ဝတ္ထုတို ၈

ဒီဝတ္ထုလေးကတော့ ဘာကြောင့်ရေးဖြစ်တယ် ဆိုတာ မပြောချင်တော့ဘူး။ ဖတ်လိုက်ရင် ရှင်းသွားမှာပါ။ တခုတော့ရှိတယ် မည်သူ့ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့ တော့ မပြောတော့ဘူး။ ဘာကြောင့်လည်း ဆိုတော့ ရည်ရွယ်တဲ့သူကို ရည်ရွယ်ပြီး ရေးတာမို့လို့ပါ။ (အဟဲ အဲလိုစောစောစီးစီး ဝန်ခံ ထားလိုက်တော့ တတောရှင်းတာပေါ့နော်)။ “ဖွတ်ဒင်” ဆိုတဲ့ ဒီဝတ္ထု ကလေးကို ၂၀၀၃ ခုနှစ်က ဖက်ရှင် မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။

ဖွတ်ဒင်

ကလေးက နည်းနည်း အရွယ်ရောက်လာပြီဆိုတော့ မသွယ် စီးပွားရေး တခုခု လုပ်ဖို့ ကြံစည်ရပြီ။ အိမ်မှာ ထိုင်ပြီး ကိုစီတုတ်ရဲ့ ဆိုက်ကားနင်းခ တခုတည်းကို မျှော်ကိုးနေလို့ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ မသွယ်က မုန့်မျိုးစုံ လုပ်တတ်သည်။ မသွယ်ရဲ့ လက်ရာကို အားလုံးက နှစ်ခြိုက်ကြသည်။ သန့်သန့်ရှင်းရှင်းနှင့် အမြတ်လည်း သိပ်မယူသောကြောင့် ရွာထဲက အားပေးကြသည်။

ဆနွင်းမကင်းထက်စာရင် ပူတင်းက လုပ်ရကိုင်ရတာ ပိုမိုလွယ်ကူသောကြောင့် ပူတင်းဖုတ်ရန် ဆုံးဖြတ်လိုက် သည်။ ပူတင်းတဗန်း ဖုတ်ကာ ရွာထိပ်မှာ ထိုင်နေလိုက်ရုံပဲ။ ကိုစီတုတ်ရဲ့ သူငယ်ချင်း ပန်းချီဆရာကိုကြိုင်ဝင်း က “ပူတင်း” ဆိုတဲ့ စာလုံးကို စာရွက်ပေါ်မှာ အကြီးကြီး ရေးပေးထားသည်။ တကယ်တော့ ဒီလို ရွာမှာ ဆိုင်းဘုတ်တွေ ဘာတွေ တခမ်းတနား လုပ်နေစရာ မလိုပေမယ့် ကိုကြိုင်ဝင်းရဲ့ စေတနာကို လေးစားသော အားဖြင့် ချိတ်ထားလိုက်သည်။ တဗန်းကို ခဏလေးပဲ ရောင်းရသည်။ မသွယ်ကို အများဆုံးအားပေးသူများက ကလေးများဖြစ်၏။

မသွယ် ပူတင်းနှင့် အလုပ်ဖြစ်ပြီး ၄ ရက်လောက်အကြာမှာ ကိုအေး ပြန်ရောက်လာခြင်းဖြစ်သည်။ ကိုအေး ပြန်ရောက်လာခြင်းအတွက် ဝမ်းသာသူများထဲမှာ မသွယ်လည်း ပါသည်။ ဘာပဲဖြစ်ဖြစ် အရင်တခါက မသွယ်ရဲ့ ကြောင်ကလေးကို လည်ပင်းညှစ်သည့် ကိစ္စကိုတောင် အစမဖော်တော့။ ခုတော့လည်း ပြုံးပြုံးရွှင်ရွှင်နှင့် မသွယ်ရဲ့ သား တော်မောင်ကိုတောင် ဝင်ထိမ်းပေးနေလိုက်သေးသည်။ ဘာပဲဖြစ်ဖြစ် ညကျရင်တော့ ကိုစီတုတ်နဲ့ ကိုအေးကို တလုံးလောက် ထောင်ပေးလိုက်ဦးမည်။ ပြီးတော့ ကလေးထိမ်းပေးနေသော ကိုအေး ကို မသွယ် လောကွတ်လုပ်လိုက်သည်။

“ကိုအေး ပူတင်းစားပါဦးလား”
“ဘာ မသွယ် နင်ဘာပြောလိုက်တယ်”
“ဘာပြောရမှာလဲ။ ပူတင်းစားမလားလို့ မေးတာလေ”
“နင်တို့ အဲဒါခက်တာပေါ့။ ပူတင်း ဟုတ်လား ... ပူတင်းလို့ ခေါ်တာ မှားတယ်ဟ”
“ဘာ ... ပူတင်းကို ပူတင်းလို့ခေါ်တာ မှားတယ် ဟုတ်လား။ ပူတင်းလို့ မခေါ်လို့ ဘယ်လို ခေါ်ရမှာလဲ”

မသွယ် နည်းနည်းတော့ ကျွဲမီးတိုသွားသည်။ ဘာတဲ့ ပူတင်းကို ပူတင်းလို့ ခေါ်တာ မှားသတဲ့။ ဒါဆို သူ့အမေတွေ သူ့အဘွားတွေ ဘယ်လိုလုပ်မလဲ။ အားလုံး ဒီလိုပဲခေါ်ခဲ့ကြတာပဲ။ သူ့ကျမှ ပူတင်းကို ပူတင်းလို့ခေါ်တာ မှားတယ် တဲ့။

“ကဲဆိုပါဦး။ ပူတင်းကို ပူတင်းလို့ မခေါ်လို့ ဘယ်လို ခေါ်ရမလဲ”
“သေသေချာချာ နားထောင်။ အသံထွက်တာ မှားနေလို့ ငါက ပြင်ပေးတာ။ ဖွတ်ဒင်လို့ ခေါ်ရမယ်၊ မှတ်ထား”
“ဘာ ဖွတ် .... ဒင် ဟုတ်လား”
“ဖွတ် ... ဒင် မဟုတ်ဘူးဟ။ တဆက်တည်း ဖွတ်ဒင်”
“ကျွတ် သွားစမ်းပါတော်။ ဒီမှာ ဈေးရောင်းမကောင်းရတဲ့ အထဲ။ မခေါ်နိုင်ပါဘူး။ ပူတင်းဟာ ပူတင်းပေါ့”
“ဒီမှာ မသွယ်။ နင်ဟာလေ အဲဒါကြောင့် ဆိုက်ကားသမား မယားဖြစ်ပြီး ခုလို ဈေးရောင်းနေရတာ သိလား။ နင်တို့ရဲ့ ဘဝတွေကိုငါက မြှင့်တင်ပေးချင်လို့ ပြောပြတာ။ ဒါက ဗရစ်တစ်ရှ် အင်္ဂလစ်ရှ် အသံထွက်အမှန် နားလည်လား”

မသွယ်မျက်စောင်းတချက် ဒိုင်းကနည်း ပစ်လွှတ်လိုက်သည်။ မဆီမဆိုင် သူ့ “ဖွတ်ဒင်” ဆိုတာကြီးကို အသံ မထွက်နိုင်တာနဲ့ပဲ မသွယ်ဆိုက်ကားသမား မယားဖြစ်တာကော၊ ဈေးရောင်းရတာကော စုံနေအောင် နှိမ်သည်။ ညကျ တလုံးထောင်ပေးမယ့် စေတနာလေးပါ ပျက်သည်။ ကိုအေးတယောက် ရွာကပျောက်သွားတဲ့ အချိန် တွေမှာ ဘာတွေ ဖြစ်ခဲ့သလဲ မသိ။ ပရောဂတွေ ဘာတွေများ ကပ်ပြုနေသလား။ မသွယ် စိတ်လည်းညစ်၊ ဦးနှောက်လည်း ခြောက်သည်။ ခဏအကြာမှာတော့ ဒေါ်ဘူချီ ပူတင်း လာဝယ်သည်။

“မသွယ်ရေ။ ပူတင်းငါးတုံးပေးစမ်းပါ။ ဟဲ့ ပိုပိုသာသာ ထည့်နော်”
“ဒေါ်ဘူချီ ... ခင်ဗျားမှားနေပြီဗျ”

ဘေးမှာ ငုတ်တုတ် ထိုင်နေသော ကိုအေးက ဝင်ပြောခြင်း ဖြစ်သည်။

“ဟဲ့ ကိုအေး မဟုတ်လား။ နင် အသည်းကွဲတာ ဘယ့်နှယ် နေတုန်း။ မမြင်တာ ကြာပြီနော်”

ဒေါ်ဘူချီက ကိုအေးပြောတာ ဂရုမစိုက်ဘဲ သူပြောချင်တာ စွတ်ပြောသည်။

“အဲဒါတွေ ထားလိုက်စမ်းပါ ဒေါ်ဘူချီရဲ့။ ဒီမှာ ကျနော်ပြောမယ်။ ခင်ဗျား ခုဏက မသွယ်ဆီက ဘာဝယ်တာလဲ”
“ပူတင်းလေ”
“အဲဒါပြောတာပေါ့။ ခင်ဗျားတို့ မှားနေကြတာ။ ခင်ဗျား တို့နဲ့ မတွေ့တဲ့ အချိန်တွေမှာ ကျုပ်က အင်္ဂလိပ်စာကို သေသေချာချာ လေ့လာ နေခဲ့တာ။ သိရဲ့လား။ အဲဒီမှာ အမှားတွေ တွေ့တော့တာပဲ။ ဒီမှာဒေါ်ဘူချီ။ ပြင်ခေါ်လိုက် စမ်းပါ။ ပူတင်းမဟုတ်ဘူး ဖွတ်ဒင် လို့”
“ဘာရယ်”
“ဖွတ်ဒင်လေ ဖွတ်ဒင်”

အဲဒီအချိန်မှာ မသွယ်လှမ်းပေးသော ပူတင်းထုပ်ကို ဒေါ်ဘူချီလှမ်းမယူခင် ကိုအေးက ကြားထဲက ဖြတ်ယူထား လိုက်သည်။

“ကဲပြောလေဗျာ ... ဖွတ်ဒင် ခင်ဗျား အသံထွက်တာ မှန်မှ ဒီအထုပ်ပေးမယ်”
“အမယ် ရာရာစစ။ နင်ကဘာမို့လို့ ငါ့လာသင်နေရတာလဲ။ မခေါ်နိုင်ဘူး။ ဝယ်လည်း မဝယ်တော့ဘူး။ ပူတင်း ဆိုတာ အဓိပ္ပယ်ရှိတယ်ဟဲ့။ စားချင်စရာလေး။ နင့်ရဲ့ ဖွတ်ဒင်ဆိုတာကြီးက ဘာမှန်းလည်း မသိဘူး။ ရွံစရာကြီး။ တော်ပြီ မဝယ်တော့ဘူး သွားမယ်”

ပြောပြောဆိုဆို ဆောင့်ကြီး အောင့်ကြီး နဲ့ ပြန်ထွက်သွားသော ဒေါ်ဘူချီကို ကြည့်ကာ ကိုအေးနှင့် မသွယ်တို့ ပါးစပ် အဟောင်းသားနှင့် ကျန်ခဲ့သည်။ မသွယ် အကြောင်းသိထားသော ကိုအေးမှာ မုန့်ထုပ်ကလေးကို ဗန်းထဲ အသာပြန်ထည့်ရင်း ထိုနေရာမှ ခွာရန်ပြင်သည်။ ဒါကို မသွယ်ကလည်း အလွတ်မပေး။

“ကိုအေး ရှင်ဟာလေ အရမ်း အရမ်းကြီးပဲ သိလား။ မမြင်တာကြာလို့ စေတနာလေး ထားမလား မှတ်တယ်။ စေတနာ ပျက်အောင် တော်တော်လုပ်တယ်။ တော်ပြီ တော်ပြီ ရှင့်ရဲ့ ဖွတ်ဒင်ကိစ္စ ရပ်တန်းက ရပ်ရင်ရပ်။ မရပ်လို့ကတော့ ကျုပ်ပါးစပ်နဲ့ တွေ့ပြီသာမှတ်”

ကိုအေး ပါးစပ်ပိတ်သွားသည်။ မသွယ်ဈေးရောင်းသည့်နားတွင် ဖိနပ်ခုထိုင်ပြီး စာအုပ်တအုပ်ကို သည်းကြီး မည်းကြီး ဖတ်နေ၏။ ခဏနေတော့ ချစ်စုမ ရောက်လာသည်။

“ကြီးသွယ် ပူတင်း တတုံး ဘယ်လောက်လဲ”
“သုံးဆယ် သမီးရေ ဘယ်နှတုံးလဲ”
“သမီးကို တတုံးပေးပါ”

မသွယ် ပူတင်းကို တုံးနေစဉ် ကိုအေး အနားကပ်လာပြန်သည်။

“သမီးချစ်စုမ”
ချစ်စုမက ကြောင်တက်တက်နှင့် လှမ်းကြည့်သည်။
“သမီး ဒီမုန့်ကိုဘယ်လိုခေါ်လဲ”
“ပူတင်းလို့ ခေါ်တယ်”
ချစ်စုမက သီချင်းဆိုသလို ပြန်ဖြေသည်။
“မှားတယ် သမီးရဲ့။ ပူတင်းမဟုတ်ဘူး။ ဖွတ်ဒင်”
“ဟာ မဟုတ်ပါဘူး။ ဦးအေးကလည်း။ ပူတင်းပါ။ သမီးဖေဖေက ပူတင်းလို့ပဲ ခေါ်တယ်”

ချစ်စုမက သူ့အဖေကို တလောကလုံးတွင် အတော်ဆုံးဟု သတ်မှတ်ထားသူ ဆိုတော့ သူ့အဖေနှင့် ကိုင်ပေါက်သည်။ ကိုအေးကလည်း နည်းနည်းမှ မလျှော့။

“ဖွတ်ဒင်လို့ ခေါ်မှ မှန်တယ် သမီးရဲ့။ ခေါ်ကြည့်စမ်း။ ဖွတ်ဒင်”
“ဟာ ... မခေါ်ချင်ပါဘူး။ သွားတော့မယ်။ ဟိုမှာ သမီးသူငယ်ချင်းတွေ စောင့်နေပြီ”

ကိုအေးက ချစ်စုမ လက်ထဲက မုန့်ထုတ်ကို ဆတ်ခနဲ ဆွဲယူထားလိုက်သည်။ ချစ်စုမက မုန့်ထုတ်ကိုပြန်လုသည်။
ကိုအေးကလည်း မလွှတ်။ ဆွဲရင်း လုရင်း ဖြင့် ကိုအေးလက်ထဲမှာ ကျွတ်ကျွတ်အိတ်ပဲ ကျန်ခဲ့ကာမုန့်က အောက်ကို ဘုတ်ကနဲ ပြုတ်ကျသွားတော့သည်။ ချစ်စုမ ငိုသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မသွယ်ဘာ လုပ်ရမှန်း မသိတော့။ နောက်ဆုံး ပူတင်းတတုံး ပေးလိုက်တော့မှ ချစ်စုမ အငိုတိတ်သွားတော့သည်။ ဒီနေ့အဖို့ တော့ ဈေးဆက်ရောင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။ သားတော်မောင်ကို ထိမ်းပေးသော ကျေးဇူးကြောင့်သာ ကိုအေးကို မသွယ် ဘာမှမပြောခြင်းဖြစ်သည်။ မဟုတ်လို့ကတော့ ဘယ်နေလိမ့်မလဲ။ နောက်တခု ကိုအေးက သူငယ်ချင်းအားလုံး၏ အပယ်ခံ မဟုတ်လား။

သူငယ်ချင်း အားလုံး၏ အပယ်ခံဆိုတာကလည်း ကိုအေးက သူ့ဟာသူထင်နေခြင်း ဖြစ်သည်။ သူ့ကို ဘယ်သူကမှ မပယ်။ ဘယ်သူကမှလည်း ဘာအပြစ်မှ တင်တာမဟုတ်။ မသွယ်တို့ အိမ်က ကြောင်ကို လည်ပင်း ညှစ်တုန်းက သူ့ကို နည်းနည်းပါးပါး ဝိုင်းပြောကြသည်။ အားလုံးက ပြီးတော့လည်း ပြီးသွားတာပါပဲ။ ကိုအေးကသာ သူ့ကို ဝိုင်းပယ်ကြသည်ဟု ထင်ကာ ရွာမှ ထွက်သွားခြင်းဖြစ်၏။

သတင်းသဲ့သဲ့ ကြားတာကတော့ ရွာကနေ မြို့မှာ ဂရပ်ဖစ်ဒီဇိုင်နာ သွားလုပ်နေတဲ့ ခိုင်မင်းစိုးတို့နဲ့ သွားနေသည် တဲ့။ ပြီးတော့ အဲဒီမှာလည်း ဘာတွေ မပြေလည်ဖြစ်လာသည်မသိ။ ရွာကို ပြန်ရောက်လာသည်။ လူကောင်ကြီးက ကျားကိုးစီး စားမကုန်သည့် ခန္ဓကိုယ်ကြီး ဆိုပေမယ့် စိတ်က အလွန်နုတော့ မသွယ်က လန့်သည်။ သူနှင့် အတိုက်အခံ သိပ်မလုပ်လို။ ဒါကြောင့် ဒီနေ့ ဆိုင်သိမ်းလိုက်တာ အေးသည်။

........................................

နောက်တနေ့ မသွယ်ဆိုင်ထွက်တော့ အေးအေးဆေးဆေး။ ရာသီဥတုကလည်း သာသာ ယာယာနှင့် ဘေးဘီကို ကြည့်လိုက်တော့ ကိုအေး၏ အရိပ်အယောင်တောင် မမြင်ရ။ မသွယ်ဆိုင်ခင်းလိုက်သည်။ ဆိုင်ခင်းစမှာပဲ ပေါ်တက် ရောက်လာသည်။

“ဒေါ်လေးသွယ်။ ပူတင်း ၂ တုံးပေးပါ။ မြန်မြန်လေး လုပ်ပါနော်။ ညီမလေးစားဖို့ မေမေက ဝယ်ခိုင်းလိုက်တာ”

မသွယ် ပူတင်း ၂ တုံးလှီးပြီး ထည့်နေစဉ်မှာပဲ ဘယ်က ဘယ်လိုပေါ်လာသည်မသိ။ ကိုအေး .. အနာကို ရောက်လာသည်။

“ဟေ့ကောင် ပေါ်တက်။ မင်းဒီမုန့်ကို ဘယ်လိုခေါ်လဲ သိလား”
“သိတယ် ပူတင်းလေ”
“မဟုတ်ဘူးကွ ဖွတ်ဒင်။ ဖွတ်ဒင်လို့ အသံထွက်ရတယ်”

ပေါ်တက်ကကြောက်တတ်သည်။ အကြောက်ကြောက် အလန့်လန့်နှင့် ဘာသံမှ ထွက်မလာ။

“ဖွတ် .... ဖွတ် .... ဒင်”
“ဟာ မင်းဟာကလည်း တဆက်တည်းဆိုကွ ဖွတ်ဒင်”

ပေါ်တက် မျက်ရည်များ ဝဲလာသည်။ ကိုအေးကလည်း မျက်လုံးကြီးများ ပြူးလာသည်။ မသွယ်မနေသာတော့။ ဝင်ပြောရတော့သည်။

“ကိုအေးရယ်။ ရှင့်ဟာကလည်း တော်ပါတော့။ ဟိုမှာ ငိုတော့မယ်”
“အဲဒါ မကြိုက်တာပေါ့။ ငါရွာကို ဘာလုပ်ဖို့ ပြန်လာတာလဲ သိလား မသွယ်။ အင်္ဂလိပ်စာ သင်တဲ့ ကျောင်း ထောင်မလို့ဟ။ ပိုက်ဆံမယူဘဲ အလကား သင်ပေးမှာ။ နင်တို့က ဒီ ဖွတ်ဒင် လေးတောင် ပီအောင် မပြောနိုင်ရင် ဘယ့်နှယ် လုပ်ကြမလဲ”

ကိုအေးက အဆုံးရှုံးကြီး ဆုံးရှုံးတော့မည့် လေသံနှင့်ပြောသည်။ မသွယ် သက်ပြင်းကို ဟင်းကနဲ ချလိုက်သည်။ ကိုအေးတို့ကတော့ ထုံးစံအတိုင်း ထင်ရာမြင်ရာတွေ လုပ်ဦးမည်။ ထိုအချိန်တွင် မသွယ်နှင့် ကိုအေး စကားပြော နေတာကို အခွင့်အရေးယူပြီး ပေါ်တက် သုတ်ခြေတင်တော့၏။ မုန့်ထုတ်လည်း ယူမသွား။ ပိုက်ဆံလည်း ပေးမသွား။ သွားပြီ။ စီးပွားပျက်တော့မည်။ ကလေးများက မသွယ်ရဲ့ ပူတင်းဗန်းလေးရှေ့က ကျော်ကာ အခြား မုန့်များကို ဝယ်စားကြသည်။

မသွယ်က
“ဟဲ့ ကလေးတွေ ပူတင်းမစားကြဘူးလား”
မေးလျင် လှည့်ကြည့်လှည့်ကြည့်နှင့် သုတ်ခြေတင် သွားကြသည်။ မသွယ်ပူတင်း မရောင်းရတော့။ နောက်တော့ ပြန်ကြားရသည်။ ဦးအေးကြီးက ပူတင်းလို့ ခေါ်တဲ့ သူကို ရိုက်မယ်ဆိုလို့တဲ့။ ပြောလို့မရ။ ကိုအေးဆိုတဲ့သူက တကယ်လုပ်ချင် လုပ်မှာ။

ဒီနေ့လည်း မသွယ်ရဲ့ ပူတင်းဗန်းက အရာမယွင်းဘဲ ဆိုင်သိမ်းလိုက်ရသည်။ အိမ်ပြန်ရောက်တော့ ကိုစီတုတ်နှင့်အဖွဲ့က ဝိုင်းစဖို့ ပြင်နေကြပြီ။ ပူတင်းမရောင်းရလို့ ထွက်ချင်နေတဲ့ ဒေါသများကို ကိုစီတုတ်အပေါ်မှာ ပုံချလိုက်သည်။

“ဟင် .. တော်က ဒီမှာ ဒီအရည်တွေ မြိုနေသိလား။ ကျုပ်မှာတော့ ဖတ်သီဖတ်သီနဲ့ ဈေးရောင်းထွက်နေရတယ်။ ရှင်က ဘာအသုံး ကျလဲ ဟင် ... ကျုပ်မှာ ရောင်းသာရောင်းရတာ ဘယ်သူကမှ ဝယ်စားတာ မဟုတ်ဘူးတော့ ... ဟီး”

ပြောရင်း ဝမ်းနည်းလာပြီး ငိုချလိုက်တော့ ကိုစီတုတ်နှင့် အပေါင်းအပါ လူပျိုကြီးမျာ ဖြစ်ကြသော ကိုချင်းမြင့်၊ ကိုအောင်မိုးနှင့် ကိုနောင်ကြီးတို့ သုံးယောက် ပြာပြာသလဲနှင့် ဝိုင်းမေးကြသည်။ မသွယ်က ဖြစ်ကြောင်းကုန်စင်ကို နတ်သံနှောပြီး ပြောပြလိုက်ရာ လူပျိုကြီး သုံးယောက်၏ ဒေါသတို့ ကိုအေးအပေါ် စုပြုံပြီး ကျရောက်ကုန်တော့သည်။

ဟုတ်တော့ဟုတ်သည်။ ဘာပဲပြောပြော မသွယ်က သူတို့ အရက်ရေချိန်မကိုက်လျင် ဖွက်ထားတာလေးတွေ ထုတ်ရောင်းနေကျ။ အမြည်းကို ဈေးတင်ရောင်းတယ် ဆိုပေမယ့် ဘာမှ ဝယ်မရနိုင်သည့် အချိန်မှာ မသွယ်ကိုပဲ အားကိုးကြရသည်။ သူတို့၏ ကျေးဇူးရှင်ကို စီးပွားပျက်အောင်လုပ်သည့် ကိုအေးအား သူတို့ ဆုံးမရလိမ့်မည် လာပစေဦး။

....................................

ပြောရရင်တော့ ကိုအေးရဲ့ ဆတ်ဆော့မှုကြောင့်လို့ပဲ ဆိုရလိမ့်မည်။ သူ့ဟာသူ ရွာကလေးမှာ တသက်လုံး ဒီလိုပဲ ခေါ်လာ ပြောလာကြတာ သူလာမှ ဘယ်သူက ပြင်ခေါ်ချင်ကြတော့မှာလဲ။ သူကတော့ သူ့ရွာလေးကို မြင့်တင်ချင်လို့တဲ့။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ် အဆင် ပြေပြီးသား ဒီရွာကို ချက်ချင်းကြီး အတင်းအကျပ် ပြင်ချင်လို့ ရမတဲ့လား။

ကိုအေးလာတော့ အားလုံးက ဝိုင်းဝန်း ဆုံးမကြသည်။ ဆုံးမတယ် ဆိုတာကလည်း လက်မပါပါ။ ပါးစပ်နှင့်သာ ဆုံးမခြင်းဖြစ်သည်။ ရွာ အကျိုးကိုသယ်ပိုးတယ် ဆိုပေမယ့် သူများကို အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်တဲ့ အကြောင်း ကောင်းကောင်းမွန်မွန် ဝိုင်းပြောကြ ခြင်းသာ။ အားလုံးက ကိုအေး စိတ်နုတယ်ဆိုတာ သိပြီးသား။ ကိုအေးရဲ့ ခံစားချက်တွေကိုလည်း နားလည်ပြီးသား ဖြစ်သည်။ ဘယ်သူမှ မသိလိုက်တာက ကိုအေး သူတို့ဆီမလာခင် ရွာထိပ်က ကြက်ပဲဆိုင်မှာ တပိုင်းဝင်တွယ်ခဲ့တာကို ဖြစ်သည်။ သူငယ်ချင်းတွေက ကောင်းကောင်းမွန်မွန် နာချပြန်တော့ ကိုအေး ဟတ်ထိသွားသည်။ သူ့ကြောင့် မသွယ်စီးပွားပျက် ရသည်။ သူ့စေဒနာတွေ ဝေဒနာ ဖြစ်ရသည်ဆိုကာ ချထားသော အရက်တလုံးကို သူတယောက်ထဲ ကျိတ်သွားပြီး မသွယ်တို့ တံခါး တချပ်လုံး ရစရာမရှိအောင် ရိုက်ချိုး သွားသည်။ အဲဒီကစပြီး ကိုအေးလည်း ရွာက တတိယ အကြိမ်မြောက် ပျောက်ကွယ် သွားတော့သည်။

ကိုစီတုတ် ဆိုက်ကား တရက်မထွက်ဘဲ အိမ်တံခါး ပြင်နေရသည်။ မသွယ်လည်း အဲဒီအချိန်ကစလို့ ပူတင်းဆိုတဲ့ အသံတောင် မကြားချင်တော့ အောင် ဖြစ်သွားသည်။ လူပျိုကြီး သုံးယောက်ကတော့ သူတို့ကြောင့် ထွက်သွားသော သူငယ်ချင်းကြီးကို လွမ်းသည်ဟု ဆိုကာ ဆိုင်ကယ်တစင်းနှင့် ဆိုင်တကာလှည့်ပြီး အရက်သောက်ကြသည်။ မူးမူးနှင့် မောင်းလာသော ဆိုင်ကယ်မှောက်သောကြောင့် ကိုချင်းမြင့်က ရှေ့သွားများ ကျွတ်သွားသည် (ကိုချင်းမြင့်က ကရင်လူမျိုးဆိုတော့ နောင်တွင် စောရှဲကျိုးဆိုသော အမည်တွင်သည်)။ ကိုအောင်မိုးက တတောင်ဆစ်နှင့် ဒူးများ စုတ်ပြဲ ယောင်ကိုင်းသွားသည်(ကိုအောင်မိုး၏ ငယ်နာမည်မှာ ဂွတိုဖြစ်သောကြောင့် နောင်တွင် ယောင်ယမ်းဂွတိုဟု ခေါ်ကြသည်)။ ကိုနောင်ကြီးကတော့ တညနှင့် တရက် သတိလစ်နေပြီး သတိပြန်ရချိန်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ သူသတိရချင်တာကို သတိရပြီး သတိမေ့ချင်တာကို မေ့နေခြင်းဖြစ်သည်။ (ဥပမာ .. သူဖြတ်ချင်သော ရည်းစားကို လုံးဝ သတိမရတော့ဘဲ ရစရာရှိသော အကြွေးများကိုတော့ အသေးစိတ်မှတ်မိနေခြင်းဖြစ်သည်)။ ဒါပါပဲ။ ဖွတ်ဒင်။

1 comments:

mm thinker said...

ရီရတယ်ဗျို့။
ပူတင်းမြင်တိုင်း ဖွတ်ဒင်ဝတ္တုကို သတိရတော့မှာပဲ