စာနယ်ဇင်းသမားဘဝကမောက်ကမ ၅

စာနယ်ဇင်းသမားဘဝကတော့ ပြောရမယ်ဆို ပြောမကုန်အောင်ပါပဲ။ ပြောခဲ့ပြီးတဲ့အတိုင်း ဒီတပုဒ်မှာ ကျမရဲ့ ပထမဆုံးသော အက်ဆေးလေး ကက်ကြေးစာမိတဲ့အကြောင်း ရေးပါမယ်။ မရေးခင်မှာ အရင် ပို့စ် (၄) မှာတုန်းက မောင်ငယ်တယောက် မန့်သွားတာလေး သဘောကျ လို့ မဖတ်ဖြစ်သေးသူတွေ ဖတ်ရအောင် ပြန်တင်ပေးလိုက်ဦးမယ်။ သူကတော့ ရွှတ်တွတ် တွတ်နဲ့ ကဗျာလိုလို သင်ပုန်းကြီးဖတ်စာလို ရေးသွားတာပဲ။ ဒါပေမယ့် အဲဒါက တကယ် ဟုတ်နေတာကိုး။ အန်ဒီကောင်လေး ရေးပေးခဲ့တာပါ။
*
စိစစ်ရေး စိစစ်ရေး ငါတို့စိစစ်ရေးစိစစ်ရေး
စိစစ်ရေး ငါတို့စိစစ်ရေး
စိစစ်ရေးက ဘာတွေလုပ် ဟိုပိတ်ဒီပိတ်လုပ်
စိစစ်ရေးက ဘာတွေပိတ် အပေါက်တွေလိုက်လို့ပိတ်
ရှေ့ကဖုံးတော့ နောက်ကပေါ် ဘလော့တွေလာပြီနော်
ပုဂံနက်က ဘန်းကာပေး ငါတို့ကျော်သလေး...ဝေးဟေးဟေးးး တဲ့ ဟီဟိ။
*
ဆပ်ပြာညစ်ပတ်ရင် ဘာနဲ့ ဆေးမလဲ
*
အဲဒီအချိန်မှာ အင်တာဗျူးဂျာနယ်မှာ ကိုဟန်ထက်မောင်ကော သူ့ဇနီးပါ မရှိတော့ပါဘူး။ ဘာကြောင့်ထွက်တယ်။ ဘယ်လိုထွက်တယ် ဆိုတာက ကျမတို့နဲ့ မဆိုင်၊ သိလည်းမသိပါဘူး။ တကယ်တော့ ကိုဟန်ထက်မောင်ရဲ့ အင်တာဗျူးဂျာနယ် အယ်ဒီတာချုပ် သက်တမ်းက တော်တော်လေး တိုပါတယ်။ သုံးလလောက်တောင် မရှိလိုက်ဘူးထင်တယ်။ သူ့နေရာကို ကျမတို့က ဆရာမျိုးလို့ခေါ်တဲ့ ဦးမျိုးမြတ်သူ ရောက်လာပါတယ်။
*
နောက်တော့ မကြာဘူး ကိုကြွက်နီ (သိမ်းတင်သား၊ ဇန်ယီမောင်၊ နောက် သူ့ကလောင်ခွဲတွေက များလွန်းလို့ ဘာတွေလည်းမသိတော့ဘူး) ရောက်လာပါတယ်။ ကိုနိုင်သစ်နီလည်း ထွက်သွားပါပြီ။ ကိုကြွက်က မော်ဒန် လိုင်းကနေလာတာ ဆိုတော့ စာနယ်ဇင်းနဲ့ တယ်မဆိုင်လှဘူး။ သို့သော် သူက စာနယ်ဇင်း အရေးအသား ပုံစံသစ်တွေ ထွင်ပြီး ဂျာနယ်မှာရေးပါတယ်။ နားမလည်ပေမယ့် ဖတ်ကောင်းတယ်။ တကယ်တော့ ဂျာနယ်နဲ့ သူ့အရေးအသားတွေနဲ့က ပြဒါးတလမ်း သံတလမ်း။ အမယ် သူက ကြော်ငြာရှာတော့ ကောင်းသား။ ဒါတကန့်ပေါ့လေ (အဲဒါမျိုးတွေလည်း သူရေးတတ်တယ်) သူ့စကားလုံးအသစ်တွေတော့ ကျမလည်း သိပ်မမှတ်သား ခဲ့လို့ မရေးပြနိုင်တော့ဘူး။
*
ဂျာနယ်က လိုင်းက ဘာမှန်းမသိတဲ့ အနေအထား ...။ ပေါ့ပ်လည်းမက သတင်းလည်းမကျ ... အက်ဆေး လေးတွေလည်း သုံးတယ် ဆိုတော့ ကျမက အက်ဆေးလေးတွေ ရေးချင်စိတ်ဖြစ်တာနဲ့ အတော်ပဲပေါ့။ အဲဒီမှာ ကျမကိုယ်ကျမ မသိဘဲ ကော်မန်ထရီဆန်ဆန် ဆောင်းပါးတပုဒ်ကို ရေးဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အပေါ်မှာ တင်ထားတဲ့ ခေါင်းစဉ် “ဆပ်ပြာညစ်ပတ်ရင် ဘာနဲ့ဆေးမလဲ” ဆိုတာပါ။
*
အဲဒါလေးက ဘယ်လိုကဘယ်လို ကျမဆီရောက်လာတယ် ဆိုတာ ရာဇဝင်ရှိပါတယ်။ ဆရာမင်းလူနဲ့ ထပ်ပြီး ပတ်သက်နေပြန်ပါတယ်။ ကျမတို့သန်လျင်မှာ စာပေစကားဝိုင်းလိုလေး လုပ်ဖြစ်တော့ ဆရာမင်းလူကို ဖိတ်တယ်။ အဲဒီတုန်းက ကျမက အင်ဂျင်နီယာဘဝပဲရှိပါသေးတယ်။ အဲဒီမှာ ဆရာမင်းလူက နောက်ဆုံးပိတ် စကားအနေနဲ့ လူတွေညစ်ပတ်ရင် ... အဝတ်တွေညစ်ပတ်ရင် ဆပ်ပြာနဲ့ ဆေးကျောလျှော်ဖွတ်ကြတယ် .. ဆပ်ပြာ ညစ်ပတ်ရင်ကော ... လို့ ပြောခဲ့ပါတယ်။
*
အဲဒီအတွေးလေးကို ကျမ မေ့တေ့တေ့ဖြစ်နေခဲ့ပါပြီ။ ပြောခါစတုန်းကတော့ သတိရတာပေါ့လေ။ ကျမဂျာနယ်မှာ လုပ်တော့ တရက် လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဆောင်းပါးရေးချင်တယ် ဘာအကြောင်းရေးရင် ကောင်းမလဲလို့ စကားစလိုက်တော့ ခု ကျမစီပုံးမှာ လာလာအော်နေကျ ဝဏ္ဏ ဆိုတဲ့ မောင်က အဲဒါလေးကို ပြန်အစဖော်ပေးပြီး ... အဲဒါကို အခြေခံရေးပါလားလို့ ပြောပါတယ်။ စာရေးဆရာတို့ မည်သည် လက်ခနဲ တခုခုတွေ့လိုက်ရင် စာတပုဒ်ဖြစ်ပြီသာမှတ် ဆိုတာ အဲဒီတုန်းကတော့ မသိသေးတာ အမှန်ပါ (ခုတော့ အဲဒါကို ကောင်းကောင်း အသုံးချတတ်နေပါပြီ)
*
ဆက်ရရင် အဲဒီဆောင်းပါလေး ကျမရေးပါတယ်။ ရေးတဲ့နေရာမှာ ကျမက ရန်သူမျိုး ၆ ပါး (တပါးကိုယ့်ဟာကိုယ် ထပ်တိုးလိုက်တာ) မှာ တပါး အပါအဝင်ဖြစ်တဲ့ စာပေစိစစ်ရေးရဲ့ အန္တရာယ် ဘယ်လို ကျရောက်နိုင်တယ်ဆိုတာ လုံးလုံးမသိ ....။ ကိုယ်က ကိုယ့်ဘာသာ စင်းစင်းပဲ တွေးတာလေ။ ပရိယာယ်တွေ မာယာတွေ နားမလည်သေး၊ သိုင်းကားတွေလည်း သိပ်မကြည့်ဖူးသေးတော့ ဘာသိုင်းညာသိုင်းတွေနဲ့ ရှောင်ရတိမ်းရတာတွေလည်း မသိ။ အဲလိုအနေအထားမှာ ဘယ်လောက်ညံ့လိုက်တဲ့ ကျမလည်းလို့ ... ဆပ်ပြာဆိုတာ စာနယ်ဇင်းသမားတွေနဲ့ တူတယ်လို့ ခပ်တည်တည် ရေးထည့်လိုက်ပါတယ်။
*
ဆပ်ပြာတည်းဟူသော စာနယ်ဇင်းသမားတွေက တခြားသော သူတွေရဲ့ ညစ်ပတ်မှုတွေကို ဆေးကျောရမယ့် အစား အဲဒီဆပ်ပြာကိုယ်တိုင်က ညစ်ပတ်နေရင် ဘာနဲ့ သွားဆေးမလဲဆိုပြီး ဆရာမင်းလူရဲ့ “ကုတ်” (Quotation) နဲ့ ခပ်တည်တည် ရေးလိုက်ပါတယ်။ ဘာပြောကောင်းမလဲ ... တပုဒ်လုံးကို ပြုတ်ရောပဲ။ အစလေးတောင် မကျန်ဘူး။ ကျမလည်း ကျမရဲ့ ပထမဆုံး ပင်ကိုယ်ရေးဆောင်းပါးလေး ဓားချက်မိသွားတဲ့ အပေါ် တော်တော်လေး ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရပါတယ်။
*
အဲဒီမှာ စိစစ်ရေးအကြောင်းကြားဖြတ် ပြောပါရစေ။ စိစစ်ရေးဆိုတဲ့ ပုဂ္ဂိုလ်ကျော်တွေဟာ တကယ့်ကို အတွေး ရှည်တဲ့ သူတွေပါ။ ဒီစာတပုဒ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ကြည့်ပါ တယ်။ ကြည့်ရတာ ရှားလော့ဟုမ်း သေလို့ ဝင်စားသလားမသိဘူး။ မှန်ဘီလူးကြီးနဲ့လေ။ သူတို့နားမလည်ရင် ပိုကြည့်ပါတယ် (မယုံရင် မော်ဒန်ကဗျာဆရာတွေ မေးကြည့်။ သူတို့ ဓားအထိဆုံး)
*
ကြည့်ရတာ “ဟေ့ ဒီစာ နားမလည်ဘူး။ နားမလည်ရင် နောက်ကွယ်မှာ ဘာတွေဆိုလိုချင်မယ်မသိဘူး။ အဲဒီတော့ ဖြုတ်တယ်” အဲလို လုပ်နေပုံရပါတယ်။ နောက်တခုက နားလည်တယ် .... ဒါပေမယ့် ဖြုတ်တယ်။ ဘာကြောင့်လဲဆိုတော့ ဆိုလိုရင်းကို အရမ်းကာရော နားလည်သွားလို့ပါ။ တခါတလေကျတော့ မဆိုလိုတာတွေ ကို သူတို့က တမိုက်တောင်မပြဘဲ တလံလောက် မြင်လိုက်တာရှိပါတယ်။ အဲဒီအခါကျ စာရေးသူက ခံရပြန်ရော။
*
စာရေးသူက ပြောချင်တာ တမျိုး သူတို့က တွေးတာတမျိုးနဲ့ နားလည်မှုလွဲပြီး ဖြုတ်ခံရတာရှိပါသေးတယ်။ စိစစ်ရေးနဲ့ စာနယ်ဇင်းကတော့ ထုတ်စည်းတိုးနေရသလိုပဲ .. လွတ်အောင်ရှောင်နိုင်ဖို့က သိပ်တော့မလွယ်ဘူး။ ဒါပေမယ့် တခါတလေကျတော့လည်း လွတ်အောင်ရှောင်နိုင်သူတွေ ရှိပါတယ်။ အဲလို ပွတ်ကာသီကာလေး လွတ်သွားရင်တော့ သိပ်ပျော်စရာကောင်းပါတယ်။ သို့သော် သိပ်မပျော်နဲ့ဦး နောက်ဆက်တွဲပြဿနာ ငါတို့ မမြင်လိုက်လို့ဟေ့ ဘွာတေး ... နင်က မပြလို့ မတွေ့တာ အဲဒီတော့ နင့်မှာ အပြစ်ရှိတယ် .. လာခံဝန်လက်မှတ် လာထိုး ဆိုတာမျိုးတွေက ရှိနိုင်သေးတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူကသိလိုက်ရပြီဆိုတော့ အမြတ်ပေါ့။
*
သူတို့က ဖြုတ်လိုက်ရတာအလွန်လွယ်တယ်။ ဒါဒါ ဖြုတ်ဆို ပြီးရော။ အဲဒီမှာ တိုက်ကလူတွေမှာသေရော ...။ ချထားပြီးသားလေးအောက်ဒီဇိုင်းကို အကုန်ပြန်ပြင်။ တပုဒ်လုံးဖြုတ်ခံရတာတွေ နေရာမှာ အစားထိုး။ အဲဒီအစားထိုးတဲ့ဟာက ထပ်ပြုတ်မယ့်ဟာ ဖြစ်လို့မရ။ ဒါဖိုင်နယ်။ အပိုဒ်လိုက် ဖြုတ်ခံရတာတွေဆိုရင် စာတွေ ပြန်ညှိနဲ့ များများ အဖြုတ်ခံရလေ အလုပ်များများရှုပ်လေ ဆိုတော့ အယ်ဒီတာတွေက စကတည်းက မပြုတ်နိုင်မယ့် စာတွေ သုံးရပါတယ်။ တခါတလေ စာတပုဒ်ကို အရမ်းကာရော ကြိုက်နေပြီ သုံးချင်နေပြီ ဆိုပေမယ့် ဒီစာက လုံးဝစိစစ်ရေးထိမယ့်စာမျိုးဆို ရင်နာနာနဲ့ဘဲ ချန်ထားခဲ့ရပါတယ်။ အဲဒါမျိုးဆို အယ်ဒီတာ အသည်းကွဲတာပေါ့ :P
*
ဒါကတော့ အယ်ဒီတာပါးဝလာမှ သိလာတဲ့ကိစ္စတွေပါ။ ထောက်လှမ်းရေးခေတ်မှာ စိစစ်ရေးက မဆလ ခေတ်ကလောက်တော့ ရုပ်သိပ်မပျက်တော့ဘူး။ ဟိုတုန်းကဆို အချောထွက်ပြီးမှ စာအုပ်မှာ ငွေမင် လိုက်ပိတ်ရ တာတို့ ... နောက် စာရွက်လိုက် ဖြဲဆုပ်ခံရတာတို့ ... အဲလိုများ ဆွဲဆုပ်ခံရရင် ကျောဘက်က လူပါ အဆစ်ထိရော။
*
ကျမရဲ့ ဆပ်ပြာလေးကို ပြန်သွားရရင် သူရို့တွေက ဘယ်လို သဘောတော်ပေါက်သွားလဲ မသိပါဘူး။ ကြည့်ရတာ ကျမက စာနယ်ဇင်းလို့ ရေးတာကို အဲဒီဆပ်ပြာတုံးတွေက သူတို့ ထောက်လှမ်းရေး အစိုးရကို ရည်ညွှန်းတယ်ရယ်လို့ အိုးမလုံ အုံပွင့်တာလည်းဖြစ်ချင်ဖြစ်မယ် (သူတို့က တခါတခါ အဲလိုလည်း အိုးမလုံ အုံပွင့်တတ်သေးရဲ့) မှတ်ချက်။ ။ အိုးမလုံအုံပွင့်စေတဲ့ ကိစ္စမျိုးသွားထိရင်လည်း ပြုတ်ပါတယ်။
*
အဲဒီနောက်ပိုင်းမှာ ကျမလည်း အတွင်းအားတွေ ရှောင်လင်သိုင်းတွေ တတ်လာပါတယ် (ပညာတွေပေါ့) ကျမမှ မဟုတ်ပါဘူး မြန်မာပြည်စာနယ်ဇင်းမှာ ရေးနေကြတဲ့ ကြီးကြီးငယ်ငယ် အားလုံး အဲဒီအဌာရသ ပညာတွေ တတ်ပါတယ်။ ဘဝကပေးတဲ့ သင်္ခန်းစာပေါ့လေ။ ဒီလိုလေးရေးရမှာကို ဟိုလိုလေးရေးရင် လွတ်နိုင်မလား ... ဆိုတာလိုမျိုး စာတပုဒ်ရေးတိုင်းတွေးကြပါတယ်။ ကြာတော့ သိပ်လွတ်လွတ်လပ်လပ် ရေးပါဆိုရင်တောင် မရေးတတ်ကြတော့ဘူး။
*
ငယ်ငယ်က အိမ်မှာ ဟင်းကို ဝေပုံကြစားကျင့်ရနေရာက အလှူအိမ်မှာ ဟင်းဖောချင်းသောချင်းနဲ့ မစားတတ် တော့ သလိုပဲလေ (ကြုံဖူးကြမှာပါ) .. စိစစ်ရေးအကြောင်းကတော့ ပြောမယုံကြုံဖူးမှ သိဆိုသလိုပါပဲ။ တိုင်းပြည် ရဲ့ မဏ္ဍိုင်ကြီးလေးခုထဲက စတုတ္ထမဏ္ဍိုင်ဟေ့လို့ ဂုဏ်မယူနိုင်တော့တဲ့ မြန်မာပြည် စာနယ်ဇင်းသမားဘဝရဲ့ ကမောက်ကမ နိုင်မှုတွေကို အဲဒီအချိန်က စလို့ ရေးရေးသဘောပေါက်ခဲ့ပေမယ့် နောက်ပြန်လှည့်ဖို့ လုံးဝ မစဉ်းစား နိုင်တော့ဘူး။
*
သခွပ်ပွင့်တွေချည်း မြင်မြင်နေပေမယ့် နောက်တနှစ်တော့ ကသစ်ပန်း ပွင့်မှာပါလို့ ရူးရူးမိုက်မိုက်တွေးရင်း အဲဒီထဲမှာ ပျော်ပျော်ကြီးကျွံဝင်ပစ်လိုက်ပါတယ် ....။ ။ (ဆက်ပါဦးမယ်)

8 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဆပ်ပြာ ညစ်ပက်ရင်ရော ဆိုတဲ့ စကားလုံးကို
သဘောကျတယ်ဗျာ။

အောင်သာငယ် said...

အတွင်းအားကတော့ ဟုတ်ပါပြီ။
ရှောင်လင်ဂိုဏ်းက သိုင်းကတော့ မဟုတ်သေးပါဘူး။

ငါ့ညီမ တတ်ခြင်းတတ်ရင်
ဝေါ်မေဂိုဏ်းတို့ ၀ူတန်းဂိုဏ်းတို့က သိုင်းတွေပဲ ဖြစ်မှာပါ။ အမှတ်မှားနေပြီထင်တယ် ...း)

ဆက်ရေးပါဦး....

Andy said...

ဆပ်ပြာညစ်ပတ်ရင် ဝဲပေါက်မှာပေါ့ဗျ..
လောလောဆယ်တော့ အမဲခြောက်ဖုတ်က လိုက်ဦးမယ်
ဲဗြင်းဗြင်းဗြင်း (ယားလို့ကုတ်တာ)

JulyDream said...

ရှောင်လင်သိုင်းဆရာမကြီး ရှင်ဂွမ်းသာကို လာရောက်ပြီး အရိုအသေ ပြုသွားပါတယ် ခင်ဗျာ။ ဆပ်ပြာတုံး ညစ်ပတ်ရင် ဆပ်ပြာရည်ထဲမှာ ထည့်စိမ်ထားလိုက်ပါ ခင်ဗျာ။

မေငြိမ်း said...

ရှောင်ရ ရှားရလွန်းလို့ အကျင့်ပါပြီး ဒီဘက်ရောက်လို့ လွတ်လွတ်လပ်လပ် ရေးလည်းဆိုရော မရေးတတ်ဘဲ ဖြစ်နေတာ မှတ်မိသေးးး

Han Thit Nyeim said...

တောင်ထိပ်မှာ ငါးစိမ်းပုတ်တွေ တွေ့တယ်
ပင်လယ်ပြင်မှာ ကျက်သရေမဲ့တဲ့ငှက်တွေ အိပ်စက်ကြတယ်
ဒီလိုနဲ့...
မနက်ဖြန်ဟာ ဒီကနေ့ထက် အရောင်ပိုစုံတဲ့အခါ
မင်းနဲ့ငါ...
ရူးသွပ်ခြင်းဆိုတဲ့ ပလ္လင်ထက်မှာ
ရေရောထားတဲ့ ၀ိုင်ခါးတွေ သောက်ကြမယ်။

zarny win said...

ဆပ်ပြာညစ်ပတ်ရင် တခြားတယောက်ကို ပေးသုံးလိုက်ပါ။ သို့မဟုတ် ဆပ်ပြာကုမ္ပဏီကို တရားစွဲပါ။ စွဲလို့မရရင် လွှင့်ပစ်လိုက်ပါ။ ပစ်နိုင်ဖို့ ငွေဖြုန်းနိုင်ဖို့ ထီထိုးပါ။ ထီပေါက်ဖို့ ယတြာက ဆပ်ပြာနဲ့ ကိုယ်လက်သန့်စင်ပါ။ ဆပ်ပြာညစ်ပတ်ရင် - -

zarnywin :D

မေ said...

ဖတ်စရာဂျာနယ်၊ အမှတ် (၂၇)၊ ၂၀၀၅၊ ဇူလိုင် ၁၉
မှာပါတဲ့ အမစာလေးကို ခုထိ အမှတ်ရ ကြိုက်နေတုန်းပဲ။
http://emotionalcorner.blogspot.com/2006/06/blog-post_03.html