ကိုနိုင်နဲ့ပဲနေတော့မယ့် ယုဇနပန်းကလေး (ဇာတ်သိမ်း)
“ညီမလေး … ဟိုသေနာကျကို မယု လိုက်ရှာလိုက်ဦးမယ် … ကလေး ခဏ ကြည့်ထားပေးဟာ”
မယု … ကိုနိုင်နဲ့ သမီးလေး တယောက် မွေးပြီးတဲ့နောက်မှာ မကြာခဏ ကြားရတဲ့ စကားပါ။
“ကိုနိုင့်ကို ဘယ်မှာ လိုက်ရှာမလို့လဲ ..”
“ဘယ်မှာရှာရမှာလဲဟယ် … ဒီနားက အရက်ဆိုင်တွေမှာပဲပေါ့။ ဒင်းတော့လား … တွေ့လို့ကတော့ အသေကို လုပ်လိုက်ဦးမယ်”
“ကဲ ကဲ ရှာရင်လည်း သွားရှာလေ … ဟန်နီလေးကို ညီမလေးနဲ့ ထားခဲ့။ ရန်လည်း ဖြစ်မနေနဲ့ဦး”
မယုသမီးငယ်လေးက မယုနဲ့ တပုံစံတည်း ...။
သူတို့မိသားစု သုံးယောက်နေကြတဲ့ ဘကြီးခြံထဲက တဲကလေးက ကျမတို့ ဆွေမျိုးတွေ စုနေတဲ့ နေရာနဲ့ဆို ၄၊ ၅ မိုင်လောက် ဝေးပါတယ်။ မနက်တိုင်းမှာ ကိုနိုင်က ဟန်နီလေးကို ပခုံးပေါ်မှာ ထမ်း မယုကို လက်တွဲပြီး လျှောက်လာတဲ့ မြင်ကွင်း မြင်ရသလို … ညနေတိုင်းလည်း အဲဒီလိုပုံစံနဲ့ အိမ်ပြန်ကြတဲ့ သူတို့မိသားစုကို မြင်နေကြ ...။
ကျမက အိမ်ထောင်ကျစ … မနက်ခင်း လင်မယားနှစ်ယောက် လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ အချိန်ဆို မယုတို့ မိသားစု အဲဒီ လက်ဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ကြမြဲ … ။ တခါတလေမှာ ကျမတို့ လက်ဘက်ရည်ဝိုင်းမှာ သူတို့ ဝင်ထိုင်ကြတတ် သလို … တခါတလေတော့လည်း … မထိုင်တော့ဘဲ အော်ဟစ် နှုတ်ဆက်ပြီး ဆက်လျှောက်သွားတတ်တယ်။
ညနေပိုင်းတွေမှာတော့ တခါတလေ ကိုနိုင် အလုပ်ကောင်းတဲ့အခါ အရက်ဆိုင်ကို ရောက်နေတတ်လို့ မယုက ကလေးကို ကျမနဲ့ အပ်ပြီး လိုက်ရှာရတာမျိုးရှိတတ်တယ်။ အဲဒီအခါမျိုးမှာ ကိုနိုင်က မယုပြောဆိုသမျှကို ငြိမ်ပြီး ခံနေလေ့ရှိတယ်။ နောက်ဆုံး မယုပဲ မောပန်းပြီး သူ့စကားကို သူ အဆုံးသတ် … ကိုနိုင်က ကလေးကို ကောက်ချီပြီး အိမ်ပြန်ကြတော့ တာပါပဲ။
အဲဒီ ပုံစံအတိုင်း ကျော်ဖြတ်သွားလိုက်တာ … နေ့တွေ၊ ညတွေက တပုံစံတည်းလားတောင် ထင်ရရဲ့ ...။ ကျမ သားကြီး ကိုယ်ဝန်ဆောင်တော့ မယုသမီး ဟန်နီလေးတောင် ၅ နှစ်ပြည့်လို့ သူငယ်တန်းစတတ်ပြီ။ မိဇာလေးက အလယ်တန်းတောင် ရောက်ပြီ … ။
ကျမ သားကြီးမွေးတော့ မယုရောက်လာပြီး ထဘီက အစ မရွံမရှာ လျှော်ပေးတာပါ။ အဲဒီလို ရှိသမျှ အလုပ်တွေ သိမ်းကျုံး လုပ်ရင်းက သူ့ထုံးစံ ကြားထားသမျှ အတင်းတွေတော့ ပြောတတ်တာပေါ့လေ ...။
တခါတော့ ကလေး နီတာရဲလေးကို ထွေးပွေ့ထားတဲ့ ကျမကို စေ့စေ့ … တွေငေး ကြည့်ရင်းက “မယုလည်း ကလေးလေး တယောက် ထပ်မွေးချင်လိုက်တာ” လို့ ပြောလာတယ်။
“မမွေးပါနဲ့ မယုရယ်။ မယုတို့ အဆင်ပြေကြတာလည်း မဟုတ်ဘူး။ ဟန်နီ တယောက်တည်းနဲ့တောင် တော်တော် ရုန်းကန်ရတာ။ နောက်တယောက်ဆို ဘယ်နိုင်မလဲ” လို့ ကျမ ပြန်ပြောမိတယ်။ မယုက သက်ပြင်းကို ဟင်းခနဲချရင်း “ကိုသက်တင် တယောက်လည်း ဘယ်ရောက်နေလဲ မသိဘူးနော်” လို့ အစပ်အဆက်မဲ့ ပြောတယ်။ ပြီးတော့ “မယုလေ … မေအေးကို တခါတခါ တော်တော် စိတ်နာတယ်” တဲ့။
သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ကျမ သေချာမသိပေမယ့် သူ ခံစားနေရတာကို ကျမ နားလည်သလိုလိုပဲ ...။ သူ ကိုယ်တိုင်လည်း သူ ဘာဖြစ်နေတယ်ဆိုတာ သေချာ မဖွင့်ချပြတတ်တဲ့ ကျမ အစ်မကို ကြည့်ရင်း ကျမရင်ထဲမှာ ဆို့ ကျပ်လာတယ်။ ကျမကသာ ဆို့ကျပ်လာတာ သူကတော့ ပြောချင်တာ ပြောပြီး ဘာမှ မဖြစ်သလိုပဲ “ညီမလေး … ပြီးရင် မယု ဈေးသွားမယ်။ ပုစွန်နဲ့ ချဉ်ပေါင်ဝယ်ခဲ့မယ်။ ညီမလေး ချဉ်ပေါင်ကြော် စားမယ်မဟုတ်လား” လို့ အေးအေး ဆေးဆေးပဲ ပြောနေတယ်။
ယုဇနပန်းကလေးတွေက သူ့ဘာသာ အပင်မှာ လန်းဆန်းပြီး မွှေးမြချိန် ဘာလို့ တိုတောင်းရတာလဲ ကျမ သိချင်လိုက်တာ။
“ညီမလေး … မယုမှာ နောက်ထပ် ကိုယ်ဝန်ရှိနေပြီ”
“ဘယ်လို ဖြစ်တာလဲ မယုရယ် … တို့ သေချာ ပြောထားရဲ့ သားနဲ့။ တော်ကြာ အဆင်မပြေ ဖြစ်နေဦးမယ်”
“အဟီး … မကော … ကိုနိုင်ကော နောက်ထပ် ကလေးလေးတယောက် လိုချင်လာလို့ဟ”
“အင်းလေ … မယုတို့ အဆင်ပြေရင်ပြီးတာပါပဲ”
“ပြောသာ … ပြောရတာ။ မယုလည်း ခပ်လန့်လန့်ပဲ သိလား။ တကယ်တော့ မယုတို့ တဲကလေးက မိုးတောင် လုံတာ မဟုတ်ဘူး”
ကျမ သနားသွားတယ်။ တကယ်တော့ ကျမတို့ ညီအစ်မဝမ်းကွဲ တတွေ ရှေ့ဆင့်နောက်ဆင့် ကလေးတွေ ရလာတာကို ကြည့်ပြီး သူလည်း တဒင်္ဂ ကလေးလိုချင်စိတ်နဲ့ ယူလိုက်တယ်လို့ပဲ တွေးလိုက်ပါတယ်။
ဒါပေမယ့် … အဲဒီနောက်မှာ အဖြစ်အပျက်တွေက ရုပ်ရှင်ကားတကားကို ဖလင် အမြန်ဆွဲပြီး ပြလိုက်သလိုပဲ ဖျတ်ခနဲ ဖျတ်ခနဲ မြန်ဆန်လွန်းလှတယ်။
ကိုယ်ဝန်သုံးလမှာ … မယု ကေသီပန် သွေးပုပ်ချဆေးတွေ သောက်ပြီး ဆေးရုံရောက်သွားတယ် ဆိုတဲ့သတင်း ကျမဆီ ရောက်လာတယ်။
“ဘာလို့ အဲဒီလို လုပ်တာလဲ မယုရယ်။ အန္တရာယ်ရှိတယ်ဟ”
“မသိဘူးဟာ။ တကယ်တကယ်တော့ ကလေးယူဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ”
“အဲဒါဆိုလည်း အစကတည်းက ...”
ကျမ စကားမဆက်နိုင်တော့ဘူး … သူ့မျက်ဝန်းက မျက်ရည်တွေကြောင့်ပါ ...။ ကိုနိုင်ကတော့ သူ့မိန်းမကို အရိပ်တကြည့်ကြည့် ကြည့်ရင်း လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားတယ်။
တခါတုန်းက သူကိုယ်တိုင် ရှိမှန်း မသိလိုက်တဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ သူများတိုက်တဲ့ ဆေးတွေကို သွန်ပစ်တဲ့သူက အခု သူကိုယ်တိုင် သေချာ ယူခဲ့တဲ့ ကိုယ်ဝန်ကို ပျက်ကျအောင် ဆေးတွေ ဘာကြောင့် သောက်ရတာတဲ့လဲ။ သူ့မျက်ရည်တွေ ဘာကြောင့် ကျတယ် ဆိုတာ မိခင်တယောက် ဖြစ်နေတဲ့ ကျမ နားလည်လိုက်ပါတယ်။
မယု ဆေးရုံက ဆင်းဆင်းခြင်း တိုက်ဆောက်နေတဲ့ နေရာမှာ ဘိလပ်မြေ သွားသယ်တယ် …
မယု မျက်နှာက ဖောယောင်နေတာပဲ … ကိုနိုင် ဆေးခန်း လိုက်ပြနေရတယ် …
မယု နည်းနည်း သက်သာလာပြီ … ခါတိုင်းလိုပဲ ကိုနိုင်နဲ့ ဟန်နီလေးနဲ့အတူ လမ်းလျှောက်လာ၊ လမ်းလျှောက် ပြန်ကြတယ်။
မယု ကိုနိုင်အရက်သောက်တဲ့ ဆိုင်တွေမှာ လိုက်ရှာရပြန်ပြီ။
မယုတို့ တဲကလေးကို ဓနိမိုး ပြန်မိုးနေရလို့ ကြီးမာအိမ်မှာ တရက် လာအိပ်ကြတယ်။
မယုတို့ တဲကလေး ဓနိအသစ် မိုးပြီးပြီ။
မယုရယ် ကိုနိုင်ရယ် ဟန်းနီရယ် လက်တွဲလို့ … လျှောက်သွားတာ တွေ့လိုက်တယ်။
ကိုနိုင်အရက်သောက်တဲ့ ဆိုင်ထဲမှာ မယု သွားသောင်းကျန်းတယ်တဲ့။
မယုတို့သတင်းတွေကို အမျိုးမျိုး ကြားနေရပေမယ့် မယုနဲ့ ကျမ အဲဒီရက်ပိုင်းက မဆုံဖြစ်ကြဘူး။ မယုနဲ့ ဆုံဖြစ်တော့ … ခါတိုင်းနဲ့မတူဘဲ ပိန်ချုံးနေတဲ့ မယုကို အံ့သြတကြီး တွေ့လိုက်ရတယ်။။
“ကျန်းမာရေး ဂရုစိုက်ပါဦး မယုရယ်”
“မယုက ဘာမှ မဖြစ်ပါဘူး ညီမလေးရဲ့ … ကိုနိုင့်ကြောင့်စိတ်ညစ်နေရတာ။ ပင်ပမ်းတယ်ဆိုပြီး အရက်တွေ အရမ်း သောက်တာပဲ”
မယုရဲ့ စကားသံက ချောင်းတဟွတ်ဟွတ်နဲ့ ရောထွေးလို့ ...။
“ဆေးခန်းလေး ဘာလေး ပြကြည့်ပါဦးဟာ”
“ဘာမှ မဖြစ်ပါဘူး။ ညီမလေး ဘာစားမလဲ … မယု ချက်ပေးမယ်လေ”
မကျန်းမမာ ဖြစ်နေတဲ့ ပုံစံနဲ့တောင် အငြိမ်မနေဘဲ ကျမအိမ်က လျှော်စရာတွေကို အတင်း ယူလျှော်နေလို့ ကျမ အတင်းလိုက်ဆွဲရပြန်တယ်။
“ကိုနိုင်ကသိပ်ရယ်ရတယ် သိလား … သူက မူးလာပေမယ့် မယု ဆူရင် ငြိမ်နေရော။ ပြီးရင် မယုကို အတင်း လိုက်ချော့တယ်။ သူ့ သမီးတော့ သူ အရမ်းချစ်တယ်လေ။ သူ့သမီးက ဒယ်ဒီ အရက်သောက်ရင် ဟန်းနီ မခေါ်တော့ဘူးလို့ ပြောရင် ပျာ နေတာပဲ”
သူ့ယောက်ျားအကြောင်း ပြောနေတဲ့ မယုမျက်နှာက ကြည်လင်လို့ … ပြုံးလို့။ ကိုသက်တင်ကို သူ မေ့သွားပြီ ...။ ကျမ သူ့လက်ထဲကို ထည့်ပေးလိုက်တဲ့ ငါးရာတန်တရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း … “မယု ဈေးသွားလိုက်ဦးမယ် သိလား … ညီမလေးကော ဘာမှာမလဲ။ ကိုနိုင်က ငါးဟင်း စားချင်တယ်ဆိုလို့ … ဈေးသွားပြီး အိမ်ပြန်ချက်လိုက်ဦးမယ်” လို့ ပြောနေတဲ့ မယုမျက်နှာက ပြုံးရွှင်လို့ ...။
“မမှာတော့ပါဘူး မယုရယ် … ကိုနိုင့်အတွက်ပဲ ပြန်ချက်လိုက်ပါ နော်”
ကျမ သိသလောက်တော့ မယု ချက်ပေးတဲ့ ငါးဟင်းကို ကိုနိုင် မစားသွားရ ရှာဘူး ...။
အဲဒီနေ့က ကိုနိုင် အရက်တွေ မူးပြီး အိမ်ပြန်လာချိန် တော်တော် နောက်ကျတယ်။ မယုတို့ သားအမိတောင် အိပ်နေကြပြီတဲ့။ နွေ … ညဘက်ကြီး … ပူလို့ဆို ရေချိုးပြီး ဘာမှတောင် မစားတော့ဘဲ ဝင်အိပ်လိုက်တဲ့ ကိုနိုင့်မှာ အရင်ကတည်းက သွေးတိုးရှိနေတယ် ဆိုတာလည်း မယုက ကြိုမသိထားပါဘူး။ သိရင်တောင် ဘယ်လို နေရထိုင်ရမယ်ဆိုတာ မယု ဘယ်ပြောတတ် ပါ့မလဲ။ ဦးနှောက် သွေးကျော ပြတ်တယ်ဆိုတာလည်း တော်တော့်ကို မြန်တဲ့ ရောဂါ တခုပါ။
ရုတ်တရက်ကြီး မယုတို့ ဘဝထဲက ကိုနိုင် ထွက်သွားလိုက်ပုံများ … နုတ်ဆက်ချိန်တောင် မရဘူးလေ။
အချစ် ဆိုတာ တော်တော်ပဲ ဆန်းကျယ်ပါသလား ...။ ရင်ကွဲနာကျတယ်ဆိုတာကို ကျမ တသက်နဲ့တကိုယ် ဝတ္ထုတွေထဲမှာ ဖတ်ဖူးတာကလွဲရင် … တခါမှ မျက်မြင်ကိုယ်တွေ့ မမြင်ဘူးတာပါ။
ကိုနိုင် ဆုံးပြီးတဲ့နောက် မယု အိပ်ရာထဲမှာ ဘုံးဘုံး လဲပြီး … အစာ မဝင်တော့တာ၊ မယု ကယောင်ကတန်းတွေ ပြောတာ … ကျမကိုတောင် မမှတ်မိတော့တာတွေဟာ ထူးဆန်းတယ်လို့ ဆိုရမလား။
“ကိုသက်တင်ကို ပြောလိုက်ပါ။ ကိုနိုင်နဲ့ပဲ နေတော့မယ်လို့ … နော်”
သတိလက်လွတ်ဖြစ်နေချိန်မှာ မယု မကြာခဏ ပြောတတ်တယ်။
သူ့ကို ဆေးတိုက်တဲ့ အခါမှာ … “အဲဒီဆေးတွေ မသောက်ချင်ဘူး … သွား။ ငါ့ ကိုယ်ဝန် ပျက်ကျသွားလိမ့်မယ်” လို့လည်း ပြောတတ်တယ်။
ကျမက “မယု … ညီမလေး ကျွေးတာစားနော်။ ညီမလေး ခွံ့ကျွေးမယ်” ဆိုပြီး စားစရာ တခုခု ခွံ့ကျွေးရင်တော့ သူ နည်းနည်း စားတတ်တယ်။ ဒါပေမယ့် “ကိုသက်တင်ကို ပြောလိုက်ပါ … ကိုနိုင်နဲ့ပဲ နေတော့မယ်” ဆိုတဲ့ စကားကိုတော့ သူ တတွတ်တွတ် ပြောမြဲ ...။
ရင်ကွဲနာ ဆိုတာကို ကျမ မကြုံဖူးပေမယ့် ယုံလိုက်ရပြီ …။ ကိုနိုင် ဆုံးပြီး သုံးလ တိတိ ပြည့်တဲ့နေ့မှာ … မယုလည်း တကယ်ကို လိုက်ပါ သွားခဲ့ပြီ ...။ သူပြောသလိုပဲ … ကိုနိုင်နဲ့ပဲ နေတော့မယ် ဆိုတာ တကယ်ပဲ ထင်ပါရဲ့ ...။
တရှုပ်ရှုပ်ငိုနေတဲ့ မိဇာလေးရယ်၊ ဘာမှ နားမလည်သေးတဲ့ ဟန်းနီရယ် … သူတို့ နှစ်ယောက်စလုံး ကြီးမာရဲ့ သမီးတွေ ဖြစ်သွားကြပြီ … ။
ယုဇန ပန်းလေးတွေက ချစ်တတ်ပါသလား … ။
မြေမှာ ပျံ့ကျဲနေတဲ့ ယုဇနပန်းလေးတွေကို တွေ့တိုင်း … တချိန်က ယုဇနပန်းကလေး တပွင့်ကို ကျမ သတိမရဘဲ မနေနိုင်ဘူး။ အဲဒီယုဇန ပန်းလေးဟာ … တချိန်တုန်းက အပင်ပေါ်မှာ တကယ်ကို မွှေးမြခဲ့ဖူးတယ်။
သူက … မိုးကို ချစ်ပြီး မိုးကြောင့် ပွင့်အာရပေမယ့် … မိုးကြောင့်ပဲ … အကြွေလွယ်ရတဲ့ ပန်းကလေးပါ ...။ အဲဒီ ယုဇနပန်းကလေးက ကိုနိုင်နဲ့ပဲ နေတဲ့ ယုဇနပန်းကလေးပေါ့။ ။
Thursday, October 07, 2010 | Labels: ဝတ္ထုရှည် | 3 Comments
ကိုနိုင်နဲ့ပဲနေမယ့် ယုဇနပန်းကလေး ၂
အဲဒီနှစ်က အောင်စာရင်းတွေထွက်ပြီး ၂ လအကြာမှာ တနိုင်ငံလုံးပါတဲ့ အရေးတော်ပုံကြီးကို ဆင်နွှဲ၊ ကျမကိုယ်တိုင်လည်း ၁၀ တန်းအောင် ကျောင်းသူတယောက်အဖြစ် ပါဝင်ခဲ့ … ။ သပိတ်စခန်း၊ ဟောပြောပွဲတွေ၊ ညဘက် သတိရှိရှိ အိပ်ကြဖို့ နှိုးဆော်သံ၊ နီးနီးလေးပါဆိုတဲ့ ရန်ကုန်နဲ့တောင် အဆက်အသွယ်ပြတ်၊ ထမင်းထုပ်၊ အစာငတ်ခံဆန္ဒပြ ….။ နောက်ဆုံးမှာ သေနတ်သံတွေနဲ့ သပိတ်နိဂုံး ….။ သင်္ဃန်းတလွှားလွှားနဲ့ ဘယ်သွားရမှန်းမသိ ဖြစ်နေတဲ့ စာသင်သား သံဃာတွေ၊ အစုလိုက် အပြုံလိုက် ဖမ်း၊ အစုလိုက်အပြုံလိုက် အလုပ်ပြုတ်၊ ရာထူးကျ၊ ပင်စင်သွား ...။ သေနတ်သံ၊ ညမထွက်ရ …. ။
နောက်တော့ ပင်နီ၊ ခမောက်၊ လှပရဲရင့်တဲ့ မိန်းမတယောက်ရဲ့ အပြုံး၊ ပြတ်သားတဲ့ သူ့မိန့်ခွန်း … ၊ ရွေးကောက်ပွဲ ...။ ခမောက်ကိုပဲ မဲထည့်ခဲ့တယ်။ ကျမ ၁၈ နှစ်ပြည့်ပြီ ...။ အုံးအုံးကြွက်ကြွက် …. တနိုင်ငံလုံးမှာ ၈၀ ရာခိုင်နှုန်းကျော် … မဲ အပြတ်အသတ် အနိုင် ...။
အချိန်တွေ တရွေ့ရွေ့ကုန် … ကျမရဲ့ ကျေးဇူးရှင် အဖေ … ရွှေတောင်ကြီး ပြိုကျ ...။ ကျမတို့ ဘဝတွေ ကြေမွ ပျက်စီးမသွားခင် အမေက အချိန်မီစုစည်း၊ အစ်ကိုကြီးက ပြန်လည်ထူမတ် ...။ တို့မောင်နှမတွေ မငိုကြေး ...။ ကျမ သေသေချာချာ လူလားမြောက်ခဲ့ရ ….။
တရက်မှာ မေအေး ကျမတို့အိမ် ရောက်လာရာက စခဲ့တာ …
“ငါ … ကိုကြီးကို ခဏခေါ်သွားမယ်။ ကျော်စွာကို လိုက်သွားရမယ်။ အဖော်မရှိလို့” ဆိုတဲ့စကားကို ကျမ မေမေ မလွန်ဆန်နိုင်ခဲ့။ ကျမ ကိုကြီး ကျော်စွာကိုပါသွားခဲ့တယ်။ တပတ်အကြာမှာ ကိုကြီး ပြန်ရောက်လာတယ် … ကိုကြီးရဲ့ နောက်မှာ ….။
“မယု”
ကျမ အချိန်တွေ အကြာကြီး မေ့ထားခဲ့တဲ့ အစ်မ ...။ မတွေ့တာ အကြာကြီးနေမှ ပြန်တွေ့ရတဲ့အစ်မ။ ကျမတို့ စကားတွေ တွတ်ထိုးကြပေမယ့် စိတ်ဝင်စားတဲ့ အကြောင်းအရာချင်း ကွဲပြား ...။
“အတင်း သိပ်မပြောပါနဲ့ မယုရယ် နော်”
“အို မယုက မှန်တာပြောတာပဲ”
ကျမတို့ စကားဝိုင်းမှာ ဒီစကားနှစ်ကြောင်းနဲ့ အဆုံးသတ်မြဲ။ မယုက ဆွေမျိုးတွေကြားထဲမှာတော့ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့ ဆိုတဲ့ ဘွဲ့နဲ့ ...။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုစိတ်ပျက်ပျက် ကျမရဲ့အစ်မ။ ကျမကို သိပ်ချစ်တဲ့ အစ်မလေ ...။ ဥာဏ်ရည် မမီတာကလွဲရင် သူက လူကောင်းပါ။ စာသင်လို့ မရတာကလွဲရင် … သူက ချစ်ဖို့ကောင်းတာပဲ။ ကျမ သာသာထိုးထိုး တွေးတာလည်း ဖြစ်နိုင်ရဲ့။ ကျန်တဲ့ အမျိုးတွေကတော့ ယုယုဟေ့ ဆိုရင် ချဉ်ချင်ကြပြီ။
“ညီမလေး … အဝတ်တွေပေး မယုလျှော်ပေးမယ်”
“ညီမလေး … အဆောင်ပြန်ရင် ယူသွားဖို့ … ချဉ်ပေါင်ကြော်ပေးမယ်နော်”
“ညီမလေး … ငါးပိကြော် ကြော်ထားတယ်။ ယူသွားသိလား။ မယုကို ညီမလေး ဆိုးပြီးကျန်တဲ့ နှုတ်ခမ်းနီဘူး ပေးပါလား။ ကလစ်ကလေးက လှလိုက်တာဟယ် မယုကိုလည်း တခုဝယ်ပေးနော်”
အလှကြိုက်တဲ့ မယုက ကျမဆီက အတိုအထွာလေးတွေ တောင်းတတ်သလို အဆောင်နေတဲ့ ကျမ တပတ်တခါ ပြန်လာတိုင်း အဝတ်လျှော်ပေးတာ၊ အခြောက်အခြမ်းကြော်ပေးတာမျိုး လုပ်တတ်တယ်။ သူက သူ့အမေ ကြီးမာလိုပဲ ဟင်းချက်တော့ တော်တော် ကောင်းတယ်။
“မယု … စကတ်တွေ မဝတ်နဲ့တော့လေ၊ တော်လည်း မတော်ဘဲနဲ့။ ထဘီဝတ်ပါ။ ရော့ ညီမလေးဟာ ယူလိုက်”
တရက်တော့ ဝဝကစ်ကစ်ဖြစ်နေတဲ့ သူ့ပုံစံနဲ့ စကတ်တိုတို ဘယ်လိုမှ မလိုက်ဖက်တာမို့ ကျမ ထဘီတထည် ပေးလိုက်တယ်။
“အေးဟာ … မယုလည်း ဒီရောက်မှပဲ ဝလာတာ လုံးနေတာပဲ”
“မယု … လမ်းထိပ် လက်ဘက်ရည်ဆိုင်က ကောင်တွေကို အရောမဝင်နဲ့နော်။ သိလား”
“မဝင်ပါဘူး။ ညီမလေးကို ဘယ်သူပြောလဲ။ မနီတို့ မဟုတ်လား”
“မဟုတ်ပါဘူး … မယုနဲ့ စကားရပ်ပြောနေတာ ညီမလေး မြင်လို့ပြောတာ”
“အလကား ဟာတွေပါ။ မယုသိပါတယ်”
“သိရင်ပြီးတာပဲ”
“မယုကလေ ကိုသက်တင် တယောက်တည်းကိုပဲ ချစ်တာသိလား”
“အဲဒါ မယုရည်းစားလားဟင်”
“ဟုတ်တယ် … သူနဲ့ မယုနဲ့ လျှောက်လည်ကြတယ် သိလား”
“ပျော်စရာကြီးလားဟင်”
“အင်းပေါ့ … ဒါပေမယ့် အဲဒီနေ့က မိုးတွေရွာတော့ မယုတို့ မိုးဝင်ခိုရတယ်။ လူမနေတဲ့ ဇရပ်ကြီး တခုမှာပေါ့ … ဟီးဟီး”
“ဟင် … ဘာရယ်တာလည်း မယုရဲ့”
“သတိရလို့ပါ။ အရမ်းပျော်ဖို့ကောင်းတာပဲ။ ကိုသက်တင်ကလေ … အဲဒီနေ့က မယုကိုပြောတယ်သိလား။ ယုယု … နင့်ကို ငါယူမယ်တဲ့”
“ဟယ် … မယုက ယောက်ျားယူတော့မှာလား။ မယူပါနဲ့ဦးဟာ ငယ်ငယ်လေး ရှိသေးတာ”
“အင်းလေ … အခုလည်း ဒယ်ဒီတို့က မယုကို ကိုသက်တင်နဲ့မယူအောင် ဒီကို ပြန်ပို့လိုက်တာပဲဟာ။ ဒါပေမယ့် မယု ကိုသက်တင်ကို သတိရတယ် သိလား”
“အင်း … သတိရရင်စာရေးပေါ့”
“မရေးတော့ပါဘူးဟယ်။ သြော် ဒါနဲ့ ညီမလေးကိုလေ … ဟိုဘက်လမ်းက အေးသီတာက ဘာပြောလဲသိလား။ နင့်ညီမက ဘဝင်ရူးတဲ့ မယုကိုပြောတာ။ အဲဒါနဲ့ မယုလည်း ကလော်ဆဲပလိုက်တယ် အေးရော”
“ဟာ … မယုကလည်း ဘာလို့ လျှောက်ဆဲတာလည်း။ ပြောပစေပေါ့။ သူ့ဘာသာပြောတာပဲ”
“အို … မပြောရပါဘူး။ ငါ့ညီမလို သူတို့က တော်တာမဟုတ်ဘဲနဲ့”
အဲဒီလို ကျမတို့ စကားအကြာကြီး ပြောဖြစ်ကြပြီး နောက်တော့ နှစ်ပတ်လောက် မတွေ့ဖြစ်ကြပြန်ဘူး။ သူက မေအေးတို့အိမ်၊ မနီတို့အိမ်မှာ နေရတာကိုး ...။ နောက် ကျမကလည်း အဆောင်ပြန်ရတာနဲ့ သူနဲ့ မတွေ့ဖြစ်တဲ့အချိန်တွေ များနေတာ ...။
တရက် ကျမ အဆောင်ကနေ အိမ်ပြန်ရောက်နေတဲ့ စနေနေ့မှာ မေအေး အိမ်ရောက်လာတယ် …
“မြတ် … နင့်တူမကို ဆေးရုံလိုက်ပို့လိုက်”
မေအေးရဲ့ အသံက အာဏာသံအပြည့်နဲ့ … ကျမမေမေက အံ့သြလို့ မဆုံးဖြစ်နေတုန်း … ကျမက ဝင်မေးမိတယ် …
“မေအေး … မယုဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဆေးရုံသွားရမှာလဲဟင်”
“ကလေးမွေးဖို့ သွားရမှာ … နင်တို့ လိုက်သွားလိုက်ကြ။ ငါတော့ မလိုက်နိုင်ဘူး ဒါပဲ”
ကျမ မေမေက အသားတဆတ်ဆတ်တုန်နေအောင် ဒေါသထွက်နေတယ်။
“မမအေး … ဘယ်လိုက ဘယ်လိုဖြစ်တာလဲ မြတ်ကို ရှင်းပြဦး။ ယုယုက ဘယ်တုန်းက ကိုယ်ဝန်ရှိလိုက်တာလဲ”
“ကျော်စွာက လာကတည်းက ကိုယ်ဝန်ရှိလာတာ”
“ဘာပြောတယ်။ အဲဒါကို မြတ်ကို ပြောမပြဘဲနဲ့ … အခု ကလေးမွေးတော့မှ … မမအေး မတရားဘူး”
“အေး … ငါလည်း ဖြတ်ချပေးမယ်ဆိုပြီး သူ့အဖေကို ကတိပေးခဲ့တာပဲ။ ငါတိုက်တဲ့ဆေးတွေ ဒီကောင်မ မသောက်တာ တော့ ငါမသိဘူး။ ပြောလိုက်ရဦးမယ်။ ငါတို့ မျိုးရိုးမှာဒါမျိုးမရှိဘူး။ ငါ့သမီးတွေကို ဆေးရုံကို လုံးဝ မလွှတ်နိုင်ဘူးနော် ဒါပဲ။ နင်တို့ပဲ သွားစောင့်ရှောက်လိုက်ကြ”
ကျမအတွက် အားလုံးက အသစ်။ အသက် ၂၀ အရွယ် မိန်းကလေးတယောက် ဖြစ်နေပေမယ့် ဒီကိစ္စတွေကို ကျမ တခါမှ နားမလည်တာအမှန်။ ရည်းစားတောင် မထားဘူးသေးတဲ့ အချိန်မှာ ကျမနဲ့ အရမ်းကိုနီးကပ်ခဲ့တဲ့ ရွယ်တူအစ်မက ကလေး မွေးနေပြီတဲ့ ...။ တကယ်တော့ မယုရဲ့ အပျိုဗိုက်ကို ကျမ မပြောနဲ့ ကျမ အမေလို အတွေ့အကြုံရှိတဲ့ ကလေးအမေတောင် မရိပ်မိခဲ့တာ။
ဆွေမျိုးတွေထဲမှာ နည်းနည်းစွာတဲ့ မဟုတ်မခံ ကျမ မေမေနဲ့ မေအေးတို့ရဲ့ ရန်ပွဲကို ကျမ ငုတ်တုတ်ထိုင်ကြည့်နေတုန်း ကျမ ကိုကြီးက ကျမကို လက်ကုတ်ပြီးလာခေါ်တယ် ...။
“တောက်”
ကိုကြီးရဲ့ တက်ခေါက်သံကြောင့် ကျမ နည်းနည်း လန့်သွားတယ်။
“ငါသိတယ်။ ငါ ရိပ်မိတယ်။ တော်တော် အရေးမပါတဲ့ဟာတွေ။ သူ့ဘာသာ ရည်းစားနဲ့ ဗိုက်ကြီးတာကို ပေးစားလိုက် ပြီးနေပြီ။ အဲဒါကို အတင်း ခွဲကြတယ်။ အဖေလုပ်တဲ့သူကလည်း တော်တော် အဓိပ္ပာယ် မရှိတာကို လုပ်တာ”
“ဘာလဲဟင် ကိုကြီး … မယုကို သူ့ရည်းစားက မယူလို့လား … ဟုတ်လား”
“ဘယ်ကလာဟုတ်ရမှာလဲ။ ငါ အဲဒီသူ့ရည်းစား သက်တင်နဲ့လည်း တွေ့ခဲ့တယ်။ သူက ယုယုကို ယူမှာ။ အဲဒါကို သူ့အဖေက အသားလွတ်ခွဲမယ်ဆိုပြီး မေအေးလက်ထဲထည့်လိုက်တာ။ မေအေးကလည်း ဆရာကြီးလုပ်ပြီး ခေါ်လာတာ။ ယုယုက ကိုယ်ဝန်ကို တမင် မဖျက်ချတာ ဖြစ်မယ်”
“ဘယ်လို လုပ်မလဲဟင် ကိုကြီး”
“ငါလည်း မသိဘူး။ လောလောဆယ်တော့ မေအေးတို့က လက်ရှောင်သွားပြီ။ ဒုက္ခရောက်မှာက ယုယု”
တကယ်ကို ကျမတို့ ဘာမှန်း မသိခဲ့ကြတာ။ မေအေးက သူတာဝန်ယူခဲ့တဲ့ မယုကို လျစ်လျှူရှုနိုင်ခဲ့ပေမယ့် ကျမ မေမေက သူ့တူမအရင်းမို့ လျစ်လျှူမရှုနိုင်ခဲ့ပါဘူး။ ကျမကလည်း ကျမ အစ်မရယ် … နီတာရဲ တူမလေးရယ်ကို ဘယ်လိုလုပ် လျစ်လျှူ ရှုနိုင်ပါ့မလဲလေ။
“မေအေးကလေ … မယုကို ဆေးတွေတိုက်တယ် သိလား။ အဲဒါ ကိုယ်ဝန် ပျက်ကျအောင်လုပ်တဲ့ ဆေးတွေလေ။ မယုက သောက်ချင်ယောင် ဆောင်ပြီး သွန်ပစ်လိုက်တာ။ ညီမလေး ကိုသက်တင်လာရင် မယုကို ပြောနော် သိလား”
ကျမမှာ ရှိတဲ့ မုန့်ဖိုးလေးထဲက စုထားသမျှလေးကို တူမလေးနဲ့ မယုအတွက်ပေးတာကလွဲရင် ကျမ ဘာမှ မလုပ်ပေး နိုင်ခဲ့ဘူး။ထမင်းသွားပို့ပေးတဲ့ ကိုကြီးကို ပတ်ဝန်းကျင်က ကလေးအဖေလားလို့ ထင်လာလို့ ကိုကြီး ထမင်းသွားမပို့ရဲတော့တဲ့အခါ … တခါ ပတ်ဝန်းကျင်က ကလေးအဖေကော ဆိုတဲ့ မေးငေါ့တာတွေ၊ စူးစမ်းမှုတွေကို မယု အံကြိတ် အားတင်း ခံခဲ့ရတာပါ။ တကယ်တော့ အဲဒီကိစ္စတွေအားလုံး …၊ မယုမှာ ကလေးပါသွားတယ် ဆိုတာကိုပါ ကိုသက်တင်က သိခွင့်မသာခဲ့တာ။
မြန်မာ လူ့ပတ်ဝန်းကျင်မှာ … အဖေ မရှိဘဲ ကလေးမွေးရတာလောက် မျက်နှာငယ်စရာ ကောင်းတာ မရှိတဲ့ အနေအထား ဆိုပေမယ့် … မယု ဒယ်ဒီရဲ့ သမီးကြီးအပေါ် အချစ်လွန်ကဲမှုကြောင့် မယုတယောက် မျက်နှာလည်းငယ် အရှက်လည်း ကွဲခဲ့ရတဲ့ အဖြစ်လို့ ဆိုရမလား။ ကံကြမ္မာကို ဘယ်သူက စေစားတာတဲ့လဲ ….။
“ညီမလေး … မယုတို့ကို မေအေးက အင်းစိန်အိမ်မှာ သွားနေရမယ်တဲ့”
အင်းစိန်မှာ မေအေးရဲ့ ဝမ်းကွဲ ညီအစ်မတွေ ရှိနေတယ်။ ကျမတို့နဲ့ ဘာအမျိုးမှ မတော်ဘူး။ ကျမ အမေက တားတယ်။
“မတားကြနဲ့။ သူလုပ်လို့ ဒီက အပျိုလေးတွေပါ နာမည်ပျက်ရမယ်။ အဖေမပေါ်ဘဲ ကလေးမွေးတဲ့ မိန်းမရဲ့ အမျိုးတွေ အဖြစ် ငါတို့ ဘယ်လိုမျက်နှာပြမှာလဲ။ ငါစီစဉ်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကလေးကို အမေနဲ့ခွဲပြီး ….”
မေအေးရဲ့စကား ဆုံးချိန် မရလိုက်ဘူး … မယု ရှိုက်ကြီးတငင်ငိုတော့တယ် …
“ဟင့်အင်း … သမီး မေအေးခိုင်းတဲ့အတိုင်း သွားပါ့မယ်။ သမီးလေးနဲ့ မခွဲပါနဲ့ ...” ဆိုတဲ့ အသံက မယု အင်းစိန်မသွားခင် နောက်ဆုံး ကြားလိုက်ရတာပါ။
ဒုတိယအကြိမ် မယုနဲ့ ကျမ ခွဲခွာရတဲ့အချိန်ကတော့ ပထမ အကြိမ်ထက် ဝမ်းနည်းဖို့ ကောင်းလှတယ်။ သူစိမ်းတွေ ကြားမှာ မယု ဘယ်လောက် မျက်နှာငယ်ရရှာမလဲ ဆိုတာလောက်တော့ ကျမ စဉ်းစားတတ်ခဲ့ပြီ။ ကျမလည်း လူကြီးတွေ စီစဉ်မှုကို နားမလည်နိုင်တာကလွဲလို့ ဝင်ပြောနိုင်တဲ့ အနေအထားမှ မရှိဘဲလေ။
ကျော်စွာကနေ မယုရဲ့ ဒယ်ဒီနဲ့ မာမီတို့ သန်လျင်ကို အပြီး ပြန်ပြောင်းလာတဲ့ ကာလလေးကတော့ မယုအတွက် စိတ်ချမ်းသာစရာ ပြန်ကောင်းပါလိမ့်မယ်။ အဲဒီအချိန်မှာ မယုရဲ့သမီး မိဇာလေးတောင် ၅ နှစ် ရှိပြီ။ မူလတန်း စတက်ပြီ။ ကျမတို့ ငယ်ငယ်က တက်ခဲ့တဲ့ မူလတန်းကျောင်းလေးမှာ ကျမတူမလေးက ကျောင်းတက်နေပြီ။ ဒါပေမယ့် သန်လျင်လို မြို့ကျဉ်းကျဉ်းလေးမှာ မိဇာလေးက မယုရဲ့ သမီးမဟုတ်တော့ဘူး။ ကြီးမာရဲ့ သမီး အငယ်ဆုံးအဖြစ် ပြန်ရောက်လာ ခဲ့ရတာ။ မယုကတော့ … အများအမြင်မှာ အပျိုတယောက်ပေါ့။
“ညီမလေး … ဘာလုပ်စရာရှိလဲ … မယု ဘာလုပ်ပေးရမလဲ”
ကျမဆီ မယုရောက်လာတိုင်း ပြောနေကျ စကားတွေပါ။
ကျမမေမေကတော့ … “ယုနော် … နင် … စကားတွေကို ဟိုက ဒီပို့ … ဒီက ဟိုပို့ မလုပ်နဲ့ ကြားလား” လို့ ဟန့်မြဲ။ မယုကလည်း သူ့ကို ဘယ်သူဆူဆူ ဘယ်လောက်ပြောပြော … သူပြောချင်တဲ့ အမျိုးတွေရဲ့ အတင်းတွေကို ဖောက်သည် ချမြဲ...။ အတင်းဆိုပေမယ့် မယုပြောတာတွေက ကောလာဟလတွေ မဟုတ်ဘဲ သတင်းတွေ ဖြစ်ဖြစ် နေတတ်တာ၊ မှန်နေတတ်တာ ဆိုတော့ အမျိုးတွေက သူတို့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာ … မဟုတ်တာ လုပ်သမျှ ပေါ်မှာကို ကြောက်ကြတာလည်း ပါရဲ့။
သမီးချောတွေ မွေးထားလို့ မာန်တက်နေတဲ့ မေအေးရဲ့ သမီးတွေအားလုံးလည်း သူလိုငါလိုထက် ဘာမှ မထူးတဲ့ ယောက်ျား တွေနဲ့ လိုက်ပြေးတဲ့သူက လိုက်ပြေး … လက်မထပ်ခင် ကိုယ်ဝန်ရှိလို့ ပေးစားရတဲ့သူက ပေးစားရနဲ့ … နောက်ဆုံးတော့ မေအေးလည်း မာန်တွေ ချလိုက်တဲ့ အနေအထား ရောက်ရတာပါပဲ။ ရီစရာကောင်းတာက အဲဒီကိစ္စတွေ အားလုံးကို မယုက ကျမကို လာလာပြောတတ်တာပါပဲ။ သူပြောတဲ့အတိုင်း ဘယ်သူနဲ့ ဘယ်သူကတော့ ယူတော့မယ်၊ ရည်းစား ဖြစ်နေပြီဆို … မှန်နေတာများတော့ အံ့သြမိတာ အမှန်ပဲ။
မယုက ကိုသက်တင် အကြောင်းကို တခါတလေ လွမ်းလွမ်းဆွေးဆွေး ပြောတတ်တယ်။ ဒါပေမယ့် … သူ့ပုံစံက တခုခုကို အလေးအနက် ထားရလောက်အောင်လည်း ဦးနှောက်က ဥာဏ်ရည်မမီတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။ ကျမကသာ စာရေးဖို့ တာစူနေတဲ့သူ မို့လို့လား မပြောတတ်ဘူး … သူ့အစား ဇာတ်လမ်းတွေဆင် … ဝင်လွမ်းပေးနေရတာ ...။ သူတို့ မိသားစု ပြန်ဆုံကြရင် …. ဆိုတဲ့ ဇာတ်လမ်းက ကျမရဲ့စိတ်ကူးထဲမှာ အမြဲ ဆင်မိပေမယ့် … တကယ့်လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။
တကယ် ဖြစ်လာတာကတော့ ….
“ညီမလေး မယု … ကိုနိုင့်ကို ယူတော့မယ်”
“ကိုနိုင်ဆိုတာ ဘယ်သူလဲဟင်”
“ကိုနိုင်ဆိုတာ မယုတို့ အိမ်ဘေးမှာ လာငှားနေတဲ့ ကောင်လေးပေါ့”
မယုမျက်နှာက ပြုံး … လို့
သူ့ ထုံးစံအတိုင်း ဆေးပေါ့လိပ်ကြီးဖွာပြီး စကားကို အေးအေး ပြောတတ်တဲ့ ကြီးမာကတော့ သူ့သားမက်ကို အတော်လေး သဘောကျနေပုံရတယ်။
“သူတို့ နှစ်ယောက်က လိုက်ပါတယ်။ ယုကို မောင်နိုင်က တော်တော်ချစ်တယ်။ သူလည်း ယုယုလို ပေါတောတောပဲ။ နောက် … မိဇာလေးက ယုယု သမီးဆိုတာလည်း သိတယ်။ သူ နားလည်တယ်” လို့ ရိုးရိုး ရှင်းရှင်းပဲ ပြောတယ်။
မယုကို ဘာအလုပ်ပဲဖြစ်ဖြစ် မရွေးဘဲ လုပ်ကိုင် ရှာဖွေ ကျွေးမွေးတဲ့ ကိုနိုင့်ကို ကျမလည်း ချီးကျူးမိတယ်။ ကိုနိုင်က မယုထက် နည်းနည်း ငယ်တာ၊ အရက်ကြိုက်တာက လွဲရင် မယုကို တော်တော်ချစ်တယ်လေ ...။ သူတို့နှစ်ယောက်ကို ကျမတို့ ဘကြီး တယောက်က သူပိုင်တဲ့ ခြံဝိုင်းလေးထဲမှာ တဲလေးထိုးပြီးနေခွင့် ပေးထားတယ်။
ဆက်လက်ဖော်ပြပါမည်
Tuesday, October 05, 2010 | Labels: ဝတ္ထုရှည် | 1 Comments
ကိုနိုင်နဲ့ပဲနေတော့မယ့် ယုဇနပန်းကလေး ၁
မြေမှာ ပြန့်ကျဲနေတဲ့ ယုဇန ပွင့်ဖတ် ကလေးတွေက ကျမကို ပြောတယ် … “ညီမလေး … မယု … ကိုယ်ဝန် ရှိနေပြန်ပြီ” တဲ့။
သူ့ဖေဖေက သူ့ကို သမီး အကြီးဆုံးမို့ သိပ်ချစ်ဟန်တူတယ်။ သူ့နာမည်ကို သိပ်မလှပေမယ့် သိပ်ချစ်စရာကောင်းတဲ့ … သိပ်ကို မွှေးမြတဲ့ ပန်းလေးရဲ့ နာမည်ပေးထားတယ် … ယုဇန … တဲ့။
သူငယ်တန်း တက်ကြတော့ သူ့မေမေက ကျမတို့ ညီအစ်မ သုံးယောက်ကို ကျောင်းလိုက်ပို့တယ်။ ဟုတ်တယ် … ကျမတို့ မေမေတွေက ဝန်ထမ်းတွေ ဆိုတော့ ကျမတို့ကို သူ့မေမေ …၊ ကျမမေမေရဲ့ ညီမ ကြီးမာ ကပဲ ကျောင်းလိုက်ပို့ … ကျောင်းကြို၊ ထမင်းလာကျွေး ပေါ့ ...။ ကျမတို့ ဆိုတာက ကျမရယ် သူရယ် မနီရယ် ...။ ကျမက အငယ်ဆုံး … မနီက အကြီးဆုံး။ ကျမက သူတို့ကို မယု၊ မနီ လို့ ခေါ်တယ်။ တကယ်တော့ ကျမတို့သုံးယောက်က တဝမ်းကွဲတွေ ဆိုပေမယ့် … ရှေ့ဆင့်နောက်ဆင့် လပဲ ငယ်ပြီး မွေးလာတဲ့ သူငယ်ချင်းတွေဆိုလည်း မမှားဘူး။
ကျမရဲ့ ငယ်ဘဝမှာ မနီရယ်၊ မယုရယ် … ကျောက်သင်ပုန်း၊ ကျောက်တံလေးတွေရယ် … အရိုက်ကြမ်းတဲ့ ဆရာကြီးရယ်၊ ပုံပြောပြတဲ့ ဆရာမ ဝတုတ်ကြီးရယ် … ပြီးတော့ ကြီးမာရယ် … သူတို့က တလှည့်စီ ပေါ်လာလိုက် ပျောက်သွားလိုက် ...။
စကားနည်းပြီး များများ မှတ်တတ်တဲ့ ကျမက ဆရာမတွေအမြင်မှာ အေးတဲ့သူ။ တကယ်လည်း ကျမက ပြဿနာ ဖြစ်ရမှာ ကြောက်တတ်တဲ့သူ ...။ မနီနဲ့ မယုကတော့ တနေ့ကို အနည်းဆုံး ငါးခါလောက် ရန်ဖြစ် ...။ ရန်ဖြစ်ပြီးရင် ပြန်ခေါ်။ ပြန်ခေါ်ပြီး ပြန်ရန်ဖြစ် ...။ သူတို့ကြားမှာ ကျမက ကြားနေ ...။
“ညီမလေး … ယုနဲ့ မနီနဲ့ စကားမပြောဘူး … သူ့ကို မခေါ်နဲ့ သိလား” လို့ မနီက လာပြောရင်လည်း ကျမက ခေါင်းညိတ်။ “ညီမလေး မနီနဲ့ မယု ရန်ဖြစ်ထားတယ် သူ့ကို မခေါ်နဲ့နော်။ ခေါ်ရင်တော့ အသိပဲ” လို့ မယုက ဆိုလာရင်လည်း ကျမက ခေါင်းညိတ်။ ဒီအစ်မနှစ်ယောက်ကြားမှာ ကျမက လည်သလို … အဆင်ပြေသလို နေခဲ့ရင်း ကျမရဲ့ မူလတန်း နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရတာ ...။ သူတို့ နှစ်ယောက်ကတော့ ကျောက်တံလုရင်း၊ ပေတံ ချိုးရင်း၊ ကျောက်သင်ပုန်း ခွဲရင်း၊ ဝလုံးတွေ မညီမညာ ရေးကြရင်း မတည့်အတူနေတွေပါ။
နွေကျောင်းပိတ်ရက်တွေကတော့ ကျမတို့အတွက် ဖုန်တထောင်းထောင်းကြားမှာ ကစားနည်း ပေါင်းစုံကို ငယ်သံပါအောင် အော်ဟစ် ဆော့ကစားကြရတဲ့ အပျော်လွန် နေ့ရက်တွေပေါ့ ...။
မနီက ညီအစ်မချည်းပဲ ၆ ယောက်မှာ ၅ ယောက်မြောက်ဆိုတော့ အစ်မတွေအားကိုးနဲ့ ကျမတို့ကစားဝိုင်းကို မကြာခဏ ဆန့်ကျင်တတ်တယ်။ နောက်ဆုံးမှာ … အိုးခွက်လေးတွေနဲ့ … ဒါမှမဟုတ် … ထိုးလက်စ ကုလားမစည်းနဲ့ ကျန်ခဲ့ရတာက မယုနဲ့ ကျမ ...။ တယောက်ပဲ့သွားလို့ ငြိမ်သွားတဲ့ ကစားဝိုင်းကို ကြီးမာက ခပ်ကြမ်းကြမ်း သိမ်းခိုင်းပြီး … သရက်သီးစိတ် တွေကို ငံပြာရည်ဖျော်နဲ့ ကြွေးတဲ့အခါ … ခုနက ကစားဝိုင်းကို ကျမတို့ မေ့သွားကြတာပါပဲ။ အဲဒီတုန်းကတော့ လူကြီးတွေ ကြားမှာ ကျမတို့ နားမလည်နိုင်တဲ့ အေးစက်မှုတွေ ရှိနေပါလားလို့ မသိလောက်အောင် ငယ်ကြသေးတယ်။
အစပ်ကြောက် ပေမယ့် သရက်သီးစိတ်နဲ့ ငံပြာရည်ဖျော် စပ်စပ်ကိုကျတော့ အငမ်းမရ စားလို့ ချွေးသီးချွေးပေါက်တွေကျ၊ တရှုးရှုးနဲ့ ဖြစ်နေတဲ့ ကျမကို မယုက တဟားဟားရယ်ရင်း သဘောကျတတ်တယ်။ ပြီးရင်တော့ ကြီးမာက ကျမတို့ ခေါင်း နှစ်လုံးကို ဇိုးခနဲ ဇတ်ခနဲ ဆွဲယူပြီး သန်း … တိုက်ပေးတော့တာပဲ။
စာရွက်ဖြူ တရွက်ပေါ် တဖွဲဖွဲ ကျလာတဲ့ သန်းမကြီးတွေ၊ သန်းပြ လေးတွေဟာလည်း ကျမတို့ရဲ့ ငယ်ဘဝ ဇာတ်ကောင်တွေထဲမှာ ပါလေရဲ့ ...။
“တို့ … ကျော်စွာကို ပြောင်းရတော့မယ်” လို့ မယုက တုံးတိတိပြောတော့ … နွေကျောင်းပိတ်ရက်တွေမှာ အဖော်မဲ့တော့မယ့် အဖြစ်ကို တွေးမိပြီး ကျမ မျက်ရည်တွေ ဝဲ နေတယ်။
“ဒယ်ဒီကလည်းဟာ … ဘာလို့ ပြောင်းရတာလဲ မသိပါဘူး”
မယုမသိသလို ကျမလည်း မသိဘူးလေ ...။ အဲဒီတုန်းက ကြီးမာကလည်း သမီးမိန်းကလေးဆိုလို့ မယုတယောက်တည်း မွေးထားသေးတာ၊ ကျမ မေမေကလည်း ကျမ တယောက်တည်း မိန်းကလေး မွေးထားတာဆိုတော့ မနီတို့ ညီအစ်မတွေ အုပ်စုဖွဲ့တာကို ယှဉ်နိုင်ဖို့ ကျမမှာ မယုရှိမှ ဖြစ်မှာ ဆိုတာတခုပဲ သိတယ်။ လေးတန်းဆိုတဲ့ အရွယ်က ကစားဖို့နဲ့ စားဖို့ပဲ သိသေးတာ မဟုတ်လား။
“စာရေးနော် … မယု … တို့လည်း ရေးမယ်သိလား”
အဲဒီတုန်းက ကျမရဲ့ ချစ်လှစွာသော အစ်မဟာ လေးတန်းနဲ့ စာဆက်သင်လို့မရလောက်အောင် ဥာဏ်ရည် မမီတဲ့သူ ဆိုတာ ဘယ်သိပါ့မလဲ။
ကျမက တတန်းပြီး တတန်းအောင် … မူလတန်းကနေ အထက်တန်း ကျောင်းကြီးကိုရောက်၊ အလယ်တန်းက စာတွေနဲ့ ပိနေတဲ့အချိန် … မယုက ကျော်စွာမှာ ကျောင်းဆက်မနေတော့ဘူး ဆိုတဲ့သတင်း ကြားလိုက်ရ … ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့ … ကျမအတွက် မယုဆိုတာ မှိန်ဖျော့စပြုခဲ့ပြီ။
အလယ်တန်း တက်စ … လမ်းအဝေးကြီး လျှောက်ရတဲ့ အထက်တန်းကျောင်းကြီးကို ပြောင်းတက်ရတော့ တယောက်တည်း ဖြစ်နေတဲ့ကျမကို မနီတို့ ညီအစ်မတွေ ပညာအမျိုးမျိုး ပြတာကို ကြိတ်ခံရင်း မယုသာရှိရင် ကျမကို ကာကွယ်မှာဆိုတဲ့ သတိရ စိတ်ကလေး နည်းနည်းတော့ ဖြစ်ခဲ့သေးတယ်။
ကျောင်းသွားဖို့ ဝင်ခေါ်မယ်ပြောထားလို့ စောင့်နေတဲ့ကျမကို တမင် မခေါ်ဘဲ တိတ်တိတ် ထွက်သွားကြလို့ ကျမ ကျောင်း အခါခါ နောက်ကျရတာ၊ ထမင်းစားချိန် ကျမကို မခေါ်ဘဲ မနီတယောက်တည်းကို သူ့အစ်မ တွေက ကွက်ခေါ်သွားလို့ အဖော်မပါဘဲ ထမင်းစားရင်း မုန့်တန်းကို မဆင်းရဲ ဖြစ်ခဲ့ရတာတွေ အကြိမ်ကြိမ် ထပ်လာတော့ ကျမဘာသာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ကြံစည်တဲ့အချိန်မှာတော့ ကျမ မယုကို မေ့စပြုပြီ ...။
သူငယ်ချင်း ဆိုတာ တော်တော် ချစ်စရာကောင်းပါလားလို့ သိစပြုတဲ့အချိန်မှာ … ညီအစ်မ ဆိုတာတွေကို ကျမစိတ်ထဲက လုံးဝ ထုတ်လိုက်ဖို့ ကြံစည်မိပြီ ...။ ကျောင်းကို ဘယ်သူမှမပါဘဲ ကျမတယောက်တည်း သွားရဲခဲ့တဲ့နောက် ထမင်းကို သူငယ်ချင်းတွေနဲ့ ဝေမျှစားရတာ … စာတွေကို သူငယ်ချင်းတွေနဲ့ အတူဖတ် မှတ် သင်ကြားရတာ… ဝယ်လာတဲ့ မုန့်တွေကို တယောက်နဲ့ တယောက် မျှစားရတာဟာ ဘယ်လောက် ချိုမြိန်တယ်ဆိုတာ သိလာတဲ့နောက် ကျမဘဝမှာ ညီအစ်မဆိုတာ လိုကို မလိုအပ်တော့တာ ...။
အဆိုးဆုံးကတော့ ကျမ ရှစ်တန်းကို ဒီ ၂ လုံးနဲ့ အောင်တဲ့နှစ် ...။ အဲဒီနှစ်က မနီ ရှစ်တန်းကျတယ်။ သူ့အစ်မတွေက မနီကို ပေါ်ပေါ်တင်တင်ပဲ ကျမနဲ့ မခေါ်ဖို့ အမိန့်ပေးလိုက်တာ ...။
တကယ်တော့ ကျမရဲ့ အလယ်တန်း နေ့ရက်တွေထဲမှာ မယုရဲ့ မညီညာတဲ့ လက်ရေးနဲ့ သတ်ပုံ မမှန်တဲ့ စကားလုံးတွေလည်း အကျုံးဝင်ခဲ့တာပါ ...။ ကျမကသာ ကျမရဲ့ ဘဝထဲက အမျိုး၊ ညီအစ်မ ဆိုတာတွေကို ဆွဲထုတ်ရင်း မယုကိုပါ မသိမသာ ဆွဲ ထုတ်ခဲ့မိတာလေ ...။
ညီမလေ
မယု စာရေလိုက်ပါတယ်။ နေကောင်ကျရဲ့လာ။ မယုတော့ နေကောင်တယ်။ မာမီတော့ နေနဲနဲ မကောင်းဘူ။ ညီမလေး။ မယုမရှတော့ ညီမလေ ပျင်နေမှာပေါ။ မယုလဲ ကျော်စွာမှာ မပျောဘူး။ တညင်ကိုပဲ သတိရတယ်။ ကြီးကြီးကော နေကောင်လား။ ကိုရဲလေးကော နေကောင်းလာ။ ဦးဦကော နေကောင်လား။ ဗညားက အရမ်ဆိုတယ်။ ဝဏ္ဏက လိမ်မာတယ်။ ငပျော်ပင်စိုက်တာ ငပျော်သီမှည့်တော့ ရောင်းစားလို့ရတယ်။ မနီကို ခေါ်လား။ မဇူးက အရမ်စွာတယ်နော်။ မေအေးကလည်း အမြင်ကတ်စရာကြီးနော်။ ညီမလေး မယုကို သတိရရင် စာရေးပါ။ မာမီကလည် သတိရနေတယ်။ တညင်ကိုလာချင်တယ်။ကျောင်းပိတ်ရင် ကျော်စွကိုလာခဲပါလာ။
ချစ်သော်အမ
မယူ
အဲဒီလို မသေမသပ်လက်ရေးနဲ့ မမှန်တဲ့စာလုံးပေါင်းတွေနဲ့ စာကလေးတွေဟာ မယုဆီကနေ ကျမကို လစဉ်နီးပါ ရောက် ရောက် လာတတ်တယ်။ ကျမကတော့ မေ့လောက်မှ တခါ ပြန်တတ်တယ်။ ကျမဘဝမှာ မယုက မှေးမှိန်နေပြီကိုး … ကျမအတွက် ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေလည်း ရနေပြီးကိုးလေ။ မယုကတော့ မသိရှာဘူး။ ကျမဆီကို စာမှန်မှန် ရေးဆဲပဲ ...။
သူ့ စာထဲက ကိုရဲလေး ဆိုတာက ကျမမောင်အငယ်ဆုံးကောင်။ ဗညားဆိုတာက ကိုရဲနဲ့ ရွယ်တူ သူ့မောင်အငယ်၊ ဝဏ္ဏကတော့ သူ့ရဲ့ မောင်အကြီးပေါ့။ မဇူးဆိုတာက မနီအထက်ကအစ်မ။ မေအေး ဆိုတာက ကြီးမာတို့ ကျမ အမေတို့ရဲ့ ယောင်းမ … မနီရဲ့ အမေ … ဒီဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဖြစ်လာမယ့် သူတယောက်ပါ။ မယုစာထဲမှာ အတင်းတွေ ပါလာတတ်ခဲ့ပြီ။
ညီမလေး
မယု သတိရစွာနဲ့ စာရေလိုက်ပါတယ်။ ညီမလေးနေကောင်းရဲလာ။ ညီမလေက အခု ၈ တန်းအောင်တယ်ဆိုး။ တော်တယ် ညီမလေးက မနီကမတောဘူး ညီမလေးဆရာဝန်မကြီလုပ်နော မယုကတော့ စာမတော်ဘူး ကျောင်ထွက်လိုက်ရတယ်။ မာမီကအခု ဗိုက်ကြီနေပြီ။ မဇူက လာနေပေးတယ်။ ဒါပေမယ့် မဇူးက အရမ်းနန့်တယ် သိလား။ ကိုသက်တင်က ချော်တယ်။ မဇူက ကိုသက်တင်ကို ကြိုက်နေတာ။ မယုတော့ အမြင်ကတ်ပါတယ်။ ကိုသက်တင်က ခင်ဖိုကောင်းတယ်။ ညီမလေ စာကြိုးစားနော်။ ကိုသက်တင်က ကျောင်ဆရာ တော်တယ် မယုကိုအရမ်းခင်တယ်။ မယုအခု မပျင်းတော့ဘူ။ ဝဏ္ဏက ခရမ်းချဉ်သီး ပင်တွေလည်းစိုက်တယ်။ ရောင်းရတယ်။ ကိုသက်တင်က ဝဏ္ဏကိုပြောပြတယ်။ မဇူးက အပျင်းထူ။ အလကားပဲ။ ညီမလေးက ဘာလို့ကျော်စွကိုမလာတာလဲ။ လာခဲ့ပါဦး။ လူကြုံရှိရင် နှုတ်ခမ်နီပေးလိုက်ပါ။
ချစ်သော မယု
မယုအမေ ကြီးမာက ကျမ ၉ တန်းနှစ်မှာ ညီမလေး တယောက်မွေးတယ်။ မဇူးက သွားစောင့်ရှောက်ပေးတယ်။ မယုက မဇူးကို ကြည့်မရဘူးဆိုတာ ပေါ်လွင်နေတယ်။ သူ့စာထဲမှာ ကိုသက်တင်ဆိုတဲ့ သူစိမ်းတယောက်အကြောင်း မိုးမွှန်အောင် ပါလာပါပြီ။ ကိုသက်တင် ချောကြောင်း၊ တော်ကြောင်း၊ ကျောင်းဆရာဖြစ်ကြောင်းကို သူရေးတတ်သလို ရေးပြပါတယ်။ ကျမကတော့ စာလုံးပေါင်း မမှန်တဲ့သူစာကို ဟာသတပုဒ်လောက်ပဲ သိပ်အလေးအနက်ထား မဖတ်မိတာ အမှန်ပဲ။ ပြီးတော့ သိပ္ပံတွဲ စသင်ရတဲ့ နှစ်မို့ နောက်နှစ် ၁၀ တန်းအတွက်ပါကြိုပြီး စာတွေနဲ့ ပိနေတဲ့အချိန် ...။
ကျမတို့ တဖြည်းဖြည်း အရွယ်ရောက်လာတယ်ဆိုတာ ကိုယ့်ဘာသာ သတိမပြုမိသေးတဲ့ အချိန်မှာ ကျောင်းသွားကျောင်းပြန် … မနီကို ကောင်လေးတွေ လိုက်စတာ တွေ့ရတော့မှ … ကောင်လေးတွေရှေ့ရောက်ရင် မနီရဲ့ စကားပြောတဲ့အသံ ပြောင်းသွားတာ၊ မျက်လုံးအကြည့်တွေ မငြိမ်တာ၊ လမ်းကို နှေးနှေးလေး လျှောက်တာ၊ ရယ်စရာမဟုတ်ဘဲ အသံထွက် ရယ်တာတွေကို တွေ့တော့မှ အံ့သြတကြီး ဖြစ်ခဲ့ရ ...။
ကိုးတန်းနှစ်ရဲ့ တခုသောရက်မှာ … ကျမဘဝရဲ့ အပြောင်းအလဲကြီးတရပ်ကို ရင်ဆိုင်လိုက်ရပြီး … ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် မိန်းကလေးပါလား ဆိုတာကို အထိတ်တလန့် သိလိုက်ရတော့မှ … ကျမလည်း သစ်ရွက်လှုပ်တာကို မြင်ရင် ရယ်ချင်တာ၊ အချစ်ကဗျာလေးတွေ ဖတ်ချင်တာ ကာတွန်းစာအုပ်တွေအစား အချစ်ဝတ္ထုတွေ ခိုးဖတ်ချင်မိတာကို သတိထားမိ….။
ချစ်သူ ရည်းစား ဆိုတာကို ဘာမှန်းလည်းမသိ မြည်းလည်း မမြည်းစမ်းရဲဘဲ … စိတ်ကူးရေယာဉ်ကျောမှာ မျောချင်တဲ့ စိတ်ကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဘိုင်အိုဆိုတဲ့ ဘာမှန်းအတင်းနားလည်အောင် လုပ်နေရတဲ့စာတွေနဲ့ အစားထိုး ဖြတ်တောက်ရတဲ့ ကာလတခု ...။ အဲဒီကာလမှာလည်း ကျမ မယုကို လုံးဝ မေ့ထားခဲ့တယ် ...။
အသက်ကငယ် …. စာတွေက လေးပင်ဖိစီးပြီး … မနိုင်မနင်းဖြစ်နေရာက ကျမ ဆယ်တန်းကို တနှစ်ကျ ...၊ ငွေစက္ကူ အရေးအခင်းကို ကျော်ဖြတ် … သစ်ရွက်လေတိုးသံတွေကို သဘာဝပဲလို့ သေချာ သိမှတ်ပြီး စာပြီးရင်း စာ …၊ ကိုယ့် ကိုယ်ကိုယ် ဒဏ်ခတ်အရေးယူ … ပျော်စရာတွေနဲ့ ဖြတ်တောက်လို့ … ၁၀ တန်းဆိုတာကြီးကို ကျမ လွတ်လွတ်ကျွတ်ကျွတ် အောင် သွားချိန်မှာ … မယုက အချစ်စာမေးပွဲတွေ ဖြေဖို့ လေ့ကျင့်ခဏ်းတွေ သင်္ခန်းစာတွေနဲ့ လုံးထွေးနေမှန်း ကျမ လုံးဝ မသိခဲ့တာ။
(ဆက်လက်ဖော်ပြပါမည်)
Thursday, September 30, 2010 | Labels: ဝတ္ထုရှည် | 2 Comments
အဖေနဲ့ အမေ ဘာတော်လဲ
အဲဒါဘယ်သူပြောခဲ့တာလဲ။ ဘယ်သူပြောပြော အရေးမကြီးပါ။ သူ့အတွက် အရေးကြီးတာက သမီး။ သမီးက သူ့အတွက် တော်တော်လေး ထူးထူးဆန်းဆန်းတွေ လုပ်တော့ ကလေးဆိုတာ ကလေးဆိုတဲ့ သီးသန့် လူသား သပ်သပ် ဆိုတဲ့စကားကို သူ လက်ခံမိတယ်။ ထူးဆန်းတယ်လို့ ပြောရအောင် သမီးက သူ့အတွက် ရူးရတဲ့ သားဦးလည်းမဟုတ်၊ သမီးရဲ့ရှေ့မှာ အစ်မ ၂ ယောက် သူ မွေးပေးခဲ့ပြီးပြီ။
သမီး ၄ နှစ်သမီး အရွယ်လောက်က ဖြစ်မယ်ထင်တယ်။ မူကြိုက ပြန်လာတဲ့သမီးက ကျမကို မေးလာတယ်။
“မေမေ ... သမီးသူငယ်ချင်း တချို့က သေးပေါက်ရင် ဘာလို့ မတ်တပ်ရပ်ပေါက်တာလဲဟင်” တဲ့။ ကျမ တော်တော် ခေါင်းစားသွားတယ်။ သမီးက ဆက်ပြောတယ် ... “သူတို့မှာ သမီးတို့နဲ့မတူတဲ့ဟာလည်း ရှိတယ်” ဆိုပဲ။ အဲဒီတော့မှ ကျမလည်း သမီးနားလည်အောင် “သူတို့ကို ယောက်ျားလေးလို့ ခေါ်တယ် သမီးရဲ့။ သမီးတို့နဲ့ မတူးဘူး။ အဲဒီဟာကို -- လို့ခေါ်တယ်” လို့ ပြန်ပြောရတယ်။ ဒီတော့ အထွန့်တက်တဲ့ သမီးက “သူတို့က ယောက်ျားလေးဆိုတော့ သမီးတို့က ဘာလဲဟင်” လို့ ပြန်မေးတယ်။
အဲဒီမှာ သမီးက ယောက်ျားလေးနဲ့၊ မိန်းကလေး ဆိုတာကို ကွဲကွဲပြားပြား သိသွားတော့တယ်။
တရက်တော့ သမီးကျောင်းသွားခါနီး ရှုးရှုးပေါက်ချင်တယ်ဆိုလို့ ကျမက အိမ်သာနဲ့ ရေချိုးခန်း တွဲလျက်ဆီကို ခေါ်သွားတော့ သမီးဖေဖေ ရေချိုးနေလေရဲ့။ သမီးကို အိုးထဲမှာ သွားခိုင်းပေမယ့် သမီးက လူကြီးတွေလိုပဲ အိုးနဲ့ မသွားချင်ဘူး ရေချိုးခန်းထဲပဲ ဝင်မယ် ပူဆာတယ်။ ဒါနဲ့ သမီးဖေဖေက “သားအဖချင်းပဲကွာ လာခဲ့” ဆိုလို့ သမီးလည်း ရေချိုးခန်းထဲ ဝင်သွားတယ်။
သမီး ကိစ္စပြီးလို့ ပြန်ထွက်လာတော့ အံ့သြတကြီးနဲ့ ကျမကို ပြောတယ် ...
“မေမေ မေမေ သမီးသိပြီ သိလား။ ဖေကြီးက ယောက်ျားလေးပဲ” တဲ့လေ။ ကျမရဲ့ သမီးက အဲဒီလို သမီးပါ။
အဲဒီကိစ္စက မပြီးသေးဘူး။ ကျမတို့ အိမ်ရှေ့မှာနေတဲ့ သမီးရဲ့ ဘကြီးအိမ်ကို သမီးက သွားနေကျ။ သားသမီး မရှိတဲ့ သမီးဘကြီးက သမီးကိုသိပ်ချစ်တယ်။ တနေ့တော့ သမီးက သူ့ဘကြီးကိုမေးတယ် ...။
“ဘဘက ယောက်ျားလေးလား မိန်းကလေးလား”
“ယောက်ျားလေးပေါ့ သမီးရဲ့”
“ဟုတ်လား ဒါဆို သမီးကို -- ပြ” လို့ ပြောလို့ သူ့ ဘကြီးခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ အီလည်လည်ကြီး ဖြစ်သွားခဲ့ဖူးရဲ့။
သမီးက ကျမတို့ လင်မယား လက်ချင်းတွဲတာ၊ ပုခုံးချင်း ဖက်တာတွေ့ရင်လည်း မကြိုက်ဘူး။ အတင်း လက်တွဲ ဖြုတ်ခိုင်းတယ်၊ ပုခုံးဖက်ထားရင်လည်း ဖြုတ်ခိုင်းတယ်။ ဘာဖြစ်လို့လဲလို့ ကျမက မေးကြည့်တော့ ...
“မလုပ်ရဘူး။ ဖေကြီးနဲ့ မေကြီးက မောင်နှမလေ” လို့ လူကြီးလေသံနဲ့ ပြန်ပြောတယ်။ သူဘာဖြစ်လို့ ဒီလိုပြောတယ် ဆိုတာ ကျမသိတယ်။
ို
ကျမတို့မိသားစု ထမင်းဝိုင်းမှာ သမီးတို့ အဖေက အလုပ်ကြောင့် ပါခဲတယ်။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် ဆုံမှ မိသားစု ဆုံကြတယ်။ သမီးတွေက ကျမကိုပဲ ဦးချနေကျဆိုတော့ ကျမ ပန်းကန်ထဲကို ဦးချဖို့ လုပ်နေတာကို ကျမက “သမီးတို့ ဖေကြီးကို အရင်ဦးချလေ၊ ဖေကြီးက အကြီး” လို့ ပြောမိတော့ ကျမ သမီးက မှတ်ချက်ချတယ်။
“သြော် ဖေကြီးက မေကြီးထက် အကြီးကို။ ဒါဆိုဖေကြီးနဲ့ မေကြီးက မောင်နှမပေါ့” တဲ့။ ကျမလည်း သမီးကို နားလည်အောင် ရှင်းမနေဘဲ ရယ်ပဲ ရယ်နေလိုက်တယ်။ ဒါကြောင့် သမီးက ကျမတို့လင်မယား ခါးဖက်၊ ပုခုံးဖက် လုပ်တာကို မကြိုက်တာလေ။ သူ့အသိမှာ မောင်နှမဆိုရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ တယောက်ယောက် ပြောလို့ ကြားဖူးထားပြီးသား ဖြစ်နေပုံရတယ်။
တဖြည်းဖြည်းနဲ့ သမီးက တီဗီကြည့်တတ်လာတယ်၊ သူ့အစ်မတွေနဲ့အတူတူ ကာရာအိုကေ သီချင်းခွေတွေကို ထိုင်ကြည့်ရင်း မိုက်ကရိုဖုန်းနဲ့ သီချင်းအော်ဆိုတတ်လာတယ်။ တီဗီမှာ စုံတွဲတွေ လက်တွဲ ပုခုံးဖက် ပြေးလွှား ကြတာလည်း မြင်လာတယ်။
တရက်တော့ ကျမကို သမီးကပြောပါတယ်။
“မေကြီးနဲ့ ဖေကြီး ပုခုံးဖက်ချင်ဖက်၊ ခါးဖက်ချင်ဖက် ရပြီ” တဲ့။ ဒီတော့ ကျမက “ဘာလို့လဲ သမီးရဲ့” လို့ ပြန်မေးမိတယ်။ အဲဒီမှာပဲ သမီးက “မေကြီးနဲ့ ဖေကြီးက မောင်နှမမှ မဟုတ်တာ” လို့ ထူးထူးဆန်းဆန်း ပြန်ပြောပါတယ်။ ကျမလည်း သမီးက သူ့ဘာသာ သဘောပေါက်သွားတာကို ကျေနပ်သွားပြီး ပြန်မေးလိုက်တယ်။
“သြော် ဖေကြီးနဲ့ မေကြီးက မောင်နှမ မဟုတ်ဘူးလား၊ ဒါဆို ဘာတော်လဲ”
အဲဒီမှာ သမီးက ခပ်တည်တည်နဲ့ ပြန်ဖြေပါတယ်။
“သမီးသိပြီ ...။ ဖေကြီးနဲ့ မေကြီးက ရည်းစားတွေ” တဲ့။
အဲဒါကြောင့်ပြောတာဖြစ်မယ်။ ကလေးဆိုတာ လူကြီးအသေးစားတွေ မဟုတ်ဘူးလို့။ ကလေး တယောက်ချင်းစီမှာ အတွေး တခုစီ ရှိတယ်။ ကလေးဆိုတာ လူကြီးရဲ့ ပုံတူ ကိုယ်ပွားလေးတွေ မဟုတ်ဘူး။
မှတ်ချက်။ ။ သမီး ၃ ယောက်မိခင် အစ်မတယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ဆင့်ပွားခံစားပြီး ပြန်ရေးတာပါ။ အဲဒီထဲက ဇာတ်လိုက် သမီးလေးက အခုလာမယ့် သြဂုတ် ၂၇ ရက်နေ့မှာ ၁၂ နှစ်ပြည့်ပါမယ်။ အခုတော့ သမီးလည်း အဖေကြီးနဲ့ အမေကြီး ဘာတော်လဲ ဆိုတာ သိရောပေါ့ :)
Tuesday, August 17, 2010 | Labels: ဝတ္ထုတို | 1 Comments
မောင်လင်းရိပ်နဲ့ လဲ့ဝင်းကြည်ချို ... သို့
ကျမရဲ့ စာနယ်ဇင်းသမားဘဝ ထဲမှာ ဆရာဦးဌေးဝင်းကလည်း အခန်းကဏ္ဍ တခုကပါပါတယ်။ သူငယ်ချင်း စာရေး ဆရာမ ကြည်မွေ့အိမ်ကို ဒီမနက် ဖုန်းဆက်ကြည့်တော့ “မနေ့ကပဲ ဆရာနဲ့ ဆုပေးပွဲမှာဆုံလို့ တူး အကြောင်း ပြောနေကြသေးတယ်” လို့ပြောပါတယ်။ ကျမကို သူတို့ သတိရနေမယ် ဆိုတာ တပ်အပ်သေချာ သိပါတယ်။ ကျမ မိတ်ဆက်ပေးလို့ပဲ ကြည်မွေ့နဲ့ချိုက ဆရာနဲ့ သိကြတာ ....။
၄၃ လမ်းနဲ့ ကုန်သည်လမ်းထိပ်က လပ်ကီးဝမ်း လက်ဘက်ရည်ဆိုင် လေးကို လွမ်းမိတယ်။ ကျမတို့ ဘာ အစွန်း အထင်းမှ မပါဘဲ စာအကြောင်း၊ ပေအကြောင်း သန့်သန့်လေး ဆွေးနွေးခဲ့ကြ၊ ရင်ခုန်ခဲ့ကြတာ။ အစ်မခက်မာ၊ အစ်မ မေငြိမ်း၊ အစ်မ သန်းမြင့်အောင်အပါအဝင် စာပေ အစ်မတွေနဲ့ အဲဒီမှာ ညီအစ်မရင်းတွေလို ချစ်ခွင့် ရခဲ့တာ။ လက်ဘက်ရည် ကျဆိမ့်ကို တနေ့ ဘယ်နှခွက် မှန်းမသိ သောက်ရင်း စကားတွေ ဖောင်ဖွဲ့ခဲ့ကြတာ။ အဲဒီလပ်ကီးဝမ်း ဟာ အဲဒီ ၂၀၀၃ တုန်းက စာရေးဆရာ ပေါင်းစုံ ဝင်ချည်ထွက်ချည် မပြတ်ခဲ့တဲ့နေရာ။
အဲဒီလို မပြတ်တဲ့ထဲမှာ ကျမကတော့ ဒိုင်ခံပေါ့။ ၄ ထပ်မှာရှိတဲ့ ရုံးခန်းကို ဖုန်းဆက်ခေါ်လိုက်တာနဲ့ ဆင်းတွေ့၊ လက်ဘက်ရည်ဆိုင်မှာ ထိုင်ပွား၊ အလုပ်ကိုက စာရေးဆရာတွေနဲ့ စကားပြောရတဲ့ အလုပ်ဖြစ်လို့ ကျမ သိပ် ပျော်တယ်။ ပြီးတော့ အဲဒီတုန်းက ဝတ္ထုတိုတွေ အများကြီးရေးဖြစ်တယ်။ ကျမ အဲဒီမှာ လုပ်နေတုန်း ဥတ္တရလမင်း က ကျမရဲ့ စက်နဲ့လူဝတ္ထုကို ရွေးခဲ့တာ။ ရွှေအမြုတေမှာ ပါခွင့်ရခဲ့တဲ့ “တံငါနားနီး” ဆိုတဲ့ဝတ္ထုလေးလည်း အဲဒီမှာ ရေးတာ။ ခု ဆုရတဲ့ လဲ့ဝင်းကြည်နဲ့ ကျမကို ကြည်မွေ့က အဲဒီမှာပဲ မိတ်ဆက်ပေးခဲ့တာ။ ပြီးတော့ ကျမရယ်၊ ချိုရယ်၊ ကြည်မွေ့ရယ် အပြစ်ကင်းစင်စွာ ရယ်မော၊ စကားဖောင်ဖွဲ့နိုင်ခဲ့ကြတယ်။
ကြည်မွေ့နဲ့ ကျမ ငြင်းကြပြီဆိုရင်တော့ ချိုက အလယ်က ရယ်ပဲ ရယ်နေတတ်တဲ့သူ။ ကြည်မွေ့က နေရာတကာ လေးလေးနက်နက် ခံစားပြီး စကားကို ချက်ကျကျ ပြောဆိုဝေဖန်တတ်သူ၊ ကျမက ကျမရေးတဲ့ စာတွေလိုပဲ ပေါ့ပေါ့ပါးပါး၊ အရာရာကို ရယ်စရာအဖြစ် မြင်တတ်သူ ဆိုတော့ ကျမတို့ ၂ ယောက် တခါတလေ ငြင်းကြတယ်။ ချိုကတော့ ခပ်ပြုံးပြုံး နားထောင်သမား။ သူ့ရုံးရှိရာ လသာမှာသိပ်မနေဘဲ ကျမနဲ့ ကြည်မွေ့ရှိတဲ့ လမ်း ၄၀ တဝိုက်မှာ သူပျော်တယ်။
ကျမတို့က တယောက်ရေးတဲ့စာတွေ တယောက်ကိုပေးဖတ် ဝေဖန်နေကျ။ ကြည်မွေ့က ကျမ စာတွေကို နောက် တောက်တောက် ရေးရင်တော့ အမြဲ ချီးကျူးတယ် (သူငယ်ချင်းမို့လို့ အပြစ်မမြင်တာ ဖြစ်ပါလိမ့်မယ်) ကျမကလည်း သူ့ရဲ့ လွမ်းဆွတ်ကြေကွဲမှုတွေ ရောယှက်နေတဲ့ ဝတ္ထုတွေကို ကြိုက်ပါတယ်။ သူက ဝတ္ထုရှည် အရေး ကောင်းသူ၊ ကျမက အပျင်းတစ်တာနဲ့ ဝတ္ထုဆို ဘယ်တော့မှ အရှည်မရေးသူ၊ ချိုကလည်း အတိုသမား။ ချို့ဝတ္ထုတွေက ဟော ဟောဒိုင်းဒိုင်း သိပ်ရှင်းတယ်။
အစိုးရ အလုပ်လုပ်နေတဲ့ ကြည်မွေ့နဲ့ချိုက အမြဲတမ်း ကျမဆီ လာတတ်တယ်။ ကျမက လက်ဘက်ရည်ဆိုင် ဆင်းတိုင်း ဆရာဦးဌေးဝင်းကို ဂျီကျပြီး အပါခေါ်နေကျ။ ဆရာက ကျမကို သမီးတယောက်လို ချစ်ခင်တယ်။ ဆုံးမ စရာရှိလည်း အားမနာ။ ဆရာက “သမီး” လို့ခေါ်လိုက်တိုင်း ကွယ်လွန်သူ ပါပါ့ကိုပဲ သတိရမိတယ်။ ဆရာက ပြွန်တံဆာသား ဖြစ်တော့ ဦးမြင့် (ဦးအောင်ပြည့်) အပါအဝင် ကျမပါပါရဲ့ ညီအစ်ကို မောင်နှမတွေကို ရင်းနှီး တယ်။ သံယောဇဉ်လည်း ကြီးတယ်။ ကျမ ဦးလေး၊ အဒေါ်တွေအကြောင်း အမြဲမေး၊ အမြဲပြောတတ်တယ်။
နောက် ဆရာ့ကို ပိုရင်းနှီးမိတာကတော့ ဆရာကိုယ်တိုင် ဂျီတီအိုင်ဆင်း၊ စက်မှုကျောင်းမှာ ဆရာ၊ ဆရာ့ မိန်းမ ကလည်း ဂျီတီအိုင်ဆင်း၊ ဂျီတီအိုင်ကျောင်းတကျောင်းမှာ (အဲဒီ အချိန်တုန်းက) ဆရာမ ဖြစ်နေ လို့လည်း ပါပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကျမအတွက်တော့ ဆိုင်သလိုပဲ။
အဲဒီတုန်းက ဦးမြင့်နဲ့ ဆရာဥာဏ် (ဆရာမင်းလူ) တို့လည်း ကျမဆီ မကြာခဏ ပေါက်၊ ပေါက်လာတတ်တယ်။
သူတို့ကတော့ ကျမကို လက်ဘက်ရည်တိုက်သူများပါ။
တကယ်တော့ သူတို့လာကြတာ ကိုစန်းဦးရဲ့ စာအုပ်ဆိုင်ကြီးဆီကိုလည်းပါတယ်။ ကိုဆန်းဦးက တလတခါ လောက် စာအုပ်ထွက်တဲ့အထိမ်းအမှတ် စာရေးဆရာလက်မှတ်ထိုးပွဲ လုပ်လေ့ရှိတယ်။ အဲဒီအခါ သူတိုက်တဲ့ ကော်ဖီနဲ့ မုန့်ကို ကျမတို့ ဆင်းစားကြ၊ ပြီးရင် အားမရသေးဘဲ လပ်ကီးဝမ်းမှာ သွားထိုင်ကြတာ။ စာရေးဆရာတွေ တပြုံတမကြီးပေါ့၊ တစုတဝေးကြီးပေါ့။ ဦးအောင်ဝေးလည်းပါရဲ့။
အဲဒီကာလတွေက ပျော်ရွှင်မှုမျိုး ပြန်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ကိုစန်းဦးရဲ့ “စိတ်ကူးချိုချို” စာအုပ်ဆိုင်ကြီးကို ကျမ သိပ်သဘောကျတယ်။ နောက်မှာ ပန်းချီပြခန်းသေးသေးလေးနဲ့။ စာအုပ်တွေကစုံ၊ သိပ်ကို ခန်းနားတော့ ကျမက သက်တမ်းရှည်စေချင်မိတယ်။ နောက်တော့ အဲဒီနေရာကို လပ်ကီးဝမ်း လက်ဘက်ရည် ဆိုင်က ယူလိုက်ပါပြီ။ အခုတော့ မပြောတတ်ဘူး။ ကျမ ထွက်လာတဲ့ ၂၀၀၇ ဒီဇင်ဘာအထိ ကတော့ အဲဒီမှာ လပ်ကီးဝမ်း လက်ဘက်ရည်ဆိုင်ရှိတယ်။
ကျမ ရေးချင်တာက ကျမရဲ့စာနယ်ဇင်းသမား ဘဝကဏ္ဍ အတွက်မဟုတ်ပါဘူး။ ကျမနဲ့ ရင်းနှီးချစ်ခင်ခဲ့ရတဲ့ စာရေးဆရာ၊ ဆရာမတွေကိုလွမ်းဆွတ်တာရယ်၊ ကျမနဲ့ ရင်းနှီးတဲ့ သူနှစ်ယောက် ရွှေအမြုတေ စာပေဆု ရတာကို ဝမ်းသာပီတီဖြစ်တာရယ်ကြောင့် ဒီစာကို ရေးဖြစ်တာပါ။
ဆရာဦးဌေးဝင်းကို ကျမက ကဗျာကော စကားပြေပါ ကြိုက်တယ်။ အထူးသဖြင့်တော့ ဆရာ့ အက်ဆေးလေးတွေ သိပ်ချစ်စရာကောင်းတယ်။ ချိုကတော့ သူနဲ့ မရင်းနှီးခင်ကတည်းက ကျမ သူ့ပရိသတ်ဖြစ်ခဲ့တာ ဆိုတော့ အထူး ပြောစရာမရှိပါဘူး။ ဝတ္ထုတိုရေးရာမှာ သူက ကျမ ဆရာမပါ။
ကျမတို့ရွယ်တူမတိမ်းမယိမ်း စာရေးဆရာမတွေနဲ့လည်း အဲဒီကာလက ရင်းနှီးခွင့်ရ၊ ပြီးတော့ တတွဲတွဲ ဖြစ်ခဲ့ကြ ပါတယ်။ မသင်းသင်းသာ၊ သွန်းနှင်းအိမ်၊ ကြည်မွေ့၊ ချို၊ သွေး (စစ်ကိုင်း)၊ မစုမီအောင် ... တို့ပေါ့။ မသင်းသင်း သာနဲ့ သွန်းနှင်းက အဲဒီတုန်းက မဟေသီမှာ။ ဆရာမြင့် (ဦးခင်မောင်မြင့်) လည်း အဲဒီတုန်းက မဟေသီ အယ်ဒီတာချုပ် ... မဟေသီတိုက်က ကျမအတွက် ပျော်စရာကောင်းတဲ့ နေရာလေးတခုပါ။ ဆရာမြင့်ကလည်း သိပ်ခင်ဖို့ကောင်းတယ်။ အမြဲတမ်း ပြုံးနေတတ်တဲ့ ဆရာမြင့်နဲ့ အချိန်တိုလေးပဲ သိခွင့်ရလိုက်တယ်။ ဆရာက လောကကြီးထဲက စောစောစီးစီးထွက်ခွာသွားတယ်။ သူနဲ့အတူ အောင်မြင့်မှုသရဖူ ဆောင်းထားတဲ့ မဟေသီ ကိုပါ ယူသွားခဲ့တယ်။ မဟေသီ က မဟေသီ အဖြစ် ကျန်ခဲ့ပေမယ့် အောင်မြင်တဲ့ မဟေသီတော့ မဟုတ်ရှာ တော့ဘူး။ မသင်းသင်းသာနဲ့ သွန်းနှင်းတို့လည်း တနေရာစီ ရောက်နေကြပြီ။
ဘာပဲဖြစ်ဖြစ် လက်ဘက်ရည်ဆိုင် တဆိုင်ပြီး တဆိုင် ပြောင်းထိုင်ခဲ့တဲ့ ... အဲဒီဘဝလေးတွေကို ကျမ လွမ်းတယ်။ အဲဒီတုန်းက မြန်မာပြည်မှာ ပထမဆုံး မြေစမ်း ခရမ်းပျိုးတဲ့ အီးဘုခ်လုပ်ငန်းမှာ ကျမ အယ်ဒီတာအဖြစ် အလုပ်ဝင် နေတဲ့ အချိန်ပေါ့ ...။ အဲဒီ အီးဘုခ်ဟာ ကျမရဲ့ စာနယ်ဇင်းသမားဘဝမှာ အရေးကြီးတဲ့ ကဏ္ဍ တခု၊ တကယ့် ကမောက်ကမ တခု ဖြစ်ခဲ့လို့ စာနယ်ဇင်း သမားဘဝ ကမောက်ကမ ကဏ္ဍမှာ သီးသန့်ရေးပါမယ်။ အခုကတော့ ဆရာနဲ့ ချိုတို့ ဆုရတဲ့ဓာတ်ပုံတွေကို ကြည့်ရင်း သူတို့နဲ့ စတွေ့ခဲ့တဲ့ အချိန်လေးကို သတိရတာနဲ့ အမှတ်တရ အဖြစ် ရေးလိုက်ရပါတယ်။ ဆရာနဲ့ ချို ... ဒီထက်၊ ဒီထက် ပိုလို့ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
ချို့ကို ဒီနေ့ အိပ်မက်စိမ်းမှာ ဂုဏ်ပြုကြမယ်လို့ ကြည့်မွေ့ကပြောတယ်။ အဲဒီမှာ ကျမ ရှိနေချင်လိုက်တာ။ ။
Monday, May 31, 2010 | Labels: အမှတ်တရ | 0 Comments
ထက်ထက်မိုးဦး မှန်တယ်
တကယ်ပြောတာပါ။ ထက်ထက်မိုးဦး တယောက်တည်းအတွက်၊ သူ့အတွက် ... သူ့ဘက်ကကြည့်ရင် မှန်လိုက်တာမှ နဖူးမှာ ဘုထွက်အောင်ပဲ ဆိုတာလို ပြောရမယ်ထင်တယ်။ ကျမ ဒီစကားတွေကို ဒီတိုင်း ရမ်းပြောတာ မဟုတ်ပါဘူး စီပုံးက ဂတ်စ်က ဆရာမကြီးဒီဇိုင်းတွေ ပြင်ကြပေါ့ ဆိုတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျမ ဖြတ်သမ်းလာတဲ့ ပေါ့ပ်ဂျာနယ်လစ်၊ သတင်းဂျာနယ်လစ် ၂ လစ်ပေါင်း ၈ နှစ်ကျော် ၉ နှစ်နီးပါးပေါ်မှာ အခြေခံပြီးပြောတယ်လို့ မှတ် ပေးပါ (ဒါကလည်း ပြောချင်လွန်းလို့တော့ မဟုတ်ဘူး။ ပြောဖို့ လိုလာလို့ ထည့်ပြောတာပါ) မှားတာရှိ၊ ထိခိုက်မိတာရှိ ကြိုပြီးတောင်းပန်ပါတယ်။
မြန်မာပြည်စာနယ်ဇင်း လောကက တကယ်ကို ဝင်္ကပါ အလား ရှုပ်ထွေးလှပါတယ်။ အဲသဟာကို သေချာ မသိဘဲ ဟိုလူမှန်တယ် ဒီလူမှန်တယ်။ ဘာညာသာရကာ ဝေဖန်ကြတာကလည်း ဝေဖန်စရာနေရာ ရှိလို့ရယ်၊ အချိန် အားနေကြလို့ရယ် ဆိုတော့ကာ ပြောစရာမရှိပါဘူး။ ဒီတော့ ခေါင်းစဉ်ကို ပြန်ဆက်ရရင် ထက်ထက်မိုးဦး မှန်တယ် လို့ပဲ ကျမက ရဲရဲကြီး ပြောပါမယ်။ ဘာကြောင့်လဲ .... ရုပ်ရှင်မှာ ဆိုရင်တော့ ဒန်တန့်ဒန် ... ဆိုပြီး အခန်း ကူးပြီပေါ့လေ။
၁။ ထက်ထက်မိုးဦးဆိုတာ နာမည်ကျနေပြီ ...
ဒီကိစ္စကို ကျမရဲ့ အတွေ့အကြုံအရ သွေးရိုးသားရိုးလို့ မထင်ပါဘူး။ ထက်ထက်မိုးဦး နာမည်ပြန်ကြီးအောင် တမင် ခွင်ဆင်တာလို့ ထင်ပါတယ် (ထက်ထက်မိုးဦး ပရိသတ်တွေ ကျမကို ပြောချင်ရာ ပြောနိုင်ပါတယ်) ကျမလည်း ထက်ထက်မိုးဦးကို ကြိုက်ခဲ့ပါတယ်။ ဇီးထုပ်ကြော်ငြာကနေ စပြီး ရွှေဆိုင်ကြော်ငြာအထိ သူ့ကို ကြိုက်ပါတယ်။ သူ့ကြော်ငြာကို မလွတ်တမ်းအားပေးပါတယ်။ ဒါပေမယ့် ခုကိစ္စကတော့ သူနာမည် ပြန်ကြီးအောင် တမင်ခွင်ဆင်တာလို့ ထပ်ပြောပါမယ်။ ပါဝင်ပတ်သက်နိုင်သူတွေကတော့ ပေါ့ပ် ဂျာနယ်လစ် ဂျိုင်းယန့်ကြီးတွေ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ သိလား။ ဒီကိစ္စကို အဲဒီ ဂျိုင်းယန့်ကြီးတွေ နှာစေးနေပါတယ်။ မသိသေးတဲ့ သူတွေကို ပြောပြရ ပါဦးမယ်။
မြန်မာပြည် ပေါ့ပ် ဂျာနယ် တခေတ်ဆန်းစဉ်က အခြေအနေကို မှတ်မိကြမလားမပြောတတ်ဘူး။ ၁၉၉၀ ကျော်ကာလတွေကနေ ၁၀ စုနှစ် တခုလောက်ထိ မြန်မာပြည်မှာ ပေါ့ပ်ဂျာနယ်စောင်ရေဟာ အားကစား ဂျာနယ်နဲ့ တန်းတူ၊ တခါတလေ သာပါတယ်။ အဲဒီတုန်းက ထိပ်ဆုံးမှာပြေးနေတာက မြတ်ခိုင်၊ ဇေယျာမြတ်ခိုင်၊ မောင်နွယ်အောင် ဒဂုံဆောင်တို့ ဖွချင်တိုင်း ဖွကြတဲ့ “အချစ်” ဂျာနယ်နဲ့ အလင်းတန်း၊ ပေါ်ပြူလာတို့ပါ။
အဲဒီထဲမှာ အချစ်ကတော့ ထိပ်ပေါ့။ ဘာကြောင့်ထိပ်လဲဆိုတော့ “ကြာသပတေးနာမ် မင်းသမီးလေးနဲ့ ရာဟုနာမ် အဆိုတော်လေးတို့ ဘာညာသာရကာ” ဆိုတာမျိုး ဂေါ့ဆစ်ကို သူတို့ဂျာနယ်မှာပဲ တွေ့ရပါတယ်။ နောက်တော့ အချစ်တယ်လီဖုန်းပေါ့ ...“ခင်ဗျာ .. အဲဒီကိစ္စကတော့ အဲဒီမင်းသမီးလေးကိုပဲ တိုက်ရိုက် မေးကြည့်ပါ။ ဟုတ်ကဲ့ ... သူ ဘယ်ဟိုတယ်မှာ ဘယ် မင်းသားနဲ့ သွားအိပ်တယ်ဆိုတာကတော့ ... ဟုတ်ကဲ့ ... အဲလိုကြီးတော့ မပြောနဲ့ပေါ့ ဗျာ” အစ ရှိသဖြင့်ပေါ့။ အရမ်း၊ အရမ်းကို ပေါက်ပါတယ်။ အဲဒီတော့ မင်းသား၊ မင်းသမီး၊ အဆိုတော်နဲ့ အနုပညာ နယ်ကလို့ခေါ်ရမယ့် စီလီဘရစ်တီတွေကလည်း အဲဒီ ပေါ့ပ် ဂျာနယ်လစ်ကြီးတွေကို အရမ်းကြောက်ပါတယ်။ ဖွ မှာကိုး ... သူတို့ နာမည်တက်အောင် လုပ်ပေးနိုင်သလို၊ သူတို့ နာမည် ဦးစိုက် ထိုးဆင်းသွားအောင်လည်း လုပ်ပေး နိုင်တဲ့ ပဉ္စလက် အောက်လမ်း (အောက်လမ်းလို့ပဲ သုံးပါမယ်) ပညာရှင်တွေကိုး။
အဲဒီ မင်းသား မင်းသမီးတွေက အဲဒီ ဂျာနယ်လစ်ကြီးတွေကို တချို့ကို ချစ်ကြောက၊် မရိုသေ၊ တချို့ကို ကြောက၊် ကြောက် ရိုသေချင်ယောင်ဆောင်၊ တချို့ကို မချစ၊် ကြောက် ရွံ ဆိုတဲ့ ပုံစံမျိုးတွေ တကယ်ကို ရှိခဲ့ပြီး အခုထိ လည်း အကြွင်းအကျန် ရှိနေဆဲပါ ဆိုရင် စာဖတ်သူတို့ ယုံချင်ယုံ မယုံချင် ပုံပြင်သာ မှတ်ပါလေတော့
နောက်တော့ စာနယ်ဇင်းတခေတ်ပြောင်းလို့ သတင်းဂျာနယ် ခေတ်ကို မြေစမ်းခရမ်းပျိုး လာပါတယ်။ ၂၀၀၀ ပြည့်နှစ်လွန် ကာလတွေမှာပေါ့။ အဲဒီနောက်ပိုင်းကစလို့ လူတွေက သတင်းကို တကယ်ငတ်လာပါတယ်။ ပေါ့ပ် ဂေါ့ဆစ်တွေထက် တကယ့်သတင်းတွေ ဖတ်ချင်လာကြတယ်။ သတင်းတွေကိုလည်း သတင်းဂျာနယ်တွေက စာပေစိစစ်ရေး ရှိနေတဲ့ ကြားက၊ ဌာနဆိုင်ရာတွေမှာ သတင်းယူရတာ ခက်တဲ့ကြားက ဆိုင်ရာပိုင်ရာတွေနဲ့ ပေါင်းလို့ပဲဖြစ်ဖြစ် ပြည်သူတွေဆီ ပေးပို့လာနိုင်ပါတယ်။ အဲဒီအချိန်မှာ ခုဏပြောတဲ့ ပေါ့ပ်ဂျာနယ်တွေ ကျဆင်း လာပါတယ်။(အခုကိစ္စကြောင့် အဲဒီ ပေါ့ပ်ဂျာနယ် မဂ္ဂဇင်းတွေ စောင်ရေ ပြန်တက်ဦးမယ်။ မယုံကြည့် ထက်ထက်က သူတို့ကို အင်တာဗျူးပေးဦးမှာပါ) ပေါ့ပ်တွေကို ဂေါ့ဆစ်တွေထက် တကယ် မှန်တဲ့သတင်းတွေ ပေးပို့နိုင်ဖို့ သတင်းဂျာနယ်တွေ ကလည်း ပေါ့ပ်လိုင်းတွေ ထည့်လာပါတယ်။ အချစ်၊ အလင်းတန်း၊ ပေါ်ပြူလာ စတဲ့ အရင်က တောက်ပခဲ့တဲ့ ဂျာနယ်တွေရဲ့ စောင်ရေတွေဟာ ဈေးကွက်မှာ သတင်းဂျာနယ်တွေနဲ့ ရှယ်ပြီး ခွဲယူရသလိုဖြစ်လာတယ်။ အရင်ထက် စောင်ရေကျလာတယ် ဆိုပါတော့။ ဒါပေမယ့် ပေါ့ပ် ဂျာနယ်လစ် ဂျိုင်းယန့်ကြီးတွေက စီလီဘရစ်တီ လို့ခေါ်တဲ့ အနုပညာသမားတွေကို စီး ထားဆဲပါပဲ၊ အုပ်ထားဆဲပါပဲ၊ စေလိုရာ စေနိုင်ဆဲပါပဲ။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဆိုတာ တခြားဂျာနယ်လစ်တွေ မပါပါဘူး။ ပေါ့ပ်ဂျာနယ်လစ်တွေနဲ့ စီလီ ဘရစ်တီတွေကို ပြောတာပါ။
မယုံမရှိနဲ့ ထက်ထက်မိုးဦးအပါအဝင် အနုပညာသမား အားလုံး နီးပါးဟာ ဦးမြတ်ခိုင်ဟေ့ ... မီးသေ၊ ဦးဝင်းငြိမ်း ဟေ့ မီးသေ ... ပါ။ အခု ဖြစ်တဲ့ ဆဲဗင်းဒေးသတင်းထောက်နဲ့ ထက်ထက်ကိစ္စကြောင့် ရန်ကုန် အခြေစိုက် သတင်း ထောက် အတော်များများက ထက်ထက်သတင်း မရေးရေး ကမ်ပိန်းလုပ်ကြတယ် ကြားပါတယ်။ အဲဒီထဲမှာ ပေါ့ပ် ဂျာနယ် သတင်းသမားတွေ ပါသလား မေးကြည့်လိုက်ပါ။ အကုန် နှာစေးနေတာပါ။ ဒီလို ဖြစ်တဲ့အတွက် သူတို့က ကျိတ်ဝမ်းသာနေတာပါ။ ကျမ သတင်းထောက်ဘက်က လိုက်မပြောပါဘူး။ ထက်ထက် မိုးဦးကိုလည်း သူ့ အနုပညာပြနိုင်သေးရင် ဝမ်းမြောက်ဝမ်းသာ အားပေးဦးမှာပါ။ သို့သော် အခုကိစ္စကတော့ အောက်လမ်းနည်းပါ။
သတင်းထောက်အေးသူစံက ထောင်ချောက်ထဲကို တန်းကနဲ ဝင်မိတာပါ။ မယုံမရှိပါနဲ့ ထက်ထက်မိုးဦးကို ခုဏ ကျမပြောထားတဲ့ ပေါ့ပ် ဂျိုင်းယန့်ကြီး တယောက်ယောက်ကဖြစ်စေ၊ သူတို့စေလွှတ်တဲ့ သတင်းထောက်များက ဖြစ်စေ အေးသူစံ မေးတဲ့ မေးခွန်းအတိုင်းပဲ မေးကြည့် အခုလို လုံး ............... ဝ မဖြစ်ဘူးဆိုတာ ကျမ အတွေ့ အကြုံအရ ယုံကြည်ပါတယ်။ အဲဒီထောင်ချောက်က အေးသူစံကို ထောင်တဲ့ ထောင်ချောက် ဟုတ်ချင်မှ ဟုတ်ပါ လိမ့်မယ်။ ဒီနေရာမှာတော့ (မြန်မာပြည်က) စီလီဘရစ်တီတွေကို ဆက်ဆံမယ့် သတင်းသမားတွေ သတိ ထားစရာ ပါလာပါပြီ။ ဒီကိစ္စကို အရင်းပြုပြီး သင်္ခန်းစာ ယူရမှာပါ။
၂။ ထက်ထက်မိုးဦးက ဆံပင်ဆွဲ ပါးရိုက် လည်ပင်းညှစ်တော့ ဘာဖြစ်လဲ။
တခွန်းထဲ ပြောရရင် သူ နာမည် ကြီးတာပေါ့။ မင်းသမီးလေးဆိုရင် သနားချင်ချင် ဖြစ်နေသူတွေ ဆီက သနား တာတောင် ခံရဦးမယ်။ သိပ်ကို လှပတဲ့ နာမည်ကြီးနည်း ပါပဲ။ နာမည်ကြီးချင်ရင် ပါးရိုက်သင် ဆိုပြီးတောင် စာအုပ်ရေးလို့ရပါတယ်။ သူများ ကိုလည်း ပါးရိုက်ရသေး၊ နာမည်လည်းကြီးသေး ... မယုံမရှိပါနဲ့။ မြန်မာပြည်က စီလီဘရစ်တီတွေအတွက် ပါးရိုက်တတ်ရင် နာမည်ကြီးနိုင်ပါတယ်။ ဘာမဆို ဖြစ်နိုင်တဲ့ နိုင်ငံကြီး မဟုတ်လား။
၃။ သူ့စားရိတ်နဲ့သူ တရား ရင်ဆိုင်ရမှာပေါ့
သိပ်ဟုတ်တာပဲ။ တရားရင်ဆိုင်ရမှာပါ။ မြန်မာပြည်က တရားစီရင်ရေးက ............... အင်း ရေများရေနိုင် .... လို့ မပြောချင်ပါဘူး။ အရမ်းအရမ်းကို ချိန်ခွင်လျှာ ညီမျှတယ် ဆိုတာ ကျမက ပြောနေရဦးမှာလား။
၎။ စာပေစိစစ်ရေးကကော
တဆိတ်ရှိ ဂျာနယ်ပိတ်ဖို့ပဲ တတ်တာမဟုတ်ဘူးလား။ စာပေသမားနဲ့ အနုညာရှင် ဘယ်ဘက်ကရပ်ပါသလဲ။ ဘက်မလိုက်ရှာပါဘူး။ သူကလည်း များများ ပေးကျွေးနိုင်သူဘက်က ရပ်ရှာတာပါ။ ထောက်လှမ်းရေး ခေတ်က လည်း ထောက်ခေတ်မို့လို့ ... ခု ခေတ်လည်း ခုခေတ်မို့လို့ ... အနုပညာရှင်ဘက်ကပဲ ရပ်တာလို့ မပြောချင်ဘူး ... ဘာလို့လဲ ဆိုတော့ အနုပညာရှင်ဘက်က ရပ်တာ မဟုတ်ဘူးလေ။ သူတို့ကြောက်တဲ့သူကို အပိုင်ကပ်ထား နိုင်တဲ့သူ ဘက်ကရပ်တာပါ။
ဒီတော့ ချုပ်ရရင် ကျမက ထက်ထက်မိုးဦး မှန်တယ်၊ သူ နာမည်ကြီးဖို့ လုပ်တာလို့ပဲ ပြောချင်ပါတယ်။ ထောင်ချောက်ထဲကို ဘုမသိ ဘမသိ ဝင်လိုက်တဲ့ အေးသူစံကို ကျမ အပြစ်တင်ချင်တယ်။ စာနယ်ဇင်းသမားနဲ့ အနုပညာရှင် ပြဿနာက ခုမှ တက်တာ မဟုတ်ပါဘူး။ ကျမ ကိုယ်တိုင် စာနဲ့ပေနဲ့ ပါဝင်ပတ်သက်ရတာ ဆိုရင် ဒါနဲ့ပါဆို ၂ ခါပါ။
အဆိုတော် လေးဖြူနဲ့ .... ဒီမှာ ကျမ ရေးခဲ့ပါတယ်။ အဲဒီတုန်းက ကျမ မှန်တဲ့သူဘက်က မရပ်ဘဲ မနေနိုင် ခဲ့တာကို တွေ့မှာပါ။
ထက်ထက်မိုးဦးနဲ့လည်း အင်တာဗျူးခဲ့ဖူးပါတယ်။ အဲဒီအကြောင်း ဒီမှာ ရေးထားပါတယ်။ သူဘယ်လို အဖြေ မတော်ဘူး ဆိုတာ သိရင် လူတွေ အမြင်ကတ်မှာစိုးလို့ နာမည်တောင် ထည့်မရေးထားဘူး။
အချုပ်ပြောရရင်တော့ (ဆရာကြီးလုပ်တယ် ထင်လည်းခံရမှာပါ) သတင်းသမားတွေကို အနုပညာသမားတွေရဲ့ ထောင်ချောက်ထဲ မဝင်စေချင်ဘူး။ သူတို့ကို အင်တာဗျူးပါ၊ သူတို့သတင်းတွေ ရေးပါ။ ဒါပေမယ့် ကိုယ့်ဘက်က အမှားမခံပါနဲ့။ ထက်ထက်မိုးဦး စိတ်ထိခိုက်ရတယ် ဆိုတဲ့ မေးခွန်းမျိုးကိုပဲ သူ ... ဖြေချင်လာအောင် ... ရင်ဖွင့်ချင် လာအောင် ... မေးတတ်စေချင်ပါတယ်။ မေးတတ်ရင် ထက်ထက်မိုးဦးအကြောင်း စာအုပ်တောင် ထုတ်လို့ ရနိုင် ပါတယ်။ ဒါပေမယ့် တခု သတိချပ်စေချင်တာကတော့ မြန်မာပြည်က အနုပညာရှင် အတော်များများ (အကုန်လုံးကို ရမ်းမပြောပါ) ဆီက သိပ် မမျှော်လင့် ပါနဲ့ ................... လို့။
လူအချင်းချင်း ပါးရိုက်ခြင်း ကင်းဝေးကြပါစေ။
Friday, May 28, 2010 | Labels: ဖြတ်သန်းမှုစာစု | 2 Comments
ကြွေပြန်ပေါ့ ကြယ်တပွင့်
ကျမတို့က သူ့ကို ဦးဗလ ဟု ခေါ်ကြသည်။ အမှန်တော့ ကျမက သူ့ထက် သူ၏ညီ ဆရာဥာဏ် (မင်းလူ) နှင့် ပို ရင်းနှီးသည်။ ကျမက ဆရာဥာဏ်နှင့် ပိုရင်းနှီးပြီး ကျန်သည့် ကျမတို့ ဝမ်းကွဲ မောင်၊ ညီမ၊ အစ်မများက ဦးဗလနှင့် ပိုရင်းကြသည်။
ကျမက သူနှင့် ရင်းသည့် ဆရာပြည့်ခေါ် ဦးအောင်ပြည့်၏ တူမ ဖြစ်သော်လည်း၊ သူ ခင်မင်သည့် ကိုကြီး နောင် ခေါ် ကာတွန်းအနောင်၏ သမီး ဖြစ်သော်လည်း၊ သူ့အစ်ကို မောင်ဝဏ္ဏခေါ် မောင်စိန်သောင်း၏ ချစ်ဇနီး ဒေါ်ချိုရည်၏ တူမ ဖြစ်သော်လည်း သူ့ကို ကျမက တခြားသော ဝမ်းကွဲ မောင်နှမများ ကဲ့သို့ ဦးလေးတယောက်လို မရင်းနှီးခဲ့။ သူ့ကို ဦးလေးသားချင်းလိုထက် စာရေးဆရာ တယောက်၊ အနုပညာသမား တယောက်အဖြစ် ပို အမှတ်ထားသည်။
သူက ကျမကို သိပင် သိလိမ့်မည် မဟုတ်ဟူ၍ ထင်မှတ်ပြီး သာဓုခြံသို့ သွားတိုင်း ဆရာဥာဏ်နှင့်သာ လက်ဘက်ရည် အတူသောက်၊ ထွေရာလေးပါး စကားစမြီပြောပြီး ပြန်လာဖြစ်သည်။ ဦးဗလနှင့် မတွေ့ဖြစ်။ နောက်တခု သူက ဆရာဥာဏ်လို စာရေးဆရာ သက်သက်မဟုတ်ဘဲ ရုပ်ရှင်မင်းသား၊ အဆိုတော် ဆိုသည့် ဂုဏ်ပုဒ်ဖြင့် ကာထားသလို ဖြစ်နေသောကြောင့်လည်း သူ့ကို သိပ်မရင်းတာဖြစ်မည်။
ကျမတို့ ဆွေမျိုးများ၏ နာရေး၊ သာရေးကိစ္စများသို့ သူ လာလေ့ရှိသော်လည်း ကျမနှင့် ဆုံသော်လည်း သူ့ကို ထူးထူး ထွေထွေ နှုတ်မဆက်ဖြစ်။ ငါ့လို ပါမွှားကို သူက သတိထားမိမှာ မဟုတ်ပါဘူးလေ၊ ငါက နှုတ်မဆက်လည်း သူ ဘာမှမဖြစ်ပါဘူး ဟူသည့် အထင်နှင့်သာ မသိလိုက်ဘာသာ နေဖြစ်သည်။ နောက်တခု သူက လူကြီး ကျမက ကလေး ဖြစ်တာလည်းပါမည်။
ကျမအထင် နည်းနည်းလွဲပါသည်။ သူက ကျမကို သိသည်။ သိတာက သူရင်းသည့် ဆရာပြည့်တူမ၊ ကိုကြီးနောင် သမီး အဖြစ် မဟုတ်ဘဲ စာပေနယ်က စာရေးသူတယောက်၊ စာနယ်ဇင်းသမား တယောက်အဖြစ် သိနေသည်။ ကျမ နည်းနည်းလည်း အံ့သြမိသည်။ ကျမတို့ စကား မပြောဖြစ်ကြသော်လည်း ... သိပ်မတွေ့ဖြစ် ကြသော်လည်း သူ ကျမကို မှတ်မှတ်ထင်ထင်ရှိကြောင်း ဂျာနယ်တစောင် ဖွင့်ပွဲတခုတွင် ဆုံကြတော့ သိလိုက်ရသည်။
အဲဒီအချိန်က အခုလို ခြစ်ခြစ်တောက်ပူပြင်းသည့် ရာသီ ... ၂၀၀၅ ခုနှစ်၏ တခုသော နွေလယ်ပဲဖြစ်သည်။ ကျမ ဦးလေး ဦးအောင်ပြည့် (ဦးမြင့်) အသည်းအသန် ဝေဒနာ ခံစားနေရချိန်လည်း ဖြစ်သည်။
ကျမက ဂျာနယ်ဖွင့်ပွဲသို့ တိုက်ကလွှတ်သောကြောင့်သွားရသည်။ အဲဒီဂျာနယ်၏ အယ်ဒီတာဖြစ်သူ ကလည်း ကျမနှင့် ရင်းနှီးသည့် ကဗျာဆရာတယောက် ဖြစ်တာပါသည်။ လူလည်း သိပ်ဖိတ်မထား၊ ဂျာနယ်က သိပ် ထည်ထည် ဝါဝါလည်း မဟုတ်၊ သို့သော် ထို ဂျာနယ်ဖွင့်ပွဲတွင် ဦးဗလ ခေါ် ထို သုမောင်နှင့် ဆုံသည်။ ဂျာနယ်တိုက် တည်ရာက သင်္ဃန်းကျွန်း မြို့နယ်ထဲမှာဆိုတော့ တမြို့နယ်တည်းသားချင်းများ အနေနှင့် အားပေး သည့်သဘောနှင့် ရောက်နေတာလည်း ဖြစ်နိုင်သည်။ ကျမက နောက်နား ခပ်ကျကျမှာ ထိုင်ဖြစ်သည်။ သူက ဂျာနယ်ဖွင့်ပွဲတွင် အထူးအားပေးစကား ပြောကြားသည်။ ကျမက နားထောင်သူ။ ပွဲပြီးတော့ လက်ဘက်ရည်၊ မုန့် တည်ခင်းဧည့်ခံသည်။ ကျမက ထုံးစံအတိုင်း မသိလိုက်ဘာသာ နေပြီး မုန့်စားနေသည်။ အဲဒီမှာ သူက ကျမကို လာနှုတ်ဆက်သည်။
“တူးတူးသာ ... သမီး ... နေကောင်းလား။ သမီးစာတွေ တွေ့တယ်၊ ကောင်းတယ်၊ ဆက်ရေးလေ။ ဖတ်စရာ ဂျာနယ်က စာလေးတွေ ကောင်းတယ်” ဆိုသည့် သူ့စကားကို ကြားတော့ ကျမ တော်တော်လေး အံ့သြ သွားသည်။
ကျမလိုပါမွှား၏ စာလေး မဖြစ်ညစ်ကျယ်ကို သူသိသည်တဲ့။ နောက်တော့ သူကပဲ စကားတွေ ဆက်ပြောသည်။ သူ့ကားနှင့် အသင်းတိုက်ထိ လိုက်ခဲ့ဖို့ ခေါ်သည်။ ကျမကလည်း ဒေါ်ချိုရည့်အိမ်တွင် ရောက်နေသော ဦးမြင့်ကို ဝင်ကြည့်ရင်း ဂျာနယ်များ ပေးရန်ရှိသောကြောင့် လိုက်သွားဖြစ်သည်။ ကားပေါ်တွင်လည်း သူ စကားများ ပြောသည်။ ကျမက ဦးမြင့်ဆီ လိုက်ခဲ့ဖို့ခေါ်တော့ “နောက်မှပဲ သွားကြည့်တော့မယ်” ဟု ပြောသည်။ သူမလိုက်။ သူနှင့် အဲဒီကစပြီး ကျမနှင့် ရင်းနှီးသွားသည်။ အဲဒီနောက်ပိုင်းမှာ သူ့ကို ဦးလေးသားချင်းလို ပို ခင်မင်မိ သွားသည်။ ကျမကို သူကလည်း ကလေး တယောက်လို ဆက်ဆံသည်ကိုး။
နောက်မှ ဦးမြင့်ပြောလို့ သိရသည်က ဦးဗလက အရက်ကို ဖြတ်လိုက် ပြန်သောက်လိုက် လုပ်နေသောကြောင့် သူ့ထံ မလာဖို့ စိတ်ဆိုးဆိုးနှင့် အော်ထားသည်တဲ့။
ကျမ စိတ်မကောင်း ...။ သူက ဦးမြင့်ကို တော်တော်လေး ခင်သည်။ ပြောမနာဆိုမနာဖြစ်သောကြောင့် ဦးမြင့် ကလည်း သူ့ဆို အော်စရာရှိအော်၊ ဆူစရာရှိဆူသည်။ ဦးမြင့် ဆူထားသည့်အချိန်ဆို သူက တကယ့် ကလေး တယောက်လို ... မျက်နှာငယ်လေးနှင့်။
ဦးမြင့် ကွယ်လွန်တော့ ရေဝေးမှာ သူနှင့်ဆုံသည်။ သူ ငိုနေသောကြောင့် ကျမ စကား သွားမပြောဖြစ်။ ကျမ လည်း ငိုနေရသည်ကိုး ...။ အဲဒီနောက်တော့ ကျမနှင့်သူ အတွေ့ကျဲပါးသွားသည်။ သူ့သတင်းတွေတော့ မပြတ် ကြားနေရသည်။ အဓိက ကြားရတာကတော့ သူ သောက်နေဆဲ ဆိုတာပင်။
ကျမ ပြည်ပရောက်သွားတော့လည်း သူတို့သတင်း အမြဲ မေးမိသည်။ အထူးသဖြင့် ကျမအဒေါ် ဒေါ်ချိုရည်နှင့် ဖုန်းပြောဖြစ်တိုင်း “ဦးဗလကြီးတယောက် ဘယ်လိုလဲ” မေးဖြစ်သည်။ ထိုအခါ အဒေါ်က “အရင်အတိုင်းပဲ ပေါ့ဟယ်။ သောက်တာပါပဲ” ဟုသာ ပြန်ဖြေမြဲ။ စိတ်မကောင်းသော်လည်း ဘာမှမတတ်နိုင်။ လူကြီးများ ကို ဘယ်ကလေးက ပြောလို့ ရဖူးလို့လဲ။ ကျမ၏ တဦးတည်း ကျန်ခဲ့သော ဦးလေး အငယ်လည်း ဖုန်းတခါဆက်လျင် သောက်တုန်း၊ နောက်တခါဆက်တော့ ဖြတ်ထားသည်၊ နောက်တခါ ဆက်ပြန်တော့ မူးသံနှင့် ... ဆိုတော့ ကျမအတွက် မထူးဆန်းလှ။
တလောက ဦးဗလ၏ တူနှင့် တူမတော်တို့ ကျမထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ဆွေမျိုး၊ မိသားစု များအကြောင်း ပြောဖြစ်သည်။ ထူးထူးခြားခြား သီးသန့်ဆိုသလို ဦးဗလအကြောင်း ကျမတို့ ပြောဖြစ်ကြသည်။ သူတို့ စကားများထဲမှ ကောက်ချက်ဆွဲရလျှင် ဦးဗလတယောက် စိတ်လည်းကျနေသည်ဟု တွက်မိသည်။ အသက်ကြောင့်လား၊ အရက်ကြောင့်ပဲ ဖြစ်ဖို့များမည်။ ဘာကြောင့်ဆို အသက်အရွယ်ကြောင့် သူ့ အနုပညာများ ကျမှ မကျသွားသေးဘဲ။
ဆေးရုံနှင့် အိမ်ကို အိမ်ဦးကြမ်းပြင်လို သဘောထားကာ သွားလိုက် ပြန်လိုက် လုပ်နေသည့်၊ အရက်ကိုလည်း ဖြတ်လိုက် သောက်လိုက် လုပ်နေသည့် သူ့ကို စိတ်ပူမိသည်။
ရန်ကုန်မှာ အပူချိန်မြင့်တက်သည့်ကာလ ကြားရသည့်သတင်းအရ ဦးဝဏ္ဏ နေမကောင်း ဟူ၍ ဖြစ်သည်။ ဆေးရုံလည်း တက်ရသည်။ အရမ်းပူနေသည့် ကာလ ဆိုတော့ အနေခက်မည်ကို စိုးရိမ်မိသည်။ ဦးဝဏ္ဏက ဆေးလိပ်လည်း ဖြတ်လိုက်ရသောကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေသည်ဟု ကျမ အဒေါ်က ပြောလာ သည်။ ဦးဗလကတော့ ပုံမှန်ပဲဟု ဆိုသည်။
နေသိပ်ပူသည့်အချိန် ဖြစ်သောကြောင့် အရက် ကြိုက်သူများကို စိုးရိမ်သည်။ ကျမ မောင်ငယ်ကို အရက် မသောက်ဖို့ လှမ်းပြောတော့ “ဘီယာပဲ သောက်တယ်” ဟု ဆိုသည်။ သူက နောက်သလို ပြောင်သလိုဖြင့် “ဘီယာတွေ ရောင်းအားတက်တယ်၊ အရက် ရောင်းအားကျတယ်” ဟု ပြောသည်။ သို့သော် အရက်ကြိုက်သူ များက အရက်ကိုသာ သောက်ချင်တတ်မှန်းသိသောကြောင့် ကျမ စိတ်ပူမိပြန်သည်။
ဦးဗလတို့ လေးစားချစ်ခင် အားကျသော ဆရာကြီး သော်တာဆွေလည်း ကွယ်လွန်ခါနီးအထိ သောက်သူ ဖြစ်သည်။ ဆရာကြီး ရွှေဥဒေါင်းလည်း အရက်ကြိုက်သည်။ ဆရာကြီး မဟာဆွေကတော့ အရက်သောက်ရင်းပင် စာရေးသည်ဟု ဆိုသည်။ ဆရာကြီး မြသန်းတင့်လည်း သောက်သည်။ စာရေးဆရာဆိုသည်မှာ အရက်နှင့် တွဲနေသည်ဟုပင် တချို့က ထင်မြင်ယူဆကြသည်။ တကယ်တော့ စာမရေးသူများလည်း အရက်သောက်ကြ သည်ပင်။ ထားတော့ ....။
ရှေးရှေးက ဆရာ့ ဆရာကြီးများ အရက်သောက်ကြသဖြင့် လိုက်သောက်ရင်း ကြိုက်သွားသူများ၊ လူငယ်ဘဝ အတတ်စမ်းရင် ကြိုက်သွားသူများ၊ သူများမြှောက်ပေးသောကြောင့် သောက်ရင်း ကြိုက်သွားသူများ ... ထိုသို့ ထိုသို့ များစွာ ရှိပေလိမ့်မည်။
အရက်ကြိုက်သူခြင်း တူတူ ... အသက်အရွယ်၊ ကိုယ်ခံအား၊ သောက်သည့်အရက်၊ သောက်နှုန်း၊ သောက်ချိန် စသည်ဖြင့် ကွဲပြားနိုင်သည်။ သူက အသက် ၈၀ ထိ နေရလို့ ငါလည်း နေရလိမ့်မည်ဟု တိုင်းထွာ၍ မရနိုင်။ ကျမ ထုံးစံ စာရေးရင်း ချော်တောငေါ့ခြေပြီ။ ဦးဗလ နာရေးကို ရေးရင်းက အရက်ဋိကာ ချဲ့မိချေပြီ။ မတတ်နိုင်တော့။ အသက်ကို ဥာဏ်စောင့် ဆိုသော စကားက ရှေးလူကြီးများ အလကား ထားခဲ့ခြင်း မဖြစ်နိုင်။
အရက်ကြောင့်ပဲ သေသေ၊ ရောဂါကြောင့်ပဲသေသေ၊ မေလလယ် ဆိုသောအချိန်က ... တော်ရုံရောဂါအခံ ရှိသူတို့အတွက် တော်တော် မလွယ်သည့် ကာလ မဟုတ်လား။ မီးမလာ၊ ရေမလာဘဲ အပူချိန်ယခင်ထက် မြင့်တက်သည့် ယခုနှစ်တွင် ပို ဆိုးတော့မပေါ့။
ဦးဗလက ဆေးရုံတင်ရသည်။ တကယ်တော့ သူဆေးရုံတင်ခြင်းက အဆန်းမဟုတ်၊ ခါတိုင်းလည်း တင်နေကျ ဆိုတော့ ဆွေမျိုး မိသင်္ဂဟများက “သြော် ဟုတ်လား” လောက်နှင့်ပင် ပြီးကြသည်။ သို့သော် အခုက ခါတိုင်းလို မဟုတ် ... အပူရှပ်ပြီး ဖျားသည်၊ ဖျားပြီး အသဲယောင် အသားဝါ ဝင်လာသည် ... ထို့နောက် ... ငြိမ်သက်စွာ လောကထဲမှ ထွက်ခွာသွားတော့သည်။
သူ့ဂုဏ်ပုဒ်များကို ထူးစွာ ဖော်စရာလိုမည်မထင်ပါ။ ဝမ်းနည်းသည်၊ နှမျောသည် ဆိုသည်ကိုလည်း ထူးစွာ ပြောဖို့ လိုမည် မထင်ပါ။ သူက နိုင်ငံတော် အဆိုတော်၊ နိုင်ငံတော်မင်းသား၊ နိုင်ငံတော် စာရေးဆရာ ... ထိုသို့ ဆိုသည် နှင့်ပင် လုံလောက်ပြီ။ ကျမလို ပမွှားက သူ့နာရေးအကြောင်း ရေးတာပင် လွန်လှပြီ။
ဦးလေးသားချင်း တယောက်အတွက် ပြောခွင့်ရှိလျင်တော့ မချိတင်ကဲ ပြောချင်သည်။ “တရက်ကလေးများ စောင့်လိုက်ပါလား ဦးဗလရယ်” ဟူ၍သာ။ အပူထဲတွင် နည်းနည်းလေးတောင် အေးခွင့်မရဘဲ သေခဲ့ရသည့် အတွက် ဖြစ်သည်။
မေလ ၁၆ ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီး ... နောက်တနေ့ကျတော့ ရန်ကုန်မှာ မိုးတွေ သည်းသည်ဟု ဆိုကြ သည်ကိုး ....။
Tuesday, May 18, 2010 | Labels: ကြွေလွင့်သူ | 0 Comments