၇ ရက်သားသမီးများ အကြောင်း

အမှတ်တရ ရက်စွဲများ ၁၂

မှန်ဆောင်ရဲ့ သုံးထပ်ကနေ ဆင်းလာတဲ့အချိန်မှာ "ခင်ဗျားတို့ မင်းလူရဲ့ ဟိုဝတ္ထုလေး ဖတ်ဖူးလား" ဆိုတဲ့အသံ တသံကြားလိုက်ရတော့ ဖျတ်ကနဲ ကြည့်လိုက်မိတယ် ..။ ဟုတ်တယ်လေ အဲဒီအချိန်က တူးတူးသာဆိုတဲ့ အူကြောင်ကြောင် ကောင်မလေးတယောက်က စာအုပ်တွေဖတ်ပြီး အရမ်းအရမ်းကို စိတ်ကူးတွေယဉ်နေတဲ့ အချိန်။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေတဲ့အချိန် .. ပြီးတော့ ကိုယ့်လိုပဲ စာဖတ်တဲ့သူကိုပဲ အပေါင်းအသင်း လုပ်ချင်တဲ့ ဘာမှန်းမသိတဲ့ မာနကြီးတခွဲသားနဲ့ အဆင့်အတန်းခွဲခြားချင်တဲ့အချိန်ပေါ့ (အဆင့်အတန်းခွဲခြားတယ် ဆိုတာက ဒီလိုပါ .. စာမဖတ်တဲ့သူဆို အထင်သေးတယ်ပေါ့လေ .. ခုတော့ ဘယ်သူ့ကိုမှ အထင်မသေးတတ် တော့ ပါဘူး :P)

၂၁ နှစ်ဆိုတဲ့အရွယ်မှာ အဲဒီလိုမရင့်ကျက်သေးတဲ့ ကောင်မလေးပါလားလို့ ကိုယ်ကိုယ်ကို်ယ် စဉ်းစားမိတော့ ခု အဲဒီအရွယ် ရင့်ကျက်တဲ့သူတွေကိုတွေ့ရင် အထင်ကြီးလေးစားမိတယ် (ဒါအမှန်ပြောတာနော် နန်းညီ၊ အန်ဒီ .. ဘလာဘလာဘလာ .. ဤကား စကားချပ်)

ဆက်ရရင် အဲဒီလူကြီးရဲ့ အမေးကို ဘယ်သူမှ ပြန်ဖြေတာမကြားရဘူး။ အဲဒီမှာ ကျမက "ကျမ ဖတ်ဖူးတယ် .. အဲဒီ ရင်ခုန်သူများ ဆိုတဲ့ဝတ္ထုကို အရမ်းကြိုက်တာ .. ကဗျာတွေ အများကြီးပါလို့လေ" လို့ ခပ်တည်တည် ဝင်ပြော လိုက်တော့ မေးသူကော အဖြေမပေးနိုင်သူတွေပါ ကျမကို လှည့်ကြည့်ကြတယ်။ မေးလိုက်တဲ့သူက နောင်မှာ ကျမတို့အားလုံးကို လမ်းပြသွန်သင်မယ့် ကိုအောင်မြင့်ဇော်ဆိုတဲ့ သူကြီးပါ။ အဲဒီကတည်းက ကျမတို့ ကလေးတွေ ကြားမှာ သူက ဆရာမနဲ့ သက်တူရွယ်တူ အသက်က ၂၈ နှစ်ကျော်နေပြီ။ ကျမအရမ်းကြိုက်ပြီး ဒီဘလော့မှာ ညွန်းခဲ့ဖူးတဲ့ တော်တီလာဖလက်ကို ဒီလူကြီးပေးဖတ်ခဲ့တာ။

သူက ကျမကို အံ့သြသလို ကြည့်တယ်။ သူ့အမေးကို ယောက်ျားလေး တယောက်ယောက်က ပြန်ဖြေမှာလို့ မျှော် လင့်ထားပုံရတယ်။ ပုံဆွဲသင်္ခန်းစာပြီးသွားလို့ ကန်တင်းကိုအဆင်းမှာ သူတို့အဖွဲ့က ကျမကို အတူထိုင်ဖို့ ဖိတ်ခေါ် တယ်။ အဲဒီအချိန်မှာ ကျောင်းတတ်တာလည်း တပတ်တောင် မပြည့်သေးတော့ ကျမမှာ သူငယ်ချင်းက မရှိသေး ဘူး။ နောက်ပြီး ခုဏဆိုခဲ့သလို ကျမက အဆင့်အတန်းကလည်း ခွဲခြားသေးတယ် မဟုတ်လား။

ဒီလူကြီးက မင်းလူတွေဘာတွေ ပြောနေတာ၊ ရုပ် ကြည့်လိုက်တော့လည်း ကျောင်းစာကလွဲရင် ကျန်တဲ့စာတွေ အားလုံး စိတ်ဝင်တစားဖတ်မယ့် စာဂျပိုးရုပ်ဆိုတော့ ကျမ သူတို့အုပ်စုနဲ့ ခပ်တည်တည် လိုက်သွားခဲ့တယ်။ လက်ဘက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြတော့မှ အဲဒီအစ်ကိုကြီးကပဲ အားလုံးနဲ့ မိတ်ဆက်ပေးတယ်။ သူတို့အားလုံး စုစုပေါင်း ယောက်ျားလေး ၆ ယောက်။

ရယ်တော့ရယ်ရသား အဲဒီတုန်းကပြောပါတယ် ကျမ လက်ဘက်ရည် ကျဆိမ့် သောက်တာကိုပဲ သူတို့က အံ့သြ နေကြတာ။ ခုခေတ်ဆိုရင်တော့ ယမကာလေး တခွက်တဖလားလောက် ချပြရင်တောင် အံ့သြတော့မှာ မဟုတ်ဘူးနော်။

သူတို့ ၆ ယောက်စလုံးက စုတ်တိစုတ်ဖတ်တွေချည်းပဲ ..။ နောင် ၇ ရက်သားသမီးဆိုပြီး မခွဲမခွာရှိကြမယ့် သူတွေ ပေါ့။

တနင်္ဂနွေသား ကိုအောင်မြင့်ဇော်က သူတို့ထဲမှာ အသက်အကြီးဆုံး .. စာအဖတ်ဆုံး .. ဆရာကြီး။ မျက်နှာက သမိန်ပေါသွပ်လို လေးထောင့်၊ အရပ်ကခပ်မြင့်မြင့် .. ရုပ်တော့ဖြောင့်သား မဆိုးပါဘူး။ သူက ဆရာမလေးတွေ လောက်ပဲ စိတ်ဝင်စားတာ။ ဆရာမလေးတွေက သူ့ထက်ငယ်တော့ သူ့ကို စေ့စေ့မကြည့်ရဲဘူး။ ကျောင်းသူ တွေကိုတော့ သူက ကလေးတွေလို သဘောထားတယ်။ ကျောင်းကနေ ခဏခဏ ပျောက်ပျောက်သွား တတ်တယ် .. ဘာတွေလုပ်နေမှန်းလည်းမသိဘူး။ တခြားစာတွေ အဖတ်များလောက် ကျောင်းစာမှာတော့ သူက ကျန်တဲ့ ၆ ယောက်ကို အားကိုးအားထား ပြုရတယ်။

တနင်္လာသား ကျော်စိုးတဲ့ .. မင်းမနိုင်သား ဆိုတဲ့အတိုင်း သူ့ကို ဘယ်မင်းမှ နိုင်ပုံမရဘူး။ ဆံပင်က ပြောင်းဖူးမွှေး လို ရှည်ရှည်ကျဲကျဲ .. ဆံပင်ဖြူတွေ ကြိုးကြား မြင်နေရတယ် .. ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့ လွယ်အိတ်က သေးသေး ပိစိလေး ..။ တီရှပ်ပေါ်မှာ ဂျင်းဝတ်စကုတ်ထပ်ဝတ်ထားတယ်။ ဒါသူစတိုင်။ အဲဒီ ဂျင်းဝတ်စကုတ် ကျောမှာ သူကိုယ်တိုင်လက်ဆော့ဆွဲထားတဲ့ Peace အမှတ်တံဆိပ်နဲ့ .. ။ သူ့ပုံစံကို ဘယ်မိန်းကလေးမှ သဘော မကျဘူး ..။ သူကလည်း မိန်းကလေးတွေကို သိပ်ကြည့်မရဘူး။ ကျမကိုတော့ သူခင်တယ်။ ကျမကလည်း သူ့ကို မကြောက်ဘူး။ အံ့သြစရာကောင်းတာက အဲဒီလို ကိုးယိုးကားယားပုံစံနဲ့သူက ဗုဒဘာသာသင်တန်းကို အဆင့် တော်တော်မြင့်မြင့်က အောင်ထားတာတဲ့ ..။ ဓာတ်ပုံတွေဘာတွေ ပြတာပဲ။ အင်္ဂလိပ်စာက လွဲရင် ကျန်တာတွေ အရမ်းညံ့တဲ့သူ့ကို အားလုံးက စာဝိုင်းသင်ရတယ်။ ရွှေပြည်စိုး ဆေးလိပ်အရမ်းသောက်တယ်။ အတန်းထဲက ကေသီစိုး ဆိုတဲ့ ကောင်မလေးကို သူက သဘောကျတယ် .. ကာရန်ညီအောင် ရွှေပြည်စိုးကို သောက်တာ ဆိုပဲ။ အဲဂလို ကြောင်တောင်တောင်တွေ လုပ်တယ်။ မြို့ထဲကနေ တကျပ်ထဲနဲ့ ကျောင်းလာပြီး .. ပြန်ရင် သူငယ်ချင်း တွေက ဝိုင်းဝန်းထောက်ပံ့ရတယ်။

ကိုကျော်စိုးက လည်ပုံလည်ပန်းနဲ့ သူများနှပ်သမျှ ခံရတာချည်းပဲ .. သူပဲပြောပြတာပါ။ အဲဒီအချိန်က ထူးအိမ်သင် ရဲ့ မှော်ဆရာအိပ်မက် မထွက်သေးဘူး ကြော်ငြာထားတုန်းပဲ ရှိသေးတာ .. အဲဒီတုန်းက ကျမတို့အားလုံး ထူးအိမ်သင်မှ ထူးအိမ်သင်လေ။ သူလည်း ထူးအိမ်သင်အရမ်းကြိုက်ပေါ့။ အဲဒီမှာ သူတို့ မင်းမနိုင်ထဲက သူငယ်ချင်းတယောက်က ကိုကျော်စိုးကို ထူးအိမ်သင်ရဲ့ မှော်ဆရာအိပ်မက် ဆိုတဲ့ သီချင်းဆိုပြမယ်ဆိုပြီး ခပ်တည်တည်နဲ့ ဂစ်တာတီးပြီး "မှော်ဆရာအိပ်မက်ကလေးရေ" ဘာညာနဲ့ သူ့ဘာသာစာသားတွေ သံစဉ်တွေ ထည့်ဆိုပြတာ ကိုကျော်စိုးက အဟုတ်မှတ်နေတာပေါ့။ နောက် အခွေလည်း ထွက်လာရော မှော်ဆရာအိပ်မက် ဆိုတဲ့ သီချင်းပါမလာဘူး .. အဲဒါက အခွေခေါင်းစဉ် .. သီချင်းလည်း မရှိဘူးဆိုတာ နောက်မှ သိရတယ်တဲ့ .. အဲဒီလို .. သူက .. သူခံရတာတွေလည်း ပြောပြတာပဲ .. လုံးဝ အရှက်မရှိဘူး .. ခင်ဖို့သိပ်ကောင်းတယ်။

အင်္ဂါသားကတော့ .......................................... ချန်ထားလိုက်တော့မယ် .. တချိန်မှာ တစုံတယောက် ဖြစ်လာ မယ့် သူ ဆိုပါတော့ :P သူက အညာသား .. အသားကမည်း .. မာနကကြီး .. စာလည်းတော် .. စူပါ ဘရိန်း ပေါ့ ..။ ကိုအောင်မြင့်ဇော်က အသက်အကြီးဆုံးမို့လို့ ဆရာကြီးဖြစ်ပေမယ့် သူကတော့ အားလုံးထဲမှာ အငယ်ဆုံး နဲ့ ဆရာကြီးဖြစ်တာ။ အားလုံးက တခုခုဆို သူ့ဆီက အကြံယူရတယ်။ ရီစရာကောင်းတာက သူက မိန်းမဆို လုံးဝအထင်မကြီးဘူး၊ မိန်းကလေးတယောက်တိုက်တဲ့ လက်ဘက်ရည်ကို မသောက်ဘူး၊ စစချင်း သူတို့နဲ့ လက်ဘက်ရည်ဆိုင်ထိုင်တဲ့နေ့မှာပဲ သူနဲ့ ပြဿနာထတက်တယ်။ ကျမက လက်ဘက်ရည်ဖိုးရှင်းတာကို သူက ပြဿနာရှာတာ။ နောက်ပိုင်းခင်သွားကြပြန်တော့လည်း အဲဒီပြဿနာ တော်တော်လေး ရှင်းကြရသေးတယ်။ သူ့နာမည်က အဲဒီခေတ်က ဇာတ်မင်းသားတယောက်နာမည်နဲ့ ခပ်ဆင်ဆင်တူလို့ သူ့ကို မင်းသားကြီးလို့ ခေါ်ကြတယ်။

ကျမက ရွှေထွန်းလို့ခေါ်တဲ့ ဇော်ထွန်းက ဗုဒဟူးသား ..။ ဒီကောင်က မျက်နှာကချိုချို .. တရုတ်ကလေး။ သဘော ကောင်းတယ်။ သူက ဘုရားလမ်းသားပေါ့ .. ကျောင်းနဲ့ သူ့အိမ်နဲ့က သိပ်မဝေးဘူး။ သူ့ညီမတွေကလည်း အရမ်း သဘောကောင်းတယ်။ နောက်ပိုင်းမှာ သူ့အိမ်က ခုနစ်ရက်သားသမီး စာစုကျက်ရာ၊ ဖဲဝိုင်း အရက်ဝိုင်းထောင်ရာ နေရာတခုလည်း ဖြစ်ခဲ့တယ်။ သူက ကျမတို့ထက် အသက်နည်းနည်းကြီးတယ်။ ဂျီတီအိုင်တက်ရင်း တက္ကသိုလ် ကိုလည်း ဘယ်လိုလုပ်တက်နေလည်းမသိဘူး။ အဲဒီတော့ သူက စာသိပ်မလိုက်နိုင်ဘူး .. အတန်းလည်း လစ်ရတယ် .. ကျမတို့က သူ့အတွက် တတ်နိုင်သလောက် ဝိုင်းကူရတယ်။ ပုံဆွဲကြပြီဆိုရင် အမြဲ ပြဿနာ .. စကေးကိုက်ဆွဲတဲ့ ပုံတွေ .. နောက်ဆုံးမှာ 3D ဖြစ်ရမယ် .. ဆို သူ ဘယ်တော့မှ မဖြစ်ဘူး။ ဆရာမ မသိအောင် သူ့ကို ကျမတို့ထဲက တယောက်ယောက်က ဝိုင်းဆွဲပေးရတယ်။

မျောက် လို့ ချစ်စနိုးခေါ်တဲ့ မင်းမင်းထွန်းက ကြာသပတေး ..။ အတန်းထဲမှာ မင်းမင်းထွန်း ၂ ယောက်ရှိပြီး အဲဒီ ၂ ယောက်စလုံးကို ကျမက သိပ်ခင်တယ်။ အဲဒီ ၂ ကောင်က နာမည်တူရတဲ့ထဲ ကျမအချစ်ဆုံး မိန်းကလေး သူငယ် ချင်းကို ၂ ယောက်လုံးကြိုက်ကြတယ်။ ဟိုတယောက်က မကွေးက၊ ကျမရဲ့မျောက်က မြောက်ဒဂုံကဆိုတော့ ကျမက သူ့ကို ချစ်စနိုး မျောက်လို့ခေါ်တယ်။ ကျမတို့ခေါ်တာကို သူက ကျေနပ်ပေမယ့် တခြားသူက အဲလို ခေါ်ရင် သူ လုံးဝမကြိုက်ဘူး။ ဒီကောင်က မြောက်ဒဂုံကနေ သူ့ထမင်းဗူးသူထည့်ပြီး ကျောင်းလာတတ်ရတာ။ ပုဆိုးဘိုသီဘတ်သီနဲ့ တောသားပုံ .. ကွမ်းစားလို့ နီရဲနေတဲ့သွားတွေနဲ့ .. မျက်နှာကတော့အမြဲပြုံးနေတတ်တယ်။ ပေါက်ကရက အမြဲလုပ်။ မူးပြီဆိုရင် အရမ်းရစ်တဲ့ကောင်။ စိတ်ထားကတော့ ဘာကောင်းသလဲ မမေးနဲ့။ သူ့ရဲ့ အစ်မတွေ ညီမတွေက သူနဲ့ဆန့်ကျင်ဘက် ဖြူဖြူချောချောလေးတွေ .. ခုထိ ကျမတို့ကိုခင်တယ်။ သူ့အမေနဲ့ အဖေက မကွေးမှာ တာဝန်ကျနေတာဆိုတော့ မြောက်ဒဂုံက အိမ်မှာ သူတယောက်တည်းနေတယ်။ သူ ဘာဟင်း ချက်လာလာ နနွင်းတွေ ဝါထိန်နေတတ်တယ်။ ကျမက ပြောရင်သူက နနွင်းများများစားမှ အသားလှ တာဟ .. ငါ ဒီလို အသားလှနေတာ နနွင်းစားလို့ပေါ့ လို့ အမြဲ ပြောတတ်တယ်။ တကယ်က သူ့အသားက ညိုပြီး အမြဲ ရေမချိုးတဲ့ ပုံနဲ့လေ။

သန်းနိုင်ဆိုတဲ့သောကြာသားက အဲဒီကတည်းက ကလေးအဖေဖြစ်နေပြီ။ သူ့အိမ်က အင်းစိန်တင်။ ကျောင်းနဲ့ သိပ် မဝေးဘူးပေါ့။ သူ့မိန်းမက မပူစူးတဲ့ .. သဘောကောင်းတယ်။ ဒီကောင်က ကျောင်းတက်တက်ချင်း သူ့ကိုယ်သူ လူပျိုလိုလို ဘာလိုလိုလုပ်နေတာ။ မကြာဘူး သိကြတာပါပဲ။ ပြီးတော့ရှိသေးတယ်။ သူ့မိန်းမက မဇိမလှိုင်းက ကိုရဲလွင်ရဲ့ ဘယ်နှဝမ်းကွဲမှန်းမသိတဲ့ တူမတော်တယ်။ အဲဒါကို ဒင်းက မသိနားမလည်သေးတဲ့ ကျမတို့ကို ကြွားတာ ..သူ့ကိုယ်သူ ကိုရဲလွင်ရဲ့တူ .. တဲ့။ အဲဒီအချိန်က ဒဏ္ဍာရီ ရုပ်ရှင်နဲ့ ခင်မောင်တိုးရဲ့ ပန်းချစ်သူ အခွေကလည်း ခေတ်စားနေတဲ့ အချိန်ဆိုတော့ ကိုရဲလွင်ကြီးကို အားလုံးက ခိုက်တဲ့အချိန်။ သန်းနိုင်ကို ဆရာကြီး ထင်ကြတာ။ နောက် သူငယ်ချင်းတွေ ဂစ်တာစုတီး သီချင်းစုဆိုတဲ့အချိန်ကျတော့မှ ပေါ်တယ်။ ဂစ်တာလည်း မတီးတတ်၊ သီချင်းတောင် အပေါက်လမ်းတည့်အောင် မဆိုတတ်ဘူး :P ဒါပေမယ့် ဒီကောင်က သူငယ်ချင်း တွေရဲ့ အနွံအတာအရမ်းခံတယ်၊ သဘောလည်းကောင်းတယ်။ ဒါပေမယ့် လူလည် အရမ်းကျတယ်။ ဥပမာ ပုံဆွဲတဲ့ စာရွက်တွေပိုဝယ်ထားတာမျိုးပေါ့။ ကိုကျော်စိုးက စာရွက်ဝယ်ဖို့ အမြဲမေ့တတ် သလို .. ရွှေထွန်းက ပုံတပုံကို ဖျက်လိုက်ဆွဲလိုက်နဲ့ စာရွက် ၂ ရွက် ၃ ရွက်အမြဲကုန်တယ်။ မှန်ဆောင် အပေါ်ဆုံး ထပ်ကနေ ဘယ်သူမှ ပြန်မဆင်းချင်ကြဘူးလေ .. အဲဒါဆို သန်းနိုင်က ပုံဆွဲစာရွက်တွေကို ၂ ဆ ၃ ဆဈေးတင် ပြန်ရောင်း .. မတတ်နိုင်ဘူး ဆဲဆိုပြီး ဝယ်ကြရတာပဲ။

အဲဒီလူဆိုးတွေနဲ့ပေါင်းတဲ့ တဦးတည်းသောကောင်မလေးကတော့ စနေသမီး ကျမပေါ့။ အားလုံးက သိပ်ခင် တယ်၊ ကျမအတွက်ဆို ဘာပဲဖြစ်ဖြစ် လုပ်ပေးတယ်၊ ကျမကို ကာကွယ်တယ်။

အတန်းထဲမှာ နောက်ဆုံးမှာထိုင်ကြတဲ့၊ ဗယုတ်အရမ်းကျတဲ့၊ ပေါက်ကရမှန်သမျှ အကုန်လုပ်တဲ့၊ ဆရာမတွေပါ မချန် ပြူးပြဲ ငမ်းတတ်တဲ့ အများစုက စာညံ့တဲ့ .. ဒီလူတွေနဲ့ပေါင်းတဲ့ ကျမကို အားလုံးက အထူးအဆန်းလို သဘောထားကြတယ်။ ကျမကတော့ခပ်တည်တည်ပဲ .. သူတို့နဲ့တွဲပြီး ပါဝင်လို့ရတဲ့ကိစ္စမှန်သမျှ အကုန် ပါဝင်တယ်။

ကျမတို့ ၇ ယောက်အုပ်စုကြီးက .. ပုံဆွဲခန်းဖြစ်တဲ့ မှန်ဆောင် ၃ ထပ်ပေါ်မှာ၊ ချွေးဒီးဒီးကျတဲ့ အီးစီ အလုပ်ရုံထဲမှာ ကျမတို့ အီးစီ ဘီ စာသင်ခန်းထဲမှာ .. တတွဲတွဲ မြင်ရရုံမကဘူး .. ကျမ ငှားနေတဲ့ ကျောင်းရှေ့က အဆောင် ကလေးမှာ .. အားတဲ့အချိန် ဂစ်တာစုတီးကြ .. ကျောင်းဘေးက "တခါတလေ အေးအေးဆေးဆေး" ဆိုတဲ့ လက်ဘက်ရည်ဆိုင်လေးမှာ လေပန်းကြ ..... သိပ်လည်းတွဲပြီး .. သိပ်လည်းချစ်ကြတယ်။

စာမေးပွဲချိန်ဆိုရင်တော့ ကျမရယ် မျောက်ရယ် မင်းသားကြီးရယ်က ကျန်တဲ့သူတွေကို တာဝန်ယူစာပြရတယ်။ အဲဒီအချိန်ဆို ကိုအောင်မြင့်ဇော်ကြီးက ပျောက်နေပြီ .. ဘယ်ရောက်နေမှန်းမသိဘူး။ ကျမတို့ ၃ ယောက်က ကျန်တဲ့ ၃ ယောက်ကို မဲနှိုက်ပြီး ကျတဲ့သူကို စာပြရတယ်။ ကိုကျော်စိုးကတော့ အားလုံးရဲ့ အင်္ဂလိပ်စာဆရာပေါ့။

အဲဒီလိုစာပြပြီဆိုရင် ဘယ်သူမှ ကိုကျော်စိုးကို မပြချင်ဘူး။ ဘာလို့လဲဆိုတော့ သူက စာသင်တာ ကြာရင် ပုစ္ဆာက နည်းနည်းပါးပါး ခက်နေရင် စိတ်ကဆိုးသေးတာ။ စိတ်ကောက်ပြီး အိပ်နေရော။ သူ့ကိုချော့ပြီး စာသင်ရတာ အရမ်းကို စိတ်ညစ်စရာကောင်းတယ်။ အများသောအားဖြင့်တော့ ကျမရဲ့ အပြင်ဆောင်လေးမှာ စုပြီး စာလုပ်ကြ တယ်။ အိမ်ရှင် အစ်ကိုနဲ့အစ်မ လင်မယားကလည်း သဘောကောင်းတယ်။ ကျမနဲ့ တူတူနေတဲ့ မြို့ပြက မေလတ် ကလည်း ချစ်ဖို့ကောင်းတယ်၊ အေးတယ်။ ကျမတို့အုပ်စုစာလုပ်ရင် သူကလည်း သူ့သူငယ်ချင်း တွေနဲ့ ထွက်သွား ရော ပဲ။

ကျမရဲ့အိမ်လေးကို သူတို့က ဒင်နီ့အိမ်လို့ နာမည်ပေးထားတယ် .. တော်တီလာဖလက်ထဲက ဒင်နီလေ။ တော်တီလာဖလက်အုပ်စုတွေလောက် မသောင်းကျန်းပေမယ့် အဲဒီလောက်နီးနီးပါပဲ။ တကယ်လည်း စကားနောက် တရားပါတာလားမသိပါဘူး .. တရက်မှာ တကယ့်ဒင်နီ့အိမ်လိုပဲ ကျမအိမ်ကလေး မီးလောင် ပါလေရော ...။

အဲဒီနေ့က မေလတ်က လှည်းကူးပြန်သွားတာ မရှိဘူး။ ကျမက မနက်ပိုင်းဒန်အိုးလေးနဲ့ ဝက်သားဟင်းချက်တာ .. အိမ်ရှေ့က လျှပ်စစ်မီးဖိုလေးနဲ့ပေါ့။ အဲဒီမီးဖိုလေးက တံခါးဘေးမှာ။ အိမ်က ပျဉ်ထောင် နှစ်ထပ်အိမ်။ ကျမတို့က အောက်ထပ်မှာနေတယ်။ ၂ ခန်းခွဲထားတယ်။ ဟိုဘက်ခန်းက ဒုတိယနှစ်က အစ်မတွေ၊ ကျမတို့က ဘယ်ဘက်ခြမ်းပေါ့။ ဝက်သားဟင်းချက်ရင်း မီးပျက်သွားတာ မသိလိုက်ဘူး၊ အဲဒီမှာ ကျောင်းသွားဖို့လုပ်ရင်း မီးက ပြန် မလာတော့ မီးပိတ်ဖို့မေ့သွားရော .. ကျမ ကျောင်းသွားနေတုန်း မီးကပြန်လာပြီး မီးဖိုပေါ်က ဝက်သားအိုးတူး ..တူးရာက ဒန်ကို အပူပေးသလိုဖြစ် .. ဝက်ဆီတွေမီးထတောက်ပြီး သစ်သားတံခါးကို မီးစွဲနေတာ .. အပေါ်ထပ်က အစ်ကို မြင်ပြီး တံခါးကိုဖျက် မီးပိတ် မီးငြှိမ်း အဲဒါတွေ လုပ်နေကြတာ။ နေ့ခင်း ထမင်းစားဖို့ ပြန်တော့မှ အိမ်ကဟောင်းလောင်း .. တွန့်လိမ်ကောက်ကွေ့နေတဲ့ ဝက်သားအိုးလေးက ဘေးမှာ။

ကျမကို ဘာမှ မပြောရှာပါဘူး .. ကျမရဲ့ ၇ ရက်သားသမီးအုပ်စုက အစ်ကိုတို့ကို ဝိုင်းတောင်းပန် .. တံခါးတွေ ဝင်ပြင်ပေး လုပ်ကြရတယ်။ ကျမကတော့ ကြောက်ပြီး ဘာမှမလုပ်နိုင်ဘဲ ငုတ်တုတ်လေးထိုင်လို့ပေါ့။ မေလတ်လည်း ပြန်လာရော .. တံခါးအသစ်ကလေးက ဆီးကြိုလို့ ..။ အဲဒီတုန်းက ကြောက်ပေမယ့် နောက်တော့ အဲဒီအကြောင်းပြောပြောပြီး ရယ်ကြတာပါပဲ။ ကျမလည်း အဲဒီကတည်းက တကယ့်ကို ဒင်နီဖြစ်သွားတော့တယ်။

နောက်များမှ ဆက်ဦးမယ် ..






ရွှေ သို့အဝင်

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁၁

စာနယ်ဇင်းသမားဘဝ ကမောက်ကမကို မရေးတာ အတော်လေး ကြာသွားပြီ။ ကြာဆို ကျမ အင်တာဗျူးဂျာနယ်က ထွက်လိုက်ပြီ ကိုး။ တလောလေးက အဲဒီဂျာနယ်တိုက်မှာ ဆုံခဲ့တဲ့ ဆရာသမားတယောက်နဲ့ ဖုန်းရတော့ သူကပြောပါတယ်။ စာနယ်ဇင်း သမားဘဝ ဆက်ရေးလေ တဲ့.. ငါ့ကိုပြောပြတဲ့သူတွေရှိတယ်။ ဘယ်ရောက်နေပြီ .. ဘာဖြစ်နေပြီ ဆိုပြီးပေါ့ တဲ့။ ကျမ ရေးရမှာ နည်းနည်း လက်တွန့်မိသလိုပဲ။ ကျမရေးတဲ့ထဲမှာ အမှန်တွေပေမယ့် တစုံတယောက်ကို ထိခိုက်တာမျိုး ဖြစ်သွားမလားဆိုတာ စဉ်းစားမိလို့ပါ။ အရင်တပုဒ်မှာတုန်းက မောင်လေး သင်ကာက အဲဒီအယ်ဒီတာချုပ်ကြီးကို သိတယ်လို့ ပြောပါတယ်။ ကျမ ရေးနေတာ သူထင်တဲ့သူ မဟုတ်ပါဘူး။ နောက်ပြီး သူပြောသလို သျှီသူအောင်လည်း ကျမထွက်တဲ့အချိန်ထိ မရောက်သေးပါဘူး။ ထားတော့။ ကျမရဲ့ စာနယ်ဇင်းသမားဘဝကို အရင်းအတိုင်းရေးပါမယ်။ လူတွေကို အပြစ်မတင်ချင်ပါဘူး။ ခေတ်ရယ် စနစ်ရယ် .. အဲဒီထဲမှာ လည်သလို စားစတမ်းဆိုတဲ့ သံသရာထဲ မထင်မှတ်ဘဲ ရောက်သွားရသူတွေရယ် .. ဒါတွေကိုပဲ တင်ပြမှာပါ။ ထိခိုက်မှုရှိရင်တော့ ခွင့်လွှတ်စေချင်ပါတယ်။ ဆိုးရွားလှတဲ့သူတွေကိုတော့ ကျမ နာမည်တွေ ချန်လှပ်သွားပါမယ်။ သူတို့ဘာသာ သိလိမ့်မယ် ထင်ပါတယ်။


အင်တာဗျူးက ထွက်လိုက်ချိန်မှာ ကျမ ရင်ထဲကျန်ခဲ့တာကတော့ ငါ .. စာရေးတဲ့အလုပ်ကို တသက်လုံး မစွန့်လွှတ်နိုင်ဘူး ဆိုတာ ပါပဲ။ ဂျာနယ်လစ်အဖြစ် အသက်မွေးမယ်၊ မမွေးဘူး ဆိုတာတော့ ကျမ သိပ်မသေချာဘူး။ ဒါပေမယ့် ကျမ အဲဒီဘဝကို ခုံမင်နေတာတော့အမှန်ပါ။ အင်တာဗျူးက ထွက်လိုက်ချိန်မှာ ဝမ်းရေးအတွက် ကျမ အလုပ်မျိုးစုံ လုပ်ဖြစ်ပါတယ်။ ဘာတွေလဲ တော့ မပြောတော့ပါဘူး။ သမ္မာအာဇီဝ အလုပ်ပေါင်းစုံပေါ့လေ။ လက်ဘက်ရည်ဆိုင် တဆိုင်လည်း ဖွင့်ဖြစ်ခဲ့သေးတယ်။ ကိုယ်တိုင် မကျွမ်းကျင်ဘဲ လုပ်မိတဲ့ ရလဒ်ကတော့ သိန်းပေါင်းများစွာ အရှုံးပေါ်ခဲ့တာပါပဲ။ အဲဒီက အမြတ်ကတော့ လက်ဘက်ရည်ဆိုင် ဖွင့်ထားတဲ့ကာလမှာ လူတွေအကြောင်း ပိုလေ့လာခွင့်ရသလို ဝတ္ထုတို တော်တော်များများ ရေးဖြစ်ခဲ့တာပါ။
*
အဲဒါ ကျမအလုပ်မှ မဟုတ်ဘဲလေ။ ကျမ တကယ်ကို ပျော်ပိုက်တဲ့ နေရာက စာနယ်ဇင်း အသိုင်းအဝန်း၊ စာပေလောက အသိုက် အမြုံ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေ ကြားမှာ နေရတဲ့ အရသာ ..။ အဲဒီအချိန်က ၂၀၀၂ ဝန်းကျင်၊ သတင်းဂျာနယ်ဆိုတာကို လူတွေ စိတ်ဝင်စားရကောင်းမှန်း သိနေပြီ။ ဒါပေမယ့် ဈေးကွက်မှာ လွှမ်းမိုးနေဆဲ ဂျာနယ် တွေကတော့ Pop ဂျာနယ်လို့ ပြောတဲ့ ရုပ်ရှင်၊ ဂီတ၊ အတင်းအဖျင်းစွက်တဲ့ အနုပညာဂျာနယ်တွေပါ။
*
သတင်းဂျာနယ်ဆိုလို့ လက်ချိုးရေလို့ရတဲ့ကာလပေါ့။
မြန်မာတိုင်းမ်စ် ဂျာနယ်ကြီးက ထောက်လှမ်းရေးအစိုးရ နောက်ခံနဲ့ အင်အားကြီးနေချိန် 7 days သတင်း ဂျာနယ်ဆိုတာလေးက အတက် စထွက်ခဲ့ပါတယ်။ အဲဒီမှာ တချိန်ကျရင် The voice ဆိုတဲ့ အင်အားကြီး သတင်းဂျာနယ်တစောင် မွေးထုတ်မယ့် Living Color မဂဇင်းရယ် တချိန်မှာ ကုမုဒြာ ဂျာနယ်ကို မွေးထုတ်တော့မယ့် ဓန မဂဇင်းရယ် ပြီးတော့ မြန်မာ့ဓန မဂဇင်း ရယ်ဟာ သတင်းဂျာနယ်ခေတ်ကို မရောက်ခင် ပေါင်းကူးပေးထားတဲ့ သတင်း မဂဇင်းတွေလို့ ဆိုနိုင်ပါတယ်။
*
စာပေအလုပ်နဲ့ မဆိုင်တဲ့ အလုပ်တွေလုပ်နေရတဲ့ ကျမ စာပေလောကကို ပြန်ခြေချဖို့ဖြစ်လာပြန်ပါတယ်။ ဘာရယ်မဟုတ်ဘဲ အလုပ်ခေါ်တဲ့ ဂျာနယ်တိုက်တွေ မဂဇင်းတိုက်တွေမှာ အလုပ်တွေ လျှောက်မိပါတယ်။ အဲဒီမှာ ကံဆိုးမိုးမှောင်ကျစွာနဲ့ ခပ်တုံးတုံး ကျမ ဂျာနယ်တစောင်မှာ လျှောက်လွှာတင်မိပါတယ်။ အဲဒီဂျာနယ်က ကျမကို အင်တာဗျူးဖို့ ခေါ်ပါတယ်။ အင်တာဗျူးတဲ့ အချိန် အယ်ဒီတာချုပ်ဆိုတဲ့ သူကို တွေ့လိုက်ရချိန်မှာ ကျမ တော်တော်လေး စိတ်ကုန်သွားပါတယ်။ လှည့်ထွက်ဖို့မသင့်တော်လို့ အင်တာဗျူး ထိုင်ရပေမယ့် အလုပ်ရရင်တောင် မလုပ်တော့ဖို့ ဆုံးဖြတ်မိလောက်အောင် ဖြစ်ရတဲ့ အဲဒီသူဟာ ဘယ်သူလို့ ထင်ပါသလဲ။ စိတ်ကုန်ဖို့ ကောင်းတဲ့သူလို့သာ မှတ်ထားပေတော့။ စာပေလောကမှာ စိတ်ကုန်ဖို့ကောင်းတဲ့သူ သိပ်မများပါဘူး :P

*
အဲဒီအလုပ်မှာ မလုပ်ဖြစ်ဘဲ ဒီတိုင်း လျှောက်သွားနေရင်း တနေ့မှာတော့ ကျမကို အင်တာဗျူးလာဖြေဖို့ နေရာ ၂ ခုက တပြိုင်တည်း ခေါ်ပါတယ်။ တခုက 7 days news ဂျာနယ်ပါ။ ပိုင်ရှင် ဦးသောင်းစုငြိမ်းက ခေါ်တာပါ။ နောက်တခုကတော့ ရွှေအမြုတေ နဲ့ အလင်းတန်းဂျာနယ်ပါ။ အဲဒီလို တပြိုင်တည်း ဖြစ်တတ်တဲ့သူကို တူးတူးသာဟု ခေါ်သည် လို့ ပြောရမယ် ထင်တယ်။ ဒီ ၂ ခုက တရက်တည်းခေါ်တာ ဆိုတော့ ကျမ စဉ်းစားရပါတော့မယ်။ အဲဒီတုန်းက အမှန်အတိုင်းပြောရရင် ကျမအတွက် ရွှေအမြုတေက အားသာခဲ့ပါတယ်။ ဘာကြောင့်ဆိုတော့ ကျမက ရသ မဂဇင်းမှာ လုပ်ချင်တာ အရူးအမူးဖြစ် နေတာကိုး။
*
နောက်ပြီး ရွှေအမြုတေက လူလေးစားခံရတဲ့ မဂဇင်း၊ ဝတ္ထုတိုတွေ ဖောဖောသီသီနဲ့ သိပ်ကို လှပတဲ့ မဂဇင်း တစောင်လေ။ ဆဲဗင်းဒေး ဂျာနယ်က အဲဒီအချိန်မှာ ဘာမှ မဟုတ်သေးဘူး။ သတင်းဂျာနယ်ဆိုတာလည်း ခေတ်မရှိသေးဘူး။ နောက်ပြီး နေရာကိုစဉ်းစားလိုက်တော့ ရွှေအမြုတေက ဘားလမ်းတင်၊ ဆဲဗင်းဒေးက တက္ကသိုလ်ရိပ်သာလမ်းမှာ အဝေးကြီး။ ကျမတို့ သန်လျင်ကနေ ကား ၂ ဆင့်စီးမှရောက်မှာ။
အမယ် .. ပြောနေပုံက အလုပ်ရမှာ ကျနေတာပဲ လို့တော့ မတွေးလိုက်ပါနဲ့။ ကျမစိတ်ထဲမှာ အဲဒီ ၂ ခုလုံး ကျမရဲ့ လျှောက်လွှာကို ကြိုက်လို့ ခန့်မလိုခေါ်တယ်ဆိုတာ သိတယ်။ ဘယ်လိုသိလဲဆိုရင် ဒီလိုပဲ သိတယ်။ အဲဒီလို ပြောလို့ ကြွားတယ် မထင်ပါနဲ့ ..။ တကယ်ကို ကျမ အဲဒီတုန်းက အဲလိုပဲ ထင်ခဲ့တာပါ။
*
ဆက်ရရင် ကျမ ဆဲဗင်းဒေးကို အကြောင်းမပြန်တော့ဘဲ၊ အလင်းတန်း တိုက်ပေါ်ပဲ တက်ခဲ့ပါတော့တယ်။
ကျမတို့ စ ခေါ်တဲ့နေ့မှာ လျှောက်ထားတဲ့ သတင်းထောက်အရေအတွက်က ၃၀ လောက်ရှိမယ်။ အလင်းတန်း ရှေ့ခန်းလေးမှာ ပြည့်လို့။ အဲဒီလူတွေကို အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ဘာလုပ်တယ် ထင်ပါသလဲ။ မြန်မာ့အလင်း ဦးသန်းညွှန့်ကို ခေါ်ပြီး စကား ပြောခိုင်း .. ကျမတို့ အလုပ်လျှောက်ထားသူတွေကို ထိုင်နားထောင်ခိုင်းတာပါ။ သတင်းထောက်တယောက်ဟာ ဘယ်လို အရည် အချင်းနဲ့ ပြည့်စုံရမယ်ဆိုတာတွေ ဆရာကြီးက ပြောတာပါ။ အဲဒီထဲမှာ အလုပ်မရမယ့်သူက ၂၅ ယောက်နဲ့ အထက်မှာ ရှိမယ်။ သို့သော် အားလုံး ထိုင်နားထောင်ကြရတာပါပဲ။ ဆရာကြီးက ပြောပြီးသွားချိန်မှာ အားလုံးကို ပြန်ခိုင်းပါတယ်။ နောက်တနေ့ကို ထပ်ချိန်းတယ်။
*
နောက်တနေ့ ပြန်ရောက်တဲ့ အခါကျတော့ ကျမတို့ အားလုံး အင်တာဗျူးလက်တွေ့လုပ်ရပါတယ်။ ဦးဝင်းငြိမ်းက မင်းသမီး မျိုးစန္ဒီကျော်ရယ် မင်းသားဖြိုးငွေစိုးရယ်ကို ခေါ်ထားပေးတယ်။ အဲဒီနှစ်ယောက်ကို ကျမတို့ တလှည့်စီ ဗျူးရပါတယ်။ ဒါလောက်က ကျမအတွက် ဘာမှခက်တဲ့ကိစ္စမဟုတ်ဘူးလေ။ ဒါကို ဆရာတို့ကလည်း သိပုံရပါတယ်။ အဲဒီအင်တာဗျူးတွေကို အိမ်မှာ ပြန်ရေးပြီး နောက်နေ့ ပြန်လာပေးရပါတယ်။
အဲဒီမှာ ကျမအလုပ်ရပါတယ်။ သတင်းထောက်ပေါ့။
*
တချို့က မေးကြတယ်။ ကျမက အင်တာဗျူးဂျာနယ်မှာ အယ်ဒီတာ လုပ်ခဲ့ပြီး ဘာလို့ အလင်းတန်းမှာ သတင်းထောက်လုပ်တာလဲတဲ့။ အဲဒီလို မေးတဲ့သူတွေကို ကျမကတော့ အယ်ဒီတာဆိုတာ သတင်း ထောက်ထက်မြင့်တယ်လို့ ဘယ်သကောင့်သားကများ ပြောခဲ့ပါသလဲ လို့ မေးချင်ပါတယ်။ ကျမအနေနဲ့ကတော့ သတင်းထောက်ပဲ ဖြစ်ဖြစ်၊ အယ်ဒီတာပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကို ကိုယ် ပိုင်နိုင်ကျွမ်းကျင်၊ ကိုယ့်နယ်ပယ်မှာ ကိုယ် ထူးထူးချွန်ချွန် လုပ်ပြနိုင်ဖို့သာ လိုရင်းပါ။ စာပေနဲ့ အလုပ်လုပ်ချင်တဲ့ ကျမအတွက်ကတော့ သတင်းထောက်ပဲဖြစ်ဖြစ် အယ်ဒီတာပဲဖြစ်ဖြစ် သိပ်မကွာပါဘူး။ ဒါပေမယ့် တခုရှိတာက ကျမ ဘာကို ပိုကျွမ်းကျင်သလဲ ဆိုတာပါပဲ။ ကျမ ဘာကို ပိုကျွမ်းကျင်တယ်ဆိုတာ နောက်တော့ လာပါမယ်။
*
နည်းနည်း ကြားဖြတ်ပြောရရင် .. မြန်မာ စာနယ်ဇင်းလောကမှာ အယ်ဒီတာတွေ မှိုလိုပွနေပါတယ်။ အယ်ဒီတာ ဆိုတာကို ရာထူး တခုအနေနဲ့ ပေးကြတယ်။ လုပ်တဲ့သူကလည်း အယ်ဒီတာအလုပ်ဆိုတာ ဘာလဲမသိဘဲ လုပ်နေကြတာပဲ။ အားလုံး အိုကေ နေကြပါတယ်။ တကယ်က အယ်ဒီတာ ဆိုတာ သိပ်ကို တာဝန်ကြီးတဲ့သူပါ။ ရသမဂဇင်း အယ်ဒီတာနဲ့ သတင်းဂျာနယ် တစောင်ရဲ့ အယ်ဒီတာ .. တာဝန်ချင်း မတူသလို လုပ်ရတဲ့ အလုပ်တွေလည်း ကွဲပါတယ်။
*
ကျမ ငယ်ငယ်က ဦးလေး ဦးအောင်ပြည့်ကို သိပ်အားကျခဲ့တယ်။ ချယ်ရီ မဂဇင်းရဲ့ အယ်ဒီတာချုပ်ဆိုတဲ့ နေရာကို သူဘယ်လိုရခဲ့သလဲ။ သူဟာ အောင်ပြည့် ဖြစ်တဲ့အတွက် ရတာမဟုတ်ပါဘူး။ အောင်ပြည့်ဆိုသူရဲ့ အယ်ဒီတာ အရည်အသွေးကို ထုတ်ဝေသူက သိလို့ ဒီနေရာကို ရတာပါ။
မဂဇင်းတအုပ်ဟာ သူ့လက်ထဲမှာ ပန်းတပွင့်တလတခါ ပွင့်သလို လှလှပပ ပွင့်ခဲ့တယ်ဆိုတာ ချယ်ရီခေတ်ကို မီခဲ့သူတွေ သိပါတယ်။ အဲဒီလိုပဲ ကွယ်လွန်သူ ဆရာဦးခင်မောင်မြင့်ဆိုရင်လည်း သူ့ရဲ့လက်ထဲမှာ မဟေသီ ဆိုတဲ့ သမီးပျိုလေးကို အံ့သြစရာ ကောင်းလောက်အောင် လှလှပပ မွေးထုတ်ပေးခဲ့တယ်။ အဲဒီလို အရည်အချင်းကောင်းတွေနဲ့ ပြည့်ခဲ့တဲ့ အယ်ဒီတာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီဘက် သတင်းဂျာနယ်ခေတ်ရောက်ပြန်တော့လည်း ရှိလာပါတယ် .. ဒါက နောက်တော့ဆက်ပါမယ်။
*
အလင်းတန်းကိစ္စ ဆက်ရရင် ကျမနဲ့ အတူ အလုပ်ရတဲ့သူ ၃ ယောက် ရှိခဲ့ပါတယ်။ အားလုံးထဲမှာ ကျမက အကြီးဆုံးပါပဲ။ ခင်ခင်ကျော်ရယ်၊ ကိုကြည်အောင်ရယ်၊ ကိုသန့်ဇင်ရယ် ကျမရယ်။ အဲဒီကတည်းက ခုချိန်ထိ တစိုက်မတ်မတ် အဲဒီမှာပဲ ဆက်လုပ် နေတဲ့သူကတော့ ခင်ခင်ကျော်ပါ .. သူက ခင်လေးမြင့်နာမည်နဲ့ Pop အင်တာဗျူးတွေ ရေးနေပါတယ်။
၎ ယောက်ထဲမှာ ဆရာဦးဝင်းငြိမ်းက ကျမကို တော်တော်လေး အားကိုးပုံရပါတယ်။
*
ကျမက အသက်လည်း အကြီးဆုံး အတွေ့အကြုံကလည်း ကျန်တဲ့သူတွေထက်ရှိသူ၊ နောက်ပြီး ကျမက အဲဒီအချိန်မှာ ဝတ္ထုတိုလေးတွေ မဂဇင်းမှာ ဖော်ပြခံနေရတဲ့ စာရေးဆရာမ ပေါက်စလေးဖြစ်နေပြီ။ ကျမတို့ကို အလင်းတန်းက တော်တော်လေး နွေးထွေးပါတယ်။ အယ်ဒီတာ ကိုဦးဆွေရယ် ဓာတ်ပုံရိုက်တဲ့ ကိုလင်းရယ်ကလည်း အမြဲပျော်ပါး ပေါ့ပါးနေကြတယ်။ ဆရာဦးဝင်းငြိမ်းကိုယ်တိုင် အမြဲ ပြုံးရွှင်နေ၊ ကျမတို့ကို စ နောက်နေတတ်တာပါ။
နောက်ပြီး အလင်းတန်းဂျာနယ်က ရုပ်ရှင်ရိုက်ကွင်းတွေ သွားရာမှာ သိပ်ကိုလွယ်ကူလွန်းပါတယ်။ ဘာလို့ဆိုတော့ ဦးဝင်းငြိမ်း နာမည် တလုံးနဲ့တင် အားလုံးပြီးတယ်။ ဘယ်သူ့ကို ဗျူးချင်လဲ ..၊ ဘယ်သူနဲ့ တွေ့ချင်မေးချင်လဲ။ အဆင်ကို ပြေနေတာပဲ။
*
ကျမက ရောက်ရောက်ချင်း လမှာပဲ အခွင့်ထူးခံအနေနဲ့ စာရေးဆရာ နီကိုရဲကို ဗျူးခွင့်ရပါတယ်။ အဲဒီတုန်းက ဆရာနီကိုရဲက စိတ်အိုင်ပက်သူ ထွက်ခါစ။ သူနဲ့ အင်တာဗျူး အသေးစိတ်ကိုတော့ နောက်မှ ဆက်ပါမယ်။ ဘာလို့ဆိုတော့ ဆရာနီကိုရဲနဲ့ ကျမ ၂ ခါ အင်တာဗျူးခွင့်ရခဲ့တာပါ။ ဒုတိယအကြိမ်ဗျူးတာက သုံးလို့မရတဲ့အတွက် အဲဒီအကြောင်းကိုပါ ရောပြီး ရေးပါမယ်။
ကျန်တဲ့ ၃ ယောက်ရဲ့ အင်တာဗျူးလေးတွေ အလင်းတန်း ဂျာနယ်မှာပဲ ပါခွင့်ရတဲ့အချိန်မှာ ကျမရဲ့ အင်တာဗျူးက ရွှေအမြုတေ မဂဇင်းကြီးမှာ ဖော်ပြခံရတယ်။ ပြီးတော့ ကျမ ရွှေအမြုတေမှာ ရုပ်ရှင်ဆောင်းပါးတွေလည်း ရေးခွင့်ရတယ်၊ နောက်ပြီး ကျမရဲ့ စက်နဲ့လူ ဝတ္ထု ရွှေအမြုတေမှာ ဖော်ပြခံရတယ် (ဒါကတော့ အခွင့်ထူးခံမဟုတ်ပါဘူး) ဆရာဦးဝင်းငြိမ်းက မကြိုက်ရင် ဘယ်သူ့ ဝတ္ထုဖြစ်ဖြစ် မသုံးပါဘူး။ ကျမရဲ့ ဝတ္ထု ရွှေအမြုတေမှာ ၂ ပုဒ်ပဲ ဖော်ပြခံရဖူးတယ်။ တပုဒ်က အဲဒီက ထွက်မှ ဖော်ပြခံရတာပါ။
*
ကျမရဲ့ စာနယ်ဇင်းသမားဘဝ အချိုးအကွေ့လို့ ပြောရမယ် ထင်ပါရဲ့ ..။ လူတွေအကြောင်း၊ အထူးသဖြင့် အနုပညာနယ်ပယ်က လူတွေအကြောင်း ပိုသိအောင် အဲဒီအလင်းတန်းနဲ့ ရွှေအမြုတေက သင်ပေးခဲ့ပါတယ်။ နောက်မှ ဆက်ရေးပါဦးမယ်။

ရယ်တတ်အောင်သင်တဲ့သူ




သင်္ဘောဆိပ်မှာ လူတွေကျိတ်ကျိတ်တိုးနေတယ်။ ရန်ကုန်သွားမယ်သူတွေတဲ့ ..။ မောင်နှမနှစ်ယောက် မျက်နှာငယ်လေးတွေနဲ့ ဘာလုပ်ရမမှန်းမသိ ဖြစ်နေတုန်း ပါပါ့ တပည့်တယောက်က အနားကို ရောက်လာ တယ်။

“သမီးတို့ ရန်ကုန်သွားမှာ မဟုတ်လား။ လက်မှတ်တန်းစီနေရင် ဒီအခေါက်မီမှာ မဟုတ်ဘူး .. ရော့ .. ဦးဆီက လက်မှတ်တွေယူလိုက် သွားတော့ သမီးတို့ .. သင်္ဘောမမီပဲနေမယ်” လို့ ပြောလာတဲ့ သူ့လက်ထဲက လက်မှတ်တွေကို ကြောင်တောင်တောင်ယူရင်း သင်္ဘောပေါ် ပြေးတက်လိုက်ကြတယ်။

“တူးတူး၊ တူးတူး ငါတို့လည်းလိုက်မယ် နေဦး” ဆိုတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တော့ ဝင်းသူနဲ့ ယူဂျင်း။ သူတို့က ကျမရဲ့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သလို ပါပါ့တပည့်တွေ ဆိုလည်း ဟုတ်တယ်။ သင်္ဘောပေါ်မှာ ထိုင်မိကြတော့ ထူးထူးဆန်းဆန်း စကားအရမ်းများတဲ့ ဒီနှစ်ကောင်က နှုတ်ပိတ် တိတ်ဆိတ်လို့ ပုံမှန် စကား သိပ်မပြောတဲ့ ကျမက ဘာတွေမှန်းမသိ လေဖောနေမိတယ်။ ၈ တန်းပဲ ရှိသေးတဲ့ ကိုရဲလေးက ဘေးမှာ ငြိမ်ငြိမ်လေး လိုက်ပါလာတယ်။

ရန်ကုန်ကိုသင်္ဘောဆိုက်တော့ ဝင်းသူက လေးဘီးကားငှားမယ်တဲ့။ “ပိုက်ဆံကုန်ပါတယ်ဟာ။ ဘတ်စ်ကားပဲ စီးသွားရအောင်” ဆိုတော့ ယူဂျင်းကပါ “ကားငှားသွားပါမယ်ဟာ နင်ကလည်း .. ” ဆိုတော့ နည်းနည်းတော့ အံ့သြသွားသေးတယ်။ ဒါပေမယ့် ထင်မထားမိသေးဘူး။

ခု ဗိုလ်ရာညွန့်လမ်း လို့ခေါ်တဲ့ လမ်ကစ်စတာ လမ်းက “ဦးတက်တိုးနဲ့ ဒေါ်နုယဉ်” တို့ရဲ့ အိမ်ရှေ့မှာ ကားရပ်လိုက်တာနဲ့ မသိစိတ်ရဲ့ ခေါ်ဆောင်ရာကို ကျမခြေထောက်တွေက လိုက်ပါသွားတယ်။ ဦးတက်တိုးရဲ့ သားမက် .. ကျမ ဦးလေးအငယ် ဦးညွန့်တို့ အိမ်ရှေ့ကို ရောက်တော့ အိမ်ထဲမှာ ဘုန်းကြီးတွေ .. “သက်ပျောက်ဆွမ်း” တဲ့ .. “ပါပါ ဆုံးပြီ” .. မေမေ့မျက်ရည်တွေရယ် ကိုနောင်ကြီးရဲ့ ချုပ်တီးထားတဲ့ ဝမ်းနည်း မျက်နှာရယ်က ကျမကို ဆီးကြိုနေတယ်။

တကယ်တော့ သန်လျင်မှာ တွေ့ခဲ့တဲ့ ပါပါ့တပည့်ကော၊ ယူဂျင်းနဲ့ ဝင်းသူတို့ပါ ပါပါဆုံးပြီဆိုတာ သိပြီးသား။ ကျမကို ပြောမထွက်လို့ .. ဒီတိုင်း ငြိမ်ငြိမ်လေး လိုက်ပါခဲ့ကြတာတဲ့။ ပါပါက မနေ့ညနေကတောင် ဆေးရုံကြီးမှာ ကျမကို စကားတွေ အများကြီးပြောနေသေးတာ။ “သမီး ကာတွန်းခတွေ ပါပါ ရစရာ ရှိသေးတယ်။ တိုက်တွေသွား ထုတ်ဖို့ ပါပါရေးပေးထားတဲ့ စာလေး သေချာသိမ်းထားနော်” တဲ့။

“ညကျတော့ ပါပါက မေမေ့ကို အတင်းနှင်လွှတ်တယ် .. ငါ့တယောက်ပဲ နေရမယ်တဲ့ဟ။ ပြီးတော့ ပါပါ အိပ်ချင်ပြီ ခြင်ထောင်ချပေးတော့ ဆိုပြီး အိပ်သွားတာ။ ပါပါ ဆုံးတာ ငါတောင်မသိလိုက်ဘူး” လို့ ကိုနောင်ကြီးက ပြောပြနေတယ်။ ပါပါ မခံစားသွားရဘူးပေါ့။ ဒါမှမဟုတ် အားလုံးကို စိတ်ချ သွားတာလား။

မောင်နှမထဲမှာ အကြီးဆုံးဖြစ်ပြီး၊ အားလုံးက သိပ်ချစ်တဲ့၊ အားလုံးထဲမှာ အရင်ဆုံး ကွယ်လွန်ခဲ့တဲ့ ပါပါ့အတွက် သူ့ညီတွေ၊ ညီမတွေလည်း တော်တော်လေးခံစားကြရတယ်။

အဲဒီနေ့က ဇူလိုင် ၃ ရက်၊ ၁၉၉၂ ခုနှစ်။ ပါပါ ကျမတို့ကို ခွဲခွာသွားတာ ခုဆို ၁၇ နှစ်တိတိရှိပြီ။

တဦးတည်းသော သမီးကို ပါပါ သိပ်ချစ်တယ်။ ကျမကလည်း မေမေ့ကိုထက် ပါပါ့ကို ပိုတွယ်တာတယ်။ ညဥ့်နက်သန်းခေါင် ကာတွန်းထိုင်ဆွဲနေကျ ပါပါ့ကို ကျမတို့မောင်နှမတွေနဲ့ မေမေက အမြဲစောင့်ပေးတယ်။ ပါပါက ကျမတို့ဘက် လှည့်ပြီးစကားပြောလိုက်၊ တခါတလေ ကျမတို့ ပေးတဲ့ ပေါက်တက်ကရ အိုင်ဒီယာ တွေကို အရေးတယူလုပ်ပြီး စဉ်းစားလိုက်နဲ့ .. ပါပါ့ကာတွန်းလေးတွေက အသက်ဝင်လာတတ်တယ်။

ညနေစာ စားပြီးတိုင်း အိမ်ရှေ့မြေနီလမ်းလေးမှာ ပါပါရယ် ကျမရယ် လမ်းလျှောက်ကြတယ်။ ပါပါက မြေပဲ ဆားလှော်လေး တထုပ်ကို ဝါးလို့ပေါ့။ အဲဒီနေ့ရက်တွေမှာ ကျမရဲ့ စိတ်ကူးတည့်ရာ စကားလုံးတွေကို ပါပါက နားထောင်ပေးခဲ့၊ ကျမကို တည့်မတ်ပေးခဲ့တာ။ အရွယ်လေး လက်တောက်လောက်နဲ့ စာပေဝေဖန်ရေးတွေ မဟုတ်မဟတ်လုပ်၊ ပြောဆိုတတ်တဲ့ကျမကို ပါပါက အထင်တသေး ဘယ်တော့မှ မပြောဘူး။ ကျမအမြင်ကို လက်ခံ ဆွေးနွေးတယ်။ ပုံမှန်အားဖြင့် အဲဒီလို စကားလုံးတွေကို ကျမ ပါပါ့ရှေ့မှာပဲ ရဲရဲ ဝံ့ဝံ့ ပြောရဲခဲ့တာပါ။

ပါပါက ဂစ်တာတီးပြီးဆိုနေကျ “You” သီချင်းလေးကို သိပ်ကြိုက်တယ်။ “သမီးရေ You ဆိုပါဦး” လို့ အမြဲတောင်းဆိုတတ်တယ်။ သမီးဆိုတော့လည်း ဘာဆိုဆို ကြိုက်မှာပေါ့လေ။ နောက်မှ စဉ်းစားမိတာပါ။

ပါပါ အရက်မူးတာ ကျမတခါပဲတွေ့ဖူးတယ်။ အဲဒီတုန်းက ကျမဦးလေးငယ် ဦးညွန့်ရယ်၊ ပါပါ့ ယောက္ဖ ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ ရယ် ပါပါ့ကို အတင်းခေါ်သွားပြီး အရက်တိုက်တာ မှတ်မိတယ်။ ပြန်လာတော့ မူးပြီး ရေချိုးခန်းထဲဝင် ထိုးအန်တာ။ မေမေက စိတ်တွေဆိုး၊ ပါပါ့ညီမတွေဖြစ်တဲ့ ဒေါ်ဒေါ်အေးနဲ့ ဦးဝဏမိန်းမ ဒေါ်ဒေါ်ချိုကလည်း စိတ်တွေဆိုးပေါ့။

ဦးညွန့်မိန်းမ၊ ဒေါ်ရည်လေးကတော့ ကြောက်လန့်ပြီး နေစရာမရှိဖြစ်နေတာ။ ဒေါ်ဒေါ်အေးက သူ့မောင် ဦးညွန့်ကိုဆူ၊ ဒေါ်ဒေါ်ချိုကလည်း သူ့ယောက်ျား ဦးဝဏကိုဆူ .. သူတို့အစ်ကိုကြီးကို အရက်တိုက်ရမလား လို့ပေါ့။ ကျမက အဲဒီတုန်းက ကလေးလေးပဲ ရှိသေးတာ။ ဘာမှမသိ။ ခုတော့ ဦးဝဏက လုံးဝ မသောက် တော့ဘူး ဦးညွန့်ကတော့ တခါတခါ သောက်တုန်းပဲတဲ့ .. ဖုန်းဆက်တုန်းက ပြောတာ။

အရက်ကို လုံးဝ မသောက်တဲ့ ပါပါက ဆေးလိပ်တော့အရမ်းကြိုက်တယ်။ အဲဒီဆေးလိပ်ကပဲ ပါပါ့ကို သေမင်းဆီပို့ခဲ့တယ်ဆိုရမယ် ထင်ပါရဲ့။ မှတ်မှတ်ရရ မေမေ့ကို ဆေးလိပ်ဖြတ်လိုက်ပြီ လို့ ပြောပြီးမှ ပါပါ ဆေးလိပ်ခိုးသောက်တာ မိသွားတော့ ပါပါ့ပုံစံက သိပ်ကိုသနားစရာကောင်းပါတယ်။ ဆေးလိပ်ကိုတော့ ပါပါ လုံးဝ မဖြတ်နိုင်ခဲ့ဘူး။

ပါပါက ကျောင်းဆရာဘဝကို အရမ်းခုန်မင်တယ်။ စာသင်နေရရင် ပျော်ရွှင်နေတတ်တာ။ ကျမရဲ့ သင်္ချာ ဆရာပေါ့။ ပါပါ သင်္ချာတပုဒ်ရှင်းပြရင် ကျမအတွက် သိပ်ကို လွယ်ကူသွားတာလေ။ ကျမကို သင်္ချာမှာ ဝါသနာပါအောင် ပါပါပဲ လုပ်ပေးခဲ့တာပါ။ ကျမအတွက်ကတော့ ပါပါက သင်္ချာဆရာတွေထဲမှာ အတော်ဆုံးပဲ။

ဆယ်တန်းကို သင်္ချာဂုဏ်ထူးနဲ့အောင်အောင် ပါပါ သင်ပေးတာ၊ ပြီးတော့ ဂျီတီအိုင် ဝင်ခွင့် အမှတ်ကောင်း တာလည်း ပါပါ သင်ပေးလို့ပါပဲ။

ပါပါ့ကို သူ့ကာတွန်းအဖွဲ့တွေကလည်း ကိုကြီးနောင်လို့ပဲ ခေါ်ကြတယ်။ အားလုံးထဲမှာ အသက်အကြီးဆုံး ကိုး။ ပါပါက သူ့ကာတွန်းဆရာတွေကို သိပ်ချစ်တယ်။ ရန်ကုန်မှာ ကာတွန်းကိစ္စအတွက် ပုံပို့ဖို့ပဲဖြစ်ဖြစ်၊ ပုံခထုတ်ဖို့ပဲဖြစ်ဖြစ် သွားပြီး ပြန်လာရင် ပါပါက သူ့ကာတွန်းအဖွဲ့တွေအကြောင်း အမြဲပြောတယ်။ အဲဒါကြောင့်လားမသိဘူး ကျမက အဲဒီကာတွန်းဆရာတွေကို ဒီနေ့ထိ ကိုယ့်ဦးလေးသားချင်းတွေလိုပဲ ခင်တယ်။

ကျမရဲ့ ဘလော့အစမှာဖော်ပြခဲ့သလို၊ ကျမရဲ့ ဘလော့ခေါင်းစဉ်လိုပဲ .. ပါပါက ကျမတို့ကို ရယ်တတ်ဖို့ သင်ပေးခဲ့တဲ့ ဆရာလည်းဖြစ်ခဲ့ပါတယ်။ ပါပါ့ကိုကြည့်လိုက်ရင် အမြဲရယ်မောနေတတ်တာ။ ပါပါက ကလေးတွေကိုလည်း သိပ်ချစ်တယ်။

ပါပါ့တပည့် သာဂျူးဆိုတဲ့ ကုလားလေးက ပါပါ အတန်းထဲမဝင်ခင် ပါပါ့ အိုက်တင်အပြည့်နဲ့ အခန်းထဲဝင်လာ၊ ဆေးလိပ်တိုလေးကို ပြူတင်းပေါက်ပေါင်ပေါ်တင် ပြီးမှ စာသင်တဲ့ဟန် လုပ်ပြ .. ပါပါက နောက်မှာရောက်နေ၊ ရှေ့ကအတန်းသားတွေက တဝါးဝါးရယ်ကြ လုပ်နေတာကို ပါပါက စိတ်မဆိုးပဲ .. အဲဒီသူ့အိုက်တင်ကို ပြန်လုပ်ခိုင်းခဲ့တာ။

ပါပါ့တပည့်တွေက အများကြီးပဲ။ အားလုံးက ပါပါ့ကိုသိပ်ချစ်ကြတယ်။ ကျမသူငယ်ချင်းတွေထိပေါ့။ ပါပါ့ရဲ့ အသုဘက ကြံတောမှာချတော့ သိပ်ကို စည်ကားတာပဲ။ တပည့်တွေ၊ စာပေအသိုင်းအဝန်းကလူတွေ၊ ရပ်ကွက်ထဲက လူတွေ၊ မိတ်ဆွေတွေနဲ့ ကြံတောမှာ။

ပါပါ ဆုံးတော့ ပါပါ့ပုံတူကို ဦးရွှေမင်းသားက ဆွဲပေးခဲ့တာ .. အားရပါးရ ရယ်နေတဲ့ပုံပေါ့။ အဲဒီပုံကို ကျမတို့အိမ်ရှေ့မှာ ချိတ်ထားတယ်။ ပါပါက ကျမတို့ကိုဒီနေ့ထိ ရယ်ပြနေတာ။

တရက်မှာ ကိုရဲလေးက ဖိနပ်ချွတ်မှာ အတွေးလွန်ပြီး ဘယ်နဲ့ညာနဲ့ မှားစီးမိသွားတယ်။ အဲဒီနေ့က အိမ်ရှေ့မှာ ဘယ်သူမှ မရှိဘူး။ သူ့ဟာသူ မလုံမလဲနဲ့ နောက်လှည့်ကြည့်လိုက်တော့ ပါပါက အားရပါးရ ရယ်ပြနေတာကို သူတွေ့လိုက်ရတယ်။

“ပါပါရယ်ပြနေတာ အသံတောင် ထွက်တယ်လို့ ထင်ရတယ်” ဆိုပြီး ကိုရဲက ပြန်ပြောပြတယ်။

၁၇ နှစ်ရှိပြီ ..။ ပါပါက ရယ်ပြနေတုန်းပဲ။ ကျမတို့ကို ရယ်ဖို့ သင်ပေးနေတုန်းပဲ။ ကျမတို့ မိသားစုအတွက် ပါပါ ထားခဲ့တဲ့အမွေက ရယ်ကြဖို့ပါ။ လောကကြီးက စိတ်ညစ်စရာတွေနဲ့ ပြည့်နေတာ။ အဲဒါတွေကို ထိုင်စိတ်ညစ် နေမယ်ဆိုရင် ကျမတို့အားလုံး နေစရာတောင်ရှိမှာမဟုတ်ဘူး။ လောကဓံကို ရယ်စရာလို့ မြင်လိုက်ရင် နေရတာ ပျော်စရာ ဖြစ်သွားမယ်မဟုတ်လား။ ပါပါက ကျမတို့ကို အဲဒီလိုတော့ မပြောပြခဲ့ပါဘူး။ ဒါပေမယ့် ဘာကိုပဲဖြစ်ဖြစ် ရယ်စရာလို့ မြင်တတ်အောင်တော့ သင်ပြပေးခဲ့တယ်။ လှောင်တာနဲ့ ရယ်တာကိုတော့ ခွဲခြားတတ်ဖို့လိုတာပေါ့။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ရယ်လိုက်မယ်ဆိုရင် .. စိတ်ညစ်စရာဆိုတာ ရှိမှာ မဟုတ်တော့ဘူး။

တကယ်တော့ အူလိမ့်အောင်ရယ်ရတဲ့ အဖြစ်အပျက်တွေကို ရုပ်တည်ကြီးတွေနဲ့ လုပ်ပြနေတဲ့ သူတွေ အများကြီးပဲ … အဲဒီလူတွေကို ရှာကြံမြင်ကြည့်ကြပါလား။

ပါပါက ကာတွန်းဆရာ .. ။ ပါပါက သူများမမြင်တဲ့ အတည်ပေါက်လူရွှင်တော်ကြီးတွေ ရှိတယ်ဆိုတာကို ကျမတို့ကို ပြောပြသွားခဲ့တယ်။ အဲဒီအတည်ပေါက် လူရွှင်တော်ကြီးတွေအကြောင်းလည်း အလျှင်းသင့်သလို ရေးပါဦးမယ်။ ဒါ ပါပါ့ဆီက ရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေပေါ့။

အပေါ်မှာတင်ထားတဲ့ ပါပါ့ကာတွန်းတကွက်ကို ကြည့်ရင်း ကျမအတွေးပွားမိသေးတယ်။ စာတပုဒ်မဂဇင်းမှာ ဖော်ပြခံရလို့ စာရေးဆရာဖြစ်ပါပြီဆိုပြီး ရူးသွားတဲ့သူ .. တဲ့။ ခုလို ရေးချင်တိုင်းရေး၊ ရေးချင်တာတွေရေး၊ တင်ချင်တိုင်းတင်လို့ရတဲ့ ဘလော့ဂါ ခေတ်ကိုများ မြင်ရင် ပါပါ ဘယ်လိုများ ဖောက်မလဲမသိဘူးလို့ ..။

“စာရေးဆရာ ရမယ် .. စာရေးဆရာ ရမယ် .. ဆိုပြီး ရေခဲရေသည်ရောင်းသလို ရောင်းခိုင်းမယ် ထင်တယ် ..” ဈေးနှုန်းကတော့ အစားစားပေါ့လေ။ ဈေးပေါတယ် ဈေးကြီးတယ်ဆိုတာကတော့ ကိုယ့်ဘာသာ သိကြမှာပါ။ ကျမကိုလည်း ပါပါက နှိပ်ကွပ်နိုင်သေးတယ်။ “သမီးရေ ၃ ခု ၁၀၀ ထဲများ ပါနေပြီလား” ဆိုပြီး ပြောချင် ပြောဦးမှာ ..။ ပါပါ့ကို လွမ်းလိုက်တာ။

မှတ်ချက် ..။ အပေါ်က ကာတွန်းပုံလေးတွေက ကျမလူမဖြစ်သေးတဲ့အချိန် ရှုထောင့် ဂျာနယ်မှာ ပါခဲ့တာ .. မောင်လေးသင်ကာ ရှာဖွေပေးပို့လို့ တင်နိုင်တာပါ။

ကော်နဲ့ကပ်ထားတယ်


ဦးဖေသိန်းရဲ့ ကာတွန်းလက်ရာလေး အလွမ်းပြေပေါ့လေ ..

ရင်းစားစာ

ဝတ္ထုတို ၂၄


ဖိုးချစ်က လူစောင့်ပေးနေသည်။ ဇင်မျိုးဆက်က ရူးနီပုခုံးပေါ်မှ တဆင့် ငှက်ပျောဖီးကို ခဲတံချွန်သည့် ဓားနှင့် ရအောင်လှီးဖြတ်နေသည်။ သူတို့ သုံးဦးက မူကြိုကတည်းက တူတူ .. မျောက်ရှုံးအောင်ဆော့ကာ ခု သူငယ်တန်း တက်တော့လည်း တူတူ ဆော့မြဲ .. ။ သုံးယောက်လုံး စာတော့ တော်သည်။

“ဖိုးချစ် … မင်းက သေချာစောင့်ကြည့်ထား .. ဘယ်သူလာလာ ငါ့တို့ကိုပြောနော်”

“ဟေ့ ဇင်မျိုးဆက် .. မင်းကိုထမ်းထားရတာ ငါ သေတော့မယ် .. မြန်မြန်လုပ်လေ”

“အေးပါ .. ဒီမှာ ရတော့မယ်။ ခဏလေးပါ ရူးနီရာ”

“ရပြီကွ ရပြီ .. ရော့ ဖိုးချစ် လှမ်းယူ .. အောက်မကျစေနဲ့ဦး”

တိုးတိုး .. တိုးတိုးနှင့် ကြိတ်လုပ်ပြီး .. ရလာသည့် ငှက်ပျောဖီးကို အတန်းထဲမှာ သေချာဖွက်ထားသည်။ အဲဒါကို အာကျယ်မ .. စန္ဒီက တွေ့သွားပြီး ဆရာမနှင့် တိုင်လိုက်သည်။

“ဇင်မျိုးဆက် .. မှန်မှန်ပြောစမ်း .. သားတို့ ဒီငှက်ပျောဖီးကို ဘယ်လိုရအောင် ခူးယူတာလဲ ..”

“ဖိုးချစ်က စောင့်တယ် .. ရူးနီက သားကိုထမ်းတယ်။ သားက ခဲတံချွန်တဲ့ဓားနဲ့ လှီးပါတယ် ဖေဖေ”

“အေး .. ဒါဆို မင်းမှာ အပြစ်ရှိလား .. မရှိဘူးလား..”

“မရှိပါဘူး ဖေဖေ ..”

“ဘာကွ .. မှတ်ထား … ကျောင်းဝင်းထဲက ငှက်ပျောဖီးကို ဘယ်သူမှမသိအောင် ကိုယ့်သဘောနဲ့ ကိုယ် ခူးယူတာ .. ခိုးတာနဲ့တူတူပဲ .. မင်းမှာ အပြစ်ရှိတယ်”

“ဟုတ်ကဲ့ပါ ဖေဖေ”

“အေး မင်းမှာအပြစ်ရှိတဲ့အတွက် .. မင်းကိုရိုက်မယ် .. လက်ပိုက် .. ဟိုဘက်ကိုလှည့်”

“ခဏလေးဖေဖေ .. ခဏလောက်”

“ဘာလုပ်ဦးမလို့လဲ”

“ဖေဖေပဲ ပြောထားတယ်လေ .. သား .. လပတ်စာမေးပွဲမှာ ပထမရရင် ကြိုက်တာ တောင်းဆို”

“အေးလေ”

“ဒီမှာ သားရီပို့ကဒ် .. သား .. ပထမရတယ် .. သားကို မရိုက်ပါနဲ့”

“အောင်မာ ဘာဆိုင်လို့တုန်း”

“သားကြိုက်တာတောင်းတာလေ .. သားကိုမရိုက်ဖို့ တောင်းတယ်”

“တောက် .. မင်းကွာ .. ဇင်မျိုးဆက်”

“ခင်ဗျာ .. ဖေဖေ”

“ခု မင်းအသက် ဘယ်လောက်လဲ၊ မင်းဘယ်နှတန်းလဲ ပြောစမ်း”

“သားအသက် ၅ နှစ်နဲ့ ၅ လ .. သူငယ်တန်းပါ ဖေဖေ ..”

“အေး .. ဖေဖေ မင်းအရွယ်တုန်းက ………”

“ဖေဖေ သားအရွယ်တုန်းက သားထက် ဆိုးတယ်လို့ ဘွားဘွားက ပြောပါတယ် ဖေဖေ …”

“တောက် .. သွားတော့ ..”

“ဒါဆို သား ကိုကိုနဲ့ သွားကစားလိုက်ပါဦးမယ် ဖေဖေ”

ဇင်မျိုးဆက် စာမေးပွဲကောင်းကောင်းဖြေနိုင်လာသည်။ ဖေဖေက ဆိုင်ကယ်ဖြင့်လာကြိုသည်။ အိမ်ရောက်လျှင် တဝကြီး ကစားမည် ..။ ကိုကိုက မနက်ပိုင်းဖြေရတာ ဆိုတော့ အရင်ပြီးပြီ .. ။ အိမ်နားက သူငယ်ချင်းတွေကို ခုလောက်ဆို စုထားလောက်ပြီ .. တနွေလုံး ကစားပစ်လိုက်လို့ရတော့ကွာ .. ဇင်မျိုးဆက် အတွေးမဆုံးခင် အိမ်ပြန် ရောက်လာသည်။ ကိုကိုက ဆီးကြိုနေ၏။

“ညီညီ .. စာမေးပွဲ ဖြေနိုင်လား”

“အင်း ဖြေနိုင်တယ် ကိုကို .. ပျော်စရာကြီး .. စာမေးပွဲပြီးပြီကွ .. ဟေး………….”

“အေး မင်းကို ကိုကိုစောင့်နေတာ .. ရော့ .. ကိုကို့ ၁ တန်းစာအုပ်တွေ .. ညီညီ့အတွက် ကိုကို သေချာ စုပြီး ဖယ်ထားတယ်”

“ဟင် .. ကိုကို .. ကိုကို .. မင်း တောက်ကျင့်ယုတ်တယ်ကွာ”

“ဘာလို့လဲကွ.. မင်းအတွက် စာအုပ်တွေ ..”

“မင်း … တော်တော် အကျင့်ယုတ်တဲ့ကောင် .. ငါက အခုမှ စာမေးပွဲပြီးလို့ .. ပျော်နေတာကို .. အီး .. ဟီး .. ကိုကို တောက်ကျင့်ယုတ်တယ်”

“ဟဲ့ .. ဇင်မျိုးဆက် .. သားလေး .. ဘာလို့ ဒီလောက်ငိုနေတာလဲ .. ဟဲ့ ထွန်းပုရေ .. မင်းသား ဘာလို့ ငိုနေတာလဲ .. မေးဦးလေ”

“အမေ့မြေးလား .. ဘာမှ မဟုတ်ဘူး .. သူစာမေးပွဲပြီးပြီးချင်း သူ့အစ်ကို ၁ တန်းစာအုပ်တွေ ပေးလိုက်လို့ .. သူ့အပျော်တွေ ပျောက်ကုန်လို့ အမေရေ .. သိပြီလား .. အလကား ကောင် .. ဟားဟား”

“သားက စိတ်ကူးထဲမှာကတည်းက ကစားလာတာ ကိုကိုလုပ်လို့ မပျော်တော့ဘူး .. ကိုကို့ကို ရိုက်ပါ .. အီး .. ဟီး .. ကိုကို့ကိုရိုက်ပါ ..”

“ဟေ့ကောင် ရူးနီ .. အဲဒီကောင်မလေးနာမည်သိခဲ့ပြီ .. သီတာခင်ချိုအေး တဲ့ … မြို့ဟောင်းကျောင်းကနေ ငါတို့ ကျောင်းကို ပြောင်းလာတာ ၁ လပဲ ရှိသေးတယ်”

“ဇင်မျိုးဆက် .. သူ့ကို ငါကြိုက်တယ်ကွာ.. ချောတယ်နော်”

“ဟာ .. နွေးနွေးလောက် မလှပါဘူး .. ငါက နွေးနွေးပဲကြိုက်တာ”

“ဒါပေမယ့် .. ငါက သူ့ကိုကြိုက်တယ်ကွာ .. ဟေ့ကောင် ဇင်မျိုးဆက် .. ငါဘယ်လိုလုပ်ရင်ကောင်းမလဲ”

“ငါ ရည်းစားစာ ရေးပေးမယ်”

“ဒါဆို ငါက သွားပေးပေးမယ်” ဟု ဖိုးချစ်က ဝင်ပြောသည် …

“ဟေ့ကောင် ဖိုးချစ် တကယ်ပြောတာလား”

“တကယ်ပြောတာ ရူးနီရ .. ငါပေးရဲတယ် .. သူ့အဖေနဲ့ ငါ့အဖေက သူငယ်ချင်း”

“ပြီးရော .. ဒါဆို ရေးပေးကွာ .. ဇင်မျိုးဆက်”

“ဆရာမ ဆရာမ .. အဟင့် အဟင့် .. သမီးကို ဖိုးချစ်က စာပေးတယ် .. အဟင့်ဟင့်”

“ဘာ .. ဒီအရွယ် လက်တောက်လောက်လေးတွေက .. ဒီလိုလုပ်စရာလား ဟင် .. ပြစမ်း အဲဒီစာ”

စာရွက်ပေါ်တွင် မညီမညာရေးထားသော စာလုံးသုံးလုံးကို မြင်လိုက်ရာ .. ဆရာမ မရယ်မိအောင် မနည်း အောင့်ထားလိုက်ရသည်။ ဒီကောင်တွေကို မှတ်လောက်အောင် ဆုံးမရဦးမှာ မဟုတ်လား ….

‘ရင်း စား စာ’

“လာခဲ့စမ်း ဖိုးချစ် .. မင်းက သီတာခင်ချိုအေးကို ဒီစာပေးတယ်ဆို”

“ဟုတ်ပါတယ် ဆရာမ ဇင်မျိုးဆက်က ရေးပြီး သားက ပေးတာပါ .. ရူးနီက သူ့ကိုကြိုက်လို့ပါ .. ဒါပေမယ့် သူက ရူးနီကို မကြိုက်ဘူး ဇင်မျိုးဆက်ကိုပဲ ကြိုက်တယ်လို့ ပြောပါတယ်”

“နင်တို့ ရှုပ်နေတာပဲ .. ခေါ်စမ်းအဲဒီနှစ်ကောင် .. လာ လာ မြန်မြန်လာစမ်း .. ကဲ ဆိုစမ်းပါဦး .. ဇင်မျိုးဆက် .. ဘာတွေ ရေးထားတာလဲ”

“ရည်းစားစာပါ ဆရာမ ..”

“သြော .. ရည်းစားစာကို ဒီလိုရေးရတယ် ဟုတ်လား”

“သားက စာလုံးပေါင်းမှားနေတယ်လို့ ပြောပါသေးတယ် .. ဒါပေမယ့် ရူးနီက မှန်တယ်ဆိုလို့ ဒီအတိုင်းပေးလိုက် တာပါ ..”

“တော်တော့ .. ကဲ အားလုံး မှန်မှန်ဖြေစမ်း .. နင်တို့အားလုံးထဲမှာ ဆရာကြီးက ဘယ်သူလဲ”

ဖိုးချစ် .. ရူးနီနှင့် ဇင်မျိုးဆက်တို့ သုံးဦး လက်ပိုက်ကာ တပြိုင်နက်တည်း ဖြေသည်။

“ဦးသိန်းထွန်းပါ ဆရာမ”

ဘာပဲဖြစ်ဖြစ် .. ကလေးဆိုတာ .. အမှန်တရားကိုပဲ အမြဲပြောတတ်တယ်လို့ ဆရာမ သိပြီးသားပဲလေ .. သူတို့ သန်လျှင် ဗဟို အမကရဲ့ ကျောင်းအုပ်ဆရာကြီးနာမည်က ဦးသိန်းထွန်းပဲဟာ .. မှန်နေတာပဲ။

ဗျူးတီးဖူးလ် မြန်မာ .. ပလန်းတီးဖူးလ် မြန်မာ ..

စိတ်ကူးတည့်ရာ

တကယ်တော့ ဂလိုအကြောင်းအရာမျိုးတွေ တူးတူးသာ ရေးခဲပါတယ်။ သို့သော် ဒီနေ့တော့ မနေနိုင်လို့ လက်နည်းနည်း ဆော့လိုက်ဦးမယ်။

အဖြစ်က ဒီလို .. ရန်ကုန်က သူငယ်ချင်းတယောက်နဲ့ ဒီနေ့ ဖုန်းပြောဖြစ်တယ်။ ဂျီတီအိုင်တုန်းက ၇ ရက်သားသမီးထဲမှာ ပါတဲ့သူငယ်ချင်းပါ။ သူက တနင်္လာသားပေါ့။ အဲဒီ သူငယ်ချင်းက ကျမနဲ့ တော်တော်လေး ခင်တယ်။ အင်္ဂါသား အထွန်းဖွားလေးအကြောင်း ရေးတုန်းကလည်း သူပါတယ်လေ။ သြော် စာဖတ်သူတွေကို ပြန်မိတ်ဆက်ပေးရရင် မျက်ခုံး ရိပ်သူများ ထဲက ဇာတ်လိုက်ကျော် တိုးဂိုက်ကြီးလို့လည်း ဆိုနိုင်ရဲ့။ ဂျီတီအိုင်က သူငယ်ချင်း ဆိုပေမယ့် ကျမရဲ့ မိသားစုဝင်တွေ၊ သန်လျင်ကငယ်သူငယ်ချင်းတွေနဲ့ပါ ခင်တာ။

ဒီနေ့ သူ့ကို ဖုန်းဆက်ဖြစ်တဲ့ အကြောင်းကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ သူ့လုပ်ငန်းအကြောင်း မေးရင်း ပုဂံက ဘုရားဟောင်းတွေ သစ်ကုန်တာ၊ မြောက်ဦးက ဘုရားဟောင်းတွေ မဟောင်းတော့တာ .. အဲ့အကြောင်း တွေ လေပစ်ပါတယ်။

အဲလိုလေပစ်ရင်း တခြားသူငယ်ချင်းတယောက်နဲ့ သူဆုံတဲ့အကြောင်း ရောက်သွားတယ်။ အဲ့သူငယ်ချင်းက တကယ်တော့ သူ့သူငယ်ချင်း အရင်းမဟုတ်ဘူး။ ကျမနဲ့ ပတ်သက်ပြီးမှ သူနဲ့သိသွားတာ။ ကျမရဲ့ အစ်ကိုဆို လည်း ဟုတ် .. ဘော်ဒါဆိုလည်းဟုတ်တဲ့သူတယောက်ပါ..။ သူ့နာမည်လည်း ကျမ ဝတ္ထုတွေထဲ မကြာခဏ ပါတတ်ပါတယ်။

အဲဒီနှစ်ယောက်ဆုံကြတော့ အလာပ သလာပ ပြောကြရင်း ကျမရဲ့ သူငယ်ချင်း တနင်္လာသားကို အစ်ကိုတော် ကြာသပတေးသားက ပြောသတဲ့။

ဘာလဲဆိုတော့ကာ အဲဒီနေ့က သူတို့ ရုံး နေ့တဝက်ပိတ်လိုက်ရတယ် ဆိုတဲ့အကြောင်း .. ဘာကြောင့်ပိတ်ရ သလဲဆိုတော့ .. အိမ်သာထဲမှာ ကပ်ထားတဲ့ ကြွေပြားတွေဟာ ဘယ်သူမှ ဘာမှလည်း မလုပ်ရသေးဘဲ .. တုတ်တုတ်တောင် မလှုပ်ရသေးဘဲ .. ဝေါခနဲ အချပ်လိုက်ကွာပြီး ပြုတ်ကျခဲ့လို့ အားလုံး အံ့အားတွေသင့်ကုန်ရ တယ် ဆိုတဲ့အကြောင်း ..။

သူတို့ရုံးက နိုင်ငံခြားသားတွေနဲ့ အတူတူ လုပ်ရတဲ့ အန်ဂျီအို ရုံးဖြစ်တာကြောင့် နိုင်ငံတကာမှာ မြန်မာ့ဆောက် လုပ် ရေးဟဲ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားနေရမှာ ကြောက်တာရယ် .. ဝန်ထမ်းတွေ ရဲ့ အသက်အန္တရာယ်တွေ ဘာတွေ အထိ စဉ်းစားမိတာရယ်ကြောင့် အဲဒီနေ့က .. ရုံးကို နေ့တဝက် ပိတ်ပေးလိုက်ရတယ် ဆိုတဲ့ အကြောင်း .. ပြောသတဲ့။

ဟုတ်တော့လည်း ဟုတ်တယ်လေ .. ကိုယ်က ဘုမသိဘမသိ အိမ်သာထဲဝင်တုန်း .. အပေါ်က ကြွေပြားက ငယ်ထိပ်ပေါ်ပြုတ်ကျ .. သေရတယ် ဆိုရင် ကျော်မကောင်း ကြားမကောင်း .. အမငေး စဉ်းစားတာနဲ့ ရင်တောင် တုန်ပါရဲ့။

အင်း ကျမတို့ ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့ဖူးတဲ့သာဓက တခုရှိတယ်။ တောင်ကြီးက ဟိုတယ်တခုမှာပေါ့။ ကျမ အစ်မလို ခင်ရတဲ့ ဆရာဝန်မလေး တယောက် .. ရေချိုးခန်းထဲက ဘေဇင်ကြီး ပြုတ်ကျလို့ .. လက်တဘက် အကျောတွေပြတ်သွားခဲ့တယ်.. အဲဒီလက်က အကျောတွေ ဆိုင်းသွားတာဆိုတော့ အဲဒီအစ်မဟာ ဒီဘဝမှာ ခွဲစိတ်ပါရဂူတော့ မဖြစ်နိုင်တော့ဘူး ..။

ကမ္ဘာမှာ မကြုံဖူးတဲ့ ဖြစ်ရပ်ဆန်းတွေပေါ့ ..။ မောင်လေး အန်ဒီကောင်နဲ့ ကျမ အမြဲရွတ်နေကျ သီချင်းလေးကို ပြန်ရွတ်ရမယ် ထင်ပါရဲ့ ..။

ဗျူးတီးဖူးလ် မြန်မာ .. ပလန်းတီးဖူးလ်မြန်မာ .. ဂစ်ဂစ်ဂစ် မြန်မာ .. ဂိ ဂိ ဂိ မြန်မာ ..

သြော် ဘာမဆိုင်ညာမဆိုင် တနေ့သားက သတင်းစာထဲက သတင်းတပုဒ်ကို သတိရလိုက်မိသေး .. ဘာတဲ့ .. ဓနုတ်ဘုရားကြီးပြိုရတာ ဆောက်လုပ်ရေးအပိုင်းမှာ ညံ့ဖျင်းလို့ ဆိုလား။ ဘယ်သူတွေ ပြောကြတာလဲ .. သတင်းစာက အမှားတွေချည်းဆို .. ။ မှားပါဘူးနော် .. ဟုတ်တာရေးထားတာပဲဟာ .. ။ ဆောက်လုပ်ရေး ကလည်း သိပ်တော့ မှားတာမဖြစ်နိုင်ပါဘူး .. ဘိလပ်မြေ ၂ ဆ သဲ ၁ ဆအစား ဘိလပ်မြေ ၁ဆ သဲ ၂ ဆ ထည့်မိတာ ဖြစ်မှာပါ ..။ ဒါမှမဟုတ် .. အမြန်ပြီးချင်ဇောနဲ့ ဘိလပ်မြေလာတာကို မစောင့်နိုင်ဘဲ သဲနဲ့ ဆောက်လိုက်တာ ဖြစ်မှာပါ .. အဲ ဂလို အကောင်းဘက်က လှည့်တွေးသင့်တာပေါ့ ဟုတ်ဘူးလား ..။

ဗျူးတီးဖူးလ်မြန်မာ .. ပလန်းတီးဖူးလ်မြန်မာ .. ကျန်သေးတယ် ဂိုးလ်ဒင်းလန်းမြန်မာ ..။ ဟုတ်တယ်။ ခုနောက်ပိုင်း ထုံးဖြူဖြူ စေတီလေးတွေ မြင်ရဖို့ စိတ်မကူးနဲ့တော့ .. ခေတ်မီကုန်ပြီ .. ခု ထုံးအစား ရွှေမင်ပြောင်းသုတ်ကြပြီ .. ရွှေရောင် တခေတ်ဆန်းပြီ .. ဟဲဟဲ .. ။ ရွာဦးထိပ်က ထုံးဖြူဖြူ စေတီ .. ဘာညာနဲ့ သီချင်းစပ်ထားတာရှိရင် ပြင်လိုက်ကြဦး။ ဂိုးလ် ဒင်းလန်းမြန်မာ .. ဗျူးတီးဖူးလ် မြန်မာ .. ဂစ်ဂစ်ဂစ် မြန်မာ .. ဂိ ဂိ ဂိ မြန်မာ ..။



အဲဒီတခါပဲ စွံဖူးတာ

အမှတ်တရ ရက်စွဲများ ၁၀

စဉ်းစားကြည့်တော့ အတော်လေး လွမ်းစရာကောင်းသား .. ဘာမှ မဟုတ်ဘူးလို့ ထင်မယ့်သူတွေအတွက် ကတော့ ဘာမှမဟုတ်ဘူးပေါ့လေ။ ကျမပါပါ (အဖေ) ဆုံးတဲ့အချိန် ၁၉၉၂ ဇူလိုင်လဆန်း ပါပါ့ရက်လည်တောင် မလုပ်ရသေးချိန်မှာ အဲဒီအိတ်ပိတ်စာတစောင် ရောက်လာတာပါ။

ဂျီတီအိုင်ဝင်ခွင့်အောင်ရုံတင်မကဘဲ EC မေဂျာ တက်ခွင့်ရရုံမကဘဲ ကျမ လျှောက်ထားတဲ့ အင်းစိန်ဂျီတီအိုင်မှာ တက်ရမယ်တဲ့။ တကယ်တော့ အဲဒီတုန်းက အီးစီ ဆိုတာ ဘာမှန်းမသိ၊ ဂျီတီအိုင် ဆိုတာလည်း တက္ကသိုလ် မတက်နိုင်တဲ့သူတွေ တက်တဲ့ တောကျောင်း၊ အဲဂလို ထင်ထားမိတာကိုး။ ကျမကို ပါပါ က ဂျီတီအိုင် အရမ်း တက်စေချင်ခဲ့တာ ဆိုတာ တခုတည်းနဲ့ အဲဒီတောကျောင်းလေးကို တက်ဖို့ စိတ်ကူးမိခဲ့တာ ..။

ဒါပေမယ့် အဲဒီ တောကျောင်းကလေးဟာ ကျမကို အရမ်းဖမ်းစားခဲ့တဲ့ .. တက္ကသိုလ်ဆိုတာနဲ့ မလဲနိုင်တဲ့ .. ကျမကို အတွေ့အကြုံသစ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့၊ ကျမအတွက် ရင်ခုန်လှိုက်မောစရာတွေ လှစ်ဟ ပြခဲ့တဲ့၊ အဆောင်နေကျောင်းသူဘဝဆိုတာ ဘာလဲလို့ ပြောပြခဲ့တဲ့၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ချစ်စရာ ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပေးတွေ့ခဲ့တဲ့၊ ကိုယ့်တာဝန်ကိုယ်ယူတတ်ရမယ် ဆိုတာကို သင်ပြပေးခဲ့တဲ့ .. ရင့်ကျက်ပြီး ကျွမ်းကျင် နွေးထွေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရင်ခွင်မှ ခိုလှုံခွင့်ပေးခဲ့တဲ့ ကျမအတွက် အလှ ပ ဆုံး .. ချစ်စရာအကောင်းဆုံး .. အနွေးဆုံး ရပ်ဝန်းလေးလို့ ပြောရင် ကျမ ပိုရာကျမယ်ထင်ပါရဲ့ .. ဒါပေမယ့် မယုံရင် ကျမသူငယ်ချင်းတွေကို မေးကြည့် .. ဟုတ်တယ်လို့ပြောမှာ :P

၂၁ နှစ်ဆိုတဲ့အရွယ်ဟာ ခုခေတ် ခုအခါမှာတော့ တော်တော်လေး နှံ့နှံ့စပ်စပ် သိနေတဲ့ လူကြီးလေးတွေ ဖြစ်နေ ကြပြီ ဆိုပေမယ့် အဲဒီအချိန်က ကျမကိုယ်ကျမ ပြန်ဆန်းစစ်ကြည့်လိုက်တော့ တကယ့် ပီဘိ ကလေးလေး တယောက်၊ ဥခွံထဲက ထွက်ခါစ ငှက်ပေါက်စလေးလိုပဲ .. ကျည်းကြည့် ကြောင်ကြည့်ပေါ့ ..။

ကျောင်းသား ၅၀ နီးပါး ရှိတဲ့ အခန်းထဲမှာ မိန်းကလေးက ၉ ယောက်တည်း။ တယောက်ကို တယောက် အကဲ ခပ်လို့ .. ဟိုတယောက်က ပိုးဒါလီသိန်းတန်နဲ့တူတယ်ဟ .. ချစ်စရာလေး .. ဟယ် ဒီတယောက်ကျတော့ ဆံပင်ရှည်ရှည် လေးနဲ့ အသားဖြူဖြူ အရပ်ရှည်ရှည်လေး .. လှလိုက်တာ၊ ဟိုကောင်မလေးကျတော့ ဝဝကစ်ကစ်နဲ့ သူ့ကို မသေးမျှင်လို့ခေါ်ရကောင်းမလား .. အင်း နောက်တယောက်က ခပ်ရိုးရိုး ပုံလေး .. ငါကကော .. ။ ရှပ်အင်္ကျီ အကွက်ကျဲကျဲနဲ့ .. ထဘီပြောင်နဲ့ .. ဆံပင်ကတိုတို .. ထောင့်မကျိုးတဲ့ ရုပ် .. ပါးမှာ သနပ်ခါး ပါးကွက်ကျားနဲ့ .. လက်မှာက ဂျီတီအိုင်ရဲ့ အမှတ်အသား “တီ” ကြီး ကိုင်လို့ ..။

“ညီမလေး နာမည် ဘယ်လိုခေါ်လဲ”

“ဟင် .. တူးတူးသာပါ”

“အဆန်းပဲနော် .. အစ်ကိုကြီးကို မှတ်ထား ......---- လို့ခေါ်တယ်၊ အကူအညီလိုရင်တောင်းပေါ့”
“ဟုတ်ကဲ့”
“ညီမလေးက ချစ်စရာလေးပဲ ..ဟဲဟဲ”
“ရှန်”
“ဟဲ့ သေနာ . .. ကတုံး .. အဲ့ဒါ ငါ့ညီမ .. နင်က ဘာလုပ်မလို့တုန်း”
“ဟီဟိ .. ငါက စောင်မ ကြည့်ရှုမလို့ပါ မိုးစည်ရာ .. နင်ကလည်း သိရင် အသာလေး ငြိမ်နေပြီးရော”

အဲဒီ အထက်ပါ စကားစုကို စာရှုသူတို့ နားလည်ချင်မှလည်ပါလိမ့်မယ်။ ကျမကို ကျောင်းသားကြီး တယောက် က ကူညီမလိုလိုနဲ့ အင်တာဗျူးနေတာကို .. ကျမရဲ့ သယ်ယင်းလည်းဖြစ် အစ်မလည်းဖြစ်တဲ့ မမိုးစည်က အကြောင်းသိချင်းမို့ ဝင်ပါတာ။ အဲဒီကျောင်းသားကြီးက သူ့သယ်ယင်းပေါ့။

ငှဲငှဲ .. ပထမနှစ် ကျောင်းရောက်ခါစ စွံပုံများကတော့ .. ကျမတို့က အူကြောင်ကြောင် လေးတွေကိုး .. သူတို့ ကျောင်းသားကြီးတွေရဲ့ မျက်လုံးထဲမှာ .. သစ်ဆန်းနေတာကိုး .. အတန်းကြီးက အစ်မကြီးတွေ .. သူတို့နဲ့ အတန်း တူတွေက သူတို့မျက်စိထဲ စပါးမွှေးစူးစရာ ဖြစ်နေပြီလေ။ မိန်းကလေးတန်မဲ့ ယောက်ျားလေးကို အော် စလို စ၊ လက်သီးလက်မောင်းတန်း စကားပြောလိုပြော .. အဆောင်နဲ့ ကျောင်းက ကပ်လျက်ဆိုတော့ အင်္ကျီ အဟောင်းနဲ့ပဲ ကျောင်းလာလိုလာ၊ ဝေါ့ရှော့ထဲ ဝင်ရတာဆိုတော့ သနပ်ခါး ထူပိန်းကြီးတွေလိမ်းပြီး အလှလည်း မပြင် .. နေချင်သလို နေတဲ့ သူတွေပဲ တွေ့နေရာက ဖရက်ရှာလေးတွေ လာတာဆိုတော့ သူတို့လည်း ပျော် သပေါ့လေ ..သို့သော် ..

ကျမတို့လည်း ဘာသားနဲ့ ထုထားလို့လဲ .. ပထမနှစ် တနှစ်တာပဲ စွံကြရှာတာပါ .. နောက်တော့လည်း ဒုံရင်း ဒုံရင်းပေါ့ ..
ကျမတို့ စတက်တဲ့ နှစ်က အီးစီနဲ့ ဆေဗယ် လ် နှစ်ဘာသာပဲ မိန်းကလေး ရှိတာ ဆိုတော့ တကျောင်းလုံးမှာ စုစုပေါင်း မိန်းကလေး အသစ် ၄၀ ပဲ ပါတယ် .. ယောက်ျားလေးက ၄၀၀ လောက်ဝင်တာဆိုတော့ ဆယ်ချိုး တချိုးလို့ ပြောလို့ရတယ်။ အဲတော့ ကျောင်းသားကြီးတွေက ကျမတို့ နာမည်တွေကို ကျောင်းသားရေးရာမှာ သွားစုံစမ်းပြီးပြီ။ ကျမတို့က အီးစီ (ဘီ)။ အဲဒီ အခန်းရှေ့လာရပ်ပြီး သူတို့ဟာသူတို့ .. ဟိုဟာက တူးတူးသာ ဆိုတာ ဖြစ်မယ်၊ ဒီဟာက အေးအေးအောင်လားမသိ၊ ဝင်းပပကြူက ဟိုဟာလေးထင်တယ် .. ကေသီစိုးက ဟိုကောင်မလေးဖြစ်မယ် ဆိုပြီး ခန့်မှန်းကြ .. အလောင်းအစားလုပ်ကြနဲ့ .. မအားကြရရှာပါဘူး။
ကျမတို့ကတော့ ဂျီတီအိုင်ကျောင်းသားကြီးတွေရဲ့ ခေါ်တောမျက်လုံးဒဏ်တွေကို ကျင့်သားမရသေးတဲ့ ချာတိတ် လေးတွေပေါ့ (အစ်ကိုဂျီးတွေ စိတ်မဆိုးကြေးနော် .. နှစ်ဝက်လောက်ရောက်တော့ ကျမတို့လည်း တော်တော် လေး ခံနိုင်ရည် ရှိကြပါပြီ .. အဲဒီမှာ အစ်ကိုကြီးတွေကို စေ့စေ့ပြန်ကြည့်ပြီး စ နောက်ရဲပြီ ဟီဟိ) ဆက်ပြော ရရင် ကျမတို့ချာတိတ်မတွေကလည်း ရုပ်တွေကသာ အပေအတေတွေ .. ဘာပဲဖြစ်ဖြစ် အနူတော လူချောပေါ့ ဟဲဟဲ။ အဲဒီအချိန်လောက် မာန်တက်တာ တခါမှ မဖြစ်ဖူးဘူး .. ။
ကျောင်းစတက်တဲ့နေ့ .. မှန်ဆောင် ပထမထပ်မှာ ရှိတဲ့ ကျမတို့ အီးစီဘီ အခန်းလေးမှာ ထိုင်ရင်း လာမယ့် ဆရာ ဆရာမတွေကို မျှော်နေတုန်း .. လူတယောက် အခန်းထဲဝင်လာတယ်...။
“အားလုံးပဲ နားထောင်ပါ .. နာမည်စာရင်းလာကောက်တာပါ .. စာရွက်စာတမ်းတွေ .. ကျောင်းသုံးပစ္စည်းတွေ ပေးမလို့ပါ”
အားလုံးနားရွက်တွေထောင်သွားတယ် .. ကျောင်းသုံးစာရွက်စာတမ်းတွေ ရမယ်ဆိုတော့ စိတ်ဝင်စား တာပေါ့။ ပုံဆွဲဖို့ စာရွက်တွေ၊ ကွန်ပါတွေ ဝယ်ဖို့ဆိုတာ အပြင်ဈေးနဲ့ ဘယ်လိုမှ ဖြစ်နိုင်တာမှ မဟုတ်ဘဲ။
“ကဲ ဒီကညီမလေးနာမည် စပြော”
“ဝင်းပပကြူပါ”
“ညီမ ကကော”
“ကေသီစိုး”
“အေးအေးအောင်”
“တူးတူးသာ”
“ဇင်မာထွန်း”
“ကြည်ကြည်မော်”
“.................”
“...............”
“ကျနော်က မင်းမင်းထွန်း”
“ကျနော်က စောနေမူး”
“တော်ပြီ တော်ပြီ ရပြီ .. အစ်ကိုက မိန်းကလေးနာမည်တွေပဲ လာကောက်တာ .. ဟဲဟဲ .. သွားမယ်နော် .. တာ့တာ”
သေပြီဆရာ .. ကျောချမှ ဓားပြမှန်းသိတယ် .. ဒင်းက မိန်းကလေးတွေကို ဘယ်သူက ဘယ်သူလဲ သိရအောင် လာလုပ်တဲ့ ဒုတိယနှစ်က ဘဲကြီးကိုး .. သူ့နာမည်က နောက်မှသိတယ် .. မိန်းမနာမည်ကြီး .. ဘာတဲ့ .. သီရီ .။
နောက်တော့လည်း ရယ်ရယ်မောမော ပျော်ပျော်ပါးပါး .. အဲဒီကိစ္စ မေ့သွားကြတယ်။
ပထမနှစ်မှာ ဂျစ်ကန်ကန်ကောင်မလေးတယောက် Apply Mechanic သင်တဲ့ ဆရာမ ဒေါ်တိုးတိုးသန်း စိတ်ညစ်အောင် လုပ်ခဲ့ဖူးတယ် ..။ နေရာတွေ အများကြီးရှိတဲ့ကြားက နောက်ဆုံးမှာ ထိုင်တာလေ။ ဆရာမက တခြားမိန်းကလေးတွေနဲ့အတူ ရှေ့မှာထိုင်ဖို့ပြောပေမယ့် မထိုင်ဘဲ ပေပြီး နောက်မှာပဲ ထိုင်ခဲ့တာ .. ဒါပေမယ့် ဆရာမ ဘာသာမှာ အမှတ်တော့ မနည်းစေရဘူး .. အဲဂလို ကပေါက်တိကပေါက်ချာ ကောင်မလေးက .. ဂျီတီအိုင်မှာ စခင်တဲ့ သူငယ်ချင်းတွေကိုလည်း ကြည့်လိုက်ဦး .. တကယ့် ဆိုးပေဆိုတဲ့ .. ၆ ယောက် .. အဲဒီ ကောင်မလေးနဲ့ ပေါင်းလိုက်ရင် ၇ ယောက် .. ကြံကြံဖန်ဖန် .. သူတို့ ၇ ယောက်က ၇ ရက်သားသမီး စေ့တယ် ..။
ဆရာမကလည်း ရှေ့မှာလာမထိုင်လို့ မကျေနပ်ဘူး .. သူကလည်း ရှေ့မှာ သွားကိုမထိုင်ဘူး .. နောက်ဆုံးမှာ .. ဆရာမက ခွင့်လွှတ်ပြုံးလေးပြုံးရင်း အလျှော့ပေးရှာတယ် ..။ ဆရာမကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ ဂျီတီ အိုင်ကို အီးစီနဲ့ ပြီးခဲ့ပေမယ့် ဆရာမကို ဂျစ်ခဲ့တဲ့ သမီးက စာရေးဆရာမပိုးဝင်နေပြီ .. ဆရာမ .. အဲဒီတုန်းက ကျမ တခု ကြွေးကြော်ခဲ့တာရှိတယ် ..“ငါ တသက်လုံး ဆရာမ မလုပ်ဘူးဟေ့” လို့ .. သူငယ်ချင်းတွေက မေးတယ် .. ဘာလို့လဲတဲ့ .. “ဝဋ်လည်မှာစိုးလို့ပါ” ..။
ကျောင်းဆောင်မရသေးတဲ့ ကျမ .. အဲဒီနှစ်က အပြင်ဆောင်ကလေး တဆောင်မှာ နေခွင့်ရတယ်။ သွားတက် ကလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတယောက်နဲ့ အတူတူ တခန်းထဲ နေရတယ်။ ဆံပင်က အရှည်ကြီး .. ဆေဗယ်လ် က .. သူ့နာမည်က မေလတ်တဲ့ .. သူ့မှာ သီထွေးဆိုတဲ့ ညီမလေးတယောက် ရှိတယ် .. ကျမက ဂစ်တာတီးရင် သူက သီချင်းလေးတွေ တိုးတိုးညည်းတယ် .. လှည်းကူးသူပေါ့ .. ခု သူ ဘယ်ရောက်နေလဲ မသိ ..။ သန်လျင်နဲ့ လှည်းကူး တခါမှလည်း မမြင်ဘူးကြဘဲ .. ကျမတို့ တူတူ နေဖြစ်ကြ တယ် .. ချစ်လည်း ချစ်ကြတယ် .. ။ အဲဒီတုန်းက ကျမတို့အားလုံးရဲ့ စိတ်ကလေးတွေ ဖြူနေကြတယ်လေ ..။

နောက်မှပဲ ၇ ရက်သားသမီး အကြောင်းရယ် .. မေလတ် အကြောင်းရယ် ဆက်ရေးတော့မယ် ခုတော့ တော်သေးပြီ :)