မိုကထ စာမျက်နှာများ

ခု တရက် နှစ်ရက် စာတွေပဲ ဖတ်နေချင်မိတယ်။ မရေးချင်ဘူး။ ဒါပေမယ့် တဘက်ကလည်း စက်နဲ့ လှည့်ထုတ်သလို တချောက်ချောက်နဲ့ ရေးနေရတဲ့ ကိစ္စတွေက ရှိနေပြန်ရော။ အဲလိုတွေ ရေးနေရလေ စာက မရေးချင်လေ ...။ စာတွေပဲ ဖတ်ချင်လေ ...ဖြစ်နေပြန်ရော။ ပျင်းခွေခေါက်ပြီး စာအုပ်တအုပ်နဲ့ ငြိမ့်ရတာ မဟုတ်ပေမယ့် ဘလော့တွေမှာ စာတွေ လိုက်ဖတ်ရတာလည်း အရသာ ရှိတာပဲ။

ဘာနဲ့တူလဲဆိုတော့ ထိုင်းမှာ မိုကထ စားနေရသလိုပဲ။ ထိုင်းမှာနေတဲ့သူတွေကတော့ မိုကထ သိပြီးသားပါ။ မသိတဲ့သူတွေကို ပြောပြမယ် ..။ သူက အသားတွေ၊ ငါးတွေ၊ ပင်လယ်စာတွေ၊ အသီးအရွက်တွေကို အစိမ်းကော၊ အကင်ကော၊ အသုတ်ကော၊ အကြော်ကော မျိုးစုံ ပြင်ဆင် ပေးထားတာ။ အဲဒါကို ကိုယ့်စားပွဲပေါ်က မီး မြိုက်ထားတဲ့ အိုးလေးနဲ့ ကြိုက်သလို လုပ်စားရတာပါ။ ကင်ချင်ကင်၊ ပြုတ်ချင်ပြုတ်။ ကြော်တာ သုတ်တာကတော့ အဆင်သင့် ရှိပြီးသား ယူစားရုံပဲ။ ပုစွန်ထုပ်ကြီးတွေ ကင်စားချင်ရင်တော့ မီးကို လူတွေနဲ့ ဝေးရာမှာ သပ်သပ် ဖိုပေးထားတယ်။ အဲဒီမှာသွားကင်ပြီး ကိုယ့်စားပွဲ ယူလာစားပေါ့။

အချိုပွဲ ဆိုလည်း သစ်သီးစုံ။ ထိုင်းရိုးရာ မုန့်အချိုစုံ၊ ကိတ်မုန့်၊ ပူတင်း၊ အိုက်စကရင်မ် စုံပလုံနေအောင် ထား ပေးထားတယ်။ အဲဒါတွေကို ကြိုက်သလို ယူစား၊ စားနိုင်သလောက်စား၊ စားပိုးနင့်အောင်စား ... တယောက် ဘယ်လောက် ဆိုပြီး ရှင်းရုံပဲ။ ဘီယာ၊ အရက်၊ အချိုရည်တွေ အတွက်ကတော့ သပ်သပ် ရှင်းရတယ်။ အင်း စာအကြောင်းရေးရင်းနဲ့ ဝါးတီးကို ရောက်သွားပြီ :P (တူးတူးသာ ဆိုတာ အဲလိုလည်း ချော်တောငေါ့ပါတယ်)

ပြောချင်တာက စာတွေလိုက်ဖတ်ရတာ မိုကထ စားနေရသလိုပဲ အရသာစုံ၊ အတွေ့အကြုံဆုံ၊ အံ့မခန်း အရေးအသားစုံ၊ စိတ်ကူးစုံ ရှိတယ်၊ အဲဒါတွေထဲက ကိုယ်ကြိုက်ရာကို ယူဖတ်ရုံပဲ ဆိုတာပါ။

မနေ့ကတော့ ရုံးပိတ်တာနဲ့ ကျမဘလော့လေးကို ဟိုသည် ကလိရင်း ကျမဝင်ချင်တဲ့ ဘလော့တွေဆီ အလွယ်တကူ သွားချင်စိတ်ဖြစ်မိတယ်။ ကျမက ကျမရဲ့ ဘလော့လစ်စ် ခေါင်းစဉ်ကို ဘော်ဘော် ဘလော့ဂါ တွေလို့ ပေးထားတဲ့အတိုင်း ပထမတော့ ကျမနဲ့ (အွန်လိုင်းမှာ၊ အပြင်မှာ သို့မဟုတ် ၂ ခုလုံး မှာ) တကယ်ရင်းနှီးတဲ့ ဘလော့ဂါ မိတ်ဆွေတွေ စာရင်းကို ချိတ်ထားတာကိုး (အဲဒီဘလော့တွေက ကျမ တကယ်လည်း သေသေချာချာဝင်ဖတ်တဲ့၊ ကြိုက်လည်း ကြိုက်တဲ့ စာမျက်နှာတွေပါ)

ကျမထပ်ဖြည့်ချင်တဲ့ ဘလော့တွေရဲ့ ပိုင်ရှင်တွေက ကျမနဲ့ မရင်းနှီးသူတွေ ပါတယ်ဆိုတော့ စိတ်ထဲ ဘော်ဘော်ဘလော့ဂါတွေ ဆိုတဲ့စာရင်းအောက် ဖြည့်လို့ဖြစ်ပါ့မလား ဆိုပြီး အလုပ်မရှိ အလုပ်ရှာ စဉ်းစားလိုက်သေးတယ်။ ဒီတော့ တခြားခေါင်းစဉ်နဲ့ လင့်ခ်လေးပဲ လုပ်မလားပေါ့ ...။ အဲလိုကျတော့ လည်း မလုပ်ချင်ပြန်ဘူး။ ဘလော့လစ်မှာမှ ဘယ်သူက အသစ်တင်နေပြီ၊ ဘယ်သူဟာဖြင့် အရင် တပတ်ကျော်က ပို့စ်ကြီးပါလား ... အဲလိုတွေ့နိုင်တာကိုး (အဲဒီတော့ အသစ်ဗျို့ အသစ် ဆိုပြီး သွား သွားအော်လို့ ရတာပေါ့ အဟဲ။ မရေးလို့ကတော့ တွေ့ပြီသာမှတ်)

ဥပမာ - အစ်မ မေငြိမ်းစီဘောက်စ်ကို သွားပြီး ဖတ်ရတာ မဝဘူးဗျို့ (သူ့မြသီလာက ကောင်းခန်းတွေ မှာ ဖြတ်ဖြတ်ထားလို့) ဆိုပြီးအော်။ ကိုအောင်သာငယ်ရေ ခေါင်းကိုက် မြန်မြန် ပျောက်ပါစေ (ပျောက်စေ ချင်တာက နည်းနည်း သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံတွေ မြန်မြန်ဆက်ရေးပါလို့ ပြောချင် တာ)။ ထူးမြတ်တကောင်တော့ သူ့ကိုယ်သူ ကလေးဆိုပြီး လူကြီးတွေ နားမလည်တဲ့ စာတွေ ရေးနေပါလား၊ နားမလည်ဘူးပြောရင် ညံ့ရာကျမယ် လာဖတ်တယ်နော် တခွန်းပဲ မိတ်မပျက်ရုံ အော်ခဲ့ဦးမှ။ အဲလိုတွေပေါ့လေ။

ကျမဖတ်ချင်တဲ့ ဘလော့တွေကို ဘလော့လစ်ထဲပဲ ထည့်ချင်တယ်လို့ ပြောချင်တာပါ။ အဲဒီမှာ မနေ့က ကိုယ့်ဘာသာ အားတင်းပြီး ချိတ်ပြီကွ ဆိုပြီး ချိတ်လိုက်ရော။ ပန်ဒိုရာ၊ ကောင်းကင်ကို၊ ကလိုဆေးထူး၊ ကိုနဗန၊ ကိုတောကျောင်း တို့ကို ထပ်ချိတ်လိုက်တာ။ သူတို့ကို အသိလည်း မပေးဘဲ ငါ့ရဲ့ သယ်ရင်း တွေလို လုပ်လိုက်လို့ ကောင်းပါ့မလား ... စဉ်းစားပြန်ရော။ စိတ်ကိုရှုပ်နေရောပဲ။

ဒါပေမယ့် ကျမက စာချင်းသိရင် လူချင်းသိတယ်လို့ ထင်တာလေ ..(ဦးမိုးဒီကြီးကို အပြင်မှာတွေ့ တော့ ငါနဲ့သိဖူးတဲ့လူကြီးထင်တယ်ဆိုပြီး ပြုံးပြမိသလိုပေါ့ :P) စာတွေကို အရမ်း သဘောကျတော့ကား ဒါလည်း သယ်ယင်း ဖြစ်နိုင်တာပဲလေ ဆိုပြီး စိတ်ကို ဒုံးဒုံး ချလိုက်ပါတယ်။ ပြီးမှ သူရို့စီပုံးလေး တွေသွားပြီး အကြောင်းမကြားဘဲ ဘော်ဒါစာရင်းသွင်းလိုက်မိလို့ တောင်းပန်ပါတယ် ဆိုပြီး သွားလေး ဖြီးပြခဲ့ပါတယ်။

ခုတော့ အေးဆေးပဲ စာဖတ်ချင်ရင် ကျမဘလော့ကို အရင်ဖွင့်လိုက်တယ် ကျက်သရေမရှိတဲ့ ကိုယ့်စာတွေကို လုံးဝမကြည့်ဘဲ စီပုံးလေးကို တချက်ကြည့် ပြီးရင် ဘယ်သူအသစ်တက်နေလဲ ကြည့်။ အဲဒီမှာ ဟဲတော့ ကိုနဗနက မခင်ဥာဏ်ရဲ့ တည်ကြက်လည်း ကြည့်ဦး ဆိုပါလား။ ဟာ မမေငြိမ်းက “မြသီလာ ၉” တဲ့ဟေ့။ ဟင် ထူးမြတ်ကြီးက အောင်ချိမ့်ရဲ့ ဂန္ထဝင်မမ ကို ခပ်တည်တည်နဲ့ တင်ထား ပါလား (သူ့ဟာသူ စာရေးရမှာ ပျင်းလို့ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ပွတာပဲ)။ သြ .. ဂစ်တာနဲ့ဂီတ ပိုင်ရှင် သွားတိုက်ဆေး တယောက် အရင် အပတ်က နယူးတပ် ဆိုတဲ့ အိုးလ်တပ်ကြီးက မတက်သေးဘဲကိုး၊ သွားအော်လည်း အိပ်ချင်ယောင် ဆောင်နေဦးမှာ။ အမယ် ပန်ဒိုရာက မြို့ပြ၏ တောထဲတောင်ထဲ တိုးကြည့်ခြင်းတဲ့၊ ဝတ္ထုအသစ်ထင်တယ် (သွားကြည့်တော့ သူ တောတကယ်တိုးတဲ့ အကြောင်း ဖြစ်နေပါရော :P)

ဟ ဂျူလိုင်အိပ်မက်က ညနေထဲက မထွက်သေးပါလား သွားအော်မယ် (တကယ်တော့ သူက အသစ် တက်နေပြီ၊ ကိုယ့်စာမျက်နှာက အပ်ဒိတ်မလုပ်တာလေ ဟီးဟီး မအော်တော့ဘဲ ဖတ်ပြီးတော့ ခပ်ကုပ် ကုပ် ပြန်လာခဲ့တယ်)။ ဟိုက်ရှားပါး ကိုတောကျောင်းက ဧပရာယ်တမနက်ခင်း ဖူးစာရှင်ကောင်မလေး နှင့် တွေ့ဆုံခြင်း ဆိုပါလား (တွေ့တဲ့အချိန်မှာ အလုပ်မတရားရှုပ်နေလို့ ချက်ချင်း မဖတ်ရဘူး။ ခုဏကမှ ဖတ်လိုက်ရ။ ကောင်းလိုက်တာ)။ သြော် တို့အစ်မ မမိုးချိုတယောက် မေတ္တာနဲ့ ဆောက်တဲ့ အိမ်လေးထဲ ပျော်နေထင်ပါ့ (အိပ်ပျော်နေတယ် ပြောတာ :P)

အာယဲဖေ ဆုမွန်လည်း တူးဒေးအဂိုးမှာ စပျစ်သီးတွေစားတုန်း (သွားတွေကျိန်းမယ် ညီမလေး)။ ဟန်သစ်ငြိမ်တယောက်တော့ ပါးစပ် တပေါက်နဲ့ အလုပ်ရှုပ်ရင်း ကဗျာတွေ၊ ဝတ္ထုတွေ၊ အက်ဆေးတွေ တပုဒ်ပြီးတပုဒ် အိုင်ဒီယာ ရနေပုံ ရတယ်။ သင်ကာကတော့ အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား တဲ့ (အသစ်တော့ အသစ်ပဲ ဒါပေမယ့် ကြောက်တာနဲ့ သွားမဖတ်ရဲသေးဘူး)။ တို့ မမ ခင်မင်းဇော်လည်း ရေတိုက်ပွဲဝင်ပြီးတဲ့နောက် မအားရှာ လို့ထင်ပါရဲ့ သူ့ ထောင်ဇာတ်လမ်းတွေကလည်း ဖတ်လို့ မရိုး ဆိုတော့ ဆက်ဖတ်ချင်နေပြီ (အင်း အော်ရမှာလည်း အားနာတယ် ဘယ်လိုလုပ်ရပါ့)

ဟဲဟဲ ပျော်စရာကြီးနော် ... စာတွေမှ တဝကြီးဖတ်စမ်းပဲ။ အဲဒီလူတွေကနေတဆင့် သူတို့ ပြန်လင့်ခ် ထားတဲ့ သူတွေဆီဆက်သွား ...။ ကြိုက်တဲ့စာဆို သေချာဖတ်။ ကြိုက်တယ် မကြိုက်ဘူးဆိုတာက ကျမ တယောက်ထဲနဲ့ပဲဆိုင်ပါတယ်။ ကျမက အိုက်စကရင်မ် ကြိုက်ပေမယ့် တခြားတယောက်က ကြိုက်ချင်မှကြိုက်မှာကိုး။ သူက ကျမကို ကြက်ခြေထောက်သုပ်ကလေး စားကြည့်ပါလား ကောင်း တယ် လို့ ပြောပေမယ့် ကျမက မကြိုက်တာလည်း ဖြစ်နိုင်တာပဲ။ အဲဒါကို တခြားတယောက်က အရမ်းကြိုက်ချင် ကြိုက်နေမှာပေါ့လေ။

အဲဒီထဲမှာ စတော့ခ် (စတော့ပ် မဟုတ်ပါ) လုပ်ထားတာက ရှိသေးတာ။ ကိုနဗနရဲ့ ဘလော့လေ။ သူ့စာတွေကို အရမ်းကြိုက်တော့ ကုန်သွားမှာ စိုးလို့ ဖြည်းဖြည်းချင်းဖတ်တာ။ သူက တကဏ္ဍခြင်း ဖတ်လို့ရတော့ အဆင်ပြေတယ်။ ကဏ္ဍတခုပြီးသွားလိုက် တခွိခွိနဲ့ ရယ်လိုက် ရပ်ထားလိုက်။ ဟို အမတ်ကြီး ကြံစုတ်သလိုပေါ့ ဟီးဟီး။ အဲဒီတော့ တခြားလူတွေ အသစ်မတင်ရင် သူ့ဆီသွားလိုက်တာပဲ မပိုင်လား။

အင်း .... မရေးဘူး မရေးဘူးနဲ့ အတော်ကို ရေးဖြစ်သွားပြီ။ တကယ်က ဝတ္ထုတို တပုဒ် ထပ်ရေးမလို့။ ကျမရဲ့ ထုံးစံအတိုင်း ဟိုလှည့် ဒီလှည့်နဲ့ ရေးရမှာ ကြောက်နေတာနဲ့ပဲ ... ခု ဒီ ဘာမှန်းမသိတဲ့ စာကို ရေးဖြစ်သွားတာ။

ကဲ မိုကထ ဆိုင်ထဲတော့ ဝင်လိုက်ပြီ ...ကျမဘလော့လေးကတော့ အဲဒီမှာ ခင်းကျင်းထားတဲ့ထဲက တတုံး တလေလောက်ပဲ နှိုက်ယူရတဲ့ ဝက်အဆီခဲဖြစ်နေမလားဘဲ။ သူက စားဖို့မဟုတ်ဘူးလေ ... ကင်တဲ့ အိုးကင်း မကပ်ဖို့ ဆီထွက်နေအောင် တင်ထားရတာ :(



10 comments:

Moe Cho Thinn said...

ညီမနဲ့ ချင်းမိုင်မှာ မိုကထ စားရတာ သွားသတိရတယ်။ ဆရာမ မေငြိမ်းလဲ ပါတယ်လေ။ အဲဒီတုန်းက နေမကောင်းလို့ မစားနိုင်တာ နာတယ်ကွာ.. :))

သူများကိုများ အိပ်ပျော်နေသလား တဲ့။ တရက်ခြား တင်နေတယ်လေ။ သူသာ တခါတလေ မေ့လောက်ရှိမှ တခါတင်တာများ။ ဒီလို လိုက်လိုက်အော် တတ်တဲ့ တူးတူးတို့ကြောင့် ဒီက စီဗုံး မထားရဲတာ..။ လူက ၀ ပြီး အလေးချိန်စီးတယ်နော်..သိပ် မ push နဲ့။ မရွေ့သေးဘူး။ :P
ချစ်သော- အမ

မေငြိမ်း said...

တင်စားတာာလေးရော..ရေးထားတာလေးရော.. တခိခိ.. ဟိဟိဟိ

ခင်မင်းဇော် said...

တော်ပါသေးရဲ့။ လာတွန်းဖို့ အားနာနေလို့...
သူ့အမ အလုပ်ပိနေတာ သူသိတာကိုးကွယ်..
လိမ်မာတယ် .. ရေးဖို့က အချိန်ရတာနဲ့ရေးမှာပါ... ခုကအိမ်ပြန်ရောက်တာနဲ့ လူက ဒေါင်းနေပြီ။

Andy said...

ဘာရေးရမှာ ပါလိမ့်...

Han Thit Nyeim said...

အခုတော့ Server Down နေလို့ ပါးစပ်လဲ မလှုပ်နိုင်တော့ဘူး။ မိုကထ စားဖို့သွားလဲ မရှိတော့ဘူး...။

Ko Boyz said...

အေးဗျာ...။ ၀က်ဆီခဲတွေက ၀က်ခေါက်ကြော်တာမှာ အသုံးတည့်တာပ...။ မော့ကထမျာ အဆခဲမပါရင်လဲ အိုးကပ်ကုန်မှာပဲ...။ အဆီခဲက သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်...။ :D

Mg said...

မိုကထ သွားစားချင်စိတ်တောင်ပေါက်လာပြီ အစ်မရေ။ ကိုသင်ကာတို့ နောက်တစ်ခါသွားရင် လိုက်သွားဦးမယ်

အောင်သာငယ် said...

ခေါင်းကိုက် ပျောက်ပြီးသွားတော့ အလုပ်ရှုပ်နေတယ်ဗျို့..

ကောင်းကင်ကို said...

ဟိုနေ့ ကတောင် မိုကထ စားလိုက်ရသေးတယ်။ ဘလော့မိုကထ ကတော့ ပိုတောင် ကောင်းသေးတယ်။ ရသ အစုံပဲ။

pandora said...

မိုကထ ဆိုတာ အနော်ကတော့ သိဘူး။ လာစားမယ်။

အစ်မရေ လင့်ခ်ထားလို့ရပါတယ်။ မမြင်ခင်က ခင်မင်ပြီးသားပါနော်။