နေ့နဲ့ည ရေရင်လေ ၃၈ နှစ်
မွေးနေ့မှာ စာရေးချင်ပေမယ့် မရေးအားဘူးဆိုတာ ကြိုသိနေလို့ ကျမရဲ့ အလွန်တရာမှ .. အလွန် တရာ့တဆယ်မှ ချစ်လှစွာသော မောင်လေးညီမလေးများကိုယ်စား ညီမလေးညီနဲ့ မောင်လေး တွေ့ကရာရှစ်သောင်းအန်ဒီဒူးပတ်စ် ဖိုးအောင်တို့ကို ပို့စ် တပုဒ်စီရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒင်းတို့ ၂ ကောင်က ရွှေဥာဏ်တော်စူးရောက်စွာ အပျင်း တစ်သမို့ ချက်တင်မှာ အပြန်အလှန်ပေါက်တက်ကရပြောပြီး ဒါပို့စ်ပါ ဆိုပြီး ပို့ပေးလေရဲ့.. ဒီတော့ ကျမကလည်း တင်ရပြီပေါ့လေ။ မွေးနေ့လက်ဆောင်ဆိုတော့လည်း မငြင်းကောင်းဘူးမဟုတ်လား။ ဖိုးအောင်က ပြောသေးတယ် စာမေးပွဲကြီးတန်းလန်းနဲ့ရေးရတာ ဒေါ်လာ ၅၀ တန်တယ်ဆိုပဲ။ တော်ကြာ ပိုက်ဆံပြန်တောင်း နေမှာစိုးလို့ အသာငြိမ်ပြီး ဒီပို့စ်လေးကိုပဲ ယူထားလိုက်ရပါတော့တယ်။ သူတို့ပို့စ်ထဲမှာ နားမလည်တာရှိနိုင်တာမို့ ခက်ဆစ်ဖွင့်ပေးလိုက်ပါတယ်။ ညီနဲ့ အောင်ဒီကန်ကိုကျေးဇူးတင်ပါတယ်။
andyကောင်: မတူးအတွက်ကဗျာလား.. မနက်ဖြန်ဟာ အခုတော့ ငါ့ခေါင်းထဲ mutliple choice တွေပဲရှိတယ်
nye: ဖျစ်ညှစ်ထုတ်လိုက်ပါ.. ချစ်မ အတွက်ပဲဟာ.. အင်တာဗျူးပုံစံရေးမယ်..မတုဆိုတာ
andyကောင်: မတုဆိုတာကို ဘယ်လိုမြင်သလဲဆိုရင်ပေါ့နော်.. မျက်စိနဲ့မြင်ပါတယ်.. ပေါတောတော အမကြီးတစ်ယောက်လို့မြင်ပါတယ်
nye: ဟောက်.. ပေါတာတော့ အတော်ပေါတာရှင့်.. မထင်ရအောင်ကိုပါပဲ
andyကောင်: ဟုတ်တယ်ခည ဒါကြောင့်
nye: နေဦးဟာ မကောင်းသေးဘူး.. ကဗျာ တစ်ပိုဒ်စီရေးမလား
andyကောင်: အင်.. ဒါဆို ဒီလိုလုပ် နင်ရေး.. ငါနှမ်းဖြူးမယ်.. ဟီဟိ
nye: အစပိုဒ် ငါစပေးမယ်.. ကဲ စပီ
(မတူးအတွက် မွေးနေ့လက်ဆောင်ကဗျာ.. ဘာမှ စဉ်းစားမရပါ.. )
ကဲ နင်ဆက်
andyကောင်: ဘာကဗျာလဲဟင်
nye: ဟင်
andyကောင်: ပြန်ခံလို့လဲမရဘူး.. စဉ်းစားနေရင်း ခဏခဏ.. ကော်နတ်ရှင်က ကျ
nye: ဒါဖြင့် နင်စ (ငါက ကဗျာမရေးတတ်ပါဘူးဆို)
andyကောင်: (ပြောပြန်ပြီ) မတူးမွေးနေ့ လက်ဆောင်ကဗျာ စဉ်းစားမရပါ.. စဉ်းစားနေရင် ခဏခဏ ကော်နတ်ရှင်က ကျ။
nye: ကလေးကဗျာကြီး
andyကောင်: အေးလေ.. နင်အုပ်လိုက်တာ အဲ့လိုပုံကြီးဖြစ်နေလို့
nye: LP လေး ဘာလေးလာစမ်းပါ.. ငါက အယ်လ်ပီရေးထားတာ
ပြန်စမယ်.. (မွေးနေ့လက်ဆောင် ကဗျာတဲ့.. ဘယ်က စရမလဲ... စကားလုံးတွေလည်းခမ်း.. အတွေးတွေလည်းပျောက်.. အောင်ဒီကန်ရေ ကူဦး)
ဟဟ ဘာကြီးမှန်းလည်းသိဘူး
andyကောင်: :( .. ရှေးလေးချိုးတွေပဲ ရေးရင်ကောင်းမလား
nye: နင် စလိုက်ပါဆို
andyကောင်: စမယ်.. လဲ့လဲ့ကြီးညို.. အာ.. ဒါက မြ၀တီမင်းကြီး ဖြစ်သွားပြိ.. အဟမ်း
(အပေါ်ကနေရင်ကစပြီး မှတ်ထားလိုက်) (conversation အနေနဲ့ထည့်လိုက်မယ်)
မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့်.. ကဗျာလင်္ကာဆိုတာကလည်း စုပ်ကာမြုပ်ကာမြောက်နေသမို့.. မြင်နေရတာက အေဘီစီ ရှုပ်ထွေးပွေလီ။
(ဟေ့)
nye: ဟေ
andyကောင်: မြင်နေရတာက အေဘီစီ (အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။
အာ နင်ဝင် မဟေနဲ့လေ ငါက ကဗျာစပ်နေတာ.. ခုမှ ဆက်ရမှာ.. ရှေ့ဆက်လေ
nye: ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ
andyကောင်: အာဝိ.. အတွေးမမီလို့မရဘူး.. ကိုယ့်အမကြီးမွေးနေ့,, ဖြစ်ညစ်မှီရမယ်.. မှီကိုမှီမှရမယ်
nye: ဘာတုန်း ငါနင့်အပိုဒ်ကို ဆက်နေတာလေ မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့် ရှုပ်ထွေးပွေလီ
ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ.. မြင်နေရတာက အေဘီစီ
(အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။ အဲလိုလား
andyကောင်: အဲလိုပဲထားပါတော့... ဒါနဲ့ ပုလွေတစ်ရာကြီးကောဟင်
nye: ဘာ ဘာတွေလဲ
andyကောင်: ပုလွေတစ်ရာလေ မတူးပို့တဲ့ ပလွေတစ်ရာ.. ပလွေတရာ တညင်မှာဝိုက်ပါလို့.. အစဉ်သာ ကြိုက်ချင်နေတာမို့.. အဲဒီပုလွေတရာကိုပြောတာ
nye: အဲ့ဒါဘာဖြစ်
andyကောင်: ထည့်စပ်မလားမေးတာဟေ.. အာဝိ ဒုတ်ခွပဲ
nye: ဟီး.. နေဦးဟာ.. ငါမသိတော့ဘူး
andyကောင်: အေး.. ငါရောပဲ..
nye: အေ.. ဒီလိုလုပ်လေ.. အလွယ်ဆုံးကဗျာ ရွတ်ပေးလိုက်ကြမလား
andyကောင်: ဘာလဲ
nye: ဟက်ပီဘသ်ဒေး တူးယူ ..
andyကောင်: ဟက်ပီဘသ်ဒေး တူးယူ..
သံပြိုင်: ဟက်ပီဘသ်ဒေး ဒီးယား“မတူး”.. ဟက်ပီဘသ်ဒေး တူးယူ
nye: အေးကို .. ပီးနေတာပဲကို..
andyကောင်: ဘသ်ဒေးကိတ်လေးဘာလေး.. ဝယ်ပေးလိုက်ရအောင်လား.. နင့် ပိုက်ဆံဘလောက်ရှိလဲ ထုတ်..
nye: အကုန်တော့မရဘူး အိမ်ပြန်ကားခ ၂၀၀ ချန်ပြီးထုတ်ရမယ်ဆိုရင်ဖြင့် .. အင့် ၁၀၀
andyကောင်: ငါ့မလဲ ၁၀၀.. ဒလောက်နဲ့ ဘာကိတ်ရမတုန်း
nye: ဟို ဒင်း.. ပူတင်းကိတ်လောက်တော့ ဖြစ်မယ်ထင်တယ်..
(မတူးရေ ဤသို့ဤနှယ် စည်းလုံးညီညွတ်အပေးအယူမျှစွာ ကဗျာစပ်ပြီးသကာလ.. မတူးအတွက် မွေးနေ့ပူတင်းတစ်လုံးနှင့်အတူ သံပြိုင်ညီညာ မွေးနေ့ဆုတောင်းရွတ်ဆိုရင်း နိဂုံးချုပ်လိုက်ပါသည်)
မောင်ညီမလေး - အန်ဒီညီး)
ခက်ဆစ်အဓိပ္ပာယ် - ပုလွေတရာ = ဟန်ဒရက် ပိုက်ပါ ခေါ် စကော့ဝီစကီ (ထိုင်းတွင်အလွန်သောက်သောအရက်)
Friday, August 28, 2009 | Labels: အမှတ်တရ | 18 Comments
အထာဘိရေ
မှတ်မှတ်ရရ ကျမ ၆ နှစ်သမီးလောက်ကထင်တယ်။ မိုးတွေရွာတော့ မောင်နှမနှစ်ယောက် မိုးရေထွက်ချိုးကြတာ၊ အိမ်မှာ ကျမတို့ကိုထိန်းတဲ့ အစ်မကြီးက ရေစည်ပိုင်းနားကနေ တကြော်ကြော်ပေါ့။ နောက်တော့ ရေစည်ပိုင်းနား သွားကြ ဆပ်ပြာတွေအမြှုပ်ထအောင် ဆော့ကြနဲ့ .. ဆပ်ပြာမြှုပ်တွေကြောင့် မြေကြီးထဲက တီကောင်ကြီးတွေ ထွက်လာပါရော။ အဲဒီ တီကောင်ကြီးတကောင်ကို ကိုနောင်ကြီးက လက်နဲ့ ဆွဲယူပြီး ကျမ ပုခုံးပေါ်တင်လိုက်တာ တခါတည်း အလွန်သတ္တိကောင်းသော ကျမ တူးတူးသာခမျာ တခါတည်း လက်ကလေးတွေ ကောက်ကွေးပြီး တက်သွားပါလေရော။ ကျမတို့ကိုကြည့်တဲ့ အစ်မကြီးလည်း တတ်သလောက်မှတ်သလောက်နဲ့ ကျမကို သတိလည်လာအောင် ပြုစုရတာပေါ့။ ကိုနောင်ကြီးလည်း ကျောကွဲအောင် ဆော်ခံထိရော။ အဲဒီကတည်းက တူးတူးသာတို့ တီကောင်ဆိုရင် ကြည့်တောင်မကြည့်ရဲတာ ဒီနေ့ထိပဲ :P
ကျမ မင်္ဂလာဆောင်တဲ့အချိန်မှာ ကိုနောင်ကြီးက LCD လို့ခေါ်တဲ့ ကမ်းရိုးတမ်းသင်္ဘော လိုက်နေတဲ့ အချိန်ပေါ့။ အဲဒီမှာ ကျမတို့ ခရစ်ယာန်ထုံးစံအရ သတို့သမီးကို အဖေကတွဲခေါ်သွားပြီး အပ်ရမှာကိုး။ အဖေမရှိတော့ ကျမက အစ်ကိုကြီးကိုယ်တိုင်တွဲပို့ပြီး အပ်စေချင်တယ်။ သူသင်္ဘောထွက်တဲ့အချိန်ဆိုတော့ ကျမမှာ ရင်တထိတ်ထိတ်ပဲ။ ဒါပေမယ်က ကိုနောင်ကြီးက အချိန်မီ ပြန်ရောက်လာတယ်။ နက်ဖြန်လိုမင်္ဂလာဆောင်မယ်ဆိုရင် ဒီနေ့လိုညနေ ဘက်ရောက်လာတာ။ ကျမ သိပ်ပျော်သွားတယ်။
သားကြီးကိုမွေးတော့ အပျော်ဆုံးသူက ကိုနောင်ကြီးပဲဖြစ်လိမ့်မယ်။ တနေ့တနေ့ သူတူကို မမြင်ရရင် မနေနိုင် ဘူး။ ဘဘနောင်ပေါ့။ ဒါပေမယ့် ခု သားငယ်လေးမွေးတော့ သူ့အသည်းကျော်က သားငယ်လေးဖြစ်သွားပြီ။
ကိုနောင်ကြီး ထိုင်းမှာ သွားအလုပ်လုပ်တော့ သားကြီးက စာတောင် မရေးတတ်သေးဘူး။ ဝလုံးတွေရေးထားတာ သူ့ကိုလှမ်းပို့ပေး၊ သားကြီးဆွဲထားတဲ့ ပန်းချီလေးတွေ သူ့ကိုလှမ်းပို့ပေးရတယ်။
တရက်တော့ သူနဲ့ တူတူသွားတဲ့ သူငယ်ချင်းတယောက်ဆီက ဖုန်းလာတယ် “ကိုနောင်ကြီး အလုပ်လုပ်ရင်း လေဖြတ်သလိုဖြစ်သွားလို့ .. ၊ သတိလစ်နေတယ်၊ ဆေးရုံတင်ထားရတယ်” တဲ့။ ကျမရင်တွေပူလောင် သွားတာ။ ၃ ရက်လောက် ဒီတိုင်းသတိမလည်ဘူးတဲ့။ မေမေရယ်၊ ကျမရယ် ငိုလိုက်ရတာ။ နောက်တော့ သတိပြန် ရပြီတဲ့။ ဒါပေမယ့် စကားလုံးဝ မပြောနိုင်ဘူး။ လေ့ကျင့်ခဏ်း လုပ်ပေးတော့ တခြားကိုယ်အင်္ဂါတွေတော့ ကောင်းသတဲ့။ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ဝမ်းသာရတာပေါ့။ ဦးနှောက်က သွေးကျောမြှင်လေးတမြှင်မှာ သွေးခဲလေးတခဲ ပိတ်ဆို့နေတာလို့ ပြောတာပဲ။
ကောင်းသွားပြီလို့ကြားပေမယ့် ကိုနောင်ကြီးအသံကို ကျမ မကြားရဘူး။ တော်တော်လေး စိတ်မကောင်း ဖြစ်တယ်။ ဒါပေမယ့် တရက်မှာ သူငယ်ချင်းဆီက ဖုန်းဝင်လာတယ်။ သူငယ်ချင်းက “အနောင်ကြီးပြောလိမ့်မယ်” တဲ့ ..။ ကျမရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ကိုနောင်ကြီး စကားမပြောနိုင်ဘူးလို့ သိထားတာလေ။ ကိုနောင် ကြီးဆီက အသံကိုစောင့်ရင်း ကျမရင်တွေ တဒိုင်းဒိုင်းပေါ့ .. ပထမဆုံးကိုနောင်ကြီးဆီက ထွက်လာတာက “အထာဘိ .. အထာဘိ” တဲ့။ ကျမ ဘဝမှာ အဲဒီအသံကြောင့်ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှ မလဲနိုင်ဘူး။ ပျော်လိုက် တာ။ ကိုနောင်ကြီး စကားနည်းနည်းလေး ပြန်ပြောနိုင်ပြီ။ သူပြန်ပြောတဲ့ ပထမဆုံးစကားက “အထာဘိ” တဲ့လေ။
ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တော့လို့ ကိုနောင်ကြီး ပြန်လာခဲ့တယ်။ ကိုနောင်ကြီးကို တွေ့လိုက်တော့ ကျမ တော်တော် စိတ်ချမ်းသာသွားပါတယ်။ ဘာလို့လဲဆိုတော့ စကားမပြောနိုင်ပေမယ့် လုံးဝ အကောင်း အတိုင်း ပုံစံတွေ့လိုက်ရလို့ပါ။ နောက်တော့ လေ့ကျင့်ရင်း ဆေးစားရင်း တဖြည်းဖြည်း ပုံမှန်နီးပါး စကား ပြန်ပြော လာနိုင်တယ်။
ကျမ သားငယ်လေးမွေးတော့ ဂန္ဒီဆေးရုံမှာလေ။ မွေးတဲ့နေ့က မေမေပဲ လိုက်လာတယ်။ သူတို့ တူဝရီး နှစ်ယောက်ကို အိမ်စောင့်ထားခဲ့တယ်။ အဲဒါကို အိမ်မှာ ၂ ယောက်သား ကိတ်မုန့်တလုံးဝယ် .. ဖရောင်းတိုင် တတိုင်ထွန်းပြီး သားလေးမွေးတဲ့အထိန်းအမှတ် Happy Birthday လုပ်ကြသတဲ့။ မေမေပြန်ရောက်တော့ ပိုက်ဆံတထောင်ပြန်ပေးပါ ဆိုပြီး တောင်းတယ်တဲ့။ ခုတော့ ကျမက ထိုင်းနိုင်ငံမှာ .. ကိုနောင်ကြီးက ကျမ သားတွေကို ထိန်းလိုက်၊ ကျောင်းပို့ပေးလိုက် .. သူ့ပန်းပင်တွေနဲ့ အလုပ်ရှုပ်လိုက်ပေါ့။ ဘုရား တရားလည်း တော်တော်လေး လုပ်လာတယ် ပြောတာပဲ။
သားငယ်လေးကို ကိုနောင်ကြီးက အသည်းပဲ။ သားကြီး ကိုတော့ ကိုရဲက ချစ်တယ်။ အငယ်ကောင်ကလည်း လူလည် .. သူ့ဘကြီးကို ဘယ်လိုကြွေအောင်လုပ်ရမယ် ဆိုတာ သိတယ်။ မေမေကတော့ ဖုန်းဆက်တိုင်း ပြောတယ် “အကြီးကောင်ကို တူးဝရီး ၂ ယောက် ဝိုင်းနှိပ်စက်ကြတယ်” တဲ့။ တနေ့တနေ့ အဘွားရယ် ဘကြီးရယ် .. သားနှစ်ကောင်ရယ် .. ဗြောင်းသတ်နေကြတာ မြင်ယောင်သေးတယ်။ ညဆို ကိုနောင်ကြီးက ကိုရီးယားဇာတ်လမ်းတွဲ ခရေဇီ၊ မကြည့်ရမနေနိုင်၊ သားငယ်လေး ဖူးခေါင်က Ben 10 ကာတွန်းကား၊ တီဗီကို လုကြ .. ရန်ဖြစ်ကြပေါ့။
နောက်တော့ သူတို့ နားလည်မှု ယူလိုက်ကြတယ်။ ဇာတ်လမ်းတွဲလာရင် သားလေးက “ဘဘနောင် .. ကိုရီးယား ကားလာပြီ” ဆိုပြီး ဖယ်ပေးတယ်တဲ့။ သတင်းချိန်ဆိုရင်တော့ လုံးဝမရဘူး .. သူ့အလှည့်ပဲ။
ဒီနေ့ ကိုနောင်ကြီးမွေးနေ့ ကျမ ဖုန်းဆက်တယ် “အထာဘိလား” ဆိုတဲ့အသံကြားလိုက်ရတော့ ကျမရင် အေးသွားတယ်။ ဒီတခါတော့ ကိုနောင်ကြီးက စကားတွေ တရစပ်ပြောတယ်၊ သူ့သူငယ်ချင်းတယောက် ဒီနေ့ ကလေးလေးမွေးတာကော .. ကျမရဲ့ ညီမဝမ်းကွဲလေး ကလေးမွေးဖို့ ဆေးရုံရောက်နေပြီဆိုတာကောပေါ့။ ကိုနောင်ကြီးအသံက ပျော်နေတာ သိသာတယ်။
“လူကြုံရှိရင် နင်တခါဝယ်ပေးလိုက်တဲ့ အရုပ်ကလေးတွေ ပို့လိုက်ဦးသိလား အထာဘိ” တဲ့။ ချင်းမိုင်မှာလုပ်တဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ အရုပ်ကလေးတွေ လူကြုံရှိတိုင်း သူကြိုက်လို့ ကျမ ထည့်ပေးနေကျလေ။ ဘာပဲဖြစ်ဖြစ် ကိုနောင်ကြီး ကျန်းမာနေတာသိရတော့ ကျမသိပ်ပျော်တာပဲ ...။
ကိုနောင်ကြီးတောင် ၄၂ နှစ်ပြည့်သွားပြီ .. ကျမစိတ်ထဲမှာ သူ့အသက်ကိုမေ့နေတယ်။ ကျမစိတ်ထဲမှာ “အထာဘိရေ .. ဒီကမ္ဘာပေါ်မှာ ဘယ်သူ့အီးအမွှေးဆုံးလဲ” လို့ မေးနေတဲ့ ၁၂ နှစ်သားလောက် ပုံစံလေးကို မျက်စိထဲကမထွက်ဘူးလေ။
Wednesday, August 26, 2009 | Labels: အမှတ်တရ | 8 Comments
ဘ၊ ဘွားစွာ၊ ကိုပါရာ နဲ့ ကျော်မင်းဟန်တို့ကို ထားခဲ့ပြီ
ကျမနဲ့ ထိုသြဂတ်စ် ထဲမှာ တယောက်ထပ်ဖြည့်ရတော့မယ်။ အဲဒါကတော့ ကာတွန်း (ဦး) ကံချွန်ပါ။ ဒီနေ့ သြဂုတ် ၂၀၊ ညနေ ၄ နာရီဝန်းကျင်လောက်က သူချစ်တဲ့ အနုပညာလောကနဲ့ ကာတွန်းဆရာတွေ၊ ပန်းချီဆရာတွေကို ခွဲခွာသွားပါပြီ။
ကာတွန်းဆရာဆိုတာ ကျမရဲ့ ဆွေမျိုးလိုပဲလို့ ဆိုခဲ့ဖူးတဲ့အတိုင်း ကျမရဲ့ ဦးလေးသားချင်းတယောက် ဆုံးရှုံးသွား သလို ခံစားရပါတယ်။ ဦးဦး ကံချွန်တယောက် ကျမပါပါရယ်၊ ဦးဦး ကာတွန်းဝဏရယ်၊ ဘဘ ဦးဖေသိန်းရယ် ဟိုး လှပတဲ့အရပ်က ဘုံတခုမှာ ဆုံနေရောပေါ့။ လူသစ်တယောက်အနေနဲ့ ဦးဦးကို ပါပါတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။ အဲဒီမှာ ဦးဝသုန်လည်းရှိလိမ့်မယ်၊ တခြား ဦးဦးချစ်တဲ့ အနုပညာသမားတွေလည်း ရှိမှာပါ။ အဲဒီမှာ မတရားမှုတွေမရှိ၊ လောဘဒေါသတွေမရှိ၊ မုန်းတီးမှုတွေလည်း မရှိ .. အရာရာကို ဟာသအမြင်နဲ့ကြည့်ရင်း ရယ်မောနေကြမှာ မြင်ယောင် သေးတယ်။
ဦးဦးက နောက်ဆုံးသတင်းတွေကို ပါပါတို့ကို ပြောပြနေလိမ့်မယ်ထင်တယ်။ ဦးဦးပြောပြမယ့် ယက်ထောကြီး သတင်းကို ကျမရဲ့ ပါပါကြားရင် အော်ရယ်နေမှာ မြင်ယောင်သေးတယ်။ ဘဘ ဦးဖေသိန်းကတော့ ကာတွန်း တကွက် ကောက်ဆွဲမယ်ထင်ပါရဲ့။ အေးအေးဆေးဆေးပေါ့ ဦးဦးရယ်။ အဲဒီမှာ ဆင်ဆာမှမရှိဘဲ။ ဦးဦးတို့ ကာတွန်းတွေ၊ ပန်းချီတွေ လွတ်လွတ်လပ်လပ် ဖန်တီးကြပေါ့။ ဒီက သတင်းတွေ ဦးဝဏကြားရင် .. “ဒီလူတွေ ခုထိ နောင်တ မရသေးပါလား” လို့ ပြောမယ် ထင်တယ်နော်။
ဦးဦးနောက်ဆုံး ကြိုးပမ်းခဲ့တဲ့ ကာတွန်းပြပွဲလေးကို လှမ်းကြည့်ရင်း ကျန်တဲ့သူတွေက အားကျနေမှာပါ။ ဦးဦးရဲ့ .. “ဘ နဲ့ ဘွားစွာ” ကို ချန်ထားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဦးဦးက ထွက်ခွာသွားပေမယ့် ဦးဦးရဲ့ လက်ရာတွေ၊ ကာတွန်းတွေက ကျမတို့ကို စကားတွေ ပြောနေမှာပါ။ နောက်လည်း အကြာကြီးဆက်ပြောနေဦးမှာပါ။
ှ
တခုတော့ ဝမ်းနည်းတယ် .. ရှားပါးပစ္စည်းတွေလို တန်ဖိုးထားနေရတဲ့ ကာတွန်းဆရာကြီးတွေ တဖြုတ်ဖြုတ်နဲ့ ကြွေကုန်တာကိုပေါ့။ ကြွေစေချင်တဲ့သူတွေကျတော့လည်း အမြင်ကပ်စရာကောင်းလောက်အောင် အညှာက ခိုင်လိုက်တာ။
Thursday, August 20, 2009 | Labels: ကြွေလွင့်သူ | 9 Comments
ကျမနှင့် ထို သြဂတ်စ်
ကျမအတွက်တော့ သြဂတ်စ်ဟာ သိပ်ထူးခြားတဲ့လ တလပေါ့။ ဘာလို့ဆို ကျမမွေးနေ့က သြဂတ်စ်လ ထဲမှာ ..။ ပြီးတော့ ကျမနဲ့ ရင်းနှီးပတ်သက်သူ တော်တော်များများလည်း ဒီလထဲမှာ မွေးပါတယ်။ ဥပမာ ကျမ အစ်ကိုကြီး .. ကိုနောင်ကြီးပေါ့။ ကျမက ၂၈ ရက်၊ သူက ၂၆ ရက်။ နောက်တော့ သြဂတ်စ်လ ၁ ရက်နေ့က ကျမသိပ်ချစ်တဲ့ ဆရာ ဦးပီရဲ့ မွေးနေ့ ..။ နောက် ကျမရဲ့ အစ်ကိုတမျှချစ်ခင်ရတဲ့ ကိုထွန်းထွန်းမင်းက သြဂတ်စ် ၂၉ ရက်နေ့ .. နောက်တော့ .. နောက်တော့ အများကြီးပဲ။ ကျမနဲ့ ၂၈ ရက်တူတူ တရက်တည်း မွေးနေ့ကျတဲ့သူတွေလည်း ရှိသေးတယ်။ ဂျီတီအိုင်တက်တုန်းက ကျမတို့က ချဉ်ပေါင်ကြော်လို့ နာမည်ဖျက်ခေါ်တဲ့သယ်ယင်း .. သူ့နာမည် အရင်းက ထင်အောင်ကျော်လား တင်အောင်ကျော် လားမသိတော့ဘူး။ သူက ၂၈ ရက်ပဲ။ နောက်တော့ ကျမရဲ့ ဝမ်းကွဲတူမလေးတယောက်လည်း အဲ့နေ့မှာမွေးတယ်။ နောက်ထပ် တူမအသစ်လေးတယောက်လည်း ဒီလထဲပဲ မွေးတော့မယ်တဲ့ ..။
သြဂတ်စ်လရောက်လာရင် ကျမတို့မောင်နှမ မွေးနေ့လုပ်ကြဖို့ နည်းမျိုးစုံနဲ့ ကြံစည်နေကြပေါ့။ အရေးအခင်း မဖြစ်ခင် တနှစ်ကဆို ပိုက်ဆံ တပြားမှ မရှိတာနဲ့ မောင်နှမနှစ်ယောက် ချဲထီ အကွက်ဒိုင်ကိုင်ပြီး ပိုက်ဆံရှာတယ်။ ၁ ကျပ်ကွက်ပေါ့။ ရှုံးရင်လျော်စရာက မရှိဘူး။ ဒါပေမယ့် ကံကောင်းတယ် ထိုးထားတဲ့ အကွက်တွေထဲက တယောက် မှ မပေါက်ဘူး။ ဒီတော့ လျော်စရာမလိုဘူးပေါ့။ မြတ်တယ်။ အဲဒီနှစ်က မွေးနေ့မှာ သူငယ်ချင်းတွေကို အုန်းနို့ခေါက်ဆွဲ ချက်ကျွေးလိုက်တယ်။
နောက်ပိုင်းနှစ်တွေမှာ ကျမတို့ မောင်နှမရယ် ဆိုခဲ့ပြီးတဲ့ ကိုထွန်းထွန်းမင်းရယ်မွေးနေ့ပေါင်းလုပ်ကြတယ်။ ၃ ယောက် ပိုက်ဆံစပ်ပြီး လုပ်ကြတာ။ ဒီလိုပါပဲ စားကြသောက်ကြ မူးကြပေါ့။ သြဂတ်စ် တရက်နေ့ကို ကျမတို့က ပီတာမတ်စ် လို့ နာမည်ပေးထားတယ်။ ဦးပီ (ဦးပီတာ) ရဲ့ မွေးနေ့ကိုး .. ခရစ်တော်မွေးနေ့က ခရစ္စမတ်စ် ဆိုတော့ ပီတာမွေးတဲ့နေ့ ပီတာမတ်စ်ပေါ့။ အဲဒီနေ့မှာ ကျမတို့က ဦးပီအတွက် လက်ဆောင်တွေ ယူသွားကြ တယ်။ လက်ဆောင်ဆိုလို့ ထူးထူးထွေထွေတော့မဟုတ်ပါဘူး။ အများသောအားဖြင့်ကတော့ စားစရာ သောက်စရာတွေပဲ။ ဦးပီက မုန့်တမျိုးမျိုးလုပ်ထားတယ်။ သူလုပ်ထားတဲ့မုန့်ရယ် ကျမတို့ယူသွားတာတွေရယ် ထိုင်စားကြတယ်။ ကုန်သွားရင် ထပ်ဝယ်၊ ထပ်လုပ် ထပ်စားကြပြန်ရော။ ပြီးရင် လက်ဘက်ရည်ဆိုင်သွားထိုင်၊ ပြန်လာ တခုခုပြန်စား .. ဒီလိုနဲ့ တနေကုန်အောင် စားလိုက်သောက်လိုက် ကျင်းပကြတာ။ သိပ်ပျော်တာပဲ။ ခုတော့ ကျမတို့ ၃ ယောက်ပေါင်း မွေးနေ့မလုပ်ဖြစ်တာလည်း ၂ နှစ်ရှိပြီ .. ဦးပီရဲ့ မွေးနေ့မနွှဲရတာလည်း ကြာပြီ .. ဒါပေမယ့် ဦးပီမွေးနေ့ကိုတော့ တခြားကျမတို့သူငယ်ချင်းတွေနဲ့ ပုံမှန်အတိုင်း လုပ်ဖြစ်တယ်တဲ့။ ကျမ မွေးနေ့ ကျရင်တော့ ကျမအမေက ကိတ်မုန့်တလုံးဝယ် ဖရောင်းတိုင် ထွန်းပြီး ဖရောင်းတိုင်မှုတ်တာ ဝါသနာပါတဲ့ ကျမရဲ့ သားငယ်လေး ဖူးဖူးကို မှုတ်ခိုင်းမယ်လို့ ပြောတာပဲ။
ကျမ မင်္ဂလာဆောင်တော့လည်း ဒီလနဲ့လာတိုက်ဆိုင်နေပြန်ရော။ အဲဒါနဲ့ ဘာရယ်မဟုတ်ဘူး အမှတ်တရ ဖြစ်အောင် ကျမမွေးနေ့မှာ ဆောင်မယ်လို့ စီစဉ်လိုက်တယ်။ အဲဒီနှစ်က ကျမမွေးနေ့နဲ့ မွေးရက်ကိုက်တယ်။ ၂၈ ရက်နေ့မှာ ၂၈ နှစ်ပြည့်တဲ့နှစ်၊ အဲဒီနေ့က စနေနေ့ ..။ ဒီတော့ အဲဒီနေ့မှာပဲ မင်္ဂလာဆောင်မယ်လို့ စိတ်ကူး လိုက်တာ။ နောက်တော့ ဆောင်ပေးမယ့် ဘုန်းကြီးက မအားတာနဲ့ တပတ်ရှေ့တိုးပြီး ၂၁ ရက်နေ့မှာ မင်္ဂလာ ဆောင်ဖြစ်သွားတယ်။
မင်္ဂလာဆောင်ဖိတ်စာကို ဆရာတာရာမင်းဝေရှိရာ မြောက်ဥက္ကလာပ အိမ်ကို သွားပေးခဲ့သေးတယ်။ ကျမတို့ မင်္ဂလာဆောင်ဖိတ်စာကို သူက သေချာကြည့်တယ် .. ဆောင်မှာကခရစ်ယာန် ဘုရားကျောင်းမှာ .. ကျွေးမွေးဧည့်ခံမှာက အစ္စလာမ်ပိုင်ခမ်းမ ..။ ကျမခရစ်ယာန်ဆိုတာ သူသိတယ်။ အဲဒါနဲ့သူက ကျမအမျိုးသားကို ခင်ဗျားက မူဆလင်လားတဲ့။ တကယ်က ခရစ်ယာန်နဲ့ ဗုဒဘာသာ ဆောင်တဲ့မင်္ဂလာဆောင်ပါ။ ဘုရားကျောင်း မှာ လက်ထပ်ပြီး ဧည့်ခံတာကျတော့ အဆင်ပြေတဲ့ ကျမတို့အိမ်နားက အစ္စလာမ်ခမ်းမမှာပဲ ကျွေးမွေးလိုက်တာ။ ဘာရယ်မဟုတ်ပါဘူး သြဂတ်စ်နဲ့ပတ်သက်လို့ မှတ်မိနေတာလေးတွေပါ။
သူနဲ့ ကျမက စာရေးသူနဲ့ စာဖတ်သူ ပုံစံမျိုး ခင်ကြတာ။ သို့သော် တော်တော်လေး စကားပြောဖြစ်ခဲ့ကြဖူးတယ်၊ သူ့ရဲ့ ပန်းခေတ်က လမင်း က ကျမတို့အတွက် လုံးဝ အရေးအသားသစ်၊ ဖြစ်ချင်တော့ ပန်းခေတ်ကလမင်း ကို ထုတ်ဝေတဲ့သူက ကျမအစ်မတယောက်ရဲ့ သူငယ်ချင်း ..၊ ကျမ အစ်မက သူ့ကိုသန်လျင်ကိုခေါ်လာ စာပေကို အရူးအမူးဖြစ်နေတဲ့ ကျမတို့နဲ့ မိတ်ဆက်ပေးရာက သူ့ကို ခင်မင်ခဲ့တာ။ နောက်ပိုင်း ကျမ ဘာသာရေး မဂဇင်းလေး တအုပ်လုပ်တော့လည်း သူ့ဆီက စာမူတောင်းဖူးတယ်။ သူက လိုလိုလားလား ရေးပေးခဲ့တယ်။
ဆရာတာရာမင်းဝေက သြဂတ်စ် ၅ မှာပဲ ကွယ်လွန်ခဲ့တယ်။ သူ့ဈာပဏကို ကျမသွားတယ်။ လေထန်ကုန်းကနေ ကားတွေမထွက်တော့ဘူးဆိုလို့ စာပေလောကသားတွေ လမ်းလျှောက်ပို့မယ် လုပ်ကြသေးတယ်။ မထသက ကားတွေကို ပေးမထွက်တာတဲ့။ နောက်တော့ လမ်းလျှောက်မှာ ကြောက်လို့နဲ့တူတယ် ပေးထွက်ခဲ့တယ်။ ကျမကတော့ ဆရာတယောက်ရဲ့ ကားကြုံနဲ့ စိတ်ကူးချိုချို ကိုစန်းဦးတို့ဆီ အရင်သွားတယ်။ အဲဒီမှာ ဆရာ့ ပန်ဖလက်တွေ ရောက်နေတာကိုး။ ကိုစန်းဦးတိုက်ရှေ့ လက်ဘက်ရည်ဆိုင်လေးမှာ ကိုဇာဂဏာနဲ့ ကိုစောဝေ အပါအဝင် နောင်တချိန် နရသိန်ကိုဝင်ရမယ့် အဖွဲ့သားတွေ ထိုင်နေကြတယ်။ အစ်မကြီးသန်းမြင့်အောင် ကိုလည်း အဲဒီမှာ တွေ့တယ်။
ရေဝေးမှာတော့ သူ့ကိုချစ်ခင်တဲ့ စာပေလောကသားတွေ၊ နိုင်ငံရေးလုပ်ဖော်လုပ်ဘက် ရဲဘော်တွေကို တွေ့တယ်၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကိုတွေ့တယ်၊ လူက ကြိတ်ကြိတ်တိုး .. စာရေးဆရာမ မပန် (ရာသက်ပန်၊ တောင်ငူဆောင်) က တက္ကသိုလ်မှာ ကထိကလား၊ ပါမောက္ခလား မသိဘူးဖြစ်နေပြီ။ မျက်မှန်ကြီး တဝင်းဝင်းနဲ့ ရှေ့ကိုမမြင်ရလို့ဆိုပြီး အုတ်ဘောင်ပေါ်တက်ကြည့်တယ်။ ကျမကတော့ ဟိုကြည့်သည်ကြည့်ပဲ။ ဆရာ့ဈာပဏက တော်တော်လေးခန်းနားခဲ့ပါတယ်။ သြဂတ်စ်ထဲမှာပေါ့။
ကျမသိပ်ကြိုက်တဲ့ အဆိုတော် ထူးအိမ်သင်လည်း ဒီလ သြဂတ်စ်မှာ လောကထဲက ထွက်ခွာသွားခဲ့တယ်။ သူနဲ့က လူချင်းမသိပေမယ့် ဒဏ္ဍာရီလို၊ ပုံပြင်လို သူ့အကြောင်းတွေ ကြားဖူးနေခဲ့ရတယ်။ ၁၈ နှစ်လောက်က ဘယ် လောက်တောင် ရူးသွပ်ခဲ့လဲဆို သူ့ရဲ့ ဝေးသွားတဲ့အခါကို သူနဲ့ စုံတွဲဆိုချင်လိုက်တာလို့ စိတ်ကူးယဉ်ခဲ့တယ်။ စိတ်ကူးပဲနော် ပိုက်ဆံပေးရတာမှတ်လို့။ နောက်တော့ သူ့အကြောင်းတွေကို သူများတွေက တဆင့်အမျိုး စုံအောင် ကြားဖူးတယ်၊ ဘယ်ဟာ အမှန်ဘယ်ဟာ အမှားလည်းတော့မသိဘူး။ ဂျာနယ်လစ်တယောက် အနေနဲ့ သူ့ကိုအင်တာဗျူး မလုပ်ခဲ့ရတာကို နောင်တအရဆုံးပဲ။ တခြားသူတွေကို ဗျူးဖို့ လုံးဝ မကြောက်ပေမယ့် သူ့ကို ကျတော့ ဘာကိုကြောက်နေမှန်းမသိဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ဘာသာ နောက်ရွှေ့ နောက်ရွှေ့လုပ်ရင်း သူသာ သေသွားရော သူ့ကိုအင်တာဗျူး မလုပ်ခဲ့ရဘူး။ သူ့ရဲ့ ညီလေးရေ နဲ့ အမေ့ရဲ့ဒုက္ခအိုးလေး ကတော့ ကျမ ဂစ်တာကိုင်လိုက်တိုင်း မတီးမဖြစ် တီးမိတဲ့သီချင်းတွေပါ။
ကျမမောင် ကိုရဲ မက်စ်စတူဒီယိုမှာ အသံဖမ်းဝင်လုပ်တုန်းက သူနဲ့ တရက်ဆုံဖူးတာ ပြောပြတယ်။ ကျမကတော့ သူနဲ့ ဆုံလိုက်ရတဲ့သူကို ကံထူးရှင်လို့ကို သတ်မှတ်တာ။ ကိုရဲပြောပြတဲ့သူ့အကြောင်းကတော့ သိပ်ကို ရိုးစင်း လွန်းပါတယ်။ ရွှေသွေးပေါင်းချုပ်ကြီး တအုပ်ကကို စတူဒီယို ထောင့်မှာ ငြိမ်ငြိမ်သက်သက် ထိုင်ဖတ်နေတဲ့ အကြောင်း၊ အိမ်သာတက်တာ ကြာတဲ့အကြောင်း၊ အဲဒီတုန်းက အသံသွင်းနေတဲ့ အဆိုတော်သစ်လေး တယောက်ရဲ့ သီချင်းတပုဒ်ရဲ့ ဆိုလိုမှာ ခွင့်တောင်းပြီး ပုလွေ ဝင်မှုတ်ပေးတယ်ဆိုတဲ့အကြောင်း ဒီလောက်ပါပဲ။ ကျန်တာတွေကတော့ အများသူငှာသိထားပြီးတာတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ထူးအိမ်သင်ဆိုရင် ကျမကတော့ ရူးသွပ်တယ်။ ဒီနေ့ထိ သူ့သီချင်းသံတွေကြားရင် ရင်ခုန်တုန်းပဲ။
သြဂတ်စ်ထဲမှာ နောက်ထပ်ကြွေလွင့်သွားသူတဦးကတော့ ကျမတို့ရဲ့ အမျိုးသား စာဆိုကြီး ဆရာကြီး မင်းသုဝဏ်ပါ။ သူ့အကြောင်းကတော့ ထူးထူးထွေထွေ ပြောစရာ မလိုပါဘူး။ ကလေးဘဝကို ကျော်ဖြတ် ဖူးသူတိုင်း ဆရာကြီးရဲ့ ကဗျာတွေနဲ့ ကင်းလို့မှမရတာဘဲ။ သူ့ကဗျာတွေကို ဒီနေ့ထိ အလွတ်ရနေတုန်းပဲ။ ဘယ်ကဗျာမှ အလွတ်မရချင်နေရမယ် .. ကလေးတုန်းက လက်ဟန်ခြေဟန်နဲ့ ရွတ်ဆိုခဲ့ဖူးတဲ့ သူ့ကဗျာလေး တွေကတော့ ဒီနေ့ထိရနေတယ်။ သူက ကျမတို့ရဲ့ .. ကျမတို့ ကလေးတွေရဲ့ ကျေးဇူးရှင်ကြီးပါ။ ဘာလို့လဲ ဆိုတော့ ကလေးကဗျာဆိုတာ ရေးရတာအခက်ဆုံးလို့ ကျမထင်တယ်။ ကလေးတွေ ကြိုက်အောင် ရေးရတာကိုး .. ကလေးတွေက ကြိုက်မှ ဆိုမှာ၊ ဆိုမှ စွဲမှာမဟုတ်လား ..။ ကျမမိဘတွေ ကလေးဘဝကတည်းက ဆိုခဲ့တဲ့ ဆရာကြီးရဲ့ ကဗျာလေးတွေဟာ ခု ကျမသားတွေထိ ဆိုနေကြဆဲ .. နောက်ထပ် မျိုးဆက်တွေထိလည်း သယ်ဆောင်သွားဦးမှာ သေချာပါတယ်။
တခေတ်မှာ တယောက်မဟုတ်ဘူး .. ခေတ်သုံးခေတ်လောက်မှာ တယောက်လို့ ပြောရလောက်အောင် ကျမတို့ မြန်မာကလေးတွေအတွက် ကျေးဇူးပြုသွားတဲ့ ဆရာကြီးမင်းသုဝဏ်ကို ကျမကတော့ဒီနေ့ထိ ကျေးဇူးတင် နေဆဲပဲ။
လူသာသေပြီးနာမည်မသေတဲ့ ပုဂိုလ်တွေ ကျမအတွက် အမှတ်တရ လဖြစ်တဲ့ သြဂတ်စ်လမှာ ကွယ်လွန်ကြ တာပါလားလို့ ကျမကတော့ ကြံဖန်ပြီး ဂုဏ်ယူနေမိတော့တာပါပဲ။
နောက်ထပ် သြဂတ်စ်မှာ မှတ်မိနေတာလေး တခုရှိသေးတယ်။ အဲဒါကတော့ မဟေသီမဂဇင်းပါ။ မဟေသီက သြဂတ်စ် ဘွန်းပဲလေ။ အဲဒီလဆို မဟေသီနှစ်ပတ်လည်လုပ်နေကျ .. ဆရာမြင့် (မဟေသီအယ်ဒီတာချုပ် ဆရာဦး ခင်မောင်မြင့်) ရှိစဉ်က သိပ်ကို ဖတ်ကောင်းခဲ့တာပေါ့။ အထူးထုတ်အနေနဲ့ တဝကြီးပေါ့။ အဲဒီမှာ ကျမ ဦးလေး ဦးအောင်ပြည့်က ချယ်ရီ ကိုင်နေတဲ့အချိန် .. မဟေသီ နှစ်လည်ဆိုရင် ဦးအောင်ပြည့်က ခင်မောင်မြင့်မှ ခင်မောင်မြင့်သို့ ဆိုပြီး အမှတ်တရပေးစာလေး ရေးပေးနေကျ .. ။ ဦးအောင်ပြည့်နာမည်ကလည်း ခင်မောင်မြင့် ပဲကိုး။ ခုတော့ မဟေသီတို့ ချယ်ရီတို့လည်း နာမည်တွေသာကျန်တော့တယ် .. ။
သြဂတ်စ်လမှာ မဟေသီက မွေးဖွားသလို သြဂတ်စ်လနဲ့ ချယ်ရီ ဆက်စပ်နေတာရှိသေးတယ်။ အဲဒါကတော့ ဆရာကြီးဦးဖေသိန်းရဲ့ ဟီရိုရှီးမား ရုပ်တု ကာတွန်းပါ။ သံကြိုးတွေက အင်္ဂလိပ်အက္ခရာ ၈ ပုံစံပြတ်ထွက်ကုန်တဲ့ ကာတွန်းလေ ၈၈ သြဂတ်စ်လထုတ် ချယ်ရီမှာ ပါခဲ့တာပါ။ အဲဒီနောက်မှာတော့ သိကြတဲ့အတိုင်း တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အရေး အခင်းကြီးပေါ်ပေါက်ခဲ့တယ် မဟုတ်လား။
သြဂတ်စ်လ (၈ လပိုင်း) မှာမွေးလို့လားမသိဘူး။ အဲဒီ ၈ ဂဏန်းတွေကို အရမ်းစိတ်ဝင်စားမိတယ်။ ဒါနဲ့ပဲ ၈ ဂဏန်း ရက်စွဲများဆိုတဲ့ ဝတ္ထုလေး တပုဒ်ရေးဖြစ်သေးတယ် ဒီမှာ ပါ ..။
ကျမရဲ့ သြဂတ်စ်လအကြောင်းက အသုတ်စုံလိုဖြစ်နေလားတော့မသိဘူး ..။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဒီလထဲမှာ ဖြစ်ခဲ့သမျှ၊ တိုက်ဆိုင်သမျှတွေကို ထိုးသိပ်ထည့်ပြီး စာတပုဒ် မဖြစ်ဖြစ်အောင် ရေးထားတာပဲဟာ ..။
Sunday, August 16, 2009 | Labels: အမှတ်တရ | 6 Comments
နန်းညီရဲ့ ငတက်
ခုတလောတဲ့ .. ညီ က တက်ဂ်တယ် .. ရေးရတာပေါ့လေ .. ခုတလောမှာ ..
၁။ တွေးနေမိတာ .. ပဲပင်ပေါက် နုတ်စ် တွေ
၂။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ချင်မိတာ .. တော်တော်ပေါတာပဲ (ဒါပေမယ့် ဆင်ချင်မယ်များမှတ်လို့လား ဝေးသေး)
၃။ ကျန်းမာရေး .. အင်း အသက်က ရလာပြီဆိုတော့လည်း အကောင်းကြီးတော့ ဘယ်ဟုတ်ပါ့မလဲ
၎။ ဖတ်ဖြစ်တဲ့စာအုပ် .. အိပ်ခါနီးမှာ မြသန်းတင့်ရဲ့ ဘဝတက္ကသိုလ်၊ ရုံးမှာ ဘလော့ဝတ္ထုတွေ၊ ကျောပိုးအိတ်ထဲမှာ အမြဲပါပြီး ကြုံရာနေရာမှာ အားတိုင်းဖတ်တာ တထောင့်တည ပုံပြင်များ။
၅။ ရောက်ဖြစ်နေတာက .. ချင်းမိုင်လန်းက ကြွက်တွင်းတို့ ဆုံဆည်းရာ
၆။ ရေးဖြစ်နေတာက .. “မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်က ကြိုက်လို့ထင်” အမည်ရ အခန်းဆက် ဝတ္ထုရှည် ဇာတ်သိမ်းပိုင်း (Death line ရောက်ပြီလို့ လာအော်တဲ့ အယ်ဒီတာ ညီမလေးတယောက်ကြောင့် မဖြစ်မနေရေးနေရ၊ တကယ်က ရေးရမှာပျင်းနေ)
၇။ နားထောင်ဖြစ်နေတာ .. ဖုန်းဆက်တုန်းက ဖမ်းထားတဲ့ သားငယ်ဖူးဖူးလေးရဲ့ သီချင်းသံ
၈။ ရွတ်မိနေတာ ... ငါ ဘာလုပ်မလို့ပါလိမ့်
၉။ ဖြစ်ချင်နေတာ ... ပျင်းချင်တိုင်း ပျင်းခွင့်ရတဲ့ဘဝ
၁၀။ စားဖြစ်နေတတ်တာ .. နေကြာစေ့ (ဝန်ကြီးချုပ်ဆီက သွားသွားတောင်းစားတာ)
၁၁။ သနားနေမိတာ .. အမေ့ကို (ဘာလို့များ ဒီလောက်ဆိုးတဲ့သမီးကို မွေးရတာလဲ အမေရယ်၊ သနားလိုက်တာ)
၁၂။ လွမ်းနေမိတာက .. အမေ၊ သား ၂ ယောက်၊ ကိုနောင်ကြီး၊ ဦးပီ
၁၃။ မေ့လျော့ဖြစ်နေမိတာ .. ပေးစရာရှိတဲ့ အကြွေးတွေ (ကြွေးရှင်တွေများကြားရင်စိတ်နာမယ် ဟီဟိ)
၁၄။ ခါးသက်နေမိတာ ... အိမ်မပြန်ရသေးတဲ့ ကိုယ့်ဘဝ
၁၅။ တမ်းတနေမိတာ ... အင်းစိန်ဂျီတီအိုင်က သယ်ယင်းတွေနဲ့ သန်လျင်က ငယ်သယ်ယင်းတွေ
၁၆။ ကြိတ်ပြီးချီးကျူးနေမိတာ ... ငပေါဂေဟာက လူကြီးမြင်းတွေ
၁၇။ ကြိတ်ပြီး အထင်သေးနေမိတာ ... မပေါတတ်တဲ့သူတွေ (တော်တော်ညံ့တာပဲ)
၁၈။ ဆန္ဒရှိနေတဲ့ကိစ္စ ... အိမ်မပြန်ရအောင်လုပ်တဲ့သူကြီးတွေကို ဝါးလုံးချေးသုတ်ပြီး ရိုက်ချင်တယ်
၁၉။ မုန်းတီးနေမိတာက ... အဲဒီလူကြီးတွေကိုပေါ့
၂၀။ ချစ်နေတာက ... မနေ့တနေ့က လူကြုံနဲ့ ထပ်ရောက်လာတဲ့ စာအုပ်တွေ (ဝတ္ထုတိုပေါင်းချုပ်တွေမှ များကြီးပဲ ပျော်စရာကြီး)
၂၁။ စိတ်ပျက်နေမိတာ ... ကိုယ့်ရဲ့လက်တွေ (စိတ်သွားတိုင်း လက်က မသွားလို့ - ဂစ်တာတီးရင် ပြောပါတယ်)
၂၂။ စွဲလန်းနေမိတာ ... PAI တုန်းက တွေ့ခဲ့တဲ့ အိမ်လေးတလုံး .. (အိုင်ဗီတိုက်ကပ်ပန်းနွယ်တွေနဲ့ .. ခြံဝမှာ ကာတွန်းပုံ စာတိုက်ပုံး အပြာရောင်လေးနဲ့၊ အုတ်ကြွပ်မိုး အိမ်အဝါလေးပေါ့)
၂၃။ လိုအပ်နေတာက ... ဘတ် တသိန်းလောက် ချေးကြပါလားဟင် (သုံးဖြုန်းပစ်ချင်လို့ ဟီဟိ)
၂၄။ တောင်းမိတဲ့ဆု .. ဒါကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီတဆုပဲ တောင်းနေကျ .. ဘာမှမလုပ်ဘဲ အောင်မြင်ကြီးပွား ချမ်းသာရပါစေ။
၂၅။ ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက ... ထမင်းစားပြီးတမျိုးလို အိပ်ရာဝင်တိုင်းတမျိုးလို ဆေးလိပ်တို .. ဆေးလိပ်တို ..
၂၆။ ဝန်ခံချင်တာက ... တူးတူးသာဆိုတာ စိတ်ကောင်းရှိချင်ယောင် ဆောင်နေပေမယ့် တော်တော်လေး စိတ်ပုပ်တယ် ဆိုတဲ့အကြောင်းပါ ..။
ဒါပဲ ညီရေ ဆက်တက်ဂ်ချင်တော့ဘူး
Wednesday, August 05, 2009 | Labels: tag | 8 Comments