ကျမသည် ဆပ်ပြာတတုံး

စာနယ်ဇင်းသမား ကမောက်ကမ ၅ မှာ ကျမစာနယ်ဇင်းလောကထဲ ဝင်ခါစက ရေးခဲ့တဲ့အက်ဆေးလေး ဆင်ဆာ ထိတဲ့အကြောင်း ရေးထားမိပါတယ်။ အဲဒါကတော့ ဆပ်ပြာညစ်ပတ်ရင် ဘာနဲ့ဆေးမလလို့ အမည်ရတယ်ပေါ့ လေ။ သို့သော် အဲဒီအက်ဆေးလေးကိုပဲ အတွေ့အကြုံရင်ကျက်လာတဲ့ တချိန်မှာ လိမ်လိမ်မာမာ ပါးပါး နပ်နပ်နဲ့ ပြန်ရေးတော့ စိစစ်ရေးက လွတ်ခဲ့ပါတယ်။ အဲဒီအက်ဆေးလေးကို ၂၀၀၅ ခုနှစ်ထဲမှာ ထုတ်ခဲ့တဲ့ ဖတ်စရာ ဂျာနယ် အမှတ် ၂၇ မှာ ဖော်ပြခွင့်ရခဲ့ပါတယ်။ ကျမအစွမ်းနဲ့ဆို ဒီအက်ဆေးလေး ဘယ်ရောက်နေမှန်း မသိလို့ ရှာလို့တောင် တွေ့မှာ မဟုတ်ဘူး။ ခုတော့ ညီမ မေ က ဒီအက်ဆေးလေးကို သူ့ဘလော့မှာ တင်ထားပေးပါ တယ်။ ပျော်လိုက်တာမှ။ အဲဒီအတွက် မေ့ ကို ကျေးဇူး အများကြီးတင်ပါတယ်။

အက်ဆေး ၅


တီဗီမှ လာသည့် ဆပ်ပြာကြော်ငြာတစ်ချို့ကို သတိထားကြည့်လျှင် တွေ့နေရသည်။ ဆပ်ပြာဖြင့် ဆေးလိုက်လျှင် ရာခိုင်နှုန်း အတော်များသော ပိုးမွှားများနှင့် အညစ်အကြေးများ ဆပ်ပြာရည်နှင့် အတူပါသွားသည်။ သန့်စင် သွားကြသည်။ ဆပ်ပြာဆိုတာ အညစ်အကြေးများကို သန့်စင်အောင် ဆေးကြောပေးနိုင်သော အရာဟူ၏။

တစ်နေ့က ကျွန်မ ရေချိုးဆပ်ပြာ တိုက်နေစဉ် ဆပ်ပြာတုံး လက်ထဲမှ လျှောကျသွားသည်။ ကျွန်မတို့ အိမ်က ရေချိုးခန်းနှင့် ချိုးရတာ မဟုတ်။ သဲမြေပေါ်တွင် ကျောက်ပြားခင်းကာ ရေစည် ချပြီး ရေချိုးရခြင်း ဖြစ်သည်။ ဆပ်ပြာက ကျောက်ပြားပေါ်မှ တဆင့် သဲပေါ်သို့ ကျသွားသည်။ ကျွန်မ၏ ဆပ်ပြာမွှေး ခရမ်းရောင်တုံးကလေး ညစ်ပေသွားသည်။ ဆပ်ပြာတုံးလေးကို ရေလောင်းချလိုက်တော့ အပေါ်ယံ အညစ်အကြေးများသာ ပါသွားပြီး သဲများကတော့ ကပ်မြဲ ကပ်လျှက် ရေဆေး၍ မရတော့။

ကျွန်မ ဆရာတစ်ယောက်က ပြောဖူးသည်။ “ဆပ်ပြာဆိုတာ အညစ်အကြေးကို ဆေးကြောရာမှာ သုံးတာဆိုပေမယ့် ဆပ်ပြာကိုယ်တိုင်က ညစ်ပတ်နေရင် ဘာနဲ့ဆေးကြမလဲ ”

ကျွန်မကိုယ်တိုင်က ဆပ်ပြာတစ်တုံးလား။ တစ်ခါတစ်ရံမှာတော့ ကျွန်မကိုယ် ကျွန်မ ဆပ်ပြာ တစ်တုံးလို သဘောထားကာ တစ်ပါးသူ၏ အညစ်အကြေးများကို ဆေးကြောပေးချင်နေမိ တတ်တာကို သတိရမိသည်။ ဘယ်အရာဝတ္ထုမဆို ညစ်ပတ်နေလျှင် ဆပ်ပြာနှင့် ဆေးကြောပစ်၍ ရသည်မဟုတ်ပါလား။ ချွင်းချက်ဖြစ်သော အစွန်းအထေးများမှ လွဲ၍ပေါ့။

ဆပ်ပြာကိုယ်တိုင်က ညစ်ပတ်နေပြီ ဆိုရင်တော့ ဘယ်အရာကမှ ကူညီဆေးကြောနိုင်မည် မဟုတ်ပါ။ တကယ်လို့ ဆပ်ပြာပေါ်မှာ ပေနေတဲ့အရာများကို လုံးဝပြောင်စင်အောင် ဆေးကြော ချင်သည်ဆိုလျှင် အဲဒီ ဆပ်ပြာလေးကို အတိုင်းအတာ တစ်စုံတစ်ခုအထိ ပုံမှန် မဟုတ်သော ပွန်းပဲ့မှုမျိုးနဲ့ ပွန်းပဲ့စေရတော့မည်။

ကျွန်မသည် စာရေးဆရာတစ်ယောက် အလွန်ဖြစ်ချင်မိသည်။ ကျွန်မ၏ ကလောင် ပိစိကွေးလေး နှင့် တစ်စုံတစ်ခုသော အကျိုးကို ပြုချင်နေမိသည်။ ထို့ကြောင့် ကျွန်မကို ကျွန်မ၏ ဆရာက ...
“ ဆပ်ပြာဆိုတာ အညစ်အကြေးကို ဆေးပေးတာဆိုပေမယ့် ဆပ်ပြာကိုယ်တိုင်က ညစ်ပတ် နေရင် ဘာနဲ့ဆေးကြမလဲ” ဟု ပြောခြင်းဖြစ်သည်။ သူတစ်ပါးရဲ့ အညစ်အကြေးတွေကို ဆေးကြောပေးတဲ့ ဆပ်ပြာလေးကို ကျွန်မ အားကျမိတာ ၀န်ခံပါသည်။ ဘာကြောင့်လဲဆိုတော့ ဆပ်ပြာဟာ မိမိရဲ့ ကိုယ်ခန္ဓာကို အပွန်းအပဲ့ခံပြီး သူတစ်ပါးကို စင်ကြယ်စေတဲ့ အရာလေ။ ကြီးကြီးကျယ်ကျယ် ဆိုရရင် ကိုယ်အနစ်နာခံပြီး သူတစ်ပါးကို အကျိုးရှိအောင် ဆောင်ရွက်ပေး ရတာ မဟုတ်လား။

ညစ်ပေသွားတဲ့ ဆပ်ပြာလေးတော့ မဖြစ်ချင်ပါ။ ဆပ်ပြာလေး ညစ်ပတ်သွားရင် ညစ်ပတ်တဲ့ အတိုင်းပဲ ထားရတော့မှာ။ ဒါမှမဟုတ် ဆပ်ပြာလေးကို ပုံသဏ္ဌာန် ပျက်သွားတဲ့အထိ ပွန်းပဲ့စေရ တော့မှာလေ။

ကျွန်မသည် ဆပ်ပြာတစ်တုံးလေလား .... မဖြစ်နိုင်ပါ။ ဆပ်ပြာတုံးလေးမှာ ခြေထောက်ရှိလျှင် သူ့ခြေဖျားကိုပင် ကျွန်မ မမှီနိုင်ပါ။ ဆပ်ပြာတုံးလေးဖြစ်ရန် ကျွန်မ အများကြီး ကြိုးစားရဦးမည်။ ဆပ်ပြာတုံးလေး၏ ပေးဆပ်မှုမျိုးကို စိတ်ကူးနှင့်တောင် မလုပ်နိုင်သေးပါ။ ဒီတော့ ဆပ်ပြာတုံးလေး ဖြစ်ဖို့ ကျွန်မ ကြိုးစားချင်ပါသည်။ ကြိုးစားနေမိသည် ဟုသာ ထင်ရပါသည်။ ဆပ်ပြာတုံးလေး ဖြစ်ခွင့်ရသွားရင်တော့ မညစ်ပတ်အောင် ဆက်ကြိုးစားရဦးမည်ပဲ။

ကျွန်မ၏ ဆပ်ပြာ ခရမ်းရောင်တုံးကလေးမှာ သဲများ ပေနေသည်။ ဓါးထက်ထက် တစ်လက်ကို ယူကာ ဆပ်ပြာလေးပေါ်မှ သဲများကို ကုန်စင်အောင် ခြစ်ထုတ်လှီးဖြတ် လိုက်ရသည်။ ပုံသဏ္ဌာန် ပျက်ယွင်း သွားသော်လည်း ဆပ်ပြာလေးကို သန့်စင်စွာ တွေ့လိုက်ရသည်။ သူ့မူလ အခြေအနေ၊ ပုံသဏ္ဌာန် မဟုတ်လေတော့၊ ထောင့်စွန်းများ၊ ကျင်းချိုင့်များဖြင့် မျက်နှာပြင်မှာ အဖုအထစ်များ ဖြစ်နေလေပြီ။

သို့ငြား ဤအခြေအနေ သွင်ပြင်ရုပ်ကလည်း အညစ်အကြေးများကို သန့်စင်ပေးနိုင်သည်သာ။

ဖတ်စရာဂျာနယ်၊ အမှတ် (၂၇)၊ ၂၀၀၅၊ ဇူလိုင် ၁၉

ဆီလီကွန်အချစ်

ညနေထမင်းစားဝိုင်းမှာ စက်ရုပ်ဇနီးသည်ကို ပေါင်းသင်းနေကြတဲ့ သူတွေအကြောင်း ဒေါ့ကူမန်ထရီနဲ့ ပတ်သက်လို့ ပြောနေရာက အတွေးတစရပြီး ဒီဝတ္ထုကို ဖန်တီးပါတယ်။

ဝတ္ထုတို ၂၂


သူ့မျက်ခွံများလေးလံလာသည်။ စောစောက စားထားသည့် မျှစ်ချဉ်နှင့် ဝက်သားက တန်ခိုးပြနေပြီထင့်။ အမြင်အာရုံများက တဖြည်းဖြည်းဝေဝါးလာပြီး ငိုက်ကနဲဖြစ်သွား ချိန်တွင် “ဒေါက်တာ ဒေါက်တာ” ဟူသောအသံကြောင့် လန့်သွားသည်။ မော်နီတာက တဆင့်ကြည့်လိုက်တော့ ဟိုဘက်တလမ်းကျော်က လူပျိုကြီး ကိုသာမညဖြစ်နေသည်။

သူထိုင်နေသည့် ကုလားထိုင်လက်တန်းပေါ်က ခလုတ်တခုကို နှိပ်လိုက်တော့ တံခါးကရှောခနဲ ပွင့်သွားရာ ကိုသာမညဝင်လာသည်။ သူက မေးဆတ်ပြလိုက်တော့ ကိုသာမညက သွားကလေးဖြီးပြသည်။ “ဟိုဒင်းဗျာ ခင်ဗျားဆီမှာ စက်ရုပ်အော်ဒါမှာလို့ရတယ် ကြားလို့” သြော လတ်စသတ်တော့ ဒီလူကြီး စက်ရုပ်အော်ဒါ မှာချင်တာကိုး။ အင်းပေါ့လေ သူက တကိုယ်တည်း လူပျိုကြီးဆိုတော့ လိုချင်ရှာပေမပေါ့။

“ရတယ် ခင်ဗျားက ဘယ်လို စက်ရုပ်မျိုး လိုချင်တာလဲဗျ”

သူ့အမေးကိုဖြေဖို့အတွက် ကိုသာမညက တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်သေးသည်။ တကယ်က ဘေးမှာ ဘယ်သူမှလည်းရှိတာမဟုတ်။ သူ့အိမ်ကလည်း ၁၀၀ ရာခိုင်နှုန်းအသံလုံစနစ် တပ်ဆင်ထားတာ။

“ဒီလိုဗျာ မာရီလင်မွန်ရိုး အသက် ၂၀ အရွယ်က ဆိုဒ်အတိုင်းနဲ့ မျက်နှာကတော့ ခင်သန်းနု အသက်၂၀ က ရုပ်ပေါ့ဗျာ ဟဲဟဲ” ရတာမှသိပ်ရသပေါ့။ သို့သော် ဒီလူပျိုကြီးကို နည်းနည်းတော့ ငွေညှစ်ရမည်။ ဈေးကိုင်ထားမှ။ သူ ဒီစီလီကွန်စက်ရုပ်များလုပ်နေခဲ့တာ ကြာပြီ။ အော်ဒါတွေလည်း လာလိုက်သည့်ဖြစ်ချင်း။

စီလီကွန်က အထိအတွေ့ ညက်ညောသည်။ စက်ရုပ်ဖြစ်သည့်အတွက် ကိုယ်ကြိုက်သလို မှာယူနိုင်သည်။ တချို့ဆို ကိုရီးယားမင်းသမီးလေးတွေ ပုံစံမှာကြသည်။ အွန်စောကတော့ အမှာအများဆုံးပေါ့။ ခုဆို သူအွန်စော ရုပ်လုပ်ပေးခဲ့တာ ၃၃၉ ရုပ်ရှိသွားပြီ။ ခက်တာက သူ့စက်ရုပ်များနှင့် အတူနေထိုင်ဖူးသူများ အားလုံး လူသားများနှင့် မနေချင်ကြတော့။ အဲဒီ့အတွက် သူကတော့ ပိုက်ဆံရသည်ပေါ့။

လူသားတို့၏ သဘာဝကို တော်လှန်ရာကျနေမလားလို့ ခဏခဏ စဉ်းစားရသည်။ သို့သော်လည်း အချိန်တန်လို့ အမှာရောက်လာရင် သူ့လက်တွေက ကွန်ပျူတာဆီ အလိုလို ရောက်သွားမြဲ။ သူက ပရော်ဖက်ဆာကြီးဆိုပေမယ့် ရှေးဟောင်းပစ္စည်းများကိုတော့ မြတ်နိုးလှသည်။ သူများတွေကို စက်ရုပ်ဇနီးတွေ စက်ရုပ်ခင်ပွန်းတွေ ဖန်တီးပေးနေပေမယ့် သူကတော့ တကယ့်လူသားဇနီးသည်ကို ပေါင်းနေသူဖြစ်သည်။

“ကဲ ဒေါက်တာ ဘယ်တော့ရမလဲ။ ဘယ်လောက်ကျမလဲ။ စရံ ဘယ်လောက် ပေးခဲ့ရမလဲ”

ကိုသာမညအသံက သူ့အတွေးကို ဖြတ်တောက်လိုက် သည်။ သူ့ခေါင်းထဲတွင် ပေါင်းနှုတ်မြှောက်စား အမြန်လုပ်ပြီး ပြောလိုက်သည်။ “ဒေါ်လာ ၆ သောင်း ကျမယ်ဗျ” သူ့စကားကြောင့် ကိုသာမညက နည်းနည်းတော့ တွန့်သွားသည်။ တွန့်ပေမပေါ့။ ဒီစက်ရုပ်ဇနီးသည်ကိုလိုချင်လွန်းလို့ နှစ်ပေါင်းများစွာ စုဆောင်းလာသည့် ငွေတွေ တထိုင်တည်း ကုန်တော့မှာကိုး။

သို့သော် တန်ပါသည်။ စက်ရုပ်ဇနီးသည်က လူသားဇနီးသည်လို စကားလည်းမများ၊ နောက်ဆုံးပေါ် အဆင်ဆန်းဝတ်ချင်လှချည် ရဲ့လည်း မပူဆာ၊ ထမင်းလည်းကျွေးစရာမလို၊ ရုပ်ရှင်လည်း လိုက်ပြဖို့မလို။ ဒါပေမယ့် ဒီစက်ရုပ်ဇနီးသည် ဆီကတော့ ကိုယ်လိုအပ်သလောက် ချမ်းသာသုခ အပြည့်အဝ ရနိုင်သည်။ ပြီးတော့ အိမ်မှု ကိစ္စတွေလည်း နိုင်နင်း လိုက်သည့်အမျိုး။ အသက်ကလည်း ကိုကသာ ကြီးချင်သလောက်ကြီးလာမည် သူတို့က ဒီအရွယ်က ဒီအရွယ်။ ဘယ်လောက် ကောင်းလိုက်သလဲ ဆိုတာ။

ကိုသာမညက စရံ ဒေါ်လာ တသောင်းထုတ်ပေးရင်း တိုးတိုးကပ်ပြောသည်

“ကျနော့်ကို မောင်တော်ဘုရားလို့ ခေါ်အောင် ထည့်ပေးထားနော်။ အသံကတော့ ကြိုးကြာလေးရဲ့ အသံပေါ့ဗျာ”

သူ့စက်ရုပ်တွေ ဘယ်လောက်တောင် လူကြိုက်များလိုက်သလဲ ဆိုရင်။ တချို့များ အဲဒီစက်ရုပ် ပိုင်ဆိုင်ပြီးနောက်ပိုင်း ရှိထားသည့် လူသားမိန်းမများနှင့် ကွာ၊ ရည်းစားများနှင့် ပြတ်သည်အထိဖြစ်ကြသည်။ တအိမ်ကျော်က ကိုဆွေကတော့ အရုပ် ၂ ရုပ်မှာထားသည်။ တရုပ်က မို့မို့မြင့်အောင် ၁၆ နှစ်သမီးက မျက်နှာနှင့် နန္ဒာလှိုင် ၂၀ အရွယ်ကိုယ်လုံးတဲ့။ နောက်တရုပ်ကတော့ အွန်စောမျက်နှာနှင့် မိုးဟေကိုဆိုဒ်၊ အသားအရောင်က မေသန်းနုလို။

သူ့ဆီကို ထူးဆန်းသည့် အမျိုးသမီး ၂ ယောက်လည်း လာဖူးသည်။ သူတို့က သတ်သတ်စီ တနေရာစီက လာကြတာဆိုပေမယ့် မှာတော့ ကီဗင်ကော့စနာ နဲ့ တပုံစံထဲတူတဲ့ ယောက်ျားလိုချင်သည်ဟုဆိုသည်။ သူက လုပ်ပေးရတာ အပမ်းမကြီး။ အွန်စောတောင် ၃၃၉ ရုပ် လုပ်ပေးခဲ့တာပဲ။ ကီဗင်ကော့စနာ ၂ ရုပ်လောက်များ၊ ဘာမှမခက်။ သို့သော် ခက်နေတာက ထိုအမျိုး သမီးများဖြစ်သည်။ သူ့ရှေ့တွင် သူအရင်မှာတာ၊ ကိုယ်အရင်မှာတာ ဖြစ်ကုန်သည်။ သူက ၂ ရုပ်လုပ်ပေးပါမည် ဆိုတော့ လက်မခံ။ တရုပ်ထဲဖြစ်စေရမည်တဲ့။ ရန်ထဖြစ် လိုက်တာ ကြွက်ကြွက်ညံသွားသည်။ နောက်ဆုံးမနည်းတောင်းပန်ပြီး မဲစနစ်နှင့် လုပ်ခိုင်းရသည်။ မဲမပေါက်တဲ့သူကိုတော့ ဘရက်ပစ်ပဲယူပါဟု ပြောလိုက်ရသည်။

မိန်းမ ကတော့ သိပ်မလာ။ ကြည့်ရတာ လူယောက်ျားတွေကိုပဲ ကြိုက်နေတုန်းထင်သည်။ ခက်တာက ယောက်ျားတွေဖြစ်သည်။ သူတို့လိုအပ်ချက်က ဆန်းကျယ်လွန်းလှ၏။ လိုအပ်ချက်က ပြည့်ပဲမပြည့်နိုင်ကြ။ ခုဏ ကိုသာမညပဲကြည့် မောင်တော်ဘုရားလို့ခေါ်အောင် လုပ်ပေးရမယ်တဲ့။

ကိုဆွေ ကျတော့တမျိုး သူ့စက်ရုပ်မ နှစ်ရုပ်ကို သဝန်တိုတတ်တဲ့စိတ် ထည့်ပေးထားရမယ်တဲ့။ ကြံကြံဖန်ဖန်။ တော်တော်အနုစိတ်ရတာ ဆိုတော့ ဒေါ်လာ ၅ ထောင် ပိုယူလိုက် သည်။ ကိုဆွေကတော့ သူဌေးဆိုတော့ အေးဆေးပဲ ထုတ်ပေးပါသည်။ သဝန်တိုစိတ် ထည့်ပေးထားတဲ့ မို့မို့မြင့်လှိုင်နဲ့ အွန်စောကိုနု တို့က အသက်ဝင်လာတာနဲ့ တယောက်ကို တယောက် စောင်နေကြ တော့သည်။ ကိုဆွေက တယောက်အနားကို ကပ်ရင် နောက်တယောက်က ငြူစူစောင့်အောင့်သည်၊ နှုတ်ခမ်းစူ စိတ်ကောက်သည်။ တခြား တယောက်နားကပ်ရင် ကျန်တယောက်က ပစ္စည်းတွေကို ဆောင့်ချသည်။ မျက်စောင်းထိုးသည်။ ကိုဆွေကတော့ ကျေနပ်လို့။

သူကတော့ ဒီစက်ရုပ်တွေတီထွင်ရင်း ပိုက်ဆံတွေ ထားစရာ နေရာမရှိတော့။ သို့သော်လည်း သူ့ကြောင့် ကမ္ဘာ့လူဦးရေ လျော့ကျမှုကြီး ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီ။ ကြာလျှင် လူသားများ မျိုးသုဉ်းသွားပြီး ပုရွက်ဆိတ်နှင့် လင်းပိုင်များသာ ကြီးစိုးသော ကမ္ဘာကြီးဖြစ်တော့မည်ဟု တချို့ပညာရှင်များက မှန်းဆနေကြသည်။ ထို့အတွက် ရှေးရိုးအယူအဆရှိသူတို့က ယတြာ ခြေကြသည်။

သူ့အတွေမဆုံးခင် ဇနီးသည် သူ့အနားရောက်လာသည်။ ကော်ဖီလင်ဗန်းကလေးကို ကိုင်ရင်း သူ့နားမှာ ထိုင်လိုက်သည်။ သူ့ဇနီးက ငယ်ငယ်က တော်တော်လှသည်။ ခုတော့ အသက်အရွယ်အရ အလှတွေပျောက်ဆုံးကုန်ပြီ။ ငယ်ငယ်ကအလှက နည်းနည်းသာ ရိုးတိုးရိတ်တိတ်လေး ကျန်တော့သည်။ သူ့ဇနီးကိုကြည့်ရင်း သူ့စိတ်ထဲ အာသီသ တခုဖြစ်ပေါ်လာသည်။ သူ့စက်ရုပ်တွေကို သူခိုင်းချင်တိုင်း ခိုင်းလို့ရ၊ ပြောချင်တိုင်းပြောလို့ရနေတာ။ တခါလောက်တော့ လူသားဇနီးသည်ကို ခိုင်းကြည့်ဦးမှ ဆိုသည့်စိတ်ကလေး ဖြစ်၏။ ကိုသာမညပြောခဲ့သည့် စကားတခွန်းကို သတိရမိသွားသောကြောင့် ဇနီးသည်ကို ကြည့်ပြီး ပြောလိုက်သည်။

“ခင် ကိုယ့်ကို မောင်တော် ဘုရား လို့ ခေါ်ပါလားဟင်” ဇနီးသည်က ပြုံးပြုံးလေး ကြည့်နေသည်။ သူအားတက်သွား၏ “ခေါ်မလား။ အဲလိုခေါ်ပါနော်။ ကိုယ်က ခင်ရေဆိုရင် မောင်တော် ဘုရားလို့ ထူးပေါ့”

ထိုစဉ် အုံးကနဲ အသံကြီးတသံ ကြားလိုက်ရသဖြင့် လန့်သွားသည် “ဟင် သေနာကျ အိပ်နေလိုက်တာ ကုလားသေ၊ ကုလားမော။ ဒင်းကိုများ ကျုပ်က မောင်တော်ဘုရားလို့ ခေါ်ရမယ်တဲ့ ဟုတ်လား။ ကဲကဲ ခေါ်မယ်။ မောင်တော်ဘုရားရေ ဒီနေ့ မီးမလာတော်မူတဲ့နေ့ မို့လို့ ထမင်းကို မီးသွေးတော်မွှေးပြီးချက်ရမယ်။ ချိုးရေတော်တွေလည်း မရှိတော့ဘူး။ အဲတော့ ရပ်ကွက်ရေတွင်းက ရေသွားခပ်ဖို့ ဒီမှာ ရေပုံးတော်ကြီး။ သွားတော်မူတော့။ ရှင်ရဲ့ ရေးလက်စ နှစ်ကြောင်းတောင် မပြီးသေးတဲ့ စာမူတော်ကြီးကို ညကျမှ ဖရောင်းတိုင်တော်ထွန်းပြီး ဆက်ရေးပေါ့ ဟုတ်ပြီလား”

ပြောပြီးဘောက်ဆတ်ဘောက်ဆတ် ထွက်သွားတဲ့ သူ့မိန်းမရဲ့ ထဘီစကို ဆွဲလို့ လိုက်သွားတာကတော့ သူ့ရဲ့ မတိမ်းမယိမ်း ဘု၊ စု၊ ခရု သုံးကောင်။ အင်းလေ စက်ရုပ်တွေ မတီထွင်နိုင်သေးတော့လည်း လူသား မျိုးသုဉ်းမှု အန္တရာယ် မကြုံရဘူးပေါ့။

ဝတ္ထုတို ၂၁

ပေါက်ကရ မရေးတာကြာသွားလို့ ရေးကြည့်တာပါ။ ခုတလော စိတ်ထဲမှာ ငယ်ငယ်က ဖတ်ဖူးခဲ့တဲ “ဂြိုဟ်မွှေတဲ့ဂြိုဟ်” ဆိုတဲ့ ဝတ္ထုတိုလေး စွဲနေတယ်။ အဲဒါနဲ့ ဘော်ဘော်တယောက် ကို ပြန်ရှာကြည့်ပေးဖို့ အကူအညီတောင်းမိတော့ အဲ့ဝတ္ထုလေး ပြန်ရတယ်။ ပျော်လိုက်တာမှ။ သို့သော် စာတမျက်နှာလိုနေသေးတာနဲ့ ဖြန့်ဝေချင်သော်ငြား မဖြန့်ဝေနိုင်သေးဘူး ဖြစ်နေ ပါတယ်။ ဒီလိုနဲ့ အဲဒါ မတင်နိုင်ခင် ပေါက်တတ်ကရတပုဒ်တော့ ရေးဦးမဟဲ့ဆိုပြီး ဒီဝတ္ထုတိုကို ရေးပါတယ်။ မရေးခင် တူတော်မောင်ထူးမြတ်ရဲ့ ပရိုဂရမ်သွင်းထားတဲ့ လူ ဆိုလား အဲဒီပို့စ်ကို လည်း ဖတ်ဖြစ်သေးတော့ကာ .. အနည်းငယ် ခိုးချလိုက် ပါသေး တယ်။ သက်ငယ်စကား သက်ကြီး ကြားပေါ့ :P (ငါ့တူကြီးရေ ခိုးတယ်ဆိုတာ ဝန်ခံတယ် ခွင့်လွှတ်နော်)။ ခေါင်းစဉ်ကိုလည်း အဲဒီဝတ္ထုတိုလေးစွဲလန်းနေတာက တကြောင်း၊ အသစ်ရှာဖို့ ပျင်းတာက တကြောင်း ကြောင့် အဲဒီခေါင်းစဉ်ကိုပဲ ဗမာမှုပြု .. အဲ ခိုးချ မှီငြမ်း စု၊ တု၊ ပြု လိုက်ပါတယ်။ ကိုင်း ဖတ်ကြည့်ပါဦး။

ဂြိုဟ်မွှေတဲ့ အင်္ဂါဂြိုဟ်သား

“အင်္ဂါဂြိုဟ်က ဂြိုဟ်သားတွေ ရောက်နေတယ် ကြားတယ်သိလား”

ကလေးနို့တိုက်နေသည့် မသွယ်ထံမှ ဆိုင်းမဆင့်ဗုံမပါ ပြောလိုက်သော စကားကြောင့် ကိုစီတုတ် ရုတ်တရက် အံ့သြသွားပြီး ရေအိုးစဉ်ဆီ သွားနေတဲ့ ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားတယ်။ ဆိုက်ကား နင်းမကောင်းလို့ စိတ်ညစ်နေရတဲ့ ကြားထဲ ဒီမိန်းမ ရူးများသွားပလားပေါ့။ သူ့မိန်းမပုံစံက အတည်ပေါက်။ အင်းလေ မသွယ်က နောက်တတ်တဲ့သူမှမဟုတ်တာ။

“နင်ဘယ်က ပေါက်ကရတွေကြားလာပြန်ပြီလဲဟာ။ ကိုဖေ့စကားတော့ မယုံနဲ့နော်”

ခုတလောမှာ သိပ္ပံနဲ့ ပတ်သက်တာတွေ ကြီးကြီးကျယ်ကျယ်ပြောနေတာ ကိုဖေ တယောက် တည်း ရှိတာဆိုတော့ ကြိုပိတ်ရတယ်။ မဟုတ်ရင် ကိုဖေက ပေါက်ကရတွေပြော .. မသွယ်က ယုံပြီး လိုက်ဖြန့်နဲ့ ရပ်ကွက်ထဲမှာ ခဏခဏ ဇာတ်လမ်းတွေ ရှင်းရပေါင်းများပြီ။

“သြော် ကိုဖေပြောတာ မဟုတ်ပါဘူး။ ရှင်မကြားဘူးလား။ ခု ဒေါ်ဘူချီတို့တောင် ပြောနေကြပြီ”
“အင်္ဂါဂြိုဟ်သားတွေက တို့ဆီလာပြီး ဘာလာလုပ်မှာလဲဟ”
“အလုပ်သမားတွေဘာတွေ လာရှာတာနေမှာပေါ့တော်”
“ဟာ ပေါက်ပေါက်ရှာရှာ .. တခြားနိုင်ငံက လူတွေဖြစ်မှာပါ။ မလေးရှားတို့၊ စင်ကာပူတို့၊ ကိုရီးယာတို့၊ အဲဒီနိုင်ငံကလူတွေ လူလာရှာတာကို နင့် တယောက်ယောက်က နောက် သလားမှ မသိတာ”
“အလိုတော် ကိုစီတုတ်ရယ် .. ကျမက မဟုတ်ဘဲပြောမလား။ ခုဟာက ရှင်တယောက်ပဲ လောကကြီးနဲ့ အဆက်ပြတ်နေတာ။ ရပ်ကွက်ထဲမှာ အားလုံး မသိချင်မှ အဆုံးပဲ”

ကိုစီတုတ် နည်းနည်းတော့ ချောက်ခြားသွားတယ်။ ဟုတ်တယ်လေ .. ရပ်ကွက်သတင်းက သူသိပြီးမှ သူ့မိန်းမ သိတဲ့ဥစ္စာ ..။ ခု သူတောင် ဘာမှ မကြားတဲ့ကိစ္စ .. သူ့မိန်းမက ကျော် တက်သွားပြီ။ ဒါမျိုးတော့မရဘူး။

“ငါအပြင်ခဏသွားဦးမယ်ဟေ့” လို့အော်ပြီး ခပ်သုတ်သုတ်ပြန်ထွက်ခဲ့တယ်။ နောက်မှာတော့ မသွယ်ရဲ့ “ခုမှပြန်လာတာ ဘယ်သွားဦးမလို့လဲ။ ထမင်းစားအမီပြန်ခဲ့နော်” ဆိုတဲ့ အသံက ကျန်ခဲ့တယ်။

* * * *

“ကဲကိုဖေရှင်းစမ်းပါဦးဗျာ၊ ကျနော်တော့ ဘာမှကို နားမလည်တော့ဘူး”

အစမရှိအဆုံးမရှိ အလယ်သက်သက်လွှတ်လိုက်တဲ့ ကိုစီတုတ် စကားတွေကြောင့် ကိုဖေ ကြောင်သွားတယ်။

“ရှင်းရမှာက မင်း။ ဘာနားမလည်တာလဲကွ”
“သြော် အင်္ဂါဂြိုဟ်သားတွေ ရောက်နေတဲ့ကိစ္စလေ။ လူတိုင်း ပြောနေကြတာဆို”
“အေးလေကွာ။ ငါကမင်းသိပြီးပြီမှတ်လို့မပြောတာ။ ဒါကသဘာဝပဲဟာ။ ဒီလိုပဲ ဖြစ်ရမှာပေါ့”
ကိုဖေက သူ့စတိုင်အတိုင်း အားလုံးသိတဲ့ပုံ ဆရာကြီးလေသံနဲ့ ပြောတယ်။
“ဘယ်လိုသဘာဝလဲဗျ။ ကျနော်ရှင်းအောင်ပြောပါ”
“ဟ တို့ လူသားတွေ နယ်သစ်ပယ်သစ်ရှာသလိုပဲပေါ့။ သူတို့လည်း ရှာတာနေမှာပေါ့”
“အင်္ဂါဂြိုဟ်သားဆိုတာ တကယ်ကောရှိလို့လားဗျာ”
“ရှိလို့ ရောက်တာပေါ့ကွ။ တကယ်တော့ အင်္ဂါဂြိုဟ်သားဆိုတာ လူလိုပဲကွ။ မသိခင်ကသာ အင်္ဂါဂြိုဟ်သားဆိုတော့ ပုံစံတမျိုးဖြစ်မယ်ထင်တာ။ လူနဲ့ ချွတ်စွတ်ပဲတဲ့ ကိုယ့်လူ”
“သူတို့က ဘာလာလုပ်ကြတာလဲဗျ”
“အဲဒါတော့ ငါလည်း ဘယ်သိမလဲ။ အလည်အပတ်လာတာလည်း ဖြစ်ချင်ဖြစ်မှာပဲ”
“မသွယ်ကတော့ အလုပ်သမားတွေဘာတွေ လာခေါ်တာဖြစ်မယ်တဲ့”
“အားပါး ကြည့်စမ်း ဒါကို ငါမစဉ်းစားမိဘူး။ မင်းမိန်းမတွေးတာ ဖြစ်နိုင်တယ်ကွ၊ အဲလိုသာ တကယ်ဆိုရင် ငါလည်းအင်္ဂါဂြိုဟ်မှာ ဆိုက်ကားသွားနင်းမယ်ကွာ”
“ဟာ ခင်ဗျားကလည်း ကျနော်လည်းလိုက်မှာပေါ့ဗျ။ အင်္ဂါဂြိုဟ်က လမ်းတွေကတော့ ကျနော် တို့ဆီကလမ်းတွေထက်တော့ သာမှာပဲ။ အုံနာကြေးတွေဘာတွေ သေချာစုံစမ်းဗျာ။ လိုက်မယ်”

ဘာပဲဖြစ်ဖြစ် အင်္ဂါဂြိုဟ်သားကိစ္စကတော့ သူတို့ရပ်ကွက်မှာ အတော်လေး သတင်းဖြစ်နေ တယ်။ အင်္ဂါဂြိုဟ်သားနဲ့ သူငယ်ချင်း ဆိုတဲ့ သူတယောက်လည်း ရှိတယ် ပြောတယ်။ အဲဒါကတော့ စာရေးကြီးကိုအေးပါ။ ခက်တာက သူက လောလောဆယ်မရှိဘူး။ တွံတေး ဘက်က ရွာတရွာကို မိန်းမတောင်းဖို့ကိစ္စ သွားတယ်။ သူမသွားခင် ဘယ်သူ့ကို ဆိုလားပဲ ပြောသွားတာတဲ့။ ကိုအေးက နောက်တတ်တဲ့သူ မဟုတ်တော့ ဒါ ဖြစ်နိုင်တယ်လို့ပဲ တထစ်ချ ပြောနေကြတယ်။

မသွယ်ကတော့ ကိုစီတုတ် အင်္ဂါဂြိုဟ်မှာ ဆိုက်ကားသွားနင်းမယ့်ကိစ္စ သိပ်သဘောမကျဘူး။ ကိုယ့်ဒေသမှာပဲ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ ကိုစီတုတ်ကတော့ စွန့်စားကြည့်ချင် တယ်။ သူတို့ တသက်လုံးဆင်းရဲနေတာ။ ကလေးနောင်ရေးလည်း ရှိသေးတယ်ဆိုတော့ ဒီလိုမှ မစွန့်ရင် ချမ်းသာဖို့မပြောနဲ့ လူမွေးလူတောင်ပြောင်ဖို့တောင် မလွယ်လှဘူးလေ။

လင်မယား စကားတောင် များရသေးတယ်။ နောက်ဆုံးမသွယ်က သူပါလိုက်မယ်တဲ့ အင်္ဂါဂြိုဟ်မှာ သူ မုန့်ဟင်းခါးရောင်းမယ်တဲ့။ ကလေးကို သူ့အမေနဲ့ ထားခဲ့မတဲ့။ တဂျီဂျီ လုပ်နေလို့ နောက်ဆုံး လိုက်ဟာလို့ ပြောလိုက်မှ ပြီးတော့တယ်။ ဒါတောင် သူက လုပ်လိုက်သေး “ရှင့်ကိုစိတ်မချလို့ပါ ကိုစီတုတ်ရယ်” တဲ့ .. ပြုံးစေ့စေ့နဲ့။ မိန်းမတွေများ တတ်လည်း တတ်နိုင်ပါပေ့။

* * * *

မသွယ်က အင်္ဂါဂြိုဟ်မှာ ငှက်ပျောအူတို့ဘာတို့အလွယ်ရပါ့မလား စိုးရိမ်နေတာ။ ကိုဖေက ငှက်ပျောပင်ရှိလိမ့်မယ် .. အင်္ဂါဂြိုဟ်က ကမ္ဘာလိုပါပဲ ဆိုမှ သက်ပျင်းချနိုင်တယ်။ မုန့်ဟင်းခါး ဆိုတာ ငှက်ပျောအူလေး ပါမှ ကောင်းတာလေ။

ဒေါ်ဘူချီကလည်း ထမင်းဆိုင်လိုက်ဖွင့်မယ်တဲ့။ ဒီအဖွားကြီး အသက်ကြီးမှ အင်္ဂါဂြိုဟ် သွားဦးမယ် .. ဒုက္ခပါပဲလို့ ရပ်ကွက်ထဲကလူတွေ ပြောနေကြတယ်။

ကိုနောင်ကြီးရယ်၊ ကိုချင်းမြင့်ရယ်၊ ကိုအောင်မိုးရယ် လူပျိုကြီး သုံးယောက်ကတော့ အင်္ဂါဂြိုဟ်မှာ အရက်ဆိုင် ရှိမရှိ ငြင်းနေကြတယ်။ ကိုချင်းမြင့်က ရှိတာသေချာရင်တော့ အလုပ်လျှောက်မယ်တဲ့။ ကျန်တဲ့ ၂ ယောက်ကလည်း ကိုချင်းမြင့်နဲ့ တသဘောထဲပဲ။

သူတို့အသက်တွေက ၄၀ ကျော်ပြီဆိုတော့ အသက်အကန့်အသက်နဲ့ဆို ဖြစ်မှာ မဟုတ်ဘူးလို့ ချစ်ကောင်းက ကန့်ကွက်တယ်။

“အဖိုးကြီးတို့ အသက်တွေက မိုးထိုးနေပြီ။ ဒီအသက်အရွယ်နဲ့ ဘယ်သူကမှ အလုပ်မခန့်တော့ ဘူး။ ကျနော်တို့ အရွယ်ဆို ဟုတ်တုတ်တုတ်” လို့ ချစ်ကောင်းကပြောတာကို မခံနိုင်လို့ ကိုချင်းမြင့်နဲ့ ထိုးမယ် ကြိတ်မယ်အထိ ဖြစ်ကြသေးတယ်။ ခါတိုင်းလည်း ချစ်ကောင်းက ဒီလူကြီးကို အဖိုးကြီးလို့ ခေါ်နေကျပါ။ စိတ်လည် မဆိုးပါဘူး။ သူတို့ အရက်လည်း အတူ သောက်ကြတာပဲ။ ခုတော့ အင်္ဂါဂြိုဟ်ကိစ္စနဲ့ သူတို့ ခပ်တန်းတန်းဖြစ်ကုန်ကြပြီ။

တခုတော့ရှိတယ် ကိုချင်းမြင့် စိတ်ဆိုးမယ်ဆိုလည်း ဆိုးစရာ .. ဘောလုံးချိန်းကန်ကြရင် ချစ်ကောင်းတို့ ဘယ်တော့မှ ကိုချင်းမြင့်တို့ လူကြီးအုပ်စုကို မနိုင်ဘူး။ ခုကျမှ အသက်အရွယ် ဘာညာ စကားလာပြောနေတော့ ကိုချင်းမြင့်လည်း စိတ်ဆိုးတာပေါ့။ အင်္ဂါဂြိုဟ်ကိစ္စ ပေါ်ပြီးမှ သူတို့ ခပ်တန်းတန်း ဖြစ်သွားကြတယ်။ အရက်တောင် ခါတိုင်းလို တူတူသောက်တာ မတွေ့ တော့သလောက်ပဲ။

ရပ်ကွက်ထဲက ကောင်မလေးတွေတောင် အချိုးပြောင်းကုန်ပြီ။ အင်္ဂါဂြိုဟ်မှာ သွားအလုပ်လုပ် ဖို့ ကြိုးစားနေတယ် ဆိုတဲ့ ကောင်လေးကိုမှ အထင်ကြီးတယ် ဖြစ်ကုန်ပြီ။ တချို့ အင်္ဂလိပ်စာ သင်တန်း တက်နေတဲ့ သူတွေတောင် ဘာဆက်လုပ်ရမလဲ မသိတော့ဘူးဖြစ်ကုန်တယ်။ အင်္ဂလိပ်စာက ကမ္ဘာသုံးဆိုပေမယ့် အင်္ဂါဂြိုဟ်မှာ သုံးမသုံး မသေချာဘူးလေ။ အဲလို တခြား ကမ္ဘာတခုမှာ ဘယ်လိုပြောကြလဲ ဘယ်သူမှ မသိဘူးမဟုတ်လား။

အဲဒီကိစ္စကိုလည်း ကိုဖေကပဲ ဖြေရှင်းပေးလိုက်ပါတယ်။

“အင်္ဂါဂြိုဟ်မှာ ဘာသာစကားအတွက် ပူစရာမလိုဘူးကွ။ ဘာစကားပဲ ပြောပြော အကုန်နားလည်နိုင်တယ်။ သူတို့ပြောတာလည်း ကိုယ်က နားလည်တယ်။ ကိုယ်ပြောတာ လည်း သူတို့ကနားလည်တယ်။ အဲလိုဖြစ်အောင် အားလုံး ပရိုဂရမ်တွေက လုပ်သွားတာ။ မင်းတို့ အဲကို ရောက်ပြီဆိုတာနဲ့ မင်းတို့ထဲကို ပရိုဂရမ်တွေ သွင်းပေးလိုက်မှာ”

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုဖေ့နားမှာတော့ ချာတိတ်တွေ ဝိုင်းနေတာပဲ။ ကိုဖေက ဆိုက်ကားသာ နင်းနေတာ။ အာရ်အိုင်တီဆင်း .. စာကလည်း မတရားဖတ်။ လေ့လာ လိုက်စား သုတေသနပြုမှုတွေလည်း မကြာခဏလုပ်တဲ့သူ ဆိုတော့ သူ့စကားကို ယုံကြတာ များတယ်။ မင်းတို့ထဲ ပရိုဂရမ်တွေ သွင်းပေးမှာ ဆိုတော့ ဘယ်ထဲကိုဘယ်လို သွင်းမှာလဲ ဘယ်သူကမှ မမေးရဲကြဘူး။ တော်ကြာ ကိုဖေက ပြောမပြတော့ဘူးဆိုမှ ဒုက္ခ။ ဟိုကြမှ ရောက်ရားပေါ့ ဆိုတဲ့သူတွေချည်းပဲ။

ချစ်ကောင်းအစ်မ အာရီးကတော့ သူ့မောင်တယောက်ထဲ စိတ်မချဘူး။ သူပါလိုက်ချင်တယ်။ အဲဒါကိုလည်း ကိုဖေက အင်္ဂါဂြိုဟ်မှာ မြေနေရာလွတ်တွေ အများကြီးပဲ၊ တကယ်တော့ ကမ္ဘာကြီး ကြပ်လာရင် အင်္ဂါဂြိုဟ်ကို လူတချို့တောင် ရွှေ့သင့်တယ်လို့ ပြောပြလိုက်လို့ အာရီး ဝမ်းသာနေတယ်။ ဟိုရောက်ရင် စိုက်ပျိုးရေးလေး ဘာလေးလုပ်မယ်လို့ စဉ်းစားထားတယ်။

* * *

ခက်တာက အင်္ဂါဂြိုဟ်သားကို ဘယ်သူမှ သေချာမမြင်ဖူးကြဘူး။ ဖြူသလား၊ မည်းသလား၊ ဝသလား၊ ပိန်သလားလည်း မသိဘူး။ ကိုဖေက လူနဲ့တူတူပဲဆိုလို့ ရပ်ကွက်ထဲ လူစိမ်း တယောက်တွေ့ရင် ဒါအင်္ဂါဂြိုဟ်သားများလား တွေးကြရတယ်။ သွားလည်း မမေးရဲကြ ပြန်ဘူး။ တော်ကြာ စိတ်ဆိုးသွားမှ အခက်။ သူတို့က အလုပ်မခန့်တော့ဘူးဆိုရင် အကုန် ပြဿနာတက်ကုန်မယ်။ အဲဒီတော့ ကိုအေး ပြန်လာတဲ့အထိပဲ စောင့်ရုံပေါ့။

ကိုအေးတယောက်ကလည်း မျှော်ပါတယ်ဆိုမှ ပေါ်မလာဘူး။ ခက်တာက သူသွားတာ မိန်းမ ယူဖို့ကိစ္စဆိုတော့ ဘယ်သူကမှ အနှောင့်အယှက် မပေးချင်ကြဘူး။ ၄၀ ကျော်မှ ကံပေါ်တဲ့ အပြင် အရင်ကလည်း နှလုံးသားရေးရာ ကံခေခဲ့ဖူးသူဆိုတော့ ဒီတခါ ထပ်အမှားအယွင်းဖြစ် ရင် သူတို့ရပ်ကွက်ပါ မီးနဲ့အတိုက်ခံရမလားမသိဘူး ဆိုတာမျိုး ထင်ကြေးပေးနေကြတယ်။ အမှားအယွင်းမဖြစ်ဖို့လည်း အားလုံးက ဝိုင်းဆုတောင်းပေးနေကြရတဲ့ အချိန်ဆိုတော့ ကိုအေးကို စိတ်ရှည်ရှည်နဲ့ စောင့်ရုံပဲ ရှိတော့တယ်။

ကိုအေးပြန်လာတော့ အရင်ဆုံး ရပ်ကွက်ထိပ်က ဆိုက်ကားဂိတ်ကို ဝင်လာတယ်။ ကိုစီတုတ် က သူ့အလှည့်မဟုတ်ပေမယ့် ခရီးဦးကြိုဆိုလိုက်တယ်။ ခုအလှည့်ကျတဲ့ ဆိုက်ကားဆရာ ဆီမှာလည်း သူ အလကားပို့ပေးမှာမို့လို့ပါဆိုပြီး ခွင့်တောင်းလိုက်တယ် အိုကေပဲ။ ဆိုက်ကား နင်းရင်း အင်္ဂါဂြိုဟ် ကိစ္စကိုမေးလို့ရပြီ။

ဒါပေမယ့် ကိုစီတုတ်က စကားစကာရှိသေးတယ် ကိုအေးက သူ့မင်္ဂလာကိစ္စကြွားနေတော့ အဲဒါကို အင်းလိုက်ပြီး သည်းခံနားထောင် ပေးနေရသေးတယ်။ သူ့ဟာက ခုမှ စေ့စပ်ခဲ့တာပါ။ ဒါပေမယ့် သူခမျာ ဝမ်းသာလုံးက ဆို့နေတာဆိုတော့ လွှတ်ပေးထားလိုက်တယ်။ စကားစ ပြတ်မှ ကိုစီတုတ်က စမေးရဲတယ်။

“ကိုအေး .. အင်္ဂါဂြိုဟ်သားက ဘာအတွက်လာတာလဲဗျ။ အလုပ်ကိစ္စဆို”
“ဗျာ .. အင်္ဂါဂြိုဟ်သား .. ဟုတ်လား ကိုစီတုတ်။ ကျနော်နားမလည်ဘူး။ ဘာပါလိမ့်”
“ခင်ဗျားသူငယ်ချင်း အင်္ဂါဂြိုဟ်သားတွေ ရောက်နေတယ်ဆို”
“မဟုတ်ပါဘူး .. ခင်ဗျားတခုခုတော့ လွဲနေပြီ ထင်တယ်”
“မလွဲပါဘူးဗျာ .. ခင်ဗျားခုမှ ပွဲစားခလိုချင်တာနဲ့ မသိယောင် ဆောင်မနေနဲ့။ ရပ်ကွက် ထဲမှာ အားလုံး ဒီကိစ္စပဲ ပြောနေကြတာ”
ခါတိုင်းဆိုရင်တော့ ကိုအေးမျက်လုံးကြီးပြူးပြီး ကြည့်တာကို ကိုစီတုတ်တို့ ခံရပြီပေါ့။ ဒါပေမယ့် ခုတော့ ကိုအေးက မင်္ဂလာကိစ္စဓာတ်ခံလေးရှိနေတာ ဆိုတော့ အလွန်ချိုသာတဲ့ အသံကို တမင်လုပ်ပြီး ပြန်မေးပါတယ်။

“ကိုစီတုတ်ရယ် တဆိတ်လောက် ကျနော်နားလည်အောင် ပြောပြပါခင်ဗျာ”
“ခင်ဗျားခုမှ ဘာမုန်လာဥလုပ်နေတာလဲ။ ခင်ဗျား ဇော်လေးကို မှာခဲ့တာလေ။ ဇော်လေးက ထိုင်ဝမ်ပြန်ခါနီး ပြောခဲ့တာ”
“ဇော်လေးကို ဟုတ်လား။ ဟာ ဒီကောင် ပြန်သွားပြီလား။ ဘာတွေပြောတာလဲဗျာ လုပ်ပါဦး”
“ခင်ဗျားသူငယ်ချင်း အင်္ဂါဂြိုဟ်သားလာမယ်တဲ့။ တခြား ၂ ယောက် ၃ ယောက် ထပ်ပါဦး မယ်တဲ့။ အလုပ်ကိစ္စတဲ့။ အလုပ်သမားလိုလို့တဲ့၊ ကဲ အဲဒီလောက် တိကျဦးမလား”

ကိုစီတုတ်ရဲ့ စကားအဆုံးမှာတော့ ကိုအေးတယောက် ပါးစပ်ကြီးအဟောင်းသားပွင့်သွား ပါတော့တယ်။ ၂ စက္ကန့်လောက် ဘာမှ မပြောနိုင်ဘဲ ငြိမ်သွားတယ်။ ပြီးတော့ ကိုအေးက သူ့ထုံးစံမဟုတ်တဲ့ လေအေးလေးနဲ့ ကိုစီတုတ်ကို ရှင်းပြတယ်။ ကိုအေးရဲ့ ရှင်းလင်းချက် အပြီးမှာတော့ ကိုစီတုတ်တယောက် ပါးစပ်အဟောင်းသား ပြန်ဖြစ်သွားတယ်။

* * *

ဇော်လေးဆိုတဲ့ကောင်က တရုတ်မကိုယူပြီး ထိုင်ဝမ်လိုက်သွားတာ ကြာပြီ။ ခုပြန်လာလည် တာ .. ကိုအေးအိမ်မှာ တည်းတာ။ ထိုင်ဝမ်မှာ အနေကြာတော့ တရုတ်စကားပြောပါများပြီး ဗမာစကားကို သိပ်မတတ်တော့ ဘူးလေ။ ဗမာပြည်လာလည်ခိုက်မှာလည်း ပြဿနာက ရှာလွန်းလို့ ကိုအေးက သူ့ကို “အင်္ဂါသား ဂြိုဟ်ကောင်” လို့ခေါ်တာ။

ကိုအေး မိန်းမ တောင်းဖို့ ကိစ္စက ရုတ်တရက်ပေါ်လာတဲ့အချိန်မှာ ကိုအေးဆီ စာတစောင် ဝင်လာတယ် .. အဲဒါက ကိုအေးရဲ့သူငယ်ချင်း ကိုဆွေက အပေါင်းအပါတစုနဲ့အတူ လာမယ်၊ အလုပ်ကိစ္စလည်း ပါတယ် ဆိုတဲ့စာ။ ကိုဆွေလည်း အင်္ဂါသားပဲ။ မွှေတဲ့နေရာမှာ သြချရ လောက်သူပဲ။

အဲဒါကြောင့် ကိုအေးက ဇော်လေးကို “ဟေ့ကောင် မင်းလိုပဲ အင်္ဂါသား ဂြိုဟ်ကောင်တကောင် လာဦးမယ်တဲ့ကွာ။ အလုပ်ကိစ္စ လို့တော့ ပြောတာပဲ” လို့ပြောထားတယ်။ ပြီးတော့ ကိုအေးက သွားမယ့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုဆွေတို့ကလာတော့ ဇော်လေးကိုပဲ သွားကြိုပြီး မြို့ထဲက ဟိုတယ်တခုမှာ နေရာချထားဖို့ မှာခဲ့ရတာပေါ့။ အဲဒါဇော်လေးကလည်း မိန်းမက ပြန်ခေါ်လို့ ကမန်းကတန်းပြန်သွားရတော့ ရပ်ကွက်ထဲက သူသိတဲ့သူတွေကို “အင်္ဂါဂြိုဟ်သား တွေ ရောက်နေပြီ။ အလုပ်ကိစ္စပါတယ်” ဆိုပြီး ဗမာလို မပီကလာ ပီကလာနဲ့ ပြောခဲ့တာ။ ဒါပဲ။

ပြဿနာကတော့ ရှင်းသွားပြီး။ ခု ဘယ်သူကမှ အင်္ဂါဂြိုဟ်မှာ အလုပ်သွားလုပ်ဖို့ကိစ္စ မစတော့ဘူး။ ကိုချင်းမြင့်တို့ လူပျိုကြီး ၃ ယောက်လည်း အရင်လို ချစ်ကောင်းတို့ ချာတိတ် တွေနဲ့ အရက်တူတူ သောက်လို့ပဲ။ ဘယ်သူ့ဘယ်သူကမှလည်း အပြစ်မတင်ကြပါဘူး။ ကောင်မလေးတွေတောင် ရှက်ကိုးရှက်ကန်း နည်းနည်းဖြစ်ရုံကလွဲလို့ တပတ်လောက်နေတော့ ပုံမှန်ပါပဲ။

ဒါပေမယ့် ကိုဖေကတော့ လုံးဝမလျှော့ဘူး “အင်္ဂါဂြိုဟ်မှာ ဆိုက်ကားသွားနင်းဖို့ ခုကတည်းက ကျင့်နေတာ” လို့ လူစုံတိုင်း ပြောလေ့ရှိတယ်။ ကိုဖေပြောရင်က တကယ်လုပ်ဖြစ်တာ များ တယ် ဆိုတော့ ဘယ်သူကမှ မရယ်ကြဘူး။ ပါးစပ်က ထုတ်မပြောပေမယ့် အားလုံးရဲ့ စိတ်ထဲမှာ အင်္ဂါဂြိုဟ်မှာ သွားအလုပ်လုပ်ချင်နေကြတုန်းပဲဆိုတာ သိသာတယ်။ မသွယ်တောင် တခါတလေ ကိုစီတုတ်ကို “အင်္ဂါဂြိုဟ်ဆိုတာ ဘယ်လိုဟာလည်း မသိဘူးနော်” လို့ မေးသလို ပြောသလို လုပ်လေ့ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ကိုစီတုတ်က ဘာမှပြန်မပြောဘဲ .. ရပ်ကွက် ထိပ်က အရက်ဆိုင်ကို ချီတက်တော့တာပဲ .. အဲဒီမှာ ကိုဖေ့ရဲ့ “အင်္ဂါဂြိုဟ်ဆိုတာ” အစချီတဲ့ တရားတွေ နာဖို့ပေါ့ ... ။ ။

မှတ်ချက်။ ။ မင်းလူရဲ့ တိုင်တလုံး ကို ခိုးချသလားလို့ အလုပ်ရှာ မေးခွန်းထုတ်နေမယ့်သူတွေ အလုပ်မရှုပ်ရအောင် .. အဲဒါကိုလည်း နည်းနည်းမှီးပါကြောင်း ဝန်ခံပါ၏ .. :P