ပေါ့ပ်ဂျာနယ်လစ် ဘဝက နားပြီ
အလင်းတန်းဂျာနယ်က အုပ် ၆၀၀ ပြည့် အမှတ်တရထုတ်ဝေတယ်တဲ့။ ကျမ တော်တော်လွမ်းသွားပါတယ်။ အဲဒီတုန်းက ပျော်ခဲ့ မောခဲ့ရတာတွေကို ပြောတာပါ။ အဲဒီမှာ ကျမရဲ့ အလုပ်တူ ညီမငယ် ခင်ခင်ကျော် (ခု ခင်လေးမြင့်) ရဲ့ဓာတ်ပုံလေးကိုလည်း တွေ့လိုက်ရတယ်။ သူအလုပ်ဝင်တဲ့ရက်က ၂၀၀၂ ခုနှစ် ဇွန်လ ၁၇ ရက် လို့ ပြောထားတော့ ကျမတို့ ၄ ယောက်သား အူကြောင်ကြောင်နဲ့ အလုပ်ဝင်တဲ့ နေ့လေးကို သတိရသွားတယ်။
စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၁၃
ကိုကြည်အောင်ရယ် ကိုသန့်ဇင်ရယ် ခင်ခင်ကျော်ရယ် ကျမရယ်ပေါ့။ အဲဒီထဲမှာ ကျမက စာနယ်ဇင်းသက် ၃ နှစ်လောက် ရှိပြီးသား ... ။ သူတို့ ၃ ယောက်က အသစ်စက်စက်။ နောက် ကျမက အသက်အကြီးဆုံး ဆိုတော့ ကျမကို သူတို့က အစ်မလို ခင်ကြတယ်။ ခုတော့ ကိုကြည်အောင်က အင်္ဂလန်နိုင်ငံမှာ ဆိုလားပဲ၊ ကိုသန့်ဇင်ကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ် မသိဘူး။ ခင်ခင်ကျော်ကတော့ အလင်းတန်းမှာ စွဲစွဲမြဲမြဲ လုပ်နေဆဲ။ သူနဲ့က အခုထိ အဆက်အသွယ် မပြတ် ... သူက ကျမကို ခုထိ အစ်မလို သဘောထားဆဲ။ သူ့ သတင်းထောက်သက်တောင် ၈ နှစ် ရှိခဲ့ပြီ။
အလင်းတန်းမှာ သတင်းလိုက်စဉ်က အခက်အခဲတခုကို သူရေးပြထားတာတွေ့ရတော့ စီလီဘရစ်တီ လို့ ခေါ်သူ အများစုကို ကျမ တော်တော်လေး စိတ်ပျက်မိတယ် (အဲဒါကြောင့်လည်း ကျမ အလင်းတန်းက ထွက်ခဲ့တာပါ။ တကယ်တော့ အဲဒီမှာ လုပ်ရတာ ကျမ သိပ်ပျော်ခဲ့ပါတယ်) စီလီဘရစ်တီ ဆိုသူထဲမှာ အဆိုတော်ထက် ကဲသူတွေကတော့ ကျမအမြင် မင်းသား မင်းသမီးတွေပါ။ ကျမအမြင် မှားချင်လည်း မှားပါမယ်။ ဒါပေမယ့် ကိုယ်တွေ့မို့ သိပ်တော့ မမှားလောက်ဘူးထင်ပါတယ်။
သူတို့အများစုက စာမဖတ်ပါဘူး။ ဝမ်းစာတော်တော် နည်းတယ် ပြောရမယ်။ သူတို့ သရုပ်ဆောင် ပညာနဲ့ ပတ်သက်ရင်တော့ ကျွမ်းကျင်ကြကောင်း ကျွမ်းကျင်ကြမှာ ဖြစ်ပေမယ့် စာမဖတ်တဲ့ အခါကျတော့ စကား ပြောတဲ့ နေရာမှာ သိပ်ကွာခြားသွားပါတယ်။ အဲဒီမှာ စာနည်းနည်းလောက် ဖတ်တဲ့ သူတွေက ဆရာကြီးတွေ ဖြစ်သွားတော့တာပါပဲ ...။ ဘယ်သူဆိုတာတော့ ဥပမာ မပေးတော့ဘူး။ ကြည့်တဲ့ပရိသတ် သိမှာပါ။
အင်တာဗျူးတခု ဖတ်ကြည့်လိုက်ရင် ဒီမင်းသား မင်းသမီး၊ ဒီအဆိုတော် စာဖတ်လား မဖတ်ဘူးလား ဆိုတာ တန်းသိပါတယ်။ သူ့မှာ အတွေ့အကြုံများနေခဲ့ရင်တောင် စာမဖတ်ထားတဲ့သူက အင်တာဗျူးတခုကို ဘယ်လို ဖြေရမှန်းမသိပါဘူး။ အဲဒါကို အင်တာဗျူးတဲ့သူက သူတို့နဲ့ မမေးလို့လည်း မဖြစ်တာကြောင့် ကြံဖန်ပြီး ရအောင် မေးကြရပါတယ် (သူတို့ဟာသူတို့ လုံးလုံး မဖြေချင်တာမျိုးလောက် စာတတ်တာကတော့ တမျိုးပေါ့လေ) ဒါလည်း ကျမ ကြုံဖူးပါတယ်။ ဒါရိုက်တာတယောက်ပါ။
သူက ဒါရိုက်တာဆိုတော့ စာက ဖတ်ပြီးသားပဲ၊ စကား ပြောလည်း ကောင်းပါတယ်။ သို့သော် သူက မဖြေချင်တဲ့သူ ဆိုတော့ကာ “ဒါကတော့ ဒီလိုရှိတယ်လေ။ အဲဒီကိစ္စက ကျနော်လည်း သေချာမသိပါဘူး။ ဟိုကိစ္စလား ... အဲသဟာကတော့ ဟိုလူ့မေးတာ ပိုကောင်း လိမ့်မယ်။ ကျနော်က ဘာမှ မသိပါဘူးခင်ဗျာ” ... ဆိုတာတွေနဲ့ လှည့်ပတ်ပြီး လျှောက်ပြောတော့တာ။ အင်တာဗျူးဖို့ ချိန်းတုန်းကတော့ လုံး .... ဝ မငြင်းဘူးနော် .. အဲသလိုတွေလည်း ကြုံရပါတယ်။ ထားပါတော့။
ကျမပြောချင်တာက ခင်လေးမြင့်ကြုံရတဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်လို့ပါ။ စကားက ချော်သွားပြီ။ သူ့ အတွေ့အကြုံ အရ နာမည်ကြီး မင်းသားတယောက်က အင်တာဗျူးပေးတုန်းက ကောင်းပြီကောင်းရဲ့ ပေးပြီးတော့မှ ဂျာနယ်မှာလည်းပါလာကော သူ မပြောရပါဘူးဆိုပြီး ပြဿနာရှာတဲ့ကိစ္စပါ။ ခင်လေးမြင့်က ရကော်ဒါနဲ့ သေချာလည်း ဖမ်းထားခဲ့တယ်။ သူတကယ်ပြောခဲ့တယ် ဆိုတာလည်း သက်သေပြနိုင်ခဲ့တယ်။ သို့သော် မင်းသားရဲ့ ဖိအားကြောင့် ... ဂျာနယ်မှာ ဖြေရှင်းချက် ထည့်ပေးခဲ့ရတယ်တဲ့။ မင်းသား မင်းသမီး အများစုဟာ နာမည်ကြီးတုန်းအချိန်မှာ လူတကာအပေါ် ပညာပြချင်တတ်ပါတယ်။ အဲဒီလို ပညာပြတဲ့အခါ သူတို့ ရုပ်ရှင် လောကသားချင်းသာ မကဘဲ စာပေလောကက ... ဂျာနယ်လစ်တွေ အပေါ်ပါ လာလွှမ်းမိုးတာမျိုး ကျတော့ ကျမ သည်းမခံနိုင်ပါဘူး။ ဒါတွေကြောင့်လည်း ကျမ ပေါ့ပ်ဂျာနယ်လစ်ဘဝကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုရမှာပါ။
စာပေစိစစ်ရေး ဆိုတာကြီးကလည်း ရှိနေပြီး အဲဒီစာပေစိစစ်ရေးက တကယ့် စာပေလောကသားတွေထက် ငွေပုံ ပေးနိုင်သူ တွေကိုသာ ကာကွယ်ပေးထားတာဆိုတော့ (ဒီစကားက သတင်းသမားတယောက် အနေနဲ့ဆို စွပ်စွဲသံ ပေါက်နေတဲ့အတွက် မပြောသင့်ပါဘူး။ သို့သော် အမှန်တရား ဖြစ်တဲ့အတွက် ပြောပါတယ်) စာပေလောက သားတွေက လိမ့်နေအောင် ခံရုံပါပဲ။ မင်းသား မင်းသမီးက၊ စီးပွားရေး လုပ်ငန်းရှင် ကြီးတွေက ဒီစာမှားတယ် ဖြုတ်ခိုင်းပေးပါ၊ တောင်းပန်ခိုင်း ပေးပါ ဆိုတာနဲ့ပဲ စာနယ်ဇင်းသမားတွေက သူတို့ လုပ်စားနေရတဲ့ ဂျာနယ်လေး ပိတ်ရမှာ နားရမှာစိုးတာနဲ့ မမှားဘဲ တောင်းပန်ပေးရတာတွေ မမှားဘဲ မှားပါတယ် ဝန်ချရတာတွေ အများကြီးပါပဲ။
ကျမ အဲဒီမှာရှိစဉ်က ကျမတို့ ၄ ယောက်ထဲမှာ ကိုသန့်ဇင်က ၃၊ ၄ လပဲ လုပ်ပြီး (သူလည်းစိတ်ကုန်ပုံရတယ်) ထွက်သွားလေတော့ ကိုကြည်အောင်ရယ် ခင်ခင်ကျော်ရယ် ကျမရယ်ပဲ ကျန်ပါတယ်။ ကျမတို့ ၃ ယောက်က တနေ့တနေ့ ဘယ်ရိုက်ကွင်း ဘယ်မှာ ရှိတယ် စုံစမ်းပြီး သွားကြရပါတယ်။ အဲဒီလို သွားတဲ့အခါမှာ ရယ်ရအခက်၊ စိတ်ဆိုးရအခက်တွေလည်း ကြုံရပါတယ်။
အဲဒီထဲက အတွေ့အကြုံတခုကို ကိုကြည်အောင်ကြီးကော ခင်ခင်ကျော်ပါ သတိရနေဦးမှာပါ။ အကယ်ဒမီ မင်းသားကြီး တယောက်ပေါ့လေ။ သူက ထူးခြားတယ်။ ကျမတို့ သူ့ရိုက်ကွင်း ရောက်သွားရင် သူက ကျမတို့ မိန်းကလေး သတင်းထောက်တွေကို လုံးလုံး လှည့်မကြည့်ဘူး။ ကျမတို့ အင်တာဗျူးလုပ်ရင်လည်း အင်တင်တင် နဲ့ မဖြေချင်သလို၊ စကားပြောရမှာပဲ စိတ်မပါသလိုနဲ့ ... ကိုကြည်အောင်ကြီးများ သွားဗျူးရင်တော့ ဖြေလိုက်တာ ရွှန်းရွှန်းဝေလို့။ ကျမတို့မှာ ရယ်ရခက် ငိုရခက်။ နောက်တော့ ကျမက ခွဲတန်းချပေးလိုက်တယ်။ အဲဒီမင်းသားဆို ကိုကြည်အောင်ပဲဗျူးပါပေါ့လေ။
တခါသားမှာတော့ ကိုကြည်အောင်က သူ အင်တာဗျူးမေးခွန်းလေးတွေ မှတ်ထားတဲ့ စာအုပ်ကလေးကို ဟိုလှန် သည်လှန် လုပ်နေတုန်း ... အဲဒီမင်းသားကြီးက နောက်ကနေ တိတ်တိတ်သွားပြီး “ဟိတ် ဘာစာတွေ ဖတ်နေ တာလဲ” လို့ နွဲ့နွဲ့လေးပြောပြီး စာအုပ်ကို လုပြေးပါလေရော ...။ အဲဂလို ကိစ္စတွေလည်း ကြုံခဲ့ရပါတယ်။
နောက်တော့ မင်းသား မင်းသမီးတွေနဲ့ ဒါရိုက်တာတွေရဲ့ အတွင်းရေးတွေ၊ အတင်းရေးတွေကို မကြားချင်မှ အဆုံး ကြားရတာ လည်း တော်တော်စိတ်ပျက်စရာ ကောင်းပါတယ်။ ဘယ်မင်းသမီးလေးက ဘယ်ဒါရိုက်တာ တင်ပေးတာလေ။ သူတို့က ဘာပေါ့ ... ဆိုတဲ့ ဇာတ်ရှုပ်တွေ၊ ဘယ်မင်းသားကြီးကတော့ ဘယ်ဟိုတယ်မှာ ဘယ်လို သွားရှုပ်တော့ ဘာဖြစ်သွားတာ ဆိုတာမျိုးတွေ ... မကြားချင်လည်း အလိုလို ကြားနေရပါတယ်။ လူရှေ့သူရှေ့မှာ မိန်းမနဲ့ ဘယ်လိုသာယာတဲ့ အိမ်ထောင်ရေးပါ ဘာညာ လုပ်နေပြီး ကွယ်ရာမှာ မိန်းမလုပ်သူကလည်း မျက်ရည်နဲ့မျက်ခွက် ... သူကလည်း လုပ်ချင်တာလုပ်နေ ဆိုတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အပေါ်ယံ ရွှေမှုံကျဲ ဟန်ဆောင်မှုတွေကိုလည်း စိတ်တော်တော်ကုန်လာပါတယ်။
ရှိပါသေးတယ်။ တခါက မင်းသားတယောက်ကို အင်တာဗျူးနေတုန်း ဘေးက ကင်မရာမင်း တယောက်က ဓာတ်ပုံလည်း ရိုက်ရော လျှပ်တပြက်ပုံ အရိုက်မခံဘဲ ကျမမေးခွန်းတွေကို ဖြေရင်းတန်းလန်းကနေ မျက်နှာလေးကို ပြုံး၊ အိုက်တင် အမျိုးမျိုးပေး … သြော် သူတို့ခမျာ သူတို့ပုံ မလှမပ ဖြစ်မှာ တော်တော်ကြောက်ရှာတာပဲ လို့ တရားရခဲ့ပါတယ်။
ခုနပြောသလို မင်းသား မင်းသမီးတွေရဲ့ စိတ်ပျက်စရာတွေ၊ ပဲများ မှုတွေကို ကြည့်မရတော့ ကျမက ရိုက်ကွင်း သွားရင် ဇာတ်ပို့ဇာတ်ရန်တွေနဲ့ပဲ စကားပြောဖြစ်တာ များတယ်။
ဥပမာ - ကိုငှက်ကြီး (ငှက်ပျော်ကြော်) တို့ ကိုအရိုင်းတို့ ဘဘဦးအောင်လွင်တို့ ကိုဇာဂနာတို့လို လူမျိုးတွေနဲ့ စကားပြောရတာ၊ သူတို့ ပြောတာတွေ နားထောင်ရတာ ဗဟုသုတလည်းတိုး၊ ရယ်လည်းရယ်ရနဲ့မို့ သူတို့နားပဲ သွားမော့နေလိုက်ပါတယ်။ သတင်းတော့ မရတာများတာပေါ့လေ။ နောက် ကျမက ချေးထူတယ်။ ဟိုလူ့မဗျူးချင်၊ ဒီလူ့ စကားမပြောချင်ကလည်း များပါ တယ်။ အများသောအားဖြင့်တော့ ကိုငှက်ကြီးနဲ့ ရိုက်ကွင်းနားက လက်ဘက်ရည်ဆိုင် တဆိုင်ဆိုင်မှာ ထိုင်ပြီး ပေါက်တတ်ကရ လျှောက်ပြောတာပါပဲ။
တခါတော့ ကီလီ ၆ လို့ ခေါ်တဲ့ ရိုက်ကွင်းမှာ ကိုဇာဂနာနဲ့ ဆုံပါတယ်။ အဲဒီတုန်းက အစိုးရက ဘာဖြစ်တယ် မသိဘူး “ထိုင်း” နိုင်ငံကို “ထိုင်း” လို့မခေါ်ရဘူး “ယိုးဒယား” လို့ပဲ ခေါ်ရမယ်၊ ရေးရမယ် ဆိုပြီး အမိန့်ထုတ်ထား ချိန်ပါ။ အဲဒါကို ကိုဇာဂနာက “ဟေ့ ထိုင်းကို ထိုင်းလို့ မခေါ်ကြနဲ့နော် ... နားထိုင်းတယ် ဆိုရင်လည်း နားယိုးဒယား တယ်လို့ ပြောကြ ကြားလား” ဆိုပြီး ရိုက်ကွင်းမှာ အသောဖောက်နေပါတယ်။
ကျမက စိတ်ဝင်စားလို့ သူ့ကို တခုမေးကြည့်တယ်။ အပြင်မှာ ပျံ့နေတဲ့ ဟာသတွေ အကြောင်းပါ။ ဥပမာ - နိုင်ငံတော် အကြီးအကဲက ရေသန့်စက်ရုံတရုံ သွားပြီး “ပီအိတ်ခ်ျ ဆဲဗင်းတောင် ထုတ်နိုင်နေပြီဆိုရင် နောက်တခါ ပီအိတ်ခ်ျ အိတ်တို့ နိုင်းတို့ ထုတ်နိုင်အောင် ကြိုးစား” ဆိုပြီး ပြောတယ် ဆိုတဲ့ ဟာသ ပါ။ အဲဒီဟာသက လူတိုင်းသိပါတယ်။ ဘယ်သူ စပြောတယ် ဆိုတာ မသိပါဘူး။ အဲဒါ ကိုဇာဂနာ ဖောက်တဲ့ ဟာသ လား လို့ ကျမက မေးတော့ သူက ပြန်ဖြေပါတယ်။
“လူတွေက အရမ်းတော်တယ်ဗျာ၊ ဟာသတွေမှ မျိုးစုံအောင် ပြောတတ်တယ်။ အထူးသဖြင့် အစိုးရနဲ့ဆိုင်တဲ့ ဟာသတွေမှ အမျိုးမျိုးပဲ။ အဲဒါတွေ အပြင်မှာ ပျံ့လာတော့ ဒါတွေက ဇာဂနာပြောတာ၊ အရိုင်း ပြောတာ ဆိုပြီး နာမည်တပ်ကြတာ။ ကျနော်တို့လို့ ထင်ကြတာ။ တကယ်က ကျနော်တို့မှာ သူတို့လောက်ကို မတွေးမိပါဘူး။ တကယ် ပြောတာပါ” တဲ့။ ခပ်တည်တည်နဲ့ ပြောတာပါ။ တခြား ဟာသတွေလည်း အများကြီးပဲ။ လူတွေ သိကြပါတယ်။ ဒါပေမယ့် သူကတော့ ငြင်းပါတယ်။ သူပြောတာ မဟုတ်ပါဘူး တဲ့။ ကျမမှာတော့ သူ တကယ် ပြောနေတာ လား၊ နောက် တာလား ဘယ်လိုမှ မတွေးတတ်ပါဘူး။ စိတ်ထဲကတော့ သူပြောတာပဲ ဖြစ်မှာပါ လို့ ထင်နေပါတယ်။ ဘာလို့ဆို ရိုက်ကွင်းမှာလည်း ရုတ်တရက် ဟာသတွေ သူ ထထ ဖောက်တာက တော်တော်ကို ရယ်ရတာကိုး။ ခုတော့ သူ နရသိန် တနေရာမှာ ဟာသတွေ ဖောက်နေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်းရပ်ကွက်တခုက ကြားသိရပါတယ် (ဒါကတော့ သတင်းထောက်လေသံပေါ့လေ)။
ကျမ ကြုံရတဲ့ အဖြစ်အပျက် တခုရှိပါသေးတယ်။ နာမည်ကြီး အကယ်ဒမီ မင်းသမီးတယောက်၊ ကြော်ငြာလည်း တော်တော် ရိုက်ရပါတယ် ... ။ သူ သရုပ်ဆောင်တာလည်း တော်တော်ကောင်းပါတယ်။ ဒါနဲ့ပဲ အင်တာဗျူး ကြည့်တော့မှ ... တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာ တွေ့ရပါတယ်။ သူ့ကို လူအထင်ကြီးစရာဖြစ်စေမယ့် မေးခွန်းမျိုး မေးပေးတာတောင် “ဟုတ်ကဲ့” နဲ့ “မဟုတ်ပါဘူး” ကလွဲရင် ဘာမှ မဖြေတတ်ပါဘူး။ “မင်းသမီးက ကုန်ပစ္စည်းတွေကို ကြော်ငြာရုံတင်မဟုတ်ဘဲ မင်းသမီး ကိုယ်တိုင် ကြော်ငြာ ကုန်ပစ္စည်း တခုဖြစ်နေပြီလို့ ဝေဖန်ကြတာကို ဘယ်လို သဘောရပါသလဲ” ဆိုတဲ့မေးခွန်းကိုတော့ သူ လုံးလုံး နားမလည်ရှာပါဘူး။ သနားစရာလည်း ကောင်းပါတယ်။
ကျမအနေနဲ့တော့ “ခေါင်းမရှိလို့ မင်းသား မင်းသမီး လုပ်တာပေါ့” ဆိုတဲ့ တရားလက်လွတ် ပြောဆိုမှုတွေ ကိုလည်း သဘောမကျပါဘူး။ ကျမတို့ မြန်မာ ရုပ်ရှင် သရုပ်ဆောင်တွေကို ခေါင်းရှိစေချင်ပါတယ်၊ အတွေးအခေါ် ရှိစေ ချင်ပါတယ်၊ စာများများဖတ်ပြီး ရုပ်ရှင်လောကကို မြှင့်တင်စေချင်ပါတယ်။ မင်းသမီးချင်း မင်းသားချင်း တူတောင် စာဖတ်တဲ့ မင်းသမီးက မင်းသားက တပန်းပိုသာတယ် ဆိုတာမျိုး သိပြီး ကြိုးစားစေချင်တာပါပဲ။
ကျမက ရုပ်ရှင်တွေကိုလည်း ချစ်ပါတယ်။ အလင်းတန်းမှာ လုပ်နေတုန်း မှတ်မှတ်ရရရှိတဲ့ ရုပ်ရှင် ၂ ကား ရှိပါတယ်။ တကားကတော့ သွားလေသူ ကိုအောင်မင်းသိန်းရိုက်တဲ့ “အချစ်သည်လေပြေ” ပါ။ အဲဒီကားလေးကို ကျမ သိပ် သဘောကျ ပါတယ်။ ကိုအောင်မင်းသိန်းရဲ့ အနုပညာကို လှလှပပလေး ဖော်ပြနိုင်တဲ့ ကားလို့ ပြောရမယ် ထင်ပါတယ်။ အဲဒီကားမှာ ကျမဘာသာ အိန္ဒြာကျော်ဇင်ကို အကယ်ဒမီ ပေးလိုက်မိပါတယ်။ ကိုအောင်မင်းသိန်းကိုလည်း အဲဒီကားလေးနဲ့ အကယ်ဒမီ ရစေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ မရခဲ့ပါဘူး။ ကိုအောင်မင်းသိန်းကို အလင်းတန်းမှာ လုပ်စဉ် အင်တာမဗျူးဖြစ်ခဲ့ပါဘူး။ နောက်တကြိမ် တကျော့ပြန် အင်တာဗျူး ဂျာနယ်မှာ ပြန်လုပ်ဖြစ်တော့ အင်တာဗျူးခွင့်ရခဲ့ပါတယ်။ နောက်တော့ ရေးပါမယ်။
နောက်တကားကတော့ ကိုကျော်သူရဲ့ ပုဏ္ဏားဘကွန်းပါ။ အဲဒီကားကိုတော့ ကျမ ပရီရှိုး ကြည့်ခဲ့ရပါတယ်။ ရုပ်ရှင် အစည်းအရုံးက ရုံသေးသေးလေးမှာပေါ့။ ကိုကျော်သူရဲ့ အနုပညာကတော့ အားလုံး သိပြီးဖြစ်တဲ့ အတိုင်းပါပဲ။ ပုဏ္ဏားဘကွန်းဟာ မင်းသိင်္ခရဲ့ ဝတ္ထုတွေကို ကိုကျော်သူ ရုပ်ရှင်ရိုက်ရာမှာ ပထမဆုံးကားလို့ ထင်ပါတယ်။ ကျမ အမှတ်မှားချင်လည်းမှားပါလိမ့်မယ်။ တခြားသော နောက်ပိုင်းကားတွေထက် အဲဒီကားကို ကျမ အမှတ် တော်တော် ပေးပါတယ်။ ဝတ္ထုကိုမီတဲ့ ကားတကားပါ။ အဲဒီ ပရီရှိုးလေးမှာ ကိုကျော်သူတို့ မိသားစု စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင် မြင်ရပါတယ်။ အခု အချိန်မှာတော့ ကိုကျော်သူ တယောက် အနုပညာ လောက ကနေ အနားယူနေရပါပြီ။ ဒါပေမယ့် သူ မှတ်ကျောက် တင်ခဲ့နိုင်တဲ့ အနုပညာတွေ မရေတွက် နိုင်အောင် အများကြီးပါ။ ဒါလည်း ပရိသတ်က သိပါတယ်။ ကျမတို့ မြန်မာပြည်ရဲ့ ရုပ်ရှင် ဂီတ အနုပညာ လောကကြီး ကိုကလည်း တကယ့် ကမောက်ကမ မဟုတ်လား။ တော်တဲ့သူတွေ စောစော သေရင်သေ၊ မသေရင်လည်း ထောင်ထဲ ရောက်ကုန်တာနဲ့၊ အညွန့်ချိုး ခံရတာနဲ့၊ လမ်းကို ပိတ်ထားတာနဲ့ ... အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားတဲ့ သူတွေနဲ့ ...
ဆိုခဲ့သလို စိတ်ပျက်မှုတွေ များစွာနဲ့ ပေါ့ပ်ဂျာနယ်လစ် မလုပ်ချင်တော့ပေမယ့် ရသမဂ္ဂဇင်း တစောင်ဖြစ်တဲ့ ရွှေအမြုတေကိုတော့ သံယောဇဉ် တွယ်နေပါသေးတယ်။ ဒါပေမယ့် ကျမစိတ်ထဲမှာ သတင်းထောက်လုပ်ရတာ ကျမချစ်တဲ့ ဝတ္ထုတိုတွေနဲ့ နီးလျက်နဲ့ ဝေးနေသလို ခံစားရပါတယ်။ အလုပ်က ပေါ့ပ် သတင်းတွေ ရေးနေရတယ် စိတ်က ရွှေအမြုတေ မဂ္ဂဇင်းကြီးရဲ့ ဝတ္ထုတိုပေါင်း များစွာဆီ ရောက်နေတယ်၊ အဲဒီတုန်းက ကိုဦးဆွေ ဖတ် ဖတ်နေရတဲ့ ရွှေအသစ်ကဏ္ဍ စာမူတထပ်ကြီးကို ဖတ်ကြည့်ချင်စိတ်နဲ့ သွားရည်ယိုနေပါတယ်။ အဲဒီကာလ မှာပဲ ရတီ မဂ္ဂဇင်းမှာ “အစီအစဉ် ကြေညာသူကြီး” ဆိုတဲ့ ဝတ္ထုတိုလေး ဖော်ပြခွင့်ရတော့ ကျမ သိပ်ပျော်ခဲ့ရပါတယ်။ အဲဒီတုန်းက ရတီ တာဝန်ခံအယ်ဒီတာက ကိုချိုလွင်ပါ။
ကျမ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတာကတော့ ပေါ့ပ် ဂျာနယ်လစ် တကယ် ဆက်လုပ်ချင်တာလား ဆိုတာပါပဲ။ အလင်းတန်းမှာ လုပ်ခဲ့တာလည်း တနှစ်လောက်ရှိနေပြီ။ ကျမ ဗျူးခဲ့တာတွေ၊ ရေးခဲ့တဲ့ သတင်းတွေကို ကိုယ့်ဘာသာ ပြန်ကို မကြည့်ချင်ဘူး ဖြစ်နေပါတယ်။ ဒီတော့ ကျမမှာ လမ်းတခုပဲ ရှိပါတယ်။ ပေါ့ပ်ဂျာနယ်လစ် မလုပ်တော့ဖို့ပါပဲ။ ပေါ့ပ် ဂျာနယ်လစ် လုပ်တယ် ဆိုတာက (ဒါကတော့ ဘယ်လိုင်းပဲ ဖြစ်ဖြစ်) စိတ်ဝင်စားမှပါ။ စိတ်မဝင်စားရင် မအောင်မြင်ဘူးလေ။ နောက်တော့ ဒီဒဏ်တွေကို ခံနိုင်ဦးမှပါ။ ကျမ ပေါ့ပ်လိုင်းမှာ ပါရမီ လုံးဝ လုံးဝ မပါတာ ကိုယ့်ကိုယ်ကိုယ် သိလိုက်ပါပြီ။ ခင်ခင်ကျော်ကတော့ ၈ နှစ် ကြာတဲ့ထိ ဒဏ်ခံနိုင်တယ်ဆိုရမှာပဲ။ သူ့ ခန္တာကိုယ် ပိန်ပိန်လေးနဲ့ စိတ်မပျက်၊ အားမလျှော့ဘဲ ဒီလမ်းကို ဆက်လျှောက်နိုင်တာကို ကျမ ချီးကျူးပါတယ်။ ကျမတို့ ၄ ယောက်ထဲမှာ ဒီ မင်းသား မင်းသမီးတွေရဲ့ ဒဏ်ကို အခံနိုင်ဆုံးက ခင်ခင်ကျော်လို့ ဆိုရမှာပေါ့လေ။
ကျမထွက်ပြီး မကြာဘူး ကိုကြည်အောင်ကြီးလည်း ထွက်သွား တယ်လို့ သိရပါတယ်။ ကြားတာတော့ ကျမ ပြောခဲ့တဲ့ အကယ်ဒမီ မင်းသားကြီးက အလင်းတန်းနဲ့ လစာတူတူပေးမယ် သူ့ဆီမှာ မပင်မပန်းနဲ့ သူ့ ဘက်စ်မန်း လာလုပ်ဆိုပြီး ခေါ်တယ် ဆိုလားပဲ။ သူ တော်တော် လန့်သွားပုံရပါတယ်။
ကျမနဲ့ မသက်ဆိုင်တော့ပေမယ့် တခါတုန်းက သက်ဆိုင် ခဲ့ဖူးတဲ့ ဂျာနယ်လေး စောင်ရေ ၆၀၀ အထိ တည်မြဲမှု ဒဏ်ခံနိုင်မှု၊ ဆက်လက် လှပနေနိုင်မှုတွေအတွက် ဂုဏ်ပြုရင်း ဒီစာကို ရေးဖြစ်ခဲ့တာပါ။ ကျမရဲ့ ဆရာသမားတွေဖြစ်တဲ့ ဆရာ ဦးဝင်းငြိမ်း၊ ဦးမျိုး၊ ကိုဦးဆွေနဲ့ ကိုလင်းတို့ကိုလည်း ဒီစာနဲ့အတူ ဂါရဝပြုပါတယ်။
နောက်တပုဒ်မှာတော့ ကျမရဲ့ စာနယ်ဇင်း ခြေလှမ်း ကမောက်ကမ အသစ်တခုကို တွေ့ရပါမယ်။
လေးစားစွာ ...
Monday, April 19, 2010 | Labels: ဖြတ်သန်းမှုစာစု | 8 Comments
လူထွက်လိုက်ရတာပဲ အဖတ်တင်တယ်
တကယ်တော့ သင်္ကြန်ကျတော့မယ်လည်း ဆိုရော ပြောချင်တာလေးက ရှိလာလို့ပါ။ တခါတုန်းက သင်္ကြန်မှာပေါ့။ သူများတွေလို ပိတောက်ပန်းနံ့လှိုင်လှိုင်မှာ ရင်ခုန်စရာ ဇာတ်လမ်းလေးတွေတော့ မဟုတ်ပါဘူး ...။ အဲ ... ရင်တုန်စရာ ဇာတ်လမ်းလို့ ပြောရမယ်ထင်ရဲ့။ ခု ရေးမယ့် စာထဲမှာပါမယ့် ဇာတ်ကောင်တွေကတော့ “အင်း မတူးကတော့ ရေးပြီဟေ့ ဒုက္ခပဲ” လို့ တွေးနေကြမလားမသိ။ ဒီလူနဲ့ပေါင်းမိမှတော့ စာရွက်ပေါ် ... အဲခုတော့ အင်တာနက်ပေါ် တခါလောက်တော့ နာမည်ကြီးရဦးမှာပ။
ကျော်စွာတယောက် ဘုန်းကြီးဝတ်နေတယ် ဆိုတဲ့သတင်းကြောင့် သူငယ်ချင်းတွေ စိတ်အားငယ်သွားကြတယ်။ တကယ်တော့ သူတို့က သင်္ကြန်မှာ စတိတ်ရှိုးတခု စီစဉ်မှာလေ။ ထုံးစံအတိုင်း သူတို့မှာ တီးမယ့်သူက အပြည့် ... အားလုံး အမာခံတွေ။ ဖိုးသိုက်က ဦးဆောင်တယ်၊ သူက ဒရမ်တီးမှာ။ ဝဏ္ဏကတော့ ဘေ့စ်၊ ကိုအောင် ကျော်ဇံကြီးက လိဒ်။ ဆိုမယ့်သူက ရှိတယ်ဆိုပေမယ့် ကျော်စွာ့ကို နည်းနည်း အားကိုးထားရတာ။ သူက အသံလည်းကောင်း၊ ဆိုလည်းဆိုတတ်တယ်ဆိုတော့ သူ့ကို ၅ ပုဒ် ၆ ပုဒ်လောက် ဆိုခိုင်းမယ် စဉ်းစားထားတာ။ ခု သူက ဘုန်းကြီးဝတ်တယ်တဲ့။ သင်္ကြန်ပြီးမှ ထွက်မယ်ဆိုပဲ။ ဖိုးသိုက်ကတော့ ဘာပဲဖြစ်ဖြစ် တရက်တော့ တီးဖြစ်၊ ဆိုဖြစ်အောင် လုပ်မယ် စဉ်းစားထားတယ်။ သူတို့ ပိုးတွေက သေးတာမဟုတ်ဘူးလေ။
နောက်တခုက ပိုက်ဆံ။ သူတို့အားလုံး မိဘပိုက်ဆံနဲ့ ရပ်တည်နေရတာဆိုတော့ ရတာလေးတွေ စုပြီး ဝိုင်းငှားရတာ။ သင်္ကြန်မို့လို့လည်း မိဘတွေက နည်းနည်းပဲဆူအောင့်ပြီး ပေးတာမဟုတ်လား။ ဒီတော့ ရက်တိုင်း တီးနိုင်မှာမဟုတ်ဘူး။ အတက်နေ့ကျမှ တီးဖို့ စဉ်းစားထားတယ်။ ဖိုးသိုက်ကတော့ အိမ်တအိမ်မှာစုပြီး သီချင်းနုတ်တွေ ထုတ်နေပြီ။ ဘယ်ကောင် ဘယ်သီချင်းဆို ဆိုတာကအစ သူက သေချာ စီစဉ်နေပြီ။ ဒါပေမယ့် ခက်တာက ကျော်စွာဆိုနေကျ သီချင်းတွေ ဘယ်သူမှ မရဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားကြတယ်။ နောက်တော့ ကိုအောင်ကျော်ဇံကြီးပေးတဲ့ အကြံကိုယူလိုက်တယ်။ သူက အသက်အကြီးဆုံးလေ။
သူတို့ ၄၊ ၅ ယောက်စု ... အအေးတလုံးလောက်ဝယ်ပြီး ဦးပဉ္ဇင်းဆီသွားကြတယ်။ ဦးပဉ္ဇင်းက သိက္ခာတော်ရ ဆရာတော်ကြီးလိုပဲ မျက်လွှာတော်ချလို့။ အားလုံး ဘာစကားမှ မပြောရဲကြဘူး။ အအေးကပ်လိုက်တယ်။ အိနြေ္ဒသိက္ခာအပြည့်နဲ့ လက်ခံတယ်။ ပြီးတော့မှ ... ဖိုးသိုက်က မရဲတရဲနဲ့ ... စပြောတယ်။
“ဦးဇင်း ... အစစအရာရာ အဆင်ပြေရဲ့လားဘုရား”
“အိမ်းပြေပါတယ်၊ တကာကြီးတို့ကော”
“တင်ပါ့။ အခု တီးဝိုင်းအတွက် ပိုက်ဆံလည်း ကောက်ပြီးပြီ ဘုရား၊ ပြီးတော့ သီချင်းနုတ်တွေ ... တပည့်တော် ထုတ်နေပါတယ်”
ဦးပဉ္ဇင်းက ငြိမ်နေတယ်။ ဘာမှ မမိန့်ဘူး။ အဲဒီမှာပဲ အောင်နိုင်ကြီးက ...
“ဟုတ်ပါတယ် ဘုရား ... ဦးဇင်းဆိုမယ့် သီချင်းတွေတောင် နုတ်ထုတ်ထားပါတယ်” လို့ ပြောလိုက်တယ်။
ဦးပဉ္ဇင်းက ငြိမ်နေဆဲပဲ။ ဘာမှကို မမိန့်ဘူး။
အကျနေ့ကတော့ အေးဆေးညင်သာ ပြီးဆုံးသွားတယ်
အကြက်နေ့ ...
အဲဒီနေ့ကတော့ တော်တော့်ကို ဂြိုဟ်မွှေတဲ့နေ့ပဲ ... တခြားသူ ဟုတ်ရိုးလား ... ဝဏ္ဏပေါ့။ ကလန်ကလား အရပ်ကြီးနဲ့ တယောက်တည်း မူးနေလိုက်တာ ဆိုတာ။ မူးရုံတင်ဆို ဘာမှ မဖြစ်ပါဘူး။ သူက မူးပြီး ရဲတယောက်ကို သွားရမ်းတယ်။ ရမ်းရုံတင် အားမရဘူး ... သူ ရမ်းတဲ့နေရာနဲ့ နီးတဲ့ ... ကိုရဲတို့အိမ် ရောက်လာတယ်။ အိမ်မှာ ကိုရဲအမေပဲရှိတယ်။ ကိုရဲအမေကို ဘာမပြောညာမပြောနဲ့ မီးဖိုချောင်ထဲဝင်ပြီး ထမင်းစားတဲ့ ခက်ရင်းတချောင်းကိုင်ထွက်သွားတယ်။ ကိုရဲအမေကလည်း မပြောရဲဘူးလေ။ ဒါနဲ့ပဲ ....။
နောက်ဆုံးတော့ ဝဏ္ဏ ရဲစခန်းရောက်တယ်။ ခက်ရင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းလိုက်တယ်။ သူတို့ ပွဲပျက်တယ်။ ဝဏ္ဏမရှိတော့ ဘယ်သူဘေ့စ်တီးမလဲ။ တနေကုန် ကီးဘုတ်လိုက်ငှားတဲ့ အောင်နိုင်ကြီးက အဲဒီသတင်းကို မသိဘူး။ ဟီးဟီးဟားဟားလုပ်ပြီး ကိုရဲတို့အိမ် ရောက်လာတယ်။ ကိုရဲကို လာစတယ် ..
“ဟေ့ကောင် ငါ ကီးဘုတ်ငှားတာ အဆင်မပြေဘူးကွာ” တဲ့။
သူထင်တာက ကိုရဲ စိတ်ညစ်သွားမယ်ပေါ့လေ။ ကိုရဲက မညစ်တဲ့အပြင် “ဟာ ဟုတ်လား ကောင်းတယ်ကွ” လို့ ပြောလိုက်တော့ သူပြန်ညစ်သွားတယ်။ သူက ကီးဘုတ်ကြီးထမ်းလာရတာ။ ကိုရဲကို စဖို့ ဖွက်ထားရတာလေ။
ခြုံလိုက်တော့ ပွဲကမဖြစ်တော့ဘူး။
အတက်နေ့မနက်
ဦးပဉ္ဇင်းတဖြစ်လဲ ကျော်စွာတယောက် ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို ရောက်လာတယ်။ ရိုးရိုးမဟုတ်ဘူး။ ကတုံးကို ပုဝါလေးစည်းလို့။
“ဟေ့ယောင်တွေ ငါ့အတွက် နုတ်ထုတ်ထားတယ်ဆို” တဲ့။ ။
ဒါပါပဲ ...။
မှတ်ချက်။ ။ ကျော်စွာရေ ... စကားနဲ့ လူတွေက နည်းနည်းလွဲချင်လွဲမယ်ဆိုပေမယ့် အဖြစ်အပျက်ကတော့ အမှန်ပဲနော်။
Friday, April 09, 2010 | Labels: အမှတ်တရ | 4 Comments
နှစ်သစ်ကူးမှာ ရူးကြည့်ရအောင်
ခုက နှစ်ကုန်တော့မယ်၊ ငယ်ငယ်ကတော့ နှစ်ကုန်ခါနီး New Year Eve မှာ ဘုရားကျောင်းကိုသွား ... မျောက်ရှုံးအောင်ဆော့၊ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်ခါနီးလောက်ကျပြန်တော့ အဲလိုပဲ ဘုရားကျောင်းကိုသွား၊ လူငယ်တွေ ဂိမ်းကစားတာမှာဝင်ပါ။ တနှစ်များမှာတော့ ဘယ်လူတွေ ဘယ်ဂလို မျက်စိမှောက်တယ်မသိ ကွင်း တောင် ရလိုက်သေး။ တနှစ်တာ ကွင်းသွားရမယ့် သူစာရင်းထဲ ထိပ်ဆုံးကို ဝင်သွားတာထင်ပါရဲ့။ ပြီးတော့ ကောင်လေးချောချောလေးတွေကို မျက်စိကစား (လူငယ်ဘဝ ဖြစ်ရပ်မှန်နော်)။ ၁၁ နာရီ ထိုးခါနီးတော့ ဘုရားစရှစ်ခိုး။ အဲဒီမှာ သင်းအုပ်ဆရာ ဟောမယ့် တရားထက် ကွာယာမှာ ဆိုမယ့် သီချင်းကိုပဲ စိတ်ရောက်နေ ....။ ၁၂ နာရီ ထိုးခါနီး လက်ထောက် သင်းအုပ်ဆရာ သန်လျင်ဖေသွင်က ဆုတောင်းတော့မှ ကိုယ့်မှာရှိတဲ့ အပြစ်တွေ ကသောကမျော ဝန်ချ၊ နောက်တော့ လာမယ့်နှစ်မှာ ဘာလုပ်ပါမယ် ညာလုပ်ပါမယ် ကတိတွေပေး၊ ဘုရားကို ပြောပါတယ်။
“အပြစ်၌ ပျော်မွေ့ခဲ့သော နှစ်အတွက် ဝမ်းနည်းလျှက်ရှိပါ” ဆိုတဲ့သီချင်းကို အာခေါင်ခြစ်အော်ဆို ခဲ့တာ ခု ပြန်စဉ်းစားတော့ တော်တော် ရယ်စရာကောင်းတာပဲ။ ဒီလိုနဲ့ တူးတူးသာတို့ တနှစ်ပြီး တနှစ် ကုန်လွန်လာ လိုက်တာ။ မနှစ်ကတော့် ဂျီတီအိုင်က သပြေဆောင်မှာ ကုန်လွန်ခဲ့ရတဲ့ New Year အကြောင်း လွမ်းဆွတ်ဖွယ် ရေးဖြစ်ပါတယ်။
ဒီနှစ်တော့ ကိုယ့်ကိုယ်ကိုယ် ပယ်ပယ်နယ်နယ် ဝေဖန်ချင်နေမိတယ်။
ကိုင်း ၂၀၀၉ အတွင်းက တူးတူးသာ ဆိုသည်မှာ ... ဘာပါလိမ့်
၁။ လုံးဝ စည်းကမ်းမရှိ
ဖုန်းနံပါတ်တွေဆို ခဏခဏ ပျောက်၊ ဘယ်စာရွက်စုတ်မှာ မှတ်လိုက်မှန်းမသိ ပြန်ပြန်မေးရ။ အလုပ်စားပွဲပေါ်မှာ ဒီနေ့ထိ ပွရှုပ်နေ၊ အဲဒီ စာရွက်တွေကို ရှင်းဖို့ကြိုးစားတာလည်း အခါခါ တခါမှ မအောင်မြင်။
တလောကတော့ အယ်ဒီတာက ဂျာနယ်လစ်ကောင်းဆိုတာ .... အစချီတဲ့ စာရွက်တရွက်ပေးတယ်။ အဲဒီထဲက နံပါတ် ၁ အချက်က ပထမဆုံး ကိုယ့်စားပွဲပေါ်က စာရွက် စာတမ်းတွေကို ညီညီ စီထပ်ပါတဲ့။ ခုတော့ စိတ်မကောင်းစရာ၊ အဲဒီစာရွက်လေးက ကိုယ့် စာရွက်ပုံထဲမှာ ပျောက်နေတယ်။ ရှာလို့ မတွေ့တော့ဘူး။
ဒီတော့ ကိုယ့် အယ်ဒီတာရဲ့ အဆိုအရဆို ကိုယ်က ၂၀၀၉ ခုနှစ်ထဲမှာ ဂျာနယ်လစ်ကောင်းတယောက် မဟုတ်ခဲ့ဘူးပေါ့။ ဝမ်းနည်းလိုက်တာ။
၂။ စကားကို စွတ်စွတ်ပြောတတ်တဲ့အတွက် မိတ်ပျက်မလိုဖြစ်၊ မိတ်ပျက်ပြီးဖြစ်
ကိုယ်က အကောင်းနဲ့ပြောတာပဲ ဆိုတဲ့အထင်နဲ့ ပြောလိုက်မိတာမှာ တဘက်သား အတွက် နာစရာတွေ ပါသွားတာမျိုး။ မိတ်ပျက်မလို ခဏခဏဖြစ်တယ်။ မိတ်ပျက်ပြီးဖြစ်တယ် ဆိုတာက ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ တဘက်သားက ကိုယ့်ကို မခေါ်မပြောဖြစ်နေတာမျိုးပေါ့။ အဲဒါကိုလည်း အလိုက်မသိဘဲ သွားပြီး အတင်းခေါ်လိုခေါ် ...။ လူမှုရေး နားမလည်ဘူးပဲ ဆိုမလားမသိ။ တခါတလေ ကိုယ်က ကိုယ့် မောင်နှမလို ညီအစ်မလို သဘောထားပြီး ရင်းရင်းနှီးနှီး ဝေဖန်မိလိုက်တာ ပြောလိုက်မိတာကို တဘက်က စိတ်ကွက် သွားတာကို မသိတာမျိုးတွေ။
၃။ ပိုက်ဆံ နင်းကန်ရှာသလောက် အဖတ်မတင်
ဒါကတော့ ၂၀၁၀ မှာလည်း ပြင်လို့မရလောက်ဘူး ထင်ပါတယ်။ ပိုက်ဆံတွေက ဝင်သလောက် ဘယ်က ဘယ်လို ကုန်မှန်းမသိ ကုန်နေတာ။ တကယ်တော့ ကုန်တယ်ဆိုတာ သုံးလို့ပေါ့၊ ကိုယ့်အမှားကိုယ် ဝန်မခံချင်ပြန်။ တခါမှ မစုမိ၊ ကိုယ့်လောက်ဝင်ငွေမရှိသူတွေ အလုံးအခဲနဲ့ စုမိချိန်မှာ ကိုယ်ကတော့ ဒုံရင်းဒုံရင်း ဟိုတုန်းကလည်း မွဲ၊ ခုလည်း မွဲလျှက်ပဲ။ တူးတူးသာဆိုတာ ငမွဲပါ လို့ တံဆိပ်တပ်လို့ရတယ်။ စီးတဲ့ရေတော့ရှိပါရဲ့၊ ဆယ်တဲ့ကံသင်းက ဟိုဘက်ရွာမှာ သွားအိပ်ပျော်နေပုံရတယ်။
၎။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း တော်တော်ပြောဖြစ်တယ်
ဒါကတော့ ရှင်းမှာပါ။ ကိုယ်နဲ့ အဲဂလို ပြောဖော်ပြောဖက်တွေ ဒီစာကိုဖတ်ရင်း မျက်ခုန်းလှုပ်ကြပါ။ ဖော်ကောင် လုပ်တော့မယ်။ ခုပဲကြည့် တူးတူးသာ ဆိုတဲ့ ကိုယ်ကသာ အဲလို အပြစ်တွေကို ဝန်ခံရဲတာ၊ တခြား ဘယ်သူ ဝန်ခံရဲလဲ။ ဒါ ဥပမာပဲ ရှိသေးတာ။ အဲဒီလို ကြုံတိုင်း ကိုယ်ကောင်းကြောင်း ခဏခဏ ပြောတတ်တယ်။ မကြုံလည်း ကြုံအောင် လုပ်ပြောတတ်တယ်။
၅။ တွေဝေတာ
ခုထိကို ပြင်လို့မရသေးတာ။ ၂၀၀၉ ထဲမှာလည်း တွေဝေမှုကြောင့် လွဲရတာတွေ အများကြီး။ နောက်တခုက စာအုပ်တအုပ်စာလောက်ကို တထိုင်ထဲ ချရေးချင်သလောက် စကားနဲ့ မပြောပြတတ်တာ။ အဲဒါကတော့ အယ်ဒီတာနဲ့ ပြဿနာခဏခဏ တက်တဲ့ ကိစ္စပေါ့။ ကိုယ်လုပ်ချင်တာကို စာနဲ့ ရေလည်အောင် ရေးပြလိုက် ချင်တယ်၊ စကားတော့ မပြောတတ်ဘူး။ အဲဒါ ဘယ်လိုလုပ်ရမလဲ။
ကဲ ဝေဖန်ပြီးပြီ။ ပြင်ကြည့်မယ်လို့တော့ မပြောတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ နောက်ဆုံးတချက် တူးတူးသာ ဆိုတာ ဆုံးဖြတ်ချက်ချပြီးရင် ချတဲ့အတိုင်း လုပ်ချင်မှ လုပ်တတ်လို့ပါ။ ဒါပါပဲ။
Wednesday, December 30, 2009 | Labels: အထူး | 9 Comments
အာကြီး သေပြီ
* * *
အဘွားမိနှင့်ဘိုးပါတို့ သန်လျင်ရောက်လာခါစက သူတို့လင်မယားကို ရှေ့သွားနောက်လိုက်ညီတဲ့၊ စံပြ လင်မယားအဖြစ် အသိအမှတ်ပြုကြတယ်။ အဘွားမိက ကမာရွတ်ဒေါ်သာထက်ကျောင်းက ကျောင်းဆရာမ ဟောင်း၊ အဘိုးပါက ရှေးခေတ်နိုင်ငံခြားသင်္ဘောသားဟောင်းတဦး။ အဘွားမိ၊ အဘိုးပါ လို့သာ ခေါ်ပေမယ့် အဲဒီတုန်းက သူတို့အသက်တွေ ၅၀ ဝန်းကျင်လောက်ပဲ ရှိမယ်။ ကျမတို့က ကလေးတွေကိုး။
သူတို့မှာ သားထောက်သမီးခံမရှိ။ အဘိုးပါရှာဖွေထားသမျှလေးနဲ့ သန်လျင် ကျောင်းလမ်းမှာ ခြံတကွက် ဝယ်၊ အုတ်ခံ ပျဉ်ထောင်အိမ်ကလေးကောင်းကောင်း ဆောက်နေကြတယ်။ အဘိုးပါဆီမှာ ဘီအက်စ်အေ ဆိုင်ကယ်ကြီးတစီးရှိတယ်။ သူတို့အိမ်က ကျမတို့ ဘုရားကျောင်းနဲ့ ကျောချင်းကပ်။ ဒါက နောက်ပိုင်း အပိုင်ဝယ်လိုက်တဲ့အိမ်။ ပထမသန်လျင်ရောက်ခါစက ငှားနေတဲ့ အိမ်က ဘုရားကျောင်းနဲ့ မျက်စောင်း ထိုးမှာ။ အဘိုးပါက ဘုရားကျောင်း ကိစ္စမှန်သမျှ တတ်စွမ်းသလောက် ကူညီသူ၊ ကျမတို့ သင်းအုပ် ဆရာ ဖေဖေတူးတူးက အသင်းတော်သူ အသင်းတော်သားတွေ အိမ် လှည့်လည်ရင် အဘိုးပါက ဆိုင်ကယ်နဲ့ လိုက်ပို့တာ။ အဘိုးပါက ဖေဖေတူးတူးထက် နည်းနည်း ငယ်မယ် ထင်တယ်။ အဘွားမိကတော့ အမျိုးသမီး အသင်းမှာ ဦးဆောင်သူ၊ သီချင်းအဆို ကောင်းတယ်။ အထူးသဖြင့် အဘွားမိက ကွာယာဆိုရာမှာ ဒုတိယသံ (Alto) ဆိုလေ့ရှိတယ်။
တနေ့တော့ သူတို့ သမီးတယောက်ကို မွေးစားလိုက်တယ်။ ထိုသမီးနာမည်က မအေးမြင့်တဲ့။ ကျမထက် ၇ နှစ်လောက် ကြီးမယ်။ သူ့ကို အားလုံးက ဘာလို့လည်းမသိ အာကြီးဟု ခေါ်ကြတယ်။ ဒီတော့ ကျမတို့ကလည်း အာကြီးပေါ့။ သူကလည်း ဘုရားကျောင်းဝေယျာဝစ္စ မှန်သမျှ မညည်းမညူ ကူညီတတ်သူ။
အဘွားမိတို့ သန်လျင်ရောက်လာပြီး မကြာ ... သူတို့ ငှားနေသည့် အိမ်ဘေးအိမ်က ကိုပေါက်စ မမီးမီးတို့မှာ တတိယမြောက် ကိုယ်ဝန်ဆောင်ပါရော။ အဲဒီကိုယ်ဝန်ကို အဘွားမိနဲ့ အဘိုးပါတို့က မွေးစားချင်တယ်လို့ တောင်းတယ်။ ကိုပေါက်စတို့ကလည်း သိပ်ပြေလည်သူတွေ မဟုတ်ကြ။ အဲဒါထက်ကို အဘွားတို့ အဘိုးတို့ကို ကိုယ့်သွေးရင်းလို ခင်နေကြတာဆိုတော့ “ပေးပါမယ်” ဆိုပြီး နှုတ်ကတိပေးလိုက်ကြတယ်။ သားလေး မွေးတယ်။ တကယ်လည်း ပေးလိုက်တယ်။ ပေးလိုက်တယ် ဆိုပေမယ့် အဖေရင်း အမေရင်းနဲ့လည်း ဝေးကွာတာ မဟုတ်။ ဘာမှထွေထွေထူးထူး ပြောနေစရာမလို၊ အဖေရင်းအမေရင်းက ဒါ၊ မွေးစားအဖေအမေဆိုပေမယ့် အဖေ အမေရင်းထက်မချား ချစ်သူတွေက ဒါ ဆိုပြီး ထိုသားက သိတယ်။ သူ့နာမည်က ချစ်ကောင်းတဲ့။ ဒီတော့ အဘိုးပါနှင့် အဘွားမိမှာ သားတယောက် သမီးတယောက်နဲ့ စိုပြေသွားပြီ။ အဘိုးကော အဘွားပါ ဒီသမီးနဲ့ သားကို သိပ်ချစ်တယ်။ အာကြီးကလည်း သူ့မောင်လေးကို သိပ်ချစ်တယ်။ သူတို့မိသားစုက အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။
တနေ့မှာတော့ အဘိုးပါ အပြင်ကနေ ဆိုင်ကယ် တဘုန်းဘုန်းနှင့် ပြန်လာတယ်။ မျက်နှာက မကောင်း။ အဘွားမိ က ယောက်ျားလုပ်သူကို မျက်နှာကဲ အမြဲ ခပ်နေသူ ဆိုတော့ မေးလိုက်တယ်။
“ကိုပါ ... ဘာဖြစ်နေတာလဲ မျက်နှာလည်း မကောင်းဘူး”
“မမိ ... မင်း ငါမရှိတော့ရင် ကလေးနှစ်ယောက်ကို ဂရုစိုက်ပါကွာ၊ အထူးသဖြင့်တော့ ငါ့ သားလေးပေါ့။ သူက ကလေးပဲရှိသေးတာ”
“အခုလည်း ဂရုစိုက်ပါတယ် ကိုပါရယ်။ ရှင်ကလည်း ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလိုစကားတွေ ပြောနေ ရတာလဲ”
“မဟုတ်ဘူး၊ ငါ သိနေတယ်။ ငါ့ကို ကတိပေးပါကွာ နော်”
“ဟုတ်ပါပြီ၊ ကတိပေးဆိုလည်းပေးတယ်။ ရှင်က ဘာဖြစ်နေရတာလဲ ပြောပြ”
“ငါ ... ငါ့မျက်လုံးတဘက် ဝါးနေပြီ မမိရဲ့ ... ငါ မနေရတော့ဘူး ... ငါ့ကိုယ်ငါသိတယ်”
“မှန်းစမ်း ... အောင်မလေး ကိုပါရယ်”
အဲဒီလိုပြောပြီး အဘွားမိတို့ ရီလိုက်တာမှ ခွက်ထိုးခွက်လန်။ ဘာလို့လည်း ဆိုတော့ အဘိုးပါက မျက်စိ တဘက် ဝါးနေမှာပေါ့။ ဆိုင်ကယ်စီးရင် မျက်မှန်က မှန်တဘက် ကျွတ်ထွက်နေတာ သူ့ဘာသူ သိမှ မသိဘဲ။
အဲဒီအဖြစ်အပျက်ဖြစ်ပြီး ၁၀ နှစ်လောက်ထိ အဘိုးပါ မသေပါဘူး။ ချစ်ကောင်းလေး ဆယ်ကျော်သက် အရွယ် မှာတော့ အဘိုးပါ ကွယ်လွန်သွားခဲ့တယ်။ အဘွားမိကတော့ ဒီသားနဲ့ ဒီသမီးကိုပဲ ဖက်တွယ် ကျန်ခဲ့တာပေါ့။
ခုတော့ ချစ်ကောင်းက လူပျိုကြီး ဖားဖားဆိုတာထက်တောင် ကြီးနေပြီ။ ကုမ္ပဏီကြီး တခုမှာ အလုပ်လုပ်ရင်း မိသားစုအတွက် ဝင်ငွေရှာပေးသူတောင်ဖြစ်နေပြီ။ အာကြီးကလည်း သူ့မောင်ကို ချစ်လိုက်တာ သည်းသည်း လှုပ်။ သူ့မောင်နဲ့ ပတ်သက်သမျှ သူ့မောင်ရဲ့ သူငယ်ချင်းတွေကိုပါ အာကြီးက ဒဏ်ခံတာ။
ချစ်ကောင်းတို့သူငယ်ချင်းတသိုက်က သီချင်းဆို ဝါသနာပါကြတယ်။ အဘွားမိက အသက် ၇၀ ကျော်လာပြီ ဆိုတော့ စောစောစီးစီး အိပ်ရာဝင်ပြီ။ ချစ်ကောင်း ညဘက်ပြန်မလာသေးရင် အာကြီးက စောင့်တယ်။ အိမ်ရှေ့မှာ ချစ်ကောင်းတို့ တသိုက် ဂစ်တာတီး သီချင်းဆိုကြရင် အာကြီးက ပက်လက်ကုလားထိုင် တလုံးနဲ့ ထိုင်နားထောင်တယ်။
အာကြီးက နေ့ခင်းဘက် ထမင်းဟင်း ရောင်းတယ်၊ အိမ်ရှေ့မှာက အထက်တန်းကျောင်းရှိတော့ ရောင်းရတယ် ဆိုပါတော့။ ကျမက သူတို့ မောင်နှမတွေအကြောင်း ဝတ္ထုတိုလေးတွေ ရေးဖူးတယ်။ အာကြီးရဲ့ အသုတ်က ကောင်းလွန်းလို့ ကျမတို့က အလွယ်တကူ “အာကြီးသုတ်” သွားစားမယ် ဆိုပြီးပြောတာကို မသိတဲ့သူတွေက အာကြီးသုတ်ဆိုတာ ဘယ်လိုပါလိမ့်လို့ မေးရတဲ့အထိ။
ချစ်ကောင်းကျတော့တမျိုး။ ဒီကောင်က လေနည်းနည်းကျယ်တယ်။ ပြောရင်းနဲ့ လက်လွန်လွန်သွားတတ်တာပါ။ ဥပမာ ကျမတို့က ၈၈ အရေးအခင်းအကြောင်း စကားစပ် ပြောကြတယ်ဆိုပါတော့။ အားလုံးက ၈၈ မှာ လူငယ် အရွယ်ဖြစ်နေတဲ့သူတွေချည်းပဲ။ အဲဒီမှာ ချစ်ကောင်းကလည်း ဝင်ပါတတ်တယ်။
“ဟာ ၈၈ တုန်းကဆို ကျနော်ကိုက လမ်းမှာ ကင်းစောင့်တာဗျ။ ပြီးတော့ ထမင်ထုပ်တွေ လိုက်ဝေတာ” အဲဒီလို အာပေါင်အာရင်း သန်သန် ပြောပြီဆိုရင် ဖောက်ချင်တဲ့ တယောက်ယောက်က “၈၈ တုန်းက မင်းက ဘယ် အရွယ်တုန်း” လို့ မေးလိုက် “၃ နှစ်” လို့ပြန်ဖြေလိမ့်မယ်။ သူများတွေ ဝိုင်းရယ်ပေမယ့် လျှော့မယ်တော့ မထင်နဲ့။ “၃ နှစ်ပေမယ့် ကျနော် အားလုံးမှတ်မိတယ်” လုပ်သေးတာ။
တခါလည်း ဘောလုံးပွဲစုကြည့်ကြရင်း သူက အိပ်ပျော်သွားရော ... ဘယ်ပွဲလဲတော့ မမှတ်မိဘူး။ ထားပါတော့ အာစင်နယ်နဲ့ မန်ယူပေါ့လေ။ ဥပမာ မန်ယူက နိုင်သွားတယ်ဆိုပါတော့ မနက်မှာ တယောက်က ပြောင်းပြန် အာဆင်နယ်နိုင်သွားတာ၊ ဘယ်လိုကန်လိုက်တာ၊ ဘယ်လိုဝင်သွားတာ ဆိုပြီး သူ့ရှေ့မှာ ပြောလိုက် ... မကြာဘူး လက်ဘက်ရည်ဆိုင်လည်း ရောက်ရော အာပေါင်အာရင်းသန်သန်နဲ့ အာစင်နယ်ထဲက ဘယ်သူက ဘယ်လို အနိုင်ဂိုးကို သွင်းလိုက်တာဆိုပြီး လျှောက်ပြောနေလိမ့်မယ်။ တကယ်ကြည့်ခဲ့တဲ့သူတွေတောင် ငါတို့များ မှားသလား ထင်ရအောင် လုပ်တတ်တယ်။
အဲဒီကောင်က အဲဒီလို ရွှီးတတ်ပေမယ့် သူ့မှာလည်း ချစ်စရာ အကွက်လေးတွေရှိတယ်။ သူငယ်ချင်းတွေက သူ့ကို ခင်ကြတယ်။
အဘွားမိ အိပ်ရာထဲလဲတော့ အာကြီးနဲ့ ချစ်ကောင်းပဲ မအိပ်မနေပြုစုကြရတာပါ။ ချစ်ကောင်းဆိုရင် အလုပ် တဘက်နဲ့ အမေကို ပြုစုတာ။ အာကြီးလည်း ထို့အတူပဲ ... မွေးစားသား သမီးတွေလို့တောင် မထင်ရဘူး။ တကယ်ဆို အဘိုးပါ ဆုံးကတည်းက သူတို့မှာ ဘာဝင်ငွေမှ ရှိတော့တာ မဟုတ်ဘူး။ အာကြီးနဲ့ ချစ်ကောင်းပဲ ရှာကျွေးခဲ့တာလို့ ပြောလို့ရတယ်။
မနှစ်က အဘွားမိ ဆုံးတယ်။ ကျမကတော့ ထိုင်းနိုင်ငံကနေပဲ သတင်းမေးလိုက်နိုင်တယ်။ အဘွားမိဆုံးပြီ ဆိုတော့ သူတို့ မောင်နှမ နှစ်ယောက်ပဲ ကျန်တော့တယ်။ အာကြီးကလည်း ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး။ လေးဘက်နာကော၊ နှလုံးရောဂါကော စုံနေတာပဲ။ အာကြီးကို နားနားနေနေ အလုပ်လုပ်ဖို့ ကျမတောင် အကြံပေးဖူးတယ်။ အာကြီးက ကျမ သားကြီးကိုလည်း ထိန်းပေးဖူးတယ်။ အာကြီးတို့နဲ့ တရပ် ကွက်ထဲ အကြာကြီး အတူနေခဲ့ဖူးတယ်။
အာကြီးက အရမ်းလည်း ရိုးတယ်။ ဂတ်စ်မီးဖိုနဲ့ ချက်ဖို့ ပြောရင် နားမထောင်ဘူး ... သူကြောက်တယ် တဲ့။ ဘယ်လောက် ပင်ပမ်းပင်ပမ်း၊ ဘယ်လောက်ဈေးကြီးကြီး မီးသွေးနဲ့ပဲ ထမင်းဟင်းတွေ တအိုးပြီး တအိုး ချက်တယ်။ သူက စေတနာကောင်းတော့ ဟင်းတွေလည်း ကောင်းတယ်။ ကျမအလုပ်က သူငယ်ချင်းတွေ၊ စာရေးဆရာ ဆရာမ အဖွဲ့တွေ သန်လျင်လာရင် ကျမက သူ့ဆီကပဲ ထမင်းဟင်းတွေ မှာကျွေးလေ့ ရှိတယ်။ ဈေးအရမ်းသက်သာတော့ သူငယ်ချင်းတွေ သဘောကျတယ်။ ကျမတို့ သန်လျင်ကို လာလည်ဖူးတဲ့ သူငယ်ချင်း တွေထဲမှာ အာကြီးရဲ့ ထမင်းဟင်း မစားဖူးတဲ့သူ မရှိသလောက်ဘဲ။
ခရစ္စမတ်မတိုင်ခင်က ချစ်ကောင်းက ကျမကို ဂျီတော့ကနေ လှမ်းပြောတယ်။ “အာကြီး ဆေးရုံတင်လိုက်ရတယ်” တဲ့။ ကျမ တော်တော်စိတ်မကောင်းဘူး။ သတင်းပဲ လှမ်းမေးနိုင်တယ်။ နောက်တော့ မကြာဘူး ဆေးရုံက ပြန် ဆင်းရပြီ၊ ကောင်းနေပြီ တဲ့။ တော်ပါသေးရဲ့။
ဒါပေမယ့် ဒီနေ့တော့ အာကြီး ညက ဆုံးပြီ တဲ့။ ကျောင်းလမ်းအိမ်ကနေ ဒီနေ့ ညနေ ၃ နာရီ ဘုရားရှိခိုးပြီး ချမယ် တဲ့။ အာကြီးအိမ်နဲ့ တအိမ်ကျော်က ကျမ ယောင်းမကို လှမ်းမေးမိတယ်။
“အာကြီးက ခရစ္စမတ်တုန်းက သီချင်းတွေတောင် လိုက်ဆိုနေသေးတာ၊ မုန့်တွေလည်း အစုံစားတာပဲ။ မနေ့ ညကတော့ ဝမ်းအမည်းတွေသွားပြီး ပျော့ကျသွားတာ ... ပြန်မထူလာတော့ဘူး” လို့ ယောင်းမလေးက ပြောပြတယ်။ ကျမ ဘာပြန်ပြောရမှန်းမသိဘူး။
ရှင်းရှင်းပြောရရင် အာကြီးဆိုတာကို မအေးမြင့်ဆိုတဲ့ နာမည်တလုံးကလွဲရင် ကျမတို့ ဘာမှ မသိဘူး။ သူ့ ညီအစ်ကို မောင်နှမအရင်းအချာ၊ ဆွေမျိုး ဘယ်သူလဲ၊ သူ ဘယ်ကလဲ၊ သူ့မိဘအရင်းတွေ ဘယ်သူလဲ ဘယ်သူမှ မသိဘူး။ သိကောင်းသိခဲ့မယ့် သူ့မွေးစား အမေကော အဖေပါ မရှိတော့ဘူး။ အဲဒီလို မသိတော့ကော ... ဘာမှ တော့ မဖြစ်ပါဘူး။ သူ့ကို ဘုရားကျောင်း အသိုင်းအဝန်းက ကောင်းကောင်း သင်္ဂြိုဟ်မှာပါ။ သူ့အသက်က ၄၅ နှစ် တဲ့။ အရွယ်ကောင်း၊ အိမ်ထောင်လည်း မရှိ။ သားသမီးမရှိ။
၂၀၀၉ ခုနှစ်ရဲ့ နှစ်ကုန်ခါနီးအချိန်မှာ ... အာကြီး သေသွားပြီ။ ကျမတို့ ပြန်မတွေ့နိုင်ကြတော့ဘူးပေါ့။
မရေးတာကြာတဲ့ ဘလော့စာမျက်နှာလေးကို ပြန်ဖွင့်မယ်လို့ ကြံချိန်မှာ အဲဒီသတင်းကို ကြားလိုက်ရတာနဲ့ပဲ မှတ်မိနေတဲ့ မိသားတစုအကြောင်း ရေးလိုက်မိတာပါ။ အပေါ်မှာရေးခဲ့တဲ့ အဘိုးပါအကြောင်း၊ ချစ်ကောင်းနဲ့ အာကြီးသုတ် အကြောင်းတွေ ကျမ ရေးခဲ့ဖူးတယ်။
အာကြီးတယောက် “ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာရင်ငွေ့ကို လှုံရင်း ငြိမ်းချမ်းသာယာနိုင်ပါစေ”
Wednesday, December 30, 2009 | Labels: အမှတ်တရ | 1 Comments
သတင်းသမားလိုလို ဝတ္ထုတိုရေးသူလိုလို
ဒါပေမယ့် ... တလောက စာပေနယ်က သူငယ်ချင်းတယောက်က ကျမကို ပြောလာတယ် ...။ “နင် စာတွေ ရေးတာတော့ ရေးပေါ့ဟာ ... တိုင်းပြည်ကိုတော့ မရောင်းစားနဲ့” တဲ့။ ကျမ တော်တော်လေး အတွေး ပွားသွားရတယ်။ ကျမ လုပ်နေတာက တိုင်းပြည်ကို ရောင်းစားသလို ဖြစ်နေပြီလား ...။ တခါမှ ကျမ အဲဒီလို မရည်ရွယ်ခဲ့ပါ။ ကျမက ... ကျမ တွေ့ကြုံခဲ့တာကို ရိုးရိုး ပြန်လည်တင်ပြခြင်းသာ။ သူက ဒီ ... ကမောက်ကမ စာစုကို ရည်ရွယ်ပြောနေတာဆိုတော့ ကျမ ပိုလို့ စဉ်းစားရပါတယ်။
နောက်တခုက ကျမက တိုင်းပြည် ပြင်ပ ရောက်နေတာဆိုပြီး ခံခဲ့ရသမျှ ပြန်နှက်လိုက်မဟဲ့ ဆိုတဲ့ အတွေး မရှိပါ။ ကျမ ဖြတ်သန်းခဲ့စဉ်က ခေတ်၊ စနစ်နှင့် ကမောက်ကမ အဖြစ်အပျက်တွေကိုသာ ရေးပြခြင်း ဖြစ်ပါတယ်။ တခုတော့ ရှိတာပေါ့။ ကျမနဲ့အတူ ဖြတ်သန်းလာခဲ့သူတွေထဲမှာ ... မရိုးသားသူတွေ ပါကောင်းပါမယ်၊ စာနယ်ဇင်းကို အရေခြုံ လုပ်စားလာသူတွေလည်း ပါကောင်းပါနိုင်တယ်၊ သူတို့အတွက်တော့ စိတ် အနှောင့် အယှက် ဖြစ်စရာဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ ကျမ သူငယ်ချင်းကိုတော့ အနိုင်ယူနေကျအတိုင်း “ငါက တိုင်းပြည်ကို မရောင်းစားပါဘူးဟ .. ပေါင်ပဲ သုံးမှာ” လို့ ပြောလိုက်ပါတယ်။
စာနယ်ဇင်းသမားဘဝ ကမောက်ကမ (၁၂)
ကဲ လေရှည်သွားပြီ ... ဆက်ပါမယ်။ အလင်းတန်းဂျာနယ်နဲ့ ရွှေအမြုတေ မဂ္ဂဇင်းက ကျမအတွက် သင်္ခန်းစာ များစွာ ပေးခဲ့ပါတယ်။ တကယ်တော့ ကျမတို့ ဂျာနယ်လစ်တွေအတွက် ဘယ်နေရာပဲ ရောက်ရောက် သင်္ခန်းစာ ယူစရာချည်းပဲ မဟုတ်လား။
Pop ဂျာနယ်၊ မဂ္ဂဇင်းဆိုတော့ ကျမတို့ Pop သတင်းတွေကို လိုက်ရပါတယ်။ ဒီတော့ အနုပညာနယ်လို့ စာပေ လောကက သုံးနေကျ ရုပ်ရှင်၊ ဂီတ လောကထဲ မွှေနှောက် သတင်းယူရပါတယ်။ ကျမအတွက် ဂီတ ပညာရှင် တွေနဲ့ စကားပြောရတာ ပျော်စရာ ကောင်းသလောက် ရုပ်ရှင်လောကသားတွေ ကျတော့ နည်းနည်း စိတ်ညစ်ရပါတယ်။ အင်တာဗျူးဂျာနယ်မှာ တုန်းကလည်း ကျမ ရုပ်ရှင်လောကသား တချို့ကို ဗျူးခဲ့ဖူးတယ်။ သို့သော် အလင်းတန်းဂျာနယ်က အတွေ့အကြုံကျတော့ တမျိုး။
ဆိုရလျှင် အင်တာဗျူးဂျာနယ်တုန်းက “ဘောင်းဘီဝတ်” တချို့ရဲ့ နာမည်တွေကိုသုံးပြီး ဝိတ်နှင့် ဖြဲရတာလေ။ အဲလိုမှ မလုပ်ရင်လည်း ကိုရွှေ မင်းသား၊ မရွှေ မင်းသမီးတွေက အင်တာဗျူးမပေးချင်ကြဘူး မဟုတ်လား။ ကြောက်လို့ ပေးတယ် ခေါ်မလား။
အလင်းတန်းဂျာနယ်၊ ရွှေအမြုတေ မဂဇင်းကျတော့ တမျိုး။ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက လူချစ် လူခင် ပေါတယ်။ သူ့ကို စာပေနယ်ကကော၊ ရုပ်ရှင်၊ ဂီတ အနုပညာ နယ်ပယ်ကကော လေးစားသူ များတယ် (လင်းရုံနက်ကြီးနဲ့များတော့ ကွာပါ့။ သူ့ကျ ချစ်တာမဟုတ်ဘူး ... ကြောက်ကြတာ) နောက်တခုက သူ့ ရွှေအမြုတေ မဂဇင်းက လက်ရှိအနေအထားအထိ အဆင့်တခုနဲ့ ရပ်တည်နေတဲ့ မဂဇင်းတစောင်။ အနုပညာသတင်းတွေ၊ အင်တာဗျူး၊ ဆောင်းပါးတွေ ဝေဝေဆာဆာပါသလို ဝတ္ထုတိုတွေလည်း ဝအောင် ဖတ်ရတယ်လေ။ ဒီလို မဂဇင်းတစောင်ကို ပဲ့ကိုင်နေသူဆိုတော့ အသိအကျွမ်းပေါများသလို ဦးဝင်းငြိမ်း ဆိုတဲ့ နာမည် ကြားလိုက်တာနဲ့ ဘယ်မင်းသား ဘယ်မင်းသမီးကမဆို အင်တာဗျူးပေးချင်ကြတယ်။ အထူးသဖြင့် တက်သစ်စများနှင့် ဒုတိယတန်း၊ တိယတန်း မင်းသား မင်းသမီးတွေက အလင်းတန်းဂျာနယ်နဲ့ ရွှေအမြုတေ မဂဇင်းမှာ ပါချင်ကြတယ်။ အဲဒီမှာ ပါလိုက်ရင် သူတို့အဖို့ ပေါက်သွားမယ်လို့ ယုံကြည်နေပုံလည်းရပါတယ်။
ကျမတို့ ဝင်ခါစ သတင်းထောက် ၄ ယောက်ဟာ ကွင်းထဲကို အစိမ်းသက်သက်တော့ မဆင်းရပါဘူး။ စစချင်းမှာ ရုပ်ရှင်ရိုက်ကွင်းတွေ၊ ဗီဒီယို ရိုက်ကွင်းတွေ၊ ဗီစီဒီ ရိုက်ကွင်းတွေကို အဲဒီအချိန်က အယ်ဒီတာ ကိုဦးဆွေနဲ့ ဓာတ်ပုံ ကိုလင်း၊ ဦးဝင်းငြိမ်းတို့နဲ့အတူ သွားရပါတယ်။ အဲဒီမှာပဲ ရုပ်ရှင်နယ်ကလူတွေ ဒီမဂဇင်းဂျာနယ်ကို ဘယ်လောက် အားကိုးသလဲဆိုတာ တွေ့ရပါတော့တယ်။
မင်းသမီး မင်းသားတွေကလည်း တော်တော်တော့ သနားစရာကောင်းပါတယ်။ ကင်မရာဘက်လှည့် သရုပ် ဆောင်လိုက်၊ စာနယ်ဇင်းသမားတွေလာရင် သွားဖြဲပြလိုက် လုပ်ရပါတယ်။ စစချင်းဆိုတော့ ကျမတို့က ကိုဦးဆွေ ဘယ်လို အင်တာဗျူးလုပ်တယ်ဆိုတာ လေ့လာတဲ့ အနေအထားပဲ ရှိပါသေးတယ်။
ကျမက အင်တာဗျူးဂျာနယ်မှာတုန်းက မင်းသားမင်းသမီးတွေကို အင်တာဗျူး လုပ်ခဲ့ဖူးတယ် ဆိုပေမယ့် အနေအထားက နည်းနည်းကွာနေပါတယ်။ သူတို့ ဆက်ဆံပုံကအစ မတူပါဘူး။ ဒီတော့ ကျမအတွက် အသစ်ပဲ ဆိုပါစို့။
အဲဒီအချိန်က မင်းသားရန်အောင်က ရန်အောင်နဲ့သူ၏ ချစ်သူများလား ဘာလားမသိဘူး ဗီစီဒီ ရိုက်နေတဲ့ အချိန်ပေါ့။ အင်းလျားကန်စောင်းက အိုင်ဘီစီမှာ ရန်အောင်နဲ့ မင်းသမီးတွေ တယောက်ချင်း ရိုက်နေကြတာ။ ရိုက်ကွင်းမှာ မင်းသမီးထဲကဆို ခိုင်သင်းကြည်ရယ်၊ ကြည်လဲ့လဲ့ဦးရယ်တွေ့တယ်။ အဲဒီအချိန်က ခိုင်သင်း ကြည်က မင်္ဂလာဆောင်ပြီးကာစပေါ့။ အဲ ... ကိုယ်ဝန်ရှိကာစလည်း ဖြစ်နေတော့ သတင်းသမားတွေကို စကား သိပ်ပြောချင်ပုံမရဘူး။ ကျမတို့လည်း ရိုက်ကွင်းကိုကြည့်ကြ မင်းသမီးတွေ ဘယ်လိုနေလဲ ကြည့်ကြနဲ့ နေ့တဝက် ကုန်တာပါပဲ။ အဲဒီရိုက်ကွင်းကို ကျမတို့ကို ခေါ်သွားရတာ အတွေ့အကြုံရရုံပါ။ ဘာအလုပ်မှ လုပ်စရာ မလိုသေး ဘူး။ တခုတော့ ရှိတာပေါ့ ... နောက်ပိုင်း ပေါ့ပ်သတင်းတွေကို သူတို့ ရေးမယ်ဆိုပြီး ကိုဦးဆွေက မိတ်ဆက်ပေး ပါတယ်။ သူတို့ကလည်း နှုတ်ဆက်ပါတယ်။ ဒါပေမယ့် တခါနဲ့တော့ ဘယ်မှတ်မိပါ့မလဲ။
အဲဒီရိုက်ကွင်းမှာ သတိထားမိတာကတော့ မင်းသားကြီး ရန်အောင်ပါ။ သရုပ်ဆောင်တဲ့ နေရာမှာ အလွန်ရဲတင်း တာ တွေ့ရပါတယ်။ မင်းသမီးတွေကို အကိုင်အတွယ် ကြမ်းတယ်ပေါ့လေ။ သူ့ရဲ့ သီအိုရီ ထင်ပါရဲ့.. ရိုက်ကွင်း ပေါ်မှာတင်မကဘူး ... သူက ရိုက်ကွင်း နားတဲ့ အချိန်မှာပါ မင်းသမီးတွေနဲ့ စကားပြောရင် တရင်းတနှီးနဲ့ (မရိုသေ့စကား) ဟိုကိုင် ဒီဖက် စကားပြောလေ့ရှိတာ တွေ့ရတယ်။ မင်းသမီးတွေကလည်း သူ့ကျတော့ တချက် ကလေးမှ ရွံ့တာ မတွေ့ရဘူး။
အစ ဆိုတော့ ကျမတို့ လေးယောက်သား ဟိုငေး၊ ဒီမော့နဲ့ ဘာမှလည်း လုပ်စရာမလိုသေးဘဲ ဖြစ်နေပါတယ်။ နောက်တော့ ဆရာဦးဝင်းငြိမ်းက ကျမတို့ လေးယောက်ကို ရိုက်ကွင်းအများစု တည်တတ်တဲ့ နေရာတွေကို လိုက်ပို့ပေးပါတယ်။ အဲဒီတုန်းက အများဆုံးရိုက်ကွင်းတွေရှိတတ်တာ ဒေါ်ညိုတိုက် လို့ခေါ်တဲ့ သင်္ဃန်းကျွန်းက တိုက်ကြီးတတိုက်ရယ် ...။ နောက်တော့ အဲ့ဒေါ်ညိုတိုက်နားမှာ နောက်ထပ် တိုက်ကြီးတတိုက် ထပ်ဆောက်ပြီး ငှားစားပါတယ်။ သူကတော့ သူဌေးခန်းတွေ ရိုက်ရင်သုံးတာပေါ့။ နောက်တခုက ကီလီ ၆ လို့ ခေါ်တဲ့ ကီလီက ခြံနဲ့ အိမ်ကြီးပါ။
မြန်မာကားတွေ ကြည့်တဲ့သူတွေဆို သိမှာပါ။ အိမ်ကြီးက အုတ်ခံ ပျဉ်ထောင် ရှေးအိမ်ကြီး။ အဲ့ဒီအိမ်ကြီးကိုပဲ ဟိုဘက်က လှည့်ရိုက်လိုက် ဒီဘက်ကလှည့်ရိုက်လိုက် ခြံထဲ ဆင်းရိုက်လိုက် လုပ်ကြပါတယ်။ ရှေးကားတွေ ရိုက်ရင် သူဌေးအိမ်ပေါ့၊ တောကားဆို တောသူကြီးတို့၊ တောသူဌေးတို့ပိုင်တဲ့အိမ်က အဲဒီအိမ်ဖြစ်သွားပါတယ်။ အဆောင်အနေနဲ့ဆိုရင် အဲဒီက အခန်းတွေကိုသုံးပါတယ်။ ဒါရိုက်တာ မိုက်တီးရိုက်တဲ့ ဟာသကား နာမည်တော့ မေ့သွားပြီ သတိရရင်ပြောကြပါဦး၊ လွင်မိုးနဲ့ ရာဇာနေဝင်းပါတာလေ။ အဲ့ကားမှာ လွင်မိုးနဲ့ ရာဇာနေဝင်းနေတဲ့ အဆောင်က အဲဒီကီလီ ၆ အိမ်ကြီးပေါ့။
နောက်တော့ အဲဒီခြံအနောက်ဘက်မှာ ဘန်ဂလိုလို ခပ်ဆင်ဆင် ထရံကာ ပျဉ်ထောင်အိမ် သေးသေးလေးတွေ ရှိတယ်။ အဲဒီအိမ်လေးတွေကတော့ တောကားတို့၊ ဆင်းရဲသားခန်းတို့ရိုက်ရင် သုံးတယ်။ အချုပ်ခန်းလုပ်ဖို့ နေရာလည်း ရှိတယ်။ အဲဒီအိမ်ကြီးမှာပဲ တရားရုံးခန်းတောင် ရိုက်တာတွေ့ရတယ်။ ထုံးစံအတိုင်း ကျောင်း နဲ့ ပတ်သက်တာ ရိုက်ရင်တော့ အင်းလျားကန်စောင်းမှာပဲ ရိုက်ကြတာများတယ်။
ကျမတို့ ၄ ယောက်က မနက် ဘားလမ်းက ရုံးကို ရောက်ပြီဆိုတာနဲ့ ခနထိုင်ပြီး ရုံးကဖုန်းနဲ့ ဖုန်းတွေခေါ်ရပါတယ်။ အထူးသဖြင့်တော့ ဒါရိုက်တာတွေဆီပေါ့။ ဘယ်ဒါရိုက်တာ ဘယ်မှာကားရိုက်နေတယ် ဆိုတာ ကိုဦးဆွေကလည်း တခါတလေ ပြောပြပါတယ်။ အဲဒီလို သိရပြီဆိုတာနဲ့ ကားရိုက်ရှိတဲ့နေရာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားကြရ တာပဲ။ ဟိုရောက်တော့မှ အဆင်ပြေသလို မေးကြမြန်းကြ။ ဗျူးကြ ...။ ပြီးတော့ တိုက်ကို ပြန်လာ ... အချိန်ရရင် တထိုင်တည်း စာမူထိုင်ရေး၊ အချိန်မရရင် နောက်နေ့မှရေး ... ဒီလိုနဲ့ သံသရာလည်တာပါပဲ။
အဲဒီရိုက်ကွင်းတွေမှာ ကြုံရတဲ့ အင်တာဗျူး အတွေ့အကြုံလေးတွေကိုလည်း ဖောက်သည်ချချင်ပါသေးတယ်။ တရားရစရာလေးတွေ၊ ရယ်စရာလေးတွေ၊ စိတ်ရှုပ်စရာတွေ၊ တခါတလေးလည်း ပျော်စရာတွေပေါ့။
ကျမကတော့ စာရေးဆရာမ ဖြစ်ချင်သူဆိုတော့ ဝတ္ထုတိုတွေကို ကြိုးစားရေးနေပါတယ်။ တဘက်ကလည်း အင်တာဗျူးတွေ ရုပ်ရှင်သတင်း ဂီတသတင်းတွေ ရေးရင်း တဘက်ကလည်း ဝတ္ထုတိုတွေရေးရင်း နေချင်တာပါ။
အဲဒီတုန်းက အယ်ဒီတာ ကိုဦးဆွေက ပျော်ပျော်နေတတ်ပေမယ့် ကျမတို့ကို သိသင့်သိထိုက်တာတွေ တော်တော် သင်ပေးပါတယ်။ ဆရာကြီးစတိုင်နဲ့ မနေတဲ့အတွက် ကျမတို့ အနေမခက်ဘူးပေါ့။ ကိုလင်းကလည်း ပျော်တတ် ပါတယ်။ ကျမနဲ့တူတူ အလုပ်ဝင်ကြတဲ့ ခင်ခင်ကျော် ဆိုလည်း ကျမ ညီမလေးတယောက်လိုပဲ။ နောက် ကိုကြည်အောင်နဲ့ ကိုသန့်ဇင် ဆိုလည်း ကျမထက် အသက်ငယ်ကြတယ်။ ကျမတို့ ၄ ယောက်က စုစု စည်းစည်းနဲ့ ပျော်ပျော်ပဲ။ သတင်းဆိုလည်း မလုဘူး။ အဆင်ပြေသလိုရေးလိုက်ကြ တာပဲ။ ကိုသန့်ဇင်က သိပ်မကြဘူး အလုပ် ထွက်သွားတယ်။ ကိုကြည်အောင်ရယ် ကျမရယ် ခင်ခင်ကျော်ရယ်ကတော့ နည်းနည်းကြာတယ်။ အဲဒီမှာ ကိုကြည်အောင်ကြီး ဒုက္ခရောက်တဲ့ ရယ်ရတဲ့ အကြောင်းလေးတွေ နောက်ပိုင်း ရေးပါဦးမယ်။
ကျမနဲ့ ခင်ခင်ကျော်က ခုထိ အဆက်အသွယ်ရှိကြတယ်။ တလောက ဖုန်းဆက်တော့ သူ့ကို ကျမက ''ဟဲ့ ကုလားမ ... ကျုပ်အခု စာနယ်ဇင်းသမား ကမောက်ကမ ဆိုပြီး ရေးနေတာ အလင်းတန်းရောက်နေပြီ။ တချို့ ကျုပ် မေ့နေတာလေးတွေ ပြောပါစမ်းပါ'' လို့ ပြောလိုက်တော့ ... သူက မှတ်မှတ်ရရ ရှိခဲ့တာလေးတွေ ပြန် ပြောပြပါသေးတယ်။
လူသားတွေ ဖြစ်ကြတဲ့အတွက် တနေရာထဲမှာ အငြိမ်မနေနိုင်ကြဘဲ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းကြတဲ့ သဘောရှိလေတော့ အဲဒီလို ခွဲခွာရတဲ့ အဖြစ်အပျက်ကလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝေးကွာပေမယ့် သံယောဇဉ်လက်ကျန်လေးတွေနဲ့ဆိုတော့ မမျှော်လင့်ဘဲ တနည်းနည်းနဲ့ ပြန်ဆုံကြတဲ့အခါမှာ စိတ်ချမ်းသာရပါတယ်။ ဒါကြောင့် ကျမကတော့ လမ်းခွဲရမယ်ဆိုရင်တောင် အမုန်းတွေနဲ့လမ်းမခွဲချင်ဘူး။ မတတ်သာလို့ အမုန်းတွေနဲ့ လမ်းခွဲရတာတွေလည်း ရှိသပေါ့လေ။ အဲဒီလိုကျတော့လည်း စိတ်မကောင်းပေမယ့် ဘာမှ မတတ်နိုင်ပါဘူး။
ကျမ ပထမဆုံး ရွှေအမြုတေကို ပေးဖြစ်တဲ့ ဝတ္ထုတိုက 'စက်နှင့်လူ' ဆိုတဲ့ဝတ္ထုတိုလေးပါ။ ပေးထားပြီး ရင်တထိတ် ထိတ်နဲ့ သုံးပါ့မလားလို့ ရင်ခုန်ရတဲ့ ဝတ္ထုတိုလေးပေါ့။ ရွှေရဲ့ စံကိုလည်း သိထားတော့ ပိုပြီး ရင်ခုန်ရတယ်။ ဦးဝင်းငြိမ်းကို မမေးရဲလို့ ကိုဦးဆွေကို ခနခနမေးတော့ ကိုဦးဆွေက 'ညည်းဝတ္ထု သုံးဖြစ်တယ်' လို့ပဲ ပြောပါ တယ်။ အဲဒီလိုပြောတဲ့အထိ စိတ်ဒုန်းဒုန်း မချနိုင်သေးပါဘူး။ ဝတ္ထုတိုလေး တကယ်ပါလာတော့မှပဲ ကျမ သက်ပြင်းချနိုင်တော့တယ်။
ဘလော့ပေါ်မှာ ရေးချင်တာကို ရေးချင်တိုင်းရေးနေရတော့ အဲဒီလို အယ်ဒီတာစားပွဲဖြတ်သန်းရတဲ့ အတွေ့ အကြုံကို လွမ်းမိတယ်။ ခင်လိုမင်လို့ စာမူကို သုံးပေးတာ မဟုတ်ဘဲ တကယ်ကိုထိုက်တန်လို့ သုံးပေးတယ် ဆိုတာ ခံစားရတဲ့အတွက် ဒီတပုဒ်နဲ့တင် ငါစာရေးဆရာဖြစ်ပြီပဲ ဆိုပြီး မာန်တက်တယ် :P
အဲလိုပြောလို့ ဘလော့ပေါ်မှာ ရေးနေတဲ့သူတွေကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ ကြောက်ခမန်းလိလိ ကောင်းတဲ့ စာမူတွေ ... စာမျက်နှာပေါ်ရောက်သင့်တဲ့ စာမူတွေအများကြီး ဘလော့ပေါ်မှာ တွေ့နေရသားပဲ။ စာမျက်နှာပေါ် တင်ပေမယ့် အယ်ဒီတာကောင်းရဲ့ စားပွဲကို မဖြတ်သန်းဘဲနဲ့တော့ စာရေးဆရာဟေ့လို့ ကြွေးကြော်လို့ ဘယ်ရပါ့ မလဲ။
ကျောက်ရိုင်းတုံးတွေက အများကြီးပဲ။ မှတ်ကျောက်တင်လိုက်ရင် အဖိုးတန်ကျောက်ဖြစ်လာမယ့် ကျောက်ရိုင်း တွေပေါ့။ မှတ်ကျောက်တင်ခွင့်မရကြ သေးတာပါ။ ကျမကတော့ အနည်းငယ် မှတ်ကျောက်တင်ခွင့် ရခဲ့တယ် ဆိုတာကို ပြန်ဝေမျှ ချင်တာပါ။ တချိန်ကျရင်တော့ အဲဒီကျောက်ရိုင်းတွေ သွေးခွင့်မှတ်ကျောက်တင်ခွင့် ပျော်ပျော်ကြီးရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ...။ ဆက်ပါဦးမယ် ...။
Friday, November 20, 2009 | Labels: ဖြတ်သန်းမှုစာစု | 3 Comments
မေမေ့အတွက် မွေးနေ့လက်ဆောင်
မေမေ့ကို လွမ်းသည်။
အစ်ကိုနှင့်မောင်ကြားမှာ တဦးတည်းသောသမီး ဖြစ်သည့် ကျမကို မေမေက တိုးတိုးဖော်လုပ်ချင်သော်လည်း ကျမက အမေ့နား မကပ်။ ခုလို ရပ်ဝေးမြေခြား ရောက်နေလို့ မကပ်ဖြစ်တာထက် အတူရှိနေစဉ်ကတည်းက မေမေ့နားကို ကျမ လိုအပ်မှသာ ကပ်မြဲ။ မေမေက သားသမီး ၃ ယောက်တွင် ကျမ ဒုက္ခကို အခံစားရဆုံးဖြစ်သည်။ သို့သော် မေမေက ဘယ်တုန်းကမှ ကျမ ဒုက္ခများကို မညည်းညူ ...။
ခု ကျမ သားတွေက မေမေနှင့်အတူ ...။ မေမေ့အရိပ်မှာ ငြိမ်းချမ်းစွာ ရှိနေသည်ဟု စိတ်ချစွာဖြင့် ကျမ နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်သည်။ ထို့အတွက် မေမေ့ကို ကျမ ကျေးဇူးတင်သည်။
တခါတုန်းကတော့ ကျမက အမေ့အပေါ် အလွန်ဆိုးသူ ... သမီးဆိုးပေါ့။ အမေ့နားကို ကပ်၍ တွတ်တီးတွတ်တာ မပြောသော သမီး ... ။ အမေကို အမြဲ ဆရာလုပ်သောသမီး၊ အမေကြည့်မရသော သမီးဖြစ်သည်။
မေမေက အလှကြိုက်သလောက် ကျမက ဆန့်ကျင်စွာ (တမင်ဆန့်ကျင်တာလည်း ဖြစ်နိုင်သည်) အလှမကြိုက်။
အပျိုတုန်းက အလုပ်လုပ်စဉ် ကျမရသည့် လခကို ကျမကြိုက်သော စာအုပ်များ စိတ်ကြိုက်ဝယ်ပြီးမှ အမေ့ကိုပေးသည်။ အမေနှင့်ကျမ တကျက်ကျက်၊ ဘယ်တော့မှမတည့် ..။ အဖေကိုပဲ အထင်ကြီးသည့် ကျမက အမေပြောသမျှ အကုန် ဆန့်ကျင်သည် ... ။
တခါမှာတော့ ကျမတို့ ခရီးရက်ရှည် ထွက်ကြရသည် ... တလကျော်ကြာသည်။ ထိုအတောအတွင်း မိခင်များနေ့နှင့် ကြုံတော့ ကြုံရာမြို့တမြို့က ဘုရားကျောင်းတကျောင်းမှာ မိခင်တွေကို ဂုဏ်ပြုအစီအစဉ်လုပ်သည်။ အဲလိုကျတော့ ကျမ အမေ့ကို သတိရကာ မျက်ရည်ကျမိပြန်သည်။ သို့သော် အမေကို ကျမတမ်းတတာ ခဏသာ ..။ ပြန်လာတော့ ဒုံရင်း ဒုံရင်း ကျမနှင့် အမေ တကျက်ကျက် ဖြစ်ကြပြန်သည်။
ကျမ အမေက မဟုတ်တာမှန်သမျှ ခေါင်းငုံ့မခံဆိုသည့် လူစားဖြစ်သည်။ မဟုတ်ဘူးထင်လျှင် အမေက ဘယ်သူ့အတွက် ဖြစ်ဖြစ် ခေါင်းခံဝင်ပြောတတ်သည်။ ထို့ကြောင့် အမေက ဆွေမျိုးများကြားတွင် ရွံ့ကြောက်အဖြစ်ခံရသည်။ မေမေ့ကို လန့်ကြသည်။ သို့သော် လူမုန်းများသည်။ ကျမတို့ မောင်နှမများက မကြိုက်။ ကိုယ်နှင့်မဆိုင်လျှင် အသာလေး ငြိမ်နေစေချင်သည်။ မေမေက မရ ...။ တခါလည်း မေမေ့ မောင်အငယ်ကို မေမေ့အစ်ကို ကျမဘကြီးက အနိုင်ကျင့်နေသည်။ မေမေက မခံနိုင်ဖြစ်ကာ ဝင်ပြောသည်။ ဇာတ်လမ်းဆုံးတော့ ထိုညီအစ်ကိုနှစ်ယောက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မေမေ့ကို ကျမ ဘကြီးက မခေါ် မပြောဖြစ်သွားသည်။
နောက်တခု မေမေ့အကျင့်က ဆွေမျိုးများထဲမှ ညီမ၊ တူမများ အိမ်ထောင်ပြုတော့မည် ဆိုလျှင် “သဘောမတူဘူး” ဆိုတာနှင့် အရင်စခြင်းဖြစ်သည်။ ထိုသို့ သဘောမတူခြင်းက သူ့ ညီမ၊ တူမများကို နှမျောသောကြောင့်ဖြစ်သည်။ သို့သော် သူ ဘယ်လိုပဲ သဘောမတူမတူ ထိုစုံတွဲက ယူဖြစ်ကြသည်သာ။ မေမေ့မှာသာ ထို စကား တဘက်နားသို့ ရောက်သွားသဖြင့် တဘက်သားက မှတ်သားထားပြီး တသက်လုံး မုန်းတာ ခံရတော့သည်။
မေမေ့ညီမအငယ် ကျမ အဒေါ် အိမ်ထောင်ပြုတော့ မေမေက “သဘောမတူဘူး” ဆိုတာနှင့် ဖျက်သည်။ ထုံးစံအတိုင်း သူတို့ ကြိုက်ကြတော့ ယူဖြစ်ကြတာပါပဲ။ ကျမအဒေါ်၏ ခင်ပွန်းက မေမေနှင့် မောင်နှမလို နေသူ ... ။ ဘောမတူဘူး ဆိုသည့် စကားတခွန်းကို ထိုဦးလေးက မှတ်သားထားကာ သူသေသည်အထိ တဖွဖွ ပြောလေ့ရှိသည်။ “နင်တို့ အမေက ငါနဲ့ နင့်အဒေါ်ကို သဘောတူတာမဟုတ်ဘူး” ဆိုသည့်စကား အမြဲပြောသည်။ ဒါလည်း မေမေက မမှတ် .. နောက်ထပ် တူမတွေ ယောက်ျားယူခါနီးတိုင်း ပြောမြဲ။
တူမတွေတောင် ပြောမှတော့ သမီးအရင်းခေါက်ခေါက် ကျမကိုလည်း “သဘောမတူဘူး” ဟု မပြောဘဲများနေမလားဟု မထင်လိုက်ပါနှင့်။ မေမေကလည်း ပြောသည်။ ကျမကလည်း ယူသည်။ သဘောမတူဘူး ဟု အကျင့်အတိုင်း ပြောခဲ့သော်လည်း မေမေက ထို တူသားမက်များနှင့် သားမက်ကို တော်တော်ချစ်သည်။ ဂရုလည်းစိုက်သည်။ ကျွေးစရာရှိလည်း ကျွေးသည်။ မွေးနေ့ကအစ မှတ်သားထားသည်။ သို့ပေမယ့် သဘောမတူဘူး ဆိုတာကတော့ ဆက်ပြောနေသေးသည်။
ကျမမှတ်မိသလောက် မေမေက ကျမပါပါကို အလွန်ချစ်သည်။ မေမေက ပါပါ့ထက် ၈ နှစ်ခန့်ငယ်သဖြင့် ပါပါက ကလေး တယောက်လို အမြဲဆုံးမတာ တွေ့ဖူးသည်။ နောက် ပါပါက ကာတွန်းဆရာဆိုတော့ သူ့မိန်းမကို သူ့ကာတွန်းလေးများလိုပဲ ချစ်ပုံရသည်။
ကျမလည်း ရေးဖူးပါသည်။ ကျမတို့ငယ်ငယ်က ရှားပါးသည့်ခေတ်ဆိုတော့ မေမေက အိမ်၏စားဝတ်နေရေးအတွက် ရသည့် နှစ်ယောက် ဝန်ထမ်းလခလေးဖြင့်စီမံရသည်။ မေမေ့စိတ်ထဲတွင် တလတလ အလျှင်မီဖို့ဆိုတာကိုသာ အမြဲစဉ်းစား နေရသည့် အတွက် ပါပါ့ကာတွန်းခလေးများရလျှင် အလွန်ပျော်သည်။ တခါတလေ ပါပါက ကျီစားသည့်သဘော မေမေ့အကြောင်း ကာတွန်းလုပ်ဆွဲပြီး မဂ္ဂဇင်းတွင်ပါလာလျှင်တောင် မေမေက မသိ။ စာအုပ်ကြားတွင်ညှပ်ထားသည့် ကာတွန်းပုံခလေးကိုသာ ဆွဲယူကာ ကာတွန်းကို ဖတ်လေ့မရှိ။ တခြားသူပြောပြတော့မှ သိရပြီး မေမေစိတ်ဆိုးတော့သည်။ သို့သော်လည်း မေမေ စိတ်ဆိုးလျှင် ခဏသာ။
ပါပါ့ နောက်ဆုံးအချိန်တွင်တော့ မေမေက တကယ့်ဇနီးကောင်းဖြစ်သည်။ တချက်ကလေးညည်းညူတာ မတွေ့ခဲ့ရ။ ကင်ဆာရောဂါကြောင့် နာကျင်နေသော ပါပါ့နားမှ တဖဝါးမှ မခွာဘဲ ပြုစုခဲ့သည်။
ပါပါ မရှိတော့သည့်နောက်ပိုင်းမှာ မေမေက ကျမတို့ မောင်နှမသုံးယောက်ကို လူကြီးများလို သဘောထားတိုင်ပင်ကာ သူ အတတ်နိုင်ဆုံး ပြုစုပေးခဲ့သည်။
မေမေက ဟင်းချက် ကောင်းသူတယောက်တော့မဟုတ်။ ဟင်းချက် မကောင်းတာထက် စိတ်ကူးတည့်သလို ချက်လိုက်သဖြင့် အစပ်အဟပ်လွဲတာဖြစ်သည်။ ကျမမောင် ကိုရဲ လူပျိုတုန်းကဆို ခနခနခံရသည်။ တခါကိုရဲက “ဂေါ်ရခါးသီးလေး စားချင်လိုက်တာ” ဟု မေမေ့ရှေ့တွင် ပြောမိတော့ မေမေက သီရိမင်္ဂလာဈေးရောက်တုန်း ဂေါ်ရခါးသီးတွေ အိတ်လိုက် ဝယ်လာသည်။ ဂေါ်ရခါးသီးကို ကိုရဲအတွက် တနေ့တမျိုး ကြော်လိုက်၊ ချဉ်ရည်ချက်လိုက် ချက်ကျွေးသည်။ ကိုရဲ ကျမအိမ် ရောက်လာပြီး “မတူးရာ ..မေမေ့ဆီသွားလိုက်စမ်းပါ။ မေမေ့ဆီမှာ ဂေါ်ရခါးသီးတွေ အများကြီးကျန်သေးတယ်။ အဲဒါ သမီး စားချင်လို့ဆိုပြီး သွားတောင်းလိုက်စမ်းပါ။ တို့တော့ ဗိုက်ထဲမှာ ဂေါ်ရခါးပင် ပေါက်တော့မယ်” ဟု ကျမကိုလာပြောရသည်ထိ။
တခါလည်း မေမေက သူ့သားငယ်လေး ကိုရဲအတွက် စပယ်ရှယ် ဟင်းချက်သည်။ ဝက်သားဟင်း၊ ချဉ်ပေါင်ဟင်းချို၊ ငပိကြော် တဲ့။ ကိုရဲတယောက် ဗိုက်ပွတ်ပြီး စားမည်ပြင်တော့မှ သတိရသည်။ မေမေ ထမင်းချက်ဖို့မေ့နေသည်တဲ့ ...။ အဲဒီလို အမေကို ကျမတို့သားသမီးများက နောက်နောက် ပြောင်ပြောင်ဖြင့် ချစ်ကြသည်။ ပါပါ မရှိသည့်နောက် မေမေ့ကိုသာ စရင်း နောက်ရင်း ကျမတို့ မိသားစု ပျော်အောင်နေကြသည်။
မေမေက ကျမအတွက် သူရဲကောင်းကြီးတော့မဟုတ် ... သို့သော် သိပ်ချစ်ဖို့ကောင်းသည့် အမေ ..။ အရင်က ကျမ စဉ်းစားမိတာက သမီးမိန်းကလေး မမွေးချင် ... မွေးလို့ကတော့ မေမေ့ဝဋ်တွေ ပြန်လည်မှာကြောက်သည်။ သား ၂ ယောက် မွေးတော့ ကျမ သိပ်ပျော်သည်။ သမီးမိန်းကလေး မမွေးတော့ ငါ ဝဋ်မလည်တော့ဘူးဟု စဉ်းစားသည်။ ခုတော့ သမီးလေး တယောက် ရှိရင်ကောင်းမှာဟု စဉ်းစားမိနေသည်။ ကျမအပေါ်မှာ ကျမ မေမေ့အပေါ်ဆိုးသလို ဆိုးမည့် သမီး တယောက်လောက် လိုချင်နေမိသည်။ မေမေတို့ပြောသလို “သမီးမိန်းကလေးက ဘယ်လောက်ဆိုးဆိုး အနည်းဆုံး ဟင်းတခွက်တော့ အမေ့အိမ် ရောက်အောင်ပို့သေးတယ်” ဆိုသည့်စကားကို ကျမ ထောက်ခံနေမိသည်။ ကျမ မေမေ့အတွက် ဟင်းတခွက်စာမက ပို့ပေးနိုင်ပြီ။ ပြည့်စုံအောင် မပေးနိုင်ပေမယ့် မေမေက ကျမပေးသမျှ အတိုအထွာလေးများအတွက် အမြဲဂုဏ်ယူသည်။
ကျမကတော့ ဟင်းတခွက်မျှော်လင့်နိုင်မည့် မိခင်တယောက် မဟုတ်တာ သေချာပါသည်။
Wednesday, November 18, 2009 | Labels: အမှတ်တရ | 8 Comments
ဓာတ်ခွဲခန်းပြင်ပက သင်္ချာသစ် သဘောတရားတခု
ကမ္ဘာပျက်နှင့် ရပ်ထားသည်မှာ ကြာပြီဖြစ်သော ကျမဘလော့ကလေးကို သံယောဇဉ်က အမျဉ်တန်းနေသည်။ စာကရေးချင်၊ လက်က ရေးသည့်ဆီမရောက်။ ကျမ အိပ်မက်ထဲမှာ ဝတ္ထုတိုတွေ တပုဒ်ပြီး တပုဒ် ရေးနေမိသည်။ ထို စိတ်ကူးထဲက ဝတ္ထုတိုများထဲမှ တပုဒ်ကို ခုတော့ လက်တွေ့ချရေးလိုက်ပြီ …။ အပ်ချလောင်း။ စိတ်အဆာ နည်းနည်းတော့ ပြေသွားသည် …။
ဓာတ်ခွဲခန်းပြင်ပက သင်္ချာသစ် သဘောတရားတခု
ဘီယာဖန်ခွက်ကို “ဒုန်း” ခနဲ ဆောင့်ချရင်း အံကြိတ်ကာ “ငါ … အလုပ်နေရာ ပြောင်းတော့မယ်ကွာ၊ တော်တော်စိတ်နာတယ်” ဟု သီဟ နာနာကျည်းကျည်း ပြောလာသည်။ ကျနော်က အဖြစ်အပျက်အားလုံးကိုသိသူ …။ မြေပဲလှော် တစေ့၊ နှစ်စေ့ ကောက်ယူဝါးရင်း “စဉ်းစားပါဦးကွာ” ဟုသာ ပြန်ပြောဖြစ်သည်။ ဒီထက်လည်း ကျနော် မပြောတတ်။ အဖြစ်အပျက်က ရယ်စရာတော့ကောင်းသည်၊ သို့သော် မရယ်ရဲ … သီဟက မူးနေပြီ။ ရယ်စရာ ကောင်းသည်ဟု ဆိုသော်လည်း ရယ်စရာ အဖြစ်အပျက်တော့ မဟုတ်ပြန်။ ကျနော်လည်း အနည်းငယ် ရီဝေဝေ ဖြစ်နေပြီ ထင်သည်။
* * *
“အောင်ခိုင်၊ ဘီယာသွားသောက်ရအောင်ကွာ” ဟု သီဟ လာခေါ်တော့ လက်ညှိုးနှင့် လက်မကို ဝိုင်းပြရင်း “ဒါမရှိဘူးကွ” ဟု ပြန်ပြောလိုက်သည်၊ မိန်းမ၏ မျက်စောင်းကိုလည်း လွတ်အောင် ရှောင်ရသေးသည်၊ ခုတလော အလုပ်အကိုင်က ကောင်းလှသည် မဟုတ်။
“ငါတိုက်မှာပါကွာ လိုက်သာလိုက်ခဲ့စမ်းပါ။ အေးမြ၊ ဒီကောင့်ကို ငါ ခဏခေါ်သွားမယ်၊ ခလုပ်မထိ၊ ဆူးမငြိ စေရဘူး။ ငါပြန်ပို့ပေးမှာ” ဆိုပြီး မိန်းမဆီက ပါမစ်ကိုပါ တခါတည်း တောင်းနေသည်။ “ခေါ်သွား၊ ခေါ်သွား၊ ပြန်မလာလည်း အေးတာပဲ” ဆိုသော အေးမြ၏ ချိုသာသော စကားလုံးများကို မသိကျိုးကျွံပြုကာ သီဟဆိုင်ကယ်နောက်က ခွလိုက်သွားခဲ့သည်။ ထိုစဉ်ကတော့ အပျော်သက်သက် ဘီယာသောက်ကြ ဖို့ဟု ကျနော်ထင်ခဲ့မိတာ၊ ဆိုင်ရောက်တော့မှ တက်တက်စင်လွဲတော့သည်။
သီဟ ချူသံပါအောင်ညည်းသည်၊ အလုပ်အဆင်မပြေ၊ မိန်းမကလည်း သူ့ထက် အသက်အများကြီးငယ်သဖြင့် နွဲ့ဆိုးဆိုးသည်၊ လိုချင်တာတွေ သိပ်များသည်၊ ကလေးထိန်း နေရသည်နှင့်တူသည်တဲ့။
“ဟေ့ကောင် အစကတော့ မင်းပဲ ကြိုက်လှချည်၊ ချစ်လှချည်ရဲ့ဆို။ မိမော်ကို မင်းယူတော့ အသက်တောင် မပြည့်ချင်လို့ သူ့အဖေကြီး သတ်တာ ခံရတော့မလို့ … ကံကောင်းလို့ ငါတို့ရှိလို့”
ကျနော်က အသောဖောက်သည်ကို ဂရုမစိုက် သူပြောချင်တာများသာ စွတ်ပြောနေသည်။ အဓိကကတော့ အလုပ်အကြောင်း၊ ကျနော်ကလည်း အရက်ဝိုင်းမှာ အလုပ်အကြောင်းပြောတာလောက် မုန်းသည်မရှိ။ သို့သော် … ဒီနေ့ဒကာက သူဆိုတော့ သည်းခံသင့် သလောက် သည်းခံရမည်။ သီဟ ပြောနေသည်က တောင်ရောက်မြောက်ရောက်၊ စကားလုံးများကို ဖမ်းပြီး ပြန်စီစဉ်နေရသည်။
နာရီဝက်လောက် ဆက်တိုက် ပွားပြီးချိန်တွင်တော့ သူဘာပြောချင်တာလဲ ဆိုတာကို ရေးရေး သဘောပေါက်စ ပြုလာသည်။
“မင်းပြောတော့ မင်းအလုပ်ကို ကျေနပ်တယ်ဆို၊ အရာရှိကလည်း မင်းကို သဘောကျတယ်ဆို၊ ရာထူးလည်း တိုးတော့မှာဆို၊ ပြီးတော့ မင်းလုပ်ချင်တာ လုပ်နေရလို့ ပျော်တယ်ဆို”
ကျနော့်မေးခွန်းများကို ချက်ချင်းပြန်မဖြေဘဲ သီဟ တဟားဟား အော်ရယ်နေသည်။ အားရအောင် အော်ရယ်ပြီးတော့မှ “အရူး၊ အရူး … အေး အဲဒီအရူးဆိုတာ မင်းကိုပြောတာမဟုတ်ဘူး၊ ငါ့ကိုယ်ငါ ပြောတာကွ” ဟု ဆိုသည်။ ကျနော်လည်း နားမလည်တော့။
“ငါ … မင်းကို အားကျတယ်ကွာ … အထူးသဖြင့် ကြည်လင့် ကို ငါ အရမ်းအားကျတယ်”
ကြည်လင်ဆိုသည်က သီဟနှင့်ကော ကျနော်နှင့်ပါ ငယ်သူငယ်ချင်းတွေ။ ကျနော်တို့ ၃ ယောက်က အလယ်တန်းကျောင်းသား ဘဝ ကတည်းက မရှိအတူ၊ ရှိအတူ၊ ဆိုးဖော်ကောင်းဘက်။ ကြည်လင်က အားလုံးထဲမှာ အတေဆုံး၊ ကျနော်တို့ ဆေးလိပ်သောက်တတ်ရန် သင်ပေးသူ၊ ကျနော်တို့ အရက်စသောက်တတ်သည်မှာ ကြည်လင့်ကြောင့်ဆိုမမှား။ သီဟက ကျနော်နှင့် ကြည်လင့်ကို အားကျသည် ဆိုတော့ ကျနော် တော်တော် အံ့သြသွားသည်။
စဉ်းစားကြည့်လေ၊ သီဟက ကျနော်တို့ထဲမှာ စာအတော်ဆုံး၊ ခုလည်း ဓာတုဗေဒ အဓိကဖြင့် မာစတာတန်းပင် အောင်ထားသူ။ သန်လျှင် ရေနံချက်စက်ရုံမှာ ဓာတုအင်ဂျင်နီယာ ခေါ်သလားမသိ .. အရာရှိတဦးအဖြစ် တင့်တင့်တယ်တယ် ..။ သူ့မိန်းမကလည်း သူ့ထက် အများကြီး ငယ်တာကလွဲလို့ လိမ်မာရေးချားရှိသည်၊ ချောမောလှပသည်။ ကျနော်နှင့် ကြည်လင်ကတော့ နှစ်ယောက်စလုံး ၁၀ တန်းပင် မအောင်၊ ကျနော်က ရေနံချက်စက်ရုံမှာပင် ဖိုမင်၏ လက်ထောက်၏ လက်ထောက် … သာမန် အလုပ်သမား။ ကျနော့်အောက်မှာ ဘယ်သူမှ မရှိတော့၊
ကြည်လင်ကတော့ ကျနော့်ထက် နည်းနည်းသာသည်၊ သူ့အဖေက အကပ်ကောင်းသူ ဆိုတော့ သူက ရေနံချက်စက်ရုံမှာပင် လုံခြုံရေး ဝန်ထမ်း။ တကယ်တော့သူလည်း လုံခြုံရေးဝန်ထမ်းများထဲတွင် အနိမ့်ဆုံးအဆင့်မျှသာ၊ သူများ ခိုင်းဖတ်သာသာ။ အဲဒါကို ဟိုကောင် သီဟ ဓာတုဗေဒ အရာရှိက အားကျသည်တဲ့။ ကျနော် ရူးချင်သည်။
* * *
ရေနံချက်စက်ရုံတွင် အရာရှိကလေးအဖြစ် စတင် အမှုထမ်းစဉ်ကာလကတော့ သီဟတို့ တပြုံးပြုံး၊ အဲဒီတုန်းက သူ မိန်းမလည်း မရသေး၊ လူပျို အရာရှိလေးအဖြစ် တင့်တင့်တယ်တယ်။
“ဓာတ်ခွဲခန်းမှာ ကုတ်အဖြူလေးဝတ်ပြီး အလုပ်လုပ်ရတာလောက် အရသာရှိတာ မရှိဘူးကွာ” ဟု မကြာခဏ ပြောတတ်သဖြင့် ကျနော်တို့က ဟားသည်။ “မင်းဟာက ကုတ်အဖြူဝတ်ချင်တာများကွာ ဓာတ်ခွဲခန်းသွားဝတ်စရာ မလိုပါဘူး၊ ချုပ်ဝတ်ပေါ့” ဟု လောင်ကြသည်။ သူကတော့ စိတ်မဆိုး။
တကယ်လည်း သူ့အလုပ်မှာ စိတ်ပါလက်ပါရှိလှသည်။
“မင်းတို့သိလား၊ မြေအောက်သယံဇာတ ရေနံတမျိုးတည်းကနေ၊ တခြားအသုံးဝင်တဲ့ ပစ္စည်းတွေထွက်ပေါ်လာအောင် ဓာတ်ခွဲရတဲ့ အရသာ၊ ကိုယ်မျှော်လင့်တဲ့ အဖြေထွက်လာတဲ့အခါ ခံစားမှု …”
အဲဒီလို သီဟ ပြောလျှင်တော့ ကြည်လင်က “အေး … ငါကတော့ … ရေနံကနေ ရွှေဖြစ်တာကိုပဲ စိတ်ဝင်စားတယ်” ဟု ပြောင်ချော်ချော် ပြန်ပြောလေ့ရှိသည်။
“ဟာ … ရေနံကနေ ဘယ်လိုလုပ်ရွှေဖြစ်မှာလဲ၊ ဓာတ်ဆီတို့၊ ဒီဇယ်တို့၊ ဖရောင်းတို့”
သီဟက အဲဒီလို အူကြောင်ကြောင် ပြန်ပြောလျှင်တော့ ကျနော်တို့အားလုံး တဟားဟား ရယ်မောရမြဲ။ “ဟေ့ကောင် ၈ တန်းလောက်က ကျက်လာတဲ့ စာတွေ လာမပြောနဲ့တော့ကွာ” ဟု ကြည်လင်က ပိတ်သည့်တိုင် သီဟက သူ၏ ဓာတ်ခွဲခန်း ပုံပြင်များကို မမောနိုင် မပန်းနိုင် ပြောမြဲ။
ကြည်လင်ပြောသည့် ရေနံက ရွှေဖြစ်သည် ဆိုတာကို ကျနော်တို့က နားလည် သဘောပေါက်ပေမယ့် သီဟက မသိ။ ကြည်လင့်အတွက် ကတော့ ရေနံက ရွှေတွေဖြစ်လိုက်တာ ဟောတကုံး၊ ဟောတကွင်း။ သူ့မိန်းမလည်ပင်းမှာ လက်မှာ …။ တကယ်ဆို ကျနော်တို့လည်း ပါသည်ပေါ့၊ သို့ပေမယ့် ကျနော်တို့က အစွန်အဖျားသာ …။ ကြည်လင်ကမှ အချီကြီး။ သူက လုံခြုံရေး မဟုတ်လား။
* * *
အစပိုင်းမှာ သီဟ မသိပေမယ့် နောက်ပိုင်းတော့ ကျနော်တို့ ပြောပါများ၍ သဘောပေါက်လာခဲ့သည်။
ကျနော်တို့၏ စွန့်စားခန်းများက သီဟ၏ ဓာတ်ခွဲခန်းပုံပြင်များကို လွှမ်းမိုးသွားသည်။
“အမှိုက်ထည့်တဲ့ ကြွပ်ကြွပ်အိတ် အမည်းကြီးထဲမှာ ဒီဇယ်တွေကို အပြည့်ထည့်တယ်ကွာ၊ ပြီးတော့ ကြိုးနဲ့သေချာစည်း။ ပုဆိုးအသစ် တထည်လည်း လိုမယ်”
“ပုဆိုးအသစ်က ဘာလုပ်ဖို့လဲကွ”
“အပေါ်ကနေ ပုဆိုးအသစ်နဲ့ထပ်ထုပ်စည်းရတယ်၊ အဟောင်းဆိုရင်ကွဲသွားရော။ အဲဒီအထုပ်ကြီးကိုမှ ကျောပိုးအိတ်ကြီးတလုံး ထဲမှာလည်း တခုထည့်လွယ်၊ နောက် ယောကျာ်းစီး စက်ဘီးတစီးရဲ့ ကယ်ရီမှာကော၊ ရှေ့ဘားတန်းပေါ်ကော၊ အပြည့်တင်”
စိတ်ပါလက်ပါ ပြောပြနေသည့် ကျနော့်စွန့်စားခန်းကို အားလုံးက ငြိမ်သက်နားစွင့်နေကြသည်။ စက်ရုံထဲက ဒီဇယ်ခိုးထုတ်သည့် အစီအစဉ် ဖြစ်သည်။ ကျနော်က အားလုံး၏ ခိုင်းဖက်၊ နောက်ပြီး ဒီအလုပ်ကိုကျွမ်းကျင်သူဆိုတော့ စက်ဘီးကို ကျနော်နင်းရသည်။
မငြိမ်သည့် ဒီဇယ် အထုပ်ကြီးများတင်ထားကာ ကျောပေါ်တွင်လည်း လွယ်ထား၍ ယောက်ျားစီးဘီးကြီးကို နင်းထွက်ဖို့ဆိုတာ တော်တော်တော့ မလွယ်လှ။
ထိုသို့သောစက်ဘီးကြီး … စတင်နင်းထွက်နိုင်ရန်အတွက် နောက်က ယောက်ျားကြီး လေး၊ ငါးယောက်လောက်က အရှိန်ရအောင် တွန်းလွှတ်ပေးလိုက်သည်၊ ထိုစက်ဘီးကို လမ်းတွင်လုံးဝရပ်ဖို့ မစဉ်းစားနှင့် … ဂိတ်ကို ရောက်သည်အထိ အရှိန်ဖြင့်သာ နင်းသွားပေတော့။
ဂိတ်ရောက်လျှင်တော့ ကျနော့်ကို ဆီးပြီးဖမ်းမည့်သူက ကြည်လင်တို့လို လုံခြုံရေးဝန်ထမ်းများ။
“ဆီးဖမ်းတာနော်၊ ဖမ်းဆီးတာ မဟုတ်ဘူး” ဟု ကြည်လင်က ဝင်ဖောက်သည်။ လုံခြုံရေးများနှင့်က ညှိထားပြီးသား၊ သူတို့က ဂိတ်အပြင်တွင် ကားတစီးကို အဆင်သင့် စောင့်ခိုင်းထားသည်။ ထိုကားက ဆီဝယ်မည့်သူ၏ ကားလည်းဖြစ်သည်။
ကျနော်ယူလာပေးသည့် ဆီထုပ်များကို ထိုကားပေါ် တင်ပေးလိုက်ရုံဖြင့် အလုပ်ပြီးပြီ။ ထိုသို့ ပြောရုံဖြင့် လွယ်လှချည်လား ထင်လျှင်တော့ မှားသွားလိမ့်မည်။ ဆီပိုက်ခေါင်း ဖွင့်တာက အစ၊ ကားပေါ်ရောက်သည်အထိ အနည်းဆုံး လူ ၁၀ ယောက်လောက် စည်းချက်ညီညီ၊ အချက်ကျကျ လုပ်ရသည်။ ထိုအချိန်တွင် လွတ်လပ်စွာလုပ်နိုင်ဖို့ အတွက် … သက်ဆိုင်ရာ အရာရှိကိုလည်း အဆင်ပြေသလို ပေါင်းထားပေးထားရသေးသည်။ ကဲ … ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းသလဲ။
“ဟာ … မင်းတို့ဟာက … ငါ့ဓာတ်ခွဲခန်းလောက် စိတ်လှုပ်ရှားစရာ မကောင်းပါဘူးကွာ” ဟုသာ သီဟက ပြောသည်။ ကျနော်တို့ ပြောနေကြသည်ကို သီဟ စိတ်ဝင်စားသော်လည်း သူ့အလုပ်နှင့် ပတ်သက်သည့် ဂုဏ်ယူမှုကတော့ တပြားသားမှ မလျော့။
ရလာသည့် ငွေကြေးကို အချိုးကျ ခွဲဝေယူကြသည့်နေ့ဆိုလျှင်တော့ ကျနော်တို့အားလုံး ရန်ကုန်တက်ကာ ကာရာအိုကေဆိုင်များ၊ အနှိမ်ခန်းများ၊ ကလပ်များ စုံနေအောင်သွားကြပြီ။
ကိုယ်နှစ်သက်ရာ နှစ်သက်ရာပေါ့ …။ အဲဒီမှာ ဗျောင်းဆန်အောင် ကဲ၍ ကုန်ကျ သမျှကို နှုတ်ပြီးမှ ကျန်တာကို အချိုးကျ ခွဲဝေယူခြင်းဖြစ်သည်။
ကြည်လင်တို့ကတော့ စင်ပေါ်ကပေါ့။ ကျနော်တို့လို အဖွဲ့မျိုး ၁၀ ဖွဲ့ရှိလျှင် … သူတို့လုံခြုံရေးတွေက ၁၀ ခါရသည်။
ဒီစက်ရုံမှာလုပ်သည့် ဝန်ထမ်းမှန်သမျှကတော့ အနည်းအများပဲကွာခြားမည်။ ဆီမခိုးသူက မရှိသလောက်ရှားပါး၏ …။ ရုံးကြီးပေါ်တွင် စားပွဲ၊ ကုလားထိုင်ဖြင့် လုပ်နေရသည့် စာရေးမများပင် ထမင်းစားပြီးချိန် သူတို့ စတီးလ်ချိုင့်ကလေးများ ကိုင်ကာ ဆီရှာထွက်ကြသည်။ သူတို့အခေါ် မုန့်ဖိုးပေါ့။ ကျနော်တို့လို ဆီတောထဲ လုပ်နေရသူတွေက သူတို့ချိုင့်လေးတွေထဲ ဖြည့်ပေးလိုက် … အိမ်အပြန် တပုလင်းလောက်တော့ အသာလေး ရသပေါ့။ သူတို့ကလည်း ကျနော်တို့ ရုံးကြီးဘက်လာလျှင် လက်ဘက်ရည်တိုက်၊ မုန့်ကြွေးသည်၊ လက်မှတ်ထိုးစရာ၊ ရုံးကိစ္စ ဆောင်ရွက်စရာရှိလျှင် ဆောင်ရွက်ပေးသည်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီပေါ့။
ကျနော့်သူငယ်ချင်း ဂျီတီအိုင်ဆင်း တကောင်ရှိသည်။ သူက အင်ဂျင်နီယာသာ နာမည်ခံထားတာ ကျနော်တို့နေရာလောက် မထော ..။ သူ့လို ဆီနှင့် တိုက်ရိုက်ပတ်သက်မှု မရှိသည့် ဝန်ထမ်းအမျိုးသားတွေကျတော့ ထမင်းကို စစ်သုံး ဟန်းကောချိုင့်ကြီးများဖြင့် ထည့်လာကြသည်။
ရေနံဝန်ထမ်းများကို ကြည့်လိုက်လျှင် ယောက်ျားဘီး ဘားတန်းတွင် ဟန်းကောချိုင့်များကို ပူးချည်ထားကာ အလုပ်ဆင်းကြသည်ချည်း။ ထိုဟန်းကောကြီးက ဆီ ၃ ပုလင်းလောက် ဆန့်သည်။ အဲဒီလောက် ယူတာလောက်တော့ လုံခြုံရေးက ဘာမှ ပြောမနေ၊ သူတို့အတွက် မက်လောက်စရာမရှိ။
ကျနော်တို့ကိုတော့ ကျန်သည့် တခြားသူငယ်ချင်းများက “အီရက်သူဌေးတွေ” ဟု ခေါ်ကြသည်။ ရေနံသူဌေးတွေပေါ့။ ကျနော့်ဆရာက ဆီတိုင်ကီ ဘားဖွင့်သည့် နေရာမှာကိုး။ သို့ပေမယ့် အမြဲလုပ်လို့တော့မရ … အခြေအနေကြည့်ရသေးသည်။ ကိုယ့်ကို မလိုသည့်သူများ ရှိနေလျှင်လည်း နားထားရသည်။ အရာရှိ အပြောင်းအလဲဆိုလျှင်လည်း ထိုအရာရှိ အသားကျအောင် စောင့်ရပြန်သည်။
ထိုအခါမျိုးတွင်တော့ ပြတ်လပ်မည်။ ခုန သီဟ လာခေါ်တုန်းကလို မိန်းမ၏ ပီယာဝါဆာလေးများ ကြားရမြဲ။
အဆင်ပြေချိန်တွေမှာတော့ မျိုးမျိုး မြက်မြက်လေးရ၊ သောက်လိုက်စားလိုက်၊ ပျော်ပါးလိုက်။ မိန်းမက နှလုံးထီလေး ထိုးလိုက်၊ ဈေးထဲ ပေါ်သည့် အထည်ဆန်းလေးများ ဝယ်ဝတ်လိုက် ပျော်လို့ ရွှင်လို့ပေါ့။ ကြည်လင်ကတော့ ကျနော်တို့ထက် သာသည်။ သူ့မှာက အချိန်အခါ မရှိ။ အမြဲ ဝင်နေသည့်ကောင်။ မိန်းမက ရွှေတွဲလွဲ၊ ငွေတွဲလွဲ။ သူငယ်ချင်းတွေ စားသောက်ကြလျှင် သူပဲ ရှင်းသည်။ သီဟကတော့ ဆိုခဲ့သလို အရာရှိဆိုတော့ ဟန်းကောချိုင့်ချိတ်လို့လည်း မတော်၊ သူ့ဓာတ်ခွဲခန်းကလည်း ဘာဝင်ငွေမှမရှိ … ကျနော်တို့ တိုက်တာသောက်ရုံ။ သို့သော် ကျနော်တို့ကို တခါမှ အားမကျ။ သူ့ဓာတ်ခွဲခန်းနှင့် သူ ပျော်နေ၊ ဂုဏ်ယူနေတာ …။
* * *
“ငါ … မင်းလို ဖိုမင်လက်ထောက် ပြောင်းလုပ်တော့မယ် အောင်ခိုင်ရာ”
“ဟိုက် … မင်း ရူးနေပြီလား”
“ခုမှ ကောင်းသွားတာ၊ အစက ရူးနေတာလေ … ဟေ့ကောင်ရ”
သီဟ တော်တော်လေး မူးနေပြီထင်သည်။ သူက အရက်ကို ကျနော်တို့လို အလွန်အကျွံသောက်သူ မဟုတ်၊ ခု ဘာမှပင် မသောက်ရသေး မူးနေပြီ။
“ဘာလဲ … မင်းက ငါ မူးနေပြီထင်လို့လား၊ မမူးသေးပါဘူးကွ၊ ငါ တကယ်ပြောနေတာ။ နောက်နေ့ကျ စက်ရုံမှူးကို ငါ သွားပြောမလို့”
“ဘာ … ဘာသွားပြောမှာလဲဟ”
“ငါ ဓာတ်ခွဲခန်း အရာရှိ မလုပ်တော့ဘူး၊ ငါ့ကိုရာထူးချပေးပါ လို့”
“ဟေ … မင်းပဲ ဒီအလုပ်ကို အရမ်းဂုဏ်ယူတယ်ဆို။ ဓာတ်ခွဲခန်းဆိုတာ ရေနံချက်စက်ရုံရဲ့ တကယ့် အရေးပါ အရာရောက်တဲ့ နေရာ တခုဆို၊ နောက်ပြီး … မင်းအလုပ်ကမှ တကယ် ဂုဏ်ရှိတာပါကွာ”
“ဂုဏ်ရှိတာ … ဟုတ်လား၊ မင်းမှားနေပြီ သူငယ်ချင်း … ငါ့သားက ပြောတယ်ကွ …”
“ငါ့သမီးနဲ့တူတူ မူကြိုတက်နေတဲ့ ကောင်လား”
“အေးလေ … ငါ့ အဲ့တကောင်ပဲ ရှိတာဥစ္စာ။ ငါ့သားက ဘာပြောလဲဆိုတော့ ဖေဖေတဲ့ … သားကို မွေးနေ့လုပ်ပေးပါတဲ့၊ ဝတ်မှုံကြည်လင်လို မွေးနေ့လုပ်ပေးပါ တဲ့၊ အဲဒါ ကြည်လင့်သမီးလေ။ ကိတ်မုန့်အကြီးကြီးကို ဖရောင်းတိုင်မှုတ်ပြီး သားတို့ကို ခေါက်ဆွဲကြော်လည်း ကျွေးတယ်၊ အအေးဘူးလည်း ဝေတယ်၊ ချိုချဉ်တွေလည်း ဝေတယ်တဲ့။ ဓာတ်ပုံတွေလည်းရိုက်၊ ပြီးတော့ ဆရာမတွေကိုလည်း လက်ဆောင် ပေးတယ်တဲ့၊ ဆရာမတွေကလည်း လက်ဆောင် ပြန်ပေးတယ်တဲ့”
“အေးလေကွာ၊ ငါ့သမီး ချစ်စုမကိုလည်း အဲလိုပဲ ကျောင်းမှာ မွေးနေ့လုပ်ပေးသေးတာပဲဟာ။ မင်းလည်း သားကို လုပ်ပေးလိုက်ပေါ့။ ကျောင်းကိုပဲ အပ်လိုက် မင်းဘာမှ လုပ်စရာမလိုဘူး၊ အလုပ်ငြိမ်းပဲ”
“မေးပြီးပြီ … အပြီးအစီး ငါးသောင်းကျမယ်တဲ့”
“အေးလေ … ငါးသောင်း .. တန်တာပေါ့”
“မင်းသိလား … အဲဒါ ငါ့လစာရဲ့ တဝက်ကျော်တယ်ကွ”
“ဟာ … ငါ့ လစာဆို ၅ သောင်းတောင် မပြည့်ဘူး”
“အေး … အဲဒီမူကြိုက ကလေးမိဘတွေ အားလုံးရဲ့ လစာ ၅ သောင်းမပြည့်ဘူးကွ၊ ဒါပေမယ့် အဲဒီကလေးတွေ အားလုံး မွေးနေ့လုပ်နိုင်တယ်၊ မင်းသိလား”
သိတာပေါ့ … အဲဒီကလေးမိဘတွေ အားလုံး ရေနံချက်စက်ရုံက မြက်ခုတ်၊ တောက်တိုမယ်ရ၊ ဖိုမင်လက်ထောက်၊ စက်သမား လက်ထောက်ဆိုတဲ့ အီရက်သူဌေးတွေပဲဟာ။ သို့သော် ပါးစပ်ကတော့ ထုတ်မပြောရဲ၊ သီဟ စိတ်တိုနေပြီ။
သီဟ တွက်ချက်ပြနေသည်က ကျနော် ၁၀ တန်းတုန်းက နားမလည်ခဲ့သော သင်္ချာသစ် သဘောတရားများနှင့် ဆင်နေသလား မသိ … ။ လစာ တသိန်းနည်းပါးရသည့် အရာရှိတယောက်နှင့် လစာ ၅ သောင်းအောက်သာရသော ဝန်ထမ်းတယောက်တွင် အဘယ်ကြောင့် လစာ ၅ သောင်းအောက်ရသော ဝန်ထမ်းက ၅ သောင်းတန်မွေးနေ့ပွဲကို ကျင်းပနိုင်ရသနည်း … ဆိုသည့် မေးခွန်းကို စိတ်ထဲကပဲ ခပ်ကြောင်ကြောင် ထုတ်နေမိသည်။
“မိမော်ကလည်း ပြောတယ်ကွ၊ ငွေရှိရင် ဂုဏ်ရှိတယ် ဆိုတာ ရှင်သိပြီမဟုတ်လားတဲ့၊ အရာရှိ ဖြစ်နေပြီး သားကို မွေးနေ့လေးမှ လုပ်မပေးနိုင်ရင် ရှင့်ကိုယ်ရှင် ဂုဏ်ယူစရာ အကြောင်းကို မရှိဘူး၊ ကျမ အရာရှိကတော် မလုပ်ချင်တော့ဘူး … တဲ့၊ သူ မလွန်ဘူးကွ”
ဘီယာဖန်ခွက်ကို “ဒုန်း” ခနဲ ဆောင့်ချရင်း အံကြိတ်ကာ “ငါ … အလုပ်နေရာ ပြောင်းတော့မယ်ကွာ၊ တော်တော်စိတ်နာတယ်” ဟု သီဟ နာနာကျည်းကျည်း ပြောလာသည်။ ကျနော်က အဖြစ်အပျက်အားလုံးကိုသိသူ …။ မြေပဲလှော် တစေ့၊ နှစ်စေ့ ကောက်ယူဝါးရင်း “စဉ်းစားပါဦးကွာ” ဟုသာ ပြန်ပြောဖြစ်သည်။ ဒီထက်လည်း ကျနော် မပြောတတ်။ အဖြစ်အပျက်က ရယ်စရာတော့ကောင်းသည်၊ သို့သော် မရယ်ရဲ … သီဟက မူးနေပြီ။ ရယ်စရာ ကောင်းသည်ဟု ဆိုသော်လည်း ရယ်စရာ အဖြစ်အပျက်တော့ မဟုတ်ပြန်။ ကျနော်လည်း အနည်းငယ် ရီဝေဝေ ဖြစ်နေပြီ ထင်သည်။ ။
Friday, November 13, 2009 | Labels: ဝတ္ထုတို | 6 Comments