မျက်ခုံးရိပ်သူများ

ကျမနဲ့ အရင်းနှီးဆုံး ကျမအခင်ဆုံးသူတွေထဲမှာ မျက်ခုံးရိပ်ခဲ့တဲ့သူ ၃ ယောက်ရှိခဲ့တယ် ဆိုရင် အံ့သြမလားမသိဘူး။ အဲဒီ ၃ ယောက် ထဲမှာ ၂ ယောက်ကတော့ ဘဝတပါးကို ပြောင်းသွားရှာပါပြီ။ ၁ ယောက်ပဲကျန်တော့တယ်။

အဲဒီသုံးယောက်က တယောက်တမျိုးစီ တနေရာစီသိရတာဖြစ်ပေမယ့် အဲဒီသုံးယောက်စလုံးကို ကျမ တမျိုးစီ သိပ်ခင်ပါတယ်။ တယောက်ကတော့ ကျမရဲ့ အမှတ်တရ ရက်စွဲများ ၈ မှာ မိတ်ဆက်ပေးဖူးတဲ့ ကိုဖေပါ။ သူ မရှိတော့ဘူး .. ။ နောက်တယောက် ကတော့ အသက်ရှင်လျှက်ရှိသေးတယ် .. ကျမနဲ့ ဂျီတီအိုင် ပထမနှစ်ကတည်းက စတွဲခဲ့တဲ့သယ်ယင်း ..။ သူက ကျမလိုပဲ ဂျီတီအိုင် နဲ့ ကျောင်းပြီးခဲ့ပေမယ့် အင်ဂျင်နီယာ မလုပ်တဲ့သူ။ တိုးရစ်စ်ဂိုက်လုပ်ခဲ့ပြီး အဲဒီလောကမှာလည်း အောင်မြင်ခဲ့သူ။ ကျန်တဲ့ တယောက်ကတော့ ကျမ မောင်လေး ကိုရဲရဲ့သူငယ်ချင်း ပန်းချီသိပ်ကောင်းတဲ့၊ တယောလည်းထိုးတတ်တဲ့၊ သိပ်လည်း ချစ်တတ်တဲ့ .. ကျမတို့က သားကြီးလို့ခေါ်တဲ့ .. နှလုံးသားခပ်နုနု ကောင်လေး တယောက်ပါ။

အမှတ်တရ ရက်စွဲများ ၉

ရယ်စရာတော့မကောင်းဘူး ကြေကွဲစရာချည်းပဲ .. ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ရယ်စရာကောင်းခဲ့ကြတယ် .. အတိတ် ဆိုတာ တကယ်တော့ ဘာနဲ့မှလဲလို့မရတဲ့ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတခုပါ ..။

ဒီဇာတ်လမ်းထဲက လူတွေ တကယ်ရှိနေသေးတဲ့အတွက် (တချို့လည်း ကွယ်လွန်သွားပါပြီ) ဖတ်မိလို့ လွဲချော်တာ၊ တိုက်ဆိုင်မှု ရှိတာလေးတွေအတွက် ကြိုတောင်းပန်ချင်ပါတယ်။

အဲဒီနေ့က နေကျဲကျဲပူနေလေရဲ့။ တောင်ဒဂုံရဲ့ လယ်ကွင်းတခုကို ပြုပြင်ထားတဲ့ ဘောလုံးကွင်းတကွင်းမှာ သူတို့အသင်းက တဘက်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီ ..။ ပန်းချီ၊ ပန်းပု၊ ဂီတ၊ ဇာတ်သဘင် အသင်းလေးသင်းရှိတဲ့အထဲ ဘယ်အသင်း ထဲမှ ပါခွင့်မရတဲ့ သူတို့တတွေက ညွန့်ပေါင်းအသင်း ဆိုပြီး တသင်းထဖွဲ့တော့ ဌာနမှူးတွေ၊ ဆရာတွေ ဘယ်သူမှ မကန့်ကွက်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကိုယုံလို့ပေါ့ (ဘယ်လိုကန်ကန် ခြေထောက်နဲ့ ဘောလုံးမထိဘူးဆိုတာကို)

အဲဒီအသင်းရဲ့ နည်းပြက ဆရာ(ပန်းချီ)ဦးဝင်းမော်ဟန် .. တပည့်တွေရဲ့အချစ်တော် (ခုတော့ ဆရာလည်း သေရှာပြီ)။ တခြားအသင်း တွေက ရေခဲပုံးထဲမှာ ရေသန့်ဗူးတွေ၊ သံပုရာသီးတွေနဲ့ .. သူတို့အသင်းရဲ့ ရေခဲပုံးထဲမှာတော့ အရက်ပုလင်းနဲ့ သံပုရာသီး ..။ ဆရာက အတော်အလိုက်သိပါ့။

လှိုင်ဘွားက ဂိုးဖမ်းမယ် .. ဘာလို့လဲ ဆိုတော့ အဲဒီတုန်းက ဆောင်းတွင်းရောက်တော့မှာလေ .. ဘာဆိုင်လဲ ဟုတ်လား။ ဆိုင်သပေါ့ .. ဂိုးသမားဆိုရင် အင်္ကျီလက်ရှည်ရမှာ .. ဆောင်းတွင်းချမ်းတာနဲ့ အနွေးထည်မရှိတာနဲ့ အတော်ပဲ။ သူတို့အသင်းထဲက တယောက်က ဟန်ပါပါနဲ့ ကွင်းထဲဝင်လာပြီးမေးလိုက်သေးတယ် .. "ဟေးယောင်တွေ ငါဘယ်ဂိုးပေါက်ကို သွင်းရမှာတုန်းဟ" တဲ့။

"ကျနော်တို့ကို ဆရာက ကွင်းအပြင်မှာ ရှင်းပြတုန်းက စာရွက်ပေါ်မှာလေ။ အဲ့တုန်းကတော့ ဟုတ်တာပေါ့ .. ကျဉ်းကျဉ်းလေးကိုး .. တကယ်လည်းကန်ရော ကွင်းကအကျယ်ကြီး .. ဘယ်သိတော့မလဲ" လို့ ဥာဏ်စိုးက သူတို့ကျွမ်းကျင်မှုကို ရှင်းပြတယ်။

ရဲမာန် (ခု နာမည်ကျော် ကာတွန်းဝလုံး) က အဲဒီတုန်းက သူငယ်ချင်းတယောက်ကိုတွေ့တာနဲ့ ဘောလုံးကန်ရင်း ကွင်းပြင်ထွက် စကားပြောနေလေရဲ့ .. ဟုတ်တယ်လေ .. သူ့ခမျာ အဲ့သူငယ်ချင်းကို မတွေ့တာလည်း ကြာပြီမဟုတ်လား။ ဒါပေမယ့် သူတို့ သယ်ယင်းနှစ်ယောက်ရဲ့ ခင်မင်မှုကို ဒိုင်လူကြီးက ဖျက်ဆီးလိုက်တယ် ..

"စကားပြောချင်ရင် ကွင်းထဲကနေပြောပါ .. ကွင်းပြင်ထွက်ပြောလို့မရဘူး" တဲ့လေ။ တော်တော်ဆိုးတဲ့ ဒိုင်လူကြီး။
ဒါနဲ့ ကွင်းစည်းထဲက သူကရပ် သူငယ်ချင်းက ကွင်းပြင်ကရပ်ပြီး စကားပြောကြတယ် .. ဘောလုံး သူ့နားရောက်လာရင်တော့ ပြန်ကန်ပေးလိုက်တယ်။

အဲဒီတုန်းက ကောင်မလေးတွေကို ချိန်းထားမိတဲ့ နှစ်ကောင်ရှိသေးတယ်။ သူတို့က တကယ်တော့ ညွန့်ပေါင်းအသင်းမှာမှ အရန် အဖြစ်ပါရတဲ့သူတွေပါ။ အဲဒါကို ရည်းစားတွေချိန်းထားတော့ ကောင်မလေးတွေက သူတို့ကန်မှာဆိုပြီး လာအားပေးရှာတယ်။ သူတို့ ကလည်း တိုင်ပင်ထားပြီးသား .. "ဟေးယောင် ငါဆယ်မိနစ် မင်းဆယ်မိနစ် .. တယောက် ဆယ်မိနစ်ဆီ ကန်ကြမယ် ဟုတ်လား" .. ဂလို တိုင်ပင်ထားတာ။

သို့သော် တကယ်လည်း ကန်ရော ဘယ်ဟုတ်မလဲ .. တယောက်ထွက်တဲ့အချိန် သူတို့ထဲက အရန်တယောက်က ဝင်ကန် .. ခပ်တည်တည်ပဲ ဆယ်မိနစ်လည်းပြည့်ရော ဘာမပြောညာမပြောနဲ့ ကွင်းပြင်ကို ပြေးထွက်သွားချိန်မှာ နောက်တယောက်က ဟန်ပါပါ နဲ့ ပြေးဝင်လာ .. ဒိုင်လူကြီးတောင် ကြောင်သွားတယ်။

အဲဒီမှာ ဒုက္ခရောက်တော့တာပဲ .. ။ တယောက်ဆယ်မိနစ်စီ ကန်လို့ရတယ် ထင်နေတဲ့နှစ်ယောက်ကို ဒိုင်က အလွတ်မပေး တော့ဘူး။ ဆယ်မိနစ်ပြည့်လို့ အပြင်ကကောင်က အချက်ပြတဲ့အချိန် အထဲကကောင် ထွက်မယ်လည်း လုပ်ရော ဒိုင်က ပေး မထွက်တော့ဘူး .. ။ အထဲကကောင်ကလည်း ဘောလုံးနဲ့ ခြေထောက် မထိဘဲ ကန်နေရ၊ အပြင်ကကောင်ကလည်း ကောင်မ လေးတွေရှေ့ ဟန်ရေးပြဖို့ စဉ်းစားထားသမျှ ခဲလေသမျှ ပဲရေပွဖြစ် ... တော်တော်ဆိုးတဲ့ ဒိုင် ..။

သူတို့ထဲမှာ ဘောသမားနဲ့ ဝိတ်တာ မှားထည့်မိတာ တယောက်ရှိသေးတယ်။ အဲ့တယောက်က ဘောလုံးလာရင် ခြေထောက်နဲ့ မကန်ဘဲ ရင်ဗတ်နဲ့ ပြေးပြေးတိုက် ဆိုပဲ။

အဲလို ဗယုတ်သုက္ခပေါင်းများစွာ ကြားကို မင်းသားရောက်လာတဲ့ အချိန်မှာ မီးကို ရေနဲ့ ငြှိမ်းလိုက်သလို ငြိမ်ကျသွားလေရဲ့။ ချစ်သူ ဒါဒါက သူ့ကို ဂရုစိုက်လွန်းတာကြောင့် ပေတရာလောက်ဝေးတဲ့ ဘောကွင်းကို ဆိုက်ကားနဲ့ လာပို့ရှာတယ်။ သူက ဆိုက်ကား ခေါင်းခန်းမှာ ဒါဒါက နောက်မှာ ထိုင်လို့ ..။ အဲဒါသားကြီးခေါ် မျိုးကြီးပါပဲ ..။

ဘယ်သူနဲ့မတူအောင် ဘောလုံးကွင်းကို ရောက်လာပြီးတဲ့နောက် ဘယ်သူနဲ့မှ မတူအောင် ဘောလုံးနဲ့ ခြေထောက် မထိမထိ (ထိကိုမထိတာလေ) ကန်ပြသွားတာ သူ ..။ သူတို့ပွဲလည်း အဲဒီနေ့က ဇာတ်သဘင်နဲ့ ကန်တာမှာ ဘယ်နှဂိုးမှန်းကို မသိအောင် ရှုံးတော့တာပဲ ..။

သားကြီးအကြောင်း ဆက်ရရင် သိပ်ကိုယဉ်ကျေးသလောက် .. ပန်းချီလည်း သိပ်တော်တယ်။ မေးရိုးက လေးထောင့်စပ်စပ် .. ချောမောပြီး ယောက်ျား ပီသတယ်။ ဒါပေမယ့် နှလုံးသားက သိပ်နုတယ်။

သူတို့သူငယ်ချင်းတွေ နောက်ရင်းပြောင်ရင်း ဆံပင်ကို ကပ်ကျေးနဲ့ ကွက်ကျား ညှပ်ကြရာက (မူးနေတာလည်း ပါသပေါ့) နောက်ဆုံး ကတုံးတွေဖြစ်ကုန်ကြတဲ့အချိန်။ ကတုံးမှ ၉ ကောင် .. ၉ ကတုံးပေါ့။ အဲဒီထဲမှာ ခေါင်းဆောင်ကတော့ သားကြီးပေါ့။ တကယ်က သူခေါင်းဆောင်တာ မဟုတ်ပါဘူး။ သူက တခြားကတုံးတွေထက် ထူးပြီး မျက်ခုံးပါ မရှိတော့လို့ ခေါင်းဆောင်လို့ ပြောရတာ။ လူကြီးတွေ အားလုံးအလုပ်ရှုပ်ကုန်တယ်။ ကတုံးတွေနောက်က စုံစမ်းစစ်ဆေးရေးတွေ၊ ထောက်လှမ်းရေးတွေ လိုက်ကုန်တယ်။

တကယ်က သူတို့ဘာသာ မူးပြီး တုံးလိုက်တာ။ သူတို့နောက် ထောက်လှမ်းရေးလိုက်တာများ သိတောင်မသိဘူး။ သားကြီးကလည်း မျက်ခုံးမွှေးပါမရှိတော့ မျက်နှာလေးထောင့် ပြောင်ချော်ချော်ကြီးပေါ့။ ကြောက်စရာကြီးလေ။

ဒါပါပဲ အဲဒီတယောက် မျက်ခုံးရိပ်တာ ဘာလို့လဲ ဘယ်သူမှ မသိဘူး .. သိတဲ့သူပြောပြလေ ဟုတ်လား။ သူ့ကောင်မလေးကို သူ သိပ်ချစ်တာတော့သိတယ်။ ဒါပေမယ့် သူ့ကောင်မလေးက သူ့ကို .. ခွဲခွာသွားလေရဲ့ (အကြောင်းကြောင်းသော အကြောင်း ကြောင်းတွေကြောင့် ဖြစ်မှာပေါ့)

သူ ပန်းချီကောင်းတာ၊ တယောထိုးကောင်းတာ .. ဘယ်ရောက်သွားလဲ မသိတော့ဘူး ..။ သူက စိတ်ပျော့တယ်။ သူ အရက်အိုးထဲ ဇောက်ထိုးနစ်တယ်။ တီဘီဆေးနဲ့ အရက်တွဲသောက်ကောင်းတာမှ မဟုတ်ဘဲ။ သူကတော့ တွဲသောက်ကြည့်တယ်။ တခုသော လွတ်လပ်ရေးနေ့ ဖျော်ဖြေပွဲမှာ တယောလေးထိုးခဲ့ပြီး .. သူတို့မြို့က ရေကန်ကြီးပေါ်မှာ တယောဆက်ထိုးမယ်လို့ ကြံစည်ခဲ့တယ်။ အဲဒီလို ကြံစည်ပြီး တကယ်လည်း အကောင်အထည်ဖော်နေတဲ့အချိန် .. သူ့ကိုသိပ်ချစ်တဲ့ သူငယ်ချင်းတစုက လူကြုံရှိလို့ သူ့ကိုပေးဖို့ စာလှမ်းရေးနေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ..။

သူတို့ ဝမ်းတွင်းမှာ ပြောစမှတ်တွင်စရာ အဖြစ်တခုပေါ့။ ကန်ပေါင်ပေါ်မှာ တယောလေးကိုထိုးရင်း ပုံလျှက်လဲကျသွားသူ တယောက် အကြောင်းလေ။ အဲဒီမှာ သားကြီးဇာတ်သိမ်းလိမ့်မယ် ဘယ်သူမှမထင်ဘူး။ သူ့သူငယ်ချင်းတွေရဲ့ စာလည်း သူ မဖတ်လိုက်ရဘူး။

သူ့မျက်ခုံးတွေ ရိပ်ခဲ့ဖူးတာ သေချာတယ်။

ကိုဖေကျတော့ကော ..။ သူ့ မျက်ခုံးတွေကို သူ အသေကောင်လို မူးပြီး အိပ်ပျော်နေတုန်း သူငယ်ချင်းတစုက နောက်ပြောင်ပြီး ရိပ်ထားခဲ့ကြတာ။ အဲဒီအချိန်က သူလည်း ကတုံးကြီးပဲ။ နိုးလာတော့လည်း သူငယ်ချင်းတွေကို သူ စိတ်မဆိုးရှာပါဘူး။ အဲဒီ ပြောင်ချော်ချော်မျက်နှာကြီးနဲ့ လျှောက်သွားနေတာ။

နောက် သူ သင်္ဘောအရာရှိဘဝနဲ့ ဆိပ်ကမ်းတခုမှာ သေတယ်ဆိုတော့ .. အားလုံးအံ့သြကြတယ်။ သူသွားတာ တပတ်လောက်ပဲ ရှိဦးမှာ ..။ သူသေတာ ဗယ်လင်တိုင်းဒေးကြီးလေ။

သူမသွားခင် ကောင်မလေးတယောက်နဲ့ စေ့စပ်သွားသေးတာ။ အဲဒီကောင်မလေးနဲ့ ဘယ်လိုစေ့စပ်တယ် ထင်လဲ။ ကိုဖေက ဟိန္ဒူ ကုလားဆိုတော့ မြန်မာလိုစေ့စပ်တာ ဘယ်လိုဘာညာသူမသိဘူးလေ။ စေ့စပ်တယ် ဆိုတာ ကောင်မလေးအိမ်သွား စကားပြောလိုက် ပြီးပြီ ထင်တာ။ အဲဒါနဲ့ သူစေ့စပ်မယ်ဆိုပြီး သူငယ်ချင်းတွေကို ကြေညာ .. ဘယ်သူ ဘယ်သူလိုက်ခဲ့ ပေါ့။ အားလုံးကလည်း လိုက်ပါ့မယ်ပေါ့။

ဒီလိုနဲ့ ..

သူငယ်ချင်းစုံတွဲတတွဲ၊ နောက်ထပ် သူငယ်ချင်းထဲက ဂုဏ်သရေရှိ လူကြီးမြင်းတချို့လိုက်သွားကြတယ်။ ကောင်မလေးနေတဲ့ အိမ်လည်း ရောက်ရော .. သူက ခပ်တည်တည်နဲ့အိမ်ပေါ်တက်တာ "ကျနော်တို့ လာစေ့စပ်တာ" ဆိုပဲ။ တကယ်တော့ သူ လာစေ့စပ်မယ်ဆိုတာ ကောင်မလေးကော တအိမ်လုံးမသိကြဘူး။ အံ့အားတွေသင့်လို့ ..။

ကောင်မလေးဦးလေးက ရိုက်မယ်ပုတ်မယ် တကဲကဲလုပ်နေလို့ နောက်ဆုံး သူတို့သူငယ်ချင်းထဲက စကားတတ်တဲ့တယောက် ဖြေရှင်းပေးမှပဲ အားလုံးပြီးဆုံးသွားတော့တယ် .. အဲလိုကောင် ..။

အဲလိုကောင် သေတော့ အသေကောင်ကြီးလိုပဲနေမှာပေါ့ ..။ သူတို့သူငယ်ချင်းတွေကတော့ အသေကောင်ကြီး ဆိုပြီး မျက်ခုံး မရိပ်ပေးလိုက်ရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ ကိုဖေ့ရဲ့ နောက်ဆုံးမျက်ခွက်ကြီးကို မမြင်လိုက်ရဘူးလေ။ သူ့ရဲ့ သေဆုံးခြင်းက ခုထိ ပဟေဠိဖြစ်တုန်း။ ဒီကောင်ဘာလို့သေလဲ ဘယ်သူမှ ခုထိမှန်အောင်မပြောနိုင်သေးဘူး။

ဒါပေမယ့် သူလည်း မျက်ခုံးရိပ်ခဲ့တယ် ...

နောက်တယောက်ကတော့ ကိုကျော်စိုးတဲ့ .. ဒင်းက ဂျီတီအိုင်အောင်ပြီး တိုးဂိုက်လုပ်နေတာ ဘာမှလည်း မဆိုင်ဘူး .. ။ ဒါပေမယ့် သူအရမ်းအောင်မြင်တယ်။ သူ့ဆံပင်တွေက ပြောင်းဖူးမွှေးလို ဖြူနက်ကွက်ကျား .. ကျိုးတို့ကျဲတဲဆိုတော့ ဆံပင်နဲ့ သူ မဖြစ်ချေဘူးဆိုပြီး ကတုံးရိတ်လိုက်တယ်။ ကတုံးနဲ့ကျ သူ အတော် အဆင်ပြေသား ..။

သူ့ရဲ့ကျိုးစားမှုကြောင့်ကော စန်းကြောင့်ပါ .. တိုးဂိုက်လောကမှာ ကတုံးဂိုက် ဆိုပြီး နာမည်ကြီးပေါ့။

တရက်မှာတော့ သူ့မျက်နှာပြောင်ချောကြီးနဲ့ ရောက်လာခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အမေးကို ဖြေပုံ ပြောပါတယ် ..

"ငါက ကတုံးဂိုက်ဆိုပြီး နာမည်ကြီးတော့ အတော်များများ ကတုံးလိုက်ရိတ်ကြတယ်ဟာ .. အဲဒါ အမြင်ကပ်တာနဲ့ ငါ မျက်ခုံးပါ ရိတ်လိုက်တာ .. လိုက်လုပ်ချင်လုပ်ကြပေါ့ ဟွင်း"

ွှဤတွင်ပြီး၏။

အဲဒီ သုံးယောက်စလုံးကို ကျမက အတော်လေး ခင်မင်ခဲ့ . .. ခင်မင်ဆဲလေ။ ဘာပဲဖြစ်ဖြစ် ကျမအသက် ၃၈ နှစ်ဆိုတဲ့ အချိန်ကာလမှာ ကျမခင်မင်တဲ့ထဲက မျက်ခုံးရိတ်သူ ၃ ဦးကြုံခဲ့ဘူးတယ် ..။ ဒါမျိုး လူတိုင်းတော့ ကြုံရမယ်မထင်ဘူး ..။ ၂ ယောက်တော့ သေပြီ ..။ တယောက်ကတော့ ခုထိ ကျမနဲ့ ဆက်သွယ်ပြီး ပေါက်ကရလုပ်နေတုန်းပဲ။ နောက်ပိုင်းတော့ မျက်ခုံး ထပ်ရိတ်တယ် မကြားမိတော့ပါဘူး ..။

ဝန်ခံချက်။ ။ ယဉ်ကျေးမှုတက္ကသိုလ်က ညွန့်ပေါင်းဘောလုံးအသင်းမှာ ပါခဲ့တဲ့ ဥာဏ်စိုးနဲ့ ကိုရဲ ပြောသမျှ ထဲက နည်းနည်းခိုးချပါတယ်။ ၁၉၉၈ ဝန်းကျင် အဲ့တုန်းက ဘောပွဲကို ကိုယ်တိုင်မကြည့်ခဲ့ ပေမယ့် တချိန်လုံး အဲဒီ ဘောပွဲအကြောင်း ကြားနေရလို့ နားရည်ဝနေခဲ့ပါတယ်။











3 comments:

ဗန်ပိုင်းယား said...

မတူးကော ရိတ်ဘူးလား .. ဟိ ... ကေလာတော့ ငယ်ငယ်က ရိတ်ဘူးတယ်. . နွေဘက်ဆို ပူလို့ ကတုံးတုံးတာလေ.. အဲဒါ မျက်ခုံးမွှေးက သေးတယ် သန်အောင် ဆိုပီး ကိုကြီးက ရိတ်ရိတ်ပေးတာ .. ဟိ

Andy said...

ဟီဟိ မျက်ခုံးအရိပ်ကောင်းလို့ အဖေလိုက်ရိုက်တာတောင် သတိရသေး

NangNyi said...

ဘောလုံးပွဲအကြောင်း လွမ်းကူသွားတယ်.. ညီလည်း အဲ့ဘောလုံးပွဲတွေကို သိပ်ပျော်တာ.. ခုနောက်ပိုင်း အရင်ကလောက် ပျော်စရာမကောင်းတော့ဘူး..