ဝတ္ထုတို ၁၆

ဘာရယ်မဟုတ်ပါဘူး။ တချိန်က ဗရုတ်သုတ်ခ သူငယ်ချင်းတစုကို လွမ်းပြီး ဒီဝတ္တုလေး ဖန်တီး ဖြစ်တာပါ။ သူတို့ရင်ထဲမှာ ကမ္ဘာကြီးအတွက် စေတနာအပြည့်ပဲ ... ဒါပေမယ့် ...။
*
နားခိုရာ
*
ဒီဇာတ်လမ်းကို စတဲ့သူက ကျော်ကြီးလေ .... ။

ကိုစီတုတ်အိမ်မှာ ဝိုင်းဖွဲ့တိုင်း သူတို့ တခုမဟုတ် တခု ပြောနေကျ ဆိုပေမယ့် ဒီခေါင်းစဉ်မျိုးကတော့ တော်တော်လေးကို ပြောခဲပါတယ်။ ပြောခဲဆို လုံးဝကို မပြောသလောက်ဘဲ။

ကိုစီတုတ်ကလွဲရင် အားလုံး လူပျိုတွေချည်းဆိုတော့ သူတို့သောက်ကြတဲ့အခါ ... ချစ်ရေး ချစ်ရာ ကိစ္စလေးတွေ ပြောချင်ပြောမယ် ... ဒါလည်း ပြောမယ့်သာပြောရတာ လူပျိုတွေ ဆိုပေမယ့် လူပျိုကြီး တွေလို့ ပြောရမယ်။ ကိုရဲကလွဲရင် ကျန်တဲ့ကောင်တွေက ဂေါ်မစွံ လူပျိုသိုးကြီးတွေချည်းပဲ။ ချစ်ရေး ချစ်ရာ ကိစ္စဆိုတာကလည်း ကိုရဲကိစ္စကို ဝိုင်းဝန်း အကြံပေး ဘာညာပါ။ ဒီလောက်ပါ။

ဒါမှမဟုတ် အလုပ်ကိစ္စပြောမယ် ...။ များသောအားဖြင့်ကတော့ အနုပညာအကြောင်း၊ စာအကြောင်း ပေအကြောင်း၊ ဂီတအကြောင်းလေးတွေ ပြောနေကျ ... ။ တခါတလေတော့လည်း ကမ္ဘာ့အရေး မြန်မာ့အရေးလေးတွေ ဆွေးနွေးတတ်ပါတယ်။ ဒါပေမယ့် ဒါမျိုးတော့ တခါမှ မပြောဘူးတာ သေချာတယ်။ ပြောရင်းအရှိန်ရလာတဲ့ အခါမှာတော့ (အရှိန်ဆိုတာ က စကားကော ရေချိန်ကော ပြောတာပါ) ဟိန်းလတ်က ကျော်ကြီးကို ဆုံးမလေ့ရှိတယ်။

ကျော်ကြီးကလည်း ကျော်ကြီး ... အရက်လုံးဝမဝင်ထားရင်တောင် သူစကားပြောရင် ဘာပြောလို့ ပြောနေမှန်း မသိအောင် ပြောတတ်တာ။ အလယ်ကဖောက်ပြောလိုပြော။ အဆုံးကနေ ဗလုံးဗထွေး ပြောလိုပြော ... ကြည့်ရတာ သူပြောသမျှ အားလုံးက အန်ဒါစတွတ်နားလည်တယ်လို့များ မှတ်နေလား မသိပါဘူး။

“အဲဒါလေ ... သိတယ်မဟုတ်လား ... မိုက်တယ်ကွာ ... အရမ်းပဲ ... ငါ .. တကယ်ပြောတာကွ”

အဲလိုမျိုး .. ကျော်ကြီး။ သူ့စကားသာဆုံးသွားရော ဘာကို ဆိုလိုလဲဆိုတာ လုံးဝ မသိလိုက်စေရအောင် ပြောတာ။ ဒါကြောင့် ဟိန်းလတ်က အမြဲဆုံးမရတယ်။

“ကျော်ကြီးရာ မင်းအသက်လည်း မငယ်တော့ဘူး။ အဲဒီအကျင့်တွေ ဖျောက်စမ်းပါ”
“ငါက ဘာဖြစ်နေလို့လဲကွာ။ မင်းသိပါတယ်။ အဲဒါ မင်းပြောတာ ငါသိတော့သိတယ်ကွ”

အဲလိုပဲ လုံးလည်လိုက်နေကျ။

အဲဒီနေ့ကတော့ ကျော်ကြီးတယောက် ဘာစိတ်ကူးပေါက်တယ် မသိဘူး လက်ထဲမှာလည်း ဂျာနယ် တစောင်ကို ကိုင်လို့။ အရက်ဝိုင်းစတယ်ဆိုတာနဲ့ ဂျာနယ်ကို ဖျာပေါ်မှာ ဖြန့်ခင်းပြီး အားလုံးကို သေချာ ကြည့်ခိုင်းတယ်။ ကျော်ကြီးပြတဲ့ ဆောင်းပါးက သဘာဝပတ်ဝန်းကျင်အကြောင်း ရေးထားတဲ့ ဆောင်းပါး။

အယ်လ်ဂိုးရဲ့ အန်အင်ကွန်ဗီးနီးယန့် ထရုကို ကိုးကားပြီး တဖွဲ့တနွဲ့ရေးထားတဲ့ ဆောင်းပါး ...။ ကမ္ဘာကြီးမှာ ဇီဝမျိုးစုံနဲ့ မျိုးကွဲတွေ ပျောက်ကွယ်ကုန်ပြီ ဆိုတဲ့အကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ကမ္ဘာ့လေထုထဲမှာ ထူထပ်နေပြီဆိုတဲ့အကြောင်း၊ သစ်တောပြုန်းတီးတာတွေ၊ မြစ်ကောတာတွေ၊ လူတွေလုပ်လို့ သဘာဝ အရင်းအမြစ်တွေ ပျောက်ကွယ်ကုန်တာတွေ ... နောက် ကမ္ဘာ့ ရေခဲတုံးကြီး ၂ တုံးဖြစ်တဲ့ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းက ရေခဲတွေ အရှိန်နဲ့ ပျော်ကျကုန်ပြီ ဆိုတဲ့အကြောင်း .. အဲဒါတွေကို ဆောင်းပါးရှင်က လှလှပပလေး ရေးပြထားတဲ့အပေါ်မှာ ကျော်ကြီး အရမ်းကို ခံစား လိုက်ရတယ်။ အဲဒီမှာ ဒီဆောင်းပါးကို သူ့သူငယ်ချင်းတွေကို ပြမှ ဖြစ်မယ်လို့ စဉ်းစားပြီး ဒီနေ့ အရက်ဝိုင်းကို ဂျာနယ်ပါ ယူလာခဲ့တာ။

အဲဒီဆောင်းပါးကို သူတို့တွေ တယောက်တလှည့် ဖတ်ကြပြီး ... အားလုံး တိတ်ဆိတ် ငြိမ်သက် သွားတယ်။ သူတို့အရက်ဝိုင်းမှာ အရက်ငှဲ့သံ၊ ရေထည့်သံလောက်ပဲ ကြားရပြီး အားလုံး ငြိမ်သွားတာ လေ။ ခဏနေမှ ကိုရဲဆီက အသံထွက်လာတယ်။

“ဟုတ်တယ်ကွာ ... အရမ်းဝမ်းနည်းစရာကောင်းတယ် ... ကမ္ဘာကြီးကို ငါတို့တွေက ဖျက်ဆီးနေကြ တာပဲကွ”

ကိုရဲက ဖီလင်သမား ... တခုခုဆို သူက အရမ်းကာရောခံစားတာ။ ခုလည်း ကမ္ဘာကြီးအတွက် ခံစားနေရပြီ။ အဲဒီမှာ ကျော်ကြီးက ဝင်ပြောတယ် ..

“အဲဒါ ငါပြောတာကွ ... ငါသိတယ် ... အဲဒါပဲကွာ”

ကျော်ကြီးရဲ့ဆိုလိုရင်းကို ဘယ်သူမှ နားမလည်နိုင်ပေမယ့် .. သူ့အသံကလည်း တကယ့်ကို ကြေကွဲ ဝမ်းနည်းသံစွက်နေတော့ ဟိန်းလတ်တောင် သူ့ကို ခါတိုင်းလို မငေါက်နိုင်ဘဲဖြစ်သွားတယ်။

“မှန်းစမ်း ကြည့်ရအောင်” ဆိုပြီး ကိုစီတုတ်မိန်းမ မသွယ်ပါ စကားဝိုင်းထဲ ဝင်လာတယ်။ မသွယ်လည်း အဲဒီဆောင်းပါးကို ဖတ်ကြည့်နေပြီ။

“ငါတို့က ဒီကမ္ဘာကြီးပေါ်မှာ နေနေတဲ့လူတွေ။ ငါတို့မှာ လုံးဝတာဝန်ရှိတယ်ကွ။ ဒါ ... လုပ်ကို လုပ်ရမယ့် တာဝန်တရပ် ဟေ့ကောင်တွေ” လို့ ကိုစီတုတ်က အားတက်သရော ဝင်ပြောတယ်။

“ဒီပုံအတိုင်းဆို ငါတို့ တခုခု လုပ်ကိုလုပ်မှ ဖြစ်တော့မယ်ကွ။ မလုပ်လို့ကတော့ ကြာရင် ကမ္ဘာကြီးက ငါတို့ကို ဒဏ်ခတ်တော့မယ်” ဆိုတဲ့ ဟိန်းလတ်ရဲ့ စကားအဆုံးမှာ သူတို့ရဲ့ ဆွေးနွေးဝိုင်းက တကယ်ကို ကြီးကျယ်ခန်းနားတဲ့ အန်ဗရိုမန်တယ် အစ်ရှူးဆီ ရောက်သွားတယ်။

ကိုစီတုတ်ရဲ့တဲပုတ်ကလေးထဲမှာ ဖျာလေးခင်းပြီး ထိုင်နေတယ်ဆိုတာ သူတို့အားလုံး မေ့သွားကြ တယ်။ ကောင်းကင်က ကြယ်တွေ တဖျပ်ဖျပ်လက်နေတာကို မလုံတဲ့ ဓနိမိုး အကြိုအကြားကနေ မြင်နေရတယ်။ ဖရောင်းတိုင်မီးရဲ့ အလင်းရောင်က လပြည့်ညကို အံမတုနိုင်ဘူးဖြစ်နေတယ်။

ကိုရဲကပြောရင်း အံကိုကြိတ်တယ်။ သစ်ပင်တွေကို ခုတ်နေတာမြင်ရရင် သူ့အသည်းနှလုံးကို ဓားနဲ့ မွှန်းနေသလိုပဲလို့လည်း ပြောရဲ့။ ထုံးစံအတိုင်း အနုပညာပိုးက ရှိထားရတဲ့အထဲ အရက်ဝင်ပြီဆိုတော့ အလွန်အကျွံတွေဖြစ်ကုန်တာ။ ဟိန်းလတ်ကလည်း သူတို့မှ ဝင်မကယ်ရင် မနက်ဖြန်ပဲ ကမ္ဘာကြီး ပျက်တော့မလို ပြောနေပြန်ရော။ ကျော်ကြီးကတော့ စကားကထစ်နေ၊ လိုရင်းမရောက် ဖြစ်နေတာနဲ့ပဲ သူပြောမယ့် စကားတွေကို ကိုရဲပြောလိုက် ဟိန်းလတ်က ပြောလိုက်နဲ့ .. အင်း ... အဲ ကနေ မတက်နိုင်ဘူး ဖြစ်နေလေရဲ့။

အဲဒီအချိန်မှာ မသွယ်က သတင်းတပုဒ်ကို ပြရင်း ပြောလိုက်တယ် “ဒီမှာ ကြည့်ပါဦး။ သဘာဝ ပတ်ဝန်းကျင် အဖွဲ့တဲ့။ နာမည်တွေကတော့ အင်္ဂလိပ်လိုတွေ ..နားတော့မလည်ဘူး။ ဒီလောက်တောင် ဖြစ်နေကြတာ ရှင်တို့လည်း အဲလို အဖွဲ့ဖွဲ့ပါလား” တဲ့။

အားလုံးရဲ့စိတ်ထဲ လင်းကနဲဖြစ်သွားတယ်။ ကိုစီတုတ်က ငါ့မိန်းမကွ ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး .. “မှန်တယ်ကွ။ ငါလည်း အဲဒါတော့ စဉ်းစားမိတယ်။ ငါတို့တွေလည်း ဒီလို တနိုင်တပိုင် အဖွဲ့ဖွဲ့ပြီး ကမ္ဘာကြီးကို ကယ်တင်ကြမယ်ကွာ” တဲ့။ မသွယ်က ခါတိုင်းဆိုရင်တော့ အဲလို သူပြောမှ သိတဲ့ ကိစ္စ ကိုစီတုတ် ဝင်အသားယူရင် ပြဿနာ ရှာလိုက်ပြီ။ ဒါပေမယ့် ဒီနေ့ကတော့ သူတို့အားလုံး ကမ္ဘာကြီး ကောင်းကျိုးအတွက် လုပ်ကြမှာဆိုတော့ စိတ်အားထက်သန်နေတာနဲ့ပဲ ကိုစီတုတ်ကို မျက်စောင်း ထိုးရုံ ထိုးလိုက်နိုင်တယ်။

“အဖွဲ့ဖွဲ့တာတော့ ဟုတ်ပါပြီ ငါတို့က ဘာလုပ်ကြမှာလဲ” လို့ ဟိန်းလတ်ကမေးတော့ ကျော်ကြီးက ရုတ်တရက်ဝင်ပြောတယ် “ဟာ သစ်ပင်စိုက်မှာပေါ့ကွ” တဲ့။ တခွန်းဆို ဆိုသလောက် ထိသွားတယ်။ ဟိန်းလတ်က “စိုက်ရုံတင်မဟုတ်ဘူး ခုတ်တဲ့သူတွေကိုပါ တားရမယ်” လို့ပြောတော့ ကိုရဲ တွန့်ခနဲ ဖြစ်သွားတယ်။ သူ့ယောက္ခမလောင်းကြီးက သူ့ခြံထဲက သစ်ပင်တွေ ကို တပင်ပြီး တပင် ခုတ်နေတာ လေ။

အားလုံးရဲ့ မျက်လုံးတွေက ကိုရဲဆီကို စုပြုံရောက်သွားတယ်။ အဲဒီမှာ မသွယ်ကပဲ
“သြော် ကိုရဲရယ်။ နင်ကလည်းနင့်ကောင်မလေးကို သေချာ ရှင်းပြပေါ့ဟ။ သူက သူ့အဖေကို ပြန်ရှင်းပြမှာပေါ့။ နင်ပြောရင်ရမှာပါ။ သူ့ကိုလည်း ငါတို့ဆီခေါ်ခဲ့လေ။ ငါတို့လည်း ဝိုင်းရှင်းပြမှာပေါ့” ဆိုပြီး ချက်ချင်းကို သဘာဝပတ်ဝန်းကျင် ပညာရှင်ကြီးဖြစ်သွားတော့တယ်။

“ဟေ့ကောင်ကျော်ကြီး ... မင်းကလည်း မင်းအမေကို ထင်းတွေ၊ မီးသွေးတွေ မသုံးဖို့ ပြောပြဦး” လို့ ဟိန်းလတ်ကပြောတော့ ကျော်ကြီးက “အေးပါကွာ” လို့ပဲ ပြန်ပြောတယ်။ သူတို့ရဲ့စကားဝိုင်းမှာ မသွယ်ကလွဲရင် အားလုံး ၂ မျိုးစလုံးမှာ အရှိန်ရလာပြီ။

ကိုစီတုတ်က “ငါတို့တွေ တပတ်ကို တရက်တော့ သက်သက်မှတ်မှတ် အပင်စိုက်ကြမယ်ကွာ။ ကိုချင်းမြင့်တို့ ကိုနောင်ကြီးတို့ကိုလည်း ပြောမယ်။ သူတို့ပါ ပါလာရင် ငါတို့အဖွဲ့က လူမနည်းဘူးကွ။ တယောက်ကို တပင်ပဲစိုက်ဦး အများကြီး စိုက်ဖြစ်မှာ။ ငါတို့စိုက်တဲ့ သစ်ပင်တွေက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူမှာပဲ။ ဟုတ်တယ်မဟုတ်လား” လို့ ပြောလိုက်တဲ့ အချိန်မှာ ပုလင်းထဲမှာ လက်လေးလုံးလောက်ပဲ ကျန်တော့တယ်။ ဒီနေ့တော့ မသွယ်က စိတ်လိုလက်ရ ပဲခြမ်းကြော်တွေ ထသုတ်ပေးလို့ ...။

“ဟုတ်တယ် ... လုပ်ရမယ် ... လုပ်ကိုလုပ်ရမယ်” ဆိုပြီး ကျော်ကြီး တတွတ်တွတ် ရွတ်နေတဲ့ အချိန်မှာ ဟိန်းလတ်က နောက်ဆုံးလက်ကျန်ကို ခွက်လေးခွက်ထဲ မျှထည့်ပေးတယ်။ အဲဒီ အချိန်မှာ ကိုစီတုတ်က “ဟာ ငါအကြံရပြီဟေ့” လို့ ထအော်တယ်။ အိပ်ခန်းထဲမှာ အိပ်နေတဲ့ သားတော်မောင် နိုးသွားမှာစိုးလို့ မသွယ်လန့်သွားပေမယ့် ခါတိုင်းလို ကိုစီတုတ်ကို ဟန့်တောင်မဟန့်ဘူး။ သူကိုယ်တိုင် လည်း ဒီသဘာဝပတ်ဝန်းကျင် ဆိုတာကြီးကို စိတ်ဝင်စားနေပြီလေ။

“ငါတို့အဖွဲ့ကို နာမည်ပေးမယ် FOREST လို့”
“သစ်တောပေါ့ ဟုတ်လား။ ကောင်းပါတယ်” လို့ ဟိန်းလတ်က ထောက်ခံတယ်။
“အေး သစ်တော ဆိုတဲ့ အဓိပ္ပာယ်ရသလို အသံထွက်ကို ခွဲပြီး ဖတ်လိုက်ရင် FOR REST ဖော် ရက်စ် ဆိုတဲ့ အသံရတယ် မလား။ ဖော် ရက်စ် ဆိုတာ ဘာလဲ။ နားစရာ ... နားခိုရာပေါ့ကွ” ဆိုပြီး ကိုစီတုတ်က သူ့ဟာသူမေး သူ့ဟာသူ ဖြေရှင်းနေတယ်။ အားလုံး ဖိုးသိုက်ရဲ့အပြောကို ခိုက် သွားကြတယ်။ အားလုံး သဘောတူတယ်။ ဒီလောက်ကောင်းတဲ့ အကြံဥာဏ် ထွက်တဲ့ ဖိုးသိုက်ကို ဝိုင်းပြီး ချီးကျူးကြတယ်။ မသွယ်ကလည်း သူ့ယောက်ျားအတွက် ဂုဏ်ယူလို့ပေါ့။

အဲဒီနေ့က သူတို့ပုလင်းကိုသူတို့ အသေသတ်ပြီးသွားချိန်မှာ လူငါးယောက်ပါတဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့တဖွဲ့ကို နာမည်နဲ့ တကွ ဖွဲ့စည်းပြီးသွားပြီ။ တနင်္လာနေ့ညတိုင်း ဆုံပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်မယ် ဆိုတာ ဆွေးနွေးဖို့ သဘောတူကြ တယ်။ ပြီးတော့ တနင်္ဂနွေနေ့တိုင်း သစ်ပင်တပင်စိုက်ဖို့၊ သစ်ပင်ခုတ်နေတဲ့ သူတွေကို ဖြစ်တဲ့နည်းနဲ့ တားဖို့ သဘောတူပြီး စည်းဝေးကို ရုတ်သိမ်းလိုက်ကြတယ်။

အဲဒီနေ့က ကျော်ကြီးတယောက် ပြောသမျှကို စိတ်အားထက်ထက်သန်သန်နဲ့ ထောက်ခံပေမယ့် သူကိုယ်တိုင် သိပ်ပြီး ဝင်မဆွေးနွေးဘူး။ ငြိမ်နေတယ်လို့ ပြောလို့ရတယ်။

တကယ်က သူတို့အားလုံး ဂျာနယ်တစောင်က ဆောင်းပါးတပုဒ်ကို ဖတ်ပြီး စိတ်ဓာတ်တွေသာ တက်ကြွလာတာ။ ဘာမှ သေချာသိတာ မဟုတ်ဘူးလေ။ နောက်နေ့ကစပြီး သတင်းတွေ ကြားရတော့တာပဲ။ ကိုရဲကို သူ့ယောက္ခမလောင်းကြီးက ဓားကြိမ်းကြိမ်းတယ်တဲ့။ သစ်ပင်ခုတ်တာ လူသတ်မှုထက်ကြီးလေးတဲ့ ပစ်မှုမြောက်တယ် ဆိုပြီး သွားပြောလို့လို့ ကြားတာပဲ။ သူ့ကောင်မလေး ကလည်း သူ့ကို လုံးဝ အတွေ့မခံဘူးဆိုလို့ အသည်းကွဲနေတယ်။

ဟိန်းလတ်ကတော့ သူ့အမေကို ထင်း၊ မီးသွေးမသုံးဖို့ သွားတရားဟောတာ ဘယ်လို ဟောတယ် မသိဘူး ... သူ့အမေက ထင်းချောင်းနဲ့ ကောက်ပေါက်လိုက်လို့တဲ့။ သေချာတာက သူ့အမေက ညတိုင်း မြဝတီကလာတဲ့ တရုတ်သိုင်းကားတွေ ကြည့်နေကြ ဆိုတော့ ဘယ်ပြောကောင်းမလဲ ဟိန်းလတ် နဖူးကြီး ဟက်တက်ပဲ။

ကိုစီတုတ်နဲ့ မသွယ်ကျတော့ တမျိုး ... သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့ အနေနဲ့ ထင်းတွေ မီးသွေးတွေ သုံးဖို့ မသင့်တော်ဘူးဆိုတော့ ... လျှပ်စစ်သုံးမလား ... သူတို့ ဆွေးနွေးကြတယ်။ မဖြစ်နိုင်ဘူး။ မီးကနပ်မှန်အောင်လာတာ မဟုတ်ဘူးလေ။ ဂတ်စ်သုံးဖို့ကျ သူတို့ မတတ်နိုင်ဘူး။ ဒီတော့ မသွယ်က အကြံပြုတယ်။ အပြင်မှာ ဝယ်စားမယ်တဲ့။ ပြီးတော့ ဆိုင်ကယ် တက္ကစီဆွဲတာ သဘာဝ ပတ်ဝန်းကျင်နဲ့ မလျှော်ညီဘူး ဆိုပြီး ကိုစီတုတ်က ဆိုက်ကားပြန်နင်းတယ်။ အဲဒီမှာ ၃ ရက်မပြည့် သေးဘူး အိမ်တွင်း စီးပွားရေး ခရိုက်စစ်တွေဖြစ်ပြီး လင်မယား ရန်ထဖြစ်တာ အကြီးအကျယ်။ ဒီတခါလောက် ကြီးကျယ်တဲ့ ရန်ပွဲ မမြင်ဖူးဘူးလို့ အိမ်နီးနားချင်းတွေက ပြောတာပဲ။

ကျော်ကြီးကတော့ တရက်မြို့ထဲကို လမ်းလျှောက်ပြီး ထွက်အလာ .. လမ်းမှာ ကုက္ကိုပင်တပင်ပေါ်မှာ လူတယောက် တက်ခုတ်နေတာ တွေ့တော့ သစ်ပင်ပေါ်ကလူကို ဆင်းခဲ့ဖို့ပြောတာမှာ ဟိုလူလည်း ကျော်ကြီး ပုံစံကိုကြည့်ပြီး အကောင်တကောင်ကောင် ထင်လားမသိပါဘူး ဆင်းလာသတဲ့။ အဲဒီမှာ ကျော်ကြီးက လူနားမလည်တဲ့ သူ့ရဲ့ ဘာသာစကားနဲ့ သစ်ပင်မခုတ်ဖို့ ပြောရာကနေ အဲဒီလူနဲ့ စကားထများတယ်။ စကားများတော့လည်း ထုံးစံအတိုင်း သူ့စကားကို ဟိုလူတွေက နားမလည်တော့ တောင်းပန်တာက ဆဲသလို ဖြစ်နေမှာပေါ့။

အဲဒီလူက စည်ပင်က ဝန်ထမ်း။ တခြားလူတွေလည်း ပါသေးတာ။ သစ်ပင်နဲ့တယ်လီဖုန်းကြိုး မလွတ်လို့ အကိုင်းကို ချိုင်နေ ကြတာ။ ဇာတ်လမ်းက ဘယ်ပြီးလိမ့်မလဲ။ ကျော်ကြီးတို့ ဝတ္တရားဖောက်ဖျက်မှုနဲ့ အဖမ်းခံရ ပါလေရော။ သူ့အမေခမျာ မရှိမယ့်ရှိမယ့်လေး ပေါင်နှံပြီး သွားရွေးထုတ်လိုက်ရတယ်။ ဒါပေမယ့် အချုပ်ထဲမှာ ၁ ပတ်လောက် နေလိုက်ရသေးရဲ့။

သူတို့တွေ ... တနင်္လာနေ့တိုင်း ကိုစီတုတ်အိမ်မှာ ဆုံဖြစ် ... သောက်ဖြစ်ကြပါတယ်။ အားလုံးက ခံစား ချက်တွေ ကိုယ်စီနဲ့ဆိုတော့ ခါတိုင်းထက်တောင် ပိုသောက်ဖြစ်ကြသလိုပဲ။ မသွယ်ကတော့ သူတို့ဟာ သူတို့ မြည်းချင်ရာမြည်း ဘာမှမလုပ်ပေးတော့ဘူး။

ထူးဆန်းတာက တနင်္လာနေ့ဆိုရင် ဘယ်သူမှ အထွေအထူးချိန်းစရာမလိုဘဲ ကိုစီတုတ်အိမ်မှာ လူစုံ စုံ နေတတ်တာပဲ။ ဒါပေမယ့် သူတို့ အားလုံး သဘာဝပတ်ဝန်းကျင်အကြောင်းကို ယောင်လို့တောင် မဟ တော့ဘူး။ သစ်ပင်ကတော့ ကိုစီတုတ် တယောက်ပဲ ကုက္ကိုပင်ပေါက်တပင် စိုက်ဖြစ်လိုက်တယ်။ ဒါပေမယ့် ဘာမှ အကာအရံမရှိတော့ ဟိုဘက်အိမ်က ကိုပီတာမွေးထားတဲ့ ဆိတ်က နည်းတယ်တောင် ပြောသွားသေးတယ် ထင်တယ်။

ကျော်ကြီးကတော့ ဘာမှ သိပ်မပြောပေမယ့် ကိုစီတုတ်ကို သိပ်မကျေနပ်ချင်ဘူး။ စဉ်းစားကြည့်လေ .. ဒီနာမည်ကို သူပေးတာပဲ။ ဖော် ရက်စ် တဲ့။ နားခိုရာတဲ့။ ဒီနာမည်က ကျော်ကြီးအတွက် တမင်ပေး သလို ဖြစ်မနေဘူးလား။ သူ ... အချုပ်ခန်းထဲမှာ ၇ ရက်တိတိကို နားခိုခဲ့ရတာလေ။ ။









4 comments:

ကောင်းကင်ကို said...

ဟားဟား။ ရယ်ရတယ်။ စိတ်ဝင်စားဖို့ လည်းကောင်းတယ်။ အတွေးတွေလည်း ပွါးသွားတယ်။
တိုက်တော့ တိုက်ဆိုင်တယ်ဗျာ။ ကျွန်တော်လည်း ကဗျာထဲမှာ မနေ့ က သဘာဝ ပတ်ဝန်းကျင်အကြောင်း ထည့်ရေးမိသေးတယ်။

Andy said...

တိုက်တိုက်ဆိုင်ဆိုင် ကျနော်အခုဖတ်နေတာကလည်း ဆရာမဂျူးရဲ့ ကျွန်မချစ်သော နိုင်ငံကိုး...

နန်းညီ said...

သူတို့ကတော့ တိုက်ဆိုင်နေလိုက်ကြတာ.. ညီညီတော့ ဘာမှမတိုက်ဆိုင်ပဲ FOREST သွားတယ်.. သစ်ပင်စိုက်ကြမယ်လေ အစ်မ. :P

pandora said...

ဒါလေး ဖတ်တော့ ရယ်ရပြန်ရော။ အဲဒီလို အိုင်ဒီယာကောင်းကောင်းနဲ့ ကြံကြံဖန်ဖန် ရေးတဲ့ စာမျိုးကို အလွန်သဘောကျပါသည်။