အီးဘုခ်သို့ အူကြောင်ကြောင် ခြေတလှမ်း

၂၀၁၁ မှာ ဘလော့ဂ်ပို့စ် တခု ရေးပြီးတဲ့နောက် ကျမ ဘလော့ဂ်လေးဘက်ကို ခြေဦးမလှည့်နိုင် ပြန်ပါဘူး။ အလုပ်များတာက အကြောင်းပြချက် သက်သက်ပါ။ တကယ်က ကျမ စာရေးဖို့ကို လန့်နေတာဆိုရင် ပိုမှန်ပါမယ်။ အထူးသဖြင့် စာနယ်ဇင်းသမားဘဝ ကမောက်ကမ ခေါင်းစဉ်နဲ့ ဆက်ရေးဖို့ကို ကြောက်နေတာပါ။ ဒီခေါင်းစဉ်က ကျမတယောက်တည်းရဲ့ ဖြစ်ရပ်ဆိုပေမယ့် ကြုံတွေ့ခဲ့ရသူတွေရဲ့ ဘဝတွေနဲ့ပါ ဆက်စပ်နေတာကိုး။ ဒါပေမယ့် ကျမ ပြန်စဉ်းစားကြည့်တော့ နည်းနည်း ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုရင် ဒါ သမိုင်းတခုပါ။ သမိုင်းဆိုတာ ဘယ်သူမှ ဖျက်ဆီးလို့ မရစကောင်းဘူးလို့ တွေးမိပါတယ်။ လိပ်ပြာသန့်သန့်နဲ့ ရေးနိုင်ဖို့ဆိုရင်တော့ ကျမကိုယ် ကျမကော တခြားသူတွေကိုပါ ဘက်မလိုက်ဖို့ လိုပါလိမ့်မယ်။ ဒီလို တွေးမိပြီး ကျမ ဆက်ရေးဖို့ ကြိုးစား ဖြစ်ပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်တွေက အနည်းဆုံး ၇ နှစ်၊ ၈ နှစ်လောက် ကြာခဲ့ပါပြီ။

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ( ... )

“မနက်ဖြန်မနက် ၄၃ လမ်းနဲ့ ကုန်သည်လမ်းထောင့်က အဆောက်အအုံကို လာခဲ့ ... လှေခါးကနေ ၄ ထပ်ကိုသာ တက်ခဲ့” လို့ ဆရာမျိုး (ဦးမျိုးမြတ်သူက) ဖုန်းထဲကနေ ပြောတဲ့အထိ ကျမ ဘာလုပ်ရမလဲ ဆိုတာ တကယ် မသိခဲ့ ပါဘူး။

တကယ်တော့ စာအုပ်သမိုင်းသစ်တခုရဲ့ ခြေလှမ်းအစမှာ တထောင့်တနေရာက ကျမ ပါဝင်ခွင့်ရခဲ့တဲ့ အဖြစ် အပျက်ရဲ့ အစပါ။

“နင် စိတ်ဝင်စားမှာပါ။ မြန်မာအီးဘုခ် စလုပ်ကြမယ်။ အဲဒီမှာနင်က အယ်ဒီတာ လုပ်ရမယ်”

ဆရာမျိုးနဲ့ကျမက အင်တာဗျူးဂျာနယ်ကနေ ကျမ ထွက်လာကတည်းက ၃ နှစ်လောက် အဆက်အသွယ် ပြတ်နေတာပါ။ သူနဲ့ ပြန်ဆက်သွယ်မိချိန်မှာ သူက အီးဘုခ်ဖြစ်မြောက်ရေးရဲ့ ပရောဂျက် မန်နေဂျာ။

အီးဘုခ် ဆိုတာ ဘာလဲလို့ ကျမ စဉ်းစားမိတော့ ရိုးရိုးလေး တွေးရင် အီလက်ထရောနစ် စာအုပ်ပေါ့။ အဲဒီ အီလက် ထရောနစ် စာအုပ်ဆိုတာ ဘယ်လိုဟာပါလိမ့်။ အဲဒီအချိန်မှာ ကျမအတွက် အင်တာနက်ဆိုတာ စာအုပ်ထဲမှာပဲ ဖတ်ဖူးသေးတာပါ။ အီး .......... ဆိုတဲ့စကားလုံး မြန်မာပြည်မှာ စတင် ခေတ်စားနေပြီ ဆိုပေမယ့် ကျမ အတွက်တော့ တော်တော်လေး ဝေးတယ် ဆိုရမှာပါ။ ဂျီတီအိုင်ကို အီးစီနဲ့ ဆင်းခဲ့ပေမယ့် ကျမက သူငယ်ချင်း တွေ ပြောသလို အီလက်ထရောနစ် လမ်းကျောက သွေဖယ်ပြီး အရူးကျောကို နင်းမိထားသူကိုး။

ဆရာမျိုး အပြောအရတော့ အီးဘုခ်ဆိုတာ ထုတ်ပြီးသား သုတ၊ ရသ စာအုပ်တွေကို အင်တာနက်ပေါ် တင်ပြီး ရောင်းမှာ ဆိုပဲ။ ဘယ်လိုတင်ပြီး ဘယ်သူတွေကို ရောင်းမလဲလို့ တွေးမိပေမယ့် အဲဒီအချိန်မှာ ကျမ အဖြေမရ ပါဘူး။

အကွေ့မရှိတဲ့ လှေခါးရှည်ကြီးကနေ ၄ ထပ်အထိ တက်ရတာ တော်တော်တော့ မောပါတယ်။ ဒါပေမယ့် ကျမ အတွက် အသစ်အဆန်းတခု ကြုံရတော့မယ်ဆိုတဲ့စိတ်ကြောင့် မောဖို့ကို သတိမရနိုင်ပါဘူး။

ဖော်အဲဗားဂျွန် ... ဆိုတဲ့ ဆိုင်းဘုတ်ကလေးကလည်း ကျမအတွက် နည်းနည်း ဆန်းလို့နေပါတယ်။

“ဟောဒါက ဦးဌေးဝင်းတဲ့ ... ကဗျာဆရာ မောင်လင်းရိပ်ပေါ့။ ဒီမှာ နင်နဲ့အတူတူ အယ်ဒီတာ လုပ်မှာ”

ဆရာမျိုး မိတ်ဆက်ပေးလိုက်သူကို ကျမ ကြည့်မိတော့ ခင်မင်စရာကောင်းတဲ့ မျက်နှာတခုကို မြင်ရပါတယ်။ လေးထောင့်စပ်စပ်မျက်နှာက ကာတွန်းမောင်ဝဏ္ဏရဲ့ ဇာတ်ကောင် တောင်ပုလုမြို့စားကြီး ထင်ရာစိုင်း ကို သွား သတိရမိစေပါတယ်။ သူက ကျမကို ပြုံးပြတယ်။ မောင်လင်းရိပ်ရဲ့ ကဗျာတချို့ကို ဖတ်ဖူးတဲ့ ကျမအတွက်တော့ သူ့ရုပ်က သူ့ ကဗျာလေးတွေလိုလည်း မနုပါလားလို့ တွေးမိပါတယ်။

“သူက နင့်လိုပဲ ဂျီတီအိုင်ပဲလေ” လို့ ဆရာမျိုးက ဆက်ပြောတော့ ကျမ အမျိုးတယောက်ကို တွေ့ရသလို ပျော်သွားပါတယ်။ နောက်တော့မှ ဆရာဦးဌေးဝင်းရဲ့ အမျိုးသမီးကလည်း အင်းစိန်ဂျီတီအိုင်မှာ ဆရာမ၊ ဆရာ ကိုယ်တိုင် ဂျီတီအိုင်ဆင်းပြီး THS ကျောင်းအုပ်ကြီး လုပ်ခဲ့သူလို့ သိလိုက်ရပါတယ်။ ဒါ့အပြင် ဆရာမျိုးက ကျမနာမည်ကို ပြောပြပြီး “သူက ဆရာပြည့် တူမလေ” လို့ ဆက်ပြောတော့ ဆရာဦးဌေးဝင်းက ထပ်ပြီး ပြုံးပြပါတယ်။

“ဟုတ်လား ... တို့လည်း ပြွန်တံဆာ ဇာတိပဲကွ” ဆိုပြီး ကျမ ဦးလေးတွေ၊ အဒေါ်တွေရဲ့ အကြောင်းကို မေးပါ တော့တယ်။ အဲဒီမှာပဲ ကျမအတွက် ဦးဌေးဝင်းဟာ အတူ လုပ်ဖော်ကိုင်ဖက် ဆိုတဲ့အပြင် ဆွေမျိုး ဦးလေး သားချင်းလို ကျမအတွက် နောက်ပိုင်းအချိန်တွေအထိ ခင်မင်ရမယ့်သူဆိုတာကို တွက်မိပါတယ်။

အဲဒီနေ့မှာပဲ ရုံးခန်းထဲမှာ ကျမ နောက်ထပ် တယောက် ထပ်သိရတာကတော့ ဆရာမျိုးရဲ့ မန်နေဂျာဖြစ်တဲ့ မဟွေခင်ပါ။ တရုတ် အမျိုးသမီး ... ပိန်ပိန်ပါးပါးနဲ့ အပျိုကြီးပေါ့။ သူနဲ့ ကျမကတော့ မြင်မြင်ချင်း ဆောက်နဲ့ မထွင်းပေမယ့် နောက်ပိုင်းမှာ ဆောက်ထက် ဆိုးတာတွေနဲ့ ထွင်းဖြစ်ကြပါတယ် :)။ (နောက်ပိုင်း ပြန်တွေးမိတော့ ငယ်စိတ်နဲ့ မှားခဲ့တဲ့ ကျမ အမှားတွေကိုလည်း ပြန်မြင်မိပါတယ်)

ကျမတို့ လုပ်ကြမယ့်အလုပ်တွေကို ဆရာမျိုးက ရှင်းပြပါတယ်။

ဒီနေရာမှာ ဆရာမျိုးအကြောင်းကို ကျမ နည်းနည်းတော့ ပြောမှဖြစ်မယ်ထင်တယ်။ ဆရာမျိုးက စကားပြောရင် နည်းနည်းတော့ အကြီးကြီးတွေ ပြောတတ်ပါတယ်။

“ငါတို့ လုပ်မယ့်အလုပ်က ... လုံးဝအသစ်။ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ အလုပ်ပဲ။ အီးဘုခ် ကို ငါတို့ စလုပ်ကြမယ်။ အင်တာနက်ပေါ်တင်ပြီး ရောင်းနိုင်မယ်ဆိုရင် စာရေးဆရာတွေကော၊ ထုတ်ဝေသူတွေကော နောက်ထပ် အကျိုး ခံစားရမယ်။ ငါတို့က စာပေလောကရဲ့ အကျိုးကို တထောင့်တနေရာက သယ်ပိုးတဲ့သူတွေ ဖြစ်မယ် ...” အစရှိသဖြင့် ရှင်းပြတာတွေကတော့ အများကြီးပါ။

တကယ်တော့လည်း အကြီးကြီးတွေ ပြောတာဟာ သူ့ရဲ့ ဝသီဖြစ်မယ်ထင်ပါတယ်။ အဲဒီ အကြီးကြီးတွေကို အကြီးကြီးတွေလို့ တကယ်ထင်ခဲ့မိတဲ့ ကျမတို့က လွန်တာဖြစ်မှာပါ :P

ကျမအတွက်တော့ ကွန်ပျူတာဆိုတာ အစိမ်းသက်သက်။ ကွန်ပျူတာ ဆိုတာကို ဂျီတီအိုင် တက်တုန်းက lab ခန်းထဲမှာ မှန်လှောင်အိမ်နဲ့ ပြထားတာပဲ အနီးကပ်တွေ့ဖူးတာ ... အတွင်းက ကလီစာတွေကို ပြောပါတယ်။ အဲဒါ တကယ်ပါ။ အဲဒီတုန်းက ဘယ်လိုဖွင့်တယ် ပိတ်တယ် ဆိုတာလောက်တော့ သိသပေါ့။ ဒီလောက်ပါပဲ။ ကျမ ထက်စာရင် ဆရာဦးဌေးဝင်းက အများကြီး အတွေ့အကြုံရှိပါတယ်။ ဘာကြောင့်ဆိုတော့ သူက ကျောင်း သင်္ခန်းစာတွေနဲ့ မပြတ်တဲ့အပြင် ... လေးအောက် ဒီဇိုင်းတွေကိုလည်း ကွန်ပျူတာနဲ့ လုပ်နေတဲ့သူ မို့လို့ပါ။

အဲဒီမှာ ကျမနဲ့ တရုတ်မ အပျိုကြီးနဲ့ စတွေ့ကြတော့တာပါပဲ။

ကျမရဲ့ ကွန်ပျူတာနဲ့ မနီးစပ်တဲ့ အားနည်းချက်ကို သူက စဖိုက်တာပါ။ တကယ်တော့ သူ မမှားပါဘူး။ အဲဒီ လောကဓာတ်တွေကို သိအောင် ကျမ လုပ်ရမှာပေါ့လေ။ ကျမလုပ်ရမယ့် အလုပ်ကိုက ဒီဟာတွေ မသိရင် လုပ်လို့မှမရဘဲ။ အဲဒီတုန်းကတော့ ကျမ နည်းနည်း စိတ်တိုမိတယ်။ စိတ်ထဲကနေ “ကျမကို တလအချိန်ပေး ... ဒီလောကဓာတ် တွေကို အကုန်သိအောင်လုပ်ပြမယ်။ ရှင်လည်း တလအတွင်း စာတပုဒ်လောက် ရေးပြစမ်း” လို့ ပြောနေမိတယ်။ အခု စဉ်းစားမိတော့ ရယ်စရာကြီးပေါ့။ တကယ်က စာရေးတယ် ဆိုတာလည်း ဘာမှခက်တဲ့အလုပ် မဟုတ်ပါဘူး။ ကျမဘာသာ ကိုယ့်ဟာကိုယ် မာန်တက်မိနေတာပါ။

ဆက်ပြောရရင် ကျမတို့ လုပ်ရမှာက ... ဘယ်လိုစာအုပ်တွေကို ဘယ်ပုံစံ အင်တာနက်ပေါ် တင်မယ် ဆိုတာက စပြီး လုပ်ရမယ်။ တကယ့်ကို ကနဦးအစလို့ ပြောရမှာပါ။ အဲဒီ အီးဘုခ် ရုံးကြီးမှာ ဆရာမျိုး၊ ဒေါ်ဟွေခင်၊ ဦးဌေးဝင်းနဲ့ ကျမ ၄ ယောက်ပဲ ရှိသေးတာ။ ကျမ ခေါင်းထဲမှာတော့ စစချင်းနေ့မှာပဲ မေးခွန်းတွေ တပုံတခေါင်း ဝင်လာပါတယ်။

၁။ စာအုပ်တွေ ဘယ်ကရမလဲ

ကျမတို့ မြန်မာနိုင်ငံမှာ မူပိုင်ခွင့် ဘာညာ သေသေချာချာ ဥပဒေနဲ့ မရှိသေးပေမယ့် စိတ်ကူးပေါက်တဲ့ စာအုပ်ကို ဒီတိုင်း ယူချင်တိုင်း ယူတင်လို့ ဘယ်ရမလဲ။ ခပ်တည်တည်နဲ့ ယူတင်မယ် ဆိုရင်တောင် စာစီစာရိုက် လုပ်ရမယ်။ ဘယ်သူ လုပ်မှာလဲ။ တအုပ်ချင်းစီအတွက် စာစီစာရိုက်ကို အပ်မှာလား။ လူကလည်း ၄ ယောက်တည်း ဘယ်သူ ရိုက်မှာလဲ ... မသိဘူး။

၂။ ထုတ်ဝေသူတွေဆီက တောင်းမှာလား

တောင်းမယ်ဆို ဘယ်သူတွေက အလွယ်တကူပေးမှာလဲ။ ကျမတို့ အီးဘုခ် လုပ်မယ်ဆိုတဲ့သူတွေတောင် ဒါကို နားမလည်သေးတာ ထုတ်ဝေသူတွေ နားလည်အောင် ဘယ်သူက ရှင်းပြမှာလဲ။

၃။ အင်တာနက်ပေါ် တင်ရောင်းပါပြီတဲ့ ... ဘယ်သူက ဝယ်မှာလဲ။

မြန်မာပြည်မှာ အင်တာနက် ဆိုတာ ချိုနဲ့လားလို့ မေးရမယ့် ဘဝပဲ ရှိသေးတာ။ အင်တာနက် ကဖေးဆိုတာလည်း မရှိသေး။ ပြည်သူလူထုနဲ့ အင်တာနက် အဝေးကြီး။ အမ်အိုင်စီတီ ဆိုတာကြီးတော့ ရှိနေပြီပေါ့။ ဒါပေမယ့် အဲဒါကြီးကလည်း လက်တဆုပ်စာ လူတွေလောက်ပဲ ဝင်လုပ်ပြီး သိထားတာ။ အဲဒီကို တခါမှတောင် ကျမ မရောက်ဖူးဘူး (တကယ်တော့ ကျမတို့ရဲ့ အီးဘုခ်တွေကို အဲဒီ အမ်အိုင်စီတီက ဖော်အဲဗား ရုံးခန်းကနေ အိုင်တီ သမားတွေက အင်တာနက်ပေါ် တင်မယ်လို့ နောက်တော့ သိရပါတယ်)

၎။ ကဲ ... နိုင်ငံခြား ရောက်နေတဲ့ အင်တာနက်နဲ့ ထိတွေ့နီးစပ်နေသူ မြန်မာတွေက ဝယ်မယ် ဆိုပါတော့။ သူတို့က ဘယ်လို ငွေချေမှာလဲ။ အီးဘုခ် တအုပ်ရဲ့ တန်ဖိုးက မူလစာအုပ်တန်ဖိုးရဲ့ ၁၀ ပုံတပုံလောက်တောင် မရှိဘူးလို့ ဆရာမျိုးက ပြောပါတယ်။ တအုပ်ကို မူလတန်ဖိုး ကျပ် ၃၀၀ တန်ရင် အီးဘုခ်ရဲ့တန်ဖိုးက ကျပ် ၃၀ တောင် မရှိဘူး ဆိုတဲ့သဘောပါ။ ဒီလောက် ပမာဏလေးကို ဘဏ်စနစ်မရှိ ဘာမရှိနဲ့ ဘယ်လို ငွေချေမလဲ။ ကျမ ခေါင်းတော်တော်ရှုပ်သွား ပါတယ်။

ှဒါပေမယ့် ဘာပဲဖြစ်ဖြစ် မသိခြင်းတွေနဲ့ပဲ အီးဘုခ် ဆိုတာကြီးက ကျမကို ညှို့နေသလိုပဲ။ တော်တော်တော့ စိတ်ဝင်စားမိနေပါပြီ။

ဒီအီးဘုခ် ဆိုတာကြီးကို ဖော်အဲဗား စပေ့စ် ကုမ္ပဏီနဲ့ အိုအေစစ်သောက်ရေသန့် ထုတ်တဲ့ ဂျွန် ကုမ္ပဏီ ပေါင်းပြီး ထူထောင်တာလို့လည်း သိထားပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီကုမ္ပဏီပိုင်ရှင် လူကြီးမင်းတွေနဲ့ ကျမတို့ ဆုံပါတယ်။

အဲဒီအဆောက်အအုံကလည်း အသစ်လား ... အဟောင်းကို ပြုပြင်ထားတာလားတော့ မသိဘူး ...။ အသစ်ဆို ရင်လည်း ဆောက်ဆဲ၊ ပြုပြင်ထားတာဆိုရင်လည်း ဘာမှ မပြီးသေးတဲ့ လက်စပဲ ရှိသေးတယ်။ ဒီတော့ ကျမအတွက် အကုန်လုံး အသစ်စက်စက်ပါ။

ဦးဌေးဝင်းကတော့ ဒီဇိုင်းတွေ စဆွဲပါတယ်။ ဝက်ပေ့ခ်ျ ဒီဇိုင်းပေါ့။ အဲဒါလည်း ကျမ နားမလည်ပါဘူး။ နောက်တော့ နည်းနည်းရေးတေးတေး သိလာပါတယ်။

စစချင်းနေ့မှာ ကျမအတွက် စိတ်ဝင်စားစရာတွေ၊ မျှော်လင့်ချက်တွေ ပြည့်လို့ပေါ့။ စာအုပ်အမျိုးအစားသစ် တခုရဲ့ သမိုင်းအစမှာ ငါ ပါဝင်ခွင့်ရပြီဆိုပြီးလည်း စိတ်ကြီးဝင်မိပါတယ်။ တကယ်ပါ။ အဲဒီအချိန်က တကယ်ကို ထူးဆန်းတဲ့အဖြစ်ပါ။

နောက်ပိုင်း စိတ်ပျက်စရာတွေ တန်းစီပြီး ဝင်မလာခင် တော်တော်ကြာကြာအထိ အဲဒီ အီးဘုခ် ရုံးခန်းကလေးက ကျမအတွက် ပျော်စရာတွေနဲ့ မျှော်လင့်ချက်တွေ အများကြီး ပေးခဲ့တယ်။ အမှတ်ရစရာတွေနဲ့လည်း ကြည်နူး ခဲ့ရပါတယ်။

နောက်တော့ ဆက်ပါဦးမယ်


Justify Full

ဘဝဆက်တိုင်း ပန်းတွေနဲ့ဝေ


“တနင်္ဂနွေသားသမီးက တခုခုကောက်ကြတယ် ... စိတ်ကောက်ရင်ကောက်၊ မကောက်ရင် ဆံပင်ကောက် ... မကောက်ရင် ဖင်ကောက်” လို့ ဦးဝဏ္ဏက မကြီးကို စ လိုက်တော့ မကြီးက “ဦးဝဏ္ဏကကော ဘာကောက်လဲ” လို့ ပြန်မေးလိုက်တယ်။ ဦးဝဏ္ဏ ပြန်မဖြေနိုင်ခင်မှာပဲ အဘွားက “သူကလား ... သူက သူများတွေ ကျသမျှ လိုက်ကောက်တာလေ” လို့ ပက်ခနဲ ပြန်ပြောလိုက်လို့ ကျမတို့အားလုံး အံ့လည်းသြ၊ ရယ်လည်း ရယ်မိကြ ... ဦးဝဏ္ဏဆို မျက်ရည်လည်တဲ့အထိ ရယ်နေတာ ... အခုထိ မှတ်မိနေသေးတယ်။

အဲဒီဦးဝဏ္ဏ ဆိုတာကတော့ ကျမတို့မောင်နှမတွေ သိပ်ချစ်တဲ့ အငယ်ဆုံး အဒေါ် ဒေါ်ဒေါ်ချို့ ယောက်ျား စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏပါ။

၂၀၁၀ ထဲမှာ စာရေးချင်စိတ် တော်တော်လေး ခေါင်းပါးနေခဲ့တယ်။ ၂၀၁၁ မှာတော့ ဘလော့လေးကို အသက်ပြန်သွင်းမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် နှစ်ဆန်းမှာ ပို့စ် အသစ်ကို နာရေးတခုနဲ့ စရလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။

၁၁ ရက်နေ့ မနက်က ဦးဝဏ္ဏ ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတော့ ကျမ ရုတ်တရက် ဒေါ်ဒေါ်ချို့ကို ဖုန်းမဆက်ရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်ဒေါ်ချို့မှာ နှလုံးမကောင်းတဲ့ ရောဂါရှိတယ်။ နောက် ... ဒေါ်ဒေါ်ချိုက သိပ် အချစ်ကြီးတယ်။ ဘွားဘွား ဆုံးတုန်းက၊ ကျမ ပါပါ ဆုံးတုန်းက၊ နောက် ဦးမြင့် (ဦးအောင်ပြည့်) ဆုံးတုန်းက ဒေါ်ဒေါ်ချို ငိုတာတွေကို ကျမ မြင်ဖူးထားတာကိုး။ အဲဒီတုန်းက ဒေါ်ဒေါ်ချို ငိုတဲ့အချိန် နှစ်သိမ့်သူ၊ ပြုစုသူက ဦးဝဏ္ဏလေ။ အခု ဦးဝဏ္ဏ ဆုံးသွားတော့ ဒေါ်ဒေါ်ချို့ကို ဘယ်သူက နှစ်သိမ့်မှာလဲ ဆိုတာ ကျမ စိတ်ပူပြီး ဖုန်းမဆက်ရဲတာပါ။ ဖုန်းထဲမှာ ဒေါ်ဒေါ်ချို ငိုရှိုက်လိုက်ရင် ကျမလည်း မနှစ်သိမ့်တတ်၊ ပြီးတော့ ကျမပါ ငိုမိမယ် ထင်တယ်။ ဒါကြောင့် တော်တော်လေး နောက်ကျမှ မရဲတရဲနဲ့ ကျမ ဖုန်းဆက်လိုက်တယ်။

ဒေါ်ဒေါ်ချို့အသံက သိပ်ကို တည်ငြိမ်နေတာ ကျမ အံ့သြတကြီး ကြားလိုက်ရတယ်။ ဝမ်းနည်းတဲ့ကြားက ဒေါ်ဒေါ်ချို့အတွက် ကျမ စိတ်အေးသွားတယ်။ တနှစ်လောက် ... သူ သိပ်ချစ်ရတဲ့ ခင်ပွန်းသည်ကို ပြုစု လိုက်ရပြီပဲ။ ဒေါ်ဒေါ်ချိုဟာ ကျမ သိသလောက်တော့ သူ့ခင်ပွန်းကို သိပ်ချစ်တဲ့ ပါရမီဖြည့်ဘက် တယောက်ပါ။ သားသမီးတွေအတွက်၊ ခင်ပွန်းသည်အတွက် အသက်ရှင်နေတဲ့သူလို့ ကျမတော့ ယုံကြည်တယ်။

ကျမ အတွေးတွေက ဟိုးအဝေးကြီးကို ပြန်ရောက်သွားတယ် ...

ကျမတို့ သန်လျင်အိမ်မှာ ဒေါ်ဒေါ်ချို လာနေပြီး ကျောင်းတက်တဲ့ကာလပေါ့။ ဒေါ်ဒေါ်ချိုက အငယ်ဆုံး အထွေးဆုံး ... ပါပါက အကြီးဆုံးဆိုတော့ မောင်နှမပေမယ့် သားအဘလို ဖြစ်နေတာ။ ဒေါ်ဒေါ်ချို အပျိုအရွယ် ... စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့အချိန် ... အဲဒီတုန်းက သင်္ဘောခေတ်။ ကျမက စာရေးချင်တဲ့သူ ဆိုတော့ ... လူကြီးတွေပြောသမျှ ... အကုန်လိုက်မှတ်ထားခဲ့တာပါ။

ကျမ ဦးလေးအငယ် ဦးညွန့် (ဒေါ်ဒေါ်ချို့အထက်က ... သူက ကောင်းညွန့်နာမည်နဲ့စာရေးတယ်။ မြဝတီခေတ်က အယ်ဒီတာ) က အမြဲ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။ ဒေါ်ဒေါ်ချိုက ငယ်ငယ်က သိပ်လှတာကိုး ... ဒီတော့ ပိုးတဲ့ ပန်းတဲ့သူတွေလည်း များတာပေါ့။ အဲဒီထဲမှာ ထူးခြားတာ ၃ ယောက်လောက်ပါတယ်။ ဒေါ်ဒေါ်ချို့ကို ဇွဲကောင်းကောင်းနဲ့ ပိုးတဲ့သူတွေပေါ့။ ဒါရိုက်တာပေါက်စ မောင်ဝဏ္ဏရယ်၊ နောက် ၂ ယောက်ကတော့ စစ်ဗိုလ် တယောက် သမဝါယမက အရာရှိလေး တယောက်ရယ်ထင်တယ်။ ဒီ ၃ ယောက်ကို ဒေါ်ဒေါ်ချို ရွေးရခက် နေတော့ ဦးညွန့်ကို တိုင်ပင်သတဲ့။ ဒီသုံးယောက်ထဲမှာ ငွေကြေးအားဖြင့်၊ ရုပ်ရည်အားဖြင့် ဦးဝဏ္ဏက အောက်ဆုံး အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

“ကိုကိုညွန့် ချိုရီ ဘယ်လိုလုပ်ရင်ကောင်းမလဲ” ပေါ့။ အဲဒီမှာ ဦးညွန့်က ဦးမြင့် (ဦးအောင်ပြည့်) ရဲ့ သူငယ်ချင်း မောင်ဝဏ္ဏကို အမှတ်ပေးတယ်။ ကျမအဖေကော၊ ဦးလေးတွေကောက အနုပညာ သမားတွေ ဆိုတော့ အားလုံး ဦးဝဏ္ဏကို အမှတ်ပေးကြတယ်။ ဒါပေမယ့် အားလုံးကတော့ ဘယ်သူ့ကို ရွေး၊ ဘယ်သူနဲ့ပဲ သဘောတူတယ် ဆိုတာမျိုးတော့ မရှိဘူးပေါ့လေ။ အဲဒီမှာ ဒေါ်ဒေါ်ချိုက ဦးဝဏ္ဏကို ရွေးချယ်လိုက်တာပါ။ သူတို့ အသက်လည်း တော်တော် ကွာတယ် ... ဒါပေမယ့် သူတို့ ၂ ယောက် သိပ်ချစ်ကြတာတော့ ကျမ မျက်မြင်ပါပဲ။ နောက်တော့ ဦးဝဏ္ဏကို သူ့ ယောက်ဖတွေဖြစ်တဲ့ ပါပါတို့ ညီအစ်ကိုတွေက သိပ်ချစ်ကြပါတယ်။

ကျမ အတွေ့အကြုံအရ ဒေါ်ဒေါ်ချို ဦးဝဏ္ဏကို စိတ်ဆိုးတာ တခါပဲ တွေ့ဖူးပါတယ်။ အဲဒီတုန်းက ဦးညွန့်ရဲ့ အိမ်မှာပဲပေါ့။ ကျမတို့က ခပ်ငယ်ငယ် ကလေးသာသာအရွယ်။ ပါပါတို့ မောင်နှမတွေ စုဆုံကြတဲ့ ပွဲ တပွဲပါ။

ကျမ ပါပါက လုံးဝ အရက်မသောက်တတ်ဘူး။ ဦးညွန့်နဲ့ ဦးဝဏ္ဏတို့က ရေရေလည်လည် သောက်နေတဲ့ အချိန်ပေါ့ (ဦးဝဏ္ဏတို့ ဦးမြင့်တို့ အရက်ဖြတ်လိုက်ပေမယ့် ဦးညွန့်က ဒီနေ့ထိ မဖြတ်ဘူးလို့ ကြားပါတယ်)။ အဲဒီနေ့က ဦးမြင့်တော့ မရှိဘူး။ သူက အဲဒီအချိန်က လျှမ်းလျှမ်းတောက် စာရေးဆရာ၊ အယ်ဒီတာ၊ သရုပ်ဆောင်၊ ကျူရှင်ဆရာလည်း လုပ်နေတာဆိုတော့ ကျမတို့ သိပ်မမြင်ကြရပါဘူး။

ကျမတို့ မောင်နှမတွေက ဦးညွန့်ယောက္ခမ ဆရာကြီး ဦးတက်တိုးနဲ့ ဒေါ်နုယဉ်တို့ ခြံထဲမှာ ဗြောင်းသတ်အောင် ဆော့ပြီး မောမောနဲ့ လူကြီးတွေ ပြင်ကျွေးတဲ့ ညနေစာ စားပြီးချိန်မှာ ဦးညွန့်နဲ့ ဦးဝဏ္ဏက မျက်ရိပ်ပြပြီး အပြင်ထွက်ဖို့ ပြင်ပါတယ်။ သူတို့ချည်းထွက်ရင် ဒေါ်ဒေါ်ချိုတို့က မလွှတ်ဘူး ဆိုတာသိတော့ အားလုံးရဲ့ အစ်ကိုကြီးဖြစ်တဲ့ ပါပါ့ကိုပါ အပါခေါ်ပါတယ်။ ပါပါက မသောက်တတ်ပေမယ့် သူ့ညီနဲ့ ယောက်ဖကို ချစ်တော့ လိုက်သွားပေးပါတယ်။ နောက်တော့ သူတို့ ... အဲဒီနေရာနဲ့ နီးတဲ့ မီးရထားဟိုတယ်မှာ သွားသောက်ကြ တယ်ပေါ့။

ကျမ မှတ်မိသလောက်တော့ မေမေက အရမ်းကို စိတ်ပူနေပြီ။ ဦးညွန့်မိန်းမ ဒေါ်ရည်လေးက ... လူတကာကို အားနာတတ်တော့ မေမေ့ကို အလကားနေရင်း အားနေပြီ။ ဒေါ်ဒေါ်ချိုကတော့ ဦးဝဏ္ဏကို ကျိန်းနေတာပေါ့။ ညဥ့် တော်တော်နက်တော့မှ သိုင်းကွက် တော်တော်လေး နင်းလာတဲ့ ပါပါ့ကို ခပ်ထွေထွေ ပုံစံနဲ့ ဦးဝဏ္ဏရယ် ဦးညွန့်ရယ်က တွဲလာပါတယ်။ အိမ်ထဲကို ရောက်တာနဲ့ ပါပါက ထိုးအန်ပါတော့တယ်။

ဘာပြောကောင်းမလဲ ... မသောက်တတ်တဲ့ သူတို့ အစ်ကိုကြီးကို တိုက်ရပါ့မလားဆိုပြီး ဒေါ်ဒေါ်ချိုတို့ ပွက်ချက်က ... ဦးဝဏ္ဏဆိုတာ ငြိမ်ကုတ်လို့။ နဂိုကတည်းက ဦးဝဏ္ဏက အနေ အရမ်းအေးတာကိုး ...။ ဦးညွန့်ကိုတော့ ဒေါ်ရည်လေးက သိပ်မနိုင်ဘူး ... ဒေါ်ဒေါ်ချိုပဲ ပတ်ရမ်းတာပါ။ ဒေါ်ဒေါ်ချိုကလည်း အစ်ကိုဆိုတော့ သိပ် မပြောသာတာနဲ့ ... ဒဂုံ ၁ ကျောင်းနောက်မှာနေတဲ့ ပါပါ့အောက်က ဒေါ်ဒေါ်သန်းကို ဖုန်းဆက်ခေါ် ... ဒေါ်ဒေါ်သန်းပါ ရောက်လာပြီး ဦးညွန့်ကို ဆူ ... ဒေါ်ဒေါ်ချိုက ဦးဝဏ္ဏကို ပွမ်တဲ့ ... ပါပါ အရက်သောက်မိတဲ့ ကိစ္စ တော်တော့်ကို ပြောစမှတ်ဖြစ်သွားပါတော့တယ်။ ကျမအဖေအရက်သောက်တာကို ကျမ အဲဒီတခါပဲ မြင်ဖူးတယ် ဆိုပါတော့။ တရားခံကတော့ ဦးဝဏ္ဏနဲ့ ဦးညွန့်ပေါ့။

ဦးဝဏ္ဏ စိတ်ဆိုးတာလည်း ကျမ တခါပဲ ကြုံဖူးပါတယ်။ သူကတော့ ဒေါ်ဒေါ်ချို့ကို စိတ်ဆိုးတာ မဟုတ်ပါဘူး။

သန်လျင်မှာ ... ဒွေး၊ ဇင်ဝိုင်း၊ မျိုးသန္တာထွန်း၊ ဆုဒါလီတို့နဲ့ ရယ်စရာမောစရာ ကားကြီး လာရိုက်တဲ့အချိန်ပါ။ ကျမတို့ မောင်နှမတွေကလည်း အားနေတဲ့အချိန်ဆိုတော့ ဒေါ်ဒေါ်ချို့ကို ရိုက်ကွင်းမှာလိုအပ်တာတွေ သွားကူ ပေးကြတဲ့အချိန် ... တရုန်းရုန်းပေါ့။ နေရာက ကျိုက်ခေါက်ဘုရားခြေရင်းက ဘုန်းကြီးကျောင်းဝင်းထဲမှာပါ။ အဲဒီနေရာက ဇရပ်ကလေးတွေနဲ့ ရွာလေးလို ဖြစ်နေတော့ တော်တော်လေး ရုပ်ရှင်ရိုက်ရတာ အဆင်ပြေတဲ့ နေရာပေါ့။

ရုပ်ရှင်ရိုက်ကွင်းထဲကို ရုပ်ရှင်မှာပါသမျှလူတွေအကုန် ရောက်နေကြတော့ သူတို့အလှည့်မရောက်မချင်း အားနေကြပါတယ်။ ဒီတော့ ပိုကာအပျော်ဝိုင်း ကစားနေကြတယ်။ မှတ်မိသလောက်တော့ မင်းမော်ကွန်းက မင်းသားမဖြစ်သေးဘူး။ ၉ တန်းလားပဲ ရှိသေးတာပါ။ သူ့အဖေရဲ့ ရိုက်ကွင်းကို လိုက်လာရင်း သူ့အဖေ ကားရိုက်နေတဲ့အချိန် သူ့အဖေရဲ့ နေရာဝင်ထိုင် ကစားပေးနေပါတယ်။

ဒေါ်ဒေါ်ချိုကလည်း ထုတ်လုပ်သူဆိုတော့ ဦးဝဏ္ဏကားရိုက်နေတဲ့အချိန် တော်တော်များများအားနေတော့ ဖဲဝိုင်းမှာ ခဏတဖြုတ် ဝင်ထိုင်တတ်ပါတယ်။ အဲဒီ ကျောင်းက ဦးပဉ္ဇင်းကြီးက အရမ်းသဘောကောင်းပြီး ... ဦးဝဏ္ဏတို့ရိုက်ကွင်းက လိုအပ်ချက် မှန်သမျှ ကူညီပေးပါတယ်။ ကူညီပေးလွန်းလို့ အားလုံး အားနာရတဲ့ အထိပါပဲ။ ဒါပေမယ့် အဲဒီဦးပဉ္ဇင်းကြီးက တော်တော့်ကို ပျော်တတ်ပုံရတယ်။ တရက်တော့ ဆုဒါလီနဲ့ ဇင်ဝိုင်းရဲ့ အခန်းတော်တော်များများ ရိုက်ပါတယ်။ ဆုဒါလီက လှထုံ နေရာက သရုပ်ဆောင်တော့ ဆံပင်ရှည် အတုကြီး တပ်ပြီး သရုပ်ဆောင်ပါတယ်။

ဖဲဝိုင်းက ကျောင်းအဝင်ဝက မြေစိုက် အုတ်ဇရပ်ကလေးမှာပါ။ အဲဒီမှာ ရုပ်ရှင်သမားတွေလည်း နားနေကြ ပါတယ်။ အဲဒီမှာ ဘယ်လိုက ဘယ်လိုဖြစ်တယ်မသိဘူး ... ဖဲရိုက်ရင်း ဒေါ်ဒေါ်ချို သတိလစ် တက်သွားလို့ ဆိုပြီး တော်တော်လေး ရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်။ ဦးဝဏ္ဏကလည်း ရိုက်ကွင်းဖြုတ်ခါစ ... ပစ္စည်းတွေတောင် မသိမ်းရသေးဘူး။ သူ့မိန်းမ သတင်းကြားတော့ အူယားဖားယားနဲ့ ပြေးသွားပြီး ဘယ်လိုဖြစ်တာလဲ မေးမြန်းကြ၊ ဒေါ်ဒေါ်ချို့ကို နှာနှပ်သူတွေက နှပ်ကြနဲ့။ နောက်မှ အကြောင်းစုံ သိရတာပါ။

ဆုဒါလီက သူ့ဆံပင်တုကြီးကို ပြူတင်းပေါက်နားက ခုံပေါ်မှာ ချွတ်တင်ပြီး အဝတ်အစားလဲနေတုန်း ... ဦးပဉ္ဇင်းကြီးက ပြူတင်းပေါက်နားကို ရောက်လာ ... ဆံပင်တုကြီးကိုတွေ့တော့ ... ယူဆောင်းကြည့်ပါသတဲ့ ... အဲဒီမှာ ပြူတင်းပေါက်ဘက်ကို မျက်နှာမူပြီး ဖဲရိုက်နေတဲ့ ဒေါ်ဒေါ်ချိုက သင်္ဃန်းဝတ်နဲ့ ဆံရှည်ကြီးကိုလည်း တွေ့ရော လန့်ပြီး သတိလစ် မေ့မျောသွားရတာပါ။ အားလုံးလည်း ငိုအားထက် ရယ်အားသန် ... ဦးဝဏ္ဏကြီး စိတ်ဆိုးနေတော့ ဘယ်သူမှ မရယ်ရဲကြ ...နဲ့ ဦးပဉ္ဇင်းလည်း လန့်ပြီး ထွက်မလာတော့ပါဘူး။ ဦးဝဏ္ဏက သူ့မိန်းမ ဒီလိုဖြစ်ရလို့ စိတ်အရမ်း ဆိုးနေပေမယ့် သူတို့အတွက် အစစအရာရာ ကူညီထားတဲ့ ဦးပဉ္ဇင်းဖြစ်လေတော့ သူ့ဒေါသကို မြိုသိပ်ထားလိုက်တာတွေ့ရပါတယ်။

နောက်ပိုင်းလည်း ဦးဝဏ္ဏက အဲဒီ ကျောင်းလေးမှာ တရားသွားထိုင်၊ တရားသွားဆွေးနွေးတာတွေ လုပ်လေ့ ရှိပါတယ်။ ကာတွန်း ဦးချစ်ဆွေကလည်း အဲဒီနားမှာနေတော့ သူတို့ အမြဲ ဆုံကြ အေးအေးဆေးဆေး စကားပြောကြ လုပ်လေ့ရှိပါတယ်။

ဦးဝဏ္ဏကို စိတ်ဆိုးတာ အဲဒီတခါပဲ တွေ့ဖူးပြီး နောက်ပိုင်းမှာ အမြဲတမ်း ပြုံးနေတာပဲ တွေ့ရပါတော့တယ်။ အထူးသဖြင့် သူက ကျမတို့ ကလေးတွေကို ချစ်ပါတယ်။ ဦးဝဏ္ဏလည်း ဦးဗလ (သုမောင်)လို နားမကောင်းပါဘူး။ သူတို့အဖေ ဦးသာဓုနဲ့ တူတာဖြစ်ပါလိမ့်မယ်။ နားမကောင်းသူတွေဟာ စကားပြောရင် အသံ အရမ်း ကျယ်ရင်ကျယ်၊ မကျယ်ရင် ဂရုစိုက်ပြောလို့ အရမ်းကို တိုးပါတယ်။ ဦးဝဏ္ဏက ဒုတိယ အမျိုးအစားပါ။ ကျမလည်း နားတဘက်လေးပါတယ်။ ကျမကတော့ စကားပြောရင် ကျယ်ပါတယ်။ ဒီတော့ ကျမနဲ့ ဦးဝဏ္ဏ စကားပြောရင် တယောက်ပြောတာ တယောက် သေချာ မကြားကြဘဲနဲ့ ခပ်တည်တည်နဲ့ “အင်း” လိုက် ... ခေါင်းညိတ် ခေါင်းခါ လုပ်နဲ့ ... အဆင်ပြေနေတာပါပဲ။

ဒီစာရဲ့ အစကတော့ ... ကျမ ဘွားဘွား ... ပါပါတို့ အမေ မသေခင်က အဖြစ်အပျက်ပါ။ ဆွေမျိုး တယောက်ယောက် အိမ်မှာ အလှူလုပ်ရင် ကျမတို့မောင်နှမ ဝမ်းကွဲတသိုက် ဆုံနေကြပါ။ ဦးဝဏ္ဏကတော့ လူကြီးဝိုင်းရယ်လို့လည်း မဟုတ်ဘဲ ထောင့်တထောင့်မှာ အေးအေးဆေးဆေး ထိုင်နေတတ်ပါတယ်။ ဒေါ်ဒေါ်ချို ပြန်ချင်မှ ထပြန်ပါတယ်။ ကျမတို့ ဘွားဘွား မသေခင်က သတိမေ့တဲ့ရောဂါ ဖြစ်ပါတယ်။ သူငယ်ပြန်တယ် ပြောမလားတော့ မသိဘူး။ ဟိုး ... မြို့လှ တုန်းက သူ ဈေးဆိုင်တည်ခဲ့တာတွေ ကုန်ကူးခဲ့တာတွေကို ပြန်ပြန် ပြောလေ့ရှိပါတယ်။ အဲဒီမှာ ကျမတို့ မောင်နှတွေက ဘွားကို ပေါက်ကရတွေလျှောက်ပြောကြ ... ရယ်ကြ မောကြ လုပ်ရင် ဦးဝဏ္ဏပါ လာထိုင်ပြီး ရယ်နေလေ့ ရှိပါတယ်။

အဲဒီမှာ ဘွားဘွားက ဦးဝဏ္ဏကို “ဟဲ့ ... နင်က ကုန်ကားမောင်းတဲ့ ဒရိုင်ဘာ မဟုတ်လား။ နင့်မိန်းမ နေကောင်းလား” လို့ မေးရင် ဦးဝဏ္ဏကလည်း အလိုက်သင့်ဖြေ ... ကျမတို့ကတော့ ဒါရိုက်တာကို ဒရိုင်ဘာလို့ ပြောတဲ့ ဘွားကို ရယ်ကြ။ ဦးဝဏ္ဏ အလိုက်သင့်ဖြေတာတွေကို ရယ်ကြနဲ့ ... ပျော်စရာ အရမ်းကောင်းပါတယ်။

ဦးဝဏ္ဏရဲ့ အနုပညာတွေ၊ ရုပ်ရှင်ကားတွေ၊ စာပေတွေကိုတော့ သူ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပရိသတ်က သိပြီး ဖြစ်ပါတယ်။ ကျမကတော့ ဦးဝဏ္ဏရဲ့ စရိုက်နဲ့ ရိုးသားမှုတွေ၊ မိသားစုအပေါ် သိပ်ချစ်တာတွေ၊ သူ့အနုပညာ အတွက် ခေါင်းမာတာတွေကို သတိရနေမိပါတယ်။ ပြောစရာတွေလည်း အများကြီး ကျန်နေပါသေးတယ်။

အေးဆေး ငြိမ်းချမ်းလွန်းတဲ့ ဦးဝဏ္ဏအဖြစ်၊ ကျမတို့ သိပ်ချစ်ရတဲ့ ဦးဝဏ္ဏအဖြစ် နှမျောသလို ... အစားထိုး မရတဲ့ အနုပညာရှင် တယောက်အဖြစ်လည်း ကျမ သိပ်နှမျောမိပါတယ်။

ဒေါ်ဒေါ်ချိုနဲ့ ဖုန်းပြောတော့ ဒေါ်ဒေါ်ချို့အသံက သိပ်ကို တည်ငြိမ်နေတယ်လို့ ကျမပြောပြီးပါပြီ။ ကျမရဲ့ ဦးညွန့်ကတော့ အရက်တွေသောက်ပြီး ထောင့်တထောင့်မှာ ထိုင်နေတယ်တဲ့ ... ဒေါ်ဒေါ်ချို ပြောတာပါ ... “နင့်ဦးညွန့်ကတော့ ပြောလို့လည်း ရတော့မှာမဟုတ်ပါဘူး” လို့ ဒေါ်ဒေါ်ချိုက ကျမကို ပြောပါတယ်။ ကျမ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ သူ့ သူငယ်ချင်းလို အစ်ကိုလို တွယ်တာချစ်ခင်ရတဲ့သူ ၃ ယောက်စလုံး မရှိတော့ဘူးကိုး ...။ ပထမဆုံးထွက်သွားတာက ဦးမြင့်၊ နောက်တော့ ဦးဗလ၊ နောက်တော့ ဦးဝဏ္ဏ ...။ ဒီလူတွေ အကုန်လုံးကို ကျမလည်း ချစ်တယ်။ ကျမ သူတို့ကို အသက်ရှည်ရှည်နဲ့ အနုပညာတွေ ဖန်တီးနေတာ မြင်ချင်တယ်။ အနုပညာ မာနတွေတခွဲသားနဲ့ ရိုးသားမှုတွေ ယှက်သန်းနေတဲ့ သူတို့မျက်နှာတွေကို ကျမလွမ်းတယ်။ ကျမအတွက် အစားထိုးမရတဲ့ ဦးလေးတွေ ... နိုင်ငံအတွက် အစားထိုးမရတဲ့ အနုပညာရှင်တွေ ... သူတို့ကို စောစောခေါ်တဲ့ သေမင်းကို ကျမ မုန်းလိုက်တာ။

ဒီနေ့ ၃ နာရီဆို ဦးဝဏ္ဏရဲ့ နောက်ဆုံးခရီး ... ရေဝေးမှာ ... အတော်လေး စည်နေမှာ ကျမ မြင်ယောင်နေမိတယ်။ ဆွေမျိုးတွေ ထဲမှာ နာရေးဆိုရင် ကျမက ပန်းခြင်းလုပ်ပေးနေကျ ... ဦးမြင့်အထိ ကျမ ပန်းခြင်း လုပ်ပေးခဲ့ရတယ်။ ဦးဝဏ္ဏအတွက်တော့ ကျမ စိတ်ထဲကပဲ ပန်းတခြင်း အလှဆုံးပြင်ပေးနေမိတယ်။ အဲဒီပန်းခြင်းမှာ နှင်းဆီတွေ ချည်း ပါမယ် ... ဒါပေမယ့် ရောင်စုံ မဟုတ်ဘူး .... အဖြူအမည်း ... ခင်ယုမေခေါင်းပေါ်က ဖြတ်ခနဲ ပြုတ်ကျ သွားတဲ့ နှင်းဆီတွေ။ အဖြူအမည်း နှင်းဆီတွေ ...။ ဝေနေမယ့် နှင်းဆီတွေ ...။

ငါသည်
သူ့ကိုချစ်၏
ထိုသို့ ချစ်သောကြောင့်
ခံစားရသော ဒုက္ခသည်
ကြီးစွ။
ထိုဒုက္ခသည် ကြီးစွာသော ပီတိကိုဖြစ်စေ၏
ဟိသစ္စံ ဤစကားမှန်၏။
ဤမှန်သော သစ္စာစကားကြောင့်
ငါသည်
ဘဝဆက်တိုင်း “ချစ်တတ်သောကိုယ်”
ဖြစ်လို၏။

ပန်းတွေနဲ့ဝေ ဝတ္ထုမှာ ရေးထားတဲ့စာသားလေးကို သူ့ရဲ့ နောက်ဆုံးလက်ကမ်းစာရွက်မှာ ရေးထားတာပါ။ ဘဝဆက်တိုင်း ချစ်တတ်သောကိုယ် ဖြစ်ရပါလို၏ တဲ့လား ဦးဝဏ္ဏရယ်။

ဘဝဆက်တိုင်း ပန်းတွေနဲ့ ဝေနေပါစေလို့ ကောင်းရာမွန်ရာကို သေချာပေါက် ရောက်မယ့် ဦးဝဏ္ဏအတွက် စိတ်ထဲက ပန်းတခြင်းနဲ့အတူ သမီး နောက်ဆုံး နှုတ်ဆက် ဆုတောင်းလိုက်ပါတယ် ...။

ကိုနိုင်နဲ့ပဲနေတော့မယ့် ယုဇနပန်းကလေး (ဇာတ်သိမ်း)

“ညီမလေး … ဟိုသေနာကျကို မယု လိုက်ရှာလိုက်ဦးမယ် … ကလေး ခဏ ကြည့်ထားပေးဟာ”

မယု … ကိုနိုင်နဲ့ သမီးလေး တယောက် မွေးပြီးတဲ့နောက်မှာ မကြာခဏ ကြားရတဲ့ စကားပါ။

“ကိုနိုင့်ကို ဘယ်မှာ လိုက်ရှာမလို့လဲ ..”

“ဘယ်မှာရှာရမှာလဲဟယ် … ဒီနားက အရက်ဆိုင်တွေမှာပဲပေါ့။ ဒင်းတော့လား … တွေ့လို့ကတော့ အသေကို လုပ်လိုက်ဦးမယ်”

“ကဲ ကဲ ရှာရင်လည်း သွားရှာလေ … ဟန်နီလေးကို ညီမလေးနဲ့ ထားခဲ့။ ရန်လည်း ဖြစ်မနေနဲ့ဦး”

မယုသမီးငယ်လေးက မယုနဲ့ တပုံစံတည်း ...။

သူတို့မိသားစု သုံးယောက်နေကြတဲ့ ဘကြီးခြံထဲက တဲကလေးက ကျမတို့ ဆွေမျိုးတွေ စုနေတဲ့ နေရာနဲ့ဆို ၄၊ ၅ မိုင်လောက် ဝေးပါတယ်။ မနက်တိုင်းမှာ ကိုနိုင်က ဟန်နီလေးကို ပခုံးပေါ်မှာ ထမ်း မယုကို လက်တွဲပြီး လျှောက်လာတဲ့ မြင်ကွင်း မြင်ရသလို … ညနေတိုင်းလည်း အဲဒီလိုပုံစံနဲ့ အိမ်ပြန်ကြတဲ့ သူတို့မိသားစုကို မြင်နေကြ ...။

ကျမက အိမ်ထောင်ကျစ … မနက်ခင်း လင်မယားနှစ်ယောက် လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ အချိန်ဆို မယုတို့ မိသားစု အဲဒီ လက်ဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ကြမြဲ … ။ တခါတလေမှာ ကျမတို့ လက်ဘက်ရည်ဝိုင်းမှာ သူတို့ ဝင်ထိုင်ကြတတ် သလို … တခါတလေတော့လည်း … မထိုင်တော့ဘဲ အော်ဟစ် နှုတ်ဆက်ပြီး ဆက်လျှောက်သွားတတ်တယ်။

ညနေပိုင်းတွေမှာတော့ တခါတလေ ကိုနိုင် အလုပ်ကောင်းတဲ့အခါ အရက်ဆိုင်ကို ရောက်နေတတ်လို့ မယုက ကလေးကို ကျမနဲ့ အပ်ပြီး လိုက်ရှာရတာမျိုးရှိတတ်တယ်။ အဲဒီအခါမျိုးမှာ ကိုနိုင်က မယုပြောဆိုသမျှကို ငြိမ်ပြီး ခံနေလေ့ရှိတယ်။ နောက်ဆုံး မယုပဲ မောပန်းပြီး သူ့စကားကို သူ အဆုံးသတ် … ကိုနိုင်က ကလေးကို ကောက်ချီပြီး အိမ်ပြန်ကြတော့ တာပါပဲ။

အဲဒီ ပုံစံအတိုင်း ကျော်ဖြတ်သွားလိုက်တာ … နေ့တွေ၊ ညတွေက တပုံစံတည်းလားတောင် ထင်ရရဲ့ ...။ ကျမ သားကြီး ကိုယ်ဝန်ဆောင်တော့ မယုသမီး ဟန်နီလေးတောင် ၅ နှစ်ပြည့်လို့ သူငယ်တန်းစတတ်ပြီ။ မိဇာလေးက အလယ်တန်းတောင် ရောက်ပြီ … ။


ကျမ သားကြီးမွေးတော့ မယုရောက်လာပြီး ထဘီက အစ မရွံမရှာ လျှော်ပေးတာပါ။ အဲဒီလို ရှိသမျှ အလုပ်တွေ သိမ်းကျုံး လုပ်ရင်းက သူ့ထုံးစံ ကြားထားသမျှ အတင်းတွေတော့ ပြောတတ်တာပေါ့လေ ...။

တခါတော့ ကလေး နီတာရဲလေးကို ထွေးပွေ့ထားတဲ့ ကျမကို စေ့စေ့ … တွေငေး ကြည့်ရင်းက “မယုလည်း ကလေးလေး တယောက် ထပ်မွေးချင်လိုက်တာ” လို့ ပြောလာတယ်။

“မမွေးပါနဲ့ မယုရယ်။ မယုတို့ အဆင်ပြေကြတာလည်း မဟုတ်ဘူး။ ဟန်နီ တယောက်တည်းနဲ့တောင် တော်တော် ရုန်းကန်ရတာ။ နောက်တယောက်ဆို ဘယ်နိုင်မလဲ” လို့ ကျမ ပြန်ပြောမိတယ်။ မယုက သက်ပြင်းကို ဟင်းခနဲချရင်း “ကိုသက်တင် တယောက်လည်း ဘယ်ရောက်နေလဲ မသိဘူးနော်” လို့ အစပ်အဆက်မဲ့ ပြောတယ်။ ပြီးတော့ “မယုလေ … မေအေးကို တခါတခါ တော်တော် စိတ်နာတယ်” တဲ့။

သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ကျမ သေချာမသိပေမယ့် သူ ခံစားနေရတာကို ကျမ နားလည်သလိုလိုပဲ ...။ သူ ကိုယ်တိုင်လည်း သူ ဘာဖြစ်နေတယ်ဆိုတာ သေချာ မဖွင့်ချပြတတ်တဲ့ ကျမ အစ်မကို ကြည့်ရင်း ကျမရင်ထဲမှာ ဆို့ ကျပ်လာတယ်။ ကျမကသာ ဆို့ကျပ်လာတာ သူကတော့ ပြောချင်တာ ပြောပြီး ဘာမှ မဖြစ်သလိုပဲ “ညီမလေး … ပြီးရင် မယု ဈေးသွားမယ်။ ပုစွန်နဲ့ ချဉ်ပေါင်ဝယ်ခဲ့မယ်။ ညီမလေး ချဉ်ပေါင်ကြော် စားမယ်မဟုတ်လား” လို့ အေးအေး ဆေးဆေးပဲ ပြောနေတယ်။


ယုဇနပန်းကလေးတွေက သူ့ဘာသာ အပင်မှာ လန်းဆန်းပြီး မွှေးမြချိန် ဘာလို့ တိုတောင်းရတာလဲ ကျမ သိချင်လိုက်တာ။

“ညီမလေး … မယုမှာ နောက်ထပ် ကိုယ်ဝန်ရှိနေပြီ”

“ဘယ်လို ဖြစ်တာလဲ မယုရယ် … တို့ သေချာ ပြောထားရဲ့ သားနဲ့။ တော်ကြာ အဆင်မပြေ ဖြစ်နေဦးမယ်”

“အဟီး … မကော … ကိုနိုင်ကော နောက်ထပ် ကလေးလေးတယောက် လိုချင်လာလို့ဟ”

“အင်းလေ … မယုတို့ အဆင်ပြေရင်ပြီးတာပါပဲ”

“ပြောသာ … ပြောရတာ။ မယုလည်း ခပ်လန့်လန့်ပဲ သိလား။ တကယ်တော့ မယုတို့ တဲကလေးက မိုးတောင် လုံတာ မဟုတ်ဘူး”

ကျမ သနားသွားတယ်။ တကယ်တော့ ကျမတို့ ညီအစ်မဝမ်းကွဲ တတွေ ရှေ့ဆင့်နောက်ဆင့် ကလေးတွေ ရလာတာကို ကြည့်ပြီး သူလည်း တဒင်္ဂ ကလေးလိုချင်စိတ်နဲ့ ယူလိုက်တယ်လို့ပဲ တွေးလိုက်ပါတယ်။

ဒါပေမယ့် … အဲဒီနောက်မှာ အဖြစ်အပျက်တွေက ရုပ်ရှင်ကားတကားကို ဖလင် အမြန်ဆွဲပြီး ပြလိုက်သလိုပဲ ဖျတ်ခနဲ ဖျတ်ခနဲ မြန်ဆန်လွန်းလှတယ်။


ကိုယ်ဝန်သုံးလမှာ … မယု ကေသီပန် သွေးပုပ်ချဆေးတွေ သောက်ပြီး ဆေးရုံရောက်သွားတယ် ဆိုတဲ့သတင်း ကျမဆီ ရောက်လာတယ်။

“ဘာလို့ အဲဒီလို လုပ်တာလဲ မယုရယ်။ အန္တရာယ်ရှိတယ်ဟ”

“မသိဘူးဟာ။ တကယ်တကယ်တော့ ကလေးယူဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ”

“အဲဒါဆိုလည်း အစကတည်းက ...”

ကျမ စကားမဆက်နိုင်တော့ဘူး … သူ့မျက်ဝန်းက မျက်ရည်တွေကြောင့်ပါ ...။ ကိုနိုင်ကတော့ သူ့မိန်းမကို အရိပ်တကြည့်ကြည့် ကြည့်ရင်း လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားတယ်။

တခါတုန်းက သူကိုယ်တိုင် ရှိမှန်း မသိလိုက်တဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ သူများတိုက်တဲ့ ဆေးတွေကို သွန်ပစ်တဲ့သူက အခု သူကိုယ်တိုင် သေချာ ယူခဲ့တဲ့ ကိုယ်ဝန်ကို ပျက်ကျအောင် ဆေးတွေ ဘာကြောင့် သောက်ရတာတဲ့လဲ။ သူ့မျက်ရည်တွေ ဘာကြောင့် ကျတယ် ဆိုတာ မိခင်တယောက် ဖြစ်နေတဲ့ ကျမ နားလည်လိုက်ပါတယ်။


မယု ဆေးရုံက ဆင်းဆင်းခြင်း တိုက်ဆောက်နေတဲ့ နေရာမှာ ဘိလပ်မြေ သွားသယ်တယ် …

မယု မျက်နှာက ဖောယောင်နေတာပဲ … ကိုနိုင် ဆေးခန်း လိုက်ပြနေရတယ် …

မယု နည်းနည်း သက်သာလာပြီ … ခါတိုင်းလိုပဲ ကိုနိုင်နဲ့ ဟန်နီလေးနဲ့အတူ လမ်းလျှောက်လာ၊ လမ်းလျှောက် ပြန်ကြတယ်။

မယု ကိုနိုင်အရက်သောက်တဲ့ ဆိုင်တွေမှာ လိုက်ရှာရပြန်ပြီ။

မယုတို့ တဲကလေးကို ဓနိမိုး ပြန်မိုးနေရလို့ ကြီးမာအိမ်မှာ တရက် လာအိပ်ကြတယ်။

မယုတို့ တဲကလေး ဓနိအသစ် မိုးပြီးပြီ။

မယုရယ် ကိုနိုင်ရယ် ဟန်းနီရယ် လက်တွဲလို့ … လျှောက်သွားတာ တွေ့လိုက်တယ်။

ကိုနိုင်အရက်သောက်တဲ့ ဆိုင်ထဲမှာ မယု သွားသောင်းကျန်းတယ်တဲ့။

မယုတို့သတင်းတွေကို အမျိုးမျိုး ကြားနေရပေမယ့် မယုနဲ့ ကျမ အဲဒီရက်ပိုင်းက မဆုံဖြစ်ကြဘူး။ မယုနဲ့ ဆုံဖြစ်တော့ … ခါတိုင်းနဲ့မတူဘဲ ပိန်ချုံးနေတဲ့ မယုကို အံ့သြတကြီး တွေ့လိုက်ရတယ်။။

“ကျန်းမာရေး ဂရုစိုက်ပါဦး မယုရယ်”

“မယုက ဘာမှ မဖြစ်ပါဘူး ညီမလေးရဲ့ … ကိုနိုင့်ကြောင့်စိတ်ညစ်နေရတာ။ ပင်ပမ်းတယ်ဆိုပြီး အရက်တွေ အရမ်း သောက်တာပဲ”

မယုရဲ့ စကားသံက ချောင်းတဟွတ်ဟွတ်နဲ့ ရောထွေးလို့ ...။

“ဆေးခန်းလေး ဘာလေး ပြကြည့်ပါဦးဟာ”

“ဘာမှ မဖြစ်ပါဘူး။ ညီမလေး ဘာစားမလဲ … မယု ချက်ပေးမယ်လေ”

မကျန်းမမာ ဖြစ်နေတဲ့ ပုံစံနဲ့တောင် အငြိမ်မနေဘဲ ကျမအိမ်က လျှော်စရာတွေကို အတင်း ယူလျှော်နေလို့ ကျမ အတင်းလိုက်ဆွဲရပြန်တယ်။

“ကိုနိုင်ကသိပ်ရယ်ရတယ် သိလား … သူက မူးလာပေမယ့် မယု ဆူရင် ငြိမ်နေရော။ ပြီးရင် မယုကို အတင်း လိုက်ချော့တယ်။ သူ့ သမီးတော့ သူ အရမ်းချစ်တယ်လေ။ သူ့သမီးက ဒယ်ဒီ အရက်သောက်ရင် ဟန်းနီ မခေါ်တော့ဘူးလို့ ပြောရင် ပျာ နေတာပဲ”

သူ့ယောက်ျားအကြောင်း ပြောနေတဲ့ မယုမျက်နှာက ကြည်လင်လို့ … ပြုံးလို့။ ကိုသက်တင်ကို သူ မေ့သွားပြီ ...။ ကျမ သူ့လက်ထဲကို ထည့်ပေးလိုက်တဲ့ ငါးရာတန်တရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း … “မယု ဈေးသွားလိုက်ဦးမယ် သိလား … ညီမလေးကော ဘာမှာမလဲ။ ကိုနိုင်က ငါးဟင်း စားချင်တယ်ဆိုလို့ … ဈေးသွားပြီး အိမ်ပြန်ချက်လိုက်ဦးမယ်” လို့ ပြောနေတဲ့ မယုမျက်နှာက ပြုံးရွှင်လို့ ...။

“မမှာတော့ပါဘူး မယုရယ် … ကိုနိုင့်အတွက်ပဲ ပြန်ချက်လိုက်ပါ နော်”


ကျမ သိသလောက်တော့ မယု ချက်ပေးတဲ့ ငါးဟင်းကို ကိုနိုင် မစားသွားရ ရှာဘူး ...။

အဲဒီနေ့က ကိုနိုင် အရက်တွေ မူးပြီး အိမ်ပြန်လာချိန် တော်တော် နောက်ကျတယ်။ မယုတို့ သားအမိတောင် အိပ်နေကြပြီတဲ့။ နွေ … ညဘက်ကြီး … ပူလို့ဆို ရေချိုးပြီး ဘာမှတောင် မစားတော့ဘဲ ဝင်အိပ်လိုက်တဲ့ ကိုနိုင့်မှာ အရင်ကတည်းက သွေးတိုးရှိနေတယ် ဆိုတာလည်း မယုက ကြိုမသိထားပါဘူး။ သိရင်တောင် ဘယ်လို နေရထိုင်ရမယ်ဆိုတာ မယု ဘယ်ပြောတတ် ပါ့မလဲ။ ဦးနှောက် သွေးကျော ပြတ်တယ်ဆိုတာလည်း တော်တော့်ကို မြန်တဲ့ ရောဂါ တခုပါ။

ရုတ်တရက်ကြီး မယုတို့ ဘဝထဲက ကိုနိုင် ထွက်သွားလိုက်ပုံများ … နုတ်ဆက်ချိန်တောင် မရဘူးလေ။


အချစ် ဆိုတာ တော်တော်ပဲ ဆန်းကျယ်ပါသလား ...။ ရင်ကွဲနာကျတယ်ဆိုတာကို ကျမ တသက်နဲ့တကိုယ် ဝတ္ထုတွေထဲမှာ ဖတ်ဖူးတာကလွဲရင် … တခါမှ မျက်မြင်ကိုယ်တွေ့ မမြင်ဘူးတာပါ။

ကိုနိုင် ဆုံးပြီးတဲ့နောက် မယု အိပ်ရာထဲမှာ ဘုံးဘုံး လဲပြီး … အစာ မဝင်တော့တာ၊ မယု ကယောင်ကတန်းတွေ ပြောတာ … ကျမကိုတောင် မမှတ်မိတော့တာတွေဟာ ထူးဆန်းတယ်လို့ ဆိုရမလား။

“ကိုသက်တင်ကို ပြောလိုက်ပါ။ ကိုနိုင်နဲ့ပဲ နေတော့မယ်လို့ … နော်”

သတိလက်လွတ်ဖြစ်နေချိန်မှာ မယု မကြာခဏ ပြောတတ်တယ်။

သူ့ကို ဆေးတိုက်တဲ့ အခါမှာ … “အဲဒီဆေးတွေ မသောက်ချင်ဘူး … သွား။ ငါ့ ကိုယ်ဝန် ပျက်ကျသွားလိမ့်မယ်” လို့လည်း ပြောတတ်တယ်။

ကျမက “မယု … ညီမလေး ကျွေးတာစားနော်။ ညီမလေး ခွံ့ကျွေးမယ်” ဆိုပြီး စားစရာ တခုခု ခွံ့ကျွေးရင်တော့ သူ နည်းနည်း စားတတ်တယ်။ ဒါပေမယ့် “ကိုသက်တင်ကို ပြောလိုက်ပါ … ကိုနိုင်နဲ့ပဲ နေတော့မယ်” ဆိုတဲ့ စကားကိုတော့ သူ တတွတ်တွတ် ပြောမြဲ ...။

ရင်ကွဲနာ ဆိုတာကို ကျမ မကြုံဖူးပေမယ့် ယုံလိုက်ရပြီ …။ ကိုနိုင် ဆုံးပြီး သုံးလ တိတိ ပြည့်တဲ့နေ့မှာ … မယုလည်း တကယ်ကို လိုက်ပါ သွားခဲ့ပြီ ...။ သူပြောသလိုပဲ … ကိုနိုင်နဲ့ပဲ နေတော့မယ် ဆိုတာ တကယ်ပဲ ထင်ပါရဲ့ ...။

တရှုပ်ရှုပ်ငိုနေတဲ့ မိဇာလေးရယ်၊ ဘာမှ နားမလည်သေးတဲ့ ဟန်းနီရယ် … သူတို့ နှစ်ယောက်စလုံး ကြီးမာရဲ့ သမီးတွေ ဖြစ်သွားကြပြီ … ။


ယုဇန ပန်းလေးတွေက ချစ်တတ်ပါသလား … ။

မြေမှာ ပျံ့ကျဲနေတဲ့ ယုဇနပန်းလေးတွေကို တွေ့တိုင်း … တချိန်က ယုဇနပန်းကလေး တပွင့်ကို ကျမ သတိမရဘဲ မနေနိုင်ဘူး။ အဲဒီယုဇန ပန်းလေးဟာ … တချိန်တုန်းက အပင်ပေါ်မှာ တကယ်ကို မွှေးမြခဲ့ဖူးတယ်။

သူက … မိုးကို ချစ်ပြီး မိုးကြောင့် ပွင့်အာရပေမယ့် … မိုးကြောင့်ပဲ … အကြွေလွယ်ရတဲ့ ပန်းကလေးပါ ...။ အဲဒီ ယုဇနပန်းကလေးက ကိုနိုင်နဲ့ပဲ နေတဲ့ ယုဇနပန်းကလေးပေါ့။ ။


ကိုနိုင်နဲ့ပဲနေမယ့် ယုဇနပန်းကလေး ၂

အဲဒီနှစ်က အောင်စာရင်းတွေထွက်ပြီး ၂ လအကြာမှာ တနိုင်ငံလုံးပါတဲ့ အရေးတော်ပုံကြီးကို ဆင်နွှဲ၊ ကျမကိုယ်တိုင်လည်း ၁၀ တန်းအောင် ကျောင်းသူတယောက်အဖြစ် ပါဝင်ခဲ့ … ။ သပိတ်စခန်း၊ ဟောပြောပွဲတွေ၊ ညဘက် သတိရှိရှိ အိပ်ကြဖို့ နှိုးဆော်သံ၊ နီးနီးလေးပါဆိုတဲ့ ရန်ကုန်နဲ့တောင် အဆက်အသွယ်ပြတ်၊ ထမင်းထုပ်၊ အစာငတ်ခံဆန္ဒပြ ….။ နောက်ဆုံးမှာ သေနတ်သံတွေနဲ့ သပိတ်နိဂုံး ….။ သင်္ဃန်းတလွှားလွှားနဲ့ ဘယ်သွားရမှန်းမသိ ဖြစ်နေတဲ့ စာသင်သား သံဃာတွေ၊ အစုလိုက် အပြုံလိုက် ဖမ်း၊ အစုလိုက်အပြုံလိုက် အလုပ်ပြုတ်၊ ရာထူးကျ၊ ပင်စင်သွား ...။ သေနတ်သံ၊ ညမထွက်ရ …. ။

နောက်တော့ ပင်နီ၊ ခမောက်၊ လှပရဲရင့်တဲ့ မိန်းမတယောက်ရဲ့ အပြုံး၊ ပြတ်သားတဲ့ သူ့မိန့်ခွန်း … ၊ ရွေးကောက်ပွဲ ...။ ခမောက်ကိုပဲ မဲထည့်ခဲ့တယ်။ ကျမ ၁၈ နှစ်ပြည့်ပြီ ...။ အုံးအုံးကြွက်ကြွက် …. တနိုင်ငံလုံးမှာ ၈၀ ရာခိုင်နှုန်းကျော် … မဲ အပြတ်အသတ် အနိုင် ...။

အချိန်တွေ တရွေ့ရွေ့ကုန် … ကျမရဲ့ ကျေးဇူးရှင် အဖေ … ရွှေတောင်ကြီး ပြိုကျ ...။ ကျမတို့ ဘဝတွေ ကြေမွ ပျက်စီးမသွားခင် အမေက အချိန်မီစုစည်း၊ အစ်ကိုကြီးက ပြန်လည်ထူမတ် ...။ တို့မောင်နှမတွေ မငိုကြေး ...။ ကျမ သေသေချာချာ လူလားမြောက်ခဲ့ရ ….။


တရက်မှာ မေအေး ကျမတို့အိမ် ရောက်လာရာက စခဲ့တာ …

“ငါ … ကိုကြီးကို ခဏခေါ်သွားမယ်။ ကျော်စွာကို လိုက်သွားရမယ်။ အဖော်မရှိလို့” ဆိုတဲ့စကားကို ကျမ မေမေ မလွန်ဆန်နိုင်ခဲ့။ ကျမ ကိုကြီး ကျော်စွာကိုပါသွားခဲ့တယ်။ တပတ်အကြာမှာ ကိုကြီး ပြန်ရောက်လာတယ် … ကိုကြီးရဲ့ နောက်မှာ ….။

“မယု”

ကျမ အချိန်တွေ အကြာကြီး မေ့ထားခဲ့တဲ့ အစ်မ ...။ မတွေ့တာ အကြာကြီးနေမှ ပြန်တွေ့ရတဲ့အစ်မ။ ကျမတို့ စကားတွေ တွတ်ထိုးကြပေမယ့် စိတ်ဝင်စားတဲ့ အကြောင်းအရာချင်း ကွဲပြား ...။

“အတင်း သိပ်မပြောပါနဲ့ မယုရယ် နော်”

“အို မယုက မှန်တာပြောတာပဲ”

ကျမတို့ စကားဝိုင်းမှာ ဒီစကားနှစ်ကြောင်းနဲ့ အဆုံးသတ်မြဲ။ မယုက ဆွေမျိုးတွေကြားထဲမှာတော့ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့ ဆိုတဲ့ ဘွဲ့နဲ့ ...။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုစိတ်ပျက်ပျက် ကျမရဲ့အစ်မ။ ကျမကို သိပ်ချစ်တဲ့ အစ်မလေ ...။ ဥာဏ်ရည် မမီတာကလွဲရင် သူက လူကောင်းပါ။ စာသင်လို့ မရတာကလွဲရင် … သူက ချစ်ဖို့ကောင်းတာပဲ။ ကျမ သာသာထိုးထိုး တွေးတာလည်း ဖြစ်နိုင်ရဲ့။ ကျန်တဲ့ အမျိုးတွေကတော့ ယုယုဟေ့ ဆိုရင် ချဉ်ချင်ကြပြီ။

“ညီမလေး … အဝတ်တွေပေး မယုလျှော်ပေးမယ်”

“ညီမလေး … အဆောင်ပြန်ရင် ယူသွားဖို့ … ချဉ်ပေါင်ကြော်ပေးမယ်နော်”

“ညီမလေး … ငါးပိကြော် ကြော်ထားတယ်။ ယူသွားသိလား။ မယုကို ညီမလေး ဆိုးပြီးကျန်တဲ့ နှုတ်ခမ်းနီဘူး ပေးပါလား။ ကလစ်ကလေးက လှလိုက်တာဟယ် မယုကိုလည်း တခုဝယ်ပေးနော်”

အလှကြိုက်တဲ့ မယုက ကျမဆီက အတိုအထွာလေးတွေ တောင်းတတ်သလို အဆောင်နေတဲ့ ကျမ တပတ်တခါ ပြန်လာတိုင်း အဝတ်လျှော်ပေးတာ၊ အခြောက်အခြမ်းကြော်ပေးတာမျိုး လုပ်တတ်တယ်။ သူက သူ့အမေ ကြီးမာလိုပဲ ဟင်းချက်တော့ တော်တော် ကောင်းတယ်။

“မယု … စကတ်တွေ မဝတ်နဲ့တော့လေ၊ တော်လည်း မတော်ဘဲနဲ့။ ထဘီဝတ်ပါ။ ရော့ ညီမလေးဟာ ယူလိုက်”

တရက်တော့ ဝဝကစ်ကစ်ဖြစ်နေတဲ့ သူ့ပုံစံနဲ့ စကတ်တိုတို ဘယ်လိုမှ မလိုက်ဖက်တာမို့ ကျမ ထဘီတထည် ပေးလိုက်တယ်။

“အေးဟာ … မယုလည်း ဒီရောက်မှပဲ ဝလာတာ လုံးနေတာပဲ”

“မယု … လမ်းထိပ် လက်ဘက်ရည်ဆိုင်က ကောင်တွေကို အရောမဝင်နဲ့နော်။ သိလား”

“မဝင်ပါဘူး။ ညီမလေးကို ဘယ်သူပြောလဲ။ မနီတို့ မဟုတ်လား”

“မဟုတ်ပါဘူး … မယုနဲ့ စကားရပ်ပြောနေတာ ညီမလေး မြင်လို့ပြောတာ”

“အလကား ဟာတွေပါ။ မယုသိပါတယ်”

“သိရင်ပြီးတာပဲ”

“မယုကလေ ကိုသက်တင် တယောက်တည်းကိုပဲ ချစ်တာသိလား”

“အဲဒါ မယုရည်းစားလားဟင်”

“ဟုတ်တယ် … သူနဲ့ မယုနဲ့ လျှောက်လည်ကြတယ် သိလား”

“ပျော်စရာကြီးလားဟင်”

“အင်းပေါ့ … ဒါပေမယ့် အဲဒီနေ့က မိုးတွေရွာတော့ မယုတို့ မိုးဝင်ခိုရတယ်။ လူမနေတဲ့ ဇရပ်ကြီး တခုမှာပေါ့ … ဟီးဟီး”

“ဟင် … ဘာရယ်တာလည်း မယုရဲ့”

“သတိရလို့ပါ။ အရမ်းပျော်ဖို့ကောင်းတာပဲ။ ကိုသက်တင်ကလေ … အဲဒီနေ့က မယုကိုပြောတယ်သိလား။ ယုယု … နင့်ကို ငါယူမယ်တဲ့”

“ဟယ် … မယုက ယောက်ျားယူတော့မှာလား။ မယူပါနဲ့ဦးဟာ ငယ်ငယ်လေး ရှိသေးတာ”

“အင်းလေ … အခုလည်း ဒယ်ဒီတို့က မယုကို ကိုသက်တင်နဲ့မယူအောင် ဒီကို ပြန်ပို့လိုက်တာပဲဟာ။ ဒါပေမယ့် မယု ကိုသက်တင်ကို သတိရတယ် သိလား”

“အင်း … သတိရရင်စာရေးပေါ့”

“မရေးတော့ပါဘူးဟယ်။ သြော် ဒါနဲ့ ညီမလေးကိုလေ … ဟိုဘက်လမ်းက အေးသီတာက ဘာပြောလဲသိလား။ နင့်ညီမက ဘဝင်ရူးတဲ့ မယုကိုပြောတာ။ အဲဒါနဲ့ မယုလည်း ကလော်ဆဲပလိုက်တယ် အေးရော”

“ဟာ … မယုကလည်း ဘာလို့ လျှောက်ဆဲတာလည်း။ ပြောပစေပေါ့။ သူ့ဘာသာပြောတာပဲ”

“အို … မပြောရပါဘူး။ ငါ့ညီမလို သူတို့က တော်တာမဟုတ်ဘဲနဲ့”

အဲဒီလို ကျမတို့ စကားအကြာကြီး ပြောဖြစ်ကြပြီး နောက်တော့ နှစ်ပတ်လောက် မတွေ့ဖြစ်ကြပြန်ဘူး။ သူက မေအေးတို့အိမ်၊ မနီတို့အိမ်မှာ နေရတာကိုး ...။ နောက် ကျမကလည်း အဆောင်ပြန်ရတာနဲ့ သူနဲ့ မတွေ့ဖြစ်တဲ့အချိန်တွေ များနေတာ ...။

တရက် ကျမ အဆောင်ကနေ အိမ်ပြန်ရောက်နေတဲ့ စနေနေ့မှာ မေအေး အိမ်ရောက်လာတယ် …

“မြတ် … နင့်တူမကို ဆေးရုံလိုက်ပို့လိုက်”

မေအေးရဲ့ အသံက အာဏာသံအပြည့်နဲ့ … ကျမမေမေက အံ့သြလို့ မဆုံးဖြစ်နေတုန်း … ကျမက ဝင်မေးမိတယ် …

“မေအေး … မယုဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဆေးရုံသွားရမှာလဲဟင်”

“ကလေးမွေးဖို့ သွားရမှာ … နင်တို့ လိုက်သွားလိုက်ကြ။ ငါတော့ မလိုက်နိုင်ဘူး ဒါပဲ”

ကျမ မေမေက အသားတဆတ်ဆတ်တုန်နေအောင် ဒေါသထွက်နေတယ်။

“မမအေး … ဘယ်လိုက ဘယ်လိုဖြစ်တာလဲ မြတ်ကို ရှင်းပြဦး။ ယုယုက ဘယ်တုန်းက ကိုယ်ဝန်ရှိလိုက်တာလဲ”

“ကျော်စွာက လာကတည်းက ကိုယ်ဝန်ရှိလာတာ”

“ဘာပြောတယ်။ အဲဒါကို မြတ်ကို ပြောမပြဘဲနဲ့ … အခု ကလေးမွေးတော့မှ … မမအေး မတရားဘူး”

“အေး … ငါလည်း ဖြတ်ချပေးမယ်ဆိုပြီး သူ့အဖေကို ကတိပေးခဲ့တာပဲ။ ငါတိုက်တဲ့ဆေးတွေ ဒီကောင်မ မသောက်တာ တော့ ငါမသိဘူး။ ပြောလိုက်ရဦးမယ်။ ငါတို့ မျိုးရိုးမှာဒါမျိုးမရှိဘူး။ ငါ့သမီးတွေကို ဆေးရုံကို လုံးဝ မလွှတ်နိုင်ဘူးနော် ဒါပဲ။ နင်တို့ပဲ သွားစောင့်ရှောက်လိုက်ကြ”

ကျမအတွက် အားလုံးက အသစ်။ အသက် ၂၀ အရွယ် မိန်းကလေးတယောက် ဖြစ်နေပေမယ့် ဒီကိစ္စတွေကို ကျမ တခါမှ နားမလည်တာအမှန်။ ရည်းစားတောင် မထားဘူးသေးတဲ့ အချိန်မှာ ကျမနဲ့ အရမ်းကိုနီးကပ်ခဲ့တဲ့ ရွယ်တူအစ်မက ကလေး မွေးနေပြီတဲ့ ...။ တကယ်တော့ မယုရဲ့ အပျိုဗိုက်ကို ကျမ မပြောနဲ့ ကျမ အမေလို အတွေ့အကြုံရှိတဲ့ ကလေးအမေတောင် မရိပ်မိခဲ့တာ။

ဆွေမျိုးတွေထဲမှာ နည်းနည်းစွာတဲ့ မဟုတ်မခံ ကျမ မေမေနဲ့ မေအေးတို့ရဲ့ ရန်ပွဲကို ကျမ ငုတ်တုတ်ထိုင်ကြည့်နေတုန်း ကျမ ကိုကြီးက ကျမကို လက်ကုတ်ပြီးလာခေါ်တယ် ...။


“တောက်”

ကိုကြီးရဲ့ တက်ခေါက်သံကြောင့် ကျမ နည်းနည်း လန့်သွားတယ်။

“ငါသိတယ်။ ငါ ရိပ်မိတယ်။ တော်တော် အရေးမပါတဲ့ဟာတွေ။ သူ့ဘာသာ ရည်းစားနဲ့ ဗိုက်ကြီးတာကို ပေးစားလိုက် ပြီးနေပြီ။ အဲဒါကို အတင်း ခွဲကြတယ်။ အဖေလုပ်တဲ့သူကလည်း တော်တော် အဓိပ္ပာယ် မရှိတာကို လုပ်တာ”

“ဘာလဲဟင် ကိုကြီး … မယုကို သူ့ရည်းစားက မယူလို့လား … ဟုတ်လား”

“ဘယ်ကလာဟုတ်ရမှာလဲ။ ငါ အဲဒီသူ့ရည်းစား သက်တင်နဲ့လည်း တွေ့ခဲ့တယ်။ သူက ယုယုကို ယူမှာ။ အဲဒါကို သူ့အဖေက အသားလွတ်ခွဲမယ်ဆိုပြီး မေအေးလက်ထဲထည့်လိုက်တာ။ မေအေးကလည်း ဆရာကြီးလုပ်ပြီး ခေါ်လာတာ။ ယုယုက ကိုယ်ဝန်ကို တမင် မဖျက်ချတာ ဖြစ်မယ်”

“ဘယ်လို လုပ်မလဲဟင် ကိုကြီး”

“ငါလည်း မသိဘူး။ လောလောဆယ်တော့ မေအေးတို့က လက်ရှောင်သွားပြီ။ ဒုက္ခရောက်မှာက ယုယု”

တကယ်ကို ကျမတို့ ဘာမှန်း မသိခဲ့ကြတာ။ မေအေးက သူတာဝန်ယူခဲ့တဲ့ မယုကို လျစ်လျှူရှုနိုင်ခဲ့ပေမယ့် ကျမ မေမေက သူ့တူမအရင်းမို့ လျစ်လျှူမရှုနိုင်ခဲ့ပါဘူး။ ကျမကလည်း ကျမ အစ်မရယ် … နီတာရဲ တူမလေးရယ်ကို ဘယ်လိုလုပ် လျစ်လျှူ ရှုနိုင်ပါ့မလဲလေ။

“မေအေးကလေ … မယုကို ဆေးတွေတိုက်တယ် သိလား။ အဲဒါ ကိုယ်ဝန် ပျက်ကျအောင်လုပ်တဲ့ ဆေးတွေလေ။ မယုက သောက်ချင်ယောင် ဆောင်ပြီး သွန်ပစ်လိုက်တာ။ ညီမလေး ကိုသက်တင်လာရင် မယုကို ပြောနော် သိလား”

ကျမမှာ ရှိတဲ့ မုန့်ဖိုးလေးထဲက စုထားသမျှလေးကို တူမလေးနဲ့ မယုအတွက်ပေးတာကလွဲရင် ကျမ ဘာမှ မလုပ်ပေး နိုင်ခဲ့ဘူး။ထမင်းသွားပို့ပေးတဲ့ ကိုကြီးကို ပတ်ဝန်းကျင်က ကလေးအဖေလားလို့ ထင်လာလို့ ကိုကြီး ထမင်းသွားမပို့ရဲတော့တဲ့အခါ … တခါ ပတ်ဝန်းကျင်က ကလေးအဖေကော ဆိုတဲ့ မေးငေါ့တာတွေ၊ စူးစမ်းမှုတွေကို မယု အံကြိတ် အားတင်း ခံခဲ့ရတာပါ။ တကယ်တော့ အဲဒီကိစ္စတွေအားလုံး …၊ မယုမှာ ကလေးပါသွားတယ် ဆိုတာကိုပါ ကိုသက်တင်က သိခွင့်မသာခဲ့တာ။

မြန်မာ လူ့ပတ်ဝန်းကျင်မှာ … အဖေ မရှိဘဲ ကလေးမွေးရတာလောက် မျက်နှာငယ်စရာ ကောင်းတာ မရှိတဲ့ အနေအထား ဆိုပေမယ့် … မယု ဒယ်ဒီရဲ့ သမီးကြီးအပေါ် အချစ်လွန်ကဲမှုကြောင့် မယုတယောက် မျက်နှာလည်းငယ် အရှက်လည်း ကွဲခဲ့ရတဲ့ အဖြစ်လို့ ဆိုရမလား။ ကံကြမ္မာကို ဘယ်သူက စေစားတာတဲ့လဲ ….။


“ညီမလေး … မယုတို့ကို မေအေးက အင်းစိန်အိမ်မှာ သွားနေရမယ်တဲ့”

အင်းစိန်မှာ မေအေးရဲ့ ဝမ်းကွဲ ညီအစ်မတွေ ရှိနေတယ်။ ကျမတို့နဲ့ ဘာအမျိုးမှ မတော်ဘူး။ ကျမ အမေက တားတယ်။

“မတားကြနဲ့။ သူလုပ်လို့ ဒီက အပျိုလေးတွေပါ နာမည်ပျက်ရမယ်။ အဖေမပေါ်ဘဲ ကလေးမွေးတဲ့ မိန်းမရဲ့ အမျိုးတွေ အဖြစ် ငါတို့ ဘယ်လိုမျက်နှာပြမှာလဲ။ ငါစီစဉ်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကလေးကို အမေနဲ့ခွဲပြီး ….”

မေအေးရဲ့စကား ဆုံးချိန် မရလိုက်ဘူး … မယု ရှိုက်ကြီးတငင်ငိုတော့တယ် …

“ဟင့်အင်း … သမီး မေအေးခိုင်းတဲ့အတိုင်း သွားပါ့မယ်။ သမီးလေးနဲ့ မခွဲပါနဲ့ ...” ဆိုတဲ့ အသံက မယု အင်းစိန်မသွားခင် နောက်ဆုံး ကြားလိုက်ရတာပါ။

ဒုတိယအကြိမ် မယုနဲ့ ကျမ ခွဲခွာရတဲ့အချိန်ကတော့ ပထမ အကြိမ်ထက် ဝမ်းနည်းဖို့ ကောင်းလှတယ်။ သူစိမ်းတွေ ကြားမှာ မယု ဘယ်လောက် မျက်နှာငယ်ရရှာမလဲ ဆိုတာလောက်တော့ ကျမ စဉ်းစားတတ်ခဲ့ပြီ။ ကျမလည်း လူကြီးတွေ စီစဉ်မှုကို နားမလည်နိုင်တာကလွဲလို့ ဝင်ပြောနိုင်တဲ့ အနေအထားမှ မရှိဘဲလေ။


ကျော်စွာကနေ မယုရဲ့ ဒယ်ဒီနဲ့ မာမီတို့ သန်လျင်ကို အပြီး ပြန်ပြောင်းလာတဲ့ ကာလလေးကတော့ မယုအတွက် စိတ်ချမ်းသာစရာ ပြန်ကောင်းပါလိမ့်မယ်။ အဲဒီအချိန်မှာ မယုရဲ့သမီး မိဇာလေးတောင် ၅ နှစ် ရှိပြီ။ မူလတန်း စတက်ပြီ။ ကျမတို့ ငယ်ငယ်က တက်ခဲ့တဲ့ မူလတန်းကျောင်းလေးမှာ ကျမတူမလေးက ကျောင်းတက်နေပြီ။ ဒါပေမယ့် သန်လျင်လို မြို့ကျဉ်းကျဉ်းလေးမှာ မိဇာလေးက မယုရဲ့ သမီးမဟုတ်တော့ဘူး။ ကြီးမာရဲ့ သမီး အငယ်ဆုံးအဖြစ် ပြန်ရောက်လာ ခဲ့ရတာ။ မယုကတော့ … အများအမြင်မှာ အပျိုတယောက်ပေါ့။

“ညီမလေး … ဘာလုပ်စရာရှိလဲ … မယု ဘာလုပ်ပေးရမလဲ”

ကျမဆီ မယုရောက်လာတိုင်း ပြောနေကျ စကားတွေပါ။

ကျမမေမေကတော့ … “ယုနော် … နင် … စကားတွေကို ဟိုက ဒီပို့ … ဒီက ဟိုပို့ မလုပ်နဲ့ ကြားလား” လို့ ဟန့်မြဲ။ မယုကလည်း သူ့ကို ဘယ်သူဆူဆူ ဘယ်လောက်ပြောပြော … သူပြောချင်တဲ့ အမျိုးတွေရဲ့ အတင်းတွေကို ဖောက်သည် ချမြဲ...။ အတင်းဆိုပေမယ့် မယုပြောတာတွေက ကောလာဟလတွေ မဟုတ်ဘဲ သတင်းတွေ ဖြစ်ဖြစ် နေတတ်တာ၊ မှန်နေတတ်တာ ဆိုတော့ အမျိုးတွေက သူတို့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာ … မဟုတ်တာ လုပ်သမျှ ပေါ်မှာကို ကြောက်ကြတာလည်း ပါရဲ့။

သမီးချောတွေ မွေးထားလို့ မာန်တက်နေတဲ့ မေအေးရဲ့ သမီးတွေအားလုံးလည်း သူလိုငါလိုထက် ဘာမှ မထူးတဲ့ ယောက်ျား တွေနဲ့ လိုက်ပြေးတဲ့သူက လိုက်ပြေး … လက်မထပ်ခင် ကိုယ်ဝန်ရှိလို့ ပေးစားရတဲ့သူက ပေးစားရနဲ့ … နောက်ဆုံးတော့ မေအေးလည်း မာန်တွေ ချလိုက်တဲ့ အနေအထား ရောက်ရတာပါပဲ။ ရီစရာကောင်းတာက အဲဒီကိစ္စတွေ အားလုံးကို မယုက ကျမကို လာလာပြောတတ်တာပါပဲ။ သူပြောတဲ့အတိုင်း ဘယ်သူနဲ့ ဘယ်သူကတော့ ယူတော့မယ်၊ ရည်းစား ဖြစ်နေပြီဆို … မှန်နေတာများတော့ အံ့သြမိတာ အမှန်ပဲ။

မယုက ကိုသက်တင် အကြောင်းကို တခါတလေ လွမ်းလွမ်းဆွေးဆွေး ပြောတတ်တယ်။ ဒါပေမယ့် … သူ့ပုံစံက တခုခုကို အလေးအနက် ထားရလောက်အောင်လည်း ဦးနှောက်က ဥာဏ်ရည်မမီတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။ ကျမကသာ စာရေးဖို့ တာစူနေတဲ့သူ မို့လို့လား မပြောတတ်ဘူး … သူ့အစား ဇာတ်လမ်းတွေဆင် … ဝင်လွမ်းပေးနေရတာ ...။ သူတို့ မိသားစု ပြန်ဆုံကြရင် …. ဆိုတဲ့ ဇာတ်လမ်းက ကျမရဲ့စိတ်ကူးထဲမှာ အမြဲ ဆင်မိပေမယ့် … တကယ့်လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

တကယ် ဖြစ်လာတာကတော့ ….

“ညီမလေး မယု … ကိုနိုင့်ကို ယူတော့မယ်”

“ကိုနိုင်ဆိုတာ ဘယ်သူလဲဟင်”

“ကိုနိုင်ဆိုတာ မယုတို့ အိမ်ဘေးမှာ လာငှားနေတဲ့ ကောင်လေးပေါ့”

မယုမျက်နှာက ပြုံး … လို့

သူ့ ထုံးစံအတိုင်း ဆေးပေါ့လိပ်ကြီးဖွာပြီး စကားကို အေးအေး ပြောတတ်တဲ့ ကြီးမာကတော့ သူ့သားမက်ကို အတော်လေး သဘောကျနေပုံရတယ်။

“သူတို့ နှစ်ယောက်က လိုက်ပါတယ်။ ယုကို မောင်နိုင်က တော်တော်ချစ်တယ်။ သူလည်း ယုယုလို ပေါတောတောပဲ။ နောက် … မိဇာလေးက ယုယု သမီးဆိုတာလည်း သိတယ်။ သူ နားလည်တယ်” လို့ ရိုးရိုး ရှင်းရှင်းပဲ ပြောတယ်။

မယုကို ဘာအလုပ်ပဲဖြစ်ဖြစ် မရွေးဘဲ လုပ်ကိုင် ရှာဖွေ ကျွေးမွေးတဲ့ ကိုနိုင့်ကို ကျမလည်း ချီးကျူးမိတယ်။ ကိုနိုင်က မယုထက် နည်းနည်း ငယ်တာ၊ အရက်ကြိုက်တာက လွဲရင် မယုကို တော်တော်ချစ်တယ်လေ ...။ သူတို့နှစ်ယောက်ကို ကျမတို့ ဘကြီး တယောက်က သူပိုင်တဲ့ ခြံဝိုင်းလေးထဲမှာ တဲလေးထိုးပြီးနေခွင့် ပေးထားတယ်။

ဆက်လက်ဖော်ပြပါမည်


ကိုနိုင်နဲ့ပဲနေတော့မယ့် ယုဇနပန်းကလေး ၁

ယုဇန ပန်းကလေးတွေက မွှေးသလောက် … ချစ်စရာကောင်းသလောက် … ဘာလို့ ကြွေလွယ်ရတာလဲ ...။ မိုးကြောင့်ပဲ သူက ဖွေးဖွေးလှုပ်အောင် ပွင့်ပြပြီး … မိုးစက်မိုးပေါက်တွေ ဒဏ်ကို မခံနိုင်ပြန်တာလည်းသူ ...။

မြေမှာ ပြန့်ကျဲနေတဲ့ ယုဇန ပွင့်ဖတ် ကလေးတွေက ကျမကို ပြောတယ် … “ညီမလေး … မယု … ကိုယ်ဝန် ရှိနေပြန်ပြီ” တဲ့။


သူ့ဖေဖေက သူ့ကို သမီး အကြီးဆုံးမို့ သိပ်ချစ်ဟန်တူတယ်။ သူ့နာမည်ကို သိပ်မလှပေမယ့် သိပ်ချစ်စရာကောင်းတဲ့ … သိပ်ကို မွှေးမြတဲ့ ပန်းလေးရဲ့ နာမည်ပေးထားတယ် … ယုဇန … တဲ့။

သူငယ်တန်း တက်ကြတော့ သူ့မေမေက ကျမတို့ ညီအစ်မ သုံးယောက်ကို ကျောင်းလိုက်ပို့တယ်။ ဟုတ်တယ် … ကျမတို့ မေမေတွေက ဝန်ထမ်းတွေ ဆိုတော့ ကျမတို့ကို သူ့မေမေ …၊ ကျမမေမေရဲ့ ညီမ ကြီးမာ ကပဲ ကျောင်းလိုက်ပို့ … ကျောင်းကြို၊ ထမင်းလာကျွေး ပေါ့ ...။ ကျမတို့ ဆိုတာက ကျမရယ် သူရယ် မနီရယ် ...။ ကျမက အငယ်ဆုံး … မနီက အကြီးဆုံး။ ကျမက သူတို့ကို မယု၊ မနီ လို့ ခေါ်တယ်။ တကယ်တော့ ကျမတို့သုံးယောက်က တဝမ်းကွဲတွေ ဆိုပေမယ့် … ရှေ့ဆင့်နောက်ဆင့် လပဲ ငယ်ပြီး မွေးလာတဲ့ သူငယ်ချင်းတွေဆိုလည်း မမှားဘူး။

ကျမရဲ့ ငယ်ဘဝမှာ မနီရယ်၊ မယုရယ် … ကျောက်သင်ပုန်း၊ ကျောက်တံလေးတွေရယ် … အရိုက်ကြမ်းတဲ့ ဆရာကြီးရယ်၊ ပုံပြောပြတဲ့ ဆရာမ ဝတုတ်ကြီးရယ် … ပြီးတော့ ကြီးမာရယ် … သူတို့က တလှည့်စီ ပေါ်လာလိုက် ပျောက်သွားလိုက် ...။

စကားနည်းပြီး များများ မှတ်တတ်တဲ့ ကျမက ဆရာမတွေအမြင်မှာ အေးတဲ့သူ။ တကယ်လည်း ကျမက ပြဿနာ ဖြစ်ရမှာ ကြောက်တတ်တဲ့သူ ...။ မနီနဲ့ မယုကတော့ တနေ့ကို အနည်းဆုံး ငါးခါလောက် ရန်ဖြစ် ...။ ရန်ဖြစ်ပြီးရင် ပြန်ခေါ်။ ပြန်ခေါ်ပြီး ပြန်ရန်ဖြစ် ...။ သူတို့ကြားမှာ ကျမက ကြားနေ ...။

“ညီမလေး … ယုနဲ့ မနီနဲ့ စကားမပြောဘူး … သူ့ကို မခေါ်နဲ့ သိလား” လို့ မနီက လာပြောရင်လည်း ကျမက ခေါင်းညိတ်။ “ညီမလေး မနီနဲ့ မယု ရန်ဖြစ်ထားတယ် သူ့ကို မခေါ်နဲ့နော်။ ခေါ်ရင်တော့ အသိပဲ” လို့ မယုက ဆိုလာရင်လည်း ကျမက ခေါင်းညိတ်။ ဒီအစ်မနှစ်ယောက်ကြားမှာ ကျမက လည်သလို … အဆင်ပြေသလို နေခဲ့ရင်း ကျမရဲ့ မူလတန်း နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရတာ ...။ သူတို့ နှစ်ယောက်ကတော့ ကျောက်တံလုရင်း၊ ပေတံ ချိုးရင်း၊ ကျောက်သင်ပုန်း ခွဲရင်း၊ ဝလုံးတွေ မညီမညာ ရေးကြရင်း မတည့်အတူနေတွေပါ။

နွေကျောင်းပိတ်ရက်တွေကတော့ ကျမတို့အတွက် ဖုန်တထောင်းထောင်းကြားမှာ ကစားနည်း ပေါင်းစုံကို ငယ်သံပါအောင် အော်ဟစ် ဆော့ကစားကြရတဲ့ အပျော်လွန် နေ့ရက်တွေပေါ့ ...။

မနီက ညီအစ်မချည်းပဲ ၆ ယောက်မှာ ၅ ယောက်မြောက်ဆိုတော့ အစ်မတွေအားကိုးနဲ့ ကျမတို့ကစားဝိုင်းကို မကြာခဏ ဆန့်ကျင်တတ်တယ်။ နောက်ဆုံးမှာ … အိုးခွက်လေးတွေနဲ့ … ဒါမှမဟုတ် … ထိုးလက်စ ကုလားမစည်းနဲ့ ကျန်ခဲ့ရတာက မယုနဲ့ ကျမ ...။ တယောက်ပဲ့သွားလို့ ငြိမ်သွားတဲ့ ကစားဝိုင်းကို ကြီးမာက ခပ်ကြမ်းကြမ်း သိမ်းခိုင်းပြီး … သရက်သီးစိတ် တွေကို ငံပြာရည်ဖျော်နဲ့ ကြွေးတဲ့အခါ … ခုနက ကစားဝိုင်းကို ကျမတို့ မေ့သွားကြတာပါပဲ။ အဲဒီတုန်းကတော့ လူကြီးတွေ ကြားမှာ ကျမတို့ နားမလည်နိုင်တဲ့ အေးစက်မှုတွေ ရှိနေပါလားလို့ မသိလောက်အောင် ငယ်ကြသေးတယ်။

အစပ်ကြောက် ပေမယ့် သရက်သီးစိတ်နဲ့ ငံပြာရည်ဖျော် စပ်စပ်ကိုကျတော့ အငမ်းမရ စားလို့ ချွေးသီးချွေးပေါက်တွေကျ၊ တရှုးရှုးနဲ့ ဖြစ်နေတဲ့ ကျမကို မယုက တဟားဟားရယ်ရင်း သဘောကျတတ်တယ်။ ပြီးရင်တော့ ကြီးမာက ကျမတို့ ခေါင်း နှစ်လုံးကို ဇိုးခနဲ ဇတ်ခနဲ ဆွဲယူပြီး သန်း … တိုက်ပေးတော့တာပဲ။

စာရွက်ဖြူ တရွက်ပေါ် တဖွဲဖွဲ ကျလာတဲ့ သန်းမကြီးတွေ၊ သန်းပြ လေးတွေဟာလည်း ကျမတို့ရဲ့ ငယ်ဘဝ ဇာတ်ကောင်တွေထဲမှာ ပါလေရဲ့ ...။


“တို့ … ကျော်စွာကို ပြောင်းရတော့မယ်” လို့ မယုက တုံးတိတိပြောတော့ … နွေကျောင်းပိတ်ရက်တွေမှာ အဖော်မဲ့တော့မယ့် အဖြစ်ကို တွေးမိပြီး ကျမ မျက်ရည်တွေ ဝဲ နေတယ်။

“ဒယ်ဒီကလည်းဟာ … ဘာလို့ ပြောင်းရတာလဲ မသိပါဘူး”

မယုမသိသလို ကျမလည်း မသိဘူးလေ ...။ အဲဒီတုန်းက ကြီးမာကလည်း သမီးမိန်းကလေးဆိုလို့ မယုတယောက်တည်း မွေးထားသေးတာ၊ ကျမ မေမေကလည်း ကျမ တယောက်တည်း မိန်းကလေး မွေးထားတာဆိုတော့ မနီတို့ ညီအစ်မတွေ အုပ်စုဖွဲ့တာကို ယှဉ်နိုင်ဖို့ ကျမမှာ မယုရှိမှ ဖြစ်မှာ ဆိုတာတခုပဲ သိတယ်။ လေးတန်းဆိုတဲ့ အရွယ်က ကစားဖို့နဲ့ စားဖို့ပဲ သိသေးတာ မဟုတ်လား။

“စာရေးနော် … မယု … တို့လည်း ရေးမယ်သိလား”

အဲဒီတုန်းက ကျမရဲ့ ချစ်လှစွာသော အစ်မဟာ လေးတန်းနဲ့ စာဆက်သင်လို့မရလောက်အောင် ဥာဏ်ရည် မမီတဲ့သူ ဆိုတာ ဘယ်သိပါ့မလဲ။

ကျမက တတန်းပြီး တတန်းအောင် … မူလတန်းကနေ အထက်တန်း ကျောင်းကြီးကိုရောက်၊ အလယ်တန်းက စာတွေနဲ့ ပိနေတဲ့အချိန် … မယုက ကျော်စွာမှာ ကျောင်းဆက်မနေတော့ဘူး ဆိုတဲ့သတင်း ကြားလိုက်ရ … ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့ … ကျမအတွက် မယုဆိုတာ မှိန်ဖျော့စပြုခဲ့ပြီ။

အလယ်တန်း တက်စ … လမ်းအဝေးကြီး လျှောက်ရတဲ့ အထက်တန်းကျောင်းကြီးကို ပြောင်းတက်ရတော့ တယောက်တည်း ဖြစ်နေတဲ့ကျမကို မနီတို့ ညီအစ်မတွေ ပညာအမျိုးမျိုး ပြတာကို ကြိတ်ခံရင်း မယုသာရှိရင် ကျမကို ကာကွယ်မှာဆိုတဲ့ သတိရ စိတ်ကလေး နည်းနည်းတော့ ဖြစ်ခဲ့သေးတယ်။

ကျောင်းသွားဖို့ ဝင်ခေါ်မယ်ပြောထားလို့ စောင့်နေတဲ့ကျမကို တမင် မခေါ်ဘဲ တိတ်တိတ် ထွက်သွားကြလို့ ကျမ ကျောင်း အခါခါ နောက်ကျရတာ၊ ထမင်းစားချိန် ကျမကို မခေါ်ဘဲ မနီတယောက်တည်းကို သူ့အစ်မ တွေက ကွက်ခေါ်သွားလို့ အဖော်မပါဘဲ ထမင်းစားရင်း မုန့်တန်းကို မဆင်းရဲ ဖြစ်ခဲ့ရတာတွေ အကြိမ်ကြိမ် ထပ်လာတော့ ကျမဘာသာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ကြံစည်တဲ့အချိန်မှာတော့ ကျမ မယုကို မေ့စပြုပြီ ...။

သူငယ်ချင်း ဆိုတာ တော်တော် ချစ်စရာကောင်းပါလားလို့ သိစပြုတဲ့အချိန်မှာ … ညီအစ်မ ဆိုတာတွေကို ကျမစိတ်ထဲက လုံးဝ ထုတ်လိုက်ဖို့ ကြံစည်မိပြီ ...။ ကျောင်းကို ဘယ်သူမှမပါဘဲ ကျမတယောက်တည်း သွားရဲခဲ့တဲ့နောက် ထမင်းကို သူငယ်ချင်းတွေနဲ့ ဝေမျှစားရတာ … စာတွေကို သူငယ်ချင်းတွေနဲ့ အတူဖတ် မှတ် သင်ကြားရတာ… ဝယ်လာတဲ့ မုန့်တွေကို တယောက်နဲ့ တယောက် မျှစားရတာဟာ ဘယ်လောက် ချိုမြိန်တယ်ဆိုတာ သိလာတဲ့နောက် ကျမဘဝမှာ ညီအစ်မဆိုတာ လိုကို မလိုအပ်တော့တာ ...။

အဆိုးဆုံးကတော့ ကျမ ရှစ်တန်းကို ဒီ ၂ လုံးနဲ့ အောင်တဲ့နှစ် ...။ အဲဒီနှစ်က မနီ ရှစ်တန်းကျတယ်။ သူ့အစ်မတွေက မနီကို ပေါ်ပေါ်တင်တင်ပဲ ကျမနဲ့ မခေါ်ဖို့ အမိန့်ပေးလိုက်တာ ...။


တကယ်တော့ ကျမရဲ့ အလယ်တန်း နေ့ရက်တွေထဲမှာ မယုရဲ့ မညီညာတဲ့ လက်ရေးနဲ့ သတ်ပုံ မမှန်တဲ့ စကားလုံးတွေလည်း အကျုံးဝင်ခဲ့တာပါ ...။ ကျမကသာ ကျမရဲ့ ဘဝထဲက အမျိုး၊ ညီအစ်မ ဆိုတာတွေကို ဆွဲထုတ်ရင်း မယုကိုပါ မသိမသာ ဆွဲ ထုတ်ခဲ့မိတာလေ ...။


ညီမလေ

မယု စာရေလိုက်ပါတယ်။ နေကောင်ကျရဲ့လာ။ မယုတော့ နေကောင်တယ်။ မာမီတော့ နေနဲနဲ မကောင်းဘူ။ ညီမလေး။ မယုမရှတော့ ညီမလေ ပျင်နေမှာပေါ။ မယုလဲ ကျော်စွာမှာ မပျောဘူး။ တညင်ကိုပဲ သတိရတယ်။ ကြီးကြီးကော နေကောင်လား။ ကိုရဲလေးကော နေကောင်းလာ။ ဦးဦကော နေကောင်လား။ ဗညားက အရမ်ဆိုတယ်။ ဝဏ္ဏက လိမ်မာတယ်။ ငပျော်ပင်စိုက်တာ ငပျော်သီမှည့်တော့ ရောင်းစားလို့ရတယ်။ မနီကို ခေါ်လား။ မဇူးက အရမ်စွာတယ်နော်။ မေအေးကလည်း အမြင်ကတ်စရာကြီးနော်။ ညီမလေး မယုကို သတိရရင် စာရေးပါ။ မာမီကလည် သတိရနေတယ်။ တညင်ကိုလာချင်တယ်။ကျောင်းပိတ်ရင် ကျော်စွကိုလာခဲပါလာ။

ချစ်သော်အမ

မယူ

အဲဒီလို မသေမသပ်လက်ရေးနဲ့ မမှန်တဲ့စာလုံးပေါင်းတွေနဲ့ စာကလေးတွေဟာ မယုဆီကနေ ကျမကို လစဉ်နီးပါ ရောက် ရောက် လာတတ်တယ်။ ကျမကတော့ မေ့လောက်မှ တခါ ပြန်တတ်တယ်။ ကျမဘဝမှာ မယုက မှေးမှိန်နေပြီကိုး … ကျမအတွက် ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေလည်း ရနေပြီးကိုးလေ။ မယုကတော့ မသိရှာဘူး။ ကျမဆီကို စာမှန်မှန် ရေးဆဲပဲ ...။

သူ့ စာထဲက ကိုရဲလေး ဆိုတာက ကျမမောင်အငယ်ဆုံးကောင်။ ဗညားဆိုတာက ကိုရဲနဲ့ ရွယ်တူ သူ့မောင်အငယ်၊ ဝဏ္ဏကတော့ သူ့ရဲ့ မောင်အကြီးပေါ့။ မဇူးဆိုတာက မနီအထက်ကအစ်မ။ မေအေး ဆိုတာက ကြီးမာတို့ ကျမ အမေတို့ရဲ့ ယောင်းမ … မနီရဲ့ အမေ … ဒီဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဖြစ်လာမယ့် သူတယောက်ပါ။ မယုစာထဲမှာ အတင်းတွေ ပါလာတတ်ခဲ့ပြီ။

ညီမလေး

မယု သတိရစွာနဲ့ စာရေလိုက်ပါတယ်။ ညီမလေးနေကောင်းရဲလာ။ ညီမလေက အခု ၈ တန်းအောင်တယ်ဆိုး။ တော်တယ် ညီမလေးက မနီကမတောဘူး ညီမလေးဆရာဝန်မကြီလုပ်နော မယုကတော့ စာမတော်ဘူး ကျောင်ထွက်လိုက်ရတယ်။ မာမီကအခု ဗိုက်ကြီနေပြီ။ မဇူက လာနေပေးတယ်။ ဒါပေမယ့် မဇူးက အရမ်းနန့်တယ် သိလား။ ကိုသက်တင်က ချော်တယ်။ မဇူက ကိုသက်တင်ကို ကြိုက်နေတာ။ မယုတော့ အမြင်ကတ်ပါတယ်။ ကိုသက်တင်က ခင်ဖိုကောင်းတယ်။ ညီမလေ စာကြိုးစားနော်။ ကိုသက်တင်က ကျောင်ဆရာ တော်တယ် မယုကိုအရမ်းခင်တယ်။ မယုအခု မပျင်းတော့ဘူ။ ဝဏ္ဏက ခရမ်းချဉ်သီး ပင်တွေလည်းစိုက်တယ်။ ရောင်းရတယ်။ ကိုသက်တင်က ဝဏ္ဏကိုပြောပြတယ်။ မဇူးက အပျင်းထူ။ အလကားပဲ။ ညီမလေးက ဘာလို့ကျော်စွကိုမလာတာလဲ။ လာခဲ့ပါဦး။ လူကြုံရှိရင် နှုတ်ခမ်နီပေးလိုက်ပါ။

ချစ်သော မယု

မယုအမေ ကြီးမာက ကျမ ၉ တန်းနှစ်မှာ ညီမလေး တယောက်မွေးတယ်။ မဇူးက သွားစောင့်ရှောက်ပေးတယ်။ မယုက မဇူးကို ကြည့်မရဘူးဆိုတာ ပေါ်လွင်နေတယ်။ သူ့စာထဲမှာ ကိုသက်တင်ဆိုတဲ့ သူစိမ်းတယောက်အကြောင်း မိုးမွှန်အောင် ပါလာပါပြီ။ ကိုသက်တင် ချောကြောင်း၊ တော်ကြောင်း၊ ကျောင်းဆရာဖြစ်ကြောင်းကို သူရေးတတ်သလို ရေးပြပါတယ်။ ကျမကတော့ စာလုံးပေါင်း မမှန်တဲ့သူစာကို ဟာသတပုဒ်လောက်ပဲ သိပ်အလေးအနက်ထား မဖတ်မိတာ အမှန်ပဲ။ ပြီးတော့ သိပ္ပံတွဲ စသင်ရတဲ့ နှစ်မို့ နောက်နှစ် ၁၀ တန်းအတွက်ပါကြိုပြီး စာတွေနဲ့ ပိနေတဲ့အချိန် ...။

ကျမတို့ တဖြည်းဖြည်း အရွယ်ရောက်လာတယ်ဆိုတာ ကိုယ့်ဘာသာ သတိမပြုမိသေးတဲ့ အချိန်မှာ ကျောင်းသွားကျောင်းပြန် … မနီကို ကောင်လေးတွေ လိုက်စတာ တွေ့ရတော့မှ … ကောင်လေးတွေရှေ့ရောက်ရင် မနီရဲ့ စကားပြောတဲ့အသံ ပြောင်းသွားတာ၊ မျက်လုံးအကြည့်တွေ မငြိမ်တာ၊ လမ်းကို နှေးနှေးလေး လျှောက်တာ၊ ရယ်စရာမဟုတ်ဘဲ အသံထွက် ရယ်တာတွေကို တွေ့တော့မှ အံ့သြတကြီး ဖြစ်ခဲ့ရ ...။

ကိုးတန်းနှစ်ရဲ့ တခုသောရက်မှာ … ကျမဘဝရဲ့ အပြောင်းအလဲကြီးတရပ်ကို ရင်ဆိုင်လိုက်ရပြီး … ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် မိန်းကလေးပါလား ဆိုတာကို အထိတ်တလန့် သိလိုက်ရတော့မှ … ကျမလည်း သစ်ရွက်လှုပ်တာကို မြင်ရင် ရယ်ချင်တာ၊ အချစ်ကဗျာလေးတွေ ဖတ်ချင်တာ ကာတွန်းစာအုပ်တွေအစား အချစ်ဝတ္ထုတွေ ခိုးဖတ်ချင်မိတာကို သတိထားမိ….။

ချစ်သူ ရည်းစား ဆိုတာကို ဘာမှန်းလည်းမသိ မြည်းလည်း မမြည်းစမ်းရဲဘဲ … စိတ်ကူးရေယာဉ်ကျောမှာ မျောချင်တဲ့ စိတ်ကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဘိုင်အိုဆိုတဲ့ ဘာမှန်းအတင်းနားလည်အောင် လုပ်နေရတဲ့စာတွေနဲ့ အစားထိုး ဖြတ်တောက်ရတဲ့ ကာလတခု ...။ အဲဒီကာလမှာလည်း ကျမ မယုကို လုံးဝ မေ့ထားခဲ့တယ် ...။

အသက်ကငယ် …. စာတွေက လေးပင်ဖိစီးပြီး … မနိုင်မနင်းဖြစ်နေရာက ကျမ ဆယ်တန်းကို တနှစ်ကျ ...၊ ငွေစက္ကူ အရေးအခင်းကို ကျော်ဖြတ် … သစ်ရွက်လေတိုးသံတွေကို သဘာဝပဲလို့ သေချာ သိမှတ်ပြီး စာပြီးရင်း စာ …၊ ကိုယ့် ကိုယ်ကိုယ် ဒဏ်ခတ်အရေးယူ … ပျော်စရာတွေနဲ့ ဖြတ်တောက်လို့ … ၁၀ တန်းဆိုတာကြီးကို ကျမ လွတ်လွတ်ကျွတ်ကျွတ် အောင် သွားချိန်မှာ … မယုက အချစ်စာမေးပွဲတွေ ဖြေဖို့ လေ့ကျင့်ခဏ်းတွေ သင်္ခန်းစာတွေနဲ့ လုံးထွေးနေမှန်း ကျမ လုံးဝ မသိခဲ့တာ။

(ဆက်လက်ဖော်ပြပါမည်)

အဖေနဲ့ အမေ ဘာတော်လဲ

ကလေးတွေဟာ လူကြီးအသေးစားလေးတွေ မဟုတ်ဘူး၊ ကလေးတွေဟာ ကလေး ဆိုတဲ့ သီးသန့် လူသား သပ်သပ်ပဲ။

အဲဒါဘယ်သူပြောခဲ့တာလဲ။ ဘယ်သူပြောပြော အရေးမကြီးပါ။ သူ့အတွက် အရေးကြီးတာက သမီး။ သမီးက သူ့အတွက် တော်တော်လေး ထူးထူးဆန်းဆန်းတွေ လုပ်တော့ ကလေးဆိုတာ ကလေးဆိုတဲ့ သီးသန့် လူသား သပ်သပ် ဆိုတဲ့စကားကို သူ လက်ခံမိတယ်။ ထူးဆန်းတယ်လို့ ပြောရအောင် သမီးက သူ့အတွက် ရူးရတဲ့ သားဦးလည်းမဟုတ်၊ သမီးရဲ့ရှေ့မှာ အစ်မ ၂ ယောက် သူ မွေးပေးခဲ့ပြီးပြီ။

သမီး ၄ နှစ်သမီး အရွယ်လောက်က ဖြစ်မယ်ထင်တယ်။ မူကြိုက ပြန်လာတဲ့သမီးက ကျမကို မေးလာတယ်။

“မေမေ ... သမီးသူငယ်ချင်း တချို့က သေးပေါက်ရင် ဘာလို့ မတ်တပ်ရပ်ပေါက်တာလဲဟင်” တဲ့။ ကျမ တော်တော် ခေါင်းစားသွားတယ်။ သမီးက ဆက်ပြောတယ် ... “သူတို့မှာ သမီးတို့နဲ့မတူတဲ့ဟာလည်း ရှိတယ်” ဆိုပဲ။ အဲဒီတော့မှ ကျမလည်း သမီးနားလည်အောင် “သူတို့ကို ယောက်ျားလေးလို့ ခေါ်တယ် သမီးရဲ့။ သမီးတို့နဲ့ မတူးဘူး။ အဲဒီဟာကို -- လို့ခေါ်တယ်” လို့ ပြန်ပြောရတယ်။ ဒီတော့ အထွန့်တက်တဲ့ သမီးက “သူတို့က ယောက်ျားလေးဆိုတော့ သမီးတို့က ဘာလဲဟင်” လို့ ပြန်မေးတယ်။

အဲဒီမှာ သမီးက ယောက်ျားလေးနဲ့၊ မိန်းကလေး ဆိုတာကို ကွဲကွဲပြားပြား သိသွားတော့တယ်။

တရက်တော့ သမီးကျောင်းသွားခါနီး ရှုးရှုးပေါက်ချင်တယ်ဆိုလို့ ကျမက အိမ်သာနဲ့ ရေချိုးခန်း တွဲလျက်ဆီကို ခေါ်သွားတော့ သမီးဖေဖေ ရေချိုးနေလေရဲ့။ သမီးကို အိုးထဲမှာ သွားခိုင်းပေမယ့် သမီးက လူကြီးတွေလိုပဲ အိုးနဲ့ မသွားချင်ဘူး ရေချိုးခန်းထဲပဲ ဝင်မယ် ပူဆာတယ်။ ဒါနဲ့ သမီးဖေဖေက “သားအဖချင်းပဲကွာ လာခဲ့” ဆိုလို့ သမီးလည်း ရေချိုးခန်းထဲ ဝင်သွားတယ်။

သမီး ကိစ္စပြီးလို့ ပြန်ထွက်လာတော့ အံ့သြတကြီးနဲ့ ကျမကို ပြောတယ် ...

“မေမေ မေမေ သမီးသိပြီ သိလား။ ဖေကြီးက ယောက်ျားလေးပဲ” တဲ့လေ။ ကျမရဲ့ သမီးက အဲဒီလို သမီးပါ။

အဲဒီကိစ္စက မပြီးသေးဘူး။ ကျမတို့ အိမ်ရှေ့မှာနေတဲ့ သမီးရဲ့ ဘကြီးအိမ်ကို သမီးက သွားနေကျ။ သားသမီး မရှိတဲ့ သမီးဘကြီးက သမီးကိုသိပ်ချစ်တယ်။ တနေ့တော့ သမီးက သူ့ဘကြီးကိုမေးတယ် ...။

“ဘဘက ယောက်ျားလေးလား မိန်းကလေးလား”
“ယောက်ျားလေးပေါ့ သမီးရဲ့”
“ဟုတ်လား ဒါဆို သမီးကို -- ပြ” လို့ ပြောလို့ သူ့ ဘကြီးခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ အီလည်လည်ကြီး ဖြစ်သွားခဲ့ဖူးရဲ့။

သမီးက ကျမတို့ လင်မယား လက်ချင်းတွဲတာ၊ ပုခုံးချင်း ဖက်တာတွေ့ရင်လည်း မကြိုက်ဘူး။ အတင်း လက်တွဲ ဖြုတ်ခိုင်းတယ်၊ ပုခုံးဖက်ထားရင်လည်း ဖြုတ်ခိုင်းတယ်။ ဘာဖြစ်လို့လဲလို့ ကျမက မေးကြည့်တော့ ...

“မလုပ်ရဘူး။ ဖေကြီးနဲ့ မေကြီးက မောင်နှမလေ” လို့ လူကြီးလေသံနဲ့ ပြန်ပြောတယ်။ သူဘာဖြစ်လို့ ဒီလိုပြောတယ် ဆိုတာ ကျမသိတယ်။
ို
ကျမတို့မိသားစု ထမင်းဝိုင်းမှာ သမီးတို့ အဖေက အလုပ်ကြောင့် ပါခဲတယ်။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် ဆုံမှ မိသားစု ဆုံကြတယ်။ သမီးတွေက ကျမကိုပဲ ဦးချနေကျဆိုတော့ ကျမ ပန်းကန်ထဲကို ဦးချဖို့ လုပ်နေတာကို ကျမက “သမီးတို့ ဖေကြီးကို အရင်ဦးချလေ၊ ဖေကြီးက အကြီး” လို့ ပြောမိတော့ ကျမ သမီးက မှတ်ချက်ချတယ်။

“သြော် ဖေကြီးက မေကြီးထက် အကြီးကို။ ဒါဆိုဖေကြီးနဲ့ မေကြီးက မောင်နှမပေါ့” တဲ့။ ကျမလည်း သမီးကို နားလည်အောင် ရှင်းမနေဘဲ ရယ်ပဲ ရယ်နေလိုက်တယ်။ ဒါကြောင့် သမီးက ကျမတို့လင်မယား ခါးဖက်၊ ပုခုံးဖက် လုပ်တာကို မကြိုက်တာလေ။ သူ့အသိမှာ မောင်နှမဆိုရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ တယောက်ယောက် ပြောလို့ ကြားဖူးထားပြီးသား ဖြစ်နေပုံရတယ်။

တဖြည်းဖြည်းနဲ့ သမီးက တီဗီကြည့်တတ်လာတယ်၊ သူ့အစ်မတွေနဲ့အတူတူ ကာရာအိုကေ သီချင်းခွေတွေကို ထိုင်ကြည့်ရင်း မိုက်ကရိုဖုန်းနဲ့ သီချင်းအော်ဆိုတတ်လာတယ်။ တီဗီမှာ စုံတွဲတွေ လက်တွဲ ပုခုံးဖက် ပြေးလွှား ကြတာလည်း မြင်လာတယ်။

တရက်တော့ ကျမကို သမီးကပြောပါတယ်။

“မေကြီးနဲ့ ဖေကြီး ပုခုံးဖက်ချင်ဖက်၊ ခါးဖက်ချင်ဖက် ရပြီ” တဲ့။ ဒီတော့ ကျမက “ဘာလို့လဲ သမီးရဲ့” လို့ ပြန်မေးမိတယ်။ အဲဒီမှာပဲ သမီးက “မေကြီးနဲ့ ဖေကြီးက မောင်နှမမှ မဟုတ်တာ” လို့ ထူးထူးဆန်းဆန်း ပြန်ပြောပါတယ်။ ကျမလည်း သမီးက သူ့ဘာသာ သဘောပေါက်သွားတာကို ကျေနပ်သွားပြီး ပြန်မေးလိုက်တယ်။

“သြော် ဖေကြီးနဲ့ မေကြီးက မောင်နှမ မဟုတ်ဘူးလား၊ ဒါဆို ဘာတော်လဲ”

အဲဒီမှာ သမီးက ခပ်တည်တည်နဲ့ ပြန်ဖြေပါတယ်။

“သမီးသိပြီ ...။ ဖေကြီးနဲ့ မေကြီးက ရည်းစားတွေ” တဲ့။

အဲဒါကြောင့်ပြောတာဖြစ်မယ်။ ကလေးဆိုတာ လူကြီးအသေးစားတွေ မဟုတ်ဘူးလို့။ ကလေး တယောက်ချင်းစီမှာ အတွေး တခုစီ ရှိတယ်။ ကလေးဆိုတာ လူကြီးရဲ့ ပုံတူ ကိုယ်ပွားလေးတွေ မဟုတ်ဘူး။

မှတ်ချက်။ ။ သမီး ၃ ယောက်မိခင် အစ်မတယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ဆင့်ပွားခံစားပြီး ပြန်ရေးတာပါ။ အဲဒီထဲက ဇာတ်လိုက် သမီးလေးက အခုလာမယ့် သြဂုတ် ၂၇ ရက်နေ့မှာ ၁၂ နှစ်ပြည့်ပါမယ်။ အခုတော့ သမီးလည်း အဖေကြီးနဲ့ အမေကြီး ဘာတော်လဲ ဆိုတာ သိရောပေါ့ :)