ဝတ္ထုတို ၇

၈ ဂဏန်းများကို ဘာကြောင့်မှန်းမသိ ကျမစွဲလန်းတယ်။ ဒီဝတ္ထုကို တကယ်က ၈ လေးလုံးနှစ်ပတ်လည်မှာ တင်သင့်တာ ဖြစ်ပေမယ့် ကျမလက်ထဲမှာ ဒီစာမူက မရှိခဲ့လို့ မတင်ခဲ့ရပါဘူး။ ကျမရဲ့ စည်းမဲ့ကမ်းမဲ့ အကျင့်ကြောင့် ဒီစာမူက ပျောက်နေတာပါ။ ဒီစာမူကလေးကို အိုင်ဒီယာမဂ္ဂဇင်းကို ပို့တုန်းကလည်း အယ်ဒီတာက ကြိုက်ပေမယ့် အယ်ဒီတာထက်ကြီးတဲ့ ဆရာကြီးတွေရဲ့ စာမူတွေဝင်ဝင်လာလို့ တနှစ်ကျော်ကျော်ကြာမှ မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ ဒီဝတ္ထုလေး ပါတဲ့အချိန်မှာ အဲဒီအယ်ဒီတာတောင် သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ ထိပါးခံရတဲ့ အဲဒီမဂ္ဂဇင်းက စိတ်နာနာနဲ့ထွက်သွားပါပြီ။ ဝတ္ထုတိုလေး ဖော်ပြခံခဲ့ရပြီးချိန်မှာ ကျမ မေ့မေ့ပျောက် ပျောက်နဲ့ စာအုပ်ပါ ပျောက်ခဲ့ပေမယ့် ခု ဘလော့လေးလုပ်တော့ ဒီဝတ္ထုလေးကို ပြန်သတိရမိတယ်။ ဒါပေမယ့် ဘယ်မှာ ရှာရမှန်းမသိဘူး ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ထူးဆန်းစွာနဲ့ မဲဆောက်မှာရောက်နေတဲ့ မောင်ငယ် တယောက်က ကျမဝတ္ထုကို သူ မဂ္ဂဇင်းဟောင်း တအုပ်ထဲကနေ ဖတ်ဖြစ်တဲ့အကြောင်း ပြောလာပါတယ်။ အဲဒီ ဝတ္ထုကတော့ ဒီ ၈ ဂဏန်း ရက်စွဲများလို့ အမည်ရတဲ့ ဝတ္ထုလေးပဲ ဖြစ်ပါတယ်။ အဲဒီမောင်ငယ်ကပဲ တကူးတက လူကြုံနဲ့ ကျမဆီ ဒီဝတ္ထုကော်ပီလေး ပို့ပေးခဲ့ပါတယ်။ အဲဒီ ခေါင်းစဉ်ကို စိစစ်ရေး မလွတ်ဘူး ထင်ပေမယ့် အဖြတ်မခံခဲ့ရတာ ထူးခြားပါတယ်။ ဆရာ မောင်ချောနွယ်ရဲ့ “သစ္စာပန်း များနဲ့ မေလ” ကဗျာကို ကျမက သစ္စာပန်းများနဲ့ မေလ လို့ ပီပီကြီး အသံထွက်တော့ ကဗျာဆရာ တယောက်က သစ္စာပန်းလား သစ္စပန်းလား လို့ ကျမကို မေးခဲ့ဖူးတယ်။ အဲဒီက အတွေးစလေးကို ယူပြီး ငယ်ငယ်က အညာခံခဲ့ရတဲ့ အဖြစ်အပျက်ကလေးတခုကို အခြေတည်လို့ ရေးဖွဲ့ထားတဲ့ ဝတ္ထုလေး ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လထုတ် အိုင်ဒီယာမဂ္ဂဇင်း မှာ ဖော်ပြခံရတဲ့ ဝတ္ထုတိုလေး ဖြစ်ကြောင်းပါ

၈ ဂဏန်း ရက်စွဲများ
တိတ်တဆိတ် အမှောင်ချလို့ ငြိမ်သက်နေမိသည် … ။ အတိတ်ကိုပြန်စဉ်းစားစမ်း။ ဒါမျိုး ဘယ်နှခါ ကြုံဖူးပြီလဲ။ အကြိမ်ကြိမ် … အကြိမ်ကြိမ် … အကြိမ်ကြိမ် …။

“ဘကြီးအောင် ညာတယ်” ဇာတ်လမ်းထဲမှ ကလေးလေးက ကိုယ်ကိုယ်တိုင်ပင် ဖြစ်သည်။

ကလေးတယောက်ကို မညာရဘူးတဲ့ …။ ကိုယ်က ကလေးမှ မဟုတ်ပေပဲ။

သစ္စာပန်းများ လှပလွန်းလှသည် ..။ သစ္စာပန်းလား .. သစ္စပန်းလား။ ကိုယ်ကတော့ သစ္စာပန်းဟုသာ အသံထွက် သည်။ သစ္စာပန်းဆိုတာ သစ္စာရှိသောပန်းဟု ထင်ခဲ့ဖူးသည်။ ဟုတ် .. မဟုတ်တော့မသိ။ ကိုယ်တို့မြို့ကလေးမှာ ဝေတဲ့နှင်းက တခြားမြို့က နှင်းတွေနဲ့ မတူဘူးဟု ပြောဖူးသော သူငယ်ချင်းတယောက် ကိုယ့်မှာ ရှိပါသည်။ ကိုယ်တို့ သူငယ်ချင်းနှစ်ယောက် ကန်ရေပြင်ပေါ်မှာ ပိတ်ဆီးနေသော နှင်းများကို အတူ ငြိမ်သက်စွာ ထိုင်ကြည့် ဖူးသည်။

“တို့မြို့က နှင်းတွေက သိပ်ကိုသစ္စာရှိတယ်”

ထိုသူငယ်ချင်းက ကိုယ့်ကိုပြောသည်။ အဲဒီနှင်းတွေကြားမှာ သစ္စာပန်းတွေ ဝေဖူးသည်။ ပြီးတော့ “သစ္စာပန်း” လို့ အသံထွက်တဲ့ ကိုယ့်ကို ရယ်မောလေ့ရှိတဲ့ ကောင်မလေးတယောက်နှင့် ဆုံစည်းဖူးသည်။ ပြီးတော့ အဲဒီနှင်းမှုန် ကြားမှာ ကိုယ် တယောက်တည်း ကျန်ရစ်ခဲ့ဖူးသည်။

ကိုယ့်စိတ်ကူးထဲမှ တိုက်အိမ်များ … အခါခါ ဖြိုချခံရဖူးပြီ။ စိတ်ကူးထဲမှာ မည်သူမဆို တိုက်ဆောက်ခွင့် မရှိဘူးလား။ ဆိုးတာက စိတ်ကူးတိုက်အိမ်များဟာ ပြိုကျတာမဟုတ်ဘဲ ဖြိုချခံခဲ့ရတာ ဖြစ်၏။

“ကောင်မလေးရေ … ခံနိုင်ရည်တွေ … သတ္တိတွေ … ကိုယ့်မှာ အပြည့်ရှိတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း ကျတော့ အလဲအကွဲပါကွယ်”

……………………………………………………..

အစီအစဉ် ချရေးကြည့်ကြစို့။

(၁) အသက် ၈ နှစ်အရွယ် ကလေးတယောက်ရဲ့ အိပ်မက်က ရုပ်ရှင်ကား တကားကို အသည်းအသန် ကြည့်ရဖို့ ဖြစ်ပါသည်။ (အဲဒီတုန်းက ခုလို တယ်လီဗီးရှင်းတွေ မရှိသေးပါ)

ကိုယ့်အစ်မ တဝမ်းကွဲတွေက ကိုယ့်ကို သူတို့နှင့်အတူ ရုပ်ရှင်လိုက်ရန် ခေါ်မည် ဆိုသောကြောင့် ကိုယ် ပျော်ရွှင်ရသည်။

“ဒီနေ့တော့ မသွားသေးဘူးနော်။ နောက်နေ့မှ သွားမှာ သိလား” ဟု ကိုယ့်ကိုပြောပြီး သူတို့ဘာသာ သွား ကြည့်လိုက်ကြသည်။ သူတို့ သွားကြတာ ကိုယ်သိသည်။ သူတို့ ရုပ်ရှင်သွားတာ မဟုတ်ဘူးဟု ပြောသော်လည်း သူတို့ ရုပ်ရှင်သွားကြတယ်ဆိုတာ ကိုယ် အသေအချာ သိနေသည်။

ကိုယ်ဝမ်းနည်းသွားသည်။ ဒါပေမယ့် ကိုယ်မငိုပါ။ အဲဒီအကြောင်းအရာကို ကိုယ် ဒီနေ့ထိ မှတ်မိနေဆဲ ဖြစ်သည်။ အထူးသဖြင့် တိုက်ဆိုင်မှုတွေ ရှိတိုင်းပေါ့။

(၂) အသက် ၁၈ နှစ် အရွယ်မှာ ကိုယ်က ကိုယ့်ထက် ၁၀ နှစ်ကြီးတဲ့ မမ တယောက်ကို ပိုးပမ်းနေသည်။

အဲဒီမမက ကိုယ့်ကို မျှော်လင့်ချက်တွေ တလှေကြီးပေးသည်။ ကိုယ် ပျော်လိုက်သည့်ဖြစ်ခြင်း။ တနေ့တော့ အဲဒီမမက ကိုယ့်ကို အသုံးချပြီး တခြား ယောက်ျားနောက် လိုက်ပြေးသွားသည်။ သူများတွေ ပြောမှ ကိုယ် သိရသည်။ ကိုယ် အသည်းမကွဲပါ။ ဒါပေမယ့် ငယ်ငယ်က ရုပ်ရှင်မလိုက်ခဲ့ရတဲ့ အဖြစ်ကလေးကို ပြန်သတိရ မိသည်။

(၃) ကိုယ့်အသက် ၂၈ နှစ်

အဲဒီကာလက ကိုယ်တို့ ဘုရားကျောင်းရဲ့ လူငယ် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေပြီ။ တခုသော ခရစ္စမတ်မှာ ခရစ္စမတ်အတွက် ပြဇာတ်လေး တပုဒ် ကိုယ်စီစဉ်သည်။

အဲဒီအချိန်မှာ ကိုယ့်စိတ်ထဲ ဒီပြဇာတ်ကို ဘယ်လို အကောင်းဆုံး တင်ဆက်မလဲ ဆိုသော စိတ်သာရှိ၏။ ကိုယ် အားကြိုးမာန်တက် လုပ်သည်။ ကိုယ့်လုပ်ရပ်ကို ဘုရားကျောင်းက လူကြီး၊ လူငယ် အားလုံး သိသည်။ အဲဒီ ပြဇာတ်လေးကို အားကြိုးမာန်တက် တင်ဆက်ပြီး ပြုံးပျော်စွာ ထွက်လာချိန်မှာ ကိုယ်တို့ ဘုရားကျောင်းရဲ့ အရေးပါ အရာရောက်တဲ့ လူကြီးများက စောင့်ကြိုချီးကျူးကြသည်။ လူကြီးများ အားပါးတရ ချီးကျူးဂုဏ်ပြုတာ ခံရသူက ကိုယ် မဟုတ်ပါ။ ကိုယ့်ဘေးမှ ကိုယ့်ကို ဝိုင်းကူပေးနေသော ကိုယ့်သူငယ်ချင်း ဖြစ်သည်။

“ဟာ မင်းရဲ့ ပြဇာတ်ကတော့ တကယ်ကောင်းပဲ” ဟု ဆိုပြီး သူငယ်ချင်းကို ဝိုင်းဝန်း ချီးကျူးကြသည်။ သူငယ်ချင်း ကလည်း တပြုံးပြုံးနှင့် ပြန်နှုတ်ဆက်နေသည်။

ကိုယ် ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာခဲ့ပါသည်။ ကိုယ်ဝမ်းနည်းမိသလား ကိုယ့်ဘာသာဝေခွဲမရ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ။ ငယ်ငယ်က ရုပ်ရှင်မကြည့်လိုက်ရသော ရက်စွဲတခုကို ဖျတ်ခနဲ သတိရလိုက်မိသည်။

(၄) ကိုယ့်အသက် ၃၈ နှစ် အရွယ်မှာ ကိုယ့်ထက် ဆယ့်ငါးနှစ်ငယ်သော ကောင်မလေး တယောက်နှင့် ချစ်သူဖြစ် ကြသည်။ ကောင်မလေးကို ကိုယ် သိပ်ချစ်မိသည်။ ကိုယ့်ဘဝရဲ့ လက်တွဲဖော်အဖြစ်လည်း အမျှော်လင့်ကြီး မျှော်လင့်မိသည်။ ကောင်မလေးကလည်း ကိုယ့်ကို သိပ်ချစ်သည်ဟု ထင်မိသည်။

“ကျမတို့ တနေ့ လက်ထပ်ကြရအောင်နော် ကိုကို” ဟုကိုယ့်ကို အမြဲပြောသည်။ ဒါပေမယ့် တနေ့မှာတော့ “ကိုကို့ကိုလေ တကယ်တော့ ကျမလုံးဝ မချစ်ခဲ့ပါဘူး။ ကျမ တကယ်ချစ်ရတဲ့သူကို တွေ့ပြီ ကိုကို … ကျမကို ခွင့်လွှတ်ပါနော်” ဆိုသော စကားများနှင့် ကိုယ့်ကို ချန်ရစ်ခဲ့သည်။

ကိုယ် အသည်းကွဲပါသည်။ ကိုယ့်အသည်းကို အရက်ထဲမှာ စိမ်မိသည်အထိ ဖြစ်ခဲ့သည်။ သူငယ်ချင်းများ၏ “မိန်းမတွေ အများကြီးပါကွာ” ဆိုသော စကားများကို ကိုယ်ရယ်မောခဲ့သည်။ ကိုယ်က နောက်ဆုံးမှာ ကောင်မလေး မလိုက်ချင်သော လမ်းကို တယောက်တည်းပဲ ရှောက်ရန် ဆုံးဖြတ်လိုက်၏။ ကိုယ့်အသည်းကို အရက်ထဲမှ ဆွဲထုတ်လိုက်သော နေ့တွင် ငယ်ငယ်က … ရုပ်ရှင် … ကို ကိုယ် သတိရမိလိုက်သည်။

ကိုယ်ဝန်ကြီးနှင့် ဖြစ်နေသော ကောင်မလေးကို ကိုယ် ညင်သာစွာ ပြုံးပြလိုက်၏။ ကောင်မလေးနှင့် လက်ထပ် လိုက်သော ကိုယ့်သူငယ်ချင်းကိုလည်း ကိုယ် ပြုံးပြနိုင်ပါသည်။ ကိုယ်တို့ မြို့ကလေးမှာ နှင်းတွေကတော့ အရင် အတိုင်း ဝေနေဆဲ။

(၅) ကိုယ့်အသက် ၄၈ နှစ်။

ကိုယ်တို့ အလုပ်ခွင်ထဲမှာ လုပ်ငန်း အသစ်တခု လုပ်ဖို့ ဖြစ်လာသည်။ ကိုယ့်ဆရာက ကိုယ့်ကို တာဝန်ပေးသည်။ ကိုယ့်ဆရာက ကိုယ့်ကို ယုံကြည်စွာ ခိုင်းစေခြင်း ဖြစ်သည်။ ကိုယ်ကလည်း ထိုတာဝန်ကို ကျေနပ်စွာ ခံယူသည်။ ကိုယ့် ကိုယ်ပိုင်အချိန်များစွာကို ထိုလုပ်ငန်းအတွက် ကိုယ်သုံးသည်။ ကိုယ့်စိတ်ထဲမှာကော၊ စာရွက်ပေါ်မှာပါ ထိုလုပ်ငန်းစဉ်ကိုဆွဲသည်။ မေးသင့်သူများကို မေး။ တွေ့သင့်သူများကို တွေ့သည်။ ထိုလုပ်ငန်းထဲမှာ ကိုယ့်စိတ်ကို လုံးဝမြှုပ်နှံထားမိသည်။

နောက်ဆုံးအဆင့်အပြီးတွင် ကိုယ့်ဆရာကို ပြလိုက်သည်။ ကိုယ့်ဆရာက ထူးဆန်းစွာ ကိုယ့်အတွက် ဝမ်းနည်းစကား ဆိုသည်။

“အေးကွာ … ငါကလည်း ပါးစပ်လေးနဲ့ မင်းလုပ်လိုက်ဆိုပြီး မေ့နေတာကွ။ ပြီးခဲ့တဲ့ လကမှ နိုင်ငံခြားက ပြန်လာတဲ့ ငါ့မိတ်ဆွေရဲ့ သားကို ဒီပရောဂျက်အကြောင်း ပြောပြလိုက်တော့ သူလုပ်ပေးမယ် ဆိုလို့ ငါလည်း အပ်လိုက်မိတယ်။ သူက ငွေကော ပစ္စည်းကိရိယာကော စုံလင်တာ ဆိုတော့ ခဏလေးပြီးသွားမှာကွ။ နောက်တခေါက်ပေါ့ကွာ”

ကိုယ့်ဆရာရဲ့ စကားအဆုံးမှာ ကိုယ့်ရင် ဟင်းလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ ထိုအခါ ငယ်ငယ်က အဖြစ်အပျက်လေး တခုကို ဝမ်းနည်းစွာ အမှတ်ရလိုက်မိသည်။

(၆) ကိုယ့်အသက် ၇၈ နှစ်

ငယ်ငယ်က ရုပ်ရှင် ကိုယ့်အစ်မများ …

ပြီးခဲ့သော နှင်းတွေဝေသည့် တနေ့က ကွယ်လွန်ခဲ့သည့် ကောင်မလေး (ဒေါ်မူယာ - ၆၃ နှစ်) ၏ အုတ်ဂူပေါ်တွင် ကိုယ် သစ္စာပန်း တစည်း တင်ပေးလိုက်သည်။

ငယ်ငယ်က … ရုပ်ရှင် မလိုက်ခဲ့ရသည့် တနေ့ကို ကိုယ် မေ့လိုက်ပြီဖြစ်၏။

1 comments:

Moe Cho Thinn said...

၈ ဂဏန်းတွေက ကိုယ်ခံရတာတွေချည်းပါလား ညီမရေ။