အဆိပ်သင့် ပန်းကလေး

ဧပြီလထုတ် ချိုးလင်းပြာ အမျိုးသမီးမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ ဝတ္ထုတိုလေးပါ။ ခုတလောမှာ စိတ်က သိပ်မကြည်လင်တော့ စာတွေကလည်း နည်းနည်း စိတ်ညစ်စရာကောင်းနေမယ် ထင်ပါရဲ့။ သီးခံတော် မူကြပါကုန်။

ဝတ္ထုတို ၂၂

အဲဒီညက ဖေကြီးဝင်လာတာ အိလေးသိသားပဲ။ အိလေးက ဖေကြီးကိုစောင့်နေတာပဲလေ။ အမေနဲ့ အငယ်ကောင်တို့ အငယ်မတို့ကတော့ အိပ်နေတာ သိုးလို့။ အိလေးလည်း အိပ်ချင်တာပဲ။ တနေကုန် ဈေးရောင်းထားရတာ မဟုတ်လား။ အင်း ဈေးရောင်းတယ်လို့ လည်း ပြောလို့မရပါဘူးလေ။ ဈေးဗန်းရှေ့မှာချပြီး ထိုင်နေတာဆိုရင် ပိုမှန်မှာ။ တကယ်ဆို နေ့ခင်းဘက်တွေက ရောင်းရတာမှ မဟုတ်ဘဲ အိမ်ပြန်လို့ ရတာပဲဟာ။ မပြန်ချင်ပါဘူး။ အိမ်မှာက သိပ်စိတ်ညစ်ဖို့ကောင်းတာ။

အမေက အိလေးကို မမြင်လိုက်နဲ့ .. မြင်လိုက်တာနဲ့ တခုခု ခိုင်းလိုက်ရမှ .. အိလေးက မလုပ်ပေးချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် အမေက လွန်လွန်းတယ်။ အငယ်မတို့ အငယ်ကောင်တို့ကျတော့ ကျောင်းတက်ရလို့ဆိုပြီး ဖူးဖူး မှုတ်ထားတာ။ အိလေးလည်း သူတို့လို ကျော့ကျော့လေး ဝတ်ပြီး ကျောင်းတက်ချင်တာပေါ့။ အိလေး ဥာဏ်မကောင်းလို့ စာမေးပွဲခဏခဏကျတာတော့ မတတ်နိုင်ဘူးလေ။ အမေက အဲဒါနဲ့ အိလေးကို ၇ တန်းမှာ ကျောင်းထုတ်လိုက်ရော။ အိလေးအတန်းထဲက မိုးကျော်တို့၊ သက်မာတို့တောင် ၁၀ တန်း ရောက်နေကြပြီ။ အမေက အိလေးကို ကျောင်းထုတ်ပြီး ဈေးပဲ ရောင်းတော့တဲ့။

အိလေးက ဈေးရောင်းရတာတော့ ပျော်ပါတယ်။ ဈေးဆိုင်တန်းမှာ အိလေးက အငယ်ဆုံး ဆိုတော့ ဘေးက မတရုတ်မတို့ ကြီးငွေတို့က အိလေးကို ချစ်ကြတယ်။ နေ့ခင်းဘက် ဆိုင်မှာ ငုတ်တုတ်ထိုင်ပြီး ငိုက်ရတာလည်း အရသာသိပ်ရှိတာ။ အဲလိုငိုက်နေတာ အမေသိလို့ကတော့ အိလေးကို ပေါင်တွင်းကျောဆွဲလိမ်ပြီသာမှတ်။ အိလေး အိမ်မပြန်ချင်တာ အဲဒါကြောင့်လည်း ပါတယ်။

နေ့လယ်ကလည်း မပြန်ချင်ပါဘူးဆို အိလေးတို့ဒေါ်လေး ဆိုင်ကိုရောက်လာတယ်လေ။ ဒေါ်လေးက သူတို့ရပ်ကွက်ဈေးမှာ ဓညင်းသီးရောင်းတာ။ အမေ့ဆီက ယူရောင်းတာပါ။ အဲဒါ ဓညင်းသီး အလုံး ၅၀၀ လောက် ယူချင်လို့တဲ့ .. အိလေးက အိမ်ကိုသွားလိုက်ပါဆိုတာ မသွားချင်ဘူးဆိုပြီး အိလေးကို အတင်းလွှတ်တယ်။ သူက ဖေကြီး ညီမလေ။ အမေ့ကို သူ အကြွေးပေးစရာရှိလို့ မသွားချင်ဘူးဆိုပြီး အိလေးကို အတင်းလွှတ်လို့ သွားလိုက်ရတယ်။ အိမ်လည်း ရောက်ရော အမေက အိလေးကိုတွေ့တာနဲ့ “ဟဲ့အိလေး ထမင်းအိုး တလုံးချက် သွားစမ်း” တဲ့ .. ကြည့်ဦး။ အိလေး မျက်နှာက ပုပ်သွားတော့ “ကောင်မလာခဲ့စမ်း မျက်နှာကို ချက်ချင်းပြင်” ဆိုပြီး ဒေါင်ကနဲ ခေါင်းကို ခေါက်လိုက်တာ အိလေးဖြင့် ပူထူသွားတာပဲ။

ပြီးတော့လည်း ဒေါ်လေးက ဓညင်းသီးယူခိုင်းလိုက်လို့ဆိုတော့ ဒေါ်လေးကို ဆဲလိုက်တာ မိုးကို မွှန်သွားတာပဲ။ ဟုတ်တာလည်း မဟုတ်ဘူး ပြီးရင် သူပေးမှာပဲ။ အဲလိုပဲ အမေက ..။ အဲလို ဆဲတာကို အိလေးလုံးဝမကြိုက်ဘူး။ တခါတလေ ဆိုင်မှာ သူ့ဆီက နေ့ပြန်တိုးယူထားတဲ့ သူတွေကို အော်ဟစ်ဆဲဆိုနေတာ အိလေးသိပ်ရှက်တာပဲ။ အမေက အိလေး အပျိုဖြစ်ပြီ ဆိုတာ မသိဘူးလား မသိဘူး။ တခါတလေ သူဆဲနေတုန်း ဆိုင်နားကနေ မိုးကျော်တို့၊ ရဲသူ တို့ ဖြတ်သွားတာနဲ့ ကြုံရင် အိလေး မျက်နှာ ဘယ်ထားရမှန်းတောင်မသိဘူး။ အိလေးက အမေရယ် အဲလိုမဆဲပါနဲ့လို့ ပြောမိရင် ရွဲ့ပြီး ပိုဆဲရောပဲ။

အဲဒါကြောင့် အိလေးလည်း အမေနဲ့ ဝေးရင်ပြီးရောဆိုပြီး ဆိုင်မှာပဲ နေလိုက်တယ်။ နေ့ခင်း သူများတွေ အိမ်ပြန်နားချိန်လည်း အိလေး ဆိုင်မှာပဲ ငုတ်တုတ် ထိုင်နေတယ်။ အဲဒီမှာ အိလေး ဘာလုပ်လည်း သိလား .. သီချင်းဆိုတာပေါ့။ အိလေးက သီချင်းဆိုရတာ သိပ်ကြိုက်။ ပြီးတော့ အိလေးအသံ အရမ်းကောင်းတယ်လို့ ပြောကြတယ်။ အိလေးဆိုင်နားက လူတွေက ပျင်းရင် အိလေးကို သီချင်းဆိုခိုင်းနေကျ။

အိလေးဆီမှာ ဗလာစာအုပ်နဲ့ ကူးရေးထားတဲ့ သီချင်းတွေမှ အများကြီး .. အယ်ဆိုင်းဇီတို့ ရှင်ဖုန်းတို့ ကြိုးကြာတို့ သီချင်းတွေလေ။ အိလေးက အယ်ဆိုင်းဇီ သီချင်းတွေ အရမ်းကြိုက် တယ်။

အဲဒီသီချင်းတွေကို ဘယ်လိုကူးလဲသိလား။ အဲဒါကလျှို့ဝှက်ချက် ..။ အမေသိရင် ပေါင်တွင်း ကျော ဆွဲလိမ်ခံရမှာ ..။ အိမ်မှာ ဒီဗီဒီရှိတယ်လေ။ အိလေးဆိုင်နားက အခွေရောင်းတဲ့ ဦးကုလားက အိလေးကို အခွေပေးငှားတယ်။ ဒီညယူပြီးရင် နောက်နေ့မနက်ပြန်ပေးရတယ်။ အဲဒီအခွေကို ညကျရင် အမေတို့အိပ်မှ တိတ်တိတ်လေး စက်ကိုဖွင့် .. အသံလုံးဝမထုတ်ဘဲ စာတန်းတွေကြည့်ကူးတာပေါ့။

တရက်တော့ အဲလိုကူးနေတုန်း ဖေကြီးမိသွားသေးတယ်။ ဖေကြီးတော့ အိလေး မကြောက်ပေါင်။ ဖေကြီးကို အိလေးကသိပ်ချစ်တာ။ အမေက ကြမ်းသလောက် ဖေကြီးက သိပ်နုတာပဲ။ ချောလည်းချောတယ်။ ဒါပေမယ့် ဖေကြီးက အိလေးတို့ကို သိပ်မချစ်ပါဘူး။ ဖေကြီးလည်း အမေ့ကိုစိတ်ညစ်လို့ ထင်တယ်။ အားလုံးအိပ်မှ ပြန်လာတတ်တယ်။

အိလေးသီချင်းကူးနေတာ တွေ့တော့ ဖေကြီးက “ဘာလုပ်နေတာလဲ” တဲ့။ “သီချင်းတွေကူး နေတာ” လို့ပြန်ပြောတော့ ဖေကြီးအံ့သြသွားတယ်။ အိလေး အဲလိုသီချင်းတွေ ကူးပြီး ဆိုနေတာ ဖေကြီးမသိဘူးလေ။ အိလေးက ဖေကြီးကို ပြောပြလိုက်တာပေါ့။ အမေ မသိဘူး ဆိုတဲ့အကြောင်းပါ ပြောရတယ်။ အမေက ရစရာမရှိအောင် ပြောမှာလေ။ ဖေကြီးလည်း သိပါတယ်။

အဲဒါနဲ့ အိလေးလည်း ဖေကြီးကို သီချင်းနားထောင်လို့ရတဲ့ အမ်ပီသရီးလေး လိုချင်တယ်လို့ ပူဆာလိုက်တယ်။ ဖေကြီးက ဝယ်ပေးမယ်တဲ့။ အမေမသိအောင် တိတ်တိတ်ဝယ်ပေးလို့ .. အဲဒါဆိုပြီးပြီ။ အေးဆေးပဲ .. ဆိုင်မှာ နေ့ခင်းဘက်တွေ နားထောင်လို့ ရတာပေါ့။ ခုက သီချင်း နားထောင်ချင်ရင် အိလေးတို့ ဈေးတန်းရဲ့ မျက်စောင်းထိုး လက်ဘက်ရည်ဆိုင်က ဖွင့်တာကို လိုက်နားထောင်ရတယ်။ ကိုယ်နားထောင်ချင်တာလည်း ထောင်လို့မရဘူး။ သူဖွင့်တာကို နားထောင်ရတာ။

ပြီးတော့ ဖေကြီးက အိလေးကို သေချာကြည့်ပြီး ပြောသေးတယ် “နင့်အမေကို အင်္ကျီအဝတ် အစား ကောင်းကောင်းလေး ဝယ်ခိုင်းဦး” တဲ့။ အဲလိုပြောတော့ အိလေးဝမ်းနည်း သလိုကြီးပဲ။ ဟုတ်တော့ဟုတ်တယ် အိလေးခု ဝတ်တဲ့အဝတ်အစားတွေက စုတ်ပြတ်နေတာပဲ။ အင်္ကျီက လည်း အရောင်မပေါ်တော့ဘူး၊ ဘောင်းဘီကလည်း ကြိုးရှုံ့ဘောင်းဘီပွ အတို ..။ တလောက အိလေးရာသီတွေလာတုန်းကဆို ဘောင်းဘီမှာစွန်းကုန်လို့ ထိုင်ရာက မထရဲဘူး။ အဲဒီနေ့က မှောင်ပြီး ဈေးတန်းမှာ ဘယ်သူမှ မရှိတော့မှ ပြန်ရဲတယ်။

အမေ့ကိုပြောလည်း အမေက ဝယ်ပေးမှာ မဟုတ်ဘူး။ အိလေးသိသားပဲ။ အမေက အငယ် နှစ်ကောင်ကိုပဲ ချစ်တာ။ အဲဒီနှစ်ယောက်အတွက်ဆို ဘယ်လောက်ကုန်ကုန်။ အိလေးကို ကျတော့ အမြဲပြောတယ် .. “နင်က ဖအေ့သမီး .. ကြည့်လို့ကိုမရဘူး၊ အမြင်ကတ်တယ်” တဲ့။ အဖေ့သမီးသာဆိုတယ် .. အဖေ့ကိုလည်း အိလေး သိပ်တွေ့ရတာ မဟုတ်ပါဘူး။

အမေပြောတာတော့ ဖေကြီးက နောက်မိန်းမရနေပြီတဲ့။ ခုတလောမှာ အမေနဲ့က တကျက် ကျက်။ ဟုတ်လားမသိပါဘူး။ အိလေး မေးတော့မမေးရဲဘူး။ ဖေကြီး အိမ်ပြန်မအိပ်တာတော့ အိလေးသိတယ်။ ၃ ရက်လောက်နေမှ တရက်လောက် ပြန်အိပ်တာ။ အမေနဲ့လည်း မျက်နှာ ချင်း မဆိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အိလေးကတော့ အမ်ပီသရီးလေး လိုချင်တာပဲ။ သီတင်းကျွတ် ရင် ရပ်ကွက်ထဲမှာ ကာရာအိုကေပြိုင်ပွဲရှိတယ်တဲ့။ အိလေး ဝင်ပြိုင်မလို့။ အိလေးအသံက ကောင်းပြီးသားဆိုတော့ သီချင်းကောင်းကောင်းကျင့်လိုက်ရင် ဆုရမှာသေချာတယ်။

ဆိုင်ကို နေ့ခင်းဘက် မတရုတ်မနဲ့ ခဏအပ်ထားခဲ့ပြီး ဖေကြီးထိုင်နေကျ လက်ဖက်ရည်ဆိုင် လိုက်သွားတော့ ဖေကြီးကို မိန်းမတယောက်နဲ့ ထိုင်နေတာ တွေ့တယ်။ ဘာတွေ သဘော ကျနေတာလဲ မသိဘူး ဖေကြီး ရီနေလိုက်တာ .. ။ ဖေကြီးက သိပ်ချောတာပဲ။ အိလေးကိုတွေ့ တော့ အပြင်ထွက်လာတယ်။ “ဖေကြီး အိလေးကို အမ်ပီသရီး ဝယ်ပေးမယ်ဆို” ဆိုတော့ .. “အေး ဒီတခါ အချီကြီးပေါက်ရင် ဝယ်ပေးမယ်၊ စိတ်ချ၊ ဘာမှမပူနဲ့။ ဒီတခါ ဖေကြီး အိမ်ပြန် လာရင် နင့်ဖို့ အမ်ပီသရီး ပါလာပြီသာမှတ်” တဲ့။ အိလေး ပျော်လိုက်တာ ပြောမနေနဲ့။ အချီကြီး ပေါက်ရင်ဆိုတာ နှစ်လုံးထီကိုပြောတာ။ ဖေကြီး ပေါက်ပါစေ။

မိုးတွေ အရမ်းရွာတဲ့နေ့က ဖေကြီးနဲ့ အမေ အကြီးအကျယ် ရန်ဖြစ်ကြတာပေါ့။ အိလေး ဆိုင်ရှေ့မှာ ဖြစ်ကြတာလေ။ မိုးတွေက အရမ်းရွာနေတော့ ပတ်ဝန်းကျင်က သိပ်မကြားဘူး ဆိုပေမယ့် အိလေး ဆိုင်နားကတော့ အားလုံးကြားကြတာပဲ။ အိလေးက တော်ပါတော့ ဆိုပြီး ပြောလည်း မရဘူး။ နောက်ဆုံး အမေက ဖေကြီးပါးကို လှမ်းရိုက်တယ် .. ဖေကြီးက အမေ့ကို ပြန်တွန်းတော့ အမေဖင်ထိုင်ရက်လဲကျသွားတာ။ အိလေးလည်း တကိုယ်လုံး စိုရွှဲနေတာပဲ။ အဲလို စိုတဲ့အတိုင်းပဲ ဈေးဆိုင်မှာ ငုတ်တုတ် ဆက်ထိုင်နေလိုက်တယ်။ စိတ်အရမ်းညစ်တာပဲ။ အဲဒီနေ့က အိလေး ရာသီတွေလည်း လာနေတာ။

ဖေကြီးက အမေ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး မပြောစဖူး ပြောဆိုပြီး လှည့်ထွက်သွားရော အမေလည်း မိုးမွှန်အောင်ဆဲပြီး အိမ်ဘက်ကို ပြန်သွားတယ်။ အိလေးတယောက်တည်း ဆိုင်မှာ စိုရွှဲပြီးကျန်ခဲ့တယ်။ မတရုတ်မက အဝတ်အစားပြန်လဲခိုင်းပါတယ်။ အိလေး မလဲ ချင်ဘူး .. အမေ့ကို မတွေ့ချင်ဘူး။ ဒီတိုင်းပဲ ထိုင်နေလိုက်တယ်။

အဲဒီညက ဖေကြီးဝင်လာတာ အိလေး သိသားပဲ။ အိလေးက ဖေကြီးကို မအိပ်ဘဲ စောင့်နေ တာလေ။ မှောင်ထဲမှာ ဒီတိုင်း ငုတ်တုတ် ထိုင်စောင့်နေတာ။ သီချင်းကူးနေတာ မဟုတ်ဘူး။ “ဖေကြီး” လို့ အိလေးခေါ်လိုက်တော့ ဖေကြီး လန့်သွားတယ်။ ပြီးမှ “မအိပ်သေးဘူးလား .. အိပ်တော့လေ” တဲ့။ ဟင့်အင်း အိလေး မအိပ်ချင်ဘူး။ အိလေး အာခေါင်တွေပူကြွပ် နေတာပဲ။ နေမကောင်းဖြစ်နေလား မသိဘူး။ ဖေကြီးက အိလေးကို လှည့်တောင်မကြည့်ဘူး မီးမှိန်မှိန် လေး ထွန်းပြီး ဘီရိုကို အသံမကြားအောင် ဖွင့်နေတယ်။

အိလေးခေါင်းတွေ မူးလိုက်တာ။ ဖေကြီးက အမ်ပီသရီး ဝယ်ပေးမယ်ပြောထားတယ်။ သီတင်းကျွတ်ကျရင် ကာရာအိုကေ အဆိုဝင်ပြိုင်မှာ။ ဖေကြီးဘာလုပ်နေတာလဲ။ အဝတ်အစား တွေ အိတ်တလုံးနဲ့ ထည့်နေတာပဲ။ ဖေကြီးက ဒီတခါလာရင် အမ်ပီသရီး ဝယ်လာမှာဆို။ အမေ့ ဟောက်သံက ကျယ်လိုက်တာ။ အိလေးမျက်လုံးကို အတင်းဖွင့်ထားမယ် ...။ ဖေကြီးပြန်ထွက်သွားပြီလား။ ဘယ်သွားမှာလဲ ဖေကြီး .. အိလေး အော်လိုက်တယ် ... အော်လို့လည်း မရဘူး။ အိလေး လည်ချောင်းက အသံမထွက်ဘူး။ ဒါဆိုသီချင်း ဘယ်လို ဆိုရတော့မလဲ။

သီချင်းဆိုရင် အင်္ကျီကောင်းကောင်းလေး ဝတ်ရမှာတဲ့။ သက်မာ ဝတ်တဲ့ ဂျင်းစကတ်ကလေး ဝတ်ရရင်ကောင်းမှာပဲနော်။ အမေကဝယ်ပေးပါ့မလား။ ဖေကြီးရေ .. ဖေကြီး ... ။

အယ်ဆိုင်းဇီတို့ ရှင်ဖုန်းတို့ ကြိုးကြာတို့ သိတယ်မဟုတ်လား အိလေး သူငယ်ချင်းတွေလေ။ အိလေးက သူတို့နဲ့အတူ စင်ပေါ်မှာ သီချင်းတူတူ ဆိုနေကျ။ ဒါပေမယ့် သူတို့ အိလေး အသံကို မမှီပါဘူး။ အိလေးက အသံအကောင်းဆုံး။ ဒီတခါ စတိတ်ရှိုးဆိုရင် ဂါဝန်အဖြူလေး ဝတ်မှာ ..။ ဂါဝန်အဖြူလေးဝတ် .. အဖေဝယ်ပေးတဲ့ အမ်ပီသရီးကို ဟောဒီလို နားမှာတပ်ပြီး ခေါင်းလေး မော့မော့ မော့မော့နဲ့ လျှောက်သွားတဲ့ အိလေးကို မိုးကျော်တို့ ငေးနေတာ တွေ့ကြတယ် မဟုတ်လား။ အဲဒီကောင်တွေများတော့ အိလေးက စာရင်းထဲတောင် မထည့်ဘူး ...။ အိလေးကိုတွေ့ရင် စဖို့ပဲတတ်တယ်။

ဖေကြီးက ဒီတခါ အမ်ပီသရီးတင်မကဘူး အမ်ပီဖိုးတွေ အမ်ပီဖိုက်တွေ ဝယ်ပေးဦးမှာတဲ့ သိလား။ ဖေကြီးက အိလေးကိုသိပ်ချစ်တာ။ အမေလည်း ချစ်တာပဲ .. အိလေးဝတ်ဖို့ အင်္ကျီ လှလှလေးတွေ ဝယ်ပေးထားတယ် တွေ့တယ်မဟုတ်လား ...။ ဟင် ကြီးငွေက ဘာလို့ ငိုနေတာလဲ .. မငိုပါနဲ့ ကြီးငွေရဲ့ .. ကာရာအိုကေပြိုင်ပွဲမှာ ဆုရရင် ကြီးငွေကို လက်ဘက်ရည် ဝယ်တိုက်မယ် သိလား တိတ်တော့နော် ... ဟာ မတရုတ်မလည်း ငိုနေပြန်ပြီ .. ဘာဖြစ်နေ ကြတာလဲ။ ဦးကုလား မျက်နှာကြီးကလည်း တမျိုးကြီးပဲ .. အိလေးလည်း ငိုချင်လာပြီ .. အခွေတွေ ငှားပြီးရင် ပြန်ပေးမှာပါ ဦးကုလားရဲ့ .. မပျက်စီးစေရဘူး စိတ်ချ .. မငိုနဲ့နော် .. မတရုတ်မ .. ဟာ .. မငိုပါနဲ့ဆို .. အိလေး သီချင်းဆိုပြမယ်လေ .. အယ်လ်ဆိုင်းဇီ သီချင်း ဆိုပြမယ် .. သူ့ထက်ကောင်းအောင် ဆိုပြမယ် .. နားထောင်ကြ .. ကမ္ဘာပေါ်မှာ အကောင်းဆုံး အသံနဲ့ ဆိုပြမယ် .. သိလား။ ။

နေရစ်တော့ မြသီလာမှာ ပြိုမှာလေလား ကိုကိုနီတာရဲနဲ့ ညီမလေး ခရမ်းပြာရယ်

ကျမ ဦးလေးအငယ် ဦးကောင်းညွန့်က ရွှေအမြုတေမဂ္ဂဇင်း ယခုလထုတ်မှာ ရေးထားတယ် .. ။ “အားလုံးက မေ့နေလောက်ပြီ .. ဒါပေမယ့် ကျနော်ကတော့ မမေ့နိုင် .. ဘာလို့လည်းဆိုတော့ ကျနော်က .. ညီ ..ကိုး” .. တဲ့။

ကျမကလည်း တယောက်တည်း ပြောနေမိတယ် “အားလုံးကတော့ မေ့လောက်ပြီ ..။ ကျမကတော့ မမေ့နိုင် .. ဒီနေ့ .. ဒီရက် ကို မရောက်ခင်ကတည်းက သတိရနေတာ။ ဘာလို့လည်းဆိုတော့ ကျမက သူ့ကို သိပ်ချစ်တဲ့ တူမကိုး” .. လို့။

သူဆိုတာက .. ခုန ကျမပြောတဲ့ ဦးကောင်းညွန့်ရဲ့ ချစ်လှစွာသောအစ်ကို .. ကျမအဖေရဲ့ ချစ်လှစွာသော ညီလေး .. ကျမတို့ မောင်နှမတွေရဲ့ ချစ်လှစွာသော ဦးလေး (ဦးမြင့်).. သတင်းစာဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ကျူရှင်ဆရာ “အောင်ပြည့်” .. အမည်ရင်းက ဦးခင်မောင်မြင့်။

သူသိပ်ချစ်တဲ့ သတင်းစာလောက၊ စာပေလောကနဲ့ ခွဲခွာခဲ့တာ ဒီနေ့ ၂၀၀၉ ဧပြီ ၂၆ ရက်နေ့မှာ ၃ နှစ် တင်းတင်း ပြည့်ပြီ။ သူက ကျမတို့အတွက် “ပြိုမှာလေလားမိုးရဲ့” ကို ထားခဲ့၊ “နေရစ်တော့ မြသီလာ” ကိုထားခဲ့ ပြီး ထွက်သွားပြီ။

အဲဒီနေ့က မိုးတွေ ဒလဟော ပြိုဆင်းနေခဲ့တာ .. ကျမရဲ့ မျက်ရည်တွေနဲ့ အပြိုင်ပေါ့။ ကျမက သူ့အတွက် ပန်းခြင်း လှလှလေးတခု ထိုးပေးနေခဲ့တယ်။ ကျမ ပန်းထိုးနေတဲ့နေရာက တာလပတ် ကနားဖျင်း အောက် မှာ။ သည်းသည်း မည်းမည်း ရွာနေတဲ့ မိုးတွေက ပက်တာကော .. ယိုစီးကျတာကောကြောင့် ကျမ တကိုယ်လုံး စိုရွှဲလို့၊ ကျမ မျက်နှာကလည်း မိုးရေကော မျက်ရည်ကောကြောင့် စိုရွှဲလို့ ..။

အဲဒီနေ့က ရေဝေးမှာ မိုးသည်းသည်းကြားထဲ လူတွေ စည်ကားလိုက်တဲ့ဖြစ်ချင်း .. ။ မှတ်မှတ်ရရ ကျမအဖေ (ပါပါ) ဆုံးတဲ့အချိန်က တကယ့်ကို မိုးသည်းရမယ့် ဇူလိုင်လကြီး ..။ ပါပါ့ ဈာပဏနေ့က ကြံတောသုဿာန်မှာ .. နေခြစ်ခြစ်တောက် ပူနေခဲ့တယ်။ ဦးမြင့်ကျတော့ တကယ့် နွေခေါင်ခေါင် .. ဧပြီလကြီးပေမယ့် မိုးတွေက သည်းသည်းမည်းမည်း .. သူတို့ ညီအစ်ကို တူကြတာက .. နောက်ဆုံးခရီး စည်ကားလွန်းတာပါပဲ။

နောက်ဆုံးရက်တွေမှာ သူ .. ကျမကို သိပ်မျှော်ခဲ့တယ်။ ကျမ ရောက်လာရင် သူပျော်တယ်။ သူ့သားလတ် ကျမမောင် ကံလင်းဖွေးက “မတူးနဲ့ ဖေဖေက တော်တော်လေး လေပေးဖြောင့်တယ်နော်။ အမြဲ လာစကားပြော ပေးပါ မတူးရယ်” တဲ့။ ကျမကို ပြောတယ်။ ဒါပေမယ့် ကျမက အမြဲမရောက်ဖြစ် .. ။ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေခဲ့တာ။ ရောက်တဲ့အခါမှာလည်း စကားက များများပြောလို့ မဖြစ်ပြန် ..။ သူက မောနေတာလေ။ ကျမ စကားနည်းနည်း ပြောတာနဲ့ သူက များများပြောချင်တာ .. အဲလိုဆို အဒေါ်ငယ် ဒါရိုက်တာမောင်ဝဏ္ဏကတော် ဒေါ်ချိုရည်က မျက်စောင်းထိုးပြီ။ သူ့အစ်ကို မောနေပြီဆိုတဲ့ အဓိပ္ပာယ် ပေါ်အောင် ပြပြီ။

အဲဒီအချိန်မှာ သူက သူ့ရဲ့ ဖတ်စရာဂျာနယ်ကို အိပ်ရာပေါ်ကနေ စီစဉ်ညွန်ကြားတုန်း၊ တည်းဖြတ်တုန်း၊ သူ့ တပည့်တွေ သူ့ဆီ ဝင်ထွက်ရင် စာပေလောကအကြောင်း မေးတုန်း၊ ကျမလာတိုင်း ကျမဆီက ဂျာနယ်ကို တသသ တောင်းတတ်တာ။ ကျမက ဂျာနယ်မေ့လာတဲ့နေ့ဆို ကျမကို မျက်စောင်းထိုးပြီ။ “ဦးမြင့်က သတင်းဂျာနယ်ဆို ဘယ်ဂျာနယ်ပဲဖြစ်ဖြစ် ကြိုက်တာပဲ” လို့ ပြောတတ်တာ။

သူ့ခြေရာကို နင်းဖို့ ကြိုးစားတဲ့ သူ့ရဲ့ တဦးတည်းသော တူမအဖြစ် ကျမအတွက် သူဂုဏ်ယူမဆုံးတာ ကျမ သိပါတယ်။ တကယ်တော့ ကျမက သူ့ခြေရာကိုမီဖို့ မပြောနဲ့ သူ့ခြေရာနောက်မှာ ချန်ခဲ့တဲ့ ဖုန်မှုန့်လေးတွေ ကိုတောင် မီတဲ့သူမဟုတ်ဘူးလေ။

ဖတ်စရာကို ကျမ စာမူတပုဒ်ပုဒ် သွားပို့တိုင်း သူက “ကောင်းရင်တော့ သုံးမယ်၊ မကောင်းလို့ကတော့ လုံးဝ မစဉ်းစားဘူးနော်” လို့ ကျမကို စ တတ်သလို .. အဲဒီစကားက အတည်ပြောတယ်ဆိုတာ ကျမက နားလည်ပြီးသား။ ကျမကလည်း ပစ်စလခတ်ရေးထားတဲ့ စာမူတခုခု များတော့ သူ့ကို ဘယ်တော့မှ ပေးဖို့ မကြိုးစားပါ။ ပြီးတော့ ပေးထားတဲ့စာမူ ပါမှာလား ဆိုတာလည်း မမေးရဲပြန်။

တခါတော့ ကျမ သူ့ကို ဂျီသွားကျမိတယ်။ အဲဒီတုန်းက သူ့ဆီမှာ ကျမစာမူ တပုဒ်ရှိနေတယ်။ ၂ လကြာတဲ့ထိ မပါသေးဘူး။ ကျမက “ဦးမြင့် သမီးစာမူ သုံးမှာလား” ဆိုတော့ “သုံးမှာလေ .. ဖတ်ပြီးပြီ” တဲ့။ ဒါပေမယ့် ၂ လ ထိ သူက မသုံးသေးဘဲ မေ့နေတယ်။ အဲဒီမှာ တရက်တော့ သူ့တိုက်ကို ကျမသွားပြီး “သမီးစာမူ သုံးမှာလား မသုံးဘူးလား .. မသုံးရင် သမီး ပြန်ယူတော့မှာနော် .. သုံးမယ့်သူရှိတယ်” လို့ သွားခြိမ်းခြောက်လိုက်တယ်။ အဲဒီမှာ သူက ရယ်ရင်းနဲ့ “ဘယ်လိုဖြစ်တာလဲ .. သုံးပါ့မယ်ဆိုမှ .. ခွေးမလေး .. သွား .. အဲဒီမှာ စာမူဖိုင် ..သုံးမယ့်စာမူ တွေချည်းပဲ။ အဲဒီထဲမှာ ရှာထုတ်၊ ပြီးရင် စာစီသမားကို တခါတည်း ပေးခဲ့” ဆိုပြီး လုပ်ဖူးတယ်။ ကျမလည်း ပျော်ပျော်ကြီး စာမူရှာပြီး စာစီသမားလက်ထဲ အပ်ခဲ့လိုက်တယ်။

ဦးလေးအဖြစ် .. အဲဒီတခါသာ ဂျီကျခဲ့ဖူးပါတယ်။

သူက စာလုံးပေါင်းသတ်ပုံမှာ အရမ်းကို ဂရုစိုက်တဲ့သူ။ ကျမ ပစ်စလခတ်ရေးလို့ ဆူခံထိတာလည်း ခဏခဏ။ ဒါပေမယ့် သူ့နာရေး လက်ကမ်းကြော်ငြာလေးမှာတော့ သူ့ရဲ့ နာမည်ကျော် “နေရစ်တော့ မြသီလာ” ကို “နေရစ်တော့ မြသီတာ” ဆိုပြီး မှားယွင်းပုံနှိပ်ခံခဲ့ရတယ်။ သူသာရှိရင် ဘယ်လောက်တောင် ပြောဆိုလိုက်မလဲ မသိဘူး လို့ ကျမစဉ်းစားမိတယ်။ ဒါက စီစဉ်သူ မှားသွားတာလား၊ ပုံနှိပ်စက်က မှားတာကို မပြင်နိုင် လိုက်တာ လားတော့ မသိပါ။

သူနဲ့ပတ်သက်သမျှ ကျမ ဝမ်းနည်းမဆုံးတာ ၂ ခုရှိပါတယ်။ တခုကတော့ သူ့အကြောင်းကို သူကိုယ်တိုင် ပြန်မရေးခဲ့နိုင်သလို ကျမကလည်း သူနဲ့ ထိစပ်နေတဲ့အချိန်အတွင်းမှာ အင်တာဗျူးလေးတောင် မလုပ်ခဲ့နိုင် တာပါ။ ကျမက သူ့ကို “ဦးမြင့်နဲ့ စကားတွေအများကြီးပြောချင်တယ်၊ အင်တာဗျူးသလိုမျိုးပေါ့” လို့ ပြောတဲ့ အချိန်မှာ သူ သိပ်မောနေတဲ့ အချိန် ဖြစ်နေပါပြီ။ သူနဲ့ ဟိုတစ ဒီတစ ပြောခဲ့တာလေးတွေပဲ ကျမစိတ်ထဲ မှတ်မိ သလောက် ကျန်ရစ်တော့တယ်။

နောက်တခုကတော့ သူ့ရဲ့လွယ်အိတ်ကလေးကို ကျမ မရလိုက်တာပါ။ သူ့လွယ်အိတ်အနီလေး .. သူ့ ကိုယ်နဲ့မကွာ အမြဲရှိနေတဲ့ လွယ်အိတ်ကလေး၊ အဲဒီလွယ်အိတ်ကလေးထဲမှာ သွားလေရာ သူ ပန်းချီ စကက်ခ်ျ တွေတင်ချစ်တဲ့ .. စာတင်ရေးတဲ့၊ ပရုဖ် တင်ပြင်တဲ့ ကဒ်ပြားလေးတခု၊ သူ့လက်ရေးနဲ့ စာမူတချို့၊ ပြီးတော့ မင်နီ၊ မင်ပြာ၊ မင်နက် ဆော့ဖ်ပင် ၃ ချောင်း သွားလေရာ ပါတယ်။ အဲဒီလွယ်အိတ်ကလေးက သူ့ဘဝလေ။ အဲဒီလွယ် အိတ်ကလေးကို ကျမလိုပဲ သူ့ရဲ့ တခြား တူ၊ တူမ တွေက အမွေအဖြစ်အမှတ်တရ လိုချင်တာဆိုတော့ ကျမအဒေါ်က ဘယ်သူမှ မယူနဲ့ဆိုပြီး သူနဲ့အတူ ပြာချလိုက်ပါတယ်။

ကျန်တာကတော့ သူနဲ့ပတ်သက်သမျှ စဉ်းစားလိုက်တိုင်း ရယ်မော ပျော်ရွှင်ရ၊ စိတ်ချမ်းသာရ၊ အားကျ အတုယူရတာတွေချည်းပါ။ သူက မောနေတဲ့ နောက်ဆုံးအချိန်မှာတောင် သူ့ရဲ့ တူ မောင်ဝဏ္ဏ ပြေဇင်ကို သရုပ်ဆောင်တာတွေ သင်ပေးနေသေးတာ။ အဲဒီတုန်းက ပြေဇင်က “လွမ်းအောင်ရယ်တတ်သူ” ကားကြီးမှာ ပထမဆုံး မင်းသားအဖြစ် စပါဝင်နေချိန်ပေါ့။ ပြေဇင့်ညီ ဥက္ကာ (ဓာတ်ခဲ) နဲ့ ကျမက သူ့ကို ဝိုင်းစ၊ ဝိုင်းနောက် ဒေါ်ဒေါ်ချိုက သူ့အစ်ကိုမောလို့ စိတ်ဆိုးနဲ့ .. အဲဒီတုန်းက ကျမ ဦးမြင့်ကို သေလိမ့်မယ်လို့ကို မထင်တာ။

သူ့အကြောင်းက ပြောမယ်ဆိုရင် ပြောမကုန်နိုင်အောင်ပါပဲ။ ကျမရဲ့ အတုယူစရာ .. အားကျစရာ .. လေးစား ချစ်ခင်စရာ ဦးလေး ဖြစ်သလို ..၊ စာပေ အနုပညာလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ ကြယ်တပွင့်၊ စာနယ်ဇင်း သမားတွေ အားကျခဲ့ရတဲ့ ချယ်ရီ မဂ္ဂဇင်း တခေတ်ကို ထူထောင်ခဲ့သူ တဦးလည်း ဖြစ်နေပြန်တယ်။ ပြီးတော့ သူက ခေတ်အဆက်ဆက် တပည့်တွေ သိပ်ချစ်တဲ့ မြန်မာစာ ဆရာ .. ဆရာပြည့်လေ ..။ နောက်တော့ တက္ကသိုလ်ကို သိပ်ချစ်တဲ့သူ၊ ကံ့ကော်ရွာ ပန်းချီအဖွဲ့မှာ အမြဲတမ်းအဖွဲ့ဝင်တဦး .. ၊ နောက်တော့ ..၊ နောက်တော့ . ဆိုတာတွေ အများကြီးပါ။ နောက်မှ တဖြည်းဖြည်း သူ့အကြောင်းတွေ စုစည်းရှာဖွေ တင်ပြ ပါဦးမယ်။
ခုလောလောဆယ်မှာတော့ သူပြောပြခဲ့တဲ့ သူ့ရဲ့ မသုံးဖြစ်ခဲ့တဲ့ စာမူလေးတပုဒ်အကြောင်း ပြောပြချင်တယ်။ သူ့စကားအတိုင်းပဲ ပြောပြမယ်။
ဒီလိုသမီးရဲ့ .. တူဒေးက ဦးမြင့်ကို စာမူတပုဒ်တောင်းတယ် ..၊ အမေနေ့နဲ့ ပတ်သက်လို့ တခု ရေးပေးပါတဲ့။ ဒါနဲ့ ဦမြင့်က ရေးပေးလိုက်တယ်။ သမီးတို့လည်း သိတဲ့အတိုင်းပဲလေ ဦးမြင့်မှာက အမေနှစ်ယောက် ဟုတ်တယ်မ ဟုတ်လား .. အမေရင်းဒေါ်စိုးမြင့်ရယ်၊ ဒေါ်လေး ဒေါ်စိုးချစ်ရယ်လေ။ အဲဒီမှာ ခုပြောမှာက ဒေါ်လေးနဲ့ ပတ်သက် တယ်။ ဦးမြင့်တို့ကို မေမေက မွေးတယ်ဆိုပေမယ့် သမီးတို့ ဖွားလေးချစ်ဆီမှာပဲ ကြီးရတာလေ။ ဒေါ်လေးကိုပဲ မေမေ ခေါ်ကြတာ ဟုတ်တယ်မဟုတ်လား။
တရက်တော့ ဦးမြင့်က ခရီးသွားစရာရှိလို့ .. မေမေ့ကို ကန်တော့တယ် .. မေမေက ဆုပေးပြီးတော့ ဘာပြောလဲ ဆိုတော့ “ဟဲ့ ခင်မောင်မြင့် .. အမဲသား မစားနဲ့နော်” တဲ့။ ဦးမြင့်ကလည်း လျှာကခပ်ရှည်ရှည်လေ .. “ဘာလို့လဲ မေမေရဲ့” လို့ ကွန့်လိုက်တယ်။ မေမေက မစားနဲ့ဆို မစားပါဘူး ဖြေရင်ပြီးတဲ့ဟာ မရဘူး။ အဲဒီမှာ မေမေ ပြန်ပြောတဲ့ စကားက သိပ် မှတ်သားစရာကောင်းတယ် “ဘာလို့လဲ ဆိုတော့ ဇာတ်တူသား မို့လို့ဟေ့” တဲ့ ..။ မေမေက ဦးမြင့်ကို နွားလို့ ပြောလိုက်တာ။
အဲဒီကတည်းက ဦးမြင့် အမဲသား လုံးဝမစားတော့ဘူး။ ဇာတ်တူသား မစားဘူးပေါ့ကွာ ဟားဟား၊ အဲဒီ အကြောင်းလေး တူဒေးမှာ ရေးပေးလိုက်တယ်။ “ကျနော် ဇာတ်တူသား မစားပါခင်ဗျာ” လို့ ..။ အဲဒါ ဘာဖြစ်တယ်မသိပါဘူး။ စိစစ်ရေးက ခွင့်မပြုဘူး။ ပြုတ်သွားတယ် ..။
ဦးမြင့်ရေ .. အားလုံးကတော့ မေ့နေကြရောပေါ့ .. သမီးကတော့ မမေ့ဘူး။ ဘာလို့လည်းဆိုတော့ ဦးမြင့်ကို သိပ်ချစ်တဲ့ တူမကိုး .. ။ ပြီးတော့ ဦးမြင့်ကို အားကျတဲ့စိတ်နဲ့ ဒီ စာနယ်ဇင်းသမားဆိုတဲ့ ဘဝထဲက ထွက်မှ မထွက်နိုင်သေးပဲကိုး ..။

ယောင်ဝါးဝါးအရိပ်

ဒီဝတ္ထုတိုလေးက ဓာတ်ပုံဖိုင်အနေနဲ့ တင်ထားပြီးသား မို့လို့ နံပါတ်မတပ်တော့ပါဘူး။ ပိတောက်ပွင့်သစ် အမှတ် (၂)၊ မတ်၊ ၂၀၀၆ မှာ ပါခဲ့တဲ့ ဝတ္ထုတိုလေးပေါ့။ ဓာတ်ပုံဖိုင်မှာ ယောင်ဝါးဝါးဖြစ်နေခဲ့လို့ ခု ပြန်ရိုက်တင် ပေးလိုက်ပါတယ်။

ဝတ္ထုတို (၁၈)

ဘကြီးသေပြီ
မသေခင်ခဏ အမောဖောက်ပြီးနောက် အိပ်ပျော်သည့် ပုံစံဖြင့် သေသွားခြင်း ဖြစ်၏။

ဘကြီးအသက်က ၈၉ နှစ်။ မသေခင် တပတ်အထိ ဒေါင်ဒေါင်မြည် ပုံစံဖြင့်။ ဘယ်တော့မှ မသေတော့မည့် အတိုင်း ထင်ရသည်။ ဘကြီး၏ သူငယ်ချင်း အပေါင်းအသင်းတွေ .. ငယ်ငယ်က ဘကြီး ပိုးခဲ့သော ရွယ်တူ အဘွားကြီးတွေ သေကုန်ပြီ ..။ ဘကြီးကမသေသေး။ အေးအေးဆေးဆေး လမ်းလျှောက်ကောင်းတုန်း ..။ ထမင်းတပန်းကန် မောက်မောက် ကုန်တုန်း ..။ ကိုပီတာကို ပြဿနာရှာတုန်း။

ဘကြီးနှင့် ကိုပီတာက မတည့်အတူနေဆိုမှ တကယ့် မတည့်အတူနေ ..။ ဘကြီးက ၈၀ ကျော် လူပျိုကြီး ..။ ကိုပီတာက ၅၀ ကျော်လူပျိုကြီး။ ဘကြီးသည် ဖေဖေနှင့် မာမီတို့ ထားခဲ့သော ကိုပီတာ့အတွက် အမွေဟုလည်း ဆိုနိုင်သည်။

အရင်ကတော့ သည်အိမ်ကြီးမှာ ဖေဖေရယ် မာမီရယ် ကိုပီတာရယ် .. ဘကြီးရယ် အတူနေကြသည်။ အဲသည်တုန်းက ဘကြီး၏ အနွံအတာကို ဖေဖေနှင့် မာမီတို့ မျှခံကြသည်။ ကိုပီတာက ညီအစ်ကို လေးယောက် တွင် အငယ်ဆုံး။ သူ့အစ်ကိုတွေက အိမ်ထောင်ခွဲပြီး သပ်သပ်နေကြသည်။ ဖေဖေနှင့်မာမီတို့ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကုန်တော့ ကိုပီတာနှင့်အတူ ဘကြီး ကျန်ရစ်သည်။

တော်တော်တော့ ထူးဆန်း၏။ ဘကြီးသည် ဖေဖေ၏ ဘယ်နှဝမ်းကွဲ တော်သော အစ်ကိုလည်း မသိပါ။ အဲဒီ အဝေးကြီးဝေးသော အစ်ကိုလူပျိုကြီးကို ဖေဖေက ခေါ်ယူစောင့်ရှောက်ထားသည်။ ဖေဖေ ကွယ်လွန်ခါနီးတွင် ကိုပီတာ့ကို အချက်နှစ်ချက် မှာခဲ့သည်။ ပထမ အချက်က ဖေဖေ သင်းအုပ်ဆရာ လုပ်ခဲ့သော သူတို့ ဘုရား ကျောင်းလေးတွင် ပြုလုပ်သမျှ အစီအစဉ်တိုင်းတွင် စန္ဒယားတီးရန်နှင့် သံစုံသီချင်း လေ့ကျင့်ပေးရန်။ ဒုတိယ အချက်ကတော့ ဘကြီးကို လုံးဝမငြိုညင်ဘဲ စောင့်ရှောက်ရန် ဖြစ်၏။

ကိုပီတာ နားထောင်ပါသည်။ ကိုပီတာ ငယ်ငယ်ကတည်းက ဖေဖေ့ စကားကို မပယ်ရှားခဲ့။ ဖေဖေ့ကိုချစ်သည်။ လေးစားသည်။ ဖေဖေသည် ကွယ်လွန်သွားသည်အထိ သူ့အနားတွင် ရှိနေသလိုပင်။ ဖေဖေ့စကားကိုမပယ်ရှားဝံ့။ ပထမ အချက်က ပြဿနာမရှိ။ ဖေဖေရှိစဉ်ကတည်းက သူ ဘုရားကျောင်းမှာ စန္ဒယား တီးခဲ့တာပဲ။ ဒုတိယ အချက်ကတော့ သူ့အတွက် နည်းနည်း ပြဿနာရှိပါသည်။

သူတို့မြို့ကလေးတွင် ဘကြီးနှင့် နီးနီးစပ်စပ် အမျိုးတော်သူများရှိသည်။ ကိုပီတာတို့ထက်စာလျှင် ပိုရင်းသူများ ဖြစ်၏။ သို့သော် ဘကြီးကို ခေါ်ယူ စောင့်ရှောက်ရန် တခွန်းမှ မဟကြ။ တခါတလေမှာတော့ မုန့်ဖိုး ပဲဖိုး ကလေးများ လာပေးတာမျိုး၊ စားစရာလေးများ လာပေးတာမျိုး ရှိ၏။ ဘကြီးသည် ထိုသူများကို အကောင်း ပြောသလောက် ကိုပီတာ့ကို ဘယ်တော့မှ အကောင်း မပြော။

အကောင်းမပြောတာ လောက်ကတော့ ကိုပီတာတို့ကမမှုပါ။ အဲဒီထက် ဆိုးရွားသော အချက် များစွာ ရှိနေသေး သည်။

ကိုပီတာက ချက်တာပြုတ်တာ ဝါသနာပါပေမယ့် အိမ်မှာချက်စားချင်မှ စားသည်။ တကိုယ်တည်း လူပျိုကြီးဆိုတော့ အပြင်မှာပဲ ကြုံသလို ဝယ်စားလိုက်သည်။ ဒါပေမယ့် ဘကြီး အတွက်ကတော့ အားလုံး အဆင်ပြေအောင် လုပ်ပေးသည်။

ဘကြီးက နံနက်စာကို ဆယ့်တနာရီ တိတိမှာ စားသည်။ ဘကြီး စားခါနီးမှ အသီးအရွက်ကြော်တာ၊ ဟင်း နွှေးတာ လုပ်ပေးသည်။ ဘကြီး ပူပူနွေးနွေး စားရအောင်ပေါ့။ အဲဒီအတွက် ကိုပီတာ ဂက်စ်မီးဖို ဝယ်ထားသည်။ ဆယ်ပိဿာ ဆန့်သည့် ဂတ်စ်အိုးနှင့် ဆက်ထားသည့် ဖိုဖြစ်သည်။ ကိုပီတာ ဘယ်လောက်ပဲ အပြင် ထွက်နေ ထွက်နေ ဘကြီးစားချိန် ပြန်လာမြဲ။ သို့သော် ဘကြီးက ကိုပီတာ လက်ဖက်ရည် ထွက်သောက်ချိန် .. ဈေးသွား ချိန်များတွင် သူ့ဘာသာ ဂတ်စ်အိုးကိုဖွင့်ပြီး ရေနွေးတည်သည်။ သူလုပ်ချင်တာတွေ လျှောက်လုပ်သည်၊ ဂတ်စ် မီးဖိုကို မသုံးဘဲ ဂတ်စ်တွေ လွှတ်ထားသည်။

ကိုပီတာက ဟင်းခတ်မှုန့်တွေ၊ ပုစွန်ခြောက်တွေ၊ ဆီတွေ တလစာ ဝယ်ထားတတ်သည်။ ကိုပီတာ အပြင်က ပြန်လာလျှင် တလစာ ဝယ်ထားတာတွေက တဝက်လောက် လျော့နေတတ်သည်။ နောက်တနေ့ အပြင်ထွက် ရာက ပြန်လာတော့ ဖင်ကပ်သာ ကျန်တော့သည်။

အဲဒီတော့ ကိုပီတာဂတ်စ်အိုးကို မသုံးရဲတော့၊ မတော် သူ အပြင်ထွက်နေတုန်း မီးတွေဘာတွေ လောင်မှာ စိုးရိမ် ရသည်။ တလစာ ဝယ်ထားတာတွေ အားလုံးကိုလည်း သော့ခတ် သိမ်းဆည်းရသည်။

ကိုပီတာက သူမစားပေမယ့် ဘကြီးကို ကောင်းကောင်းချက်ကျွေးသည်။ ဘကြီးက သူ့အမျိုးများလာလည်တိုင်း ညည်းပြီး တိုင်သည်။

“ပီတာက ဘာတွေချက်ကျွေးမှန်း မသိပါဘူး၊ စားလို့လည်း မကောင်းဘူး”

အဲလိုဆိုတော့ သူ့အမျိုးများက ကိုပီတာ့ကို တမျိုးမြင်ကြသည်။ ရှိစေတော့ …။ ကိုပီတာက ဘကြီးကို နေ့တိုင်း ဘာစားချင်လဲ မေးကာ သူစားချင်တာတွေကို ချက်ကျွေးခြင်းဖြစ်သည်။ တခါတော့ ဘကြီးက အုန်းထမင်း စားမည် ဆို၏။ အသက်က ၈၀ ကျော်နေပြီ ..။ ဘေးလူတွေကတားကြသည် .. မရ။ ဘကြီးက ဒါဆိုဒါပဲ စားမည် .. ဖြစ်ရင်ခံမည် တဲ့။

အဲဒီတော့ ကိုပီတာ ဆန် တလုံးခွဲလောက်ကို အုန်းသီးတလုံးဖြင့် သေသေချာချာချက် .. အမဲသားကို နူးနေအောင် နှပ် ချဉ်ပေါင်ဟင်းချိုလေးဖြင့် ကျွေးသည်။ ကိုပီတာ့ရှေ့တွင်တော့ ဘကြီးက “ကောင်းလိုက်တာ၊ စားလို့ အရသာရှိလိုက်တာ၊ စားချင်တာ စားရလို့လားမသိဘူး .. နေလို့ထိုင်လို့ ပိုကောင်းသလိုပဲ …” ဟု ပြော၏။

ကွယ်ရာမှာတော့ “အင်း .. သိပ်တော့လည်းစားမကောင်းပါဘူး။ ဘယ်ကောင်းမလဲ သူက စေတနာမှ မပါတာ” ဟု လျှောက်ပြောသည်။ ကိုပီတာ စိတ်ဆိုးပေမယ့် သည်းခံပါသည်။ ဖေဖေမှာထားသော စကားရှိတော့ ကိုယ့်ကိုယ် ကိုယ် ပြန်သတိပေးရသည်။

တခါတလေကျတော့လည်း ကိုပီတာ ချက်ရတာ ပျင်းလာသည်။ တယောက်စာ နည်းနည်းလေးဆိုတော့ ဝယ်ရချမ်းရတာ မကောင်း။ အဲဒီတော့ နောက်ဖေးအိမ်က ဟင်းချက် ရောင်းသည့် မအေးမြင့်ထံမှ အမဲနှပ် တပွဲဝယ် အိမ်မှာ ကိုယ့်ဟာကိုယ် မော်ဒီဖိုင်း ပြန်လုပ်ပြီး ကျွေးကြည့်သည်။

“ဘကြီး စားကောင်းလား” မေးလျှင် “ကောင်းတယ် … အမဲနှပ်ကလေးက နူးပြီး သိပ်အရသာ ရှိတာပဲ” ဟု ဖြေသည်။

“ဟုတ်လား အဲဒါ ပီတာ ချက်တာမဟုတ်ဘူး … မအေးမြင့်ဆီက ဝယ်ကျွေးတာ” ဆိုလျှင်တော့ “ထင်သားပဲ .. ။ အဲဒါကြောင့် အရမ်းငံနေတာ ဖြစ်မယ်။ နောက် သူ့ဆီက မဝယ်နဲ့ သူက ညစ်ပတ်တယ်၊ မစားချင်ဘူး” ဟု ရစ် တတ်သေးသည်။ နောက်ပိုင်းတော့ ကိုပီတာ နပ်သွားပြီ။ မအေးမြင့်ဆီက ဝယ်ကျွေးပေမယ့် သူချက်တာ ဟုသာ ပြောတော့၏။

ကိုပီတာ ပစ္စည်းမှန်သမျှလည်း ဘာမှမခံ။ ကိုပီတာက ဝိုင်သောက်သည့် ဖန်ခွက်ကလေးများကို ပုံစံမျိုးစုံ စုတာ ဝါသနာပါသည်။ သူ့တပည့်တွေကလည်း သူကြိုက်တာသိတော့ လက်ဆောင် ပေးသည်။ လင်ပန်းလေး တချပ်ထဲ မှာ ဝိုင်ခွက် ၁၅ ခွက်လောက်ကို စီပြီး ထည့်ထားသည်။ တရက် သတိရလို့ ကြည့်မိတော့ ဆယ်ခွက်လောက်ပဲ ကျန်တော့သည်။ အကွဲ အစအန ဘယ်မှာမှ ရှာမတွေ့။ တအိမ်လုံးတွင် ဘကြီးနှင့် သူ နှစ်ယောက်တည်း။ မေးကြည့်တော့လည်း မသိဘူးဟုသာ ဖြေသည်။ နောက်တော့ အိမ်သာဘေးတွင် ဖန်ကွဲစများကို ကျွတ်ကျွတ်အိတ်နှင့် ထုပ်လျှက်သား တွေ့ရသည်။

ရေခဲသေတ္တာထဲတွင်လည်း ဘာမှ ထည့်မထားရဲ။ ထည့်ထားသမျှ အကုန်နှိုက်ယူသည်။ အဆိုးဆုံးကတော့ ကိုပီတာ့ ပန်းပင်ကလေးများကို ဖျက်ဆီးခြင်း ဖြစ်သည်။ ကိုပီတာက ပန်းပင်စိုက်တာ ဝါသနာပါသည်။ ကိုပီတာ့ ဆီတွင် အဖိုးတန် ရှားပါးပင်လေး တော်တော်များများ ရှိသည်။ ပထမတွင် ပွင့်နေသော နှင်းဆီပန်း လိမ္မော် ရောင် လေးများ ဖရိုဖရဲ ဖြစ်နေသည်။ နောက်တော့ သစ်ခွပွင့်တွေ မရှိတော့သည့်ပြင် .. အပင်တွေပါ အောက်ပြုတ်ကျ နေ၏။ အားလုံး ဘကြီးလက်ချက်။ သူငယ် ပြန်နေတာလား ဆိုတော့လည်း မဟုတ်။ သူသိချင်လျှင် အားလုံး သိသည်။

ဘကြီးတွင် ကြောင်တကောင်ရှိသည်။ သူက သူ့ကြောင်ကိုတော့ အလွန်ချစ်၏။ ကိုပီတာက ကြောင်ကို လုံးဝ မချစ်။ ကြောင်က အိမ်ထဲတွင် ချေးပါ၊ သေးပေါက် လုပ်သဖြင့် မုန်းသည်။ တွေ့လျှင် ရိုက်ထုတ်သည်။ ဘကြီးက ကြောင်ကို သူနှင့်အတူသိပ်သည်။ ကိုပီတာ့ ပုစွန်ခြောက်တွေ ခိုးကျွေးသည်။ ထမင်းစားနေစဉ် ကြောင်ကိုပါ အတူ ကျွေးသည်။ ကိုပီတာက ဘကြီးမမြင်အောင် ကြောင်ကိုရိုက်သည်။ ဘကြီးက ကိုပီတာမမြင်အောင် ငါးရိုးများ၊ ထမင်းများ ကြမ်းပေါ် ချကျွေးသည်။ ကြောင်စားပြီး ကျန်နေသည့် နေရာတွင် ပုရွက်ဆိတ်များ တက်နေတော့ လှည်းပစ်ရသည်။ တခါ အဲဒီကြောင် ကိုပီတာ့အိပ်ရာထဲ သေးပေါက်ချသွားသည်။ ကိုပီတာ လိုက်ရိုက်တော့ ဘကြီးအခန်းထဲ ဝင်ပြေးသည်။ တော်တော်လည်သည့်ကြောင်။ ကိုပီတာနှင့် ဘကြီးတို့၏ ပတ်လည် ဇာတ်လမ်းက တအုံနွေးနွေး အဆုံးမသတ်နိုင်။

ကိုပီတာ့မှာက တပည့်တွေများသည်။ ကိုပီတာ့ကို သူ့တပည့်များက ချစ်ကြသည်။ သည်တော့ ကိုပီတာ့အိမ်မှာ ဧည့်သည်က မပြတ်။ တပည့်တွေရဲ့ ရည်းစားတွေ ခင်ပွန်းတွေ ဇနီးတွေ၊ သားသမီးတွေ တခါတလေ ပွက်လော ရိုက်နေတတ်ကြသည်။ တခါတလေ သီချင်း ကျင့်ပေးပါဦးဆိုပြီး .. ဧည့်ခန်းထဲ သီချင်းသံ စန္ဒယားသံ ညံနေ ပြန်သည်။

ဘကြီးက တီဗီကြိုက်သည်။ အထူးသဖြင့် ခုနစ်နာရီ မြဝတီမှလာသည့် ဇာတ်ကားကို ဘယ်တော့မှ အလွတ် မခံ။ ခုနစ်နာရီမထိုးခင် ဧည့်ခန်းထဲက တီဗီရှေ့ရောက်နေပြီ။ အဲဒီအချိန် ဧည့်သည်လာပြီး ဧည့်သည် ကလည်း ဆူညံ နေမည် ဆိုလျှင်တော့ အဲဒီည ပြဿနာဖြစ်ပြီသာ မှတ်တော့။

“ပီတာ့ ဆီကို ဧည့်သည်တွေ လာလိုက်တာမှ အရွယ်ကို စုံနေတာပဲ။ ကလေး ပိစိကွေးလေးတွေကော .. မိန်းမ ယောက်ျား အရွယ်စုံကော .. လူကိုမပြတ်ဘူး။ ဘာတွေလုပ်နေမှန်းမသိပါဘူး” ဟု အတင်း လျှောက်ပြောသေး သည်။

ဘကြီးက နားနည်းနည်း လေးပေမယ့် မျက်စေ့ အတော်ကောင်းသည်။ ကျန်းမာရေးလည်း ကောင်းသည်။ နေ မကောင်းဘူးဆိုတာ တော်တော် ရှားသည်။ ကိုပီတာဆီ ဧည့်သည် တယောက်လာလျှင် အိမ်ရှေ့ကိုတော့ ထွက် မလာ။ ဒါပေမယ့် နောက်ဖေးပေါက်က ချောင်းသည်။ တခါလည်း။ ကိုပီတာ ဧည့်သည်များဖြင့် စကားပြောနေစဉ် .. ချောင်းရင်း ချောင်းရင်း အောက်ကရေကွက်ကို တက်နင်းမိပြီး ချော်လဲသည်။ နှစ်ပတ်လောက် ကုတင် ပေါ်တွင် နားလိုက်ရသည်။ ပြီးတော့ မကြာ ပြန်ကောင်းလာသည်။

တခါလည်း ဘာတွေ အစားမှားသလဲမသိ၊ ဝမ်းတွေ လျှောလို့ ဆေးရုံတင်ရသည်။ ကိုပီတာတို့က ပစ်လိုက်ရပြီဟု ထင်သော်လည်း ပြန်ကောင်းလာသည်။ ကိုပီတာနှင့် ဘကြီးတို့ ကြားက အဖြစ်အပျက်ကို ဘုရားကျောင်း တကျောင်းလုံး သိသည်။ အားလုံးက ရယ်ကြမောကြနှင့်။ တကယ့်ဒုက္ခခံစားရတာက ကိုပီတာ။ ရယ်လည်း မရယ်နိုင်။ ဖေဖေ့စကား နားထောင်ချင်သောကြောင့်သာ ပြုစုနေရသည်။ စိတ်လည်း မရှည်ချင်တော့။ ပြီးတော့ လွတ်လွတ်လပ်လပ် နေချင်သည်။ မိန်းမမယူဘဲ တကိုယ်တည်း လူပျိုကြီးလုပ်နေသည်မှာ လွတ်လွတ်လပ်လပ် သွားချင်ရာသွား .. စားချင်ရာစား လုပ်ချင်ရာ လုပ်နေချင်သောကြောင့်ဖြစ်၏။ ခုတော့ မလွတ်လပ် .. နောက်ဆံ တင်းနေရသည်။

လက်ဘက်ရည်ဆိုင်တွင် အပေါင်းအသင်းများနှင့် စကားကောင်းနေဆဲ ဘကြီး ထမင်းချိန်ဆို ပြန်ရသည်။ ခရီး ထွက်ချင်ပေမယ့် ဘကြီးစားမှု သောက်မှု လုပ်မည့်သူ မရှိသည့်အတွက် မထွက်ရ။

ကိုပီတာက သူ့ဘာသာသူ ဝိုင်လေးဖောက်လိုက် ..၊ ပန်းချီလေးဆွဲလိုက်၊ ကိတ်မုန့်လေး ဖုတ်လိုက် အပင်လေး တွေစိုက်လိုက် နေချင်ပေမယ့် အဲဒီအလုပ်များ တခုမှ လုပ်လို့မရ ..။ ဂက်စ် မီးဖိုမသုံးရဲလို့ မီးမလာသော နေ့များမှာ မီးသွေးမီးဖိုကို တပင်တပမ်း မွှေးရသည်။ လျှပ်စစ်မီး ခလုပ်များကိုလည်း လုပ်ချင်ရာ လုပ်သည်။ မိန်းဆွစ်ကို သော့ခတ်ထားရသည်။ ကိုပီတာ အပြင်ထွက်လျှင် မိန်းချပြီး သော့ခတ်ရသည်။

ပြောပြလျှင် ကုန်နိုင်မည်မထင်။ ဘကြီးနှင့် ကိုပီတာတို့ နှစ်ဦးကြားတွင် ဇာတ်လမ်းပေါင်းများစွာ ရှိသည်။ ကိုပီတာ့ကို ဘကြီး၏အမျိုးတယောက်က တခါတော့ ဝန်ခံဖူးသည်။

“ကိုပီတာမို့လို့ဗျာ၊ ကျနော်သာဆို အဲဒီဒဏ်တွေ ခံနိုင်မှာမဟုတ်ဘူး” တဲ့။ ကိုပီတာကတော့ ရယ်နေလိုက်ရုံပင်။ သူ့ဒဏ်မခံနိုင်လို့ ဒီအဘိုးကြီးကို ပစ်ထားလိုက်လျှင် ဘယ်သူကလက်ခံ ထားမှာတဲ့လဲ။ ဘကြီးရဲ့ ဒဏ်ကို ခံရတာ ကိုပီတာ့အဖို့ အသားကျ နေပါပြီ။ ဖေဖေတို့ ဆုံးတာပဲ ၁၅ နှစ် နီးပါး ရှိနေပြီလေ။

ဆိုခဲ့သည့်အတိုင်း ဘကြီးက လွန်ခဲ့သော တပတ်လောက်အထိ စားနိုင်သောက်နိုင်တုန်း၊ ကိုပီတာ စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်တုန်း။ သူ့ကိုကြည့်ရတာ ဘယ်တော့မှ မသေတော့မည့်ပုံစံ ဒေါင်ဒေါင်မြည်။ ပြီးခဲ့သည့် သုံးရက်ကမှ ဘကြီးအိပ်ရာပေါ်လဲသည်။ လဲမည့်လဲတော့လည်း ရုတ်တရက်ကြီး ဘာမှ စားလို့မဝင်တော့ ..။ ဆီးနှင့်ဝမ်းလည်း မသွားနိုင်တော့။ ကိုပီတာ အစ်ကိုလတ်လင်မယားက ကိုပီတာ့ဆီ လာနေပေးသည်။ အစ်ကို လတ်၏မိန်းမက ဆေးရုံက မေထရွန်ကြီးဆိုတော့ ပြုစုတတ်သည်။ လုပ်တတ်ကိုင်တတ်သည်။ ဆီးပိုက်ထည့် ထားရသည်။ နှာခေါင်းပိုက်နှင့် အစာထည့်ရသည်။ ဒရစ်ပိုက်လည်း ချိတ်ထားရသည်။

ညဘက် ကိုပီတာတို့ ညီအစ်ကိုနှင့် အတူ သူငယ်ချင်းစုံတွဲများ လာစောင့်ပေးကြသည်။ သိပ်ကြာကြာ မနေ လိုက်ရ။ သုံးရက်လောက်ပဲ ဝေဒနာအနည်းအကျဉ်း ခံစားရသည်။ သေခါနီး အမောအနည်းငယ်သာ ဖောက်သည်။

ဘကြီးသေတော့ သန်းခေါင်ကျော် မနက် ၂ နာရီကျော်ပြီ။ မိန်းမတွေအားလုံး အိပ်ပျော်နေသည်။ သူတို့ ညီအစ်ကို နှင့်အတူ ချစ်တီးနှင့် ယောရှုရှိသည်။ ကိုပီတာ့ အစ်ကို ကိုဘေဘီက ..

“ကဲကဲ မိန်းမတွေ မနိုးစေနဲ့ဟေ့ သူတို့နိုးရင် ပွက်လောရိုက်ကုန်လိမ့်မယ်။ ငါတို့ သူ့ကို ဘေးပေါက်ကနေ ဘုရား ကျောင်းထဲ ရွှေ့ရအောင်” ဟု ဆိုသည်။

ဘုရားကျောင်းက ကပ်လျှက် ခြံစည်းရိုးသာ ခြားသည်။

အိမ်ဘေးပေါက်က ထွက်လိုက်လျှင် ဘုရားကျောင်းထဲ ရောက်ပြီ ..။ ပထမဆုံး ဘကြီးနှင့်ချိတ်ဆက်ထားသော ပိုက်များ အားလုံးဖြုတ်ရသည်။ ကျန်ပိုက်အားလုံး အဆင်ပြေပေမယ့် ဆီးပိုက်ကဒုက္ခရောက်နေသည်။ ရော်ဘာ ချောင်းဖြစ်သောကြောင့် ဆွဲဖြုတ်၍ အလွယ်တကူ ထွက်မလာဘဲ ရှည်ရှည် ထွက်လာသည်။ စိတ်မရှည်သော ယောရှုက ..

“ရှုပ်ပါတယ်ကွာ ကပ်ကြေးနဲ့ပဲ ဖြတ်လိုက်ရအောင်” ဟု ဆိုသည်။ ချစ်တီးက “မလုပ်ပါနဲ့ကွာ ဘကြီး ကောင်းကင် နိုင်ငံရောက်ရင် ဒီပိုက်ကြီးနဲ့ ဒုက္ခရောက်နေပါဦးမယ်။ ငါ ဆွဲဖြုတ်ကြည့်ဦးမယ်” ဆိုပြီး ဆောင့်ဆွဲတော့ ပြုတ်ထွက် လာသည်။ ဒါပေမယ့် ပိုက်ချည်းမဟုတ်ဘဲ လက်ကျန် ဆီးတွေပါ လွင့်စဉ်ကုန်သည်။

ပြီးတော့ ကိုဘေဘီ စီစဉ်သည့်အတိုင်း အလောင်းကို ယောရှုနှင့် ချစ်တီးတို့က မ၊ ခေါက်ကုတင်ကို သူတို့ ညီအစ်ကိုက မ ရွှေ့ကြသည်။ အလောင်းကြီး ဘုရားကျောင်းထဲ ရောက်သည်အထိ သူတို့ ကုတင်မရောက်သေး။ ချစ်တီးက .. “ကိုဘေဘီ .. ဒီမှာလေးလှပြီ .. ဘယ်နား ချထားရမှာလဲ” ဟုလှမ်းအော်မေးသည်။ ကိုဘေဘီက .. “ချချင်တဲ့နေရာ ချထားလိုက်ကွာ” ဟု ပြန်အော်သည်။

ချစ်တီးနှင့်ယောရှုတို့က အလောင်းကို သံမန်သလင်းပေါ်ဖုတ်ခနဲ ပစ်ချလိုက်ကြသည်။ ခဏနေမှ ကိုဘေဘီတို့ ရောက်လာသည်။ သူ့ဘကြီးကိုကြည့်ရင်း “အင်း .. ဘကြီးကတော့ ထင်မှာပဲ။ ဒီကောင်တွေ မသေခင် နှိပ်စက်တာ အားမရလို့ သေပြီးတာတောင် ဆက်နှိပ်စက်တုန်းလို့”

ဘကြီးကို ကုတင်ပေါ်တင်ပြီး ကိုပီတာက ပတ်တီးတလိပ်ကိုကိုင်ပြီး ရောက်လာသည်။ ပါးစပ်ဟနေသောကြောင့် မေးသိုင်းကြိုးချည်ရန်တဲ့။ မေးသိုင်းကြိုးချည်တော့ ယောက်ျားအားဖြင့် ဆွဲလိုက်ရာ သွားမရှိသော ဘကြီး နှုတ်ခမ်း များက စေ့နေရုံမကဘဲ အောကနှုတ်ခမ်းက အပေါ်နှုတ်ခမ်းပေါ် သွားထပ်သည်။ ကြိုးကို တခါပြန်လျှော့ ရပြန်သည်။

သူတို့ ယောက်ျားတွေချည်း လုပ်ချင်ရာ လုပ်ကြပြီးမှ ဘုရားကျောင်းရှေ့က သင်းအုပ်ဆရာကို သွားနှိုးကြသည်။ အဲဒီတော့မှ မိန်းမတွေပါနိုးလာပြီး သတင်းမေးကြ၊ ငိုကြနှင့် အသုဘအိမ် အသက်ဝင်လာသည်။ သင်းအုပ်ဆရာ ဆုတောင်းပြီးတော့ မနက် ရောင်နီမြင်ရပြီ .. ကိုပီတာတို့ အိပ်ဖို့ မစဉ်းစားတော့။ ဘကြီးမှာက ဘာဆွေမျိုး အသိုင်းအဝန်းမှ ရှိတာမဟုတ်။ အလုပ်ရှုပ်ခံမနေတော့။ တခါထဲ နေ့ချင်းပြီး ချလိုက်မည်ဟု ဆုံးဖြတ်လိုက်ကြ သည်။

ပြီးတော့ သူတို့ ခရစ်ယာန်မှာက ရက်လည်စရာလည်း မလို၊ အောက်မေ့ဖွယ် စည်းဝေးကို ဘယ်နေ့လုပ်လုပ် ရသည်။ ဒီတော့ ညဘက်တွင် အောက်မေ့ဖွယ် စည်းဝေးကို ဘယ်နေ့လုပ်လုပ် ရသည်။ ဒီတော့ ညဘက်တွင် အောက်မေ့ဖွယ် စည်းဝေးလုပ်လိုက်မည်။ ဒါဆို တရက်တည်းနှင့် ကိစ္စပြတ်ပြီ။ အသုဘချတော့လည်း ရိုးရိုး ရှင်းရှင်းပင်။ ညဘက် အောက်မေ့ဖွယ်လာသူများကို ဆမူဆာနှင့် လက်ဘက်ရည် ကျွေးလိုက်သည်။ အားလုံး ကိုပီတာလုပ်စရာမလို။ ကိုပီတာကို ခင်မင်သော ဘုရားကျောင်း အမျိုးသမီးအသင်းက လုပ်သွားသည်။ နောက်ဆုံး အိုးခွက်များ ဆေးကျောပြီးသည်အထိ ..။

ပြီးပြီ ..။

လူတွေလည်း ပြန်ကုန်ပြီ။ ကိုပီတာ တယောက်တည်း ကျန်တော့၏။ ကိုဘေဘီတို့ လင်မယားလည်း ပြန်သွား ကြပြီ။ မနေ့က ဘကြီးရှိသေးသည်။ ဒီနေ့ ဘကြီးမရှိတော့။ မရှိရုံတင်မဟုတ်။ ကိုပီတာ့အိမ်တွင် အသုဘအိမ် ဆိုသည့် အရိပ်အယောင်လေးပင် မကျန်။

ကိုပီတာ တဦးတည်း အိပ်ရာဝင်လိုက်သည်။ အိပ်ရာထဲတွင်ချက်ချင်းအိပ်မပျော်နိုင်။ စဉ်းစားခန်း ဝင်နေမိသည်။ သူလိုချင်သော လွပ်လပ်သည့် ဘဝသူရပြီ။ ဘယ်သူ့အတွက်မှ ဘာမှ လုပ်ပေးစရာ မလိုတော့။ သွားချင်ရာသွား မည်။ ခရီးထွက်မည်၊ အပင်စိုက်မည်၊ ခဏနေတော့ မနေ့က အိပ်ပျက်ထားသည့်အရှိန်ကြောင့် အိပ်ပျော်သွား သည်။

မနက်မိုးလင်းတော့ ကြည်ကြည်လင်လင် ဖြင့် နိုးထလာသည်။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက် သန့်စင်ပြီး ရေနွေးတည်ဖို့ ပြင်သည်။ ပြီးမှ ရေနွေးတည်ရန် မလိုတော့တာ သတိရသည်။ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ သည်။ လက်ဖက်ရည်ဆိုင်တွင် စိတ်ကြိုက်ထိုင်ပြီး ဈေးဘက်ထွက်ခဲ့သည်။ ဈေးရောက်တော့ ဘာမှ ဝယ်စရာ မရှိပြန် ..။ ဈေးကို တပတ်ပတ်ပြီး အိမ်ပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ယောင်ချာချာနှင့် ထိုင် နေမိသည်။ ဘာလုပ်ရမှန်းမသိ။ သည်အချိန်ဆို ဘကြီးထမင်းပွဲ ပြင်ပေးနေကျ မဟုတ်လား။

အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ မြက်ပင်တွေ တောထနေသည့် သူ့ပန်းခင်းကို ဖရိုဖရဲ မြင်တွေ့လိုက်ရသည်။ “မြက်ပင်တွေကိုပဲ စရှင်းရမှာပဲ” သူတွေးလိုက်၏။ သို့သော်လည်း မြက်ပင်များကို ထမရှင်းဖြစ်။ ရှင်းချင်စိတ် မရှိဘဲ ဖြစ်နေသည်။

ဘကြီးရှိတုန်းက အချိန်လုပြီး ဆွဲထားရသော ဆွဲလက်စ ပန်းချီကားဆီ စိတ်ရောက်သွားသည်။ သို့သော် စုတ်တံ များကိုလည်း မကိုင်ချင်ပြန်။ ဘာဖြစ်နေတာလဲ။ အရင်က ဆွဲချင်လွန်းလို့ ဘကြီး မနှောင့်ယှက်မယ့် အချိန်ကို လုပြီးဆွဲရတာ။ အခု သူ့ကို နှောင့်ယှက်မည့် ဘကြီး မရှိတော့ဘူး မဟုတ်လား။ ဒါပေမယ့် သူမဆွဲချင် ..။ စန္ဒယား အဖုံးကို ဖွင့်လိုက်သည်။ သို့သော်လည်း တီးချင်စိတ်မရှိ။

ခါတိုင်းသူ စန္ဒယား အသံစမ်းလျှင် ဘကြီးလာချောင်းတတ်သည်။ ဒါကို သူတွေ့လျှင် ဆက်မတီးဘဲ အဖုံးပိတ်ကာ ထ ထွက်သွားတတ်၏။ သူငိုင်နေစဉ် ခြေထောက်ဆီက နွေးခနဲခံစားလိုက်ရသည်။ ကြည့်လိုက်တော့ ဘကြီး၏ ကြောင်ကလေး၊ ကြောင်လေးက သူ့ကို မော့ကြည့်ကာ “ညောင်” ဟု တချက်အော်သည်။ သူ ကြောင်ကလေးကို ပထမဆုံးအကြိမ် စိတ်လိုလက်ရ ပွေ့လိုက်သည်။ ထို့နောက် ဘကြီးခိုးမှာစိုးသောကြောင့် သော့ခတ်ထားသော ကြောင်အိမ်ကိုဖွင့်ကာ ပုဇွန်ခြောက် လက်တဆုပ် နှိုက်ယူ၍ ကြောင်ကလေးရှေ့မှာ ချကျွေးလိုက်၏။

ကြောင်ကလေးက မယုံသလို ခဏကြောင် နေသေးသည်။ ဒါ ကိုပီတာ့အထင်လည်း ဖြစ်နိုင်ပါသည်။ ကြောင်က ကြောင်နေရတယ်လို့။ သူ့အတွေးနှင့်သူ ပြုံးမိသွားပြီး မလုံမလဲဖြင့် ဘေးဘီကြည့်ရင်း သူ့မျက်လုံးများက တနေရာ သို့ ရောက်သွားသည်။ ခါတိုင်းဆိုရင်တော့ ဘကြီးက သူ ဒီလို လုပ်တာမြင်လျှင် .. "ပီတာတော့ .. ရူးသွားပြီလား မသိဘူး" ဆိုပြီး လျှောက်ပြောမှာ သေချာသည်။ ခုတော့ သူမပြောနိုင်တော့။ ကိုပီတာ့ မျက်လုံးအစုံ ဆိုက်ရောက် သွားရာ နံရံပေါ်တွင် ဘကြီးဓာတ်ပုံက အခန့်သား။

ဘကြီးက “မင်း ခုတော့ ဘာတတ်နိုင်သေးလဲ” ဆိုသည့် မျက်နှာပေးဖြင့် မချိုမချဉ် ပြုံးကြည့်နေသည်။ ပုဇွန်ခြောက် စားနေသော ကြောင်ကလေးကို .. ကိုပီတာ ပိတ်ကန်လိုက်၏ …။ “ညောင် ..”…။

တနှစ်သားလေး

ဒီနေ့ ကျမရဲ့ ဘလော့ကလေး စဖြစ်တာ တနှစ်ပြည့်ပြီ ..။ ဘလော့သက် တနှစ်ပြည့်ဆိုတော့ ထုံးစံအတိုင်း တနှစ်ပြည့် အထိမ်းအမှတ်လုပ်ရတော့မှာပေါ့။ ကျေးဇူးတင်စကားတွေလည်း ပြောဦးမှဖြစ်မယ်။ ကျမ ကတော့ ဒီဘလော့လေးကို သိပ်ကို သံယောဇဉ်တွယ်နေမိပြီ။ တနှစ်သားဘလော့လေး .. သူ့ရဲ့မွေးနေ့မှာ ကျမ ထူးထူး ခြားခြား ဘာလုပ်ရင်ကောင်းမလဲ ..။

ကျမရဲ့ မောင်ငယ် ဂျူလိုင်ဒရင်းမ် ကတော့ မကြာသေးခင်က တက်ဂ်ထားတယ် ရေးပေးလို့ ဂျီလာကျတယ်။ ကျမက ဘာမှန်းမသိသေးဘဲ ပျင်းတယ်ဟာ ရေးချင်ဘူးလို့ ပြန်ဂျစ်လိုက်တယ်။ သူက ဒါက ဘာမှသိပ် အများကြီး ရေးစရာမလိုပါဘူး .. ကြည့်ကြည့်ပါဦးတဲ့။ သူ့ဘလော့လေး သွားဝင်ကြည့်လိုက်တော့ ဟုတ်သား .. ။ ရေးခဲ့ဖူးသမျှ လေးတွေထဲက ပြန်တူးဖော်ပြဖို့ပဲတဲ့။ အဲဒါနဲ့ပဲ ကျမလည်း ကျမဘလော့လေးကို ဟိုးအစကနေ ပြန်လှန်ပြီး ငါဘာတွေ တင်ခဲ့တာပါလိမ့်ဆိုတဲ့စိတ်နဲ့ တခုချင်း ပြန်ကြည့်ဖြစ်တယ်။ ဟုတ်တော့ ဟုတ်တယ်။ နောက်ပိုင်းမှာ မိတ်ဆွေတွေ တိုးလာလို့ ကြည့်သူကော ကွန်မန့်ပေးသူပါ တိုးခဲ့ပေမယ့် .. ဟိုးရှေ့ပိုင်းက ဝတ္ထုတို လေးတွေ စာလေးတွေမှာ ဖတ်သူကော မန့်သူပါ မရှိသလောက်ပဲကိုး …။ အဲဒါလေးတွေ ပြန်ဖော်ပြဖို့ ကျမ စဉ်းစား မိပါတယ်။ ဒီတော့ ဘလော့သက်လေး တနှစ်ပြည့်တဲ့နေ့မှာ ကျမရဲ့ အရင်တုန်းက ပို့စ်ဟောင်းလေးတွေကို ကောင်းနိုးရာရာ ပြန် ဖော်ပြပါမယ်။

မဖော်ပြခင်မှာ .. အရင်ဆုံး ကျေးဇူးတင်ရမယ့်သူတွေ ရှိပါတယ်။

ဘလော့ဆိုတာ ဘာမှန်း တောင် မသိသေးခင် ဘလော့လေး လုပ်ဖြစ်ဖို့ တိုက်တွန်းခဲ့တဲ့ အစ်မ မေငြိမ်း ..၊ နည်းပညာနဲ့ ပတ်သက်လို့ ဘာမှ မသိတဲ့ ကျမကို ဝလုံးကစပြီး သင်ပေးရုံမက ဘလော့လေးပုံပေါ်အောင် ဖန်တီးပေးတဲ့ တူကြီး ထူးမြတ်၊ ကျမရဲ့ မလှမပ ဘလော့လေးကို ပြင်ပေးမယ်ဗျာ ဆိုပြီး ဘာမဆိုင်ညာမဆိုင် စိတ်ရှည်လက်ရှည် ဝင်ပြင်ပေးတဲ့ မောင်ငယ် ဖိုးတေ ..၊ ကျမဘလော့မှာ စီပုံးလေးရောက်လာအောင် ကူညီပေးတဲ့ ညီမလေး ဂျစ်၊ ကျမကို နှိပ်ကွပ်သလိုလို ကန့်လန့်တိုက်သလိုလိုနဲ့ အမြဲ အားပေးပြီး ကူညီ .. တခါတလေ ကျမ ပေါက်ပေါက်ရှာရှာ မေးသမျှ .. စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ဂဏန်းကောင်လေး ဂျူလိုင်၊ ထူးထူးခြားခြား ကျမရဲ့ လူသေးသေးလေးဖြစ်ချင်တယ် ဝတ္ထုတိုနဲ့ စိတ်ကူးယဉ်မြို့တော် ဆိုတဲ့ အက်ဆေးလေးကို သူ့ရဲ့ လန်ဒန်က မြန်မာစာ ကျောင်းသားတွေအတွက် သင်ရိုးသဘောမျိုး စာမေးပွဲမေးခွန်းလုပ်ပါရစေလို့ လာခွင့်တောင်းတဲ့ ညီမလေး သရဖီ နောက်ပြီး ကျမကို အမြဲအားပေးနေတဲ့ ဘလော့မိတ်ဆွေများ၊ ကွန်မန့်မပေးဘဲ တိတ်တိတ်လေး ဝင်ဖတ် သွားသူများ၊ ကျမရဲ့ ချစ်လှစွာသော ဇာတ်ကောင်များနဲ့ သူငယ်ချင်းများ ..၊ မပါမဖြစ်ကတော့ နာယကကြီး ဘာလုပ်လုပ် အားပေးနေတဲ့ ငပေါမောင်နှမများ အားလုံး အားလုံးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး အထူး .. ရှယ် တင်ကြောင်း .. ဦးစွာပထမ ပြောပါရစေ .. ။ ပထမ ဆိုလို့ ဒုတိယတွေဘာတွေများလာမလားလို့ မထင်နဲ့နော် ဒါပဲ ပြီးပြီ .. :P

ဘလော့စစခြင်း လူမသိ သူမသိခင်မှာ တင်ဖြစ်တဲ့ ပို့စ်ကလေးတွေကို တချို့ ကျမဘာသာ တော်တော်ကြိုက်ခဲ့ တာပါ။ တချို့က မဂ္ဂဇင်းတွေမှာ ပါပြီးသားလေးတွေလေ .. ။ တပုဒ်ဆိုရင် ကျမဘာသာ စာပြန်ရိုက်ရမှာ ပျင်းတာနဲ့ပဲ ဒီတိုင်း သူများပို့ပေးတဲ့အတိုင်း ဓာတ်ပုံဖိုင်ကြီးနဲ့တင်ထားတော့ ဘယ်သူမှတောင် သေချာ ဖတ်ဖြစ် လိုက်ပုံမရဘူး။ သိပ်မှ မမြင်ရတာ .. ဝတ္ထုနာမည်ကလည်း ယောင်ဝါးဝါး အရိပ်တဲ့ .. ဒီတော့ ယောင်ဝါးဝါး အရိပ်ကို ထင်ထင်ရှားရှား မြင်ရအောင် ကျမ ပြန်ရိုက်ပြီး ပြန်တင်ပေးဖို့ ဆုံးဖြတ်ပါတယ်။ အဲ ရိုက်နေတယ် ဆိုရင်ပိုမှန်မယ်။ ဘယ်တော့ပြီးမလဲတော့မသိ။


ကဲ ကျမရဲ့ မျက်နှာငယ်ခဲ့တဲ့ ပို့စ်လေးတွေကို ဖော်ပြဦးမှ .. ။ ကွန်မန့်တခုပဲ ရခဲ့တဲ့ ပထမဆုံးသော ဝတ္ထုတို ၁။ ရယ်တတ်အောင်သင် .. ကျမရဲ့ ဘလော့ခေါင်းစဉ်လည်း ဖြစ်တယ်၊ ကျမအဖေအကြောင်းလည်း ဟုတ်တယ်။ နောက်တခုကတော့ ကွန်မန့် တခုမှ မရခဲ့တဲ့ ဝတ္ထုတို ၅။ မဆလာနံ့ သင်းသောညများ။ အဲသဟာကတော့ ကျမရဲ့ သယ်ယင်းတွေ ပါဝင်တဲ့ ဝတ္ထုလေးပါ။ နောက်တော့ ဖွတ်ဒင် လို့ အမည်ရတဲ့ ဝတ္ထုတို ၈ ပေါ့ သူလည်း ကွန်မန့် တခုပဲရတာ။ နောက်တခု ရှည်လျားပြီး ပြန်ညွှန်းချင်တာကတော့ စာအုပ်အညွှန်း ၁ ပါ .. ဒီစာအုပ်ကလေးအကြောင်း ဖတ်မိရင် ဘာကြောင့် ကျမ ဒီလိုဝတ္ထုတွေရေးလဲဆိုတာ ရေလည်မယ် ထင်ပါတယ်။

ကိုဖေ လူပေါင်းမှားခြင်း

တနေ့က ကျမရဲ့ မောင်လေး ကိုရဲ လိုင်းပေါ်တက်လာတော့ တခုပြောသွားတယ်။ “မတူးရေ အနုပညာ အလုပ်ဆိုတာ အကြည်ဓာတ်ရှိမှ လုပ်လို့ရတာဟ” တဲ့။ ကျမလည်း ခုတလော အကြည်ဓာတ်က ခမ်းခြောက်နေ လို့ ထင်တယ်၊ စာရေးလို့ မထွက်ဘူးဖြစ်နေတယ်။ မနေ့က ထိုင်ဝမ်က သယ်ယင်းက ကျမကို အသစ်လည်း မရှိဘူးလို့ လာအော်တယ်။ သူ့ကို ခပ်တည်တည်နဲ့ “အားမှ မအားတာဟ” လို့ ပြန်ပြီး ဘုမှုတ်လိုက်သေးတယ်။ တကယ်က မအားဘူး ဆိုတာထက် အကြည်ဓာတ် ခမ်းနေတာ။ ဒါပေမယ့် စိတ်ကူးထဲမတော့ ရှိပါတယ်။ အဲဒါလေးကိုပဲ ဖြစ်ညှစ် ထုတ်ပြီး တူးအင်ဝမ်း လုပ်လိုက်တော့မယ်။

အမှတ်တရ ရက်စွဲများ ၈

“ဟား ဟား ဟား ဟား” ဆိုတဲ့ ဝါးလုံးကွဲအော်ရယ်သံကြီး တသံ .. သန်လျင်မြို့ အ ထ က ၃ ရဲ့ နဝမတန်း သိပ္ပံခန်းထဲကနေ ပေါ်ထွက်လာတယ်။ အဲဒီရယ်သံကတော့ ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေးတသိုက် ဆီက ထွက်လာသံပါ။ အဲဒီနေ့က ဘိုင်အိုသင်မယ့် ဆရာဦးမျိုးလွင် မလာ တာနဲ့ ပျော်ရွှင်ပြီး တွေ့ရာမြင်ရာ ပေါက်တတ်ကရမျိုးစုံကို ပြောရင်း ဟာဒယ ရွှင်ဆေး တိုက် ကြွေးနေတာကတော့ တခြားသူ ဟုတ်ယိုးလား ..။

တူးတူးသာ မည်သော ပေါက်ကျော်မ ကျမ ပါပဲ။ အဲလို ပြောလိုက် ရယ်လိုက် လုပ်နေကြတဲ့ အချိန်မှာ .. ဘေးခုံကနေ ကျမတို့ဘက်ကိုကြည့်လိုက် ကျမ ပြောတဲ့ ဟာသတွေကို ဒီဘက်က မိန်းကလေးတသိုက်က တဟားဟား အော်ရယ်နေချိန်မှာ ပါးစပ်ကလေးကို လက်ကလေးနဲ့ ကွယ်ပြီး ရယ်ချင်စိတ်ကို မြိုသိပ်ထားရတဲ့ ပုံစံနဲ့ အသံမထွက်အောင် ရယ်လိုက် .. လုပ်နေတဲ့ သူ တယောက်ကို ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်း မိသက်က သတိထားမိသွားတယ်။

“ဟဲ့ တင်သိန်း .. နင်က ဘယ်လိုဖြစ်တာလဲ။ ရယ်ရင်လည်း အားရပါးရ ငါတို့လိုရယ်လေဟာ” လို့ မိသက်က ဇိုးဇိုးဆတ်ဆတ်ပြောချလိုက်တော့ အဲဒီသကောင့်သားလေး တင်သိန်းခမျာ ရှက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပြာပြာသလဲ ဖြစ်သွားလေရဲ့ ..။ ဘာကြောင့်ဆို .. ကျမတို့ မိန်းမ တသိုက်ရဲ့ အာရုံက သူ့ဆီ ရောက်သွားတာကိုး။ အားလုံးရဲ့ အာရုံစူးစိုက်မှုဒဏ်ကို မခံနိုင်တဲ့ အဆုံး တင်သိန်းခမျာ .. မျက်စိရှေ့တွေ့တဲ့ စာအုပ်တအုပ် ကောက်ကိုင်ပြီး အခန်းပြင် ပြေးထွက်သွား တော့တယ်။ ကျန်ခဲ့တဲ့ ကျမတို့ကတော့ တဟားဟား အော်ရယ်လို့ မဆုံးပေါ့ .. ။

အနှီ တင်သိန်းဆိုတဲ့ သတ္တဝါအကြောင်းကို ပြောချင်လွန်းလို့ နိဒါန်းချီတာပါ။ အဲဒီသကောင့်သား ကျမသူငယ်ချင်းလေးဟာ ကုလားလေးပါ။ ဟိန္ဒူကုလားပေါ့။ တကယ့် ဗိုင်းကောင်းကျောက်ဖိလေး။ စာကလည်း ဘာတော်သလဲ မမေးနဲ့။ သူ တော်ပုံတော်နည်းက တမျိုး … ဓာတုတို့၊ ရူပ တို့ သင်္ချာ တို့ ဆိုရင် စာအုပ်ထဲက စာတွေသာမကဘဲ ပြင်ပဗဟုသုတတွေပါ လေ့လာအားကောင်းတော့ အကုန် သိနေတာ။ နောင်အခါမှာ ကျမတို့က သူ့ကို အိုင်းစတိုင်းလို့ ခေါ်တယ်။ သူ့အကြောင်း ရေးမယ်ဆို ပို့စ်တခုတည်းနဲ့ မလုံလောက်တဲ့အတွက် ကျမ အခန်းဆက် ရေးရမှာမို့ မရေးသေးဘဲ ထားတာပါ။ ခုတော့ အကြောင်း တခု တိုက်ဆိုင်လာလို့ စရေးပါမယ်။

တကယ်က တင်သိန်းနဲ့ မခင်ခင် ကတည်းက ကျမက သူ့အစ်မ မခိုင်နဲ့ စသိတာ။ တတိယ တန်း ကတည်းကပေါ့။ သို့သော် အဲ့အချိန်မှာ တင်သိန်းက ကျမနဲ့ တခန်းတည်း တကျောင်းတည်း အတူ တက်နေပြီ။ အေးလွန်းလို့ ကျမ မသိတာ၊ နောက်ပြန်ပြောကြတော့မှ ကျမနဲ့ ဒီကောင်နဲ့က ငယ်ငယ် လေးတည်းက ကျောင်းအတူ တက်ခဲ့ကြတာကိုး။ သူ့အစ်မ မခိုင်ကတော့ သူတို့လူမျိုး ထုံးစံ မိန်းက လေးကို ၄ တန်းအောင်တာနဲ့ ကျောင်းနှုတ်လိုက်တယ်။

ကျမ တင်သိန်းကို စသတိထားမိတာ ၈ တန်းလောက် ကျမှ။ ၈ တန်းအောင်လို့ ဝိဇ္ဇာ၊ သိပ္ပံ စခွဲတော့ ကျမတို့ သိပ္ပံတန်းမှာ လူက ၃၀ ကျော် ၄၀ နီးပါး လောက်ပဲ ရှိတော့တာဆိုတော့ အဲဒီမှာ တယောက်နဲ တယောက် သေချာ ပိုသိ ပိုပြီး ရင်းနှီးလာကြတယ်။ အဲဒီမှာပဲ တင်သိန်းရဲ့ အကျင့် စရိုက်ကို ကျမ သတိထားမိတယ်။ သူက အရှက်အကြောက်ကြီးတယ်၊ မိန်းကလေးတွေနဲ့ စကား မပြောရဲဘူး၊ စာတော်တယ်၊ လိမ်မာယဉ်ကျေးတယ် .. စသဖြင့် ပေါ့။

သို့သော် .. ဒီသို့သော်က တော်တော်လေး တာသွားတဲ့ သို့သော်ဖြစ်ပါတယ်။

ကျမ ဆယ်တန်းတက်တဲ့နှစ်ပေါ့ .. ကျမတို့ အိမ်ရှေ့မှာ “မြသက်ဦး” လို့ခေါ်တဲ့ လက်ဘက်ရည် ဆိုင်လေး တဆိုင်ရှိတယ်။ အဲဒီ ဆိုင်လေးမှာ ကျမရဲ့ အစ်ကို ကိုနောင်ကြီးက ညတိုင်း ထိုင်လေ့ ရှိတယ်။ ကိုနောင်ကြီးတို့ အုပ်စုက ကျောင်းမှာ နာမည်ကြီး .. တကယ့် ဆိုးပေ့ တေပေ့ သောင်း ကျန်းပေ့၊ စီကနဲဟေ့ ရန်ဖြစ်ပလားဆို သူတို့၊ ကျောင်းနားက မြယာခြုံတွေကြားမှာ ဖဲဝိုင်း မိ ပလား ဟေ့ ဆို သူတို့ .. ။ အတန်းထဲ ဆေးလိပ်ခိုးသောက် တာ ဘယ်သူလဲဆို သူတို့ .. ကျောင်းပြေးလို့ ဆရာမကြီးက ဝရန်တာမှာ တန်းစီရိုက်ပလားဆို သူတို့၊ အဲဒီလို နာမည်ကြီးသူများထဲမှာ ကျမရဲ့ အစ်ကိုတော် ကိုနောင်ကြီးက ထိပ်ဆုံးမှာပြေးတယ် .. ဆရာကြီးပေါ့။

ခုဏက စကားပြန်ဆက်ရရင် ကိုနောင်ကြီးက မြသက်ဦး ဆိုင်ကလေးမှာ ညတိုင်း တယောက် တည်း လက်ဘက်ရည်ဆိုင် ထိုင်လေ့ရှိတော့ တရက်မှာ တင်သိန်းဆိုသူ ကျမသူငယ်ချင်းလေးက မရဲတရဲ ပေါက်ချလာခဲ့ပါတယ်။

“အစ်ကို .. ကျနော် .. ထိုင်မယ်နော်”

ကိုနောင်ကြီး နည်းနည်းတော့ အံ့သြသွားတယ်။ ဒီကုလားလေးက မိတူးတို့ အတန်းထဲက ကောင်လေး ဆိုတာတော့သိတယ်။ မြင်ဖူးတယ်။ သို့သော် သူ့ဆီ ဘာလာလုပ်တာလဲပေါ့လေ ..။

“အစ်ကို လက်ဘက်ရည်သောက်ပါ ..၊ ဆေးလိပ်လည်း သောက်နော် အားမနာနဲ့”

အဲလိုပြောပြီးသကာလမှာ လက်ထဲက အကြွေတွေကို စားပွဲပေါ် တင်လိုက်တယ် .. ဆယ်ပြားစေ့၊ ငါးပြားစေ့၊ မတ်စေ့တွေ ရောနေတဲ့ အကြွေ စုစုပေါင်း တကျပ် ကျော်ကျော်ပေါ့။

“ကျနော်က တင်သိန်းပါ၊ တူးတူးတို့နဲ့ တခန်းထဲပဲ”
“အေး သိပါတယ်ကွ၊ ခု ဘာဖြစ်လို့လဲ၊ တူးတူးက မင်းကို ဘာလုပ်လို့လဲ”
“ဟာ .. မဟုတ်ပါဘူး။ ကျနော် အစ်ကိုနဲ့ ခင်ချင်လို့ပါ။ ပြီးတော့ အစ်ကိုတို့ သူငယ်ချင်းတွေ အားလုံးကိုလည်း ခင်ချင်လို့”
“ဟေ”
“ဟုတ်တယ် အစ်ကို ကျနော့်ကို ပညာတွေ သင်ပေးပါ”
“ပညာ ဟုတ်လား။ ဟေ့ကောင် မင်းလူမှားနေပြီ .. ငါတို့က ကျူရှင်ဆရာတွေ မဟုတ်ဘူးနော်၊ မဟုတ်က ဟုတ်က ကောင်တွေကွ”
“ကျနော် သိပါတယ်။ ဒါပေမယ့် အစ်ကိုတို့အုပ်စုမှာ ပါရရင်တော်ပါပြီ”
“သြော် ဒီလိုလား”

တမိုက်ပြရင် နှစ်လံလောက်မြင်တတ်တဲ့ ကိုနောင်ကြီး သဘောပေါက်သွားတယ်။ ဒီကုလားလေး ငါတို့ကို အလကားနေရင်း လေးစားနေပြီ ဆိုတာ သိသွားတယ်။ ဟိုကောင်တွေကို မပြောသေးဘူး ဆိုပြီး တင်သိန်းတိုက်တဲ့ လက်ဘက်ရည်နဲ့ ဆေးလိပ်ကို ညတိုင်း တပတ်လောက်သောက်ရင်း လက်ချာတွေပေးရင်း သူတို့နှစ်ယောက် အရမ်းခင်သွားကြတယ် (နောက်မှသိရတာက တင်သိန်းက သူစုထားတဲ့ စုဘူးလေးကို ခွဲပြီး .. ညတိုင်း ကိုနောင်ကြီးကို လက်ဘက်ရည်တိုက်တာ ဆိုပဲ)

တင်သိန်းက ကောင်မလေးတယောက်ကို သိပ်ချစ်နေတယ်။ အဲဒီကောင်မလေး နာမည်က “ခင်စန္ဒာထွန်း” တဲ့ .. ကျမတို့ အတန်းထဲက စာသိပ်တော်ပြီး၊ မာနကြီးပြီး သိပ်လှတဲ့ ကောင်မလေး တယောက်ပေါ့ .. ။ အဲဒီ သူ့အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အကြံဥာဏ်တောင်းချင်တာက စလို့ .. ကိုနောင်ကြီးတို့ အဖွဲ့နဲ့ တင်သိန်း ရင်းနှီးသွားရာကနေ .. နောင်တချိန်မှာ ကိုနောင်ကြီးတို့ လူဆိုး အားလုံးက ဆလံသရတဲ့ ငတိတကောင် ဖြစ်သွားပါတော့တယ်။ တင်သိန်းရဲ့ အချစ်ဇာတ်လမ်းက သိပ် စိတ်ဝင်စားစရာ ကောင်းတယ် .. နောက်မှ သတ်သတ် ရေးမယ်နော် ..။

ခုပြောချင်တာက တခုသော သင်္ကြန်မှာ တင်သိန်းနဲ့ ကျမတို့ ကြုံကြိုက်ရတဲ့ အဖြစ်လေးပါ ..။

အဲဒီတုန်းက ကျမ ဂျီတီအိုင်ပထမနှစ်တက်ခါစ .. ။ ကျမ အဖေဆုံးပြီး တနှစ်ကျော် အချိန်၊ ကျမရဲ့ ချစ်လှစွာသော အစ်ကိုကြီး .. ကိုနောင်ကြီးက ကျမ ကျောင်းတက်ဖို့ တဖက်တလမ်းက ကြံရည် ဆိုင်လေး ဖွင့်ပြီး ငွေရှာပေး နေတဲ့ ကာလပေါ့ ..။

ကျမတို့ မောင်နှမတွေက သူငယ်ချင်းအပေါင်းအသင်း သိပ်မက်တယ်။ ကျမတို့ သူငယ်ချင်းတွေ ကလည်း ကျမတို့ကို သိပ်ခင်တယ်။ အိမ်မှာဆို အားလုံးက စားအိမ်သောက်အိမ်ပဲလေ။ ကိုနောင်ကြီး ကြံရည်ဆိုင်ဖွင့်တော့လည်း သူ့သူငယ်ချင်းတွေက ဝိုင်းကြဝန်းကြတာ။

တင်သိန်းလည်း ပါတာပေါ့ .. ၂၀ ကျော်အရွယ် လူငယ်တွေချည်းဆိုတော့ ပေါက်တက် ကရ တွေလည်း လုပ်ကြတာပေါ့။ ဥပမာ - ကိုနောင်ကြီးဆိုင်မှာ ကြံရှယ် ဆိုပြီး ရတာမျိုး .. ။ ကြံရှယ် ဆိုတာက ကြံရည်နဲ့ ဘီအီး ရောသမမွှေပေါ့။ အဲဒီရောသမမွှေ ကြံရှယ် ဇာတ်လမ်းကို စတာကလည်း တင်သိန်းပါပဲ။ တင်သိန်းတကောင်က ပညာစုံလို့ သင်ပေးတဲ့ဆရာတွေကိုတောင် ပြန်သင်ပေးတဲ့ အဆင့်မြင့် အတွင်းအားပညာရှင်ဖြစ်နေပြီ။

အဲဒီကုလားက ပေါက်တက်ကရ အကုန်လုပ်ပေမယ့် သူငယ်ချင်းတွေ အပေါ်မှာလည်း ကြောက် ခမန်းလိလိ သည်းခံလွန်းလို့ သူ့ကို အားလုံးက သိပ်ချစ်ကြတယ်။
တခုသော သင်္ကြန်အချိန်မှာ .. ကိုနောင်ကြီးရဲ့ ကြံရည်ဆိုင်လေးကလည်း လူစည်စည်နဲ့ ကြံရည်အစစ်ကော ကြံရှယ်ပါ ရောင်းရင်း ရေပက်နေကြတယ်။ ကျမလည်း အဲဒီကို ရောက် သွားတယ်။ အားလုံးက ရှေ့မှာ ရေပက်နေကြလေရဲ့။ တင်သိန်းပျောက်လို့ လိုက်ရှာတော့ .. လားလား ဒင်းက ရာဝင်အိုးကြီး တလုံးထဲမှာ ဝင်ပြီး စိတ်ကြိုက်မူးနေတာ။ ကျမက “ဟဲ့ တင်သိန်း” ဆိုတော့ “ရှူး ..တိုးတိုး၊ ဟိုကောင်တွေကို ခွဲတိုက်ရမှာစိုးလို့ တယောက်တည်း တိတ်တိတ်လေး ပုန်းပြီး သောက်နေတာ” တဲ့။

ကျမမှာ ရယ်ရအခက် သူ့ကို ဆူရအခက် .. ။ ခဏနေတော့ မနက်ပိုင်းထမင်းစားချိန် အားလုံး အိမ်ကို ရောက်လာကြတယ်။ တင်သိန်းကိုလည်း ခေါ်လာကြတယ် .. ဒင်းက ဗျောင်းသတ်အောင် မူးနေပြီ ..။ အားလုံး တန်းစီပြီး ခုံတွေမှာထိုင်နေတုန်း .. အဲ့ငတိက ခုံပေါ်ကနေ လေးဘက် ထောက်လေး ဆင်း.. ကြမ်းပေါ်မှာ မိချောင်းတွားတွားလို့ .. ကျမတို့ အိမ်ပေါက်ဝ ရောက်အောင် အသာလေး သွားနေတယ်။ ကျမက “ဟဲ့ တင်သိန်း နင်ဘာလုပ်တာလဲ” ဆိုတော့ သူက “တိုးတိုးဟ .. ငါ မားသားမသိအောင် အသာလေး အိမ်ပြန်မလို့” တဲ့။

မားသားဆိုတာက ကျမအမေကို သူငယ်ချင်းတွေအားလုံးက ခေါ်ကြတာ။ တကယ်က မေမေလည်း သူ့ကိုကြည့်နေတဲ့သူတွေထဲမှာ ပါတယ်။ ဆယ်ယောက်လောက် သူ့ကို ဝိုင်းကြည့်နေတာကို သူက တိတ်တိတ်လေး အိမ်ပြန်မလို့တဲ့လေ။

ကျမအမေကလည်း မရဘူး .. ကျမတို့ မောင်နှမတွေကော ကျမတို့ရဲ့ သူငယ်ချင်းတွေကောကို တွေ့ရာနေရာ မှာ အမြင်မတော်ရင် ဘာမှ စဉ်းစားမနေဘူး .. ဆူတာ၊ ပွမ်တာ။ အားလုံးက မေမေ့ ပါးစပ်တော့ လန့်ကြတယ်။ ခုလည်း မေမေက တင်သိန်းကိုကြည့်ပြီး စပွမ်နေပြီ။ မေမေလည်း ဆက်တိုက်ပွမ်ကော တင်သိန်းတယောက် ငိုကြီးချက်မနဲ့ “မားသားကလည်း ကျနော့် ကျ ဆူတယ် .. ဟိုကောင်တွေ ကျတော့ မဆူဘူး” လို့ စောဒက တက်တယ်။

မေမေက “ဟဲ့ ဟိုကောင်တွေက ဘာလို့ ဆူရမှာတုန်း” ဆိုတော့ “ကျနော်က ဟိုကောင်တွေလို ရေ တောင် ပက်တာမဟုတ်ဘူး၊ အရက်လေးပဲ အေးဆေး သောက်နေတာကို ကျနော့်ကိုဆူတယ် .. တော်ပြီ ပြန်မယ် .. အီးဟီး” ဆိုပြီး ငိုတော့ မေမေလည်း သူ့ကိုဆက်ဆူရအခက် .. ရယ်ရအခက်နဲ့ .. ကျမတို့ကတော့ ဝိုင်းရယ်ကြတာပေါ့။ အဲဒါကို ပြန်မယ် ဆိုပြီး တံခါးဝရောက်အောင် မိချောင်း သွား တွားသွားတာ တံခါးဝလည်း ရောက်ရော ခေါင်းမထူနိုင်တော့ဘဲ လုံးဝ အိပ်ပျော်သွားလေရဲ့။

သင်္ကြန်ရောက်တိုင်း အဲဒီအကြောင်းလေး ပြန်ပြန်ပြောကြ .. ရယ်ကြ၊ သတိရကြတယ်။ အရက်ကို အဲလို အသောက်ကြမ်းတဲ့ထိ ဖြစ်သွားတဲ့ တင်သိန်းက စာတော်တဲ့ဘက်မှာတော့ လျော့မသွားဘူး။

နောက်မှ သူ လျှပ်စစ်အင်ဂျင်နီယာအဖြစ်နဲ့ သင်္ဘောလိုက်တဲ့အကြောင်း ..၊ သီလဝါဆိပ်ကမ်းက နိုင်ငံခြား သင်္ဘောပေါ်ကို တက္ကစီစီးပြီး သွားတက်တဲ့ အကြောင်း၊ နောက်ဆုံး သင်္ဘောအရာရှိ အဖြစ်နဲ့ အသောက်လွန်ပြီး သေရတဲ့အကြောင်းတွေကို တဖြည်းဖြည်း ရေးပါမယ်။ သူသေတဲ့ နေ့က မှတ်မှတ်ရရ ဗယ်လင်တိုင်းဒေးပါ။ ကျမတို့အားလုံးကို မယုံနိုင်လောက်အောင် လုပ်သွားတဲ့ အဲဒီကောင်ကို ကျမတို့အားလုံး စုတ်တသတ်သတ်နဲ့ ခုထိ လွမ်းနေကြတုန်းပဲ။

ကျမ ဝတ္တုတွေရေးတော့ ကျမရဲ့ဇာတ်ကောင်တွေက အပြင်က တကယ်ရှိတဲ့ ဇာတ်ကောင်တွေပါ။ နည်းနည်းတော့ ပုံပြောင်းထားတာပေါ့။ အဲဒီမှာ ကျမဝတ္ထုအများစုမှာ ပါနေကျ .. ဆိုက်ကားသမား ကိုဖေ ဆိုတာ .. အဲဒီသင်္ဘောအရာရှိ တင်သိန်းပါပဲ။ သူ့ကို နောက်ပိုင်းမှာ ဘယ်သူမှ တင်သိန်းလို့ မခေါ်ကြဘူး။ အားလုံးက ကိုဖေလို့ ခေါ်ကြတယ်။ ဘာကြောင့် ဒီနာမည်ရတယ် ဆိုတာတော့ ကျမ သေချာမသိဘူး။ အဲဒါကတော့ ကိုနောင်ကြီးတို့ အုပ်စုပဲ သိကြလိမ့်မယ်ထင်တယ်။

တခုတော့ရှိတယ် သူတို့အုပ်စုထဲမှာ ကိုရိုးဆိုတာ တယောက်လည်းရှိတယ်။ ကိုဖေနဲ့ ကိုရိုး .. နာမည်ကြီးတွေလေ ..

ဖိုးဂျယ်က သင်္ကြန်အကြောင်း တက်ဂ်တယ် ဆိုလို့ .. တခုသောသင်္ကြန်က ကိုဖေ့ကို သတိရ သွားလို့ပါ။ သူများ တွေလို သင်္ကြန်ဇာတ်လမ်းတွေ၊ လွမ်းမောဖွယ်ရာတွေကလည်း မရှိဘူး ဆိုတော့ ရှိတာလေးပဲ ရှာကြံ ရေးလိုက်တယ်။ အမှတ်တရ နဲ့ တူးအင်ဝမ်းပေါ့ :P နောက်မှ ကိုဖေခေါ် တင်သိန်း အကြောင်း ဆက်ရေးဦးမယ်။ ခုတော့ တော်သေးပြီ … ။။။။။