ရယ်တတ်အောင်သင်

လူတွေကို ငိုအောင်လုပ်ရတာ လွယ်သလောက် ရယ်အောင်လုပ်ရတာ တော်တော် ခက်ပါတယ်။ ကျမကတော့ ရယ်တယ်ဆိုတာကို အတတ်ပညာတခုလို့ကို ထင်ပါတယ်။ တချို့က မရယ်တတ်ကြဘူးလေ။ တယောက် ယောက်က ရယ်စရာပြောလို့မှ တခြားသူတွေက ရယ်ပြီး ကိုယ်က ဝင်မရယ်နိုင်ဘူးဆိုတဲ့သူကို ကျမ တော်တော်လေး သနားမိပါတယ်။ သူ့ခမျာ ရယ်ခြင်းအတတ်ကို မတတ်ရှာပါလားလို့ တွေးပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ကျမတို့ကတော့ ရယ်တဲ့အတတ်ကို ငယ်ငယ်ကတည်းက တတ်ခဲ့တာလို့ ထင်ပါတယ်။ ကျမတို့ကို ရယ်တတ်အောင် သင်ပေးခဲ့တဲ့သူကတော့ ကျမအဖေပါပဲ။ ကျမအဖေကို သတိရလိုက်တိုင်း အဖေ့ရဲ့ ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ ပုံရိပ်ကိုပဲ မှတ်မိပါတယ်။ ခုဆို ကျမအဖေဆုံးတာ ၁၆ နှစ် ရှိရော့မယ်။ အဖေ့အတွက် မှတ်မှတ်ရရ ကျမ ဝတ္ထုလေးတပုဒ်ပဲ ရေးဖူးပါတယ်။ အဲဒီဝတ္ထုကလည်း အဖေဆုံးပြီး ၈ နှစ်ကျော် ကာလကျမှ ရေးဖြစ်တာပါ။ ဗျူးတီးမဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ ဝတ္ထုတိုလေးကို ကျမဘလော့ရဲ့ ပထမဆုံးဝတ္ထုအဖြစ် တင်ချင်ပါတယ်။

ရယ်တတ်အောင်သင်

ရှစ်နှစ်တိုင်ခဲ့ပြီ… ကျမတို့အဖေ ကျမတို့နဲ့ ခွဲခွာသွားခဲ့တာ…။ အဖေ့အကြောင်းကို ရေးမယ်… ရေးမယ်နဲ့ အဖေဆုံးကတည်းက အားခဲထားလိုက်တာ။ ..တခြားစာတွေသာ ရေးဖြစ်တယ်။ အဖေ့အကြောင်းက ရေးလို့မရ။ လက်မရဲတာဆိုရင် ပိုလို့မှန်လိမ့်မယ်။ အဖေ့ကိုလွမ်းတိုင်း စာရွက်နဲ့ဘောပင်ကို ကိုင်ပြီး ငိုင်နေတာနဲ့တင် အချိန် ကုန်သွားရတယ်။ အဖေ့အကြောင်းက ရေးမယ်ဆိုရင် ရေးစရာ တပုံတပင်ဆိုတော့ ဘယ်ကဘယ်လို ဘာစရေးရမှန်း မသိတာလည်း ပါပါတယ်။ အဖေလည်းဖြစ် ကျမရဲ့သင်္ချာဆရာလည်းဖြစ်တဲ့ အဖေ့ဆီက ကျမ ဘာတွေ ရခဲ့ပါသလဲ။ ကိုယ့်ဘာသာ ပြန် မေးကြည့်မိတယ်။

ကျမတို့အိမ် ဧည့်ခန်းထဲမှာ အဖေကွယ်လွန်စဉ်က ကာတွန်း (ဦး) ရွှေမင်းသား ရေးပေးခဲ့တဲ့ ပန်းချီကား(အဖေ့ပုံ) ကို ငေးကြည့်မိတဲ့အခါ ကျမ ရယ်ချင်လာပါတယ်။ ပြောစရာပေါ့…“နင်က အဖေသေတာကို ရယ်စရာလို့ ပြောနေသေးတယ်” ဆိုပြီးလေ…. ရယ်မှာပေါ့… အဖေက ကျမကို ပန်းချီကားထဲကနေ ဟက်ဟက်ပက်ပက် ရယ်ပြနေတာကိုး။ အဲဒါပါပဲ။ ကျမအဖေ့ဆီက ရခဲ့တာ…ကျမတို့ကျန်ခဲ့တဲ့မိသားစု အဖေ့ဆီက ရလိုက်တာ… ရယ်ခြင်း အတတ်ပညာပါ….။

ကာတွန်းဆရာလို့ မပြောရဘူး။ အဖေက အရာရာကို ရယ်စရာအဖြစ်နဲ့ပဲ မြင်နေတော့တာ…. ပြီးတော့ သူ့ရဲ့ ကာတွန်းဇာတ်ကောင်လေးတွေအဖြစ် ကူးပြောင်းဖန်တီးတော့တာပဲ…အဖေ့ရဲ့အလေ့အထက ညညဆို ကာတွန်းလေး ဆွဲလိုက် မိသားစုဘက်လှည့် စကားပြောလိုက်နဲ့ တော်တော်နဲ့ အိပ်လေ့မရှိဘူး။ အဖေမအိပ်ဘဲ စကားပြောနေတော့ ကျမတို့တတွေလည်း မအိပ်တော့ဘဲ အဖေနဲ့စကားတွေပြော ရယ်ကြမောကြ ပေါ့။ အများအားဖြင့် အဖေပြောတတ်တာတွေက ရယ်စရာတွေများတယ်။ သူ့မိတ်ဆွေ ကာတွန်းဆရာတွေနဲ့ တနေကုန် တွေ့ကြုံခဲ့တာတွေကို ဖောက်သည်ပြန်ချရင်လည်း ရယ်စရာတွေချည်း ရွေးပြောတတ်တယ်။


အမေက တနေ့တာကြုံကြိုက်ခဲ့သမျှ ဆက်ဆံခဲ့သမျှ လူတွေထဲက သူမကျေနပ်တဲ့သူတွေအကြောင်း ပြောရင်လည်း အဖေက အဲဒီလူရဲ့ ရယ်စရာကောင်းတဲ့ အပြောအဆို၊ အပြုအမူတွေအကြောင်းရွေးပြီး ဟာသ လုပ်တတ်တယ်။ အဲဒီအခါ အမေကလည်း မကျေနပ်တာတွေမရှိတော့၊ ကျမတို့လည်း ဝိုင်းရယ်ကြနဲ့ပေါ့။ နောက်ဆုံး သူကိုယ်တိုင်ကြည့်မရတဲ့သူအကြောင်း ပြောရင်တောင် အဲဒီလူ ဘယ်လိုရယ်စရာ ကောင်းကြောင်း ကိုပဲ ပြောတတ်လေ့ရှိတယ်။ အဲဒီအကျင့်တွေက ကျမတို့မောင်နှမတွေမှာ စွဲနေပြီ။ ကျမတို့ချင်း မကျေနပ်တဲ့ သူအကြောင်းပြောရင်တောင် ရယ်စရာလုပ်ပြီးပဲ ပြောကြတော့တယ်။

ဥပမာ- အမေ့ဆီလာလာနေကျ ကျမတို့အမျိုး အစ်မကြီးတယောက်ရှိတယ်။ သူ့နာမည် မလှ ဆိုပါစို့။ အဲဒီမလှကို အဖေကကြည့်မရဘူး။ အိမ်ကိုလာရင် အိမ်ထဲဝင်ဝင်ချင်း အရင်ဆုံး ကျမကိုတွေ့တယ်ဆိုပါတော့ သူကမေးမယ် “ဟဲ့မတူး နင့်အမေဘယ်သွားလဲ”… အဲဒီလိုမေးပြီး ကျမကဖြေမလို့လုပ်တုန်း “သြော် မရှိဘူးလား၊ ဘာလဲ ဈေးသွားတာလား” ဆိုပြီး သူ့ဘာသာပြန်ပြောတယ်။ အဲဒီမှာ ကျမက မဟုတ်ဘူး အဘွားတို့အိမ်သွားတာလို့ ပြောမလို့ ပါးစပ်ပြင်တုန်း သူက “ဟဲ့ နင့်အမေက နောက်ဖေးမှာလည်း မရှိပါလား..သြော်…မသွယ်တို့အိမ် သွားတာလား”… အဲဒီလို သူထင်တာတွေ သူ့ဟာသူမေး သူ့ဟာသူဖြေတတ်တယ်။

အဲဒါမျိုး ကျမတို့နဲ့မှမဟုတ်ဘူး။ အဖေနဲ့လည်း ကြုံဖူးတယ်။ အဖေ့ကို သူက ဦးဦးလို့ခေါ်တယ်။ တခါ သူ လာတုန်းက “ဦးဦး ထမင်းစားပြီးပြီလား၊ ဘာဟင်းနဲ့လဲ” လို့သူ့ဘာသာမေးပြီး “ဝက်သားလား၊ သြော်မဟုတ်ဘူး၊ ငါးလား… သြော်သိပြီ ကြက်သား”….အဲဒီလိုသူ့ဘာသာမေး သူ့ဘာသာဖြေတော့တာပဲ။ အဲဒီ မလှအကြောင်းကို အဖေကဘယ်အချိန်မှာ ပြန်ပြောလည်းဆိုရင် အမေတခါတလေ အဲဒီလိုကိုယ့်ဘာသာမေး ကိုယ်ထင်ရာ ဖြေတဲ့အခါမျိုးတွေမှာ “ဟာ မလှလုပ်ချင်ပြန်ပြီ” ဆိုပြီးနောက်တတ်တယ်။ အဲဒီ မလှရဲ့အမူအရာတွေကို ညဘက်တွေမှာ အားရင်ပြန်ပြန်လုပ်ပြပြီး ရယ်ကြတယ်။

ကျမအမေကလည်း အဖေ့အတွက် ကာတွန်းတပုဒ်ပါပဲ။ တပုဒ်တောင်မကဘူး။ အပုဒ်ပေါင်းများစွာလို့ ပြောရင် ရတယ်။ အဖေလုပ်ပေးခဲ့တဲ့ အဲဒီအကျင့်က ကျမတို့မောင်နှမတွေ အထိပါစွဲနေရောပဲ။ ကျမတို့က သန်လျင် မှာနေတော့ (အဲဒီတုန်းက သင်္ဘောခေတ်ပေါ့)။ တရက်… အမေနဲ့အပေါင်းအပါများ သင်္ဘောနဲ့ ရန်ကုန်ကို သွားကြတယ်။ မနက် ၅ နာရီခွဲခေါက်။ အစောကြီးဆိုတော့ သင်္ဘောပေါ်မှာ လူကလည်း ရှင်းနေတာပေါ့။ အမေနဲ့ သူ့အရွယ်အမျိုးသမီးကြီး ငါးယောက်လောက်ရှိမယ်ထင်တယ်။

အဲဒီမှာအမေတို့ အမျိုးသမီးတစု လက်ပံပင်ဆက်ရက်ကျ ပြောကြဆိုကြ။ အတင်းလုပြီးလည်းပြော။ အတင်း ဝင်ဖြတ်ပြီးလည်းပြော။ ပြောလို့ရတာအကုန်ပြောလိုက်ကြတာ သင်္ဘောက ပုဇွန်တောင်ဆိပ်ကမ်းကို ကပ်တာလည်း မသိဘူး။ သင်္ဘောက ရန်ကုန်ကိုပြန်ခွာပြီး သန်လျင်ဘက်ကို ပြန်ဦးလှည့်နေတော့မှ တယောက် က မြင်လိုက်ပါလိမ့်မယ်….“ဟဲ့ သင်္ဘောကြီး ပြန်ခွာနေပြီ။ သွားသွား ပြန်ကပ်ခိုင်း” လို့ ထအော်ကြတယ်။

သင်္ဘောဆိုတာမျိုးက ခွာပြီးရင် ဘယ်ပြန်ကပ်ပေးပါ့မလဲ။ သူ့အချိန်နဲ့သူ ဝင်ထွက်ရတာကိုး။ အဲဒါနဲ့ သူတို့တစု သန်လျင်ဘက်ကို ပြန်ပါသွားကြလေသတည်းပေါ့။ သန်လျင်ဘက်ရောက်မှ သင်္ဘောကို နှစ်ခေါက်ပြန်စီးရတဲ့ အဖြစ်ရောက်ပါသတဲ့။ အဲဒီအကြောင်းကို အမေကအဖေ့ကို (ကာတွန်းဆရာဆိုတာ မေ့လို့ထင်ရဲ့) ပြန်ပြောတော့ ကျမတို့မောင်နှမတစုနဲ့ အဖေနဲ့ ရယ်ကြပြန်တာပေါ့။

အဖေက ရယ်ရုံတင်အားမရဘူး ကာတွန်းအဖြစ်အသက်သွင်းပါလေရော။ အမေ့မှာအကျင့်တခုရှိတယ်။ (ဒါကတော့ အိမ်ရှင်မတိုင်းမှာ ရှိမယ့်အကျင့်မျိုးဖြစ်မှာပါ)။ အဖေ့ကာတွန်း စာစောင်တခုခုမှာပါလာရင် ဘာကာတွန်းလဲဆိုတာ အရင်မဖတ်ဘူး။ “စာမူခဘယ်လောက်ရလဲဟင်” ဆိုပြီးအရင်မေးတတ်တယ်။ အဲဒီအမေတို့ကာတွန်း (တေဇမှာထင်ရဲ့) ပါလာတော့ အဖေက စာအုပ်ကလေးစားပွဲပေါ်တင်ပြီး “ကာတွန်းပါလာတယ်ဟေ့” လို့ပြော….အမေက ထုံးစံအတိုင်း သူစိတ်ဝင်စားတာပဲ သူမေးပြီး ကာတွန်းကို တော်တော်နဲ့ မဖတ်ဘူး။ အဲဒီကာတွန်းကို ဖတ်မိတဲ့တခြားသူတွေက အမေ့ကိုပြန်ပြောပြတော့မှ အမေသိရပြီး စိတ်ဆိုးတော့တာပေါ့။ သူ့ကိုကာတွန်းရေးရမလားဆိုပြီး…။ ကျမတို့မောင်နှမတွေနဲ့အဖေ ရယ်ကြပေါ့။

အဲဒီအကျင့်ကို ကျမတို့မောင်နှမတွေမှာ ပါလာတာရဲ့အစက ကျမမောင်လေး ရှစ်တန်းလောက်က ကာတွန်း တကွက်ဆွဲရာက စတာပါပဲ။ (သူက အဖေ့ရဲ့အမွေကို အပြည့်အဝရခဲ့သူလေ)။ အဲဒီကာတွန်းက ၂ကွက် ကာတွန်းလေး။ တကွက်က ကလေးနှစ်ယောက် အိမ်ရှေ့မှာရပ်နေတုန်း အိမ်နောက်က “ခလွမ်း” ဆိုတဲ့ ကျကွဲသံကြားရတော့ ကောင်လေးနှစ်ယောက်ထဲက တယောက်က “အဲဒါငါ့အစ်မလုပ်လို့ ကွဲတာကွ” လို့ ပြောနေဟန်။ နောက်တကွက်က “ခလွမ်း” ဆိုတဲ့အသံကြားပြီးနောက်ဆက်တွဲ ဘာသံမှမကြားရတော့ ခုနပြောတဲ့ ကောင်လေးကပဲ.. “အဲဒါ ငါ့အစ်မကြောင့်ကွဲတာ” လို့ပြောနေတဲ့ ပုံလေးပေါ့။ ကျမအမေကို သရော်ထားတာလေ…အဲဒီကစလို့ ကျမတို့မောင်နှမတွေ အဖေ့အကျင့်ကူးစက်ပြီး အမေ့ကို ချစ်စနိုးသရော်ကြ၊ စကြ၊ နောက်ကြတယ်။

အမေကလည်း စိတ်မဆိုးဘဲ စိတ်ဆိုးချင်ယောင်ဆောင်ပြီး “နင်တို့နော် အဖေတူတွေ” ဆိုပြီး ကျေနပ်တဲ့ အသံကြီးနဲ့ပေါ့။ အဖေက ကျောင်းဆရာလည်းဖြစ်တော့ သူ့တပည့်တွေက သိပ်ချစ်ကြတယ်။ အဖေက သူ့တပည့် တွေကိုလည်း အမြဲရယ်မောစေတာကိုး။ သူ့တပည့်တချို့ကဆို သူ့ကိုကွယ်ရာမှာ နာမည်ပြောင် ပေးထားကြတယ်။ “ပြောင်တည်တဲ့” ခပ်တည်တည်နဲ့ ရယ်စရာပြောတတ်လို့။

အဖေ့ရဲ့ အသုဘချတော့ ကျမတို့မောင်နှမတွေ ဝမ်းနည်းကြပေမယ့် မျက်ရည်မကျကြေးလို့ တိုင်ပင်ထား ကြတယ်။ အဖေကငိုတာမကြိုက်ဘူးလေ။ အဖေ့ရဲ့ပုံတူကို ဦးရွှေမင်းသားကဆွဲပေးတော့လည်း ရယ်လို့….။ သူ့ရဲ့ကာတွန်းအဖွဲ့တွေကလည်း ဝမ်းနည်းပေမယ့် မငိုကြပါဘူး။ ခုလည်း အဖေ့ကိုလွမ်းတိုင်း ကျမတို့ အဖေ့အကြောင်းတွေ ပြန်ပြောပြီး ရယ်ဖြစ်ကြတာများတယ်။ အဖေ့တပည့်တွေနဲ့ဆုံတိုင်းလည်း သူတို့က အဖေဟာသဖောက်ခဲ့တာတွေ၊ တပည့်တွေအပေါ် ကြင်နာပုံတွေပဲ ပြန်ပြောကြတယ်။ အဖေက ကျမတို့ကို ရယ်တတ်အောင်သင်ပေးခဲ့တယ်။ မရယ်တတ်သူများကိုမြင်ဖူးကြပါသလား………….။ အဲဒီလိုလူတွေကို ကျမ တော်တော် သနားမိပါတယ်။

ကျမကတော့ ရယ်တတ်တဲ့ အကျင့်စွဲလို့နေပါပြီ။ ငယ်ငယ်က အဖေ့ကျေးဇူးကြောင့် စဖတ်ဖြစ်တဲ့ စာအုပ်တွေက ကာတွန်း(ဦး) သန်းကြွယ်နဲ့ (ဦး)အောင်ရှိန်တို့ရဲ့ကာတွန်းတွေပါ။ ဆရာကြီး (ဦး)သန်းကြွယ်ကွယ်လွန်တုန်းကဆို ကျမ ကလေးပဲရှိသေးတာ။ အဲဒီတုန်းက ငိုတောင်ငိုမိသေးတယ်။ နောက်တော့ သမိန်ပေါသွပ်။ အဲဒီကတဆင့်တက်လို့ ပြာလောင်၊ ပြာဂလောင်၊ ပြာလချောင်၊ ခင်ချောစွိ၊ ဦးထူးဆန်း၊ ကာတွန်းဖတ်ရင်တောင် မရယ်ရရင် မကြိုက်ချင်ဘူး။ သမိန်ပေါသွပ်ရဲ့ ရှေးဟောင်းစတိုင်ဝတ်ပြီး ခေတ်ကိုထင်ဟပ်တဲ့ ကာတွန်းတွေကို ကြိုက်တယ်။ ကာတွန်း(ဦး) တင်အောင်နီရဲ့ တွေးပြီးမှ တစိမ့်စိမ့်ရယ်ရတဲ့ ပြာလောင်ကာတွန်းတွေကို ကြိုက်တယ်။

မဂ္ဂဇင်းကိုလှန်ရင် အရင်ဆုံး ကာတွန်းရှိတဲ့စာမျက်နှာကို လှန်တတ်တယ်။ အဲဒီကတဆင့်တက်လို့ ဝတ္ထုတွေ စဖတ်တတ်တဲ့အချိန်မှာ အဖေပေးလို့ ဖတ်မိတဲ့စာအုပ်က ဆရာမင်းလူရဲ့ “ရယ်စရာမောစရာ”။ ပြီးတော့ ဘာသာပြန်တွေ စဖတ်ဖြစ်တဲ့အချိန်မှာ ကျမအဖေမရှိတော့ဘူး။ အဲဒီမှာ ကျမအကိုလို ချစ်ခင်ရတဲ့အကိုကြီး တယောက်က ဖတ်ကြည့်စမ်း၊ ကောင်းတယ်ဆိုလို့ ဖတ်မိပြီး စွဲလန်းခဲ့ရတဲ့ စာအုပ်ကတော့ ဂျွန်စတိန်းဘတ်ရဲ့ တော်တီလာဖလက်။ အဲဒီကစပြီး ဂျွန်စတိန်းဘတ်ကိုစွဲလန်းခဲ့၊ တော်တီလာဖလက်ကိုလည်း သူငယ်ချင်းတွေကို ပေးဖတ်ပြီး စုရယ်ကြ… ပြောပြီးရယ်ကြ၊ မရယ်တတ်တဲ့သူတွေကို ကြည့်ပြီး ရယ်ကြ၊ လောကကြီးရဲ့ ကမောက်ကမဖြစ်မှုတွေကို ကြည့်ပြီး ရယ်ကြနဲ့ပေါ့။

ဒီလိုနဲ့ အိမ်ထောင်ဘက်ရွေးတာတောင် ကျမတိုင်းတဲ့ပေတံက “သူ သေသေချာချာ ရယ်တတ်ရဲ့လား” ဆိုတဲ့ ပေတံ ဖြစ်လို့နေတယ်။ ခုတော့ သားလေးတယောက် ရခဲ့ပြီ။

ကျမအဖေက ကျမတို့ကိုရယ်တတ်ဖို့ သင်ခဲ့သလို ကျမတို့ကရော ကျမတို့သားလေးကို ရယ်တတ်အောင် သင်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတယ်။ ကျမ အယ်ဒီတာလုပ်နေတဲ့ အင်တာဗျူးဂျာနယ်က ကျမကိုဇော်ဝင်းထွဋ်နဲ့ သွားဗျူးခိုင်းတုန်းက “ ကိုညီထွဋ်ရဲ့သားသမီးတွေကို ဘယ်လိုဖြစ်စေချင်သလဲ” ဆိုတဲ့မေးခွန်းမေးတော့ သူက “ကလေးတွေကို ရယ်တတ်စေချင်တယ်…နေရာတိုင်းမှာ အတည်ပေါက်ကြီးနဲ့ တွေးနေရင်လည်းမကောင်းဘူး” လို့ဖြေခဲ့တာ မှတ်မိပါတယ်။

ကျမပတ်ဝန်းကျင်မှာ ရယ်လွန်း၊ ရယ်စရာပြောလွန်းလို့ နုပျိုနေတဲ့သူ တကယ် ရှိပါတယ်။ ကျမ မူကြိုကျောင်း တုန်း ကလည်း ဒီရုပ်ပဲ။ ကျမအသက် ၂၀ အရွယ်မှာလည်း ဒီရုပ်ပဲ။ ကျမ အသက်၃၀ ရောက်တော့လည်း ဒီရုပ် ပဲ။

ကျမကတော့ ကလေး လူကြီးအားလုံး ရယ်တတ်စေချင်တယ်။ သဘာဝစစ်စစ်နဲ့ ရယ်စေချင်တယ်။ ပြီးတော့ လူတွေရယ်နိုင်ဖို့ ရယ်စရာစစ်စစ်တွေပေးနေတဲ့ ကာတွန်းဆရာတွေကိုလည်း (ကျမအဖေနဲ့ ထပ်တူ သဘော ထားလို့) အသက်ရှည်စေချင်တယ်။

၃-၇-၁၉၉၂ မှာကွယ်လွန်ခဲ့တဲ့ အဖေ ကာတွန်းအနောင်အတွက် အမှတ်တရ။
Beauty မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၀၀။


2 comments:

:P said...

ကာတွန်း အနောင် ရဲ့ ကာတွန်းတွေကို magazine ထဲမှာ နှစ်သက်စွာဖတ်ခဲ့ဖူးပါတယ်

မိုးခါး said...

လူတိုင်း ရယ်တတ်မှနော် မဟုတ်ရင် ကမ္ဘာကြီး ခြောက်သွေ့သွားနိုင်တယ် .. ညီမလည်း ကာတွန်းသိပ်ကြိုက်တား)