စာနယ်ဇင်းသမားဘဝကမောက်ကမ ၎

အဟမ်း အဟမ်း... (ဘာမှမဟုတ်ဘူး မျက်နှာချိုသွေးမှာမို့လို့ လည်ချောင်းရှင်းတာ) အတည်အခန့်လေးများ ရေးဦးမှပါလို့ စိတ်ကူးရတာနဲ့ ... နည်းနည်း မေ့သလို ဖြစ်နေတဲ့ ကမောက်ကမ စာနယ်ဇင်းသမား ဘဝကို ပြန်ခြေဦးလှည့်ကြည့် လိုက်ပါတယ်။ ခြေဦးကလည်း လှည့်ပြီဆို ရပ်မရ တော့တာ ကျမအကျင့် ဆိုတော့ နည်းနည်းများရှည်သွားလား မသိဘူး။ သည်းခံ ဖတ်ပေးကြပါဦး နော်။

ယူလို့မဆုံးတဲ့ ပညာတွေ

အင်တာဗျူးဂျာနယ်က ကျမရဲ့ လက်ဦးဆရာဆိုလည်း မမှားပါဘူး။ ကျမဝါသနာပါတဲ့ အလုပ်ကို လုပ်နေရလို့ တော်တော်လေးလည်း ပျော်ပါတယ်။ ဒါပေမယ့် ကျမ အဲဒီအချိန်မှာ ဂျာနယ်လစ် ဆိုတာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး။ အဲဒီကာလက ပြောရရင် ခုလို သတင်းဂျာနယ် ခေတ်လည်း မဟုတ်သေးတော့ သတင်း၊ သတင်းထောက် ဆိုတဲ့ အသုံးအနှုန်းတွေကို စာအုပ်တွေ ထဲမှာ ဖတ်ဖူးတာလောက်ပဲ ကျမသိတယ်။ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ သိပ်မသိပါဘူး(ခုတော့ သတင်းထောက်ဆိုတာ ဆယ်တန်းအောင်ပြီးသွားရင် ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း တခု ဖြစ်နေပြီ)

တခုရှိတာက ကျမက အဲဒီအချိန်မှာ ဂျာနယ်ကျော်မမလေးရဲ့ “သူလိုလူ” တို့၊ ဦးဝင်တင်ရဲ့ “ကွိ” တို့ကို ဖင်ပြန်ခေါင်းပြန် ဖတ်ထားပြီးပြီ ဆိုတော့ သတင်းသမားဆိုတာ ဘယ်လို ဆိုပြီး စာတွေ့တော့ သိနေပါပြီ။ အားလည်း ကျတတ်ပြီ။ သို့သော် ... စဉ်းစားကြည့်လေ ဦးချစ်မောင်လို ... ကွိလို ကတော့ ကျမနဲ့က အဝေးကြီး။ နောက် သူတို့လို သတင်းစာလုပ်ရတာလည်းမဟုတ်။ ကိုယ့်ဂျာနယ်က ပေါ့ပ် သာသာ ဆိုတော့ အဲဒီ လူကြီးလူကောင်းတွေကို လေးစားတာကသပ်သပ်။ စာအုပ်ထဲမှာပဲ ဒီတိုင်း ထားလိုက်တယ်။

အယ်ဒီတာဆိုတဲ့ နာမည်လေးနဲ့၊ စာပေလောကက ကိုယ်အထင်ကြီးလေးစား သူတွေနဲ့ တွေ့ခွင့် စကားပြောခွင့်ရတာကိုပဲ ကျမက တော်တော်လေးကျေနပ်နေတာပါ။ ရုံးကအပြန် မြို့ထဲ လေထန်ကုန်း ကိုသွား၊ အဲဒီမှာ သရုပ်ဖော်ပုံလေးတွေ အပ်စရာရှိအပ်၊ ယူစရာရှိယူ။ စာမူယူစရာတွေယူ၊ ဂျာနယ်ထွက် ရက်ဆို ဂျာနယ်တွေနဲ့ စာမူခတွေ ပိုက်ပြီး မြို့ထဲထွက်၊ ပေးစရာရှိပေး၊ ပြီးမှ သန်လျင်ကို ပြန်။

အဲဒီမှာ စိစစ်ရေးကိုတော့ ကျမသွားစရာမလိုဘူး။ ဘယ်လိုမလဲ။ နောက်မှ ကျမသိတာ ... အဲဒီ ဂျာနယ်က အဲဒီအချိန်က ခေတ်ကောင်းနေတဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီးတယောက် ရှယ်ယာ ပါတယ်။ ပြီးတော့ ကဒ်ပိုင်ရှင်က ဗိုလ်ချုပ်ခင်ညွန့်နဲ့ တော်တော်လေး အဆင်ပြေတဲ့ လေတပ်ဗိုလ်မှူး တယောက် (ခုတော့လူဝတ်လဲလိုက်ပြီ) ရဲ့ကဒ်လေ။ သူလည်းရှယ်ယာပါတယ်။ အဲဒီလေတပ်ဗိုလ်မှူးက စိစစ်ရေး ညွန်ကြားရေးမှူး ဗိုလ်မှူးအေးထွန်းနဲ့ ဘော်ဘော်တွေ။ ဆိုတော့ကာ စိစစ်ရေးကိုက အယ်ဒီတာ သွားစရာကို မလိုတာ။

အဲဒီအချိန်က ပေါ့ပ်ဂျာနယ်တွေ မဟားဒယားကို ခေတ်ကောင်းချိန်ဆိုတော့ အချစ်၊ နံနက်ခင်း၊ အလင်းတန်း၊ ပေါ်ပြူလာ ... အဲဒီဂျာနယ်တွေကို မနည်းကြီးတိုးနေရတဲ့ အချိန်ပေါ့လေ။ “ဟဲလိုအချစ်” ဘာညာဆိုပြီး မင်းသမီး၊ မင်းသားတွေ အတင်းပြောတာတို့၊ ဟိုမင်းသားနဲ့ ဟိုမင်းသမီး ဘာညာကွိကွ၊ ဒီမင်းသမီးတော့ဖြင့် နောက်လင်ယူပြီ။ ဟိုအဆိုတော် ကောင်လေးရဲ့မွေးနေ့မှာ ဒီမော်ဒယ်လေးက ဝမ်းကစ်စ်ပေးလိုက်တာတို့ ... အဲဒီသတင်းတွေကို လူတွေက သတင်းလုပ်ဖတ်နေရတဲ့ အချိန်မှာ အင်တာဗျူးဂျာနယ်မှာ တကယ့်သတင်းတွေ စထည့်ပါတော့တယ်။ တမျက်နှာပေါ့။

ရီစရာတော့ကောင်းသား သတင်းတွေထည့်တယ်ဆိုတာက ဘယ်သတင်းထောက်တွေနဲ့မှ သတင်းတွေကို အပြင်ထွက်လိုက်ပြီး ထည့်တာမဟုတ်ဘူးနော်။ ခုဏပြောတဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီး (ခုတော့ ဘယ်ဘဝရောက်နေပြီမသိ) ယူယူလာပေးတဲ့ သူတို့ထောက်လှမ်းရေးက သတင်းတွေကို ထည့်တာပါ။ သတင်း တွေက လက်ရေးနဲ့မဟုတ်ဘူး။ ကွန်ပျူတာနဲ့ စာစီထားပြီးသား။ သေသေချာချာ။ အဲဒီ သတင်း ၅ ပုဒ် ၆ ပုဒ်လောက် ဖောင်ပိတ်ခါနီးမှ ကပ်ပြီးယူလာတာကို ကျမက သင့်တော်တဲ့၊ ကောင်းမယ် ထင်တဲ့ သတင်းကို ရွေးပြီးထည့်ရတယ်။

သတင်းတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကောင်းမှာပေါ့ ... တကယ့်ကို လျှို့ဝှက်သတင်း တွေကိုး။ ကျမရဲ့ မသိစိတ်က အဲဒီအချိန်ကတည်းက ဂျာနယ်လစ်ပိုး ဝင်နေတာဖြစ်မယ် .. ။ အဲဒီသတင်းတွေ လာမယ့်နေ့ဆိုရင် မလာမချင်း စိတ်ကမအေးနိုင်ဘူး။ လက်ဘက်ရည်ဆိုင်တောင် ဖြောင့်ဖြောင့်မဆင်းနိုင်ဘူး။ သတင်းတွေ လာပြီဆိုတာနဲ့ အရင်ဆုံးဖတ်ရမှ ... ပြီးရင်သတင်းတွေကို ရွေး .. စာစီမယ့် ပုလဲ ဆိုတဲ့ ကွန်ပျူတာ စာစီကောင်မလေးကိုပေး ...။ အဲလို လုပ်နေကျ။

ကျမတို့ဂျာနယ်မှာ အဲဒီအချိန်က ကျမအထက်က တာဝန်ခံအယ်ဒီတာက ကိုနိုင်သစ်နီတဲ့။ သူက တကယ့် ကဗျာဆရာစစ်စစ်။ သူနဲ့ ဂျာနယ်လစ်အလုပ်က နည်းနည်းမှ မအပ်စပ်။ တွေးနေ ငေးနေပြီး ကဗျာပဲ ထိုင်ရေးနေသင့်တာ။ သူ့ကဗျာတွေကတော့ လွှတ်ကောင်းပဲ။ အယ်ချုပ်ကတော့ ဆိုခဲ့ပြီးတဲ့ ကိုဟန်ထက်မောင်ပေါ့။ ကိုဟန်ထက်မောင်က ဝမ်းတွင်းသား။ ဘီအီး။ အင်ဂျင်နီယာ မလုပ်ဘဲ ဘယ်လိုကဘယ်လို စာနယ်ဇင်းသမား လုပ်တယ်မသိဘူး။ ကျမလိုရှိမှာပေါ့လေ။ သူ့မိန်းမက တော်တော်ချောတာ။ ဆံပင်အရှည်ကြီးနဲ့ မင်းသမီးကျနေတာပဲ။ အဲဒီအစ်မက အီကိုက ပြီးတာ ထင်တယ်။ သူက တိုက်မှာ မားကက်တင်း မန်နေဂျာလုပ်တယ်။

ခုဏ သတင်းတွေ အကြောင်း ဆက်ရရင် အဲဒီကာလက စိစစ်ရေးပြုတ်သွားတဲ့ သတင်း ၂ ပုဒ် အကြောင်း ပြောချင်တယ်။ တပုဒ်က ရန်ကုန်ဆေးရုံကြီှး ရေခဲတိုက်မှာ အလောင်းမှားထုတ်ပေးတဲ့ သတင်း။ သတင်းက တော်တော်စိတ်ဝင်စား စရာကောင်းတာ။ အလောင်းကို ပြင်ဆင်ပြီးတဲ့ထိ မသိဘူး။ သဂြိုဟ်မယ်လုပ်မှ သိတာလေ။ အဲဒီသတင်းကို စိစစ်ရေးက ဖြုတ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဝန်ထမ်းတွေ ပေါ့လျော့တဲ့ သတင်းမို့လို့တဲ့။ ဝန်ထမ်း ပေါ့လျော့တယ်ဆိုတာ မရှိစေရ ပေါ့လေ (ရှိသော်လည်း မသိစေရ အဲလိုဖြစ်မယ်ထင်တယ် :P)။

နောက်တပုဒ်ကတော့ ရန်ကုန်နာမည်ကြီး သူဌေးရပ်ကွက်တခုက အိမ်တအိမ်ရဲ့ မြေအောက်ခန်းမှာ မြွေမျိုးစုံ ဖမ်းမိတဲ့သတင်း။ အဲဒီသတင်းက ဓာတ်ပုံပါ ပါတယ်။ မြွေအကောင်ပေါင်း ထောင်နဲ့ချီပြီး မွေးထားတာလေ။ တော်တော့်ကိုလူစိတ်ဝင်စားမယ့် သတင်းပေါ့။ အဲဒီသတင်းလည်း ပြုတ်ပါတယ်။ ဘာလို့ဆိုတော့ အဲဒီတုန်းက ထောက်လှမ်းရေးရဲ့ အရှင်သခင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဆရာကြီးဂိုဏ်းချုပ် ဦးနေဝင်းရဲ့သမီး ဒေါ်စန္ဒာဝင်းရဲ့ စီးပွားမို့လို့ပါတဲ့။ အဲဒီတုန်းက ကျမရဲ့ ဥာဏ်ကလေး တထွာ တမိုက်နဲ့ နားမလည်ဘူးလေ။ မြွေတွေတော့ဖမ်းတယ်။ သတင်းကျတော့ ဘာလို့မရေးရတာလဲပေါ့။

အဲဒီခေတ်က သတင်းအမှောင်ချတာ ခုခေတ်ထက် အဆပေါင်းများစွာ ဆိုးတယ်။ မြန်မာတိုင်းမ်စ် လည်း မပေါ်သေးဘူး (၂၀၀၀ ပြည့်နှစ်ဦးမှ ထွက်တာလို့ ထင်တာပဲ)။ အဲဒီလိုကြားက တမျက်နှာမပြည့် တပြည့် သတင်းလေး ထည့်တာကို ဖြုတ်ခံရ၊ ဖြတ်ခံရနဲ့ နောက်ဆုံး မဖြစ်ညစ်ကျယ် သတင်းလေး ၃၊ ၄ ပုဒ်နဲ့ အင်တာဗျူးဂျာနယ်ဆိုတာ ထွက်ရပါတယ်။ အဲဒီတော့ တခြားစာမျက်နှာတွေက ဘာတွေလဲ မေးစရာရှိမယ်။ အင်တာဗျူးကို အခြေခံတာဖြစ်တဲ့အတွက် အများစုကတော့ အင်တာဗျူးတွေပဲပေါ့။

“လမ်းပေါ်က အင်တာဗျူး” ဆိုတာ တခုလည်း ပါတယ်။ ပဲပြုတ်သည်တို့၊ ဗေဒင်ဆရာ တို့ကို ဗျူးတာ ပေါ့လေ (အဲဒါကိုစထွင်တာက ဦးအောင်ပြည့်ပါ။ သူ ဝါနီပြာမှာတုန်းက ၂ ပုဒ်လောက်လုပ်လိုက်တယ်။ ပြီးတော့ မဂ္ဂဇင်းပြုတ်သွားတာနဲ့ ပြီးသွားရော ဆိုပါတော့) နောက် စီလီဗရစ်တီတွေနဲ့ အင်တာဗျူးတွေ ပါတယ်။ နောက်တော့ အက်ဆေးလေး၊ ဆောင်းပါးလေးတွေပါတယ်၊ နိုင်ငံတကာ ကဏ္ဍတွေပါတယ်။ နောက်တော့ ဆရာဝန်တယောက်ရေးတဲ့ ဆေးခန်းထဲမှာ ဆိုတဲ့ အင်တာဗျူးတခုပါတယ်။ အဲဒါကတော့ ရောဂါအကြောင်းကို လူနာက ဆရာဝန်ကိုမေးတာ ... ဆရာဝန်က ပြန်ဖြေပေါ့လေ။ အဲဒီအင်တာဗျူးကို ဆရာဝန်တယောက် ရေးပါ တယ်။ နာမည်တော့မဖော်တော့ဘူး။

သူ့အင်တာဗျူးလာရင် ကျမတော်တော်စိတ်ညစ်တာ။ သနားပါတယ်။ သူ့ခမျာ စာရေးဖို့ပါရမီ ပါမလာ ရှာဘူး။ ဒါပေမယ့် သူက ဖိုးရေးချင်။ သူ့ကိုယ်သူ ဆရာဝန်ဖြစ်တာနဲ့ စာရေးတတ်ပြီလို့ ထင်နေပုံရတယ် (ဖေမြင့်တောင် ရေးသေးတာပဲ တွေးချင်တွေးနေမှာ) ပြီးတော့ သူက ပိုင်ရှင်တွေ ဟိုထောက် ဒီထောက်တွေနဲ့လည်း တော်တော် ပိုင်ပုံရတယ်။ သူ့ အင်တာဗျူး ကို အပတ်တိုင်း သုံးပေးရတယ်။

ပြီးတော့ သူ့ရဲ့ မလှမပ ဆရာဝန်လက်ရေးနဲ့ ရေးထားတာကို ကျမက တည်းရတယ်။ လက်ရေးက မလှရတဲ့ အထဲ စာက မရေးတတ်။ အင်တာဗျူး ဆိုတာ စကားပြောနဲ့ ရေးရ မှာကို စကားပြောတွေ၊ စကားပြေတွေ ရေးချင်သလို ရောရေးတာ။ ဥပမာ - ဆရာ ခင်ဗျား ကျနော် သည် လိပ်ခေါင်းဝေဒနာကို ကာလရှည်ကြာ ခံစားနေရကာ နေ့စဉ် ထိုဝေဒနာကြောင့် ထိုင်ရခက် ထရခက် ဖြစ်နေပါတယ်။ ဒါဥပမာပြောတာနော်။ ကျမရေးတာ တော်တော်ရှင်းသေးတာ။

လူနာက ဆရာဝန်ကို မျက်နှာချင်းဆိုင်ပြီး အဲလိုပြောပါ့မလား။ စဉ်းစားကြည့်ပါဦး။ အဲဒါကို ကျမက “ဆရာရေ ကျနော့ လိပ်ခေါင်းရောဂါကတော့ တော်တော်ဆိုးနေပြီ။ ဖြစ်တာလည်း ကြာပြီ။ ခုဆို ထိုင်ရခက် ထရခက်နဲ့ လုပ်ပါဦးဗျာ” .... အဲလိုပြင်ရေးပေးရတယ်။ သူ့ရဲ့ ကုထုံးကိုလည်း စကားပြောနဲ့ လူနားလည်အောင် အစအဆုံး ပြန်ရေးပေးရပါတယ်။ စာလုံးပေါင်းကလည်း သောက်သောက်လဲ မှားသေး။

နောက်ပြီး အဲဒီတုန်းကခုလို အင်တာနက်ကမပေါ်သေးတော့ ကျမတို့တတွေ တော်တော် ဒုက္ခရောက်တယ်။ နိုင်ငံတကာကဏ္ဍတွေကို တိုင်းမ်စ်တို့ နယူးစ်ဝိခ်တို့ အေးရှားတိုင်းမ်စ်တို့က ယူရတယ်။ နောက်ပိုင်းကျမှ စစ်ရုံးမှာ အင်တာနက်ဆိုတာကြီးရှိပြီလို့ ပိုင်ရှင်လေတပ်ဗိုလ်မှူးက ပြောတယ်။ ပြောရုံတင် မဟုတ်ဘူး သူက သူ့ရုံးကနေ ထုတ်ထုတ်လာတယ်။ အဲဒီမှာ အင်တာနက်က လတ်လတ်ဆတ်ဆတ် နိုင်ငံတကာ သတင်းတွေကို ယာဟူး နယူးစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ခပ်တည်တည် သူများထက်ဦးအောင် ဖော်ပြနိုင်ပြန်ရော။

ဂျာနယ်စစချင်းအချိန်က လေးအောက်ဒီဇိုင်းကို ကွန်ပျူတာနဲ့ လုပ်နေပြီ ဆိုပေမယ့် သိပ်အထာ မကျသေးဘူး။ ပုံတွေကို တခါတည်း ထည့်လုပ်လို့မရသေးဘူး။ အဲဒီမှာ ပုံတွေကို ဖောက်စွပ် လုပ်ရတယ်။ စာတွေကိုပဲ လေးအောက်ချ၊ ပုံနေရာမှာ ဒီတိုင်းချန်ထား။ အဲဒီအကွက်မှာ ထက်ထက်မိုးဦး ပုံ ထည့်မယ်ဆိုရင် ဓာတ်ပုံလေးကို နံပါတ်တပ်ပြီး ကလစ်လေးနဲ့ချိတ်ပေး။ အဲဒါကို ဖောက်စွပ်လို့ ခေါ်ကြတယ် (နံပတ်မှားတပ်မိရင်း ပုံတခြား စာတခြားဖြစ်ရော။ ဖောက်စွပ်မှားလို့ ခွကျခဲ့ရတဲ့ အကြောင်း နောက်မှ ရေးပါမယ်) ပြီးမှ ဖလင်ခန်းကို ပို့လို့ရမှာလေ။ နောက်ပြီး ပရင်တာထဲကနေ ဂျာနယ်စာမျက်နှာ တဝက်စာ ထုတ်လိုက်တာကို အပြင်ရောက်မှ ကော်နဲ့၊ တိပ်နဲ့ ပြန်ဆက်ရသေးတယ်။ ပြီးမှ ဖိုတိုသွား ကူး။ ဖိုတိုဆွဲထားတာတွေကို ကိုယ့်ဘာသာ တစုံစီပြန်တွဲ။ အဲဒါကတော့ စိစစ်ရေးကို ပို့ဖို့ပေါ့။ အဲဒါတွေကို ဒီဇိုင်နာနဲ့အတူ ဝိုင်းလုပ်ပေးရတယ်။

အင်တာဗျူးဂျာနယ် ဖောင်ပိတ်ရက်က ဗုဒ္ဓဟူးနေ့။ ဖောင်ပိတ်ရက်ဆို ပင်လည်းပင်ပန်း၊ ပျော်ဖို့လည်း ကောင်းပေါ့။ ဘာလို့ဆို ကိုဟန်ထက်မောင်က ဖောင်ပိတ်ရက်တိုင်း ညစာကျွေးတယ်လေ :P။ ကြိုက်ရာ စားပဲ။ အဲလိုညဆို ကျမတို့ အလုပ်လုပ်နေတဲ့အချိန်မှာ ကဗျာရေးတဲ့ ကိုမင်းထက်မောင်တို့၊ အင်တာဗျူးရဲ့ နောက်တဆက် အယ်ဒီတာချုပ်ဖြစ်မယ့် ဦးမျိုးမြတ်သူတို့၊ နောက် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာလင်းဝေမြိုင်တို့ လာလည်လေ့ရှိပါတယ်။ ကျမက ကက်ဆက်ထဲက အသံတွေကို ဖြည်ပြီး စာရွက်ပေါ်စာစီနေချိန် ဒီဆရာတွေက ဖောင်ပိတ်ပွဲကို ပျော်ပျော်ကြီး လာဆင်နွှဲချိန်ပေါ့။ ပြီးတော့ ကာဗာကို ဘယ်လိုလုပ်ကြမယ် ဘာညာနဲ့ ဆွေးနွေးကြပေါ့။ အဲဒီမှာတော့ ကျမက တကယ့် ကလေးပဲ။ သူတို့ပြောတာတွေကို ပါးစပ်အဟောင်းသား၊ မျက်စေ့လေး ကလယ် ကလယ်နဲ့ နားထောင်။

အဲဒီကာလတွေက သင်ယူတုန်းအချိန်ဆိုတော့ အများအားဖြင့်ပျော်စရာကောင်းပါရဲ့။ လာသမျှ ဧည့်သည်နဲ့ လက်ဘက်ရည်ဆိုင်ကို တနေ့ သုံးခါလောက်ဆင်းထိုင်။ အများအားဖြင့်တော့ တိုက်ကို အလာများတာ ကာတွန်းဆရာတွေပဲ။ ကိုစိုးသော်တာတို့ ဝလုံးတို့ပေါ့ ...။ ဝလုံးက ကျမမောင်အငယ်ကောင်ရဲ့ သယ်ယင်း ဆိုတော့ သူနဲ့က အရင်ကတည်းက ခင်ပြီးသား။ ဒီကောင်က တိုက်ကို သရုပ်ဖော်ပုံတွေ လာပို့ရင်း ကျမနဲ့ လက်ဘက်ရည်ဆိုင်လာလာ ထိုင်တယ်။ နောက် တော်တီဆွေ ဆိုတဲ့ ကာတွန်းငနာ တကောင်ရှိသေးတယ်။ သူလည်း တူတူပဲ။

နည်းနည်းစိတ်ညစ်ရတာ တချိန်ပဲရှိတယ်။ အဲဒါကတော့ လေတပ်က ဟိုဗိုလ်မှူး ရုံးဆင်းချိန်ပဲ။ ၄ နာရီ လောက်ဆို ယူနီဖောင်းကြီး တကားကားနဲ့ တိုက်ကိုဝင်လာ ... တိုက်က တချို့ဝန်ထမ်းတွေကို သူ့ ရဲဘော်တွေ ငေါက်သလိုငေါက်။ ကျမတို့တော့မပါပါဘူး။ ဒါပေမယ့် အဲဒီအချိန်ကတော့ စိတ် ဆင်းရဲတယ်။ အခန်းကျဉ်းထဲမှာ သူ့အသံက ဆူညံနေရောပဲ။ ဂျာနယ်တိုက်က ချက်ချင်းကို ငါးစိမ်းတန်း ရောက်သွား သလိုပဲ။ စိတ်ညစ်ပေမယ့်လည်း မတတ်နိုင်ဘူး။ ဒီလိုပဲနေရတာပဲ။ နောက် သူ့အကြောင်းသိသွားတော့လည်း ဘာမှကို မဟုတ်တော့ဘူး။ သူက တကယ်တော့ သင်္ကြန်အမြှောက်ပဲ။ မိန်းမကလည်း အလွန်ကြောက်ဆိုတော့ သူ့ရဲ့ ဝေဒနာတွေကို အိမ်မှာဖောက်ခွဲလို့ မရသမျှ ကျမတို့တိုက်မှာ လာလာ ဖောက်ခွဲတာ။ သဘောတော့ ကောင်း ရှာပါတယ်။ နောက် သူက တကယ့် စာရူးပေရူး။ စတိုင်ယာအရေးလည်း ကောင်းတယ်ဆိုပါတော့။ ကြာရင် သူ ဘယ်သူလည်း သိကုန်တော့မယ် တော်ပြီ ဒီလောက်ပဲ။

နောက်တပိုင်းကျရင်တော့ ထူးထူးခြားခြား အင်တာဗျူးအတွေ့အကြုံလေးတွေရယ် .... ကျမရဲ့ ပထမဆုံး အက်ဆေးလေး စိစစ်ရေးထိတဲ့ အကြောင်းလေးရယ် ရေးပါမယ် ... ခုတော့ ရပ်မယ်။ လက်လည်း ညောင်းလှပြီ။ ။



8 comments:

အောင်သာငယ် said...

ဖတ်လို့ အရသာရှိလိုက်တာဗျာ။
ဖောင်ပိတ်တဲ့ အကြောင်းဖတ်ရတော့ ကျနော်လည်း အဲလိုမျိုး စာစောင်တွေ သတင်းစာတွေ ဒီဖက်မှာ လုပ်လာခဲ့ဖူးတာတွေကို ပြန်သတိရတယ်။
ဖောင်ပိတ်တဲ့ ညတွေကို သိပ်သတိရမိပါရဲ့...
ဘာလို့ဆို ဖောင်ပိတ်တိုင်း သောက်ရတာကိုးး)

ဆက်ရေးပါဦးဗျို့

ဗီလိန် said...

ဟုတ်တယ်ဗျ။ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ အားကစား အကုန်လုံးမတိုးတက်ဖြစ်နေတာ စိစစ်ကြောင့် :)

tg.nwai said...

ဂျာနယ် ဗဟုသုတတွေ အများကြီး ရသွားပါတယ်။ ဟိုတလောကတောင် ဂျာနယ်တစ်စောင်မှာ ထိုင်းဝန်ကြီးချုပ်အသစ်ပုံနဲ့ ဇင်ဘာဘွေသမ္မတပုံ လွဲနေတာ တွေ.လိုက်သေးတယ်။ များများရေးနော်..

Andy said...

စိစစ်ရေး စိစစ်ရေး ငါတို့စိစစ်ရေး
စိစစ်ရေး စိစစ်ရေး ငါတို့စိစစ်ရေး
စိစစ်ရေးက ဘာတွေလုပ် ဟိုပိတ်ဒီပိတ်လုပ်
စိစစ်ရေးက ဘာတွေပိတ် အပေါက်တွေလိုက်လို့ပိတ်

ရှေ့ကဖုံးတော့ နောက်ကပေါ် ဘလော့တွေလာပြီနော်
ပုဂံနက်က ဘန်းကာပေး

ငါတို့ကျော်သလေး...ဝေးဟေးဟေးးး

Moe Cho Thinn said...

တူးရေ
ဂျာနယ်လုပ်ရတာလဲ အရသာ တမျိုးနော်။ အဲဒီအချိန်တွေက ဘ၀မှာ ပျော်စရာ အကောင်းဆုံး အချိန်တွေ ထင်ပါရဲ့ ညီမရယ်။
စာပေစိစစ်ရေးကြီးကို မထိခလုတ် ထိခလုတ် လုပ်ရတာကိုက ပျော်နေတာ။
မျှော်မယ် တူးရေ..

ဒူကဘာ said...

အခုမှ သိလို့ ဖတ်ရတာ အသိနောက်ကျ ရလေခြင်း။ နောက်အမြဲတမ်း လာမယ်။

pandora said...

စိတ်ဝင်တစား ဆက်ဖတ်နေတယ် အမရေ
ဒီလို အတွေ့အကြုံတွေကနေ မှတ်သားစရာတွေ အများကြီးပါ။

မမိုးချိုသင်းပြောသလို မထိခလုတ်ထိခလုတ်တွေကိုလည်း များများ ဆက်ဖတ်ချင်ပါတယ်။

Han Thit Nyeim said...

အစ်မရဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့လို မတွေ့မကြုံတွေအတွက် ဗဟုသုတတွေကော၊ ရယ်စရာတွေကော အကုန်ရတယ်ဗျို့...။

ဟိုဆရာဝန် စာရေးဆရာတစ်ပိုင်း ကိုဒီလိုပြောရတော့မယ်... `စာရေးဆရာတိုင်း ဆရာဝန်မဟုတ်ပါ။ ဆရာဝန်တိုင်းလည်း စာရေးဆရာ မဟုတ်ပါ´ ဆိုပြီးတော့လေ...။

အဲဒီကနေ ကိုယ့်ကိုယ်ကိုယ်ဖော်ပြီး ပြောရရင်... `ဟန်သစ်ငြိမ်သည် လူသားဖြစ်သည်။ သို့သော် လူသားတိုင်း ဟန်သစ်ငြိမ် မဟုတ်ပါ´ ဆိုပြီးတော့... ဟီ ဟိ။ :P