စာအုပ်အညွန်း ၁

ဖတ်ပြီးသားလူတွေနဲ့ ခံစားချက်ချင်း ရှယ်ချင်ပါတယ်။ မဖတ်ရသေးသူတွေအတွက် တတ်နိုင်သလောက် ကြိုးစားပြီးညွှန်းပါမယ်။ အီးဘွခ်အနေနဲ့ပဲဖြစ်ဖြစ် စာအုပ်အနေနဲ့ပဲဖြစ်ဖြစ် တွေ့တဲ့နေရာမှာ ဖတ်ကြည့် စေချင်ပါတယ်။ စိတ်သဘောတွေတော့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ်ပေါ့လေ။

တော်တီလာဖလက်

အင်းစိန်ဂျီတီအိုင်ရဲ့ မှန်ဆောင်အပေါ်ဆုံးထပ် Drawing ခန်းမှာ ပုံဆွဲပြီး ပြန်ဆင်းလာတော့ ကျမကို ကိုအောင်မြင့်ဇော်က စာအုပ်တအုပ်လှမ်းပေးတယ်။ “ဒီစာအုပ်ဖတ်ကြည့် ကောင်းတယ်” ဆိုလို့ လှမ်းယူ ကြည့်လိုက်တော့ … ပန်းချီစံတိုး မျက်နှာဖုံးလေးနဲ့။ “တို့ဘဝ တို့ကမ္ဘာ” တဲ့။ ဘာသာပြန်တဲ့သူက မောင်ထွန်းသူ။ မူရင်းစာအုပ် နာမည်က Tortilla Flat ။ ရေးသူ John Steinbeck။

အမှာစာ ဖတ်ကြည့်လိုက်ကတည်းက တခြား ဂျွန်စတိန်းဘတ်ရဲ့ ဝတ္ထုတွေနဲ့ မတူပါလား ဆိုတာ သွားတွေ့ပြီး ဝတ္ထုလေးကို စဖတ်မိပါတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ ကျမကို ဆွဲခေါ်သွား လိုက်တာ လက်က မချချင်အောင်ပဲ။ အဲဒီညက ကျမရဲ့ အပြင်ဆောင် (ဂျီတီအိုင်ကျောင်းနား က အိမ်ခန်းလေး တခန်းကို ငှားနေတာ) လေးမှာ သဘောကောင်းတဲ့ အိမ်ပိုင်ရှင်ကို အားနာတာနဲ့ စာအုပ်ကလေးကို မပိတ်ချင်ပိတ်ချင် ပိတ်ပြီး မီးပိတ် အိပ်လိုက်ရပေမယ့် စာအုပ်က ကျမကို ကောင်းကောင်းဆွဲဆောင်နေတော့တယ်။

မနက်ကျတော့ ကျောင်းသာသွားနေရ စိတ်ထဲမှာအဲဒီစာအုပ်ပဲ။ တော်တော်လေး သဘောကျနေပြီ။ ဒီစာအုပ်ရဲ့ အဓိကဇာတ်ကောင် ဒင်နီရယ် သူ့သူငယ်ချင်း ပီလွန်ရယ် …. ပက်ဘလိုရယ် က ကျမကို ကောင်းကောင်း နှောင့်ယှက်နေပြီ။ စာသင်တော့လည်း စာက စိတ်ထဲမဝင်။

အရက်မူးပြီး သောင်းကျန်းလို့ ထောင်တလကျသွားတဲ့ ဒင်နီရဲ့ ထောင်ထဲမှာ အပျင်းဖြေနည်းက အပလိုင်း မက္ကင်းနစ် ပုစ္စာတွေကို သရော်လိုသရော်၊ မြန်မာစာ သံခိပ်တွေထဲ ဝင်နှောင့်လို နှောင့်၊ ပုံဆွဲတော့လည်း စကေးချမရ … လိုတဲ့ပုံကမထွက်နဲ့ …။ ကြည့်လေ ..

ဒင်နီသည် သရော်လှောင်ပြောင်သော နည်းတခုကိုတီထွင်၍ ကစားပြန်သည်။ သူသည် ကြမ်းပိုးကြီးကြီး တကောင်ကို ဖမ်းကာ နံရံတွင်ကပ်၍ ဖိသတ်လိုက်ပြီး ခဲတံတချောင်းဖြင့် ကြမ်းပိုးအသေကောင်ကိုပတ်၍ စက်ဝိုင်းတခု ဆွဲသည်။ ပြီးတော့ မြို့တော်ဝန် ကလောက် ဟု အမည်ပေးသည်။ ထို့နောက် ကြမ်းပိုးတ ကောင်ပြီးတကောင် ဖမ်းကာ မြို့တော် မြူနီစီပယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ နာမည်များကို ပေးသည်။

မကြာမီမှာပင် နံရံတခုပေါ်၌ ဖိသတ်ပြီး ကပ်ထားသော ကြမ်းပိုးအသေကောင်များဖြင့် ပြည့်လာ သည်။ ကြမ်းပိုး တကောင်ချင်းစီကို မြို့ထဲမှ အရာရှိကြီးများနှင့် သူဌေးကြီးများ၏ အမည်ပေး သည်။ သူသည် ထိုကြမ်းပိုး အသေကောင်များတွင် နားရွက်များနှင့် အမြီးများ ဆွဲပေးသည်။ နှာခေါင်းကြီးများနှင့် နှုတ်ခမ်းမွှေးကြီးများ တပ်ပေးသည်
တဲ့။

အဲဒီစကားလုံးတွေရဲ့ ဖမ်းစားမှုဒဏ်ကို ကျမဘယ်လိုမှ မခံနိုင်တဲ့အဆုံး ကျောင်းကို နေ့တဝက် ပြေးလိုက်ပါတယ်။ တကယ်ဆိုရင်တော့ ဂျီတီအိုင်လိုကျောင်းမျိုးက အချိန်မပြေးသင့်ဘူးလေ။ ပထမနှစ် စာကလည်း ကြိုးစားနေတဲ့ အချိန်ဆိုတော့ ပိုဆိုးတာပေါ့။ တချိန်ပျက်တာနဲ့ စာတွေ နားမလည်တော့တာ။

ဒါပေမယ့်လည်း မတတ်နိုင်ဘူး ကျမအရမ်းကို ဆက်သိချင်နေပြီ။ ဒါနဲ့ပဲ ကျမရဲ့ အခန်းကျဉ်း လေးထဲပြန်ရောက် .. စာအုပ်ကို အဆုံးထိ မပြီးမချင်း မထတမ်း ဖတ်လိုက်တော့တယ်။ စာအုပ် ပြီးသွားချိန်မှာ အရင်ဆုံးဖြစ်ပေါ်တဲ့ ခံစားချက်ကတော့ တခြားဝါသနာတူ တယောက်ယောက်ကို အရမ်းပေးဖတ်ချင်မိတာပါပဲ။

မွန်ထရေးဆိုတဲ့ မြို့က တော်တီလာဖလက်ဆိုတဲ့ ရပ်ကွက်ကလေးထဲက လူရမ်းကား သူငယ် ချင်းတစုရဲ့ အစွမ်းကုန် ရမ်းကား၊ ဆိုးသွမ်း၊ မိုက်မဲ၊ လူလည်ကျမှုတွေကို စာရေးသူက ကွင်းကွင်းကွက်ကွက် သရုပ် ဖော်ထားတာပါ။ မူရင်းစာအုပ်ကို မဖတ်ဖူးတဲ့အတွက် (ဖတ်လည်း ဖတ်နိုင်မယ်မထင်) မပြောနိုင်ပေမယ့် ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန် လှပနိုင်နင်းမှုကြောင့် စကားလုံးတိုင်းက ကျမရင်ကိုငြိပြီး ဝါသနာတူ စာဖတ်သူချင်းကို လက်တို့ချင်စိတ် ဖြစ်မိတာပါ။

ဘာသာပြန်စာအုပ်ဖြစ်တဲ့အတွက် အရေးအသားဘာညာ ကျမမှာပြောစရာသိပ်မရှိပါဘူး။ ကျမ ပြောချင်တာက ဒီစာအုပ်ရဲ့ ဇာတ်လမ်းပါ။ ဒီစာအုပ်ကို ဖတ်ပြီးသွားချိန်မှာ စာအုပ်ထဲက ဇာတ် ကောင်တွေက ကျမသူငယ်ချင်း တွေ ဖြစ်သွားပါတယ်။ ရင်းနှီးသွားတယ်လို့ ဆိုလိုတာပါ။ ဟိုး အနိမ့်ဆုံးဆိုတဲ့ လူတန်းစားတရပ်အကြောင်း စာရေးသူက မချန်မဝှက်ရေးသားထားရာမှာ လူတွေရဲ့ စိတ်တွေကိုလည်း ပေါ်လွင်အောင် ဖော်ပြထားလို့ ဒီစာအုပ်ထဲက ဒင်နီတို့ ပီလွန်တို့ ကောင်ကြီးဂျိုးတို့ဆိုတာ ကျမတို့ လူ့အဖွဲ့အစည်းထဲက လူတွေဖြစ်ဖြစ် သွားပါတယ်။

လူဆိုတာမျိုးက အကြောင်းပြချက်တွေ သိပ်များတယ်မဟုတ်လား။ တခုခုလုပ်တော့မယ် ဆိုရင်ပဲဖြစ်ဖြစ် တခုခုကို မလုပ်ချင်ဘူး ဆိုရင်ပဲဖြစ်ဖြစ် အကြောင်းပြချက်ကလေးကတော့ ပေးလိုက်ရမှလေ။ ဥပမာ - ကျမပေါ့။ စာမရေး ချင်ဘူး ဆိုရင် ကိုယ့်ဘာသာ ပျင်းလို့ မရေးတာ ဖြစ်ပေမယ့် ဘယ်သူကမှလည်း မမေးရပါဘဲ ကွန်ပျူတာ ကီးဘုတ်ကို တနေကုန် နှိပ်တာ မကောင်းဘူး။ ကွန်ပျူတာရှေ့မှာ ဒီလောက်အကြာကြီး မထိုင် သင့် ဘူးလို့ ကြားဖူးတယ်။ အ ပြောင်းအလဲဖြစ်အောင် ရုပ်ရှင်လေးဘာလေးကြည့်မှ။ အဲလိုအကြောင်းပြပြီး အခွေထိုင်ကြည့် တာလေ။ (မမိုးချိုလိုပေါ့)။

ထမင်းချက်ဖို့ပျင်း၊ အပြင်ထွက်ဝယ်ဖို့ပျင်းတာနဲ့ပဲ ညနေစာဆိုတာ အများကြီးစားသင့်တာ မဟုတ်ဘူး လို့အကြောင်းပြပြီး ရှိတဲ့ ဂျု့စ်လေးတခုခုပဲသောက်ပြီး နေချင်နေ (ကြုံရင် တော့ ညနေစာတွေဘာတွေ မသိဘဲ တဖြဲနှစ်ဖြဲ အုပ်ချင်အုပ်ပြီးတော့)။ အဲလို အကြောင်း ပြချက်တွေက သူများကိုတင်မဟုတ်ဘဲ ကိုယ်လုပ်ချင်တာကို လိုရာဆွဲလုပ်တဲ့သဘောကို ဒီစာအုပ်ထဲမှာ အစ အဆုံး တွေ့ရပါတယ်။

ဒင်နီ့မှာ အဖိုးအမွေပေးခဲ့တဲ့ အိမ် ၂ လုံးရှိပါတယ်။ တလုံးမှာ သူနေတယ် နောက်တလုံးကို သူ့ သူငယ်ချင်း ပီလွန်က တလ ၁၅ ဒေါ်လာနဲ့ငှားပါတယ်။ တကယ်တော့ ၁၀ ဒေါ်လာဆစ်လိုက် သေးတယ်။ ဒါပေမယ့် ဒင်နီက မလျှော့နိုင်လို့ ညည်းညည်းညူညူနဲ့ သဘောတူလိုက်တာပါ။ ဒီထက်မကတောင်းလည်း ပီလွန်က သဘောတူဖို့ အဆင်သင့်ဆိုပဲ။

ဒင်နီ့ဘက်က အိမ်လခရရန် မျှော်လင့်ချက် ထား မထားနှင့် ပီလွန့်ဘက်မှ နှစ်ဦးသဘောတူ သတ်မှတ်ထားသည့် အိမ်လခကို မှန်မှန်ပေးသွင်းရန် ရည်ရွယ်ခြင်း ရှိ၊ မရှိ ဟူသော အချက်ကို မူ ပြောရခက်သည်။ အကယ်၍ သူတို့ ၂ ယောက်သည် တယောက်ကအိမ်လခကို တောင်းပြီး တယောက်က အိမ်လခကို ပေးခဲ့သည်ရှိသော် ၂ ယောက်စ လုံး စိတ်ညစ်ကြရမည် ဖြစ်၏။

ဒါပေမယ့် ပီလွန်က ဒင်နီ့အိမ်လခကို ပေးချင်လွန်းလို့ နည်းအမျိုးမျိုးကြံပါတယ်။ သူ ငါးဗိုက်ခွဲ တဲ့ အလုပ်ကို သွား လုပ်တာ ၂ ဒေါ်လာရလာတယ်။ ဒီ ၂ ဒေါ်လာကို ဒင်နီ့ကိုသွားပေးရင် ဒင်နီ ပျော်သွားမယ်ဆိုတာ သိတယ်။ ဒါပေ မယ့် (အကြောင်းပြချက်ကလာပြီ) အဲလိုပေးလိုက်ရင် သူငယ်ချင်းချင်း မခင်မင်ရာရောက်မယ်၊ စော်ကားသလို ဖြစ်မယ်။ ၂ ဒေါ်လာအစား ဝိုင် ၂ ဂါလန် ဝယ်ပေးလိုက်ရင် သူ့သူငယ်ချင်းနဲ့ တူတူလည်းသောက်လို့ရမယ် အခင် အမင်လည်း မပျက်တော့ဘူးလို့ စဉ်းစားမိတာနဲ့ ဝိုင် ၂ ဂါလန်ပဲ သွားဝယ်လိုက် တော့တယ်။ အဲဒီဝိုင်တွေ နဲ့အတူ ဒင်နီ့ အိမ်ဘက်သွားနေတဲ့ ပီလွန့်ရဲ့စိတ်တွေက အရမ်းကို ကြည်လင်နေတယ်။ သူငယ်ချင်းအတွက် တခုခု လုပ်ပေးနိုင်ပြီဆိုတဲ့ လူတယောက်ရဲ့ ဝိဥာဉ်ဟာ အရမ်းကို စင်ကြယ်လွန်းလို့ ခါတိုင်းဟောင်နေကျ ခွေးကတောင် သူ့ကို မဟောင်ဘူး ဆိုပဲ။ ဒါပေမယ့် သူ့လက်ထဲက ဝိုင်ပုလင်းတွေရဲ့ အလေးချိန်က နင့်လာတယ်။ လက်တွေ ညောင်း လာပြီ။

သူ့ခြေထောက်တွေက ဒင်နီ့အိမ်ဘက်ကို လျှောက်နေပေမယ့် သူ့စိတ်ကတော့ အတွေး တမျိုး ပေါက်လာတယ်။ ဒီဝိုင် ၂ ဂါလန်ကို သူတယောက်ထဲ သောက်ရရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူးပေါ့။ အဲဒီမှာပဲ သူ့ခြေလှမ်းတွေကို ပြင်လိုက်တယ်။ တခြားဘက်ကို လှမ်းလိုက်တယ်။ အဲဒီမှာပဲ ရုတ်တရက်ဆိုသလို ပက်ဘလို ပေါ်လာတော့ တာ ပါပဲ။ သူတယောက်ထဲ သောက် မယ် ဆိုပြီး စိတ်ကူးထားတာဆိုပေမယ့် သူ့ဝိုင်ပုလင်းတွေကို ဖွက်ချိန်မရဘူး။ ဒါပေမယ့် ပက်ဘလို့ကို ခွဲတိုက်ဖို့တော့ စိတ်ကူးမရှိဘူး။ ဖြစ်ချင်တော့ ပက်ဘလိုက ငန်းတကောင် ခိုးလာတာတဲ့။ ဒါနဲ့ပဲ …

ပီလွန်သည် တကိုယ်ကောင်းဆန်ခြင်း တည်းဟူသော မကောင်းစိတ်မှ လွတ်မြောက် သွားသည်။ သူဝယ်လာ သည့်ဝိုင်ကို ဒင်နီထံ ယူမသွားသည်မှာ မှန်သော်လည်း သူသည် ပက်ဘလိုကို သူ့အိမ်သို့ လိုက်၍ ဝိုင်သောက်ရန် ဖိတ်သည် မဟုတ်ပါလား။

သူတို့ ၂ ယောက်ဝိုင်သောက်တာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ “ကြွက်တွင်းကို ရေလောင်းကြစို့” ဆိုပြီး စဖွင့်လိုက်တာမှာ …

ပထမပုလင်း ကုန်သည့်အခါတွင်မူ မရေမရာနိုင်လွန်းလှသော ကြေကွဲဝမ်းနည်းမှုများ ဝင်လာသည်။ ဒုတိယ ပုလင်း၏ လည်ပင်းအောက်နားအထိ လျော့သွားသောအခါ စိတ်ပျက်ခြင်း အားလျော့ခြင်း တွေဝေငေးမော ခြင်းများ ဖြစ်လာသည်။ ထို့နောက် လက်နှစ်လုံးခန့် ထပ်၍ လျော့သွားသည့်အခါ အလွန်စိတ်ပါလက်ပါ သီချင်း ဆိုမိကြသည်။ နောက်ထပ် လက်တလုံး လျော့သွားသည့်အခါမူ လူကြိုက်များသည့် သီချင်းတိုင်းကို ဟိုတစ သည်တပိုင်း ဆိုမိကြ ပြန်သည်။ အရက် ၂ ဂါလန်၏ အဆင့်ဆင့်ဖြစ်စဉ်သည် ဤနေရာ အရောက်တွင် ရပ်သွား သည်။ ထို့နောက် ဆက်လက် ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များသည် ဖရိုဖရဲနှင့် မသေချာ မရေရာ နိုင်လွန်းလှသည်။ စည်းကမ်းတကျနှင့် အဆင့်ဆင့် ဖြစ်ပေါ်လာနိုင်သည့် အနေအထား မရှီတော့။ စည်းလွတ်ဝါးလွတ်နှင့် ဘာမဆို ဖြစ်နိုင်သည့် အနေအထားသို့ ဆိုက်ရောက်သွားပြီ ဖြစ်သည်။

အဲဒီနောက်မှာတော့ ပီလွန်က သူဒင်နီ့ဆီက ငှားထားတဲ့အိမ်ကို ပက်ဘလို့ကို ၁၅ ဒေါ်လာနဲ့ ဆက်ငှားဖို့ ဆွဲ ဆောင်ပါတယ်။ သူ့အိပ်ရာကလွဲလို့ ကျန်တဲ့တအိမ်လုံးမှာ နေနိုင်တယ် ပေါ့လေ။ သူဆွဲဆောင်ပုံကတော့ တ ကယ်လို့များ ပက်ဘလိုဆီကို လူတယောက်ယောက်က စာထည့် ချင်တယ်ဆိုရင် စာကိုအလွယ်တကူ ထည့်နိုင်ဖို့ နေရပ်လိပ်စာတခု ရသွားနိုင်တယ်တဲ့။ ဒီလိုနဲ့ပဲ ပက်ဘလိုကလည်း အိမ်ကိုငှားဖို့သဘောတူတယ်။

ပီလွန်သည် အလွန်စိတ်လက် ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းချသည်။ ဒင်နီကို ပေးရမည့် အိမ် လခ ကြွေးများ သူ့ပုခုံးပေါ်၌ မည်မျှလောက်ထိ ပိလာမည်ကို သူလုံးဝသတိ မထားမိပေ။ သူ သေချာပေါက် နားလည်ထားသည့် အချက်တချက်တော့ ရှိသည်။ ယင်းမှာ အခြားမဟုတ် ပက်ဘလိုက ဘယ်တော့မှ အိမ်လခ ပေးလိမ့်မည် မဟုတ် ဟူသော အချက်ဖြစ်၏။ ထိုအချက် အတွက် သူစိုးရိမ်ပူပန်ခြင်း မဖြစ်ပေ။ အကယ်၍ ဒင်နီက အိမ်လခ တောင်းခဲ့ ပါမူ ပီလွန်အနေ ဖြင့် ပက်ဘလိုဆီက အိမ်လခ ရတဲ့အခါကျမှ ပေးမယ် ဟု ပြောနိုင်ပြီ မဟုတ်ပါလား။

ဒီလိုနဲ့ ပီလွန်ငှားနေတဲ့ ဒင်နီ့အိမ်မှာ လူတယောက်ပြီး တယောက် တိုးလာခဲ့ပါတယ်။ အားလုံး ထဲမှာ ဆရာကြီး ကတော့ ပီလွန်ပေါ့။ နောက်တယောက်က ဂျီးဆပ်မေရီယာကော်ရန်ကို။ သူလည်း ပီလွန့်အိမ်ပေါ်ဒီလိုနည်းနဲ့ ရောက်လာခဲ့တယ်။ သူတို့သူငယ်ချင်းတွေက အိမ်ပိုင်ဖြစ် တဲ့ ဒင်နီ့ကိုတော့ အလွန်ဂရုစိုက်ကြတယ်။ ဒင်နီ တယောက် အိမ်နီးချင်း ဖြစ်တဲ့ မစ္စက် မော်ရေး ဆိုတဲ့ အဖွားကြီးတယောက်နဲ့ ငြိနေပြီဆိုတာ သိတဲ့အချိန်မှာ သူတို့သူငယ်ချင်းအတွက် စိတ်ပူ ကြတယ်။ သူတို့စိတ်ပူပုံက ခပ်ဆန်းဆန်းပဲ။ မစ္စက်မော်ရေးနဲ့ ဒင်နီကြိုက် နေပြီဆိုတော့ သူက ဒီအမျိုးသမီးကြီးအတွက် ချိုချဉ်ဘူး လက်ဆောင်ပေးချင်တယ်။ အဲဒီမှာ သူငယ်ချင်းတွေ ဘက်ကို လှည့်လာပြီ။ အိမ်လခနည်းနည်းလောက်ရရင် ကောင်းမယ် ပေါ့လေ။

အဲဒီမှာ သူတို့က ဒင်နီ့ကို စိတ်နည်းနည်းခုသွားတယ်။ ဟုတ်တယ်လေ ဒီကောင်က သူငယ် ချင်းတွေကို မိန်းမ လောက်မှ အလေးမထားတဲ့ကောင်ပေါ့။ ဒီတခါတွေ့ရင် ဂျူးအိုကြီးလို့ ခေါ်မယ်ပေါ့။ နောက်တော့ သူတို့ပြောရင်း နည်းနည်း စကားကလွန်လာတယ်။ “ဒီအကောင် ငါတို့နဲ့ အပေါင်းအသင်း ဖြစ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး၊ သူငတ်နေရင် ငါတို့က ကျွေးရတယ်၊ သူ့မှာဝတ်စရာ မရှိရင်လည်း ငါတို့ကပေးရတယ်” ပီလွန်က အဲလိုပြောတော့ ပက်ဘလိုက “ငါတို့က ပေးခဲ့ကျွေးခဲ့တာ ဘယ်တုန်းကလဲ” လို့ အူကြောင်ကြောင် ပြန်မေး တယ်။ အဲဒီမှာ ပီလွန် ပြန်ပြောတဲ့စကားက တော်တော့်ကို အဓိပ္ပာယ်ရှိတယ် …

“ငါတို့လက်ထဲမှာ ရှိနေတဲ့ အခါမျိုးမှာ ပေးတာပေါ့ကွာ မင်းကလည်း။ ငါဆိုလိုတာက သူ့မှာ လည်းလိုနေတယ်။ ငါတို့မှာလည်း ရှိနေမယ်ဆိုရင် ပေးမယ်ဆိုတဲ့ သဘော ပြောတာ။ ဒီမှာ ပက်ဘလို ငါတို့က အဲဒီလို သူငယ်ချင်း မျိုးတွေပါကွာ။ အခုတော့ ဒီကောင်က ဟို မွတ်တား အိုမကြီးကို ချိုချဉ်တဘူး လက်ဆောင်ပေးချင်တာနဲ့ပဲ သူငယ် ချင်း အချင်းချင်း မျက်နှာ ပျက်အောင် လုပ်တယ်။ တို့အချင်းချင်းရဲ့ ခင်မင်မှုကို မြေကြီးပေါ်ချပြီး ခြေထောက်နဲ့ နင်းခြေ ပစ်တာပဲကွ” တဲ့။

အဲဒီမှာ အကြောင်းပြချက်ကလေးတခုကို ပက်ဘလို့ဆီက ကြားလိုက်ရတယ်။“ချိုချဉ်ဆိုတာ လည်း လူတွေနဲ့ တည့်တဲ့အစာ မဟုတ်ပါဘူးကွာ” တဲ့။ အဲဒီအချိန်မှာ ချုံပုတ်ထဲက လက်တ ဖက် ထွက်လာတယ်။ လက်ရဲ့ဘေး မှာတော့ ဂါလန်ဝက်လောက် ကျန်သေးတဲ့ ဝိုင် …..။ အဲဒီလက်ပိုင်ရှင်က ဂျီးဆပ်မေရီယာပေါ့။

သူတို့က သူငယ်ချင်းကို တကယ့်ကိုစေတနာရှိတာ။ တကယ့်ကို သူငယ်ချင်းအတွက် လုပ်ပေး ချင်ကြတာ။ လုပ်လည်း လုပ်ပေးကြတာ။ တခုတော့ရှိတာပေါ့။ လုပ်ပေးရင်းနဲ့ လက်ထဲ တခုခု ရောက်လာတဲ့အခါမှာတော့ လောဘစိတ်ကလေးတွေ ဝင်လာတတ်တယ်။ မပေးချင်တော့ဘူး။ အဲဒါလူပဲ မဟုတ်လား။ လောဘစိတ် ဝင် လာတာကို အကြောင်းပြချက် ကောင်းကောင်းနဲ့ ဖုန်းဖိ ကြတယ်။ အဲဒါလည်း လူပီသတာပဲ မဟုတ်လား။

ပီလွန်တို့နေတဲ့ အိမ်ကလေးက တရက် သူတို့အမူးလွန်နေတုန်း ထွန်းထားတဲ့ ဖရောင်းတိုင်က တဆင့် မီးလောင်သွားပါတော့တယ်။ ပြာပုံပဲကျန်တဲ့ အထိကိုလောင်သွားတာပါ။ အဲဒါကို ဒင်နီက မေးတယ်။ မီးဘယ်ကစလောင်တာလဲတဲ့ ပီလွန်က ဖြေတယ် “ငါတို့လည်း မသိဘူး တို့ကို မုန်းနေတဲ့ ရန်သူတွေ ရှိချင်ရှိမှာ။ ငါကတော့ ဒီကိစ္စမှာ ဘုရားသခင်တောင် ပါချင်ပါနေ မယ် ထင်တယ်” တဲ့။

နောက်တော့ သူတို့သူငယ်ချင်းတွေ အခင်အမင်မပျက် နေသွားနိုင်ကြတာပါပဲ။ အိမ်တလုံး မီးလောင်သွားတော့ လည်း သူတို့အားလုံး ဒင်နီ့အိမ်ပေါ်တက်နေလိုက်ကြတာပေါ့။ ဒင်နီက ခွင့်လွတ်ပြီး သူတို့ကိုလက်ခံတယ်ဆိုတော့ ပီလွန်တော်တော်ပျော်သွားတယ်။ ဟုတ်တယ်လေ သူ့အနေနဲ့ ဒင်နီ့ဖိတ်ခေါ်မှုကြောင့် နေရတာဆိုတော့ ဧည့် သည် ဖြစ်သွားပြီ အိမ်ငှား မဟုတ်တော့ဘူး။ အိမ်လခအတွက် ပူစရာမလိုတော့ဘူး။ ဒါပေမယ့် ဂျီးဆပ်မေရီယာရဲ့ အဆင်ချင် ကင်းမဲ့တဲ့ ကတိကြောင့်တော့ ပီလွန် နည်းနည်း စိတ်ညစ်သွားတယ်။ “ဟောဒီ အိမ်ထဲမှာ ဒင်နီ အ တွက် အစားအစာ အမြဲတမ်း ရှိနေအောင် လုပ်ပေးရမယ့် တာဝန်ကို ငါတို့က ယူမှာပေါ့။ ငါတို့က ငါတို့ သူ ငယ်ချင်းကို ဘယ်တော့မှ မငတ်စေရဘူး” လို့ ဂျီးဆပ်မေရီယာ က ကျုံးဝါး လိုက်လို့ပါ။

ပီလွန်နှင့် ပက်ဘလိုက အလန့်တကြား မော့ကြည့်သည်။ သို့သော်လည်း ကတိစကားက ပြောပြီးနေပြီ။ အလွန်လှပပြီး အလွန် ရက်ရောသော စကားဖြစ်ပါ၏။ ဤစကားမျိုးကို မည်သူ ကမျှ ဖျက်ဆီးနိုင်မည် မဟုတ်။ သို့သော်လည်း ထိုစကားကို ပြောအပြီးတွင် ပြောသူ ဂျီးဆပ် မေရီယာကိုယ်တိုင် သူ့စကား၏ အတိုင်းအတာ ပမာဏကို ကောင်းစွာနားလည် နေသည်။ သူတို့ အဖို့ မျှော်လင့်စရာဆို၍ တခုတည်းသာ ရှိတော့၏။ တခြားမဟုတ်။ အခု ဂျီးဆပ် မေရီယာ ပြောလိုက်သည့် စကားကို ဒင်နီ မေ့သွားရန်ပင် ဖြစ်သည်။

ပီလွန်က တယောက်ထဲ ခက်ပြီလို့ တွေးမိပေမယ့် တကယ့်တကယ်မှာတော့ “ငါတို့ကတိ ပြုတယ် ဒင်နီ” လို့ ပြောလိုက်ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ ပင်လယ်ဓားပြကို ကူညီစောင့်ရှောက်ကြပါတော့တယ်။ လူကြီး ခန္တာကိုယ်နဲ့ ကလေး စိတ် ပင်လယ်ဓားပြ။ ခွေးတွေနဲ့ အတူနေပြီး ကြက်ခြံဟောင်း တခုထဲ မှာ အိပ်တဲ့ ပင်လယ်ဓားပြ။ တော ထဲ ထင်း ခွေပြီး ရောင်းစား၊ စားသောက်ဆိုင်တွေက ထမင်းကျန် ဟင်းကျန်တွေတောင်းစား၊ ရတဲ့ပိုက်ဆံ ၂၅ ဆင့် ကို နေ့ တိုင်း စုတဲ့ ပင်လယ်ဓားပြကို စ သတိထားမိတာက ဆရာကြီးပီလွန်ပါ။ စစခြင်းမှာတော့ သူက ပင်လယ် ဓားပြ စုနေတဲ့ ၂၅ ဆင့်ပေါင်းများစွာကို စိတ်ဝင်စားပြီး ချဉ်းကပ်ခဲ့တာ။ ဒါပေမယ့် နောက်တော့ ပင်လယ်ဓားပြဟာ သေသွားတဲ့ သူ့ခွေးအတွက် ရည်စူးပြီး ရွှေဖရောင်းတိုင်စင်တစင်ကို ဘုရားကျောင်းကို လှူဖို့ ငွေစုနေတယ် ဆို တာ သိသွားတော့ အဲဒီငွေတွေကို သူတို့သူငယ်ချင်းတွေပါ ဝိုင်းပြီး စောင့်ရှောက်ပေးခဲ့ကြပါတယ်။

သူတို့နဲ့အတူ ပင်လယ်ဓားပြလာနေတော့ ပင်လယ်ဓားပြရှာလာတဲ့ စားစရာတွေကိုပါ အဆင်သင့် စားနေ နိုင် တယ်။ ပင်လယ်ဓားပြကလည်း သူ့မှာ သိပ်ခင်တဲ့၊ အားကိုးရတဲ့ သူငယ်ချင်း တွေ ရှိနေပါလား ဆိုတာတွေးပြီး စိတ်ချမ်းသာရတယ်။ အဲဒီအခန်းလေးတွေကတော့ ဒင်နီတို့ တသိုက်ရဲ့ ဗရုတ်သုတ်ခတွေကြားက ကြည်နူး စရာတွေပေါ့။

သူတို့သူငယ်ချင်းတွေဟာ ဒင်နီ့ကိုတော့ အတော်ချစ်ကြတယ်။ ဒင်နီ့ကိုဆို အရမ်းကို ကာကွယ် စောင့်ရှောက် ကြတယ်။ ဒင်နီ သန့်ရှင်းရေးလုပ်တဲ့ မိန်းမတယောက်နဲ့ ငြိနေတဲ့အချိန် သူတို့ ကယ်ထုတ်ကြတာများ တော်တော် လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတို့အောင်မြင် ကြတယ်။ ဒင်နီအနေနဲ့လည်း ကျေကျေ နပ်နပ် လက် ခံတယ်။ ဒီစာအုပ်ထဲက အရေးကြီးတဲ့ ဇာတ်ကောင်တကောင်ကတော့ တော်ရဲလီးပါ။ သူက တော်တီလာဖလက် ရပ်ကွက်ရဲ့ အရက် ဆိုင်ပိုင်ရှင်။ ဒင်နီတို့ သူငယ်ချင်းတသိုက်ဟာ တော်ရဲလီးနဲ့ ဘယ်လိုမှ ကင်းလို့မရဘူး။ ဒါပေမယ့် အဲဒီတော်ရဲလီးက ဝိုင်ကို မတန်တဆဈေးယူတယ်လို့ ယူဆတဲ့ အတွက် လုံးဝလည်း မကျေနပ်ဘူး။ အဆင်သင့်ရင် သင့်သလို သူတို့လက်စားချေလေ့ရှိတယ်။

သူတို့ထဲမှာ ကောင်ကြီးဂျိုးဆိုတာ တယောက်ရှိသေးတယ်။ အဲဒီကောင်က ဒင်နီ့အိမ်ပေါ် တက်နေပြီး ဒင်နီ့ရဲ့ စောင်ကိုခိုးရောင်း၊ ပင်လယ်ဓားပြရဲ့ ပိုက်ဆံကိုခိုးတဲ့သူ။ သူ့ကို ပီလွန် ဆုံးမပုံကလည်း တော်တော်လေး သေသပ်တယ်။ ကမ်းစပ်မှာ ကောင်ကြီးဂျိုးက အသေ ကောင် တကောင်လို အိပ်ပျော်နေတုန်း သူ့ရဲ့ သက္က လပ်ဘောင်းဘီကို ချွတ်ပြီးတော်ရဲလီး မိန်းမဆီမှာ အရက်နဲ့ သွားလဲတာ။ (အဲဒီမှာလည်း အကြောင်းပြချက် ကလေးနဲ့ပါ။ ငါတို့က ဒီလို ဂျင်းဘောင်းဘီတွေ ဝတ်နေရတဲ့အချိန်မှာ ငါတို့သူငယ်ချင်းရဲ့ စောင်ကိုခိုးတဲ့ သူခိုးက ဒီလို အကောင်းစား ဘောင်းဘီဝတ်နေရတယ် ပေါ့လေ။ မတရားဘူးပေါ့)

ဒါပေမယ့် တော်ရဲလီးမိန်းမက ဘောင်းဘီနဲ့ မတန်တဆ လဲပေးလိုက်တဲ့ ဝိုင်က နည်းနေတဲ့ အခါကျတော့ ပီလွန် ဒီလိုစဉ်းစားပြန်တယ်။ ဒီတော်ရဲလီးဆိုတဲ့လူက အမြဲ သူတို့ကိုနှိမ်တယ်။ ခုတော့ သူ့သူငယ်ချင်းက ဘောင်းဘီ မပါဘဲနေနေရပြီ။ ဒါတော်ရဲလီးရဲ့ အပြစ်ဘဲ။ ဒီတော့ သူက နောက်ဖေးတန်းမှာလှမ်းထားတဲ့ ကောင်ကြီးဂျိုးရဲ့ ဘောင်းဘီကို အသာပြန်ရုတ်လာခဲ့ တယ်။ ပီလွန့်အနေနဲ့ သူ့သူငယ်ချင်းအတွက် ကောင်းမှုတခုလုပ် ပေးလိုက် ရသလို ခံစား လိုက်ရပြီ …။ ဘောင်းဘီယူလာပေးတဲ့ ပီလွန့်ကိုကောင်ကြီးဂျိုးကလည်း ကျေးဇူးတွေ တင်လို့။

သူတို့လူသိုက်က သနားတဲ့ စိတ်လည်းရှိကြတယ်။ ကလေးအဖေ တပ်ကြပ်ကလေး တယောက်ကို ကူညီ စောင့်ရှောက်ကြတယ်။ ပြီးတော့ ဒုက္ခရောက်နေတဲ့ အမျိုးသမီး တယောက်ကိုလည်း ကူညီစောင့်ရှောက် ပေး ကြတယ်။ အဲဒီအမျိုးသမီးက ကလေးတွေ အများ ကြီးနဲ့ ဒုက္ခရောက်နေတာပါ။ ပဲ ပုံမှန်စားရမှ အသက်ရှင်မယ့် အနေအထားရှိတဲ့ ကလေးတွေ အတွက် အဲဒီနှစ်က ပဲခင်းတွေ ပျက်လို့ ဒုက္ခရောက်ရတော့မှာ။ အဲဒါကို ကြားတဲ့ ဒင်နီတို့ လူသိုက်က ဖြစ်အောင်ကူညီပေးကြပါတယ်။

ထိုညက လူရိပ်လေးခုသည် ဝန်ထုပ်ဝန်ပိုးများကို ထမ်း၍ ကုန်လှောင်ရုံအနီးမှ ကုန်းကုန်း ကုန်းကုန်းနှင့် ထွက်ခွာသွားကြသည်။ ထိုအရိပ်မည်းမည်း လေးခုဆီမှ တဟောဟော တဟဲဟဲ မြည်နေသော အသက်ရှူသံ များကို ကြားနိုင်လောက်၏။ ထိုညက မနက်သုံးနာရီ ထိုးခန့်တွင် အိမ်နောက်ဖေး တံခါးဖွင့်သံ ကြားရသဖြင့် တီရီဆီနာ အိပ်ရာမှ လန့်နိုးလာသည်။ ဘယ်သူလဲ အော်မေးသည်။ အဖြေမရ။ သို့သော်လည်း အလွန်လေးပုံ ရသောပစ္စည်းထုပ် လေးထုပ်ချသံ ကို သူကြားလိုက်ရသည်။ ပစ္စည်းထုပ်ချလိုက်တိုင်း တအိမ်လုံး သိမ့်ကနည်း လှုပ်သွားသည် ကိုလည်း သူသတိထားမိသည်။ သူသည် ဖရောင်းတိုင်တတိုင်ကို ကပြာကရာထွန်းကာ ဖိနပ် ပင်မစီးနိုင်တော့ဘဲ အိမ်နောက်ဖေး မီးဖိုချောင်ဘက်သို့ ခပ်သုတ်သုတ် ပြေးသွားသည်။ မီးဖို ချောင်ထဲတွင် နံရံကိုမီ၍ ထောင်ထားသော ပေါင်တရာဝင် ပဲအိတ်လေးအိတ် …။

….. ထိုအချိန်တွင် တီရီဆီနာသည် မလွဲနိုင်မမှားနိုင်သည့် သူ့နည်းသူ့ဟန်ဖြင့် သူ့တွင် ကလေးတယောက် ကိုယ်ဝန်ရှိဦးတော့မည့် အခြေအနေကို အတိအကျ သိနေပြီးဖြစ်၏။ သူသည် ပဲတခွက်ကိုခပ်၍ အိုးထဲထည့်ရင်း က ထိုကလေး၏ အဖေသည် ဒင်နီ၏ သူငယ်ချင်း များထဲမှ ဘယ်သူဖြစ်နိုင်မည်ကို အလုပ်မရှိ အလုပ်ရှာ၍ စဉ်းစားတွေးတောလျှက် ရှိလေသည်။

နောက်ဆုံးအခန်းကတော့ အထွတ်အထိပ်လို့ ပြောလို့ရပါတယ်။ ဖြစ်ချင်ရာဖြစ်၊ ရူးကြောင်ကြောင်နီးပါးဖြစ်ပြီး အိမ်ကထွက်ပြေး၊ အိမ်ကပစ္စည်းတွေခိုးရောင်း၊ နောက်ဆုံး အိမ်ကိုပါ ဝိုင်နဲ့ လဲသောက်ဖို့ထိ ကြံစည်တဲ့ ဒင်နီ့ကို သူတို့သူငယ်ချင်းတွေ တော်တော်လေး သီးခံခွင့်လွှတ်ကြ ရတယ်။ နောက်တော့လည်း ဒင်နီက ပုံမှန်ပြန်ဖြစ်ပြီး အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ပုံမှန်လို့ ထင်ရပေမယ့် ဒင်နီ့ခမျာ ပုံမှန်မဖြစ်နိုင်သေးပါဘူး။ ဘာကိုမှ စိတ် မဝင်စားနိုင်ဘဲ စိတ်ဓာတ်ကျ နေတဲ့ ဒင်နီ့ကို သူငယ်ချင်းတသိုက်က ဝမ်းသာပျော်ရွှင်ရအောင် ဆိုပြီး ပါတီပွဲတပွဲ ကျင်းပ ပေးဖို့ ကြိုးစားကြပါတယ်။ အဲဒီပါတီပွဲဟာ တော်တီလာဖလက်မပြောနဲ့ မွန်ထရေးမြို့တမြို့လုံး မှာတောင် အကြီးကျယ် အခန်းနားဆုံးလို့ ပြောလို့ရသတဲ့။

အဲဒီပါတီပွဲမှာ ဒင်နီတယောက် အသောင်းကျန်းလွန်ပြီး လောကကြီးကိုစွန့်ခွာသွားခဲ့ပါတယ်။ စစ်သားဟောင်း တဦးဖြစ် ခဲ့တဲ့အတွက် သူ့အသုဘကို စစ်အခန်းအနားနဲ့ ကျင်းပတာပါ။ အဲဒီအသုဘမှာတော့ သူ့ကိုသိပ် ချစ်တဲ့ သူ့သူငယ်ချင်းတွေ မပါဝင်နိုင်ခဲ့ဘူး။ သူတို့မှာ အဝတ်အစား ကောင်းကောင်း မရှိဘူးလေ။ သူတို့အတွက် သူတို့သူငယ်ချင်း ဂုဏ်ငယ်မှာကို မလိုလားကြဘူးပေါ့ (ဒါကတော့ အကြောင်းပြချက် မဟုတ်ပါဘူး)။ သူတို့အဝတ်တွေက မကောင်း ရုံတင်မဟုတ်ဘူး ပါတီပွဲညက သောင်းကျန်းထားလို့ စုတ်ပြဲနေတာ။ ဒင်နီ့အသုဘကို လိုက်မပို့မယ့် သူဆိုလို့ တယောက်မှ မရှိတဲ့အတွက် သူများအဝတ်ကို ငှားဝတ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ သူတို့ရပ်ကွက်သားတွေ အားလုံးက သူတို့နဲ့သိပ်မထူးတဲ့ လူတွေလေ ….။ ဒီလိုနဲ့ပဲ …။

ပီလွန်တို့လူစုသည် စုတ်ပြတ်ပေရေနေသော အဝတ်အစားများနှင့် ဘုရားရှိခိုးကျောင်းရှေ့ လမ်းမကြီး၏ တဘက် ပလက်ဖောင်းပေါ်မှ ရပ်ကာ ငေးမောနေကြသည်။ သူတို့ထက် ကံ ကောင်းသူများကတော့ အဝတ်အစား သစ်များ ဖြင့် ဘုရားရှိခိုးကျောင်းထဲသို့ တသုတ်ပြီး တသုတ် ဝင်ရောက်သွားနေကြသည်။ ပီလွန်တို့သည် ဘုရားရှိခိုး ကျောင်း ထဲမှ ထွက်လာသော ဓမ္မတေးဂီတသံများ၊ ဓမ္မတေးသီဆိုသံများနှင့် တရားဟောသံများကို ကြားနေ ရသည်။

…အသုဘပို့သူများ သုသာန်တွင်းသို့မဝင်မီ ပီလွန်တို့ လူစုသည် ရှေ့မှ ဦးဆောင်သွားကာ ဒင်နီ၏ အလောင်းမြေချသည့် တွင်းနှင့် မလှမ်းမကမ်းရှိ မြက်ပင်ရှည်ကြီးများ ကြား၌ ဝင်ပုန်း နေကြသည်။ အသုဘ မြေချသည့် အခမ်းအနားသည် တိုတောင်းလွန်းလှချေသည်။ ခေါင်းကို မြေတွင်းထဲသို့ ဖြည်းဖြည်းချင်း ချသည်။ ရိုင်ဖယ် သေနတ်သံများ ကြားသောအခါ ကြောက် လန့်ခြင်း မဖြစ်မိ။ သူတို့ သေနတ်များ မောင်းတင်သံကို ကြားရ၏။ ပြီးတော့ ခရာမှုတ်သံ၊ ပြီးတော့ သေနတ်ဖောက်သံများ။ ပင်လယ်ဓားပြ၏ ခွေးများသည် ဦးခေါင်းများ ကိုမော့ကာ သံရှည်ဆွဲ၍ အူကြသည်။ ပင်လယ်ဓားပြသည် သူ့ခွေးများအတွက် ဂုဏ်ယူ၍ မဆုံးနိုင်အောင် ဖြစ်မိ လေသည်။

ဒင်နီ့အသုဘကို ကျမသူငယ်ချင်းတယောက်ရဲ့ အသုဘလိုပဲ ဝမ်းနည်းစရာ ခံစားမိပါတယ်။ အဲဒီစာအုပ်ကို ကျန်တဲ့ သူငယ်ချင်းတွေကို လက်ဆင့်ကမ်းလိုက်ကြပြီးတဲ့ အခါမှာ ကျမတို့ သူငယ်ချင်းတွေ တော်တီလာဖလက် ပိုးတွေ ဝင်ကုန်တော့တာပါပဲ။ ကြိုက်လွန်းလို့ အပိုင်ဝယ်လိုက်တဲ့ စာအုပ်ကလေးကို ကျမမောင်အငယ်ကောင်က သူ့ရဲ့ ယဉ်ကျေးမှုတက္ကသိုလ်က သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပါတယ်။ အဲဒီကောင်တွေလည်း တော်တီလာ ဖလက် ပိုးတွေ ကူးစက်ကုန်ပြန်တယ်။

ကျမပထမဆုံးဝယ်တဲ့ တော်တီလာဖလက်ကို ငြိမ်းချမ်းဆု (ခု နာမည်ကျော်မော်ဒန်ပန်းချီ ငြိမ်းချမ်းဆု) က ပြန် မပေးတော့ဘူး။ ဒုတိယမြောက်ဝယ်တဲ့ စာအုပ်ကိုတော့ လှိုင်ဘွား (ခု ဖလားဝါးနယူး ဂျာနယ်နဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်တို့ရဲ့ ဒုအယ်ချုပ်) က ပြန်မပေးဘူး။ တောင်းတော့လည်း ဟိုလိုလို ဒီလိုလိုလုပ်နေလေရဲ့။ ခု ကျမလက် ထဲ ရှိနေတာကတော့ တတိယ အကြိမ်မြောက်ဝယ်ဖြစ်တဲ့ စာအုပ်ကလေးပါ။ ဒီစာအုပ်ကလေးကတော့ ကံကောင်းစွာနဲ့ပဲ ကျမလက်ထဲ မြဲနေသေးတယ်။

ဒီစာအုပ်ကို အကြိမ်များစွာ ပြန်ဖတ်မိပြီး ပြန်ဖတ်မိတိုင်းမှာ ချစ်စရာကောင်းတဲ့ ဒင်နီတို့ လူသိုက်နဲ့အတူ တော်တီလာဖလက် ရပ်ကွက်ထဲ ပြန်ရောက်သွားပြီး အပူအပင်ကင်းမဲ့၊ စိတ်ထင်တိုင်း ကျဲနိုင်တဲ့ အဆောင်နေ ကျောင်းသားဘဝလေးကို ပြန်သတိရမိပါတယ်။ ဒင်နီတို့ လူသိုက်ထဲက တယောက်မဟုတ် တယောက်နဲ့ ဆင်ဆင်တူတဲ့ သူငယ်ချင်းတွေ လွမ်းမိတယ်။ အဲဒီလို အချိန်တချိန်ရှိခဲ့ဖူးတဲ့အတွက်လည်း ကျေနပ်မိပါတယ်။

ဒါကြောင့်လည်း ကြုံတဲ့လူတိုင်း စာဖတ်တဲ့သူတိုင်းကို ဒီစာအုပ်ကို ညွှန်းတာပါ။ ဆရာ မောင်ထွန်းသူနဲ့ အင်တာ ဗျူးတခုလုပ်ဖို့ ဆုံခဲ့စဉ်က ဒီစာအုပ်ကလေး ဘာသာ ပြန်ဖြစ်ပုံကို ကျမ အလွတ်သဘောမေးမိပါသေးတယ်။ ဆရာကတော့ ဒီစာအုပ်ကလေးကို ကြိုက်လို့ ပြန်ဖြစ်တာလို့ပဲ ရိုးရိုးဖြေပါတယ်။ အထေ့အငေါ့ကလေးတွေ၊ ရွဲ့တဲ့တဲ့လေးတွေ၊ ပြုံးရတာ လေးတွေကို စာဖတ်သူကို ချပြချင်စိတ်နဲ့ ပြန်ခဲ့ပေမယ့် ဇာတ်လမ်း ဇာတ်ကွက် ဘာမှ မရှိတဲ့ ဒီစာအုပ်ကို စာဖတ်သူတွေ ကြိုက်ပါ့မလားလို့ သံသယ ဝင်ခဲ့ကြောင်း အမှာစာမှာ ရေးထား ပါတယ်။ ဒါပေမယ့် သူထင်သလို မဟုတ်ခဲ့ဘဲ စာဖတ်သူက လက်ခံလို့ ကျေနပ်အားရပါတယ် တဲ့။

ဆရာက ကျမကို သူစိုးရိမ်တာ တခုပြောသေးတယ်။ လူငယ်တွေကို ဒီစာအုပ်ကလွှမ်းမိုးပြီး ဒီထဲကအတိုင်းတွေ လျှောက်လုပ်ကုန်မှာ သူစိုးရိမ်မိတယ်တဲ့။ သူ စိုးရိမ်မယ်ဆိုလည်း စိုးရိမ် လောက်ပါတယ်။ တကယ်ပဲ လွှမ်းမိုး နိုင်ခဲ့တာကိုး။ ကျမတို့သူငယ်ချင်းတစုဆို ကာလ အတော် ကြာကြာ ဒီထဲက စကားလုံးတွေကို စကားဝှက်တွေလို လုပ်ပြီး စကားပြောခဲ့ကြတာလေ။

တခုတော့ရှိပါတယ်။ ကျမတို့သူငယ်ချင်းတွေ တော်တီလာဖလက်ကို သဘောကျပြီး နှစ်သက် လွှမ်းမိုး ခံရပေမယ့် တသက်လုံး ဒင်နီတို့၊ ပီလွန်တို့လို နေသွားလို့မရပါဘူး။ နေလည်း မနေနိုင် ကြပါဘူး။ လောကကြီးကလည်း ခွင့် ပြုမှာ မဟုတ်ပါဘူး။ သို့သော် …. အဲလိုလေး ခဏတဖြုတ် နေခဲ့ကြတယ်ဆိုတာ ပြန်တွေးတိုင်း ကြည်နူး မိတယ်။ ပျော်ရွှင်မိတယ်။ အဲဒီတုန်းက ရန်တွေ ဖြစ် ရုံးခန်းတွေရောက် ဆိုပေမယ့် ခု အမှတ်တရလေးတွေ ဖြစ်ရတယ်။

လူငယ်ဆိုတာ တခါလောက် မှားချင်မှားကြမှာဖြစ်ပေမယ့်၊ တသက်လုံးတော့ မှားမနေနိုင်ဘူး ထင်ပါတယ်။ ပြန်ပြောင်းအောက်မေ့ရုံ၊လွမ်းဆွတ်ရုံလေး ကျောင်းသားဘဝမှာ မှားခဲ့ကြတာ ပြဿနာမရှိလောက်ပါဘူး။ လူကြီးဖြစ်တဲ့ထိ မှားကောင်းတုန်း၊ အမှားကြီးကို ပျော်ပျော် ပါးပါး ဆုပ်ကိုင်ထားတုန်း ဆိုရင်တော့လည်း ….။

အင်းစိန် ဂျီတီအိုင် ကျောင်းတော်ကြီးမှ ၇ ရက်သားသမီး အဖွဲ့ကို လွမ်းဆွတ်ရင်း ရေးပါသည်။



3 comments:

kay said...

မတူးတူးသာ-
ဖတ်ခဲ့ဖူးတဲ့..ကြိုက်ခဲ့ဖူးတဲ့..ဒင်နီတို့ အကြောင်းလေးကို.. ခုလို ပြန် တင်ပြပေးတာ့.. အသစ်တခုလိုပဲ..ဖတ်လို့ကောင်းနေပြန်တာပဲ။ အဲဒီတုန်း ကဆို..မြို့ထဲက.. အမူးသမား တစုကို..ဒင်နီ တို့ လို့တောင်..နံမယ်ပေး ပြီး ခေါ် ဖြစ်ခဲ့တယ်။ ဘာမှမပါ..ဗလာကျင်းတဲ့..လူ့သဘာဝ အစစ်ကို သရုပ်ဖော် ထားတဲ့.. ရသ လေး တခုပါပဲ နော်။

ခင်မင်လျက်-

tututha said...

ခုလိုဝင်ပြီးကွန်မန့်ပေးတဲ့ ကေ့ကိုကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် ကျမဝတ္ထုလေးတွေကို ဝင်ဖတ်ပြီး ဝေဖန်ပေး စေချင်ပါတယ်။ ခင်မင်လျက် -

Andy said...

အမရေ... တော်တီလာဖလက်က ဒင်နီတို့လို နေခဲ့ပြီးမှ ဒီစာအုပ်ဖတ်ရတော့...
အမှန်ပြောရရင် တောသားဘဝကို ပြန်လွမ်းတယ်...

မြို့သားဖြစ်ရတာထက် တောသားဖြစ်ရတာ ပိုကောင်းပါတယ်...