ကိုနိုင်နဲ့ပဲနေတော့မယ့် ယုဇနပန်းကလေး (ဇာတ်သိမ်း)

ညီမလေး … ဟိုသေနာကျကို မယု လိုက်ရှာလိုက်ဦးမယ် … ကလေး ခဏ ကြည့်ထားပေးဟာ”

မယု … ကိုနိုင်နဲ့ သမီးလေး တယောက် မွေးပြီးတဲ့နောက်မှာ မကြာခဏ ကြားရတဲ့ စကားပါ။

ကိုနိုင့်ကို ဘယ်မှာ လိုက်ရှာမလို့လဲ ..”

ဘယ်မှာရှာရမှာလဲဟယ် … ဒီနားက အရက်ဆိုင်တွေမှာပဲပေါ့။ ဒင်းတော့လား … တွေ့လို့ကတော့ အသေကို လုပ်လိုက်ဦးမယ်”

ကဲ ကဲ ရှာရင်လည်း သွားရှာလေ … ဟန်နီလေးကို ညီမလေးနဲ့ ထားခဲ့။ ရန်လည်း ဖြစ်မနေနဲ့ဦး”

မယုသမီးငယ်လေးက မယုနဲ့ တပုံစံတည်း ...

သူတို့မိသားစု သုံးယောက်နေကြတဲ့ ဘကြီးခြံထဲက တဲကလေးက ကျမတို့ ဆွေမျိုးတွေ စုနေတဲ့ နေရာနဲ့ဆို ၄၊ ၅ မိုင်လောက် ဝေးပါတယ်။ မနက်တိုင်းမှာ ကိုနိုင်က ဟန်နီလေးကို ပခုံးပေါ်မှာ ထမ်း မယုကို လက်တွဲပြီး လျှောက်လာတဲ့ မြင်ကွင်း မြင်ရသလို … ညနေတိုင်းလည်း အဲဒီလိုပုံစံနဲ့ အိမ်ပြန်ကြတဲ့ သူတို့မိသားစုကို မြင်နေကြ ...

ကျမက အိမ်ထောင်ကျစ … မနက်ခင်း လင်မယားနှစ်ယောက် လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ အချိန်ဆို မယုတို့ မိသားစု အဲဒီ လက်ဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ကြမြဲ … ။ တခါတလေမှာ ကျမတို့ လက်ဘက်ရည်ဝိုင်းမှာ သူတို့ ဝင်ထိုင်ကြတတ် သလို … တခါတလေတော့လည်း … မထိုင်တော့ဘဲ အော်ဟစ် နှုတ်ဆက်ပြီး ဆက်လျှောက်သွားတတ်တယ်။

ညနေပိုင်းတွေမှာတော့ တခါတလေ ကိုနိုင် အလုပ်ကောင်းတဲ့အခါ အရက်ဆိုင်ကို ရောက်နေတတ်လို့ မယုက ကလေးကို ကျမနဲ့ အပ်ပြီး လိုက်ရှာရတာမျိုးရှိတတ်တယ်။ အဲဒီအခါမျိုးမှာ ကိုနိုင်က မယုပြောဆိုသမျှကို ငြိမ်ပြီး ခံနေလေ့ရှိတယ်။ နောက်ဆုံး မယုပဲ မောပန်းပြီး သူ့စကားကို သူ အဆုံးသတ် … ကိုနိုင်က ကလေးကို ကောက်ချီပြီး အိမ်ပြန်ကြတော့ တာပါပဲ။

အဲဒီ ပုံစံအတိုင်း ကျော်ဖြတ်သွားလိုက်တာ … နေ့တွေ၊ ညတွေက တပုံစံတည်းလားတောင် ထင်ရရဲ့ ...။ ကျမ သားကြီး ကိုယ်ဝန်ဆောင်တော့ မယုသမီး ဟန်နီလေးတောင် ၅ နှစ်ပြည့်လို့ သူငယ်တန်းစတတ်ပြီ။ မိဇာလေးက အလယ်တန်းတောင် ရောက်ပြီ … ။


ကျမ သားကြီးမွေးတော့ မယုရောက်လာပြီး ထဘီက အစ မရွံမရှာ လျှော်ပေးတာပါ။ အဲဒီလို ရှိသမျှ အလုပ်တွေ သိမ်းကျုံး လုပ်ရင်းက သူ့ထုံးစံ ကြားထားသမျှ အတင်းတွေတော့ ပြောတတ်တာပေါ့လေ ...

တခါတော့ ကလေး နီတာရဲလေးကို ထွေးပွေ့ထားတဲ့ ကျမကို စေ့စေ့ … တွေငေး ကြည့်ရင်းက “မယုလည်း ကလေးလေး တယောက် ထပ်မွေးချင်လိုက်တာ” လို့ ပြောလာတယ်။

မမွေးပါနဲ့ မယုရယ်။ မယုတို့ အဆင်ပြေကြတာလည်း မဟုတ်ဘူး။ ဟန်နီ တယောက်တည်းနဲ့တောင် တော်တော် ရုန်းကန်ရတာ။ နောက်တယောက်ဆို ဘယ်နိုင်မလဲ” လို့ ကျမ ပြန်ပြောမိတယ်။ မယုက သက်ပြင်းကို ဟင်းခနဲချရင်း “ကိုသက်တင် တယောက်လည်း ဘယ်ရောက်နေလဲ မသိဘူးနော်” လို့ အစပ်အဆက်မဲ့ ပြောတယ်။ ပြီးတော့ “မယုလေ … မေအေးကို တခါတခါ တော်တော် စိတ်နာတယ်” တဲ့။

သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ကျမ သေချာမသိပေမယ့် သူ ခံစားနေရတာကို ကျမ နားလည်သလိုလိုပဲ ...။ သူ ကိုယ်တိုင်လည်း သူ ဘာဖြစ်နေတယ်ဆိုတာ သေချာ မဖွင့်ချပြတတ်တဲ့ ကျမ အစ်မကို ကြည့်ရင်း ကျမရင်ထဲမှာ ဆို့ ကျပ်လာတယ်။ ကျမကသာ ဆို့ကျပ်လာတာ သူကတော့ ပြောချင်တာ ပြောပြီး ဘာမှ မဖြစ်သလိုပဲ “ညီမလေး … ပြီးရင် မယု ဈေးသွားမယ်။ ပုစွန်နဲ့ ချဉ်ပေါင်ဝယ်ခဲ့မယ်။ ညီမလေး ချဉ်ပေါင်ကြော် စားမယ်မဟုတ်လား” လို့ အေးအေး ဆေးဆေးပဲ ပြောနေတယ်။


ယုဇနပန်းကလေးတွေက သူ့ဘာသာ အပင်မှာ လန်းဆန်းပြီး မွှေးမြချိန် ဘာလို့ တိုတောင်းရတာလဲ ကျမ သိချင်လိုက်တာ။

ညီမလေး … မယုမှာ နောက်ထပ် ကိုယ်ဝန်ရှိနေပြီ”

ဘယ်လို ဖြစ်တာလဲ မယုရယ် … တို့ သေချာ ပြောထားရဲ့ သားနဲ့။ တော်ကြာ အဆင်မပြေ ဖြစ်နေဦးမယ်”

အဟီး … မကော … ကိုနိုင်ကော နောက်ထပ် ကလေးလေးတယောက် လိုချင်လာလို့ဟ”

အင်းလေ … မယုတို့ အဆင်ပြေရင်ပြီးတာပါပဲ”

ပြောသာ … ပြောရတာ။ မယုလည်း ခပ်လန့်လန့်ပဲ သိလား။ တကယ်တော့ မယုတို့ တဲကလေးက မိုးတောင် လုံတာ မဟုတ်ဘူး”

ကျမ သနားသွားတယ်။ တကယ်တော့ ကျမတို့ ညီအစ်မဝမ်းကွဲ တတွေ ရှေ့ဆင့်နောက်ဆင့် ကလေးတွေ ရလာတာကို ကြည့်ပြီး သူလည်း တဒင်္ဂ ကလေးလိုချင်စိတ်နဲ့ ယူလိုက်တယ်လို့ပဲ တွေးလိုက်ပါတယ်။

ဒါပေမယ့် … အဲဒီနောက်မှာ အဖြစ်အပျက်တွေက ရုပ်ရှင်ကားတကားကို ဖလင် အမြန်ဆွဲပြီး ပြလိုက်သလိုပဲ ဖျတ်ခနဲ ဖျတ်ခနဲ မြန်ဆန်လွန်းလှတယ်။


ကိုယ်ဝန်သုံးလမှာ … မယု ကေသီပန် သွေးပုပ်ချဆေးတွေ သောက်ပြီး ဆေးရုံရောက်သွားတယ် ဆိုတဲ့သတင်း ကျမဆီ ရောက်လာတယ်။

ဘာလို့ အဲဒီလို လုပ်တာလဲ မယုရယ်။ အန္တရာယ်ရှိတယ်ဟ”

မသိဘူးဟာ။ တကယ်တကယ်တော့ ကလေးယူဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ”

အဲဒါဆိုလည်း အစကတည်းက ...”

ကျမ စကားမဆက်နိုင်တော့ဘူး … သူ့မျက်ဝန်းက မျက်ရည်တွေကြောင့်ပါ ...။ ကိုနိုင်ကတော့ သူ့မိန်းမကို အရိပ်တကြည့်ကြည့် ကြည့်ရင်း လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားတယ်။

တခါတုန်းက သူကိုယ်တိုင် ရှိမှန်း မသိလိုက်တဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ သူများတိုက်တဲ့ ဆေးတွေကို သွန်ပစ်တဲ့သူက အခု သူကိုယ်တိုင် သေချာ ယူခဲ့တဲ့ ကိုယ်ဝန်ကို ပျက်ကျအောင် ဆေးတွေ ဘာကြောင့် သောက်ရတာတဲ့လဲ။ သူ့မျက်ရည်တွေ ဘာကြောင့် ကျတယ် ဆိုတာ မိခင်တယောက် ဖြစ်နေတဲ့ ကျမ နားလည်လိုက်ပါတယ်။


မယု ဆေးရုံက ဆင်းဆင်းခြင်း တိုက်ဆောက်နေတဲ့ နေရာမှာ ဘိလပ်မြေ သွားသယ်တယ် …

မယု မျက်နှာက ဖောယောင်နေတာပဲ … ကိုနိုင် ဆေးခန်း လိုက်ပြနေရတယ် …

မယု နည်းနည်း သက်သာလာပြီ … ခါတိုင်းလိုပဲ ကိုနိုင်နဲ့ ဟန်နီလေးနဲ့အတူ လမ်းလျှောက်လာ၊ လမ်းလျှောက် ပြန်ကြတယ်။

မယု ကိုနိုင်အရက်သောက်တဲ့ ဆိုင်တွေမှာ လိုက်ရှာရပြန်ပြီ။

မယုတို့ တဲကလေးကို ဓနိမိုး ပြန်မိုးနေရလို့ ကြီးမာအိမ်မှာ တရက် လာအိပ်ကြတယ်။

မယုတို့ တဲကလေး ဓနိအသစ် မိုးပြီးပြီ။

မယုရယ် ကိုနိုင်ရယ် ဟန်းနီရယ် လက်တွဲလို့ … လျှောက်သွားတာ တွေ့လိုက်တယ်။

ကိုနိုင်အရက်သောက်တဲ့ ဆိုင်ထဲမှာ မယု သွားသောင်းကျန်းတယ်တဲ့။

မယုတို့သတင်းတွေကို အမျိုးမျိုး ကြားနေရပေမယ့် မယုနဲ့ ကျမ အဲဒီရက်ပိုင်းက မဆုံဖြစ်ကြဘူး။ မယုနဲ့ ဆုံဖြစ်တော့ … ခါတိုင်းနဲ့မတူဘဲ ပိန်ချုံးနေတဲ့ မယုကို အံ့သြတကြီး တွေ့လိုက်ရတယ်။။

ကျန်းမာရေး ဂရုစိုက်ပါဦး မယုရယ်”

မယုက ဘာမှ မဖြစ်ပါဘူး ညီမလေးရဲ့ … ကိုနိုင့်ကြောင့်စိတ်ညစ်နေရတာ။ ပင်ပမ်းတယ်ဆိုပြီး အရက်တွေ အရမ်း သောက်တာပဲ”

မယုရဲ့ စကားသံက ချောင်းတဟွတ်ဟွတ်နဲ့ ရောထွေးလို့ ...

ဆေးခန်းလေး ဘာလေး ပြကြည့်ပါဦးဟာ”

ဘာမှ မဖြစ်ပါဘူး။ ညီမလေး ဘာစားမလဲ … မယု ချက်ပေးမယ်လေ”

မကျန်းမမာ ဖြစ်နေတဲ့ ပုံစံနဲ့တောင် အငြိမ်မနေဘဲ ကျမအိမ်က လျှော်စရာတွေကို အတင်း ယူလျှော်နေလို့ ကျမ အတင်းလိုက်ဆွဲရပြန်တယ်။

ကိုနိုင်ကသိပ်ရယ်ရတယ် သိလား … သူက မူးလာပေမယ့် မယု ဆူရင် ငြိမ်နေရော။ ပြီးရင် မယုကို အတင်း လိုက်ချော့တယ်။ သူ့ သမီးတော့ သူ အရမ်းချစ်တယ်လေ။ သူ့သမီးက ဒယ်ဒီ အရက်သောက်ရင် ဟန်းနီ မခေါ်တော့ဘူးလို့ ပြောရင် ပျာ နေတာပဲ”

သူ့ယောက်ျားအကြောင်း ပြောနေတဲ့ မယုမျက်နှာက ကြည်လင်လို့ … ပြုံးလို့။ ကိုသက်တင်ကို သူ မေ့သွားပြီ ...။ ကျမ သူ့လက်ထဲကို ထည့်ပေးလိုက်တဲ့ ငါးရာတန်တရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း … “မယု ဈေးသွားလိုက်ဦးမယ် သိလား … ညီမလေးကော ဘာမှာမလဲ။ ကိုနိုင်က ငါးဟင်း စားချင်တယ်ဆိုလို့ … ဈေးသွားပြီး အိမ်ပြန်ချက်လိုက်ဦးမယ်” လို့ ပြောနေတဲ့ မယုမျက်နှာက ပြုံးရွှင်လို့ ...

မမှာတော့ပါဘူး မယုရယ် … ကိုနိုင့်အတွက်ပဲ ပြန်ချက်လိုက်ပါ နော်”


ကျမ သိသလောက်တော့ မယု ချက်ပေးတဲ့ ငါးဟင်းကို ကိုနိုင် မစားသွားရ ရှာဘူး ...

အဲဒီနေ့က ကိုနိုင် အရက်တွေ မူးပြီး အိမ်ပြန်လာချိန် တော်တော် နောက်ကျတယ်။ မယုတို့ သားအမိတောင် အိပ်နေကြပြီတဲ့။ နွေ … ညဘက်ကြီး … ပူလို့ဆို ရေချိုးပြီး ဘာမှတောင် မစားတော့ဘဲ ဝင်အိပ်လိုက်တဲ့ ကိုနိုင့်မှာ အရင်ကတည်းက သွေးတိုးရှိနေတယ် ဆိုတာလည်း မယုက ကြိုမသိထားပါဘူး။ သိရင်တောင် ဘယ်လို နေရထိုင်ရမယ်ဆိုတာ မယု ဘယ်ပြောတတ် ပါ့မလဲ။ ဦးနှောက် သွေးကျော ပြတ်တယ်ဆိုတာလည်း တော်တော့်ကို မြန်တဲ့ ရောဂါ တခုပါ။

ရုတ်တရက်ကြီး မယုတို့ ဘဝထဲက ကိုနိုင် ထွက်သွားလိုက်ပုံများ … နုတ်ဆက်ချိန်တောင် မရဘူးလေ။


အချစ် ဆိုတာ တော်တော်ပဲ ဆန်းကျယ်ပါသလား ...။ ရင်ကွဲနာကျတယ်ဆိုတာကို ကျမ တသက်နဲ့တကိုယ် ဝတ္ထုတွေထဲမှာ ဖတ်ဖူးတာကလွဲရင် … တခါမှ မျက်မြင်ကိုယ်တွေ့ မမြင်ဘူးတာပါ။

ကိုနိုင် ဆုံးပြီးတဲ့နောက် မယု အိပ်ရာထဲမှာ ဘုံးဘုံး လဲပြီး … အစာ မဝင်တော့တာ၊ မယု ကယောင်ကတန်းတွေ ပြောတာ … ကျမကိုတောင် မမှတ်မိတော့တာတွေဟာ ထူးဆန်းတယ်လို့ ဆိုရမလား။

ကိုသက်တင်ကို ပြောလိုက်ပါ။ ကိုနိုင်နဲ့ပဲ နေတော့မယ်လို့ … နော်”

သတိလက်လွတ်ဖြစ်နေချိန်မှာ မယု မကြာခဏ ပြောတတ်တယ်။

သူ့ကို ဆေးတိုက်တဲ့ အခါမှာ … “အဲဒီဆေးတွေ မသောက်ချင်ဘူး … သွား။ ငါ့ ကိုယ်ဝန် ပျက်ကျသွားလိမ့်မယ်” လို့လည်း ပြောတတ်တယ်။

ကျမက “မယု … ညီမလေး ကျွေးတာစားနော်။ ညီမလေး ခွံ့ကျွေးမယ်” ဆိုပြီး စားစရာ တခုခု ခွံ့ကျွေးရင်တော့ သူ နည်းနည်း စားတတ်တယ်။ ဒါပေမယ့် “ကိုသက်တင်ကို ပြောလိုက်ပါ … ကိုနိုင်နဲ့ပဲ နေတော့မယ်” ဆိုတဲ့ စကားကိုတော့ သူ တတွတ်တွတ် ပြောမြဲ ...

ရင်ကွဲနာ ဆိုတာကို ကျမ မကြုံဖူးပေမယ့် ယုံလိုက်ရပြီ …။ ကိုနိုင် ဆုံးပြီး သုံးလ တိတိ ပြည့်တဲ့နေ့မှာ … မယုလည်း တကယ်ကို လိုက်ပါ သွားခဲ့ပြီ ...။ သူပြောသလိုပဲ … ကိုနိုင်နဲ့ပဲ နေတော့မယ် ဆိုတာ တကယ်ပဲ ထင်ပါရဲ့ ...

တရှုပ်ရှုပ်ငိုနေတဲ့ မိဇာလေးရယ်၊ ဘာမှ နားမလည်သေးတဲ့ ဟန်းနီရယ် … သူတို့ နှစ်ယောက်စလုံး ကြီးမာရဲ့ သမီးတွေ ဖြစ်သွားကြပြီ … ။


ယုဇန ပန်းလေးတွေက ချစ်တတ်ပါသလား … ။

မြေမှာ ပျံ့ကျဲနေတဲ့ ယုဇနပန်းလေးတွေကို တွေ့တိုင်း … တချိန်က ယုဇနပန်းကလေး တပွင့်ကို ကျမ သတိမရဘဲ မနေနိုင်ဘူး။ အဲဒီယုဇန ပန်းလေးဟာ … တချိန်တုန်းက အပင်ပေါ်မှာ တကယ်ကို မွှေးမြခဲ့ဖူးတယ်။

သူက … မိုးကို ချစ်ပြီး မိုးကြောင့် ပွင့်အာရပေမယ့် … မိုးကြောင့်ပဲ … အကြွေလွယ်ရတဲ့ ပန်းကလေးပါ ...။ အဲဒီ ယုဇနပန်းကလေးက ကိုနိုင်နဲ့ပဲ နေတဲ့ ယုဇနပန်းကလေးပေါ့။ ။


ကိုနိုင်နဲ့ပဲနေမယ့် ယုဇနပန်းကလေး ၂

အဲဒီနှစ်က အောင်စာရင်းတွေထွက်ပြီး ၂ လအကြာမှာ တနိုင်ငံလုံးပါတဲ့ အရေးတော်ပုံကြီးကို ဆင်နွှဲ၊ ကျမကိုယ်တိုင်လည်း ၁၀ တန်းအောင် ကျောင်းသူတယောက်အဖြစ် ပါဝင်ခဲ့ … ။ သပိတ်စခန်း၊ ဟောပြောပွဲတွေ၊ ညဘက် သတိရှိရှိ အိပ်ကြဖို့ နှိုးဆော်သံ၊ နီးနီးလေးပါဆိုတဲ့ ရန်ကုန်နဲ့တောင် အဆက်အသွယ်ပြတ်၊ ထမင်းထုပ်၊ အစာငတ်ခံဆန္ဒပြ ….။ နောက်ဆုံးမှာ သေနတ်သံတွေနဲ့ သပိတ်နိဂုံး ….။ သင်္ဃန်းတလွှားလွှားနဲ့ ဘယ်သွားရမှန်းမသိ ဖြစ်နေတဲ့ စာသင်သား သံဃာတွေ၊ အစုလိုက် အပြုံလိုက် ဖမ်း၊ အစုလိုက်အပြုံလိုက် အလုပ်ပြုတ်၊ ရာထူးကျ၊ ပင်စင်သွား ...။ သေနတ်သံ၊ ညမထွက်ရ ….

နောက်တော့ ပင်နီ၊ ခမောက်၊ လှပရဲရင့်တဲ့ မိန်းမတယောက်ရဲ့ အပြုံး၊ ပြတ်သားတဲ့ သူ့မိန့်ခွန်း … ၊ ရွေးကောက်ပွဲ ...။ ခမောက်ကိုပဲ မဲထည့်ခဲ့တယ်။ ကျမ ၁၈ နှစ်ပြည့်ပြီ ...။ အုံးအုံးကြွက်ကြွက် …. တနိုင်ငံလုံးမှာ ၈၀ ရာခိုင်နှုန်းကျော် … မဲ အပြတ်အသတ် အနိုင် ...

အချိန်တွေ တရွေ့ရွေ့ကုန် … ကျမရဲ့ ကျေးဇူးရှင် အဖေ … ရွှေတောင်ကြီး ပြိုကျ ...။ ကျမတို့ ဘဝတွေ ကြေမွ ပျက်စီးမသွားခင် အမေက အချိန်မီစုစည်း၊ အစ်ကိုကြီးက ပြန်လည်ထူမတ် ...။ တို့မောင်နှမတွေ မငိုကြေး ...။ ကျမ သေသေချာချာ လူလားမြောက်ခဲ့ရ ….


တရက်မှာ မေအေး ကျမတို့အိမ် ရောက်လာရာက စခဲ့တာ …

ငါ … ကိုကြီးကို ခဏခေါ်သွားမယ်။ ကျော်စွာကို လိုက်သွားရမယ်။ အဖော်မရှိလို့” ဆိုတဲ့စကားကို ကျမ မေမေ မလွန်ဆန်နိုင်ခဲ့။ ကျမ ကိုကြီး ကျော်စွာကိုပါသွားခဲ့တယ်။ တပတ်အကြာမှာ ကိုကြီး ပြန်ရောက်လာတယ် … ကိုကြီးရဲ့ နောက်မှာ ….

မယု”

ကျမ အချိန်တွေ အကြာကြီး မေ့ထားခဲ့တဲ့ အစ်မ ...။ မတွေ့တာ အကြာကြီးနေမှ ပြန်တွေ့ရတဲ့အစ်မ။ ကျမတို့ စကားတွေ တွတ်ထိုးကြပေမယ့် စိတ်ဝင်စားတဲ့ အကြောင်းအရာချင်း ကွဲပြား ...

အတင်း သိပ်မပြောပါနဲ့ မယုရယ် နော်”

အို မယုက မှန်တာပြောတာပဲ”

ကျမတို့ စကားဝိုင်းမှာ ဒီစကားနှစ်ကြောင်းနဲ့ အဆုံးသတ်မြဲ။ မယုက ဆွေမျိုးတွေကြားထဲမှာတော့ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့ ဆိုတဲ့ ဘွဲ့နဲ့ ...။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုစိတ်ပျက်ပျက် ကျမရဲ့အစ်မ။ ကျမကို သိပ်ချစ်တဲ့ အစ်မလေ ...။ ဥာဏ်ရည် မမီတာကလွဲရင် သူက လူကောင်းပါ။ စာသင်လို့ မရတာကလွဲရင် … သူက ချစ်ဖို့ကောင်းတာပဲ။ ကျမ သာသာထိုးထိုး တွေးတာလည်း ဖြစ်နိုင်ရဲ့။ ကျန်တဲ့ အမျိုးတွေကတော့ ယုယုဟေ့ ဆိုရင် ချဉ်ချင်ကြပြီ။

ညီမလေး … အဝတ်တွေပေး မယုလျှော်ပေးမယ်”

ညီမလေး … အဆောင်ပြန်ရင် ယူသွားဖို့ … ချဉ်ပေါင်ကြော်ပေးမယ်နော်”

ညီမလေး … ငါးပိကြော် ကြော်ထားတယ်။ ယူသွားသိလား။ မယုကို ညီမလေး ဆိုးပြီးကျန်တဲ့ နှုတ်ခမ်းနီဘူး ပေးပါလား။ ကလစ်ကလေးက လှလိုက်တာဟယ် မယုကိုလည်း တခုဝယ်ပေးနော်”

အလှကြိုက်တဲ့ မယုက ကျမဆီက အတိုအထွာလေးတွေ တောင်းတတ်သလို အဆောင်နေတဲ့ ကျမ တပတ်တခါ ပြန်လာတိုင်း အဝတ်လျှော်ပေးတာ၊ အခြောက်အခြမ်းကြော်ပေးတာမျိုး လုပ်တတ်တယ်။ သူက သူ့အမေ ကြီးမာလိုပဲ ဟင်းချက်တော့ တော်တော် ကောင်းတယ်။

မယု … စကတ်တွေ မဝတ်နဲ့တော့လေ၊ တော်လည်း မတော်ဘဲနဲ့။ ထဘီဝတ်ပါ။ ရော့ ညီမလေးဟာ ယူလိုက်”

တရက်တော့ ဝဝကစ်ကစ်ဖြစ်နေတဲ့ သူ့ပုံစံနဲ့ စကတ်တိုတို ဘယ်လိုမှ မလိုက်ဖက်တာမို့ ကျမ ထဘီတထည် ပေးလိုက်တယ်။

အေးဟာ … မယုလည်း ဒီရောက်မှပဲ ဝလာတာ လုံးနေတာပဲ”

မယု … လမ်းထိပ် လက်ဘက်ရည်ဆိုင်က ကောင်တွေကို အရောမဝင်နဲ့နော်။ သိလား”

မဝင်ပါဘူး။ ညီမလေးကို ဘယ်သူပြောလဲ။ မနီတို့ မဟုတ်လား”

မဟုတ်ပါဘူး … မယုနဲ့ စကားရပ်ပြောနေတာ ညီမလေး မြင်လို့ပြောတာ”

အလကား ဟာတွေပါ။ မယုသိပါတယ်”

သိရင်ပြီးတာပဲ”

မယုကလေ ကိုသက်တင် တယောက်တည်းကိုပဲ ချစ်တာသိလား”

အဲဒါ မယုရည်းစားလားဟင်”

ဟုတ်တယ် … သူနဲ့ မယုနဲ့ လျှောက်လည်ကြတယ် သိလား”

ပျော်စရာကြီးလားဟင်”

အင်းပေါ့ … ဒါပေမယ့် အဲဒီနေ့က မိုးတွေရွာတော့ မယုတို့ မိုးဝင်ခိုရတယ်။ လူမနေတဲ့ ဇရပ်ကြီး တခုမှာပေါ့ … ဟီးဟီး”

ဟင် … ဘာရယ်တာလည်း မယုရဲ့”

သတိရလို့ပါ။ အရမ်းပျော်ဖို့ကောင်းတာပဲ။ ကိုသက်တင်ကလေ … အဲဒီနေ့က မယုကိုပြောတယ်သိလား။ ယုယု … နင့်ကို ငါယူမယ်တဲ့”

ဟယ် … မယုက ယောက်ျားယူတော့မှာလား။ မယူပါနဲ့ဦးဟာ ငယ်ငယ်လေး ရှိသေးတာ”

အင်းလေ … အခုလည်း ဒယ်ဒီတို့က မယုကို ကိုသက်တင်နဲ့မယူအောင် ဒီကို ပြန်ပို့လိုက်တာပဲဟာ။ ဒါပေမယ့် မယု ကိုသက်တင်ကို သတိရတယ် သိလား”

အင်း … သတိရရင်စာရေးပေါ့”

မရေးတော့ပါဘူးဟယ်။ သြော် ဒါနဲ့ ညီမလေးကိုလေ … ဟိုဘက်လမ်းက အေးသီတာက ဘာပြောလဲသိလား။ နင့်ညီမက ဘဝင်ရူးတဲ့ မယုကိုပြောတာ။ အဲဒါနဲ့ မယုလည်း ကလော်ဆဲပလိုက်တယ် အေးရော”

ဟာ … မယုကလည်း ဘာလို့ လျှောက်ဆဲတာလည်း။ ပြောပစေပေါ့။ သူ့ဘာသာပြောတာပဲ”

အို … မပြောရပါဘူး။ ငါ့ညီမလို သူတို့က တော်တာမဟုတ်ဘဲနဲ့”

အဲဒီလို ကျမတို့ စကားအကြာကြီး ပြောဖြစ်ကြပြီး နောက်တော့ နှစ်ပတ်လောက် မတွေ့ဖြစ်ကြပြန်ဘူး။ သူက မေအေးတို့အိမ်၊ မနီတို့အိမ်မှာ နေရတာကိုး ...။ နောက် ကျမကလည်း အဆောင်ပြန်ရတာနဲ့ သူနဲ့ မတွေ့ဖြစ်တဲ့အချိန်တွေ များနေတာ ...

တရက် ကျမ အဆောင်ကနေ အိမ်ပြန်ရောက်နေတဲ့ စနေနေ့မှာ မေအေး အိမ်ရောက်လာတယ် …

မြတ် … နင့်တူမကို ဆေးရုံလိုက်ပို့လိုက်”

မေအေးရဲ့ အသံက အာဏာသံအပြည့်နဲ့ … ကျမမေမေက အံ့သြလို့ မဆုံးဖြစ်နေတုန်း … ကျမက ဝင်မေးမိတယ် …

မေအေး … မယုဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဆေးရုံသွားရမှာလဲဟင်”

ကလေးမွေးဖို့ သွားရမှာ … နင်တို့ လိုက်သွားလိုက်ကြ။ ငါတော့ မလိုက်နိုင်ဘူး ဒါပဲ”

ကျမ မေမေက အသားတဆတ်ဆတ်တုန်နေအောင် ဒေါသထွက်နေတယ်။

မမအေး … ဘယ်လိုက ဘယ်လိုဖြစ်တာလဲ မြတ်ကို ရှင်းပြဦး။ ယုယုက ဘယ်တုန်းက ကိုယ်ဝန်ရှိလိုက်တာလဲ”

ကျော်စွာက လာကတည်းက ကိုယ်ဝန်ရှိလာတာ”

ဘာပြောတယ်။ အဲဒါကို မြတ်ကို ပြောမပြဘဲနဲ့ … အခု ကလေးမွေးတော့မှ … မမအေး မတရားဘူး”

အေး … ငါလည်း ဖြတ်ချပေးမယ်ဆိုပြီး သူ့အဖေကို ကတိပေးခဲ့တာပဲ။ ငါတိုက်တဲ့ဆေးတွေ ဒီကောင်မ မသောက်တာ တော့ ငါမသိဘူး။ ပြောလိုက်ရဦးမယ်။ ငါတို့ မျိုးရိုးမှာဒါမျိုးမရှိဘူး။ ငါ့သမီးတွေကို ဆေးရုံကို လုံးဝ မလွှတ်နိုင်ဘူးနော် ဒါပဲ။ နင်တို့ပဲ သွားစောင့်ရှောက်လိုက်ကြ”

ကျမအတွက် အားလုံးက အသစ်။ အသက် ၂၀ အရွယ် မိန်းကလေးတယောက် ဖြစ်နေပေမယ့် ဒီကိစ္စတွေကို ကျမ တခါမှ နားမလည်တာအမှန်။ ရည်းစားတောင် မထားဘူးသေးတဲ့ အချိန်မှာ ကျမနဲ့ အရမ်းကိုနီးကပ်ခဲ့တဲ့ ရွယ်တူအစ်မက ကလေး မွေးနေပြီတဲ့ ...။ တကယ်တော့ မယုရဲ့ အပျိုဗိုက်ကို ကျမ မပြောနဲ့ ကျမ အမေလို အတွေ့အကြုံရှိတဲ့ ကလေးအမေတောင် မရိပ်မိခဲ့တာ။

ဆွေမျိုးတွေထဲမှာ နည်းနည်းစွာတဲ့ မဟုတ်မခံ ကျမ မေမေနဲ့ မေအေးတို့ရဲ့ ရန်ပွဲကို ကျမ ငုတ်တုတ်ထိုင်ကြည့်နေတုန်း ကျမ ကိုကြီးက ကျမကို လက်ကုတ်ပြီးလာခေါ်တယ် ...


တောက်”

ကိုကြီးရဲ့ တက်ခေါက်သံကြောင့် ကျမ နည်းနည်း လန့်သွားတယ်။

ငါသိတယ်။ ငါ ရိပ်မိတယ်။ တော်တော် အရေးမပါတဲ့ဟာတွေ။ သူ့ဘာသာ ရည်းစားနဲ့ ဗိုက်ကြီးတာကို ပေးစားလိုက် ပြီးနေပြီ။ အဲဒါကို အတင်း ခွဲကြတယ်။ အဖေလုပ်တဲ့သူကလည်း တော်တော် အဓိပ္ပာယ် မရှိတာကို လုပ်တာ”

ဘာလဲဟင် ကိုကြီး … မယုကို သူ့ရည်းစားက မယူလို့လား … ဟုတ်လား”

ဘယ်ကလာဟုတ်ရမှာလဲ။ ငါ အဲဒီသူ့ရည်းစား သက်တင်နဲ့လည်း တွေ့ခဲ့တယ်။ သူက ယုယုကို ယူမှာ။ အဲဒါကို သူ့အဖေက အသားလွတ်ခွဲမယ်ဆိုပြီး မေအေးလက်ထဲထည့်လိုက်တာ။ မေအေးကလည်း ဆရာကြီးလုပ်ပြီး ခေါ်လာတာ။ ယုယုက ကိုယ်ဝန်ကို တမင် မဖျက်ချတာ ဖြစ်မယ်”

ဘယ်လို လုပ်မလဲဟင် ကိုကြီး”

ငါလည်း မသိဘူး။ လောလောဆယ်တော့ မေအေးတို့က လက်ရှောင်သွားပြီ။ ဒုက္ခရောက်မှာက ယုယု”

တကယ်ကို ကျမတို့ ဘာမှန်း မသိခဲ့ကြတာ။ မေအေးက သူတာဝန်ယူခဲ့တဲ့ မယုကို လျစ်လျှူရှုနိုင်ခဲ့ပေမယ့် ကျမ မေမေက သူ့တူမအရင်းမို့ လျစ်လျှူမရှုနိုင်ခဲ့ပါဘူး။ ကျမကလည်း ကျမ အစ်မရယ် … နီတာရဲ တူမလေးရယ်ကို ဘယ်လိုလုပ် လျစ်လျှူ ရှုနိုင်ပါ့မလဲလေ။

မေအေးကလေ … မယုကို ဆေးတွေတိုက်တယ် သိလား။ အဲဒါ ကိုယ်ဝန် ပျက်ကျအောင်လုပ်တဲ့ ဆေးတွေလေ။ မယုက သောက်ချင်ယောင် ဆောင်ပြီး သွန်ပစ်လိုက်တာ။ ညီမလေး ကိုသက်တင်လာရင် မယုကို ပြောနော် သိလား”

ကျမမှာ ရှိတဲ့ မုန့်ဖိုးလေးထဲက စုထားသမျှလေးကို တူမလေးနဲ့ မယုအတွက်ပေးတာကလွဲရင် ကျမ ဘာမှ မလုပ်ပေး နိုင်ခဲ့ဘူး။ထမင်းသွားပို့ပေးတဲ့ ကိုကြီးကို ပတ်ဝန်းကျင်က ကလေးအဖေလားလို့ ထင်လာလို့ ကိုကြီး ထမင်းသွားမပို့ရဲတော့တဲ့အခါ … တခါ ပတ်ဝန်းကျင်က ကလေးအဖေကော ဆိုတဲ့ မေးငေါ့တာတွေ၊ စူးစမ်းမှုတွေကို မယု အံကြိတ် အားတင်း ခံခဲ့ရတာပါ။ တကယ်တော့ အဲဒီကိစ္စတွေအားလုံး …၊ မယုမှာ ကလေးပါသွားတယ် ဆိုတာကိုပါ ကိုသက်တင်က သိခွင့်မသာခဲ့တာ။

မြန်မာ လူ့ပတ်ဝန်းကျင်မှာ … အဖေ မရှိဘဲ ကလေးမွေးရတာလောက် မျက်နှာငယ်စရာ ကောင်းတာ မရှိတဲ့ အနေအထား ဆိုပေမယ့် … မယု ဒယ်ဒီရဲ့ သမီးကြီးအပေါ် အချစ်လွန်ကဲမှုကြောင့် မယုတယောက် မျက်နှာလည်းငယ် အရှက်လည်း ကွဲခဲ့ရတဲ့ အဖြစ်လို့ ဆိုရမလား။ ကံကြမ္မာကို ဘယ်သူက စေစားတာတဲ့လဲ ….


ညီမလေး … မယုတို့ကို မေအေးက အင်းစိန်အိမ်မှာ သွားနေရမယ်တဲ့”

အင်းစိန်မှာ မေအေးရဲ့ ဝမ်းကွဲ ညီအစ်မတွေ ရှိနေတယ်။ ကျမတို့နဲ့ ဘာအမျိုးမှ မတော်ဘူး။ ကျမ အမေက တားတယ်။

မတားကြနဲ့။ သူလုပ်လို့ ဒီက အပျိုလေးတွေပါ နာမည်ပျက်ရမယ်။ အဖေမပေါ်ဘဲ ကလေးမွေးတဲ့ မိန်းမရဲ့ အမျိုးတွေ အဖြစ် ငါတို့ ဘယ်လိုမျက်နှာပြမှာလဲ။ ငါစီစဉ်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကလေးကို အမေနဲ့ခွဲပြီး ….”

မေအေးရဲ့စကား ဆုံးချိန် မရလိုက်ဘူး … မယု ရှိုက်ကြီးတငင်ငိုတော့တယ် …

ဟင့်အင်း … သမီး မေအေးခိုင်းတဲ့အတိုင်း သွားပါ့မယ်။ သမီးလေးနဲ့ မခွဲပါနဲ့ ...” ဆိုတဲ့ အသံက မယု အင်းစိန်မသွားခင် နောက်ဆုံး ကြားလိုက်ရတာပါ။

ဒုတိယအကြိမ် မယုနဲ့ ကျမ ခွဲခွာရတဲ့အချိန်ကတော့ ပထမ အကြိမ်ထက် ဝမ်းနည်းဖို့ ကောင်းလှတယ်။ သူစိမ်းတွေ ကြားမှာ မယု ဘယ်လောက် မျက်နှာငယ်ရရှာမလဲ ဆိုတာလောက်တော့ ကျမ စဉ်းစားတတ်ခဲ့ပြီ။ ကျမလည်း လူကြီးတွေ စီစဉ်မှုကို နားမလည်နိုင်တာကလွဲလို့ ဝင်ပြောနိုင်တဲ့ အနေအထားမှ မရှိဘဲလေ။


ကျော်စွာကနေ မယုရဲ့ ဒယ်ဒီနဲ့ မာမီတို့ သန်လျင်ကို အပြီး ပြန်ပြောင်းလာတဲ့ ကာလလေးကတော့ မယုအတွက် စိတ်ချမ်းသာစရာ ပြန်ကောင်းပါလိမ့်မယ်။ အဲဒီအချိန်မှာ မယုရဲ့သမီး မိဇာလေးတောင် ၅ နှစ် ရှိပြီ။ မူလတန်း စတက်ပြီ။ ကျမတို့ ငယ်ငယ်က တက်ခဲ့တဲ့ မူလတန်းကျောင်းလေးမှာ ကျမတူမလေးက ကျောင်းတက်နေပြီ။ ဒါပေမယ့် သန်လျင်လို မြို့ကျဉ်းကျဉ်းလေးမှာ မိဇာလေးက မယုရဲ့ သမီးမဟုတ်တော့ဘူး။ ကြီးမာရဲ့ သမီး အငယ်ဆုံးအဖြစ် ပြန်ရောက်လာ ခဲ့ရတာ။ မယုကတော့ … အများအမြင်မှာ အပျိုတယောက်ပေါ့။

ညီမလေး … ဘာလုပ်စရာရှိလဲ … မယု ဘာလုပ်ပေးရမလဲ”

ကျမဆီ မယုရောက်လာတိုင်း ပြောနေကျ စကားတွေပါ။

ကျမမေမေကတော့ … “ယုနော် … နင် … စကားတွေကို ဟိုက ဒီပို့ … ဒီက ဟိုပို့ မလုပ်နဲ့ ကြားလား” လို့ ဟန့်မြဲ။ မယုကလည်း သူ့ကို ဘယ်သူဆူဆူ ဘယ်လောက်ပြောပြော … သူပြောချင်တဲ့ အမျိုးတွေရဲ့ အတင်းတွေကို ဖောက်သည် ချမြဲ...။ အတင်းဆိုပေမယ့် မယုပြောတာတွေက ကောလာဟလတွေ မဟုတ်ဘဲ သတင်းတွေ ဖြစ်ဖြစ် နေတတ်တာ၊ မှန်နေတတ်တာ ဆိုတော့ အမျိုးတွေက သူတို့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာ … မဟုတ်တာ လုပ်သမျှ ပေါ်မှာကို ကြောက်ကြတာလည်း ပါရဲ့။

သမီးချောတွေ မွေးထားလို့ မာန်တက်နေတဲ့ မေအေးရဲ့ သမီးတွေအားလုံးလည်း သူလိုငါလိုထက် ဘာမှ မထူးတဲ့ ယောက်ျား တွေနဲ့ လိုက်ပြေးတဲ့သူက လိုက်ပြေး … လက်မထပ်ခင် ကိုယ်ဝန်ရှိလို့ ပေးစားရတဲ့သူက ပေးစားရနဲ့ … နောက်ဆုံးတော့ မေအေးလည်း မာန်တွေ ချလိုက်တဲ့ အနေအထား ရောက်ရတာပါပဲ။ ရီစရာကောင်းတာက အဲဒီကိစ္စတွေ အားလုံးကို မယုက ကျမကို လာလာပြောတတ်တာပါပဲ။ သူပြောတဲ့အတိုင်း ဘယ်သူနဲ့ ဘယ်သူကတော့ ယူတော့မယ်၊ ရည်းစား ဖြစ်နေပြီဆို … မှန်နေတာများတော့ အံ့သြမိတာ အမှန်ပဲ။

မယုက ကိုသက်တင် အကြောင်းကို တခါတလေ လွမ်းလွမ်းဆွေးဆွေး ပြောတတ်တယ်။ ဒါပေမယ့် … သူ့ပုံစံက တခုခုကို အလေးအနက် ထားရလောက်အောင်လည်း ဦးနှောက်က ဥာဏ်ရည်မမီတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။ ကျမကသာ စာရေးဖို့ တာစူနေတဲ့သူ မို့လို့လား မပြောတတ်ဘူး … သူ့အစား ဇာတ်လမ်းတွေဆင် … ဝင်လွမ်းပေးနေရတာ ...။ သူတို့ မိသားစု ပြန်ဆုံကြရင် …. ဆိုတဲ့ ဇာတ်လမ်းက ကျမရဲ့စိတ်ကူးထဲမှာ အမြဲ ဆင်မိပေမယ့် … တကယ့်လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

တကယ် ဖြစ်လာတာကတော့ ….

ညီမလေး မယု … ကိုနိုင့်ကို ယူတော့မယ်”

ကိုနိုင်ဆိုတာ ဘယ်သူလဲဟင်”

ကိုနိုင်ဆိုတာ မယုတို့ အိမ်ဘေးမှာ လာငှားနေတဲ့ ကောင်လေးပေါ့”

မယုမျက်နှာက ပြုံး … လို့

သူ့ ထုံးစံအတိုင်း ဆေးပေါ့လိပ်ကြီးဖွာပြီး စကားကို အေးအေး ပြောတတ်တဲ့ ကြီးမာကတော့ သူ့သားမက်ကို အတော်လေး သဘောကျနေပုံရတယ်။

သူတို့ နှစ်ယောက်က လိုက်ပါတယ်။ ယုကို မောင်နိုင်က တော်တော်ချစ်တယ်။ သူလည်း ယုယုလို ပေါတောတောပဲ။ နောက် … မိဇာလေးက ယုယု သမီးဆိုတာလည်း သိတယ်။ သူ နားလည်တယ်” လို့ ရိုးရိုး ရှင်းရှင်းပဲ ပြောတယ်။

မယုကို ဘာအလုပ်ပဲဖြစ်ဖြစ် မရွေးဘဲ လုပ်ကိုင် ရှာဖွေ ကျွေးမွေးတဲ့ ကိုနိုင့်ကို ကျမလည်း ချီးကျူးမိတယ်။ ကိုနိုင်က မယုထက် နည်းနည်း ငယ်တာ၊ အရက်ကြိုက်တာက လွဲရင် မယုကို တော်တော်ချစ်တယ်လေ ...။ သူတို့နှစ်ယောက်ကို ကျမတို့ ဘကြီး တယောက်က သူပိုင်တဲ့ ခြံဝိုင်းလေးထဲမှာ တဲလေးထိုးပြီးနေခွင့် ပေးထားတယ်။

ဆက်လက်ဖော်ပြပါမည်