ဝတ္ထုတို ၁၂

၂၀၀၂ ခုနှစ် အောက်တိုဘာလက ရတီမဂ္ဂဇင်းမှာ ပါခဲ့တဲ့ ဝတ္ထုလေးကို ပြန်ဖော်ပြလိုက်ပါ တယ်။ တကယ်က သရုပ်ဖော်ပုံလေးကိုပါ တင်ချင်တာ။ ကျမရဲ့ ချိုကျိုးနားရွက်ပဲ့ ခေတ်မမီ ပစ္စည်းတွေကြောင့် လက်လျှော့လိုက်ရပါတယ် (ကိုယ်အသုံးမကျ တာလည်း ပါသပေါ့)။ ကာတွန်း ထက်မိုးက သေချာဆွဲပေးထားတဲ့ သရုပ်ဖော်ပုံလေးကို အဆင်ပြေရင် နောက်ဆက်တွဲအနေနဲ့ ဖော်ပြပေးပါမယ် (စိစစ်ရေးမရှိတာ အဲဒါ တပန်းသာတယ်နော် ကြိုက်သလိုလုပ် အေးဆေးပဲ)။ ဘော်ဒါတွေက အသစ်တွေရေးဖို့ တိုက်တွန်းပေမယ့် ကျမ ဒီတလောမှာ အသစ်ရေးဖို့ အဆင် မပြေလှတာနဲ့ (ပျင်းတာကို ဂလိုပဲ ဖုံးဖုံးဖိဖိပေါ့) အဟောင်းတွေချည်း လှိမ့်တင်နေမိတာပါ။ တကယ်တော့ အဲဒီအဟောင်းတောင် ပြန်ရိုက်ဖို့ ခပ်ပျင်းပျင်းရယ်။ ဒါပေမယ့် ကျမစီပုံးလေး အသက်ဝင်နေတာကို စွဲလမ်းနေမိတာကြောင့် ပျင်းပျင်းနဲ့ ရှိပြီးသား အဟောင်းတွေ အတင်းရိုက် အတင်းတင် လုပ်နေမိတာပါ။ စိတ်ထဲမှာတော့ ရေးချင်တာတွေ၊ ဇာတ်လမ်းတွေ ရှိပါတယ်။ နောက်ပြီး အဟောင်းကလည်း ၁ ပုဒ်၊ ၂ ပုဒ်လောက်ပဲ လက်ထဲရှိတာ ကျန်တော့တာ ဆိုတော့ အသစ်က မဖြစ်မနေ ရေးကို ရေးရတော့မှာ။ ကျမရဲ့ အမာခံပရိသတ်လည်းဖြစ်၊ ကျမကို လာလာဆူနေကျလည်းဖြစ်တဲ့ မောင် ၂ ကောင် (ကျမစီပုံးကို အလွဲသုံးစား လုပ်ပြီး တယောက်နဲ့ တယောက် လှမ်းလှမ်း အော်နေတဲ့ ကောင်တွေ) ကလည်း ကျမကို အသစ်ရေးပါ၊ အသစ်ရေးပါချည်း လုပ်နေလေရဲ့။ သူတို့မရေးရတိုင်းလေ။ “ဟေးယောင်တွေ ဒီတခါအသစ်ရေးရင် ဇာတ်ကောင်က နင်တို့ထဲက တကောင်ပဲ သဘောပေါက်”။ ဒီ အစီအစဉ် ကြေညာသူ ကြီးကလည်း အပြင်မှာ တကယ်ရှိတဲ့ လူတယောက်အကြောင်းပါ။ ဇာတ်လမ်း တကယ့်အဖြစ်အပျက် ၂ ခုကို ရော မွှေထားတာ။ ဖတ်ကြည့်ပါဦးနော် (မဖတ်ဘဲကျော်သွားလည်း တတ်နိုင်ဘူးပေါ့)။ :P

အစီအစဉ် ကြေညာသူကြီး

ဖိုးသိုက်တယောက် သူ့ကိုယ်သူ မှန်ထဲမှာ တတိယ အကြိမ်မြောက် ပြန်ကြည့်လိုက်တယ်။ ဖြီးပြီးသား ခေါင်းကို တချက် နှစ်ချက် ပြန်ဖြီးရင်း နာရီကို လှမ်းကြည့်လိုက်တယ်။ ဆယ်နာရီ လေးဆယ်။ ဆယ့်တနာရီ လာခေါ်မှာဆိုတော့ မိနစ် ၂၀ တောင်လိုသေးတယ်။

ဒီနေ့ သူကိုက စိတ်စောနေမိတာပါ။ သူ့လက်စွမ်းပြခွင့် မရတာကြာပြီလေ။ ဟုတ်တယ် ... ဒရမ်စတစ်တွေနဲ့ သူ့လက်တွေ ကင်းကွာ နေရတာတောင် တော်တော် ကြာနေပြီ။ ဒီလို မြို့လေးမှာ သူလို ဒရမ်မာတယောက် အနေနဲ့ ဘယ်မှာ ဆက်တိုက်လာပြီး လက်စွမ်းပြခွင့် ရပါ့မလဲ။ ခုနောက်ပိုင်း မင်္ဂလာဆောင်တွေကလည်း တီးဝိုင်းတွေ ဘာတွေ မထည့်ဘဲ ကက်ဆက်နဲ့တင် ပြီးသွားတာ များတယ်လေ။ သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့မှာလည်း ပါမစ်မရတာနဲ့၊ ဦးဆောင်မယ့်သူ မရှိတာနဲ့ တီးဝိုင်းသံ မကြားရတာကြာပြီပဲ။ ဟော ... ခုတော့ သူတီးရတော့မယ်။ မနေ့ကပဲ ကိုမြဟန်က သူ့ကိုလာပြောသွားတယ်။

ကိုမြဟန်ဆိုတာ စက်တွေ ငှားစားတဲ့သူ၊ သင်္ဘောသားလေ ...။ သူ့စက်တွေကို လာငှားသွားတယ်တဲ့။ အဲဒီမှာ ဒရမ်သမားနဲ့ ကီးဘုတ်သမား မရှိဘူးတဲ့။ ဒါကြောင့် ဖိုးသိုက်ကို လာပြောတာ။ ကီးဘုတ်သမားလည်း ဖိုးသိုက်ပဲ ရှာပေးရတယ်။ ကိစ္စမရှိဘူး၊ ကိုရဲ ကီးဘုတ် တီးတတ်တယ်။ ကိုရဲဆိုတာက သူ့ယောက်ဖ။ သူ့မိန်းမရဲ့မောင်။ ပြီးပြီပေါ့။

ဒီနေ့ နေ့လယ်ဘက် အစမ်းလေ့ကျင့်ပြီး ညတခါတည်း ဆက်တီးရမှာတဲ့။ ခုမှ သတိရတယ်။ တီးချင်ဇောနဲ့ ဘယ်မှာတီးရမှာလဲ မမေးမိဘူး။ ဒါပြဿနာ မဟုတ်ပါဘူးလေ။ တီးရဖို့က အဓိကပဲဟာ။ ခဏနေတော့ ဖိုးသိုက်ရေ ... ဆိုတဲ့အသံနဲ့ အတူ ကိုရဲ ဝင်လာတယ်။

“ကိုမြဟန် မလာသေးဘူးလား” လို့မေးတယ်။
“အေး ..။ ဆယ့် တနာရီ ချိန်းထားတာပဲ။ သူလာမှာပါ”

အဲဒီအချိန်မှာပဲ အိမ်ရှေ့မှာ ကားရပ်သံ ကြားရပြီး ကိုမြဟန် ဆင်းလာတယ်။
“ဖိုးသိုက်ရေ ပြီးပြီလား။ သွားမယ်ဟေ့”
“ပြီးပြီ ကိုမြဟန်။ ဒါနဲ့ခုတီးရမှာ ဘယ်မှာလဲ”
“သဲဖြူချောင်းမှာ”
“ဗျာ ... သဲဖြူချောင်း ဟုတ်လား။ အဲဒါဘယ်မှာလဲ”
ကိုရဲ ဝင်မေးလိုက်တယ်။
“ဟာ မင်းတို့ကလည်း သဲဖြူချောင်းဆိုတာ ညောင်သုံးပင်နားတင်ကွ။ မြို့ပြင် အထွက်လေး မှာပဲ။ ဒါတောင် မသိဘူးလား”

မသိဘူး။ သူတို့ တခါမှ မကြားဖူးတာပဲ။ ထားပါလေ။ ညောင်သုံးပင်နားဆိုတော့ သိပ် မဝေးဘူး ပြောရမှာပေါ့။

“ဒီပွဲက ဘာအတွက် လုပ်တာလဲ ကိုမြဟန်”
ဖိုးသိုက်က မေးလိုက်တယ်။ အခုမှပဲ ကိုယ်တီးရမယ့်ပွဲအကြောင်း မေးရတာ။ ကိုမြဟန်က ဖြေပါတယ်။

“အဲဒီရွာက ဘုန်းကြီးကျောင်းက ဦးပဉ္ဇင်းတပါး ပထမပြန်အောင်လို့ ဂုဏ်ပြုပွဲ လုပ်တာ”

* * * *

သူတို့ ရောက်သွားတော့ ဘုန်းကြီးကျောင်းဝင်းထဲမှာ လူတွေ တော်တော်များများ ရှိနေတယ်။ ကိုမြဟန်က သူ့ပစ္စည်းတွေချရင်း အလုပ်များနေတဲ့အချိန် သူတို့ ၂ ယောက်ကတော့ ယောင်ချာချာနဲ့ပေါ့။

“ဆရာတို့ ၂ ယောက် ထမင်းစားဖို့ ကြွပါခင်ဗျ”
“ကျနော်တို့ကို ခေါ်တာလား”
မေးသာမေးရတယ်။ သူတို့ကိုခေါ်တယ် မထင်ဘူး။ ဟိုက ..

“ဟုတ်ကဲ့ခင်ဗျ” တဲ့။

သူတို့လိုက်သွားတော့ ကျောင်းတဆောင်ပေါ်မှာ ထမင်းပွဲကြီးက ဟည်းလို့။ ကြက်သားဟင်း၊ ငါးပိကြော်၊ ချဉ်ပေါင်ဟင်းချို၊ တို့စရာ၊ အသီးအရွက်ကြော် စုံလို့ပဲ။ မွှေးနေတာပဲ။ သူတို့ သိပ် ဟန်မဆောင်နိုင်တော့ဘူး။ ဗိုက်ကလည်း ဆာနေပြီလေ။ မနက်က လက်ဘက်ရည်ကလေး တခွက်ပဲ သောက်ထားတာ ဆိုတော့ ဝင်တွယ်လိုက်တော့တယ်။ သူတို့ ဝိုင်းမှာ သူတို့ ၂ ယောက်တည်း။ ဘယ်သူမှလည်း မပါဘူး။ သူတို့ ၂ ယောက် ထမင်းလိုက်ပွဲ တပွဲစီ ယူအပြီးမှာ နောက်နားက အသံတွေ ကြားတာနဲ့ လှည့်ကြည့်လိုက်တော့ အာကာကြီးရယ်၊ ကြက်ခေါင်းရယ်၊ ကိုနောင်ကြီးရယ်၊ ခုဏက လူက သူတို့ကို အတင်းဆွဲခေါ်နေတယ်။

“ဆရာတို့၊ တခါတည်း ဝင်လိုက်ပါ။ လုပ်ပါ၊ အားမနာပါနဲ့။ ဆရာတို့ တပည့်တွေ ဝိုင်းမှာပဲ ဝင်လိုက်ပေါ့”

ဖိုးသိုက်နဲ့ ကိုရဲ မျက်လုံးပြူးသွားတယ်။ ဒီကောင်တွေ ဘာတွေ ပြောထားပါလိမ့်။ ဒီကောင်တွေ က သိပ်ယုံရတာမဟုတ်ဘူး။ တော်တော် ဗယုတ်ကျတာ။

“ဟာ ... ။ မစားတော့ဘူး။ ကျနော်တို့ စားပြီးပြီခင်ဗျ”

နည်းနည်း ရှက်တတ်တဲ့ ကြက်ခေါင်းက ငြင်းတယ်။ ဒါကို အာကာကြီးက ဝင်ပြောတယ်။

“ဟာ ကိုကြက်ခေါင်းကလည်း။ ဘယ်မှာ စားရသေးလို့လဲ။ ဘုန်းကြီးကျောင်းပေါ်မှာ မလိမ်ပါနဲ့။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ဒီကောင်တွေ ဝိုင်းမှာပဲ ဝင်လိုက်မယ်နော်”

ကြက်ခေါင်းက အာကာကြီးကို အံတချက်ကြိတ်ပြတယ်။ ကိုနောင်ကြီးကတော့ အိနြေ္ဒကြီး တခွဲသားနဲ့ စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ သူတို့ကို လိုက်ပို့ပေးတဲ့သူ ထွက်သွားတာနဲ့ ဖိုးသိုက် သိချင်စိတ်ကို မအောင့်နိုင်တော့ဘူး။

“နေစမ်းပါဦး မင်းတို့ ဘယ်ကဘယ်လို ရောက်လာကြတာလဲ။ ပြီးတော့ ငါတို့ကို မင်းတို့ရဲ့ တပည့်လေး ဘာလေးနဲ့ မင်းတို့က ဘာတီးတတ်လို့လဲ။ လက်ခုပ်တောင် ဖြောင့်အောင် မတီးတတ်ဘဲနဲ့များ”

“အေးကွာ။ ငါတို့ အာကာ့ ဆိုင်ကယ်နဲ့ လိုက်လာကြတာ။ မင်းတို့ ဒီဘက်မှာ တီးဝိုင်းတိုက် ရှိတယ်ဆိုတာနဲ့။ ဒီရှေ့လည်းရောက်ရော ခုနက လူနဲ့ တွေ့တာပဲ”

ကိုနောင်ကြီးက ရှင်းပြတယ်။ အာကကြီးက ဆက်ပြီး ...။
“အဲဒါ ဘယ်သူနဲ့ တွေ့ချင်လို့လဲ။ ခင်ဗျားတို့က ဘယ်သူတွေလဲ မေးတာနဲ့ ငါက ကျနော်တို့က ဒီမှာ ဒရမ်နဲ့ ကီးဘုတ်တီးမယ့် ကောင်လေးတွေရဲ့ ဆရာတွေပါလို့။ ပြီးတော့ ကောင်လေးတွေ ကို ဒီအတိုင်း မျက်နှာလွှဲလိုက်ရမှာ စိတ်မချလို့ပါလို့ ဆိုလိုက်တာနဲ့ ပျာပျာသလဲဖြစ်သွားပြီ။ ဟဲဟဲ။ မင်းရှေ့က ကြက်သားပန်းကန်လေး လှမ်းလိုက်စမ်းပါ”

အာကာကြီး စကားအဆုံးမှာ ဖိုးသိုက် အသံမထွက်အောင် ဆဲလိုက်တယ်။ အသံထွက်လို့က လည်း မရဘူးလေ။ သူတို့နားကို ဟိုလူရောက်လာပြီ။ ပြီးတော့ ဖိုးသိုက်နဲ့ ကိုရဲကို ရှိတယ် တောင် မထင်တော့ဘဲ ဟိုသုံးယောက်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတော့တယ်။

ထမင်းစားသောက်ပြီး စက်တွေ ဆင်ပြီးတာနဲ့ တီးဝိုင်း စတိုက်ကြတယ်။ အာကာကြီးတို့ သုံးယောက်ကတော့ ခုံသုံးလုံးမှာ သွားကြားထိုးတံ ကိုယ်စီနဲ့ ခန့်ခန့်ကြီးတွေ ထိုင်လို့ပေါ့။ ဘာမှ နားမလည်ဘဲ အကဲခပ်ချင်ယောင် ဆောင်နေတယ်။ ဆိုတဲ့သူတွေကတော့ ရွာထဲကပါပဲ။ ကောင်လေး ကောင်မလေး ဆယ့်လေး ငါးယောက် လောက်ရှိမယ်။

ဆိုတဲ့ သီချင်းတွေကလည်း ကြားဖူးနားဝ ရှိတာတွေချည်းဆိုတော့ သိပ် အခက်အခဲ မရှိလှဘူး။ တချို့ အသံလေးတွေ စောင်းနေတာ၊ ကီးမဝင်ဘဲ ချော်နေတာမျိုးကလွဲရင်ပေါ့။ အဲဒီမှာ ကောင်မလေးတယောက်က တင်ဇာမော်ရဲ့ ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်ကို ဆိုတယ်။ ကီးလေး နည်းနည်း လွဲနေတာကလွဲရင် မဆိုးပါဘူး။ ဆိုတတ်တယ်လို့ ပြောရမယ်။ ဒီလူတွေထဲမှာတော့ တော်တော်ကောင်းတယ်ပေါ့လေ။ အနူတောမှာ လူချောပေါ့။ အဲဒီကောင်မလေးလည်း ဆိုပြီး ရော အာကာကြီးက တစခန်းထပါလေရော။ လက်ခုပ် တဖြောင်းဖြောင်း ထတီးပြီး ...

“ဟား ... ကောင်းလိုက်တာကွာ။ အရမ်းကောင်းတာပဲ။ ညီမလေး စီးရီးထုတ်ဖို့ ကောင်းတယ်။ ညီမလေးအသံက ပရော်ဖက်ရှင်နယ်ပဲ”
အာကာကြီးပြောတာကို ကောင်မလေးက ရှက်နေတယ်။
“ဒီလောက်လည်း မဟုတ်ပါဘူး။ သမီးက ဝါသနာတော့ပါတယ်။ အဆက်အသွယ်က မရှိဘူးလေ”
“ဟာ အဆက်အသွယ်အတွက်က မပူနဲ့။ အစ်ကိုတို့က ဒါတွေလုပ်နေတာပဲ”

အဲဒီနောက်မှာတော့ ကောင်မလေးက အားကိုးတကြီးပုံစံနဲ့ အာကာကြီးကို ကြည့်တယ်။ ပြီးတော့ သူတို့ ၂ ယောက် လေပေးတွေဖြောင့်လို့။ ဖိုးသိုက်ကတော့ ဒရမ်တီးရင်း အာကာကြီး ကို မျက်လုံးပြူးပြရတာ အမော..။
* * * *

“ကျေးဇူးပြု၍ ... ၍ .... ၍ .... နားဆင် ... နားဆင် ပါခင်ဗျာ ... ဗျာ ... ကျနော်များ ... များ ... အခုည .... ည ... ည”

စက်ထဲမှာ အဲကိုးပါတယ်လို့ ထင်နေပါသလား။ လုံးဝမဟုတ်ပါ။ ကိုရဲတော်တော် အံ့သြသွားတယ်။ ရယ်လည်း ရယ်ချင်သွားတယ်။ ဒါပေမယ့် ရယ်ချင်စိတ်ကို ကြိတ်မှိတ် မြိုသိပ်ထားရတယ်။ ဟုတ်တယ်လေ ကိုယ့်ကို ထမင်းခေါ်ကျွေးထားတဲ့ သူကို ဘယ်ရယ်သင့်ပါ့မလဲ။ မိုက်ကို ဟန်ပါပါနဲ့ ကိုင်လို့။ အဲကိုးမပါတဲ့ စက်ကို ကိုယ့်ဘာသာ ကိုယ့်အဲကိုးသံတွေ ထည့်ပြီး အော်နေတဲ့ သူ့ပုံစံကတော့ ခပ်တည်တည်ပဲ။ ကိုရဲ ဖိုးသိုက်ကို လက်တို့ပြီး နှစ်ယောက်သား ပြုံးရုံပဲ ပြုံးလိုက်ရတယ်။

“ဟုတ်ကဲ့ ဒီည ... ည .... ဖျော်ဖြေရေးအစီအစဉ်မှာ ... မှာ ... ဂီတ ငှက်ငယ်လေးများ အဖွဲ့ရဲ့ .. ရဲ့ တေးဂီတ ဖျော်ရေးကို ... ကို ... ကို”
သူ့စကားနဲ့သူ လည်ပြီး အဆုံးသတ်မရဘူး ဖြစ်နေတယ်။ ကိုရဲက ....
“တော်သေးတာပေါ့။ မိုးကြိုးငှက်ငယ်လေးများ မဟုတ်လို့”
ဆိုပြီး ရယ်နေတယ်။

ပြီးတော့ ဟိုလူ လည်နေတာကိုကြည့်ပြီး ဖိုးသိုက်ကို မျက်စပစ်ပြလိုက်တယ်။ ဖိုးသိုက်က သဘောပေါက်စွာနဲ့ ဒရမ်ကို ဝုန်းဒိုင်း တီးပေးလိုက်တယ်။ ဒီလူ့ကို ကယ်တင်လိုက်တဲ့ သဘော။ ပရိသတ်က “ဝေး” ကနဲထအော်တယ်။

“အစီအစဉ် စတင်ပါတော့မယ် ခင်ဗျာ။ အခု ပထမဦးဆုံး စတင်ဖျော်ဖြေတင်ဆက်မယ့် သူကတော့ အောင်ကျော်ဟိန်းတဲ့ ခင်ဗျား။ သူကတော့ သေခြင်းရဲ့တံခါးများ ဆိုတဲ့ သီချင်းကို သီဆိုမှာ ဖြစ်ပါတယ်”

ကိုအဲကိုးလည်း မအဲကိုးရဲတော့ဘူး။ သူကြေညာပြီးတာနဲ့ စင်ပေါ်ကို လူငယ်တယောက် တက်လာတယ်။ ဆံပင်တိုနံ့နံ့ကို နောက်က မမီ့တမီ စည်းထားတယ်။ ဘောင်းဘီက ဘေထုပ် ဂျင်းဘောင်းဘီပွပွကြီး။ အင်္ကျီကတော့ ပြောင်ပြောင်လက်လက်တွေနဲ့။

“သေခြင်းရဲ့ တံခါးများ ... ဟေး ... ဟေး ... သေခြင်းရဲ့ တံခါးများ ... ဟေး ... ဟေး ...။ တံခါးများလည်း ပိတ်လိုက်ပါဦး ... ဟုံး .. ဟုံး ... ဝါး ဟားဟား ... ဝိုးဟိုးဟိုး... ဝေးဟေးဟေး .. ဟေး .. ဟေး”

သူဆိုရမယ့် နေရာကော။ သူများနောက်က လိုက်ဆိုရမယ့် ဟာတွေကော ... တယောက် တည်း ဆိုသွားတယ်။ ပြီးတော့ သီချင်းအဆုံးမှာ သရဲကားထဲက အသံမျိုးတွေပါ အဆစ် အော်ထည့်သွားသေးတယ်။ လေးဖြူသာ ကြားရင် အတုခိုးမလားမသိ။

“ဒုတိယ သီဆိုမယ့် သူကတော့ မမိုးမိုးစီပဲ ဖြစ်ပါတယ်ခင်ဗျာ။ သူဆိုမယ့် သီချင်းလေးရဲ့ အမည်ကတော့ ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင် တဲ့”

ဟိုကောင်မလေး တက်လာတယ်။ မျက်နှာက မော့မော့ မော့မော့နဲ့။ နေ့ခင်းက အာကာကြီး ဘယ်လောက်တောင် မြှောက်ပေးလိုက်သလဲ မသိဘူး။ မိတ်ကပ်တွေက မျက်နှာမှာ ဖွေးလို့။ လည်ပင်းကို မလိမ်းဘဲထားတော့ လည်ပင်းက မည်းနေတယ်။ နနွင်းရောင် ဝမ်းဆက်နဲ့။ တီးလုံး အင်ထရို စဝင်လိုက်ပြီ ဆိုရင်ပဲ ကိုယ်ကို စတင်လှုပ်ခါပါတော့တယ်။ တီးလုံးအပြီးမှာ မိုက်ကို ဟန်ပါပါနဲ့ ကိုင်ပြီး ဆိုလိုက်တာနဲ့ ကိုရဲ ရှုံ့မဲ့သွားတယ်။

တီးတာ တခြား ဆိုတာတခြား။ ကီးက လုံးဝလွဲနေတယ်။ သူကတော့ ခပ်တည်တည်ပဲ။ ကိုယ်လေးကို ယမ်းပြီး ဆက်ဆို နေလေရဲ့။ သူမှားနေတယ် ဆိုတာ လုံးဝ မသိ။ ဂစ်တာသမားကတော့ ကရုနာသက်စွာနဲ့ ကီး ချိန်းပြီးတီးပေးဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ကောင်မလေးဆိုနေတဲ့ ကီးကို လုံးဝဖမ်းမရဘဲ ဂေါ် ကနဲ၊ ဂွမ် ကနဲ ဖြစ်သွားပြီး ပိုဆိုးသွားတယ်။ ကောင်မလေးကလည်း မျက်စောင်းလှည့်ထိုးတယ်။ အဲဒါနဲ့ ဂစ်တာသမား လည်း ငြိမ်ပြီး ကီးတလွဲကြီးကိုပဲ ဆက်တီး ... ကောင်မလေးကလည်း အဆုံးထိ တလွဲကြီးနဲ့ ဆိုပြီး “ကျေးဇူးတင်ပါတယ်ရှင်” တွေ ဘာတွေ ပြောလို့ ဆင်းသွားလေရဲ့။

“အခု သီဆိုဖျော်ဖြေမယ့် သူကတော့ ဧည့်သည်အဆိုတော် အာကာထွန်း ဖြစ်ပါတယ် ခင်ဗျာ”

ကိုရဲနဲ့ ဖိုးသိုက် ကြောင်သွားတယ်။ နာမည်တူတာတော့ ဟုတ်မယ်မထင်ဘူး။ တယောက်ကို တယောက် ကြောင်ပြီးကြည့်နေတဲ့ အချိန်မှာ စင်ပေါ်ကို ဝက်တကောင်လို အာကာကြီး တက်လာတယ်။ အံမယ် သူက ဂစ်တာသမားတွေကို နုတ် စာရွက်တွေတောင်ဝေလို့။ သားရေ ဂျာကင်အကျပ်၊ သားရေ ဘောင်းဘီ အကျပ်နဲ့ ကန်းထရီး ဘုကြီး စီးလို့။ သူက ဇော်ဝင်းထွတ်ရဲ့ ဂျစ်ပစီ မိုးတိမ်ကို ဆိုတာ။ သီချင်းက အေးအေးလေးကို သူက တွန့်လိမ် ကောက်ကွေးပြီး တီကောင်တကောင်လို ကနေတယ်။

သီချင်းအဆုံးကျတော့ ဘာမှ မဆိုင်ဘဲ “အိုးရေး” လို့ အော်ပြီး လက်သီးဆုပ် ၂ ဘက်ကို ဟန်ပါပါ ဒေါင်လိုက် ဆွဲချပြီး ခပ်တည်တည်နဲ့ ဆင်းသွားလေရဲ့။ ဖိုးသိုက်ရဲ့ ဦးခေါင်းထဲမှာ မေးခွန်း သင်္ကေတတွေ ပေါ်လာတယ်။ ဒီကောင် ဘယ်လိုရောက်လာတာပါလိမ့်။ သီချင်းလည်း မကျင့်ဘဲနဲ့။ ဘာပဲဖြစ်ဖြစ်လေ။ ဒီကောင်ရှိနေတော့ အပြန်ကျ အဆင်ပြေတာပေါ့ဆိုပြီး ဖြေတွေး ရတယ်။

“အခု ဆက်လက်ပြီး ...”
အစီအစဉ်ကြေညာသူရဲ့ “အခုဆက်လက်ပြီး” ဆိုတဲ့ စကားလေး စရုံပဲရှိသေးတယ်။ ပွဲခင်း တနေရာက ဝုန်းဒိုင်း ဝုန်းဒိုင်း အသံတွေ ဆူဆူညံညံ ကြားရပြီး လူတယောက် စင်ပေါ်ကို ဝုန်းခနဲ့ ခုန်တက်လာတယ်။ ပြီးတော့ မိုက်ကိုလှမ်းယူပြီး ....။
“ဟေ့ ငါ့ညီကို ချသွားတာ ဘယ်ကောင်လဲကွ။ သတ္တိရှိရင် ထွက်ခဲ့”

မိုက်နဲ့အော်တာဆိုတော့ အသံက ဟိန်းပြီး ထွက်သွားတယ်။ အဲဒီအချိန်မှာ ပွဲခင်းရှေ့နားက မိန်းမကြီး တယောက်က စင်ပေါ်ကို လှမ်းအော်တယ်။
“သား ...။ ဆက်ပြော။ အမေရှိတယ်။ သတ္တိမရှိတဲ့ဟာတွေ”

ဖိုးသိုက်တို့ အံ့သြတကြီးနဲ့ ဘာဆက်လုပ်ရမှန်း မသိခင်မှာ စင်ပေါ်ကို ဘုန်းကြီးတပါး တက်လာပြီး ဟိုလူ့ဆီက မိုက်ကိုလုတယ်။

“အားလုံးငြိမ်ကြစမ်း။ မငြိမ်တဲ့သူ ကြိမ်လုံးစာ မိသွားမယ်။ ငါ့အကြောင်း သိတယ်မဟုတ်လား”
သူ့လက်ထဲက ကြိမ်လုံးကိုဝင့်ပြီး ပြောတယ်။ ပြီးတော့ ဖိုးသိုက်တို့ဘက်လှည့်ပြီး ...
“ကဲ ... ဒကာတို့ ဆက်တီးကြ” တဲ့
ဟိုလူက ဘုန်းကြီးလက်ထဲက မိုက်ကို ပြန်လုပြီး ...
“ဟေ့ ကြက်တောင်တဲ့ကွ။ မိုက်တဲ့လူတက်ခဲ့။ ငါ့ညီကို ခိုးကြောင်ခိုးဝှက် ဆော်သွားတာ ဘယ်သူလဲ”

ဘုန်းကြီးက မိုက်ကို ပြန်လုတယ်။
“ဟေ့ ဘာသတ္တိရှိတာလဲ။ ဘာကောင်တွေလဲ။ ပွဲဖျက်မယ်တော့ မကြံနဲ့နော်။ ငါ့အကြောင်း သိသွားမယ်။ ဟေ့ကောင် ကြက်တောင် ... ပြန်ဆင်းစမ်း”

သူ့ကြိမ်လုံးကြီးနဲ့ ကြက်တောင်ဆိုတဲ့လူကို ရိုက်ဖို့ရွယ်တယ်ဆိုရင်ပဲ စင်အောက်ဘက်က အသံ ထွက်လာတယ်။

“ဘုန်းဘုန်းဘုရား... သူတို့က အရင်စ ချတာဘုရား။ တပည့်တော်မသားက မခံနိုင်လို့ ဘုရား”
အောက်ကအသံကို ဘယ်လိုမှမတုံ့ပြန်ဘဲ သူတို့ဘက် ပြန်လှည့်တယ်။

“ကဲ .... ။ ဒကာတို့ ဆက်တီး။ ဟိုကောင် ကြေညာတဲ့ကောင် ဆက်ပြော”
ဆိုပြီး ဘုန်းကြီးက ကြက်တောင်ရဲ့ကုပ်ကို ဆွဲပြီး ဆင်းသွားတယ်။ ကြက်တောင်လည်း ဆုတ်ကနဲ ဆုတ်ကနဲ ပါသွားတယ်။

“အခု ဆက်လက်ပြီး ...”

အစီအစဉ်ကြေညာတဲ့သူက ထပ်ကြေညာဖို့ လုပ်တယ်။ အဲဒီအချိန်မှာ စင်ပေါ်ကို ကြက်တောင် ပြန်ပြေး တက်လာတယ်။ သူ့နောက်က လူ ၂ ယောက်လည်း ပါလာတယ်။ သူတို့လည်း စင်ပေါ်ရောက်ရော အောက်က ခဲတွေ ပြောင်းဖူးရိုးတွေ တခုပြီး တခု ဝဲပျံတက်လာကြတယ်။ ကိုရဲက ကြောက်ကြောက်နဲ့ ဘေ့စ် ဒရမ်ကြီးနောက်မှာ ဝင်ပုန်းတယ်။ ဖိုးသိုက်လည်း ဒရမ်တီးတဲ့ ခုံပေါ်မှာ မထိုင်ရဲတော့ဘဲ အောက်မှာ ဆင်းထိုင်ရတယ်။ ဟုတ်တယ်လေ။ ခဲဖြစ်ဖြစ် ပြောင်းဖူးရိုးဖြစ်ဖြစ် မှန်လိုက်တာနဲ့ မသက်သာဘူး။

ခဏ ဝုန်းဒိုင်း ဝုန်းဒိုင်း ဖြစ်ပြီး ပြန်ငြိမ်သွားပြန်တယ်။ မရဲတရဲနဲ့ ခေါင်းထောင်အကြည့်မှာ ခုနက ဘုန်းကြီး စင်ပေါ် ပြန်တက်လာတယ်။

“ကဲ၊ မှတ်ကြပြီ မဟုတ်လား။ ငါ့ကြိမ်လုံးက အကြောင်း သုံးပါး မရွေးဘူး။ နောက်တခါ ဖြစ်ရင် ဒီထက်နာမယ်။ ကဲ ... ဒကာတို့ ဆက်တီးကြ”

ဘုန်းကြီးက ဒကာတို့ ဆက်တီးကြဆိုပေမယ့် ဘယ်ဒကာမှ ဆက်မတီးရဲကြတော့ဘူး။ ခုနက ကြောက်နေတဲ့ အရှိန်က မသေသေးဘူးလေ။ မတော် ဒရမ်တီးနေတုန်း ခဲလုံး နဖူးလာမှန်ရင် မခက်လား။ ဖိုးသိုက်နဲ့ ကိုရဲ တယောက်မျက်နှာ တယောက်ကြည့်ကြတယ်။ ပြီးတော့ ဘုန်းကြီး ကို ဆက်မတီးရဲကြောင်း လျှောက်လိုက် ရတယ်။ ဂစ်တာသမားတွေကတော့ ခုနက ရုတ်ရုတ်သည်းသည်း ဖြစ်ကတည်းက ရှာမတွေ့တော့ဘူး။ ပွဲပျက်ပြီ။ ဟန်အပြည့်နဲ့ သီချင်းတက်ဆို သွားတဲ့ အာကာကြီးလည်း ကြောက်ပြီး လစ်ပြီထင်ရဲ့။ အစတောင် ရှာမရတော့ဘူး။


ပြန်မယ်ဆိုရင် သင်္ချိုင်းကုန်းကို ဖြတ်ပြန်ရမှာ။ ကိုမြဟန်ကလည်း ကားကို ပြန်လွှတ်လိုက်တော့ ကားနဲ့ ပြန်မပို့နိုင်ဘူး။ ရွာခံလူတွေကလည်း ဒီအတိုင်းတော့ မပြန်စေချင်ဘူး။ လူမှားပြီး ရိုက်မှာစိုးလို့တဲ့။ တီးချင်ဦးဟဲ့ ဒရမ်။

ခြင်တွေတဖတ်ဖတ် ရိုက်ရင်း ဘုန်းကြီးကျောင်းပေါ် တက်ကွေးမလား စဉ်းစားတယ်။ မဖြစ်ဘူး။ ဘောင်းဘီတွေနဲ့ ဆိုတော့ ခြုံပြီးကွေးစရာ ပုဆိုးလည်းမပါ။ ဒီဇင်ဘာကြီး ဆိုတော့ တော်တော်လည်း ချမ်းတယ်။ ကိုမြဟန်နဲ့ အဖွဲ့ကတော့ ကျောင်းပေါ်မှာဘဲ အိပ်မယ်တဲ့။ သူတို့ ၂ ယောက်သာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။ နောက်ဆုံးတော့ ကိုရဲက အကြံပေးတယ်။ စင်ပေါ်မှာ တာလပတ်စကြီးရှိတယ်။ အဲဒါကြီး ခင်းလည်းခင်း ခြုံလည်းခြုံ လုပ်ရအောင် ဆိုတော့ အိုကေသွားတယ်။ တာလပတ်စကြီးက နွေးနေတာပဲ။


“ဟလို ... ဟလို .... ဟဲလို ... ဟလို .... ဟယ်လို”

ဘာပါလိမ့် စောစောစီးစီး ဘယ်က အသံချဲ့စက် လာစမ်းနေတာလဲ။ ဟလို တလုံးထဲကို အသံနေ အသံထားအမျိုးမျိုးနဲ့ အောင်နေတယ်။ ဖိုးသိုက်ကြည့်လိုက်တော့ မိုးတောင် စင်စင် မလင်းသေးဘူး။

“ဟလို ... ဟဲလို ... ဟယ်လို ... ဟလို”

မဖြစ်သေးပါဘူး ဆိုပြီး တာလပတ်စကိုဖယ် ဘေးကိုကြည့်လိုက်တော့ ကိုရဲလည်း ငုတ်တုတ်လေး ထထိုင်ပြီး ဘာလဲ ဆိုတဲ့ သဘောနဲ့ သူ့ကိုကြည့်တယ်။ ခဏနေတော့မှ မနက်က သူတို့ကို ထမင်းကျွေးတဲ့သူ။ အစီအစဉ် ကြေညာသူကြီး စင်ပေါ်တက်လာတယ်။

“သြော် ... ဆရာတို့ ... နိုးကြပြီလား” တဲ့ ....။
“ဟာ ... ခင်ဗျားတို့ ဟလိုကြီးနဲ့ မနိုးဘဲနေမလားဗျ”
ကိုရဲက ဘုတောတော့ သူက ရယ်ပြီး ...
“ဟိုဒင်းလေ ... ပစ္စည်းလေးတွေ သိမ်းချင်လို့ .. အဲဒါ ... ဆရာတို့ကိုနှိုးရမှာ အားနာတာနဲ့ အသံချဲ့စက်ဆင်ပြီး ...”

လတ်စသတ်တော့ သူ့ရဲ့ ဟလို က သူတို့ကို နှိုးနေတာကိုး။

“အေးဗျာ၊ ကျေးဇူးပဲ။ နင့်မို့ဆို ကျတော်တို့ နိုးဦးမှာ မဟုတ်ဘူး။ ကျနော်တို့က မနက်ဆို နေဖင်ထိုးမှ ထနေကျဗျ။ ကဲ ... ကိုရဲရေ၊ ငါတို့ပြန်ရအောင်။ ကျနော်တို့ ပြန်လိုက်ပါဦးမယ်နော်”

ဖိုးသိုက်က ပြောပြောဆိုဆို ပြန်ဖို့ပြင်တယ်။ ပြင်တယ်သာပြောတာ။ သူတို့မှာ ပြင်စရာ ဘာမှ ပါတာမဟုတ်ဘူး။ ဒီလိုပဲ ထပြန်လိုက်ရုံပဲလေ။

ဟိုလူက ဖိုးသိုက်တို့ ၂ ယောက်နား ကပ်လာပြီး ဖိုးသိုက်လက်ထဲ ပိုက်ဆံအလိပ်ကလေး တလိပ် လာထည့်တယ်။

“နည်းတယ်များတယ် သဘောမထားပါနဲ့ဗျာ”
လို့လည်းပြောသေးရဲ့။ ဖိုးသိုက်ကလည်း သဘောမထားပါဘူး။ ရသမျှ အမြတ်ပဲဆိုပြီး ယူထားလိုက်တယ်။ လမ်းရောက်လို့ ဖြန့်ကြည့်လိုက်တော့ တထောင်တန် ၂ ရွက်။ တယောက် တထောင်စီပေါ့။ ဘယ်ဆိုးလို့လဲ။ တီးချင်တာ တခုတည်းနဲ့ လိုက်လာတာ။ ပိုက်ဆံရဖို့ ဆိုတာ မျှော်လင့်မထားဘူးလေ။ နောက်မှ ကိုမြဟန်ကြီးနဲ့ ပြန်ဆုံတော့ သူကပြောတယ်။ ဒီပွဲကို အဲဒီ လူတယောက်တည်း အကုန်အကျခံလုပ်တာတဲ့။ ထမင်း စားရိတ်ကအစ သူတို့ကို ပေးလိုက်တဲ့ ပိုက်ဆံ ၂ ထောင်အဆုံး သူချည်း စိုက်လုပ်ပေးတာတဲ့။ ဖိုးသိုက်ရင်ထဲက ခံစားချက် အပြည့်နဲ့ ညည်းလိုက်မိတယ်။

“သြော် .... အစီအစဉ် ကြေညာသူ ကြီးရယ် ... ရယ် ... ရယ် ... ရယ်...”



4 comments:

ATN said...

တထောင်တန် ဝေဒနာပေါ့လေ။

အတော်ကောင်းတဲ့ ၀တ္ထုဗျာ။

ကျနော် ငယ်တုန်းက
မင်္ဂလာဆောင်တခုမှာ ဂစ်တာသွားတီးဖူးတာလေး သတိရသွားတယ်။

Han Thit Nyeim said...

Sponsor ဒုက္ခပေါ့နော်... နော်... အော်... အော်...

Freshup said...

အတော်ကောင်းတဲ့ ၀တ္ထု ဆို ရေးတဲ့သူက နှယ်နှယ်ရရမှမဟုတ်တာ.. :D
ှဆီးဗုံးက ကျွန်တော်နဲ့အဆင်မပြေလို့ ဒီမှာပဲမန့်သွားတယ်ဗျာ

Kaung Kin Ko said...

ဝတ္ထုတိုလေး ကြိုက်တယ်ဗျာ။ မြူးမြူးလေး