မျက်ခုံးရိပ်သူများ
အဲဒီသုံးယောက်က တယောက်တမျိုးစီ တနေရာစီသိရတာဖြစ်ပေမယ့် အဲဒီသုံးယောက်စလုံးကို ကျမ တမျိုးစီ သိပ်ခင်ပါတယ်။ တယောက်ကတော့ ကျမရဲ့ အမှတ်တရ ရက်စွဲများ ၈ မှာ မိတ်ဆက်ပေးဖူးတဲ့ ကိုဖေပါ။ သူ မရှိတော့ဘူး .. ။ နောက်တယောက် ကတော့ အသက်ရှင်လျှက်ရှိသေးတယ် .. ကျမနဲ့ ဂျီတီအိုင် ပထမနှစ်ကတည်းက စတွဲခဲ့တဲ့သယ်ယင်း ..။ သူက ကျမလိုပဲ ဂျီတီအိုင် နဲ့ ကျောင်းပြီးခဲ့ပေမယ့် အင်ဂျင်နီယာ မလုပ်တဲ့သူ။ တိုးရစ်စ်ဂိုက်လုပ်ခဲ့ပြီး အဲဒီလောကမှာလည်း အောင်မြင်ခဲ့သူ။ ကျန်တဲ့ တယောက်ကတော့ ကျမ မောင်လေး ကိုရဲရဲ့သူငယ်ချင်း ပန်းချီသိပ်ကောင်းတဲ့၊ တယောလည်းထိုးတတ်တဲ့၊ သိပ်လည်း ချစ်တတ်တဲ့ .. ကျမတို့က သားကြီးလို့ခေါ်တဲ့ .. နှလုံးသားခပ်နုနု ကောင်လေး တယောက်ပါ။
အမှတ်တရ ရက်စွဲများ ၉
ရယ်စရာတော့မကောင်းဘူး ကြေကွဲစရာချည်းပဲ .. ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ရယ်စရာကောင်းခဲ့ကြတယ် .. အတိတ် ဆိုတာ တကယ်တော့ ဘာနဲ့မှလဲလို့မရတဲ့ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတခုပါ ..။
ဒီဇာတ်လမ်းထဲက လူတွေ တကယ်ရှိနေသေးတဲ့အတွက် (တချို့လည်း ကွယ်လွန်သွားပါပြီ) ဖတ်မိလို့ လွဲချော်တာ၊ တိုက်ဆိုင်မှု ရှိတာလေးတွေအတွက် ကြိုတောင်းပန်ချင်ပါတယ်။
အဲဒီနေ့က နေကျဲကျဲပူနေလေရဲ့။ တောင်ဒဂုံရဲ့ လယ်ကွင်းတခုကို ပြုပြင်ထားတဲ့ ဘောလုံးကွင်းတကွင်းမှာ သူတို့အသင်းက တဘက်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီ ..။ ပန်းချီ၊ ပန်းပု၊ ဂီတ၊ ဇာတ်သဘင် အသင်းလေးသင်းရှိတဲ့အထဲ ဘယ်အသင်း ထဲမှ ပါခွင့်မရတဲ့ သူတို့တတွေက ညွန့်ပေါင်းအသင်း ဆိုပြီး တသင်းထဖွဲ့တော့ ဌာနမှူးတွေ၊ ဆရာတွေ ဘယ်သူမှ မကန့်ကွက်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကိုယုံလို့ပေါ့ (ဘယ်လိုကန်ကန် ခြေထောက်နဲ့ ဘောလုံးမထိဘူးဆိုတာကို)
အဲဒီအသင်းရဲ့ နည်းပြက ဆရာ(ပန်းချီ)ဦးဝင်းမော်ဟန် .. တပည့်တွေရဲ့အချစ်တော် (ခုတော့ ဆရာလည်း သေရှာပြီ)။ တခြားအသင်း တွေက ရေခဲပုံးထဲမှာ ရေသန့်ဗူးတွေ၊ သံပုရာသီးတွေနဲ့ .. သူတို့အသင်းရဲ့ ရေခဲပုံးထဲမှာတော့ အရက်ပုလင်းနဲ့ သံပုရာသီး ..။ ဆရာက အတော်အလိုက်သိပါ့။
လှိုင်ဘွားက ဂိုးဖမ်းမယ် .. ဘာလို့လဲ ဆိုတော့ အဲဒီတုန်းက ဆောင်းတွင်းရောက်တော့မှာလေ .. ဘာဆိုင်လဲ ဟုတ်လား။ ဆိုင်သပေါ့ .. ဂိုးသမားဆိုရင် အင်္ကျီလက်ရှည်ရမှာ .. ဆောင်းတွင်းချမ်းတာနဲ့ အနွေးထည်မရှိတာနဲ့ အတော်ပဲ။ သူတို့အသင်းထဲက တယောက်က ဟန်ပါပါနဲ့ ကွင်းထဲဝင်လာပြီးမေးလိုက်သေးတယ် .. "ဟေးယောင်တွေ ငါဘယ်ဂိုးပေါက်ကို သွင်းရမှာတုန်းဟ" တဲ့။
"ကျနော်တို့ကို ဆရာက ကွင်းအပြင်မှာ ရှင်းပြတုန်းက စာရွက်ပေါ်မှာလေ။ အဲ့တုန်းကတော့ ဟုတ်တာပေါ့ .. ကျဉ်းကျဉ်းလေးကိုး .. တကယ်လည်းကန်ရော ကွင်းကအကျယ်ကြီး .. ဘယ်သိတော့မလဲ" လို့ ဥာဏ်စိုးက သူတို့ကျွမ်းကျင်မှုကို ရှင်းပြတယ်။
ရဲမာန် (ခု နာမည်ကျော် ကာတွန်းဝလုံး) က အဲဒီတုန်းက သူငယ်ချင်းတယောက်ကိုတွေ့တာနဲ့ ဘောလုံးကန်ရင်း ကွင်းပြင်ထွက် စကားပြောနေလေရဲ့ .. ဟုတ်တယ်လေ .. သူ့ခမျာ အဲ့သူငယ်ချင်းကို မတွေ့တာလည်း ကြာပြီမဟုတ်လား။ ဒါပေမယ့် သူတို့ သယ်ယင်းနှစ်ယောက်ရဲ့ ခင်မင်မှုကို ဒိုင်လူကြီးက ဖျက်ဆီးလိုက်တယ် ..
"စကားပြောချင်ရင် ကွင်းထဲကနေပြောပါ .. ကွင်းပြင်ထွက်ပြောလို့မရဘူး" တဲ့လေ။ တော်တော်ဆိုးတဲ့ ဒိုင်လူကြီး။
ဒါနဲ့ ကွင်းစည်းထဲက သူကရပ် သူငယ်ချင်းက ကွင်းပြင်ကရပ်ပြီး စကားပြောကြတယ် .. ဘောလုံး သူ့နားရောက်လာရင်တော့ ပြန်ကန်ပေးလိုက်တယ်။
အဲဒီတုန်းက ကောင်မလေးတွေကို ချိန်းထားမိတဲ့ နှစ်ကောင်ရှိသေးတယ်။ သူတို့က တကယ်တော့ ညွန့်ပေါင်းအသင်းမှာမှ အရန် အဖြစ်ပါရတဲ့သူတွေပါ။ အဲဒါကို ရည်းစားတွေချိန်းထားတော့ ကောင်မလေးတွေက သူတို့ကန်မှာဆိုပြီး လာအားပေးရှာတယ်။ သူတို့ ကလည်း တိုင်ပင်ထားပြီးသား .. "ဟေးယောင် ငါဆယ်မိနစ် မင်းဆယ်မိနစ် .. တယောက် ဆယ်မိနစ်ဆီ ကန်ကြမယ် ဟုတ်လား" .. ဂလို တိုင်ပင်ထားတာ။
သို့သော် တကယ်လည်း ကန်ရော ဘယ်ဟုတ်မလဲ .. တယောက်ထွက်တဲ့အချိန် သူတို့ထဲက အရန်တယောက်က ဝင်ကန် .. ခပ်တည်တည်ပဲ ဆယ်မိနစ်လည်းပြည့်ရော ဘာမပြောညာမပြောနဲ့ ကွင်းပြင်ကို ပြေးထွက်သွားချိန်မှာ နောက်တယောက်က ဟန်ပါပါ နဲ့ ပြေးဝင်လာ .. ဒိုင်လူကြီးတောင် ကြောင်သွားတယ်။
အဲဒီမှာ ဒုက္ခရောက်တော့တာပဲ .. ။ တယောက်ဆယ်မိနစ်စီ ကန်လို့ရတယ် ထင်နေတဲ့နှစ်ယောက်ကို ဒိုင်က အလွတ်မပေး တော့ဘူး။ ဆယ်မိနစ်ပြည့်လို့ အပြင်ကကောင်က အချက်ပြတဲ့အချိန် အထဲကကောင် ထွက်မယ်လည်း လုပ်ရော ဒိုင်က ပေး မထွက်တော့ဘူး .. ။ အထဲကကောင်ကလည်း ဘောလုံးနဲ့ ခြေထောက် မထိဘဲ ကန်နေရ၊ အပြင်ကကောင်ကလည်း ကောင်မ လေးတွေရှေ့ ဟန်ရေးပြဖို့ စဉ်းစားထားသမျှ ခဲလေသမျှ ပဲရေပွဖြစ် ... တော်တော်ဆိုးတဲ့ ဒိုင် ..။
သူတို့ထဲမှာ ဘောသမားနဲ့ ဝိတ်တာ မှားထည့်မိတာ တယောက်ရှိသေးတယ်။ အဲ့တယောက်က ဘောလုံးလာရင် ခြေထောက်နဲ့ မကန်ဘဲ ရင်ဗတ်နဲ့ ပြေးပြေးတိုက် ဆိုပဲ။
အဲလို ဗယုတ်သုက္ခပေါင်းများစွာ ကြားကို မင်းသားရောက်လာတဲ့ အချိန်မှာ မီးကို ရေနဲ့ ငြှိမ်းလိုက်သလို ငြိမ်ကျသွားလေရဲ့။ ချစ်သူ ဒါဒါက သူ့ကို ဂရုစိုက်လွန်းတာကြောင့် ပေတရာလောက်ဝေးတဲ့ ဘောကွင်းကို ဆိုက်ကားနဲ့ လာပို့ရှာတယ်။ သူက ဆိုက်ကား ခေါင်းခန်းမှာ ဒါဒါက နောက်မှာ ထိုင်လို့ ..။ အဲဒါသားကြီးခေါ် မျိုးကြီးပါပဲ ..။
ဘယ်သူနဲ့မတူအောင် ဘောလုံးကွင်းကို ရောက်လာပြီးတဲ့နောက် ဘယ်သူနဲ့မှ မတူအောင် ဘောလုံးနဲ့ ခြေထောက် မထိမထိ (ထိကိုမထိတာလေ) ကန်ပြသွားတာ သူ ..။ သူတို့ပွဲလည်း အဲဒီနေ့က ဇာတ်သဘင်နဲ့ ကန်တာမှာ ဘယ်နှဂိုးမှန်းကို မသိအောင် ရှုံးတော့တာပဲ ..။
သားကြီးအကြောင်း ဆက်ရရင် သိပ်ကိုယဉ်ကျေးသလောက် .. ပန်းချီလည်း သိပ်တော်တယ်။ မေးရိုးက လေးထောင့်စပ်စပ် .. ချောမောပြီး ယောက်ျား ပီသတယ်။ ဒါပေမယ့် နှလုံးသားက သိပ်နုတယ်။
သူတို့သူငယ်ချင်းတွေ နောက်ရင်းပြောင်ရင်း ဆံပင်ကို ကပ်ကျေးနဲ့ ကွက်ကျား ညှပ်ကြရာက (မူးနေတာလည်း ပါသပေါ့) နောက်ဆုံး ကတုံးတွေဖြစ်ကုန်ကြတဲ့အချိန်။ ကတုံးမှ ၉ ကောင် .. ၉ ကတုံးပေါ့။ အဲဒီထဲမှာ ခေါင်းဆောင်ကတော့ သားကြီးပေါ့။ တကယ်က သူခေါင်းဆောင်တာ မဟုတ်ပါဘူး။ သူက တခြားကတုံးတွေထက် ထူးပြီး မျက်ခုံးပါ မရှိတော့လို့ ခေါင်းဆောင်လို့ ပြောရတာ။ လူကြီးတွေ အားလုံးအလုပ်ရှုပ်ကုန်တယ်။ ကတုံးတွေနောက်က စုံစမ်းစစ်ဆေးရေးတွေ၊ ထောက်လှမ်းရေးတွေ လိုက်ကုန်တယ်။
တကယ်က သူတို့ဘာသာ မူးပြီး တုံးလိုက်တာ။ သူတို့နောက် ထောက်လှမ်းရေးလိုက်တာများ သိတောင်မသိဘူး။ သားကြီးကလည်း မျက်ခုံးမွှေးပါမရှိတော့ မျက်နှာလေးထောင့် ပြောင်ချော်ချော်ကြီးပေါ့။ ကြောက်စရာကြီးလေ။
ဒါပါပဲ အဲဒီတယောက် မျက်ခုံးရိပ်တာ ဘာလို့လဲ ဘယ်သူမှ မသိဘူး .. သိတဲ့သူပြောပြလေ ဟုတ်လား။ သူ့ကောင်မလေးကို သူ သိပ်ချစ်တာတော့သိတယ်။ ဒါပေမယ့် သူ့ကောင်မလေးက သူ့ကို .. ခွဲခွာသွားလေရဲ့ (အကြောင်းကြောင်းသော အကြောင်း ကြောင်းတွေကြောင့် ဖြစ်မှာပေါ့)
သူ ပန်းချီကောင်းတာ၊ တယောထိုးကောင်းတာ .. ဘယ်ရောက်သွားလဲ မသိတော့ဘူး ..။ သူက စိတ်ပျော့တယ်။ သူ အရက်အိုးထဲ ဇောက်ထိုးနစ်တယ်။ တီဘီဆေးနဲ့ အရက်တွဲသောက်ကောင်းတာမှ မဟုတ်ဘဲ။ သူကတော့ တွဲသောက်ကြည့်တယ်။ တခုသော လွတ်လပ်ရေးနေ့ ဖျော်ဖြေပွဲမှာ တယောလေးထိုးခဲ့ပြီး .. သူတို့မြို့က ရေကန်ကြီးပေါ်မှာ တယောဆက်ထိုးမယ်လို့ ကြံစည်ခဲ့တယ်။ အဲဒီလို ကြံစည်ပြီး တကယ်လည်း အကောင်အထည်ဖော်နေတဲ့အချိန် .. သူ့ကိုသိပ်ချစ်တဲ့ သူငယ်ချင်းတစုက လူကြုံရှိလို့ သူ့ကိုပေးဖို့ စာလှမ်းရေးနေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ..။
သူတို့ ဝမ်းတွင်းမှာ ပြောစမှတ်တွင်စရာ အဖြစ်တခုပေါ့။ ကန်ပေါင်ပေါ်မှာ တယောလေးကိုထိုးရင်း ပုံလျှက်လဲကျသွားသူ တယောက် အကြောင်းလေ။ အဲဒီမှာ သားကြီးဇာတ်သိမ်းလိမ့်မယ် ဘယ်သူမှမထင်ဘူး။ သူ့သူငယ်ချင်းတွေရဲ့ စာလည်း သူ မဖတ်လိုက်ရဘူး။
သူ့မျက်ခုံးတွေ ရိပ်ခဲ့ဖူးတာ သေချာတယ်။
ကိုဖေကျတော့ကော ..။ သူ့ မျက်ခုံးတွေကို သူ အသေကောင်လို မူးပြီး အိပ်ပျော်နေတုန်း သူငယ်ချင်းတစုက နောက်ပြောင်ပြီး ရိပ်ထားခဲ့ကြတာ။ အဲဒီအချိန်က သူလည်း ကတုံးကြီးပဲ။ နိုးလာတော့လည်း သူငယ်ချင်းတွေကို သူ စိတ်မဆိုးရှာပါဘူး။ အဲဒီ ပြောင်ချော်ချော်မျက်နှာကြီးနဲ့ လျှောက်သွားနေတာ။
နောက် သူ သင်္ဘောအရာရှိဘဝနဲ့ ဆိပ်ကမ်းတခုမှာ သေတယ်ဆိုတော့ .. အားလုံးအံ့သြကြတယ်။ သူသွားတာ တပတ်လောက်ပဲ ရှိဦးမှာ ..။ သူသေတာ ဗယ်လင်တိုင်းဒေးကြီးလေ။
သူမသွားခင် ကောင်မလေးတယောက်နဲ့ စေ့စပ်သွားသေးတာ။ အဲဒီကောင်မလေးနဲ့ ဘယ်လိုစေ့စပ်တယ် ထင်လဲ။ ကိုဖေက ဟိန္ဒူ ကုလားဆိုတော့ မြန်မာလိုစေ့စပ်တာ ဘယ်လိုဘာညာသူမသိဘူးလေ။ စေ့စပ်တယ် ဆိုတာ ကောင်မလေးအိမ်သွား စကားပြောလိုက် ပြီးပြီ ထင်တာ။ အဲဒါနဲ့ သူစေ့စပ်မယ်ဆိုပြီး သူငယ်ချင်းတွေကို ကြေညာ .. ဘယ်သူ ဘယ်သူလိုက်ခဲ့ ပေါ့။ အားလုံးကလည်း လိုက်ပါ့မယ်ပေါ့။
ဒီလိုနဲ့ ..
သူငယ်ချင်းစုံတွဲတတွဲ၊ နောက်ထပ် သူငယ်ချင်းထဲက ဂုဏ်သရေရှိ လူကြီးမြင်းတချို့လိုက်သွားကြတယ်။ ကောင်မလေးနေတဲ့ အိမ်လည်း ရောက်ရော .. သူက ခပ်တည်တည်နဲ့အိမ်ပေါ်တက်တာ "ကျနော်တို့ လာစေ့စပ်တာ" ဆိုပဲ။ တကယ်တော့ သူ လာစေ့စပ်မယ်ဆိုတာ ကောင်မလေးကော တအိမ်လုံးမသိကြဘူး။ အံ့အားတွေသင့်လို့ ..။
ကောင်မလေးဦးလေးက ရိုက်မယ်ပုတ်မယ် တကဲကဲလုပ်နေလို့ နောက်ဆုံး သူတို့သူငယ်ချင်းထဲက စကားတတ်တဲ့တယောက် ဖြေရှင်းပေးမှပဲ အားလုံးပြီးဆုံးသွားတော့တယ် .. အဲလိုကောင် ..။
အဲလိုကောင် သေတော့ အသေကောင်ကြီးလိုပဲနေမှာပေါ့ ..။ သူတို့သူငယ်ချင်းတွေကတော့ အသေကောင်ကြီး ဆိုပြီး မျက်ခုံး မရိပ်ပေးလိုက်ရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ ကိုဖေ့ရဲ့ နောက်ဆုံးမျက်ခွက်ကြီးကို မမြင်လိုက်ရဘူးလေ။ သူ့ရဲ့ သေဆုံးခြင်းက ခုထိ ပဟေဠိဖြစ်တုန်း။ ဒီကောင်ဘာလို့သေလဲ ဘယ်သူမှ ခုထိမှန်အောင်မပြောနိုင်သေးဘူး။
ဒါပေမယ့် သူလည်း မျက်ခုံးရိပ်ခဲ့တယ် ...
နောက်တယောက်ကတော့ ကိုကျော်စိုးတဲ့ .. ဒင်းက ဂျီတီအိုင်အောင်ပြီး တိုးဂိုက်လုပ်နေတာ ဘာမှလည်း မဆိုင်ဘူး .. ။ ဒါပေမယ့် သူအရမ်းအောင်မြင်တယ်။ သူ့ဆံပင်တွေက ပြောင်းဖူးမွှေးလို ဖြူနက်ကွက်ကျား .. ကျိုးတို့ကျဲတဲဆိုတော့ ဆံပင်နဲ့ သူ မဖြစ်ချေဘူးဆိုပြီး ကတုံးရိတ်လိုက်တယ်။ ကတုံးနဲ့ကျ သူ အတော် အဆင်ပြေသား ..။
သူ့ရဲ့ကျိုးစားမှုကြောင့်ကော စန်းကြောင့်ပါ .. တိုးဂိုက်လောကမှာ ကတုံးဂိုက် ဆိုပြီး နာမည်ကြီးပေါ့။
တရက်မှာတော့ သူ့မျက်နှာပြောင်ချောကြီးနဲ့ ရောက်လာခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အမေးကို ဖြေပုံ ပြောပါတယ် ..
"ငါက ကတုံးဂိုက်ဆိုပြီး နာမည်ကြီးတော့ အတော်များများ ကတုံးလိုက်ရိတ်ကြတယ်ဟာ .. အဲဒါ အမြင်ကပ်တာနဲ့ ငါ မျက်ခုံးပါ ရိတ်လိုက်တာ .. လိုက်လုပ်ချင်လုပ်ကြပေါ့ ဟွင်း"
ွှဤတွင်ပြီး၏။
အဲဒီ သုံးယောက်စလုံးကို ကျမက အတော်လေး ခင်မင်ခဲ့ . .. ခင်မင်ဆဲလေ။ ဘာပဲဖြစ်ဖြစ် ကျမအသက် ၃၈ နှစ်ဆိုတဲ့ အချိန်ကာလမှာ ကျမခင်မင်တဲ့ထဲက မျက်ခုံးရိတ်သူ ၃ ဦးကြုံခဲ့ဘူးတယ် ..။ ဒါမျိုး လူတိုင်းတော့ ကြုံရမယ်မထင်ဘူး ..။ ၂ ယောက်တော့ သေပြီ ..။ တယောက်ကတော့ ခုထိ ကျမနဲ့ ဆက်သွယ်ပြီး ပေါက်ကရလုပ်နေတုန်းပဲ။ နောက်ပိုင်းတော့ မျက်ခုံး ထပ်ရိတ်တယ် မကြားမိတော့ပါဘူး ..။
ဝန်ခံချက်။ ။ ယဉ်ကျေးမှုတက္ကသိုလ်က ညွန့်ပေါင်းဘောလုံးအသင်းမှာ ပါခဲ့တဲ့ ဥာဏ်စိုးနဲ့ ကိုရဲ ပြောသမျှ ထဲက နည်းနည်းခိုးချပါတယ်။ ၁၉၉၈ ဝန်းကျင် အဲ့တုန်းက ဘောပွဲကို ကိုယ်တိုင်မကြည့်ခဲ့ ပေမယ့် တချိန်လုံး အဲဒီ ဘောပွဲအကြောင်း ကြားနေရလို့ နားရည်ဝနေခဲ့ပါတယ်။
Sunday, May 17, 2009 | Labels: အမှတ်တရ | 3 Comments
စက်ရုပ်အမှတ် ....
တကယ်က Tech digest ဂျာနယ်မှာပါဖူးတဲ့ ဝတ္ထုတိုလေးကို ပြန်တင်မှာပါ။ လေးနှစ်လောက်ကြာခဲ့ပြီ ဆိုတော့ အရေးအသားတွေမှာ ဟာကွက်တွေ အများကြီး ကိုယ့်ဘာသာ ပြန်တွေ့ပါတယ်။ ဒါပေမယ့်လည်း အမှတ်တရအဖြစ် မပြုမပြင် ဒီတိုင်းလေး တင်ပေး လိုက်ပါတယ် .. ။ ဒီဝတ္ထုလေး တင်ဖြစ်ဖို့ ကျမ တော်တော်လေး ကျေးဇူးတင်ရတဲ့သူတယောက် ရှိပါတယ်။ အဲဒါကတော့ မူရင်းဝတ္ထုကို ကော်ပီကူးပြီး အီးမေးလ်ကပို့ပေးတဲ့ မောင်လို .. သူငယ်ချင်းလို ခင်ရတဲံ့သူ တဦးပါ။ အယ်ဒီတာဘဝမှာ ဆိုးတူကောင်းဘက် နေခဲ့တဲ့ အဲဒီဘော်ဒါကြီးက ခု ကလေးများရဲ့ ကျောင်းဆရာဆိုပဲ ..။ လေရှည်တာများပြီ ..ဖတ်ကြည့်ကြပါဦး
ဝတ္ထုတို ၂၃
မနက်ဖြန်ဆိုလျှင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတော့မည်။ လမ်းပေါ်တွင် တရွရွ သွားလာနေကြသူများ ကတော့ အပူအပင် ကင်းမဲ့စွာ နှစ်သစ်ကို အထူး အစီအစဉ်များဖြင့် ကြိုဆိုကြရန် ကြိုးပမ်းနေကြ၏။ ဦးသက္ကမှာတော့ ရင်ထဲတွင် မအေးချမ်းနိုင် .. ပူပင်သောကများဖြင့် အတွေးတို့ ဖြန့်ကြက်နေမိ၏။
မီမှ မီပါတော့မလား …။
၂၀၇၄ နှစ်ကို ဦးသက္က အနေနှင့် လှပစွာ အဆုံးသတ်လိုသည်။ ၂၀၇၅ ခုနှစ်ကို ပျော်ရွှင်စွာကြိုဆိုလိုသည်။ သို့သော် အဆင်ချင်ကင်းမဲ့သော လူရမ်းကားတစုကြောင့် သူတို့ကမ္ဘာရွာကြီး ပျက်စီးရတော့မည်။ ဘယ်သူမှ မရိပ်စားမိကြ။ အပူအပင်ကင်းမဲ့စွာ ပျော်ရွှင်နိုင်ကြသည်ကို ကြည့်ရင်း သူလည်း ထိုသူများနည်းတူ ဟက်ပီး နယူး ရီးယားဟု အော်ဟစ်ချင်မိ၏ ..။ သို့သော် …
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက အကြမ်းဖက် ဟူသော ဝေါဟာရကို လူများ သုံးစွဲလာကြခြင်း ဖြစ်၏။ ထို အကြမ်းဖက်သူများသည် ရည်ရွယ်ချက် တစုံတရာမရှိဘဲ သူတို့ကမ္ဘာရွာကြီး ပျက်စီးရုံသက်သက် အား ထုတ်နေကြသည့် ရူးမိုက်သူများဟုသာ ဦးသက္ကမြင်သည်။
ဦးသက္ကတို့ အဘိုးလက်ထက်က ဖြစ်ပွားခဲ့သော နာမည်ကြီးအကြမ်းဖက်မှု တခုကို သတိရမိသည်။ အဘိုးမသေမီ က ထိုဖြစ်ရပ်အကြောင်း ပုံပြောသလို ပြောပြခဲ့သောကြောင့် ဦးသက္က အတွက် မဆန်းတော့။ ယခု ပြန်လည် စဉ်းစားကြည့်တော့ ထိုကိစ္စက ရူးသွပ်မှုသက်သက်ဖြစ်နေသည်။
မိမိကိုယ်ကို အသေခံရင်း လေယာဉ်ကို ဗုံး တလုံး အဖြစ်အသုံးချကာ ရှေးဟောင်းအဆောက်အအုံတခုကို ပြိုကျစေခဲ့ခြင်း ဖြစ်၏။ ထိုမျှလောက်သော ကိစ္စ ရပ်ကလေးကိုတော့ ဦးသက္ကတို့က အကြမ်းဖက်မှုဟု မဆိုချင်ပါ။
မကြာတော့မည့်ကာလ အတွင်း သူတို့ ကမ္ဘာရွာကြီး ပျက်စီးတော့မည့် တကယ့်အကြမ်းဖက်မှုကြီး တခုကို လူတစု က ကျူးလွန်တော့မည် ..။
ထူးတော့ ထူးဆန်း၏။
ကွန်ပျူတာဖြင့်သာ ကွန်ယက်ချိတ်ဆက်၍ သတင်းပေးပို့ နေသော ခေတ်ကြီးထဲတွင် ယင်းအချိန်းအချက်ကို ရှေးဟောင်း စာရွက်စုတ်ကလေး တရွက်ပေါ်မှ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်၏။
ထိုစာရွက်ကလေးပေါ်မှ သတင်းအချက်အလက်များကို သူ့ကွန်ပျူတာထဲတွင် ထည့်သွင်း၍ ရှာဖွေခဲ့ရာ အလွန် အံ့သြ ထိတ်လန့်ဖွယ် ကောင်းသော အကြမ်းဖက်မှုကြီး တမှု၏ သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုအတိုင်းဆိုလျှင်တော့ ဦးသက္ကက လက်ဦးမှုရယူနိုင်ကောင်းပေလိမ့်မည်။ သိပ္ပံပညာရှင်ကြီးဟု လူအများ တလေးတစား ဆက်ဆံခံရသည့် သူ့သက်တမ်းတွင် ဒီတကြိမ်ကို သူ သံသယအရှိဆုံးဖြစ်၏။
စက်ရုပ်အမှတ်စဉ် ၀၀၁ မှ ၀၉၉ အထိကို တရုပ်ချင်း စစ်ဆေးလိုက်သည်။
စက်ရုပ်အမှတ်စဉ် ၀၄၅ က ခေါင်းအနည်းငယ် မူးနေသည် ဟု ဆိုသည်။
“ဟေး သုည လေးငါး ဘယ်လိုနေသေးလဲ”
“ကျနော် ခေါင်းနည်းနည်း မူးနေတယ် ဆရာ။ ဆရာပြောပြထားတာတွေကို မှတ်မိတချက် မမှတ်မိတချက် ဖြစ်နေတယ်”
“ခဏလေး ဒါဆို မင်းကို မှတ်ဥာဏ်အသစ်တခု အင်စတော ပြန်လုပ်ပေးမယ်။ မင်းရဲ့ .. မန်မိုရီကဒ် နည်းနည်း ချို့ယွင်းနေတာကွ”
အမှတ်စဉ် ၀၄၅ မှလွဲ၍ အားလုံးကောင်းသည်။ ၀၄၅ ကိုမှတ်ဥာဏ်ထည့်သွင်းပေးသည့် ကိစ္စက နာရီဝက်လောက်ပဲ ကြာသည်။
“ကဲ အားလုံးကိုပြန်မေးမယ်။ မင်းတို့အခု လုပ်ရမယ့် အလုပ်က ဘာလဲ”
“အကြမ်းဖက်သမားတွေကို ဖမ်းဆီးဖို့ပါ ဆရာကြီး” . .. အားလုံးပြိုင်တူဖြေကြသည်။
“မင်းတို့ကိုယ်မှာ တပ်ဆင်ပေးထားတဲ့ လက်နက်တွေကို မင်းတို့ သူ့နေရာနဲ့သူ အသုံးချ တတ်ပြီနော်”
“သုံးတတ်ပါပြီ”
“ကောင်းပြီ ဒါဆို မင်းတို့ ဟောဒီယာဉ်ပေါ်တက်တော့။
ဒီယာဉ်က အလင်းအလျင်ရဲ့ လေးပိုင်းတပိုင်း မြန်နှုန်းနဲ့ မင်းတို့သွားမယ့်နေရာရောက်အောင် ပို့ပေးလိမ့်မယ်။ အဲဒီအကြမ်းဖက် လူသားတွေကို မင်းတို့ လက်ရဖမ်းခဲ့ပါ။ ငါက မင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ဟောဒီမော်နီတာကနေ ကြည့်နေမယ်။ အရေးကြီးတာက ငါ အဲဒီလူတွေကို အရှင်လတ်လတ်လိုချင်တယ် ဒါပဲ”
“သိပါပြီဆရာကြီး”
“ကဲ သိရင်သွားတော့”
စက်ရုပ်များ စီးနင်းလိုက်ပါသွားသော ယာဉ်ကြီး ထွက်ခွာသွားသည်နှင့် ဦးသက္က .. မော်နီတာရှေ့တွင် ထိုင်လိုက် သည်။ ရန်သူ များကို ရှာဖွေမတွေ့မချင်း မော်နီတာပေါ်တွင် အမည်းစက်ကလေး တစက်သာ မြင်ရမည်ဖြစ်၏။
ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ရှိပြီ။ အချိန်က ည ၁၂ နာရီ တိတိ အထိသာ ရမည်ဖြစ်၏။ ရန်သူ များ၏ ပစ်မှတ်မှာ ကမ္ဘာအရပ်ရပ်ရှိ ရေခဲတောင်ကြီးများဖြစ်သည်။
သူတို့ပစ်လွှတ်လိုက်သော ရော့ကတ် ဒုံးကျည် များက ရေခဲတောင်အတွင်း မီတာ ၃၀၀ အထိ ဖောက်ဝင်သွားမည် ဖြစ်သည်။
အကြမ်းဖက်သမားများက သူတို့၏လုပ်ငန်းစဉ်များကို စာရွက်ပေါ်တွင် စကားဝှက်ဖြင့် ရေးသားထားကြသည်။
စာရွက်ကိုမည်သူမျှ စိတ်ဝင်စားခြင်း မရှိသောကြောင့် အသုံးပြုခြင်းဖြစ်သည်ဟု ယူဆရသည်။ စာရွက်ပေါ်တွင် ရှေးဟောင်းမင်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။
ဒုံးကျည်များသည် ရေခဲတောင်အတွင်းဖောက်ဝင်သွားပြီး စက္ကန့် ၂၀ ခန့် အကြာတွင် ပေါက်ကွဲမှုနှင့်အတူ အားပြင်း အပူဓာတ်များကို ထုတ်လွှတ်မည်ဖြစ်သည်။
အပူချိန်သည် ၂၀၀၀ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ ယင်း အပူချိန်က ရေခဲတောင်များ အရည်ပျော်ကျရန် လုံလောက်၏။
ထိုအခါ သူတို့ကမ္ဘာကြီး ရေလွှမ်းသွားတော့မည်။ ဦသက္က၏ အတွေးထဲတွင် ရန်သူများ၏ စီမံချက် အစီအစဉ် အတိုင်း ပေါ်လာသည်။ သက်ပြင်းတချက် မှုတ်ထုတ်ရင်း မော်နီတာပေါ်က အစက်ငယ်ကို ကြည့်နေလိုက်သည်။ အစက်ငယ်က တဖြည်းဖြည်းကြီးလာသည်။
ရန်သူများကို ရှာတွေ့ပြီဖြစ်ကြောင်း အချက်ပြ၏။
မော်နီတာပေါ်တွင် စက်ရုပ်အမှတ် ၀၃၃ ၏ မျက်နှာပေါ်လာသည်။ တခု ထူးဆန်းနေသည်မှာ တဖက်ရန်သူများက သူ့စက်ရုပ်များကို လုံးဝတိုက်ခိုက်ခြင်းမရှိ။
“ဘာလဲဟေ့ ၀၃၃”
“ဒီလိုပါ ဆရာကြီး သူတို့အားလုံးက လူသားတွေ မဟုတ်ပါဘူး ကျနော်တို့လိုပဲ စက်ရုပ်တွေပါ”
“ဟေ .. ဟုတ်လား”
ဦးသက္က အနည်းငယ်ခေါင်းခြောက်သွားသည်။ သူ့စက်ရုပ်များထဲတွင် ထည့်သွင်းပေးလိုက်သည့် မှတ်ဥာဏ်က လူသား စင်စစ်များကို ဖမ်းဆီပေးလိုက်ရန်သာ ပါသည်။ အခု လူသား တယောက်မှ မရှိတော့ သူ့စက်ရုပ်များက ဘာဆက်လုပ်ရမလဲ မသိ ဖြစ်နေသည်။
အဝေးထိန်းခလုပ်ကိုနှိပ်၍ သူ့စက်ရုပ်အားလုံးကို ပြန်လာခိုင်းလိုက်သည်။ အချိန်က ညနေ ၃ နာရီ ကျော်ပြီ။ ဟိုဘက်ရန်သူများကို ကြည့်ရသည်မှာ မည်သည့် အနှောင့်အယှက်များကိုမှ မမှုဘဲ သူတို့လုပ်စရာရှိသည်ကို လုပ်ရန် တာစူနေကြပုံ ပေါက်၏။
သူ လုပ်ဆောင်စရာ နည်းလမ်း တခုသာရှိသည်။
ရန်သူစက်ရုပ်များ၏ မှတ်ဥာဏ်ကို အဆိုးမြင် ပုံစံမှ အကောင်းမြင် ပုံစံ ပြောင်းလဲပစ်ရမည်။ ထိုသို့ ပြုလုပ်ရန် သူ့စက်ရုပ်များကိုပင် ခိုင်းစေရမည်။ ရန်သူ စက်ရုပ် အရေအတွက်က ၆၅ ရုပ်ဖြစ်သည်။
အချိန်သိပ်မရတော့။ ပြန်ရောက်လာသည့် သူ့စက်ရုပ်များထဲမှ လက်ရွေးစင် စက်ရုပ် ၅ ရုပ်ကို ရွေးချယ်ကာ သူတို့ကို ထိန်းချုပ်ထားသည့် ကွန်ပျူတာများထဲသို့ ပရိုဂရမ်အသစ်များ ထည့်သွင်း ရသည်။
သူတဦးတည်းမနိုင်တော့သောကြောင့် တခြားစက်ရုပ်များကိုပါ ကူညီခိုင်းရသည်။
တဖြည်းဖြည်းနှင့် မြို့တော်လမ်းမပေါ်တွင် လူများ စက်ရုပ်များ ရောထွေးဆူညံလာပြီဖြစ်၏။
မီးရောင်များလည်း လင်းထိန်လာပြီး လူများမှာ သူတို့၏အနာဂတ်ကိုမသိဘဲ နှစ်သစ်ကူးပွဲတော်တွင် ပျော်ရွှင်ဖို့ကိုသာ အာရုံစိုက်နေကြသည်။
ကမ္ဘာကြီးတခုလုံး ရေများလွှမ်းခြုံသွားပြီး အစပျောက်သွားလျှင် အကြမ်းဖက်သမား တစုက အင်္ဂါဂြိုဟ်ပေါ်တွင် ကမ္ဘာသစ်တခုကို စတင်တည်ထောင်မည်ဖြစ်သည်။
ကမ္ဘာရွာကြီး မပျက်စီးရေးက လောလောဆယ် သူ့ လက်ထဲ တွင်သာရှိသည်ကို ဦးသက္က သိသည်။
“ဘုရား ဘုရား မီပါ့မလား .. အချိန်က သိပ်မကျန်တော့ဘူး”
သူ့လက်များက ကွန်ပျူတာ ခလုပ်ပေါ်တွင် ပြေးလွှားနေသကဲ့သို့ သူ့စက်ရုပ်များက သူ့နည်းတူ လုပ်ဆောင်ပေး နေသည်။ ညနေ ခြောက်နာရီ ဆယ်မိနစ်တွင် အားလုံး ပြီးဆုံးသွားပြီ။ စက်ရုပ်အားလုံးကို သူကိုယ်တိုင် စစ်ဆေး ပြီးသွားတော့ ခုနစ်နာရီ ထိုးတော့မည်။
စက်ရုပ်အားလုံး ယာဉ်ပေါ်တက်ပြီး ထွက်ခွာသွားချိန်တွင် သူ့စိတ် တဝက် အေးရပြီဖြစ်သည်။
သို့သော် သူ့စက်ရုပ်များ အချိန်မီလုပ်နိုင်ပါ့မလားဆိုတာ သံသယ ရှိနေသေးသည်။
တဘက်ရန်သူ စက်ရုပ်များ၏ ထိန်းချုပ်ထားသော ကွန်ပျူတာများတွင် ပရိုဂရမ်အသစ်များ ထည့်သွင်း၍ မှတ်ဥာဏ်ဟောင်းများကို ဖျောက်ဖျက် ပစ်ရန်မှာ သူ့စက်ရုပ်အတွက် ခက်ခဲသောအလုပ် မဟုတ်မှန်း ဦးသက္က သိထားသော်လည်း စိုးရိမ်စိတ်က ရှိနေ သေးသည်။
မမျှော်လင့်သော အန္တရာယ် ကျရောက်ခဲ့လျှင် သူ ဘာလုပ်ရမလဲ။ သူ့မျက်လုံး များကို မော်နီတာပေါ်သို့ ပြန်ရွှေ့လိုက်၏။
ရန်သူစက်ရုပ်များကို ပုံကြီးချဲ့ ကြည့်လိုက်သည်။
စက်ရုပ်များအားလုံး သူတို့ မျက်နှာ မူရာ အရပ်ကို မမှိတ်မသုံ ကြည့်၍ ငြိမ်သက်နေကြသည်ကို တွေ့ရသည် …။ ထိုစဉ် .. သူ့နားထဲတွင် သူ့အဖိုး ပြောခဲ့သော ပုံပြင် ..။
“ဟုတ်တယ် အဆင်မပြေရင်တော့ အားလုံးကို ဖျက်ဆီးပစ်ရမှာပဲ။ ကံဆိုးရင် ငါ့ကောင်တွေကော တစစီ ဖျက်ဆီး ပစ်ရမယ်”
စိတ်ကူးရသည့်အတိုင်း ကျန်ရှိနေသော စက်ရုပ်များထဲမှ စက်ရုပ်အမှတ် ၀၀၃ ကိုရွေးလိုက်သည်။ ထို စက်ရုပ်တွင် ချိန်ကိုက်ဗုံးတလုံးကို တပ်ဆင်ကာ တယောက်စီး ယာဉ်ငယ် တစီးပေါ် အသင့် တက်ခိုင်းထားသည်။ အချိန်နီးသည်အထိ အဆင်မပြေလျှင် ထိုယာဉ်ငယ်ကို ဗုံးအဖြစ် အသုံးပြုကာ အားလုံးကို ဖောက်ခွဲလိုက်ရမည် ဖြစ်သည်။
“ဒီလိုကျတော့လည်း အဖိုးရဲ့ ရှေးဟောင်းနည်းတွေက အသုံးဝင်သားပဲ”
သူ့စိတ်အနည်းငယ် အေးသွားသည်။ နာရီလက်တံမှာ ၈ နာရီတိတိကို ညွှန်ပြနေပြီ။ သူ့စက်ရုပ်များ အလုပ်စတင် လုပ်နေပြီဖြစ်ကြောင်း အချက်ပြ၏။ သူ့အခန်းထဲတွင် နာရီ တချက်ချက်မြည်သံမှလွဲ၍ ဘာသံမှ မကြားရ။ တချက် တချက် လမ်းမပေါ်မှ အသံများက ဝင်ဝင်လာတတ်သည်။
ထိုအသံများမှလွဲလျှင် နာရီစက်သံ တချက်ချက်သာ ကြားနေရ၏။
သူ့စက်ရုပ်တရုပ်ချင်းစီ၏ အလုပ်လုပ်ပုံကို မော်နီတာပေါ်တွင် အနီးကပ် ဆွဲယူ ကြည့်ရှုလိုက်သည်။ စိတ်ကျေနပ် စရာ ကောင်းလှ၏။
အချိန်ကလည်း ည ၁၁ နာရီ ကျော်ပြီ ဖြစ်သည်။
ချိန်ကိုက်ဗုံးတင် ယာဉ်ကို လွှတ်သင့် မလွှတ်သင့် သူ မဆုံးဖြတ်နိုင်သေး။
ထိုယာဉ်ပျံကို ၁၂ နာရီထိုးရန် ၁၅ မိနစ် အလိုတွင် လွှတ်ရန် သူဆုံးဖြတ်လိုက်သည်။
စက္ကန့်တံလေးက တချက်ချက် ရွေ့လျားနေသည်။ ၁၀ မိနစ် အလိုတွင် ရန်သူစက်ရုပ်များ အနည်းငယ် လှုပ်ရှားသွားသည်။
လက်နက်များကို ပစ်လွှတ်ရန် စတင် ချိန်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ….
ခြောက်ထောင် ဆိုသည့်အသံ စတင် ပေါ်ထွက်လာလေသည်။ ထို့နောက် ဆက်တိုက်ဆိုသလို ..
“ငါးထောင့်ကိုးရာ ကိုးဆယ့်ကိုး”
“ငါးထောင့်ကိုးရာ ကိုးဆယ့်ရှစ်”
“………………. ကိုးဆယ့် ခုနစ်”
“………………………………..”
ဆိုသော အသံများပေါ်လာသည်။
ကိန်းဂဏန်းများ စတင်ရေတွက်နေပြီ။ ဦးသက္က၏ စက်ရုပ်များလည်း အပြင်း အထန် အလုပ်လုပ်နေကြပြီ။
“………………………………..”
“သုံးထောင့် ငါးရာ”
“သုံးထောင့်လေးရာ လေးဆယ့်ကိုး”
ဆိုသောအသံ။ ပြီးသည်နှင့် တပြိုင်နက်တည်း ဦးသက္က၏ စက်ရုပ်များအားလုံး ပြိုင်တူ ပြီးတော့ အားလုံး တပြိုင်နက် အော်လိုက်ကြသည် ..။
“ပြီးပြီ”
ကိန်းဂဏန်းများ ရေသံမကြားရတော့ ..။ ရန်သူ့စက်ရုပ်များအားလုံး လက်နက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချ လိုက်ကြသည်။
“ဟေး”
ဦးသက္ကကြီးအသံ ဟိန်းထွက်လာသည်။ ထိုင်နေရာမှ ဝမ်းသာအားရ ထခုန်ပြီး သူ့စက်ရုပ်များကို သြဘာပေး သည့်အနေနှင့် လက်ခုပ် တီး ဂုဏ်ပြုလိုက်သည်။
“ဖြောင်း .. ဖြောင်း .. ဖြောင်း .. ဖြောင်း .. ဖြောင်း …..”
လက်ခုပ် ငါးချက်တီးအပြီး ခြောက်ချက်မြောက် တီးမည်အလုပ်တွင် ဦးသက္က၏ လက်နှစ်ဘက်က လေထဲတွင် တန်းလန်းကြီး ရပ်တံ့သွား၏။
ဦးသက္က၏ မျက်လုံးများက ရွေ့လျားခြင်းမရှိ ငြိမ်သွားသည်။
“တွီ တွီတွီ .. ဂျစ် ဂျစ် .. ဂွစ်” ဆိုသော အသံများပေါ်လာပြီး ဦးသက္က၏ နဖူးတည့်တည့်မှ မီးနီကလေး အဝါရောင် ပြောင်းသွားကာ လုံးဝ မှိတ်သွားသည်။
သူ့နောက်ကျောတည့်တည့်မှ ကွန်ပျူတာ ဖန်သားပြင် ပေါ်တွင် လှုပ်ရှား သွားလာနေသော မြားကလေး လုံးဝ ငြိမ် သက်သွားပြီ။ ခဏအကြာတွင် ဖန်သားပြင်ပေါ်တွင် စာတန်းတတန်းပေါ်လာသည်။
Robot Number 100 … U Thet Ca out of service .. ဟူ၍ ဖြစ်သည်။
ထိုအချိန်တွင် လမ်းပေါ်တွင်အော်ဟစ်နေသော လူအုပ်ကြီးဆီက တခဲနက် အော်ဟစ်သံကြီး ပေါ်ထွက်လာသည် ။
“ဟက်ပီးနယူးရီးယား”
Friday, May 15, 2009 | Labels: ဝတ္ထုတို | 4 Comments
အဆိပ်သင့် ပန်းကလေး
ဧပြီလထုတ် ချိုးလင်းပြာ အမျိုးသမီးမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ ဝတ္ထုတိုလေးပါ။ ခုတလောမှာ စိတ်က သိပ်မကြည်လင်တော့ စာတွေကလည်း နည်းနည်း စိတ်ညစ်စရာကောင်းနေမယ် ထင်ပါရဲ့။ သီးခံတော် မူကြပါကုန်။
ဝတ္ထုတို ၂၂
အမေက အိလေးကို မမြင်လိုက်နဲ့ .. မြင်လိုက်တာနဲ့ တခုခု ခိုင်းလိုက်ရမှ .. အိလေးက မလုပ်ပေးချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် အမေက လွန်လွန်းတယ်။ အငယ်မတို့ အငယ်ကောင်တို့ကျတော့ ကျောင်းတက်ရလို့ဆိုပြီး ဖူးဖူး မှုတ်ထားတာ။ အိလေးလည်း သူတို့လို ကျော့ကျော့လေး ဝတ်ပြီး ကျောင်းတက်ချင်တာပေါ့။ အိလေး ဥာဏ်မကောင်းလို့ စာမေးပွဲခဏခဏကျတာတော့ မတတ်နိုင်ဘူးလေ။ အမေက အဲဒါနဲ့ အိလေးကို ၇ တန်းမှာ ကျောင်းထုတ်လိုက်ရော။ အိလေးအတန်းထဲက မိုးကျော်တို့၊ သက်မာတို့တောင် ၁၀ တန်း ရောက်နေကြပြီ။ အမေက အိလေးကို ကျောင်းထုတ်ပြီး ဈေးပဲ ရောင်းတော့တဲ့။
အိလေးက ဈေးရောင်းရတာတော့ ပျော်ပါတယ်။ ဈေးဆိုင်တန်းမှာ အိလေးက အငယ်ဆုံး ဆိုတော့ ဘေးက မတရုတ်မတို့ ကြီးငွေတို့က အိလေးကို ချစ်ကြတယ်။ နေ့ခင်းဘက် ဆိုင်မှာ ငုတ်တုတ်ထိုင်ပြီး ငိုက်ရတာလည်း အရသာသိပ်ရှိတာ။ အဲလိုငိုက်နေတာ အမေသိလို့ကတော့ အိလေးကို ပေါင်တွင်းကျောဆွဲလိမ်ပြီသာမှတ်။ အိလေး အိမ်မပြန်ချင်တာ အဲဒါကြောင့်လည်း ပါတယ်။
နေ့လယ်ကလည်း မပြန်ချင်ပါဘူးဆို အိလေးတို့ဒေါ်လေး ဆိုင်ကိုရောက်လာတယ်လေ။ ဒေါ်လေးက သူတို့ရပ်ကွက်ဈေးမှာ ဓညင်းသီးရောင်းတာ။ အမေ့ဆီက ယူရောင်းတာပါ။ အဲဒါ ဓညင်းသီး အလုံး ၅၀၀ လောက် ယူချင်လို့တဲ့ .. အိလေးက အိမ်ကိုသွားလိုက်ပါဆိုတာ မသွားချင်ဘူးဆိုပြီး အိလေးကို အတင်းလွှတ်တယ်။ သူက ဖေကြီး ညီမလေ။ အမေ့ကို သူ အကြွေးပေးစရာရှိလို့ မသွားချင်ဘူးဆိုပြီး အိလေးကို အတင်းလွှတ်လို့ သွားလိုက်ရတယ်။ အိမ်လည်း ရောက်ရော အမေက အိလေးကိုတွေ့တာနဲ့ “ဟဲ့အိလေး ထမင်းအိုး တလုံးချက် သွားစမ်း” တဲ့ .. ကြည့်ဦး။ အိလေး မျက်နှာက ပုပ်သွားတော့ “ကောင်မလာခဲ့စမ်း မျက်နှာကို ချက်ချင်းပြင်” ဆိုပြီး ဒေါင်ကနဲ ခေါင်းကို ခေါက်လိုက်တာ အိလေးဖြင့် ပူထူသွားတာပဲ။
ပြီးတော့လည်း ဒေါ်လေးက ဓညင်းသီးယူခိုင်းလိုက်လို့ဆိုတော့ ဒေါ်လေးကို ဆဲလိုက်တာ မိုးကို မွှန်သွားတာပဲ။ ဟုတ်တာလည်း မဟုတ်ဘူး ပြီးရင် သူပေးမှာပဲ။ အဲလိုပဲ အမေက ..။ အဲလို ဆဲတာကို အိလေးလုံးဝမကြိုက်ဘူး။ တခါတလေ ဆိုင်မှာ သူ့ဆီက နေ့ပြန်တိုးယူထားတဲ့ သူတွေကို အော်ဟစ်ဆဲဆိုနေတာ အိလေးသိပ်ရှက်တာပဲ။ အမေက အိလေး အပျိုဖြစ်ပြီ ဆိုတာ မသိဘူးလား မသိဘူး။ တခါတလေ သူဆဲနေတုန်း ဆိုင်နားကနေ မိုးကျော်တို့၊ ရဲသူ တို့ ဖြတ်သွားတာနဲ့ ကြုံရင် အိလေး မျက်နှာ ဘယ်ထားရမှန်းတောင်မသိဘူး။ အိလေးက အမေရယ် အဲလိုမဆဲပါနဲ့လို့ ပြောမိရင် ရွဲ့ပြီး ပိုဆဲရောပဲ။
အဲဒါကြောင့် အိလေးလည်း အမေနဲ့ ဝေးရင်ပြီးရောဆိုပြီး ဆိုင်မှာပဲ နေလိုက်တယ်။ နေ့ခင်း သူများတွေ အိမ်ပြန်နားချိန်လည်း အိလေး ဆိုင်မှာပဲ ငုတ်တုတ် ထိုင်နေတယ်။ အဲဒီမှာ အိလေး ဘာလုပ်လည်း သိလား .. သီချင်းဆိုတာပေါ့။ အိလေးက သီချင်းဆိုရတာ သိပ်ကြိုက်။ ပြီးတော့ အိလေးအသံ အရမ်းကောင်းတယ်လို့ ပြောကြတယ်။ အိလေးဆိုင်နားက လူတွေက ပျင်းရင် အိလေးကို သီချင်းဆိုခိုင်းနေကျ။
အိလေးဆီမှာ ဗလာစာအုပ်နဲ့ ကူးရေးထားတဲ့ သီချင်းတွေမှ အများကြီး .. အယ်ဆိုင်းဇီတို့ ရှင်ဖုန်းတို့ ကြိုးကြာတို့ သီချင်းတွေလေ။ အိလေးက အယ်ဆိုင်းဇီ သီချင်းတွေ အရမ်းကြိုက် တယ်။
အဲဒီသီချင်းတွေကို ဘယ်လိုကူးလဲသိလား။ အဲဒါကလျှို့ဝှက်ချက် ..။ အမေသိရင် ပေါင်တွင်း ကျော ဆွဲလိမ်ခံရမှာ ..။ အိမ်မှာ ဒီဗီဒီရှိတယ်လေ။ အိလေးဆိုင်နားက အခွေရောင်းတဲ့ ဦးကုလားက အိလေးကို အခွေပေးငှားတယ်။ ဒီညယူပြီးရင် နောက်နေ့မနက်ပြန်ပေးရတယ်။ အဲဒီအခွေကို ညကျရင် အမေတို့အိပ်မှ တိတ်တိတ်လေး စက်ကိုဖွင့် .. အသံလုံးဝမထုတ်ဘဲ စာတန်းတွေကြည့်ကူးတာပေါ့။
တရက်တော့ အဲလိုကူးနေတုန်း ဖေကြီးမိသွားသေးတယ်။ ဖေကြီးတော့ အိလေး မကြောက်ပေါင်။ ဖေကြီးကို အိလေးကသိပ်ချစ်တာ။ အမေက ကြမ်းသလောက် ဖေကြီးက သိပ်နုတာပဲ။ ချောလည်းချောတယ်။ ဒါပေမယ့် ဖေကြီးက အိလေးတို့ကို သိပ်မချစ်ပါဘူး။ ဖေကြီးလည်း အမေ့ကိုစိတ်ညစ်လို့ ထင်တယ်။ အားလုံးအိပ်မှ ပြန်လာတတ်တယ်။
အိလေးသီချင်းကူးနေတာ တွေ့တော့ ဖေကြီးက “ဘာလုပ်နေတာလဲ” တဲ့။ “သီချင်းတွေကူး နေတာ” လို့ပြန်ပြောတော့ ဖေကြီးအံ့သြသွားတယ်။ အိလေး အဲလိုသီချင်းတွေ ကူးပြီး ဆိုနေတာ ဖေကြီးမသိဘူးလေ။ အိလေးက ဖေကြီးကို ပြောပြလိုက်တာပေါ့။ အမေ မသိဘူး ဆိုတဲ့အကြောင်းပါ ပြောရတယ်။ အမေက ရစရာမရှိအောင် ပြောမှာလေ။ ဖေကြီးလည်း သိပါတယ်။
အဲဒါနဲ့ အိလေးလည်း ဖေကြီးကို သီချင်းနားထောင်လို့ရတဲ့ အမ်ပီသရီးလေး လိုချင်တယ်လို့ ပူဆာလိုက်တယ်။ ဖေကြီးက ဝယ်ပေးမယ်တဲ့။ အမေမသိအောင် တိတ်တိတ်ဝယ်ပေးလို့ .. အဲဒါဆိုပြီးပြီ။ အေးဆေးပဲ .. ဆိုင်မှာ နေ့ခင်းဘက်တွေ နားထောင်လို့ ရတာပေါ့။ ခုက သီချင်း နားထောင်ချင်ရင် အိလေးတို့ ဈေးတန်းရဲ့ မျက်စောင်းထိုး လက်ဘက်ရည်ဆိုင်က ဖွင့်တာကို လိုက်နားထောင်ရတယ်။ ကိုယ်နားထောင်ချင်တာလည်း ထောင်လို့မရဘူး။ သူဖွင့်တာကို နားထောင်ရတာ။
ပြီးတော့ ဖေကြီးက အိလေးကို သေချာကြည့်ပြီး ပြောသေးတယ် “နင့်အမေကို အင်္ကျီအဝတ် အစား ကောင်းကောင်းလေး ဝယ်ခိုင်းဦး” တဲ့။ အဲလိုပြောတော့ အိလေးဝမ်းနည်း သလိုကြီးပဲ။ ဟုတ်တော့ဟုတ်တယ် အိလေးခု ဝတ်တဲ့အဝတ်အစားတွေက စုတ်ပြတ်နေတာပဲ။ အင်္ကျီက လည်း အရောင်မပေါ်တော့ဘူး၊ ဘောင်းဘီကလည်း ကြိုးရှုံ့ဘောင်းဘီပွ အတို ..။ တလောက အိလေးရာသီတွေလာတုန်းကဆို ဘောင်းဘီမှာစွန်းကုန်လို့ ထိုင်ရာက မထရဲဘူး။ အဲဒီနေ့က မှောင်ပြီး ဈေးတန်းမှာ ဘယ်သူမှ မရှိတော့မှ ပြန်ရဲတယ်။
အမေ့ကိုပြောလည်း အမေက ဝယ်ပေးမှာ မဟုတ်ဘူး။ အိလေးသိသားပဲ။ အမေက အငယ် နှစ်ကောင်ကိုပဲ ချစ်တာ။ အဲဒီနှစ်ယောက်အတွက်ဆို ဘယ်လောက်ကုန်ကုန်။ အိလေးကို ကျတော့ အမြဲပြောတယ် .. “နင်က ဖအေ့သမီး .. ကြည့်လို့ကိုမရဘူး၊ အမြင်ကတ်တယ်” တဲ့။ အဖေ့သမီးသာဆိုတယ် .. အဖေ့ကိုလည်း အိလေး သိပ်တွေ့ရတာ မဟုတ်ပါဘူး။
အမေပြောတာတော့ ဖေကြီးက နောက်မိန်းမရနေပြီတဲ့။ ခုတလောမှာ အမေနဲ့က တကျက် ကျက်။ ဟုတ်လားမသိပါဘူး။ အိလေး မေးတော့မမေးရဲဘူး။ ဖေကြီး အိမ်ပြန်မအိပ်တာတော့ အိလေးသိတယ်။ ၃ ရက်လောက်နေမှ တရက်လောက် ပြန်အိပ်တာ။ အမေနဲ့လည်း မျက်နှာ ချင်း မဆိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အိလေးကတော့ အမ်ပီသရီးလေး လိုချင်တာပဲ။ သီတင်းကျွတ် ရင် ရပ်ကွက်ထဲမှာ ကာရာအိုကေပြိုင်ပွဲရှိတယ်တဲ့။ အိလေး ဝင်ပြိုင်မလို့။ အိလေးအသံက ကောင်းပြီးသားဆိုတော့ သီချင်းကောင်းကောင်းကျင့်လိုက်ရင် ဆုရမှာသေချာတယ်။
ဆိုင်ကို နေ့ခင်းဘက် မတရုတ်မနဲ့ ခဏအပ်ထားခဲ့ပြီး ဖေကြီးထိုင်နေကျ လက်ဖက်ရည်ဆိုင် လိုက်သွားတော့ ဖေကြီးကို မိန်းမတယောက်နဲ့ ထိုင်နေတာ တွေ့တယ်။ ဘာတွေ သဘော ကျနေတာလဲ မသိဘူး ဖေကြီး ရီနေလိုက်တာ .. ။ ဖေကြီးက သိပ်ချောတာပဲ။ အိလေးကိုတွေ့ တော့ အပြင်ထွက်လာတယ်။ “ဖေကြီး အိလေးကို အမ်ပီသရီး ဝယ်ပေးမယ်ဆို” ဆိုတော့ .. “အေး ဒီတခါ အချီကြီးပေါက်ရင် ဝယ်ပေးမယ်၊ စိတ်ချ၊ ဘာမှမပူနဲ့။ ဒီတခါ ဖေကြီး အိမ်ပြန် လာရင် နင့်ဖို့ အမ်ပီသရီး ပါလာပြီသာမှတ်” တဲ့။ အိလေး ပျော်လိုက်တာ ပြောမနေနဲ့။ အချီကြီး ပေါက်ရင်ဆိုတာ နှစ်လုံးထီကိုပြောတာ။ ဖေကြီး ပေါက်ပါစေ။
မိုးတွေ အရမ်းရွာတဲ့နေ့က ဖေကြီးနဲ့ အမေ အကြီးအကျယ် ရန်ဖြစ်ကြတာပေါ့။ အိလေး ဆိုင်ရှေ့မှာ ဖြစ်ကြတာလေ။ မိုးတွေက အရမ်းရွာနေတော့ ပတ်ဝန်းကျင်က သိပ်မကြားဘူး ဆိုပေမယ့် အိလေး ဆိုင်နားကတော့ အားလုံးကြားကြတာပဲ။ အိလေးက တော်ပါတော့ ဆိုပြီး ပြောလည်း မရဘူး။ နောက်ဆုံး အမေက ဖေကြီးပါးကို လှမ်းရိုက်တယ် .. ဖေကြီးက အမေ့ကို ပြန်တွန်းတော့ အမေဖင်ထိုင်ရက်လဲကျသွားတာ။ အိလေးလည်း တကိုယ်လုံး စိုရွှဲနေတာပဲ။ အဲလို စိုတဲ့အတိုင်းပဲ ဈေးဆိုင်မှာ ငုတ်တုတ် ဆက်ထိုင်နေလိုက်တယ်။ စိတ်အရမ်းညစ်တာပဲ။ အဲဒီနေ့က အိလေး ရာသီတွေလည်း လာနေတာ။
ဖေကြီးက အမေ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး မပြောစဖူး ပြောဆိုပြီး လှည့်ထွက်သွားရော အမေလည်း မိုးမွှန်အောင်ဆဲပြီး အိမ်ဘက်ကို ပြန်သွားတယ်။ အိလေးတယောက်တည်း ဆိုင်မှာ စိုရွှဲပြီးကျန်ခဲ့တယ်။ မတရုတ်မက အဝတ်အစားပြန်လဲခိုင်းပါတယ်။ အိလေး မလဲ ချင်ဘူး .. အမေ့ကို မတွေ့ချင်ဘူး။ ဒီတိုင်းပဲ ထိုင်နေလိုက်တယ်။
အဲဒီညက ဖေကြီးဝင်လာတာ အိလေး သိသားပဲ။ အိလေးက ဖေကြီးကို မအိပ်ဘဲ စောင့်နေ တာလေ။ မှောင်ထဲမှာ ဒီတိုင်း ငုတ်တုတ် ထိုင်စောင့်နေတာ။ သီချင်းကူးနေတာ မဟုတ်ဘူး။ “ဖေကြီး” လို့ အိလေးခေါ်လိုက်တော့ ဖေကြီး လန့်သွားတယ်။ ပြီးမှ “မအိပ်သေးဘူးလား .. အိပ်တော့လေ” တဲ့။ ဟင့်အင်း အိလေး မအိပ်ချင်ဘူး။ အိလေး အာခေါင်တွေပူကြွပ် နေတာပဲ။ နေမကောင်းဖြစ်နေလား မသိဘူး။ ဖေကြီးက အိလေးကို လှည့်တောင်မကြည့်ဘူး မီးမှိန်မှိန် လေး ထွန်းပြီး ဘီရိုကို အသံမကြားအောင် ဖွင့်နေတယ်။
အိလေးခေါင်းတွေ မူးလိုက်တာ။ ဖေကြီးက အမ်ပီသရီး ဝယ်ပေးမယ်ပြောထားတယ်။ သီတင်းကျွတ်ကျရင် ကာရာအိုကေ အဆိုဝင်ပြိုင်မှာ။ ဖေကြီးဘာလုပ်နေတာလဲ။ အဝတ်အစား တွေ အိတ်တလုံးနဲ့ ထည့်နေတာပဲ။ ဖေကြီးက ဒီတခါလာရင် အမ်ပီသရီး ဝယ်လာမှာဆို။ အမေ့ ဟောက်သံက ကျယ်လိုက်တာ။ အိလေးမျက်လုံးကို အတင်းဖွင့်ထားမယ် ...။ ဖေကြီးပြန်ထွက်သွားပြီလား။ ဘယ်သွားမှာလဲ ဖေကြီး .. အိလေး အော်လိုက်တယ် ... အော်လို့လည်း မရဘူး။ အိလေး လည်ချောင်းက အသံမထွက်ဘူး။ ဒါဆိုသီချင်း ဘယ်လို ဆိုရတော့မလဲ။
သီချင်းဆိုရင် အင်္ကျီကောင်းကောင်းလေး ဝတ်ရမှာတဲ့။ သက်မာ ဝတ်တဲ့ ဂျင်းစကတ်ကလေး ဝတ်ရရင်ကောင်းမှာပဲနော်။ အမေကဝယ်ပေးပါ့မလား။ ဖေကြီးရေ .. ဖေကြီး ... ။
အယ်ဆိုင်းဇီတို့ ရှင်ဖုန်းတို့ ကြိုးကြာတို့ သိတယ်မဟုတ်လား အိလေး သူငယ်ချင်းတွေလေ။ အိလေးက သူတို့နဲ့အတူ စင်ပေါ်မှာ သီချင်းတူတူ ဆိုနေကျ။ ဒါပေမယ့် သူတို့ အိလေး အသံကို မမှီပါဘူး။ အိလေးက အသံအကောင်းဆုံး။ ဒီတခါ စတိတ်ရှိုးဆိုရင် ဂါဝန်အဖြူလေး ဝတ်မှာ ..။ ဂါဝန်အဖြူလေးဝတ် .. အဖေဝယ်ပေးတဲ့ အမ်ပီသရီးကို ဟောဒီလို နားမှာတပ်ပြီး ခေါင်းလေး မော့မော့ မော့မော့နဲ့ လျှောက်သွားတဲ့ အိလေးကို မိုးကျော်တို့ ငေးနေတာ တွေ့ကြတယ် မဟုတ်လား။ အဲဒီကောင်တွေများတော့ အိလေးက စာရင်းထဲတောင် မထည့်ဘူး ...။ အိလေးကိုတွေ့ရင် စဖို့ပဲတတ်တယ်။
ဖေကြီးက ဒီတခါ အမ်ပီသရီးတင်မကဘူး အမ်ပီဖိုးတွေ အမ်ပီဖိုက်တွေ ဝယ်ပေးဦးမှာတဲ့ သိလား။ ဖေကြီးက အိလေးကိုသိပ်ချစ်တာ။ အမေလည်း ချစ်တာပဲ .. အိလေးဝတ်ဖို့ အင်္ကျီ လှလှလေးတွေ ဝယ်ပေးထားတယ် တွေ့တယ်မဟုတ်လား ...။ ဟင် ကြီးငွေက ဘာလို့ ငိုနေတာလဲ .. မငိုပါနဲ့ ကြီးငွေရဲ့ .. ကာရာအိုကေပြိုင်ပွဲမှာ ဆုရရင် ကြီးငွေကို လက်ဘက်ရည် ဝယ်တိုက်မယ် သိလား တိတ်တော့နော် ... ဟာ မတရုတ်မလည်း ငိုနေပြန်ပြီ .. ဘာဖြစ်နေ ကြတာလဲ။ ဦးကုလား မျက်နှာကြီးကလည်း တမျိုးကြီးပဲ .. အိလေးလည်း ငိုချင်လာပြီ .. အခွေတွေ ငှားပြီးရင် ပြန်ပေးမှာပါ ဦးကုလားရဲ့ .. မပျက်စီးစေရဘူး စိတ်ချ .. မငိုနဲ့နော် .. မတရုတ်မ .. ဟာ .. မငိုပါနဲ့ဆို .. အိလေး သီချင်းဆိုပြမယ်လေ .. အယ်လ်ဆိုင်းဇီ သီချင်း ဆိုပြမယ် .. သူ့ထက်ကောင်းအောင် ဆိုပြမယ် .. နားထောင်ကြ .. ကမ္ဘာပေါ်မှာ အကောင်းဆုံး အသံနဲ့ ဆိုပြမယ် .. သိလား။ ။
Thursday, April 30, 2009 | Labels: ဝတ္ထုတို | 8 Comments
နေရစ်တော့ မြသီလာမှာ ပြိုမှာလေလား ကိုကိုနီတာရဲနဲ့ ညီမလေး ခရမ်းပြာရယ်
ကျမကလည်း တယောက်တည်း ပြောနေမိတယ် “အားလုံးကတော့ မေ့လောက်ပြီ ..။ ကျမကတော့ မမေ့နိုင် .. ဒီနေ့ .. ဒီရက် ကို မရောက်ခင်ကတည်းက သတိရနေတာ။ ဘာလို့လည်းဆိုတော့ ကျမက သူ့ကို သိပ်ချစ်တဲ့ တူမကိုး” .. လို့။
သူဆိုတာက .. ခုန ကျမပြောတဲ့ ဦးကောင်းညွန့်ရဲ့ ချစ်လှစွာသောအစ်ကို .. ကျမအဖေရဲ့ ချစ်လှစွာသော ညီလေး .. ကျမတို့ မောင်နှမတွေရဲ့ ချစ်လှစွာသော ဦးလေး (ဦးမြင့်).. သတင်းစာဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ကျူရှင်ဆရာ “အောင်ပြည့်” .. အမည်ရင်းက ဦးခင်မောင်မြင့်။
သူသိပ်ချစ်တဲ့ သတင်းစာလောက၊ စာပေလောကနဲ့ ခွဲခွာခဲ့တာ ဒီနေ့ ၂၀၀၉ ဧပြီ ၂၆ ရက်နေ့မှာ ၃ နှစ် တင်းတင်း ပြည့်ပြီ။ သူက ကျမတို့အတွက် “ပြိုမှာလေလားမိုးရဲ့” ကို ထားခဲ့၊ “နေရစ်တော့ မြသီလာ” ကိုထားခဲ့ ပြီး ထွက်သွားပြီ။
အဲဒီနေ့က မိုးတွေ ဒလဟော ပြိုဆင်းနေခဲ့တာ .. ကျမရဲ့ မျက်ရည်တွေနဲ့ အပြိုင်ပေါ့။ ကျမက သူ့အတွက် ပန်းခြင်း လှလှလေးတခု ထိုးပေးနေခဲ့တယ်။ ကျမ ပန်းထိုးနေတဲ့နေရာက တာလပတ် ကနားဖျင်း အောက် မှာ။ သည်းသည်း မည်းမည်း ရွာနေတဲ့ မိုးတွေက ပက်တာကော .. ယိုစီးကျတာကောကြောင့် ကျမ တကိုယ်လုံး စိုရွှဲလို့၊ ကျမ မျက်နှာကလည်း မိုးရေကော မျက်ရည်ကောကြောင့် စိုရွှဲလို့ ..။
အဲဒီနေ့က ရေဝေးမှာ မိုးသည်းသည်းကြားထဲ လူတွေ စည်ကားလိုက်တဲ့ဖြစ်ချင်း .. ။ မှတ်မှတ်ရရ ကျမအဖေ (ပါပါ) ဆုံးတဲ့အချိန်က တကယ့်ကို မိုးသည်းရမယ့် ဇူလိုင်လကြီး ..။ ပါပါ့ ဈာပဏနေ့က ကြံတောသုဿာန်မှာ .. နေခြစ်ခြစ်တောက် ပူနေခဲ့တယ်။ ဦးမြင့်ကျတော့ တကယ့် နွေခေါင်ခေါင် .. ဧပြီလကြီးပေမယ့် မိုးတွေက သည်းသည်းမည်းမည်း .. သူတို့ ညီအစ်ကို တူကြတာက .. နောက်ဆုံးခရီး စည်ကားလွန်းတာပါပဲ။
နောက်ဆုံးရက်တွေမှာ သူ .. ကျမကို သိပ်မျှော်ခဲ့တယ်။ ကျမ ရောက်လာရင် သူပျော်တယ်။ သူ့သားလတ် ကျမမောင် ကံလင်းဖွေးက “မတူးနဲ့ ဖေဖေက တော်တော်လေး လေပေးဖြောင့်တယ်နော်။ အမြဲ လာစကားပြော ပေးပါ မတူးရယ်” တဲ့။ ကျမကို ပြောတယ်။ ဒါပေမယ့် ကျမက အမြဲမရောက်ဖြစ် .. ။ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေခဲ့တာ။ ရောက်တဲ့အခါမှာလည်း စကားက များများပြောလို့ မဖြစ်ပြန် ..။ သူက မောနေတာလေ။ ကျမ စကားနည်းနည်း ပြောတာနဲ့ သူက များများပြောချင်တာ .. အဲလိုဆို အဒေါ်ငယ် ဒါရိုက်တာမောင်ဝဏ္ဏကတော် ဒေါ်ချိုရည်က မျက်စောင်းထိုးပြီ။ သူ့အစ်ကို မောနေပြီဆိုတဲ့ အဓိပ္ပာယ် ပေါ်အောင် ပြပြီ။
အဲဒီအချိန်မှာ သူက သူ့ရဲ့ ဖတ်စရာဂျာနယ်ကို အိပ်ရာပေါ်ကနေ စီစဉ်ညွန်ကြားတုန်း၊ တည်းဖြတ်တုန်း၊ သူ့ တပည့်တွေ သူ့ဆီ ဝင်ထွက်ရင် စာပေလောကအကြောင်း မေးတုန်း၊ ကျမလာတိုင်း ကျမဆီက ဂျာနယ်ကို တသသ တောင်းတတ်တာ။ ကျမက ဂျာနယ်မေ့လာတဲ့နေ့ဆို ကျမကို မျက်စောင်းထိုးပြီ။ “ဦးမြင့်က သတင်းဂျာနယ်ဆို ဘယ်ဂျာနယ်ပဲဖြစ်ဖြစ် ကြိုက်တာပဲ” လို့ ပြောတတ်တာ။
သူ့ခြေရာကို နင်းဖို့ ကြိုးစားတဲ့ သူ့ရဲ့ တဦးတည်းသော တူမအဖြစ် ကျမအတွက် သူဂုဏ်ယူမဆုံးတာ ကျမ သိပါတယ်။ တကယ်တော့ ကျမက သူ့ခြေရာကိုမီဖို့ မပြောနဲ့ သူ့ခြေရာနောက်မှာ ချန်ခဲ့တဲ့ ဖုန်မှုန့်လေးတွေ ကိုတောင် မီတဲ့သူမဟုတ်ဘူးလေ။
ဖတ်စရာကို ကျမ စာမူတပုဒ်ပုဒ် သွားပို့တိုင်း သူက “ကောင်းရင်တော့ သုံးမယ်၊ မကောင်းလို့ကတော့ လုံးဝ မစဉ်းစားဘူးနော်” လို့ ကျမကို စ တတ်သလို .. အဲဒီစကားက အတည်ပြောတယ်ဆိုတာ ကျမက နားလည်ပြီးသား။ ကျမကလည်း ပစ်စလခတ်ရေးထားတဲ့ စာမူတခုခု များတော့ သူ့ကို ဘယ်တော့မှ ပေးဖို့ မကြိုးစားပါ။ ပြီးတော့ ပေးထားတဲ့စာမူ ပါမှာလား ဆိုတာလည်း မမေးရဲပြန်။
တခါတော့ ကျမ သူ့ကို ဂျီသွားကျမိတယ်။ အဲဒီတုန်းက သူ့ဆီမှာ ကျမစာမူ တပုဒ်ရှိနေတယ်။ ၂ လကြာတဲ့ထိ မပါသေးဘူး။ ကျမက “ဦးမြင့် သမီးစာမူ သုံးမှာလား” ဆိုတော့ “သုံးမှာလေ .. ဖတ်ပြီးပြီ” တဲ့။ ဒါပေမယ့် ၂ လ ထိ သူက မသုံးသေးဘဲ မေ့နေတယ်။ အဲဒီမှာ တရက်တော့ သူ့တိုက်ကို ကျမသွားပြီး “သမီးစာမူ သုံးမှာလား မသုံးဘူးလား .. မသုံးရင် သမီး ပြန်ယူတော့မှာနော် .. သုံးမယ့်သူရှိတယ်” လို့ သွားခြိမ်းခြောက်လိုက်တယ်။ အဲဒီမှာ သူက ရယ်ရင်းနဲ့ “ဘယ်လိုဖြစ်တာလဲ .. သုံးပါ့မယ်ဆိုမှ .. ခွေးမလေး .. သွား .. အဲဒီမှာ စာမူဖိုင် ..သုံးမယ့်စာမူ တွေချည်းပဲ။ အဲဒီထဲမှာ ရှာထုတ်၊ ပြီးရင် စာစီသမားကို တခါတည်း ပေးခဲ့” ဆိုပြီး လုပ်ဖူးတယ်။ ကျမလည်း ပျော်ပျော်ကြီး စာမူရှာပြီး စာစီသမားလက်ထဲ အပ်ခဲ့လိုက်တယ်။
ဦးလေးအဖြစ် .. အဲဒီတခါသာ ဂျီကျခဲ့ဖူးပါတယ်။
သူက စာလုံးပေါင်းသတ်ပုံမှာ အရမ်းကို ဂရုစိုက်တဲ့သူ။ ကျမ ပစ်စလခတ်ရေးလို့ ဆူခံထိတာလည်း ခဏခဏ။ ဒါပေမယ့် သူ့နာရေး လက်ကမ်းကြော်ငြာလေးမှာတော့ သူ့ရဲ့ နာမည်ကျော် “နေရစ်တော့ မြသီလာ” ကို “နေရစ်တော့ မြသီတာ” ဆိုပြီး မှားယွင်းပုံနှိပ်ခံခဲ့ရတယ်။ သူသာရှိရင် ဘယ်လောက်တောင် ပြောဆိုလိုက်မလဲ မသိဘူး လို့ ကျမစဉ်းစားမိတယ်။ ဒါက စီစဉ်သူ မှားသွားတာလား၊ ပုံနှိပ်စက်က မှားတာကို မပြင်နိုင် လိုက်တာ လားတော့ မသိပါ။
သူနဲ့ပတ်သက်သမျှ ကျမ ဝမ်းနည်းမဆုံးတာ ၂ ခုရှိပါတယ်။ တခုကတော့ သူ့အကြောင်းကို သူကိုယ်တိုင် ပြန်မရေးခဲ့နိုင်သလို ကျမကလည်း သူနဲ့ ထိစပ်နေတဲ့အချိန်အတွင်းမှာ အင်တာဗျူးလေးတောင် မလုပ်ခဲ့နိုင် တာပါ။ ကျမက သူ့ကို “ဦးမြင့်နဲ့ စကားတွေအများကြီးပြောချင်တယ်၊ အင်တာဗျူးသလိုမျိုးပေါ့” လို့ ပြောတဲ့ အချိန်မှာ သူ သိပ်မောနေတဲ့ အချိန် ဖြစ်နေပါပြီ။ သူနဲ့ ဟိုတစ ဒီတစ ပြောခဲ့တာလေးတွေပဲ ကျမစိတ်ထဲ မှတ်မိ သလောက် ကျန်ရစ်တော့တယ်။
နောက်တခုကတော့ သူ့ရဲ့လွယ်အိတ်ကလေးကို ကျမ မရလိုက်တာပါ။ သူ့လွယ်အိတ်အနီလေး .. သူ့ ကိုယ်နဲ့မကွာ အမြဲရှိနေတဲ့ လွယ်အိတ်ကလေး၊ အဲဒီလွယ်အိတ်ကလေးထဲမှာ သွားလေရာ သူ ပန်းချီ စကက်ခ်ျ တွေတင်ချစ်တဲ့ .. စာတင်ရေးတဲ့၊ ပရုဖ် တင်ပြင်တဲ့ ကဒ်ပြားလေးတခု၊ သူ့လက်ရေးနဲ့ စာမူတချို့၊ ပြီးတော့ မင်နီ၊ မင်ပြာ၊ မင်နက် ဆော့ဖ်ပင် ၃ ချောင်း သွားလေရာ ပါတယ်။ အဲဒီလွယ်အိတ်ကလေးက သူ့ဘဝလေ။ အဲဒီလွယ် အိတ်ကလေးကို ကျမလိုပဲ သူ့ရဲ့ တခြား တူ၊ တူမ တွေက အမွေအဖြစ်အမှတ်တရ လိုချင်တာဆိုတော့ ကျမအဒေါ်က ဘယ်သူမှ မယူနဲ့ဆိုပြီး သူနဲ့အတူ ပြာချလိုက်ပါတယ်။
ကျန်တာကတော့ သူနဲ့ပတ်သက်သမျှ စဉ်းစားလိုက်တိုင်း ရယ်မော ပျော်ရွှင်ရ၊ စိတ်ချမ်းသာရ၊ အားကျ အတုယူရတာတွေချည်းပါ။ သူက မောနေတဲ့ နောက်ဆုံးအချိန်မှာတောင် သူ့ရဲ့ တူ မောင်ဝဏ္ဏ ပြေဇင်ကို သရုပ်ဆောင်တာတွေ သင်ပေးနေသေးတာ။ အဲဒီတုန်းက ပြေဇင်က “လွမ်းအောင်ရယ်တတ်သူ” ကားကြီးမှာ ပထမဆုံး မင်းသားအဖြစ် စပါဝင်နေချိန်ပေါ့။ ပြေဇင့်ညီ ဥက္ကာ (ဓာတ်ခဲ) နဲ့ ကျမက သူ့ကို ဝိုင်းစ၊ ဝိုင်းနောက် ဒေါ်ဒေါ်ချိုက သူ့အစ်ကိုမောလို့ စိတ်ဆိုးနဲ့ .. အဲဒီတုန်းက ကျမ ဦးမြင့်ကို သေလိမ့်မယ်လို့ကို မထင်တာ။
Sunday, April 26, 2009 | Labels: အမှတ်တရ | 3 Comments
ယောင်ဝါးဝါးအရိပ်
ဝတ္ထုတို (၁၈)
ဘကြီးသေပြီ
မသေခင်ခဏ အမောဖောက်ပြီးနောက် အိပ်ပျော်သည့် ပုံစံဖြင့် သေသွားခြင်း ဖြစ်၏။
ဘကြီးအသက်က ၈၉ နှစ်။ မသေခင် တပတ်အထိ ဒေါင်ဒေါင်မြည် ပုံစံဖြင့်။ ဘယ်တော့မှ မသေတော့မည့် အတိုင်း ထင်ရသည်။ ဘကြီး၏ သူငယ်ချင်း အပေါင်းအသင်းတွေ .. ငယ်ငယ်က ဘကြီး ပိုးခဲ့သော ရွယ်တူ အဘွားကြီးတွေ သေကုန်ပြီ ..။ ဘကြီးကမသေသေး။ အေးအေးဆေးဆေး လမ်းလျှောက်ကောင်းတုန်း ..။ ထမင်းတပန်းကန် မောက်မောက် ကုန်တုန်း ..။ ကိုပီတာကို ပြဿနာရှာတုန်း။
ဘကြီးနှင့် ကိုပီတာက မတည့်အတူနေဆိုမှ တကယ့် မတည့်အတူနေ ..။ ဘကြီးက ၈၀ ကျော် လူပျိုကြီး ..။ ကိုပီတာက ၅၀ ကျော်လူပျိုကြီး။ ဘကြီးသည် ဖေဖေနှင့် မာမီတို့ ထားခဲ့သော ကိုပီတာ့အတွက် အမွေဟုလည်း ဆိုနိုင်သည်။
အရင်ကတော့ သည်အိမ်ကြီးမှာ ဖေဖေရယ် မာမီရယ် ကိုပီတာရယ် .. ဘကြီးရယ် အတူနေကြသည်။ အဲသည်တုန်းက ဘကြီး၏ အနွံအတာကို ဖေဖေနှင့် မာမီတို့ မျှခံကြသည်။ ကိုပီတာက ညီအစ်ကို လေးယောက် တွင် အငယ်ဆုံး။ သူ့အစ်ကိုတွေက အိမ်ထောင်ခွဲပြီး သပ်သပ်နေကြသည်။ ဖေဖေနှင့်မာမီတို့ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကုန်တော့ ကိုပီတာနှင့်အတူ ဘကြီး ကျန်ရစ်သည်။
တော်တော်တော့ ထူးဆန်း၏။ ဘကြီးသည် ဖေဖေ၏ ဘယ်နှဝမ်းကွဲ တော်သော အစ်ကိုလည်း မသိပါ။ အဲဒီ အဝေးကြီးဝေးသော အစ်ကိုလူပျိုကြီးကို ဖေဖေက ခေါ်ယူစောင့်ရှောက်ထားသည်။ ဖေဖေ ကွယ်လွန်ခါနီးတွင် ကိုပီတာ့ကို အချက်နှစ်ချက် မှာခဲ့သည်။ ပထမ အချက်က ဖေဖေ သင်းအုပ်ဆရာ လုပ်ခဲ့သော သူတို့ ဘုရား ကျောင်းလေးတွင် ပြုလုပ်သမျှ အစီအစဉ်တိုင်းတွင် စန္ဒယားတီးရန်နှင့် သံစုံသီချင်း လေ့ကျင့်ပေးရန်။ ဒုတိယ အချက်ကတော့ ဘကြီးကို လုံးဝမငြိုညင်ဘဲ စောင့်ရှောက်ရန် ဖြစ်၏။
ကိုပီတာ နားထောင်ပါသည်။ ကိုပီတာ ငယ်ငယ်ကတည်းက ဖေဖေ့ စကားကို မပယ်ရှားခဲ့။ ဖေဖေ့ကိုချစ်သည်။ လေးစားသည်။ ဖေဖေသည် ကွယ်လွန်သွားသည်အထိ သူ့အနားတွင် ရှိနေသလိုပင်။ ဖေဖေ့စကားကိုမပယ်ရှားဝံ့။ ပထမ အချက်က ပြဿနာမရှိ။ ဖေဖေရှိစဉ်ကတည်းက သူ ဘုရားကျောင်းမှာ စန္ဒယား တီးခဲ့တာပဲ။ ဒုတိယ အချက်ကတော့ သူ့အတွက် နည်းနည်း ပြဿနာရှိပါသည်။
သူတို့မြို့ကလေးတွင် ဘကြီးနှင့် နီးနီးစပ်စပ် အမျိုးတော်သူများရှိသည်။ ကိုပီတာတို့ထက်စာလျှင် ပိုရင်းသူများ ဖြစ်၏။ သို့သော် ဘကြီးကို ခေါ်ယူ စောင့်ရှောက်ရန် တခွန်းမှ မဟကြ။ တခါတလေမှာတော့ မုန့်ဖိုး ပဲဖိုး ကလေးများ လာပေးတာမျိုး၊ စားစရာလေးများ လာပေးတာမျိုး ရှိ၏။ ဘကြီးသည် ထိုသူများကို အကောင်း ပြောသလောက် ကိုပီတာ့ကို ဘယ်တော့မှ အကောင်း မပြော။
အကောင်းမပြောတာ လောက်ကတော့ ကိုပီတာတို့ကမမှုပါ။ အဲဒီထက် ဆိုးရွားသော အချက် များစွာ ရှိနေသေး သည်။
ကိုပီတာက ချက်တာပြုတ်တာ ဝါသနာပါပေမယ့် အိမ်မှာချက်စားချင်မှ စားသည်။ တကိုယ်တည်း လူပျိုကြီးဆိုတော့ အပြင်မှာပဲ ကြုံသလို ဝယ်စားလိုက်သည်။ ဒါပေမယ့် ဘကြီး အတွက်ကတော့ အားလုံး အဆင်ပြေအောင် လုပ်ပေးသည်။
ဘကြီးက နံနက်စာကို ဆယ့်တနာရီ တိတိမှာ စားသည်။ ဘကြီး စားခါနီးမှ အသီးအရွက်ကြော်တာ၊ ဟင်း နွှေးတာ လုပ်ပေးသည်။ ဘကြီး ပူပူနွေးနွေး စားရအောင်ပေါ့။ အဲဒီအတွက် ကိုပီတာ ဂက်စ်မီးဖို ဝယ်ထားသည်။ ဆယ်ပိဿာ ဆန့်သည့် ဂတ်စ်အိုးနှင့် ဆက်ထားသည့် ဖိုဖြစ်သည်။ ကိုပီတာ ဘယ်လောက်ပဲ အပြင် ထွက်နေ ထွက်နေ ဘကြီးစားချိန် ပြန်လာမြဲ။ သို့သော် ဘကြီးက ကိုပီတာ လက်ဖက်ရည် ထွက်သောက်ချိန် .. ဈေးသွား ချိန်များတွင် သူ့ဘာသာ ဂတ်စ်အိုးကိုဖွင့်ပြီး ရေနွေးတည်သည်။ သူလုပ်ချင်တာတွေ လျှောက်လုပ်သည်၊ ဂတ်စ် မီးဖိုကို မသုံးဘဲ ဂတ်စ်တွေ လွှတ်ထားသည်။
ကိုပီတာက ဟင်းခတ်မှုန့်တွေ၊ ပုစွန်ခြောက်တွေ၊ ဆီတွေ တလစာ ဝယ်ထားတတ်သည်။ ကိုပီတာ အပြင်က ပြန်လာလျှင် တလစာ ဝယ်ထားတာတွေက တဝက်လောက် လျော့နေတတ်သည်။ နောက်တနေ့ အပြင်ထွက် ရာက ပြန်လာတော့ ဖင်ကပ်သာ ကျန်တော့သည်။
အဲဒီတော့ ကိုပီတာဂတ်စ်အိုးကို မသုံးရဲတော့၊ မတော် သူ အပြင်ထွက်နေတုန်း မီးတွေဘာတွေ လောင်မှာ စိုးရိမ် ရသည်။ တလစာ ဝယ်ထားတာတွေ အားလုံးကိုလည်း သော့ခတ် သိမ်းဆည်းရသည်။
ကိုပီတာက သူမစားပေမယ့် ဘကြီးကို ကောင်းကောင်းချက်ကျွေးသည်။ ဘကြီးက သူ့အမျိုးများလာလည်တိုင်း ညည်းပြီး တိုင်သည်။
“ပီတာက ဘာတွေချက်ကျွေးမှန်း မသိပါဘူး၊ စားလို့လည်း မကောင်းဘူး”
အဲလိုဆိုတော့ သူ့အမျိုးများက ကိုပီတာ့ကို တမျိုးမြင်ကြသည်။ ရှိစေတော့ …။ ကိုပီတာက ဘကြီးကို နေ့တိုင်း ဘာစားချင်လဲ မေးကာ သူစားချင်တာတွေကို ချက်ကျွေးခြင်းဖြစ်သည်။ တခါတော့ ဘကြီးက အုန်းထမင်း စားမည် ဆို၏။ အသက်က ၈၀ ကျော်နေပြီ ..။ ဘေးလူတွေကတားကြသည် .. မရ။ ဘကြီးက ဒါဆိုဒါပဲ စားမည် .. ဖြစ်ရင်ခံမည် တဲ့။
အဲဒီတော့ ကိုပီတာ ဆန် တလုံးခွဲလောက်ကို အုန်းသီးတလုံးဖြင့် သေသေချာချာချက် .. အမဲသားကို နူးနေအောင် နှပ် ချဉ်ပေါင်ဟင်းချိုလေးဖြင့် ကျွေးသည်။ ကိုပီတာ့ရှေ့တွင်တော့ ဘကြီးက “ကောင်းလိုက်တာ၊ စားလို့ အရသာရှိလိုက်တာ၊ စားချင်တာ စားရလို့လားမသိဘူး .. နေလို့ထိုင်လို့ ပိုကောင်းသလိုပဲ …” ဟု ပြော၏။
ကွယ်ရာမှာတော့ “အင်း .. သိပ်တော့လည်းစားမကောင်းပါဘူး။ ဘယ်ကောင်းမလဲ သူက စေတနာမှ မပါတာ” ဟု လျှောက်ပြောသည်။ ကိုပီတာ စိတ်ဆိုးပေမယ့် သည်းခံပါသည်။ ဖေဖေမှာထားသော စကားရှိတော့ ကိုယ့်ကိုယ် ကိုယ် ပြန်သတိပေးရသည်။
တခါတလေကျတော့လည်း ကိုပီတာ ချက်ရတာ ပျင်းလာသည်။ တယောက်စာ နည်းနည်းလေးဆိုတော့ ဝယ်ရချမ်းရတာ မကောင်း။ အဲဒီတော့ နောက်ဖေးအိမ်က ဟင်းချက် ရောင်းသည့် မအေးမြင့်ထံမှ အမဲနှပ် တပွဲဝယ် အိမ်မှာ ကိုယ့်ဟာကိုယ် မော်ဒီဖိုင်း ပြန်လုပ်ပြီး ကျွေးကြည့်သည်။
“ဘကြီး စားကောင်းလား” မေးလျှင် “ကောင်းတယ် … အမဲနှပ်ကလေးက နူးပြီး သိပ်အရသာ ရှိတာပဲ” ဟု ဖြေသည်။
“ဟုတ်လား အဲဒါ ပီတာ ချက်တာမဟုတ်ဘူး … မအေးမြင့်ဆီက ဝယ်ကျွေးတာ” ဆိုလျှင်တော့ “ထင်သားပဲ .. ။ အဲဒါကြောင့် အရမ်းငံနေတာ ဖြစ်မယ်။ နောက် သူ့ဆီက မဝယ်နဲ့ သူက ညစ်ပတ်တယ်၊ မစားချင်ဘူး” ဟု ရစ် တတ်သေးသည်။ နောက်ပိုင်းတော့ ကိုပီတာ နပ်သွားပြီ။ မအေးမြင့်ဆီက ဝယ်ကျွေးပေမယ့် သူချက်တာ ဟုသာ ပြောတော့၏။
ကိုပီတာ ပစ္စည်းမှန်သမျှလည်း ဘာမှမခံ။ ကိုပီတာက ဝိုင်သောက်သည့် ဖန်ခွက်ကလေးများကို ပုံစံမျိုးစုံ စုတာ ဝါသနာပါသည်။ သူ့တပည့်တွေကလည်း သူကြိုက်တာသိတော့ လက်ဆောင် ပေးသည်။ လင်ပန်းလေး တချပ်ထဲ မှာ ဝိုင်ခွက် ၁၅ ခွက်လောက်ကို စီပြီး ထည့်ထားသည်။ တရက် သတိရလို့ ကြည့်မိတော့ ဆယ်ခွက်လောက်ပဲ ကျန်တော့သည်။ အကွဲ အစအန ဘယ်မှာမှ ရှာမတွေ့။ တအိမ်လုံးတွင် ဘကြီးနှင့် သူ နှစ်ယောက်တည်း။ မေးကြည့်တော့လည်း မသိဘူးဟုသာ ဖြေသည်။ နောက်တော့ အိမ်သာဘေးတွင် ဖန်ကွဲစများကို ကျွတ်ကျွတ်အိတ်နှင့် ထုပ်လျှက်သား တွေ့ရသည်။
ရေခဲသေတ္တာထဲတွင်လည်း ဘာမှ ထည့်မထားရဲ။ ထည့်ထားသမျှ အကုန်နှိုက်ယူသည်။ အဆိုးဆုံးကတော့ ကိုပီတာ့ ပန်းပင်ကလေးများကို ဖျက်ဆီးခြင်း ဖြစ်သည်။ ကိုပီတာက ပန်းပင်စိုက်တာ ဝါသနာပါသည်။ ကိုပီတာ့ ဆီတွင် အဖိုးတန် ရှားပါးပင်လေး တော်တော်များများ ရှိသည်။ ပထမတွင် ပွင့်နေသော နှင်းဆီပန်း လိမ္မော် ရောင် လေးများ ဖရိုဖရဲ ဖြစ်နေသည်။ နောက်တော့ သစ်ခွပွင့်တွေ မရှိတော့သည့်ပြင် .. အပင်တွေပါ အောက်ပြုတ်ကျ နေ၏။ အားလုံး ဘကြီးလက်ချက်။ သူငယ် ပြန်နေတာလား ဆိုတော့လည်း မဟုတ်။ သူသိချင်လျှင် အားလုံး သိသည်။
ဘကြီးတွင် ကြောင်တကောင်ရှိသည်။ သူက သူ့ကြောင်ကိုတော့ အလွန်ချစ်၏။ ကိုပီတာက ကြောင်ကို လုံးဝ မချစ်။ ကြောင်က အိမ်ထဲတွင် ချေးပါ၊ သေးပေါက် လုပ်သဖြင့် မုန်းသည်။ တွေ့လျှင် ရိုက်ထုတ်သည်။ ဘကြီးက ကြောင်ကို သူနှင့်အတူသိပ်သည်။ ကိုပီတာ့ ပုစွန်ခြောက်တွေ ခိုးကျွေးသည်။ ထမင်းစားနေစဉ် ကြောင်ကိုပါ အတူ ကျွေးသည်။ ကိုပီတာက ဘကြီးမမြင်အောင် ကြောင်ကိုရိုက်သည်။ ဘကြီးက ကိုပီတာမမြင်အောင် ငါးရိုးများ၊ ထမင်းများ ကြမ်းပေါ် ချကျွေးသည်။ ကြောင်စားပြီး ကျန်နေသည့် နေရာတွင် ပုရွက်ဆိတ်များ တက်နေတော့ လှည်းပစ်ရသည်။ တခါ အဲဒီကြောင် ကိုပီတာ့အိပ်ရာထဲ သေးပေါက်ချသွားသည်။ ကိုပီတာ လိုက်ရိုက်တော့ ဘကြီးအခန်းထဲ ဝင်ပြေးသည်။ တော်တော်လည်သည့်ကြောင်။ ကိုပီတာနှင့် ဘကြီးတို့၏ ပတ်လည် ဇာတ်လမ်းက တအုံနွေးနွေး အဆုံးမသတ်နိုင်။
ကိုပီတာ့မှာက တပည့်တွေများသည်။ ကိုပီတာ့ကို သူ့တပည့်များက ချစ်ကြသည်။ သည်တော့ ကိုပီတာ့အိမ်မှာ ဧည့်သည်က မပြတ်။ တပည့်တွေရဲ့ ရည်းစားတွေ ခင်ပွန်းတွေ ဇနီးတွေ၊ သားသမီးတွေ တခါတလေ ပွက်လော ရိုက်နေတတ်ကြသည်။ တခါတလေ သီချင်း ကျင့်ပေးပါဦးဆိုပြီး .. ဧည့်ခန်းထဲ သီချင်းသံ စန္ဒယားသံ ညံနေ ပြန်သည်။
ဘကြီးက တီဗီကြိုက်သည်။ အထူးသဖြင့် ခုနစ်နာရီ မြဝတီမှလာသည့် ဇာတ်ကားကို ဘယ်တော့မှ အလွတ် မခံ။ ခုနစ်နာရီမထိုးခင် ဧည့်ခန်းထဲက တီဗီရှေ့ရောက်နေပြီ။ အဲဒီအချိန် ဧည့်သည်လာပြီး ဧည့်သည် ကလည်း ဆူညံ နေမည် ဆိုလျှင်တော့ အဲဒီည ပြဿနာဖြစ်ပြီသာ မှတ်တော့။
“ပီတာ့ ဆီကို ဧည့်သည်တွေ လာလိုက်တာမှ အရွယ်ကို စုံနေတာပဲ။ ကလေး ပိစိကွေးလေးတွေကော .. မိန်းမ ယောက်ျား အရွယ်စုံကော .. လူကိုမပြတ်ဘူး။ ဘာတွေလုပ်နေမှန်းမသိပါဘူး” ဟု အတင်း လျှောက်ပြောသေး သည်။
ဘကြီးက နားနည်းနည်း လေးပေမယ့် မျက်စေ့ အတော်ကောင်းသည်။ ကျန်းမာရေးလည်း ကောင်းသည်။ နေ မကောင်းဘူးဆိုတာ တော်တော် ရှားသည်။ ကိုပီတာဆီ ဧည့်သည် တယောက်လာလျှင် အိမ်ရှေ့ကိုတော့ ထွက် မလာ။ ဒါပေမယ့် နောက်ဖေးပေါက်က ချောင်းသည်။ တခါလည်း။ ကိုပီတာ ဧည့်သည်များဖြင့် စကားပြောနေစဉ် .. ချောင်းရင်း ချောင်းရင်း အောက်ကရေကွက်ကို တက်နင်းမိပြီး ချော်လဲသည်။ နှစ်ပတ်လောက် ကုတင် ပေါ်တွင် နားလိုက်ရသည်။ ပြီးတော့ မကြာ ပြန်ကောင်းလာသည်။
တခါလည်း ဘာတွေ အစားမှားသလဲမသိ၊ ဝမ်းတွေ လျှောလို့ ဆေးရုံတင်ရသည်။ ကိုပီတာတို့က ပစ်လိုက်ရပြီဟု ထင်သော်လည်း ပြန်ကောင်းလာသည်။ ကိုပီတာနှင့် ဘကြီးတို့ ကြားက အဖြစ်အပျက်ကို ဘုရားကျောင်း တကျောင်းလုံး သိသည်။ အားလုံးက ရယ်ကြမောကြနှင့်။ တကယ့်ဒုက္ခခံစားရတာက ကိုပီတာ။ ရယ်လည်း မရယ်နိုင်။ ဖေဖေ့စကား နားထောင်ချင်သောကြောင့်သာ ပြုစုနေရသည်။ စိတ်လည်း မရှည်ချင်တော့။ ပြီးတော့ လွတ်လွတ်လပ်လပ် နေချင်သည်။ မိန်းမမယူဘဲ တကိုယ်တည်း လူပျိုကြီးလုပ်နေသည်မှာ လွတ်လွတ်လပ်လပ် သွားချင်ရာသွား .. စားချင်ရာစား လုပ်ချင်ရာ လုပ်နေချင်သောကြောင့်ဖြစ်၏။ ခုတော့ မလွတ်လပ် .. နောက်ဆံ တင်းနေရသည်။
လက်ဘက်ရည်ဆိုင်တွင် အပေါင်းအသင်းများနှင့် စကားကောင်းနေဆဲ ဘကြီး ထမင်းချိန်ဆို ပြန်ရသည်။ ခရီး ထွက်ချင်ပေမယ့် ဘကြီးစားမှု သောက်မှု လုပ်မည့်သူ မရှိသည့်အတွက် မထွက်ရ။
ကိုပီတာက သူ့ဘာသာသူ ဝိုင်လေးဖောက်လိုက် ..၊ ပန်းချီလေးဆွဲလိုက်၊ ကိတ်မုန့်လေး ဖုတ်လိုက် အပင်လေး တွေစိုက်လိုက် နေချင်ပေမယ့် အဲဒီအလုပ်များ တခုမှ လုပ်လို့မရ ..။ ဂက်စ် မီးဖိုမသုံးရဲလို့ မီးမလာသော နေ့များမှာ မီးသွေးမီးဖိုကို တပင်တပမ်း မွှေးရသည်။ လျှပ်စစ်မီး ခလုပ်များကိုလည်း လုပ်ချင်ရာ လုပ်သည်။ မိန်းဆွစ်ကို သော့ခတ်ထားရသည်။ ကိုပီတာ အပြင်ထွက်လျှင် မိန်းချပြီး သော့ခတ်ရသည်။
ပြောပြလျှင် ကုန်နိုင်မည်မထင်။ ဘကြီးနှင့် ကိုပီတာတို့ နှစ်ဦးကြားတွင် ဇာတ်လမ်းပေါင်းများစွာ ရှိသည်။ ကိုပီတာ့ကို ဘကြီး၏အမျိုးတယောက်က တခါတော့ ဝန်ခံဖူးသည်။
“ကိုပီတာမို့လို့ဗျာ၊ ကျနော်သာဆို အဲဒီဒဏ်တွေ ခံနိုင်မှာမဟုတ်ဘူး” တဲ့။ ကိုပီတာကတော့ ရယ်နေလိုက်ရုံပင်။ သူ့ဒဏ်မခံနိုင်လို့ ဒီအဘိုးကြီးကို ပစ်ထားလိုက်လျှင် ဘယ်သူကလက်ခံ ထားမှာတဲ့လဲ။ ဘကြီးရဲ့ ဒဏ်ကို ခံရတာ ကိုပီတာ့အဖို့ အသားကျ နေပါပြီ။ ဖေဖေတို့ ဆုံးတာပဲ ၁၅ နှစ် နီးပါး ရှိနေပြီလေ။
ဆိုခဲ့သည့်အတိုင်း ဘကြီးက လွန်ခဲ့သော တပတ်လောက်အထိ စားနိုင်သောက်နိုင်တုန်း၊ ကိုပီတာ စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်တုန်း။ သူ့ကိုကြည့်ရတာ ဘယ်တော့မှ မသေတော့မည့်ပုံစံ ဒေါင်ဒေါင်မြည်။ ပြီးခဲ့သည့် သုံးရက်ကမှ ဘကြီးအိပ်ရာပေါ်လဲသည်။ လဲမည့်လဲတော့လည်း ရုတ်တရက်ကြီး ဘာမှ စားလို့မဝင်တော့ ..။ ဆီးနှင့်ဝမ်းလည်း မသွားနိုင်တော့။ ကိုပီတာ အစ်ကိုလတ်လင်မယားက ကိုပီတာ့ဆီ လာနေပေးသည်။ အစ်ကို လတ်၏မိန်းမက ဆေးရုံက မေထရွန်ကြီးဆိုတော့ ပြုစုတတ်သည်။ လုပ်တတ်ကိုင်တတ်သည်။ ဆီးပိုက်ထည့် ထားရသည်။ နှာခေါင်းပိုက်နှင့် အစာထည့်ရသည်။ ဒရစ်ပိုက်လည်း ချိတ်ထားရသည်။
ညဘက် ကိုပီတာတို့ ညီအစ်ကိုနှင့် အတူ သူငယ်ချင်းစုံတွဲများ လာစောင့်ပေးကြသည်။ သိပ်ကြာကြာ မနေ လိုက်ရ။ သုံးရက်လောက်ပဲ ဝေဒနာအနည်းအကျဉ်း ခံစားရသည်။ သေခါနီး အမောအနည်းငယ်သာ ဖောက်သည်။
ဘကြီးသေတော့ သန်းခေါင်ကျော် မနက် ၂ နာရီကျော်ပြီ။ မိန်းမတွေအားလုံး အိပ်ပျော်နေသည်။ သူတို့ ညီအစ်ကို နှင့်အတူ ချစ်တီးနှင့် ယောရှုရှိသည်။ ကိုပီတာ့ အစ်ကို ကိုဘေဘီက ..
“ကဲကဲ မိန်းမတွေ မနိုးစေနဲ့ဟေ့ သူတို့နိုးရင် ပွက်လောရိုက်ကုန်လိမ့်မယ်။ ငါတို့ သူ့ကို ဘေးပေါက်ကနေ ဘုရား ကျောင်းထဲ ရွှေ့ရအောင်” ဟု ဆိုသည်။
ဘုရားကျောင်းက ကပ်လျှက် ခြံစည်းရိုးသာ ခြားသည်။
အိမ်ဘေးပေါက်က ထွက်လိုက်လျှင် ဘုရားကျောင်းထဲ ရောက်ပြီ ..။ ပထမဆုံး ဘကြီးနှင့်ချိတ်ဆက်ထားသော ပိုက်များ အားလုံးဖြုတ်ရသည်။ ကျန်ပိုက်အားလုံး အဆင်ပြေပေမယ့် ဆီးပိုက်ကဒုက္ခရောက်နေသည်။ ရော်ဘာ ချောင်းဖြစ်သောကြောင့် ဆွဲဖြုတ်၍ အလွယ်တကူ ထွက်မလာဘဲ ရှည်ရှည် ထွက်လာသည်။ စိတ်မရှည်သော ယောရှုက ..
“ရှုပ်ပါတယ်ကွာ ကပ်ကြေးနဲ့ပဲ ဖြတ်လိုက်ရအောင်” ဟု ဆိုသည်။ ချစ်တီးက “မလုပ်ပါနဲ့ကွာ ဘကြီး ကောင်းကင် နိုင်ငံရောက်ရင် ဒီပိုက်ကြီးနဲ့ ဒုက္ခရောက်နေပါဦးမယ်။ ငါ ဆွဲဖြုတ်ကြည့်ဦးမယ်” ဆိုပြီး ဆောင့်ဆွဲတော့ ပြုတ်ထွက် လာသည်။ ဒါပေမယ့် ပိုက်ချည်းမဟုတ်ဘဲ လက်ကျန် ဆီးတွေပါ လွင့်စဉ်ကုန်သည်။
ပြီးတော့ ကိုဘေဘီ စီစဉ်သည့်အတိုင်း အလောင်းကို ယောရှုနှင့် ချစ်တီးတို့က မ၊ ခေါက်ကုတင်ကို သူတို့ ညီအစ်ကိုက မ ရွှေ့ကြသည်။ အလောင်းကြီး ဘုရားကျောင်းထဲ ရောက်သည်အထိ သူတို့ ကုတင်မရောက်သေး။ ချစ်တီးက .. “ကိုဘေဘီ .. ဒီမှာလေးလှပြီ .. ဘယ်နား ချထားရမှာလဲ” ဟုလှမ်းအော်မေးသည်။ ကိုဘေဘီက .. “ချချင်တဲ့နေရာ ချထားလိုက်ကွာ” ဟု ပြန်အော်သည်။
ချစ်တီးနှင့်ယောရှုတို့က အလောင်းကို သံမန်သလင်းပေါ်ဖုတ်ခနဲ ပစ်ချလိုက်ကြသည်။ ခဏနေမှ ကိုဘေဘီတို့ ရောက်လာသည်။ သူ့ဘကြီးကိုကြည့်ရင်း “အင်း .. ဘကြီးကတော့ ထင်မှာပဲ။ ဒီကောင်တွေ မသေခင် နှိပ်စက်တာ အားမရလို့ သေပြီးတာတောင် ဆက်နှိပ်စက်တုန်းလို့”
ဘကြီးကို ကုတင်ပေါ်တင်ပြီး ကိုပီတာက ပတ်တီးတလိပ်ကိုကိုင်ပြီး ရောက်လာသည်။ ပါးစပ်ဟနေသောကြောင့် မေးသိုင်းကြိုးချည်ရန်တဲ့။ မေးသိုင်းကြိုးချည်တော့ ယောက်ျားအားဖြင့် ဆွဲလိုက်ရာ သွားမရှိသော ဘကြီး နှုတ်ခမ်း များက စေ့နေရုံမကဘဲ အောကနှုတ်ခမ်းက အပေါ်နှုတ်ခမ်းပေါ် သွားထပ်သည်။ ကြိုးကို တခါပြန်လျှော့ ရပြန်သည်။
သူတို့ ယောက်ျားတွေချည်း လုပ်ချင်ရာ လုပ်ကြပြီးမှ ဘုရားကျောင်းရှေ့က သင်းအုပ်ဆရာကို သွားနှိုးကြသည်။ အဲဒီတော့မှ မိန်းမတွေပါနိုးလာပြီး သတင်းမေးကြ၊ ငိုကြနှင့် အသုဘအိမ် အသက်ဝင်လာသည်။ သင်းအုပ်ဆရာ ဆုတောင်းပြီးတော့ မနက် ရောင်နီမြင်ရပြီ .. ကိုပီတာတို့ အိပ်ဖို့ မစဉ်းစားတော့။ ဘကြီးမှာက ဘာဆွေမျိုး အသိုင်းအဝန်းမှ ရှိတာမဟုတ်။ အလုပ်ရှုပ်ခံမနေတော့။ တခါထဲ နေ့ချင်းပြီး ချလိုက်မည်ဟု ဆုံးဖြတ်လိုက်ကြ သည်။
ပြီးတော့ သူတို့ ခရစ်ယာန်မှာက ရက်လည်စရာလည်း မလို၊ အောက်မေ့ဖွယ် စည်းဝေးကို ဘယ်နေ့လုပ်လုပ် ရသည်။ ဒီတော့ ညဘက်တွင် အောက်မေ့ဖွယ် စည်းဝေးကို ဘယ်နေ့လုပ်လုပ် ရသည်။ ဒီတော့ ညဘက်တွင် အောက်မေ့ဖွယ် စည်းဝေးလုပ်လိုက်မည်။ ဒါဆို တရက်တည်းနှင့် ကိစ္စပြတ်ပြီ။ အသုဘချတော့လည်း ရိုးရိုး ရှင်းရှင်းပင်။ ညဘက် အောက်မေ့ဖွယ်လာသူများကို ဆမူဆာနှင့် လက်ဘက်ရည် ကျွေးလိုက်သည်။ အားလုံး ကိုပီတာလုပ်စရာမလို။ ကိုပီတာကို ခင်မင်သော ဘုရားကျောင်း အမျိုးသမီးအသင်းက လုပ်သွားသည်။ နောက်ဆုံး အိုးခွက်များ ဆေးကျောပြီးသည်အထိ ..။
ပြီးပြီ ..။
လူတွေလည်း ပြန်ကုန်ပြီ။ ကိုပီတာ တယောက်တည်း ကျန်တော့၏။ ကိုဘေဘီတို့ လင်မယားလည်း ပြန်သွား ကြပြီ။ မနေ့က ဘကြီးရှိသေးသည်။ ဒီနေ့ ဘကြီးမရှိတော့။ မရှိရုံတင်မဟုတ်။ ကိုပီတာ့အိမ်တွင် အသုဘအိမ် ဆိုသည့် အရိပ်အယောင်လေးပင် မကျန်။
ကိုပီတာ တဦးတည်း အိပ်ရာဝင်လိုက်သည်။ အိပ်ရာထဲတွင်ချက်ချင်းအိပ်မပျော်နိုင်။ စဉ်းစားခန်း ဝင်နေမိသည်။ သူလိုချင်သော လွပ်လပ်သည့် ဘဝသူရပြီ။ ဘယ်သူ့အတွက်မှ ဘာမှ လုပ်ပေးစရာ မလိုတော့။ သွားချင်ရာသွား မည်။ ခရီးထွက်မည်၊ အပင်စိုက်မည်၊ ခဏနေတော့ မနေ့က အိပ်ပျက်ထားသည့်အရှိန်ကြောင့် အိပ်ပျော်သွား သည်။
မနက်မိုးလင်းတော့ ကြည်ကြည်လင်လင် ဖြင့် နိုးထလာသည်။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက် သန့်စင်ပြီး ရေနွေးတည်ဖို့ ပြင်သည်။ ပြီးမှ ရေနွေးတည်ရန် မလိုတော့တာ သတိရသည်။ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ သည်။ လက်ဖက်ရည်ဆိုင်တွင် စိတ်ကြိုက်ထိုင်ပြီး ဈေးဘက်ထွက်ခဲ့သည်။ ဈေးရောက်တော့ ဘာမှ ဝယ်စရာ မရှိပြန် ..။ ဈေးကို တပတ်ပတ်ပြီး အိမ်ပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ယောင်ချာချာနှင့် ထိုင် နေမိသည်။ ဘာလုပ်ရမှန်းမသိ။ သည်အချိန်ဆို ဘကြီးထမင်းပွဲ ပြင်ပေးနေကျ မဟုတ်လား။
အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ မြက်ပင်တွေ တောထနေသည့် သူ့ပန်းခင်းကို ဖရိုဖရဲ မြင်တွေ့လိုက်ရသည်။ “မြက်ပင်တွေကိုပဲ စရှင်းရမှာပဲ” သူတွေးလိုက်၏။ သို့သော်လည်း မြက်ပင်များကို ထမရှင်းဖြစ်။ ရှင်းချင်စိတ် မရှိဘဲ ဖြစ်နေသည်။
ဘကြီးရှိတုန်းက အချိန်လုပြီး ဆွဲထားရသော ဆွဲလက်စ ပန်းချီကားဆီ စိတ်ရောက်သွားသည်။ သို့သော် စုတ်တံ များကိုလည်း မကိုင်ချင်ပြန်။ ဘာဖြစ်နေတာလဲ။ အရင်က ဆွဲချင်လွန်းလို့ ဘကြီး မနှောင့်ယှက်မယ့် အချိန်ကို လုပြီးဆွဲရတာ။ အခု သူ့ကို နှောင့်ယှက်မည့် ဘကြီး မရှိတော့ဘူး မဟုတ်လား။ ဒါပေမယ့် သူမဆွဲချင် ..။ စန္ဒယား အဖုံးကို ဖွင့်လိုက်သည်။ သို့သော်လည်း တီးချင်စိတ်မရှိ။
ခါတိုင်းသူ စန္ဒယား အသံစမ်းလျှင် ဘကြီးလာချောင်းတတ်သည်။ ဒါကို သူတွေ့လျှင် ဆက်မတီးဘဲ အဖုံးပိတ်ကာ ထ ထွက်သွားတတ်၏။ သူငိုင်နေစဉ် ခြေထောက်ဆီက နွေးခနဲခံစားလိုက်ရသည်။ ကြည့်လိုက်တော့ ဘကြီး၏ ကြောင်ကလေး၊ ကြောင်လေးက သူ့ကို မော့ကြည့်ကာ “ညောင်” ဟု တချက်အော်သည်။ သူ ကြောင်ကလေးကို ပထမဆုံးအကြိမ် စိတ်လိုလက်ရ ပွေ့လိုက်သည်။ ထို့နောက် ဘကြီးခိုးမှာစိုးသောကြောင့် သော့ခတ်ထားသော ကြောင်အိမ်ကိုဖွင့်ကာ ပုဇွန်ခြောက် လက်တဆုပ် နှိုက်ယူ၍ ကြောင်ကလေးရှေ့မှာ ချကျွေးလိုက်၏။
ဘကြီးက “မင်း ခုတော့ ဘာတတ်နိုင်သေးလဲ” ဆိုသည့် မျက်နှာပေးဖြင့် မချိုမချဉ် ပြုံးကြည့်နေသည်။ ပုဇွန်ခြောက် စားနေသော ကြောင်ကလေးကို .. ကိုပီတာ ပိတ်ကန်လိုက်၏ …။ “ညောင် ..”…။
Sunday, April 19, 2009 | Labels: ဝတ္ထုတို | 3 Comments
တနှစ်သားလေး
ဒီနေ့ ကျမရဲ့ ဘလော့ကလေး စဖြစ်တာ တနှစ်ပြည့်ပြီ ..။ ဘလော့သက် တနှစ်ပြည့်ဆိုတော့ ထုံးစံအတိုင်း တနှစ်ပြည့် အထိမ်းအမှတ်လုပ်ရတော့မှာပေါ့။ ကျေးဇူးတင်စကားတွေလည်း ပြောဦးမှဖြစ်မယ်။ ကျမ ကတော့ ဒီဘလော့လေးကို သိပ်ကို သံယောဇဉ်တွယ်နေမိပြီ။ တနှစ်သားဘလော့လေး .. သူ့ရဲ့မွေးနေ့မှာ ကျမ ထူးထူး ခြားခြား ဘာလုပ်ရင်ကောင်းမလဲ ..။
ကျမရဲ့ မောင်ငယ် ဂျူလိုင်ဒရင်းမ် ကတော့ မကြာသေးခင်က တက်ဂ်ထားတယ် ရေးပေးလို့ ဂျီလာကျတယ်။ ကျမက ဘာမှန်းမသိသေးဘဲ ပျင်းတယ်ဟာ ရေးချင်ဘူးလို့ ပြန်ဂျစ်လိုက်တယ်။ သူက ဒါက ဘာမှသိပ် အများကြီး ရေးစရာမလိုပါဘူး .. ကြည့်ကြည့်ပါဦးတဲ့။ သူ့ဘလော့လေး သွားဝင်ကြည့်လိုက်တော့ ဟုတ်သား .. ။ ရေးခဲ့ဖူးသမျှ လေးတွေထဲက ပြန်တူးဖော်ပြဖို့ပဲတဲ့။ အဲဒါနဲ့ပဲ ကျမလည်း ကျမဘလော့လေးကို ဟိုးအစကနေ ပြန်လှန်ပြီး ငါဘာတွေ တင်ခဲ့တာပါလိမ့်ဆိုတဲ့စိတ်နဲ့ တခုချင်း ပြန်ကြည့်ဖြစ်တယ်။ ဟုတ်တော့ ဟုတ်တယ်။ နောက်ပိုင်းမှာ မိတ်ဆွေတွေ တိုးလာလို့ ကြည့်သူကော ကွန်မန့်ပေးသူပါ တိုးခဲ့ပေမယ့် .. ဟိုးရှေ့ပိုင်းက ဝတ္ထုတို လေးတွေ စာလေးတွေမှာ ဖတ်သူကော မန့်သူပါ မရှိသလောက်ပဲကိုး …။ အဲဒါလေးတွေ ပြန်ဖော်ပြဖို့ ကျမ စဉ်းစား မိပါတယ်။ ဒီတော့ ဘလော့သက်လေး တနှစ်ပြည့်တဲ့နေ့မှာ ကျမရဲ့ အရင်တုန်းက ပို့စ်ဟောင်းလေးတွေကို ကောင်းနိုးရာရာ ပြန် ဖော်ပြပါမယ်။
မဖော်ပြခင်မှာ .. အရင်ဆုံး ကျေးဇူးတင်ရမယ့်သူတွေ ရှိပါတယ်။
ဘလော့ဆိုတာ ဘာမှန်း တောင် မသိသေးခင် ဘလော့လေး လုပ်ဖြစ်ဖို့ တိုက်တွန်းခဲ့တဲ့ အစ်မ မေငြိမ်း ..၊ နည်းပညာနဲ့ ပတ်သက်လို့ ဘာမှ မသိတဲ့ ကျမကို ဝလုံးကစပြီး သင်ပေးရုံမက ဘလော့လေးပုံပေါ်အောင် ဖန်တီးပေးတဲ့ တူကြီး ထူးမြတ်၊ ကျမရဲ့ မလှမပ ဘလော့လေးကို ပြင်ပေးမယ်ဗျာ ဆိုပြီး ဘာမဆိုင်ညာမဆိုင် စိတ်ရှည်လက်ရှည် ဝင်ပြင်ပေးတဲ့ မောင်ငယ် ဖိုးတေ ..၊ ကျမဘလော့မှာ စီပုံးလေးရောက်လာအောင် ကူညီပေးတဲ့ ညီမလေး ဂျစ်၊ ကျမကို နှိပ်ကွပ်သလိုလို ကန့်လန့်တိုက်သလိုလိုနဲ့ အမြဲ အားပေးပြီး ကူညီ .. တခါတလေ ကျမ ပေါက်ပေါက်ရှာရှာ မေးသမျှ .. စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ဂဏန်းကောင်လေး ဂျူလိုင်၊ ထူးထူးခြားခြား ကျမရဲ့ လူသေးသေးလေးဖြစ်ချင်တယ် ဝတ္ထုတိုနဲ့ စိတ်ကူးယဉ်မြို့တော် ဆိုတဲ့ အက်ဆေးလေးကို သူ့ရဲ့ လန်ဒန်က မြန်မာစာ ကျောင်းသားတွေအတွက် သင်ရိုးသဘောမျိုး စာမေးပွဲမေးခွန်းလုပ်ပါရစေလို့ လာခွင့်တောင်းတဲ့ ညီမလေး သရဖီ နောက်ပြီး ကျမကို အမြဲအားပေးနေတဲ့ ဘလော့မိတ်ဆွေများ၊ ကွန်မန့်မပေးဘဲ တိတ်တိတ်လေး ဝင်ဖတ် သွားသူများ၊ ကျမရဲ့ ချစ်လှစွာသော ဇာတ်ကောင်များနဲ့ သူငယ်ချင်းများ ..၊ မပါမဖြစ်ကတော့ နာယကကြီး ဘာလုပ်လုပ် အားပေးနေတဲ့ ငပေါမောင်နှမများ အားလုံး အားလုံးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး အထူး .. ရှယ် တင်ကြောင်း .. ဦးစွာပထမ ပြောပါရစေ .. ။ ပထမ ဆိုလို့ ဒုတိယတွေဘာတွေများလာမလားလို့ မထင်နဲ့နော် ဒါပဲ ပြီးပြီ .. :P
ဘလော့စစခြင်း လူမသိ သူမသိခင်မှာ တင်ဖြစ်တဲ့ ပို့စ်ကလေးတွေကို တချို့ ကျမဘာသာ တော်တော်ကြိုက်ခဲ့ တာပါ။ တချို့က မဂ္ဂဇင်းတွေမှာ ပါပြီးသားလေးတွေလေ .. ။ တပုဒ်ဆိုရင် ကျမဘာသာ စာပြန်ရိုက်ရမှာ ပျင်းတာနဲ့ပဲ ဒီတိုင်း သူများပို့ပေးတဲ့အတိုင်း ဓာတ်ပုံဖိုင်ကြီးနဲ့တင်ထားတော့ ဘယ်သူမှတောင် သေချာ ဖတ်ဖြစ် လိုက်ပုံမရဘူး။ သိပ်မှ မမြင်ရတာ .. ဝတ္ထုနာမည်ကလည်း ယောင်ဝါးဝါး အရိပ်တဲ့ .. ဒီတော့ ယောင်ဝါးဝါး အရိပ်ကို ထင်ထင်ရှားရှား မြင်ရအောင် ကျမ ပြန်ရိုက်ပြီး ပြန်တင်ပေးဖို့ ဆုံးဖြတ်ပါတယ်။ အဲ ရိုက်နေတယ် ဆိုရင်ပိုမှန်မယ်။ ဘယ်တော့ပြီးမလဲတော့မသိ။
ကဲ ကျမရဲ့ မျက်နှာငယ်ခဲ့တဲ့ ပို့စ်လေးတွေကို ဖော်ပြဦးမှ .. ။ ကွန်မန့်တခုပဲ ရခဲ့တဲ့ ပထမဆုံးသော ဝတ္ထုတို ၁။ ရယ်တတ်အောင်သင် .. ကျမရဲ့ ဘလော့ခေါင်းစဉ်လည်း ဖြစ်တယ်၊ ကျမအဖေအကြောင်းလည်း ဟုတ်တယ်။ နောက်တခုကတော့ ကွန်မန့် တခုမှ မရခဲ့တဲ့ ဝတ္ထုတို ၅။ မဆလာနံ့ သင်းသောညများ။ အဲသဟာကတော့ ကျမရဲ့ သယ်ယင်းတွေ ပါဝင်တဲ့ ဝတ္ထုလေးပါ။ နောက်တော့ ဖွတ်ဒင် လို့ အမည်ရတဲ့ ဝတ္ထုတို ၈ ပေါ့ သူလည်း ကွန်မန့် တခုပဲရတာ။ နောက်တခု ရှည်လျားပြီး ပြန်ညွှန်းချင်တာကတော့ စာအုပ်အညွှန်း ၁ ပါ .. ဒီစာအုပ်ကလေးအကြောင်း ဖတ်မိရင် ဘာကြောင့် ကျမ ဒီလိုဝတ္ထုတွေရေးလဲဆိုတာ ရေလည်မယ် ထင်ပါတယ်။
Thursday, April 16, 2009 | Labels: အထိမ်းအမှတ် | 7 Comments
ကိုဖေ လူပေါင်းမှားခြင်း
အမှတ်တရ ရက်စွဲများ ၈
“ဟား ဟား ဟား ဟား” ဆိုတဲ့ ဝါးလုံးကွဲအော်ရယ်သံကြီး တသံ .. သန်လျင်မြို့ အ ထ က ၃ ရဲ့ နဝမတန်း သိပ္ပံခန်းထဲကနေ ပေါ်ထွက်လာတယ်။ အဲဒီရယ်သံကတော့ ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေးတသိုက် ဆီက ထွက်လာသံပါ။ အဲဒီနေ့က ဘိုင်အိုသင်မယ့် ဆရာဦးမျိုးလွင် မလာ တာနဲ့ ပျော်ရွှင်ပြီး တွေ့ရာမြင်ရာ ပေါက်တတ်ကရမျိုးစုံကို ပြောရင်း ဟာဒယ ရွှင်ဆေး တိုက် ကြွေးနေတာကတော့ တခြားသူ ဟုတ်ယိုးလား ..။
တူးတူးသာ မည်သော ပေါက်ကျော်မ ကျမ ပါပဲ။ အဲလို ပြောလိုက် ရယ်လိုက် လုပ်နေကြတဲ့ အချိန်မှာ .. ဘေးခုံကနေ ကျမတို့ဘက်ကိုကြည့်လိုက် ကျမ ပြောတဲ့ ဟာသတွေကို ဒီဘက်က မိန်းကလေးတသိုက်က တဟားဟား အော်ရယ်နေချိန်မှာ ပါးစပ်ကလေးကို လက်ကလေးနဲ့ ကွယ်ပြီး ရယ်ချင်စိတ်ကို မြိုသိပ်ထားရတဲ့ ပုံစံနဲ့ အသံမထွက်အောင် ရယ်လိုက် .. လုပ်နေတဲ့ သူ တယောက်ကို ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်း မိသက်က သတိထားမိသွားတယ်။
“ဟဲ့ တင်သိန်း .. နင်က ဘယ်လိုဖြစ်တာလဲ။ ရယ်ရင်လည်း အားရပါးရ ငါတို့လိုရယ်လေဟာ” လို့ မိသက်က ဇိုးဇိုးဆတ်ဆတ်ပြောချလိုက်တော့ အဲဒီသကောင့်သားလေး တင်သိန်းခမျာ ရှက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပြာပြာသလဲ ဖြစ်သွားလေရဲ့ ..။ ဘာကြောင့်ဆို .. ကျမတို့ မိန်းမ တသိုက်ရဲ့ အာရုံက သူ့ဆီ ရောက်သွားတာကိုး။ အားလုံးရဲ့ အာရုံစူးစိုက်မှုဒဏ်ကို မခံနိုင်တဲ့ အဆုံး တင်သိန်းခမျာ .. မျက်စိရှေ့တွေ့တဲ့ စာအုပ်တအုပ် ကောက်ကိုင်ပြီး အခန်းပြင် ပြေးထွက်သွား တော့တယ်။ ကျန်ခဲ့တဲ့ ကျမတို့ကတော့ တဟားဟား အော်ရယ်လို့ မဆုံးပေါ့ .. ။
အနှီ တင်သိန်းဆိုတဲ့ သတ္တဝါအကြောင်းကို ပြောချင်လွန်းလို့ နိဒါန်းချီတာပါ။ အဲဒီသကောင့်သား ကျမသူငယ်ချင်းလေးဟာ ကုလားလေးပါ။ ဟိန္ဒူကုလားပေါ့။ တကယ့် ဗိုင်းကောင်းကျောက်ဖိလေး။ စာကလည်း ဘာတော်သလဲ မမေးနဲ့။ သူ တော်ပုံတော်နည်းက တမျိုး … ဓာတုတို့၊ ရူပ တို့ သင်္ချာ တို့ ဆိုရင် စာအုပ်ထဲက စာတွေသာမကဘဲ ပြင်ပဗဟုသုတတွေပါ လေ့လာအားကောင်းတော့ အကုန် သိနေတာ။ နောင်အခါမှာ ကျမတို့က သူ့ကို အိုင်းစတိုင်းလို့ ခေါ်တယ်။ သူ့အကြောင်း ရေးမယ်ဆို ပို့စ်တခုတည်းနဲ့ မလုံလောက်တဲ့အတွက် ကျမ အခန်းဆက် ရေးရမှာမို့ မရေးသေးဘဲ ထားတာပါ။ ခုတော့ အကြောင်း တခု တိုက်ဆိုင်လာလို့ စရေးပါမယ်။
တကယ်က တင်သိန်းနဲ့ မခင်ခင် ကတည်းက ကျမက သူ့အစ်မ မခိုင်နဲ့ စသိတာ။ တတိယ တန်း ကတည်းကပေါ့။ သို့သော် အဲ့အချိန်မှာ တင်သိန်းက ကျမနဲ့ တခန်းတည်း တကျောင်းတည်း အတူ တက်နေပြီ။ အေးလွန်းလို့ ကျမ မသိတာ၊ နောက်ပြန်ပြောကြတော့မှ ကျမနဲ့ ဒီကောင်နဲ့က ငယ်ငယ် လေးတည်းက ကျောင်းအတူ တက်ခဲ့ကြတာကိုး။ သူ့အစ်မ မခိုင်ကတော့ သူတို့လူမျိုး ထုံးစံ မိန်းက လေးကို ၄ တန်းအောင်တာနဲ့ ကျောင်းနှုတ်လိုက်တယ်။
ကျမ တင်သိန်းကို စသတိထားမိတာ ၈ တန်းလောက် ကျမှ။ ၈ တန်းအောင်လို့ ဝိဇ္ဇာ၊ သိပ္ပံ စခွဲတော့ ကျမတို့ သိပ္ပံတန်းမှာ လူက ၃၀ ကျော် ၄၀ နီးပါး လောက်ပဲ ရှိတော့တာဆိုတော့ အဲဒီမှာ တယောက်နဲ တယောက် သေချာ ပိုသိ ပိုပြီး ရင်းနှီးလာကြတယ်။ အဲဒီမှာပဲ တင်သိန်းရဲ့ အကျင့် စရိုက်ကို ကျမ သတိထားမိတယ်။ သူက အရှက်အကြောက်ကြီးတယ်၊ မိန်းကလေးတွေနဲ့ စကား မပြောရဲဘူး၊ စာတော်တယ်၊ လိမ်မာယဉ်ကျေးတယ် .. စသဖြင့် ပေါ့။
သို့သော် .. ဒီသို့သော်က တော်တော်လေး တာသွားတဲ့ သို့သော်ဖြစ်ပါတယ်။
ကျမ ဆယ်တန်းတက်တဲ့နှစ်ပေါ့ .. ကျမတို့ အိမ်ရှေ့မှာ “မြသက်ဦး” လို့ခေါ်တဲ့ လက်ဘက်ရည် ဆိုင်လေး တဆိုင်ရှိတယ်။ အဲဒီ ဆိုင်လေးမှာ ကျမရဲ့ အစ်ကို ကိုနောင်ကြီးက ညတိုင်း ထိုင်လေ့ ရှိတယ်။ ကိုနောင်ကြီးတို့ အုပ်စုက ကျောင်းမှာ နာမည်ကြီး .. တကယ့် ဆိုးပေ့ တေပေ့ သောင်း ကျန်းပေ့၊ စီကနဲဟေ့ ရန်ဖြစ်ပလားဆို သူတို့၊ ကျောင်းနားက မြယာခြုံတွေကြားမှာ ဖဲဝိုင်း မိ ပလား ဟေ့ ဆို သူတို့ .. ။ အတန်းထဲ ဆေးလိပ်ခိုးသောက် တာ ဘယ်သူလဲဆို သူတို့ .. ကျောင်းပြေးလို့ ဆရာမကြီးက ဝရန်တာမှာ တန်းစီရိုက်ပလားဆို သူတို့၊ အဲဒီလို နာမည်ကြီးသူများထဲမှာ ကျမရဲ့ အစ်ကိုတော် ကိုနောင်ကြီးက ထိပ်ဆုံးမှာပြေးတယ် .. ဆရာကြီးပေါ့။
ခုဏက စကားပြန်ဆက်ရရင် ကိုနောင်ကြီးက မြသက်ဦး ဆိုင်ကလေးမှာ ညတိုင်း တယောက် တည်း လက်ဘက်ရည်ဆိုင် ထိုင်လေ့ရှိတော့ တရက်မှာ တင်သိန်းဆိုသူ ကျမသူငယ်ချင်းလေးက မရဲတရဲ ပေါက်ချလာခဲ့ပါတယ်။
“အစ်ကို .. ကျနော် .. ထိုင်မယ်နော်”
ကိုနောင်ကြီး နည်းနည်းတော့ အံ့သြသွားတယ်။ ဒီကုလားလေးက မိတူးတို့ အတန်းထဲက ကောင်လေး ဆိုတာတော့သိတယ်။ မြင်ဖူးတယ်။ သို့သော် သူ့ဆီ ဘာလာလုပ်တာလဲပေါ့လေ ..။
“အစ်ကို လက်ဘက်ရည်သောက်ပါ ..၊ ဆေးလိပ်လည်း သောက်နော် အားမနာနဲ့”
အဲလိုပြောပြီးသကာလမှာ လက်ထဲက အကြွေတွေကို စားပွဲပေါ် တင်လိုက်တယ် .. ဆယ်ပြားစေ့၊ ငါးပြားစေ့၊ မတ်စေ့တွေ ရောနေတဲ့ အကြွေ စုစုပေါင်း တကျပ် ကျော်ကျော်ပေါ့။
“ကျနော်က တင်သိန်းပါ၊ တူးတူးတို့နဲ့ တခန်းထဲပဲ”
“အေး သိပါတယ်ကွ၊ ခု ဘာဖြစ်လို့လဲ၊ တူးတူးက မင်းကို ဘာလုပ်လို့လဲ”
“ဟာ .. မဟုတ်ပါဘူး။ ကျနော် အစ်ကိုနဲ့ ခင်ချင်လို့ပါ။ ပြီးတော့ အစ်ကိုတို့ သူငယ်ချင်းတွေ အားလုံးကိုလည်း ခင်ချင်လို့”
“ဟေ”
“ဟုတ်တယ် အစ်ကို ကျနော့်ကို ပညာတွေ သင်ပေးပါ”
“ပညာ ဟုတ်လား။ ဟေ့ကောင် မင်းလူမှားနေပြီ .. ငါတို့က ကျူရှင်ဆရာတွေ မဟုတ်ဘူးနော်၊ မဟုတ်က ဟုတ်က ကောင်တွေကွ”
“ကျနော် သိပါတယ်။ ဒါပေမယ့် အစ်ကိုတို့အုပ်စုမှာ ပါရရင်တော်ပါပြီ”
“သြော် ဒီလိုလား”
တမိုက်ပြရင် နှစ်လံလောက်မြင်တတ်တဲ့ ကိုနောင်ကြီး သဘောပေါက်သွားတယ်။ ဒီကုလားလေး ငါတို့ကို အလကားနေရင်း လေးစားနေပြီ ဆိုတာ သိသွားတယ်။ ဟိုကောင်တွေကို မပြောသေးဘူး ဆိုပြီး တင်သိန်းတိုက်တဲ့ လက်ဘက်ရည်နဲ့ ဆေးလိပ်ကို ညတိုင်း တပတ်လောက်သောက်ရင်း လက်ချာတွေပေးရင်း သူတို့နှစ်ယောက် အရမ်းခင်သွားကြတယ် (နောက်မှသိရတာက တင်သိန်းက သူစုထားတဲ့ စုဘူးလေးကို ခွဲပြီး .. ညတိုင်း ကိုနောင်ကြီးကို လက်ဘက်ရည်တိုက်တာ ဆိုပဲ)
တင်သိန်းက ကောင်မလေးတယောက်ကို သိပ်ချစ်နေတယ်။ အဲဒီကောင်မလေး နာမည်က “ခင်စန္ဒာထွန်း” တဲ့ .. ကျမတို့ အတန်းထဲက စာသိပ်တော်ပြီး၊ မာနကြီးပြီး သိပ်လှတဲ့ ကောင်မလေး တယောက်ပေါ့ .. ။ အဲဒီ သူ့အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အကြံဥာဏ်တောင်းချင်တာက စလို့ .. ကိုနောင်ကြီးတို့ အဖွဲ့နဲ့ တင်သိန်း ရင်းနှီးသွားရာကနေ .. နောင်တချိန်မှာ ကိုနောင်ကြီးတို့ လူဆိုး အားလုံးက ဆလံသရတဲ့ ငတိတကောင် ဖြစ်သွားပါတော့တယ်။ တင်သိန်းရဲ့ အချစ်ဇာတ်လမ်းက သိပ် စိတ်ဝင်စားစရာ ကောင်းတယ် .. နောက်မှ သတ်သတ် ရေးမယ်နော် ..။
ခုပြောချင်တာက တခုသော သင်္ကြန်မှာ တင်သိန်းနဲ့ ကျမတို့ ကြုံကြိုက်ရတဲ့ အဖြစ်လေးပါ ..။
အဲဒီတုန်းက ကျမ ဂျီတီအိုင်ပထမနှစ်တက်ခါစ .. ။ ကျမ အဖေဆုံးပြီး တနှစ်ကျော် အချိန်၊ ကျမရဲ့ ချစ်လှစွာသော အစ်ကိုကြီး .. ကိုနောင်ကြီးက ကျမ ကျောင်းတက်ဖို့ တဖက်တလမ်းက ကြံရည် ဆိုင်လေး ဖွင့်ပြီး ငွေရှာပေး နေတဲ့ ကာလပေါ့ ..။
ကျမတို့ မောင်နှမတွေက သူငယ်ချင်းအပေါင်းအသင်း သိပ်မက်တယ်။ ကျမတို့ သူငယ်ချင်းတွေ ကလည်း ကျမတို့ကို သိပ်ခင်တယ်။ အိမ်မှာဆို အားလုံးက စားအိမ်သောက်အိမ်ပဲလေ။ ကိုနောင်ကြီး ကြံရည်ဆိုင်ဖွင့်တော့လည်း သူ့သူငယ်ချင်းတွေက ဝိုင်းကြဝန်းကြတာ။
တင်သိန်းလည်း ပါတာပေါ့ .. ၂၀ ကျော်အရွယ် လူငယ်တွေချည်းဆိုတော့ ပေါက်တက် ကရ တွေလည်း လုပ်ကြတာပေါ့။ ဥပမာ - ကိုနောင်ကြီးဆိုင်မှာ ကြံရှယ် ဆိုပြီး ရတာမျိုး .. ။ ကြံရှယ် ဆိုတာက ကြံရည်နဲ့ ဘီအီး ရောသမမွှေပေါ့။ အဲဒီရောသမမွှေ ကြံရှယ် ဇာတ်လမ်းကို စတာကလည်း တင်သိန်းပါပဲ။ တင်သိန်းတကောင်က ပညာစုံလို့ သင်ပေးတဲ့ဆရာတွေကိုတောင် ပြန်သင်ပေးတဲ့ အဆင့်မြင့် အတွင်းအားပညာရှင်ဖြစ်နေပြီ။
အဲဒီကုလားက ပေါက်တက်ကရ အကုန်လုပ်ပေမယ့် သူငယ်ချင်းတွေ အပေါ်မှာလည်း ကြောက် ခမန်းလိလိ သည်းခံလွန်းလို့ သူ့ကို အားလုံးက သိပ်ချစ်ကြတယ်။
ကျမမှာ ရယ်ရအခက် သူ့ကို ဆူရအခက် .. ။ ခဏနေတော့ မနက်ပိုင်းထမင်းစားချိန် အားလုံး အိမ်ကို ရောက်လာကြတယ်။ တင်သိန်းကိုလည်း ခေါ်လာကြတယ် .. ဒင်းက ဗျောင်းသတ်အောင် မူးနေပြီ ..။ အားလုံး တန်းစီပြီး ခုံတွေမှာထိုင်နေတုန်း .. အဲ့ငတိက ခုံပေါ်ကနေ လေးဘက် ထောက်လေး ဆင်း.. ကြမ်းပေါ်မှာ မိချောင်းတွားတွားလို့ .. ကျမတို့ အိမ်ပေါက်ဝ ရောက်အောင် အသာလေး သွားနေတယ်။ ကျမက “ဟဲ့ တင်သိန်း နင်ဘာလုပ်တာလဲ” ဆိုတော့ သူက “တိုးတိုးဟ .. ငါ မားသားမသိအောင် အသာလေး အိမ်ပြန်မလို့” တဲ့။
မားသားဆိုတာက ကျမအမေကို သူငယ်ချင်းတွေအားလုံးက ခေါ်ကြတာ။ တကယ်က မေမေလည်း သူ့ကိုကြည့်နေတဲ့သူတွေထဲမှာ ပါတယ်။ ဆယ်ယောက်လောက် သူ့ကို ဝိုင်းကြည့်နေတာကို သူက တိတ်တိတ်လေး အိမ်ပြန်မလို့တဲ့လေ။
ကျမအမေကလည်း မရဘူး .. ကျမတို့ မောင်နှမတွေကော ကျမတို့ရဲ့ သူငယ်ချင်းတွေကောကို တွေ့ရာနေရာ မှာ အမြင်မတော်ရင် ဘာမှ စဉ်းစားမနေဘူး .. ဆူတာ၊ ပွမ်တာ။ အားလုံးက မေမေ့ ပါးစပ်တော့ လန့်ကြတယ်။ ခုလည်း မေမေက တင်သိန်းကိုကြည့်ပြီး စပွမ်နေပြီ။ မေမေလည်း ဆက်တိုက်ပွမ်ကော တင်သိန်းတယောက် ငိုကြီးချက်မနဲ့ “မားသားကလည်း ကျနော့် ကျ ဆူတယ် .. ဟိုကောင်တွေ ကျတော့ မဆူဘူး” လို့ စောဒက တက်တယ်။
မေမေက “ဟဲ့ ဟိုကောင်တွေက ဘာလို့ ဆူရမှာတုန်း” ဆိုတော့ “ကျနော်က ဟိုကောင်တွေလို ရေ တောင် ပက်တာမဟုတ်ဘူး၊ အရက်လေးပဲ အေးဆေး သောက်နေတာကို ကျနော့်ကိုဆူတယ် .. တော်ပြီ ပြန်မယ် .. အီးဟီး” ဆိုပြီး ငိုတော့ မေမေလည်း သူ့ကိုဆက်ဆူရအခက် .. ရယ်ရအခက်နဲ့ .. ကျမတို့ကတော့ ဝိုင်းရယ်ကြတာပေါ့။ အဲဒါကို ပြန်မယ် ဆိုပြီး တံခါးဝရောက်အောင် မိချောင်း သွား တွားသွားတာ တံခါးဝလည်း ရောက်ရော ခေါင်းမထူနိုင်တော့ဘဲ လုံးဝ အိပ်ပျော်သွားလေရဲ့။
သင်္ကြန်ရောက်တိုင်း အဲဒီအကြောင်းလေး ပြန်ပြန်ပြောကြ .. ရယ်ကြ၊ သတိရကြတယ်။ အရက်ကို အဲလို အသောက်ကြမ်းတဲ့ထိ ဖြစ်သွားတဲ့ တင်သိန်းက စာတော်တဲ့ဘက်မှာတော့ လျော့မသွားဘူး။
နောက်မှ သူ လျှပ်စစ်အင်ဂျင်နီယာအဖြစ်နဲ့ သင်္ဘောလိုက်တဲ့အကြောင်း ..၊ သီလဝါဆိပ်ကမ်းက နိုင်ငံခြား သင်္ဘောပေါ်ကို တက္ကစီစီးပြီး သွားတက်တဲ့ အကြောင်း၊ နောက်ဆုံး သင်္ဘောအရာရှိ အဖြစ်နဲ့ အသောက်လွန်ပြီး သေရတဲ့အကြောင်းတွေကို တဖြည်းဖြည်း ရေးပါမယ်။ သူသေတဲ့ နေ့က မှတ်မှတ်ရရ ဗယ်လင်တိုင်းဒေးပါ။ ကျမတို့အားလုံးကို မယုံနိုင်လောက်အောင် လုပ်သွားတဲ့ အဲဒီကောင်ကို ကျမတို့အားလုံး စုတ်တသတ်သတ်နဲ့ ခုထိ လွမ်းနေကြတုန်းပဲ။
ကျမ ဝတ္တုတွေရေးတော့ ကျမရဲ့ဇာတ်ကောင်တွေက အပြင်က တကယ်ရှိတဲ့ ဇာတ်ကောင်တွေပါ။ နည်းနည်းတော့ ပုံပြောင်းထားတာပေါ့။ အဲဒီမှာ ကျမဝတ္ထုအများစုမှာ ပါနေကျ .. ဆိုက်ကားသမား ကိုဖေ ဆိုတာ .. အဲဒီသင်္ဘောအရာရှိ တင်သိန်းပါပဲ။ သူ့ကို နောက်ပိုင်းမှာ ဘယ်သူမှ တင်သိန်းလို့ မခေါ်ကြဘူး။ အားလုံးက ကိုဖေလို့ ခေါ်ကြတယ်။ ဘာကြောင့် ဒီနာမည်ရတယ် ဆိုတာတော့ ကျမ သေချာမသိဘူး။ အဲဒါကတော့ ကိုနောင်ကြီးတို့ အုပ်စုပဲ သိကြလိမ့်မယ်ထင်တယ်။
တခုတော့ရှိတယ် သူတို့အုပ်စုထဲမှာ ကိုရိုးဆိုတာ တယောက်လည်းရှိတယ်။ ကိုဖေနဲ့ ကိုရိုး .. နာမည်ကြီးတွေလေ ..
ဖိုးဂျယ်က သင်္ကြန်အကြောင်း တက်ဂ်တယ် ဆိုလို့ .. တခုသောသင်္ကြန်က ကိုဖေ့ကို သတိရ သွားလို့ပါ။ သူများ တွေလို သင်္ကြန်ဇာတ်လမ်းတွေ၊ လွမ်းမောဖွယ်ရာတွေကလည်း မရှိဘူး ဆိုတော့ ရှိတာလေးပဲ ရှာကြံ ရေးလိုက်တယ်။ အမှတ်တရ နဲ့ တူးအင်ဝမ်းပေါ့ :P နောက်မှ ကိုဖေခေါ် တင်သိန်း အကြောင်း ဆက်ရေးဦးမယ်။ ခုတော့ တော်သေးပြီ … ။။။။။
Sunday, April 12, 2009 | Labels: အမှတ်တရ | 3 Comments