၃ နဲ့စားလို့မရရင် တထောင်နဲ့ မြှောက်

စာမရေးဖြစ်တာကြာပြီ။ တကယ်တော့ စာတွေအများကြီး ရေးနေရပါတယ်။ ရှုပ်ကုန်ပြီလား မသိဘူး။ ကျမ ဆိုလိုတာက ဘလော့ပေါ်မှာ စိတ်ကျေနပ်မှုလေးအတွက် စာမရေးဖြစ်တာပါ။ ခုတော့ ကျမစိတ်ထဲမှာ အတွေးစ လေးတစရတာနဲ့ မဖန်တီးတာ ကြာပြီဖြစ်တဲ့ ဝတ္ထုတိုလေးတပုဒ် ရေးမိပါတယ်။ ဒီထဲကလူတွေက သက်ရှိ ဇာတ်ကောင်တွေပါပဲ။ ကျမ ဟန် အတိုင်း သက်ရှိဇာတ်ကောင်တွေနဲ့ တကယ့်အကြောင်းအရာကို အခြေခံပြီး ကျမရဲ့ စိတ်ကူးနဲ့ ပေါင်းစပ်ထား တာပါ။ ကျမ ချစ်ခင်ရသူများချည်းဖြစ်လို့ ကျမကို စိတ်ဆိုးမယ်ဆိုလည်း စိတ်ဆိုး ခံလိုက်မှာပါ။ ဇာတ်ကောင်စရိုက် တွေကတော့ အမှန်တွေချည်းပါ .. ဇာတ်လမ်းကတော့ ဖတ်ကောင်းအောင် နည်းနည်း ကွန့်ထားပါတယ်။ အမှားပါရင် အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါရှမ် :P

ဒီဇာတ်လမ်းကို စလိုက်သူက ကိုဟန်ဖြစ်သည်။

ထိုအချိန်တွင် သူတို့ အားလုံး မူးနေကြပြီ ... လူမှန်းမသိလောက်အောင်တော့ မဟုတ်သေး .. ။ ကိုဟန်က အီကြာကွေးများကို အားလုံးစားဖို့ ပြင်ထားသည့် အမဲအူပြုတ် ပန်းကန်ထဲ တခုချင်းထည့်နေသည်။ ကိုရွှေအောင်က "ကိုဟန် .. ခင်ဗျား အဲလို မလုပ်နဲ့လေဗျာ။ ကိုယ့်ဘာသာ စားချင်ရင် သပ်သပ် ပန်းကန်နဲ့ ထည့်စားမှပေါ့ .. ဒါ တခြားသူတွေပါ စားဖို့ လုပ်ထားတာလေ" ဟု ဟန့်လိုက်ရာ ကိုဟန်က "သြော် ဟုတ်လား .. ဟုတ်ကဲ့ ဟုတ်ကဲ့" ဟု ဆိုကာ ပန်းကန်အသစ်တခု ထယူ၍ ထည့်စားနေသည်။ အဲဒီမှာ မပြီးသေး .. ကိုဟန်က ဘီယာကို ဘူးလိုက်မသောက်ဘဲ ခွက်တခုထဲ ထည့်သောက်ဖို့ ပြင်သည် .. အဲဒါကို ကိုဝင်းက "ဟေ့ ကိုဟန် ဘူးလိုက်မော့ဗျာ .. ပြီးရင် ကျုပ်ပဲ ဒီခွက်တွေဆေးရတာ" ဟု ဆိုလိုက်ရာ .. ကိုဟန်က အငြင်း မပွားဘဲ .. "ဟုတ်ကဲ့ .. ခွက်နဲ့ မသောက်နဲ့ ဆိုလည်း မသောက်ပါဘူး ခင်ဗျ" ဟူ၍ ယဉ်ကျေးစွာ ပြန်ပြောသည်။

အားလုံး အံ့သြသွားကြသည် ..။ ကြည့်ရတာ ဒီနေ့အဖို့ ဘာပြောပြော လက်ခံမည့် သဘောမှာရှိသည်။ ကိုဟန် ပိုက်ဆံချေးပါဗျာ ဆိုရင်တောင် ချေးမည့်သဘောရှိသည်ဟု .. ဇင်လတ်က တွေးနေသည်။ မိဝေး ဘဝေး .. အိမ် ထောင်နှင့် ဝေးရာမှာ သူတို့ အလုပ်လာလုပ်နေကြတာ ဆိုတော့ နီးရာလူသာ ဆွေမျိုးဖြစ်နေသည်။ ကိုရွှေအောင်တို့ စုနေကြသည့် ဒီအိမ်မှာ အားလုံး ပျော်ကြသဖြင့် ညနေဆို ဒီအိမ်မှာပဲ လာစုရုံးနေကြ ဖြစ်သည်။

ကိုဟန်က ခါတိုင်းလည်း အငြိမ်သမား .. သို့သော် ဒီနေ့ကတော့ တခြားနေ့ထက် ငြိမ်လွန်းသည်။ အားလုံး မှန်မှန်လေး မူးနေချိန်မှာ .. ဖိုးသွင်က ကိုရွှေအောင်ကို ထဖောက်သည်

"ခင်ဗျားအိမ်ကလည်း ဂတ်စ်မီးဖို လေးဘာလေးဝယ်ထားစမ်းပါဗျာ။ လူစုံတဲ့အချိန် ချက်ပြုတ်စားချင်ရင် အပြင် ကပဲ ဝယ်စားနေရတော့ မတန်ဘူးဗျ"
"ဟေ့ကောင် ဖိုးသွင် .. မဝယ်နိုင်သေးဘူးကွ။ လက မကုန်သေးဘူး ပိုက်ဆံက ပြတ်နေပြီ"
"မဝယ်ချင်လို့ မဟုတ်ဘူးကွ .. ငါက တောသားဆိုတော့ ဂတ်စ်အိုး ထပေါက်မှာ ကြောက်လို့”
“ပြီးတော့ ငါတို့ ၃ ယောက် စည်းဝေးထိုင်ရဦးမယ်။ စည်းဝေးထိုင်ရင် ဘီယာလေးက သောက်ချင်ဦးမှာ”

ကိုရွှေအောင်နှင့် ကိုဝင်းတို့က ဖိုးသွင်ကို မဆိုင်တာတွေကော၊ ဆိုင်တာတွေကော ပြန်ဖြေရှင်းနေချိန်တွင် ဇင်လတ်က ဂတ်စ်မီးဖို သုံးခြင်းကြောင့် ရနိုင်သော အကျိုးကျေးဇူးများကို တသီတတန်းကြီး ရှင်းပြနေသည်။ ကိုဟန်ကတော့ ငြိမ်မြဲငြိမ်လျှက်။ ကိုရွှေအောင် မနေနိုင်တော့ ...

"ကိုဟန် ငြိမ်လှချည်လားဗျာ။ ခင်ဗျားကို ပြောသမျှကိုလည်း ဘာမှပြန်မငြင်း အားလုံး သဘောတူ .. ခုကျတော့လည်း ဘာစကားမှ ဝင်မပြောနဲ့ .. ဘယ်လိုလဲဗျာ"
"အေးလေ .. စကားလေး ဘာလေးတော့ ပြောဦးမှပေါ့ .. ကဲ ကိုရွှေအောင် ကုန်ပြီ .. နောက်ထပ်သွားဆွဲမယ် ပိုက်ဆံပေး"

ကိုဝင်းက ကိုဟန့်ကို ပြောရင်း တလက်စတည်း ဘီယာပြတ်သွားသည့်ကိစ္စကိုပါ ရည်ညွှန်းလိုက်ရာ .. ကိုရွှေအောင်က ထဆဲသည်။

"@#%^^*+ ပဲကွာ .. အဲဒါကို တထောင်နဲ့ မြှောက်လိုက်။ ငါ့မှာ ပိုက်ဆံမကျန်တော့ပါဘူးဆို"
"ဟာ .. ဒါဆို ခင်ဗျားက ဒီတိုင်း ဟတ်ကော့ကြီးနဲ့ ရပ်တော့မှာလား"
"မရပ်နဲ့ .. မရပ်နဲ့ ရော့ ကျနော့်ဆီက ယူသွားလိုက်" ဟုကိုဟန်က ဆိုကာ ဘတ် ၅၀၀ တန်တရွက်ကို ရက်ရောစွာ ထုတ်ပေးသဖြင့် အားလုံး အံ့သြရပြန်သည်။

ဒီနေ့တော့ ကိုဟန့်အမူအရာက တစုံတခုကို လေးလေးနက်နက် တွေးနေပုံရသည်။ သိပ်ကြာကြာ မစောင့်လိုက်ရ ကိုဟန်က နံရံ တနေရာကို ငေးရီကာကြည့်ရင်း ..

“၂၀၁၂ ခုနှစ်ကြရင် .. ကမ္ဘာကြီး ပျက်တော့မှာဗျ” ဟုပြောလိုက်သောကြောင့် .. အားလုံး ရုတ်တရက်ကြောင် သွားကြသည်။

“ဟုတ်တယ် ၂၀၁၂ ခု ဒီဇင်ဘာလ ၂၁ ရက်နေ့ .. ၂၁ နာရီကနေစပြီး အဲဒီပြောင်းလဲမှု၊ ပျက်စီးမှုကြီး စဖြစ်တော့မှာ”
“သြော် အဲဒီတော့မှ စဖြစ်မှာလား .. ဒါဆိုအေးအေးဆေးဆေးပေါ့ ကိုဟန်ရာ။ တကယ်ဆို ခုကတည်းကလည်း ပျက်ဆီးနေတာပဲဟာ အထူးအဆန်းလုပ်လို့” ဟု ဇင်လတ်က ဝင်ပြောလိုက်သည်။

“မဟုတ်ဘူး .. အဲလိုမဟုတ်ဘူး။ ငါ့စိတ်ထဲမှာ ခုတလော ဒီအကြောင်းတွေချည်းပဲ စိုးမိုးနေတာ ... ခုဟာက ရှေးဟောင်းပညာရှင်တွေ တွက်ချက်ပြီး ဟောခဲ့တာ၊ ခုခေတ်သိပ္ပံပညာရှင်တွေ တွက်ထားတာ .. နောက်တော့ သမ္မာကျမ်းစာထဲမှာ ပါတာ .. ကမ္ဘာပေါ်မှာရှိရှိသမျှ ပညာရှင်တွေ တွက်ထားတာအားလုံး တိုက်ဆိုင်နေတာ။ အဲဒီအချိန်ကျရင် တခုခု ဖြစ်ကိုဖြစ်မယ်။ အဲဒါက ဘာလဲတော့မသိဘူး။ ပြောင်းလဲမှုတွေဖြစ်သွားမယ်၊ လူတွေရဲ့ မျိုးဗီဇတွေ ပြောင်းသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ လူတွေ ပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဂြိုဟ်သားတွေက လာအုပ်ချုပ်တာမျိုး .. ဘာလဲတော့မသိဘူးကွာ .. တခုခု ဖြစ်မှာတော့ သေချာတယ်”

ကိုဟန့်စကားအဆုံးမှာတော့ အားလုံးငြိမ်ကျသွားသည်။

“ဟာ သိပြီ .. ကိုဟန်ပြောပုံအရ အီဗော်လူးရှင်း နောက်တခါထပ်ဖြစ်မယ့် သဘောလား။ ဥပမာ - ဒါဝင့်အဆိုအရ ဆင့်ကဲဖြစ်စဉ်အတိုင်း မျောက်ကနေ လူကို တဖြည်းဖြည်း ပြောင်းသွားသလို လူကနေ တခြားတခုကို ပြောင်းမယ် ဆိုတဲ့ဟာမျိုးလား” ဟု ဖိုးသွင်က ဝင်ပြောလိုက်သည်။
“အဲလိုလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့မရဘူး .. ပျက်ဆီးသွားတာ ပျောက်ကွယ် သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ .. ဥပမာ .. လူကနေ ဟိုးအရင်ကမ္ဘာဦးလူတွေလို .. ဒါမှမဟုတ် မျောက်တွေလို ဖြစ်ချင်လည်းဖြစ်သွားမယ်”
“ဟင် .. ဒါဆို ဒီဗော်လူးရှင်းကြီးပေါ့”

ဇင်လတ်က ဘီယာဘူးအသစ်တဘူးကို ဖောက်ရင်းက “ဒါမှမဟုတ် ကမ္ဘာပေါ်မှာရှိရှိသမျှ သံတွေ၊ သတ္ထုတွေ ပျော်ကျကုန်လို့ လူတွေက ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားတာကော ဖြစ်နိုင်လား ကိုဟန်” ဟု ဝင်ဆွေးနွေးသည်။ သူတို့ ဆွေးနွေးပွဲက အတော်လေး အသက်ဝင်လာချိန်တွင် ကိုဝင်း ဘီယာဘူးအသစ်တွေနှင့် ပြန်ရောက်လာသည်။

“ဇင်လတ်ပြောတာမျိုးလည်း ဖြစ်နိုင်တာပဲ။ လူတွေအားလုံး လက်မဲ့တွေဖြစ်သွားပြီး ကျောက်ခေတ်တုန်းကလို သုညက ပြန်စရတာမျိုးပေါ့”
“ဟာ ကောင်းတာပေါ့ .. ကားတွေဘာတွေ မရှိတော့ဘူး။ လေယာဉ်ပျံလည်း မရှိတော့ဘူး။ ခရီးသွားရင် အရင်တုန်းကလို လှည်းတွေ လှေတွေနဲ့သွား၊ လမ်းလျှောက်သွားကြ”
“ဒါဆို ဘီယာတို့ အရက်တို့လည်း ဝယ်လို့ဘယ်ရတော့မလဲနော်” ဟု ကိုဝင်းက စိုးရိမ်တကြီးဝင်ပြောသည်။

ကိုဟန်က မစိုးရိမ်ပါနဲ့ဟူသော မျက်နှာပေးနှင့် “အဲတော့လည်း ကိုယ့်ဘာသာ ချက်သောက်ကြတာပေါ့ကွာ။ ဒါပေမယ့် အဲဒီလို ဖြစ်မယ်လို့လည်း ကံသေ ကံမ မပြောနိုင်ဘူးကွ”
“ဟာဗျာ .. ခင်ဗျားဟာကလည်း ဘာမှလည်း မသေချာဘဲ ကျုပ်တို့က ဘာကို ကြောက်ရမှာလဲဗျ” ဟု ကိုရွှေအောင်က ဘုဝင်တောလိုက်ရာ အားလုံးငြိမ်သက်သွားသည်။ စကားဝိုင်းစကတည်းက ဘာတခွန်းမှ ဝင်မပြောဘဲ ဘီယာချည်းလှိမ့်သောက်နေသော သိုက်စိုးက သူမပါလျှင်ပွဲမပြတ်နိုင် ဆိုသော အမူအရာဖြင့် စကားဝိုင်းထဲ ဝင်ပါလာသည်။

“သိပြီဗျ .. ကမ္ဘာပျက်မယ်ဆိုတာထက် အင်တာနက်စစ္စတမ်တွေအားလုံး ပျက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူးလား။ ခုချိန်မှာ အင်တာနက်စစ္စတမ်တွေပျက်သွားရင် ကမ္ဘာပျက်သွားသလို ဖြစ်သွားမှာပဲလေ။ ဘဏ်စနစ်တွေ ပျက်မယ်၊ တခြား အင်တာနက်နဲ့ ထိန်းချုပ်တာမှန်သမျှ ပျက်မယ်ဗျာ။ ဆက်သွယ်ရေးစနစ်တွေပါပျက်သွားမယ်။ ဒီဂျစ်တယ်စနစ်တွေ ဘာမှအလုပ်မလုပ်တော့ဘူး .. ဆိုရင်...”
“နေဦး သိုက်စိုးရ .. မင်းစဉ်းစားကြည့် အင်တာနက်ပျက်ရုံနဲ့တော့ လူက သိပ်ပြဿနာမရှိသေးဘူး။ သူတို့ ခေါင်းထဲမှာ ဒေတာတွေ ကျန်နေသေးတယ်။ ပြန်လုပ်လို့ရသေးတယ်။ လောင်စာလိုဟာတွေ လုံးဝ ထုတ်ယူလို့ မရတော့ဘူးဆိုရင်ကော ..” ဟု ဇင်လတ်က ဖြည့်စွက်သည်။ ထုံးစံအတိုင်း ကိုဟန်က “ဒါလည်း ဖြစ်မယ်လို့တော့ ကံသေကံမ ပြောလို့မရဘူး” ဆိုတာနှင့် ပိတ်သည်။ ကိုရွှေအောင်က ဘာမှပြန်မပြောဘဲ မျက်စောင်းသာ ထိုးလိုက်သည်။

ကိုဝင်းက “ဘာဖြစ်မယ်မှန်းမသိဘဲနဲ့ဗျာ ခင်ဗျားတို့ကလည်း ဘာတွေလျှောက်ပြောနေကြတာလဲ” ဟု ဝင်ဟန့်သော်လည်း မရတော့ အားလုံး ကိုဟန့်ကိစ္စကို စိတ်ဝင်စားနေကြပြီ။

“ကမ္ဘာပေါ်မှာ ရှိသမျှ နျူကလီးယားလက်နက်တွေ တပြိုင်တည်း ထ ပေါက်ကွဲမယ်ဆိုရင်ကော ..” ဆိုသည့် ဇင်လတ် စကားအဆုံးတွင်တော့ အားလုံးငြိမ်သွားကြတော့သည်။ ကိုဟန်လည်း ဘာမှမပြောတော့ .. ။

“အဲလိုဆိုရင်တော့ .. ကမ္ဘာကြီးတကယ်ပျက်စီးမှာပဲ။ လူတွေအားလုံးသေကြမယ်။ တချို့ပဲ ရှင်ကျန်မယ်။ အဲဒီတချို့လက်ထဲမှာ ဘာမှ မကျန်ခဲ့ဘူး။ အဲဒီအခါကျ ကာဘွန် ထုတ်လွှတ်မှုတွေလည်း မရှိတော့ဘူး .. သစ်ပင်တွေကိုလည်း အပြိုင်မခုတ်နိုင်တော့ဘူး။ မခုတ်နိုင်တဲ့အတွက် သစ်ပင်တွေက ကောင်းကောင်း ရှင်သန်မယ်။ တောတွေပြန်ဖြစ်လာမယ်၊ အိုဇုန်းက ပြန်စေ့သွားပြီး အပူလျော့ကျသွားမယ် .. အဲဒီအခါကျ .. တိရစ္ဆာန် မျိုးစိတ်တွေလည်း ပြန်ပေါ်လာမယ်။ ဝင်ရိုးစွန်းက ရေတွေပြန်ခဲပြီး သမုဒ္ဒရာထဲမှာ မြုပ်နေတဲ့ ကျွန်းတွေ ပြန်ပေါ်လာမယ်။ ကမ္ဘာကြီးပေါ်မှာ လူတွေ လျော့သွားတာနဲ့အမျှ ကမ္ဘာကြီး နေပြန်ကောင်းလာမယ်”
“ဟာ ဇင်လတ်ရာ .. မင်းပြောတာကို နားထောင်ရတာနဲ့တင် ရုပ်ရှင်ပြနေသလို မျက်စေ့ထဲမှာ ကွင်းကွင်းကွက် ကွက် ပေါ်လာတော့တာပဲ။ ဟုတ်တယ် မင်းပြောတာ အဖြစ်နိုင်ဆုံးပဲ” ဟု ကိုဟန်က ဇင်လတ်စကားကို ထောက်ခံလိုက်သည်။

သူတို့အားလုံး ငြိမ်သွားကြသည်။ ဘယ်သူကမှ အတည်မပြုသော်လည်း နျူကလီးယား လက်နက်များ တပြိုင်နက် တည်း ထပေါက်ကွဲမည့်ကိစ္စကို ဖြစ်နိုင်ခြေအရှိဆုံးအဖြစ် နှုတ်ဆိတ်ကာ သဘောတူလိုက်ကြသည်။ သူတို့ဘေး နံရံပေါ်မှာတော့ တိုင်ကပ်နာရီတလုံးက ၁၀ နာရီ တိတိတွင် ရပ်တံ့နေသည်။

ဖိုးသွင်က နာရီကိုစိုက်ကြည့်ရင်း “ဒီနာရီက ဘယ်အချိန်ကြည့်ကြည့် ၁၀ နာရီပဲနော် .. ဘယ်လိုဖြစ်တာလဲ” ဟု မေးလိုက်သည်။

သိုက်စိုးက “တကယ်လို့သာ ခုနက ပြောတဲ့ နျူလက်နက်တွေအားလုံး ပေါက်ကွဲသွားလို့ ကမ္ဘာပေါ်က နာရီတွေအားလုံးပျက်ဆီးသွားတယ် ဆိုပါစို့၊ ဒီနာရီတလုံးပဲ အကောင်းအတိုင်းကျန်ခဲ့တယ်ဆိုရင် .. နောက်လူတွေက ၁၀ နာရီမှာ ကမ္ဘာကြီးပျက်ခဲ့တယ်လို့ မှတ်သားမိမယ်ထင်တယ်” ဟုဝင်ပြောလိုက်သည်။
“ဟာ .. အဲလိုတော့မဖြစ်နိုင်ပါဘူးကွာ .. ဘယ်အချိန်မှာ စဖြစ်ခဲ့တယ်ဆိုတာ ကျန်တဲ့သူတွေ မှတ်ထားမိမှာပါ”
“တကယ်လို့ .. လူတွေအားလုံးက မှတ်ဥာဏ်တွေပျောက်ကုန်ရင်ကော၊ ဒီနာရီကိုပဲ အားကိုးမိမှာပဲ။ သမိုင်းက မှားတော့မှာပေါ့”
“သမိုင်းမှားတော့လည်း ဘာအရေးလည်းကွာ .. အားလုံးတောင် ပျောက်ကွယ် ပျက်စီးကုန်သေးတာပဲ”

သူတို့ တယောက်တပေါက်ပြောသည့် စကားများက နံရံပေါ်က တိုင်ကပ်နာရီလေးပေါ် ပြောင်းလဲသွားသည်။ ကိုရွှေအောင်တို့ ငှားမိသည့် အိမ်မှ အိမ်ထောင်ပရိဘောဂများက လျှပ်စစ်ပစ္စည်းများဖြစ်သော်လည်း ရှေးဟောင်း ပစ္စည်းများဖြစ်နေတာ ထူးခြားသည်။ မိုက်ခရိုဝေ့ဖ် မီးဖိုကလည်း ရှေးခေတ်က ကျွန်းလက်ကိုင်နှင့်၊ အဲယားကွန်း ကလည်း ရှေးပုံစံ .. မီတာတော့ တော်တော်စားမည့်ပုံ။

“အေးကွာ .. ဒီနာရီလေးက ရှေးဟောင်းနာရီလေး .. လှလို့ ဒီအတိုင်းထားလိုက်တာ .. ငါတို့ ပြောင်းလာ ကတည်းက .. ဒီတိုင်း ၁၀ နာရီမှာ ရပ်နေတာကွ .. ထူးတော့ ထူးဆန်းတယ်” ဟု ကိုရွှေအောင်က ပြောလိုက်သည်။

“အင်း .. ဒီအိမ်ကြီးမှာ တချိန်က မင်္ဂလာဆောင်ပွဲတပွဲ ကျင်းပမလို့ .. လုပ်နေတုန်း၊ သတို့သမီးက အလှ
ှတွေ ပြင်ပြီး စောင့်နေတဲ့ အချိန်မှာ သတို့သားက အချိန်မီရောက်မလာတော့ သတို့သမီးက နာရီကို ၁၀ နာရီအတိမှာ ရပ်ထားလိုက်ပြီး ဝတ်စုံပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ ဆိုရင် ..”
“ဂရိတ်အိတ်စပတ်တေးရှင်းထဲကလို .. အသက် ၈၀ လောက်အဘွားကြီးက တသက်လုံး မင်္ဂလာဝတ်စုံကို မချွတ်တော့ဘဲ ဒီအိမ်ကြီးရဲ့ လျှို့ဝှက်အခန်းတခန်းမှာ မင်္ဂလာ ကိတ်မုန့်ကြီးတလုံးနဲ့ သူ့သတို့သားကို ထိုင်စောင့်နေရင်ကော”
“ဟင့်အင်း .. သရဲအဖြစ်နဲ့ စောင့်နေတာက ပိုဖြစ်နိုင်တယ်”
“ခုနက နျူလက်နက်တွေ ပေါက်ကွဲသွားပြီဆိုရင်တော့ .. ဒီသတို့သမီးလည်း ပါချင်ပါသွားမှာပါကွာ ..”

သူတို့ဘာသာ စကားဝိုင်းကို အာရုံစူးစိုက်နေကြတော့ .. သူတို့နောက်မှာ တစုံတခု ဖြစ်သွားခဲ့တာ ဘယ်သူမှ မသိလိုက်ကြ။ ရည်းစားနှင့် လျှောက်လည်ပြီး ပြန်လာသည့် ရဲခေါင်က “အင်း .. ဒီအိမ်ကြီးမှာ တချိန်က မင်္ဂလာဆောင် ပွဲတပွဲ ကျင်းပမလို့ .. လုပ်နေတုန်း၊ သတို့သမီးက အလှတွေ ပြင်ပြီး စောင့်နေတဲ့ အချိန်မှာ သတို့သားက အချိန်မီရောက်မလာတော့ သတို့သမီးက နာရီကို ၁၀ နာရီအတိမှာ ရပ်ထားလိုက်ပြီး ဝတ်စုံပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေ ....” ဆိုသည့် ဖိုးသွင်၏ စကားမဆုံးခင် .. အကြောက်လွန်ကာ အိမ်ပြင်သို့ ပြန်ထွက် ပြေးသွားခဲ့သည်။ ရဲခေါင်က အလွန်ကြောက်တတ်သည်။ ဘာမှန်းမသိရသည့် သရဲကိုတော့ အလွန့်အလွန် ကြောက်သည်။

တခါက သူ့အခန်းထဲမှာ တွေ့သည့် ပုံမကျပန်းမကျ ပိုးနှံကောင်တကောင်ကို “ဂြိုဟ်သား” ပါ ဟုဆိုသဖြင့် ကိုဝင်းက ဖိနပ်နှင့် ရိုက်သတ်ပေးလိုက်ရသေးသည်။

ခု အိမ်ကြီးက ကိုဝင်း၊ ကိုရွှေအောင်နှင့် ရဲခေါင်တို့ စိတ်တူသူ ၃ ဦးစပ်ငှားနေသည့် အိမ်ဖြစ်သည်။ ဘာဖိုးပဲ ပေးပေး ၃ နှင့်စားကာ ခွဲဝေပေးကြသည်။ ခုတော့ ရဲခေါင် အကြောက်လွန်ကာ ထွက်ပြေးသွားခဲ့ပြီ။ အဲဒီညက ရဲခေါင် အိမ်ပြန်မအိပ်ဟုသာ သိကြသည်။ ဘာကြောင့်ပြန်မအိပ်လည်း ဘယ်သူမှမသိကြ။

ခဏနေတော့ ကိုဟန်က ပြန်တော့မည်ဟုဆိုသည်။ သူ့ လေ့လာချက်ကို ဆက်လက်တိုးမြှင့်လေ့လာပြီး အချက်အလက်သစ်များ ရရှိလျှင် ပြန်ပြောမည်ဟုလည်း ပြောသေးသည်။ ပြန်တော့ နည်းနည်း ယိုင်နေသဖြင့် ကိုဝင်းက အဝသို့ တွဲကာ လိုက်ပို့ရသည်။

ကိုရွှေအောင်ကတော့ ကမ္ဘာကြီးပျက်မယ့်အတူတူ ဂတ်စ်မီးဖို မဝယ်တော့ရန် ယာယီဆုံးဖြတ်လိုက်သည်။ ဝယ်မည် ဆိုလျှင်လည်း ၃ နှင့် စားရဦးမည်။ အဲဒီလို မစားခင် သူတို့ ၃ ဦး စည်းဝေးထိုင်ရမည်။ စည်းဝေးထိုင်လျှင် ဘီယာလေးနဲ့မှဟု ကိုဝင်းကပြောရာ .. ဘီယာစရိတ်မတတ်နိုင်သေးသောကြောင့် ထိုအစီအစဉ်အားလုံးကို ဆိုင်းငံ့ လိုက်သည်။

နောက်တနေ့မှာ ရဲခေါင်က သူ့ရည်းစားနှင့် သွားနေတော့မည်ဟု သတင်းပေးသည်။ သူတို့အိမ်မှာ သရဲခြောက် သောကြောင့် သူမနေလိုတော့ကြောင်း ပြောပြရာ ကိုရွှေအောင်နှင့် ကိုဝင်း ဘယ်လိုမှ တားမရတော့။ ရှင်းပြလို့လည်းမရ၊ သရဲဆိုတာ မရှိပါဟု ပြောသော်လည်းမရတော့။ ရဲခေါင်၏ ချစ်သူကောင်မလေးကလည်း သူ့ချစ်သူအကြောက်လွန်နေသည်ကို မကြည့်ရက်တော့သဖြင့် ခု သူနှင့် ခေါ်ထားလိုက်တော့မည်၊ လာမည့် သတင်းကျွတ်တွင် လက်ထပ်လိုက်ကြ တော့မည် ဟု ဝင်ပြောသည်။

ရဲခေါင်ကတော့ စုတ်ကောလာဘ်ပါ ဝင်သည့်သဘောဖြစ်သည်။ သူ့ကောင်မလေးအိမ်တွင် တက်နေလျှင် အိမ်လခလည်း ပေးစရာမလို .. ချစ်သူနှင့်လည်း အမြန်နီးစပ်မည်။ သို့သော် ပြဿနာတက်ကုန်တာက ကိုရွှေအောင်နှင့် ကိုဝင်းဖြစ်သည်။ အရင်က ၃ နှင့် စားကြရသမျှ အခု ၂ နှင့် စားရတော့မည်။ ပိုက်ဆံက လောက်ဖို့ မလွယ်တော့ ..။ တခြားတယောက်ကိုလည်း ထပ်မညှိချင်၊ သူတို့နှင့် စိတ်တူကိုယ်တူမဖြစ်လျှင် ပြဿနာရှိသည်။ ဒီထက်သေးသည့်အိမ်ကိုလည်း ချက်ချင်းပြောင်းဖို့မဖြစ်နိုင် .. ၆ လစာချုပ်ချုပ်ကာ ၂ လစာ စဘော်ငွေဆုံးလိမ့်မည်။

ဒီပြဿနာ၏ တရားခံက ကိုဟန်။ ကိုဟန်သာ မစလျှင် ဒီစကားများ ပြောဖြစ်ကြမှာမဟုတ်၊ ရဲခေါင်လည်း ရုတ်တရက် မိန်းမယူဖို့ ဖြစ်လာမှာမဟုတ်။ ကမ္ဘာကြီးပျက်မှာက ၂၀၁၂ .. မှ .. လောလောဆယ် သူတို့ ဒုက္ခရောက်ပြီ .. ။

ကိုဟန်က သူတို့အားလုံးထက် အသက်ကြီးသည်၊ ပညာဗဟုသုတ ပိုမိုကြွယ်ဝသည်၊ ဒီလို တရားခံရှာသည့် အချိန်တွင် တွေ့လိုက်ရသူမှာ ကိုဟန်မဟုတ်ဘဲ ဇင်လတ်တို့၊ သိုက်စိုးတို့ သာဆို ကိုရွှေအောင် ဆဲနည်း ပေါင်းစုံနှင့် အားရအောင်ဆဲပြီး ထိုအဆဲများကို တထောင်နှင့် မြှောက်ခိုင်းလိုက်ပြီ ..။ ခုတော့ ဘာလုပ်ရမှန်းမသိ။

ကိုဟန်ကတော့ ဘာမှမသိ။ အေးအေးဆေးဆေးပင် .. နောက်နေ့ သူတို့အိမ်မှာ ဘီယာလာသောက်သည်။ သူတို့ကို လာတိုက်သည်ဟုဆိုလျှင် ပိုမှန်မည်။ ဒီတော့လည်း ကိုရွှေအောင်အနေနှင့် ၂ နှင့်စားရမည့် ကိစ္စကိုမေ့ထား လိုက်ကာ .. တထောင်နှင့်မြှောက်ချင်သည့်စိတ်ကို မြိုချလိုက်တော့သည်။ တခုတော့ရှိသည် .. တကယ်လို့များ ကိုဟန်က ၂၀၁၂ တွင် ကမ္ဘာကြီးပျက်တော့မည်ဟု စကားထပ်မံ စလိုက်မည် ဆိုလျင်တော့ ...။ ။

နောက်ဆက်တွဲ မှတ်ချက်။ ။ ကမ္ဘာကြီးပျက်မည့် ကိစ္စကို ကိုဟန် ထပ်ပြောတာ မကြားရတော့ .. ။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းရက်များတွင် ကိုဟန်နှင့် တခြားသူများ၏ အိပ်ချိန်၊ နိုးချိန်များ ပြောင်းပြန်ဖြစ်ကုန်ကြသဖြင့် မဆုံကြတော့ သောကြောင့် ဖြစ်သည်။

14 comments:

ကေလာ said...

တနင်္ဂနွေနေ့ကတည်းက မရိုးတာ ..အခု ရမယ်ရှာသွားပီး ... ဦးရွှေအောင်ကြီး ကိုယ့်ကိုကိုယ် တစ်ထောင်နဲ့ သာမြှောက်လိုက်တော့ .. ဟေဟေ့ ..

revolution-littlebrook said...

အင်း ဖြစ်ချင်းဖြစ် မျောက်ဖြစ်တာပဲကောင်းတယ် ..
သေချာတာက သန်းလေးတုပ်လိုက် ဆော့လိုက် ဆာရင်စားလိုက် ... ကိုဟန်က အိပ်ချိန်ပြောင်းလိုက်တာ ကမ္ဘာပျက်တဲ့အချိန် သူနိုးနေအောင်လား ... :) အမစိတ်ကူးက ဆန်းပါ့ဗျား

အောင်သာငယ် said...

မဖတ်ရတာ ကြာလို့ ဖတ်ချင်နေတာနဲ့ အံကိုက်ပဲ...း)

ထပ်ရေးပါဦး

ရဲဝင့်သူ said...

အမမမမမမမမမမမမမမမမမ :(

စုတ်နဲ့လဘ် ၀င်တာပြသနာမရှိဘူး။
သရဲကြောက်တာလူသိကုန်ပြီဗျ။
အဲ့ဒီ သတို့သမီးသတ်သေတဲ့ အကြောင်းက တကယ်လားဗျာ။လုပ်ကြပါဦး။ တကယ်ဆို ဇာတ်လမ်းထဲကအတိုင်း သီတင်းကျွတ် ရင်လက်ဖွဲ့ဖို့သာပြင်ပေတော့နော်။ ဟဲဟဲဟဲ

မဆုမွန် said...

ဟဲဟဲ အစ်မ ရယ်သွားတယ်

ဘီအမ်အေညက ကိုဟန်နဲ့လား မသိ ဧည့်သည်တွေနဲ့အတူ စားရင်းသောက်ရင်း ပွဲတွေကြမ်းခဲ့တဲ့ ညတစ်ည သတိရသွားတယ်။

Thida said...

ကောင်းပါ့... ဒို့  ... က သူတွေ နာမယ်နဲ့  မလိုက်ပုံများ.. :P နံမယ်က ရဲခေါင် ခေါ် ရဲဝင့်သူ .. ဘယ်လိုများ ရဲဝင့်နေတာတုန်း... ကိုရွှေအောင်က ရှိသမျှရွှေ ပေါင်ပြီး ၂ နဲ့  စားနေရပြီလေ.. ကိုဝင်းကတော့ သူ့  အသားလေးကို အမည်ပြုထားတာထင်ပါ့.. တယောက်ပဲ နာမယ်နဲ့ လိုက်တယ်.. ဟန်မပျက် နေတတ်တဲ့ ကိုဟန်ပေါ့ ....

မေငြိမ်း said...

မဆီမဆိုင်.. နာကတော့ စာဖတ်ရင်း လွမ်းတော့တာပဲ.. အဲလိုဝိုင်းလေးတွေကို...

နန်းညီ said...

၁၀ နာရီမလုပ်ပဲ ၁၀း၁၀ နာရီလုပ်လိုက်ရောပေါ့ :P

Andy said...

ပျက်သွားလဲအေးတာပဲနော..
ကိုဟန်တို့ ၂ နဲ့စားတာက ဘာဟုတ်သေးတုန်း
တောဘက်တွေမှာ အဲ့ဒါတွေကြောက်လန့်ပြီး
လယ်ပြုတ်တဲ့သူနဲ့၊ နှလုံးရောဂါနဲ့သေတဲ့သူနဲ့။

mikozan said...
This comment has been removed by a blog administrator.
chanye` said...

အမစာရေးတာကြိုက်တယ် အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်..။
ကျနော် အားကျမိပါ၏ :)

ADDRESSEE said...

ခုတလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote

ADDRESSEE said...

ခုတလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote

mg said...

တစ်ထောင်နဲ. မြှောက်ဆိုလို..
မြှောက်လို.ကောင်းလို.မြှောက်လိုက်တာ
၅ ထောင် တောင်ဖြစ်သွားပြီ
ဘယ်လိုလုပ်မလဲ