နေရစ်တော့ မြသီလာမှာ ပြိုမှာလေလား ကိုကိုနီတာရဲနဲ့ ညီမလေး ခရမ်းပြာရယ်
ကျမကလည်း တယောက်တည်း ပြောနေမိတယ် “အားလုံးကတော့ မေ့လောက်ပြီ ..။ ကျမကတော့ မမေ့နိုင် .. ဒီနေ့ .. ဒီရက် ကို မရောက်ခင်ကတည်းက သတိရနေတာ။ ဘာလို့လည်းဆိုတော့ ကျမက သူ့ကို သိပ်ချစ်တဲ့ တူမကိုး” .. လို့။
သူဆိုတာက .. ခုန ကျမပြောတဲ့ ဦးကောင်းညွန့်ရဲ့ ချစ်လှစွာသောအစ်ကို .. ကျမအဖေရဲ့ ချစ်လှစွာသော ညီလေး .. ကျမတို့ မောင်နှမတွေရဲ့ ချစ်လှစွာသော ဦးလေး (ဦးမြင့်).. သတင်းစာဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ကျူရှင်ဆရာ “အောင်ပြည့်” .. အမည်ရင်းက ဦးခင်မောင်မြင့်။
သူသိပ်ချစ်တဲ့ သတင်းစာလောက၊ စာပေလောကနဲ့ ခွဲခွာခဲ့တာ ဒီနေ့ ၂၀၀၉ ဧပြီ ၂၆ ရက်နေ့မှာ ၃ နှစ် တင်းတင်း ပြည့်ပြီ။ သူက ကျမတို့အတွက် “ပြိုမှာလေလားမိုးရဲ့” ကို ထားခဲ့၊ “နေရစ်တော့ မြသီလာ” ကိုထားခဲ့ ပြီး ထွက်သွားပြီ။
အဲဒီနေ့က မိုးတွေ ဒလဟော ပြိုဆင်းနေခဲ့တာ .. ကျမရဲ့ မျက်ရည်တွေနဲ့ အပြိုင်ပေါ့။ ကျမက သူ့အတွက် ပန်းခြင်း လှလှလေးတခု ထိုးပေးနေခဲ့တယ်။ ကျမ ပန်းထိုးနေတဲ့နေရာက တာလပတ် ကနားဖျင်း အောက် မှာ။ သည်းသည်း မည်းမည်း ရွာနေတဲ့ မိုးတွေက ပက်တာကော .. ယိုစီးကျတာကောကြောင့် ကျမ တကိုယ်လုံး စိုရွှဲလို့၊ ကျမ မျက်နှာကလည်း မိုးရေကော မျက်ရည်ကောကြောင့် စိုရွှဲလို့ ..။
အဲဒီနေ့က ရေဝေးမှာ မိုးသည်းသည်းကြားထဲ လူတွေ စည်ကားလိုက်တဲ့ဖြစ်ချင်း .. ။ မှတ်မှတ်ရရ ကျမအဖေ (ပါပါ) ဆုံးတဲ့အချိန်က တကယ့်ကို မိုးသည်းရမယ့် ဇူလိုင်လကြီး ..။ ပါပါ့ ဈာပဏနေ့က ကြံတောသုဿာန်မှာ .. နေခြစ်ခြစ်တောက် ပူနေခဲ့တယ်။ ဦးမြင့်ကျတော့ တကယ့် နွေခေါင်ခေါင် .. ဧပြီလကြီးပေမယ့် မိုးတွေက သည်းသည်းမည်းမည်း .. သူတို့ ညီအစ်ကို တူကြတာက .. နောက်ဆုံးခရီး စည်ကားလွန်းတာပါပဲ။
နောက်ဆုံးရက်တွေမှာ သူ .. ကျမကို သိပ်မျှော်ခဲ့တယ်။ ကျမ ရောက်လာရင် သူပျော်တယ်။ သူ့သားလတ် ကျမမောင် ကံလင်းဖွေးက “မတူးနဲ့ ဖေဖေက တော်တော်လေး လေပေးဖြောင့်တယ်နော်။ အမြဲ လာစကားပြော ပေးပါ မတူးရယ်” တဲ့။ ကျမကို ပြောတယ်။ ဒါပေမယ့် ကျမက အမြဲမရောက်ဖြစ် .. ။ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေခဲ့တာ။ ရောက်တဲ့အခါမှာလည်း စကားက များများပြောလို့ မဖြစ်ပြန် ..။ သူက မောနေတာလေ။ ကျမ စကားနည်းနည်း ပြောတာနဲ့ သူက များများပြောချင်တာ .. အဲလိုဆို အဒေါ်ငယ် ဒါရိုက်တာမောင်ဝဏ္ဏကတော် ဒေါ်ချိုရည်က မျက်စောင်းထိုးပြီ။ သူ့အစ်ကို မောနေပြီဆိုတဲ့ အဓိပ္ပာယ် ပေါ်အောင် ပြပြီ။
အဲဒီအချိန်မှာ သူက သူ့ရဲ့ ဖတ်စရာဂျာနယ်ကို အိပ်ရာပေါ်ကနေ စီစဉ်ညွန်ကြားတုန်း၊ တည်းဖြတ်တုန်း၊ သူ့ တပည့်တွေ သူ့ဆီ ဝင်ထွက်ရင် စာပေလောကအကြောင်း မေးတုန်း၊ ကျမလာတိုင်း ကျမဆီက ဂျာနယ်ကို တသသ တောင်းတတ်တာ။ ကျမက ဂျာနယ်မေ့လာတဲ့နေ့ဆို ကျမကို မျက်စောင်းထိုးပြီ။ “ဦးမြင့်က သတင်းဂျာနယ်ဆို ဘယ်ဂျာနယ်ပဲဖြစ်ဖြစ် ကြိုက်တာပဲ” လို့ ပြောတတ်တာ။
သူ့ခြေရာကို နင်းဖို့ ကြိုးစားတဲ့ သူ့ရဲ့ တဦးတည်းသော တူမအဖြစ် ကျမအတွက် သူဂုဏ်ယူမဆုံးတာ ကျမ သိပါတယ်။ တကယ်တော့ ကျမက သူ့ခြေရာကိုမီဖို့ မပြောနဲ့ သူ့ခြေရာနောက်မှာ ချန်ခဲ့တဲ့ ဖုန်မှုန့်လေးတွေ ကိုတောင် မီတဲ့သူမဟုတ်ဘူးလေ။
ဖတ်စရာကို ကျမ စာမူတပုဒ်ပုဒ် သွားပို့တိုင်း သူက “ကောင်းရင်တော့ သုံးမယ်၊ မကောင်းလို့ကတော့ လုံးဝ မစဉ်းစားဘူးနော်” လို့ ကျမကို စ တတ်သလို .. အဲဒီစကားက အတည်ပြောတယ်ဆိုတာ ကျမက နားလည်ပြီးသား။ ကျမကလည်း ပစ်စလခတ်ရေးထားတဲ့ စာမူတခုခု များတော့ သူ့ကို ဘယ်တော့မှ ပေးဖို့ မကြိုးစားပါ။ ပြီးတော့ ပေးထားတဲ့စာမူ ပါမှာလား ဆိုတာလည်း မမေးရဲပြန်။
တခါတော့ ကျမ သူ့ကို ဂျီသွားကျမိတယ်။ အဲဒီတုန်းက သူ့ဆီမှာ ကျမစာမူ တပုဒ်ရှိနေတယ်။ ၂ လကြာတဲ့ထိ မပါသေးဘူး။ ကျမက “ဦးမြင့် သမီးစာမူ သုံးမှာလား” ဆိုတော့ “သုံးမှာလေ .. ဖတ်ပြီးပြီ” တဲ့။ ဒါပေမယ့် ၂ လ ထိ သူက မသုံးသေးဘဲ မေ့နေတယ်။ အဲဒီမှာ တရက်တော့ သူ့တိုက်ကို ကျမသွားပြီး “သမီးစာမူ သုံးမှာလား မသုံးဘူးလား .. မသုံးရင် သမီး ပြန်ယူတော့မှာနော် .. သုံးမယ့်သူရှိတယ်” လို့ သွားခြိမ်းခြောက်လိုက်တယ်။ အဲဒီမှာ သူက ရယ်ရင်းနဲ့ “ဘယ်လိုဖြစ်တာလဲ .. သုံးပါ့မယ်ဆိုမှ .. ခွေးမလေး .. သွား .. အဲဒီမှာ စာမူဖိုင် ..သုံးမယ့်စာမူ တွေချည်းပဲ။ အဲဒီထဲမှာ ရှာထုတ်၊ ပြီးရင် စာစီသမားကို တခါတည်း ပေးခဲ့” ဆိုပြီး လုပ်ဖူးတယ်။ ကျမလည်း ပျော်ပျော်ကြီး စာမူရှာပြီး စာစီသမားလက်ထဲ အပ်ခဲ့လိုက်တယ်။
ဦးလေးအဖြစ် .. အဲဒီတခါသာ ဂျီကျခဲ့ဖူးပါတယ်။
သူက စာလုံးပေါင်းသတ်ပုံမှာ အရမ်းကို ဂရုစိုက်တဲ့သူ။ ကျမ ပစ်စလခတ်ရေးလို့ ဆူခံထိတာလည်း ခဏခဏ။ ဒါပေမယ့် သူ့နာရေး လက်ကမ်းကြော်ငြာလေးမှာတော့ သူ့ရဲ့ နာမည်ကျော် “နေရစ်တော့ မြသီလာ” ကို “နေရစ်တော့ မြသီတာ” ဆိုပြီး မှားယွင်းပုံနှိပ်ခံခဲ့ရတယ်။ သူသာရှိရင် ဘယ်လောက်တောင် ပြောဆိုလိုက်မလဲ မသိဘူး လို့ ကျမစဉ်းစားမိတယ်။ ဒါက စီစဉ်သူ မှားသွားတာလား၊ ပုံနှိပ်စက်က မှားတာကို မပြင်နိုင် လိုက်တာ လားတော့ မသိပါ။
သူနဲ့ပတ်သက်သမျှ ကျမ ဝမ်းနည်းမဆုံးတာ ၂ ခုရှိပါတယ်။ တခုကတော့ သူ့အကြောင်းကို သူကိုယ်တိုင် ပြန်မရေးခဲ့နိုင်သလို ကျမကလည်း သူနဲ့ ထိစပ်နေတဲ့အချိန်အတွင်းမှာ အင်တာဗျူးလေးတောင် မလုပ်ခဲ့နိုင် တာပါ။ ကျမက သူ့ကို “ဦးမြင့်နဲ့ စကားတွေအများကြီးပြောချင်တယ်၊ အင်တာဗျူးသလိုမျိုးပေါ့” လို့ ပြောတဲ့ အချိန်မှာ သူ သိပ်မောနေတဲ့ အချိန် ဖြစ်နေပါပြီ။ သူနဲ့ ဟိုတစ ဒီတစ ပြောခဲ့တာလေးတွေပဲ ကျမစိတ်ထဲ မှတ်မိ သလောက် ကျန်ရစ်တော့တယ်။
နောက်တခုကတော့ သူ့ရဲ့လွယ်အိတ်ကလေးကို ကျမ မရလိုက်တာပါ။ သူ့လွယ်အိတ်အနီလေး .. သူ့ ကိုယ်နဲ့မကွာ အမြဲရှိနေတဲ့ လွယ်အိတ်ကလေး၊ အဲဒီလွယ်အိတ်ကလေးထဲမှာ သွားလေရာ သူ ပန်းချီ စကက်ခ်ျ တွေတင်ချစ်တဲ့ .. စာတင်ရေးတဲ့၊ ပရုဖ် တင်ပြင်တဲ့ ကဒ်ပြားလေးတခု၊ သူ့လက်ရေးနဲ့ စာမူတချို့၊ ပြီးတော့ မင်နီ၊ မင်ပြာ၊ မင်နက် ဆော့ဖ်ပင် ၃ ချောင်း သွားလေရာ ပါတယ်။ အဲဒီလွယ်အိတ်ကလေးက သူ့ဘဝလေ။ အဲဒီလွယ် အိတ်ကလေးကို ကျမလိုပဲ သူ့ရဲ့ တခြား တူ၊ တူမ တွေက အမွေအဖြစ်အမှတ်တရ လိုချင်တာဆိုတော့ ကျမအဒေါ်က ဘယ်သူမှ မယူနဲ့ဆိုပြီး သူနဲ့အတူ ပြာချလိုက်ပါတယ်။
ကျန်တာကတော့ သူနဲ့ပတ်သက်သမျှ စဉ်းစားလိုက်တိုင်း ရယ်မော ပျော်ရွှင်ရ၊ စိတ်ချမ်းသာရ၊ အားကျ အတုယူရတာတွေချည်းပါ။ သူက မောနေတဲ့ နောက်ဆုံးအချိန်မှာတောင် သူ့ရဲ့ တူ မောင်ဝဏ္ဏ ပြေဇင်ကို သရုပ်ဆောင်တာတွေ သင်ပေးနေသေးတာ။ အဲဒီတုန်းက ပြေဇင်က “လွမ်းအောင်ရယ်တတ်သူ” ကားကြီးမှာ ပထမဆုံး မင်းသားအဖြစ် စပါဝင်နေချိန်ပေါ့။ ပြေဇင့်ညီ ဥက္ကာ (ဓာတ်ခဲ) နဲ့ ကျမက သူ့ကို ဝိုင်းစ၊ ဝိုင်းနောက် ဒေါ်ဒေါ်ချိုက သူ့အစ်ကိုမောလို့ စိတ်ဆိုးနဲ့ .. အဲဒီတုန်းက ကျမ ဦးမြင့်ကို သေလိမ့်မယ်လို့ကို မထင်တာ။
Sunday, April 26, 2009 | Labels: အမှတ်တရ | 3 Comments
ယောင်ဝါးဝါးအရိပ်
ဝတ္ထုတို (၁၈)
ဘကြီးသေပြီ
မသေခင်ခဏ အမောဖောက်ပြီးနောက် အိပ်ပျော်သည့် ပုံစံဖြင့် သေသွားခြင်း ဖြစ်၏။
ဘကြီးအသက်က ၈၉ နှစ်။ မသေခင် တပတ်အထိ ဒေါင်ဒေါင်မြည် ပုံစံဖြင့်။ ဘယ်တော့မှ မသေတော့မည့် အတိုင်း ထင်ရသည်။ ဘကြီး၏ သူငယ်ချင်း အပေါင်းအသင်းတွေ .. ငယ်ငယ်က ဘကြီး ပိုးခဲ့သော ရွယ်တူ အဘွားကြီးတွေ သေကုန်ပြီ ..။ ဘကြီးကမသေသေး။ အေးအေးဆေးဆေး လမ်းလျှောက်ကောင်းတုန်း ..။ ထမင်းတပန်းကန် မောက်မောက် ကုန်တုန်း ..။ ကိုပီတာကို ပြဿနာရှာတုန်း။
ဘကြီးနှင့် ကိုပီတာက မတည့်အတူနေဆိုမှ တကယ့် မတည့်အတူနေ ..။ ဘကြီးက ၈၀ ကျော် လူပျိုကြီး ..။ ကိုပီတာက ၅၀ ကျော်လူပျိုကြီး။ ဘကြီးသည် ဖေဖေနှင့် မာမီတို့ ထားခဲ့သော ကိုပီတာ့အတွက် အမွေဟုလည်း ဆိုနိုင်သည်။
အရင်ကတော့ သည်အိမ်ကြီးမှာ ဖေဖေရယ် မာမီရယ် ကိုပီတာရယ် .. ဘကြီးရယ် အတူနေကြသည်။ အဲသည်တုန်းက ဘကြီး၏ အနွံအတာကို ဖေဖေနှင့် မာမီတို့ မျှခံကြသည်။ ကိုပီတာက ညီအစ်ကို လေးယောက် တွင် အငယ်ဆုံး။ သူ့အစ်ကိုတွေက အိမ်ထောင်ခွဲပြီး သပ်သပ်နေကြသည်။ ဖေဖေနှင့်မာမီတို့ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကုန်တော့ ကိုပီတာနှင့်အတူ ဘကြီး ကျန်ရစ်သည်။
တော်တော်တော့ ထူးဆန်း၏။ ဘကြီးသည် ဖေဖေ၏ ဘယ်နှဝမ်းကွဲ တော်သော အစ်ကိုလည်း မသိပါ။ အဲဒီ အဝေးကြီးဝေးသော အစ်ကိုလူပျိုကြီးကို ဖေဖေက ခေါ်ယူစောင့်ရှောက်ထားသည်။ ဖေဖေ ကွယ်လွန်ခါနီးတွင် ကိုပီတာ့ကို အချက်နှစ်ချက် မှာခဲ့သည်။ ပထမ အချက်က ဖေဖေ သင်းအုပ်ဆရာ လုပ်ခဲ့သော သူတို့ ဘုရား ကျောင်းလေးတွင် ပြုလုပ်သမျှ အစီအစဉ်တိုင်းတွင် စန္ဒယားတီးရန်နှင့် သံစုံသီချင်း လေ့ကျင့်ပေးရန်။ ဒုတိယ အချက်ကတော့ ဘကြီးကို လုံးဝမငြိုညင်ဘဲ စောင့်ရှောက်ရန် ဖြစ်၏။
ကိုပီတာ နားထောင်ပါသည်။ ကိုပီတာ ငယ်ငယ်ကတည်းက ဖေဖေ့ စကားကို မပယ်ရှားခဲ့။ ဖေဖေ့ကိုချစ်သည်။ လေးစားသည်။ ဖေဖေသည် ကွယ်လွန်သွားသည်အထိ သူ့အနားတွင် ရှိနေသလိုပင်။ ဖေဖေ့စကားကိုမပယ်ရှားဝံ့။ ပထမ အချက်က ပြဿနာမရှိ။ ဖေဖေရှိစဉ်ကတည်းက သူ ဘုရားကျောင်းမှာ စန္ဒယား တီးခဲ့တာပဲ။ ဒုတိယ အချက်ကတော့ သူ့အတွက် နည်းနည်း ပြဿနာရှိပါသည်။
သူတို့မြို့ကလေးတွင် ဘကြီးနှင့် နီးနီးစပ်စပ် အမျိုးတော်သူများရှိသည်။ ကိုပီတာတို့ထက်စာလျှင် ပိုရင်းသူများ ဖြစ်၏။ သို့သော် ဘကြီးကို ခေါ်ယူ စောင့်ရှောက်ရန် တခွန်းမှ မဟကြ။ တခါတလေမှာတော့ မုန့်ဖိုး ပဲဖိုး ကလေးများ လာပေးတာမျိုး၊ စားစရာလေးများ လာပေးတာမျိုး ရှိ၏။ ဘကြီးသည် ထိုသူများကို အကောင်း ပြောသလောက် ကိုပီတာ့ကို ဘယ်တော့မှ အကောင်း မပြော။
အကောင်းမပြောတာ လောက်ကတော့ ကိုပီတာတို့ကမမှုပါ။ အဲဒီထက် ဆိုးရွားသော အချက် များစွာ ရှိနေသေး သည်။
ကိုပီတာက ချက်တာပြုတ်တာ ဝါသနာပါပေမယ့် အိမ်မှာချက်စားချင်မှ စားသည်။ တကိုယ်တည်း လူပျိုကြီးဆိုတော့ အပြင်မှာပဲ ကြုံသလို ဝယ်စားလိုက်သည်။ ဒါပေမယ့် ဘကြီး အတွက်ကတော့ အားလုံး အဆင်ပြေအောင် လုပ်ပေးသည်။
ဘကြီးက နံနက်စာကို ဆယ့်တနာရီ တိတိမှာ စားသည်။ ဘကြီး စားခါနီးမှ အသီးအရွက်ကြော်တာ၊ ဟင်း နွှေးတာ လုပ်ပေးသည်။ ဘကြီး ပူပူနွေးနွေး စားရအောင်ပေါ့။ အဲဒီအတွက် ကိုပီတာ ဂက်စ်မီးဖို ဝယ်ထားသည်။ ဆယ်ပိဿာ ဆန့်သည့် ဂတ်စ်အိုးနှင့် ဆက်ထားသည့် ဖိုဖြစ်သည်။ ကိုပီတာ ဘယ်လောက်ပဲ အပြင် ထွက်နေ ထွက်နေ ဘကြီးစားချိန် ပြန်လာမြဲ။ သို့သော် ဘကြီးက ကိုပီတာ လက်ဖက်ရည် ထွက်သောက်ချိန် .. ဈေးသွား ချိန်များတွင် သူ့ဘာသာ ဂတ်စ်အိုးကိုဖွင့်ပြီး ရေနွေးတည်သည်။ သူလုပ်ချင်တာတွေ လျှောက်လုပ်သည်၊ ဂတ်စ် မီးဖိုကို မသုံးဘဲ ဂတ်စ်တွေ လွှတ်ထားသည်။
ကိုပီတာက ဟင်းခတ်မှုန့်တွေ၊ ပုစွန်ခြောက်တွေ၊ ဆီတွေ တလစာ ဝယ်ထားတတ်သည်။ ကိုပီတာ အပြင်က ပြန်လာလျှင် တလစာ ဝယ်ထားတာတွေက တဝက်လောက် လျော့နေတတ်သည်။ နောက်တနေ့ အပြင်ထွက် ရာက ပြန်လာတော့ ဖင်ကပ်သာ ကျန်တော့သည်။
အဲဒီတော့ ကိုပီတာဂတ်စ်အိုးကို မသုံးရဲတော့၊ မတော် သူ အပြင်ထွက်နေတုန်း မီးတွေဘာတွေ လောင်မှာ စိုးရိမ် ရသည်။ တလစာ ဝယ်ထားတာတွေ အားလုံးကိုလည်း သော့ခတ် သိမ်းဆည်းရသည်။
ကိုပီတာက သူမစားပေမယ့် ဘကြီးကို ကောင်းကောင်းချက်ကျွေးသည်။ ဘကြီးက သူ့အမျိုးများလာလည်တိုင်း ညည်းပြီး တိုင်သည်။
“ပီတာက ဘာတွေချက်ကျွေးမှန်း မသိပါဘူး၊ စားလို့လည်း မကောင်းဘူး”
အဲလိုဆိုတော့ သူ့အမျိုးများက ကိုပီတာ့ကို တမျိုးမြင်ကြသည်။ ရှိစေတော့ …။ ကိုပီတာက ဘကြီးကို နေ့တိုင်း ဘာစားချင်လဲ မေးကာ သူစားချင်တာတွေကို ချက်ကျွေးခြင်းဖြစ်သည်။ တခါတော့ ဘကြီးက အုန်းထမင်း စားမည် ဆို၏။ အသက်က ၈၀ ကျော်နေပြီ ..။ ဘေးလူတွေကတားကြသည် .. မရ။ ဘကြီးက ဒါဆိုဒါပဲ စားမည် .. ဖြစ်ရင်ခံမည် တဲ့။
အဲဒီတော့ ကိုပီတာ ဆန် တလုံးခွဲလောက်ကို အုန်းသီးတလုံးဖြင့် သေသေချာချာချက် .. အမဲသားကို နူးနေအောင် နှပ် ချဉ်ပေါင်ဟင်းချိုလေးဖြင့် ကျွေးသည်။ ကိုပီတာ့ရှေ့တွင်တော့ ဘကြီးက “ကောင်းလိုက်တာ၊ စားလို့ အရသာရှိလိုက်တာ၊ စားချင်တာ စားရလို့လားမသိဘူး .. နေလို့ထိုင်လို့ ပိုကောင်းသလိုပဲ …” ဟု ပြော၏။
ကွယ်ရာမှာတော့ “အင်း .. သိပ်တော့လည်းစားမကောင်းပါဘူး။ ဘယ်ကောင်းမလဲ သူက စေတနာမှ မပါတာ” ဟု လျှောက်ပြောသည်။ ကိုပီတာ စိတ်ဆိုးပေမယ့် သည်းခံပါသည်။ ဖေဖေမှာထားသော စကားရှိတော့ ကိုယ့်ကိုယ် ကိုယ် ပြန်သတိပေးရသည်။
တခါတလေကျတော့လည်း ကိုပီတာ ချက်ရတာ ပျင်းလာသည်။ တယောက်စာ နည်းနည်းလေးဆိုတော့ ဝယ်ရချမ်းရတာ မကောင်း။ အဲဒီတော့ နောက်ဖေးအိမ်က ဟင်းချက် ရောင်းသည့် မအေးမြင့်ထံမှ အမဲနှပ် တပွဲဝယ် အိမ်မှာ ကိုယ့်ဟာကိုယ် မော်ဒီဖိုင်း ပြန်လုပ်ပြီး ကျွေးကြည့်သည်။
“ဘကြီး စားကောင်းလား” မေးလျှင် “ကောင်းတယ် … အမဲနှပ်ကလေးက နူးပြီး သိပ်အရသာ ရှိတာပဲ” ဟု ဖြေသည်။
“ဟုတ်လား အဲဒါ ပီတာ ချက်တာမဟုတ်ဘူး … မအေးမြင့်ဆီက ဝယ်ကျွေးတာ” ဆိုလျှင်တော့ “ထင်သားပဲ .. ။ အဲဒါကြောင့် အရမ်းငံနေတာ ဖြစ်မယ်။ နောက် သူ့ဆီက မဝယ်နဲ့ သူက ညစ်ပတ်တယ်၊ မစားချင်ဘူး” ဟု ရစ် တတ်သေးသည်။ နောက်ပိုင်းတော့ ကိုပီတာ နပ်သွားပြီ။ မအေးမြင့်ဆီက ဝယ်ကျွေးပေမယ့် သူချက်တာ ဟုသာ ပြောတော့၏။
ကိုပီတာ ပစ္စည်းမှန်သမျှလည်း ဘာမှမခံ။ ကိုပီတာက ဝိုင်သောက်သည့် ဖန်ခွက်ကလေးများကို ပုံစံမျိုးစုံ စုတာ ဝါသနာပါသည်။ သူ့တပည့်တွေကလည်း သူကြိုက်တာသိတော့ လက်ဆောင် ပေးသည်။ လင်ပန်းလေး တချပ်ထဲ မှာ ဝိုင်ခွက် ၁၅ ခွက်လောက်ကို စီပြီး ထည့်ထားသည်။ တရက် သတိရလို့ ကြည့်မိတော့ ဆယ်ခွက်လောက်ပဲ ကျန်တော့သည်။ အကွဲ အစအန ဘယ်မှာမှ ရှာမတွေ့။ တအိမ်လုံးတွင် ဘကြီးနှင့် သူ နှစ်ယောက်တည်း။ မေးကြည့်တော့လည်း မသိဘူးဟုသာ ဖြေသည်။ နောက်တော့ အိမ်သာဘေးတွင် ဖန်ကွဲစများကို ကျွတ်ကျွတ်အိတ်နှင့် ထုပ်လျှက်သား တွေ့ရသည်။
ရေခဲသေတ္တာထဲတွင်လည်း ဘာမှ ထည့်မထားရဲ။ ထည့်ထားသမျှ အကုန်နှိုက်ယူသည်။ အဆိုးဆုံးကတော့ ကိုပီတာ့ ပန်းပင်ကလေးများကို ဖျက်ဆီးခြင်း ဖြစ်သည်။ ကိုပီတာက ပန်းပင်စိုက်တာ ဝါသနာပါသည်။ ကိုပီတာ့ ဆီတွင် အဖိုးတန် ရှားပါးပင်လေး တော်တော်များများ ရှိသည်။ ပထမတွင် ပွင့်နေသော နှင်းဆီပန်း လိမ္မော် ရောင် လေးများ ဖရိုဖရဲ ဖြစ်နေသည်။ နောက်တော့ သစ်ခွပွင့်တွေ မရှိတော့သည့်ပြင် .. အပင်တွေပါ အောက်ပြုတ်ကျ နေ၏။ အားလုံး ဘကြီးလက်ချက်။ သူငယ် ပြန်နေတာလား ဆိုတော့လည်း မဟုတ်။ သူသိချင်လျှင် အားလုံး သိသည်။
ဘကြီးတွင် ကြောင်တကောင်ရှိသည်။ သူက သူ့ကြောင်ကိုတော့ အလွန်ချစ်၏။ ကိုပီတာက ကြောင်ကို လုံးဝ မချစ်။ ကြောင်က အိမ်ထဲတွင် ချေးပါ၊ သေးပေါက် လုပ်သဖြင့် မုန်းသည်။ တွေ့လျှင် ရိုက်ထုတ်သည်။ ဘကြီးက ကြောင်ကို သူနှင့်အတူသိပ်သည်။ ကိုပီတာ့ ပုစွန်ခြောက်တွေ ခိုးကျွေးသည်။ ထမင်းစားနေစဉ် ကြောင်ကိုပါ အတူ ကျွေးသည်။ ကိုပီတာက ဘကြီးမမြင်အောင် ကြောင်ကိုရိုက်သည်။ ဘကြီးက ကိုပီတာမမြင်အောင် ငါးရိုးများ၊ ထမင်းများ ကြမ်းပေါ် ချကျွေးသည်။ ကြောင်စားပြီး ကျန်နေသည့် နေရာတွင် ပုရွက်ဆိတ်များ တက်နေတော့ လှည်းပစ်ရသည်။ တခါ အဲဒီကြောင် ကိုပီတာ့အိပ်ရာထဲ သေးပေါက်ချသွားသည်။ ကိုပီတာ လိုက်ရိုက်တော့ ဘကြီးအခန်းထဲ ဝင်ပြေးသည်။ တော်တော်လည်သည့်ကြောင်။ ကိုပီတာနှင့် ဘကြီးတို့၏ ပတ်လည် ဇာတ်လမ်းက တအုံနွေးနွေး အဆုံးမသတ်နိုင်။
ကိုပီတာ့မှာက တပည့်တွေများသည်။ ကိုပီတာ့ကို သူ့တပည့်များက ချစ်ကြသည်။ သည်တော့ ကိုပီတာ့အိမ်မှာ ဧည့်သည်က မပြတ်။ တပည့်တွေရဲ့ ရည်းစားတွေ ခင်ပွန်းတွေ ဇနီးတွေ၊ သားသမီးတွေ တခါတလေ ပွက်လော ရိုက်နေတတ်ကြသည်။ တခါတလေ သီချင်း ကျင့်ပေးပါဦးဆိုပြီး .. ဧည့်ခန်းထဲ သီချင်းသံ စန္ဒယားသံ ညံနေ ပြန်သည်။
ဘကြီးက တီဗီကြိုက်သည်။ အထူးသဖြင့် ခုနစ်နာရီ မြဝတီမှလာသည့် ဇာတ်ကားကို ဘယ်တော့မှ အလွတ် မခံ။ ခုနစ်နာရီမထိုးခင် ဧည့်ခန်းထဲက တီဗီရှေ့ရောက်နေပြီ။ အဲဒီအချိန် ဧည့်သည်လာပြီး ဧည့်သည် ကလည်း ဆူညံ နေမည် ဆိုလျှင်တော့ အဲဒီည ပြဿနာဖြစ်ပြီသာ မှတ်တော့။
“ပီတာ့ ဆီကို ဧည့်သည်တွေ လာလိုက်တာမှ အရွယ်ကို စုံနေတာပဲ။ ကလေး ပိစိကွေးလေးတွေကော .. မိန်းမ ယောက်ျား အရွယ်စုံကော .. လူကိုမပြတ်ဘူး။ ဘာတွေလုပ်နေမှန်းမသိပါဘူး” ဟု အတင်း လျှောက်ပြောသေး သည်။
ဘကြီးက နားနည်းနည်း လေးပေမယ့် မျက်စေ့ အတော်ကောင်းသည်။ ကျန်းမာရေးလည်း ကောင်းသည်။ နေ မကောင်းဘူးဆိုတာ တော်တော် ရှားသည်။ ကိုပီတာဆီ ဧည့်သည် တယောက်လာလျှင် အိမ်ရှေ့ကိုတော့ ထွက် မလာ။ ဒါပေမယ့် နောက်ဖေးပေါက်က ချောင်းသည်။ တခါလည်း။ ကိုပီတာ ဧည့်သည်များဖြင့် စကားပြောနေစဉ် .. ချောင်းရင်း ချောင်းရင်း အောက်ကရေကွက်ကို တက်နင်းမိပြီး ချော်လဲသည်။ နှစ်ပတ်လောက် ကုတင် ပေါ်တွင် နားလိုက်ရသည်။ ပြီးတော့ မကြာ ပြန်ကောင်းလာသည်။
တခါလည်း ဘာတွေ အစားမှားသလဲမသိ၊ ဝမ်းတွေ လျှောလို့ ဆေးရုံတင်ရသည်။ ကိုပီတာတို့က ပစ်လိုက်ရပြီဟု ထင်သော်လည်း ပြန်ကောင်းလာသည်။ ကိုပီတာနှင့် ဘကြီးတို့ ကြားက အဖြစ်အပျက်ကို ဘုရားကျောင်း တကျောင်းလုံး သိသည်။ အားလုံးက ရယ်ကြမောကြနှင့်။ တကယ့်ဒုက္ခခံစားရတာက ကိုပီတာ။ ရယ်လည်း မရယ်နိုင်။ ဖေဖေ့စကား နားထောင်ချင်သောကြောင့်သာ ပြုစုနေရသည်။ စိတ်လည်း မရှည်ချင်တော့။ ပြီးတော့ လွတ်လွတ်လပ်လပ် နေချင်သည်။ မိန်းမမယူဘဲ တကိုယ်တည်း လူပျိုကြီးလုပ်နေသည်မှာ လွတ်လွတ်လပ်လပ် သွားချင်ရာသွား .. စားချင်ရာစား လုပ်ချင်ရာ လုပ်နေချင်သောကြောင့်ဖြစ်၏။ ခုတော့ မလွတ်လပ် .. နောက်ဆံ တင်းနေရသည်။
လက်ဘက်ရည်ဆိုင်တွင် အပေါင်းအသင်းများနှင့် စကားကောင်းနေဆဲ ဘကြီး ထမင်းချိန်ဆို ပြန်ရသည်။ ခရီး ထွက်ချင်ပေမယ့် ဘကြီးစားမှု သောက်မှု လုပ်မည့်သူ မရှိသည့်အတွက် မထွက်ရ။
ကိုပီတာက သူ့ဘာသာသူ ဝိုင်လေးဖောက်လိုက် ..၊ ပန်းချီလေးဆွဲလိုက်၊ ကိတ်မုန့်လေး ဖုတ်လိုက် အပင်လေး တွေစိုက်လိုက် နေချင်ပေမယ့် အဲဒီအလုပ်များ တခုမှ လုပ်လို့မရ ..။ ဂက်စ် မီးဖိုမသုံးရဲလို့ မီးမလာသော နေ့များမှာ မီးသွေးမီးဖိုကို တပင်တပမ်း မွှေးရသည်။ လျှပ်စစ်မီး ခလုပ်များကိုလည်း လုပ်ချင်ရာ လုပ်သည်။ မိန်းဆွစ်ကို သော့ခတ်ထားရသည်။ ကိုပီတာ အပြင်ထွက်လျှင် မိန်းချပြီး သော့ခတ်ရသည်။
ပြောပြလျှင် ကုန်နိုင်မည်မထင်။ ဘကြီးနှင့် ကိုပီတာတို့ နှစ်ဦးကြားတွင် ဇာတ်လမ်းပေါင်းများစွာ ရှိသည်။ ကိုပီတာ့ကို ဘကြီး၏အမျိုးတယောက်က တခါတော့ ဝန်ခံဖူးသည်။
“ကိုပီတာမို့လို့ဗျာ၊ ကျနော်သာဆို အဲဒီဒဏ်တွေ ခံနိုင်မှာမဟုတ်ဘူး” တဲ့။ ကိုပီတာကတော့ ရယ်နေလိုက်ရုံပင်။ သူ့ဒဏ်မခံနိုင်လို့ ဒီအဘိုးကြီးကို ပစ်ထားလိုက်လျှင် ဘယ်သူကလက်ခံ ထားမှာတဲ့လဲ။ ဘကြီးရဲ့ ဒဏ်ကို ခံရတာ ကိုပီတာ့အဖို့ အသားကျ နေပါပြီ။ ဖေဖေတို့ ဆုံးတာပဲ ၁၅ နှစ် နီးပါး ရှိနေပြီလေ။
ဆိုခဲ့သည့်အတိုင်း ဘကြီးက လွန်ခဲ့သော တပတ်လောက်အထိ စားနိုင်သောက်နိုင်တုန်း၊ ကိုပီတာ စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်တုန်း။ သူ့ကိုကြည့်ရတာ ဘယ်တော့မှ မသေတော့မည့်ပုံစံ ဒေါင်ဒေါင်မြည်။ ပြီးခဲ့သည့် သုံးရက်ကမှ ဘကြီးအိပ်ရာပေါ်လဲသည်။ လဲမည့်လဲတော့လည်း ရုတ်တရက်ကြီး ဘာမှ စားလို့မဝင်တော့ ..။ ဆီးနှင့်ဝမ်းလည်း မသွားနိုင်တော့။ ကိုပီတာ အစ်ကိုလတ်လင်မယားက ကိုပီတာ့ဆီ လာနေပေးသည်။ အစ်ကို လတ်၏မိန်းမက ဆေးရုံက မေထရွန်ကြီးဆိုတော့ ပြုစုတတ်သည်။ လုပ်တတ်ကိုင်တတ်သည်။ ဆီးပိုက်ထည့် ထားရသည်။ နှာခေါင်းပိုက်နှင့် အစာထည့်ရသည်။ ဒရစ်ပိုက်လည်း ချိတ်ထားရသည်။
ညဘက် ကိုပီတာတို့ ညီအစ်ကိုနှင့် အတူ သူငယ်ချင်းစုံတွဲများ လာစောင့်ပေးကြသည်။ သိပ်ကြာကြာ မနေ လိုက်ရ။ သုံးရက်လောက်ပဲ ဝေဒနာအနည်းအကျဉ်း ခံစားရသည်။ သေခါနီး အမောအနည်းငယ်သာ ဖောက်သည်။
ဘကြီးသေတော့ သန်းခေါင်ကျော် မနက် ၂ နာရီကျော်ပြီ။ မိန်းမတွေအားလုံး အိပ်ပျော်နေသည်။ သူတို့ ညီအစ်ကို နှင့်အတူ ချစ်တီးနှင့် ယောရှုရှိသည်။ ကိုပီတာ့ အစ်ကို ကိုဘေဘီက ..
“ကဲကဲ မိန်းမတွေ မနိုးစေနဲ့ဟေ့ သူတို့နိုးရင် ပွက်လောရိုက်ကုန်လိမ့်မယ်။ ငါတို့ သူ့ကို ဘေးပေါက်ကနေ ဘုရား ကျောင်းထဲ ရွှေ့ရအောင်” ဟု ဆိုသည်။
ဘုရားကျောင်းက ကပ်လျှက် ခြံစည်းရိုးသာ ခြားသည်။
အိမ်ဘေးပေါက်က ထွက်လိုက်လျှင် ဘုရားကျောင်းထဲ ရောက်ပြီ ..။ ပထမဆုံး ဘကြီးနှင့်ချိတ်ဆက်ထားသော ပိုက်များ အားလုံးဖြုတ်ရသည်။ ကျန်ပိုက်အားလုံး အဆင်ပြေပေမယ့် ဆီးပိုက်ကဒုက္ခရောက်နေသည်။ ရော်ဘာ ချောင်းဖြစ်သောကြောင့် ဆွဲဖြုတ်၍ အလွယ်တကူ ထွက်မလာဘဲ ရှည်ရှည် ထွက်လာသည်။ စိတ်မရှည်သော ယောရှုက ..
“ရှုပ်ပါတယ်ကွာ ကပ်ကြေးနဲ့ပဲ ဖြတ်လိုက်ရအောင်” ဟု ဆိုသည်။ ချစ်တီးက “မလုပ်ပါနဲ့ကွာ ဘကြီး ကောင်းကင် နိုင်ငံရောက်ရင် ဒီပိုက်ကြီးနဲ့ ဒုက္ခရောက်နေပါဦးမယ်။ ငါ ဆွဲဖြုတ်ကြည့်ဦးမယ်” ဆိုပြီး ဆောင့်ဆွဲတော့ ပြုတ်ထွက် လာသည်။ ဒါပေမယ့် ပိုက်ချည်းမဟုတ်ဘဲ လက်ကျန် ဆီးတွေပါ လွင့်စဉ်ကုန်သည်။
ပြီးတော့ ကိုဘေဘီ စီစဉ်သည့်အတိုင်း အလောင်းကို ယောရှုနှင့် ချစ်တီးတို့က မ၊ ခေါက်ကုတင်ကို သူတို့ ညီအစ်ကိုက မ ရွှေ့ကြသည်။ အလောင်းကြီး ဘုရားကျောင်းထဲ ရောက်သည်အထိ သူတို့ ကုတင်မရောက်သေး။ ချစ်တီးက .. “ကိုဘေဘီ .. ဒီမှာလေးလှပြီ .. ဘယ်နား ချထားရမှာလဲ” ဟုလှမ်းအော်မေးသည်။ ကိုဘေဘီက .. “ချချင်တဲ့နေရာ ချထားလိုက်ကွာ” ဟု ပြန်အော်သည်။
ချစ်တီးနှင့်ယောရှုတို့က အလောင်းကို သံမန်သလင်းပေါ်ဖုတ်ခနဲ ပစ်ချလိုက်ကြသည်။ ခဏနေမှ ကိုဘေဘီတို့ ရောက်လာသည်။ သူ့ဘကြီးကိုကြည့်ရင်း “အင်း .. ဘကြီးကတော့ ထင်မှာပဲ။ ဒီကောင်တွေ မသေခင် နှိပ်စက်တာ အားမရလို့ သေပြီးတာတောင် ဆက်နှိပ်စက်တုန်းလို့”
ဘကြီးကို ကုတင်ပေါ်တင်ပြီး ကိုပီတာက ပတ်တီးတလိပ်ကိုကိုင်ပြီး ရောက်လာသည်။ ပါးစပ်ဟနေသောကြောင့် မေးသိုင်းကြိုးချည်ရန်တဲ့။ မေးသိုင်းကြိုးချည်တော့ ယောက်ျားအားဖြင့် ဆွဲလိုက်ရာ သွားမရှိသော ဘကြီး နှုတ်ခမ်း များက စေ့နေရုံမကဘဲ အောကနှုတ်ခမ်းက အပေါ်နှုတ်ခမ်းပေါ် သွားထပ်သည်။ ကြိုးကို တခါပြန်လျှော့ ရပြန်သည်။
သူတို့ ယောက်ျားတွေချည်း လုပ်ချင်ရာ လုပ်ကြပြီးမှ ဘုရားကျောင်းရှေ့က သင်းအုပ်ဆရာကို သွားနှိုးကြသည်။ အဲဒီတော့မှ မိန်းမတွေပါနိုးလာပြီး သတင်းမေးကြ၊ ငိုကြနှင့် အသုဘအိမ် အသက်ဝင်လာသည်။ သင်းအုပ်ဆရာ ဆုတောင်းပြီးတော့ မနက် ရောင်နီမြင်ရပြီ .. ကိုပီတာတို့ အိပ်ဖို့ မစဉ်းစားတော့။ ဘကြီးမှာက ဘာဆွေမျိုး အသိုင်းအဝန်းမှ ရှိတာမဟုတ်။ အလုပ်ရှုပ်ခံမနေတော့။ တခါထဲ နေ့ချင်းပြီး ချလိုက်မည်ဟု ဆုံးဖြတ်လိုက်ကြ သည်။
ပြီးတော့ သူတို့ ခရစ်ယာန်မှာက ရက်လည်စရာလည်း မလို၊ အောက်မေ့ဖွယ် စည်းဝေးကို ဘယ်နေ့လုပ်လုပ် ရသည်။ ဒီတော့ ညဘက်တွင် အောက်မေ့ဖွယ် စည်းဝေးကို ဘယ်နေ့လုပ်လုပ် ရသည်။ ဒီတော့ ညဘက်တွင် အောက်မေ့ဖွယ် စည်းဝေးလုပ်လိုက်မည်။ ဒါဆို တရက်တည်းနှင့် ကိစ္စပြတ်ပြီ။ အသုဘချတော့လည်း ရိုးရိုး ရှင်းရှင်းပင်။ ညဘက် အောက်မေ့ဖွယ်လာသူများကို ဆမူဆာနှင့် လက်ဘက်ရည် ကျွေးလိုက်သည်။ အားလုံး ကိုပီတာလုပ်စရာမလို။ ကိုပီတာကို ခင်မင်သော ဘုရားကျောင်း အမျိုးသမီးအသင်းက လုပ်သွားသည်။ နောက်ဆုံး အိုးခွက်များ ဆေးကျောပြီးသည်အထိ ..။
ပြီးပြီ ..။
လူတွေလည်း ပြန်ကုန်ပြီ။ ကိုပီတာ တယောက်တည်း ကျန်တော့၏။ ကိုဘေဘီတို့ လင်မယားလည်း ပြန်သွား ကြပြီ။ မနေ့က ဘကြီးရှိသေးသည်။ ဒီနေ့ ဘကြီးမရှိတော့။ မရှိရုံတင်မဟုတ်။ ကိုပီတာ့အိမ်တွင် အသုဘအိမ် ဆိုသည့် အရိပ်အယောင်လေးပင် မကျန်။
ကိုပီတာ တဦးတည်း အိပ်ရာဝင်လိုက်သည်။ အိပ်ရာထဲတွင်ချက်ချင်းအိပ်မပျော်နိုင်။ စဉ်းစားခန်း ဝင်နေမိသည်။ သူလိုချင်သော လွပ်လပ်သည့် ဘဝသူရပြီ။ ဘယ်သူ့အတွက်မှ ဘာမှ လုပ်ပေးစရာ မလိုတော့။ သွားချင်ရာသွား မည်။ ခရီးထွက်မည်၊ အပင်စိုက်မည်၊ ခဏနေတော့ မနေ့က အိပ်ပျက်ထားသည့်အရှိန်ကြောင့် အိပ်ပျော်သွား သည်။
မနက်မိုးလင်းတော့ ကြည်ကြည်လင်လင် ဖြင့် နိုးထလာသည်။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက် သန့်စင်ပြီး ရေနွေးတည်ဖို့ ပြင်သည်။ ပြီးမှ ရေနွေးတည်ရန် မလိုတော့တာ သတိရသည်။ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ သည်။ လက်ဖက်ရည်ဆိုင်တွင် စိတ်ကြိုက်ထိုင်ပြီး ဈေးဘက်ထွက်ခဲ့သည်။ ဈေးရောက်တော့ ဘာမှ ဝယ်စရာ မရှိပြန် ..။ ဈေးကို တပတ်ပတ်ပြီး အိမ်ပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ယောင်ချာချာနှင့် ထိုင် နေမိသည်။ ဘာလုပ်ရမှန်းမသိ။ သည်အချိန်ဆို ဘကြီးထမင်းပွဲ ပြင်ပေးနေကျ မဟုတ်လား။
အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ မြက်ပင်တွေ တောထနေသည့် သူ့ပန်းခင်းကို ဖရိုဖရဲ မြင်တွေ့လိုက်ရသည်။ “မြက်ပင်တွေကိုပဲ စရှင်းရမှာပဲ” သူတွေးလိုက်၏။ သို့သော်လည်း မြက်ပင်များကို ထမရှင်းဖြစ်။ ရှင်းချင်စိတ် မရှိဘဲ ဖြစ်နေသည်။
ဘကြီးရှိတုန်းက အချိန်လုပြီး ဆွဲထားရသော ဆွဲလက်စ ပန်းချီကားဆီ စိတ်ရောက်သွားသည်။ သို့သော် စုတ်တံ များကိုလည်း မကိုင်ချင်ပြန်။ ဘာဖြစ်နေတာလဲ။ အရင်က ဆွဲချင်လွန်းလို့ ဘကြီး မနှောင့်ယှက်မယ့် အချိန်ကို လုပြီးဆွဲရတာ။ အခု သူ့ကို နှောင့်ယှက်မည့် ဘကြီး မရှိတော့ဘူး မဟုတ်လား။ ဒါပေမယ့် သူမဆွဲချင် ..။ စန္ဒယား အဖုံးကို ဖွင့်လိုက်သည်။ သို့သော်လည်း တီးချင်စိတ်မရှိ။
ခါတိုင်းသူ စန္ဒယား အသံစမ်းလျှင် ဘကြီးလာချောင်းတတ်သည်။ ဒါကို သူတွေ့လျှင် ဆက်မတီးဘဲ အဖုံးပိတ်ကာ ထ ထွက်သွားတတ်၏။ သူငိုင်နေစဉ် ခြေထောက်ဆီက နွေးခနဲခံစားလိုက်ရသည်။ ကြည့်လိုက်တော့ ဘကြီး၏ ကြောင်ကလေး၊ ကြောင်လေးက သူ့ကို မော့ကြည့်ကာ “ညောင်” ဟု တချက်အော်သည်။ သူ ကြောင်ကလေးကို ပထမဆုံးအကြိမ် စိတ်လိုလက်ရ ပွေ့လိုက်သည်။ ထို့နောက် ဘကြီးခိုးမှာစိုးသောကြောင့် သော့ခတ်ထားသော ကြောင်အိမ်ကိုဖွင့်ကာ ပုဇွန်ခြောက် လက်တဆုပ် နှိုက်ယူ၍ ကြောင်ကလေးရှေ့မှာ ချကျွေးလိုက်၏။
ဘကြီးက “မင်း ခုတော့ ဘာတတ်နိုင်သေးလဲ” ဆိုသည့် မျက်နှာပေးဖြင့် မချိုမချဉ် ပြုံးကြည့်နေသည်။ ပုဇွန်ခြောက် စားနေသော ကြောင်ကလေးကို .. ကိုပီတာ ပိတ်ကန်လိုက်၏ …။ “ညောင် ..”…။
Sunday, April 19, 2009 | Labels: ဝတ္ထုတို | 3 Comments
တနှစ်သားလေး
ဒီနေ့ ကျမရဲ့ ဘလော့ကလေး စဖြစ်တာ တနှစ်ပြည့်ပြီ ..။ ဘလော့သက် တနှစ်ပြည့်ဆိုတော့ ထုံးစံအတိုင်း တနှစ်ပြည့် အထိမ်းအမှတ်လုပ်ရတော့မှာပေါ့။ ကျေးဇူးတင်စကားတွေလည်း ပြောဦးမှဖြစ်မယ်။ ကျမ ကတော့ ဒီဘလော့လေးကို သိပ်ကို သံယောဇဉ်တွယ်နေမိပြီ။ တနှစ်သားဘလော့လေး .. သူ့ရဲ့မွေးနေ့မှာ ကျမ ထူးထူး ခြားခြား ဘာလုပ်ရင်ကောင်းမလဲ ..။
ကျမရဲ့ မောင်ငယ် ဂျူလိုင်ဒရင်းမ် ကတော့ မကြာသေးခင်က တက်ဂ်ထားတယ် ရေးပေးလို့ ဂျီလာကျတယ်။ ကျမက ဘာမှန်းမသိသေးဘဲ ပျင်းတယ်ဟာ ရေးချင်ဘူးလို့ ပြန်ဂျစ်လိုက်တယ်။ သူက ဒါက ဘာမှသိပ် အများကြီး ရေးစရာမလိုပါဘူး .. ကြည့်ကြည့်ပါဦးတဲ့။ သူ့ဘလော့လေး သွားဝင်ကြည့်လိုက်တော့ ဟုတ်သား .. ။ ရေးခဲ့ဖူးသမျှ လေးတွေထဲက ပြန်တူးဖော်ပြဖို့ပဲတဲ့။ အဲဒါနဲ့ပဲ ကျမလည်း ကျမဘလော့လေးကို ဟိုးအစကနေ ပြန်လှန်ပြီး ငါဘာတွေ တင်ခဲ့တာပါလိမ့်ဆိုတဲ့စိတ်နဲ့ တခုချင်း ပြန်ကြည့်ဖြစ်တယ်။ ဟုတ်တော့ ဟုတ်တယ်။ နောက်ပိုင်းမှာ မိတ်ဆွေတွေ တိုးလာလို့ ကြည့်သူကော ကွန်မန့်ပေးသူပါ တိုးခဲ့ပေမယ့် .. ဟိုးရှေ့ပိုင်းက ဝတ္ထုတို လေးတွေ စာလေးတွေမှာ ဖတ်သူကော မန့်သူပါ မရှိသလောက်ပဲကိုး …။ အဲဒါလေးတွေ ပြန်ဖော်ပြဖို့ ကျမ စဉ်းစား မိပါတယ်။ ဒီတော့ ဘလော့သက်လေး တနှစ်ပြည့်တဲ့နေ့မှာ ကျမရဲ့ အရင်တုန်းက ပို့စ်ဟောင်းလေးတွေကို ကောင်းနိုးရာရာ ပြန် ဖော်ပြပါမယ်။
မဖော်ပြခင်မှာ .. အရင်ဆုံး ကျေးဇူးတင်ရမယ့်သူတွေ ရှိပါတယ်။
ဘလော့ဆိုတာ ဘာမှန်း တောင် မသိသေးခင် ဘလော့လေး လုပ်ဖြစ်ဖို့ တိုက်တွန်းခဲ့တဲ့ အစ်မ မေငြိမ်း ..၊ နည်းပညာနဲ့ ပတ်သက်လို့ ဘာမှ မသိတဲ့ ကျမကို ဝလုံးကစပြီး သင်ပေးရုံမက ဘလော့လေးပုံပေါ်အောင် ဖန်တီးပေးတဲ့ တူကြီး ထူးမြတ်၊ ကျမရဲ့ မလှမပ ဘလော့လေးကို ပြင်ပေးမယ်ဗျာ ဆိုပြီး ဘာမဆိုင်ညာမဆိုင် စိတ်ရှည်လက်ရှည် ဝင်ပြင်ပေးတဲ့ မောင်ငယ် ဖိုးတေ ..၊ ကျမဘလော့မှာ စီပုံးလေးရောက်လာအောင် ကူညီပေးတဲ့ ညီမလေး ဂျစ်၊ ကျမကို နှိပ်ကွပ်သလိုလို ကန့်လန့်တိုက်သလိုလိုနဲ့ အမြဲ အားပေးပြီး ကူညီ .. တခါတလေ ကျမ ပေါက်ပေါက်ရှာရှာ မေးသမျှ .. စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ဂဏန်းကောင်လေး ဂျူလိုင်၊ ထူးထူးခြားခြား ကျမရဲ့ လူသေးသေးလေးဖြစ်ချင်တယ် ဝတ္ထုတိုနဲ့ စိတ်ကူးယဉ်မြို့တော် ဆိုတဲ့ အက်ဆေးလေးကို သူ့ရဲ့ လန်ဒန်က မြန်မာစာ ကျောင်းသားတွေအတွက် သင်ရိုးသဘောမျိုး စာမေးပွဲမေးခွန်းလုပ်ပါရစေလို့ လာခွင့်တောင်းတဲ့ ညီမလေး သရဖီ နောက်ပြီး ကျမကို အမြဲအားပေးနေတဲ့ ဘလော့မိတ်ဆွေများ၊ ကွန်မန့်မပေးဘဲ တိတ်တိတ်လေး ဝင်ဖတ် သွားသူများ၊ ကျမရဲ့ ချစ်လှစွာသော ဇာတ်ကောင်များနဲ့ သူငယ်ချင်းများ ..၊ မပါမဖြစ်ကတော့ နာယကကြီး ဘာလုပ်လုပ် အားပေးနေတဲ့ ငပေါမောင်နှမများ အားလုံး အားလုံးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး အထူး .. ရှယ် တင်ကြောင်း .. ဦးစွာပထမ ပြောပါရစေ .. ။ ပထမ ဆိုလို့ ဒုတိယတွေဘာတွေများလာမလားလို့ မထင်နဲ့နော် ဒါပဲ ပြီးပြီ .. :P
ဘလော့စစခြင်း လူမသိ သူမသိခင်မှာ တင်ဖြစ်တဲ့ ပို့စ်ကလေးတွေကို တချို့ ကျမဘာသာ တော်တော်ကြိုက်ခဲ့ တာပါ။ တချို့က မဂ္ဂဇင်းတွေမှာ ပါပြီးသားလေးတွေလေ .. ။ တပုဒ်ဆိုရင် ကျမဘာသာ စာပြန်ရိုက်ရမှာ ပျင်းတာနဲ့ပဲ ဒီတိုင်း သူများပို့ပေးတဲ့အတိုင်း ဓာတ်ပုံဖိုင်ကြီးနဲ့တင်ထားတော့ ဘယ်သူမှတောင် သေချာ ဖတ်ဖြစ် လိုက်ပုံမရဘူး။ သိပ်မှ မမြင်ရတာ .. ဝတ္ထုနာမည်ကလည်း ယောင်ဝါးဝါး အရိပ်တဲ့ .. ဒီတော့ ယောင်ဝါးဝါး အရိပ်ကို ထင်ထင်ရှားရှား မြင်ရအောင် ကျမ ပြန်ရိုက်ပြီး ပြန်တင်ပေးဖို့ ဆုံးဖြတ်ပါတယ်။ အဲ ရိုက်နေတယ် ဆိုရင်ပိုမှန်မယ်။ ဘယ်တော့ပြီးမလဲတော့မသိ။
ကဲ ကျမရဲ့ မျက်နှာငယ်ခဲ့တဲ့ ပို့စ်လေးတွေကို ဖော်ပြဦးမှ .. ။ ကွန်မန့်တခုပဲ ရခဲ့တဲ့ ပထမဆုံးသော ဝတ္ထုတို ၁။ ရယ်တတ်အောင်သင် .. ကျမရဲ့ ဘလော့ခေါင်းစဉ်လည်း ဖြစ်တယ်၊ ကျမအဖေအကြောင်းလည်း ဟုတ်တယ်။ နောက်တခုကတော့ ကွန်မန့် တခုမှ မရခဲ့တဲ့ ဝတ္ထုတို ၅။ မဆလာနံ့ သင်းသောညများ။ အဲသဟာကတော့ ကျမရဲ့ သယ်ယင်းတွေ ပါဝင်တဲ့ ဝတ္ထုလေးပါ။ နောက်တော့ ဖွတ်ဒင် လို့ အမည်ရတဲ့ ဝတ္ထုတို ၈ ပေါ့ သူလည်း ကွန်မန့် တခုပဲရတာ။ နောက်တခု ရှည်လျားပြီး ပြန်ညွှန်းချင်တာကတော့ စာအုပ်အညွှန်း ၁ ပါ .. ဒီစာအုပ်ကလေးအကြောင်း ဖတ်မိရင် ဘာကြောင့် ကျမ ဒီလိုဝတ္ထုတွေရေးလဲဆိုတာ ရေလည်မယ် ထင်ပါတယ်။
Thursday, April 16, 2009 | Labels: အထိမ်းအမှတ် | 7 Comments
ကိုဖေ လူပေါင်းမှားခြင်း
အမှတ်တရ ရက်စွဲများ ၈
“ဟား ဟား ဟား ဟား” ဆိုတဲ့ ဝါးလုံးကွဲအော်ရယ်သံကြီး တသံ .. သန်လျင်မြို့ အ ထ က ၃ ရဲ့ နဝမတန်း သိပ္ပံခန်းထဲကနေ ပေါ်ထွက်လာတယ်။ အဲဒီရယ်သံကတော့ ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေးတသိုက် ဆီက ထွက်လာသံပါ။ အဲဒီနေ့က ဘိုင်အိုသင်မယ့် ဆရာဦးမျိုးလွင် မလာ တာနဲ့ ပျော်ရွှင်ပြီး တွေ့ရာမြင်ရာ ပေါက်တတ်ကရမျိုးစုံကို ပြောရင်း ဟာဒယ ရွှင်ဆေး တိုက် ကြွေးနေတာကတော့ တခြားသူ ဟုတ်ယိုးလား ..။
တူးတူးသာ မည်သော ပေါက်ကျော်မ ကျမ ပါပဲ။ အဲလို ပြောလိုက် ရယ်လိုက် လုပ်နေကြတဲ့ အချိန်မှာ .. ဘေးခုံကနေ ကျမတို့ဘက်ကိုကြည့်လိုက် ကျမ ပြောတဲ့ ဟာသတွေကို ဒီဘက်က မိန်းကလေးတသိုက်က တဟားဟား အော်ရယ်နေချိန်မှာ ပါးစပ်ကလေးကို လက်ကလေးနဲ့ ကွယ်ပြီး ရယ်ချင်စိတ်ကို မြိုသိပ်ထားရတဲ့ ပုံစံနဲ့ အသံမထွက်အောင် ရယ်လိုက် .. လုပ်နေတဲ့ သူ တယောက်ကို ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်း မိသက်က သတိထားမိသွားတယ်။
“ဟဲ့ တင်သိန်း .. နင်က ဘယ်လိုဖြစ်တာလဲ။ ရယ်ရင်လည်း အားရပါးရ ငါတို့လိုရယ်လေဟာ” လို့ မိသက်က ဇိုးဇိုးဆတ်ဆတ်ပြောချလိုက်တော့ အဲဒီသကောင့်သားလေး တင်သိန်းခမျာ ရှက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပြာပြာသလဲ ဖြစ်သွားလေရဲ့ ..။ ဘာကြောင့်ဆို .. ကျမတို့ မိန်းမ တသိုက်ရဲ့ အာရုံက သူ့ဆီ ရောက်သွားတာကိုး။ အားလုံးရဲ့ အာရုံစူးစိုက်မှုဒဏ်ကို မခံနိုင်တဲ့ အဆုံး တင်သိန်းခမျာ .. မျက်စိရှေ့တွေ့တဲ့ စာအုပ်တအုပ် ကောက်ကိုင်ပြီး အခန်းပြင် ပြေးထွက်သွား တော့တယ်။ ကျန်ခဲ့တဲ့ ကျမတို့ကတော့ တဟားဟား အော်ရယ်လို့ မဆုံးပေါ့ .. ။
အနှီ တင်သိန်းဆိုတဲ့ သတ္တဝါအကြောင်းကို ပြောချင်လွန်းလို့ နိဒါန်းချီတာပါ။ အဲဒီသကောင့်သား ကျမသူငယ်ချင်းလေးဟာ ကုလားလေးပါ။ ဟိန္ဒူကုလားပေါ့။ တကယ့် ဗိုင်းကောင်းကျောက်ဖိလေး။ စာကလည်း ဘာတော်သလဲ မမေးနဲ့။ သူ တော်ပုံတော်နည်းက တမျိုး … ဓာတုတို့၊ ရူပ တို့ သင်္ချာ တို့ ဆိုရင် စာအုပ်ထဲက စာတွေသာမကဘဲ ပြင်ပဗဟုသုတတွေပါ လေ့လာအားကောင်းတော့ အကုန် သိနေတာ။ နောင်အခါမှာ ကျမတို့က သူ့ကို အိုင်းစတိုင်းလို့ ခေါ်တယ်။ သူ့အကြောင်း ရေးမယ်ဆို ပို့စ်တခုတည်းနဲ့ မလုံလောက်တဲ့အတွက် ကျမ အခန်းဆက် ရေးရမှာမို့ မရေးသေးဘဲ ထားတာပါ။ ခုတော့ အကြောင်း တခု တိုက်ဆိုင်လာလို့ စရေးပါမယ်။
တကယ်က တင်သိန်းနဲ့ မခင်ခင် ကတည်းက ကျမက သူ့အစ်မ မခိုင်နဲ့ စသိတာ။ တတိယ တန်း ကတည်းကပေါ့။ သို့သော် အဲ့အချိန်မှာ တင်သိန်းက ကျမနဲ့ တခန်းတည်း တကျောင်းတည်း အတူ တက်နေပြီ။ အေးလွန်းလို့ ကျမ မသိတာ၊ နောက်ပြန်ပြောကြတော့မှ ကျမနဲ့ ဒီကောင်နဲ့က ငယ်ငယ် လေးတည်းက ကျောင်းအတူ တက်ခဲ့ကြတာကိုး။ သူ့အစ်မ မခိုင်ကတော့ သူတို့လူမျိုး ထုံးစံ မိန်းက လေးကို ၄ တန်းအောင်တာနဲ့ ကျောင်းနှုတ်လိုက်တယ်။
ကျမ တင်သိန်းကို စသတိထားမိတာ ၈ တန်းလောက် ကျမှ။ ၈ တန်းအောင်လို့ ဝိဇ္ဇာ၊ သိပ္ပံ စခွဲတော့ ကျမတို့ သိပ္ပံတန်းမှာ လူက ၃၀ ကျော် ၄၀ နီးပါး လောက်ပဲ ရှိတော့တာဆိုတော့ အဲဒီမှာ တယောက်နဲ တယောက် သေချာ ပိုသိ ပိုပြီး ရင်းနှီးလာကြတယ်။ အဲဒီမှာပဲ တင်သိန်းရဲ့ အကျင့် စရိုက်ကို ကျမ သတိထားမိတယ်။ သူက အရှက်အကြောက်ကြီးတယ်၊ မိန်းကလေးတွေနဲ့ စကား မပြောရဲဘူး၊ စာတော်တယ်၊ လိမ်မာယဉ်ကျေးတယ် .. စသဖြင့် ပေါ့။
သို့သော် .. ဒီသို့သော်က တော်တော်လေး တာသွားတဲ့ သို့သော်ဖြစ်ပါတယ်။
ကျမ ဆယ်တန်းတက်တဲ့နှစ်ပေါ့ .. ကျမတို့ အိမ်ရှေ့မှာ “မြသက်ဦး” လို့ခေါ်တဲ့ လက်ဘက်ရည် ဆိုင်လေး တဆိုင်ရှိတယ်။ အဲဒီ ဆိုင်လေးမှာ ကျမရဲ့ အစ်ကို ကိုနောင်ကြီးက ညတိုင်း ထိုင်လေ့ ရှိတယ်။ ကိုနောင်ကြီးတို့ အုပ်စုက ကျောင်းမှာ နာမည်ကြီး .. တကယ့် ဆိုးပေ့ တေပေ့ သောင်း ကျန်းပေ့၊ စီကနဲဟေ့ ရန်ဖြစ်ပလားဆို သူတို့၊ ကျောင်းနားက မြယာခြုံတွေကြားမှာ ဖဲဝိုင်း မိ ပလား ဟေ့ ဆို သူတို့ .. ။ အတန်းထဲ ဆေးလိပ်ခိုးသောက် တာ ဘယ်သူလဲဆို သူတို့ .. ကျောင်းပြေးလို့ ဆရာမကြီးက ဝရန်တာမှာ တန်းစီရိုက်ပလားဆို သူတို့၊ အဲဒီလို နာမည်ကြီးသူများထဲမှာ ကျမရဲ့ အစ်ကိုတော် ကိုနောင်ကြီးက ထိပ်ဆုံးမှာပြေးတယ် .. ဆရာကြီးပေါ့။
ခုဏက စကားပြန်ဆက်ရရင် ကိုနောင်ကြီးက မြသက်ဦး ဆိုင်ကလေးမှာ ညတိုင်း တယောက် တည်း လက်ဘက်ရည်ဆိုင် ထိုင်လေ့ရှိတော့ တရက်မှာ တင်သိန်းဆိုသူ ကျမသူငယ်ချင်းလေးက မရဲတရဲ ပေါက်ချလာခဲ့ပါတယ်။
“အစ်ကို .. ကျနော် .. ထိုင်မယ်နော်”
ကိုနောင်ကြီး နည်းနည်းတော့ အံ့သြသွားတယ်။ ဒီကုလားလေးက မိတူးတို့ အတန်းထဲက ကောင်လေး ဆိုတာတော့သိတယ်။ မြင်ဖူးတယ်။ သို့သော် သူ့ဆီ ဘာလာလုပ်တာလဲပေါ့လေ ..။
“အစ်ကို လက်ဘက်ရည်သောက်ပါ ..၊ ဆေးလိပ်လည်း သောက်နော် အားမနာနဲ့”
အဲလိုပြောပြီးသကာလမှာ လက်ထဲက အကြွေတွေကို စားပွဲပေါ် တင်လိုက်တယ် .. ဆယ်ပြားစေ့၊ ငါးပြားစေ့၊ မတ်စေ့တွေ ရောနေတဲ့ အကြွေ စုစုပေါင်း တကျပ် ကျော်ကျော်ပေါ့။
“ကျနော်က တင်သိန်းပါ၊ တူးတူးတို့နဲ့ တခန်းထဲပဲ”
“အေး သိပါတယ်ကွ၊ ခု ဘာဖြစ်လို့လဲ၊ တူးတူးက မင်းကို ဘာလုပ်လို့လဲ”
“ဟာ .. မဟုတ်ပါဘူး။ ကျနော် အစ်ကိုနဲ့ ခင်ချင်လို့ပါ။ ပြီးတော့ အစ်ကိုတို့ သူငယ်ချင်းတွေ အားလုံးကိုလည်း ခင်ချင်လို့”
“ဟေ”
“ဟုတ်တယ် အစ်ကို ကျနော့်ကို ပညာတွေ သင်ပေးပါ”
“ပညာ ဟုတ်လား။ ဟေ့ကောင် မင်းလူမှားနေပြီ .. ငါတို့က ကျူရှင်ဆရာတွေ မဟုတ်ဘူးနော်၊ မဟုတ်က ဟုတ်က ကောင်တွေကွ”
“ကျနော် သိပါတယ်။ ဒါပေမယ့် အစ်ကိုတို့အုပ်စုမှာ ပါရရင်တော်ပါပြီ”
“သြော် ဒီလိုလား”
တမိုက်ပြရင် နှစ်လံလောက်မြင်တတ်တဲ့ ကိုနောင်ကြီး သဘောပေါက်သွားတယ်။ ဒီကုလားလေး ငါတို့ကို အလကားနေရင်း လေးစားနေပြီ ဆိုတာ သိသွားတယ်။ ဟိုကောင်တွေကို မပြောသေးဘူး ဆိုပြီး တင်သိန်းတိုက်တဲ့ လက်ဘက်ရည်နဲ့ ဆေးလိပ်ကို ညတိုင်း တပတ်လောက်သောက်ရင်း လက်ချာတွေပေးရင်း သူတို့နှစ်ယောက် အရမ်းခင်သွားကြတယ် (နောက်မှသိရတာက တင်သိန်းက သူစုထားတဲ့ စုဘူးလေးကို ခွဲပြီး .. ညတိုင်း ကိုနောင်ကြီးကို လက်ဘက်ရည်တိုက်တာ ဆိုပဲ)
တင်သိန်းက ကောင်မလေးတယောက်ကို သိပ်ချစ်နေတယ်။ အဲဒီကောင်မလေး နာမည်က “ခင်စန္ဒာထွန်း” တဲ့ .. ကျမတို့ အတန်းထဲက စာသိပ်တော်ပြီး၊ မာနကြီးပြီး သိပ်လှတဲ့ ကောင်မလေး တယောက်ပေါ့ .. ။ အဲဒီ သူ့အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အကြံဥာဏ်တောင်းချင်တာက စလို့ .. ကိုနောင်ကြီးတို့ အဖွဲ့နဲ့ တင်သိန်း ရင်းနှီးသွားရာကနေ .. နောင်တချိန်မှာ ကိုနောင်ကြီးတို့ လူဆိုး အားလုံးက ဆလံသရတဲ့ ငတိတကောင် ဖြစ်သွားပါတော့တယ်။ တင်သိန်းရဲ့ အချစ်ဇာတ်လမ်းက သိပ် စိတ်ဝင်စားစရာ ကောင်းတယ် .. နောက်မှ သတ်သတ် ရေးမယ်နော် ..။
ခုပြောချင်တာက တခုသော သင်္ကြန်မှာ တင်သိန်းနဲ့ ကျမတို့ ကြုံကြိုက်ရတဲ့ အဖြစ်လေးပါ ..။
အဲဒီတုန်းက ကျမ ဂျီတီအိုင်ပထမနှစ်တက်ခါစ .. ။ ကျမ အဖေဆုံးပြီး တနှစ်ကျော် အချိန်၊ ကျမရဲ့ ချစ်လှစွာသော အစ်ကိုကြီး .. ကိုနောင်ကြီးက ကျမ ကျောင်းတက်ဖို့ တဖက်တလမ်းက ကြံရည် ဆိုင်လေး ဖွင့်ပြီး ငွေရှာပေး နေတဲ့ ကာလပေါ့ ..။
ကျမတို့ မောင်နှမတွေက သူငယ်ချင်းအပေါင်းအသင်း သိပ်မက်တယ်။ ကျမတို့ သူငယ်ချင်းတွေ ကလည်း ကျမတို့ကို သိပ်ခင်တယ်။ အိမ်မှာဆို အားလုံးက စားအိမ်သောက်အိမ်ပဲလေ။ ကိုနောင်ကြီး ကြံရည်ဆိုင်ဖွင့်တော့လည်း သူ့သူငယ်ချင်းတွေက ဝိုင်းကြဝန်းကြတာ။
တင်သိန်းလည်း ပါတာပေါ့ .. ၂၀ ကျော်အရွယ် လူငယ်တွေချည်းဆိုတော့ ပေါက်တက် ကရ တွေလည်း လုပ်ကြတာပေါ့။ ဥပမာ - ကိုနောင်ကြီးဆိုင်မှာ ကြံရှယ် ဆိုပြီး ရတာမျိုး .. ။ ကြံရှယ် ဆိုတာက ကြံရည်နဲ့ ဘီအီး ရောသမမွှေပေါ့။ အဲဒီရောသမမွှေ ကြံရှယ် ဇာတ်လမ်းကို စတာကလည်း တင်သိန်းပါပဲ။ တင်သိန်းတကောင်က ပညာစုံလို့ သင်ပေးတဲ့ဆရာတွေကိုတောင် ပြန်သင်ပေးတဲ့ အဆင့်မြင့် အတွင်းအားပညာရှင်ဖြစ်နေပြီ။
အဲဒီကုလားက ပေါက်တက်ကရ အကုန်လုပ်ပေမယ့် သူငယ်ချင်းတွေ အပေါ်မှာလည်း ကြောက် ခမန်းလိလိ သည်းခံလွန်းလို့ သူ့ကို အားလုံးက သိပ်ချစ်ကြတယ်။
ကျမမှာ ရယ်ရအခက် သူ့ကို ဆူရအခက် .. ။ ခဏနေတော့ မနက်ပိုင်းထမင်းစားချိန် အားလုံး အိမ်ကို ရောက်လာကြတယ်။ တင်သိန်းကိုလည်း ခေါ်လာကြတယ် .. ဒင်းက ဗျောင်းသတ်အောင် မူးနေပြီ ..။ အားလုံး တန်းစီပြီး ခုံတွေမှာထိုင်နေတုန်း .. အဲ့ငတိက ခုံပေါ်ကနေ လေးဘက် ထောက်လေး ဆင်း.. ကြမ်းပေါ်မှာ မိချောင်းတွားတွားလို့ .. ကျမတို့ အိမ်ပေါက်ဝ ရောက်အောင် အသာလေး သွားနေတယ်။ ကျမက “ဟဲ့ တင်သိန်း နင်ဘာလုပ်တာလဲ” ဆိုတော့ သူက “တိုးတိုးဟ .. ငါ မားသားမသိအောင် အသာလေး အိမ်ပြန်မလို့” တဲ့။
မားသားဆိုတာက ကျမအမေကို သူငယ်ချင်းတွေအားလုံးက ခေါ်ကြတာ။ တကယ်က မေမေလည်း သူ့ကိုကြည့်နေတဲ့သူတွေထဲမှာ ပါတယ်။ ဆယ်ယောက်လောက် သူ့ကို ဝိုင်းကြည့်နေတာကို သူက တိတ်တိတ်လေး အိမ်ပြန်မလို့တဲ့လေ။
ကျမအမေကလည်း မရဘူး .. ကျမတို့ မောင်နှမတွေကော ကျမတို့ရဲ့ သူငယ်ချင်းတွေကောကို တွေ့ရာနေရာ မှာ အမြင်မတော်ရင် ဘာမှ စဉ်းစားမနေဘူး .. ဆူတာ၊ ပွမ်တာ။ အားလုံးက မေမေ့ ပါးစပ်တော့ လန့်ကြတယ်။ ခုလည်း မေမေက တင်သိန်းကိုကြည့်ပြီး စပွမ်နေပြီ။ မေမေလည်း ဆက်တိုက်ပွမ်ကော တင်သိန်းတယောက် ငိုကြီးချက်မနဲ့ “မားသားကလည်း ကျနော့် ကျ ဆူတယ် .. ဟိုကောင်တွေ ကျတော့ မဆူဘူး” လို့ စောဒက တက်တယ်။
မေမေက “ဟဲ့ ဟိုကောင်တွေက ဘာလို့ ဆူရမှာတုန်း” ဆိုတော့ “ကျနော်က ဟိုကောင်တွေလို ရေ တောင် ပက်တာမဟုတ်ဘူး၊ အရက်လေးပဲ အေးဆေး သောက်နေတာကို ကျနော့်ကိုဆူတယ် .. တော်ပြီ ပြန်မယ် .. အီးဟီး” ဆိုပြီး ငိုတော့ မေမေလည်း သူ့ကိုဆက်ဆူရအခက် .. ရယ်ရအခက်နဲ့ .. ကျမတို့ကတော့ ဝိုင်းရယ်ကြတာပေါ့။ အဲဒါကို ပြန်မယ် ဆိုပြီး တံခါးဝရောက်အောင် မိချောင်း သွား တွားသွားတာ တံခါးဝလည်း ရောက်ရော ခေါင်းမထူနိုင်တော့ဘဲ လုံးဝ အိပ်ပျော်သွားလေရဲ့။
သင်္ကြန်ရောက်တိုင်း အဲဒီအကြောင်းလေး ပြန်ပြန်ပြောကြ .. ရယ်ကြ၊ သတိရကြတယ်။ အရက်ကို အဲလို အသောက်ကြမ်းတဲ့ထိ ဖြစ်သွားတဲ့ တင်သိန်းက စာတော်တဲ့ဘက်မှာတော့ လျော့မသွားဘူး။
နောက်မှ သူ လျှပ်စစ်အင်ဂျင်နီယာအဖြစ်နဲ့ သင်္ဘောလိုက်တဲ့အကြောင်း ..၊ သီလဝါဆိပ်ကမ်းက နိုင်ငံခြား သင်္ဘောပေါ်ကို တက္ကစီစီးပြီး သွားတက်တဲ့ အကြောင်း၊ နောက်ဆုံး သင်္ဘောအရာရှိ အဖြစ်နဲ့ အသောက်လွန်ပြီး သေရတဲ့အကြောင်းတွေကို တဖြည်းဖြည်း ရေးပါမယ်။ သူသေတဲ့ နေ့က မှတ်မှတ်ရရ ဗယ်လင်တိုင်းဒေးပါ။ ကျမတို့အားလုံးကို မယုံနိုင်လောက်အောင် လုပ်သွားတဲ့ အဲဒီကောင်ကို ကျမတို့အားလုံး စုတ်တသတ်သတ်နဲ့ ခုထိ လွမ်းနေကြတုန်းပဲ။
ကျမ ဝတ္တုတွေရေးတော့ ကျမရဲ့ဇာတ်ကောင်တွေက အပြင်က တကယ်ရှိတဲ့ ဇာတ်ကောင်တွေပါ။ နည်းနည်းတော့ ပုံပြောင်းထားတာပေါ့။ အဲဒီမှာ ကျမဝတ္ထုအများစုမှာ ပါနေကျ .. ဆိုက်ကားသမား ကိုဖေ ဆိုတာ .. အဲဒီသင်္ဘောအရာရှိ တင်သိန်းပါပဲ။ သူ့ကို နောက်ပိုင်းမှာ ဘယ်သူမှ တင်သိန်းလို့ မခေါ်ကြဘူး။ အားလုံးက ကိုဖေလို့ ခေါ်ကြတယ်။ ဘာကြောင့် ဒီနာမည်ရတယ် ဆိုတာတော့ ကျမ သေချာမသိဘူး။ အဲဒါကတော့ ကိုနောင်ကြီးတို့ အုပ်စုပဲ သိကြလိမ့်မယ်ထင်တယ်။
တခုတော့ရှိတယ် သူတို့အုပ်စုထဲမှာ ကိုရိုးဆိုတာ တယောက်လည်းရှိတယ်။ ကိုဖေနဲ့ ကိုရိုး .. နာမည်ကြီးတွေလေ ..
ဖိုးဂျယ်က သင်္ကြန်အကြောင်း တက်ဂ်တယ် ဆိုလို့ .. တခုသောသင်္ကြန်က ကိုဖေ့ကို သတိရ သွားလို့ပါ။ သူများ တွေလို သင်္ကြန်ဇာတ်လမ်းတွေ၊ လွမ်းမောဖွယ်ရာတွေကလည်း မရှိဘူး ဆိုတော့ ရှိတာလေးပဲ ရှာကြံ ရေးလိုက်တယ်။ အမှတ်တရ နဲ့ တူးအင်ဝမ်းပေါ့ :P နောက်မှ ကိုဖေခေါ် တင်သိန်း အကြောင်း ဆက်ရေးဦးမယ်။ ခုတော့ တော်သေးပြီ … ။။။။။
Sunday, April 12, 2009 | Labels: အမှတ်တရ | 3 Comments
ကိုယ်တိုင်ဖျက်ကဗျာ
ဂျီတော့မက်ဆေ့ခ်ျမှာ ကျမက စိတ်ထဲပေါ်လာသမျှ သီချင်းလေး၊ ကဗျာလေး ရေးလေ့ရှိပါတယ်။ အဲ့မှာ ခုတလော ရှေးကဗျာလေးတွေကို လျှောက်ဖျက်ပြီး ရေးတင်ပါတယ်။ အဲဒါကလည်း ကျမက ရှေးက ကဗျာဆရာကြီးတွေကို ပြောင်လှောင်ချင်တဲ့ သဘောမဟုတ်ပါဘူး။ တကယ်က အဲဒီမူရင်း ကဗျာ လေးတွေကို ကျမ သိပ်ကို ချစ်ပါတယ်။ အဲဒီကဗျာလေးတွေကို ချစ်လွန်းလို့ သတိတရ ရွတ်ဆိုမိနေတာနဲ့ ကိုယ့်ဘာသာ လျှောက်လုပ်မိတာပါ။
အဲဒါတွေကို ဂျီတော့ မက်ဆေ့ခ်ျ (ကိုယ့်ပိုင်နက်ထဲ) တင်မိတော့ သဘောကျတဲ့သူတွေက ယူရေးကြပါတယ်။ တကယ်က ဒါ တခုတ်တရ ပြောရမယ့်ကိစ္စမဟုတ်ပါဘူး။ သို့သော် ဒီမနက်မှာတော့ ကျမရဲ့အရင်ပို့စ်က ကွန်မန့်ထဲမှာ “အန်တီချမ်း” က ဝင်ရေးထားတာလေး တွေ့လို့ စိတ်ကူးပေါ်ပြီး ဒီစာကိုရေးဖြစ်တာပါ။
ကျမက ဆရာကြီး မင်းသုဝဏ်ရဲ့ လယ်တောကအပြန် ကဗျာကို ဖျက်ပြီး ရေးထားမိတယ်။
လယ်တောကအပြန်
စားချင်တယ် ကျော်စံကေး ဆိုလို့
မောင်ရိုက်ကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့စားပွဲမှာ ဟမ်ဘာဂါနဲ့
ဂုဏ်တင့်တယ်လေး .. ။ ။ ဆိုပြီး ရေးတင်ထားတာပါ။
အဲဒါကို ညီမတော် ဆုမွန်ကတွေ့ပြီးသဘောကျတယ်နဲ့ တူပါရဲ့ .. သူ့မက်ဆေ့ခ်ျမှာ တင်ထားပြန်ရော။ အဲဒါကို ခုနင်က အန်တီချမ်းက တွေ့ပြီး သဘောထပ်ကျပြန်တယ်။ အဲဒါသူက ကျမဘာသာ စပ်ထားတာ ထင်ပြီး သူ့စာ မျက်နှာပေါ်တင်ဖို့ လာခွင့်တောင်းပါတယ်။
အပေါဂိုဏ်းချုပ်ထိပ်ခေါင် မမတူးတူးသာ ခင်ဗျား
ဒီနေ့ နေ့လယ်က မဆုမွန် က သူ့ဂျီတော့ခ် ရဲ့ မက်စေ့ခ်ျ မှာ အမ ရေးထားတယ်ဆိုတဲ့ စာလေး တပိုင်းတစ ကိုတင်ထားပါတယ် အဲဒါလေးကို ကျတော် က မြင်ပြီးသကာလ ဘာမှန်းမသိ ညာမှန်းမသိ နဲ့ ကောက်ပြီးလက်တန်းလေး ဒီလိုဆက်စပ်ထားပါတယ် အစကတော့ ဦးမွန် (မဆုမွန် ကိုကျတော်ခေါ်တာပါ) ရေးတာထင်လို့ပါ ပြီးတော့ ဆက်စပ်ပြီးမှ ဦးမွန်က မဟုတ်ဘူးအမ ရေးထားတာ လို့ပြောပြပါတယ် အဲဒါလေး ကျတော် ပေ့ဂ်ျ မှာတင်ချင်တာ အမ ရဲ့ ခွင့်ပြုချက်လိုချင်လို့ပါ ကဗျာ က ဒွေးချိုးလိုလို ဘာလိုလို ဖြစ်သွားပါတယ် အမ သဘောမတူရင်တော့ မတင်ပါဘူးခင်ဗျာ... (ဒါက သူရေးထားခဲ့တဲ့အတိုင်း မူရင်းပါ)
အဲဒီမှာ ကျမတခုစဉ်းစားမိတယ်။ သူတို့ ဒီကဗျာ မူရင်းလေးကို မသိဘူး ထင်တယ် … သိချင်လည်း သိကြမယ်။ ဒါပေမယ့် မသိတဲ့ မောင်ညီမလေးတွေပါ သိရအောင် ကျမ တင်ပေးသင့်တယ်ဆိုတဲ့ အတွေးပါ။
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင်တယ်လေး .. ။ ။ ဆိုတဲ့ အချစ်ကဗျာလေးပါ။ တူတော်မောင် ထူးမြတ်စကားနဲ့ ပြောမယ် ဆိုရင် ဓနရှင် ဘက်ကို အလေးသာသွားတဲ့ ချစ်သူကို ထေ့တာပေါ့။
အင်း .. အဲဒါနဲ့ မပြီးဘူး .. ကျမဘာရေးရေး ဘာလုပ်လုပ် အမြဲကောင်းတယ် ဆိုပြီး မြှောက်ပေးနေကျ မောင်လေး သင်ကာကလည်း (ဒင်းက ရီဆာ့ချာ လုပ်ချင်သူထင်ပါ့ .. ဘာမေးမေးရတဲ့ ဗဟုသုတ ဟင်းလေးအိုးပေါ့) ကျမဆီ ဒီကဗျာနဲ့သက်ဆိုင်တဲ့ ကဗျာလေး တပုဒ်ပို့ပေးပြန်တယ်။ အဲသဟာကတော့ ကျမလည်း လုံးဝမသိပါဘူး။ ကျမ အလွန့်အလွန်လေးစားအတုယူ ချစ်ခင်ရတဲ့ ဆရာကြီး သွေတာဆော် (သော်တာဆွေ) က ကျမမမွေးခင် ကတည်းက ဒီကဗျာကို ဖျက်ပြီးနေတာပါ။ အဲဒါကို သင်ကာကောင်ပြောမှပဲ ကျမသိတယ်။ အဲဒီ ကဗျာလေး ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
လယ်တောကပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး
မနက်တုန်းဆီက
ချက်ကြီးကယ်မြင်တော့
ဝက်နံကင်ရယ်နှင့်
မြည်းလိုက်ချင်သေး။ ။
ဆရာကြီးကလည်း အဲဂလို ကဗျာတွေကို အတော်များများ ဖျက်ဖူးတယ်လို့ ဆိုပါတယ်။ ကျမနဲ့ စိတ်ကူးတူနေလို့ အရမ်းကို ဂုဏ်ယူရပါတယ်။ ကျမကလည်း သူများပဲဖျက်ဖျက် ကိုယ့်ဘာသာပဲဖျက်ဖျက် .. ဖျက်ရရင်ကို ကြိုက်တာ ဆိုတော့လေ .. ။ အဲလိုလုပ်လို့ ကဗျာဆရာတွေကို စော်ကားခြင်း ပြောင်လှောင်လိုခြင်း အလျင်း မရှိဘူး ဆိုတာ ကြိမ်တွယ်ပြောရဲပါတယ်။ တကယ်လို့ အဲဒီစကားမှန်ခဲ့ရင် သော်တာဆွေလောက် စာရေး ကောင်းပါစေ :P နောက်လည်း ထပ်ဖျက်ဖို့ စီစဉ်ထားတာတွေရှိလို့ ကြိုပြောထားတာပါ။ ရေးရင်းနဲ့တောင် တခုသတိရသွားပြီ ....။
ချိုးနှစ်ကောင်
ထနောင်းပင်ညီနောင်က လွမ်းအောင် ကူချွဲ
ဂွကိုရှာ
မဆလာနိုင်နိုင်အုပ်ပါလို့
ဘီယာနဲ့ ဟဲ ..။ ။
စကားကြုံလို့ ပြာလောင်ကာတွန်းထဲက ရှာဖွေတွေ့ရှိတဲ့၊ ဖျက်ထားတဲ့ ကဗျာလေးတပုဒ်ပါ အဆစ်ထည့် ပေးလိုက်ပါတယ်။ ဒီကဗျာလေးက သူငယ်တန်း သင်ရိုးထဲက ကဗျာလေးပါ။ ဘယ်သူရေးလည်းတော့ မသိပါ။
တောင်တောရယ်သာ
မာလာက နုထွတ်
တပင်ကိုနှစ်ပင်ရွှတ်တယ်
ငှက်တွေက ပြွတ် .. ။
အဲဒီကဗျာလေးဆိုရင် ကြိုက်လွန်းလို့ မူရင်းတောင်မေ့နေပြီ :P
Thursday, March 26, 2009 | Labels: စိတ်ကူးတည့်ရာ | 19 Comments
နင်လားဟဲ့ ရှိုင်းဟုတ် .. ငါလားဟဲ့ တူးတူးသာ
စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၉
အဲဒီကာလ ၂၀၀၁ ဆန်းလောက်မှာ .. အလင်္ကာ ဂျာနယ်ကို တခုတ်တရ ဖတ်သူတွေကတော့ မှတ်မိကြပါလိမ့်မယ်။ ထူးထူးခြားခြား ကြော်ငြာတခု ပါလာပါတယ်။ အဲဒါကတော့ ကုမ္ပဏီတခု နာမည်နဲ့ .. (အဲဒီကုမ္ပဏီနာမယ် မှတ်မိပေမယ့် ကျမ ထည့်မရေးတော့ပါဘူး) အကြောင်းအရာက “သီချင်းတွေဝယ်မယ်” ဆိုပဲ။
ဒီလိုပါ .. မြန်မာပြည် အနယ်နယ်အရပ်ရပ်က သီချင်းရေးကြတဲ့ ရွက်ပုန်းသီးတွေရှိနေရင် အဲဒီ ကုမ္ပဏီက တလတခါ ဝယ်ပါမယ်။ ဝယ်တဲ့သီချင်းအတွက် သီချင်းခ တပုဒ်ကို ကျပ် တသောင်း ရပါမယ်။ ဝယ်ပြီးတဲ့ သီချင်းတွေကိုလည်း ဆီးရီးထုတ်ပေးပါမယ်။ “သီချင်း” ဆိုတဲ့အသံ ကြားတော့ ကျမ အတော်လေး စိတ်ဝင်စားသွားတယ်။
ကုမ္ပဏီပိုင်ရှင်တွေကိုလည်း တော်တော်လေးစားသွားတယ်။ ဝါသနာအလျှောက် သီချင်းတွေ ရေးပြီး ဒီတိုင်း ဘာမှ မလုပ်ဖြစ်ဘဲ နေနေရတဲ့ .. ဘယ်ကဘယ်လို စရမှန်း မသိတဲ့သူတွေ အတွက် အခွင့်အရေး တရပ်ပဲလေ။ အဲဒီမှာ စပ်စပ်စုစု ကျမလည်း အင်တာဗျူးလုပ်ဖို့ စတင် ပြင်ဆင် ပါတော့တယ်။
အဲဒီကုမ္ပဏီကနေ ဒီနေ့ သူများနဲ့မတူ တမူထူးခြားတဲ့ သီချင်းတွေနဲ့ နာမည်ရနေတဲ့ တယောက်ကို စီးရီးထုတ်ပေးထားကာစပါ။ အဲဒီစီးရီးကလည်း သူများနဲ့မတူတဲ့အတွက် အတော်အောင်မြင်တယ် လို့ပြောရမယ်။ ကုမ္ပဏီ ပိုင်ရှင်က နိုင်ငံကျော် အဆိုတော် အကယ်ဒမီ မင်းသမီးကြီး တယောက်ရဲ့ ညီမပေါ့ .. သူ့ ယောက်ျားကလည်း ဘေ့စ် ဂစ်တာသမားပါ။
သူတို့ကုမ္ပဏီက တာမွေပလာဇာမှာပါ။ အဲဒါနဲ့ ကျမလည်း အင်တာဗျူးအတွက် ပြင်ဆင်ပါတယ်။ ပြင်ဆင်ပြီး သူ့ကိုချိန်းတော့ လာခဲ့ဖို့ပြောတာနဲ့ .. မနက် ရုံးမသွားခင် ဝင်သွားလိုက်ပါတယ်။
သူနဲ့တွေ့ရော ဆိုပါတော့ ..။ အဲဒီအမျိုးသမီးက ကျမရဲ့ အင်တာဗျူးကို စိတ်ရှည်လက်ရှည် ဖြေပါတယ်။ အဓိကကတော့ လူငယ် ရွက်ပုန်းသီး တေးရေးတွေကို မြေတောင် မြှောက် ပေးမှာ ဖြစ်လို့ .. သူတို့ လုပ်ငန်းကြီးကို ဘယ်အခြေအနေထိ ရည်မှန်းထားတယ် ဆိုတာတွေ ပြောပါတယ်။ သူက စကားပြောလည်းကောင်းပါတယ်။
အလင်္ကာ ဂျာနယ်ကနေတဆင့် သီချင်းတွေကို ဝယ်ပြီး ..ဘယ်သူ့သီချင်းတွေ ဝယ်တယ်ဆိုတာ လည်း လစဉ်ဖော်ပြပေးနေတယ်။ လူငယ်တွေထဲက သီချင်းရေး ဝါသနာပါတဲ့သူတွေအတွက် သတင်းကောင်းပေါ့။ ကျမလည်း အတော်ဝမ်းသာပါတယ်။ ဘာလို့ဆိုတော့ ကျမတို့ လင်မယား အပါအဝင် ကျမတို့ သူငယ်ချင်းတွေထဲမှာ အဲဒီပိုးတွေ ရှိတာကိုး (ငါတို့ သီချင်းလေးတွေလည်း ပို့ကြည့်ဦးမှလို့ စိတ်ထဲက တေးထားလိုက်သေးတာ ဟီဟိ)
ပြောရင်းပြောရင်းကနေ ဘာတွေရောက်သွားလဲ ဆိုတော့ သူတို့ လင်မယား နှစ်ယောက်ဟာ ဂီတကို ဘယ်လို ဝါသနာပါကြောင်း .. သူဆိုရင် အသံ ဘယ်လိုကောင်းကြောင်း .. သူ့အစ်မ နိုင်ငံကျော် အဆိုတော်ကြီးနဲ့ အသံတူလွန်းလို့ လိုက်ကာနောက်မှာဆိုရင် လူမှားကြောင်း (လိုက်ကာရှေ့တော့ ထွက်လို့မရဘူး ဟိုက မင်းသမီး .. သူက အတော်လေး မည်းတယ်)
တခါတလေများ .. သူ့အစ်မ ဆိုရမယ့် ဇာတ်ဝင်တေးတွေဘာတွေ သွင်းဖို့ဖြစ်ဖြစ် မြန်မာ့ အသံမှာ ဆိုရဖို့ပဲ ဖြစ်ဖြစ် .. တပြိုင်ထဲ ၂ နေရာ လက်ခံထားမိလိုက်ရင် လူလုံးမပြရတဲ့ နေရာမျိုးမှာ သူက လူစား ဝင်ဆိုပေးရ ဆိုပဲ။ ကျမမှာ “ဒီလိုကိစ္စမျိုးတွေရှိလား” ဆိုပြီး ပါးစပ်ကလေး အဟောင်းသား ပေါ့။
ကျမက အင်တာဗျူးပါး မဝသေးတော့ စကားကို ဘယ်နေရာမှာ ဘယ်လိုဖြတ်ရမယ်ဆိုတာ မသိသေးဘူးလေ (နောက်တော့လည်း အတော်ကျွမ်းသွားပါတယ်။ ဂလိုပဲ အလုပ်ကသင်တယ် ဆိုရမှာပေါ့)
သူ့စကားကျောက သီချင်းကနေ တမျိုးပြောင်းသွားပါတယ်။ အဲဒီတမျိုးက တော်တော်ဆိုးတဲ့ တမျိုးပါ။ ရှိုင်းဟုတ် လင်ဇီးဆိုတာကို သိကြလားမပြောတတ်ဘူး။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ်လောက်က ခေတ်စားခဲ့တဲ့ လိမ်နည်းတမျိုးပေါ့ (အဲ့လိုပြောလို့ နာတဲ့သူတွေရှိရင်လည်း အဲဒီလူ များကို ရည်ရွယ်တယ်လို့မှတ်ပါ)
အဲဒီဆေးက ကိုးဆယ့်ခြောက်ပါးသော ရောဂါအပြင် အေအိုင်ဒီအက်စ် ကိုပါ ပျောက်နိုင်သတဲ့။ ၉၆ ပါးထဲ အေအိုင်ဒီအက်စ် မပါလောက်ဘူး ထင်ပါတယ်နော်။ အဲဒီဆေးဟာ မီဒီယာတွေ၊ ဂျာနယ်တွေ မှာ မကြော်ငြာစရာ မလိုလောက်အောင် ကောင်းတယ်ဆိုပဲ။ တိုတိုပြောရရင် ဒီ ဆေးကောင်း မကောင်း ဆိုတာထက် .. ဒီဆေးကို ရောင်းဖို့ လူရှာတဲ့အလုပ်ပါ။
ဘယ်သူ့ယောက္ခမရဲ့သူငယ်ချင်း ဘယ်သူဌေးကဖြင့် ကင်ဆာရောဂါကို ဘယ်လို အမြစ်က ပြတ်သွားတာ၊ ဒီဆေးကို စွဲသောက်ရင်းနဲ့ ဘယ်လိုရောဂါတွေ စင်တာဆိုပြီး မစားရ ဝမခန်း ကြော်ငြာရတယ်။ အဲဒီဆေးက အတော်လည်း ဈေးကြီးတယ်။ အဲဒီအချိန်က သိန်း ဆယ်ဂဏန်း ဖိုးလောက် ဝယ်သောက်ရပါတယ် (ပျောက်တယ် ဆိုတဲ့သူကို ဘယ်သူမ မမြင်ဖူးဘူး၊ ကြားပဲ ကြားဖူးကြတာပါ။ တယောက်ကတယောက် တဆင့်ပေါ့)
အဲဒီဆေးကို ကြော်ငြာတဲ့သူက လူတွေကို စိတ်ပါလာအောင် ဆွယ်ရပါတယ်။ တယောက်က ၂ ယောက်ကို ဆွယ် .. နောက် ၂ ယောက်က ၄ ယောက်ကို ထပ်ဆွယ် .. ဒီလိုနဲ့ ပွားရပါတယ်။ လူများများ ဆွယ်နိုင်လေ အဆင့်မြင့်လေပေါ့။ ဘယ်အဆင့်ရောက်ရင် လစာ ဘယ်လောက် ရမယ်၊ ဘယ်အဆင့်က မာစီဒီး စီးရမယ် ဆိုတာတွေလည်း ပါပါတယ်။
ကျမပါ အဲဒီရှိုင်းဟုတ်ရဲ့ လင်ဇီးဆေးအကြောင်း ကြော်ငြာသလိုဖြစ်နေပြီလားမသိဘူး။ ဒီလိုပါ .. ခုဏက ကျမအင်တာဗျူးတဲ့ အန်တီတို့ လင်မယားက အဲဒီ ရှိုင်းဟုတ်အဖွဲ့မှာ အတော်လေး အဆင့်မြင့်ရာထူး ရထားသူတွေပါပဲ။ သူ့ဘာသာသူ အဆင့်မြင့်မြင့် အတွင်းအားပဲရရ ကျမနဲ့ မဆိုင် ပေမယ့် သူတို့အဖွဲ့ဝင်ဖို့ ကျမကိုဆွယ်တာကျတော့ အတော်လေး ဆိုင်နေပါပြီ။
အဲဒီဆေးအကြောင်းက ကျမလည်းအတော်လေး သိထားပြီးပြီ။ ကျမသူငယ်ချင်းတချို့ .. ညီအစ်မ ဝမ်းကွဲတချို့ တောင် အဲဒီအလုပ်ထဲ မျောပါနေခဲ့ပြီ ..။ သိပေမယ့် ကျမကို စာရွက်တွေချရှင်းနေတဲ့ သူ့ကို ငြင်းဖို့ကျတော့ ကျမအားနာနေပါတယ်။ ကျမ နာရီကို တကြည့်ကြည့်လုပ်ရင်း အလုပ် သွားချင်နေပေမယ့် ထိုင်ရာကလည်း မထရဲသေးဘူး။ အားနာတဲ့အမှု (စာနယ်ဇင်းပါး မဝသေးတာ လည်း ပါတယ်)
သူကတော့ စိတ်ပါလက်ပါနဲ့ ကျမကို ၁ နာရီနီးပါးလောက် ဆွယ်တရားဟောပါတယ်။ သူတို့ရဲ့ ဟောပြောပွဲကိုလာဖို့လည်း ဖိတ်ပါတယ်။ တော်ရုံလူဆိုရင်တော့ ကြွေသွားလောက်ပြီ။ ကျမ ကတော့ အစကတည်းက အဲဒါကိုသိပြီး လုံးဝ စိတ်မဝင်စားတဲ့သူမို့လို့ သူ့စကားကို အားနာပါးနာ ထိုင်နားထောင် နေရုံကလွဲပြီး စိတ်ညစ်နေရုံပါပဲ။ အလုပ်ကလည်း သွားချင်နေပြီ။
အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ရောက်လာပါတယ်။ ကံကောင်းစွာနဲ့ သူ့ဆီကိုဧည့်သည် အမျိုးသမီး တယောက် လာတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး (အဲ့ကနေစပြီး ဘယ်လို ရှောင်ရ တိမ်းရမယ်ဆိုတာ သိတာပဲ) နှုတ်ဆက် ထလစ်ခဲ့တာပါ။
ရုံးကိုရောက်တာနဲ့ သူ့အင်တာဗျူးကိုရေး .. ဂျာနယ်မှာ နောက်တပတ် ထည့် .. ပြီးတော့ ဘာမှ မကြာဘူး အလင်္ကာက လစဉ်ပါနေကျ သီချင်းဝယ်တဲ့ အစီအစဉ်လည်း ဘာသံမှ မကြားရတော့ဘူး .. ၊ တာမွေပလာဇာက သူ့ရုံးခန်းလည်း ဘာဖြစ်သွားတယ်မသိဘူး။ အဲ … နောက်တော့ ဘာတွေ ဖြစ်ကုန်မှန်းကို မသိပါဘူး။
အင်း မြန်မာပြည်မှာ သမားရိုးကျ မဟုတ်တာတွေ ထထ မလုပ်နဲ့ … လို့ သတိပေးလိုက်သလိုပဲ။ ကျမလည်း သင်္ခန်းစာအသစ်တွေ ရလို့ပေါ့ … ။
ဟီဟိ .. အချုပ်ဆိုရရင် .. ကျမတို့လည်း သီချင်း ၃ ပုဒ် ရောင်းဖို့ သွားပေးထား လိုက်သေးတယ်။ အစတောင် ရှာမရပါဘူး .. ကမောက်ကမ နိုင်လိုက်ပုံများ ဆိုတာ ..။ ။
Tuesday, March 24, 2009 | Labels: ဖြတ်သန်းမှုစာစု | 8 Comments
အင်္ဂါသား .. အထွန်းဘွား …
အမှတ်တရ ရက်စွဲများ ၇
၂၀၀၀ ပြည့်နှစ် ဇွန်လရဲ့ အစောပိုင်းကာလတွေမှာ နေ့စေ့လစေ့ဖြစ်ပြီမို့လို့ ဝမ်းဆွဲဆရာမက အိမ်မှာ ငြိမ်ငြိမ် လေး နေခိုင်းပေမယ့် မေမေက တစက်မှ အငြိမ်နေတဲ့သူမဟုတ်ဘူး သားကြီးရဲ့။ မေမေ့ ဝမ်းထဲ လွယ်ထားရ တဲ့ကောင်က ယောက်ျားလေး မို့လို့လားမပြောတတ်ဘူး။ သွားလိုက် တာ ဆိုတာ တမြို့လုံးကို ပြဲပြဲစင်ပဲ။
သားဦး ဆိုတော့လည်း ဘာမှမသိတာတကြောင်း စိတ်ကူးတည့်တာတွေ လျှောက်လုပ်တာ တကြောင်း .. နောက်ပြီး သားအမေကိုက သူများနဲ့မတူ ကွန့်လိုက်ရမှ ဆိုတာမျိုး ဆိုတော့ ပိုဆိုးတာပေါ့ သားရာ။
သားဦးဆိုရင် အားလုံးက သည်းသည်းလှုပ် ဂရုစိုက်ကြတယ်မဟုတ်လား။ သားအဖွားက မေမေ့ကို အတော်လေး ဂရုစိုက်ပါတယ်။ မေမေချင်ခြင်းတက်သမျှ ဘာစားချင်လဲ လုပ်ပေးတယ်။ ခက်တယ် သား .. မေမေချင်ခြင်းတပ်တာကလည်း ပြန်ပြောရမှာတောင် ခပ်ရှက်ရှက်ပဲ .. သိလား။ ဘီယာချည်း သောက်ချင်နေ တာ :P
မေမေနဲ့ သားဖေဖေ ရန်ကုန်တက်ပြီး အာထရာဆောင်း သွားရိုက်ကြတော့ ကိုယ်ဝန်က ယောက်ျားလေး ဆိုတာလည်းသိရော နှစ်ယောက်သား ဘီယာဆိုင်ဝင်ပြီး တဂျား ကိုင်ခဲ့ကြ သေးတယ်သားရေ ..။ မှတ်မှတ်ရရပေါ့။
နောက်တခု ချင်ခြင်းကတော့ သားအဖေ အတော်စိတ်ညစ်ရတာပေါ့။ ဖဲရိုက်ချင်တာလေ။ ဖဲချပ်က လေးတွေများ ကိုင်နေရရင် ပျော်နေတာ။ ဖြစ်ချင်တော့ မေမေ သား ကိုယ်ဝန်ကြီးနဲ့တုန်းက သား အဖေရဲ့ သူငယ်ချင်းတအုပ်ကလည်း အားနေလိုက်တာ ဆိုတာ .. ဖဲဝိုင်းက လူပြည့်ရုံတင်မကဘူး လျှံပါထွက်တယ်။
အဲဒီတုန်းက ဦးရဲမြင့်ရယ် ဦးဆုဝေရယ်က ဂျူတီနဲ့ အလုပ်ဝင်နေကြရတာလေ .. သူတို့ ဂျူတီ ထွက် တာနဲ့ အိမ်ရောက်လာပြီ။ ဦးတိုးကြီးရယ် ဦးနှဲရယ်က နိုင်ငံခြား ထွက်ဖို့ စောင့်နေတဲ့အချိန်ပေါ့။ နောက် ဦးတရုပ်ကြီးကသင်္ဘောထွက်ဖို့ စောင့်နေတာ။ ဦးအောင်နိုင်ကတော့ သိတဲ့အတိုင်းပဲ ကျူရှင် ဆရာဆိုတော့ နေ့ခင်းအားတဲ့အချိန် ရောက်လာတာပဲ။ အမေတို့အိမ်မှာ အပျော်တမ်း ပိုကာဝိုင်းက မပြတ်ဘူးပေါ့သားရယ်။
အမေကတော့ ပင်တိုင်ပေါ့။ ဗိုက်ကြီးက အရမ်းကိုပြဲလန်ပြီး ပေါက်ကွဲတော့မယ့် ပူပေါင်းတလုံးလို ဖြစ်နေတာတောင် ကြမ်းပေါ်ထိုင်ပြီး ဖဲထိုင်ရိုက်နေတဲ့ မေမေနဲ့ သားအဖွားနဲ့က အဲဒီကာလက တကျက်ကျက်ပဲ သားရေ။ တကယ်ဆို ဗိုက်ကြီးနဲ့ထောက်ပြီး ဘယ်လိုမှ ဖဲချပ်တွေ ကောက်လို့ မရတော့တာကို ကြံဖန်ဆော့လို့တဲ့ အဖွားက ဆူလိုက်တာမှ။
နောက်ဆုံး သားအဖွား ပွဲကြမ်းတော့မှ မေမေတို့ ဝိုင်းသိမ်းတယ်။ ဒါပေမယ့် မေမေ့ချင်ခြင်းက မပျောက်တော့ ပြဿနာတက်ကော။ အဲဒီမှာ မေမေက ဘာလုပ်လဲဆိုရင် ည လူခြေတိတ်ချိန် သားအဖွားတို့ အိပ်ပျော်လောက်တော့မှ အိပ်ချင်နေတဲ့ သားအဖေကို မအိပ်ခိုင်းဘဲ အခန်းတံခါး ပိတ် ဟောလိဝုဒ် ကစားကြတာလေ။ သားအဖေဆိုတာ မေမေ့ဆန္ဒကိုလည်း မပယ်ရဲ .. အိပ်က လည်း အိပ်ချင်နဲ့ သနားဖို့တောင် ကောင်းသေးရဲ့။ ဟောလိဝုဒ်က ၂ ယောက်တည်းလည်း ကစားလို့ရတာကိုး။
မေမေကတော့ တနေကုန် လက်ဘက်ရည်ဆိုင်ထိုင်လိုက် .. သွားချင်ရာလျှောက်သွားလိုက် .. တိုက်တဲ့သူရှိရင် ဘီယာလေး ကွတ်လိုက်နဲ့ ဟုတ်နေတာပဲ။ သားအဖေရဲ့ သူငယ်ချင်းတွေ ဆိုတာ မေမေ့ကို ဆလံသတယ် (သူတို့ပေါက်ကရ လုပ်တာပဲ ရေးတာများပြီလေ။ ကိုယ်ပေါက်ကရ လုပ်တာလည်း ရေးမှ တရားမှာပေါ့ မဟုတ်ဘူးလား) အဲဒီကနေစပြီး သူတို့က မေမေ့ကို ဗိုက်ကြီး လို့ခေါ်တာ ခုထိပဲ။
ဒီလိုနဲ့ ဇွန်လဆန်းကျတော့ သားကိုမွေးမယ့်ရက် ကပ်လာပြီ။ မေမေက နည်းနည်း စတန့်က ထွင်တာဆိုတော့ သားကို အိမ်မှာပဲ ဝမ်းဆွဲဆရာမနဲ့ မွေးမယ်လို့ ဆုံးဖြတ်တယ်။ တကယ်က အဲလို လုပ်တာ တော်တော်လေး အန္တရာယ်များမှန်း နောက်မှ သိတယ် သားရေ။ သားကိုမွေးတဲ့အချိန်မှာ မေမေ့ အသက်က ၂၉ နှစ်။ ဝမ်းဆွဲဆရာမက နှစ် ၃၀ လောက် လုပ်သက်ရှိလာတာ ဆိုတော့ မေမေက စိတ်ချတယ်။
တခြားသူတွေက တားပေမယ့် မေမေက ခေါင်းအမာစားဆိုတော့ မရဘူးလေ။ တကယ်က အဲဒီအချိန်မှာ မေမေနဲ့ မတိမ်းမယိမ်း မွေးကြတဲ့ မေမေ့သူငယ်ချင်းတွေ အားလုံး သားဦးတွေ ဆိုတော့ သည်းသည်းလှုပ်ပဲ။ အိုဂျီနဲ့အပ် .. ရွှေဂုံတိုင်လို ရွှေဗဟိုလို ပိုက်ဆံ သိန်းဆယ်နဲ့ချီ ကုန်တဲ့ ဆေးခန်းကြီးတွေမှာ ခွဲမွေးကြတာကို နည်းနည်း ရွဲ့ချင်တာလည်း ပါတာပေါ့လေ။ အဲဒီအတွက် တော့ မေမေ့ကို ခွင့်လွှတ်ပါသားရယ်။ သားကိုမွေးစရိတ်က ၃ ထောင်ပဲ ကုန်ခဲ့တာလေ J
သားရဲ့ဂျူးဒိတ်က ဇွန် တတိယအပတ်လောက် ပြောပေမယ့် မေမေ့စိတ်ထဲမှာ ဇွန်လဆန်း ကတည်းက သရိုးသရီဖြစ်နေတာ။ အဲဒီအချိန်မှာ သားအဖေလည်း အလုပ်ဆင်းနေတာ ဆိုတော့ အိမ်မှာက သားဘဘရယ် မေမေရယ်ပဲ ရှိတတ်တာများတယ်လေ။ မနက်ပိုင်းကတော့ အိမ်မှာ လူစည်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာ သားဦးရဲက ရန်ကုန်က ဆရာတယောက် ခေါ်ပြီး ဂစ်တာ သင်တန်း ဖွင့်ထားတဲ့အချိန် .. ပြီးတော့ သားဖွားဖွား က မနက်ပိုင်း မူကြိုကျူရှင်နဲ့ ဆိုတော့ အိမ်မှာ ဂစ်တာသံ ကိညောင် ကိညောင်တွေရယ် ကလေးသံ တွေရယ်နဲ့ စည်ကား နေသပေါ့။
နေ့ခင်းကတော့ အဖွားလည်း အပြင်သွား၊ ဦးရဲ့လည်း အပြင်ထွက်လည်နဲ့ အိမ်မှာ သားဘဘရယ် မေမေရယ်ပဲ မေမေတို့ မောင်နှမ လက်ဘက်ရည်ဆိုင်သွားလိုက်၊ စားချင်တာ လုပ်စားလိုက်ပေါ့။
မေမေကလည်း ပထမဆုံးကိုယ်ဝန်ဆိုတော့ ဘာမှကိုမသိတာ။ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ တရက်တော့ ဗိုက်ထဲက ထိုးအောင့် ပါလေရော .. အဲဒါနဲ့ သားဘဘကို ပြောရတာပေါ့။ သားဘဘကလည်း ပြူးတူးပြာတာနဲ့ ဆရာမဆီကို မြင်းလှည်းငှားပြီး ပြေးရှာတယ်။ ဆရာမလည်း .. သူ့အတွေ့အကြုံအရ ဒီလောက်ကြီး စောစရာ အကြောင်းမရှိဘူးဆိုပြီး အံ့သြပြီး လိုက်လာတယ်။
တကယ်က မေမေဗိုက်အောင့်တယ်ဆိုတာ အိမ်သာ တက်ချင်လို့လေ . ..။ ဘဘလည်း သွားရော မေမေလည်း အိမ်သာတက်လိုက်တာ ဗိုက်အောင့်ပျောက် သွားရော :P သူတို့လည်း လာရော ဘာမှကို မဖြစ်တော့ဘူး။ ဆိုးတာက သားဘဘ သားရဲ့ …။ ဆရာမက မေမေ့ကို ဆူလိုက်တာ ဆိုတာလေ .. ရစရာကို မရှိဘူး။
“ဘာလို့ သူ့ကို ခေါ်ခိုင်းရတာလဲ”
“သူက ကျမ အစ်ကိုလေဆရာမရဲ့ .. သူပဲ အိမ်မှာရှိတာကိုး”
“သူက ရိုးရိုးမလာဘူး သိရဲ့လား .. ဆရာမ အမြန်လာပါ .. ကျနော့်ညီမဗိုက်နာနေပြီ .. ရေမွှာလည်း ပေါက်နေပြီတဲ့”
သားဘဘက အဲလိုသွားပြောလို့ ဆရာမ အပျိုကြီး ရှက်သွားတာ သားရဲ့။ မေမေလည်း ရယ်ချင် ပေမယ့် မျက်နှာပိုးသတ်ထားရတာပေါ့။ နောက်တခါ အဲလိုပဲ သရိုးသရီဖြစ်လို့ သွားခေါ်တော့ လိုက်တော့လာတယ်။ ဒါပေမယ့် ကြိမ်းတယ်လေ။ ဒီတခါ တကယ် ဗိုက်နာမှ လာ တဲ့။
မေမေလည်း တကယ်ဗိုက်နာတယ် ဆိုတာ ဘယ်သိပါ့မလဲ။ သားက အထဲမှာ သန်စွမ်းနေတော့ အမျိုးမျိုးလှုပ်ရှားနေရင် မေမေက ဗိုက်နည်းနည်း နာသလိုဖြစ်တော့ အဲဒါကို နာတယ်ပဲ ထင်တာလေ။ ဒီကြားထဲ သားမွေးမယ်လို့ ဆရာဝန်ပေးထားတဲ့ ဂျူးဒိတ်က လွန်ပါလေရော။ မေမေလည်း မမှတ်ဘူး၊ ဗိုက်နာတယ် ထင်လိုက် ဘဘကို ဆရာမ ပြေးခေါ်ခိုင်းလိုက်နဲ့ .. ဆရာမ ခမျာ သနား ပါတယ် .. ။ တခါမှလည်း မဟုတ်ဘူး။
အဲဒီအချိန်မှာ မေမေ့သူငယ်ချင်း ဘဘကျော်စိုးကြီးက သူ တိုးရစ်စ်ဂိုက်လိုက်ခဲ့တဲ့ ဗန်းမော်ကအပြန် သူ့အိမ် တန်းမပြန်ဘဲ မေမေတို့ဆီဝင်လာခဲ့တယ်။ မေမေက တရက်နှစ်ရက်နေရင် မွေးမှာလို့ ပြောတော့ သူက သားကို စောင့်ကြည့်သွားမယ် ဆိုပြီး နေလေရဲ့။ အဲဒီရက်တွေမှာ မေမေတို့ သူငယ်ချင်း နှစ်ယောက် ကျောင်းတုန်းက အကြောင်းတွေကို ဘီယာပုလင်းထောင်ပြီး ပြောကြသေးတယ် သား။
ဒါပေမယ့် သားက မွေးရမယ့်ရက်မှာ မမွေးတော့ ဦးကျော်စိုးကြီးလည်း စိတ်မရှည်ဘဲ “နင့်ဟာက မွေးမှာဖြင့်လည်း မွေးတာမဟုတ်ဘူး။ ငါကအလုပ်တွေရှိသေးတယ်ဟ၊ ပြန်မယ်။ နင်မွေးပြီးမှ ငါ ပြန်လာမယ်” လို့ပြောပြီး ပြန်သွားတာ သားတနှစ်ကျော်မှ ပြန်လာတော့တယ် သားရေ။ မေမေ့ သူငယ်ချင်းတွေကလည်း အဲလိုတွေချည်းပဲ။
ဇွန်လ ၂၇ ရက်နေ့ မနက် ၄ နာရီလောက်ကျတော့ တကယ်ဗိုက်နာတော့တာ သားရေ။ ပထမတော့ မေမေက သိပ်မသေချာလို့ သားဖေဖေကိုတောင် မနှိုးဘူး၊ နောက်တော့မှ မဖြစ်ဘူး ဆိုပြီး နှိုးရတာ။ သားဖွားဖွားလည်း နိုးလာတာပေါ့။ ဒါပေမယ့် သားဖေဖေက သရဲကြောက်တော့ ဆရာမကို သွားခေါ်ဖို့ အပြင်မထွက်ရဲဘူး။ မှောင်နေတာကိုး။ ၅ နာရီကျော်မှ မေမေလည်း သူ့ကို အတင်းလွှတ်ရတယ်။ အဲဒါကို သားဖေဖေက ဦးတိုးကြီးကို ဝင်ခေါ်ပြီးမှ ဆရာမဆီ သွားတယ်လေ။
သားဖေဖေတို့နဲ့အတူ ဆရာမက ပါမလာဘူး။ “အေးအေးဆေးဆေးပါ မမွေးနိုင်သေးပါဘူး လင်းမှ လာခဲ့မယ်” လို့ပြောလိုက်တယ်တဲ့။ မေမေ့မှာတော့ လိမ့်နေပြီ။ သားကို ရိုးရိုးပဲမွေးဖို့ ရွေးချယ်ခဲ့တာ ဆိုပေမယ့် အဲဒီလောက် နာကျင်ခံစားရမယ်ဆိုတာ မသိဘူးလေသားရယ်။ သားဖွားဖွားက မေမေ ဗိုက်ဆာနေမှာစိုးလို့ ဆိုပြီး ကွေကာအုပ်တွေလာတိုက်တယ်။ အဲဒါစားလည်းပြီးရော အကုန် အန်ထွက်ကုန်တာ .. အန်ရင်းနဲ့ မေမေ့ထဘီ လည်း ရွှဲရွှဲစိုသွားတော့တယ်။ ရေမွှာပေါက်တာလို့ သားအဖွားက ပြောတာပဲ။ အဲဒီအချိန်က မနက် ၆ နာရီလောက်ပဲ ရှိသေးတယ်။
နားလည်တဲ့သူတွေ ပြောတာက ဗိုက်ထဲမှာ ကလေးက ရေမွှာအိတ်ကလေးတွေကြားမှာ နေတာတဲ့။ ရေမွှာပေါက်တာနဲ့ ကလေးအပြင်ရောက်ရတယ်၊ မရောက်ရင် အထဲမှာ ကလေးက အသက်ရှူကြပ်ပြီး သေတတ်တယ်တဲ့။ အဲဒါတွေလည်း မေမေ မသိပါဘူး။ အထဲမှာ သားကတော့ အားကောင်းမောင်းသန် ရုန်းကန်နေပြီ။ သားက မွန်းလို့ရုန်းတာနေမှာပေါ့လေ။ သားက ရုန်းလေ .. မေမေက နာလေပေါ့။
မေမေ့အဒေါ် သားရဲ့ဘွားလေး ဘူချီလည်း ရောက်လာပြီ၊ ဆရာမလည်း ၇ နာရီလောက်ကျတော့ ရောက်လာပြီ။ ဆရာမက စမ်းသပ်ပြီး ညနေ ၃ နာရီလောက်မှ မွေးမှာတဲ့။ စဉ်းစားကြည့် သား .. မေမေ ဆိုတာ အော်ငိုတော့တာပဲ။ ခုမှ မနက် ၇ နာရီရှိသေးတယ် ညနေ ၃ နာရီ ရောက်ဖို့ကို ဘယ်လို စောင့်မလဲနော်။ မေမေနာလှပြီလေ။
သားမွေးဖို့ နာတဲ့ပုံစံက တမျိုးပဲ သားရဲ့။ ၅ မိနစ်လောက် ဆက်တိုက်နာလိုက် .. တခါ လုံးဝ ပျောက်သွားလိုက်။ တခါ ပြန်နာလာလိုက်ပေါ့။ နာတဲ့အချိန်မှာ မေမေကတော့ အော်တာပဲ။ အပြင်မှာလည်း မိုးတွေက သည်းကြီးမည်းကြီးရွာလို့။ ၈ နာရီ ခွဲလောက်ကျတော့ ဖွားဖွားရဲ့ တပည့် မူကြိုကလေးလေးတွေ ရောက်လာတယ်။ သားဖွားဖွားက တယောက်ချင်းစီကို ပြန်လွှတ်နေ ရတယ်။ ကလေးလေးတွေက မေမေ့ကို တအံ့တသြကြည့်ကြလို့ … သားရေ။
နောက်မကြာဘူး သားဦးရဲရဲ့ ဂစ်တာသင်တန်းသားတွေရယ် ရန်ကုန်က ဆရာရယ် ရောက်လာ တယ်။ သူတို့ကတော့ မပြန်ကြဘူး၊ မေမေက အထဲမှာအော် .. သူတို့က အပြင်မှာ ကိညောင် ကိညောင်လုပ်ကြပေါ့။ ဒီကြားထဲ သားအဖေ ဆင်ထားတဲ့ ဒရမ်ဆက် အစုတ်ကြီးကို ဝင် လက်ဆော့တဲ့ သူတွေက ရှိသေးတယ်။ တဒုံးဒုံး တချမ်းချမ်းနဲ့ပေါ့။ အပြင်မှာတော့ မိုးက သည်း ကောင်းတုန်းပဲ။
သားကလည်း မွန်းရှာလို့ထင်တယ်၊ ရုန်းလိုက်တာမှ။ သားရုန်းတာ ခဏနားတဲ့အချိန် မေမေ အနာ သက်သာတဲ့အချိန်မှာ အိပ်ချင်လာပြန်ရော။ မွေးဖို့လုပ်ထားတဲ့ ကြမ်းပြင်မှာပဲ မေမေခဏ သွားလှဲတယ်။ သားဖွားဖွားကိုတော့ မေမေက လုံးဝအပျောက်မခံဘူး။ မေမေ့နားမှာပဲ နေခိုင်းထားတာ။ ဖွားဖွားကလည်း နေပါတယ်။ လှဲနေတုန်း တခါ ပြန်နာလာတော့ မေမေလည်း ဆုပ်မိဆုပ်ရာ ဆုပ်လိုက်တာ ဖွားဖွားရဲ့ ခြေမဖြစ်နေတာ သားရဲ့။ မေမေက ဗိုက်နာလို့အော်၊ သား ဖွားဖွားက ခြေစွယ်ငုတ်နေတာ ဆိုတော့ အဲဒါကို မေမေက ဆွဲညှစ်သလိုဖြစ်ပြီး နာလို့ အော် နဲ့ ကမ္ဘာပျက် နေသလိုပဲ။
သားဖေဖေ မျက်နှာလည်း ဇီးရွက်လောက်ပဲ ရှိတော့တယ်။ ဦးတိုးကြီးလည်း မေမေ့ကို ဘာမှ မပြောနိုင်ဘူး …။ မျက်နှာငယ်လေးနဲ့။ သားဘဘလည်း မေမေလမ်းလျှောက်ရာ နောက်က တကောက်ကောက်လိုက်ပြီး မျက်နှာပျက်နေလေရဲ့။ အိနြေ္ဒရတာဆိုလို့ ဆရာမ တယောက်ပဲ ရှိတယ်။ သူကတော့ ရိုးနေပြီကိုး .. မေမေ့ကို လမ်းချည်းပဲ တွင်တွင် လျှောက်ခိုင်းနေတယ်။
ဘဘကို ပြောလိုက်သေးတယ် သူက “ရှင့်ညီမကို လက်ဘက်ရည်ဆိုင် ခေါ်သွားလိုက်” တဲ့။ မေမေက တချိန်လုံး လက်ဘက်ရည်ဆိုင် ထိုင်နေတယ်ဆိုတာ သူသိတာကိုး။ မမွေးခင် ညကလည်း လက်ဘက်ရည်ဆိုင်မှာ ဟီးဟီးဟားဟား လုပ်နေတာ ၁၀ နာရီထိလေ။
ဆရာမက ဝတ္ထုစာအုပ်နဲ့ “မမွေးနိုင်သေးပါဘူး” ချည်းလုပ်နေတာ။ မေမေကဖြင့် နာလှပြီ။ ဒါပေမယ့် နောက်မှ မေမေသိတာ .. မေမေက အန္တရာယ်ရှိနေပြီလေ။ ဆရာမက ဝတ္ထုဖတ်ချင်ယောင် ဆောင်ပြီး တရားစာအုပ် ဖတ်နေတာ။ အစောကြီးကတည်း က ရေမွှာပေါက်ပြီး ကလေး မလိုက် လာ တကည်းက မေမေ အန္တရာယ်ရှိနေပြီ။ ဆေးရုံမှာဆို ဒီအနေအထားနဲ့ ခွဲတော့မယ်။ ခုမှ ဆေးရုံ ပို့ရင်လည်း ဆရာမ ကြိမ်းခံရတော့မယ်။ တကယ်က သားဦးကို အိမ်မှာ မွေးပေးခွင့်မရှိဘူး။
တဖြည်းဖြည်းနဲ့ နာတာက စိတ်လာသလို .. မေမေ့အော်သံကလည်း မိုးသံနဲ့ ရောထွေးနေပြီ။ မေမေ လမ်းတောင် ဖြောင့်အောင်မလျှောက်နိုင်လို့ ဒူးထောက်ထောက်ပြီး ထိုင်ချနေရပြီ။ သား ဖွားဖွားရယ်၊ ဖွားလေး ဘူချီရယ်က မေမေသွားတဲ့နောက်က တကောက်ကောက်လိုက်ရင်း မေမေ့ ဆီက ကျခဲ့တဲ့ သွေးစက်တွေကို လိုက်သုတ်၊ လိုက်ရှင်းနေကြတယ်။ ဒီလိုနဲ့ နေ့လည် ၁ နာရီ ၁၅ လောက်မှာတော့ သားက အစွမ်းကုန် ရုန်းလိုက်တယ်၊ မေမေလည်း အဲဒါကိုသိလိုက်တယ်၊ ဆရာမလည်း သိသွားတာနဲ့ ကမန်းကတန်း မွေးဖို့ပြင်ကြတယ်။
ပြင်ကြတယ်ဆိုတာက မေမေတို့အခန်းကိုပဲ မွေးခန်းလုပ်ထားတာလေ။ မွေးခန်းထဲမှာ ဆရာမရယ်၊ သားဖွားဖွားရယ်၊ သားဖွားလေး ဘူချီရယ်ပေါ့။ တကယ်က ဖွားဖွားတို့ ၂ ယောက်က ကူဖို့ဆိုပြီး အခန်းထဲနေပေမယ့် ကြောက်နေကြတာလေ။ မေမေ့ဗိုက်ကို မွေးရအဆင်ပြေအောင် တွန်းခိုင်း တော့လည်း အချိုးမကျလို့ ဆရာမက “တော်ပြီ ရှင်တို့ ဘာမှ မလုပ်ကြနဲ့တော့” ဆိုပြီး ဟောက်၊ မေမေကလည်း သားကို အစွမ်းကုန် ညှစ်ထုတ်ပေါ့။
အဲဒီအချိန်မှာ ဖွားဖွား ၂ ယောက်က ကြောက်လို့ ဆိုပြီး အခန်းထောင့်မှာ ကပ်နေကြတယ်။ မေမေ့ကို ဆရာမက ဘယ်လို အနေအထားနဲ့နေ၊ ဘယ်လို ပုံစံနဲ့ ညှစ်ဆိုပြီးပြောတဲ့အတိုင်း မေမေက လိုက်လုပ်တာပဲ။ နောက်ဆုံးမှာ “မွေးပြီ” ဆိုတဲ့ ဆရာမရဲ့ အသံ ကြားလိုက်ရတာပဲ။
အဲဒီအချိန်မှာ အပြင်က သားအဖေသူငယ်ချင်း ဦးမင်းကြည်ရောက်နေတော့ နာရီ ကမန်းကတန်း ကြည့်ပြီး ၁ နာရီနဲ့ ၃၆ မိနစ်လို့ပြောလိုက်သံကြားတယ်။ မေမေလည်း မောလွန်းလို့ ငြိမ်သွားတာ။ အဲဒီအချိန်ထိ သားအသံထွက်မလာသေးဘူး။ မေမေလှမ်းကြည့်လိုက်တော့ သားက ဆရာမ လက်ထဲမှာ ပြာနှမ်းလို့။ အဲဒီအချိန် မေမေ့စိတ်ထဲ အလုပ်တခုပြီးပြီလို့ပဲ တွေးမိတယ်သား။
သား ဖွားဖွား လုပ်ပုံ ပြောရဦးမယ်သား သိလား။ မေမေ့ကို ဘာပြောလည်း ဆိုတော့ “သမီး၊ စိတ်ကို ခိုင်ခိုင်ထားနော်၊ သမီး သားလေး ဘာမှ မဖြစ်ဘူးသိလား” ဆိုပြီး ငိုသံကြီးနဲ့ လာပြောတယ်လေ။ ဖွားဖွား အဲလိုပြောလိုက်မှ မေမေလည်း စိတ်ပူဖို့ သတိရတာ။ တကယ်က ဖွားဖွားက မေမေ့ကို စိတ်ခိုင်ခိုင်ထားဖို့ လာနှစ်သိမ့်တာ။ နှစ်သိမ့်တဲ့သူက ငိုသံကြီးနဲ့။ ဒါပေမယ့် မေမေက ရုပ်ရှင်ထဲက အမေတွေလို သွေးတွေဘာတွေ မတက်ပါဘူး။ အေးဆေးပါ။ သားမေမေပဲလေ :)
အဲဒါနဲ့ ဆရာမက သားကို အသင့်ယူထားတဲ့ ခွေခြေပုလေးပေါ်မှာ ပက်လက် ခေါင်းနဲ့ ခြေထောက်ကို တွဲလောင်းထားပြီး တင်ထားတယ်။ ပြီးတော့ သားအဖေကို ဝယ်ခိုင်းထားတဲ့ ဆေးတွေကို ဆေးထိုးအပ်နဲ့ စုပ်ယူပြီး တလှုပ်လှုပ်ဖြစ်နေတဲ့ သားရဲ့ ချက်တိုင်ထဲ ထိုးထည့် တာတွေ့လိုက်ရတယ်။
သားက ရေမွန်းပြီး ပြာနှမ်းနေတာကိုး ..။ ဆရာမဆေးထိုးထည့်လိုက်မှ သားဆီက “ဂတ်ဂတ် .. ဂတ်ဂတ်” ဆိုတဲ့အသံ အရင်ထွက်လာပြီး .. “အဲ့ .. အဲ့ .. ဝါး ” ဆိုတဲ့ ငိုသံထွက်လာတာ။ အဲတော့မှ သားအဖေလည်း အိမ်ရှေ့မှာ သက်ပျင်းချနိုင်တယ်တဲ့ သားရေ။ နောက်မှ သိရတာက ဆရာမလည်း အဲတော့မှ သက်ပျင်းချရတာ ဆိုပဲ။ သူ့ လုပ်သက် နှစ် ၃၀ အတွင်း တခါမှ ကလေး လူကြီး အသေအပျောက် မရှိဖူးပေမယ့်၊ မေမေ့ ကိစ္စကိုတော့ သူအတော်လေး လန့်တယ်လို့ ဝန်ခံ ရှာတယ်။
ဟုတ်တယ်သား .. အဲဒီညက မေမေတို့အိမ်မှာ လူသံတွေ၊ ကလေးသံတွေ ဆူညံနေတာပေါ့။ မေမေ့ ဝမ်းကွဲ အစ်မတွေက မွေးထားတဲ့ ကလေး ဘုစု ခရုတွေကလည်း သားကို လာကြည့် ကြတာလေ။ သား မမတွေ ကိုကိုတွေပေါ့။
သားကို အနှီးနဲ့ ကျစ်နေအောင်ထုပ်ပြီး သားဘဘရဲ့ သူငယ်ချင်း .. မေမေ့ အစ်ကိုလိုပဲ နေတဲ့ ဘဘချင်းမြင့်ကြီးက မချီတတ် ချီတတ်နဲ့ အရင်ဆုံးချီလိုက်တယ်။ သူ့ပေါ်မှာ သားက ပထမဆုံး သေးပေါက်ချလိုက်တာ သားရဲ့။
နောက်တနေ့ မနက်ကျတော့ သားအဖေရဲ့ သူငယ်ချင်း ဦးနှဲကြီးရောက်လာတယ်။ သူက ဗေဒင်လေး ဘာလေး နည်းနည်း တတ်တယ်လေ။ မေမေ့ခြင်ထောင်ကို လှန်ပြီး .. သားကို ကြည့်တယ်။ နေ့၊ အချိန် ဘာညာ တွက် ချက်တယ်လေ သား .. ပြီးတော့ ဦးနှဲကြီးက … “အင်္ဂါသား .. အထွန်းဘွား” တဲ့ .. ပေးဖို့ကောင်းတဲ့ နေ့အတွဲတွေ ရေးပေးတယ်။ အဲဒါနဲ့ မေမေလည်း သားကို နာမည်လေးပေးလိုက်တယ် .. “အင်္ဂါသား .. အထွန်းဘွား .. မောင်ဥာဏ်လူသစ် … လို့ ခေါ်တွင်စေသတည်း” လို့။
သားကို မမွေးခင်ကတည်းက ဦးတိုးကြီးက မီးနေသည်အတွက်ဆိုပြီး ဘရန်ဒီ တပုလင်း ပေးထားတာ .. မီးနေစောင့်လာတဲ့သူတွေ တကွတ် ကွတ်နဲ့ ဝင်ကွတ်ရင်း သားကိုလည်း မွေးပြီးရော ဖင်ကပ်တောင် မကျန်တော့ဘူးသိလား။
သြော် ကျန်သေးတယ်။ သားရဲ့အချင်းကို သားအဖေက ခြံထောင့်မှာ မျက်နှာကို အစွမ်းကုန် ပြုံးပြီး မြှုပ်ရမယ်ဆိုလို့ သွားမြှုပ်သတဲ့ ..။ အဲတော့မှ ကလေးက မျက်နှာချိုမှာတဲ့။ ကြည့်ရတာ အပြုံးလွန်ပြီး အော်များရယ်ခဲ့သလား မသိပါဘူး ..။ သားအဖေကလည်း အရယ်က ခပ်သန်သန်။ သားကြီးလာတော့ တခုခု ရယ်စရာတွေ့ပြီဆို အော်အော်ပြီး ရယ်တာ .. အင်း .. မေမေက သားကို ရယ်တတ်အောင် သင်စရာတောင် မလိုဘူး နော် :)
မောင်လေး ဂျူလိုင်ဒရင်းမ် က ကျမကို တက်ဂ်တယ်။ ကျမက တချက်ခုတ် နှစ်ချက်ပြတ်ဆိုပြီး .. အမှတ်တရ ရက်စွဲများနဲ့ ပေါင်းရေးလိုက်တယ်။ ဟုတ်တယ်လေ .. “အဲဒီတုန်းက ဒုက္ခ .. ခု ပြန်စဉ်းစားပြီး ရယ်ရတဲ့ ကိစ္စ” တဲ့။ ကြံကြံဖန်ဖန်။ ကျမက ဒုက္ခတွေဆို မေ့သွားတာများတယ်။ ဒါပေမယ့် သားကြီးကို မွေးတဲ့ အဖြစ်အပျက် ကတော့ ခုပြန်ပြော ခု တဟားဟား ရယ်နေရတုန်း။ အဲ့တုန်းကလည်း တကယ်ကို အမေလား သားလား သေပြီထင်တာ။ မသေလို့ ခုလို စာတွေ မြင်ရတယ်မှတ် :P ကိုင်း တူတော်မောင် ထူးမြတ် .. ဆက်တက်ဂ်တယ် ဟေ့။
Saturday, March 14, 2009 | Labels: အမှတ်တရ | 13 Comments