးတပုဒ်ပဲ ရေးဖူးပါတယ်။ အဲဒီဝတ္ထုကလည်း အဖေဆုံးပြီး ၈ နှစ်ကျော် ကာလကျမှ ရေးဖြစ်တာပါ။ ဗျူးတီးမဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ ဝတ္ထုတိုလေးကို ကျမဘလော့ရဲ့ ပထမဆုံးဝတ္ထုအဖြစ် တင်ချင်ပါတယ်။

ရယ်တတ်အောင်သင်

ရှစ်နှစ်တိုင်ခဲ့ပြီ… ကျမတို့အဖေ ကျမတို့နဲ့ ခွဲခွာသွားခဲ့တာ…။ အဖေ့အကြောင်းကို ရေးမယ်… ရေးမယ်နဲ့ အဖေဆုံးကတည်းက အားခဲထားလိုက်တာ။ ..တခြားစာတွေသာ ရေးဖြစ်တယ်။ အဖေ့အကြောင်းက ရေးလို့မရ။ လက်မရဲတာဆိုရင် ပိုလို့မှန်လိမ့်မယ်။ အဖေ့ကိုလွမ်းတိုင်း စာရွက်နဲ့ဘောပင်ကို ကိုင်ပြီး ငိုင်နေတာနဲ့တင် အချိန် ကုန်သွားရတယ်။ အဖေ့အကြောင်းက ရေးမယ်ဆိုရင် ရေးစရာ တပုံတပင်ဆိုတော့ ဘယ်ကဘယ်လို ဘာစရေးရမှန်း မသိတာလည်း ပါပါတယ်။ အဖေလည်းဖြစ် ကျမရဲ့သင်္ချာဆရာလည်းဖြစ်တဲ့ အဖေ့ဆီက ကျမ ဘာတွေ ရခဲ့ပါသလဲ။ ကိုယ့်ဘာသာ ပြန် မေးကြည့်မိတယ်။

ကျမတို့အိမ် ဧည့်ခန်းထဲမှာ အဖေကွယ်လွန်စဉ်က ကာတွန်း (ဦး) ရွှေမင်းသား ရေးပေးခဲ့တဲ့ ပန်းချီကား(အဖေ့ပုံ) ကို ငေးကြည့်မိတဲ့အခါ ကျမ ရယ်ချင်လာပါတယ်။ ပြောစရာပေါ့…“နင်က အဖေသေတာကို ရယ်စရာလို့ ပြောနေသေးတယ်” ဆိုပြီးလေ…. ရယ်မှာပေါ့… အဖေက ကျမကို ပန်းချီကားထဲကနေ ဟက်ဟက်ပက်ပက် ရယ်ပြနေတာကိုး။ အဲဒါပါပဲ။ ကျမအဖေ့ဆီက ရခဲ့တာ…ကျမတို့ကျန်ခဲ့တဲ့မိသားစု အဖေ့ဆီက ရလိုက်တာ… ရယ်ခြင်း အတတ်ပညာပါ….။

ကာတွန်းဆရာလို့ မပြောရဘူး။ အဖေက အရာရာကို ရယ်စရာအဖြစ်နဲ့ပဲ မြင်နေတော့တာ…. ပြီးတော့ သူ့ရဲ့ ကာတွန်းဇာတ်ကောင်လေးတွေအဖြစ် ကူးပြောင်းဖန်တီးတော့တာပဲ…အဖေ့ရဲ့အလေ့အထက ညညဆို ကာတွန်းလေး ဆွဲလိုက် မိသားစုဘက်လှည့် စကားပြောလိုက်နဲ့ တော်တော်နဲ့ အိပ်လေ့မရှိဘူး။ အဖေမအိပ်ဘဲ စကားပြောနေတော့ ကျမတို့တတွေလည်း မအိပ်တော့ဘဲ အဖေနဲ့စကားတွေပြော ရယ်ကြမောကြ ပေါ့။ အများအားဖြင့် အဖေပြောတတ်တာတွေက ရယ်စရာတွေများတယ်။ သူ့မိတ်ဆွေ ကာတွန်းဆရာတွေနဲ့ တနေကုန် တွေ့ကြုံခဲ့တာတွေကို ဖောက်သည်ပြန်ချရင်လည်း ရယ်စရာတွေချည်း ရွေးပြောတတ်တယ်။


အမေက တနေ့တာကြုံကြိုက်ခဲ့သမျှ ဆက်ဆံခဲ့သမျှ လူတွေထဲက သူမကျေနပ်တဲ့သူတွေအကြောင်း ပြောရင်လည်း အဖေက အဲဒီလူရဲ့ ရယ်စရာကောင်းတဲ့ အပြောအဆို၊ အပြုအမူတွေအကြောင်းရွေးပြီး ဟာသ လုပ်တတ်တယ်။ အဲဒီအခါ အမေကလည်း မကျေနပ်တာတွေမရှိတော့၊ ကျမတို့လည်း ဝိုင်းရယ်ကြနဲ့ပေါ့။ နောက်ဆုံး သူကိုယ်တိုင်ကြည့်မရတဲ့သူအကြောင်း ပြောရင်တောင် အဲဒီလူ ဘယ်လိုရယ်စရာ ကောင်းကြောင်း ကိုပဲ ပြောတတ်လေ့ရှိတယ်။ အဲဒီအကျင့်တွေက ကျမတို့မောင်နှမတွေမှာ စွဲနေပြီ။ ကျမတို့ချင်း မကျေနပ်တဲ့ သူအကြောင်းပြောရင်တောင် ရယ်စရာလုပ်ပြီးပဲ ပြောကြတော့တယ်။

ဥပမာ- အမေ့ဆီလာလာနေကျ ကျမတို့အမျိုး အစ်မကြီးတယောက်ရှိတယ်။ သူ့နာမည် မလှ ဆိုပါစို့။ အဲဒီမလှကို အဖေကကြည့်မရဘူး။ အိမ်ကိုလာရင် အိမ်ထဲဝင်ဝင်ချင်း အရင်ဆုံး ကျမကိုတွေ့တယ်ဆိုပါတော့ သူကမေးမယ် “ဟဲ့မတူး နင့်အမေဘယ်သွားလဲ”… အဲဒီလိုမေးပြီး ကျမကဖြေမလို့လုပ်တုန်း “သြော် မရှိဘူးလား၊ ဘာလဲ ဈေးသွားတာလား” ဆိုပြီး သူ့ဘာသာပြန်ပြောတယ်။ အဲဒီမှာ ကျမက မဟုတ်ဘူး အဘွားတို့အိမ်သွားတာလို့ ပြောမလို့ ပါးစပ်ပြင်တုန်း သူက “ဟဲ့ နင့်အမေက နောက်ဖေးမှာလည်း မရှိပါလား..သြော်…မသွယ်တို့အိမ် သွားတာလား”… အဲဒီလို သူထင်တာတွေ သူ့ဟာသူမေး သူ့ဟာသူဖြေတတ်တယ်။

အဲဒါမျိုး ကျမတို့နဲ့မှမဟုတ်ဘူး။ အဖေနဲ့လည်း ကြုံဖူးတယ်။ အဖေ့ကို သူက ဦးဦးလို့ခေါ်တယ်။ တခါ သူ လာတုန်းက “ဦးဦး ထမင်းစားပြီးပြီလား၊ ဘာဟင်းနဲ့လဲ” လို့သူ့ဘာသာမေးပြီး “ဝက်သားလား၊ သြော်မဟုတ်ဘူး၊ ငါးလား… သြော်သိပြီ ကြက်သား”….အဲဒီလိုသူ့ဘာသာမေး သူ့ဘာသာဖြေတော့တာပဲ။ အဲဒီ မလှအကြောင်းကို အဖေကဘယ်အချိန်မှာ ပြန်ပြောလည်းဆိုရင် အမေတခါတလေ အဲဒီလိုကိုယ့်ဘာသာမေး ကိုယ်ထင်ရာ ဖြေတဲ့အခါမျိုးတွေမှာ “ဟာ မလှလုပ်ချင်ပြန်ပြီ” ဆိုပြီးနောက်တတ်တယ်။ အဲဒီ မလှရဲ့အမူအရာတွေကို ညဘက်တွေမှာ အားရင်ပြန်ပြန်လုပ်ပြပြီး ရယ်ကြတယ်။

ကျမအမေကလည်း အဖေ့အတွက် ကာတွန်းတပုဒ်ပါပဲ။ တပုဒ်တောင်မကဘူး။ အပုဒ်ပေါင်းများစွာလို့ ပြောရင် ရတယ်။ အဖေလုပ်ပေးခဲ့တဲ့ အဲဒီအကျင့်က ကျမတို့မောင်နှမတွေ အထိပါစွဲနေရောပဲ။ ကျမတို့က သန်လျင် မှာနေတော့ (အဲဒီတုန်းက သင်္ဘောခေတ်ပေါ့)။ တရက်… အမေနဲ့အပေါင်းအပါများ သင်္ဘောနဲ့ ရန်ကုန်ကို သွားကြတယ်။ မနက် ၅ နာရီခွဲခေါက်။ အစောကြီးဆိုတော့ သင်္ဘောပေါ်မှာ လူကလည်း ရှင်းနေတာပေါ့။ အမေနဲ့ သူ့အရွယ်အမျိုးသမီးကြီး ငါးယောက်လောက်ရှိမယ်ထင်တယ်။

အဲဒီမှာအမေတို့ အမျိုးသမီးတစု လက်ပံပင်ဆက်ရက်ကျ ပြောကြဆိုကြ။ အတင်းလုပြီးလည်းပြော။ အတင်း ဝင်ဖြတ်ပြီးလည်းပြော။ ပြောလို့ရတာအကုန်ပြောလိုက်ကြတာ သင်္ဘောက ပုဇွန်တောင်ဆိပ်ကမ်းကို ကပ်တာလည်း မသိဘူး။ သင်္ဘောက ရန်ကုန်ကိုပြန်ခွာပြီး သန်လျင်ဘက်ကို ပြန်ဦးလှည့်နေတော့မှ တယောက် က မြင်လိုက်ပါလိမ့်မယ်….“ဟဲ့ သင်္ဘောကြီး ပြန်ခွာနေပြီ။ သွားသွား ပြန်ကပ်ခိုင်း” လို့ ထအော်ကြတယ်။

သင်္ဘောဆိုတာမျိုးက ခွာပြီးရင် ဘယ်ပြန်ကပ်ပေးပါ့မလဲ။ သူ့အချိန်နဲ့သူ ဝင်ထွက်ရတာကိုး။ အဲဒါနဲ့ သူတို့တစု သန်လျင်ဘက်ကို ပြန်ပါသွားကြလေသတည်းပေါ့။ သန်လျင်ဘက်ရောက်မှ သင်္ဘောကို နှစ်ခေါက်ပြန်စီးရတဲ့ အဖြစ်ရောက်ပါသတဲ့။ အဲဒီအကြောင်းကို အမေကအဖေ့ကို (ကာတွန်းဆရာဆိုတာ မေ့လို့ထင်ရဲ့) ပြန်ပြောတော့ ကျမတို့မောင်နှမတစုနဲ့ အဖေနဲ့ ရယ်ကြပြန်တာပေါ့။

အဖေက ရယ်ရုံတင်အားမရဘူး ကာတွန်းအဖြစ်အသက်သွင်းပါလေရော။ အမေ့မှာအကျင့်တခုရှိတယ်။ (ဒါကတော့ အိမ်ရှင်မတိုင်းမှာ ရှိမယ့်အကျင့်မျိုးဖြစ်မှာပါ)။ အဖေ့ကာတွန်း စာစောင်တခုခုမှာပါလာရင် ဘာကာတွန်းလဲဆိုတာ အရင်မဖတ်ဘူး။ “စာမူခဘယ်လောက်ရလဲဟင်” ဆိုပြီးအရင်မေးတတ်တယ်။ အဲဒီအမေတို့ကာတွန်း (တေဇမှာထင်ရဲ့) ပါလာတော့ အဖေက စာအုပ်ကလေးစားပွဲပေါ်တင်ပြီး “ကာတွန်းပါလာတယ်ဟေ့” လို့ပြော….အမေက ထုံးစံအတိုင်း သူစိတ်ဝင်စားတာပဲ သူမေးပြီး ကာတွန်းကို တော်တော်နဲ့ မဖတ်ဘူး။ အဲဒီကာတွန်းကို ဖတ်မိတဲ့တခြားသူတွေက အမေ့ကိုပြန်ပြောပြတော့မှ အမေသိရပြီး စိတ်ဆိုးတော့တာပေါ့။ သူ့ကိုကာတွန်းရေးရမလားဆိုပြီး…။ ကျမတို့မောင်နှမတွေနဲ့အဖေ ရယ်ကြပေါ့။

အဲဒီအကျင့်ကို ကျမတို့မောင်နှမတွေမှာ ပါလာတာရဲ့အစက ကျမမောင်လေး ရှစ်တန်းလောက်က ကာတွန်း တကွက်ဆွဲရာက စတာပါပဲ။ (သူက အဖေ့ရဲ့အမွေကို အပြည့်အဝရခဲ့သူလေ)။ အဲဒီကာတွန်းက ၂ကွက် ကာတွန်းလေး။ တကွက်က ကလေးနှစ်ယောက် အိမ်ရှေ့မှာရပ်နေတုန်း အိမ်နောက်က “ခလွမ်း” ဆိုတဲ့ ကျကွဲသံကြားရတော့ ကောင်လေးနှစ်ယောက်ထဲက တယောက်က “အဲဒါငါ့အစ်မလုပ်လို့ ကွဲတာကွ” လို့ ပြောနေဟန်။ နောက်တကွက်က “ခလွမ်း” ဆိုတဲ့အသံကြားပြီးနောက်ဆက်တွဲ ဘာသံမှမကြားရတော့ ခုနပြောတဲ့ ကောင်လေးကပဲ.. “အဲဒါ ငါ့အစ်မကြောင့်ကွဲတာ” လို့ပြောနေတဲ့ ပုံလေးပေါ့။ ကျမအမေကို သရော်ထားတာလေ…အဲဒီကစလို့ ကျမတို့မောင်နှမတွေ အဖေ့အကျင့်ကူးစက်ပြီး အမေ့ကို ချစ်စနိုးသရော်ကြ၊ စကြ၊ နောက်ကြတယ်။

အမေကလည်း စိတ်မဆိုးဘဲ စိတ်ဆိုးချင်ယောင်ဆောင်ပြီး “နင်တို့နော် အဖေတူတွေ” ဆိုပြီး ကျေနပ်တဲ့ အသံကြီးနဲ့ပေါ့။ အဖေက ကျောင်းဆရာလည်းဖြစ်တော့ သူ့တပည့်တွေက သိပ်ချစ်ကြတယ်။ အဖေက သူ့တပည့် တွေကိုလည်း အမြဲရယ်မောစေတာကိုး။ သူ့တပည့်တချို့ကဆို သူ့ကိုကွယ်ရာမှာ နာမည်ပြောင် ပေးထားကြတယ်။ “ပြောင်တည်တဲ့” ခပ်တည်တည်နဲ့ ရယ်စရာပြောတတ်လို့။

အဖေ့ရဲ့ အသုဘချတော့ ကျမတို့မောင်နှမတွေ ဝမ်းနည်းကြပေမယ့် မျက်ရည်မကျကြေးလို့ တိုင်ပင်ထား ကြတယ်။ အဖေကငိုတာမကြိုက်ဘူးလေ။ အဖေ့ရဲ့ပုံတူကို ဦးရွှေမင်းသားကဆွဲပေးတော့လည်း ရယ်လို့….။ သူ့ရဲ့ကာတွန်းအဖွဲ့တွေကလည်း ဝမ်းနည်းပေမယ့် မငိုကြပါဘူး။ ခုလည်း အဖေ့ကိုလွမ်းတိုင်း ကျမတို့ အဖေ့အကြောင်းတွေ ပြန်ပြောပြီး ရယ်ဖြစ်ကြတာများတယ်။ အဖေ့တပည့်တွေနဲ့ဆုံတိုင်းလည်း သူတို့က အဖေဟာသဖောက်ခဲ့တာတွေ၊ တပည့်တွေအပေါ် ကြင်နာပုံတွေပဲ ပြန်ပြောကြတယ်။ အဖေက ကျမတို့ကို ရယ်တတ်အောင်သင်ပေးခဲ့တယ်။ မရယ်တတ်သူများကိုမြင်ဖူးကြပါသလား………….။ အဲဒီလိုလူတွေကို ကျမ တော်တော် သနားမိပါတယ်။

ကျမကတော့ ရယ်တတ်တဲ့ အကျင့်စွဲလို့နေပါပြီ။ ငယ်ငယ်က အဖေ့ကျေးဇူးကြောင့် စဖတ်ဖြစ်တဲ့ စာအုပ်တွေက ကာတွန်း(ဦး) သန်းကြွယ်နဲ့ (ဦး)အောင်ရှိန်တို့ရဲ့ကာတွန်းတွေပါ။ ဆရာကြီး (ဦး)သန်းကြွယ်ကွယ်လွန်တုန်းကဆို ကျမ ကလေးပဲရှိသေးတာ။ အဲဒီတုန်းက ငိုတောင်ငိုမိသေးတယ်။ နောက်တော့ သမိန်ပေါသွပ်။ အဲဒီကတဆင့်တက်လို့ ပြာလောင်၊ ပြာဂလောင်၊ ပြာလချောင်၊ ခင်ချောစွိ၊ ဦးထူးဆန်း၊ ကာတွန်းဖတ်ရင်တောင် မရယ်ရရင် မကြိုက်ချင်ဘူး။ သမိန်ပေါသွပ်ရဲ့ ရှေးဟောင်းစတိုင်ဝတ်ပြီး ခေတ်ကိုထင်ဟပ်တဲ့ ကာတွန်းတွေကို ကြိုက်တယ်။ ကာတွန်း(ဦး) တင်အောင်နီရဲ့ တွေးပြီးမှ တစိမ့်စိမ့်ရယ်ရတဲ့ ပြာလောင်ကာတွန်းတွေကို ကြိုက်တယ်။

မဂ္ဂဇင်းကိုလှန်ရင် အရင်ဆုံး ကာတွန်းရှိတဲ့စာမျက်နှာကို လှန်တတ်တယ်။ အဲဒီကတဆင့်တက်လို့ ဝတ္ထုတွေ စဖတ်တတ်တဲ့အချိန်မှာ အဖေပေးလို့ ဖတ်မိတဲ့စာအုပ်က ဆရာမင်းလူရဲ့ “ရယ်စရာမောစရာ”။ ပြီးတော့ ဘာသာပြန်တွေ စဖတ်ဖြစ်တဲ့အချိန်မှာ ကျမအဖေမရှိတော့ဘူး။ အဲဒီမှာ ကျမအကိုလို ချစ်ခင်ရတဲ့အကိုကြီး တယောက်က ဖတ်ကြည့်စမ်း၊ ကောင်းတယ်ဆိုလို့ ဖတ်မိပြီး စွဲလန်းခဲ့ရတဲ့ စာအုပ်ကတော့ ဂျွန်စတိန်းဘတ်ရဲ့ တော်တီလာဖလက်။ အဲဒီကစပြီး ဂျွန်စတိန်းဘတ်ကိုစွဲလန်းခဲ့၊ တော်တီလာဖလက်ကိုလည်း သူငယ်ချင်းတွေကို ပေးဖတ်ပြီး စုရယ်ကြ… ပြောပြီးရယ်ကြ၊ မရယ်တတ်တဲ့သူတွေကို ကြည့်ပြီး ရယ်ကြ၊ လောကကြီးရဲ့ ကမောက်ကမဖြစ်မှုတွေကို ကြည့်ပြီး ရယ်ကြနဲ့ပေါ့။

ဒီလိုနဲ့ အိမ်ထောင်ဘက်ရွေးတာတောင် ကျမတိုင်းတဲ့ပေတံက “သူ သေသေချာချာ ရယ်တတ်ရဲ့လား” ဆိုတဲ့ ပေတံ ဖြစ်လို့နေတယ်။ ခုတော့ သားလေးတယောက် ရခဲ့ပြီ။

ကျမအဖေက ကျမတို့ကိုရယ်တတ်ဖို့ သင်ခဲ့သလို ကျမတို့ကရော ကျမတို့သားလေးကို ရယ်တတ်အောင် သင်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတယ်။ ကျမ အယ်ဒီတာလုပ်နေတဲ့ အင်တာဗျူးဂျာနယ်က ကျမကိုဇော်ဝင်းထွဋ်နဲ့ သွားဗျူးခိုင်းတုန်းက “ ကိုညီထွဋ်ရဲ့သားသမီးတွေကို ဘယ်လိုဖြစ်စေချင်သလဲ” ဆိုတဲ့မေးခွန်းမေးတော့ သူက “ကလေးတွေကို ရယ်တတ်စေချင်တယ်…နေရာတိုင်းမှာ အတည်ပေါက်ကြီးနဲ့ တွေးနေရင်လည်းမကောင်းဘူး” လို့ဖြေခဲ့တာ မှတ်မိပါတယ်။

ကျမပတ်ဝန်းကျင်မှာ ရယ်လွန်း၊ ရယ်စရာပြောလွန်းလို့ နုပျိုနေတဲ့သူ တကယ် ရှိပါတယ်။ ကျမ မူကြိုကျောင်း တုန်း ကလည်း ဒီရုပ်ပဲ။ ကျမအသက် ၂၀ အရွယ်မှာလည်း ဒီရုပ်ပဲ။ ကျမ အသက်၃၀ ရောက်တော့လည်း ဒီရုပ် ပဲ။

ကျမကတော့ ကလေး လူကြီးအားလုံး ရယ်တတ်စေချင်တယ်။ သဘာဝစစ်စစ်နဲ့ ရယ်စေချင်တယ်။ ပြီးတော့ လူတွေရယ်နိုင်ဖို့ ရယ်စရာစစ်စစ်တွေပေးနေတဲ့ ကာတွန်းဆရာတွေကိုလည်း (ကျမအဖေနဲ့ ထပ်တူ သဘော ထားလို့) အသက်ရှည်စေချင်တယ်။

၃-၇-၁၉၉၂ မှာကွယ်လွန်ခဲ့တဲ့ အဖေ ကာတွန်းအနောင်အတွက် အမှတ်တရ။
Beauty မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၀၀။