ဝတ္ထုတို ၂

ကျမတို့ ငယ်ငယ်ကတည်းက အရမ်းကို ချစ်ခင်ရတဲ့ ဆရာတယောက် ရှိပါတယ်။ သူက ကျမတို့ သူငယ်ချင်း တစုကို အင်္ဂလိပ်စာ သင်ပေးတယ်၊ သီချင်းဆို သင်ပေးတယ်၊ တချို့ကို စန္ဒရား သင်ပေးတယ်၊ တချို့ကို ဇာထိုး ပန်းထိုး သင်ပေးတယ်၊ တချို့ကို ပန်းအိုး အလှပြင် နည်း သင်ပေးတယ်၊ ကျမကျတော့ သူ့ဆီက ၀ိုင်ဖောက်နည်းတွေ ဘီယာ ချက်နည်းတွေ၊ ကိတ်မုန့်တို့ ပေါင်မုန့်တို့ လုပ်နည်းတွေ အစားအသောက် ချက်ပြုတ်နည်းတွေ သင်တယ်။ သူက စန္ဒရားတီး အရမ်းကောင်းသလို သီချင်းဆို အရမ်းကောင်းတယ်။ ပြီးတော့ သူက ကျမတို့ကို သဘာဝကို ချစ်တတ်အောင် သင်ပေးတယ်။ လူပီပီသသ အသက်ရှင်တတ်အောင် သင်ပေးတယ်။ ကျမတို့ သူနဲ့အတူ သီချင်းတွေ ဆိုကြတယ်။ သူဖောက်တဲ့ ၀ိုင်တွေကို အတူသောက်ကြတယ်။ သူဖုတ်တဲ့ ကိတ်တွေကို အတူစားကြတယ်။ သူဖန်တီးတဲ့ အနုပညာ လက်ရာတွေကို ကြည့်ပြီး တတ်သလောက် မှတ်သလောက် ဝေဖန်ကြတယ်။ (သူက ဇာထိုး ပန်းထိုး ထိုးရင်တောင် သူများတွေလို အဆင်တဆင်ကို ၂ခါ ဘယ်တော့မှ ပြန်မထိုးဘူး)။

တဖြည်းဖြည်းနဲ့ ကျမတို့ကသာ ကြီးသွားတယ်။ သူကတော့ ဒီပုံက ဒီပုံစံပဲ။ ကျမတို့က ဘ၀အမောတွေကြားမှာ ရှုပ်ထွေး နေပေမယ့် သူက ကျမတို့ထက် ငယ်တဲ့ ကလေးတွေကို ကျမတို့ကို သင်ပေးခဲ့ ဖူးတာတွေ ဆက်သင်ပေးနေတယ်။ ကျမအထင်တော့ သူ့ဆီက သင်ယူသူတိုင်း သူသင်သမျှ အကုန်မရ ပါဘူး။ ကျမက အစပေါ့။ သူက ခုထိ သန်လျင်မြို့ရဲ့ တနေရာမှာ တကိုယ်တည်း နေထိုင်ဆဲ။ ကျမတို့က သူ့အကြောင်း တခြား တယောက်ယောက်ကို ပြောပြရင် အများစုက မယုံကြည်သလို၊ ဒီလိုလူမျိုး တကယ်ရှိတယ် ဆိုတာ ဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ သူ့နာမည်က ဦးပီတာတင်မောင်။ သူ့ကို အားလုံးက ဦးပီလို့ပဲ ချစ်စနိုး ခေါ်ကြတယ်။ ကျမကို အထက ၂ လှိုင် (ဒေါ်သာထက်ကျောင်း) ရွှေရတု အထိမ်းအမှတ် မဂ္ဂဇင်း အတွက် ၀တ္ထုတိုတောင်းတော့ အဆင်သင့်ရေးထားပြီး ဖြစ်တဲ့ ဦးပီအကြောင်း ၀တ္ထုလေးကို ပေးဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အခု ဖော်ပြမယ့် “လူသေးသေးလေး ဖြစ်ချင်တယ်” ဆိုတဲ့ ၀တ္ထုလေးပါ။ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေက အပြင်မှာ တကယ် ရှိပါတယ်။ ဒီဇာတ်လမ်းထဲက ပိုးကောင် ဆိုတဲ့ကောင်မလေးဆို အခု အပျိုကြီးဖားဖားတောင် ဖြစ်နေပါပြီ။ ကျမတို့ရဲ့ ဦးပီကတော့ အရင်အတိုင်းပါပဲ…သူ့ဖာသာ ဖန်တီးတဲ့ အနုပညာ လက်ရာ ပစ္စည်းလေးတွေနဲ့ သူစိုက်ထားတဲ့ ဘွန်ဇိုင်းသက်ကြီးပု ပင်လေးတွေနဲ့ ပတ်ဝန်းကျင်က ကလေးငယ်လေးတွေနဲ့ စိတ်ချမ်းသာ ပျော်ရွှင်စွာ သီချင်းတွေဆိုလိုက် မုန့်တွေ လုပ်စားလိုက်…..။ သူ့ကိုသိတဲ့ သူ့တပည့် ဖြစ်ဖူးသူတွေ ကမ္ဘာအရပ်ရပ်မှာ ရှိနေပါတယ်။ သူကတော့ သန်လျင်မြို့အပြင် ရန်ကုန်ကိုတောင် တနှစ်နေလို့မှ တခါမသွားပါဘူး။ သူက နာမည်ကြီး အနုပညာရှင်ကြီး မဟုတ်လို့ အထုပ္ပတ္တိ တွေဘာတွေ ရေးနေစရာမလိုပေမယ့် ကျမတို့အတွက်ကတော့ တကယ့် ဟီးရိုးကြီးပါ။ ဒါကြောင့် သူ့အကြောင်းလေးကို အဖွင့်မှာ နည်းနည်း ရေးပြတာပါ။ သူက သာမန်လူ တဦးသာ ဖြစ်တဲ့အတွက် တခြားလူတွေလိုပဲ သူ့မှာလည်း မကောင်းတဲ့ အချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျမကတော့ သူ့ကို ချစ်တဲ့အတွက် မကောင်းတဲ့ အချက်တွေကို ဖယ်ပြီး မြင်ပါတယ်။ တူမလေး ကျဲကျဲ ဆွဲပေးတဲ့ ပန်းချီကားလေးကို ဒီဝတ္ထုမှာ သရုပ်ဖော်ပုံအဖြစ် သုံးခွင့် ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

လူသေးသေးလေး ဖြစ်ချင်တယ်

ကိုတင်မောင်က လူပျိုကြီး။ သူ့လိုပဲ လူပျိုကြီး ဖြစ်တဲ့ ဘကြီး တယောက်နဲ့နေတာ။ အေးအေး ဆေးဆေးပဲ။ သူ့ဝါသနာအလျောက် စိုက်ပျိုးထားတဲ့ ပန်းလေးတွေ အပင်လေးတွေ ရောင်းရငွေ၊ အင်္ဂလိပ်စာ စကားပြော သင်လို့ရတဲ့ငွေ၊ နောက်ပြီး သူ့မှာရှိတဲ့ စန္ဒရားကြီးနဲ့ သင်တန်းပေးလို့ ရတဲ့ငွေ အဲဒီငွေတွေက သူတို့ တူဝရီးအဖို့ လောက်ငရုံ အပြင် တခါတလေ ပိုတောင် ပိုသေးတယ်။

အိမ်မှာ သူ့ဖာသာသူ ဝါသနာပါလို့ ပန်းချီဆွဲတာ၊ ပန်းပုထုတာလေးတွေ လုပ်ချင်လည်း လုပ်နေတာ။ တခါတလေ သူ့ဘာသာ မုန့်တွေလုပ်၊ ကိတ်တွေဖုတ်၊ အသီးအနှံလေးတွေနဲ့ ဝိုင်စိမ်ချင် စိမ် ပြီးရင် သူ့ကိုချစ်တဲ့ တပည့်တွေ၊ အိမ်နားက ကလေးတွေကို ခေါ်ကျွေးမွေး အဲဒီလိုနေလာလိုက်တာ သူ့အသက်တောင် ငါးဆယ်နား ကပ်နေပြီ။

တချို့ကတော့ စိတ်ပူသလိုလို၊ စပ်စုသလိုလိုနဲ့ “ကိုတင်မောင် ခုချိန်ထိ ဘာမှ မလုပ်ဘူးလား” ဆိုပြီးမေးတတ်ကြတယ်။ သူကတော့ အဲဒီလို မေးလာရင် ခပ်ပြုံးပြုံးပါပဲ။ တချို့ကျတော့လည်း “ဘာမှမလုပ်ဘဲ ဘာနဲ့သွားစားနေလဲ” ဆိုပြီး ပေါ်ပေါ်ထင်ထင် စပ်စုတာတွေ ရှိတယ်။ အဲဒီအခါမှာလည်း ကိုတင်မောင်က ခပ်ပြုံးပြုံးပါပဲ “ဒီလိုပဲပေါ့ဗျာ” လို့ မရေမရာ ဖြေလိုက်လေ့ ရှိတယ်။

တနေ့..။ အဲဒီတနေ့ကတော့ တော်တော် ထူးခြားတယ်လို့ ဆိုရမယ်။ သူ့ကိုယ်သူ ပိုသိပြီး လူတွေကို ပိုနားလည် လာတဲ့နေ့လို့တောင် အမည်တပ်ရမယ့် ပုံပဲ။

အဲဒီနေ့က သူဈေးသွားတယ်။ ခါတိုင်းလိုပါပဲ။ ကြက်တကောင် ဝယ်ပြီး ပြန်လာတယ်။ အပြန်လမ်းမှာ လမ်းထဲက ဒေါ်ဗိုက်နဲ့ တွေ့တာနဲ့ ဒေါ်ဗိုက်က စမေးတယ်။

“ကိုတင်မောင် ဈေးကပြန်လာတာလား၊ ဘာတွေဝယ်ခဲ့တာလဲ”

“အော် ဒေါ်ဗိုက်....ဒီမှာ ကြက်တကောင် ဝယ်လာတယ်ဗျ”

“အံမယ်.. ကိုတင်မောင်က လာနောက်နေပြန်ပြီ။ ကောင်းကောင်းပြောစမ်းပါ”

“ဗျာ.. ကျနော် ကြက်တကောင် ဝယ်လာတယ်လို့ ပြောတာလေ။ ဘယ်မှာနောက်လို့လဲ”

“ကိုတင်မောင်နော်။ ဒီလူပျိုကြီး တော်တော် နောက်တယ်။ ဘာလဲ မခေါန်ဂျာ မှာလိုက်တာလား”

“မဟုတ်ဘူးဗျ.. တကယ် ကျနော်တို့အိမ်ဖို့ ဝယ်လာတာပါ”

“ကဲ ကိုတင်မောင်.. ရှင်ဟာလေ.. ကလေးတွေနဲ့ပေါင်းပြီး စကားကို အတည်ကို မပြောဘူး။ သွားမယ်.. ဒီကြက်ကလေးတကောင် ဘယ်သူမှာတာလဲလို့ ပြောဖို့ကိုပဲ မပြောနိုင်ဘူး တကတဲ”

အဲဒီတော့မှ ကိုတင်မောင် နည်းနည်း သဘောပေါက်သလို ဖြစ်သွားတယ်။ ရယ်လည်း ရယ်ချင်လာတယ်။

“အလကားစတာ ဒေါ်ဗိုက်ရေ.. ဒီဟာ ဟိုဘက်အိမ်က မီးမီး မှာလိုက်လို့ဗျို့..ကျနော်တို့လို လူက ဘယ်မှာ ကြက်တကောင်လုံး ဝယ်စားနိုင်မှာလဲဗျာ။ ဟီးဟီး”

“အဲလိုလုပ်ပါတော်.. ရှင်က တကယ့် လူနောက်ပဲ” ဆိုပြီး ဒေါ်ဗိုက်တယောက် ကျေကျေနပ်နပ်ကြီး ထွက်သွားလေရဲ့။

ကိုတင်မောင် အိမ်ပြန်ရောက်လို့ ကြက်ကိုကိုင်မယ် လုပ်နေတုန်း အိမ်ရှေ့က “ဧည့်သည်ဟေ့” ဆိုတဲ့ အသံနဲ့အတူ တံခါးဖွင့် ၀င်သံပါ ကြားလိုက်ရတယ်။ ကိုတင်မောင်ရဲ့ အစ်မ တ၀မ်းကွဲ မမဘေဘီ။ ကိုတင်မောင် နည်းနည်း ပျော်သွားတယ်။ သူနဲ့ သူ့အစ်မနဲ့က မတွေ့တာ တော်တော် ကြာပြီလေ။ ပြီးတော့ မောင်နှမ ၀မ်းကွဲတွေထဲမှာ သူက ဒီအစ်မကို အချစ်ဆုံး။ ဘာလို့လဲဆိုတော့ သူတို့မောင်နှမ နှစ်ယောက်က ၀ါသနာတူကြတယ်။ ငယ်ငယ်ကတည်းက လက်မှု ပစ္စည်းကလေးတွေ အတူတူ လုပ်ဖော်လုပ်ဘက်ပေါ့။ ခုတော့ ဒီအစ်မက လက်မှုကျောင်း တကျောင်းမှာ ဆရာမကြီးဖြစ်နေပြီ။

“တင်မောင်ရေ ငါလည်း မအား မအားနဲ့ နင့်ဆီတောင် မရောက်ဖြစ်ဘူး။ ကြည့်စမ်း နင်က အရင်အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ ကဲ.. ပြပါဦး ငါ့မောင်ရဲ့ လက်ရာတွေ။ ဘာတွေ လုပ်ဖြစ်သေးလဲ”

ကိုတင်မောင် ပျော်သွားတယ်။ သူ့လက်ရာတွေကို ကြည့်မယ့်သူ လာပြီလေ…

“မမ .. ဒီဟာ ကျနော် ဆွဲထားတဲ့ ပန်းချီကား။ ဆေးနဲ့ ဆွဲထားတာ မဟုတ်ဘူး။ ချည်နဲ့ ထိုးထားတာ။ ကြည့်ပါဦး ဘာလိုလဲလို့”

ကိုတင်မောင်က သုံးပေ၊ လေးပေ ပန်းချီကားကြီး တချပ်ကို ပြလိုက်တယ်။ ဒေါ်ဘေဘီက ပန်းချီကားကိုတလှည့်၊ ကိုတင်မောင်ကိုတလှည့် တအံ့တသြနဲ့ ကြည့်နေတယ်။ ပြီးမှ..

“ဟဲ့ တင်မောင်။ ဒါနောက်စရာ မဟုတ်ဘူးနော်။ အစ်မလုပ်တဲ့သူက မတွေ့တာကြာလို့ လာတယ်။ သူက လာနောက်နေတယ်”

“မနောက်ပါဘူး မမရဲ့။ ဘယ်မှာနောက်လို့လဲ”

“ဒီမှာ… ငါ ဒီလောက် မတုံးဘူးနော်။ ဒီပန်းချီကား နင်ဆွဲတယ်ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာ လောက်တော့ သိတယ်”

ကိုတင်မောင် အံ့သြသွားတယ်။ ဒီနေ့ ဘာတွေ ဖြစ်နေပါလိမ့် ပေါ့။

“မမ.. ကျနော် မလိမ်ပါဘူး.. မမရဲ့။ လာ… နောက်တခု ပြဦးမယ်”

အိမ်ရှေ့မှာ ချထားတဲ့ အင်္ဂတေ ပန်းပုရုပ်ကလေးတွေဆိုကို ခေါ်သွားပြီး ပြလိုက်တယ်။ ပန်းပု ရုပ်ကလေးတွေက အသက်ဝင်လွန်းလို့ ကောင်းကင်ကို ပျံတက်တော့မယ့် အတိုင်းပဲ။ ကောင်းကင်တမန် ရုပ်ကလေးတွေပါ။ အတောင်ပံကလေးတွေ ဖြန့်လို့။ အဲဒါကို ပြတော့မှ ပိုဆိုးသွားတော့တယ်။

“ဒီမှာ တင်မောင်… နင်ဟာလေ အဲဒီလို သူများလုပ်ထားတဲ့ လက်ရာကို ကိုယ့်လက်ရာလို့ ပြောရတာ မရှက်ဘူးလား… ဟင်”

ပြဿနာပဲ။ ကိုတင်မောင် မရှင်းတတ်တော့ဘူး ဆိုတာထက် ရှင်းကို မပြချင်တော့ဘူး။ ဒေါ်ဘေဘီကတော့ ကိုတင်မောင့် တအိမ်လုံး အနှံ့ လျှောက်ကြည့်ပြီး တနေရာရောက်တော့ ရပ်သွားတယ်။

“ဟော တွေ့ပြီ.. ဒါမှ နင့်လက်ရာ ဟုတ်တယ်မဟုတ်လား”

ဝမ်းသာအားရ ကိုတင်မောင်ကို လှမ်းပြောတယ်။ သူပြောနေတာကို လှမ်းကြည့်လိုက်တော့ ဘာမှ မဟုတ်ဘူး။ ပလတ်စတစ် အအေးပိုက်တွေကို ဖြတ်ပြီး အလှထားတဲ့ ပစ္စည်းလေးတွေ လုပ်ထားတာ။ အဲဒါ ကိုတင်မောင့် လက်ရာလည်း မဟုတ်ဘူး။ ကိုတင်မောင့်ကို သူ့တပည့်လေး တယောက် ပေးထားတာ။

မဟုတ်ဘူး ဆိုပြီးလည်း မငြင်းတော့ဘူး ဟီးဟီးလို့ သွားဖြီးပြီး ရူးပြလိုက်တယ်။ အဲဒီတော့မှ ဒေါ်ဘေဘီတယောက် ကျေနပ်ပြီး ပြန်သွားတော့တယ်။

ခဏနေတော့ ပိုးကောင် ရောက်လာတယ်။ ပိုးကောင် ဆိုတာက ကိုတင်မောင်တို့ မျက်စောင်းထိုး အိမ်က ကလေးမလေး။ အခုမှ ငါးနှစ်။ သူငယ်တန်းပဲ ရှိသေးတယ်။ ပိုးကောင် ဆိုတဲ့ နာမည်ကလည်း ကိုတင်မောင် ပေးထားတာပါ။

“ဦးမောင် ဘာလုပ်နေလဲ”

“ပိုးကောင် လာ၊ လာ နင့်ကို ငါ ပြစရာရှိတယ်”

ပိုးကောင်ရဲ့ မျက်လုံးလေးတွေ ၀ိုင်းပြီး တောက်ပသွားတယ်။ ကိုတင်မောင်က ပိုးကောင်ကို ခြံထဲက တနေရာကို ခေါ်သွားပြီး.. ပြလိုက်တယ်။ သူလုပ်ထားတဲ့ ကျောက်တောင် သေးသေးလေး၊ လူသေးသေးလေးတွေလည်း ပါတယ်။ သူလုပ်နေတာတော့ သုံးလလောက် ရှိပြီ။ ဒီနေ့မှ လတ်စသတ်တာ။

ပိုးကောင်က မျက်လုံးလေးဝိုင်းပြီး ကျောက်တောင်လေးကို ကြည့်နေတယ်။ ကြည့်ရင်း ကြည့်ရင်း ခြေထောက်ကပါ ခုန်ဆွ ခုန်ဆွ ဖြစ်လာတယ်။ ကျောက်တောင်လေးက တကယ့် ကျောက်တောင် အကြီးကြီး အတိုင်းပဲ။ အပေါ်မှာရေညှိတွေ တက်လို့။ ခြောက်လက်မ လောက်ပဲရှိတဲ့ ဂူသေးသေး လေးတွေကလည်း ပြေးဝင်ပြီး ဆော့ချင်စရာ။ ဒါပေမယ့် ဘယ်လိုလုပ် ၀င်ဆော့လို့ ရမလဲ။ ဒါအလှ သက်သက်ပဲ။ ပိုးကောင်လည်း သိပါတယ်။

“ဦးမောင်..”

“ဟေ..”

“ဦးမောင်က သိပ်တော်တာပဲ”

“ဟုတ်လား”

ကိုတင်မောင် အံ့သြသွားတယ်။ ဟုတ်တယ်လေ..ဒီနေ့အဖို့ ပိုးကောင်က ပထမဆုံး သူ့ကို ချီးမြှောက်လိုက်တာပဲ။

“ပိုးကောင်လေ…ပိုးကောင်လေ.. လူသေးသေးလေး ဖြစ်ချင်လိုက်တာ.. ပြီးရင် ဒီဂူထဲ ၀င်ဆော့မယ်”

ကိုတင်မောင့် ရင်ထဲမှာ ပီတိတွေ ဖိတ်လျှံကျလာတယ်။ ခုနက ကိစ္စတွေ အကုန်မေ့သွားတယ်။ ပြီးတော့ ပိုးကောင်ကို ပြန်ပြောလိုက်တယ်။

“အေး ဦးမောင်လည်း လူသေးသေးလေး ဖြစ်ချင်တယ်။ ပြီးရင် ပိုးကောင်နဲ့ တူတူ ဆော့မယ်” ။

(၇-၈-၀၃)

ရုပ်ရှင်ခံစားမှု

စွန်လွှတ်သူ

မင်းအတွက်ဆိုရင် အကြိမ် ၁၀၀၀ မက ငါလုပ်ပေးမှာပါ
အဲဒီစကားလေးက
The Kite Runner ဇာတ်ကားထဲမှာ ဟက်ဆန်ဆိုတဲ့ ၈ နှစ် ၉ နှစ် အရွယ် ကလေးလေးက သူသိပ်ခင်တဲ့ အမာအဂ်ဟာဆိုတဲ့ သူငယ်ချင်းကို ပြောလိုက်တာပါ။ အဲဒီစကားလေးကို သူအမှတ်တမဲ့ ပြောလိုက်ပေမယ့် တကယ့်ကို သူ့ရင်ထဲကထွက်ပေါ်လာတဲ့ စကားလေးတခွန်းပါ။

ဒီကားလေးကို ကျမကြည့်ရင်း တစုံတယောက်ကို ချစ်ရတာ မလွယ်ကူသလို တစုံတယောက်ရဲ့ ချစ်ချင်းကို ခံရတာလည်း မလွယ်ကူပါလား ဆိုတာ တွေ့လိုက်ရတယ်။ လောကကြီးမှာ လိပ်ပြာသန့်စွာ အသက်ရှင်နိုင်ဖို့ ကျမတို့ ဘာတွေလိုအပ်မလဲ။ ဒီဇာတ်ကားထဲက ကလေးလေး နှစ်ယောက်က ကျမကို အများကြီး သင်ပေးပါတယ်။

ဘာမှတန်ဖိုးမရှိတဲ့ စက္ကူစွန်ကလေးတခုက ဒီဇာတ်ကားလေးရဲ့ အထွတ်အထိပ်ကို သယ်ဆောင်သွားပေးချိန်မှာ ကျမရင်ထဲ နာကျင်မှုတွေပဲ ပြည့်နေတော့တယ်။ ကိုယ့်အပေါ် အမြဲအနစ်နာခံတဲ့၊ ကိုယ့်အတွက် ဘာမဆိုလုပ်ပေးတဲ့ သူငယ်ချင်းတယောက် ကိုယ့်ရှေ့မှာ အနိုင်ကျင့်ခံနေရတာ သိသိကြီးနဲ့ ကြည့်နေခဲ့ရတဲ့ ကလေးတယောက်ဟာ သူ့ရဲ့ သတ္တိကင်းမဲ့မှုကို သူ့ဖာသာ ရှက်ရွံ့နေခဲ့ရတာ မဆန်းပေမယ့် သူငယ်ချင်းက နာကျင်ဟန် လုံးဝမပြတဲ့အခါမှာ လူသားပီသစွာပဲ သူခံနိုင်ရည် မရှိနိုင်တော့ဘူး။

သတ္တိသိပ်ကောင်းပြီး အနစ်နာခံတတ်တဲ့ လူရှေ့မှာ အပြစ်ကျူးလွန်သလို ဖြစ်ခဲ့တဲ့၊ သတ္တိနည်းခဲ့တဲ့ တခြားတယောက်က ဘယ်လောက်ပဲ ပြည့်စုံပေမယ့် လိပ်ပြာမလုံနိုင်ဘူး ဆိုတာ ဒီဇာတ်ကားလေးက ပြောပြခဲ့ပါတယ်။ နောက်ပြီးတော့ သတ္တိဆိုတာ တခါတလေ အနစ်နာခံခြင်းလို့ အဓိပ္ပာယ်ရတယ်ဆိုတာလည်း သိလိုက်ရတယ်။

ကျမရင်ကို အထိဆုံးကတော့ သူတို့သူငယ်ချင်း နှစ်ယောက် အမြဲ ကစားနေကျ
ဘယ်ရီသီးပင်လေးအောက်မှာ အမာ
အဂ်ဟာက ဟက်ဆန်ကို စိတ်ဆိုးဆိုးနဲ့ ဘယ်ရီသီးတွေနဲ့ ပစ်ပေါက်တဲ့ အခန်းပါပဲ။ သူက ကလေးဆိုတော့ သူ့ရဲ့ ရှက်ရွံ့မှုကို ဒေါသနဲ့ ဖော်ထုတ်တယ်လို့ ထင်တယ်။ ကျမတို့လူကြီးတွေဆိုရင်ကော... ဘယ်လိုများ ဖော်ထုတ်မှာပါလိမ့်လို့ တွေးမိတယ်။ သေချာတာကတော့ ကျမသာဆိုရင် ကျမရဲ့ သတ္တိကြောင်မှုကို ငြိမ်းချမ်းရေးပဲ မြတ်နိုးသလိုလို ခေါင်းစဉ်တခုတပ်ပြီး ကိုယ့်ကိုယ်ကိုယ် ညာလိုက်လိမ့်မယ် ထင်တယ်...။

နောက်တခု ကျမရလိုက်တာကတော့ ဆက်ဆံရေးတခု ပြိုကွဲသွားတဲ့အခါမှာ ကလေးနှစ်ယောက် ကြားမှာတောင် ပြန်တည်ဆောက်ဖို့ တော်တော်ခက်ခဲပါလား ဆိုတာပါ။ ကလေးလေး တယောက် ပေမယ့် ကိုယ့်ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ထင်လာတဲ့အချိန်မှာ မလုပ်သင့်တာကို လုပ်လိုက်တော့တာပါပဲ။ လူတယောက်ကို မျက်နှာချင်း မဆိုင်ရဲလောက်အောင် ခံစားရတဲ့အချိန်တွေ ကျမတို့မှာ ရှိခဲ့မှာပါ။ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ ဆိုသလိုပေါ့။

အဲဒီအချိန်မှာ ကျမတို့ ထွက်ပြေးကြမလား။ ဒါမှမဟုတ် တဖက်လူကို ထွက်ပြေးအောင် လုပ်မလား။ ဒီဇာတ်ကားထဲမှာတော့ အမာအဂ်ဟာက ဟက်ဆန်ကို ထွက်ပြေးအောင် လုပ်ခဲ့ပါတယ်။ သူကိုယ်တိုင် ထွက်ပြေးလို့ ရတဲ့အနေအထား မရှိလို့လို့ ထင်ပါတယ်။ ဟက်ဆန်က ဆင်ဖြူပေမယ့် ဆင်မဲရဲ့ ဒုက္ခကို နားလည်ပေးခဲ့တယ်။ ကျမသာဆိုရင်တော့ ကိုယ်မှန်တာပဲဆိုပြီး မာနကြီးနေမှာ။

အနစ်နာလည်း ခံခဲ့ရသေးတယ်၊ သူခိုးပါလို့လည်း အစွပ်စွဲခံလိုက်ရသေးတယ် ဆိုရင် ကျမကတော့ မာနနဲ့ ကိုယ်မမှားကြောင်း ရအောင်ပြမှာပဲ။ ဟက်ဆန်ကတော့ သူ့သူငယ်ချင်း ဆင်မဲလေးကို နားလည်စွာနဲ့ သူမခိုးတဲ့ ပစ္စည်းကို ခိုးတယ်လို့ ဝန်ခံပေးခဲ့တယ်။

ဒီဇာတ်ကားက အာဖဂန်နစ္စတန်ကို အခြေတည် ရိုက်ကူးထားတာပါ။ ကဘူးလ်မြို့လေးရဲ့ သာယာလှပမှုတွေ၊ ချစ်ခြင်းတရားတွေ၊ ကိုယ်ချင်းစာစိတ်ရှိတဲ့ သူဌေးကြီးတွေနဲ့ သိပ်ကို ပျော်စရာကောင်းတဲ့ အနေအထားကနေ ရုရှားတွေ ကျူးကျော် ဝင်ရောက်လာတဲ့နောက် ပျက်ဆီးယိုယွင်းမှုတွေ၊ ဒုက္ခသည်တွေ၊ ရောဂါသည်တွေ၊ ဆင်းရဲသားတွေ၊ မိဘမဲ့ကလေးတွေနဲ့ လုံးဝပြောင်းလဲသွားတဲ့ အနေအထားကို ပြထားပါတယ်။

အမာအဂ်ဟာတို့သားအဖလည်း ဟက်ဆန်တို့နဲ့ ခွဲခွာပြီးနောက်ပိုင်း အမေရိကားကို ထွက်ပြေးကြရတော့တယ်။ အမာအဂ်ဟာရဲ့အဖေ ဘာဘာက အာဖဂန်ကနောက်ဆုံး ထွက်ခွာခါနီး သူ့မြေကြီးကို ကောက်ပြီး ဘူးလေးတဘူးထဲ ထည့်လိုက်တဲ့ အခန်းလေးက သိပ်ချစ်စရာကောင်းတာပဲ။ ဘယ်သူမဆို ကိုယ့်မြေကိုတော့ ကိုယ်ချစ်ကြမယ်နဲ့ တူပါတယ်နော်။

ပြီးတော့ သူတို့သားအဖ ဆီဘောက်ဆာလို ကားကြီးရဲ့ဝမ်းထဲမှာ မှောင်မဲမွမ်းကျပ်ပြီး အမေရိကားရောက်အောင် ခရီးဆက်ခဲ့ရတယ်။ ကားကြီးထဲမှာ ကြောက်ရွံ့နေပြီး လေမဝဖြစ်နေတဲ့ ကလေးလေးက သူအလွတ်ရတဲ့ ကဗျာလေးတွေရွတ်ရင်း သူ့အဖေရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်လို့။

အဲဒီကလေးလေးက တချိန်မှာ စာရေးဆရာကြီး ဖြစ်၊ အမေရိကားမှာ ဘွဲ့တွေလည်းရ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတယောက်နဲ့လည်း ဆုံရ။ သူ့ဘဝမှာ ကျေနပ်စရာတွေနဲ့ချည်း ပြည့်နှက်လို့ပေါ့။ ဒါပေမယ့် ကံကြမ္မာက ဘယ်သူ့ကိုမှ အလွတ်ပေးရိုး ထုံးစံမရှိဘူးလေ။

သူ့ကိုယ်သူ မွေးစားသားလို့ သိလိုက်ရချိန်၊ သူတချိန်က ရှက်ရွံ့ခဲ့ရတဲ့၊ အရိပ်မည်းကြီးလို လွှမ်းမိုးခဲ့တဲ့၊ ပညာမတတ်ပေမယ့် သတ္တိသိပ်ကောင်းတဲ့၊ သူ့ကြောင့် သူ့အဖေလို ကိုယ်ချင်းစာစိတ်ရှိတဲ့ သူဌေးတယောက် အိမ်က ထွက်သွားခဲ့ရတဲ့ ဟက်ဆန်က သူနဲ့ အဖေတူ အမေကွဲ ညီအကို ဆိုတာ သိလိုက်ရချိန်မှာ သူ့ရဲ့အဖေက လောကကြီးမှာ မရှိတော့ဘူး။

ဟက်ဆန်လည်း မိုင်းထိပြီး ကွယ်လွန်ခဲ့ရပြီ။ ဟက်ဆန့်ဆီမှာ သားလေးတယောက် ကျန်ခဲ့တယ်။ အဲဒီသားလေးဟာ အမာဂျန်အတွက် တယောက်တည်းသော သွေးသားဆိုရင်လည်းမမှားဘူး။ ဘယ်တုန်းကမှ သတ္တိမရှိခဲ့တဲ့ သူတယောက်ဟာ သူ့တူလေးကို အမေရိကားခေါ်ဖို့ အာဖဂန်နစ္စတန်ကို ပြန်ခြေချခဲ့တယ်။ သူတို့ငယ်ငယ်တုန်းက သာယာလှပတဲ့ အာဖဂန်မဟုတ်တော့ဘဲ စစ်မြေပြင်ကြီး ဖြစ်လို့။

သူ့တူလေး ရှိတယ်လို့ကြားတဲ့ မိဘမဲ့ဂေဟာကလည်း မြင်ရရုံနဲ့တင် စိတ်ထိခိုက်စရာ ကောင်းလှတယ်။ သူဌေးတယောက်က မိဘမဲ့ ဂေဟာက မိန်းကလေး တယောက်ကို လာခေါ်သွားပြီး ပေးခဲ့တဲ့ ပိုက်ဆံနဲ့ တခြားကလေးတွေကို ကျွေးမွေးနေရတယ် ဆိုတဲ့အချိန်မှာ စိတ်ထားနူးညံ့တဲ့ စာရေးဆရာကြီး ခံနိုင်ရည် မရှိတော့တာ မဆန်းပါဘူး။ သူဘယ်လိုပဲ ပေါက်ကွဲပေမယ့် ဒါအမှန်တရားပဲလေ။ အဲဒီဂေဟာကနေ သူ့တူလေးကိုရှာဖို့ လမ်းစတော့ ရခဲ့တယ်။

ဘောလုံးကွင်းလို နေရာမှာ အပြစ်ရှိတဲ့မိန်းကလေးတယောက်ကို မျက်နှာအဝတ်အုပ်ပြီး ခဲနဲ့ပေါက်သတ် ပြခဲ့တဲ့ အစွန်းရောက် ဘာသာရေး ခေါင်းဆောင်ကြီးရဲ့အိမ်မှာ သူ့တူလေးရောက်နေတယ်။ အသက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ကလေးလေးက ကက်ဆက်က တေးသွားနဲ့ အချိုးအစားမကျစွာ ကပြနေခဲ့တာကို သူဘာမှ မလုပ်ပေးနိုင်ဘဲ စိတ်ထိခိုက်ပြီး ကြည့်နေရတဲ့ ဘဝ။ အဲဒီ ဘာသာရေး ခေါင်းဆောင်ကြီးရဲ့ ရန်ပြုမှုကို သူ အလူးအလဲ ခံနေရချိန်မှာ ဟက်ဆန်ရဲ့သားလေးက ဟက်ဆန်ငယ်ငယ်က သူ့ကိုကယ်ခဲ့ ကာကွယ်ခဲ့သလိုပဲ ပြန်ကယ်တင်ခဲ့ပြန်တယ်။

ရယ်မောခြင်းတွေ ဆိတ်သုဉ်းနေတဲ့ ကလေးတယောက်ကို သူက ရယ်အောင်၊ ပျော်ရွှင်အောင် လုပ်ရတော့မယ်။ အဲဒါသူ့ရဲ့ ဝတ္တရားဖြစ်သလို သူ့ကိုယ်သူ ဆေးကျောခြင်းလည်း ဖြစ်လိမ့်မယ်လို့ ကျမထင်တယ်။ နောက်ဆုံးအခန်းမှာ ငယ်ငယ်က သူ့အတွက် ဘာမဆို လုပ်ပေးခဲ့တဲ့ ဟက်ဆန့်အစား သူသားကို ပြန်ပေးဆပ်တော့မယ် ဆိုတဲ့အချိန် အမာအဂ်ဟာရဲ့ မျက်နှာက ရှင်းသန့်ကြည်လင်လို့နေတာကို တွေ့ရတယ်။

သူကလည်း ဟက်ဆန့်သားကို ဟက်ဆန် သူ့ကိုပြောခဲ့သလိုပဲ ပြောလိုက်တယ် မင်းအတွက်ဆို အကြိမ် ၁၀၀၀ မက လုပ်ပေးမှာပါတဲ့လေ

အာဖဂန် နစ္စတန်နိုင်ငံရဲ့ ဆောင်းတွင်း ကောင်းကင်မှာ စက္ကူစွန်ရောင်စုံတွေနဲ့ ပြည့်နှက်နေခဲ့ဖူးတယ်။ စွန်အတိုက် ကောင်းသလောက် သူချစ်တဲ့သူအတွက် ပျော်ပျော်ကြီး အနစ်နာခံရဲတဲ့ ကောင်လေးလို ကျမ ရဲရင့်ချင်လိုက်တာ။ ပေးဆပ်ခြင်းကြောင့် ရရှိတဲ့ ပျော်ရွှင်မှုစစ်စစ်ကို ခံစားကြည့်ဖို့ အမာအဂ်ဟာက ကျမကိုပြောပြနေသလိုပါပဲ။

ဒီဇာတ်ကားလေးကို မကြည့်ခင် ကျမ ဝတ္ထုအဖြစ် အရင်ဖတ်ရတာပါ။ ကျမရဲ့ အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် အချိန်အကြာကြီး ဖတ်ရပေမယ့် စာရေးသူရဲ့ အဖွဲ့အနွဲ့ကောင်းမှုနဲ့ ရိုးရှင်းတဲ့ အရေးအသားကြောင့် ပြီးအောင် ဖတ်နိုင်ခဲ့ပါတယ်။ စာရေးသူကတော့ KHALED HOSSEINI ပါ။

ရုပ်ရှင်ကတော့ အပြတွေနဲ့ဆိုတော့ အသေးစိတ်မချယ်မှုန်းဘူးပေါ့။ ဒါပေမယ့် နှစ်ခုလုံး တမျိုးစီ ကောင်းပါတယ်။ ဇာတ်ကားက ကျမကို ဖမ်းစားလွန်းလို့ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေနာမည်၊ ဒါရိုက်တာ နာမည် တခုမှ ကျမ မသိလိုက်ပါဘူး။ ဇာတ်ကားနာမည်လွဲရင် စာရေးသူနာမည်ပဲသိပါတယ်။ အပြင်က သရုပ်ဆောင်တွေရဲ့ နာမည်တွေထက် ဇာတ်ဝင်ခန်းထဲက နာမည်တွေက ကျမအတွက် ပိုအရေးပါနေလို့ပါ။

ရယ်တတ်အောင်သင်

လူတွေကို ငိုအောင်လုပ်ရတာ လွယ်သလောက် ရယ်အောင်လုပ်ရတာ တော်တော် ခက်ပါတယ်။ ကျမကတော့ ရယ်တယ်ဆိုတာကို အတတ်ပညာတခုလို့ကို ထင်ပါတယ်။ တချို့က မရယ်တတ်ကြဘူးလေ။ တယောက် ယောက်က ရယ်စရာပြောလို့မှ တခြားသူတွေက ရယ်ပြီး ကိုယ်က ဝင်မရယ်နိုင်ဘူးဆိုတဲ့သူကို ကျမ တော်တော်လေး သနားမိပါတယ်။ သူ့ခမျာ ရယ်ခြင်းအတတ်ကို မတတ်ရှာပါလားလို့ တွေးပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ကျမတို့ကတော့ ရယ်တဲ့အတတ်ကို ငယ်ငယ်ကတည်းက တတ်ခဲ့တာလို့ ထင်ပါတယ်။ ကျမတို့ကို ရယ်တတ်အောင် သင်ပေးခဲ့တဲ့သူကတော့ ကျမအဖေပါပဲ။ ကျမအဖေကို သတိရလိုက်တိုင်း အဖေ့ရဲ့ ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ ပုံရိပ်ကိုပဲ မှတ်မိပါတယ်။ ခုဆို ကျမအဖေဆုံးတာ ၁၆ နှစ် ရှိရော့မယ်။ အဖေ့အတွက် မှတ်မှတ်ရရ ကျမ ဝတ္ထုလေးတပုဒ်ပဲ ရေးဖူးပါတယ်။ အဲဒီဝတ္ထုကလည်း အဖေဆုံးပြီး ၈ နှစ်ကျော် ကာလကျမှ ရေးဖြစ်တာပါ။ ဗျူးတီးမဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ ဝတ္ထုတိုလေးကို ကျမဘလော့ရဲ့ ပထမဆုံးဝတ္ထုအဖြစ် တင်ချင်ပါတယ်။

ရယ်တတ်အောင်သင်

ရှစ်နှစ်တိုင်ခဲ့ပြီ… ကျမတို့အဖေ ကျမတို့နဲ့ ခွဲခွာသွားခဲ့တာ…။ အဖေ့အကြောင်းကို ရေးမယ်… ရေးမယ်နဲ့ အဖေဆုံးကတည်းက အားခဲထားလိုက်တာ။ ..တခြားစာတွေသာ ရေးဖြစ်တယ်။ အဖေ့အကြောင်းက ရေးလို့မရ။ လက်မရဲတာဆိုရင် ပိုလို့မှန်လိမ့်မယ်။ အဖေ့ကိုလွမ်းတိုင်း စာရွက်နဲ့ဘောပင်ကို ကိုင်ပြီး ငိုင်နေတာနဲ့တင် အချိန် ကုန်သွားရတယ်။ အဖေ့အကြောင်းက ရေးမယ်ဆိုရင် ရေးစရာ တပုံတပင်ဆိုတော့ ဘယ်ကဘယ်လို ဘာစရေးရမှန်း မသိတာလည်း ပါပါတယ်။ အဖေလည်းဖြစ် ကျမရဲ့သင်္ချာဆရာလည်းဖြစ်တဲ့ အဖေ့ဆီက ကျမ ဘာတွေ ရခဲ့ပါသလဲ။ ကိုယ့်ဘာသာ ပြန် မေးကြည့်မိတယ်။

ကျမတို့အိမ် ဧည့်ခန်းထဲမှာ အဖေကွယ်လွန်စဉ်က ကာတွန်း (ဦး) ရွှေမင်းသား ရေးပေးခဲ့တဲ့ ပန်းချီကား(အဖေ့ပုံ) ကို ငေးကြည့်မိတဲ့အခါ ကျမ ရယ်ချင်လာပါတယ်။ ပြောစရာပေါ့…“နင်က အဖေသေတာကို ရယ်စရာလို့ ပြောနေသေးတယ်” ဆိုပြီးလေ…. ရယ်မှာပေါ့… အဖေက ကျမကို ပန်းချီကားထဲကနေ ဟက်ဟက်ပက်ပက် ရယ်ပြနေတာကိုး။ အဲဒါပါပဲ။ ကျမအဖေ့ဆီက ရခဲ့တာ…ကျမတို့ကျန်ခဲ့တဲ့မိသားစု အဖေ့ဆီက ရလိုက်တာ… ရယ်ခြင်း အတတ်ပညာပါ….။

ကာတွန်းဆရာလို့ မပြောရဘူး။ အဖေက အရာရာကို ရယ်စရာအဖြစ်နဲ့ပဲ မြင်နေတော့တာ…. ပြီးတော့ သူ့ရဲ့ ကာတွန်းဇာတ်ကောင်လေးတွေအဖြစ် ကူးပြောင်းဖန်တီးတော့တာပဲ…အဖေ့ရဲ့အလေ့အထက ညညဆို ကာတွန်းလေး ဆွဲလိုက် မိသားစုဘက်လှည့် စကားပြောလိုက်နဲ့ တော်တော်နဲ့ အိပ်လေ့မရှိဘူး။ အဖေမအိပ်ဘဲ စကားပြောနေတော့ ကျမတို့တတွေလည်း မအိပ်တော့ဘဲ အဖေနဲ့စကားတွေပြော ရယ်ကြမောကြ ပေါ့။ အများအားဖြင့် အဖေပြောတတ်တာတွေက ရယ်စရာတွေများတယ်။ သူ့မိတ်ဆွေ ကာတွန်းဆရာတွေနဲ့ တနေကုန် တွေ့ကြုံခဲ့တာတွေကို ဖောက်သည်ပြန်ချရင်လည်း ရယ်စရာတွေချည်း ရွေးပြောတတ်တယ်။


အမေက တနေ့တာကြုံကြိုက်ခဲ့သမျှ ဆက်ဆံခဲ့သမျှ လူတွေထဲက သူမကျေနပ်တဲ့သူတွေအကြောင်း ပြောရင်လည်း အဖေက အဲဒီလူရဲ့ ရယ်စရာကောင်းတဲ့ အပြောအဆို၊ အပြုအမူတွေအကြောင်းရွေးပြီး ဟာသ လုပ်တတ်တယ်။ အဲဒီအခါ အမေကလည်း မကျေနပ်တာတွေမရှိတော့၊ ကျမတို့လည်း ဝိုင်းရယ်ကြနဲ့ပေါ့။ နောက်ဆုံး သူကိုယ်တိုင်ကြည့်မရတဲ့သူအကြောင်း ပြောရင်တောင် အဲဒီလူ ဘယ်လိုရယ်စရာ ကောင်းကြောင်း ကိုပဲ ပြောတတ်လေ့ရှိတယ်။ အဲဒီအကျင့်တွေက ကျမတို့မောင်နှမတွေမှာ စွဲနေပြီ။ ကျမတို့ချင်း မကျေနပ်တဲ့ သူအကြောင်းပြောရင်တောင် ရယ်စရာလုပ်ပြီးပဲ ပြောကြတော့တယ်။

ဥပမာ- အမေ့ဆီလာလာနေကျ ကျမတို့အမျိုး အစ်မကြီးတယောက်ရှိတယ်။ သူ့နာမည် မလှ ဆိုပါစို့။ အဲဒီမလှကို အဖေကကြည့်မရဘူး။ အိမ်ကိုလာရင် အိမ်ထဲဝင်ဝင်ချင်း အရင်ဆုံး ကျမကိုတွေ့တယ်ဆိုပါတော့ သူကမေးမယ် “ဟဲ့မတူး နင့်အမေဘယ်သွားလဲ”… အဲဒီလိုမေးပြီး ကျမကဖြေမလို့လုပ်တုန်း “သြော် မရှိဘူးလား၊ ဘာလဲ ဈေးသွားတာလား” ဆိုပြီး သူ့ဘာသာပြန်ပြောတယ်။ အဲဒီမှာ ကျမက မဟုတ်ဘူး အဘွားတို့အိမ်သွားတာလို့ ပြောမလို့ ပါးစပ်ပြင်တုန်း သူက “ဟဲ့ နင့်အမေက နောက်ဖေးမှာလည်း မရှိပါလား..သြော်…မသွယ်တို့အိမ် သွားတာလား”… အဲဒီလို သူထင်တာတွေ သူ့ဟာသူမေး သူ့ဟာသူဖြေတတ်တယ်။

အဲဒါမျိုး ကျမတို့နဲ့မှမဟုတ်ဘူး။ အဖေနဲ့လည်း ကြုံဖူးတယ်။ အဖေ့ကို သူက ဦးဦးလို့ခေါ်တယ်။ တခါ သူ လာတုန်းက “ဦးဦး ထမင်းစားပြီးပြီလား၊ ဘာဟင်းနဲ့လဲ” လို့သူ့ဘာသာမေးပြီး “ဝက်သားလား၊ သြော်မဟုတ်ဘူး၊ ငါးလား… သြော်သိပြီ ကြက်သား”….အဲဒီလိုသူ့ဘာသာမေး သူ့ဘာသာဖြေတော့တာပဲ။ အဲဒီ မလှအကြောင်းကို အဖေကဘယ်အချိန်မှာ ပြန်ပြောလည်းဆိုရင် အမေတခါတလေ အဲဒီလိုကိုယ့်ဘာသာမေး ကိုယ်ထင်ရာ ဖြေတဲ့အခါမျိုးတွေမှာ “ဟာ မလှလုပ်ချင်ပြန်ပြီ” ဆိုပြီးနောက်တတ်တယ်။ အဲဒီ မလှရဲ့အမူအရာတွေကို ညဘက်တွေမှာ အားရင်ပြန်ပြန်လုပ်ပြပြီး ရယ်ကြတယ်။

ကျမအမေကလည်း အဖေ့အတွက် ကာတွန်းတပုဒ်ပါပဲ။ တပုဒ်တောင်မကဘူး။ အပုဒ်ပေါင်းများစွာလို့ ပြောရင် ရတယ်။ အဖေလုပ်ပေးခဲ့တဲ့ အဲဒီအကျင့်က ကျမတို့မောင်နှမတွေ အထိပါစွဲနေရောပဲ။ ကျမတို့က သန်လျင် မှာနေတော့ (အဲဒီတုန်းက သင်္ဘောခေတ်ပေါ့)။ တရက်… အမေနဲ့အပေါင်းအပါများ သင်္ဘောနဲ့ ရန်ကုန်ကို သွားကြတယ်။ မနက် ၅ နာရီခွဲခေါက်။ အစောကြီးဆိုတော့ သင်္ဘောပေါ်မှာ လူကလည်း ရှင်းနေတာပေါ့။ အမေနဲ့ သူ့အရွယ်အမျိုးသမီးကြီး ငါးယောက်လောက်ရှိမယ်ထင်တယ်။

အဲဒီမှာအမေတို့ အမျိုးသမီးတစု လက်ပံပင်ဆက်ရက်ကျ ပြောကြဆိုကြ။ အတင်းလုပြီးလည်းပြော။ အတင်း ဝင်ဖြတ်ပြီးလည်းပြော။ ပြောလို့ရတာအကုန်ပြောလိုက်ကြတာ သင်္ဘောက ပုဇွန်တောင်ဆိပ်ကမ်းကို ကပ်တာလည်း မသိဘူး။ သင်္ဘောက ရန်ကုန်ကိုပြန်ခွာပြီး သန်လျင်ဘက်ကို ပြန်ဦးလှည့်နေတော့မှ တယောက် က မြင်လိုက်ပါလိမ့်မယ်….“ဟဲ့ သင်္ဘောကြီး ပြန်ခွာနေပြီ။ သွားသွား ပြန်ကပ်ခိုင်း” လို့ ထအော်ကြတယ်။

သင်္ဘောဆိုတာမျိုးက ခွာပြီးရင် ဘယ်ပြန်ကပ်ပေးပါ့မလဲ။ သူ့အချိန်နဲ့သူ ဝင်ထွက်ရတာကိုး။ အဲဒါနဲ့ သူတို့တစု သန်လျင်ဘက်ကို ပြန်ပါသွားကြလေသတည်းပေါ့။ သန်လျင်ဘက်ရောက်မှ သင်္ဘောကို နှစ်ခေါက်ပြန်စီးရတဲ့ အဖြစ်ရောက်ပါသတဲ့။ အဲဒီအကြောင်းကို အမေကအဖေ့ကို (ကာတွန်းဆရာဆိုတာ မေ့လို့ထင်ရဲ့) ပြန်ပြောတော့ ကျမတို့မောင်နှမတစုနဲ့ အဖေနဲ့ ရယ်ကြပြန်တာပေါ့။

အဖေက ရယ်ရုံတင်အားမရဘူး ကာတွန်းအဖြစ်အသက်သွင်းပါလေရော။ အမေ့မှာအကျင့်တခုရှိတယ်။ (ဒါကတော့ အိမ်ရှင်မတိုင်းမှာ ရှိမယ့်အကျင့်မျိုးဖြစ်မှာပါ)။ အဖေ့ကာတွန်း စာစောင်တခုခုမှာပါလာရင် ဘာကာတွန်းလဲဆိုတာ အရင်မဖတ်ဘူး။ “စာမူခဘယ်လောက်ရလဲဟင်” ဆိုပြီးအရင်မေးတတ်တယ်။ အဲဒီအမေတို့ကာတွန်း (တေဇမှာထင်ရဲ့) ပါလာတော့ အဖေက စာအုပ်ကလေးစားပွဲပေါ်တင်ပြီး “ကာတွန်းပါလာတယ်ဟေ့” လို့ပြော….အမေက ထုံးစံအတိုင်း သူစိတ်ဝင်စားတာပဲ သူမေးပြီး ကာတွန်းကို တော်တော်နဲ့ မဖတ်ဘူး။ အဲဒီကာတွန်းကို ဖတ်မိတဲ့တခြားသူတွေက အမေ့ကိုပြန်ပြောပြတော့မှ အမေသိရပြီး စိတ်ဆိုးတော့တာပေါ့။ သူ့ကိုကာတွန်းရေးရမလားဆိုပြီး…။ ကျမတို့မောင်နှမတွေနဲ့အဖေ ရယ်ကြပေါ့။

အဲဒီအကျင့်ကို ကျမတို့မောင်နှမတွေမှာ ပါလာတာရဲ့အစက ကျမမောင်လေး ရှစ်တန်းလောက်က ကာတွန်း တကွက်ဆွဲရာက စတာပါပဲ။ (သူက အဖေ့ရဲ့အမွေကို အပြည့်အဝရခဲ့သူလေ)။ အဲဒီကာတွန်းက ၂ကွက် ကာတွန်းလေး။ တကွက်က ကလေးနှစ်ယောက် အိမ်ရှေ့မှာရပ်နေတုန်း အိမ်နောက်က “ခလွမ်း” ဆိုတဲ့ ကျကွဲသံကြားရတော့ ကောင်လေးနှစ်ယောက်ထဲက တယောက်က “အဲဒါငါ့အစ်မလုပ်လို့ ကွဲတာကွ” လို့ ပြောနေဟန်။ နောက်တကွက်က “ခလွမ်း” ဆိုတဲ့အသံကြားပြီးနောက်ဆက်တွဲ ဘာသံမှမကြားရတော့ ခုနပြောတဲ့ ကောင်လေးကပဲ.. “အဲဒါ ငါ့အစ်မကြောင့်ကွဲတာ” လို့ပြောနေတဲ့ ပုံလေးပေါ့။ ကျမအမေကို သရော်ထားတာလေ…အဲဒီကစလို့ ကျမတို့မောင်နှမတွေ အဖေ့အကျင့်ကူးစက်ပြီး အမေ့ကို ချစ်စနိုးသရော်ကြ၊ စကြ၊ နောက်ကြတယ်။

အမေကလည်း စိတ်မဆိုးဘဲ စိတ်ဆိုးချင်ယောင်ဆောင်ပြီး “နင်တို့နော် အဖေတူတွေ” ဆိုပြီး ကျေနပ်တဲ့ အသံကြီးနဲ့ပေါ့။ အဖေက ကျောင်းဆရာလည်းဖြစ်တော့ သူ့တပည့်တွေက သိပ်ချစ်ကြတယ်။ အဖေက သူ့တပည့် တွေကိုလည်း အမြဲရယ်မောစေတာကိုး။ သူ့တပည့်တချို့ကဆို သူ့ကိုကွယ်ရာမှာ နာမည်ပြောင် ပေးထားကြတယ်။ “ပြောင်တည်တဲ့” ခပ်တည်တည်နဲ့ ရယ်စရာပြောတတ်လို့။

အဖေ့ရဲ့ အသုဘချတော့ ကျမတို့မောင်နှမတွေ ဝမ်းနည်းကြပေမယ့် မျက်ရည်မကျကြေးလို့ တိုင်ပင်ထား ကြတယ်။ အဖေကငိုတာမကြိုက်ဘူးလေ။ အဖေ့ရဲ့ပုံတူကို ဦးရွှေမင်းသားကဆွဲပေးတော့လည်း ရယ်လို့….။ သူ့ရဲ့ကာတွန်းအဖွဲ့တွေကလည်း ဝမ်းနည်းပေမယ့် မငိုကြပါဘူး။ ခုလည်း အဖေ့ကိုလွမ်းတိုင်း ကျမတို့ အဖေ့အကြောင်းတွေ ပြန်ပြောပြီး ရယ်ဖြစ်ကြတာများတယ်။ အဖေ့တပည့်တွေနဲ့ဆုံတိုင်းလည်း သူတို့က အဖေဟာသဖောက်ခဲ့တာတွေ၊ တပည့်တွေအပေါ် ကြင်နာပုံတွေပဲ ပြန်ပြောကြတယ်။ အဖေက ကျမတို့ကို ရယ်တတ်အောင်သင်ပေးခဲ့တယ်။ မရယ်တတ်သူများကိုမြင်ဖူးကြပါသလား………….။ အဲဒီလိုလူတွေကို ကျမ တော်တော် သနားမိပါတယ်။

ကျမကတော့ ရယ်တတ်တဲ့ အကျင့်စွဲလို့နေပါပြီ။ ငယ်ငယ်က အဖေ့ကျေးဇူးကြောင့် စဖတ်ဖြစ်တဲ့ စာအုပ်တွေက ကာတွန်း(ဦး) သန်းကြွယ်နဲ့ (ဦး)အောင်ရှိန်တို့ရဲ့ကာတွန်းတွေပါ။ ဆရာကြီး (ဦး)သန်းကြွယ်ကွယ်လွန်တုန်းကဆို ကျမ ကလေးပဲရှိသေးတာ။ အဲဒီတုန်းက ငိုတောင်ငိုမိသေးတယ်။ နောက်တော့ သမိန်ပေါသွပ်။ အဲဒီကတဆင့်တက်လို့ ပြာလောင်၊ ပြာဂလောင်၊ ပြာလချောင်၊ ခင်ချောစွိ၊ ဦးထူးဆန်း၊ ကာတွန်းဖတ်ရင်တောင် မရယ်ရရင် မကြိုက်ချင်ဘူး။ သမိန်ပေါသွပ်ရဲ့ ရှေးဟောင်းစတိုင်ဝတ်ပြီး ခေတ်ကိုထင်ဟပ်တဲ့ ကာတွန်းတွေကို ကြိုက်တယ်။ ကာတွန်း(ဦး) တင်အောင်နီရဲ့ တွေးပြီးမှ တစိမ့်စိမ့်ရယ်ရတဲ့ ပြာလောင်ကာတွန်းတွေကို ကြိုက်တယ်။

မဂ္ဂဇင်းကိုလှန်ရင် အရင်ဆုံး ကာတွန်းရှိတဲ့စာမျက်နှာကို လှန်တတ်တယ်။ အဲဒီကတဆင့်တက်လို့ ဝတ္ထုတွေ စဖတ်တတ်တဲ့အချိန်မှာ အဖေပေးလို့ ဖတ်မိတဲ့စာအုပ်က ဆရာမင်းလူရဲ့ “ရယ်စရာမောစရာ”။ ပြီးတော့ ဘာသာပြန်တွေ စဖတ်ဖြစ်တဲ့အချိန်မှာ ကျမအဖေမရှိတော့ဘူး။ အဲဒီမှာ ကျမအကိုလို ချစ်ခင်ရတဲ့အကိုကြီး တယောက်က ဖတ်ကြည့်စမ်း၊ ကောင်းတယ်ဆိုလို့ ဖတ်မိပြီး စွဲလန်းခဲ့ရတဲ့ စာအုပ်ကတော့ ဂျွန်စတိန်းဘတ်ရဲ့ တော်တီလာဖလက်။ အဲဒီကစပြီး ဂျွန်စတိန်းဘတ်ကိုစွဲလန်းခဲ့၊ တော်တီလာဖလက်ကိုလည်း သူငယ်ချင်းတွေကို ပေးဖတ်ပြီး စုရယ်ကြ… ပြောပြီးရယ်ကြ၊ မရယ်တတ်တဲ့သူတွေကို ကြည့်ပြီး ရယ်ကြ၊ လောကကြီးရဲ့ ကမောက်ကမဖြစ်မှုတွေကို ကြည့်ပြီး ရယ်ကြနဲ့ပေါ့။

ဒီလိုနဲ့ အိမ်ထောင်ဘက်ရွေးတာတောင် ကျမတိုင်းတဲ့ပေတံက “သူ သေသေချာချာ ရယ်တတ်ရဲ့လား” ဆိုတဲ့ ပေတံ ဖြစ်လို့နေတယ်။ ခုတော့ သားလေးတယောက် ရခဲ့ပြီ။

ကျမအဖေက ကျမတို့ကိုရယ်တတ်ဖို့ သင်ခဲ့သလို ကျမတို့ကရော ကျမတို့သားလေးကို ရယ်တတ်အောင် သင်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတယ်။ ကျမ အယ်ဒီတာလုပ်နေတဲ့ အင်တာဗျူးဂျာနယ်က ကျမကိုဇော်ဝင်းထွဋ်နဲ့ သွားဗျူးခိုင်းတုန်းက “ ကိုညီထွဋ်ရဲ့သားသမီးတွေကို ဘယ်လိုဖြစ်စေချင်သလဲ” ဆိုတဲ့မေးခွန်းမေးတော့ သူက “ကလေးတွေကို ရယ်တတ်စေချင်တယ်…နေရာတိုင်းမှာ အတည်ပေါက်ကြီးနဲ့ တွေးနေရင်လည်းမကောင်းဘူး” လို့ဖြေခဲ့တာ မှတ်မိပါတယ်။

ကျမပတ်ဝန်းကျင်မှာ ရယ်လွန်း၊ ရယ်စရာပြောလွန်းလို့ နုပျိုနေတဲ့သူ တကယ် ရှိပါတယ်။ ကျမ မူကြိုကျောင်း တုန်း ကလည်း ဒီရုပ်ပဲ။ ကျမအသက် ၂၀ အရွယ်မှာလည်း ဒီရုပ်ပဲ။ ကျမ အသက်၃၀ ရောက်တော့လည်း ဒီရုပ် ပဲ။

ကျမကတော့ ကလေး လူကြီးအားလုံး ရယ်တတ်စေချင်တယ်။ သဘာဝစစ်စစ်နဲ့ ရယ်စေချင်တယ်။ ပြီးတော့ လူတွေရယ်နိုင်ဖို့ ရယ်စရာစစ်စစ်တွေပေးနေတဲ့ ကာတွန်းဆရာတွေကိုလည်း (ကျမအဖေနဲ့ ထပ်တူ သဘော ထားလို့) အသက်ရှည်စေချင်တယ်။

၃-၇-၁၉၉၂ မှာကွယ်လွန်ခဲ့တဲ့ အဖေ ကာတွန်းအနောင်အတွက် အမှတ်တရ။
Beauty မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၀၀။


အဖွင့်စာမျက်နှာ

ငယ်ငယ်ကတည်းက ပါလာတဲ့ပိုးက စာရေးဖို့ပါ။ စာရေးတယ်ဆိုတဲ့နေရာမှာ စကားပြေ ကဗျာ ဆိုပြီး ရှိတဲ့ထဲက ကိုယ့်ကိုယ်ကိုယ် ကဗျာကိုရေးတတ်တယ်လို့ကိုမထင်ဘူး။ ကဗျာဆိုတာ သိပ်ကိုလေးနက်ပြီး လှပတဲ့အရာတခုမို့ ကိုယ်နဲ့တန်တယ်လို့လည်းမထင်ဘူး။ အရမ်းကို မြင့်မြတ်တဲ့ တစုံတရာလို့ ယူဆတဲ့အတွက် စကားပြေလိုင်းကိုပဲ ကိုယ့်ဖာသာရွေးချယ်လိုက်ပါတယ်။ စကားကိုအကုန်ပြောတာမဟုတ်ပါဘူး။ ကဗျာလေးတွေကိုချစ်ပါတယ် ရေးဖွဲ့နိုင်တဲ့သူတွေကိုလည်း အလွန်လေးစားပါတယ်။ ငယ်ငယ်ကတော့ ဒီလောက်မစဉ်းစားဘဲ ကဗျာလေးတွေရေး တယောက်ထဲဖတ်ဖို့ သိမ်းထားခဲ့ဖူးပါတယ်။ ကြီးလာတော့မှ ကဗျာဆိုတာ ကိုယ်နဲ့ အရမ်းအလှမ်းဝေးပါလားလို့ ထင်ခဲ့တာပါ။ (အသက်ကြီးလာပတာနဲ့အမျှ ရိုးသားမှုတွေ လျော့လျော့လာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာလည်းပါတာပေါ့လေ)

ဒါနဲ့ပဲဝတ္ထုတိုလေးတွေရေးပြီး မဂ္ဂဇင်းတွေကို ပို့ခဲ့တယ်။ ကိုယ်စံပြုတဲ့ အယ်ဒီတာ စားပွဲကို မှတ်ကျောက်တခုလိုသဘောထားပြီး ဝတ္ထုတိုလေးတပုဒ်ပါခွင့်ရဖို့အရေး သုံးလေးလ၊ တခါတလေ လပေါင်းများစွာ ရင်တခုန်ခုန်နဲ့စောင့်ပြီး ပုံနှိပ်စာလုံးလေးတွေအဖြစ် ကိုယ့်ဝတ္ထုတိုလေးတွေ အက်ဆေးလေးတွေ ကိုမြင်ခွင့်ရလိုက်တဲ့ အချိန်ကလေးကတော့ ဘာနဲ့မှနှိုင်းဆလို့မရလောက်အောင် တန်ဖိုးရှိလှပါတယ်။

ပါဖူးတဲ့ဝတ္ထုတိုလေးတွေကို စာအုပ်ကလေးတအုပ်အဖြစ် လုပ်ချင်ပေမယ့် အကြောင်းကြောင်းကြောင့် လုပ်ခွင့် မကြုံခဲ့ဘူး။ ဘလော့ဆိုတဲ့ ကိုယ်ပိုင်အခွင့်အရေးအပြည့်ရတဲ့ အင်တာနက်စာမျက်နှာလေးတခုမှာ၊ စင်ကလေးတ ခုမှာ ကျမရဲ့ဝတ္ထုတိုလေးတွေ တင်ခွင့်ရတော့မှာဖြစ်တဲ့အတွက် ဝတ္ထုတိုလေးတွေ မဂ္ဂဇင်းစာမျက်နှာမှာ ပါခဲ့တုန်းကလို စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။ ကိုယ်ပိုင် မဂ္ဂဇင်းကလေးတအုပ်လို ကျမလုပ်ချင်တာ ရေးချင်တာလေးတွေ တင်ခွင့်ရတော့မှာမို့လို့ အူမြူးမိသလို တော်တော့ကို အူကြောင်ကြားနိုင်တဲ့ ကျမကို နည်းပညာပိုင်းနဲ့ပတ်သက်ပြီး စိတ်ရှည်စွာနဲ့ ကူညီပေးတဲ့ တူလေးထူးမြတ်ကို အထူးကျေးဇူးတင်ရပါတယ်။

ဒီစာမျက်နှာပေါ်မှာ ကျမရဲ့ဝတ္ထုတိုဟောင်းလေးတွေ အက်ဆေးဟောင်းလေးတွေနဲ့ နောက်ထပ်ရေးမယ့် ဝတ္ထုတို သစ်တွေ အက်ဆေးလေးတွေ နောက်ပြီး စိတ်ကူးတည့်သလိုဖန်တီးမိမယ့် စာညွန့်လေးတွေပဲတင်ပါမယ်။ ဆောင်းပါးတို့ သတင်းတို့ကို တင်ဖို့တော့ အစီအစဉ်မရှိပါဘူး။ အနုပညာနဲ့ ပတ်သက်သမျှ ကိုယ်တသက်လုံး မက်ခဲ့တဲ့ အိပ်မက်ကလေးတွေကိုပဲ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ။