စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁

ကျမဘလော့ကလေးကို ပြင်လိုက်ပြီ ..။ တကယ့်ကို ကြည့်မဝအောင်ပါပဲ (ကိုယ့်ဖာသာ ဖြစ်နေတာများ ပြောပါတယ်)။ မောင်လေး တယောက်က ပြင်ပေးတာပါ။ သူက ဘယ်တုန်းထဲက အမြင်မတော် ဖြစ်နေတယ် မသိဘူး။ ကျမကလည်း ဘယ်သူများ လုပ်ပေး ပါ့မလဲလို့ စကားခေါ်ရတာ အမောဆိုတော့ နောက်ဆုံး သူက ဗော်လန်တီယာ လုပ်လိုက်တဲ့အချိန်မှာ မယ်ကျိုင်းတုပ် ဖြစ် သွားပါတယ်။ စစချင်းသူက ဘလော့ ခေါင်းစဉ် အောက်မှာ “ကြိုဆိုပါ၏” လို့ ရေးထားသေးတာ။ ကျမက အဲဒါတော့ မလုပ်ပါနဲ့ဟာ မြို့အဝင် ဆိုင်းဘုတ်နဲ့ တူနေပြီဆိုလို့ ပြန်ပြောင်းပေးရှာတယ်။ ကျမဘလော့ အသစ်ကလေး စဖွင့်တဲ့ အထိမ်းအမှတ်နဲ့ ဘာရေးတင်ရင် ကောင်းမလဲ စဉ်းစားတော့ ဘလော့ကို ပြင်ပေးတဲ့ မောင်လေးအတွက်လည်း အမှတ်တရ ဖြစ်ရအောင် “ရော့ကာကြီးတယောက်နဲ့ အင်တာဗျူးတုန်းက” အဖြစ်အပျက်ကလေး တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် (သူက လည်း ရော့ကာဆိုတော့ကာ .. :D)။ ပထမ သူ့ဘလော့ မှာ တင်ဖို့ ဒီပို့စ်ကို လက်ဆောင်ပေးတာပါ။ သူက အစ်မပဲတင်လိုက်ပါဆိုတော့ ဒုတိယံမိ မယ်ကျိုင်းတုပ် ဖြစ်သွားပြန်တယ်။ ဒီပို့စ်က ကျမရဲ့ စာနယ်ဇင်းသမားဘဝ ဖြတ်သန်းမှုထဲက ဖြစ်ရပ်တခုမို့ “စာနယ်ဇင်းသမားဘဝ ကမောက်ကမ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်လိုက် ပါမယ်။ ကမောက်ကမ ဆိုတဲ့အတိုင်း ကျမရေးမှာတွေက ရှေ့ရောက်လိုက် နောက်ရောက်လိုက် ဖြစ်ချင် ဖြစ်နေပါမယ်။ တကယ့်အဖြစ်မှန် တွေရေးတဲ့အခါမှာ တချို့ စိတ်ကသိကအောင့် ဖြစ်စရာကလေးတွေ ပြန်ပါလာရင် ကျမကို နားလည်ပေးဖို့ ကြိုတင်တောင်းပန်ပါတယ်။ ကျမ ဘယ်သူ့ကိုမှ မုန်းလို့၊ နာစေလိုလို့ ရေးတာ မဟုတ်ပါဘူး။ ကျမရဲ့ စာနယ်ဇင်းသမား ဘဝမှာ ပါဝင်ဖြတ်သန်းခဲ့တဲ့ ဇာတ်ကောင်တွေအဖြစ် အဲဒီလူတွေ အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်နေမှာပါ။ ဘလော့ကလေးကို ပြင်ပေးတဲ့ မောင်လေး Fresh up ကိုလည်း အထူး ကျေးဇူးတင်ရှိရင်းနဲ့ နောက်ထပ် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် (အကယ်ဒမီပေးပွဲမှာ ကျေးဇူးတင်စကား ပြောသလို ဖြစ်နေပြီလားမသိ :P)။


သားကောင် နဲ့အတူ ကျောက်တန်းလှေဆိပ်မှာ

ကျောက်တန်းရေလယ်ဘုရားကိုကူးတဲ့ ကူးတို့ဆိပ်ကိုရောက်တော့ အဲဒီနားမှာရှိတဲ့ လက်ဘက်ရည်ဆိုင် မှန်သမျှ ရာစုသစ်အခွေကို ဖွင့်ထားတယ်။

“ဟိုးအဝေးက နှင်းတွေကျဆဲပဲ ... ဒီအချိန်တွေဆို သူရောက်လာ ...”

မျိုးကြီးရဲ့အသံက လွင့်ပျံ့လို့ ...။ တယောက်ကမေးလိုက်တယ်။ မယုံမရဲနဲ့ “ဟုတ်ရဲ့လားဟာ” တဲ့။ ကျမက “သေချာပါတယ်ဟ” လို့သာ ပြန်ဖြေရ ... စိတ်ကတော့ သိပ်မယုံရဲသေးဘူး။

ဟုတ်တယ်လေ။ ဘယ်သူက ယုံပါ့မလဲ။ အဲဒီအချိန်မှာ နာမည်အလွန်ကို ကြီးနေပြီဖြစ်တဲ့ အဆိုတော်လေးဖြူနဲ့ ချိန်းထားတယ်။ ဘယ်နားမှာလဲ ဆိုတော့ ကျောက်တန်းလှေဆိပ်မှာ။ ကျမပြောတာကို ယုံပြီးလိုက်လာတဲ့ ကောင်တွေ မယုံတာ မလွန်ဘူး မဟုတ်လား။ ကျမ အဲဒီမနက်ခင်းက ကိုလေးဖြူနဲ့ တကယ်ကို ဖုန်းပြောခဲ့တာပါ။ ကိုလေးဖြူကလည်း ကျောက်တန်းကို ဆွေမျိုးတွေ (သူပြောပြောနေကျ ဆွေမျိုးတွေ ဟုတ် မဟုတ်တော့ မသိ) ပို့စရာရှိလို့ “ညည်းကသန်လျင်ကဆိုတော့ အဲဒီလာခဲ့ပါလား” လို့ တကယ်ကို ပြောခဲ့တာပါ။ နိုင်ငံကျော် ရော့ကာကြီးက နောက်မယ်တော့ မထင်ပါဘူးလေ။

လှေဆိပ်တော့ရောက်ပြီ ...။ ကြည့်လိုက်တော့ ကျားထိုးနေကြတဲ့ လှေသမားတွေ ....။ ကွမ်းတပြစ်ပြစ်နဲ့ ... ဘယ်မှာလဲ လေးဖြူ ...။ တယောက်ကပြောလိုက်တယ်။ အင်္ကျီအနက်ရောင် ဝတ်ထားတဲ့ လူတယောက်ကို လက်ညှိုးထိုးရင်း ... “ဟေ့ အဲဒါလေးဖြူမဟုတ်လား” တဲ့။ ကျမက “မဖြစ်နိုင်ပါဘူးဟာ” လို့ ပြန်ပြောလိုက် ရတယ်။ နောက်ကျောပဲမြင်ရတဲ့ အဲဒီလူက လှေသမားတွေနဲ့ ကျားဝင်ထိုးနေတာလေ ... ပြီးတော့ ကွမ်းကလည်း တပြစ်ပြစ်။ ဒါပေမယ့် သူနောက်ကိုလှည့်ကြည့်လိုက်တဲ့ အချိန်မှာ ကျမတို့အားလုံး တပြိုင်တည်း “ကိုလေးဖြူ” လို့ အော်လိုက်မိကြတယ်။ သူက ကွမ်းချေးတက်နေတဲ့ သွားတွေပေါ်အောင် ရယ်ရင်းက “ရောက်ကြပြီလား” လို့ လှမ်းပြောတယ် ...။

၂၀၀၀ ပြည့်နှစ်ကိုဝင်ခါစ ...။ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သုံးယောက်ရဲ့ ရာစုသစ် အခွေ ထွက်ခါစ...။ လူငယ်တွေ ပါးစပ်ဖျားမှာ၊ လက်ဘက်ရည်ဆိုင်တွေမှာ ရာစုသစ် ... ရာစုသစ် ဆိုပြီး ဖြစ်နေတဲ့ကာလပါ။ အဲဒီတုန်းက အဆိုတော်လေးဖြူကို မဂ္ဂဇင်းတစောင်က အင်တာဗျူး လုပ်ပါတယ်။ အဲဒီအင်တာဗျူးက စဖွင့်ကတည်းက အင်တာဗျူးနဲ့မတူဘဲ ရန်ဖြစ်နေသလိုဖြစ်နေတာ တွေ့ရတယ် ... ။

အင်တာဗျူးလုပ်တဲ့သူဆိုတာ အိမ်စာလုပ်ရပါတယ်။ ဆိုလိုတာက ကိုယ်ဗျူးမယ့်သူရဲ့ အကြောင်းနဲ့ ဗျူးမယ့် အကြောင်းအရာကို နှံ့နှံ့စပ်စပ် မဟုတ်တောင် ခြုံငုံပြီး သိနေရပါမယ်။ ဒါပေမယ့် ကိုလေးဖြူကိုအင်တာဗျူး သူတွေက ကိုလေးဖြူ အခွေဘယ်နှခွေ ထွက်ထားသလဲ ဆိုတာတောင် မလေ့လာခဲ့ပါဘူး (မသိဘူးလို့ ကျမ မသုံးဘူးနော်)။ နောက် ဂီတသမား၊ ရော့ကာကိုဗျူးတာဖြစ်တဲ့အတွက် ဂီတအကြောင်း၊ ရော့ခ်မြူးဇစ်အကြောင်း ကို နည်းနည်းတော့လေ့လာခဲ့ရပါမယ်။ သူတို့ မလေ့လာသွားဘူး။

အဲဒီမှာ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုလေးဖြူကလည်း စကတည်းက ဟိုဘက်ကမေးတဲ့ မေးခွန်း “ကိုလေးဖြူက ခု အခွေ ၂ ခွေ ထွက်ပြီးပြီ နော်” လို့ ဆိုလိုက်တာနဲ့ ဘာပြန်ပြောလဲဆိုတော့ “ခင်ဗျားတို့ ကျနော့် ကို အင်တာဗျူးလုပ်မယ်ဆိုရင် ကျနော့်အကြောင်းကိုတော့ နည်းနည်း လေ့လာထားသင့်တယ်” ဆိုပြီး ပြောလိုက် ပါတယ်။ အဲဒါကို ဗျူးသူများကလည်း အဲဒီအတိုင်း မဂ္ဂဇင်းထဲမှာ ရေးပါတယ်။ ဆက်ပြီး မေးတဲ့သူနဲ့ ဖြေတဲ့သူ ပြောသမျှတွေကို မဂ္ဂဇင်းက မခြွင်းမချန် ရေးပါတယ်။ ကိုလေးဖြူက မျက်နှာပေးကဘယ်လို...။ ကွမ်းတံတွေးကို ဘယ်လို ပြစ်ကနည်း ထွေးပြီှးမှ ဖြေတာ ဆိုတာကအစ ပေါ့ ....(ပရိသတ် အမြင်မကပ် ကပ်အောင် ရေးတာပါ)

ဟိုကမေးသမျှတွေက အဆီအငေါ်မတည့်လေ ကိုလေးဖြူကလည်း ထောင်ချောက်မှန်းမသိ ဘုတောလေ။ အဲလို ဘုတောသမျှကို မဂ္ဂဇင်းကထည့်လေ၊ ပွဲကဆူလေပေါ့။ အဲဒီအင်တာဗျူးကို ဖတ်တဲ့အချိန်မှာ ကျမစိတ်ထဲက မတရားသလို ခံစားရတယ်။ အဲဒါကျမက လေးဖြူ ပရိသတ်မို့လို့ရယ် မဟုတ်ဘူးနော် ... ကိုလေးဖြူ ပရိသတ် မဟုတ်လည်း အဲလိုပဲ ခံစားရမှာပဲ (သူ့ပရိသတ်ဖြစ်နေတော့ ပိုတင်းတာပေါ့လေ)။ ကျမစိတ်ထဲ စာနယ်ဇင်း ဆရာ တွေက စာမျက်နှာ ငါတို့ပိုင်တယ်၊ အနုပညာရှင်ဆိုတာ ငါတို့ ကလောင်နဲ့ နှက်ရင် ခံရတာပဲ ဆိုတဲ့ ပုံစံနဲ့ အနိုင်ကျင့်နေသလို ခံစားရတယ် ....။

ကျမက အဲဒီအချိန်က စာနယ်ဇင်းလောကကို ခြေချခါစ ဂျာနယ်လစ်ပေါက်စ ..။ ဒီလို တဘက်သက်လုပ်တာကို လုံးဝ မခံဘူးဟေ့ ဆိုတဲ့အချိန်။ ဘာမှလည်း သိပ်နားလည်တာမဟုတ်။ ပရိယာယ်တွေကိုလည်း မသိ။ ကျမ အတွေးက ကိုလေးဖြူ အနေနဲ့လည်း ဖြေရှင်းခွင့် ရသင့်တယ် ..။ သူ့ကို တဘက်သက် အားလုံးက (စာဖတ် သူတွေကပါ) ရိုင်းတယ်လို့ ထင်နေတာကို အဲလိုမဟုတ်ပါဘူး ဆိုတာ သိအောင် ကျမ ဖော်ထုတ်ချင်တယ်။ အဲဒီအင်တာဗျူးကို ဖတ်ပြီးတော့ ကိုလေးဖြူမရိုင်းဘူး ဆိုတာ ကျမခံစားသိနဲ့သိနေတယ်လေ။

ဒါနဲ့ပဲ ကျမရဲ့ အယ်ဒီတာချုပ်ဆီမှာ ခွင့်တောင်းတယ် (ကျမကအင်တာဗျူးဂျာနယ်မှာပါ)။ ကျမကို လေးဖြူနဲ့ အင်တာဗျူးလုပ်ခွင့်ပေးပါလို့။ အယ်ချုပ်ကလည်း ဗျူးပေါ့၊ ကြိုက်တာပေါ့၊ ကိုယ့်ဖာသာ ချိတ်ပေါ့။ အဲဒီမှာ အစ်မကြီး တယောက်ရဲ့ ကျေးဇူးနဲ့ စထရင်းဟိုတယ်မှာလုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ရှိုးကို ကျမ ကြည့်ခွင့် ရလိုက်တယ်။ အဲဒီမှာ ကိုလေးဖြူပါတယ်လေ။ အဲဒီအစ်မကြီးကျေးဇူးနဲ့ပဲ ကိုလေးဖြူနဲ့ တွေ့ရတယ်။ ကိုလေးဖြူက “အယ်ဒီတာဆိုလို့ အကြီးကြီးမှတ်တာ ပေါက်စလေးကိုး” လို့ စ တယ်။ မျက်နှာကလည်း ပြုံးရွှင်လို့။ အဲဒီမှာပဲ ကိုလေးဖြူကို လူတွေ အထင်လွဲနေကြတာ ဆိုတာပိုသေချာသွားပါတယ် (ဒီလောက်ခင်စရာ ကောင်းတဲ့ သူကိုများ ပေါ့လေ)။

ဒီလိုနဲ့ အင်တာဗျူးဖို့ ချိန်းထားတဲ့နေ့ရောက်တော့ ကိုလေးဖြူကပဲ ကျောက်တန်းလှေဆိပ်ကို လာပါလားလို့ ကျမကိုချိန်းတာနဲ့ သူငယ်ချင်းတွေပါ ခေါ်ပြီး သူ့ကို အင်တာဗျူးလုပ်ဖြစ်ပါတယ်။ သူ့ကို အင်တာဗျူး လုပ်ခဲ့တာတွေ အများကြီးပါ။ အင်တာဗျူးဆိုတာထက် စကားဝိုင်းလေးဆိုရင်တောင် ပိုမှန်မယ်ထင်တယ်။ ကျမ သူငယ်ချင်းတွေကလည်း လိုကယ်ပလေယာတွေ၊ ရော့ခ် မှ ရော့ခ်တွေ၊ လေးဖြူရူးတွေဆိုတော့ ပွဲက ကောင်းရောပဲ။ ကိုလေးဖြူ ကလည်း သူ့ကို တခုတ်တရ ဖြေရှင်းခွင့်ပေးတဲ့အတွက် တော်တော်လေး ပျော်သွားပုံရတယ်။

ဖြေရှင်းခွင့်ပေးတယ် ဆိုတာထက် သူ ထောင်ချောက်ထဲ ကျခဲ့တာပါ ဆိုတာ လူတွေ သိစေချင်တာပါ။ သူက ရိုးသားတယ်လေ။ ပရိယာယ်တွေလည်း နားမလည်ဘူး။ မဟုတ်တာကို ဒေါသထွက်ဖို့ပဲ သိခဲ့တာ (ခုတော့လည်း မြို့ကြီးသားတွေရဲ့ ပရိယာယ်တွေကို ကိုလေးဖြူ တော်တော်လေး နပ်လောက်ပါပြီ “သားကောင်” တောင် ဆိုပြီးမှပဲ။ ဒါတောင် သူ့ခမျာ တခါတခါ ထောင့်မကျိုးဘူး ပြောခံရသေးရဲ့ .. )။

အင်တာဗျူးတာကတော့ အများကြီးပဲ။ ဘာတွေပြောခဲ့လဲ ဆိုတာလည်း ၈ နှစ်တောင်ကြာခဲ့ပြီ ဆိုတော့ မမှတ်မိ တော့ဘူး။ ဒါပေမယ့် တခုမှတ်မိနေတာကတော့ ကျမတို့ထဲက တယောက်က ပြောလိုက်တယ် “ကိုလေးဖြူ စတိတ်ရှိုးတွေက အရမ်းဈေးကြီးတယ်။ တကယ်ကြည့်ချင်တဲ့ လူငယ်တွေ မကြည့်နိုင်ဘူး” တဲ့ (ကျမတို့ အားလုံး သူ့စတိတ်ရှိုးတွေ မကြည့်နိုင်ကြတာ အမှန်ပဲလေ)။ သူကပြန်ပြောတယ်။ “ကျနော်လည်း လမ်းဘေးအုတ်ခုံမှာ ခင်ဗျားတို့နဲ့ အတူ ဂစ်တာတီး သီချင်းအော်ဆိုပြချင်တာပေါ့ဗျာ။ အဲလိုမှ လုပ်လို့ မရတော့တာ” တဲ့။ သူ့ပုံက တကယ် လုပ်လို့ရရင်လုပ်မယ် ဆိုတဲ့ပုံ ...။

နောက်တခုက ကျမကမေးမိတာ “ကိုလေးဖြူ မြန်မာ အဆိုတော်ထဲမှာ ဘယ်သူ့ကို အားအကျဆုံးလဲ” ဆိုတော့ သူက တွံတေးသိန်းတန်တဲ့ ဘာလို့လဲဆိုတော့ သူက “ကျနော်တို့ ငယ်ငယ်က အင်းထဲမှာ ပွဲလုပ်ရင် သူနှစ်တိုင်း လာတယ်။ အဲလိုလာရင် တနှစ်ကို မိန်းမ တယောက်နဲ့ဗျ။ အဲဒါကို အားကျတာ” လို့ ပြန်ပြောပါတယ်။ အဲဒါက သူ နောက်ပြီးပြောတာပါ။ တွံတေးသိန်းတန်ကို စော်ကားတာလည်း မဟုတ်ပါဘူး။ စာမျက်နှာပေါ်တင်ဖို့ မဟုတ်ဘဲ ကျမတို့ကို သက်သက် နောက်တဲ့သဘောပါ (off the record) လို့ မပြောပေမယ့် ဒါဟာ သူသက်သက် နောက်တယ် ဆိုတာသိပြီး ကျမ စာမျက်နှာပေါ် မတင်ပါဘူး(ခုတော့ကွန်ပျူတာ ဖန်သားပြင်ပေါ်တင်လိုက်ပြီ :P)

တခြားမေးခွန်းတွေကတော့ သူနဲ့ မဂ္ဂဇင်းဆရာမများ ဖြစ်ကြတဲ့ကိစ္စကလွဲရင် ဂီတ အကြောင်းတွေချည်းပါပဲ။ ကျမတို့ သူနဲ့ တဝကြီး စကားတွေ ပြောလိုက်ရပါတယ်။ ဘာပကာသနမှမရှိတဲ့သူနဲ့ လေးဖြူမှန်းတောင် မသိတဲ့ လူတွေကြားမှာ ခပ်တည်တည်နဲ့ ဝိုင်းထိုင်ပြီး ကျမတို့ စကားပြောခဲ့ကြပါတယ်။ လှေဆိပ်က အုတ်ဘောင် လေးမှာ သူနဲ့ ကျမသူငယ်ချင်းတွေနဲ့ ကွမ်းတွေ သူ့ဆီကယူစားလိုက် ကိုယ့်ဆီက ယူစားလိုက် လုပ်ရင်းပြောခဲ့တဲ့ အဲဒီ စကားဝိုင်းလေးကို ဘယ်တော့မှ မမေ့ပါဘူး။ ပြီးမှ ဓာတ်ပုံဆရာက ဓာတ်ပုံတွေရိုက်တော့ လှေသမားတွေ တအံ့ တသြကြည့်ကြပါတယ်။

အဲဒီတုန်းက လေးဖြူဆိုတဲ့ နာမည်နဲ့ပတ်သက်လို့ ကျမမေးခဲ့သေးတယ်။ တချို့က အဲဒါ “၄ ဖြူ” (NO. 4) လို့ ပြောကြလို့ပါ။ ဟုတ်တယ် ဆိုလည်း ကျမစာမျက်နှာပေါ်မတင်ဘူးပေါ့ .. အဲလိုသဘောနဲ့မေးတာကို သူက ဖြေပါတယ် “ကျနော်တို့ မောင်နှမတွေထဲမှာ ကျနော်က တော်တော်ဖြူတာဗျ..။ အငဲဆိုလည်း တွေ့တဲ့အတိုင်း :P .... အဲဒါကြောင့် ကျနော့် အစ်မတွေက ကျနော့်ကို မောင်လေးဖြူ၊ မောင်လေးဖြူ လို့ ခေါ်ကြတယ်။ အဲဒီနာမည်ကို ယူတာပါ” တဲ့။ သူ့နာမည်အရင်းတော့ ပြောတယ်။ ကျမမေ့သွားပြီ .. နာမည်ရင်းနဲ့ ပတ်သက်လို့ သူပြောတာ တခု တော့ မှတ်မိတယ်။ “ကျနော်တို့ ညီအစ်ကိုတွေ နာမည်က ဇာတ်မင်းသားနာမည်တွေနဲ့ တူတယ်” တဲ့။ နံပတ်ဖိုးကို ယူထားတာသာမှန်ရင် သူ့သားနဲ့ သမီးနာမည်က တိမ်လေးဖြူတို့ ဆောင်းလေးဖြူတို့ ဘယ်မှည့်ပါ့မလဲ ... နော်။

ဒီအင်တာဗျူးကိစ္စကို အစပြန်ဖော်တာ ကျမ ချေးချောက်ရေနှူးတာမဟုတ်ပါဘူး။ မဂ္ဂဇင်းဆရာမများနဲ့လည်း နောင်တချိန်မှာ ညီအစ်မအရင်းတွေလို ခင်ခဲ့ကြပါတယ်။ ခုလည်း ခင်မင်ဆဲပါ။ အဲဒီတုန်းက ဂျာနယ်လစ်ပေါက်စ ဆိုတော့ ဖွတယ်ဆိုတာ ကျမက နားမှမလည်ဘဲကိုး။ နောက်မှ ကျမပါ ဝင်ဖွသူဖြစ်ခဲ့မှန်းသိခဲ့ရတယ်။ လေးဖြူနဲ့ စကားပြောခွင့်ရခဲ့တာကို ကျမ ခုချိန်ထိ ကျေနပ်နေတုန်းပဲ။ ကျမလုပ်နိုင်တာတခုကို လုပ်ပေးလိုက်ရလို့ ပျော်တယ်။ တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ သေးသေးလေးပါ။ တချို့လည်း ကိုလေးဖြူကို ခုချိန်ထိ ရိုင်းတယ် ထင်နေကြတုန်းပဲ။ တကယ်က သူက ရိုင်းတာမဟုတ်ပါဘူး။ ရိုးတာပါ။ ပြီးတော့ သူ့ရဲ့ ပရော်ဖက်ရှင်ကို သူ တန်ဖိုး ထားတာ၊ လေးစားတာပါ။ အဲလိုပဲ ကျမထင်တယ်။

နောက်ပိုင်း စာနယ်ဇင်းပါးဝလာတော့ အိုင်စီ စတိတ်ရှိုးတွေ (လက်မှတ်အလကားရလို့) ကြည့်ရတော့ သူ့ကို လူတွေ ဘယ်လောက် တောင့်တတယ် ဆိုတာ တွေ့လာရတယ်။ စထရင်းဟိုတယ်မှာ လုပ်တဲ့ ပွဲတုန်းက သူမပါပေမယ့် လက်မှတ်တွေ မှောင်ခိုဈေးနဲ့ ရောင်းခဲ့ရတယ်။ ဒါပေမယ့် အဲဒီမှာ ဘယ်အဆိုတော် တက်လာ တက်လာ ပရိသတ်ရဲ့ “လေးဖြူ ... လေးဖြူ” ဆိုတဲ့ အသံကလွှမ်းနေတာပါ။ အဲဒီပွဲမှာ ကိုအငဲက ပရိသတ်ရဲ့ “လေးဖြူ ... လေးဖြူ” ဆိုတဲ့ အသံကိုကြားတော့ သီချင်းနောက်တပုဒ် မကူးခင်မှာ “သူလည်း ဆိုချင်တာပေါ့ဗျာ ..” လို့ ထိထိ ခိုက်ခိုက် ပြောသွားပါတယ်။

သူဘာကြောင့် ရှိုးပွဲမဆိုလဲဆိုတဲ့ကိစ္စက ဗားရှင်းအမျိုးမျိုး ကြားနေရတယ်။ ဘယ်ဟာ အမှန်လည်းတော့ ကျမလည်း မသိပါဘူး။ သူကိုယ်တိုင်က ဖွင့်ပြောမှပဲ သိရမှာပါ။ ဒါပေမယ့် နာဂစ် ရန်ပုံငွေပွဲမှာ သူ ... အိုင်စီနဲ့ အတူ ပရိသတ်အတွက် အကောင်းဆုံး လုပ်ပြခဲ့တာပဲ မဟုတ်လား။ ပရိသတ်အပေါ် မာနကြီးတာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ကျမရဲ့ လှေဆိပ်အင်တာဗျူးကို အစပြန်ကောက်ရရင် ကိုလေးဖြူရဲ့ ဆွေတွေမျိုးတွေ လှေနဲ့ ဒီဘက်ကမ်း ပြန်ရောက်ချိန်မှာ စကားဝိုင်းလေး အဆုံးသတ်တယ် ဆိုပါတော့။ အဲဒီနေ့ပဲ ကျမရဲ့ တိုက်ကို အပြေးသွားရောက် သွား ... အယ်ဒီတာချုပ်နဲ့ အဖွဲ့ကို လေးဖြူအင်တာဗျူးရပြီ ... ရေးမယ် ဆိုတော့ ... သူတို့က ကျမကို တခြား ကမ္ဘာက ဂြိုဟ်သားလို ကြည့်ကြပါတယ်။ အယ်ချုပ်ကပဲ “ ... နင် ဘာမှ မဖြစ်ဘူးနော်” တဲ့။ နောက် တယောက် က “နင့်ကို လေးဖြူက ရိုက်လွှတ်ပြီထင်နေတာ။ ငါတို့ စိုးရိမ်နေကြတာ” တဲ့ ပြောပုံကို ကြည့်ပါဦး။ ကျမတောင် ကြောင်သွားတယ်။ ကိုလေးဖြူကို အတော်များများက အဲလိုထင်နေခဲ့ကြတာပါ။ အဲဒီ ကျမနဲ့ အင်တာဗျူးကို ဂျာနယ်မှာ ထည့်လိုက်တော့ ပွဲဆူသွားသေးတယ်။ ကျမက စာနယ်ဇင်းသမား ချင်းချင်း ဘက်က မလိုက်ဘဲ အဆိုတော်ဘက်က လိုက်တယ်ဆိုမျိုးတွေလည်း ကြားရတယ်။ တကယ်က ကျမက မဟုတ်တာကို မဟုတ်ကြောင်း ဖွင့်ချရုံလေးပါ။

ကျမရဲ့ စာနယ်ဇင်းသက်တမ်းမှာ အဆိုတော် ၂ ယောက်ကိုပဲ သေချာဗျူးဖူးတယ်။ အဲဒါက ကိုလေးဖြူနဲ့ မျိုးကြီးပါ။ ဇော်ဝင်းထွတ်ကတော့ သူများဗျူးရင်း ပါသွားတာဆိုတော့ ကျမကိုယ်တိုင် ဗျူးတဲ့ စာရင်းထဲ မထည့်တော့ဘူး။ မျိုးကြီးကို အင်တာဗျူးတာကတော့ သိပ်ထွေထွေ ထူးထူး မရှိလှဘူး။ သူဖြေသမျှ “ကိုလေး” ဆိုတဲ့ နာမည်မှ မလွတ်ဘဲ။ ညီတယောက်က အစ်ကိုတယောက်ကို အားကိုးသလို ဘာမေးမေး “ကိုလေး လုပ်ပေးတာ” ဆိုတာချည်းပဲ။ ပိုစတာက အစ၊ စတိတ်ရှိုးမှာ သီချင်းရွေးတာအဆုံးပေါ့။ စိတ်ပေါက်ပေါက်နဲ့ ဒီအင်တာဗျူးကိုလည်း ကိုလေးပဲ ဖြေခိုင်းပါလားလို့ ပြောမိတော့မလို့ :D ။ ဒါပေမယ့် သူအဲလိုဖြေတာကိုက ကိုလေးဖြူကို ဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ကျမဖြင့် သဘောကျလို့ မဆုံးဘဲ ...။

ဒါပါပဲ။ ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းရှိတဲ့ ရော့ကာကြီး တယောက်အကြောင်း ကျမကြုံခဲ့တာလေးတွေနဲ့ ရောပြီး ဖောက်သည်ချတဲ့ သဘောပါ။ ရော့ခ်ကိုချစ်တဲ့ သူတွေအားလုံးရဲ့ ရင်းနှီးခင်မင်ရတဲ့ အစ်ကိုကြီးတယောက်နဲ့ ခဏတာ ဆုံဖြစ်တဲ့ အကြောင်းပေါ့။

ပရိသတ်ဆိုတာက သူတို့ကိုစော်ကားတဲ့ အနုပညာရှင်ကို ဒဏ်ခတ်တတ်ပါတယ်။ ရိုးတာနဲ့ ရိုင်းတာ မကွဲပြားသူတွေကတော့ ဒီနေ့ထိ ရှိုးတိုင်းမှာ “လေးဖြူ ... လေးဖြူ” လို့ အော်ဟစ်တောင်းဆိုနေတာ ဘာကြောင့်ပါလိမ့်လို့ အံ့သြနေမလားပဲ .... ။

13 comments:

Freshup said...

ရပါတယ်ဗျာ.. လုပ်ပေးရမှာပေါ့..
:D

Andy said...

မိုက်တယ်ဗျာ... ကိုယ်တိုင် အမတို့နဲ့ထိုင်ပြီး လေးဖြူနဲ့တွေ့နေရတဲ့ အတိုင်းပဲ...

ဒါနဲ့ လေးဖြူ နာမည်အရင်းက ကိုဝင်းလှိုင်ထွန်း တဲ့

မေငြိမ်း said...

ဟေ့ဟေ့.. သားနာမည်က တိမ်လေးဖြူပါကွာ..။ တင်မဟုတ်..ဂျီးဒေါ်။

tututha said...

မှားတဲ့အခါလည်း များပြန်ပြီအမရေ။ ပြင်လိုက်ပြီဗျိုး။ ကျေးဇူး။ :P

JulyDream said...

အခုလို ရိုးစင်းတဲ့ဘ၀လေးတစ်ခုကို ပြန်လည်ဖော်ထုတ်ပေးခဲ့တဲ့အကြောင်း ဖတ်ရတာ အတော်လေး ကောင်းပါတယ် ခင်ဗျ။ ဂီတလောကမှာ ဘယ်သူကိုမှ ထဲထဲဝင်ဝင် မသိဘူးခင်ဗျ။ သိအောင်လည်း မကြိုးစားခဲ့ဖူးပါဘူး။ အခုလို ဘလော့ထဲမှာ အသေအချာ ရေးသားတင်ပြတဲ့ သူတွေဆီကနေ တဆင့် သိခွင့်ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

Kaung Kin Ko said...

လေးဖြူကို အင်တာဗျူးတုန်းက အကြောင်းကို ဖတ်ရလို့ ကျေးဇူးပါအစ်မ။

လင်းဒီပ said...

ကျေးဇူးပါ အစ်မ
ကျွန်တော်ကတော့ IC တစ်ဖွဲ့လုံးကို ကြိုက်တယ်ဗျာ....
ဘယ်သူတွေဘာပြောပြော....

မေသူပိုင် said...

လေးဖြူဆိုကြိုက်တယ် အစ်မရ
အစ်မဘလောခ်ကိုသူငယ်ချင်းတစ်ယောက်က ညွှန်းလို့လေးဖြူနဲ့တိုးသွားလို့ မပိတ်ချင်ပိတ်ချင်နဲ့ အကုန်ဖတ်သွားတယ်
ဘလောခ်လေးကလည်းသပ်ရပ်လိုက်တာ
အဲလိုအကြောင်းလေးတွေဖတ်ရတာ အတော်လေးစိတ်ဝင်စားဘို့ကောင်းပါတယ်
ကျမတို့လိုဂျာနယ်တွေမဂ္ဂဇင်းတွေမဖတ်ဖြစ်သူတွေအတွက်တော့
ကောင်းပါတယ်
အစ်မရေ ကျမ ကြားလိုက်တဲ့လေးဖြူအကြောင်းကတော့
အဲဒါကျမ အစ်ကို သွားကြည့်တဲ့ရှိုးပွဲမှာပြောသွားတာပါ
"ကိုလေးဖြူဘာလို့နောက်ကျနေတာလဲလို့ အရိုင်းကမေးတော့ ကျနော်ကြက်ဆူပင်စိုက်နေလို့လို့လေးဖြူက ဖြေလိုက်ပါတယ်ေ၇ှ့ဆုံးခုံက ကြည့်နေတဲ့ထဲမှာလူကြီးတွေလဲပါပါတယ် "အဲဒီနောက်ပိုင်းလေးဖြူပျောက်သွားတယ်"
လေးဖြူချစ်တဲ့ပရိတ်သတ်တစ်ဦး
မေသူ

Ko Boyz said...

လေးဖြူ အကြောင်းကို တစ်ခုတ်တစ်ရ ပြန်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ...။ ကျွန်တော် လေးဖြူရဲ့ ယပ်တောင်တွေထဲက တစ်ချောင်းပါ...။ Fan လို့ ပြောချင်တာ...။ :D

Ko Boyz said...

ကျန်တဲ့ တစ်ဝက်က အမျိုးတွေပါ...။

ဗန်ပိုင်းယား said...

ဟုတ်ပါ့ . .အင်တာဗြူးတိုင်း ဖွတယ်. .. ဒီလောက် ချစ်စရာကောင်းတဲ့ အညာသားကြီးကို များ ...
ပီးတော့ .. သူ့ အသံက ဆောင်းဗောက်ထဲကထက် . အပြင်မှ ပိုဆွဲဆောင်မှုရှိတယ်... မျက်လုံးမှိတ် .. နှာခေါင်းရှုံပီး အော်အော်ဆိုတာလေ. . ဟီး .....
အခေါ်အပြောကလည်း ညက်တယ်. အနော်တို့အဖွဲ့ကို ခေါ်တာ. ဘော်ဒကာ ကြီးများတဲ့ ..

သော်ဇင်စိုး said...

ကိုလေးဖြူနာမည်အရင်းက ဝင်းလှိုင်စိုးပါ.. ကိုအငဲ နာမည်အရင်းက ဝင်းကြိုင်စိုးပါ.. မျိုးကြီးနာမည်အရင်းက မျိုးမင်းဌေးပါ..
ကျွန်တော် ၈ တန်းကျောင်းသားအရွယ် ထားဝယ်အလာ.. လေယာဉ်လက်မှတ်ဝယ်တဲ သူတွေ စာရင်းထဲမှာ ခိုးကြည့်ထားတာပါ... :P

သော်ဇင်စိုး said...

ကိုလေးဖြူနာမည်အရင်းက ဝင်းလှိုင်စိုးပါ.. ကိုအငဲ နာမည်အရင်းက ဝင်းကြိုင်စိုးပါ.. မျိုးကြီးနာမည်အရင်းက မျိုးမင်းဌေးပါ..
ကျွန်တော် ၈ တန်းကျောင်းသားအရွယ် ထားဝယ်အလာ.. လေယာဉ်လက်မှတ်ဝယ်တဲ သူတွေ စာရင်းထဲမှာ ခိုးကြည့်ထားတာပါ... :P