ပေါ့ပ်ဂျာနယ်လစ် ဘဝက နားပြီ
အလင်းတန်းဂျာနယ်က အုပ် ၆၀၀ ပြည့် အမှတ်တရထုတ်ဝေတယ်တဲ့။ ကျမ တော်တော်လွမ်းသွားပါတယ်။ အဲဒီတုန်းက ပျော်ခဲ့ မောခဲ့ရတာတွေကို ပြောတာပါ။ အဲဒီမှာ ကျမရဲ့ အလုပ်တူ ညီမငယ် ခင်ခင်ကျော် (ခု ခင်လေးမြင့်) ရဲ့ဓာတ်ပုံလေးကိုလည်း တွေ့လိုက်ရတယ်။ သူအလုပ်ဝင်တဲ့ရက်က ၂၀၀၂ ခုနှစ် ဇွန်လ ၁၇ ရက် လို့ ပြောထားတော့ ကျမတို့ ၄ ယောက်သား အူကြောင်ကြောင်နဲ့ အလုပ်ဝင်တဲ့ နေ့လေးကို သတိရသွားတယ်။
စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁၃
ကိုကြည်အောင်ရယ် ကိုသန့်ဇင်ရယ် ခင်ခင်ကျော်ရယ် ကျမရယ်ပေါ့။ အဲဒီထဲမှာ ကျမက စာနယ်ဇင်းသက် ၃ နှစ်လောက် ရှိပြီးသား ... ။ သူတို့ ၃ ယောက်က အသစ်စက်စက်။ နောက် ကျမက အသက်အကြီးဆုံး ဆိုတော့ ကျမကို သူတို့က အစ်မလို ခင်ကြတယ်။ ခုတော့ ကိုကြည်အောင်က အင်္ဂလန်နိုင်ငံမှာ ဆိုလားပဲ၊ ကိုသန့်ဇင်ကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ် မသိဘူး။ ခင်ခင်ကျော်ကတော့ အလင်းတန်းမှာ စွဲစွဲမြဲမြဲ လုပ်နေဆဲ။ သူနဲ့က အခုထိ အဆက်အသွယ် မပြတ် ... သူက ကျမကို ခုထိ အစ်မလို သဘောထားဆဲ။ သူ့ သတင်းထောက်သက်တောင် ၈ နှစ် ရှိခဲ့ပြီ။
အလင်းတန်းမှာ သတင်းလိုက်စဉ်က အခက်အခဲတခုကို သူရေးပြထားတာတွေ့ရတော့ စီလီဘရစ်တီ လို့ ခေါ်သူ အများစုကို ကျမ တော်တော်လေး စိတ်ပျက်မိတယ် (အဲဒါကြောင့်လည်း ကျမ အလင်းတန်းက ထွက်ခဲ့တာပါ။ တကယ်တော့ အဲဒီမှာ လုပ်ရတာ ကျမ သိပ်ပျော်ခဲ့ပါတယ်) စီလီဘရစ်တီ ဆိုသူထဲမှာ အဆိုတော်ထက် ကဲသူတွေကတော့ ကျမအမြင် မင်းသား မင်းသမီးတွေပါ။ ကျမအမြင် မှားချင်လည်း မှားပါမယ်။ ဒါပေမယ့် ကိုယ်တွေ့မို့ သိပ်တော့ မမှားလောက်ဘူးထင်ပါတယ်။
သူတို့အများစုက စာမဖတ်ပါဘူး။ ဝမ်းစာတော်တော် နည်းတယ် ပြောရမယ်။ သူတို့ သရုပ်ဆောင် ပညာနဲ့ ပတ်သက်ရင်တော့ ကျွမ်းကျင်ကြကောင်း ကျွမ်းကျင်ကြမှာ ဖြစ်ပေမယ့် စာမဖတ်တဲ့ အခါကျတော့ စကား ပြောတဲ့ နေရာမှာ သိပ်ကွာခြားသွားပါတယ်။ အဲဒီမှာ စာနည်းနည်းလောက် ဖတ်တဲ့ သူတွေက ဆရာကြီးတွေ ဖြစ်သွားတော့တာပါပဲ ...။ ဘယ်သူဆိုတာတော့ ဥပမာ မပေးတော့ဘူး။ ကြည့်တဲ့ပရိသတ် သိမှာပါ။
အင်တာဗျူးတခု ဖတ်ကြည့်လိုက်ရင် ဒီမင်းသား မင်းသမီး၊ ဒီအဆိုတော် စာဖတ်လား မဖတ်ဘူးလား ဆိုတာ တန်းသိပါတယ်။ သူ့မှာ အတွေ့အကြုံများနေခဲ့ရင်တောင် စာမဖတ်ထားတဲ့သူက အင်တာဗျူးတခုကို ဘယ်လို ဖြေရမှန်းမသိပါဘူး။ အဲဒါကို အင်တာဗျူးတဲ့သူက သူတို့နဲ့ မမေးလို့လည်း မဖြစ်တာကြောင့် ကြံဖန်ပြီး ရအောင် မေးကြရပါတယ် (သူတို့ဟာသူတို့ လုံးလုံး မဖြေချင်တာမျိုးလောက် စာတတ်တာကတော့ တမျိုးပေါ့လေ) ဒါလည်း ကျမ ကြုံဖူးပါတယ်။ ဒါရိုက်တာတယောက်ပါ။
သူက ဒါရိုက်တာဆိုတော့ စာက ဖတ်ပြီးသားပဲ၊ စကား ပြောလည်း ကောင်းပါတယ်။ သို့သော် သူက မဖြေချင်တဲ့သူ ဆိုတော့ကာ “ဒါကတော့ ဒီလိုရှိတယ်လေ။ အဲဒီကိစ္စက ကျနော်လည်း သေချာမသိပါဘူး။ ဟိုကိစ္စလား ... အဲသဟာကတော့ ဟိုလူ့မေးတာ ပိုကောင်း လိမ့်မယ်။ ကျနော်က ဘာမှ မသိပါဘူးခင်ဗျာ” ... ဆိုတာတွေနဲ့ လှည့်ပတ်ပြီး လျှောက်ပြောတော့တာ။ အင်တာဗျူးဖို့ ချိန်းတုန်းကတော့ လုံး .... ဝ မငြင်းဘူးနော် .. အဲသလိုတွေလည်း ကြုံရပါတယ်။ ထားပါတော့။
ကျမပြောချင်တာက ခင်လေးမြင့်ကြုံရတဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်လို့ပါ။ စကားက ချော်သွားပြီ။ သူ့ အတွေ့အကြုံ အရ နာမည်ကြီး မင်းသားတယောက်က အင်တာဗျူးပေးတုန်းက ကောင်းပြီကောင်းရဲ့ ပေးပြီးတော့မှ ဂျာနယ်မှာလည်းပါလာကော သူ မပြောရပါဘူးဆိုပြီး ပြဿနာရှာတဲ့ကိစ္စပါ။ ခင်လေးမြင့်က ရကော်ဒါနဲ့ သေချာလည်း ဖမ်းထားခဲ့တယ်။ သူတကယ်ပြောခဲ့တယ် ဆိုတာလည်း သက်သေပြနိုင်ခဲ့တယ်။ သို့သော် မင်းသားရဲ့ ဖိအားကြောင့် ... ဂျာနယ်မှာ ဖြေရှင်းချက် ထည့်ပေးခဲ့ရတယ်တဲ့။ မင်းသား မင်းသမီး အများစုဟာ နာမည်ကြီးတုန်းအချိန်မှာ လူတကာအပေါ် ပညာပြချင်တတ်ပါတယ်။ အဲဒီလို ပညာပြတဲ့အခါ သူတို့ ရုပ်ရှင် လောကသားချင်းသာ မကဘဲ စာပေလောကက ... ဂျာနယ်လစ်တွေ အပေါ်ပါ လာလွှမ်းမိုးတာမျိုး ကျတော့ ကျမ သည်းမခံနိုင်ပါဘူး။ ဒါတွေကြောင့်လည်း ကျမ ပေါ့ပ်ဂျာနယ်လစ်ဘဝကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုရမှာပါ။
စာပေစိစစ်ရေး ဆိုတာကြီးကလည်း ရှိနေပြီး အဲဒီစာပေစိစစ်ရေးက တကယ့် စာပေလောကသားတွေထက် ငွေပုံ ပေးနိုင်သူ တွေကိုသာ ကာကွယ်ပေးထားတာဆိုတော့ (ဒီစကားက သတင်းသမားတယောက် အနေနဲ့ဆို စွပ်စွဲသံ ပေါက်နေတဲ့အတွက် မပြောသင့်ပါဘူး။ သို့သော် အမှန်တရား ဖြစ်တဲ့အတွက် ပြောပါတယ်) စာပေလောက သားတွေက လိမ့်နေအောင် ခံရုံပါပဲ။ မင်းသား မင်းသမီးက၊ စီးပွားရေး လုပ်ငန်းရှင် ကြီးတွေက ဒီစာမှားတယ် ဖြုတ်ခိုင်းပေးပါ၊ တောင်းပန်ခိုင်း ပေးပါ ဆိုတာနဲ့ပဲ စာနယ်ဇင်းသမားတွေက သူတို့ လုပ်စားနေရတဲ့ ဂျာနယ်လေး ပိတ်ရမှာ နားရမှာစိုးတာနဲ့ မမှားဘဲ တောင်းပန်ပေးရတာတွေ မမှားဘဲ မှားပါတယ် ဝန်ချရတာတွေ အများကြီးပါပဲ။
ကျမ အဲဒီမှာရှိစဉ်က ကျမတို့ ၄ ယောက်ထဲမှာ ကိုသန့်ဇင်က ၃၊ ၄ လပဲ လုပ်ပြီး (သူလည်းစိတ်ကုန်ပုံရတယ်) ထွက်သွားလေတော့ ကိုကြည်အောင်ရယ် ခင်ခင်ကျော်ရယ် ကျမရယ်ပဲ ကျန်ပါတယ်။ ကျမတို့ ၃ ယောက်က တနေ့တနေ့ ဘယ်ရိုက်ကွင်း ဘယ်မှာ ရှိတယ် စုံစမ်းပြီး သွားကြရပါတယ်။ အဲဒီလို သွားတဲ့အခါမှာ ရယ်ရအခက်၊ စိတ်ဆိုးရအခက်တွေလည်း ကြုံရပါတယ်။
အဲဒီထဲက အတွေ့အကြုံတခုကို ကိုကြည်အောင်ကြီးကော ခင်ခင်ကျော်ပါ သတိရနေဦးမှာပါ။ အကယ်ဒမီ မင်းသားကြီး တယောက်ပေါ့လေ။ သူက ထူးခြားတယ်။ ကျမတို့ သူ့ရိုက်ကွင်း ရောက်သွားရင် သူက ကျမတို့ မိန်းကလေး သတင်းထောက်တွေကို လုံးလုံး လှည့်မကြည့်ဘူး။ ကျမတို့ အင်တာဗျူးလုပ်ရင်လည်း အင်တင်တင် နဲ့ မဖြေချင်သလို၊ စကားပြောရမှာပဲ စိတ်မပါသလိုနဲ့ ... ကိုကြည်အောင်ကြီးများ သွားဗျူးရင်တော့ ဖြေလိုက်တာ ရွှန်းရွှန်းဝေလို့။ ကျမတို့မှာ ရယ်ရခက် ငိုရခက်။ နောက်တော့ ကျမက ခွဲတန်းချပေးလိုက်တယ်။ အဲဒီမင်းသားဆို ကိုကြည်အောင်ပဲဗျူးပါပေါ့လေ။
တခါသားမှာတော့ ကိုကြည်အောင်က သူ အင်တာဗျူးမေးခွန်းလေးတွေ မှတ်ထားတဲ့ စာအုပ်ကလေးကို ဟိုလှန် သည်လှန် လုပ်နေတုန်း ... အဲဒီမင်းသားကြီးက နောက်ကနေ တိတ်တိတ်သွားပြီး “ဟိတ် ဘာစာတွေ ဖတ်နေ တာလဲ” လို့ နွဲ့နွဲ့လေးပြောပြီး စာအုပ်ကို လုပြေးပါလေရော ...။ အဲဂလို ကိစ္စတွေလည်း ကြုံခဲ့ရပါတယ်။
နောက်တော့ မင်းသား မင်းသမီးတွေနဲ့ ဒါရိုက်တာတွေရဲ့ အတွင်းရေးတွေ၊ အတင်းရေးတွေကို မကြားချင်မှ အဆုံး ကြားရတာ လည်း တော်တော်စိတ်ပျက်စရာ ကောင်းပါတယ်။ ဘယ်မင်းသမီးလေးက ဘယ်ဒါရိုက်တာ တင်ပေးတာလေ။ သူတို့က ဘာပေါ့ ... ဆိုတဲ့ ဇာတ်ရှုပ်တွေ၊ ဘယ်မင်းသားကြီးကတော့ ဘယ်ဟိုတယ်မှာ ဘယ်လို သွားရှုပ်တော့ ဘာဖြစ်သွားတာ ဆိုတာမျိုးတွေ ... မကြားချင်လည်း အလိုလို ကြားနေရပါတယ်။ လူရှေ့သူရှေ့မှာ မိန်းမနဲ့ ဘယ်လိုသာယာတဲ့ အိမ်ထောင်ရေးပါ ဘာညာ လုပ်နေပြီး ကွယ်ရာမှာ မိန်းမလုပ်သူကလည်း မျက်ရည်နဲ့မျက်ခွက် ... သူကလည်း လုပ်ချင်တာလုပ်နေ ဆိုတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အပေါ်ယံ ရွှေမှုံကျဲ ဟန်ဆောင်မှုတွေကိုလည်း စိတ်တော်တော်ကုန်လာပါတယ်။
ရှိပါသေးတယ်။ တခါက မင်းသားတယောက်ကို အင်တာဗျူးနေတုန်း ဘေးက ကင်မရာမင်း တယောက်က ဓာတ်ပုံလည်း ရိုက်ရော လျှပ်တပြက်ပုံ အရိုက်မခံဘဲ ကျမမေးခွန်းတွေကို ဖြေရင်းတန်းလန်းကနေ မျက်နှာလေးကို ပြုံး၊ အိုက်တင် အမျိုးမျိုးပေး … သြော် သူတို့ခမျာ သူတို့ပုံ မလှမပ ဖြစ်မှာ တော်တော်ကြောက်ရှာတာပဲ လို့ တရားရခဲ့ပါတယ်။
ခုနပြောသလို မင်းသား မင်းသမီးတွေရဲ့ စိတ်ပျက်စရာတွေ၊ ပဲများ မှုတွေကို ကြည့်မရတော့ ကျမက ရိုက်ကွင်း သွားရင် ဇာတ်ပို့ဇာတ်ရန်တွေနဲ့ပဲ စကားပြောဖြစ်တာ များတယ်။
ဥပမာ - ကိုငှက်ကြီး (ငှက်ပျော်ကြော်) တို့ ကိုအရိုင်းတို့ ဘဘဦးအောင်လွင်တို့ ကိုဇာဂနာတို့လို လူမျိုးတွေနဲ့ စကားပြောရတာ၊ သူတို့ ပြောတာတွေ နားထောင်ရတာ ဗဟုသုတလည်းတိုး၊ ရယ်လည်းရယ်ရနဲ့မို့ သူတို့နားပဲ သွားမော့နေလိုက်ပါတယ်။ သတင်းတော့ မရတာများတာပေါ့လေ။ နောက် ကျမက ချေးထူတယ်။ ဟိုလူ့မဗျူးချင်၊ ဒီလူ့ စကားမပြောချင်ကလည်း များပါ တယ်။ အများသောအားဖြင့်တော့ ကိုငှက်ကြီးနဲ့ ရိုက်ကွင်းနားက လက်ဘက်ရည်ဆိုင် တဆိုင်ဆိုင်မှာ ထိုင်ပြီး ပေါက်တတ်ကရ လျှောက်ပြောတာပါပဲ။
တခါတော့ ကီလီ ၆ လို့ ခေါ်တဲ့ ရိုက်ကွင်းမှာ ကိုဇာဂနာနဲ့ ဆုံပါတယ်။ အဲဒီတုန်းက အစိုးရက ဘာဖြစ်တယ် မသိဘူး “ထိုင်း” နိုင်ငံကို “ထိုင်း” လို့မခေါ်ရဘူး “ယိုးဒယား” လို့ပဲ ခေါ်ရမယ်၊ ရေးရမယ် ဆိုပြီး အမိန့်ထုတ်ထား ချိန်ပါ။ အဲဒါကို ကိုဇာဂနာက “ဟေ့ ထိုင်းကို ထိုင်းလို့ မခေါ်ကြနဲ့နော် ... နားထိုင်းတယ် ဆိုရင်လည်း နားယိုးဒယား တယ်လို့ ပြောကြ ကြားလား” ဆိုပြီး ရိုက်ကွင်းမှာ အသောဖောက်နေပါတယ်။
ကျမက စိတ်ဝင်စားလို့ သူ့ကို တခုမေးကြည့်တယ်။ အပြင်မှာ ပျံ့နေတဲ့ ဟာသတွေ အကြောင်းပါ။ ဥပမာ - နိုင်ငံတော် အကြီးအကဲက ရေသန့်စက်ရုံတရုံ သွားပြီး “ပီအိတ်ခ်ျ ဆဲဗင်းတောင် ထုတ်နိုင်နေပြီဆိုရင် နောက်တခါ ပီအိတ်ခ်ျ အိတ်တို့ နိုင်းတို့ ထုတ်နိုင်အောင် ကြိုးစား” ဆိုပြီး ပြောတယ် ဆိုတဲ့ ဟာသ ပါ။ အဲဒီဟာသက လူတိုင်းသိပါတယ်။ ဘယ်သူ စပြောတယ် ဆိုတာ မသိပါဘူး။ အဲဒါ ကိုဇာဂနာ ဖောက်တဲ့ ဟာသ လား လို့ ကျမက မေးတော့ သူက ပြန်ဖြေပါတယ်။
“လူတွေက အရမ်းတော်တယ်ဗျာ၊ ဟာသတွေမှ မျိုးစုံအောင် ပြောတတ်တယ်။ အထူးသဖြင့် အစိုးရနဲ့ဆိုင်တဲ့ ဟာသတွေမှ အမျိုးမျိုးပဲ။ အဲဒါတွေ အပြင်မှာ ပျံ့လာတော့ ဒါတွေက ဇာဂနာပြောတာ၊ အရိုင်း ပြောတာ ဆိုပြီး နာမည်တပ်ကြတာ။ ကျနော်တို့လို့ ထင်ကြတာ။ တကယ်က ကျနော်တို့မှာ သူတို့လောက်ကို မတွေးမိပါဘူး။ တကယ် ပြောတာပါ” တဲ့။ ခပ်တည်တည်နဲ့ ပြောတာပါ။ တခြား ဟာသတွေလည်း အများကြီးပဲ။ လူတွေ သိကြပါတယ်။ ဒါပေမယ့် သူကတော့ ငြင်းပါတယ်။ သူပြောတာ မဟုတ်ပါဘူး တဲ့။ ကျမမှာတော့ သူ တကယ် ပြောနေတာ လား၊ နောက် တာလား ဘယ်လိုမှ မတွေးတတ်ပါဘူး။ စိတ်ထဲကတော့ သူပြောတာပဲ ဖြစ်မှာပါ လို့ ထင်နေပါတယ်။ ဘာလို့ဆို ရိုက်ကွင်းမှာလည်း ရုတ်တရက် ဟာသတွေ သူ ထထ ဖောက်တာက တော်တော်ကို ရယ်ရတာကိုး။ ခုတော့ သူ နရသိန် တနေရာမှာ ဟာသတွေ ဖောက်နေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်းရပ်ကွက်တခုက ကြားသိရပါတယ် (ဒါကတော့ သတင်းထောက်လေသံပေါ့လေ)။
ကျမ ကြုံရတဲ့ အဖြစ်အပျက် တခုရှိပါသေးတယ်။ နာမည်ကြီး အကယ်ဒမီ မင်းသမီးတယောက်၊ ကြော်ငြာလည်း တော်တော် ရိုက်ရပါတယ် ... ။ သူ သရုပ်ဆောင်တာလည်း တော်တော်ကောင်းပါတယ်။ ဒါနဲ့ပဲ အင်တာဗျူး ကြည့်တော့မှ ... တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာ တွေ့ရပါတယ်။ သူ့ကို လူအထင်ကြီးစရာဖြစ်စေမယ့် မေးခွန်းမျိုး မေးပေးတာတောင် “ဟုတ်ကဲ့” နဲ့ “မဟုတ်ပါဘူး” ကလွဲရင် ဘာမှ မဖြေတတ်ပါဘူး။ “မင်းသမီးက ကုန်ပစ္စည်းတွေကို ကြော်ငြာရုံတင်မဟုတ်ဘဲ မင်းသမီး ကိုယ်တိုင် ကြော်ငြာ ကုန်ပစ္စည်း တခုဖြစ်နေပြီလို့ ဝေဖန်ကြတာကို ဘယ်လို သဘောရပါသလဲ” ဆိုတဲ့မေးခွန်းကိုတော့ သူ လုံးလုံး နားမလည်ရှာပါဘူး။ သနားစရာလည်း ကောင်းပါတယ်။
ကျမအနေနဲ့တော့ “ခေါင်းမရှိလို့ မင်းသား မင်းသမီး လုပ်တာပေါ့” ဆိုတဲ့ တရားလက်လွတ် ပြောဆိုမှုတွေ ကိုလည်း သဘောမကျပါဘူး။ ကျမတို့ မြန်မာ ရုပ်ရှင် သရုပ်ဆောင်တွေကို ခေါင်းရှိစေချင်ပါတယ်၊ အတွေးအခေါ် ရှိစေ ချင်ပါတယ်၊ စာများများဖတ်ပြီး ရုပ်ရှင်လောကကို မြှင့်တင်စေချင်ပါတယ်။ မင်းသမီးချင်း မင်းသားချင်း တူတောင် စာဖတ်တဲ့ မင်းသမီးက မင်းသားက တပန်းပိုသာတယ် ဆိုတာမျိုး သိပြီး ကြိုးစားစေချင်တာပါပဲ။
ကျမက ရုပ်ရှင်တွေကိုလည်း ချစ်ပါတယ်။ အလင်းတန်းမှာ လုပ်နေတုန်း မှတ်မှတ်ရရရှိတဲ့ ရုပ်ရှင် ၂ ကား ရှိပါတယ်။ တကားကတော့ သွားလေသူ ကိုအောင်မင်းသိန်းရိုက်တဲ့ “အချစ်သည်လေပြေ” ပါ။ အဲဒီကားလေးကို ကျမ သိပ် သဘောကျ ပါတယ်။ ကိုအောင်မင်းသိန်းရဲ့ အနုပညာကို လှလှပပလေး ဖော်ပြနိုင်တဲ့ ကားလို့ ပြောရမယ် ထင်ပါတယ်။ အဲဒီကားမှာ ကျမဘာသာ အိန္ဒြာကျော်ဇင်ကို အကယ်ဒမီ ပေးလိုက်မိပါတယ်။ ကိုအောင်မင်းသိန်းကိုလည်း အဲဒီကားလေးနဲ့ အကယ်ဒမီ ရစေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ မရခဲ့ပါဘူး။ ကိုအောင်မင်းသိန်းကို အလင်းတန်းမှာ လုပ်စဉ် အင်တာမဗျူးဖြစ်ခဲ့ပါဘူး။ နောက်တကြိမ် တကျော့ပြန် အင်တာဗျူး ဂျာနယ်မှာ ပြန်လုပ်ဖြစ်တော့ အင်တာဗျူးခွင့်ရခဲ့ပါတယ်။ နောက်တော့ ရေးပါမယ်။
နောက်တကားကတော့ ကိုကျော်သူရဲ့ ပုဏ္ဏားဘကွန်းပါ။ အဲဒီကားကိုတော့ ကျမ ပရီရှိုး ကြည့်ခဲ့ရပါတယ်။ ရုပ်ရှင် အစည်းအရုံးက ရုံသေးသေးလေးမှာပေါ့။ ကိုကျော်သူရဲ့ အနုပညာကတော့ အားလုံး သိပြီးဖြစ်တဲ့ အတိုင်းပါပဲ။ ပုဏ္ဏားဘကွန်းဟာ မင်းသိင်္ခရဲ့ ဝတ္ထုတွေကို ကိုကျော်သူ ရုပ်ရှင်ရိုက်ရာမှာ ပထမဆုံးကားလို့ ထင်ပါတယ်။ ကျမ အမှတ်မှားချင်လည်းမှားပါလိမ့်မယ်။ တခြားသော နောက်ပိုင်းကားတွေထက် အဲဒီကားကို ကျမ အမှတ် တော်တော် ပေးပါတယ်။ ဝတ္ထုကိုမီတဲ့ ကားတကားပါ။ အဲဒီ ပရီရှိုးလေးမှာ ကိုကျော်သူတို့ မိသားစု စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင် မြင်ရပါတယ်။ အခု အချိန်မှာတော့ ကိုကျော်သူ တယောက် အနုပညာ လောက ကနေ အနားယူနေရပါပြီ။ ဒါပေမယ့် သူ မှတ်ကျောက် တင်ခဲ့နိုင်တဲ့ အနုပညာတွေ မရေတွက် နိုင်အောင် အများကြီးပါ။ ဒါလည်း ပရိသတ်က သိပါတယ်။ ကျမတို့ မြန်မာပြည်ရဲ့ ရုပ်ရှင် ဂီတ အနုပညာ လောကကြီး ကိုကလည်း တကယ့် ကမောက်ကမ မဟုတ်လား။ တော်တဲ့သူတွေ စောစော သေရင်သေ၊ မသေရင်လည်း ထောင်ထဲ ရောက်ကုန်တာနဲ့၊ အညွန့်ချိုး ခံရတာနဲ့၊ လမ်းကို ပိတ်ထားတာနဲ့ ... အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားတဲ့ သူတွေနဲ့ ...
ဆိုခဲ့သလို စိတ်ပျက်မှုတွေ များစွာနဲ့ ပေါ့ပ်ဂျာနယ်လစ် မလုပ်ချင်တော့ပေမယ့် ရသမဂ္ဂဇင်း တစောင်ဖြစ်တဲ့ ရွှေအမြုတေကိုတော့ သံယောဇဉ် တွယ်နေပါသေးတယ်။ ဒါပေမယ့် ကျမစိတ်ထဲမှာ သတင်းထောက်လုပ်ရတာ ကျမချစ်တဲ့ ဝတ္ထုတိုတွေနဲ့ နီးလျက်နဲ့ ဝေးနေသလို ခံစားရပါတယ်။ အလုပ်က ပေါ့ပ် သတင်းတွေ ရေးနေရတယ် စိတ်က ရွှေအမြုတေ မဂ္ဂဇင်းကြီးရဲ့ ဝတ္ထုတိုပေါင်း များစွာဆီ ရောက်နေတယ်၊ အဲဒီတုန်းက ကိုဦးဆွေ ဖတ် ဖတ်နေရတဲ့ ရွှေအသစ်ကဏ္ဍ စာမူတထပ်ကြီးကို ဖတ်ကြည့်ချင်စိတ်နဲ့ သွားရည်ယိုနေပါတယ်။ အဲဒီကာလ မှာပဲ ရတီ မဂ္ဂဇင်းမှာ “အစီအစဉ် ကြေညာသူကြီး” ဆိုတဲ့ ဝတ္ထုတိုလေး ဖော်ပြခွင့်ရတော့ ကျမ သိပ်ပျော်ခဲ့ရပါတယ်။ အဲဒီတုန်းက ရတီ တာဝန်ခံအယ်ဒီတာက ကိုချိုလွင်ပါ။
ကျမ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတာကတော့ ပေါ့ပ် ဂျာနယ်လစ် တကယ် ဆက်လုပ်ချင်တာလား ဆိုတာပါပဲ။ အလင်းတန်းမှာ လုပ်ခဲ့တာလည်း တနှစ်လောက်ရှိနေပြီ။ ကျမ ဗျူးခဲ့တာတွေ၊ ရေးခဲ့တဲ့ သတင်းတွေကို ကိုယ့်ဘာသာ ပြန်ကို မကြည့်ချင်ဘူး ဖြစ်နေပါတယ်။ ဒီတော့ ကျမမှာ လမ်းတခုပဲ ရှိပါတယ်။ ပေါ့ပ်ဂျာနယ်လစ် မလုပ်တော့ဖို့ပါပဲ။ ပေါ့ပ် ဂျာနယ်လစ် လုပ်တယ် ဆိုတာက (ဒါကတော့ ဘယ်လိုင်းပဲ ဖြစ်ဖြစ်) စိတ်ဝင်စားမှပါ။ စိတ်မဝင်စားရင် မအောင်မြင်ဘူးလေ။ နောက်တော့ ဒီဒဏ်တွေကို ခံနိုင်ဦးမှပါ။ ကျမ ပေါ့ပ်လိုင်းမှာ ပါရမီ လုံးဝ လုံးဝ မပါတာ ကိုယ့်ကိုယ်ကိုယ် သိလိုက်ပါပြီ။ ခင်ခင်ကျော်ကတော့ ၈ နှစ် ကြာတဲ့ထိ ဒဏ်ခံနိုင်တယ်ဆိုရမှာပဲ။ သူ့ ခန္တာကိုယ် ပိန်ပိန်လေးနဲ့ စိတ်မပျက်၊ အားမလျှော့ဘဲ ဒီလမ်းကို ဆက်လျှောက်နိုင်တာကို ကျမ ချီးကျူးပါတယ်။ ကျမတို့ ၄ ယောက်ထဲမှာ ဒီ မင်းသား မင်းသမီးတွေရဲ့ ဒဏ်ကို အခံနိုင်ဆုံးက ခင်ခင်ကျော်လို့ ဆိုရမှာပေါ့လေ။
ကျမထွက်ပြီး မကြာဘူး ကိုကြည်အောင်ကြီးလည်း ထွက်သွား တယ်လို့ သိရပါတယ်။ ကြားတာတော့ ကျမ ပြောခဲ့တဲ့ အကယ်ဒမီ မင်းသားကြီးက အလင်းတန်းနဲ့ လစာတူတူပေးမယ် သူ့ဆီမှာ မပင်မပန်းနဲ့ သူ့ ဘက်စ်မန်း လာလုပ်ဆိုပြီး ခေါ်တယ် ဆိုလားပဲ။ သူ တော်တော် လန့်သွားပုံရပါတယ်။
ကျမနဲ့ မသက်ဆိုင်တော့ပေမယ့် တခါတုန်းက သက်ဆိုင် ခဲ့ဖူးတဲ့ ဂျာနယ်လေး စောင်ရေ ၆၀၀ အထိ တည်မြဲမှု ဒဏ်ခံနိုင်မှု၊ ဆက်လက် လှပနေနိုင်မှုတွေအတွက် ဂုဏ်ပြုရင်း ဒီစာကို ရေးဖြစ်ခဲ့တာပါ။ ကျမရဲ့ ဆရာသမားတွေဖြစ်တဲ့ ဆရာ ဦးဝင်းငြိမ်း၊ ဦးမျိုး၊ ကိုဦးဆွေနဲ့ ကိုလင်းတို့ကိုလည်း ဒီစာနဲ့အတူ ဂါရဝပြုပါတယ်။
နောက်တပုဒ်မှာတော့ ကျမရဲ့ စာနယ်ဇင်း ခြေလှမ်း ကမောက်ကမ အသစ်တခုကို တွေ့ရပါမယ်။
လေးစားစွာ ...
Monday, April 19, 2010
|
Labels:
ဖြတ်သန်းမှုစာစု
|
This entry was posted on Monday, April 19, 2010
and is filed under
ဖြတ်သန်းမှုစာစု
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
8 comments:
မြန်မြန်တင်ပေးပါနော်..အမ..
တအားဖတ်ကောင်းတာပဲ
မျက်စိလည်၍ရောက်လာပါသည်..။
အတွေ့အကြုံတွေကိုလည်းမနားတမ်းဖတ်သွားပါသည်..။
ကျွန်မလည်းတခါတရံမှာ သရုပ်ဆောင်တွေပြောတာကိုကြည့်ပြီးအားမရဖြစ်ဘူးတယ်..။ သူတို့နဲအင်တာဗျူးထားတာတွေကိုဖတ်တာ..ရံဖန်ရံခါ
စတိတ်ပေါ်မှာပြော
နေကြတာကိုကြည့်တာနဲ့စာမဖတ်ဘူးဆိုတာသိပ်သိသာတယ်.. ဒါပေမယ့်လည်း ပြန်စဉ်းစားကြည့်တော့ကိုယ်ကဖြစ်စေချင်တဲ့စိတ်ကိုအခြေခံပြီးပြောတာဆိုတော့သူတို့ညံ့တဲ့အပေါ်မှာအရမ်းကြီးလည်းမခံစားပါနဲ့..။ စာမဖတ်တော့ ဗဟုသုတဆင်းရဲတဲ့သူတွေကတော့ နယ်ပယ်တိုင်းမှာရှိတာပါပဲ..။ အနုပညာလောကမှာမှမဟုတ်ပါဘူး..။ ဒါကြောင့်တခါတရံမှာတွေ့ရတက်တဲ့ သူတောင်းစားတွေကို သူတောင်းစားရယ်ဆိုပြီးအထင်မသေးလေနဲ့။ သူစာဖတ်တော့ာ ဘွဲ့ရတယောက်မသိတဲ့မြန်မာပြည်အကြောင်းကို သူကောင်းကောင်းသိတယ်..။ ရေးချင်တယ်အများကြီး..။ အားရင်လာလည်ပါလို့လည်းဖိတ်ပါတယ်..။ ကျွန်မအထင်ကိုပြောရရင် အဲဒါကြောင့်အလုပ်ကနေထွက်ခဲ့တယ်ဆိုရင် မှားတယ်လို့ယူဆပါတယ်..။
မဗေဒါ (http://mabayda.blogspot.com)
အမ .. ဆရာမသန်းမြင့်အောင်ရေးတဲ့ လိပ်ပြာခြေရာ ၀တ္ထုကို ဗီဒီယိုရိုက်ထားတာ ကောင်းတယ်ဗျ ကြာတော့ကြာပြီ ကျွန်တော်ကြည့်ဖူးတဲ့ မြန်မာကားထဲက ကားကောင်းတစ်ကား
နှုတ်မဆက်ဘူးအမရေ ..း)
သတင်းထောက်ဖြစ်ချင်တယ်လို့စိတ်ကူးယဉ်ခဲ့ဖူးတဲ့လူတ ယောက်ဆိုတော့ အမရဲ့အတွေ့အကြုံတွေဖတ်ရတာအရမ်းစိတ်ဝင်စားလို့ အမြဲစောင့်ဖတ်ပါတယ်။
Post a Comment