ဝတ္ထုတို ၆

မနှစ်က ဒီလိုအချိန် ၃၆ နှစ်ပြည့် မွေးနေ့ကို ကျင်းပနေတုန်းက ၃၇ နှစ်ပြည့်တဲ့အချိန်မှာ တခြားတနေရာကို ရောက်နေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။ ကျမရဲ့မွေးနေ့ကို ဝင်တဲ့ခုအချိန်မှာ တယောက်ထဲ ကြက်ဥတလုံး ကိုကြော်ပြီး ခပ်ခြောက်ခြောက် ထမင်းတပွဲနဲ့ ကွန်ပျူတာရှေ့ထိုင်နေရလိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး။ ခါတိုင်းနှစ်တွေမှာတော့ ၂၆ ရက်နေ့မှာ မွေးနေ့ကျတဲ့ ကျမထက် ၄ နှစ်ကြီးတဲ့ အစ်ကိုရယ် ၂၉ ရက်နေ့မှာ မွေးနေ့ကျတဲ့ ကျမရဲ့ အစ်ကိုလို ချစ်ခင်ရတဲ့ (အစ်ကိုပဲထားပါတော့) သူငယ်ချင်းရယ် သုံးယောက်ပေါင်းပြီး ငယ်သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ကျင်းပနေကျ။ ၁၀ တန်းလောက်ကတည်းက အဲလိုလုပ်ခဲ့တဲ့ အစဉ်အလာဟာ ခုချိန်ထိလည်း တယောက်ယောက် ခရီးလွန်မနေရင် နှစ်တိုင်း ကျင်းပနေကျပါ။ ဒီနှစ်မှာတော့ ကျမက ခွဲထွက်လာခဲ့သူ။ ထိုင်းနိုင်ငံက ချင်းမိုင် ဆိုတဲ့ ရှေးဟောင်းမြို့ကလေးမှာ တိတ်တိတ်ဆိတ်ဆိတ် မွေးနေ့ကို ကြိုနေရတာဟာ စဉ်းစားကြည့်တော့ နည်းနည်း ထူးဆန်းနေသလိုပဲ…။ လူတွေဟာ ထင်မထားတာတွေ ဖြစ်တတ်တယ် ဆိုတဲ့စကားက အလကားမဟုတ်ဘူးနော်။ ကျမသိတတ်စအချိန်ကတည်းက ကျမရဲ့ မွေးနေ့ တွေမှာ အမေနဲ့ အမြဲ အတူရှိနေခဲ့တာ။ ခု ၃၇ နှစ်ပြည့်တဲ့မွေးနေ့ကတော့ ပထမဆုံး အမေ့ရဲ့ အဝေးမှာ ကျရောက်တဲ့ မွေးနေ့ဖြစ်နေပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ညဦးက ကြည့်ခဲ့တဲ့ စတိတ်ရှိုးမှာ အဆိုတော် စံပီး က ထူးအိမ်သင်ရဲ့ “အမေ့အိမ်” သီချင်းကို ဆိုလိုက်သေးရဲ့။ အဲဒီသီချင်းကို ကြိုက်ပေမယ့် ကျမ လုံးဝ လိုက်မညည်းခဲ့ဘူး။ ကျမကတော့ အမေ့ရဲ့ ဒုက္ခအိုး စစ်စစ်ပါ။ ကျမကြောင့် အမေက အမြဲ ဂုဏ်ယူ ပျော်ရွှင်ချင်ပေမယ့် အမေ့ကို စိတ်ညစ်အောင် စိတ်ရှုပ်အောင် လုပ်တဲ့ သမီးတယောက်လေ။ ကျမရဲ့ မွေးနေ့တွေမှာ (အိမ်ထောင်ကျပြီး အိမ်ခွဲနေတဲ့အထိ) မနက်အစောကြီး ကျမ မနိုးခင် အိမ်ဝရောက်လာ Happy Birthday အနမ်းနဲ့ လာနှုတ်ဆက်တတ်တဲ့ အမေ့ကို ကျမ မလွမ်းနိုင် လောက်အောင် အသည်းမမာတာတော့ သေချာပါတယ်။ အမေကကော သူ့ရဲ့ တဦးတည်းသော သမီးဆိုးကို လွမ်းနေမလား..။ ဒါမှမဟုတ် ကျမလိမ္မာဖို့ ဘုရားမှာ ဆုတောင်းနေတာ (တသက်လုံးလည်း တောင်းခဲ့ပြီးသား ဒါပေမယ့် ခုထိလည်းတောင်းတုန်း) လည်း ဖြစ်နိုင်တယ်။ ကျမကလည်း ဘုရားသခင်ကိုမှ အားမနာ ခုထိဆိုးတုန်း၊ အမေစိတ်ညစ်အောင် လုပ်တုန်း…. တော်တော်ကို မကောင်းတဲ့ သမီးပေါ့။ ကျမရဲ့မွေးနေ့မှာ ကျမကိုမွေးထုတ်ပေးခဲ့တဲ့ အမေ့ကို ဝတ္ထုတို တပုဒ်ကလွဲလို့ ဘာမှ ပြန်မပေးနိုင်ပေမယ့် ဒီလို သူ့အကြောင်း တခုတ်တရ ရေးတဲ့ သမီးအတွက် အမေက ကြံဖန်ဂုဏ်ယူနေမယ်ဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ အမေက ကျမရဲ့အမေဖြစ်နေလို့ပါပဲ။ မွေးနေ့ အမှတ်တရ အနေနဲ့ အမေ့အကြောင်း ရေးထားတဲ့ ဝတ္ထုတိုလေးတပုဒ်ကို ပို့စ် တင်ချင်ပါတယ်။ ဖင်မလီမဂ္ဂဇင်းမှာ ၂၀၀၄ လောက်က ပါခဲ့ဖူးတဲ့ “မနက်ဖြန်များရဲ့ အတိတ်” ဆိုတဲ့ ဝတ္ထုတိုလေးပါ…..။ ။

မနက်ဖြန်များရဲ့ အတိတ်

“သမီးရယ် ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲကြည့်ပါဦး..။ ဖိုသီဖတ်သီနဲ့ လှလှပပ ပြင်ပြင်ဆင်ဆင်လေးများ နေပါဦးလား”

ကျမနဲ့ အမေနဲ့တွေ့တိုင်း အမေရွတ်နေကျ စကားများ…။ ကျမကလည်း ကျမပဲလေ…၊ တွေ့တဲ့အင်္ကျီနဲ့ လုံချည်ကို ကောက်စွပ်ပြီး ဖြစ်သလိုထွက်လာတာ များသည်။ တကယ်တော့ အိမ်ထောင်ကျမှ ဒီလို ဖြစ်လာခြင်း မဟုတ်ပါ..။ ကျမ အပျိုဘဝကတည်းက ဖြစ်သလိုဝတ်၊ ဖြစ်သလို နေတတ်တာ အမေသိပြီး ဖြစ်သည်။ ဒါပေမယ့် အခု အိမ်ထောင်သည် ဘဝ ရောက်ခါမှ အမေ ဘာကြောင့် ပြောရသလဲ…။ ရှင်းပါသည်…။ အမေ ကျမကို မကျေနပ်..။ ကျမတတ်ထားသည့် ပညာများနှင့် ကျမလုပ်နေသည့် အလုပ် ဘယ်လိုမှ မအပ်စပ်ဘူးထင်သည် (တကယ်လည်း မအပ်စပ်ပါ)။ ကျမယူထားသည့် ယောက်ျားနှင့် ကျမကိုလည်း မတန်ဘူးထင်သည်။ ကျမနှင့် ဆုံတိုင်း ကျမသူငယ်ချင်းတွေထဲမှာ ဘယ်သူက ဘယ်မှာ၊ ဘယ်သူကဖြင့် ဘယ်လို ကြီးပွားနေသည် စသဖြင့် ပြောပြီး…

“သမီး ခုထိ ဘာမှလည်း မဖြစ်သေးဘူး” ဆိုသောစကားနှင့် အဆုံးသတ်သည်။ အမေမို့ ကျမသူငယ်ချင်းတွေ အကြောင်း သိလည်း သိနိုင်လွန်းသည်။

ကျမကတော့ ပြုံးသည်..။ အမေက ကျမကို သိပ်မျှော်လင့်တာလည်း ကျမသိပါသည်။ ခု ကျမမှာ သားလေး တယောက်ရလာတော့ ပိုသိလာသည်။ ကျမသားလေးကဖြင့် ခုမှ တနှစ်ကျော်ကာရှိသေး….ကျမက ဖြစ်စေချင်တာတွေ..။ လုပ်ပေးချင်တာတွေ၊ မျှော်လင့်တာတွေ မနည်းမနော။ ဒီတော့ အမေ ကျမကို မျှော်လင့်တာ မဆန်းပါ။

အစ်ကိုနှင့် မောင်ကြားမှာ တဦးတည်းသော သမီးလေးဖြစ်၍ ပိုမျှော်လင့်သည်။ အမေက ကျမကို ကုမ္ပဏီ တခုခု မှာ ဝင်လုပ်၊ လှလှပပ ဝတ်စားပြီး ပုံမှန် ရုံးသွား ရုံးပြန်လုပ်စေချင်သည်။ သူ့တုန်းကလည်း အစိုးရ ရုံးတခုမှာ လခစားဘဝနှင့် ကြာမြင့်စွာ လုပ်ခဲ့ဖူးသည်။ အမေက လှလှပပလည်း ဝတ်စားဆင်ယင်တတ်သည်။ ကျမ ကလေး ဘဝက အမေနှင့်အတူ ရုံးသို့ မကြာခဏ လိုက်သွားဖူးသည်။ ကျမသိသလောက် မြင်သလောက်တော့ အမေတို့ စာရေးမတွေ စကားပြောလိုက်၊ လက်ဘက်လေး သုပ်စားလိုက်.. ပြန်ခါနီးတော့ တို့ဖတ်ကလေး တို့ပြီး အိမ်ပြန်လာ။ ဒါပဲလေ.. အဲဒီကတည်းက ကျမ ရုံးအလုပ်ကို စိတ်ကုန်ခဲ့သည် (အားလုံး ဒီလိုပဲလို့တော့ မဆိုလိုပါ)။

အမေက လှလှပပလေး ဝတ်စားပြီး ရုံးသွား ရုံးပြန် လုပ်စေချင်တာပဲ သိသည်။ အဲဒီလို လှလှပပလေး ဝတ်စားဖို့ ရတဲ့ လခနဲ့ လောက်ရဲ့လား ဆိုတာတော့ တခါမှမစဉ်းစားခဲ့။ မိတ်ကပ်ဖိုး ရှိသေးသည်။ လမ်းစရိတ်ရှိသေးသည်။ ထမင်းချိုင့် ထည့်ရဦးမည်..။ အဲဒါတွေ ရှင်းပြတော့ အမေက သူများတွေ ဘယ်လို လုပ်မလဲဟု ဆိုသည်။

“အမေရဲ့ လှလှပပလေး ဝတ်စားပြီး ကုမ္ပဏီဝန်ထမ်း လုပ်ဖို့ ဆိုတာ အိမ်က မိဘက ချမ်းသာတဲ့သူတွေမှ လုပ်နိုင်တာ သိလား” ဟု ကျမက ပြောမိတော့ အမေက ဓာတ်ပြားဟောင်းကြီးဖွင့်ကာ ကျမကို ဆူပါတော့သည်။

တခါတော့ ကျမ လခကောင်းသော အလုပ်တခု ရခဲ့ပါသည်။ ကျမ၏ ဝါသနာနှင့်လည်း အနည်းငယ် ကိုက်ညီ သယောင်ရှိသောကြောင့် ဝင်လုပ်လိုက်သည်။ ဖြစ်ချင်တော့ အဲဒီအလုပ် စရသည့် အချိန်မှာ ကျမရဲ့ ခင်ပွန်းသည်က လက်ဘက်ရည်ဆိုင်ကလေး စဖွင့်ချိန် ဖြစ်နေပါသည်။ အလုပ်လုပ်နေစဉ် တလျှောက်လုံးမှာ တော့ အမေ ပျော်နေသေးသည်။ သူ့ပတ်ဝန်းကျင်မှာ သူ့သမီးအကြောင်း အမြဲကြွားသည်။ တလခွဲလောက် လုပ်ပြီးတော့ ကလေးကလည်းငယ်…။ ကျမ ခင်ပွန်းရဲ့ လက်ဘက်ရည်ဆိုင်ကလည်း လူဝင်ပြီး မနိုင်မနင်း ဖြစ်လာတာနှင့် ကိုယ်ပိုင်လုပ်ငန်းပဲ ကောင်းပါတယ် ဆိုပြီး နှစ်လအတိမှာ ကျမ အလုပ်ထွက်လိုက်သည်။ အဲဒီ ကတည်းက အမေ ကျမကို မကျေမနပ် စတင် ဖြစ်လာခြင်း ဖြစ်၏။

“အမေကလည်း သမီးက စာရေးဆရာ ဖြစ်ချင်တာလေ။ လခစား အလုပ်က ဘယ်အချိန် စာသွားရေးမလဲ။ ခုမှ လွတ်လွတ် လပ်လပ် စာရေးနိုင်တာ”

ကျမရဲ့စကားကို အမေ မကျေနပ်နိုင်ပါ။

“ခုဆို အေးအေးအောင်တို့ကို ကြည့်စမ်း။ အိမ်ပိုင်နဲ့ ကားပိုင်နဲ့။ ရွှေရည်တို့ကော… ကားလေးနဲ့ ဟန်းဖုန်းနဲ့။ ကဲ ကြည့်လိုက်တိုင်း ကြော့မော့နေတာပဲ”

“ဟာ အမေက ဘာသိလို့လဲ။ သူတို့က အမွေတွေ ရလို့ ဒီလို နေနိုင်တာ။ အမေ့သမီးကို သူတို့လို ဖြစ်စေချင်ရင် အမေလည်း အမွေ ပေးပေါ့”

အဲဒီလိုများ ကျမက ပြောလိုက်လို့ကတော့ အမေစိတ်ဆိုးပြီ မှတ်တော့။

“အေး.. ပေးချင်တယ်ဟေ့.. ပေးချင်တယ်.. မပေးနိုင်လို့ သိရဲ့လား။ မပြောလိုက်ချင်ဘူး။ အမေက ကောင်းစေချင် လို့ အကြံဥာဏ်ပေးတယ်….. သူတို့က…”

ဆက်လက်ပြီး အမေ့ရဲ့ မကျေနပ်ချက်တွေ ရှည်လျားလာတော့မည် ဆိုလျင် ကျမ အမေ့နားက အသာလစ်ခဲ့ တော့သည်။

အမေ မကျေနပ်ဘူးဆိုလျင်လည်း မကျေနပ်စရာ။ ကျမက AGTI ကို အီလက်ထရောနစ် ဘာသာရပ်နှင့် ပြီးခဲ့သည်။ တီဗီ၊ အောက်စက် ပြင်တတ်သည်။ ပြင်လည်းပြင်ခဲ့ဖူးသည်။ ဒါပေမယ့် အဲဒါတွေ ကျမဝါသနာ မပါ။ ဆားကစ်တွေ ကြည့်နေရမယ့်အစား စာအုပ်တွေကိုပဲ ဖတ်နေချင်သည်။ သူငယ်ချင်းတွေက ဆက်သွယ်ရေးမှာ၊ မြန်မာ့ အသံမှာ၊ အပြင်ကုမ္ပဏီတွေမှာ အင်ဂျင်နီယာ အလုပ်ဖြင့် အောင်မြင်နေချိန်… ကျမက ဘယ်သူ့ကိုမှ ပေးမပြသော စာတွေသာ တကုပ်ကုပ် ရေးနေမိတော့သည်။

အိမ်ထောင်ပြုတော့ကော ဘာထူးလဲ။ အမေ ဘယ်လိုမှ သဘောမကျနိုင်သည့် ကျမထက် ငါးနှစ်ငယ်သော ယောက်ျားကို သူချစ်၊ ကိုယ်ချစ်၊ ကျမနှင့်စိတ်တူ ကိုယ်တူ ဝါသနာ တူတာ တခုတည်း ကြည့်ကာ လက်ထပ်ခဲ့ခြင်း ဖြစ်၏။ သူ့နောက်က ဘွဲ့ထူး ဂုဏ်ထူးများ (ရှိလည်းမရှိပါ) နှင့် သူ့မိဘ ဆွေမျိုး အသိုင်းအဝန်းများ ဘာမှကို မလေ့လာခဲ့ပါ။

ကျမခင်ပွန်းရဲ့ အဖေမှာ မိန်းမ နှစ်ယောက်ရှိကြောင်းလည်း ယူပြီးမှ သိရခြင်းဖြစ်ပြီး သူတို့၏ ဖအေတူ မအေကွဲ မောင်နှမများ စုစုပေါင်း ဘယ်လောက်ရှိသလဲ ခုထိ ကျမမသိပါ။ သူကလည်း သိကောင်းသော အရာတခု အနေနှင့် ကျမကို ပြောမပြခဲ့ဘူးပါ။

ကျမခင်ပွန်း၏ လက်ဘက်ရည်ဆိုင်မှာ ဝိုင်းကူလုပ်ပေးရင်း ကိုယ့်မြို့ထဲပဲလေဆိုပြီး ဖြစ်သလို ဝတ်၊ စက်ဘီး တစီးနှင့် သွားလာတတ်သော ကျမကို အမေကြည့်မရတာ မဆန်းပါ။ အမေက အပြင်ထွက်လျင် ကြော့နေအောင် ဝတ်သည်။ သနပ်ခါး ဖွေးနေအောင် လူးပြီး နှုတ်ခမ်းနီလေး ပြေပြေဆိုးလို့။ တခါတရံ ကျမကို စိတ်လျှော့လိုက် သော အသံနှင့် ….

“သမီးရယ် သနပ်ခါးကိုတော့ ထူထူလေး လိမ်းစမ်းပါ” ဟု ပြောတတ်သည်။

ကျမကလည်း “ဟာ လိမ်းတာပေါ့ အမေရဲ့ အောက်ခံမိတ်ကပ်တောင် ခံထားသေးတယ်။ ဒါပေမယ့် ဆိုင်မှာ လူကျတာနဲ့၊ စားပွဲထိုးတွေကို စီမံရတာနဲ့၊ စားဖို့ သောက်ဖို့ ချက်ပြုတ်ရတာနဲ့ ချွေးတွေထွက်ပြီး ပျက်ကုန်တာ” ဟု တုန့်ပြန် ပြောမြဲ…။

အဲဒီအခါမှာ အမေက “အေး ဒါကိုယ်ရွေးတဲ့လမ်းပဲ၊ ဘာမှ လာညည်းပြမနေနဲ့” တဲ့လေ။ ကျမကဖြင့် မညည်းရဘဲနဲ့။ အမေ့ကို ပြန်လည်ငြင်းခုန် မိတဲ့အခါတိုင်း သားအမိ နှစ်ယောက်သား ရန်ဖြစ်ကြ၊ နောက်ဆုံး အမေကပဲ စိတ်ပျက်လက်လျှော့တဲ့ ပုံစံနဲ့ ….

“ကဲကဲ…. ငါမပြောတော့ဘူး ဟုတ်လား။ နင့်ဟာနင် နေချင်သလိုသာ နေတော့” ဆိုတာနှင့် အဆုံးသတ်ကြသည်။ အမေ ကျမကို ချစ်လို့ အားမရနိုင်တာ ကျမ ကောင်းကောင်းကြီး သိပါသည်။ တခါတလေ ကျမဆီ ပြူးပြူးပျာပျာနှင့် ရောက်လာကာ…

“သမီးတို့ ဆိုင် ခုတလော လူပါးသွားတယ် ပြောတယ်။ ဟုတ်လား …. သမီးရေ …. လူတွေက လက်ညှိုးထိုးချင် နေကြတာ။ မကျစေနဲ့နော်” လို့လည်း ပြောတတ်သေး၏။ ကျမက …

“ဟာ … ဒီလူတွေကို ဂရုစိုက် မနေစမ်းပါနဲ့ အမေရာ … ဘာဖြစ်လဲ၊ ဟုတ်တယ်။ သမီးတို့ဆိုင် ပြုတ်တော့မှာ” ဟု အငေါ်တူးလျင်တော့ ကျမချပေးသည့် လက်ဘက်ရည် ပေါ့ဆိမ့်တခွက်ကို တငုံချင်းသောက်ရင်း …

“သမီးတို့ လက်ဘက်ရည်က ကောင်းပါတယ်။ ဒီမြို့မှာ အကောင်းဆုံးပဲ။ ဘာလို့ ပြုတ်ရမှာလဲ” ဟု အားပေးသလိုလို လေပြည်လေးနှင့် ဆိုချင် ဆိုနေပြန်သေးသည်။

အဲဒီလို အမေနှင့် ကျမလို ခပ်ချာချာ သမီးက ဘယ်တော့မှ တည့်လေ့မရှိဘဲ မတွေ့တာကြာလျင်တော့ လွမ်းတတ်ပြန်သေးသည်။ ကျမက ဘယ်အရာကိုမှ ပိုင်ဆိုင်ချင်လှသည် ဆိုသည့်စိတ် မရှိပေမယ့် ကလောင် တချောင်းကိုတော့ ပိုင်ဆိုင်ချင် လှသည်။ နေ့လယ် နေ့ခင်း ဆိုင်မှာ လူပါးချိန် ရွေးပြီး ကျမစာတွေ ထိုင်ရေး ဖြစ်သည်။ ပြီးတော့ ကျမဘာသာ သဘောမကျနိုင်ဘဲ ဆွဲဆုတ် ပစ်တတ်ပြန်သည်။

အမေက ကျမကို..“စာရေးတယ်၊ စာရေးတယ်နဲ့ သမီးရဲ့ ဝတ္ထုတွေ၊ ကဗျာတွေလည်း မဂ္ဂဇင်းတွေထဲပါတာ တခါမှ လည်း မတွေ့ပါလား” ဟု မေးသည့်အခါ ကျမ တော်တော် ရှက်သွားပါသည်။ ကျမ၏ ညံ့ဖျင်းမှုအတွက် အမေ သူ့အပေါင်းအသင်းတွေကြားထဲမှာ ဘယ်လောက်တောင် အရှက်ရနေပြီလဲ မသိပါ။

တလောက အဘွားဆုံးသည်။ အမေ့ရဲ့ အမေ ကျမရဲ့ အဘွားက အသက် ၉၆ နှစ်တွင် လူကြီးရောဂါဖြင့် ဆုံးခြင်း ဖြစ်သည်။ အဲဒီတုန်းက အမေ မျက်ရည်တစက်မှ မကျဘဲ ကျမကို ပြောသည်။

“မေမေက သမီးရဲ့ မာမီကြီးအတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ မေမေ့ကြောင့် မာမီကြီး တခါမှ ဂုဏ်မယူခဲ့ရဘူး။ အခု မေမေ့အသက် ၆၀ နားနီးနေပြီ။ သမီးအတွက် ဂုဏ်ယူချင်လိုက်တာကွယ်”

ကျမကို ဆူတာမဟုတ်ဘဲ အခုလို တလေးတနက်ပြောလာတဲ့ အခါမျိုးမှာတော့ ကျမ၏ နှုတ်ခမ်းများ ဆွံ့အကာ ဝမ်းနည်းမိသလိုလို ခံစားနေရတတ်သည်။ အမေဖြစ်စေချင်သလို ကျမလည်း လုပ်ပေးချင်ပါသည်။ အမေဂုဏ်ယူ ချင်စရာ၊ ဂုဏ်ယူနိုင်စရာ သမီးဖြစ်ချင် ပါသည်။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား …။ အမေ မသေခင် ….။ မသေချာပါ..။
ဒီလိုနဲ့ ကျမရဲ့ သံသယများသာ ကြီးထွားခဲ့ရသည်။

သိပ်ကို တိတ်ဆိတ်တဲ့ညတွေမှာ ကျမ မအိပ်ဘဲ စာရေး၊ စာဖတ် လုပ်လေ့ရှိသည်။ စာဖတ်ရာက ညောင်းညာ လာတဲ့ အခါမှာတော့ အပြစ်ကင်းစွာ အိပ်မောကျနေသော သားလေးဘက် လှည့်ကြည့်မိသည်။ အမေ မသေခင် ကျမက ဘာမှ လုပ်မပြပေးနိုင်ခဲ့ဘူး ဆိုရင် ကျမရဲ့ သားလေးကရော။ ကျမ မသေခင် ကျမအတွက် ဂုဏ်ယူစရာ တခုခု လုပ်ပေးနိုင်ပါ့မလား။ ဟင့်အင်း ကျမသားလေးက ကျမလို ခပ်ညံ့ညံ့မှ မဟုတ်ဘဲ။ သားလေးကို ကြည့်တာနဲ့ သိသာပါသည်။ သူ ကျမအတွက် တခုခုတော့ လုပ်ကို လုပ်ပြပါလိမ့်မည်။

ကျမလို ကြောင်တောင်တောင်၊ ဟိုမရောက်သည်မရောက်တော့ မဖြစ်စေရ။ သားလေးကြီးလာလျင် ဂစ်တာ သမားပဲ လုပ်မလား၊ ဒါမှမဟုတ် သူ့ဦးလေးလို တယောထိုးမလား ဒါမှမဟုတ် ပန်းချီဆရာကြီး ဖြစ်ဖြစ်ပေါ့။ အဆိုတော်လည်း ဖြစ်နိုင်သေးသည်။ တေးရေးသူကော။ ကျမအဖေ သူ့အဖိုးလို ကာတွန်းဆရာများ ဖြစ်မလား။ ဒါမှမဟုတ် စာရေးဆရာ၊ ကဗျာ ဆရာ …။ သားလေးက ခုမှ တနှစ်ကျော်ကျော် ရှိသေးတာ ကျမမှာ မျှော်လင့် ပိုင်ခွင့်တွေ အများကြီး ရှိနေသည်။

ဒါဆိုရင် အမေကရော…။ ကျမ အဲဒီလို သေးသေးကွေးကွေး အရွယ်လေးမှာ ကျမကိုကြည့်ပြီး အမေ အမျှော် လင့်ကြီး မျှော်လင့်နေခဲ့လိမ့်မည် ထင်သည်။ အမေ ကျမကို ဘာတွေများ မျှော်လင့်ခဲ့မှာပါလိမ့်။ ကျမ သိချင်စိတ် များ ရုန်းကြွလာခဲ့သည်။ အမေ့ကိုတော့ မမေးရဲပါ။

တနေ့နေ့ တချိန်ချိန် ကျမ တခုခု လုပ်ပြနိုင်ခဲ့ပြီ ဆိုတဲ့အချိန် ရောက်လာပြီ ဆိုရင်တော့ အမေ့ကို မေးကြည့်ပါမည်။ အဲဒီအခါကျ အမေက ကျမတို့နှင့် အတူရှိပါဦးမလား။ ဒါမှမဟုတ် အဘွားဖြစ်သလို အသိစိတ် ကင်းမဲ့တဲ့ ကလေးလေးတယောက်လို ဖြစ်နေမယ့် အချိန်လား…။ ကျမ ရင်မောသွားသည်။

ခုတော့ ကျမရဲ့ အသက်လည်း သုံးဆယ် ကျော်ခဲ့ပြီ။ အမေ့ရဲ့ မျှော်လင့်ချက်တွေလည်း ဇဝေဇဝါနဲ့ အရောင် မှိန်ကုန်ပြီ ထင်ပါရဲ့။

သေချာတာကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က အမေ့ရင်မှာ ကျမအတွက် မျှော်လင့်ချက်တွေ တနင့် တပိုးနှင့် ပြည့်သိပ် လင်းလက် နေခဲ့ဖူးပါလိမ့်မည်….။ ။

မှတ်ချက်။ ။ ဒီဝတ္ထုရေးတုန်းက ကျမအသက် ၃၀ စွန်းရုံပဲရှိသေးတယ်။ သားကလည်း ၁ နှစ်သာသာ သားဦးလည်း ဖြစ်တော့ မျှော်လင့်တာတွေ ရူးတာတွေက သိပ်များခဲ့ပါတယ်။ ခုချိန်မှာတော့ သားကို ဘာဖြစ်စေချင်တယ် ဆိုတာလည်းမရှိတော့ဘူး။ သူဖြစ်ချင်တာ ဖြစ်မှာပေါ့နော်။ အမေလည်း ၆၄ နှစ်တောင် ရှိပြီဆိုတော့ ၃၇ နှစ်အရွယ် ကျမကို လက်လျှော့လိုက်ရောပေါ့။

အက်ဆေး ၁

တကယ်တော့ ဘလော့ကလေးလုပ်ပြီးပြီဆိုရင် အမြဲ အပ်ဒိတ် လုပ်နေသင့်တာပါ။ လုပ်နိုင်တဲ့ သူတွေကို အရမ်းအားကျမိပေမယ့် အလွန်အပျင်းကြီးတဲ့ကျမက စိတ်ထဲကပဲ စာတွေရေး စာတွေတင် လုပ်နေပြီး လက်တွေ့မှာ တော်တော်လေး အလုပ်မဖြစ်ခဲ့ပါဘူး။ ပိုဆိုးတာက ဒီရက်ပိုင်းမှာ တခြားအလုပ်တွေနဲ့ ရှုပ်နေတော့ ဘလော့ကိုမလုပ်ဖြစ်ဖို့ ကိုယ့်ဖာသာ အကြောင်းပြစရာ ကောင်းကောင်းရနေတော့တာပေါ့။ တကယ်တော့လည်း ဘယ်သူကမှ ကျမကိုအပ်ဒိတ်လုပ်ပါလို့ ပြောနေတာ မဟုတ်ပါဘူး။ ပြောရအောင်လည်း ကျမဘလော့က ကြည့်တဲ့သူလည်း သိပ်ရှိပုံမရပါဘူး။ အဲဒီအတွက် အားလည်းမငယ်ပါဘူး။ စိတ်လည်းမညစ် ပါဘူး။ (မျက်နှာကတော့ ဒီလိုပြောင်တာ) မဂ္ဂဇင်းတွေမှာ ရေးတုန်းကတော့ သူငယ်ချင်းတွေကို အတင်းပဲ လက်ဖက်ရည်တိုက်ပြီး ဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ ဖတ်ခိုင်းတာပါ။ ခုတော့ လင့်တွေ အတင်းပို့ပေးလည်း ဖတ်ချင်ယောင်ဆောင်ပြီး မဖတ်ရင် ဘာမှမတတ်နိုင်ဘူးလေ။ လက်ဖက်ရည်လည်း တိုက်လို့မရ။ ဒီတော့ ကိုယ့်ပါခဲ့ဖူးတဲ့ ဝတ္ထုလေးတချို့ မှတ်တမ်းပုံစံလေး ရှိ ပြီးရောဆိုပြီး ကိုယ့်ဘာသာတင် ကိုယ့်ဘာသာ ဖတ်။ ကိုယ့်ကိုယ်ကိုယ် အားပေးပေါ့။ တနေ့ကတော့ မမိုးချိုသင်းရဲ့ဘလော့ကို သေသေချာချာ ဝင်ဖတ်မိတယ်။ အားပါး ကောင်း လိုက်တာဆိုတာ… ကောင်းလည်းကောင်း များလည်းများ..ကောင်းများပေါ့။ ဒါမျိုးက တော်တော် ရှားပါတယ်။ အဲဒါနဲ့ သူ့ကို ကောင်းတဲ့ အကြောင်းလေး လှမ်းပြော မိတော့.. သူက တနေ့တပုဒ် တင်ဖို့ ကြိုးစားတယ်တဲ့..။ ဘုရား ဘုရား အားကျလိုက်တာ..။ ကျမကတော့ အားကျတယ် အားကျတယ် အားကျရုံပဲ တတ်နိုင်ပါတော့တယ် ဆိုတဲ့သီချင်း ကိုပဲ အခါခါ ဆိုနေမိတော့တယ်။ ကိုယ်မှမလုပ်နိုင်ဘဲလေ။ စိတ်တော့ မပျက်ပါဘူး။ ဘယ်ရမလဲ။ အားကျတာ အရှိန်လေးရတုန်း တပုဒ်လောက်တော့ တင်ဦးမှ ဆိုပြီး အားတက်သရော စဉ်းစားမိတယ်။ ငယ်ငယ်က စာမေးပွဲကျရင် နောက်နှစ် ငါဒီလို မဖြစ်စေရဘူး ဆိုပြီး ကျုံးဝါးသလိုပေါ့။ နှစ်စမှာ စာတွေ အသည်းအသန်ကျက်။ နောက်တော့လည်း ဒုံရင်း ဒုံရင်း (ကျမလို ကျဖူးတဲ့သူတွေ သိမှာပါ)။ တင်မယ်ဟေ့ဆိုတော့ ကျမမှာ ဝတ္ထု လေးတွေက ရှိပေမယ့် စာရိုက်ပြီးတာ အဆင်သင့်ကမရှိပြန်… ။ ဒါနဲ့ ဇနက္ကထုံး နှလုံးမူပြီး မလျှော့သောဇွဲနဲ့ မိုးမခ မီဒီယာမှာ (ဇူးလူး) ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးခဲ့တဲ့ အက်ဆေးလေးကိုပဲ အားကျိုးမာန်တက် ပြန်ဆွဲတင်လိုက်ပါတော့တယ်။ အဲဒီအက်ဆေးလေးက မှတ်မှတ်ရရ မနှစ်က ကျမအသက် ၃၆ နှစ် တိတိ ပြည့်တဲ့ အချိန်မှာ ရေးတာပါ။ ခု ဒီလမှာ ကျမအသက် ၃၇ နှစ်ပြည့်ပြီ။ မနှစ်ကထိ ကျမဟာ အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာခဲ့ ဖူးတယ်ဆိုရင် ဒီနှစ်ထိဆိုတော့ ၃၇၀၀ ထက်မနည်း လိမ်ညာခဲ့ပြီလားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်မိတယ်။ (မေးသာမေးတာ ပြန်တော့မဖြေဘူးနော်)။ အဲဒီအက်ဆေးလေးက ကျမတို့ငယ်ငယ်က ရေးခဲ့တဲ့ My self ပေါ့။ “ကျမ၏ အ ကြောင်း ” ကို ကျမဘလော့ထဲ မျက်စေ့လည် လမ်းမှား ဝင်လာတဲ့သူတွေ ဖတ်ကြည့်ပေးပါဦး

ကျမ၏အကြောင်း
ဇူးလူး ဇန်န၀ါရီ ၁၂၊ ၂၀၀၈
၂၀၀၇၊ သြဂုတ်လတွင် ကျမအသက်၃၆နှစ်ပြည့်ပြီိ။ ကျမတွင် အမေ၊ အကိုတယောက်၊ မောင်တယောက်၊ ခင်ပွန်းသည်၊ သားနှစ်ယောက်တို့ ရှိသည်။ ကျမအသက်၃၆နှစ်တွင် ကျမ၌ သူငယ်ချင်း ၃၆ယောက်မက ရှိနေပြီး မိတ်ဆွေဟု ထင်ရသူလည်း ၃၆ယောက်မက ရှိနေကာ၊ ရန်သူဟုထင်ရသူ ၃၆ယောက်နီးပါးခန့် ရှိသည်။ (ထိုအချက်မှာ ကျမ၏ အထင်သာဖြစ်၏)။
တချို့သောသူငယ်ချင်းများမှာ ကျမကခင်၍ ကျမကိုမခင်သောသူများ ဖြစ်ကြပြီး အချို့မှာ ကျမကို သူတို့ကခင်၍ ကျမက ပြန်ခင်ချင်ယောင်ဆောင်သောသူများ ဖြစ်ကြပါသည်။ ထိုကဲ့သို့ ခင်ချင်ယောင်ဆောင်ရခြင်းမှာ ထိုသူတို့ စိတ်မကောင်းမှာ စိုးသောကြောင့် ဖြစ်၏။ ထို့အတွက် ကျမ အနည်းငယ် လိမ်လည်ရပါသည်။ ကျမသည် အသက် ၃၆နှစ်အရွယ်တွင် ပိပိရိရိ လိမ်ညာပြောဆိုနေတတ်ပြီဖြစ်သည်။ ယခုအချိန်ထိ ကျမ အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာပြီးပြီ ဖြစ်သည်။
တချို့သောသူများမှာ အမှန်တရားကို ပြောဆို၍ မရသောကြောင့် လိမ်ညာရခြင်းသာဖြစ်ရာ ထို့အတွက် ကျမ အနည်းငယ် စိတ်မကောင်းဖြစ်ရပါသည်။ သို့သော် ကျမနှုတ်ဖျားမှ လိမ်လည်သည့် စကားများကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောဆိုနေတတ်ပြီဖြစ်ကြောင်း အံ့သြစွာ သိလိုက်ရပါသည်။ ကျမ အသက်၃၅နှစ် အရွယ်တွင် ကျမ၌ သားတယောက်သာ ရှိသေးပြီး ထိုကာလက ကျမအတွက် တစုံတရာ ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပါ။ ထူးထူးခြားခြား မဖြစ်ဆိုသော ကိစ္စရပ်များတွင် လိမ်ညာသည့် ကိစ္စရပ်များလည်း ပါပါသည်။ လိမ်ညာသည့် အလုပ်မှာ ကျမအတွက် ဘာမှ မထူးခြားသော အလုပ်ဖြစ်ပါသည်။
ကျမအသက် ၃၄နှစ်တုန်းက ကျမ၏ အကို အနည်းငယ် နေမကောင်းဖြစ်သည်။ ထိုနှစ်က ကျမ၏ ယောက္ခမကြီး အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သည်။ ထို့အတွက် ကျမ စိတ်မကောင်း(အမှန်တကယ်) ဖြစ်ရသည်။ သူမနှင့်ကျမက ချွေးမနှင့် ယောက္ခမ ဆက်ဆံရေးထက် ပိုသောကြောင့်ဖြစ်၏။ ကျမက သူမကို သူငယ်ချင်းတယောက်လိုပါ ခင်သည်။ ကျမ၏အသက် ၃၃နှစ်၊ ၃၂နှစ်၊ ၃၁နှစ်၊ ၃၀ ပုံမှန် ရုန်းကန်လှုပ်ရှားမှုများဖြင့် ထူးခြားမှု တစုံတရာမရှိလှပါ။ ထိုအချိန်ကလည်း လိမ်ညာမှုများ ရံဖန်ရံခါ ပြုလုပ်နေပြီိး သိပ်မထူးခြားသော ကိစ္စရပ်များထဲတွင် ထိုလိမ်ညာမှုကို ထည့်သွင်း၍ ရနေပြီဖြစ်သည်။
ကျမ၏အသက်၂၉နှစ်တွင် သားကြီးကို မွေးသည်။ ထိုကိစ္စရပ်ကတော့ ကျမအတွက် အလွန်ထူးခြားသည့် ဖြစ်ရပ် တခုဟု ဆိုနိုင်သည်။ သားဦိးဖြစ်သောကြောင့် ကျမတို့လင်မယား အရူးအမူးဖြစ်ကာ ကလေးနှင့်သက်ဆိုင်သည့် အဆိုအမိန့်များကို အိမ်အနှံ့ လိုက်လံ ချိတ်ဆွဲကြသည်။ ထိုအထဲတွင် ပါးရှန်းကဗျာဆရာတယောက်၏ အဆိုအမိန့်တခုလည်း ပါလာသည်။ ထိုအဆိုအမိန့်က “လိမ်တာမကြိုက်ရင် အမှန်တရားကို လက်ခံလိုက်ပါ” ဟူ၍ဖြစ်၏။ ကျမ ထိုစာတန်းကို အလွန်သဘောကျသည်။ သားနှင့် ပတ်သက်၍ ထိုစကားအတိုင်း လိုက်နာကျင့်သုံးကြရန် ကျမတို့ လင်မယား ကတိပြုခဲ့ကြသည်။ သို့သော် ကျမတို့နှစ်ယောက်စလုံး ထိုကတိကို မတည်ခဲ့ကြပါ။ တဦးကိုတဦးလိမ်ညာ၍ ကတိပေးခဲ့ကြခြင်းသာဖြစ်သည်။
အသက်၂၈နှစ်အရွယ်တွင် ကျမ စာပေလောကသို့ စတင်ခြေချမိသည်။ ကျမကချစ်သော၊ ကျမကိုချစ်သောသူနှင့် လက်ထပ်သည်။ (ထိုအချက်မှာ ကျမ၏ထင်မြင်ချက်သာ ဖြစ်သောကြောင့် မှားချင်လည်း မှားနိုင်ပါသည်။ သို့သော် အသက်၃၆နှစ်အရွယ်၊ အိမ်ထောင်သက်ရှစ်နှစ်တွင် ကျမ ထိုစကားကို အနည်းငယ် ရဲရဲဝံ့ဝံ့ ပြောနိုင်နေပြီဖြစ်၏။) ထိုကာလများတွင်လည်း လိမ်လည်ပြောဆိုမှုတချို့ ရှိခဲ့ပါသည်။ သို့သော် မကောင်းသည့် ရည်ရွယ်ချက် တစုံတရာမပါပါ။
အသက်၂၇နှစ်တွင် ကျမကိုချစ်သောသူတယောက်ကို ကျမကမချစ်ဘဲနှင့် ချစ်ပါသည်ဟု ပြောမိခဲ့သည့်အတွက် အမှန်တရား ပေါ်ပေါက်ခဲ့ရသည်။ ထိုဖြစ်ရပ်မှာ ကျမ၏လိမ်လည်မှု မတတ်ကျွမ်းခဲ့သောကြောင့်ဟု ထင်ပါသည်။ သို့သော် ထိုသူက ကျမကို ဆက်လိမ်စေချင်ခဲ့သည်။ ကျမက ကြာကြာ မလိမ်နိုင်ခဲ့ပါ။
ကျမအသက်၂၆ နှစ်တွင်တော့ ငါးနှစ် တိတိ ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့သည့် ဖြစ်ရပ်တခုကို ဖြေရှင်းခဲ့သည်။ ကျမသည် တပါးသူများကို မလိမ်ခင်ကပင် ကိုယ့်ကိုယ်ကိုယ် ငါးနှစ်လိမ်ခဲ့သည်။ ထို့အတွက်ပဲ လိမ်ခြင်းအတတ်ပညာ၌ တဖက်ကမ်းခတ်ခဲ့သည်လားမသိ၊ ငါးနှစ်တိတိ လူတယောက်ကိုချစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့ပြီးမှ ကံကောင်းထောက်မစွာ ထိုဖြစ်ရပ်ပေါ်ပေါက်၍ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျမ၏ အသက် ၂၆ မှ ၂၁နှစ်အချိန်များကို ကျမကိုယ်ကျမ ပြန်လည်လှည့်ဖျားကာ မေ့ထားလိုက်ပါမည်။
၂၁နှစ်အရွယ်တွင် ကျမ၏ဘ၀၌ ကြီးမားသောအပြောင်းအလဲကြီးတခု ဖြစ်ပေါ်ခဲ့သည်။ ကံကြမ္မာ၏လှည့်ဖျားမှုကို အကြီးအကျယ်ခံခဲ့ရသည်။ ထိုနှစ်က ကျမ၏အဖေ ကွယ်လွန်ခဲ့သောကြောင့် ဖြစ်သည်။ ထိုဖြစ်ရပ်မှာ ကျမအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးတရပ်လည်း ဖြစ်၏။
ထို ရှေ့နှစ်ပိုင်းများတွင်မူ ကျမ၏ဘ၀မှာ သာသာယာယာ၊ အပူအပင် ကင်းမဲ့လှသည်။ ချမ်းချမ်းသာသာဖြင့် မနေရသော်လည်း မိခင်၊ ဖခင်တို့၏ အရိပ်အောက်တွင် စိတ်ချမ်းမြေ့ခဲ့ရသည်။ ထိုကာလများက ကျမတွင် အသေးစား လိမ်ညာမှုလေးများ ရှိခဲ့သော်လည်း ကျမ၏ မပိရိမှုကြောင့် ပေါ်ပေါက်ခဲ့ရသည်က များသည်။ မပြောပလောက်သဖြင့် မဖော်ပြလိုတော့ပါ။
ခုအချိန်တွင် ကျမသည် လိမ်ခြင်းအတတ်ပညာကို တဖက်ကမ်းခတ် တတ်မြောက်ခဲ့သလို၊ လိမ်ရသည့်အလုပ်ကိုလည်း အတော်ပင် ၀ါသနာပါခဲ့ပြီဖြစ်သည်။ ကျမ၏နှုတ်ဖျားမှ အလိမ်အညာများ ရှောရှောရှူရှူ ထွက်သွားတတ်ပြီး တခါတရံ ထိုအလိမ်အညာတို့ကို အမှန်တရားဟုပင် ထင်နေမိသေးသည်။ ၀တ္ထုရေးရသည်ကို ၀ါသနာပါလှသော ကျမအနေဖြင့် လိမ်လည်ခြင်းက တော်တော်လေး အထောက်အကူ ဖြစ်ပါသည်။
ကျမတွင် အမှန်တရားကြောင့် ပြဿနာဖြစ်ရသည်က လိမ်လည်ခြင်းကြောင့် ပြဿနာ ဖြစ်ရသည်ထက် အကြိမ် ပိုများနေသည်မှာ ထူးခြားလှသည်။ သူငယ်ချင်းတယောက်၏ အကြောင်းကို အမှန်အတိုင်း နောက်ပြောင်၍ စာထဲ ထည့်ရေးလိုက်မိသောကြောင့် ခြောက်လလောက် မခေါ်မပြောဘဲနေသည်ကို ခံရဖူးသည်။ ထို သူငယ်ချင်းကို ချော့သည့်အနေဖြင့်မဟုတ်ဘဲ မြှောက်ပင့်ရေးပေးလိုက်ရာ သူက ပြန်ခေါ်သည့်အပြင် သူ့သူငယ်ချင်းများထဲတွင် ကျမကိုအခင်ဆုံးဟုပင် ဆိုလိုက်သေးသည်။ ထို့ကြောင့် တခါတရံ မလိမ်ချင်ပါဘဲ မဖြစ်မနေ လိမ်လိုက်ရသည်များလည်း ရှိနေပြန်သည်။ စိတ်မကောင်းပါ။
ကျမကလိမ်သလောက် ကျမကိုလိမ်မှာကိုတော့ အလွန်ကြောက်ပါသည်။ ကျမ၏ခင်ပွန်း၊ ကျမ၏သားတို့က ကျမကို အသေးစားလိမ်ညာမှုကလေးများ ပြုလာလျင်ပင် ကျမ ခွင့်မလွတ်ပါ။ ကျမကို လိမ်လို့မရအောင် ဘက်ပေါင်းစုံက ထောင့်စေ့စေ့ အကာအကွယ်များ ယူထားပါသည်။ သို့သော် တချို့သော လိမ်ညာမှုများကိုမူ အရှုံးပေးရသည်။ ကျမအရှုံးပေးရသော လိမ်ညာမှုများတွင် ဗြောင်လိမ်ခြင်းများ ပါဝင်သည်။ လိမ်နေသည်ကို သိသိကြီးနှင့် ခံရခက်စွာ ငြိမ်နေရသည့် အခါမှာတော့ ကျမအနေဖြင့် ၀ဋ်လည်သည်ဟုသာ ခံယူနိုင်တော့သည်။
ကျမအသက် ၃၆ နှစ်တွင် အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာပြီးသောအခါ ရှေ့ဆက် ကျမ ဘယ်လောက် လိမ်ရဦးမလဲ ကျမသိချင်လာသည်။ သေချာတာကတော့ ကျမအသက်ရှင်နေသ၍ ဆက်လိမ်နေရဦိးမည်။ ကျမက မလိမ်ချင်တာတောင် အလိမ်ခံချင်သူများ ရှိနေသဖြင့် လိမ်ကိုလိမ်ရမည်ဖြစ်သည်။ ကျမ၏ဘ၀စာစီစာကုံးထဲတွင် “လိမ်” ဟူသောစကားကို ဖယ်ထုတ်လိုက်ပါက ဘာမှ ကျန်တော့မည်မဟုတ်ကြောင်းကို ၀မ်းနည်းစွာ သိလိုက်ရချိန်တွင် ကျမအသက် ၃၆နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် ဤစာကို ကျမရေးဖြစ်ပါသည်။
မှတ်ချက်။ ။ စာဖတ်သူကို ၀န်ခံစရာတခု ရှိသေးသည်၊ ထိုအရာမှာ ကျမရေးခဲ့သော အထက်ပါစာစုတခုလုံး အမှန်များချည်းဟု မယူဆစေလိုခြင်းပင်။
(အသက်၃၆နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကိုယ် အလိမ်ပါရဂူဘွဲ့ အပ်နှင်းလိုက်သော ဇူးလူး ကိုယ်တိုင် ရေးသားသည်။)

ဝတ္ထုတို ၅

ကျမဘလော့လေးနဲ့ ကင်းကွာနေတာ ကြာပါပြီ။ ကင်းကွာနေခဲ့ပေမယ့် ရည်းစားကိုလွမ်းသလို လွမ်းနေခဲ့ပါတယ်။ မတင်ဖြစ်တဲ့အတွက်လည်း ကိုယ့်တာဝန် မကျေသလို ခံစားရပါတယ်။ အကြောင်းကြောင်းသော အကြောင်းများ ကြောင့်ပါ။ ခုတော့ အကြောင်းပေါင်းသင့်ပြီ ဖြစ်တဲ့အတွက် ပုံမှန် ပြန်တင်ပါတော့မယ်။ ကျမကို သိပ်လွှမ်းမိုးတဲ့ စာအုပ်တအုပ်ရှိတယ်။ အဲဒီစာအုပ်ကို ကြိုက်လွန်းလို့ အခါပေါင်းများစွာ ဖတ်ပြီး တခြားသူတွေကိုလည်း ဖတ်ဖို့ (အတင်း) တိုက်တွန်းပါတယ်။ ရိုးရိုးဖတ်ကြည့်ပါလို့ ပြောတာ မဟုတ်ဘူးနော်။ မဖတ်မနေနိုင်အောင်ကို ပြောတာ။ လူချင်းတွေ့နေတဲ့သူဆို စာအုပ်ကိုငှားသေးတာ။ ပြီးတော့မှ ပြန်မပေးတာ တို့ ပျောက်သွားတာတို့ ကြုံရတာ လည်း အခါခါပါ။ အဲဒါနဲ့ ပြန်ပြန်ဝယ်ရတာလည်း ခုဆို ၃ ကြိမ်မြောက်လောက် ရှိနေပြီထင်တယ်။ အဲဒီစာအုပ်က မူရင်းစာရေးဆရာ ဂျွန်စတိန်းဘတ်၊ တော်တီလာဖလက် ဆိုတဲ့ ရပ်ကွက် တခုက တကယ့် လူပေလူတေတွေ အကြောင်းကို မချွင်းမချန်သရုပ်ဖော် ထားတဲ့ စာအုပ်ပါ။ ဆရာ မောင်ထွန်း သူက “တို့ဘဝ တို့ကမ္ဘာ” ဆိုပြီး ဘာသာပြန်ထားပါတယ်။ အဲဒီစာအုပ်ကို ကျမ စာအုပ်အညွှန်းပုံစံ နဲ့ရေးပါဦးမယ်။ အဲဒီတော့မှ အသေးစိတ် ဖော်ပြပါမယ်။ ခုတင်မယ့် “မဆလာနံ့ သင်းတဲ့ညများ” ဆိုတဲ့ ဝတ္ထုကလေးကတော့ အဲဒီ တော်တီလာဖလက် လွှမ်းမိုးခံရတဲ့ ဝတ္ထုလေးလို့ ဆိုနိုင် ပါတယ်။ ဒီထဲက ဇာတ်ကောင်တွေက အပြင်မှာ တကယ် ရှိပါတယ်။ ကျမရဲ့ အကျင့်က ဇာတ်ကောင် တွေကို ဖန်တီးတဲ့အခါမှာ စိတ်ကူးယဉ်ပြီး ဖန်တီးလေ့ မရှိပါဘူး။ အပြင်မှာ တကယ်ရှိတဲ့သူတွေနဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုကို စိတ်ကူးနဲ့ ရောမွှေပြီး ရေးလေ့ ရှိပါတယ်။ ဟျူးမားလို့ခေါ်တဲ့ ဟာသဆီကို မရောက်တဲ့ စတိုင်ရာ ဝတ္ထုတို ပုံစံလေးပါ။ ပြုံးရုံလေးပဲ ပြုံးရမယ့် အမျိုးအစားပေါ့။ ဖက်ရှင်မဂ္ဂဇင်းမှာ ၂၀၀၄ ခုနှစ်က ဖော်ပြခံခဲ့ရပါတယ်။

မဆလာနံ့သင်းသောညများ

ကိုစီတုတ်နဲ့ မသွယ်တို့လင်မယား ၂ ယောက် ဘာအရူး ထပြန်ပြီလဲမသိဘူး။ ကြောင်တကောင်လောက် မွေးချင်လို့တဲ့။ ဘေးအိမ်က ဒေါ်ဘူချီက နှာခေါင်းရှုံ့တယ်။ ဟုတ်တယ်လေ သူတို့တောင် စားဖို့ အနိုင်နိုင်ဟာ ကြောင်ကို ဘာသွားကြွေးမှာလဲ…။

ကိုစီတုတ်နဲ့ အတူ ဆိုက်ကားနင်းဖော်နင်းဘက် ကိုဖေက လူသာ ဆိုက်ကားနင်းတာ၊ အတွေးအခေါ်သမား။ အကျိုးအကြောင်းမခိုင်လုံဘဲ ဘာမှလက်ခံတာမဟုတ်ဘူး။ ခုလဲ သူ့ကို ကိုစီတုတ်ကိုယ်တိုင်က ပြောတာ…။

“ကြောင်တကောင်လောက် လိုချင်လို့ ရှာပေးစမ်းပါဗျာ” ..တဲ့..။

အဲဒီတော့ ကိုဖေတို့စဉ်းစားရပြီလေ။ ကိုစီတုတ် ကြောင်မွေးချင်ရအောင် သူ့အိမ်မှာကြွက်တွေ သောင်းကျန်းနေလို့ လား။ မဖြစ်နိုင်ဘူး။ ကြွက်ဆိုတဲ့သတ္တဝါက သူတို့အတွက် စားစရာအကြွင်းအကျန်မချန်တဲ့အပြင် ကံဆိုးရင် သူတို့ ကိုပါသတ်စားမယ့် သူမျိုးအိမ်မှာ ဘယ်နေလိမ့်မလဲ။ မဟုတ်ဘူးလား။

ဖြစ်နိုင်တာကတော့ စီတုတ်ဆိုတဲ့ကောင် ကြောင်မွေးမြူရေးများ လုပ်မလို့လား။ ဒါဖြစ်နိုင်တယ်။ တနိုင်မွေးမြူရေး လေ။ သူများတွေလို ဝက်တို့၊ ကြက်တို့ မမွေးဘဲ ကြောင်မွေးတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုစီတုတ်က ကြောင်သားဟင်း သိပ်ကြိုက်ပြီး သူ့မိန်းမ မသွယ်က ကြောင်သားဟင်း အချက်ကောင်းတာ ရွာထဲမှာနာမည်ကြီး ပဲ။ အဲ…. ကြောင်တွေ လက်သည်မပေါ်ဘဲ ပျောက် ပျောက်သွားရတာကိုလဲ ကိုစီတုတ်ရဲ့ လက်ချက်လို့ ဆိုချင် ကြတယ်။ ကိုဖေက တွေးမိတဲ့အတိုင်း ကိုစီတုတ်ကို မေးလိုက်တယ်။ အဲဒီမှာ ကိုစီတုတ်တို့ ခါးခါးသီးသီး ဖြစ်လိုက်ပုံများ….။

“ဟာ မဟုတ်တရုတ် ကိုဖေရာ။ ကျုပ် ဒါမျိုးလုပ်ပါ့မလားဗျ။ ကျုပ်ကြောင်မွေးချင်တယ်ဆိုတာ ကြောင်ချစ် လို့ပါဗျာ”

ကျားသားမိုးကြိုး၊ သူကကြောင်ချစ်လို့တဲ့။

“ခင်ဗျားဗျာ…. ကြောင်ချစ်တယ်လို့ တခါမှ မကြားဖူးပါဘူး။ ကြောင်ကြိုက်တယ်ဆို တော်သေး”

“အစက မချစ်ပေမယ့် အခုချစ်တယ်ဗျာ… ကိုဖေ… ကျုပ်မူးလို့ ပြောနေတာ မဟုတ်ဘူးနော်။ ခုမှ မနက်ရှိသေးတာ။ လုပ်ပါဗျာ။ ကျုပ်ကို ကြောင်လေး တကောင်လောက် ရှာပေးစမ်းပါ။ အိမ်မှာ မွေးထားချင်လို့။ ကျုပ်ကို ကူညီပါဦး။ ဘယ်သူမှ ကျုပ်ကို မယုံကြဘူး။ ကျုပ်ကိုကူညီမယ့်သူ ဆိုလို့ ခင်ဗျားပဲရှိတော့လို့ပါ”

ကိုဖေစဉ်းစားရပြီ။ ကိုစီတုတ်ရဲ့ ပုံစံကလည်း တကယ်ကို အကူအညီတောင်းနေတဲ့ပုံ။ ကိုဖေဆိုတာကလည်း စဉ်းစားရင် စဉ်းစား မစဉ်းစားရင် စမ်းသပ် အဲဒီလို စလုံးကိစ္စတွေ လုပ်လေ့ရှိတာ ဆိုတော့….။

“ကဲ ဗျာ ဒီလိုလုပ်။ ကျုပ်ညီမအိမ်မှာ ကြောင်သားလေးတွေ ပေါက်နေတယ်။ နို့ခွဲရင် ခင်ဗျားဖို့ တကောင် တောင်းပေးမယ်။ ဟုတ်ပြီလား။ ဒီမှာကိုစီတုတ်။ အချင်းချင်းမို့ ပြောရဦးမယ်။ နို့ခွဲခါစ ကြောင်လေးတွေက စားလို့ မကောင်းဘူးနော်။ ချွဲတယ်”

“ဟာဗျာ… ကိုဖေကလည်း ကျုပ် တကယ်မွေးမှာပါဆိုဗျာ။ ခင်ဗျားကြောင်ကို ဖြစ်နိုင်ရင် ဘုရားစင်ပေါ် တင်ပြီးတောင် ကိုးကွယ်ချင်သေးတာ”

ပြောပြောဆိုဆို ထွက်သွားတဲ့ ကိုစီတုတ်ကို ကိုဖေ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိတယ်။ လုံးဝ လိုက်မမီ တော့ဘူး….။

………………

ရွာထဲမှာတော့ တကယ့်ကို အုပ်အော်သောင်းနင်းပဲ။ ရာဇာနေဝင်းပြီးရင် ကိုစီတုတ် နာမည် အကြီးဆုံးဖြစ်နေပြီ။ မသွယ်ကလည်း ပုံစံတွေကိုပြောင်းလို့။ အရင်က နှုတ်ကြမ်း အာကြမ်းနဲ့ သူများအတင်း လည်ပြောရင်ပြော။ မပြောရရင် တယောက်ယောက်နဲ့ ရန်ဖြစ်။ အဲဒီလိုနေတာ အသားတကျရှိနေရာကနေ ခုတော့ စကားပြော နေရင်းက….

“ခဏနေဦး တော်ရေ…. အိမ်က မီးမီးလေးကို အစာပြန်ကျွေးလိုက်ဦးမယ်” ဆိုတာမျိုး…။

“မီးမီးလေးကလေ သိပ်လိမ်မာတာပဲ။ လူစကားလည်း နားလည်တယ်။ လူလည်း သိပ်ကပ်တာပဲ။ အမယ်လေး အိမ်မှာ ကျမများ မရှိရင် တညောင်ညောင်နဲ့ လိုက်ရှာတော့တာ… သူ့အဖေဆိုရင်လည်း ချစ်လိုက်တာ တုန်လို့…” ဆိုတာမျိုးတွေ ပြောလားပြောရဲ့။ သူတို့လည်း နေရင်းထိုင်ရင်း ကြောင်မိဘတွေကို ဖြစ်လို့။ ကြာရင် ကြောင်က လူစကားပါပြောတတ်နေပြီ ဆိုတာမျိုးတွေ လုပ်လာဦးမလား မသိဘူး။ ဘေးအိမ်က ဒေါ်ဘူချီကတော့ ကြည့်မရ ဖြစ်နေတာပေါ့။

“သူတို့ကိုယ်သူတို့များ သူဌေးတွေများ မှတ်နေလား မသိဘူး။ ဒီခေတ်ကြီးမှာ ကြောင်မွေးတယ်ဆိုတဲ့ အပို အလုပ်ကို ပိုက်ဆံချမ်းသာတဲ့ သူဌေးတွေမှ လုပ်နိုင်တာ။ ဒီဟာတွေက စားစရာဖြင့် မရှိဘဲ ကြောင်မွေးသတဲ့ တော်” ဆိုပြီး ရွာထဲ အတင်းလည်ပြော နေတယ်တဲ့။ ဒါပေမယ့် မသွယ်ကတော့ ခပ်တည်တည်ပဲ…။

“မခိုင်ရေ.. ကြည့်ပါဦး။ မီးမီးလေး အရောင်က သုံးရောင်စပ် တွေ့လား။ အဝါရယ် အဖြူရယ် မီးခိုးရယ်။ အဲဒီလို ကြောင်မျိုးက အထီးမရှိဘူးတဲ့။ အမပဲရှိတယ်။ အဲဒီကြောင် အမျိုးအစားကို ကာလီဘိုးလို့ ခေါ်တယ်တဲ့”

မသွယ်တို့ ဘယ်က ဘယ်လို ကြောင်သုတေသန လုပ်လိုက်တယ် မသိဘူး။ ကြောင်မျိုး၊ ကြောင်နွယ်လိုက်ကို ချီပြီး စကားတွေ ပြောနေပြီ။ ရွာထဲကလူတွေကတော့ သာဓု ၂ ကြိမ်ခေါ်ကြတယ်တဲ့။ သုံးကြိမ်ပြည့်အောင်တော့ မခေါ်ရဲသေးဘူး။ ဒီလင်မယားအကြောင်းက မသိမှတ်လို့။ ဒီသတင်းကတော့ ဒေါ်ဘူချီသယ်လာတာ။ အားလုံးလည်း အံ့သြနေကြတယ်။ မခိုင်တို့ မချိုတို့ ရွာထဲက ဦးလှဖုန်းတို့ ဆိုတာ သိချင်လွန်းလို့ ကိုစီတုတ် အိမ် ရှေ့က ဖြတ်လျှောက်ရတာအခါခါ…။

ကိုစီတုတ်ဆီမှာ အဒေါ်တယောက်ရှိတယ်တဲ့။ အဲဒီအဒေါ်က သြစတေးလျမှာနေတယ်ဆိုပဲ။ ကိုစီတုတ်တို့နဲ့ အဆက်အသွယ်ပြတ်နေတာကြာပါပြီ။ ပြီးတော့ မြန်မာပြည်မှာ ဆွေမျိုးဆိုလို့ ကိုစီတုတ်တယောက်တည်း ရှိတော့တာတဲ့။ ခု ကိုစီတုတ်နဲ့ ပြန်ဆုံဖြစ်တာ မကြာသေးဘူး။ အဲဒီအထိက ဘာမှ သိပ်အရေးမပါသေးဘူး။ အဓိကအကြောင်းအရာက အဲဒီအဒေါ်အပျိုကြီးက ကြောင်သိပ်ချစ်တာတဲ့။ ဘယ်လောက်ထိချစ်လဲ ဆိုရင် သူ့အိမ်မှာ ကြောင် ၄၆ ကောင်ရှိသတဲ့။ ပြီးတော့ သူက သူ့ဘဝမှာ ဒီလိုချမ်းသာနေတာ ကြောင်တွေကြောင့် လို့ ယုံကြည်နေတယ်။ အဲဒီအဒေါ်က သူကြောင်ချစ်သလို ကြောင်ချစ်တဲ့သူတွေကိုပဲ ဆက်ဆံချင်တယ်။ ကြောင်ချစ်တဲ့သူကိုမှ အထင်ကြီးတယ်။ ဒေါ်ဘူချီရဲ့ သတင်းက ငြင်းဆိုချက်မရှိအောင်ကို တိကျလွန်းနေတယ်။ ပထမ တခါ သူ အလည်လာတုန်းက ကိုစီတုတ်တို့ လင်မယားကို မုန့်ဖိုးတော်တော် များများ ပေးခဲ့ပြီး ပြောခဲ့တယ်…တဲ့။

“နင်တို့အိမ်မှာ ကြောင်တကောင်လောက် မွေးထား။ ကြောင်စာအတွက် ငါတသိန်းပေးခဲ့မယ်။ နင်တို့အတွက် မုန့်ဖိုးက သတ်သတ်နော်။ ကြောင်လေးကို ဂရုစိုက်။ ငါက ကြောင်ချစ်တဲ့သူကိုမှ စေတနာရှိတာ ကြားလား”

ကိုစီတုတ်တို့ အဒေါ် ပိုက်ဆံတွေပေးပြီး ပြန်သွားတာနဲ့ ကိုစီတုတ်တို့လင်မယား ကြောင်ရှာထွက်တော့တာပဲလေ။ ခုတော့များ ကြောင်ကို မီးမီးလေးတွေ ဘာတွေ ဖြစ်ကုန်ပြီ။ ကိုစီတုတ် အဒေါ်ဖုန်းဆက်ရင် လူကိုအရင်မမေးဘူး။ မီးမီးလေး နေကောင်းရဲ့လား။ အစားစားရဲ့လား။ အီအီးပါရဲ့လား ဆိုတာမေးပြီးမှ လူကိုမေးတာ။ ဒါတွေက အကြောင်းမဟုတ်ပါဘူး။ ကိုစီတုတ်တို့ကလည်း လူမှ ကြောင်မှ ဆိုတဲ့ အစွဲ မရှိပါဘူး။ အဓိကက ကြောင်ကို ဂရုစိုက်မှ လူကို ဂရုစိုက်ခံရမယ်….။ ဒါကို သူတို့ လင်မယား ၂ ယောက်လုံး သဘောပေါက်ပြီးသား။

လတ်စသတ်တော့ ဒီလိုကိုးလို့ တရွာလုံးက မှတ်ချက်ချကြတယ်။ ဘာပဲဖြစ်ဖြစ်လေ သူတို့လင်မယား ကြောင် ချစ်နေပြီဆိုတော့ ရွာထဲက ကြောင်တွေအတွက် တရန်အေးရတာပေါ့။

ကိုစီတုတ်တို့တဲနဲ့ လားလားမှ မဆိုင်တဲ့ ကားအကောင်းစားကြီးတစီး တဲရှေ့မှာရပ်ထားတယ်။ မြန်မာပြည်ကို အလည်ရောက်နေတဲ့ ကိုစီတုတ်ရဲ့ အဒေါ်က ကိုစီတုတ်အိမ်က မီးမီးလေးကို လာကြည့်တာလေ။ သူတို့လင်မ ယားကတော့ သွား ၃၂ ချောင်းလုံး ဖြဲပြီး အနားမှာရပ်နေတယ်။ ဟိုဘက်အိမ်က ဒေါ်ဘူချီကြီးက ချောင်းကြည့်ပြီး အသေးစိတ်ကို မှတ်သားနေတယ်။

ကိုစီတုတ်အဒေါ်က ကြောင်လေးကို ဟိုပွတ်ဒီသပ်လုပ်၊ ပါလာတဲ့ ငါးကြော်ထုပ် ဖြေကျွေး…။ (ကိုစီတုတ်တို့ သွားရည် တမျှားမျှားနဲ့) ကြောင်လေးနဲ့ စကားတွေ ပြောပြီး ခဏနေတော့….

“ငါပြန်ဦးမယ်ဟေ့” ဆိုပြီး ပြန်သွားပါလေရော။ မသွယ်ကတော့ ကြောင်ကိုချကျွေးထားတဲ့ ငါးကြင်းကြော်တွေ ငါးသလောက်ဥကြော်တွေကို နှမျောသလိုကြည့်ရင်း…

“ကိုစီတုတ်… ကျုပ်တို့ကို ဘာမှလည်း ပေးမသွားဘူးနော်”

“ဟာ နင်ကလည်း နောက်တခါ လာဦးမှာပဲဟာ…. အဲဒီတော့မှ ပေးမှာပေါ့”

“ကျုပ်တို့ ဒီညနေစာ ဆန်ဝယ်ဖို့ မရှိတော့ဘူးတော့ တော်ကလည်း။ နည်းနည်းပါးပါး တောင်းထားလိုက်တာ မဟုတ်ဘူး”

“ငါ ကိုဖေ့ဆီက နည်းနည်း သွားချေးမယ်ကွာ။ မင်းကလည်း အချီကြီးရဖို့ ဒီလောက်တော့ စောင့်ရမှာပေါ့”

“ဒီမှာ ရှင့်အဒေါ်လာရင် အချီကြီးရမယ် ဆိုပြီး ရှင်ဆိုက်ကားမထွက်တာ ဘယ်နှရက်ရှိပြီလဲ။ ဝင်ငွေ လုံးဝမရှိ ဘူးနော်… နောက်တခါလာလို့မရရင် ကျုပ်အဆိုးမဆိုနဲ့”

“အေးပါ မိန်းမရာ တိုးတိုးပြောစမ်းပါ။ ဘေးမှာမနာလိုလို့ ချွန်ချင်တဲ့သူတွေ ရှိတာလည်း သိရဲ့သားနဲ့”

အဲဒီအချိန်မှာ ကြောင်ကလေးကတော့ ငါးကြော်တွေကို တဝတပြဲ စားသောက်ပြီး လျှာတောင် သပ်နေပြီ….

မသွယ်က ကြောင်လေးကို မျက်စောင်းတချက်ခဲပြီး ခြေဆောင့်ထွက်သွားလေရဲ့…။

ပြဿနာကို စတင်သူက စာရေးကြီးကိုအေး။ ကိုအေးဆိုတာက နာမည်သာအေးတာ လူကတော့ ပူသလားမမေးနဲ့။ ရေဆူအမှတ်ကိုရောက်တယ်။ ဒီတိုင်းနေရင်တော့ ပြဿနာ မရှိပါဘူး။ အရက်ကလေး သောက်ထားရင်သာ ပြဿနာရှိတာ။ ကိုအေးနဲ့ ကိုစီတုတ်ဆိုတာကလည်း မရဘူးလေ။ စီးပွားဘက်ဆိုတွေ ဆိုတော့ မဆက်ဆံလို့လည်းမရဘူးလေ။ စီးပွားဘက်ဆိုတာက ဒီလို။ ကိုစီတုတ်ရဲ့ဆိုက်ကားကို ကိုအေးက အကြွေးစီးတယ်။ ကိုအေးဆီက ပိုက်ဆံကို လခထုတ်ရက်မျိုးမှာ ကိုစီတုတ်က ချေးတယ်။ လက်ဘက်ရည် ဆိုင်မှာဂဏန်းအတူတွက်တယ်။ ဒါကိုပြောတာ….။ အဲ ကိုအေးက ကိုစီတုတ်တို့အိမ်မှာအရက် လာသောက်လေ့ ရှိတယ်။ ကိုအေးမှ မဟုတ်ပါဘူးလေ။ ကိုစီတုတ်ရဲ့ အိမ်မှာက လူစုံနေကျ။ ကိုစီတုတ်ရဲ့ အပေါင်းအသင်းတွေ…. ကိုဖေတို့၊ ကိုချင်းမြင့်တို့၊ ကိုအောင်မိုးတို့ အားလုံး ကိုစီတုတ်ကလွဲရင် လူပျိုကြီးတွေချည်းပဲ။

ကိုစီတုတ်အိမ်မှာ လာစု ရခြင်းအကြောင်းရင်းက။ မသွယ်က လုံးဝမငြိုငြင်တတ်ဘူး။ ဘယ်ငြိုငြင်ပါ့မလဲ။ သူက ဝင်းသူဇာကပေးတဲ့ အရက်ပုလင်းကို လေးရာ့ငါးဆယ်နဲ့ဝယ်ထားပြီး ဟိုလူတွေ အရက်လိုတဲ့အချိန် ဝယ်မရတော့တဲ့ အချိန်တွေမှာ ခြောက်ရာမျိုး၊ ခုနစ်ရာမျိုးနဲ့ ပြန်ရောင်းတာတို့..။ ခြောက်ဆယ်တန် အမြည်း လုပ်ပေးပြီး အမြည်းချည်းပဲ ၁၀၀ ကျတယ် ဆိုတာမျိုးတို့ ဆိုတော့ သူ့ယောက်ျား အရက်ဖိုးလောက် ကာမိပြီးသား။

စကားချော်သွားတာနဲ့ ကိုအေးအကြောင်းတောင် ဘယ်ရောက်သွားမှန်းမသိ။ ကိုအေးလည်း လူပျိုကြီးထဲက လူပျိုကြီးတယောက်ပေါ့။ အဲဒီအခင်း မဖြစ်ပွားမီက ကိုအေးမှာ ရည်းစားတယောက်ရှိခဲ့ဖူးတယ်။ ရွာထဲက ကောင်မလေးပဲ။ ကောင်မလေးက ချောချောလေး။ ပြီးတော့ ကိုအေးထက် ၁၃ နှစ်လောက်ငယ်တယ်။ လူပျို ကြီးတွေ ကြားထဲမှာတော့ ကိုအေးက စန်းပွင့်သူပေါ့။ ကိုအေးတို့ ချစ်လိုက်ပုံကလည်း သည်းသည်းလှုပ်။ သူတို့ စုံတွဲက ကိုစီတုတ်တို့ အိမ်မှာ လာချိန်းတွေ့နေကျ။ ကောင်မလေးဆို မသွယ်သုတ်တဲ့ သင်္ဘောသီးသုတ် ကောင်းလွန်းလို့ဆိုလို့ မသွယ်က ခဏခဏ သုတ်ကျွေးခဲ့ရတာ။

ကိုစီတုတ်တို့ အုပ်စုကတော့ အဲဒီကာလက ဘီလူးကြီးထိုးတဲ့ တယောသံကို နေ့တိုင်း နားဆင်နေရတာ။ ဟုတ်တယ် ကိုအေးက လူကြမ်းကြီး။ ကောင်မလေးက သေးသေးသွယ်သွယ်လေး။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်း တွေကတော့ ဝမ်းသာကြပါတယ်။ ကိုအေးအတွက် စိတ်အေးရတာပေါ့။ ကိုအေးက လူပျိုကြီးဖြစ်တဲ့အပြင် တကောင်ကြွက် တမျက်နှာလေ…..။

ဒါပေမယ့် တနေ့မှာ ဘယ်လိုဖြစ်တယ်မသိဘူး။ ကောင်မလေးနဲ့ကိုအေးတို့ ခါတိုင်းလိုပဲ အလုပ်အတူ သွားကြတာ။ စိတ်ကောက်တာ ဘာညာလည်းမရှိဘူး။

ညနေ ကိုအေးစောင့်နေကျ နေရာမှာသွားစောင့်တော့ ကောင်မလေး ပေါ်မလာဘူး။ အဲဒါနဲ့ အလုပ်တွေရှုပ်၊ ဆေးရုံတွေ ရဲစခန်းတွေ အကြောင်းကြား….။ ဘယ်သူကမှ လင်နောက်လိုက်တယ်လို့ မထင်ကြဘူးလေ။ ကိုအေးက ရှိနေတာကိုး။ ဒါပေမယ့် ကောင်မလေးက တကယ့်ကို လင်နောက်လိုက်သွား ခဲ့တာပါပဲ။ ကိုအေးရဲ့ အသည်းကွဲဇာတ်လမ်းပေါ့။ ကိုအေးတို့ ကွဲလိုက်တဲ့ အသည်းဆိုတာ ဟက်တက်ပဲ။ ကိုအေး ရေဆူအမှတ်ကို ရောက်ရခြင်း အကြောင်းရင်းက ဒါပါပဲ။

……………………………….

သူငယ်ချင်းအားလုံးက ကိုအေးဆိုးသမျှ သည်းခံကြပါတယ်။ သူ့ခမျာ ချစ်ကံခေရှာတယ်ဆိုပြီးတော့ အရက်အတူ သောက်ကြရင်လည်း အဲဒီအကြောင်း စကားမစကြပါဘူး။ ပြဿနာဖြစ်ပြီး သုံးလလောက် ကိုအေးရွာက ပျောက် သွားသေးတယ်။ ဘယ်ရောက်သွားမှန်းကိုမသိတာ။ ဘယ်သူမှလဲ လိုက်ရှာလို့ မရဘူး။

နာထားတဲ့ တိရစ္ဆာန် တကောင်လိုပေါ့။ အနာဖေးတတ်မှ ပြန်ရောက်လာတာ။ ပြန်ရောက်လာတော့လည်း ဘာမှမဖြစ်သလိုပဲ။ ဘယ်သူကမှလည်း သူ့ရှေ့မှာ ဒီအကြောင်း မမေး၊ မပြောကြဘူး။ ဒီလိုပဲ ကိုစီတုတ်အိမ်မှာ ဆုံကြ၊ သောက်ကြပေါ့။

တရက်တော့ ကိုအေးကြီး ပေါက်ချလာတယ်။ အိမ်မှာ မသွယ် တယောက်တည်း။ မသွယ် အလုပ်တွေ ကူလုပ်ပေး မယ်ဆိုပြီး ကလေးလည်း ဝိုင်းထိန်းပေး၊ အဝတ်တွေ လျှော်ပေး၊ ပန်ုးကန်တွေ ဆေးပေးနဲ့ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ မသွယ်ကလည်း ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ မနေ့ညက ကိုစီတုတ်တို့ လက်ကျန် တပိုင်းထုတ်ပေးပြီး လက်ဘက် တပွဲ သုတ်ပေးလိုက်တယ်။

ညနေကျတော့ ကိုစီတုတ် ပြန်လာတယ်။ ကိုစီတုတ် ပြန်လာတဲ့ အချိန်မှာ သူ့တပိုင်းက မရှိတော့ဘူး။ ကိုစီတုတ်လည်း ဆိုက်ကားနင်းတော့ ဒီနေ့အုံနာကြေးအပြင် မြတ်မြတ်ကလေးရလို့ ဆိုပြီး တလုံးဝင်ဆွဲလာတာ။ ကိုအေးကြီးကိုမြင်တော့ အဖော်ရပြီဆိုပြီး တန်းထိုင်တော့တာပဲ။ ခဏနေတော့ ထုံးစံအတိုင်း ကိုအောင်မိုးနဲ့ ကိုချင်းမြင့်တို့ ရောက်လာကြတယ်။ ဝိုင်းက လုံးဝကောင်းသွားပြီ။

မသွယ်ကလည်း ကိုအောင်မိုးလုပ်ခိုင်းတဲ့ ခရမ်းချဉ်သီးသုတ်တပွဲနဲ့ ကြက်ဥမွှေကြော်တပွဲ လုပ်ပေးပြီး ကလေးသိပ်ဦးမယ်ဆိုပြီး အထဲဝင်သွားတယ်။ အခု သူတို့ တလုံးစကိုင်ချိန်မှာ ကိုအေးက ရှေ့မှာ တပိုင်းဝင်ပြီး သွားပြီ။ ကိုအေးရဲ့ ထူးခြားချက်က သူဘယ်တော့မှ မမူးဘူးဆိုတာကို ပြချင်တာပဲ။ မမူးဘူးဆိုတာ ဘယ်ရှိပါ့မလဲ။ မူးတာပေါ့။ ဒါပေမယ့် တချက်တချက် သူ့မျက်လုံးကြီး ပြူးပြူးပြတာကို ကြည့်ခြင်းအားဖြင့် သူတော်တော်မူးနေပြီ ဆိုတာ သိသာတယ်။

အဲဒီအချိန်မှာ ဧည့်သည်ရောက်လာတယ်။ ဧည့်သည်ကတော့ ကိုအောင်မိုးရဲ့ညီ….။ ဝင်းကျော်တို့ လင်မယား။ လင်မယားမှ တကယ့် ပူပူနွေးနွေး လင်မယား။ ခိုးပြေးတာ တပတ်မပြည့်သေးဘူး။ ကိုစီတုတ်ရဲ့ အိမ်ကို လာလည်ကြတာတဲ့။ ညားကာစ လင်မယားဆိုတော့ သိတဲ့အတိုင်း ကြားလေသွေးတောင် ဝေးမှာစိုးတယ်ဆိုတဲ့ အချိန်ပေါ့။ ကိုအောင်မိုးတို့ ကိုချင်းမြင့်တို့က ဝင်းကျော်ကို စ၊ ဝင်းကျော်က သွားကြီးဖြီးပြီး တဟဲဟဲနဲ့။ ကောင်မလေးက ရှက်…။

အားလုံးက သူတို့စုံတွဲဆီမှာ အာရုံရောက်နေကြတယ်။ သူတို့စုံတွဲကလည်း တယောက်ကိုတယောက် အသုတ် ခွံ့ကျွေးလိုက်။ ကြက်ဥကြော်ခွံ့ကျွေးလိုက်နဲ့ မောင်စားလေ… အချစ်စားလေ… လုပ်နေကြတယ်။

အဲဒီမှာ ဘာမပြော ညာမပြောနဲ့ ကိုအေးကြီး သူ့ဘေးက ကြောင်လေးကို လည်ပင်းကနေညှစ်ပြီး မ လိုက်ပါလေ ရော။ အားလုံးအံ့သြတကြီးနဲ့ သူ့ဆီကိုအာရုံရောက်သွားကြတယ်။ ကိုစီတုတ်က..

“ဟေ့လူ..။ ကိုအေး ပြန်ချထားလိုက်ဗျာ” လို့ပြောတာကို ပြန်မချတဲ့အပြင် သူ့လက်ကြီးနဲ့ ပိုပြီးတော့တောင် ညှစ်ပြလိုက်သေးရဲ့။

“ဟေ့လူ…. ဟေ့လူ မလုပ်နဲ့နော် ကျုပ်ပြောနေတယ်။ ပြန်ချထားလိုက်”

ကိုစီတုတ် အသံလည်းတုန်လာပြီး ကြောင်ကလေးက သူ့လက်ထဲမှာ ဆန့်ငင် ဆန့်ငင်နဲ့ ဖြစ်နေပြီ…. ။ ကိုစီတုတ် တချက် ကြုံးအော်လိုက်တယ်။

“ကိုအေး … မလုပ်နဲ့လို့ပြောနေတယ်။ ခင်ဗျားကို ကျုပ်ထိုးမှာနော်”

ပြောသာပြောရတယ်။ ကိုစီတုတ်ရဲ့ဗလက ကိုအေးရဲ့ တဝက်ဘဲရှိတယ်။ ဘေးက လူတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ပြီး ကိုအေး ကိုအေးနဲ့ ကယောင်ကတမ်း အော်နေကြတယ်။ အဲဒီမှာ ကိုအေးက “အား” ဆို တချက်အော်ပြီး ကြောင်ကလေးကို ဖုတ်ကနဲ လွှတ်ချလိုက်ပါလေရော။ အော်လိုက်တဲ့အချိန်မှာ သူ့အတွင်းအား တွေ ထုတ်သုံးလိုက်လို့လား။ ဒါမှမဟုတ် အမြင့်ကနေ ပစ်ချခံလိုက်ရလို့လား မသိဘူး ဖုတ်ကနဲ ပြုတ်ကျလာတဲ့ ကြောင်လေးဟာ မြေကြီးပေါ်မှာ ဆန့်ငင် ဆန့်ငင် နှစ်ချက်လောက် အကျောဆွဲပြီး ငြိမ်ကျသွားတယ်။

အဲဒီမှာ ကိုစီတုတ်လည်း ဝုန်းကနဲ ကိုအေးကို ခုန်အုပ်ပြီး ဝင်လုံးတော့တာပဲ။ သူတပြန် ကိုယ်တပြန် နှစ်ချက်စီ လောက် ထိုးပြီးတာနဲ့ အားလုံးက ဝိုင်းဖြေပြီး ကိုအေးကို အပြစ်ဝိုင်းတင်ကြတာပေါ့။ အားလုံးက ကိုစီတုတ်နဲ့ ကြောင်ကလေးရဲ့ ဆက်နွှယ်မှုကို သိထားကြတော့ ကိုအေးကို ခပ်ဖိဖိလေး ပြောလိုက်ကြတယ်။ တရောက် တပေါက် ဝိုင်းပြောလိုက်ကြတာ…. ကိုအေးခေါင်ကို မဖော်တော့ဘူး။ ခဏနေတော့မှ အားလုံးကို မျက်လုံးပြူးကြီး နဲ့ ကြည့်ပြီး ငိုသံကြီးနဲ့…..။

“မင်းတို့ ငါ့ကို … ငါ့ကို ပြောရက်ကြတယ်။ ငါ… ငါ..” ဆိုပြီး ဘာမှ ဆက်မပြောနိုင်တော့ဘဲ ချာကနဲ လှည့်အထွက် အပြင်က အမှောင်ထုထဲ ဝင်သွားပါလေရော။ မသွားခင်မှာ သူချမ်းတယ်ဆိုလို့ ကိုစီတုတ်ပေးဝတ်ထားတဲ့ ဂျာကင်ကိုပါ ချွတ်ပေးခဲ့ပြီး စွတ်ကျယ်လေးနဲ့ ထွက်သွားတာ..။ အားလုံးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။

ကြောင်ကလေးဆီပဲ ပြေးရမလား။ ကိုအေးနောက်ပဲ လိုက်ရမလား။ ကြောင်နေကြတယ်။ ရာသီဥတုက အချမ်းသည်းတဲ့ ဆောင်းတွင်းကြီး။ ကိုအေးတယောက် အဲဒီကတည်းက ရွာကပျောက်သွားလိုက်တာ။ ပေါ်ကိုမလာတော့ဘူး။ ဘယ်ရောက်လို့ ဘယ်ပေါက်နေလည်း ဆိုတာလည်း ဘယ်သူမှ မသိကြဘူး။

သတိရလို့ ကိုစီတုတ်ကြောင်ကလေးဆီ ပြေးသွားကြည့်လိုက်တော့ ကြောင်ကလေးက အသက်မရှိတော့ဘူး။ ကိုစီတုတ် ကြောင်ကလေးကို ကိုင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ မသွယ် အိပ်ခန်းထဲက ထွက်လာတယ်။ ကိုစီတုတ် ယောင်တောင်တောင်နဲ့ အိမ်ထောင့်မှာ ထောင်ထားတဲ့ တူရွင်းကို သွားကိုင်တယ်။ မသွယ်က….

“ကိုစီတုတ်…. ရှင် ဘာလုပ်မလို့လဲ”

“ငါ… ငါ…. မီးမီးလေးကို သွားမြှုပ်မလို့”

“ဘာ… ရှင်က သွားမြှုပ်မလို့ ဟုတ်လား။ မီးမီးလေးတွေ ဘာတွေ လုပ်မနေနဲ့။ ဒါ …. ကြောင်နော်… ကြောင် သိရဲ့လား..။ သွား…. ရေနွေးသွားတည်”

ရုတ်တရက်တော့ အားလုံး သဘောမပေါက်ကြဘူး။ အားလုံးကြောင်ပြီး မလုပ်တတ် မကိုင်တတ် ဖြစ်နေကြတယ်။ အဲဒီအချိန်မှာ မသွယ်တယောက်တည်း အားလုံးကို စီစဉ်သွားတယ်။ ဒီအချိန်မှာ မသွယ်က ဆရာပဲ…။ မသွယ် ခိုင်းတာကို အားလုံးက ဘာမှ စောဒကမတက်ဘဲ လုပ်ပေးကြတယ်..။ နောက်ထပ် သုံးနာရီလောက် အကြာမှာ တော့ မသွယ်တို့တဲလေးထဲက မဆလာနံ့ တသင်းသင်းနဲ့ ဟင်းနံ့ ထွက်လာတယ်။

ဆောင်းညရဲ့ ခရစ္စမတ် တေးသွားတွေနဲ့အတူ မသွယ်ရဲ့ ဟင်းနံ့ဟာလည်း ပြောစမှတ် ပြုစရာတခု ဖြစ်ခဲ့ပါတယ်။

ဘယ်လောက်တောင် ပြောစမှတ်ပြုသလဲ ဆိုတော့ အဲဒ်ီညက မလာတဲ့ ကိုဖေတယောက် ကိုစီတုတ်ကို လုံးဝ စကား မပြောတော့ဘူး။ ဘယ်လိုမှလည်း ရှင်းပြလို့ မရတော့ဘူး။ ပြီးတော့ ကိုစီတုတ်ရဲ့ တဦးတည်းသော အဒေါ်က သူတို့ကို အမွေပြတ် စွန့်လွှတ်လိုက်တယ်။ အဒေါ်က ကြောင်ကလေးသေသွားတာကို စိတ်ဆိုးတာ မဟုတ်ပါဘူး။ ကြောင်သေကို ဟင်းချက်စားလို့ စိတ်ဆိုးတာ… တဲ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မသွယ်က ဒေါ်ဘူချီ တရားခံလို့ စွပ်စွဲတယ်။ ဒေါ်ဘူချီနဲ့ မသွယ်တို့ အကြီးအကျယ် ရန်ဖြစ်ကြတယ်။

ကိုစီတုတ်ကတော့ မသွယ်တရားခံဆိုပြီး မသွယ်ကို ပြဿနာရှာတယ်။ လင်မယား ရန်ဖြစ်လိုက်ကြတာ… ကိုစီတုတ် တကိုယ်လုံးလည်း လက်သည်းရာတွေနဲ့ …. မသွယ်လည်း နဖူးမှာ ဘုကြီး တလုံးထွက်လို့…. လင်မယားကွဲကြမလိုတောင် ဖြစ်သွားတယ်။ ဒါပေမယ့် မကွဲပါဘူး။ ဘယ်ကွဲလို့ ဖြစ်မလဲ။ သူတို့ လင်မယားက တော်တော်လိုက်ဖက်ညီတာ။ ဒါကလည်း တဒင်္ဂ လောဘစိတ်ကြောင့် ဖြစ်ရတာဆိုပြီး နောက်ကို ဒီလို သမားရိုးကျ မဟုတ်တဲ့ ကိစ္စတွေကို မလုပ်ကြဖို့ ကတိ ထားလိုက်ကြတယ်။

ခုတော့လည်း အဆင်ပြေလို့။ မသွယ်ကလည်း ကလေး ခါးတစ်ခွင်ပြီး ရွာထဲ အတင်းလိုက်ပြောလိုက်၊ ရန်ဖြစ်လိုက် နဲ့ … ။ ကိုစီတုတ်ကလည်း အပေါင်းအသင်းတွေနဲ့ သောက်လိုက်ပေါ့။ ရွာထဲက ကြောင်ရှင်တွေ ကတော့ နည်းနည်း သတိပြန်ထားရတာပေါ့..။

ကိုစီတုတ်တို့ သူငယ်ချင်းတွေ ဝိုင်းဖွဲ့တိုင်း … မူးလာကြပြီဆိုရင် တယောက် ကိုအေးလို့ စလိုက်တာနဲ့ အားလုံး တယောက် တပေါက် .. ကိုအေးအကြောင်းကို ပုံပြင်တပုဒ်လို ပြန်ပြောပြဖြစ်ကြတယ်။ (ချွင်းချက်အနေနဲ့ သူတို့ ကြောင်မွေးဖူးတဲ့ အကြောင်းကိုတော့ ဘယ်သူမှ စကားမစကြဘူး)

ကိုအေးကြီးကောင်းကြောင်းတွေ ကိုပဲ ရှာကြံပြောကြတာပါ။ အဲဒီလို ကိုအေးကိုလွမ်းပြီဆိုရင် အရက်က မလောက်တော့ဘူး။ မသွယ်ဝယ်ထားတဲ့ အရက်ကို ဈေးကြီးပေးပြီး ပြန်ဝယ်ကြတယ် ….။

ဘယ်သူတွေ ဘယ်လိုပဲ သတိထားထား …. ကိုစီတုတ်နဲ့ မသွယ်တို့ရဲ့ ဂေဟာမှာ တခါတခါတော့ မဆလာနံလေး သင်းပျံ့လာတတ်ပါတယ်။ ရွာထဲမှာ ကြောင်တကောင်ပျောက်တဲ့အချိန်တိုင်းမှာပေါ့ … ။ ။

ဝတ္ထုတို ၎

အခုတင်မယ့် ဝတ္ထုတိုလေးကို ဘာကြောင့် ရေးဖြစ်တယ်ဆိုတာက စလို့ ပြောချင်ပါတယ်။ ဆရာဝန် စာရေးဆရာတွေ အရမ်းများပြီး သူတို့ဆေးလောကအကြောင်း၊ ဆေးရုံအကြောင်း၊ ဆေးပညာအကြောင်း တွေကို ဝတ္ထုတွေထဲမှာ ထည့်ရေးကြတာ တော်တော်များများ တွေ့လာရတယ်။ တချို့ဆို ကျမ တော်တော်ကို သဘောကျမိ ပါတယ်။ ဥပမာ- ဆရာမ ဝင်းဝင်းလတ်ရဲ့ အချစ်ရဲ့နောက်ဆက်တွဲ စာမျက်နှာများ ပေါ့...။ ခွဲစိတ်ခန်းထဲက ပုံရိပ်တွေကို ဆရာမ ခြယ်သထားလိုက်တာများ ကျမကိုယ်တိုင် ခွဲစိတ်နေတာကို ကြည့်နေရသလိုကို ပီပြင်တာ တွေ့ရတယ်။ ကျမ သိပ်ကိုအားကျမိတယ်။ အဲဒီလို ကိုယ်ကျွမ်းကျင်တဲ့ နေရာ သို့မဟုတ် အခြေအနေ တခုခုကို အခြေခံပြီး သိပ်ကို ရေးချင်တယ်။ အင်ဂျင်နီယာ စာရေးဆရာတွေ ရှိပေမဲ့ အလုပ်ခွင်လောက်ကို ပဲ အခြေခံရေးတာ တွေ့ရပါတယ်။ ကိုယ်ကိုင်တွယ်ရတဲ့ စက်တွေအကြောင်း အသေးစိတ် ရေးတာ မတွေ့ရ သလောက်ပဲ။ ကျမ မတွေ့ဖူးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က ဂျီတီအိုင်ဆင်း ဖြစ်ပြီး၊ စက်တွေနဲ့ ရင်းနှီးခဲ့လေတော့ အဲဒီအတွေ့အကြုံကို ဝတ္ထုရေးဖို့ စိတ်ကူးရမိတယ်။ နောက်တကြောင်းကတော့ လူတွေရဲ့ ကမောက်ကမ နိုင်မှုပေါ့။ အဲဒီမှာပဲ ဒီ စက်နှင့်လူ ဆိုတဲ့ ဝတ္ထုတိုလေး ရေးဖို့ ဖြစ်လာပါတော့တယ်။ ဒီဝတ္ထုလေးက ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတာပါ။ ပြီးတော့ ဥတ္တရလမင်း စာပေက ထုတ်တဲ့ ၂၀၀၅ ခုနှစ် ဝတ္ထုတို စုစည်းမှုမှာလည်း ပါခွင့်ရခဲ့တဲ့ ဝတ္ထုတိုလေး ဖြစ်ပါတယ်...။

စက်နှင့်လူ

ပထမဦးဆုံး မူလီများကို စတားဟုခေါ်သော ဝက်အူလှည့်နှင့် ဖြုတ်သည်။ တခု၊ နှစ်ခု၊ သုံးခု....စုစုပေါင်း..မူလီ အကြီးက ခြောက်ခု။ အရစ်ရှည်သော သူများကို ဂျပန် မူလီဟု ခေါ်တာ သူသတိရပြီး ပြုံးချင်၏။ ဟုတ်သားပဲ.. တကယ်ကို အရစ်ရှည်သော မူလီများ။ ဟိုး... တွင်းနက်နက်ထဲမှာ... စတားရဲ့ထိပ်က သံလိုက်ဖြင့် ကပ်ပြီး အောက်ပြုတ်မကျအောင် မနည်း သတိထားကာ အပြင်ကို ထုတ်ရသည်။ ပြီးတော့မှ ခွက်ထဲကို သေသေချာချာထည့်။

သူ ဒီလုပ်ငန်းကို စလုပ်ကိုင်စဉ်ကကြုံဖူး၏။ စက်တခုလုံးကို ပြန်ဆင်ပြီး (သူတို့အခေါ်တော့ ပြန်လုံးပြီး) ချိန်မှာ သူ့ထံတွင် မူလီ ၁ လုံး ၂ လုံး ပိုနေတတ်သည်။ ဘယ်နေရာ မူလီမှန်းလည်း မသိတော့..။ သူ့ဆရာမသိအောင် မူလီအပိုတွေကို ဖျောက်ဖျက် ပစ်ရသည်။ အခုတော့ သူသိသွားပြီ။ မူလီ ၁ လုံးမှ မပိုအောင် မှတ်ထားတတ်ပြီ။ သူ့ဆရာလည်း မရှိမှ မရှိတော့ပဲလေ။

မူလီအားလုံး ဖြုတ်ပြီးတော့ အဖုံးကို ဆွဲဖွင့်လိုက်သည်။ အသာတကြည် ပါလာသည်။ တချို့အဖုံးတွေ အသာတကြည် မပွင့်တတ်။ ပုန်းနေသည့်မူလီများကြောင့် ထစ်နေတတ်၏။ အဖုံးပွင့်သွားတော့ စက်ကို မျက်စေ့ဖြင့် အရင်လေ့လာလိုက်သည်။ အိုကေ သူထင်သည့်အတိုင်းပဲ ဖစ်လ်တာ (Filter) ပွင့်သွားတာ..။

*********

ဒိုမက်စတစ် ပစ္စည်းတွေကို သူကိုင်လာတာ ကြာပြီဆိုတော့ အတွေ့အကြုံက မသေးတော့..။ အကြမ်းဖျင်း ဘာဖြစ်ရင် ဘာဆိုတာလောက်တော့ ခန့်မှန်းတတ်ပြီ။ ဝမ်းတန်း (110 Volt) လို့ အလွယ်ခေါ်သော ဒိုမက်စတစ် တီဗီနှင့် အောက်စက် ပစ္စည်းများမှာ ဈေးချိုပြီး ဆူလွယ်နပ်လွယ်သော ပစ္စည်းများ ဖြစ်သောကြောင့် အခြေခံ လူတန်းစားများအတွက်၊ အသစ်မဝယ်နိုင် သူများအတွက်.. အသုံးဝင်ပြီး ဈေးကွက်တခု ဖြစ်နေသည်။

စက်အသစ်များ ပျက်လျင် ဆားဗစ်စင်တာများ ရှိပြီး စပယ်ယာပစ္စည်းများကလည်း ထိုဆားဗစ် စင်တာ များတွင်ပင် ရှိနေပြီးသား ဆိုတော့ သူတို့လို စက်ပြင်များနှင့် အလှမ်းဝေးလွန်းသည်။ ပြီးတော့ သူ့လို အိမ်ခန်း သေးသေးလေးထဲမှာ ပစ္စည်းပျက်တွေ ပုံနေအောင် ချထားပြီး ရှုပ်ပွနေတဲ့ နေရာမျိုးမှာ ပစ္စည်းအသစ် အကောင်းစားများ လာမပြင်ကြပါ။

သူကလည်း ပစ္စည်းအသစ် အကောင်းစားများကို သိပ်မပြင်ချင်ပါ။ အခု နောက်ပေါ်တဲ့ စက်တွေက ဖြစ်လာရင် ဘာမှ ရှာမနေနဲ့ ကတ်ပြားလိုက်သာ လဲလိုက်ပေတော့ ဆိုတာမျိုး။ သူ့အတွက်က ပညာသား သိပ်မပါလှ။ အခု သူ့ဆီလာတဲ့ ဝမ်းတန်းတွေက အမြင့်ဆုံး ၉၈ မော်ဒယ်လောက်သာ လာသည်။

ဆိုင်ဖွင့်လာတာ ကြာပြီ၊ စက်ပြင်လာတာ ကြာပြီဆိုတော့လည်း စက်တွေအကြောင်း ကောင်းကောင်း သိလာသလို လူတွေ အကြောင်းလည်း ကောင်းကောင်း နောကျေနေပြီ။ သူ ဆိုင်ဖွင့်ခါစ ကပေါ့.... လူတယောက် တီဗီ တလုံး လာအပ်သည်။ ထုံးစံအတိုင်း ဝမ်းတန်းစက်ပါပဲ။ ၂၁ လက်မ တိုရှီဘာ အမျိုးအစား ဖြစ်သည်။ ထုံးစံအတိုင်း ဝမ်းတန်းနှင့် တူးတွမ်တိ (220 Volt) မှားထိုးမိသည်တဲ့။ ဝမ်းတန်းစက် များမှာ အဲဒီ ပြဿနာနှင့် မကြာခဏ ကြုံရတတ်သည်။

သတိထားနေသည့် ကြားမှ ဝမ်းတန်းဗို့နှင့် အသေမတွဲထားလျင် မှားတတ်ကြသည်။ စက်ကိုဖွင့်ပြီးတော့ မျက်စိနှင့် အရင်လေ့လာ လိုက်သည်။ ဖျူးစ်မပျက်..။ ဖျူးစ်မပျက်ဘူး ဆိုကတည်းက သူ နည်းနည်း စိုးရိမ်သွားသည်။ သူလုပ်သနေသမျှကို စက်ပိုင်ရှင်က ထိုင်ကြည့်နေသည်။ မျက်စိအမြင် အားဖြင့် အားလုံးကောင်းသည်။ ဒါဆို ပါဝါလမ်းကြောင်း တလျှောက် သေသေချာချာ စစ်ရတော့မည်။ အမှားကို အေးအေးဆေးဆေး ရှာရမှာဆိုတော့ စက်ပိုင်ရှင်ကို ပြန်ခိုင်းလိုက်သည်။ ထိုစက်ပိုင်ရှင်က သူ့ကို စိတ်မချသလို.. မယုံကြည်သလို တချက်ကြည့်ပြီး တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြန်သွား၏။

သုံးရက်နေမှ ပြန်လာရန် ချိန်းလိုက်သည်။ ဖျူးစ် ပျက်လျင် အကြောင်းမဟုတ်။ ဖျူးစ်နောက်မှာ တခြား ပျက်စရာ သိပ်မရှိတော့။ ခုဟာက ဖျူးစ်မပျက်ဘူး ဆိုတော့ မီးက ဖျူးစ်ကိုဖြတ်ပြီး အတွင်မှာ ဘယ်လောက်တောင် မွှေသွားလည်း မသိနိုင်။ ကတ်ကိုဖြုတ်ပြီး သူ သေသေချာချာ စစ်ဆေးသည်။ ပါဝါလမ်းကြောင်းကို အဝင်မှနေ၍ တခုချင်း စစ်ဆေးသည်။ ဖစ်လ်တာ မပွင့်။ အိတ်ခ်ျအောက် (H-out) ခေါ် ထရန်စ္စတာ အကြီးကြီးကို ဖြုတ်တိုင်းသည်။ ဒါလည်း ကောင်းနေသည်။ ဒါဆိုရင် ပစ္စည်း အကြီးထဲက သိပ်မကျန်တော့.. ပစ္စည်း သေးသေးလေးတွေ....။

ပစ္စည်းပေါက်စ လေးတွေက မွနေ၏။ ဒိုင်အုတ်လေးတွေ..၊ ရက်စ္စတာလေးတွေ၊ ထရန်စ္စတာလေးတွေ၊ ကွန်ဒင်ဆာတွေကတော့ မဖြစ်နိုင်။ တလုံးချင်း ဖြုတ်စစ်ရရင် သေရချည်ရဲ့။ ဒါပေမယ့် မတတ်နိုင်တော့... လောလောဆယ် ဒီတနည်းပဲ ရှိသည်။ တလုံးချင်းကို သေသေချာချာ ကြည့်ရင်းမှ ရက်စစ္စတာလေးတလုံး အနည်းငယ် မည်းနေတာ တွေ့သည်။ ကဲ.... ဒီအမည်းကို ဖြုတ်စမ်း။

ခဲဖျော်စက်ကို အပူပေး..၊ စက်ကာ (sucker) ခေါ် ခဲစုပ်သည့် ပစ္စည်းနှင့်တေ့၊ အပူပေးလို့ ပျော်လာတဲ့ ခဲအဟောင်းတွေကို စက်ကာနဲ့ ဖွတ်ကနဲ စုပ်ယူလိုက်သည်။ အစွန်းနှစ်ဘက်လုံး ခဲဖြုတ်ပြီးတော့ ကွေးနေတဲ့ ခြေထောက်လေးများကို မိုင်းနပ်စ်လို့ ခေါ်တဲ့ ဝက်အူလည့် ထိပ်ပြားနှင့် ကော်လိုက်တော့ ရက်စစ္စတာ ပိစိလေး ပြုတ်ကျလာသည်။ ရက်စစ္စတာပေါ်က အရောင်များနှင့် တိုက်ဖတ်ကြည့်ပြီး အုန်း (Ohn) ကို သေသေချာချာမှတ်။

ဒီရက်စစ္စတာ ကတော့ လဲကိုလဲရမည်။ ဒါပေမယ့် ဒီ တခုတည်း ကချင်မှ ကမည်။ သူနှင့် စပ်ဆက်နေတာ ဘာရှိမလဲ။ ကြည့်လိုက်တော့ အဲဒီနားမှာ ဒိုင်အုပ်ကလေး တလုံး၊ ဆားကစ်ပေါ်မှာ (In circuit) မဖြုတ်ဘဲ တိုင်းကြည့်တော့ ပွင့်နေသည်။ ဒါပေမယ့် ဒိုင်အုပ်တွေက လှည့်စားတတ်သည်။ မဖြုတ်ဘဲတိုင်းတာ မကောင်းဘူးဆိုပေမယ့် ဖြုတ်တိုင်းတော့ ကောင်းချင် ကောင်းနေတတ်သည်။ ဒီတော့ မသင်္ကာဘူး ဆိုရင် ဖြုတ်တိုင်းတာ အကောင်းဆုံးပဲ မဟုတ်လား။

ဖြုတ်လိုက်စမ်း။ ရက်စစ္စတာ ဖြုတ်တဲ့ နည်းအတိုင်း။ ဒိုင်အုပ်က ရက်စစ္စတာထက်ပင် သေးသေးသည်။ ဒိုင်အုပ်ပေါ်က နံပတ်များကို သာမာန်မျက်စိဖြင့် မြင်ဖို့ ခဲယဉ်းသည်။ မှန်ဘီလူးဖြင့် ကြည့်ရသည်။ ဒိုင်အုပ်လေးကို တိုင်းကြည့်လိုက်တော့ ဒိုင်အုပ်လည်း ပွင့်နေသည်။ ဒိုင်အုပ်တိုင်းရတာ လွယ်သည်။ မီတာကို ချိန်ပြီး တိုင်းကြည့်လိုက် မီတာ ဒိုင်ခွက်ပေါ်မှာ တဖက်ပြပြီး တဖက်လှည့်တိုင်းကြည့်လို့ မပြရင် အကောင်း။ နှစ်ဖက်လုံး ပြနေရင် ဒိုင်အုပ် ပွင့်နေပြီမှတ်တော့။

ဒီအလုပ်က မျက်လုံးကို ကောင်းကောင်း အသုံးချမှ။ တိုင်းပြီးမှ သိရတာရှိသလို မျက်မြင်ဖြင့် ဆုံးဖြတ်ရတာ တွေလည်း ရှိသည်။ အနားမှာ သူ့မိန်းမ လာချပေးတဲ့ ကော်ဖီခွက်ကို ကောက်မော့လိုက်သည်။ အား...ကောင်းလိုက်တာ။ နာရီကိုမော့ကြည့်လိုက်တော့ သူ ဒီစက်ကို ကိုင်နေတာ သုံးနာရီလောက် ကြာသွားပြီ။ ဒီလောက်ဆို တော်ပြီပေါ့။ သူ့ဆီမှာက ဒီလောက်အသေးအဖွဲ စပယ်ယာ ပစ္စည်းလေးတွေ အဆင်သင့် ရှိနေလို့ တော်သေး၏။

ဒိုင်အုပ်နဲ့ ရက်စစ္စတာကို သူ့နံပတ်အတိုင်း သေသေချာချာ ပြန်တပ်သည်။ ရက်စစ္စတာက အကြောင်းမဟုတ်။ ဘယ်လိုတပ်တပ်။ ဒိုင်အုပ်က အပေါင်းအနုတ် သင်္ကေတရှိသည်။ မှားတပ်မိလျင် အမှုက ပိုပြီး ပွေလာနိုင်သည်လေ။ ပစ္စည်းနှစ်ခုကို လဲတပ်ပြီး ဆားကစ်နှင့် မီးလုံး (Tube) တီဗီဖန်သားကို မတွဲရဲသေး။ တော်ကြာ ဆားကစ်ပေါ်က အမှားကြောင့် မီးလုံးကို ထိခိုက်သွားနိုင်သည်။

ကတ်ပြားချည်းပဲကို အရင်စမ်းသည်။ ရှူး... ကနဲ အသံမြည်ပြီး မီးစိမ်းကလေး လင်းလာသည်။ အိုကေ သူလည်း သက်ပြင်းကို ဟင်းကနဲ ချလိုက်မိသည်။ “ကို.... မအိပ်သေးဘူးလား” အနားမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော မိန်းမကြောင့် သူ့ဇက်ကြောတွေ ဘယ်လောက် တက်နေတယ်ဆိုတာ သတိထားလိုက် မိသည်။ ခေါင်းကို ဘယ်ညာစောင်းပြီး ချိုးလိုက်တော့ ဂျွတ်ခနဲ၊ ဂျွတ်ခနဲ။ အရသာရှိလိုက်ပါဘိချင်း။

ဒီထက် အရသာရှိတာက ဒီစက် ပြန်ကောင်းသွားလို့လေ။ မဟုတ်လို့ကတော့ ဒီည သူ အိပ်ပျော်မှာ မဟုတ်။ “အေးကွာ.. ဒီ စက်ကလေး ပြန်လုံးပြီး တချက် အွန်ကြည့်လိုက်ဦးမယ်။ ပြီးတော့ အိပ်တာပေါ့” နာရီကို မော့ကြည့်လိုက်တော့ ဆယ့်နှစ်နာရီ ကျော်ပြီ။ သန်းခေါင်ကျော်ပြီပေါ့။ ညရဲ့လေအေးက ဖွင့်ထားတဲ့ တံခါးကတဆင့် သုတ်ခနဲ ဝင်လာသည်။ လက်ကျန် ကော်ဖီကို ဂွပ် ခနဲ မော့လိုက်ပြီးတော့ သူ့စိတ်တို့ လန်းဆန်း တက်ကြွ လာပြန်သည်။

ဒီစက်တွေက သူ့ဘဝလေ။ ဒီစက်တွေမှ မရှိရင် သူသေသွားမလား မသိ။ စက်တခုခုနဲ့ ယှဉ်ပြိုင်ရင်း သူ့ရဲ့ပါဝါတွေ တဖြည်းဖြည်း တက်လာသည် ထင်၏။ ဆားကစ် ပုံစံတွေပါတဲ့ စာအုပ်ကို လှန်လိုက်။ စက်တွေကို ကြည့်လိုက်နဲ့ သူ့ဘဝ အလုံးစုံ ပြည့်စုံနေသည်။ သူကိုင် နေတဲ့ စက်တလုံး ပြန်ကောင်းချိန်ကတော့ သူ့အတွက် နှိုင်းယှဉ်လို့ မရသော ပျော်ရွှင်မှု ခံစားရချိန်ပင်။

(ဒီကပုံပါ)

ယခုလည်း ဒီစက် ပြန်ကောင်းသွားလို့။ မကောင်းရင် မကောင်းမချင်း သူအိပ်မှာမဟုတ်။ အိပ်ရာထဲ မဖြစ်မနေ ဝင်ရရင်လည်း ဆားကစ်တွေက သူ့ခေါင်းထဲမှာ ပါလာပြီး သူ့ကို အနိုင်ယူတော့သည်။ အဲဒီအခါ သူက အရှုံးပေး လိုက်ရပြီး ငေါက်ခနဲ ထထိုင်လိုက်ရမြဲ။ ပြီးတော့ မပြီးစီးသေးတဲ့ ဆားကစ်တွေဆီ ပြန်ရမြဲ။ ခုတော့ ဒီစက်ကလေး ပြန်ကောင်းသွားလို့ တော်ပါသေးသည်။

စက်ကလေးကို သေသေချာချာ ပြန်လုံးသည်။ မူလီတွေ သေချာ ပြန်စစ်၊ အဓိကက ဖလိုင်းဘက် ပြန်တပ်တာပဲ။ မီးလုံးရဲ့ ကျောဘက်က အပေါက်ကလေး ထဲမှာ စုပ်ခွက်ထဲက ချိတ်ကလေးကို ဝင်အောင် ထည့်၊ ဝင်ပြီဆိုမှ စုပ်ခွက်ကလေးကို ဖတ် ဆိုလွှတ်လိုက်။ ပြီးတော့ ဖြုတ်ထားသမျှ ကြိုးတွေကို မှန်အောင် တခုချင်း ပြန်တပ်။ အဖုံးပြန်အုပ်တဲ့ အချိန်မှာ ဂွပ်ကနဲ အံဝင် ခွင်ကျ ဖြစ်မှ..။ မဟုတ်ရင် တခုခုခံနေသလို ဖြစ်ပြီး အဖုံးပိတ်မရ ဖြစ်တတ်သည်။ ဒီကိစ္စတွေမှာ သူက သေသပ်ပြီးသား။

အားလုံး ပြန်တပ်ပြီး မူလီ စုပ်ပြီးတော့မှ ဝမ်းတန်း နဲ့ဆက်ပြီး ခလုပ်ကို နှိပ်။ ကျွိ...ခနဲ မြည်လိုက်တဲ့ အသံက သူ့အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံပေါ့။ ဒါဆို ကောင်းပြီ.... ဒီညတော့ သူ စိတ်ချ လက်ချ အိပ်ပျော်ပြီ။

***********

ချိန်းထားတဲ့ နေ့ရောက်တော့ စက်ပိုင်ရှင် ရောက်လာသည်။ ကောင်းသွားပြီ။ သူဝံ့ကြွားစွာ ပြုံးလိုက်သည်။ “ဘယ်လောက် ကျလဲ” ဆိုတဲ့ မေးခွန်း အတွက် သူ့မှာ အဖြေ အဆင်သင့် ရှိပြီးသား။

“သုံးထောင် ကျပါတယ်”
“ဗျာ.. သုံးထောင် ဟုတ်လား။ ဘာတွေ ပျက်သွားလို့လဲ” ပျက်သွားသည့် ပစ္စည်း နှစ်မျိုးကို ပြလိုက်သည်။
“ဟာ... ဒါလေးတွေလား။ ခင်ဗျားဟာက လွန်တာပေါ့ဗျာ။ ဒီပစ္စည်းလေးတွေ ဘယ်လောက် တန်တယ် ဆိုတာ ကျုပ်သိတယ်ဗျ။ တခုကို တဆယ်၊ ဆယ့်ငါးကျပ်လောက်ပဲ ကျတာ” သူ့ဒေါသများ ရုတ်ခနဲ ရုန်းကြွလာသည်။ ခုဟာက သူ့ရဲ့ ပညာကြေးကို တောင်းတာ။ ပစ္စည်းဖိုးတောင်းတာမှ မဟုတ်တာ။

“ခင်ဗျား မပေးချင်လည်း နေဗျာ။ ကျုပ် ရှည်ရှည် ဝေးဝေး မပြောချင်ဘူး။ ကျုပ်ရဲ့ ပညာကြေးကို တောင်းတာ။ ဒါပဲ” သူ့ရဲ့ အသံများ မာကျောနေသည်။ စားသုံးသူ အမြဲမှန် ဆိုတဲ့စကားကို သူ နားမလည်။ ဟိုလူကလည်း မလျှော့။ “ခင်ဗျား သိပ်ကြီးကျယ် မနေနဲ့။ သုံးထောင် မပေးနိုင်လို့ ပြောနေတာ မဟုတ်ဘူး။ ရော့ ဟောဒီမှာ ခင်ဗျားတို့ စက်ပြင်တွေ ဒီလို ချည်းပဲ။ ဘာမဟုတ်တာလေးကို ငွေတောင်းတော့ တော်တော် ကြမ်းတယ်”

သူ့အသားများ တဆတ်ဆတ် တုန်ယင်လာသည်။ သူက ဒီလိုပဲ ဒေါသထွက်လာရင် ဘာသံမှ ထွက်မလာတော့။ သူ့ရဲ့စိတ်နဲ့ သူ့ရဲ့ကိုယ် ပြန်ကပ်ချိန်မှာ...သူ့လက်ထဲမှာ ဟိုလူ ထိုးထည့်သွားတဲ့ ငွေသုံးထောင်။ သူ့ရှေ့မှာ ဟိုလူ မရှိတော့....။ သူ ကုလားထိုင်ပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

“ကိုကလည်းလေ... သိပ်ကို ရိုးလွန်း အလွန်းတာပဲ” မှိတ်ထားသော မျက်စိများကို သူ့မိန်းမ အသံကြောင့် ဖွင့်ကြည့် မိလိုက်သည်။
“ဘာတုန်းကွ မင်းဟာက”
“ကို စဉ်းစားကြည့်လေ...ကို ပြတဲ့ ပစ္စည်းတွေက တဆယ် ဆယ့်ငါးကျပ်တန်လေးတွေ၊ သူက ငွေ သုံးထောင် ဘယ် ပေးချင် ပါ့မလဲ”
“ဟ.. ငါ့ရဲ့ ပညာကိုကော ထည့်မတွက် ဘူးလား။ ဒီဟာလေးတွေ ပျက်နေတယ် ဆိုတာ သိရအောင် ငါ အချိန်ဘယ်လောက် ကုန်သလဲ ဆိုတာကော”
“ဒါတွေ သူတို့က ဘယ်သိမှာတဲ့လဲ။ ဒါတွေက ပြောချင်သလို ပြောလို့ ရတာပဲဟာ”
“ဟာကွာ မဟုတ်သေးပါဘူး”
“ကို ဆိုင်ဖွင့်ထားတဲ့ နေရာကိုလည်း ပြန်ကြည့်ဦးလေ။ ဒီလို မြို့လေးရဲ့ ဆင်ခြေဖုံး နေရာက။ ဟိုမရောက် ဒီမရောက် တွေက ပစ္စည်းဖိုးလောက်ပဲ သိတာရှင့်။ ပညာခလို့ မပြောနဲ့ မသိဘူး။ လက်ခပဲ သိတာ”
“ဒါဆို ကိုယ်တို့က ဘာ ဆက်လုပ်ရမှာလဲ”
“လွယ်ပါတယ်။ စက်ကောင်းသွားရင် ကျမ တာဝန်ထားလိုက်”
“ဟေ”.....

သူ တော်တော် အံ့သြသွားသည်။ သူ့လို အေဂျီတီအိုင် အီလက်ထရောနစ် သမားပင် မဖြေရှင်းနိုင်သော ကိစ္စကို ရှစ်တန်းတောင် မအောင်တဲ့ သူ့မိန်းမက ဖြေရှင်းဦးမတဲ့။

အဲဒီနေ့က စလို့ သူစက်ပြင်နေချိန်မှာ သူ့မိန်းမက ဘာသိဘာသာ မနေတော့။ အလုံးစုံ ဝင်ရောက် စပ်စုတော့သည်။ ဒီစက်က ဘာဖြစ်တာလဲ၊ ဟိုပစ္စည်းနာမည်က ဘယ်လိုခေါ်လဲ၊ အဲဒါ ဘယ်လောက် တန်လဲ၊ စုံတကာစေ့နေအောင် မေးတော့၏။ သူက အင်္ဂလိပ်လို ပြောလျင် ဗလာစာအုပ် တအုပ်နှင့် မြန်မာလို အသံထွက် များကို ချရေးထားပြန်သည်။

တပတ်လောက် ကြာတော့....

“ကိုရေ.. ပန်နာဆိုးနစ် ၁၄ လက်မလေးက အိတ်ခ်ျအောက် ကြွသွားတာ ကောင်းသွားပြီ မဟုတ်လား။ ဟိုစက်ကြီးထဲက ဖလိုင်းဘက်ကို ဘာဖြစ်လို့ ဖြုတ်ထားတာလဲ။ ဆိုနီ ၂၁ က ဟိုင်းဗိုးတေ့ခ်ျ မိသွားတာဆို။ ဗေရစ္စတာ ပေါက်သွားတာ မဟုတ်လား” ဆိုတဲ့ စကားများကို ဝေဝေ ဆာဆာ ပြောတတ်နေပြီ။ နှစ်ပတ်လောက် အကြာမှာတော့....

“ကာစတန်မာနဲ့ စကားပြောတဲ့ အလုပ်ကို မလုပ်နဲ့တော့။ ကျမတာဝန်ထားလိုက်” ဟု ရဲရဲကြီး အာမခံ တော့သည်။

**********

“အကိုကြီးရဲ့ စက်က ဆားဗစ် ချားချက်စ် တထောင်ပဲ ယူထားတယ်။ ပစ္စည်း တန်ဖိုးက နှစ်ထောင့်ငါးရာ ကျတယ်။ တော်သေးတာပေါ့ အကိုကြီးရယ်။ မီးမှားထိုးတယ် ဆိုတာ ဒီထက်မကကို ဖြစ်နိုင်တယ်။ တခြားဟာတွေ ပါမသွားလို့ ဒီလောက်ပဲ ကျတာ။ ဖစ်လ်တာ ပွင့် သွားတာလေ။ ကျမပြမယ်။ ဒီမှာတွေ့လား” ဆိုပြီး တခြား စက်က ဖစ်လ်တာ အပွင့်ကြီးကို ပြကာ ပစ္စည်းဖိုး ဆိုပြီး တောင်းလားတောင်းရဲ့။

တခါတလေ ကျတော့လည်း.... “အိုင်စီ ထိသွားတယ် အစ်မရေ။ ပစ္စည်းက ရှားတော့ ဝယ်ရခက်တယ်။ အဲဒါ နှစ်ရက်လောက် စောင့်နော်” ဆိုပြီး ကောင်းသွားတဲ့ စက်ကို မကောင်းသေးသယောင် အဖုံးဖွင့်လျှက် ထားပြီး ရက်ပြန်ချိန်းတတ်သည်။ အမယ်....ဒီလို ကျတော့ သူ့မိန်းမနှင့် အဆင်ကိုပြေလို့။

“မင်းကွာ.. ဒီလို မဟုတ်တာတွေ ပြောပြီး ပိုက်ဆံ တောင်းရတာ မကောင်းပါဘူး” လို့ မဝံ့မရဲပြောတော့ မိန်းမက မျက်စောင်းထိုးပြီး...

“ရှင်ဘာနားလည်လို့လဲ..ဒါ စီးပွားရေး မတရားတောင်းတာ မဟုတ်ဘူး။ ပညာခလို့ ပြောရင် ဘယ်သူကမှ ပေးချင်မှာ မဟုတ်ဘူး။ မှတ်ထား။ အဲဒါကြောင့် လက်ခ ငါးရာ၊ တထောင် ပဲယူတယ်ဆိုပြီး ပစ္စည်း အကြီးကြီးတွေ ပြ... ဈေးတင်လိုက်တော့ ယုံကော။ ယူတဲ့ဈေးက တကယ်တော့ ရှင်တောင်းမယ်လို့ စိတ်ကူးထားတဲ့ ပညာခပဲ မဟုတ်ဘူးလား” သူ့မိန်းမက ရှင်တွေ ဘာတွေ ဖြစ်လာပြီ။ သူလည်း အသာလေး ငြိမ်ကုပ် နေလိုက်၏။

ယုတ္တိတန်စွာ စက်တလုံးနှင့် တလုံး မရိုးနိုင်အောင် ပြောနိုင်သော သူ့မိန်းမကိုပဲ ချီးကျူးရမလား၊ သူ့ကိုယ်သူပဲ အပြစ်တင်ရမလား တော့မသိ။ အခုအတိုင်းကတော့ တော်တော်လေး အဆင်ပြေသည်။

***********

စက်တွေက စိတ်ဝင်စားဖို့ ကောင်းသည်လေ။ ဆားကစ် ဒိုင်ယာဂရမ်ကို ကြည့်လိုက်.... တကယ့် ဆားကစ်ပြားကို ကြည့်လိုက်.... မိန်းမ ဖျော်ပေးထားတဲ့ ကော်ဖီလေး တကျိုက်ကျိုက်လိုက်....။ ခဲဂေါက် အပူပေးလို့ ထွက်လာတဲ့ ညှော်နံ့က သူ့အတွက် ကမ္ဘာကျော် ရေမွှေးနံ့အလား..။ အိုင်စီ ခြေထောက် တခုချင်းစီရဲ့ ဗို့အဝင်အထွက်ကို တိုင်းရတာကိုက ရင်ခုန်စရာ။

“သြော်....အစ်မရယ်။ သူက ဝါသနာ ပါလွန်းလို့သာ ဒီအလုပ်ကို လုပ်ပါစေ ဆိုပြီး ခွင့်ပြုထားရတာ။ တကယ်က ပိုက်ဆံ ဘယ်လောက်မှလည်း ရတာမဟုတ်ဘူး။ ရှုံးတယ် အစ်မရဲ့။ ကျမတို့က လက်ခလေး စားရတာ” အိုင်စီကို တိုင်းနေတဲ့ သူ့လက်များ ချော်ထွက် သွားသည်။

တော်ပါသေးရဲ့ မီးမဖွင့်ထားလို့။ သူ့မိန်းမရဲ့ စကားကို ပြန်ပြောလိုက်တဲ့ တဖက် အမျိုးသမီးရဲ့ စကားကြောင့် သူ့လက်တို့ ပိုမို ချော်ထွက်သွားရပြန်သည်။ “အင်း... ညီမလေးက ညီမလေးယောက်ျားထက်တောင် ပိုပြီး ကျွမ်းသေးတယ်နော်။ စက်တွေအကြောင်း အင်္ဂလိပ်လို ပြောလိုက်တာများ ရွှတ်ရှက် ဒွတ်ဒက်နဲ့ကို နေတာပဲ”

“အဟင်း ... ဟုတ်တယ် အစ်မရဲ့ ကျမပဲ ကြီးကြပ်နေရတာလေ” သူ့မိန်းမ ပြန်ပြောလိုက်တဲ့ စကားကိုတော့ သူလက်ခံပါသည်။ သူ့မိန်းမ ကြီးကြပ်နေလို့သာ သူတို့ ထမင်းနပ်မှန် နေတာမဟုတ်လား။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ပြီးတော့ သူ့ရဲ့စက်တွေနဲ့ စကားပြောသည်။ စက်တွေရဲ့ လျှို့ဝှက်ချက် တွေကို တိတ်တဆိတ် ဖော်ထုတ်မည်။

စက်တွေ ဘာပြောမလဲ ဆိုတာ သူနားထောင်မည်။ ကိစ္စမရှိ.... လူတွေနှင့် စကားပြောဖို့ကို သူ့မိန်းမက တာဝန်ယူပါလိမ့်မည်။ ။

စိတ်ကူးတည့်ရာ ၁

အမေ..

ဒီတပတ်လုံး နာဂစ်ဆိုင်ကလုံး မြန်မာပြည်ကို ဝင်မွှေတဲ့ကိစ္စနဲ့ ရင်ထဲမှာ နာကျင်နေရတယ်။ ကျမတို့ မြန်မာပြည်သူတွေ ဒီလို တလုံးတခဲထဲ ဒုက္ခရောက်တာ၊ ဒီလိုအစုလိုက်အပြုံလိုက် သေကြေပျက်စီးရတာ မျက်ဝါးထင်ထင် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျမရဲ့ဆွေမျိုးတွေ ကျမရဲ့မိသားစုတွေ အဲဒီလို ဆိုးရွားစွာ ဒုက္ခရောက်ရတဲ့ထဲမှာ မပါပေမယ့် ကျမအရမ်းခံစားရတယ်။ သူတို့နဲ့ထပ်တူ ဝမ်းနည်းရပါတယ်။

ကလေးငယ်လေးတွေ အတုံးအရုံး သေဆုံးနေတာကို ကြည့်ရင်း ကျမမျက်ရည်ကျရတယ်။ အဲဒီကလေးတို့ရဲ့ အမေတွေ အသက်ရှင်နေသေးတယ် ဆိုရင်တောင် ရူးကုန်မလား။ ကျမလည်း အမေတယောက်ဖြစ်လေတော့ မခံစားနိုင်ဘူး။ ကျမရဲ့ သားတွေ ဒီမုန်တိုင်းကြားမှာ ဖျားနေတယ်လို့ သတင်းကြားရုံနဲ့တင် အဝေးက ကျမ ဖျပ်ဖျပ်လူးချင်နေတာလေ။

ခု ကျမဒီပို့စ်လေးရေးနေချိန်က မေ ၁၁ ရက်နေ့ မနက် ၁ နာရီခွဲပြီ။ တနင်္ဂနွေနေ့၊ ဒုတိယအပတ် ဆိုတော့ အမေနေ့များနေ့ပေါ့။ ကျမအမေကိုလည်း သိပ်သတိရနေမိတယ်။ အမေကလည်း ကျမကို သတိရမှာပဲ။ အမေ့အိမ်က တချမ်းပြိုကျသွားခဲ့တယ်..။ မောင်လေးပို့လိုက်တဲ့ ဓာတ်ပုံထဲမှာ အမေ့အိမ်လေးက အမှိုက်ပုံ တပုံလိုပဲ.......။

အမေ ကျမကို သိပ်သတိရနေမှာ။ တဦးတည်းသော သမီးဖြစ်လို့ အမေက ကျမကို အားလည်းကိုး ချစ်လည်းချစ်တယ်ဆိုတာ ကျမသိတယ်။ အမေက ကျမကို ပွတ်သီးပွတ်သပ် နေစေချင်ပေမယ့် ကျမက ဘယ်တော့မှ အမေ့နား မကပ်ဘူး။ ဖာသိဖာသာ ခပ်စိမ်းစိမ်းနေတတ်တယ်။ အများရှေ့မှာ အမြဲမာကျောချင်ယောင် ဆောင်တတ်ပေမယ့် ကျမစိတ်ပျော့တာ မျက်ရည်လွယ်တာ ခံစားလွယ်တာကို အမေက သိနေတာဆိုတော့ ကျမ ခံစားနေရမယ်ဆိုတာ အမေမသိဘဲနေမှာတော့ မဟုတ်ဘူး။

ခုအချိန်မှာ ဖြစ်နိုင်ရင် အမေ့ရင်ခွင်ထဲမှာ ခေါင်းထိုးပြီး ငိုလိုက်ချင်တာ။ အမေတို့အိမ်လေးက နေလို့မဖြစ်တော့လို့ ကျမအဒေါ်အိမ်မှာ နေနေရတယ်လို့ ကျမမောင်လေးက ပြောပြတယ်။ အဲဒီအိမ်ကလည်း ကျမတို့အိမ်လောက် အဖြစ်မဆိုးပေမယ့် မိုးရွာရင် မလွယ်ဘူးတဲ့။ အမေက တဆင့်စကားနဲ့ ကျမကို အားကိုးတဲ့ စကားတွေ ပို့လွှတ်ပေမယ့် ကျမက ခေါင်းမာမာနဲ့ပဲ တဆင့်စကားနဲ့ ပြန်ပြီး အမေတို့ထက် ဆိုးရွားတဲ့ ဒုက္ခသည်တွေ၊ ရေငတ်နေတဲ့သူတွေ၊ ဗိုက်ဆာနေတဲ့သူတွေ အများကြီးရှိနေသေးတယ်လို့ အကြောင်းပြန်ခဲ့တာ။

အမေ့အိမ် အရေးထက် ကျမသူငယ်ချင်းပြောပြတဲ့ ကျမတို့ မြို့ကလေးက အိမ်မဲ့ယာမဲ့ ဒုက္ခသည်တွေကို ပိုစိတ်ဝင်စား၊ ကူညီဖို့ ကြိုးစားနေပေမယ့် တကယ်က ကျမ ဟန်ဆောင်နေတာပါ...။ ကျမရင်ထဲမှာ သားတွေ နေမကောင်းတာရယ် အမေ စိတ်ညစ်ပြီး အားငယ်နေမှာရယ်ကို တချိန်လုံး စဉ်းစားမိနေတာ။ ကျမကိုယ်ကျမ မှန်သလား မှားသလားလည်း မသိတော့ဘူး၊ အမေ ကျမကို စိတ်များနာနေမလား....။ အဲလိုတော့ အမေကစိတ်နာမယ် မထင်ပါဘူးလေ။ ကျမအမေက သိပ်မတော်ပေမယ့် သတ္တိရှိတယ်ဆိုတာ ယုံတယ်။ တကယ်ကို ဆိုးရွားတဲ့ အမေတွေ။ ကျမ သားတွေထက်ဆိုးဆိုးရွားရွား ခံစားနေရတဲ့ သားသမီးတွေ ရှိနေတယ် အမေရေ..။

သားသမီးတွေ ဆုံးရှုံးသွားရတဲ့အမေတွေ၊ အမေတွေ ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေထက်စာရင် ကျမတို့ဘဝက အများကြီးတော်ပါသေးတယ်။ အဲဒီလို ကျမကိုယ်ကျမ ဖြေနိုင်တယ်တွေးလိုက်..၊ အမေတို့ကို သတိရလိုက်..။ ကိုယ့်ကိုယ်ကိုယ် ညာနေတာလေ..။

ကျမက အမေ့ရင်ခွင်ကို လွမ်းနေသလို ကျမရဲ့ အရွယ်မရောက်သေးတဲ့ သားတွေကလည်း သူတို့ အဖွားရင်ခွင်ကနေ သူတို့အမေ ကျမကို တမ်းတနေမလား...။ အဲလိုစဉ်းစားမိတော့ ကျမ နောက်ထပ်အမေတယောက်ကို သတိရသွားတယ်။ သူ့ကိုတွေးမိတော့ ကျမကိုယ်ကျမ တော်တော်လေး ရှက်သွားမိပါရဲ့။ ကျမက ဘာမှလည်း မဟုတ်ဘဲ၊ သူ့ခြေဖဝါးအောက်က ခြေမှုန်လေးလောက်တောင် အဆင့်မရှိဘဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးနေတာလေ။ ဒေါ်အောင်ဆန်းစုကြည်..၊ မနီလာသိန်း..၊ ပြီးတော့ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ရဲ့ အမေတွေ....။ အဲဒီအမေတွေနဲ့ နှိုင်းရင် ကျမအမေက ဘာမှမဟုတ်တော့သလို ကျမကပိုတောင် ဘာမှမဟုတ်သေး...။ ပါမွှား..၊ သေးသေးလေး၊ ပိစိကွေးပါ..။

အမေတွေကို သူတို့ရဲ့ သားသမီးတွေနဲ့ မခွဲခွာစေချင်တော့ဘူး။

တကယ်တော့ ကျမ ပင်ပမ်းလှပါပြီ။ ဟန်ဆောင်ရတာလည်း မောလှပြီ။ အမှန်အတိုင်းပြောရရင် ကျမအိမ်ရှိရာကို အပြေးသွားလိုက်ချင်ပြီ။ အမေ့ရင်ခွင်ထဲမှာ ချုံးပွဲချပြီး ငိုလိုက်ချင်ပြီ။ ပြီးတော့ အမေ့ကို အားပေး နှစ်သိမ့် ချင်တယ်။ အဲဒါကတော့ စိတ်ကူးသက်သက်ပါ။ ဘာလို့လဲဆိုတော့ ကျမက အမေ့ကို အားပေးစကား ပြောဖို့တောင် ရှက်နေတတ်တဲ့ မိန်းမလေ..။

အဖြစ်မှန်က ကျမ အိမ်ပြန်လို့မရဘူး..၊ ပြီးတော့ ကျမအိမ်ထက် အရေးကြီးတဲ့ အရေးပေါ် မကူညီမဖြစ်တဲ့ သူတွေကို ကူညီရမယ် (ကျမက တတ်နိုင်လို့ မဟုတ်ပေမယ့် တတ်နိုင်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းရမယ်)၊ ပြီးတော့ လူမဆန်တဲ့ အစိုးရကြောင့် အကူအညီ ပေးမယ့်သူရှိပါလျှက်ကယ်နဲ့ အကူအညီမရတဲ့ ဒုက္ခသည်တွေအတွက် ကျမတတ်နိုင်သလောက် စာတွေရေးရအုံးမယ်..။ မီဒီယာမှာ လုပ်ခွင့်ရနေသရွေ့ ကျမတို့လို ကြားခံ သတင်းသမားတွေကတဆင့် လူတွေသိအောင် ပြောပြရဦးမယ်။ (မဆီမဆိုင် ဘီလ်ဂိတ်ကတောင် ကျမတို့ မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေအတွက် ရာဟူးကိုဝယ်မယ့်ဟာ မဝယ်တော့ဘဲ ဖောင်ဒေးရှင်းတခု ထူထောင်ပေးသေးတာ ကျမက သူ့လက်သည်းထိပ်ဖျားစာ ကလေးလောက်ပဲ ဖြစ်ဖြစ် လုပ်လို့ရသလောက်တော့ လုပ်ရမှာပဲ)

စိတ်ပျော့သလောက် ခေါင်းမာတဲ့ ကျမကို အမေကော သားလေးတွေပါ ခွင့်လွှတ်မယ် ထင်ပါရဲ့။ ။




ဝတ္ထုတို ၃

ဒီခရီးကို ကျမ ပထမတခေါက် သွားခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် အခြေအနေချင်းက လုံးကကွဲပြားတယ်။ ပထမတခေါက်က ကိုယ်ပိုင်ကားသေးလေးပေါ်မှာ စကားပြောဖော် လေးယောက်နဲ့ ရပ်ချင်ရာရပ်၊ သွားချင်သလိုသွား၊ သီချင်းတွေဖွင့်၊ ကိုယ်တိုင်လည်း လိုက်အော်ဆိုနဲ့။ ပြင်ပကအခြေအနေကလည်း ခြောက်သွေ့ပြီး ကြည့်လေရာ သစ်ပင်တိုင်းက အရိုးအပြိုင်းပြိုင်း၊ တချို့နေရာတွေမှာ မြေသားပြောင်ပြောင် ဂတုံးသက်သက်။ မွဲခြောက်ခြောက် မြင်ကွင်းက နေရာတိုင်းကို ကြီးစိုးလို့။ လှတာဆိုလို့ ကျမအရမ်း သဘောကျတဲ့ ဘာပန်းလို့နာမည် မခေါ်တတ်တဲ့ ခရမ်းရောင်ပန်းတွေ နေရာတိုင်းမှာ ဝေနေတာလေး တခုပဲ တွေ့ရတယ်။

ခုတခေါက်ကကျတော့ နွေခေါင်ခေါင်ဆိုပေမယ့် မုန်တိုင်းကြောင့်လားမသိ မိုးက အုံ့မှိုင်းလို့၊ ဘတ်စ်ကားကြီးပေါ်မှာ လူတွေအပြည့်ပါပေမယ့် ကျမနဲ့စကားပြောဖော် တယောက်မှမပါ၊ အပြင်ကိုငေးလိုက် ပါလာတဲ့စာအုပ်ကိုဖတ်လိုက်နဲ့ ဘေးပတ်ဝန်းကျင် မြင်ကွင်းက အစိမ်းရောင် ခပ်များများ။ သစ်တော ခပ်စိပ်စိပ်က မျက်စိကို အေးလို့။ တောင်တက်လမ်း ရောက်တော့ မိုးကသည်းလာ…။ ကျမသွားရမယ့် ခရီးဆုံးနဲ့ နီးလာလေ ညနေမတိုင်သေးပဲ မှောင်လာလေမို့ ကျမ စာအုပ်ဖတ်မရတော့ဘူး။ အပြင်ကိုပဲ ငေးမောမိတယ်။ မှောင်တာက သစ်ပင်ကြီးတွေ အုပ်မိုးလာလို့လေ…။ ရဲရဲတောက် စိန်ပန်းနီနီ တွေကို ကြိုကြားကြိုကြား တွေ့ရသေးတယ်။ တောင်ပေါ်ရောက်တော့ ကျမကို ပါးစပ်အဟောင်းသားဖြစ်အောင် မြင်ကွင်းတခုက ဆီးကြိုနေတော့တယ်။ တိမ်တွေ……… အဆုပ်လိုက် အဆုပ်လိုက်…….ကျမဘေးမှာ..ပြီးတော့ ကျမတို့ ကားကြီးရဲ့ တဖက်အောက် ချောက်ထဲမှာ သစ်ပင်တွေကို ချိတ်တွယ်နေတဲ့ တိမ်တွေ…၊ တောင်ချွန်း တောင်ဖျားကို ကွေ့ဝှိုက်နေတဲ့ တိမ်တွေလေ…။ ပန်းချီကားတွေထဲမှာတွေ့ဖူးတဲ့ နတ်ပြည်လိုမျိုးပဲ.. ဘုံတွေ ပြာဿာဒ်တွေ မပါတာကလွဲရင်… ကိုယ့်ကိုယ်ကိုယ် နတ်ပြည်ရောက်နေသလားတောင် ထင်မိတယ်…။

ပြီးတော့ ကျမတို့ ကားကြီးက နှင်းတောထဲ တိုးဝင်ဖို့ ကြိုးစားနေပါလေရော..။ တကယ်ပါ..။ အချိန်အားဖြင့်တော့နွေ…။ အခြေအနေက မိုးတွေသည်းလို့…။ ဒါပေမယ့် ကားမှန်ကို ဖြတ်ပြီး ကျမမြင်တာက ဆောင်းတွင်း မနက်ခင်း နှင်းတွေ ဝေနေသလိုပဲ။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ဆောင်းတွင်းကြီးမှာ မနက်စောစော ကျမတို့မြို့လေးရဲ့ နှင်းမှုံတွေဝေနေတဲ့ လမ်းတွေကို ဖြတ်ပြီး ကျမတယောက်ထဲ စက်ဘီးတစီးနဲ့ ကလေးမလေးတယောက်ကို စာသွားသွား ပြပေးခဲ့ရတယ်။ အဲဒီတုန်းက ကျမ “နှင်းနဲ့ နေခြည်” ဆိုပြီး ဝတ္ထုတိုလေး တပုဒ်ရေးဖူးတယ်။ အဲဒီဝတ္ထုတိုလေးကို ဘယ်မဂ္ဂဇင်းကိုမှ မပို့လိုက်ရဘဲ ပျောက်သွားခဲ့တယ်။ တနှစ်ကတော့ ကျမတို့မြို့က လူငယ်လေးတွေ ချစ်သူများနေ့အတွက် ကဗျာစာအုပ်ကလေး ထုတ်ဖို့ ကျမဆီက ကဗျာတပုဒ်တောင်းတာနဲ့ ကျမက “နှင်းနဲ့ နေခြည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာလေး တပုဒ် ရေးပေးလိုက်တယ်။ အဲဒီကဗျာလေးက ကျမရဲ့ ဝတ္ထုတိုလေးနဲ့ အကြောင်းအရာ အတူတူပါပဲ။ အခုလည်း ကျမ “နှင်းနဲ့နေခြည်” ဆိုတဲ့ ဝတ္ထုလေးတပုဒ် ရေးပါမယ်။ အကြောင်း အရာတူ ခံစားချက်တူ စကားလုံးတွေပဲ ကွဲမှာပါ။ အခု ဒီဝတ္ထုကိုရေးနေချိန် အပြင်ဘက်မှာ မိုးတွေသည်းနေတယ်။ ဧပြီအကုန် မေအကူး နွေ နော်။ ဒါပေမယ့် တကယ်ကိုကျမ ညနေက နှင်းတောထဲ ဖြတ်ခဲ့ရတာပါ……။

နှင်းနဲ့နေခြည်

မင်းကို ကိုယ် ဝံ့ဝံ့စားစား မကြည့်ရဲဘူးနေခြည်။ မင်းက သိပ်တောက်ပလွန်းတယ်။ သိပ်လှပ လွန်းတယ်။ ကိုယ်က သစ်ရွက်ကြို သစ်ရွက်ကြားကနေ မင်းကို ချောင်းကြည့်တဲ့အခါ မင်းက ဟက်ဟက်ပက်ပက်ရယ်မောလို့။ ကိုယ့်ကို လှောင်ပြောင်မယ်မဟုတ်လား။ ကိုယ့်ကို စနောက် ပြီး ပန်းပွင့်လေးတွေပေါ် မြက်ခင်းတွေပေါ်မှာ မင်း ကခုန်ပြေးလွှားသွားတဲ့အခါ ကိုယ်က ရင်သပ်ရှုမော ဖြစ်ရပြန်တယ်။ အဲဒီလို ကိုယ့်ရဲ့ မဝံ့မရဲမှုတွေကို ကြည့်ရင်း မင်းပျော်ရွှင်တဲ့ အခါ ကိုယ်ကပါ ရောပြီးပျော်ရွှင်ရတယ် နေခြည်။

မင်းရောက်မလာခင် မနက်စောစောမှာသာ ကိုယ်က ရဲရဲတင်းတင်း နေရဲတာပါ နေခြည်ရယ်။ သစ်ရွက်ကလေးတွေ ပန်းပွင့်လေးတွေက ကိုယ့်ကို အလိုရှိတယ်လို့ ကိုယ်ထင်တယ်လေ..။ သူတို့က ကိုယ့်ကို မျှော်သလို မင်းကိုလည်း မျှော်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ မင်းကို ကြောက်တယ်။

မင်းက သိပ်ကိုခမ်းနားလွန်းတယ်လေ။ မင်းလာမယ့်လမ်းကို လင်းလက်မှုတွေနဲ့ ရှေ့တော်ပြေး ခင်းကျင်းပေးကြရတယ် မဟုတ်လား။ အဲဒီမင်းရဲ့ရှေ့တော်ပြေး အရောင်အဝါတွေက ကိုယ့်ကို ပါ ရောရောင်တောက်ပ စေခဲ့တယ်နေခြည်။ ကိုယ်ကတော့ အဲဒီလိုအချိန်ဆို ပျော်ရွှင်မှုတဝက် ထိတ်လန့်မှု တဝက်နဲ့ ငြိမ်ငြိမ်သက်သက်ကို မနေရဲတော့ဘူး။ ကိုယ့်ကို မင်းကဖမ်းစား တော့မယ်။ ပြီးတော့ ကိုယ်က မင်းရဲ့ခြေရင်းမှာ လုံးဝဝပ်စင်း ပျောက်ကွယ်ရတော့မယ် ဆိုတာ သိသိကြီးနဲ့ပဲ ကိုယ်ပျော်ရွှင်ရတာပါ။

အစပိုင်းမှာတော့ မင်းကငြင်သာပါရဲ့…။ ကိုယ့်ကို ကလူမလို ကျည်ဆယ်မလိုနဲ့ မင်းရဲ့နွေးထွေးတဲ့ လက်တံတွေနဲ့ ပွေ့ဖက်လို့ ကိုယ့်ကို ကျေနပ်နှစ်သိမ့်စေတယ်လေ။ ဒါပေမယ့် ထူးဆန်းတယ် နေခြည်…မင်းဟာ ကိုယ့်ကို အနိုင်ယူမယ်၊ ရက်စက်မယ် ဆိုတာ သိသိကြီးနဲ့ကိုပဲ ကိုယ်က မင်းကို ချစ်နေမိတာပါ။ မင်းရဲ့နွေးထွေးမှုတွေက ကိုယ့်အတွက် ခဏသာပဲဆိုတာ သိလျက်သားနဲ့ကိုပဲ မင်းကိုကိုယ် စောင့်မျှော်မိခဲ့တာပါ။

မင်းဟာ အချိန်မရွေး အပြောင်းအလဲတွေနဲ့ ပျော်မွေ့နေတယ်ဆိုတာကို နားလည်လျက်သား နဲ့ပဲ ကိုယ်က ကြည်နူးနေမိတာပါ။ အစပိုင်းမှာ ငြင်သာသလောက် တဖြည်းဖြည်းနဲ့ မင်းအစ ကြမ်းလာတဲ့အချိန်မှာ ကိုယ်က တဖြည်းဖြည်း အငွေ့ပျံ ပျောက်ကွယ်လုနီး ဖြစ်နေရပြီလေ။ မင်းက သိပ်လှတယ်။ ပြီးတော့မင်းကိုယ်မင်း တန်ဖိုးရှိတယ်ဆိုတာကို သိတယ်။ ကိုယ်ကတော့ ဘာတန်ဖိုးမှမရှိတဲ့ကောင်ပါ..။ အေးစက်စက် မှုန်မှိုင်းမှိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးတဲ့သူ တယောက်ပါ နေခြည်ရယ်။

ဒါပေမယ့် ကိုယ် မင်းကိုချစ်တယ်…။ ကိုယ်ကချည်း ဆုံးရှုံးရမယ် ဆိုတာ သိသိကြီးနဲ့ ကိုယ်ချစ်တာပါ။ ကိုယ့်ကို မင်းရဲ့ အကြည့်လေးတချက်လောက် ပို့လွှတ်ရုံနဲ့တင် သေပျော်ပြီလို့ ထင်နေတဲ့သူတယောက်ပါ နေခြည်။ ကိုယ့်ကို မြက်ပင်လေးတွေက ကောင်းကောင်း သိပါတယ်။ သစ်ရွက်ကလေးတွေကလည်း ကိုယ့်ဘက်မှာနေပေးချင်ကြပါတယ်။ ပန်းပွင့်လေးတွေကဆို ကိုယ်မလာတဲ့နေ့တွေမှာ မှိုင်တွေငေးငိုင်လို့… သူတို့ရဲ့ ပင်ကိုယ်အလှ တွေကိုတောင် သူတို့ သတိမရတော့တဲ့ထိပါ။ သူတို့က ကိုယ့်ကိုတွေ့မှ ပျော်မယ်ဆိုသလို ကိုယ်ကလည်း မင်းနဲ့ တွေ့ရမှ ပျော်တဲ့သူပါနေခြည်။

တကယ်ပါ....။ ကိုယ့်ကို ပိုးအိမ်လေးတွေကတောင် သတိထားမိတယ်။ သူတို့လည်း မင်းကိုမျှော်တဲ့သူတွေပါပဲ။ ဒါပေမယ့် သူတို့က မင်းကြောင့် ကိုယ် ခံစားနေရတာ မကြည့်ရက်ကြဘူးတဲ့..။ တတ်သလောက်မှတ်သလောက် သူတို့ ကိုယ့်ကို ကာကွယ်ပေးဖို့ ကြိုးစားကြပါရဲ့.. ဒါပေမယ့်လဲ ကိုယ်လိုကောင်က အမှတ်မှမရှိဘဲ နေခြည်ရယ်..။ မင်းရဲ့မျက်ဝန်းတွေနဲ့ ဆုံဖို့ အလူးအလဲ ကြိုးစားရင်း ဆုံခွင့်ရတိုင်း အလဲအကွဲပါပဲ။

ကိုယ်ကြေကွဲတတ်တာ သိပေမယ့် မင်းက ရယ်မောချင်တယ် မဟုတ်လား..။ ကိုယ်ခံစားရတာကိုပဲ မင်းက ပြက်ရယ်ပြုချင်တယ်ဆိုတာ ကိုယ်သိပါတယ်။ နေခြည်.. ကိုယ်ဟာ မင်းရယ်မောပျော်ရွှင်ဖို့ ခဏလေးပဲဖြစ်ဖြစ် အသက်ရှင်ပေးချင်တဲ့သူပါ။ ခဏလေးပါ နေခြည်ရယ်..။ အဲဒီခဏလေး အသက်ရှင်ရရုံ၊ မင်းကို မြင်တွေ့ခွင့်ရရုံ၊ မင်းနားမှာနေခွင့်ရရုံ နဲ့တင် ကိုယ့်အတွက်က လုံလောက်နေပါပြီ။

တကယ်တော့ အစပိုင်းမှာ ကိုယ်ကပဲ ကြီးစိုးနေသလို ဘာလိုလိုနဲ့ တဒင်္ဂတော့ ကိုယ်က အားလုံးကို ဖုံးလွှမ်းထားနိုင်ခဲ့ပါရဲ့ ဒါပေမယ့် အဆုံးသတ်မှာတော့ မင်းကို အားလုံး အရှုံးပေးရတာပါ..။ မင်းရေးတဲ့ ဇာတ်ညွှန်းကိုပဲ ကိုယ်က ကရတာပါ။ တခါတခါမှာ ကိုယ့်ရင်ထဲ နာကျင်ရလွန်းလို့ ငိုကြွေးမိတယ်။ ကိုယ့်မျက်ရည်တွေကို မြက်ပင်လေးတွေ သိပါတယ်။ ကိုယ့်ငိုသံတွေ မင်းဆီမရောက်အောင် ပန်းကလေးတွေ တချို့က သိမ်းဆည်း ပေးထားကြတယ်။

မနက်ခင်းမှာ စိမ်းစိုနေတဲ့ မြက်ပင်ကလေးတွေ၊ လန်းလတ်နေတဲ့ ပန်းပွင့်ကလေးတွေဟာ မင်းကြောင့် ကိုယ်ငိုကြွေးရကြောင်း ပြတဲ့ သက်သေတွေပါ။ မင်းရဲ့ ဒေါသမျက်စောင်းတွေကို တော့ ကိုယ်အကြောက်ဆုံးပါပဲ။ ကိုယ့်ကို နေစရာမရှိအောင် လုပ်တဲ့နေရာမှာတော့ မင်းက တော်ပါပေတယ်။ ကိုယ့်မှာ မင်းကိုချစ်လွန်းလို့ မင်းနဲ့တွေ့ရဖို့ အချိန်တွေကို လက်ချိုးရေရင်း စောင့်ရတယ်။ မင်းက ကိုယ့်ကို လျှစ်လျှူရှုမယ်…၊ မင်းကြောင့် ကိုယ် ငိုကြွေးရမယ် ဆိုတာ သိသိကြီးနဲ့ပေါ့။ မင်းရောက်လာပြန်တော့လည်း တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်ရတာ ကိုယ်ပါ။

အဲဒါပါပဲ နေခြည် ကိုယ်လို မှုန်မွှားမွှား အေးစက်စက် ကောင်တကောင်က မင်းလို တလောကလုံးကို အပေါ်စီးက ဝင့်ဝင့်စားစား ကြည့်တတ်တဲ့ သူကို ချစ်တယ် ဆိုတာ ဆန်းပြားကောင်း ဆန်းပြားနေနိုင်ပါတယ်။ ဟုတ်တယ် ကိုယ်တို့ နှစ်ယောက်က ဆန့်ကျင်ဖက် တယောက် ရောက်လာရင် တယောက်ကပျောက်ကွယ်ရတာ… ဟင့်အင်း အဲလိုတော့မဟုတ်ဘူး မင်းလာရင်သာ ကိုယ်က ဘေးဖယ် ပျောက်ကွယ်ရပေမယ့် မင်းက ကိုယ်လာလို့ ပျောက်ကွယ်တာမဟုတ်ဘူးလေ။ ကိုယ်ကသာ မင်းမရှိတော့လို့ လာရဲတာပါ။

တခုတော့ ကိုယ်သိချင်တယ်နေခြည် မင်းကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်လား ဆိုတာကိုပေါ့။ ဒါလည်း မမျှော်လင့်သင့်တဲ့အရာ ဆိုတာ ကိုယ်သိပါတမယ်။ ဒါမေပမယ့် ကိုယ် သိချင်ရုံလေး သိချင်တာပါ..။ မင်းကကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်တယ်ဆိုရင် ကိုယ့်လောက်ပျော်တဲ့သူ ဒီလောကမှာရှိမယ်မထင်ဘူး နေခြည်..။ နောက်ဆုံး မင်းက စနောက်လို့ပဲဖြစ်ဖြစ်..ကွယ်ရာမှာ ဟားတိုက်ရယ်မောဖို့ပဲဖြစ်ဖြစ် ကိုယ့်ကို ချစ်တယ်ဆိုရင်တောင် ကိုယ်ပျော်ရွှင်လှပါပြီ။

ဒါပေမယ့် နေခြည်..။ မင်းက ကိုယ့်ကို ချစ်ချစ်မချစ်ချစ် ကိုယ်မင်းကိုသိပ်ချစ်ပါတယ်…။ ကိုယ်ဟာ နှင်းပါ………….။