အမှတ်တရရက်စွဲများ ၁
ကျမက ငယ်ငယ်ကတည်းက ဒိုင်ယာရီရေးတာ ဝါသနာမပါခဲ့ဘူး။ နည်းနည်း စာတွေဖတ်တတ် လာချိန် .. စာရေးဆရာ ပိုး ဝင်လာချိန်မှာ ဘယ်သူလည်း မသိ ပြောတာမှတ်သားမိတယ်။ စာရေးဆရာ ဖြစ်ချင်တဲ့သူက ဒိုင်ရာရီမရေးဘူးတဲ့ (ဟုတ်ချင်မှလည်း ဟုတ်မှာပါ) ဒါပေမယ့် ကျမကတော့ သက်သာပြီ ဆိုပြီး အဲဒီစကားကို အတည်ယူပါတယ်။ အဲဒီတော့ ဘာအခက်အခဲ ဖြစ်လာလဲ ဆိုတော့ တကယ်အရေးကြီးတဲ့ နေ့စွဲတွေ။ အဖြစ်အပျက်တွေမှာ မေ့ရော။ အဲတော့မှ နောက်ထပ် ပညာတခု ရတယ်။ သြော စာရေးစရာ ဖြစ်ချင်တဲ့သူ ဒိုင်ယာရီမရေးဘူး ဆိုတာ ဟုတ်မှာပဲလို့။ ဘာလို့ ဆိုတော့ တကယ့်အဖြစ်အပျက် မှတ်မိတာတွေကို စိတ်ကူးယဉ် ဇာတ်လမ်းတွေနဲ့ ရောမွှေ ... ပိုကောင်းရော။ အဲမှာ မှတ်မိတဲ့သူတွေက ဟဲ့ဟိုနေရာက ဟိုလိုမဟုတ်ဘူးလေ ဆိုရင် ခပ်တည်တည်နဲ့ ... ဒါက ဝတ္ထုလေ ... လို့ ပြန်ပြော .. ဟန်ကိုကျနေတာ။ အင်း တူးတူးသာရဲ့ ထုံးစံ ချော်တောငေါ့လိုက်ဦးမယ်။ စာနယ်ဇင်းသမားဘဝ ကမောက်ကမ ကို ၄ အထိရေးထားပြီးပြီ ... ဒါကြီးပဲ ဆက်တိုက် မရေးချင် သေးဘူး။ စာဖတ်တဲ့သူလည်း ပျင်းမှာပေါ့ (ကျမနဲ့ နှိုင်းပြီး ကိုယ်ချင်းစာလို့ပါ)။ ကျမက အိပ်ရာထဲမှာ စာတအုပ်၊ ကျောပိုးအိတ်ထဲမှာ တအုပ်၊ အိမ်သာထဲမှာ တအုပ် .. အင်တာနက်ထဲမှာ တအုပ် ... အဲလို ဖတ်လက်စတွေ ထားတာလေ။ အဲလိုပဲ ကျမဘလော့ကို ဝင်လာတဲ့သူတွေလည်း တခုထဲကို ဖတ်မနေရအောင်။ ဟိုဟာလေးပေးရင်း ဒီဟာလေးပေး ... အဲလိုလုပ်ချင်စိတ် ပေါ်မိတယ်။ ဒါကြောင့် ဒီပို့စ်လေးကို အမှတ်တရ နေ့စွဲများ ဆိုတဲ့လေဘယ်လေးနဲ့ ရေးပါမယ်။ ဒီတော့ ဒိုင်ယာရီကိစ္စ ဆက် မယ်။ ဒိုင်ယာရီ မရေးထားတဲ့အတွက် နေ့စွဲတွေ မမှတ်မိ .. သို့သော် ... ကျမမှတ်မိတဲ့ အဖြစ်အပျက် ကလေးတွေကို ရေးပါမယ် (ဆိုလိုတာက ရေးချင်တာတွေပဲရေးပြီး မရေးချင်တာတွေ မရေးဘူးလို့ ပြောတာ :P)
အပြစ်မသိသေးတဲ့ ကိုဖိုးတုတ်ဘဝ
အမေကတော့ ကျမအစ်ကိုရဲ့ ၄ နှစ်ပြည့်မွေးနေ့ ကျင်းပနေတုန်းမှာ ဗိုက်နာတာလို့ ပြောတာပဲ။ အစ်ကိုက သြဂုတ် ၂၆၊ ကျမက သြဂုတ် ၂၈ .. ခုနှစ်ကတော့ ၁၉၇၁ (ရက်ပ်ဆိုနေတာ မဟုတ်ပါ)။ အစ်ကိုက စနေသား၊ ကျမလည်း စနေသမီး။ အိမ်မှာ စနေ ၃ ယောက်။ အမေကလည်း စနေလေ။ ကျမအစ်ကိုနာမည်က မင်းထွဋ်ဦး တဲ့ အဲဒီတော့ ကျမရဲ့ နာမည်ကို အဖေက တူးတူးသာလို့ မှည့်တယ်။ ဘာမှလည်းမဆိုင်ဘူးနော် :P။
ဒီလိုပါ အဖေပြန်ပြောပြတာပဲ။ အဲဒီခေတ်က မိန်းကလေး နာမည်တွေကို မှည့်ရင် စန္ဒာ၊ သီတာ၊ မာလာ၊ သူဇာ ... အဲလို .. နတ်သမီးနာမည် ဆန်ဆန် မှည့်ကြတယ်။ ကျမထက် ၃ လပဲကြီးတဲ့ အစ်မဝမ်းကွဲ နာမည်က နီလာနိုင် တဲ့။ သူတို့ညီအစ်မတွေက မဉ္ဖူနိုင် တို့ စန္ဒာနိုင်တို့ပေါ့။ အဲလိုတွေ ပေးနေကြတော့ အဖေက သမီးမိန်းကလေး ကျမလည်း မွေးလာရော ... ကာတွန်းဆရာပီပီ တွေးတယ်။ ဒီလောက် အနု၊ အရွ၊ အလှ အပလေးတွေ ပေးနေတာကိုလည်း နည်းနည်းသရော်ချင်စိတ်က ဖြစ်တယ်။ ဒါနဲ့ တူးတူး ဆိုတဲ့ .. နာမည်ကို စဉ်းစားလိုက်ရော။ နောက်က သာ ကတော့ အဖေ့အဖေ နဲ့ အမေ့အဘိုးဆီက ယူတာ။ ဦးသာအောင်နဲ့၊ ဦးသာဒင်ပါ။ အဲ့မှာ တူးတူးသာဆိုပြီး ဖြစ်ကရော။
အဖေ့မှာ သမီးမိန်းကလေးကို ဒီလို ပေါက်ကရ နာမည်ပေးရပါမလားဆိုပြီး ... ဝိုင်းဝန်း ပစ်တင် မာန်မဲခြင်း တော်တော်ခံလိုက်ရတယ် ဆိုပဲ။ ဒါပေမယ့် ကျမကတော့ ကျေးဇူးတင်တယ်။ အရွယ်ရောက် တော့ စာရေးမယ်လည်းလုပ်ရော ကလောင်နာမည်ကို ထွေထွေထူးထူး မစဉ်းစားရတော့ဘူး။ အဖေပေးတဲ့ နာမည်ရင်းနဲ့ပဲ အဆင်ပြေနေရော။
ဒါတွေက အမေတို့ အဖေတို့ပြောပြတာ။ ငယ်ငယ်က အဖြစ်အပျက်ကို ကျမဘာသာ မှတ်မိတာ ကတော့ ၄ နှစ်အရွယ်လောက်က ကျမတို့လမ်းထိပ်က ဇာတ်စင်ကြီးနားမှာ အဲဒီဇာတ်စင်ပေါ် မတက်ရလို့ ထွန့်ထွန့်လူး အော်ငို နေတာပါ။ အဖေက ကျမကိုချီထားတယ်။ ကျမက အဲဒီစင်ပေါ် အတင်း တက်ချင်နေတယ်။ ဘာလို့ ဆိုတော့ အဲဒီ စင်ကြီးပေါ်မှာ ကျမထက် ကြီးတဲ့ အစ်ကို အစ်မတွေ တယောက်ပြီး တယောက် မိုက်ကရို ဖုန်းရှေ့မှာ ကဗျာထွက်ထွက် ရွတ်နေကြတာလေ။ ကျမအစ်ကိုလည်း ပါတယ်။ ကျမလည်း ရွတ်ချင်တာပေါ့။
ကျမ ငိုလွန်းမက ငိုတော့ အဖေက ကျမကို စင်ပေါ်တင်ပေးလိုက်တယ်။ ကျမက တောက်တက် တောက်တက်နဲ့ မိုက်ကရိုဖုန်းရှေ့ သွားရပ် ... လူကြီးတယောက်က မိုက်ကို ကျမအရပ်နဲ့ မှီအောင် ညှိပေးတယ်။ အဲဒီမှာ ကျမက လက်ဟန်ခြေဟန်နဲ့ ကဗျာတပုဒ်ကို စရွတ်ပါတယ်။ အဲဒီကဗျာလေးကို အမေ့ကျေးဇူးကြောင့် ဒီနေ့ထိ အလွတ်ရနေသေးတယ်။ ကဗျာလေးကို ဘယ်သူရေးလည်း ကျမမသိပါ ဘူး။ ကျမရဲ့ မူကြိုဆရာမ သင်ပေးတာပါ။ ကဗျာခေါင်းစဉ်က “ကြယ်ကလေး” တဲ့ ...။
ကြယ်ကလေး
မေမေ မေမေ ညကလေ
သမီးနိုးလို့နေ
နိုးနေအိမ်ထဲ မှောင်မည်းမည်း
သမီး တယောက်တည်း
တယောက်တည်းမို့ ပျင်းလှတယ်
ကြယ်ကလေးတွေ ဆင်းခဲ့ကွယ်
ဆင်းမယ်ဆိုမှ တလက်လက်
ကြယ်ကလေး မိုးကသက်
ခြင်ထောင်ဘေးက ဇာနားမှာ
ဟိုပျံ သည်ဝဲကာ
ခြင်ထောင်ဇာမှာ သူလာနား
သမီး အိပ်ပျော်သွား ... ။ ။
ခုချိန်ထိ အဲဒီကဗျာလေးကို ကျမသိပ်ချစ်တာပဲ။ ကလေးလေးတယောက် စိတ်ကူးယဉ်တာကို ရေးပြထားတာ။ ကလေးရဲ့စိတ်ကူးလေးက ဘယ်လောက်လှလဲနော်။ သူ့အတွေးထဲမှာ တရေးနိုးချိန် ကြယ်ကလေးကို ဆင်းခဲ့ပါလို့ ပြောလိုက်တာနဲ့ ကြယ်ကလေးက တကယ်ပဲ ဆင်းလာခဲ့တာ။ ကျမအထင်တော့ ကြယ်ကလေးကို သူ တကယ်မြင်ပုံရပါတယ်။ ပိုးစုန်းကြူးကလေး ဖြစ်ချင် ဖြစ်နေမှာပေါ့နော်။ ဒါပေမယ့် သူ့အတွက်ကတော့ ကြယ်ကလေးပဲလေ။ ခု ကြီးလာတော့ ပိုးစုန်းကြူး လေးတွေ မြင်တိုင်း အဲဒီကဗျာလေးကို သတိရမိတယ်။
အဲဒီကဗျာလေးကို မျက်ရည် မခြောက် တခြောက်နဲ့ ရွတ်ဆိုခဲ့ပြီး အဲဒီနေ့က ကဗျာရွတ်ဆို ပြိုင်ပွဲမှာ ကျမ ပထမ ရခဲ့ပါတယ်။ နောက်မှ သိရတာက ကျမတို့ ရပ်ကွက်ရဲ့ စာဆိုတော်နေ့ အခန်းအနားတဲ့။ ကဗျာရွတ်ပြိုင်ပွဲတို့ အကပြိုင်ပွဲတို့ ပါပါတယ်။ အစ်ကိုက မင်းသားကနဲ့ မြိုင်ထ နှစ်ပါးသွား ဝင်ပြိုင်ပါ တယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ဆိုပြီးခွဲထားလို့ မူကြိုအဆင့် မပါပါဘူး။ ကျမက အတင်းပြိုင်ချင်လွန်းလို့ အဖေက စင်ပေါ်တင်လိုက်တာ (အဲဒီအရွယ်ကတည်းက စင်ပေါ်တက်ချင် မိုက်ခဲချင်တာလေ :P)
အဲဒီနေ့က အဖြစ်အပျက်တွေကို ကျမက ဓာတ်ပုံတွေကြည့်ပြီး ပြန်သိရတယ်။ အဲဒီနေ့က စာပေဟော ပြောပွဲမှာ ... ကဗျာဆရာ ဒေါင်းနွယ်ဆွေ၊ စာရေးဆရာ မောင်ဝဏ္ဏ နဲ့ ဆရာချစ်ဦးညိုတို့ ပါတယ် ဆိုတာ နောက်မှ ဓာတ်ပုံတွေ အရ ကျမသိခဲ့ရတယ်။
မေမေ့ရဲ့ အဆိုအရ ကျမက ငယ်ငယ်က ခပ်အေးအေး နေတတ်ပေမယ့် (ခုကြီးတော့ အဲလိုပြောရင် သယ်ရင်းတွေက ရီတာပဲ) စင်ပေါ်တက်ရဖို့ ဘယ်တော့မှ မကြောက်ဘူးတဲ့။ အထူးသဖြင့် ကဗျာရွတ် တာ တို့ သီချင်းဆိုတာတို့ လုပ်ဖို့ဆို ကျမလို့ မထင်ရအောင်၊ လူကြီးတွေ အံ့သြအောင် အမြဲလုပ်တယ် တဲ့။
၃ တန်းတုန်းကလည်း ကျောင်းကပွဲမှာ ယိမ်း သုံးလေးခုထဲ ကျမပါတယ်။ အဲဒီမှာ ယိမ်းတိုက်နားတော့ ကျမတို့ကို အကသင်ပေးတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ သမီး မမကြီးကမေးတယ်။ တေး သရုပ်ဖော် တခု တင်ချင်တယ်။ အဲဒီမှာ မင်းသမီးနေရာက ကမယ့်သူတော့ရှိတယ် ... လူပျက်လုပ်ဖို့ လိုတယ်တဲ့။ အားလုံးမိန်းကလေးတွေချည်းပဲ။ လူပျက် ဘယ်သူမှ မလုပ်ချင်ကြဘူးလေ။ အဲ့မှာ ကျမက “သမီး လုပ်မယ်” လို့ ထပြောတော့ မမကြီးကော ဆရာမတွေကော အံ့သြလိုက်ကြတာ ဆိုတာ။
ကျမက အတန်းထဲမှာလည်း မလှုပ်မခြောက်၊ ခပ်အေးအေး၊ စကားကနည်းနည်း၊ သူများရန်ဖြစ်ရင် ဘယ်တော့မှ မပါ၊ ကျမအစ်မဝမ်းကွဲ ၂ ယောက်ရန်ဖြစ်ကြရင် ကျမက ဘယ်သူ့ဘက်လိုက်ရမှန်း မသိ။ တယောက်က “တူး သူ့ကိုမခေါ်နဲ့” ဆိုရင် “အင်း” နောက်တယောက်က “တူးနော် သူနဲ့မခေါ်နဲ့သိလား” ဆိုလည်း “အင်း” အဲလိုနေတဲ့သူဆိုတာ ဆရာမတွေက သိတာကိုး။
အဲဒီတေးသရုပ်ဖော်သီချင်းက “မုန့်ဆီကြော်” တဲ့။ မေဆွိ ဆိုတယ် ထင်တာပဲ။ စစချင်း မုန့်ဆီကြော် သည်ကလေးက ဗန်းလေးနဲ့ သူ့မုန့်ဆီကြော်ကောင်းကြောင်း၊ ကျွပ်ကြောင်း၊ ပူကြောင်း ဆိုနေ ... ပြီးတော့ တီးလုံးလာ၊ ပြီးတာနဲ့ လူပျက်က “အစ်ကိုရောက်ပြီနော် အပျိုပေါက် ခင်ကျော်ရေ့” ဆိုပြီး ပြေးဝင်လာရတာ။ အဲဒီ လူပျက်ဝင်လာကတည်းက ပရိသတ်က ရီတာလေ။ သူ့နာမည်က ကိုဖိုးတုတ်တဲ့။
“ကိုဖိုးတုတ်”
“ဗျို ဗျို ဗျို့”
“ကျမ်းမာပါရဲ့လားနော်”
“ကိုဖိုးတုတ်”
“ဗျာဗျာဗျာ”
“ချမ်းသာ ပါရဲ့လားနော်”
“နှမလေးရဲ့ မေတ္တာများကြောင့် ကျမ်းမာပါရဲ့ ချမ်းသာ ပါရဲ့နော်”
အဲဒီလို အပြန်အလှန်ပြောကြတဲ့ နေရာမှာ ကျမက ကိုဖိုးတုတ်အဖြစ် ပရိတ်သတ်တွေရီအောင် ကိုးယိုးကားယားတွေ လုပ်ရတာ။ ပြီးတော့ ကောင်မလေးဆီက အချစ်ကိုတောင်း ... ကောင်မလေးက မုန့်ဆီကြော် ပူပူကြီးကို ပါးစပ်ထဲ လာထည့်လို့ လျှာအပူလောင်သွားတာတွေ။ တီးလုံး လာတဲ့အချိန်မှာ ဈေးရောင်းသွားနေတဲ့ ကောင်မလေးကို လိုက်ချောင်းတာတွေ .... အဲဒါတွေကို ပရိသတ်တွေ ရယ်အောင် လုပ်ပြနိုင်တော့ အောက်က ကြည့်နေတဲ့ ဆရာမတွေဆိုတာ ကျမကို တော်တော်အံ့သြ ကုန်ကြတယ်။ အတန်းထဲမှာ ဘာသံမှ မထွက်တဲ့ ကောင်မလေးက ဘယ်လိုပါလိမ့်ပေါ့လေ။ တကယ့် စွာတေးတွေ နာမည်ကြီးတွေတောင် မလုပ်ရဲတဲ့ အလုပ်ကို ကျမက လုပ်ပြခဲ့တာကိုး။
အဲဒီက စလို့ ကျမလည်း “ကိုဖိုးတုတ်” ဆိုတဲ့ နာမည် တွင်ရောပဲ။ အထက်တန်းကျောင်း ရောက်တဲ့ထိ သူငယ်ချင်း ကောင်လေးတွေက “ကိုဖိုးတုတ်” ဆိုပြီး စကြတယ် ..။ ကျမကို တွေ့လိုက်တာနဲ့ လမ်းဟိုဘက်ထိပ် သည်ဘက်ထိပ် လည်း “ကိုဖိုးတုတ် .. ဗျို ဗျို ဗျို” လို့ လှမ်းလှမ်း အော်ကြတယ်။
အဲဒီမုန့်ဆီကြော်သည် သီချင်းကို ခု မမှတ်မိတော့ဘူး။ တပိုင်းတစပဲသိတော့တာ။ မုန့်ဆီကြော် သည်လုပ်တဲ့ သူငယ်ချင်းနာမည်ကတော့ ခင်နွေဦး တဲ့ ခုထိ သန်လျင်မှာ ရှိသေးတယ်။ ကျမတို့ ကျောင်းလေး နာမည်ကတော့ ထန်းနှစ်ပင် မူလတန်းကျောင်းပါ။
လွယ်အိတ် အစိမ်းလေးထဲမှာ ကျောက်သင်ပုန်းနဲ့ ကျောက်တံလေးတွေထည့်လွယ်ပြီး မုန့်ဖိုး တမတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ ကျောင်းတက်ခဲ့တဲ့ ကျမရဲ့ မူလတန်းနေ့ရက်တွေက သိပ်ပျော်စရာ ကောင်းခဲ့ ပါတယ်။ အဲဒီတုန်းက ကျမတို့ ခုခေတ် မူလတန်း ကျောင်းသားတွေလို ကျူရှင်မတက်ရဘူး .. ခုခေတ် မူလတန်းကျောင်းသားတွေလို စာကို အတင်းကာရော မကျက်ရဘူး။
ခုခေတ် မူလတန်း ကလေးတွေလိုတော့ ကာတွန်းကားဒီဗီဒီတို့ ကွန်ပျူတာတို့ ဂိမ်းတို့ ဆိုတာတွေ မရှိဘူးပေါ့။ ဒါပေမယ့် ကျမတို့မှာ အချိန်တွေ အများကြီးရှိတယ်၊ ကာတွန်းစာအုပ်တွေရှိတယ်၊ အင်္ဂါဂြိုဟ်တို့၊ ဖိုးဝတို့ ရှိတယ်၊ ဖိုးဆိတ်ဖြူတို့၊ စံပ မယ်ခတို့၊ ဦးစိတ်တို မျောက်ညိုတို့ ရှိတယ်၊ လွပ်လွပ် လပ်လပ် ပြေးလွှားဆော့ကစားဖို့ ခြံဝင်းကျယ်တွေရှိတယ်၊ ထုတ်စီးတိုး၊ ကိုကိုးတိုး၊ ကုလားမစည်း .... အဲလို ကစားနည်း ပေါင်းစုံ ရှိတယ်။ မယ်လမင်းပါတဲ့ တရုပ်ကလာတဲ့ မုန့်တွေ မရှိဘူး။ ၁၀ ပြာဖိုးဆို ကန်တော့အကြီးကြီးနဲ့အများကြီးရတဲ့ ပဲလှော်မျိုးစုံရှိတယ်။ ခြံထဲမှာ ဇီးသီးနဲ့ မာလကာသီးတွေရှိတယ်။

*
ကျမတို့မှာ မရှိတာတွေ အများကြီးဆိုပေမယ့် ရှိတာတွေလည်း အများကြီးပဲ။ မရတာတွေ အများကြီး ပေမယ့် ရတာတွေလည်း အများကြီးပဲ။ ခုခေတ် မူလတန်းကလေးတွေ နားမလည်နိုင်တဲ့ သင်္ခန်းစာတွေ ကို ကျမတို့ သေချာနားလည်ခဲ့တယ်။ ညအခါ လသာသာ ကစားမလား နားမလား ဆိုတာ ဘာလဲ ကျမတို့သိတယ်။ တကျပ်မှာ ဆယ်ပြားစေ့ ဘယ်နှစေ့ရှိလဲဆိုတာ ကျမတို့သိတယ်။ (တော်တော်လေး ရှည်သွားပြန်ပြီ ... နားဦးမယ်နော်)
Monday, November 03, 2008
|
Labels:
အမှတ်တရ
|
This entry was posted on Monday, November 03, 2008
and is filed under
အမှတ်တရ
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
12 comments:
လာဖတ်သွားတယ် ကိုဖိုးတုတ်ရေ့း)
ခေသူမဟုတ်မှန်း ခုမှသိတော့တယ်- အဟဲ
အရမ်းကောင်းတဲ့အဓိပ္ပါယ်ကိုရတယ်
အခုခေတ်ကလေးတွေရဲ့ လွတ်လပ်မူကျတော့တမျိုး ကျမတို့နဲ့မတူဘူး။
ငယ်ဘ၀ကိုပြန်မြင်လာတယ်ရှင်
အရမ်းပျော်စရာကောင်းတယ်။ မိတ်ဆွေတွေ၊ကစားဖော်တွေဆိုတာမနည်းဘူး အခုခေတ်လို ကွန်ပြူတာမရှိဘူး ဂိန်းစော့စရာမရှိဘူး
ဒါပေမဲ့ ၀ိုင်းဖွဲ့ကစားရခြင်းက ဘာနဲ့မှ မနိုင်းနိုင်ဘူး
တစ်မတ်ဆိုရင် အများကြီးစားရတယ်နော်..မတူးရေ
ဒီလိုစာသားလေးတွေကိုဖတ်ရလို့ကျေးဇူးပါဘဲ
ကိုဖိုးတုတ်ရေ
ခုခေတ်ကလေးတွေကတော့ တသောင်းမှာ ထောင်တန် ဘယ်နှစ်ရွက်ပါလဲ သိကြတယ်၊ ညအခါ လသာသာထက် ပါဝါရိန်းဂျား ကွန်ပျူတာ ဂိမ်းတွေ သိကြသတဲ့။
ဆယ်ပြားစေ့ဆိုတာ ဘာလဲ တဲ့။
ကိုဖိုးတုတ်လေးဘ၀ကို လွမ်းလိုက်တာ။
ပျော်ရွှင်စရာကောင်းတဲ့ ကိုဖိုးတုန် ဘဝး-)
အိမ်သာထဲမှာ စာဖတ်တဲ့ ကိုဖိုးတုတ်ကြိးပေါ့နော်။ စာကလည်း ဖတ်လို့ကောင်း အနံကလည်း ရှုလို့ ကောင်းမှာပေါ့နော်။ မသိလို့ မေးကြည့်တာပါဗျာ။ အဟဲ...
အော် ဒါကြောင့် မိုက်ကို ရန်ရှာနေတာကိုး အော် မိုက်ခဲပါဆိုမှပဲ ဟားဟား ကျတော်လဲ ငယ်ငယ်က ပိုက်ဆံငါးမူးရှိရင် မုန်.၀ယ်စားလို.ရတာကို လွမ်းတယ်ဗျာ အခုတော့ ပိုက်ဆံအိတ်ထဲမှာ ပြည့်နေမှ အပြင်သွားရဲတယ်လေ။
ငယ်စဉ်က တခုတ်တရ ဖြစ်ရပ်တွေ ဖတ်ရတာမို့ ကချင်တောင်တန်းတွေ ပြေးပြေး တွေ့ချင်မိနေတာပါပဲ။
hi ko phoe toke..:D
good post sist.. i like ur blog..
I always come to read urs...
vry touching..
i am waiting to read new new..
စင် ပေါ်မှာ အပီကျဲတဲ့ မိုက်ခဲပဲနော်....
လေးစားပါတယ် အမရယ်...
ဖတ်လို့ အရမ်းကောင်းတယ်
ကိုဖိုးတုတ်ရေ... ဖတ်လို့ကောင်းတယ်ဗျို့... သဘာဝ ကျကျလေးလို့ ခံစားရတယ်။
အစ်မရေ..အမှတ်တရ ၁ ကိုခုမှဖတ်မိတယ်။
ကဗျာဝင်ပြိုင်တော့ မျက်ရည်တွေ၊ နှပ်တွေနဲ့ ဖြစ်နေမှာပဲနော်..:P:P:P
အစ်မက ၄ နှစ်ကြီးတယ်..ကျွန်မတို့ သူငယ်တန်းတက်တော့ တစ်နေ့ မုန့်ဖိုးငါးမူးရတယ်
မနက်မှာ တစ်မတ်တန် စံရွှေမြင့်ဇီးထုပ်တစ်ထုပ်
နေ့လည်မှာ မိုးသကြားဇီးထုပ် တစ်ထုပ်....
လွမ်းလိုက်တာ အစ်မရာ......
Post a Comment