မုန့်ဟင်းခါး တပန်းကန်ရဲ့ အထုပ္ပတ္တ

ကိုစီတုတ်တို့က ဆိုက်ကားသာနင်းတာ သူ့ကိုယ်သူ လေယာဉ်ပျံ ပိုင်းလော့လောက် ထင်ထားတာ။ ဒီတော့ ဆိုက်ကား သမားအချင်းချင်း လူက မထင်ချင်ဘူး။ ပြောလိုက်ရင် အကြီးကြီး ...၊ ကမ္ဘာနဲ့ ချီပြီးမှ ပြောချင်တာ။ အဲဒီလို ကမ္ဘာလောက်ကြီးတွေ ပြောချင်တဲ့ ကိစ္စကြောင့်လည်း မဒမ်စီတုတ်ခေါ် မသွယ်နဲ့ ခဏခဏ စကားများရ၊ ရန်ဖြစ်ရ ..။

မသွယ်ကတော့ သူ့ယောက်ျား ဝါသနာကို သိရှာပါတယ်။ အကြီးကြီးပြောတာ ပြောပါ၊ ဒါပေမယ့် အလုပ်လေးလည်း လုပ် ... မျှမျှ တတပေါ့။ သို့ပေမယ့် ကိုစီတုတ်က အရှိန်ရလာရင် အကြီးကြီးတွေပြောရင်းက သူ့စကား သူ မထိန်းနိုင်တော့ဘဲ ဟပ်ထိုး ဖြစ်လိုဖြစ်၊ မှောက်ရက်လဲကျလိုကျ ...။ အဲဒီလိုကျတော့ မသွယ်ပါးစပ်နဲ့ တွေ့ရောပေါ့။

ဒါမျိုး ကိုဖေတို့ ကိုအာကြီးတို့နဲ့တော့ ကိုက်တယ်။ ကိုဖေကလည်း ဆိုက်ကားသာ နင်းနေတာ ... ကမ္ဘာနဲ့ချီပြီး မပြောရရင် ထမင်းစား ဝင်တဲ့သူ မဟုတ်ဘူး။ ကိုအာကြီးကတော့ သတင်းထောက်လိုလို စာရေးဆရာလိုလိုပါ။ ပြောသာပြောရတယ် ကိုအာကြီးရေးတဲ့စာ တလုံးတလေတောင် ဘယ်သူမှ မမြင်ဖူးဘူး။ ကိုဖေတို့ ကိုအာကြီးတို့ ကတော့ ထားတော့လေ ...။ လူပျိုကြီးတွေ ဆိုတော့ နောက်မှာ စားမယ့် သောက်မယ့်သူလည်း မရှိဘူး။ ကိုဖေဆို ဆာရင် သူ့အစ်မအိမ် တက်စားရုံပဲမဟုတ်လား။ ကိုစီတုတ်ကျတော့ နောက်မှာ မသွယ်အပါအဝင် ဘု ရယ် စုရယ် ခရုရယ် ကလေး ၃ ယောက်နဲ့။ ကိုစီတုတ် ဆိုက်ကားနင်းတာနဲ့ အိမ်စားရိတ် မလောက်လို့ မသွယ်က မုန့်ဟင်းခါး ထွက်ရောင်းနေရကတည်းက သိပ်ကြည်တာ မဟုတ်ဘူး။

ဒါပေမယ့် ကိုစီတုတ်က မသွယ် မည်သို့ပင် ဆူပူ ဆောင့်အောင့်စေကာမူ ဆိုက်ကားနင်းသာ အလှည့်ကျော်ချင် ကျော်ပေးလိုက်မယ် အကြီးကြီးတွေ မပြောဘဲတော့ မနေနိုင်ဘူး။ ကိုဖေနဲ့ ကိုက်တယ်ဆိုတာကလည်း ကိုဖေ လုပ်သမျှ သူက အကုန်ချီးကျူးတာလေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့။

သဘာဝပတ်ဝန်းကျင်တို့၊ ကမ္ဘာကြီး ပူနွေးလာတဲ့အကြောင်းတို့က သူတို့ချင်း ဆွေးနွေးပြီးတာ ကြာလှပေါ့။ တခြား ဆိုက်ကားဆရာတွေကိုတော့ သူတို့က ဖုတ်လေတဲ့ ငပိ ရှိတယ် ထင်ကြတာမဟုတ်ဘူး။ အချင်းချင်းကတော့ ဘုတ် ကျီးရိုသေ ကျီးဘုတ်ရိုသေ ဆိုတာမျိုး။ ကိုဖေကလည်း ကိုစီတုတ်ကို မြှောက်မြှောက်ပေးနေကျ။ မသွယ် လုပ်ပေးတဲ့ အမြည်းလေးတွေ အလကားဝင်ကြိတ်ရ နည်းလားဆိုပြီး ကိုစီတုတ်ပြောသမျှ အကုန် ထောက်ခံတာပါ။

သူတို့ နှစ်ယောက်ကသာ တနေ့ တနေ့ အကြီးကြီးတွေ ပြောရင်း တယောက်ကိုတယောက် မြှောက်ပေးနေတာ တခြား ဆိုက်ကားဆရာတွေက သူတို့ကို အရူးတွေလို့ သတ်မှတ်ထားတာပါ။

တလောကတော့ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ ဂျာနယ်တွေဖတ်ရင်း အကြီးကြီးတွေ ပြောနေလေရဲ့။

“ကိုစီတုတ်ရေ ... မင်းသားတွေကတော့ ဖောင်ဒေးရှင်းတွေ လုပ်နေတယ်တဲ့ဗျ”
“ဟုတ်လား ကိုဖေ။ မင်းသားတွေက ဖောင်ဒေးရှင်း ကိုယ်တိုင် လုပ်တယ်ဆိုတော့ မိတ်ကပ်ဖိုး သက်သာ သွားတာပေါ့ဗျာ”
“ဟာ မဟုတ်ဘူးလေ။ ဖောင်ဒေးရှင်းဆိုတာက ...”
“သိပါတယ်ဗျ။ အောက်ခံလိမ်းတဲ့ မိတ်ကပ်လေ။ မသွယ်ကတော့ ပရိုမီနာသုံးတယ်။ ဒါပေမယ့်သူက ဖောင်ဒေးရှင်း သိပ်မခံပါဘူး။ သနပ်ခါးပဲ လိမ်းတာ များပါတယ်”

ကိုစီတုတ်က ထင်ရာတွေ လျှောက်ပြောနေတော့ ကိုဖေ ခေါင်းကုတ်တယ်။

“နေဦး ကိုစီတုတ်ရဲ့ ... ကျနော်ပြောတဲ့ ဖောင်ဒေးရှင်းက အဲဒီလောက် မသေးဘူး။ အသေးအဖွဲတွေ ကျနော် ဘယ်တုန်းက ပြောဖူးလို့လဲဗျာ”
“အဲ ... ထင်တော့ထင်သားပဲ ... ကိုဖေ ... ခင်ဗျားပြောရင် အဲဒီလောက် မသေးနိုင်ပါဘူးလို့”

ဆိုက်ကားသမား တယောက်နဲ့ ကျားထိုးနေတဲ့ ကိုချင်းမြင့်က လှည့်ကြည့်ပြီး ပြုံးစိစိ လုပ်တယ်။ ဒါပေမယ့် သူတို့ကို လှောင်နေတာလည်း မသိပါဘူး။ ဆက်ပြောကြတာပဲ။

“ဒီမှာ ကိုစီတုတ် ... ဖောင်ဒေးရှင်းဆိုတာ ... ”
“သိပါပြီ ကိုဖေရယ် ... မင်းသားတွေက ရုပ်ရှင်လုပ်ငန်းကို အားမရဘဲ ဆောက်လုပ်ရေးဘက်ကူးတာကို ပြောချင်တာ မဟုတ်လား”
“စကားကို ဆုံးအောင် နားထောင်စမ်းပါဗျာ။ ငွေပင်ငွေရင်းတခု စိုက်ထုတ်ပြီး စီးပွားရေးပဲဖြစ်ဖြစ်၊ ဘဏ်တခုခုမှာ အပ်တာပဲဖြစ်ဖြစ်လုပ်ပြီး ခေါင်းစဉ် တခုအောက်မှာ လှူဒါန်းတာကို ပြောတာဗျ”
“အေးလေ ... အစကတည်းက အဲဒီလို ရှင်းရှင်းလင်းလင်း ပြောပါလား”
“ပြောမလို့ပဲ ခင်ဗျားက စကားမှ ဖြတ်လို့မရတာ”
“နေပါဦး။ ဘယ်မင်းသားတွေက ဘယ်လို ဖောင်ဒေးရှင်းတွေ လုပ်မှာတဲ့လဲ”
“ပြေတီဦးတို့ ရဲတိုက်တို့ဗျာ။ ပြေတီဦးကတော့ ပညာရေးအတွက် ငွေစိုက်ထုတ်ပြီး လှူမယ်တဲ့၊ ရဲတိုက်ကတော့ လေလွင့်ကလေးတွေနဲ့ သဘာဝ ဘေးဒဏ်ခံရတဲ့သူတွေကို လှူမှာ”

ကိုစီတုတ်က မျက်နှာကို ရှုံ့လိုက်ုပြီး “ကောင်းတော့ ကောင်းပါတယ် ကိုဖေရယ်။ ဒါပေမယ့် ရိုးလွန်းပါတယ်” လို့ ပြောလိုက်တယ်။

“ဘယ်လို ရိုးတာလဲ ကိုဖေရဲ့။ သူတို့ တတ်နိုင်တာကို သူတို့ လုပ်တာပဲဟာ”
“အဲဒါကြောင့်ပြောတာ ရိုးလွန်းတယ်လို့ ...။ မင်းသားတွေ လုပ်နေပြီး အကြီးကြီးတွေ မစဉ်းစားတတ်ဘူး။ ဘာလုပ်မှာလဲ ... ပညာရေးကိစ္စတို့၊ လေလွင့် ကလေးငယ်တွေအတွက်တို့ ... ဒါတွေက လူတိုင်းလုပ်လို့ရတယ်။ လုပ်တဲ့သူတွေလည်း ရှိတာပဲ”
“ကဲ ... ဆိုစမ်းပါဦး။ ခင်ဗျားဆိုရင် ဘာလုပ်မှာလဲ။ အကြီးကြီး ပြောကြည့်စမ်းပါဦး”
“ငပျင်း ဖောင်ဒေးရှင်းဆိုပြီး ထူထောင်မယ်ဗျာ။ ဘဝမှာ အလုပ်ဆိုလို့ ဘာအလုပ်မှ မလုပ်ဘူးတဲ့ သူတွေကို ထောက်ပံ့ပေးမယ့် ဖောင်ဒေးရှင်းပေါ့။ ကျုပ် ဘီလျံနာဖြစ်ရင် တကယ်လုပ်မှာ”

ကိုစီတုတ်စကားကြောင့် ကိုဖေ့မျက်နှာကြီး ဝင်းလက်သွားတယ်။

“ကောင်းလိုက်တာဗျာ။ ကျနော်တောင် မစဉ်းစားမိဘူး။ ခင်ဗျားက တော်တော်စဉ်းစားတတ်တာပဲ”
“ဒါ အကင်းပဲ ရှိသေးတာဗျ။ စဉ်းစားကြည့်လေဗျာ။ ဖောင်ဒေးရှင်း ဆိုတာတွေက အများကြီး။ ထောက်ပံ့ပေး နေကြတာတွေကလည်း အကုန်လုံး အလုပ်လုပ်တဲ့သူတို့၊ ပညာတော်တဲ့ တတ်တဲ့သူတို့ကိုချည်းပဲ။ အပျင်းထူပြီး ဘာအလုပ်မှ မယ်မယ်ရရမလုပ်တဲ့သူတွေ သနားစရာ မကောင်းဘူးလား။ ဒီလူတွေကို ထောက်ပံ့ပေးရမှာ ပေါ့ဗျ”
“မှန်တယ် ... မှန်တယ်။ ဒါမှ တကယ့်အကြီးကြီး”
“ငပျင်းဖောင်ဒေးရှင်းက ထောက်ပံ့မှု ရယူချင်တဲ့သူက အမှန်တကယ် ပျင်းရမယ်။ စားဝတ်နေရေးအတွက် အလုပ် တစုံတရာ လုပ်ဖူးတဲ့သူဆိုရင်တော့ မပေးနိုင်ဘူးဗျ”
“ဒါဆို ကျနော်တို့ဆို မရဘူးပေါ့နော်။ ကျနော်က အလုပ်လုပ်ဖူးတယ်လေ”
“ဘယ်ရမလဲ ... ဒါပေမယ့် ခင်ဗျားက ထောက်ပံ့ကြေး ရဖို့ မလိုဘူးလေ။ ကျနော့်ဖောင်ဒေးရှင်းမှာ အကြံပေး လုပ်ပေါ့”
“သိပ်ကောင်းတယ်ဗျာ ... ခင်ဗျား ဘာမှမလုပ်ဘဲ ဘီလျံချီ ချမ်းသာသွားရင် အတော်ကောင်းမှာပဲ”
“ဆိုက်ကားအားလား”

ကိုဖေ့စကားအဆုံးမှာ ဆိုက်ကားငှားမယ့်သူတယောက် ရောက်လာတာပါ။ ကိုဖေနဲ့ ကိုစီတုတ် တယောက် မျက်နှာ တယောက်ကြည့်ပြီး ပြိုင်တူ ခေါင်းခါလိုက်တယ်။ ကျားထိုးနေတဲ့ ဆိုက်ကားဆရာ ကိုပေါ်တက်က သူ့အလှည့် မဟုတ်ပေမယ့် “အားတယ် အားတယ်။ ကျုပ်လိုက်မယ်” ဆိုပြီး ထလိုက်သွားလို့ ... ကျားဝိုင်းလည်း ပျက်သွားတယ်။

ကံဆိုးချင်တော့ နောက်မှာ မုန့်ဟင်းခါးဆိုင် သိမ်းပြီး တခြားဆိုက်ကားတစီးနဲ့ ပြန်လာတဲ့ မသွယ်ရောက်နေတာ ကိုစီတုတ် မသိလိုက်ဘူး ...။

“ကိုစီတုတ် ........” ဆိုတဲ့ အော်သံကြီးကြားမှ လန့်ပြီးနောက်လှည့်ကြည့်မိတာ။

“လာခဲ့ ... လာခဲ့။ ရှင်လာခဲ့။ ကျုပ်ကို မုန့်ဟင်းခါးဆိုင် အသိမ်းလည်း လာမကြိုဘူး။ ကျုပ်ကတော့ ပါစင်ဂျာ ရနေလို့ မလာတာလို့ ထင်တာ။ အခုတော့ ရှင်က ရတဲ့ပါစင်ဂျာကိုတောင် သူများလက်လွှဲလိုက်ပြီး လေပေါ နေတယ်ပေါ့လေ။ အခု ကျုပ်မှာ သူများဆိုက်ကားနဲ့ ပြန်လာရတယ်။ လာ ... အခု အိမ်လိုက်ပို့ ... ရှင်နော် ... ရှင်”

ကိုစီတုတ်ကတော့ မသွယ်ရဲ့ ပေါက်ပေါက်ဖောက်သံတွေကို နားဆင်ရင်း အိမ်လိုက်ပို့ပေးလိုက်ရတယ်၊ ကိုဖေကတော့ သူတို့လင်မယားကို ငေးရင်း ကိုစီတုတ်ရဲ့ ရွှေဥာဏ်တော် စူးရောက်မှုကို သဘောကျပြီး ဆက်စဉ်းစားနေတယ် ...။

“ခက်တယ် ... ခက်တယ်။ မိန်းမတွေများ ... ယောက်ျားလုပ်တဲ့လူက အကြီးကြီးတွေး၊ အကြီးကြီး လုပ်မယ့် ကိစ္စဆို ဖျက်လိုဖျက်ဆီးနဲ့ ...။ တနေ့စာ တနေ့ရဖို့ ဆိုက်ကားနင်းတယ်ဆိုတာ ဘာများ အရေးကြီးလို့လဲ။ ဒါ လူတိုင်း လုပ်နိုင်တဲ့ကိစ္စ ...။ ငါ ... ငပျင်းဖောင်ဒေးရှင်း ထူထောင်နိုင်တဲ့ တနေ့ကျမှ လူဆိုတာ အလုပ်မလုပ်လည်း စားနိုင် သောက်နိုင်တယ်ဆိုတာ သက်သေပြရမယ်”

ကိုစီတုတ် ပါးစပ်ကတော့ ထုတ်ပြောရဲတာ မဟုတ်ပါဘူး။ စိတ်ထဲက ပြောနေတာ ... မသွယ်ကတော့ ဘယ်ကြားပါ့မလဲ။

+++++++

ဒီနေ့တော့ ကိုစီတုတ် ဆိုက်ကား ထွက်လို့မရဘူး။ မနေ့က စိတ်ကူးယဉ်ပြီး ဆိုက်ကားနင်းလိုက်တာ ချိုင့်အကြီးကြီးထဲကို မမြင်ဘဲ ကျသွားလို့ ဆိုက်ကား ခွေလိမ်သွားတယ်။ မသွယ်ကတော့ စိတ်ဆိုးတာ ဘာပြောကောင်းမလဲ ...။

“ရှင် ဆိုက်ကား မထွက်နိုင်ရင်လည်း ကျမ ဆိုင်မှာကူ” ဆိုတဲ့ တချက်လွှတ်အမိန့်ကြောင့် ဟင်းရည်အိုး မွှေသလိုလို ... နံနံပင်ပန်းကန်လေး ချသလိုလိုနဲ့ ယောင်ခြောက်ဆယ် လုပ်နေရတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ကို ကိုအာကြီး ရောက်လာတာပါ။

ကိုအာကြီးဆိုတာကလည်း ကိုစီတုတ်တို့နဲ့ နင်လားငါလား အကြီးကြီးပြောပြီး သေးသေးလေး လုပ်တဲ့သူပါပဲ။ ကိုစီတုတ်တို့ ကိုဖေတို့နဲ့ သူတို့ချင်းတော့ တော်တော်လေး အဆင်ပြေကြတယ်။ ကျီးဘုတ်မြှောက် ဘုတ်ကြီးမြှောက်တဲ့ ရာဇဝင်ထဲမှာ ကိုအာကြီးလည်း ပါသပေါ့။ ကိုစီတုတ်ကတော့ ကိုအာကြီး ရောက်လာလို့ တော်တော် ပျော်သွားတယ်။ ပွားဖော် ပွားဘက် ရပြီ ဆိုပြီးတော့လေ ...။

“ဟား ကိုစီတုတ် ... ဆိုက်ကား မထွက်ဘူးလားဗျ”
“ဆိုက်ကားက ချိုင့်ထဲကျပြီး ခွေလိမ်သွားလို့ ဆိုင်ပို့ထားရတယ်ဗျ”
“အေးဗျာ ... ကမ္ဘာကြီးကလည်း ပျက်ဆီးနေပါပြီ။ တနေ့ထက် တနေ့ ပူနွေးလာပြီလေ။ တနေ့ကလည်း ဂျပန်မှာ ငလျင်လှုပ်သွားတာ ကြားလိုက်တယ် မဟုတ်လား။ သိပ်အရေးကြီးတယ်ဗျ ... ခင်ဗျားလည်း မပေါ့နဲ့ ... အင်း ကျနော်တော့ ကမ္ဘာကြီး ပူနွေးလာတာနဲ့ စပ်ဆက်ပြီး ခင်ဗျား ဆိုက်ကား ခွေလိမ်သွားတဲ့ကိစ္စ သတင်း ဆောင်းပါး တပုဒ် ရေးဦးမယ်”

ကိုအာကြီးက သူ သိထားတဲ့ ဂျပန်ငလျင်အကြောင်း ပြောချင်တာနဲ့ပဲ ကိုစီတုတ် ဆိုက်ကား ခွေလိမ်သွားတာနဲ့ကို အတင်းရအောင် ဆွဲချိတ်လိုက်တယ်။

မသွယ်ကတော့ မျက်စောင်းထိုးပြီး “ကိုအာကြီး မုန့်ဟင်းခါးပဲလား။ ဘာနဲ့ စားမှာလဲ” ဆို မေးလိုက်တယ်။

ကိုအာကြီးက “ဒီလို မသွယ်ရယ် ... ကျနော်က မုန့်ဟင်းခါးစားမယ်ဗျာ ... အဲဒီ မုန့်ဟင်းခါးလေးကို ဘယ်လို စားမလဲ ဆိုတော့ ...”

မသွယ် တော်တော်စိတ်မရှည်တော့ဘူး ... သူက မုန့်ပန်းကန်ကိုင်ပြီး စောင့်နေရတာ ...။ ကိုအာကြီးက မပြီးနိုင်ဘူးလေ ...။ ကြားထဲမှာ ပါဆယ်လာဝယ်တဲ့ တယောက်ကို ထည့်ပေးလိုက်တော့ ကိုအာကြီးက စကား မဆက်သေးဘဲ စောင့်နေတယ်။

“ကဲ ... ပြော ကိုအာကြီး မုန့်ဟင်းခါးက ဘာနဲ့ စားမှာလဲ”
“ဟုတ်ကဲ့ ... ဒီလိုဗျာ ...ပန်းကန် ဖြူဖြူလေးထဲကို မုန့်ဖတ် ဖြူဖြူ သွယ်သွယ်လေးတွေ ထည့်ပြီး ... ဟင်းရည်ကို ချက်ချင်း မထည့်ဘဲနဲ့ ...”

အဲဒီမှာ ရပ်ကွက်ထဲက ဒေါ်ဘူချီ ရောက်လာပြီး “မသွယ်ရေ ... အကြော်လွတ် ကြက်သွန်ဥများများ၊ ငှက်ပျောအူများများ တပွဲ ထည့်စမ်းပါ” ဆိုပြီး ဇိုးဇိုးဇတ်ဇတ် ပြောလို့ ကိုအာကြီးအတွက် ပန်းကန်ကို ချပြီး ဒေါ်ဘူချီ့ကို ထည့်ပေးလိုက်တယ်။

“ကဲ ကိုအာကြီး ... ရှင် ဒီနေ့ မုန့်ဟင်းခါး စားဦးမှာလား” ဆိုတဲ့ မသွယ်ရဲ့ ဆောင့်ကြီး အောင့်ကြီး မေးသံ အဆုံးမှာတော့ ကိုစီတုတ်က ဝင်ပါတယ်။ သူက ကိုအာကြီး မုန့်ဟင်းခါး မှာပုံမှာနည်းကို သဘောကျ နေတာလေ။ မုန့်ဟင်းခါးကို ဒီလို ကဗျာဆန်ဆန် မှာတတ်တာ ကိုအာကြီး တယောက်ပဲ ရှိလိမ့်မယ့်လို့ ထင်တယ်။

“နေနေ မသွယ် ... ကိုအာကြီးကို ငါပဲ မေးလိုက်မယ်” ဆိုတဲ့ ကိုစီတုတ် စကား မဆုံးခင် နောက်ထပ် မုန့်ဟင်းခါး စားမယ့်သူ သုံးယောက်နဲ့ ပါဆယ်ဝယ်မယ့်သူ တယောက် ရောက်လာလို့ မသွယ်လည်း အလုပ်ရှုပ်သွားတာနဲ့ ကိုစီတုတ်ကို မဟန့်လိုက် နိုင်တော့ဘူး။

“ကဲ ကိုအာကြီး ပြောဗျာ။ ခင်ဗျားပြောပုံဆိုပုံ ကျုပ် အရမ်းသဘောကျတယ်။ အရမ်းကို ကဗျာဆန်တယ်”
“ဒီလိုဗျာ ... ခုနက ဘယ်ရောက်သွားပြီလဲ မသိဘူး”
“မုန့်ဖတ်ဖြူဖြူလေးပေါ်ကို ဟင်းရည် မဆမ်းသေးဘဲ”
“အဲ ... ဟုတ်ပြီ ... ဟင်းရည် မဆမ်းခင်မှာ ဘူးသီးကြော် ကြွပ်ကြွပ်လေးကို ကပ်ကျေးနဲ့ ချပ်ကနဲ ချပ်ကနဲ လှလှပပလေး ညှပ်ထည့် စေချင်တယ်ဗျာ”
“ဟုတ်ပြီ ... ဆက်ပါဦး”
“ပြီးတဲ့ အခါမှာတော့ ... အပေါ်က နံနံပင် စိမ်းစိမ်းလေးကို ဖြူး ... ပြီးမှ ဟင်းရည်ကို ကြက်သွန်ဥ သုံးဥလောက် ပါအောင် ခပ်ထည့်ပြီး ....”

မသွယ်က မုန့်လာဝယ်သူတွေ လာစားသူတွေနဲ့ ဇယ်ဆက်သလို အလုပ်ရှုပ်နေသလို ကိုစီတုတ်ကတော့ ကိုအာကြီးရဲ့ မုန့်ဟင်းခါး မှာပုံမှာနည်းမှာ မျောနေတယ်။

“ငှက်ပျောအူ ကွေးကွေးလေးတွေလည်း ပါသင့်တယ်ဗျ။ ဒါမှ ဟာမိုနီဖြစ်မှာ မဟုတ်လား”
“ဒါပေါ့ ကိုအာကြီးရယ် ... အတွေးတွေက သိပ်ကြီးကျယ် ခန်းနားတာပဲ။ ကျနော်လည်း တနေ့ကျရင် မသွယ်ရဲ့ မုန့်ဟင်းခါးဆိုင်မှာ ကွန်ပျူတာ ဝယ်တပ်ပေးထားမယ်။ ပြီးတော့ လူတဦးချင်းစီရဲ့ အကြိုက်ကို ခလုတ်တချက် နှိပ်လိုက်တာနဲ့ အဖြေထွက်လာအောင် ဆော့ဖ်ဝဲ သွင်းပေးထားမယ်ဗျာ”
“ကောင်းတယ် ကောင်းတယ် ... အရမ်းကောင်းတယ်ဗျာ။ မုန့်ဟင်းခါး ဆော့ဖ်ဝဲပေါ့ ... ဟုတ်လား”
“ဒါပေါ့ဗျ။ ကျုပ်က မလုပ်ရင်လည်း မလုပ်ဘူး။ လုပ်ရင်လည်း အဲဒီလို ကြီးကြီးကျယ်ကျယ်ပဲ လုပ်ချင်တာ ...။ ဒါနဲ့ ကိုအာကြီးအတွက် မုန့်ဟင်းခါး မှာလိုက်တော့မယ်နော်”
“မှာဗျာ ... မှာလိုက်တော့။ ကျနော် ခုနကပြောတဲ့အတိုင်း မှတ်မိတယ်နော်”
“မှတ်မိပါတယ် စိတ်ချစမ်းပါ”

ကိုစီတုတ်က မသွယ်ဘက်ကိုလှည့်ပြီး ကိုအာကြီး ပြောတဲ့အတိုင်း မုန့်ဟင်းခါးမှာပေးမလို့ ရှိသေးတယ် မသွယ်က “မုန့်ဟင်းခါး ကုန်ပြီ ကိုစီတုတ်။ ဆိုင်ဝိုင်းသိမ်းတော့” ဆိုတာနဲ့ပဲ ကိုအာကြီးလည်း အဲဒီနေ့က မုန့်ဟင်းခါး စားတဲ့ဆီ မရောက်လိုက်တော့ပါဘူး။


1 comments:

ပန်းခရမ်းပြာ said...

ဖေါင်ဒေးရှင်းကို ဖတ်ပြီး ရယ်လိုက်ရတာ။

မချို