tag 7
ခုတလောမှာ အလုပ်တွေ မတရားပိနေတာနဲ့ ကျမဘလော့လေးကို လွမ်းလွမ်းနဲ့ ပစ်ထားလိုက်ရတယ်။ ပို့စ်အသစ်တွေ မတင်နိုင်သေးတဲ့အချိန်မှာ ဖိုးဂျယ်က ကျမကို တက်ပါတယ်တဲ့။ ဖတ်ကြည့်လိုက်တော့ စိတ်ကူးယဉ်ခြင်း ဆိုပါလား။ ခင်မင်မှုနဲ့ တက် တာဆိုတော့ ရေးရမှာပေါ့နော်။ စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်ဘဲ ရဲရဲသာယဉ်လို့ ပြောပေမယ့် စိတ်ကူးထဲမှာတောင် ထဲ့ပြီး မယဉ်ရဲတဲ့ ကိစ္စမျိုးတွေ ဘယ်သူမဆို ရှိတတ်ကြမှာပါ။ အသက်ကြီးလာလေ အဲလို စိတ်ကူး မယဉ်ရဲတာမျိုးတွေ များလာလေဖြစ်မယ် ထင်တယ်။ ဒါပေမယ့် ကျမကတော့ ခုထိ စိတ်ကူးတွေ ယဉ်နေတုန်းပဲ။ ရေငတ်တုန်း ရေတွင်းထဲ ကျ ဆိုသလိုပေါ့။ ဖိုးဂျယ်ရေ ... အတတ်နိုင်ဆုံး ယဉ်ပြီး ရေးပြီဟေ့ ..။ စိတ်ကူးယဉ်ခြင်း ကျမတည်ဆောက်ချင်တဲ့ မြို့ကလေးတမြို့ပေါ့ ...။ အဲဒီမြို့ကလေးမှာ ကျမချစ်တဲ့သူတွေ အားလုံးရှိမယ် ..။ ကျမ မချစ်တဲ့သူတွေ မရှိဘူး။ ပြီးတော့ အဲဒီမြို့ ကလေးမှာ နေတဲ့သူတွေအားလုံးက တယောက်ကို တယောက် ချစ်ကြတယ်။ အမုန်းတွေ မရှိဘူး ..။ မနာလိုတာ ငြူစူတာ မရှိဘူး။ ပြီးတော့ အဲဒီမှာ နေတဲ့သူတွေအားလုံး သဘာဝကို ချစ်ရမယ်၊ အနုပညာကို ချစ်ရမယ်၊ မြို့လေးက သိပ်ခေတ်မီတိုးတက်လှတယ် မဟုတ်ပေမယ့် .. လျှပ်စစ်မီးတော့ မှန်ရမယ်။ တယ်လီဖုန်းတော့ရှိ တယ်။ အင်တာနက်တော့ ရှိချင်မှရှိမယ်။ ဘာလို့ ဆိုတော့ လိုမှမလိုဘဲ။ မြို့လေးက ကျဉ်းတော့ ကိုယ်တွေ့ချင်တဲ့ သူကို လမ်းလျှောက်ပြီး သွားတွေ့လိုက်ရုံပဲ။ ဒါမှမဟုတ် မြင်းလှည်းလေးနဲ့ဖြစ်ဖြစ် စက်ဘီးနဲ့ဖြစ်ဖြစ် သွားတွေပေါ့။ လမ်းတွေကတော့ ကောင်းမှာပါ။ အင်တာနက်ပေါ်မှာ ခု စိတ်ကူးယဉ် တည်ဆောက် ဖန်တီးထားတဲ့ ကမ္ဘာကို အပြင်မှာ ဖန်တီးလို့ရနေတာဆိုတော့ အင်တာနက်မရှိလည်း ရတာပေါ့။ မြို့လေးရဲ့ရာသီဥတုက နည်းနည်းအေးမယ်။ ကလောလိုပုံစံမျိုးပေါ့ ..။ အဲဒီတော့ အိမ်တွေကိုလည်း အေးတဲ့ ရာသီဥတုနဲ့ လိုက်ဖက်အောင် တိုက်ပုလေးတွေ ဆောက်မယ်။ လိုအပ်ရင် မီးလင်းဖိုလေးတွေပါ ထည့်မယ်။ မပူဘူး ဆိုတော့ အဲယားကွန်းတော့ မလိုပါဘူး။ မြို့ကလေးမှာ ပန်းတွေက နေရာတိုင်းပွင့်နေမယ်။ မြို့လယ်မှာ စမ်းချောင်းလေး စီးနေမယ်။ ကားကတော့ ရှိချင်လည်း ရှိကြပေါ့။ တကယ်တော့ ကားတောင်မလိုဘူး။ စက်ဘီးလေးနဲ့တင် အလုပ်ဖြစ်တဲ့ မြို့လေး။ အိမ်တွေက ခြံဝင်းတွေလည်း ကျယ်ကြတယ်။ ကိုယ့်ခြံထဲမှာ ကိုယ့်ဘာသာ သီးပင်စားပင် ပန်းပင်တွေ စိုက်ကြတယ်။ တချို့က မွေးမြူရေးလုပ်ကြတယ်။ မြို့လယ်မှာ စူပါမားကတ်ကြီးတခုတော့ရှိတယ်။ အဲဒီမှာ လိုချင်တာအကုန်ရတယ်။ ဒီစူပါမားကတ်ကိုလည်း ဒီမြို့က လူတွေပိုင်တာပဲ။ ဒီစူပါမားကတ်ကို ပစ္စည်းတွေ လာချတဲ့တချိန်ပဲ ကားကြီးတွေ မြင်ရမယ်။ မြို့ကလေးက လူတွေက တယောက်မှ စက်ရုပ်မဆန်ဘူး။ မနက်ကို အေးအေး ဆေးဆေး အိပ်ရာထ။ အလုပ်ကို အေးအေး ဆေးဆေး သွား။ ဒီလောက်ပဲ။ တယောက်ကို တယောက် ချစ်ကြတော့ အမြတ်ကြီးစားတာတွေ၊ ကတုံးပေါ် ထိပ်ကွက်တာတွေ မရှိဘူး။ ပွဲစားလည်း မရှိဘူး။ တယောက်က လိုအပ်ရင် တယောက်က လုပ်ပေးလိုက်တာပဲ။ မြို့လေးကို အုပ်ချုပ်တဲ့သူကလည်း ကောင်းတာကိုး။ ဘက်မလိုက်ဘူး၊ လာဘ်မစားဘူး။ ကျောသားရင်သား မခွဲခြားဘူး။ သူက အားလုံးကိုချစ်ပြီး သူ့ကိုလည်းအားလုံးက ချစ်ကြတယ်။ သူကဘာလို့ အုပ်ချုပ်တဲ့သူ ဖြစ်နေတာလဲဆိုတော့ သူ့မှာ စိတ်ပုပ်တဲ့သူ၊ စိတ်ကောင်းမရှိတဲ့သူ၊ ယုတ်မာတဲ့သူတွေကို အလိုလိုသိတဲ့ ဥာဏ်ရှိတယ် (ဟီဟိ - အရသာရှိလိုက်တာ ဖိုးဂျယ်ရာ) အားလုံးက ရတဲ့ ပိုက်ဆံနဲ့ လောက်တယ်။ ပိုတောင်ပိုသေးတယ်။ အဲဒီတော့ အေးအေးဆေးဆေးပဲ နေနိုင်ကြ တယ်။ အနုပညာကို ချစ်ကြတော့ စာတွေရေးကြတယ်၊ စာအုပ်တွေထုတ်ကြတယ်၊ ကဗျာတွေရေးကြတယ် (စာပေ စိစစ်ရေးမရှိဘူးနော်)၊ သီချင်းတွေ ရေးကြ၊ ဆိုကြ၊ စီးရီးတွေ ထုတ်ကြတယ် (ခိုးကူးမယ့်သူတွေ မရှိဘူး)။ ပန်းချီတွေ ဆွဲကြတယ်။ ပန်းချီပြခန်းတွေ၊ ပြတိုက်တွေလည်း ဒီမြို့လေးမှာရှိတယ်။ တချို့က လက်မှုပစ္စည်းတွေ လုပ်ကြတယ်။ ဒီမြို့လေးက လူတွေက တခြားဒေသတွေ သိပ်မသွားကြဘူး။ ကိုယ့်ဘာသာကိုယ်ပဲ အေးအေး ဆေးဆေး နေကြတယ်။ ဒီမြို့လေးမှာ အရက်သမားတော့ နည်းနည်းပါးပါးရှိတာပေါ့ (စိတ်ကောင်းရှိတဲ့ အရက်သမားတွေ၊ သူများတွေကို ဒုက္ခမပေးတဲ့ အရက်သမားတွေပေါ့) ဝိုင်တွေဘာတွေလည်း အိမ်တိုင်း ကိုယ့်ဟာကို စိမ်ကြတာပဲ။ စားချင်တဲ့ မုန့်တွေလည်း ကိုယ့်ဘာသာလတ်လတ်ဆတ်ဆတ် လုပ်စားကြတာပဲ။ ဝက်အူချောင်းတို့၊ ဝက်ပေါင်ခြောက်တို့ မုန်ညင်းချဉ်တို့ အကုန်ကိုယ့်ဘာသာလုပ်စားကြတာ။ အိမ်တွေ ဆောက်တော့လည်း ဒီမြို့လေးရဲ့ အပြင်ဘက်မှာရှိတဲ့ မြေကြီးကို ကိုယ့်ဘာသာသွားတူး၊ အုတ်ဖုတ်ပြီး ကိုယ့်ဘာသာ ဆောက်ကြ တာပဲ။ တိုက်အမြင့်ကြီးတွေလည်း မရှိဘူး။ မြို့လေးက သန့်ရှင်းပြီးသပ်ရပ်တယ်။ အဲဒီမြို့လေးရဲ့ အနီးတဝိုက်မှာ လယ်တွေရှိတယ်။ အဲဒီလယ်တွေက ထွက်တဲ့စပါးတွေကို ဒီမြို့ကလေးမှာ စားတယ်။ ခေတ်မီပစ္စည်းတွေ ရှိမှ နေတတ်တဲ့သူတွေကတော့ သိပ်အဆင်မပြေဘူးပေါ့။ ရေခဲသေတ္တာတောင် မလိုဘူးလေ။ စားချင်တာကို စားခါနီးမှ လတ်လတ်ဆတ်ဆတ် ဝယ်ချက်ရုံပဲ။ တပတ်စာ သိုလှောင်ထားဖို့မှ မလိုဘဲ။ အဲဒီမြို့လေးကို လာချင်တဲ့သူတွေက ဒီတိုင်းလာလို့မရဘူး။ ဗီဇာလိုတယ်။ ဗီဇာက တခြားတော့ မဟုတ်ပါဘူး။ မြို့လေးကို အုပ်ချုပ်တဲ့သူက မေးခွန်း တခွန်း၊ ၂ ခွန်းမေးတာကို ဖြေရတာပါ။ သူမေးတဲ့မေးခွန်းကို ဖြေပြီးရင် ဒီလူက စိတ်ကောင်းရှိတဲ့သူလား စိတ်ယုတ်မာတဲ့သူလားဆိုတာ သိပြီ ..။ လျှောက်လွှာမှာတော့ သင့်အနေနဲ့ အနုပညာချစ်သူ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူဖြစ်တယ် ဆိုတာ ထည့်ဖြည့်ရမယ်နော်။ စိတ်ကောင်း ရှိတဲ့သူ ဗီဇာရမှာပေါ့။ အဲဒီမြို့မှာနေခွင့်ရတဲ့သူအားလုံး ခြံတကွက်စီ အလကားပေးတယ်။ အိမ်ဆောက်တာကလည်း ပိုက်ဆံ သိပ်မကုန်ဘူးလေ။ ဒီမြို့မှာ နေတဲ့သူတွေအားလုံး မဆင်းရဲကြဘူး။ သိပ်မချမ်းသာပေမယ့် အားလုံး အေးဆေးပဲ။ ပြီးတော့ အားလုံးက ရောင့်ရဲတယ်။ အဲဒီမြို့လေးမှ သူခိုး၊ ဓားပြလည်း မရှိ၊ ရမ်းကားဆိုးသွမ်းသူတွေလည်း မရှိတော့ ရဲတွေ၊ စစ်သားတွေရှိဖို့လည်း မလိုဘူး။ ဘယ်နိုင်ငံနဲ့မှ မဆိုင်တဲ့ မြို့လေးပေါ့ ..။ သူ့ဘာသာသူ လုံခြုံနေတဲ့ မြို့လေးပဲ။ အားလုံးက သိပ်လည်း ချမ်းသာလှတာမဟုတ်တော့ တခြားက လူတွေကလည်း သိပ်စိတ်မဝင်စားကြဘူး။ အန္တရာယ်ကင်းတာပေါ့။ ကျမဘော်ဘော် ဘလော်ဂါတွေလည်း ဒီမြို့လေးမှာ တကယ့်အိမ်တွေ လာဆောက်နေကြတယ် (ဗီဇာရတဲ့သူတွေ၊ နေခွင့်ရတဲ့သူတွေပေါ့)။ သူတို့ရဲ့ ဘလော့လေးတွေကို အလှဆင်သလိုပဲ သူတို့အိမ်ကလေးတွေကို ဆင်ကြတယ်။ တချို့အိမ်လေးတွေက အလှသက်သက်ပဲ။ တချို့ကျတော့ သီးပင်စားပင်တွေနဲ့၊ တချို့ကပန်းတွေနဲ့။ တချို့အိမ်တွေကျတော့ သွားလိုက်တာနဲ့ မုန့်တခုခုလုပ်နေတဲ့ အနံ့ရတယ် .. မွှေးလို့ .. လာသမျှလူတွေကို ကျွေးမယ် ဆိုတာချည်းပဲ ..။ ကျမလည်း ဘလော့တွေဆီ လျှောက်သွားသလို သူငယ်ချင်းတွေဆီလျှောက်လည် ... သူတို့ကလည်း ကျမအိမ်ကို လာလည်ပေါ့ ..။ ပြီးတော့ စားကြသောက်ကြ ဆိုကြတီးကြပေါ့ .. ရန်တော့မဖြစ်ကြဘူး။ တယောက်နဲ့ တယောက် စိတ်လည်း မကွက်ကြဘူး။ တယောက်ကို တယောက် တင်စီးတာတွေ၊ ချိုးတာဖဲ့တာတွေမှ မရှိတာဘဲ။ အထအန ကောက်တာမျိုးလည်း မရှိဘူးလေ ...။ ကျမအိမ်လာရင်တော့ သောက်တတ်တဲ့သူကို ကျမကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်ဖြစ်ဖြစ်၊ ဘီယာဖြစ်ဖြစ်နဲ့ ဧည့်ခံမယ်။ မသောက်တတ်တဲ့သူကိုတော့ ကျမရဲ့လက်ဖြစ် ဖရုကိတ်နဲ့ ကိုယ်တိုင်ကြိတ်ပြီး နှပ်ဖျော်ထားတဲ့ ကော်ဖီနဲ့ ဧည့်ခံမယ်။ ကလေးတွေဆိုရင်တော့ အိုက်စခရင်မ် ကျွေးမယ်။ ကျမတို့ မြို့ကလေးမှာ ဘယ်သူတွေ လာနေကြမှာပါလိမ့် .....။ ကဲ .. ဖိုးဂျယ်ရေ .. စိတ်ကူးယဉ်ရတာ ကောင်းလိုက်တာဟာ ..။ အစ်မရဲ့ မြို့လေးတည်တဲ့အခါကျ ဖိုးဂျယ်လည်း လာနေပေါ့ ..။ ကဲ ဖိုးဂျယ်တက်ထားတဲ့သူတွေက နည်းတာမဟုတ်ဘူး ဆိုတော့ အစ်မ ဆက်မတက်တော့ဘူး ..။ ကျေနပ်မယ်ထင်ပါရဲ့ ..။ |
Sunday, December 28, 2008
|
Labels:
tag
|
This entry was posted on Sunday, December 28, 2008
and is filed under
tag
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
8 comments:
တားက စိတ်ကောင်းရှိပြီးသား လာနေမယ်။
ပြီးတော့ ပိုက်ပိုက်လဲ မုန်းတဲ့သူလေ ဒီတော့
တားနဲ့ အဲ့မြို့လေးက အံဝင်ခွင်ကြဖြစ်တယ်လေ
အများကြီးရှာစရာမလိုတော့ မိသားစုနဲ့နေတဲ့ အချိန်ပိုများတာပေါ့
အရမ်းနေလို့ကောင်းမဲ့ မြို့လေးနော်
ကျေးဇူးအမရေ တားလဲ ၀င်စိတ်ကူးယဉ်သွားတယ်။
စိတ်ကူးလေးကောင်းလိုက်တာ မမ ၊ဖက်လို့ လည်းအရမ်းကောင်းတယ် စိတ်ကူးယဉ်ထားတာ။
ညီညီနဲ့ နေချင်တာချင်းတူတယ်.. အပြန်အလှန်လာလည်ကြမယ်နော်..
နောက်တစ်ခုကတော့ .. tag ထားတာ ညီညီလည်းပါတယ်.. လာပြောဖို့မေ့နေလို့.. ဟွန့်
အမရယ်...အမမြို့ တည်ရင်လဲ ညလေးကိုခေါ်ပါနော်.. :)တွေးကြည့်ရင်ကို တော်တော်နေလို့ ကောင်းမဲ့မြို့ လေးပဲ..
ကျနော်ကတော့ တိုင်းပြည်ပါတည်ထည့်လိုက်ရင် ကောင်းမလား...ဟီဟိ
သူတို့စိတ်ကူးယဉ်တာ ကုန်ပြီ... ကျနော်ရေးဖို့မကျန်တော့ဘူး
ကောင်းလိုက်တဲ့မြို့လေးပါ
လာနေပါမယ် မိသားစု လိုက် လာနေမှာပါ
ဘီယာရယ် ၀ိုင်ရယ် ကိတ်မုန့်ရယ် ကော်ဖီရယ်...
အိမ်ချင်းကပ်လျက်မှာ လာနေမှနဲ့တူတယ်...း)
တီတူးတူးရေ...အရမ်းရမ်းကိုမိုက်တယ်ဗျ
ကျနော့်ကိုလည်းမြို့လည်နားလောက်မှာအိမ်လေးတစ်
လုံးလောက်.မြန်မာထမင်းဆိုင်ဖွင့်မလို့
Post a Comment