အက်ဆေး ၂
ဘယ်သူကမှလည်း ကိုယ့်ကို ရိုက်ပြီးမခိုင်းရဘဲ လုပ်ချင်နေတဲ့ အလုပ်က စာဖတ်တာရယ်၊ စာရေးတာရယ်ပါ။ ကျမငယ်ငယ်က စိတ်ကူးယဉ်ဖူးတယ် .. ကိုယ်ပိုင် မဂ္ဂဇင်းတအုပ်ထုတ်ချင်တယ်ပေါ့။ အဲဒီမှာ စာမူတွေကို တည်းဖြတ်၊ ကိုယ့်ဘာသာလည်း ရေးပေါ့လေ။ ဒါပေမယ့် အဲဒီစိတ်ကူးက ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတာ။ စိစစ်ရေးဆိုတာကြီးကလည်း ရှိသေးတာကိုး။ ကိုယ်လုပ်ထားတဲ့ မဂ္ဂဇင်းလေးကို သူက ဓားတုံး ကြီးတွေနဲ့ ဟိုလှီးဒီဖြတ်လုပ်တာကို ခံနိုင်မှာမဟုတ်ဘူး ဆိုတော့ မဂ္ဂဇင်းလေးက စိတ်ကူးထဲမှာပဲ ပျောက်ပျောက် သွားခဲ့ပါတယ်။ ဒါပေမယ့် သိပ်ထူးဆန်းတာပဲ။ ခုတော့ ဘလော့ဆိုတာလေး ပေါ်လာခဲ့ပြီ။ ကိုယ့်စိစစ်ရေးနဲ့ ကိုယ် .. စိတ်ကြိုက်ဖန်တီး၊ ရေး၊ တင်။ အကန့်အသတ် ဘာမှမရှိ။ တချို့များ ဖန်တီးထားလိုက်တာလေးတွေ သွားရေကိုယိုကော။ ကျမက စာသာရေးတတ်တာ(ဒါလည်း အထင်ပါ) အဲဒါတွေကျ နားလည်တာမဟုတ်။ သူများဘလော့လှလှလေးတွေ လိုက်ကြည့် အားကျ၊ ကိုယ့်ဘလော့ပြန်ရောက် ပြောင်ရှင်းကြီး ... စိတ်ညစ်။ ဒီလိုနဲ့ပဲ သံသရာကလည်နေတာ။ တလောကတော့ ညီမလေး ဂျစ် ကောင်းမှုနဲ့ စီပုံးလေး ချိတ်ခွင့်ရလိုက်တော့ ဘာပဲဖြစ်ဖြစ် အရင်ထက်စာရင် နည်းနည်းတော့ ကြည့်ကောင်းသွားတာပေါ့လေ။ စီပုံးလေးမှာ လာလည် ထားတဲ့သူတွေတွေ့ရင် ပျော်တာပေါ့။ ဘယ်သူတွေများလာထားပါလိမ့်ဆိုပြီး တနေ့တနေ့ ဖွင့်ကြည့်ရတာ အမော။ အရုပ်အသစ်ရထားတဲ့ ကလေးလိုပဲ (မျောက်အုံးသီးရသလိုပဲ ဆိုလည်း မှန်ပါတယ်)။ ဘလော့လေး ရေးပြီဆို ကျမအဖေကို သိပ်သတိရတာ။ ပြီးတော့ ဦးလေး ဦးအောင်ပြည့်။ ဒီနှစ်ယောက်သာဆို သိပ်ပျော်မှာပဲ။ ကျမအဖေကလည်း သူဆွဲချင်တဲ့ ကာတွန်းတွေ ဆွဲချင်သလိုဆွဲလို့ရပြီဆိုပြီး ပျော်နေမှာ၊ သူဆွဲသမျှ ကာတွန်း တွေကို ကျမက တကွက်မှ မပယ်ဘဲ ထည့်ပေးမှာ ဆိုတော့လေ။ ဦးလေးကိုတော့ ကျမဘလော့မှာ အယ်ဒီတာ ချုပ်ခန့်ရမယ်။ အဲဒါဆို ကျမဘလော့ကလေးက သိပ်ကိုလှသွားမှာ။ ကျမစာလုံးပေါင်းမှားတဲ့အခါ တွေမှာတော့ ခေါင်းကို ဒေါင်ကနည်းမြည်အောင် ခေါက်မှာလေ။ နောက်ပြီး ကျမရေးတာတွေ အသုံးမကျရင် ပြစ်ပြစ်နှစ်နှစ် ဝေဖန်မှာ။ ကျမက သူ့ရဲ့ ချယ်ရီခေတ်တွေ ရာပြည့် ခေတ်တွေ ဝါနီပြာ ခေတ်တွေမှာ စာဖတ်သူ အဆင့်ပဲ ရှိသေးတာ။ သူ “ ဖတ်စရာ” ဂျာနယ်မှာ အယ်ဒီတာချုပ်လုပ်တော့မှ စာလေးနည်းနည်းပါးပါး ရေးစပြုချိန် ဆိုတော့ သူ့ဂျာနယ်မှာ အရမ်းကို ပါချင်တာလေ။ “အောင်ပြည့်” ရဲ့ အယ်ဒီတာစားပွဲကို ဖြတ်ပြီး စာမူ ပါချင်တာ ဖျတ်ဖျတ်လူးပေါ့။ ဒါပေမယ့် စာမူကိုပို့လည်း မပို့ရဲဘူး ကြောက်တယ်။ ဦးလေးမို့လို့ကြောက်တာ မဟုတ်ဘူးနော်။ အောင်ပြည့်ကို ရှိန်တာပေါ့။ ကျမစာမူကို ပယ်လိုက်မှာလည်း ကြောက်တာ။ သူက မကြိုက်တဲ့စာမူဆို ဘယ်သူ့ကိုမှ အားနာတတ်တဲ့ အယ်ဒီတာမဟုတ်ဘူး ဆိုတော့ ကျမလို ပိစိကွေးပါမွှားကို စာရင်းတောင် ထည့်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ကျမရဲ့ ဝတ္ထုလေးတွေ မဂ္ဂဇင်း ပေါင်းစုံနီးပါးမှာ ပါဖူးနေပြီ။ အယ်ဒီတာ စားပွဲ တော်တော်များများ ကိုလည်း ဖြတ်ပြီးပြီ။ ပြီးတော့ ကျမ ဂျာနယ်လစ် အလုပ်လည်း လုပ်နေပြီ (သတင်းဂျာနယ် တစောင်မှာ အမှုဆောင် အယ်ဒီတာ) ဆိုပါတော့။ ဒါပေမယ့် သူ့ကို စာမူပေးတော့ ကျမရင်တွေခုန်တာ မတရားပဲ။ ကျမက သူ့ကို ဦးမြင့်လို့ခေါ်တယ်။ “ဦးမြင့် သမီး စာမူတပုဒ် ပေးချင်လို့” ဆိုတော့ သူက“ပေးပေါ့။ ကြိုက်ရင် သုံးမှာပေါ့၊ မကြိုက်ရင်တော့ မသုံးဘူး” တဲ့။ ဒါနဲ့ ကျမလည်း ကြောက်ကြောက်နဲ့ ပေးခဲ့တယ်။ အဲဒီအချိန်က ကျမအစ်ကိုကြီးက သူ့တိုက်မှာ ဓာတ်ပုံဆရာ လုပ်နေတာ။ စာမူပေးပြီး ကျမ ဖတ်စရာတိုက်ကို ရောက်ပေမယ့် စာမူကို သုံးမှာလား မသုံးဘူးလား မမေးရဲဘူးလေ။ တရက်ကျတော့ ကျမအစ်ကိုကြီးက ကျမကို “ဟဲ့ တူးတူး ... နင့်ကို ဦးမြင့်က ဓာတ်ပုံရိုက်ခဲ့ခိုင်းတယ်။ လာ ငါရိုက်ပေးမယ်” လို့ ပြောလာတော့ ကျမမှာ ပျော်လိုက်တာ ဆိုတာလေ။ ထခုန်မတက်ပဲ။ ဘာလို့လဲဆိုတော့ ကျမစာမူလေးကို သုံးပြီလို့ ပြောတာနဲ့ တူတူပဲလေ။ ဖတ်စရာမှာ စာမူပါရင် စာရေးသူရဲ့ ဓာတ်ပုံလေးတွေနဲ့ တွဲပြီး သုံးတာကိုး။ လေကတော်တော် ရှည်နေပြီနော်။ တကယ်က ဖတ်စရာ ဂျာနယ်မှာ ပါခဲ့တဲ့ အက်ဆေးလေး တင်ချင်ပါတယ်ဆို ပြီးတဲ့ဥစ္စာကို။ အက်ဆေးနာမည်က “လမ်းလျှောက်ခြင်း” တဲ့။ ကောင်းတယ် မကောင်းဘူးဆိုတာတော့ စာဖတ်သူက ဆုံးဖြတ်မှာပါ။ ကျမကတော့ အောင်ပြည့်ရဲ့ အယ်ဒီတာစားပွဲကို ဖြတ်ခဲ့ရတဲ့ အဲဒီအက်ဆေးလေးအတွက် ဒီနေ့ထိ ကျေနပ်နေတုန်းပဲ။ ခုတော့ အဲဒီအက်ဆေးလေးက “ဖွဲ့တည်ရာ” မဂ္ဂဇင်း အယ်ဒီတာတွေရဲ့ စားပွဲကို ထပ်ဖြတ်နေပါတယ်။ ဖတ်ကြည့်ပါဦးနော်။
လမ်းလျှောက်ခြင်း
အဲဒီနေ့က မမျှော်လင့်ဘဲ ကျမတို့ လမ်းလျှောက်ဖြစ်သွားသည်။ အိမ်က ထွက်စမှာတော့ သတိမပြုမိ..။ ကုန်းတက် ကုန်းဆင်း များသော ကျမတို့ မြို့ကလေးတွင် မသွားမဖြစ်သော နေရာတခုမို့သာ သွားရသည်။ လမ်းလျှောက်သွားရမှာမို့ စိတ်ပင် ပျက်ချင်ချင်။
သို့သော် ကုန်းတက် လမ်းကလေးအတိုင်း လျှောက်တက်သွားမိသည်နှင့် ကျမ၏ အတွေးတို့ ပြောင်းလဲသွားတော့သည်။ လမ်း၏ ဘယ်ဘက်မှာ ဆေးရုံ၊ ညာဘက်မှာ ကျောင်းကြီး။ ဆေးရုံနှင့် လမ်းကြားမှာ ဖုန်းဆိုးကွင်းပြင်လေးက ခြားထားသေးသည်။ ကျောင်းနှင့် လမ်းကြား မှာလည်း ကိုက် ၂၀ ခန့် ခြားထားသေး၏။
အငဲ၏ ကွင်းပြင်ကြီး သီချင်းကို မဆီမဆိုင် သတိရမိလိုက်သေးသည်။ ကွင်းပြင်ထဲ လမ်းလျှောက် နေသလို ခံစားမိသည်။ သားလေးက ရှေ့ကပြေး ကျမတို့ ၂ ယောက်က အနောက်က တဖြည်းဖြည်းချင်း လျှောက်လို့။ ကွင်းပြင်ကိုဖြတ်ပြီး ဆောင်းညနေလေက သုတ်ကနဲ ဖြူးသည်။ စိမ့်အေးသွားတော့ ရန်ကုန်ကလေ ပူပူကို ခေါင်းထဲမှမောင်းထုတ်ရ သေး၏။
တနင်္ဂနွေ ညနေခင်း ကျမရင်ထဲမှာ ထူးထူးဆန်းဆန်း ငြိမ်းချမ်းလို့နေသည်။ မနက်ဖြန် တနင်္လာ ဆိုတာလည်း မေ့ထားလိုက်ပြီ။ သားလေး၏ တီတာတာ စကားသံများကသာ ကျမနားမှာ ဝဲပျံလို့ နေသည်။
“မေမေ….. ဟိုမှာ ငှက်ကလေးတွေ…”
“ပန်းဝါဝါလေးတွေက ဘာလို့ မြေကြီးမှာ ကပ်နေတာလဲ”
“သားပြေးဦး မယ်နော်”
“ဟိုးမှာ ….. ကောင်းကင်ကြီးက နီရဲနေတာပဲ”
ကျမတို့ ရေကန်ကြီးနား တဖြည်းဖြည်း ရောက်လာသည်။ လမ်း၏ ကုန်းထိပ်ကို ရောက်တော့ ရေကန်ကြီးက ဘွားကနဲ ပေါ်လာ၏။ သားက “ဟေး” ဟု အော်ရင်း ဆက်ပြေးသွားသည်။ လမ်းဘေးမှာ ကလေးများ ကစားနေကြသည်။ သား၏ သူငယ်ချင်း တယောက် နှစ်ယောက် အဲဒီထဲမှာ ပါသည်တဲ့။ လှမ်းနှုတ်ဆက်နေသည်။
“စိတ်ချမ်းသာလိုက်တာ… လမ်းမလျှောက်ရတာ ကြာပြီနော်…” လို့ ကျမက ပြောတော့ ခင်ပွန်းသည်က “စဉ်းစားပါဦး … တာမွေအဝိုင်းကနေ မိုးမခ ဟိုးဘက်လမ်းဆုံး အထိ သုံးဘလောက်စာလောက် အသွားအပြန် နေ့တိုင်း လျှောက်နေရတာ မေ့သွားပြီလား” ဟု ခနဲ့သည်။
ဟုတ်ပါရဲ့။ သူဌေးရပ်ကွက်ထဲ ဆင်းရဲသားတွေ အလုပ်ဆင်းနေရတာ မနိပ်ပါဘူးကွာ ဟု သူငယ်ချင်း တယောက်ပြောတာ သတိရမိသည်။ မိုးမခ လမ်းဆိုတာက ကားပိုင်တဲ့ သူဌေးတွေချည်း နေတာလေ။ ကျမတို့ ဂျာနယ် တိုက်သားတွေသာ အဲဒီ လမ်းထဲ လမ်း လျှောက် လျှောက်နေကြရတာ။
ဘတ်စ်ကားမှတ်တိုင်နှင့် ကျမတို့ အလုပ်တိုက်က သုံးလေး ဘလောက်စာလောက် လျှောက်မှ ရောက်သည်။ အပြန်လည်း လမ်းလျှောက်ရလွန်းလို့ လမ်းလျှောက်နေရပါလား ဆိုတာတောင် မေ့နေတတ်သည်။
ခြေထောက်က သူ့အလိုလိုရွေ့နေတတ်၏။ မြို့ထဲထွက်ရသည့် နေ့များဆို ပိုဆိုးသည်။ အဲဒီနေ့မျိုးလျှောက်ရသည့် လမ်းကိုဆွဲဆန့် လိုက်လျှင် ခရီးက နည်းမှာမဟုတ်။ ဒါပေမယ့် အဲဒါ လမ်းလျှောက်တာမဟုတ်ဘဲ ခုကမှ တကယ်လမ်းလျှောက်တာ။
ကျမတို့ သွားရမည့်အိမ်က ရေကန်ကြီးနားမှာ။ အဲဒီရောက်တော့ တွေ့ရမည့်လူမရှိ။ အပြန်ကို ကန်ပေါင်ပေါ်က လျှောက်ပြီးပြန်ရန် ကျမခင်ပွန်းက ဆွယ်သည်။ သားလေးက ကန်ပေါင်ပေါ် ပြေးတက်သည်။ ကျမတို့ ကန်ပေါင်ပေါ်ရောက်တော့ ဆောင်းနေက ဝင်တော့မည်။ အလင်း ဖျော့ဖျော့ အအေးက ပိုပို။ ကျမတို့ ဖြည်းဖြည်းချင်း လျှောက်လာကြ၏။ နေလက်ကျန်ကြောင့် ကန်ရေက လက်ဖြာနေသည်။
ကျမတို့ ကန်ပေါင်ပေါ်က ဆင်းလာတော့ နေဝင်ပြီ။ အမှောင်ထုကြီးစိုးလာပြီ။ မနက်ဖြန် တနင်္လာ။ အင်္ဂါဆို ဖောင်ပိတ်မှာ။ အလုပ်တွေများတော့ နယ်သတင်းတွေ ခုထိ မကိုင်ရသေး။ အိမ်ပြန်ရောက်တော့ စာရေးစားပွဲထိုင်ပြီး အလုပ်စမှ။ တနင်္လာကနေ စနေအထိ လမ်းတွေ လျှောက်ရဦးမည်။ ခြောက်ရက်စာ အလုပ်များနှင့် ခြောက်ရက်စာလမ်းတွေ။ တွေးတာတောင် မောသည်။
ဘာပဲဖြစ်ဖြစ် ခြောက်ရက်လုံးလုံး လျှောက်ရလွန်းလို့ မောနေတဲ့ အမောတွေကို ဖြေဖို့အတွက် နောက်အပတ် တနင်္ဂနွေကျရင် ခုလိုပဲ လမ်းလျှောက်ဦးမှပါလေ။
ဖတ်စရာ ဂျာနယ် - အမှတ် (၂)

Thursday, September 25, 2008
|
Labels:
အက်ဆေး
|
This entry was posted on Thursday, September 25, 2008
and is filed under
အက်ဆေး
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment