ဝတ္ထုတို ၁၁

၂၀၀၃ ခုနှစ်လောက်က ကျမ အိုင်တီကုမ္ပဏီကြီးတခုမှာ အလုပ်လုပ်နေပါတယ်။ အိုင်တီ ကုမ္ပဏီဆိုလို့ အထင်မကြီးပါနဲ့ဦး။ သူ့ဖာသာ အိုင်တီတာပါ။ ကျမနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒီ ကုမ္ပဏီကြီးက မြန်မာပြည်မှာ ပထမဆုံး အီးဘုခ်ဆိုလားလုပ်တော့ ကျမက အဲဒီမှာ အယ်ဒီတာ ဖြစ်ပါတယ်။ အီးအယ်ဒီတာ ဆိုပါတော့။ အဲဒီတုန်းက ကျမဘာလုပ်ခဲ့ပါလိမ့် ဆိုတာ ခုမှ တော်တော်လေး နားလည်လာပါတယ်။ သူများစာစီထားတဲ့ စာအုပ်တွေကို အီးဘုခ်အဖြစ် မပြောင်းခင် ကွန်ပျူတာပေါ်မှာ ပရုစစ်ပေးရုံပါ (နာမည် ကတော့ ခပ်တည်တည် အယ်ဒီတာ ပေါ့လေ)။ အဲဒီမှာ အီးဘုခ်တွေကို ပရုစစ်ပေးလိုက်၊ အောက်က လပ်ကီးဝမ်း လက်ဘက် ရည်ဆိုင်မှာ လာသမျှ စာရေးဆရာတွေနဲ့ လက်ဘက်ရည် ဆင်းသောက်လိုက် လုပ်နေရင်း တနေ့မှာတော့ ကျမတို့ရဲ့ ပရောဂျက်ဒါရိုက်တာကြီးက ကဗျာဆရာ တစုကို ခေါ်လာပါတယ်။ အဲဒီထဲမှာ ကိုအောင်ဝေးလည်း ပါသပေါ့လေ။ အဲဒီမှာ ကဗျာရွတ်ကြမယ်၊ ပြီးရင် အွန်လိုင်းပေါ် (အွန်လိုင်းပေါ်ဆိုတာ အဲဒီတုန်းက ဘာမှန်းကိုမသိတာ) တင်မယ်ပေါ့။ ကျမကိုလည်း တပုဒ်ရွတ်ပေါ့။ ကျမက ကဗျာမှ မရေးဘဲ။ ဘာရွတ်ရမှာလဲ ဆိုတော့ ကျမအထက်က အယ်ဒီတာ ဆရာက မောင်ချောနွယ်ရဲ့ သစ္စာပန်းများနဲ့ မေလ ရွတ်ပါတဲ့။ ရွတ်ရုံတင်မဟုတ်ဘဲ ကျမတို့ ပရောဂျက် ဒါရိုက်တာက ပီတီဗီ ခေါ်မလားဘဲ ကဗျာကို နောက်ခံ ဆင်းစ် နဲ့ ဗီဒီယိုပါ ရိုက်နိုင်မလားတဲ့။ ကျမက ငိုချင်ရဲ့လက်တို့၊ လုပ်ချင်တာနဲ့ အတော်ပဲ ဆိုတော့ ရမယ်ပေါ့။ အဲဒီတုန်းက အိတ်စိုက် ပိုက်ဆံ တော်တော်ကုန်သွားတာ။ ဒါပေမယ့် မဆိုးဘူး။ ကျမက ပီတီဗီ တပုဒ်၊ ကျန် ဆရာ ဆရာမ များက ကဗျာလေးတွေ အသီးသီး ရွတ်ကြရင်း ကမ္ဘာ့ကဗျာနေ့မှာ အွန်လိုင်းပေါ် ကဗျာရွတ်သံတွေ တင်နိုင်ခဲ့ပါရဲ့။ ခက်တာက ကျမတို့ဆီမှာ အင်တာနက်က ချိတ်ပေးမထား၊ ကဖေးတွေကလည်း မပေါ်သေးတော့ ကိုယ့်ကဗျာရွတ်သံကိုယ် ဘယ်နား သွားနားထောင်ရ မှန်းမသိ။ အူကြောင်ကြောင်နဲ့။ အင်တာနက်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီမှာ လုပ်နေတယ်သာဆိုတာ အင်တာနက်ဆိုတာ ဖြူသလား မည်းသလားမသိတဲ့အဖြစ်။ အဲလို အနေအထားမှာ ကျမတို့က အီးအယ်ဒီတာတဲ့။ လာလည်တဲ့ သယ်ယင်း စာရေးဆရာ၊ ဆရာမ တွေက အထင်တွေကြီးလို့။ …. ဆိုတော့ … နည်းနည်း စိတ်က အချဉ်ပေါက်လာတာနဲ့ ဝတ္ထုတို လေးတပုဒ် ရေးဖြစ်ပါတယ်။ အဲဒီတုန်းက ကျမနဲ့တူတူ အီးအယ်ဒီတာ လုပ်နေတဲ့ ကဗျာဆရာ သယ်ယင်းတယောက်ကို ဇာတ်ကောင်လုပ်ပြီး ရေးလိုက်တာ။ အဲဒီတုန်းက သူ့မိန်းမက ကိုယ်လေးလက်ဝန်ကြီးနဲ့။ ခုတော့သူ့ကလေးက ၄ နှစ် ၅ နှစ်သားလောက် ရှိရောပေါ့လေ။ သူက တရက် ကျမကို ညည်းသလိုလိုနဲ့ သူ့အိမ်က အကြောင်းလေးပြောပြတယ်။ အဲဒါကို ကျမက ဝတ္ထုတိုလေးရေးပြီး မဟေသီကိုပို့တယ်။ မဟေသီအယ်ဒီတာများက အတိုဆုံးဝတ္ထုတို စာတွဲထဲ ထည့်သုံးလေရဲ့။ ဝတ္ထုနာမည်က “အီလက်ထရောနစ် ကဗျာဆရာ” ။ ကျမရဲ့ တိကျ သေသပ် အမှတ်သညာကောင်းမှုကြောင့် ဘယ်လ၊ ဘယ်အစ်ရှုးမှာပါတယ်ဆိုတာ မမှတ်မိ တော့ပါ။ ၂၀၀၃ ဝန်းကျင်ကဆိုတာတော့ သေချာပါတယ်။ :P
အီလက်ထရောနစ် ကဗျာဆရာ
ဒီနေ့ အိမ်ပြန်ခရီးမှာ ကဗျာဆရာ ကိုကိုနွေတယောက် တော်တော့်ကို ကြည်နူးနေမိသည်။ သူ့ကို လက်ဘက်ရည်ဆိုင်မှာ အပေါင်းအသင်းများက ဝိုင်းဝန်းဂုဏ်ပြုကြသည်။ ဘာတဲ့ … အီးကဗျာဆရာ ဆိုလား။ ခုလို အီလက်ထရောနစ် ခေတ်၊ အင်ဖော်မေးရှင်း တက္ကနော်လော်ဂျီ ခေတ်ကြီးထဲတွင် သူက ကဗျာဆရာ ဆိုပေမယ့် ခေတ်ကို အမီလိုက် နိုင်သူအဖြစ် ဂုဏ်ယူရသည်။
အိုင်တီကုမ္ပဏီကြီး တခု၏ အီးဘုခ်ခေါ် အီလက်ထရောနစ်ပုံစံ ပြောင်းထားသည့် စာအုပ် များကို ဝက်ဘ်ဆိုက် ပေါ်တင်သည့် ဌာနတခုတွင် သူက အယ်ဒီတာ တဦးဖြစ်သည်။ ပြီးတော့ သူက ကဗျာချစ်သူ၊ ကဗျာဆရာ ဆိုသည့် ဂုဏ်ပုဒ်ကို အသက်တမျှ ချစ်မြတ်နိုးသူ။
တနေ့မှာတော့ သူတို့ ကုမ္ပဏီကြီး၏ ဝက်ဘ်ဆိုက်တွင် သူ့ကဗျာတွေကို ပထမဦးဆုံး အသံထွက် ရွတ်ဆို တင်ဆက်ခွင့်ရသည်။ သူ့ရဲ့ ကဗျာများ တကမ္ဘာလုံးသို့ ခဏချင်း ပျံ့နှံ့ သွားတော့မည်။ ဒါမျိုးကို သူက ပထမဆုံး လုပ်ခွင့်ရသူ ဆိုတော့ သူက ခုချိန်မှာ တဦးတည်းသော အီးကဗျာဆရာ … ။
သူ အသံထွက်ရွတ်ဆိုထားတဲ့ ကဗျာတွေ လေထဲမှာ ပျံ့လွင့်၊ မိုးကောင်းကင်က တဆင့် နိုင်ငံ အရပ်ရပ်ကို ရောက်သွားတော့မည်။ ကြည့်စမ်း ဘယ်လောက်တောင် တိုးတက်လိုက်တဲ့ ခေတ် ကြီးလဲ။ သူကတော့ သိပ်ကို ကျေနပ်နေမိသည်။ လက်ဘက်ရည်ဆိုင်မှာ အပေါင်းအသင်း ကဗျာဆရာများ ဝိုင်းဝန်း ချီးကျူးလိုက်တာကို လုံးဝကျေနပ်သည်။ ကဗျာဆရာ ကိုကိုနွေဆိုပြီးတောင် လက်ခမောင်း ထခတ်လိုက်ချင်သေး၏။
ကြည်နူးတဲ့ စိတ်နဲ့ ပြန်လာတာ ဆိုတော့ ဘတ်စ်ကား ကျပ်တာကိုတောင် ခါတိုင်းလို စိတ်မညစ်မိ။ ဘတ်စ်ကားပေါ်က တိုးဝှေ့ပြီးဆင်းလိုက်တာနဲ့ ဆောင်းရဲ့ လေပြည်အေးအေးက သူ့မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ စိတ်ချမ်းသာစရာ ကောင်းလိုက်ပါဘိ။ ရင်ထဲက ကြည်နူးမှု အဟုန်နဲ့ဆိုတော့ အိမ်ပြန်ရာလမ်းတလျှောက်တွင် မြောက်ကြွ မြောက်ကြွပင် ဖြစ်ချင်မိသည်။
သူတို့အိမ်က တောင်ဥက္ကလာပ၊ ကျိုက္ကဆံဘုရား အနီးမှာ။ အုပ်အုပ်ဆိုင်းဆိုင်းနှင့် မြို့ထဲလမ်း တွေလို လူမကျပ်လှ။ အိမ်ကို လမ်းလျှောက်ပြန်လာရင်း အတွေးတခု ပေါ်လာသည်။ ညနေခင်း မိန်းမနှင့်အတူ လမ်းလျှောက်ရလျင်ကောင်းမည်။
ကြည့်စမ်း ..။ ကြည်နူးမှုတွေ ပြည့်သိပ်နေတာနဲ့ပဲ သူ့မိန်းမကိုတောင် မေ့တော့မလို့ ပါလား။ မေ့လို့မဖြစ်။ သူ့မိန်းမက ခုချိန်မှာ ကိုယ်လေးလက်ဝန် ကြီးနဲ့လေ။ ကိုကိုနွေ့ မိန်းမ ရင်ရင် ကလည်း နှယ်နှယ်ရရ မဟုတ်။ သူတို့အလုပ်ထဲက အီးဂါးဗားမင့် သင်တန်းကို တက်ဖို့ ရွေးချယ်ခြင်း ခံရသူဆိုတော့ သူ့ကိုလည်း အီးဗိုက်ကြီးသည်လို့ ခေါ်လို့ရသည်။“
အဲဒီ အီးဗိုက်ကြီးသည်ရဲ့ လက်ကိုတွဲပြီး ညနေခင်းကလေးမှာ လမ်းလျှောက်လိုက် ဦးမည်။ ကျိုက္ကဆံ ဘုရားကိုဖူးမည်။ ပြီးတော့ ဒီနားက စာအုပ်အဟောင်းဆိုင် တန်းလေးမှာ ခေတ္တဝင် မွှေမည်။ အပြန်လမ်းမှာတော့ မိန်းမကို အိုင်တီ ခေတ်ကြီးကြောင့် သူ အီးကဗျာဆရာ ဖြစ်ရပြီ ဆိုတဲ့အကြောင်း ကြွားမည်။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ။ တခု ကျန်သေး သည်။ ဒီတိုင်းဆို သူတို့လင်မယားကို အီးလင်မယားလို့များ ခေါ်ကြမလားမသိ။

အိမ်ကိုရောက်တော့ ကိုရွှေသော့က စောင့်ကြိုနေ၏။ ဟုတ်ပေသားပဲ။ အိုင်တီခေတ်ကြီးထဲမှာ တယောက်ထဲ အလုပ်လုပ်လို့ မရတော့။ လင်မယား ၂ ယောက်စလုံး ရုန်းကန်ကြရသည်။ ရင်ရင် ရုံးက ပြန်မလာသေး။ အသင့်ပါလာသော သော့နှင့် တံခါးကို ဖွင့်ပြီး အိမ်ထဲ ဝင်လိုက်သည်။ ပြူတင်းပေါက်များကို ဖွင့်သည်။ မိန်းမ မလာခင် ထမင်းအိုး တည်ထားလိုက်ဦးမည်။ ထမင်းပေါင်းအိုးနဲ့ ဆိုတော့ ဘာမှ ခက်တာမဟုတ်။ အီးခေတ်ကြီးထဲမှာ အားလုံး လွယ်ကူနေပြီ။
အဲဒီအချိန်မှာ မီးက ရုတ်တရက် ပြတ်သွားသည်။ ထမင်းအိုးတည်ဖို့ ကိစ္စကို လက်လျှော့လိုက် ပြီ။ ဒီညနေတော့ ဘာမှ ချက်ပြုတ်မနေတော့ဘဲ အပြင်မှာ စားဖို့ မိန်းမကို ပြောရမည်။
ခဏနေတော့ ရင်ရင် ပြန်ရောက်လာသည်။ အီးဗိုက်ကြီးသည်က လိမ့်လိမ့် လိမ့်လိမ့်နှင့် အိမ်ပေါ် တက်လာကာ ထိုင်ခုံတွင် ခြေပစ် လက်ပစ် ထိုင်ချရင်း လက်ထဲက အထုပ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။
“ကိုရေ။ ဒီနေ့ ၃၈ လမ်း ဈေးမှာ ငါးဖယ်ခြစ်တွေ တွေ့တာနဲ့ ဝယ်လာခဲ့တယ်။ ဟောဒီမှာ”
“ဟောဗျာ …။ ကျုပ်က ဒီညနေ အပြင်ထွက် စားမလားလို့ စဉ်းစားနေတာ”
“အပြင်မှာ စားတာက စားလို့ရပါတယ်။ ဒါပေမယ့် ဒီငါးဖယ်တွေ ကတော့ လုပ်မှ ဖြစ်မှာပေါ့။ မလုပ်ရင် ပုပ်ကုန်လိမ့်မယ်”
ပြောပြောဆိုဆို ရင်ရင်က ထပြီး နောက်ဖေးဝင် သွားသဖြင့် ကိုကိုနွေလည်း နောက်က လိုက်ဝင် သွားရတော့၏။
အဆင်မပြေ …။ ဘယ်နည်းနဲ့မှ အဆင်မပြေ။ ရင်ရင်တယောက် ငရုပ်ဆုံရှေ့ချပြီး ငုတ်တုတ် ထိုင်ကာ ငါးဖယ်ထောင်းဖို့ ပြင်နေသည်။ ဗိုက်ကြီးသည် ငုတ်တုတ်ထိုင်တော့ ဒူးနှင့် ဗိုက်က ထောက်နေသည်။ ကိုကိုနွေ မနေသာတော့ …။
“ကဲ ကဲ မချော ထ။ ကျုပ် လုပ်လိုက်မယ်”
မဗိုက်ကို ဆွဲဖယ်ပြီး ကိုကိုနွေ နေရာဝင်ယူလိုက်သည်။
“ဒါတွေပြီးရင် လမ်းလေးဘာလေး လျှောက်ရအောင် ရေမိုးချိုး အဝတ်လဲထားလိုက် နော်”
မိန်းမကို လှမ်းပြောပြီး ငါးဖယ် စထောင်းသည်။ ထောင်းခါစ တချက် ၂ ချက်ပဲ အဆင် ပြေသည်။ ငရုပ်ကျည်ပွေ့မှာ ငါးဖယ်တွေ ကပ်ကုန်သည်။ လက်နှင့်သပ်ချတော့ လက်မှာ ကပ် ကုန်၏။ မီးကပျက်နေတော့ မှောင်နေတာကို အခွင့်ကောင်းယူပြီး ခြင်များက တွယ်သေးသည်။ ငါးဖယ်ထောင်းရတာ ကြက်သွန်ထောင်းသလို တဆက်တည်း ဖြစ်မနေဘဲ တချက်ချင်း ထောင်း နေရသည်။ ခရီးမတွင်။ တခါ ငရုပ်ကျည်ပွေ့က ငါးဖယ်နှင့် ကပ် နေသောကြောင့် အားစိုက်ဆွဲထုတ်လိုက်ရာ ကြမ်းပေါ်သို့ ဖင်ထိုင်ရက် ပြုတ်ကျတော့သည်။ ဒီပုံနှင့် မဗိုက် ထောင်းလို့ ဖြစ်မလား ….။
“ရင်ရင်ရေ .. ဖရောင်းတိုင်ထွန်းပေးပါဦး ဟာ။ ခြင်ဆေးလည်း ထွန်းပေးဦး”
လှမ်းအော်နေတုန်း အနောက်မှာ ဝဲနေသော ခြင်ထဲက တကောင်က သူ့တင်ပါးကို ဝင်တွယ် သည်။ ပေနေသော လက်ဖြင့် ဖျန်းကနဲ ရိုက်လိုက်မိသည်။ မတတ်နိုင်တော့ …။ သူ့မိန်းမ သနပ်ခါး အဖွေးသားနှင့် မီးဖိုထဲ ဝင်လာတော့ သူက ပေကျံ ညစ်ပတ်နေပြီ။ မီးက ခုထိ မလာသေး။
“ကိုရေ … တလက်စထဲ မီးမွှေးပေးပါဦး။ ဒီမှာ ကျမက ရေချိုးပြီးသား မို့လို့”
ငါးဖယ်ထောင်းအပြီးမှာ မီး ဆက်မွှေးလိုက်ရသည်။ မထူးတော့ … ငါးတွေနဲ့ နံလက်စ ဆိုတော့ မိန်းမကို အကိုင် မခံတော့။ သူ့ဖာသာပဲ ကိုင်လိုက်တော့မည်။ ငါးဖယ်များကို လုံးပြီး ပန်းကန်ပြားပေါ် တင်သည်။ လက်မှာ ငါးဖယ်များကပ်နေသည်။ မိန်းမက ဆီခွက်လေး လာချ ပေးသည်။ ဆီနှင့် ကိုင်လိုက်တော့မှ အဆင်ပြေသွားသည်။
မိန်းမက ငါးဖယ် ဆက်ကြော်နေခိုက်မှာ သူက ရေဝင်ချိုးရသည်။ ဆောင်းတွင်းကြီး ချမ်းချမ်း စီးစီး။ မတတ်နိုင် …။ သူ့တကိုယ်လုံး ငါးညှီနံ့တွေနှင့်။ ရေချိုးပြီး နာရီကြည့်လိုက်တော့ ၈ နာရီ ခွဲပြီ …။
ဘယ်မှာလဲ …ညနေခင်း လေညင်း …ရှုရှိုက်ဖို့။ ဘယ်မှာလဲ မိန်းမလက်ကို တွဲပြီး လမ်းလျှောက်ဖို့။ မီးပျက်တာနှင့် ကျိုက္ကဆံဘုရား တဝိုက်လည်း မှောင်မည်းလို့ နေရောပေါ့။ စိတ်ညစ်ညစ်နှင့် မှောင်ထဲမှာ ငုတ်တုတ်ထိုင်နေမိတာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိ။ ရင်ရင်က လာခေါ်သည်။
“ကိုရေ ထမင်းလည်း ကျက်ပြီ။ စားလိုက်ရအောင်”
ထမင်းစားပွဲပု ကလေးပေါ်တွင် ငါးဖယ်ဟင်း တခွက်။ ငါးပိရည်တခွက်နှင့် တို့စရာ တပန်းကန် တွေ့ရသည်။ ဖယောင်းတိုင် တတိုင် အလယ်မှာ ထွန်းညှိရင်း လင်မယား ၂ ယောက် ထမင်းကို အမြန်စားလိုက် ကြသည်။ စားပြီးသည်နှင့် အိပ်ရာထဲကို ဒိုင်ဗင်ထိုး ဝင်လိုက်တော့ သည်။
ပင်ပမ်းလွန်းလို့ ကိုကိုနွေ ကဗျာပင် မရေးနိုင်တော့။ အိပ်မက်ထဲမှာတော့ ကိုကိုနွေ ကဗျာရွတ်နေသည်။ ရိုးရိုးရွတ်နေခြင်း မဟုတ်။ အင်တာနက် ပေါ်မှာ ရွတ်နေခြင်း ဖြစ်သည်။ သူငယ်ချင်းများက သူ့ကို ဝိုင်းဝန်း ချီးကျူး ဂုဏ်ပြုကြသည်။ “အီး ကဗျာဆရာ” တဲ့။
ထိုအချိန်တွင် မီးပျက်သွားသည်။ ထိုအခါ …ကိုကိုနွေ့ အိပ်မက် တခုလုံး မှောင်အတိ ကျသွား လေတော့သည်။

3 comments:

Everest said...

Waiting for more posts.
Thanks for sharing!

mm thinker said...

အရင် ဝတ္ထုခေါင်းစဉ်က အီးကဗျာဆရာလားလို့လေ။

သင်ကာ

tututha said...

အီလက်ထရောနစ် ကဗျာဆရာပါပဲ ကွ။ ဖိုတိုဆွဲ ယူလာတာလေ။