ရွှေ သို့အဝင်

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁၁

စာနယ်ဇင်းသမားဘဝ ကမောက်ကမကို မရေးတာ အတော်လေး ကြာသွားပြီ။ ကြာဆို ကျမ အင်တာဗျူးဂျာနယ်က ထွက်လိုက်ပြီ ကိုး။ တလောလေးက အဲဒီဂျာနယ်တိုက်မှာ ဆုံခဲ့တဲ့ ဆရာသမားတယောက်နဲ့ ဖုန်းရတော့ သူကပြောပါတယ်။ စာနယ်ဇင်း သမားဘဝ ဆက်ရေးလေ တဲ့.. ငါ့ကိုပြောပြတဲ့သူတွေရှိတယ်။ ဘယ်ရောက်နေပြီ .. ဘာဖြစ်နေပြီ ဆိုပြီးပေါ့ တဲ့။ ကျမ ရေးရမှာ နည်းနည်း လက်တွန့်မိသလိုပဲ။ ကျမရေးတဲ့ထဲမှာ အမှန်တွေပေမယ့် တစုံတယောက်ကို ထိခိုက်တာမျိုး ဖြစ်သွားမလားဆိုတာ စဉ်းစားမိလို့ပါ။ အရင်တပုဒ်မှာတုန်းက မောင်လေး သင်ကာက အဲဒီအယ်ဒီတာချုပ်ကြီးကို သိတယ်လို့ ပြောပါတယ်။ ကျမ ရေးနေတာ သူထင်တဲ့သူ မဟုတ်ပါဘူး။ နောက်ပြီး သူပြောသလို သျှီသူအောင်လည်း ကျမထွက်တဲ့အချိန်ထိ မရောက်သေးပါဘူး။ ထားတော့။ ကျမရဲ့ စာနယ်ဇင်းသမားဘဝကို အရင်းအတိုင်းရေးပါမယ်။ လူတွေကို အပြစ်မတင်ချင်ပါဘူး။ ခေတ်ရယ် စနစ်ရယ် .. အဲဒီထဲမှာ လည်သလို စားစတမ်းဆိုတဲ့ သံသရာထဲ မထင်မှတ်ဘဲ ရောက်သွားရသူတွေရယ် .. ဒါတွေကိုပဲ တင်ပြမှာပါ။ ထိခိုက်မှုရှိရင်တော့ ခွင့်လွှတ်စေချင်ပါတယ်။ ဆိုးရွားလှတဲ့သူတွေကိုတော့ ကျမ နာမည်တွေ ချန်လှပ်သွားပါမယ်။ သူတို့ဘာသာ သိလိမ့်မယ် ထင်ပါတယ်။


အင်တာဗျူးက ထွက်လိုက်ချိန်မှာ ကျမ ရင်ထဲကျန်ခဲ့တာကတော့ ငါ .. စာရေးတဲ့အလုပ်ကို တသက်လုံး မစွန့်လွှတ်နိုင်ဘူး ဆိုတာ ပါပဲ။ ဂျာနယ်လစ်အဖြစ် အသက်မွေးမယ်၊ မမွေးဘူး ဆိုတာတော့ ကျမ သိပ်မသေချာဘူး။ ဒါပေမယ့် ကျမ အဲဒီဘဝကို ခုံမင်နေတာတော့အမှန်ပါ။ အင်တာဗျူးက ထွက်လိုက်ချိန်မှာ ဝမ်းရေးအတွက် ကျမ အလုပ်မျိုးစုံ လုပ်ဖြစ်ပါတယ်။ ဘာတွေလဲ တော့ မပြောတော့ပါဘူး။ သမ္မာအာဇီဝ အလုပ်ပေါင်းစုံပေါ့လေ။ လက်ဘက်ရည်ဆိုင် တဆိုင်လည်း ဖွင့်ဖြစ်ခဲ့သေးတယ်။ ကိုယ်တိုင် မကျွမ်းကျင်ဘဲ လုပ်မိတဲ့ ရလဒ်ကတော့ သိန်းပေါင်းများစွာ အရှုံးပေါ်ခဲ့တာပါပဲ။ အဲဒီက အမြတ်ကတော့ လက်ဘက်ရည်ဆိုင် ဖွင့်ထားတဲ့ကာလမှာ လူတွေအကြောင်း ပိုလေ့လာခွင့်ရသလို ဝတ္ထုတို တော်တော်များများ ရေးဖြစ်ခဲ့တာပါ။
*
အဲဒါ ကျမအလုပ်မှ မဟုတ်ဘဲလေ။ ကျမ တကယ်ကို ပျော်ပိုက်တဲ့ နေရာက စာနယ်ဇင်း အသိုင်းအဝန်း၊ စာပေလောက အသိုက် အမြုံ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေ ကြားမှာ နေရတဲ့ အရသာ ..။ အဲဒီအချိန်က ၂၀၀၂ ဝန်းကျင်၊ သတင်းဂျာနယ်ဆိုတာကို လူတွေ စိတ်ဝင်စားရကောင်းမှန်း သိနေပြီ။ ဒါပေမယ့် ဈေးကွက်မှာ လွှမ်းမိုးနေဆဲ ဂျာနယ် တွေကတော့ Pop ဂျာနယ်လို့ ပြောတဲ့ ရုပ်ရှင်၊ ဂီတ၊ အတင်းအဖျင်းစွက်တဲ့ အနုပညာဂျာနယ်တွေပါ။
*
သတင်းဂျာနယ်ဆိုလို့ လက်ချိုးရေလို့ရတဲ့ကာလပေါ့။
မြန်မာတိုင်းမ်စ် ဂျာနယ်ကြီးက ထောက်လှမ်းရေးအစိုးရ နောက်ခံနဲ့ အင်အားကြီးနေချိန် 7 days သတင်း ဂျာနယ်ဆိုတာလေးက အတက် စထွက်ခဲ့ပါတယ်။ အဲဒီမှာ တချိန်ကျရင် The voice ဆိုတဲ့ အင်အားကြီး သတင်းဂျာနယ်တစောင် မွေးထုတ်မယ့် Living Color မဂဇင်းရယ် တချိန်မှာ ကုမုဒြာ ဂျာနယ်ကို မွေးထုတ်တော့မယ့် ဓန မဂဇင်းရယ် ပြီးတော့ မြန်မာ့ဓန မဂဇင်း ရယ်ဟာ သတင်းဂျာနယ်ခေတ်ကို မရောက်ခင် ပေါင်းကူးပေးထားတဲ့ သတင်း မဂဇင်းတွေလို့ ဆိုနိုင်ပါတယ်။
*
စာပေအလုပ်နဲ့ မဆိုင်တဲ့ အလုပ်တွေလုပ်နေရတဲ့ ကျမ စာပေလောကကို ပြန်ခြေချဖို့ဖြစ်လာပြန်ပါတယ်။ ဘာရယ်မဟုတ်ဘဲ အလုပ်ခေါ်တဲ့ ဂျာနယ်တိုက်တွေ မဂဇင်းတိုက်တွေမှာ အလုပ်တွေ လျှောက်မိပါတယ်။ အဲဒီမှာ ကံဆိုးမိုးမှောင်ကျစွာနဲ့ ခပ်တုံးတုံး ကျမ ဂျာနယ်တစောင်မှာ လျှောက်လွှာတင်မိပါတယ်။ အဲဒီဂျာနယ်က ကျမကို အင်တာဗျူးဖို့ ခေါ်ပါတယ်။ အင်တာဗျူးတဲ့ အချိန် အယ်ဒီတာချုပ်ဆိုတဲ့ သူကို တွေ့လိုက်ရချိန်မှာ ကျမ တော်တော်လေး စိတ်ကုန်သွားပါတယ်။ လှည့်ထွက်ဖို့မသင့်တော်လို့ အင်တာဗျူး ထိုင်ရပေမယ့် အလုပ်ရရင်တောင် မလုပ်တော့ဖို့ ဆုံးဖြတ်မိလောက်အောင် ဖြစ်ရတဲ့ အဲဒီသူဟာ ဘယ်သူလို့ ထင်ပါသလဲ။ စိတ်ကုန်ဖို့ ကောင်းတဲ့သူလို့သာ မှတ်ထားပေတော့။ စာပေလောကမှာ စိတ်ကုန်ဖို့ကောင်းတဲ့သူ သိပ်မများပါဘူး :P

*
အဲဒီအလုပ်မှာ မလုပ်ဖြစ်ဘဲ ဒီတိုင်း လျှောက်သွားနေရင်း တနေ့မှာတော့ ကျမကို အင်တာဗျူးလာဖြေဖို့ နေရာ ၂ ခုက တပြိုင်တည်း ခေါ်ပါတယ်။ တခုက 7 days news ဂျာနယ်ပါ။ ပိုင်ရှင် ဦးသောင်းစုငြိမ်းက ခေါ်တာပါ။ နောက်တခုကတော့ ရွှေအမြုတေ နဲ့ အလင်းတန်းဂျာနယ်ပါ။ အဲဒီလို တပြိုင်တည်း ဖြစ်တတ်တဲ့သူကို တူးတူးသာဟု ခေါ်သည် လို့ ပြောရမယ် ထင်တယ်။ ဒီ ၂ ခုက တရက်တည်းခေါ်တာ ဆိုတော့ ကျမ စဉ်းစားရပါတော့မယ်။ အဲဒီတုန်းက အမှန်အတိုင်းပြောရရင် ကျမအတွက် ရွှေအမြုတေက အားသာခဲ့ပါတယ်။ ဘာကြောင့်ဆိုတော့ ကျမက ရသ မဂဇင်းမှာ လုပ်ချင်တာ အရူးအမူးဖြစ် နေတာကိုး။
*
နောက်ပြီး ရွှေအမြုတေက လူလေးစားခံရတဲ့ မဂဇင်း၊ ဝတ္ထုတိုတွေ ဖောဖောသီသီနဲ့ သိပ်ကို လှပတဲ့ မဂဇင်း တစောင်လေ။ ဆဲဗင်းဒေး ဂျာနယ်က အဲဒီအချိန်မှာ ဘာမှ မဟုတ်သေးဘူး။ သတင်းဂျာနယ်ဆိုတာလည်း ခေတ်မရှိသေးဘူး။ နောက်ပြီး နေရာကိုစဉ်းစားလိုက်တော့ ရွှေအမြုတေက ဘားလမ်းတင်၊ ဆဲဗင်းဒေးက တက္ကသိုလ်ရိပ်သာလမ်းမှာ အဝေးကြီး။ ကျမတို့ သန်လျင်ကနေ ကား ၂ ဆင့်စီးမှရောက်မှာ။
အမယ် .. ပြောနေပုံက အလုပ်ရမှာ ကျနေတာပဲ လို့တော့ မတွေးလိုက်ပါနဲ့။ ကျမစိတ်ထဲမှာ အဲဒီ ၂ ခုလုံး ကျမရဲ့ လျှောက်လွှာကို ကြိုက်လို့ ခန့်မလိုခေါ်တယ်ဆိုတာ သိတယ်။ ဘယ်လိုသိလဲဆိုရင် ဒီလိုပဲ သိတယ်။ အဲဒီလို ပြောလို့ ကြွားတယ် မထင်ပါနဲ့ ..။ တကယ်ကို ကျမ အဲဒီတုန်းက အဲလိုပဲ ထင်ခဲ့တာပါ။
*
ဆက်ရရင် ကျမ ဆဲဗင်းဒေးကို အကြောင်းမပြန်တော့ဘဲ၊ အလင်းတန်း တိုက်ပေါ်ပဲ တက်ခဲ့ပါတော့တယ်။
ကျမတို့ စ ခေါ်တဲ့နေ့မှာ လျှောက်ထားတဲ့ သတင်းထောက်အရေအတွက်က ၃၀ လောက်ရှိမယ်။ အလင်းတန်း ရှေ့ခန်းလေးမှာ ပြည့်လို့။ အဲဒီလူတွေကို အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ဘာလုပ်တယ် ထင်ပါသလဲ။ မြန်မာ့အလင်း ဦးသန်းညွှန့်ကို ခေါ်ပြီး စကား ပြောခိုင်း .. ကျမတို့ အလုပ်လျှောက်ထားသူတွေကို ထိုင်နားထောင်ခိုင်းတာပါ။ သတင်းထောက်တယောက်ဟာ ဘယ်လို အရည် အချင်းနဲ့ ပြည့်စုံရမယ်ဆိုတာတွေ ဆရာကြီးက ပြောတာပါ။ အဲဒီထဲမှာ အလုပ်မရမယ့်သူက ၂၅ ယောက်နဲ့ အထက်မှာ ရှိမယ်။ သို့သော် အားလုံး ထိုင်နားထောင်ကြရတာပါပဲ။ ဆရာကြီးက ပြောပြီးသွားချိန်မှာ အားလုံးကို ပြန်ခိုင်းပါတယ်။ နောက်တနေ့ကို ထပ်ချိန်းတယ်။
*
နောက်တနေ့ ပြန်ရောက်တဲ့ အခါကျတော့ ကျမတို့ အားလုံး အင်တာဗျူးလက်တွေ့လုပ်ရပါတယ်။ ဦးဝင်းငြိမ်းက မင်းသမီး မျိုးစန္ဒီကျော်ရယ် မင်းသားဖြိုးငွေစိုးရယ်ကို ခေါ်ထားပေးတယ်။ အဲဒီနှစ်ယောက်ကို ကျမတို့ တလှည့်စီ ဗျူးရပါတယ်။ ဒါလောက်က ကျမအတွက် ဘာမှခက်တဲ့ကိစ္စမဟုတ်ဘူးလေ။ ဒါကို ဆရာတို့ကလည်း သိပုံရပါတယ်။ အဲဒီအင်တာဗျူးတွေကို အိမ်မှာ ပြန်ရေးပြီး နောက်နေ့ ပြန်လာပေးရပါတယ်။
အဲဒီမှာ ကျမအလုပ်ရပါတယ်။ သတင်းထောက်ပေါ့။
*
တချို့က မေးကြတယ်။ ကျမက အင်တာဗျူးဂျာနယ်မှာ အယ်ဒီတာ လုပ်ခဲ့ပြီး ဘာလို့ အလင်းတန်းမှာ သတင်းထောက်လုပ်တာလဲတဲ့။ အဲဒီလို မေးတဲ့သူတွေကို ကျမကတော့ အယ်ဒီတာဆိုတာ သတင်း ထောက်ထက်မြင့်တယ်လို့ ဘယ်သကောင့်သားကများ ပြောခဲ့ပါသလဲ လို့ မေးချင်ပါတယ်။ ကျမအနေနဲ့ကတော့ သတင်းထောက်ပဲ ဖြစ်ဖြစ်၊ အယ်ဒီတာပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကို ကိုယ် ပိုင်နိုင်ကျွမ်းကျင်၊ ကိုယ့်နယ်ပယ်မှာ ကိုယ် ထူးထူးချွန်ချွန် လုပ်ပြနိုင်ဖို့သာ လိုရင်းပါ။ စာပေနဲ့ အလုပ်လုပ်ချင်တဲ့ ကျမအတွက်ကတော့ သတင်းထောက်ပဲဖြစ်ဖြစ် အယ်ဒီတာပဲဖြစ်ဖြစ် သိပ်မကွာပါဘူး။ ဒါပေမယ့် တခုရှိတာက ကျမ ဘာကို ပိုကျွမ်းကျင်သလဲ ဆိုတာပါပဲ။ ကျမ ဘာကို ပိုကျွမ်းကျင်တယ်ဆိုတာ နောက်တော့ လာပါမယ်။
*
နည်းနည်း ကြားဖြတ်ပြောရရင် .. မြန်မာ စာနယ်ဇင်းလောကမှာ အယ်ဒီတာတွေ မှိုလိုပွနေပါတယ်။ အယ်ဒီတာ ဆိုတာကို ရာထူး တခုအနေနဲ့ ပေးကြတယ်။ လုပ်တဲ့သူကလည်း အယ်ဒီတာအလုပ်ဆိုတာ ဘာလဲမသိဘဲ လုပ်နေကြတာပဲ။ အားလုံး အိုကေ နေကြပါတယ်။ တကယ်က အယ်ဒီတာ ဆိုတာ သိပ်ကို တာဝန်ကြီးတဲ့သူပါ။ ရသမဂဇင်း အယ်ဒီတာနဲ့ သတင်းဂျာနယ် တစောင်ရဲ့ အယ်ဒီတာ .. တာဝန်ချင်း မတူသလို လုပ်ရတဲ့ အလုပ်တွေလည်း ကွဲပါတယ်။
*
ကျမ ငယ်ငယ်က ဦးလေး ဦးအောင်ပြည့်ကို သိပ်အားကျခဲ့တယ်။ ချယ်ရီ မဂဇင်းရဲ့ အယ်ဒီတာချုပ်ဆိုတဲ့ နေရာကို သူဘယ်လိုရခဲ့သလဲ။ သူဟာ အောင်ပြည့် ဖြစ်တဲ့အတွက် ရတာမဟုတ်ပါဘူး။ အောင်ပြည့်ဆိုသူရဲ့ အယ်ဒီတာ အရည်အသွေးကို ထုတ်ဝေသူက သိလို့ ဒီနေရာကို ရတာပါ။
မဂဇင်းတအုပ်ဟာ သူ့လက်ထဲမှာ ပန်းတပွင့်တလတခါ ပွင့်သလို လှလှပပ ပွင့်ခဲ့တယ်ဆိုတာ ချယ်ရီခေတ်ကို မီခဲ့သူတွေ သိပါတယ်။ အဲဒီလိုပဲ ကွယ်လွန်သူ ဆရာဦးခင်မောင်မြင့်ဆိုရင်လည်း သူ့ရဲ့လက်ထဲမှာ မဟေသီ ဆိုတဲ့ သမီးပျိုလေးကို အံ့သြစရာ ကောင်းလောက်အောင် လှလှပပ မွေးထုတ်ပေးခဲ့တယ်။ အဲဒီလို အရည်အချင်းကောင်းတွေနဲ့ ပြည့်ခဲ့တဲ့ အယ်ဒီတာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီဘက် သတင်းဂျာနယ်ခေတ်ရောက်ပြန်တော့လည်း ရှိလာပါတယ် .. ဒါက နောက်တော့ဆက်ပါမယ်။
*
အလင်းတန်းကိစ္စ ဆက်ရရင် ကျမနဲ့ အတူ အလုပ်ရတဲ့သူ ၃ ယောက် ရှိခဲ့ပါတယ်။ အားလုံးထဲမှာ ကျမက အကြီးဆုံးပါပဲ။ ခင်ခင်ကျော်ရယ်၊ ကိုကြည်အောင်ရယ်၊ ကိုသန့်ဇင်ရယ် ကျမရယ်။ အဲဒီကတည်းက ခုချိန်ထိ တစိုက်မတ်မတ် အဲဒီမှာပဲ ဆက်လုပ် နေတဲ့သူကတော့ ခင်ခင်ကျော်ပါ .. သူက ခင်လေးမြင့်နာမည်နဲ့ Pop အင်တာဗျူးတွေ ရေးနေပါတယ်။
၎ ယောက်ထဲမှာ ဆရာဦးဝင်းငြိမ်းက ကျမကို တော်တော်လေး အားကိုးပုံရပါတယ်။
*
ကျမက အသက်လည်း အကြီးဆုံး အတွေ့အကြုံကလည်း ကျန်တဲ့သူတွေထက်ရှိသူ၊ နောက်ပြီး ကျမက အဲဒီအချိန်မှာ ဝတ္ထုတိုလေးတွေ မဂဇင်းမှာ ဖော်ပြခံနေရတဲ့ စာရေးဆရာမ ပေါက်စလေးဖြစ်နေပြီ။ ကျမတို့ကို အလင်းတန်းက တော်တော်လေး နွေးထွေးပါတယ်။ အယ်ဒီတာ ကိုဦးဆွေရယ် ဓာတ်ပုံရိုက်တဲ့ ကိုလင်းရယ်ကလည်း အမြဲပျော်ပါး ပေါ့ပါးနေကြတယ်။ ဆရာဦးဝင်းငြိမ်းကိုယ်တိုင် အမြဲ ပြုံးရွှင်နေ၊ ကျမတို့ကို စ နောက်နေတတ်တာပါ။
နောက်ပြီး အလင်းတန်းဂျာနယ်က ရုပ်ရှင်ရိုက်ကွင်းတွေ သွားရာမှာ သိပ်ကိုလွယ်ကူလွန်းပါတယ်။ ဘာလို့ဆိုတော့ ဦးဝင်းငြိမ်း နာမည် တလုံးနဲ့တင် အားလုံးပြီးတယ်။ ဘယ်သူ့ကို ဗျူးချင်လဲ ..၊ ဘယ်သူနဲ့ တွေ့ချင်မေးချင်လဲ။ အဆင်ကို ပြေနေတာပဲ။
*
ကျမက ရောက်ရောက်ချင်း လမှာပဲ အခွင့်ထူးခံအနေနဲ့ စာရေးဆရာ နီကိုရဲကို ဗျူးခွင့်ရပါတယ်။ အဲဒီတုန်းက ဆရာနီကိုရဲက စိတ်အိုင်ပက်သူ ထွက်ခါစ။ သူနဲ့ အင်တာဗျူး အသေးစိတ်ကိုတော့ နောက်မှ ဆက်ပါမယ်။ ဘာလို့ဆိုတော့ ဆရာနီကိုရဲနဲ့ ကျမ ၂ ခါ အင်တာဗျူးခွင့်ရခဲ့တာပါ။ ဒုတိယအကြိမ်ဗျူးတာက သုံးလို့မရတဲ့အတွက် အဲဒီအကြောင်းကိုပါ ရောပြီး ရေးပါမယ်။
ကျန်တဲ့ ၃ ယောက်ရဲ့ အင်တာဗျူးလေးတွေ အလင်းတန်း ဂျာနယ်မှာပဲ ပါခွင့်ရတဲ့အချိန်မှာ ကျမရဲ့ အင်တာဗျူးက ရွှေအမြုတေ မဂဇင်းကြီးမှာ ဖော်ပြခံရတယ်။ ပြီးတော့ ကျမ ရွှေအမြုတေမှာ ရုပ်ရှင်ဆောင်းပါးတွေလည်း ရေးခွင့်ရတယ်၊ နောက်ပြီး ကျမရဲ့ စက်နဲ့လူ ဝတ္ထု ရွှေအမြုတေမှာ ဖော်ပြခံရတယ် (ဒါကတော့ အခွင့်ထူးခံမဟုတ်ပါဘူး) ဆရာဦးဝင်းငြိမ်းက မကြိုက်ရင် ဘယ်သူ့ ဝတ္ထုဖြစ်ဖြစ် မသုံးပါဘူး။ ကျမရဲ့ ဝတ္ထု ရွှေအမြုတေမှာ ၂ ပုဒ်ပဲ ဖော်ပြခံရဖူးတယ်။ တပုဒ်က အဲဒီက ထွက်မှ ဖော်ပြခံရတာပါ။
*
ကျမရဲ့ စာနယ်ဇင်းသမားဘဝ အချိုးအကွေ့လို့ ပြောရမယ် ထင်ပါရဲ့ ..။ လူတွေအကြောင်း၊ အထူးသဖြင့် အနုပညာနယ်ပယ်က လူတွေအကြောင်း ပိုသိအောင် အဲဒီအလင်းတန်းနဲ့ ရွှေအမြုတေက သင်ပေးခဲ့ပါတယ်။ နောက်မှ ဆက်ရေးပါဦးမယ်။

6 comments:

Moe Cho Thinn said...

ကောင်းလိုက်တာ တူးရေ..
ကိုယ်ဖြတ်သန်းခဲ့တာကို ရိုးရိုးလေး ရေးသွားတာ သိပ်ဖတ်ကောင်းတာပဲ။
လူ့ဘ၀ဆိုတာ ဒီလိုပဲ တွေ့ကြုံဆုံကွဲပါပဲ။ အဆင်မပြေတာ ရှိခဲ့တောင် နစ်နာစေလိုတဲ့ ဆန္ဒနဲ့ ရေးတာ မဟုတ်မှန်း နားလည်နိုင်မှာပါ။
ဆက်ပါအုံး။ မျှော်နေတော့မှာ..

စုချစ် said...

မတူးတူးသာ... မန့်မရေးဖြစ်ပေမဲ့... စာများကို နှစ်ခြိုက်စွာအားပေးနေသူပါ။
စကားမစပ်လေ... ဒီနေ့ ရုံးမှာ အချိန်ရတာနဲ့ စာနယ်ဇင်းသမားဘဝ ကမောက်ကမ ဆောင်းပါးတွေကို အစကနေပြန်ဖတ်မလို့... တချို့ကြားထဲက မဖတ်ရတာတွေရှိနေသေးလို့...တဆက်ထဲဖတ်ဖို့ labels ကိုကလစ်ခေါက်ပြီး လိုက်ဖတ်တာ... ကြားထဲကစာတွေပျောက်နေတယ်။ အဲသာ နောက်မှ labels ကိုကြည့်လိုက်တော့ ဖြတ်သန်းမှုစာစု နဲ့ ဖြတ်သမ်းမှုစာစု ဆိုပြီး (မ) သတ် နဲ့ (န) သတ် ၂ခုကွဲနေလို့ ပျောက်နေတာ မတူးတူးရ...

ခုတော့ အားလုံးဖတ်လို့ ရသွားပါပြီ... ၁ ကနေ ခုနောက်ဆုံးရေးထားတဲ့ ၁၁ ထိ...
မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်....
စုချစ်

:P said...

ဖတ်/ပြီး

mm thinker said...

အပတ်စဉ် ဂျာနယ်ခေတ်ဦးမှာ 7 Days ဟာ ပြိုင်ဘက်ကင်း တစ်ခေတ်ဖြစ်ခဲ့ပါတယ်။

သတင်းဂျာနယ်များရဲ့ ဖြတ်သန်းမှုအတွေ့အကြုံဟာ အိပ်မက်ဆိုး ဆန်လှတယ်။

tune said...

ဟုတ်ပါတယ်။
မဂ္ဂဇင်းတွေမှာ ပါခွင့်ရသမျှ ရွှေမှာပါတာနဲ့ မဟေသီမှာ ပါခဲ့တာတွေကို အမှတ်တရ ဖြစ်ပြီး ဂုဏ်ယူချင်မိတတ်တယ်။
အခုတော့လဲ ကြိုးစားချင်စိတ်ကို မရှိတော့ဘူး :P.

Rita said...

စိတ်ဝင်စားမိပါတယ်