မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၅)
ဂျာနယ်ထုတ်ကြီးကို ထမ်းပြီး ကိုးယိုးကားယား တက်လာတဲ့ အောင်ထူးကို နွေတို့တွေ သနားရမလို ရယ်ရမလို ဖြစ်နေကြတယ်။ ဒီတိုက်မှာကတော့ ထူးထူးထွေထွေ အလုပ်သမားရယ်လို့ ရှိတာ မဟုတ်ဘူးလေ။ သတင်းထောက်ပေမယ့် ဂျာနယ်ထုတ်လည်း ကူထမ်းချင် ထမ်းရမှာပဲ။ အောင်ထူး ခမျာ .. မြေညီထပ်ကနေ ၇ ထပ်ကို ဒီအထုတ်ကြီးထမ်းတက်လာရတာ မောရှာမှာပေါ့။
သူပစ်ချလိုက်တဲ့ ဂျာနယ်ထုတ်ကို ယူပြီး ကိုသက်ခိုင်က နွေတို့ကို ဝေပေးတယ်။ နွေတို့ရဲ့ သတင်း ရင်းမြစ်တွေကို လက်ဆောင်ပေးဖို့ရယ် .. နွေတို့ကိုတာ တယောက်ကို ၃ စောင်ရယ် ကိုသက်ခိုင်က ပေးတယ်။
“ငါ့သတင်းလေး ပြုတ်တယ်ဟာ”
မြင့်မိုက စိတ်ပျက်လက်ပျက်ညည်းတယ်။ ပြောမယ့်သာပြောတာပါ။ သူ့သတင်း စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ မူကြမ်း ရုံးကျကတည်းက သိပြီးသားပဲ။ နွေတို့တွေအတွက် ဒီ သတင်းလေး တွေက ပိုက်ဆံတွေဆိုလည်း ဟုတ်သလို နာမည်လေးတွေ တည်ဆောက်ခွင့်ရတဲ့ အရာတွေ ဆိုလည်း မမှားဘူးလေ။ ပိုက်ဆံမရရင်တောင် ကိုယ့်နာမည်လေးကို သတင်းနဲ့ ယှဉ်တွဲ တွေ့ခွင့် ရလိုက်ရင် ပျော်ကြတာ မဟုတ်လား။
စာပေစိစစ်ရေးနဲ့ ဂျာနယ်တိုက်ဆိုတာကတော့ သိတဲ့အတိုင်းပဲ။ သူတို့က နွေတို့ရဲ့ သတင်းတွေကို ရှာကြံဖြုတ်မယ်၊ နွေတို့ကလည်း လွတ်အောင် ကြံဖန်ရေးကြမယ်။ ဒါပဲလေ။ ဒီကြားထဲ သူတို့ဟာ သူတို့ ဖြုတ်ဖို့မေ့သွားတာကို သူတို့အထက်ကထောင်းတော့မှ ဘာမဆိုင်ညာမဆိုင် အယ်ဒီတာတွေ ကို ထုခြေလွှာတင်ခိုင်းတာတွေ၊ နောက်မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိ ထိုးခိုင်းတာတွေက ရှိသေး တယ်။
“နွေ .. သွေးလွန်တုပ်ကွေးသတင်း ရေးဖို့အဆင်သင့် ဖြစ်ပြီလား”
မအိက နွေ့ကိုလှမ်းမေးတယ်။
“ဖြစ်ပြီမအိ။ နွေ အင်တာဗျူးတွေလည်း ဖြည်ချထားတယ်၊ အချက်အလက်တွေလည်း တော်တော် စုံပြီ။ ရေးလို့ရပြီထင်တယ်။ ဒါပေမယ့် မအိနဲ့တူတူရေးမယ်နော်”
နွေ့စကားကို မအိက ပြုံးပြီး နားထောင်နေတယ်။ တကယ်တော့ ဒီသတင်းရေးဖို့ အားလုံး အဆင်သင့် ဖြစ်နေတာ ကြာပြီ။ ဒါပေမယ့် ဘယ်ကဘယ်လို စပြီး ရေးရမှန်း မသိဘူးဖြစ်နေတာ။ ခုလို မအိမေးလိုက်တော့ အတော်ပဲပေါ့။
“အိုကေ .. နွေအားရင် မအိစားပွဲကို လာခဲ့တော့”
နွေ ပျော်ရွှင်စွာနဲ့ မအိစားပွဲနားကို ခုံတလုံးရွှေ့သွားလိုက်တယ်။
သတင်းကို ဘယ် Angle ကထွက်မလဲ၊ စတိုရီ အိုင်ဒီယာက ဘာလဲ၊ သတင်းလိဒ်ကို ဘယ်လို ရေးမလဲ။ မအိရဲ့မေးခွန်းတွေကို နွေ အိုးနင်းခွက်နင်း အဖြေပေးနေမိတယ်။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ မအိက နွေ့အယူအဆတွေကို မငြင်းဘူး။ သူ့အယူအဆတွေနဲ့ ဖြည့်စွက်လိုက်တော့ ဒီ သတင်းဆောင်းပါးလေးက လှလှပပလေးဖြစ်လာတယ်။
“ဒီသတင်းကို Hard news ပုံစံနဲ့ မရေးဘဲ Soft news ပုံစံနဲ့ ရေးကြည့်ရအောင်။ နွေမြင်ခဲ့တဲ့ မြင်ကွင်းနဲ့ စထွက်မယ် ဟုတ်ပြီလား”
နွေ့အတွေးထဲမှာ ကလေးဆေးရုံက မြင်ကွင်း ပြန်ပေါ်လာတယ်။ ကလေးတယောက်ရဲ့ အလောင်းကို တွန်းထုတ်လာတဲ့ အဖေနဲ့ အမေ..။ နွေ့ရင်ထဲမှာ ဆို့ကြပ်သွားတယ်။
“တကယ့် စတိုရီက သွေးရောင်းစားတာ နွေရဲ့။ ဒါပေမယ့် ဒါကို လိဒ်သွားထွက်ပြီး အတုံးလိုက် အတစ်လိုက် ရေးပြလိုက်ရင် နွေ့သတင်းတပုဒ်လုံး စိစစ်ရေးက လှီးလိုက်လိမ့်မယ် .. မြန်မာပြည်မှာ ဂျာနယ်လစ် လုပ်နေသရွေ့တော့ အလှီးမခံရအောင် ရေးတတ်ဖို့ လိုတယ်။ ကိုယ်ရေးချင်တာလည်း ရေးရ .. သူတို့လည်း သဘောကျ ပုံစံမျိုးရေးတတ်တာကိုက ပညာပဲ”
မအိရဲ့စကားတွေကို နွေမှတ်ထားလိုက်တယ်။ ဟုတ်တာပဲ၊ အဖြုတ်မခံရအောင် ရေးမှဖြစ်မှာပေါ့။
“သွေးရောင်းစားတာကိုလည်း ထည့်ရေးချင်တယ် မအိရဲ့ .. ဘယ်လိုလုပ်ရမလဲ”
“ထည့်မယ်လေ .. ဒါပေမယ့် အဲဒါကို ပါးပါးလေး လှလှပပလေး ထည့်မယ်။ အဖြုတ်မခံရအောင် ပေါ့”
မအိရှင်းပြတဲ့အတိုင်း သေသေချာချာ မှတ်ထားလိုက်တယ်။ ပြီးရင် မြစံပယ်မှာ သွားရေးဦးမှ။ ရုံးပေါ်မှာက ဆူညံနေတာ။ မအိတို့လို ပါရမီမရှိတော့ မရေးနိုင်ဘူး။ ဒီနေ့လို ဂျာနယ်ထွက်ရက်ဆို ပိုဆိုးသေး။ သတင်းခန်းဆိုတော့လည်း ဘယ်တိတ်ဆိတ်ပါ့မလဲလေ။
“မိနွေရေ .. ဒိုးမယ်ဟေ့ လိုက်မှာလား”
မထိုက်ကလှမ်းမေးလိုက်မှ သတိရသွားတယ်။ ဟုတ်သားပဲ ပန်းဆိုးတန်း လောကနတ်မှာ စိတ်ကူးချိုချိုက စာအုပ်ပြပွဲလုပ်နေတာ။ မထိုက်က သတင်းယူဖို့သွားမလို့ .. နွေကတော့ စာအုပ်တွေကို သွားငေးမလို့။ ကိုကိုနဲ့ယူပြီးမှ စာအုပ် တအုပ်တောင် မဝယ်နိုင်သေးဘူး။ အရင်က အမေတို့ အိမ်မှာ တုန်းကဆိုရင် နွေက မုန့်ဖိုးစုပြီး စာအုပ်တွေ ဝယ်တာ။ နွေမဝယ်လည်း အဖေက ဝယ်ပေးတာပါပဲ။
“ဒေါ်ထိုက် ဘယ်လိုလဲ .. ရည်းစားနဲ့ ပြတ်ပြီဆို” လို့ မအိက လှမ်းမေးတာကို မထိုက်က အပြုံးမပျက် ပြန်ဖြေတယ်။ မထိုက်ရင်ထဲမှာတော့ ငိုနေမှာပေါ့လေ။ နွေကသာ လိုက်ခံစားနေတာ မထိုက်က နွေတို့ကို အဲဒီကိစ္စပြောပြပြီးတဲ့ နေ့ကစပြီး ကိုလေးအကြောင်း တခွန်းတောင် မဟတော့ဘူး။ ပုံမှန်အတိုင်း သတင်းအလုပ်တွေပဲ ဖိလုပ်နေတာ။
“ဟယ် မထိုက်ရည်းစားက ဒီလောက်ချောလည်းချော မထိုက်ကိုလည်း ဒီလောက်ချစ်တဲ့ဟာ ဘာလို့ပြတ်ရတာလဲ။ မထိုက်က မထိန်းလို့ထင်တယ်”
ဘုမသိဘမသိနဲ့ မားကတ်တင်းက ဆွေဆွေက လာဝင်ပြောတယ်။ ဆွေဆွေ့ကို မထိုက်က ဆတ်ခနဲ လှည့်ကြည့်လိုက်ပေမယ့် ဘာမှတော့မပြောဘူး။ ဒါပေမယ့် မအိက ..
“ယောက်ျားဆိုတာ ထိန်းရအောင် ကလေးမှမဟုတ်ဘဲ ဆွေရယ်” လို့ ဝင်ပြောတယ်။
“မဟုတ်ဘူးလေ .. ဆွေဆိုလိုတာက ဒီလို တန်ဖိုးရှိတဲ့ ယောက်ျားမျိုး ရဖို့ မလွယ်ဘူး မဟုတ်လား”
“ဟားဟား .. ဆွေကတော့နောက်ပြီ။ သူပဲတန်ဖိုးရှိတဲ့ ယောက်ျားဖြစ်ရမှာလား။ သူလည်း တန်ဖိုးရှိတဲ့ မထိုက်လို မိန်းမကို ဆုံးရှုံးရတာပဲဟာ၊ သူကမှ တန်ဖိုးကို မသိတာ”
“ဟင် .. မအိစကားတွေကလည်း ရှုပ်နေတာပဲ” လို့ ဆွေဆွေက ချွဲချွဲနွဲ့နွဲ့ပြောရင်း လက်ထဲက မှန်ဝိုင်း သေးသေးလေးနဲ့ သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေလေရဲ့။
ဆွေဆွေက မှုံနေအောင်လှတဲ့ ကောင်မလေးတယောက်လို့ ပြောလို့ရတယ်။ မားကက်တင်း ဆိုတော့ အဝတ်အစားကိုလည်း ကျော့နေအောင် ဝတ်ရတယ်၊ အလှအပကလည်း ပြင်ရတယ်၊ စကားကိုလည်း ကတ်စတန်မာ ကြိုက်အောင် ချိုချိုလေး ပြောရတယ်၊ နွေတို့လို အချင်းချင်းနဲ့ စကား ပြောရင်တောင် သူ့ဟန်ပန်နဲ့ စကားသံတွေက ကတ်စတန်မာကို ပြောသလို ဟန်လုပ်သံ တွေက ပါနေတတ်တာ။ မြင့်မိုကတော့ “ချွဲပစ်နေတာပဲ ကြည့်မရပါဘူးဟာ၊ အဆံမရှိဘူး ဟန်ပဲရှိတဲ့ဟာတွေ” လို့ အမြဲပြော တတ်တယ်။ နွေကတော့ အလိုက်အထိုက်ဆက်ဆံပါတယ်။
ဆွေဆွေကတော့ သူ့ရည်းစားက ဘယ်လိုအရည်အချင်းရှိတာ၊ သူ့ကို ဘယ်လိုချစ်ပြီး ဘယ်လောက်ထိ ဂရုစိုက်တာ၊ ယောက္ခမလောင်းတွေက ဘယ်လို သဘောကောင်းတာ၊ ပိုက်ဆံလည်း ဘယ်လို ချမ်းသာတာ၊ မင်္ဂလာဆောင်ရင် ဘယ်ဟိုတယ်မှာ ဆောင်မှာ ဆိုတာတွေ အမြဲ ပြောတတ်တယ်။ အဲဒါကိုပဲ မြင့်မိုက ကြည့်မရတာလေ။
“ယောက်ျားတွေ ဂရုစိုက်တယ်၊ အလိုလိုက်တယ် ဆိုတာများ သူမို့လို့ ယုံကြည်တယ်။ သူ့ဘဲကြီးကို ငါတွေ့သားပဲ .. ကောင်မလေးတယောက်နဲ့ တွဲနေတာ။ သူကတော့ သူ့ကိုသိပ်ချစ်တယ် ထင်နေပုံ ရတယ်။ ငါ ရယ်ချင်လိုက်တာ” လို့ မြင့်မိုပြောတုန်းကဆို ဆွေဆွေကြားသွားမှာစိုးလို့ မနည်းကို မျက်နှာရိပ်မျက်နှာကဲနဲ့ ပြရတယ်။ ဟုတ်တော့ဟုတ်တယ်၊ နွေတို့က သတင်းထောက်တွေ ဆိုတော့ နေရာပေါင်းစုံကိုရောက်ပြီး လူပေါင်းစုံနဲ့တွေ့ရတာ။ တခါတလေ မြင်ရကြားရ မသက်သာတာ တွေလည်း ရှိတာပေါ့လေ။
နွေကတော့ ဒါတွေမသိတော့ပါဘူး။ ဘယ်တုန်းကမှလည်း မင်္ဂလာဆောင်ဖို့ ဆိုတာကို မတွေး ဖူးဘူး။ ကိုကိုနဲ့က အတူသာနေတယ် မင်္ဂလာဆွမ်းတောင် ကျွေးလိုက်ရတာမဟုတ်ဘူး။ ကိုကို ကလည်း လုပ်ချင်လားလို့ တခါမှ မမေးပါဘူး။ သူ့မှာ တာဝန်မရှိတဲ့အတိုင်း ..။
နွေ့ အတွေးကို နွေပြန်လန့်သွားတယ်။ ခုတလောမှာ ကိုကို့ကို အပြစ်မြင်စိတ်တွေ တော်တော်လေး များနေသလိုပဲ။ ညကလည်း ကိုကိုက ပြောသေးတယ် “မင်းပုံစံက အရင်နဲ့ကိုမတူဘူး၊ တခုခု ကြောင့် မာန်တက်နေသလိုပဲ” တဲ့။ ဖြစ်နိုင်ပါတယ်။ နွေ့အနေနဲ့ မာန်တက်နေတာ ဟုတ်လား၊ မဟုတ်ဘူးလား မပြောနိုင်ပေမယ့် နွေ့အလုပ်ကို နွေကျေနပ် ပျော်ရွှင်နေတာတော့ သေချာတယ်။
“ကဲ မိနွေ .. လိုက်မယ်ဆို သွားမယ်ဟေ့” လို့ မထိုက်ဆော်သြလိုက်မှ နွေ့အတွေးပြတ်သွားတယ်။ လောကနတ်က ပြန်လာမှပဲ ဆောင်းပါးရေးတော့မယ်လေ။
* * *
ခုတလောမှာ နွေတို့ အထက်တန်းတုန်းက သင်ရတဲ့ ရှေး ကဗျာလေး တပုဒ်ထဲက စာသားတချို့ .. ဘယ်လိုက ဘယ်လို နွေ့ခေါင်းထဲ ဝင်နေတယ်မသိဘူး ..
“မယူလိုက်က မိုက်လို့ထင် .. ယူလိုက်ပြန်က ကြိုက်လို့ထင်” တဲ့ … မိန်းကလေးတွေရဲ့ ဘဝကို ရေးထားတာလေ။ သိပ်ကို ပေါ်လွင်တာပဲ။ ယောက်ျားတယောက်က ပေးလာတဲ့ အခွင့်အရေးကို ငြင်းပြန်ရင်လည်း .. (အဲဒီ အခွင့်အရေးက တကယ့်စေတနာမှန်နဲ့ ပေးတာဖြစ်နေရင်) မိုက်လိုက်တာ အပြောခံရမယ်၊ တကယ်လို့ ယူလိုက်ပြန်ရင်လည်း တလွဲတွေးတတ်သော သကောင့်သားများက သူတို့ကိုကြိုက်လို့ပဲလို့ လိုရာဆွဲတွေးကြတယ်တဲ့။ ဟုတ်သားနော်။
ခုခေတ် စပွန်စာဆိုတဲ့ ဘဘကြီးတွေ၊ အန်ကယ်ကြီးတွေနဲ့ ပတ်သက်မိတဲ့ မိန်းကလေးတွေကို အဲဒီ ကဗျာရွတ်ပြရမယ် ထင်ပါရဲ့။
ဒါက .. ရွေးစရာလမ်းမရှိတဲ့ သဘောကို ပြောတာလား၊ ရှေးခေတ်က အခြေအနေကြောင့်လား၊ ဒါမှမဟုတ် ဘယ်ခေတ်ဖြစ်ဖြစ် မိန်းကလေး ဆိုရင် ဒီလိုချည်းပဲလား။ ဟင့်အင်း .. မဖြစ်ရဘူး။ ဘာဆိုင်လို့လဲ မိန်းမနဲ့ ယောက်ျား ဆက်ဆံရေးမှာ မိန်းမဘက်က ဘာလို့ ဒီလောက်တောင် အောက်ကျ နောက်ကျ နိုင်ရတာလဲ။ အခွင့်အရေးက သတ်သတ်ပဲ .. အချစ်က သတ်သတ်ပဲ မဟုတ်ဘူးလား။ အခွင့်အရေးပေးမှ ချစ်တာမျိုး မဖြစ်သင့်သလို၊ ချစ်လို့ အခွင့်အရေး ပေးမယ် ဆိုတာကော အပေးအယူ မဆန်လွန်းဘူးလား။ ထူးဆန်းလိုက် တာ .. ဘယ်တုန်းကမှ နွေ အဲဒီလို တွေ မတွေးခဲ့၊ မစဉ်းစားခဲ့ ဖူးဘူး။
နွေသိခဲ့တာက မိန်းကလေး ဆိုတာ နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နေ၊ ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပြုစု။ သူတို့ပြုသမျှနု ဒါပဲလို့ ထင်ထားတာ။ ခု အဲဒီအထင်တွေကို နွေကိုယ်တိုင် ပြောင်းပြန်လှန်ချင်နေမိတယ်။ အဖေနဲ့ အမေကို နွေပြန်စဉ်းစားမိတော့လည်း ပထမဆုံးအကြိမ် နွေ မကျေ မချမ်းဖြစ်မိတယ်။ ပင်ပမ်းတာချင်းတူတူ၊ အိမ်အတွက် ဝင်ငွေရှာရ တာချင်းတူတူ၊ ပညာတတ်တာချင်းလည်း တူတူ (သာချင်းသာ အမေကတောင် ပိုသာသေးတယ်၊ ပြီးတော့ အလုပ်ချိန်အားဖြင့်လည်း အမေကပိုတယ်) အဲဒါကို အဖေ့ကို အမေက ပြုစုရတယ်၊ ထမင်းဟင်းချက်ကျွေးရတယ်၊ ခူးကျွေးရတယ်။ အိမ်ကိစ္စ၊ သားသမီး ကိစ္စတွေကို အမေက ပိုယူရတယ်။ အဲဒါဘာကြောင့်လဲ။ အချစ်ကြောင့်လား။
ယောက်ျားတွေက အချစ်ဆိုတာ တခုတည်းနဲ့ မိန်းမတွေရဲ့ ဘဝကို ပိုင်စိုးမှာလား။ နွေကော .. အချစ် ဆိုတာရဲ့ ဖမ်းစားမှုကြောင့် ကိုကိုရဲ့ ကျေးကျွန်ဖြစ်နေရမှာလား ..။ ဒါဆိုရင်တော့ ကြောက် စရာကြီးပဲ။ နွေ အဲဒီလို မဖြစ်ချင်ဘူး။
“နင်တို့က ငါ့အတွက် ပူနေကြတယ်။ ငါက ပျော်နေတာဟ၊ ခုမှ ငါ လွတ်လပ်သွားတာ” လို့ ပြောခဲ့တဲ့ မထိုက်ကို နွေပြန်မြင်ယောင်ကြည့်မိတယ်။ “မိန်းကလေးတယောက်ရဲ့ အောင်မြင်မှုကို မုဒိတာ မပွားနိုင်လောက်အောင် မနာလို စိတ်ကြီးတဲ့ ယောက်ျားတွေကို ငါလန့်သွားပြီ။ သူကတော့ ငါ့ကို အလုပ်မလုပ်စေချင်တာ ချစ်လို့လို့ ပြောမှာပေါ့ဟာ၊ ဒါပေမယ့် အဲဒါချစ်တာမဟုတ်ဘူး ဆိုတာ ငါသိနေတယ်၊ အဲဒါ ငါ့ရဲ့ အောင်မြင်မှုကို သူ မနာလိုတာဟ”
ချစ်သူနှစ်ယောက်ကြားမှာ အဲဒါတွေရှိလား။ နွေသိပ်လန့်သွားတယ်။ ဟုတ်တယ်၊ ရှိနေတယ်လေ။ နွေ့ကိုကြည့်တဲ့ ကိုကို့မျက်လုံးတွေက စိမ်းကားအေးစက်လာတာ နွေခံစားနေရတယ်။
အမြဲတမ်း အိမ်မှာ ဖရောင်းတိုင်မီးနဲ့ စာရေးတတ်တဲ့ နွေ့ကို နောက်ပိုင်းမှာ သိသိသာသာ ကန့်ကွက် လာခဲ့တယ်။
“အိမ်ကို အလုပ်တွေယူမလာနဲ့ကွာ။ မင်းဟာက အလုပ်ချည်းပဲ၊ ဘယ်မှာလဲ နားချိန်”
စေတနာနဲ့ နွေပင်ပမ်းမှာစိုးလို့ ပြောသလိုလိုနဲ့ နွေ့အလုပ်မှာ အောင်မြင်မှုနည်းအောင် ပြောနေတာ လို့ ဘာလို့ နွေတွေးမိတာလဲ။ တကယ်ဆို ကိုကိုက ငါ့ကို စေတနာနဲ့ ပြောတာပါလေလို့ ဘာလို့ မတွေးမိတာလဲ။
သေချာတာက နွေတို့ကြားမှာ အက်ကြောင်းတခုက တဖြည်းဖြည်း အရာထင်လာပြီ။ ကိုကို့ရဲ့ ဂစ်တာသံကို ကြည်နူးတာထက် အနှောင့်အယှက်တခုလို့ နွေမြင်တတ်နေပြီ။ ကိုကိုရဲ့ အသုံးမဝင်မှု တွေကို နွေ စိတ်ကုန်စ ပြုလာတာကကော ကိုကို့ကို နွေမချစ်တော့တာလား။
နောက်ဆုံး ကိုကို ဘယ်မိန်းကလေးနဲ့ တွဲနေ တွဲနေ စိတ်သိပ်မဝင်စားတော့တဲ့ထိ ဖြစ်လာတဲ့ အချိန် မှာတော့ နွေ ကိုယ့်ကိုယ်ကိုယ် အမြင့်ဆုံး အတိုင်းအတာအထိ ထိတ်လန့်သွားတော့တယ်။ ကိုကိုနဲ့ နွေ တယောက်နဲ့ တယောက် စကားများ ရန်ဖြစ်တာမျိုးလည်း တော်တော်နည်းသွားတယ်၊ ဒါပေမယ့် နွေးထွေးမှုလည်း တော်တော်လေး နည်းသွားပြီ။
ဆူညံပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင်ကို နွေစိတ်ပျက်စပြုလာပြီ။ အရင်က ကိုကို့ကြောင့် ဘာပဲဖြစ်ဖြစ် ပျော်ရွှင်လို့ရတဲ့ နေရာမှာ ခု နွေမပျော်တော့ဘူး။ အိမ်ထက် အလုပ်ထဲမှာ နွေ ပိုပျော်တယ်။
“ယောက်ျားတွေက အလကားပါဟာ၊ မိန်းမတွေကို သူတို့က အပေါ်ယံအလှတမျိုးပဲ စိတ်ဝင်စား တာ၊ ဒီမိန်းမရဲ့ ဦးနှောက် ဘယ်လောက်ကောင်းတယ်ဆိုတာ သူတို့ အတွက် အရေးမကြီးဘူး၊ ဒီမိန်းမရဲ့ အတွေးအခေါ်၊ ဒီမိန်းမရဲ့ နှလုံးသား ဒါတွေကို သူတို့ ထည့်မတွက်ဘူး”
စိတ်နာနာနဲ့ ပြောနေတဲ့ ဝေမာ့စကားသံကိုလည်း နွေပြန်ကြားယောင်နေမိတယ်။ ဝေမာက သိပ်ထက်တဲ့ မိန်းကလေး၊ သိပ်လည်းတော်တယ်၊ စိတ်ကောင်းလည်း ရှိတယ်၊ ဒါပေမယ့် ရုပ်ကလေးက မလှရှာတော့ ယောက်ျားတွေက မြင်တာနဲ့ လန်လန်သွားကြတာ။ ချက်တင်မှာ ပြောနေတဲ့အချိန် ဖြူးနေပေမယ့် လူချင်းတွေ့ဖို့ ချိန်းလိုက်ပြီဆိုရင် ဝေမာ အသည်းကွဲရတာပဲ။ ခုတော့ ဝေမာလည်း တော်တော်လေး ငြိမ်သွားပြီ။ သူ့ကို တကယ်ချစ်တဲ့၊ သူ အခြေအနေမှန်ကို လက်ခံနိုင်တဲ့သူမျိုးကိုပဲ သူစဉ်းစားတော့မယ်တဲ့။ မြင့်မိုရဲ့ လက်ချာတွေ မိသွားတာလည်း ပါတာပေါ့။
မြင့်မို ကျပြန်တော့လည်းတမျိုး ..။ ရုပ်ကလေးက ချစ်စရာလေး၊ ဒါပေမယ့်သူက ယောက်ျားတွေကို သိပ်အထင်သေးတာ၊ သူ့ကိုချဉ်းကပ်လာတဲ့သူမှန်သမျှကို ကောလွှတ်တာချည်းပဲ။ စိတ်မဝင်စားဘူး တဲ့။ အသည်း တော်တော်မာတဲ့မိန်းမ၊ နွေသာသူ့နေရာမှာဆို မလွယ်ဘူး။ နွေက စိတ်ပျော့တယ် လေ။
စိတ်ပျော့လို့လည်း ကိုကို့ရဲ့ စကားလုံးတွေအောက်မှာ မိန်းမူးရင်း အမေတို့ တခါမှ တွေးထင် မထားခဲ့ဘူးတဲ့ နေရာမျိုးကို ကောက်ကောက်ပါအောင် လိုက်ခဲ့မိတာပေါ့။ ခုအချိန်မှာတော့ “ကိုကိုတို့ ကလေးမယူချင်သေး ဘူးကွာ” လို့ ပြောခဲ့တာကိုပဲ ကျေးဇူးတင်ရတော့မလားမသိဘူး။ နွေ့ဘာသာနွေဆို မိုက်မိုက်မဲမဲနဲ့ ကလေးတယောက် ယူဖို့ ကြိုးစားမိဦးမှာ။ ကလေးရှိတာက သံယောဇဉ်ကြိုးကို ပိုခိုင်စေတယ်ဆိုတဲ့ ရှေးလူကြီးတွေစကားကို ယုံလို့ပေါ့။ တကယ်က ကလေး ရှိတာဟာ ခိုင်ပြီးသားသံယောဇဉ်ကြိုးကိုပဲ ပိုခိုင်စေမှာပါ .. မခိုင်လက်စ သံယောဇဉ်ကြိုး ဆိုရင် တော့ ဘယ်လောက်ပဲ ကလေးတွေရှိရှိ ပြတ်မှာပဲ။ အဲဒီလို ပြတ်ကြတဲ့အခါကျ ကလေးတွေပဲ ကြားက မြေစာပင် ဖြစ်ကြရမှာလေ။
မြင့်မိုက အမြဲပြောလေ့ရှိတယ် “ငါက Problem child ဟ” တဲ့။ ဟုတ်တယ် .. မြင့်မိုရဲ့ ဖေဖေက သူတို့ ငယ်ငယ်ကတည်းက မြင့်မိုမေမေကို ထားသွားခဲ့တာလေ။ မြင့်မိုက သူ့ဖေဖေ အပါအဝင် ယောက်ျားတွေကို အထင်မကြီးတာ၊ စိတ်နာတာ ခုထိ စွဲနေတာတဲ့။
“ငါက ၁၂ နှစ်သမီးလောက်ပဲ ရှိသေးတယ်။ ဖေဖေက မေ့မေ့မှာ ဘာအပြစ်မှမရှိဘဲ တခြား မိန်းမ တယောက်ကို ယူသွားတာဟ။ အဲဒါ ငါသိတယ်။ ပိုဆိုးတာက မေမေတယောက်တည်း ငါတို့ကို ရုန်းကန်ကျွေးခဲ့ရတာလေ၊ ဖေဖေက တချက်လေးတောင် လှည့်ကြည့်ခဲ့တာ မဟုတ်ဘူး။ အဲဒီကတည်းက ဖေဖေ့ကို ငါအရမ်းမုန်းခဲ့တာ။ ခု သိတတ်ချိန်မှာ မမုန်းတော့ပေမယ့် ယောက်ျား တွေကို အထင်မကြီးတဲ့ စိတ်ကတော့ စွဲနေခဲ့တယ်” လို့ မြင့်မိုက တခါတလေ သူ့အကြောင်းကို စိတ်လိုလက်ရ ပြောပြတတ်တယ်။
မြင့်မိုပြောတာလည်း ဟုတ်တော့ ဟုတ်သလိုလိုပဲ။ နွေ့ပတ်ဝန်းကျင်က ယောက်ျားတွေကိုပဲ ကြည့်လေ .. အားလုံးကို ရောပြီး ရမ်းတာ မဟုတ်ပါဘူး .. မထိုက်ချစ်သူ ကိုလေး ..၊ နောက် ဆွေဆွေရည်းစား၊ နောက်တော့ ကိုကို .. ဝေမာနဲ့ တွေ့ခဲ့တဲ့ ယောက်ျားတွေ .. ဘယ်သူကများ အထင်ကြီးစရာ ကောင်းလို့လဲ။
ဒီအချိန်မှာ ဘာလို့ နွေ ဒါတွေကို စဉ်းစားနေမိတာလဲ။ နွေ .. ကိုကို့ ကို ပြတ်ချင်နေပြီလား ..။ ကိုကို နဲ့ ကွဲပြတ်ဖို့ဆိုတဲ့ မိုးကြိုးကို စကားလုံး ထန်းလက်တွေနဲ့ ကာဖို့ ကြိုးစားနေတာလား။
သေချာတာက နွေနဲ့ကိုကို့ အခြေအနေက ပေါက်ကွဲခါနီး ဗုံးတလုံးလိုပဲ ..။ ဘယ်အချိန်မှာ ကွဲမလဲ ဆိုတာ စောင့်နေရတဲ့ အနေအထားဖြစ်နေပြီဆိုရင် ပိုမှန်မယ်။
ဒါပေမယ့် ကွဲဖို့ ပြတ်ဖို့ဆိုတာက နွေတို့ မြန်မာ့လူနေမှုစနစ်ထဲမှာ ထင်သလောက်တော့မလွယ် လှဘူး။ နွေ ယောက်ျားနဲ့ ကွဲမယ်ဆိုရင် မေမေတို့ကလည်း (ကိုကို့ကို ကြည့်မရသည့်တိုင်အောင်) လက်ခံမှာမဟုတ်ဘူး။ ဒါဆို နွေက ဒီပုံစံအတိုင်း တသက်လုံး နေသွားရမှာလား။ ကိုကိုကလည်း ငါ့ကို ဘယ်တော့မှ ကွဲနိုင်မယ့်မိန်းမ မဟုတ်ဘူးဆိုပြီး လုပ်ချင်ရာလုပ်နေမှာလား။ အဲဒါကို နွေက ကျေကျေနပ်နပ် လက်ခံနေရမှာလား ..။
လောလောဆယ်တော့ နွေခေါင်းခြောက်တာပဲ သိတယ်။ ည ၁၂ နာရီထိုးပြီ .. ကိုကို ပြန်မလာ သေးဘူး။ မီးလည်း မလာဘူး .. နွေ အိပ်လို့လည်း မရဘူးလေ ..။
* * *
“သမီးယောက်ျားနဲ့ တကယ်ပြတ်နိုင်တယ်ဆိုရင် ကွဲခဲ့လိုက်တော့။ မေမေ လက်ခံမယ်”
“ရှင်”
အမေ့စကားကို နွေ အရမ်းအံ့သြသွားတယ်။ နွေ့အဖြစ်အပျက်တွေကို ပြောပြတဲ့အချိန်မှာ .. မေမေက “ကိုယ်ရွေးချယ်တဲ့လမ်းပဲ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆက်လျှောက် ရမှာပဲ” လို့ပဲ ပြန်ပြောလိမ့်မယ်လို့ နွေ မျှော်လင့်ထားခဲ့တာ။ ဒါမှမဟုတ် “မိန်းကလေးဆိုတာ ဖက်ပေါ် ဆူးကျလည်း ဖက်ပေါက်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်” ဆိုတဲ့ စကားလုံးတွေနဲ့ ဆုံးမ လိမ့်မယ်လို့ ထင်ထားတာ။ တကယ်တမ်း အမေ ပြန်ပြောလိုက်တဲ့စကားက နွေ့အတွက် တော်တော်လေး ထူးဆန်းနေတယ်။
ညက အနေအထားကတော့ နွေနဲ့ ကိုကို့ကြားက အကြီးမားဆုံး ပေါက်ကွဲမှုကြီးပဲ။ ညဥ့် ၁ နာရီ ထိုးခါနီးလောက်မှ ပြန်လာပြီး လိုက်ပို့တဲ့ကားပေါ်မှာ ပါလာတဲ့ စားသောက်ဆိုင်က ကောင်မလေး တအုပ်နဲ့ အိမ်ရှေ့မှာ အကြာကြီး ဟေးလားဝါးလား လုပ်နေတာ။ နွေထွက်ကြည့်တာကိုတောင် အရေးမလုပ်ဘဲ ကောင်မလေးတွေနဲ့ သားပြောသမီးပြောတွေ နားရှက်စရာကောင်းလောက်အောင် ပြောနေကြတာလေ။
အဲဒါကို နွေက ပေါက်ကွဲတော့ နွေက လူမှုရေးမသိဘူးတဲ့ .. အဲဒီကောင်မလေးတွေကို ထွက် နှုတ်ဆက်သင့်တယ်တဲ့။ ကိုကိုတို့ဆိုင် တခါလိုက်သွားတုန်းက နွေ့ကို ကိုကို မိန်းမမှန်းသိသိကြီးနဲ့ နွေက ပြုံးပြတာတောင် တချက်လေး ပြုံးရယ်မပြဘဲ ကိုကို့ကိုကျတော့ ချွဲချွဲပစ်ပစ် စကားတွေ ပြောနေတတ်တဲ့ မိန်းကလေးမျိုးတွေကို နွေက ဘာကိစ္စထွက်နှုတ်ဆက်ရမှာလဲ။ အဲဒါ နွေ သဝန်တို တာမဟုတ်ဘူး။ ခုလည်း ရပ်ကွက်ထဲမှာ နွေ့ဂုဏ်သိက္ခာကျလောက်အောင် ရုပ်ပျက်ဆင်းပျက် လုပ်နေတာတွေ့လို့ နွေ ပြောမိတာ။
နွေ့ကို ကိုကိုက အလကား မာန်တက်နေတဲ့မိန်းမဆိုပြီး နွေ့အလုပ်ထဲက ရှိသမျှ ယောက်ျား တွေနဲ့ ပေးစားတော့ နွေမခံနိုင်တော့ဘူး။ နွေ သူ့ကို ချစ်ခဲ့သမျှ ဒီတညတည်းနဲ့ စိတ်ကုန်သွားပြီ ..။ အစွမ်း ကုန် မိုက်ရိုင်းတဲ့စကားတွေ ပြောနေတာ ကိုကို မဟုတ်သလိုပဲ။ အားလုံး သဲထဲရေသွန် လိုက်သလို ပဲ .. နွေ သူ့ကို ဆက်မချစ်နိုင်တော့ဘူး။ နွေ့မှာ ရင်ဖွင့်စရာဆိုလို့ အမေပဲ ရှိတာ၊ နွေ့စကားကို ကောင်းကောင်း ဆိုးဆိုး နားထောင်ပေးမယ့်သူ ဆိုလို့လည်း အမေပဲ ရှိတာ ဆိုတော့ မိုးလင်းတာနဲ့ နွေ အမေ့ခြေရင်းကို အပြေး ရောက်ခဲ့ပါတယ်။
“သမီး အံ့သြသွားလား”
အံ့သြတာပေါ့ .. နွေ အမေ့ဆီက မျှော်လင့်ထားတဲ့စကားလုံးတွေက ဒါမျိုးမှ မဟုတ်ဘဲ။ နွေ့ကို နှစ်သိမ့်ပြီး ပြန်လွှတ်မယ်လို့ပဲ ထင်ခဲ့တာ။
“တကယ်ဆို အမေ့အနေနဲ့ အရင်ကတည်းက၊ သမီး ယောက်ျားနဲ့ တညသွားနေခဲ့ပြီး နောင်တ ရပါပြီလို့ ပြောပြီး ပြန်လာခဲ့တဲ့ မနက်ကတည်းက ပြန်လက်ခံသင်တာပါ။ မေမေ မှားတာပါ သမီးရယ်”
ဟင် .. အမေ မမှားပါဘူး .. ဘာလို့ မေမေမှားရမှာလဲ။ အဲဒီတုန်းကသာ နွေ့ကိုမေမေ ပြန် လက်ခံ ခဲ့မယ်ဆိုရင် .. နွေ နောက်တခါ ထပ်မမိုက်ဘူးလို့ ပြောနိုင်လား။ အဲဒီတုန်းက နွေ .. ကိုကိုတို့ ပတ် ဝန်းကျင်ကိုသာ ကြောက်ခဲ့ပြီး ကိုကို့ကိုမှ မကြောက်သေးတာ၊ ပြီးတော့ ကိုကို့ကို နွေ အဲဒီတုန်းက ဘာပဲဖြစ်ဖြစ် ချစ်နေတုန်း .. အပြစ်မမြင်သေးတဲ့ အချိန်လေ .. ဒီစကားတွေကို နွေ စိတ်ထဲကပဲ ပြောနေမိတယ်။ ဘာပဲဖြစ်ဖြစ် မေမေ့ကို နွေ ကျေးဇူးတင်ပါတယ်။
နွေ့ပါးစပ်ကတော့ “သမီး တခုလပ်ဖြစ်သွားတာကို အမေ စိတ်မညစ်ဘူးလားဟင်” လို့ပဲ ပြန်ပြောမိတယ်။ အမေက ပြုံးပြီး “ဘာလို့ ညစ်ရမှာလဲ။ သမီးဘာသာ ဘာပဲဖြစ်ဖြစ် မေမေ့ သမီးက မေမေ့သမီးပဲလေ” တဲ့။
“မိန်းကလေးဖြစ်တာနဲ့ပဲ .. ကောင်းကောင်း ဆိုးဆိုး ဒီ ယောက်ျားတယောက်ထဲကို ကျိတ်မှိတ် ပေါင်းရမယ်ဆိုတဲ့ အမေတို့ ထုံးတမ်းစဉ်လာတွေက ကောင်းတဲ့နေရာတွေရှိသလို .. တချို့နေရာ ကျတော့ အမေတို့ မိန်းမတွေအတွက် တော်တော် ခံရခက်တဲ့ ကိစ္စတွေပဲ သမီးရယ်”
ဆွေးဆွေးမြေ့မြေ့ပြောနေတဲ့ အမေ့ကိုကြည့်ရင်း နွေ့ရင်ထဲမှာ မေးခွန်းတွေ ပေါ်လာတယ်။ အမေကော အဲဒီထုံးတမ်းစဉ်လာတွေကို တော်လှန်ချင်စိတ် ဖြစ်ခဲ့ဖူးလားလို့ပေါ့။ နွေ့ရင်ထဲက စကားတွေကို အမေ ကြားသွားလားမသိဘူး ..။
“တခုတော့ရှိတယ် သမီး .. သမီးမှာက သားသမီး မရှိသေးဘူးလေ။ အဲဒါကြောင့် သမီး စိတ်ဆင်းရဲ နေတာကို အမေ ဖြေရှင်းပေးတာ။ တကယ်လို့ သမီးမှာသာ ကလေးရှိနေမယ်ဆိုရင် သမီးရဲ့ ကလေး စိတ်ချမ်းသာဖို့ကိုပဲ အမေ ပိုဦးစားပေးရမှာ” လို့ အမေက ပြောတယ်။
“ရယ်စရာတော့ ကောင်းသားသမီးရဲ့ .. အမေတို့ မြန်မာ လူမှုဝန်းကျင်က မတရားဘူးလေ။ သမီးကို မြှောက်ပေးတာတော့ မဟုတ်ပါဘူး။ ယောက်ျားလေးကျတော့ လှေခါးသုံးထစ် ဆင်းတာနဲ့ လူပျိုဖြစ်တယ်တဲ့။ မိန်းကလေးကျတော့ လင်မရှိတဲ့ မိန်းမက တံခွန်မရှိတဲ့ ရထားလို မတင့်တယ်ဘူး ဆိုပဲ ဟားဟား”
အမေ့ရယ်သံမှာ စိတ်နာသံစွက်နေသလိုပဲ။ အမေ ဘာတွေ ခံစားနေရပါလိမ့် နွေသိချင်လိုက်တာ။ ဒီလိုစကားမျိုးတွေ အမေ့ဆီက မကြားဘူးတာတော့ အမှန်ပဲ။
“တကယ့်တကယ် ဖြစ်လာကြတော့ .. ကိုယ့်သားသမီးကို ငဲ့ညှာရတာနဲ့၊ ကိုယ့်မိဘဆွေမျိုး အသိုင်းအဝန်း ကိုယ့်ကြောင့် ဂုဏ်ငယ်မှာကို ငဲ့ကွက်ရတာနဲ့ .. အမေတို့ မိန်းမတွေမှာ .. ကိုယ် မချစ်တော့တဲ့ .. မသဒီတော့ တဲ့ ယောက်ျားကို ကျိတ်မှိတ်ပေါင်းသင်းနေကြရပြန်ရော”
“ဒါဆို .. ဟို .. အမေက .. အဖေ့ကို ..”
နွေ့ရဲ့ ထစ်အတဲ့ မေးခွန်းတွေကို အမေက ကမန်းကတန်း ပြန်အဖြေပေးတယ် .. “အို .. သမီး အဖေကို သမီး မပြစ်မှားနဲ့နော်၊ အဖေက အမေတို့အတွက်၊ အမေတို့ မိသားစုအတွက်၊ သမီးတို့ အတွက် သိပ်ကို ကောင်းတဲ့ အဖေ၊ အမေ့အတွက် သိပ်ကို ချစ်စရာကောင်းတဲ့ လေးစားရတဲ့ လင်ယောက်ျားပါ သမီးရယ်။ အမေက အဖေ့ကို စိတ်နာပြီး ဒီစကားတွေ ပြောနေတာမဟုတ်ပါဘူး။ မိန်းမတွေ အားလုံးအတွက် ခြုံပြီး ပြောနေတာပါ”
ကြည့်စမ်း အမေက ဘယ်လောက် ချစ်စရာ ကောင်းလိုက်သလဲ။ ဒါ .. နွေ့ အမေပါပဲ။ သိပ်ကို သတ္တိရှိ၊ ရိုးသားပြီး အမှန်ကို မြင်တဲ့အမေ၊ ပြီးတော့ နွေ့ကို အင်အားတွေ အများကြီး ထည့်ပေးတဲ့ အမေ၊ သိပ်တော်တဲ့အမေ၊ နွေ့အတွက် စံပြမိန်းမဟာ အမေပါ ..။
အဲဒီနေ့က နွေ့ဆီကို ကိုကိုလိုက်မလာပါဘူး။ ထူးဆန်းစွာပဲ နွေ အရမ်းကို လွတ်လပ်ပေါ့ပါး နေတယ် ..။ ကိုကို့ကို နွေမလွမ်းဘူး။ နောက်တနေ့မှာတော့ နွေ ရုံးသွားဖို့ ပြင်နေတုန်း ကိုကို ရောက်လာတယ်။
“မမ နင့်ယောက်ျား လာတယ်” ဆိုတဲ့ ညီမလေးစကားကိုကြားတော့ နည်းနည်းအံ့သြမိ သွားသေးတယ်။ နွေအိမ်ရှေ့ကို ထွက်လိုက်တော့ အမေက သူ့ကို ဧည့်ခန်းထဲ ထိုင်ခိုင်းထား နှင့်ပြီ။ ကိုကို့မျက်နှာမြင်လိုက်တော့ နွေ့အတွက်အချစ်တွေ မကျန်တော့ဘူးဆိုတာ သေချာသွားပြီ။
(ဇာတ်သိမ်းခန်း မနက်ဖြန်လာမည်)
Tuesday, October 06, 2009 | Labels: ဝတ္ထုရှည် | 6 Comments
မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၄)
ပထမဆုံးနွေ့သတင်းလေး ဖော်ပြခံရတဲ့ အပါတ်မှာ ဂျာနယ်လေးကို တယုတယနဲ့ တကိုင်ကိုင် လုပ်နေမိတယ်။ ကိုကို့ကို ကြွားပေမယ့် ကိုကိုက သိပ်စိတ်ဝင်စားတဲ့ပုံမပြဘူး။ ဂစ်တာတောင် အတီး မပျက်ဘူး။ ယောင်းမကတော့ ဂျာနယ်ကို ကိုင်ကြည့်ဖော်ရပါတယ်။ နွေ့နာမည်ကို ပြလိုက်တော့ .. တယ်ဟုတ်ပါလား ဆိုပြီး ဂျာနယ်ကို ကိုင်သွားပြီး ဘေးအိမ်တွေကို လိုက်ကြွား နေတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနားပတ်ဝန်းကျင်မှာ နွေ ဆရာမကြီးဖြစ်ပြီပေါ့။ ခဏနေမှ ကိုကိုက ဂစ်တာချပြီး ..
“နွေက သတင်းထောက်ကြီးဖြစ်ပြီပေါ့ ဟုတ်လား” လို့ မေးတယ်။
“ဒါပေါ့ ကိုကိုရဲ့ တော်တယ်မဟုတ်လား” ဆိုတော့ ကိုကိုက ညစ်ကျယ်ကျယ်ပြုံးတယ်။
“တော်တယ် .. ကိုကို့မိန်းမ တော်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ .. ကိုကို အရက်သောက်မယ်။ ကိုကို့ကို ဂရင်းရွိုင်ယယ် တပြား ဝယ်တိုက် ဟုတ်လား။ နွေ ကိုယ်တိုင် သွားဝယ်ပေးနော်”
အဲဒီနေ့က နွေ ဘာကိုမှ မစဉ်းစားဘူး .. ကိုကို့အတွက် ဂရင်းရွိုင်ရယ် တပြားရယ် .. မြေပဲ ဆားလှော် တထုတ်ရယ် နွေကိုယ်တိုင် သွားဝယ်ပေးလိုက်ပါတယ်။ အမေတို့ သိရင် ဆိုတဲ့ အတွေးကို မတွေးတော့ဘူး .. ။ နွေ့ဘဝမှာ မိန်းကလေးတန်မယ့် အရက်ကို ပထမဆုံးအကြိမ် ဝယ်ဖူးချင်းပဲ .. အဲဒီပထမဆုံးကြောင့် ဒုတိယတွေ တတိယတွေ လာဦးမယ်ဆိုတာ နွေ လုံးဝ ထည့်မစဉ်းစားခဲ့ပါဘူး။
အဲဒီညက နွေ ပျော်လိုက်တာ .. လကလည်း သာလိုက်တာ။ ကိုကို့ကို အလုပ်က အကြောင်းတွေ တတွတ်တွတ် ပြောပြ ..၊ ကိုကိုက အရက် တခွက်ပြီး တခွက်သောက်ရင်း ဘာတခွန်းမှ မပြောဘဲ နားထောင်နေတာ။ ပြီးတော့ အဲဒီညက ကိုကို နွေ့ကို ဂစ်တာ တီးပြီး သီချင်း တပုဒ်ပြီး တပုဒ် ဆိုပြတယ် ..။
ဘာပဲဖြစ်ဖြစ် နွေ .. ငရုပ်သီးမှုန့်သည် ဘဝ၊ အဝတ်လိုက်လျှော်ရတဲ့ဘဝကို ပြန်မရောက်ချင် တော့ဘူး။ နွေ .. ဒီသတင်းထောက် ဘဝလေးကို တော်တော် မြတ်နိုးတယ်။ ကားတိုးစီးရလို့ ပင်ပမ်းပေမယ့်၊ ၇ ထပ်မြင့် တိုက်ကို ဒီတိုင်း တက်လိုက်ဆင်းလိုက် လုပ်ရလို့ ပင်ပမ်း ပေမယ့်၊ တခါတလေ ထမင်းငတ်ပေမယ့်၊ ခြေတိုအောင် နေပူထဲ လျှောက်ရတဲ့ ရက်တွေ ရှိပေမယ့်၊ သတင်း
မရလို့ အယ်ဒီတာက ဆူတာငေါက်တာ ခံရပေမယ့်၊ အပင်ပမ်းခံ လိုက်ထားတဲ့ သတင်းတပုဒ်ကို သူများဦးသွားလို့ဆိုပြီး မသုံးတဲ့အခါ စိတ်ညစ်ရပေမယ့် .. နွေ ပျော်တယ်။
အချိန်ကြာလာတာနဲ့ အမျှ တရစ်ပြီးတရစ် တိုးလာတဲ့ နွေ့ရဲ့ သတင်းအပေါ် စိတ်ဝင်စားမှုတွေ .. နွေ့ရဲ့ ကြိုးစားချင်စိတ်တွေ .. နောက်ပြီး အသိအမှတ်ပြု ခံရမှုတွေ အဲဒါတွေအားလုံးက နွေ့ကို ဖမ်းစားထားလိုက်ပြီ။
မထိုက်တို့ မြင့်မိုတို့ ဝေမာတို့ အောင်ထူးတို့လို သူငယ်ချင်းတွေ ..၊ မအိတို့ မသီတာ တို့လို အစ်မတွေ .. ကိုသက်ခိုင်လို အကိုတွေ နွေ့မှာ အများကြီး ရှိနေမှတော့ ဒီ သတင်းခန်းလေးက နွေ့အတွက် သဲကန္တာရထဲက အိုအေစစ်လေးပါပဲ။ နွေ့ယောက္ခမနဲ့ ယောင်းမတွေရဲ့ ဆူပူသံတွေ ..၊ နွေတို့နေရတဲ့ ရပ်ကွက်လေးရဲ့ ဆင်းရဲတွင်းနက်မှုတွေ .. နောက်ဆုံး ကိုကို့ရဲ့ ဖောက်ပြန်တဲ့ မျက်ဝန်းတွေကိုပါ မေ့ထားလို့ရနိုင်ခဲ့တယ်။
ကိုကိုနဲ့ ဟိုမိန်းမ ပြန်တွဲနေကြတယ်တဲ့ .. ရိုးရိုးပါလို့ ကိုကိုပြောတာကို နွေ ယုံခဲ့ပါတယ်။ ဒါပေမယ့် ကိုကိုတို့ ပတ်ဝန်းကျင်က သိပ်နှုတ်လုံတဲ့ ပတ်ဝန်းကျင်မျိုးမှ မဟုတ်တာဘဲ .. နွေ မကြားချင်မှ အဆုံးပေါ့ ..။
“နွေ .. နင့်ယောက်ျားကို နင်ကြည့်ထိန်းဦး” လို့ ယောင်းမက ထူးထူးဆန်းဆန်း ပြောလာတဲ့နေ့ .. နွေ သိပ်မအံ့သြတော့ဘူး။ နွေ့ရင်ထဲကတော့ ဆစ်ကနဲ နာသွားတယ်။ အဲဒီနေ့က နွေ စောစောပြန် လာတာ ကိုကိုက မရှိဘူး။ နွေ အလုပ်ကို နှစ်ပြီး လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်၊ နွေ့ အလုပ်ကို နွေ ဂုဏ်ယူပြီး တိုးတက်မှုတွေ တသီကြီးရအောင် လုပ်မယ်လို့ အားတင်းထားတဲ့ အချိန်မှာ ကိုကိုက နွေ့အနားကနေ ထွက်ပြေးဖို့ ကြိုးစားနေပြီလား။
“ကိုကို ဂစ်တာပြန်တီးတော့မလား လို့ပါ နွေရာ” ဆိုတဲ့စကားကို နွေယုံရမှာလား။ ကိုကို့ကိုကော အဲဒီဆိုင်မှာ ပြန်ပေးတီးရမှာလား။ နွေ့ခေါင်းထဲမှာ သိပ်ရှုပ်ထွေးနေတယ်။
“အိမ်မှာ ဒီတိုင်းထိုင်နေရင် ပျင်းပြီး စိတ်လေနေဦးမယ်၊ ဆိုင်မှာတီးတော့ အလုပ်ကလေးရှိတယ် ဆိုတာလေးနဲ့ ပျင်းချိန်မရဘူးပေါ့” ဆိုတဲ့ ယောင်းမရဲ့ စကားကို နွေ နားယောင်မိတာလည်း ပါတာ ပေါ့လေ။ တကယ်တော့ ဆိုင်မှာ ဂစ်တာပြန်တီးတာက နည်းနည်း ကိုကို လမ်းရှာတာက များများ ဆိုတာကို ခပ်တုံးတုံး နွေက ဘယ်သိပါ့မလဲ။
ကိုကို ဂစ်တာတီးလို့ရတဲ့ ပိုက်ဆံက နွေရတဲ့ပိုက်ဆံထက် များပါတယ် .. ဒါပေမယ့် နွေလည်း နွေရတဲ့ ပိုက်ဆံလေးကို ကိုယ့်ဘာသာ မြတ်နိုးတယ်။ ဆိုင်က ပိုက်ဆံရလာတဲ့ နေ့မျိုးမှာ ကိုကို ဒေါင်ချာဆိုင်းအောင် မူးလာတတ်ခဲ့ပြီ ..။ နွေဝယ်ပေးတဲ့ ဂရင်းရွိုင်ယယ် အမည်းရောင် ပြားလေး ကိုကို မသောက်တော့ဘူး .. ဂရန်းရွိုင်ယယ်တောင် ရွှေပတ်မှ ဆိုတာမျိုး လုပ်လာပြီ။
လက်ထဲက ပိုက်ဆံထုတ်ကို ဘုန်းခနဲပစ်ချပြီး “နွေ့သတင်းထောက်အလုပ်က ပင်ပမ်းပါတယ်ကွာ .. ပိုက်ဆံလည်း ဘယ်လောက်မှ ရတာမဟုတ်ဘဲနဲ့ .. ထွက်လိုက် .. အိမ်မှာပဲ ထမင်းချက် .. အဝတ်လျှော်လုပ် ဟုတ်လား” ဆိုပြီး ကိုကို ပြောတတ်လာပြီ။
အဲဒီလို ပြောတဲ့နေ့မျိုးဆို နွေ့အသားတွေ ဆတ်ဆတ်ခါတုန်အောင် စိတ်ဆိုးပေမယ့် .. သူ မူးလို့ ပြောတာပါ ဆိုတဲ့ စိတ်နဲ့ နွေ့စိတ်ကို နွေ ချိုးနှိမ်ပြီး .. တိတ်တဆိတ်ပဲ ငိုကျွေးရတဲ့ ညတွေ မနည်း တော့ပါဘူး။
နွေ ဒီအလုပ်လေးကို မြတ်နိုးတယ်၊ ချစ်တယ် ဆိုတာ သိရက်နဲ့ ကိုကိုပြောတာ။ တဖြည်းဖြည်းနဲ့ နွေ့သတင်းလေးတွေ ကာဗာမှာ ဖော်ပြခံလာရတာ .. အဖွဲ့လိုက်ရေးတဲ့ သတင်းဆောင်းပါး ရှည်ကြီးတွေမှာ ဝင်ပြီး လက်စွမ်းပြခွင့်ရလို့ နွေပျော်ရတဲ့ အပျော်တွေကို ကိုကိုက မျှဝေခံစားဖို့ ဝေးလို့ စိတ်မဝင်စားတဲ့ပုံနဲ့ တုံနိဘာဝေ နေတာ ဘာကြောင့်လဲ။ ကိုကို့ပျော်ရွှင်မှုတွေကို နွေက မျှဝေခံစားသလောက် နွေ့ပျော်ရွှင်မှုတွေကို ကိုကို ဘာလို့ ဝင်မပျော်ပေးနိုင်ရတာလဲ။ အငယ်တန်း သတင်းထောက်ကနေ အကြီးတန်းသတင်းထောက်အဖြစ် ခန့်အပ်ခံရပြီး လစာလည်း တိုးတဲ့ နေ့က နွေ ကိုကို့အတွက် ဘောင်းဘီရှည် တထည် အမှတ်မရှိ ဝယ်ခဲ့မိသေးတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုကို့မှာ ဘောင်းဘီအသစ်တထည် ပါလာတယ်။
“ဒီမှာကြည့် ဒါမျိုးကိုမှ အဝတ်အစားလို့ ခေါ်တာကွ .. အကောင်းစားလည်း မဝယ်တတ် .. ဘယ်လို မိန်းမလဲကွာ”
ကိုကို ကိုယ့်ဘာသာ ဝယ်လာတာလား .. တယောက်ယောက်က ဝယ်ပေးလိုက်တာလား နွေ မမေးတော့ပါဘူး။ နွေ့ဝယ်လာတဲ့ ဘောင်းဘီလေး နောက်တထည်လည်း ချောင်ထိုး ခံထား လိုက်ရပြန်ပြီ။ နွေ .. ကိုကို့ကို ချစ်နိုင်သေးရဲ့လား .. ။ အဲဒီမေးခွန်းက ဘာလို့ ခုတလော နွေ့စိတ်ထဲ ရောက်ရောက်လာရတယ် မသိဘူး။
ကိုကို ဂစ်တာ ပြန်တီးတဲ့နောက်ပိုင်း ကိုကိုနဲ့နွေ ဆုံတဲ့အချိန်လည်း တော်တော်လေး နည်း လာတယ်။ ညနေ နွေပြန်ရောက်ရင် ကိုကိုက မရှိတော့တာပဲဖြစ်ဖြစ် .. ဒါမှမဟုတ် .. ဆိုင်ကို သွားဖို့ အဆင်သင့် ဖြစ်နေတာပဲဖြစ်ဖြစ် .. အဝင်အထွက် လောက်ပဲ ဆုံတော့တယ်။ မနက် နွေ အလုပ်သွားချိန်ကျတော့ ကိုကိုက ညဥ့်နက်မှ အိပ်ထားလို့ မထနိုင်ဖြစ်နေပြီ။
“မင်းတို့ အသိုင်းအဝန်းကို ငါကြည့်မရဘူးကွာ၊ တကယ့် ဖင်ခေါင်းတွေ၊ ဆန်မရှိ သောက်စားကြီး နေကြတာ” ဆိုတဲ့စကားက ကိုကို နွေတို့ အသိုင်းအဝန်းကြား ဝင်မဆံ့တာကို မိုးကြိုးပစ် ထန်းလက်နဲ့ ကာလိုက်တာပဲလို့ နွေသိပါတယ်။
ဂျာနယ်တိုက် နှစ်ပတ်လည်ပွဲကို ဟိုတယ်ကြီးတခုမှာ ကျင်းပတော့ အသီးသီးအသက၊ အသက ကိုယ့်ချစ်သူ .. ကိုယ့် ဇနီး၊ ကိုယ့်ခင်ပွန်းကို ခေါ်ခွင့်ပေးခဲ့တယ်။ နွေ အတင်းပူဆာလို့ ပထမပိုင်း ကိုကိုလိုက်ခဲ့ပေမယ့် .. နွေတို့ကြားမှာ ကိုကို မနေနိုင်ဘူး။ ကိုကိုတို့ အသိုင်းအဝန်းလို မော်ဒယ် တွေ၊ အဆိုတော် မဖြစ်တဖြစ်တွေ .. အဆိုတော်ဖြစ်ချင်လို့ လမ်းခင်းပေးနေတဲ့ ကောင်မလေးတွေ၊ အဆိုတော်ဖြစ်ဖို့ထက် ပိုက်ဆံရဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ သူတွေမှ မဟုတ်တာပဲ။
ခပ်ပေါ့ပေါ့ စကားလုံးတွေနဲ့ ကျင့်သားရနေတဲ့ ကိုကိုက အဆင့်အတန်းမြင့်မြင့် ပျော်ရွှင်နေတဲ့ အသိုင်းအဝန်းကို မနာလို မရှုစိမ့်နိုင်တာလို့ နွေ မတွေးချင်ဘဲ တွေးမိပြီ ကိုကို။ နွေ့မျက်နှာကို တောင် မထောက်ဘဲ ပွဲတဝက်တပျက်မှာ ထထွက်သွားခဲ့တဲ့ ကိုကို့ကို နွေ လုံးဝ နားမလည်ချင် တော့တာ ..။
တယောက်ရဲ့ ပျော်ရွှင်မှုကို နောက်တယောက်က မနာလို မရှုစိမ့်နိုင်တာ .. အချစ်မဟုတ်တော့ ဘူးပေါ့ ကိုကိုရယ် .. အဲဒီနှစ်ယောက်ဟာ နှစ်ယောက်ပေါင်းမှ တဘဝလို့ ဆိုနိုင်တဲ့ လင်မယား အဖြစ်နဲ့ ဘယ်လို ပျော်ရွှင်မှုတွေ ရယူနိုင်မှာတဲ့လဲ။
* * *
“ငါနဲ့ ကိုလေးနဲ့ ပြတ်ပြီ”
“ဘာ”
မြစံပယ်မှာ စောင့်နေလို့ ဖုန်းဆက်လို့ နွေနဲ့မြင့်မို စောင့်နေကြတာ။ မထိုက် တယောက် ခရီး မဆိုက် ပြောလိုက်တဲ့ စကားကြောင့် နွေတို့ လန့်သွားတယ်။ ဘယ်လိုဖြစ်တာလဲ .. ကိုလေးက မထိုက်ကို တော်တော် ချစ်တာလေ။ ပြီးတော့ အလိုလည်း တော်တော်လေး လိုက်တယ် မဟုတ်ဘူးလား။
“ဟုတ်တယ် .. ဒါပေမယ့် သူက ငါ့ကို ဒီအလုပ်က ထွက်ခိုင်းတယ်ဟ”
နွေတို့ ထပ်အံ့သြရပြန်ပြီ။ ကိုလေးက မထိုက်ရဲ့ သတင်းထောက်အလုပ်ကို တော်တော်လေး ဂုဏ်ယူတယ်လို့ သိထားတာ။ နောက်ပြီး ကိုလေးက မထိုက်ကို တော်တော် ကူညီပေးတာ။ သူ ကိုယ်တိုင်က ကုမဏီ တခုက မန်နေဂျာ ဆိုပေမယ့် မထိုက်သွားတဲ့နေရာတွေမှာ အဖော်လိုတာ ပဲဖြစ်ဖြစ် .. မထိုက်ရဲ့ သတင်းတွေအတွက် လိုအပ်တဲ့ ဒေတာတွေ ရှာတာပဲဖြစ်ဖြစ် ကူညီ နေကျ။ ညနေ ဆိုရင် ဖုန်းဆက်ပြီး .. တရက်မပြတ် လာကြိုနေကျ။ နွေတို့က မထိုက်ကို ကံကောင်းတဲ့သူ လို့ ထင်ထားကြတာ။
“ဘယ်လိုဖြစ်ပြန်တာလဲဟယ် .. နင်က ဘာသွားလုပ်လိုက်လို့လဲ”
မြင့်မိုရဲ့ အမေးကို မထိုက်က ဘာမှ ပြန်မဖြေဘဲ ငြိမ်နေတယ်။ သူ့ပုံစံက ရည်းစားနဲ့ ကွဲလာတာနဲ့ မတူဘူး .. တခုခုကို ခံပြင်းနေသလိုပဲ။
“ဒီလိုပါပဲဟာ .. ယောက်ျားတွေက သူတို့ လိုအပ်ချက် ပြည့်ကို မပြည့်နိုင်ဘူး”
ဒီတခါမှာတော့ တချိန်လုံးငြိမ်နေတဲ့ အောင်ထူး ခေါင်းထောင်ထလာတယ်။
“ဟေ့ ဟေ့ ဒီမှာလည်း ယောက်ျားကြီး တယောက်လုံး ငုတ်တုတ်ထိုင်နေတာနော် .. ပြောချင်ရင် ငါမရှိမှပြော .. မထိုက်ကလည်း ရည်းစားနဲ့ ကွဲလာတာ၊ ဘေးအိမ်နဲ့ ရန်ဖြစ်လာတာကျနေတာပဲ .. မျက်နှာကြီးက စူပုတ်လို့”
“ဟဲ့ ငါက မစူပုတ်လို့ သွားဖြဲပြနေရမှာလား။ ငါ့ကိုသူပြောလိုက်တာ မခံနိုင်လို့ဟာ”
“ကိုလေးက ဘာပြောလို့လဲ .. နင်ကိုက အချိုးမပြေတာ ဖြစ်မှာပါဟာ”
မထိုက် မခံချင်အောင်ပြောတဲ့ အောင်ထူးကို နွေတို့ တယောက်တပေါက် ပါးစပ်နဲ့ ဝိုင်း သမလိုက်ကြတယ်။
“ငါ့ကို သူက ကြာလေကြောက်လေ ဖြစ်လာပြီတဲ့။ ငါက တော်ပါတယ်တဲ့ .. ဒါပေမယ့် အိမ်ထောင် ရှင်မတယောက် ဖြစ်ဖို့ မလွယ်ဘူးတဲ့ ..၊ ဒီအလုပ်ကို ဒီလောက်တောင် ချစ်နေတဲ့ မိန်းမတယောက် ကို လက်ထပ်ဖို့ သူ အဆင်သင့်မဖြစ်ဘူးတဲ့”
“ဟင် အစကတော့ သူပဲ .. နင်ဒီလို တော်တာကို ချစ်တာဆို၊ နင့်ကို ပံ့ပိုးပေးမှာဆို”
မြင့်မိုရဲ့ အမေးကို မထိုက်က အေးအေးပဲ ပြန်ဖြေတယ်။
“ဟုတ်တယ် .. အခုတော့သူက ငါ့ကို ဒီအလုပ်ကထွက်ပါတဲ့၊ သူ ငွေကို လုံလောက်အောင် ရှာပေးမယ်တဲ့၊ ငါက အိမ်မှာ အိမ်ရှင်မပီပီသသနေပြီး သူ့ကို ပြုစုပါတဲ့။ မဟုတ်ရင်တော့ သူ ငါ့ကို ယူမယ့်အစား စာမတတ်တဲ့ တောသူ မိန်းကလေးတယောက်ကိုပဲ သွားရှာယူရလိမ့်မယ်တဲ့”
မထိုက် နှလုံးသားတွေ ဘယ်လောက်တောင် နာကျင်လိုက်မလဲ .. ၊ နွေတောင် သူ့အစား ငိုချင်တယ်၊ သူကတော့ အေးအေးဆေးဆေးပဲ .. နာကျည်းနေတာတော့ သူ့မျက်နှာမှာ မြင်နေရတယ်။ ပေါ်လွင်တဲ့နှာတံ .. ပိရိတဲ့နှုတ်ခမ်းတွေနဲ့ .. မျက်လုံးတောက်တောက် တွေကို ပိုင်ဆိုင်ထားတဲ့ မထိုက်မျက်နှာလေးက မသိမသာ နွမ်းနယ်နေတယ်။ တော်လည်းတော် လှလည်းလှ .. ထက်လည်းထက်တဲ့ မိန်းမတယောက်ကို ဘာလို့ ဒီလို လွယ်လွယ် လမ်းခွဲစကား ပြောရတာလဲ။
“ငါပြန်ပြောလိုက်တယ်။ ဒီအလုပ်ကတော့ မထွက်နိုင်ဘူး။ ငါ တသက်လုံး သတင်းထောက်လုပ်မှာ လို့ .. အဲဒီအတွက် ရှင် .. ခုဏပြောတဲ့ တောသူကို ရှာယူလိုက်ပါလို့ ပြောပြီး ငါထွက်လာခဲ့တယ်။ ငါ သူ့ကို သိပ်ချစ်တယ်ဆိုတာသိတော့ အပိုင်တွက်တာပေါ့ဟာ .. ယူဖို့အထိ ပြောကြပြီးမှ ငါ့ကို ရိုက်ချတာ”
မိန်းမတွေက ဒီလိုပဲလား .. သူတို့ မျက်ရည်တွေနဲ့ ခင်းပြီးလျှောက်မှ လိုတဲ့ပန်းတိုင်ကို ရောက်တာတဲ့လား ..၊ နွေကော .. ၊ နွေလည်း မိန်းမတယောက်ပဲလေ ..။
(ဆက်ပါဦးမည်)
Monday, October 05, 2009 | Labels: ဝတ္ထုရှည် | 5 Comments
မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၃)
မထိုက်မေးလိုက်မှ နွေ သတိထားလိုက်မိတာ .. ကြည့်ပါဦး ဒီလောက် အမြဲတမ်း ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်တဲ့ မြင့်မို ငြိမ်နေတာကိုတောင် သတိမထားမိလောက်အောင် နွေ အာရုံတွေ ထွေပြားနေတာလေ။
မေးလိုက်မှ မြင့်မို မျက်ရည်ဝိုင်းသွားတယ်။ ဒါဆိုရင်တော့ ထူးဆန်းပြီ ..
“ငါ ပိုက်ဆံ ၅ သောင်းလောက် အရေးပေါ်လိုလို့ဟ”
“ဘာလုပ်ဖို့လဲ .. ၅ သောင်းတောင်မှလား”
မထိုက်ရဲ့အမေးကို မြင့်မိုက ခေါင်းညိတ်ပြီးပဲ အဖြေပေးတယ် ..။ နွေကတော့ သူတို့ နှစ်ယောက် ဘာပြောကြမလဲ နားစွင့်ရုံပဲ .. ၅ သောင်းဆိုတဲ့ ပိုက်ဆံက နွေတို့လို ဝင်ခါစ သတင်းထောက် ငယ်လေးတွေအတွက် သိပ်ကို များလွန်းပါတယ်။ ဘယ်က ရနိုင်မှာတဲ့လဲ။
“ငါတို့အိမ် စာချုပ်စေ့သွားတာ စာချုပ်ပြန်ချုပ်ရမယ်လေ။ ငါ့ယောင်းမ ရုံးက ချေးတာ တသိန်းပဲ ရတယ် .. အိမ်လခက ဈေးတက်သွားတယ်ဟ။ အဲဒါကြောင့် ၅ သောင်း အသည်းအသန် လိုနေတာ။ ဒါတောင် ၆ လစာချုပ်နော်”
“နင် ဘယ်လိုလုပ်မလဲ မြင့်မိုရာ .. မမူယာဆီက ဝင်ချေးကြည့်ပါလား”
အကြံသာပေးပေမယ့် မဖြစ်နိုင်တာ မထိုက်ကော နွေကော မြင့်မိုကောသိတယ်။ မမူယာ ဆိုတာက သူတို့ ဂျာနယ်တိုက်ရဲ့ ရှယ်ယာရှင်တွေထဲက တယောက်၊ ငွေကိုင်တဲ့သူ။ သူတို့ရတဲ့ လစာလေး ၃ သောင်းခွဲက လကုန်လို့ ၃၊ ၄ ရက်နေရင် ကုန်ကြပြီ .. အဲဒီအချိန်မှာ သူတို့အားလုံးရဲ့ အချေးအငှား သံသရာကြီး စပြီ။ ဒါပေမယ့် တထောင်မျိုး နှစ်ထောင်မျိုးလောက်ပဲ ရတာလေ။ ဒီလောက် အများကြီးတော့ ဘယ်သူကချေးမှာတဲ့လဲ။ မမူယာက ပိုတောင် ဆိုးသေးတယ်။ သူတို့အားလုံးကို ပြောထားပြီးသား လစာ ကြိုထုတ်ပေးမယ် .. ဒါပေမယ့် ၁၅ ရက်နေ့ တရက်ပဲ ထုတ်ပေးမယ်၊ အဲဒါလည်း တဝက်ပဲ အများဆုံးထုတ်ပေးမှာ ..။
သူတို့အားလုံး ၁၅ ရက်နေ့မရောက်မချင်း သူ့ဆီကကိုယ်ချေး .. ကိုယ့်ဆီကသူချေး .. မအိတို့လို ရာထူးကြီးပြီး နားလည်မှုလည်းရှိတဲ့သူဆီက ချေး .. ဒါလည်း အမြဲမရဘူး။ မအိဆီက ချေးတဲ့သူ များတော့ အားလုံးကို ဘယ်ချေးနိုင်မလဲ။
၁၅ ရက်နေ့ရောက်ရင်တော့ အားလုံး မမူယာ အခန်းကို မပြတ်ချောင်းကြရပြီ .. မမူယာ အခန်းထဲ က တယောက်လောက် နမူနာ ထွက်လာပြီဆိုရင် အားလုံး တလှည့်စီ ဝင်ဖို့ ပြင်ကြရပြီ ..။ လစာ တဝက်ကို ကြိုထုတ်ကြ .. လဆန်းက ယူထားတဲ့ အကြွေးအတိုအထွာတွေဆပ်ကြနဲ့ .. ကုန်လု နီးနီး ပိုက်ဆံလေးကို .. တချို့က ဈေးဖိုးလုပ် .. တချို့က ဆေးဖိုးလုပ် .. အားလုံးက ပိန်မသာ လိန်မသာ .. နွေကကော အဲဒီထဲကတယောက်ပဲ .. ဘာထူးမှာတဲ့လဲ။
လောလောဆယ် မြင့်မို ပြဿနာ ဘယ်လိုရှင်းကြမလဲ ..။ နွေတို့မှာလည်း သူ့ကိုချေးဖို့ နေနေ သာသာ ကိုယ့်ဘာသာ သုံးဖို့တောင် မရှိတာ။
“နင်ကြိုးစားကြည့်ဟာ .. မမူယာကို ဝင်ပြီး ငိုပြ .. သူက သနားတတ်ပါတယ်။ ပြီးတော့ သူ့အတွက် ၅ သောင်းဆိုတာ ဘာမှ ဟုတ်တာမှ မဟုတ်ဘဲ”
မထိုက်အကြံပေးတဲ့အတိုင်း လူရှင်းတဲ့အချိန်မှာ မြင့်မို မမူယာအခန်းထဲကို ဝင်သွားတယ်။ သူထွက်လာမယ့် အချိန်ကို ရင်တဖိုဖိုနဲ့ စောင့်နေတဲ့နွေတို့ကို ဘိုးတော်က မျက်စောင်းထိုး ကြည့်တယ်။ “ဒီအချိန်ထိ အပြင်မထွက်ဘဲ ဘာလုပ်နေတာလဲ” ဆိုတဲ့သဘော .. နွေကော မထိုက်ကော ပေပြီးဆက်ထိုင်နေတယ်။
အဲဒီအချိန်မှာ မြင့်မို ထွက်လာတယ်။ သူ့မျက်နှာ မြင်လိုက်ကတည်းက သိလိုက်ပြီ .. အဆင်မပြေခဲ့ဘူး။
“နင်က ဘယ်တော့လိုတာလဲ”
“မနက်ဖြန်ဟ”
“ဒီလိုလုပ်ဟာ .. ငါ့အမေရဲ့အသိ အဒေါ်ကြီးတယောက်ရှိတယ်။ သူက ငွေတိုးပေးစားတာဟ၊ ငါစောစောက မပြောတာက .. သူက ပစ္စည်းမပါဘဲငွေယူရင် ၁၀ တိုးတောင် .. အတိုးများတယ်။ အဲဒါကြောင့် .. ဒါပေမယ့် ဘယ်လိုမှမဖြစ်ရင်တော့ အဲဒီကပဲ ဆွဲပေးမယ်ဟာ”
မထိုက်ရဲ့ အစီအစဉ်ကို မြင့်မိုက သိပ်စဉ်းစားမနေတော့ဘဲ သွားမယ်တဲ့။ အင်းလေ ဘာများစဉ်းစား စရာရှိသေးလို့လဲ .. နွေတို့မှာ ရွေးချယ်စရာက သိပ်မှ မရှိတာဘဲဟာ ..။ နွေလည်း သတင်း လိုက်ချင်စိတ် မရှိဘူး .. ဒါပေမယ့် မဖြစ်သေးဘူး .. အမေ့အသိ ဆရာဝန်ကြီးနဲ့ ဒီနေ့ ချိန်းထားတာ .. အင်တာဗျူးဖို့ သွားရမယ်။
တပတ်စာ ထုတ်ပေးထားတဲ့ လမ်းစရိတ်တွေလည်း မရှိကြတော့ဘူး .. ဘယ်လိုလုပ်ကြမလဲ .. လောလောဆယ်လိုတာ ကားခ ၂၀၀ လောက် .. အဲလောက်ရှိရင်ရပြီ .. ။ အဲလောက်ကတော့ မအိဆီကပဲ ချေးရတော့မှာပဲ။ နက်ဖြန် စာမူခ ထုတ်ရရင်တော့ ၁၅၀၀ လောက်ရမယ် ထင်တယ်။ ဒီတပတ် နွေရေးတာ ပုဒ်ရေ နည်းနည်းများတယ်။ နွေတို့လို အငယ်တန်းသတင်းထောက် တွေက တိုက်ကို သတင်း တပတ်ကို အနည်းဆုံး ၄ ပုဒ်ပေးရတယ်။ အဲဒီ ၄ ပုဒ်ထက် ကျော်ရင် စာမူခ ရတယ်။ မထိုက်ကတော့ စီနီယာ ဆိုတော့ တပတ်ကို အနည်းဆုံး ၆ ပုဒ်ပေးပြီး ပိုမှ စာမူခ ရတယ်။
အဲဒီမှာလည်း သတင်းက အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး အဆင့်တွေခွဲထားတော့ စာမူခ မတူဘူး။ အေကတော့ ရခဲပါတယ်။ မျက်နှာဖုံးမှာပါမှ ရတာ တပုဒ်ကို ၂၀၀၀၊ ၃၀၀၀ အစားစားပဲ။ မျက်နှာဖုံးပါတာတောင် .. ပိုအရေးကြီးတဲ့ သတင်းဆို ၃၀၀၀ ရတယ်။ အတွင်းမှာတော့ ဘီ ဆိုရင် ၁၀၀၀၊ ဒါလည်း ရခဲပါတယ်။ နွေတို့ရတဲ့သတင်းတွေက စီတို့ ဒီတို့ပဲ။ ဒီကတော့ ပွဲသတင်းလေ .. ပွဲတက်ပြီးရေးတဲ့သတင်း တပုဒ်မှ ၃၀၀ ပဲရတာ။ စီက ၆၀၀ ရတယ်။ သူကတော့ ဈေးကွက် သတင်းလေး ဘာလေးပေါ့။
“နွေ ..နင်ကော လိုက်မှာလား”
မြင့်မိုအမေးကို ခေါင်းယမ်းပြလိုက်တယ်။
“လိုက်လို့ မဖြစ်သေးဘူး .. ငါ ကလေး ဆရာဝန်ကြီးနဲ့ ချိန်းထားသေးတယ်။ လမ်းစရိတ်ချေးမလို့ မအိကို စောင့်နေတာ။ ဘယ်သွားလဲ မသိဘူးဟာ”
“ဒါဆို လက်ဖက်ရည်ဆိုင်သာ လိုက်သွားတော့ .. ဟိုမှာ ဘိုးတော်က အထဲဝင်လိုက် အပြင်ထွက် လိုက်နဲ့ ငါတို့ကို မကျေနပ်ကြောင်း ပြနေပြီ .. လစ်စို့ ..”
မထိုက်ပြောတာလည်း ဟုတ်တယ်။ နွေတို့က ဘိုးတော်လို့ ခေါ်တဲ့ အယ်ဒီတာချုပ်လည်းဖြစ် တိုက်ပိုင်လည်းဖြစ်တဲ့ ဆရာက နွေတို့ရှေ့မှာ ကောင်းကောင်းလမ်းသလားပြနေပြီ .. ခဏနေလို့ သူ့မျက်စိရှေ့က ထွက်မသွားရင် အော်တော့မှာ သေချာတယ်။
နွေတို့ သုံးယောက်သား အစတော့ ခပ်ကုပ်ကုပ်နဲ့ အခန်းပြင် ထွက်လိုက်တယ် .. လှေခါး ၄၊ ၅ ထစ် ဆင်းပြီးတဲ့ အချိန်မှာတော့ ကလေးတွေလို အော်ဟစ်ပြီး ရယ်မောနောက်ပြောင်နိုင်ကြပြီ။ မြင့်မိုတောင် ခုဏက စိတ်ညစ်နေပါလားလို့ မထင်ရအောင် နွေ့ခါးကိုလိုက်တို့ပြီး စနေတယ်။ မအိလည်း လှေခါးက တက်လာပြီ .. မအိနဲ့ နွေတို့ ၃ ထပ်မြောက်မှာ ဆုံတော့ နွေတို့က ပိုက်ဆံချေး .. မအိက ပွစိပွစိ ပြောချင်ယောင်ဆောင်ပြီး နွေတို့ချေးတဲ့ လမ်းစရိတ် ထုတ်ပေးတယ်။
“ပိုက်ဆံချေးရုံနဲ့ မရဘူးနော် မအိ .. ညနေ လက်ဖက်ရည်တိုက်ဦး”
ဒီလောက် ပူပင်စရာရှိနေတာတောင် နောက်နိုင်သေးတဲ့ မြင့်မိုကို နွေ သိပ်အားကျတာပဲ .. ။
* * *
“ဘုန်း”
ပုခုံးသိုင်းအိတ်ကို စားပွဲပေါ် ရုတ်တရက်ပစ်ချလိုက်တဲ့ မထိုက်ကြောင့် နွေတို့အားလုံး လန့်သွားတယ်။
“တောက် .. မုန်းဖို့ကောင်းလိုက်တာဟာ .. ငါ အဲဒီလူကြီးကို အသေသတ်ချင်တယ် သိလား”
“ဘယ်သူလဲ .. ဘာဖြစ်တာလဲ မထိုက်ရဲ့ .. မထိတ်သာ မလန့်သာဟာ .. နင့်ကို ဘယ်သူက ဘာလုပ်လိုက်လို့လဲ”
မြင့်မိုမေးခွန်းမဆုံးခင်မှာ မထိုက် ချုံးပွဲချပြီး ငိုတော့တာပဲ ..။ နွေတို့ အားလုံးလည်း လန့်သွား ကြတယ်။
“… ဌာနက ညွှန်မှူးဆိုတဲ့ လူကြီးပေါ့ .. ငါ့ကို အင်တာဗျူးပေးမယ် ဆိုလို့ သွားတာ .. ငါ့ကို .. ငါ့ကို .. တောက် .. မိုက်ရိုင်းတယ်ဟာ”
“ဘာ မထိုက် .. နင်ကပါးဆွဲမတီးလိုက်ဘူးလား .. နင်က သူလုပ်သမျှ ခံလာတာလားဟ”
“သူက ဘာမှ လုပ်တဲ့ဆီတော့ မရောက်ပါဘူး .. ဒါပေမယ့် ငါ့ကို သူ့အရွယ်ကြီးနဲ့ .. ညီမလေးက သိပ်လှတာပဲ .. ဘာလို့ သတင်းထောက်လုပ်တာလဲ .. အစ်ကိုကြီးဆီမှာ အတွင်းရေးမှူး လုပ်မလား .. တိုက်ခန်းတခန်း ငှားပေးထားမယ် .. ဟန်းဖုန်းလည်း ပေးထားမယ် ဆိုပြီး ရုပ်ကလည်း ပြီတီတီနဲ့ .. မဟန်ဘူးဆိုတာသိတာနဲ့ ငါလည်း .. ထပြန်မယ် လုပ်ရော .. ငါ့လက်ကို အတင်းဆွဲထားတာလေ .. ငါက ဆရာနဲ့ ပြန်တိုင်မယ် .. အော်လိုက်မယ် ဆိုမှ လွှတ်ပေးတာ”
“တောက် .. ဒါ အချောင်ရမလားလို့ လုပ်ကြည့်တာဟာ။ အဲဒီလူကြီးငါသိတယ် .. ကြောင်သူတော် ကြီး”
မထိုက်ပြောသမျှ .. မြင့်မိုပြောသမျှကို နွေ ပါးစပ်အဟောင်းသားနဲ့ပဲ နားထောင်နေမိတယ်။ သူတို့ ပြောတာတွေ ကြားရတာ ရင်တုန်လိုက်တာ။ မထိုက် သနားပါတယ်။ အင်းလေ နွေတို့အားလုံးက ရုပ်ကလေးတွေ သနားကမားပေမယ့် အဝတ်အစားလေးတွေက စုတ်တိ စုတ်ပြတ်လေးတွေ ဆိုတော့ လူအထင်သေးတာပေါ့။ ငွေရရင် ဘာမဆို လုပ်မယ့်သူတွေ လို့လည်း ထင်လားမသိဘူး။ နွေ့ရင်ထဲက အဲဒီညွှန်မှူးဆိုတဲ့သူကြီးကို အော့နှလုံး နာလိုက်တာ။
“ငါတို့ ပုံစံတွေကိုကလည်း စုတ်ပြတ်ပါတယ်ဟာ။ လူအထင်သေးမယ်ဆိုလည်း သေးလောက် တယ်။ အဝတ်အစားလည်း တလနေလို့ တထည် ဝယ်မဝတ်နိုင်တဲ့ဘဝ။ မထိုက်ရာ နောက်တခါ အဲဒီ နေရာမျိုးသွားရင် တယောက်တည်း ဘယ်တော့မှ မသွားပါနဲ့ အန္တရာယ်များတယ် သိလား”
မြင့်မိုရဲ့ စေတနာစကားကို မထိုက်မျက်စောင်းက တားဆီးလိုက်သလိုပဲ။ ဟုတ်တာပေါ့ .. နွေတို့ကို တိုက်က မှာထားပြီးသား .. သတင်းလိုက်ရင် ဘယ်တော့မှ ၂ ယောက်မသွားပါနဲ့တဲ့။ သွားရင် လိုက်သွားတဲ့သူကို အလုပ်ထုတ်မယ်တဲ့။ နွေ့ကိုတောင် မအိက မတတ်သေးလို့ နားလည်မှုနဲ့ လိုက်ပေးနေတာ။ နွေကျွမ်းကျင်သွားရင် မအိ လိုက်တော့မှာ မဟုတ်ဘူး။
နွေတို့ ဘဝတွေက ဒီလောက်တောင်ပဲ ဆိုးရွားလား ..
အဲဒီအချိန်မှာ အောင်ထူးတယောက် ချွေးသံ တရွှဲရွှဲနဲ့ ပြန်ရောက်လာတယ် .. ပြီးတော့ နွေ့ဘေးမှာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တယ်။
“ဘာလဲ သတင်းမရဘူးလား” ဆိုတဲ့ မြင့်မိုရဲ့ အမေးကို အောင်ထူးက ခေါင်းပဲယမ်းပြနိုင်တယ်။
“စိတ်ကုန်တယ် နှာဗူးတွေ” ဆိုပြီး စားပွဲကို ဒုန်းကနဲ ထုတယ်။
အောင်ထူး သတင်းသွားယူတဲ့ ဌာနဆိုင်ရာက အရာရှိက အောင်ထူးကို သတင်းမပေးဘဲ တခြားတိုက်က အလုပ်သင် သတင်းထောက်မ ပေါက်စလေးကို သတင်းပေးလိုက်တာလေ။ အဲဒါကို အောင်ထူးက ခံပြင်းနေတာ။
“တောက် .. အဲဒီအချိန်မှာ ငါ့ရဲ့ ယောက်ျားဖြစ်ရတဲ့ ဘဝကို စိတ်အနာဆုံးပဲဟာ”
အောင်ထူးရဲ့စကားက ငိုအားထက် ရယ်အားသန် ..
ဒီနေ့ နွေတို့အားလုံး ရုံးမှာ ဖင်မြဲနေကြတာ အကြောင်းရှိတယ်။ မဟုတ်လို့ကတော့ ဒီအချိန် သတင်းရေးရင်တောင် မြစံပယ်မှာ ထိုင်ရေးကြမှာ ..။ ဒီနေ့က ဂျာနယ် ထွက်ရက် ဆိုတော့ စာမူခ ရမှာလေ။ စာမူခ ထုတ်ပေးပြီးမှ လက်ဖက်ရည်ဆိုင်သွားကြဖို့ အားလုံး သဘောတူ ထားကြတာ။ နွေကတော့ ရတဲ့စာမူခလေးထဲက ကိုကိုကြိုက်တတ်တာလေး တခုခု ဝယ်သွားဖို့ စဉ်းစားနေတယ်။
လက်ဖက်ရည်ကို နွေကြိုက်ပေမယ့် တခွက် ၂၅၀ ကတော့ မဖြုန်းရက်တာ အမှန်ပဲ။ သူများတိုက် တာ ဆိုရင်လည်း တခါတလေပဲ ကောင်းတာလေ။ ကိုယ့်အလှည့်ကျလည်း ပြန်တိုက်မှ ကောင်းမှာ ပေါ့။ ဒီတော့ နွေက မြင့်မိုတို့နဲ့ လက်ဖက်ရည်ဆိုင် လိုက်ထိုင်လည်း ရေနွေးပဲ တခွက်ပြီး တခွက် သောက်နေလိုက်တာပဲ .. မရှက်ပါဘူး။
ဒီတပတ်တော့ မထိုက်သတင်း ကာဗာမှာ ပါတာဆိုတော့ သူက တိုက်မှာပါ ..။ အဲဒီအချိန်မှာ ဧည့်ကြိုကောင်တာက စုမြတ်က “မထိုက်ရေ ဖုန်း” တဲ့ .. မထိုက် အသည်းအသန် ပြေးသွားတယ်။ ပြေးမှာပေါ့ .. ဒီအချိန်လာတဲ့ဖုန်းက သူ့ကိုလေးကလွဲရင် ဘယ်သူဖြစ်ရဦးမှာလဲ ..။
လူကတော့စုံပြီ .. ဝေမာလည်း ပြန်ရောက်လာပြီ .. မျက်နှာကရွှင်နေပုံထောက်တော့ သတင်း ရခဲ့တယ်နဲ့ တူပါရဲ့ ..။
“နွေ .. ငါ .. ဟိုတယောက်နဲ့ ချိန်းထားတယ်သိလား။ စနေနေ့ ညနေ မွန်းဘိတ်ခရီမှာ တွေ့ကြမယ်”
ဝေမာရွှင်နေတာ ဒါကြောင့်ကိုး ..။
“ဘယ်တယောက်လဲဟ”
နွေ့ကို တုံးရန်ကောဆိုတဲ့အကြည့်နဲ့ ဝေမာကြည့်တယ်။ ဝေမာ့မျက်နှာလေးက ကလေး ဆန်ပေမယ့် သိပ်မလှရှာဘူး။ အရပ်ကလေးကလည်းပု .. ကိုယ်လုံးကိုယ်ပေါက်ကလည်း မလှ ဆိုတော့ ခုထိ ရည်းစားမရနိုင်ဘူး။ ဒီကောင်မလေးက သတင်းလိုက်တော်သလောက် .. ဒီဘက်မှကျ တော်တော် လေး မစွန်ဘူး ပြောရမယ်။
“ဟာ နွေကလည်း .. ဟိုနေ့ကပဲ နင့်ကို ငါပြောပြတယ်လေ။ ငါနဲ့ အွန်လိုင်းမှာ သိတာလေ။ မှတ်မိလား .. ခု အပြင်မှာတွေ့ဖို့ ချိန်းထားပြီ .. ဒီတခါတော့ အိုကေမယ် ထင်ပါရဲ့ .. ဟီး”
“ဝေမာကလည်းဟာ .. မမှတ်သေးဘူးလား .. တော်ကြာ နင် ခံစားရဦးမယ်”
“အောင်မာ .. ဟိုအရင်ဟာတွေက အချစ်စစ်အချစ်မှန်မှ မဟုတ်တာ။ ခုကမှ တကယ့်အချစ်စစ် အချစ်မှန် သဘောပေါက်”
ဝေမာတယောက် အွန်လိုင်းချက်တင်ကနေ ရည်းစားတယောက် ရလိုက် .. အပြင်မှ ချိန်းတွေ့တော့ သူ့ကို ဟိုက မကြိုက်ဘဲ .. လန်သွားလိုက် .. သူက မကြိုက်လို့ လန်သွားလိုက်နဲ့ .. ဘယ်နှယောက် မှန်းတောင် မသိတော့ဘူး။ မြင့်မို မကြားလို့ .. ကြားများကြားလို့က ဝေမာတို့ အဆဲခံရဦးမှာ။
မမူယာ အခန်းထဲက ကိုသက်ခိုင်ထွက်လာပြီ .. ပြုံးရွှင်လို့ .. စာမူခရတော့မယ်။
* * *
လမ်းဘေးဈေးတန်းလေးက ဈေးသည်တွေကြားထဲမှာ ကြုံ့ကြုံ့လေးထိုင်ပြီး ငရုပ်သီးမှုန့် ရောင်းနေတဲ့ နွေ့ရှေ့မှာ ပုဆိုးအကွက်ကြဲတထည် လာရပ်တယ် ..။ ဒီပုဆိုးကို နွေ သိတာပေါ့ ..။ နွေကိုယ်တိုင် ရွေးပေးထားတာပဲဟာ ..
“အဖေ”
အဖေက မပြုံးမရယ် နွေ့ကို စိုက်ကြည့်နေတယ်။
“သမီးကြီး .. အလုပ်တခု အဖေလျှောက်ထားပေးတယ် .. နက်ဖြန် အင်တာဗျူး ဝင်ရမယ် .. အဖေလာခေါ်မယ် .. မနက် ၉ နာရီ လမ်းထိပ်ထွက်စောင့်နေ ကြားလား”
“ဘာအလုပ်လဲ အဖေ”
ဒီတော့မှပဲ အဖေ ပြုံးဖော်ရတယ်။
“သမီး သဘောကျမှာပါ။ သမီးဝါသနာပါတဲ့အလုပ်နဲ့ နည်းနည်း နီးစပ်တယ်။ သတင်းထောက် အလုပ်လေ .. အရှေ့ရပ်ဝန်း သတင်းဂျာနယ်မှာ .. အဲဒီက စီအီးအိုက အဖေ့သူငယ်ချင်းလေ .. အဲဒါ အငယ်တန်းသတင်းထောက်လိုတယ် ဆိုလို့ သမီးအတွက် လျှောက်လွှာတင်ပေးခဲ့တယ်။ အင်တာဗျူးကတော့ ကိုယ့်ဘာသာဖြေရမယ်တဲ့ .. ရော့ အဲဒီဂျာနယ် လိုလိုမယ်မယ် အဖေ ယူလာတာ .. ဖတ်ထားလိုက်ပေါ့”
သတင်းထောက် ဆိုပါလား။ နွေတခါမှ မစဉ်းစားဘူးတဲ့အလုပ် ..။ ဖြစ်ပါ့မလား အဖေရယ်လို့ မေးချင်ပေမယ့် နွေမမေးရက်ဘူး။ တော်ကြာ အဖေ စိတ်ညစ်သွားဦးမယ်။ အဖေက နွေ ခုလိုတွေ လုပ်နေရတာကို မကြည့်ရက်လို့ တကူးတက အလုပ်ရှာပြီး လာပြောတာလေ။
ကိုကို့ကို ပြောပြတော့ စိတ်မဝင်စားသလို လုပ်နေတယ်။ ဖေဖေ့ကို မကြည်တာလည်း ပါမှာပေါ့။ ဘာပဲဖြစ်ဖြစ် နွေကတော့ ရှိသမျှထဲက အကောင်းဆုံးဆိုတဲ့ အဝတ်အစားလေးတွေ ထုတ်ထား လိုက်တယ်။ ပြီးတော့ ဖေဖေပေးခဲ့တဲ့ အရှေ့ရပ်ဝန်းဂျာနယ်ကို သေချာဖတ်နေလိုက်တယ်။
သတင်းဆိုတာကို တခါမှ သေချာဖတ်ဖူးတဲ့သူမှမဟုတ်ဘဲ .. ဒါပေမယ့် စာပေနဲ့တော့ နွေက နီးစပ်ပြီးသားပါ။ အဲဒီ ဂျာနယ်တိုက်ရဲ့ အယ်ဒီတာချုပ်နာမည်ကိုလည်း နွေကြားဖူးတာပဲ။ ဖြစ်မယ် ထင်တာပဲ မပြောတတ်ဘူး။
စိတ်စောပြီး နွေက အရင်ရောက်နေပေမယ့် အဖေ့ကိုသိပ်မစောင့်လိုက်ရပါဘူး။ ရန်ကုန်မြို့လယ် ခေါင်က တိုက်ခန်းတခန်း ဆိုပေမယ့် တိုက်ခန်းက အကျယ်ကြီးပဲ။ လူတွေလည်း အများကြီးပဲ .. ဝင်လိုက်ထွက်လိုက်နဲ့ ..။ နွေ့လို သတင်းထောက် အင်တာဗျူးလာဖြေတဲ့သူတွေလည်း အများကြီးပဲ။ လူတွေအများကြီး ခန့်မှာလို့လည်းပြောကြတယ်။ ကောင်မလေး ချောချောလေးတွေ လည်းတွေ့တယ်။ သူတို့ကတော့ ကြော်ငြာမားကက်တင်းလာလျှောက်တာတဲ့။
နွေ့အလှည့် .. အဖေက အားပေးသလို ပြုံးပြတယ်။
“ကိုလွမ်းမောင်မောင်ရဲ့ သမီး ဟုတ်လား”
“ဟုတ်ပါတယ်ရှင့်”
“စာ အတော်ဖတ်လား”
“တော်တော်များများတော့ ဖတ်ပါတယ် .. စာဖတ်လည်း ဝါသနာပါပါတယ်”
“မြသန်းတင့်သိလား .. သူ အခုဘယ်မှာနေလဲ”
သုံးယောက် ဝိုင်းမေးနေတဲ့အထဲက ခပ်ပေစုတ်စုတ်တယောက်က ဖြတ်မေးလိုက်တာ ..။ နွေ့ကိုများ .. အချဉ်မှတ်နေသေးတယ်.. နွေ ပြုံးလိုက်တယ်။
“ဆရာကြီး မြသန်းတင့်က ဆုံးသွားပါပြီရှင့် သူ့ရဲ့ လေရူးသုန်သုန်ကိုတော့ တော်တော်လေး ကြိုက်ပါတယ်”
“ဒီတိုက်က အယ်ဒီတာချုပ်နာမည် ဘယ်လိုခေါ်လဲ”
ဒါကတော့ ခပ်ဝဝ အသားဖြူဖြူနဲ့ လူက မေးတာ။ မျက်နှာတော့ချိုသားပဲ။
“ဦးမျိုးမြင့်မောင်ပါ ..သူ့ရဲ့ အယ်ဒီတာ့အာဘော်တွေ သဘောကျပါတယ်”
ဘယ်ရမလဲ .. ခုဏကမှ ဂျာနယ်တွေလှန်ပြီး အယ်ဒီတာ့အာဘော်တွေချည်း ဖတ်လိုက်တာ။ အသက်အကြီးဆုံး တောက်တောက်ပပ လူကြီးက သဘောကျသွားပုံရတယ်။ ဦးမျိုးမြင့်မောင် ဆိုတာ သူပဲဖြစ်မယ်ထင်တယ်။ သေချာတာပေါ့ ..။
“အင်း သမီးက မဆိုးဘူးပဲ။ တခုတော့ရှိတယ်။ သတင်းထောက်လုပ်ဖို့က လေရူးသုန်သုန် ဖတ်ရုံနဲ့တော့ မဖြစ်ဘူး။ သမီး ဘ ခြောက်လုံးကို သိလား”
“ဟုတ်ကဲ့ သိပါတယ်။ သတင်းရေးတဲ့အခါ အရင်ဆုံးစထွက်ရမယ့် အပိုဒ်မှာ ထည့်သင့်တဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘာ့ကြောင့် ဘယ်လိုဖြစ်တယ် ဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတွေပါ။ အင်္ဂလိပ်မှာတော့ 5 W and H ပါ”
ဘယ်ရမလဲ .. လမ်းမှာ အဖေ လက်ပူတိုက်သင်ပေးထားလို့ သိတာ။ တကယ်ဆို အဲဒါတွေ တလုံးမှ နွေနားလည်တာမဟုတ်ဘူး။
“ဘယ်ဆိုးလို့လဲ။ မင်း သတင်းရေးဖူးလား”
“မရေးဖူးပါဘူးရှင့် .. စာရေးတာတော့ ဝါသနာပါပါတယ်။ သင်ပေးမယ်ဆိုရင်တော့ ဖြစ်အောင် လုပ်မှာပါ”
“ဒါနဲ့ သမီးက အိမ်ထောင်နဲ့ပေါ့ ဟုတ်လား .. အမျိုးသား ဘာလုပ်လဲ”
ဒီမေးခွန်းကို နွေမဖြေချင်ဆုံးပဲ .. နွေညာလည်း မညာချင်ဘူး .. ဒါပေမယ့် ..။
“သူက အိမ်မှာ ဂစ်တာသင်တန်းပေးပါတယ် ဆရာ”
“သြော ဟုတ်ပြီ .. သမီးကို ခန့်ဖြစ်ရင် အကြောင်းကြားမယ် ဟုတ်လား ..။ လစာကတော့ ဝင်ဝင်ချင်း အငယ်တန်းသတင်းထောက်လစာ ၃ သောင်းခွဲ ခံစားခွင့်ရှိမယ်။ တပတ်ကို သတင်း အနည်းဆုံး ၄ ပုဒ်ရေးရမယ်။ အဲဒီထက် ကျော်ရင် စာမူခရမယ်။ ကဲကဲ .. သမီးအဖေကို ဆရာက နှုတ်ဆက်တယ် ပြောလိုက်ဦး ဟုတ်လား”
သမီးဘယ်လိုထင်လဲ ဆိုတဲ့ အဖေ့အမေးကို ဖြေဖို့ စိတ်ထဲက ပိုင်နိုင်နေသလိုပဲ။ ဘာလို့လဲ ဆိုတော့ နွေ အခန်းထဲက ထွက်လာတော့ အထဲက ပြောနေသံ သဲ့သဲ့ ကြားလိုက်ရတယ်။
“မဆိုးဘူးနော် ဆရာ .. သူ့အရင် မေးလိုက်သမျှ .. မြသန်းတင့်လည်းမသိ .. မဟာဆွေလည်းမသိ၊ ဇဝနလည်း မသိနဲ့ ဟားဟား၊ အရှေ့ရပ်ဝန်းမှာ အလုပ်လာလျှောက်ပြီး အယ်ဒီတာချုပ်တောင် မသိဘူး .. တော်တော် ညံ့တဲ့ကလေးတွေ” တဲ့။
(ဆက်ပါဦးမည်)
Friday, October 02, 2009 | Labels: ဝတ္ထုရှည် | 3 Comments
မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၂)
“ဒီနေ့ ဆန်ကုန်သည်ကြီးများအသင်းမှာ အစည်းအဝေးရှိတယ် .. ကျနော်သွားမလို့”
အောင်ထူးက ကွမ်းချေးတွေကြောင့် မည်းနေတဲ့သွားတွေကို လျှာနဲ့ သပ်ရင်းပြောလိုက်တော့ ကိုသက်ခိုင်က “ကဲ နွေကကော ဘာလုပ်မှာလဲ” ဆိုတဲ့ ပုံစံနဲ့ မေးကိုဆတ်ပြတယ်။ အဲဒါမှ ပြဿနာ နွေ ဘာမှ စဉ်းစားလာတာ မရှိဘူး။ နွေက မနက်မိုးလင်းတာနဲ့ ထပြီး တအိမ်လုံးစာ အဝတ်တွေ လျှော်၊ ပြီးတော့ တအိမ်လုံးစာ ထမင်းအိုးတည်ခဲ့ပေးခဲ့ရလို့ ရုံးကိုတောင် မနည်းပြေးလာရတာ။ ဘယ်လိုလုပ် သတင်းကိစ္စစဉ်းစားခဲ့နိုင်မှာလဲ။
နွေထွက်လာတဲ့အချိန်ထိ ကိုအောင်က မထသေးဘူး။ သူ့အတွက်လည်း လက်ဘက်ရည် နဲ့ အီကြာကွေး သွားဝယ်ပေးထား ရသေးတယ်လေ။
“နွေ့မှာ သတင်းမရှိဘူး အစ်ကို” ဆိုတဲ့အသံလေးက ဖျော့တော့နေမှာအမှန်ဘဲ။
“နွေ .. ငါ နင့်ကို မပြောဘူး၊ မပြောဘူးနဲ့ ကြည့်နေတာ။ နင့်ဟာက ဘယ်လိုလဲ။ နောက်လည်း ကျသေးတယ်။ ခု အားလုံး လိုက်မယ့် သတင်းတွေ ပြောပြီးကြပြီ။ နင့်မှာက သတင်းမရှိဘူးတဲ့။ ခုတလောမှာ သွေးလွန်တုပ်ကွေးတွေ အရမ်းဖြစ်နေတယ်၊ အဲဒါ နင် ကလေးဆေးရုံကိုသွား .. ရအောင်လိုက်ခဲ့ ကြားလား”
ကိုသက်ခိုင်က ပြောချင်ရာပြောပြီး နွေတို့နားက ထထွက်သွားတယ်။ သတင်းစည်းဝေးက ပြီးပြီ ..။
“ဒုက္ခပဲ မြင့်မိုရာ .. ဘယ်လိုလုပ် လိုက်လို့ရမှာလဲဟ ..။ အစိုးရဌာနတွေ သတင်းလိုက်ရတာ သိတဲ့ အတိုင်းပဲ .. စာက တင်ရဦးမှာ .. သူတို့ဆီက စာရမှ မေးလို့မြန်းလို့ရမှာဟ”
“မအိ လိုက်ခဲ့မယ်နွေ ..။ ဘာမှမပူနဲ့ .. နွေ့ကို မအိကူမယ်”
တညည်းညည်း တညူညူလုပ်နေတဲ့နွေ့နားကို ဘယ်အချိန်က မအိရောက်နေတယ်မသိဘူး။ မအိက ကိုသက်ခိုင်အောက်က အယ်ဒီတာ။ နွေ့အခက်အခဲကို အမြဲကူညီနေကျ ..။ ခု နွေ လွယ်ထားတဲ့ အိတ်ကလေးက မအိပေးထားတာပဲလေ။ နွေဝတ်ဖို့ ဘောင်းဘီရှည် အပျော့လေး ၂ ထည်လည်း ပေးဖူးတယ်။ အဲဒီဘောင်းဘီရှည် ဝတ်တဲ့နေ့ဆို ကိုကိုက မျက်စောင်းထိုးပြီ။ နွေက အသားမည်းပေမယ့် အရပ်ရှည်ရှည်၊ သွယ်သွယ်နဲ့ ကြည့်ကောင်းနေတာဆိုတော့ ကိုကိုကမနာလိုဘူးတဲ့။
“ကျေးဇူးပဲ မအိရယ် ..”
“ဒါပေမယ့် နွေ အလုပ်တော့လုပ်ရမယ်နော်။ မအိကိုပဲ အမြဲ အားကိုးနေလို့မရဘူး။ ခုက နွေ သိပ်မလုပ်တတ်သေးလို့ မအိကူတာ။ ကလေးဆေးရုံကိုသွားပြီး မေးရင် သူတို့က ဘာမှ ဖြေမှာ မဟုတ်ဘူး ဟုတ်တယ်မဟုတ်လား”
“ဟုတ်တယ်လေ မအိရဲ့ .. အဲဒါကြောင့် နွေက ပြောတာ”
“မဟုတ်နဲ့ဦး မအိပြောမယ်။ သူတို့က ဘာမှ မဖြေဘူး .. ဒါပေမယ့်၊ တို့လုပ်ရမှာက ကလေးဆေးရုံ မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သွားကြည့်မယ်။ အဲဒီဝင်းထဲက စားသောက်ဆိုင်မှာ စုံစမ်းမယ်။ သွေးလွန်တုပ်ကွေးနဲ့ သေကြတဲ့ ကလေးတွေ၊ ပြန်ကောင်းပြီး ဆေးရုံက ဆင်းသွားရတဲ့ ကလေး မိဘတွေနဲ့ တွေ့မယ် .. ရသလောက်စကားပြောကြည့်မယ်။ အပြင်ဆေးခန်းပဲ ထိုင်တဲ့ ကလေး ဆရာဝန် တယောက်ယောက်နဲ့ တွေ့တာပေါ့။ နွေ့အမေရဲ့ သူငယ်ချင်းထဲမှာ ပြောနိုင်တဲ့ ဆရာဝန် မရှိဘူးလား”
“ဟာ ဟုတ်တယ် ဟုတ်တယ် မအိ .. နွေ သတိရပြီ။ ရှိတယ်”
“အိုကေ .. ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက် .. မအိ စဉ်းစားတာက .. သွေးဝင်လှူလိုက်မယ်။ ခုအချိန် ကလေးဆေးရုံမှာ သွေးက လှူသလောက်ကို လိုနေတယ်။ မလောက်ဘူးလို့ ကြားတယ်။ ဒါဆို တို့တွေ ဝင်ရတာ လွယ်တာပေါ့ ဟုတ်လား”
နွေ့ကို ပြောစရာရှိတာတွေ ပြောပြီး မအိ သူ့စားပွဲမှာ သူ စာသွားရေးနေတုန်း မြင့်မိုက လှမ်းစ တယ်။
“မအိတို့က ဘက်လိုက်တယ်နော်။ မြင့်မိုကိုကျ တခါမှ မကူဘူး”
မအိက နားလေးနေတယ်ဟေ့ ဆိုတဲ့ ပုံစံနဲ့ မကြားသလို လုပ်ပြတယ်။ မအိစာရေးတာကို နွေ သိပ်အားကျတာ။ လူတွေ ဒီလောက် ဆူညံနေတဲ့ထဲမှာ စာတွေ ဟောတပုဒ် ဟောတပုဒ် ရေးရေးပြီး စာစီသမားဆီ ချချ ပေးနေတာ စက်နဲ့ လှည့်ထုတ်နေတဲ့အတိုင်းပဲ ..။ နွေလည်း အဲလို ရေးချင်လိုက် တာ။ ခုတော့ နွေက သတင်းတပုဒ်တောင် အပေါက်အလမ်းတည့်အောင် မရေးနိုင်ဘူး။ အင်းလေ နွေ ရအောင်လုပ်မှာပေါ့။
နွေ့ဘေးမှာက ဘာမဆို ရယ်စရာပဲတွေးပြီးရယ်နေတတ်တဲ့ မထိုက်နဲ့ မြင့်မိုတို့ တယောက်ကို တယောက် နောက်ပြောင်နေကြတယ်။ သူတို့မှာ အပူအပင်မရှိသလိုနဲ့ .. အဲဒီတဒင်္ဂလေးမှာ နွေ အရာအားလုံးကို မေ့နေတာ။ ကိုကို့ ကိုကောပေါ့ ..။ ဒါပေမယ့် အလိုက်မသိတဲ့ မြင့်မိုလေ ..။
“ဟဲ့ နွေ .. ဘယ်လိုလဲ နင့်ကိုအောင်ကြီး။ မနေ့က ဟင်းကောင်းကောင်း ဝယ်ကျွေးလိုက်လား”
သူကတော့ မေးချင်ရာမေးပြီး ပြန်အဖြေတောင်မစောင့်ဘဲ မထိုက်နဲ့ တွတ်ထိုးနေတာ။
နွေ့မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝေ့တက်လာလို့ မျက်တောင်ပုတ်ခပ်ပြီး သိမ်းလိုက်ရတယ်။ တကယ်တော့ အဲဒီလို သိမ်းဆည်းလိုက်ရပေါင်း များလှပါပြီလေ ..။ မနေ့က နွေအငတ်ခံ ဝယ်လာပေးတဲ့ ဘောင်းဘီကို မကြိုက်ဘူး ဆိုပြီး တချက်တောင်လှည့်မကြည့်ဘဲ .. သူ့ဘာသာ ဂစ်တာထိုင်တီးနေတာ ..။ နွေ့မှာတော့ အဲဒီဘောင်းဘီလေးကို ရင်ခွင်ထဲမှာထည့်ပြီး .. ငိုရင်း အိပ်ပျော်သွားခဲ့တာလေ။ ဒါတွေသူ ဘာမှမသိဘူး။ သူ့ဘာသာ ဂစ်တာတီး သီချင်းဆိုလို့ အားရ တော့ ဘယ်အချိန်က နွေ့ဘေးနား ဝင်အိပ်လိုက်တယ်တောင် မသိဘူး။
“ဟဲ့ နွေ .. ဟိုမှာ မသီတာ ခေါ်နေပြီ .. ခရီးစရိတ်လာထုတ်တော့တဲ့”
အောင်ထူးအသံကြားတော့မှ နွေ့အတွေးတွေ ပြတ်သွားတယ်။ ဟုတ်သားပဲ .. ခရီးစရိတ် ထုတ် ဆိုမှ .. အရင်တပတ်က ခရီးစရိတ် စာရင်းတင်ဖို့ သတိရတယ်။ မြင့်မိုလည်းနွေ့ဘေးမှာ ခရီးစရိတ် တင်ဖို့ စာရင်းချတွက်နေပြီ။
“ပြီးခဲ့တဲ့ အင်္ဂါနေ့က ငါဘယ်တွေသွားလဲဟင် နွေ ..”
“နင် ဘယ်သွားရမှာလဲ .. မြစပယ်မှာ ထိုင်လေပန်းနေတာ မဟုတ်လား၊ ကြံကြံဖန်ဖန် .. ကိုယ့်ဘာသာ ဘယ်သွားလို့သွားမှန်းမမှတ်မိတာကို သူများကို မေးရတယ်လို့ .. ဘယ်သူက နင့်နောက် လိုက်ကြည့်နေနိုင်မှာလဲ။ ဖြည့်လိုက် စိတ်ကူးတည့်ရာသွား လို့”
မြင့်မိုက နွေ့ကိုမေးတာကို မထိုက်က ကြားက ဝင်ဖြေတာ။ အဲလိုပဲ သူတို့နှစ်ယောက်က ပေါက်ကရတွေပြောပြီး ပျော်ရွှင်နေကြပဲ။ နွေသာ ..။
“ဒီနေ့ စက်မှုဇုံသွားရမယ်တဲ့ စိတ်ညစ်ပါတယ်နော်။ နေကပူ .. ဘတ်စ်ကားက မရောက်၊ ဆိုက်ကားခကျ ရုံးကထုတ်မပေးနဲ့”
ပွစိပွစိပြောရင်း ဝေမာ အနားရောက်လာတယ်။
“ဟယ် .. ဝေမာ .. နင်က မင်္ဂလာဈေးသွားပြီး .. စက်မှုဇုန်တန်းသွားပြီဆို”
မထိုက်က မေးလိုက်တာကို ဝေမာ ချက်ချင်းမဖြေသေးဘဲ မဲ့ရွဲ့ပြီး ယပ်တောင် တဖျပ်ဖျပ်ခတ် နေတယ်။ ချွေးတွေလည်း ရွှဲလို့ ..။
“အင်တာဗျူးအတွက် ဖုန်းတခုချိန်းထားတာ မေ့သွားလို့ မထိုက်ရေ ..။ လမ်းထိပ်တောင် ရောက်နေပြီ .. ပြန်လှည့်လာရတာ။ လမ်းဘေးဖုန်းနဲ့ဆက်ရင် .. သိတယ်မဟုတ်လား .. ၁၀၀၊ ၁၅၀ အနည်းဆုံးထွက်မယ်၊ ဖုန်းခက ရုံးကထုတ်ပေးရိုးထုံးစံမရှိ .. ဒီတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ မိဝေမာခံပေါ့ .. ဓာတ်လှေခါးမရှိသော ၇ ထပ်က ရုံးခန်းကို ပြန်လာ .. ဖုန်းဆက် ..”
သူတို့ကိုကြည့်ရင်းနွေ မောလည်းမော .. ပျော်လည်းပျော် ..။ ဝေမာက အဲလိုပဲ .. အမြဲသွက်လက်၊ ဖျတ်လတ် နေတာ..။ မကျေနပ်ရင် မကျေနပ်တာကို ပါးစပ်က ဖွင့်ပြောလိုက်ရမှ .. သူ့ကို ကြည့်လိုက်ရင် အမြဲ လှုပ်ရှားနေတာပဲ .. ထိုင်နေတာကို မတွေ့ရဘူး။ လူက ပုပု သေးသေးလေး .. ကလေးလေးလိုပဲ .. ဒါပေမယ့် နွေတို့ မြင့်မိုတို့နဲ့ ရွယ်တူပဲ ..။ သတင်းရေးအားက ဘာကောင်း သလဲ မမေးနဲ့ .. သူ့ကိုဆို ဘိုးတော်က သိပ်ချစ်တာ .. တပတ် တပတ်ကို အနည်းဆုံး အပုဒ် ၂၀ လောက်ရေးတာ ..။ ဘိုင်ကတော့ အမြဲပြတ်။ သူ့ကိုကြည့်လိုက်ရင် ပိုက်ဆံ မရှိတာချည်းပဲ။
သူချည်းပဲ ပိုက်ဆံမရှိတာတော့ မဟုတ်ပါဘူးလေ။ ပြောရရင် နွေတို့ အငယ်တန်း သတင်းထောက် တွေ အားလုံး ဘိုင်ပြတ်နေကြတာချည်းပဲ။ လကုန်တဲ့နေ့မှာပဲ ပိုက်ဆံက ကုန်ပြီ .. ကျန်တဲ့ ရက်တွေကတော့ ပိန်လိန်ပြီး လှည့်ပတ် ရှာဖွေစားသောက်နေရတာ။
တကယ်တော့ အားလုံးက သတင်းအလုပ်ကို နားလည်လို့၊ ဝါသနာ ပါလွန်းလို့ ဒီအလုပ်ကို ဝင်လုပ်ကြတာမှမဟုတ်တာ။ အလုပ်တခုအနေနဲ့ ဝင်လုပ်ကြရင်း မနည်း နားလည်အောင် လုပ်နေကြရတာ။ နွေဆိုရင်ပဲ ကြည့်လေ .. ကဗျာတိုကဗျာစလေး ရေးတတ်တာနဲ့ ကိုယ့်ကိုယ် ကိုယ် သတင်းထောက်လုပ်လို့ရမယ် ထင်နေတာ။ တကယ်တော့ ဘာမှ မဆိုင်ဘဲ .. နွေကတော့ ကဗျာလည်း စာပဲ .. သတင်းလည်း စာပဲ .. ရေးလို့ ရမှာပဲလို့ ထင်တာလေ။ ခုမှ မဟုတ်မှန်း သိတာ။
“နွေရေ .. ၂ နာရီလောက်ကျ လစ်မယ်ဟေ့ နော်။ အဆင်သင့်ပြင်ထား။ မအိ သူငယ်ချင်းလာလို့ အောက်ခဏဆင်းဦးမယ်။ မအိ ခု လပ်ကီးမှာရှိမယ် သိလား”
နွေ့အတွေးတွေကို မအိအသံက ဖြတ်တောက်လိုက်တယ်။ ပြောပြောဆိုဆို ထွက်သွားတဲ့ မအိကို ကြည့်ရင်း နွေဗိုက်ဆာလာတယ်။ နွေ့ထမင်းဗူးလေးထဲမှာ ငနီတူ ခြောက်သေးသေးလေးတွေကို ငရုပ်သီးနဲ့ စပ်စပ်ကြော်ထားတဲ့ ဟင်းတခွက်ပဲပါတယ်။ ထမင်းကတော့ သိပ်ထည့်ခဲ့တယ်။ မထိုက်တို့ မြင့်မိုတို့နဲ့ တူတူစားရင် စားလို့ကောင်းမှာပါ။ သူတို့လည်း နွေနဲ့ သိပ်တော့မကွာလှဘူး။ မထိုက်က မျှစ်ကြော်၊ မြင့်မိုက ခရမ်းချဉ်သီး ငပိချက် ..။
ဒီနေ့ ဘိုးတော် စည်းဝေးတခု သွားတက်လို့ နည်းနည်းလွတ်လပ်ရေး ရနေကြတာ။ တကယ်ဆို ဘိုးတော်ရှိတဲ့နေ့ ရုံးမှာ ဒီအချိန်ထိ မနေရဲဘူး။ ဆူခံထိပြီ ..။ သတင်းထောက်လုပ်ပြီး ဘာကိစ္စ ရုံးမှာထိုင်နေရတာလဲ ဆိုပြီး မျက်ထောင့်နီကြီးနဲ့ ကြည့်တာခံရပြီ။ ကိုသက်ခိုင်တို့ လောက်ကတော့ ကြောက်ချင်ယောင်လေး နည်းနည်း ဆောင်ပြလိုက်ပြီးပြီ ..။ တကယ် မကြောက်ပေါင်။
* * *
ပျော့ပြောင်းနူးညံ့တဲ့ ကိုကို့ရဲ့ ဆံပင်ရှည်ရှည်တွေကို တို့ထိ ဆော့ကစားရတာကို နွေ့အတွက် ရင်ခုန်ယစ်မူးစရာ ..။
တကယ်တော့ အဲလို ကိုကိုနဲ့ နှစ်ယောက်တည်း ကြည်ကြည်နူးနူး နေကြဖို့ .. နွေ့ဘက်က ပေးဆပ်လိုက်ရတာတွေ အများကြီးလေ။ ဒါပေမယ့် တန်ရဲ့လား။ ဟင့်အင်း ..
နွေ မသိချင်ဘူး။ နွေ့စိတ်တွေက အမြဲတမ်းပြတ်သားခဲ့တာမှ မဟုတ်ဘဲ။ တခုခုကို လိုချင်ရင် တခုခု အမြဲပေးဆပ်ရမယ်တဲ့ .. အဖေ အမြဲပြောနေကျ စကားလေ။ နွေ .. မိသားစုကို ဆုံးရှုံး လိုက်ရတယ် .. နွေးထွေးချစ်ခင်တဲ့ နွေ့ပတ်ဝန်းကျင် အစား နွေရလိုက်တာက ပူလောင် ဆူညံတဲ့ ပတ်ဝန်းကျင်တခု ..၊ စိတ်ကူးယဉ် ရေယာဉ်ကျောမှာ မျောချင်တိုင်းမျောခွင့်ရတဲ့ ဘဝကနေ ရုတ်တရက် လက်တွေ့ကျတဲ့ မနက်စာ ညစာ မှန်မှန်စားရဖို့ဆိုတဲ့ စကားလုံးအသစ်တွေ။
ကိုကို့ဆံပင်ပျော့ပျော့လေးတွေကို တို့ထိဆော့ကစားရင်း ကိုကိုတီးတဲ့ ဂစ်တာသံနဲ့ ကိုကို့အသံ သြသြ ချိုချိုလေး နားထောင်ရရင် နွေ့ဘဝ ပြီးပြည်စုံပြီလို့ ထင်ခဲ့သမျှ .. ကိုကို့အိမ်လိုက်နေတဲ့ နှစ်ရက်မြောက်နေ့မှာ .. အားလုံးပြိုကွဲပျက်စီးသွားခဲ့တယ်။
နွေ့ရဲ့ မနာလိုမှုတွေ မဟုတ်ဘူး ကိုကို .. နွေ့ရဲ့ အချစ်တွေပါ။
“ကိုကို စားသောက်ဆိုင်မှာ ဂစ်တာတီးတဲ့အလုပ် မလုပ်နဲ့တော့ကွာ .. ကောင်မလေးတွေနဲ့ လုံးလားထွေးလားနေတာ နွေမကြိုက်ဘူး ဒါပဲ”
“ဒါဆို ဘယ်လိုလုပ်မလဲ နွေရဲ့ .. အိမ်အတွက် ဒီအလုပ်ကလေးပဲ ရှိတာလေ။ ကိုကိုမှ အလုပ်မလုပ်ရင် တအိမ်လုံး ငတ်ကုန်မှာပေါ့၊ ပြီးတော့ ကိုကိုက ဂစ်တာတီးတာအပြင် ဘာမှ လုပ်တတ်တဲ့ကောင်မဟုတ်ဘူး .. လုပ်တတ်လည်း လုပ်မှာမဟုတ်ဘူးနော် နွေ”
“နွေသိပါတယ်ကွာ .. ဘာမှ မပူနဲ့ .. နွေ ဖန်တီးပါ့မယ်”
နွေ ဖန်တီးပါ့မယ် ဆိုတဲ့ စကားက နွေ့ဘဝရဲ့ ပထမဆုံးအကြိမ် ပြောဖြစ်ခဲ့တဲ့ စကားလေ .. ဒါပေမယ့် အဲဒီစကားကို အမြဲတမ်း ပြောနေရလိမ့်မယ်လို့ နွေ အဲဒီတုန်းက ဘယ်သိပါ့မလဲကွယ် …။
အမေ ဆင်ပေးခဲ့တဲ့ ငါးမူးသားဆွဲကြိုးကလေးက ကိုကိုတို့မိသားစုကြီးအတွက် နှစ်ပတ်တောင် မခံပါဘူး .. တကယ်ဆို တပတ်ပဲခံတယ်လို့ ပြောရမှာ .. ဘာလို့ဆိုတော့ ကိုကို့အစ်မက အဲဒီဆွဲကြိုးလေး ရောင်းရတဲ့ ပိုက်ဆံထဲက တော်တော်များများကို နှလုံးထီ သွားကစားလိုက် တာလေ။ ငတုံးမမိနွေက ဘယ်သိပါ့မလဲ။ စီးပွားရေးလုပ်မယ် ဆိုလို့ ထုတ်ပေးလိုက်တာ။
ကိုကိုတို့မောင်နှမ ဖြစ်ကြတဲ့ ပြဿနာထဲမှာ နွေက မြေဇာပင်ပေါ့။ နောက်ဆုံးတော့ သူ့မောင်က နွေ့ကိုယူလို့ ဒီလိုပြဿနာတွေဖြစ်ရတာ ဆိုပြီး မဆိုင်တဲ့ကိစ္စဆွဲထည့်၊ နွေ့ကိုဆူဆောင့်နဲ့ .. အဲဒီညက ကိုကိုက စိတ်ညစ်လို့ဆိုပြီး .. အရက်ဆိုင်ထွက်သွားလိုက်တာ .. ည ၁၂ နာရီကျော်မှ ပြန်လာတယ်။ နွေ့မှာတော့ ယောင်းမရဲ့ ဆူတဲ့ဆဲတဲ့ ဒဏ်ကိုခံစားရင်း ကိုကို့ကိုမျှော်ရင်း .. မျက်ရည်ကိုပဲ အဖော်ပြုလို့ပေါ့။
ကိုကိုတို့ မိသားစုထဲမှာ နွေနားမလည်နိုင်ဆုံးက တယောက်နဲ့တယောက် ဆူပူ အော်ဟစ် ရန်ဖြစ်ကြတာ ..။ ရောက်စက နွေ့အတွက် အားလုံးအဆန်းချည်းပဲ။ မနက် မိုးလင်းတာနဲ့ အဆဲလေးနဲ့ အိပ်ရာက ထတတ်တဲ့ ကိုကို့အစ်မ လင်မယားကို နွေသိပ်ကြောက်ခဲ့တာ။ ဒါပေမယ့် အဲဒီထဲမှာ ကိုကိုကတော့ အဲလိုမဟုတ်ပါဘူးနော်။ တော်တော်လေး သိမ်မွေ့ပါတယ်။ ဒေါသမထွက်မချင်းပေါ့ ..။
ငယ်ငယ် .. ကလေးဘဝတုန်းက ဈေးသည်လုပ်တမ်းကစားရတာ ပျော်စရာကောင်းသလောက် တကယ့်လက်တွေ့ဘဝမှာ ဈေးသည်လုပ်ရတာ ဘယ်လိုမှ ပျော်စရာ မကောင်းပါလားလို့ သိလိုက်ရတဲ့ အချိန်မှာ နွေ အများကြီး နောက်ကျခဲ့ပြီ။
ညောင်ပင်လေး ဈေးကနေ ပိဿာလုံးဝယ်ထားတဲ့ ငရုပ်သီးမှုန့် မျိုးစုံနဲ့၊ နနွင်းမှုန့် ထုတ်တွေကို ကိုယ်တိုင်အလေးခံသယ် .. အထုတ်ကလေးတွေ ထုတ်ပြီး ရပ်ကွက်ဈေးလေးမှာ ဗန်းခင်းရောင်း နေတဲ့ နွေ့ကို အမေသာမြင်ရင် ရင်ကျိုးမယ်ထင်ပါရဲ့။
လက်တညောင်းသယ်ပြီး ဘတ်စ်ကားတိုးစီးလာရတဲ့ နွေ့ကို ကားဂိတ်တောင်လာကြိုဖော် မရတဲ့ ကိုကိုကတော့ ဂစ်တာတီးတောင် မပျက်ဘူးလေ။ ကားဂိတ်ကနေအိမ်ကို ပစ္စည်းအလေးကြီးတွေ သယ်လာရပါလားဆိုတဲ့စိတ်နဲ့တောင် ကြိုဖော်မရတဲ့ ကိုကို့ကို ချစ်တဲ့စိတ်တခုတည်းနဲ့ .. သူက ဒီလိုပဲ နေတတ်လို့ပါလေ ဆိုပြီး နွေ ခွင့်လွှတ်နိုင်ခဲ့တယ်။
နွေ့အကြောင်းကို သူငယ်ချင်းတွေကတဆင့် အမေတို့သိပြီး .. နွေ့ဆီ အမေလိုက်လာတဲ့ နေ့ကို နွေ အမုန်းဆုံးပဲ .. အဲဒီနေ့က .. ဆိုင်နဲ့တောင် မဟုတ်ဘဲ လမ်းဘေးမှာ ဈေးဗန်းလေးချပြီး ရောင်းနေတဲ့ နွေ့ပုံစံကို ကြည့်ရင်း စိတ်ခိုင်တဲ့အမေ မျက်ရည်ဝဲနေတာ နွေမြင်ဖြစ်အောင် မြင်လိုက် သေးတယ်။
“သမီး အမေနဲ့ အိမ်ပြန်လိုက်ခဲ့ပါ .. ညည်းအဖေကလည်း သမီးကို ခွင့်လွှတ်တယ် .. ဟုတ်လား .. လိုက်ခဲ့နော်”
“ဟင့်အင်းအမေ သမီးမလိုက်ဘူး။ သမီးနေတတ်ပါတယ် ..”
အမေ့လိုပဲ ခေါင်းမာတဲ့ သမီးနွေ့ကို အမေက စိတ်မကောင်းဖြစ်ဖြစ်နဲ့ ကြည့်ရုံကလွဲလို့ စိတ်မဆိုး ရှာဘူး။ နွေ့ကိုအမေက အဲဒီနေ့က အဝတ်အစားတွေ ဝယ်ပေးခဲ့ပြီး .. သမီးစားချင်ရာ ဝယ်စားဖို့တဲ့ ပိုက်ဆံ တသောင်းပေးခဲ့တယ် .. အဲဒီပိုက်ဆံတွေကို နွေတယောက်တည်း ဘယ်မျိုကျ လိမ့်မလဲ .. ကိုကိုတို့ အိမ်အတွက် လိုနေတဲ့ ဆန်တွေဆီတွေ ဖြည့်လိုက်တာနဲ့ပဲ ကုန်တာပါပဲ။
အဆိုးဆုံးကနွေ့ဘွားဘွား .. အမေ့မေမေပေါ့။ နွေက မြေးဦးဆိုတော့ အရမ်းချစ် အရမ်းကို အလိုလိုက်ခဲ့တာ .. ။ နွေ့အတွက်ဆို ဘာမဆို အကုန်ဖြစ်စေရမယ် ဆိုတဲ့ဘွားဘွား .. နွေ့သတင်းလည်း ကြားရော .. အိပ်ရာပေါ်လဲပါလေရော .. ။ အမေ့ကိုလည်း ဆူလိုက်တာ မပြောပါနဲ့တော့ .. အဲဒါကြောင့် အမေ နွေ့ဆီ လိုက်လာတာ .. မဟုတ်လို့က ဘယ်လောက်ထိ ပစ်ထားလိုက်မလဲမသိဘူး။
နွေတို့ မိသားစုကို ကိုကိုက စိတ်နာတယ်တဲ့ …
အမေက “လိုတာရှိရင် အိမ်ကို သမီးအချိန်မရွေးလာခဲ့ .. ဒါပေမယ့် တယောက်တည်းလာနော် .. အမေ သမီးယောက်ျားမျက်နှာ မမြင်ချင်ဘူး” လို့ ပြောခဲ့တာကိုး .. အဲဒီစကားကို နွေက ကိုကို စိတ်မကောင်းမှာစိုးလို့ ပြန်မပြောခဲ့ပေမယ့် ကိုကိုက သူ့ကို အမေတို့ မလိုလားဘူးဆိုတာ ရိပ်မိပါတယ်။
နွေတို့နေတဲ့ အိမ်ထဲ အမေ မဝင်ဘူးလေ။ နွေ့ပုံစံကလည်း အမေ မျက်ရည်ဝိုင်းလောက်အောင် စုတ်ပြတ် နွမ်းဖတ်နေပြီ။ အမေဆင်ပေးထားသမျှ .. ဆွဲကြိုးနဲ့ လက်ကောက်လည်း နွေ့မှာ မရှိတော့သလို .. အမေတို့ ဆင်ပေးလိုက်တဲ့ အဝတ်အစားတွေကလည်း နွေ့ကိုယ်ပေါ်မှာ အရောင် မပေါ်တော့တဲ့ အနေအထားဖြစ်နေပြီ ..။
အမေသိတာ .. နွေ .. လမ်းဘေးပျံကျညနေပိုင်း ဈေးသည် ဆိုတာလောက်ပဲရှိသေးတယ်။ တကယ်က နွေ မနက်ပိုင်းဘာတွေ လုပ်ရတယ်ဆိုတာသာသိရင် အမေ ရင်ကျိုးရုံမကဘူး နေရာမှာတင် ပုံလဲသွားလောက်တယ်။ ကိုကို့အမေနဲ့ အစ်မလုပ်တဲ့ အလုပ်ကို ကူလုပ်ရတာပေါ့။ တခြားမဟုတ်ပါဘူး .. ရပ်ကွက်ထဲက အဝတ်တွေ ယူပြီး ရပ်ကွက်ရေတွင်းမှာ လျှော်ရတဲ့ အလုပ်ပါ။ နွေ့တသက် တခါမှ မစဉ်းစားဘူးတဲ့အလုပ်ပေါ့။
နွေ အိမ်မှာနေတုန်းက အမေက စာကျက်ပျက်မှာစိုးလို့ဆိုပြီး အဝတ်အစားတွေကို ကိုယ်တိုင် တောင် ပေးမလျှော်ဘူး .. ရပ်ကွက်ထဲက အဒေါ်ကြီးတယောက်ကို ပိုက်ဆံပေးပြီး လျှော်ခိုင်းခဲ့တာ .. ခု နွေက သူများအဝတ်တွေကို ယူလျှော်နေတယ်။
ကိုကိုလား .. ကိုကိုကတော့ နွေ့ကြောင့် သူလုပ်ချင်တဲ့ ဂစ်တာတီးတဲ့အလုပ် မလုပ်ရလို့ ဆိုပြီး .. မကျေနပ်ဘူး။ အဲဒါကြောင့် နွေလုပ်သမျှအလုပ်တွေ တခုမှ ဝင်မလုပ်ဘူးလေ။ ကိုကို့ကို နွေက ဂစ်တာတီးတဲ့အလုပ် ပေးမလုပ်ဘူးဆိုတာ နောက်ထပ်အကြောင်းတခု ရှိသေးတယ် …။
တကယ်က ကိုကိုသာ နွေ့အနားမှာ အမြဲရှိနေရင် နွေဘယ်လောက်ပင်ပမ်း ပင်ပမ်း ပင်ပမ်းတယ် မထင်ပါဘူး .. အဲဒီလောက်ထိ ကိုကို့ကို ချစ်တာပါ။
* * *
အဲဒီနေ့က မိုးတွေ သည်းသည်းမည်းမည်းရွာလို့ .. နွေတယောက်တည်း ညနေဈေးခင်းဖို့ မသွားနိုင် ဖြစ်နေတုန်း .. ကိုကိုတို့ တဲရှေ့ကို ကိုယ်ပိုင်ကားလေး တစီး ထိုးဆိုက်လာတယ်။ ကိုကိုတို့ အိမ်ကို လာစရာ ကားမှ မရှိတာလေ .. နွေ့အမေလားဆိုတော့လည်း မဟုတ်ဘူး။ အမေလာရင် တက္ကစီ နဲ့ပဲလာမှာ ..။
ကားပေါ်က ဆင်းလာတဲ့ သူကို တွေ့မှ နွေသဘောပေါက်တယ် .. ကိုကို့ ရည်းစားဟောင်းလည်း ဖြစ်သလို .. ကိုကို ဂစ်တာ တီးနေတဲ့ဆိုင်ရှင်ရဲ့ ဘယ်နှဝမ်းကွဲတော်တဲ့ ညီမဆိုလဲ မသိပါဘူး။
ကိုကိုက သူ့ကို မမ လို့ခေါ်တာနွေသိတယ်။ နွေနဲ့ မကြိုက်ခင် အဲဒီတယောက်နဲ့ ရည်းစားဖြစ်တယ် ဆိုတာလည်း သိတယ် .. အဲဒီတယောက်က ကိုကိုနဲ့ကြိုက်နေရင်း တခြားတယောက်နဲ့ တွဲလို့ ဆိုလားမသိဘူး ခဏပြတ်နေကြတုန်း နွေနဲ့ ကိုကိုကြိုက်ကြရင်း ယူဖြစ်တဲ့ဆီ ရောက်သွားတာ။
အဲဒီတယောက်က အရမ်းလည်းချမ်းသာ .. အရမ်းလည်း ခေတ်ဆန်တာဆိုတော့ ကိုကို့ အစ်မနဲ့ အမေဆိုတာ ပျာပျာသလဲကိုဖြစ်နေတာပဲ ..။ အဲဒီအမျိုးသမီးက ကိုကို့ကို စီးရီးထုတ်ပေးမှာတဲ့ .. ။ သူတို့ဆိုင်မှာ ပြန်လာတီးဖို့ လာခေါ်တာ ..။ အဲဒီအမျိုးသမီးနဲ့ ပြန်ဆက်မိမှာစိုးလို့ နွေက ဆိုင်မှာ ဂစ်တာလုံးဝဆက်မတီးဖို့ တားထားတာလေ ..။ အဲဒါကို သူက လိုက်ခေါ်တာ။
လက်ဖက်ရည်ဆိုင်ကို ခဏ ဆိုပြီး နွေ့ရှေ့မှာတင် ကိုကိုက အဲဒီအမျိုးသမီးကားနဲ့ ကောက် ကောက်ပါအောင် လိုက်သွားတော့ နွေ့ရင်တွေ ပူပြီးကျန်ခဲ့တာ .. အဲဒီနေ့က နွေ ဈေးမထွက်နိုင် ဘူး။ ကိုကို့အမေနဲ့ အစ်မရဲ့စောင်းမြောင်း ပြောဆိုတာတွေကိုလည်း နွေ ကျိတ်မှိတ်ခံစား နေရတယ်။ အဲဒီတယောက်နဲ့သာယူရင် သူတို့သား၊ သူတို့ မောင် သူဌေးဖြစ်မှာ .. အဲလိုဆို သူတို့လည်း သူဌေးဖြစ်မှာနဲ့ မစားရဝမခန်းတွေ နွေ စိတ်ဆင်းရဲအောင် အမျိုးမျိုးပြောနေတဲ့ အချိန်မှာ ကိုကိုကတော့ လက်ဖက်ရည်ဆိုင်မှာ ဟိုမိန်းမနဲ့ ကြည်နူးနေမှာပေါ့ ..။
နွေ့အထင်မှားသွားတယ် .. လက်ဖက်ရည်ဆိုင်မှာ မဟုတ်ဘူး .. ကိုကိုတို့ထိုင်ခဲ့ကြတာ ဘီယာ ဆိုင်မှာတဲ့ .. မူးပြီး ပြန်ရောက်လာတဲ့ ကိုကိုက နွေ ဝမ်းနည်းနေတာတောင် အဖတ်မလုပ်ဘဲ .. တန်းပြီး အိပ်ရာဝင်သွားတာလေ ..။ တကယ်တော့လည်း နွေ့ပုံစံက လူရုပ်တောင် မပေါ်တော့တဲ့ အနေအထား .. အဲဒီတယောက်က တောက်ပ စိုပြေလို့ .. ကိုကို့ရင်ထဲ ဘာတွေ ခံစားနေရလဲ .. နွေလည်းမသိချင်တော့ဘူး .. နွေသိတာ ငိုဖို့ တခုထဲ ..၊ နွေကမှ အဲဒီမိန်းမနဲ့ မယှဉ်နိုင်ဘဲ။
နွေက အစွမ်းအစမရှိတဲ့ မိန်းမ .. ညံ့တဲ့ မိန်းမ .. ယောက်ျားကိုချစ်ဖို့ တခုပဲ သိတဲ့မိန်းမတဲ့ .. ပြီးတော့ ယောက်ျားရဲ့ ဘဝ မြင့်ဖို့အတွက်ကို လမ်းပိတ်ထားတဲ့သူတဲ့လား ..။
နောက်တနေ့ နွေနဲ့ အကြီးအကျယ်စကားများကြပြီး ကိုကိုပြောတာတွေ .. အဲဒီနေ့က ပထမဆုံး အမေ့အိမ်ကို သတိရလိုက်တဲ့နေ့ .. အမေ့အိမ်ကို ပြန်ချင်သွားတဲ့ နေ့ပါ .. စိတ်ညစ်ညစ်နဲ့ အိမ်ပြင်ကို ထွက်သွားပြီး .. မရည်ရွယ်ဘဲ အမေ့အိမ်ထိအောင် ဘတ်စ်ကား စီးသွားလိုက်မိတယ်။ နွေ့အတွက် ကားကျပ်တာတွေ ဘာတွေလည်း မသိတော့ဘူး .. မျက်စိထဲမှာ ကိုကိုနဲ့ ဟိုမိန်းမ ကိုပဲ ယှဉ်တွဲမြင်နေမိတယ် .. ဘယ်လောက်ရူးလိုက်တဲ့ နွေလည်းဆိုတာ .. ကိုကိုစိတ်ချမ်းသာဖို့ နွေ နောက်ဆုတ်ပေးရမလား လို့တောင် စဉ်းစားလိုက်သေးတာ ..။
အမေ့အိမ်ရောက်တော့ နွေ အမောပြေပါတယ် .. အဖေကော အမေကော အငယ်မကော နွေ့ကို နွေးနွေးထွေးထွေးကြိုကြတယ်။ နွေကြိုက်တဲ့ဟင်းကို အမေက ချက်ကျွေးတယ် ..နွေ ဘာဖြစ်လာ လဲ ဘယ်သူကမှ ဘာမှ မမေးဘူး .. အဖေဆို နွေ အရင်က အပြင်ခဏသွားပြီး ပြန်လာသလို ပုံစံနဲ့ ကြိုတာ .. အဲဒါတွေ မြင်ရလေ နွေ ငိုချင်လေ .. ဒါပေမယ့် နွေမငိုခဲ့ပါဘူး .. နွေ ကိုကို့ကို စိတ်နာလား ဆိုတော့ လုံးဝ စိတ်မနာသေးဘူး ..။ အမေက တခွန်းပဲမေးတယ်
“သမီး ဒီမှာအိပ်မှာလား” တဲ့ .. နွေ့မှာ အဖြေမရှိတာ အမှန်ပဲ .. ညနေထိ နွေ ဘာကိုမှ ဝေခွဲလို့ မရဘူး .. ဒါပေမယ့် ..
“မမ နင့်ယောက်ျား .. အိမ်ရှေ့မှာ” ဆိုတဲ့ အငယ်မရဲ့ အသံကို ကြားလိုက်တဲ့အချိန်မှာ .. နွေ့စိတ်တွေ ထူးဆန်းစွာ အရည်ပျော်ကျသွားတယ် .. ကိုကိုလိုက်လာတာပဲ .. ကိုကို ငါ့ကို ချစ်သားပဲ .. ကိုကိုက ငါ့ကို ခွဲမှ မခွဲနိုင်ဘဲ ဆိုတဲ့စိတ်နဲ့ နွေ ကိုကို့နောက် ကောက်ကောက် ပါအောင် လိုက်သွားမိတယ် ..။
ဒါတွေဟာ အချစ်မဟုတ်ဘူး .. ဒါတွေအားလုံး အတ္တတွေလို့ အဲဒီတုန်းက နွေ ဘယ်တွေးခဲ့ မိမှာလဲ ကွယ် ..။
“ကိုကို နောက်ကို နွေ့ရှေ့မှာ ဘယ်မိန်းမနဲ့မှ အရောမဝင်ရဘူးနော်”
“နွေကလွဲရင် ဘယ်သူ့ကိုမှ မချစ်ရဘူးနော်”
“ဟို မိန်းမရှိတဲ့ဆိုင်မှာလည်း မတီးရဘူးနော်”
အဲဒီ နော်ပေါင်းများစွာကို တတွတ်တွတ် ရွတ်လာခဲ့တဲ့ နွေ့ကို ကိုကိုက လိုက်လျောတဲ့ ဟန်နဲ့ ခေါင်းညိတ် အဖြေပေးတယ် .. နွေ့ကိုယ်နွေ အထင်ကြီးမိတာတွေဟာ ရူးသွပ်မှု သက်သက်ပါလား လို့ အဲဒီတုန်းကနွေ ဘယ်တွေးမိမှာတဲ့လဲ ..။
အဲဒီဆိုင်မှာ ဆက်မတီးဘူး ဆိုတာ နွေ့ကိုလိုက်လျောတာ မဟုတ်ဘဲ ကိုကို့ဘာသာ အပျင်းကြီးမှု သက်သက်ပဲလို့ နွေ မှ မသိခဲ့တာ ..။ ဟို မိန်းမ ဆိုတာကလည်း ကိုကိုနဲ့ ရှုပ်ရုံတင်ရှုပ်ပြီး တခြား ယောက်ျားတွေ တယောက်ပြီး တယောက်နဲ့ တွဲနေတယ်ဆိုတာ ကိုကို သိထားပြီးသား .. ကိုကို့လို လူတယောက်ဆီက တခုခု မရဘဲနဲ့ ပြန်လာစရာ အကြောင်းမရှိတဲ့ မိန်းမပဲ။ ကိုကိုကကော အဲဒီ မိန်းမကို ဘာများ ထွေထွေထူးထူး ပေးမှာမို့လို့လဲ။ တကယ်တော့ ကိုကို့မှ ဘာအစွမ်းအစမှ မရှိတာ .. နွေသာ အဲဒါတွေ မသိလောက်အောင် အမိုက်တိုက် ဖုန်းနေခဲ့တာပါ။
* * *
“ဒီက ညီမက သွေးပေါင်သိပ်ကျနေတယ် သွေးလှူလို့ မရဘူး”
သူနာပြုဆရာမက ငြင်းလိုက်တော့ နွေစိတ်မကောင်းဘူး .. တကယ်ဆို မအိတောင် လှူလို့ ရသေးတာပဲ .. နွေလည်း လှူချင်တာပေါ့ ..။ ကလေးဆေးရုံမှာ နေမကောင်းတဲ့ ကလေးလေးတွေ ကိုကြည့်ရင်း တကယ်ကို သွေးလှူချင်စိတ်ပေါက် သွားတာလေ .. ။ အစကတော့ ဒီဆေးရုံထဲ ဝင်လို့ကောင်းရုံ သွေးလှူမလို့ .. ခု စိတ်ပါလက်ပါ လှူချင်သွားတော့ သွေးက လှူလို့ မရပြန်ဘူး။
သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးလူတွေကြောင့် ကလေးဆေးရုံမှာ ကုတင်တွေတောင် မဆန့်တော့ဘူး .. စကြံင်္န်တွေပေါ်မှာပါ ခုံတန်းရှည်တွေနဲ့ ကလေးတွေကို ထားနေရတယ်။ သူနာပြု ဆရာမတွေ ဆိုတာလည်း ခု အေသွေး .. ခု ဘီသွေး .. ခု အေဘီသွေးနဲ့ အော်ရင်း ဟစ်ရင်း လူးလာ ခေါက်တုံ့ အလုပ်များနေကြတယ် ..။
အရေးပေါ်ခန်းထဲ သွင်းခံဖို့ စောင့်နေတဲ့ ကလေးတွေရဲ့ ဖျော့တော့တဲ့ မျက်နှာလေးတွေ .. ကလေး မိဘတွေရဲ့ စိုးရိမ်တကြီး မျက်နှာတွေ .. ဖိတ်စဉ်သွားတဲ့ ကလေးတွေရဲ့ မိဘ ဆွေမျိုးသားချင်းတွေ .. သူတို့ မျက်နှာပေါ်က အပူသောကတွေ .. ရောဂါ ပျောက်သွားလို့ အိမ်ပြန်ရတော့မယ့် ကလေးတွေ ..
မစည်ကားအပ်တဲ့ ဆေးရုံလို နေရာမှာ ဘာလို့လူတွေစည်ကား နေရတာတဲ့လဲ ..။
သွေးလှူနေတဲ့ မအိကိုစောင့်ရင်း နွေ့ဘာသာ တယောက်တည်း ဆေးရုံထဲ လျှောက်သွား နေမိတယ် .. ရောဂါဖြစ်နေတဲ့ ကလေးအများစုက နွမ်းပါးသူတွေလေ .. မအိက မြင်ကွင်းတွေ လျှောက်ကြည့်ထား ဆိုပေမယ့် နွေပါ ကလေးတွေနဲ့ အတူ ဝေဒနာတွေ ရောခံစားနေမိတယ်။
သတင်းသမားဆိုတာ ဖီလင်ပါလို့ မရဘူး လို့ မအိက ပြောပေမယ့် .. နွေ့ရင်ထဲမှာ ခံစားချက်တွေ အပြည့်နဲ့ .. ဒီသတင်းကို နွေ ဘယ်လိုရေးရမှာပါလိမ့် ..။ နွေ့မျက်စိရှေ့တင် ဖိတ်စဉ်သွားတဲ့ ကလေးလေးတယောက်ရဲ့ ရုပ်အလောင်းကို သယ်လာတယ် .. ကလေးအမေရဲ့ ရူးမတတ် ငိုသံက နွေ့ရင်ထဲ ဟိုး အနက်ရှိုင်းဆုံးအထိ ဝင်သွားတယ် ..။
“အဆင့် သုံးကျမှ ဆေးရုံကို ရောက်လာတော့ မမီတော့ဘူး”
ဘယ်သူမှန်းမသိ ပြောလိုက်တဲ့အသံ ..
“တကယ်က သွေးလွန်တုပ်ကွေးဖြစ်တယ် ဆိုတာ သိတာနဲ့ ဘယ်ဆေးခန်းမှ သွားမနေဘဲ ဆေးရုံကို လာသင့်တာ။ တချို့က ဆေးရုံသွားရမှာ သေမတတ်ကြောက်တာလေ”
အပြာဝတ် သူနာပြုဆရာမကြီးတယောက်က ပြောလိုက်တာ .. ။
ဆေးရုံသွားရမှာ သေမတတ် ကြောက် တာပေါ့ .. ဆေးရုံတခါလာဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ .. ကုန်ကျစရိတ်က .. စရိတ်မျှပေးသာဆိုတယ် .. ပလာစတာတခုက အစ ဝယ်ရတာလေ .. ။ ကားခတွေရှိသေးတယ်။ ဆေးရုံတက်တဲ့ ကလေးနဲ့ အမေက လိုက်နေရမှာဆိုတော့ အလုပ်ပျက်ရင် ဝင်ငွေကမရှိ .. ကျန်တဲ့အိမ်ကလူတွေ စားဖို့ ဘယ်လိုလုပ်မလဲ ဆိုတာကအစတွက်ရတယ် ..။ ဒီတော့ ကွမ်းယာဆိုင်က ပါရာစီတမောလေး၊ ဘာမီတွန်လေးတိုက်ပြီး အဖျားပျောက်လိုပျောက်ငြား ကု .. မပျောက်တော့မှ ဆေးခန်းသွား .. ဆေးခန်းကဆရာဝန်က ၂ ရက်လောက်ဆက်ကု .. နောက်ဆုံး မသက်သာတော့မှ .. ဆေးရုံရောက် .. အဲဒီမှာ သွေးလွန်တဲ့ အဆင့်ရောက်နေပြီ ..။
လူနာရှင်တွေဆီက အသံတွေက စိတ်ဝင်စားစရာကောင်းလိုက်တာ .. နွေ .. အိမ်ကိုတောင် မေ့သလိုဖြစ်သွားတယ်။ မေ့သလိုဖြစ်တယ် ဆိုမှ ကိုကိုများ ဟိုကောင်မလေးကို သီချင်းစောင်း ဆိုနေမလားလို့ တွေးဖြစ်အောင် တွေးမိလိုက်သေးတယ်။ မဖြစ်သေးပါဘူး ကိုကို့ကို ဒီနေ့ ပြန်ချော့တဲ့အနေနဲ့ ညနေစာ ကောင်းကောင်းဝယ်ကျွေးရမယ်။
ကိုကိုနဲ့ ညနေစာဘာစားရင်ကောင်းမလဲ ..။
သွေးရောင်းစားတာတဲ့ .. ဘယ်လိုလူတွေလဲ .. သွေးဆိုတာ ရောင်းလို့ရလို့လား ..။ နွေ့အတွေး ထဲက ကိုကို ခဏထွက်သွားတယ်ထင်တယ်။
“ရတာပေါ့ နွေရဲ့ မယုံကြည့်နေ .. ဒီရှေ့မှာ ရစ်သီရစ်သီ လုပ်နေတဲ့သူတွေအားလုံး သွေးရောင်း စားနေကြတာ။ ပွဲစားတောင်ရှိသေး .. ဟိုလက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး တွေ့လား .. အဲဒါလေးက ပွဲစားလေ။ သူ့ဆီမှာ လူနာရှင်က သွေးလိုချင်တယ် သွားပြော ဘာသွေးလို့သာ ပြော .. လိုတဲ့သွေး ရောင်းစားမယ့်သူကို သူ ခေါ်လာပေးလိမ့်မယ် .. ဟော ဟော ပြောရင်းဆိုရင်း တွေ့လား”
ဟုတ်ပါရဲ့ .. မအိပြောမှ နွေ သတိထားမိတယ်။ အရောင်းအဝယ်ဆိုတာ ဒီလိုလည်း ဖြစ်တာပဲ။ ဆရာဖေမြင့်ရဲ့ လူသုံးပစ္စည်း ရောင်းသူများ ဆိုတဲ့ ဝတ္ထုတိုရယ် .. ဒေါမနစ်လာပီယားရဲ့ City of Joy ကို ဆရာမြသန်းတင့်က သုခမြို့တော်ဆိုပြီး ဘာသာပြန်ထားတဲ့ ဝတ္ထုရယ် .. နွေ့အတွေးထဲ ဝင်လာတယ်။ ဒီလူတွေ သူတို့သွေးတွေ ရောင်းပြီး သူတို့ မိသားစုတွေအတွက် ဆန်ဝယ်ရမယ် ထင်ပါရဲ့။
ဆေးရုံရှေ့က ဆိုက်ကားသမားတွေက ဆိုက်ကားနင်းရုံတင်မဟုတ်ဘူး လိုအပ်ရင် သွေးလည်း ရောင်းစား သေးတယ်ဆိုပဲ။ တချို့ဆို ဆိုက်ကားတောင် ပင်ပင် ပမ်းပမ်း မနင်းတော့ဘူးတဲ့။ ဒါတွေက မအိစကားနဲ့ ပြောရရင် စတိုရီ အိုင်ဒီယာတွေပဲပေါ့။
ခုလို မိုးတွင်းမှာ တနေ့တနေ့ကို သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံရောက်လာတဲ့ ကလေးလူနာ အယောက် ၃၀ လောက်ရှိတယ်တဲ့ .. ။ အဲဒီကမှ ဖိတ်စင်တဲ့အရေအတွက်က တနေ့ကို ၃ ယောက် ၄ ယောက်လောက် ရှိတယ်တဲ့ ..။ သွေးလွန်တုပ်ကွေးကို ထိန်းထားနိုင်တာ ကလေးဆေးရုံကြီး တနေရာပဲရှိတယ် .. တခြား အပြင်ဆေးခန်းတွေမှာ ကုရင် စိတ်မချရဘူးဆိုပဲ .. ပိုက်ဆံ ရှိပေမယ့် ဗဟုသုတ မရှိတဲ့သူတွေထဲကလည်း ဖိတ်စဉ်တာမျိုးတွေ ကြုံရတယ်တဲ့ ..
“ဒါတွေကို ကလေးမိဘတွေ သိအောင် ပညာပေးနိုင်ရမယ် နွေ သိလား။ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်က နေ့ခင်းဘက်ကိုက်တဲ့ခြင် ဆိုတာလည်း မသိတဲ့သူတွေ အများကြီးပဲ”
“ဟုတ်ကဲ့ မအိ .. နွေ မှတ်ထားပါတယ် .. ကလေးအမေတယောက်ကိုလည်းအင်တာဗျူး လုပ်ထားတယ် .. ပြီးတော့ နွေ့အမေရဲ့သူငယ်ချင်း ကလေးအထူးကု တယောက်ကိုလည်း နွေ တွေ့မှာပါ”
“အင်း ကောင်းတယ် နွေ .. ဒါပေမယ့် နွေအရမ်းအားနည်းနေတဲ့ ပုံပေါက်တယ်နော်။ ခုဏ သွေးလှူ တာတောင် လက်မခံလိုက်ဘူး။ အားဆေးလေး ဘာလေး သောက်ဦး။ ဒါမှ မဟုတ် အားရှိတဲ့ အစား အစာ စားပေါ့”
ဘယ်လိုလုပ် စားနိုင်မှာလဲ မအိရယ် လို့ ပြန်မပြောတော့ပါဘူး .. ။ နွေ့ရင်ထဲမှာ အပူတွေ ကိန်းအောင်းနေတာရော .. အားဆေးဝယ်သောက်ဖို့ထက် ကိုကို လက်ဖက်ရည်ဖိုးရဖို့ ပိုအရေးကြီး တာရောပေါ့။ ခုတလော ထမင်းလည်း စားမဝင်ဘူး။ ကိုကိုက အရင်လိုမဟုတ်တော့ဘူးလေ .. ဘာ အလုပ်တခုမှ မရှိဘဲ .. စိတ်က များနေတာ နွေသိတာပေါ့။ ဂစ်တာလေး တီးလိုက် .. လက်ဖက် ရည်ဆိုင်ထိုင်လိုက် .. ရပ်ကွက်ထဲက ကောင်မလေးတွေနဲ့ လုံးလားထွေးလား လုပ်လိုက်နဲ့ ..။
နွေက တနေ့လုံးလိုက်ခဲ့တဲ့ သတင်းတွေကို ညဘက် ဖရောင်းတိုင်မီးနဲ့ ပြန်ရေးဖို့ အလုပ်ရှုပ်နေချိန် ကိုကိုကလည်း သူ့ဂစ်တာနဲ့ အလုပ်ရှုပ်နေပြီ .. ကိုကိုရဲ့ ဂစ်တာသံက နွေ့အတွက် မဟုတ်တော့ တာလည်း ကြာပါပြီ .. ။ သူငယ်ချင်းတွေနဲ့ ဂစ်တာသွားတီးမယ် ဆိုပြီး လမ်းထိပ်အုတ်ခုံမှာ .. တခါတလေ ရပ်ကွက်ထဲက အထည်ချုပ်စက်ရုံ အလုပ်သမတွေ နေတဲ့ အဆောင်ရှေ့မှာ ကိုကိုတို့ အဖွဲ့ ဂစ်တာသွားသွားတီးကြတယ်ဆိုတာ နွေပြန်ကြားပါတယ် .. ပြီးတော့ အဲဒီထဲမှာ ကိုကိုက မင်းသား တဲ့ ..။
“နွေ .. မအိမေးနေတာ ကြားရဲ့လား”
“ဟင် မအိ ဘာပြောလိုက်တာလဲ နွေမကြားလိုက်ဘူး”
“နွေတို့ အိမ်ထောင်ရေးကော အဆင်ပြေရဲ့လားလို့”
မအိ အမေးကို နွေ အဖြေမပေးဖြစ်ဘူး။ နွေ့သက်ပြင်းချသံကို မအိ သဘောပေါက်မှာပါလေ။
(ဆက်ပါဦးမည်)
Thursday, October 01, 2009 | Labels: ဝတ္ထုရှည် | 6 Comments
မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင်
တက္ကစီပေါ်ကို နွေ့ အင်္ကျီထုပ်တွေ တင်ပေးနေတဲ့အချိန် .. အမေ့မျက်နှာက ဘာမှ မဖြစ်သလိုဘဲ။ ဒါပေမယ့် တက္ကစီ စထွက်ပြီး ကျင်းတွေချိုင့်တွေကြောင့် ဖြည်းဖြည်းပဲ မောင်းနေတဲ့အချိန် .. အဲဒီအချိန်မှာ နွေ လှည့်ကြည့်လိုက်တော့ အမေမျက်ရည်သုတ်နေတာ တွေ့ရတယ်။ ရင်ထဲမှာ လှပ်ကနဲဖြစ်သွားပြီး မျက်ရည်တွေ ဒလဟော စီးကျလာလိုက်တာ။ အဲဒါဟာ နွေ့ရဲ့ ဘဝ အစပဲလား … ။
* * *
ဆရာဝန်အမေနဲ့ အင်ဂျင်နီယာအဖေရဲ့ သမီးကြီး တယောက်အနေနဲ့ ပြောရရင် နွေ့ဘဝက လှပ ခဲ့တယ် ဆိုပါတော့။ နွေက အမေနဲ့ အဖေလိုတော့ စာသိပ်မတော်လှဘူး။ အမေကတော့ နွေ့ကို သူတို့လို ဆရာဝန်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် လုပ်စေချင်တယ်။ နွေကတော့ အနုပညာပဲ ဝါသနာ ပါတယ်။
အိမ်မှာလည်း အားရင် ဆို .. တီး လုပ်နေတာပဲလေ။ နွေ အနုပညာကို ဝါသနာပါဆို .. အဖေက လည်း အင်ဂျင်နီယာသာ ဆိုတယ် ကဗျာဆရာလည်း ဖြစ်နေတာကိုး။ အဖေက နွေ့ကို သမီးကြီးမို့ သိပ်ချစ်၊ သိပ်အားကိုးတယ်။ ဒါပေမယ့် နွေက စာသိပ်မတော်ဘူး။ အငယ်မကမှ စာတော်တာ။
နွေက စိတ်လှုပ်ရှား ခံစားလွယ်တယ်၊ အငယ်မကတော့ စိတ်ခိုင်မာတယ်။ အမေနဲ့တူတာ ထင်ပါရဲ့။ နွေက ကျောင်းစာအုပ်တွေကြားမှာ ကဗျာစာအုပ်တွေညှပ်ပြီး ခိုးဖတ်နေတဲ့အချိန် .. အငယ်မက စာကိုပဲ အရူးအမူးကျက်နေတာ။
နွေ့အဖေနဲ့ အမေနဲ့က အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ ဆိုပေမယ့် နွေတို့က အချမ်းသာကြီးတွေ တော့ မဟုတ်ကြဘူး။ ဒါပေမယ့် နွေတို့ ညီအစ်မ နှစ်ယောက်ကိုတော့ အမေနဲ့ အဖေက ဂရုစိုက် တယ်။ ဘာကြောင့်မှ မျက်နှာ မငယ်စေရဘူး။ အထူးသဖြင့်အဖေပေါ့။ နွေပူဆာသမျှ ရအောင် ဝယ်ပေးတာပဲ။
အဲဒါကြောင့်လည်း နွေ ဆယ်တန်းအောင်တော့ လိုချင်တဲ့ ဂစ်တာလေးကို အဖေက ဝယ်ပေး တယ်လေ။ အဲဒီဂစ်တာလေးကြောင့်ပဲ နွေ့ဘဝ ပြောင်းလဲခဲ့တယ် ဆိုပါတော့။
* * *
“ဟဲ့နွေ .. ဒါ ကိုအောင်တဲ့။ ငါနင့်ကို ပြောပြဖူးတဲ့ .. ငါ့ဆရာ ဆိုတာလေ”
အဲလို ပိုင်စိုးက မိတ်ဆက်ပေးတဲ့အချိန်မှာ နွေ့ရင်တွေ တဒိုင်းဒိုင်း ခုန်နေခဲ့တာပေါ့။ ကိုအောင် ဆိုတာ တချိန်မှာ နွေ့ရဲ့ ကိုကို ဖြစ်လာမယ်လို့ မသိသေးပေမယ့် နွေ့ရင်ထဲမှာ တခုခု အလိုလို သိလိုက်သလိုပဲ။ အဲဒီကိုအောင်ရဲ့ ဆွဲငင်အားကောင်းတဲ့ မျက်လုံးတွေကို နွေ .. ရင်မဆိုင်ရဲဘူး။
“ဟာ နွေ .. စကားလေး ဘာလေး ပြောဦးလေ။ နင့်ကို ဂစ်တာသင်ပေးမယ့် ဆရာဟ”
“နွေက .. စကားနည်းတယ် ထင်တယ် ဟုတ်လား”
ကိုအောင်က ဝင်ပြောလေ .. နွေမျက်နှာ မထားတတ်လေပဲ။ နွေကစကားနည်းတယ်တဲ့ .. ပိုင်စိုး ဆိုတာ တဟားဟား ဝင်အော်ရယ်တော့တာပဲ။ နွေ့လောက် စကားပြောတာ နွေပဲလေ။ စကားက ဘာများသလဲမမေးနဲ့ …။ ခုက ကိုအောင့်ကြောင့်၊ သူ့ကိုရှက်လို့ မပြောတာကို .. ။ နွေ .. ပိုင်စိုးကို မျက်စောင်းထိုးလိုက်တယ်။
သက်သက်နွေဆိုတဲ့ သောကြာသမီးအကြောင်း မကြာခင် ကိုအောင်သိရမှာပါ။ ဒါကတော့ စိတ်ထဲကပဲ ပြောလိုက်တာ။ ခေါင်းကို တွင်တွင်ငုံ့ပြီး နွေ့ရဲ့ မည်းနက်သန်စွမ်းပြီး ဖြောင့်စင်းတဲ့ ဆံပင်ရှည်တွေနဲ့ မျက်နှာကို ကွယ်ထားလိုက်ရတယ်။ နွေ သူ့ကို ရှက်လို့ပါ .. ။
“နွေ ဂစ်တာတီး တကယ်တတ်ချင်တာဆိုရင် ဒီလို ရှက်နေလို့ မရဘူးနော်”
သူ့စကားကိုတော့ နွေက “ဟုတ်ကဲ့” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီနေ့က ကံ့ကော်ပန်းတွေ ပွင့်လိုက်တာ ဖွေးဖွေးလှုပ်ပဲ။ နွေတို့ခြံထဲက ကံ့ကော်ပင်ကြီးမှာ ပွင့်နေလိုက်တာ ဆိုတာလေ။ ညအထိ ပန်းနံ့ကကြိုင်လှောက်နေတာ ..။
အဲဒီညက နွေ ခြံထဲဆင်းထိုင်ပြီး စိတ်ကူးတွေကို ရွက်လွှင့်ပစ်လိုက်တယ်။ မနက်ဖြန်က စပြီး ဂစ်တာတီးသွားသင်ရတော့မှာ .. ။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲနော်။ နွေ့ရင်တွေ ခုန်နေတယ်သိလား … ။
* * *
“နွေ့မျက်လုံးလေးတွေက သိပ်လှတာပဲ”
အဲဒီနှစ်သင်္ကြန်မှာ နွေ့ကို ရေလောင်းရင်းနဲ့ ကိုကို ပြောတာလေ။ နွေလား .. ပီတိတွေဖြာတာပေါ့။ ကိုယ့်ကို လှတယ်ပြောတာကို မကြိုက်တဲ့ မိန်းကလေးများ ရှိသေးလို့လားနော် … ။
ကိုကိုကမှ တကယ်ချောတာပါ။ နွေက အသားကလည်း ညိုသေးတယ်။ ကိုကိုဆိုရင် ယောက်ျား လေး ဖြစ်ပြီး အသားလေးတွေ ဝင်းနေတာပဲ။ ကိုကို့ ဆံပင်ရှည် ပျော့ပျော့တွေက အမြဲ မွှေးမြ နေမယ်လို့ ထင်ရတယ်။ ပြီးတော့ ကိုကိုက ဂစ်တာတီးတာ သိပ်တော်တာပဲလေ။ နွေကလား .. ကိုကို တီးပြတာပဲ နားထောင်ရင်း ဘာတခုမှ ကောင်းကောင်း မတီးတတ်ပါဘူး။ ကော့ဒ်လေး ၂ ခုလား ၃ ခုလား ကိုင်တတ်သေးတာ။ အသံကောင်းကောင်းထွက်အောင်တောင် မတီးတတ်ဘူး။
အင်း .. ကိုကိုပြောတာ ဟုတ်တော့ဟုတ်တယ်။ နွေ့မှာ လှတာဆိုလို့ အဲဒီမျက်လုံးလေးတွေပဲ ရှိတာလေ။ တကယ်တော့ နွေ့ကိုက သိပ်ကိုညွတ်နူးလွယ်၊ စိတ်ခံစားလွယ်တာပါ .. ပြီးတော့ စိတ်ကူးတွေ သိပ်ယဉ်လွန်းတယ်ပဲ ပြောရမလားမသိဘူး။
တကယ်ဆို ကိုကို့မှာ ချစ်သူရှိတယ် ဆိုတာလည်း သိတယ်၊ ချစ်သူမှ တယောက် မကဘူး ဆိုတာ လည်းသိတာပဲ။ ပြီးတော့ ကိုကိုက ဂစ်တာတီးတာကလွဲလို့ ဘာမှ မလုပ်တတ်ဘူး ဆိုတာရယ်၊ ကိုကိုတို့က သိပ်ဆင်းရဲတယ် .. ကိုကိုကလွဲရင် .. ကျန်တဲ့ ကိုကို့ အမေတို့ .. ကိုကို့ အစ်မတွေတို့ .. ကိုကို့ အဒေါ်တွေ .. အဲဒီလူတွေအားလုံး စရိုက်ကြမ်းကြတယ် ဆိုတာရယ် .. ကိုကို့အိမ်မှာ ဂစ်တာ သွားသင်တဲ့ ၃ လ အတွင်း နွေကောင်းကောင်း သိခဲ့ပါတယ်။
ကိုကိုတို့ အိမ် .. လို့သာ ပြောရတယ်။ တကယ်က တဲသာသာပါ။ လှိုင်သာယာရဲ့ အစွန်အဖျား တနေရာက မြေစိုက် ဓနိမိုး၊ ထရံကာ တဲကြီးပေါ့။ အဲဒီမှာမှ .. အောက်က ဝါး ကွပ်ပြစ်ခင်းထားတာ။ အခန်းရယ်လို့တော့ သိပ်မယ်မယ်ရရ မရှိလှပါဘူး .. အဆင်ပြေသလို ဝါးထရံနဲ့ ကန့်လိုကန့် .. စပ်ချုပ်ထားတဲ့ ပိတ်စနဲ့ ကာလိုကာပါပဲ။
အဲဒီတုန်းက ကိုကိုနဲ့ နွေ ချစ်သူတွေ မဖြစ်သေးဘူးလေ။ ဒါပေမယ့် ဖြစ်ဖို့ အလားအလာတွေတော့ မြင်နေပြီ။ ပိုင်စိုးကတော့ ပြောပါတယ် ..
“ကိုအောင်က ရှုပ်တယ်ဟ .. ပြီးတော့ သူတို့ အသိုင်း အဝန်းနဲ့ နင်တို့ အသိုင်းအဝန်း ဘာမှ မဆိုင်ဘူးနော် .. သူတို့က စရိုက်တော်တော်ကြမ်းတာ”
ပိုင်စိုးက သတိပေးသလို ပြောတာကိုတောင် နွေက သိပ်မကြိုက်ချင်ဘူး။ ဒီကောင်က နွေ့ကို ကြိုက်နေတာ သိသားပဲ။ တမင် ကိုကို့ကို ချိုးဖဲ့တာလို့ ထင်တယ်။ တကယ်က နွေကိုယ်တိုင်လည်း ကိုကိုတို့ အကြောင်းတွေ မသိတာ မဟုတ်ပါဘူး။ သိပ်သိတာပေါ့။ သိသိကြီးနဲ့ကို နွေ့မျက်လုံးတွေ၊ နွေ့စိတ်တွေက အမှောင်ဖုံးနေခဲ့တာပဲ ..။
ကိုကို ဂစ်တာတီးတဲ့ စားသောက်ဆိုင်ကို လိုက်သွားတဲ့ညက နွေတို့ ချစ်သူတွေ ဖြစ်ခဲ့ကြတာ .. ။
အဲဒီညမှာ ကိုကို့နားမှာ သိပ်လှတဲ့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတယ် ဆိုတာ သိလိုက်ရပြီး .. နွေ့ရင်ထဲက မနာလို စိတ်တွေ .. ရုန်းကြွလာခဲ့ရာက နွေတို့ ချစ်သူတွေ ဖြစ်သွားခဲ့တယ်။
* * *
အဲဒီကာလကလေးကတော့ နွေ့ဘဝမှာ ပျော်စရာ အကောင်းဆုံးပဲ .. ။ အဲဒီလို ပျော်စရာ ကောင်းတဲ့ အချိန်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို .. နောက်ထပ်လည်း ဘယ်တော့မှ ထပ်မရ တော့ဘူး။
လွပ်လပ်မှုတွေ အပြည့်ရှိတဲ့ ကိုကိုတို့ အိမ်က ကွပ်ပြစ်လေးပေါ်မှာ .. ကိုကိုက ဂစ်တာတီး .. နွေက သီချင်းလေးတွေ ဆိုလို့ပေါ့။ နောက်တော့ ကိုကိုက နွေ့အတွက်လည်း သီချင်းလေးတွေ စပ်ပေး သေးတာ။
နွေရတဲ့ မုန့်ဖိုးလေးတွေနဲ့ ခပ်ကြမ်းကြမ်းချက်ထားတဲ့ ကိုကိုတို့ရပ်ကွက် ထိပ် လမ်းဘေး ထမင်းဆိုင်က ဟင်းတထုတ်ဝယ်ပြီး ကိုကို့အိမ်က ထမင်းနဲ့ နှစ်ယောက်သား ခေါင်းချင်းဆိုင် စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်ဘူးလေ ..။
ကိုကိုကတော့ ဘိုင်အမြဲပြတ်နေတာပဲ။ ကိုကိုရတဲ့ တီးခက အိမ်ကို အကုန်ပေးရတာ မဟုတ်လား။ သနားစရာကောင်းတဲ့ ကိုကိုပါလေ .. ။ ကိုကို့အမေရယ်၊ နေမကောင်းတဲ့ ကိုကို့အဖေရယ်၊ အစ်မ နှစ်ယောက်နဲ့ သူတို့ ကလေးတွေရယ် (ကိုကိုယောက္ဖတွေကလည်း ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ကြဘူး) အားလုံးက ကိုကို့ဝင်ငွေကို မီခိုနေရတာတဲ့။ ဒီတော့ ကိုကို့ကို နွေကပဲ လက်ဘက် ရည် တိုက်ရတာပါပဲ။ နွေတို့က မချမ်းသာပေမယ့် မုန့်ဖိုးတော့ လုံလုံလောက်လောက်ရတယ်လေ။
နွေတို့ရဲ့ ပျော်ရွှင်မှု .. သေချာပြောမယ်ဆိုရင် နွေ့ရဲ့ ပျော်ရွှင်မှုက သိပ်တာရှည် မခံလှပါဘူး။ လေပွေလေးလို အမြဲလွင့်ချင်နေတဲ့ ကိုကိုက ဖောက်တာပါပဲ။ ကိုကို ချစ်သူဟောင်းနဲ့ ပြန်ဆက် တာ .. သိလိုက်ရတယ်။ တကယ်တော့ ကိုကိုက လှေနံ နှစ်ဘက်နင်းနေတာပါ။ နွေ့ကိုလည်း မစွန့်နိုင်ဘူး ချစ်တယ် .. ဟိုတယောက်က ပြန်ဆက်နေတော့ အဲဒါကိုလည်း သနားတယ် ဖြစ်နေတာ။
အဲဒီရက်တွေကဖြင့် နွေ့မှာ ဖျပ်ဖျပ်လူး ခံစားခဲ့ရတာပါ။ ကိုကို့ အရင်ရည်းစား မမက လှတယ်လေ။ နွေ့ထက် အပုံကြီးလှတယ်။ အဲဒီတော့ နွေ ပိုခံစားရတာပေါ့။
ဒီကြားထဲ ပိုင်စိုးက အငယ်မကို နွေ့အကြောင်း သတင်းပေးလိုက်တော့ အဲဒီကိစ္စကို အမေတို့ပါ သိသွားပြီး နွေ့ကို ဂစ်တာသင်တန်း တက်ခွင့် ပိတ်လိုက်တယ်။
* * *
အားလုံးရဲ့ သက်ပြင်းချသံတွေက လိုတာထက်ပိုကျယ် သွားသလိုပဲ … ။ ကော်ဖီဆိုင်ရဲ့ အထပ်ခိုး လေးက ကျဉ်းကျဉ်းလေး၊ ပြီးတော့ မီးမလာလို့ အဲကွန်းလည်း မရတော့ ပူစပ်လှောင်အိုက်လို့ .. ။ ချွေးတွေ ဒီးဒီး ကျနေတယ်။
“ဟော .. ဟိုမှာ မထိုက်လာပြီ”
တယောက်က အသံပြုလိုက်လို့ သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ခုဏက ငြိမ်ကျ သွားတဲ့ စကားဝိုင်းက အသက်ပြန်ဝင်လာတယ်။
“အဆင်ပြေခဲ့လားဟင် မထိုက်”
မျှော်လင့်တကြီး မေးလိုက်တဲ့ နွေ့အသံက ခုဏက သူ့အကြောင်းပြောပြနေတာနဲ့ တခြားစီပဲ။ ခုဏက ချစ်ခြင်းတွေနဲ့ .. လောင်မြိုက်နွမ်းလျ နေသလောက် ခုက အသက်ဆက်ဖို့ မျှော်လင့် စိတ်လှုပ်ရှားနေရတာ။
“အင်း .. ငါ ၅ ထောင် ကြိုထုတ်ခဲ့တယ်။ နင် ၂ ထောင်ယူလေ ဟုတ်လား။ မိနွေရယ် .. ကိုယ့်ကိုယ် ကိုယ်လည်း နည်းနည်းပါးပါး ဂရုစိုက်ဦး .. လူလည်း အရိုးချည်းပဲ”
မထိုက်ဆီက ပိုက်ဆံ ၂ ထောင်ကို ကမန်းကတန်း လှမ်းယူရင်း ပုခုံးသိုင်းအိတ် အပေါစားလေးကို ကောက်လွယ်လိုက်တယ်။
“ဟင် .. နွေက သွားတော့မလို့လား .. ဆက်ပြောလေ .. ဇာတ်လမ်းက ကောင်းခန်းရောက်နေတာ”
“သွားတော့မယ် မြင့်မိုရယ် .. ငါပြန်မှ အိမ်မှာ ဆန်ဝယ်ရမှာလေ ..။ နောက်နေ့မှ ဆက်ပြောပြမယ် နော် .. ကဲ .. အားလုံးပဲ လစ်ပြီဟေ့ .. မနက်မှ တွေ့တာပေါ့”
ပြောပြောဆိုဆိုနဲ့ ပါးလှပ်လှပ်ခန္တာကိုယ်လေးကို သယ်ဆောင်ရင်း ထွက်သွားတဲ့ နွေ့ကျောပြင်ကို မြင့်မိုက မကျေမနပ် ကြည့်ရင်းကျန်ခဲ့တယ် .. ။
သူတို့အားလုံး ရေးလက်စ သတင်းတွေကို လက်စမသတ်နိုင်သေးဘဲ နွေ့ဇာတ်လမ်းမှာ မျောခဲ့ကြ တာ .. ။ လေးနာရီမထိုးခင် တိုက်ကိုပြန်ပြီး အယ်ဒီတာကို သတင်းအပ်ရမယ် .. ။ သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။
“ဒီတပတ်အတွက် ငါ့မှာ သတင်းမရှိသေးဘူး လုပ်ပါဦး”
“ဘိုးတော်က မနက်က ငါ့ကို မျက်နှာထိကြီးနဲ့ ကြည့်သွားတယ်ဟ”
“ငါတော့ ဒီတပတ် တာဝန်ကျေပဲ ရေးနိုင်မယ် .. လက်ကုန် ၅ ပုဒ်ပဲ”
“အား .. မထိုက်က ၅ ပုဒ် ရေးနိုင်သေးတယ်။ တော်တာပေါ့”
“ဟဲ့ ရေးနိုင်တာ မဟုတ်ဘူး .. ခုမှ ရေးဖို့ လျာထားတာ .. သတင်းက ရှိ မရှိ မသိသေးဘူး”
“ဘိုင်ကလည်း ပြတ်နေပြီ .. ဒီလအတွက် နောက်တခါကြိုထုတ်လို့လည်း မရတော့ဘူး … စာမူခကလည်း ရဖို့မမြင်ဘူး။ သတင်းရှားတာနဲ့ တာဝန်ကျေပဲ ရေးနိုင်တာနဲ့”
“ဟူး .. ဘယ်တော့များမှ လစာ တိုးမှာပါလိမ့် ..”
အပြင်မှာ နေက ကျဲကျဲတောက်ပူလို့ … ။ ထောင်တန် နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နေပူထဲမှာ အဆောင်းမပါဘဲ မပူသလို လျှောက်သွားတဲ့ နွေ့ကျောပြင်ကို သူတို့ မမြင်ရပါဘူး။ သူတို့ကိုယ်တိုင်လည်း နွေ့ထက် မလျော့တဲ့ အပူတွေနဲ့ ပြည့်နေတာလေ … ။
(ဆက်လက်ဖော်ပြပါမည်)
Wednesday, September 30, 2009 | Labels: ဝတ္ထုရှည် | 1 Comments
၃ နဲ့စားလို့မရရင် တထောင်နဲ့ မြှောက်
ဒီဇာတ်လမ်းကို စလိုက်သူက ကိုဟန်ဖြစ်သည်။
ထိုအချိန်တွင် သူတို့ အားလုံး မူးနေကြပြီ ... လူမှန်းမသိလောက်အောင်တော့ မဟုတ်သေး .. ။ ကိုဟန်က အီကြာကွေးများကို အားလုံးစားဖို့ ပြင်ထားသည့် အမဲအူပြုတ် ပန်းကန်ထဲ တခုချင်းထည့်နေသည်။ ကိုရွှေအောင်က "ကိုဟန် .. ခင်ဗျား အဲလို မလုပ်နဲ့လေဗျာ။ ကိုယ့်ဘာသာ စားချင်ရင် သပ်သပ် ပန်းကန်နဲ့ ထည့်စားမှပေါ့ .. ဒါ တခြားသူတွေပါ စားဖို့ လုပ်ထားတာလေ" ဟု ဟန့်လိုက်ရာ ကိုဟန်က "သြော် ဟုတ်လား .. ဟုတ်ကဲ့ ဟုတ်ကဲ့" ဟု ဆိုကာ ပန်းကန်အသစ်တခု ထယူ၍ ထည့်စားနေသည်။ အဲဒီမှာ မပြီးသေး .. ကိုဟန်က ဘီယာကို ဘူးလိုက်မသောက်ဘဲ ခွက်တခုထဲ ထည့်သောက်ဖို့ ပြင်သည် .. အဲဒါကို ကိုဝင်းက "ဟေ့ ကိုဟန် ဘူးလိုက်မော့ဗျာ .. ပြီးရင် ကျုပ်ပဲ ဒီခွက်တွေဆေးရတာ" ဟု ဆိုလိုက်ရာ .. ကိုဟန်က အငြင်း မပွားဘဲ .. "ဟုတ်ကဲ့ .. ခွက်နဲ့ မသောက်နဲ့ ဆိုလည်း မသောက်ပါဘူး ခင်ဗျ" ဟူ၍ ယဉ်ကျေးစွာ ပြန်ပြောသည်။
အားလုံး အံ့သြသွားကြသည် ..။ ကြည့်ရတာ ဒီနေ့အဖို့ ဘာပြောပြော လက်ခံမည့် သဘောမှာရှိသည်။ ကိုဟန် ပိုက်ဆံချေးပါဗျာ ဆိုရင်တောင် ချေးမည့်သဘောရှိသည်ဟု .. ဇင်လတ်က တွေးနေသည်။ မိဝေး ဘဝေး .. အိမ် ထောင်နှင့် ဝေးရာမှာ သူတို့ အလုပ်လာလုပ်နေကြတာ ဆိုတော့ နီးရာလူသာ ဆွေမျိုးဖြစ်နေသည်။ ကိုရွှေအောင်တို့ စုနေကြသည့် ဒီအိမ်မှာ အားလုံး ပျော်ကြသဖြင့် ညနေဆို ဒီအိမ်မှာပဲ လာစုရုံးနေကြ ဖြစ်သည်။
ကိုဟန်က ခါတိုင်းလည်း အငြိမ်သမား .. သို့သော် ဒီနေ့ကတော့ တခြားနေ့ထက် ငြိမ်လွန်းသည်။ အားလုံး မှန်မှန်လေး မူးနေချိန်မှာ .. ဖိုးသွင်က ကိုရွှေအောင်ကို ထဖောက်သည်
"ခင်ဗျားအိမ်ကလည်း ဂတ်စ်မီးဖို လေးဘာလေးဝယ်ထားစမ်းပါဗျာ။ လူစုံတဲ့အချိန် ချက်ပြုတ်စားချင်ရင် အပြင် ကပဲ ဝယ်စားနေရတော့ မတန်ဘူးဗျ"
"ဟေ့ကောင် ဖိုးသွင် .. မဝယ်နိုင်သေးဘူးကွ။ လက မကုန်သေးဘူး ပိုက်ဆံက ပြတ်နေပြီ"
"မဝယ်ချင်လို့ မဟုတ်ဘူးကွ .. ငါက တောသားဆိုတော့ ဂတ်စ်အိုး ထပေါက်မှာ ကြောက်လို့”
“ပြီးတော့ ငါတို့ ၃ ယောက် စည်းဝေးထိုင်ရဦးမယ်။ စည်းဝေးထိုင်ရင် ဘီယာလေးက သောက်ချင်ဦးမှာ”
ကိုရွှေအောင်နှင့် ကိုဝင်းတို့က ဖိုးသွင်ကို မဆိုင်တာတွေကော၊ ဆိုင်တာတွေကော ပြန်ဖြေရှင်းနေချိန်တွင် ဇင်လတ်က ဂတ်စ်မီးဖို သုံးခြင်းကြောင့် ရနိုင်သော အကျိုးကျေးဇူးများကို တသီတတန်းကြီး ရှင်းပြနေသည်။ ကိုဟန်ကတော့ ငြိမ်မြဲငြိမ်လျှက်။ ကိုရွှေအောင် မနေနိုင်တော့ ...
"ကိုဟန် ငြိမ်လှချည်လားဗျာ။ ခင်ဗျားကို ပြောသမျှကိုလည်း ဘာမှပြန်မငြင်း အားလုံး သဘောတူ .. ခုကျတော့လည်း ဘာစကားမှ ဝင်မပြောနဲ့ .. ဘယ်လိုလဲဗျာ"
"အေးလေ .. စကားလေး ဘာလေးတော့ ပြောဦးမှပေါ့ .. ကဲ ကိုရွှေအောင် ကုန်ပြီ .. နောက်ထပ်သွားဆွဲမယ် ပိုက်ဆံပေး"
ကိုဝင်းက ကိုဟန့်ကို ပြောရင်း တလက်စတည်း ဘီယာပြတ်သွားသည့်ကိစ္စကိုပါ ရည်ညွှန်းလိုက်ရာ .. ကိုရွှေအောင်က ထဆဲသည်။
"@#%^^*+ ပဲကွာ .. အဲဒါကို တထောင်နဲ့ မြှောက်လိုက်။ ငါ့မှာ ပိုက်ဆံမကျန်တော့ပါဘူးဆို"
"ဟာ .. ဒါဆို ခင်ဗျားက ဒီတိုင်း ဟတ်ကော့ကြီးနဲ့ ရပ်တော့မှာလား"
"မရပ်နဲ့ .. မရပ်နဲ့ ရော့ ကျနော့်ဆီက ယူသွားလိုက်" ဟုကိုဟန်က ဆိုကာ ဘတ် ၅၀၀ တန်တရွက်ကို ရက်ရောစွာ ထုတ်ပေးသဖြင့် အားလုံး အံ့သြရပြန်သည်။
ဒီနေ့တော့ ကိုဟန့်အမူအရာက တစုံတခုကို လေးလေးနက်နက် တွေးနေပုံရသည်။ သိပ်ကြာကြာ မစောင့်လိုက်ရ ကိုဟန်က နံရံ တနေရာကို ငေးရီကာကြည့်ရင်း ..
“၂၀၁၂ ခုနှစ်ကြရင် .. ကမ္ဘာကြီး ပျက်တော့မှာဗျ” ဟုပြောလိုက်သောကြောင့် .. အားလုံး ရုတ်တရက်ကြောင် သွားကြသည်။
“ဟုတ်တယ် ၂၀၁၂ ခု ဒီဇင်ဘာလ ၂၁ ရက်နေ့ .. ၂၁ နာရီကနေစပြီး အဲဒီပြောင်းလဲမှု၊ ပျက်စီးမှုကြီး စဖြစ်တော့မှာ”
“သြော် အဲဒီတော့မှ စဖြစ်မှာလား .. ဒါဆိုအေးအေးဆေးဆေးပေါ့ ကိုဟန်ရာ။ တကယ်ဆို ခုကတည်းကလည်း ပျက်ဆီးနေတာပဲဟာ အထူးအဆန်းလုပ်လို့” ဟု ဇင်လတ်က ဝင်ပြောလိုက်သည်။
“မဟုတ်ဘူး .. အဲလိုမဟုတ်ဘူး။ ငါ့စိတ်ထဲမှာ ခုတလော ဒီအကြောင်းတွေချည်းပဲ စိုးမိုးနေတာ ... ခုဟာက ရှေးဟောင်းပညာရှင်တွေ တွက်ချက်ပြီး ဟောခဲ့တာ၊ ခုခေတ်သိပ္ပံပညာရှင်တွေ တွက်ထားတာ .. နောက်တော့ သမ္မာကျမ်းစာထဲမှာ ပါတာ .. ကမ္ဘာပေါ်မှာရှိရှိသမျှ ပညာရှင်တွေ တွက်ထားတာအားလုံး တိုက်ဆိုင်နေတာ။ အဲဒီအချိန်ကျရင် တခုခု ဖြစ်ကိုဖြစ်မယ်။ အဲဒါက ဘာလဲတော့မသိဘူး။ ပြောင်းလဲမှုတွေဖြစ်သွားမယ်၊ လူတွေရဲ့ မျိုးဗီဇတွေ ပြောင်းသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ လူတွေ ပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဂြိုဟ်သားတွေက လာအုပ်ချုပ်တာမျိုး .. ဘာလဲတော့မသိဘူးကွာ .. တခုခု ဖြစ်မှာတော့ သေချာတယ်”
ကိုဟန့်စကားအဆုံးမှာတော့ အားလုံးငြိမ်ကျသွားသည်။
“ဟာ သိပြီ .. ကိုဟန်ပြောပုံအရ အီဗော်လူးရှင်း နောက်တခါထပ်ဖြစ်မယ့် သဘောလား။ ဥပမာ - ဒါဝင့်အဆိုအရ ဆင့်ကဲဖြစ်စဉ်အတိုင်း မျောက်ကနေ လူကို တဖြည်းဖြည်း ပြောင်းသွားသလို လူကနေ တခြားတခုကို ပြောင်းမယ် ဆိုတဲ့ဟာမျိုးလား” ဟု ဖိုးသွင်က ဝင်ပြောလိုက်သည်။
“အဲလိုလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့မရဘူး .. ပျက်ဆီးသွားတာ ပျောက်ကွယ် သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ .. ဥပမာ .. လူကနေ ဟိုးအရင်ကမ္ဘာဦးလူတွေလို .. ဒါမှမဟုတ် မျောက်တွေလို ဖြစ်ချင်လည်းဖြစ်သွားမယ်”
“ဟင် .. ဒါဆို ဒီဗော်လူးရှင်းကြီးပေါ့”
ဇင်လတ်က ဘီယာဘူးအသစ်တဘူးကို ဖောက်ရင်းက “ဒါမှမဟုတ် ကမ္ဘာပေါ်မှာရှိရှိသမျှ သံတွေ၊ သတ္ထုတွေ ပျော်ကျကုန်လို့ လူတွေက ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားတာကော ဖြစ်နိုင်လား ကိုဟန်” ဟု ဝင်ဆွေးနွေးသည်။ သူတို့ ဆွေးနွေးပွဲက အတော်လေး အသက်ဝင်လာချိန်တွင် ကိုဝင်း ဘီယာဘူးအသစ်တွေနှင့် ပြန်ရောက်လာသည်။
“ဇင်လတ်ပြောတာမျိုးလည်း ဖြစ်နိုင်တာပဲ။ လူတွေအားလုံး လက်မဲ့တွေဖြစ်သွားပြီး ကျောက်ခေတ်တုန်းကလို သုညက ပြန်စရတာမျိုးပေါ့”
“ဟာ ကောင်းတာပေါ့ .. ကားတွေဘာတွေ မရှိတော့ဘူး။ လေယာဉ်ပျံလည်း မရှိတော့ဘူး။ ခရီးသွားရင် အရင်တုန်းကလို လှည်းတွေ လှေတွေနဲ့သွား၊ လမ်းလျှောက်သွားကြ”
“ဒါဆို ဘီယာတို့ အရက်တို့လည်း ဝယ်လို့ဘယ်ရတော့မလဲနော်” ဟု ကိုဝင်းက စိုးရိမ်တကြီးဝင်ပြောသည်။
ကိုဟန်က မစိုးရိမ်ပါနဲ့ဟူသော မျက်နှာပေးနှင့် “အဲတော့လည်း ကိုယ့်ဘာသာ ချက်သောက်ကြတာပေါ့ကွာ။ ဒါပေမယ့် အဲဒီလို ဖြစ်မယ်လို့လည်း ကံသေ ကံမ မပြောနိုင်ဘူးကွ”
“ဟာဗျာ .. ခင်ဗျားဟာကလည်း ဘာမှလည်း မသေချာဘဲ ကျုပ်တို့က ဘာကို ကြောက်ရမှာလဲဗျ” ဟု ကိုရွှေအောင်က ဘုဝင်တောလိုက်ရာ အားလုံးငြိမ်သက်သွားသည်။ စကားဝိုင်းစကတည်းက ဘာတခွန်းမှ ဝင်မပြောဘဲ ဘီယာချည်းလှိမ့်သောက်နေသော သိုက်စိုးက သူမပါလျှင်ပွဲမပြတ်နိုင် ဆိုသော အမူအရာဖြင့် စကားဝိုင်းထဲ ဝင်ပါလာသည်။
“သိပြီဗျ .. ကမ္ဘာပျက်မယ်ဆိုတာထက် အင်တာနက်စစ္စတမ်တွေအားလုံး ပျက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူးလား။ ခုချိန်မှာ အင်တာနက်စစ္စတမ်တွေပျက်သွားရင် ကမ္ဘာပျက်သွားသလို ဖြစ်သွားမှာပဲလေ။ ဘဏ်စနစ်တွေ ပျက်မယ်၊ တခြား အင်တာနက်နဲ့ ထိန်းချုပ်တာမှန်သမျှ ပျက်မယ်ဗျာ။ ဆက်သွယ်ရေးစနစ်တွေပါပျက်သွားမယ်။ ဒီဂျစ်တယ်စနစ်တွေ ဘာမှအလုပ်မလုပ်တော့ဘူး .. ဆိုရင်...”
“နေဦး သိုက်စိုးရ .. မင်းစဉ်းစားကြည့် အင်တာနက်ပျက်ရုံနဲ့တော့ လူက သိပ်ပြဿနာမရှိသေးဘူး။ သူတို့ ခေါင်းထဲမှာ ဒေတာတွေ ကျန်နေသေးတယ်။ ပြန်လုပ်လို့ရသေးတယ်။ လောင်စာလိုဟာတွေ လုံးဝ ထုတ်ယူလို့ မရတော့ဘူးဆိုရင်ကော ..” ဟု ဇင်လတ်က ဖြည့်စွက်သည်။ ထုံးစံအတိုင်း ကိုဟန်က “ဒါလည်း ဖြစ်မယ်လို့တော့ ကံသေကံမ ပြောလို့မရဘူး” ဆိုတာနှင့် ပိတ်သည်။ ကိုရွှေအောင်က ဘာမှပြန်မပြောဘဲ မျက်စောင်းသာ ထိုးလိုက်သည်။
ကိုဝင်းက “ဘာဖြစ်မယ်မှန်းမသိဘဲနဲ့ဗျာ ခင်ဗျားတို့ကလည်း ဘာတွေလျှောက်ပြောနေကြတာလဲ” ဟု ဝင်ဟန့်သော်လည်း မရတော့ အားလုံး ကိုဟန့်ကိစ္စကို စိတ်ဝင်စားနေကြပြီ။
“ကမ္ဘာပေါ်မှာ ရှိသမျှ နျူကလီးယားလက်နက်တွေ တပြိုင်တည်း ထ ပေါက်ကွဲမယ်ဆိုရင်ကော ..” ဆိုသည့် ဇင်လတ် စကားအဆုံးတွင်တော့ အားလုံးငြိမ်သွားကြတော့သည်။ ကိုဟန်လည်း ဘာမှမပြောတော့ .. ။
“အဲလိုဆိုရင်တော့ .. ကမ္ဘာကြီးတကယ်ပျက်စီးမှာပဲ။ လူတွေအားလုံးသေကြမယ်။ တချို့ပဲ ရှင်ကျန်မယ်။ အဲဒီတချို့လက်ထဲမှာ ဘာမှ မကျန်ခဲ့ဘူး။ အဲဒီအခါကျ ကာဘွန် ထုတ်လွှတ်မှုတွေလည်း မရှိတော့ဘူး .. သစ်ပင်တွေကိုလည်း အပြိုင်မခုတ်နိုင်တော့ဘူး။ မခုတ်နိုင်တဲ့အတွက် သစ်ပင်တွေက ကောင်းကောင်း ရှင်သန်မယ်။ တောတွေပြန်ဖြစ်လာမယ်၊ အိုဇုန်းက ပြန်စေ့သွားပြီး အပူလျော့ကျသွားမယ် .. အဲဒီအခါကျ .. တိရစ္ဆာန် မျိုးစိတ်တွေလည်း ပြန်ပေါ်လာမယ်။ ဝင်ရိုးစွန်းက ရေတွေပြန်ခဲပြီး သမုဒ္ဒရာထဲမှာ မြုပ်နေတဲ့ ကျွန်းတွေ ပြန်ပေါ်လာမယ်။ ကမ္ဘာကြီးပေါ်မှာ လူတွေ လျော့သွားတာနဲ့အမျှ ကမ္ဘာကြီး နေပြန်ကောင်းလာမယ်”
“ဟာ ဇင်လတ်ရာ .. မင်းပြောတာကို နားထောင်ရတာနဲ့တင် ရုပ်ရှင်ပြနေသလို မျက်စေ့ထဲမှာ ကွင်းကွင်းကွက် ကွက် ပေါ်လာတော့တာပဲ။ ဟုတ်တယ် မင်းပြောတာ အဖြစ်နိုင်ဆုံးပဲ” ဟု ကိုဟန်က ဇင်လတ်စကားကို ထောက်ခံလိုက်သည်။
သူတို့အားလုံး ငြိမ်သွားကြသည်။ ဘယ်သူကမှ အတည်မပြုသော်လည်း နျူကလီးယား လက်နက်များ တပြိုင်နက် တည်း ထပေါက်ကွဲမည့်ကိစ္စကို ဖြစ်နိုင်ခြေအရှိဆုံးအဖြစ် နှုတ်ဆိတ်ကာ သဘောတူလိုက်ကြသည်။ သူတို့ဘေး နံရံပေါ်မှာတော့ တိုင်ကပ်နာရီတလုံးက ၁၀ နာရီ တိတိတွင် ရပ်တံ့နေသည်။
ဖိုးသွင်က နာရီကိုစိုက်ကြည့်ရင်း “ဒီနာရီက ဘယ်အချိန်ကြည့်ကြည့် ၁၀ နာရီပဲနော် .. ဘယ်လိုဖြစ်တာလဲ” ဟု မေးလိုက်သည်။
သိုက်စိုးက “တကယ်လို့သာ ခုနက ပြောတဲ့ နျူလက်နက်တွေအားလုံး ပေါက်ကွဲသွားလို့ ကမ္ဘာပေါ်က နာရီတွေအားလုံးပျက်ဆီးသွားတယ် ဆိုပါစို့၊ ဒီနာရီတလုံးပဲ အကောင်းအတိုင်းကျန်ခဲ့တယ်ဆိုရင် .. နောက်လူတွေက ၁၀ နာရီမှာ ကမ္ဘာကြီးပျက်ခဲ့တယ်လို့ မှတ်သားမိမယ်ထင်တယ်” ဟုဝင်ပြောလိုက်သည်။
“ဟာ .. အဲလိုတော့မဖြစ်နိုင်ပါဘူးကွာ .. ဘယ်အချိန်မှာ စဖြစ်ခဲ့တယ်ဆိုတာ ကျန်တဲ့သူတွေ မှတ်ထားမိမှာပါ”
“တကယ်လို့ .. လူတွေအားလုံးက မှတ်ဥာဏ်တွေပျောက်ကုန်ရင်ကော၊ ဒီနာရီကိုပဲ အားကိုးမိမှာပဲ။ သမိုင်းက မှားတော့မှာပေါ့”
“သမိုင်းမှားတော့လည်း ဘာအရေးလည်းကွာ .. အားလုံးတောင် ပျောက်ကွယ် ပျက်စီးကုန်သေးတာပဲ”
သူတို့ တယောက်တပေါက်ပြောသည့် စကားများက နံရံပေါ်က တိုင်ကပ်နာရီလေးပေါ် ပြောင်းလဲသွားသည်။ ကိုရွှေအောင်တို့ ငှားမိသည့် အိမ်မှ အိမ်ထောင်ပရိဘောဂများက လျှပ်စစ်ပစ္စည်းများဖြစ်သော်လည်း ရှေးဟောင်း ပစ္စည်းများဖြစ်နေတာ ထူးခြားသည်။ မိုက်ခရိုဝေ့ဖ် မီးဖိုကလည်း ရှေးခေတ်က ကျွန်းလက်ကိုင်နှင့်၊ အဲယားကွန်း ကလည်း ရှေးပုံစံ .. မီတာတော့ တော်တော်စားမည့်ပုံ။
“အေးကွာ .. ဒီနာရီလေးက ရှေးဟောင်းနာရီလေး .. လှလို့ ဒီအတိုင်းထားလိုက်တာ .. ငါတို့ ပြောင်းလာ ကတည်းက .. ဒီတိုင်း ၁၀ နာရီမှာ ရပ်နေတာကွ .. ထူးတော့ ထူးဆန်းတယ်” ဟု ကိုရွှေအောင်က ပြောလိုက်သည်။
“အင်း .. ဒီအိမ်ကြီးမှာ တချိန်က မင်္ဂလာဆောင်ပွဲတပွဲ ကျင်းပမလို့ .. လုပ်နေတုန်း၊ သတို့သမီးက အလှ
ှတွေ ပြင်ပြီး စောင့်နေတဲ့ အချိန်မှာ သတို့သားက အချိန်မီရောက်မလာတော့ သတို့သမီးက နာရီကို ၁၀ နာရီအတိမှာ ရပ်ထားလိုက်ပြီး ဝတ်စုံပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ ဆိုရင် ..”
“ဂရိတ်အိတ်စပတ်တေးရှင်းထဲကလို .. အသက် ၈၀ လောက်အဘွားကြီးက တသက်လုံး မင်္ဂလာဝတ်စုံကို မချွတ်တော့ဘဲ ဒီအိမ်ကြီးရဲ့ လျှို့ဝှက်အခန်းတခန်းမှာ မင်္ဂလာ ကိတ်မုန့်ကြီးတလုံးနဲ့ သူ့သတို့သားကို ထိုင်စောင့်နေရင်ကော”
“ဟင့်အင်း .. သရဲအဖြစ်နဲ့ စောင့်နေတာက ပိုဖြစ်နိုင်တယ်”
“ခုနက နျူလက်နက်တွေ ပေါက်ကွဲသွားပြီဆိုရင်တော့ .. ဒီသတို့သမီးလည်း ပါချင်ပါသွားမှာပါကွာ ..”
သူတို့ဘာသာ စကားဝိုင်းကို အာရုံစူးစိုက်နေကြတော့ .. သူတို့နောက်မှာ တစုံတခု ဖြစ်သွားခဲ့တာ ဘယ်သူမှ မသိလိုက်ကြ။ ရည်းစားနှင့် လျှောက်လည်ပြီး ပြန်လာသည့် ရဲခေါင်က “အင်း .. ဒီအိမ်ကြီးမှာ တချိန်က မင်္ဂလာဆောင် ပွဲတပွဲ ကျင်းပမလို့ .. လုပ်နေတုန်း၊ သတို့သမီးက အလှတွေ ပြင်ပြီး စောင့်နေတဲ့ အချိန်မှာ သတို့သားက အချိန်မီရောက်မလာတော့ သတို့သမီးက နာရီကို ၁၀ နာရီအတိမှာ ရပ်ထားလိုက်ပြီး ဝတ်စုံပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေ ....” ဆိုသည့် ဖိုးသွင်၏ စကားမဆုံးခင် .. အကြောက်လွန်ကာ အိမ်ပြင်သို့ ပြန်ထွက် ပြေးသွားခဲ့သည်။ ရဲခေါင်က အလွန်ကြောက်တတ်သည်။ ဘာမှန်းမသိရသည့် သရဲကိုတော့ အလွန့်အလွန် ကြောက်သည်။
တခါက သူ့အခန်းထဲမှာ တွေ့သည့် ပုံမကျပန်းမကျ ပိုးနှံကောင်တကောင်ကို “ဂြိုဟ်သား” ပါ ဟုဆိုသဖြင့် ကိုဝင်းက ဖိနပ်နှင့် ရိုက်သတ်ပေးလိုက်ရသေးသည်။
ခု အိမ်ကြီးက ကိုဝင်း၊ ကိုရွှေအောင်နှင့် ရဲခေါင်တို့ စိတ်တူသူ ၃ ဦးစပ်ငှားနေသည့် အိမ်ဖြစ်သည်။ ဘာဖိုးပဲ ပေးပေး ၃ နှင့်စားကာ ခွဲဝေပေးကြသည်။ ခုတော့ ရဲခေါင် အကြောက်လွန်ကာ ထွက်ပြေးသွားခဲ့ပြီ။ အဲဒီညက ရဲခေါင် အိမ်ပြန်မအိပ်ဟုသာ သိကြသည်။ ဘာကြောင့်ပြန်မအိပ်လည်း ဘယ်သူမှမသိကြ။
ခဏနေတော့ ကိုဟန်က ပြန်တော့မည်ဟုဆိုသည်။ သူ့ လေ့လာချက်ကို ဆက်လက်တိုးမြှင့်လေ့လာပြီး အချက်အလက်သစ်များ ရရှိလျှင် ပြန်ပြောမည်ဟုလည်း ပြောသေးသည်။ ပြန်တော့ နည်းနည်း ယိုင်နေသဖြင့် ကိုဝင်းက အဝသို့ တွဲကာ လိုက်ပို့ရသည်။
ကိုရွှေအောင်ကတော့ ကမ္ဘာကြီးပျက်မယ့်အတူတူ ဂတ်စ်မီးဖို မဝယ်တော့ရန် ယာယီဆုံးဖြတ်လိုက်သည်။ ဝယ်မည် ဆိုလျှင်လည်း ၃ နှင့် စားရဦးမည်။ အဲဒီလို မစားခင် သူတို့ ၃ ဦး စည်းဝေးထိုင်ရမည်။ စည်းဝေးထိုင်လျှင် ဘီယာလေးနဲ့မှဟု ကိုဝင်းကပြောရာ .. ဘီယာစရိတ်မတတ်နိုင်သေးသောကြောင့် ထိုအစီအစဉ်အားလုံးကို ဆိုင်းငံ့ လိုက်သည်။
နောက်တနေ့မှာ ရဲခေါင်က သူ့ရည်းစားနှင့် သွားနေတော့မည်ဟု သတင်းပေးသည်။ သူတို့အိမ်မှာ သရဲခြောက် သောကြောင့် သူမနေလိုတော့ကြောင်း ပြောပြရာ ကိုရွှေအောင်နှင့် ကိုဝင်း ဘယ်လိုမှ တားမရတော့။ ရှင်းပြလို့လည်းမရ၊ သရဲဆိုတာ မရှိပါဟု ပြောသော်လည်းမရတော့။ ရဲခေါင်၏ ချစ်သူကောင်မလေးကလည်း သူ့ချစ်သူအကြောက်လွန်နေသည်ကို မကြည့်ရက်တော့သဖြင့် ခု သူနှင့် ခေါ်ထားလိုက်တော့မည်၊ လာမည့် သတင်းကျွတ်တွင် လက်ထပ်လိုက်ကြ တော့မည် ဟု ဝင်ပြောသည်။
ရဲခေါင်ကတော့ စုတ်ကောလာဘ်ပါ ဝင်သည့်သဘောဖြစ်သည်။ သူ့ကောင်မလေးအိမ်တွင် တက်နေလျှင် အိမ်လခလည်း ပေးစရာမလို .. ချစ်သူနှင့်လည်း အမြန်နီးစပ်မည်။ သို့သော် ပြဿနာတက်ကုန်တာက ကိုရွှေအောင်နှင့် ကိုဝင်းဖြစ်သည်။ အရင်က ၃ နှင့် စားကြရသမျှ အခု ၂ နှင့် စားရတော့မည်။ ပိုက်ဆံက လောက်ဖို့ မလွယ်တော့ ..။ တခြားတယောက်ကိုလည်း ထပ်မညှိချင်၊ သူတို့နှင့် စိတ်တူကိုယ်တူမဖြစ်လျှင် ပြဿနာရှိသည်။ ဒီထက်သေးသည့်အိမ်ကိုလည်း ချက်ချင်းပြောင်းဖို့မဖြစ်နိုင် .. ၆ လစာချုပ်ချုပ်ကာ ၂ လစာ စဘော်ငွေဆုံးလိမ့်မည်။
ဒီပြဿနာ၏ တရားခံက ကိုဟန်။ ကိုဟန်သာ မစလျှင် ဒီစကားများ ပြောဖြစ်ကြမှာမဟုတ်၊ ရဲခေါင်လည်း ရုတ်တရက် မိန်းမယူဖို့ ဖြစ်လာမှာမဟုတ်။ ကမ္ဘာကြီးပျက်မှာက ၂၀၁၂ .. မှ .. လောလောဆယ် သူတို့ ဒုက္ခရောက်ပြီ .. ။
ကိုဟန်က သူတို့အားလုံးထက် အသက်ကြီးသည်၊ ပညာဗဟုသုတ ပိုမိုကြွယ်ဝသည်၊ ဒီလို တရားခံရှာသည့် အချိန်တွင် တွေ့လိုက်ရသူမှာ ကိုဟန်မဟုတ်ဘဲ ဇင်လတ်တို့၊ သိုက်စိုးတို့ သာဆို ကိုရွှေအောင် ဆဲနည်း ပေါင်းစုံနှင့် အားရအောင်ဆဲပြီး ထိုအဆဲများကို တထောင်နှင့် မြှောက်ခိုင်းလိုက်ပြီ ..။ ခုတော့ ဘာလုပ်ရမှန်းမသိ။
ကိုဟန်ကတော့ ဘာမှမသိ။ အေးအေးဆေးဆေးပင် .. နောက်နေ့ သူတို့အိမ်မှာ ဘီယာလာသောက်သည်။ သူတို့ကို လာတိုက်သည်ဟုဆိုလျှင် ပိုမှန်မည်။ ဒီတော့လည်း ကိုရွှေအောင်အနေနှင့် ၂ နှင့်စားရမည့် ကိစ္စကိုမေ့ထား လိုက်ကာ .. တထောင်နှင့်မြှောက်ချင်သည့်စိတ်ကို မြိုချလိုက်တော့သည်။ တခုတော့ရှိသည် .. တကယ်လို့များ ကိုဟန်က ၂၀၁၂ တွင် ကမ္ဘာကြီးပျက်တော့မည်ဟု စကားထပ်မံ စလိုက်မည် ဆိုလျင်တော့ ...။ ။
နောက်ဆက်တွဲ မှတ်ချက်။ ။ ကမ္ဘာကြီးပျက်မည့် ကိစ္စကို ကိုဟန် ထပ်ပြောတာ မကြားရတော့ .. ။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းရက်များတွင် ကိုဟန်နှင့် တခြားသူများ၏ အိပ်ချိန်၊ နိုးချိန်များ ပြောင်းပြန်ဖြစ်ကုန်ကြသဖြင့် မဆုံကြတော့ သောကြောင့် ဖြစ်သည်။
Tuesday, September 08, 2009 | Labels: ဝတ္ထုတို | 12 Comments
နေ့နဲ့ည ရေရင်လေ ၃၈ နှစ်
မွေးနေ့မှာ စာရေးချင်ပေမယ့် မရေးအားဘူးဆိုတာ ကြိုသိနေလို့ ကျမရဲ့ အလွန်တရာမှ .. အလွန် တရာ့တဆယ်မှ ချစ်လှစွာသော မောင်လေးညီမလေးများကိုယ်စား ညီမလေးညီနဲ့ မောင်လေး တွေ့ကရာရှစ်သောင်းအန်ဒီဒူးပတ်စ် ဖိုးအောင်တို့ကို ပို့စ် တပုဒ်စီရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒင်းတို့ ၂ ကောင်က ရွှေဥာဏ်တော်စူးရောက်စွာ အပျင်း တစ်သမို့ ချက်တင်မှာ အပြန်အလှန်ပေါက်တက်ကရပြောပြီး ဒါပို့စ်ပါ ဆိုပြီး ပို့ပေးလေရဲ့.. ဒီတော့ ကျမကလည်း တင်ရပြီပေါ့လေ။ မွေးနေ့လက်ဆောင်ဆိုတော့လည်း မငြင်းကောင်းဘူးမဟုတ်လား။ ဖိုးအောင်က ပြောသေးတယ် စာမေးပွဲကြီးတန်းလန်းနဲ့ရေးရတာ ဒေါ်လာ ၅၀ တန်တယ်ဆိုပဲ။ တော်ကြာ ပိုက်ဆံပြန်တောင်း နေမှာစိုးလို့ အသာငြိမ်ပြီး ဒီပို့စ်လေးကိုပဲ ယူထားလိုက်ရပါတော့တယ်။ သူတို့ပို့စ်ထဲမှာ နားမလည်တာရှိနိုင်တာမို့ ခက်ဆစ်ဖွင့်ပေးလိုက်ပါတယ်။ ညီနဲ့ အောင်ဒီကန်ကိုကျေးဇူးတင်ပါတယ်။
andyကောင်: မတူးအတွက်ကဗျာလား.. မနက်ဖြန်ဟာ အခုတော့ ငါ့ခေါင်းထဲ mutliple choice တွေပဲရှိတယ်
nye: ဖျစ်ညှစ်ထုတ်လိုက်ပါ.. ချစ်မ အတွက်ပဲဟာ.. အင်တာဗျူးပုံစံရေးမယ်..မတုဆိုတာ
andyကောင်: မတုဆိုတာကို ဘယ်လိုမြင်သလဲဆိုရင်ပေါ့နော်.. မျက်စိနဲ့မြင်ပါတယ်.. ပေါတောတော အမကြီးတစ်ယောက်လို့မြင်ပါတယ်
nye: ဟောက်.. ပေါတာတော့ အတော်ပေါတာရှင့်.. မထင်ရအောင်ကိုပါပဲ
andyကောင်: ဟုတ်တယ်ခည ဒါကြောင့်
nye: နေဦးဟာ မကောင်းသေးဘူး.. ကဗျာ တစ်ပိုဒ်စီရေးမလား
andyကောင်: အင်.. ဒါဆို ဒီလိုလုပ် နင်ရေး.. ငါနှမ်းဖြူးမယ်.. ဟီဟိ
nye: အစပိုဒ် ငါစပေးမယ်.. ကဲ စပီ
(မတူးအတွက် မွေးနေ့လက်ဆောင်ကဗျာ.. ဘာမှ စဉ်းစားမရပါ.. )
ကဲ နင်ဆက်
andyကောင်: ဘာကဗျာလဲဟင်
nye: ဟင်
andyကောင်: ပြန်ခံလို့လဲမရဘူး.. စဉ်းစားနေရင်း ခဏခဏ.. ကော်နတ်ရှင်က ကျ
nye: ဒါဖြင့် နင်စ (ငါက ကဗျာမရေးတတ်ပါဘူးဆို)
andyကောင်: (ပြောပြန်ပြီ) မတူးမွေးနေ့ လက်ဆောင်ကဗျာ စဉ်းစားမရပါ.. စဉ်းစားနေရင် ခဏခဏ ကော်နတ်ရှင်က ကျ။
nye: ကလေးကဗျာကြီး
andyကောင်: အေးလေ.. နင်အုပ်လိုက်တာ အဲ့လိုပုံကြီးဖြစ်နေလို့
nye: LP လေး ဘာလေးလာစမ်းပါ.. ငါက အယ်လ်ပီရေးထားတာ
ပြန်စမယ်.. (မွေးနေ့လက်ဆောင် ကဗျာတဲ့.. ဘယ်က စရမလဲ... စကားလုံးတွေလည်းခမ်း.. အတွေးတွေလည်းပျောက်.. အောင်ဒီကန်ရေ ကူဦး)
ဟဟ ဘာကြီးမှန်းလည်းသိဘူး
andyကောင်: :( .. ရှေးလေးချိုးတွေပဲ ရေးရင်ကောင်းမလား
nye: နင် စလိုက်ပါဆို
andyကောင်: စမယ်.. လဲ့လဲ့ကြီးညို.. အာ.. ဒါက မြ၀တီမင်းကြီး ဖြစ်သွားပြိ.. အဟမ်း
(အပေါ်ကနေရင်ကစပြီး မှတ်ထားလိုက်) (conversation အနေနဲ့ထည့်လိုက်မယ်)
မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့်.. ကဗျာလင်္ကာဆိုတာကလည်း စုပ်ကာမြုပ်ကာမြောက်နေသမို့.. မြင်နေရတာက အေဘီစီ ရှုပ်ထွေးပွေလီ။
(ဟေ့)
nye: ဟေ
andyကောင်: မြင်နေရတာက အေဘီစီ (အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။
အာ နင်ဝင် မဟေနဲ့လေ ငါက ကဗျာစပ်နေတာ.. ခုမှ ဆက်ရမှာ.. ရှေ့ဆက်လေ
nye: ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ
andyကောင်: အာဝိ.. အတွေးမမီလို့မရဘူး.. ကိုယ့်အမကြီးမွေးနေ့,, ဖြစ်ညစ်မှီရမယ်.. မှီကိုမှီမှရမယ်
nye: ဘာတုန်း ငါနင့်အပိုဒ်ကို ဆက်နေတာလေ မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့် ရှုပ်ထွေးပွေလီ
ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ.. မြင်နေရတာက အေဘီစီ
(အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။ အဲလိုလား
andyကောင်: အဲလိုပဲထားပါတော့... ဒါနဲ့ ပုလွေတစ်ရာကြီးကောဟင်
nye: ဘာ ဘာတွေလဲ
andyကောင်: ပုလွေတစ်ရာလေ မတူးပို့တဲ့ ပလွေတစ်ရာ.. ပလွေတရာ တညင်မှာဝိုက်ပါလို့.. အစဉ်သာ ကြိုက်ချင်နေတာမို့.. အဲဒီပုလွေတရာကိုပြောတာ
nye: အဲ့ဒါဘာဖြစ်
andyကောင်: ထည့်စပ်မလားမေးတာဟေ.. အာဝိ ဒုတ်ခွပဲ
nye: ဟီး.. နေဦးဟာ.. ငါမသိတော့ဘူး
andyကောင်: အေး.. ငါရောပဲ..
nye: အေ.. ဒီလိုလုပ်လေ.. အလွယ်ဆုံးကဗျာ ရွတ်ပေးလိုက်ကြမလား
andyကောင်: ဘာလဲ
nye: ဟက်ပီဘသ်ဒေး တူးယူ ..
andyကောင်: ဟက်ပီဘသ်ဒေး တူးယူ..
သံပြိုင်: ဟက်ပီဘသ်ဒေး ဒီးယား“မတူး”.. ဟက်ပီဘသ်ဒေး တူးယူ
nye: အေးကို .. ပီးနေတာပဲကို..
andyကောင်: ဘသ်ဒေးကိတ်လေးဘာလေး.. ဝယ်ပေးလိုက်ရအောင်လား.. နင့် ပိုက်ဆံဘလောက်ရှိလဲ ထုတ်..
nye: အကုန်တော့မရဘူး အိမ်ပြန်ကားခ ၂၀၀ ချန်ပြီးထုတ်ရမယ်ဆိုရင်ဖြင့် .. အင့် ၁၀၀
andyကောင်: ငါ့မလဲ ၁၀၀.. ဒလောက်နဲ့ ဘာကိတ်ရမတုန်း
nye: ဟို ဒင်း.. ပူတင်းကိတ်လောက်တော့ ဖြစ်မယ်ထင်တယ်..
(မတူးရေ ဤသို့ဤနှယ် စည်းလုံးညီညွတ်အပေးအယူမျှစွာ ကဗျာစပ်ပြီးသကာလ.. မတူးအတွက် မွေးနေ့ပူတင်းတစ်လုံးနှင့်အတူ သံပြိုင်ညီညာ မွေးနေ့ဆုတောင်းရွတ်ဆိုရင်း နိဂုံးချုပ်လိုက်ပါသည်)
မောင်ညီမလေး - အန်ဒီညီး)
ခက်ဆစ်အဓိပ္ပာယ် - ပုလွေတရာ = ဟန်ဒရက် ပိုက်ပါ ခေါ် စကော့ဝီစကီ (ထိုင်းတွင်အလွန်သောက်သောအရက်)
Friday, August 28, 2009 | Labels: အမှတ်တရ | 18 Comments