အမှတ်တရရက်စွဲများ ၅

ပြန်ကောက်ရရင်တော့ စိုင်းထီးဆိုင်သီချင်းကိုပဲ ပြန်ပြန်ရောက်သွားရတာပါ။ လူတိုင်းက အပူအပင် ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီးရောက်ချင်သေးတယ် ဆိုတဲ့ တေးသံကြားရင် လိုက်မညည်း ဘဲ မဆွေးမြေ့ဘဲ မနေနိုင်ကြပါဘူး။ ကလေးဆိုတာက သူတို့ရဲ့ အိတ်စ်ပရက်ရှင်းကို ဟန်ဆောင်မှုတွေ မပါဘဲ ဖော်ပြတတ်ကြတယ် .. စကားနဲ့ပဲဖြစ်ဖြစ်၊ ရုပ်ပုံနဲ့ပဲဖြစ်ဖြစ်ပေါ့။ လူကြီးတိုင်း ကလေးဖြစ်ခဲ့ကြဖူး မှာပါ။ ဒီတော့ လူကြီးတိုင်း ကိုယ်ထင်ရာပြောခဲ့ လုပ်ခဲ့ဖူးတဲ့ ကိုယ့်ရဲ့ကလေးဘဝကို ပြန်လှည့်ကြည့်ပြီး ပြုံးမိကြဖူးမှာပါ။ အဲလို လှည့်ကြည့်ပြီး မပြုံးဖူးသေးဘူး ဆိုရင်လည်း တခါလောက် စဉ်းစားပြီး ပြန်ပြုံးကြည့်ကြပါလား ... ။

ဘယ်သူ့အီးအမွှေးဆုံးလဲ

“ကမ္ဘာပေါ်မှာ ရှိရှိသမျှ အီးတွေထဲမှာ ဘယ်သူ့အီး အမွှေးဆုံးလဲ”
“ဗိုလ်ချုပ်အောင်ဆန်းအီး”

အပေါ်က မေးခွန်းကို မေးလိုက်တဲ့သူက အသက် ၁၂ နှစ်အရွယ်ကောင်လေးတယောက် ဖြစ်ပြီး အောက်က အဖြေဖြေတဲ့သူက ၈ နှစ်အရွယ် ကလေးမလေး တယောက်ပဲဖြစ်ပါတယ်။ အဲဒီကလေးမ လေးက ကျမပါ။ ကျမကို ကျမအစ်ကိုက မေးခွန်းထုတ်တာပါ။ မောင်နှမနှစ်ယောက်က ဒီလိုပဲ အပြင်မှာ ကိုယ်ကြားလာခဲ့တာကို ဆရာပြန်လုပ်နေကျ။ အများသောအားဖြင့်ကတော့ ကျမ အစ်ကိုက ကျမကို ဆရာလုပ်နေကျပါ။

ဒီမေးခွန်းရဲ့အဖြေကိုကြားလိုက်ရတော့ သူ ဘာပြန်ပြောရမှန်းမသိအောင် ကြောင်သွားတယ်။ တကယ်က သူဖြစ်စေချင်တာက ဘယ်သူ့အီးအမွှေးဆုံးလဲဆိုရင် ကိုယ့်အီးကိုယ် အမွှေးဆုံးပေါ့ လို့ ဖြေစေချင်တာလေ။ ကျမရဲ့အဖြေကို ကြားလိုက်ရတော့ သူတောင် ဇဝေ ဇဝါဖြစ်သွားခဲ့တယ်။ တကယ်ပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့အီးက မွှေးသလားပေါ့။ ကျမတို့မောင်နှမ ပြောသမျှကို နားစွင့်နေတဲ့ အဖေကတော့ အားရပါးရအော်ရီပါတယ်။

အစ်ကိုက “ဟင် ဘာဆိုင်လို့လဲဟ။ ကိုယ့်အီးကိုယ် အမွှေးဆုံးပေါ့။ နင်က ဗိုလ်ချုပ်အောင်ဆန်း အီး ရှူဖူးလို့လား” လို့ ပြန်ပြောတော့ “မသိဘူးလေ ဗိုလ်ချုပ်အောင်ဆန်းလုပ်တာ အားလုံးကောင်းတာ ဆိုတော့ သူ့အီးလည်း မွှေးမယ်ထင်တာပေါ့” လို့ ကြောင်တောင်ပြန်ဖြေခဲ့တာ။

ကျမငယ်ငယ်က အဲလိုပါ။ ကိုယ်အထင်ကြီးလေးစားတဲ့သူဆိုရင် အီးတောင် မွှေးတယ်ထင်ခဲ့တာပါ။

ကျမတို့ မောင်နှမက အနီးကပ်ဆုံး၊ တကျက်ကျက်လည်း အဖြစ်ဆုံး၊ ပြီးတော့ တယောက်မရှိရင်လည်း တယောက် မနေတတ်ပြန်ဘူး။ အိမ်ကိုပတ်ပြီးလိုက်ရှာနေကြတာ။

နွေကျောင်းပိတ်ရက်တွေမှာ ကျမတို့ မောင်နှမ ၂ ယောက်ထဲ အိမ်စောင့်နေရစ်ခဲ့ရတယ်။ တယောက် ကို မုန့်ဖိုး တမတ်စီမေမေက ပေးခဲ့တယ်။ ဝန်ထမ်းမိဘတွေ ဆိုတော့ ဟင်းကိုချက်ပြီး ဝေပုံကျထားခဲ့ တယ်။ ဥပမာ ဘဲဥဟင်းချက်ရင် တယောက် တခြမ်းစီပေါ့။ မေမေတို့သွားပြီ ဆိုတာနဲ့ ကျမတို့ ၂ ယောက် ကစားနည်းပေါင်းစုံကို မထပ်ရအောင်ဆော့ပါတယ်။

များသောအားဖြင့်တော့ ယောက်ျားလေးကစားနည်းတွေပါ။ ကျမတို့မောင်နှမ အကြိုက်ဆုံး ကစားနည်းက ခေါင်းအုံးရိုက်တမ်းပဲ။ ခုံတန်းရှည်ပေါ်ထိုင်ပြီး ခွခေါင်းအုံးတယောက်တလုံးစီနဲ့ ခုံပေါ်က ပြုတ်ကျတဲ့အထိ ရိုက်ရတာ။ နောက်တော့ ကျမက ဟိုတယ်လုပ်တမ်းကစားမယ် ဆိုတော့ အစ်ကိုက “နင်က ဟိုတယ်ဖွင့် ငါက ဟိုတယ်ကိုလာတည်းမယ်” တဲ့။ ကျမက ဟိုတယ်ကို သေချာပြင်ဆင်ရ ပါတယ်။ မေမေတို့အိပ်ရာတွေကို ပြင်ပေးရတာပေါ့။ အစ်ကိုက ဟိုတယ်မှာ ထမင်းမှာစားတယ်။

ကျမက ထမင်းတွေဟင်းတွေ ပြင်ပေးရတယ်။ ပြင်ပေးရင်းနဲ့ ဟင်းက ကျမရှယ်ယာတွေထဲကပါ ပါကုန်ရော။ ကျမစားတော့ ဟင်းမလောက်လို့ မောင်နှမ ရန်တွေဖြစ်ကြကော။ ပြီးတော့လည်း ခန ပါပဲ။

နွေကျောင်းပိတ်ရက်မှာ ကျမတို့ တရက်မပြတ်လုပ်တာက ကျမတို့အိမ်နားမှာရှိတဲ့ “ဓညင်းမြိုင်” လို့ခေါ်တဲ့ စာအုပ်ဆိုင်ကြီးကို ချီတက်ကြတာပါ။ အဲဒီဆိုင်မှာ ရှိသမျှ ကာတွန်းစာအုပ်တွေကို တနေ့ ၂ အုပ်နှုန်းနဲ့ ဝါးစားသလိုဖတ်ကြတာပေါ့။ စာအုပ်က ၂ အုပ်ကို တမတ် ဆိုတော့ တမတ်ဖိုး စာအုပ်ဖတ် .. ကျန်တဲ့ တမတ်ကို မုန့်ဝယ်ပြီး တဝက်စီခွဲစားပေါ့။

ကျမအကြိုက်ဆုံးကတော့ ကာတွန်းဦးသန်းကြွယ်ပါ။ သူ့ရဲ့ ဗလကြီး ဗလလေး၊ အင်္ဂါဂြိုဟ်၊ မြားနတ်မောင်၊ ဖိုးဝ၊ ပန်ကာ၊ ပန်ချာ ... စတဲ့ ဇာတ်ကောင်တွေက ကျမနဲ့ အရင်းနှီးဆုံးတွေပေါ့။ ဦးသန်းကြွယ်ရဲ့ ကာတွန်းစာအုပ်တွေက ထူလည်းထူ ဇာတ်အိမ်ကလည်း အကြီးကြီးတွေ။ လျှို့ဝှက် သည်းဖိုတွေများတယ်။ နောက်တော့ ဦးအောင်ရှိန်ရဲ့ ဖိုးဆိတ်ဖြူ၊ ဦးကပ်စေး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး၊ စံပ၊ မယ်ခ၊ ဦးစိတ်တို၊ မျောက်ညို၊ နောက် မောင်ဏ္ဏရဲ့ သမိန်ပေါသွပ်၊ ရှင်ဂွမ်းဂွိ၊ အလကား ကျော်စွာ၊ ဗညားပိစိ၊ အာတာလွတ်မြို့စားကြီး ဦးအာလူး၊ တောင်ပုလုမြို့စားကြီး ထင်ရာစိုင်း၊ ဆေးဆရာဦးတုတ်ကြီး။ ငွေကြည်ရဲ့ ကမ္ဘာရှား။ သစ်ထွဏ်းရဲ့ မောင်တီထွင်။ ပိုးဇာရဲ့ လေးမွန်ထွေးမွန်၊ လေးလေးဇာ၊ ရွှေအိ၊ ရွှေဘုတ်။ ကာတွန်းအောင်အောင်ရဲ့ ရွှေခေါင်းပြောင် ... အဲဒီစာအုပ်တွေ ထဲက မဖတ်ရသေးတာကို သေချာရွေး ပြီးရင် မောင်နှမ ၂ ယောက် မုန့် တခုခုဝယ်ပြီး ချောင်တချောင်စီမှာ ငြိမ်ပြီး ဖတ်။ ပြီးသွားရင် လဲဖတ်ကြ ..။

ကာတွန်းဦးသန်းကြွယ်သေတုန်းက ငိုတဲ့အကြောင်းလေး ပို့စ်တခုမှာ ရေးခဲ့ဖူးပါတယ်။

ဒါကျမတို့ မောင်နှမ နှစ်ယောက် ဖြတ်သမ်းရတဲ့ နွေကျောင်းပိတ်ရက်တွေပါ။ တခါတလေ ကိုနောင်ကြီးရဲ့ သူငယ်ချင်း ကျမအစ်ကိုလိုပဲဖြစ်နေတဲ့ ကိုရိုးရောက်လာတတ်တယ်။ များသောအားဖြင့် ကတော့ ကျမတို့မောင်နှမ နှစ်ယောက်ထဲပါ။

ကျမတို့ခြံကြီးရဲ့ဘေးက အိမ်မှာ ကျမတို့ရဲ့ အဘိုးအရင်းအဘွားအရင်းလိုပဲ ဖြစ်နေတဲ့ ဖိုးဥာဏ်နဲ့ ဖွားစိန် ဆိုတဲ့ အဘိုးအဘွားလင်မယား ၂ ယောက်ရှိတယ်။ သူတို့က တခါတလေ ကျမတို့ဘာလုပ် နေလဲ လာလာကြည့်ပေးတယ်။

နွေကျောင်းပိတ်ရက် ကုန်ခါနီးအချိန်တွေက မိုးရွာပြီဆိုတော့ နေ့ခင်းမိုးသည်းချိန် ကျမတို့ မိုးရေထွက်ချိုးကြတယ်။ ခြံထဲမှာ မိုးရေတဝချိုးပြီးရင် ကျမတို့မောင်နှမ ခြံထဲ သင်္ဘောပင်က သင်္ဘောသီးကို ခူးပြီး စပ်စပ် သုတ်စားကြတယ်။ အစ်ကိုက သုတ်တာပါ။ သူက အသုတ် သုတ်တာ တော်တော်ကောင်းတယ်။

အဲဒီအချိန်ထိ အစ်ကိုက ညနေစာ ထမင်းချက်ထားရတယ်။ ကျမတာဝန်က အိမ်ရှင်းပေါ့။ တနေ့လုံး မောင်နှမ ၂ ယောက်ဖွထားသမျှ အဖေ၊ အမေ ပြန်မလာခင်မှာ သေချာ ရှင်းလင်းသိမ်းဆည်းရတယ်။ ဖုန်တွေသုတ် တံမြက်စည်းလှဲရတယ်။ ခက်တာက ကျမက အဲဒါတွေလုံးဝ မလုပ်ချင်ဘူး။ ကျမ လုပ်ချင်တာက ထမင်းဟင်း ချက်ချင်တာ။ မေမေက ကျမငယ်သေးတယ် ဆိုပြီး ပေးမချက်ဘူး။

အဲဒီ ပြဿနာကို ကျမအစ်ကိုက ဖြေရှင်းပေးလိုက်တယ်။ ကျမကို သူက မီးမွှေးနည်း၊ ထမင်းတည် နည်း၊ ငှဲ့နည်း၊ နှပ်နည်းတွေကို ဆရာစားမချန် အမေတို့ မသိအောင် သင်ပေးပါတော့တယ်။ မေမေ သိရင် ဆူမှာလေ။ အဲ့တုန်းက ကျမက ၁၀ နှစ်တောင်မပြည့်ချင်သေးဘူး။ ကျမကလည်း အသစ် အဆန်းတခု အနေနဲ့ အရမ်းလုပ်ချင်တော့ ကြိုးစားပမ်းစား သင်ပါတယ်။ ထမင်းချက်တတ်တော့ ဟင်းချက်နည်းတွေပါသင်တယ်။

ညနေတွေမှာ ကျမက ထမင်းဟင်းချက်၊ အစ်ကိုက ဘောလုံးသွားကန် ... အစတော့ ဟုတ်နေ သေးတာ။ နောက်တော့ မောင်နှမနှစ်ယောက် မတည့်ကြပြန်ဘူး။ ထုံးစံအတိုင်း အစ်ကိုက အစ သန်တော့ ကျမ မခံနိုင်အောင်စရာကနေ ထ ရန်ဖြစ်ကြကော။ အဲ့မှာ ကျမက မေမေတို့ကို အကုန် ပြန်တိုင်ရော။ အဲဒီအချိန်မှာ ကျမက ထမင်းဟင်းကို တဘက်ကမ်းခပ် ချက်တတ်နေပြီလေ။

အဲဒီမှာ အမေက ဆုံးဖြတ်ချက်ချလိုက်တယ်။ “သမီးက မိန်းကလေးပဲ .. ချက်တတ်ပြီ ဆိုတော့လည်း ကောင်းတာပေါ့။ သမီးပဲ ဆက်ချက်တော့” တဲ့။ ကျမမှာကိုယ့်ရှူးကိုယ်ပတ် အဲဒီကစပြီး ထန်းပင်တက် လက်မှတ် ရသွားလိုက်တာ ... ။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း အီးကို မွှေးတယ်လို့ ကြောင်တောင်တောင်ပြောဖူးတဲ့ ကောင်မလေးက စိတ်ကူးသိပ်ယဉ်ပါတယ်၊ တခါတခါ အတွေးလည်းလွန်ပါတယ်။ လက်တွေ့စမ်းသပ်ချက်တွေလည်း သိပ်လုပ်ပါတယ်။

အတွေးလွန်ပြီး ထမင်းအိုးပျော့တာ၊ တူးတာ ခနခနဖြစ်ပါတယ်။ ကျမရဲ့ လက်တွေ့စမ်းသပ်ချက် တွေကလည်း တော်တော်ပြောင်မြောက်ပါတယ်။ မရိုးပင် အကိုင်းကို နွားနို့ကျိုတဲ့ထဲ ထည့်မွှေရင် မလိုင်ဖြစ်တယ်လို့ ကြားဖူးတော့ အငယ်လေးသောက်ဖို့ ကျိုထားတဲ့ နွားနို့အိုးထဲ မရိုးကိုင်းထည့် မွှေတာ မလိုင်မဖြစ်ဘဲ နို့ပျက်သလို ရေသတ်သတ် နို့ဖတ်တွေသတ်သတ် ဖြစ်ကုန်လို့ အရိုက်ခံ ထိပါတယ်။

သီဟိုဆံဆိုတာ သီဟိုစေ့ကို မီးဖုတ်ပြီး ရတာပဲလို့ ကိုယ့်ဘာသာစဉ်းစားပြီး သီဟိုစေ့ အစိုကြီးကို မီးဖိုထဲ ထည့်ဖုတ်တာ အုန်းခနဲ ထပေါက်တော့ .. ကံကောင်းလို့ မျက်စေ့တွေဘာတွေ မထိခိုက်တယ်။

နောက် ဒီ့ထက် နည်းနည်း ကြီးလာမှ စမ်းသပ်တာတွေ ရှိသေးတယ်။ ကိတ်မုန့်ဖုတ်ရင်း မီးသွေး တုံးဖြစ်သွားတာတို့၊ စိန်ပန်းပင်ကို ဘွန်ဇိုင်းလုပ်ကြည့်တာ ထင်းဖြစ်သွားတာတို့၊ စထရော် ဗယ်ရီသီးကို ယိုထိုးတာ ကျောက်ခဲလို မာသွားတာတို့ ... ဒါ အမြည်းပဲရှိပါသေးတယ်။ နောက်မှ ဆက်လက်ဖော်ပြပါဦး မယ်။
ဘာပဲဖြစ်ဖြစ် ကျမကတော့ အဲလို လွတ်လွတ်လပ်လပ် ကြောင်တောင်တောင် ပြောခဲ့၊ လုပ်ခဲ့ဖူးတဲ့ ငယ်ဘဝကို အရမ်းလွမ်းဆွတ်တယ်။ ခုချိန်မှာ ကျမကို “ကမ္ဘာပေါ်မှာ ဘယ်သူ့အီးအမွှေးဆုံးလဲ” လို့ လာမေးရင် ရဲရဲဝံ့ဝံ့ ဇိုးကနဲ ဇတ်ကနဲ ပြန်ဖြေနိုင်တော့မှာ မဟုတ်တာ သေချာတယ်။ ငယ်ငယ်ကလို ကိုယ်မှန်တယ်ထင်တာကို ထင်တဲ့အတိုင်း ပြောခဲ့ဖူးတဲ့ ဘဝလေး ပြန်မရနိုင်တော့တာကို စဉ်းစားမိရင် ဝမ်းနည်းမိပါရဲ့ ... ။

10 comments:

မီယာ said...

ငယ်ငယ်တုန်းကအကြောင်းတွေကို စီကာပတ်ကုံးရေး ထားတာ ကောင်းလိုက်တာ။ မောင်နှမနှစ်ယောက် အချေအတင် စကားများနေပုံတောင် မြင်ယောင်တယ်။ လက်တဲ့စမ်းချက်တာတွေ အများကြီးကြောင့် အခုဆိုရင် တော်တော်များများ ကောင်းကောင်း ချက်နေပြီပေါ့နော်။

မိုးသား said...

ဟုတ်တယ်အစ်မတူးရေ..
ငယ်ငယ်ကလို စိတ်ထင်ရာပြောချင်လိုက်တာ..
အခုတော့ ...
အစ်မသိတဲ့အတိုင်း ပုတ်သင်ညိုလုပ်နေရတာ များနေပြီဗျာ

Andy said...

အင်းးး.. ငယ်ငယ်တုန်းက လက်တဲ့စမ်းလိုက်လို့ အုန်းနို့နှပ်ဖြစ်သွားတဲ့ ကြောင်ကြီးတောင် သတိရသေး..။

ကေလာ said...

ယုံဘူးယုံဘူး . .အိမ်လည်လာပီ ဟင်းချက်ပြ .. ဟိ

pandora said...

အိမ်လာလည်ပြီး လာစားမှာစိုးလို့ ခြိမ်းခြောက်ထားတာ မဟုတ်လား။ မရဘူးနော်။ :)

ဖိုးဂျယ် said...

အမရေ ငယ်ဘ၀လေးက ပျော်စရာလေးပေါ့နော်
ကျတော်နဲ့ကွာပါ့ ဆော့တာ ကစားတာ
ဘာလဲ ပြန်မေးရမယ်အမရေ

JulyDream said...

တကယ် ၀မ်းနည်းတာလား ဟင်....
ဝမ်းနည်းရင်.. မပြောတော့ပါဘူး။ ဘာဆက်ပြောမယ် ဆိုတာ သိနေတယ် မဟုတ်လား။ အဟက် အဟက်...

နန်းညီ said...

ပျော်စရာကြီး

ကောင်းကင်ကို said...

ငယ်ငယ်တုန်းကဘဝထဲက အရိုက်ခံရတဲ့ အချိန်တွေကိုနုတ်ပြီး ပြန်လိုချင်တယ်။

ကောင်းကင်ကို said...

အကြိုက်တွေတူတယ်။ ဦးကပ်စေးတို့ မောင်မောင်ဇာတို့ 