မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင်
တက္ကစီပေါ်ကို နွေ့ အင်္ကျီထုပ်တွေ တင်ပေးနေတဲ့အချိန် .. အမေ့မျက်နှာက ဘာမှ မဖြစ်သလိုဘဲ။ ဒါပေမယ့် တက္ကစီ စထွက်ပြီး ကျင်းတွေချိုင့်တွေကြောင့် ဖြည်းဖြည်းပဲ မောင်းနေတဲ့အချိန် .. အဲဒီအချိန်မှာ နွေ လှည့်ကြည့်လိုက်တော့ အမေမျက်ရည်သုတ်နေတာ တွေ့ရတယ်။ ရင်ထဲမှာ လှပ်ကနဲဖြစ်သွားပြီး မျက်ရည်တွေ ဒလဟော စီးကျလာလိုက်တာ။ အဲဒါဟာ နွေ့ရဲ့ ဘဝ အစပဲလား … ။
* * *
ဆရာဝန်အမေနဲ့ အင်ဂျင်နီယာအဖေရဲ့ သမီးကြီး တယောက်အနေနဲ့ ပြောရရင် နွေ့ဘဝက လှပ ခဲ့တယ် ဆိုပါတော့။ နွေက အမေနဲ့ အဖေလိုတော့ စာသိပ်မတော်လှဘူး။ အမေကတော့ နွေ့ကို သူတို့လို ဆရာဝန်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် လုပ်စေချင်တယ်။ နွေကတော့ အနုပညာပဲ ဝါသနာ ပါတယ်။
အိမ်မှာလည်း အားရင် ဆို .. တီး လုပ်နေတာပဲလေ။ နွေ အနုပညာကို ဝါသနာပါဆို .. အဖေက လည်း အင်ဂျင်နီယာသာ ဆိုတယ် ကဗျာဆရာလည်း ဖြစ်နေတာကိုး။ အဖေက နွေ့ကို သမီးကြီးမို့ သိပ်ချစ်၊ သိပ်အားကိုးတယ်။ ဒါပေမယ့် နွေက စာသိပ်မတော်ဘူး။ အငယ်မကမှ စာတော်တာ။
နွေက စိတ်လှုပ်ရှား ခံစားလွယ်တယ်၊ အငယ်မကတော့ စိတ်ခိုင်မာတယ်။ အမေနဲ့တူတာ ထင်ပါရဲ့။ နွေက ကျောင်းစာအုပ်တွေကြားမှာ ကဗျာစာအုပ်တွေညှပ်ပြီး ခိုးဖတ်နေတဲ့အချိန် .. အငယ်မက စာကိုပဲ အရူးအမူးကျက်နေတာ။
နွေ့အဖေနဲ့ အမေနဲ့က အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ ဆိုပေမယ့် နွေတို့က အချမ်းသာကြီးတွေ တော့ မဟုတ်ကြဘူး။ ဒါပေမယ့် နွေတို့ ညီအစ်မ နှစ်ယောက်ကိုတော့ အမေနဲ့ အဖေက ဂရုစိုက် တယ်။ ဘာကြောင့်မှ မျက်နှာ မငယ်စေရဘူး။ အထူးသဖြင့်အဖေပေါ့။ နွေပူဆာသမျှ ရအောင် ဝယ်ပေးတာပဲ။
အဲဒါကြောင့်လည်း နွေ ဆယ်တန်းအောင်တော့ လိုချင်တဲ့ ဂစ်တာလေးကို အဖေက ဝယ်ပေး တယ်လေ။ အဲဒီဂစ်တာလေးကြောင့်ပဲ နွေ့ဘဝ ပြောင်းလဲခဲ့တယ် ဆိုပါတော့။
* * *
“ဟဲ့နွေ .. ဒါ ကိုအောင်တဲ့။ ငါနင့်ကို ပြောပြဖူးတဲ့ .. ငါ့ဆရာ ဆိုတာလေ”
အဲလို ပိုင်စိုးက မိတ်ဆက်ပေးတဲ့အချိန်မှာ နွေ့ရင်တွေ တဒိုင်းဒိုင်း ခုန်နေခဲ့တာပေါ့။ ကိုအောင် ဆိုတာ တချိန်မှာ နွေ့ရဲ့ ကိုကို ဖြစ်လာမယ်လို့ မသိသေးပေမယ့် နွေ့ရင်ထဲမှာ တခုခု အလိုလို သိလိုက်သလိုပဲ။ အဲဒီကိုအောင်ရဲ့ ဆွဲငင်အားကောင်းတဲ့ မျက်လုံးတွေကို နွေ .. ရင်မဆိုင်ရဲဘူး။
“ဟာ နွေ .. စကားလေး ဘာလေး ပြောဦးလေ။ နင့်ကို ဂစ်တာသင်ပေးမယ့် ဆရာဟ”
“နွေက .. စကားနည်းတယ် ထင်တယ် ဟုတ်လား”
ကိုအောင်က ဝင်ပြောလေ .. နွေမျက်နှာ မထားတတ်လေပဲ။ နွေကစကားနည်းတယ်တဲ့ .. ပိုင်စိုး ဆိုတာ တဟားဟား ဝင်အော်ရယ်တော့တာပဲ။ နွေ့လောက် စကားပြောတာ နွေပဲလေ။ စကားက ဘာများသလဲမမေးနဲ့ …။ ခုက ကိုအောင့်ကြောင့်၊ သူ့ကိုရှက်လို့ မပြောတာကို .. ။ နွေ .. ပိုင်စိုးကို မျက်စောင်းထိုးလိုက်တယ်။
သက်သက်နွေဆိုတဲ့ သောကြာသမီးအကြောင်း မကြာခင် ကိုအောင်သိရမှာပါ။ ဒါကတော့ စိတ်ထဲကပဲ ပြောလိုက်တာ။ ခေါင်းကို တွင်တွင်ငုံ့ပြီး နွေ့ရဲ့ မည်းနက်သန်စွမ်းပြီး ဖြောင့်စင်းတဲ့ ဆံပင်ရှည်တွေနဲ့ မျက်နှာကို ကွယ်ထားလိုက်ရတယ်။ နွေ သူ့ကို ရှက်လို့ပါ .. ။
“နွေ ဂစ်တာတီး တကယ်တတ်ချင်တာဆိုရင် ဒီလို ရှက်နေလို့ မရဘူးနော်”
သူ့စကားကိုတော့ နွေက “ဟုတ်ကဲ့” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီနေ့က ကံ့ကော်ပန်းတွေ ပွင့်လိုက်တာ ဖွေးဖွေးလှုပ်ပဲ။ နွေတို့ခြံထဲက ကံ့ကော်ပင်ကြီးမှာ ပွင့်နေလိုက်တာ ဆိုတာလေ။ ညအထိ ပန်းနံ့ကကြိုင်လှောက်နေတာ ..။
အဲဒီညက နွေ ခြံထဲဆင်းထိုင်ပြီး စိတ်ကူးတွေကို ရွက်လွှင့်ပစ်လိုက်တယ်။ မနက်ဖြန်က စပြီး ဂစ်တာတီးသွားသင်ရတော့မှာ .. ။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲနော်။ နွေ့ရင်တွေ ခုန်နေတယ်သိလား … ။
* * *
“နွေ့မျက်လုံးလေးတွေက သိပ်လှတာပဲ”
အဲဒီနှစ်သင်္ကြန်မှာ နွေ့ကို ရေလောင်းရင်းနဲ့ ကိုကို ပြောတာလေ။ နွေလား .. ပီတိတွေဖြာတာပေါ့။ ကိုယ့်ကို လှတယ်ပြောတာကို မကြိုက်တဲ့ မိန်းကလေးများ ရှိသေးလို့လားနော် … ။
ကိုကိုကမှ တကယ်ချောတာပါ။ နွေက အသားကလည်း ညိုသေးတယ်။ ကိုကိုဆိုရင် ယောက်ျား လေး ဖြစ်ပြီး အသားလေးတွေ ဝင်းနေတာပဲ။ ကိုကို့ ဆံပင်ရှည် ပျော့ပျော့တွေက အမြဲ မွှေးမြ နေမယ်လို့ ထင်ရတယ်။ ပြီးတော့ ကိုကိုက ဂစ်တာတီးတာ သိပ်တော်တာပဲလေ။ နွေကလား .. ကိုကို တီးပြတာပဲ နားထောင်ရင်း ဘာတခုမှ ကောင်းကောင်း မတီးတတ်ပါဘူး။ ကော့ဒ်လေး ၂ ခုလား ၃ ခုလား ကိုင်တတ်သေးတာ။ အသံကောင်းကောင်းထွက်အောင်တောင် မတီးတတ်ဘူး။
အင်း .. ကိုကိုပြောတာ ဟုတ်တော့ဟုတ်တယ်။ နွေ့မှာ လှတာဆိုလို့ အဲဒီမျက်လုံးလေးတွေပဲ ရှိတာလေ။ တကယ်တော့ နွေ့ကိုက သိပ်ကိုညွတ်နူးလွယ်၊ စိတ်ခံစားလွယ်တာပါ .. ပြီးတော့ စိတ်ကူးတွေ သိပ်ယဉ်လွန်းတယ်ပဲ ပြောရမလားမသိဘူး။
တကယ်ဆို ကိုကို့မှာ ချစ်သူရှိတယ် ဆိုတာလည်း သိတယ်၊ ချစ်သူမှ တယောက် မကဘူး ဆိုတာ လည်းသိတာပဲ။ ပြီးတော့ ကိုကိုက ဂစ်တာတီးတာကလွဲလို့ ဘာမှ မလုပ်တတ်ဘူး ဆိုတာရယ်၊ ကိုကိုတို့က သိပ်ဆင်းရဲတယ် .. ကိုကိုကလွဲရင် .. ကျန်တဲ့ ကိုကို့ အမေတို့ .. ကိုကို့ အစ်မတွေတို့ .. ကိုကို့ အဒေါ်တွေ .. အဲဒီလူတွေအားလုံး စရိုက်ကြမ်းကြတယ် ဆိုတာရယ် .. ကိုကို့အိမ်မှာ ဂစ်တာ သွားသင်တဲ့ ၃ လ အတွင်း နွေကောင်းကောင်း သိခဲ့ပါတယ်။
ကိုကိုတို့ အိမ် .. လို့သာ ပြောရတယ်။ တကယ်က တဲသာသာပါ။ လှိုင်သာယာရဲ့ အစွန်အဖျား တနေရာက မြေစိုက် ဓနိမိုး၊ ထရံကာ တဲကြီးပေါ့။ အဲဒီမှာမှ .. အောက်က ဝါး ကွပ်ပြစ်ခင်းထားတာ။ အခန်းရယ်လို့တော့ သိပ်မယ်မယ်ရရ မရှိလှပါဘူး .. အဆင်ပြေသလို ဝါးထရံနဲ့ ကန့်လိုကန့် .. စပ်ချုပ်ထားတဲ့ ပိတ်စနဲ့ ကာလိုကာပါပဲ။
အဲဒီတုန်းက ကိုကိုနဲ့ နွေ ချစ်သူတွေ မဖြစ်သေးဘူးလေ။ ဒါပေမယ့် ဖြစ်ဖို့ အလားအလာတွေတော့ မြင်နေပြီ။ ပိုင်စိုးကတော့ ပြောပါတယ် ..
“ကိုအောင်က ရှုပ်တယ်ဟ .. ပြီးတော့ သူတို့ အသိုင်း အဝန်းနဲ့ နင်တို့ အသိုင်းအဝန်း ဘာမှ မဆိုင်ဘူးနော် .. သူတို့က စရိုက်တော်တော်ကြမ်းတာ”
ပိုင်စိုးက သတိပေးသလို ပြောတာကိုတောင် နွေက သိပ်မကြိုက်ချင်ဘူး။ ဒီကောင်က နွေ့ကို ကြိုက်နေတာ သိသားပဲ။ တမင် ကိုကို့ကို ချိုးဖဲ့တာလို့ ထင်တယ်။ တကယ်က နွေကိုယ်တိုင်လည်း ကိုကိုတို့ အကြောင်းတွေ မသိတာ မဟုတ်ပါဘူး။ သိပ်သိတာပေါ့။ သိသိကြီးနဲ့ကို နွေ့မျက်လုံးတွေ၊ နွေ့စိတ်တွေက အမှောင်ဖုံးနေခဲ့တာပဲ ..။
ကိုကို ဂစ်တာတီးတဲ့ စားသောက်ဆိုင်ကို လိုက်သွားတဲ့ညက နွေတို့ ချစ်သူတွေ ဖြစ်ခဲ့ကြတာ .. ။
အဲဒီညမှာ ကိုကို့နားမှာ သိပ်လှတဲ့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတယ် ဆိုတာ သိလိုက်ရပြီး .. နွေ့ရင်ထဲက မနာလို စိတ်တွေ .. ရုန်းကြွလာခဲ့ရာက နွေတို့ ချစ်သူတွေ ဖြစ်သွားခဲ့တယ်။
* * *
အဲဒီကာလကလေးကတော့ နွေ့ဘဝမှာ ပျော်စရာ အကောင်းဆုံးပဲ .. ။ အဲဒီလို ပျော်စရာ ကောင်းတဲ့ အချိန်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို .. နောက်ထပ်လည်း ဘယ်တော့မှ ထပ်မရ တော့ဘူး။
လွပ်လပ်မှုတွေ အပြည့်ရှိတဲ့ ကိုကိုတို့ အိမ်က ကွပ်ပြစ်လေးပေါ်မှာ .. ကိုကိုက ဂစ်တာတီး .. နွေက သီချင်းလေးတွေ ဆိုလို့ပေါ့။ နောက်တော့ ကိုကိုက နွေ့အတွက်လည်း သီချင်းလေးတွေ စပ်ပေး သေးတာ။
နွေရတဲ့ မုန့်ဖိုးလေးတွေနဲ့ ခပ်ကြမ်းကြမ်းချက်ထားတဲ့ ကိုကိုတို့ရပ်ကွက် ထိပ် လမ်းဘေး ထမင်းဆိုင်က ဟင်းတထုတ်ဝယ်ပြီး ကိုကို့အိမ်က ထမင်းနဲ့ နှစ်ယောက်သား ခေါင်းချင်းဆိုင် စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်ဘူးလေ ..။
ကိုကိုကတော့ ဘိုင်အမြဲပြတ်နေတာပဲ။ ကိုကိုရတဲ့ တီးခက အိမ်ကို အကုန်ပေးရတာ မဟုတ်လား။ သနားစရာကောင်းတဲ့ ကိုကိုပါလေ .. ။ ကိုကို့အမေရယ်၊ နေမကောင်းတဲ့ ကိုကို့အဖေရယ်၊ အစ်မ နှစ်ယောက်နဲ့ သူတို့ ကလေးတွေရယ် (ကိုကိုယောက္ဖတွေကလည်း ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ကြဘူး) အားလုံးက ကိုကို့ဝင်ငွေကို မီခိုနေရတာတဲ့။ ဒီတော့ ကိုကို့ကို နွေကပဲ လက်ဘက် ရည် တိုက်ရတာပါပဲ။ နွေတို့က မချမ်းသာပေမယ့် မုန့်ဖိုးတော့ လုံလုံလောက်လောက်ရတယ်လေ။
နွေတို့ရဲ့ ပျော်ရွှင်မှု .. သေချာပြောမယ်ဆိုရင် နွေ့ရဲ့ ပျော်ရွှင်မှုက သိပ်တာရှည် မခံလှပါဘူး။ လေပွေလေးလို အမြဲလွင့်ချင်နေတဲ့ ကိုကိုက ဖောက်တာပါပဲ။ ကိုကို ချစ်သူဟောင်းနဲ့ ပြန်ဆက် တာ .. သိလိုက်ရတယ်။ တကယ်တော့ ကိုကိုက လှေနံ နှစ်ဘက်နင်းနေတာပါ။ နွေ့ကိုလည်း မစွန့်နိုင်ဘူး ချစ်တယ် .. ဟိုတယောက်က ပြန်ဆက်နေတော့ အဲဒါကိုလည်း သနားတယ် ဖြစ်နေတာ။
အဲဒီရက်တွေကဖြင့် နွေ့မှာ ဖျပ်ဖျပ်လူး ခံစားခဲ့ရတာပါ။ ကိုကို့ အရင်ရည်းစား မမက လှတယ်လေ။ နွေ့ထက် အပုံကြီးလှတယ်။ အဲဒီတော့ နွေ ပိုခံစားရတာပေါ့။
ဒီကြားထဲ ပိုင်စိုးက အငယ်မကို နွေ့အကြောင်း သတင်းပေးလိုက်တော့ အဲဒီကိစ္စကို အမေတို့ပါ သိသွားပြီး နွေ့ကို ဂစ်တာသင်တန်း တက်ခွင့် ပိတ်လိုက်တယ်။
* * *
အားလုံးရဲ့ သက်ပြင်းချသံတွေက လိုတာထက်ပိုကျယ် သွားသလိုပဲ … ။ ကော်ဖီဆိုင်ရဲ့ အထပ်ခိုး လေးက ကျဉ်းကျဉ်းလေး၊ ပြီးတော့ မီးမလာလို့ အဲကွန်းလည်း မရတော့ ပူစပ်လှောင်အိုက်လို့ .. ။ ချွေးတွေ ဒီးဒီး ကျနေတယ်။
“ဟော .. ဟိုမှာ မထိုက်လာပြီ”
တယောက်က အသံပြုလိုက်လို့ သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ခုဏက ငြိမ်ကျ သွားတဲ့ စကားဝိုင်းက အသက်ပြန်ဝင်လာတယ်။
“အဆင်ပြေခဲ့လားဟင် မထိုက်”
မျှော်လင့်တကြီး မေးလိုက်တဲ့ နွေ့အသံက ခုဏက သူ့အကြောင်းပြောပြနေတာနဲ့ တခြားစီပဲ။ ခုဏက ချစ်ခြင်းတွေနဲ့ .. လောင်မြိုက်နွမ်းလျ နေသလောက် ခုက အသက်ဆက်ဖို့ မျှော်လင့် စိတ်လှုပ်ရှားနေရတာ။
“အင်း .. ငါ ၅ ထောင် ကြိုထုတ်ခဲ့တယ်။ နင် ၂ ထောင်ယူလေ ဟုတ်လား။ မိနွေရယ် .. ကိုယ့်ကိုယ် ကိုယ်လည်း နည်းနည်းပါးပါး ဂရုစိုက်ဦး .. လူလည်း အရိုးချည်းပဲ”
မထိုက်ဆီက ပိုက်ဆံ ၂ ထောင်ကို ကမန်းကတန်း လှမ်းယူရင်း ပုခုံးသိုင်းအိတ် အပေါစားလေးကို ကောက်လွယ်လိုက်တယ်။
“ဟင် .. နွေက သွားတော့မလို့လား .. ဆက်ပြောလေ .. ဇာတ်လမ်းက ကောင်းခန်းရောက်နေတာ”
“သွားတော့မယ် မြင့်မိုရယ် .. ငါပြန်မှ အိမ်မှာ ဆန်ဝယ်ရမှာလေ ..။ နောက်နေ့မှ ဆက်ပြောပြမယ် နော် .. ကဲ .. အားလုံးပဲ လစ်ပြီဟေ့ .. မနက်မှ တွေ့တာပေါ့”
ပြောပြောဆိုဆိုနဲ့ ပါးလှပ်လှပ်ခန္တာကိုယ်လေးကို သယ်ဆောင်ရင်း ထွက်သွားတဲ့ နွေ့ကျောပြင်ကို မြင့်မိုက မကျေမနပ် ကြည့်ရင်းကျန်ခဲ့တယ် .. ။
သူတို့အားလုံး ရေးလက်စ သတင်းတွေကို လက်စမသတ်နိုင်သေးဘဲ နွေ့ဇာတ်လမ်းမှာ မျောခဲ့ကြ တာ .. ။ လေးနာရီမထိုးခင် တိုက်ကိုပြန်ပြီး အယ်ဒီတာကို သတင်းအပ်ရမယ် .. ။ သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။
“ဒီတပတ်အတွက် ငါ့မှာ သတင်းမရှိသေးဘူး လုပ်ပါဦး”
“ဘိုးတော်က မနက်က ငါ့ကို မျက်နှာထိကြီးနဲ့ ကြည့်သွားတယ်ဟ”
“ငါတော့ ဒီတပတ် တာဝန်ကျေပဲ ရေးနိုင်မယ် .. လက်ကုန် ၅ ပုဒ်ပဲ”
“အား .. မထိုက်က ၅ ပုဒ် ရေးနိုင်သေးတယ်။ တော်တာပေါ့”
“ဟဲ့ ရေးနိုင်တာ မဟုတ်ဘူး .. ခုမှ ရေးဖို့ လျာထားတာ .. သတင်းက ရှိ မရှိ မသိသေးဘူး”
“ဘိုင်ကလည်း ပြတ်နေပြီ .. ဒီလအတွက် နောက်တခါကြိုထုတ်လို့လည်း မရတော့ဘူး … စာမူခကလည်း ရဖို့မမြင်ဘူး။ သတင်းရှားတာနဲ့ တာဝန်ကျေပဲ ရေးနိုင်တာနဲ့”
“ဟူး .. ဘယ်တော့များမှ လစာ တိုးမှာပါလိမ့် ..”
အပြင်မှာ နေက ကျဲကျဲတောက်ပူလို့ … ။ ထောင်တန် နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နေပူထဲမှာ အဆောင်းမပါဘဲ မပူသလို လျှောက်သွားတဲ့ နွေ့ကျောပြင်ကို သူတို့ မမြင်ရပါဘူး။ သူတို့ကိုယ်တိုင်လည်း နွေ့ထက် မလျော့တဲ့ အပူတွေနဲ့ ပြည့်နေတာလေ … ။
(ဆက်လက်ဖော်ပြပါမည်)
Wednesday, September 30, 2009 | Labels: ဝတ္ထုရှည် | 1 Comments
၃ နဲ့စားလို့မရရင် တထောင်နဲ့ မြှောက်
ဒီဇာတ်လမ်းကို စလိုက်သူက ကိုဟန်ဖြစ်သည်။
ထိုအချိန်တွင် သူတို့ အားလုံး မူးနေကြပြီ ... လူမှန်းမသိလောက်အောင်တော့ မဟုတ်သေး .. ။ ကိုဟန်က အီကြာကွေးများကို အားလုံးစားဖို့ ပြင်ထားသည့် အမဲအူပြုတ် ပန်းကန်ထဲ တခုချင်းထည့်နေသည်။ ကိုရွှေအောင်က "ကိုဟန် .. ခင်ဗျား အဲလို မလုပ်နဲ့လေဗျာ။ ကိုယ့်ဘာသာ စားချင်ရင် သပ်သပ် ပန်းကန်နဲ့ ထည့်စားမှပေါ့ .. ဒါ တခြားသူတွေပါ စားဖို့ လုပ်ထားတာလေ" ဟု ဟန့်လိုက်ရာ ကိုဟန်က "သြော် ဟုတ်လား .. ဟုတ်ကဲ့ ဟုတ်ကဲ့" ဟု ဆိုကာ ပန်းကန်အသစ်တခု ထယူ၍ ထည့်စားနေသည်။ အဲဒီမှာ မပြီးသေး .. ကိုဟန်က ဘီယာကို ဘူးလိုက်မသောက်ဘဲ ခွက်တခုထဲ ထည့်သောက်ဖို့ ပြင်သည် .. အဲဒါကို ကိုဝင်းက "ဟေ့ ကိုဟန် ဘူးလိုက်မော့ဗျာ .. ပြီးရင် ကျုပ်ပဲ ဒီခွက်တွေဆေးရတာ" ဟု ဆိုလိုက်ရာ .. ကိုဟန်က အငြင်း မပွားဘဲ .. "ဟုတ်ကဲ့ .. ခွက်နဲ့ မသောက်နဲ့ ဆိုလည်း မသောက်ပါဘူး ခင်ဗျ" ဟူ၍ ယဉ်ကျေးစွာ ပြန်ပြောသည်။
အားလုံး အံ့သြသွားကြသည် ..။ ကြည့်ရတာ ဒီနေ့အဖို့ ဘာပြောပြော လက်ခံမည့် သဘောမှာရှိသည်။ ကိုဟန် ပိုက်ဆံချေးပါဗျာ ဆိုရင်တောင် ချေးမည့်သဘောရှိသည်ဟု .. ဇင်လတ်က တွေးနေသည်။ မိဝေး ဘဝေး .. အိမ် ထောင်နှင့် ဝေးရာမှာ သူတို့ အလုပ်လာလုပ်နေကြတာ ဆိုတော့ နီးရာလူသာ ဆွေမျိုးဖြစ်နေသည်။ ကိုရွှေအောင်တို့ စုနေကြသည့် ဒီအိမ်မှာ အားလုံး ပျော်ကြသဖြင့် ညနေဆို ဒီအိမ်မှာပဲ လာစုရုံးနေကြ ဖြစ်သည်။
ကိုဟန်က ခါတိုင်းလည်း အငြိမ်သမား .. သို့သော် ဒီနေ့ကတော့ တခြားနေ့ထက် ငြိမ်လွန်းသည်။ အားလုံး မှန်မှန်လေး မူးနေချိန်မှာ .. ဖိုးသွင်က ကိုရွှေအောင်ကို ထဖောက်သည်
"ခင်ဗျားအိမ်ကလည်း ဂတ်စ်မီးဖို လေးဘာလေးဝယ်ထားစမ်းပါဗျာ။ လူစုံတဲ့အချိန် ချက်ပြုတ်စားချင်ရင် အပြင် ကပဲ ဝယ်စားနေရတော့ မတန်ဘူးဗျ"
"ဟေ့ကောင် ဖိုးသွင် .. မဝယ်နိုင်သေးဘူးကွ။ လက မကုန်သေးဘူး ပိုက်ဆံက ပြတ်နေပြီ"
"မဝယ်ချင်လို့ မဟုတ်ဘူးကွ .. ငါက တောသားဆိုတော့ ဂတ်စ်အိုး ထပေါက်မှာ ကြောက်လို့”
“ပြီးတော့ ငါတို့ ၃ ယောက် စည်းဝေးထိုင်ရဦးမယ်။ စည်းဝေးထိုင်ရင် ဘီယာလေးက သောက်ချင်ဦးမှာ”
ကိုရွှေအောင်နှင့် ကိုဝင်းတို့က ဖိုးသွင်ကို မဆိုင်တာတွေကော၊ ဆိုင်တာတွေကော ပြန်ဖြေရှင်းနေချိန်တွင် ဇင်လတ်က ဂတ်စ်မီးဖို သုံးခြင်းကြောင့် ရနိုင်သော အကျိုးကျေးဇူးများကို တသီတတန်းကြီး ရှင်းပြနေသည်။ ကိုဟန်ကတော့ ငြိမ်မြဲငြိမ်လျှက်။ ကိုရွှေအောင် မနေနိုင်တော့ ...
"ကိုဟန် ငြိမ်လှချည်လားဗျာ။ ခင်ဗျားကို ပြောသမျှကိုလည်း ဘာမှပြန်မငြင်း အားလုံး သဘောတူ .. ခုကျတော့လည်း ဘာစကားမှ ဝင်မပြောနဲ့ .. ဘယ်လိုလဲဗျာ"
"အေးလေ .. စကားလေး ဘာလေးတော့ ပြောဦးမှပေါ့ .. ကဲ ကိုရွှေအောင် ကုန်ပြီ .. နောက်ထပ်သွားဆွဲမယ် ပိုက်ဆံပေး"
ကိုဝင်းက ကိုဟန့်ကို ပြောရင်း တလက်စတည်း ဘီယာပြတ်သွားသည့်ကိစ္စကိုပါ ရည်ညွှန်းလိုက်ရာ .. ကိုရွှေအောင်က ထဆဲသည်။
"@#%^^*+ ပဲကွာ .. အဲဒါကို တထောင်နဲ့ မြှောက်လိုက်။ ငါ့မှာ ပိုက်ဆံမကျန်တော့ပါဘူးဆို"
"ဟာ .. ဒါဆို ခင်ဗျားက ဒီတိုင်း ဟတ်ကော့ကြီးနဲ့ ရပ်တော့မှာလား"
"မရပ်နဲ့ .. မရပ်နဲ့ ရော့ ကျနော့်ဆီက ယူသွားလိုက်" ဟုကိုဟန်က ဆိုကာ ဘတ် ၅၀၀ တန်တရွက်ကို ရက်ရောစွာ ထုတ်ပေးသဖြင့် အားလုံး အံ့သြရပြန်သည်။
ဒီနေ့တော့ ကိုဟန့်အမူအရာက တစုံတခုကို လေးလေးနက်နက် တွေးနေပုံရသည်။ သိပ်ကြာကြာ မစောင့်လိုက်ရ ကိုဟန်က နံရံ တနေရာကို ငေးရီကာကြည့်ရင်း ..
“၂၀၁၂ ခုနှစ်ကြရင် .. ကမ္ဘာကြီး ပျက်တော့မှာဗျ” ဟုပြောလိုက်သောကြောင့် .. အားလုံး ရုတ်တရက်ကြောင် သွားကြသည်။
“ဟုတ်တယ် ၂၀၁၂ ခု ဒီဇင်ဘာလ ၂၁ ရက်နေ့ .. ၂၁ နာရီကနေစပြီး အဲဒီပြောင်းလဲမှု၊ ပျက်စီးမှုကြီး စဖြစ်တော့မှာ”
“သြော် အဲဒီတော့မှ စဖြစ်မှာလား .. ဒါဆိုအေးအေးဆေးဆေးပေါ့ ကိုဟန်ရာ။ တကယ်ဆို ခုကတည်းကလည်း ပျက်ဆီးနေတာပဲဟာ အထူးအဆန်းလုပ်လို့” ဟု ဇင်လတ်က ဝင်ပြောလိုက်သည်။
“မဟုတ်ဘူး .. အဲလိုမဟုတ်ဘူး။ ငါ့စိတ်ထဲမှာ ခုတလော ဒီအကြောင်းတွေချည်းပဲ စိုးမိုးနေတာ ... ခုဟာက ရှေးဟောင်းပညာရှင်တွေ တွက်ချက်ပြီး ဟောခဲ့တာ၊ ခုခေတ်သိပ္ပံပညာရှင်တွေ တွက်ထားတာ .. နောက်တော့ သမ္မာကျမ်းစာထဲမှာ ပါတာ .. ကမ္ဘာပေါ်မှာရှိရှိသမျှ ပညာရှင်တွေ တွက်ထားတာအားလုံး တိုက်ဆိုင်နေတာ။ အဲဒီအချိန်ကျရင် တခုခု ဖြစ်ကိုဖြစ်မယ်။ အဲဒါက ဘာလဲတော့မသိဘူး။ ပြောင်းလဲမှုတွေဖြစ်သွားမယ်၊ လူတွေရဲ့ မျိုးဗီဇတွေ ပြောင်းသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ လူတွေ ပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဂြိုဟ်သားတွေက လာအုပ်ချုပ်တာမျိုး .. ဘာလဲတော့မသိဘူးကွာ .. တခုခု ဖြစ်မှာတော့ သေချာတယ်”
ကိုဟန့်စကားအဆုံးမှာတော့ အားလုံးငြိမ်ကျသွားသည်။
“ဟာ သိပြီ .. ကိုဟန်ပြောပုံအရ အီဗော်လူးရှင်း နောက်တခါထပ်ဖြစ်မယ့် သဘောလား။ ဥပမာ - ဒါဝင့်အဆိုအရ ဆင့်ကဲဖြစ်စဉ်အတိုင်း မျောက်ကနေ လူကို တဖြည်းဖြည်း ပြောင်းသွားသလို လူကနေ တခြားတခုကို ပြောင်းမယ် ဆိုတဲ့ဟာမျိုးလား” ဟု ဖိုးသွင်က ဝင်ပြောလိုက်သည်။
“အဲလိုလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့မရဘူး .. ပျက်ဆီးသွားတာ ပျောက်ကွယ် သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ .. ဥပမာ .. လူကနေ ဟိုးအရင်ကမ္ဘာဦးလူတွေလို .. ဒါမှမဟုတ် မျောက်တွေလို ဖြစ်ချင်လည်းဖြစ်သွားမယ်”
“ဟင် .. ဒါဆို ဒီဗော်လူးရှင်းကြီးပေါ့”
ဇင်လတ်က ဘီယာဘူးအသစ်တဘူးကို ဖောက်ရင်းက “ဒါမှမဟုတ် ကမ္ဘာပေါ်မှာရှိရှိသမျှ သံတွေ၊ သတ္ထုတွေ ပျော်ကျကုန်လို့ လူတွေက ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားတာကော ဖြစ်နိုင်လား ကိုဟန်” ဟု ဝင်ဆွေးနွေးသည်။ သူတို့ ဆွေးနွေးပွဲက အတော်လေး အသက်ဝင်လာချိန်တွင် ကိုဝင်း ဘီယာဘူးအသစ်တွေနှင့် ပြန်ရောက်လာသည်။
“ဇင်လတ်ပြောတာမျိုးလည်း ဖြစ်နိုင်တာပဲ။ လူတွေအားလုံး လက်မဲ့တွေဖြစ်သွားပြီး ကျောက်ခေတ်တုန်းကလို သုညက ပြန်စရတာမျိုးပေါ့”
“ဟာ ကောင်းတာပေါ့ .. ကားတွေဘာတွေ မရှိတော့ဘူး။ လေယာဉ်ပျံလည်း မရှိတော့ဘူး။ ခရီးသွားရင် အရင်တုန်းကလို လှည်းတွေ လှေတွေနဲ့သွား၊ လမ်းလျှောက်သွားကြ”
“ဒါဆို ဘီယာတို့ အရက်တို့လည်း ဝယ်လို့ဘယ်ရတော့မလဲနော်” ဟု ကိုဝင်းက စိုးရိမ်တကြီးဝင်ပြောသည်။
ကိုဟန်က မစိုးရိမ်ပါနဲ့ဟူသော မျက်နှာပေးနှင့် “အဲတော့လည်း ကိုယ့်ဘာသာ ချက်သောက်ကြတာပေါ့ကွာ။ ဒါပေမယ့် အဲဒီလို ဖြစ်မယ်လို့လည်း ကံသေ ကံမ မပြောနိုင်ဘူးကွ”
“ဟာဗျာ .. ခင်ဗျားဟာကလည်း ဘာမှလည်း မသေချာဘဲ ကျုပ်တို့က ဘာကို ကြောက်ရမှာလဲဗျ” ဟု ကိုရွှေအောင်က ဘုဝင်တောလိုက်ရာ အားလုံးငြိမ်သက်သွားသည်။ စကားဝိုင်းစကတည်းက ဘာတခွန်းမှ ဝင်မပြောဘဲ ဘီယာချည်းလှိမ့်သောက်နေသော သိုက်စိုးက သူမပါလျှင်ပွဲမပြတ်နိုင် ဆိုသော အမူအရာဖြင့် စကားဝိုင်းထဲ ဝင်ပါလာသည်။
“သိပြီဗျ .. ကမ္ဘာပျက်မယ်ဆိုတာထက် အင်တာနက်စစ္စတမ်တွေအားလုံး ပျက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူးလား။ ခုချိန်မှာ အင်တာနက်စစ္စတမ်တွေပျက်သွားရင် ကမ္ဘာပျက်သွားသလို ဖြစ်သွားမှာပဲလေ။ ဘဏ်စနစ်တွေ ပျက်မယ်၊ တခြား အင်တာနက်နဲ့ ထိန်းချုပ်တာမှန်သမျှ ပျက်မယ်ဗျာ။ ဆက်သွယ်ရေးစနစ်တွေပါပျက်သွားမယ်။ ဒီဂျစ်တယ်စနစ်တွေ ဘာမှအလုပ်မလုပ်တော့ဘူး .. ဆိုရင်...”
“နေဦး သိုက်စိုးရ .. မင်းစဉ်းစားကြည့် အင်တာနက်ပျက်ရုံနဲ့တော့ လူက သိပ်ပြဿနာမရှိသေးဘူး။ သူတို့ ခေါင်းထဲမှာ ဒေတာတွေ ကျန်နေသေးတယ်။ ပြန်လုပ်လို့ရသေးတယ်။ လောင်စာလိုဟာတွေ လုံးဝ ထုတ်ယူလို့ မရတော့ဘူးဆိုရင်ကော ..” ဟု ဇင်လတ်က ဖြည့်စွက်သည်။ ထုံးစံအတိုင်း ကိုဟန်က “ဒါလည်း ဖြစ်မယ်လို့တော့ ကံသေကံမ ပြောလို့မရဘူး” ဆိုတာနှင့် ပိတ်သည်။ ကိုရွှေအောင်က ဘာမှပြန်မပြောဘဲ မျက်စောင်းသာ ထိုးလိုက်သည်။
ကိုဝင်းက “ဘာဖြစ်မယ်မှန်းမသိဘဲနဲ့ဗျာ ခင်ဗျားတို့ကလည်း ဘာတွေလျှောက်ပြောနေကြတာလဲ” ဟု ဝင်ဟန့်သော်လည်း မရတော့ အားလုံး ကိုဟန့်ကိစ္စကို စိတ်ဝင်စားနေကြပြီ။
“ကမ္ဘာပေါ်မှာ ရှိသမျှ နျူကလီးယားလက်နက်တွေ တပြိုင်တည်း ထ ပေါက်ကွဲမယ်ဆိုရင်ကော ..” ဆိုသည့် ဇင်လတ် စကားအဆုံးတွင်တော့ အားလုံးငြိမ်သွားကြတော့သည်။ ကိုဟန်လည်း ဘာမှမပြောတော့ .. ။
“အဲလိုဆိုရင်တော့ .. ကမ္ဘာကြီးတကယ်ပျက်စီးမှာပဲ။ လူတွေအားလုံးသေကြမယ်။ တချို့ပဲ ရှင်ကျန်မယ်။ အဲဒီတချို့လက်ထဲမှာ ဘာမှ မကျန်ခဲ့ဘူး။ အဲဒီအခါကျ ကာဘွန် ထုတ်လွှတ်မှုတွေလည်း မရှိတော့ဘူး .. သစ်ပင်တွေကိုလည်း အပြိုင်မခုတ်နိုင်တော့ဘူး။ မခုတ်နိုင်တဲ့အတွက် သစ်ပင်တွေက ကောင်းကောင်း ရှင်သန်မယ်။ တောတွေပြန်ဖြစ်လာမယ်၊ အိုဇုန်းက ပြန်စေ့သွားပြီး အပူလျော့ကျသွားမယ် .. အဲဒီအခါကျ .. တိရစ္ဆာန် မျိုးစိတ်တွေလည်း ပြန်ပေါ်လာမယ်။ ဝင်ရိုးစွန်းက ရေတွေပြန်ခဲပြီး သမုဒ္ဒရာထဲမှာ မြုပ်နေတဲ့ ကျွန်းတွေ ပြန်ပေါ်လာမယ်။ ကမ္ဘာကြီးပေါ်မှာ လူတွေ လျော့သွားတာနဲ့အမျှ ကမ္ဘာကြီး နေပြန်ကောင်းလာမယ်”
“ဟာ ဇင်လတ်ရာ .. မင်းပြောတာကို နားထောင်ရတာနဲ့တင် ရုပ်ရှင်ပြနေသလို မျက်စေ့ထဲမှာ ကွင်းကွင်းကွက် ကွက် ပေါ်လာတော့တာပဲ။ ဟုတ်တယ် မင်းပြောတာ အဖြစ်နိုင်ဆုံးပဲ” ဟု ကိုဟန်က ဇင်လတ်စကားကို ထောက်ခံလိုက်သည်။
သူတို့အားလုံး ငြိမ်သွားကြသည်။ ဘယ်သူကမှ အတည်မပြုသော်လည်း နျူကလီးယား လက်နက်များ တပြိုင်နက် တည်း ထပေါက်ကွဲမည့်ကိစ္စကို ဖြစ်နိုင်ခြေအရှိဆုံးအဖြစ် နှုတ်ဆိတ်ကာ သဘောတူလိုက်ကြသည်။ သူတို့ဘေး နံရံပေါ်မှာတော့ တိုင်ကပ်နာရီတလုံးက ၁၀ နာရီ တိတိတွင် ရပ်တံ့နေသည်။
ဖိုးသွင်က နာရီကိုစိုက်ကြည့်ရင်း “ဒီနာရီက ဘယ်အချိန်ကြည့်ကြည့် ၁၀ နာရီပဲနော် .. ဘယ်လိုဖြစ်တာလဲ” ဟု မေးလိုက်သည်။
သိုက်စိုးက “တကယ်လို့သာ ခုနက ပြောတဲ့ နျူလက်နက်တွေအားလုံး ပေါက်ကွဲသွားလို့ ကမ္ဘာပေါ်က နာရီတွေအားလုံးပျက်ဆီးသွားတယ် ဆိုပါစို့၊ ဒီနာရီတလုံးပဲ အကောင်းအတိုင်းကျန်ခဲ့တယ်ဆိုရင် .. နောက်လူတွေက ၁၀ နာရီမှာ ကမ္ဘာကြီးပျက်ခဲ့တယ်လို့ မှတ်သားမိမယ်ထင်တယ်” ဟုဝင်ပြောလိုက်သည်။
“ဟာ .. အဲလိုတော့မဖြစ်နိုင်ပါဘူးကွာ .. ဘယ်အချိန်မှာ စဖြစ်ခဲ့တယ်ဆိုတာ ကျန်တဲ့သူတွေ မှတ်ထားမိမှာပါ”
“တကယ်လို့ .. လူတွေအားလုံးက မှတ်ဥာဏ်တွေပျောက်ကုန်ရင်ကော၊ ဒီနာရီကိုပဲ အားကိုးမိမှာပဲ။ သမိုင်းက မှားတော့မှာပေါ့”
“သမိုင်းမှားတော့လည်း ဘာအရေးလည်းကွာ .. အားလုံးတောင် ပျောက်ကွယ် ပျက်စီးကုန်သေးတာပဲ”
သူတို့ တယောက်တပေါက်ပြောသည့် စကားများက နံရံပေါ်က တိုင်ကပ်နာရီလေးပေါ် ပြောင်းလဲသွားသည်။ ကိုရွှေအောင်တို့ ငှားမိသည့် အိမ်မှ အိမ်ထောင်ပရိဘောဂများက လျှပ်စစ်ပစ္စည်းများဖြစ်သော်လည်း ရှေးဟောင်း ပစ္စည်းများဖြစ်နေတာ ထူးခြားသည်။ မိုက်ခရိုဝေ့ဖ် မီးဖိုကလည်း ရှေးခေတ်က ကျွန်းလက်ကိုင်နှင့်၊ အဲယားကွန်း ကလည်း ရှေးပုံစံ .. မီတာတော့ တော်တော်စားမည့်ပုံ။
“အေးကွာ .. ဒီနာရီလေးက ရှေးဟောင်းနာရီလေး .. လှလို့ ဒီအတိုင်းထားလိုက်တာ .. ငါတို့ ပြောင်းလာ ကတည်းက .. ဒီတိုင်း ၁၀ နာရီမှာ ရပ်နေတာကွ .. ထူးတော့ ထူးဆန်းတယ်” ဟု ကိုရွှေအောင်က ပြောလိုက်သည်။
“အင်း .. ဒီအိမ်ကြီးမှာ တချိန်က မင်္ဂလာဆောင်ပွဲတပွဲ ကျင်းပမလို့ .. လုပ်နေတုန်း၊ သတို့သမီးက အလှ
ှတွေ ပြင်ပြီး စောင့်နေတဲ့ အချိန်မှာ သတို့သားက အချိန်မီရောက်မလာတော့ သတို့သမီးက နာရီကို ၁၀ နာရီအတိမှာ ရပ်ထားလိုက်ပြီး ဝတ်စုံပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ ဆိုရင် ..”
“ဂရိတ်အိတ်စပတ်တေးရှင်းထဲကလို .. အသက် ၈၀ လောက်အဘွားကြီးက တသက်လုံး မင်္ဂလာဝတ်စုံကို မချွတ်တော့ဘဲ ဒီအိမ်ကြီးရဲ့ လျှို့ဝှက်အခန်းတခန်းမှာ မင်္ဂလာ ကိတ်မုန့်ကြီးတလုံးနဲ့ သူ့သတို့သားကို ထိုင်စောင့်နေရင်ကော”
“ဟင့်အင်း .. သရဲအဖြစ်နဲ့ စောင့်နေတာက ပိုဖြစ်နိုင်တယ်”
“ခုနက နျူလက်နက်တွေ ပေါက်ကွဲသွားပြီဆိုရင်တော့ .. ဒီသတို့သမီးလည်း ပါချင်ပါသွားမှာပါကွာ ..”
သူတို့ဘာသာ စကားဝိုင်းကို အာရုံစူးစိုက်နေကြတော့ .. သူတို့နောက်မှာ တစုံတခု ဖြစ်သွားခဲ့တာ ဘယ်သူမှ မသိလိုက်ကြ။ ရည်းစားနှင့် လျှောက်လည်ပြီး ပြန်လာသည့် ရဲခေါင်က “အင်း .. ဒီအိမ်ကြီးမှာ တချိန်က မင်္ဂလာဆောင် ပွဲတပွဲ ကျင်းပမလို့ .. လုပ်နေတုန်း၊ သတို့သမီးက အလှတွေ ပြင်ပြီး စောင့်နေတဲ့ အချိန်မှာ သတို့သားက အချိန်မီရောက်မလာတော့ သတို့သမီးက နာရီကို ၁၀ နာရီအတိမှာ ရပ်ထားလိုက်ပြီး ဝတ်စုံပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေ ....” ဆိုသည့် ဖိုးသွင်၏ စကားမဆုံးခင် .. အကြောက်လွန်ကာ အိမ်ပြင်သို့ ပြန်ထွက် ပြေးသွားခဲ့သည်။ ရဲခေါင်က အလွန်ကြောက်တတ်သည်။ ဘာမှန်းမသိရသည့် သရဲကိုတော့ အလွန့်အလွန် ကြောက်သည်။
တခါက သူ့အခန်းထဲမှာ တွေ့သည့် ပုံမကျပန်းမကျ ပိုးနှံကောင်တကောင်ကို “ဂြိုဟ်သား” ပါ ဟုဆိုသဖြင့် ကိုဝင်းက ဖိနပ်နှင့် ရိုက်သတ်ပေးလိုက်ရသေးသည်။
ခု အိမ်ကြီးက ကိုဝင်း၊ ကိုရွှေအောင်နှင့် ရဲခေါင်တို့ စိတ်တူသူ ၃ ဦးစပ်ငှားနေသည့် အိမ်ဖြစ်သည်။ ဘာဖိုးပဲ ပေးပေး ၃ နှင့်စားကာ ခွဲဝေပေးကြသည်။ ခုတော့ ရဲခေါင် အကြောက်လွန်ကာ ထွက်ပြေးသွားခဲ့ပြီ။ အဲဒီညက ရဲခေါင် အိမ်ပြန်မအိပ်ဟုသာ သိကြသည်။ ဘာကြောင့်ပြန်မအိပ်လည်း ဘယ်သူမှမသိကြ။
ခဏနေတော့ ကိုဟန်က ပြန်တော့မည်ဟုဆိုသည်။ သူ့ လေ့လာချက်ကို ဆက်လက်တိုးမြှင့်လေ့လာပြီး အချက်အလက်သစ်များ ရရှိလျှင် ပြန်ပြောမည်ဟုလည်း ပြောသေးသည်။ ပြန်တော့ နည်းနည်း ယိုင်နေသဖြင့် ကိုဝင်းက အဝသို့ တွဲကာ လိုက်ပို့ရသည်။
ကိုရွှေအောင်ကတော့ ကမ္ဘာကြီးပျက်မယ့်အတူတူ ဂတ်စ်မီးဖို မဝယ်တော့ရန် ယာယီဆုံးဖြတ်လိုက်သည်။ ဝယ်မည် ဆိုလျှင်လည်း ၃ နှင့် စားရဦးမည်။ အဲဒီလို မစားခင် သူတို့ ၃ ဦး စည်းဝေးထိုင်ရမည်။ စည်းဝေးထိုင်လျှင် ဘီယာလေးနဲ့မှဟု ကိုဝင်းကပြောရာ .. ဘီယာစရိတ်မတတ်နိုင်သေးသောကြောင့် ထိုအစီအစဉ်အားလုံးကို ဆိုင်းငံ့ လိုက်သည်။
နောက်တနေ့မှာ ရဲခေါင်က သူ့ရည်းစားနှင့် သွားနေတော့မည်ဟု သတင်းပေးသည်။ သူတို့အိမ်မှာ သရဲခြောက် သောကြောင့် သူမနေလိုတော့ကြောင်း ပြောပြရာ ကိုရွှေအောင်နှင့် ကိုဝင်း ဘယ်လိုမှ တားမရတော့။ ရှင်းပြလို့လည်းမရ၊ သရဲဆိုတာ မရှိပါဟု ပြောသော်လည်းမရတော့။ ရဲခေါင်၏ ချစ်သူကောင်မလေးကလည်း သူ့ချစ်သူအကြောက်လွန်နေသည်ကို မကြည့်ရက်တော့သဖြင့် ခု သူနှင့် ခေါ်ထားလိုက်တော့မည်၊ လာမည့် သတင်းကျွတ်တွင် လက်ထပ်လိုက်ကြ တော့မည် ဟု ဝင်ပြောသည်။
ရဲခေါင်ကတော့ စုတ်ကောလာဘ်ပါ ဝင်သည့်သဘောဖြစ်သည်။ သူ့ကောင်မလေးအိမ်တွင် တက်နေလျှင် အိမ်လခလည်း ပေးစရာမလို .. ချစ်သူနှင့်လည်း အမြန်နီးစပ်မည်။ သို့သော် ပြဿနာတက်ကုန်တာက ကိုရွှေအောင်နှင့် ကိုဝင်းဖြစ်သည်။ အရင်က ၃ နှင့် စားကြရသမျှ အခု ၂ နှင့် စားရတော့မည်။ ပိုက်ဆံက လောက်ဖို့ မလွယ်တော့ ..။ တခြားတယောက်ကိုလည်း ထပ်မညှိချင်၊ သူတို့နှင့် စိတ်တူကိုယ်တူမဖြစ်လျှင် ပြဿနာရှိသည်။ ဒီထက်သေးသည့်အိမ်ကိုလည်း ချက်ချင်းပြောင်းဖို့မဖြစ်နိုင် .. ၆ လစာချုပ်ချုပ်ကာ ၂ လစာ စဘော်ငွေဆုံးလိမ့်မည်။
ဒီပြဿနာ၏ တရားခံက ကိုဟန်။ ကိုဟန်သာ မစလျှင် ဒီစကားများ ပြောဖြစ်ကြမှာမဟုတ်၊ ရဲခေါင်လည်း ရုတ်တရက် မိန်းမယူဖို့ ဖြစ်လာမှာမဟုတ်။ ကမ္ဘာကြီးပျက်မှာက ၂၀၁၂ .. မှ .. လောလောဆယ် သူတို့ ဒုက္ခရောက်ပြီ .. ။
ကိုဟန်က သူတို့အားလုံးထက် အသက်ကြီးသည်၊ ပညာဗဟုသုတ ပိုမိုကြွယ်ဝသည်၊ ဒီလို တရားခံရှာသည့် အချိန်တွင် တွေ့လိုက်ရသူမှာ ကိုဟန်မဟုတ်ဘဲ ဇင်လတ်တို့၊ သိုက်စိုးတို့ သာဆို ကိုရွှေအောင် ဆဲနည်း ပေါင်းစုံနှင့် အားရအောင်ဆဲပြီး ထိုအဆဲများကို တထောင်နှင့် မြှောက်ခိုင်းလိုက်ပြီ ..။ ခုတော့ ဘာလုပ်ရမှန်းမသိ။
ကိုဟန်ကတော့ ဘာမှမသိ။ အေးအေးဆေးဆေးပင် .. နောက်နေ့ သူတို့အိမ်မှာ ဘီယာလာသောက်သည်။ သူတို့ကို လာတိုက်သည်ဟုဆိုလျှင် ပိုမှန်မည်။ ဒီတော့လည်း ကိုရွှေအောင်အနေနှင့် ၂ နှင့်စားရမည့် ကိစ္စကိုမေ့ထား လိုက်ကာ .. တထောင်နှင့်မြှောက်ချင်သည့်စိတ်ကို မြိုချလိုက်တော့သည်။ တခုတော့ရှိသည် .. တကယ်လို့များ ကိုဟန်က ၂၀၁၂ တွင် ကမ္ဘာကြီးပျက်တော့မည်ဟု စကားထပ်မံ စလိုက်မည် ဆိုလျင်တော့ ...။ ။
နောက်ဆက်တွဲ မှတ်ချက်။ ။ ကမ္ဘာကြီးပျက်မည့် ကိစ္စကို ကိုဟန် ထပ်ပြောတာ မကြားရတော့ .. ။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းရက်များတွင် ကိုဟန်နှင့် တခြားသူများ၏ အိပ်ချိန်၊ နိုးချိန်များ ပြောင်းပြန်ဖြစ်ကုန်ကြသဖြင့် မဆုံကြတော့ သောကြောင့် ဖြစ်သည်။
Tuesday, September 08, 2009 | Labels: ဝတ္ထုတို | 12 Comments
နေ့နဲ့ည ရေရင်လေ ၃၈ နှစ်
မွေးနေ့မှာ စာရေးချင်ပေမယ့် မရေးအားဘူးဆိုတာ ကြိုသိနေလို့ ကျမရဲ့ အလွန်တရာမှ .. အလွန် တရာ့တဆယ်မှ ချစ်လှစွာသော မောင်လေးညီမလေးများကိုယ်စား ညီမလေးညီနဲ့ မောင်လေး တွေ့ကရာရှစ်သောင်းအန်ဒီဒူးပတ်စ် ဖိုးအောင်တို့ကို ပို့စ် တပုဒ်စီရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒင်းတို့ ၂ ကောင်က ရွှေဥာဏ်တော်စူးရောက်စွာ အပျင်း တစ်သမို့ ချက်တင်မှာ အပြန်အလှန်ပေါက်တက်ကရပြောပြီး ဒါပို့စ်ပါ ဆိုပြီး ပို့ပေးလေရဲ့.. ဒီတော့ ကျမကလည်း တင်ရပြီပေါ့လေ။ မွေးနေ့လက်ဆောင်ဆိုတော့လည်း မငြင်းကောင်းဘူးမဟုတ်လား။ ဖိုးအောင်က ပြောသေးတယ် စာမေးပွဲကြီးတန်းလန်းနဲ့ရေးရတာ ဒေါ်လာ ၅၀ တန်တယ်ဆိုပဲ။ တော်ကြာ ပိုက်ဆံပြန်တောင်း နေမှာစိုးလို့ အသာငြိမ်ပြီး ဒီပို့စ်လေးကိုပဲ ယူထားလိုက်ရပါတော့တယ်။ သူတို့ပို့စ်ထဲမှာ နားမလည်တာရှိနိုင်တာမို့ ခက်ဆစ်ဖွင့်ပေးလိုက်ပါတယ်။ ညီနဲ့ အောင်ဒီကန်ကိုကျေးဇူးတင်ပါတယ်။
andyကောင်: မတူးအတွက်ကဗျာလား.. မနက်ဖြန်ဟာ အခုတော့ ငါ့ခေါင်းထဲ mutliple choice တွေပဲရှိတယ်
nye: ဖျစ်ညှစ်ထုတ်လိုက်ပါ.. ချစ်မ အတွက်ပဲဟာ.. အင်တာဗျူးပုံစံရေးမယ်..မတုဆိုတာ
andyကောင်: မတုဆိုတာကို ဘယ်လိုမြင်သလဲဆိုရင်ပေါ့နော်.. မျက်စိနဲ့မြင်ပါတယ်.. ပေါတောတော အမကြီးတစ်ယောက်လို့မြင်ပါတယ်
nye: ဟောက်.. ပေါတာတော့ အတော်ပေါတာရှင့်.. မထင်ရအောင်ကိုပါပဲ
andyကောင်: ဟုတ်တယ်ခည ဒါကြောင့်
nye: နေဦးဟာ မကောင်းသေးဘူး.. ကဗျာ တစ်ပိုဒ်စီရေးမလား
andyကောင်: အင်.. ဒါဆို ဒီလိုလုပ် နင်ရေး.. ငါနှမ်းဖြူးမယ်.. ဟီဟိ
nye: အစပိုဒ် ငါစပေးမယ်.. ကဲ စပီ
(မတူးအတွက် မွေးနေ့လက်ဆောင်ကဗျာ.. ဘာမှ စဉ်းစားမရပါ.. )
ကဲ နင်ဆက်
andyကောင်: ဘာကဗျာလဲဟင်
nye: ဟင်
andyကောင်: ပြန်ခံလို့လဲမရဘူး.. စဉ်းစားနေရင်း ခဏခဏ.. ကော်နတ်ရှင်က ကျ
nye: ဒါဖြင့် နင်စ (ငါက ကဗျာမရေးတတ်ပါဘူးဆို)
andyကောင်: (ပြောပြန်ပြီ) မတူးမွေးနေ့ လက်ဆောင်ကဗျာ စဉ်းစားမရပါ.. စဉ်းစားနေရင် ခဏခဏ ကော်နတ်ရှင်က ကျ။
nye: ကလေးကဗျာကြီး
andyကောင်: အေးလေ.. နင်အုပ်လိုက်တာ အဲ့လိုပုံကြီးဖြစ်နေလို့
nye: LP လေး ဘာလေးလာစမ်းပါ.. ငါက အယ်လ်ပီရေးထားတာ
ပြန်စမယ်.. (မွေးနေ့လက်ဆောင် ကဗျာတဲ့.. ဘယ်က စရမလဲ... စကားလုံးတွေလည်းခမ်း.. အတွေးတွေလည်းပျောက်.. အောင်ဒီကန်ရေ ကူဦး)
ဟဟ ဘာကြီးမှန်းလည်းသိဘူး
andyကောင်: :( .. ရှေးလေးချိုးတွေပဲ ရေးရင်ကောင်းမလား
nye: နင် စလိုက်ပါဆို
andyကောင်: စမယ်.. လဲ့လဲ့ကြီးညို.. အာ.. ဒါက မြ၀တီမင်းကြီး ဖြစ်သွားပြိ.. အဟမ်း
(အပေါ်ကနေရင်ကစပြီး မှတ်ထားလိုက်) (conversation အနေနဲ့ထည့်လိုက်မယ်)
မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့်.. ကဗျာလင်္ကာဆိုတာကလည်း စုပ်ကာမြုပ်ကာမြောက်နေသမို့.. မြင်နေရတာက အေဘီစီ ရှုပ်ထွေးပွေလီ။
(ဟေ့)
nye: ဟေ
andyကောင်: မြင်နေရတာက အေဘီစီ (အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။
အာ နင်ဝင် မဟေနဲ့လေ ငါက ကဗျာစပ်နေတာ.. ခုမှ ဆက်ရမှာ.. ရှေ့ဆက်လေ
nye: ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ
andyကောင်: အာဝိ.. အတွေးမမီလို့မရဘူး.. ကိုယ့်အမကြီးမွေးနေ့,, ဖြစ်ညစ်မှီရမယ်.. မှီကိုမှီမှရမယ်
nye: ဘာတုန်း ငါနင့်အပိုဒ်ကို ဆက်နေတာလေ မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့် ရှုပ်ထွေးပွေလီ
ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ.. မြင်နေရတာက အေဘီစီ
(အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။ အဲလိုလား
andyကောင်: အဲလိုပဲထားပါတော့... ဒါနဲ့ ပုလွေတစ်ရာကြီးကောဟင်
nye: ဘာ ဘာတွေလဲ
andyကောင်: ပုလွေတစ်ရာလေ မတူးပို့တဲ့ ပလွေတစ်ရာ.. ပလွေတရာ တညင်မှာဝိုက်ပါလို့.. အစဉ်သာ ကြိုက်ချင်နေတာမို့.. အဲဒီပုလွေတရာကိုပြောတာ
nye: အဲ့ဒါဘာဖြစ်
andyကောင်: ထည့်စပ်မလားမေးတာဟေ.. အာဝိ ဒုတ်ခွပဲ
nye: ဟီး.. နေဦးဟာ.. ငါမသိတော့ဘူး
andyကောင်: အေး.. ငါရောပဲ..
nye: အေ.. ဒီလိုလုပ်လေ.. အလွယ်ဆုံးကဗျာ ရွတ်ပေးလိုက်ကြမလား
andyကောင်: ဘာလဲ
nye: ဟက်ပီဘသ်ဒေး တူးယူ ..
andyကောင်: ဟက်ပီဘသ်ဒေး တူးယူ..
သံပြိုင်: ဟက်ပီဘသ်ဒေး ဒီးယား“မတူး”.. ဟက်ပီဘသ်ဒေး တူးယူ
nye: အေးကို .. ပီးနေတာပဲကို..
andyကောင်: ဘသ်ဒေးကိတ်လေးဘာလေး.. ဝယ်ပေးလိုက်ရအောင်လား.. နင့် ပိုက်ဆံဘလောက်ရှိလဲ ထုတ်..
nye: အကုန်တော့မရဘူး အိမ်ပြန်ကားခ ၂၀၀ ချန်ပြီးထုတ်ရမယ်ဆိုရင်ဖြင့် .. အင့် ၁၀၀
andyကောင်: ငါ့မလဲ ၁၀၀.. ဒလောက်နဲ့ ဘာကိတ်ရမတုန်း
nye: ဟို ဒင်း.. ပူတင်းကိတ်လောက်တော့ ဖြစ်မယ်ထင်တယ်..
(မတူးရေ ဤသို့ဤနှယ် စည်းလုံးညီညွတ်အပေးအယူမျှစွာ ကဗျာစပ်ပြီးသကာလ.. မတူးအတွက် မွေးနေ့ပူတင်းတစ်လုံးနှင့်အတူ သံပြိုင်ညီညာ မွေးနေ့ဆုတောင်းရွတ်ဆိုရင်း နိဂုံးချုပ်လိုက်ပါသည်)
မောင်ညီမလေး - အန်ဒီညီး)
ခက်ဆစ်အဓိပ္ပာယ် - ပုလွေတရာ = ဟန်ဒရက် ပိုက်ပါ ခေါ် စကော့ဝီစကီ (ထိုင်းတွင်အလွန်သောက်သောအရက်)
Friday, August 28, 2009 | Labels: အမှတ်တရ | 18 Comments
အထာဘိရေ
မှတ်မှတ်ရရ ကျမ ၆ နှစ်သမီးလောက်ကထင်တယ်။ မိုးတွေရွာတော့ မောင်နှမနှစ်ယောက် မိုးရေထွက်ချိုးကြတာ၊ အိမ်မှာ ကျမတို့ကိုထိန်းတဲ့ အစ်မကြီးက ရေစည်ပိုင်းနားကနေ တကြော်ကြော်ပေါ့။ နောက်တော့ ရေစည်ပိုင်းနား သွားကြ ဆပ်ပြာတွေအမြှုပ်ထအောင် ဆော့ကြနဲ့ .. ဆပ်ပြာမြှုပ်တွေကြောင့် မြေကြီးထဲက တီကောင်ကြီးတွေ ထွက်လာပါရော။ အဲဒီ တီကောင်ကြီးတကောင်ကို ကိုနောင်ကြီးက လက်နဲ့ ဆွဲယူပြီး ကျမ ပုခုံးပေါ်တင်လိုက်တာ တခါတည်း အလွန်သတ္တိကောင်းသော ကျမ တူးတူးသာခမျာ တခါတည်း လက်ကလေးတွေ ကောက်ကွေးပြီး တက်သွားပါလေရော။ ကျမတို့ကိုကြည့်တဲ့ အစ်မကြီးလည်း တတ်သလောက်မှတ်သလောက်နဲ့ ကျမကို သတိလည်လာအောင် ပြုစုရတာပေါ့။ ကိုနောင်ကြီးလည်း ကျောကွဲအောင် ဆော်ခံထိရော။ အဲဒီကတည်းက တူးတူးသာတို့ တီကောင်ဆိုရင် ကြည့်တောင်မကြည့်ရဲတာ ဒီနေ့ထိပဲ :P
ကျမ မင်္ဂလာဆောင်တဲ့အချိန်မှာ ကိုနောင်ကြီးက LCD လို့ခေါ်တဲ့ ကမ်းရိုးတမ်းသင်္ဘော လိုက်နေတဲ့ အချိန်ပေါ့။ အဲဒီမှာ ကျမတို့ ခရစ်ယာန်ထုံးစံအရ သတို့သမီးကို အဖေကတွဲခေါ်သွားပြီး အပ်ရမှာကိုး။ အဖေမရှိတော့ ကျမက အစ်ကိုကြီးကိုယ်တိုင်တွဲပို့ပြီး အပ်စေချင်တယ်။ သူသင်္ဘောထွက်တဲ့အချိန်ဆိုတော့ ကျမမှာ ရင်တထိတ်ထိတ်ပဲ။ ဒါပေမယ်က ကိုနောင်ကြီးက အချိန်မီ ပြန်ရောက်လာတယ်။ နက်ဖြန်လိုမင်္ဂလာဆောင်မယ်ဆိုရင် ဒီနေ့လိုညနေ ဘက်ရောက်လာတာ။ ကျမ သိပ်ပျော်သွားတယ်။
သားကြီးကိုမွေးတော့ အပျော်ဆုံးသူက ကိုနောင်ကြီးပဲဖြစ်လိမ့်မယ်။ တနေ့တနေ့ သူတူကို မမြင်ရရင် မနေနိုင် ဘူး။ ဘဘနောင်ပေါ့။ ဒါပေမယ့် ခု သားငယ်လေးမွေးတော့ သူ့အသည်းကျော်က သားငယ်လေးဖြစ်သွားပြီ။
ကိုနောင်ကြီး ထိုင်းမှာ သွားအလုပ်လုပ်တော့ သားကြီးက စာတောင် မရေးတတ်သေးဘူး။ ဝလုံးတွေရေးထားတာ သူ့ကိုလှမ်းပို့ပေး၊ သားကြီးဆွဲထားတဲ့ ပန်းချီလေးတွေ သူ့ကိုလှမ်းပို့ပေးရတယ်။
တရက်တော့ သူနဲ့ တူတူသွားတဲ့ သူငယ်ချင်းတယောက်ဆီက ဖုန်းလာတယ် “ကိုနောင်ကြီး အလုပ်လုပ်ရင်း လေဖြတ်သလိုဖြစ်သွားလို့ .. ၊ သတိလစ်နေတယ်၊ ဆေးရုံတင်ထားရတယ်” တဲ့။ ကျမရင်တွေပူလောင် သွားတာ။ ၃ ရက်လောက် ဒီတိုင်းသတိမလည်ဘူးတဲ့။ မေမေရယ်၊ ကျမရယ် ငိုလိုက်ရတာ။ နောက်တော့ သတိပြန် ရပြီတဲ့။ ဒါပေမယ့် စကားလုံးဝ မပြောနိုင်ဘူး။ လေ့ကျင့်ခဏ်း လုပ်ပေးတော့ တခြားကိုယ်အင်္ဂါတွေတော့ ကောင်းသတဲ့။ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ဝမ်းသာရတာပေါ့။ ဦးနှောက်က သွေးကျောမြှင်လေးတမြှင်မှာ သွေးခဲလေးတခဲ ပိတ်ဆို့နေတာလို့ ပြောတာပဲ။
ကောင်းသွားပြီလို့ကြားပေမယ့် ကိုနောင်ကြီးအသံကို ကျမ မကြားရဘူး။ တော်တော်လေး စိတ်မကောင်း ဖြစ်တယ်။ ဒါပေမယ့် တရက်မှာ သူငယ်ချင်းဆီက ဖုန်းဝင်လာတယ်။ သူငယ်ချင်းက “အနောင်ကြီးပြောလိမ့်မယ်” တဲ့ ..။ ကျမရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ကိုနောင်ကြီး စကားမပြောနိုင်ဘူးလို့ သိထားတာလေ။ ကိုနောင် ကြီးဆီက အသံကိုစောင့်ရင်း ကျမရင်တွေ တဒိုင်းဒိုင်းပေါ့ .. ပထမဆုံးကိုနောင်ကြီးဆီက ထွက်လာတာက “အထာဘိ .. အထာဘိ” တဲ့။ ကျမ ဘဝမှာ အဲဒီအသံကြောင့်ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှ မလဲနိုင်ဘူး။ ပျော်လိုက် တာ။ ကိုနောင်ကြီး စကားနည်းနည်းလေး ပြန်ပြောနိုင်ပြီ။ သူပြန်ပြောတဲ့ ပထမဆုံးစကားက “အထာဘိ” တဲ့လေ။
ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တော့လို့ ကိုနောင်ကြီး ပြန်လာခဲ့တယ်။ ကိုနောင်ကြီးကို တွေ့လိုက်တော့ ကျမ တော်တော် စိတ်ချမ်းသာသွားပါတယ်။ ဘာလို့လဲဆိုတော့ စကားမပြောနိုင်ပေမယ့် လုံးဝ အကောင်း အတိုင်း ပုံစံတွေ့လိုက်ရလို့ပါ။ နောက်တော့ လေ့ကျင့်ရင်း ဆေးစားရင်း တဖြည်းဖြည်း ပုံမှန်နီးပါး စကား ပြန်ပြော လာနိုင်တယ်။
ကျမ သားငယ်လေးမွေးတော့ ဂန္ဒီဆေးရုံမှာလေ။ မွေးတဲ့နေ့က မေမေပဲ လိုက်လာတယ်။ သူတို့ တူဝရီး နှစ်ယောက်ကို အိမ်စောင့်ထားခဲ့တယ်။ အဲဒါကို အိမ်မှာ ၂ ယောက်သား ကိတ်မုန့်တလုံးဝယ် .. ဖရောင်းတိုင် တတိုင်ထွန်းပြီး သားလေးမွေးတဲ့အထိန်းအမှတ် Happy Birthday လုပ်ကြသတဲ့။ မေမေပြန်ရောက်တော့ ပိုက်ဆံတထောင်ပြန်ပေးပါ ဆိုပြီး တောင်းတယ်တဲ့။ ခုတော့ ကျမက ထိုင်းနိုင်ငံမှာ .. ကိုနောင်ကြီးက ကျမ သားတွေကို ထိန်းလိုက်၊ ကျောင်းပို့ပေးလိုက် .. သူ့ပန်းပင်တွေနဲ့ အလုပ်ရှုပ်လိုက်ပေါ့။ ဘုရား တရားလည်း တော်တော်လေး လုပ်လာတယ် ပြောတာပဲ။
သားငယ်လေးကို ကိုနောင်ကြီးက အသည်းပဲ။ သားကြီး ကိုတော့ ကိုရဲက ချစ်တယ်။ အငယ်ကောင်ကလည်း လူလည် .. သူ့ဘကြီးကို ဘယ်လိုကြွေအောင်လုပ်ရမယ် ဆိုတာ သိတယ်။ မေမေကတော့ ဖုန်းဆက်တိုင်း ပြောတယ် “အကြီးကောင်ကို တူးဝရီး ၂ ယောက် ဝိုင်းနှိပ်စက်ကြတယ်” တဲ့။ တနေ့တနေ့ အဘွားရယ် ဘကြီးရယ် .. သားနှစ်ကောင်ရယ် .. ဗြောင်းသတ်နေကြတာ မြင်ယောင်သေးတယ်။ ညဆို ကိုနောင်ကြီးက ကိုရီးယားဇာတ်လမ်းတွဲ ခရေဇီ၊ မကြည့်ရမနေနိုင်၊ သားငယ်လေး ဖူးခေါင်က Ben 10 ကာတွန်းကား၊ တီဗီကို လုကြ .. ရန်ဖြစ်ကြပေါ့။
နောက်တော့ သူတို့ နားလည်မှု ယူလိုက်ကြတယ်။ ဇာတ်လမ်းတွဲလာရင် သားလေးက “ဘဘနောင် .. ကိုရီးယား ကားလာပြီ” ဆိုပြီး ဖယ်ပေးတယ်တဲ့။ သတင်းချိန်ဆိုရင်တော့ လုံးဝမရဘူး .. သူ့အလှည့်ပဲ။
ဒီနေ့ ကိုနောင်ကြီးမွေးနေ့ ကျမ ဖုန်းဆက်တယ် “အထာဘိလား” ဆိုတဲ့အသံကြားလိုက်ရတော့ ကျမရင် အေးသွားတယ်။ ဒီတခါတော့ ကိုနောင်ကြီးက စကားတွေ တရစပ်ပြောတယ်၊ သူ့သူငယ်ချင်းတယောက် ဒီနေ့ ကလေးလေးမွေးတာကော .. ကျမရဲ့ ညီမဝမ်းကွဲလေး ကလေးမွေးဖို့ ဆေးရုံရောက်နေပြီဆိုတာကောပေါ့။ ကိုနောင်ကြီးအသံက ပျော်နေတာ သိသာတယ်။
“လူကြုံရှိရင် နင်တခါဝယ်ပေးလိုက်တဲ့ အရုပ်ကလေးတွေ ပို့လိုက်ဦးသိလား အထာဘိ” တဲ့။ ချင်းမိုင်မှာလုပ်တဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ အရုပ်ကလေးတွေ လူကြုံရှိတိုင်း သူကြိုက်လို့ ကျမ ထည့်ပေးနေကျလေ။ ဘာပဲဖြစ်ဖြစ် ကိုနောင်ကြီး ကျန်းမာနေတာသိရတော့ ကျမသိပ်ပျော်တာပဲ ...။
ကိုနောင်ကြီးတောင် ၄၂ နှစ်ပြည့်သွားပြီ .. ကျမစိတ်ထဲမှာ သူ့အသက်ကိုမေ့နေတယ်။ ကျမစိတ်ထဲမှာ “အထာဘိရေ .. ဒီကမ္ဘာပေါ်မှာ ဘယ်သူ့အီးအမွှေးဆုံးလဲ” လို့ မေးနေတဲ့ ၁၂ နှစ်သားလောက် ပုံစံလေးကို မျက်စိထဲကမထွက်ဘူးလေ။
Wednesday, August 26, 2009 | Labels: အမှတ်တရ | 8 Comments
ဘ၊ ဘွားစွာ၊ ကိုပါရာ နဲ့ ကျော်မင်းဟန်တို့ကို ထားခဲ့ပြီ
ကျမနဲ့ ထိုသြဂတ်စ် ထဲမှာ တယောက်ထပ်ဖြည့်ရတော့မယ်။ အဲဒါကတော့ ကာတွန်း (ဦး) ကံချွန်ပါ။ ဒီနေ့ သြဂုတ် ၂၀၊ ညနေ ၄ နာရီဝန်းကျင်လောက်က သူချစ်တဲ့ အနုပညာလောကနဲ့ ကာတွန်းဆရာတွေ၊ ပန်းချီဆရာတွေကို ခွဲခွာသွားပါပြီ။
ကာတွန်းဆရာဆိုတာ ကျမရဲ့ ဆွေမျိုးလိုပဲလို့ ဆိုခဲ့ဖူးတဲ့အတိုင်း ကျမရဲ့ ဦးလေးသားချင်းတယောက် ဆုံးရှုံးသွား သလို ခံစားရပါတယ်။ ဦးဦး ကံချွန်တယောက် ကျမပါပါရယ်၊ ဦးဦး ကာတွန်းဝဏရယ်၊ ဘဘ ဦးဖေသိန်းရယ် ဟိုး လှပတဲ့အရပ်က ဘုံတခုမှာ ဆုံနေရောပေါ့။ လူသစ်တယောက်အနေနဲ့ ဦးဦးကို ပါပါတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။ အဲဒီမှာ ဦးဝသုန်လည်းရှိလိမ့်မယ်၊ တခြား ဦးဦးချစ်တဲ့ အနုပညာသမားတွေလည်း ရှိမှာပါ။ အဲဒီမှာ မတရားမှုတွေမရှိ၊ လောဘဒေါသတွေမရှိ၊ မုန်းတီးမှုတွေလည်း မရှိ .. အရာရာကို ဟာသအမြင်နဲ့ကြည့်ရင်း ရယ်မောနေကြမှာ မြင်ယောင် သေးတယ်။
ဦးဦးက နောက်ဆုံးသတင်းတွေကို ပါပါတို့ကို ပြောပြနေလိမ့်မယ်ထင်တယ်။ ဦးဦးပြောပြမယ့် ယက်ထောကြီး သတင်းကို ကျမရဲ့ ပါပါကြားရင် အော်ရယ်နေမှာ မြင်ယောင်သေးတယ်။ ဘဘ ဦးဖေသိန်းကတော့ ကာတွန်း တကွက် ကောက်ဆွဲမယ်ထင်ပါရဲ့။ အေးအေးဆေးဆေးပေါ့ ဦးဦးရယ်။ အဲဒီမှာ ဆင်ဆာမှမရှိဘဲ။ ဦးဦးတို့ ကာတွန်းတွေ၊ ပန်းချီတွေ လွတ်လွတ်လပ်လပ် ဖန်တီးကြပေါ့။ ဒီက သတင်းတွေ ဦးဝဏကြားရင် .. “ဒီလူတွေ ခုထိ နောင်တ မရသေးပါလား” လို့ ပြောမယ် ထင်တယ်နော်။
ဦးဦးနောက်ဆုံး ကြိုးပမ်းခဲ့တဲ့ ကာတွန်းပြပွဲလေးကို လှမ်းကြည့်ရင်း ကျန်တဲ့သူတွေက အားကျနေမှာပါ။ ဦးဦးရဲ့ .. “ဘ နဲ့ ဘွားစွာ” ကို ချန်ထားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဦးဦးက ထွက်ခွာသွားပေမယ့် ဦးဦးရဲ့ လက်ရာတွေ၊ ကာတွန်းတွေက ကျမတို့ကို စကားတွေ ပြောနေမှာပါ။ နောက်လည်း အကြာကြီးဆက်ပြောနေဦးမှာပါ။
ှ
တခုတော့ ဝမ်းနည်းတယ် .. ရှားပါးပစ္စည်းတွေလို တန်ဖိုးထားနေရတဲ့ ကာတွန်းဆရာကြီးတွေ တဖြုတ်ဖြုတ်နဲ့ ကြွေကုန်တာကိုပေါ့။ ကြွေစေချင်တဲ့သူတွေကျတော့လည်း အမြင်ကပ်စရာကောင်းလောက်အောင် အညှာက ခိုင်လိုက်တာ။
Thursday, August 20, 2009 | Labels: ကြွေလွင့်သူ | 9 Comments
ကျမနှင့် ထို သြဂတ်စ်
ကျမအတွက်တော့ သြဂတ်စ်ဟာ သိပ်ထူးခြားတဲ့လ တလပေါ့။ ဘာလို့ဆို ကျမမွေးနေ့က သြဂတ်စ်လ ထဲမှာ ..။ ပြီးတော့ ကျမနဲ့ ရင်းနှီးပတ်သက်သူ တော်တော်များများလည်း ဒီလထဲမှာ မွေးပါတယ်။ ဥပမာ ကျမ အစ်ကိုကြီး .. ကိုနောင်ကြီးပေါ့။ ကျမက ၂၈ ရက်၊ သူက ၂၆ ရက်။ နောက်တော့ သြဂတ်စ်လ ၁ ရက်နေ့က ကျမသိပ်ချစ်တဲ့ ဆရာ ဦးပီရဲ့ မွေးနေ့ ..။ နောက် ကျမရဲ့ အစ်ကိုတမျှချစ်ခင်ရတဲ့ ကိုထွန်းထွန်းမင်းက သြဂတ်စ် ၂၉ ရက်နေ့ .. နောက်တော့ .. နောက်တော့ အများကြီးပဲ။ ကျမနဲ့ ၂၈ ရက်တူတူ တရက်တည်း မွေးနေ့ကျတဲ့သူတွေလည်း ရှိသေးတယ်။ ဂျီတီအိုင်တက်တုန်းက ကျမတို့က ချဉ်ပေါင်ကြော်လို့ နာမည်ဖျက်ခေါ်တဲ့သယ်ယင်း .. သူ့နာမည် အရင်းက ထင်အောင်ကျော်လား တင်အောင်ကျော် လားမသိတော့ဘူး။ သူက ၂၈ ရက်ပဲ။ နောက်တော့ ကျမရဲ့ ဝမ်းကွဲတူမလေးတယောက်လည်း အဲ့နေ့မှာမွေးတယ်။ နောက်ထပ် တူမအသစ်လေးတယောက်လည်း ဒီလထဲပဲ မွေးတော့မယ်တဲ့ ..။
သြဂတ်စ်လရောက်လာရင် ကျမတို့မောင်နှမ မွေးနေ့လုပ်ကြဖို့ နည်းမျိုးစုံနဲ့ ကြံစည်နေကြပေါ့။ အရေးအခင်း မဖြစ်ခင် တနှစ်ကဆို ပိုက်ဆံ တပြားမှ မရှိတာနဲ့ မောင်နှမနှစ်ယောက် ချဲထီ အကွက်ဒိုင်ကိုင်ပြီး ပိုက်ဆံရှာတယ်။ ၁ ကျပ်ကွက်ပေါ့။ ရှုံးရင်လျော်စရာက မရှိဘူး။ ဒါပေမယ့် ကံကောင်းတယ် ထိုးထားတဲ့ အကွက်တွေထဲက တယောက် မှ မပေါက်ဘူး။ ဒီတော့ လျော်စရာမလိုဘူးပေါ့။ မြတ်တယ်။ အဲဒီနှစ်က မွေးနေ့မှာ သူငယ်ချင်းတွေကို အုန်းနို့ခေါက်ဆွဲ ချက်ကျွေးလိုက်တယ်။
နောက်ပိုင်းနှစ်တွေမှာ ကျမတို့ မောင်နှမရယ် ဆိုခဲ့ပြီးတဲ့ ကိုထွန်းထွန်းမင်းရယ်မွေးနေ့ပေါင်းလုပ်ကြတယ်။ ၃ ယောက် ပိုက်ဆံစပ်ပြီး လုပ်ကြတာ။ ဒီလိုပါပဲ စားကြသောက်ကြ မူးကြပေါ့။ သြဂတ်စ် တရက်နေ့ကို ကျမတို့က ပီတာမတ်စ် လို့ နာမည်ပေးထားတယ်။ ဦးပီ (ဦးပီတာ) ရဲ့ မွေးနေ့ကိုး .. ခရစ်တော်မွေးနေ့က ခရစ္စမတ်စ် ဆိုတော့ ပီတာမွေးတဲ့နေ့ ပီတာမတ်စ်ပေါ့။ အဲဒီနေ့မှာ ကျမတို့က ဦးပီအတွက် လက်ဆောင်တွေ ယူသွားကြ တယ်။ လက်ဆောင်ဆိုလို့ ထူးထူးထွေထွေတော့မဟုတ်ပါဘူး။ အများသောအားဖြင့်ကတော့ စားစရာ သောက်စရာတွေပဲ။ ဦးပီက မုန့်တမျိုးမျိုးလုပ်ထားတယ်။ သူလုပ်ထားတဲ့မုန့်ရယ် ကျမတို့ယူသွားတာတွေရယ် ထိုင်စားကြတယ်။ ကုန်သွားရင် ထပ်ဝယ်၊ ထပ်လုပ် ထပ်စားကြပြန်ရော။ ပြီးရင် လက်ဘက်ရည်ဆိုင်သွားထိုင်၊ ပြန်လာ တခုခုပြန်စား .. ဒီလိုနဲ့ တနေကုန်အောင် စားလိုက်သောက်လိုက် ကျင်းပကြတာ။ သိပ်ပျော်တာပဲ။ ခုတော့ ကျမတို့ ၃ ယောက်ပေါင်း မွေးနေ့မလုပ်ဖြစ်တာလည်း ၂ နှစ်ရှိပြီ .. ဦးပီရဲ့ မွေးနေ့မနွှဲရတာလည်း ကြာပြီ .. ဒါပေမယ့် ဦးပီမွေးနေ့ကိုတော့ တခြားကျမတို့သူငယ်ချင်းတွေနဲ့ ပုံမှန်အတိုင်း လုပ်ဖြစ်တယ်တဲ့။ ကျမ မွေးနေ့ ကျရင်တော့ ကျမအမေက ကိတ်မုန့်တလုံးဝယ် ဖရောင်းတိုင် ထွန်းပြီး ဖရောင်းတိုင်မှုတ်တာ ဝါသနာပါတဲ့ ကျမရဲ့ သားငယ်လေး ဖူးဖူးကို မှုတ်ခိုင်းမယ်လို့ ပြောတာပဲ။
ကျမ မင်္ဂလာဆောင်တော့လည်း ဒီလနဲ့လာတိုက်ဆိုင်နေပြန်ရော။ အဲဒါနဲ့ ဘာရယ်မဟုတ်ဘူး အမှတ်တရ ဖြစ်အောင် ကျမမွေးနေ့မှာ ဆောင်မယ်လို့ စီစဉ်လိုက်တယ်။ အဲဒီနှစ်က ကျမမွေးနေ့နဲ့ မွေးရက်ကိုက်တယ်။ ၂၈ ရက်နေ့မှာ ၂၈ နှစ်ပြည့်တဲ့နှစ်၊ အဲဒီနေ့က စနေနေ့ ..။ ဒီတော့ အဲဒီနေ့မှာပဲ မင်္ဂလာဆောင်မယ်လို့ စိတ်ကူး လိုက်တာ။ နောက်တော့ ဆောင်ပေးမယ့် ဘုန်းကြီးက မအားတာနဲ့ တပတ်ရှေ့တိုးပြီး ၂၁ ရက်နေ့မှာ မင်္ဂလာ ဆောင်ဖြစ်သွားတယ်။
မင်္ဂလာဆောင်ဖိတ်စာကို ဆရာတာရာမင်းဝေရှိရာ မြောက်ဥက္ကလာပ အိမ်ကို သွားပေးခဲ့သေးတယ်။ ကျမတို့ မင်္ဂလာဆောင်ဖိတ်စာကို သူက သေချာကြည့်တယ် .. ဆောင်မှာကခရစ်ယာန် ဘုရားကျောင်းမှာ .. ကျွေးမွေးဧည့်ခံမှာက အစ္စလာမ်ပိုင်ခမ်းမ ..။ ကျမခရစ်ယာန်ဆိုတာ သူသိတယ်။ အဲဒါနဲ့သူက ကျမအမျိုးသားကို ခင်ဗျားက မူဆလင်လားတဲ့။ တကယ်က ခရစ်ယာန်နဲ့ ဗုဒဘာသာ ဆောင်တဲ့မင်္ဂလာဆောင်ပါ။ ဘုရားကျောင်း မှာ လက်ထပ်ပြီး ဧည့်ခံတာကျတော့ အဆင်ပြေတဲ့ ကျမတို့အိမ်နားက အစ္စလာမ်ခမ်းမမှာပဲ ကျွေးမွေးလိုက်တာ။ ဘာရယ်မဟုတ်ပါဘူး သြဂတ်စ်နဲ့ပတ်သက်လို့ မှတ်မိနေတာလေးတွေပါ။
သူနဲ့ ကျမက စာရေးသူနဲ့ စာဖတ်သူ ပုံစံမျိုး ခင်ကြတာ။ သို့သော် တော်တော်လေး စကားပြောဖြစ်ခဲ့ကြဖူးတယ်၊ သူ့ရဲ့ ပန်းခေတ်က လမင်း က ကျမတို့အတွက် လုံးဝ အရေးအသားသစ်၊ ဖြစ်ချင်တော့ ပန်းခေတ်ကလမင်း ကို ထုတ်ဝေတဲ့သူက ကျမအစ်မတယောက်ရဲ့ သူငယ်ချင်း ..၊ ကျမ အစ်မက သူ့ကိုသန်လျင်ကိုခေါ်လာ စာပေကို အရူးအမူးဖြစ်နေတဲ့ ကျမတို့နဲ့ မိတ်ဆက်ပေးရာက သူ့ကို ခင်မင်ခဲ့တာ။ နောက်ပိုင်း ကျမ ဘာသာရေး မဂဇင်းလေး တအုပ်လုပ်တော့လည်း သူ့ဆီက စာမူတောင်းဖူးတယ်။ သူက လိုလိုလားလား ရေးပေးခဲ့တယ်။
ဆရာတာရာမင်းဝေက သြဂတ်စ် ၅ မှာပဲ ကွယ်လွန်ခဲ့တယ်။ သူ့ဈာပဏကို ကျမသွားတယ်။ လေထန်ကုန်းကနေ ကားတွေမထွက်တော့ဘူးဆိုလို့ စာပေလောကသားတွေ လမ်းလျှောက်ပို့မယ် လုပ်ကြသေးတယ်။ မထသက ကားတွေကို ပေးမထွက်တာတဲ့။ နောက်တော့ လမ်းလျှောက်မှာ ကြောက်လို့နဲ့တူတယ် ပေးထွက်ခဲ့တယ်။ ကျမကတော့ ဆရာတယောက်ရဲ့ ကားကြုံနဲ့ စိတ်ကူးချိုချို ကိုစန်းဦးတို့ဆီ အရင်သွားတယ်။ အဲဒီမှာ ဆရာ့ ပန်ဖလက်တွေ ရောက်နေတာကိုး။ ကိုစန်းဦးတိုက်ရှေ့ လက်ဘက်ရည်ဆိုင်လေးမှာ ကိုဇာဂဏာနဲ့ ကိုစောဝေ အပါအဝင် နောင်တချိန် နရသိန်ကိုဝင်ရမယ့် အဖွဲ့သားတွေ ထိုင်နေကြတယ်။ အစ်မကြီးသန်းမြင့်အောင် ကိုလည်း အဲဒီမှာ တွေ့တယ်။
ရေဝေးမှာတော့ သူ့ကိုချစ်ခင်တဲ့ စာပေလောကသားတွေ၊ နိုင်ငံရေးလုပ်ဖော်လုပ်ဘက် ရဲဘော်တွေကို တွေ့တယ်၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကိုတွေ့တယ်၊ လူက ကြိတ်ကြိတ်တိုး .. စာရေးဆရာမ မပန် (ရာသက်ပန်၊ တောင်ငူဆောင်) က တက္ကသိုလ်မှာ ကထိကလား၊ ပါမောက္ခလား မသိဘူးဖြစ်နေပြီ။ မျက်မှန်ကြီး တဝင်းဝင်းနဲ့ ရှေ့ကိုမမြင်ရလို့ဆိုပြီး အုတ်ဘောင်ပေါ်တက်ကြည့်တယ်။ ကျမကတော့ ဟိုကြည့်သည်ကြည့်ပဲ။ ဆရာ့ဈာပဏက တော်တော်လေးခန်းနားခဲ့ပါတယ်။ သြဂတ်စ်ထဲမှာပေါ့။
ကျမသိပ်ကြိုက်တဲ့ အဆိုတော် ထူးအိမ်သင်လည်း ဒီလ သြဂတ်စ်မှာ လောကထဲက ထွက်ခွာသွားခဲ့တယ်။ သူနဲ့က လူချင်းမသိပေမယ့် ဒဏ္ဍာရီလို၊ ပုံပြင်လို သူ့အကြောင်းတွေ ကြားဖူးနေခဲ့ရတယ်။ ၁၈ နှစ်လောက်က ဘယ် လောက်တောင် ရူးသွပ်ခဲ့လဲဆို သူ့ရဲ့ ဝေးသွားတဲ့အခါကို သူနဲ့ စုံတွဲဆိုချင်လိုက်တာလို့ စိတ်ကူးယဉ်ခဲ့တယ်။ စိတ်ကူးပဲနော် ပိုက်ဆံပေးရတာမှတ်လို့။ နောက်တော့ သူ့အကြောင်းတွေကို သူများတွေက တဆင့်အမျိုး စုံအောင် ကြားဖူးတယ်၊ ဘယ်ဟာ အမှန်ဘယ်ဟာ အမှားလည်းတော့မသိဘူး။ ဂျာနယ်လစ်တယောက် အနေနဲ့ သူ့ကိုအင်တာဗျူး မလုပ်ခဲ့ရတာကို နောင်တအရဆုံးပဲ။ တခြားသူတွေကို ဗျူးဖို့ လုံးဝ မကြောက်ပေမယ့် သူ့ကို ကျတော့ ဘာကိုကြောက်နေမှန်းမသိဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ဘာသာ နောက်ရွှေ့ နောက်ရွှေ့လုပ်ရင်း သူသာ သေသွားရော သူ့ကိုအင်တာဗျူး မလုပ်ခဲ့ရဘူး။ သူ့ရဲ့ ညီလေးရေ နဲ့ အမေ့ရဲ့ဒုက္ခအိုးလေး ကတော့ ကျမ ဂစ်တာကိုင်လိုက်တိုင်း မတီးမဖြစ် တီးမိတဲ့သီချင်းတွေပါ။
ကျမမောင် ကိုရဲ မက်စ်စတူဒီယိုမှာ အသံဖမ်းဝင်လုပ်တုန်းက သူနဲ့ တရက်ဆုံဖူးတာ ပြောပြတယ်။ ကျမကတော့ သူနဲ့ ဆုံလိုက်ရတဲ့သူကို ကံထူးရှင်လို့ကို သတ်မှတ်တာ။ ကိုရဲပြောပြတဲ့သူ့အကြောင်းကတော့ သိပ်ကို ရိုးစင်း လွန်းပါတယ်။ ရွှေသွေးပေါင်းချုပ်ကြီး တအုပ်ကကို စတူဒီယို ထောင့်မှာ ငြိမ်ငြိမ်သက်သက် ထိုင်ဖတ်နေတဲ့ အကြောင်း၊ အိမ်သာတက်တာ ကြာတဲ့အကြောင်း၊ အဲဒီတုန်းက အသံသွင်းနေတဲ့ အဆိုတော်သစ်လေး တယောက်ရဲ့ သီချင်းတပုဒ်ရဲ့ ဆိုလိုမှာ ခွင့်တောင်းပြီး ပုလွေ ဝင်မှုတ်ပေးတယ်ဆိုတဲ့အကြောင်း ဒီလောက်ပါပဲ။ ကျန်တာတွေကတော့ အများသူငှာသိထားပြီးတာတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ထူးအိမ်သင်ဆိုရင် ကျမကတော့ ရူးသွပ်တယ်။ ဒီနေ့ထိ သူ့သီချင်းသံတွေကြားရင် ရင်ခုန်တုန်းပဲ။
သြဂတ်စ်ထဲမှာ နောက်ထပ်ကြွေလွင့်သွားသူတဦးကတော့ ကျမတို့ရဲ့ အမျိုးသား စာဆိုကြီး ဆရာကြီး မင်းသုဝဏ်ပါ။ သူ့အကြောင်းကတော့ ထူးထူးထွေထွေ ပြောစရာ မလိုပါဘူး။ ကလေးဘဝကို ကျော်ဖြတ် ဖူးသူတိုင်း ဆရာကြီးရဲ့ ကဗျာတွေနဲ့ ကင်းလို့မှမရတာဘဲ။ သူ့ကဗျာတွေကို ဒီနေ့ထိ အလွတ်ရနေတုန်းပဲ။ ဘယ်ကဗျာမှ အလွတ်မရချင်နေရမယ် .. ကလေးတုန်းက လက်ဟန်ခြေဟန်နဲ့ ရွတ်ဆိုခဲ့ဖူးတဲ့ သူ့ကဗျာလေး တွေကတော့ ဒီနေ့ထိရနေတယ်။ သူက ကျမတို့ရဲ့ .. ကျမတို့ ကလေးတွေရဲ့ ကျေးဇူးရှင်ကြီးပါ။ ဘာလို့လဲ ဆိုတော့ ကလေးကဗျာဆိုတာ ရေးရတာအခက်ဆုံးလို့ ကျမထင်တယ်။ ကလေးတွေ ကြိုက်အောင် ရေးရတာကိုး .. ကလေးတွေက ကြိုက်မှ ဆိုမှာ၊ ဆိုမှ စွဲမှာမဟုတ်လား ..။ ကျမမိဘတွေ ကလေးဘဝကတည်းက ဆိုခဲ့တဲ့ ဆရာကြီးရဲ့ ကဗျာလေးတွေဟာ ခု ကျမသားတွေထိ ဆိုနေကြဆဲ .. နောက်ထပ် မျိုးဆက်တွေထိလည်း သယ်ဆောင်သွားဦးမှာ သေချာပါတယ်။
တခေတ်မှာ တယောက်မဟုတ်ဘူး .. ခေတ်သုံးခေတ်လောက်မှာ တယောက်လို့ ပြောရလောက်အောင် ကျမတို့ မြန်မာကလေးတွေအတွက် ကျေးဇူးပြုသွားတဲ့ ဆရာကြီးမင်းသုဝဏ်ကို ကျမကတော့ဒီနေ့ထိ ကျေးဇူးတင် နေဆဲပဲ။
လူသာသေပြီးနာမည်မသေတဲ့ ပုဂိုလ်တွေ ကျမအတွက် အမှတ်တရ လဖြစ်တဲ့ သြဂတ်စ်လမှာ ကွယ်လွန်ကြ တာပါလားလို့ ကျမကတော့ ကြံဖန်ပြီး ဂုဏ်ယူနေမိတော့တာပါပဲ။
နောက်ထပ် သြဂတ်စ်မှာ မှတ်မိနေတာလေး တခုရှိသေးတယ်။ အဲဒါကတော့ မဟေသီမဂဇင်းပါ။ မဟေသီက သြဂတ်စ် ဘွန်းပဲလေ။ အဲဒီလဆို မဟေသီနှစ်ပတ်လည်လုပ်နေကျ .. ဆရာမြင့် (မဟေသီအယ်ဒီတာချုပ် ဆရာဦး ခင်မောင်မြင့်) ရှိစဉ်က သိပ်ကို ဖတ်ကောင်းခဲ့တာပေါ့။ အထူးထုတ်အနေနဲ့ တဝကြီးပေါ့။ အဲဒီမှာ ကျမ ဦးလေး ဦးအောင်ပြည့်က ချယ်ရီ ကိုင်နေတဲ့အချိန် .. မဟေသီ နှစ်လည်ဆိုရင် ဦးအောင်ပြည့်က ခင်မောင်မြင့်မှ ခင်မောင်မြင့်သို့ ဆိုပြီး အမှတ်တရပေးစာလေး ရေးပေးနေကျ .. ။ ဦးအောင်ပြည့်နာမည်ကလည်း ခင်မောင်မြင့် ပဲကိုး။ ခုတော့ မဟေသီတို့ ချယ်ရီတို့လည်း နာမည်တွေသာကျန်တော့တယ် .. ။
သြဂတ်စ်လမှာ မဟေသီက မွေးဖွားသလို သြဂတ်စ်လနဲ့ ချယ်ရီ ဆက်စပ်နေတာရှိသေးတယ်။ အဲဒါကတော့ ဆရာကြီးဦးဖေသိန်းရဲ့ ဟီရိုရှီးမား ရုပ်တု ကာတွန်းပါ။ သံကြိုးတွေက အင်္ဂလိပ်အက္ခရာ ၈ ပုံစံပြတ်ထွက်ကုန်တဲ့ ကာတွန်းလေ ၈၈ သြဂတ်စ်လထုတ် ချယ်ရီမှာ ပါခဲ့တာပါ။ အဲဒီနောက်မှာတော့ သိကြတဲ့အတိုင်း တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အရေး အခင်းကြီးပေါ်ပေါက်ခဲ့တယ် မဟုတ်လား။
သြဂတ်စ်လ (၈ လပိုင်း) မှာမွေးလို့လားမသိဘူး။ အဲဒီ ၈ ဂဏန်းတွေကို အရမ်းစိတ်ဝင်စားမိတယ်။ ဒါနဲ့ပဲ ၈ ဂဏန်း ရက်စွဲများဆိုတဲ့ ဝတ္ထုလေး တပုဒ်ရေးဖြစ်သေးတယ် ဒီမှာ ပါ ..။
ကျမရဲ့ သြဂတ်စ်လအကြောင်းက အသုတ်စုံလိုဖြစ်နေလားတော့မသိဘူး ..။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဒီလထဲမှာ ဖြစ်ခဲ့သမျှ၊ တိုက်ဆိုင်သမျှတွေကို ထိုးသိပ်ထည့်ပြီး စာတပုဒ် မဖြစ်ဖြစ်အောင် ရေးထားတာပဲဟာ ..။
Sunday, August 16, 2009 | Labels: အမှတ်တရ | 6 Comments
နန်းညီရဲ့ ငတက်
ခုတလောတဲ့ .. ညီ က တက်ဂ်တယ် .. ရေးရတာပေါ့လေ .. ခုတလောမှာ ..
၁။ တွေးနေမိတာ .. ပဲပင်ပေါက် နုတ်စ် တွေ
၂။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ချင်မိတာ .. တော်တော်ပေါတာပဲ (ဒါပေမယ့် ဆင်ချင်မယ်များမှတ်လို့လား ဝေးသေး)
၃။ ကျန်းမာရေး .. အင်း အသက်က ရလာပြီဆိုတော့လည်း အကောင်းကြီးတော့ ဘယ်ဟုတ်ပါ့မလဲ
၎။ ဖတ်ဖြစ်တဲ့စာအုပ် .. အိပ်ခါနီးမှာ မြသန်းတင့်ရဲ့ ဘဝတက္ကသိုလ်၊ ရုံးမှာ ဘလော့ဝတ္ထုတွေ၊ ကျောပိုးအိတ်ထဲမှာ အမြဲပါပြီး ကြုံရာနေရာမှာ အားတိုင်းဖတ်တာ တထောင့်တည ပုံပြင်များ။
၅။ ရောက်ဖြစ်နေတာက .. ချင်းမိုင်လန်းက ကြွက်တွင်းတို့ ဆုံဆည်းရာ
၆။ ရေးဖြစ်နေတာက .. “မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်က ကြိုက်လို့ထင်” အမည်ရ အခန်းဆက် ဝတ္ထုရှည် ဇာတ်သိမ်းပိုင်း (Death line ရောက်ပြီလို့ လာအော်တဲ့ အယ်ဒီတာ ညီမလေးတယောက်ကြောင့် မဖြစ်မနေရေးနေရ၊ တကယ်က ရေးရမှာပျင်းနေ)
၇။ နားထောင်ဖြစ်နေတာ .. ဖုန်းဆက်တုန်းက ဖမ်းထားတဲ့ သားငယ်ဖူးဖူးလေးရဲ့ သီချင်းသံ
၈။ ရွတ်မိနေတာ ... ငါ ဘာလုပ်မလို့ပါလိမ့်
၉။ ဖြစ်ချင်နေတာ ... ပျင်းချင်တိုင်း ပျင်းခွင့်ရတဲ့ဘဝ
၁၀။ စားဖြစ်နေတတ်တာ .. နေကြာစေ့ (ဝန်ကြီးချုပ်ဆီက သွားသွားတောင်းစားတာ)
၁၁။ သနားနေမိတာ .. အမေ့ကို (ဘာလို့များ ဒီလောက်ဆိုးတဲ့သမီးကို မွေးရတာလဲ အမေရယ်၊ သနားလိုက်တာ)
၁၂။ လွမ်းနေမိတာက .. အမေ၊ သား ၂ ယောက်၊ ကိုနောင်ကြီး၊ ဦးပီ
၁၃။ မေ့လျော့ဖြစ်နေမိတာ .. ပေးစရာရှိတဲ့ အကြွေးတွေ (ကြွေးရှင်တွေများကြားရင်စိတ်နာမယ် ဟီဟိ)
၁၄။ ခါးသက်နေမိတာ ... အိမ်မပြန်ရသေးတဲ့ ကိုယ့်ဘဝ
၁၅။ တမ်းတနေမိတာ ... အင်းစိန်ဂျီတီအိုင်က သယ်ယင်းတွေနဲ့ သန်လျင်က ငယ်သယ်ယင်းတွေ
၁၆။ ကြိတ်ပြီးချီးကျူးနေမိတာ ... ငပေါဂေဟာက လူကြီးမြင်းတွေ
၁၇။ ကြိတ်ပြီး အထင်သေးနေမိတာ ... မပေါတတ်တဲ့သူတွေ (တော်တော်ညံ့တာပဲ)
၁၈။ ဆန္ဒရှိနေတဲ့ကိစ္စ ... အိမ်မပြန်ရအောင်လုပ်တဲ့သူကြီးတွေကို ဝါးလုံးချေးသုတ်ပြီး ရိုက်ချင်တယ်
၁၉။ မုန်းတီးနေမိတာက ... အဲဒီလူကြီးတွေကိုပေါ့
၂၀။ ချစ်နေတာက ... မနေ့တနေ့က လူကြုံနဲ့ ထပ်ရောက်လာတဲ့ စာအုပ်တွေ (ဝတ္ထုတိုပေါင်းချုပ်တွေမှ များကြီးပဲ ပျော်စရာကြီး)
၂၁။ စိတ်ပျက်နေမိတာ ... ကိုယ့်ရဲ့လက်တွေ (စိတ်သွားတိုင်း လက်က မသွားလို့ - ဂစ်တာတီးရင် ပြောပါတယ်)
၂၂။ စွဲလန်းနေမိတာ ... PAI တုန်းက တွေ့ခဲ့တဲ့ အိမ်လေးတလုံး .. (အိုင်ဗီတိုက်ကပ်ပန်းနွယ်တွေနဲ့ .. ခြံဝမှာ ကာတွန်းပုံ စာတိုက်ပုံး အပြာရောင်လေးနဲ့၊ အုတ်ကြွပ်မိုး အိမ်အဝါလေးပေါ့)
၂၃။ လိုအပ်နေတာက ... ဘတ် တသိန်းလောက် ချေးကြပါလားဟင် (သုံးဖြုန်းပစ်ချင်လို့ ဟီဟိ)
၂၄။ တောင်းမိတဲ့ဆု .. ဒါကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီတဆုပဲ တောင်းနေကျ .. ဘာမှမလုပ်ဘဲ အောင်မြင်ကြီးပွား ချမ်းသာရပါစေ။
၂၅။ ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက ... ထမင်းစားပြီးတမျိုးလို အိပ်ရာဝင်တိုင်းတမျိုးလို ဆေးလိပ်တို .. ဆေးလိပ်တို ..
၂၆။ ဝန်ခံချင်တာက ... တူးတူးသာဆိုတာ စိတ်ကောင်းရှိချင်ယောင် ဆောင်နေပေမယ့် တော်တော်လေး စိတ်ပုပ်တယ် ဆိုတဲ့အကြောင်းပါ ..။
ဒါပဲ ညီရေ ဆက်တက်ဂ်ချင်တော့ဘူး
Wednesday, August 05, 2009 | Labels: tag | 8 Comments