နှစ်သစ်ကူးမှာ ရူးကြည့်ရအောင်

ရေးပြီဟေ့ ဆိုရင် တူးတူးသာတို့က ဂလို ရပ်လို့မရတော့တာ...

ခုက နှစ်ကုန်တော့မယ်၊ ငယ်ငယ်ကတော့ နှစ်ကုန်ခါနီး New Year Eve မှာ ဘုရားကျောင်းကိုသွား ... မျောက်ရှုံးအောင်ဆော့၊ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်ခါနီးလောက်ကျပြန်တော့ အဲလိုပဲ ဘုရားကျောင်းကိုသွား၊ လူငယ်တွေ ဂိမ်းကစားတာမှာဝင်ပါ။ တနှစ်များမှာတော့ ဘယ်လူတွေ ဘယ်ဂလို မျက်စိမှောက်တယ်မသိ ကွင်း တောင် ရလိုက်သေး။ တနှစ်တာ ကွင်းသွားရမယ့် သူစာရင်းထဲ ထိပ်ဆုံးကို ဝင်သွားတာထင်ပါရဲ့။ ပြီးတော့ ကောင်လေးချောချောလေးတွေကို မျက်စိကစား (လူငယ်ဘဝ ဖြစ်ရပ်မှန်နော်)။ ၁၁ နာရီ ထိုးခါနီးတော့ ဘုရားစရှစ်ခိုး။ အဲဒီမှာ သင်းအုပ်ဆရာ ဟောမယ့် တရားထက် ကွာယာမှာ ဆိုမယ့် သီချင်းကိုပဲ စိတ်ရောက်နေ ....။ ၁၂ နာရီ ထိုးခါနီး လက်ထောက် သင်းအုပ်ဆရာ သန်လျင်ဖေသွင်က ဆုတောင်းတော့မှ ကိုယ့်မှာရှိတဲ့ အပြစ်တွေ ကသောကမျော ဝန်ချ၊ နောက်တော့ လာမယ့်နှစ်မှာ ဘာလုပ်ပါမယ် ညာလုပ်ပါမယ် ကတိတွေပေး၊ ဘုရားကို ပြောပါတယ်။

“အပြစ်၌ ပျော်မွေ့ခဲ့သော နှစ်အတွက် ဝမ်းနည်းလျှက်ရှိပါ” ဆိုတဲ့သီချင်းကို အာခေါင်ခြစ်အော်ဆို ခဲ့တာ ခု ပြန်စဉ်းစားတော့ တော်တော် ရယ်စရာကောင်းတာပဲ။ ဒီလိုနဲ့ တူးတူးသာတို့ တနှစ်ပြီး တနှစ် ကုန်လွန်လာ လိုက်တာ။ မနှစ်ကတော့် ဂျီတီအိုင်က သပြေဆောင်မှာ ကုန်လွန်ခဲ့ရတဲ့ New Year အကြောင်း လွမ်းဆွတ်ဖွယ် ရေးဖြစ်ပါတယ်။

ဒီနှစ်တော့ ကိုယ့်ကိုယ်ကိုယ် ပယ်ပယ်နယ်နယ် ဝေဖန်ချင်နေမိတယ်။

ကိုင်း ၂၀၀၉ အတွင်းက တူးတူးသာ ဆိုသည်မှာ ... ဘာပါလိမ့်

၁။ လုံးဝ စည်းကမ်းမရှိ

ဖုန်းနံပါတ်တွေဆို ခဏခဏ ပျောက်၊ ဘယ်စာရွက်စုတ်မှာ မှတ်လိုက်မှန်းမသိ ပြန်ပြန်မေးရ။ အလုပ်စားပွဲပေါ်မှာ ဒီနေ့ထိ ပွရှုပ်နေ၊ အဲဒီ စာရွက်တွေကို ရှင်းဖို့ကြိုးစားတာလည်း အခါခါ တခါမှ မအောင်မြင်။

တလောကတော့ အယ်ဒီတာက ဂျာနယ်လစ်ကောင်းဆိုတာ .... အစချီတဲ့ စာရွက်တရွက်ပေးတယ်။ အဲဒီထဲက နံပါတ် ၁ အချက်က ပထမဆုံး ကိုယ့်စားပွဲပေါ်က စာရွက် စာတမ်းတွေကို ညီညီ စီထပ်ပါတဲ့။ ခုတော့ စိတ်မကောင်းစရာ၊ အဲဒီစာရွက်လေးက ကိုယ့် စာရွက်ပုံထဲမှာ ပျောက်နေတယ်။ ရှာလို့ မတွေ့တော့ဘူး။

ဒီတော့ ကိုယ့် အယ်ဒီတာရဲ့ အဆိုအရဆို ကိုယ်က ၂၀၀၉ ခုနှစ်ထဲမှာ ဂျာနယ်လစ်ကောင်းတယောက် မဟုတ်ခဲ့ဘူးပေါ့။ ဝမ်းနည်းလိုက်တာ။

၂။ စကားကို စွတ်စွတ်ပြောတတ်တဲ့အတွက် မိတ်ပျက်မလိုဖြစ်၊ မိတ်ပျက်ပြီးဖြစ်

ကိုယ်က အကောင်းနဲ့ပြောတာပဲ ဆိုတဲ့အထင်နဲ့ ပြောလိုက်မိတာမှာ တဘက်သား အတွက် နာစရာတွေ ပါသွားတာမျိုး။ မိတ်ပျက်မလို ခဏခဏဖြစ်တယ်။ မိတ်ပျက်ပြီးဖြစ်တယ် ဆိုတာက ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ တဘက်သားက ကိုယ့်ကို မခေါ်မပြောဖြစ်နေတာမျိုးပေါ့။ အဲဒါကိုလည်း အလိုက်မသိဘဲ သွားပြီး အတင်းခေါ်လိုခေါ် ...။ လူမှုရေး နားမလည်ဘူးပဲ ဆိုမလားမသိ။ တခါတလေ ကိုယ်က ကိုယ့် မောင်နှမလို ညီအစ်မလို သဘောထားပြီး ရင်းရင်းနှီးနှီး ဝေဖန်မိလိုက်တာ ပြောလိုက်မိတာကို တဘက်က စိတ်ကွက် သွားတာကို မသိတာမျိုးတွေ။

၃။ ပိုက်ဆံ နင်းကန်ရှာသလောက် အဖတ်မတင်

ဒါကတော့ ၂၀၁၀ မှာလည်း ပြင်လို့မရလောက်ဘူး ထင်ပါတယ်။ ပိုက်ဆံတွေက ဝင်သလောက် ဘယ်က ဘယ်လို ကုန်မှန်းမသိ ကုန်နေတာ။ တကယ်တော့ ကုန်တယ်ဆိုတာ သုံးလို့ပေါ့၊ ကိုယ့်အမှားကိုယ် ဝန်မခံချင်ပြန်။ တခါမှ မစုမိ၊ ကိုယ့်လောက်ဝင်ငွေမရှိသူတွေ အလုံးအခဲနဲ့ စုမိချိန်မှာ ကိုယ်ကတော့ ဒုံရင်းဒုံရင်း ဟိုတုန်းကလည်း မွဲ၊ ခုလည်း မွဲလျှက်ပဲ။ တူးတူးသာဆိုတာ ငမွဲပါ လို့ တံဆိပ်တပ်လို့ရတယ်။ စီးတဲ့ရေတော့ရှိပါရဲ့၊ ဆယ်တဲ့ကံသင်းက ဟိုဘက်ရွာမှာ သွားအိပ်ပျော်နေပုံရတယ်။

၎။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း တော်တော်ပြောဖြစ်တယ်

ဒါကတော့ ရှင်းမှာပါ။ ကိုယ်နဲ့ အဲဂလို ပြောဖော်ပြောဖက်တွေ ဒီစာကိုဖတ်ရင်း မျက်ခုန်းလှုပ်ကြပါ။ ဖော်ကောင် လုပ်တော့မယ်။ ခုပဲကြည့် တူးတူးသာ ဆိုတဲ့ ကိုယ်ကသာ အဲလို အပြစ်တွေကို ဝန်ခံရဲတာ၊ တခြား ဘယ်သူ ဝန်ခံရဲလဲ။ ဒါ ဥပမာပဲ ရှိသေးတာ။ အဲဒီလို ကြုံတိုင်း ကိုယ်ကောင်းကြောင်း ခဏခဏ ပြောတတ်တယ်။ မကြုံလည်း ကြုံအောင် လုပ်ပြောတတ်တယ်။

၅။ တွေဝေတာ

ခုထိကို ပြင်လို့မရသေးတာ။ ၂၀၀၉ ထဲမှာလည်း တွေဝေမှုကြောင့် လွဲရတာတွေ အများကြီး။ နောက်တခုက စာအုပ်တအုပ်စာလောက်ကို တထိုင်ထဲ ချရေးချင်သလောက် စကားနဲ့ မပြောပြတတ်တာ။ အဲဒါကတော့ အယ်ဒီတာနဲ့ ပြဿနာခဏခဏ တက်တဲ့ ကိစ္စပေါ့။ ကိုယ်လုပ်ချင်တာကို စာနဲ့ ရေလည်အောင် ရေးပြလိုက် ချင်တယ်၊ စကားတော့ မပြောတတ်ဘူး။ အဲဒါ ဘယ်လိုလုပ်ရမလဲ။

ကဲ ဝေဖန်ပြီးပြီ။ ပြင်ကြည့်မယ်လို့တော့ မပြောတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ နောက်ဆုံးတချက် တူးတူးသာ ဆိုတာ ဆုံးဖြတ်ချက်ချပြီးရင် ချတဲ့အတိုင်း လုပ်ချင်မှ လုပ်တတ်လို့ပါ။ ဒါပါပဲ။

အာကြီး သေပြီ

ကျမ ခေါင်းစဉ်ကို ဖတ်ပြီး အာဆင်နယ်အကြောင်းများလား လို့တော့ မထင်လိုက်ပါနဲ့။ ဘောလုံး အကြောင်း ဘာမှ မသိပါ။

* * *

အဘွားမိနှင့်ဘိုးပါတို့ သန်လျင်ရောက်လာခါစက သူတို့လင်မယားကို ရှေ့သွားနောက်လိုက်ညီတဲ့၊ စံပြ လင်မယားအဖြစ် အသိအမှတ်ပြုကြတယ်။ အဘွားမိက ကမာရွတ်ဒေါ်သာထက်ကျောင်းက ကျောင်းဆရာမ ဟောင်း၊ အဘိုးပါက ရှေးခေတ်နိုင်ငံခြားသင်္ဘောသားဟောင်းတဦး။ အဘွားမိ၊ အဘိုးပါ လို့သာ ခေါ်ပေမယ့် အဲဒီတုန်းက သူတို့အသက်တွေ ၅၀ ဝန်းကျင်လောက်ပဲ ရှိမယ်။ ကျမတို့က ကလေးတွေကိုး။

သူတို့မှာ သားထောက်သမီးခံမရှိ။ အဘိုးပါရှာဖွေထားသမျှလေးနဲ့ သန်လျင် ကျောင်းလမ်းမှာ ခြံတကွက် ဝယ်၊ အုတ်ခံ ပျဉ်ထောင်အိမ်ကလေးကောင်းကောင်း ဆောက်နေကြတယ်။ အဘိုးပါဆီမှာ ဘီအက်စ်အေ ဆိုင်ကယ်ကြီးတစီးရှိတယ်။ သူတို့အိမ်က ကျမတို့ ဘုရားကျောင်းနဲ့ ကျောချင်းကပ်။ ဒါက နောက်ပိုင်း အပိုင်ဝယ်လိုက်တဲ့အိမ်။ ပထမသန်လျင်ရောက်ခါစက ငှားနေတဲ့ အိမ်က ဘုရားကျောင်းနဲ့ မျက်စောင်း ထိုးမှာ။ အဘိုးပါက ဘုရားကျောင်း ကိစ္စမှန်သမျှ တတ်စွမ်းသလောက် ကူညီသူ၊ ကျမတို့ သင်းအုပ် ဆရာ ဖေဖေတူးတူးက အသင်းတော်သူ အသင်းတော်သားတွေ အိမ် လှည့်လည်ရင် အဘိုးပါက ဆိုင်ကယ်နဲ့ လိုက်ပို့တာ။ အဘိုးပါက ဖေဖေတူးတူးထက် နည်းနည်း ငယ်မယ် ထင်တယ်။ အဘွားမိကတော့ အမျိုးသမီး အသင်းမှာ ဦးဆောင်သူ၊ သီချင်းအဆို ကောင်းတယ်။ အထူးသဖြင့် အဘွားမိက ကွာယာဆိုရာမှာ ဒုတိယသံ (Alto) ဆိုလေ့ရှိတယ်။

တနေ့တော့ သူတို့ သမီးတယောက်ကို မွေးစားလိုက်တယ်။ ထိုသမီးနာမည်က မအေးမြင့်တဲ့။ ကျမထက် ၇ နှစ်လောက် ကြီးမယ်။ သူ့ကို အားလုံးက ဘာလို့လည်းမသိ အာကြီးဟု ခေါ်ကြတယ်။ ဒီတော့ ကျမတို့ကလည်း အာကြီးပေါ့။ သူကလည်း ဘုရားကျောင်းဝေယျာဝစ္စ မှန်သမျှ မညည်းမညူ ကူညီတတ်သူ။

အဘွားမိတို့ သန်လျင်ရောက်လာပြီး မကြာ ... သူတို့ ငှားနေသည့် အိမ်ဘေးအိမ်က ကိုပေါက်စ မမီးမီးတို့မှာ တတိယမြောက် ကိုယ်ဝန်ဆောင်ပါရော။ အဲဒီကိုယ်ဝန်ကို အဘွားမိနဲ့ အဘိုးပါတို့က မွေးစားချင်တယ်လို့ တောင်းတယ်။ ကိုပေါက်စတို့ကလည်း သိပ်ပြေလည်သူတွေ မဟုတ်ကြ။ အဲဒါထက်ကို အဘွားတို့ အဘိုးတို့ကို ကိုယ့်သွေးရင်းလို ခင်နေကြတာဆိုတော့ “ပေးပါမယ်” ဆိုပြီး နှုတ်ကတိပေးလိုက်ကြတယ်။ သားလေး မွေးတယ်။ တကယ်လည်း ပေးလိုက်တယ်။ ပေးလိုက်တယ် ဆိုပေမယ့် အဖေရင်း အမေရင်းနဲ့လည်း ဝေးကွာတာ မဟုတ်။ ဘာမှထွေထွေထူးထူး ပြောနေစရာမလို၊ အဖေရင်းအမေရင်းက ဒါ၊ မွေးစားအဖေအမေဆိုပေမယ့် အဖေ အမေရင်းထက်မချား ချစ်သူတွေက ဒါ ဆိုပြီး ထိုသားက သိတယ်။ သူ့နာမည်က ချစ်ကောင်းတဲ့။ ဒီတော့ အဘိုးပါနှင့် အဘွားမိမှာ သားတယောက် သမီးတယောက်နဲ့ စိုပြေသွားပြီ။ အဘိုးကော အဘွားပါ ဒီသမီးနဲ့ သားကို သိပ်ချစ်တယ်။ အာကြီးကလည်း သူ့မောင်လေးကို သိပ်ချစ်တယ်။ သူတို့မိသားစုက အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။

တနေ့မှာတော့ အဘိုးပါ အပြင်ကနေ ဆိုင်ကယ် တဘုန်းဘုန်းနှင့် ပြန်လာတယ်။ မျက်နှာက မကောင်း။ အဘွားမိ က ယောက်ျားလုပ်သူကို မျက်နှာကဲ အမြဲ ခပ်နေသူ ဆိုတော့ မေးလိုက်တယ်။

“ကိုပါ ... ဘာဖြစ်နေတာလဲ မျက်နှာလည်း မကောင်းဘူး”
“မမိ ... မင်း ငါမရှိတော့ရင် ကလေးနှစ်ယောက်ကို ဂရုစိုက်ပါကွာ၊ အထူးသဖြင့်တော့ ငါ့ သားလေးပေါ့။ သူက ကလေးပဲရှိသေးတာ”
“အခုလည်း ဂရုစိုက်ပါတယ် ကိုပါရယ်။ ရှင်ကလည်း ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလိုစကားတွေ ပြောနေ ရတာလဲ”
“မဟုတ်ဘူး၊ ငါ သိနေတယ်။ ငါ့ကို ကတိပေးပါကွာ နော်”
“ဟုတ်ပါပြီ၊ ကတိပေးဆိုလည်းပေးတယ်။ ရှင်က ဘာဖြစ်နေရတာလဲ ပြောပြ”
“ငါ ... ငါ့မျက်လုံးတဘက် ဝါးနေပြီ မမိရဲ့ ... ငါ မနေရတော့ဘူး ... ငါ့ကိုယ်ငါသိတယ်”
“မှန်းစမ်း ... အောင်မလေး ကိုပါရယ်”

အဲဒီလိုပြောပြီး အဘွားမိတို့ ရီလိုက်တာမှ ခွက်ထိုးခွက်လန်။ ဘာလို့လည်း ဆိုတော့ အဘိုးပါက မျက်စိ တဘက် ဝါးနေမှာပေါ့။ ဆိုင်ကယ်စီးရင် မျက်မှန်က မှန်တဘက် ကျွတ်ထွက်နေတာ သူ့ဘာသူ သိမှ မသိဘဲ။

အဲဒီအဖြစ်အပျက်ဖြစ်ပြီး ၁၀ နှစ်လောက်ထိ အဘိုးပါ မသေပါဘူး။ ချစ်ကောင်းလေး ဆယ်ကျော်သက် အရွယ် မှာတော့ အဘိုးပါ ကွယ်လွန်သွားခဲ့တယ်။ အဘွားမိကတော့ ဒီသားနဲ့ ဒီသမီးကိုပဲ ဖက်တွယ် ကျန်ခဲ့တာပေါ့။

ခုတော့ ချစ်ကောင်းက လူပျိုကြီး ဖားဖားဆိုတာထက်တောင် ကြီးနေပြီ။ ကုမ္ပဏီကြီး တခုမှာ အလုပ်လုပ်ရင်း မိသားစုအတွက် ဝင်ငွေရှာပေးသူတောင်ဖြစ်နေပြီ။ အာကြီးကလည်း သူ့မောင်ကို ချစ်လိုက်တာ သည်းသည်း လှုပ်။ သူ့မောင်နဲ့ ပတ်သက်သမျှ သူ့မောင်ရဲ့ သူငယ်ချင်းတွေကိုပါ အာကြီးက ဒဏ်ခံတာ။

ချစ်ကောင်းတို့သူငယ်ချင်းတသိုက်က သီချင်းဆို ဝါသနာပါကြတယ်။ အဘွားမိက အသက် ၇၀ ကျော်လာပြီ ဆိုတော့ စောစောစီးစီး အိပ်ရာဝင်ပြီ။ ချစ်ကောင်း ညဘက်ပြန်မလာသေးရင် အာကြီးက စောင့်တယ်။ အိမ်ရှေ့မှာ ချစ်ကောင်းတို့ တသိုက် ဂစ်တာတီး သီချင်းဆိုကြရင် အာကြီးက ပက်လက်ကုလားထိုင် တလုံးနဲ့ ထိုင်နားထောင်တယ်။

အာကြီးက နေ့ခင်းဘက် ထမင်းဟင်း ရောင်းတယ်၊ အိမ်ရှေ့မှာက အထက်တန်းကျောင်းရှိတော့ ရောင်းရတယ် ဆိုပါတော့။ ကျမက သူတို့ မောင်နှမတွေအကြောင်း ဝတ္ထုတိုလေးတွေ ရေးဖူးတယ်။ အာကြီးရဲ့ အသုတ်က ကောင်းလွန်းလို့ ကျမတို့က အလွယ်တကူ “အာကြီးသုတ်” သွားစားမယ် ဆိုပြီးပြောတာကို မသိတဲ့သူတွေက အာကြီးသုတ်ဆိုတာ ဘယ်လိုပါလိမ့်လို့ မေးရတဲ့အထိ။

ချစ်ကောင်းကျတော့တမျိုး။ ဒီကောင်က လေနည်းနည်းကျယ်တယ်။ ပြောရင်းနဲ့ လက်လွန်လွန်သွားတတ်တာပါ။ ဥပမာ ကျမတို့က ၈၈ အရေးအခင်းအကြောင်း စကားစပ် ပြောကြတယ်ဆိုပါတော့။ အားလုံးက ၈၈ မှာ လူငယ် အရွယ်ဖြစ်နေတဲ့သူတွေချည်းပဲ။ အဲဒီမှာ ချစ်ကောင်းကလည်း ဝင်ပါတတ်တယ်။

“ဟာ ၈၈ တုန်းကဆို ကျနော်ကိုက လမ်းမှာ ကင်းစောင့်တာဗျ။ ပြီးတော့ ထမင်ထုပ်တွေ လိုက်ဝေတာ” အဲဒီလို အာပေါင်အာရင်း သန်သန် ပြောပြီဆိုရင် ဖောက်ချင်တဲ့ တယောက်ယောက်က “၈၈ တုန်းက မင်းက ဘယ် အရွယ်တုန်း” လို့ မေးလိုက် “၃ နှစ်” လို့ပြန်ဖြေလိမ့်မယ်။ သူများတွေ ဝိုင်းရယ်ပေမယ့် လျှော့မယ်တော့ မထင်နဲ့။ “၃ နှစ်ပေမယ့် ကျနော် အားလုံးမှတ်မိတယ်” လုပ်သေးတာ။

တခါလည်း ဘောလုံးပွဲစုကြည့်ကြရင်း သူက အိပ်ပျော်သွားရော ... ဘယ်ပွဲလဲတော့ မမှတ်မိဘူး။ ထားပါတော့ အာစင်နယ်နဲ့ မန်ယူပေါ့လေ။ ဥပမာ မန်ယူက နိုင်သွားတယ်ဆိုပါတော့ မနက်မှာ တယောက်က ပြောင်းပြန် အာဆင်နယ်နိုင်သွားတာ၊ ဘယ်လိုကန်လိုက်တာ၊ ဘယ်လိုဝင်သွားတာ ဆိုပြီး သူ့ရှေ့မှာ ပြောလိုက် ... မကြာဘူး လက်ဘက်ရည်ဆိုင်လည်း ရောက်ရော အာပေါင်အာရင်းသန်သန်နဲ့ အာစင်နယ်ထဲက ဘယ်သူက ဘယ်လို အနိုင်ဂိုးကို သွင်းလိုက်တာဆိုပြီး လျှောက်ပြောနေလိမ့်မယ်။ တကယ်ကြည့်ခဲ့တဲ့သူတွေတောင် ငါတို့များ မှားသလား ထင်ရအောင် လုပ်တတ်တယ်။

အဲဒီကောင်က အဲဒီလို ရွှီးတတ်ပေမယ့် သူ့မှာလည်း ချစ်စရာ အကွက်လေးတွေရှိတယ်။ သူငယ်ချင်းတွေက သူ့ကို ခင်ကြတယ်။

အဘွားမိ အိပ်ရာထဲလဲတော့ အာကြီးနဲ့ ချစ်ကောင်းပဲ မအိပ်မနေပြုစုကြရတာပါ။ ချစ်ကောင်းဆိုရင် အလုပ် တဘက်နဲ့ အမေကို ပြုစုတာ။ အာကြီးလည်း ထို့အတူပဲ ... မွေးစားသား သမီးတွေလို့တောင် မထင်ရဘူး။ တကယ်ဆို အဘိုးပါ ဆုံးကတည်းက သူတို့မှာ ဘာဝင်ငွေမှ ရှိတော့တာ မဟုတ်ဘူး။ အာကြီးနဲ့ ချစ်ကောင်းပဲ ရှာကျွေးခဲ့တာလို့ ပြောလို့ရတယ်။

မနှစ်က အဘွားမိ ဆုံးတယ်။ ကျမကတော့ ထိုင်းနိုင်ငံကနေပဲ သတင်းမေးလိုက်နိုင်တယ်။ အဘွားမိဆုံးပြီ ဆိုတော့ သူတို့ မောင်နှမ နှစ်ယောက်ပဲ ကျန်တော့တယ်။ အာကြီးကလည်း ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး။ လေးဘက်နာကော၊ နှလုံးရောဂါကော စုံနေတာပဲ။ အာကြီးကို နားနားနေနေ အလုပ်လုပ်ဖို့ ကျမတောင် အကြံပေးဖူးတယ်။ အာကြီးက ကျမ သားကြီးကိုလည်း ထိန်းပေးဖူးတယ်။ အာကြီးတို့နဲ့ တရပ် ကွက်ထဲ အကြာကြီး အတူနေခဲ့ဖူးတယ်။

အာကြီးက အရမ်းလည်း ရိုးတယ်။ ဂတ်စ်မီးဖိုနဲ့ ချက်ဖို့ ပြောရင် နားမထောင်ဘူး ... သူကြောက်တယ် တဲ့။ ဘယ်လောက် ပင်ပမ်းပင်ပမ်း၊ ဘယ်လောက်ဈေးကြီးကြီး မီးသွေးနဲ့ပဲ ထမင်းဟင်းတွေ တအိုးပြီး တအိုး ချက်တယ်။ သူက စေတနာကောင်းတော့ ဟင်းတွေလည်း ကောင်းတယ်။ ကျမအလုပ်က သူငယ်ချင်းတွေ၊ စာရေးဆရာ ဆရာမ အဖွဲ့တွေ သန်လျင်လာရင် ကျမက သူ့ဆီကပဲ ထမင်းဟင်းတွေ မှာကျွေးလေ့ ရှိတယ်။ ဈေးအရမ်းသက်သာတော့ သူငယ်ချင်းတွေ သဘောကျတယ်။ ကျမတို့ သန်လျင်ကို လာလည်ဖူးတဲ့ သူငယ်ချင်း တွေထဲမှာ အာကြီးရဲ့ ထမင်းဟင်း မစားဖူးတဲ့သူ မရှိသလောက်ဘဲ။

ခရစ္စမတ်မတိုင်ခင်က ချစ်ကောင်းက ကျမကို ဂျီတော့ကနေ လှမ်းပြောတယ်။ “အာကြီး ဆေးရုံတင်လိုက်ရတယ်” တဲ့။ ကျမ တော်တော်စိတ်မကောင်းဘူး။ သတင်းပဲ လှမ်းမေးနိုင်တယ်။ နောက်တော့ မကြာဘူး ဆေးရုံက ပြန် ဆင်းရပြီ၊ ကောင်းနေပြီ တဲ့။ တော်ပါသေးရဲ့။

ဒါပေမယ့် ဒီနေ့တော့ အာကြီး ညက ဆုံးပြီ တဲ့။ ကျောင်းလမ်းအိမ်ကနေ ဒီနေ့ ညနေ ၃ နာရီ ဘုရားရှိခိုးပြီး ချမယ် တဲ့။ အာကြီးအိမ်နဲ့ တအိမ်ကျော်က ကျမ ယောင်းမကို လှမ်းမေးမိတယ်။

“အာကြီးက ခရစ္စမတ်တုန်းက သီချင်းတွေတောင် လိုက်ဆိုနေသေးတာ၊ မုန့်တွေလည်း အစုံစားတာပဲ။ မနေ့ ညကတော့ ဝမ်းအမည်းတွေသွားပြီး ပျော့ကျသွားတာ ... ပြန်မထူလာတော့ဘူး” လို့ ယောင်းမလေးက ပြောပြတယ်။ ကျမ ဘာပြန်ပြောရမှန်းမသိဘူး။

ရှင်းရှင်းပြောရရင် အာကြီးဆိုတာကို မအေးမြင့်ဆိုတဲ့ နာမည်တလုံးကလွဲရင် ကျမတို့ ဘာမှ မသိဘူး။ သူ့ ညီအစ်ကို မောင်နှမအရင်းအချာ၊ ဆွေမျိုး ဘယ်သူလဲ၊ သူ ဘယ်ကလဲ၊ သူ့မိဘအရင်းတွေ ဘယ်သူလဲ ဘယ်သူမှ မသိဘူး။ သိကောင်းသိခဲ့မယ့် သူ့မွေးစား အမေကော အဖေပါ မရှိတော့ဘူး။ အဲဒီလို မသိတော့ကော ... ဘာမှ တော့ မဖြစ်ပါဘူး။ သူ့ကို ဘုရားကျောင်း အသိုင်းအဝန်းက ကောင်းကောင်း သင်္ဂြိုဟ်မှာပါ။ သူ့အသက်က ၄၅ နှစ် တဲ့။ အရွယ်ကောင်း၊ အိမ်ထောင်လည်း မရှိ။ သားသမီးမရှိ။

၂၀၀၉ ခုနှစ်ရဲ့ နှစ်ကုန်ခါနီးအချိန်မှာ ... အာကြီး သေသွားပြီ။ ကျမတို့ ပြန်မတွေ့နိုင်ကြတော့ဘူးပေါ့။

မရေးတာကြာတဲ့ ဘလော့စာမျက်နှာလေးကို ပြန်ဖွင့်မယ်လို့ ကြံချိန်မှာ အဲဒီသတင်းကို ကြားလိုက်ရတာနဲ့ပဲ မှတ်မိနေတဲ့ မိသားတစုအကြောင်း ရေးလိုက်မိတာပါ။ အပေါ်မှာရေးခဲ့တဲ့ အဘိုးပါအကြောင်း၊ ချစ်ကောင်းနဲ့ အာကြီးသုတ် အကြောင်းတွေ ကျမ ရေးခဲ့ဖူးတယ်။

အာကြီးတယောက် “ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာရင်ငွေ့ကို လှုံရင်း ငြိမ်းချမ်းသာယာနိုင်ပါစေ”


သတင်းသမားလိုလို ဝတ္ထုတိုရေးသူလိုလို

မရေးတာကြာပြီဖြစ်သော စာနယ်ဇင်းသမားဘဝ ကမောက်ကမ ဘက်ကိုခြေဦးပြန်လှည့်ကြည့်တော့ .. တချို့ အချို့သော အချက်တွေက မရည်ရွယ်ဘဲ ထိခိုက်စရာလေးတွေ ပါနေပါတယ်။ စိတ်တော့ မကောင်းပါ။ သို့သော် မရေးလို့လည်းမဖြစ်။ ကျမရဲ့ နုနယ်လှတဲ့ အတွေ့အကြုံသက်သက် ဆိုပေမယ့် ကျမ ဖြတ်သန်းခဲ့တဲ့ အချိန်မှာ တကယ် ဖြစ်ပျက်နေတဲ့ မြန်မာပြည် စာနယ်ဇင်းလောကရဲ့ အခြေအနေနဲ့ ကျမနဲ့အတူ ပါဝင် ဖြတ်သန်း ခဲ့ကြသူတွေရဲ့ အကြောင်းဆိုတော့ တချိန်မှာ ဒါက တစုံတရာမှတ်တမ်း အဖြစ် ကျန်ကောင်း ကျန်နေလိမ့်မယ်။ ကျန်ချင်မှလည်းကျန်မယ်။ ဘာပဲဖြစ်ဖြစ် ... မြန်မာပြည်စာနယ်ဇင်းလောကမှာ သေးသေး လေးပဲ ဖြစ်ဖြစ် ထောင့်တထောင့်က ပါဝင်ခွင့်ရခဲ့တဲ့အတွက် ကျမ ကျေနပ်တယ်။

ဒါပေမယ့် ... တလောက စာပေနယ်က သူငယ်ချင်းတယောက်က ကျမကို ပြောလာတယ် ...။ “နင် စာတွေ ရေးတာတော့ ရေးပေါ့ဟာ ... တိုင်းပြည်ကိုတော့ မရောင်းစားနဲ့” တဲ့။ ကျမ တော်တော်လေး အတွေး ပွားသွားရတယ်။ ကျမ လုပ်နေတာက တိုင်းပြည်ကို ရောင်းစားသလို ဖြစ်နေပြီလား ...။ တခါမှ ကျမ အဲဒီလို မရည်ရွယ်ခဲ့ပါ။ ကျမက ... ကျမ တွေ့ကြုံခဲ့တာကို ရိုးရိုး ပြန်လည်တင်ပြခြင်းသာ။ သူက ဒီ ... ကမောက်ကမ စာစုကို ရည်ရွယ်ပြောနေတာဆိုတော့ ကျမ ပိုလို့ စဉ်းစားရပါတယ်။

နောက်တခုက ကျမက တိုင်းပြည် ပြင်ပ ရောက်နေတာဆိုပြီး ခံခဲ့ရသမျှ ပြန်နှက်လိုက်မဟဲ့ ဆိုတဲ့ အတွေး မရှိပါ။ ကျမ ဖြတ်သန်းခဲ့စဉ်က ခေတ်၊ စနစ်နှင့် ကမောက်ကမ အဖြစ်အပျက်တွေကိုသာ ရေးပြခြင်း ဖြစ်ပါတယ်။ တခုတော့ ရှိတာပေါ့။ ကျမနဲ့အတူ ဖြတ်သန်းလာခဲ့သူတွေထဲမှာ ... မရိုးသားသူတွေ ပါကောင်းပါမယ်၊ စာနယ်ဇင်းကို အရေခြုံ လုပ်စားလာသူတွေလည်း ပါကောင်းပါနိုင်တယ်၊ သူတို့အတွက်တော့ စိတ် အနှောင့် အယှက် ဖြစ်စရာဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ ကျမ သူငယ်ချင်းကိုတော့ အနိုင်ယူနေကျအတိုင်း “ငါက တိုင်းပြည်ကို မရောင်းစားပါဘူးဟ .. ပေါင်ပဲ သုံးမှာ” လို့ ပြောလိုက်ပါတယ်။

စာနယ်ဇင်းသမားဘဝ ကမောက်ကမ (၁၂)


ကဲ လေရှည်သွားပြီ ... ဆက်ပါမယ်။ အလင်းတန်းဂျာနယ်နဲ့ ရွှေအမြုတေ မဂ္ဂဇင်းက ကျမအတွက် သင်္ခန်းစာ များစွာ ပေးခဲ့ပါတယ်။ တကယ်တော့ ကျမတို့ ဂျာနယ်လစ်တွေအတွက် ဘယ်နေရာပဲ ရောက်ရောက် သင်္ခန်းစာ ယူစရာချည်းပဲ မဟုတ်လား။

Pop ဂျာနယ်၊ မဂ္ဂဇင်းဆိုတော့ ကျမတို့ Pop သတင်းတွေကို လိုက်ရပါတယ်။ ဒီတော့ အနုပညာနယ်လို့ စာပေ လောကက သုံးနေကျ ရုပ်ရှင်၊ ဂီတ လောကထဲ မွှေနှောက် သတင်းယူရပါတယ်။ ကျမအတွက် ဂီတ ပညာရှင် တွေနဲ့ စကားပြောရတာ ပျော်စရာ ကောင်းသလောက် ရုပ်ရှင်လောကသားတွေ ကျတော့ နည်းနည်း စိတ်ညစ်ရပါတယ်။ အင်တာဗျူးဂျာနယ်မှာ တုန်းကလည်း ကျမ ရုပ်ရှင်လောကသား တချို့ကို ဗျူးခဲ့ဖူးတယ်။ သို့သော် အလင်းတန်းဂျာနယ်က အတွေ့အကြုံကျတော့ တမျိုး။

ဆိုရလျှင် အင်တာဗျူးဂျာနယ်တုန်းက “ဘောင်းဘီဝတ်” တချို့ရဲ့ နာမည်တွေကိုသုံးပြီး ဝိတ်နှင့် ဖြဲရတာလေ။ အဲလိုမှ မလုပ်ရင်လည်း ကိုရွှေ မင်းသား၊ မရွှေ မင်းသမီးတွေက အင်တာဗျူးမပေးချင်ကြဘူး မဟုတ်လား။ ကြောက်လို့ ပေးတယ် ခေါ်မလား။

အလင်းတန်းဂျာနယ်၊ ရွှေအမြုတေ မဂဇင်းကျတော့ တမျိုး။ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက လူချစ် လူခင် ပေါတယ်။ သူ့ကို စာပေနယ်ကကော၊ ရုပ်ရှင်၊ ဂီတ အနုပညာ နယ်ပယ်ကကော လေးစားသူ များတယ် (လင်းရုံနက်ကြီးနဲ့များတော့ ကွာပါ့။ သူ့ကျ ချစ်တာမဟုတ်ဘူး ... ကြောက်ကြတာ) နောက်တခုက သူ့ ရွှေအမြုတေ မဂဇင်းက လက်ရှိအနေအထားအထိ အဆင့်တခုနဲ့ ရပ်တည်နေတဲ့ မဂဇင်းတစောင်။ အနုပညာသတင်းတွေ၊ အင်တာဗျူး၊ ဆောင်းပါးတွေ ဝေဝေဆာဆာပါသလို ဝတ္ထုတိုတွေလည်း ဝအောင် ဖတ်ရတယ်လေ။ ဒီလို မဂဇင်းတစောင်ကို ပဲ့ကိုင်နေသူဆိုတော့ အသိအကျွမ်းပေါများသလို ဦးဝင်းငြိမ်း ဆိုတဲ့ နာမည် ကြားလိုက်တာနဲ့ ဘယ်မင်းသား ဘယ်မင်းသမီးကမဆို အင်တာဗျူးပေးချင်ကြတယ်။ အထူးသဖြင့် တက်သစ်စများနှင့် ဒုတိယတန်း၊ တိယတန်း မင်းသား မင်းသမီးတွေက အလင်းတန်းဂျာနယ်နဲ့ ရွှေအမြုတေ မဂဇင်းမှာ ပါချင်ကြတယ်။ အဲဒီမှာ ပါလိုက်ရင် သူတို့အဖို့ ပေါက်သွားမယ်လို့ ယုံကြည်နေပုံလည်းရပါတယ်။

ကျမတို့ ဝင်ခါစ သတင်းထောက် ၄ ယောက်ဟာ ကွင်းထဲကို အစိမ်းသက်သက်တော့ မဆင်းရပါဘူး။ စစချင်းမှာ ရုပ်ရှင်ရိုက်ကွင်းတွေ၊ ဗီဒီယို ရိုက်ကွင်းတွေ၊ ဗီစီဒီ ရိုက်ကွင်းတွေကို အဲဒီအချိန်က အယ်ဒီတာ ကိုဦးဆွေနဲ့ ဓာတ်ပုံ ကိုလင်း၊ ဦးဝင်းငြိမ်းတို့နဲ့အတူ သွားရပါတယ်။ အဲဒီမှာပဲ ရုပ်ရှင်နယ်ကလူတွေ ဒီမဂဇင်းဂျာနယ်ကို ဘယ်လောက် အားကိုးသလဲဆိုတာ တွေ့ရပါတော့တယ်။

မင်းသမီး မင်းသားတွေကလည်း တော်တော်တော့ သနားစရာကောင်းပါတယ်။ ကင်မရာဘက်လှည့် သရုပ် ဆောင်လိုက်၊ စာနယ်ဇင်းသမားတွေလာရင် သွားဖြဲပြလိုက် လုပ်ရပါတယ်။ စစချင်းဆိုတော့ ကျမတို့က ကိုဦးဆွေ ဘယ်လို အင်တာဗျူးလုပ်တယ်ဆိုတာ လေ့လာတဲ့ အနေအထားပဲ ရှိပါသေးတယ်။

ကျမက အင်တာဗျူးဂျာနယ်မှာတုန်းက မင်းသားမင်းသမီးတွေကို အင်တာဗျူး လုပ်ခဲ့ဖူးတယ် ဆိုပေမယ့် အနေအထားက နည်းနည်းကွာနေပါတယ်။ သူတို့ ဆက်ဆံပုံကအစ မတူပါဘူး။ ဒီတော့ ကျမအတွက် အသစ်ပဲ ဆိုပါစို့။

အဲဒီအချိန်က မင်းသားရန်အောင်က ရန်အောင်နဲ့သူ၏ ချစ်သူများလား ဘာလားမသိဘူး ဗီစီဒီ ရိုက်နေတဲ့ အချိန်ပေါ့။ အင်းလျားကန်စောင်းက အိုင်ဘီစီမှာ ရန်အောင်နဲ့ မင်းသမီးတွေ တယောက်ချင်း ရိုက်နေကြတာ။ ရိုက်ကွင်းမှာ မင်းသမီးထဲကဆို ခိုင်သင်းကြည်ရယ်၊ ကြည်လဲ့လဲ့ဦးရယ်တွေ့တယ်။ အဲဒီအချိန်က ခိုင်သင်း ကြည်က မင်္ဂလာဆောင်ပြီးကာစပေါ့။ အဲ ... ကိုယ်ဝန်ရှိကာစလည်း ဖြစ်နေတော့ သတင်းသမားတွေကို စကား သိပ်ပြောချင်ပုံမရဘူး။ ကျမတို့လည်း ရိုက်ကွင်းကိုကြည့်ကြ မင်းသမီးတွေ ဘယ်လိုနေလဲ ကြည့်ကြနဲ့ နေ့တဝက် ကုန်တာပါပဲ။ အဲဒီရိုက်ကွင်းကို ကျမတို့ကို ခေါ်သွားရတာ အတွေ့အကြုံရရုံပါ။ ဘာအလုပ်မှ လုပ်စရာ မလိုသေး ဘူး။ တခုတော့ ရှိတာပေါ့ ... နောက်ပိုင်း ပေါ့ပ်သတင်းတွေကို သူတို့ ရေးမယ်ဆိုပြီး ကိုဦးဆွေက မိတ်ဆက်ပေး ပါတယ်။ သူတို့ကလည်း နှုတ်ဆက်ပါတယ်။ ဒါပေမယ့် တခါနဲ့တော့ ဘယ်မှတ်မိပါ့မလဲ။

အဲဒီရိုက်ကွင်းမှာ သတိထားမိတာကတော့ မင်းသားကြီး ရန်အောင်ပါ။ သရုပ်ဆောင်တဲ့ နေရာမှာ အလွန်ရဲတင်း တာ တွေ့ရပါတယ်။ မင်းသမီးတွေကို အကိုင်အတွယ် ကြမ်းတယ်ပေါ့လေ။ သူ့ရဲ့ သီအိုရီ ထင်ပါရဲ့.. ရိုက်ကွင်း ပေါ်မှာတင်မကဘူး ... သူက ရိုက်ကွင်း နားတဲ့ အချိန်မှာပါ မင်းသမီးတွေနဲ့ စကားပြောရင် တရင်းတနှီးနဲ့ (မရိုသေ့စကား) ဟိုကိုင် ဒီဖက် စကားပြောလေ့ရှိတာ တွေ့ရတယ်။ မင်းသမီးတွေကလည်း သူ့ကျတော့ တချက် ကလေးမှ ရွံ့တာ မတွေ့ရဘူး။

အစ ဆိုတော့ ကျမတို့ လေးယောက်သား ဟိုငေး၊ ဒီမော့နဲ့ ဘာမှလည်း လုပ်စရာမလိုသေးဘဲ ဖြစ်နေပါတယ်။ နောက်တော့ ဆရာဦးဝင်းငြိမ်းက ကျမတို့ လေးယောက်ကို ရိုက်ကွင်းအများစု တည်တတ်တဲ့ နေရာတွေကို လိုက်ပို့ပေးပါတယ်။ အဲဒီတုန်းက အများဆုံးရိုက်ကွင်းတွေရှိတတ်တာ ဒေါ်ညိုတိုက် လို့ခေါ်တဲ့ သင်္ဃန်းကျွန်းက တိုက်ကြီးတတိုက်ရယ် ...။ နောက်တော့ အဲ့ဒေါ်ညိုတိုက်နားမှာ နောက်ထပ် တိုက်ကြီးတတိုက် ထပ်ဆောက်ပြီး ငှားစားပါတယ်။ သူကတော့ သူဌေးခန်းတွေ ရိုက်ရင်သုံးတာပေါ့။ နောက်တခုက ကီလီ ၆ လို့ ခေါ်တဲ့ ကီလီက ခြံနဲ့ အိမ်ကြီးပါ။

မြန်မာကားတွေ ကြည့်တဲ့သူတွေဆို သိမှာပါ။ အိမ်ကြီးက အုတ်ခံ ပျဉ်ထောင် ရှေးအိမ်ကြီး။ အဲ့ဒီအိမ်ကြီးကိုပဲ ဟိုဘက်က လှည့်ရိုက်လိုက် ဒီဘက်ကလှည့်ရိုက်လိုက် ခြံထဲ ဆင်းရိုက်လိုက် လုပ်ကြပါတယ်။ ရှေးကားတွေ ရိုက်ရင် သူဌေးအိမ်ပေါ့၊ တောကားဆို တောသူကြီးတို့၊ တောသူဌေးတို့ပိုင်တဲ့အိမ်က အဲဒီအိမ်ဖြစ်သွားပါတယ်။ အဆောင်အနေနဲ့ဆိုရင် အဲဒီက အခန်းတွေကိုသုံးပါတယ်။ ဒါရိုက်တာ မိုက်တီးရိုက်တဲ့ ဟာသကား နာမည်တော့ မေ့သွားပြီ သတိရရင်ပြောကြပါဦး၊ လွင်မိုးနဲ့ ရာဇာနေဝင်းပါတာလေ။ အဲ့ကားမှာ လွင်မိုးနဲ့ ရာဇာနေဝင်းနေတဲ့ အဆောင်က အဲဒီကီလီ ၆ အိမ်ကြီးပေါ့။

နောက်တော့ အဲဒီခြံအနောက်ဘက်မှာ ဘန်ဂလိုလို ခပ်ဆင်ဆင် ထရံကာ ပျဉ်ထောင်အိမ် သေးသေးလေးတွေ ရှိတယ်။ အဲဒီအိမ်လေးတွေကတော့ တောကားတို့၊ ဆင်းရဲသားခန်းတို့ရိုက်ရင် သုံးတယ်။ အချုပ်ခန်းလုပ်ဖို့ နေရာလည်း ရှိတယ်။ အဲဒီအိမ်ကြီးမှာပဲ တရားရုံးခန်းတောင် ရိုက်တာတွေ့ရတယ်။ ထုံးစံအတိုင်း ကျောင်း နဲ့ ပတ်သက်တာ ရိုက်ရင်တော့ အင်းလျားကန်စောင်းမှာပဲ ရိုက်ကြတာများတယ်။

ကျမတို့ ၄ ယောက်က မနက် ဘားလမ်းက ရုံးကို ရောက်ပြီဆိုတာနဲ့ ခနထိုင်ပြီး ရုံးကဖုန်းနဲ့ ဖုန်းတွေခေါ်ရပါတယ်။ အထူးသဖြင့်တော့ ဒါရိုက်တာတွေဆီပေါ့။ ဘယ်ဒါရိုက်တာ ဘယ်မှာကားရိုက်နေတယ် ဆိုတာ ကိုဦးဆွေကလည်း တခါတလေ ပြောပြပါတယ်။ အဲဒီလို သိရပြီဆိုတာနဲ့ ကားရိုက်ရှိတဲ့နေရာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားကြရ တာပဲ။ ဟိုရောက်တော့မှ အဆင်ပြေသလို မေးကြမြန်းကြ။ ဗျူးကြ ...။ ပြီးတော့ တိုက်ကို ပြန်လာ ... အချိန်ရရင် တထိုင်တည်း စာမူထိုင်ရေး၊ အချိန်မရရင် နောက်နေ့မှရေး ... ဒီလိုနဲ့ သံသရာလည်တာပါပဲ။

အဲဒီရိုက်ကွင်းတွေမှာ ကြုံရတဲ့ အင်တာဗျူး အတွေ့အကြုံလေးတွေကိုလည်း ဖောက်သည်ချချင်ပါသေးတယ်။ တရားရစရာလေးတွေ၊ ရယ်စရာလေးတွေ၊ စိတ်ရှုပ်စရာတွေ၊ တခါတလေးလည်း ပျော်စရာတွေပေါ့။

ကျမကတော့ စာရေးဆရာမ ဖြစ်ချင်သူဆိုတော့ ဝတ္ထုတိုတွေကို ကြိုးစားရေးနေပါတယ်။ တဘက်ကလည်း အင်တာဗျူးတွေ ရုပ်ရှင်သတင်း ဂီတသတင်းတွေ ရေးရင်း တဘက်ကလည်း ဝတ္ထုတိုတွေရေးရင်း နေချင်တာပါ။

အဲဒီတုန်းက အယ်ဒီတာ ကိုဦးဆွေက ပျော်ပျော်နေတတ်ပေမယ့် ကျမတို့ကို သိသင့်သိထိုက်တာတွေ တော်တော် သင်ပေးပါတယ်။ ဆရာကြီးစတိုင်နဲ့ မနေတဲ့အတွက် ကျမတို့ အနေမခက်ဘူးပေါ့။ ကိုလင်းကလည်း ပျော်တတ် ပါတယ်။ ကျမနဲ့တူတူ အလုပ်ဝင်ကြတဲ့ ခင်ခင်ကျော် ဆိုလည်း ကျမ ညီမလေးတယောက်လိုပဲ။ နောက် ကိုကြည်အောင်နဲ့ ကိုသန့်ဇင် ဆိုလည်း ကျမထက် အသက်ငယ်ကြတယ်။ ကျမတို့ ၄ ယောက်က စုစု စည်းစည်းနဲ့ ပျော်ပျော်ပဲ။ သတင်းဆိုလည်း မလုဘူး။ အဆင်ပြေသလိုရေးလိုက်ကြ တာပဲ။ ကိုသန့်ဇင်က သိပ်မကြဘူး အလုပ် ထွက်သွားတယ်။ ကိုကြည်အောင်ရယ် ကျမရယ် ခင်ခင်ကျော်ရယ်ကတော့ နည်းနည်းကြာတယ်။ အဲဒီမှာ ကိုကြည်အောင်ကြီး ဒုက္ခရောက်တဲ့ ရယ်ရတဲ့ အကြောင်းလေးတွေ နောက်ပိုင်း ရေးပါဦးမယ်။

ကျမနဲ့ ခင်ခင်ကျော်က ခုထိ အဆက်အသွယ်ရှိကြတယ်။ တလောက ဖုန်းဆက်တော့ သူ့ကို ကျမက ''ဟဲ့ ကုလားမ ... ကျုပ်အခု စာနယ်ဇင်းသမား ကမောက်ကမ ဆိုပြီး ရေးနေတာ အလင်းတန်းရောက်နေပြီ။ တချို့ ကျုပ် မေ့နေတာလေးတွေ ပြောပါစမ်းပါ'' လို့ ပြောလိုက်တော့ ... သူက မှတ်မှတ်ရရ ရှိခဲ့တာလေးတွေ ပြန် ပြောပြပါသေးတယ်။

လူသားတွေ ဖြစ်ကြတဲ့အတွက် တနေရာထဲမှာ အငြိမ်မနေနိုင်ကြဘဲ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းကြတဲ့ သဘောရှိလေတော့ အဲဒီလို ခွဲခွာရတဲ့ အဖြစ်အပျက်ကလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝေးကွာပေမယ့် သံယောဇဉ်လက်ကျန်လေးတွေနဲ့ဆိုတော့ မမျှော်လင့်ဘဲ တနည်းနည်းနဲ့ ပြန်ဆုံကြတဲ့အခါမှာ စိတ်ချမ်းသာရပါတယ်။ ဒါကြောင့် ကျမကတော့ လမ်းခွဲရမယ်ဆိုရင်တောင် အမုန်းတွေနဲ့လမ်းမခွဲချင်ဘူး။ မတတ်သာလို့ အမုန်းတွေနဲ့ လမ်းခွဲရတာတွေလည်း ရှိသပေါ့လေ။ အဲဒီလိုကျတော့လည်း စိတ်မကောင်းပေမယ့် ဘာမှ မတတ်နိုင်ပါဘူး။

ကျမ ပထမဆုံး ရွှေအမြုတေကို ပေးဖြစ်တဲ့ ဝတ္ထုတိုက 'စက်နှင့်လူ' ဆိုတဲ့ဝတ္ထုတိုလေးပါ။ ပေးထားပြီး ရင်တထိတ် ထိတ်နဲ့ သုံးပါ့မလားလို့ ရင်ခုန်ရတဲ့ ဝတ္ထုတိုလေးပေါ့။ ရွှေရဲ့ စံကိုလည်း သိထားတော့ ပိုပြီး ရင်ခုန်ရတယ်။ ဦးဝင်းငြိမ်းကို မမေးရဲလို့ ကိုဦးဆွေကို ခနခနမေးတော့ ကိုဦးဆွေက 'ညည်းဝတ္ထု သုံးဖြစ်တယ်' လို့ပဲ ပြောပါ တယ်။ အဲဒီလိုပြောတဲ့အထိ စိတ်ဒုန်းဒုန်း မချနိုင်သေးပါဘူး။ ဝတ္ထုတိုလေး တကယ်ပါလာတော့မှပဲ ကျမ သက်ပြင်းချနိုင်တော့တယ်။

ဘလော့ပေါ်မှာ ရေးချင်တာကို ရေးချင်တိုင်းရေးနေရတော့ အဲဒီလို အယ်ဒီတာစားပွဲဖြတ်သန်းရတဲ့ အတွေ့ အကြုံကို လွမ်းမိတယ်။ ခင်လိုမင်လို့ စာမူကို သုံးပေးတာ မဟုတ်ဘဲ တကယ်ကိုထိုက်တန်လို့ သုံးပေးတယ် ဆိုတာ ခံစားရတဲ့အတွက် ဒီတပုဒ်နဲ့တင် ငါစာရေးဆရာဖြစ်ပြီပဲ ဆိုပြီး မာန်တက်တယ် :P

အဲလိုပြောလို့ ဘလော့ပေါ်မှာ ရေးနေတဲ့သူတွေကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ ကြောက်ခမန်းလိလိ ကောင်းတဲ့ စာမူတွေ ... စာမျက်နှာပေါ်ရောက်သင့်တဲ့ စာမူတွေအများကြီး ဘလော့ပေါ်မှာ တွေ့နေရသားပဲ။ စာမျက်နှာပေါ် တင်ပေမယ့် အယ်ဒီတာကောင်းရဲ့ စားပွဲကို မဖြတ်သန်းဘဲနဲ့တော့ စာရေးဆရာဟေ့လို့ ကြွေးကြော်လို့ ဘယ်ရပါ့ မလဲ။

ကျောက်ရိုင်းတုံးတွေက အများကြီးပဲ။ မှတ်ကျောက်တင်လိုက်ရင် အဖိုးတန်ကျောက်ဖြစ်လာမယ့် ကျောက်ရိုင်း တွေပေါ့။ မှတ်ကျောက်တင်ခွင့်မရကြ သေးတာပါ။ ကျမကတော့ အနည်းငယ် မှတ်ကျောက်တင်ခွင့် ရခဲ့တယ် ဆိုတာကို ပြန်ဝေမျှ ချင်တာပါ။ တချိန်ကျရင်တော့ အဲဒီကျောက်ရိုင်းတွေ သွေးခွင့်မှတ်ကျောက်တင်ခွင့် ပျော်ပျော်ကြီးရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ...။ ဆက်ပါဦးမယ် ...။



မေမေ့အတွက် မွေးနေ့လက်ဆောင်

ဒီနေ့ ကျမ မေမေ၏ ၆၅ နှစ်ပြည့်မွေးနေ့ဖြစ်သည်။

မေမေ့ကို လွမ်းသည်။

အစ်ကိုနှင့်မောင်ကြားမှာ တဦးတည်းသောသမီး ဖြစ်သည့် ကျမကို မေမေက တိုးတိုးဖော်လုပ်ချင်သော်လည်း ကျမက အမေ့နား မကပ်။ ခုလို ရပ်ဝေးမြေခြား ရောက်နေလို့ မကပ်ဖြစ်တာထက် အတူရှိနေစဉ်ကတည်းက မေမေ့နားကို ကျမ လိုအပ်မှသာ ကပ်မြဲ။ မေမေက သားသမီး ၃ ယောက်တွင် ကျမ ဒုက္ခကို အခံစားရဆုံးဖြစ်သည်။ သို့သော် မေမေက ဘယ်တုန်းကမှ ကျမ ဒုက္ခများကို မညည်းညူ ...။

ခု ကျမ သားတွေက မေမေနှင့်အတူ ...။ မေမေ့အရိပ်မှာ ငြိမ်းချမ်းစွာ ရှိနေသည်ဟု စိတ်ချစွာဖြင့် ကျမ နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်သည်။ ထို့အတွက် မေမေ့ကို ကျမ ကျေးဇူးတင်သည်။

တခါတုန်းကတော့ ကျမက အမေ့အပေါ် အလွန်ဆိုးသူ ... သမီးဆိုးပေါ့။ အမေ့နားကို ကပ်၍ တွတ်တီးတွတ်တာ မပြောသော သမီး ... ။ အမေကို အမြဲ ဆရာလုပ်သောသမီး၊ အမေကြည့်မရသော သမီးဖြစ်သည်။

မေမေက အလှကြိုက်သလောက် ကျမက ဆန့်ကျင်စွာ (တမင်ဆန့်ကျင်တာလည်း ဖြစ်နိုင်သည်) အလှမကြိုက်။

အပျိုတုန်းက အလုပ်လုပ်စဉ် ကျမရသည့် လခကို ကျမကြိုက်သော စာအုပ်များ စိတ်ကြိုက်ဝယ်ပြီးမှ အမေ့ကိုပေးသည်။ အမေနှင့်ကျမ တကျက်ကျက်၊ ဘယ်တော့မှမတည့် ..။ အဖေကိုပဲ အထင်ကြီးသည့် ကျမက အမေပြောသမျှ အကုန် ဆန့်ကျင်သည် ... ။

တခါမှာတော့ ကျမတို့ ခရီးရက်ရှည် ထွက်ကြရသည် ... တလကျော်ကြာသည်။ ထိုအတောအတွင်း မိခင်များနေ့နှင့် ကြုံတော့ ကြုံရာမြို့တမြို့က ဘုရားကျောင်းတကျောင်းမှာ မိခင်တွေကို ဂုဏ်ပြုအစီအစဉ်လုပ်သည်။ အဲလိုကျတော့ ကျမ အမေ့ကို သတိရကာ မျက်ရည်ကျမိပြန်သည်။ သို့သော် အမေကို ကျမတမ်းတတာ ခဏသာ ..။ ပြန်လာတော့ ဒုံရင်း ဒုံရင်း ကျမနှင့် အမေ တကျက်ကျက် ဖြစ်ကြပြန်သည်။

ကျမ အမေက မဟုတ်တာမှန်သမျှ ခေါင်းငုံ့မခံဆိုသည့် လူစားဖြစ်သည်။ မဟုတ်ဘူးထင်လျှင် အမေက ဘယ်သူ့အတွက် ဖြစ်ဖြစ် ခေါင်းခံဝင်ပြောတတ်သည်။ ထို့ကြောင့် အမေက ဆွေမျိုးများကြားတွင် ရွံ့ကြောက်အဖြစ်ခံရသည်။ မေမေ့ကို လန့်ကြသည်။ သို့သော် လူမုန်းများသည်။ ကျမတို့ မောင်နှမများက မကြိုက်။ ကိုယ်နှင့်မဆိုင်လျှင် အသာလေး ငြိမ်နေစေချင်သည်။ မေမေက မရ ...။ တခါလည်း မေမေ့ မောင်အငယ်ကို မေမေ့အစ်ကို ကျမဘကြီးက အနိုင်ကျင့်နေသည်။ မေမေက မခံနိုင်ဖြစ်ကာ ဝင်ပြောသည်။ ဇာတ်လမ်းဆုံးတော့ ထိုညီအစ်ကိုနှစ်ယောက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မေမေ့ကို ကျမ ဘကြီးက မခေါ် မပြောဖြစ်သွားသည်။

နောက်တခု မေမေ့အကျင့်က ဆွေမျိုးများထဲမှ ညီမ၊ တူမများ အိမ်ထောင်ပြုတော့မည် ဆိုလျှင် “သဘောမတူဘူး” ဆိုတာနှင့် အရင်စခြင်းဖြစ်သည်။ ထိုသို့ သဘောမတူခြင်းက သူ့ ညီမ၊ တူမများကို နှမျောသောကြောင့်ဖြစ်သည်။ သို့သော် သူ ဘယ်လိုပဲ သဘောမတူမတူ ထိုစုံတွဲက ယူဖြစ်ကြသည်သာ။ မေမေ့မှာသာ ထို စကား တဘက်နားသို့ ရောက်သွားသဖြင့် တဘက်သားက မှတ်သားထားပြီး တသက်လုံး မုန်းတာ ခံရတော့သည်။

မေမေ့ညီမအငယ် ကျမ အဒေါ် အိမ်ထောင်ပြုတော့ မေမေက “သဘောမတူဘူး” ဆိုတာနှင့် ဖျက်သည်။ ထုံးစံအတိုင်း သူတို့ ကြိုက်ကြတော့ ယူဖြစ်ကြတာပါပဲ။ ကျမအဒေါ်၏ ခင်ပွန်းက မေမေနှင့် မောင်နှမလို နေသူ ... ။ ဘောမတူဘူး ဆိုသည့် စကားတခွန်းကို ထိုဦးလေးက မှတ်သားထားကာ သူသေသည်အထိ တဖွဖွ ပြောလေ့ရှိသည်။ “နင်တို့ အမေက ငါနဲ့ နင့်အဒေါ်ကို သဘောတူတာမဟုတ်ဘူး” ဆိုသည့်စကား အမြဲပြောသည်။ ဒါလည်း မေမေက မမှတ် .. နောက်ထပ် တူမတွေ ယောက်ျားယူခါနီးတိုင်း ပြောမြဲ။

တူမတွေတောင် ပြောမှတော့ သမီးအရင်းခေါက်ခေါက် ကျမကိုလည်း “သဘောမတူဘူး” ဟု မပြောဘဲများနေမလားဟု မထင်လိုက်ပါနှင့်။ မေမေကလည်း ပြောသည်။ ကျမကလည်း ယူသည်။ သဘောမတူဘူး ဟု အကျင့်အတိုင်း ပြောခဲ့သော်လည်း မေမေက ထို တူသားမက်များနှင့် သားမက်ကို တော်တော်ချစ်သည်။ ဂရုလည်းစိုက်သည်။ ကျွေးစရာရှိလည်း ကျွေးသည်။ မွေးနေ့ကအစ မှတ်သားထားသည်။ သို့ပေမယ့် သဘောမတူဘူး ဆိုတာကတော့ ဆက်ပြောနေသေးသည်။

ကျမမှတ်မိသလောက် မေမေက ကျမပါပါကို အလွန်ချစ်သည်။ မေမေက ပါပါ့ထက် ၈ နှစ်ခန့်ငယ်သဖြင့် ပါပါက ကလေး တယောက်လို အမြဲဆုံးမတာ တွေ့ဖူးသည်။ နောက် ပါပါက ကာတွန်းဆရာဆိုတော့ သူ့မိန်းမကို သူ့ကာတွန်းလေးများလိုပဲ ချစ်ပုံရသည်။

ကျမလည်း ရေးဖူးပါသည်။ ကျမတို့ငယ်ငယ်က ရှားပါးသည့်ခေတ်ဆိုတော့ မေမေက အိမ်၏စားဝတ်နေရေးအတွက် ရသည့် နှစ်ယောက် ဝန်ထမ်းလခလေးဖြင့်စီမံရသည်။ မေမေ့စိတ်ထဲတွင် တလတလ အလျှင်မီဖို့ဆိုတာကိုသာ အမြဲစဉ်းစား နေရသည့် အတွက် ပါပါ့ကာတွန်းခလေးများရလျှင် အလွန်ပျော်သည်။ တခါတလေ ပါပါက ကျီစားသည့်သဘော မေမေ့အကြောင်း ကာတွန်းလုပ်ဆွဲပြီး မဂ္ဂဇင်းတွင်ပါလာလျှင်တောင် မေမေက မသိ။ စာအုပ်ကြားတွင်ညှပ်ထားသည့် ကာတွန်းပုံခလေးကိုသာ ဆွဲယူကာ ကာတွန်းကို ဖတ်လေ့မရှိ။ တခြားသူပြောပြတော့မှ သိရပြီး မေမေစိတ်ဆိုးတော့သည်။ သို့သော်လည်း မေမေ စိတ်ဆိုးလျှင် ခဏသာ။

ပါပါ့ နောက်ဆုံးအချိန်တွင်တော့ မေမေက တကယ့်ဇနီးကောင်းဖြစ်သည်။ တချက်ကလေးညည်းညူတာ မတွေ့ခဲ့ရ။ ကင်ဆာရောဂါကြောင့် နာကျင်နေသော ပါပါ့နားမှ တဖဝါးမှ မခွာဘဲ ပြုစုခဲ့သည်။

ပါပါ မရှိတော့သည့်နောက်ပိုင်းမှာ မေမေက ကျမတို့ မောင်နှမသုံးယောက်ကို လူကြီးများလို သဘောထားတိုင်ပင်ကာ သူ အတတ်နိုင်ဆုံး ပြုစုပေးခဲ့သည်။

မေမေက ဟင်းချက် ကောင်းသူတယောက်တော့မဟုတ်။ ဟင်းချက် မကောင်းတာထက် စိတ်ကူးတည့်သလို ချက်လိုက်သဖြင့် အစပ်အဟပ်လွဲတာဖြစ်သည်။ ကျမမောင် ကိုရဲ လူပျိုတုန်းကဆို ခနခနခံရသည်။ တခါကိုရဲက “ဂေါ်ရခါးသီးလေး စားချင်လိုက်တာ” ဟု မေမေ့ရှေ့တွင် ပြောမိတော့ မေမေက သီရိမင်္ဂလာဈေးရောက်တုန်း ဂေါ်ရခါးသီးတွေ အိတ်လိုက် ဝယ်လာသည်။ ဂေါ်ရခါးသီးကို ကိုရဲအတွက် တနေ့တမျိုး ကြော်လိုက်၊ ချဉ်ရည်ချက်လိုက် ချက်ကျွေးသည်။ ကိုရဲ ကျမအိမ် ရောက်လာပြီး “မတူးရာ ..မေမေ့ဆီသွားလိုက်စမ်းပါ။ မေမေ့ဆီမှာ ဂေါ်ရခါးသီးတွေ အများကြီးကျန်သေးတယ်။ အဲဒါ သမီး စားချင်လို့ဆိုပြီး သွားတောင်းလိုက်စမ်းပါ။ တို့တော့ ဗိုက်ထဲမှာ ဂေါ်ရခါးပင် ပေါက်တော့မယ်” ဟု ကျမကိုလာပြောရသည်ထိ။

တခါလည်း မေမေက သူ့သားငယ်လေး ကိုရဲအတွက် စပယ်ရှယ် ဟင်းချက်သည်။ ဝက်သားဟင်း၊ ချဉ်ပေါင်ဟင်းချို၊ ငပိကြော် တဲ့။ ကိုရဲတယောက် ဗိုက်ပွတ်ပြီး စားမည်ပြင်တော့မှ သတိရသည်။ မေမေ ထမင်းချက်ဖို့မေ့နေသည်တဲ့ ...။ အဲဒီလို အမေကို ကျမတို့သားသမီးများက နောက်နောက် ပြောင်ပြောင်ဖြင့် ချစ်ကြသည်။ ပါပါ မရှိသည့်နောက် မေမေ့ကိုသာ စရင်း နောက်ရင်း ကျမတို့ မိသားစု ပျော်အောင်နေကြသည်။

မေမေက ကျမအတွက် သူရဲကောင်းကြီးတော့မဟုတ် ... သို့သော် သိပ်ချစ်ဖို့ကောင်းသည့် အမေ ..။ အရင်က ကျမ စဉ်းစားမိတာက သမီးမိန်းကလေး မမွေးချင် ... မွေးလို့ကတော့ မေမေ့ဝဋ်တွေ ပြန်လည်မှာကြောက်သည်။ သား ၂ ယောက် မွေးတော့ ကျမ သိပ်ပျော်သည်။ သမီးမိန်းကလေး မမွေးတော့ ငါ ဝဋ်မလည်တော့ဘူးဟု စဉ်းစားသည်။ ခုတော့ သမီးလေး တယောက် ရှိရင်ကောင်းမှာဟု စဉ်းစားမိနေသည်။ ကျမအပေါ်မှာ ကျမ မေမေ့အပေါ်ဆိုးသလို ဆိုးမည့် သမီး တယောက်လောက် လိုချင်နေမိသည်။ မေမေတို့ပြောသလို “သမီးမိန်းကလေးက ဘယ်လောက်ဆိုးဆိုး အနည်းဆုံး ဟင်းတခွက်တော့ အမေ့အိမ် ရောက်အောင်ပို့သေးတယ်” ဆိုသည့်စကားကို ကျမ ထောက်ခံနေမိသည်။ ကျမ မေမေ့အတွက် ဟင်းတခွက်စာမက ပို့ပေးနိုင်ပြီ။ ပြည့်စုံအောင် မပေးနိုင်ပေမယ့် မေမေက ကျမပေးသမျှ အတိုအထွာလေးများအတွက် အမြဲဂုဏ်ယူသည်။

ကျမကတော့ ဟင်းတခွက်မျှော်လင့်နိုင်မည့် မိခင်တယောက် မဟုတ်တာ သေချာပါသည်။

ဓာတ်ခွဲခန်းပြင်ပက သင်္ချာသစ် သဘောတရားတခု

ကမ္ဘာပျက်နှင့် ရပ်ထားသည်မှာ ကြာပြီဖြစ်သော ကျမဘလော့ကလေးကို သံယောဇဉ်က အမျဉ်တန်းနေသည်။ စာကရေးချင်၊ လက်က ရေးသည့်ဆီမရောက်။ ကျမ အိပ်မက်ထဲမှာ ဝတ္ထုတိုတွေ တပုဒ်ပြီး တပုဒ် ရေးနေမိသည်။ ထို စိတ်ကူးထဲက ဝတ္ထုတိုများထဲမှ တပုဒ်ကို ခုတော့ လက်တွေ့ချရေးလိုက်ပြီ …။ အပ်ချလောင်း။ စိတ်အဆာ နည်းနည်းတော့ ပြေသွားသည် …။


ဓာတ်ခွဲခန်းပြင်ပက သင်္ချာသစ် သဘောတရားတခု


ဘီယာဖန်ခွက်ကို “ဒုန်း” ခနဲ ဆောင့်ချရင်း အံကြိတ်ကာ “ငါ … အလုပ်နေရာ ပြောင်းတော့မယ်ကွာ၊ တော်တော်စိတ်နာတယ်” ဟု သီဟ နာနာကျည်းကျည်း ပြောလာသည်။ ကျနော်က အဖြစ်အပျက်အားလုံးကိုသိသူ …။ မြေပဲလှော် တစေ့၊ နှစ်စေ့ ကောက်ယူဝါးရင်း “စဉ်းစားပါဦးကွာ” ဟုသာ ပြန်ပြောဖြစ်သည်။ ဒီထက်လည်း ကျနော် မပြောတတ်။ အဖြစ်အပျက်က ရယ်စရာတော့ကောင်းသည်၊ သို့သော် မရယ်ရဲ … သီဟက မူးနေပြီ။ ရယ်စရာ ကောင်းသည်ဟု ဆိုသော်လည်း ရယ်စရာ အဖြစ်အပျက်တော့ မဟုတ်ပြန်။ ကျနော်လည်း အနည်းငယ် ရီဝေဝေ ဖြစ်နေပြီ ထင်သည်။


* * *


“အောင်ခိုင်၊ ဘီယာသွားသောက်ရအောင်ကွာ” ဟု သီဟ လာခေါ်တော့ လက်ညှိုးနှင့် လက်မကို ဝိုင်းပြရင်း “ဒါမရှိဘူးကွ” ဟု ပြန်ပြောလိုက်သည်၊ မိန်းမ၏ မျက်စောင်းကိုလည်း လွတ်အောင် ရှောင်ရသေးသည်၊ ခုတလော အလုပ်အကိုင်က ကောင်းလှသည် မဟုတ်။

“ငါတိုက်မှာပါကွာ လိုက်သာလိုက်ခဲ့စမ်းပါ။ အေးမြ၊ ဒီကောင့်ကို ငါ ခဏခေါ်သွားမယ်၊ ခလုပ်မထိ၊ ဆူးမငြိ စေရဘူး။ ငါပြန်ပို့ပေးမှာ” ဆိုပြီး မိန်းမဆီက ပါမစ်ကိုပါ တခါတည်း တောင်းနေသည်။ “ခေါ်သွား၊ ခေါ်သွား၊ ပြန်မလာလည်း အေးတာပဲ” ဆိုသော အေးမြ၏ ချိုသာသော စကားလုံးများကို မသိကျိုးကျွံပြုကာ သီဟဆိုင်ကယ်နောက်က ခွလိုက်သွားခဲ့သည်။ ထိုစဉ်ကတော့ အပျော်သက်သက် ဘီယာသောက်ကြ ဖို့ဟု ကျနော်ထင်ခဲ့မိတာ၊ ဆိုင်ရောက်တော့မှ တက်တက်စင်လွဲတော့သည်။


သီဟ ချူသံပါအောင်ညည်းသည်၊ အလုပ်အဆင်မပြေ၊ မိန်းမကလည်း သူ့ထက် အသက်အများကြီးငယ်သဖြင့် နွဲ့ဆိုးဆိုးသည်၊ လိုချင်တာတွေ သိပ်များသည်၊ ကလေးထိန်း နေရသည်နှင့်တူသည်တဲ့။


“ဟေ့ကောင် အစကတော့ မင်းပဲ ကြိုက်လှချည်၊ ချစ်လှချည်ရဲ့ဆို။ မိမော်ကို မင်းယူတော့ အသက်တောင် မပြည့်ချင်လို့ သူ့အဖေကြီး သတ်တာ ခံရတော့မလို့ … ကံကောင်းလို့ ငါတို့ရှိလို့”


ကျနော်က အသောဖောက်သည်ကို ဂရုမစိုက် သူပြောချင်တာများသာ စွတ်ပြောနေသည်။ အဓိကကတော့ အလုပ်အကြောင်း၊ ကျနော်ကလည်း အရက်ဝိုင်းမှာ အလုပ်အကြောင်းပြောတာလောက် မုန်းသည်မရှိ။ သို့သော် … ဒီနေ့ဒကာက သူဆိုတော့ သည်းခံသင့် သလောက် သည်းခံရမည်။ သီဟ ပြောနေသည်က တောင်ရောက်မြောက်ရောက်၊ စကားလုံးများကို ဖမ်းပြီး ပြန်စီစဉ်နေရသည်။


နာရီဝက်လောက် ဆက်တိုက် ပွားပြီးချိန်တွင်တော့ သူဘာပြောချင်တာလဲ ဆိုတာကို ရေးရေး သဘောပေါက်စ ပြုလာသည်။


“မင်းပြောတော့ မင်းအလုပ်ကို ကျေနပ်တယ်ဆို၊ အရာရှိကလည်း မင်းကို သဘောကျတယ်ဆို၊ ရာထူးလည်း တိုးတော့မှာဆို၊ ပြီးတော့ မင်းလုပ်ချင်တာ လုပ်နေရလို့ ပျော်တယ်ဆို”


ကျနော့်မေးခွန်းများကို ချက်ချင်းပြန်မဖြေဘဲ သီဟ တဟားဟား အော်ရယ်နေသည်။ အားရအောင် အော်ရယ်ပြီးတော့မှ “အရူး၊ အရူး … အေး အဲဒီအရူးဆိုတာ မင်းကိုပြောတာမဟုတ်ဘူး၊ ငါ့ကိုယ်ငါ ပြောတာကွ” ဟု ဆိုသည်။ ကျနော်လည်း နားမလည်တော့။


“ငါ … မင်းကို အားကျတယ်ကွာ … အထူးသဖြင့် ကြည်လင့် ကို ငါ အရမ်းအားကျတယ်”


ကြည်လင်ဆိုသည်က သီဟနှင့်ကော ကျနော်နှင့်ပါ ငယ်သူငယ်ချင်းတွေ။ ကျနော်တို့ ၃ ယောက်က အလယ်တန်းကျောင်းသား ဘဝ ကတည်းက မရှိအတူ၊ ရှိအတူ၊ ဆိုးဖော်ကောင်းဘက်။ ကြည်လင်က အားလုံးထဲမှာ အတေဆုံး၊ ကျနော်တို့ ဆေးလိပ်သောက်တတ်ရန် သင်ပေးသူ၊ ကျနော်တို့ အရက်စသောက်တတ်သည်မှာ ကြည်လင့်ကြောင့်ဆိုမမှား။ သီဟက ကျနော်နှင့် ကြည်လင့်ကို အားကျသည် ဆိုတော့ ကျနော် တော်တော် အံ့သြသွားသည်။


စဉ်းစားကြည့်လေ၊ သီဟက ကျနော်တို့ထဲမှာ စာအတော်ဆုံး၊ ခုလည်း ဓာတုဗေဒ အဓိကဖြင့် မာစတာတန်းပင် အောင်ထားသူ။ သန်လျှင် ရေနံချက်စက်ရုံမှာ ဓာတုအင်ဂျင်နီယာ ခေါ်သလားမသိ .. အရာရှိတဦးအဖြစ် တင့်တင့်တယ်တယ် ..။ သူ့မိန်းမကလည်း သူ့ထက် အများကြီး ငယ်တာကလွဲလို့ လိမ်မာရေးချားရှိသည်၊ ချောမောလှပသည်။ ကျနော်နှင့် ကြည်လင်ကတော့ နှစ်ယောက်စလုံး ၁၀ တန်းပင် မအောင်၊ ကျနော်က ရေနံချက်စက်ရုံမှာပင် ဖိုမင်၏ လက်ထောက်၏ လက်ထောက် … သာမန် အလုပ်သမား။ ကျနော့်အောက်မှာ ဘယ်သူမှ မရှိတော့၊

ကြည်လင်ကတော့ ကျနော့်ထက် နည်းနည်းသာသည်၊ သူ့အဖေက အကပ်ကောင်းသူ ဆိုတော့ သူက ရေနံချက်စက်ရုံမှာပင် လုံခြုံရေး ဝန်ထမ်း။ တကယ်တော့သူလည်း လုံခြုံရေးဝန်ထမ်းများထဲတွင် အနိမ့်ဆုံးအဆင့်မျှသာ၊ သူများ ခိုင်းဖတ်သာသာ။ အဲဒါကို ဟိုကောင် သီဟ ဓာတုဗေဒ အရာရှိက အားကျသည်တဲ့။ ကျနော် ရူးချင်သည်။


* * *


ရေနံချက်စက်ရုံတွင် အရာရှိကလေးအဖြစ် စတင် အမှုထမ်းစဉ်ကာလကတော့ သီဟတို့ တပြုံးပြုံး၊ အဲဒီတုန်းက သူ မိန်းမလည်း မရသေး၊ လူပျို အရာရှိလေးအဖြစ် တင့်တင့်တယ်တယ်။


“ဓာတ်ခွဲခန်းမှာ ကုတ်အဖြူလေးဝတ်ပြီး အလုပ်လုပ်ရတာလောက် အရသာရှိတာ မရှိဘူးကွာ” ဟု မကြာခဏ ပြောတတ်သဖြင့် ကျနော်တို့က ဟားသည်။ “မင်းဟာက ကုတ်အဖြူဝတ်ချင်တာများကွာ ဓာတ်ခွဲခန်းသွားဝတ်စရာ မလိုပါဘူး၊ ချုပ်ဝတ်ပေါ့” ဟု လောင်ကြသည်။ သူကတော့ စိတ်မဆိုး။


တကယ်လည်း သူ့အလုပ်မှာ စိတ်ပါလက်ပါရှိလှသည်။


“မင်းတို့သိလား၊ မြေအောက်သယံဇာတ ရေနံတမျိုးတည်းကနေ၊ တခြားအသုံးဝင်တဲ့ ပစ္စည်းတွေထွက်ပေါ်လာအောင် ဓာတ်ခွဲရတဲ့ အရသာ၊ ကိုယ်မျှော်လင့်တဲ့ အဖြေထွက်လာတဲ့အခါ ခံစားမှု …”


အဲဒီလို သီဟ ပြောလျှင်တော့ ကြည်လင်က “အေး … ငါကတော့ … ရေနံကနေ ရွှေဖြစ်တာကိုပဲ စိတ်ဝင်စားတယ်” ဟု ပြောင်ချော်ချော် ပြန်ပြောလေ့ရှိသည်။


“ဟာ … ရေနံကနေ ဘယ်လိုလုပ်ရွှေဖြစ်မှာလဲ၊ ဓာတ်ဆီတို့၊ ဒီဇယ်တို့၊ ဖရောင်းတို့”

သီဟက အဲဒီလို အူကြောင်ကြောင် ပြန်ပြောလျှင်တော့ ကျနော်တို့အားလုံး တဟားဟား ရယ်မောရမြဲ။ “ဟေ့ကောင် ၈ တန်းလောက်က ကျက်လာတဲ့ စာတွေ လာမပြောနဲ့တော့ကွာ” ဟု ကြည်လင်က ပိတ်သည့်တိုင် သီဟက သူ၏ ဓာတ်ခွဲခန်း ပုံပြင်များကို မမောနိုင် မပန်းနိုင် ပြောမြဲ။


ကြည်လင်ပြောသည့် ရေနံက ရွှေဖြစ်သည် ဆိုတာကို ကျနော်တို့က နားလည် သဘောပေါက်ပေမယ့် သီဟက မသိ။ ကြည်လင့်အတွက် ကတော့ ရေနံက ရွှေတွေဖြစ်လိုက်တာ ဟောတကုံး၊ ဟောတကွင်း။ သူ့မိန်းမလည်ပင်းမှာ လက်မှာ …။ တကယ်ဆို ကျနော်တို့လည်း ပါသည်ပေါ့၊ သို့ပေမယ့် ကျနော်တို့က အစွန်အဖျားသာ …။ ကြည်လင်ကမှ အချီကြီး။ သူက လုံခြုံရေး မဟုတ်လား။


* * *

အစပိုင်းမှာ သီဟ မသိပေမယ့် နောက်ပိုင်းတော့ ကျနော်တို့ ပြောပါများ၍ သဘောပေါက်လာခဲ့သည်။


ကျနော်တို့၏ စွန့်စားခန်းများက သီဟ၏ ဓာတ်ခွဲခန်းပုံပြင်များကို လွှမ်းမိုးသွားသည်။

“အမှိုက်ထည့်တဲ့ ကြွပ်ကြွပ်အိတ် အမည်းကြီးထဲမှာ ဒီဇယ်တွေကို အပြည့်ထည့်တယ်ကွာ၊ ပြီးတော့ ကြိုးနဲ့သေချာစည်း။ ပုဆိုးအသစ် တထည်လည်း လိုမယ်”

“ပုဆိုးအသစ်က ဘာလုပ်ဖို့လဲကွ”

“အပေါ်ကနေ ပုဆိုးအသစ်နဲ့ထပ်ထုပ်စည်းရတယ်၊ အဟောင်းဆိုရင်ကွဲသွားရော။ အဲဒီအထုပ်ကြီးကိုမှ ကျောပိုးအိတ်ကြီးတလုံး ထဲမှာလည်း တခုထည့်လွယ်၊ နောက် ယောကျာ်းစီး စက်ဘီးတစီးရဲ့ ကယ်ရီမှာကော၊ ရှေ့ဘားတန်းပေါ်ကော၊ အပြည့်တင်”


စိတ်ပါလက်ပါ ပြောပြနေသည့် ကျနော့်စွန့်စားခန်းကို အားလုံးက ငြိမ်သက်နားစွင့်နေကြသည်။ စက်ရုံထဲက ဒီဇယ်ခိုးထုတ်သည့် အစီအစဉ် ဖြစ်သည်။ ကျနော်က အားလုံး၏ ခိုင်းဖက်၊ နောက်ပြီး ဒီအလုပ်ကိုကျွမ်းကျင်သူဆိုတော့ စက်ဘီးကို ကျနော်နင်းရသည်။


မငြိမ်သည့် ဒီဇယ် အထုပ်ကြီးများတင်ထားကာ ကျောပေါ်တွင်လည်း လွယ်ထား၍ ယောက်ျားစီးဘီးကြီးကို နင်းထွက်ဖို့ဆိုတာ တော်တော်တော့ မလွယ်လှ။


ထိုသို့သောစက်ဘီးကြီး … စတင်နင်းထွက်နိုင်ရန်အတွက် နောက်က ယောက်ျားကြီး လေး၊ ငါးယောက်လောက်က အရှိန်ရအောင် တွန်းလွှတ်ပေးလိုက်သည်၊ ထိုစက်ဘီးကို လမ်းတွင်လုံးဝရပ်ဖို့ မစဉ်းစားနှင့် … ဂိတ်ကို ရောက်သည်အထိ အရှိန်ဖြင့်သာ နင်းသွားပေတော့။


ဂိတ်ရောက်လျှင်တော့ ကျနော့်ကို ဆီးပြီးဖမ်းမည့်သူက ကြည်လင်တို့လို လုံခြုံရေးဝန်ထမ်းများ။

“ဆီးဖမ်းတာနော်၊ ဖမ်းဆီးတာ မဟုတ်ဘူး” ဟု ကြည်လင်က ဝင်ဖောက်သည်။ လုံခြုံရေးများနှင့်က ညှိထားပြီးသား၊ သူတို့က ဂိတ်အပြင်တွင် ကားတစီးကို အဆင်သင့် စောင့်ခိုင်းထားသည်။ ထိုကားက ဆီဝယ်မည့်သူ၏ ကားလည်းဖြစ်သည်။

ကျနော်ယူလာပေးသည့် ဆီထုပ်များကို ထိုကားပေါ် တင်ပေးလိုက်ရုံဖြင့် အလုပ်ပြီးပြီ။ ထိုသို့ ပြောရုံဖြင့် လွယ်လှချည်လား ထင်လျှင်တော့ မှားသွားလိမ့်မည်။ ဆီပိုက်ခေါင်း ဖွင့်တာက အစ၊ ကားပေါ်ရောက်သည်အထိ အနည်းဆုံး လူ ၁၀ ယောက်လောက် စည်းချက်ညီညီ၊ အချက်ကျကျ လုပ်ရသည်။ ထိုအချိန်တွင် လွတ်လပ်စွာလုပ်နိုင်ဖို့ အတွက် … သက်ဆိုင်ရာ အရာရှိကိုလည်း အဆင်ပြေသလို ပေါင်းထားပေးထားရသေးသည်။ ကဲ … ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းသလဲ။


“ဟာ … မင်းတို့ဟာက … ငါ့ဓာတ်ခွဲခန်းလောက် စိတ်လှုပ်ရှားစရာ မကောင်းပါဘူးကွာ” ဟုသာ သီဟက ပြောသည်။ ကျနော်တို့ ပြောနေကြသည်ကို သီဟ စိတ်ဝင်စားသော်လည်း သူ့အလုပ်နှင့် ပတ်သက်သည့် ဂုဏ်ယူမှုကတော့ တပြားသားမှ မလျော့။


ရလာသည့် ငွေကြေးကို အချိုးကျ ခွဲဝေယူကြသည့်နေ့ဆိုလျှင်တော့ ကျနော်တို့အားလုံး ရန်ကုန်တက်ကာ ကာရာအိုကေဆိုင်များ၊ အနှိမ်ခန်းများ၊ ကလပ်များ စုံနေအောင်သွားကြပြီ။

ကိုယ်နှစ်သက်ရာ နှစ်သက်ရာပေါ့ …။ အဲဒီမှာ ဗျောင်းဆန်အောင် ကဲ၍ ကုန်ကျ သမျှကို နှုတ်ပြီးမှ ကျန်တာကို အချိုးကျ ခွဲဝေယူခြင်းဖြစ်သည်။


ကြည်လင်တို့ကတော့ စင်ပေါ်ကပေါ့။ ကျနော်တို့လို အဖွဲ့မျိုး ၁၀ ဖွဲ့ရှိလျှင် … သူတို့လုံခြုံရေးတွေက ၁၀ ခါရသည်။


ဒီစက်ရုံမှာလုပ်သည့် ဝန်ထမ်းမှန်သမျှကတော့ အနည်းအများပဲကွာခြားမည်။ ဆီမခိုးသူက မရှိသလောက်ရှားပါး၏ …။ ရုံးကြီးပေါ်တွင် စားပွဲ၊ ကုလားထိုင်ဖြင့် လုပ်နေရသည့် စာရေးမများပင် ထမင်းစားပြီးချိန် သူတို့ စတီးလ်ချိုင့်ကလေးများ ကိုင်ကာ ဆီရှာထွက်ကြသည်။ သူတို့အခေါ် မုန့်ဖိုးပေါ့။ ကျနော်တို့လို ဆီတောထဲ လုပ်နေရသူတွေက သူတို့ချိုင့်လေးတွေထဲ ဖြည့်ပေးလိုက် … အိမ်အပြန် တပုလင်းလောက်တော့ အသာလေး ရသပေါ့။ သူတို့ကလည်း ကျနော်တို့ ရုံးကြီးဘက်လာလျှင် လက်ဘက်ရည်တိုက်၊ မုန့်ကြွေးသည်၊ လက်မှတ်ထိုးစရာ၊ ရုံးကိစ္စ ဆောင်ရွက်စရာရှိလျှင် ဆောင်ရွက်ပေးသည်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီပေါ့။


ကျနော့်သူငယ်ချင်း ဂျီတီအိုင်ဆင်း တကောင်ရှိသည်။ သူက အင်ဂျင်နီယာသာ နာမည်ခံထားတာ ကျနော်တို့နေရာလောက် မထော ..။ သူ့လို ဆီနှင့် တိုက်ရိုက်ပတ်သက်မှု မရှိသည့် ဝန်ထမ်းအမျိုးသားတွေကျတော့ ထမင်းကို စစ်သုံး ဟန်းကောချိုင့်ကြီးများဖြင့် ထည့်လာကြသည်။

ရေနံဝန်ထမ်းများကို ကြည့်လိုက်လျှင် ယောက်ျားဘီး ဘားတန်းတွင် ဟန်းကောချိုင့်များကို ပူးချည်ထားကာ အလုပ်ဆင်းကြသည်ချည်း။ ထိုဟန်းကောကြီးက ဆီ ၃ ပုလင်းလောက် ဆန့်သည်။ အဲဒီလောက် ယူတာလောက်တော့ လုံခြုံရေးက ဘာမှ ပြောမနေ၊ သူတို့အတွက် မက်လောက်စရာမရှိ။


ကျနော်တို့ကိုတော့ ကျန်သည့် တခြားသူငယ်ချင်းများက “အီရက်သူဌေးတွေ” ဟု ခေါ်ကြသည်။ ရေနံသူဌေးတွေပေါ့။ ကျနော့်ဆရာက ဆီတိုင်ကီ ဘားဖွင့်သည့် နေရာမှာကိုး။ သို့ပေမယ့် အမြဲလုပ်လို့တော့မရ … အခြေအနေကြည့်ရသေးသည်။ ကိုယ့်ကို မလိုသည့်သူများ ရှိနေလျှင်လည်း နားထားရသည်။ အရာရှိ အပြောင်းအလဲဆိုလျှင်လည်း ထိုအရာရှိ အသားကျအောင် စောင့်ရပြန်သည်။


ထိုအခါမျိုးတွင်တော့ ပြတ်လပ်မည်။ ခုန သီဟ လာခေါ်တုန်းကလို မိန်းမ၏ ပီယာဝါဆာလေးများ ကြားရမြဲ။

အဆင်ပြေချိန်တွေမှာတော့ မျိုးမျိုး မြက်မြက်လေးရ၊ သောက်လိုက်စားလိုက်၊ ပျော်ပါးလိုက်။ မိန်းမက နှလုံးထီလေး ထိုးလိုက်၊ ဈေးထဲ ပေါ်သည့် အထည်ဆန်းလေးများ ဝယ်ဝတ်လိုက် ပျော်လို့ ရွှင်လို့ပေါ့။ ကြည်လင်ကတော့ ကျနော်တို့ထက် သာသည်။ သူ့မှာက အချိန်အခါ မရှိ။ အမြဲ ဝင်နေသည့်ကောင်။ မိန်းမက ရွှေတွဲလွဲ၊ ငွေတွဲလွဲ။ သူငယ်ချင်းတွေ စားသောက်ကြလျှင် သူပဲ ရှင်းသည်။ သီဟကတော့ ဆိုခဲ့သလို အရာရှိဆိုတော့ ဟန်းကောချိုင့်ချိတ်လို့လည်း မတော်၊ သူ့ဓာတ်ခွဲခန်းကလည်း ဘာဝင်ငွေမှမရှိ … ကျနော်တို့ တိုက်တာသောက်ရုံ။ သို့သော် ကျနော်တို့ကို တခါမှ အားမကျ။ သူ့ဓာတ်ခွဲခန်းနှင့် သူ ပျော်နေ၊ ဂုဏ်ယူနေတာ …။


* * *

“ငါ … မင်းလို ဖိုမင်လက်ထောက် ပြောင်းလုပ်တော့မယ် အောင်ခိုင်ရာ”

“ဟိုက် … မင်း ရူးနေပြီလား”

“ခုမှ ကောင်းသွားတာ၊ အစက ရူးနေတာလေ … ဟေ့ကောင်ရ”

သီဟ တော်တော်လေး မူးနေပြီထင်သည်။ သူက အရက်ကို ကျနော်တို့လို အလွန်အကျွံသောက်သူ မဟုတ်၊ ခု ဘာမှပင် မသောက်ရသေး မူးနေပြီ။

“ဘာလဲ … မင်းက ငါ မူးနေပြီထင်လို့လား၊ မမူးသေးပါဘူးကွ၊ ငါ တကယ်ပြောနေတာ။ နောက်နေ့ကျ စက်ရုံမှူးကို ငါ သွားပြောမလို့”

“ဘာ … ဘာသွားပြောမှာလဲဟ”

“ငါ ဓာတ်ခွဲခန်း အရာရှိ မလုပ်တော့ဘူး၊ ငါ့ကိုရာထူးချပေးပါ လို့”

“ဟေ … မင်းပဲ ဒီအလုပ်ကို အရမ်းဂုဏ်ယူတယ်ဆို။ ဓာတ်ခွဲခန်းဆိုတာ ရေနံချက်စက်ရုံရဲ့ တကယ့် အရေးပါ အရာရောက်တဲ့ နေရာ တခုဆို၊ နောက်ပြီး … မင်းအလုပ်ကမှ တကယ် ဂုဏ်ရှိတာပါကွာ”

“ဂုဏ်ရှိတာ … ဟုတ်လား၊ မင်းမှားနေပြီ သူငယ်ချင်း … ငါ့သားက ပြောတယ်ကွ …”

“ငါ့သမီးနဲ့တူတူ မူကြိုတက်နေတဲ့ ကောင်လား”

“အေးလေ … ငါ့ အဲ့တကောင်ပဲ ရှိတာဥစ္စာ။ ငါ့သားက ဘာပြောလဲဆိုတော့ ဖေဖေတဲ့ … သားကို မွေးနေ့လုပ်ပေးပါတဲ့၊ ဝတ်မှုံကြည်လင်လို မွေးနေ့လုပ်ပေးပါ တဲ့၊ အဲဒါ ကြည်လင့်သမီးလေ။ ကိတ်မုန့်အကြီးကြီးကို ဖရောင်းတိုင်မှုတ်ပြီး သားတို့ကို ခေါက်ဆွဲကြော်လည်း ကျွေးတယ်၊ အအေးဘူးလည်း ဝေတယ်၊ ချိုချဉ်တွေလည်း ဝေတယ်တဲ့။ ဓာတ်ပုံတွေလည်းရိုက်၊ ပြီးတော့ ဆရာမတွေကိုလည်း လက်ဆောင် ပေးတယ်တဲ့၊ ဆရာမတွေကလည်း လက်ဆောင် ပြန်ပေးတယ်တဲ့”

“အေးလေကွာ၊ ငါ့သမီး ချစ်စုမကိုလည်း အဲလိုပဲ ကျောင်းမှာ မွေးနေ့လုပ်ပေးသေးတာပဲဟာ။ မင်းလည်း သားကို လုပ်ပေးလိုက်ပေါ့။ ကျောင်းကိုပဲ အပ်လိုက် မင်းဘာမှ လုပ်စရာမလိုဘူး၊ အလုပ်ငြိမ်းပဲ”

“မေးပြီးပြီ … အပြီးအစီး ငါးသောင်းကျမယ်တဲ့”

“အေးလေ … ငါးသောင်း .. တန်တာပေါ့”

“မင်းသိလား … အဲဒါ ငါ့လစာရဲ့ တဝက်ကျော်တယ်ကွ”

“ဟာ … ငါ့ လစာဆို ၅ သောင်းတောင် မပြည့်ဘူး”

“အေး … အဲဒီမူကြိုက ကလေးမိဘတွေ အားလုံးရဲ့ လစာ ၅ သောင်းမပြည့်ဘူးကွ၊ ဒါပေမယ့် အဲဒီကလေးတွေ အားလုံး မွေးနေ့လုပ်နိုင်တယ်၊ မင်းသိလား”


သိတာပေါ့ … အဲဒီကလေးမိဘတွေ အားလုံး ရေနံချက်စက်ရုံက မြက်ခုတ်၊ တောက်တိုမယ်ရ၊ ဖိုမင်လက်ထောက်၊ စက်သမား လက်ထောက်ဆိုတဲ့ အီရက်သူဌေးတွေပဲဟာ။ သို့သော် ပါးစပ်ကတော့ ထုတ်မပြောရဲ၊ သီဟ စိတ်တိုနေပြီ။


သီဟ တွက်ချက်ပြနေသည်က ကျနော် ၁၀ တန်းတုန်းက နားမလည်ခဲ့သော သင်္ချာသစ် သဘောတရားများနှင့် ဆင်နေသလား မသိ … ။ လစာ တသိန်းနည်းပါးရသည့် အရာရှိတယောက်နှင့် လစာ ၅ သောင်းအောက်သာရသော ဝန်ထမ်းတယောက်တွင် အဘယ်ကြောင့် လစာ ၅ သောင်းအောက်ရသော ဝန်ထမ်းက ၅ သောင်းတန်မွေးနေ့ပွဲကို ကျင်းပနိုင်ရသနည်း … ဆိုသည့် မေးခွန်းကို စိတ်ထဲကပဲ ခပ်ကြောင်ကြောင် ထုတ်နေမိသည်။


“မိမော်ကလည်း ပြောတယ်ကွ၊ ငွေရှိရင် ဂုဏ်ရှိတယ် ဆိုတာ ရှင်သိပြီမဟုတ်လားတဲ့၊ အရာရှိ ဖြစ်နေပြီး သားကို မွေးနေ့လေးမှ လုပ်မပေးနိုင်ရင် ရှင့်ကိုယ်ရှင် ဂုဏ်ယူစရာ အကြောင်းကို မရှိဘူး၊ ကျမ အရာရှိကတော် မလုပ်ချင်တော့ဘူး … တဲ့၊ သူ မလွန်ဘူးကွ”


ဘီယာဖန်ခွက်ကို “ဒုန်း” ခနဲ ဆောင့်ချရင်း အံကြိတ်ကာ “ငါ … အလုပ်နေရာ ပြောင်းတော့မယ်ကွာ၊ တော်တော်စိတ်နာတယ်” ဟု သီဟ နာနာကျည်းကျည်း ပြောလာသည်။ ကျနော်က အဖြစ်အပျက်အားလုံးကိုသိသူ …။ မြေပဲလှော် တစေ့၊ နှစ်စေ့ ကောက်ယူဝါးရင်း “စဉ်းစားပါဦးကွာ” ဟုသာ ပြန်ပြောဖြစ်သည်။ ဒီထက်လည်း ကျနော် မပြောတတ်။ အဖြစ်အပျက်က ရယ်စရာတော့ကောင်းသည်၊ သို့သော် မရယ်ရဲ … သီဟက မူးနေပြီ။ ရယ်စရာ ကောင်းသည်ဟု ဆိုသော်လည်း ရယ်စရာ အဖြစ်အပျက်တော့ မဟုတ်ပြန်။ ကျနော်လည်း အနည်းငယ် ရီဝေဝေ ဖြစ်နေပြီ ထင်သည်။

ကမ္ဘာကြီးလား ... ငါဖျားနေတယ်

ခုတလော ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေလေရဲ့ ... ။ လူတိုင်းပါးစပ်မှာ ရေပန်းစား မှတော့ ဘလော့ဂါတွေဆီရောက်တာ အထူးအဆန်းမဟုတ်တော့ဘူးပေါ့။ ကျမရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုဟန်ဆို အဲဒီ ၂၀၁၂ အကြောင်း ပြောနေတာ ကြာလှပေါ့။ သူ့အဆို ဟဲလ်မက် ကလေးဆောင်းထားဖို့ လူတိုင်းကို လိုက်ပြော မိတာ မိတ်ပျက်တာတောင် ရှိတယ်ဆိုပဲ။ ခုတော့ ကိုဟန် တယောက်တည်းမဟုတ်ဘူးဗျို့ ... အားလုံး ကမ္ဘာပျက် ကုန်တာတဲ့။ ကိုကြီးသာက ကျမကို တက်ဂ်လေတယ်။ သူက ပြောလိုက်သေးတယ် ... ရယ်ရအောင် ရေးပါတဲ့။ ကြံကြံ ဖန်ဖန် ကျမက ကိုဇာနည်မှ မဟုတ်တာ ဘယ်လိုလုပ် ရယ်ရအောင် ရေးတတ်ပါ့မလဲ ... နောက်ပြီး ကမ္ဘာ ပျက်ပါတယ်ဆိုမှ ဘယ်လိုလုပ်ပြီး ရယ်ရမှာတဲ့တုန်း။ သို့သော် တက်ဂ်ပြီဆိုမှတော့ ရေးရတော့မပေါ့လေ။ ကိုင်း ရေးပြီ ..။ ကမ္ဘာပျက်ရင် ...

၁။ ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...

ကြံဖန်ပြီး ချက်ပြုတ်စားသောက်တတ်တဲ့ သူတွေနဲ့ အတူရှိချင်တယ်။ ကျွေးချင်မွေးချင်စိတ်လည်း ရှိတဲ့ သူတွေပေါ့။ ကမ္ဘာကြီးက ရုတ်တရက် ဝုန်းခနဲ ပျက်ချင်မှ ပျက်မှာဆိုတော့ ... တော်ကြာ ကြားထဲမှာ ငတ်မွတ် ခေါင်းပါးတာတွေ ဘာတွေ ဖြစ်ခဲ့သည်ရှိသော် ကြံဖန် စားသောက်တတ်တဲ့သူနဲ့ဆို ကိုယ်လည်း ငတ်ကိန်းမကြုံဘဲ အူစိုမယ် မဟုတ်လား။

၂။ ဘာတွေ ခံစား နေရမလဲ ...

ဒေါသထွက်နေမှာပေါ့။ ကမ္ဘာကြီးက သူ့ဘာသူ ပျက်မယ့်ကိစ္စကို ဘာလို့ သုတေသနလုပ်ပြီး ကြိုတင်သိအောင် လုပ်ရတာလဲ။ ကြိုသိတော့ ကြိုစိတ်ညစ်ကြတာပေါ့။ ကိုယ်က စိတ်မညစ်ပေမယ့် ညစ်တဲ့သူတွေ ကြားမှာ ရောက်နေရင် ကိုယ်ပါ ရောကောသောကော စိတ်ညစ်ရမယ် မဟုတ်ဘူးလား။ အဲလို ဘာမဆိုကြိုသိအောင် လုပ်တဲ့ သိပ္ပံပညာရှင်ဆိုတဲ့သူတွေကို ဒေါသထွက်မိမယ်ထင်တယ်။ ခုတောင် တော်တော် ဒေါသထွက်နေပြီ။

၃။ ဘာတွေ ပြင်ဆင်ထားမလဲ ...

ကျမရဲ့ ထုံးစံအတိုင်းဆိုရင်တော့ ဘာမှမပြင်ဘူး။ ပေးစရာရှိတဲ့ စာမူတောင် ဒက်လိုင်းရောက်မှ ကောက်ရေး တာလေ။

၎။ ဝမ်းနည်းမိမှာက ...

ဘာလို့ လူအဖြစ်နဲ့ ကမ္ဘာပျက်တာကို ကြုံရတာလဲ ...။ တကယ်လို့ ကျမသာ မျောက်တကောင်ဆိုရင် ကမ္ဘာပျက်မယ့်ကိစ္စ ကြိုသိနေတဲ့ သိပ္ပံပညာရှင်တွေ ဘာပြောပြော နားလည်မှာ မဟုတ်ဘူးလေ။ ပျက်မှသာ ပျက်ကရော ...။ ဒီလို ရေးနေစရာလည်း မလိုတော့ဘူးပေါ့။

၅။ ကြောက်လန့်မိမှာက ...

အောင်မလေး ကမ္ဘာပျက်ပြီး လူတွေအကုန်သေကုန်လို့ .. ငါတယောက်တည်းကျန်ခဲ့ရင် ဒုက္ခ၊ သရဲများ ချောက်မလားမသိဘူး။

၆။ ဆောင်ထားချင်တာက ...

ဓားတလက်။ တမျိုးမထင်ပါနဲ့ ... ပုံပြင်တွေထဲကလို ကမ္ဘာကြီးပေါ်မှာ ခြုံနွယ်ပိတ်ပေါင်းတွေ ဖုန်းအုပ်ပြီး ဘယ်သူမှလည်း မရှိတော့ဘူးဆိုရင် ကိုယ့်ဘာသာပဲ ခြုံရှင်းရမှာမဟုတ်လား။ (ဒါကတော့ ဘယ်သူမဆို ဗားရှင်းအမျိုးမျိုးနဲ့ ကမ္ဘာပျက်ခွင့်ရှိတယ် ထင်လို့ ... ကျမက သက်သက်ညှာညှာနဲ့ပဲ ခြုံတွေပိတ်လိုက်ရတာ)

၇။ ဘာတွေရေးမိမလဲ ...

ဘယ်ပေါ်မှာ ဘာနဲ့ရေးရင်ကောင်းမလဲ ... ကျောက်ပေါ်မှာထွင်းလို့ ကြေမွသွားရင် ဘယ်လိုလုပ်မလဲ၊ သံပေါ်မှာ ရေးတော့ကော ... သံတွေပါ ပျော်ကျသွားရင် ရေးတာပဲ အဖတ်တင်မယ် ... အဲဂလို ကျမရဲ့ ထုံးစံအတိုင်း ယောင်ခြောက်ဆယ်လုပ်ရင်း ကမ္ဘာကြီးပျက်သွားတာနဲ့ ရေးတဲ့ဆီတောင် ရောက်မှာမဟုတ်လို့ ဘာရေးမလဲ ပြောတော့ဘူး။

၈။ တွေးမိတွေးရာတွေ ...

ကြွေးရှင်တွေကို သနားလိုက်တာ၊ ဒီလို ဖြစ်မယ်မှန်းသိ ဒီထက် ၂ ဆလောက်ချေးထားပါတယ် ... ။ ခုလို ဖြစ်မယ်သာသိရင် ငါယူထားတဲ့ အကြွေးတွေ ဘယ်ပြန်ဆပ်ပါ့မလဲ ... တောက် (ဒါကတော့ ကိုဇာနည့်ဆီက ခိုးချပြီး နည်းနည်း မော်ဒီဖိုင်းလုပ်ထားတာ)

၉။ ဂုဏ်ယူချင်တာက ...

နာမည်ကျော် ငပေါဂေဟာကြီးကို ထူထောင်သူထဲမှာ ငါဟာ တဦးအပါအဝင်ပေါ့ .. ဟဲဟဲ။

၁၀။ ရှာကြံဖြေသိမ့်မိတာ ...

ဘာပဲပြောပြော ငါအသက်ရှင်ချိန်အတွင်းမှာ နည်းနည်းပါးပါးတော့ ပေါတောတော နေခဲ့ရပါတယ်လေ။ ငါ့လောက် မပေါရဲတဲ့သူတွေ ထက်စာရင် ငါက အများကြီး တော်သေးတာပေါ့။

၁၁။ ကျူးရင့်ချင်တဲ့ဥဒါန်း ...

ကမ္ဘာဆိုတာကို ငါကြုံခဲ့ရတယ်ဟေ့ .... (ပြောမယ့်သာပြောတာ အဲ့အချိန်ကျ ကြောက်သေးပါပြီး ဘာဥဒါန်းမှ ကျူးရင့်နိုင်မယ် မထင်ပါဘူး)

ကဲ ကိုကြီးသာရေ ရေးပြီးပြီ ... ကျမကတော့ ငပေါ ဂေဟာကြီးကို တနှစ်ပြည့်အထိန်းအမှတ်အဖြစ် ဆက် တက်ဂ်မယ် ကြုံတဲ့ ဘုတ်များ ဝန်ဂျီးများ ရေးပေတော့ ...။ တခုတော့ရှိတယ် ငပေါဂေဟာ ဖြစ်တဲ့အတွက် ဒီပုံစံအတိုင်းမဟုတ်ဘဲ ရေးချင်သလို ရေးနိုင်တယ် (:P)


မကြည်ပြာအတွက် နောက်မှ ရေးမယ့် အကြွေးရဲ့ နိဒါန်း

ကျမမှာ ခုတလော စာကြွေးတွေ သိပ်များနေတယ် ... ဒီကြားထဲ စိတ်မကောင်းစရာက ဆရာနီကိုရဲ ဆုံးတဲ့ ကိစ္စပါ။ သူဆုံးဆုံးချင်း သိရပေမယ့် ကျမ ပို့စ် မရေးနိုင်ခဲ့ဘူး။ သိပ်ကိုဝမ်းနည်းပါတယ်။ တလောကတောင် “စာနယ်ဇင်း သမားဘဝ ကမောက်ကမ” ကိုရေးတော့ ရွှေအမြုတေမှာ ဝင်လုပ်ကာစ သူနဲ့ အင်တာဗျူးဖြစ်တဲ့အကြောင်း ဒီမှာ ရေးဖြစ်သေးတယ်။ သိပ်ကိုဝမ်းနည်းပါတယ် ဆိုတာကလွဲရင် ကျမမှာ ပြောစရာစကားတွေ ပြည့်ကျပ်နေလို့ ဘာမှကို မပြောချင်အောင်ပါပဲ။

၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မှာလို့ ဆိုကြတယ် ဆရာရဲ ... အဲဂလိုများ တကယ်ဖြစ်ခဲ့ရင် အနိဌာရုံတွေ ဆရာရဲ မတွေ့ရတော့ဘူး ... ကောင်းတာပေါ့နော်။ နောက်ကမ္ဘာမှာပဲဖြစ်ဖြစ် အင်္ဂါဂြိုဟ်မှာပဲဖြစ်ဖြစ် ... တခြားသော တနေ ရာရာမှာပဲဖြစ်ဖြစ် ဆရာရဲ စာရေးဆရာ ပြန်ဖြစ်ခဲ့ရင် ... ခုဘဝမှာ ကြုံရတဲ့ အလွဲတွေနဲ့ ကင်းဝေးပါစေ၊ လူမသမာတွေနဲ့ မဆုံပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါရစေ။ အဲ ... ကျမနဲ့ ပြန်ဆုံခွင့်ရရင်တော့ အင်တာဗျူး လုပ်ချင်သေးတယ်။ ဆရာရဲမှာလည်း ဒီထက် ပြောစရာတွေ များနေမယ်ထင်ပါရဲ့ ...။


တပိုင်းကိုလျှော်မယ် တပိုင်းကို မီးပူတိုက်မယ်

ခုတလောမှာ ဆိုရှယ်ခေတ်တုန်းက အကြောင်းတွေ စကားစပ်မိပြီး ပြန်ပြန် ပြောဖြစ်ကြ တယ်။ တနေ့ကလည်း နှင်းဆီရင်ခွင် အငြိမ့်ကြည့်မိတော့ “ထမင်းအဝစား နှစ်ကျပ်ခွဲ” “ဘယ်မှာလဲ ဘယ်မှာလဲ ဗိုက်ကားအောင် စားလိုက်မယ်” “ဦးတို့ ငယ်ငယ်တုန်းကကွယ်၊ ဦးတို့ငယ်ငယ်တုန်းကကွယ် လွမ်းမိုးဆွေဆွေ၊ လွမ်းမိုးဆွေဆွေ လွမ်းငွေ့တဝေဝေ” ဆိုလို့ ရယ်လိုက်ရတာ ...။

ကျမတို့ငယ်ငယ် .. ဆိုရှယ်လစ်ခေတ်ကာလတုန်းက ဆန်တပြည် ၂ ကျပ် ပြား ၂၀ နဲ့ ပြည်သူ့ဆိုင်က ထုတ်ခဲ့ဖူးတယ် ဆိုတယ်ရင် ခုလူငယ်တွေက “ဘာကြောင်တာလဲ” လို့များ ဆိုလေမလားမသိဘူး။ ၈၈ တုန်းကတောင် “ဆန်တပြည် ၂ ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ” လို့ တကယ်ကြီးကို အော်ခဲ့ကြသေးတာပဲ။ သြော် ခုတော့လည်း သူမဟုတ်သလို။

ကျမတို့ငယ်ငယ်က ကျမ မေမေက “ငါတို့မင်္ဂလာဆောင်ကာစက ရွှေတကျပ်သားကို ၁၅၀” လို့များ လွမ်းလွမ်း ဆွေးဆွေး ပြောရင် ကျမတို့ ခွက်ထိုးခွက်လှန် ရယ်ခဲ့ကြတာ။ တကယ်တော့ စနစ်ကို လွမ်းတာ မဟုတ်ပါဘူး၊ ခေတ်ကို ပြန်လွမ်းမိကြတာ။

ကျမ ဆယ်တန်းတက်တဲ့နှစ် ၁၉၈၆ တုန်းက ပါပါက သင်္ချာ ကျူရှင်ပြတော့ နည်းနည်းချောင်လည်တယ်လို့ ပြောလို့ရတယ် (အရင်ထက် စာရင်ပေါ့လေ) အဲဒီတုန်းက ကျမ ဆယ်တန်းကျောင်းသူကြီးက မုန့်ဖိုး တကျပ် တိတိ ခံစားခွင့်ရှိပါတယ်။ တကျပ်ရရင် ကျမက နေ့ခင်းကျောင်းမှာ ၅ မူးဖိုး မုန့်ဝယ်စားပြီး ကျန်တဲ့ ၅ မူးကို စုထားပါတယ်။ ကျောင်းမှာက ကြံတချောင်းလုံးမှ တမတ်၊ စံရွှေမြင့်တို့ ရွှေအိုးတို့ ဇီးထုပ်က တမတ်၊ ဒါမှမဟုတ် ထန်းလျှက်ချောင်း ၁၅ ပြားတန်းလေး စုတ်လို့လည်း ရသေးတယ်။ ထမင်းစားပြီး အချိုတည်းရုံဆိုတော့ ၅ မူးနဲ့တင် အလုပ်ဖြစ်တယ်လေ။

၅ မူးကို ဘာလို့စုလည်းဆိုတော့ ညနေ ကျူရှင်ချိန်မှာ သူငယ်ချင်းတွေနဲ့ မုန့်ဟင်းခါးဆိုင်တို့၊ အအေးဆိုင်တို့ ထိုင်ပြီး ဟန်ရေးပြချင်လို့။ ရယ်တော့ရယ်ရသား ... အဲဒီတုန်းက ကျမတို့ သန်လျင်မှာ မိန်းကလေးတွေ လူကြီး မပါဘဲ လက်ဖက်ရည်ဆိုင်မထိုင်ရဲသေးဘူးလေ။ လူကလည်း အပျိုပေါက်ဆိုတော့ ဟန်ရေးကလည်း ပြချင်၊ အစားအသောက် ရှားပါးတဲ့ခေတ်ဆိုတော့ (တကယ်က ခုက ပိုရှားတာ :P) စားကလည်း စားချင် ... အဲဒီတော့ ကျမက ၅ မူးကို ချန်ထားရတယ်။

၅ မူးချန်ရုံနဲ့ ညနေ စားသောက်ဆိုင်လေးတွေ ထိုင်နိုင်ပြီ ထင်ရင်တော့ မှားသွားမယ်။ မုန့်ဟင်းခါးက အကြော်မပါ ပြား ခြောက်ဆယ်၊ အကြော်နဲ့ သုံးမတ်၊ အအေးက ကျောက်ကျောဆို ပြားခြောက်ဆယ်၊ ကျန်တဲ့ ဇီးတို့၊ သစ်ခွ တို့ သံဗူးတို့က သုံးမတ်၊ ဖာလူဒါကတော့ အနားမကပ်နိုင်ဘူး ၁ ကျပ်ခွဲလောက်ရှိမယ်၊ ဆီချက်စားချင်ရင်တော့ ၅ မူးကို ၅ ရက်စုရတယ်၊ ၂ ကျပ်ခွဲကိုး။ သြော်ရှိသေးတယ် ဝက်ခေါင်းသုပ်က သုံးမတ်။

အဲဒီတုန်းက ကျမတို့အိမ်မှာ နည်းနည်းလေးချောင်လည်တယ် ဆိုပေမယ့် ကျမသူငယ်ချင်းတွေနဲ့ ယှဉ်လိုက်ရင် မပြောပလောက်ပါဘူး။ သူတို့ထဲမှာ တယောက်က သင်္ဘောသား သမီး၊ တယောက်က ကုန်ကားမောင်းတဲ့ ဒရိုင်ဘာရဲ့သမီး၊ တယောက်ကတော့ ရေနံချက်စက်ရုံ အရာရှိ သမီး ဆိုတော့ ဘာပဲပြောပြော ကျမထက်တော့ သာတယ်။ ဒါပေမယ့် သူတို့က ကျမကိုတော့ စောင့်ကြပါတယ်။ ဥပမာ ၂ ရက်ကို တခါလောက်ပဲ ဆိုင်တဆိုင် ဆိုင်မှာ ထိုင်ကြတယ်။ ကြိုချိန်းကြတယ်။

တရက်တော့ ကျမတို့ထဲက ပပ ဆိုတဲ့သူငယ်ချင်းက “နက်ဖြန် ဝက်ခေါင်းသုပ် စားရအောင်ဟာ” တဲ့။ အိုကေပေါ့ ကျမလည်း နက်ဖြန်တော့ အနည်းဆုံး သုံးမတ်ရှိရမယ်ပေါ့။ တခြား ယောက်ျားလေး သူငယ်ချင်းတွေကလည်း လိုက်မယ်တဲ့ ... ချိန်းထားလိုက်ကြတယ်။ ဒါ ကျမတို့ ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသူတွေ အတွက် မဟာ စွန့်စားခန်းကြီးတရပ်ပေါ့ ဟဲဟဲ ... ဟင်းဟင်း ခုလို ဒေးကလပ်တွေ မပေါ်သေးလို့ပေါ့ကွာ ...။

ချော်တောက ငေါ့ပြန်တော့မယ်၊ ဆက်ရရင် နောက်နေ့ သူငယ်ချင်း ၆ ယောက် ၇ ယောက်လောက်ရှိမယ် သန်လျင်မြို့ရဲ့ တခုတည်းသော ဝက်ခေါင်းသုတ် ဆိုင်လေးမှာပေါ့ ... ဒန်ဒန့်တန် ... အဲဒီမှာ ထိုင်မိတာနဲ့ ပပ က ဖောက်ပါလေရော ..

“ဦးလေး ဝက်လျှာရှိလား” တဲ့။ ဆိုင်ရှင် တရုပ်ကြီးက “ရှိတယ်၊ တပွဲစာပဲ ရမယ် တပွဲကို တကျပ်နော်” လို့ ပြန်ပြောပါတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ ... ပပ က “လျှာချည်းပဲ ကျမကို တပွဲပေးပါ” လို့ သုပ်ခိုင်းတယ်။

ပြဿနာက ဝက်လျှာဆိုတာ တကောင်လုံးမှာမှ တချောင်းတည်းပါတာ ဆိုတော့ ရှားလည်း ရှားတယ် ဈေးလည်း ကြီးတယ်၊ ပပ က သင်္ဘောသားသမီးဆိုတော့ ၁ ကျပ်လည်းမမှုဘူး စားနိုင်တယ်။ သို့သော် ရေနံအရာရှိသမီး ဖြစ်တဲ့ (ကျမတို့အခေါ်) မောင်ကြီးက တင်းသွားတယ်။ စားပွဲကို “ဝုန်း” ဆို တချက်ထုပြီး။ “ပပ နင် ဒါမျိုး မလုပ်သင့်ဘူး၊ ဦးလေး အဲဒီဝက်လျှာကို အားလုံးပုကန်ထဲ မျှ ထည့်ပေးပါ” လို့ အော်လိုက်တယ်။

ဟုတ်တာပေါ့ ဆိုရှယ်လစ်ခေတ်၊ သမဝါယမ စနစ်ကြီးနဲ့ ရှင်သန်နေကြရတဲ့အချိန်လေ ပပ ကို ပြန်မပြောရဲ ပေမယ့် ကျမစိတ်ထဲက မောင်ကြီးကို ကျေးဇူးတင်မိတယ်။ ထောက်လည်း ထောက်ခံမိတယ် (တော်တော် သတ္တိ ရှိတာနော် .. စိတ်ထဲကပဲ ထောက်ခံရဲတာ) ပပ ကတော့ မောင်ကြီးကို ဒေါသထွက်သွားပုံရတယ်၊ စွာကလည်း စွာတော့ “ဟေ့ ငါအရင်သတိရတာ၊ ငါစားနိုင်လို့ စားတာ နင်တို့အပူမပါဘူး။ ဦးလေး ကျမအတွက်ပဲ သုပ်ပေးပါ” ဆိုပြီး လုပ်ပါလေရော။

တရုပ်ကြီးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ၊ တပွဲစာ ဝက်လျှာတုံးကလေးနဲ့ အူကြောင်ကြောင် ဖြစ်နေ ရှာတယ်၊ ယောက်ျားလေးသူငယ်ချင်းတွေ ပါပေမယ့် သူတို့လည်း ဘာပြောရမှန်းမသိဘူး၊ ဒါမျိုး ပြဿနာ ဘယ်သူမှ မကြုံဖူးကြဘူးလေ၊ ကြံကြံဖန်ဖန် ဝက်လျှာအမှုဆိုပြီး ပေါင်ချိန်ကြီးဆီ ပြေးရမလို။ ဘယ်သူမှ ဝင်မရှင်း ပေးနိုင်တဲ့ ပြဿနာဟာ ပပနဲ့ မောင်ကြီးတို့ရဲ့ ရန်ပွဲအဖြစ် အသွင်ကူးပြောင်းသွားပြီး နောက်ဆုံး ကျူရှင်ချိန် နီးလာတာနဲ့ ဘယ်သူမှ ဝက်ခေါင်းသုပ် မစားလိုက်ရဘဲ ပေါက်ဖော်ကြီးလည်း ဝက်ခေါင်းသုပ်မရောင်း လိုက်ရဘဲ ကျူရှင်ကို စိတ်ညစ်ညစ်နဲ့ သွားလိုက်ရတော့တယ်။ မောင်ကြီးနဲ့ ပပ ကတော့ တပတ်လောက် စကားမပြော ကြဘူး ...။ အင်း ဟိုးခေတ်က စာရေးဆရာကြီးတွေရဲ့ လေနဲ့ ပြောရရင် ဆိုရှယ်လစ်စနစ်ရဲ့ အမွေဆိုး တွေပေါ့။

ဟုတ်တော့လည်း ဟုတ်တယ်၊ ရှားပါးပုံများ ကြည့်ပါဦး ... အဲဒီတုန်းက ဝက်ခေါင်းသုပ်ဆိုင်က စုစုပေါင်း တဆိုင်တည်းဆိုတော့ လျှာကလည်း တချောင်းတည်း ရှိမှာပေါ့၊ ခုခေတ်ဆိုရင်တော့ ရွေးစရာတွေက ခပ်များများ၊ တဆိုင်မရရင် နောက်တဆိုင်သွားမပေါ့။ နောက်ပြီး အဲဒီတုန်းက အဲလိုအစားအစာတွေကိုပဲ အကောင်းလုပ် စားနေရတာလေ။

ဆိုရှယ်လစ်ခေတ်မှာ ကြီးပျင်းလာသူတွေရဲ့ အကျင့်ကို နည်းနည်း ပြောချင်သေးတယ်။ ခုဏက ပပနဲ့ မောင်ကြီးနဲ့ ဖြစ်တဲ့ ရန်ပွဲမျိုးမှာပေါ့ ... စိတ်ထဲက ပပ ဟာ တကိုယ်ကောင်းဆန်တယ်၊ မောင်ကြီးက အများအတွက် အမုန်းခံ ပေးတယ် (ကျမတို့လည်း ဝက်လျှာကိုနည်းနည်းတော့ စားချင်တာကိုး) ဆိုတာမျိုးရှိတယ်၊ သို့သော် ကျမတို့က မှန်တဲ့ဘက်က လိုက်မပြောရဲကြဘူး၊ ခေါင်းညိတ်တာ၊ လက်ယျာလက်ပြတာ အသားသေနေကြပြီ။ တခုခုဆို ထောက်ခံပါတယ်လို့ အော်တာ အကျင့်ပါနေပြီ။ ဆိုရှယ်လစ်ခေတ်ကလည်း ကျမတို့ကို အဲဒါပဲ သင်ပေး ထားတယ်။

ကျမအဖေက နှစ်စဉ် ရပ်ကွက်ကောင်စီရုံးမှာ ကျင်းပတဲ့ ရပ်ကွက်လူကြီး ရွေးပွဲတွေ သွားသွားတက်ရတယ်၊ ပြန်လာတိုင်း ကာတွန်းဆရာဖြစ်တဲ့ ပါပါက အဲဒီရွေးပွဲတွေရဲ့ ပေါက်တတ်ကရ အဖြစ်အပျက်တွေ ပြောပြပါ များလို့ ကြားဖူးနေကျပဲ။ လူရွေးတယ်သာဆိုတယ် အများသဘောမဟုတ်ဘူး၊ ရွေးပြီးသားလူကို ရပ်ကွက်နေ ပြည်သူလူထုကို ထောက်ခံခိုင်းတာ၊ ကန့်ကွက်ရင်ဘာဖြစ်မလဲ ဘာမှမဖြစ်ဘူး အဲဒီရွေးပြီးသား လူပဲ ရမှာပဲ။ ကန့်ကွက်တဲ့သူက ကံဆိုးရင် ထောင်ထဲဝင်ရနိုင်တယ်။

မနေ့ညက ကျမတို့ ဘော်ဒါတွေ ဆိုရှယ်လစ်ခေတ်အကြောင်း စကားစပ်မိကြပြန်တော့ ကျမရဲ့ ဇာတ်လိုက်ကြီး တဦးဖြစ်တဲ့ ကိုဟန်က ပြောပြတယ်။ တကယ်ဖြစ်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ်က ပေါက်တက်ကရ အဖြစ်တခုပါ။

အပေါ်မှာ ဆိုခဲ့သလို ရပ်ကွက်တခုမှာ လူကြီးရွေးပွဲလား စည်းဝေးလား တခုလုပ်တော့ သဘာပတိက “ကန့်ကွက်မယ့်သူရှိပါသလားခင်ဗျား” လို့ မေးရမယ့်အစား “ထောက်ခံမယ့်သူရှိပါသလား ခင်ဗျား” လို့ မေးမိသတဲ့။ အဲဒီမှာ အောက်ကလူတွေကလည်း အကျင့်က ပါနေတော့ “မရှိပါဘူး” လို့ တပြိုင်တည်း ဖြေလိုက်တယ်။ သို့သော် သဘာပတိက ခပ်တည်တည်ပဲ “ထောက်ခံမယ့်သူမရှိတဲ့အတွက် အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား” လို့ ဆိုသတဲ့။ ဖြစ်ပုံများ။

ကျမရဲ့ ပေါက်တက်ကရစာကို အဆုံးမသတ်ချင်သေးဘူး ... ဆိုရှယ်လစ်ခေတ်က ဖတ်ဖူးတဲ့ ကာတွန်းလေး တကွက်ကို သတိရမိလို့။ အဲဒီခေတ်က ဗဟို ပါတီကောင်စီဝင်တွေကို သရော်ထားတာပါ။ အဲဒီ လူကြီးတွေက ရိုးရိုး စကားပြောတာတောင် ပါတီဝင်လေသံလေးနဲ့မှ ပြောတတ်တာ ဆိုလားပဲ။ အစည်းအဝေးတွေမှာ “တပိုင်းကတော့ ကျတော်တို့ လမ်းစဉ်ပါတီဝင်တွေရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်ပါတယ်၊ တပိုင်းကတော့ အဖွဲ့ဝင်တွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာ စောကြောရပါမယ်” အဲဂလို ပြောလေ့ရှိကြတယ် (အန်ဒီကောင်ဆိုရင်တော့ တပိုင်းကတော့ ခုသောက်ဖို့ တပိုင်းကတော့ နေ့ဖို့ညစာ ချန်ထားဖို့လို့များ ပြောမလားဘဲ)

ခုဏက ကာတွန်းဆိုတာက ဒီလို ... မိန်းမလုပ်တဲ့သူက အိမ်ကထွက်ခါနီး ယောက်ျားကို “ရှင့်ရဲ့ ဒီအင်္ကျီအပေက ဘာလုပ်ရမှာလဲ” လို့မေးတော့ ယောက်ျားက “အေးအေး ... တပိုင်းကတော့ လျှော်မယ်၊ တပိုင်းက မီးပူ တိုက်မယ်” လို့ပြောသတဲ့။ ဒါနဲ့ မိန်းမကလည်း အမြင်ကပ်ကပ်ရှိလား မသိဘူး အင်္ကျီအပေကြီးကို တခြမ်းပဲ လျှော်ထားပြီး ကျန်တဲ့တပိုင်းကို ပြန့်နေအောင် မီးပူတိုက်ထားလိုက်တယ်တဲ့ ...။ သြော် ဆိုရှယ်လစ်ခေတ် ဆိုရှယ်လစ်ခေတ် ... ခုတော့ သူမဟုတ်ခဲ့သလိုပဲနော်။


မြို့မေတ္တာခံယူမယ့် သားပေမို့

တက်စာတွေက ခုတလော အလာများနေတယ်။ တကယ်က ဂျူလိုင်ကောင် မတက်ခင် အရင်တက်တာက တွေ့ကရာရှစ်သောင်း အန်ဒီဖိုးအောင်ပါ။ ဒီကောင်က ကျမကို အတော်လေး အထင်ကြီးနေပုံရတယ်။ ညည်းဖြစ်တဲ့ သီချင်းတဲ့ ...။ လူက မကြည်မလင်ဖြစ်နေတာ ဒင်းက နားမလည် အလိုက်ကမ်းဆိုး မသိဘဲ နောက်ဆက်တွဲနဲ့တောင် တက်လိုက်သေး။ သူ့တက်ထဲမှာ ကြာချင်ကြာလိမ့်မယ်လို့ ခံထားသလို ကျမကလည်း ခပ်တည်တည်နဲ့ နောက်မှ တက်တဲ့ ဂျူလိုင်ကောင်ရဲ့ တက်စာကို အရင်ရေးပေး လိုက်တယ် ..။ အဲဒါက ပိုလွယ်တာကိုး .. ငယ်ငယ်က ကွက်လပ်ဖြည့်ပါ ရေးရသလိုပဲ သူ့ဟာကိုကူးချ ပြီးတော့ တခြားသူတွေ ဘာရေးလည်း ခိုးကြည့် ... ပြီးတော့ တန်းစီပြီး ရေးထည့်လိုက်ရုံပဲလေ။ တခုရှိတာက အင်္ဂလိပ်လို ဆိုတော့ကာ ကိုယ်မတတ်တဲ့ ဘာသာစကားဖြစ်တော့ လေရှည်စရာလည်း မလိုဘူးပေါ့။ မသိတာကို ဆိုလည်း အသံလေး ဖလှယ်လိုက်တာပဲ။

ကဲ ကျမရဲ့ ထုံးစံ လေကရှည်မိပြီ။ အဲဒါပဲ မြန်မာလို ရေးရတာ ... ကိုယ်တတ်တဲ့စာဆိုတော့ လိုရင်းကို မရောက်ဘူး။ နောက်တခါကျ အင်္ဂလိပ်လိုပဲ ရေးတော့မယ် ... ဒါမှ တလုံးမှ မရေးဖြစ်မှာ :P

ခု ဘာတဲ့ ဖိုးအောင်က တက်တာ .. ညည်းမိတဲ့သီချင်းတဲ့ ..။ ရှိတယ် ညည်းမိနေတာ။ တိုက်တိုက်ဆိုင်ဆိုင် မနက်က ခပ်အားအားနဲ့ ညီ့ ဘလော့ သွားဖတ်မိတော့ ပိုက်ဆံကောက်သူများဆိုလား ... ဘဲဥတွေ အကြောင်းပေါ့ .. သိချင် သွားသာဖတ်ကြည့် ..

အရမ်းကို တိုက်ဆိုင်တာပဲ ... မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ၄၅ နှစ်တောင် ရှိပြီတဲ့ .. ခုတလောမှာ ဘာလို့မှန်း မသိဘူး ဒီသီချင်းတပုဒ်ထဲ ထပ်ခါတလဲလဲ ညည်းမိနေတယ်။

“ကူညီပါရစေ ကူညီပါရစေရှင့် .. ကူညီပါရစေ ကူညီပါရစေ ခင်ဗျ” တဲ့။ အင်း သူတို့ ကူညီတာ ၄၅ နှစ်တောင် ရှိသွားပြီ .. မကူညီပါနဲ့ ပြောလည်း ရမယ့်ပုံမပေါ်ဘူး။ ရွာဘုရားပွဲမှာ ထိုးဇာတ် တက်ကတာဆိုလည်း ကောင်းသား .. အောက်ကနေ ဆင်းပါတော့ဗျို့လို့ အော်လိုက်ရုံပဲ .. မရရင် ပြောင်းဖူးရိုးနဲ့ လွှတ်မပေါ့။ ကိုင်း ဖိုးအောင်ရေ ဆိုင်လာမဆိုင်လားတော့မသိဘူး ရေးလိုက်ပြီ .. မဆိုင်ရင်လည်း မသိတော့ဘူး .. ဒါပဲ။ ။

ဘာမှန်းမသိတဲ့ တက်စာ

မောင်ငယ် ဂျူလိုင်ဒရင်း က ဤသို့ ဘာမှန်းမသိတာတွေ တက်သဖြင့် သူ့ဆီက ကော်ပီပေ့စ်လုပ်ကာ မော်ဒီဖိုင်းပြန်လုပ်ပြီးသကာလ ပြန်လည် တင်ပေးလိုက်ရပါကြောင်း ...

1. What is your name : Tu Tu Tha
2. A four Letter Word : Tool
3. A boy's Name : Thar Soe (ရောသမမွှေ)
4. A girl's Name : Thinzar Wint Kyaw (မင်းသမီး၊ မော်ဒယ်)
5. An occupation : Tea shop waiter
6. A color : Thone Bee Car or Thi La Shin (သုံးဘီးကားရောင်ဒါမှမဟုတ် မယ်သီလရှင်ရောင်ကိုပြောတာ၊ ခု ဒီစာရဲ့ အရောင်ပဲပေါ့)
7. Something you'll wear : T - Shirt
8. A food : Tea Leaf Salad
9. Something found in the bathroom : Tab
10. A place : Than Lyin (ရန်ကုန်တဘက်ကမ်းက ကိုယ်နေတဲ့မြို့ပဲ)
11. A reason for being late : Typing (စာကတော့ ဘာရိုက်ရသလဲမမေးနဲ့)
12. Something you'd shout : Tauk ! (တောက် !)
13. A movie title : Tom & Jerry
14. Something you drink : Tarquilar (စာလုံးပေါင်းတော့ မှားချင်မှားမယ် အသံကတော့ တကီလာလို့ထွက်တယ် မက္ကဆီကန် အရက်ဟုဆို)
15. A musical group : The Tree Band (မြန်မာပြည်က)
16. An animal : Tiger
17. A street name : Thein Phyu (သိမ်ဖြူလမ်း)
18. A type of car : Taxi
19. The title of a song : Thank you for the music (ABBA)
20. A verb : Tease

မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (ဇာတ်သိမ်း)

“လာခေါ်တာ မဟုတ်ဘူးနော်။ မင်း ပြန်လာဦးမလား လာမေးတာ”
“ဟင့်အင်း” ဆိုတဲ့စကားက နွေ့ပါးစပ်က ရှောရှာရှူရှူ ထွက်သွားခဲ့တယ်။ ကိုကိုကသဲ့သဲ့ ပြုံးတယ်။
“ထင်ပါတယ်။ မင်းက သိပ်ကိုလွတ်လပ်တဲ့ ဘဝမှာ ပျော်တတ်နေပြီကိုး။ အိမ်ထောင်သည် မိန်းမ တယောက်လို မင်းဘယ်နေနိုင်ပါတော့မလဲ”

ကျမ မုန်းတာလည်း အဲဒီလို ရိတဲ့ ထေ့တဲ့စကားတွေ ပြောတာကိုပဲလို့ ပြောချင်ပေမယ့် အမေ့အိမ်မှာ ထပ်ပြီး အချင်းမများချင်တော့ဘူး။

“ကောင်းပြီလေ။ ငါ့တာဝန်ကျေပြီ။ သိထားဖို့က ငါ့အတွက် မိန်းမ မရှားဘူးဆိုတာပဲ”
“သိပါတယ်။ အပေါစားတွေကတော့ ဘယ်ရှာရှာရတာပဲဟာ”

နွေလည်း မိန်းမပီပီ သူနာမယ့် စကားတခွန်း ရွေးပြောလိုက်တယ်။ မုန်းကြပြီ ဆိုမှတော့ နာကျင်စေမယ့် စကားလုံးတွေပဲ ရွေးချယ်ပြောကြစမြဲ မဟုတ်လား။

“နေပါဦး မင်းက ဘယ်သူ့အားကိုးနဲ့ တခုလပ် ဘဝကို ရွေးချယ်တာလဲ။ မင်း စဉ်းစားချင် စဉ်းစားဦးနော်။ မင်းက မိန်းကလေး”

အဲဒီစကား ကိုကို့ဆီက ကြားလိုက်တော့ နွေ ပိုသေချာသွားတော့တယ်။

“ကျမ စကားကုန်ပြောတာ။ ကျမ ကိုကို့ကို စိတ်ကုန်သွားပြီ။ ဘယ်လိုနည်းနဲ့မှ မပေါင်းနိုင်တော့ဘူး။ တခုလပ်ဘဝနဲ့ အားငယ်ရမယ်ဆိုရင်လည်း အားအငယ် ခံလိုက်တော့မယ်။ ကျမရဲ့ တန်ဖိုးကို နားမလည်တဲ့ သူနဲ့တော့ အတူမနေနိုင်ဘူး”
“ဘာ၊ တန်ဖိုးဟုတ်လား .. ဟားဟား .. ရယ်စရာကောင်းလိုက်တာ။ မင်းက ဘာတန်ဖိုးတွေများ ရှိနေလို့လဲ။ မင်းဆီက ရွှေထွက်နေလို့လား။ တကယ်တော့ မင်းက တန်ဖိုးရှိတာမဟုတ်ဘူး။ မင်းဘာသာမင်း ဘဝင်တွေ စွတ်စက်မြင့်နေတာကွ။ ကောင်းပြီလေ .. ငါကလည်း မင်းလို ဘဝင် လေဟပ်နေတဲ့ မိန်းမနဲ့ မပေါင်းချင် ပါဘူး။ မိန်းမဆိုတာ မိန်းမလိုပဲ အလှပြင်၊ အတင်းပြော၊ လင်ယောက်ျားကို ပြုစု၊ ထမင်းဟင်းချက်၊ ကလေးမွေး၊ ယောက်ျားစကား တခွန်းဆို တခွန်း နားထောင် … ဒါပဲပေါ့ .. ဘာလဲ .. တန်ဖိုး .. ဘာတန်ဖိုးမှ မလိုဘူး”

လာပြန်ပြီ မထိုက်ရဲ့ ကိုလေးလို လူတယောက်။ ယောက်ျားတွေဟာ ဒီလိုချည်းပဲလား။ ကိုကို့ရဲ့ ရိစကား၊ ထေ့စကားတွေကို အသားတဆတ်ဆတ်တုန်အောင် ဒေါသထွက်ရင်း၊ အဲဒီ ဒေါသတွေကို ကြိတ်မှိတ် မြိုသိပ်ရင်း နားထောင်နေရတယ်။ နွေ ရုံးသွားရတော့မယ်၊ ဒီနေ့ လပတ် ရုံးဝန်ထမ်း အားလုံး အစည်းအဝေး ရှိတယ်။ နွေ မသွားလို့မဖြစ်ဘူး။ နွေ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ .. နွေ ရုံးသွားမယ်။

“ကျမ ရုံးသွားတော့မယ် ကိုအောင်”

သူ့စကားကို ဆုံးအောင် နားထောင်ပြီး ဘာမှပြန်မပြောဘဲ ရုံးသွားမယ် ပြောလိုက်တော့ ကိုကို တော်တော်လေး အောင့်သွားပုံရတယ်။ နွေ့ကို ခပ်စိမ်းစိမ်း တချက်ကြည့်ပြီး .. “ကောင်းပြီလေ .. မင်းနောင်တ မရပါစေနဲ့၊ မင်း ခြေသလုံးဖက်ပြီး လာတောင်းပန်တောင် ငါ ပြန်လက်မခံနိုင်ဘူး” ဆိုတဲ့စကားကို ပြောရင် ထိုင်ရာက ထတယ်။ နွေလည်း ထိုင်ရာက လိုက် ထလိုက်တယ်။ စိတ်ချပါ နွေက တွေဝေတတ်ပေမယ့် ခေါင်းတော့ တော်တော်လေး မာပါတယ် ကိုကို။

“သမီး မျက်ရည်ကျမယ်ထင်တာ” လို့ ပြောလာတဲ့ အမေ့ကို နွေ လှလှပပလေး ပြုံးပြနိုင်ခဲ့တယ်။ ခုချိန်မှာ တခုပဲ နွေသိတယ်။ နွေ ရုံးသွားရမယ်။

* * *

လက်ခုပ်သံတွေ ဆူညံသွားပြီး သူငယ်ချင်းတွေအားလုံးနွေ့ကို လက်ဆွဲနှုတ်ဆက်ကြတယ်။ နွေ လုံးဝ ထင်မထားခဲ့ဘူးလေ။

နွေတို့ရုံးမှာ တလတခါ အကောင်းဆုံးသတင်းထောက်နဲ့ အကောင်းဆုံးဝန်ထမ်းဆု ပေးလေ့ရှိတယ်။ အဲဒီ ဆုတွေကို ခုလို လပတ် အစည်းအဝေးတွေမှာ ကြေညာပြီးပေးတယ်။ ဘာကြောင့် ဒီဆုကိုပေးရသလဲ ဆိုတာပါ ရှင်းပြတာ။ ဒီလ နွေ .. သွေးလွန်တုပ်ကွေး သတင်းနဲ့ အကောင်းဆုံး သတင်းထောက်ဆုကို ရတယ်တဲ့။ နွေ ဘယ်လိုလုပ် ထင်ထားမှာလဲ။ မအိကို လှည့်ကြည့် လိုက်တော့ ပြုံးပြနေတယ်။

ကြည့်စမ်း .. ယောက်ျားနဲ့ ကွဲလာတဲ့နေ့မှာ နွေက အကောင်းဆုံး သတင်းထောက်ဆုကို ရတယ်တဲ့။ ရယ်စရာ မကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေးသတင်းကို နွေ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ရကြိုး နပ်လိုက်တာ။

“ဒီသတင်းက ဘာမှ ဟာကွက်ပျော့ကွက်မရှိဘူး။ Source တွေ စုံတယ်၊ Background တွေလည်း အကုန်ထည့်ထားတယ်။ ရွေးတဲ့ Angle ကလည်း ဘယ်သူမှ ထင်မထားတဲ့ Angle၊ စိစစ်ရေးက ဖြုတ်နိုင်တဲ့ သတင်းတပုဒ်ဖြစ်ပေမယ့် မဖြုတ်အောင် ပါးပါးလေး ရေးပြသွားနိုင်တဲ့ ပညာလည်း ပါတယ်။ အားလုံး အတုယူသင့်တဲ့ သတင်းတပုဒ်ပဲ”

ဆရာက ရှင်းပြနေတော့ နွေ မျက်နှာတွေ ပူလိုက်တာ။ ဒါ မအိကျေးဇူးကြောင့်မဟုတ်လား။ မအိသာ မပါရင် နွေ ဘယ်လိုလုပ် ဒီလို သတင်းကို ရေးနိုင်မှာလဲ။

“အဲဒီလိုလည်း မတွေးပါနဲ့ နွေရယ် .. မအိက နွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ညွှန်ပြရုံ လေးပါ။ တကယ်က Source တွေအားလုံးကို နွေပဲ အင်တာဗျူးလုပ်တာလေ။ ရေးတော့လည်း နွေ ရေးတာပဲ မဟုတ်လား။ မအိက အက်ဒစ် လုပ်ပေးရုံလေးဥစ္စာ” လို့ ပြုံးပြုံးလေး ပြောနေတဲ့ မအိကို နွေ သိပ်လေးစားတာပဲ။

မအိက နွေ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း ဖတ်တတ်သေးတယ်။ “နွေ ဘာဖြစ်နေလဲ” တဲ့။ နွေ တချက် တချက် ငိုင်သွားတာကို ရိပ်မိမှာပေါ့။ ကိုကို့ကို နွေ ပြန်မလွမ်းပေမယ့် တခုလပ်ဆိုတဲ့ နာမည်ဆိုးကြီးနဲ့ နွေ ဘယ်လိုစခန်းသွားမလဲ ဆိုတာ .. တချက်တချက်တော့ ရင်လေးမိတာ အမှန်ပဲလေ။

မအိကိုတော့ နွေ အသေးစိတ်ပြောပြလိုက်တယ်။ မအိကလည်း အမေပြောသလိုပဲ နွေ့ကို ပြန်ပြောတယ်။

“မျှဝေ ခံစားမပေးနိုင်တဲ့ လူတယောက်နဲ့ ဘဝခရီး အတူတူသွားမယ့်အတူတူ တယောက်တည်းပဲ သွားမှာပေါ့ နွေရဲ့။ ဘာအားငယ်စရာရှိလဲ၊ နွေက အားရှိတဲ့ မိန်းကလေး တယောက်ပဲ။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိစမ်းပါ” တဲ့ နွေ့ကို အားပေးတာ။

နွေ့သူငယ်ချင်းတွေကို ပြောပြတော့ အောင်ထူးတယောက်ကလွဲရင် ကျန်တဲ့သူတွေက အားပေးတယ်။ အောင်ထူးကတော့ “နင်တို့ကိုက ကြောင်တာပါဟာ။ ငါတော့ ကိုအောင်ပြောတာ လက်ခံတယ်။ မိန်းမဆိုတာ တော်စရာ မလိုဘူး၊ လှရင်ပြီးပြီ” ဆိုတဲ့စကားကို နောက်သလိုလို အတည် လိုလိုပြောနေလို့ ကျန်တဲ့သူတွေက သူ့ကို ဝိုင်းဆဲကြသေးတယ်။ ဒါပေမယ့်ဒီကောင်လည်း ခဏပါ မထိုက်က “အောင်ထူးရယ် .. နင်ကော လှရုံလှပြီး ဘာဦးနှောက်မှ မရှိတဲ့ မိန်းမကို ယူမလား” ဆိုပြီး မေးလိုက်တော့ ငြိမ်သွားတယ်။

ထူးထူးဆန်းဆန်း မြင့်မိုက “နွေ .. နင် တကယ် မခံစားရဘူးလား” လို့ မေးတယ်။ အဲဒီစကား အတွက်တော့ နွေ ခဏလေးဆွံ့အသွားတာ အမှန်ပဲ။ ဘာလို့ဆိုတော့ ကိုကို့ကို နွေ တကယ်ချစ်ခဲ့တာကိုး။ ပြီးတော့ သံယောဇဉ်လည်း တကယ်ရှိတယ်လေ။ ဒါပေမယ့် နွေ ခေါင်းခါပြလိုက် ပါတယ်။

မထိုက်ကတော့ “ငါတို့တတွေလည်း ဘာတွေဖြစ်နေကြလည်း မသိဘူးနော်။ အချစ်ရေးနဲ့ ပတ်သက်လာရင် ဂြိုဟ်ဆိုး ဝင်နေတယ် ထင်ပါရဲ့ဟာ” လို့ ညည်းတယ်။ မထိုက်ကော ခံစားနေရလား။ မခံစားဘဲ ဘယ်နေ ပါ့မလဲလေ .. နှစ်ရှည်လများ တတွဲတွဲ နေခဲ့တဲ့သူပဲဟာ။ မထိုက်က သူ့ ဘေးလွယ်အိတ်ထဲက ကတ်ပြားလေး တခု ထုတ်ပြတယ်။

သြော် ကိုလေးတောင် မင်္ဂလာဆောင်တော့မှာကိုး .. မြန်လိုက်တာ။ သူပြောတဲ့ သဘောဖြူတောသူ လေးပဲ ဖြစ်ပါစေလို့ နွေတို့ ဆုတောင်းရမှာလား မပြောတတ်တော့ဘူး။

“ဒီနေ့ လက်ဘက်ရည်ဖိုးကို နင်ရှင်းရမှာနော်နွေ” လို့ မြင့်မိုက ခပ်သွက်သွက်ပြောလာတယ်။ အားလုံးရဲ့ ပူပင်သောကတွေ မေ့လျော့သွားအောင် စကားလမ်းကြောင်းလွှဲတယ် ဆိုတာ သိသိ ကြီးနဲ့ပဲ အားလုံး သူ့စကားကို စိတ်ဝင်စားသယောင် လုပ်လိုက်ကြတယ်။

အောင်ထူးကတော့ “ဟုတ်တယ် နွေ၊ နင် တခါမှ မကျွေးဖူးဘူး .. ဒီနေ့တော့ နင်ဂုဏ်ယူစွာနဲ့ ငါ့ကို ထမင်းပါကျွေးတော့”
“အောင်မာ ..ကောင်စုတ် .. လက်ဘက်ရည်ပဲ တိုက်နိုင်မယ်။ သတင်း ပထမဆုက ဘယ်လောက်များ ရလို့လဲ”
“ဟင် နင် အရင်လို ကိုအောင့်အတွက် ဘောင်းဘီတို့ ဝက်ခေါင်းသုတ်တို့မှ ဝယ်သွားစရာမလိုတော့တာ”

မထိုက်က လှမ်းဟန့်ပေမယ့် မရတော့ဘူး။ အောင်ထူးစကားက ကျွံသွားပြီ။ တကယ်တော့ အဲဒီ စကားက အတိတ်ကို ပြန်အောက်မေ့ပြီး လွမ်းစရာဆိုပေမယ့် နွေ လုံးဝကို မလွမ်းတော့တာ။ နွေ့နှလုံးသားတွေပဲ ထုံသွားတာလား။

“နေစမ်းပါဦး .. နင်တို့က ငါယောက်ျားနဲ့ ကွဲတဲ့ကိစ္စကို ပျော်စရာများ မှတ်နေကြလားဟင်။ ဟိုဟာကျွေးခိုင်း ဒီဟာတိုက်ခိုင်းနဲ့” လို့ နွေ သူတို့ကို ပေါ့ပေါ့ပါးပါး ပြန်နောက်ပြောင်နိုင်နေပြီ။

မသောက်တာကြာပြီဖြစ်တဲ့ လက်ဖက်ရည် ကျဆိမ့်ကို တငုံငုံရင်း “မယူလိုက်က မိုက်လို့ထင် .. ယူလိုက်ပြန်က ကြိုက်လို့ထင်” ဆိုတဲ့ ကဗျာလေးက ခေါင်းထဲ ပြန်ရောက်လာပြန်တယ်။ မိုက်တယ်ပဲ ထင်ထင်၊ ကြိုက်လို့ပဲထင်ထင် .. နွေကတော့ ယူသင့်ရင်ယူမယ် .. မယူသင့်ရင်လည်း ထားခဲ့ လိုက်မယ်။ အဲဒီအတွက် ထိုးလာမယ့် လက်ညှိုးပေါင်းများစွာကိုလည်း ရင်ဆိုင်မယ်၊ ကဲ့ရဲ့ စကားတင်းဆိုလာမယ့် ပါးစပ်ပေါင်းများစွာ ကိုလည်း နွေမကြောက်ဘူး ..။ ချီးကျူးစကားတွေ ကိုလည်း နွေ မယစ်မူးဘူး။

နွေကြောက်တာ တခုတည်း .. အဲဒါကတော့ လက်ညှိုးတွေကြောင့်တော့ .. ကိုယ်မြတ်နိုးတဲ့ ကိုယ့်ဝါသနာ၊ ကိုယ်တည်ဆောက်ထားရတဲ့ အောင်မြင်တဲ့ အနေအထားတွေကို စွန့်လွှတ်ပြီး တသက်လုံး ဖြစ်ချင်ရာဖြစ် ဆိုတဲ့ဘဝကြီးထဲ ခေါင်းငုံ့ ခံနေရမှာကိုပါ။ အဲဒီလို မဖြစ်ချင်တဲ့အတွက် ပေးဆပ်ရမယ့် အရင်းအနှီး ကတော့ တော်တော်လေးကြီးတယ် .. နွေဆိုရင် နှလုံးသားနဲ့ မိန်းမသားဘဝ တခုလုံး ပေးလိုက်ရတာ။

ဒါပေမယ့် ပြန်ရတဲ့ သင်္ခန်းစာတွေနဲ့ တွက်ရင် .. တန်ပါတယ်လေ။ ။

(ပြီးပါပြီ)

“မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ ထင်” နှင့် ပတ်သက်သမျှ

တကယ်တော့ ပြောဖို့ သိပ်မလိုလှပါဘူး။ ဒါပေမယ့်လည်း စာဖတ်သူဆိုတာက စာဖတ်မိပြီဆိုရင် ဒါ စာရေးသူရဲ့ ဘဝအကြောင်းများလားလို့ ထင်တတ်ကြပါတယ် (ကျမ ကိုယ်တိုင်တောင် အဲဒီလို တွေးဖူးခဲ့တာကိုး) ခု ကျမရဲ့ “မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ ထင်” ကိုလည်း ကျမရဲ့ အဖြစ်အပျက်လေလားလို့ တချို့က မေးလာပါတယ်။ ကျမအကြောင်း မဟုတ်ဘူးလို့ ရဲရဲကြီး ပြောလို့ရပါတယ်။ ဒါပေမယ့် နွေ့ကိုတော့ ကျမကိုယ်တိုင် ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းမိတာ အမှန်ပါပဲ။ အဲဒါကို ဝန်ခံပါတယ်။ ကျမရဲ့ ထုံးစံအတိုင်း တကယ့်အပြင်က ဇာတ်ကောင်ကို ဝတ္ထုထဲမှာ အသက်သွင်းထား တာပါ။

နောက်တခုကတော့ ကျမ ပြည်တွင်းက မီဒီယာလောကမှာ ကျင်လည်ခဲ့ကတည်းက သတင်းသမားတွေနဲ့ ပတ်သက်တဲ့ ဝတ္ထုရှည်တပုဒ် ဖန်တီးချင်တဲ့ အာသီသ ရှိခဲ့ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်၊ ဘာကြောင့်ဆိုတော့ နောက်ပိုင်း မြန်မာဗီဒီယို ဇာတ်ကားတွေမှာ စာနယ်ဇင်းသမားတို့၊ သတင်းထောက်တို့ အကြောင်းတွေကို ရိုက်ပြတာတွေ တွေ့ရတော့ တော်တော်လေး ဘဝင်မကျ ဖြစ်မိလို့ပါ။ တချို့ကလည်း လွယ်အိတ်လွယ် ကျွဲကော်ကိုင်း မျက်မှန်တပ်လိုက်တာနဲ့ စာနယ်ဇင်းသမား ဖြစ်သွားလေရဲ့။ တချို့ သတင်းထောက် တွေကျပြန်တော့ စုံထောက်လိုလို၊ မှုခင်းကျဆင်းရေးရဲလိုလိုနဲ့ တကယ့် သတင်းထောက်တွေရဲ့ ဘဝကို ပုံဖော်ထားတာ မတွေ့ရဘူး။ နောက်တခါ အခြေခံရိုက်ထားတဲ့နေရာ ကျပြန်တော့လည်း တကယ့် သတင်းခန်းနဲ့ မတူပြန်ဘူးလေ။ ကြည့်ရတာ ရုပ်ရှင်သမားတွေက တကယ့်သတင်းခန်းကို ရောက်ဖူးပုံမရဘူး။ ဒါလည်း ဖြစ်နိုင်ပါတယ်။ သူတို့က သူတို့နဲ့ ဆက်ဆံဖူးတဲ့ pop ဂျာနယ်၊ မဂ္ဂဇင်းလောက်ကိုပဲ သိကြတာကိုး။ အဲဒီတော့ သတင်းထောက်တွေ ဘယ်လိုရုန်းကန်ရတယ်၊ သတင်းခန်းမှာ ဘယ်လို ဖြစ်နေတယ် ဆိုတာကို သိပ်ရေးချင်ခဲ့မိတာပါ။

ကျမကိုယ်တိုင်လည်း ဒီပတ်ဝန်းကျင်မှာ ဖြတ်သန်းခဲ့ရတဲ့အတွက် သတင်းထောက်လေးတွေရဲ့ ပြဿနာတွေ၊ ဘဝတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရခဲ့တော့ ဒီထဲကမှ “နွေ” ဆိုတာကို ကျမ ဆွဲထုတ်မိတာပါ။ နွေ့လိုပဲ တခြားတခြားသော သူတွေရဲ့ စိတ်ဝင်စားစရာ၊ အားမရစရာ၊ စိတ်ဆင်းရဲစရာ အဖြစ်အပျက်တွေ၊ ဒုက္ခတွေ၊ ဘဝတွေ အများကြီးရှိပါသေးတယ်။

ချိုးလင်းပြာ မဂ္ဂဇင်းက ပြည်ပမှာ ထုတ်တဲ့ မဂ္ဂဇင်းတအုပ်ဖြစ်ပါတယ်။ နောက်ပြီး အမျိုးသမီးမဂ္ဂဇင်းလည်း ဖြစ်လေတော့ ... ကျမ အားမရတဲ့ အမျိုးသမီးလေးတွေအတွက် အင်အားတရပ် ဖြစ်စေချင်လို့ ဒီဝတ္ထုကို ဖန်တီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျမရဲ့ လောကြီးမှုကြောင့် ဆိုလိုရင်း မရောက်ဘဲ တလွဲဖြစ်သွားခဲ့ရင် ကျမရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။

ကျမရဲ့ “နွေ” ကတော့ ခုဆို သူ့ကိုကိုနဲ့ သားလေးလား၊ သမီးလေးလား တယောက်တောင် ရနေရောပေါ့ :P

လေးစားစွာ
တူးတူးသာ