ဘ၊ ဘွားစွာ၊ ကိုပါရာ နဲ့ ကျော်မင်းဟန်တို့ကို ထားခဲ့ပြီ

ကျမနဲ့ ထိုသြဂတ်စ် ထဲမှာ တယောက်ထပ်ဖြည့်ရတော့မယ်။ အဲဒါကတော့ ကာတွန်း (ဦး) ကံချွန်ပါ။ ဒီနေ့ သြဂုတ် ၂၀၊ ညနေ ၄ နာရီဝန်းကျင်လောက်က သူချစ်တဲ့ အနုပညာလောကနဲ့ ကာတွန်းဆရာတွေ၊ ပန်းချီဆရာတွေကို ခွဲခွာသွားပါပြီ။

ကာတွန်းဆရာဆိုတာ ကျမရဲ့ ဆွေမျိုးလိုပဲလို့ ဆိုခဲ့ဖူးတဲ့အတိုင်း ကျမရဲ့ ဦးလေးသားချင်းတယောက် ဆုံးရှုံးသွား သလို ခံစားရပါတယ်။ ဦးဦး ကံချွန်တယောက် ကျမပါပါရယ်၊ ဦးဦး ကာတွန်းဝဏရယ်၊ ဘဘ ဦးဖေသိန်းရယ် ဟိုး လှပတဲ့အရပ်က ဘုံတခုမှာ ဆုံနေရောပေါ့။ လူသစ်တယောက်အနေနဲ့ ဦးဦးကို ပါပါတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။ အဲဒီမှာ ဦးဝသုန်လည်းရှိလိမ့်မယ်၊ တခြား ဦးဦးချစ်တဲ့ အနုပညာသမားတွေလည်း ရှိမှာပါ။ အဲဒီမှာ မတရားမှုတွေမရှိ၊ လောဘဒေါသတွေမရှိ၊ မုန်းတီးမှုတွေလည်း မရှိ .. အရာရာကို ဟာသအမြင်နဲ့ကြည့်ရင်း ရယ်မောနေကြမှာ မြင်ယောင် သေးတယ်။

ဦးဦးက နောက်ဆုံးသတင်းတွေကို ပါပါတို့ကို ပြောပြနေလိမ့်မယ်ထင်တယ်။ ဦးဦးပြောပြမယ့် ယက်ထောကြီး သတင်းကို ကျမရဲ့ ပါပါကြားရင် အော်ရယ်နေမှာ မြင်ယောင်သေးတယ်။ ဘဘ ဦးဖေသိန်းကတော့ ကာတွန်း တကွက် ကောက်ဆွဲမယ်ထင်ပါရဲ့။ အေးအေးဆေးဆေးပေါ့ ဦးဦးရယ်။ အဲဒီမှာ ဆင်ဆာမှမရှိဘဲ။ ဦးဦးတို့ ကာတွန်းတွေ၊ ပန်းချီတွေ လွတ်လွတ်လပ်လပ် ဖန်တီးကြပေါ့။ ဒီက သတင်းတွေ ဦးဝဏကြားရင် .. “ဒီလူတွေ ခုထိ နောင်တ မရသေးပါလား” လို့ ပြောမယ် ထင်တယ်နော်။

ဦးဦးနောက်ဆုံး ကြိုးပမ်းခဲ့တဲ့ ကာတွန်းပြပွဲလေးကို လှမ်းကြည့်ရင်း ကျန်တဲ့သူတွေက အားကျနေမှာပါ။ ဦးဦးရဲ့ .. “ဘ နဲ့ ဘွားစွာ” ကို ချန်ထားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဦးဦးက ထွက်ခွာသွားပေမယ့် ဦးဦးရဲ့ လက်ရာတွေ၊ ကာတွန်းတွေက ကျမတို့ကို စကားတွေ ပြောနေမှာပါ။ နောက်လည်း အကြာကြီးဆက်ပြောနေဦးမှာပါ။

တခုတော့ ဝမ်းနည်းတယ် .. ရှားပါးပစ္စည်းတွေလို တန်ဖိုးထားနေရတဲ့ ကာတွန်းဆရာကြီးတွေ တဖြုတ်ဖြုတ်နဲ့ ကြွေကုန်တာကိုပေါ့။ ကြွေစေချင်တဲ့သူတွေကျတော့လည်း အမြင်ကပ်စရာကောင်းလောက်အောင် အညှာက ခိုင်လိုက်တာ။

9 comments:

tz said...

ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်။

tg.nwai said...

အော်.. ကြားရတာ စိတ်မကောင်းလိုက်တာနော်.. ဟိုတလောက နေမကောင်းတာတော့ ကြားလိုက်တယ်..၀မ်းနည်းပါတယ်..။

ကလူသစ် said...

ထူးချွန်တဲ့သူ၊ တော်တဲ့ တတ်တဲ့သူတွေများ တယ်အသက်တိုပါလား။ ဟိုငတကတော့ ဟင်း...

မဆုမွန် said...

အခုတလော ကြယ်တွေကြွေလိုက်တာ အစ်မရာ...

pandora said...

စိတ်မကောင်းဘူး... အစ်မရယ်
နောက်ဆိုနှစ်တိုင်း သြဂုတ်လလောက်ရင် လန့်နေရမှာလား

စူး said...

တိုက်တိုက်ဆိုင်ဆိုင် အမရယ်...သြဂုတ်လမှာမှ
တကဲ့ ပညာရှင်တွေ ကြွေခဲ့ရတယ်လို့..

ထူးဆန်းစွာ တိုက်ဆိုင်မှူလေးလား

ကိုလူထွေး said...

အဲလိုရေးပြတော့လဲ တကယ့်ကို နင့်နင့်နဲနဲ ဖြစ်ရတယ်...
ဘတို့ ဖွားစွာတို့ကို ကျနော်လဲ ကြိုက်ခဲ့ဖူးတယ်...

ဦးကံချွန်က တရားတဲ့ဘက်က ရပ်ခဲ့တယ်သူမို့ နှမျောမိတယ်...

Andy said...

ဘတို့ ဖွားစွာတို့ ကိုတက်တူတို့ နန်းတော်ရှေ့ဆရာလောင်တို့

သွားပြန်ပြီ။

:(

ဗီလိန် said...

ကြားကတည်းက စိတ်မကောင်းဖြစ်မိပါတယ်။ ဒါလေးကို ဖတ်လိုက်ရတော့ ပိုဆိုးသွားတယ်