အမှတ်တရရက်စွဲများ ၃
အလှဆုံးအိပ်မက်တွေ မက်ခဲ့တဲ့ အချိန်ကိုပြောပါဆိုရင် ... ကျမ အတွက်တော့ ငယ်ဘဝကိုပဲ ညွှန်းရလိမ့်မယ် ထင်ပါရဲ့ ...။ ကျမတင် မကဘူး ဘယ်သူမဆို ငယ်ဘဝကို ပြန်ကြည့်လိုက်တိုင်း ရွှန်းလက်နေတဲ့ ရွှေရောင် အိပ်မက်တွေနဲ့ သာယာ လှပနေပါလိမ့်မယ် ...။ အဲဒီတုန်းက ကျမတို့အားလုံး ဝါဂွမ်းတွေလို .. တိမ်စိုင်တွေလို ဖြူစင်နေမှာပါ။ ဝမ်းနည်းခြင်းဆိုတာ ရှိရင်တောင် ခနတာ ခံစားပြီး မေ့ပျောက်ပစ်နိုင်ခဲ့ကြတဲ့ ကလေးဘဝကို ကျမတို့အားလုံး ပြန်မရနိုင်တော့ဘူး။ ဒါပေမယ့် ကျမကတော့ အဲဒီကလေးဘဝကလေးကို မကြာခန ပြန်ပြန် သွားမိတယ် ... သွားမိတိုင်းလည်း ပျော်ရွှင်ကြည်နူးရပါတယ် ...။
*
ဆက်သနာ့ရိ ... သေသောခွေး
သူငယ်တန်း စတက်တက်ချင်း အမှတ်တရတခုကတော့ ကျမတို့အိမ်မှာ လာနေတဲ့ မနာယော ဆိုတဲ့ အစ်မကြီး ရွာပြန်သွားတာပါ။ သူက လားဟူလူမျိုး နာ ဆိုတာ လားဟူလို မ ပေါ့။ သူ့နာ မည်က မယော.. သို့သော် ကျမတို့က မနာယောလို့ခေါ်တယ်။ သူက ကျမ မမွေးခင်ကတည်း က အိမ်မှာလာနေပြီး ကျောင်းတက်တာပါ။ သူပြန်တဲ့အချိန်မှာ ဆယ်တန်းလည်း အောင်ပြီးပြီ၊ အလုပ်တောင် ဝင်နေပါပြီ။ သူ့အိမ်က လူမျိုးကွဲတွေနဲ့ ရသွားမှာစိုးလို့ ဆိုပြီး ပြန်လာခေါ်သွား တာ။ မေမေတို့လည်း စိတ်မကောင်းကြသလို သူလည်း မပြန်ချင်ပါဘူး။ ဒါပေမယ့် သူ့မိဘတွေ ရဲ့ သဘောထားကို မလွန်ဆန်နိုင်လို့ ပြန်သွားတယ်။
ပြန်ခါနီးမှာ ကျမကျောင်းတက်ဖို့ လွယ်အိတ်ကလေး တလုံး လက်ဆောင်ဝယ်ပေးသွားတယ်။ အစိမ်းရောင်လေးပါ။ ပြန်ခါနီးမှာ ကျမကို သူဖက်ငိုတယ်။ ကျမလည်း ကောင်းကောင်း နားမလည်ပေမယ့် သူ့ကိုဖက်ပြီး ငိုခဲ့ပါတယ်။ သူနဲ့ကျမ နောက်ပိုင်း တောက်လျှောက် စာ အဆက်အသွယ် ရှိခဲ့တယ်။ တကယ့်ညီအစ်မ အရင်းတွေလိုပဲ။
သူ ရွာပြန်ရောက်တာနဲ့ သူ့အိမ်က သူတို့ရွာသား မူလတန်းကျောင်းဆရာလေး တယောက်နဲ့ ပေးစားလိုက်ပါတယ်။ နောက်တော့ သူလည်း ရွာမှာ မူလတန်းပြလုပ်နေတယ်။ သိပ်သနား စရာ ကောင်းတဲ့ မနာယောပါ။ သူ့ခမျာ အလယ်တန်းပြတွေ အထက်တန်းပြတွေ ဖြစ်အောင် ဆရာဖြစ်သင်တန်းတွေတက် စာမေးပွဲတွေဖြေ ... အဲလိုလုပ်ချင်တယ်လို့ ကျမကို ရေးတဲ့ စာတိုင်းမှာ ထည့်ရေးပါတယ်။ ဒါပေမယ့် သူစာမေးပွဲဖြေမယ့်အချိန်တိုင်းဟာ သူ ကလေးမွေး ရမယ့် အချိန်တွေနဲ့ တိုက်တိုက်နေတယ်။
သူက တနှစ်တယောက် ကလေးမွေးပါတယ်။ သားဆက်ခြားဖို့တို့ ဘာတို့ ဒီခေတ်မှာလို ပညာ ပေးမယ့်သူလည်း မရှိသေးပါဘူး။ သူ့စာထဲမှာ စာမေးပွဲလာဖြေရင်း ကျမတို့ဆီလာလည်မယ် လို့ ရေးပေမယ့် သူနဲ့ကျမတို့ ပြန်တွေ့ခွင့် မကြုံခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ငါးယောက် မြောက် သမီးမိန်းကလေး မွေးရင်း မီးတွင်းထဲမှာ ကွယ်လွန်သွားလို့ပါ။ ကျမရဲ့ ငယ်ဘဝ အချိန်တွေထဲမှာ မမေ့နိုင်စရာ လူတယောက်အဖြစ် ပါဝင်နေလို့ မနာယော အကြောင်းလေး ထည့်ပြောရတာပါ။
နောက်ထပ် ငယ်ဘဝမှာ မမေ့နိုင်စရာ တဦးကတော့ ကျမကို ထိမ်းခဲ့တဲ့.. ကျမတို့က အန်တီကြီး လို့ခေါ်တဲ့ ကုလားမ အပျိုကြီးပါ။ သူက ကျမကိုသိပ်ချစ်တယ်။ ဆာရီအမြဲဝတ်တဲ့ အန်တီကြီးရဲ့ မျက်နှာက သိပ်ကိုကြည်လင်တာပဲ။ သူကအိန္ဒိယလူမျိုး ခရစ်ယာန် ဘာသာဝင် (အာရ်စီ ပေါ့)။
ကျမသိပ်ငယ်သေးတဲ့ သူငယ်တန်း၊ တတန်း နွေကျောင်းပိတ်ရက်တွေမှာ မေမေတို့ အလုပ် သွားတဲ့အချိန် အန်တီကြီးနဲ့ နေခဲ့ရပါတယ်။ အန်တီကြီးက ကုလားလေးတွေကို ကုလားစာ သင်တဲ့ အလုပ်လည်း လုပ်တယ်လေ။
အိမ်တွေမှာ လိုက်သင်တာပါ။ အဲလိုတွေ သူ စာသွားသင်ရင် ကျမက သူ့နောက်က တ ကောက်ကောက် ဆာရီစဆွဲပြီး လိုက်တာပဲ။ သန်လျင်မြို့မှာ ကုလားတွေ စုနေတဲ့ ရပ်ကွက် တွေရှိတယ်။ ဟိန္ဒူတွေ၊ ခရစ်ယာန်တွေပေါ့။ အဲဒီရပ်ကွက်တွေက မြို့ထဲနဲ့ တော်တော်လှမ်း ပါတယ်။ ပြီးတော့ သူတို့အိမ်ကလေးတွေက မြေကြီးအိမ်လေးတွေလေ ... သိပ်အေးတာပဲ။ ဓနိမိုး ထရံကာပြီး ရွှံနဲ့နွားချေးမံထားတဲ့ အခင်းက ပြောင်လက်နေတာ။
အန်တီကြီးကစာသင် ... ကျမက တရေးတမောအိပ်။ တခါတလေ ... အနီးအနားမှာ လျှောက် ကစား။ ညောင်သုံးပင်လို့ ခေါ်တဲ့ ခရစ်ယာန်သင်္ချိုင်းနားမှာ သွားသင်ရတဲ့ နေ့တွေဆို သိပ်ပျော် စရာကောင်းတယ်။ သူစာသင်နေတုန်း အနီးအနားက မြယာပင်လေးတွေမှာ ချဉ်ဖြုန်းဖြုန်း မြယာသီးမှည့်လေးတွေ ခူးစား၊ ပြီးတော့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကုလားမလေးတွေနဲ့ လျှောက်ပြေးဆော့၊ မောရင် အေးစိမ့်နေတဲ့အိမ်ကလေးထဲ ဝင်အိပ်။ ညနေစောင်းမှ အန်တီကြီးနဲ့အတူ တောကားကြီးစီးပြီးပြန်ပေါ့။
တခါတလေ ကျမက သူသင်တဲ့နားသွားထိုင် ငေးမော ... ကုလားစာတွေ လိုက်ရွတ် .. ကုလား ကကြီး ခခွေးတွေ လိုက်ရေး ... “အာရီး၊ စစ်သရီး၊ နာနား၊ မောဝနား ...” “ရီးနာ့ကရီး .. ဘာဟင်းချက်လဲ” “ပါးရပူးကရီး ... ပဲဟင်းပေါ့” “မြီးနိကရီး ... ငါးဟင်း” နောက် ကျမ သေသေချာချာ မှတ်မိနေတာ တခုက “ဆက်သနာ့ရိ .. သေသောခွေး” တဲ့။ ကျန်တာတွေ တော့ မမှတ်မိတော့ဘူးလေ။
ဒေပါဝါလီနေ့လို ... ဟိန္ဒူတွေရဲ့ နေ့ထူးနေ့မြတ်တွေမှာဆို သိပ်ပျော်စရာကောင်းတယ်။ မုန့်အချိုတွေ ဆိုတာအောတိုက်ပဲ။ အဝစားယုံတင်မကဘူး အိမ်ကိုပါ အများကြီးထည့် ပေးလိုက် သေးတာ။ နောက်တော့ အန်တီကြီးတို့ အာရ်စီ ဘုရားကျောင်းမှာ ပွဲနေ့တွေဆိုရင် လည်း သိပ်ပျော်တယ်။ ထမင်းရုံကြီးတွေနဲ့ ထမင်းကျွေးတာလေ။ အဲဒီမှာ ကျမ ငှက်ပျောဖက်နဲ့ ထမင်းကောင်းကောင်းစားတတ်သွားတာပေါ့။
ရေစင်အောင်ဆေးထားတဲ့ ငှက်ပျော်ဖက် စိမ်းစိမ်းကို ရှေ့မှာလာချ ... ပြီးရင် ထမင်းပူပူကို သံပုဂံပြားနဲ့ကော်ပြီး ပုံပေး၊ တယောက်က ငှက်ပျောဖက်ထောင့်လေးမှာ ဆားပုံလေးလိုက်ပုံ၊ နောက်တယောက်က ဘာလီပုံးကြီးနဲ့ထည့်ထားတဲ့ ပဲဟင်းပူပူကို လာဆမ်း (မဆလာနံ့လေး ခုတောင် သင်းနေသေးသလိုပဲ)၊ နောက်တယောက်က ဘာဂျီကြော်လို့ခေါ်တဲ့ ဂေါ်ဖီနဲ့အာလူး ကြော်ထားတာလေးပုံ၊ နောက်တယောက်ကတော့ ခရမ်းချဉ်သီးချက်ဖြစ်ဖြစ် မန်ကျည်းမှည့် ထောင်းဖြစ်ဖြစ် လိုက်ပုံပေး ... အဲဒါကို လက်နဲ့ အားရပါးရ စားပေတော့။ ကျမအကြိုက်ဆုံး ကတော့ ချဉ်တင်တင်နဲ့ မလုပ်တံနီ ဟင်းချိုပါ။ အဲဒါကို စတီးခွက်လေးနဲ့ လာချပေးတာလေ။
ပြီးသွားရင် အဲဒီငှက်ပျောဖက်ပေါ်မှာပဲ သာကူပြစ်ပြစ်ကို အချိုပွဲအနေနဲ့ လိုက်တင်ပေး သေးတာ၊ ပါပရာကြော် ကြွပ်ကြွပ်နဲ့တွဲစားရတာလေ။ အမယ် ... ငှက်ပျော်ဖက် ပြန့်ပြန့်ကြီးနဲ့ သာကူကို ဘေးကျမသွားအောင် လက်နဲ့စားတာကိုက ပညာနော်။ တော်တော်ခက်တာ :P
မယ်တော်မာရီ ရုပ်တုလှည့်တဲ့ နေ့တွေမှာဆို ဘုရားကျောင်းဝင်းထဲမှာ ကော်ဖီတိုက် သေးတယ်။ ကော်ဖီဆိုတာက ကော်ဖီကြမ်းလို့ ကျမတို့ခေါ်တဲ့ ဘလက်ကော်ဖီကို ချင်းရယ် ထန်းလျှက်ရယ်နဲ့ဖျော်တာပါ။ ပူပူ မွှေးမွှေး ချိုချို ခါးခါးလေးပေါ့။
အန်တီကြီးက တခါတလေ ကျမတို့အိမ်မှာ ဟင်းတွေဝင်ချက်ပေးတယ်။ အထူးသဖြင့် သူချက် ပေးတဲ့ ဂဏန်းဟင်းကို ကျမခုထိမမေ့ဘူး။ မေမေက ဂဏန်းဟင်း ဘယ်တော့မှ မချက် ဘူးလေ။ အရှင်တွေကိုင်ရလို့တဲ့။ အန်တီကြီးချက်ကျွေးမှ ကျမတို့စားရတာ။ အန်တီကြီး တပည့်တွေနေတဲ့ ကမ်းနားပိုင်းမှာကလည်း ဂဏန်းတွေ အလွန်ပေါဆိုတော့ ကျမတို့ မောင်နှမ ကြိုက်မှန်းသိတော့ အန်တီကြီးက ဝယ်ဝယ်လာခဲ့တာ ... ကျမတို့ကြီးတဲ့ အထိပါပဲ။
အန်တီကြီးက ကျမအဘွားရဲ့ ခြံဝင်းထဲမှာ အိမ်သေးသေးလေးဆောက်ပြီးနေတာလေ။ ကျမတို့ မောင်နှမတွေက ကြီးတဲ့ထိ အားရင် သူ့ဆီသွားလည်တာပဲ။ ကျမကို ထိန်းခဲ့သလို ကျမမောင် ကိုရဲလေးကိုလည်း တခါတလေ ထိန်းပါတယ်။ ခုတော့ အန်တီကြီး မရှိတော့ပါဘူး။ ၈၈ အရေး အခင်းအပြီး ညမထွက်ရအမိန့်တွေ ထုတ်ထားတဲ့ကာလမှာ သူ့ရဲ့ တဦးတည်းသော တူရဲ့ လက်ထဲ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကို ကျမအဘွားက အန်ထော်နီမာကြီးလို့ခေါ်တယ်။ အဘွားက ကုလားစကားလည်းတတ်တော့ အန်တီကြီးကို တော်တော်ချစ်ပါတယ်။
ကျမအဘွားမှာ အဲလိုပဲ ခေါ်ယူမွေးစားထားတဲ့ မွေးစားသားသမီးတွေ တော်တော်များပါတယ်။ အများသောအားဖြင့်တော့ အိန္ဒိယလူမျိုးတွေပါ။ အဘွားကို ကျမတို့မြေးတွေက မာမီကြီးလို့ ခေါ်တယ်။ မာမီကြီးက ကျမှတ်မိတဲ့အချိန်မှာ တခေါင်းလုံးဖြူဖွေးနေပြီလေ။ ဒါပေမယ့် သိပ်လှတယ်။ အသက် ၈၀ လောက်အရွယ်မှာ လုံးဝ ခါးမကုံးဘူး။
မာမီကြီးက အပြင်သွားခါနီးမှာ အမြဲတမ်း မြေးတယောက်ယောက်ကိုခေါ်ပြီး သူဝတ်ထားတဲ့ ထမီနဲ့ အင်္ကျီလိုက်ရဲ့လားလို့ မေးတတ်တယ်။ ပြီးတော့ အပြင်ထွက်ပြီဆို ရေမွှေးနံ့လေး တသင်းသင်းနဲ့။ ကျမမှတ်မိတဲ့ အရွယ်ထိ မာမီကြီးက သိုးမွှေးထိုးတုန်း။ မြေးတွေအတွက် အင်္ကျီလေးတွေ ဦးထုပ်လေးတွေပေါ့။
ပြီးတော့ ခရစ္စမတ်စ်ဆိုရင် မုန့်တွေသူ့ဖာသာသူ လုပ်တယ်။ ကာရ်ကာရ် လို့ခေါ်တဲ့ဂျုံကျော် တွေ၊ ဒိုဒိုးလို့ခေါ်တဲ့ မုန့်ကလားမတွေ နောက် ... ရွှေကြည်ဆနွင်းမကင်းပေါ့။ ကျမ လက်ဆင့်ကမ်း လုပ်တတ်တာ တခုက ပန်းဂေါ်ဖီသနပ်ပါ။ ကြိုက်လွန်းလို့ သင်ထားတာ။
ခရစ္စမတ်လို၊ မာမီကြီးမွေးနေ့လို၊ ဒယ်ဒီကြီးသေတဲ့ နှစ်ပတ်လည်နေ့လိုဆို မာမီကြီးတို့ အိမ်မှာ အမျိုးတွေကော မာမီကြီးရဲ့ မွေးစားသားသမီး တွေကော စုံလို့။ ကျမတို့ကလေးတွေ သိပ်ပျော် ခဲ့ရတဲ့ အချိန်တွေပေါ့။
မှတ်မှတ်ရရ မာမီကြီး ၈၅ နှစ်ပြည့်တဲ့နှစ်မှာ ကျမဦးဆောင်ပြီး ဗမာပြည်မှာရှိတဲ့ မြေးတွေ အားလုံးဆီက တယောက် တကျပ်ကောက် ... မွေးနေ့ကိတ်ကြီးတခု လက်ဆောင် ပေးပါတယ်။ မြေးဘယ်လောက် များသလဲ ဆိုရင် တယောက် တကျပ်နဲ့တင် မွေးနေ့ကိတ် အကြီးကြီး ရပါတယ်။ အဲဒါ နိုင်ငံခြား ရောက်နေတဲ့ မြေးတွေ မပါသေးဘူး ...။
အမျိုးတွေ စုံပြီဆိုရင် ပျော်ကြတဲ့ ကျမတို့မောင်နှမတွေကတော့ ကစားနည်းပေါင်းစုံကို ကစားရင်း .... အိမ်ဘေးက ငုပင်ပေါ်က ရွှေပိုးကောင်လေးတွေကို ဖမ်းရင်း ... လူကြီးတွေ လုပ်သမျှ မှတ်သားရင်း အချိန်ကုန်ကြရ တာပါပဲ။
အဲဒီတုန်းက အိပ်မက်တွေသိပ်လှတယ် ..။ အပူအပင်ကင်းခဲ့တယ် ... အညှိုးအတေး မရှိဘူး .. အာဃာတ ဆိုတာလည်း မရှိ ... ။
ကျမတို့ ဆိုးတေ သမျှ ခွင့်လွှတ်ပြုံးကလေးပြုံးရင်း ကြည့်နေတတ်တဲ့ အန်တီကြီးရဲ့ တဲငယ်လေးထဲ အမောဝင်ဖြေရင်း... အန်တီကြီးကျွေးတဲ့ မုန့်တွေစားရင်း... ရယ်မော ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေ ... သတိရမိပါရဲ့ ....။ ဆက် ရေုးပါမယ် .... ။ ။

Monday, November 24, 2008
|
Labels:
အမှတ်တရ
|
This entry was posted on Monday, November 24, 2008
and is filed under
အမှတ်တရ
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
9 comments:
မတူးတူးသာရေ... ငယ်ဘဝတွေက ပြန်တွေးလိုက်တိုင်း အမှတ်ရစရာတွေပဲ.. အဖိုးနဲ့ အဖွားနဲ့ မိသားစုတွေနဲ့ .. ဖွားကလည်း မတူးတူးသာ အဖွားလိုပဲ မုန့်တွေအမျိုးမျိုးလုပ်တတ်တယ်၊ ပန်းပွင့်သနပ်လုပ်တာလည်း တူနေပြန်တယ်။
လူတိုင်းမှာ ငယ်ဘ၀တွေရှိကြတယ်နော်။ အမက အရေးကောင်းလို့ အားကျမိပါတယ်
ကိုယ့် ငယ်ဘ၀ကိုပြန်တွေးရင်လည်းပြုံးမိတယ်။
သူများတွေ ငယ်ဘ၀အကြောင်း ရေးရင်လည်း
စိတ်ဝင်စားတယ်။ ဖတ်ချင်တယ်.. ဖတ်ရင်းပျော်လို့
ပျော်စရာကြီးပဲ..။ ဖတ်ရင်း ကိုယ့်ငယ်ဘ၀တွေကိုပါ ပြန်လွမ်းသွားရဲ့။
အစ်မကတော့ အမှတ်တရရေးချန်ပီယံလို့ တင်စားရမှာပဲ... အစကနေ အဆုံးထိ ဖတ်ချင်အောင်ကို ရေးတတ်တယ်ဗျာ။
အဲဒီလို သိပ်လှခဲ့တဲ့ ငယ်ဘ၀တွေကို ပြန်ပြန်တွေးရင်းနဲ့လည်း လက်ရှိ အပူတွေ အာဃာတတွေ အညိုးတွေကို (ရှိခဲ့ရင်) လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်တာပဲ။
များများရေးပါ အစ်မရေ :)
ပန်းပွင့်သနပ် လုပ်တတ်တယ်ဆိုတာ မယုံဘူး။
လက်တွေ့လုပ်ကျွေးမှ ယုံမယ်နော်.. ဒါပဲ..
အပူအပင် ကင်းတဲ့ ကလေးလေး ဘဝတာ
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မရှိ သေးတဲ့ ကလေးလေး ဘဝတာ
တစ်ခါ ပြန်ပြီးရောက်ချင်သေးတယ်။
ဒါပေမယ့် အရိုက်တော့ မခံချင်ဘူး။ :P
ရေးထားတာ ဖတ်လို့ ကောင်းတယ်။ “မလုပ်တံနီ” စာလုံးပေါင်းကို ခုမှ သိတယ်။ “မနုသာနီ” ဆိုပြီး အရပ်စကားနဲ့ ပြောပြောနေတော့ မနုစာရီနဲ့များ ဘာတော်သလဲ စဉ်းစားနေတာ။ ခုမှ သိတယ်၊ ကျေးဇူး။
အဖွားက ကုလားစကား ပြောတတ်တယ်လား။ မတူးကတော့ ကုလားဆင် မဟုတ်ပါဘူး။
Post a Comment