ဝတ္ထုတို ၆
မနက်ဖြန်များရဲ့ အတိတ်
“သမီးရယ် ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲကြည့်ပါဦး..။ ဖိုသီဖတ်သီနဲ့ လှလှပပ ပြင်ပြင်ဆင်ဆင်လေးများ နေပါဦးလား”
ကျမနဲ့ အမေနဲ့တွေ့တိုင်း အမေရွတ်နေကျ စကားများ…။ ကျမကလည်း ကျမပဲလေ…၊ တွေ့တဲ့အင်္ကျီနဲ့ လုံချည်ကို ကောက်စွပ်ပြီး ဖြစ်သလိုထွက်လာတာ များသည်။ တကယ်တော့ အိမ်ထောင်ကျမှ ဒီလို ဖြစ်လာခြင်း မဟုတ်ပါ..။ ကျမ အပျိုဘဝကတည်းက ဖြစ်သလိုဝတ်၊ ဖြစ်သလို နေတတ်တာ အမေသိပြီး ဖြစ်သည်။ ဒါပေမယ့် အခု အိမ်ထောင်သည် ဘဝ ရောက်ခါမှ အမေ ဘာကြောင့် ပြောရသလဲ…။ ရှင်းပါသည်…။ အမေ ကျမကို မကျေနပ်..။ ကျမတတ်ထားသည့် ပညာများနှင့် ကျမလုပ်နေသည့် အလုပ် ဘယ်လိုမှ မအပ်စပ်ဘူးထင်သည် (တကယ်လည်း မအပ်စပ်ပါ)။ ကျမယူထားသည့် ယောက်ျားနှင့် ကျမကိုလည်း မတန်ဘူးထင်သည်။ ကျမနှင့် ဆုံတိုင်း ကျမသူငယ်ချင်းတွေထဲမှာ ဘယ်သူက ဘယ်မှာ၊ ဘယ်သူကဖြင့် ဘယ်လို ကြီးပွားနေသည် စသဖြင့် ပြောပြီး…
“သမီး ခုထိ ဘာမှလည်း မဖြစ်သေးဘူး” ဆိုသောစကားနှင့် အဆုံးသတ်သည်။ အမေမို့ ကျမသူငယ်ချင်းတွေ အကြောင်း သိလည်း သိနိုင်လွန်းသည်။
ကျမကတော့ ပြုံးသည်..။ အမေက ကျမကို သိပ်မျှော်လင့်တာလည်း ကျမသိပါသည်။ ခု ကျမမှာ သားလေး တယောက်ရလာတော့ ပိုသိလာသည်။ ကျမသားလေးကဖြင့် ခုမှ တနှစ်ကျော်ကာရှိသေး….ကျမက ဖြစ်စေချင်တာတွေ..။ လုပ်ပေးချင်တာတွေ၊ မျှော်လင့်တာတွေ မနည်းမနော။ ဒီတော့ အမေ ကျမကို မျှော်လင့်တာ မဆန်းပါ။
အစ်ကိုနှင့် မောင်ကြားမှာ တဦးတည်းသော သမီးလေးဖြစ်၍ ပိုမျှော်လင့်သည်။ အမေက ကျမကို ကုမ္ပဏီ တခုခု မှာ ဝင်လုပ်၊ လှလှပပ ဝတ်စားပြီး ပုံမှန် ရုံးသွား ရုံးပြန်လုပ်စေချင်သည်။ သူ့တုန်းကလည်း အစိုးရ ရုံးတခုမှာ လခစားဘဝနှင့် ကြာမြင့်စွာ လုပ်ခဲ့ဖူးသည်။ အမေက လှလှပပလည်း ဝတ်စားဆင်ယင်တတ်သည်။ ကျမ ကလေး ဘဝက အမေနှင့်အတူ ရုံးသို့ မကြာခဏ လိုက်သွားဖူးသည်။ ကျမသိသလောက် မြင်သလောက်တော့ အမေတို့ စာရေးမတွေ စကားပြောလိုက်၊ လက်ဘက်လေး သုပ်စားလိုက်.. ပြန်ခါနီးတော့ တို့ဖတ်ကလေး တို့ပြီး အိမ်ပြန်လာ။ ဒါပဲလေ.. အဲဒီကတည်းက ကျမ ရုံးအလုပ်ကို စိတ်ကုန်ခဲ့သည် (အားလုံး ဒီလိုပဲလို့တော့ မဆိုလိုပါ)။
အမေက လှလှပပလေး ဝတ်စားပြီး ရုံးသွား ရုံးပြန် လုပ်စေချင်တာပဲ သိသည်။ အဲဒီလို လှလှပပလေး ဝတ်စားဖို့ ရတဲ့ လခနဲ့ လောက်ရဲ့လား ဆိုတာတော့ တခါမှမစဉ်းစားခဲ့။ မိတ်ကပ်ဖိုး ရှိသေးသည်။ လမ်းစရိတ်ရှိသေးသည်။ ထမင်းချိုင့် ထည့်ရဦးမည်..။ အဲဒါတွေ ရှင်းပြတော့ အမေက သူများတွေ ဘယ်လို လုပ်မလဲဟု ဆိုသည်။
“အမေရဲ့ လှလှပပလေး ဝတ်စားပြီး ကုမ္ပဏီဝန်ထမ်း လုပ်ဖို့ ဆိုတာ အိမ်က မိဘက ချမ်းသာတဲ့သူတွေမှ လုပ်နိုင်တာ သိလား” ဟု ကျမက ပြောမိတော့ အမေက ဓာတ်ပြားဟောင်းကြီးဖွင့်ကာ ကျမကို ဆူပါတော့သည်။
တခါတော့ ကျမ လခကောင်းသော အလုပ်တခု ရခဲ့ပါသည်။ ကျမ၏ ဝါသနာနှင့်လည်း အနည်းငယ် ကိုက်ညီ သယောင်ရှိသောကြောင့် ဝင်လုပ်လိုက်သည်။ ဖြစ်ချင်တော့ အဲဒီအလုပ် စရသည့် အချိန်မှာ ကျမရဲ့ ခင်ပွန်းသည်က လက်ဘက်ရည်ဆိုင်ကလေး စဖွင့်ချိန် ဖြစ်နေပါသည်။ အလုပ်လုပ်နေစဉ် တလျှောက်လုံးမှာ တော့ အမေ ပျော်နေသေးသည်။ သူ့ပတ်ဝန်းကျင်မှာ သူ့သမီးအကြောင်း အမြဲကြွားသည်။ တလခွဲလောက် လုပ်ပြီးတော့ ကလေးကလည်းငယ်…။ ကျမ ခင်ပွန်းရဲ့ လက်ဘက်ရည်ဆိုင်ကလည်း လူဝင်ပြီး မနိုင်မနင်း ဖြစ်လာတာနှင့် ကိုယ်ပိုင်လုပ်ငန်းပဲ ကောင်းပါတယ် ဆိုပြီး နှစ်လအတိမှာ ကျမ အလုပ်ထွက်လိုက်သည်။ အဲဒီ ကတည်းက အမေ ကျမကို မကျေမနပ် စတင် ဖြစ်လာခြင်း ဖြစ်၏။
“အမေကလည်း သမီးက စာရေးဆရာ ဖြစ်ချင်တာလေ။ လခစား အလုပ်က ဘယ်အချိန် စာသွားရေးမလဲ။ ခုမှ လွတ်လွတ် လပ်လပ် စာရေးနိုင်တာ”
ကျမရဲ့စကားကို အမေ မကျေနပ်နိုင်ပါ။
“ခုဆို အေးအေးအောင်တို့ကို ကြည့်စမ်း။ အိမ်ပိုင်နဲ့ ကားပိုင်နဲ့။ ရွှေရည်တို့ကော… ကားလေးနဲ့ ဟန်းဖုန်းနဲ့။ ကဲ ကြည့်လိုက်တိုင်း ကြော့မော့နေတာပဲ”
“ဟာ အမေက ဘာသိလို့လဲ။ သူတို့က အမွေတွေ ရလို့ ဒီလို နေနိုင်တာ။ အမေ့သမီးကို သူတို့လို ဖြစ်စေချင်ရင် အမေလည်း အမွေ ပေးပေါ့”
အဲဒီလိုများ ကျမက ပြောလိုက်လို့ကတော့ အမေစိတ်ဆိုးပြီ မှတ်တော့။
“အေး.. ပေးချင်တယ်ဟေ့.. ပေးချင်တယ်.. မပေးနိုင်လို့ သိရဲ့လား။ မပြောလိုက်ချင်ဘူး။ အမေက ကောင်းစေချင် လို့ အကြံဥာဏ်ပေးတယ်….. သူတို့က…”
ဆက်လက်ပြီး အမေ့ရဲ့ မကျေနပ်ချက်တွေ ရှည်လျားလာတော့မည် ဆိုလျင် ကျမ အမေ့နားက အသာလစ်ခဲ့ တော့သည်။
အမေ မကျေနပ်ဘူးဆိုလျင်လည်း မကျေနပ်စရာ။ ကျမက AGTI ကို အီလက်ထရောနစ် ဘာသာရပ်နှင့် ပြီးခဲ့သည်။ တီဗီ၊ အောက်စက် ပြင်တတ်သည်။ ပြင်လည်းပြင်ခဲ့ဖူးသည်။ ဒါပေမယ့် အဲဒါတွေ ကျမဝါသနာ မပါ။ ဆားကစ်တွေ ကြည့်နေရမယ့်အစား စာအုပ်တွေကိုပဲ ဖတ်နေချင်သည်။ သူငယ်ချင်းတွေက ဆက်သွယ်ရေးမှာ၊ မြန်မာ့ အသံမှာ၊ အပြင်ကုမ္ပဏီတွေမှာ အင်ဂျင်နီယာ အလုပ်ဖြင့် အောင်မြင်နေချိန်… ကျမက ဘယ်သူ့ကိုမှ ပေးမပြသော စာတွေသာ တကုပ်ကုပ် ရေးနေမိတော့သည်။
အိမ်ထောင်ပြုတော့ကော ဘာထူးလဲ။ အမေ ဘယ်လိုမှ သဘောမကျနိုင်သည့် ကျမထက် ငါးနှစ်ငယ်သော ယောက်ျားကို သူချစ်၊ ကိုယ်ချစ်၊ ကျမနှင့်စိတ်တူ ကိုယ်တူ ဝါသနာ တူတာ တခုတည်း ကြည့်ကာ လက်ထပ်ခဲ့ခြင်း ဖြစ်၏။ သူ့နောက်က ဘွဲ့ထူး ဂုဏ်ထူးများ (ရှိလည်းမရှိပါ) နှင့် သူ့မိဘ ဆွေမျိုး အသိုင်းအဝန်းများ ဘာမှကို မလေ့လာခဲ့ပါ။
ကျမခင်ပွန်းရဲ့ အဖေမှာ မိန်းမ နှစ်ယောက်ရှိကြောင်းလည်း ယူပြီးမှ သိရခြင်းဖြစ်ပြီး သူတို့၏ ဖအေတူ မအေကွဲ မောင်နှမများ စုစုပေါင်း ဘယ်လောက်ရှိသလဲ ခုထိ ကျမမသိပါ။ သူကလည်း သိကောင်းသော အရာတခု အနေနှင့် ကျမကို ပြောမပြခဲ့ဘူးပါ။
ကျမခင်ပွန်း၏ လက်ဘက်ရည်ဆိုင်မှာ ဝိုင်းကူလုပ်ပေးရင်း ကိုယ့်မြို့ထဲပဲလေဆိုပြီး ဖြစ်သလို ဝတ်၊ စက်ဘီး တစီးနှင့် သွားလာတတ်သော ကျမကို အမေကြည့်မရတာ မဆန်းပါ။ အမေက အပြင်ထွက်လျင် ကြော့နေအောင် ဝတ်သည်။ သနပ်ခါး ဖွေးနေအောင် လူးပြီး နှုတ်ခမ်းနီလေး ပြေပြေဆိုးလို့။ တခါတရံ ကျမကို စိတ်လျှော့လိုက် သော အသံနှင့် ….
“သမီးရယ် သနပ်ခါးကိုတော့ ထူထူလေး လိမ်းစမ်းပါ” ဟု ပြောတတ်သည်။
ကျမကလည်း “ဟာ လိမ်းတာပေါ့ အမေရဲ့ အောက်ခံမိတ်ကပ်တောင် ခံထားသေးတယ်။ ဒါပေမယ့် ဆိုင်မှာ လူကျတာနဲ့၊ စားပွဲထိုးတွေကို စီမံရတာနဲ့၊ စားဖို့ သောက်ဖို့ ချက်ပြုတ်ရတာနဲ့ ချွေးတွေထွက်ပြီး ပျက်ကုန်တာ” ဟု တုန့်ပြန် ပြောမြဲ…။
အဲဒီအခါမှာ အမေက “အေး ဒါကိုယ်ရွေးတဲ့လမ်းပဲ၊ ဘာမှ လာညည်းပြမနေနဲ့” တဲ့လေ။ ကျမကဖြင့် မညည်းရဘဲနဲ့။ အမေ့ကို ပြန်လည်ငြင်းခုန် မိတဲ့အခါတိုင်း သားအမိ နှစ်ယောက်သား ရန်ဖြစ်ကြ၊ နောက်ဆုံး အမေကပဲ စိတ်ပျက်လက်လျှော့တဲ့ ပုံစံနဲ့ ….
“ကဲကဲ…. ငါမပြောတော့ဘူး ဟုတ်လား။ နင့်ဟာနင် နေချင်သလိုသာ နေတော့” ဆိုတာနှင့် အဆုံးသတ်ကြသည်။ အမေ ကျမကို ချစ်လို့ အားမရနိုင်တာ ကျမ ကောင်းကောင်းကြီး သိပါသည်။ တခါတလေ ကျမဆီ ပြူးပြူးပျာပျာနှင့် ရောက်လာကာ…
“သမီးတို့ ဆိုင် ခုတလော လူပါးသွားတယ် ပြောတယ်။ ဟုတ်လား …. သမီးရေ …. လူတွေက လက်ညှိုးထိုးချင် နေကြတာ။ မကျစေနဲ့နော်” လို့လည်း ပြောတတ်သေး၏။ ကျမက …
“ဟာ … ဒီလူတွေကို ဂရုစိုက် မနေစမ်းပါနဲ့ အမေရာ … ဘာဖြစ်လဲ၊ ဟုတ်တယ်။ သမီးတို့ဆိုင် ပြုတ်တော့မှာ” ဟု အငေါ်တူးလျင်တော့ ကျမချပေးသည့် လက်ဘက်ရည် ပေါ့ဆိမ့်တခွက်ကို တငုံချင်းသောက်ရင်း …
“သမီးတို့ လက်ဘက်ရည်က ကောင်းပါတယ်။ ဒီမြို့မှာ အကောင်းဆုံးပဲ။ ဘာလို့ ပြုတ်ရမှာလဲ” ဟု အားပေးသလိုလို လေပြည်လေးနှင့် ဆိုချင် ဆိုနေပြန်သေးသည်။
အဲဒီလို အမေနှင့် ကျမလို ခပ်ချာချာ သမီးက ဘယ်တော့မှ တည့်လေ့မရှိဘဲ မတွေ့တာကြာလျင်တော့ လွမ်းတတ်ပြန်သေးသည်။ ကျမက ဘယ်အရာကိုမှ ပိုင်ဆိုင်ချင်လှသည် ဆိုသည့်စိတ် မရှိပေမယ့် ကလောင် တချောင်းကိုတော့ ပိုင်ဆိုင်ချင် လှသည်။ နေ့လယ် နေ့ခင်း ဆိုင်မှာ လူပါးချိန် ရွေးပြီး ကျမစာတွေ ထိုင်ရေး ဖြစ်သည်။ ပြီးတော့ ကျမဘာသာ သဘောမကျနိုင်ဘဲ ဆွဲဆုတ် ပစ်တတ်ပြန်သည်။
အမေက ကျမကို..“စာရေးတယ်၊ စာရေးတယ်နဲ့ သမီးရဲ့ ဝတ္ထုတွေ၊ ကဗျာတွေလည်း မဂ္ဂဇင်းတွေထဲပါတာ တခါမှ လည်း မတွေ့ပါလား” ဟု မေးသည့်အခါ ကျမ တော်တော် ရှက်သွားပါသည်။ ကျမ၏ ညံ့ဖျင်းမှုအတွက် အမေ သူ့အပေါင်းအသင်းတွေကြားထဲမှာ ဘယ်လောက်တောင် အရှက်ရနေပြီလဲ မသိပါ။
တလောက အဘွားဆုံးသည်။ အမေ့ရဲ့ အမေ ကျမရဲ့ အဘွားက အသက် ၉၆ နှစ်တွင် လူကြီးရောဂါဖြင့် ဆုံးခြင်း ဖြစ်သည်။ အဲဒီတုန်းက အမေ မျက်ရည်တစက်မှ မကျဘဲ ကျမကို ပြောသည်။
“မေမေက သမီးရဲ့ မာမီကြီးအတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ မေမေ့ကြောင့် မာမီကြီး တခါမှ ဂုဏ်မယူခဲ့ရဘူး။ အခု မေမေ့အသက် ၆၀ နားနီးနေပြီ။ သမီးအတွက် ဂုဏ်ယူချင်လိုက်တာကွယ်”
ကျမကို ဆူတာမဟုတ်ဘဲ အခုလို တလေးတနက်ပြောလာတဲ့ အခါမျိုးမှာတော့ ကျမ၏ နှုတ်ခမ်းများ ဆွံ့အကာ ဝမ်းနည်းမိသလိုလို ခံစားနေရတတ်သည်။ အမေဖြစ်စေချင်သလို ကျမလည်း လုပ်ပေးချင်ပါသည်။ အမေဂုဏ်ယူ ချင်စရာ၊ ဂုဏ်ယူနိုင်စရာ သမီးဖြစ်ချင် ပါသည်။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား …။ အမေ မသေခင် ….။ မသေချာပါ..။
ဒီလိုနဲ့ ကျမရဲ့ သံသယများသာ ကြီးထွားခဲ့ရသည်။
သိပ်ကို တိတ်ဆိတ်တဲ့ညတွေမှာ ကျမ မအိပ်ဘဲ စာရေး၊ စာဖတ် လုပ်လေ့ရှိသည်။ စာဖတ်ရာက ညောင်းညာ လာတဲ့ အခါမှာတော့ အပြစ်ကင်းစွာ အိပ်မောကျနေသော သားလေးဘက် လှည့်ကြည့်မိသည်။ အမေ မသေခင် ကျမက ဘာမှ လုပ်မပြပေးနိုင်ခဲ့ဘူး ဆိုရင် ကျမရဲ့ သားလေးကရော။ ကျမ မသေခင် ကျမအတွက် ဂုဏ်ယူစရာ တခုခု လုပ်ပေးနိုင်ပါ့မလား။ ဟင့်အင်း ကျမသားလေးက ကျမလို ခပ်ညံ့ညံ့မှ မဟုတ်ဘဲ။ သားလေးကို ကြည့်တာနဲ့ သိသာပါသည်။ သူ ကျမအတွက် တခုခုတော့ လုပ်ကို လုပ်ပြပါလိမ့်မည်။
ကျမလို ကြောင်တောင်တောင်၊ ဟိုမရောက်သည်မရောက်တော့ မဖြစ်စေရ။ သားလေးကြီးလာလျင် ဂစ်တာ သမားပဲ လုပ်မလား၊ ဒါမှမဟုတ် သူ့ဦးလေးလို တယောထိုးမလား ဒါမှမဟုတ် ပန်းချီဆရာကြီး ဖြစ်ဖြစ်ပေါ့။ အဆိုတော်လည်း ဖြစ်နိုင်သေးသည်။ တေးရေးသူကော။ ကျမအဖေ သူ့အဖိုးလို ကာတွန်းဆရာများ ဖြစ်မလား။ ဒါမှမဟုတ် စာရေးဆရာ၊ ကဗျာ ဆရာ …။ သားလေးက ခုမှ တနှစ်ကျော်ကျော် ရှိသေးတာ ကျမမှာ မျှော်လင့် ပိုင်ခွင့်တွေ အများကြီး ရှိနေသည်။
ဒါဆိုရင် အမေကရော…။ ကျမ အဲဒီလို သေးသေးကွေးကွေး အရွယ်လေးမှာ ကျမကိုကြည့်ပြီး အမေ အမျှော် လင့်ကြီး မျှော်လင့်နေခဲ့လိမ့်မည် ထင်သည်။ အမေ ကျမကို ဘာတွေများ မျှော်လင့်ခဲ့မှာပါလိမ့်။ ကျမ သိချင်စိတ် များ ရုန်းကြွလာခဲ့သည်။ အမေ့ကိုတော့ မမေးရဲပါ။
တနေ့နေ့ တချိန်ချိန် ကျမ တခုခု လုပ်ပြနိုင်ခဲ့ပြီ ဆိုတဲ့အချိန် ရောက်လာပြီ ဆိုရင်တော့ အမေ့ကို မေးကြည့်ပါမည်။ အဲဒီအခါကျ အမေက ကျမတို့နှင့် အတူရှိပါဦးမလား။ ဒါမှမဟုတ် အဘွားဖြစ်သလို အသိစိတ် ကင်းမဲ့တဲ့ ကလေးလေးတယောက်လို ဖြစ်နေမယ့် အချိန်လား…။ ကျမ ရင်မောသွားသည်။
ခုတော့ ကျမရဲ့ အသက်လည်း သုံးဆယ် ကျော်ခဲ့ပြီ။ အမေ့ရဲ့ မျှော်လင့်ချက်တွေလည်း ဇဝေဇဝါနဲ့ အရောင် မှိန်ကုန်ပြီ ထင်ပါရဲ့။
သေချာတာကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က အမေ့ရင်မှာ ကျမအတွက် မျှော်လင့်ချက်တွေ တနင့် တပိုးနှင့် ပြည့်သိပ် လင်းလက် နေခဲ့ဖူးပါလိမ့်မည်….။ ။
မှတ်ချက်။ ။ ဒီဝတ္ထုရေးတုန်းက ကျမအသက် ၃၀ စွန်းရုံပဲရှိသေးတယ်။ သားကလည်း ၁ နှစ်သာသာ သားဦးလည်း ဖြစ်တော့ မျှော်လင့်တာတွေ ရူးတာတွေက သိပ်များခဲ့ပါတယ်။ ခုချိန်မှာတော့ သားကို ဘာဖြစ်စေချင်တယ် ဆိုတာလည်းမရှိတော့ဘူး။ သူဖြစ်ချင်တာ ဖြစ်မှာပေါ့နော်။ အမေလည်း ၆၄ နှစ်တောင် ရှိပြီဆိုတော့ ၃၇ နှစ်အရွယ် ကျမကို လက်လျှော့လိုက်ရောပေါ့။
Thursday, August 28, 2008 | Labels: ဝတ္ထုတို | 1 Comments
အက်ဆေး ၁
ကျမ၏အကြောင်း
အသက်၂၈နှစ်အရွယ်တွင် ကျမ စာပေလောကသို့ စတင်ခြေချမိသည်။ ကျမကချစ်သော၊ ကျမကိုချစ်သောသူနှင့် လက်ထပ်သည်။ (ထိုအချက်မှာ ကျမ၏ထင်မြင်ချက်သာ ဖြစ်သောကြောင့် မှားချင်လည်း မှားနိုင်ပါသည်။ သို့သော် အသက်၃၆နှစ်အရွယ်၊ အိမ်ထောင်သက်ရှစ်နှစ်တွင် ကျမ ထိုစကားကို အနည်းငယ် ရဲရဲဝံ့ဝံ့ ပြောနိုင်နေပြီဖြစ်၏။) ထိုကာလများတွင်လည်း လိမ်လည်ပြောဆိုမှုတချို့ ရှိခဲ့ပါသည်။ သို့သော် မကောင်းသည့် ရည်ရွယ်ချက် တစုံတရာမပါပါ။
ကျမအသက် ၃၆ နှစ်တွင် အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာပြီးသောအခါ ရှေ့ဆက် ကျမ ဘယ်လောက် လိမ်ရဦးမလဲ ကျမသိချင်လာသည်။ သေချာတာကတော့ ကျမအသက်ရှင်နေသ၍ ဆက်လိမ်နေရဦိးမည်။ ကျမက မလိမ်ချင်တာတောင် အလိမ်ခံချင်သူများ ရှိနေသဖြင့် လိမ်ကိုလိမ်ရမည်ဖြစ်သည်။ ကျမ၏ဘ၀စာစီစာကုံးထဲတွင် “လိမ်” ဟူသောစကားကို ဖယ်ထုတ်လိုက်ပါက ဘာမှ ကျန်တော့မည်မဟုတ်ကြောင်းကို ၀မ်းနည်းစွာ သိလိုက်ရချိန်တွင် ကျမအသက် ၃၆နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် ဤစာကို ကျမရေးဖြစ်ပါသည်။
Monday, August 18, 2008 | Labels: အက်ဆေး | 4 Comments
ဝတ္ထုတို ၅
ကျမဘလော့လေးနဲ့ ကင်းကွာနေတာ ကြာပါပြီ။ ကင်းကွာနေခဲ့ပေမယ့် ရည်းစားကိုလွမ်းသလို လွမ်းနေခဲ့ပါတယ်။ မတင်ဖြစ်တဲ့အတွက်လည်း ကိုယ့်တာဝန် မကျေသလို ခံစားရပါတယ်။ အကြောင်းကြောင်းသော အကြောင်းများ ကြောင့်ပါ။ ခုတော့ အကြောင်းပေါင်းသင့်ပြီ ဖြစ်တဲ့အတွက် ပုံမှန် ပြန်တင်ပါတော့မယ်။ ကျမကို သိပ်လွှမ်းမိုးတဲ့ စာအုပ်တအုပ်ရှိတယ်။ အဲဒီစာအုပ်ကို ကြိုက်လွန်းလို့ အခါပေါင်းများစွာ ဖတ်ပြီး တခြားသူတွေကိုလည်း ဖတ်ဖို့ (အတင်း) တိုက်တွန်းပါတယ်။ ရိုးရိုးဖတ်ကြည့်ပါလို့ ပြောတာ မဟုတ်ဘူးနော်။ မဖတ်မနေနိုင်အောင်ကို ပြောတာ။ လူချင်းတွေ့နေတဲ့သူဆို စာအုပ်ကိုငှားသေးတာ။ ပြီးတော့မှ ပြန်မပေးတာ တို့ ပျောက်သွားတာတို့ ကြုံရတာ လည်း အခါခါပါ။ အဲဒါနဲ့ ပြန်ပြန်ဝယ်ရတာလည်း ခုဆို ၃ ကြိမ်မြောက်လောက် ရှိနေပြီထင်တယ်။ အဲဒီစာအုပ်က မူရင်းစာရေးဆရာ ဂျွန်စတိန်းဘတ်၊ တော်တီလာဖလက် ဆိုတဲ့ ရပ်ကွက် တခုက တကယ့် လူပေလူတေတွေ အကြောင်းကို မချွင်းမချန်သရုပ်ဖော် ထားတဲ့ စာအုပ်ပါ။ ဆရာ မောင်ထွန်း သူက “တို့ဘဝ တို့ကမ္ဘာ” ဆိုပြီး ဘာသာပြန်ထားပါတယ်။ အဲဒီစာအုပ်ကို ကျမ စာအုပ်အညွှန်းပုံစံ နဲ့ရေးပါဦးမယ်။ အဲဒီတော့မှ အသေးစိတ် ဖော်ပြပါမယ်။ ခုတင်မယ့် “မဆလာနံ့ သင်းတဲ့ညများ” ဆိုတဲ့ ဝတ္ထုကလေးကတော့ အဲဒီ တော်တီလာဖလက် လွှမ်းမိုးခံရတဲ့ ဝတ္ထုလေးလို့ ဆိုနိုင် ပါတယ်။ ဒီထဲက ဇာတ်ကောင်တွေက အပြင်မှာ တကယ် ရှိပါတယ်။ ကျမရဲ့ အကျင့်က ဇာတ်ကောင် တွေကို ဖန်တီးတဲ့အခါမှာ စိတ်ကူးယဉ်ပြီး ဖန်တီးလေ့ မရှိပါဘူး။ အပြင်မှာ တကယ်ရှိတဲ့သူတွေနဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုကို စိတ်ကူးနဲ့ ရောမွှေပြီး ရေးလေ့ ရှိပါတယ်။ ဟျူးမားလို့ခေါ်တဲ့ ဟာသဆီကို မရောက်တဲ့ စတိုင်ရာ ဝတ္ထုတို ပုံစံလေးပါ။ ပြုံးရုံလေးပဲ ပြုံးရမယ့် အမျိုးအစားပေါ့။ ဖက်ရှင်မဂ္ဂဇင်းမှာ ၂၀၀၄ ခုနှစ်က ဖော်ပြခံခဲ့ရပါတယ်။
မဆလာနံ့သင်းသောညများ
Saturday, August 16, 2008 | Labels: ဝတ္ထုတို | 0 Comments