ဝတ္ထုတို ၁၃

အပျင်းထူပြီး အသစ်တွေ သိပ်မရေးဘဲ ခပ်တည်တည်နဲ့ ရှိပြီးသားဝတ္ထုတွေ ခြွေပြီး ရိုက်တင် နေတာ ဒါနောက်ဆုံးပဲ :(ကုန်ပြီ။ ရှိတော့ဘူး။ ဒီဟာပြီးရင်တော့ တကယ်ကို ရေးမှ ရတော့မှာ။ အရေးထဲ မောင်တွေ ညီမတွေကလည်း စီပုံးမှာလာပြီး အသစ်၊ အသစ် လုပ်နေတယ်။ တကယ် ဖတ်ချင်တာထက် ကျမကို အလုပ်မလုပ် လုပ်ရအောင် လာပြီး တွန်းနေတာ ဖြစ်မယ်။ ဒီကောင်တွေအကြောင်း မသိတာမှတ်လို့။ ဒီတော့ အားလုံးသိအောင် ကြေညာထားလိုက်ပါ ရဲ့။ ဒီတပုဒ်ပြီးလို့များ အသစ်မတက်နိုင်ရင် တူးတူးသာတယောက် ဖျားနေလို့ရင်ပဲ ဖြစ်ဖြစ် ခရီး ထွက်နေတယ် လို့ရင်ပဲဖြစ်ဖြစ် ထင်လိုက်ကြပါလို့ :p ခုတင်မယ့် ဝတ္ထုလေးကတော့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှာ ပါခဲ့ပါတယ်။ ထုံးစံအတိုင်း အပြင်က တကယ့် ဇာတ်ကောင်တွေ အကြောင်းပါပဲ။

တံငါနားနီး

“အိသက်နိုင်၊ အိသက်နိုင် ထစမ်း ... ထတော့ဆို ... သုံးနာရီတောင် ထိုးပြီ။ ဈေးကြိုသွားရ မယ်လေ”
“အင်း .... အင်း”
“အိသက်နိုင် .... ငါပြောနေတာ မကြားဘူးလား။ ကောင်မ နင့်ကို ငါ လုပ်လိုက် တော့မယ် နော်”
“ဒေါက် ဒေါက်”

မထားကြည်၏ လက်ဆစ်များက အိသက်နိုင်ခေါင်းပေါ် အဆက်မပြတ် ကျရောက်သွားသည်။

“ထပါပြီ အမေရဲ့ ... ၊ အား ... တော်ပါတော့”
“ငါ မပြောချင်ဘူးနော် ... အသံမထွက်ချင်လို့ကို မရဘူး။ နှိုးရင် တခွန်းထဲနဲ့ ထပါလား။ ငါ ... တယ်”

မပြောချင်ဘူးဆိုပြီး ဆက်လက်ပြောဆိုနေကာ လက်ဖြင့် ရွယ်နေပြန်သောကြောင့် အိသက်နိုင် ဇက်ကလေး ပုဝင်သွားသည်။ ဒီအလုပ်ကို အိသက်နိုင် မလုပ်ချင်ပါ။ မနက် သုံးနာရီဆိုတာ ကလေး တယောက်အတွက် အိပ်ကောင်းတုန်း အချိန် မဟုတ်လား။ သူ့အောက်က ကုလားတို့ အိပုတ်တို့ ကျတော့ အိပ်လိုက်တာ သိုးလို့။ သူက အကြီးဆုံးဆိုတော့လည်း မလုပ်ချင်ချင် လုပ်ချင်ချင် လုပ်ရမည်သာ။ ခါတိုင်းတော့ ဒီဈေးကြိုတဲ့ အလုပ်ကို အမေလုပ်နေကျလေ။

အခု အမေ့ကိုယ်ဝန်က ရင့်လာပြီဆိုတော့ ဈေးမကြိုနိုင်တော့။ အိသက်နိုင်ရဲ့ တာဝန်ဖြစ်ပြီ။ အိသက်နိုင်ရဲ့ အသက်က ရှေ့လဆို ၁၃ နှစ် တင်းတင်းပြည့်ပြီ။ အိသက်နိုင် သူများတွေလို ကျောင်းနေလိုလှသည်။ ဒါပေမယ့် သူက ကျောင်းစာမှာ ညံ့ဖျင်းလှသည်။ စာမလိုက်နိုင်တာကို အကြောင်းပြလို့ အမေက သူ့ကိုဒီနှစ် ကျောင်းထုတ်တော့မည်။ အမေ့ကိုယ်ဝန်ကလည်း ရှေ့ ၂ လလောက်ဆို မွေးမည်ထင်သည်။ ရှေ့ ၂လလောက်ဆို မွေးမည် ထင်သည်။

ကိုယ်ဝန် ...။ “အဘိုးဖြစ်ပါစေ။ ဟုတ်မှာပါ။ အဘိုးပဲ ဖြစ်မှာ။ အဘိုးက အိသက်နိုင်ကို ဒီလောက် ချစ်တာ။ အဘိုးပဲ ဖြစ်ရမှာပေါ့”

အိသက်နိုင်ရဲ့စိတ်ကူး မဆုံးခင်မှာ အမေ့ရဲ့ လက်ဝါးက အိသက်နိုင်ကျောပြင်ပေါ်သို့ ဗြန်းကနဲ ကျရောက်လာသည်။

“ဘာငိုင်နေပြန်ပြီလဲ။ အိသက်နိုင်နော်။ အမြန်လုပ်ဆို။ ဟိုမှာ နင့်အဖေ စောင့်နေပြီ။ သွားတော့”

မမေ့ကို မလွန်ဆန်နိုင်သောကြောင့် မျက်နှာ ကပျာကယာသစ်ကာ သွားပင် မတိုက်နိုင်ဘဲ အိမ်ရှေ့ကို ထွက်သွားလိုက်သည်။ ဟုတ်သားပဲ အဖေတောင် စောင့်နေပြီ။

မိုးက တဖွဲဖွဲရွာနေသည်။ အိသက်နိုင် လက်ကို တင်းတင်းပိုက်လျက် အဖေ့နားကို တိုးကပ် လိုက်သည်။ အဖေက စကားတခွန်းမှ မပြောဘဲ ထီးမိုးပေးရင်း အိသက်နိုင်ဘေးက ကပ်လိုက်လာသည်။ ဈေးကြိုကားနား ရောက်တော့ မမိသိန်းနှင့် မတရုတ်မတို့က သူ့ကိုဆီးကြိုကြသည်။ ခဏနေတော့ အဖေပြန်သွားသည်။

* * * *

ဒီဈေးကလေးမှာ ထားကြည်ဟေ့ ဆိုလျင် မသိသူ မရှိ။ ဂေါ်ဖီထုတ်ကလေး နည်းနည်း၊ ငရုတ်သီးစိမ်းကလေး၊ ခရမ်းချဉ်သီးကလေး နည်းနည်း ရောင်းသည် ဆိုပြီး အထင်သွား မသေးလိုက်နှင့်။ ဒီဈေးထဲမှာ သူပေးထားသည့် အကြွေးနှင့် ကင်းသူမရှိသလောက် ရှားသည်။ သူဈေးရောင်းတဲ့ နေရာက ဈေးထဲက ဈေးခုံပေါ်မှာ ကျကျနန မဟုတ်။ အပြင်လမ်းဘေးက ဈေးတန်းမှာ ပျံကျရောင်းရတာ။

သို့ပေမယ့် အဲဒီရောင်းကောင်းတဲ့ တနေရာကို ရဖို့ တိုက်ပွဲဝင်ရတာဆိုလျင် ကြီးကျယ်သည် ထင်မည်။ အခု သူရောင်းနေတဲ့ နေရာက အရင် မျှစ်သည် ထားမိ၏ နေရာဖြစ်သည်။ မျှစ်သည် ထားမိ တရက် ဈေးနောက်ကျတော့ သူက အဲဒီနေရာမှာ ဆိုင် အကျအနခင်းကာ ခပ်တည်တည်နှင့် ရောင်းနေလိုက်သည်။ ထားမိရောက်လာတော့ ပွဲကြီးပွဲကောင်း။ သူတို့ဈေးကလေးက လူတွေပြောတာကတော့ အဲဒီနေ့လောက် ကြည့်ကောင်းသည့်ပွဲ မကြုံဖူးဘူးဆိုပဲ။

ပါးစပ်နှင့် နင်တလုံး ငါတလုံး အော်ဟစ်၊ အရုတ္တ အနတ္တတွေ ပြစ်ပြစ်နှစ်နှစ် ပြောအပြီးမှာ လူချင်းဝင်ပူးပြီး နပမ်းလုံးကြသည်။ ဖြန်ဖြေသူမရှိ၊ ဝင်ဆွဲသူမရှိ။ မထားကြည်က ထွားထွား ကြိုင်းကြိုင်း၊ ထားမိက သေးသေးညှက်ညှက် ဆိုတော့ သတ္တိချင်းတူတာတောင် အင်အားချင်း မတူ။ နောက်ဆုံးမှာ ထားမိ အရှုံးပေးလိုက်သည်။ ဒီလိုနှင့် အဲဒီနေရာကို ထားကြည် အပိုင်စား ရသွားတော့၏။ သူ့နေရာကို ဘယ်သူမှ တလက်မတောင် မကျော်ရဲကြ။ ထားကြည်ဆိုလန့်ပါ့ ဆိုတာတွေ ဖြစ်ကုန်သည်။

* * * *

ဆိုင်သေးသေးလေးနှင့် ကုန် အနည်းငယ်သာ ရောင်းနေရပေမယ့် သူက ဒီဈေးလေးရဲ့ ကုန်စိမ်း ဒိုင်လေ။ ငွေအများကြီး မတတ်နိုင်သူတွေ အရင်းမရှိသူတွေကို သူက ကုန်ချပေး သည်။ ရောင်းပြီး မှပေး။ နေ့ပြန်တိုးလည်း ချေးသည်။ သူ့ကိုပေးရမယ့်သူက ပေးရမည့် အတိုင်းအတာကို ပေးရမည့် အချိန်မှာ မပေးလို့ကတော့ ရပ်ကွက်ပျက်ပြီသာ မှတ်တော့။

ဒါတွေကြောင့်လည်း ထားကြည်ဆို ဒီဈေးထဲက လူအများက မဆက်ဆံချင်လို့လည်းမရ၊ ဆက်ဆံပြန်တော့လည်း လန့်နေကြရသည်။

* * * *

အိသက်နိုင်ကို မွေးပြီး တပတ်လောက်ပဲ ရှိသေးသည်။ မထားကြည်နှင့် ကိုသိန်းနိုင်တို့ အကြီး အကျယ်ရန်ဖြစ်ကာ ကိုသိန်းနိုင်အိမ်ပေါ်က ဆင်းသွားသည်။ အဲဒီမှာ မထားကြည်က ရက်သမီး လေးသာရှိသေးသော ကလေးကို အမှိုက်ပုံနားမှာ သွားပစ်ထားလိုက်သည်။ အဲဒီလို မထားကြည် ....။

ကိုသိန်းနိုင်၏ အဖေ အိသက်နိုင်၏ အဖိုးက ဒီသတင်းကို ကြားတော့ အတင်းမရမက မေးမြန်းပြီး ကလေးရှာပုံတော် ဖွင့်ရသည်။ မင်္ဂလာဒုံ အမှိုက်ပုံဆိုလို့ မင်္ဂလာဒုံက ရှိရှိသမျှ အမှိုက်ပုံတွေကို လိုက်ရှာတော့ တနေရာမှာ သွားတွေ့သည်။ ကလေးကို ဗိုလ်မှူးတယောက်က မွေးစားတော့ မည်ဆိုသောကြောင့် တောင်းတောင်းပန်ပန်ဖြင့် ပြန်ခေါ်ခဲ့ရ၏။

အဲဒီကတည်းက အိသက်နိုင် အမေဆီပြန်မရောက်တော့။ ကိုသိန်းနိုင်နှင့် မထားကြည် ပြန် အဆင်ပြေပြီး အငယ် ၂ ကောင်မွေးသည်အထိ အိသက်နိုင် အဘိုးမှ အဘိုး။ အဘိုးလက်ပေါ် တွင် ကြီးကာ အဘိုးရဲ့ ပုဆိုးစကိုဆွဲလို့ အဘိုးသွားရာနောက် တကောက်ကောက် ပါခဲ့သည်။

အိသက်နိုင် ကျောင်းနေတော့ အဘိုးလည်း အသက်ကြီးလှပြီ။ အဘိုး၏ သားသမီးများ ဖြစ်ကြသော ကိုသိန်းနိုင်၏ ညီအစ်ကို မောင်နှမများက အဘိုးပင်ပန်းလှသည် ဆိုကာ အိသက်နိုင်ကို သူ့မိဘများဆီ ပြန်ပို့သည်။

ခုနစ်နှစ်အရွယ် ကလေးငယ်လေးက ဒဂုံတောင်မှ သင်္ဃန်းကျွန်း အဘိုးအိမ်ကို ရောက်အောင် ပြန်ပြေးလာသည်။ အဲဒီကတည်းက ဒီမြေးနှင့် ဒီအဘိုးကို ခွဲမရမှန်း အားလုံး သဘောပေါက် လိုက်ကြသည်။

* * *

ကိုသိန်းနိုင်အကြောင်းကလည်း မပြောလို့ မဖြစ်။ မထားကြည် ပါးစပ်ဆိုးသလောက်၊ စရိုက် ကြမ်းသလောက် ကိုသိန်းနိုင်က အံ့သြစရာ ကောင်းလောက်အောင် သိမ်မွေ့နူးညံ့လှ၏။ သူတို့ ၂ ယောက် ဘယ်လိုညားသလဲ ဆိုတော့ ဖူးစာလို့ပဲ ပြောရမည်ထင်သည်။ ကိုသိန်းနိုင် ကံကောင်းသည်။ မယားဖြစ်သူက အလွန်ချစ်သည်။ မျက်နှာ နုနုဖတ်ဖတ်ကလေးနှင့်၊ အိမ်ကများ ထွက်သွားပြီဆိုလျင် လူပျိုလေးလား ထင်ရအောင် သန့်ပြန့်လို့ နေသည်။

ဘာအလုပ်မှ လုပ်စရာမလို။ မလိုလောက်အောင်လည်း မထားကြည်က စီးပွားအရှာကောင်းသည်လေ။ မထားကြည်ကတော့ ဒီလို ယောက်ျားချောချောရထားတာကို ဂုဏ်ယူလို့မဆုံး။ သဝန်တိုလိုက်ရတာကလည်း အမော။ အရိပ်ကြည့်လို့ မဝ။ မိန်းမကိစ္စကလွဲလျင် ကိုသိန်းနိုင် ဘာလုပ်လုပ် ခွင့်လွှတ်သည်။

ကိုသိန်းနိုင်ကလည်း တော်ပါသည်။ မိန်းမကိစ္စရှင်းသည်။ ဆေးလိပ်၊ အရက် လုံးဝမသောက်။ တခုပဲ သူ့ဝါသနာက လောင်းကစား။ ဒါလည်း ဖဲရိုက်တာမျိုးမဟုတ်။ လက်ဘက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန်နှင့် ဆွေးနွေးမည်။ အတိတ်ပေးသူများနောက် လိုက်မည်။ ပြီးတော့ သူ့ဝါသနာ ဤမျှသာ။ ပိုက်ဆံကုန်တော့ မယားဆီက တောင်းမည်ပေါ့။

ဒီလိုနှင့် သူတို့ လင်မယား တနေ့တနေ့ အဆင်ချောလို့။

* * * *

အဘိုးဆုံးပြီဆိုတော့ အိသက်နိုင်အတွက် ကမ္ဘာပျက်ပြီ။ သူ့မှာ အားကိုရာမဲ့ပြီပေါ့။ သူ့ကို စောင့်ရှောက်သူ၊ ကာကွယ်သူ အဘိုးမရှိတော့ပြီ။ အဘိုးရှိစဉ်က အိသက်နိုင် ဘာလုပ်လုပ် တင့်တယ်သည်။ အိသက်နိုင်ကို ဘယ်သူကမှ မဆူရဲ၊ မရိုက်ရဲ။ ရှေ့မှာ အဘိုးရှိနေသည်လေ။ ခုတော့ အိသက်နိုင် မျက်နှာငယ်လှသည်။

သူ့မှာ နေစရာ နေရာမရှိ။ ဦးလေး၊ အဒေါ် လူပျို အပျိုများကလည်း သူ့ကို ဆက်လက်မခံလို ကြတော့။ ဒီတော့ သူ့အမေအိမ်ပြန်ရုံပေါ့။ ကိုသိန်းနိုင်ကတော့ အပူအပင် ကင်းသူပီပီ ဘာမှ မပြော။ အိသက်နိုင်ပြန်လာမယ် ဆိုလည်းလာပေါ့။

မထားကြည်ကတော့ အိသက်နိုင်ကို ကြည့်မရ။ အိသက်နိုင်ကို ပျော့သည်ဟု အမြဲကြိမ်းသည်။

“အငယ်မ အိပုတ်ကမှ ငါ့သမီး။ ငါနဲ့ တပုံစံတည်းပဲ။ သွက်မှသွက်။ လည်လိုက်တာလည်း မွှတ် နေတာ။ အိသက်နိုင်က ငတုံးမ။ သူများလုပ်သမျှ ခံခဲ့မယ့်ကောင်မ”

အဲဒီလို အမြဲပြောတတ်သည်။ အိသက်နိုင်ကလည်း သူ့အမေကို ကြည့်မရပါ။ အဘိုးနှင့် အဖေ ဘက်မှ ဦးလေး၊ အဒေါ်များနှင့် ကြီးပြင်းခဲ့ရသောကြောင့် အိသက်နိုင်က နူးညံ့သည်။ သိမ်မွေ့ သည်။ သူ့အမေပြောသည့် စကားများက သူ့အတွက် ထူးဆန်းနေသည်။ မထားကြည်တို့က တယောက်နှင့် တယောက် လှမ်းနှုတ်ဆက်တာတောင် အဆဲလေးနှင့်။ အိသက်နိုင် နားရှက် လှသည်။ အငယ်နှစ်ကောင်ကလည်း ဆဲလိုက်သည်မှာ မိုးကို မွှန်လို့။ အဲဒါကို အမေလုပ်သူက ဘာမှ မပြော။ သဘောကျနေသည်။ အငယ် နှစ်ကောင်များ ကစားရာက သူများကိုနိုင်လာ သည် ဆိုလျင် သူများမိဘနှင့် ဆီးရန်ဖြစ်ပြီး သူ့သားနှင့် သမီးတို့အတွက် ဂုဏ်ယူနေတတ်သည်။ သူ့အမေကို သူနားမလည်။

အဘိုးကိုလွမ်းသည်။ အဘိုးကိုတော့ အမေကကြောက်၏။ အဘိုးက မထားကြည်ထက် ၂ ဆ ကြမ်းပြ၊ ရမ်းပြ၊ ဆဲပြနိုင်သည်လေ။ အဘိုးရှိစဉ်က မထားကြည် အိသက်နိုင်ကို လက်ဖျားနှင့် တောင် တို့ခွင့်မရ။ အခုတော့ သူ အရိုက်မခံရသည့် နေ့မရှိ။ အဖေ့ရှေ့မှာတော့ သိပ် မရိုက်ပါ။ ဒါပေမယ့် အဖေကလည်း အိမ်မှာတနေကုန် မရှိပါ။ မနက်မိုးလင်းတာနှင့် အမေ့ဆီက ပိုက်ဆံ တောင်းပြီး ထွက်သွားလိုက်တာ ညဘက် အိသက်နိုင်တို့ အိပ်မောကျနေချိန်မှ ပြန်လာတတ်သည်။ တခါတလေတော့ နေ့ခင်းဘက် ပြန်လာပါသည်။ အဲဒီနေ့မျိုးဆို မထားကြည်တို့ ပျော်လို့ မဆုံး တပြုံးပြုံးပေါ့။ ဒါပေမယ့် အဲဒီလို နေ့မျိုးက ကိုသိန်းနိုင် ပိုက်ဆံ အရေးတကြီး လိုသော နေ့။

“ထားကြည် ငါ့ ပိုက်ဆံ ၂ သောင်းလောက် ပေးစမ်း”
“ဘာလို့ ပေးရမှာလဲ။ နင့်မယားငယ် သွားပေးမလို့လား”
“အပိုတွေ ပြောမနေနဲ့ဟာ။ ပေးမှာလား မပေးဘူးလား”
“မပေးဘူး ဆိုရင်ကော”
“ရတယ်လေ”

အဲဒီလိုပြောပြီး ကိုသိန်းနိုင်က အပြင်ပြန်ထွက်ဖို့ ပြင်လျင် မထားကြည် မနေတတ်တော့။

“ဘယ်သွားမလို့လဲ။ ရော့ ရော့။ ဒီမှာ လာယူ။ တကတည်း ပိုက်ဆံလိုချင်တဲ့သူကပဲ စိတ် ဆိုးရသေးတယ်” ဆိုပြီး မထားကြည် ပိုက်ဆံထုတ်ပေးရပြီ။

“ဟဲ့ နောက်ဖေးမှာ ကြက်သားပြုတ်ကြော်ရှိတယ်။ ထမင်းစားသွားဦး”

အဲဒီလိုနဲ့ မထားကြည်က ကိုသိန်းနိုင်ကို ချော့ရသည်။ ဒါမျိုးက သူတို့အိမ်မှာ မကြာခဏဖြစ် နေကျ။ အိသက်နိုင်ကတော့ အဲဒီလို အခါမျိုးမှာ အမေ့ကို သနားသလို ဖြစ်မိသည်။ ဒါပေမယ့် အမေ့ရဲ့ ချိုသာမှုများက အဖေအပြင်ပြန်ထွက်သွားသည်နှင့် ကြက်ပျောက် ငှက်ပျောက်။ အဖေကလည်း အမေ့စရိုက်ကို စိတ်ပျက်နေပုံရ၏။ ဒါကြောင့်လည်း တနေကုန် သူ လုပ်ချင်ရာ လုပ်ပြီး လျှောက်သွားနေတာလို့ ထင်သည်။ အိမ်မှာကလည်း နေချင်စရာမှ မရှိဘဲလေ။

မထားကြည်တို့ မောင်နှမ အားလုံးက ဈေးသည်တွေ။ ငါးရောင်းသူက ရောင်း။ ပန်းရောင်း သူက ရောင်း။ ရာသီပေါ် သီးနှံရောင်းသူက ရောင်းသည်။ အားလုံး၏ စရိုက်က တပုံစံတည်း။ မထားကြည်တို့ အိမ်က ဈေးနားမှာ ဆိုတော့ မနက်ဈေးထွက်ပြီး ညနေခင်း ဈေးပြန်မထွက် ခင်မှာ သူတို့ အားလုံး မထားကြည်တို့ အိမ်မှာ လာနားကြသည်။ ကြွက်ကြွက်ညံနေသော စကားသံများကြားမှာ အဆဲလေးများက ကြိုကြားကြိုကြား သာယာနေတတ်၏။

အဲဒီလို နေရာမျိုးမှာ ကိုသိန်းနိုင် မပြောနှင့် အိသက်နိုင်တို့လို ကလေးပင် မနေချင်။ စကားတွေ ဖောင်ပြီးရင်တော့ အိပ်ကြပြီ။ မနက်အစောကြီး ထထားရတာ ဆိုတော့ အားလုံး ကုလားသေ ကုလားမော၊ ပိုးလိုး ပက်လက်၊ ဟိုတယောက် သည်တယောက်။ သူစိမ်းတယောက်များ ဝင်လာလျင် အမှန်ပင်စိတ်ပျက်စရာ။

အမေ ကိုယ်ဝန်ရှိပြီဆိုတော့ အိသက်နိုင် ပျော်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ အမေ ကိုယ်ဝန် ရှိလို့ ပျော်ခြင်း မဟုတ်ပါ။ အမေ့ဗိုက်ထဲက ကလေးကို အဘိုးဝင်စားတာဟု ပြောကြ သောကြောင့် သူပျော်သည်။

“သေချာတယ်။ ဒါ ဦးဝင်းကြည်ပဲ။ ဦးဝင်းကြည်က သူ့မြေးကို သိပ်ချစ်တာ။ ဘယ်မှသွားမှာ မဟုတ်ဘူး။ သူ့မြေးဆီပဲ လာမှာ”

အဲဒီလို ထင်ကြေးတွေ ပေးကြတော့ အိသက်နိုင်တယောက် စိတ်ညစ်တာတွေ ခဏမေ့လျော့ သွားသည်။ ညတိုင်းလည်း ဆုတောင်းလိုက်ရတာ အမော။ အမေ့ဗိုက်ထဲက ကလေးလေးဟာ တကယ်ပဲ အဘိုးဖြစ်ပါစေလို့ ဆုတောင်းသည်။ အဲဒီတော့မှ အမေ့ကို နိုင်တဲ့သူပေါ်လာမှာ လေ။

အဘိုးက အိသက်နိုင်ကို ဘယ်သူ့အထိမှ ခံတာမဟုတ်ဘူး မဟုတ်လား။ အိသက်နိုင် ကိုယ့် အတွေးနဲ့ကိုယ် ပျော်လွန်းလို့ အလုပ်လုပ်ရတာကို ပင်ပမ်းသည် မထင်တော့။ အမေ့ ကိုယ်ဝန် ရင့်လာလေ အိသက်နိုင်ပင်ပမ်းလေ ဖြစ်သည်။ ခါတိုင်းဆို အမေက မနက်ဈေးကော ညနေဈေးပါ ထွက်သည်။ ခုတော့ အမေက မနက်ဈေးပဲ ထွက်နိုင်တော့သည်။ ညနေဈေးကို အိသက်နိုင် တယောက်တည်း ထွက်ရသည်။ ဈေးရောင်းရာက ပြန်လာလို့ ဝင်ငွေ စံချိန် မမီ လို့ကတော့ သေဖို့သာ ပြင် ဆိုတာမျိုး။

တကယ်တော့ အိသက်နိုင် ဈေးရောင်းရတာ ပျော်စ ပြုနေပြီ။ ကုန်စိမ်းက အမြတ်များသည်။ မထားကြည် တနေ့ ဈေးမထွက်ရ မနေနိုင်တာလည်း မဆန်းလှ။ အိပုတ်လေး မွေးတုန်းကများ မွေးပြီး တပတ် ဆယ်ရက်နှင့် ကလေးဈေးဗန်းထဲချသိပ်၊ ဈေးရောင်းထွက်ခဲ့တာ။ ဒါကြောင့် သူက အခု အိသက်နိုင်ကို အသေအကြေ မောင်းနေခြင်းဖြစ်သည်။

ဒါမှ သူမွေးဖွားနေချိန်မှာ အရှိန်မပျက် ဆိုင်ထွက်နိုင်မှာ မဟုတ်လား။ ဒီကြားထဲ နေ့ပြန်တိုးကိစ္စတွေ၊ ကုန်ချ ငွေယူ ကိစ္စတွေကိုလည်း သင်ရသည်။ ဒညင်းသီး၊ သရက်သီး၊ ဒူးရင်းသီးများကို ကြည့်တတ်အောင် သင်ပေးရသည်။ အိသက်နိုင်တောင် အတော် ကျွမ်းကျင် နေပြီ။

“အဘွားရေ ... ဂေါ်ဖီထုပ်တွေ တထုပ်မှ ခုနစ်ဆယ်ပဲ ပေး။ ယူသွားပါ အဘွားရဲ့။ သမီးက အဘွားမို့လို့ ပေးတာနော်”

“ခရမ်းချဉ်သီးလား။ သုံးဆယ်သား တရာနဲ့ ယူသွားတော့။ ရော့ အစ်မ၊ ငရုပ်သီးစိမ်းပါ အဆစ် ထည့်ပေးလိုက်မယ်။ မနက်ခင်းဆို မရဘူး အစ်မရဲ့”

အဲဒီလိုတွေပြောတတ်၊ ရောင်းတတ်နေပြီ။ ရုပ်ကလေး သနားကမားနဲ့ ကလေးသာသာ အရွယ် ကလေးမို့ ချစ်ပြီး၊ သနားပြီး ဝယ်သွားကြတာ များသည်။ အလုပ်က သင်သည်ပဲ ပြောပြော ရောင်းအား ကောင်းလာတော့ အိသက်နိုင် ဈေးမှာ ပျော်တတ်လာပြီ ဖြစ်၏။

မထားကြည် ဗိုက်နာတော့ နာနေသည့်ကြားက သူ့သမီးကိုမှာသည်။
“အိသက်နိုင်။ ငါ့လာမကြည့်နဲ့ သိလား။ ဈေးရောင်းမပျက်စေနဲ့နော်။ အား ... အောင်မယ်လေး .. ဟဲ့ ဟိုကောင်မတွေဆီလည်း ကျွတ် ကျွတ် ကြွေးမှန်မှန် သွားတောင်းဦး။ အား ... နာလိုက်တာ။ ကျွတ်ကျွတ်”

အဲဒီလိုနဲ့ ဆေးရုံသာ ထွက်သွားသည်။ ကိုသိန်းနိုင်က အနားမှာမရှိ။ နောက်မှ ကုလားကို လိုက်ရှာခိုင်းပြီး လိုက်သွားခိုင်းရ၏။

မထားကြည် အသက်က လေးဆယ် သီသီ စွန်းနေပြီဆိုတော့ ရိုးရိုးမွေးဖို့ အားမပြည့်။ ဗိုက်ခွဲ မွေးလိုက်ရသည်။ အမေက မလာပါနဲ့ ပြောထားသော်လည်း အိသက်နိုင် မနေနိုင်။ နေ့လည် အားတဲ့ အချိန် တရေးမအိပ်ဘဲ အမေ့ဆီသွားသည်။ အမေက သူတို့အတွက် ညီမလေး တယောက် မွေးပေးထားသည်။

“ရော့ ... အမေ ဒါက နေ့ပြန်တိုးတွေကောက်ထားတာ။ ဒါက ကုန်စိမ်းကြွေးတွေ။ ဒေါ်တရုတ်မ ကတော့ မနက်ဖြန်မှ ယူပါတဲ့။ ကျန်တာတော့ အကုန်ရခဲ့တယ်။ သမီး မနေ့ညနေက ရောင်းထားတာလည်း သုံးထောင်ရတယ်”
“အေး အေး”

မထားကြည် ဒီလောက်ပဲ ပြန်ပြောနိုင်သည်။ အားက သိပ်မရှိချင်သေး။ အိသက်နိုင် သူ့အမေ ကို ကြည့်ပြီး စိတ်မကောင်း။ ခါတိုင်း ဒေါ်တရုတ်မက မပေးလိုက်ဘူးဆိုတာနှင့် ဒေါက်ကနဲ သူ့ခေါင်းကို ခေါက်ပြီးသား။

မထားကြည် အိသက်နိုင်ကို ကြည့်ပြီး ဝမ်းနည်းလာသည်။ ဒီသမီးအပေါ် သူ အတော် ဆိုးမိခဲ့သည်လေ။ ခုတော့ ဒီသမီးကိုပဲ အားကိုးနေရပြီ။ ကိုသိန်းနိုင်ကတော့ အနားမှာမရှိ။ အိသက် နိုင်၏ လက်ကလေးကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အိသက်နိုင် သူ့အမေကို တအံ့ တသြ ကြည့်မိ၏။ ကြည့်စမ်း သူ့အမေရဲ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ...။

သူ့ညီမလေးဟာ အဘိုး ဟုတ်သလား၊ မဟုတ်ဘူးလား သူ မဆုံးဖြတ်တတ်ပါ။ ပြောဖို့ သိပ် ငယ်သေးသည်ထင်သည်။ လောလောဆယ်တော့ အိသက်နိုင် သူ့အမေကို သနားသည်။ သူ့ ခမျာ ကလေးမွေးထားလို့ အားငယ်နေချိန် အနားမှာ ဘယ်သူမှ မရှိ။ သူလည်း နေမပေးနိုင်။ ညနေ ဈေးထွက်ရဦးမည်။

အမေ့ပေါ်မှာ အနိုင်ယူချင်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီ။ ဒီညီမလေးဟာ အဘိုး ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့အတွက် သိပ် အရေးမကြီးတော့။ သူ ဈေးရောင်းကောင်းမှ ဖြစ်မည်။

* * *

ဒီတခါတော့ မထားကြည် သိပ်မပေတော့။ အိမ်ထဲမှာ ၄၅ ရက် ပြည့်အောင်နေသည်။ သူ အိမ်ထဲနေစဉ်အတွင်း အိသက်နိုင်က အကွက်စေ့စွာ လှုပ်ရှားထားသည်။ စိတ်အေးလက်အေး နားမည်ဆိုက နားနိုင်သော်လည်း ဈေးထွက်ချင်သည့် အာသီသကြောင့် ၄၅ ရက် ပြည့်တာနှင့် ကလေးပိုက်ပြီး အိသက်နိုင်ရှိရာ ဆိုင်သို့ ထွက်ခဲ့သည်။ ဆိုင်ရှိရာ လမ်းကလေးကို မချိုးကွေ့မီ ထိပ်မှာပင် ဆူညံသံများကို ကြားလိုက်ရသည်။

“လူပါးမဝနဲ့ ကောင်မ။ ဘာမှတ်လဲ။ ပါးကျိုးသွားမယ်။ ဒီမှာ ကလေးဆိုပြီး အနိုင်ကျင့်မယ် မကြံနဲ့။ ကျုပ် ထားကြည်ရဲ့ သမီးတော့ သိရဲ့လား။ ဘယ်သူ့မှကို မကြောက်လို့ တယောက်တည်း ဈေးလာထွက်နေတာ”

“အောင်မယ်လေး ... အောင်မယ်လေး။ လက်တောင့်လောက်လေးက ကြည့်စမ်း။ လာ နင်နဲ့ငါ ချမလား။ နင့်အမေမပြောနဲ့ နင်တို့ တဆွေလုံး တမျိုးလုံး မကြောက်ဘူးဟေ့ သိပြီလား”

အော်ဟစ်ရန်ဖြစ်ရာ နေရာသို့ မထားကြည် စွေ့ကနဲ ရောက်သွားသည်။ ပြီးတော့ အိသက်နိုင်နဲ့ ရန်ဖြစ်နေသော ပဲပင်ပေါက်သည်မဘက်ကို လှည့်ကာ အားနေသော လက်ဖြင့် ပါးကို ဖျောင်း ကနဲ ဆော်ထည့်လိုက်သည်။ ပဲပင်ပေါက်သည်က အံ့သြတကြီးဖြင့် ...

“ဟင် ... အစ်မ ... မထားကြည်”
“အေး ... ငါပဲ ... ဒီမှာ ငါ့သမီးကို ဗိုလ်ကျမယ် မကြံနဲ့။ အဲဒါ အမြည်းပဲ ရှိသေးတယ် မှတ်ထား”
“မဟုတ်ရပါဘူး အစ်မရယ်။ ကျမက ဗိုလ်ကျတာ မဟုတ်ပါဘူး။ သူက ဗိုလ်ကျတာပါ။ ကျမနေ ရာကို တတောင်လောက် ခိုးထားတာ မတွေ့ဘူးလား”
“အောင်မာ။ ငါ့သမီးကိုများ နင်က သူခိုး ယိုးချင်သေးတယ် ဟုတ်လား။ ကောင်မတွေ ငါမရှိတုန်း @*^#!+”

တရစပ် ထွက်ပေါ်လာသော မထားကြည်၏ ပါးစပ် ကျည်ဆံများကြောင့် ပဲပင်ပေါက်သည် ငြိမ်ကုတ်သွားသည်။ မထားကြည်က ကလေးကို ပြင်ချီပြီး အိသက်နိုင်ဘေးတွင် စွေ့ကနဲ ဝင် ထိုင်လိုက်သည်။ မျက်နှာကို ချီပြီး ကလေးနို့ထိုင်တိုက်ကာ သူ့သမီးအတွက် ဂုဏ်ယူမဆုံး ဖြစ်နေ၏။

“ဒါမှ ငါ့သမီး” လို့လည်း ပါးစပ်က ပြောလိုက်သေးသည်။ အဲဒီအချိန်မှာ အိသက်နိုင်က ပဲပင် ပေါက်သည်ဘက်ကို မျက်စောင်းတချက် လှည့်ထိုးကာ လည်ပင်းလေးကို ဆန့်ထုတ်ပြီး အော်လိုက်သည်။

“ဂေါ်ဖီထုပ်တွေ၊ ခရမ်းချဉ်သီးတွေ လတ်တယ်နော်၊ လတ်တယ်။ ပုပ်နေတဲ့ ပဲပင်ပေါက်တွေကို အကောင်းဆိုပြီး ညာရောင်းနေတာ မဟုတ်ဘူး”

ပြီးတော့ မတိုင်ပင်ဘဲ သူတို့ သားအမိ ၂ ယောက် တယောက်မျက်နှာ တယောက်ကြည့်ကာ အားရ ပါးရ အော်ရယ်လိုက်ကြသည်။ အဲဒီနေ့က မထားကြည် သူ့သမီးကြီးကို အရိုက်အရာ လွှဲပြောင်း ပေးအပ်တဲ့နေ့။ အိသက်နိုင် သူ့အဘိုးကို မေ့လျော့နေမိသော နေ့လည်း ဖြစ်သည်။

tag4

tag ဂိမ်းလေးတွေမှာ ဝင်ပါရတာ ပျော်တော့ပျော်ဖို့ကောင်းသား။ တနေ့က စီပုံးကိုကြည့်လိုက်တဲ့ အချိန်မှာ ကုအောင်သာငယရဲ့ တက်ထားတယ်နော်ဆိုတဲ့ စာတိုလေးတွေ့လိုက်ရတယ်။ ဘာများတက်ပါလိမ့် ဆိုပြီး သွားကြည့်မိတော့ လားလား “အချစ်ဆိုသည်မှာ” ဆိုပါကလား။ သူရေးထားလိုက်တာ ကျမ ဘာမှရေးစရာ မကျန်အောင်ဘဲ (အဲလိုဦးအောင်ပြောထားမှ။ မရေးနိုင်ဘူးလို့တော့ ဝန်မခံဘူးကွ:P)။ သူတက်ထားတဲ့ သူထဲက တချို့ကလည်း ရေးပြီးပြီ။ တချို့များ ရေးထားလိုက်တာ ကြောက်ခမန်းလိလိ။ ဆိုတော့ကာ ကျမလည်း ရေးမှတော်တော့မယ်လို့ စဉ်းစားကြည့်လိုက်တော့ အဲသဟာ ကြီးက လွယ်သလောက် တော်တော်ခက်ပြီး ရှင်းသလောက် တော်တော့ကို ရှုပ်ထွေးတဲ့ကိစ္စဖြစ်နေပါတယ်။ ဆိုတော့ အတက်နိုင်ဆုံး သူများတွေဆီက ခိုးချပြီး ရေးကြည့်လိုက်တယ် (အမယ် ခိုးချတယ်ဆိုတာ လွယ်တယ်မထင်နဲ့ နော် ဘယ်ကခိုးချရမယ်ဆိုတာ သေချာသိမှ ခိုးချတတ်တယ်မှတ်ပါ :P)။ ကဲ အစ်ကိုကြီး ရေ ... ရေးပြီဗျို့ .. နောက်မှ tag မိတာ မှားပါပြီ မပြောကြေး ...။

အချစ်ဆိုသည်မှာ

အိမ်ရှာတွေ့ခြင်းတဲ့ ပြီးတော့ မနက်တိုင်း သူဖျော်ပေးတဲ့ နို့များများနဲ့ ကော်ဖီတခွက်ကို သောက်ချင်နေတာ
အချစ်ပါ။

ဝမှာစိုးလို့ အဆီအဆိမ့်တွေကို လျှော့စားနေပေမယ့် သူလုပ်ကျွေးတဲ့ စီနမင်ရိုးလ်ကို တနေ့တလုံး စားချင် နေတာမျိုးကိုလည်း အချစ်လို့ ဆိုနိုင်ရဲ့။

ကိုယ်ကြိုက်တဲ့ ဂျော်ဒါးနိုး တံဆိပ်အင်္ကျီကို သူက အမြဲဝတ်ချင်နေတာလည်း အချစ်တဲ့။

အသက်၇၅ နှစ်အရွယ် ဖွားဖွားကို အသက် ၈၀ အရွယ်ဖိုးဖိုးက လက်ထပ်ခွင့်တောင်းတာလည်း အချစ်ပဲ။ အချစ်မှာ အသက်အရွယ် အပိုင်းအခြား မရှိ။

ကီးမြင့်မြင့် သီချင်းတပုဒ်ကို အတူတူ ဆိုဖို့ကြိုးစားကြတာလည်း အချစ်ပါ။

အချိန်ပြည့် အသက်ရှူလို့ မဝတာလည်း အချစ်လို့ ဆိုရဲ့။ ပြီးတော့ ကိုယ်သိပ်ကြိုက်တဲ့အဖိုးရဲ့အမွေ သံလိုက်အိမ်မြှောင်ကိုတောင် (ရဲရဲဝံ့ဝံ့) လက်ဆောင်ပေးလိုက်တာဟာလည်း အချစ်ပါပဲကွယ် ...။

အကောင်းဆုံးတွေကိုပဲ ပေးချင်နေပြီး အမြင့်ဆုံးထိ တွန်းတင်ပေးချင်တာ၊ ပြီးတော့ဟက်ဟက်ပက်ပက် ရယ်မောပြီး မကြာဘူး ပက်ပက်စက်စက် ငိုကျွေး ထိခိုက်ရတာ ... အချစ်ပေါ့။

အချစ်ဆိုတာ သစ်သီးတလုံးဆိုရင် ပင်လယ်သီးဖြစ်မယ်။

သနပ်ခါးနဲ့ ရောလိမ်းဖို့ ကံ့ကော်ဝတ်ဆံလေးတွေကို ခြွေပေးတာလည်း .....။

အချစ်ကကြံတချောင်းနဲ့လည်း တူသေးရဲ့။ ချိုမြိန်တဲ့အရည်တွေ စစ်ထုတ်ယူထားပြီး အသုံးမကျတဲ့ ကြိတ်ဖတ်တွေကို အမှိုက်တောင်းထဲ ထည့်လိုက်ပါ။ (ဂျစ်ကတော့ ဘယ်တော့မှမကုန်မယ့် ကြံ အရှည်ကြီးတချောင်း လိုချင်သတဲ့)

တချို့အတွက်ကတော့ အချစ်ဆိုတာ ကြောင်တကောင်ကို လည်ပင်းညှစ်တာတဲ့(မယုံမရှိနဲ့ သိချင်ရင် တူးတူးသာ ရေးတဲ့ မဆလာနံ့သင်းသောညများ ဝတ္ထုတို - ၅ ပို့စ်ကို ဖတ်ကြည့် :P)

ကဲကိုအောင်သာငယ်ရေ ကိုယ်ပိုင် ခံစားချက်နဲ့ သူများတွေဆီက ခိုးချတာတွေ ပေါင်းလိုက်တာ တပုဒ်တော့ ရပြီ။ ဆက် tag မယ်ဗျို့။ မျက်ခုံးလှုပ်ဖို့သာပြင်ထားကြ။ ငါဟာ ငါမဟုတ်ဘူး ဆိုတဲ့ တူကြီး ထူးမြတ်၊ ပန်းဂေါ်ဖီ ကြိုက်တဲ့ မောင်လေး ဂျူလိုင်အိပ်မက်၊ ယောက်ျားနာမည်နဲ့ ညီမလေး နန်းညီ၊ တခါမှ မငြိမ်ဘူးဆိုတဲ့ မောင်လေး ဟန်သစ်ငြိမ် ၊ နိုင်ငံကျော်အယ်ဒီတာကြီးတယောက်ရဲ့နာမယ်နဲ့တူတဲ့ မောင်လူအေး တို့ရေ အကြွေးလို့ မမှတ်ဘူး အားရင်ရေးလိုက်ကြပေတော့။ တို့ကတော့ လွတ်ပြီ ကျွတ်ပြီ :D









tag 3

ကင်မရာကြီးနဲ့ အစ်မ ခင်မင်းဇော်က အတင်း tag တော့ ရေးရတော့မပေါ့လေ။ tag တာကြီးကလည်း မသေခင် ဆယ်ရက် အလိုတဲ့။ ရေးချင်ဘူး ...:( ဒါပေမယ့် အစ်မက tag တာမှ ၂ ယောက်ထဲရယ်။ ညီမလေး မဆုမွန်က ရေးပြီးသွားပြီဆိုတော့ ကျမက ဟိုပုန်း ဒီရှောင်လုပ်လို့ မကောင်းပေဘူး။ ရေးရတော့မှာပေါ့လေ။ ကဲ လာလေရော့ လဟယ်။

*
မသေခင် ဆယ်ရက်အလို
*
ကျမ တကယ် နောက်ဆယ်ရက်မှာ သေမယ်ဆိုတာ သေချာပြီဆိုရင် .... အရင်ဆုံး ကျမသူငယ်ချင်းတွေဆီ အီးမေးလ် ပို့ပါမယ်။ တယောက်ချင်းစီကို သီးသန့် သူတို့ရဲ့ စရိုက်တွေကအစ အသေးစိတ် ကျမ ဘယ်လောက် မှတ်မိတယ်၊ သတိထားခဲ့တယ်၊ ကျမ သူတို့ကို ဘယ်လောက် ချစ်ခင်တယ် ဆိုတာ ပြောပြမယ်။ ကျမမှာ သူငယ်ချင်း ကြီးကြီး ငယ်ငယ်တွေက အများကြီးဆိုတော့ ၈ ရက်နဲ့ လောက်ပါ့မလား မသိဘူး (တော်တော့်ကို များတာနော်။ မယုံမရှိနဲ့)။ အဲဒီသူငယ်ချင်းတွေကို ကျမကတိပေးခဲ့ပြီး မလုပ်ပေးနိုင်ခဲ့တာတွေ၊ ကျမက အထင်လွဲ ခဲ့မိတာတွေ တောင်းပန်မယ်။ ကျမကို အထင်လွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း အတတ်နိုင်ဆုံး ရှင်းပြမယ်။
*
၉ ရက်မြောက်နေ့ကျရင်တော့ ကျမရဲ့ တိုင်းပြည်နဲ့၊ ကျမရဲ့ အမေ့အတွက် စာ ၂ စောင် သေချာရေးပါမယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ သူ့မှာတမ်း ကဗျာထဲက ခိုးချတယ်ပဲဆိုဆို တိုင်းပြည်နဲ့ အမေ့အတွက် ဘာမှ မလုပ်ပေး နိုင်ခဲ့လို့ အားနာတဲ့အကြောင်း သေသေချာချာရေးမယ်။ အမေ့ကိုတော့ ကျမ ခရီးရှည်ထွက်မှာမို့ တော်တော်ကြာ ကြာ မဆက်သွယ်နိုင်ဘူး ဆိုတဲ့အကြောင်း ပြောပြခဲ့မယ်။
*
နောက်ဆုံးကျန်တဲ့တရက်မှာ ကျမ ခရီးထွက်မယ်။ ဘယ်သူ့ကိုမှ မမှာခဲ့ဘဲ၊ ကျမကို လုံးဝမသိတဲ့ သူတွေ နေတဲ့
အရပ်တခုခုဆီ ... ကျမကို ချစ်တဲ့သူတွေနဲ့ အဝေးဆုံးအရပ်ဆီကို ..။ အဲဒီဒေသက တောင်၊ ဒါမှမဟုတ် ပင်လယ်နဲ့ နီးတဲ့၊ သဘာဝအလှကို သေချာ ခံစားနိုင်တဲ့ နေရာတခုခုပေါ့။ ကျမကိုချစ်တဲ့ သူတွေက ကျမ ခရီး ထွက်သွားတယ်ပဲ သိထားရမယ်။ ကျမကြောင့် သူတို့ဝမ်းနည်း ပူဆွေးတာမျိုး မဖြစ်စေရ။ တနေ့ ကျမပြန်လာ မယ်လို့ထင်ပြီး စောင့်ရင်း ကြာတော့ သူတို့ မေ့သွားကြလိမ့်မယ်။
*
အဲဒီမှာ ကျမ သဘာဝအလှကို နောက်ဆုံးခံစားမယ် ....။ နေထွက်တာ၊ နေဝင်တာ၊ ပိုးကောင်လေးတွေ၊ တောပန်းကလေးတွေ၊ မြက်ပင်လေးတွေ၊ တိမ်တွေ၊ မြူနှင်းတွေ၊ သစ်ပင်တွေ ..... အဲဒီအလှတွေကို အသေးစိတ် ကြည့်မယ်။ ကုယ့်ဘာသာကိုယ် အလုပ်တွေရှုပ်ပြီး သဘာဝအလှကို သေချာမခံစားနိုင်တဲ့ အချိန်က များတယ် မဟုတ်လား။
*
ကျမသေမယ့်နေရာမှာ လူတယောက်တလေ၊ ဒါမှမဟုတ် လူတွေ ရှိနေမယ် ဆိုရင် ကျမကို သူတို့ အသက်သာ ဆုံး နည်းနဲ့ သင်္ဂြိုဟ်ဖို့ ပြောခဲ့မယ်။ လွယ်လွယ်ကူကူနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သင်္ဂြိုဟ်လိုက်ပါလို့ ပြောခဲ့မယ်။
*
ကျမက ခရစ်ယာန်ဘာသာဝင်တယောက် ဖြစ်တဲ့အတွက် ကျမကိုယ်ကျမ ဘုရားသခင်ရဲ့လက်ထဲမှာ သေသေ ချာချာအပ်လိုက်မယ်။ ပြီးရင်တော့ သေလို့ရပါပြီ ....။
*
အစ်မရေ ... ရေးဆိုလို့ ရေးတော့ပြီးပြီ။ ၈ ရက်ကို လူလည်လုပ်ပြီး ကျော်ချလိုက်တယ်။ စိတ်မရှိပါနဲ့နော်။ ဒီဟာကို တော့ ဘယ်သူ့ကိုမှဆက်မ tag တော့ဘူးသိလား။ ဒီလောက်ကျော်ချတာတောင် တော်တော်ရေးယူရတာ။

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁

ကျမဘလော့ကလေးကို ပြင်လိုက်ပြီ ..။ တကယ့်ကို ကြည့်မဝအောင်ပါပဲ (ကိုယ့်ဖာသာ ဖြစ်နေတာများ ပြောပါတယ်)။ မောင်လေး တယောက်က ပြင်ပေးတာပါ။ သူက ဘယ်တုန်းထဲက အမြင်မတော် ဖြစ်နေတယ် မသိဘူး။ ကျမကလည်း ဘယ်သူများ လုပ်ပေး ပါ့မလဲလို့ စကားခေါ်ရတာ အမောဆိုတော့ နောက်ဆုံး သူက ဗော်လန်တီယာ လုပ်လိုက်တဲ့အချိန်မှာ မယ်ကျိုင်းတုပ် ဖြစ် သွားပါတယ်။ စစချင်းသူက ဘလော့ ခေါင်းစဉ် အောက်မှာ “ကြိုဆိုပါ၏” လို့ ရေးထားသေးတာ။ ကျမက အဲဒါတော့ မလုပ်ပါနဲ့ဟာ မြို့အဝင် ဆိုင်းဘုတ်နဲ့ တူနေပြီဆိုလို့ ပြန်ပြောင်းပေးရှာတယ်။ ကျမဘလော့ အသစ်ကလေး စဖွင့်တဲ့ အထိမ်းအမှတ်နဲ့ ဘာရေးတင်ရင် ကောင်းမလဲ စဉ်းစားတော့ ဘလော့ကို ပြင်ပေးတဲ့ မောင်လေးအတွက်လည်း အမှတ်တရ ဖြစ်ရအောင် “ရော့ကာကြီးတယောက်နဲ့ အင်တာဗျူးတုန်းက” အဖြစ်အပျက်ကလေး တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် (သူက လည်း ရော့ကာဆိုတော့ကာ .. :D)။ ပထမ သူ့ဘလော့ မှာ တင်ဖို့ ဒီပို့စ်ကို လက်ဆောင်ပေးတာပါ။ သူက အစ်မပဲတင်လိုက်ပါဆိုတော့ ဒုတိယံမိ မယ်ကျိုင်းတုပ် ဖြစ်သွားပြန်တယ်။ ဒီပို့စ်က ကျမရဲ့ စာနယ်ဇင်းသမားဘဝ ဖြတ်သန်းမှုထဲက ဖြစ်ရပ်တခုမို့ “စာနယ်ဇင်းသမားဘဝ ကမောက်ကမ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်လိုက် ပါမယ်။ ကမောက်ကမ ဆိုတဲ့အတိုင်း ကျမရေးမှာတွေက ရှေ့ရောက်လိုက် နောက်ရောက်လိုက် ဖြစ်ချင် ဖြစ်နေပါမယ်။ တကယ့်အဖြစ်မှန် တွေရေးတဲ့အခါမှာ တချို့ စိတ်ကသိကအောင့် ဖြစ်စရာကလေးတွေ ပြန်ပါလာရင် ကျမကို နားလည်ပေးဖို့ ကြိုတင်တောင်းပန်ပါတယ်။ ကျမ ဘယ်သူ့ကိုမှ မုန်းလို့၊ နာစေလိုလို့ ရေးတာ မဟုတ်ပါဘူး။ ကျမရဲ့ စာနယ်ဇင်းသမား ဘဝမှာ ပါဝင်ဖြတ်သန်းခဲ့တဲ့ ဇာတ်ကောင်တွေအဖြစ် အဲဒီလူတွေ အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်နေမှာပါ။ ဘလော့ကလေးကို ပြင်ပေးတဲ့ မောင်လေး Fresh up ကိုလည်း အထူး ကျေးဇူးတင်ရှိရင်းနဲ့ နောက်ထပ် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် (အကယ်ဒမီပေးပွဲမှာ ကျေးဇူးတင်စကား ပြောသလို ဖြစ်နေပြီလားမသိ :P)။


သားကောင် နဲ့အတူ ကျောက်တန်းလှေဆိပ်မှာ

ကျောက်တန်းရေလယ်ဘုရားကိုကူးတဲ့ ကူးတို့ဆိပ်ကိုရောက်တော့ အဲဒီနားမှာရှိတဲ့ လက်ဘက်ရည်ဆိုင် မှန်သမျှ ရာစုသစ်အခွေကို ဖွင့်ထားတယ်။

“ဟိုးအဝေးက နှင်းတွေကျဆဲပဲ ... ဒီအချိန်တွေဆို သူရောက်လာ ...”

မျိုးကြီးရဲ့အသံက လွင့်ပျံ့လို့ ...။ တယောက်ကမေးလိုက်တယ်။ မယုံမရဲနဲ့ “ဟုတ်ရဲ့လားဟာ” တဲ့။ ကျမက “သေချာပါတယ်ဟ” လို့သာ ပြန်ဖြေရ ... စိတ်ကတော့ သိပ်မယုံရဲသေးဘူး။

ဟုတ်တယ်လေ။ ဘယ်သူက ယုံပါ့မလဲ။ အဲဒီအချိန်မှာ နာမည်အလွန်ကို ကြီးနေပြီဖြစ်တဲ့ အဆိုတော်လေးဖြူနဲ့ ချိန်းထားတယ်။ ဘယ်နားမှာလဲ ဆိုတော့ ကျောက်တန်းလှေဆိပ်မှာ။ ကျမပြောတာကို ယုံပြီးလိုက်လာတဲ့ ကောင်တွေ မယုံတာ မလွန်ဘူး မဟုတ်လား။ ကျမ အဲဒီမနက်ခင်းက ကိုလေးဖြူနဲ့ တကယ်ကို ဖုန်းပြောခဲ့တာပါ။ ကိုလေးဖြူကလည်း ကျောက်တန်းကို ဆွေမျိုးတွေ (သူပြောပြောနေကျ ဆွေမျိုးတွေ ဟုတ် မဟုတ်တော့ မသိ) ပို့စရာရှိလို့ “ညည်းကသန်လျင်ကဆိုတော့ အဲဒီလာခဲ့ပါလား” လို့ တကယ်ကို ပြောခဲ့တာပါ။ နိုင်ငံကျော် ရော့ကာကြီးက နောက်မယ်တော့ မထင်ပါဘူးလေ။

လှေဆိပ်တော့ရောက်ပြီ ...။ ကြည့်လိုက်တော့ ကျားထိုးနေကြတဲ့ လှေသမားတွေ ....။ ကွမ်းတပြစ်ပြစ်နဲ့ ... ဘယ်မှာလဲ လေးဖြူ ...။ တယောက်ကပြောလိုက်တယ်။ အင်္ကျီအနက်ရောင် ဝတ်ထားတဲ့ လူတယောက်ကို လက်ညှိုးထိုးရင်း ... “ဟေ့ အဲဒါလေးဖြူမဟုတ်လား” တဲ့။ ကျမက “မဖြစ်နိုင်ပါဘူးဟာ” လို့ ပြန်ပြောလိုက် ရတယ်။ နောက်ကျောပဲမြင်ရတဲ့ အဲဒီလူက လှေသမားတွေနဲ့ ကျားဝင်ထိုးနေတာလေ ... ပြီးတော့ ကွမ်းကလည်း တပြစ်ပြစ်။ ဒါပေမယ့် သူနောက်ကိုလှည့်ကြည့်လိုက်တဲ့ အချိန်မှာ ကျမတို့အားလုံး တပြိုင်တည်း “ကိုလေးဖြူ” လို့ အော်လိုက်မိကြတယ်။ သူက ကွမ်းချေးတက်နေတဲ့ သွားတွေပေါ်အောင် ရယ်ရင်းက “ရောက်ကြပြီလား” လို့ လှမ်းပြောတယ် ...။

၂၀၀၀ ပြည့်နှစ်ကိုဝင်ခါစ ...။ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သုံးယောက်ရဲ့ ရာစုသစ် အခွေ ထွက်ခါစ...။ လူငယ်တွေ ပါးစပ်ဖျားမှာ၊ လက်ဘက်ရည်ဆိုင်တွေမှာ ရာစုသစ် ... ရာစုသစ် ဆိုပြီး ဖြစ်နေတဲ့ကာလပါ။ အဲဒီတုန်းက အဆိုတော်လေးဖြူကို မဂ္ဂဇင်းတစောင်က အင်တာဗျူး လုပ်ပါတယ်။ အဲဒီအင်တာဗျူးက စဖွင့်ကတည်းက အင်တာဗျူးနဲ့မတူဘဲ ရန်ဖြစ်နေသလိုဖြစ်နေတာ တွေ့ရတယ် ... ။

အင်တာဗျူးလုပ်တဲ့သူဆိုတာ အိမ်စာလုပ်ရပါတယ်။ ဆိုလိုတာက ကိုယ်ဗျူးမယ့်သူရဲ့ အကြောင်းနဲ့ ဗျူးမယ့် အကြောင်းအရာကို နှံ့နှံ့စပ်စပ် မဟုတ်တောင် ခြုံငုံပြီး သိနေရပါမယ်။ ဒါပေမယ့် ကိုလေးဖြူကိုအင်တာဗျူး သူတွေက ကိုလေးဖြူ အခွေဘယ်နှခွေ ထွက်ထားသလဲ ဆိုတာတောင် မလေ့လာခဲ့ပါဘူး (မသိဘူးလို့ ကျမ မသုံးဘူးနော်)။ နောက် ဂီတသမား၊ ရော့ကာကိုဗျူးတာဖြစ်တဲ့အတွက် ဂီတအကြောင်း၊ ရော့ခ်မြူးဇစ်အကြောင်း ကို နည်းနည်းတော့လေ့လာခဲ့ရပါမယ်။ သူတို့ မလေ့လာသွားဘူး။

အဲဒီမှာ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုလေးဖြူကလည်း စကတည်းက ဟိုဘက်ကမေးတဲ့ မေးခွန်း “ကိုလေးဖြူက ခု အခွေ ၂ ခွေ ထွက်ပြီးပြီ နော်” လို့ ဆိုလိုက်တာနဲ့ ဘာပြန်ပြောလဲဆိုတော့ “ခင်ဗျားတို့ ကျနော့် ကို အင်တာဗျူးလုပ်မယ်ဆိုရင် ကျနော့်အကြောင်းကိုတော့ နည်းနည်း လေ့လာထားသင့်တယ်” ဆိုပြီး ပြောလိုက် ပါတယ်။ အဲဒါကို ဗျူးသူများကလည်း အဲဒီအတိုင်း မဂ္ဂဇင်းထဲမှာ ရေးပါတယ်။ ဆက်ပြီး မေးတဲ့သူနဲ့ ဖြေတဲ့သူ ပြောသမျှတွေကို မဂ္ဂဇင်းက မခြွင်းမချန် ရေးပါတယ်။ ကိုလေးဖြူက မျက်နှာပေးကဘယ်လို...။ ကွမ်းတံတွေးကို ဘယ်လို ပြစ်ကနည်း ထွေးပြီှးမှ ဖြေတာ ဆိုတာကအစ ပေါ့ ....(ပရိသတ် အမြင်မကပ် ကပ်အောင် ရေးတာပါ)

ဟိုကမေးသမျှတွေက အဆီအငေါ်မတည့်လေ ကိုလေးဖြူကလည်း ထောင်ချောက်မှန်းမသိ ဘုတောလေ။ အဲလို ဘုတောသမျှကို မဂ္ဂဇင်းကထည့်လေ၊ ပွဲကဆူလေပေါ့။ အဲဒီအင်တာဗျူးကို ဖတ်တဲ့အချိန်မှာ ကျမစိတ်ထဲက မတရားသလို ခံစားရတယ်။ အဲဒါကျမက လေးဖြူ ပရိသတ်မို့လို့ရယ် မဟုတ်ဘူးနော် ... ကိုလေးဖြူ ပရိသတ် မဟုတ်လည်း အဲလိုပဲ ခံစားရမှာပဲ (သူ့ပရိသတ်ဖြစ်နေတော့ ပိုတင်းတာပေါ့လေ)။ ကျမစိတ်ထဲ စာနယ်ဇင်း ဆရာ တွေက စာမျက်နှာ ငါတို့ပိုင်တယ်၊ အနုပညာရှင်ဆိုတာ ငါတို့ ကလောင်နဲ့ နှက်ရင် ခံရတာပဲ ဆိုတဲ့ ပုံစံနဲ့ အနိုင်ကျင့်နေသလို ခံစားရတယ် ....။

ကျမက အဲဒီအချိန်က စာနယ်ဇင်းလောကကို ခြေချခါစ ဂျာနယ်လစ်ပေါက်စ ..။ ဒီလို တဘက်သက်လုပ်တာကို လုံးဝ မခံဘူးဟေ့ ဆိုတဲ့အချိန်။ ဘာမှလည်း သိပ်နားလည်တာမဟုတ်။ ပရိယာယ်တွေကိုလည်း မသိ။ ကျမ အတွေးက ကိုလေးဖြူ အနေနဲ့လည်း ဖြေရှင်းခွင့် ရသင့်တယ် ..။ သူ့ကို တဘက်သက် အားလုံးက (စာဖတ် သူတွေကပါ) ရိုင်းတယ်လို့ ထင်နေတာကို အဲလိုမဟုတ်ပါဘူး ဆိုတာ သိအောင် ကျမ ဖော်ထုတ်ချင်တယ်။ အဲဒီအင်တာဗျူးကို ဖတ်ပြီးတော့ ကိုလေးဖြူမရိုင်းဘူး ဆိုတာ ကျမခံစားသိနဲ့သိနေတယ်လေ။

ဒါနဲ့ပဲ ကျမရဲ့ အယ်ဒီတာချုပ်ဆီမှာ ခွင့်တောင်းတယ် (ကျမကအင်တာဗျူးဂျာနယ်မှာပါ)။ ကျမကို လေးဖြူနဲ့ အင်တာဗျူးလုပ်ခွင့်ပေးပါလို့။ အယ်ချုပ်ကလည်း ဗျူးပေါ့၊ ကြိုက်တာပေါ့၊ ကိုယ့်ဖာသာ ချိတ်ပေါ့။ အဲဒီမှာ အစ်မကြီး တယောက်ရဲ့ ကျေးဇူးနဲ့ စထရင်းဟိုတယ်မှာလုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ရှိုးကို ကျမ ကြည့်ခွင့် ရလိုက်တယ်။ အဲဒီမှာ ကိုလေးဖြူပါတယ်လေ။ အဲဒီအစ်မကြီးကျေးဇူးနဲ့ပဲ ကိုလေးဖြူနဲ့ တွေ့ရတယ်။ ကိုလေးဖြူက “အယ်ဒီတာဆိုလို့ အကြီးကြီးမှတ်တာ ပေါက်စလေးကိုး” လို့ စ တယ်။ မျက်နှာကလည်း ပြုံးရွှင်လို့။ အဲဒီမှာပဲ ကိုလေးဖြူကို လူတွေ အထင်လွဲနေကြတာ ဆိုတာပိုသေချာသွားပါတယ် (ဒီလောက်ခင်စရာ ကောင်းတဲ့ သူကိုများ ပေါ့လေ)။

ဒီလိုနဲ့ အင်တာဗျူးဖို့ ချိန်းထားတဲ့နေ့ရောက်တော့ ကိုလေးဖြူကပဲ ကျောက်တန်းလှေဆိပ်ကို လာပါလားလို့ ကျမကိုချိန်းတာနဲ့ သူငယ်ချင်းတွေပါ ခေါ်ပြီး သူ့ကို အင်တာဗျူးလုပ်ဖြစ်ပါတယ်။ သူ့ကို အင်တာဗျူး လုပ်ခဲ့တာတွေ အများကြီးပါ။ အင်တာဗျူးဆိုတာထက် စကားဝိုင်းလေးဆိုရင်တောင် ပိုမှန်မယ်ထင်တယ်။ ကျမ သူငယ်ချင်းတွေကလည်း လိုကယ်ပလေယာတွေ၊ ရော့ခ် မှ ရော့ခ်တွေ၊ လေးဖြူရူးတွေဆိုတော့ ပွဲက ကောင်းရောပဲ။ ကိုလေးဖြူ ကလည်း သူ့ကို တခုတ်တရ ဖြေရှင်းခွင့်ပေးတဲ့အတွက် တော်တော်လေး ပျော်သွားပုံရတယ်။

ဖြေရှင်းခွင့်ပေးတယ် ဆိုတာထက် သူ ထောင်ချောက်ထဲ ကျခဲ့တာပါ ဆိုတာ လူတွေ သိစေချင်တာပါ။ သူက ရိုးသားတယ်လေ။ ပရိယာယ်တွေလည်း နားမလည်ဘူး။ မဟုတ်တာကို ဒေါသထွက်ဖို့ပဲ သိခဲ့တာ (ခုတော့လည်း မြို့ကြီးသားတွေရဲ့ ပရိယာယ်တွေကို ကိုလေးဖြူ တော်တော်လေး နပ်လောက်ပါပြီ “သားကောင်” တောင် ဆိုပြီးမှပဲ။ ဒါတောင် သူ့ခမျာ တခါတခါ ထောင့်မကျိုးဘူး ပြောခံရသေးရဲ့ .. )။

အင်တာဗျူးတာကတော့ အများကြီးပဲ။ ဘာတွေပြောခဲ့လဲ ဆိုတာလည်း ၈ နှစ်တောင်ကြာခဲ့ပြီ ဆိုတော့ မမှတ်မိ တော့ဘူး။ ဒါပေမယ့် တခုမှတ်မိနေတာကတော့ ကျမတို့ထဲက တယောက်က ပြောလိုက်တယ် “ကိုလေးဖြူ စတိတ်ရှိုးတွေက အရမ်းဈေးကြီးတယ်။ တကယ်ကြည့်ချင်တဲ့ လူငယ်တွေ မကြည့်နိုင်ဘူး” တဲ့ (ကျမတို့ အားလုံး သူ့စတိတ်ရှိုးတွေ မကြည့်နိုင်ကြတာ အမှန်ပဲလေ)။ သူကပြန်ပြောတယ်။ “ကျနော်လည်း လမ်းဘေးအုတ်ခုံမှာ ခင်ဗျားတို့နဲ့ အတူ ဂစ်တာတီး သီချင်းအော်ဆိုပြချင်တာပေါ့ဗျာ။ အဲလိုမှ လုပ်လို့ မရတော့တာ” တဲ့။ သူ့ပုံက တကယ် လုပ်လို့ရရင်လုပ်မယ် ဆိုတဲ့ပုံ ...။

နောက်တခုက ကျမကမေးမိတာ “ကိုလေးဖြူ မြန်မာ အဆိုတော်ထဲမှာ ဘယ်သူ့ကို အားအကျဆုံးလဲ” ဆိုတော့ သူက တွံတေးသိန်းတန်တဲ့ ဘာလို့လဲဆိုတော့ သူက “ကျနော်တို့ ငယ်ငယ်က အင်းထဲမှာ ပွဲလုပ်ရင် သူနှစ်တိုင်း လာတယ်။ အဲလိုလာရင် တနှစ်ကို မိန်းမ တယောက်နဲ့ဗျ။ အဲဒါကို အားကျတာ” လို့ ပြန်ပြောပါတယ်။ အဲဒါက သူ နောက်ပြီးပြောတာပါ။ တွံတေးသိန်းတန်ကို စော်ကားတာလည်း မဟုတ်ပါဘူး။ စာမျက်နှာပေါ်တင်ဖို့ မဟုတ်ဘဲ ကျမတို့ကို သက်သက် နောက်တဲ့သဘောပါ (off the record) လို့ မပြောပေမယ့် ဒါဟာ သူသက်သက် နောက်တယ် ဆိုတာသိပြီး ကျမ စာမျက်နှာပေါ် မတင်ပါဘူး(ခုတော့ကွန်ပျူတာ ဖန်သားပြင်ပေါ်တင်လိုက်ပြီ :P)

တခြားမေးခွန်းတွေကတော့ သူနဲ့ မဂ္ဂဇင်းဆရာမများ ဖြစ်ကြတဲ့ကိစ္စကလွဲရင် ဂီတ အကြောင်းတွေချည်းပါပဲ။ ကျမတို့ သူနဲ့ တဝကြီး စကားတွေ ပြောလိုက်ရပါတယ်။ ဘာပကာသနမှမရှိတဲ့သူနဲ့ လေးဖြူမှန်းတောင် မသိတဲ့ လူတွေကြားမှာ ခပ်တည်တည်နဲ့ ဝိုင်းထိုင်ပြီး ကျမတို့ စကားပြောခဲ့ကြပါတယ်။ လှေဆိပ်က အုတ်ဘောင် လေးမှာ သူနဲ့ ကျမသူငယ်ချင်းတွေနဲ့ ကွမ်းတွေ သူ့ဆီကယူစားလိုက် ကိုယ့်ဆီက ယူစားလိုက် လုပ်ရင်းပြောခဲ့တဲ့ အဲဒီ စကားဝိုင်းလေးကို ဘယ်တော့မှ မမေ့ပါဘူး။ ပြီးမှ ဓာတ်ပုံဆရာက ဓာတ်ပုံတွေရိုက်တော့ လှေသမားတွေ တအံ့ တသြကြည့်ကြပါတယ်။

အဲဒီတုန်းက လေးဖြူဆိုတဲ့ နာမည်နဲ့ပတ်သက်လို့ ကျမမေးခဲ့သေးတယ်။ တချို့က အဲဒါ “၄ ဖြူ” (NO. 4) လို့ ပြောကြလို့ပါ။ ဟုတ်တယ် ဆိုလည်း ကျမစာမျက်နှာပေါ်မတင်ဘူးပေါ့ .. အဲလိုသဘောနဲ့မေးတာကို သူက ဖြေပါတယ် “ကျနော်တို့ မောင်နှမတွေထဲမှာ ကျနော်က တော်တော်ဖြူတာဗျ..။ အငဲဆိုလည်း တွေ့တဲ့အတိုင်း :P .... အဲဒါကြောင့် ကျနော့် အစ်မတွေက ကျနော့်ကို မောင်လေးဖြူ၊ မောင်လေးဖြူ လို့ ခေါ်ကြတယ်။ အဲဒီနာမည်ကို ယူတာပါ” တဲ့။ သူ့နာမည်အရင်းတော့ ပြောတယ်။ ကျမမေ့သွားပြီ .. နာမည်ရင်းနဲ့ ပတ်သက်လို့ သူပြောတာ တခု တော့ မှတ်မိတယ်။ “ကျနော်တို့ ညီအစ်ကိုတွေ နာမည်က ဇာတ်မင်းသားနာမည်တွေနဲ့ တူတယ်” တဲ့။ နံပတ်ဖိုးကို ယူထားတာသာမှန်ရင် သူ့သားနဲ့ သမီးနာမည်က တိမ်လေးဖြူတို့ ဆောင်းလေးဖြူတို့ ဘယ်မှည့်ပါ့မလဲ ... နော်။

ဒီအင်တာဗျူးကိစ္စကို အစပြန်ဖော်တာ ကျမ ချေးချောက်ရေနှူးတာမဟုတ်ပါဘူး။ မဂ္ဂဇင်းဆရာမများနဲ့လည်း နောင်တချိန်မှာ ညီအစ်မအရင်းတွေလို ခင်ခဲ့ကြပါတယ်။ ခုလည်း ခင်မင်ဆဲပါ။ အဲဒီတုန်းက ဂျာနယ်လစ်ပေါက်စ ဆိုတော့ ဖွတယ်ဆိုတာ ကျမက နားမှမလည်ဘဲကိုး။ နောက်မှ ကျမပါ ဝင်ဖွသူဖြစ်ခဲ့မှန်းသိခဲ့ရတယ်။ လေးဖြူနဲ့ စကားပြောခွင့်ရခဲ့တာကို ကျမ ခုချိန်ထိ ကျေနပ်နေတုန်းပဲ။ ကျမလုပ်နိုင်တာတခုကို လုပ်ပေးလိုက်ရလို့ ပျော်တယ်။ တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ သေးသေးလေးပါ။ တချို့လည်း ကိုလေးဖြူကို ခုချိန်ထိ ရိုင်းတယ် ထင်နေကြတုန်းပဲ။ တကယ်က သူက ရိုင်းတာမဟုတ်ပါဘူး။ ရိုးတာပါ။ ပြီးတော့ သူ့ရဲ့ ပရော်ဖက်ရှင်ကို သူ တန်ဖိုး ထားတာ၊ လေးစားတာပါ။ အဲလိုပဲ ကျမထင်တယ်။

နောက်ပိုင်း စာနယ်ဇင်းပါးဝလာတော့ အိုင်စီ စတိတ်ရှိုးတွေ (လက်မှတ်အလကားရလို့) ကြည့်ရတော့ သူ့ကို လူတွေ ဘယ်လောက် တောင့်တတယ် ဆိုတာ တွေ့လာရတယ်။ စထရင်းဟိုတယ်မှာ လုပ်တဲ့ ပွဲတုန်းက သူမပါပေမယ့် လက်မှတ်တွေ မှောင်ခိုဈေးနဲ့ ရောင်းခဲ့ရတယ်။ ဒါပေမယ့် အဲဒီမှာ ဘယ်အဆိုတော် တက်လာ တက်လာ ပရိသတ်ရဲ့ “လေးဖြူ ... လေးဖြူ” ဆိုတဲ့ အသံကလွှမ်းနေတာပါ။ အဲဒီပွဲမှာ ကိုအငဲက ပရိသတ်ရဲ့ “လေးဖြူ ... လေးဖြူ” ဆိုတဲ့ အသံကိုကြားတော့ သီချင်းနောက်တပုဒ် မကူးခင်မှာ “သူလည်း ဆိုချင်တာပေါ့ဗျာ ..” လို့ ထိထိ ခိုက်ခိုက် ပြောသွားပါတယ်။

သူဘာကြောင့် ရှိုးပွဲမဆိုလဲဆိုတဲ့ကိစ္စက ဗားရှင်းအမျိုးမျိုး ကြားနေရတယ်။ ဘယ်ဟာ အမှန်လည်းတော့ ကျမလည်း မသိပါဘူး။ သူကိုယ်တိုင်က ဖွင့်ပြောမှပဲ သိရမှာပါ။ ဒါပေမယ့် နာဂစ် ရန်ပုံငွေပွဲမှာ သူ ... အိုင်စီနဲ့ အတူ ပရိသတ်အတွက် အကောင်းဆုံး လုပ်ပြခဲ့တာပဲ မဟုတ်လား။ ပရိသတ်အပေါ် မာနကြီးတာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ကျမရဲ့ လှေဆိပ်အင်တာဗျူးကို အစပြန်ကောက်ရရင် ကိုလေးဖြူရဲ့ ဆွေတွေမျိုးတွေ လှေနဲ့ ဒီဘက်ကမ်း ပြန်ရောက်ချိန်မှာ စကားဝိုင်းလေး အဆုံးသတ်တယ် ဆိုပါတော့။ အဲဒီနေ့ပဲ ကျမရဲ့ တိုက်ကို အပြေးသွားရောက် သွား ... အယ်ဒီတာချုပ်နဲ့ အဖွဲ့ကို လေးဖြူအင်တာဗျူးရပြီ ... ရေးမယ် ဆိုတော့ ... သူတို့က ကျမကို တခြား ကမ္ဘာက ဂြိုဟ်သားလို ကြည့်ကြပါတယ်။ အယ်ချုပ်ကပဲ “ ... နင် ဘာမှ မဖြစ်ဘူးနော်” တဲ့။ နောက် တယောက် က “နင့်ကို လေးဖြူက ရိုက်လွှတ်ပြီထင်နေတာ။ ငါတို့ စိုးရိမ်နေကြတာ” တဲ့ ပြောပုံကို ကြည့်ပါဦး။ ကျမတောင် ကြောင်သွားတယ်။ ကိုလေးဖြူကို အတော်များများက အဲလိုထင်နေခဲ့ကြတာပါ။ အဲဒီ ကျမနဲ့ အင်တာဗျူးကို ဂျာနယ်မှာ ထည့်လိုက်တော့ ပွဲဆူသွားသေးတယ်။ ကျမက စာနယ်ဇင်းသမား ချင်းချင်း ဘက်က မလိုက်ဘဲ အဆိုတော်ဘက်က လိုက်တယ်ဆိုမျိုးတွေလည်း ကြားရတယ်။ တကယ်က ကျမက မဟုတ်တာကို မဟုတ်ကြောင်း ဖွင့်ချရုံလေးပါ။

ကျမရဲ့ စာနယ်ဇင်းသက်တမ်းမှာ အဆိုတော် ၂ ယောက်ကိုပဲ သေချာဗျူးဖူးတယ်။ အဲဒါက ကိုလေးဖြူနဲ့ မျိုးကြီးပါ။ ဇော်ဝင်းထွတ်ကတော့ သူများဗျူးရင်း ပါသွားတာဆိုတော့ ကျမကိုယ်တိုင် ဗျူးတဲ့ စာရင်းထဲ မထည့်တော့ဘူး။ မျိုးကြီးကို အင်တာဗျူးတာကတော့ သိပ်ထွေထွေ ထူးထူး မရှိလှဘူး။ သူဖြေသမျှ “ကိုလေး” ဆိုတဲ့ နာမည်မှ မလွတ်ဘဲ။ ညီတယောက်က အစ်ကိုတယောက်ကို အားကိုးသလို ဘာမေးမေး “ကိုလေး လုပ်ပေးတာ” ဆိုတာချည်းပဲ။ ပိုစတာက အစ၊ စတိတ်ရှိုးမှာ သီချင်းရွေးတာအဆုံးပေါ့။ စိတ်ပေါက်ပေါက်နဲ့ ဒီအင်တာဗျူးကိုလည်း ကိုလေးပဲ ဖြေခိုင်းပါလားလို့ ပြောမိတော့မလို့ :D ။ ဒါပေမယ့် သူအဲလိုဖြေတာကိုက ကိုလေးဖြူကို ဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ကျမဖြင့် သဘောကျလို့ မဆုံးဘဲ ...။

ဒါပါပဲ။ ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းရှိတဲ့ ရော့ကာကြီး တယောက်အကြောင်း ကျမကြုံခဲ့တာလေးတွေနဲ့ ရောပြီး ဖောက်သည်ချတဲ့ သဘောပါ။ ရော့ခ်ကိုချစ်တဲ့ သူတွေအားလုံးရဲ့ ရင်းနှီးခင်မင်ရတဲ့ အစ်ကိုကြီးတယောက်နဲ့ ခဏတာ ဆုံဖြစ်တဲ့ အကြောင်းပေါ့။

ပရိသတ်ဆိုတာက သူတို့ကိုစော်ကားတဲ့ အနုပညာရှင်ကို ဒဏ်ခတ်တတ်ပါတယ်။ ရိုးတာနဲ့ ရိုင်းတာ မကွဲပြားသူတွေကတော့ ဒီနေ့ထိ ရှိုးတိုင်းမှာ “လေးဖြူ ... လေးဖြူ” လို့ အော်ဟစ်တောင်းဆိုနေတာ ဘာကြောင့်ပါလိမ့်လို့ အံ့သြနေမလားပဲ .... ။

ဝတ္ထုတို ၁၂

၂၀၀၂ ခုနှစ် အောက်တိုဘာလက ရတီမဂ္ဂဇင်းမှာ ပါခဲ့တဲ့ ဝတ္ထုလေးကို ပြန်ဖော်ပြလိုက်ပါ တယ်။ တကယ်က သရုပ်ဖော်ပုံလေးကိုပါ တင်ချင်တာ။ ကျမရဲ့ ချိုကျိုးနားရွက်ပဲ့ ခေတ်မမီ ပစ္စည်းတွေကြောင့် လက်လျှော့လိုက်ရပါတယ် (ကိုယ်အသုံးမကျ တာလည်း ပါသပေါ့)။ ကာတွန်း ထက်မိုးက သေချာဆွဲပေးထားတဲ့ သရုပ်ဖော်ပုံလေးကို အဆင်ပြေရင် နောက်ဆက်တွဲအနေနဲ့ ဖော်ပြပေးပါမယ် (စိစစ်ရေးမရှိတာ အဲဒါ တပန်းသာတယ်နော် ကြိုက်သလိုလုပ် အေးဆေးပဲ)။ ဘော်ဒါတွေက အသစ်တွေရေးဖို့ တိုက်တွန်းပေမယ့် ကျမ ဒီတလောမှာ အသစ်ရေးဖို့ အဆင် မပြေလှတာနဲ့ (ပျင်းတာကို ဂလိုပဲ ဖုံးဖုံးဖိဖိပေါ့) အဟောင်းတွေချည်း လှိမ့်တင်နေမိတာပါ။ တကယ်တော့ အဲဒီအဟောင်းတောင် ပြန်ရိုက်ဖို့ ခပ်ပျင်းပျင်းရယ်။ ဒါပေမယ့် ကျမစီပုံးလေး အသက်ဝင်နေတာကို စွဲလမ်းနေမိတာကြောင့် ပျင်းပျင်းနဲ့ ရှိပြီးသား အဟောင်းတွေ အတင်းရိုက် အတင်းတင် လုပ်နေမိတာပါ။ စိတ်ထဲမှာတော့ ရေးချင်တာတွေ၊ ဇာတ်လမ်းတွေ ရှိပါတယ်။ နောက်ပြီး အဟောင်းကလည်း ၁ ပုဒ်၊ ၂ ပုဒ်လောက်ပဲ လက်ထဲရှိတာ ကျန်တော့တာ ဆိုတော့ အသစ်က မဖြစ်မနေ ရေးကို ရေးရတော့မှာ။ ကျမရဲ့ အမာခံပရိသတ်လည်းဖြစ်၊ ကျမကို လာလာဆူနေကျလည်းဖြစ်တဲ့ မောင် ၂ ကောင် (ကျမစီပုံးကို အလွဲသုံးစား လုပ်ပြီး တယောက်နဲ့ တယောက် လှမ်းလှမ်း အော်နေတဲ့ ကောင်တွေ) ကလည်း ကျမကို အသစ်ရေးပါ၊ အသစ်ရေးပါချည်း လုပ်နေလေရဲ့။ သူတို့မရေးရတိုင်းလေ။ “ဟေးယောင်တွေ ဒီတခါအသစ်ရေးရင် ဇာတ်ကောင်က နင်တို့ထဲက တကောင်ပဲ သဘောပေါက်”။ ဒီ အစီအစဉ် ကြေညာသူ ကြီးကလည်း အပြင်မှာ တကယ်ရှိတဲ့ လူတယောက်အကြောင်းပါ။ ဇာတ်လမ်း တကယ့်အဖြစ်အပျက် ၂ ခုကို ရော မွှေထားတာ။ ဖတ်ကြည့်ပါဦးနော် (မဖတ်ဘဲကျော်သွားလည်း တတ်နိုင်ဘူးပေါ့)။ :P

အစီအစဉ် ကြေညာသူကြီး

ဖိုးသိုက်တယောက် သူ့ကိုယ်သူ မှန်ထဲမှာ တတိယ အကြိမ်မြောက် ပြန်ကြည့်လိုက်တယ်။ ဖြီးပြီးသား ခေါင်းကို တချက် နှစ်ချက် ပြန်ဖြီးရင်း နာရီကို လှမ်းကြည့်လိုက်တယ်။ ဆယ်နာရီ လေးဆယ်။ ဆယ့်တနာရီ လာခေါ်မှာဆိုတော့ မိနစ် ၂၀ တောင်လိုသေးတယ်။

ဒီနေ့ သူကိုက စိတ်စောနေမိတာပါ။ သူ့လက်စွမ်းပြခွင့် မရတာကြာပြီလေ။ ဟုတ်တယ် ... ဒရမ်စတစ်တွေနဲ့ သူ့လက်တွေ ကင်းကွာ နေရတာတောင် တော်တော် ကြာနေပြီ။ ဒီလို မြို့လေးမှာ သူလို ဒရမ်မာတယောက် အနေနဲ့ ဘယ်မှာ ဆက်တိုက်လာပြီး လက်စွမ်းပြခွင့် ရပါ့မလဲ။ ခုနောက်ပိုင်း မင်္ဂလာဆောင်တွေကလည်း တီးဝိုင်းတွေ ဘာတွေ မထည့်ဘဲ ကက်ဆက်နဲ့တင် ပြီးသွားတာ များတယ်လေ။ သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့မှာလည်း ပါမစ်မရတာနဲ့၊ ဦးဆောင်မယ့်သူ မရှိတာနဲ့ တီးဝိုင်းသံ မကြားရတာကြာပြီပဲ။ ဟော ... ခုတော့ သူတီးရတော့မယ်။ မနေ့ကပဲ ကိုမြဟန်က သူ့ကိုလာပြောသွားတယ်။

ကိုမြဟန်ဆိုတာ စက်တွေ ငှားစားတဲ့သူ၊ သင်္ဘောသားလေ ...။ သူ့စက်တွေကို လာငှားသွားတယ်တဲ့။ အဲဒီမှာ ဒရမ်သမားနဲ့ ကီးဘုတ်သမား မရှိဘူးတဲ့။ ဒါကြောင့် ဖိုးသိုက်ကို လာပြောတာ။ ကီးဘုတ်သမားလည်း ဖိုးသိုက်ပဲ ရှာပေးရတယ်။ ကိစ္စမရှိဘူး၊ ကိုရဲ ကီးဘုတ် တီးတတ်တယ်။ ကိုရဲဆိုတာက သူ့ယောက်ဖ။ သူ့မိန်းမရဲ့မောင်။ ပြီးပြီပေါ့။

ဒီနေ့ နေ့လယ်ဘက် အစမ်းလေ့ကျင့်ပြီး ညတခါတည်း ဆက်တီးရမှာတဲ့။ ခုမှ သတိရတယ်။ တီးချင်ဇောနဲ့ ဘယ်မှာတီးရမှာလဲ မမေးမိဘူး။ ဒါပြဿနာ မဟုတ်ပါဘူးလေ။ တီးရဖို့က အဓိကပဲဟာ။ ခဏနေတော့ ဖိုးသိုက်ရေ ... ဆိုတဲ့အသံနဲ့ အတူ ကိုရဲ ဝင်လာတယ်။

“ကိုမြဟန် မလာသေးဘူးလား” လို့မေးတယ်။
“အေး ..။ ဆယ့် တနာရီ ချိန်းထားတာပဲ။ သူလာမှာပါ”

အဲဒီအချိန်မှာပဲ အိမ်ရှေ့မှာ ကားရပ်သံ ကြားရပြီး ကိုမြဟန် ဆင်းလာတယ်။
“ဖိုးသိုက်ရေ ပြီးပြီလား။ သွားမယ်ဟေ့”
“ပြီးပြီ ကိုမြဟန်။ ဒါနဲ့ခုတီးရမှာ ဘယ်မှာလဲ”
“သဲဖြူချောင်းမှာ”
“ဗျာ ... သဲဖြူချောင်း ဟုတ်လား။ အဲဒါဘယ်မှာလဲ”
ကိုရဲ ဝင်မေးလိုက်တယ်။
“ဟာ မင်းတို့ကလည်း သဲဖြူချောင်းဆိုတာ ညောင်သုံးပင်နားတင်ကွ။ မြို့ပြင် အထွက်လေး မှာပဲ။ ဒါတောင် မသိဘူးလား”

မသိဘူး။ သူတို့ တခါမှ မကြားဖူးတာပဲ။ ထားပါလေ။ ညောင်သုံးပင်နားဆိုတော့ သိပ် မဝေးဘူး ပြောရမှာပေါ့။

“ဒီပွဲက ဘာအတွက် လုပ်တာလဲ ကိုမြဟန်”
ဖိုးသိုက်က မေးလိုက်တယ်။ အခုမှပဲ ကိုယ်တီးရမယ့်ပွဲအကြောင်း မေးရတာ။ ကိုမြဟန်က ဖြေပါတယ်။

“အဲဒီရွာက ဘုန်းကြီးကျောင်းက ဦးပဉ္ဇင်းတပါး ပထမပြန်အောင်လို့ ဂုဏ်ပြုပွဲ လုပ်တာ”

* * * *

သူတို့ ရောက်သွားတော့ ဘုန်းကြီးကျောင်းဝင်းထဲမှာ လူတွေ တော်တော်များများ ရှိနေတယ်။ ကိုမြဟန်က သူ့ပစ္စည်းတွေချရင်း အလုပ်များနေတဲ့အချိန် သူတို့ ၂ ယောက်ကတော့ ယောင်ချာချာနဲ့ပေါ့။

“ဆရာတို့ ၂ ယောက် ထမင်းစားဖို့ ကြွပါခင်ဗျ”
“ကျနော်တို့ကို ခေါ်တာလား”
မေးသာမေးရတယ်။ သူတို့ကိုခေါ်တယ် မထင်ဘူး။ ဟိုက ..

“ဟုတ်ကဲ့ခင်ဗျ” တဲ့။

သူတို့လိုက်သွားတော့ ကျောင်းတဆောင်ပေါ်မှာ ထမင်းပွဲကြီးက ဟည်းလို့။ ကြက်သားဟင်း၊ ငါးပိကြော်၊ ချဉ်ပေါင်ဟင်းချို၊ တို့စရာ၊ အသီးအရွက်ကြော် စုံလို့ပဲ။ မွှေးနေတာပဲ။ သူတို့ သိပ် ဟန်မဆောင်နိုင်တော့ဘူး။ ဗိုက်ကလည်း ဆာနေပြီလေ။ မနက်က လက်ဘက်ရည်ကလေး တခွက်ပဲ သောက်ထားတာ ဆိုတော့ ဝင်တွယ်လိုက်တော့တယ်။ သူတို့ ဝိုင်းမှာ သူတို့ ၂ ယောက်တည်း။ ဘယ်သူမှလည်း မပါဘူး။ သူတို့ ၂ ယောက် ထမင်းလိုက်ပွဲ တပွဲစီ ယူအပြီးမှာ နောက်နားက အသံတွေ ကြားတာနဲ့ လှည့်ကြည့်လိုက်တော့ အာကာကြီးရယ်၊ ကြက်ခေါင်းရယ်၊ ကိုနောင်ကြီးရယ်၊ ခုဏက လူက သူတို့ကို အတင်းဆွဲခေါ်နေတယ်။

“ဆရာတို့၊ တခါတည်း ဝင်လိုက်ပါ။ လုပ်ပါ၊ အားမနာပါနဲ့။ ဆရာတို့ တပည့်တွေ ဝိုင်းမှာပဲ ဝင်လိုက်ပေါ့”

ဖိုးသိုက်နဲ့ ကိုရဲ မျက်လုံးပြူးသွားတယ်။ ဒီကောင်တွေ ဘာတွေ ပြောထားပါလိမ့်။ ဒီကောင်တွေ က သိပ်ယုံရတာမဟုတ်ဘူး။ တော်တော် ဗယုတ်ကျတာ။

“ဟာ ... ။ မစားတော့ဘူး။ ကျနော်တို့ စားပြီးပြီခင်ဗျ”

နည်းနည်း ရှက်တတ်တဲ့ ကြက်ခေါင်းက ငြင်းတယ်။ ဒါကို အာကာကြီးက ဝင်ပြောတယ်။

“ဟာ ကိုကြက်ခေါင်းကလည်း။ ဘယ်မှာ စားရသေးလို့လဲ။ ဘုန်းကြီးကျောင်းပေါ်မှာ မလိမ်ပါနဲ့။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ဒီကောင်တွေ ဝိုင်းမှာပဲ ဝင်လိုက်မယ်နော်”

ကြက်ခေါင်းက အာကာကြီးကို အံတချက်ကြိတ်ပြတယ်။ ကိုနောင်ကြီးကတော့ အိနြေ္ဒကြီး တခွဲသားနဲ့ စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ သူတို့ကို လိုက်ပို့ပေးတဲ့သူ ထွက်သွားတာနဲ့ ဖိုးသိုက် သိချင်စိတ်ကို မအောင့်နိုင်တော့ဘူး။

“နေစမ်းပါဦး မင်းတို့ ဘယ်ကဘယ်လို ရောက်လာကြတာလဲ။ ပြီးတော့ ငါတို့ကို မင်းတို့ရဲ့ တပည့်လေး ဘာလေးနဲ့ မင်းတို့က ဘာတီးတတ်လို့လဲ။ လက်ခုပ်တောင် ဖြောင့်အောင် မတီးတတ်ဘဲနဲ့များ”

“အေးကွာ။ ငါတို့ အာကာ့ ဆိုင်ကယ်နဲ့ လိုက်လာကြတာ။ မင်းတို့ ဒီဘက်မှာ တီးဝိုင်းတိုက် ရှိတယ်ဆိုတာနဲ့။ ဒီရှေ့လည်းရောက်ရော ခုနက လူနဲ့ တွေ့တာပဲ”

ကိုနောင်ကြီးက ရှင်းပြတယ်။ အာကကြီးက ဆက်ပြီး ...။
“အဲဒါ ဘယ်သူနဲ့ တွေ့ချင်လို့လဲ။ ခင်ဗျားတို့က ဘယ်သူတွေလဲ မေးတာနဲ့ ငါက ကျနော်တို့က ဒီမှာ ဒရမ်နဲ့ ကီးဘုတ်တီးမယ့် ကောင်လေးတွေရဲ့ ဆရာတွေပါလို့။ ပြီးတော့ ကောင်လေးတွေ ကို ဒီအတိုင်း မျက်နှာလွှဲလိုက်ရမှာ စိတ်မချလို့ပါလို့ ဆိုလိုက်တာနဲ့ ပျာပျာသလဲဖြစ်သွားပြီ။ ဟဲဟဲ။ မင်းရှေ့က ကြက်သားပန်းကန်လေး လှမ်းလိုက်စမ်းပါ”

အာကာကြီး စကားအဆုံးမှာ ဖိုးသိုက် အသံမထွက်အောင် ဆဲလိုက်တယ်။ အသံထွက်လို့က လည်း မရဘူးလေ။ သူတို့နားကို ဟိုလူရောက်လာပြီ။ ပြီးတော့ ဖိုးသိုက်နဲ့ ကိုရဲကို ရှိတယ် တောင် မထင်တော့ဘဲ ဟိုသုံးယောက်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတော့တယ်။

ထမင်းစားသောက်ပြီး စက်တွေ ဆင်ပြီးတာနဲ့ တီးဝိုင်း စတိုက်ကြတယ်။ အာကာကြီးတို့ သုံးယောက်ကတော့ ခုံသုံးလုံးမှာ သွားကြားထိုးတံ ကိုယ်စီနဲ့ ခန့်ခန့်ကြီးတွေ ထိုင်လို့ပေါ့။ ဘာမှ နားမလည်ဘဲ အကဲခပ်ချင်ယောင် ဆောင်နေတယ်။ ဆိုတဲ့သူတွေကတော့ ရွာထဲကပါပဲ။ ကောင်လေး ကောင်မလေး ဆယ့်လေး ငါးယောက် လောက်ရှိမယ်။

ဆိုတဲ့ သီချင်းတွေကလည်း ကြားဖူးနားဝ ရှိတာတွေချည်းဆိုတော့ သိပ် အခက်အခဲ မရှိလှဘူး။ တချို့ အသံလေးတွေ စောင်းနေတာ၊ ကီးမဝင်ဘဲ ချော်နေတာမျိုးကလွဲရင်ပေါ့။ အဲဒီမှာ ကောင်မလေးတယောက်က တင်ဇာမော်ရဲ့ ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်ကို ဆိုတယ်။ ကီးလေး နည်းနည်း လွဲနေတာကလွဲရင် မဆိုးပါဘူး။ ဆိုတတ်တယ်လို့ ပြောရမယ်။ ဒီလူတွေထဲမှာတော့ တော်တော်ကောင်းတယ်ပေါ့လေ။ အနူတောမှာ လူချောပေါ့။ အဲဒီကောင်မလေးလည်း ဆိုပြီး ရော အာကာကြီးက တစခန်းထပါလေရော။ လက်ခုပ် တဖြောင်းဖြောင်း ထတီးပြီး ...

“ဟား ... ကောင်းလိုက်တာကွာ။ အရမ်းကောင်းတာပဲ။ ညီမလေး စီးရီးထုတ်ဖို့ ကောင်းတယ်။ ညီမလေးအသံက ပရော်ဖက်ရှင်နယ်ပဲ”
အာကာကြီးပြောတာကို ကောင်မလေးက ရှက်နေတယ်။
“ဒီလောက်လည်း မဟုတ်ပါဘူး။ သမီးက ဝါသနာတော့ပါတယ်။ အဆက်အသွယ်က မရှိဘူးလေ”
“ဟာ အဆက်အသွယ်အတွက်က မပူနဲ့။ အစ်ကိုတို့က ဒါတွေလုပ်နေတာပဲ”

အဲဒီနောက်မှာတော့ ကောင်မလေးက အားကိုးတကြီးပုံစံနဲ့ အာကာကြီးကို ကြည့်တယ်။ ပြီးတော့ သူတို့ ၂ ယောက် လေပေးတွေဖြောင့်လို့။ ဖိုးသိုက်ကတော့ ဒရမ်တီးရင်း အာကာကြီး ကို မျက်လုံးပြူးပြရတာ အမော..။
* * * *

“ကျေးဇူးပြု၍ ... ၍ .... ၍ .... နားဆင် ... နားဆင် ပါခင်ဗျာ ... ဗျာ ... ကျနော်များ ... များ ... အခုည .... ည ... ည”

စက်ထဲမှာ အဲကိုးပါတယ်လို့ ထင်နေပါသလား။ လုံးဝမဟုတ်ပါ။ ကိုရဲတော်တော် အံ့သြသွားတယ်။ ရယ်လည်း ရယ်ချင်သွားတယ်။ ဒါပေမယ့် ရယ်ချင်စိတ်ကို ကြိတ်မှိတ် မြိုသိပ်ထားရတယ်။ ဟုတ်တယ်လေ ကိုယ့်ကို ထမင်းခေါ်ကျွေးထားတဲ့ သူကို ဘယ်ရယ်သင့်ပါ့မလဲ။ မိုက်ကို ဟန်ပါပါနဲ့ ကိုင်လို့။ အဲကိုးမပါတဲ့ စက်ကို ကိုယ့်ဘာသာ ကိုယ့်အဲကိုးသံတွေ ထည့်ပြီး အော်နေတဲ့ သူ့ပုံစံကတော့ ခပ်တည်တည်ပဲ။ ကိုရဲ ဖိုးသိုက်ကို လက်တို့ပြီး နှစ်ယောက်သား ပြုံးရုံပဲ ပြုံးလိုက်ရတယ်။

“ဟုတ်ကဲ့ ဒီည ... ည .... ဖျော်ဖြေရေးအစီအစဉ်မှာ ... မှာ ... ဂီတ ငှက်ငယ်လေးများ အဖွဲ့ရဲ့ .. ရဲ့ တေးဂီတ ဖျော်ရေးကို ... ကို ... ကို”
သူ့စကားနဲ့သူ လည်ပြီး အဆုံးသတ်မရဘူး ဖြစ်နေတယ်။ ကိုရဲက ....
“တော်သေးတာပေါ့။ မိုးကြိုးငှက်ငယ်လေးများ မဟုတ်လို့”
ဆိုပြီး ရယ်နေတယ်။

ပြီးတော့ ဟိုလူ လည်နေတာကိုကြည့်ပြီး ဖိုးသိုက်ကို မျက်စပစ်ပြလိုက်တယ်။ ဖိုးသိုက်က သဘောပေါက်စွာနဲ့ ဒရမ်ကို ဝုန်းဒိုင်း တီးပေးလိုက်တယ်။ ဒီလူ့ကို ကယ်တင်လိုက်တဲ့ သဘော။ ပရိသတ်က “ဝေး” ကနဲထအော်တယ်။

“အစီအစဉ် စတင်ပါတော့မယ် ခင်ဗျာ။ အခု ပထမဦးဆုံး စတင်ဖျော်ဖြေတင်ဆက်မယ့် သူကတော့ အောင်ကျော်ဟိန်းတဲ့ ခင်ဗျား။ သူကတော့ သေခြင်းရဲ့တံခါးများ ဆိုတဲ့ သီချင်းကို သီဆိုမှာ ဖြစ်ပါတယ်”

ကိုအဲကိုးလည်း မအဲကိုးရဲတော့ဘူး။ သူကြေညာပြီးတာနဲ့ စင်ပေါ်ကို လူငယ်တယောက် တက်လာတယ်။ ဆံပင်တိုနံ့နံ့ကို နောက်က မမီ့တမီ စည်းထားတယ်။ ဘောင်းဘီက ဘေထုပ် ဂျင်းဘောင်းဘီပွပွကြီး။ အင်္ကျီကတော့ ပြောင်ပြောင်လက်လက်တွေနဲ့။

“သေခြင်းရဲ့ တံခါးများ ... ဟေး ... ဟေး ... သေခြင်းရဲ့ တံခါးများ ... ဟေး ... ဟေး ...။ တံခါးများလည်း ပိတ်လိုက်ပါဦး ... ဟုံး .. ဟုံး ... ဝါး ဟားဟား ... ဝိုးဟိုးဟိုး... ဝေးဟေးဟေး .. ဟေး .. ဟေး”

သူဆိုရမယ့် နေရာကော။ သူများနောက်က လိုက်ဆိုရမယ့် ဟာတွေကော ... တယောက် တည်း ဆိုသွားတယ်။ ပြီးတော့ သီချင်းအဆုံးမှာ သရဲကားထဲက အသံမျိုးတွေပါ အဆစ် အော်ထည့်သွားသေးတယ်။ လေးဖြူသာ ကြားရင် အတုခိုးမလားမသိ။

“ဒုတိယ သီဆိုမယ့် သူကတော့ မမိုးမိုးစီပဲ ဖြစ်ပါတယ်ခင်ဗျာ။ သူဆိုမယ့် သီချင်းလေးရဲ့ အမည်ကတော့ ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင် တဲ့”

ဟိုကောင်မလေး တက်လာတယ်။ မျက်နှာက မော့မော့ မော့မော့နဲ့။ နေ့ခင်းက အာကာကြီး ဘယ်လောက်တောင် မြှောက်ပေးလိုက်သလဲ မသိဘူး။ မိတ်ကပ်တွေက မျက်နှာမှာ ဖွေးလို့။ လည်ပင်းကို မလိမ်းဘဲထားတော့ လည်ပင်းက မည်းနေတယ်။ နနွင်းရောင် ဝမ်းဆက်နဲ့။ တီးလုံး အင်ထရို စဝင်လိုက်ပြီ ဆိုရင်ပဲ ကိုယ်ကို စတင်လှုပ်ခါပါတော့တယ်။ တီးလုံးအပြီးမှာ မိုက်ကို ဟန်ပါပါနဲ့ ကိုင်ပြီး ဆိုလိုက်တာနဲ့ ကိုရဲ ရှုံ့မဲ့သွားတယ်။

တီးတာ တခြား ဆိုတာတခြား။ ကီးက လုံးဝလွဲနေတယ်။ သူကတော့ ခပ်တည်တည်ပဲ။ ကိုယ်လေးကို ယမ်းပြီး ဆက်ဆို နေလေရဲ့။ သူမှားနေတယ် ဆိုတာ လုံးဝ မသိ။ ဂစ်တာသမားကတော့ ကရုနာသက်စွာနဲ့ ကီး ချိန်းပြီးတီးပေးဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ကောင်မလေးဆိုနေတဲ့ ကီးကို လုံးဝဖမ်းမရဘဲ ဂေါ် ကနဲ၊ ဂွမ် ကနဲ ဖြစ်သွားပြီး ပိုဆိုးသွားတယ်။ ကောင်မလေးကလည်း မျက်စောင်းလှည့်ထိုးတယ်။ အဲဒါနဲ့ ဂစ်တာသမား လည်း ငြိမ်ပြီး ကီးတလွဲကြီးကိုပဲ ဆက်တီး ... ကောင်မလေးကလည်း အဆုံးထိ တလွဲကြီးနဲ့ ဆိုပြီး “ကျေးဇူးတင်ပါတယ်ရှင်” တွေ ဘာတွေ ပြောလို့ ဆင်းသွားလေရဲ့။

“အခု သီဆိုဖျော်ဖြေမယ့် သူကတော့ ဧည့်သည်အဆိုတော် အာကာထွန်း ဖြစ်ပါတယ် ခင်ဗျာ”

ကိုရဲနဲ့ ဖိုးသိုက် ကြောင်သွားတယ်။ နာမည်တူတာတော့ ဟုတ်မယ်မထင်ဘူး။ တယောက်ကို တယောက် ကြောင်ပြီးကြည့်နေတဲ့ အချိန်မှာ စင်ပေါ်ကို ဝက်တကောင်လို အာကာကြီး တက်လာတယ်။ အံမယ် သူက ဂစ်တာသမားတွေကို နုတ် စာရွက်တွေတောင်ဝေလို့။ သားရေ ဂျာကင်အကျပ်၊ သားရေ ဘောင်းဘီ အကျပ်နဲ့ ကန်းထရီး ဘုကြီး စီးလို့။ သူက ဇော်ဝင်းထွတ်ရဲ့ ဂျစ်ပစီ မိုးတိမ်ကို ဆိုတာ။ သီချင်းက အေးအေးလေးကို သူက တွန့်လိမ် ကောက်ကွေးပြီး တီကောင်တကောင်လို ကနေတယ်။

သီချင်းအဆုံးကျတော့ ဘာမှ မဆိုင်ဘဲ “အိုးရေး” လို့ အော်ပြီး လက်သီးဆုပ် ၂ ဘက်ကို ဟန်ပါပါ ဒေါင်လိုက် ဆွဲချပြီး ခပ်တည်တည်နဲ့ ဆင်းသွားလေရဲ့။ ဖိုးသိုက်ရဲ့ ဦးခေါင်းထဲမှာ မေးခွန်း သင်္ကေတတွေ ပေါ်လာတယ်။ ဒီကောင် ဘယ်လိုရောက်လာတာပါလိမ့်။ သီချင်းလည်း မကျင့်ဘဲနဲ့။ ဘာပဲဖြစ်ဖြစ်လေ။ ဒီကောင်ရှိနေတော့ အပြန်ကျ အဆင်ပြေတာပေါ့ဆိုပြီး ဖြေတွေး ရတယ်။

“အခု ဆက်လက်ပြီး ...”
အစီအစဉ်ကြေညာသူရဲ့ “အခုဆက်လက်ပြီး” ဆိုတဲ့ စကားလေး စရုံပဲရှိသေးတယ်။ ပွဲခင်း တနေရာက ဝုန်းဒိုင်း ဝုန်းဒိုင်း အသံတွေ ဆူဆူညံညံ ကြားရပြီး လူတယောက် စင်ပေါ်ကို ဝုန်းခနဲ့ ခုန်တက်လာတယ်။ ပြီးတော့ မိုက်ကိုလှမ်းယူပြီး ....။
“ဟေ့ ငါ့ညီကို ချသွားတာ ဘယ်ကောင်လဲကွ။ သတ္တိရှိရင် ထွက်ခဲ့”

မိုက်နဲ့အော်တာဆိုတော့ အသံက ဟိန်းပြီး ထွက်သွားတယ်။ အဲဒီအချိန်မှာ ပွဲခင်းရှေ့နားက မိန်းမကြီး တယောက်က စင်ပေါ်ကို လှမ်းအော်တယ်။
“သား ...။ ဆက်ပြော။ အမေရှိတယ်။ သတ္တိမရှိတဲ့ဟာတွေ”

ဖိုးသိုက်တို့ အံ့သြတကြီးနဲ့ ဘာဆက်လုပ်ရမှန်း မသိခင်မှာ စင်ပေါ်ကို ဘုန်းကြီးတပါး တက်လာပြီး ဟိုလူ့ဆီက မိုက်ကိုလုတယ်။

“အားလုံးငြိမ်ကြစမ်း။ မငြိမ်တဲ့သူ ကြိမ်လုံးစာ မိသွားမယ်။ ငါ့အကြောင်း သိတယ်မဟုတ်လား”
သူ့လက်ထဲက ကြိမ်လုံးကိုဝင့်ပြီး ပြောတယ်။ ပြီးတော့ ဖိုးသိုက်တို့ဘက်လှည့်ပြီး ...
“ကဲ ... ဒကာတို့ ဆက်တီးကြ” တဲ့
ဟိုလူက ဘုန်းကြီးလက်ထဲက မိုက်ကို ပြန်လုပြီး ...
“ဟေ့ ကြက်တောင်တဲ့ကွ။ မိုက်တဲ့လူတက်ခဲ့။ ငါ့ညီကို ခိုးကြောင်ခိုးဝှက် ဆော်သွားတာ ဘယ်သူလဲ”

ဘုန်းကြီးက မိုက်ကို ပြန်လုတယ်။
“ဟေ့ ဘာသတ္တိရှိတာလဲ။ ဘာကောင်တွေလဲ။ ပွဲဖျက်မယ်တော့ မကြံနဲ့နော်။ ငါ့အကြောင်း သိသွားမယ်။ ဟေ့ကောင် ကြက်တောင် ... ပြန်ဆင်းစမ်း”

သူ့ကြိမ်လုံးကြီးနဲ့ ကြက်တောင်ဆိုတဲ့လူကို ရိုက်ဖို့ရွယ်တယ်ဆိုရင်ပဲ စင်အောက်ဘက်က အသံ ထွက်လာတယ်။

“ဘုန်းဘုန်းဘုရား... သူတို့က အရင်စ ချတာဘုရား။ တပည့်တော်မသားက မခံနိုင်လို့ ဘုရား”
အောက်ကအသံကို ဘယ်လိုမှမတုံ့ပြန်ဘဲ သူတို့ဘက် ပြန်လှည့်တယ်။

“ကဲ .... ။ ဒကာတို့ ဆက်တီး။ ဟိုကောင် ကြေညာတဲ့ကောင် ဆက်ပြော”
ဆိုပြီး ဘုန်းကြီးက ကြက်တောင်ရဲ့ကုပ်ကို ဆွဲပြီး ဆင်းသွားတယ်။ ကြက်တောင်လည်း ဆုတ်ကနဲ ဆုတ်ကနဲ ပါသွားတယ်။

“အခု ဆက်လက်ပြီး ...”

အစီအစဉ်ကြေညာတဲ့သူက ထပ်ကြေညာဖို့ လုပ်တယ်။ အဲဒီအချိန်မှာ စင်ပေါ်ကို ကြက်တောင် ပြန်ပြေး တက်လာတယ်။ သူ့နောက်က လူ ၂ ယောက်လည်း ပါလာတယ်။ သူတို့လည်း စင်ပေါ်ရောက်ရော အောက်က ခဲတွေ ပြောင်းဖူးရိုးတွေ တခုပြီး တခု ဝဲပျံတက်လာကြတယ်။ ကိုရဲက ကြောက်ကြောက်နဲ့ ဘေ့စ် ဒရမ်ကြီးနောက်မှာ ဝင်ပုန်းတယ်။ ဖိုးသိုက်လည်း ဒရမ်တီးတဲ့ ခုံပေါ်မှာ မထိုင်ရဲတော့ဘဲ အောက်မှာ ဆင်းထိုင်ရတယ်။ ဟုတ်တယ်လေ။ ခဲဖြစ်ဖြစ် ပြောင်းဖူးရိုးဖြစ်ဖြစ် မှန်လိုက်တာနဲ့ မသက်သာဘူး။

ခဏ ဝုန်းဒိုင်း ဝုန်းဒိုင်း ဖြစ်ပြီး ပြန်ငြိမ်သွားပြန်တယ်။ မရဲတရဲနဲ့ ခေါင်းထောင်အကြည့်မှာ ခုနက ဘုန်းကြီး စင်ပေါ် ပြန်တက်လာတယ်။

“ကဲ၊ မှတ်ကြပြီ မဟုတ်လား။ ငါ့ကြိမ်လုံးက အကြောင်း သုံးပါး မရွေးဘူး။ နောက်တခါ ဖြစ်ရင် ဒီထက်နာမယ်။ ကဲ ... ဒကာတို့ ဆက်တီးကြ”

ဘုန်းကြီးက ဒကာတို့ ဆက်တီးကြဆိုပေမယ့် ဘယ်ဒကာမှ ဆက်မတီးရဲကြတော့ဘူး။ ခုနက ကြောက်နေတဲ့ အရှိန်က မသေသေးဘူးလေ။ မတော် ဒရမ်တီးနေတုန်း ခဲလုံး နဖူးလာမှန်ရင် မခက်လား။ ဖိုးသိုက်နဲ့ ကိုရဲ တယောက်မျက်နှာ တယောက်ကြည့်ကြတယ်။ ပြီးတော့ ဘုန်းကြီး ကို ဆက်မတီးရဲကြောင်း လျှောက်လိုက် ရတယ်။ ဂစ်တာသမားတွေကတော့ ခုနက ရုတ်ရုတ်သည်းသည်း ဖြစ်ကတည်းက ရှာမတွေ့တော့ဘူး။ ပွဲပျက်ပြီ။ ဟန်အပြည့်နဲ့ သီချင်းတက်ဆို သွားတဲ့ အာကာကြီးလည်း ကြောက်ပြီး လစ်ပြီထင်ရဲ့။ အစတောင် ရှာမရတော့ဘူး။


ပြန်မယ်ဆိုရင် သင်္ချိုင်းကုန်းကို ဖြတ်ပြန်ရမှာ။ ကိုမြဟန်ကလည်း ကားကို ပြန်လွှတ်လိုက်တော့ ကားနဲ့ ပြန်မပို့နိုင်ဘူး။ ရွာခံလူတွေကလည်း ဒီအတိုင်းတော့ မပြန်စေချင်ဘူး။ လူမှားပြီး ရိုက်မှာစိုးလို့တဲ့။ တီးချင်ဦးဟဲ့ ဒရမ်။

ခြင်တွေတဖတ်ဖတ် ရိုက်ရင်း ဘုန်းကြီးကျောင်းပေါ် တက်ကွေးမလား စဉ်းစားတယ်။ မဖြစ်ဘူး။ ဘောင်းဘီတွေနဲ့ ဆိုတော့ ခြုံပြီးကွေးစရာ ပုဆိုးလည်းမပါ။ ဒီဇင်ဘာကြီး ဆိုတော့ တော်တော်လည်း ချမ်းတယ်။ ကိုမြဟန်နဲ့ အဖွဲ့ကတော့ ကျောင်းပေါ်မှာဘဲ အိပ်မယ်တဲ့။ သူတို့ ၂ ယောက်သာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။ နောက်ဆုံးတော့ ကိုရဲက အကြံပေးတယ်။ စင်ပေါ်မှာ တာလပတ်စကြီးရှိတယ်။ အဲဒါကြီး ခင်းလည်းခင်း ခြုံလည်းခြုံ လုပ်ရအောင် ဆိုတော့ အိုကေသွားတယ်။ တာလပတ်စကြီးက နွေးနေတာပဲ။


“ဟလို ... ဟလို .... ဟဲလို ... ဟလို .... ဟယ်လို”

ဘာပါလိမ့် စောစောစီးစီး ဘယ်က အသံချဲ့စက် လာစမ်းနေတာလဲ။ ဟလို တလုံးထဲကို အသံနေ အသံထားအမျိုးမျိုးနဲ့ အောင်နေတယ်။ ဖိုးသိုက်ကြည့်လိုက်တော့ မိုးတောင် စင်စင် မလင်းသေးဘူး။

“ဟလို ... ဟဲလို ... ဟယ်လို ... ဟလို”

မဖြစ်သေးပါဘူး ဆိုပြီး တာလပတ်စကိုဖယ် ဘေးကိုကြည့်လိုက်တော့ ကိုရဲလည်း ငုတ်တုတ်လေး ထထိုင်ပြီး ဘာလဲ ဆိုတဲ့ သဘောနဲ့ သူ့ကိုကြည့်တယ်။ ခဏနေတော့မှ မနက်က သူတို့ကို ထမင်းကျွေးတဲ့သူ။ အစီအစဉ် ကြေညာသူကြီး စင်ပေါ်တက်လာတယ်။

“သြော် ... ဆရာတို့ ... နိုးကြပြီလား” တဲ့ ....။
“ဟာ ... ခင်ဗျားတို့ ဟလိုကြီးနဲ့ မနိုးဘဲနေမလားဗျ”
ကိုရဲက ဘုတောတော့ သူက ရယ်ပြီး ...
“ဟိုဒင်းလေ ... ပစ္စည်းလေးတွေ သိမ်းချင်လို့ .. အဲဒါ ... ဆရာတို့ကိုနှိုးရမှာ အားနာတာနဲ့ အသံချဲ့စက်ဆင်ပြီး ...”

လတ်စသတ်တော့ သူ့ရဲ့ ဟလို က သူတို့ကို နှိုးနေတာကိုး။

“အေးဗျာ၊ ကျေးဇူးပဲ။ နင့်မို့ဆို ကျတော်တို့ နိုးဦးမှာ မဟုတ်ဘူး။ ကျနော်တို့က မနက်ဆို နေဖင်ထိုးမှ ထနေကျဗျ။ ကဲ ... ကိုရဲရေ၊ ငါတို့ပြန်ရအောင်။ ကျနော်တို့ ပြန်လိုက်ပါဦးမယ်နော်”

ဖိုးသိုက်က ပြောပြောဆိုဆို ပြန်ဖို့ပြင်တယ်။ ပြင်တယ်သာပြောတာ။ သူတို့မှာ ပြင်စရာ ဘာမှ ပါတာမဟုတ်ဘူး။ ဒီလိုပဲ ထပြန်လိုက်ရုံပဲလေ။

ဟိုလူက ဖိုးသိုက်တို့ ၂ ယောက်နား ကပ်လာပြီး ဖိုးသိုက်လက်ထဲ ပိုက်ဆံအလိပ်ကလေး တလိပ် လာထည့်တယ်။

“နည်းတယ်များတယ် သဘောမထားပါနဲ့ဗျာ”
လို့လည်းပြောသေးရဲ့။ ဖိုးသိုက်ကလည်း သဘောမထားပါဘူး။ ရသမျှ အမြတ်ပဲဆိုပြီး ယူထားလိုက်တယ်။ လမ်းရောက်လို့ ဖြန့်ကြည့်လိုက်တော့ တထောင်တန် ၂ ရွက်။ တယောက် တထောင်စီပေါ့။ ဘယ်ဆိုးလို့လဲ။ တီးချင်တာ တခုတည်းနဲ့ လိုက်လာတာ။ ပိုက်ဆံရဖို့ ဆိုတာ မျှော်လင့်မထားဘူးလေ။ နောက်မှ ကိုမြဟန်ကြီးနဲ့ ပြန်ဆုံတော့ သူကပြောတယ်။ ဒီပွဲကို အဲဒီ လူတယောက်တည်း အကုန်အကျခံလုပ်တာတဲ့။ ထမင်း စားရိတ်ကအစ သူတို့ကို ပေးလိုက်တဲ့ ပိုက်ဆံ ၂ ထောင်အဆုံး သူချည်း စိုက်လုပ်ပေးတာတဲ့။ ဖိုးသိုက်ရင်ထဲက ခံစားချက် အပြည့်နဲ့ ညည်းလိုက်မိတယ်။

“သြော် .... အစီအစဉ် ကြေညာသူ ကြီးရယ် ... ရယ် ... ရယ် ... ရယ်...”



ဝတ္ထုတို ၁၁

၂၀၀၃ ခုနှစ်လောက်က ကျမ အိုင်တီကုမ္ပဏီကြီးတခုမှာ အလုပ်လုပ်နေပါတယ်။ အိုင်တီ ကုမ္ပဏီဆိုလို့ အထင်မကြီးပါနဲ့ဦး။ သူ့ဖာသာ အိုင်တီတာပါ။ ကျမနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒီ ကုမ္ပဏီကြီးက မြန်မာပြည်မှာ ပထမဆုံး အီးဘုခ်ဆိုလားလုပ်တော့ ကျမက အဲဒီမှာ အယ်ဒီတာ ဖြစ်ပါတယ်။ အီးအယ်ဒီတာ ဆိုပါတော့။ အဲဒီတုန်းက ကျမဘာလုပ်ခဲ့ပါလိမ့် ဆိုတာ ခုမှ တော်တော်လေး နားလည်လာပါတယ်။ သူများစာစီထားတဲ့ စာအုပ်တွေကို အီးဘုခ်အဖြစ် မပြောင်းခင် ကွန်ပျူတာပေါ်မှာ ပရုစစ်ပေးရုံပါ (နာမည် ကတော့ ခပ်တည်တည် အယ်ဒီတာ ပေါ့လေ)။ အဲဒီမှာ အီးဘုခ်တွေကို ပရုစစ်ပေးလိုက်၊ အောက်က လပ်ကီးဝမ်း လက်ဘက် ရည်ဆိုင်မှာ လာသမျှ စာရေးဆရာတွေနဲ့ လက်ဘက်ရည် ဆင်းသောက်လိုက် လုပ်နေရင်း တနေ့မှာတော့ ကျမတို့ရဲ့ ပရောဂျက်ဒါရိုက်တာကြီးက ကဗျာဆရာ တစုကို ခေါ်လာပါတယ်။ အဲဒီထဲမှာ ကိုအောင်ဝေးလည်း ပါသပေါ့လေ။ အဲဒီမှာ ကဗျာရွတ်ကြမယ်၊ ပြီးရင် အွန်လိုင်းပေါ် (အွန်လိုင်းပေါ်ဆိုတာ အဲဒီတုန်းက ဘာမှန်းကိုမသိတာ) တင်မယ်ပေါ့။ ကျမကိုလည်း တပုဒ်ရွတ်ပေါ့။ ကျမက ကဗျာမှ မရေးဘဲ။ ဘာရွတ်ရမှာလဲ ဆိုတော့ ကျမအထက်က အယ်ဒီတာ ဆရာက မောင်ချောနွယ်ရဲ့ သစ္စာပန်းများနဲ့ မေလ ရွတ်ပါတဲ့။ ရွတ်ရုံတင်မဟုတ်ဘဲ ကျမတို့ ပရောဂျက် ဒါရိုက်တာက ပီတီဗီ ခေါ်မလားဘဲ ကဗျာကို နောက်ခံ ဆင်းစ် နဲ့ ဗီဒီယိုပါ ရိုက်နိုင်မလားတဲ့။ ကျမက ငိုချင်ရဲ့လက်တို့၊ လုပ်ချင်တာနဲ့ အတော်ပဲ ဆိုတော့ ရမယ်ပေါ့။ အဲဒီတုန်းက အိတ်စိုက် ပိုက်ဆံ တော်တော်ကုန်သွားတာ။ ဒါပေမယ့် မဆိုးဘူး။ ကျမက ပီတီဗီ တပုဒ်၊ ကျန် ဆရာ ဆရာမ များက ကဗျာလေးတွေ အသီးသီး ရွတ်ကြရင်း ကမ္ဘာ့ကဗျာနေ့မှာ အွန်လိုင်းပေါ် ကဗျာရွတ်သံတွေ တင်နိုင်ခဲ့ပါရဲ့။ ခက်တာက ကျမတို့ဆီမှာ အင်တာနက်က ချိတ်ပေးမထား၊ ကဖေးတွေကလည်း မပေါ်သေးတော့ ကိုယ့်ကဗျာရွတ်သံကိုယ် ဘယ်နား သွားနားထောင်ရ မှန်းမသိ။ အူကြောင်ကြောင်နဲ့။ အင်တာနက်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီမှာ လုပ်နေတယ်သာဆိုတာ အင်တာနက်ဆိုတာ ဖြူသလား မည်းသလားမသိတဲ့အဖြစ်။ အဲလို အနေအထားမှာ ကျမတို့က အီးအယ်ဒီတာတဲ့။ လာလည်တဲ့ သယ်ယင်း စာရေးဆရာ၊ ဆရာမ တွေက အထင်တွေကြီးလို့။ …. ဆိုတော့ … နည်းနည်း စိတ်က အချဉ်ပေါက်လာတာနဲ့ ဝတ္ထုတို လေးတပုဒ် ရေးဖြစ်ပါတယ်။ အဲဒီတုန်းက ကျမနဲ့တူတူ အီးအယ်ဒီတာ လုပ်နေတဲ့ ကဗျာဆရာ သယ်ယင်းတယောက်ကို ဇာတ်ကောင်လုပ်ပြီး ရေးလိုက်တာ။ အဲဒီတုန်းက သူ့မိန်းမက ကိုယ်လေးလက်ဝန်ကြီးနဲ့။ ခုတော့သူ့ကလေးက ၄ နှစ် ၅ နှစ်သားလောက် ရှိရောပေါ့လေ။ သူက တရက် ကျမကို ညည်းသလိုလိုနဲ့ သူ့အိမ်က အကြောင်းလေးပြောပြတယ်။ အဲဒါကို ကျမက ဝတ္ထုတိုလေးရေးပြီး မဟေသီကိုပို့တယ်။ မဟေသီအယ်ဒီတာများက အတိုဆုံးဝတ္ထုတို စာတွဲထဲ ထည့်သုံးလေရဲ့။ ဝတ္ထုနာမည်က “အီလက်ထရောနစ် ကဗျာဆရာ” ။ ကျမရဲ့ တိကျ သေသပ် အမှတ်သညာကောင်းမှုကြောင့် ဘယ်လ၊ ဘယ်အစ်ရှုးမှာပါတယ်ဆိုတာ မမှတ်မိ တော့ပါ။ ၂၀၀၃ ဝန်းကျင်ကဆိုတာတော့ သေချာပါတယ်။ :P
အီလက်ထရောနစ် ကဗျာဆရာ
ဒီနေ့ အိမ်ပြန်ခရီးမှာ ကဗျာဆရာ ကိုကိုနွေတယောက် တော်တော့်ကို ကြည်နူးနေမိသည်။ သူ့ကို လက်ဘက်ရည်ဆိုင်မှာ အပေါင်းအသင်းများက ဝိုင်းဝန်းဂုဏ်ပြုကြသည်။ ဘာတဲ့ … အီးကဗျာဆရာ ဆိုလား။ ခုလို အီလက်ထရောနစ် ခေတ်၊ အင်ဖော်မေးရှင်း တက္ကနော်လော်ဂျီ ခေတ်ကြီးထဲတွင် သူက ကဗျာဆရာ ဆိုပေမယ့် ခေတ်ကို အမီလိုက် နိုင်သူအဖြစ် ဂုဏ်ယူရသည်။
အိုင်တီကုမ္ပဏီကြီး တခု၏ အီးဘုခ်ခေါ် အီလက်ထရောနစ်ပုံစံ ပြောင်းထားသည့် စာအုပ် များကို ဝက်ဘ်ဆိုက် ပေါ်တင်သည့် ဌာနတခုတွင် သူက အယ်ဒီတာ တဦးဖြစ်သည်။ ပြီးတော့ သူက ကဗျာချစ်သူ၊ ကဗျာဆရာ ဆိုသည့် ဂုဏ်ပုဒ်ကို အသက်တမျှ ချစ်မြတ်နိုးသူ။
တနေ့မှာတော့ သူတို့ ကုမ္ပဏီကြီး၏ ဝက်ဘ်ဆိုက်တွင် သူ့ကဗျာတွေကို ပထမဦးဆုံး အသံထွက် ရွတ်ဆို တင်ဆက်ခွင့်ရသည်။ သူ့ရဲ့ ကဗျာများ တကမ္ဘာလုံးသို့ ခဏချင်း ပျံ့နှံ့ သွားတော့မည်။ ဒါမျိုးကို သူက ပထမဆုံး လုပ်ခွင့်ရသူ ဆိုတော့ သူက ခုချိန်မှာ တဦးတည်းသော အီးကဗျာဆရာ … ။
သူ အသံထွက်ရွတ်ဆိုထားတဲ့ ကဗျာတွေ လေထဲမှာ ပျံ့လွင့်၊ မိုးကောင်းကင်က တဆင့် နိုင်ငံ အရပ်ရပ်ကို ရောက်သွားတော့မည်။ ကြည့်စမ်း ဘယ်လောက်တောင် တိုးတက်လိုက်တဲ့ ခေတ် ကြီးလဲ။ သူကတော့ သိပ်ကို ကျေနပ်နေမိသည်။ လက်ဘက်ရည်ဆိုင်မှာ အပေါင်းအသင်း ကဗျာဆရာများ ဝိုင်းဝန်း ချီးကျူးလိုက်တာကို လုံးဝကျေနပ်သည်။ ကဗျာဆရာ ကိုကိုနွေဆိုပြီးတောင် လက်ခမောင်း ထခတ်လိုက်ချင်သေး၏။
ကြည်နူးတဲ့ စိတ်နဲ့ ပြန်လာတာ ဆိုတော့ ဘတ်စ်ကား ကျပ်တာကိုတောင် ခါတိုင်းလို စိတ်မညစ်မိ။ ဘတ်စ်ကားပေါ်က တိုးဝှေ့ပြီးဆင်းလိုက်တာနဲ့ ဆောင်းရဲ့ လေပြည်အေးအေးက သူ့မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ စိတ်ချမ်းသာစရာ ကောင်းလိုက်ပါဘိ။ ရင်ထဲက ကြည်နူးမှု အဟုန်နဲ့ဆိုတော့ အိမ်ပြန်ရာလမ်းတလျှောက်တွင် မြောက်ကြွ မြောက်ကြွပင် ဖြစ်ချင်မိသည်။
သူတို့အိမ်က တောင်ဥက္ကလာပ၊ ကျိုက္ကဆံဘုရား အနီးမှာ။ အုပ်အုပ်ဆိုင်းဆိုင်းနှင့် မြို့ထဲလမ်း တွေလို လူမကျပ်လှ။ အိမ်ကို လမ်းလျှောက်ပြန်လာရင်း အတွေးတခု ပေါ်လာသည်။ ညနေခင်း မိန်းမနှင့်အတူ လမ်းလျှောက်ရလျင်ကောင်းမည်။
ကြည့်စမ်း ..။ ကြည်နူးမှုတွေ ပြည့်သိပ်နေတာနဲ့ပဲ သူ့မိန်းမကိုတောင် မေ့တော့မလို့ ပါလား။ မေ့လို့မဖြစ်။ သူ့မိန်းမက ခုချိန်မှာ ကိုယ်လေးလက်ဝန် ကြီးနဲ့လေ။ ကိုကိုနွေ့ မိန်းမ ရင်ရင် ကလည်း နှယ်နှယ်ရရ မဟုတ်။ သူတို့အလုပ်ထဲက အီးဂါးဗားမင့် သင်တန်းကို တက်ဖို့ ရွေးချယ်ခြင်း ခံရသူဆိုတော့ သူ့ကိုလည်း အီးဗိုက်ကြီးသည်လို့ ခေါ်လို့ရသည်။“
အဲဒီ အီးဗိုက်ကြီးသည်ရဲ့ လက်ကိုတွဲပြီး ညနေခင်းကလေးမှာ လမ်းလျှောက်လိုက် ဦးမည်။ ကျိုက္ကဆံ ဘုရားကိုဖူးမည်။ ပြီးတော့ ဒီနားက စာအုပ်အဟောင်းဆိုင် တန်းလေးမှာ ခေတ္တဝင် မွှေမည်။ အပြန်လမ်းမှာတော့ မိန်းမကို အိုင်တီ ခေတ်ကြီးကြောင့် သူ အီးကဗျာဆရာ ဖြစ်ရပြီ ဆိုတဲ့အကြောင်း ကြွားမည်။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ။ တခု ကျန်သေး သည်။ ဒီတိုင်းဆို သူတို့လင်မယားကို အီးလင်မယားလို့များ ခေါ်ကြမလားမသိ။

အိမ်ကိုရောက်တော့ ကိုရွှေသော့က စောင့်ကြိုနေ၏။ ဟုတ်ပေသားပဲ။ အိုင်တီခေတ်ကြီးထဲမှာ တယောက်ထဲ အလုပ်လုပ်လို့ မရတော့။ လင်မယား ၂ ယောက်စလုံး ရုန်းကန်ကြရသည်။ ရင်ရင် ရုံးက ပြန်မလာသေး။ အသင့်ပါလာသော သော့နှင့် တံခါးကို ဖွင့်ပြီး အိမ်ထဲ ဝင်လိုက်သည်။ ပြူတင်းပေါက်များကို ဖွင့်သည်။ မိန်းမ မလာခင် ထမင်းအိုး တည်ထားလိုက်ဦးမည်။ ထမင်းပေါင်းအိုးနဲ့ ဆိုတော့ ဘာမှ ခက်တာမဟုတ်။ အီးခေတ်ကြီးထဲမှာ အားလုံး လွယ်ကူနေပြီ။
အဲဒီအချိန်မှာ မီးက ရုတ်တရက် ပြတ်သွားသည်။ ထမင်းအိုးတည်ဖို့ ကိစ္စကို လက်လျှော့လိုက် ပြီ။ ဒီညနေတော့ ဘာမှ ချက်ပြုတ်မနေတော့ဘဲ အပြင်မှာ စားဖို့ မိန်းမကို ပြောရမည်။
ခဏနေတော့ ရင်ရင် ပြန်ရောက်လာသည်။ အီးဗိုက်ကြီးသည်က လိမ့်လိမ့် လိမ့်လိမ့်နှင့် အိမ်ပေါ် တက်လာကာ ထိုင်ခုံတွင် ခြေပစ် လက်ပစ် ထိုင်ချရင်း လက်ထဲက အထုပ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။
“ကိုရေ။ ဒီနေ့ ၃၈ လမ်း ဈေးမှာ ငါးဖယ်ခြစ်တွေ တွေ့တာနဲ့ ဝယ်လာခဲ့တယ်။ ဟောဒီမှာ”
“ဟောဗျာ …။ ကျုပ်က ဒီညနေ အပြင်ထွက် စားမလားလို့ စဉ်းစားနေတာ”
“အပြင်မှာ စားတာက စားလို့ရပါတယ်။ ဒါပေမယ့် ဒီငါးဖယ်တွေ ကတော့ လုပ်မှ ဖြစ်မှာပေါ့။ မလုပ်ရင် ပုပ်ကုန်လိမ့်မယ်”
ပြောပြောဆိုဆို ရင်ရင်က ထပြီး နောက်ဖေးဝင် သွားသဖြင့် ကိုကိုနွေလည်း နောက်က လိုက်ဝင် သွားရတော့၏။
အဆင်မပြေ …။ ဘယ်နည်းနဲ့မှ အဆင်မပြေ။ ရင်ရင်တယောက် ငရုပ်ဆုံရှေ့ချပြီး ငုတ်တုတ် ထိုင်ကာ ငါးဖယ်ထောင်းဖို့ ပြင်နေသည်။ ဗိုက်ကြီးသည် ငုတ်တုတ်ထိုင်တော့ ဒူးနှင့် ဗိုက်က ထောက်နေသည်။ ကိုကိုနွေ မနေသာတော့ …။
“ကဲ ကဲ မချော ထ။ ကျုပ် လုပ်လိုက်မယ်”
မဗိုက်ကို ဆွဲဖယ်ပြီး ကိုကိုနွေ နေရာဝင်ယူလိုက်သည်။
“ဒါတွေပြီးရင် လမ်းလေးဘာလေး လျှောက်ရအောင် ရေမိုးချိုး အဝတ်လဲထားလိုက် နော်”
မိန်းမကို လှမ်းပြောပြီး ငါးဖယ် စထောင်းသည်။ ထောင်းခါစ တချက် ၂ ချက်ပဲ အဆင် ပြေသည်။ ငရုပ်ကျည်ပွေ့မှာ ငါးဖယ်တွေ ကပ်ကုန်သည်။ လက်နှင့်သပ်ချတော့ လက်မှာ ကပ် ကုန်၏။ မီးကပျက်နေတော့ မှောင်နေတာကို အခွင့်ကောင်းယူပြီး ခြင်များက တွယ်သေးသည်။ ငါးဖယ်ထောင်းရတာ ကြက်သွန်ထောင်းသလို တဆက်တည်း ဖြစ်မနေဘဲ တချက်ချင်း ထောင်း နေရသည်။ ခရီးမတွင်။ တခါ ငရုပ်ကျည်ပွေ့က ငါးဖယ်နှင့် ကပ် နေသောကြောင့် အားစိုက်ဆွဲထုတ်လိုက်ရာ ကြမ်းပေါ်သို့ ဖင်ထိုင်ရက် ပြုတ်ကျတော့သည်။ ဒီပုံနှင့် မဗိုက် ထောင်းလို့ ဖြစ်မလား ….။
“ရင်ရင်ရေ .. ဖရောင်းတိုင်ထွန်းပေးပါဦး ဟာ။ ခြင်ဆေးလည်း ထွန်းပေးဦး”
လှမ်းအော်နေတုန်း အနောက်မှာ ဝဲနေသော ခြင်ထဲက တကောင်က သူ့တင်ပါးကို ဝင်တွယ် သည်။ ပေနေသော လက်ဖြင့် ဖျန်းကနဲ ရိုက်လိုက်မိသည်။ မတတ်နိုင်တော့ …။ သူ့မိန်းမ သနပ်ခါး အဖွေးသားနှင့် မီးဖိုထဲ ဝင်လာတော့ သူက ပေကျံ ညစ်ပတ်နေပြီ။ မီးက ခုထိ မလာသေး။
“ကိုရေ … တလက်စထဲ မီးမွှေးပေးပါဦး။ ဒီမှာ ကျမက ရေချိုးပြီးသား မို့လို့”
ငါးဖယ်ထောင်းအပြီးမှာ မီး ဆက်မွှေးလိုက်ရသည်။ မထူးတော့ … ငါးတွေနဲ့ နံလက်စ ဆိုတော့ မိန်းမကို အကိုင် မခံတော့။ သူ့ဖာသာပဲ ကိုင်လိုက်တော့မည်။ ငါးဖယ်များကို လုံးပြီး ပန်းကန်ပြားပေါ် တင်သည်။ လက်မှာ ငါးဖယ်များကပ်နေသည်။ မိန်းမက ဆီခွက်လေး လာချ ပေးသည်။ ဆီနှင့် ကိုင်လိုက်တော့မှ အဆင်ပြေသွားသည်။
မိန်းမက ငါးဖယ် ဆက်ကြော်နေခိုက်မှာ သူက ရေဝင်ချိုးရသည်။ ဆောင်းတွင်းကြီး ချမ်းချမ်း စီးစီး။ မတတ်နိုင် …။ သူ့တကိုယ်လုံး ငါးညှီနံ့တွေနှင့်။ ရေချိုးပြီး နာရီကြည့်လိုက်တော့ ၈ နာရီ ခွဲပြီ …။
ဘယ်မှာလဲ …ညနေခင်း လေညင်း …ရှုရှိုက်ဖို့။ ဘယ်မှာလဲ မိန်းမလက်ကို တွဲပြီး လမ်းလျှောက်ဖို့။ မီးပျက်တာနှင့် ကျိုက္ကဆံဘုရား တဝိုက်လည်း မှောင်မည်းလို့ နေရောပေါ့။ စိတ်ညစ်ညစ်နှင့် မှောင်ထဲမှာ ငုတ်တုတ်ထိုင်နေမိတာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိ။ ရင်ရင်က လာခေါ်သည်။
“ကိုရေ ထမင်းလည်း ကျက်ပြီ။ စားလိုက်ရအောင်”
ထမင်းစားပွဲပု ကလေးပေါ်တွင် ငါးဖယ်ဟင်း တခွက်။ ငါးပိရည်တခွက်နှင့် တို့စရာ တပန်းကန် တွေ့ရသည်။ ဖယောင်းတိုင် တတိုင် အလယ်မှာ ထွန်းညှိရင်း လင်မယား ၂ ယောက် ထမင်းကို အမြန်စားလိုက် ကြသည်။ စားပြီးသည်နှင့် အိပ်ရာထဲကို ဒိုင်ဗင်ထိုး ဝင်လိုက်တော့ သည်။
ပင်ပမ်းလွန်းလို့ ကိုကိုနွေ ကဗျာပင် မရေးနိုင်တော့။ အိပ်မက်ထဲမှာတော့ ကိုကိုနွေ ကဗျာရွတ်နေသည်။ ရိုးရိုးရွတ်နေခြင်း မဟုတ်။ အင်တာနက် ပေါ်မှာ ရွတ်နေခြင်း ဖြစ်သည်။ သူငယ်ချင်းများက သူ့ကို ဝိုင်းဝန်း ချီးကျူး ဂုဏ်ပြုကြသည်။ “အီး ကဗျာဆရာ” တဲ့။
ထိုအချိန်တွင် မီးပျက်သွားသည်။ ထိုအခါ …ကိုကိုနွေ့ အိပ်မက် တခုလုံး မှောင်အတိ ကျသွား လေတော့သည်။

tag 2

ပျော်လိုက်တာ တက်ဂိမ်းထဲ ဝင်ပါရပြန်ပြီ။ လူက ပျင်းသာပျင်းတာ အဲလိုပါလေယာလေးက လုပ်ချင်သား..ပလာတာတခြမ်းမည်းတယ် ဆိုတဲ့ ကိုဂျူလိုင်ရေ့ (အဲလိုပဲ ဂုဏ်ပုဒ်တခုခု ထည့်ပြောရတယ်ဆိုလို့) ရေးပြီဗျို့။

ဖြစ်သလိုစားတာနဲ့ ပတ်သက်လို့ ပြောခိုင်းတော့ အင်းစိန်ဂျီတီအိုင် အဆောင်နေ ကျောင်းသူဘဝကို သတိရတယ်။ အဲဒီတုန်းကတော့ ဘယ်လောက်ထိ ဖြစ်သလိုလဲဆို တော်တော်ကို ဖြစ်သလိုပါ။ ကျောင်း ဆောင်က ကျွေးတာပဲ စားရတဲ့ဘဝကိုး။ ဒုတိယ နှစ်ဝက်လောက်ထိတော့ အသားဟင်း မြင်ဖူးလိုက်ပါရဲ့။ နောက်တော့ ဘဲဥတလှည့် ငါးတလှည့် ညနေခင်းများ။ ပဲဟင်း မနက်ခင်းများကို နောက်ဆုံးနှစ်ပြီးတဲ့ထိ ကျော်ဖြတ်ခဲ့ရပါတယ်။ ကျောင်းမှာ ပျော်နေတာနဲ့ အဲဒါကို ဖြစ်သလိုလို့ တခါမှ မထင်ခဲ့ဘူး။ အိမ်က လုပ်ပေးလိုက်တဲ့ ငပိကျော်လို၊ အမဲကျော်လိုဟာမျိုးကလည်း အားလုံးဝိုင်းတွယ်တာနဲ့ တမနက်တောင် မခံ။

ကျမက အစားအသောက်တော့ သိပ်ဂျေးမများဘူး။ ဘာဖြစ်ဖြစ်စားတယ်။ ဖြစ်သလို စားနေရတယ်လို့လည်း တခါမှ တွေးပြီး ဝမ်းမနည်းဖူးဘူး တကယ်ပါ။ ခြေလေးချောင်းထဲမှာလည်း စားပွဲတွေ ကုလားထိုင်တွေကလွဲရင် အားလုံးစား။ ခြေ ၂ ချောင်းကတော့ ပြောမနေနဲ့ ...။ ခု ထိုင်းမှာ အပြင်ထွက်စားလို့ ဘော်ဒါတွေက ဘာစားချင် စိတ်ကလေးများရှိတယ်လို့ မဖြစ်ဘူးလား မေးရင် ကျမက ဟင့်အင်းပဲ။ သူတို့မှာတာ အကုန်စားတာကိုး။ ဒီတော့ သူတို့က ကျမကို ကဲ့ရဲ့တယ်။ လူဆိုတာ ဘာလေးတော့ စားချင်လိုက်တာဆိုပြီး ရှိသင့်တယ်ပေါ့လေ (သူတို့ အဆိုအရ Plan လေးတော့ ရှိရမယ်ပေါ့)။ ခက်တာက ကျမမှာ အဲလိုကိုမရှိတာ။

မြန်မာပြည်မှာလည်း ကျမက လက်ဖက်ရည် ကောင်းကောင်းကလွဲရင် ဘာမှမမက်ဘူး။ လက်ဖက်ရည် ကောင်းကောင်းမရှိတဲ့နေရာ ရောက်သွားရင်တော့ နည်းနည်း စိတ်ညစ်တာပေါ့။ ဒီလောက်ပဲ။ (ခုလည်း တော်တော် လွမ်းတယ်)

ချဉ်ရည်ဟင်းနဲ့ ငါးပိထောင်းတော့ ကြိုက်တယ်။ ဒါလည်း မရှိမဖြစ်မဟုတ်ဘူး။ ကြုံရင်တော့ စားတယ်။ ကျမက ဘာကြိုက်ပါတယ် သိပ်မပြောတတ်ပေမယ့် ဟင်းတော့ နည်းနည်းပါးပါး ချက်တတ်ပါတယ် (ကျမအဲလို ပြောရင် သူငယ်ချင်းတွေက လုံးဝမယုံဘူး၊ ကျမကလည်း မယုံပါစေနဲ့ဘဲ ဆုတောင်းနေရတာ)။ စိတ်ဝင်စားတဲ့ အချိန် မျိုးဆို သေချာအချိန်ယူပြီး ကောင်းကောင်းလေး ချက်တယ်။ ဒါပေမယ့် စိတ်ဝင်စားတဲ့ အချိန်ဆိုတာလည်း ခပ်ရှားရှားရယ်။ နောက်ပြီး ကျမရဲ့ မိန်းကလေး သူငယ်ချင်းထဲမှာ အရမ်းကို ဟင်းချက်ကောင်းတဲ့ တယောက် ရှိတယ်။ သူရှိနေတော့ ကျမက ရေသာခိုတယ်။ သူငယ်ချင်းတွေ စုချက်စားပြီဆို ကျမက ယောင်ခြောက်ဆယ် လုပ်နေလိုက်ရော။ သူက တော်တော်ကြာတဲ့ထိ ကျမဘာမှ မလုပ်တတ်ဘူးထင်တာ။ နောက်မှ သိသွားပြီး သတ်သတ်မှတ်မှတ် နင်က ဘာအသုတ်သုတ်ခဲ့။ နင်က ဘာချက်ခဲ့ အဲလို ဗီတိုအာဏာနဲ့ခိုင်းတော့တာ။ ဟိ။

ကျမကံကောင်းတာက သူငယ်ချင်းယောက်ျားလေးတွေထဲမှာလည်း ဟင်းတော်တော် အချက်ကောင်းတဲ့ သူတွေရှိတယ်။ ဝါသနာလည်းတော်တော်ပါကြတာ။ ဘယ်လောက်တောင်လည်းဆိုရင် တခါ ကျမတို့ အိမ်မှာ စားကြသောက်ကြဖို့ လုပ်တော့ အဲဒီသူငယ်ချင်း ၂ ယောက်က သူတို့ဘာမှမလုပ်ဘူး ကျမပဲလုပ်ဆိုပြီး ပေပြီးနေ ကြတယ်။ ကျမကလည်း ဘာမှမလုပ်ပေးပါဘူး ကြက်ဥလေးကြော်ပေးမှာပါ အဲဒါ ကျမဆီအိုးတည်ထားတုန်း ဆီကျက်တဲ့ အနံ့လည်း ထွက်လာရော ၂ ယောက်စလုံး မီးဖိုထဲကို ပြေးလာကြတာ။ ပြီးလည်း ပြီးရော ကျမလက် ထဲက ယောင်းမကို သူယူမယ် ငါယူမယ်နဲ့ လုကြရော။ အဲလိုကောင်တွေ ရှိနေမှတော့ ကျမက အငြိမ့်ပေါ့။

နောက်ကျမက တယောက်ထဲအတွက်ဆို ဘာမှမယ်မယ်ရရ လုပ်မစားဘူး။ ပျင်းတယ်။ ဘေးမှာ စားမယ့်သူ ရှိတယ်၊ မချက်မဖြစ် ချက်ရမယ် ဆိုရင်တော့ ချက်ပေးပါတယ်။ ကိုယ့်ဗိုက်အတွက်တော့ သိပ်မယ်မယ်ရရ လုပ်မနေဘူး။ အဲဒါကို ဖြစ်သလို လို့ ပြောရင် ဖြစ်သလိုပေါ့လေ။ ဟင်းချက်ရမှာထက် ပြီးသွားရင် ရှင်းလင်း ဆေးကျောရမှာ ပိုမလုပ်ချင်ဘူး (ဂလို မိန်းမပီသတာ)။ အစားတလုပ်အတွက် အပင်ပမ်းခံတဲ့သူတွေကိုလည်း အံ့သြတယ်။ အံ့သြပေမယ့် ရေလည်ချီးကျူးတယ်။ လေးစားတယ်။ ဂုဏ်ပြုတယ်၊ မှတ်တမ်းတင်တယ်၊ ကျေးဇူး တင်တယ် (အဲလိုမပြောရင် ခေါ်မကျွေးတော့မှာစိုးလို့)။ သူများက တကူးတက ချက်ပြီးခေါ်ကျွေးရင်တော့ သိပ်ငြင်းလေ့မရှိပါဘူး။ အခင်မင် ပျက်မှာစိုးလို့ပါ။

ကျမဘဝမှာ ဖြစ်သလိုဆိုတဲ့ အချိန်တချိန်တော့ ကြုံဖူးတယ်။ အစ်ကိုတယောက် ဂန္ဓမာပန်းတွေ စိုက်တဲ့ ကာလပေါ့။ အဲတုန်းက သူ့ကိုသွားကူရင်း စိုက်ခင်းမှာပဲ သူတို့နဲ့တူတူ စားကြတာ။ ရှိတာလေးကို ကြုံတဲ့သူက ချက်ပေါ့လေ။ ကျမအစ်ကိုကြီးက ချက်တာများတယ်။ အဲဒီတုန်းက သူငယ်ချင်းတယောက်က ညဘက် ဖားတွေ ရိုက်လာရော။ အဲဒါကို အစ်ကိုကြီးက ချက်တာ။ ဆီမရှိလို့တဲ့ ... အပြေးချန်ပီယံ သူငယ်ချင်းတယောက် လိမ်းတဲ့ မုန်ညင်းဆီတွေ ထည့်ချက်ရော(သူ့စိတ်ကူးထဲ ဆီဆို ဘာဆီဖြစ်ဖြစ်ရပြီ ထင်ပုံရပါတယ်)။ အဲဒါ ဘယ်လိုလုပ် စားမလဲ။ မုန်ညင်းဆီနံ့ နံစော်နေတဲ့ ဖားသားဟင်းကို ကြည့် ကြည့်ပြီး ဗိုက်တွေကဆာ ...၊ ထမင်းတွေချည်း လွေးရတော့တာ။ သြော် ... ငါ့ခမြာ ဖြစ်သလို စားနေရပါလား လို့ အဲဒီတုန်းကတော့ တွေးမိခဲ့ပါရဲ့ ....။

သူများတွေလုပ်သလို ဆက် tag ကြည့်ဦးမှ ... ဟိ။ ကိုင်းလာရော့လဟယ်။ ၁။ အာရဲဖေ (ရွာမှာအဲလိုပဲခေါ်တယ် စိတ်မရှိနဲ့) က ညီမလေး ဆုမွန် ...နဲ့ ၂။ ဂေါ်ဇီလာလိုလို ပုတ်သင်ညိုလိုလို အော်တတ်တဲ့ မောင်လေး အန်ဒီ တို့ရေ ... ရေးလိုက်စမ်းကွဲ့ ဖြစ်သလို။