ဝေမျှခြင်းစာစု ၁

ကိုယ်တိုင် ကဗျာမရေးပေမယ့် ကဗျာရေးနိုင်သူတွေကို လေးစားပါတယ်။ ကျမရဲ့ ဘလော့ စာမျက်နှာမှာ ကိုယ်တိုင်ရေးတဲ့ ကဗျာဆိုလို့ တခါမှ မတင်ဖူးပါဘူး (ကိုယ်တိုင်လည်း ရေးမှ မရေးတာဘဲလေ :) သို့သော် ကဗျာနဲ့ပတ်သက်တဲ့ တက်ဂ်ကလေးတခု ရေးဖူးတယ် .. ပြီးတော့ အမှတ်တရ စာမျက်နှာတခုမှာ ငယ်ငယ်က ရွတ်ဖူးတဲ့ ကဗျာလေးတပုဒ် ပြန်ရေးပြ ခဲ့ဖူးတယ်။ ဒီလောက်ပဲ။ ကဗျာမရေးပေမယ့် ကဗျာကိုချစ်ပါတယ်။ ခု ကျမ ကဗျာ တပုဒ် တင်ပါမယ်။ ကျမရေးတဲ့ ကဗျာတော့ မဟုတ်ဘူး။ အစ်ကိုတယောက် ရေးတဲ့ကဗျာပါ။ ကဗျာ ဆိုတာထက် သူ့ကဗျာလေးကို ဖတ်ပြီး ဝတ္ထုတို တပုဒ်လို ခံစားမိသွားလို့ ဘလော့ မိတ်ဆွေတွေကိုလည်း ပြန်လည် ဝေမျှချင်တာနဲ့ တင်ပေးလိုက်တာပါ။ သူ့မှာ ကိုယ်ပိုင် ဘလော့လည်း မရှိသေးတာကြောင့် ပါပါတယ်။ ဖတ်ကြည့်ကြပါဦး .... ။

လွမ်းနေသူ

ငါ့အရိပ်မှာခို
ငါ့အသီးချိုစား
မြူးတူးပျော်ပါး
ငှက်ကလေးများကို ... လွမ်းတယ်။

အပူတောက
အမောလွန်ခရီးသွားတွေကို
တဒင်္ဂ ရင်ဝအေးမြစေခဲ့တဲ့
ရေချမ်းစဉ်ကလေးကို လွမ်းတယ်။

တိုင်တွေကယိုင်
အမိုးလည်းမခိုင်တော့ပေမယ့်
လာသမျှလူကိုကြိုဆို
ဇရပ်အိုကို လွမ်းတယ်။

သပိတ်ပိုက် ကိုရင်ငယ်
ရွာလယ်ကိုဆွမ်းခံကြွတော့
မောင်ကျောင်းသားက ဗျပ်ကိုထမ်း
“ဆွမ်းတော်ဗျို့” လို့ အော်သံကိုလွမ်းတယ်။

မနက်ဆိုရွာကထွက်
ညနေဖက် ရွာပြန်ဝင်
နွားတအုပ်ကို နေ့စဉ်ကျောင်းတဲ့
“ကဖိုးကောင်း” ရဲ့ ပုလွေသံကို လွမ်းတယ်။

ရွာဘေးနားမှာ လဲလျောင်းနေတဲ့
သဲချောင်းထဲက လက်ယက်တွင်း
ရေခပ်ဆင်းတဲ့ လုံမေပျိုတို့
တေးတကြော်ကြော် ဆိုကြတာကို လွမ်းတယ်။

ဖန်ခုန်ထုတ်စည်း
ကစားနည်းကစုံ
ရွာထဲက ကလေးတပြုံ
ပျော်ရွှင်နေကြပုံကို လွမ်းတယ်။

(အထူးသဖြင့်တော့လေ .... )

တနှစ်မှာတခါ
တို့ရိုးရာ အမွေအဖြစ်
နွှဲပျော် ရွာလုံးကျွတ်
ကဆုန်လရဲ့ ပွဲတော်ကို လွမ်းတယ်။

ဘုရား ... ဘုရား ...
တကယ့်ကို မယုံနိုင်စရာကြီးပါလား
ဘယ်လို ကြမ္မာမျိုးနဲ့များ
ငါတိုးခဲ့ရတာပါလိမ့်

ခုတော့ငါ
ရေခြားမြေခြားတိုင်းတပါးမှာ
ရေသစ်မြေသစ် ဘဝသစ်မှာ
အဆောင်အယောင်တွေမှာ ယောင်ခြာခြာ
အလွမ်းတွေနဲ့သာ နေရတော့တယ်။ ။

(တရုတ်ပြည်ရောက် ရွာထိပ်ကညောင်ပင်ကြီးသို့ ...)
ကိုကိုညိုညို
ကျမတို့ မြန်မာပြည်က ညောင်ပင်ကြီးတွေ ခမျာ အမြစ်ကနေနုတ်ပြီး တရုတ်ပြည်ကို ရောင်းစားခံနေရ ရှာတယ်။ လူကုန်ကူးသလိုပဲ ညောင်ကုန်ကူးခံနေရတယ်ဆိုပါတော့။

စာအုပ်အညွှန်း ၂

စာအုပ်အညွှန်းကို ကျမရေးခဲပါတယ်။ မှတ်မှတ်ရရ ၁ အုပ်ပဲရေးဖူးပါသေးတယ်။ ကျမ စာအုပ်အညွှန်းကို ရေးတယ်ဆိုတဲ့နေရာမှာ တခြားသူတွေနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမရေးဖြစ်တဲ့ စာအုပ်က အသစ်၊ လတ်တလောထွက်ထားတာ မဟုတ်ပါဘူး (ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်) လတ်တလောထွက်တာ မဟုတ်ပေမယ့် ကျမ လတ်တလော ဖတ်ဖြစ် (ပြန်ဖတ်ဖြစ်) တဲ့ စာအုပ်ပါ။ နောက်တချက်ကတော့ စာအုပ် ဟောင်းဟောင်း၊ သစ်သစ် အဲဒီစာအုပ်ရဲ့ အရသာကို ဖတ်ဖူးသူတွေနဲ့ သဘောထားချင်း ဝေမျှရင်း .. မဖတ်ရသေးသူတွေကို ဖတ်ကြည့်စမ်းပါ ... ဒီလိုကောင်းတာပါလို့ လက်တို့ ချင်တာပါ။ ဒါကြောင့် ဖတ်ပြီးသူတွေအနေနဲ့ ကျမနဲ့ သဘောထားခြင်း တူမတူ ဝေမျှခံစားပြီး မဖတ်ရသေးသူတွေ ဖတ်ကြည့်ကြပါလို့ ..။

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

ဆရာမ နုနုရည် အင်းဝ ကို ပင်ကိုယ်ရေး လုံးချင်းစာရေးဆရာတွေထဲမှာ ကျမတော်တော့်ကို စွဲပါတယ်။ သူ့စာအုပ်တွေကို ထွက်သမျှ ဖတ်ခဲ့ပြီး ဖတ်သမျှလည်း ကြိုက်တာချည်းပါပဲ။ သူက စာတအုပ်ကိုရေးတဲ့နေရာမှာ အကြောင်းအရာတခုခုကို အခြေခံပြီးရေးလေ့ရှိတယ်။ နယ်ပယ် တခုခုကို နောက်ခံထားပြီး အဲဒီနယ်ပယ်ကို အသေးစိတ် ချယ်မှုန်းလေ့ရှိတာ သူ့ပရိသတ်တွေ သိပါတယ်။ ဥပမာ - အမှတ်မရှိ၊ လမ်းမရှိ၊ ကီလီဘောတံတား ဆိုရင် ရန်ကုန်က တကယ့် ဂျစ်ပစီ .. လမ်းပေါ်က လူတွေ အကြောင်းကို အသေးစိတ်ရေးပြထားတာပါ။ အိပ်နေရင်ည နိုးနေရင်နေ့ ဆိုရင်လည်း မျက်မမြင်တွေအကြောင်း .. မျက်မမြင်တွေရဲ့ ဘဝကို ခပ်သွက် သွက်၊ စုတ်ချက်အနုစိတ် သရုပ်ဖော်ပြ ခဲ့တယ်။ မင်းသားသုံးသိန်း၊ မင်းသမီး တသိန်း၊ လူကြမ်း တရာကတော့ ရုပ်ရှင်နယ်ပယ်က အရှုပ်တော်ပုံတွေ၊ လူကြမ်းတွေ၊ ဇာတ်ပို့တွေသာမက၊ အလှ ဖန်တီးရှင်တွေအကြောင်းပေါ့။

ဆရာမက နယ်ပယ်တခုကို သေချာ သုတေသနပြု လေ့လာပြီးမှ ရေးတာဖြစ်တဲ့အတွက် ဆရာမရဲ့စာအုပ်တိုင်းက ဝတ္ထုဆိုတာထက် အဲဒီနယ်ပယ်ကို စာဖတ်သူတွေ နားလည်သွား နိုင်တာမို့ ဆောင်းပါးလုံးချင်းတွေနဲ့လည်း ဆင်ပါတယ် (ဒါကျမရဲ့ အယူအဆပါ) ဆရာမရဲ့ စိတ်ကူးယဉ် ဇာတ်ကောင် တွေ ကြောင့်မို့လို့သာ ဝတ္ထုဖြစ်သွားတာပါ။ ကျမ မှတ်မိသလောက် တော့ ဆရာမရဲ့ မြစိမ်းပြာ ကမာရွတ် ပြီးတဲ့နောက်မှာ နောက်ထပ် အဲလိုဝတ္ထုမျိုးတွေ ထွက်မလာတော့ဘဲ ခု ကျမညွှန်းချင်တဲ့ “ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်က အမျိုးသားစာပေ ဆုလည်း ရခဲ့ပါတယ် (ရထိုက်တဲ့စာတအုပ်ပါပဲ)

ဒီစာအုပ်ကတော့ မိန်းမလျှာ လိင်တူချစ်သူတွေရဲ့ ဘဝကို ချယ်မှုန်းထားတာပါ။ နေရာကတော့ တောင်ပြုံးပွဲတော်ထဲမှာပေါ့။ ဒေစီဂျိန်းဆိုတဲ့ မိန်းမလျှာကြီးတယောက်က ဒီဝတ္ထုရဲ့ အဓိက ဇာတ်ကောင်ပါ။

အဓိကဇာတ်ကောင်ကို အဖွင့်မှာ ပြမထားသေးဘဲ တောင်ပြုံးပွဲတော်အသွား လမ်းပေါ်က မြင်ကွင်းတွေကို ဆရာမက ခပ်သွက်သွက် ဖျတ်ခနဲ၊ ဖျတ်ခနဲ မြင်သာထင်ရှားအောင် ပြပါတယ်။ ကျမတို့ ငယ်ငယ်ကကြားဖူးခဲ့သလို ယောက်ျားလေးတွေက မိန်းကလေး တွေကို သားပြော၊ မယားပြော ပြောတဲ့ တောင်ပြုံးမဟုတ်တော့ဘူးတဲ့။

ဟိုတုန်းကလို ကလေးရုပ်ကြီးတွေ အတင်းလိုက်ပြီး ထိုးပေးတာမျိုးတွေဘာတွေ မရှိတော့ဘူး။ ယောက်ျားလေးနဲ့ မိန်းကလေး သမီးရည်းစားဖြစ်ဖို့ မျက်လုံးချင်းဆုံ ရင်ခုန်ဖို့ အင်မတန် ခက်ခဲတဲ့ ခေတ်တုန်းက မက်မောခဲ့ကြတဲ့ ပါးစပ်အရသာကို သည်နေ့ခေတ်မှာ မမက်မောကြတော့ဘူးနဲ့တူပါရဲ့။ ရှေးခေတ်တောင်ပြုန်းကို မီလိုက်တဲ့ ဘိုးတော်အရွယ် လူပျော်ကြီးတွေလောက်ပဲ ခပ်ကြောင်ကြောင်နဲ့ နောက်နေကြတယ်။

ဒါပေမယ့် တောင်ပြုန်းကတော့ တောင်ပြုန်းပါပဲ။ ရိုးရာကြောင့်နှစ်စဉ်လာတဲ့သူတွေ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး အရှင်နှစ်ပါး မစလို့ စီးပွားလာဘ်လာဘတက်တယ်လို့ ယုံကြည် သူတွေ၊ စီးပွားလာဘ်လာဘတက်အောင်လာတိုင်ပင်သူတွေ၊ လူမှုရေးကိစ္စ ကြောင့် လာရောက် ကိုးကွယ်သူတွေနဲ့ ကြက်ပျံမကျ စည်ကားဆဲပဲလို့ဆိုပါတယ်။ ပြီးတော့ ဒီထဲမှာ အများဆုံးက မိန်းမလျှာတွေပေါ့။ သူတို့က နတ်ကတော်တွေလေ။ နတ်က ဘာကြောင့် မိန်းမအစစ်ကိုကတော်မမြှောက်ဘဲ မိန်းမလျှာတွေကိုမှမြှောက်ရသလဲ ဆိုတာကိုတော့ ဆရာမ ကိုယ်တိုင်လည်း မေးခွန်းပဲထုတ်ထားခဲ့ပါတယ်။

ဒီထဲမှာ ဒေစီဂျိန်းကတော့ ဆွေမျိုးတောင့်တင်းတဲ့ သူဌေးနတ်ကတော်ပေါ့။ တောင်ပြုန်းမှာ အိမ်ပိုင်တောင်ရှိပြီး သူ့ဆီ လာတဲ့ဧည့်သည်တွေကို ပွဲတော်တလျှောက်မှာ ထမင်းရည် ချောင်းစီး ဧည့်ခံနိုင်တဲ့သူ။ နောက်ပြီး သူများနဲ့မတူအောင် နတ်ရုပ်တွေမထားဘဲ ဗောင်းတော် တခုတည်းကို ဘုရားစင်ရှေ့မှာ တင်ထားကိုးကွယ်တဲ့သူ။ ချွေရံသင်းပင်းများသလောက် မာနလည်းကြီးသူ။ ဒါပေမယ့် သူက အသက်တော့ကြီးပြီ။ ၄၀ ကျော် ၅၀ တွင်းပေါ့။ ဆရာမ က ဒေစီဂျိန်းကို သူ့ဘဝဇာတ်ကြောင်း သူ့ဘာသာပြန်ပြောင်းပြောခိုင်းထားတာ တွေ့ရတယ်။ အဲဒီလိုအရေးက ဖတ်ရတာ အတော်လည်းသွက်ပြီး မိန်းမလျှာတွေရဲ့ တကယ့်ဘဝကို မြင်ရတာ ပြုံးမိသလို၊ တခါတခါလည်း ကရုဏာသက်၊ တခါတခါလည်း ဒေါသထွက်မိပါတယ်။
တချို့လည်း စတာ ကြမ်းတယ်။ အို ... ကိုယ်ကတော့ ကြမ်းလေ ကြိုက်လေ။ သူငယ်တွေက မိန်းမရေဆို မောင်ရေဆိုပြီး သဘောတွေကိုခွေ့လို့။ “ဟဲ့ ... မ” ဆိုလို့ကတော့ မအေ၊ နှမ မိုးမွှန်သွားပြီသာ မှတ်တော့။

ဒေစီဂျိန်းတို့ လူငယ်ဘဝက တောင်ပြုန်းမှာ မိန်းမလျှာတွေ ဖမ်းတယ်ဆိုတဲ့ ခေတ်တခေတ်ရှိ လိုက်သေးတယ်တဲ့ ...။ အဲဒါကိုဆရာမက ဒီလို သရုပ်ဖော်ပြပါတယ်။

တခါတည်း ရဲအလစ်မှာ နန်းကြီးပေါ်တက်သွားပြီးကဲတာပေါ့။ ခဏနေတော့ ရဲကမြင်ရော။ မြင်တာနဲ့ ဒေါသတကြီး ကိုယ့်ဆီလာတာ ဖမ်းမလို့။ ဒီလိုဘယ်ရမလဲ။ ဗြတ်ဆို တခါတည်း ထဘီချွတ်ချပြီး ကပျာကယာခေါက်၊ ချိုင်းကြားညှပ်၊ အောက်ကခံလာတဲ့ ပုဆိုးကို ပြင်ဝတ်ခဲ့ပြီး ဘေးက သူငယ်တယောက်ကို ဟဲ့ နင့်တိုက်ပုံမြန်မြန်ချွတ်စမ်း၊ ငါ့ခဏပေး၊ ပြီးတော့လိုက်ယူ ဆိုပြီး တိုက်ပုံထပ်ဝတ်ပြီး ယောက်ျားပုံ လုပ်လိုက်တာပေါ့။ ပြီးတော့ ရှေ့ကနေ ခပ်တည်တည်နဲ့ ဖြတ်ပြီး ထွက်လာခဲ့တာ။ ရဲတွေနဲ့ကိုယ်နဲ့ လိုက်တမ်းပြေးတမ်း ကစားရတာကို ပျော်လို့။

ဒေစီဂျိန်းက တခြား၊ တခြားသော မိန်းမလျှာတွေလိုပဲ နှလုံးသားရှိသူဆိုတော့ တခြားသူတွေ လိုပဲ ဇာတ်လမ်းလေး ရှိပါတယ်။ သူ့ဇာတ်လမ်းက တမျိုး။ ကောင်လေးတယောက်ကို ရွာတရွာကနေ ခေါ်လာတာပါ။ ရိုးရိုးခေါ်လာတာတော့မဟုတ်ဘူး ကောင်လေးရဲ့ အမေဆီမှာ ၅၀၀ ပေးပြီးဝယ်လာသတဲ့။ သူ့ဆီမှာ လက်တိုလက်တောင်း လုပ်ရာကနေ တဖြည်းဖြည်း သူ့ဆီမှာ သူ့လက်သူ့ခြေဖြစ်လာတဲ့ ကောင်လေးရဲ့ ဘဝကိုလည်း ဆရာမက စိတ်ဝင်စားစရာ ဖြစ်အောင် ရေးပြထားတယ်။

ဝယ်မယ် ဝယ်မယ် တသက်လုံးစာ အပိုင်ဝယ်မယ်” ဆိုပြီး အိမ်ပေါ်ပြေးတက်လို့ ပိုက်ဆံ ၅၀၀ ကို ဗြတ်ဆို သူ့အမေကြီးကို ရော့ လို့ ပေးပစ်လိုက်တယ်။ “ခုချိန်ကစပြီး ရှင့်သားကို ကျုပ်ပိုင် သွားပြီနော် ဒါပဲ” လို့လည်း ပြောလိုက်သေးတယ်။ သူ့အမေကြီးက ခေါင်းတညိတ်ညိတ်နဲ့ ပိုက်ဆံ ၅၀၀ ရလို့ မျက်နှာကို ပြုံးနေတာပဲ။ အဲဒီအချိန်ကစပြီး မင်းမင်းကို ဂျိန်းပိုင်ခဲ့တာပေါ့။ မင်းမင်းဟာ ဂျိန်းရဲ့ တောက်တိုမယ်ရ ကူဖော်လောင်ဖက် ကလေး၊ ဂျိန်းနတ်ပွဲကဖို့ ပုဆိုး၊ ထဘီ၊ အင်္ကျီ ပြင်ဆင်ပေးရမယ်။ ပြီးရင် စနစ်တကျ ခေါက်သိမ်းရမယ်။ ဂျိန်းဆံထုံးကို ကူဖြုတ် ပေးရမယ်၊ ပန်းကိုကူဖြုတ်ပေးရမယ်။ ဂျိန်းလက်ဝတ်လက်စားတွေကို မပျောက်မရှအောင် သိမ်းရမယ်။ အရေးကြီးဆုံးအလုပ်က ဂျိန်းနတ်ဝင်နေတုန်း နတ်ကနေတုန်းမှာ ဂျိန်းမျက်နှာ ပေါ်က ချွေးဥလေးတွေကို တယုတယ သုတ်ပေးဖို့ပဲ။

မိန်းမလျှာတို့ထုံးစံအတိုင်း အချိန်တန်တော့ အသည်းကွဲရတယ်ဆိုတာလေးကို ဆရာမက တောင်ပြုန်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ရောစပ်ခြယ်မှုန်းပြထားခဲ့တာကလည်း စိတ်ဝင်စားစရာ ကောင်းလွန်းပါတယ်။ တောင်ပြုန်းမှာက ဒေစီဂျိန်းတို့လို အဆင့်အတန်းမြင့်မြင့် အခြောက်တွေ ရှိသလိုပဲ တကယ့် လမ်းဘေးက ပေါက်ကရ မဟုတ်တာ အကုန်လုပ်တဲ့ ဂျပိုးအခြောက်တွေ လည်း ရှိရဲ့။ ကျမသဘောအကျဆုံး ဇာတ်ကောင်ကတော့ ဒေစီဂျိန်းရဲ့ ငယ်သူငယ်ချင်း ငွေခင်ဆိုတဲ့ မိန်းမလျှာပါ။ သူ့အဆို လေလွင့်မ ပေါ့။

ကနားတဲရှေ့မှာ အရက်ခွက်ကိုင်ပြီးထိုင်နေတဲ့ ငွေခင်ကို တွေ့တွေ့ချင်း ဒေစီဂျိန်းက အော်လိုက်တာနဲ့ ငွေခင်က မိန်းမလျာတို့ရဲ့ နှုတ်ဆက်အဆဲနဲ့ တုန့်ပြန်လိုက်တယ်။ “ဘာကိစ္စ နင်က ငါ့လိုက်ရှာရတာလဲ။ လင်လဲချင်လို့လား” ဒေစီဂျိန်းက တစ်တစ်ခွခွ တလုံးချင်းဆဲလိုက် ပြန်တယ်။ ငွေခင်ကတော့ သူ့မူပိုင် ဟန်အတိုင်း ပုဆိုးလတ်လတ်ပေါ်မှာရှပ်အင်္ကျီ လက်တို ကြောင်ကြောင်ကျားကျား အပြင်ထုတ်ဝတ်လို့ လက်တဖက်က အရက်ခွက်၊ တဖက်က စီးကရက်၊ မျက်နှာလေးကလုံးလုံး၊ နှုတ်ခမ်းပါးနဲ့ မျက်လုံးကလေး ပေကလပ် ပေကလပ်နဲ့ ဒီနေ့ ဘာများရှုပ်ရပါ့မလဲလို့ စဉ်းစားနေတဲ့ပုံ။

ဒေစီဂျိန်းရဲ့ ချစ်သူ မင်းမင်း .. (သူ့အခေါ် မင်းမောင်) ကလည်း ဒီလောကထဲ နေလာတာ ကြာတဲ့အခါ ကျတော့ ပေါက်တတ်ကရ ပေါင်းစုံလုပ်တတ်လာပြီ။ အရက်၊ မိန်းမ ... ဆိုတာတွေ က သူ့အတွက်တော့ ဖောချင်းသောချင်း။ အဲဒီမင်းမင်းနဲ့ တောင်ပြုန်းပွဲရောက်လာတဲ့ သူတောင်းစားမလေး ပန်းညိုတို့ရဲ့ အချစ်ဇာတ်လမ်းကတော့ ဆရာမရဲ့ ဝတ္ထုကို လုံးဝ ဝတ္ထု ဆန်သွားစေတဲ့အချက်ပါ။

နတ်ကတော်လောကမှာ ထွန်းကားလာတဲ့ “တက်ပွဲ” ဆိုတာကို အပြိုင်အဆိုင်ကျင်းပတဲ့ အကြောင်းကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ နန်းကြီးပေါ်မှာ တက်ပွဲကို အပြိုင်ကျင်းပတော့ နတ်ကတော်တွေက များလွန်းလို့ မြို့မှာ ဆေးခန်းပြသလို တုံကင်ယူရ တာ၊ တယောက်ကို ၁၅ မိနစ်ပဲ အချိန်ရတာ၊ ပိုက်ဆံတွေ ဖောချင်းသောချင်း ကျဲကြတာ၊ နတ်ကတော်တွေ အပြိုင်အဆိုင်ဝတ်ကြစားကြတာ၊ တခြား အောက်နန်းတွေမှာ လိုက်ကရင်း မိန်းမယောက်ျားတွေ ဒွေးရောယှက်တင် နေကြ၊ မူးကြ၊ ကဲကြတာတွေကို ဆရာမရဲ့ ထုံးစံအတိုင်း သွက်သွက် ရေးပြထားပါတယ်။

ဆရာမရဲ့ ဝတ္ထုတိုင်းမှာ ဇာတ်ကောင်စရိုက်တွေ များသလို ဒီဝတ္ထုမှာလည်း အဓိက ဇာတ်ကောင် တယောက်ထဲ မဟုတ်ဘဲ ဇာတ်ပို့တိုင်းက စိတ်ဝင်စားဖို့ကောင်း နေပါတယ်။ ဒေစီဂျိန်းရဲ့ ထမင်းချက် အဖုံကြီး (သူလည်း အခြောက်ပဲ)၊ အဖုံကြီးကို ကူဖို့ တောက ခေါ်လာတဲ့ အခြောက်ကလေး၊ မဟုတ်က ဟုတ်က အကုန်လုပ်တဲ့ လှသူဇာမေ ဆိုတဲ့ အခြောက်၊ တောင်းစားနေရတဲ့ ပန်းညိုတို့ မောင်နှမတွေ၊ နောက်တော့ ခါးပိုက်နှိုက် စိုးလွင်...။

“လှသူဇာမေတို့ ကနားတဲဆိုတာ သိလိုက်တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မင်းမင်း ဖြတ်လျှောက်သွား မလို့ပဲ။ ဒါပေမယ့် လှသူဇာမေပါတဲ့။ မျက်စိက လျင်လိုက်တဲ့ ဖြစ်ခြင်း။
“ဟဲ့မင်းမင်း လာပါဦး။ မထိုင်တော့ဘူးလား”
“ဟာ ... မထိုင်တော့ဘူး။ အလုပ်ကလေးတွေ ရှိသေးတယ် မာမီ”
မင်းမင်းငြင်းတော့ မိန်းမတယောက်လို အခုအခံ အဖြည့်အစွက်တွေနဲ့ ပြင်ဆင်ထားတဲ့ လှသူဇာမေက မိန်းမတယောက်လိုပဲ နီရဲတွတ်နှုတ်ခမ်းလေးကို လှလှပပမဲ့တယ်။
“စိမ်းကားလိုက်တာမောင်ရယ်။ ခဏလေးလာပါဦး။ ပြောစရာရှိလို့”

နောက်တော့ ယုန်ထိုးနေ့တဲ့။ အဲဒီနေ့မှာ ယုန်ထိုးရိုးရာ ရွာကလူတွေက ကြိုက်သလောက် ဆဲခွင့်ရှိတယ်ဆိုပဲ။ အဆဲခံရသူတွေက လာဘ်ကောင်းတယ် လို့ ဆိုကြတယ်။ နောက်ပြီး သူဌေးကုန်းဆိုတဲ့ နေရာတခု တောင်ပြုန်းမှာ ရှိခဲ့ဖူးတာကို ဆရာမ က ချယ်မှုန်းပြသေးတယ်။ ဟိုးအရင်က သူဌေးမကြီးတွေ အပျော်လာကြူးတဲ့ နေရာတခု .. အဲလို အပျော်ကြူးရင်း ပါသမျှကုန်လို့ သူဌေးကုန်ဆိုရာကနေ သူဌေးကုန်း ဖြစ်လာတာတဲ့။

ဒေစီဂျိန်းခမျာ မင်းမင်းရဲ့ ခြေလှမ်းတွေကို သိလည်းသိ၊ လက်ပူးလက်ကြပ်ကလည်း မမိသေး၊ လင်ပူမိနေတဲ့ ဘဝ ... တွေ့ရာကောက်ရိုးမျှင်ပဲဖြစ်ဖြစ် သူ့ကိုကူနိုင်မယ်လို့ ယူဆပြီး တောင်ပြုန်းတခွင် ပြဲပြဲစင်အောင် မင်းမင်းအကြောင်း လိုက်စုံစမ်းတာတွေ .. ။ မင်းမင်းကို ချစ်လွန်းလို့ လူရှေ့သူရှေ့မှာ မဏ္ဍပ်တိုင် တက်ပြတာတွေကလည်း ဒီလောကကို သေသေချာချာ ထဲထဲဝင်ဝင် မလေ့လာထားပဲ ရေးလို့မဖြစ်တဲ့ အကြောင်းအရာတွေပါ။ သူတို့လောကရဲ့ အခေါ်အဝေါ်၊ အပြောအဆို၊ လေယူလေသိမ်းတွေ သရုပ်ပါလွန်းလို့ ဖတ်ရင်း ပြုံးမိတယ်။

“ဟဲ့ ဂျိန်းစဘွန်းမ၊ လင်ပျောက်ပြန်ပလား”
ဟော .. ဟို လေလွင့်မရဲ့ မထီတရီ ပေါ့ပျက်ပျက်အသံ။ ကောင်မက သူများ ကနားတဲပေါ်မှာ ပါတိတ်ရှပ်အင်္ကျီတွေ ဘာတွေနဲ့ စီးကရက်ခဲလို့။
“ဟဲ ငွေခင် လာခဲ့စမ်း။ နင့်ကိုငါလိုက်ရှာနေတာ။ နင့်ကို မေးစရာရှိလို့”
ငွေခင်က အေးစက်စက်မျက်နှာနဲ့ ပျင်းမှုပျင်းရာ ထလာတယ်။ ဒေစီဂျိန်းက ဖေ တခွန်း တုတ်လိုက်ပေမယ့် ငွေခင်က နည်းနည်းမှ အိနြေ္ဒမပျက်ဘူး။
“နင့်ဟာလေးအကြောင်း ငါ့လာမမေးနဲ့ လေကုန်တယ်။ နောက်ထပ်လိုချင်ရင်သာပြော။ ငါဝယ်ပေးမယ်။ ဈေးမဆိုးဘူး။ ပိုက်ဆံထားခဲ့။ ငါဝယ်ပေးမယ်”
“တော်ပါပြီအမေရယ်။ အမေသာသုံးဆောင်လိုက်ပါ။ မှီဝဲလိုက်ပါ။ ကဲ ... ငါ့ကိုပြောစမ်း။ မင်းမင်းအကြောင်း နင်ဘာကြားလဲ။ ညကကော မတွေ့မိဘူးလား”

လူတွေရွံရှာတဲ့ဒီဘဝမှာ တကယ့်မိန်းကလေးအစစ်နဲ့ ပြိုင်ပြီး ချစ်သူလုရတဲ့ အခါ အများ အားဖြင့် သဘာဝအတိုင်း ကောင်မလေး အစစ်နောက် ကောက်ကောက်ပါအောင် လိုက်သွားမယ့် ကောင်လေးကို အားပေးမိကြမှာပဲ။ ထူးဆန်းတာက ဆရာမရဲ့ အဖွဲ့အနွဲ့ကြောင့်လား မပြောတတ်ဘူး ကျမစိတ်ထဲ ဒေစီဂျိန်းကို ကရုဏာသက်မိတယ်။ မင်းမင်းကို ပန်းညိုလေးနဲ့ ချစ်သူဖြစ်တာ အပြစ်မဆိုချင်ပေမယ့် ဒေစီဂျိန်းကို ခွဲသွားမယ် ဆိုတာကိုတော့ သဘောမတူမိပြန်ဘူ့း။ နောက်ဆုံး မင်းမင်းတယောက် ပန်းညိုကိုရှာမတွေ့ တော့ဘဲ ဖျားပြီး မူးလဲ ဒေစီဂျိန်းရင်ခွင်ထဲ ပြန်ရောက်သွားတာကိုပဲ ဝမ်းသာနေမိပြန်ရော ..။

ဆရာမရဲ့ ဒီဝတ္ထုထဲမှာ ခါးပိုက်နှိုတ်စိုးလွင်အကြောင်းကို သေချာရေးပြထားတော့ ကျမက နောက်ပိုင်း သူ့အကြောင်း ဆက်လာဦးမယ်လို့ထင်တာ။ အဲဒီတချက်ကလေးပဲ ပြောစရာ ရှိမယ်ထင်ပါတယ်။

ဆရာမက ဒေစီဂျိန်းကို စကားတခွန်း ပေးပြောခိုင်းထားတာ လေးနဲ့ ဒီစာစုကို အဆုံးသတ်ပါရစေ “နတ်ကတော်ဆိုတာ ငရဲအိုး နှုတ်ခမ်း ပတ်ပြေးနေတဲ့သူ” တဲ့လေ။

အမှားပြင်ဆင်ချက်
ဆရာမ နုနုရည်ရဲ့ ဒီဝတ္ထုကို ကျမက အမျိုးသားစာပေဆု ရခဲ့တယ်ထင်ပြီး အဲလိုထည့်ရေးမိလိုက်ပါတယ်။ ကျမရဲ့ သုတေသနပျင်းမှုသက်သက်ပါ။ အဲဒါကို အောင်ဖြိုးလေးက ခုလိုထောက်ပြခဲ့ပါတယ်။ အောင်ဖြိုးလေးကို အထူးကျေးဇူးတင်ပါတယ်။

အမရေ ...အညွှန်းလေးအတွက်ကျေးဇူး ...ဒါထက် ကျတော်သိရသလောက်တော့ သည်စာအုပ်ဟာ အမျိုးသားစာပေဆု မရခဲ့ဘူးထင်တယ် ၊ South Asian စာပေဆုတော့ Nomination ရခဲ့တယ် ။ အင်္ဂလိပ်ဘာသာ ပြန်မှာညွှန်းထားတာတော့ မြန်မာနိုင်ငံတွင်းမှာပဲ ၁၂ နှစ်ကြာ စိစစ်ရေးကထွက်ခွင့် မပေးဘူးလို့ဆိုထားတယ် ။ 1994 ကတည်းက အားမာန်သစ်က ထွက်ခဲ့ပေမယ့် နောက်တော့မှ ရွှေအမြုတေ မှာ အခန်းဆက်ပြန်ပါတာ ။သိရသလောက်တော့ ဆရာမဟာ "မြစိမ်းပြာ ...." တစ်အုပ်ပဲစာပေဆုရတာ ထင်တာပဲ ။ အဲ ... ရသင့်တဲ့ စာအုပ်တွေတော့ အများကြီးပေါ့ .. လေ ။

အဲဒါနဲ့ ပဲ ဆရာမနုနုရည်နဲ့ ပတ်သက်တဲ့ အချက်အလက် အနည်းငယ်ကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။
လိင်တူချစ်သူ နတ်ကတော်နှင့် မြန်မာလူငယ်တဦးအကြား ချစ်ကြိုးသွယ် ဆက်နွယ်ပုံကို ဖေါ်ကြူးထားသော သူ ၏ ၀ထ္ထုစာအုပ်က ၂၀၀၇ ခုနှစ် အာရှစာပေဆု ရရှိခဲ့သည်။ ထို့အပြင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကာ Hyperion အမည်ဖြင့် ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ စာရေးဆရာမ နုနုရည်ကို ၁၉၅၇ ခုနှစ်တွင် မန္တလေးမြို့အနီး အင်းဝကျေးရွာတွင် ဖွားမြင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် စာပေလော က အတွင်းသို့ သူ စတင်ချင်းနင်း ဝင်ရောက်လာသည့်အချိန်မှစ၍ ၀တ္ထုရှည်ပေါင်း ၁၅ အုပ်၊ ၀တ္ထုတိုပေါင်း ၁၀၀ ကျော်နှင့် နာမည်ကြီး မြန်မာမဂ္ဂဇင်းများတွင် ဆောင်းပါး မြောက်များစွာ ရေးသားခဲ့သည်။ ဆရာမနုနုရည်၏ ရေး သားမှုများသည် မြန်မာနိုင်ငံ ကျေးလက်နေ ဆင်းရဲသားများအကြားရှိ ဘ၀များနှင့် လူ့အဖွဲ့အစည်းများမှ အပယ်ခံထားရသူများ၏ အကြောင်းများကို တင်ပြထားချက်များ ဖြစ်ကြသည်။


ဝတ္ထုတို ၂၀

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျမ ဒီဝတ္ထုတိုလေးကိုရေးပြီး စာဆိုတော်နေ့ မြို့နယ်စာပေပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါ တယ်။ အဲဒီပြိုင်ပွဲမှာ ဒီဝတ္ထုလေးက ပထမဆုရခဲ့တယ်။ အဲဒီဝတ္ထုလေးကြောင့် ကျမ ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲ တခုဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ငယ်သေးတာဆိုတော့ ခံစားချက်တွေကို ဖုံးမရ ဖိမရနဲ့ စိတ်ထဲ ရှိနေတဲ့အတိုင်း လွတ်လွတ်လပ်လပ် ရေးခဲ့တာကြောင့် တစုံတယောက်ရဲ့ရင်ကို တည့်တည့် မှန်သွားပုံရတယ်။ အဲဒီတစုံတယောက်နဲ့ ကျမတို့ ဒီဝတ္ထုလေးကို အကြောင်းပြုပြီး လုံးဝပြန်မဆုံနိုင်တော့တဲ့ လမ်းနှစ်လမ်းကို သီးခြားစီ လျှောက်ခဲ့ကြရပါတယ် (အဲဒီအတွက် ကျမ ကျေနပ်တယ်) ကျမဘဝမှာ ဖယ်ထုတ် ထားချင်တဲ့ ၅ နှစ်တာကာလတခုရှိခဲ့ပါတယ်။ အဲဒီ ၅ နှစ်ကို ဖြစ်နိုင်ရင် တွေးလည်း မတွေးချင်ဘူး ..။ ရှိခဲ့ဖူးတယ်ဆိုတာလည်း မေ့ချင်တယ်။ ဒါပေမယ့် အဲဒီ ၅ နှစ်ထဲမှာပဲ .. ကျမလုံးဝ မေ့လို့မဖြစ်တဲ့ သူငယ်ချင်း တွေ .. ကာလတွေ ... အမှတ်တရ အဖြစ်အပျက်တွေ ရောထွေး နေခဲ့ပြန်ရော။ တကယ်တော့ ဘဝဆိုတာ ပန်းသီးတလုံးလို နာနေတဲ့နေရာကို လှီးထုတ်ပစ်လို့မရဘူးဆိုတာ ကျမ တော်တော်လေး သဘော ပေါက်လာပါပြီ။ ဒါကြောင့်လည်း မေ့ထားခဲ့တဲ့ ဒီဝတ္ထုလေးကို ကျမ ပြန်ဖော်ထုတ် လိုက်တာပါ။ အစကို ပြန်ဆွဲထုတ်လိုက်တဲ့သဘောပေါ့။ ထုံးစံအတိုင်း အကြောင်းအရာတူပေမယ့် အရေးအသား ကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်ကလောက် မရိုးသားနိုင်တော့ တာ ဝန်ခံပါတယ်။ သည်းခံပြီး ဖတ်ပေးကြပါဦးနော် ... ။

စွန်ကလေး .. ရစ်ဘီးလေး နဲ့ သူတို့ရဲ့ပိုင်ရှင်

စွန်ကလေး

ဒီအချိန်မှာ ဟောဒီအပြာရောင်ကောင်းကင်ကြီး တခုလုံးကို ကျမပိုင်တယ်။ ဝေ့ဝှိုက်တိုက်ခတ်နေတဲ့ ဆောင်း လေကြောင့် နိမ့်ဆင်းသွားလိုက်၊ တဟုန်ထိုး အရှိန်နဲ့ မြင့်တက်သွားလိုက်၊ တခါ တခါ လေနဲ့အတူ အလိုက်သင့် လေး မျောပါသွားလိုက် ...။

တိမ်ဆိုလို့ မြူမှုန်လေး တမှုန်စာတောင် မရှိတဲ့ ခုလို ဆောင်းတွင်းရဲ့ ခပ်စောစော ညနေခင်းတွေကို ကျမသိပ်ချစ် တာ။ ဘာလို့လည်းဆိုတော့ ခုလိုချိန်မျိုးကျခါမှ ကျမက ဒီကောင်းကင်ကြီးထဲ လွှင့်ချင်တိုင်း လွှင့်ခွင့်ရတာကိုး။ တချို့က ကျမကို လေတံခွန်တဲ့ ... ဒါပေမယ့် ကျမကတော့ စွန်ဆိုတဲ့ နာမည်ကိုပဲ ကြိုက်တယ်။ ဘာကြောင့်လည်း ဆိုတော့ စွန်ဆိုတာက ငှက်လေ .. အသက်ရှိတဲ့သဘော။

ကောင်းကင်ကြီးထဲများ လွင့်နေပြီလားဆိုရင် ကိုယ့်ဘဝကိုယ် မေ့ပစ်လိုက်ချင်တယ်။ ကျမဟာ ငှက်တကောင်လို တောင်ပံတွေမပါပေမယ့် ငှက်တကောင်လို့ ပျံသန်းနိုင်တယ်လေ။ ပြီးတော့ ဟောဒီ ကောင်းကင်ကြီး ထဲကနေ လောကကြီးကို အပေါ်စီးနဲ့ ကြည့်နိုင်တယ် မဟုတ်လား။ ပြာလွင်နေတဲ့ ကောင်းကင်ကြီးထဲ .. လွင့်ချင်ရာ လွင့်နေတဲ့ အဝါရောင် စွန်တကောင်ပေါ့။

လွင့်ချင်ရာလွင့်ဆိုတဲ့ စကားကို ကျမသုံးမိသွားပြီ ...။ လွင့်ချင်ရာလွင့် ...။ ဟုတ်ပါ့မလား။ လေဟုန်ကိုစီးရင်း စိတ်ကြိုက်မျောလွင့်နေချိန်မျိုးမှာ ကျမနားက ငှက်တကောင်တလေ ဖြတ်ပျံသွားတဲ့အချိန်မျိုးဆို ကျမရဲ့ အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော ..။ အဲဒီအချိန်မှာ ကျမရဲ့ ကျောဘက်က တုန့်ခနဲ ဆွဲတင်းလိုက်တဲ့ ခံစားမှုပါ တပြိုင်ထဲရလိုက်တယ်ဆိုရင် ကျမရဲ့ဘဝကြီးကိုပါ စိတ်နာမိတော့တယ်။

ကောင်လေးက ကျမကိုသိပ်ချစ်တာ သိပါတယ်။ သူက ကျမကိုချစ်လွန်းလို့ အလှကြည့်ထားတာ။ တခြား ကျမလို ဘဝတူစွန်တွေနဲ့ ဝေးရာမှာ သီးသန့်လာလွှတ်တာသာကြည့်။ ဒါပေမယ့် ကျမဘဝကို ကျမစိတ်နာတာတော့ မတတ်နိုင်ဘူး။ ကျမကို နှောင်တည်းထားတဲ့ ဟောဒီကြိုးကြီးကို မုန်းတယ်။ ပြီးတော့ ကျမကို အလျှော့အတင်း လုပ်ချင်တိုင်းလုပ်နေတဲ့ ရစ်ဘီးလေး .. ။ အင်း သူ့ကိုတော့ မမုန်းပေမယ့် ... မချစ်နိုင်တော့တာ အမှန်ပဲ။

ကျမ မှာ လက်တွေသာရှိမယ်ဆိုရင် ကျမနောက်ကျောက ကြိုးတွေကို ဖြတ်ပြီး လွင့်ချင်ရာလွင့်စမ်း ဆိုပြီး လွှင့် ပစ်လိုက်ချင်တယ်။ ကျမ သိပါတယ်။ ဒီကြိုးမရှိတော့ရင် ကျမသေမယ်ဆိုတာ။ ဇောက်ထိုးမိုးမျှော် ကျချင်တိုင်း ကျမယ် ဆိုတာလည်း သိတယ်။ ဒါပေမယ့် ပြုတ်မကျခင် ... လေနဲ့အတူ နှောင်ကြိုးကင်းကင်း လွင့်ဝဲသွားမယ့် အရသာကို ကျမ လိုချင်တာ။ ဘယ်တော့များမှ လွတ်လပ်တဲ့ ဘဝကို ရပါ့မလဲ။ သိပ်သိချင်တာပဲ။

ကျမ ဒီလိုအမြင့်ကိုတက်နိုင်ဖို့ ရစ်ဘီးလေးက လုပ်ပေးတာဆိုတာလည်း မသိတာမဟုတ်ပါဘူး။ ဒီကြိုးကြီးကို မုန်းပေမယ့် ရစ်ဘီးလေးကို ကျမ မမုန်းပါဘူး။ ဒါပေမယ့် ရစ်ဘီးလေးရယ် ... ငါ့ကို အဆုံးစွန် ဖြေလျှော့ပြီး လွှတ်ပေးလိုက်ပါတော့ ... လို့ စိတ်ထဲကနေ တောင်းပန်ပြီး ရုန်းတိုင်း ရစ်ဘီးလေးက ပြန်ပြန်ဆွဲတယ်။ ကျမ လွတ်ထွက်သွားတော့မယ်ဆိုတာ သိနေတဲ့အတိုင်းပဲ။ ပြီးရင်တော့ ကျမတို့ရဲ့သခင် ကောင်လေးက ကျမကို အသာလေး ပြန်ရစ်ယူပြီး အဲဒီရစ်ဘီးလေးနဲ့တွဲလို့ အိမ်ကိုပြန်သယ်သွားတော့တာပဲ။

အိမ်ရောက်ရင်တော့ စတိုခန်းထဲမှာ ကျမတို့ ၂ ယောက်ကို ဒီတိုင်းထားခဲ့တော့မယ်။ မှောင်မိုက်အေးစက်နေတဲ့ အဲဒီအခန်းကျဉ်းကျဉ်းလေးကို သိပ်မုန်းတယ်။ ကျမရဲ့ကမ္ဘာဟာ ဟောဟိုက ပြာလွင်နေတဲ့ ကောင်းကင်ကြီးပဲ ဖြစ်သင့်တယ်မဟုတ်လား။ ကျမ .. လွတ်လွတ်လပ်လပ် နေပါရစေတော့ ရစ်ဘီးလေးရယ်။ ကျမကို လွတ်လပ်ခွင့် ပေးလိုက်ပါတော့။

ရစ်ဘီးလေး

စွန်ကလေးကို ကျုပ် ဘယ်လောက်တောင် ချစ်လိုက်သလဲဆိုရင် ... သူ မြင့်ချင်တိုင်းမြင့်ဖို့ ကျုပ်ဘဝကို လည်ပတ် ပေးနေတာသာကြည့်။ သူ ဟိုး ကောင်းကင် အမြင့်ကြီးထဲမှာ ပျော်ပျော်ကြီး လွင့်နေတဲ့အချိန်မျိုးဆို ကျုပ်မှာ ရင် တထိတ်ထိတ်နဲ့ပေါ့။ တခါတလေ ကောင်လေးက သူ့ကို ဟိုး ခပ်မြင့်မြင့် တနေရာမှာ လွင့်ဝဲနေစေပြီး ကျုပ်ကို သူ့ ဘေးက မျက်ခင်းပြင်ပေါ်မှာ ဒီတိုင်းချထားလိုက်သေးတယ်။ အဲလို အထိန်းအကွပ် မရှိတဲ့အချိန်မျိုးမှာ အန္တရာယ်တခုခုများ တွေ့မလား ဆိုပြီး ကျုပ်ရဲ့ မျက်စိတွေကို အစွမ်းကုန်ဖွင့်လို့ စောင့်ကြည့်နေခဲ့ရတာ။

စွန်ကလေး ပျော်နေတာတွေ့ရင် ကျုပ်လည်း ပျော်တာပါပဲ။ စွန်ကလေးက ကောင်းကင်ထဲမှာ သိပ်ကို ပျော်ရွှင် တတ်သလောက် ကျုပ်နားရောက်လာပြီဆိုရင် မျက်နှာက မကောင်းတော့ဘူး။ အဲလိုအခါမျိုးမှာ ကျုပ် သိပ်ဝမ်းနည်းရပါတယ်။ တခါတခါ ကျုပ်ကို ဘေးမှာထားပြီး ဟိုးကောင်ကင်ကြီးကို မော့ကြည့်ရင်း ကောင်လေး လက်ထဲမှာ ဒရွတ်ဆွဲလိုက်ပါလာတဲ့ စွန်ကလေးကိုကြည့်ရင်း ကျုပ် ငိုတောင် ငိုချင်မိတယ်။

စွန်လေးက သူ့နောက်ကျောက သူ့ကို တုန့်ဆွဲနေတဲ့ ကြိုးကို မုန်းတယ် ဆိုတာ ကျုပ်သိပါတယ်။ တခါတခါမှာ အဲဒီကြိုးကို သူဖြတ်ဖို့ ကြိုးစားတယ်ဆိုတာလည်း ကျုပ်ခံစားရတယ်။ ဘယ်ဖြစ်မလဲဗျာ။ စွန်ကလေး စိတ်ချမ်းသာအောင် ကျုပ်က သူ့အလိုလိုက်လိုက်ပါပြီတဲ့ ...။ သူက သက်ရှိမှ မဟုတ်ဘဲ။ သူ့ကိုယ်သူလည်း မထိန်း နိုင်ဘူးလေ ..။ ခဏတော့ သူပျော်ရမှာပေါ့ ..။ လေထဲမှာ လွင့်ဝဲနေတဲ့ အရသာ ..။ လွတ်လပ်မှုရဲ့ အရသာကို သူ မိနစ်နည်းနည်းလောက် ခံစားပြီးရင် အောက်ကို ဇောက်ထိုးမိုးမျှော် ကျချင်တိုင်း ကျလာတော့မှာ။

အောက်မှာ ဆူးညောင့်တွေ အများကြီး။ သူ့ခန္တာကိုယ် ပါးပါးလေး စုတ်ပြတ်သတ်သွားမှာ ..။ ပြီးရင် သူ့ဘဝ အဆုံးသတ်သွားတော့မှာ။ တွေးကြည့်တာနဲ့တင် ရင်ထိတ်မိပါရဲ့။ ဟင့်အင်း အဲလို ဘယ်တော့မှ မဖြစ်စေရဘူး။ ကျုပ်ခေါင်းတွေ မူးနောက်သွားပါစေ။ ကျုပ်ရဲ့ ခန္တာကိုယ်ကို ဘယ်နှပတ်ပဲဖြစ်ဖြစ် လည်ပတ်သွားပါစေ ... စွန်ကလေး ဒုက္ခမရောက်ဖို့ အရေးကြီးတယ်။

ပြီးတော့ ကောင်လေး ...။ ကောင်လေးက ကျုပ်တို့ ၂ ယောက်လုံးကို သိပ်သံယောဇဉ် ရှိတာလေ။ ကျုပ်တို့နဲ့ အတူတူ နေချိန်ဆို သူသိပ်ပျော်တာ။ စွန်ကလေးကိုလည်း သူက သိပ်မြတ်နိုးတာ။ အဲဒါကြောင့် တခြားသူတွေ စွန်လွှတ်တဲ့ နေရာနဲ့ အဝေးကြီးမှာ လာလွှတ်တာသာကြည့်။ တခြားကြိုးတွေနဲ့ ငြိပြီး စွန်ကလေး ပြတ်သွားမှာ စိုးလို့တဲ့။

ကျုပ်က သူ့ကိုချစ်လွန်းလို့ ကျုပ်နားမှာ သူ့ကိုရှိစေချင်လို့ ဆိုတာထက် သူ့ဆီကို ကျရောက်လာမယ့် အန္တရာယ်တွေအတွက် စိုးရိမ်လို့ပါ။ ဒါပေမယ့် ညနေစောင်းလို့ အမှောင်နည်းနည်း သမ်းလာတဲ့အချိန် .. အိမ်ပြန်ချိန်တိုင်း ကျုပ် ဝမ်းနည်းရတာပါပဲ။ သူ ကျုပ်အနားမှာ မပျော်ဘူးလေ။ တခါတခါများဆို ဖြစ်ချင်ရာဖြစ် ဆိုပြီး လွှတ်ပေးလိုက်ချင်တယ်။ ဒါပေမယ့် သူတွေ့ကြုံရမယ့် အန္တရာယ်တွေက နည်းတာမဟုတ်ဘူးဗျ။ သူ့အတွက် ကျနော်တို့ မရှိလို့ကို မဖြစ်ဘူး ...။

သူတို့ရဲ့ပိုင်ရှင်

အဝါရောင်စွန်ကလေးရယ် ... အညိုရောင် ရစ်ဘီးလေးရယ်က ကျနော့်ဘဝပဲ။ ကျနော်က စွန်လွှတ်ရတာကို သိပ် ကြိုက်တာ။ ကြိုက်တယ်ဆိုတာ စွန်လွှတ်ရုံသက်သက်ပါ....။ စွန်တွေ လိုက်ဖြတ်နေတာကိုတော့ မုန်းတယ်။ ကျနော့် စွန်ကလေး အဖြတ်ခံရမှာကိုလည်း သိပ်ကြောက်တာပဲ။ ဒီစွန်ကလေးနဲ့ ရစ်ဘီးလေးကို ကျနော့်ဖေဖေက ကျနော့်မွေးနေ့အတွက် ဝယ်ပေးထားတာလေ။

စွန်ကလေးက သိပ်လှတာ။ တခြား အပေါစား စွန်တွေလို မဟုတ်ဘူး။ အရွယ်လည်း ကြီးတယ်။ ပန်းပွားတွေနဲ့ .. အလှလွှတ်တဲ့စွန်လေးပေါ့။ ကောင်းကင်ပြာပြာကြီးထဲမှာ စွန်ဝါဝါလေးလွင့်နေတာ ကြည့် ရရင် ကျနော် သိပ်ပျော်တာ။ ဒါကြောင့် ညနေတိုင်း ဒီစွန်လေးနဲ့ ရစ်ဘီးလေးကိုယူပြီး ဒီကွင်းပြင်ကြီးထဲမှာ ကျနော် စွန်လာ လွှတ်တယ်။

စွန်ကလေးကို တခြားကောင်တွေ ဖြတ်မှာစိုးလို့ ဘယ်သူမှ မရှိတဲ့နေရာမှာလာလွှတ်တာ။ ပြီးတော့ ဓာတ်ကြိုး တွေ၊ သစ်ပင်တွေနဲ့လည်း မငြိစေရဘူး။ စွန်ကလေးကို စိတ်ကြိုက်လွှတ်ပြီး ပြန်သိမ်းပြီးတဲ့အချိန် .. စွန်ကလေးနဲ့ ရစ်ဘီးလေး တူတူရှိနေချိန်ကတော့ ကျနော့်အတွက် ပီတိဖြစ်ရတဲ့အချိန်ပဲ။ သိပ်ကို စိတ်ချမ်းသာတဲ့ အချိန်လို့ပြောလည်းရတယ်။ သူတို့ကို တွဲရက်ကလေးထားပြီး တစိမ့်စိမ့်ကြည့်နေရတာကိုက ကျေနပ်စရာ။ ကျနော့်စိတ်ထဲမှာ ဒီစွန်ကလေးနဲ့ ဒီရစ်ဘီးလေးက သိပ်လိုက်ဖက်တယ်လို့ ထင်မိတယ်။

ဒါကြောင့်စွန်ကလေးနဲ့ ရစ်ဘီးလေးကို ဘယ်တော့မှ မကွဲမကွာစေရဘူး။ သူတို့ ၂ ခုကို အမြဲတူတူ ရှိနေစေရမယ်။ ကျနော် သိပ်ချစ်တဲ့ ဒီပစ္စည်းလေး ၂ ခုကို ကျနော် တသက်လုံး တမြတ်တနိုးသိမ်းထားမှာ။ ။





tag 8

အကြိုက်ဆုံး ကဗျာ

ကဗျာလေးတွေအကြောင်း စဉ်းစားလိုက်တာနဲ့ ရင်ခုန်တယ်။ ကျမက ကဗျာလေးတွေကို ရေးဖို့ထက် ဖတ်ဖို့ကို ကြိုက်တာ။ ခု ကိုဂျူလိုင်က အကြိုက်ဆုံး ကဗျာလို့ တက်ဂ်ထားတော့ အတော်ပဲ … ပြောချင်လျှက် လက်တို့ ဆိုသလိုပေါ့။ ကဗျာလေးတွေကို မူကြိုကျောင်းသူ ဘဝကတည်းက ရင်းနှီးခဲ့တာပါ။ ဆရာကြီးမင်းသုဝဏ်ရဲ့ ဆွမ်းအုပ်နီနီ တို့ ဝါဆိုဝါခေါင်တို့ဆို ကျမ အကြိုက်ဆုံး ထိပ်ဆုံးထဲမှာပါပါတယ်။ နောက် တကျော့နှစ်ကျော့ တေးကိုသီ ကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အဲဒီကဗျာလေးတွေအကြောင်း ရေးတဲ့သူက ရေးသွားပြီ။ နောက်ပြီး ၁၀ တန်းသင်ရိုးဟောင်းထဲမှာပါတဲ့ ပျဉ်းမငုတ်တိုတို့၊ သူ့မှာတမ်းတို့လည်း ကြိုက်တာပဲ .. အဲဒါတွေလည်း သူများ ဦးသွားပြန်ပြီ။ နောက် မိုးရေးတက်ရေ တဖွေးဖွေး စတဲ့ လယ်စောင့်တဲလေး ကဗျာက နန်းညီဦးသွားပြီ :)။ ကျမတို့ ကိုးတန်း၊ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ ကဗျာတွေလည်း ကြိုက်တယ်။ “သုစိပုဘာ ဝိလိသိဒါ (ဓာ လား ဒါ လား မမှတ်မိတော့ပြန်ပါ) အက္ခရာစွဲသုံး ဤ ၈ လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့” အစချီတဲ့ ကဗျာလေး၊ နောက် သိုးကလေ အစချီတဲ့ ရွှေနှင့်ယိုးမှား ပန်းစကား။ နောက်ပြီး စစ်မှာတမူ အဲဒီကဗျာလေးတွေဆို ရွတ်နေရတာကိုက အဓိပ္ပာယ်ရှိသလိုပဲ။ သို့သော် တလုံးမေ့ နှစ်လုံးမေ့ မေ့နေပြန်ရော။ ခေတ်ပေါ် ကဗျာတွေ ကလည်း ကြိုက်ပေမယ့် ကျမအလွတ်မရပြန် ... ။ စာအုပ်ထဲက ကူးရေးတာမျိုးလည်း မလုပ်ချင်ပြန်ဘူး။ ဆရာချောရဲ့ “သစ္စာပန်းများနဲ့ မေလ” ကို ခိုက်တယ်။ ဒါပေမယ့် ဆိုခဲ့သလို အလွတ်မရပါပေါ့လေ။ ခုတလော စိုင်းဝင်းမြင့်ရဲ့ ကဗျာပေါင်းချုပ်ကို မျက်စိတွေ့နေတယ်။ ဒါပေမယ့် ကိုတောကျောင်းက အများကြီး ရေးပြထား ပြီးပြီ။ ကဗျာလေးတွေကို ကိုယ်တိုင် ဖွဲ့သီဖို့ အလှမ်းဝေး သလောက် ဖတ်ရတာတော့ မညည်းမငြူကို ကြိုက်ပါတယ်။ ဝေဖန်နိုင်တဲ့ အင်အားတော့ လုံးဝမရှိဘူး။ ကျမက ကြိုက်ရင် ကြိုက်တယ်ပဲ။ အခေါက်ခေါက် ဖတ်လိုက်တယ်။ ဒါလောက်ပဲ။ ဘလော့ဂါထဲမှာ ကာရန်တွေချိတ်ဆက် ရေးတတ်တဲ့ ကောင်းကင်ကိုရဲ့ ကဗျာတွေကြိုက်တယ်။ ကဲ ကြိုက်တာတွေက များနေပြီ။ တပုဒ်မှလည်း အလွတ် မရဘူးဆို မကောင်းဘူးနော်။ ဘယ်ဟုတ်ပါ့မလဲ ကျမအရမ်းလည်း ကြိုက်ပြီး အလွတ်လည်းရတဲ့ ကဗျာလေးတွေ ရှိတယ်။ အဲဒါကတော့ ကျမအရမ်းကို အားကျလေးစားရတဲ့ ဆရာမင်းလူရဲ့ ကဗျာလေးတွေပါ။ သူ့ရဲ့ “ရင်ခုန်သူများ” ဆိုတဲ့ ဝတ္ထုလုံးချင်းဆိုရင် ဖတ်ဖူးသူတွေ သိမှာပါ တအုပ်လုံး ကဗျာတွေ ချည့်ပြည့်လို့။ အဲ့စာအုပ်ထဲက ကဗျာလေးပါပဲ။

စားကောင်းသောက်ဖွယ်များ
စားရသောအခါဝယ်
ချစ်သူကိုသတိရ တမ်းတမိတယ်
ခုများတော့ကွယ် မုန်းလို့ရယ်ဟုတ်ဘူး
စားကောင်းသောက်ဖွယ်ဆိုတာ
ဘယ်လိုဟာ မသိတာကြောင့်
မင်းကို မေ့နေရပါကြောင်း
တောင်းပန်စိတ်ကူး …။ ။

ဆိုရှယ်လစ်ခေတ်က တကယ့်ဘဝနဲ့ နီးစပ်တဲ့ ကဗျာလေးပေါ့လေ။ ကဗျာခေါင်းစဉ် မေ့နေပြန်ပြီ။ သတိရသူများရှိရင် အစဖော်ပေးပါဦးနော် :) ကျေးဇူးတင်ပါတယ်။

စိတ်ကူးတည့်ရာ ၃

ငပေါများဂေဟာအတွက် အတည်ပေါက်ပို့စ်

ကျမရင်ထဲက လှိုက်လှိုက်လှဲလှဲ ရေးချင်မိတာနဲ့ ဒီပို့စ်လေးကိုရေးမိတာပါ။ အစကတော့ ဘာရယ်မဟုတ်ဘဲ အပျော်ပေါ့ ဆိုပြီး စခဲ့မိတဲ့ဇာတ်လမ်းလေးတခုပေါ့။

ပြောရရင် ဟိုး ကနဦးကို အစချီရမယ်ထင်ပါရဲ့။ ဘလော့ဂါထဲမှာ လုံးဝမသိဘဲ စခင်သွားတဲ့ .. ကျမက ဖိုးတေလို့ ခေါ်တဲ့ မောင်လေးတယောက်ရှိတယ်။ သူက ရော့ကာဆိုတော့ သူ့ဘလော့မှာ ရော့ခ် သီချင်းနဲ့ ပတ်သက်တာတွေ၊ တပ်ပ် တွေပဲရေးပါတယ်။ ကျမက ရော့ခ်သီချင်းတွေ စိတ်ဝင်စားတဲ့သူဖြစ်တော့ သီချင်းတွေ နောက်လိုက်ရင်း ဝါသနာတူ အဲဒီမောင်လေးနဲ့ ခင်သွားတာပါ။ နောက်တော့ မိဘဝေး၊ မောင်နှမဝေးနေသူချင်း တော်တော်လေး ရင်းနှီးသွားပါတယ်။ သူ့ကောင်မလေး အကြောင်းတွေကစလို့ ကျမနဲ့သူ ခေါင်းစဉ်ပေါင်းများစွာ ပြောဖြစ်ခဲ့တယ်။ နောက်တော့ သူကြည့်မရတဲ့ ကျမရဲ့ ဘလော့လေးကိုလည်း အချိန်ကုန်ခံပြီး ပြင်ပေးခဲ့ပါတယ်။ သူ့ဘလော့မှာ သီချင်းတွေကို ခံစားပြထားတာ ကျမက သဘောကျမိတော့ အဲဒါတွေက သူ့သူငယ်ချင်း တယောက် ရေးပေးတာလို့ ဆိုပါတယ်။

သူက မိတ် ဆက်ပေးတာနဲ့ အဲဒီသူ့သူငယ်ချင်းဆိုသူနဲ့ ခင်ခွင့်ရခဲ့တယ်။ အဲဒါကတော့ ခုချိန်မှာ ကျမနဲ့ တော်တော်လေး ရင်းနှီးပြီး ကျမကိုလည်း အစ်မကြီးတယောက်လို သဘောထားခင်မင်တဲ့ မောင်လေး အန်ဒီခေါ် ဖိုးအောင်ပါ။ ကျမက သူ့ဘလော့ကစာတွေကို သဘောကျမိတယ်။ ကွန်ပျူတာ တက္ကသိုလ်တက်တုန်းက ဖြစ်ခဲ့တာတွေကို ပေါ့ပေါ့ပါးပါးလေးတွေ ရေးပြထားတာ (ဖိုးတေစကားနဲ့ပြောရရင်) သူတို့ရဲ့အကြိုက် သွေတာဆော်ကြီး စတိုင်ပေါ့။ စာဖတ်တာချင်း၊ ရုပ်ရှင်ကြိုက်တာ၊ သီချင်းတွေ ကြိုက်တာချင်းတူတဲ့ အဲဒီဖိုးအောင်နဲ့ ကျမတို့ တကယ့်မောင်နှမရင်းတွေလို ခင်သွားကြပါတယ်။

နောက်တော့ ဖိုးအောင်ရဲ့ဘလော့မှာလာလာအော်တဲ့ သူတယောက်ကို စိတ်ဝင်စားမိရင်း သူ့ဘလော့ကို သွားလည်မိပြန်ရော။ ဖိုးအောင်ကို ပေါက်ကရတွေလာလာအော်နေတဲ့ နန်းညီ ဆိုတဲ့တယောက်ပေါ့။ အဲဒီဘလော့လေး ရောက်တော့ “မနန်းညီပါ ကိုနန်းညီမဟုတ်ပါဘူး .. ငွေမက်ပါတယ်” အစချီတဲ့ သူ့ အကြောင်း ရေးထားပုံလေးကို သဘောကျမိပြီး သူ့ဘလော့ကို မွှေနှောက်ကြည့်မိတော့ သူက ယဉ်ကျေးမှုတက္ကသိုလ်က ဆင်းတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီမှာ ကျမသူ့ကို ပိုစိတ်ဝင်စားသွားတယ်။ လတ်စသတ်တော့ သူက သူ့ရဲ့စီနီယာ ကျမမောင်တွေ အုပ်စုကို သိရုံမကဘူး .. သူ့အဖေက ကျမ မောင်တွေရဲ့ ပန်းချီဌာနမှူးဖြစ်နေခဲ့တာကိုး။

ဖိုးအောင်ရဲ့ မိတ်ဆက်ပေးမှုနဲ့ နန်းညီနဲ့ပါခင်သွားပြီး နောက်ပိုင်းမှာ ကျမတို့တွေ မောင်နှမတွေ ဖြစ်သမျှတွေ တိုင်ပင်ကြ၊ ဂျီတော့ချက်တင်မှာ အားရင်သီချင်းတွေဆိုကြ၊ ပေါက်ကရတွေ ပြောကြနဲ့ အလုပ်ပင်ပမ်းချိန်မှာ တော်တော်လေး စိတ်အမောပြေရပါတယ်။

နန်းညီကလည်း စာတော်တော်ဖတ်၊ ရုပ်ရှင်တော်တော်ကြည့်တဲ့ ကောင်မလေးဆိုတော့ ကျမနဲ့ တော်တော်လေး လေပေးဖြောင့်ပါတယ်။ ဖိုးအောင်နဲ့သူနဲ့က ခင်တာမကြာသေးပေမယ့် တကယ့်ငယ်သူငယ်ချင်းတွေလိုပဲ အပြင်မှာပါ ဆုံကြ၊ လက်ဘက်ရည်ဆိုင်ထိုင်ကြတယ်တဲ့။

တရက်မှာတော့ ကျမရုံးမှာ ပင်ပမ်းလွန်းလို့ ဘာမှမလုပ်ချင်ဘဲ ငုတ်တုတ်ခဏ ထိုင်နေမိတုန်း ဖိုးအောင် ရောက်ချလာပါတယ် (ဂျီတော့ကနေပြောပါတယ်)။ ထုံးစံအတိုင်း “ဂါးးးးးးးးးးးးးးးးး” လို့အော်ပြီး ဝင်လာတာ။
ပြီးတော့ ...

“အစ်မ ကျနော်ရယ် ညီရယ် ရူးပေါဂိုဏ်းဖွဲ့ကြမလို့ ပါမလား”
“ဟေ .. စိတ်ဝင်စားတယ်။ ဒါပေမယ့် ဥက္ကဌလုပ်ရမှပါမယ် ငှင်းငှင်း”
“ဟာ အဲဒါတော့ မရတော့ဘူး၊ ဥက္ကဌရာထူးကို ကျနော်ယူလိုက်ပြီဗျ ငှဲငှဲ”
“သြော် ဂလိုလား .. ဒါဆိုရင်တော့ နာယကလောက်ရလည်း ဖြစ်ပါတယ်”
“အဲဒါတော့ရသဗျ”

အဲလိုအပြန်အလှန်ပြောပြီးသည်အထိ ကျမစိတ်ထဲ ဘာမှမရှိဘူး။ သူတို့ ၂ ကောင်က ဂလိုပဲ ပေါတောတော လာလုပ်နေကျကိုး။ ဖိုးအောင်ငြိမ်နေပြီး ခဏနေတော့ ညီ (နန်းညီ) ရောက်ချလာပါလေရော။ သူ့ဘလော့ သွားဖတ်ချည်တဲ့။ အဲဒီမှာမှ ဟိုက်ရှားလပတ်ရည်လို့ အော်လိုက်မိလားမသိဘူး .. ဒင်းလေးက သူ့ဘလော့မှာ ရူးပေါဂိုဏ်း ဖွဲ့ပြီးတဲ့အကြောင်း အန်ဒီက ဥက္ကဌဖြစ်ပြီး မတူးတူးသာက နာယကဖြစ်ပါကြောင်း၊ သူကတော့ စည်းရုံးရေးအမှုဆောင် တာဝန်ကိုယူမှာဖြစ်တယ် ဆိုတဲ့အကြောင်း ရေးထားပါတယ်။ မကြာဘူး ခဏလည်း နေရော အဖွဲ့ဝင် ၂ ယောက်ထပ်တိုးပြီတဲ့ .. အဲဒါကတော့ အတွင်းရေးမှူး ၂ ရာထူးယူမယ့် ဗီလိန်ရယ်၊ သဘာပတိ ဂျဲဂျယ်ရယ် ဆိုပဲ။

ဝင်တော့လည်းဝင်ကြပေါ့။ အဲဒီအထိ ကျမခပ်ပေါ့ပေါ့ပဲ။ အေးအေးဆေးဆေးပဲပေါ့။ အဲဒီမှာ ဟို ၂ ကောင်ကလည်း ဂျီတော့ကို ဝင်လာကြပြီ။ စည်းကမ်းချက်တွေဘာတွေ ထုတ်နေပြီ .. စည်းကမ်းချက်ကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ရူးပေါဂိုဏ်းဝင်ချင်ရင် ပေါရမယ် .. ပြီးတော့ ဘလော့တခုပိုင်ဆိုင်ရမယ်၊ ကိုယ့်ဘလော့မှာ အလျှင်းသင့်သလို ပေါတဲ့ပို့စ်တွေတင်ရမယ်တဲ့ .. အဲဒီထိလည်း ကျမက ဟုတ်ပြီ .. (ကိုယ်တင်ချင်မှဖြစ်တာကိုး ဟီးဟီး)

ဒါပေမယ့် ကျမက ဗီလိန်တို့ ဂျဲဂျယ်တို့ တကယ်ပေါမပေါ စမ်းချင်သေးတော့ သူတို့ဘလော့တွေ သွားကြည့်မိ တယ်။ လားလား ပေါချက်ကတော့ ပြောမနေနဲ့ .. လေးစားလောက်အောင် ပေါပါပေတယ်..။ နောက်ပိုင်းမှာ အစ်မမရှိတဲ့ ဂျဲဂျယ်က ကျမကို တော်တော်ခင်သွားပြန်တာနဲ့ ကျမက ခင်မင်တဲ့ မောင်လေးတွေကို ခေါ်တဲ့ လေအတိုင်း သူ့ကို ဖိုးဂျယ်လို့ ခေါ်တယ်။ သူက အဲဒီလိုခေါ်တာကိုသဘောကျပြီး သူ့ဘလော့ကိုပါ ဖိုးဂျယ်ရဲ့ ဘလော့ လုပ်လိုက်တယ်။

အဲဒီမှာ ဖိုးဂျယ်နဲ့ ဗီလိန်တို့ တိုင်ပင်လိုက်ကြပြီး ရူးပေါဂိုဏ်းကြီးပိုင်ဆိုင်တဲ့ ဘလော့တခုလုပ်မယ် ဖြစ်ပါလေရော။ အဲဒါတော့ ကျမစဉ်းစားရပြီ .. ဟုတ်တယ်လေ ကိုယ်ပိုင်ဘလော့တောင် နပ်မှန်အောင် တင်ဖို့ ကြိုးစားနေရတဲ့ဟာ နောက်ထပ် ဘလော့တခုဆိုတော့ ဖြစ်ပါ့မလားပေါ့ ... ဒါပေမယ့် အဲ့ကောင်တွေက အရမ်းတက်ကြွနေကြပြီ။ ပန်းချီဆရာမ နန်းညီကလည်း ဘန်နာပြင်ဖို့ တကဲကဲလုပ်နေပြီ .. အများညီနေပြီဆိုတော့လည်း ကဲ ချကွာပေါ့ .. သို့သော် ငါမရေးနိုင်ရင် မပြောကြနဲ့နော်ဆိုတော့ ဒင်းတို့က အစ်မ ဘာမှမလုပ်ချင်လည်းနေ၊ ကျနော်တို့ လုပ်မယ် တဲ့။ အဲဒီတော့ ကျမက ကောင်းလှောင့်တေးပေါ့။ ဒီတိုင်း အလကားနေရင်း နာယကကြီးလုပ်ရမှာပဲဟာ ဟီး။

သို့သော် ကျမက အသက်ကကြီးပြီ။ ကလေးတွေနဲ့ အပြိုင်ပေါရမှာဆိုတော့ နည်းနည်းတော့ရှက်သလို ဖြစ်မိတယ်။ ဒါနဲ့ နာမည်အရင်းမသုံးနဲ့နော်လို့ ပြောရပြန်တယ်။ သူတို့ကအစတော့ လက်ခံကြပါတယ်။ နောက်တော့ မေ့မေ့ပြီးကျမနာမည်ကို နာယကဂျီး ဆိုတာနဲ့တွဲသုံးကြတာပါပဲ။ ကျမလည်းမပြောတော့ဘူး ဒီတိုင်းထား လိုက်တယ်။ ဘလော့ဖွင့်ဖွင့်ချင်းမှာ နာယကကြီးရဲ ဥယောဇဉ်ဆိုပြီး တပုဒ်ရေးပေးဖြစ်တယ်။ နောက် မရေးဖြစ်ပြန်ဘူး။

နောက်တော့ ကျမက ဖိုးအောင်ကိုပြောဖြစ်တယ် ရူးပေါဂိုဏ်းကို ငပေါဂေဟာလို့ ပြောင်းရအောင်လို့။ ဘာလို့လဲ ဆိုတော့ ဆရာမောင်ထွန်းသူက ဂျွန်စတိန်းဘတ်ရဲ့ ကင်နရီရိုးလ်ကို ငပေါများဂေဟာလို့ နာမည်ပေးထားတာ ကြိုက်လို့ပါ။ တကယ့်ဗယုတ်သုတ်ခတွေလေ ..။ ကျမ ဘာပြောပြော ထောက်ခံတဲ့ ဖိုးအောင်က အားလုံးကို အသိပေးပြီး ညီက ဘန်နာလေးကို ပြောင်းလိုက်ပါတယ်။

ဘလော့လုပ်ပြီးနောက်မှာ ထပ်ဝင်လာတာကတော့ အသင်းသားချုပ်ကြီး ခေါင်ခေါင်ပါ။ နောက်မကြာဘူး အသင်းဝင်တွေ များလာတော့တယ်။ အားလုံးက ဝန်ကြီးတွေချည်းပဲ .. မွေးမြူရေးဝန်ကြီး ဆုမွန်၊ ပညာရေးဝန်ကြီး မမေ၊ နိုင်ငံခြားရေးဝန်ကြီး ကဗျာမွှေ၊ ဆည်မြောင်းဝန်ကြီး သံလွင်ဟီးရိုး ... အားလုံးက လျှောက်လွှာနဲ့တကွ ပေါကြရပါတယ်။ ပေါနိုင်မှ ဝန်ကြီးဖြစ်မှာကိုး (ငပေါဝန်ကြီးတွေပြောပါတယ်)

အဲဒီမှာ နောက်တော့ တဦးတည်းသော အသင်းသား ကေလာလည်း ဝင်လာတယ် (တော်သေးတယ် နို့မို့ဆို ဝန်ကြီးတွေချည်းပဲဆိုတော့ ပြောစရာဖြစ်နေမှာ သူ့ကြောင့် အသင်းသားတယောက်ရတာ) အားလုံး ပျော် ပျော်ပါးပါး အုတ်မြစ်ချ အဲ ပေါကြရင်း နိုဝင်ဘာလကုန်ပိုင်းမှာ စင်ကာပူကို ခဏသွားဖို့ဖြစ်လာတယ်။ အဲဒီမှာ ဖိုးဂျယ်၊ ဗီဗီနဲ့ ခေါင်တို့ကို ဆက်သွယ်တော့ သူတို့က အရမ်းဝမ်းသာကြတယ်။

စင်ကာပူရောက် ငပေါအဖွဲ့နဲ့ တွေ့ဖြစ်တော့မှ အားလုံးဟာ တော်တော့်ကို ချစ်စရာကောင်းပါလားလို့ သေချာ သိလိုက်ရပါတယ်။ တချို့က ချက်တင်မှာ ဘယ်လောက်ပဲ အဆင်ချောနေပေမယ့် အပြင်မှာ ဟုတ်ချင်မှဟုတ်တာလေ။ ဒါပေမယ့် ကျမတွေ့လိုက်ရတဲ့ ငပေါလေးတွေကတော့ အပြင်မှာ တကယ့်ကို ချစ်ဖို့ကောင်းနေပါတယ်။ ခေါင်ခေါင့်ကိုဆို ကျမ မြင်တာနဲ့ ညီမလေးတယောက်လိုကို ချစ်သွားတာ။ သူကလည်း ကျမကို အဲလိုပဲပြောပါတယ်။ စင်ကာပူက ပြန်လာတော့ “နာယကဂျီးရဲ့ စေ့စပ်ဖြန်ဖြေရေး ခရီးစဉ်အီလည်စွာပြီးစီး” ဆိုပြီး ပို့စ်တခု ရေးဖြစ်တယ်။

ဗီဗီနဲ့ ဖိုးဂျယ်တို့ ၂ ယောက်က ငပေါဂေဟာကို သူတို့ရဲ့ဂေဟာ အစစ်တွေထက် တကယ့်ကို သံယောဇဉ်ကြီးကြ သူတွေပါ။ ဖိုးဂျယ်ဆို အသင်းဝင်ချင်တဲ့သူရှိရင် ဒိုင်ခံ မေးလ်ပို့ ထောက်ခံချက်တောင်း၊ ကျမတို့က ထောက်ခံရင် (ကျမတို့ကလည်း ဘယ်တော့မှမကန့်ကွက်) ဝန်ကြီးရာထူးတခု စဉ်းစားပေး (ဟီဟိ) လျှောက်လွှာက ကောင်းနေရင် ပို့စ်အဖြစ်တင်။ ဒီကြားထဲ ကျမက ပတ်စ်ဝါ့လည်းသိရဲ့သားနဲ့ ကိုယ့်ဘာသာရေးတာ သူ့ကိုသွား တင်ခိုင်းသေးတာ။

အားလုံးက ဘယ်သူ့ဘယ်သူကိုမှ စိတ်မဆိုးဘဲ .. ပေါက်ကရပြောသမျှ သည်းခံကြတာ တွေ့ရတယ်။ ၂၀၀၈ အောက်တိုဘာ ၃၀ ကမှ စခဲ့ကြပေမယ့် ခုဆိုရင် ဝန်ကြီးပေါင်းများစွာနဲ့အတူ ငပေါဂေဟာမှာ အတူပေါကြသူ ၂၃ ယောက်ရှိနေပါပြီ။ ခပ်တည်တည်နဲ့ ဘလော့ အကယ်ဒမီရွေးပွဲမှာလည်း သူများတွေကို အကျောပေးပြီး ဝင်ပြိုင်ထားပြီ ဟဲဟဲ (ရမှာမဟုတ်ပေမယ့် အပျော်ဝင်ရှုပ်ကြတာပါ)။ ကျမတော့ အဲဒီဂေဟာလေးကို တော်တော်လေး သံယောဇဉ်ဖြစ်မိပြီ။

အစက ကလေးတွေကြား နာယကဂျီးလုပ်ရတာ တမျိုးဖြစ်ပြီး ခိုးကြောင်ခိုးဝှက်ပေါခဲ့ပေမယ့် ခုတော့ တရားဝင်ပဲ ပေါဖို့ ဆုံးဖြတ်လိုက်ပါပြီ ..။ ကျမထက်အသက်ကြီးတဲ့ မမေတောင် ပြင်ညာရေးဝန်ကြီးဆိုပြီး ဝင်ပေါသေးတာပဲ ..ဟီဟိ။ ပေါတယ်ဆိုတာ ရှားတာထက် စာရင်တော့ ကောင်းတယ်မဟုတ်လား။

အဓိကကတော့ အဲဒီဂေဟာလေးမှာ ကျမတို့ရဲ့ စိတ်ထွက်ပေါက်တွေ ပေးနိုင်တယ်။ တယောက်နဲ့တယောက် ရင်းနှီးချစ်ခင်ကြတယ် (ဘာပြောပြောစိတ်မဆိုးဘူး)။ အားလုံးဟာ ဂေဟာရဲ့ ဝန်ကြီးတွေ၊ လူကြီးတွေချည်းပဲ မို့လို့ ဂေဟာမှာတော့ ဘာလုပ်လုပ်တင့်တယ်တယ်။ ပြီးတော့ ကိုယ့်ဘာသာ ဆုတွေဘာတွေပေး ကိုယ့်ဘာသာ ယူချင်သလို ယူလို့လည်းရသေးတယ် (ဦးသူယူတာပဲ) စိတ်မဆိုးဘူး။ လုပ်ချင်တာတွေ လုပ်နိုင်နေတဲ့ ဒီနေရာလေးမှာ တယောက်နဲ့တယောက် စိတ်မကွက်စတမ်းပေါ့။ လူဆိုတာ တနည်းနည်းနဲ့ ရူးကြတာပဲ ဆိုတော့ ကျမတို့က လိုင်စင်ယူပြီး ရူးတယ်ဆိုရမှာပေါ့လေ။ တခုရှိတာက ဒီငပေါတွေအားလုံး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ကိုယ့်ဘာသာပေါကြတာပါ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင်း အချင်းချင်းလည်း စိတ်မကွက်စတမ်း ထောင်းကြတာပါ။
ငပေါဂေဟာလေးကို ဝင်မွှေကြည့်တော့မှ ၂ လတာအတွင်း ပို့စ်တွေ မနည်းပါလားဆိုတာ တွေ့လိုက်ရတယ်။ ကောင်းတာကော၊ သိပ်မကောင်းတာကော၊ အရမ်းကောင်းတာကော၊ အရမ်းအရမ်းကို ကောင်းတာလေးတွေကော၊ လုံးလုံး မကောင်းတာတွေကောပေါ့။ တချို့ဆို ကျမ သေချာ တောင်မဖတ်ဖြစ်ခဲ့ဘူး။ ခုပြန်ဖတ်တော့ တော်တော်လေးကောင်းနေတာ တွေ့ရတယ်။ ဒါပါပဲ တယောက်နဲ့တယောက် ချစ်ခင်ရင်းနှီးခွင့်ရတဲ့ ဒီဘလော့လေးအတွက် ကျမ ကျေနပ်တယ်။ ဖိုးအောင်က ကျမကို ခေတ်ဆွေး ငပေါကြီးဆိုပဲ။ သူ့စကားအတိုင်းဆို ခေတ်ဆွေးငပေါကြီး ကျေနပ်ပါတယ် ပေါ့လေ :
မနေ့ညကတော့ နောက်ဆုံးမှဝင်လာတဲ့ ဆက်သွယ်ရေးဝန်ကြီး ညီမလေးက ပို့စ်တခုရေးချင်တယ် ကူညီပါလို့ ပြောလာတယ်။ သူက ကြိုးစားပမ်းစား ရေးထားတာလေ။ ကျမလည်း ဝမ်းသာအားရ ကူညီပေးမိတယ်။ သူ့ကို မမြင်ဖူးပါဘူး။ ဒါပေမယ့် သူ့ပုံစံက တကယ့်ကိုစိတ်ပါလက်ပါမို့ ကျမလည်း ညည့်နက်ပေမယ့် သေသေချာချာ ကူညီ ရေးပေးလိုက်တယ်။

ပြီးမှ ကျမစဉ်းစားမိတယ် .. ငါတကယ့်ကိုစိတ်ဝင်တစား ဖြစ်နေမိပါပေါ့လားလို့ .. ။ တကယ်ပါ အစက ဘာရယ် မဟုတ်ဘဲ ခပ်ပေါ့ပေါ့လေး အပျော်ပေါ့ဆိုပြီး စခဲ့မိလိုက်တာ .. ခုတော့ တော်တော်လေးကို သံယောဇဉ် တွယ်နေမိပြီ။ လေးဖြူဆိုတဲ့ သံယောဇဉ် ... သံယောဇဉ် ဆိုတာ ဂလိုလားမသိ .. :P





အက်ဆေး ၎

တကယ်က ဒီအက်ဆေးလေးကို လွန်ခဲ့တဲ့ ၉ နှစ်ဝန်းကျင်က ရေးခဲ့တာ။ ပြီးတော့ အင်တာဗျူးဂျာနယ်ထဲမှာ ပါပြီးသားပါ။ ဒါပေမယ့် ကျမမှာ ကော်ပီမရှိတော့ဘူး။ ဂျာနယ်ဆိုတော့ ထိန်းသိမ်းဖို့ကလည်းခက်။ ကျမ ကိုယ်နှိုက်ကလည်း စည်းကမ်းမရှိတာပါပါတယ်။ သို့သော် ဒီအကြောင်းအရာလေးက ကျမစိတ်ထဲမှာစွဲနေတာ။ အသစ်ပြန်ပြီး မော်ဒီဖိုင်းလုပ်တာ ဆိုပေမယ့် အရသာကတော့ အရင် အတိုင်းမပျက်လောက်ဘူးလို့ ထင်မိတယ်။ ခေါင်းစဉ်ရယ် အကြောင်းအရာရယ်က တူတူပါပဲ။ တင်ဆက်ပုံကတော့ နည်းနည်းကွာသွားတယ်။ အရင်တုန်း ကတော့ စာလည်း ရေးခါစဖြစ်တော့ တင်ဆက်ပုံက တည့်ဒိုးဆန်ပြီး ပို ရိုးသားမှုရှိမယ် ထင်ပါရဲ့။ ခုကတော့ အရင်လောက် ရိုးသားမှု မရှိတော့ပေမယ့် တက်နိုင်သလောက်တော့ ကြိုးစားရေးပြထားပါတယ်။

ဘေးဖူး

လတ်ဆတ်အေးမြတဲ့လေကိုရှူရင်း မျက်စိရှေ့တင် အပြိုင်းအရိုင်းဖွံ့ထွားလာတဲ့ ဂန္ဓမာပင်တွေကို ငေးကြည့်မိတယ်။ သန်မာတဲ့ရိုးတံတွေနဲ့ လန်းဆတ်တဲ့အရွက်စိမ်းစိမ်းတွေ။ ထိပ်ဖျားမှာတော့ ပြွတ်ခဲနေတဲ့ အဖူးတွေ ... ။

နှင်းစက်တွေကတွဲရရွဲခိုလို့ ...။ ကျမတို့မြို့လေးရဲ့ ဆောင်းနံနက်ခင်းက ဆောင်းပီပီအေးပါတယ်။ အနွေးထည် အင်္ကျီဝတ်ထားတဲ့ကြားက စိမ့်နေအောင်အေးတဲ့ သန်လျင်မြို့လေးရဲ့ ဆောင်းကိုကျမချစ်တယ်။ ကျမလျှောက် လာတဲ့လမ်းကလေးက တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်” ဝတ္ထုထဲက လမ်းကလေး ပေါ့။ ခိုင်နဲ့မောင် ပြုတ်ကျခဲ့တဲ့ ချောက်ထဲမှာ ခု အိမ်ကလေးတလုံးတောင် ရှိနေပြီ။

လေသန့်သန့်ကိုရှူရင်း မနက်ခင်းမှာ လမ်းလျှောက်ရတဲ့ အရသာ .. ။ သိပ်လှတာပဲ။ မြို့ပြ သိပ်မဆန်တဲ့ မြို့ကလေး။ ကျူရှင်စောစောတက်တဲ့ ကျောင်းသူလေးတသိုက်ရဲ့ ခိုးခိုးခစ်ခစ်ရယ်သံ။ တခွပ်ခွပ် မြည်တဲ့ မြင်းလှည်းလေးတွေ။ ကျမရဲ့အဆုတ်တွေ ပိုသန့်သွားသလိုပဲ။ ဟိုးရှေ့မှာ ကျမတို့က စက်ကန်လို့ခေါ်တဲ့ ကန်ကြီးတွေ ရှိတယ်။ အဲဒီကန်ကြီးတွေကို ဖြတ်တိုက်လာတဲ့လေက ကျမရဲ့မျက်နှာကို ပွတ်တိုက် ကျည်ဆယ်နေလေရဲ့။

ကျမတို့သူငယ်ချင်းတွေရဲ့ ဂန္ဓမာခြံက အဲဒီလမ်းပေါ်မှာ။ ကျမရောက်တော့ မနက် ၆ နာရီ စွန်းရုံပဲ ရှိသေးပေမယ့် ကိုချင်းမြင့်က ဆီးဟောက်တယ် .. နောက်ကျလို့တဲ့။ ဂန္ဓမာပင်တွေက အဖူးတွေဝေနေပြီ။ မြေသြဇာနဲ့ ရေ၊ လေ၊ နေ ကောင်းကောင်း ပုံမှန်ရလို့ ပန်းပင်တွေရဲ့ ရိုးတံတွေက ကျစ်လစ်သန်မာလှတယ်။ ကိုချင်းမြင့်ကိုကူတဲ့ ဖိုးခွားလေးက ပန်းပင်တွေကိုရေလောင်းရင်း ကျမတို့ကိုလှမ်းကြည့်တယ်။ “ငါတောင် တော်တော်ပြီးနေပြီဟ” လို့ကိုချင်းမြင့်ကပြောတော့ ကျမ ဘာမှ ပြန်မပြော ဘဲ လုပ်ငန်းစဖို့ပြင်လိုက်တယ်။

အစက သတိမထားမိပါဘူး။ ဒီအလုပ်ကို လုပ်လာခဲ့တာပဲ လေး၊ ငါးရက်မကတော့ဘူး။ မနက်စောစော အိပ်ရာထပြီး လမ်းလျှောက်၊ ဂန္ဓမာခြံထဲကိုလာပြီး ကိုချင်းမြင့်ကို ကူပေးနေခဲ့တာလေ။ ကူပေးတယ်ဆိုတာက သိပ် ကြီးကြီးကျယ်ကျယ်မဟုတ်လှပါဘူး။ ဂန္ဓမာပန်းဖူးလေးတွေခြွေပေးရုံလေးပဲ။ ဒီပန်းပင်တွေ အကုန်လုံး ခုလို သန်မာဖွံ့ဖြိုးလာအောင် ကိုချင်းမြင့်တယောက်ထဲ ပြုစုပျိုးထောင်ခဲ့တာ ဆိုပေမယ့် ပန်းတွေဖူးလာတော့ သူမနိုင် တော့ဘူးလေ။

“ထိပ်ဆုံးက အကြီးဆုံးတဖူးကိုပဲ ချန်ထား။ ဘေးပတ်ပတ်လည်က ဝိုင်းနေတဲ့ အဖူးလေးတွေကို အားလုံးခြွေ လိုက်”

ကိုချင်းမြင့်ပြတဲ့အတိုင်း ပန်းဖူးလေးတဖူးပဲချန်ထားပြီး ဘေးက ဝိုင်းရံနေတဲ့အဖူးတွေကို ကျမလက်နဲ့ ဖဲ့ခြွေချ ရတယ်။ ကျမခြွေချခဲ့တဲ့ ပန်းဖူး စိမ်းစိမ်းလေးတွေက ပန်းပင်တန်းရဲ့တောက်လျှောက် မြေကြီးပေါ်မှာ ကျကျန်ခဲ့တယ်။

ကိုချင်းမြင့်ကို ကူညီရုံသက်သက်ပါ။ အဲဒီအချိန်က ကျမက ကျောင်းပြီးကာစ .. ဘာအလုပ်မှ မရှိဘဲ ယောင်ခြောက်ဆယ်ဘဝ။ “နင်အားနေတာပဲ ငါ့ကိုကူညီဟာ” ဆိုလို့ လာလုပ်ပေးခဲ့တာ။ နောက် မနက် စောစော လမ်းထလျှောက် .. နေထွက်လို့ ခဏနားချိန် ကျောင်းလမ်းထဲက အာကြီးရဲ့ အသုတ်ဆိုင်မှာ ကြာဆံသုတ် သွားစား .. ပြီးရင် လပ်ကီးလက်ဘက်ရည်ဆိုင်မှာ လက်ဖက်ရည်ကျဆိမ့်တခွက် သွား သောက် .. အဲဒီအရသာတွေကိုလည်း ကျမက မက်မက်မောမော ဖြစ်နေတာလေ။ ကြာဆံသုတ်နဲ့ လက်ဘက်ရည်ဖိုးကိုတော့ ကိုချင်းမြင့်က ဒကာခံတယ်။ ကျမရဲ့ လုပ်အားခပေါ့တဲ့။

ပန်းပင်ကလေးတွေရဲ့ ဘေးဖူးလေးတွေကို ခြွေတာ ၅ ရက်လောက်ရှိမှ စဉ်းစားမိခဲ့တာ။ ကျမခြွေချခဲ့တဲ့ အဖူးလေးတွေ နည်းမှမနည်းတာပဲ။ ဘာလို့ ဒီအဖူးလေးတွေကို ခြွေတာလဲ။ မခြွေလို့မရဘူးလား ...။

“ဘယ်ရမလဲဟ .. အဲဒီဘေးကအဖူးတွေမခြွေရင် ပန်းတွေက ဘယ်ကြီးတော့မလဲ။ သူတို့ကိုခြွေလိုက်မှ အလယ်က ပန်းတပွင့်ထဲ အကြီးကြီးဖြစ်မှာလေ”

ကိုချင်းမြင့်ကတော့ သူ့ပန်းတွေအတွက် ရိုးရိုးလေးပြောလိုက်တာပါ။ ကျမကသာ ဘေးဖူးလေးတွေကို သနားနေမိတာ။ ပန်းတပွင့်လှဖို့အတွက် အဖူး ၅ ဖူး ၆ ဖူးလောက် ခြွေချပေးဖို့ လိုလို့လား ..။

ကျမရဲ့ လက်ထိပ်တွေ အေးစက်ပြီး ထုံကျင်နေသလောက် မြေကြီးပေါ် လတ်လတ်ဆတ်ဆတ်ကြွေကျနေတဲ့ အဖူးစိမ်းစိမ်းလေးတွေ ဖွေးဖွေးလှုပ်လို့။ ပန်းတခင်းလုံးစာ အဖူးတွေလေ။ နေမထွက်ခင် နှင်းစွတ်တုန်း ခြွေချခံရတဲ့ ဘေးဖူးလေးတွေ။ အပင်တပင်ထဲမှာ ဖူးကြပေမယ့် ပွင့်ခွင့်မရလိုက်တဲ့ အဖူးလေးတွေပေါ့။

“နင်မယုံကြည့်နေ နောက်တပတ်ဆို ငါ့ပန်းခင်းကြီး ဘယ်လောက်တောင်လှလိုက်မလဲလို့ ...”

ကိုချင်းမြင့်ပြောတဲ့အတိုင်း နောက်တပတ်လောက်နေတော့ ဝါထိန်နေတဲ့ပန်းခင်းကြီးက ကျမကို ပြုံးပြတယ်။ နှင်းရည်သောက်ထားပြီး လှချင်တိုင်းလှနေတဲ့ ပန်းတွေ ...။ ရိုးတံမာမာရဲ့ ထိပ်ဖျားမှာ ပြိုင်ဘက်မရှိ တပွင့်ထဲ ပွင့်နေတဲ့ ဂန္ဓမာပန်းတွေ။ ဈေးကွက်က မျက်စေ့ကျမယ့် ပန်းတွေပေါ့။

ကိုချင်းမြင့် ချိုးပြလိုက်တဲ့ ပန်းကြီးတပွင့်ဆို လက်ဘက်ရည်ပန်းကန်ပြား နီးပါးတောင်ရှိမလားပဲ။

“ဘေးဖူးတွေကိုသာ ပွင့်ခွင့်ပေးရင် ဒီပန်းကြီးက ဒီလောက်ဘယ်ကြီးတော့မလဲဟ”

ပန်းတွေရဲ့အလှကို ခံစားရင်းကြည်နူးနေတဲ့ ကျမစိတ်က ရုတ်တရက် ဘေးဖူးလေးတွေဆီရောက်သွားတယ်။ ဟုတ်သားပဲ .. သူတို့ခမျာ ... သူတို့ရဲ့ဆန္ဒမပါဘဲ ကြွေသွားရရှာပြီ။ မဆီမဆိုင် ကျမရဲ့အတွေးထဲကို အနန္ဒသူရိယ အမတ်ကြီး နောက်ဆုံးရေးခဲ့တဲ့ လင်္ကာလေး ဝင်လာတယ်။

“သူတည်းတယောက် ကောင်းဖို့ရောက်မူ
သူတယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ..”

ဘယ်ကမလဲနော်..ခုဟာက ပန်းလေးတပွင့်လှဖို့ ... ပန်းဖူးတွေ တသုတ်ကြီး ဖဲ့ခြွေခံလိုက်ရတာ ...။ ။


နောက်ဆက်တွဲအတွေး။ ။ ခုနောက်ပိုင်းတော့ ဂန္ဓမာပန်းအခိုင်လိုက်တွေ ခေတ်စားလာတာ တွေ့ရတယ်။ ရိုးတံတချောင်းမှာ ပန်းတပွင့်ထဲမဟုတ်တော့ဘဲ .. အခိုင်လိုက်ပွင့်တာမျိုး။ တခိုင်မှာ လေးငါးပွင့်ရွယ်တူပေါ့။ ဘေးဖူးတွေချိုးဖဲ့ဖို့ အလုပ်မရှုပ်တော့ဘူး၊ ပြီးတော့ ဘေးဖူးလေးတွေ ကြွေတာမြင်ရလို့ ဝမ်းနည်းစရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် အပွင့်လေးတွေက ခပ်သေးသေးလေးတွေ ... ။ တခါတခါတော့လည်း တကယ့်လိုအပ်လို့ ဘေးဖူးလေးတွေကို ခြွေရတာလားလို့ စဉ်းစားမိပါရဲ့။ ။