နှစ်သစ်ကူးမှာ ရူးကြည့်ရအောင်

ရေးပြီဟေ့ ဆိုရင် တူးတူးသာတို့က ဂလို ရပ်လို့မရတော့တာ...

ခုက နှစ်ကုန်တော့မယ်၊ ငယ်ငယ်ကတော့ နှစ်ကုန်ခါနီး New Year Eve မှာ ဘုရားကျောင်းကိုသွား ... မျောက်ရှုံးအောင်ဆော့၊ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်ခါနီးလောက်ကျပြန်တော့ အဲလိုပဲ ဘုရားကျောင်းကိုသွား၊ လူငယ်တွေ ဂိမ်းကစားတာမှာဝင်ပါ။ တနှစ်များမှာတော့ ဘယ်လူတွေ ဘယ်ဂလို မျက်စိမှောက်တယ်မသိ ကွင်း တောင် ရလိုက်သေး။ တနှစ်တာ ကွင်းသွားရမယ့် သူစာရင်းထဲ ထိပ်ဆုံးကို ဝင်သွားတာထင်ပါရဲ့။ ပြီးတော့ ကောင်လေးချောချောလေးတွေကို မျက်စိကစား (လူငယ်ဘဝ ဖြစ်ရပ်မှန်နော်)။ ၁၁ နာရီ ထိုးခါနီးတော့ ဘုရားစရှစ်ခိုး။ အဲဒီမှာ သင်းအုပ်ဆရာ ဟောမယ့် တရားထက် ကွာယာမှာ ဆိုမယ့် သီချင်းကိုပဲ စိတ်ရောက်နေ ....။ ၁၂ နာရီ ထိုးခါနီး လက်ထောက် သင်းအုပ်ဆရာ သန်လျင်ဖေသွင်က ဆုတောင်းတော့မှ ကိုယ့်မှာရှိတဲ့ အပြစ်တွေ ကသောကမျော ဝန်ချ၊ နောက်တော့ လာမယ့်နှစ်မှာ ဘာလုပ်ပါမယ် ညာလုပ်ပါမယ် ကတိတွေပေး၊ ဘုရားကို ပြောပါတယ်။

“အပြစ်၌ ပျော်မွေ့ခဲ့သော နှစ်အတွက် ဝမ်းနည်းလျှက်ရှိပါ” ဆိုတဲ့သီချင်းကို အာခေါင်ခြစ်အော်ဆို ခဲ့တာ ခု ပြန်စဉ်းစားတော့ တော်တော် ရယ်စရာကောင်းတာပဲ။ ဒီလိုနဲ့ တူးတူးသာတို့ တနှစ်ပြီး တနှစ် ကုန်လွန်လာ လိုက်တာ။ မနှစ်ကတော့် ဂျီတီအိုင်က သပြေဆောင်မှာ ကုန်လွန်ခဲ့ရတဲ့ New Year အကြောင်း လွမ်းဆွတ်ဖွယ် ရေးဖြစ်ပါတယ်။

ဒီနှစ်တော့ ကိုယ့်ကိုယ်ကိုယ် ပယ်ပယ်နယ်နယ် ဝေဖန်ချင်နေမိတယ်။

ကိုင်း ၂၀၀၉ အတွင်းက တူးတူးသာ ဆိုသည်မှာ ... ဘာပါလိမ့်

၁။ လုံးဝ စည်းကမ်းမရှိ

ဖုန်းနံပါတ်တွေဆို ခဏခဏ ပျောက်၊ ဘယ်စာရွက်စုတ်မှာ မှတ်လိုက်မှန်းမသိ ပြန်ပြန်မေးရ။ အလုပ်စားပွဲပေါ်မှာ ဒီနေ့ထိ ပွရှုပ်နေ၊ အဲဒီ စာရွက်တွေကို ရှင်းဖို့ကြိုးစားတာလည်း အခါခါ တခါမှ မအောင်မြင်။

တလောကတော့ အယ်ဒီတာက ဂျာနယ်လစ်ကောင်းဆိုတာ .... အစချီတဲ့ စာရွက်တရွက်ပေးတယ်။ အဲဒီထဲက နံပါတ် ၁ အချက်က ပထမဆုံး ကိုယ့်စားပွဲပေါ်က စာရွက် စာတမ်းတွေကို ညီညီ စီထပ်ပါတဲ့။ ခုတော့ စိတ်မကောင်းစရာ၊ အဲဒီစာရွက်လေးက ကိုယ့် စာရွက်ပုံထဲမှာ ပျောက်နေတယ်။ ရှာလို့ မတွေ့တော့ဘူး။

ဒီတော့ ကိုယ့် အယ်ဒီတာရဲ့ အဆိုအရဆို ကိုယ်က ၂၀၀၉ ခုနှစ်ထဲမှာ ဂျာနယ်လစ်ကောင်းတယောက် မဟုတ်ခဲ့ဘူးပေါ့။ ဝမ်းနည်းလိုက်တာ။

၂။ စကားကို စွတ်စွတ်ပြောတတ်တဲ့အတွက် မိတ်ပျက်မလိုဖြစ်၊ မိတ်ပျက်ပြီးဖြစ်

ကိုယ်က အကောင်းနဲ့ပြောတာပဲ ဆိုတဲ့အထင်နဲ့ ပြောလိုက်မိတာမှာ တဘက်သား အတွက် နာစရာတွေ ပါသွားတာမျိုး။ မိတ်ပျက်မလို ခဏခဏဖြစ်တယ်။ မိတ်ပျက်ပြီးဖြစ်တယ် ဆိုတာက ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ တဘက်သားက ကိုယ့်ကို မခေါ်မပြောဖြစ်နေတာမျိုးပေါ့။ အဲဒါကိုလည်း အလိုက်မသိဘဲ သွားပြီး အတင်းခေါ်လိုခေါ် ...။ လူမှုရေး နားမလည်ဘူးပဲ ဆိုမလားမသိ။ တခါတလေ ကိုယ်က ကိုယ့် မောင်နှမလို ညီအစ်မလို သဘောထားပြီး ရင်းရင်းနှီးနှီး ဝေဖန်မိလိုက်တာ ပြောလိုက်မိတာကို တဘက်က စိတ်ကွက် သွားတာကို မသိတာမျိုးတွေ။

၃။ ပိုက်ဆံ နင်းကန်ရှာသလောက် အဖတ်မတင်

ဒါကတော့ ၂၀၁၀ မှာလည်း ပြင်လို့မရလောက်ဘူး ထင်ပါတယ်။ ပိုက်ဆံတွေက ဝင်သလောက် ဘယ်က ဘယ်လို ကုန်မှန်းမသိ ကုန်နေတာ။ တကယ်တော့ ကုန်တယ်ဆိုတာ သုံးလို့ပေါ့၊ ကိုယ့်အမှားကိုယ် ဝန်မခံချင်ပြန်။ တခါမှ မစုမိ၊ ကိုယ့်လောက်ဝင်ငွေမရှိသူတွေ အလုံးအခဲနဲ့ စုမိချိန်မှာ ကိုယ်ကတော့ ဒုံရင်းဒုံရင်း ဟိုတုန်းကလည်း မွဲ၊ ခုလည်း မွဲလျှက်ပဲ။ တူးတူးသာဆိုတာ ငမွဲပါ လို့ တံဆိပ်တပ်လို့ရတယ်။ စီးတဲ့ရေတော့ရှိပါရဲ့၊ ဆယ်တဲ့ကံသင်းက ဟိုဘက်ရွာမှာ သွားအိပ်ပျော်နေပုံရတယ်။

၎။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း တော်တော်ပြောဖြစ်တယ်

ဒါကတော့ ရှင်းမှာပါ။ ကိုယ်နဲ့ အဲဂလို ပြောဖော်ပြောဖက်တွေ ဒီစာကိုဖတ်ရင်း မျက်ခုန်းလှုပ်ကြပါ။ ဖော်ကောင် လုပ်တော့မယ်။ ခုပဲကြည့် တူးတူးသာ ဆိုတဲ့ ကိုယ်ကသာ အဲလို အပြစ်တွေကို ဝန်ခံရဲတာ၊ တခြား ဘယ်သူ ဝန်ခံရဲလဲ။ ဒါ ဥပမာပဲ ရှိသေးတာ။ အဲဒီလို ကြုံတိုင်း ကိုယ်ကောင်းကြောင်း ခဏခဏ ပြောတတ်တယ်။ မကြုံလည်း ကြုံအောင် လုပ်ပြောတတ်တယ်။

၅။ တွေဝေတာ

ခုထိကို ပြင်လို့မရသေးတာ။ ၂၀၀၉ ထဲမှာလည်း တွေဝေမှုကြောင့် လွဲရတာတွေ အများကြီး။ နောက်တခုက စာအုပ်တအုပ်စာလောက်ကို တထိုင်ထဲ ချရေးချင်သလောက် စကားနဲ့ မပြောပြတတ်တာ။ အဲဒါကတော့ အယ်ဒီတာနဲ့ ပြဿနာခဏခဏ တက်တဲ့ ကိစ္စပေါ့။ ကိုယ်လုပ်ချင်တာကို စာနဲ့ ရေလည်အောင် ရေးပြလိုက် ချင်တယ်၊ စကားတော့ မပြောတတ်ဘူး။ အဲဒါ ဘယ်လိုလုပ်ရမလဲ။

ကဲ ဝေဖန်ပြီးပြီ။ ပြင်ကြည့်မယ်လို့တော့ မပြောတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ နောက်ဆုံးတချက် တူးတူးသာ ဆိုတာ ဆုံးဖြတ်ချက်ချပြီးရင် ချတဲ့အတိုင်း လုပ်ချင်မှ လုပ်တတ်လို့ပါ။ ဒါပါပဲ။

9 comments:

ခင်မင်းဇော် said...

ဘာထူးတုန်းအေ...
နံပါတ်လေး ကို တူတူပြောခဲ့ဖူးတာပဲ...
ဘလော့လေးတော့ ပြန်ရေးသားးးးးနော် တော်ပါသေးရဲ့..

Moe Cho Thinn said...

ကိုယ့်ကိုယ်ကို ဝေဖန်တဲ့ ငါ့ညီမ၊ စိတ်မပူလေနဲ့။ ဟိုဖက်ရွာမှာ အိပ်ပျော်နေတဲ့ ကံသင်းကို အမ နှိုးပြီး လာပို့ထားခဲ့ပြီ။
နှစ်သစ်မှာ အရူးအမူး အထူးပျော်ရွှင်ပါစေ။

NangNyi said...

သုံးသပ်ချက်တွေဘာတွေ ထုတ်နိုင်တာ တော်သေးတယ်

mama said...

တကယ်ရေးတော.မှာလား
happy New year ပါ
မမ

little brook said...

တူးတူးသာဆိုတာ ဆုံးဖြတ်ပြီးလည်း ဆုံးဖြတ်တဲ့အတိုင်းလုပ်ချင်မှ လုပ်တာ .. ဟားဟား
ကောင်းတယ် အဲ့ဒါအမိုက်ဆုံးပဲ .. အမ

မဆုမွန် said...

အစ်မ ညီမကို စောင်းရေးထားတာဟုတ်လား တော်ပြီ မခေါ်တော့ဘူး ခွစ်ခွစ်

ငါ့အစ်မမိသားစု နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေနဲ့ ငြိမ်းချမ်းပါစေ အာမင်

pandora said...

ဟဲဟဲ.. တူနေပါပေါ့လား..
ဆုံးဖြတ်ပြီးရင် ဆုံးဖြတ်တဲ့အတိုင်း လုပ်ချင်မှလုပ်တာဆိုတော့ ခက်ပေတယ်။. :P

ရယ်သံတွေစီညံဝေသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

ဗီလိန် said...

မရူးချင်ပါနဲ့၊ ငပေါက ငပေါလိုနေပါ။ ဒါဗြဲ။ တွင်းတူးအမိန့်

ကိုထွန်းသူ said...

တူးတူးအတွက် ၂၀၁၀ ခုနှစ်ဟာ Happy & Prosperous Year ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Face Book ထဲမှာ Invite လုပ်ထားတာလည်းမပြန်သေးဘူး၊ နိုင်မင်းသွင်က တော့ ပြန်ရေးပြီးပြီ။
တူးတူး အလုပ်တွေများနေတယ်ထင်တယ်။ Post တင်တာ နှေးသွားသလိုပဲ။ မနှစ်က New Year အတွက် ရေးခဲ့တဲ့ Post ကိုပိုကြိုက်တယ်။ ကျောင်းတုန်းက အငွေ့အသက်လေးတွေကို ပြန်ရလိုက်သလိုပဲ။ စာနယ်ဇင်းသမားဘဝ ကမောက်ကမ ကိုဆက်ရေးပါဦး။