မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ

လူကိုယ်တိုင် မသွားရပေမယ့် ... ဓာတ်ပုံတွေ မြင်ရတယ်။ ကိုကျော်သူ့ facebook က ယူပါတယ်။


မောင်စိန်သောင်းရဲ့ မနှင်းရည် (အသက် ၅၈ နှစ်)

အခုလောက်ဆို သူတို့ သွားကြရောပေါ့ ...

သူတို့ဆိုတာက ကျမရဲ့ ဆွေမျိုး ညီအစ်ကို မောင်နှမတွေ ... သွားကြပြီ ... ရေဝေးမှာ ဒီညနေ ၃ နာရီ။

“သူ ... ဒေါ်ဒေါ်ချို့ကို ပြုံးပြသွားသေးတာ” ဆိုတဲ့အသံကို ကျမ ကြားယောင်နေမိတယ်။ အောက်ချင်းငှက်တွေဟာ ငှက်ဖိုပဲဖြစ်ဖြစ် ငှက်မပဲဖြစ်ဖြစ် တကောင်သေရင် နောက်တကောင်လည်း လိုက်သေတယ်ဆိုတာကို ကျမ မယုံတဝက် ယုံတဝက် ... ဒီနေ့ ကျမရဲ့ ဒေါ်ဒေါ်ချို ဈာပန ... တိုက်တိုက်ဆိုင်ဆိုင်တော့ မဖြစ်နိုင် ... သူ့ ခင်ပွန်းသည် ကျမတို့ရဲ့ ဦးဝဏ္ဏ (စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ) ဆုံးတာ ၄ လပြည့်တဲ့နေ့။

အဒေါ်ထဲမှာ အငယ်ဆုံး ... ကျမတို့နဲ့ အဒေါ်လိုထက် ညီအစ်မလို၊ သူငယ်ချင်းလို နောက်နောက်ပြောင်ပြောင် နေတတ်သူ။ သူ့ ခင်ပွန်းသည်ကို အားကိုတာထက် ကိုးကွယ်တယ်လို့ ထင်ရလောက်အောင် ချစ်တဲ့သူ။ ခင်ပွန်းသေပြီး မကြာဘူး အိပ်ရာပေါ် ဗုံးဗုံးလဲကျ ... ၄ လ မပြည့်ခင် နောက်က လိုက်သွားတဲ့သူ။ မောင်စိန်းသောင်းနဲ့ မနှင်းရည်ဆိုတာ တွဲရက်ပါလို့ သူ သက်သေပြလိုက်တယ်လို့ ကျမ ထင်မိတယ်။

အခုတော့ မောင်စိန်သောင်းရဲ့ မနှင်းရည်ဟာ မနှင်းရည်ရဲ့ မောင်စိန်သောင်းနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလေပြီ။

ဝါနု၊ ထွန်းဝင်းအောင် ... ပြေဇင် (မောင်မောင်)၊ ဥက္ကာ (ဓာတ်ခဲ) တို့ရဲ့ ချစ်သော မေမေ၊ ပန်းနုလေးရဲ့ ချစ်စွာသော ဘွားဘွား ... ကောင်းရာသုဂတိ လားမှာပါ ...။

ကမ္ဘာကြီးအတွက် သစ်ပင်စိုက်တဲ့ ကဗျာဆရာအတွက် ကဗျာ

အမှန်အတိုင်းပြောရရင် ကျမ ကဗျာ မရေးတတ်ပါဘူး။ ဒါပေမယ့် အကြောင်း တိုက်ဆိုင်သွားတဲ့အတွက် မနေ့က (၂၀၁၁ ရဲ့ ကမ္ဘာ့ကဗျာနေ့) မှာ ကဗျာလေးတပုဒ်ရေးဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်တယ်လို့ ပြောရတာက မနေ့က ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းကဗျာဆရာ တယောက်နဲ့ ဖုန်းပြောဖြစ်တော့ သူက “ဒီနေ့ ရန်ကုန်မှာ လုပ်မယ့် ကမ္ဘာ့ကဗျာနေ့ပွဲက သစ်ပင်စိုက်တဲ့ ကဗျာဆရာတွေ လုပ်တဲ့ပွဲ” လို့ ပြောတဲ့အတွက် ကျမ အတွေးတစ ရသွားလို့ပါ။ သစ်ပင်စိုက်တဲ့ ကဗျာဆရာဆိုတာ တင်စားပြောလိုက်တာပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို စိတ်ဝင်စားတဲ့ ကဗျာဆရာပေါ့။ အဲဒီမှာ ကျမ အရင်ဆုံးပြေးမြင်လိုက်တာ ကဗျာဆရာ မင်းထက်မောင်ပါ။ ကျမအစ်ကို တယောက်လို ခင်ရတဲ့ ကိုမင်းထက်မောင်က ကဗျာရေးကောင်းသလို သဘာဝပတ်ဝန်းကျင်ကိစ္စ တွေကိုလည်း တော်တော်စိတ်ဝင်စားပါတယ်။ အဲဒါကြောင့် ဒီကဗျာလေးကို ကျမ သူ့ကို ရည်ညွှန်းပြီး ရေးမိပါတယ်။ နောက်တခုက မနေ့ညက ကျမတို့အိမ်မှာ သူငယ်ချင်းတွေစုပြီး ကဗျာရွတ်ပွဲလေး လုပ်ဖြစ်ပါတယ်။ အဲဒီမှာ ရွတ်ဖို့ ကဗျာတပုဒ် ကိုယ့်ဘာသာ ရေးချင်နေပါတယ်။ ကျမတို့ သူငယ်ချင်းတွေထဲက တယောက်က ဒီပွဲမလုပ်ခင် တရက်မှာ ကဗျာနေ့မှာ ရွတ်ဖို့ ကဗျာရေးတဲ့အခါကျရင် လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတု၊ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင် စတာတွေကို ရေးရင်ကောင်းမယ်လို့ ပြောပါတယ်။ အဲဒါကြောင့်လည်း ကျမ အတွေးတစ ထပ်ရပါတယ်။ ဒါနဲ့ ဒီ ကဗျာကို ရေးဖြစ်တယ်လို့ ဆိုရမှာပါ။ ကဗျာဆရာ မောင်ချောနွယ်က သူ့ရဲ့ သစ္စာပန်းများနဲ့ မေလ ကဗျာမှာ “တဘဝ ကဗျာဆရာ” တဲ့ ကျမကတော့ တရက် ကဗျာ ဆရာပေါ့ :P

“ကမ္ဘာကြီးအတွက် သစ်ပင်စိုက်တဲ့ ကဗျာဆရာအတွက် ကဗျာ”

အချစ်တွေ လျော့လာတာနဲ့အမျှ

ကမ္ဘာကြီး ပူနွေးလာတော့တာပါပဲ

မြစ်ရေတွေလျှံကျ … ရေကြီးရတယ်ဆိုတာကလည်း

ရေခဲတောင်တွေ ငိုလို့ပါ...


သစ်တောတွေကတော့

ငိုချိန်တောင်မရလိုက်ရှာဘူး

နာရီဝက်ကို ၁၀ ပင်တဲ့ …

လွှကြော်ငြာထဲက မော်ဒယ်မလေးခမျာ

ဘီလူးဆိုင်းနဲ့ ကနေရမှန်း မသိဘူးတဲ့ကွယ်

သစ်တပင်ခုတ် ထောင် ၆ နှစ် …


ချစ်တယ်ဆိုတာ ဘာခက်တာလိုက်လို့


ဟိုမှာတော့ ဆူနာမီတဲ့

ဒီမှာတော့ ငလျင်တဲ့

အဲဒါ မချစ်တော့လို့ပေါ့

ဒါမှမဟုတ် မချစ်တတ်လို့ပေါ့။


ရေဒီယိုသတ္တိ ကြွကြွ မကြွကြွ

အက်ဆစ် မိုးမိုး မမိုးမိုး

ဝေလငါး ကုန်တော့လည်း ငါးမန်းစားမပေါ့

ငါးမန်းကုန်တော့လည်း ငါးတန်တို့ ငါးမြစ်ချင်းတို့ …

နောက်ဆုံး … အမေ့ ဒယ်အိုးထဲမှာ ချက်စရာ ငါးတော့ ရှိဦးမှာပါ။


ဒီလိုပါပဲ

ဒိုင်နိုဆောသေတော့လည်း

ဘာနိုဆော ညာနိုဆောတွေ ရှိခဲ့တာပဲ

အခုတောင် သူတို့မျိုးနွယ် တကောင်က အိမ်ခေါင်မိုးပေါ်က

စုတ်ထိုးပြနေလေရဲ့ ...


ဒီလိုပါပဲ

ပျဉ်းမတွေ ကြွေပေမယ့်

ချင်းမိုင်ဟာ ချင်းမိုင်ပါ။


မြောက်ဝင်ရိုးစွန်းဆိုတာ

ချင်းမိုင်နဲ့ အဝေးကြီး …

ဂျပန်ဆိုတာလည်း ဝေးပါသေးတယ်

နယူးဇီလန် … ဟေတီ … ဝေးပါတယ် … ဝေးကြပါတယ် …

ဝေးရင်တော့ ကောင်းပါတယ်။


သူများကို နည်းနည်းချစ် … ကိုယ့်ကိုယ်ကိုယ် များများချစ်

ဒီလိုနဲ့ မသိမသာ ကိုယ့်ကိုယ်ကိုယ် မုန်းသလို ဖြစ်မှန်းမသိ ဖြစ်


မပူပါနဲ့

ကဗျာဆရာတွေ သစ်ပင်စိုက်နေပါတယ်

ချစ်တတ်တဲ့ ကဗျာဆရာတွေပေါ့။


ဒါပေမယ့် ကဗျာဆရာရေ

လွှတွေက ကဗျာဆရာထက်များနေပါပေါ့လား။

ကဗျာဆရာတွေက ကဗျာဆရာလောက်ပဲ ရှိပေတာကိုး။


ကမ္ဘာမြေကြီး ဆိုတဲ့ သတို့သမီးက

တခြားသူနဲ့ လက်ထပ်သွားပြီ ကဗျာဆရာရေ

ဟို သီချင်းထဲကလို ၂၅ မိနစ်တောင်မဟုတ်ဘူး

၂၅ နာရီလည်း မဟုတ်ဘူး။

သူ့ခမျာ ၂၅ နှစ်လောက် စောင့်ခဲ့ပါရဲ့ …။


အချစ်တွေ လျော့သွားမှတော့ …

ရေခဲတောင်ကြီး ငိုပြီပေါ့ ကဗျာဆရာ …


(အစ်ကို ကဗျာဆရာ မင်းထက်မောင်အတွက်)

မတ် ၂၁၊ ၂၀၁၁






မုန့်ဟင်းခါး တပန်းကန်ရဲ့ အထုပ္ပတ္တ

ကိုစီတုတ်တို့က ဆိုက်ကားသာနင်းတာ သူ့ကိုယ်သူ လေယာဉ်ပျံ ပိုင်းလော့လောက် ထင်ထားတာ။ ဒီတော့ ဆိုက်ကား သမားအချင်းချင်း လူက မထင်ချင်ဘူး။ ပြောလိုက်ရင် အကြီးကြီး ...၊ ကမ္ဘာနဲ့ ချီပြီးမှ ပြောချင်တာ။ အဲဒီလို ကမ္ဘာလောက်ကြီးတွေ ပြောချင်တဲ့ ကိစ္စကြောင့်လည်း မဒမ်စီတုတ်ခေါ် မသွယ်နဲ့ ခဏခဏ စကားများရ၊ ရန်ဖြစ်ရ ..။

မသွယ်ကတော့ သူ့ယောက်ျား ဝါသနာကို သိရှာပါတယ်။ အကြီးကြီးပြောတာ ပြောပါ၊ ဒါပေမယ့် အလုပ်လေးလည်း လုပ် ... မျှမျှ တတပေါ့။ သို့ပေမယ့် ကိုစီတုတ်က အရှိန်ရလာရင် အကြီးကြီးတွေပြောရင်းက သူ့စကား သူ မထိန်းနိုင်တော့ဘဲ ဟပ်ထိုး ဖြစ်လိုဖြစ်၊ မှောက်ရက်လဲကျလိုကျ ...။ အဲဒီလိုကျတော့ မသွယ်ပါးစပ်နဲ့ တွေ့ရောပေါ့။

ဒါမျိုး ကိုဖေတို့ ကိုအာကြီးတို့နဲ့တော့ ကိုက်တယ်။ ကိုဖေကလည်း ဆိုက်ကားသာ နင်းနေတာ ... ကမ္ဘာနဲ့ချီပြီး မပြောရရင် ထမင်းစား ဝင်တဲ့သူ မဟုတ်ဘူး။ ကိုအာကြီးကတော့ သတင်းထောက်လိုလို စာရေးဆရာလိုလိုပါ။ ပြောသာပြောရတယ် ကိုအာကြီးရေးတဲ့စာ တလုံးတလေတောင် ဘယ်သူမှ မမြင်ဖူးဘူး။ ကိုဖေတို့ ကိုအာကြီးတို့ ကတော့ ထားတော့လေ ...။ လူပျိုကြီးတွေ ဆိုတော့ နောက်မှာ စားမယ့် သောက်မယ့်သူလည်း မရှိဘူး။ ကိုဖေဆို ဆာရင် သူ့အစ်မအိမ် တက်စားရုံပဲမဟုတ်လား။ ကိုစီတုတ်ကျတော့ နောက်မှာ မသွယ်အပါအဝင် ဘု ရယ် စုရယ် ခရုရယ် ကလေး ၃ ယောက်နဲ့။ ကိုစီတုတ် ဆိုက်ကားနင်းတာနဲ့ အိမ်စားရိတ် မလောက်လို့ မသွယ်က မုန့်ဟင်းခါး ထွက်ရောင်းနေရကတည်းက သိပ်ကြည်တာ မဟုတ်ဘူး။

ဒါပေမယ့် ကိုစီတုတ်က မသွယ် မည်သို့ပင် ဆူပူ ဆောင့်အောင့်စေကာမူ ဆိုက်ကားနင်းသာ အလှည့်ကျော်ချင် ကျော်ပေးလိုက်မယ် အကြီးကြီးတွေ မပြောဘဲတော့ မနေနိုင်ဘူး။ ကိုဖေနဲ့ ကိုက်တယ်ဆိုတာကလည်း ကိုဖေ လုပ်သမျှ သူက အကုန်ချီးကျူးတာလေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့။

သဘာဝပတ်ဝန်းကျင်တို့၊ ကမ္ဘာကြီး ပူနွေးလာတဲ့အကြောင်းတို့က သူတို့ချင်း ဆွေးနွေးပြီးတာ ကြာလှပေါ့။ တခြား ဆိုက်ကားဆရာတွေကိုတော့ သူတို့က ဖုတ်လေတဲ့ ငပိ ရှိတယ် ထင်ကြတာမဟုတ်ဘူး။ အချင်းချင်းကတော့ ဘုတ် ကျီးရိုသေ ကျီးဘုတ်ရိုသေ ဆိုတာမျိုး။ ကိုဖေကလည်း ကိုစီတုတ်ကို မြှောက်မြှောက်ပေးနေကျ။ မသွယ် လုပ်ပေးတဲ့ အမြည်းလေးတွေ အလကားဝင်ကြိတ်ရ နည်းလားဆိုပြီး ကိုစီတုတ်ပြောသမျှ အကုန် ထောက်ခံတာပါ။

သူတို့ နှစ်ယောက်ကသာ တနေ့ တနေ့ အကြီးကြီးတွေ ပြောရင်း တယောက်ကိုတယောက် မြှောက်ပေးနေတာ တခြား ဆိုက်ကားဆရာတွေက သူတို့ကို အရူးတွေလို့ သတ်မှတ်ထားတာပါ။

တလောကတော့ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ ဂျာနယ်တွေဖတ်ရင်း အကြီးကြီးတွေ ပြောနေလေရဲ့။

“ကိုစီတုတ်ရေ ... မင်းသားတွေကတော့ ဖောင်ဒေးရှင်းတွေ လုပ်နေတယ်တဲ့ဗျ”
“ဟုတ်လား ကိုဖေ။ မင်းသားတွေက ဖောင်ဒေးရှင်း ကိုယ်တိုင် လုပ်တယ်ဆိုတော့ မိတ်ကပ်ဖိုး သက်သာ သွားတာပေါ့ဗျာ”
“ဟာ မဟုတ်ဘူးလေ။ ဖောင်ဒေးရှင်းဆိုတာက ...”
“သိပါတယ်ဗျ။ အောက်ခံလိမ်းတဲ့ မိတ်ကပ်လေ။ မသွယ်ကတော့ ပရိုမီနာသုံးတယ်။ ဒါပေမယ့်သူက ဖောင်ဒေးရှင်း သိပ်မခံပါဘူး။ သနပ်ခါးပဲ လိမ်းတာ များပါတယ်”

ကိုစီတုတ်က ထင်ရာတွေ လျှောက်ပြောနေတော့ ကိုဖေ ခေါင်းကုတ်တယ်။

“နေဦး ကိုစီတုတ်ရဲ့ ... ကျနော်ပြောတဲ့ ဖောင်ဒေးရှင်းက အဲဒီလောက် မသေးဘူး။ အသေးအဖွဲတွေ ကျနော် ဘယ်တုန်းက ပြောဖူးလို့လဲဗျာ”
“အဲ ... ထင်တော့ထင်သားပဲ ... ကိုဖေ ... ခင်ဗျားပြောရင် အဲဒီလောက် မသေးနိုင်ပါဘူးလို့”

ဆိုက်ကားသမား တယောက်နဲ့ ကျားထိုးနေတဲ့ ကိုချင်းမြင့်က လှည့်ကြည့်ပြီး ပြုံးစိစိ လုပ်တယ်။ ဒါပေမယ့် သူတို့ကို လှောင်နေတာလည်း မသိပါဘူး။ ဆက်ပြောကြတာပဲ။

“ဒီမှာ ကိုစီတုတ် ... ဖောင်ဒေးရှင်းဆိုတာ ... ”
“သိပါပြီ ကိုဖေရယ် ... မင်းသားတွေက ရုပ်ရှင်လုပ်ငန်းကို အားမရဘဲ ဆောက်လုပ်ရေးဘက်ကူးတာကို ပြောချင်တာ မဟုတ်လား”
“စကားကို ဆုံးအောင် နားထောင်စမ်းပါဗျာ။ ငွေပင်ငွေရင်းတခု စိုက်ထုတ်ပြီး စီးပွားရေးပဲဖြစ်ဖြစ်၊ ဘဏ်တခုခုမှာ အပ်တာပဲဖြစ်ဖြစ်လုပ်ပြီး ခေါင်းစဉ် တခုအောက်မှာ လှူဒါန်းတာကို ပြောတာဗျ”
“အေးလေ ... အစကတည်းက အဲဒီလို ရှင်းရှင်းလင်းလင်း ပြောပါလား”
“ပြောမလို့ပဲ ခင်ဗျားက စကားမှ ဖြတ်လို့မရတာ”
“နေပါဦး။ ဘယ်မင်းသားတွေက ဘယ်လို ဖောင်ဒေးရှင်းတွေ လုပ်မှာတဲ့လဲ”
“ပြေတီဦးတို့ ရဲတိုက်တို့ဗျာ။ ပြေတီဦးကတော့ ပညာရေးအတွက် ငွေစိုက်ထုတ်ပြီး လှူမယ်တဲ့၊ ရဲတိုက်ကတော့ လေလွင့်ကလေးတွေနဲ့ သဘာဝ ဘေးဒဏ်ခံရတဲ့သူတွေကို လှူမှာ”

ကိုစီတုတ်က မျက်နှာကို ရှုံ့လိုက်ုပြီး “ကောင်းတော့ ကောင်းပါတယ် ကိုဖေရယ်။ ဒါပေမယ့် ရိုးလွန်းပါတယ်” လို့ ပြောလိုက်တယ်။

“ဘယ်လို ရိုးတာလဲ ကိုဖေရဲ့။ သူတို့ တတ်နိုင်တာကို သူတို့ လုပ်တာပဲဟာ”
“အဲဒါကြောင့်ပြောတာ ရိုးလွန်းတယ်လို့ ...။ မင်းသားတွေ လုပ်နေပြီး အကြီးကြီးတွေ မစဉ်းစားတတ်ဘူး။ ဘာလုပ်မှာလဲ ... ပညာရေးကိစ္စတို့၊ လေလွင့် ကလေးငယ်တွေအတွက်တို့ ... ဒါတွေက လူတိုင်းလုပ်လို့ရတယ်။ လုပ်တဲ့သူတွေလည်း ရှိတာပဲ”
“ကဲ ... ဆိုစမ်းပါဦး။ ခင်ဗျားဆိုရင် ဘာလုပ်မှာလဲ။ အကြီးကြီး ပြောကြည့်စမ်းပါဦး”
“ငပျင်း ဖောင်ဒေးရှင်းဆိုပြီး ထူထောင်မယ်ဗျာ။ ဘဝမှာ အလုပ်ဆိုလို့ ဘာအလုပ်မှ မလုပ်ဘူးတဲ့ သူတွေကို ထောက်ပံ့ပေးမယ့် ဖောင်ဒေးရှင်းပေါ့။ ကျုပ် ဘီလျံနာဖြစ်ရင် တကယ်လုပ်မှာ”

ကိုစီတုတ်စကားကြောင့် ကိုဖေ့မျက်နှာကြီး ဝင်းလက်သွားတယ်။

“ကောင်းလိုက်တာဗျာ။ ကျနော်တောင် မစဉ်းစားမိဘူး။ ခင်ဗျားက တော်တော်စဉ်းစားတတ်တာပဲ”
“ဒါ အကင်းပဲ ရှိသေးတာဗျ။ စဉ်းစားကြည့်လေဗျာ။ ဖောင်ဒေးရှင်း ဆိုတာတွေက အများကြီး။ ထောက်ပံ့ပေး နေကြတာတွေကလည်း အကုန်လုံး အလုပ်လုပ်တဲ့သူတို့၊ ပညာတော်တဲ့ တတ်တဲ့သူတို့ကိုချည်းပဲ။ အပျင်းထူပြီး ဘာအလုပ်မှ မယ်မယ်ရရမလုပ်တဲ့သူတွေ သနားစရာ မကောင်းဘူးလား။ ဒီလူတွေကို ထောက်ပံ့ပေးရမှာ ပေါ့ဗျ”
“မှန်တယ် ... မှန်တယ်။ ဒါမှ တကယ့်အကြီးကြီး”
“ငပျင်းဖောင်ဒေးရှင်းက ထောက်ပံ့မှု ရယူချင်တဲ့သူက အမှန်တကယ် ပျင်းရမယ်။ စားဝတ်နေရေးအတွက် အလုပ် တစုံတရာ လုပ်ဖူးတဲ့သူဆိုရင်တော့ မပေးနိုင်ဘူးဗျ”
“ဒါဆို ကျနော်တို့ဆို မရဘူးပေါ့နော်။ ကျနော်က အလုပ်လုပ်ဖူးတယ်လေ”
“ဘယ်ရမလဲ ... ဒါပေမယ့် ခင်ဗျားက ထောက်ပံ့ကြေး ရဖို့ မလိုဘူးလေ။ ကျနော့်ဖောင်ဒေးရှင်းမှာ အကြံပေး လုပ်ပေါ့”
“သိပ်ကောင်းတယ်ဗျာ ... ခင်ဗျား ဘာမှမလုပ်ဘဲ ဘီလျံချီ ချမ်းသာသွားရင် အတော်ကောင်းမှာပဲ”
“ဆိုက်ကားအားလား”

ကိုဖေ့စကားအဆုံးမှာ ဆိုက်ကားငှားမယ့်သူတယောက် ရောက်လာတာပါ။ ကိုဖေနဲ့ ကိုစီတုတ် တယောက် မျက်နှာ တယောက်ကြည့်ပြီး ပြိုင်တူ ခေါင်းခါလိုက်တယ်။ ကျားထိုးနေတဲ့ ဆိုက်ကားဆရာ ကိုပေါ်တက်က သူ့အလှည့် မဟုတ်ပေမယ့် “အားတယ် အားတယ်။ ကျုပ်လိုက်မယ်” ဆိုပြီး ထလိုက်သွားလို့ ... ကျားဝိုင်းလည်း ပျက်သွားတယ်။

ကံဆိုးချင်တော့ နောက်မှာ မုန့်ဟင်းခါးဆိုင် သိမ်းပြီး တခြားဆိုက်ကားတစီးနဲ့ ပြန်လာတဲ့ မသွယ်ရောက်နေတာ ကိုစီတုတ် မသိလိုက်ဘူး ...။

“ကိုစီတုတ် ........” ဆိုတဲ့ အော်သံကြီးကြားမှ လန့်ပြီးနောက်လှည့်ကြည့်မိတာ။

“လာခဲ့ ... လာခဲ့။ ရှင်လာခဲ့။ ကျုပ်ကို မုန့်ဟင်းခါးဆိုင် အသိမ်းလည်း လာမကြိုဘူး။ ကျုပ်ကတော့ ပါစင်ဂျာ ရနေလို့ မလာတာလို့ ထင်တာ။ အခုတော့ ရှင်က ရတဲ့ပါစင်ဂျာကိုတောင် သူများလက်လွှဲလိုက်ပြီး လေပေါ နေတယ်ပေါ့လေ။ အခု ကျုပ်မှာ သူများဆိုက်ကားနဲ့ ပြန်လာရတယ်။ လာ ... အခု အိမ်လိုက်ပို့ ... ရှင်နော် ... ရှင်”

ကိုစီတုတ်ကတော့ မသွယ်ရဲ့ ပေါက်ပေါက်ဖောက်သံတွေကို နားဆင်ရင်း အိမ်လိုက်ပို့ပေးလိုက်ရတယ်၊ ကိုဖေကတော့ သူတို့လင်မယားကို ငေးရင်း ကိုစီတုတ်ရဲ့ ရွှေဥာဏ်တော် စူးရောက်မှုကို သဘောကျပြီး ဆက်စဉ်းစားနေတယ် ...။

“ခက်တယ် ... ခက်တယ်။ မိန်းမတွေများ ... ယောက်ျားလုပ်တဲ့လူက အကြီးကြီးတွေး၊ အကြီးကြီး လုပ်မယ့် ကိစ္စဆို ဖျက်လိုဖျက်ဆီးနဲ့ ...။ တနေ့စာ တနေ့ရဖို့ ဆိုက်ကားနင်းတယ်ဆိုတာ ဘာများ အရေးကြီးလို့လဲ။ ဒါ လူတိုင်း လုပ်နိုင်တဲ့ကိစ္စ ...။ ငါ ... ငပျင်းဖောင်ဒေးရှင်း ထူထောင်နိုင်တဲ့ တနေ့ကျမှ လူဆိုတာ အလုပ်မလုပ်လည်း စားနိုင် သောက်နိုင်တယ်ဆိုတာ သက်သေပြရမယ်”

ကိုစီတုတ် ပါးစပ်ကတော့ ထုတ်ပြောရဲတာ မဟုတ်ပါဘူး။ စိတ်ထဲက ပြောနေတာ ... မသွယ်ကတော့ ဘယ်ကြားပါ့မလဲ။

+++++++

ဒီနေ့တော့ ကိုစီတုတ် ဆိုက်ကား ထွက်လို့မရဘူး။ မနေ့က စိတ်ကူးယဉ်ပြီး ဆိုက်ကားနင်းလိုက်တာ ချိုင့်အကြီးကြီးထဲကို မမြင်ဘဲ ကျသွားလို့ ဆိုက်ကား ခွေလိမ်သွားတယ်။ မသွယ်ကတော့ စိတ်ဆိုးတာ ဘာပြောကောင်းမလဲ ...။

“ရှင် ဆိုက်ကား မထွက်နိုင်ရင်လည်း ကျမ ဆိုင်မှာကူ” ဆိုတဲ့ တချက်လွှတ်အမိန့်ကြောင့် ဟင်းရည်အိုး မွှေသလိုလို ... နံနံပင်ပန်းကန်လေး ချသလိုလိုနဲ့ ယောင်ခြောက်ဆယ် လုပ်နေရတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ကို ကိုအာကြီး ရောက်လာတာပါ။

ကိုအာကြီးဆိုတာကလည်း ကိုစီတုတ်တို့နဲ့ နင်လားငါလား အကြီးကြီးပြောပြီး သေးသေးလေး လုပ်တဲ့သူပါပဲ။ ကိုစီတုတ်တို့ ကိုဖေတို့နဲ့ သူတို့ချင်းတော့ တော်တော်လေး အဆင်ပြေကြတယ်။ ကျီးဘုတ်မြှောက် ဘုတ်ကြီးမြှောက်တဲ့ ရာဇဝင်ထဲမှာ ကိုအာကြီးလည်း ပါသပေါ့။ ကိုစီတုတ်ကတော့ ကိုအာကြီး ရောက်လာလို့ တော်တော် ပျော်သွားတယ်။ ပွားဖော် ပွားဘက် ရပြီ ဆိုပြီးတော့လေ ...။

“ဟား ကိုစီတုတ် ... ဆိုက်ကား မထွက်ဘူးလားဗျ”
“ဆိုက်ကားက ချိုင့်ထဲကျပြီး ခွေလိမ်သွားလို့ ဆိုင်ပို့ထားရတယ်ဗျ”
“အေးဗျာ ... ကမ္ဘာကြီးကလည်း ပျက်ဆီးနေပါပြီ။ တနေ့ထက် တနေ့ ပူနွေးလာပြီလေ။ တနေ့ကလည်း ဂျပန်မှာ ငလျင်လှုပ်သွားတာ ကြားလိုက်တယ် မဟုတ်လား။ သိပ်အရေးကြီးတယ်ဗျ ... ခင်ဗျားလည်း မပေါ့နဲ့ ... အင်း ကျနော်တော့ ကမ္ဘာကြီး ပူနွေးလာတာနဲ့ စပ်ဆက်ပြီး ခင်ဗျား ဆိုက်ကား ခွေလိမ်သွားတဲ့ကိစ္စ သတင်း ဆောင်းပါး တပုဒ် ရေးဦးမယ်”

ကိုအာကြီးက သူ သိထားတဲ့ ဂျပန်ငလျင်အကြောင်း ပြောချင်တာနဲ့ပဲ ကိုစီတုတ် ဆိုက်ကား ခွေလိမ်သွားတာနဲ့ကို အတင်းရအောင် ဆွဲချိတ်လိုက်တယ်။

မသွယ်ကတော့ မျက်စောင်းထိုးပြီး “ကိုအာကြီး မုန့်ဟင်းခါးပဲလား။ ဘာနဲ့ စားမှာလဲ” ဆို မေးလိုက်တယ်။

ကိုအာကြီးက “ဒီလို မသွယ်ရယ် ... ကျနော်က မုန့်ဟင်းခါးစားမယ်ဗျာ ... အဲဒီ မုန့်ဟင်းခါးလေးကို ဘယ်လို စားမလဲ ဆိုတော့ ...”

မသွယ် တော်တော်စိတ်မရှည်တော့ဘူး ... သူက မုန့်ပန်းကန်ကိုင်ပြီး စောင့်နေရတာ ...။ ကိုအာကြီးက မပြီးနိုင်ဘူးလေ ...။ ကြားထဲမှာ ပါဆယ်လာဝယ်တဲ့ တယောက်ကို ထည့်ပေးလိုက်တော့ ကိုအာကြီးက စကား မဆက်သေးဘဲ စောင့်နေတယ်။

“ကဲ ... ပြော ကိုအာကြီး မုန့်ဟင်းခါးက ဘာနဲ့ စားမှာလဲ”
“ဟုတ်ကဲ့ ... ဒီလိုဗျာ ...ပန်းကန် ဖြူဖြူလေးထဲကို မုန့်ဖတ် ဖြူဖြူ သွယ်သွယ်လေးတွေ ထည့်ပြီး ... ဟင်းရည်ကို ချက်ချင်း မထည့်ဘဲနဲ့ ...”

အဲဒီမှာ ရပ်ကွက်ထဲက ဒေါ်ဘူချီ ရောက်လာပြီး “မသွယ်ရေ ... အကြော်လွတ် ကြက်သွန်ဥများများ၊ ငှက်ပျောအူများများ တပွဲ ထည့်စမ်းပါ” ဆိုပြီး ဇိုးဇိုးဇတ်ဇတ် ပြောလို့ ကိုအာကြီးအတွက် ပန်းကန်ကို ချပြီး ဒေါ်ဘူချီ့ကို ထည့်ပေးလိုက်တယ်။

“ကဲ ကိုအာကြီး ... ရှင် ဒီနေ့ မုန့်ဟင်းခါး စားဦးမှာလား” ဆိုတဲ့ မသွယ်ရဲ့ ဆောင့်ကြီး အောင့်ကြီး မေးသံ အဆုံးမှာတော့ ကိုစီတုတ်က ဝင်ပါတယ်။ သူက ကိုအာကြီး မုန့်ဟင်းခါး မှာပုံမှာနည်းကို သဘောကျ နေတာလေ။ မုန့်ဟင်းခါးကို ဒီလို ကဗျာဆန်ဆန် မှာတတ်တာ ကိုအာကြီး တယောက်ပဲ ရှိလိမ့်မယ့်လို့ ထင်တယ်။

“နေနေ မသွယ် ... ကိုအာကြီးကို ငါပဲ မေးလိုက်မယ်” ဆိုတဲ့ ကိုစီတုတ် စကား မဆုံးခင် နောက်ထပ် မုန့်ဟင်းခါး စားမယ့်သူ သုံးယောက်နဲ့ ပါဆယ်ဝယ်မယ့်သူ တယောက် ရောက်လာလို့ မသွယ်လည်း အလုပ်ရှုပ်သွားတာနဲ့ ကိုစီတုတ်ကို မဟန့်လိုက် နိုင်တော့ဘူး။

“ကဲ ကိုအာကြီး ပြောဗျာ။ ခင်ဗျားပြောပုံဆိုပုံ ကျုပ် အရမ်းသဘောကျတယ်။ အရမ်းကို ကဗျာဆန်တယ်”
“ဒီလိုဗျာ ... ခုနက ဘယ်ရောက်သွားပြီလဲ မသိဘူး”
“မုန့်ဖတ်ဖြူဖြူလေးပေါ်ကို ဟင်းရည် မဆမ်းသေးဘဲ”
“အဲ ... ဟုတ်ပြီ ... ဟင်းရည် မဆမ်းခင်မှာ ဘူးသီးကြော် ကြွပ်ကြွပ်လေးကို ကပ်ကျေးနဲ့ ချပ်ကနဲ ချပ်ကနဲ လှလှပပလေး ညှပ်ထည့် စေချင်တယ်ဗျာ”
“ဟုတ်ပြီ ... ဆက်ပါဦး”
“ပြီးတဲ့ အခါမှာတော့ ... အပေါ်က နံနံပင် စိမ်းစိမ်းလေးကို ဖြူး ... ပြီးမှ ဟင်းရည်ကို ကြက်သွန်ဥ သုံးဥလောက် ပါအောင် ခပ်ထည့်ပြီး ....”

မသွယ်က မုန့်လာဝယ်သူတွေ လာစားသူတွေနဲ့ ဇယ်ဆက်သလို အလုပ်ရှုပ်နေသလို ကိုစီတုတ်ကတော့ ကိုအာကြီးရဲ့ မုန့်ဟင်းခါး မှာပုံမှာနည်းမှာ မျောနေတယ်။

“ငှက်ပျောအူ ကွေးကွေးလေးတွေလည်း ပါသင့်တယ်ဗျ။ ဒါမှ ဟာမိုနီဖြစ်မှာ မဟုတ်လား”
“ဒါပေါ့ ကိုအာကြီးရယ် ... အတွေးတွေက သိပ်ကြီးကျယ် ခန်းနားတာပဲ။ ကျနော်လည်း တနေ့ကျရင် မသွယ်ရဲ့ မုန့်ဟင်းခါးဆိုင်မှာ ကွန်ပျူတာ ဝယ်တပ်ပေးထားမယ်။ ပြီးတော့ လူတဦးချင်းစီရဲ့ အကြိုက်ကို ခလုတ်တချက် နှိပ်လိုက်တာနဲ့ အဖြေထွက်လာအောင် ဆော့ဖ်ဝဲ သွင်းပေးထားမယ်ဗျာ”
“ကောင်းတယ် ကောင်းတယ် ... အရမ်းကောင်းတယ်ဗျာ။ မုန့်ဟင်းခါး ဆော့ဖ်ဝဲပေါ့ ... ဟုတ်လား”
“ဒါပေါ့ဗျ။ ကျုပ်က မလုပ်ရင်လည်း မလုပ်ဘူး။ လုပ်ရင်လည်း အဲဒီလို ကြီးကြီးကျယ်ကျယ်ပဲ လုပ်ချင်တာ ...။ ဒါနဲ့ ကိုအာကြီးအတွက် မုန့်ဟင်းခါး မှာလိုက်တော့မယ်နော်”
“မှာဗျာ ... မှာလိုက်တော့။ ကျနော် ခုနကပြောတဲ့အတိုင်း မှတ်မိတယ်နော်”
“မှတ်မိပါတယ် စိတ်ချစမ်းပါ”

ကိုစီတုတ်က မသွယ်ဘက်ကိုလှည့်ပြီး ကိုအာကြီး ပြောတဲ့အတိုင်း မုန့်ဟင်းခါးမှာပေးမလို့ ရှိသေးတယ် မသွယ်က “မုန့်ဟင်းခါး ကုန်ပြီ ကိုစီတုတ်။ ဆိုင်ဝိုင်းသိမ်းတော့” ဆိုတာနဲ့ပဲ ကိုအာကြီးလည်း အဲဒီနေ့က မုန့်ဟင်းခါး စားတဲ့ဆီ မရောက်လိုက်တော့ပါဘူး။


အလံတဝက် လွှင့်ထူပြီ


၁၉၈၈ ခုနှစ် အခုလို အချိန်လောက်ကို ပြန်လှည့်ကြည့်မိတော့ ... ကျမ ဆယ်တန်း ဒုတိယအကြိမ်ဖြေထားပြီးချိန်၊ အောင်စာရင်းကို စောင့်နေချိန်၊ စာအုပ်တွေ လှိမ့်ဖတ်နေတဲ့ နွေနေ့လယ်ခင်းတွေကို ပြန်သတိရမိတယ်။ မနှစ်က ကျခဲ့ပေမယ့် ဒီနှစ်တော့ အောင်မယ်ဆိုတာ သေချာသလောက် ကိုယ့်ကိုယ်ကိုယ် သိနေခဲ့တယ်။ စိတ်ထဲမှာ အေးအေး ဆေးဆေးပဲ။ အဲဒီအချိန်က နိုင်ငံရေးအခြေအနေ တအုံနွေးနွေးနဲ့ ... ပေါက်ကွဲလု ဗုံးတလုံးကို ထိုင်ကြည့် နေရတဲ့ အချိန်လိုပါ ...။ ၁၉၈၇ ခုနှစ်မှာ ငွေစက္ကူ အရေးအခင်းဖြစ်လို့ ကျမတို့ ဆယ်တန်း စာမေးပွဲတွေကို မတ်လမှာ မစစ်နိုင်တော့ဘဲ ဧပြီလအထိ ရွှေ့ခဲ့ရတယ်။ အစိတ်တန်၊ ၇၅ ကျပ်တန် ငွေစက္ကူတွေ သိမ်းတော့လည်း ကျမတို့အိမ်က ချမ်းသာသမျှ တရွက် တည်းသော အစိတ်တန်ကလေး ပါသွားခဲ့ရဖူးပြီ ...နောက်တော့ မတ်လ ၁၃ ရက်နေ့မှ ဖုန်းမော်အရေးအခင်း ဖြစ်ခဲ့တယ်။

၁၉၈၈ သင်္ကြန်က သင်္ကြန်မပီသလိုပဲ။ လူကြီးတွေ ပါးစပ်က ကုန်ဈေးနှုန်းတက်တယ် ဆိုတဲ့ အသံတွေပဲ ကြား နေရတာ။ ဆန်ဈေးတွေ ဆီဈေးတွေ တရိပ်ရိပ်တက်လာတော့ အဖေကတော့ တခုခု ဖြစ်တော့မှာလို့ နိမိတ်ဖတ်နေချိန်။ ကျမတော့ ဘာမှသိပ်မသိတဲ့ ကလေးသာသာစိတ်နဲ့ ... အမေ့ရဲ့ မူကြိုကျောင်းကလေးက ကလေးတွေကြားမှာ ငှားလာတဲ့ စာအုပ်တွေကို တအုပ်ပြီး တအုပ်လှမ့်ဖတ် ... အဲဒီမှာ ဆရာမင်းလူ၊ ဆရာမ နုနုရည် အင်းဝတို့ မိုးမိုးအင်းလျားတို့နဲ့ ကျမ စာအုပ်တွေကနေတဆင့် ရင်းနှီးခဲ့ရ ...။

ပန်းကျောင်း ... ငှက်ကလေး ... သံယောဇဉ် အဖွဲ့ကနေစပြီး မင်းလူစာအုပ်တွေကို တအုပ်ပြီးတအုပ် အာသာ ငမ်းငမ်း လိုက်ရှာဖတ်နေခဲ့တယ်။ အဲဒီတုန်းက စာအုပ် ဝယ်ဖတ်ဖို့ဆိုတာ စိတ်ကူးတောင် မယဉ်နိုင်တဲ့ကာလ။ အငှားဆိုင်တွေ အားကိုးပြန်တော့လည်း မင်းလူစာအုပ်ကို တင်တဲ့ဆိုင်ကတင် ... မတင်တဲ့ဆိုင်က မတင်နဲ့ ...။ ဒါပေမယ့် အဖေ့ ကျေးဇူးနဲ့ အဖေငှားဖတ်နေကျ ကောက်ရိုးနွယ်ဆိုတဲ့ စာအုပ်ဆိုင်ကလေးကို ဝင်မွှေခွင့်ရခဲ့ပြီး ကျမ စိတ်ကြိုက် စာအုပ်တွေ ဖတ်ခွင့်ရခဲ့တယ်။

အဲဒီနွေက အခု ပြန်စဉ်းစားကြည့်တော့ တော်တော်လွမ်းစရာ ...။ ဂစ်တာကလေးကလည်း တီးတတ်ခါစဆိုတော့ ကျမမှာ စာအုပ်တွေရယ်၊ ထူးအိမ်သင် သီချင်းလေးတွေရယ်နဲ့ တော်တော်လေးတော့ ပြည့်စုံခဲ့ပါတယ်။

ဂစ်တာတီးရင်း (ဂစ်တာက ကိုယ်ပိုင်တော့ မဝယ်နိုင်ဘူး၊ ကျမအစ်ကို သူငယ်ချင်းတွေ ခဏ ထားထားသွားတဲ့ ဂစ်တာကို ယူတီးရတာ) ... စာအုပ်တွေဖတ်ရင်း ဒီလိုနဲ့ ၁၉၈၈ ခုနှစ်ရဲ့ သြဂုတ်လထဲမှာ ... တိုက်ဆိုင်စွာပဲ ... အရေးအခင်း ဆိုတာကြီးမစခင် ဆရာမင်းလူရဲ့ စာအုပ်သစ်တအုပ် ထွက်လာခဲ့တယ်။

“ရင်ခုန်သူများ” ဆိုတဲ့ စာအုပ်ပါ။ အဲဒီခေတ်က စာဂျပိုးလူငယ်တွေ မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ ကျမကတော့ အဲဒီစာအုပ်ကို တော်တော်လေးကြိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီစာအုပ်ထဲမှာ ဆရာ မင်းလူတို့ ငယ်သူငယ်ချင်းတွေရဲ့ ကဗျာလေးတွေကို ကြားညှပ် ဖော်ပြထားလို့ပါ။

စားကောင်းသောက်ဖွယ်များ
စားရသောအခါဝယ် ...
ချစ်သူကို သတိရ တမ်းတမိတယ်
ခုများတော့ကွယ် မုန်းလို့ရယ်ဟုတ်ဘူး
စားကောင်းသောက်ဖွယ်ဆိုတာ
ဘယ်လိုဟာ မသိတာကြောင့်
မင်းကိုမေ့နေရပါကြောင်း
တောင်းပန်စိတ်ကူး ... ။

ဒါကတော့ ဆရာ့ကဗျာလေးပါ။ နောက်ပိုင်းမှာ သားကြီးမောင်ဇေယျရဲ့ ကဗျာလို့ သိရတဲ့ ကဗျာလေးတပုဒ် ရှိသေးတယ်။

ကျွန်တော်ပြန်ပါတော့မယ်

“သွားတော့မယ်နော်”
“ပြန်တော့မှာလား”
“၀ိုးဝါးမပီ
နေ၀င်ပြီလေ”
“နေပါအုံးဟယ်”
“စောပါသေးတယ်”
“ပြန်မယ်..ပြန်မယ်
အခုပြန်မယ်ဟာ”
အခါပေါင်းများစွာ
ငါကြေညာရင်း
သက်ပြင်းကလေးမှုတ်
ခေါင်းကုတ်ကာ ငိုင်တိုင်တိုင်နဲ့
ဟောကြည့် .......
ပြန်ထိုင်မိပြန်ပြီ။

အများသောအားဖြင့် အချစ်ကဗျာလေးတွေပါ။ နောက်ပိုင်း သူတို့သူငယ်ချင်းတွေ (မင်းလူ၊ တိုးမိုး၊ မြင့်ကောင်း၊ သားကြီးမောင်ဇေယျ၊ မောင်မောင်စနေ) စုထုတ်တဲ့ “ရွှေနှလုံးသား” ဆိုတဲ့ ကဗျာစာအုပ်ထဲမှာပါပါတယ်။

မနေ့တနေ့က ဆရာမင်းလူရဲ့ သမီးငယ် ယုယနဲ့ စကားပြောမိတော့ သူက “အဲဒီကဗျာလေးတွေက ဇာတ်လမ်း လေးတွေနဲ့တူတယ်။ သမီးတို့ငယ်ငယ်က ကဗျာမှန်းမသိဘူး။ သီချင်းလို လုပ်ဆိုခဲ့တာ” လို့ ပြောပြတယ်။

အဲဒီ ရင်ခုန်သူများထဲက ကဗျာတွေကို ဟိုမှာ၊ သည်မှာ ပြန်တွေ့ရပေမယ့် ... လုံးဝ ပြန်မတွေ့ရတော့တဲ့ ကဗျာ တပုဒ်အကြောင်းကို ကျမ ပြောချင်တာပါ။ မင်းလူရဲ့ အဲဒီတုန်းက ပရိသတ်တွေ သတိထားမိမယ်လို့ ထင်ပါတယ်။ ရင်ခုန်သူများ ဒုတိယအကြိမ် ပြန်ထုတ်ခွင့်ရတော့လည်း အဲဒီကဗျာက စိစစ်ရေးက ခွင့်မပြုခဲ့ဘူး ...။ တခြားသော ကဗျာပေါင်းချုပ် စာအုပ်ကလေးတွေ ထုတ်တော့လည်း အဲဒီကဗျာ ပါမလာဘူး။

အဲဒီကဗျာကို ကျမ ပြန်ရှာနေတာကြာပါပြီ ...။ ရင်ခုန်သူများ ပထမ ဗားရှင်းကလည်း ကျမမှာ မရှိတော့ဘူးလေ။ အခုတော့ ယုယရဲ့ ကျေးဇူးနဲ့ ပြန်တွေ့ပါပြီ။ အဲဒီ ကဗျာလေးက “ဝမ်းနည်း မှတ်တမ်း” လို့ အမည်ရပါတယ်။ ရင်ခုန်သူများဟာ ... အချစ်ဝတ္ထု ရိုးရိုးလေး တပုဒ်လို့ ပြောလို့ ရပေမယ့် ခေတ်ကို ထင်ဟပ်နေတဲ့ ဝတ္ထုတအုပ်ပါ ...။ ဒီ ဝမ်းနည်းမှတ်တမ်းဟာ အဲဒီ ခေတ်ကြီး တခုလုံးကို ထင်ဟပ် ပြနေခဲ့ပါတယ်။ အဲဒီကဗျာကို ဖတ်လိုက်ရုံနဲ့ အဲဒီတုန်းက တက္ကသိုလ်ကြီးရဲ့ အခြေအနေကို မြင်နေရပါတယ်။ အဲဒီတုန်းက ကျမက တက္ကသိုလ်ကျောင်းသူ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီကဗျာလေးကို ဖတ်ပြီး ဘာကို ဆုံးရှုံးမှန်းမသိ ... တခုခု ဆုံးရှုံးလိုက်ရတယ်ဆိုတာကို သိခဲ့တယ်။ အဲဒီကဗျာလေးကိုလည်း အလွတ် မရွတ်နိုင်ပေမယ့် ကျမ လုံးဝ မမေ့ခဲ့ဘူး။ အခွင့်သာတိုင်း ပြန်ရှာနေမိတယ်။ မှတ်သားမိသလောက် ဆရာမင်းလူ အဲဒီရင်ခုန်သူများ စာအုပ်ကို ရေးပြီးတဲ့အချိန်က ၁၉၈၈ ခုနှစ် မေလပါ။

ဝမ်းနည်းမှတ်တမ်း


တပေါင်းနွေတွင်
ကြွေလွင့်မျောလျက်၊ နွေသစ်ရွက်ရယ်
မင်းတွက် လွမ်းတေး ဆိုပါမည်။

ဥသြငှက်လျှင်၊ မျှော်စင်ထက်မှ
အမျှပေးဝေ တောင်းဆုချွေဆဲ

အင်းလျားကန်က မှန်သားမျက်နှာ
လက်ဖြင့်ကာလျက် မရှုရက်နိုင်

ဘွဲ့နှင်းသဘင် မရွှင်မပျ
မျက်လွှာချလျက် နှုတ်မဆက်နိုင်

ကြေးခြင်္သေ့သည် မျက်လုံးနီလျက်
မျက်ရည်တစ ထိန်းမရတော့

အဓိပတိ မချိသဖြင့်
ရင်နင့်လှိုင်းထ မောပန်းလှပြီ

ကံ့ကော်တောအုပ် အပူရုပ်ဖြင့်
စုတ်သပ်မစဲ ယိုင်လဲမတတ်

မင်းအချစ်ဦး လိပ်ပြာရူးပြီ
ဟိုကူးဒီလာ ဆတ်ဆတ်ခါစဉ်

သစ်ပုတ်ပင်သည်
ရင်မှပေါက်ဖွား သူ၏သားတွက်
ဖားလျားပင်ယံ ပန်းမပန်ဘဲ
အလံတဝက် လွှင့်ထူပြီ။

တပေါင်းနွေတွင်
ကြွေလွင့်မျောလျက် နွေသစ်ရွက်ရယ်
မင်းတွက် လွမ်းတေး ဆိုပါမည် ...။

ရင်ခုန်သူများ စာအုပ်နောက်ကျောဖုံး အတွင်းမှာ သီးသန့် ... ဝတ္ထုနဲ့မဆိုင်ဘဲ ဖော်ပြခဲ့တဲ့ ဒီကဗျာလေးကို ဖတ်ပြီး ကျမ မောသွားတယ် ... ဝမ်းနည်းမှတ်တမ်းဟာ ... အဲဒီခေတ် အစိတ်စိတ်အမွှာမွှာ ဖြစ်ရတော့မယ့် အမိတက္ကသိုလ်ကြီးရဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ် ....။

(ကဗျာလေးတွေ ရှာပေးတဲ့ ညီမလေး ယုယကို ကျေးဇူးတင်ပါတယ်) မတ်လ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ကဗျာနေ့ပါ ... ကဗျာနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာကို တင်ဆက်ပါတယ်။
တူးတူးသာ


အီးဘုခ်သို့ အူကြောင်ကြောင် ခြေတလှမ်း

၂၀၁၁ မှာ ဘလော့ဂ်ပို့စ် တခု ရေးပြီးတဲ့နောက် ကျမ ဘလော့ဂ်လေးဘက်ကို ခြေဦးမလှည့်နိုင် ပြန်ပါဘူး။ အလုပ်များတာက အကြောင်းပြချက် သက်သက်ပါ။ တကယ်က ကျမ စာရေးဖို့ကို လန့်နေတာဆိုရင် ပိုမှန်ပါမယ်။ အထူးသဖြင့် စာနယ်ဇင်းသမားဘဝ ကမောက်ကမ ခေါင်းစဉ်နဲ့ ဆက်ရေးဖို့ကို ကြောက်နေတာပါ။ ဒီခေါင်းစဉ်က ကျမတယောက်တည်းရဲ့ ဖြစ်ရပ်ဆိုပေမယ့် ကြုံတွေ့ခဲ့ရသူတွေရဲ့ ဘဝတွေနဲ့ပါ ဆက်စပ်နေတာကိုး။ ဒါပေမယ့် ကျမ ပြန်စဉ်းစားကြည့်တော့ နည်းနည်း ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုရင် ဒါ သမိုင်းတခုပါ။ သမိုင်းဆိုတာ ဘယ်သူမှ ဖျက်ဆီးလို့ မရစကောင်းဘူးလို့ တွေးမိပါတယ်။ လိပ်ပြာသန့်သန့်နဲ့ ရေးနိုင်ဖို့ဆိုရင်တော့ ကျမကိုယ် ကျမကော တခြားသူတွေကိုပါ ဘက်မလိုက်ဖို့ လိုပါလိမ့်မယ်။ ဒီလို တွေးမိပြီး ကျမ ဆက်ရေးဖို့ ကြိုးစား ဖြစ်ပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်တွေက အနည်းဆုံး ၇ နှစ်၊ ၈ နှစ်လောက် ကြာခဲ့ပါပြီ။

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ( ... )

“မနက်ဖြန်မနက် ၄၃ လမ်းနဲ့ ကုန်သည်လမ်းထောင့်က အဆောက်အအုံကို လာခဲ့ ... လှေခါးကနေ ၄ ထပ်ကိုသာ တက်ခဲ့” လို့ ဆရာမျိုး (ဦးမျိုးမြတ်သူက) ဖုန်းထဲကနေ ပြောတဲ့အထိ ကျမ ဘာလုပ်ရမလဲ ဆိုတာ တကယ် မသိခဲ့ ပါဘူး။

တကယ်တော့ စာအုပ်သမိုင်းသစ်တခုရဲ့ ခြေလှမ်းအစမှာ တထောင့်တနေရာက ကျမ ပါဝင်ခွင့်ရခဲ့တဲ့ အဖြစ် အပျက်ရဲ့ အစပါ။

“နင် စိတ်ဝင်စားမှာပါ။ မြန်မာအီးဘုခ် စလုပ်ကြမယ်။ အဲဒီမှာနင်က အယ်ဒီတာ လုပ်ရမယ်”

ဆရာမျိုးနဲ့ကျမက အင်တာဗျူးဂျာနယ်ကနေ ကျမ ထွက်လာကတည်းက ၃ နှစ်လောက် အဆက်အသွယ် ပြတ်နေတာပါ။ သူနဲ့ ပြန်ဆက်သွယ်မိချိန်မှာ သူက အီးဘုခ်ဖြစ်မြောက်ရေးရဲ့ ပရောဂျက် မန်နေဂျာ။

အီးဘုခ် ဆိုတာ ဘာလဲလို့ ကျမ စဉ်းစားမိတော့ ရိုးရိုးလေး တွေးရင် အီလက်ထရောနစ် စာအုပ်ပေါ့။ အဲဒီ အီလက် ထရောနစ် စာအုပ်ဆိုတာ ဘယ်လိုဟာပါလိမ့်။ အဲဒီအချိန်မှာ ကျမအတွက် အင်တာနက်ဆိုတာ စာအုပ်ထဲမှာပဲ ဖတ်ဖူးသေးတာပါ။ အီး .......... ဆိုတဲ့စကားလုံး မြန်မာပြည်မှာ စတင် ခေတ်စားနေပြီ ဆိုပေမယ့် ကျမ အတွက်တော့ တော်တော်လေး ဝေးတယ် ဆိုရမှာပါ။ ဂျီတီအိုင်ကို အီးစီနဲ့ ဆင်းခဲ့ပေမယ့် ကျမက သူငယ်ချင်း တွေ ပြောသလို အီလက်ထရောနစ် လမ်းကျောက သွေဖယ်ပြီး အရူးကျောကို နင်းမိထားသူကိုး။

ဆရာမျိုး အပြောအရတော့ အီးဘုခ်ဆိုတာ ထုတ်ပြီးသား သုတ၊ ရသ စာအုပ်တွေကို အင်တာနက်ပေါ် တင်ပြီး ရောင်းမှာ ဆိုပဲ။ ဘယ်လိုတင်ပြီး ဘယ်သူတွေကို ရောင်းမလဲလို့ တွေးမိပေမယ့် အဲဒီအချိန်မှာ ကျမ အဖြေမရ ပါဘူး။

အကွေ့မရှိတဲ့ လှေခါးရှည်ကြီးကနေ ၄ ထပ်အထိ တက်ရတာ တော်တော်တော့ မောပါတယ်။ ဒါပေမယ့် ကျမ အတွက် အသစ်အဆန်းတခု ကြုံရတော့မယ်ဆိုတဲ့စိတ်ကြောင့် မောဖို့ကို သတိမရနိုင်ပါဘူး။

ဖော်အဲဗားဂျွန် ... ဆိုတဲ့ ဆိုင်းဘုတ်ကလေးကလည်း ကျမအတွက် နည်းနည်း ဆန်းလို့နေပါတယ်။

“ဟောဒါက ဦးဌေးဝင်းတဲ့ ... ကဗျာဆရာ မောင်လင်းရိပ်ပေါ့။ ဒီမှာ နင်နဲ့အတူတူ အယ်ဒီတာ လုပ်မှာ”

ဆရာမျိုး မိတ်ဆက်ပေးလိုက်သူကို ကျမ ကြည့်မိတော့ ခင်မင်စရာကောင်းတဲ့ မျက်နှာတခုကို မြင်ရပါတယ်။ လေးထောင့်စပ်စပ်မျက်နှာက ကာတွန်းမောင်ဝဏ္ဏရဲ့ ဇာတ်ကောင် တောင်ပုလုမြို့စားကြီး ထင်ရာစိုင်း ကို သွား သတိရမိစေပါတယ်။ သူက ကျမကို ပြုံးပြတယ်။ မောင်လင်းရိပ်ရဲ့ ကဗျာတချို့ကို ဖတ်ဖူးတဲ့ ကျမအတွက်တော့ သူ့ရုပ်က သူ့ ကဗျာလေးတွေလိုလည်း မနုပါလားလို့ တွေးမိပါတယ်။

“သူက နင့်လိုပဲ ဂျီတီအိုင်ပဲလေ” လို့ ဆရာမျိုးက ဆက်ပြောတော့ ကျမ အမျိုးတယောက်ကို တွေ့ရသလို ပျော်သွားပါတယ်။ နောက်တော့မှ ဆရာဦးဌေးဝင်းရဲ့ အမျိုးသမီးကလည်း အင်းစိန်ဂျီတီအိုင်မှာ ဆရာမ၊ ဆရာ ကိုယ်တိုင် ဂျီတီအိုင်ဆင်းပြီး THS ကျောင်းအုပ်ကြီး လုပ်ခဲ့သူလို့ သိလိုက်ရပါတယ်။ ဒါ့အပြင် ဆရာမျိုးက ကျမနာမည်ကို ပြောပြပြီး “သူက ဆရာပြည့် တူမလေ” လို့ ဆက်ပြောတော့ ဆရာဦးဌေးဝင်းက ထပ်ပြီး ပြုံးပြပါတယ်။

“ဟုတ်လား ... တို့လည်း ပြွန်တံဆာ ဇာတိပဲကွ” ဆိုပြီး ကျမ ဦးလေးတွေ၊ အဒေါ်တွေရဲ့ အကြောင်းကို မေးပါ တော့တယ်။ အဲဒီမှာပဲ ကျမအတွက် ဦးဌေးဝင်းဟာ အတူ လုပ်ဖော်ကိုင်ဖက် ဆိုတဲ့အပြင် ဆွေမျိုး ဦးလေး သားချင်းလို ကျမအတွက် နောက်ပိုင်းအချိန်တွေအထိ ခင်မင်ရမယ့်သူဆိုတာကို တွက်မိပါတယ်။

အဲဒီနေ့မှာပဲ ရုံးခန်းထဲမှာ ကျမ နောက်ထပ် တယောက် ထပ်သိရတာကတော့ ဆရာမျိုးရဲ့ မန်နေဂျာဖြစ်တဲ့ မဟွေခင်ပါ။ တရုတ် အမျိုးသမီး ... ပိန်ပိန်ပါးပါးနဲ့ အပျိုကြီးပေါ့။ သူနဲ့ ကျမကတော့ မြင်မြင်ချင်း ဆောက်နဲ့ မထွင်းပေမယ့် နောက်ပိုင်းမှာ ဆောက်ထက် ဆိုးတာတွေနဲ့ ထွင်းဖြစ်ကြပါတယ် :)။ (နောက်ပိုင်း ပြန်တွေးမိတော့ ငယ်စိတ်နဲ့ မှားခဲ့တဲ့ ကျမ အမှားတွေကိုလည်း ပြန်မြင်မိပါတယ်)

ကျမတို့ လုပ်ကြမယ့်အလုပ်တွေကို ဆရာမျိုးက ရှင်းပြပါတယ်။

ဒီနေရာမှာ ဆရာမျိုးအကြောင်းကို ကျမ နည်းနည်းတော့ ပြောမှဖြစ်မယ်ထင်တယ်။ ဆရာမျိုးက စကားပြောရင် နည်းနည်းတော့ အကြီးကြီးတွေ ပြောတတ်ပါတယ်။

“ငါတို့ လုပ်မယ့်အလုပ်က ... လုံးဝအသစ်။ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ အလုပ်ပဲ။ အီးဘုခ် ကို ငါတို့ စလုပ်ကြမယ်။ အင်တာနက်ပေါ်တင်ပြီး ရောင်းနိုင်မယ်ဆိုရင် စာရေးဆရာတွေကော၊ ထုတ်ဝေသူတွေကော နောက်ထပ် အကျိုး ခံစားရမယ်။ ငါတို့က စာပေလောကရဲ့ အကျိုးကို တထောင့်တနေရာက သယ်ပိုးတဲ့သူတွေ ဖြစ်မယ် ...” အစရှိသဖြင့် ရှင်းပြတာတွေကတော့ အများကြီးပါ။

တကယ်တော့လည်း အကြီးကြီးတွေ ပြောတာဟာ သူ့ရဲ့ ဝသီဖြစ်မယ်ထင်ပါတယ်။ အဲဒီ အကြီးကြီးတွေကို အကြီးကြီးတွေလို့ တကယ်ထင်ခဲ့မိတဲ့ ကျမတို့က လွန်တာဖြစ်မှာပါ :P

ကျမအတွက်တော့ ကွန်ပျူတာဆိုတာ အစိမ်းသက်သက်။ ကွန်ပျူတာ ဆိုတာကို ဂျီတီအိုင် တက်တုန်းက lab ခန်းထဲမှာ မှန်လှောင်အိမ်နဲ့ ပြထားတာပဲ အနီးကပ်တွေ့ဖူးတာ ... အတွင်းက ကလီစာတွေကို ပြောပါတယ်။ အဲဒါ တကယ်ပါ။ အဲဒီတုန်းက ဘယ်လိုဖွင့်တယ် ပိတ်တယ် ဆိုတာလောက်တော့ သိသပေါ့။ ဒီလောက်ပါပဲ။ ကျမ ထက်စာရင် ဆရာဦးဌေးဝင်းက အများကြီး အတွေ့အကြုံရှိပါတယ်။ ဘာကြောင့်ဆိုတော့ သူက ကျောင်း သင်္ခန်းစာတွေနဲ့ မပြတ်တဲ့အပြင် ... လေးအောက် ဒီဇိုင်းတွေကိုလည်း ကွန်ပျူတာနဲ့ လုပ်နေတဲ့သူ မို့လို့ပါ။

အဲဒီမှာ ကျမနဲ့ တရုတ်မ အပျိုကြီးနဲ့ စတွေ့ကြတော့တာပါပဲ။

ကျမရဲ့ ကွန်ပျူတာနဲ့ မနီးစပ်တဲ့ အားနည်းချက်ကို သူက စဖိုက်တာပါ။ တကယ်တော့ သူ မမှားပါဘူး။ အဲဒီ လောကဓာတ်တွေကို သိအောင် ကျမ လုပ်ရမှာပေါ့လေ။ ကျမလုပ်ရမယ့် အလုပ်ကိုက ဒီဟာတွေ မသိရင် လုပ်လို့မှမရဘဲ။ အဲဒီတုန်းကတော့ ကျမ နည်းနည်း စိတ်တိုမိတယ်။ စိတ်ထဲကနေ “ကျမကို တလအချိန်ပေး ... ဒီလောကဓာတ် တွေကို အကုန်သိအောင်လုပ်ပြမယ်။ ရှင်လည်း တလအတွင်း စာတပုဒ်လောက် ရေးပြစမ်း” လို့ ပြောနေမိတယ်။ အခု စဉ်းစားမိတော့ ရယ်စရာကြီးပေါ့။ တကယ်က စာရေးတယ် ဆိုတာလည်း ဘာမှခက်တဲ့အလုပ် မဟုတ်ပါဘူး။ ကျမဘာသာ ကိုယ့်ဟာကိုယ် မာန်တက်မိနေတာပါ။

ဆက်ပြောရရင် ကျမတို့ လုပ်ရမှာက ... ဘယ်လိုစာအုပ်တွေကို ဘယ်ပုံစံ အင်တာနက်ပေါ် တင်မယ် ဆိုတာက စပြီး လုပ်ရမယ်။ တကယ့်ကို ကနဦးအစလို့ ပြောရမှာပါ။ အဲဒီ အီးဘုခ် ရုံးကြီးမှာ ဆရာမျိုး၊ ဒေါ်ဟွေခင်၊ ဦးဌေးဝင်းနဲ့ ကျမ ၄ ယောက်ပဲ ရှိသေးတာ။ ကျမ ခေါင်းထဲမှာတော့ စစချင်းနေ့မှာပဲ မေးခွန်းတွေ တပုံတခေါင်း ဝင်လာပါတယ်။

၁။ စာအုပ်တွေ ဘယ်ကရမလဲ

ကျမတို့ မြန်မာနိုင်ငံမှာ မူပိုင်ခွင့် ဘာညာ သေသေချာချာ ဥပဒေနဲ့ မရှိသေးပေမယ့် စိတ်ကူးပေါက်တဲ့ စာအုပ်ကို ဒီတိုင်း ယူချင်တိုင်း ယူတင်လို့ ဘယ်ရမလဲ။ ခပ်တည်တည်နဲ့ ယူတင်မယ် ဆိုရင်တောင် စာစီစာရိုက် လုပ်ရမယ်။ ဘယ်သူ လုပ်မှာလဲ။ တအုပ်ချင်းစီအတွက် စာစီစာရိုက်ကို အပ်မှာလား။ လူကလည်း ၄ ယောက်တည်း ဘယ်သူ ရိုက်မှာလဲ ... မသိဘူး။

၂။ ထုတ်ဝေသူတွေဆီက တောင်းမှာလား

တောင်းမယ်ဆို ဘယ်သူတွေက အလွယ်တကူပေးမှာလဲ။ ကျမတို့ အီးဘုခ် လုပ်မယ်ဆိုတဲ့သူတွေတောင် ဒါကို နားမလည်သေးတာ ထုတ်ဝေသူတွေ နားလည်အောင် ဘယ်သူက ရှင်းပြမှာလဲ။

၃။ အင်တာနက်ပေါ် တင်ရောင်းပါပြီတဲ့ ... ဘယ်သူက ဝယ်မှာလဲ။

မြန်မာပြည်မှာ အင်တာနက် ဆိုတာ ချိုနဲ့လားလို့ မေးရမယ့် ဘဝပဲ ရှိသေးတာ။ အင်တာနက် ကဖေးဆိုတာလည်း မရှိသေး။ ပြည်သူလူထုနဲ့ အင်တာနက် အဝေးကြီး။ အမ်အိုင်စီတီ ဆိုတာကြီးတော့ ရှိနေပြီပေါ့။ ဒါပေမယ့် အဲဒါကြီးကလည်း လက်တဆုပ်စာ လူတွေလောက်ပဲ ဝင်လုပ်ပြီး သိထားတာ။ အဲဒီကို တခါမှတောင် ကျမ မရောက်ဖူးဘူး (တကယ်တော့ ကျမတို့ရဲ့ အီးဘုခ်တွေကို အဲဒီ အမ်အိုင်စီတီက ဖော်အဲဗား ရုံးခန်းကနေ အိုင်တီ သမားတွေက အင်တာနက်ပေါ် တင်မယ်လို့ နောက်တော့ သိရပါတယ်)

၎။ ကဲ ... နိုင်ငံခြား ရောက်နေတဲ့ အင်တာနက်နဲ့ ထိတွေ့နီးစပ်နေသူ မြန်မာတွေက ဝယ်မယ် ဆိုပါတော့။ သူတို့က ဘယ်လို ငွေချေမှာလဲ။ အီးဘုခ် တအုပ်ရဲ့ တန်ဖိုးက မူလစာအုပ်တန်ဖိုးရဲ့ ၁၀ ပုံတပုံလောက်တောင် မရှိဘူးလို့ ဆရာမျိုးက ပြောပါတယ်။ တအုပ်ကို မူလတန်ဖိုး ကျပ် ၃၀၀ တန်ရင် အီးဘုခ်ရဲ့တန်ဖိုးက ကျပ် ၃၀ တောင် မရှိဘူး ဆိုတဲ့သဘောပါ။ ဒီလောက် ပမာဏလေးကို ဘဏ်စနစ်မရှိ ဘာမရှိနဲ့ ဘယ်လို ငွေချေမလဲ။ ကျမ ခေါင်းတော်တော်ရှုပ်သွား ပါတယ်။

ှဒါပေမယ့် ဘာပဲဖြစ်ဖြစ် မသိခြင်းတွေနဲ့ပဲ အီးဘုခ် ဆိုတာကြီးက ကျမကို ညှို့နေသလိုပဲ။ တော်တော်တော့ စိတ်ဝင်စားမိနေပါပြီ။

ဒီအီးဘုခ် ဆိုတာကြီးကို ဖော်အဲဗား စပေ့စ် ကုမ္ပဏီနဲ့ အိုအေစစ်သောက်ရေသန့် ထုတ်တဲ့ ဂျွန် ကုမ္ပဏီ ပေါင်းပြီး ထူထောင်တာလို့လည်း သိထားပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီကုမ္ပဏီပိုင်ရှင် လူကြီးမင်းတွေနဲ့ ကျမတို့ ဆုံပါတယ်။

အဲဒီအဆောက်အအုံကလည်း အသစ်လား ... အဟောင်းကို ပြုပြင်ထားတာလားတော့ မသိဘူး ...။ အသစ်ဆို ရင်လည်း ဆောက်ဆဲ၊ ပြုပြင်ထားတာဆိုရင်လည်း ဘာမှ မပြီးသေးတဲ့ လက်စပဲ ရှိသေးတယ်။ ဒီတော့ ကျမအတွက် အကုန်လုံး အသစ်စက်စက်ပါ။

ဦးဌေးဝင်းကတော့ ဒီဇိုင်းတွေ စဆွဲပါတယ်။ ဝက်ပေ့ခ်ျ ဒီဇိုင်းပေါ့။ အဲဒါလည်း ကျမ နားမလည်ပါဘူး။ နောက်တော့ နည်းနည်းရေးတေးတေး သိလာပါတယ်။

စစချင်းနေ့မှာ ကျမအတွက် စိတ်ဝင်စားစရာတွေ၊ မျှော်လင့်ချက်တွေ ပြည့်လို့ပေါ့။ စာအုပ်အမျိုးအစားသစ် တခုရဲ့ သမိုင်းအစမှာ ငါ ပါဝင်ခွင့်ရပြီဆိုပြီးလည်း စိတ်ကြီးဝင်မိပါတယ်။ တကယ်ပါ။ အဲဒီအချိန်က တကယ်ကို ထူးဆန်းတဲ့အဖြစ်ပါ။

နောက်ပိုင်း စိတ်ပျက်စရာတွေ တန်းစီပြီး ဝင်မလာခင် တော်တော်ကြာကြာအထိ အဲဒီ အီးဘုခ် ရုံးခန်းကလေးက ကျမအတွက် ပျော်စရာတွေနဲ့ မျှော်လင့်ချက်တွေ အများကြီး ပေးခဲ့တယ်။ အမှတ်ရစရာတွေနဲ့လည်း ကြည်နူး ခဲ့ရပါတယ်။

နောက်တော့ ဆက်ပါဦးမယ်


Justify Full

ဘဝဆက်တိုင်း ပန်းတွေနဲ့ဝေ


“တနင်္ဂနွေသားသမီးက တခုခုကောက်ကြတယ် ... စိတ်ကောက်ရင်ကောက်၊ မကောက်ရင် ဆံပင်ကောက် ... မကောက်ရင် ဖင်ကောက်” လို့ ဦးဝဏ္ဏက မကြီးကို စ လိုက်တော့ မကြီးက “ဦးဝဏ္ဏကကော ဘာကောက်လဲ” လို့ ပြန်မေးလိုက်တယ်။ ဦးဝဏ္ဏ ပြန်မဖြေနိုင်ခင်မှာပဲ အဘွားက “သူကလား ... သူက သူများတွေ ကျသမျှ လိုက်ကောက်တာလေ” လို့ ပက်ခနဲ ပြန်ပြောလိုက်လို့ ကျမတို့အားလုံး အံ့လည်းသြ၊ ရယ်လည်း ရယ်မိကြ ... ဦးဝဏ္ဏဆို မျက်ရည်လည်တဲ့အထိ ရယ်နေတာ ... အခုထိ မှတ်မိနေသေးတယ်။

အဲဒီဦးဝဏ္ဏ ဆိုတာကတော့ ကျမတို့မောင်နှမတွေ သိပ်ချစ်တဲ့ အငယ်ဆုံး အဒေါ် ဒေါ်ဒေါ်ချို့ ယောက်ျား စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏပါ။

၂၀၁၀ ထဲမှာ စာရေးချင်စိတ် တော်တော်လေး ခေါင်းပါးနေခဲ့တယ်။ ၂၀၁၁ မှာတော့ ဘလော့လေးကို အသက်ပြန်သွင်းမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် နှစ်ဆန်းမှာ ပို့စ် အသစ်ကို နာရေးတခုနဲ့ စရလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။

၁၁ ရက်နေ့ မနက်က ဦးဝဏ္ဏ ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတော့ ကျမ ရုတ်တရက် ဒေါ်ဒေါ်ချို့ကို ဖုန်းမဆက်ရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်ဒေါ်ချို့မှာ နှလုံးမကောင်းတဲ့ ရောဂါရှိတယ်။ နောက် ... ဒေါ်ဒေါ်ချိုက သိပ် အချစ်ကြီးတယ်။ ဘွားဘွား ဆုံးတုန်းက၊ ကျမ ပါပါ ဆုံးတုန်းက၊ နောက် ဦးမြင့် (ဦးအောင်ပြည့်) ဆုံးတုန်းက ဒေါ်ဒေါ်ချို ငိုတာတွေကို ကျမ မြင်ဖူးထားတာကိုး။ အဲဒီတုန်းက ဒေါ်ဒေါ်ချို ငိုတဲ့အချိန် နှစ်သိမ့်သူ၊ ပြုစုသူက ဦးဝဏ္ဏလေ။ အခု ဦးဝဏ္ဏ ဆုံးသွားတော့ ဒေါ်ဒေါ်ချို့ကို ဘယ်သူက နှစ်သိမ့်မှာလဲ ဆိုတာ ကျမ စိတ်ပူပြီး ဖုန်းမဆက်ရဲတာပါ။ ဖုန်းထဲမှာ ဒေါ်ဒေါ်ချို ငိုရှိုက်လိုက်ရင် ကျမလည်း မနှစ်သိမ့်တတ်၊ ပြီးတော့ ကျမပါ ငိုမိမယ် ထင်တယ်။ ဒါကြောင့် တော်တော်လေး နောက်ကျမှ မရဲတရဲနဲ့ ကျမ ဖုန်းဆက်လိုက်တယ်။

ဒေါ်ဒေါ်ချို့အသံက သိပ်ကို တည်ငြိမ်နေတာ ကျမ အံ့သြတကြီး ကြားလိုက်ရတယ်။ ဝမ်းနည်းတဲ့ကြားက ဒေါ်ဒေါ်ချို့အတွက် ကျမ စိတ်အေးသွားတယ်။ တနှစ်လောက် ... သူ သိပ်ချစ်ရတဲ့ ခင်ပွန်းသည်ကို ပြုစု လိုက်ရပြီပဲ။ ဒေါ်ဒေါ်ချိုဟာ ကျမ သိသလောက်တော့ သူ့ခင်ပွန်းကို သိပ်ချစ်တဲ့ ပါရမီဖြည့်ဘက် တယောက်ပါ။ သားသမီးတွေအတွက်၊ ခင်ပွန်းသည်အတွက် အသက်ရှင်နေတဲ့သူလို့ ကျမတော့ ယုံကြည်တယ်။

ကျမ အတွေးတွေက ဟိုးအဝေးကြီးကို ပြန်ရောက်သွားတယ် ...

ကျမတို့ သန်လျင်အိမ်မှာ ဒေါ်ဒေါ်ချို လာနေပြီး ကျောင်းတက်တဲ့ကာလပေါ့။ ဒေါ်ဒေါ်ချိုက အငယ်ဆုံး အထွေးဆုံး ... ပါပါက အကြီးဆုံးဆိုတော့ မောင်နှမပေမယ့် သားအဘလို ဖြစ်နေတာ။ ဒေါ်ဒေါ်ချို အပျိုအရွယ် ... စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့အချိန် ... အဲဒီတုန်းက သင်္ဘောခေတ်။ ကျမက စာရေးချင်တဲ့သူ ဆိုတော့ ... လူကြီးတွေပြောသမျှ ... အကုန်လိုက်မှတ်ထားခဲ့တာပါ။

ကျမ ဦးလေးအငယ် ဦးညွန့် (ဒေါ်ဒေါ်ချို့အထက်က ... သူက ကောင်းညွန့်နာမည်နဲ့စာရေးတယ်။ မြဝတီခေတ်က အယ်ဒီတာ) က အမြဲ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။ ဒေါ်ဒေါ်ချိုက ငယ်ငယ်က သိပ်လှတာကိုး ... ဒီတော့ ပိုးတဲ့ ပန်းတဲ့သူတွေလည်း များတာပေါ့။ အဲဒီထဲမှာ ထူးခြားတာ ၃ ယောက်လောက်ပါတယ်။ ဒေါ်ဒေါ်ချို့ကို ဇွဲကောင်းကောင်းနဲ့ ပိုးတဲ့သူတွေပေါ့။ ဒါရိုက်တာပေါက်စ မောင်ဝဏ္ဏရယ်၊ နောက် ၂ ယောက်ကတော့ စစ်ဗိုလ် တယောက် သမဝါယမက အရာရှိလေး တယောက်ရယ်ထင်တယ်။ ဒီ ၃ ယောက်ကို ဒေါ်ဒေါ်ချို ရွေးရခက် နေတော့ ဦးညွန့်ကို တိုင်ပင်သတဲ့။ ဒီသုံးယောက်ထဲမှာ ငွေကြေးအားဖြင့်၊ ရုပ်ရည်အားဖြင့် ဦးဝဏ္ဏက အောက်ဆုံး အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

“ကိုကိုညွန့် ချိုရီ ဘယ်လိုလုပ်ရင်ကောင်းမလဲ” ပေါ့။ အဲဒီမှာ ဦးညွန့်က ဦးမြင့် (ဦးအောင်ပြည့်) ရဲ့ သူငယ်ချင်း မောင်ဝဏ္ဏကို အမှတ်ပေးတယ်။ ကျမအဖေကော၊ ဦးလေးတွေကောက အနုပညာ သမားတွေ ဆိုတော့ အားလုံး ဦးဝဏ္ဏကို အမှတ်ပေးကြတယ်။ ဒါပေမယ့် အားလုံးကတော့ ဘယ်သူ့ကို ရွေး၊ ဘယ်သူနဲ့ပဲ သဘောတူတယ် ဆိုတာမျိုးတော့ မရှိဘူးပေါ့လေ။ အဲဒီမှာ ဒေါ်ဒေါ်ချိုက ဦးဝဏ္ဏကို ရွေးချယ်လိုက်တာပါ။ သူတို့ အသက်လည်း တော်တော် ကွာတယ် ... ဒါပေမယ့် သူတို့ ၂ ယောက် သိပ်ချစ်ကြတာတော့ ကျမ မျက်မြင်ပါပဲ။ နောက်တော့ ဦးဝဏ္ဏကို သူ့ ယောက်ဖတွေဖြစ်တဲ့ ပါပါတို့ ညီအစ်ကိုတွေက သိပ်ချစ်ကြပါတယ်။

ကျမ အတွေ့အကြုံအရ ဒေါ်ဒေါ်ချို ဦးဝဏ္ဏကို စိတ်ဆိုးတာ တခါပဲ တွေ့ဖူးပါတယ်။ အဲဒီတုန်းက ဦးညွန့်ရဲ့ အိမ်မှာပဲပေါ့။ ကျမတို့က ခပ်ငယ်ငယ် ကလေးသာသာအရွယ်။ ပါပါတို့ မောင်နှမတွေ စုဆုံကြတဲ့ ပွဲ တပွဲပါ။

ကျမ ပါပါက လုံးဝ အရက်မသောက်တတ်ဘူး။ ဦးညွန့်နဲ့ ဦးဝဏ္ဏတို့က ရေရေလည်လည် သောက်နေတဲ့ အချိန်ပေါ့ (ဦးဝဏ္ဏတို့ ဦးမြင့်တို့ အရက်ဖြတ်လိုက်ပေမယ့် ဦးညွန့်က ဒီနေ့ထိ မဖြတ်ဘူးလို့ ကြားပါတယ်)။ အဲဒီနေ့က ဦးမြင့်တော့ မရှိဘူး။ သူက အဲဒီအချိန်က လျှမ်းလျှမ်းတောက် စာရေးဆရာ၊ အယ်ဒီတာ၊ သရုပ်ဆောင်၊ ကျူရှင်ဆရာလည်း လုပ်နေတာဆိုတော့ ကျမတို့ သိပ်မမြင်ကြရပါဘူး။

ကျမတို့ မောင်နှမတွေက ဦးညွန့်ယောက္ခမ ဆရာကြီး ဦးတက်တိုးနဲ့ ဒေါ်နုယဉ်တို့ ခြံထဲမှာ ဗြောင်းသတ်အောင် ဆော့ပြီး မောမောနဲ့ လူကြီးတွေ ပြင်ကျွေးတဲ့ ညနေစာ စားပြီးချိန်မှာ ဦးညွန့်နဲ့ ဦးဝဏ္ဏက မျက်ရိပ်ပြပြီး အပြင်ထွက်ဖို့ ပြင်ပါတယ်။ သူတို့ချည်းထွက်ရင် ဒေါ်ဒေါ်ချိုတို့က မလွှတ်ဘူး ဆိုတာသိတော့ အားလုံးရဲ့ အစ်ကိုကြီးဖြစ်တဲ့ ပါပါ့ကိုပါ အပါခေါ်ပါတယ်။ ပါပါက မသောက်တတ်ပေမယ့် သူ့ညီနဲ့ ယောက်ဖကို ချစ်တော့ လိုက်သွားပေးပါတယ်။ နောက်တော့ သူတို့ ... အဲဒီနေရာနဲ့ နီးတဲ့ မီးရထားဟိုတယ်မှာ သွားသောက်ကြ တယ်ပေါ့။

ကျမ မှတ်မိသလောက်တော့ မေမေက အရမ်းကို စိတ်ပူနေပြီ။ ဦးညွန့်မိန်းမ ဒေါ်ရည်လေးက ... လူတကာကို အားနာတတ်တော့ မေမေ့ကို အလကားနေရင်း အားနေပြီ။ ဒေါ်ဒေါ်ချိုကတော့ ဦးဝဏ္ဏကို ကျိန်းနေတာပေါ့။ ညဥ့် တော်တော်နက်တော့မှ သိုင်းကွက် တော်တော်လေး နင်းလာတဲ့ ပါပါ့ကို ခပ်ထွေထွေ ပုံစံနဲ့ ဦးဝဏ္ဏရယ် ဦးညွန့်ရယ်က တွဲလာပါတယ်။ အိမ်ထဲကို ရောက်တာနဲ့ ပါပါက ထိုးအန်ပါတော့တယ်။

ဘာပြောကောင်းမလဲ ... မသောက်တတ်တဲ့ သူတို့ အစ်ကိုကြီးကို တိုက်ရပါ့မလားဆိုပြီး ဒေါ်ဒေါ်ချိုတို့ ပွက်ချက်က ... ဦးဝဏ္ဏဆိုတာ ငြိမ်ကုတ်လို့။ နဂိုကတည်းက ဦးဝဏ္ဏက အနေ အရမ်းအေးတာကိုး ...။ ဦးညွန့်ကိုတော့ ဒေါ်ရည်လေးက သိပ်မနိုင်ဘူး ... ဒေါ်ဒေါ်ချိုပဲ ပတ်ရမ်းတာပါ။ ဒေါ်ဒေါ်ချိုကလည်း အစ်ကိုဆိုတော့ သိပ် မပြောသာတာနဲ့ ... ဒဂုံ ၁ ကျောင်းနောက်မှာနေတဲ့ ပါပါ့အောက်က ဒေါ်ဒေါ်သန်းကို ဖုန်းဆက်ခေါ် ... ဒေါ်ဒေါ်သန်းပါ ရောက်လာပြီး ဦးညွန့်ကို ဆူ ... ဒေါ်ဒေါ်ချိုက ဦးဝဏ္ဏကို ပွမ်တဲ့ ... ပါပါ အရက်သောက်မိတဲ့ ကိစ္စ တော်တော့်ကို ပြောစမှတ်ဖြစ်သွားပါတော့တယ်။ ကျမအဖေအရက်သောက်တာကို ကျမ အဲဒီတခါပဲ မြင်ဖူးတယ် ဆိုပါတော့။ တရားခံကတော့ ဦးဝဏ္ဏနဲ့ ဦးညွန့်ပေါ့။

ဦးဝဏ္ဏ စိတ်ဆိုးတာလည်း ကျမ တခါပဲ ကြုံဖူးပါတယ်။ သူကတော့ ဒေါ်ဒေါ်ချို့ကို စိတ်ဆိုးတာ မဟုတ်ပါဘူး။

သန်လျင်မှာ ... ဒွေး၊ ဇင်ဝိုင်း၊ မျိုးသန္တာထွန်း၊ ဆုဒါလီတို့နဲ့ ရယ်စရာမောစရာ ကားကြီး လာရိုက်တဲ့အချိန်ပါ။ ကျမတို့ မောင်နှမတွေကလည်း အားနေတဲ့အချိန်ဆိုတော့ ဒေါ်ဒေါ်ချို့ကို ရိုက်ကွင်းမှာလိုအပ်တာတွေ သွားကူ ပေးကြတဲ့အချိန် ... တရုန်းရုန်းပေါ့။ နေရာက ကျိုက်ခေါက်ဘုရားခြေရင်းက ဘုန်းကြီးကျောင်းဝင်းထဲမှာပါ။ အဲဒီနေရာက ဇရပ်ကလေးတွေနဲ့ ရွာလေးလို ဖြစ်နေတော့ တော်တော်လေး ရုပ်ရှင်ရိုက်ရတာ အဆင်ပြေတဲ့ နေရာပေါ့။

ရုပ်ရှင်ရိုက်ကွင်းထဲကို ရုပ်ရှင်မှာပါသမျှလူတွေအကုန် ရောက်နေကြတော့ သူတို့အလှည့်မရောက်မချင်း အားနေကြပါတယ်။ ဒီတော့ ပိုကာအပျော်ဝိုင်း ကစားနေကြတယ်။ မှတ်မိသလောက်တော့ မင်းမော်ကွန်းက မင်းသားမဖြစ်သေးဘူး။ ၉ တန်းလားပဲ ရှိသေးတာပါ။ သူ့အဖေရဲ့ ရိုက်ကွင်းကို လိုက်လာရင်း သူ့အဖေ ကားရိုက်နေတဲ့အချိန် သူ့အဖေရဲ့ နေရာဝင်ထိုင် ကစားပေးနေပါတယ်။

ဒေါ်ဒေါ်ချိုကလည်း ထုတ်လုပ်သူဆိုတော့ ဦးဝဏ္ဏကားရိုက်နေတဲ့အချိန် တော်တော်များများအားနေတော့ ဖဲဝိုင်းမှာ ခဏတဖြုတ် ဝင်ထိုင်တတ်ပါတယ်။ အဲဒီ ကျောင်းက ဦးပဉ္ဇင်းကြီးက အရမ်းသဘောကောင်းပြီး ... ဦးဝဏ္ဏတို့ရိုက်ကွင်းက လိုအပ်ချက် မှန်သမျှ ကူညီပေးပါတယ်။ ကူညီပေးလွန်းလို့ အားလုံး အားနာရတဲ့ အထိပါပဲ။ ဒါပေမယ့် အဲဒီဦးပဉ္ဇင်းကြီးက တော်တော့်ကို ပျော်တတ်ပုံရတယ်။ တရက်တော့ ဆုဒါလီနဲ့ ဇင်ဝိုင်းရဲ့ အခန်းတော်တော်များများ ရိုက်ပါတယ်။ ဆုဒါလီက လှထုံ နေရာက သရုပ်ဆောင်တော့ ဆံပင်ရှည် အတုကြီး တပ်ပြီး သရုပ်ဆောင်ပါတယ်။

ဖဲဝိုင်းက ကျောင်းအဝင်ဝက မြေစိုက် အုတ်ဇရပ်ကလေးမှာပါ။ အဲဒီမှာ ရုပ်ရှင်သမားတွေလည်း နားနေကြ ပါတယ်။ အဲဒီမှာ ဘယ်လိုက ဘယ်လိုဖြစ်တယ်မသိဘူး ... ဖဲရိုက်ရင်း ဒေါ်ဒေါ်ချို သတိလစ် တက်သွားလို့ ဆိုပြီး တော်တော်လေး ရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်။ ဦးဝဏ္ဏကလည်း ရိုက်ကွင်းဖြုတ်ခါစ ... ပစ္စည်းတွေတောင် မသိမ်းရသေးဘူး။ သူ့မိန်းမ သတင်းကြားတော့ အူယားဖားယားနဲ့ ပြေးသွားပြီး ဘယ်လိုဖြစ်တာလဲ မေးမြန်းကြ၊ ဒေါ်ဒေါ်ချို့ကို နှာနှပ်သူတွေက နှပ်ကြနဲ့။ နောက်မှ အကြောင်းစုံ သိရတာပါ။

ဆုဒါလီက သူ့ဆံပင်တုကြီးကို ပြူတင်းပေါက်နားက ခုံပေါ်မှာ ချွတ်တင်ပြီး အဝတ်အစားလဲနေတုန်း ... ဦးပဉ္ဇင်းကြီးက ပြူတင်းပေါက်နားကို ရောက်လာ ... ဆံပင်တုကြီးကိုတွေ့တော့ ... ယူဆောင်းကြည့်ပါသတဲ့ ... အဲဒီမှာ ပြူတင်းပေါက်ဘက်ကို မျက်နှာမူပြီး ဖဲရိုက်နေတဲ့ ဒေါ်ဒေါ်ချိုက သင်္ဃန်းဝတ်နဲ့ ဆံရှည်ကြီးကိုလည်း တွေ့ရော လန့်ပြီး သတိလစ် မေ့မျောသွားရတာပါ။ အားလုံးလည်း ငိုအားထက် ရယ်အားသန် ... ဦးဝဏ္ဏကြီး စိတ်ဆိုးနေတော့ ဘယ်သူမှ မရယ်ရဲကြ ...နဲ့ ဦးပဉ္ဇင်းလည်း လန့်ပြီး ထွက်မလာတော့ပါဘူး။ ဦးဝဏ္ဏက သူ့မိန်းမ ဒီလိုဖြစ်ရလို့ စိတ်အရမ်း ဆိုးနေပေမယ့် သူတို့အတွက် အစစအရာရာ ကူညီထားတဲ့ ဦးပဉ္ဇင်းဖြစ်လေတော့ သူ့ဒေါသကို မြိုသိပ်ထားလိုက်တာတွေ့ရပါတယ်။

နောက်ပိုင်းလည်း ဦးဝဏ္ဏက အဲဒီ ကျောင်းလေးမှာ တရားသွားထိုင်၊ တရားသွားဆွေးနွေးတာတွေ လုပ်လေ့ ရှိပါတယ်။ ကာတွန်း ဦးချစ်ဆွေကလည်း အဲဒီနားမှာနေတော့ သူတို့ အမြဲ ဆုံကြ အေးအေးဆေးဆေး စကားပြောကြ လုပ်လေ့ရှိပါတယ်။

ဦးဝဏ္ဏကို စိတ်ဆိုးတာ အဲဒီတခါပဲ တွေ့ဖူးပြီး နောက်ပိုင်းမှာ အမြဲတမ်း ပြုံးနေတာပဲ တွေ့ရပါတော့တယ်။ အထူးသဖြင့် သူက ကျမတို့ ကလေးတွေကို ချစ်ပါတယ်။ ဦးဝဏ္ဏလည်း ဦးဗလ (သုမောင်)လို နားမကောင်းပါဘူး။ သူတို့အဖေ ဦးသာဓုနဲ့ တူတာဖြစ်ပါလိမ့်မယ်။ နားမကောင်းသူတွေဟာ စကားပြောရင် အသံ အရမ်း ကျယ်ရင်ကျယ်၊ မကျယ်ရင် ဂရုစိုက်ပြောလို့ အရမ်းကို တိုးပါတယ်။ ဦးဝဏ္ဏက ဒုတိယ အမျိုးအစားပါ။ ကျမလည်း နားတဘက်လေးပါတယ်။ ကျမကတော့ စကားပြောရင် ကျယ်ပါတယ်။ ဒီတော့ ကျမနဲ့ ဦးဝဏ္ဏ စကားပြောရင် တယောက်ပြောတာ တယောက် သေချာ မကြားကြဘဲနဲ့ ခပ်တည်တည်နဲ့ “အင်း” လိုက် ... ခေါင်းညိတ် ခေါင်းခါ လုပ်နဲ့ ... အဆင်ပြေနေတာပါပဲ။

ဒီစာရဲ့ အစကတော့ ... ကျမ ဘွားဘွား ... ပါပါတို့ အမေ မသေခင်က အဖြစ်အပျက်ပါ။ ဆွေမျိုး တယောက်ယောက် အိမ်မှာ အလှူလုပ်ရင် ကျမတို့မောင်နှမ ဝမ်းကွဲတသိုက် ဆုံနေကြပါ။ ဦးဝဏ္ဏကတော့ လူကြီးဝိုင်းရယ်လို့လည်း မဟုတ်ဘဲ ထောင့်တထောင့်မှာ အေးအေးဆေးဆေး ထိုင်နေတတ်ပါတယ်။ ဒေါ်ဒေါ်ချို ပြန်ချင်မှ ထပြန်ပါတယ်။ ကျမတို့ ဘွားဘွား မသေခင်က သတိမေ့တဲ့ရောဂါ ဖြစ်ပါတယ်။ သူငယ်ပြန်တယ် ပြောမလားတော့ မသိဘူး။ ဟိုး ... မြို့လှ တုန်းက သူ ဈေးဆိုင်တည်ခဲ့တာတွေ ကုန်ကူးခဲ့တာတွေကို ပြန်ပြန် ပြောလေ့ရှိပါတယ်။ အဲဒီမှာ ကျမတို့ မောင်နှတွေက ဘွားကို ပေါက်ကရတွေလျှောက်ပြောကြ ... ရယ်ကြ မောကြ လုပ်ရင် ဦးဝဏ္ဏပါ လာထိုင်ပြီး ရယ်နေလေ့ ရှိပါတယ်။

အဲဒီမှာ ဘွားဘွားက ဦးဝဏ္ဏကို “ဟဲ့ ... နင်က ကုန်ကားမောင်းတဲ့ ဒရိုင်ဘာ မဟုတ်လား။ နင့်မိန်းမ နေကောင်းလား” လို့ မေးရင် ဦးဝဏ္ဏကလည်း အလိုက်သင့်ဖြေ ... ကျမတို့ကတော့ ဒါရိုက်တာကို ဒရိုင်ဘာလို့ ပြောတဲ့ ဘွားကို ရယ်ကြ။ ဦးဝဏ္ဏ အလိုက်သင့်ဖြေတာတွေကို ရယ်ကြနဲ့ ... ပျော်စရာ အရမ်းကောင်းပါတယ်။

ဦးဝဏ္ဏရဲ့ အနုပညာတွေ၊ ရုပ်ရှင်ကားတွေ၊ စာပေတွေကိုတော့ သူ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပရိသတ်က သိပြီး ဖြစ်ပါတယ်။ ကျမကတော့ ဦးဝဏ္ဏရဲ့ စရိုက်နဲ့ ရိုးသားမှုတွေ၊ မိသားစုအပေါ် သိပ်ချစ်တာတွေ၊ သူ့အနုပညာ အတွက် ခေါင်းမာတာတွေကို သတိရနေမိပါတယ်။ ပြောစရာတွေလည်း အများကြီး ကျန်နေပါသေးတယ်။

အေးဆေး ငြိမ်းချမ်းလွန်းတဲ့ ဦးဝဏ္ဏအဖြစ်၊ ကျမတို့ သိပ်ချစ်ရတဲ့ ဦးဝဏ္ဏအဖြစ် နှမျောသလို ... အစားထိုး မရတဲ့ အနုပညာရှင် တယောက်အဖြစ်လည်း ကျမ သိပ်နှမျောမိပါတယ်။

ဒေါ်ဒေါ်ချိုနဲ့ ဖုန်းပြောတော့ ဒေါ်ဒေါ်ချို့အသံက သိပ်ကို တည်ငြိမ်နေတယ်လို့ ကျမပြောပြီးပါပြီ။ ကျမရဲ့ ဦးညွန့်ကတော့ အရက်တွေသောက်ပြီး ထောင့်တထောင့်မှာ ထိုင်နေတယ်တဲ့ ... ဒေါ်ဒေါ်ချို ပြောတာပါ ... “နင့်ဦးညွန့်ကတော့ ပြောလို့လည်း ရတော့မှာမဟုတ်ပါဘူး” လို့ ဒေါ်ဒေါ်ချိုက ကျမကို ပြောပါတယ်။ ကျမ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ သူ့ သူငယ်ချင်းလို အစ်ကိုလို တွယ်တာချစ်ခင်ရတဲ့သူ ၃ ယောက်စလုံး မရှိတော့ဘူးကိုး ...။ ပထမဆုံးထွက်သွားတာက ဦးမြင့်၊ နောက်တော့ ဦးဗလ၊ နောက်တော့ ဦးဝဏ္ဏ ...။ ဒီလူတွေ အကုန်လုံးကို ကျမလည်း ချစ်တယ်။ ကျမ သူတို့ကို အသက်ရှည်ရှည်နဲ့ အနုပညာတွေ ဖန်တီးနေတာ မြင်ချင်တယ်။ အနုပညာ မာနတွေတခွဲသားနဲ့ ရိုးသားမှုတွေ ယှက်သန်းနေတဲ့ သူတို့မျက်နှာတွေကို ကျမလွမ်းတယ်။ ကျမအတွက် အစားထိုးမရတဲ့ ဦးလေးတွေ ... နိုင်ငံအတွက် အစားထိုးမရတဲ့ အနုပညာရှင်တွေ ... သူတို့ကို စောစောခေါ်တဲ့ သေမင်းကို ကျမ မုန်းလိုက်တာ။

ဒီနေ့ ၃ နာရီဆို ဦးဝဏ္ဏရဲ့ နောက်ဆုံးခရီး ... ရေဝေးမှာ ... အတော်လေး စည်နေမှာ ကျမ မြင်ယောင်နေမိတယ်။ ဆွေမျိုးတွေ ထဲမှာ နာရေးဆိုရင် ကျမက ပန်းခြင်းလုပ်ပေးနေကျ ... ဦးမြင့်အထိ ကျမ ပန်းခြင်း လုပ်ပေးခဲ့ရတယ်။ ဦးဝဏ္ဏအတွက်တော့ ကျမ စိတ်ထဲကပဲ ပန်းတခြင်း အလှဆုံးပြင်ပေးနေမိတယ်။ အဲဒီပန်းခြင်းမှာ နှင်းဆီတွေ ချည်း ပါမယ် ... ဒါပေမယ့် ရောင်စုံ မဟုတ်ဘူး .... အဖြူအမည်း ... ခင်ယုမေခေါင်းပေါ်က ဖြတ်ခနဲ ပြုတ်ကျ သွားတဲ့ နှင်းဆီတွေ။ အဖြူအမည်း နှင်းဆီတွေ ...။ ဝေနေမယ့် နှင်းဆီတွေ ...။

ငါသည်
သူ့ကိုချစ်၏
ထိုသို့ ချစ်သောကြောင့်
ခံစားရသော ဒုက္ခသည်
ကြီးစွ။
ထိုဒုက္ခသည် ကြီးစွာသော ပီတိကိုဖြစ်စေ၏
ဟိသစ္စံ ဤစကားမှန်၏။
ဤမှန်သော သစ္စာစကားကြောင့်
ငါသည်
ဘဝဆက်တိုင်း “ချစ်တတ်သောကိုယ်”
ဖြစ်လို၏။

ပန်းတွေနဲ့ဝေ ဝတ္ထုမှာ ရေးထားတဲ့စာသားလေးကို သူ့ရဲ့ နောက်ဆုံးလက်ကမ်းစာရွက်မှာ ရေးထားတာပါ။ ဘဝဆက်တိုင်း ချစ်တတ်သောကိုယ် ဖြစ်ရပါလို၏ တဲ့လား ဦးဝဏ္ဏရယ်။

ဘဝဆက်တိုင်း ပန်းတွေနဲ့ ဝေနေပါစေလို့ ကောင်းရာမွန်ရာကို သေချာပေါက် ရောက်မယ့် ဦးဝဏ္ဏအတွက် စိတ်ထဲက ပန်းတခြင်းနဲ့အတူ သမီး နောက်ဆုံး နှုတ်ဆက် ဆုတောင်းလိုက်ပါတယ် ...။